ဂ။ အန္တိခရစ်များအား ပိုင်းခြားသိမြင်နည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဘုရားသခင်သည် အန္တိခရစ်များကို အဘယ်သို့ စရိုက်လက္ခဏာကို သရုပ်ဖော်သနည်း။ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်အား ဆန့်ကျင်သူတို့ကမူ ဘုရားသခင်၏ ရန်သူများဖြစ်သည်။ သမ္မာတရားကို ဆန့်ကျင်ခြင်း၊ ဘုရားသခင်ကို မုန်းတီးခြင်း၊ အပြုသဘောဆောင်သော အရာများအားလံးကို မုန်းတီးခြင်းတို့သည် သာမန်လူတို့တွင်တွေ့ရှိသည့် ယာယီအားနည်းမှု သို့မဟုတ် မိုက်မဲမှု မဟုတ်သကဲ့သို့ လွဲချော်နေသော သဘောပေါက်နားလည်မှု ဖြစ်သည့် အချိန်တစ်ခဏမှ ဖြစ်ပေါ်သော မမှန်ကန်သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ ထုတ်ဖော်ခြင်း မဟုတ်ပေ။ ဤသည်မှာ ပြဿနာမဟုတ်။ ပြဿနာမှာ ၎င်းတို့သည် အန္တိခရစ်များဖြစ်သည်။ ဘုရားသခင်၏ ရန်သူများဖြစ်သည်။ အပြုသဘောဆောင်သောအရာများအားလုံးနှင့် သမ္မာတရားအားလုံးကို မုန်းတီးသည်။ ယင်းတို့သည် ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်သော စရိုက်လက္ခဏာများဖြစ်သည်။ ဘုရားသခင်က ဤသို့သော စရိုက်လက္ခဏာများကို မည်သို့ရှုမြင်သနည်း။ ဘုရားသခင်က ၎င်းတို့ကို မကယ်တင်ပေ။ ဤလူတို့သည် သမ္မာတရားကို စက်ဆုပ်ပြီး မုန်းတီးသည်။ ၎င်းတို့တွင် အန္တိခရစ်များ၏ သဘာဝအနှစ်သာရရှိသည်။ ဤအရာကို သင်တို့နားလည်သလော။ ဤနေရာတွင် ဖော်ထုတ်ခြင်း ခံရသည့်အရာသည် ကောက်ကျစ်ဆိုးယုတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် သမ္မာတရားအပေါ် မုန်းတီးမှုဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြားတွင် အပြင်းထန်ဆုံး စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်ပြီး စာတန်၏ ထုံးစံအတိုင်း အဖြစ်ဆုံးသော၊ အဓိကအကျဆုံးသော စရိုက်လက္ခဏာများကို ကိုယ်စားပြုသည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကိုယ်စားမပြု။ အန္တိခရစ်များသည် ဘုရားသခင်ကို အန္တရာယ်ပေးသော အင်အားစုတစ်ခုဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ကို အဖျက်အမှောင့်လုပ်ပြီး ထိန်းချုပ်နိုင်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို ဖြိုဖျက်ပြီး နှောင့်ယှက်နိုင်စွမ်း ရှိသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသော သာမန်လူတို့ လုပ်ဆောင်နိုင်သော အရာတစ်ခုမဟုတ်။ အန္တိခရစ်များသာ ဤသို့သောလုပ်ရပ်များကို လုပ်နိုင်စွမ်းရှိသည်။ ဤအမှုကိစ္စကို လျှော့မတွက်နှင့်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆
ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင်၊ ဘုရားသခင်ကို လူသားက အတိုက်အခံလုပ်ခြင်း ရှိ၊ မရှိဆိုသည်ကို တိုင်းတာမှုမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိ၊ မရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည်ကိုပင် သို့မဟုတ် သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကိုပင် မသိခဲ့ကြသောကြောင့်၊ ဘုရားသခင်အား အတိုက်အခံလုပ်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ လုံးဝ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ လုံးဝ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့်၊ လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် အလွန်အကျွံ မြင့်မားသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ လူ့ဇာတိရှိသည့် ဘုရားသခင်၏ လုပ်ဆောင်ချက်များအားလုံးကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ ကျိုးနွံနာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ အတိုက်အခံလုပ်သောသူတို့မှာမူ ဘုရားသခင်၏ အတိုက်အခံလုပ်သူများအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်သော ရန်သူများ ဖြစ်ကြလေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်
လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည် ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်
သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ ကျိုးနွံနာခံခြင်း မရှိခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့ကျိုးနွံနာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကို နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိ် အထွတ်အထိပ်အဖြစ်ဆုံးဟု တွေးထင်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ ကျိုးနွံနာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားနဲ့၊ ကျိုးနွံနာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက်နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် ကျိုးနွံနာခံသောသူတို့သည် ဘုရားသခင်၏ ရယူခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်
ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး “ဘုရားသခင်”ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အောင်လံကို သယ်သော်လည်း ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်သော၊ လူ၏ အသားကိုစားပြီး အသွေးကိုသောက်စဉ်တွင် ဘုရားသခင်ကို ယုံကြည်သည့် အမှတ်တံဆိပ်ကို သယ်ဆောင်သောလူတို့ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် နှောင့်ယှက်သော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ခိုင်မာသည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် မြှုပ်နှံထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်
ဘာသာတရားနှင့် ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ကာ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၏ လမ်းညွှန်ခံရသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် အသိပညာကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ တရားမဟောနိုင်ပါက လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်ကိုလည်းကောင်း၊ လှည့်ကွက်အချို့ကို မည်ကဲ့သို့ အသုံးချရမည်ကိုလည်းကောင်း သိကြသည်။ သူတို့သည် လူများကို လှည့်ဖြားကာ မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ဤအရာများကို အသုံးပြုကြသည်။ ထိုလူများသည် ဘုရားသခင်ကို အမည်ခံသဘောအရ ယုံကြည်ကြသော်လည်း လက်တွေ့တွင်မူ သူတို့သည် ဤခေါင်းဆောင်များ နောက်သို့ လိုက်ကြသည်။ သူတို့သည် မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ သူတို့ထဲမှ အချို့တို့က “ယုံကြည်မှုနှင့် ပတ်သက်သည့်ကိစ္စများအကြောင်း ကျွန်ုပ်တို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ မှန်သောလမ်းခရီးကို လက်ခံခြင်းတို့နှင့်ပတ်သက်သည့်အခါ လူတို့သည် အခြားသူများ၏ သဘောတူညီချက်နှင့် လက်ခံမှု လိုအပ်ပုံကို ကြည့်လော့။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များသည် အဘယ်အရာများ ဖြစ်လာကြပြီနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ အတားအဆီးများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ငါတို့သည် ဘာသာရေးအသိုင်းအဝိုင်းများအတွင်းရှိ ခေါင်းဆောင်များစွာအား ဧဝံဂေလိတရားတော်ကို ကြိမ်ဖန်တလဲလဲ ဟောကြားခဲ့ပြီးသော်လည်း သမ္မာတရားအပေါ် ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့လက်မခံကြပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားမှုသည် ပင်ကိုစရိုက်သဖွယ် ဖြစ်နေကာ ဘုရားသခင်သည် ၎င်းတို့၏စိတ်နှလုံးထဲတွင် နေရာမရှိတော့သည့်အတွက်ကြောင့် ဖြစ်သည်။ လူအချို့က “ဘာသာရေးလောကရှိ သင်းအုပ်ဆရာအချို့၏ ဦးဆောင်မှုအောက်တွင် လူတို့သည် အလွန်ပင် စိတ်ဓာတ်ခွန်အား တက်ကြွကြ၏။ ၎င်းတို့အကြားတွင် ဘုရားသခင် ရှိနေသကဲ့သို့ဖြစ်၏” ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် စိတ်ထက်သန်မှုရှိခြင်းကို စိတ်ဓာတ်ခွန်အား တက်ကြွခြင်းအဖြစ် မှတ်ယူသလော။ ထိုသင်းအုပ်ဆရာတို့၏ သီအိုရီများသည် မည်မျှပင် မြင့်မြတ်သည့် ပုံစံရှိနိုင်ပါစေ ဘုရားသခင်ကို ၎င်းတို့သိကြသလော။ ၎င်းတို့သည် ၎င်းတို့၏ စိတ်အတွင်းတွင် ဘုရားသခင်ကို အမှန်တကယ်ကြောက်ရွံ့ပါက လူတို့အား ၎င်းတို့နောက်သို့ လိုက်စေ၍ ၎င်းတို့အား ချီးမြှောက်စေကြလိမ့်မည်လော။ ၎င်းတို့သည် အခြားသူများအား ထိန်းချုပ်နိုင်မည်လော။ သမ္မာတရားကို ရှာဖွေ၍ စစ်မှန်သောလမ်းခရီးကို စုံစမ်းနေသော အခြားသူများကို တားဆီးရဲမည်လော။ ဘုရားသခင်၏သိုးတို့သည် အကယ်စင်စစ်အားဖြင့် ၎င်းတို့၏သိုးများဖြစ်၍ ထိုသိုးများအားလုံးက ၎င်းတို့ကို နားထောင်သင့်သည်ဟု ၎င်းတို့ကယုံကြည်လျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားအဖြစ် မှတ်ယူနေခြင်းဖြစ်သည် မဟုတ်ပေလော။ ထိုသို့သောလူတို့သည် ဖာရိရှဲများထက်ပင် သာ၍ ဆိုးရွား၏၊ ၎င်းတို့သည် အန္တိခရစ်စစ်စစ်များပင် မဟုတ်ကြသလော။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်
ဘာသာရေးလောက၏ သင်းအုပ်များနှင့် အကြီးအကဲများအားလုံးသည် သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် ဓမ္မပညာကို လေ့လာသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲများ ဖြစ်ကြသည်။...ခရစ်ယာန်ဘာသာနှင့် ကက်သလစ်ဘာသာတို့၌ သမ္မာကျမ်းစာ၊ ဓမ္မပညာ၊ ဘုရားသခင်၏ အမှုတော်သမိုင်းကိုပင် လေ့လာသောသူတို့သည် အမှန်တကယ် ယုံကြည်သူများ ဟုတ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ပြောသည့် သူ၏ ယုံကြည်သူများနှင့်လည်းကောင်း၊ နောက်လိုက်များနှင့်လည်းကောင်း ကွာခြားကြသလော။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ယုံကြည်သူများ ဖြစ်ကြသလော။ မဟုတ်ပေ၊ ၎င်းတို့သည် ဓမ္မပညာကို လေ့လာကြသည်၊ ဘုရားသခင်ကို လေ့လာကြသော်လည်း ဘုရားသခင်နောက်သို့ မလိုက်ကြ သို့မဟုတ် သူ့ကို သက်သေမခံကြပေ။ ၎င်းတို့၏ ဘုရားသခင်ကို လေ့လာခြင်းသည် သမိုင်း၊ ဒဿနိကဗေဒ၊ ဥပဒေ၊ ဇီဝဗေဒ သို့မဟုတ် နက္ခတ္တဗေဒကို လေ့လာသောသူတို့နှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့က သိပ္ပံ သို့မဟုတ် အခြားဘာသာရပ်များကို မကြိုက်နှစ်သက်ကြဘဲ ဓမ္မပညာကို လေ့လာရန် ၎င်းတို့ အထူးတလည် ကြိုက်နှစ်သက်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို လေ့လာရန် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့်တိုလီမုတ်စများကို ရှာဖွေခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်ကြသလော။ လုံးဝ မတွေ့ရှိနိုင်ကြပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားလည်နိုင်ကြသလော။ (နားမလည်နိုင်ကြပါ။) အဘယ်ကြောင့်နည်။ အကြောင်းမှာ ၎င်းတို့သည် စကားလုံးများ၊ အသိပညာ၊ ဒဿနိကဗေဒ၊ လူ့စိတ်နှင့် လူ့အတွေးအခေါ်များဖြင့် အသက်ရှင်နေကြသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်တွေ့ရမည်မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကိုလည်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို မည်သို့ သတ်မှတ်သနည်း။ မယုံကြည်သူများအဖြစ်၊ ဘာသာတရားမရှိသူများအဖြစ် သတ်မှတ်သည်။ ဤဘာသာတရားမရှိသူများနှင့် မယုံကြည်သူများသည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ်၊ ခရစ်ယာန်များအဖြစ် ဟန်ဆောင်လျက် ခရစ်ယာန်အသိုင်းအဝိုင်းဟု ခေါ်ဆိုကြသည့်အရာအတွင်း၌ ရောနှောနေထိုင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း ရှိကြသလော။ ၎င်းတို့၌ စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ အချက်တစ်ချက်မှာ သေချာသည်။ ၎င်းတို့ထဲမှ အတော်များများသည် မိမိတို့စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာစွဲကိုင်သည်ကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်က လူ့ဇာတိခံယူနိုင်သည်ကို သာ၍ပင် ယုံကြည်မှုနည်းကြသည်။ ဤမယုံကြည်ခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ သံသယဝင်ခြင်းနှင့် ငြင်းပယ်ခြင်းကို ဆိုလိုသည်။ ဘုရားသခင် ပြောဆိုထားသည့် ပရောဖက်ပြုချက်များ၊ အထူးသဖြင့် ကပ်ဘေးများနှင့်သက်ဆိုင်သော ပရောဖက်ပြုချက်များ ပြည့်စုံလာမည် သို့မဟုတ် ဖြစ်ပေါ်လာမည်ကို မျှော်လင့်ခြင်းမရှိသည့် သဘောထားကိုပင် ၎င်းတို့ ခံယူကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ သဘောထားဖြစ်ပြီး ၎င်းတို့၏ ယုံကြည်ခြင်းဟုခေါ်ဆိုကြသည့်အရာ၏ အနှစ်သာရနှင့် စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။ ဤလူတို့သည် ဓမ္မပညာနှင့်ဆိုင်သည့် ဘာသာရပ်နှင့် အသိပညာကိုလည်းကောင်း၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သမိုင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း အထူးတလည် စိတ်ဝင်စားသောကြောင့် ဘုရားသခင်ကို လေ့လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဓမ္မပညာကို လေ့လာသော ပညာတတ်အုပ်စုသက်သက်သာ ဖြစ်ကြသည်။ ဤပညာတတ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ သို့ဖြစ်၍ ဘုရားသခင်က အမှုပြုရန် ကြွလာသောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာသောအခါ ၎င်းတို့ မည်သို့ တုံ့ပြန်ကြသနည်း။ ဘုရားသခင်က လူ့ဇာတိခံယူပြီး အမှုတော်သစ်ကို စတင်ခဲ့ကြောင်း ၎င်းတို့ ကြားသိရသောအခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ အဘယ်နည်း။ “မဖြစ်နိုင်ပါ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နာမတော်သစ်နှင့် ဘုရားသခင်၏ အမှုတော်သစ်ကို ဟောပြောသည့် မည်သူမဆို၊ ထိုသူကို ၎င်းတို့က ရှုတ်ချကြပြီး သတ်ပစ်ရန် သို့မဟုတ် ဖယ်ရှားရှင်းလင်းရန်ပင် အလိုရှိကြသည်။ ဤသည်မှာ မည်သည့် သရုပ်သကန်မျိုး ဖြစ်သနည်း။ ဤသည်မှာ သမားရိုးကျ အန္တိခရစ်တစ်ဦး၏ သရုပ်သကန် မဟုတ်လော။ ၎င်းတို့နှင့် ရှေးခေတ် ဖာရိရှဲများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်များအကြား ကွာခြားချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အပေါ်၊ နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းအပေါ်၊ ဘုရားသခင် လူ့ဇာတိခံယူခြင်းအပေါ် ရန်လိုကြပြီး၊ ထို့ထက်ပင်သာ၍ ဘုရားသခင်၏ ပရောဖက်ပြုချက်များ ပြည့်စုံခြင်းကို ရန်လိုကြသည်။ ၎င်းတို့က “အကယ်၍ သင်သည် လူ့ဇာတိမခံယူပါက၊ ဝိညာဉ်ခန္ဓာပုံစံဖြင့် ရှိနေပါက သင်သည် ဘုရားဖြစ်သည်။ အကယ်၍ သင်သည် လူ့ဇာတိခံယူပြီး လူတစ်ဦးဖြစ်လာပါက သင်သည် ဘုရားမဟုတ်သကဲ့သို့ သင့်ကို ကျွန်ုပ်တို့ အသိအမှတ်မပြုပါ” ဟု ယုံကြည်ကြသည်။ ဤသည်မှာ အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ၎င်းတို့အနေဖြင့် ဤနေရာ၌ ရှိနေသရွေ့ ဘုရားသခင်ကို လူ့ဇာတိခံယူခွင့်ပြုမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသည်မှာ သမားရိုးကျ အန္တိခရစ်တစ်ဦး မဟုတ်လော။ ဤသည်မှာ စစ်မှန်သော အန္တိခရစ်တစ်ဦး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)
လူ့ဇာတိခံ ဘုရားသခင်ကို ၎င်းတို့ ဆက်ဆံရာတွင် အန္တိခရစ်များ၏ နောက်ထပ် သရုပ်သကန်တစ်ခု ရှိသေးသည်၊ ၎င်းတို့က “ခရစ်တော်သည် သာမန်လူတစ်ဦးဖြစ်သည်ကို မြင်လိုက်ရသည့်အခါမှာပင် ကျွန်ုပ်စိတ်ထဲ၌ အယူအဆများ ဖြစ်ပေါ်လာသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုသည်မှာ ဘုရား၏ ဖော်ပြချက်တစ်ခုဖြစ်သည်၊ ယင်းသည် သမ္မာတရားဖြစ်ပြီး ကျွန်ုပ် ဝန်ခံသည်။ ကျွန်ုပ်တွင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်တစ်အုပ် ရှိပြီး ယင်းနှင့်ပင် လုံလောက်ပြီဖြစ်သည်။ ကျွန်ုပ် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံရန် မလိုအပ်ပေ။ အကယ်၍ ကျွန်ုပ်၌ အယူအဆများ၊ အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်း ရှိပါက ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့် ယင်းတို့ကို ဖြေရှင်းနိုင်သည်။ လူ့ဇာတိခံ ဘုရားနှင့် ထိတွေ့ဆက်ဆံပါက အယူအဆများ ဖြစ်ပေါ်ရန် လွယ်ကူပြီး ဤသည်မှာ ကျွန်ုပ် အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေကြောင်း ပြသလိမ့်မည်။ အကယ်၍ ကျွန်ုပ်သည် ဘုရား၏ ပြစ်တင်ရှုတ်ချခြင်းကို မတော်တဆ ခံရမည်ဆိုလျှင် ကျွန်ုပ်၌ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်ဘာသာ ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်နေခြင်းက ပိုကောင်းသည်။ လူတို့ကို ကယ်တင်နိုင်သူမှာ ကောင်းကင်ဘုံ၌ရှိသော ဘုရားသာလျှင်ဖြစ်သည်” ဟု ဆိုကြသည်။ ဘုရားသခင်၏ မျက်မှောက်ခေတ် နှုတ်ကပတ်တော်များ၊ မိတ်သဟာယဖွဲ့ခြင်း၊ အထူးသဖြင့် အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ဖော်ထုတ်သည့် ထိုနှုတ်ကပတ်တော်များမှာ အန္တိခရစ်များ၏ စိတ်နှလုံးကို အများဆုံး နာကျင်စေကာ ၎င်းတို့အတွက် စိတ်ဆင်းရဲဖွယ် အကောင်းဆုံး ဖြစ်သည်။ ဤအရာများသည် အန္တိခရစ်များ ဖတ်ရှုရန် မလိုလားဆုံးသော နှုတ်ကပတ်တော်များ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ကမ္ဘာမြေကြီးမှ မကြာမီ ထွက်ခွာသွားရန်ကို အန္တိခရစ်များက မိမိတို့၏ စိတ်နှလုံးထဲ၌ ဆန္ဒရှိကြသည်၊ ဤသို့ဖြင့် ၎င်းတို့သည် ကမ္ဘာမြေပေါ်၌ မိမိတို့၏ ကိုယ်ပိုင်အာဏာစက်ဖြင့် အုပ်စိုးနိုင်ကြမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိ၊ ဤသာမန်လူသည် ၎င်းတို့အတွက် မလိုလားအပ်သောသူ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ဤသို့ ဆင်ခြင်သုံးသပ်ကြသည်၊ “ခရစ်တော်၏ တရားဒေသနာများကို မနာခံမီက ကျွန်ုပ် အရာရာကို နားလည်ပြီး ကဏ္ဍအားလုံး၌ အဆင်ပြေသည်ဟု ခံစားခဲ့ရသည်၊ သို့သော် ခရစ်တော်၏ တရားဒေသနာများကို နားထောင်ပြီးသည့်နောက်၌မူ မတူတော့ပေ။ ယခု ကျွန်ုပ်၌ မည်သည့်အရာမျှ မရှိသကဲ့သို့ ခံစားရသည်၊ ကျွန်ုပ် အလွန် အရေးမပါသည့်အပြင် သနားစရာကောင်းသည်ဟု ခံစားရသည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ဖော်ထုတ်နေခြင်း မဟုတ်ဘဲ အခြားသူများကို ဖော်ထုတ်နေခြင်းဖြစ်သည်ဟု ၎င်းတို့က ဆုံးဖြတ်ကြပြီး ခရစ်တော်၏ တရားဒေသနာများကို နားထောင်ရန် မလိုအပ်ဟုလည်းကောင်း၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ဖတ်ရှုခြင်းသည် လုံလောက်သည်ဟုလည်းကောင်း ထင်ကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ဘုရားသခင် လူ့ဇာတိခံယူခြင်းဟူသော အချက်ကို ငြင်းပယ်ရန်၊ ခရစ်တော်က သမ္မာတရားကို ဖော်ပြသည်ဟူသော အချက်ကို ငြင်းပယ်ရန်ဖြစ်ပြီး ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံခြင်းအားဖြင့် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိလာမည်ဖြစ်ကာ ၎င်းတို့သည် အသင်းတော်၌ ဘုရင်များအဖြစ် စိုးစံနိုင်မည်ဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်ကို ယုံကြည်ရာ၌ ၎င်းတို့၏ ကနဦးရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု တွေးထင်ကြသည်။ အန္တိခရစ်များ၌ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဟူသော မွေးရာပါ သဘာဝတစ်ခု ရှိသည်၊ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့် မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဖီလာဖြစ်ကာ ထာဝရ သဟဇာတမဖြစ်နိုင်ကြပေ။ ၎င်းတို့သည် ခရစ်တော် တည်ရှိနေသည့် နေ့ရက်တိုင်းသည် ၎င်းတို့ ပေါလွင်ရန် ခက်ခဲမည့်နေ့ရက်ဖြစ်ပြီး ၎င်းတို့သည် ပြစ်တင်ရှုတ်ချခြင်း၊ ဖယ်ရှားရှင်းလင်းခြင်း၊ ဖျက်ဆီးခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရမည့်အန္တရာယ်၌ ရှိနေသည်ဟု ၎င်းတို့ ထင်ကြသည်။ ခရစ်တော်က စကားမပြောဘဲ အလုပ်မလုပ်သရွေ့၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက ခရစ်တော်ကို ကိုးစားခြင်း မရှိသရွေ့ အန္တိခရစ်များက အခွင့်သာကြလေသည်။ ၎င်းတို့၌ မိမိတို့၏ စွမ်းဆောင်နိုင်မှုများကို ပြသရန် အခွင့်အရေးတစ်ခု ရှိသည်။ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် လူအုပ်ကြီးသည် ၎င်းတို့ဘက်သို့ ဘက်ပြောင်းသွားကြမည်ဖြစ်ပြီး အန္တိခရစ်များသည် ဘုရင်များအဖြစ် စိုးစံနိုင်ကြသည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ခရစ်တော်ကို မုန်းတီးခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သူက ပို၍ ပါရမီရှိသည် သို့မဟုတ် မည်သူက ပို၍ စွမ်းဆောင်နိုင်သည်ကို ခရစ်တော်နှင့် ယှဉ်ပြိုင်ကြသည်၊ ၎င်းတို့သည် မည်သူ၏ စကားများက ပို၍ တန်ခိုးရှိပြီး မည်သူ၏ စွမ်းဆောင်နိုင်မှုများက ပို၍ ကြီးမြတ်သည်ကို ခရစ်တော်နှင့် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် ခရစ်တော်ပြုသည့်အရာနှင့် ထပ်တူကျသောအရာကို လုပ်ဆောင်နေကြသဖြင့် ၎င်းတို့နှင့် ကိုယ်တော်သည် လူသားများပင် ဖြစ်လင့်ကစား ခရစ်တော်၏ စွမ်းဆောင်နိုင်မှုများနှင့် ပညာဗဟုသုတသည် သာမန်လူတစ်ဦးထက် မပိုကြောင်း အခြားသူများကို မြင်တွေ့စေရန် ကြိုးစားကြသည်။ အန္တိခရစ်များသည် အရာရာ၌ ခရစ်တော်နှင့် ယှဉ်ပြိုင်ကြပြီး မည်သူက ပိုသာသည်ကို ပြိုင်ဆိုင်ကာ ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း၊ ကိုယ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကြောင်းနှင့် ကိုယ်တော်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်ကြောင်းဟူသော အချက်ကို ရှုထောင့်တိုင်းမှ ငြင်းပယ်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ခရစ်တော်ကို ဘုရားသခင် ရွေးချယ်ထားသောလူများအကြား၌ အာဏာကိုင်စွဲခြင်းမှ တားဆီးရန်၊ ခရစ်တော်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ ရွေးချယ်ထားသောလူများအကြား၌ ဖြန့်ချိခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းမှ တားဆီးရန်နှင့် ခရစ်တော် ပြုလုပ်သောအမှုအရာများ၊ လူတို့အပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့် မျှော်လင့်ချက်များကိုပင် ဘုရားသခင် ရွေးချယ်ထားသောသူများအကြား၌ အကောင်အထည် ပေါ်ခြင်းမှ တားဆီးရန်အတွက် ကဏ္ဍတိုင်း၌ နည်းလမ်းအမျိုးမျိုးကိုလည်း စဉ်းစားကြသည်။ ခရစ်တော် ရှိနေသောအခါ ၎င်းတို့သည် နှာခေါင်းရှုံ့ခြင်းခံရပြီး အသင်းတော်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကာ မှောင်မိုက်သော ချောင်တစ်ချောင်တွင် ထားရှိခံရသော လူတစ်စုအလားပင် ဖြစ်လေသည်။ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များတွင် ငါတို့ မြင်တွေ့နိုင်သည်မှာ အနှစ်သာရနှင့် စိတ်သဘောထားအရ ၎င်းတို့ကို ခရစ်တော်နှင့် သင့်မြတ်အောင် ပြုလုပ်၍မရနိုင်ပေ၊ ၎င်းတို့သည် ကိုယ်တော်နှင့် ကောင်းကင်တစ်ခုတည်းအောက်၌ အတူယှဉ်တွဲ မနေနိုင်ချေ။ အန္တိခရစ်များသည် မွေးကတည်းက ဘုရားသခင်ကို ရန်လိုခဲ့ကြသည်၊ ၎င်းတို့သည် ခရစ်တော်ကို အတိုက်အခံလုပ်ရန်အတွက် သီးသန့် ပေါ်ထွက်လာခြင်းဖြစ်ပြီး ၎င်းတို့သည် ခရစ်တော်ကို အနိုင်ယူပြီး ချေမှုန်းလိုကြသည်။ ၎င်းတို့သည် ခရစ်တော် ပြုလုပ်သောအလုပ်အားလုံး အချည်းနှီးဖြစ်ပြီး မည်သည့်အရာမျှ မဖြစ်မြောက်စေလိုကြ၊ သို့မှသာ အဆုံးတွင် ခရစ်တော်သည် လူများစွာကို မရရှိဘဲ ကိုယ်တော် မည်သည့်နေရာ၌ အလုပ်လုပ်သည်ဖြစ်စေ ရလဒ်မရရှိဘဲ ဖြစ်ပေလိမ့်မည်။ သို့မှသာ အန္တိခရစ်များ ပျော်ရွှင်ကြလိမ့်မည်။ အကယ်၍ ခရစ်တော်က သမ္မာတရားများကို ဖော်ပြပြီး လူတို့သည် ယင်းတို့အတွက် ဆာငတ်ကြလျှင်၊ ယင်းတို့ကို ရှာဖွေကြလျှင်၊ ဝမ်းမြောက်စွာ လက်ခံကြလျှင်၊ ခရစ်တော်အတွက် မိမိတို့ကိုယ်ကို အသုံးခံလိုစိတ် ရှိကြလျှင်၊ အရာရာတိုင်းကို စွန့်လွှတ်လိုပြီး ခရစ်တော်၏ ဧဝံဂေလိတရားကို ဖြန့်ချိလိုလျှင် အန္တိခရစ်များသည် စိတ်ဓာတ်ကျလာပြီး နက်ဖြန်အတွက် မျှော်လင့်ချက် မရှိတော့ဟုလည်းကောင်း၊ ငရဲသို့ ပစ်ချခံရဘိသကဲ့သို့ ၎င်းတို့ ပေါ်လွင်ရန် အခွင့်အရေး မည်သည့်အခါမျှ ရှိတော့မည် မဟုတ်ဟုလည်းကောင်း ခံစားကြရသည်။ အန္တိခရစ်များ၏ ဤသရုပ်သကန်များကို ကြည့်လျှင် ဘုရားသခင်ကို တိုက်ခိုက်ပြီး ကိုယ်တော့်ကို ရန်လိုစိတ်ဖြင့် သဘောထားသည့် ၎င်းတို့၏ ဤအနှစ်သာရကို အခြားတစ်စုံတစ်ဦးက ၎င်းတို့အထဲသို့ သွတ်သွင်းပေးခဲ့ခြင်းလော။ လုံးဝ မဟုတ်ပေ၊ ၎င်းတို့သည် ယင်းနှင့်အတူ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် မွေးကတည်းက နတ်ဆိုး၏ ပြန်လည်ဝင်စားခြင်း၊ ကမ္ဘာမြေသို့ ရောက်လာသော နတ်ဆိုးဖြစ်သည့် လူအမျိုးအစားတစ်ရပ် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံနိုင်မည်မဟုတ်ဘဲ ခရစ်တော်ကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်၊ ခရစ်တော်ကို မည်သည့်အခါမျှ ချီးမြှောက်မည်မဟုတ်၊ သို့မဟုတ် ခရစ်တော်ကို မည်သည့်အခါမျှ သက်သေခံမည် မဟုတ်ပေ။ အပေါ်ယံအားဖြင့် ၎င်းတို့ ခရစ်တော်ကို လူသိရှင်ကြား တရားစီရင်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ပြုသည်ကို သင် မြင်တွေ့ရမည်မဟုတ်သော်လည်း ၎င်းတို့သည် လိုက်လျောညီထွေစွာ အားထုတ်မှုအချို့ကို ပြုလုပ်ပြီး အဖိုးအခကို ပေးဆပ်နိုင်သော်လည်း ၎င်းတို့၌ အခွင့်အရေးတစ်ခု ရရှိသည်နှင့်တစ်ပြိုင်နက် အချိန်ကျသောအခါ အန္တိခရစ်များ၏ ဘုရားသခင်နှင့် သင့်မြတ်အောင် ပြုလုပ်၍မရနိုင်ခြင်းသည် ပေါ်လာလိမ့်မည်။ အန္တိခရစ်များ ဘုရားသခင်ကို တိုက်ခိုက်ပြီး လွတ်လပ်သော နိုင်ငံတော်တစ်ခုကို တည်ထောင်သည်ဟူသော အချက်သည် လူသိရှင်ကြား ဖြစ်လာလိမ့်မည်။ ဤအရာအားလုံးသည် အန္တိခရစ်များ ရှိသောနေရာများ၌ ယခင်က ဖြစ်ပျက်ခဲ့ပြီးဖြစ်ကာ ဘုရားသခင် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအလုပ်ကို ပြုလုပ်သည့် ဤနှစ်များတွင် အထူးသဖြင့် မကြာခဏ ဖြစ်ပွားခဲ့သည်၊ လူများစွာသည် ယင်းတို့ကို တွေ့ကြုံပြီး စောင့်ကြည့်လေ့လာခဲ့ကြပြီးဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၄)
အန္တိခရစ်များ၏ အပြုအမူ၏ အနှစ်သာရမှာ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အထမြောက်စေရန်၊ လူတို့ကို အထင်အမြင် မှားစေပြီး ထောင်ချောက်ဆင်ရန်၊ လူတို့အနေဖြင့် ၎င်းတို့နောက်လိုက်ပြီး ၎င်းတို့ကို ကိုးကွယ်ဖို့အတွက် မြင့်မားသော အဆင့်အတန်းကို ရရှိရန် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို အမြဲတစေ အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့သည် စိတ်နှလုံးအတွင်းထဲ၌ လူသားမျိုးနွယ်ကို ရရှိဖို့အတွက် ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သော်လည်း သေချာသော အရာတစ်ခုရှိနိုင်၏။ ၎င်းတို့သည် လူသားများကိုရဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ခြင်း မရှိလျှင်ပင် လူသားများကြားတွင် အဆင့်အတန်းနှင့် အာဏာကို ရရှိလိုစိတ် ရှိကြသေး၏။ ၎င်းတို့သည် အဆင့်အတန်းရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်လာပြီး မိမိတို့ကိုယ်ကို အနည်းငယ် ချုပ်တည်းထားသည့် နေ့တစ်နေ့ ရောက်လာလျှင်ပင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားဖို့ မတူညီသော နည်းစနစ်များကို အသုံးချနေဦးမည် ဖြစ်သည်။ ၎င်းတို့သည် လူအချို့၏ အသိအမှတ်ပြုခြင်းနှင့် လေးစားသဘောကျခြင်းကို ရရှိခြင်းအားဖြင့် တရားဝင်သော အဆင့်အတန်းကို ရယူနိုင်မည်ဖြစ်သည်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့ ရှင်းရှင်းလင်းလင်း သိလေသည်။ အချုပ်ဆိုသော် အန္တိခရစ်များ ပြုလုပ်သမျှသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းအဖြစ် အကျုံးဝင်ဟန်တူသော်လည်း ယင်း၏ အကျိုးဆက်မှာ လူတို့ကို အထင်အမြင် မှားစေရန်၊ ထိုသူတို့အား မိမိတို့ကို ကိုးကွယ်ရန်နှင့် မိမိတို့နောက်လိုက်စေရန် ဖြစ်ကာ ဤသို့ဖြစ်နေလျှင် ဤပုံစံအတိုင်း မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးခြင်းနှင့် သက်သေခံခြင်းပင် ဖြစ်၏။ လူတို့ကို ထိန်းချုပ်ရန်နှင့် အသင်းတော်ထဲတွင် အဆင့်အတန်းနှင့် အာဏာရရှိရန် ၎င်းတို့၏ ရည်မှန်းချက်မှာ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့သည် အန္တိခရစ်များ လုံးလုံးလျားလျား ဖြစ်ကြ၏။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ ထို့ပြင် လူတို့ကို ဘုရားသခင်က မည်သည့်အရာ လုပ်ခိုင်းသည်ဖြစ်စေ အန္တိခရစ်များသည် မိမိတို့ ပြုလုပ်သင့်သည့်အရာကို ပြုလုပ်ခြင်းမရှိ သို့မဟုတ် မိမိတို့၏ တာဝန်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တောင်းဆိုချက်များနှင့် လိုက်လျောညီထွေသည့် ပုံစံဖြင့် ထမ်းဆောင်ခြင်းမရှိသကဲ့သို့ သမ္မာတရားတစ်ခုတစ်လေအား နားလည်သဘောပေါက်သည့် ရလဒ်တစ်ခုအဖြစ် မိမိတို့၏ အာဏာနှင့် အဆင့်အတန်း လိုက်စားမှုကိုလည်း အလျှော့မပေးကြပေ။ အစဉ်အမြဲပင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက ဆက်လက်၍ တည်ရှိနေဆဲဖြစ်ပြီး ယင်းတို့က ၎င်းတို့၏ စိတ်နှလုံးများတွင် နေရာယူကာ ၎င်းတို့၏ ဖြစ်ခြင်းတစ်ခုလုံးကို ထိန်းချုပ်နေသေးသည့်အပြင် ၎င်းတို့၏ အပြုအမူနှင့် စိတ်ကူးများကို လမ်းညွှန်ပြီး ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို အဆုံးအဖြတ်ပေးလေသည်။ ၎င်းတို့သည် အန္တိခရစ် အစစ်များဖြစ်ကြ၏။ အန္တိခရစ်များထံတွင် မည်သည့်အရာကို အများဆုံး တွေ့ရသနည်း။ လူအချို့က “အန္တိခရစ်များသည် လူတို့ကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြု” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြုခြင်း မဟုတ်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ တည်ရှိမှုကို အမှန်ပင် အသိအမှတ်ပြုပြီး ယုံကြည်လက်ခံကြသည်။ ၎င်းတို့က သူ့နောက်လိုက်ပြီး သမ္မာတရား လိုက်စားလိုစိတ် ရှိသော်လည်း ဘာမျှမတတ်နိုင်သဖြင့် မကောင်းမှုကို ပြုလုပ်နိုင်ကြသည်။ နားထောင်၍ ကောင်းသောအရာ အမြောက်အမြားကို ပြောကောင်းပြောမည် ဖြစ်သော်လည်း အရာတစ်ခုမှာ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ အာဏာနှင့် အဆင့်အတန်းတို့အတွက် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်။ ၎င်းတို့သည် ရှုံးနိမ့်မှုကြောင့်ဖြစ်စေ၊ အဆင်မပြေဖြစ်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်က ၎င်းတို့ကို ဘေးဖယ်ထားသောကြောင့်ဖြစ်စေ၊ ၎င်းတို့ကို ဘုရားသခင်က စွန့်ပစ်ထားသောကြောင့်ဖြစ်စေ အာဏာနှင့် အဆင့်အတန်းအပေါ် ၎င်းတို့၏ လိုက်စားမှုကို မည်သည့်အခါမျှ အလျှော့ပေးကြမည် မဟုတ်ပေ။ အန္တိခရစ်များ၏ သဘာဝမှာ ထိုသို့ပင်ဖြစ်၏။ သို့ဆိုလျှင် အခက်အခဲကို ခံစားရသောကြောင့် သို့မဟုတ် သမ္မာတရားအနည်းငယ်ကို နားလည်လာပြီး ဘုရားသခင်နှင့်ပတ်သက်သည့် သိမြင်မှုအနည်းငယ်ကို ဆည်းပူးမိသောကြောင့် မိမိ၏ နည်းလမ်းများကို ပြောင်းလဲပြီး သမ္မာတရားကို စတင်လိုက်စားသော အန္တိခရစ်တစ်ဦး ရှိဖူးသလော။ သင် မည်သို့ထင်သနည်း။ ထိုသို့သောလူများ ရှိသလော။ ထိုအရာကို ငါတို့ မည်သည့်အခါမျှ မမြင်ဖူးချေ။ အဆင့်အတန်း၊ အာဏာနှင့်ပတ်သက်၍ အန္တိခရစ်များ၏ ရည်မှန်းချက်နှင့် လိုက်စားမှုသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သည့်အပြင် အာဏာကို စွဲကိုင်မိသည်နှင့် မည်သည့်အခါမျှ လက်လွှတ်တော့မည် မဟုတ်ချေ။ ဤအရာက ၎င်းတို့၏ သဘာဝအနှစ်သာရကို အတိအကျ ဖန်တီးလေသည်။ ထိုသို့သောလူတို့ကို အန္တိခရစ်များအဖြစ် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုရာ၌ အမှားစိုးစဉ်းမျှ မရှိချေ။ ယင်းကို ၎င်းတို့၏ တကယ့်သဘာဝ အနှစ်သာရအားဖြင့် ချမှတ်ထားခြင်းဖြစ်သည်။ လူအချို့က အန္တိခရစ်များသည် လူသားမျိုးနွယ်ကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် ကြိုးစားသည်ဟု ယုံကြည်ကောင်း ယုံကြည်ကြလိမ့်မည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် အန္တိခရစ်များသည် သူနှင့် ယှဉ်ပြိုင်စရာ မလွဲမသွေ လိုအပ်ခြင်းမျိုး ဟုတ်ချင်မှဟုတ်ပေမည်။ ၎င်းတို့၏ သိမြင်မှု၊ နားပေါက်သဘောပေါက်မှု၊ အဆင့်အတန်းနှင့် အာဏာ လိုအပ်မှုတို့မှာ ပုံမှန်လူတို့နှင့် မတူချေ။ ပုံမှန်လူတို့သည် တစ်ခါတစ်ရံ လွန်စွာ မာနထောင်နိုင်သည်။ အခြားသူများအပေါ် နာမည်ကောင်းရယူဖို့ ကြိုးစားနိုင်သည်။ ထိုသူတို့၏ အကောင်းမြင်ခြင်းခံရအောင် ကြိုးစားနိုင်သည်။ ပြီးလျှင် အဆင့်ကောင်းရရှိရန် ယှဉ်ပြိုင်ဖို့ ကြိုးစားနိုင်သည်။ ဤသည်မှာ ပုံမှန်လူတို့၏ ရည်မှန်းချက်ဖြစ်၏။ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် လူစားထိုးခံရကာ မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးရလျှင် သူတို့အတွက် ခက်ခဲမည် ဖြစ်သော်လည်း သူတို့၏ ပတ်ဝန်းကျင်၌ ပြောင်းလဲမှု၊ သူတို့၏ ဝိညာဉ်ရင့်သန်မှု၌ တိုးတက်မှုအနည်းငယ်၊ သမ္မာတရားထဲသို့ ဝင်ရောက်မှုကို အနည်းငယ် ရရှိခြင်း၊ သို့မဟုတ် သမ္မာတရားအပေါ် ပို၍နက်နဲသော နားလည်သဘောပေါက်မှုအား ရရှိခြင်းရှိပါက သူတို့၏ ရည်မှန်းချက်မှာ တဖြည်းဖြည်းချင်း လျော့ကျသွားမည်ဖြစ်သည်။ သူတို့လျှောက်သည့် လမ်းကြောင်းနှင့် သူတို့ ရှေ့ဆက်လာသည့် ဦးတည်ချက်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပါက အဆင့်အတန်းနှင့် အာဏာနှင့်ပတ်သက်သော သူတို့၏ လိုက်စားမှုက ပျောက်ကွယ်သွားမည်။ သူတို့၏ လိုအင်ဆန္ဒများလည်း တဖြည်းဖြည်း လျော့ပါးသွားမည်။ သို့သော်လည်း အန္တိခရစ်များမှာ ကွဲပြား၏။ ၎င်းတို့သည် အဆင့်အတန်းနှင့် အာဏာအပေါ် မိမိတို့၏လိုက်စားမှုကို မည်သည့်အခါမျှ လက်မလျှော့နိုင်ကြပေ။ မည်သည့်အချိန်တွင်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်၌မဆို၊ မိမိတို့၏နံဘေးတွင် မည်သည့်လူများ ရှိနေသည်ဖြစ်စေ၊ ၎င်းတို့သည် မည်မျှအသက်ကြီးသည်ဖြစ်စေ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒက မည်သည့်အခါမျှ ပြောင်းလဲသွားမည် မဟုတ်ပေ။ ၎င်းတို့၏ ရည်မှန်းချက် မည်သည့်အခါမျှ ပြောင်းလဲသွားမည် မဟုတ်သည်ကို မည်သည့်အရာက ညွှန်ပြသနည်း။ ဥပမာ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဆိုပါစို့။ ၎င်းတို့သည် စိတ်နှလုံးထဲ၌ အသင်းတော်ထဲရှိ လူတိုင်းအား မည်သို့ထိန်းချုပ်နိုင်မည်ကို အမြဲတမ်း စဉ်းစားကြသည်။ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်မလုပ်ရသည့် အခြားအသင်းတော်သို့ ပြောင်းရွှေ့ခံရလျှင် ပုံမှန်နောက်လိုက်တစ်ဦးအဖြစ် ဝမ်းမြောက်ဝမ်းသာစွာ ရှိနေမည်လော။ လုံးဝ မရှိနိုင်ပေ။ ၎င်တို့သည် အဆင့်အတန်း မည်သို့ရယူရမည်နှင့် လူတိုင်းကို မည်သို့ ထိန်းချုပ်ရမည်ကို စဉ်းစားနေဦးမည် ဖြစ်သည်။ ၎င်းတို့ မည်သည့်နေရာ သွားသည်ဖြစ်စေ ရှင်ဘုရင်တစ်ဦးကဲ့သို့ အုပ်ချုပ်လိုသည်။ ၎င်းတို့ကို မည်သူမျှမရှိသော သိုးအုပ်တစ်အုပ်ရှိသည့် နေရာတစ်ခုတွင် ထားရှိလျှင်ပင် ထိုသိုးအုပ်ကို ဦးဆောင်ချင်ဦးမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့ကို ကြောင်များ၊ ခွေးများနှင့်အတူထားလျှင် ကြောင်များ၊ ခွေးများ၏ဘုရင် ဖြစ်ပြီး ထိုတိရစ္ဆာန်များကို အုပ်ချုပ်ချင်မည်ဖြစ်သည်။ ၎င်းတို့သည် ရည်မှန်းချက်ဖြင့် ပြည့်ဝနေသည်မဟုတ်လော။ ထိုသို့သော လူတို့၏ စိတ်သဘောထားသည် နတ်ဆိုးဆန်သည် မဟုတ်လော။ ဤသည်တို့မှာ စာတန်၏ စိတ်သဘောထားများပင် မဟုတ်လော။ စာတန်သည် ထိုကဲ့သို့သော အရာတစ်ခုပင် ဖြစ်၏။ ကောင်းကင်တွင် စာတန်သည် ဘုရားသခင်နှင့်တန်းတူ ရပ်တည်လိုခဲ့ပြီး မြေကြီးသို့ပစ်ချခံရပြီးနောက် သူသည် လူကို ထိန်းချုပ်ရန်၊ လူတို့ မိမိအား ကိုးကွယ်အောင်၊ ဘုရားသခင်ကဲ့သို့ ဆက်ဆံအောင် အမြဲတမ်း ကြိုးစားခဲ့သည်။ အန္တိခရစ်များ၌ စာတန်ဆန်သော သဘာဝရှိသောကြောင့် ၎င်းတို့သည် လူတို့ကို အမြဲတမ်း ထိန်းချုပ်ချင်သည်။ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားအတိုင်း အသက်ရှင်ကြကာ ယင်းသည် ပုံမှန်လူတို့၏ ဆင်ခြင်တုံတရား၏ ဘောင်ကိုကျော်လွန်နှင့်ပြီး ဖြစ်၏။ ဤသည်မှာ အနည်းငယ် မူမမှန်သည်မဟုတ်လော။ ဤမူမမှန်ခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဤအပြုအမူကို ပုံမှန်လူ့သဘာဝ၌ မတွေ့ရလောက်ဟု ဆိုလိုသည်။ သို့ဆိုလျှင် ဤအပြုအမူမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းကို မည်သည့်အရာက ထိန်းချုပ်သနည်း။ ယင်းကို ၎င်းတို့၏သဘာဝက ထိန်းချုပ်သည်။ ၎င်းတို့၌ ဆိုးယုတ်သော ဝိညာဉ်၏ အနှစ်သာရရှိကြပြီး ဖောက်ပြန်ပျက်စီးသော ပုံမှန်လူသားမျိုးနွယ်နှင့် မတူချေ။ ဤသည်မှာ ကွာခြားချက်ဖြစ်၏။ အန္တိခရစ်များသည် အာဏာနှင့် အဆင့်အတန်းကို လိုက်စားရာ၌ မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဟူသည့် အချက်က ၎င်းတို့၏ သဘာဝအနှစ်သာရကို ဖော်ထုတ်သည်သာမက ၎င်းတို့၏ အကျည်းတန်သော မျက်နှာထားသည် စာတန်နှင့် နတ်ဆိုးများ၏ မျက်နှာပင် အတိအကျဖြစ်ကြောင်း လူတို့ကိုလည်း ပြသသည်။ ၎င်းတို့သည် အဆင့်အတန်းရဖို့ လူတို့နှင့် ယှဉ်ပြိုင်သည်သာမက အဆင့်အတန်းရဖို့ ဘုရားသခင်ကိုလည်း ယှဉ်ပြိုင်ဝံ့ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို မိမိတို့အတွက် အပိုင်ရယူပြီး ထိုသူတို့အား မိမိတို့၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ထားရှိသောအခါမှသာ ကျေနပ်မည်ဖြစ်သည်။ အန္တိခရစ်များသည် မည်သည့်အသင်းတော် သို့မဟုတ် မည်သည့်လူအုပ်စုထဲတွင် ရှိသည်ဖြစ်စေ အဆင့်အတန်းကို ရရှိလိုသည်၊ အာဏာစွဲကိုင်လိုသည်၊ ပြီးလျှင် လူတို့အား မိမိတို့ကို နာခံစေလိုသည်။ လူတို့က အလိုရှိရှိ၊ မရှိရှိ သို့မဟုတ် သဘောတူတူ၊ မတူတူ အန္တိခရစ်များသည် အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိလိုပြီး လူတို့အား မိမိတို့ကို နာခံပြီး လက်ခံစေလိုကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သဘာဝ ဖြစ်သည်မဟုတ်လော။ လူတို့က ၎င်းတို့ကို နာခံလိုစိတ် ရှိကြသလော။ ၎င်းတို့ကို ရွေးကောက်ပြီး ထောက်ခံကြသလော။ မဟုတ်ပေ။ သို့သော် အန္တိခရစ်များက အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့် ရရှိလိုဆဲဖြစ်သည်။ လူတို့က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အန္တိခရစ်များက ၎င်းတို့ကိုယ်စား စကားပြောပြီး လုပ်ဆောင်ချင်ကြသည်။ အာရုံစိုက်ခံချင်ကြသည်။ ၎င်းတို့သည် အခြားလူများအပေါ် မိမိတို့၏ ထင်မြင်ချက်များကို အတင်းထိုးထည့်ဖို့ပင် ကြိုးစားကြကာ ယင်းကို လူတို့ လက်မခံလျှင်လည်း အန္တိခရစ်များသည် သူတို့ကို လက်ခံအောင်လုပ်ဖို့ ကြိုးစားရင်း ဦးနှောက်ခြောက်မည် ဖြစ်သည်။ ဤသည်မှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ ဤသည်မှာ အရှက်ကင်းမဲ့ခြင်းနှင့် မျက်နှာပြောင်တိုက်ခြင်း ဖြစ်၏။ ဤကဲ့သို့သော လူတို့သည် အန္တိခရစ်အစစ်များ ဖြစ်ကြပြီး ၎င်းတို့သည် ခေါင်းဆောင်များ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အန္တိခရစ်များနှင့် အတူတူပင် ဖြစ်၏။ ၎င်းတို့၌ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရ ရှိကြ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၅- ၎င်းတို့သည် လူတို့ကို လှည့်စားကာ၊ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏
အန္တိခရစ်များသည် ရုပ်ဝတ္ထုပစ္စည်းများ၊ ပိုက်ဆံနှင့် အဆင့်အတန်းတို့ကို စိတ်အဝင်စားဆုံး ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် “ဘုရားကို ကျွန်ုပ် ယုံကြည်သည်။ လောကီရေးရာကို ကျွန်ုပ်မလိုက်စားသကဲ့သို့ ပိုက်ဆံကို မတပ်မက်ပါ” ဟူ၍ ၎င်းတို့စကားပြောသည့် ပုံစံကဲ့သို့ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့ပြောသည့်အတိုင်း လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အဘယ်ကြောင့် အဆင့်အတန်းကို အစွမ်းကုန် လိုက်စားပြီး ထိန်းသိမ်းသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့စီရင်ပိုင်ခွင့်ရှိသည့် အရာရာတိုင်းကို ပိုင်ဆိုင်လိုသည်၊ သို့မဟုတ် ထိန်းချုပ်လိုပြီး သိမ်းယူလိုသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ပိုက်ဆံနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ဖြစ်သည်။ ၎င်းတို့သည် ဤပိုက်ဆံနှင့် ဤရုပ်ဝတ္ထုပစ္စည်းများကို ၎င်းတို့အဆင့်အတန်း၏ အကျိုးအမြတ်များကဲ့သို့ နှစ်သက်ခံစားသည်။ ၎င်းတို့သည် အမည်ခံအရ၊ အဖြစ်မှန်အရ စာတန်၏ သဘာဝအနှစ်သာရရှိပြီး အမှန်ပင် ကောင်းကင်တမန်မင်းထံမှ ဆင်းသက်သူများ ဖြစ်သည်။အဆင့်အတန်းကို လိုက်စားပြီး ပိုက်ဆံကို တန်ဖိုးထားသူ အားလုံးသည် အသေအချာပင် ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရ၌ ပြဿနာတစ်ခု ရှိသည်။ ၎င်းတို့တွင် အန္တိခရစ် စိတ်သဘောထားသာ ရှိခြင်းကဲ့သို့ မရိုးရှင်းပေ။ ၎င်းတို့သည် အလွန်ရည်မှန်းချက်ကြီးသည်။ ဘုရားအိမ်တော်၏ ငွေကို ထိန်းချုပ်လိုသည်။ ၎င်းတို့ကို အလုပ်ကိစ္စတစ်ခုအတွက် တာဝန်ယူခိုင်းလျှင် ဦးစွာ အခြားလူများကို ဝင်ရောက်စွက်ဖက်ခွင့်မပြုသကဲ့သို့ အထက်မှ စုံစမ်းမေးမြန်းခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်းကိုလည်း လက်ခံမည်မဟုတ်။ ထို့အပြင် ၎င်းတို့သည် မည်သည့်အလုပ်ကိစ္စမဆို၏ ကြီးကြပ်သူများဖြစ်သောအခါ မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရန်၊ ကာကွယ်ရန်၊ မြှင့်တင်ရန် နည်းလမ်းများရှာလိမ့်မည်။ ၎င်းတို့သည် အစဉ်သဖြင့် ထိပ်ဆုံးရောက်လိုသည်။ အခြားလူများကို အုပ်ချုပ်ပြီး ချုပ်ကိုင်သောသူများ ဖြစ်လိုသည်။ ၎င်းတို့သည် ပိုမိုမြင့်သော အဆင့်အတန်းကိုလည်း ကိုင်စွဲကာ ယင်းအတွက် ယှဉ်ပြိုင်လိုသည်။ ပြီးလျှင် ဘုရားအိမ်တော်၏ အစိတ်အပိုင်းတိုင်းကိုပင် ထိန်းချုပ်လိုသည်။ အထူးသဖြင့် ဘုရားအိမ်တော်၏ ပိုက်ဆံကိုဖြစ်သည်။ အန္တိခရစ်များသည် ပိုက်ဆံကို အထူးပင်ချစ်သည်။ ပိုက်ဆံကို ၎င်းတို့မြင်သောအခါ ၎င်းတို့၏ မျက်လုံးက ဝင်းလက်လာသည်။ ၎င်းတို့၏ စိတ်တွင် ပိုက်ဆံအကြောင်းကို အစဉ် စဉ်းစားနေပြီး ယင်းအပေါ် အားထုတ်သည်။ ဤသည်တို့အားလုံးမှာ အန္တိခရစ်တို့၏ လက္ခဏာများနှင့် အချက်ပြမှုများဖြစ်သည်။ သင်သည် ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အခြေအနေတို့ကို သိဖို့ ကြိုးစားပြီး ၎င်းတို့မည်မျှက အားနည်းပြီး အပျက်သဘောဆောင်သည်၊ ၎င်းတို့တစ်ဦးချင်းစီက တာဝန်တွင် မည်သည့်ရလဒ်များကို ရရှိသည်၊ ၎င်းတို့ထဲမှ မည်သူတို့က ၎င်းတို့တာဝန်နှင့် မသင့်တော်သည်တို့ကဲ့သို့သော မေးခွန်းများကို မေးလျှင် အန္တိခရစ်များက စိတ်ဝင်စားမည်မဟုတ်။ သို့သော် ငွေပမာဏ၊ မည်သူက ကာကွယ်ပေးနေသည်၊ မည်သည့်နေရာတွင် သိမ်းထားသည်၊ ယင်း၏ ကုဒ်နံပါတ်များ စသည်တို့ဖြစ်သည့် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများနှင့် ပတ်သက်သောအခါတွင် ဤသည်မှာ ၎င်းတို့ ဂရုအစိုက်ဆုံးဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ဤအရာများကို ထူးခြားစွာပင် ပိုင်နိုင်သည်။ ယင်းတို့ကို အလွန်အကျွမ်းတဝင်ရှိသည်။ ဤသည်မှာလည်း အန္တိခရစ်တစ်ဦး၏ လက္ခဏာဖြစ်သည်။ အန္တိခရစ်များသည် ကြားကောင်းသောစကားများကို ပြောရာ၌ အတော်ဆုံး ဖြစ်သော်လည်း တကယ့်အလုပ်ကို မလုပ်ပေ။ ဤအစား ၎င်းတို့၌ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများအား မွေ့လျော်ရန် အတွေးများက အစဉ်နေရာယူနေသည်။ ငါ့ကို ပြောလော့။ အန္တိခရစ်များက ကိုယ်ကျင့်တရား ကင်းမဲ့သည်မဟုတ်လော။ ၎င်းတို့တွင် လူ့သဘာဝလုံးဝမရှိ။ ၎င်းတို့သည် လုံးလုံးလျားလျားပင် နတ်ဆိုးများဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)
ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် ထိုသူတို့ကို ပိုင်းခြားသိမြင်ရမည်၊ ဖော်ထုတ်ရမည်၊ တိုင်ကြားရမည်၊ ပြီးလျှင် ပစ်ပယ်ရမည်။ ထိုမှသာ အဆုံးတိုင်အောင် ဘုရားသခင်နောက် လိုက်ခြင်းနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်၍ မှန်ကန်သော လမ်းကြောင်းအပေါ် ဝင်ရောက်ခြင်းက သေချာနိုင်မည်။ အန္တိခရစ်များသည် ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လာအောင် အခြားသူများကို မည်သို့ အထင်အမြင်မှားစေခဲ့သည်ဖြစ်စေ ထိုသူတို့သည် သင်၏ ခေါင်းဆောင်များမဟုတ်ပေ။ ထိုသူတို့ကို အသိအမှတ်မပြုနှင့်၊ ထို့ပြင် သူတို့၏ ခေါင်းဆောင်မှုကို လက်သင့်မခံနှင့်။ သူတို့ကို ပိုင်းခြားသိမြင်ပြီး ပစ်ပယ်ရမည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သင့်ကို သမ္မာတရား နားလည်အောင် မကူညီနိုင်သကဲ့သို့ သင့်ကို အထောက်အမလည်း မပေးနိုင် သို့မဟုတ် သင့်အတွက်လည်း မထောက်ပံ့ပေးနိုင်ချေ။ ဤသည်တို့မှာ အဖြစ်မှန်များပင်။ အကယ်၍ သူတို့သည် သင့်ကို သမ္မာတရားစစ်မှန်မှုထဲသို့ ခေါ်ဆောင်မသွားနိုင်လျှင် သူတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ဖို့ မသင့်တော်ပေ။ အကယ်၍ သူတို့သည် သင့်ကို သမ္မာတရား နားလည်ခြင်းနှင့် ဘုရားသခင်၏ အလုပ်အား တွေ့ကြုံခြင်းသို့ ခေါ်ဆောင်မသွားနိုင်လျှင် သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတို့ ဖြစ်ကြပြီး သူတို့ကို သင် ပိုင်းခြားသိမြင်သင့်သည်၊ ဖော်ထုတ်သင့်သည်၊ ပြီးလျှင် ပစ်ပယ်သင့်သည်။ သူတို့ပြုလုပ်သမျှမှာ သူတို့၏နောက် လိုက်အောင် သင့်အား အထင်အမြင်မှားစေရန်နှင့် အသင်းတော်၏ အလုပ်အား လျော့ပါးစေပြီး အဖျက်အမှောင့်လုပ်ဖို့အတွက် သူတို့၏အုပ်စုတွင် ပါဝင်အောင်လုပ်ရန်၊ သူတို့လျှောက်သကဲ့သို့ပင် အန္တိခရစ်များ၏ လမ်းကြောင်းအား လျှောက်ရာတွင် လိုက်ပါလာအောင် သင့်ကို သွေးဆောင်ရန် ဖြစ်သည်။ ထိုသူတို့သည် သင့်ကို ငရဲပြည်သို့ ဆွဲချသွားချင်ကြသည်။ အကယ်၍ သင်သည် သူတို့၏ သရုပ်မှန်ကို မခွဲခြားနိုင်ဘဲ သူတို့သည် သင်၏ ခေါင်းဆောင်များဖြစ်သဖြင့် သူတို့ကို နာခံသင့်ပြီး လိုက်လျောသင့်သည်ဟု ယုံကြည်နေပါက သင်သည် သမ္မာတရားကိုရော ဘုရားသခင်ကိုပါ သစ္စာဖောက်သောသူ ဖြစ်သွားကာ ထိုသို့သော လူတို့သည် ကယ်တင်ခြင်းကို မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းခံရလိုပါက အဆင်းနီသော နဂါးကြီးနှင့်ဆိုင်သော အကျပ်အတည်းကို ကျော်လွန်ရမည်သာမက ပြီးလျှင် အဆင်းနီသော နဂါးကြီးကို သိမြင်ဖို့၊ ယင်း၏ အကျည်းတန်သော မျက်နှာကို ရိပ်စားမိဖို့နှင့် ယင်းကို လုံးလုံး ပုန်ကန်ဖို့ လုပ်နိုင်စွမ်းရှိရမည်သာမက သင်ကျော်ဖြတ်ဖို့ အန္တိခရစ်တို့နှင့်ဆိုင်သည့် အကျပ်အတည်းကလည်း ရှိနေသည်။ အသင်းတော်၌ အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ ရန်သူဖြစ်ရုံသာမက ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ရန်သူလည်း ဖြစ်ပေသည်။ သင်သည် အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက အထင်အမြင်မှားစေခြင်းခံရပြီး သိမ်းသွင်းစည်းရုံးခံရနိုင်ကာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ပြီး ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရဖို့ ဖြစ်နိုင်ပေသည်။ ထိုသို့ဖြစ်ပါက ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် လုံးလုံး ကျရှုံးပြီးဖြစ်သည်။ ကယ်တင်ခြင်းပေးအပ်ခံရဖို့ လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ဦးစွာ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၊ စိတ်သဘောထားနှင့် လမ်းကြောင်းတို့ကို ပိုင်းခြားသိမြင်နိုင်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်စဉ် လူများကို မကိုးကွယ်ဖို့၊ သို့မဟုတ် နောက်မလိုက်ဖို့ သေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး တကယ့်အဆုံးထိ ဘုရားနောက်လိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်သည့် လူများသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နိုင်ကာ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ပေသည်။ ထိုအခါ အချို့က “ကျွန်ုပ်တွင် လောလောဆယ်တွင် ထိုအရာအတွက် သမ္မာတရား မရှိပါက မည်သို့ပြုရမည်နည်း” ဟု ဆိုကြမည်ဖြစ်သည်။ သင်သည် အလျင်အမြန်ပင် မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ထားရမည်။ လူတို့နှင့် အမှုအရာများထဲသို့ မြင်တွေ့တတ်အောင် သင်ယူရမည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်ခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်သကဲ့သို့ ၎င်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာမြင်နိုင်ကာ ၎င်းတို့ လုပ်ဆောင်သမျှ နောက်ကွယ်ရှိ လျှို့ဝှက်ကြံစည်မှုများ၊ လှည့်ကွက်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ရိပ်စားမိနိုင်စွမ်းရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့် သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ခိုင်မာစွာ ရပ်တည်နိုင်ကာ သမ္မာတရားကို ဘေးကင်းစွာနှင့် လုံခြုံစွာ လိုက်စားနိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်း လမ်းကြောင်းပေါ်တွင် တည်မြဲနိုင်ပေမည်။ သင်သည် ထိုအန္တိခရစ်များနှင့် ပတ်သက်သော အခက်အခဲကို မကျော်လွန်နိုင်ပါက သင်သည် ကြီးမားသော အန္တရာယ်ရှိနေပြီး အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းခံရကာ ဖမ်းဆီးခံရသည့်အပြင် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ် ရှိသည်ဟု ဆိုနိုင်ပေသည်။ သင်တို့ကြားတွင် သမ္မာတရား လိုက်စားသည့် လူများကို တားဆီးပြီး ခြေထိုးကြသူအချို့ ရှိနိုင်ချေရှိပြီး ၎င်းတို့သည် လူတို့၏ရန်သူများ ဖြစ်၏။ ဤအရာကို သင်တို့လက်ခံသလော။ ဤအချက်ကို ရင်မဆိုင်ဝံ့သကဲ့သို့ ယင်းကို အမှန်တရားအဖြစ်လည်း လက်မခံဝံ့သူ အချို့ရှိ၏။ သို့သော် အန္တိခရစ်များ၏ လူတို့အား အထင်အမြင်မှားစေခြင်းသည် အသင်းတော်များ၌ အမှန်တကယ် ဖြစ်ပျက်ပြီး မကြာခဏ ဖြစ်ပျက်လေသည်။ လူတို့က ယင်းကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခြင်းသာဖြစ်သည်။ အကယ်၍ သင်သည် အန္တိခရစ်များနှင့်ဆိုင်သော စစ်ဆေးမှုဖြစ်သည့် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက သင်သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်း ခံရပေသည်၊ သို့မဟုတ် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစေခြင်း၊ ညှဉ်းဆဲခြင်း၊ တွန်းထုတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် စော်ကားခြင်းတို့ကို ခံရပေသည်။ နောက်ဆုံးတွင် သင်၏ အလွန်တန်ဖိုးနည်းသည့် သေးငယ်သောဘဝသည် ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ညှိုးခြောက်သွားလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိတော့မည် မဟုတ်သကဲ့သို့ “ဘုရားသည် ဖြောင့်ပင်မဖြောင့်မတ်ပါ။ အဘယ်မှာ ဘုရားရှိသနည်း။ ဤလောကတွင် တရားမျှတမှုလည်းမရှိ၊ သို့မဟုတ် အလင်းလည်း မရှိသကဲ့သို့ ဘုရား၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းကဲ့သို့သော အရာမျိုးမရှိပါ။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ နေ့ရက်များကို အလုပ်သွားခြင်းနှင့် ငွေရှာခြင်းဖြင့် ဖြတ်သန်းပါက ပိုကောင်းဦးမည်” ဟု သင်ပြောလိမ့်မည်။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဘုရားသခင်မှ လမ်းလွဲကာ သူတည်ရှိကြောင်း မယုံကြည်တော့ပေ။ သင်ကယ်တင်ခြင်း ရမည်ဆိုသည့် မျှော်လင့်ချက်တစ်ခုတလေ လုံးဝ ကုန်ဆုံးသွား၏။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက သင်အောင်မြင်ရမည့် ပထမဆုံး စမ်းသပ်မှုမှာ စာတန်ကို သတိမူမိခြင်းနှင့် ရိပ်စားမိနိုင်ခြင်းဟူသော စမ်းသပ်မှုတစ်ခု ဖြစ်ပြီး သင်သည် ရင်ဆိုင်ပြီး စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်နှင့် ဆိုးယုတ်သော ဝိညာဉ်များကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်များနှင့် အသက်ရှင်သော နတ်ဆိုးများသည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်သူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်တစ်ဦး၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် စာတန်များနှင့် ရှင်သန်နေသည့်နတ်ဆိုးများ ဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများနှင့် မျှော်လင့်နေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော် စင်စစ်အားဖြင့် ၎င်းတို့သည် သင့်ကိုတားဆီးနေပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်းတို့မှ သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ၎င်းတို့၏ ဖမ်းဆီးခြင်းကို အချိန်မရွေး ခံရနိုင်ပေသည်။ ထို့ကြောင့် သင်သည် ကြီးမားသော အန္တရာယ် ရှိ၏။ ဤအန္တရာယ်မှ ရုန်းထွက်လွတ်မြောက်အောင် အားမထုတ်နိုင်ပါက သင်သည် စာတန်၏ ယဇ်ပူဇော်ရာ သားကောင်ဖြစ်ပေသည်။ အန္တိခရစ်တစ်ဦး၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းခံရကာ အန္တိခရစ်တစ်ဦး၏ နောက်လိုက်များဖြစ်လာသည့် လူများသည် မည်သို့ပင်ဖြစ်စေကာမူ ကယ်တင်ခြင်းကို မည်သည့်အခါမျှ မရရှိနိုင်ပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း သို့မဟုတ် လိုက်စားခြင်း မရှိသောကြောင့် ၎င်းတို့သည် အထင်အမြင်မှားသွားပြီး အန္တိခရစ်တစ်ဦးနောက်သို့ လိုက်သွားသည်မှာ ရှောင်လွှဲ၍မရနိုင်သော ရလဒ်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ကြိုးတန်းပေါ် လမ်းလျှောက်ခြင်း
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
လူတို့ကို စီရင်ခြင်းအတွက် ဘုရား၏ အခြေခံအကြောင်းရင်း
ဘုရားကို မသိသူတို့သည် ဘုရားကို ဆန့်ကျင်ကြ၏ကျူး