အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

ဘုရားသခင်၏ အခွင့်အာဏာ (၂)

ယနေ့ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်” ဆိုသည့် ခေါင်းစဉ်နှင့် ပတ်သက်သည့် ငါတို့၏ မိတ်သဟာယ ပြုခြင်းကို ဆက်သွားပါမည်။ ဤအကြောင်းအရာအပေါ်တွင် မိတ်သဟာယ ပြုခြင်းနှစ်ခု ငါတို့ ရှိနှင့်ပြီးဖြစ်သည်။ ပထမတစ်ခုသည် ဘုရားသခင်၏ သြဇာအာဏာနှင့်သက်ဆိုင်ပြီး ဒုတိယတစ်ခုသည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သက်ဆိုင်ပေသည်။ ဤ မိတ်သဟာယပြုခြင်းနှစ်ခုကို နားထောင်ပြီးသည့်နောက် သင်တို့သည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့နှင့် ပတ်သက်ပြီး အသစ်သော သိနားလည်မှုတစ်ခု ရရှိကြပြီလော။ ဤထိုးထွင်းသိမြင်မှုများက သင်တို့ကို ဘုရားသခင်တည်ရှိမှု၏ အမှန်တရားနှင့်ပတ်သက်ပြီး သာ၍အခြေအမြစ်ရှိသည့် အသိပညာနှင့် သေချာမှုတို့ကိုရရှိဖို့ ကူညီပြီးဖြစ်ပါသလော။ ယနေ့ “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်၍ ထပ်ရှင်းဖို့ ငါစီစဉ်ထားသည်။

ဘုရားသခင်၏ သြဇာအာဏာကို ကျယ်ပြန့်သည့်ရှုထောင့်နှင့် အနုစိတ်ရှုထောင့်များမှ သိနားလည်ခြင်း

ဘုရားသခင်၏ သြဇာအာဏာသည် အတုမဲ့ဖြစ်၏။ ၎င်းသည် ဘုရားသခင်ကိုယ်တိုင်၏ ထူးခြားသည့် ပင်ကို လက္ခဏာဆိုင်ရာ ဖော်ပြချက်၊ ထူးခြားသည့် အနှစ်သာရနှင့် ဝိသေသ လက္ခဏာဖြစ်သည်။ မည်သည့် ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်း မခံရသည့်အရာကမျှ ထိုကဲ့သို့သော အရာကို မပိုင်ဆိုင်ပေ။ ဖန်ဆင်းရှင်သာ ဤသို့သော သြဇာအာဏာမျိုးကို ပိုင်ဆိုင်သည်။ ဆိုလိုသည်မှာ အတုမရှိသည့် ဘုရားသခင်ဖန်ဆင်းရှင်သာ ဤနည်းလမ်းဖြင့်ဖော်ပြခံရပြီး ဤအနှစ်သာရရှိပေသည်။ သို့ဆိုလျှင် ဘုရားသခင်၏ သြဇာအာဏာအကြောင်းကို ငါတို့ အဘယ်ကြောင့် ဆွေးနွေးသင့်သနည်း။ ဘုရားသခင်ကိုယ်တိုင်၏ သြဇာအာဏာသည် လူသား၏ စိတ်ထဲ၌ အကြံရသည့် “သြဇာအာဏာ” နှင့် မည်သို့ ကွာခြားသနည်း။ ၎င်းနှင့်ပတ်သက်ပြီး မည်သည့်အရာ ထူးခြားသနည်း။ ထိုအကြောင်းကို ဤနေရာတွင် ပြောဖို့ အဘယ်ကြောင့် အထူးသဖြင့် အရေးပါသနည်း။ သင်တို့ တစ်ဦးချင်းစီသည် ဤကိစ္စကို ဂရုတစိုက် စဉ်းစားသုံးသပ်ရမည်။ လူအများစုအတွက်၊ “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည်မှာ သိနားလည်ရန် အားထုတ်မှုများစွာ လိုအပ်သည့် အရာတစ်ခုဖြစ်ပြီး ထိုအရာကို ဆွေးနွေးခြင်းတစ်ခုတစ်လေသည် စိတ်ကူးသက်သက် ဖြစ်ဖို့များသည့် မသဲကွဲသော ထင်မြင်ယူဆချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် လူသားက ပိုင်ဆိုင်နိုင်စွမ်းရှိသည့် ဘုရားသခင်၏ သြဇာအာဏာနှင့် သက်ဆိုင်သော အသိပညာနှင့် ဘုရားသခင်၏ သြဇာအာဏာနှင့် သက်ဆိုင်သော အနှစ်သာရတို့ကြား အစဉ် ကွာဟမှုတစ်ခု ရှိပေလိမ့်မည်။ ဤကွာဟမှုကို ဖြည့်ဆည်းဖို့ လူသားက လက်လှမ်းမှီသည့်၊ ၎င်းတို့၏ တကယ့်ဘဝများတွင် လူသားတို့ နားလည်ရန် ၎င်းတို့ တတ်စွမ်းနိုင်မှုအတွင်းတွင်ရှိသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများ သို့မဟုတ် ဖြစ်ရပ်များမှတဆင့် ဘုရားသခင်၏ သြဇာအာဏာကို အယောက်တိုင်း တဖြည်းဖြည်းချင်း သိလာရပါမည်။ “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည့် စကားရပ်သည် ဉာဏ်မမှီနိုင်ဟု ထင်ရသော်လည်း ဘုရားသခင်၏ သြဇာအာဏာသည် စိတ်ကူးသက်သက် လုံးဝ မဟုတ်ပေ။ ဘုရားသခင်သည် နေ့စဉ် သူ့ကိုဦးဆောင်ပေးလျက် လူသားဘဝ၏ မိနစ်တိုင်းတွင် သူနှင့်အတူရှိနေ၏။ ထို့အတွက်ကြောင့် တကယ့် ဘဝတွင် လူတိုင်းသည် ဘုရားသခင့် သြဇာအာဏာ၏ လက်ဆုပ်လက်ကိုင် ပြ၍အရနိုင်ဆုံးသော လက္ခဏာသွင်ပြင်ကို သေချာပေါက် မြင်ပြီး တွေ့ကြုံရပေလိမ့်မည်။ ဤလက်ဆုပ်လက်ကိုင် ပြ၍ရနိုင်သော လက္ခဏာသွင်ပြင်သည် ဘုရားသခင်၏ သြဇာအာဏာ အမှန်တကယ် တည်ရှိကြောင်း လုံလောက်သည့် သက်သေဖြစ်ပြီး၊ ဘုရားသခင်က ထိုသို့သော သြဇာအာဏာအား ပိုင်ဆိုင်သည်ကို အပြည့်အဝ သိမြင်ပြီး နားလည်သဘောပေါက်ခွင့်ပေးလေသည်။

ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး ယင်းကို ဖန်ဆင်းလျက် အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ရှိလေသည်။ အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းအပြင် သူသည် အရာအားလုံးကို ထိန်းချုပ်ထား၏။ “ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်” ဆိုသည့် အယူအဆက မည်သည်ကို ဆိုလိုသနည်း။ မည်သို့ရှင်းပြ၍ ရနိုင်သနည်း။ ယင်းသည် လက်တွေ့ဘဝနှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်ဆိုသည့် အချက်ကို သိနားလည်ခြင်းက ဘုရားသခင်၏ သြဇာအာဏာကို သိနားလည်မှုဆီသို့ အဘယ်သို့ ဆိုက်ရောက်စေသနည်း။ “ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်” ဆိုသည့် တကယ့်စကားရပ်မှ၊ ဘုရားသခင် ထိန်းချုပ်သည့်အရာမှာ လူသားမျိုးနွယ် တစ်စိတ်တစ်ပိုင်း မပြောနှင့်၊ ဂြိုဟ်များ၏ တစ်စိတ်တစ်ပိုင်း မဟုတ်သကဲ့သို့ ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသမဟုတ်ဘဲ အရာအားလုံးဖြစ်သည်ကို ငါတို့ သိသင့်၏။ ထူးကဲကြီးမားသည်မှ သေးငယ်မှုန်မွှားသည့်အရာအထိ၊ မြင်နိုင်သည့်အရာများမှ မမြင်နိုင်သည့်အရာအထိ၊ စကြဝဠာအတွင်းက ကြယ်များမှ ကမ္ဘာမြေကြီးပေါ်က သက်ရှိများအထိအပြင် ပကတိမျက်စိနှင့် မမြင်နိုင်သည့် အဏုဇီဝရုပ်များနှင့် တစ်ခြားပုံသဏ္ဌာန်များဖြင့် တည်ရှိနေသည့် သတ္တဝါများအထိဖြစ်ပေသည်။ ဤကား ဘုရားသခင်က “ထိန်းချုပ်ထားသည်” ဆိုသည့် “အရာအားလုံး” ၏ တိကျသည့် ဖွင့်ဆိုချက်ဖြစ်၏၊ ယင်းသည် သူ၏ သြဇာအာဏာနှင့်ဆိုင်သော နယ်ပယ်၊ သူ၏ အချုပ်အခြာအာဏာနှင့် အုပ်စိုးမှုတို့၏ အတိုင်းအတာ ဖြစ်သည်။

ဤလူသားမျိုးနွယ် ဖြစ်တည်မလာမီတွင်၊ စကြဝဠာတည်း ဟူသော ဂြိုဟ်အားလုံး၊ မိုးကောင်းကင်မှ ကြယ်များအားလုံးသည် တည်ရှိနှင့်ပြီးဖြစ်သည်။ ကျယ်ပြန့်သည့်ရှုထောင့်အဆင့်တွင် မိုးကောင်းကင်တွင်ရှိသည့် ဤအစုအဝေးများသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် သူတို့ဖြစ်တည်နေသည့် တစ်လျှောက်လုံး နှစ်ပေါင်းမည်မျှ ကြာပြီဖြစ်သော်လည်း ပုံမှန်လည်ပတ်နေခဲ့သည်။ မည်သည့်ဂြိုဟ်က သီးသန့် မည်သည့်အချိန်တွင် မည်သည့် အရပ်ကိုသွားသည်၊ မည်သည့် ဂြိုဟ်က မည်သည့်အလုပ်ကို လုပ်ပြီး မည်သည့်အချိန်တွင် လုပ်သည်၊ မည်သည့် ဂြိုဟ်က မည်သည့် ဂြိုဟ်ပတ်လမ်းကြောင်းတစ်လျှောက် လည်ပတ်သည်၊ ပြီးလျှင် မည်သည့်အချိန်တွင် ပျောက်ကွယ်သည် သို့မဟုတ် အစားထိုး ခံရသည်။ ဤအရာအားလုံးသည် အမှားအယွင်း အနည်းငယ်မျှ မရှိဘဲ ဆက်ဖြစ်နေပေသည်။ ဂြိုဟ်များ၏ တည်နေရာများနှင့် ၎င်းတို့ကြားထဲက အကွာအဝေးအားလုံးက တိကျသည့် ပုံစံများကို လိုက်နာကြသည်၊ အားလုံးကို တိကျသည့်အချက်အလက်နှင့် ဖော်ပြ၍ရသည်။ ၎င်းတို့ ခရီးနှင်သည့် လမ်းကြောင်းများ တစ်လျှောက်၊ ၎င်းတို့၏ လည်ပတ်မှု မြန်နှုန်းနှင့် ပုံစံများ၊ အနေအထား အမျိုးမျိုးဖြင့် ၎င်းတို့ရှိသည့်အချိန် ဤအရာ အားလုံးကို တိကျစွာ တိုင်းတာနိုင်ပြီး အထူးနိယာမများဖြင့် ဖော်ပြနိုင်သည်။ အလွန်ရှည်လျားသည့် ကာလများစွာ ကြာဂြိုဟ်များသည် အနည်းငယ်မျှ သွေဖည်သွားခြင်းမရှိဘဲ ဤနိယာမများကို လိုက်နာခဲ့ကြသည်။ ၎င်းတို့၏ပတ်လမ်းများ သို့မဟုတ် ၎င်းတို့လိုက်နာသည့်ပုံစံများကို မည်သည့်တန်ခိုးကမျှ မပြောင်းလဲနိုင် သို့မဟုတ် မနှောင့်ယှက်နိုင်ပေ။ ၎င်းတို့၏ ရွေ့လျားမှုကို ထိန်းချုပ်သည့် အထူးနိယာမများနှင့် ၎င်းတို့ကို ဖော်ပြသည့် တိကျသည့် အချက်အလက်တို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြင့် ကြိုတင်ပြဌာန်းပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် ဤနိယာမများကို သူတို့ဘာသာ နာခံကြလေသည်။ ကျယ်ပြန့်သည့် ရှုထောင့်အဆင့်တွင်၊ တစ်ချို့သော ပုံစံများ၊ တစ်ချို့ အချက်အလက်များ၊ ထူးဆန်းပြီး ရှင်းပြ၍မရနိုင်သည့် အချို့သော နိယာမများ သို့မဟုတ် ဖြစ်ရပ်များကို ရှာဖွေတွေ့ရှိရန် လူသားတို့အတွက် မခက်ပေ။ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အချုပ်အခြာအာဏာ ကိုင်စွဲသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ထို့အပြင် ဖန်ဆင်းရှင်၏ ဩဇာအာဏာ တည်ရှိမှုကို အသိအမှတ် မပြုသော်လည်း၊ စကြဝဠာထဲက အရာအားလုံး၏ဖြစ်တည်မှု၊ ၎င်းတို့၏လှုပ်ရှားမှုများကို သတ်မှတ်ပေးသော အခြေခံ သဘောတရားများနှင့် ပုံစံများကို ကြီးမားကျယ်ပြန့်ပြီး ကွယ်ဝှက်နေသော လျှို့ဝှက်စွမ်းအင်တစ်ခုက အုပ်စိုးကာ ထိန်းချုပ် ထားသည်ကို လူသားသိပ္ပံပညာရှင်များ၊ နက္ခတ္တဗေဒ ပညာရှင်များ နှင့် ရူပဗေဒပညာရှင်များက ပို၍ ပို၍ တွေ့ရှိနေကြ၏။ ဤလှုပ်ရှားမှုပုံစံများ၏ အလယ်၌ အရာအားလုံးကို စီစဉ်ညွှန်ကြား နေသည့် အနန္တတန်ခိုးရှင်တစ်ပါး ရှိသည်ကို ဤအချက်က လူသားကို လက်ခံစေ၏။ သူ၏တန်ခိုးသည် ထူးခြားဆန်းကြယ်ပြီး၊ သူ၏စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း သူသည် အရာခပ်သိမ်းကို အချိန်တိုင်းတွင် အချုပ်အခြာအာဏာ ကိုင်စွဲကာ ထိန်းချုပ်၏။ မည်သည့်လူသား သို့မဟုတ် မည်သည့်အင်အားစုကမျှ သူ၏ အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ချေ။ ဤအချက်အရ၊ အရာအားလုံး၏ဖြစ်တည်မှုကို စိုးမိုးနေသော နိယာမတို့အား လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူကမျှ မပြောင်းလဲနိုင်သည်ကို လူသားသည် အသိအမှတ်ပြုရပေမည်။ ဤနိယာမတို့ကို လူသားတို့ အပြည့်အဝ နားမလည်နိုင်သကဲ့သို့ ၎င်းတို့သည် သဘာဝအလျောက် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာရှင်တစ်ဦးက သတ်မှတ်ပေးခြင်း ဖြစ်သည်ကိုလည်း ဝန်ခံရပေမည်။ ဤ အရာအားလုံးသည် ကျယ်ပြန့်သည့်အဆင့်တွင် လူသားမျိုးနွယ် သတိပြုနိုင်သည့် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။

အနုစိတ် အဆင့်တွင် ကမ္ဘာမြေကြီးပေါ်၌ လူသားတို့ ရှုမြင်နိုင်သည့် တောင်များ၊ မြစ်များ၊ ကန်များ၊ ပင်လယ်များနှင့် ကုန်းမြေထုများအားလုံး၊ ၎င်းတွေ့ကြုံရသည့် ရာသီဥတုအားလုံး၊ အပင်များ၊ တိရစ္ဆာန်များ၊ အဏုဇီဝရုပ်များနှင့် လူသားများပါဝင်သည့် ကမ္ဘာမြေကြီးပေါ် နေထိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုတို့ကို ခံရကြလေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် အရာအားလုံးသည် သူ၏ အကြံအစည်များနှင့်အညီ ဖြစ်တည်လာသည် သို့မဟုတ် ပျောက်ကွယ်လေသည်၊ ၎င်းတို့၏ တည်ရှိခြင်းကို ထိန်းချုပ် သည့် နိယာမများ ပေါ်ထွက်လာပြီး ၎င်းတို့သည် ထိုနိယာမများနှင့်အညီ ကြီးထွားပြီး ပွားများကြသည်။ မည်သည့်လူသားမျှ သို့မဟုတ် မည်သည့်အရာမျှ ဤနိယာမများ၏ အထက်တွင် မရှိပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ တစ်ခုတည်းသောအဖြေမှာ ဤသို့ဖြစ်၏။ ယင်းသည် ဘုရားသခင်၏ အခွင့်အာဏာကြောင့်ဖြစ်သည်။ သို့မဟုတ် တစ်ခြားနည်းနှင့် ပြောရလျှင် ဘုရားသခင်၏ အကြံအစည်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချက်များကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဤနိယာမတွေကို ဖြစ်ပေါ်စေသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏စိတ်ဖြစ်ပေသည်။ ထိုနိယာမများသည် သူ၏ အကြံအစည်များနှင့်အညီ ရွေ့ကာ ပြောင်းလဲပြီး ရွေ့ခြင်းနှင့် ပြောင်းလဲခြင်းအားလုံးသည် သူ၏ အစီအစဉ်အဖို့ဖြစ်ပေါ် သို့မဟုတ် လျော့ပါးပျောက်ကွယ်လေသည်။ ဥပမာ ကူးစက်ရောဂါများကို ကြည့်ပါ။ ၎င်းတို့သည် သတိပေးခြင်း မရှိဘဲ ရုတ်တရက်ဖြစ်ပေါ်သည်။ မည်သူကမျှ ၎င်းတို့၏ အရင်းအမြစ် သို့မဟုတ် အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည့် တိကျသည့်အကြောင်းရင်းများကို မသိသကဲ့သို့ နေရာတစ်ခုသို့ ကူးစက်ရောဂါများ ရောက်သည့်အချိန်တိုင်းတွင် ကံဆိုးမိုးမှောင် ကျသော သူများသည် ဘေးဒုက္ခကို မလွတ်မြောက်နိုင်ကြချေ။ လူသားတို့၏ သိပ္ပံပညာက ကူးစက်ရောဂါများသည် ကြောက်စရာကောင်းသည့် သို့မဟုတ် အန္တရာယ်ရှိသည့် ရောဂါပိုးမွှားများအားဖြင့် ဖြစ်ပေါ်ပြီး ၎င်းတို့၏ ကူးစက်မှုနှုန်း၊ အတိုင်းအတာနှင့် နည်းစနစ်များကို လူသားတို့၏ သိပ္ပံပညာအားဖြင့် ကြိုတင်မခန့်မှန်းနိုင် သို့မဟုတ် မထိန်းချုပ်နိုင်သည်ကို နားလည် ပေသည်။ လူတို့သည် ကူးစက်ရောဂါများကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ခုခံသော်လည်း ကူးစက်ရောဂါ ရုတ်တရက် ဖြစ်ပွားသည့်အခါလူများ သို့မဟုတ် တိရစ္ဆာန်များသည် မလွဲမရှောင်သာ ကူးစက်ခံရသည်ကို မထိန်းချုပ်နိုင်ကြချေ။ လူသားတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာက ၎င်းတို့ကို ကာကွယ်ရန်၊ ခုခံရန်နှင့် သုတေသနပြုရန် ကြိုးစားခြင်းဖြစ်သည်။ သို့သော်လည်း ကူးစက်ရောဂါတစ်ခုစီတိုင်း၏ အစ သို့မဟုတ် အဆုံးသတ်ကို ရှင်းပြသည့် ဖြစ်ရသည့်အကြောင်းရင်းကို မည်သူမျှမသိသကဲ့သို့ ထိုအရာတို့ကိုမည်သူမျှ မထိန်းချုပ်နိုင်ပေ။ ကူးစက်ရောဂါဖြစ်ပေါ်ခြင်းနှင့် ပျံ့ပွားခြင်းကို ရင်ဆိုင်ရလျက်၊ လူသားတို့လုပ်သည့် ပထမဆုံး စီမံချက်မှာ ဖြေဆေးတစ်ခု ဖော်ထုတ်ဖို့ ဖြစ်သည်၊ သို့သော် ဖြေဆေး အဆင်သင့်မဖြစ်မီတွင် ကူးစက်ရောဂါက မကြာခဏ ကွယ်ပျောက်လေသည်။ အဘယ်ကြောင့် ကူးစက်ရောဂါက ကွယ်ပျောက်သနည်း။ တစ်ချို့က ရောဂါပိုးများကို ထိန်းချုပ်နိုင်လိုက်သည်ဟု ဆိုကြစဉ် တစ်ချို့က ရာသီဥတု အပြောင်းအလဲကြောင့် ပြီးဆုံးသွားသည်ဟု ဆိုသည်။ ဤပရမ်းပတာထင်ကြေးပေးချက်များက ယုတ္တိတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ သိပ္ပံပညာက ရှင်းပြချက် မပေးနိုင်သကဲ့သို့ တိကျသည့် အဖြေကို မပေးနိုင်ပေ။ လူသားမျိုးနွယ်သည် ဤထင်ကြေးပေးချက်များကိုသာ ရင်ဆိုင်ရမည်မဟုတ်ဘဲ လူသားမျိုးနွယ်၏ သိနားလည်မှုနည်းပါးခြင်းနှင့် ကူးစက် ရောဂါများကို ကြောက်ရွံ့ခြင်းနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။ နောက်ဆုံး စိစစ်တွေ့ရှိချက်တွင် အဘယ်ကြောင့် ကူးစက်ရောဂါများ စတင်သည် သို့မဟုတ် အဘယ်ကြောင့် အဆုံးသတ်သွားသည် ဆိုတာကို မည်သူမျှမသိပေ။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် သိပ္ပံကိုသာ ယုံကြည်ကာ ၎င်းကို လုံးလုံးလျားလျား အားထားပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသိအမှတ်မပြုသောကြောင့် သို့မဟုတ် သူ၏ အချုပ်အခြာ အာဏာကို လက်မခံသောကြောင့် ၎င်းတို့သည် ဘယ်သောအခါမျှ အဖြေရမည် မဟုတ်ပေ။

ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အရာခပ်သိမ်းသည် ကိုယ်တော်၏ သြဇာအာဏာကြောင့်လည်းကောင်း၊ ကိုယ်တော်၏ စီမံခန့်ခွဲမှုအတွက်လည်းကောင်း မွေးဖွားလာသည်၊ အသက်ရှင်သည်၊ ပျက်စီးဆုံးပါးသွားသည်။ အချို့အရာများသည် တိတ်ဆိတ်စွာ လာပြီး တိတ်ဆိတ်စွာ သွားကြကာ လူသည် ယင်းတို့ လာခြင်းနှင့် သွားခြင်း၏ အကြောင်းရင်းများကို နားလည်ရန်မှာ မဆိုထားနှင့်၊ ယင်းတို့ မည်သည့်နေရာမှ လာသည်ကို မမြင်နိုင်သည့်အပြင် ယင်းတို့ လိုက်လျှောက်သည့် ပုံစံများကိုလည်း သဘောမပေါက်နိုင်ပေ။ အရာခပ်သိမ်းအကြားတွင် ဖြစ်ပျက်သမျှအရာအားလုံးကို လူက မိမိမျက်စိဖြင့် မြင်နိုင်သော်လည်း၊ မိမိနားဖြင့် ကြားနိုင်သော်လည်း၊ သို့မဟုတ် လူကိုယ်တိုင် တွေ့ကြုံခံစားနိုင်သော်လည်း၊ ယင်းသည် လူနှင့် သက်ဆိုင်သော်လည်း၊ လူသည် အမျိုးမျိုးသော ဖြစ်စဉ်များ၏ ထူးခြားမှု၊ ပုံမှန်ဖြစ်မှု၊ သို့မဟုတ် ထူးဆန်းမှုတို့ကိုပင် မသိစိတ်ဖြင့် တွေ့ကြုံခံစားနိုင်သော်လည်း အရာခပ်သိမ်းအကြားတွင် ဖြစ်ပျက်သမျှအရာအားလုံး၏ နောက်ကွယ်၌ ရှိသော ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များနှင့် အကြံစည်တော်များအကြောင်းကို သူသည် တစ်ခုမျှ မသိရှိသေးပေ။ ထိုနေရာတွင် ဇာတ်လမ်းများစွာ၊ ဖုံးကွယ်ထားသော အမှန်တရားများစွာ ရှိနေသည်။ လူသည် ဖန်ဆင်းရှင်ထံမှ အဝေးသို့ လွင့်မျောသွားခဲ့သောကြောင့်လည်းကောင်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာက အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ဟူသော အချက်ကို သူ လက်မခံသောကြောင့်လည်းကောင်း သူသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာအောက်တွင် ဖြစ်ပျက်သမျှအရာအားလုံးကို မည်သည့်အခါမျှ နားလည်ပြီး သဘောပေါက်နိုင်မည် မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုသော် ဘုရားသခင်၏ အုပ်စိုးမှုနှင့် အချုပ်အခြာအာဏာသည် လူ့စိတ်ကူး၊ လူ့အသိပညာ၊ လူ့နားလည်နိုင်စွမ်းနှင့် လူ့သိပ္ပံပညာက ဖြစ်မြောက်အောင်မြင်နိုင်သည့်အရာတို့၏ နယ်နိမိတ်များကို ကျော်လွန်သည်၊ ၎င်းတို့သည် ဖန်ဆင်းခံလူသားမျိုးနွယ်၏ စွမ်းရည်များထက် ကျော်လွန်နေသည်။ အချို့လူများက “သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မျက်မြင်ကိုယ်တွေ့ မမြင်ဖူးဘဲ ဤအရာအားလုံးသည် ကိုယ်တော်၏ သြဇာအာဏာ၏ အကျိုးဆက်ဖြစ်ကြောင်း သင် မည်သို့ ယုံကြည်နိုင်မည်နည်း” ဟု ဆိုကြသည်။ မြင်ခြင်းသည် ယုံကြည်ခြင်း၊ သို့မဟုတ် အသိအမှတ်ပြုခြင်းနှင့် နားလည်ခြင်းကို ဆိုလိုသည်ဟု မလွဲမသွေ မဆိုနိုင်ပေ။ သို့ဆိုလျှင် ယုံကြည်ခြင်းသည် မည်သည့်နေရာမှ လာသနည်း။ ယုံကြည်ခြင်းသည် အမှုအရာများ၏ အရင်းခံအကြောင်းရင်းများနှင့် လက်တွေ့အရှိတရားကို လူတို့ သဘောပေါက်နားလည်ပြီး တွေ့ကြုံခံစားသည့် အတိုင်းအတာနှင့် နက်ရှိုင်းမှုမှ လာသည်ဟု ငါသည် သေချာစွာ ပြောနိုင်သည်။ သင်သည် ဘုရားသခင် တည်ရှိကြောင်းကို ယုံကြည်သော်လည်း ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုဟူသော အချက်ကို သင် မြင်တွေ့ရန်မှာ မဆိုထားနှင့်၊ အသိအမှတ်မပြုနိုင်ပါက သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်တွင် ဤသို့သော သြဇာအာဏာမျိုး ရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ သြဇာအာဏာသည် တစ်မူထူးခြားသည်ကိုလည်းကောင်း သင် မည်သည့်အခါမျှ အသိအမှတ်ပြုမည် မဟုတ်သည့်အပြင် ဖန်ဆင်းရှင်ကို သင်၏ သခင်နှင့် သင်၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ အမှန်တကယ် လက်ခံမည်မဟုတ်ပေ။

လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် စကြဝဠာ၏ ကံကြမ္မာတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ခွဲခြား၍မရပေ

သင်တို့အားလုံး အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။ သင်တို့ထဲမှ တစ်ချို့သည် လူလတ်ပိုင်း ဖြစ်သည်။ တစ်ချို့သည် သက်ကြီးပိုင်းထဲ ဝင်ကြပြီးဖြစ်သည်။ ဘုရားသခင်ကို မယုံကြည်ခြင်းမှ ယုံကြည်ခြင်းဆီသို့၊ ဘုရားသခင်ကို စတင်ယုံကြည်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံခြင်းနှင့် သူ၏ အမှုကိုကြုံတွေ့ခြင်းဆီသို့ ရောက်ကြလေပြီ။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်၍ သင်တို့တွင် အသိပညာ မည်မျှ ရှိပါသနည်း။ လူသားကံကြမ္မာနှင့်ပတ်သက်၍ မည်သည့် ထိုးထွင်းသိမြင်မှုများ သင် ရရှိပြီးပြီနည်း။ သင်၏ ဘဝရှိ အရာအားလုံးသည် သင် အလိုရှိသည့်အတိုင်း အမှန်တကယ် တိကျစွာ ဖြစ်လာနိုင်သလော။ သင်တို့၏ တည်ရှိမှု ဆယ်စုနှစ် အနည်းငယ်တစ်လျှောက်တွင် သင်တို့ အလိုရှိသည့်အတိုင်း အမှုအရာ မည်မျှ ဖြစ်ပေါ်ခဲ့သနည်း။ အမှုအရာ မည်မျှကို သင်တို့ ကြိုတင်မမျှော်မှန်းနိုင်ခဲ့သနည်း။ အမှုအရာ မည်မျှက သာယာသော အံ့အားသင့်စရာများအဖြစ် ရောက်လာခဲ့သနည်း။ အမှုအရာ မည်မျှအတွက် ရလဒ်ကို မြင်တွေ့ရန် သင်တို့ စောင့်ဆိုင်းနေဆဲ ဖြစ်သနည်း၊ သို့မဟုတ် သင့်တော်သော အချိန်အခါကို သတိမမူဘဲ စောင့်ဆိုင်းနေဆဲ၊ ကောင်းကင်ဘုံ၏ အလိုကို စောင့်ဆိုင်းနေဆဲ ဖြစ်သနည်း။ အမှုအရာ မည်မျှက သင်တို့အား ကူကယ်ရာမဲ့သကဲ့သို့ ခံစားရစေပြီး မည်သို့ ရှေ့ဆက်ရမည်ကို မသိနားမလည်ခြင်း ဖြစ်စေသနည်း။ လူတိုင်းသည် မိမိတို့၏ ကံကြမ္မာအတွက် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေကြပြီး မိမိတို့၏ ဘဝရှိ အရာအားလုံးသည် မိမိတို့ အလိုရှိသည့်အတိုင်း ဖြစ်လာရန်လည်းကောင်း၊ မိမိတို့သည် အစားအစာ သို့မဟုတ် အဝတ်အထည်အတွက် လိုအပ်မည် မဟုတ်ရန်လည်းကောင်း၊ မိမိတို့၏ ကံကြမ္မာများက အံ့မခန်း မြင့်တက်လာရန်လည်းကောင်း မျှော်လင့်ကြလေသည်။ မည်သူမျှ ဘဝတွင် ဆင်းရဲပြီး နိမ့်ကျရန်၊ ဆင်းရဲဒုက္ခများနှင့် အဆက်မပြတ်သော ဘေးအန္တရာယ်များ၏ ဝိုင်းရံခြင်းကို ခံရရန် မလိုလားကြပေ။ သို့ရာတွင် ဤအရာများထဲမှ တစ်ခုမျှသည် လူတို့ ကြိုတင်မြင်နိုင်သော သို့မဟုတ် ထိန်းချုပ်နိုင်သော အရာများ မဟုတ်ပေ။ တစ်ချို့အတွက် အတိတ်ဆိုသည်မှာ အတွေ့အကြုံများ ရောထွေး နေခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကောင်းကင်ဘုံ၏ အလိုက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ လုံးဝမသိကြသကဲ့သို့ ဂရုလည်းမစိုက်ကြချေ။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ကံကြမ္မာ သို့မဟုတ် လူသားများ အဘယ်ကြောင့်အသက်ရှင်သည် သို့မဟုတ် မည်သို့ရှင်သန်သင့်သည်ဆိုသည်တို့ကို ဂရုမစိုက်ဘဲလျက် ၎င်းတို့၏ ဘဝကို တိရစ္ဆာန်များကဲ့သို့ မဆင်မခြင် တစ်နေ့ပြီးတစ်နေ့ အသက်ရှင်နေထိုင်ကြလေသည်။ ထိုသို့သောလူတို့သည် လူသား၏ ကံကြမ္မာကို သိနားလည်မှု ရရှိခြင်းမရှိဘဲ အသက်ကြီးလာကြပြီး ၎င်းတို့သေသည့်အချိန်အထိ ဘဝက မည်သို့နည်းဆိုသည်ကို မသိကြချေ။ ထိုသို့သောလူတို့သည် လူသေများ ဖြစ်ကြ၏။ ၎င်းတို့သည် ဝိညာဉ်မပါသည့် သတ္တဝါများဖြစ်သည်။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်သည်။ လူတို့သည် ဖန်ဆင်းခြင်းအတွင်း အသက်ရှင်ပြီး ကမ္ဘာကြီးက ၎င်းတို့၏ ရုပ်ဝတ္ထုလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် နည်းလမ်းများမှ လူတို့သည် ပျော်ရွှင်မှုတွေကို ရရှိကြသော်လည်း၊ ဤရုပ်ဝတ္ထုကမ္ဘာသည် အစဉ်တစိုက် တိုးတက်နေခြင်းကို ၎င်းတို့မြင်ရသော်လည်း ၎င်းတို့၏ကိုယ်ပိုင် အတွေ့အကြုံဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးနှင့်ဝိညာဉ်က ခံစားပြီး ကြုံတွေ့ရသည့်အရာတို့သည် ရုပ်ဝတ္ထုပစ္စည်းများနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ မည်သည့်ရုပ်ဝတ္ထုပစ္စည်းကမျှ အတွေ့အကြုံ အတွက် အစားထိုးစရာ မဟုတ်ချေ။ အတွေ့အကြုံဟူသည်မှာ နှလုံးသားထဲက အသိအမှတ်ပြုခြင်း ဖြစ်သည်။ ပကတိမျက်စိဖြင့် မြင်၍မရနိုင်သည့် အရာတစ်ခုဖြစ်၏။ ဤအသိအမှတ်ပြုခြင်းသည် လူသားဘဝနှင့် လူသားကံကြမ္မာအပေါ် တစ်ဦးတစ်ယောက်၏ သိနားလည်မှု၊ သဘောထားအမြင်ထဲ၌ တည်ရှိလေသည်။ ဤအရာသည် မမြင်ရသည့် အချုပ်အခြာအာဏာရှင်တစ်ယောက်က အရာ အားလုံးကို စီစဉ်နေကြောင်း၊ လူသားအတွက် အရာရာတိုင်းကို စီစဉ်ညွှန်ကြားနေကြောင်း စိုးရိမ်ပူပန်မှုဆီသို့ မကြာခဏ ခေါ်ဆောင်လေသည်။ ဤအရာအားလုံးအလယ်၌ တစ်ဦး တစ်ယောက်အနေဖြင့် ကံကြမ္မာ၏စီစဉ်မှုများနှင့် စီစဉ် ညွှန်ကြားမှုများကို လက်ခံရုံသာရှိလေသည်။ ဖန်ဆင်းရှင်ချပေးသည့် ရှေ့ကလမ်းကြောင်း၊ မိမိ၏ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံရုံသာရှိသည်။ ဤကား ငြင်းမရသည့် အချက်တစ်ချက်ဖြစ်၏။ ကံကြမ္မာနှင့်ပတ်သက်၍ မည်သည့် ထိုးထွင်းသိမြင်မှုနှင့် သဘောထားရှိပါစေ ဤအချက်ကို မည်သူမျှ မပြောင်းလဲနိုင်ပေ။

လူတစ်ဦးသည် မည်သည့်နေရာသို့ သွားမည်၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်မည်၊ မည်သည့်လူများ သို့မဟုတ် အခြေအနေများနှင့် ၎င်းတို့ ကြုံတွေ့ရမည်၊ မည်သည့်အရာများကို ၎င်းတို့ ပြောဆိုမည်နှင့် နေ့စဉ်နေ့တိုင်းအတွင်း မည်သည့်အရာ ဖြစ်ပျက်မည်ဟူသည့် ဤအရာများကို ၎င်းတို့ ကြိုတင်ခန့်မှန်းနိုင်သလော။ လူတို့သည် ဤဖြစ်ရပ်များအားလုံးကို ကြိုတင်မမြင်နိုင်ရုံသာမက ထိုထက်ပို၍ပင် အမှုအရာများ မည်သို့ တိုးတက်ဖြစ်ပေါ်သည်ကို ၎င်းတို့ မထိန်းချုပ်နိုင်ဟု ဆိုနိုင်ပေသည်။ လူတို့၏ နေ့စဉ်ဘဝများတွင် ကြိုတင်မမြင်နိုင်သော ဤအရာများသည် အသစ်အဆန်းဖြစ်ရန် ဝေးစွ၊ ယင်းတို့သည် သာမန်ဖြစ်ရိုးဖြစ်စဉ်များ ဖြစ်ကြသည်။ နေ့စဉ်ဘဝ၏ ဤအသေးအဖွဲ ကိစ္စရပ်များ ဖြစ်ပေါ်ခြင်းနှင့် ယင်းတို့၏ တိုးတက်ဖြစ်ပေါ်မှုဆိုင်ရာ နည်းလမ်းများနှင့် နိယာမများသည် လူတို့ကို အစဉ်သဖြင့် သတိပေးနေသည့်အရာများ ဖြစ်ကြသည်၊ ဖြစ်ပျက်သမျှ မည်သည့်အရာမျှ တိုက်ဆိုင်မှု မဟုတ်ပေ၊ တိုးတက်ဖြစ်ပေါ်မှု လမ်းကြောင်းနှင့် မည်သည့်အရာမဆို ဖြစ်ပျက်သမျှ၏ မလွှဲမရှောင်သာဖြစ်မှုတို့ကို လူသား၏ အလိုဆန္ဒဖြင့် ပြောင်းလဲ၍ မရနိုင်ပေ။ ဖြစ်ပျက်သမျှ အရာခပ်သိမ်း၏ ဖြစ်ပေါ်မှုသည် ဖန်ဆင်းရှင်ထံမှ လူသားမျိုးနွယ်ထံသို့ သတိပေးဆုံးမချက်တစ်ခုကို သယ်ဆောင်လာပြီး လူသားများသည် ကိုယ့်ကံကြမ္မာကိုယ် မထိန်းချုပ်နိုင်ဟူသော သတင်းစကားကို ပေးပို့လေသည်။ တစ်ချိန်တည်းမှာပင် ယင်းသည် ကိုယ့်ကံကြမ္မာကိုယ် ချုပ်ထိန်းရန် လူတို့၏ အချည်းနှီးဖြစ်သော ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို တန်ပြန်ရိုက်ခတ်မှုတစ်ခု ဖြစ်သည်။ ဤရိုက်ခတ်မှုသည် လူသားမျိုးနွယ်၏ မျက်နှာကို အကြိမ်ကြိမ် ရိုက်ချနေသည့် အားပြင်းသော ပါးရိုက်ချက်တစ်ခုနှင့် တူပြီး ၎င်းတို့၏ ကံကြမ္မာများအပေါ် မည်သူက အတိအကျ အချုပ်အခြာအာဏာ ကိုင်စွဲကာ အုပ်စိုးသည်ကို လူတို့အား မဖြစ်မနေ ဆင်ခြင်သုံးသပ်စေလေသည်။ ပြီးလျှင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် အဆက်မပြတ် ရိုက်ချိုးဖျက်ဆီးခြင်း ခံရသည်နှင့်အမျှ လူတို့သည် အမှုမဲ့အမှတ်မဲ့ဖြင့် ကံကြမ္မာ၏ အစီအစဉ်များအတိုင်း လိုက်ပါရုံမှတစ်ပါး အခြားမတတ်နိုင်ဘဲ လက်တွေ့အရှိတရား၊ ကောင်းကင်ဘုံ၏ အလိုတော်နှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာတို့ကို လက်ခံကြရလေသည်။ နေ့စဉ်ဘဝ၏ အသေးအဖွဲ ကိစ္စရပ်များ ထပ်တလဲလဲ ဖြစ်ပေါ်ခြင်းမှသည် လူအားလုံး၏ အသက်တာများနှင့်ဆိုင်သော ကံကြမ္မာများအထိ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မထုတ်ဖော်သည့်အရာဟူ၍ တစ်ခုမျှ မရှိပေ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်၍မရနိုင်ဟူသော သတင်းစကားကို မပေးပို့သည့်အရာဟူ၍ တစ်ခုမျှ မရှိသည့်အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြင့်မားဆုံးဖြစ်သည်ဟူသော ထာဝရ ပြောင်းလဲခြင်းမရှိသည့် သမ္မာတရားကို မသယ်ဆောင်သည့်အရာဟူ၍ တစ်ခုမျှ မရှိပေ။

လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့၏ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အတွင်းကျကျ ရစ်ပတ်နေပြီး ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် မခွဲမခွာ ချည်နှောင်ထားသည်။ အဆုံး၌ ၎င်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာမှ ခွဲထုတ်မရချေ။ ဆွဲခွာလို့မရပေ။ အရာအားလုံး၏ နိယာမများတွင်၊ လူသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် သူ၏ အချုပ်အခြာ အာဏာကို နားလည်လာသည်၊ အရာခပ်သိမ်း၏ ရှင်သန်ရေး စည်းမျဉ်းများဖြင့်၊ သူသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို သတိပြုမိလာသည်၊ အရာခပ်သိမ်း၏ ကံကြမ္မာများတွင်၊ ဖန်ဆင်းရှင်က သူ၏ သြဇာအာဏာကို အသုံးချပြီး ၎င်းတို့ကို ထိန်းချုပ်သည့် နည်းလမ်းများကို သူကောက်ချက်ချလာသည်။ ပြီးလျှင် လူသားများနှင့် အရာအားလုံး၏ ဘဝစက်ဝန်းများတွင် လူသားသည် အရာအားလုံးနှင့် သက်ရှိအားလုံးတို့အတွက် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို အမှန်တကယ် တွေ့ကြုံလာရပြီး၊ ထိုစီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်တို့သည် ကမ္ဘာမြေကြီးနှင့်ဆိုင်သည့် နိယာမများ၊ စည်းမျဉ်းများ၊ အလေ့အထများ၊ အခြားတန်ခိုးစွမ်းအားများနှင့် အင်အားစုများအားလုံးကို မည်သို့ အစားထိုးသည်ကို အမှန်တကယ် မျက်မြင်တွေ့ရှိလာရသည်။ ဤအချက်ကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာသည် အဘယ်ဖန်ဆင်းခံကမျှ ချိုးဖောက်၍မရ၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ခဲ့သည့် အဖြစ်အပျက်နှင့် အမှုအရာများကို မည်သည့် အင်အားစုကမျှ နှောင့်ယှက်၍မရ သို့မဟုတ် ပြောင်းလဲ၍မရသည်ကို လူသားမျိုးနွယ်အား လက်ခံစေသည်။ လူသားနှင့် အရာအားလုံးသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်နေထိုင်ပြီး မျိုးပွားခြင်းက ဤမြင့်မြတ်သည့် နိယာမများနှင့် စည်းမျဉ်းများ၏ အောက်တွင်ဖြစ်သည်။ ဤကား ဖန်ဆင်းရှင် အခွင့်အာဏာ၏ စစ်မှန်သည့် ပြယုဂ်မဟုတ်လော။ ဤဓမ္မဓိဌာန်ကျသည့် နိယာမများတွင် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးအတွက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် သူ၏ ဘိသိက်ပေးခြင်းကို လူသားက မြင်သော်လည်း အရာခပ်သိမ်းအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ စွဲကိုင်ခြင်းနှင့်သက်ဆိုင်သော စည်းမည်းကို လူမည်မျှက အပြည့်အဝ သဘောပေါက်နိုင်ကြသနည်း။ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာနှင့် ၎င်းတို့ ကိုယ်တိုင်၏ ကံကြမ္မာအပေါ် စီစဉ်မှုကို အမှန်တကယ်သိနိုင်၊ အသိအမှတ်ပြုနိုင်၊ လက်ခံနိုင်ပြီး နာခံနိုင်သည့်သူ မည်မျှရှိသနည်း။ အရာအားလုံးအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းနှင့် သက်ဆိုင်သည့် အမှန်တရားကို ယုံကြည်လျက်၊ ဖန်ဆင်းရှင်က လူသားများ၏ ဘဝကံကြမ္မာများအား အချုပ်အခြာအာဏာ ကိုင်စွဲသည်ကိုလည်း မည်သူက အမှန်တကယ်ယုံကြည်ပြီး အသိအမှတ်ပြုလိမ့်မည်နည်း။ လူသား၏ ကံကြမ္မာသည် ဖန်ဆင်းရှင်၏ လက်ထဲမှာရှိသည်ဆိုသည့် အချက်ကို မည်သူက အမှန်တကယ် နားလည်သဘောပေါက်နိုင်သနည်း။ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုးပြီး ထိန်းချုပ်သည်ဆိုသည့်အချက်ကို ရင်ဆိုင်ရသည့်အခါ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လူသားမျိုးနွယ်သည် မည်သို့ သဘောထားမျိုး ထားသင့်သနည်း။ ယင်းမှာ ဤအမှန်တရားနှင့် ယခုရင်ဆိုင်နေရသည့် လူသားတိုင်း မိမိတို့ကိုယ်တိုင်အတွက် ပြုလုပ်ရမည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။

လူသားဘဝတစ်ခုထဲက ဆုံမှတ်ခြောက်ခု

လူတစ်ဦး၏ ဘဝလမ်းကြောင်းတွင် လူတိုင်းသည် အရေးကြီးသည့် ဆုံမှတ်များသို့ ရောက်ကြသည်။ ဤအရာများသည် ဘဝတွင် လူတစ်ယောက်၏ ကံကြမ္မာကို ပိုင်းခြားသတ်မှတ်သည့် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးအဆင့်များဖြစ်ကြသည်။ အောက်ပါအချက်သည် လူတိုင်း မိမိတို့ ဘဝလမ်းကြောင်း၌ ဖြတ်သန်းရမည့် ဤလမ်းညွှန်အမှတ်အသားများကို အကျဉ်းချုပ် ဖော်ပြချက်တစ်ခု ဖြစ်သည်။

ပထမဆုံမှတ်- မွေးဖွားခြင်း

လူတစ်ယောက် မည်သည့်နေရာတွင် မွေးဖွားသည်၊ မည်သည့်မိသားစုထဲတွင် ၎င်းတို့ မွေးသည်၊ မိမိ၏လိင်အမျိုးအစား၊ ပုံသဏ္ဌာန်နှင့် မွေးဖွားချိန် ဤအရာများသည် လူတစ်ယောက် ဘဝ၏ ပထမဆုံမှတ် အသေးစိတ် အချက်အလက်များ ဖြစ်သည်။

ဤဆုံမှတ်၏ အချက်အလက်အချို့ကို မည်သူမျှ မရွေးချယ် နိုင်ပေ။ ထိုအရာအားလုံးသည် ဖန်ဆင်းရှင်အားဖြင့် အချိန် ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီး ဖြစ်ပေသည်။ ၎င်းတို့သည် ပြင်ပပတ်ဝန်းကျင်အားဖြင့် ဘယ်လိုနည်းနှင့်မျှ လွှမ်းမိုးခံရခြင်း မရှိသကဲ့သို့ ဖန်ဆင်းရှင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည့် ဤအချက်များကို လူသားပြုလုပ်ထားသည့် မည်သည့်အချက်ကမှ မပြောင်းလဲနိုင်ပေ။ လူတစ်ယောက် မွေးဖွားဖို့ဆိုသည်မှာ ထိုလူအတွက် ဖန်ဆင်းရှင် စီစဉ်ထားသည့် ကံကြမ္မာ၏ ပထမအဆင့် ပြီးပြည့်စုံပြီးဖြစ်သည်ဟု ဆိုလိုသည်။ သူသည် ဤအသေးစိတ် အချက်အလက် အားလုံးကို ရှေးကတည်းက ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သောကြောင့် မည်သူကမျှ မည်သည့်အချက်ကိုမျှ ပြောင်းလဲ နိုင်သည့် တန်ခိုးအာဏာမရှိပေ။ လူတစ်ယောက်၏ နောက်ပိုင်း ကံကြမ္မာကို ထည့်သွင်းမစဉ်းစားဘဲ၊ တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်း အခြေအနေများကို ကြိုတင် ပြဋ္ဌာန်းထားပြီးဖြစ်ကာ အဖြစ်ကိုအဖြစ်အတိုင်း ရှိမြဲရှိကြလေသည်။ ဤအချက်တို့ကို တစ်ဦးတစ်ယောက်၏ ဘဝကံကြမ္မာက မည်သည့်နည်းနှင့်မျှ လွှမ်းမိုးမှုမရှိသကဲ့သို့ တစ်ဦးတစ်ယောက်၏ ဘဝကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအား မည်သည့်နည်းနှင့်မျှ သက်ရောက်မှု မရှိပေ။

၁) ဖန်ဆင်းရှင်၏ အစီအစဉ်များမှ ဘဝသစ်တစ်ခု မွေးဖွားသည်

လူတစ်ယောက်၏ မွေးဖွားရာနေရာ၊ မိသားစု၊ လိင်အမျိုးအစား၊ ရုပ်အသွင်အပြင်၊ မွေးဖွားသည့် အချိန်ဖြစ်သည့် ပထမဆုံမှတ်၏ မည်သည့်အသေးစိတ် အချက်အလက်များကို လူတစ်ယောက်က ရွေးချယ်နိုင်စွမ်း ရှိသလား။ လူတစ်ယောက်၏ မွေးဖွားခြင်းက ကိုယ်တိုင်ပြုလုပ်၍မရသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်ကား သိသာ ပေ၏။ လူတစ်ယောက်သည် နေရာတစ်နေရာ၊ အချိန်တစ်ခု၊ မိသားစုတစ်စု၌ ရုပ်အသွင်အပြင်တစ်ခုနှင့် မိမိဆန္ဒအလျောက် မဟုတ်ဘဲ မွေးဖွား၏။ လူတစ်ယောက်သည် အိမ်ထောင်စုတစ်စုတွင် မိမိဆန္ဒအလျောက် မဟုတ်ဘဲ မိသားစုဝင်ဖြစ်လာပြီး မိသားစု တစ်စု၏ မျိုးဆက်တစ်ခု ဖြစ်လာပေသည်။ လူတစ်ယောက်သည် ဤပထမဆုံမှတ်၌ ရွေးစရာမရှိဘဲ ဖန်ဆင်းရှင်၏ အစီအစဉ်နှင့်အညီ သတ်မှတ်ထားသည့် ပတ်ဝန်းကျင်တစ်ခု၊ တိကျသည့်မိသားစုတစ်စု၊ တိကျသည့် လိင်အမျိုးအစား၊ အသွင်အပြင်တစ်ခုနှင့်၊ လူတစ်ဦး၏ ဘဝလမ်းကြောင်းနှင့် အတွင်းကျကျ ဆက်နွယ်သည့် တိကျသော အချိန်တစ်ချိန်တွင် မွေးဖွားလေသည်။ ဤအလွန်အရေးပါသည့် ဤဆုံမှတ်တွင် လူတစ်ယောက်သည် မည်သည့်အရာကို လုပ်နိုင်သနည်း။ အားလုံးပေါင်းလိုက်လျှင်၊ လူတစ်ယောက်သည် မိမိ၏ မွေးဖွားခြင်းနှင့် ပတ်သက်၍ ဤအသေးစိတ် အချက်အလက်များမှ တစ်ခုတစ်လေကိုမျှ ရွေးချယ်စရာ မရှိပေ။ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းနှင့် ကိုယ်တော်၏ လမ်းပြမှုကြောင့်သာ မဟုတ်ပါက ဤလောကထဲသို့ ဝင်ရောက်လာသော မွေးကင်းစ လူတစ်ဦးသည် မည်သည့်နေရာသို့ သွားရမည် သို့မဟုတ် မည်သည့်နေရာတွင် နေရမည်ကို သိမည်မဟုတ်၊ ဆွေမျိုးများ ရှိမည်မဟုတ်၊ မည်သည့်နေရာနှင့်မျှ သက်ဆိုင်မည်မဟုတ်သည့်အပြင် စစ်မှန်သော အိမ်တစ်လုံး ရှိမည်မဟုတ်ပေ။ သို့သော် ဖန်ဆင်းရှင်၏ သေချာစေ့စပ်သော စီစဉ်မှုများကြောင့် ၎င်းတို့တွင် နေထိုင်စရာ နေရာတစ်ခု၊ မိဘများ၊ ၎င်းတို့ သက်ဆိုင်သော နေရာတစ်ခုနှင့် ဆွေမျိုးများ ရှိကြပြီး ထိုအချိန်မှစ၍ ၎င်းတို့သည် ဘဝတွင် မိမိတို့၏ ခရီးစဉ်ကို စတင်ကြလေသည်။ ဤဖြစ်စဉ် တစ်လျှောက်တွင်၊ ဤဘဝသစ်တစ်ခု ပေါ်ပေါက်မှုသည် ဖန်ဆင်းရှင်၏ အစီအစဉ်အားဖြင့် ပိုင်းခြားသတ်မှတ်ခြင်းဖြစ်ပြီး ထိုဘဝပိုင်ဆိုင်လာမည့် အရာအားလုံးကို ဖန်ဆင်းရှင်က ချပေးသနားခြင်း ဖြစ်ပေသည်။ မည်သည့်အရာမျှ မရှိသည့် လွတ်လွတ်လပ်လပ် လွင့်မျောနေသည့် ကိုယ်ခန္ဓာတစ်ခုမှ၊ တဖြည်းဖြည်း အသွေးအသားနှင့် ဖြစ်လာသည်။ မြင်၍ရနိုင် လာသည်။ လက်ဆုပ်လက်ကိုင်ပြ၍ ရနိုင်သော လူသားတစ်ယောက် ဖြစ်လာသည်။ စဉ်းစားတတ်သည့်၊ အသက်ရှူသည့်၊ အပူနှင့် အအေးကို သိရှိခံစားနိုင်သည့် လူသားတစ်ယောက် ဖြစ်လာသည်။ ရုပ်ဝတ္ထုလောကထဲ၌ ဖန်ဆင်းခံတစ်ယောက်၏ ပုံမှန်လှုပ်ရှားမှု အားလုံးတွင် ပါဝင်လုပ်ဆောင်နိုင်သည့်သူ၊ ဘဝတွင် ဖန်ဆင်းခံ လူသားတစ်ဦး ကြုံတွေ့ရမည့် အရာအားလုံးကိုကြုံတွေ့ခံစားရမည့်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းများအနက် တစ်ခုဖြစ်လာပေသည်။ ဖန်ဆင်းရှင်က လူတစ်ဦး၏ မွေးဖွားခြင်းကို ကြိုတင်ပြဋ္ဌာန်းခြင်း ဟူသည်မှာ ကိုယ်တော်သည် ထိုသူ ရှင်သန်ရပ်တည်ရန် လိုအပ်သည့်အရာအားလုံးကို ၎င်းတို့အပေါ် ပေးသနားမည်ဟု ဆိုလိုသည်။ ပြီးလျှင် အလားတူပင် လူတစ်ဦး၏ မွေးဖွားခြင်းဟူသည်မှာ ၎င်းတို့သည် ရှင်သန်ရပ်တည်ရန် လိုအပ်သည့်အရာအားလုံးကို ဖန်ဆင်းရှင်ထံမှ ရရှိမည်ဖြစ်ပြီး ထိုအချိန်မှစ၍ ၎င်းတို့သည် ဖန်ဆင်းရှင်၏ ထောက်ပံ့ပေးခြင်းကို ခံရကာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လိုက်နာလျက် အခြားသော ပုံစံတစ်ခုဖြင့် အသက်ရှင်နေထိုင်ကြမည်ဟု ဆိုလိုပေသည်။

၂) မတူညီသည့် လူသားတို့သည် မတူညီသည့် အခြေအနေများအောက်တွင် အဘယ်ကြောင့် မွေးဖွားသနည်း

လူတို့သည် ၎င်းတို့ ပြန်လည် မွေးဖွားလျှင် ကျော်ကြားသည့် မိသားစုတွင် ဖြစ်လိမ့်မည်၊ ၎င်းတို့ အမျိုးသမီးများဖြစ်ပါက စနှိုးဝှိုက်နှင့် တူပြီး အားလုံးက ချစ်ခင်ကြမည်ဖြစ်ကာ ၎င်းတို့ အမျိုးသားဖြစ်လျှင် အလိုကျဆောင်ရွက်ပေးရန် အသင့်ရှိနေသည့် လောကတစ်ခုလုံးနှင့်အတူ ဘာကိုမှမလိုအပ်သည့်၊ ချောမော လှပသော မင်းသားလေးဖြစ်မည်ဟု မကြာခဏ စိတ်ကူးရသည်ကို နှစ်သက်ကြသည်။ ၎င်းတို့မိသားစု၊ ၎င်းတို့၏ အသွင်အပြင်၊ ၎င်းတို့၏ လိင်အမျိုးအစား၊ ၎င်းတို့မွေးသည့် အချိန်ကိုပင် မကျေမချမ်းဖြစ်ရင်း၊ ၎င်းတို့ မွေးဖွားခြင်းနှင့် ပတ်သက်၍ အတွေးမှားများစွာအောက်တွင် ပင်ပန်းကြရပြီး ယင်းနှင့်ပတ်သက်၍ အလွန် မကျေနပ်သောသူများ ရှိလေသည်။ သို့သော် လူတို့က သီးခြားမိသားစုတစ်စုထဲ အဘယ်ကြောင့် ၎င်းတို့ မွေးလာသည် သို့မဟုတ် အဘယ်ကြောင့် ထိုထိုသောပုံစံဖြစ်ရသည်ကို လုံးဝ နားမလည်ကြချေ။ ၎င်းတို့မည်သည့်အရပ်တွင် မွေးသည်ဖြစ်စေ၊ မည်သို့ပုံစံရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှု ထဲတွင် အမျိုးမျိုးသော အခန်းကဏ္ဍများကို ကပြရန်နှင့် မတူညီသည့် တာဝန်များကို ဖြည့်ဆည်းရန် ဖြစ်သည်ကို ၎င်းတို့ မသိကြသကဲ့သို့ ဤရည်ရွယ်ချက်သည် ဘယ်သောအခါမှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဖန်ဆင်းရှင်၏ အမြင်တွင် လူတစ်ဦးသည် မည်သည့်နေရာ၌ မွေးဖွားသည်ဖြစ်စေ၊ ၎င်းတို့သည် အမျိုးသား သို့မဟုတ် အမျိုးသမီး ဖြစ်သည်ဖြစ်စေ၊ ၎င်းတို့ မည်သို့ ပုံပန်းသဏ္ဌာန် ရှိသည်ဟူသောအရာများမှာ အရေးမကြီးပေ၊ ဤအရာများအားလုံးသည် ယာယီအမှုအရာများ ဖြစ်ကြသည်။ ယင်းတို့သည် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ကိုယ်တော်၏ စီမံခန့်ခွဲမှု အဆင့်တစ်ခုစီအတွင်းရှိ သေးငယ်သော လက္ခဏာများနှင့် အမှတ်အသားများမျှသာ ဖြစ်ကြသည်။ ပြီးလျှင် လူတစ်ဦး၏ စစ်မှန်သော ခရီးဆုံးပန်းတိုင်နှင့် အဆုံးသတ်ကို သီးခြား အဆင့်တစ်ခုခုတွင် ၎င်းတို့ မွေးဖွားခြင်းက အဆုံးအဖြတ်ပေးခြင်း မဟုတ်ဘဲ ဘဝအသီးသီးတွင် ၎င်းတို့ ပြီးမြောက်စေသည့် အထူးတာဝန်နှင့် ကိုယ်တော်၏ စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးချိန်တွင် ၎င်းတို့အပေါ် ဖန်ဆင်းရှင်၏ အဆုံးအဖြတ်ပေးမှုတို့က အဆုံးအဖြတ်ပေးလေသည်။

အကျိုးတရားတိုင်းတွင် အကြောင်းတရားရှိပြီး အကြောင်းတရားမရှိသည့် အကျိုးဆိုသည်မှာ မရှိဟု ဆိုထားပေသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းသည် မိမိ၏လက်ရှိဘဝနှင့် ယခင်ဘဝနှစ်ခုလုံးနှင့် သေချာပေါက် ဆက်နွှယ်နေသည်။ လူတစ်ဦး၏ သေဆုံးခြင်းသည် ၎င်းတို့၏လက်ရှိဘဝကို အဆုံးသတ်စေခဲ့ပါက လူတစ်ဦး၏ မွေးဖွားခြင်းသည် စက်ဝန်းအသစ်၏ အစဖြစ်ပေသည်။ စက်ဝန်း အဟောင်းက လူတစ်ဦး၏ ယခင်ဘဝကို ကိုယ်စားပြုသည်ဆိုလျှင် စက်ဝန်းအသစ်က အလိုအလျောက် ၎င်းတို့၏ လက်ရှိဘဝ ဖြစ်ပါသည်။ လူတစ်ဦး၏ မွေးဖွားခြင်းက သူ၏ယခင်ဘဝနှင့် လက်ရှိဘဝကို ဆက်သွယ်နေသည့်အတွက် သူ၏မွေးဖွားမှုနှင့် ဆက်စပ်နေသည့် တည်နေရာ၊ မိသားစု၊ လိင်အမျိုးအစား၊ အသွင်အပြင်နှင့် တစ်ခြား အချက်အလက်များ အားလုံးသည် သူ၏ယခင်ဘဝ၊ လက်ရှိဘဝတို့နှင့် သေချာပေါက် ဆက်နွှယ် ပေသည်။ ဤကား လူတစ်ဦး၏ မွေးဖွားခြင်းနှင့်ပတ်သက်သည့် အချက်အလက်တို့သည် ယခင်ဘဝ၏ လွှမ်းမိုးမှု ရှိရုံတင်မကဘဲ လက်ရှိဘဝတွင် မိမိ၏ကံကြမ္မာကို ပိုင်းခြားသတ်မှတ်သည်ဟု ဆိုလိုပေသည်။ ယင်းသည် လူတို့ မွေးဖွားသည့် အခြေအနေအမျိုးမျိုးအတွက် အကြောင်းရင်း ဖြစ်သည်။ အချို့က ဆင်းရဲသည့် မိသားစုများ၌ မွေးဖွားကြသည်။ အခြားသူများသည် ချမ်းသာသည့် မိသားစုများတွင် မွေးဖွားသည်။ တစ်ချို့က သာမန်မျိုးရိုးမှ လာပြီး၊ တစ်ချို့က ကျော်ကြားသည့် မျိုးရိုးများ ရှိကြသည်။ တစ်ချို့က တောင်ပိုင်းတွင်မွေးသည်၊ တစ်ချို့က မြောက်ပိုင်းတွင်မွေးသည်။ တစ်ချို့က သဲကန္တာရထဲတွင် မွေးသည်။ တစ်ချို့က စိမ်းလန်းသည့် မြေများတွင် မွေးသည်။ တစ်ချို့လူတို့၏ မွေးဖွားခြင်းက သြဘာသံများ၊ ရယ်သံ၊ အောင်ပွဲခံခြင်းများနှင့်အတူ ယှဉ်တွဲသည်။ အခြားသူများမှာမျက်ရည်များ ဘေးဒုက္ခနှင့် ပူဆွေး သောကတို့ကို ယူဆောင်လာသည်။ တစ်ချို့က တန်ဖိုးအထား ခံရန်အတွက် မွေးဖွားလာသည်၊ အခြားသူတို့မှာမူ ပေါင်းပင်များကဲ့သို့ ဖယ်ထားခံရဖို့ ဖြစ်လေသည်။ တစ်ချို့က ကောင်းမွန်သည့် အင်္ဂါရပ်များဖြင့်မွေးဖွားသည်၊ အခြားသူတို့မှာမူ ပုံပန်းမကျသည့် အရာများနှင့် မွေးသည်။ တစ်ချို့ကချစ်စရာ ကောင်းသည်၊ အခြားသူတို့မှာ ရုပ်ဆိုးလေသည်။ တစ်ချို့က သန်းခေါင်ယံတွင် မွေးသည်။ အခြားသူတို့မှာမူ မွန်းတည့်နေ၏ ပူပြင်းမှုအောက်တွင်မွေးသည်။ အဆင့်အတန်းအားလုံးနှင့်ဆိုင်သည့် လူတို့၏ မွေးဖွားခြင်းများသည် ဖန်ဆင်းရှင်က ၎င်းတို့အတွက် အဆင်သင့်ထားသည့် ကံကြမ္မာများအားဖြင့် သတ်မှတ်ထား ပေသည်။ သူတို့၏မွေးဖွားမှုများသည် ၎င်းတို့၏ လက်ရှိဘဝများ ထဲက ၎င်းတို့၏ကံကြမ္မာအပြင် ၎င်းတို့ ကပြမည့် အခန်း ကဏ္ဍများနှင့် ၎င်းတို့ ဖြည့်ဆည်းမည့် တာဝန်များကို သတ်မှတ်ပေးသည်။ ဤအရာအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံကြရလေသည်။ ဖန်ဆင်းရှင်အားဖြင့် ကြိုတင်ပြဋ္ဌာန်းခံရလျက်၊ အဘယ်သူမျှ ၎င်းတို့၏ ကြိုတင် ပြဋ္ဌာန်းခံထားရသည့် ကြမ္မာကို မလွတ်မြောက်နိုင်ပေ။ ၎င်းတို့၏ မွေးဖွားခြင်းများကို မည်သူမျှ မပြောင်းလဲနိုင်သကဲ့သို့ ၎င်းတို့၏ ကံကြမ္မာကို ဘယ်သူမျှ မရွေးချယ်နိုင်ပါ။

ဒုတိယဆုံမှတ်- အရွယ်ရောက်လာခြင်း

မည်သည့်မိသားစုမျိုးမှာ မွေးလာသည်ဆိုသည့်အပေါ် မူတည်ပြီး လူတို့သည် မတူညီသည့်အိမ် ပတ်ဝန်းကျင်များတွင် ကြီးပြင်းလာပြီး ၎င်းတို့မိဘများထံမှ မတူညီသည့် သင်ခန်းစာများကို သင်ယူကြသည်။ ဤအချက်များက လူတစ်ယောက် အသက်အရွယ်ရလာသည့် အခြေအနေများကို ဆုံးဖြတ်ပေးပြီး အရွယ်ရောက်ခြင်းက လူတစ်ယောက်ဘဝ၏ ဒုတိယအရေးပါသည့် ဆုံမှတ်ကို ကိုယ်စားပြုသည်။ လူတို့သည် ဤဆုံမှတ်တွင်လည်း ရွေးစရာမရှိသည်ကို ပြောပြစရာ မလိုပေ။ ယင်းသည်လည်း သတ်မှတ်ပြီးသား ကြိုတင်စီစဉ်ပြီးသားဖြစ်သည်။

၁) လူအသီးသီး၏အသက်အရွယ်ရလာခြင်းအတွက် သတ်မှတ်ထားသည့် အခြေအနေများကို ဖန်ဆင်းရှင်က စီစဉ်သည်

လူတစ်ယောက်သည် မိမိကြီးပြင်းလာသည်နှင့်အမျှ မိမိကို စာရိတ္တမြှင့်တင်ပေးပြီး လွှမ်းမိုးသည့် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အမှုအရာများကို ရွေးချယ်၍မရပေ။ လူတစ်ယောက်သည် မည်သည့်အသိပညာ သို့မဟုတ် ကျွမ်းကျင်မှုကို သူရရှိမည်၊ မည်သို့အကျင့်မျိုး ဖြစ်မည်ကို ရွေးချယ်၍မရ။ သူ၏မိဘများနှင့် အမျိုးများက မည်သူ ဖြစ်မည်၊ မည်သည့်ပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းမည်ဆိုသည်ကို ရွေးချယ်၍မရပေ။ မိမိ ဝန်းကျင်များ၌ ရှိသည့် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ၎င်း၏ ဆက်နွှယ်မှုများနှင့် ထိုအရာများက ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့လွှမ်းမိုးသည်ဆိုသည့် အရာအားလုံးမှာ ၎င်းထိန်းချုပ် ရနိုင်သည့်အရာများ ဖြစ်သည်။ သို့ဆိုလျှင် ဤအရာတို့ကို မည်သူက ဆုံးဖြတ်သနည်း။ မည်သူက စီစဉ်သနည်း။ ကိစ္စရပ်တွင် လူက ရွေးချယ်စရာမရှိသည့်အတွက် ဤအရာများကို မိမိတို့ ကိုယ်တိုင်အတွက် မဆုံးဖြတ်နိုင်သည့်အတွက်၊ ပြီးလျှင် သူတို့သည် သိသာစွာ အလိုအလျောက် ပုံမဖော်ကြသည့်အတွက်၊ ဤလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံး၏ ဖြစ်ပေါ်မှုမှာ ဖန်ဆင်းရှင်၏ လက်ထဲ၌ရှိသည်ကို ပြောစရာမလိုတော့ပေ။ ဖန်ဆင်းရှင်သည် လူတိုင်း၏ မွေးဖွားခြင်းနှင့်ဆိုင်သော သီးခြား အခြေအနေများကို စီစဉ်ပေးသကဲ့သို့ ကိုယ်တော်သည် လူတိုင်း ကြီးပြင်းလာရသည့် တိကျသော အခြေအနေများကိုလည်း သေချာပေါက် စီစဉ်ပေးလေသည်။ လူတစ်ဦး၏ မွေးဖွားခြင်းက ၎င်းတို့ ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် အပြောင်းအလဲများ ဖြစ်စေပါက ထိုသူ ကြီးပြင်းလာခြင်းကလည်း ယင်းတို့ကို မလွဲမသွေ သက်ရောက်မှု ရှိစေလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် ဆင်းရဲသော မိသားစုများတွင် မွေးဖွားလာကြသော်လည်း ချမ်းသာကြွယ်ဝမှု ဝန်းရံလျက် ကြီးပြင်းလာကြသည်။ အခြားလူများ၏ မွေးဖွားခြင်းက ၎င်းတို့၏ မူလက ချမ်းသာသော မိသားစုများကို ဆုတ်ယုတ်မှုများ ဖြစ်စေသဖြင့် ၎င်းတို့သည် ဆင်းရဲသော ပတ်ဝန်းကျင်များတွင် ကြီးပြင်းလာကြရသည်။ မည်သူ၏ မွေးဖွားခြင်းကိုမျှ ပုံသေ စည်းမျဉ်းတစ်ခုက အုပ်စိုးထားခြင်း မရှိသည့်အပြင် မည်သူမဆို ကြီးပြင်းလာရသည့် အခြေအနေများအတွက် စည်းမျဉ်းများ သို့မဟုတ် မလွဲမသွေ ဖြစ်ရမည့်အရာများ မရှိပေ။ ဤအရာများထဲမှ တစ်ခုမျှသည် လူတစ်ဦးက ဖြစ်တည်လာရန် စိတ်ကူးယဉ်နိုင်သော သို့မဟုတ် ထိန်းချုပ်နိုင်သော အရာများ မဟုတ်ပေ။ ယင်းတို့သည် လူတစ်ဦး၏ ကံကြမ္မာမှ ထွက်ပေါ်လာသောအရာများ ဖြစ်ကြပြီး လူတစ်ဦး၏ ကံကြမ္မာက အဆုံးအဖြတ်ပေးလေသည်။ သေချာပေါက် ၎င်းတို့၏ ဇာစ်မြစ်တွင် ဤအရာများကို လူတိုင်း၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းချက်က အဆုံးအဖြတ်ပေးသည်။ ယင်းတို့ကို ထိုသူ၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကိုယ်တော်၏ စီစဉ်မှုတို့က အဆုံးအဖြတ်ပေးလေသည်။

၂) လူတို့ အရွယ်ရောက်သည့် အခြေအနေအမျိုးမျိုးတို့က မတူညီသည့် အခန်းကဏ္ဍများကို ဖြစ်ပေါ်စေသည်

လူတစ်ယောက် မွေးဖွားခြင်း၏ အခြေအနေများသည် ၎င်းတို့ကြီးပြင်းသည့် အခြေခံအဆင့် ပတ်ဝန်းကျင်တစ်ခုနှင့် အခြေအနေများ အပေါ်၌ တည်ဆောက်ထားသကဲ့သို့၊ လူတစ်ယောက်ကြီးပြင်းသည့် အခြေအနေများသည် အလားတူပင် ၎င်းတို့မွေးဖွားမှု အခြေအနေများ၏ ရလဒ်တစ်ခုဖြစ်ပါသည်။ ဤအချိန်အတောအတွင်းတွင် ဘာသာစကားကို စသင်ယူကာ သူအစဉ်တစိုက် ကြီးပြင်းနေသည့်အတောအတွင်း ဖြစ်စဉ်တစ်ခု ဖြစ်သည့် သူ့စိတ်က အကြောင်းအရာအသစ်များစွာကို စတင်ကြုံတွေ့ပြီး လက်သင့်ခံလေသည်။ လူတစ်ယောက်သည် သူ့နားနှင့် ကြားသည့်အရာများ၊ သူ့မျက်လုံးနှင့် မြင်သည့်အရာများ သူ့စိတ်ဖြင့် မှတ်သားသည့်အရာများက သူ၏အတွင်းကမ္ဘာကို တဖြည်းဖြည်း ဖြည့်ပြီး သက်ဝင်လှုပ်ရှားစေသည်။ သူ ထိတွေ့ ဆက်ဆံလာရသည့် လူများ၊ ဖြစ်ရပ်များ၊ အကြောင်းအရာများ၊ သူသင်ယူသည့် ဘုံအသိ၊ အသိပညာ၊ ကျွမ်းကျင်မှုနှင့် သူ့ကို လွှမ်းမိုးသည့်၊ စွဲမြဲအောင်သင်ယူ သို့မဟုတ် သင်ကြားခဲ့ရသည့် စဉ်းစားပုံများအားလုံးသည် ဘဝတွင် သူ့ကံကြမ္မာကို လမ်းပြကာ လွှမ်းမိုးပေလိမ့်မည်။ လူတစ်ဦး ကြီးပြင်းလာသည်နှင့်အမျှ ၎င်းတို့ သင်ယူရသော ဘာသာစကားနှင့် ၎င်းတို့၌ ရှိလာသော အတွေးများသည် ၎င်းတို့၏ မိဘများနှင့် မောင်နှမများအပြင် ၎င်းတို့ အနီးအနားရှိ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပါဝင်သည့် ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် ခွဲခြား၍မရနိုင်ပေ။ သို့ဖြစ်၍ လူတစ်ဦး မည်သို့ ကြီးပြင်းလာသည်ဟူသောအရာကို ၎င်းတို့ နေထိုင်သည့် ပတ်ဝန်းကျင်က အဆုံးအဖြတ်ပေးပြီး ဤအချိန်ကာလအတောအတွင်း ၎င်းတို့ ထိတွေ့ဆက်ဆံရသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မူတည်လေသည်။ လူတစ်ဦး ကြီးပြင်းလာရသည့် အခြေအနေများကို ကြာမြင့်သောအချိန်ကတည်းက ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သောကြောင့် ဤဖြစ်စဉ်အတောအတွင်း ၎င်းတို့ နေထိုင်သည့် ပတ်ဝန်းကျင်သည်လည်း သဘာဝကျစွာပင် ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ရွေးချယ်မှုများနှင့် နှစ်သက်မှုများအပေါ် မူတည်ခြင်း မဟုတ်ဘဲ ဖန်ဆင်းရှင်၏ အစီအစဉ်များ၊ ဖန်ဆင်းရှင်၏ သေချာစေ့စပ်သော စီစဉ်မှုများနှင့် ဘဝတွင် လူတစ်ဦး၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာတို့အပေါ် မူတည်လေသည်။ ထို့ကြောင့် ကြီးပြင်းမှု လမ်းကြောင်းတွင် မည်သူမဆို ကြုံတွေ့ရသည့် လူများ၊ ၎င်းတို့ ထိတွေ့ဆက်ဆံလာရသည့် အကြောင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များနှင့် အလိုအလျောက် ဆက်နွှယ်လေသည်။ လူတို့သည် ဤကဲ့သို့ ရှုပ်ထွေးသည့် အပြန်အလှန် ဆက်နွှယ်မှုမျိုးများကို ကြိုတင်မမြင်နိုင်သကဲ့သို့ မထိန်းချုပ်နိုင် သို့မဟုတ် နားလည် သဘောပေါက်ခြင်း မရှိနိုင်ပေ။ လူအသီးသီးတို့ ကြီးပြင်းလာရသည့် အခြေအနေများတွင် အမျိုးအစားပေါင်းစုံရှိသော အမှုအရာများနှင့် လူများ ပါဝင်ပြီး ယင်းတို့မှာ အရေအတွက် များပြားလှပေသည်။ မည်သည့် လူသားမျှ ထိုသို့သော ကျယ်ပြန့်သည့် ဆက်နွှယ်မှု ကွန်ရက်ကို စီစဉ်ရန် သို့မဟုတ် စီစဉ်ညွှန်ကြားရန် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ဖန်ဆင်းရှင်မှလွဲ၍ မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံး၏ ပေါ်ပေါက်လာမှု၊ ဆက်လက်တည်ရှိမှုနှင့် ကွယ်ပျောက်သွားမှုတို့ကို မထိန်းချုပ်နိုင်ပေ။ ပြီးလျှင် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအောက်တွင် လူအသီးသီးတို့ မည်သို့ ကြီးပြင်းလာသည်ကို ပုံဖော်ပေးပြီး ၎င်းတို့ ကြီးပြင်းလာရသည့် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို တည်ဆောက်ပေးကာ တစ်ချိန်တည်းမှာပင် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှုအလုပ်အတွက် လိုအပ်သော အမျိုးမျိုးသော အခန်းကဏ္ဍများကို ပုံဖော်ပေးလျက် လူတို့ မိမိတို့၏ အထူးတာဝန်များကို ချောမွေ့စွာ ပြီးမြောက်စေရန် ခိုင်မာပြီး စွမ်းအားရှိသော အခြေခံအုတ်မြစ်တစ်ခုကို ချပေးသည်မှာ ထိုသို့သော ကျယ်ပြန့်သည့် ဆက်နွှယ်မှု ကွန်ရက်များပင် ဖြစ်လေသည်။

တတိယ ဆုံမှတ်- အမှီအခိုကင်းခြင်း

လူတစ်ယောက်သည် ကလေးဘဝနှင့် ကြီးကောင်ဝင်ချိန်တို့ကို ဖြတ်သန်းပြီး ရင့်ကျက်ခြင်းကို တဖြည်းဖြည်းနှင့် ရှောင်လွှဲလို့မရဘဲ ရောက်လာပြီးနောက်၊ နောက်တစ်ဆင့်မှာ သူတို့အတွက် သူတို့၏ငယ်ရွယ်မှုကို လုံးဝနှုတ်ဆက်လိုက်ဖို့၊ သူတို့၏မိဘများကို နှုတ်ဆက်ပြီး အရွယ်ရောက်ပြီး သူတစ်ယောက်အနေနှင့် အမှီအခိုကင်းသည့် ရှေ့ကလမ်းကို ရင်ဆိုင်ဖို့ ဖြစ်ပါသည်။ ဤအချိန်တွင် အရွယ်ရောက်ပြီးသူတစ်ယောက် ရင်ဆိုင်ရမည့် လူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများအားလုံး၊ သူတို့ကံကြမ္မာကွင်းဆက်၏ အချိတ်အဆက်များအားလုံးကို ရင်ဆိုင်ရမည့် မကြာမီ မိမိတို့ဘာသာ ဖော်ပြလာမည့် သူတို့ ကံကြမ္မာ၏ အစိတ်အပိုင်းများအားလုံးကို သူတို့ရင်ဆိုင်ရပါမည်။ ဤကား လူတစ်ယောက် ဖြတ်သန်းသွားရမည့် တတိယဆုံမှတ် ဖြစ်ပေသည်။

၁) အမှီအခိုကင်းပြီးနောက်တွင် လူတစ်ယောက်သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို စတင်ကြုံတွေ့ရသည်

လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် ကြီးပြင်းခြင်းသည် လူတစ်ယောက်၏ ကံကြမ္မာ နှင့်ဆိုင်သော အုတ်မြစ်ကို ချပေးရင်း သူ၏ဘဝခရီးအတွက် “ကြိုတင်ပြင်ဆင်ခြင်း ကာလ” ဖြစ်ပါက၊ သူ၏ အမှီအခို ကင်းခြင်းသည် သူ့ဘဝကံကြမ္မာက ဖွင့်ပြလာသည့် ဖော်ပြချက်ဖြစ်ပါသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် ကြီးပြင်းခြင်းသည် သူတို့ဘဝကံကြမ္မာအတွက် ပြင်ဆင်ရာတွင် စုဆောင်းခဲ့သည့် ချမ်းသာကြွယ်ဝမှုဖြစ်ပါက၊ လူတစ်ယောက်၏ အမှီအခိုကင်းခြင်းသည် ထိုချမ်းသာကြွယ်ဝမှုကို သူတို့အသုံးချသည့် အချိန် သို့မဟုတ် ဖြည့်စွက်သည့်အချိန်ပင် ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏ မိဘများကို ခွဲခွာပြီး အမှီအခို ကင်းလာသည့်အခါ ၎င်းတို့ ရင်ဆိုင်ရသော လူမှုပတ်ဝန်းကျင်နှင့် ၎င်းတို့ ကြုံတွေ့ရသော အလုပ်အကိုင်များနှင့် သက်မွေးဝမ်းကျောင်း လုပ်ငန်းအမျိုးအစားများ အားလုံးသည် ကြိုတင်သတ်မှတ်ထားပြီးဖြစ်ကာ ၎င်းတို့၏ မိဘများနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ အချို့လူများသည် ကောလိပ်တွင် ကောင်းမွန်သော အဓိကဘာသာရပ်တစ်ခုကို ရွေးချယ်ကြပြီး ဘွဲ့ရပြီးနောက်တွင် ကောင်းမွန်သော အလုပ်တစ်ခုကို ရှာတွေ့သွားကြသည်၊ ၎င်းတို့သည် ဘဝလမ်းကြောင်းပေါ်တွင် အလွန်ကောင်းမွန်သော အစပြုမှုတစ်ခုကို ရရှိသည်ဟု ဆိုနိုင်ပေသည်။ အခြားသူများသည် မတူညီသော ကျွမ်းကျင်မှုများစွာကို သင်ယူပြီး တတ်မြောက်ကြသည့်တိုင် ၎င်းတို့နှင့် ကိုက်ညီသော အလုပ်တစ်ခု သို့မဟုတ် ၎င်းတို့အတွက် ကဏ္ဍတစ်ခုကို မည်သည့်အခါမျှ ရှာမတွေ့ကြပေ၊ ၎င်းတို့ပိုင်ဆိုင်သော သက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုကို တည်ဆောက်ရန်ဆိုသည်မှာ သာ၍ပင် ဝေးသေးသည်။ ဤလူများ၏ ဘဝခရီးအစသည် အခက်အခဲ အဖုအထစ်များဖြင့် ပြည့်နှက်နေပြီး ၎င်းတို့၏ အလားအလာများမှာ မှေးမှိန်ကာ ၎င်းတို့၏ ဘဝများမှာ မသေချာမရေရာဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အချို့သော အခြားသူများသည် ၎င်းတို့၏ ပညာသင်ကြားမှုများတွင် မိမိတို့ကိုယ်ကို လုံ့လစိုက်ထုတ်ကြသည့်တိုင် အဆင့်မြင့်ပညာရေးကို ရရှိရန် အခွင့်အရေးတိုင်းကို သီသီလေး လွဲချော်သွားကြသည်။ ၎င်းတို့သည် အောင်မြင်မှုကို မည်သည့်အခါမျှ မရရှိရန် ကံကြမ္မာဖန်တီးခံရပုံပေါ်ပြီး ဘဝလမ်းကြောင်းပေါ်ရှိ ၎င်းတို့၏ ပထမဆုံးသော မျှော်လင့်ချက်များပင်လျှင် သဲထဲရေသွန် ဖြစ်သွားသည်ဟု ဆိုနိုင်ပေသည်။ ရှေ့ဆက်ရမည့် လမ်းသည် ချောမွေ့မည် သို့မဟုတ် ကြမ်းတမ်းမည်ကို မသိရှိဘဲ လူသား၏ ကံကြမ္မာသည် မည်မျှ ခန့်မှန်းရခက်ကြောင်းကို ၎င်းတို့ ပထမဆုံးအကြိမ် ခံစားကြရပြီး ထို့ကြောင့် ဘဝကို ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ခြင်း ရောနှောမှုတစ်ခုဖြင့် ရင်ဆိုင်ကြလေသည်။ အခြားသူများသည် ပညာကောင်းစွာ မတတ်မြောက်ကြသော်လည်း ၎င်းတို့သည် စာအုပ်များ ရေးသားနိုင်ကြပြီး ကျော်ကြားမှု အတိုင်းအတာတစ်ခုကို ရရှိကြသည်။ ပြီးလျှင် အခြားသူများသည် စာလုံးဝနီးပါး မတတ်ကြသည့်တိုင် စီးပွားရေးလုပ်ငန်းတွင် ငွေရှာနိုင်ကြပြီး ထိုသို့ဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကြလေသည်။... လူတစ်ဦးသည် မည်သည့် အလုပ်အကိုင်ကို ရွေးချယ်သည်ကိုဖြစ်စေ၊ လူတစ်ဦးသည် မည်သို့ အသက်မွေးဝမ်းကျောင်းပြုသည်ကိုဖြစ်စေ၊ ၎င်းတို့ ပြုလုပ်သော ရွေးချယ်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဤအရာများနှင့်ပတ်သက်၍ လူတို့တွင် ရွေးချယ်ခွင့် တစ်ခုတလေ ရှိသလော။ ယင်းတို့သည် လူတို့၏ လိုအင်ဆန္ဒများနှင့် ဆုံးဖြတ်ချက်များအပေါ် အခြေခံသလော။ လူအများစုသည် အလုပ်နည်းနည်းလုပ်ပြီး ငွေပိုရှာရန်ကိုလည်းကောင်း၊ နေပူမိုးရွာထဲတွင် ပင်ပန်းကြီးစွာ မလုပ်ဆောင်ရန်ကိုလည်းကောင်း၊ လေးစားဖွယ်ကောင်းအောင် ဝတ်စားဆင်ယင်ရန်ကိုလည်းကောင်း၊ ၎င်းတို့ သွားလေရာရာ၌ ထင်ပေါ်ကျော်ကြားသူတစ်ဦး ဖြစ်ရန်ကိုလည်းကောင်း၊ ထိပ်ဆုံးသို့ ရောက်ရန်နှင့် ၎င်းတို့၏ ဘိုးဘေးများကို ဂုဏ်ဆောင်ရန်ကိုလည်းကောင်း ဆန္ဒရှိကြသည်။ လူတို့တွင် ထိုသို့သော “စုံလင်သည့်” ဆန္ဒများ ရှိကြသော်လည်း ၎င်းတို့သည် ဘဝလမ်းကြောင်းတွင် ၎င်းတို့၏ ပထမဆုံး ခြေလှမ်းကို လှမ်းသည့်အခါ လူသား၏ ကံကြမ္မာသည် မည်မျှ မစုံလင်ကြောင်းကို ၎င်းတို့ တဖြည်းဖြည်း မြင်တွေ့လာကြပြီး လူတစ်ဦးသည် မိမိ၏ အနာဂတ်အတွက် ရဲရင့်သော အစီအစဉ်များကို ရေးဆွဲနိုင်ကာ အမျိုးမျိုးသော အိပ်မက်များကို ထင်ရာမြင်ရာ ထားရှိနိုင်သော်လည်း မည်သူမျှ မိမိတို့၏ ကိုယ်ပိုင် အိပ်မက်များကို အကောင်အထည်ဖော်ရန် လုပ်နိုင်စွမ်း သို့မဟုတ် တန်ခိုးအာဏာ မရှိသည့်အပြင် မိမိတို့၏ ကိုယ်ပိုင် အနာဂတ်ကို ထိန်းချုပ်ရန် လုပ်နိုင်စွမ်းလည်း မရှိကြောင်းကို ပထမဆုံးအကြိမ် အမှန်တကယ် သဘောပေါက်လာကြလေသည်။ လူတစ်ဦး၏ အိပ်မက်များနှင့် ၎င်းတို့ ရင်ဆိုင်ရသော လက်တွေ့အရှိတရားများကြားတွင် ကွာဟချက်တစ်ခု အမြဲတစေ ရှိနေလိမ့်မည်ဖြစ်သည်။ အမှုအရာများသည် လူတစ်ဦး စိတ်ကူးထားသည့်အတိုင်း မည်သည့်အခါမျှ ဖြစ်လာနိုင်မည် မဟုတ်ဘဲ ထိုသို့သော လက်တွေ့အရှိတရားများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ကျေနပ်မှု သို့မဟုတ် ရောင့်ရဲမှုကို မည်သည့်အခါမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းများနှင့် အလားအလာများအတွက်လည်းကောင်း၊ ၎င်းတို့၏ ကံကြမ္မာများကို ပြောင်းလဲရန်အတွက်လည်းကောင်း အမျိုးမျိုးသော ချဉ်းကပ်နည်းများကို စဉ်းစားရန်နှင့် ဖြစ်နိုင်ချေရှိသော လမ်းကြောင်းတိုင်းကို ရှာဖွေရန် အဖန်ဖန် ကြိုးစားကြပြီး အမျိုးမျိုးသော ကြိုးပမ်းအားထုတ်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများကို ပြုလုပ်ကြသည့် လူအချို့ပင် ရှိလေသည်။ သို့သော် အဆုံးတွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုအားဖြင့် ၎င်းတို့၏ အိပ်မက်များနှင့် လိုအင်ဆန္ဒများကို အကောင်အထည်ဖော်နိုင်လျှင်ပင် ၎င်းတို့၏ ကံကြမ္မာများကို မည်သည့်အခါမျှ မပြောင်းလဲနိုင်ကြပေ၊ ပြီးလျှင် ၎င်းတို့ မည်မျှပင် ရုန်းကန်ကြပါစေ ၎င်းတို့၏ ကံကြမ္မာများကို မည်သည့်အခါမျှ ကျော်လွန်၍ မသွားနိုင်ကြပေ။ ၎င်းတို့၏ အရည်အချင်းများနှင့် ဉာဏ်ရည်တို့တွင် ကွဲပြားမှုများရှိပါစေ၊ ၎င်းတို့၌ စိတ်ပိုင်းဖြတ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လူတို့သည် ကံကြမ္မာ၏ရှေ့မှောက်တွင် အားလုံး တန်းတူညီတူဖြစ်ကြပြီး ထိုနေရာတွင် ၎င်းတို့ကို ကြီးမြတ်သူနှင့် သေးနုပ်သူ၊ မြင့်မြတ်သူနှင့် နိမ့်ကျသူ၊ ဂုဏ်သရေရှိသူနှင့် ယုတ်ညံ့သူဟူ၍ မခွဲခြားပေ။ လူတစ်ဦး လုပ်ကိုင်သည့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းပြုသည့်အရာနှင့် ဘဝတွင် ပိုင်ဆိုင်သည့် ဥစ္စာဓနမည်မျှသည် ၎င်းတို့၏ မိဘများ၊ ၎င်းတို့၏ အရည်အချင်းများ သို့မဟုတ် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများနှင့် ရည်မှန်းချက်များအပေါ် မူမတည်ပေ၊ ယင်းမှာ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအပေါ် မူတည်သည်။

၂) မိဘများကို စွန့်ခွာပြီး ဘဝဇာတ်ခုံပေါ်တွင် ကပြဖို့် အလေးအနက်စတင်ခြင်း

လူတစ်ဦးသည် အရွယ်ရောက်လာသောအခါ ၎င်းတို့သည် မိဘများကို စွန့်ခွာပြီး ကိုယ်ပိုင်ဘဝကို စတင်ရန် အခြေအနေများနှင့် ပြည့်စုံလာလေသည်။ ဤအချိန်တွင် ၎င်းတို့သည် ဘဝ၌ မိမိတို့၏ အခန်းကဏ္ဍကို အမှန်တကယ် စတင်ပါဝင်လာကြပြီး ဤအချိန်သည် ၎င်းတို့၏ ဘဝအထူးတာဝန်က မရေရာမှုမှ ရှင်းလင်းပြတ်သားမှုသို့ တဖြည်းဖြည်း ပြောင်းလဲသွားသည့် အချိန်ပင် ဖြစ်သည်။ ၎င်းတို့သည် မိဘများနှင့် ရင်းနှီးသော ဆက်ဆံရေးကို အပေါ်ယံအားဖြင့် ထိန်းသိမ်းထားသော်လည်း ၎င်းတို့ ပါဝင်သည့် အခန်းကဏ္ဍနှင့် ၎င်းတို့၏ ဘဝရှိ အထူးတာဝန်သည် မိဘများနှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့် ၎င်းတို့ တဖြည်းဖြည်း လွတ်လပ်လာသည်နှင့်အမျှ ဤရင်းနှီးသော ဆက်ဆံရေးသည် အနှစ်သာရအားဖြင့် နည်းနည်းချင်းစီ စတင်အက်ကွဲလာလေသည်။ ဇာတိပကတိ ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် မိဘများကို ဆက်လက်မှီခိုနေခြင်းမှ မသိစိတ်အရ ရှောင်လွှဲ၍မရနိုင်သော်လည်း ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရား တစ်ခုအနေဖြင့် လူတစ်ဦးသည် အပြည့်အဝ ကြီးပြင်းလာသည်နှင့်တစ်ပြိုင်နက် မိဘများနှင့် အဘက်ဘက်မှ လုံးဝ ကင်းကွာသွားပြီး ၎င်း တာဝန်ယူရမည့် အခန်းကဏ္ဍကို ၎င်းကိုယ်တိုင် လွတ်လပ်စွာ လုပ်ဆောင်သွားမည် ဖြစ်သည်။ ၎င်းတို့ကို မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ဘဝတွင် မိဘများ ထမ်းဆောင်ရသည့် တာဝန်မှာ ၎င်းတို့ ကြီးပြင်းလာရန် ပတ်ဝန်းကျင်တစ်ခုကို ပြင်ပမှ ပံ့ပိုးပေးဖို့သာဖြစ်ပြီး ထိုမျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းချက်သာလျှင် မည်သူ၏ ကံကြမ္မာအပေါ်မဆို သက်ရောက်မှု ရှိသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးတွင် မည်သို့သော အနာဂတ်မျိုး ရှိမည်ဟူသည်မှာ မည်သူကမျှ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။ ယင်းကို စောစီးစွာ ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်ကာ မိမိ၏ မိဘများကပင် ၎င်းတို့၏ ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်လာလျှင် လူတိုင်းသည် လွတ်လပ်ကြသည်၊ လူတိုင်းတွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ရှိကြသည်။ သို့ဖြစ်၍ မည်သူ၏ မိဘများကမျှ ၎င်းတို့၏ ဘဝကံကြမ္မာကို လုံးဝ မဟန့်တားနိုင်သည့်အပြင် ဘဝတွင် ၎င်းတို့ ပါဝင်ရမည့် အခန်းကဏ္ဍနှင့် ပတ်သက်လာလျှင်လည်း ၎င်းတို့ကို ကူညီရန် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ လူတစ်ဦးသည် မည်သည့် မိသားစုတွင် မွေးဖွားရန် ကြိုတင်ပြဋ္ဌာန်းခံရသည်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည်ဖြစ်စေ ဤအရာများသည် ၎င်းတို့၏ ဘဝ အထူးတာဝန်ကို ပြီးမြောက်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်များထက် မပိုကြောင်း ပြောဆိုနိုင်ပေသည်။ ယင်းတို့သည် လူတစ်ဦး၏ ဘဝကံကြမ္မာ သို့မဟုတ် ၎င်းတို့၏ အထူးတာဝန်ကို ပြီးမြောက်စေမည့် ကံကြမ္မာ အမျိုးအစားကို မည်သည့်နည်းနှင့်မျှ မဆုံးဖြတ်ပေ။ ထို့ကြောင့် မည်သူ၏ မိဘများကမျှ ၎င်းတို့၏ ဘဝအထူးတာဝန်ကို ပြီးမြောက်စေရန် မကူညီနိုင်သကဲ့သို့ မည်သည့် ဆွေမျိုးကမျှ ၎င်းတို့၏ ဘဝအခန်းကဏ္ဍကို ဖြည့်ဆည်းရန် မကူညီနိုင်ပေ။ လူတစ်ဦးသည် မိမိ၏ အထူးတာဝန်ကို မည်သို့ ပြီးမြောက်သည်နှင့် မည်သို့သော နေထိုင်မှု ပတ်ဝန်းကျင်တွင် မိမိ၏ အခန်းကဏ္ဍကို တာဝန်ယူသည်ဟူသောအချက်သည် ၎င်းတို့၏ ဘဝကံကြမ္မာအပေါ် လုံးလုံးလျားလျား မူတည်လေသည်။ တစ်နည်းအားဖြင့် မည်သည့် ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကမျှ ဖန်ဆင်းရှင် ကြိုတင်ပြဋ္ဌာန်းထားသည့် မည်သူ၏ အထူးတာဝန်ကိုမျှ လွှမ်းမိုးနိုင်ခြင်း မရှိပေ။ လူတိုင်းသည် မိမိတို့ ကြီးပြင်းလာသည့် သီးခြား ပတ်ဝန်းကျင်တွင် အရွယ်ရောက်လာကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ဘဝလမ်းကြောင်းပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းကြပြီး ဖန်ဆင်းရှင်က ၎င်းတို့အတွက် စီစဉ်ပေးထားသော ကံကြမ္မာကို ဖြည့်ဆည်းကြလေသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ဟူသော ကျယ်ပြောလှတဲ့ လူ့လောကကြီးထဲသို့ သဘာဝကျကျနှင့် အလိုအလျောက် ဝင်ရောက်လာကြပြီး ဘဝတွင် မိမိတို့၏ နေရာကို ယူကြကာ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းချက်အတွက်လည်းကောင်း၊ ကိုယ်တော်၏ အချုပ်အခြာအာဏာအတွက်လည်းကောင်း ဖန်ဆင်းခံတစ်ဦးအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ စတင် ဖြည့်ဆည်းကြလေသည်။

စတုတ္ထဆုံမှတ်- အိမ်ထောင်ပြုခြင်း

လူတစ်ယောက်က အသက်ကြီးလာပြီး ရင့်ကျက်လာသည့်အခါ သူ့မိဘများနှင့် သူမွေးဖွားကြီးပြင်းခဲ့သည့် ပတ်ဝန်းကျင်နှင့် ပိုပြီးဝေးကွာလာသည်။ ယင်းအစား ဘဝ၌ ဦးတည်ချက်တစ်ခုကို စတင်ရှာဖွေလာပြီး သူ့မိဘတွေနှင့် ကွဲပြားသည့် ပုံစံတစ်ခုဖြင့် မိမိ၏ကိုယ်ပိုင် ဘဝပန်းတိုင်များကို ရှာဖွေလိုက်စားလေသည်။ ဤအချိန်အတောအတွင်းတွင် သူ့မိဘတွေကို မလိုအပ်တော့ပါ။ သို့သော်လည်း သူ့ဘဝမှာ သူနှင့်ဘဝကုန်ဆုံးနိုင်သည့် အဖော်တစ်ယောက် လိုအပ်လေသည်။ ယင်းမှာ သူ့ကံကြမ္မာနှင့် အတွင်းကျကျ ရစ်ပတ်ထားသည့် လူတစ်ယောက်ဖြစ်သော အိမ်ထောင်ဖက်ဖြစ်ပါသည်။ ထို့ကြောင့် အမှီအခိုကင်းပြီးနောက် လာသည့် ဘဝ၏ ပထမဆုံး အဓိကအဖြစ်အပျက်မှာ သူ ဖြတ်သန်းရမည့် စတုတ္ထဆုံမှတ်ဖြစ်သော အိမ်ထောင်ပြုခြင်း ဖြစ်သည်။

၁) အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်ပြီး လူတစ်ယောက်၌ ရွေးချယ်စရာမရှိပေ

အိမ်ထောင်ပြုခြင်းသည် လူတိုင်း၏ ဘဝတွင် အဓိကကျသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ယင်းမှာ လူတစ်ဦးသည် အမျိုးမျိုးသော တာဝန်ဝတ္တရားများကို အမှန်တကယ် စတင်တာဝန်ယူပြီး အမျိုးမျိုးသော အထူးတာဝန်များကို တဖြည်းဖြည်း ပြီးမြောက်စေသည့် အချိန်ဖြစ်ပေသည်။ လူတို့သည် အိမ်ထောင်ပြုခြင်းကို ကိုယ်တိုင် မကြုံတွေ့ရမီ ယင်းနှင့်ပတ်သက်၍ စိတ်ကူးယဉ်မှုများစွာ ထားရှိကြပြီး ယင်းတို့အားလုံးက အလွန်လှပသော ပုံရိပ်တစ်ခုကို ဖန်တီးကြသည်။ အမျိုးသမီးများက ၎င်းတို့၏ လက်တွဲဖော်သည် အိပ်မက် မင်းသားလေးတစ်ပါး ဖြစ်လိမ့်မည်ဟု စိတ်ကူးယဉ်ကြပြီး အမျိုးသားများက ၎င်းတို့သည် ဒဏ္ဍာရီထဲမှ မင်းသမီးလေးတစ်ပါးနှင့် လက်ထပ်ရလိမ့်မည်ဟု စိတ်ကူးယဉ်ကြသည်။ ဤစိတ်ကူးယဉ်မှုများက အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်လာလျှင် လူတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင် သတ်မှတ်ထားသော စံနှုန်းများ ရှိကြသည်ကို ပြသနေသည်။ ဤဆိုးယုတ်သော ခေတ်တွင် အမျိုးမျိုးသော သတင်းအချက်အလက်များက အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်သည့် အမျိုးမျိုးသော လွဲချော်သည့် အမြင်များကို လူတို့အား အဆက်မပြတ် သွတ်သွင်းပေးနေသော်လည်း ယင်းက လူတို့ကို အိမ်ထောင်ပြုခြင်းအပေါ် ပို၍ပင် တောင်းဆိုမှုများ ရှိလာစေပြီး အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ အမျိုးမျိုးသော ဝန်ထုပ်ဝန်ပိုးများနှင့် ထူးဆန်းသော သဘောထားများ ဖြစ်ပေါ်လာစေသော်လည်း အိမ်ထောင်ကျပြီးသူ မည်သူမဆိုသည် လူတစ်ဦးက အိမ်ထောင်ပြုခြင်းကို မည်သို့ပင် နားလည်သည်ဖြစ်စေ၊ ယင်းအပေါ် လူတစ်ဦး၏ သဘောထားသည် မည်သို့ပင် ဖြစ်နေပါစေ အိမ်ထောင်ပြုခြင်းသည် တစ်ဦးချင်း ရွေးချယ်မှုနှင့်ဆိုင်သော ကိစ္စရပ်တစ်ခု မဟုတ်ကြောင်းကို သိရှိကြလေသည်။

လူတစ်ဦးသည် ဘဝတွင် လူများစွာနှင့် ကြုံတွေ့ရလိမ့်မည် ဖြစ်သော်လည်း ၎င်းတို့၏ အိမ်ထောင်ဖက်သည် နောက်ဆုံးတွင် မည်သူဖြစ်မည်ကို မည်သူမျှ မသိကြပေ။ အိမ်ထောင်ပြုခြင်း ကိစ္စနှင့်ပတ်သက်၍ လူတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင် အမြင်များနှင့် စိတ်ကူးများ ရှိကြသော်လည်း နောက်ဆုံးတွင် မည်သူက ၎င်းတို့၏ လက်တွဲဖော် အမှန်တကယ် ဖြစ်လာမည်ကို မည်သူမျှ ကြိုတင်မမြင်နိုင်ကြသည့်အပြင် ဤကိစ္စတွင် လူတို့ကိုယ်တိုင်က ပြောဆိုပိုင်ခွင့် မရှိကြပေ။ သင် နှစ်သက်သော တစ်စုံတစ်ဦးနှင့် တွေ့ဆုံပြီးနောက် သင်သည် ထိုသူကို ပိုးပန်းနိုင်သည်။ သို့သော် ၎င်းတို့က သင့်ကို စိတ်ဝင်စားခြင်း ရှိမရှိနှင့် ၎င်းတို့သည် သင်၏ လက်တွဲဖော် ဖြစ်လာမည်၊ မဖြစ်လာမည်ဟူသည်မှာ သင် ဆုံးဖြတ်ရန် မဟုတ်ပေ။ သင် နှစ်သက်သောသူသည် သင် ဘဝကို အတူတကွ ဖြတ်သန်းမည့်သူ မလွဲမသွေ ဖြစ်မည်မဟုတ်ပေ။ ထိုအစား သင် သတိပင်မထားမိဘဲ သင် ဘယ်သောအခါမျှ မမျှော်လင့်ထားသော တစ်စုံတစ်ဦးက သင်၏ ဘဝထဲသို့ ဝင်ရောက်လာပြီး သင်၏ လက်တွဲဖော်၊ သင်၏ ကံကြမ္မာတွင် အရေးကြီးဆုံးသော အစိတ်အပိုင်း၊ ၎င်း၏ကံကြမ္မာက သင်၏ ကံကြမ္မာနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသော သင်၏ လက်တွဲဖော် ဖြစ်လာနိုင်ပေသည်။ သို့ဖြစ်၍ လောကတွင် ရေတွက်၍မရနိုင်သော အိမ်ထောင်ရေးများ ရှိသော်လည်း တစ်ခုစီတိုင်းမှာ ကွဲပြားကြသည်။ အချို့မှာ စိတ်ပျက်ဖွယ်ကောင်းသည်၊ အချို့မှာ ကြည်နူးဖွယ်ကောင်းသည်။ အချို့မှာ အရှေ့နှင့် အနောက်ကို ပေါင်းကူးထားသည်၊ အချို့မှာ မြောက်နှင့် တောင်ကို ပေါင်းကူးထားသည်။ အချို့မှာ စံပြစုံတွဲများ ဖြစ်ကြသည်၊ အချို့မှာ လူမှုရေး အဆင့်အတန်း တူညီကြသည်။ အချို့မှာ ပျော်ရွှင်ချမ်းမြေ့မှုနှင့် ပြည့်နှက်နေသည်၊ အချို့မှာ အဖြစ်ဆိုးများနှင့် ပြည့်နှက်နေသည်။ အချို့မှာ အခြားသူများ၏ အားကျမှုနှင့် မနာလိုမှုကို ဖြစ်ပေါ်စေသည်၊ အချို့မှာ လူတို့ကို ဦးနှောက်ခြောက်သွားစေပြီး မထီမဲ့မြင်ပြုမှုကို လှုံ့ဆော်ပေးသည်။ အချို့မှာ ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်နေသည်၊ အချို့မှာ အဆုံးမဲ့ မျက်ရည်များနှင့် မျှော်လင့်ချက်မဲ့ခြင်းကို ဆောင်ကြဉ်းပေးလေသည်။ ဤများပြားလှသော အိမ်ထောင်ရေး အမျိုးအစားများတွင် လူသားများသည် အိမ်ထောင်ပြုခြင်းအပေါ် သစ္စာစောင့်သိခြင်းနှင့် ထာဝရဖြစ်သော၊ မယိမ်းယိုင်သော ကတိကဝတ်ကို ပြသကြသည်။ ၎င်းတို့သည် ကြီးမားသော ဂရုစိုက်မှု၊ ခိုင်မြဲသော တွယ်တာမှုနှင့် ၎င်းတို့၏ လက်တွဲဖော်နှင့်အတူ စွဲမြဲနေမည့် ကတိကဝတ်ကို ပြသကြသည်။ ၎င်းတို့သည် ကူကယ်ရာမဲ့ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ကို ပြသကြသည်။ ၎င်းတို့သည် သစ္စာဖောက်ခြင်းနှင့် ရန်လိုမှုကိုပင် ပြသကြသည်။ အိမ်ထောင်ပြုခြင်းက ယင်းဘာသာ ပျော်ရွှင်မှု သို့မဟုတ် နာကျင်မှုကို ဆောင်ကြဉ်းပေးသည်ဖြစ်စေ ဖန်ဆင်းရှင်က ကြိုတင်ပြဋ္ဌာန်းထားသော အိမ်ထောင်ပြုခြင်းရှိ လူတိုင်း၏ အထူးတာဝန်မှာ ပြောင်းလဲခြင်း မရှိပေ၊ ဤအထူးတာဝန်သည် လူတိုင်း ပြီးမြောက်ရမည့် အရာတစ်ခု ဖြစ်သည်။ ပြီးလျှင် အိမ်ထောင်ရေးတိုင်း၏ နောက်ကွယ်တွင်ရှိသော လူတိုင်း၏ ကံကြမ္မာသည်လည်း ပြောင်းလဲခြင်း မရှိပေ၊ ယင်းကို ဖန်ဆင်းရှင်က ကြာမြင့်သောအချိန်ကတည်းက ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်လေသည်။

၂) အိမ်ထောင်သည် လက်တွဲဖော်နှစ်ယောက်၏ ကံကြမ္မာမှ ပေါက်ဖွားသည်

အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ဘဝတွင် အရေးကြီးသည့် ဆုံမှတ်တစ်ခု ဖြစ်ပါသည်။ ယင်းမှာ ၎င်းတို့၏ ဘဝကံကြမ္မာ၏ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာပြီး ဤကံကြမ္မာ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယင်းသည် လူတစ်ဦးတစ်ယောက်၏ တစ်ကိုယ်ရေဆန္ဒ သို့မဟုတ် နှစ်သက်မှုများအပေါ် အခြေမခံသည့်အပြင် မည်သည့် ပြင်ပအချက်များ၏ လွှမ်းမိုးခြင်းကိုမျှ မခံရဘဲ လူနှစ်ဦး၏ ကံကြမ္မာများအားဖြင့်၊ အိမ်ထောင်ဖက်နှစ်ဦးလုံး၏ ကံကြမ္မာများအတွက် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းများနှင့် စီစဉ်မှုများအားဖြင့် လုံးဝ အဆုံးအဖြတ်ပေးခြင်းခံရသည်။ အပေါ်ယံအားဖြင့် အိမ်ထောင်ပြုခြင်းသည် လူသားများ မျိုးပွားနိုင်ရန် တည်ရှိသော်လည်း အမှန်တကယ်တွင် အိမ်ထောင်ပြုခြင်းသည် လူတစ်ဦး၏ အထူးတာဝန်ကို ပြီးမြောက်စေခြင်းအတွက် ဟိတ်ဟန်တစ်ခုမျှသာ ဖြစ်သည်။ အိမ်ထောင်ပြုခြင်းတွင် လူတို့ ပါဝင်သည့် အခန်းကဏ္ဍသည် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ခြင်းမျှသာ မဟုတ်ပေ။ ၎င်းတို့သည် အိမ်ထောင်ရေးကို ထိန်းသိမ်းရန် အထောက်အကူပြုသည့် အခန်းကဏ္ဍများအားလုံးအပြင် ၎င်းတို့ ပြီးမြောက်သင့်သည့် သက်ဆိုင်ရာ အထူးတာဝန်များကိုပါ တာဝန်ယူကြသည်။ လူတစ်ဦး၏ မွေးဖွားခြင်းက ၎င်းတို့ ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ကြုံတွေ့ရသည့် အပြောင်းအလဲများကို လွှမ်းမိုးသောကြောင့် လူတစ်ဦး၏ အိမ်ထောင်ပြုခြင်းကလည်း ဤအရာများကို မလွဲမသွေ လွှမ်းမိုးသည့်အပြင် ယင်းတို့တွင် အမျိုးမျိုးသော အသွင်ပြောင်းလဲမှုများကို သာ၍ပင် ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။

လူတစ်ဦးသည် အမှီအခိုကင်းလာသောအခါ ၎င်းတို့သည် ဘဝတွင် မိမိတို့၏ ကိုယ်ပိုင် လမ်းကြောင်းကို စတင်လျှောက်လှမ်းကြပြီး ယင်းက ၎င်းတို့ကို ၎င်းတို့၏ အိမ်ထောင်ပြုခြင်းနှင့် ဆက်စပ်မှုရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများဆီသို့ တစ်ဆင့်ပြီးတစ်ဆင့် ဦးဆောင်သွားလေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အနာဂတ် အိမ်ထောင်ဖက်သည်လည်း ထိုတူညီသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများဆီသို့ တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လာနေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ဆက်စပ်မှုမရှိသော လူနှစ်ဦးသည် ၎င်းတို့၏ ဆက်စပ်နေသော ကံကြမ္မာများကြောင့် အချိန်ကာလတစ်ခုအကြာတွင် အိမ်ထောင်ပြုလိုက်ကြပြီး အံ့သြဖွယ်ကောင်းလောက်အောင် မိသားစုတစ်ခု၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူနှစ်ဦး ဖြစ်လာကြလေသည်။ သို့ဖြစ်၍ လူတစ်ဦးသည် အိမ်ထောင်ပြုသောအခါ ၎င်းတို့၏ ဘဝလမ်းကြောင်းသည် ၎င်းတို့၏ လက်တွဲဖော်ကို လွှမ်းမိုးပြီး ပတ်သက်လိမ့်မည်ဖြစ်ကာ ၎င်းတို့ လက်တွဲဖော်၏ ဘဝလမ်းကြောင်းကလည်း ဘဝတွင် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာကို လွှမ်းမိုးပြီး ပတ်သက်လိမ့်မည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူတို့၏ ကံကြမ္မာများသည် အပြန်အလှန် ဆက်နွှယ်နေပြီး မည်သူမျှ ဘဝတွင် မိမိတို့၏ အထူးတာဝန်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင် သို့မဟုတ် အခြားသူများနှင့် အမှန်တကယ် အမှီအခိုကင်းစွာ မိမိတို့၏ အခန်းကဏ္ဍကို မလုပ်ဆောင်နိုင်ပေ။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဆက်ဆံရေးများနှင့်ဆိုင်သော ကြီးမားသည့် ကွန်ရက်တစ်ခု အပေါ်မှာ ဆက်နွယ်မှုရှိပေသည်။ အရွယ်ရောက် ကြီးပြင်းခြင်း ကလည်း ဆက်ဆံရေးများ၏ ရှုပ်ထွေးသည့် ကွန်ရက်တစ်ခု ပါဝင်သည်။ အလားတူပင် အိမ်ထောင်ပြုခြင်းတစ်ခုသည်လည်း လူသား ဆက်ဆံရေး၏ ကျယ်ပြန့်ပြီး ရှုပ်ထွေးသည့် ကွန်ရက်ထဲတွင် မလွှဲမရှောင်သာ ဖြစ်တည်ပြီး ဆက်လက် တည်ရှိနေကာ အဖွဲ့ဝင်တိုင်းပါဝင်ပြီး ယင်း၏ အစိတ်အပိုင်းဖြစ်သည့် လူတိုင်း၏ ကံကြမ္မာကို လွှမ်းမိုးမှုရှိနေသည်။ အိမ်ထောင်ပြုခြင်းသည် လူတစ်ဦး၏ မိသားစု၊ ၎င်းတို့ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်၊ ၎င်းတို့၏ ရုပ်ရည်အသွင်ပြင်၊ ၎င်းတို့၏ အသက်အရွယ်၊ ၎င်းတို့၏ အစွမ်းအစ၊ ၎င်းတို့၏ အရည်အချင်းများ သို့မဟုတ် အခြားမည်သည့်အချက်များ၏ ရလဒ်တစ်ခုမျှ မဟုတ်ပေ။ ထိုအစား ယင်းမှာ ဘုံအထူးတာဝန်တစ်ခုနှင့် ဆက်စပ်သော ကံကြမ္မာတစ်ခု၏ ရလဒ်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးသည့် လူ့ကံကြမ္မာအတွင်း၌ ဖြစ်ပေါ်လာသော အိမ်ထောင်ပြုခြင်း၏ ဇာစ်မြစ် ဖြစ်သည်။

ပဉ္စမဆုံမှတ်- သားသမီး

လက်ထပ်ပြီးသည့်နောက် လူတစ်ယောက်သည် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ဖို့ စတင်လေသည်။ လူတစ်ယောက်သည် သားသမီး မည်မျှများများ၊ မည်သို့ သားသမီးမျိုး ရှိသည်ဆိုသည့်အပေါ်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ဤအရာကိုလည်း ဖန်ဆင်းရှင်က ကြိုတင်ပြဋ္ဌာန်းထားသည့် လူတစ်ယောက်၏ ကံကြမ္မာအားဖြင့် သတ်မှတ်ထားပါသည်။ ဤကား လူတစ်ယောက် ဖြတ်သန်းရမည့် ပဉ္စမဆုံမှတ် ဖြစ်သည်။

လူတစ်ဦးသည် တစ်စုံတစ်ဦး၏ သားသမီးဖြစ်ခြင်း အခန်းကဏ္ဍကို ဖြည့်ဆည်းရန်အလို့ငှာ မွေးဖွားလာခြင်းဖြစ်ပါက ထိုသူသည် မိဘတစ်ဦးဖြစ်ခြင်း အခန်းကဏ္ဍကို ဖြည့်ဆည်းရန် နောက်မျိုးဆက်ကို မွေးဖွားလေသည်။ ဤအခန်းကဏ္ဍများ ပြောင်းလဲမှုက လူတစ်ဦးကို မတူညီသော ရှုထောင့်အမြင်များမှ ဘဝ၏ မတူညီသော အဆင့်များကို တွေ့ကြုံခံစားခွင့်ပေးသည်။ ယင်းက ၎င်းတို့ကို မတူညီသော ဘဝအတွေ့အကြုံ အမျိုးအစားများကိုလည်း ပေးပြီး ထိုအရာမှတစ်ဆင့် ၎င်းတို့သည် အမြဲတစေ တူညီသောနည်းလမ်းဖြင့် ကျင့်သုံးသည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကိုယ်တိုင်ကိုယ်ကျ သိရှိလာကြကာ ထိုအရာမှတစ်ဆင့် မည်သူမျှ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းချက်များကို မလွန်ဆန်နိုင် သို့မဟုတ် မပြောင်းလဲနိုင်ဟူသော အမှန်တရားကို ၎င်းတို့ တွေ့ကြုံခံစားကြရလေသည်။

၁) လူတစ်ယောက်သည် သူ့သားသမီးတွေ မည်သို့ဖြစ်လာမည်ဆိုသည့်အပေါ်မှာ ထိန်းချုပ်မှုမရှိပါ

မွေးဖွားခြင်း၊ အရွယ်ရောက်ခြင်းနှင့် အိမ်ထောင်ပြုခြင်း အားလုံးတို့သည် မတူညီသည့် စိတ်ပျက်မှုကို ပုံစံအမျိုးမျိုးနှင့် အဆင့်အမျိုးမျိုးဖြင့် ပေးလေသည်။ လူအချို့တို့က ၎င်းတို့မိသားစု သို့မဟုတ် ၎င်းတို့၏ ရုပ်ရည် အသွင်အပြင်တို့နှင့် ပတ်သက်ပြီး ကျေနပ်ခြင်းမရှိကြပေ။ တစ်ချို့က ၎င်းတို့မိဘများကို မကြိုက် နှစ်သက်ကြ။ တစ်ချို့က ၎င်းတို့ကြီးပြင်းလာသည့် ပတ်ဝန်းကျင် အပေါ်မှာ မကျေမနပ်ဖြစ်သည် သို့မဟုတ် မကျေနပ်ခြင်းများ ရှိကြသည်။ လူအများစုအတွက်၊ ဤစိတ်ညစ်စရာများ အားလုံး အလယ်တွင် အိမ်ထောင်ပြုခြင်းက မကျေနပ်စရာ အကောင်းဆုံး ဖြစ်သည်။ လူတစ်ယောက်က ၎င်း၏မွေးဖွားခြင်း၊ ရင့်ကျက်လာခြင်း၊ သို့မဟုတ် အိမ်ထောင်ပြုခြင်းတို့ဖြင့် မည်သို့ မကျေမနပ် ဖြစ်စေကာမူ၊ ဤအရာတွေကို ဖြတ်သန်းပြီးသည့်သူတိုင်းက တစ်ဦးတစ်ယောက်သည် မည်သည့်နေရာ၊ မည်သည့်အချိန်၌ မွေးသည်၊ မည်သို့ပုံစံရှိသည်၊ မိဘများက မည်သူဖြစ်သည် ဆိုသည်နှင့် အိမ်ထောင်ဖက်က မည်သူဆိုသည်တို့ကို ရွေးချယ်၍ မရဘဲ ကောင်းကင်ဘုံ၏ အလိုကိုသာ လက်ခံနိုင်သည်ကို သိကြလေသည်။ သို့တိုင်အောင် လူတို့အတွက် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ရန် အချိန်ရောက်လာသည့်အခါ ၎င်းတို့၏ သားသမီးများသည် ၎င်းတို့ဘဝ ပထမတစ်ဝက်၌ ကြုံတွေ့ခဲ့ရသည့် စိတ်ပျက်စရာများ အားလုံးအတွက် ပြန်လည်ဖြည့်ဆည်း ပေးလိမ့်မည်ဟု မျှော်လင့်ရင်း ၎င်းတို့၏ဘဝ ပထမတစ်ဝက်၌ ၎င်းတို့ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြသည့် လိုအင်ဆန္ဒအားလုံးကို သူတို့၏ မျိုးဆက်များအပေါ် လွှဲချလိုက်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့သားသမီးများနှင့် ပတ်သက်၍ စိတ်ကူးယဉ်မှု မျိုးစုံထဲ အရသာတွေ့နေကြလေသည်။ ၎င်းတို့သမီးများသည် အသက်ရှုမှားလောက်စရာ အလှပဂေးလေးများအဖြစ် ကြီးပြင်း လာမည်၊ ၎င်းတို့၏သားများက မြူးကြွားကြွရွ နှစ်လိုဖွယ် ကောင်းသော လူကြီးလူကောင်းများ ဖြစ်လာမည်၊ သူတို့၏ သမီးများသည် ယဉ်ကျေးဖွယ်ရာရှိပြီး ပါရမီရှိကာ၊ ၎င်းတို့၏ သားများသည် အလွန် တော်သည့်ကျောင်းသား၊ အားကစား ကြယ်ပွင့်များ ဖြစ်လာမည်၊ သူတို့၏သမီးများသည် နူးညံ့ သိမ်မွေ့မည်၊ မွန်မြတ်ပြီး စဉ်းစားဆင်ခြင်တတ်မည်၊ ၎င်းတို့၏ သားများက ဉာဏ်ထက်မြက်မည်၊ စွမ်းဆောင်ရည်ရှိပြီး အသိတရားရှိမည်ဆိုသည့် စိတ်ကူးယဉ်မှုများဖြစ်သည်။ သမီးများ ဖြစ်စေ သားများဖြစ်ပါစေ၊ ၎င်းတို့၏ မျိုးဆက်များက အသက်ကြီး သူများကို ရိုသေဖို့၊ ၎င်းတို့မိဘများကို ထောက်ထားဖို့၊ လူတိုင်းက ချစ်ခင်ပြီး ချီးမွမ်းခံရဖို့ မျှော်လင့်ကြသည်။ ဤအချိန်တွင် ဘဝမျှော်လင့်ချက် အသစ်ပေါက်ဖွားလာပြီး လူတို့၏ နှလုံးသား ထဲတွင် အသစ်သော စိတ်အားထက်သန်မှုများ နိုးဆွဖြစ်ပေါ် လေသည်။ ဤဘဝတွင် ၎င်းတို့က အစွမ်းအစ မရှိ၊ မည်သည့်အရာမျှ ဖြစ်ဖြစ်မြောက်မြောက် မရှိကြောင်း၊ လူအုပ်ထဲမှ ထင်ပေါ်ဖို့ နောက်ထပ်အခွင့်အရေး၊ နောက်ထပ် မျှော်လင့်ချက်ရှိမည်မဟုတ်ကြောင်းနှင့် ၎င်းတို့၌ သူတို့ကံကြမ္မာများကို လက်ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ကြောင်းတို့ကို သိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ သားသမီးများက ၎င်းတို့၏ အိပ်မက်များကို ဖြစ်မြောက်အောင်မြင်ရန်၊ သူတို့၏ လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ရန်၊ ၎င်းတို့၏ သားများ၊ သမီးများသည် မိသားစုနာမည် ဂုဏ်ဆောင်လာရန်၊ ထင်ရှားသော အဆင့်တန်း ရရှိရန်၊ ချမ်းသာသူ သို့မဟုတ် ကျော်ကြားသူများဖြစ်လာရန် မျှော်လင့်ရင်းနှင့် ၎င်းတို့၏ မျှော်လင့်ချက်များ၊ ၎င်းတို့၏ အကောင်အထည်မဖော်ခဲ့ရသည့် လိုအင်ဆန္ဒများနှင့် ရည်သန်မျှော်မှန်းချက်များ အားလုံးကို နောက်မျိုးဆက်ဆီသို့ လွှဲချလိုက်ကြသည်။ အတိုချုပ်အနေနှင့် ၎င်းတို့သားသမီးများ၏ အလွန်အမင်း အောင်မြင်သည်ကို သူတို့ မြင်လိုကြသည်။ လူတို့၏ အစီအစဉ်များနှင့် စိတ်ကူးယဉ်မှုများက ပြည့်စုံသည်။ ၎င်းတို့ကလေးများ၏ ကံကြမ္မာက ၎င်းတို့လက်များ၌ လုံးဝ ရှိမနေသည်ကို မဆိုထားနှင့်၊ ၎င်းတို့တွင်ရှိသည့် သားသမီးအရေအတွက်၊ ၎င်းတို့ သားသမီးများ၏ အသွင်အပြင်၊ အရည်အချင်းနှင့် ထိုကဲ့သို့သော အရာများကို ၎င်းတို့ဆုံးဖြတ်သတ်မှတ်၍ မရနိုင်ကြောင်းကို ၎င်းတို့ မသိကြသလော။ လူသားများသည် ၎င်းတို့ကိုယ်ပိုင် ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်ကြပေ။ သို့တိုင် ငယ်ရွယ်သည့် မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းလဲဖို့ မျှော်လင့်ကြသည်။ ၎င်းတို့၏ကံကြမ္မာများမှ လွတ်မြောက်နိုင်စွမ်းမရှိကြပါ။ သို့တိုင် ၎င်းတို့၏ သားများ၊ သမီးများ၏ ကံကြမ္မာကို ကြိုးကိုင်ညွှန်ကြားဖို့ ကြိုးစားကြ၏။ သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ အထင်ကြီးနေကြခြင်း မဟုတ်လော။ ဤကား လူသား၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း မဟုတ်သလော။ လူတို့သည် သူတို့၏ သားသမီးများအတွက် ကြီးမားသော ဒုက္ခများကို ခံယူကြမည်ဖြစ်သည်၊ သို့သော်လည်း အဆုံး၌ ဆွေစဉ်မျိုးဆက် မည်မျှရှိမည်ကိုလည်းကောင်း၊ ၎င်းတို့ မည်သည့်ပုံစံ ရှိမည်ကိုလည်းကောင်း လူတို့၏ အစီအစဉ်များ၊ လိုအင်ဆန္ဒများဖြင့် အဆုံးအဖြတ်ပေးခြင်း မဟုတ်ပေ။ လူအချို့က ပိုက်ဆံမရှိသော်လည်း ကလေးများစွာမွေးကြသည်။ လူအချို့က ချမ်းသာသည်၊ သို့သော်လည်း ကလေးတစ်ဦးမျှ မရှိပါ။ တစ်ချို့က သမီးလိုချင်သည်။ သို့သော်လည်း ယင်းဆန္ဒ ငြင်းပယ်ခံရသည်။ တစ်ချို့က သားလိုချင်သည်။ သို့သော်လည်း သားယောက်ျားလေး မမွေးနိုင်ပေ။ တစ်ချို့အတွက် ကလေးများသည် ကောင်းချီး မင်္ဂလာများဖြစ်၏။ တစ်ချို့အတွက်မူ ၎င်းတို့သည် ကျိန်စာတစ်ခုဖြစ်လေသည်။ တစ်ချို့စုံတွဲများက ဉာဏ်ကောင်း ကြသည်၊ သို့သော်လည်း နုံအနှေးကွေးသည့် ကလေးများမွေးသည်။ တစ်ချို့မိဘများက ရိုးသားပြီး ကြိုးစားသည်။ သို့သော်လည်း သူတို့ ပြုစုပျိုးထောင်သည့် ကလေးများက ပျင်းရိသည်။ တစ်ချို့ မိဘများက ကြင်နာပြီး ဖြောင့်မတ်သည်။ သို့သော်လည်း ကောက်ကျစ်ပြီး ဆိုးသည့် ကလေးများရှိသည်။ တစ်ချို့မိဘများက စိတ်ရော ကိုယ်ပါ ကျန်းမာသည်။ သို့သော်လည်း ကိုယ်အင်္ဂါ ချို့ယွင်းသည့် ကလေးများမွေးသည်။ တစ်ချို့မိဘများက သာမန်ဖြစ်ပြီး မအောင်မြင်သော်လည်း ကြီးမြတ်သည့်အရာများ စွမ်းဆောင်သည့် ကလေးများရှိသည်။ တစ်ချို့မိဘများက အခြေအနေ အဆင့်အတန်း နိမ့်သော်လည်း ထင်ပေါ် ကျော်ကြားသည့် ကလေးများရှိလေသည်...

၂) နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ပြီးနောက် လူတို့သည် ကံကြမ္မာနှင့်ပတ်သက်ပြီး အသစ်သော သိနားလည်မှုတစ်ခု ရရှိကြသည်

အိမ်ထောင်ပြုသည့် လူအများစုက လူ့ကံကြမ္မာနှင့်သက်ဆိုင်၍ သိနားလည်မှုတစ်စုံတစ်ရာမျှ မရှိသေးသည့် အချိန်တစ်ခုဖြစ်သော အသက် ၃၀ ဝန်းကျင်တွင် ပြုကြသည်။ သို့သော်လည်း ကလေးများကို စတင်ပြုစုပျိုးထောင်သည့် အချိန်တွင်၊ ၎င်းတို့၏သားသမီးများ ကြီးပြင်းလာသည်နှင့်အမျှ မျိုးဆက်သစ်က ယခင်မျိုးဆက်၏ ဘဝနှင့် အတွေ့အကြုံအားလုံးကို ထပ်ပြီး ကြုံတွေ့ခြင်းကို ၎င်းတို့ ကြည့်ရှုကြရပြီးနောက် မျိုးဆက်ဆီမှာ ၎င်းတို့၏ ကိုယ်ပိုင်အတိတ်က ပြန်ထင်ဟပ်နေခြင်းကို မြင်ရလျက်၊ ၎င်းတို့ကဲ့သို့ပင် ငယ်ရွယ်သည့်မျိုးဆက်များ လျှောက်သည့် လမ်းကြောင်းမှာ စီစဉ်ပြီး ရွေးချယ်၍ မရနိုင်သည်ကို ၎င်းတို့ နားလည်မိကြသည်။ ဤအချက်ကို ရင်ဆိုင်ရလျက်၊ လူတိုင်း၏ ကံကြမ္မာသည် ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သည်ကို သူတို့ဝန်ခံဖို့ ကလွဲ၍ တစ်ခြားရွေးစရာ မရှိပေ။ သူတို့သည် အသေအချာ နားလည်ခြင်းမရှိဘဲ တဖြည်းဖြည်းနှင့် ၎င်းတို့၏ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဘေးချပြီး သူတို့နှလုံးသားထဲ၌ရှိသည့် စိတ်အား ထက်သန်မှုများသည် မှေးမှိန် ပျောက်ကွယ်သွားလေသည်။ ဤအချိန်ကာလအတွင်း လူတို့သည် အခြေခံအားဖြင့် ဘဝ၏ အရေးကြီးသည့် လမ်းညွှန်အမှတ်များကို ဖြတ်သန်းရင်း ဘဝ နှင့်သက်ဆိုင်၍ သိနားလည်မှု အသစ်တစ်ခုကို ရရှိပြီးဖြစ်ကာ သဘောထားအသစ်ကို ခံယူခဲ့သည်။ ဤအသက်အရွယ်ရှိသည့် လူတစ်ယောက်သည် အနာဂတ်ဆီမှ မည်မျှမျှော်လင့်နိုင်ကာ မျှော်လင့်စောင့်စားဖို့ မည်သည့်အလားအလာများ ရှိမည်နည်း။ မည်သည့် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က ချောမောလှပသည့် မင်းသားကို အိပ်မက်မက်နေဆဲ ဖြစ်သနည်း။ မည်သည့်အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်က သူ၏ စနှိုးဝှိုက်ကို ရှာဖွေနေဆဲ ဖြစ်သနည်း။ မည်သည့် လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်က ရုပ်ဆိုးသည့် ဘဲကလေးမှ ငန်းတစ်ကောင်အဖြစ် ပြောင်းသွားဖို့ မျှော်လင့်နေဆဲ ဖြစ်သနည်း။ အသက်ကြီးသည့် အမျိုးသားအများစုသည် လူငယ်အမျိုးသားများ ကဲ့သို့ အလားတူရည်မှန်းထားသည့် အလုပ်ရှိပါသလော။ အနှစ်ချုပ်အားဖြင့်၊ လူတစ်ယောက်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ဤအရွယ်ရောက်သည့်သူတိုင်းက အိမ်ထောင်၊ မိသားစုနှင့် သားသမီးတို့အပေါ် အတော်လေး ယုတ္တိတန်ပြီး လက်တွေ့ကျသည့် သဘောထားရှိဖို့ ဖြစ်နိုင်ခြေရှိပါသည်။ ထိုသို့သောလူတစ်ယောက်တွင် အခြေခံအားဖြင့် ရွေးချယ်စရာများ မကျန်တော့ပါ၊ ကံကြမ္မာကို စိန်ခေါ်ဖို့ ပြင်းပျသည့် ဆန္ဒမရှိတော့ပါ။ လူသား၏ အတွေ့အကြုံ ရှိသလောက်၊ လူတစ်ယောက်က ဤအသက်အရွယ်ကို ရောက်လာသည်နှင့် ဤသဘောထားက အလိုအလျောက် ဖြစ်ပေါ်လာသည်။ “ကံကြမ္မာကို လက်ခံရမည်။ သားသမီးများတွင် သူတို့၏ ကိုယ်ပိုင်အခွင့်အလမ်းများရှိသည်။ လူသားကံကြမ္မာသည် ကောင်းကင်ဘုံမှ သတ်မှတ်ချပေးသည်။” ဤကမ္ဘာကြီး၏ လောကဓံတရားများ၊ စိတ်ပျက်စရာများ၊ အခက်အခဲများအားလုံးကို ကျော်လွှားလွန်မြောက်ပြီးနောက်တွင် သမ္မာတရားကို နားမလည်သည့် လူအများစုသည် လူသားဘဝထဲသို့ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုများအား ဤစကားလုံးနှစ်လုံးနှင့် အနှစ်ချုပ်လိုက်သည်။ “ကံပဲ”။ ဤစကားစုက လူသားကံကြမ္မာနှင့် ပတ်သက်ပြီး အတွေ့အကြုံရင့်ကျက်သည့် လူတို့၏ ကောက်ချက် ချခြင်းနှင့် သိမြင်ခြင်းကို အတိုဆုံး အရှင်းဆုံး ဖော်ပြသော်လည်း၊ လူသားမျိုးနွယ်၏ ခိုကိုးရာမဲ့ခြင်းကို ဖော်ပြပြီး ထိရောက်ပြီး တိကျသည်ဟု ဆိုနိုင်သော်လည်း ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို နားလည်ခြင်းနှင့် သိပ်ကွဲပြားပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိခြင်းအတွက် တကယ်ကို အစားထိုး၍ မရပေ။

၃) ကံကြမ္မာကို ယုံကြည်ခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်းအတွက် အစားထိုး မဟုတ်ပါ

ဘုရားသခင်၏ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခြင်းဖြင့် ကံတရားအပေါ် သင်တို့ သိမြင်မှုနှင့် လောကီလူတို့၏ သိမြင်မှုကြားတွင် သိသာသည့် ကွာခြားချက်ရှိပါသလော။ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်းကို အမှန်တကယ် နားလည်ပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သင်တို့ အမှန်တကယ် သိမြင်လာပါသလော။ လူတစ်ချို့က “ကံပဲ” ဆိုသည့် စကားစုအပေါ် သိပ်ကောင်းမွန်ပြီး လေးနက်သည့် သိနားလည်မှုမျိုး ရှိကြသည်။ သို့သော် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို အနည်းငယ်မျှ မယုံကြပေ။ လူသား၏ ကံကြမ္မာကို ဘုရားသခင်က စီစဉ်ပြီး ညွှန်ကြားသည်ကို မယုံသကဲ့သို့ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လိုလား မနေကြချေ။ ထိုသို့သော လူများသည် ပင်လယ်ထဲမှာမျောနေပြီး ရေစီးကြောင်းနှင့်အတူ မျောပါရင်း လှိုင်းများဖြင့် လူးလွန့်လျက် မတုန်မလှုပ်နှင့် စောင့်နေပြီး ၎င်းတို့ကိုယ်၎င်းတို့ ကံအပေါ်မှာ ပုံအပ်ထားဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာ မရှိပေ။ သို့သော်လည်း လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသည်ကို ၎င်းတို့ မသိမှတ်ကြချေ။ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိမလာနိုင်ပေ၊ ထိုသို့အားဖြင့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိခြင်း၊ ဘုရားသခင်၏ အစီအစဉ်နှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့၊ ကံကြမ္မာကို ခုခံနေခြင်းအား ရပ်တန့်ဖို့၊ ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်မှုနှင့် လမ်းပြမှုအောက် အသက်ရှင်ဖို့ ဖြစ်မလာနိုင်ပေ။ တစ်နည်းအားဖြင့် ဆိုလျှင် ကံကြမ္မာကိုလက်ခံခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံခြင်းနှင့် မတူပေ။ ကံကြမ္မာကို ယုံကြည်မှုက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်း၊ သိမှတ်ခြင်း၊ သိရှိခြင်းတို့ကို မဆိုလိုပေ။ ကံကြမ္မာကို ယုံကြည်ခြင်းက ယင်း၏ အမှန်တရားနှင့် ယင်း၏ အပေါ်ယံ သရုပ်သကန်များကို သတိပြုမိခြင်းသာဖြစ်၏။ ဤအရာသည် ဖန်ဆင်းရှင်က လူသားမျိုးနွယ်၏ ကံကြမ္မာကို မည်သို့အုပ်စိုးသည်ဆိုသည်ကို သိခြင်း၊ ဖန်ဆင်းရှင်က အရာအားလုံး၏ ကံကြမ္မာအပေါ် အုပ်စိုးခြင်း အရင်းအမြစ် ဖြစ်သည်ဆိုတာကို သိမှတ်ခြင်းတို့မှ ကွဲပြားပြီး လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုအပေါ် ကျိုးနွံနာခံခြင်းမှပို၍ပင် ကွဲပြားလေသည်။ လူတစ်ဦးသည် ကံကြမ္မာကိုသာ ယုံကြည်ပြီး ယင်းနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်းပင် ခံစားရသော်လည်း ၎င်းတို့သည် ထိုသို့ဖြင့် လူတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိနိုင်စွမ်းနှင့် အသိအမှတ်ပြုနိုင်စွမ်း မရှိကြ၊ ယင်းကို ကျိုးနွံနာခံနိုင်စွမ်းနှင့် လက်ခံနိုင်စွမ်း မရှိကြဟု ဆိုကြပါစို့။ ထိုအခြေအနေတွင် ၎င်း၏ အသက်တာသည် အဖြစ်ဆိုးတစ်ခု ဖြစ်လိမ့်မည်။ မည်သို့ပင်ဆိုစေ ၎င်း၏ အသက်တာသည် အချည်းနှီးရှင်သန်ခဲ့ရလိမ့်မည် ဖြစ်သည်၊ ယင်းသည် အနှစ်မဲ့ခြင်း ဖြစ်ပြီးဖြစ်လိမ့်မည်။ ၎င်းသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် ကျိုးကျိုးနွံနွံ နာခံဖို့ရန်၊ မှန်ကန်သော အဓိပ္ပါယ်ဖြင့် ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာဖို့၊ ဖန်ဆင်းရှင်၏ အသိအမှတ်ပြုခြင်းကို ထိုက်ထိုက်တန်တန် ရရှိရန် တတ်နိုင်လိမ့်ဦးမည် မဟုတ်ပေ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်သိပြီး ကြုံတွေ့ရသည့် လူတစ်ယောက်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် ကျိတ်မှိတ်လက်ခံထားခြင်း အခြေအနေ မဟုတ်ဘဲ အပြုသဘောဆောင်သည့် အခြေအနေတွင် ရှိသင့်၏။ ၎င်းက အရာအားလုံးသည် ကံစီမံရာ ဖြစ်သည်ကို လက်ခံစဉ်တွင် လူ၏ ဘဝတစ်ခုလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်ဟူသည့် ဘဝတစ်ခုလုံးနှင့် ကံကြမ္မာတို့၏ တိကျမှန်ကန်သော အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ၎င်း၏ စိတ်နှလုံး၌ ပိုင်ဆိုင်သည်။ ၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းဘဝခရီး၏ အဆင့်တိုင်းကို ပြန်လည်သတိရသည့်အခါ ၎င်း၏ ခရီးလမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ၎င်း၏လမ်းကို ဦးဆောင် လမ်းပြနေခဲ့ပြီး ပြင်ဆင်ထားသည်ကို မြင်ရပေသည်။ ၎င်းကို ယနေ့အထိ ၎င်းသတိမမူမိဘဲ ဦးဆောင်လမ်းညွှန်ပေးခဲ့သည်မှာ ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှုအပြင် သူ၏ ဂရုတစိုက်စီစဉ်မှုဖြစ်သည်ကို ၎င်းက နားလည်၏။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံနိုင်ဖို့၊ သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိနိုင်ဖို့ဟူသည်မှာ လူတစ်ဦး၏ အသက်တာတွင် အကြီးမားဆုံး ကောင်းချီးမင်္ဂလာဖြစ်ကြောင်း ၎င်းက နားလည်သဘောပေါက်လေသည်။ လူတစ်ဦးသည် ကံကြမ္မာအပေါ် အပျက်သဘောဆောင်သည့် သဘောထားရှိပါက ၎င်းအတွက် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို အတိုက်အခံလုပ်နေကြောင်း၊ ၎င်းတွင် ကျိုးနွံနာခံသည့် သဘောထားမရှိကြောင်းကို ယင်းက သက်သေပြပေသည်။ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တစ်ဦးတစ်ယောက်သည် အပြုသဘောဆောင်သည့် သဘောထားရှိပါက မိမိ၏ခရီးကို ပြန်ကြည့်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် တွေ့ကြုံလာသည့်အခါ ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ကျိုးနွံနာခံဖို့ သာ၍ စစ်မှန်စွာ ဆန္ဒရှိလာလိမ့်မည်ဖြစ်ပြီး ၎င်း၏ ကံကြမ္မာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပြုဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း မပြုတော့ဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှု ပိုပြီးရှိလာလိမ့်မည်။ အကြောင်းမှာ လူတို့သည် ကံကြမ္မာက မည်သည့်အရာဖြစ်ကြောင်း မသိသည့်အခါတွင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားမလည်သည့်အခါတွင် ၎င်းတို့သည် မြူများကြားတွင် မိမိသဘောအတိုင်း ရုန်းကန်လှုပ်ရှားကာ စမ်းတဝါးဝါးသွားနေခြင်းသာ ဖြစ်ပြီး ထိုခရီးသည် အလွန်ခက်ခဲကြမ်းတမ်းကာ အလွန်ပင် စိတ်နှလုံးပူဆွေးခြင်းကို ဖြစ်စေသည်ကို ၎င်းတို့ မြင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ အမြော်အမြင်ရှိသူများက ကံကြမ္မာကို ဆက်လက်၍ ဆန့်ကျင်ကာ ရုန်းကန်လှုပ်ရှားပြီး ၎င်းတို့၏ အသက်တာပန်းတိုင်များဆိုသည့် အရာများကို ကိုယ့်နည်းနှင့်ကိုယ် လိုက်စားမည့်အစား ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် လက်ခံဖို့အပြင် “ဘဝကောင်းတစ်ခုကို ကိုယ့်လက်နှင့်ကိုယ် တည်ထောင်ရန် ကြိုးစားခြင်း” ဟူသည့် စိတ်ဆင်းရဲစရာ နေ့ရက်များကို နှုတ်ဆက်ဖို့ ဆုံးဖြတ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ ဘုရားသခင်ကို မမြင်နိုင်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်နှင့် ရှင်းရှင်းလင်းလင်း မသိသည့်အခါ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိဖြစ်ကာ ဖော်ပြ၍မရနိုင်လောက်အောင် စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်နေရာ၌ရှိပါစေ၊ သူ၏ အလုပ်က မည်သည့်အရာဖြစ်ပါစေ ၎င်း၏အသက်ရှင်မှု နည်းလမ်းနှင့် ၎င်းလိုက်စားသည့် ပန်းတိုင်က ၎င်းအား အဆုံးမရှိသည့် စိတ်နှလုံးပူဆွေးခြင်းနှင့် ဖြေသိမ့်ရန် ခက်ခဲသော စိတ်ဆင်းရဲခြင်းတို့ကို ဖြစ်စေသည်မှာ ပြန်လှည့်ကြည့်ဖို့ အားမထုတ်နိုင်သည့် အတွေ့အကြုံများ ဖြစ်လေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူသားအသက်တာကို ရရှိခြင်းအား လိုက်စားသည့်အခါမှသာ လူတစ်ဦးသည် စိတ်နှလုံးပူဆွေးခြင်းနှင့် စိတ်ဆင်းရဲမှုများအားလုံးမှ ဖြည်းဖြည်းချင်း ရုန်းထွက်နိုင်မည် ဖြစ်ကာ လူ့အသက်တာ၏ အနှစ်မဲ့ခြင်းအားလုံးကို ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်လေသည်။

၄) ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသူတို့သာ စစ်မှန်သည့် လွတ်လပ်ခြင်းကို ရရှိနိုင်သည်

လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိသည့်အတွက် သူတို့သည် ကံကြမ္မာကို အာခံသော စိတ်နေစိတ်ထားဖြင့်လည်းကောင်း၊ ပုန်ကန်သည့် သဘောထားဖြင့်လည်းကောင်း အစဉ်သဖြင့် ရင်ဆိုင်ကြပြီး ဘုရားသခင်၏ ဩဇာအာဏာ၊ အချုပ်အခြာအာဏာနှင့် ကံကြမ္မာက ပြင်ဆင်ပေးထားသည့် အရာတို့မှ အစဉ်သဖြင့် ရုန်းထွက်လွတ်မြောက်လိုကြကာ သူတို့၏ လက်ရှိအခြေအနေများကို ပြောင်းလဲကာ ကံကြမ္မာကို ပြောင်းလဲဖို့ အချည်းနှီးမျှော်လင့်ကြလေသည်။ သို့သော်လည်း သူတို့ မည်သည့်အခါမျှ မအောင်မြင်နိုင်သကဲ့သို့ အချိန်တိုင်းတွင် တားဆီးခံရသည်။ ၎င်းတို့၏ စိတ်ဝိညာဉ်များ နက်ရှိုင်းရာတွင် တည်ရှိနေသော ရုန်းကန်မှုသည် နာကျင်မှုကို ဖြစ်စေပြီး ဤနာကျင်မှုသည် ယင်းဘာသာ အရိုးစွဲနေပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အသက်တာကို ဖြုန်းတီးပစ်စေသည်။ ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် ကံဆိုးသောကြောင့် ဖြစ်သလော။ တစ်ခုမျှ မမှန်ကန်သည်မှာ သိသာထင်ရှား၏။ နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှု၌ ယင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။ လူအချို့က ဤအရာများကို တွေ့ကြုံကောင်း တွေ့ကြုံနိုင်မည် မဟုတ်။ သို့သော်လည်း သင်တကယ် သိလာပြီး လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်အမှန်တကယ် အသိအမှတ်ပြုမိလာသည့်အခါ၊ သင့်အတွက် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်ပေးသည့် အရာမှန်သမျှသည် သင့်အတွက် ကြီးမားသော အကျိုးကျေးဇူးနှင့် ကွယ်ကာခြင်း ဖြစ်သည်ကို သင် အမှန်တကယ် နားလည်သောအခါတွင် သင်၏နာကျင်မှုက ဖြည်းဖြည်းချင်း ပေါ့ပါးလာမည်ဖြစ်ကာ သင့်တစ်ကိုယ်လုံးက ဖြည်းဖြည်းချင်း သက်သောင့်သက်သာ ရှိလာမည်ဖြစ်သည်၊ ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်လာသည်ကို သင်ခံစားရမည်။ လူအများစု၏ အခြေအနေများမှ အကဲဖြတ်ရပါက၊ ၎င်းတို့သည် ခံစားချက်အဆင့်အရ ၎င်းတို့ ယခင်က အသက်ရှင်နေထိုင်သကဲ့သို့ ဆက်ပြီး မနေထိုင်ချင်သော်လည်း၊ ၎င်းတို့၏နာကျင်မှုမှ သက်သာချင်သော်လည်း၊ အရှိအတိုင်းဆိုလျှင် ၎င်းတို့သည် လူသားတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ လက်တွေ့ကျသည့် တန်ဖိုးနှင့် အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်နိုင်ကြပေ၊ အရှိအတိုင်း ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို မည်သို့ရှာဖွေပြီး လက်ခံရမည်ကို သိဖို့နေနေသာသာ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိပြီး ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာနှင့် ကိစ္စရပ်များ အားလုံးအပေါ် ဖန်ဆင်းရှင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိပါက၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ ၎င်းတို့ အတွက် “လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်” ဆိုသည့် အယူအဆအားဖြင့် မောင်းနှင်ခြင်းမခံရဖို့နှင့် ချုပ်ချယ်ခြင်း မခံရဖို့ ခက်ခဲပေလိမ့်မည်။ ကံကြမ္မာနှင့် ဖန်ဆင်းရှင်၏ သြဇာ အာဏာတို့ကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုများကို ပယ်ရှားဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ ပြောဖို့မလိုသည်မှာ ၎င်းတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူများဖြစ်လာဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ ဤအခြေအနေမှ မိမိကိုယ်ကို လွတ်မြောက်စေရန် အလွယ်ကူဆုံးနည်းလမ်းမှာ မိမိ၏ ယခင် အသက်ရှင်နေထိုင်ပုံကို ကျောခိုင်းရန်၊ မိမိ၏ ယခင် ဘဝရည်မှန်းချက်များကို ကျောခိုင်းရန်၊ မိမိ၏ ယခင် အသက်ရှင်နေထိုင်ပုံ၊ ဘဝအမြင်၊ လိုက်စားမှုများ၊ လိုအင်ဆန္ဒများနှင့် ရည်သန်မျှော်မှန်းချက်များကို အကျဉ်းရုံးသုံးသပ်ကာ စိစစ်ပြီး ထို့နောက် ယင်းတို့ကို လူသားအတွက်ထားရှိသော ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကာ ယင်းတို့ထဲမှ တစ်ခုခုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဟဇာတဖြစ်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ယင်းတို့သည် မှန်ကန်သော ဘဝတန်ဖိုးများကို ပေးဆောင်ခြင်း ရှိမရှိ၊ လူတစ်ဦးကို သမ္မာတရား ပို၍ပို၍ နားလည်သဘောပေါက်စေခြင်း ရှိမရှိနှင့် လူတစ်ဦးကို လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်စေခြင်း ရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးရန် ဖြစ်၏။ ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော အသက်ရှင်နေထိုင် နည်းမျိုးစုံကိုသင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူများကို အကျင့်ပျက်ပြားလာစေသည့်၊ ငရဲသို့ ဦးတည်ခေါ်ဆောင်သွားသည့် ထောင်ချောက်များသာ ဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်လုပ်ဆောင်သင့်သည့် အရာမှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို လက်လွှတ်ပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ ယင်းအတွက် အစီအစဉ်များ ပြုလုပ်စေဖို့၊ ကိုယ်ပိုင်ရွေးချယ်မှုများ မပြုလုပ်ဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့သာ၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန်သာ လိုက်စားဖို့ ဖြစ်သည်။ လွယ်ကူသည်ဟုထင်ရပါသည်။ သို့သော်လည်း လုပ်ဖို့ ခက်ခဲသည့်အရာဖြစ်၏။ လူအချို့တို့က ဤအရာ၏ နာကျင်မှုကို ခံနိုင်သည်။ တစ်ချို့က မခံနိုင်။ တစ်ချို့က လိုက်နာဖို့ ဆန္ဒရှိသည်။ တစ်ချို့က မရှိပေ။ ဆန္ဒမရှိသည့်သူများက ဤကဲ့သို့လုပ်ဖို့ အလိုဆန္ဒနှင့် ခိုင်မာသည့် ဆုံးဖြတ်ချက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိပြု မိသည်။ လူသားကံကြမ္မာကို အသေးစိတ် စီမံချက်ရေးဆွဲပြီး စီစဉ်သူသည် ဘုရားသခင်ဆိုသည်ကို ကောင်းစွာသိသည်။ သို့သော်လည်း သူတို့သည် ကြိုးစား ရုန်းကန်နေဆဲ ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ လက်ထဲတွင် ၎င်းတို့ကံကြမ္မာကို ချထားဖို့၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လက်မခံသေးသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်တို့ကို သူတို့ မကျေနပ်ကြချေ။ ထို့ကြောင့် ၎င်းတို့ ဘယ်အရာတတ်စွမ်းသည်ဆိုတာကို ၎င်းတို့ကိုယ်၎င်းတို့ မြင်ချင်သည့် လူတစ်ချို့ အမြဲရှိနေပေလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲချင်ကြသည်။ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အစွမ်းနှင့် ပျော်ရွှင်မှုကို ရယူချင်သည်၊ ဘုရားသခင်၏ သြဇာအာဏာ နယ်နိမိတ်စည်းများကို ကျော်ပြီး ဘုရားသခင် အချုပ်အခြာ အာဏာ၏ အထက်တွင် မြှင့်တက်နိုင်ခြင်းရှိမရှိ မြင်လိုကြသည်။ လူသား၏ ဝမ်းနည်းစရာက ပျော်ရွှင်သည့်ဘဝကို လူသားက လိုက်စားခြင်းမဟုတ်ပေ၊ ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် မြူများကိုဖြတ်ရင်း မိမိ၏ကိုယ်ပိုင် ကံကြမ္မာနှင့် ဆန့်ကျင် ရုန်းကန်ခြင်း မဟုတ်ဘဲ ၎င်းသည် ဖန်ဆင်းရှင်၏ တည်ရှိမှုကို သိမြင်ပြီးနောက်၊ ဖန်ဆင်းရှင်က လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို သိရှိပြီးနောက် သူသည် မှားယွင်းသော လမ်းကြောင်းများမှ ပြန်မလှည့်နိုင်သေးဘဲ ၎င်း၏ ခြေထောက်များကို ရွှံ့နွံထဲမှ ဆွဲမထုတ်နိုင်သည့်အပြင် ၎င်း၏နှလုံးသားကို မာကျောစေပြီး ၎င်းအမှားများကို မလျှော့တမ်း ပြုလုပ်ခြင်း ဖြစ်ပေသည်။ သူသည် နောင်တ စိုးစဉ်းမျှ မရဘဲ အဆုံးအထိ အတိုက်အခံလုပ်ရင်း၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာနှင့် ဆန့်ကျင်အန်တုရင်း ရွှံ့ထဲတွင်ပင် ဆက်ပြီး ယက်ကန်ယက်ကန် ဆက်ဖြစ်နေဖို့သာ လိုလားလေသည်။ နောက်ဆုံး အရှုံးပေးပြီး နောက်ပြန်လှည့်ဖို့ သူ ဆုံးဖြတ်သည်မှာ သူသည် ကျိုးပဲ့လဲကျပြီး သွေးထွက်သည့်အချိန်မှသာ ဖြစ်သည်။ ဤသည်မှာ လူသား၏ စစ်မှန်သည့် အဖြစ်ဆိုးဖြစ်၏။ ထို့ကြောင့် ကျိုးနွံနာခံဖို့ ရွေးချယ်သည့်သူများက ဉာဏ်ပညာရှိပြီး ရုန်းကန်ကာ ထွက်ပြေးလွတ်မြောက်ဖို့ ရွေးချယ်သူတို့မှာမူ မိုက်မဲပြီး ခေါင်းမာသူများဖြစ်သည်ဟု ငါ ဆိုခြင်းဖြစ်သည်။

ဆဌမဆုံမှတ်- သေခြင်း

များပြားလှသည့် ပျားပန်းခတ်မှု နှင့် အလုပ်များခြင်းများ၊ များပြားလှသည့် အားမလိုအားမရဖြစ်ခြင်းများနှင့် စိတ်ပျက်မှုများ နောက်တွင်၊ များပြားလှသည့် ဝမ်းမြောက်မှုများ၊ ဝမ်းနည်းမှုများ၊ အနိမ့်အမြင့်များနောက်တွင်၊ များပြားလှသည့် မမေ့နိုင်စရာ နှစ်ကာလများနောက်တွင်၊ ရာသီဥတုများ အချိန် အဖန်ဖန် ပြောင်းလဲခြင်းကို ကြည့်ရှုပြီးနောက်၊ တစ်ဦးတစ်ယောက်သည် သတိမမူမိလိုက်ဘဲ ဘဝတွင် အရေးကြီးသည့် ဘဝမှတ်တိုင်များကို ဖြတ်သန်းရပြီး လျှပ်တစ်ပြက်အတွင်းတွင်၊ ၎င်းသည် မိမိကိုယ်ကိုယ် နိဂုံးချုပ်သည့် နှစ်များထဲရှိသည်ကို တွေ့လိုက်ရသည်။ အချိန်၏ အမှတ်အသားတို့သည် သူ့ကိုယ်ခန္ဓာ တစ်ခုလုံးတွင် တံဆိပ်ခတ်နှိပ်ထား၏။ ၎င်းသည် တည့်မတ်စွာ မရပ်နိုင်တော့ပါ။ မဲမှောင်သည့် ဆံပင်က အဖြူရောင်ပြောင်းလေပြီ။ တစ်ချိန်က တောက်ပပြီး ကြည်လင်ခဲ့သည့် မျက်လုံးများသည် မှေးမှိန်ပြီး ဝေဝါးသွားလေပြီ။ ချောမွေ့ပြီး ပျော့ပျောင်းသည့် အသားအရေသည် တွန့်ကြေလာပြီး အစက်အပြောက်တွေ ထင်လာသည်။ အကြား အာရုံ အားနည်းလာပြီ။ သွားများက လျော့ရဲပြီး ထွက်ကျလာသည်။ တုံ့ပြန်မှုက လေးလံလာသည်။ လှုပ်ရှားမှုက နှေးကွေးလာသည်။ ဤအချိန်တွင် တစ်ဦးတစ်ယောက်သည် မိမိငယ်ရွယ်မှု၏ စိတ်အားထက်သန်သည့် နှစ်များကို လုံးဝနှုတ်ဆက်ရပြီး ဘဝ၏ နေဝင်ဆည်းဆာဖြစ်သည့် အသက်အရွယ် အိုမင်းမှုထဲသို့ ဝင်ရောက်လာပြီ ဖြစ်သည်။ ထို့နောက်တွင် ၎င်းသည် လူ့ဘဝ၏ နောက်ဆုံးဆုံမှတ်ဖြစ်သည့် သေခြင်းကို ရင်ဆိုင်ရပေမည်။

၁) ဖန်ဆင်းရှင်သာလျှင် လူသားအပေါ် ရှင်ခြင်းနှင့်သေခြင်း တန်ခိုးအာဏာကို စွဲကိုင်ထားသည်

လူတစ်ယောက်၏ မွေးဖွားခြင်းက ထိုလူ၏ ယခင်ဘဝအားဖြင့် လျာထားပြီးဖြစ်သည်ဆိုပါက သူ့သေခြင်းက ထိုကံတရား၏ အဆုံးသတ်အတွက် အမှတ်သညာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဤဘဝတွင် ထိုလူ၏ အထူးတာဝန်အစဖြစ်လျှင် သူ့သေခြင်းက ထိုတာဝန်၏ အဆုံးသတ်အတွက် အမှတ်သညာဖြစ်၏။ ဖန်ဆင်းရှင်သည် လူတစ်ယောက်ချင်းစီ၏ မွေးဖွားခြင်းအတွက် ပုံသေဖြစ်သည့် အခြေအနေများ သတ်မှတ်ပြီးဖြစ်သည့်အတွက် ၎င်းတို့၏သေခြင်း အတွက်လည်း ပုံသေဖြစ်သည့် အခြေအနေများကို စီစဉ်ပြီးဖြစ်သည်မှာ သေချာပေသည်။ တစ်နည်းပြောရလျှင် မည်သူမျှ မတော်တဆ မွေးဖွားလာခြင်းမဟုတ်၊ မည်သူ၏ သေဆုံးခြင်းကမျှ ရုတ်တရက်ဖြစ်ခြင်း မဟုတ်သကဲ့သို့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းနှစ်ခုလုံးက ယခင်ဘဝနှင့် လက်ရှိဘဝများနှင့် သေချာပေါက် ဆက်စပ်နေပေသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သက်ဆိုင်သည့် အခြေအနေများသည် မည်သို့ရှိသည်၊ ပြီးလျှင် သေဆုံးခြင်းနှင့်သက်ဆိုင်သည့် အခြေအနေများက မည်သည့်အရာဖြစ်သည်တို့သည် ဖန်ဆင်းရှင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းတို့နှင့် ဆက်နွှယ်နေသည်။ ဤသည်မှာ လူတစ်ယောက်၏ ကံတရား၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားမှုအတွက် ရှင်းပြချက်များစွာ ရှိသည့်အတွက် လူတစ်ယောက်၏ သေခြင်းအတွက် မျိုးစုံသော ထူးခြားသည့် အခြေအနေများလည်း သေချာပေါက် ရှိရမည် ဖြစ်သည်။ ဤသို့ဖြင့် လူသားမျိုးနွယ်ထဲတွင် လူတို့၏ သေခြင်းတရားနှင့်ဆိုင်သော ခြားနားသည့် သက်တမ်းများ၊ ကွဲပြားသည့် နည်းလမ်းများနှင့် အချိန်များ ဖြစ်ပေါ်လာသည်။ လူအချို့က ကျန်းမာသန်စွမ်းသည့်တိုင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးကြသည်။ အချို့က အားနည်းပြီး ဖျားနာသည့်တိုင် အသက်ကြီးသည့်အထိ အသက်ရှင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးကြသည်။ အချို့မှာ သဘာဝမဟုတ်သည့် အကြောင်းများကြောင့်သေဆုံးပြီး အခြားသူများက သဘာဝအလျောက် သေဆုံးကြသည်။ အချို့က မိမိအိမ်နှင့် အဝေးတွင် သေဆုံးကြသည်။ အခြားလူတို့က မိမိတို့၏ နံဘေးတွင် ချစ်ရသူများဖြင့်နေလျက် အပြီးအပိုင် မျက်လုံးမှိတ်သွားကြသည်။ တချို့လူတို့က လေထဲတွင် သေဆုံးကြသည်။ အခြားသူတို့က ကမ္ဘာမြေကြီးအောက်တွင် သေဆုံးကြသည်။ အချို့က ရေထဲတွင် နစ်မြုပ်သည်။ အချို့က ကပ်ဘေးများထဲတွင် သေဆုံးသွားကြသည်။ အချို့က မနက်တွင်သေသည်။ အချို့က ညတွင်သေသည်။...လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြသည်။ ထူးချွန်ပြောင်မြောက်သော ဘဝနှင့် ကြီးကျယ်ခမ်းနားသည့် သေခြင်းမျိုးကို လိုချင်ကြသည်။ သို့သော်လည်း မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ပေ။ မည်သူကမျှ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပေ။ ဤကား လူသား၏ ကံကြမ္မာပေတည်း။ လူတို့သည် မိမိတို့အနာဂတ်အတွက် အစီအစဉ်အမျိုးစုံ ချမှတ်နိုင်သည်။ သို့သော်လည်း မည်သူကမျှ ၎င်းတို့ မွေးဖွားသည့် ပုံစံကိုဖြစ်စေ၊ လောကကြီးမှ ထွက်ခွာသွားသည့် ပုံစံနှင့်အချိန်တို့ကိုဖြစ်စေ အသေးစိတ် စီမံချက်ရေးဆွဲနိုင်ခြင်း မရှိပေ။ လူတို့က သေခြင်းရောက်လာခြင်းကို ရှောင်ရှားပြီး ခုခံဖို့ အစွမ်းကုန် လုပ်ဆောင်ကြသော်လည်း ၎င်းတို့မသိရဘဲ သေခြင်းသည် တိတ်တဆိတ်နှင့် နီးကပ်လာဆဲဖြစ်သည်။ ၎င်းတို့ မည်သည့်အချိန်သေမည်ကိုဖြစ်စေ၊ မည်သို့သေမည်ကိုဖြစ်စေ မည်သူမျှ မသိကြဘဲ ယင်းက မည်သည့်နေရာတွင် ဖြစ်ပျက်မည်ဆိုသည်ကို သာ၍ပင် မသိပေ။ သိသာထင်ရှားစွာပင် လူ၏ သေခြင်းနှင့်ရှင်ခြင်းအပေါ် အထွတ်အထိပ် အာဏာကိုင်စွဲထားသည်မှာ လူသားကိုယ်တိုင် မဟုတ်သည့်အပြင် သဘာဝလောကထဲမှ သတ္တဝါတစ်ကောင်ကောင်လည်းမဟုတ်ဘဲ အတုမရှိ သြဇာအာဏာ ပိုင်ဆိုင်သည့် ဖန်ဆင်းရှင် ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ ရှင်ရေးနှင့် သေရေးတို့သည် သဘာဝလောက၏ နိယာမတစ်ခုခု၏ ရလဒ်မဟုတ်ဘဲ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာ၏ အကျိုးဆက်တစ်ရပ် ဖြစ်သည်။

၂) ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို မသိသူသည် သေရမည်ကို ကြောက်ရွံ့ခြင်း၏ခြောက်လှန့်မှုကို ခံရလိမ့်မည်

လူတစ်ယောက်သည် အိုမင်းသည့်အရွယ် ရောက်လာသည့်အခါ သူရင်ဆိုင်ရသည့် စိန်ခေါ်မှုက မိသားစုကို ထောက်ပံ့ခြင်း သို့မဟုတ် ဘဝတွင် သူ၏ကြီးကျယ်သည့် ရည်ရွယ်ချက်များကို တည်ဆောက်ခြင်း မဟုတ်ဘဲ၊ မိမိ၏ဘဝကို မည်သို့နှုတ်ဆက်မည်၊ မိမိဘဝ နိဂုံးကို မည်သို့ရင်ဆိုင်မည်၊ မိမိဘဝ၏ ဝါကျအဆုံး၌ ပုဒ်မ မည်သို့ချရမည် စသည်တို့ ဖြစ်သည်။ အပေါ်ယံတွင် လူတို့က သေခြင်းကို သိပ်အာရုံမစိုက်ဟု ထင်ရသော်လည်း သေခြင်း၏ ဝေးကွာသည့်တစ်ဖက်တွင် လူသားတို့ မသိရှိနိုင် သို့မဟုတ် မခံစားနိုင်သည့်၊ သူတို့ လုံးဝမသိသည့် တစ်ခြားကမ္ဘာတစ်ခု တည်ရှိနေခြင်း ရှိမရှိကို မည်သူမျှ မသိသည့်အတွက် ဤအကြောင်းအရာကို စူးစမ်းရှာဖွေခြင်းအား မည်သူမျှ ရှောင်လွှဲ မရနိုင်ပေ။ ဤအရာက လူတို့ကို သေခြင်းနှင့် ထိပ်တိုက်၊ ၎င်းတို့ ရင်ဆိုင်သင့်သည့်အတိုင်း ရင်ဆိုင်ဖို့ ကြောက်လန့်စေသည်။ ထိုသို့ရင်ဆိုင်မည့်အစား၊ ဤအရာကို ရှောင်ကြဉ်ဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ထို့ကြောင့် လူတိုင်းက သေခြင်းနှင့် ပတ်သက်ပြီး ထိတ်လန့်မှုဖြင့် ပြည့်နေကြပြီး လူတိုင်း၏ နှလုံးသားတွင် အမြဲတမ်းတည်ရှိနေသည့် အရိပ်တစ်ခု ပေါ်ထွက်စေရင်း ဤရှောင်ကွင်းလို့မရသည့် ဘဝ၏ အမှန်တရားတွင် နားမလည် နိုင်သော ဖုံးကွယ်မှုအား ဖြည့်ကြလေသည်။

လူတစ်ယောက်သည် မိမိ၏ကိုယ်ခန္ဓာ ယိုယွင်းပျက်စီး လာသည်ကို ခံစားရသည့်အခါ သေခြင်းနှင့် နီးနေပြီဖြစ်ကြောင်း သိမြင်ခံစားရသည့်အခါ မရေရာသည့် ထိတ်လန့်မှု၊ ဖော်ပြလို့မရသည့် ကြောက်ရွံ့ခြင်းတို့ကို ခံစားရသည်။ သေခြင်းကို ကြောက်ရွံ့မှုသည် လူတစ်ယောက်ကို သာ၍အထီးကျန်ပြီး ခိုကိုးရာမဲ့ခြင်းကို ခံစားရစေသည်။ ဤအချိန်တွင် လူသည် အဘယ်က လာသနည်း။ လူသည် ဘယ်ကိုသွားမည်နည်း။ ၎င်း၏ဘဝက လေပြေလေးအလား ၎င်းကိုကျော်ဖြတ်သွားရင်း ဤပုံစံနှင့် လူက သေမည်လော။ ဤကား လူ၏ ဘဝအဆုံးကို အမှတ်သညာပြုသည့် ကာလလော။ အဆုံး၌ ဘဝ၏ အဓိပ္ပါယ်က အဘယ်နည်း။ နောက်ဆုံးတွင် ဘဝတန်ဖိုးမှာ အဘယ်နည်း။ ကျော်ကြားမှုနှင့် စည်းစိမ်လော။ မိသားစုကို ပြုစုပျိုးထောင်ခြင်း လောဟု မိမိကိုယ်ကို မေးသည်။...လူတစ်ယောက်က ဤတိကျသည့် မေးခွန်းများကို တွေးမိခြင်း ရှိမရှိဆိုသည်နှင့် မသက်ဆိုင်ဘဲ၊ လူတစ်ယောက်က သေခြင်းကို မည်မျှ နက်နက်နဲနဲ ကြောက်သည်နှင့် မသက်ဆိုင်ဘဲ၊ လူတိုင်း၏ နှလုံးသား နက်ရှိုင်းရာထဲတွင်၊ ဘဝနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်ခြင်းမရှိသည့် ခံစားချက်နှင့်၊ ဤအရာများနှင့် ရောနှောပြီး လောကကြီးနှင့်ပတ်သက်ပြီး တွယ်တာမှု၊ ထွက်ခွာဖို့ ဝန်လေးမှုတစ်ခုတို့ကို နက်နဲမှုများကို စူးစမ်းစစ်ဆေးဖို့ ဆန္ဒတစ်ခု အမြဲတမ်းရှိနေသည်။ လူသား ကြောက်သည့်အရာက အဘယ်အရာ ဖြစ်သည်၊ လူသားရှာဖွေသည့်အရာမှာ အဘယ်အရာဖြစ်သည်၊ ၎င်းတွယ်တာနေသည့်အရာက အဘယ်အရာဖြစ်သည်ဆိုသည်နှင့် အဘယ်အရာကို ထားခဲ့ဖို့ ဝန်လေးသည်ဆိုသည်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

လူတို့သည် သေခြင်းကို ကြောက်ရွံ့သောကြောင့် ၎င်းတို့၌ များလှစွာသော စိုးရိမ်ပူပန်မှုများ ရှိကြ၏။ လူတို့သည် သေခြင်းကို ကြောက်ရွံ့သောကြောင့် ၎င်းတို့ လက်မလွှတ်နိုင်သည့်အရာ အလွန်များစွာရှိလေသည်။ ၎င်းတို့ သေခါနီးတွင်၊ လူအချို့က ဟိုအရာ သည်အရာ စိုးရိမ်ပူပန်လာသည်။ ၎င်းတို့၏ ကလေးများ၊ ၎င်းတို့ ချစ်ရသူများ၊ ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုများကို စိတ်ပူပန်သည်။ စိတ်ပူခြင်းအားဖြင့် သေခြင်းက သယ်ဆောင် လာသည့် ဆင်းရဲဒုက္ခနှင့် ထိတ်လန့်မှုတို့ကို ၎င်းတို့ ချေဖျက်နိုင်ကြသည့်အလား၊ သက်ရှိတို့နှင့် ရင်းနှီးမှုကို ထိန်းသိမ်းခြင်းအားဖြင့် သူတို့သည် သေခြင်းနှင့်အတူပါလာသည့် ခိုကိုးရာမဲ့ခြင်းနှင့် အထီးကျန်ခြင်းမှ ၎င်းတို့ လွတ်မြောက် နိုင်ကြသည့်အလား ဖြစ်လေသည်။ လူသား၏နှလုံးသား အတွင်းထဲတွင် မပီပြင်သည့် ကြောက်ရွံ့မှု၊ ချစ်ရသူများနှင့် ခွဲခွာရမည့် ကြောက်ရွံ့မှု၊ အပြာရောင်ကောင်းကင်ကို ဘယ်သောအခါမှ မကြည့်ရတော့မည့်၊ ရုပ်ဝတ္ထုကမ္ဘာကို ဘယ်သောအခါမှ နောက်တစ်ကြိမ် မကြည့်ရတော့မည့် ကြောက်ရွံ့မှုမျိုး တည်ရှိနေသည်။ ၎င်းချစ်ရသည့်သူများနှင့် အဖော်လုပ်လေ့ရှိသော အထီးကျန်သည့် ဝိညာဉ်သည် ၎င်း၏ ဆုပ်ကိုင်မှုကို လက်လွှတ်ပြီး မသိမမြင်သည့်၊ အကျွမ်းမဝင်သည့် လောကကို တစ်ကိုယ်တည်းသွားဖို့ ဝန်လေးနေပေသည်။

၃) အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရှာဖွေရင်းနှင့် ကုန်ဆုံးသည့်ဘဝသည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဘာလုပ်ရမှန်းမသိ ဖြစ်စေသည်

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းတို့ကြောင့် မည်သည့်အရာမျှ လုံးဝကို မရှိခြင်းဖြင့် အစပြုလာခဲ့သည့် အထီးကျန်သော စိတ်ဝိညာဉ်တစ်ခုသည် မိဘများနှင့် မိသားစုတစ်စုကို ရရှိသည်။ လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ဖို့အခွင့်အရေးအပြင် လူသားဘဝကို ကြုံတွေ့ဖို့နှင့် လူ့လောကတစ်လျှောက် ခရီးနှင်ဖို့ အခွင့်အရေးတို့ကို ရရှိလေ၏။ ၎င်းသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော အံ့ဩဖွယ်ရာများကို သိလာဖို့အခွင့်အရေးလည်း ရှိလာသည့်အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိပြီး ကျိုးကျိုးနွံနွံ နာခံလာဖို့ရန် အခွင့်အရေး ရရှိပေသည်။ သို့တိုင်အောင် လူအများစုက ဤကဲ့သို့ ရှားပါးပြီး ခဏတဖြုတ်ဖြစ်သည့် အခွင့်အရေးကို အမှန်တကယ် အမိအရ အသုံးမချကြပေ။ လူတို့သည် ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်လျက် တစ်သက်တာ စွမ်းအင်များကို သုံးပစ်ကြပြီး မိမိတို့၏မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားခြင်းနှင့်ပတ်သက်၍ လှုပ်ရှားရုန်းကန်လျက်၊ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်အတွက် တက်သုတ်ရိုက်၍ သွားလိုက်ပြန်လိုက်လုပ်လျက် ၎င်းတို့၏ တစ်ဘဝလုံးကို ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့သည် မိသားစုချစ်ခြင်းမေတ္တာ၊ ငွေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ ဖြစ်ပြီး ၎င်းတို့က ဤအရာတို့ကို ဘဝ၌ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက ကံခေခြင်းနှင့်ပတ်သက်၍ ညည်းညူကြသည်။ သို့တိုင်အောင် လူသားက အဘယ်ကြောင့် အသက်ရှင်သည်၊ မည်သို့အသက်ရှင်သင့်သည်၊ လူ့ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်က အဘယ်အရာဖြစ်သည် စသည်တို့ဖြစ်သည့် လူတို့ နားအလည်သင့်ဆုံးနှင့် အဆန်းစစ်သင့်ဆုံးသော ကိစ္စများကိုမူ ၎င်းတို့ မသိကျိုးကျွန်ပြုထားကြဆဲဖြစ်၏။ ၎င်းတို့၏ ဘဝသည် မည်မျှကြာရှည်ကောင်း ကြာရှည်ပါစေ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်းနှင့်ပတ်သက်၍ ပြေးလွှားအလုပ်ရှုပ်ခြင်းမျှဖြင့် မိမိတို့၏ ဘဝတစ်ခုလုံး ကုန်ဆုံးကြသည်မှာ ၎င်းတို့၏ ပျိုမြစ်ခြင်း ကုန်ဆုံးသွားသည်အထိ၊ ၎င်းတို့သည် ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည်အထိ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့က ၎င်းတို့ ဇရာထောင်းခြင်းမှ ရပ်တန့်ပေးနိုင်မည်မဟုတ်ကြောင်း၊ ငွေကြေးသည် ၎င်းတို့စိတ်နှလုံးထဲမှ အနှစ်မဲ့ခြင်းကို မဖြည့်ဆည်းပေးနိုင်ကြောင်းတို့ကို ၎င်းတို့ သဘောပေါက်လာသည်အထိ၊ ပြီးလျှင် မည်သူကမျှ မွေးဖွားခြင်း၊ ကြီးရင့်ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေခြင်းတရားတို့၏ နိယာမများမှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိကြောင်း၊ ကံကြမ္မာ၏ စီစဉ်မှုများကို မည်သူကမျှ မရှောင်နိုင်ကြောင်း ၎င်းတို့ နားလည်သည်အထိပင် ဖြစ်လေသည်။ ၎င်းတို့သည် ဘဝ၏ နောက်ဆုံးအဆင့်ကို ရင်ဆိုင်ဖို့ လိုအပ်သည့်အခါမှသာ လူတစ်ယောက်က အလွန်များပြားသော ဥစ္စာဓနများ ပိုင်ဆိုင်နေလျှင်ပင်၊ အထက်တန်းလွှာဖြစ်ပြီး အဆင့်အတန်းမြင့်မားနေလျှင်ပင် သေခြင်းကို မလွတ်မြောက်နိုင်သည့်အပြင် လူတိုင်း မိမိ၏မူလအနေအထားဖြစ်သော အဘယ်အရာမျှ မပိုင်သည့် တစ်ကိုယ်တည်းသော ဝိညာဉ်တစ်ခုသို့ ပြန်သွားရလိမ့်မည်ဟူသည်ကို သူတို့အမှန်တကယ် နားလည်ကြလေသည်။ လူတို့သည် မိဘများ ရှိသည့်အခါ ၎င်းတို့၏ မိဘများက အရာရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ပိုင်ဆိုင်မှုများရှိသည့်အခါ ငွေသည် အဓိက ပံ့ပိုးမှုဖြစ်ပြီး ၎င်းတို့ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု ထင်မြင်ကြသည်။ လူတို့သည် အဆင့်အတန်း ရှိသည့်အခါ ထိုအရာအပေါ်မှာ စွဲမြဲစွာ ဖက်တွယ်ပြီး ယင်းအတွက် ၎င်းတို့၏ အသက်ကို ပေးကြလေသည်။ လူတို့က ဤကမ္ဘာကို လက်လွှတ်ရတော့မည့် အချိန်မှသာ ၎င်းတို့ဘဝ၏ အချိန်များကို အသုံးချပြီး လိုက်စားခဲ့သည့် ဤအရာများသည် ခဏတဖြုတ် တိမ်တိုက်များသာ ဖြစ်ကြောင်း၊ ၎င်းတို့စွဲကိုင်ထားနိုင်သည့် အရာတစ်ခုမျှ မရှိကြောင်း၊ ၎င်းတို့နှင့်အတူ ယူသွားနိုင်သည့် အရာ တစ်ခုမျှ မရှိကြောင်း၊ မည်သည့်အရာကမျှ ၎င်းတို့ကို သေခြင်းမှ ကင်းလွတ်အောင် မလုပ်နိုင်ကြောင်း၊ အထီးကျန်သည့် ဝိညာဉ်ကို သူ့အပြန်လမ်းမှာ မည်သည့်အရာကမျှ အဖော်လုပ်ပေးခြင်း သို့မဟုတ် နှစ်သိမ့်ပေးခြင်း မပြုနိုင်ကြောင်း သိမြင်လေ၏။ အဆိုးဆုံးက ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်ကို မကယ်တင်နိုင်သည့်အပြင် သေခြင်းကို မကျော်လွန်စေနိုင်ပေ။ ရုပ်ဝတ္ထုလောကတွင် လူတစ်ဦး ရရှိသော ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် ခေတ္တယာယီ ကျေနပ်မှု၊ ခဏတာ ပျော်ရွှင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့်ဆိုင်သည့် အထင်မှားမှုတစ်ခုကို ပေးသည့်အပြင် ယင်းတို့သည် လူတစ်ဦးကို လမ်းပျောက်စေသည်။ သို့ဖြစ်၍ ငြိမ်းချမ်းမှု၊ နှစ်သိမ့်မှုနှင့် စိတ်နှလုံး ငြိမ်သက်ခြင်းတို့ကို တောင့်တလျက် ကျယ်ပြောလှသော လူ့သမုဒ္ဒရာကြီးထဲတွင် ရုန်းကန်လှုပ်ရှားနေရသော လူတို့သည် လှိုင်းတံပိုးတစ်ခုပြီးတစ်ခု၏ လွှမ်းမိုးဝါးမြိုခြင်းကို ခံရကြလေသည်။ လူတို့သည် မိမိတို့ အဘယ်မှ လာသည်၊ အဘယ်ကြောင့် အသက်ရှင်နေသည်၊ အဘယ်သို့ သွားနေသည် စသည်ဖြင့် မိမိတို့ နားလည်ရန် အလိုအပ်ဆုံးဖြစ်သော မေးခွန်းများကို အဖြေမရှာနိုင်သေးမီတွင်ပင် ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်ဖြားယောင်းခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ခံရပြီး ယတိပြတ် လမ်းပျောက်သွားကြတော့သည်။ အချိန်သည် လျင်မြန်စွာ ကုန်ဆုံး၏။ နှစ်များသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားလေရာ လူတစ်ဦးအနေဖြင့် သတိမထားမိလိုက်ဘဲ မိမိဘဝ၏ အကောင်းဆုံးသော နှစ်ကာလများကို နှုတ်ဆက်လိုက်ရလေသည်။ လူများသည် မကြာမီ လောကကြီးမှ နှုတ်ဆက်ထွက်ခွာရတော့မည့်အချိန်တွင် လောကကြီးတွင် ရှိသည့် အရာအားလုံးသည် လွင့်မျောနေကြောင်း၊ မူလက ၎င်းပိုင်ဆိုင်ခဲ့သည့် အရာများကို တစ်ခုမျှ ဖက်တွယ်ထားရန် ခွန်အား မရှိတော့ကြောင်း တဖြည်းဖြည်း နားလည်လာလေသည်။ ဤအချိန်၌ ၎င်းတို့သည် အမှန်တွင် အော်ဟစ်ငိုယိုနေသည့် မွေးကင်းစကလေး တစ်ယောက်ကဲ့သို့ အဘယ်အရာမျှ လုံးဝ မပိုင်ဆိုင်သေးသည်ကို အမှန်တကယ် ခံစားလိုက်ရသည်။ ဤအချိန်တွင် ၎င်းတို့က မိမိတို့၏ ဘဝတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သည်၊ အသက်ရှင်ခြင်း၏ တန်ဖိုးက မည်သည့်အရာဖြစ်သည်၊ အသက်ရှင်ခြင်း၏ အဓိပ္ပာယ်မှာ မည်သည့်အရာဖြစ်ပြီး လူများသည် အဘယ်ကြောင့် ကမ္ဘာလောကသို့ ရောက်ရှိလာကြသည်ဟူသည်တို့ကို စတင်တွေးဆရန် လှုံ့ဆော်ခြင်း ခံရလေသည်။ ဤအချိန်သည် နောင်ဘဝ တကယ်ရှိမရှိ၊ ကောင်းကင်ဘုံက တကယ်ရှိမရှိ၊ ဒဏ်ခတ်ခံရခြင်း တကယ်ရှိမရှိ ဆိုသည်တို့ကို ပိုပြီးသိချင်လာသည့်အချိန် အတိအကျပင် ဖြစ်လေသည်။… သေခြင်းနှင့် နီးကပ်လာလေ၊ ဘဝက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ပိုပြီး နားလည်ချင် လာလေဖြစ်၏၊ သေခြင်းနှင့် နီးကပ်လာလေ၊ နှလုံးသားက ဗလာနတ္တိ ထင်ရလေဖြစ်သည်၊ သေခြင်းနှင့် နီးကပ်လာလေ၊ အကူအညီမဲ့သကဲ့သို့ ပိုပြီး ခံစားရလေ ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုကြီးမား လာလေသည်။ လူတို့သည် သေခြင်းနှင့် နီးကပ်လာသည်နှင့်အမျှ ၎င်းတို့အထဲ ထိုသို့သော ခံစားချက်များ ထင်ရှားလာရခြင်း အကြောင်းရင်း နှစ်ခု ရှိပေသည်။ ပထမအချက်က ၎င်းတို့၏ ဘဝများ အမှီပြုခဲ့သည့် ကျော်ကြားခြင်းနှင့် ချမ်းသာခြင်းတို့ကို ၎င်းတို့ ဆုံးရှုံးရတော့မည်။ လောကမှာ မြင်နိုင်သည့် အရာများ အားလုံးကို ထားခဲ့ရတော့မည်ဖြစ်သည်။ ဒုတိယအချက်က သူတို့ ခြေချဖို့ ကြောက်ရွံ့သည့်နေရာ၊ ချစ်ခင်ရသည့်သူများနှင့် ကူညီ ထောက်ပံ့မှုများ မရှိသည့်နေရာဖြစ်သည့် သူတို့နှင့် မရင်းနှီးသည့်လောက၊ ဆန်းကြယ်ပြီး မသိမြင်နိုင်သည့် နယ်ပယ်တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည် ဖြစ်ပေသည်။ ဤအကြောင်းရင်း နှစ်ချက်ကြောင့် သေခြင်းကို ရင်ဆိုင် ရသူတိုင်းသည် စိတ်မသက်သာမှုကို ခံစားရသည်။ ယခင်က တစ်ခါမှ မသိဖူးသည့် ထိတ်လန့်မှုနှင့် အကူအညီမဲ့သည့် ခံစားမှုကို ကြုံတွေ့ကြရသည်။ တစ်စုံတစ်ဦးသည် ဤအခြေအနေသို့ အမှန်တကယ် ရောက်လာသည့်အခါမှသာ လူတစ်ယောက် ဤကမ္ဘာထဲသို့ ဝင်ရောက်သည့်အခါတွင် လူသားများသည် မည်သည့်နေရာမှ လာသည်ကိုလည်းကောင်း၊ အဘယ်ကြောင့် လူများ အသက်ရှင်နေကြသည်ကိုလည်းကောင်း၊ လူသားကံကြမ္မာအပေါ် မည်သူက အချုပ်အခြာအာဏာ ကိုင်စွဲသည်ကိုလည်းကောင်း၊ လူသားတို့ တည်ရှိခြင်းအတွက် အဘယ်သူ ပံ့ပိုးပြီး ယင်းအပေါ် အဘယ်သူက အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည်ကိုလည်းကောင်း ဦးစွာ နားလည်သင့်သည်။ ဤနားလည်မှုသည် လူတစ်ဦး အသက်ရှင်သည့် အရင်းအနှီး ဖြစ်ပြီး လူတစ်ဦး၏ ရှင်သန်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံဖြစ်လေသည်။ အခြားသူများထက်သာအောင် မည်သို့လုပ်ရမည် သို့မဟုတ် ပြိုင်ဆိုင်မှု အမျိုးစုံတွင် မည်သို့အေးအေးဆေးဆေး ပြိုင်ဆိုင်ရမည်ကို သင်ယူဖို့ မဆိုထားနှင့်၊ မိသားစုကို မည်သို့ထောက်ပံ့ရမည်ကိုဖြစ်စေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို မည်သို့ လိုက်စားရမည်ကိုဖြစ်စေ၊ အုပ်စုတစ်စုထဲတွင် အခြားသူများထက် မည်သို့သာလွန်အောင် လုပ်ရမည်ကိုဖြစ်စေ၊ ပို၍ ချမ်းသာကြွယ်ဝသော ဘဝကို မည်သို့အသက်ရှင်နေထိုင်ရမည်ကိုဖြစ်စေ ဦးစွာ မသင်ယူသင့်ပေ။ လူတို့အနေဖြင့် ၎င်းတို့၏ ဘဝများကို အသုံးချပြီး ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူခဲ့သည့် ရှင်သန်ရေး ကျွမ်းကျင်မှု အမျိုးမျိုးတို့က အလျှံပယ်သော ရုပ်ဝတ္ထုဆိုင်ရာ စည်းစိမ်များ ပိုင်ဆိုင်ရန် ၎င်းတို့အား ထောက်ကူပေးသော်လည်း ထိုကျွမ်းကျင်မှုများသည် ၎င်းတို့၏ စိတ်နှလုံးများထဲသို့ စစ်မှန်သော နှစ်သိမ့်မှုနှင့် တည်ငြိမ်ခြင်းတို့ကို ဘယ်သောအခါမှ မဆောင်ကြဉ်းပေ။ ယင်းအစား လူတို့ကို စဉ်ဆက်မပြတ် ၎င်းတို့၏ ဦးတည်ချက်များ ပျောက်ဆုံးစေသည်။ ၎င်းတို့ကိုယ်၎င်းတို့ ထိန်းချုပ်ဖို့ ခက်ခဲစေသကဲ့သို့ ဘဝ၏အဓိပ္ပါယ်ကို သိနားလည်ဖို့ အခွင့်အလမ်းတို့ကို တစ်ခုပြီးတစ်ခု လွဲချော်စေလေသည်။ ပြီးလျှင် ယင်းတို့က သေခြင်းတရားကို မည်သို့ မှန်ကန်စွာ ရင်ဆိုင်ရမည်နှင့်ပတ်သက်၍ လူတို့ထံ အုံ့ပုန်းပူဆွေးသောကတစ်ခုကို ဖြစ်ပေါ်စေသည်။ ဤသို့ဖြင့် လူတို့၏ ဘဝများ ပျက်စီးရလေသည်။ ဖန်ဆင်းရှင်က သူ၏ အချုပ်အခြာအာဏာကို ကြုံတွေ့ပြီး သိရှိဖို့ လူတိုင်းကို တစ်ဘဝလုံးစာ ထိုက်တန်သည့် အခွင့်အလမ်းများပေးပြီး လူတိုင်းကို မျှတစွာ ပြုမူဆက်ဆံသည်။ သို့တိုင် တစ်ဦးတစ်ယောက်သည် အလင်းကို စမြင်လာသည်မှာ သေခြင်းက နီးကပ်လာသည့် အခါမှသာ၊ သေခြင်း၏ ခြောက်လှန့်မှုက ဘွားခနဲ ပေါ်လာသည့်အခါမှသာ ဖြစ်သည်။ ထိုအခါ အလွန်နောက်ကျသွားပြီဖြစ်သည်။

လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တမ်းတလေဖြစ်သည်။ ဤကဲ့သို့ ပိုခံစားရလေ၊ သေခြင်းနီးကပ် လာခြင်းကို ပိုမို ထိတ်လန့်လေ ဖြစ်သည်။ ဤအချိန်မှသာ ၎င်းတို့၏ဘဝကို ၎င်းတို့မပိုင်ကြောင်း၊ ၎င်းတို့၏ ထိန်းချုပ်မှုတွင် မရှိကြောင်းနှင့် သေဖို့ဖြစ်စေ ရှင်ဖို့ဖြစ်စေ မိမိတို့ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ဤအရာအားလုံးက မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိကြောင်းကို အမှန်တကယ် နားလည် လေသည်။

၄) ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် အရှုံးပေးအပ်နှံပြီး သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်လော့

လူတစ်ယောက် မွေးဖွားသည့် အခိုက်အတန့်တွင် အထီးကျန်သည့် ဝိညာဉ်တစ်ခုသည် ကမ္ဘာမြေကြီးပေါ်က ဘဝအတွေ့အကြုံ၊ ဖန်ဆင်းရှင် ၎င်းအတွက် စီစဉ်ပေးထားသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ၎င်း၏ အတွေ့အကြုံကို စတင်လေသည်။ ပြောစရာမလိုသည်မှာ ဤလူအတွက်၊ ဝိညာဉ်အတွက်၊ ဤသည်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့၊ သူ၏ သြဇာအာဏာကို သိရှိလာပြီး ကိုယ်တိုင် တွေ့ကြုံရဖို့၊ အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်ပါသည်။ လူတို့သည် ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချပေးခဲ့သည့် ကံကြမ္မာ၏ နိယာမများအတွင်း နေထိုင်ကြပြီး အသိစိတ်ရှိသည့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တတ်သည့် မည်သူမဆိုအတွက် ၎င်းတို့ဘဝ၏ ဆယ်စုနှစ်များတစ်လျှောက် ဖန်ဆင်းရှင်၏ အခွင့်အာဏာကိုသိပြီး သူ၏ အချုပ်အခြာအာဏာကို နားလည်သိမြင်ဖို့က ခက်ခဲသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် အချို့သောဆယ်စုနှစ်များတစ်လျှောက် လူတို့၏ ကိုယ်ပိုင် ဘဝအတွေ့အကြုံများမှတဆင့် လူတိုင်းအတွက် လူသား၏ ကံကြမ္မာအားလုံးသည် ကြိုတင်ပြဋ္ဌာန်းထားသည်ကို သတိပြုမိဖို့ အလွန်လွယ်ကူသင့်ပြီး အသက်ရှင်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သဘောပေါက်ဖို့ သို့မဟုတ် ခြုံငုံဆန်းစစ်ဖို့ လွယ်ကူသင့်ပေသည်။ ဤဘဝသင်ခန်းစာများကို လက်ခံသည်နှင့် အမျှ၊ ဘဝက မည်သည့်နေရာမှလာသည်ကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ နှလုံးသားက မည်သည့်အရာ အမှန်တကယ် လိုအပ်သည်၊ မည်သည့်အရာက မှန်ကန်သည့် ဘဝလမ်းကြောင်း ဆီသို့ ဦးဆောင်လိမ့်မည် ဆိုသည်နှင့်၊ လူသားဘဝ၏ တာဝန်နှင့် ပန်းတိုင်က မည်သည့်အရာ ဖြစ်သင့်သည်ဆိုသည်တို့ကို တဖြည်းဖြည်း သဘောပေါက်လာလိမ့်မည်။ ဖန်ဆင်းရှင်ကို မကိုးကွယ်လျှင်၊ သူ၏အုပ်စိုးမှုအောက်တွင် အရှုံးပေးအပ်နှံခြင်း မရှိလျှင် သေခြင်းနှင့် ရင်ဆိုင်ဖို့ အချိန်ကျလာသည့်အခါ၊ ဝိညာဉ်က ဖန်ဆင်းရှင်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရတော့မည့်အခါ၊ ၎င်း၏နှလုံးသားသည် အကန့်အသတ်မရှိသည့် ထိတ်လန့်မှုနှင့် စိတ်မသက်မသာမှုများ ပြည့်နေမည်ကို တဖြည်းဖြည်း သတိပြုမိလာပါလိမ့်မည်။ လူတစ်ယောက်သည် ကမ္ဘာပေါ်တွင် ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး လူသားဘဝက မည်သည့်အရပ်ကလာသည်ဆိုသည်ကို နားမလည် သကဲ့သို့ လူသားကံကြမ္မာက မည်သူ၏ လက်ထဲ၌ ရှိသည်ဆိုသည်ကို သတိမပြုမိသေးပါက၊ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင် နိုင်မည်မဟုတ်သည်မှာ အံ့သြစရာမရှိပေ။ ၎င်းတို့၏ လူ့ဘဝ ဆယ်စုနှစ် အတွေ့အကြုံများ၌ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ဆိုင်သည့် သိနားလည်မှု ရရှိပြီးသူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအတွက် မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူဖြစ်သည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော စစ်မှန်သည့် အတွေ့အကြုံနှင့် သိနားလည်မှုတို့နှင့်အတူ ဘဝရည်ရွယ်ချက်နှင့်ဆိုင်သည့် နက်ရှိုင်းသော အသိပညာတစ်ခု ရှိသကဲ့သို့၊ ထို့ထက်ပို၍ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံနာခံနိုင်လေသည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်တစ်နေ့တွင် သူ့ထံသို့ ပြန်သွားလိမ့်မည်ဆိုသည်ကို နားလည်သည်။ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာ အာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာအားဖြင့် ကြိုတင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို နားလည်သည်။ ထို့ကြောင့် ဤအရာများကို အမှန်တကယ် သဘောပေါက်သည့်အခါ သေခြင်းကို ကျိုးကြောင်းမမြင်ဘဲ ထိတ်လန့်ခြင်းနှင့် ဆန့်ကျင်ရုန်းကန်ခြင်းထက် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ လောကီ ပိုင်ဆိုင်မှုများကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်၊ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာကျိုးနွံ နာခံလာနိုင်ကာ၊ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်လေသည်။ မိမိ၏ဘဝကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအား တွေ့ကြုံဖို့နှင့် သူ၏ သြဇာအာဏာကို သိလာရဖို့ အခွင့်အရေးတစ်ရပ်ဟု ရှုမြင်ပါက၊ ဘဝကို ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် မိမိတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး မိမိ၏ အထူးတာဝန်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်အရေးအနေနှင့် မြင်ပါက ဘဝအပေါ် ဧကန်မုချ မှန်ကန်သည့်အမြင် ရှိပေလိမ့်မည်၊ ဖန်ဆင်းရှင်အားဖြင့် ကောင်းကြီးခံစားရပြီး လမ်းပြခံရသည့် ဘဝတစ်ခုကို ဧကန်မုချ အသက်ရှင်ရလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲ၌ ဧကန်မုချ လျှောက်လှမ်းလိမ့်မည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဧကန်မုချ သိလိမ့်မည်၊ သူ့အုပ်စိုးမှုအောက်တွင် ဧကန်မုချ ကျိုးကျိုးနွံနွံ နာခံလိမ့်မည် ဖြစ်ပြီး သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုများနှင့် သူ၏ သြဇာအာဏာအတွက် ဧကန်မုချ သက်သေခံသူတစ်ဦး ဖြစ်ပေလိမ့်မည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်က ဧကန်မုချ ချစ်ကာ လက်ခံလိမ့်မည်ဖြစ်ပြီး ထိုသို့သော လူကသာ သေခြင်းအပေါ် တည်ငြိမ်သည့် စိတ်သဘောကို ထိန်းသိမ်းနိုင်ပြီး ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုနိုင်သည်ကို ပြောဖို့မလိုအပ်ပေ။ သေခြင်းအပေါ် ဤကဲ့သို့သော သဘောထားမျိုးကို သိသိသာသာ ထိန်းသိမ်းနိုင်ခဲ့သည့် လူတစ်ဦးမှာ ယောဘ ဖြစ်ပေသည်။ ယောဘသည် ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ပျော်ရွှင်စွာ လက်ခံနိုင်သည့် အနေအထားတစ်ခုတွင် ရှိခဲ့ပြီး သူ့ဘဝခရီးကို ချောမွေ့သည့် နိဂုံးချုပ်ဆီသို့ ယူဆောင်ကာ ဘဝတွင် သူ့တာဝန်ကို ပြီးပြည့်စုံစေလျက် ဖန်ဆင်းရှင်ထံပါးသို့ သူပြန်သွားခဲ့လေသည်။

၅) ဘဝတွင် ယောဘ၏ လိုက်စားမှုများနှင့် ရရှိခြင်းများက သူ့ကို သေခြင်းအား တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခွင့်ပေးသည်

ကျမ်းစာထဲတွင် ယောဘအကြောင်း ရေးထား၏။ “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။” (ယောဘ ဝတ္ထု ၄၂:၁၇) ဤသည်မှာ ယောဘ သေဆုံးသွားသည့်အခါ နောင်တရခြင်းများ မရှိသကဲ့သို့ နာကျင်မှုမခံစားရဘဲ ဤလောကမှ သဘာဝအလျောက် ထွက်ခွာသွားခဲ့သည်ဟု ဆိုလိုသည်။ အယောက်တိုင်း သိကြသည့်အတိုင်း၊ ယောဘသည် သူအသက်ရှင်စဉ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ချီးကျူးခြင်းခံရပြီး အခြားသူများ၏ အောက်မေ့ခြင်းခံရလေသည်၊ လူအားလုံးထက် သူ့ဘဝသည် တန်ဖိုးရှိပြီး အရေးပါခဲ့သည်ဟု ဆိုနိုင်ပေသည်။ ယောဘသည် ဘုရားသခင်၏ ကောင်းကြီးများကို နှစ်သက် ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သူအဖြစ် ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံခဲ့ရကာ သူသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဘုရားသခင်အားဖြင့် ဖြောင့်မတ်သည့်သူအဖြစ် ခေါ်ခံရဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်များတွင်၊ သူသည် ယခင်ထက် သာ၍ပင်တန်ဖိုးရှိသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ခိုင်မာပြီး ငြိမ်းချမ်းသည့်ဘဝကို နေထိုင်ခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကြောင့်၊ ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက် များကြောင့် ဘုရားသခင်က သူ့ထံ ပေါ်လာခဲ့ပြီး သူ့ကို တိုက်ရိုက် စကားပြောခဲ့သည်။ ထို့ကြောင့် သူအစစ်ဆေးခံရပြီး နောက်ပိုင်းနှစ်များတွင် ယောဘသည် ဘဝတန်ဖိုးကို ပိုပြီး ခိုင်လုံသောနည်းလမ်းနှင့် နားလည်ပြီး အသိအမှတ်ပြုခဲ့သည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လေးနက်သည့် နားလည်မှုနှင့် ဖန်ဆင်းရှင်က သူ၏ကောင်းချီးများကို မည်သို့ပေးအပ်ပြီး မည်သို့ပြန်လည်ယူဆောင်သည် ဆိုသည့် အပေါ်မှာ ပိုပြီးတိကျ သေချာသည့် အသိပညာတို့ကို ရရှိခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် ယောဘကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့ ပို၍ပင် ကောင်းသည့် နေရာတစ်ခု၌ထားရင်း ယခင်ကထက် ပိုကြီးမားသည့် ကောင်းချီးများကို ယောဘအပေါ် ချပေးသနားခဲ့ကြောင်း ယောဘဝတ္ထုထဲတွင် မှတ်တမ်းတင် ထားသည်။ ထို့ကြောင့် ယောဘက သူအသက်အရွယ် ကြီးရင့်လာပြီး သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများနှင့် ပတ်သက်၍ မုချ စိတ်ပူပန်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်းကို သူ့ဘဝတစ်ခုလုံး လျှောက်လှမ်းခဲ့သည့်အတွက်၊ သူ့မှာ စိုးရိမ် ပူပန်မှုများမရှိ၊ နောင်တရစရာ ဘာမျှမရှိခဲ့သကဲ့သို့၊ မှန်ပေ၏၊ သေခြင်းကိုလည်း မကြောက်ခဲ့ပေ။ သူသည် မိမိ၏ ကိုယ်ပိုင် အဆုံးသတ်နှင့် ပတ်သက်၍ စိုးရိမ်စရာအကြောင်း မရှိခဲ့ပေ။ ယောဘက သူ၏သေခြင်းကို ရင်ဆိုင်ရသည့်အခါ ပြုလုပ်ခဲ့သည့် နည်းလမ်းများအားလုံးဖြင့် ယနေ့ လူမည်မျှက ပြုလုပ်နိုင်ပါသနည်း။ ထိုသို့ ရိုးရှင်းသည့် အပြင်ပန်း အပြုအမူမျိုးကို အဘယ်ကြောင့် မည်သူမျှ ထိန်းသိမ်းနိုင်စွမ်းမရှိသနည်း။ အကြောင်းပြချက်က တစ်ခုသာရှိ၏။ ယောဘက ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို နှလုံးသွင်းလိုက်စားခြင်းဖြင့် သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝတွင် အရေးကြီးသည့် ဆုံမှတ်များကို ဖြတ်သန်းခဲ့ပြီး၊ သူ၏ နောက်ဆုံးသော နှစ်ကာလများကို အသက်ရှင်နေထိုင်ခဲ့ကာ သူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ကြိုဆိုခဲ့သည်မှာ ဤယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့ဖြစ်ခဲ့ပေသည်။ ယောဘက မည်သည့် အရာကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝတွင် သူ၏ ရှာဖွေ လိုက်စားမှုများနှင့် ပန်းတိုင်များက နာကျင်စရာမဟုတ်ဘဲ ပျော်ရွှင်စရာ ဖြစ်ခဲ့ပေသည်။ သူသည် ဖန်ဆင်းရှင်က သူ့အပေါ် ချပေးသနားခဲ့သည့် ကောင်းချီးများ သို့မဟုတ် အသိအမှတ်ပြုခြင်းတို့ကြောင့်သာ မဟုတ်ဘဲ၊ ပိုအရေးကြီးသည့် သူ၏ လေ့လာလိုက်စားမှုများနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့မှတစ်ဆင့် သူရယူခဲ့သည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော အသိပညာနှင့် စစ်မှန်သော သိနားလည်မှုတို့ သာ၍ တိုးခြင်းကြောင့်၊ ထို့အပြင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသူတစ်ဦးအဖြစ် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များနှင့် လူသားနှင့် ဘုရားသခင်ကြားမှာရှိသည့် အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ အပြန်အလှန်ဆက်ဆံမှုတို့၏ နွေးထွေးပြီး မမေ့နိုင်သည့် အတွေ့အကြုံနှင့် အမှတ်ရစရာများနှင့်ဆိုင်သော သူ၏ ကိုယ်ပိုင်အတွေ့အကြုံကြောင့် သူပျော်ရွှင်ခဲ့ပေသည်။ ယောဘသည် ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကိုသိခြင်းမှ လာသည့် နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကြောင့်လည်းကောင်း၊ ဘုရားသခင်သည် ကြီးမြတ်သည်၊ အံ့သြစရာကောင်းသည်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည် ဖြောင့်မတ်သည် ဆိုသည်တို့ကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကြောင့်လည်းကောင်း ပျော်ရွှင်ခဲ့လေသည်။ ယောဘက သေဆုံးရာတွင် ဖန်ဆင်းရှင်ထံပါးသို့ ပြန်သွားရမည်ကို သိခဲ့ သောကြောင့် မည်သည့်ဒုက္ခခံစားရခြင်းမှမရှိဘဲ သေခြင်းကို ရင်ဆိုင်နိုင်ခဲ့၏။ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့၊ ဖန်ဆင်းရှင်က သူ့၏ အသက်ကို ပြန်ယူမည့် အလားအလာကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ဖို့၊ ထို့အပြင် ဖန်ဆင်းရှင်၏ရှေ့တွင် အပြစ်ကင်းစင်ကာ စိုးရိမ်စရာမရှိဘဲ ရပ်နိုင်ဖို့ သူ့ကို အခွင့်ပေးခဲ့သည်မှာ ဘဝတွင် လိုက်စားမှုများနှင့် ရရှိမှုများ ဖြစ်ပါသည်။ ယနေ့ခေတ် လူတို့သည် ယောဘပိုင်ဆိုင်ခဲ့သည့် ပျော်ရွှင်မှုမျိုးကို ရရှိနိုင်သလော။ ထိုသို့ လုပ်ဆောင်ရန် လိုအပ်သည့်အခြေအနေ သင်တို့ ရှိပါသလား။ ဤနေ့ခေတ် လူတို့သည် အခြေအနေများ အမှန်ရှိကြသည့်အတွက်၊ ယောဘကဲ့သို့ အဘယ်ကြောင့် ပျော်ရွှင်စွာ အသက်မရှင်နိုင်ကြပါသနည်း။ သေခြင်းကို ကြောက်ရွံ့ခြင်း၏ ဆင်းရဲဒုက္ခမှ အဘယ်ကြောင့် ၎င်းတို့ မလွတ်မြောက်နိုင်သနည်း။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ လူအချို့တို့က မထိန်းနိုင်မသိမ်းနိုင် ကြောက်သေးများ ပါကုန် ကြသည်။ တစ်ချို့က တဆတ်ဆတ်တုန်ကြသည်။ မူးမေ့ ကြသည်။ ကောင်းကင်ဘုံနှင့် လူသားကိုလည်း ရိုက်ပုတ်ကန်ကျောက်ကြသည်၊ အချို့က ငိုကြွေးမြည်တမ်းခြင်းပင် ပြုလုပ်ကြသည်။ ဤသည်တို့မှာ သေခြင်းနီးကပ်လာသည့်အခါ ဖြစ်ပေါ်သည့် ရုတ်တရက် တုံ့ပြန်မှုများ လုံးဝမဟုတ်ပေ။ လူတို့က ၎င်းတို့၏ စိတ်နှလုံးအတွင်း နက်နက်ထဲတွင် သေခြင်းကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို အမှန်တကယ် ကျိုးနွံနာခံဖို့ နေနေသာသာ၊ ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော အသိပညာနှင့် အသိအမှတ်ပြုခြင်းတို့ မရှိသောကြောင့် ဤအရှက်ရစရာ ပုံစံများဖြင့် ပြုမူကြခြင်း ဖြစ်သည်။ လူတို့သည် အရာရာကို မိမိတို့ဘာသာ စီစဉ်ပြီး အုပ်စိုးချင်သောကြောင့်၊ မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာ၊ မိမိတို့၏ ကိုယ်ပိုင် အသက်ရှင်ခြင်းနှင့် သေခြင်းတို့ကို ထိန်းချုပ် ချင်သောကြောင့်သာ ဤသို့ တုံ့ပြန်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုမှ လူတို့ ဘယ်သောအခါမှ မလွတ်မြောက်နိုင်ခြင်းသည် အံ့သြစရာမရှိပေ။

၆) ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းအားဖြင့်သာ သူ့ထံပါးသို့ ပြန်လာနိုင်သည်

ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုများနှင့် ဆိုင်သော ရှင်းလင်းသည့် အသိပညာနှင့် အတွေ့အကြုံမရှိသည့်အခါ ကံကြမ္မာနှင့် သေခြင်းတရားဆိုင်ရာ သိမြင်မှုသည် နားဝေတိမ်တောင်ဖြစ်နေမည်မှာ မလွဲဧကန်ဖြစ်၏။ အရာ အားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို လူတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြ၊ အရာအားလုံးက ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာတို့ကို ဝန်ခံရသည်ကို လူတို့ နားမလည်ကြ၊ ထိုသို့သော အချုပ်အခြာ အာဏာကို စွန့်ပစ်ဖို့ သို့မဟုတ် ရုန်းထွက်လွတ်မြောက်ဖို့ လူသားသည် မတတ်နိုင်ဆိုသည်ကို သတိမပြုမိကြပေ။ ဤအကြောင်းကြောင့် ၎င်းတို့ သေခြင်းတရားနှင့် ရင်ဆိုင်ရမည့်အချိန်သို့ ရောက်သောအခါ ၎င်းတို့၌ အဆုံးမရှိသော နောက်ဆုံးစကားများ အစဉ်ရှိကြ၏၊ စိုးရိမ်ပူပန်မှုများ အစဉ်ရှိကြ၏၊ နောင်တများလည်း အစဉ်ရှိကြ၏။ ၎င်းတို့သည် အလွန်များသည့် ဝန်ထုပ်ဝန်ပိုးများ၊ အလွန်များလှသော ဝန်လေးမှု၊ ရှုပ်ထွေးမှုများနှင့် လေးလံနေ၏။ ဤအရာက သူတို့အား သေခြင်းကို ကြောက်ရွံ့စေသည်။ ဤကမ္ဘာတွင် မွေးဖွားလာသည့် လူတိုင်း အတွက်၊ မွေးဖွားခြင်းက မရှိမဖြစ် ဖြစ်ပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရနိုင်ပေ။ မည်သူမှ အမှုအရာများ၏ ဖြစ်စဉ်ကို မကျော်လွန်နိုင်ပါ။ လူတစ်ယောက်က ဤလောကမှ နာကျင်မှုမရှိဘဲ ထွက်ခွာဖို့ ဆန္ဒရှိလျှင် ဘဝ၏ နောက်ဆုံးလမ်းဆုံကို တွယ်တာမှု မရှိဘဲ သို့မဟုတ် စိုးရိမ်မှုမရှိဘဲ ရင်ဆိုင်နိုင်ဖို့ ဆန္ဒရှိပါက၊ တစ်ခုတည်းသော နည်းလမ်းမှာ နောင်တများကို မချန်ထားရစ်ဖို့ဖြစ်သည်။ နောင်တတစ်စက်မျှမရှိဘဲ စွန့်ခွာဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့၊ သူ၏ သြဇာအာဏာကို သိဖို့နှင့် ဤအရာများကို ကျိုးနွံနာခံဖို့ ဖြစ်ပေသည်။ ဤနည်းဖြင့်သာ လူသား၏ ခိုက်ရန်ဒေါသ၊ မကောင်းမှု၊ စာတန်၏ ကျေးကျွန်ဘဝမှ ဝေးရာတွင် နေနိုင်ပေသည်။ ဤနည်းဖြင့်သာ ဖန်ဆင်းရှင်၏ လမ်းပြခြင်းနှင့်ကောင်းကြီးပေးမှုခံရသည့် ယောဘ၏ဘဝကဲ့သို့သော ဘဝတစ်ခု၊ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသည့်ဘဝတစ်ခု၊ တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိသည့်ဘဝတစ်ခု၊ ဖြောင့်မှန်ပြီး ပွင့်လင်းသည့် ဘဝတစ်ခုကို အသက်ရှင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ ဖန်ဆင်းရှင်၏ စမ်းသပ်မှုများနှင့် ပိတ်ပင်မှုများ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ပေသည်။ ဤနည်းဖြင့်သာ ယောဘပြုခဲ့သကဲ့သို့ မိမိ၏ဘဝတစ်ခုလုံး ဖန်ဆင်းရှင်ကို ကိုးကွယ်နိုင်ပြီး သူ၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကာ သူ၏ အမှန်တကယ်ဖြစ်သော အသံကို ကြားပြီး သူ ပေါ်ထွန်းသည်ကို မြင်နိုင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ နာကျင်မှုမရှိ၊ စိုးရိမ်မှုမရှိ၊ နောင်တများမရှိဘဲ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ပြီး သေဆုံး နိုင်သည်။ ဤနည်းဖြင့်သာ ယောဘပြုခဲ့သကဲ့သို့ အလင်းထဲတွင် အသက်ရှင်နေထိုင်ကာ ဘဝဆုံမှတ်တိုင်းကို အလင်းထဲတွင် ဖြတ်သန်းနိုင်သည်၊ မိမိ၏ခရီးကို ချောမွေ့စွာနှင့် အလင်းထဲတွင် ပြီးဆုံးနိုင်သည်၊ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံဖို့နှင့် သိမြင်လာဖို့ ဖြစ်သော မိမိ၏ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ပြီး အလင်းထဲတွင် သေဆုံးနိုင်ပေသည်၊ ပြီးလျှင် ထို့နောက်တွင် ဖန်ဆင်းခံ လူသားအနေဖြင့် သူ၏ အသိအမှတ်ပြုခြင်းကို ခံရလျက် ဖန်ဆင်းရှင်၏ နံဘေးတွင် နေနိုင်ပေသည်။

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိဖို့ အခွင့်အရေးအား မလွဲချော်နှင့်

အထက်တွင် ဖော်ပြထားသည့် ဆုံမှတ်ခြောက်ခုသည် သာမန်လူတိုင်း ၎င်းတို့၏ဘဝတွင် ဖြတ်သန်းရမည့် ဖန်ဆင်းရှင် ချမှတ်ပေးခဲ့သော အလွန်အရေးကြီးသည့် အဆင့်များဖြစ်ပါသည်။ လူသား ရှုထောင့်မှနေ၍၊ ဤဆုံမှတ်တိုင်းက အစစ်အမှန်ဖြစ်သည်၊ မည်သည့်အရာကိုမှ ရှောင်၍မရနိုင်သကဲ့သို့ အရာအားလုံးက ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းနှင့် သူ၏ အချုပ်အခြာ အာဏာတို့ကို ဆက်နွှယ်မှုရှိနေသည်။ ထို့ကြောင့် လူသား တစ်ယောက်အတွက်၊ ဤဆုံမှတ်တစ်ခုချင်းစီက အရေးကြီးသည့် စစ်ဆေးရေးဂိတ်ဖြစ်ပြီး တစ်ခုချင်းစီတိုင်းကို မည်သို့ဖြတ်သန်းရမည် ဆိုသည့် မေးခွန်းကို သင်တို့အားလုံး ယခု ရင်ဆိုင်ရပေသည်။

လူသားဘဝကို ဖန်တီးသည့် ဆယ်စုနှစ်အချို့သည် ကြာလည်း မကြာသကဲ့သို့ တိုလည်း မတိုပေ။ မွေးဖွားခြင်းနှင့် အရွယ် ရောက်ခြင်းကြားက အနှစ်နှစ်ဆယ်ဝန်းကျင်က မျက်စိတစ်မှိတ် အတွင်းတွင် ကုန်ဆုံးသွားပြီး ဘဝတွင် ဤအချိန်၌ လူတစ်ယောက်ကို အရွယ်ရောက်သူ တစ်ယောက်အဖြစ် သတ်မှတ်သော်လည်း ဤအသက်အရွယ်အုပ်စုထဲက လူတို့သည် လူသားဘဝနှင့် လူသားကံကြမ္မာနှင့် ပတ်သက်၍ နောက်ထပ် ဘာမျှမသိပေ။ ၎င်းတို့ အတွေ့အကြုံ ပိုရလာတာနှင့်အမျှ လူလတ်ပိုင်းသို့ ရောက်လာသည်။ အသက်သုံးဆယ်နှင့် လေးဆယ် အရွယ်ရှိသည့် လူတို့သည် ဘဝနှင့် ကံကြမ္မာအပေါ် တိုးတက် လာသည့် အတွေ့အကြုံတစ်ခု ရလာသည်၊ သို့သော်လည်း ဤအရာများနှင့် ပတ်သက်၍ သူတို့၏ အယူအဆများက အလွန် ဝေဝါးဆဲဖြစ်၏။ လူအချို့တို့က အသက်လေးဆယ်အရွယ် မရောက်ခင် အထိ ဖန်ဆင်းရှင် ဖန်ဆင်းထားသည့် လူသားမျိုးနွယ်နှင့် စကြဝဠာကို စတင်နားလည်ဖို့၊ လူသား၏ဘဝက မည်သည့်အရာဖြစ်သည်၊ လူသား၏ ကံကြမ္မာက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို စတင်နားမလည်ကြပေ။ လူအချို့တို့က ဘုရားသခင်၏ နောက်လိုက်များ အတော်ကြာဖြစ်ပြီး လူလတ်ပိုင်း ရောက်သော်လည်း စစ်မှန်သော ကျိုးနွံနာခံခြင်းအား ပိုင်ဆိုင်ဖို့ နေနေသာသာ၊ ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သည့် တိကျသည့် အသိပညာနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုကို မပိုင်ဆိုင်ကြ သေးပေ။ လူအချို့သည် ကောင်းကြီးရဖို့ ကြိုးစားခြင်းထက် မည်သည့်အရာကိုမှ ဂရုမစိုက်ကြချေ။ သူတို့ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ပြီး ဖြစ်သော်လည်း သူတို့သည် လူသား ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားအား အနည်းငယ်မျှ မသိ သို့မဟုတ် နားမလည်ကြ သကဲ့သို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုတို့ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သော လက်တွေ့ကျသည့် သင်ခန်းစာထဲသို့ အနည်းအကျဉ်းမျှပင် မဝင်ရောက်ကြသေးချေ။ ထိုသို့သော လူတို့သည် လုံးလုံးလျားလျား မိုက်မဲပြီး မိမိတို့၏ ဘဝများကို အချည်းနှီးအသက်ရှင်ကြလေသည်။

လူသား၏ ဘဝတစ်ခုကို ဘဝအတွေ့အကြုံအဆင့်နှင့် လူသားကံကြမ္မာနှင့်ဆိုင်သော အသိပညာတို့ဖြင့် ခွဲခြားပါက၊ အကြမ်းဖျင်း အဆင့်သုံးခုအဖြစ် ကွဲနိုင်၏။ ပထမအဆင့်က မွေးဖွားခြင်းနှင့် လူလတ်ပိုင်းကြားက နှစ်များ၊ သို့မဟုတ် မွေးဖွားခြင်းမှ သုံးဆယ် အရွယ်အထိဖြစ်သော လူငယ်ပိုင်းဖြစ်သည်။ ဒုတိယ အဆင့်က လူလတ်ပိုင်းမှ သက်ကြီးပိုင်း သို့မဟုတ် အသက်သုံးဆယ်မှ ခြောက်ဆယ်အထိဖြစ်သည့် ရင့်ကျက်ခြင်း ဖြစ်သည်။ တတိယအဆင့်က အသက်ခြောက်ဆယ်မှစပြီး သက်ကြီးပိုင်းမှ လောကထဲက ထွက်ခွာသွားသည့်အချိန်အထိ အရွယ်ရောက်လာသည့်ကာလ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆိုသော် မွေးဖွားခြင်းမှ လူလတ်ပိုင်းအထိ ကံကြမ္မာနှင့် ဘဝအပေါ် လူအများစု၏ အသိပညာက အခြားသူများ၏ စိတ်ကူးများကိုသာ သံယောင်လိုက်နေခြင်းနှင့် ကန့်သတ်ခံရကာ စစ်မှန်သည့်၊ လက်တွေ့ကျသည့် အနှစ်သာရ မရှိသလောက်ပင်ဖြစ်သည်။ ဤအချိန်ကာလအတွင်း၌ လူတစ်ဦး၏ ဘဝအပေါ် အမြင်နှင့် အခြားသူများဖြင့် အပြန်အလှန် ဆက်ဆံသည့် နည်းလမ်းများသည် အတော်အတန် ပေါ့တန်ပြီး ရိုးစင်းလေသည်။ ဤသည်မှာ လူပျိုပေါက် အချိန်ကာလ ဖြစ်သည်။ ဘဝ၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းမှု အားလုံးကို မြည်းစမ်းပြီးနောက်မှသာ ကံကြမ္မာကို အမှန်တကယ် နားလည်မှုရှိလာသကဲ့သို့ ကံကြမ္မာ၏ ပြောင်းလဲလို့မရခြင်းကို မသိစိတ်၏စေ့ဆော်မှုအရ နှလုံးသားအတွင်း နက်နက်ထဲတွင် တဖြည်းဖြည်းနှင့် အသိအမှတ် ပြုလာကာ လူသား၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာသည် အမှန်တကယ် တည်ရှိသည်ကို တဖြည်းဖြည်းနှင့် သိမြင်လာသည်။ ဤသည်မှာ လူတစ်ယောက်၏ အရွယ်ရောက်ခြင်း အချိန်ကာလ ဖြစ်ပါသည်။ လူတစ်ယောက်သည် ကံကြမ္မာကို ဆန့်ကျင် ရုန်းကန်ခြင်း ရပ်လိုက်သည့်အချိန်၊ ပဋိပက္ထဲ ဝင်ရောက်ဖို့ ဆန္ဒ မရှိတော့သကဲ့သို့ ယင်းအစား ဘဝတွင် မိမိတို့၏ဘဝကြမ္မာကို သိပြီး၊ ကောင်းကင်ဘုံ၏ အလိုကို ကျိုးနွံနာခံသည့်အခါ၊ ဘဝတွင် မိမိတို့၏အောင်မြင်မှုများနှင့် မှားယွင်းမှုများကို ခြုံငုံဆန်းစစ်ပြီး မိမိဘဝအပေါ် ဖန်ဆင်းရှင်၏ တရားစီရင်မှုကို စောင့်သည့်အခါ၊ လူတစ်ဦးသည် အရွယ်ရောက်သည့် ကာလထဲသို့ ဝင်ရောက် လေသည်။ ဤအချိန်ကာလသုံးခုအတွင်း လူတို့ရရှိသည့် မတူညီသည့် အတွေ့အကြုံများနှင့် ရှာမှီးရရှိသောဥစ္စာများကို ထောက်စာလျှင်၊ သာမန် အခြေအနေများအောက်တွင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိဖို့ တစ်ဦးတစ်ယောက်၏ အခွင့်အလမ်းတံခါးပေါက်မှာ သိပ်မကြီးပေ။ လူတစ်ယောက်က အသက် ခြောက်ဆယ်အထိ အသက်ရှင်မည်ဆိုလျှင်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့ အနှစ်သုံးဆယ် ဝန်းကျင်လောက်သာ ရှိသည်။ ပိုကြာသည့် အချိန်ကာလကို လိုချင်လျှင်၊ သူ၏အသက်က လုံလောက်သည့်အထိ ရှည်မှသာ၊ ရာစုနှစ်တစ်ခုအထိ အသက်ရှင် နိုင်မှသာ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် လူသားဖြစ်တည်မှု၏ သာမန်နိယာမများအရ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း အကြောင်းကိစ္စကို တစ်ဦးတစ်ယောက်က ပထမဆုံး တွေ့ကြုံသည့်အချိန်မှ ထိုအချုပ်အခြာအာဏာ၏ အမှန်တရားကို သိမြင်လာနိုင်သည့် အချိန်အထိ၊ ထိုအချိန်မှစ၍ ထိုအချုပ်အခြာ အာဏာကို ကျိုးနွံနာခံနိုင်သည့် အချိန်အထိသည် အလွန်ရှည်သည့် ဖြစ်စဉ် ဖြစ်သော်လည်း နှစ်များကို အမှန်တကယ် ရေတွက်ကြည့် ပါက၊ ဤဆုလာဘ်များကိုရဖို့ အခွင့်အရေးရှိသည့်အချိန်မှာ နှစ်သုံးဆယ် သို့မဟုတ် လေးဆယ်ထက် မပိုပေ။ ပြီးလျှင် လူသားဘဝ၏ အနှစ်သာရက ဘယ်မှာတည်ရှိသည်ကို ပိုင်းခြား မသိမြင်နိုင်ဖို့နှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း၏ အရေးကြီးမှုကို သဘောမပေါက်ဖို့အလို့ငှာ လူတို့သည် ကောင်းချီးရဖို့ သူတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များနောက်သို့ မကြာခဏ ပါသွားတတ်ကြသည်။ ထိုသို့သော လူတို့သည် လူသားဘဝနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ရဖို့ လူသားကမ္ဘာထဲကို ဝင်ရောက်ရန် ဤတန်ဖိုးရှိသည့် အခွင့်အရေးကို မမြတ်နိုးကြသကဲ့သို့ ဖန်ဆင်းရှင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှုကို ရရှိဖို့ ဖန်ဆင်းခံတစ်ယောက်အတွက် ထိုအရာက မည်မျှ တန်ဖိုးမဖြတ်နိုင်သည်ကို နားမလည်ကြချေ။ ထို့ကြောင့် လူတို့က ဘုရားသခင်၏ ပုဂ္ဂိုလ်စစ်စစ်ကို ရုတ်တရက် ရှုမြင်နိုင်ပြီး ဖြစ်နိုင်သမျှမြန်မြန် ကောင်းချီးများရရှိဖို့ အလို့ငှာ ဘုရားသခင်၏ အမှုကို အမြန်ပြီးစေချင်သည့်သူများ၊ လူသား၏အဆုံးသတ်ကို ဘုရားသခင်က အမြန်ဆုံးစီစဉ်ဖို့ ဆန္ဒရှိသည့်သူများသည် အဆိုးဆုံး မနာခံခြင်းအမျိုးအစားနှင့်ဆိုင်သည့် အပြစ်ရှိပြီး ၎င်းတို့သည် အလွန်အမင်း မိုက်မဲကြသည်ဟု ငါဆို၏။ ထိုစဉ်အတောအတွင်းတွင်၊ စိတ်ပိုင်းဆိုင်ရာ အဆုံးစွန်သော ထိုးထွင်းဉာဏ်ရှိသည့် လူတို့ထဲက ပညာရှိသူများသည် ၎င်းတို့၏အချိန်အကန့်အသတ်အတွင်း ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို သိဖို့ ဤထူးခြားသည့် အခွင့်အရေးကို ဖမ်းဆုပ်ရန် ဆန္ဒရှိသူများ ဖြစ်သည်။ ဤမတူညီသည့် ဆန္ဒနှစ်ခုက အလွန် ကြီးမားစွာ ကွဲလွဲနေသော အမြင်များနှင့် လိုက်စားမှုများကို ဖော်ထုတ်လေသည်။ ကောင်းချီးများကို ရှာဖွေသည့်သူများသည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိ၊ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ဘယ်သောအခါမှ မရှာဖွေ၊ ယင်းကို ကျိုးနွံနာခံဖို့ ဘယ်သောအခါမှ ဆန္ဒမရှိဘဲ ၎င်းတို့ စိတ်ကျေနပ်သည့်အတိုင်းသာ အသက်ရှင် နေထိုင်ချင်ကြလေသည်။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်သည့် အကျင့်ပျက်သူများဖြစ်ကာ ဖျက်ဆီးခံရမည်မှာ ဤလူအုပ်စုဖြစ်ပေသည်။ ဘုရားသခင်ကိုသိဖို့ ကြိုးစားသူတို့သည် ၎င်းတို့၏ ဆန္ဒများကို ဘေးဖယ်ထားနိုင် ကြသည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံရန် လိုလားနေကြပြီး ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံမှုရှိသူများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းသည့် လူမျိုးများဖြစ်ဖို့ ကြိုးစားကြလေသည်။ ထိုသို့သောလူများသည် အလင်းထဲနှင့် ဘုရားသခင်၏ ကောင်းချီးများ အလယ်တွင် အသက်ရှင်ကာ သူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို အမှန်တကယ် ခံစားကြရလိမ့်မည်။ မည်သို့ပင်ဖြစ်စေ လူသား၏ရွေးချယ်မှုက အသုံးမဝင်သကဲ့သို့ ဘုရားသခင်၏ အမှု မည်မျှကြာမည် ဆိုသည့်အပေါ် လူသားက ပြောပိုင်ခွင့်မရှိပါ။ လူတို့အတွက် ဘုရားသခင်ထံ ပုံအပ်ဖို့၊ သူ့၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့က ပိုပြီးကောင်းပါသည်။ သင်က သူ့ထံ မပုံအပ်ပါက၊ သင် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ အကျိုးဆက်အနေဖြင့် ဆုံးရှုံးမှုတစ်ခုတစ်လေ ဘုရားသခင် ခံရလိမ့်မည်လော။ သင်က ဘုရားသခင်ထံ မပုံအပ်ဘဲ၊ ယင်းအစား ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားပါက၊ သင်သည် မိုက်မဲသည့် ရွေးချယ်မှုကို ပြုလုပ်နေခြင်း ဖြစ်ပြီး အဆုံး၌သင်သည် ဆုံးရှုံးမှုကို ကြုံရမည့် တစ်ဦးတည်းသောသူ ဖြစ်ပေလိမ့်မည်။ လူတို့သည် ဘုရားသခင်နှင့် မြန်နိုင်သမျှ မြန်မြန် ပူးပေါင်းလုပ်ဆောင်မှသာ၊ သူ၏စီစဉ်ညွှန်ကြားမှုများကို အလျင်အမြန် လက်ခံမှသာ၊ သူ့၏ သြဇာအာဏာကိုသိကာ ၎င်းတို့အတွက် သူလုပ်ခဲ့သည့်အရာအားလုံးကို နားလည်မှသာ၊ ၎င်းတို့သည် မျှော်လင့်ခြင်း ရှိလိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့၏ အသက်တာများသည် အချည်းနှီး အသက်ရှင်လိမ့်မည် မဟုတ်သကဲ့သို့ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိပေလိမ့်မည်။

ဘုရားသခင်သည် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသည့် အချက်ကို မည်သူမျှ မပြောင်းလဲနိုင်ပေ

ယခုငါပြောပြီးသည့်အရာအားလုံးကို နားထောင်ပြီးနောက် သင်တို့၏ ကံကြမ္မာအပေါ် အယူအဆ ပြောင်းလဲပါသလော။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆိုင်သော အမှန်တရားကို သင်တို့ မည်သို့ နားလည်ပါသနည်း။ ရိုးရိုးရှင်းရှင်းပြောလျှင်၊ ဘုရားသခင်၏ သြဇာအာဏာအောက်တွင် လူတိုင်းသည် သူ့၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုတို့ကို တက်ကြွစွာ သို့မဟုတ် မလှုပ်မယှက် လက်ခံကြသည်။ ဘဝလမ်းကြောင်းပေါ်တွင် မည်မျှပဲ ရုန်းကန်လှုပ်ရှားနေပါစေ၊ ကွေ့ကောက်သည့်လမ်းတွေကို မည်မျှပင် လျှောက်နေရပါစေ၊ အဆုံးတွင် ၎င်းတို့ ဖန်ဆင်းရှင် လမ်းကြောင်းချပေးခဲ့သည့် ကံကြမ္မာ၏ လမ်းကြောင်းထဲသို့ ပြန်သွားရပေလိမ့်မည်။ ၎င်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မကျော်လွှားနိုင်ခြင်းဖြစ်ကာ စကြဝဠာကို သူ့သြဇာအာဏာက ထိန်းချုပ်ပြီး အုပ်စိုးသည့် ပုံစံဖြစ်လေသည်။ အရာအားလုံး၏ ဘဝကို အုပ်စိုးသည့်နိယာမများ၊ နှောင့်ယှက်ခြင်းများ မဖြစ်စေဘဲ လူသားတို့ကို ကြိမ်ဖန်များစွာ ပြန်ဝင်စားခွင့်ပြုသည့်နိယာမများ၊ ကမ္ဘာလောကကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ပုံမှန်လှည့်ပတ်စေပြီး ရှေ့ဆက်စေသည့် နိယာမများအတွက် တာဝန်ရှိသည်မှာ ဤမကျော်လွှားနိုင်ခြင်း၊ ဤထိန်းချုပ်မှုနှင့် အုပ်စိုးမှုပုံစံတို့ပင် ဖြစ်သည်။ ဤအချက်အလက်များ အားလုံးကို သင်တို့ မြင်တွေ့ရပြီး အပေါ်ယံဖြစ်စေ၊ နက်နဲစွာဖြစ်စေ ၎င်းတို့ကို သင်တို့နားလည်ပေပြီ။ သင်၏ နားလည်မှု အတိမ်အနက်က သမ္မာတရားနှင့်သက်ဆိုင်သော သင်တို့၏ အတွေ့အကြုံနှင့် အသိပညာ၊ ဘုရားသခင်နှင့်ဆိုင်သော သင်တို့၏ အသိပညာတို့အပေါ် မူတည်ပေသည်။ သမ္မာတရား စစ်မှန်မှုကို သင်မည်မျှ ကောင်းကောင်းသိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မည်မျှ တွေ့ကြုံခဲ့ရသည်၊ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားကို သင်မည်မျှ ကောင်းကောင်းသိသည်ဆိုသည့် ဤအချက်များအားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များနှင့်ဆိုင်သော သင်၏ သိနားလည်မှု အတိမ်အနက်ကို ကိုယ်စားပြုပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့၏ တည်ရှိခြင်းသည် လူတို့က ဤအရာများအား ကျိုးနွံနာခံခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပါသလော။ သြဇာအာဏာကို ဘုရားသခင် ပိုင်ဆိုင်သည် ဆိုသည့်အချက်က ယင်းကို လူသားမျိုးနွယ်က နာခံခြင်း ရှိမရှိဆိုသည့်အရာအားဖြင့် သတ်မှတ်ထားသလော။ ဘုရားသခင်၏ အခွင့်အာဏာက အခြေအနေများနှင့် မသက်ဆိုင်ပဲ ဖြစ်တည်နေ၏။ အခြေအနေများ အားလုံးတွင်၊ ဘုရားသခင်က လူသားကံကြမ္မာတိုင်းနှင့် အရာအားလုံးကို သူ့၏ အကြံအစည်များနှင့် အလိုဆန္ဒများနှင့်အညီ ပြဋ္ဌာန်းပေးပြီး စီစဉ်လေသည်။ လူသားက ပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဤအရာပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အခွင့်အာဏာသည် သူ့၏ အနှစ်သာရစစ်စစ် ဖြစ်သည့်အတွက် လူသား၏ အလိုဆန္ဒအပေါ် အမှီအခိုလွတ်ကင်းပြီး အချိန်၊ စကြဝဠာနှင့် မြေမျက်နှာသွင်ပြင်တို့ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ။ လူသားက ဘုရား၏ အချုပ်အခြာအာဏာကို သိပြီး လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ယင်းကို လူသားက ကျိုးနွံနာခံနိုင်သည်ဖြစ်စေ မနာခံနိုင်သည်ဖြစ်စေ သုံးသပ်ခြင်းများထဲမှ မည်သည့်အရာကမျှ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့်ဆိုင်သော အမှန်တရားကို အနည်းငယ်မျှ မပြောင်းလဲချေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် လူသားက မည်သို့ သဘောထားရှိပါစေ၊ ယင်းက အရာအားလုံးအပေါ်နှင့် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာအား ဘုရားသခင် စွဲကိုင်သည့်အချက်ကို မပြောင်းလဲနိုင်ပေ။ သင်သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံခြင်း မရှိလျှင်ပင်၊ သင်၏ကံကြမ္မာကို သူအုပ်ချုပ်ဆဲဖြစ်၏။ သူ့၏ အချုပ်အခြာအာဏာကို သင်မသိနိုင် လျှင်ပင်၊ သူ့၏သြဇာအာဏာက တည်ရှိဆဲဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားသည် လူသား၏ အလိုဆန္ဒနှင့် ကင်းလွတ်ပြီး လူသား၏ နှစ်သက်မှုနှင့် ရွေးချယ်မှုများအရ ပြောင်းလဲခြင်း မရှိပေ။ ဘုရားသခင်၏ သြဇာအာဏာသည် နေရာတိုင်း၊ နာရီတိုင်း၊ အချိန်တိုင်း၌ ရှိလေသည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း သူ့၏ သြဇာအာဏာသည် အစဉ်တည်ပါလိမ့်မည်။ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည့်အတွက် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်ပြီး သူ့၏သြဇာအာဏာသည် လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အမှုအရာများ၊ စကြဝဠာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် အမှုအရာများ ချုပ်ချယ်ခံရခြင်း သို့မဟုတ် ကန့်သတ်ထားခြင်း မရှိပေ။ အချိန်တိုင်းတွင်၊ ဘုရားသခင်က သူ့၏အခွင့်အာဏာကို စွဲကိုင်သည်၊ သူ့၏ တန်ခိုးအစွမ်းကို ပြသည်၊ သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့၏ စီမံခန့်ခွဲမှုအလုပ်များကို ဆက်လက်လုပ်ဆောင်လေသည်။ အချိန်တိုင်းတွင် သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း အရာအားလုံးကို အုပ်ချုပ်သည်။ အရာအားလုံးအတွက် ထောက်ပံ့သည်။ အရာအားလုံးကို စီစဉ်ညွှန်ကြားလေသည်။ ဤအရာကို ဘယ်သူမှ မပြောင်းလဲနိုင်။ ၎င်းသည် အမှန်တရား ဖြစ်ပေသည်။ ၎င်း၌ ရှေးကတည်းက မပြောင်းလဲသည့်သမ္မာတရား ရှိလေသည်။

ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံဖို့ ဆန္ဒရှိသူအတွက် သင့်လျော်သည့် သဘောထားနှင့် လက်တွေ့လုပ်ဆောင်ခြင်း

ယခုအခါ လူသည် ဘုရားသခင်၏ သြဇာအာဏာနှင့် လူ့ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်း အမှန်တရားကို မည်သည့် သဘောထားဖြင့် သိရှိပြီး ချဉ်းကပ်သင့်သနည်း။ ဤသည်မှာ လူတိုင်း၏ ရှေ့တွင် ရှိနေသော စစ်မှန်သည့် ပြဿနာတစ်ခု ဖြစ်သည်။ လက်တွေ့ဘဝတွင် ပြဿနာများကို ရင်ဆိုင်ရသည့်အခါ သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏ အချုပ်အခြာအာဏာကို မည်သို့ နားလည်ပြီး တွေ့ကြုံခံစားသင့်သနည်း။ သင်သည် ဤပြဿနာများနှင့် ရင်ဆိုင်ရပြီး ယင်းတို့ကို မည်သို့ နားလည်ရန်၊ ကိုင်တွယ်ရန်နှင့် တွေ့ကြုံရန် မသိသည့်အခါ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ရည်ရွယ်ချက်နှင့် ဆန္ဒအပြင် ဤကျိုးနွံနာခံခြင်း၏ လက်တွေ့ကျမှု သင့်တွင် ရှိကြောင်း သရုပ်ပြရန် သင်သည် မည်သည့် သဘောထားကို ခံယူသင့်သနည်း။ ပထမဦးစွာ သင်သည် စောင့်ဆိုင်းတတ်ရန် သင်ယူရမည်၊ ထို့နောက် သင်သည် ရှာဖွေရန် သင်ယူရမည်၊ ထို့နောက် သင်သည် ကျိုးနွံနာခံရန် သင်ယူရမည် ဖြစ်သည်။ “စောင့်ဆိုင်းခြင်း” ဟူသည်မှာ ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းခြင်း၊ သူက သင့်အတွက် စီစဉ်ပေးထားသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စောင့်ဆိုင်းခြင်းနှင့် ကိုယ်တော်၏ ရည်ရွယ်ချက်များကို သင့်အား တဖြည်းဖြည်း ထုတ်ဖော်ပြသရန် စောင့်ဆိုင်းခြင်းကို ဆိုလိုပေသည်။ “ရှာဖွေခြင်း” ဟူသည်မှာ ကိုယ်တော် စီစဉ်ညွှန်ကြားထားသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှတစ်ဆင့် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို ဆန်းစစ်ခြင်းနှင့် နားလည်ခြင်း၊ ယင်းတို့ထဲရှိ သမ္မာတရားများကို နားလည်ခြင်း၊ လူသားများ လုပ်ဆောင်သင့်သည့်အရာနှင့် ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်သည့် လမ်းကြောင်းများကို နားလည်ခြင်း၊ ပြီးလျှင် ဘုရားသခင်က လူသားများတွင် မည်သည့် ရလဒ်များကို ရရှိရန် ရည်ရွယ်သည်နှင့် ၎င်းတို့တွင် မည်သည့် အောင်မြင်မှုများကို ရရှိရန် ကိုယ်တော် ရည်ရွယ်သည်ကို နားလည်ခြင်းတို့ကို ဆိုလိုပေသည်။ “ကျိုးနွံနာခံခြင်း” ဟူသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားထားသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လက်ခံခြင်း၊ ကိုယ်တော်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ယင်းမှတစ်ဆင့် ဖန်ဆင်းရှင်သည် လူ့ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို မည်သို့ ကိုင်စွဲထားသည်၊ သူသည် လူကို သူ၏ အသက်ဖြင့် မည်သို့ ထောက်ပံ့သည်နှင့် သူသည် သမ္မာတရားကို လူ့အထဲသို့ မည်သို့ သွတ်သွင်းသည်တို့ကို တွေ့ကြုံခြင်းကို ရည်ညွှန်းသည်မှာ သေချာပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်ရှိ အရာခပ်သိမ်းသည် သဘာဝ နိယာမများကို လိုက်နာကြပြီး သင့်အတွက် ဘုရားသခင် စီစဉ်ကာ အချုပ်အခြာအာဏာ ကျင့်သုံးသည့် အရာအားလုံးကို လက်ခံရန် ယုံကြည်ခြင်း သင့်တွင် ရှိပါက သင်သည် စောင့်ဆိုင်းရန် သင်ယူသင့်သည်၊ သင်သည် ရှာဖွေရန် သင်ယူသင့်ပြီး သင်သည် ကျိုးနွံနာခံရန် သင်ယူသင့်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံရန် လိုလားသော လူတိုင်း ခံယူသင့်သည့် သဘောထား ဖြစ်ပြီး ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံကာ ကျိုးနွံနာခံရန် လိုလားသော လူတိုင်း ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံး အရည်အသွေးလည်း ဖြစ်ပေသည်။ ထိုသို့သော သဘောထားကို ထားရှိရန်၊ ထိုသို့သော အရည်အသွေးကို ပိုင်ဆိုင်ရန် သင်တို့သည် ပို၍ ကြိုးစားလုပ်ဆောင်ရမည်၊ သင်တို့ သမ္မာတရားကို နားလည်သောအခါမှသာ ရိုးသားစစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိနိုင်ပြီး စစ်မှန်သော လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ပေသည်။

ဘုရားသခင်ကို သင့်၏ အတုမရှိသည့် အချုပ်အခြာအာဏာရှင် အဖြစ် လက်ခံခြင်းက ကယ်တင်ခြင်းကို ရရှိဖို့ ပထမအဆင့် ဖြစ်သည်

ဘုရားသခင်၏ အခွင့်အာဏာနှင့်ပတ်သက်သည့် သမ္မာတရားများက လူတိုင်း လေးနက်စွာ မှတ်ယူရမည့်၊ ၎င်းတို့ နှလုံးသားနှင့် ကြုံတွေ့ပြီး နားလည်ရမည့် သမ္မာတရားများ ဖြစ်သည်။ ဤသမ္မာတရားများသည် လူတိုင်း၏ ဘဝ၊ လူတိုင်း၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အပေါ်၊ လူတိုင်းဘဝတွင် ဖြတ်သန်းရမည့် အရေးကြီးသည့် ဆုံမှတ်များအပေါ်တွင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆိုင်သော လူသား၏ အသိပညာနှင့် ဘုရားသခင်၏ သြဇာအာဏာကို ရင်ဆိုင်သည့်အခါ အသုံးပြုသင့်သည့် သဘောထားတို့အပေါ်၊ သဘာဝအလျောက် လူတိုင်း၏ နောက်ဆုံးခရီးပန်းတိုင်အပေါ် ဆက်နွယ်မှု ရှိနေသည့် အတွက်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို သိပြီး နားလည်ဖို့၊ ဘဝတစ်ခုလုံးစာ စွမ်းအင်များ လိုအပ်ပေသည်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို အတိအလင်းခံယူသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါ၊ ဘုရားသခင်၏ သြဇာအာဏာ၏ အမှန်တကယ် တည်ရှိခြင်း သမ္မာတရားကို သင်တဖြည်းဖြည်း သိမြင်ပြီး နားလည်လာလိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို သင်လုံးဝ မသိမှတ်သကဲ့သို့ သူ့ အချုပ်အခြာအာဏာကို လုံးဝလက်မခံပါက၊ သင်နှစ်မည်မျှ အသက်ရှင်ပြီးပါစေ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အသိပညာကို အနည်းငယ်ပင် သင်ရရှိမည်မဟုတ်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို အမှန်တကယ်သိပြီး နားလည်ခြင်း မရှိလျှင် သင်လမ်းဆုံးကို ရောက်သည့်အခါ ဘုရားသခင်ကို သင်ဆယ်စုနှစ်များစွာ ယုံကြည်ခဲ့သည့်တိုင် သင့်ဘဝအတွက် ပြစရာ ဘာမျှရှိမည်မဟုတ်သကဲ့သို့ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အသိပညာ အနည်းငယ်မျှ အလိုအလျောက် သင် ရှိလိမ့်မည်မဟုတ်။ ဤသည်မှာ အလွန်ဝမ်းနည်းစရာကောင်းသည့် အရာ မဟုတ်သလော။ ထို့ကြောင့် ဘဝတွင် သင်မည်မျှဝေးဝေး လျှောက်လှမ်းပြီးပါစေ၊ သင်ယခု မည်မျှ အသက်ကြီးနေပါစေ၊ သင်၏ ကျန်ရှိသည့်ခရီးက မည်မျှရှည်လျားပါစေ၊ ပထမဆုံး ဘုရားသခင်၏ သြဇာအာဏာကို သင် သိမှတ်ကာ လေးနက်စွာ ခံယူရမည်။ ပြီးလျှင် ဘုရားသခင်သည် သင်၏ အတုမရှိသည့် အချုပ်အခြာအာဏာရှင်ဖြစ်သည် ဆိုသည့်အချက်ကို လက်ခံရမည်။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် ဤအမှန်တရားများအပေါ် ရှင်းလင်းသည့်၊ တိကျသည့် သိမြင်မှုနှင့် နားလည်မှုကို ရယူခြင်းက လူတိုင်းအတွက် မဖြစ်မနေလိုအပ်သည့် သင်ခန်းစာဖြစ်သည်။ ယင်းသည် လူသားဘဝသိရှိခြင်းနှင့် အမှန်တရားကို ရယူခြင်း အတွက် သော့ချက်ဖြစ်သည်။ ယင်းမှာ နေ့စဉ်လူတိုင်း ရင်ဆိုင်ရသည့်၊ မည်သူမှ ရှောင်လွဲမရနိုင်သည့် ဘုရားသခင်ကို သိခြင်းနှင့်သက်ဆိုင်သော အသက်တာနှင့် အခြေခံသင်ခန်းစာတို့လည်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤပန်းတိုင်သို့ရောက်ဖို့ ဖြတ်လမ်းက သွားချင်ပါက၊ မဖြစ်နိုင်ဟု ယခု သင့်ကို ငါ ပြော၏။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်တို့ လွတ်မြောက်ချင်ပါက၊ ယင်းသည် ပို၍ပင်မဖြစ်နိုင်ချေ။ ဘုရားသခင်သည် လူသား၏ တစ်ဦးတည်းသော အချုပ်အခြာအာဏာရှင်ဖြစ်သည်။ ဘုရားသခင်သည် လူသားကံကြမ္မာ၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်သည်။ ထို့ကြောင့် လူသားအတွက် သူ့ကိုယ်ပိုင်ကံကြမ္မာကို အချုပ်အခြာအာဏာ ကိုင်စွဲရန် မဖြစ်နိုင်။ ယင်း၏ ပြင်ပသို့ ခြေလှမ်းဖို့ သူ့အတွက် မဖြစ်နိုင်ပေ။ လူတစ်ယောက်၏ အရည်အချင်းက မည်မျှပင် ကြီးမားပါစေ၊ အခြားလူများ၏ ကံကြမ္မာကို စီစဉ်ညွှန်ကြားဖို့၊ စီစဉ်ဖို့၊ ထိန်းချုပ်ဖို့ သို့မဟုတ် ပြောင်းလဲဖို့ မပြောနှင့်၊ မလွှမ်းမိုးနိုင်ပေ။ အတုမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင်သာ လူနှင့်ပတ်သက်သော အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်။ အကြောင်းမှာ အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို စွဲကိုင်သည့် အတုမရှိသော သြဇာအာဏာကို ပိုင်ဆိုင်သည့်အတွက်၊ ဖန်ဆင်းရှင် သာလျှင် လူသား၏ အတုမရှိသည့် အချုပ်အခြာအာဏာရှင်ဖြစ်သောကြောင့်တည်း။ ဘုရားသခင်၏ သြဇာအာဏာသည် ဖန်ဆင်းခံ လူသားမျိုးနွယ် အပေါ်သာမက မည်သည့်လူသားမျှ မမြင်နိုင်သည့် ဖန်ဆင်းခံ မဟုတ်သော အရာများအပေါ်၊ ကြယ်များအပေါ် စကြဝဠာ အပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထား၏။ ဤသည်မှာ ငြင်း၍မရသည့် အချက်၊ မည်သည့်လူသား သို့မဟုတ် မည်သည့်အမှုအရာကမျှ ပြောင်းလဲ၍မရသည့် အမှန်တကယ် တည်ရှိသော အချက်တစ်ခု ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးက ထူးခြားသည့် ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းများရှိသည်ဟု ယုံကြည်ရင်းနှင့်သင်ကံကောင်းပြီး သင့်လက်ရှိ အခြေအနေများကို ပြောင်းလဲနိုင်သည် သို့မဟုတ် လွတ်မြောက်နိုင်သည်ဟု ထင်မြင်ဆဲဖြစ်ရင်း ၎င်းတို့ပုံစံအတိုင်းရှိသည့် အမှုအရာများကို မကျေမနပ် ဖြစ်နေသေးပါက၊ သင်သည် လူသား၏အားထုတ်မှုနှင့် သင်၏ ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲပြီး ဤနည်းနှင့် အများထက် သာလွန်ပြီး အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရရှိဖို့ ကြိုစားပါက၊ သင်သည် မိမိကိုယ်ကိုယ်အတွက် ကိစ္စရပ်များကို ခက်ခဲအောင် လုပ်နေသည်ဟု သင့်ကို ငါဆို၏။ သင်သည် ပြဿနာကိုသာ ရှာနေခြင်းဖြစ်သည်။ ကိုယ့်သင်္ချိုင်းကိုယ်တူးနေခြင်း ဖြစ်သည်။ တစ်နေ့ အနှေးနှင့် အမြန်ဆိုသကဲ့သို့ မှားယွင်းသည့် ရွေးချယ်မှု သင်လုပ်ခဲ့သည်၊ သင်၏ အားထုတ်မှုများ ဖြုန်းတီးပစ်ခဲ့သည်ကို သင်တွေ့ရှိရလိမ့်မည်။ သင့် ရည်မှန်းချက်၊ ကံကိုဆန့်ကျင်ပြီး ရုန်းကန်လှုပ်ရှားဖို့ သင့်ဆန္ဒ၊ သင်၏ ကိုယ်ပိုင် ပြောင်မြောက်လှသည့် လုပ်ဆောင်မှုများသည် ပြန်လမ်းမရှိသည့် လမ်းသို့ သင့်ကို ပို့ဆောင်ပေးပါလိမ့်မည်။ ဤအတွက် သင်သည် ခါးသီးသည့် အဖိုးအခတစ်ခု သင် ပေးရလိမ့်မည်။ လက်ရှိအချိန်တွင် အကျိုးဆက်များ၏ ပြင်းထန်မှုကို သင် မမြင်သော်လည်း ဘုရားသခင်သည် လူသားကံကြမ္မာ၏ အချုပ်အခြာအာဏာရှင်ဖြစ်သည်ဆိုသည့် သမ္မာတရားကို တွေ့ကြုံပြီး ပိုပြီး နက်ရှိုင်းစွာ အသိအမှတ် ပြုလာသည်နှင့်အမျှ ယနေ့ ငါပြောနေသည့်အရာနှင့် ယင်း၏ သက်ရောက်မှုကို သင်တဖြည်းဖြည်း သိမြင်လာလိမ့်မည်။ သင်သည် စိတ်နှလုံးနှင့် ဝိညာဉ်တစ်ခု ဧကန်ရှိ၊ မရှိ၊ သမ္မာတရားကို ချစ်သည့်လူ သင်ဟုတ်၊ မဟုတ်၊ ဆိုသည်တို့မှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် သမ္မာတရားအပေါ် မည်သို့ သဘောထားမျိုး သင် ခံယူသည်ဆိုသည့်အပေါ် မူတည်ပေသည်။ ဤအချက်သည် ဘုရားသခင်၏ သြဇာအာဏာကို သင်အမှန်တကယ် သိပြီး နားလည်ခြင်း ရှိ၊ မရှိဆိုသည်ကို အလိုအလျောက် သတ်မှတ် ပေးသည်။ သင့်ဘဝ၌ ဘုရားသခင်၏ သြဇာအာဏာကို သိမှတ်ပြီး လက်ခံဖို့ နေနေသာသာ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ အစီအစဉ်များအား ဘယ်သောအခါမျှ မခံစားဖူးပါက၊ သင်သည် လုံးဝ တန်ဖိုးမရှိသူ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်ခံယူခဲ့သည့် လမ်းကြောင်းနှင့် သင်ပြုလုပ်ခဲ့သည့် ရွေးချယ်မှုတို့ကြောင့် သင်သည် ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းကို အမှန်တကယ် ခံရသည့်သူ ဖြစ်လိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ အမှု၌ သူ၏စမ်းသပ်မှုကို လက်ခံနိုင်သူ၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံနိုင်သူ၊ သူ့၏ သြဇာအာဏာကို ကျိုးနွံနာခံပြီး သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံ များကို တဖြည်းဖြည်း ရရှိသောသူတို့သည် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာ၊ သူ၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် စစ်မှန်သော နားလည်သဘောပေါက်မှုတို့ကို ရရှိပေလိမ့်မည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ကို အရှုံးပေးအပ်နှံသောသူများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ ထိုသို့သောလူများသာ အမှန်တကယ် ကယ်တင်ခြင်းခံရမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိသောကြောင့်၊ ယင်းကို လက်ခံသောကြောင့် ၎င်းတို့တွင် လူ၏ ကံကြမ္မာအပေါ် ဘုရားသခင်သည် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည့်အချက်ကို တိကျမှန်ကန်သော၊ စစ်မှန်သော အသိအမှတ်ပြုခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိကြသည်။ ၎င်းတို့သည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ကိုယ်ပိုင်ရွေးချယ်မှု မပါဝင်ဘဲ၊ ကိုယ်ပိုင်ဆန္ဒမပါဝင်ဘဲ ယောဘကဲ့သို့ သေခြင်းကို မဖြုံသောစိတ်ရှိကာ အရာခပ်သိမ်း၌ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်တို့ကို ကျိုးနွံနာခံကြလိမ့်မည်။ ထိုသို့သောလူမျိုးသာ စစ်မှန်သည့် ဖန်ဆင်းခံ လူသားတစ်ဦးအဖြစ် ဖန်ဆင်းရှင်ထံပါးသို့ ပြန်လာနိုင်လိမ့်မည်။

၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်

အရှေ့သို့-  အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

နောက်တစ်ခုသို့-  အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger