ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်
ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော ရည်ရွယ်ချက်၊ ကိုယ်တော်၏ အလုပ်က လူတို့အပေါ် သက်ရောက်ရန် ရည်ရွယ်ထားသည့် ရလဒ်များနှင့် လူတို့အတွက် ကိုယ်တော်၏ ရည်ရွယ်ချက်များ အတိအကျမှာ အဘယ်အရာဖြစ်သည်ကို သဘောပေါက်ခြင်းသည် ဘုရားသခင်နောက်သို့ လိုက်လျှောက်သောသူတိုင်း ရရှိသင့်သည့်အရာ ဖြစ်လေသည်။ ယနေ့ခေတ်တွင် လူအားလုံး ကင်းမဲ့နေသည့်အရာမှာ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော သိကျွမ်းမှု အတိအကျပင် ဖြစ်လေသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်မှစ၍ ယခုအချိန်အထိ ဘုရားသခင်သည် လူတို့အပေါ် မည်သည့်အရာကို လုပ်ဆောင်ခဲ့သည်၊ ဘုရားသခင်၏ အလုပ်အားလုံးနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ အတိအကျမှာ အဘယ်အရာဖြစ်ခဲ့သည်ဟူသော ဤအရာများကို လူတို့ သဘောမပေါက်ကြသည့်အပြင် နားမလည်ကြပေ။ ဤသည်မှာ ဘာသာရေးလောကတစ်ဝန်းလုံးတွင်သာမက ဘုရားသခင်ကို ယုံကြည်သူအားလုံးတွင် သာ၍ပင် တွေ့ရသော လိုအပ်ချက်တစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ဖူးမြင်ရပြီး ကိုယ်တော်၏ ဉာဏ်ပညာကို တန်ဖိုးထားကာ ဘုရားသခင် လုပ်ဆောင်ခဲ့သော လုပ်ရပ်အားလုံးကို ရှုမြင်ရပြီး ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိရှိသည့်နေ့ ရောက်လာသောအခါ၊ ကိုယ်တော်၏ ကြွယ်ဝမှု၊ ဉာဏ်ပညာ၊ အံ့သြဖွယ်ကောင်းမှုနှင့် လူတို့အပေါ် ကိုယ်တော် လုပ်ဆောင်ခဲ့သော အလုပ်အားလုံးကို သင် မြင်တွေ့ပြီးသောအခါမှသာ သင်သည် ဘုရားသခင်ကို စစ်မှန်သော အောင်မြင်မှုဖြင့် ယုံကြည်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို လွှမ်းခြုံထားပြီး ကြွယ်ဝမှုနှင့် ပြည့်စုံသည်ဟု ဆိုရာတွင် ကိုယ်တော်သည် မည်သည့်နည်းလမ်းဖြင့် အတိအကျ အရာခပ်သိမ်းကို လွှမ်းခြုံထားပြီး မည်သည့်နည်းလမ်းဖြင့် ကြွယ်ဝမှုနှင့် ပြည့်စုံသနည်း။ သင်သည် ဤအရာကို နားမလည်ပါက ဘုရားသခင်ကို ယုံကြည်သည်ဟု မှတ်ယူ၍ မရနိုင်ပေ။ ဘာသာရေးလောကထဲမှ လူများသည် ဘုရားသခင်ကို ယုံကြည်သူများ မဟုတ်ဘဲ နတ်ဆိုးများနှင့် တစ်အုပ်စုတည်း ဖြစ်သော မကောင်းမှုပြုသူများ ဖြစ်ကြသည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ၎င်းတို့သည် မကောင်းမှုပြုသူများ ဖြစ်သည်ဟု ငါပြောသောအခါ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြသည့်အပြင် ကိုယ်တော်၏ ဉာဏ်ပညာကို မမြင်နိုင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကိုယ်တော်၏ အလုပ်ကို ၎င်းတို့အား ဘယ်သောအခါမျှ ထုတ်ဖော်ပြခြင်း မရှိပေ။ ၎င်းတို့အားလုံးသည် မျက်ကန်းများ ဖြစ်ကြပြီး ဘုရားသခင်၏ လုပ်ရပ်များကို မမြင်နိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိဖို့မဆိုထားနှင့်၊ ကိုယ်တော်၏ ဂရုစိုက်မှုနှင့် စောင့်ရှောက်ခြင်းတို့ လုံးဝ ကင်းမဲ့နေကြသည်။ ဘုရားသခင်၏ အလုပ် မရှိသောသူ အားလုံးသည် မကောင်းမှုပြုသူများနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သော လူများ ဖြစ်ကြသည်။ ငါပြောသော ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ဤလူများသည် ဘုရားသခင်ကို မသိသောသူများ၊ ဘုရားသခင်ကို နှုတ်ဖြင့် အသိအမှတ်ပြုသော်လည်း ကိုယ်တော်နှင့်ပတ်သက်၍ မည်သည့် သိကျွမ်းမှုမျှ မရှိသောသူများ၊ ဘုရားသခင်နောက်သို့ လိုက်လျှောက်သော်လည်း ကိုယ်တော့်ကို ကျိုးနွံနာခံခြင်း မရှိသောသူများနှင့် ကိုယ်တော်၏ ကျေးဇူးတော်ကို ပျော်မွေ့ခံစားသည့်တိုင် ကိုယ်တော့်အတွက် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း မရှိသောသူများကို ရည်ညွှန်းလေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော ရည်ရွယ်ချက်ကို နားမလည်ပါက၊ ပြီးလျှင် ဘုရားသခင်က လူတို့အပေါ် လုပ်ဆောင်သည့် အလုပ်ကို နားမလည်ပါက ထိုသူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီနိုင်သည့်အပြင် ဘုရားသခင်အတွက် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်မည် မဟုတ်ပေ။ လူတို့က ဘုရားသခင်ကို အတိုက်အခံလုပ်ရသည့် အကြောင်းရင်းမှာ တစ်ဖက်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ မြစ်ဖျားခံပြီး အခြားတစ်ဖက်တွင်မူ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင် ကိုယ်တော် အလုပ်လုပ်သည့် စည်းမျဉ်းများ သို့မဟုတ် လူတို့အတွက် ကိုယ်တော်၏ ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်သောကြောင့် ဖြစ်သည်။ ဤကဏ္ဍနှစ်ခု ပေါင်းစပ်လိုက်သောအခါ လူက ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သမိုင်းကြောင်း ဖြစ်လာလေသည်။ ဘုရားသခင်ကို ယုံကြည်ခါစ လူများသည် ကိုယ်တော့်ကို အတိုက်အခံလုပ်ကြသည်၊ အကြောင်းမှာ လူသားများတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သဘာဝတစ်ခု ရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူများအတွက်မူ ၎င်းတို့သည် ဘုရားသခင်ကို မသိသောကြောင့် ကိုယ်တော့်ကို အတိုက်အခံလုပ်ကြပြီး ထိုအရာအပြင် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြလေသည်။ ဘုရားသခင် လူဇာတိမခံယူမီ အချိန်က တစ်စုံတစ်ဦးသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ရှိမရှိဟူသော အတိုင်းအတာသည် ကောင်းကင်ဘုံရှိ ဘုရားသခင် ချမှတ်ထားသော အမိန့်များကို ၎င်းတို့ လိုက်နာစောင့်ထိန်းခြင်း ရှိမရှိဟူသည့်အပေါ် အခြေခံလေသည်။ ဥပမာအားဖြင့် ပညတ်တော်ခေတ်တွင် ယေဟောဝါ၏ ပညတ်တရားများကို မစောင့်ထိန်းသူ မည်သူမဆိုသည် ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်း ဖြစ်သည်။ ယေဟောဝါထံမှ ပူဇော်သက္ကာများကို ခိုးယူသူ သို့မဟုတ် ယေဟောဝါက ထောက်ခံလျက် ကြည့်ရှုသောသူများကို အတိုက်အခံလုပ်သူ မည်သူမဆိုသည် ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်းဖြစ်ပြီး ကျောက်ခဲနှင့် ပေါက်သတ်ခြင်း ခံရမည် ဖြစ်သည်။ မိမိတို့၏ မိဘများကို မရိုသေသူ သို့မဟုတ် အခြားလူများကို ရိုက်နှက်ပြီး စော်ကားသူ မည်သူမဆိုသည် ပညတ်တရားများကို မနာခံခြင်းဖြစ်ကာ ယေဟောဝါ၏ ပညတ်တရားများကို လိုက်နာစောင့်ထိန်းခြင်း မရှိသူ အားလုံးသည် ကိုယ်တော့်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ကျေးဇူးတော်ခေတ်တွင် အမှုအရာများ ကွဲပြားခဲ့သည်၊ ယေရှုကို အတိုက်အခံလုပ်သူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြပြီး ယေရှု မိန့်မြွက်ခဲ့သော စကားများကို ကျိုးနွံနာခံခြင်း မရှိသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဤကာလ၏ “ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း” နှင့်ဆိုင်သော အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်သည် ပို၍ တိကျပြီး လက်တွေ့ကျလေသည်။ ဘုရားသခင် လူဇာတိမခံယူမီက တစ်စုံတစ်ဦးသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ရှိမရှိဟူသော အတိုင်းအတာသည် ကောင်းကင်ဘုံရှိ မမြင်ရသော ဘုရားသခင်ကို ၎င်းတို့ ကိုးကွယ်ပြီး မျှော်ကြည့်ခြင်း ရှိမရှိဟူသည့်အပေါ် အခြေခံလေသည်။ ထိုကာလ၏ “ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း” နှင့်ဆိုင်သော အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်သည် ထိုမျှ လက်တွေ့မကျခဲ့ပေ၊ အကြောင်းမှာ လူတို့သည် ဘုရားသခင်ကို မမြင်နိုင်ခဲ့ကြသည့်အပြင် ဘုရားသခင်၏ ပုံသဏ္ဌာန်သည် မည်သို့ရှိသည် သို့မဟုတ် ကိုယ်တော်သည် မည်သို့ အတိအကျ အလုပ်လုပ်ပြီး စကားပြောဆိုသည်ကို မသိခဲ့ကြသောကြောင့် ဖြစ်သည်။ လူတို့တွင် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ လုံးဝ မရှိခဲ့ကြဘဲ မရေရာမှုထဲမှနေ၍ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်၊ အကြောင်းမှာ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့၏ စိတ်ကူးများကို အခြေခံ၍ ဘုရားသခင်ကို မည်သို့ပင် ယုံကြည်ခဲ့ကြစေကာမူ ဘုရားသခင်သည် ၎င်းတို့ကို ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ၎င်းတို့အပေါ် အလွန်အမင်း မြင့်မားသော တောင်းဆိုမှုများ ပြုလုပ်ခြင်း မရှိခဲ့ပေ၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူဇာတိခံယူပြီး လူတို့အလယ် အလုပ်လုပ်ရန် ကြွလာသောအခါ အားလုံးက ကိုယ်တော့်ကို ဖူးမြင်ရပြီး ကိုယ်တော်၏ စကားများကို ကြားရကာ ဇာတိပကတိ၌ရှိသော ဘုရားသခင်၏ လုပ်ရပ်များကို မြင်တွေ့ကြရသည်၊ ထိုအခါ လူတိုင်း၏ အယူအဆများသည် စုပ်စမြုပ်စ ပျောက်ကွယ်သွားလေသည်။ ဇာတိပကတိ၌ ပေါ်ထွန်းသော ဘုရားသခင်ကို မြင်တွေ့ရသူများနှင့်ပတ်သက်၍ ၎င်းတို့သည် ကိုယ်တော့်ကို ရည်ရွယ်ချက်ရှိရှိ ကျိုးနွံနာခံပါက ပြစ်တင်ရှုတ်ချခံရမည် မဟုတ်ပေ၊ သို့ရာတွင် ကိုယ်တော့်ကို တမင်သက်သက် အတိုက်အခံလုပ်သူများမှာမူ ဘုရားသခင်ကို အတိုက်အခံလုပ်သော လူများအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ ထိုသို့သော လူများသည် အန္တိခရစ်များ ဖြစ်ကြပြီး ဘုရားသခင်ကို တမင်သက်သက် အတိုက်အခံလုပ်သော ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ထားရှိသော်လည်း ကိုယ်တော့်ကို လိုလိုလားလား ကျိုးနွံနာခံဆဲဖြစ်သူများသည် ပြစ်တင်ရှုတ်ချခံရမည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာများကို အခြေခံ၍ ပြစ်တင်ရှုတ်ချသည်၊ ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများကို အခြေခံ၍ ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပေ။ ကိုယ်တော်သည် လူတို့ကို ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများကို အခြေခံ၍ ပြစ်တင်ရှုတ်ချခဲ့ပါက လူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ဒေါသထွက်နေသော လက်ရုံးတော်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူဇာတိခံယူထားသော ဘုရားသခင်ကို တမင်သက်သက် အတိုက်အခံလုပ်သူများသည် ၎င်းတို့၏ အာခံမှုအတွက် အပြစ်ဒဏ်ပေးခြင်း ခံရမည် ဖြစ်သည်။ ဤလူများ၏ အတိုက်အခံလုပ်မှုသည် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့ ထားရှိသော အယူအဆများမှ မြစ်ဖျားခံပြီး ယင်းက ၎င်းတို့ကို ဘုရားသခင်၏ အလုပ်ကို အနှောင့်အယှက်ပေးသည့် အရာများကို လုပ်ဆောင်စေသည်။ ထိုသို့သော လူအားလုံးသည် ဘုရားသခင်၏ အလုပ်ကို ရည်ရွယ်ချက်ရှိရှိ အတိုက်အခံလုပ်ပြီး ဖြိုဖျက်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိရုံမျှသာ မဟုတ်ဘဲ ကိုယ်တော်၏ အလုပ်ကို အနှောင့်အယှက်ပေးသည့် လှုပ်ရှားမှုများကိုလည်း လုပ်ဆောင်ကြသည်၊ ဤအကြောင်းကြောင့် ၎င်းတို့သည် ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်။ ဘုရားသခင်၏ အလုပ်ကို တမင်သက်သက် အနှောင့်အယှက်မပေးသူများသည် အပြစ်သားများအဖြစ် ပြစ်တင်ရှုတ်ချခံရမည် မဟုတ်ပေ၊ အကြောင်းမှာ ၎င်းတို့သည် ရည်ရွယ်ချက်ရှိရှိ ကျိုးနွံနာခံနိုင်ပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အရာများကို မလုပ်ဆောင်သောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော လူများသည် ပြစ်တင်ရှုတ်ချခံရမည် မဟုတ်ပေ။ သို့ရာတွင် တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အလုပ်ကို နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရသော်လည်း ကိုယ်တော်နှင့်ပတ်သက်၍ အယူအဆများ ရှိနေဆဲဖြစ်ကာ လူဇာတိခံယူထားသော ဘုရားသခင်၏ အလုပ်ကို မသိနိုင်သည့်အခါ၊ ဘုရားသခင်၏ အမှုတော်ကို နှစ်ပေါင်းမည်မျှပင် ကြုံတွေ့ခံစားရစေကာမူ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများဖြင့် ပြည့်နှက်နေပြီး ကိုယ်တော့်ကို သိကျွမ်းနိုင်ခြင်း မရှိပါက၊ ၎င်း၏ စိတ်နှလုံးထဲတွင် နှောင့်ယှက်မှုဖြစ်စေသည့် အရာများကို မုချပြုလုပ်ခဲ့ခြင်း မရှိစေကာမူ ကိုယ်တော့်အပေါ် အယူအဆများဖြင့်သာ ပြည့်နှက်နေပါက ထိုအယူအဆများသည် အပြင်ပန်းအားဖြင့် ထင်ရှားပေါ်ထွက်လာခြင်း မရှိသော်လည်း ဤကဲ့သို့သောသူသည် ဘုရားသခင်၏ အမှုတော်အတွက် မည်သို့မျှ အသုံးမဝင်ချေ၊ ဘုရားသခင်အတွက် ဧဝံဂေလိတရား ဟောနိုင်ခြင်းလည်း မရှိ၊ ကိုယ်တော့်အတွက် ၎င်း၏ သက်သေခံချက်တွင်လည်း ခိုင်မာစွာ ရပ်တည်နိုင်ခြင်း မရှိချေ။ ယင်းမှာ ၎င်းသည် တစ်စက်မျှ အသုံးမကျသူနှင့် မိုက်မဲရူးနှမ်းသောသူ ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို မသိသည့်အပြင် ကိုယ်တော်နှင့်ပတ်သက်သော ၎င်း၏ အယူအဆများကို လက်လွှတ်ရန် လုံးဝ မစွမ်းဆောင်နိုင်သောကြောင့် ၎င်းသည် ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်။ ယင်းကို ဤသို့ ပြောဆိုနိုင်ပေသည်၊ ဘုရားသခင်ကို စတင်ယုံကြည်ခါစ လူများအတွက် ကိုယ်တော်နှင့်ပတ်သက်၍ အယူအဆများ ရှိခြင်း သို့မဟုတ် ကိုယ်တော့်ကို မသိကျွမ်းခြင်းမှာ ပုံမှန်ဖြစ်သော်လည်း တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ကိုယ်တော်၏ အလုပ်များစွာကို တွေ့ကြုံခဲ့ရသည့်တိုင် ကိုယ်တော်နှင့်ပတ်သက်၍ အယူအဆများ ရှိနေဆဲဖြစ်ပါက ယင်းမှာ ပုံမှန်မဟုတ်ပေ၊ ပြီးလျှင် ၎င်းတို့တွင် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် သိကျွမ်းမှုမျှ မရှိပါက ယင်းမှာ သာ၍ပင် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ ပုံမှန် အခြေအနေတစ်ခု မဟုတ်သောကြောင့် ၎င်းတို့သည် ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်။ ဤပုံမှန်မဟုတ်သော လူအားလုံးသည် အသုံးမကျကြပေ၊ ၎င်းတို့သည် ဘုရားသခင်ကို အများဆုံး အတိုက်အခံလုပ်သူများ ဖြစ်ကြပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အချည်းနှီး ပျော်မွေ့ခံစားခဲ့သူများ ဖြစ်ကြသည်။ ထိုသို့သော လူအားလုံးသည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်း ခံရမည် ဖြစ်သည်။
ဘုရားသခင်၏ အလုပ် ရည်ရွယ်ချက်ကို နားမလည်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ အလုပ် ရည်ရွယ်ချက်ကို နားလည်သည့်တိုင် ကိုယ်တော့်ကို ကျေနပ်စေရန် မလိုက်စားသောသူများအတွက်မူ ဤသို့ သာ၍ပင် ဖြစ်လေသည်။ ကြီးကျယ်ခမ်းနားသော ဘုရားကျောင်းများတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး ကျမ်းပိုဒ်များကို ရွတ်ဆိုနေကြသည့်တိုင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်သူ တစ်ဦးတစ်ယောက်မျှ ရှိဖို့ မဆိုထားနှင့်၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလုပ် ရည်ရွယ်ချက်ကို နားမလည်ကြသည့်အပြင် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်ကို မသိကျွမ်းနိုင်ကြပေ။ ၎င်းတို့အားလုံးသည် တန်ဖိုးမရှိသော၊ ယုတ်မာသော လူများဖြစ်ကြပြီး “ဘုရားသခင်” ကို ဩဝါဒခြွေရန် အထက်စီးမှ နေကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမည်နာမအောက်တွင် ပြုမူဆောင်ရွက်ကြသည့်တိုင် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်ကြသူများ၊ ဘုရားသခင်ကို ယုံကြည်သည်ဟူသော အမည်ခံထားသော်လည်း လူ၏ အသားကို စားပြီး သွေးကို သောက်ကြသူများ ဖြစ်ကြသည်။ ထိုသို့သော လူအားလုံးသည် လူတို့၏ စိတ်ဝိညာဉ်များကို ဝါးမျိုသော ဆိုးယုတ်သည့် နတ်ဆိုးများ၊ လူတို့ကို လမ်းကြောင်းမှန်ပေါ်သို့ မလျှောက်လှမ်းနိုင်ရန် တမင်တကာ နှောင့်ယှက်သော မကောင်းဆိုးဝါးခေါင်းဆောင်များနှင့် လူတို့ကို ဘုရားသခင်အား မရှာဖွေနိုင်ရန် ဟန့်တားသော ခလုတ်ကန်သင်းများ ဖြစ်ကြသည်။ ၎င်းတို့သည် “ခန္ဓာကိုယ် တောင့်တင်းခိုင်မာသည်” ဟု ထင်ရသော်လည်း လူတို့ကို ဘုရားသခင်အား အတိုက်အခံလုပ်ရန် ဦးဆောင်သည့် အန္တိခရစ်များ ဖြစ်ကြောင်းကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိနိုင်မည်နည်း။ ၎င်းတို့သည် လူတို့၏ စိတ်ဝိညာဉ်များကို ဝါးမျိုရန် ရည်စူးထားသော အသက်ရှင်သည့် နတ်ဆိုးများ ဖြစ်ကြောင်းကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိနိုင်မည်နည်း။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မိမိတို့ကိုယ်ကို မြင့်မြတ်သည်ဟု ယုံကြည်သူများသည် အားလုံးထဲတွင် အနိမ့်ကျဆုံး ဖြစ်ကြပြီး မိမိတို့ကိုယ်ကို နိမ့်ကျသည်ဟု ထင်မှတ်သူများသည် အမြင့်မြတ်ဆုံး ဖြစ်ကြလေသည်။ ပြီးလျှင် ဘုရားသခင်၏ အလုပ်ကို သိသည်ဟု မှတ်ယူကာ ကိုယ်တော့်ကို စိုက်ကြည့်နေစဉ်တွင် ကိုယ်တော်၏ အလုပ်ကို အခြားသူများအား အတားအဆီးမရှိ ကြေညာနိုင်သူများသည် အားလုံးထဲတွင် အသိဉာဏ်အမဲ့ဆုံး ဖြစ်ကြလေသည်။ ထိုသို့သော လူများသည် ဘုရားသခင်အတွက် သက်သေခံချက် မရှိကြဘဲ အားလုံးသည် မာနထောင်လွှားကာ စိတ်ကြီးဝင်ကြလေသည်။ မိမိတို့သည် ဘုရားသခင်အကြောင်းကို သိသည်မှာ အလွန် နည်းပါးသည်ဟု ယုံကြည်သော်လည်း စင်စစ်အားဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ လက်တွေ့ကျသော အတွေ့အကြုံနှင့် လက်တွေ့ကျသော သိကျွမ်းမှု ရှိသူများသည် ကိုယ်တော် အချစ်ရဆုံးသော သူများ ဖြစ်ကြလေသည်။ ထိုသို့သော လူများသာလျှင် သက်သေခံချက် အမှန်တကယ် ရှိကြပြီး အမှန်တကယ်ပင် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရနိုင်စွမ်း ရှိကြလေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သည့်တိုင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်တိုင် ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို ဆန့်ကျင်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိပြီး ထို့အပြင် တမင်တကာ ပုန်ကန်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ပြီးလျှင် ဘုရားသခင်ကို မသိကျွမ်းနိုင်ဘဲ ကိုယ်တော်အတွက် သက်သေမခံနိုင်သူ မည်သူမဆိုသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူတစ်ဦး ဖြစ်လေသည်။ သို့ဖြစ်၍ သင်တို့ကို ငါ တိုက်တွန်းနှိုးဆော်သည်။ သင်တို့သည် ဤလမ်းကြောင်းကို လျှောက်လှမ်းရန် ယုံကြည်ခြင်း အမှန်တကယ် ရှိပါက ဆက်လက်၍ လိုက်လျှောက်ကြလော့။ သို့သော် သင်တို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းမှ မရှောင်ကြဉ်နိုင်ပါက အချိန်မနှောင်းမီ သင်တို့ ဖယ်ခွာသွားသည်က အကောင်းဆုံး ဖြစ်လိမ့်မည်၊ သို့မဟုတ်ပါက သင်တို့၏ သဘာဝသည် လုံးလုံးပင် အလွန် ဖောက်ပြန်ပျက်စီးနေသောကြောင့် အမှုအရာများသည် သင်တို့အတွက် အမှန်တကယ် ကောင်းမွန်သော နိမိတ်လက္ခဏာ ဖြစ်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် သစ္စာစောင့်သိခြင်း ကင်းမဲ့သည်၊ ကျိုးနွံနာခံခြင်း ကင်းမဲ့သည်၊ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားကို ဆာငတ်သော စိတ်နှလုံး ကင်းမဲ့ပြီး ဘုရားသခင်ကို ချစ်ခြင်း ကင်းမဲ့ကြလေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်တို့၏ အခြေအနေသည် အခြေခံအားဖြင့် လုံးဝ ဖရိုဖရဲ ဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။ သင်တို့သည် မိမိတို့ စောင့်ထိန်းသင့်သည့်အရာကို မစောင့်ထိန်းနိုင်ကြ၊ ပြောသင့်သည့်အရာကို မပြောနိုင်ကြ၊ သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို လက်တွေ့မလုပ်ဆောင်နိုင်ကြသကဲ့သို့ သင်တို့ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားကို မဖြည့်ဆည်းနိုင်ကြပေ။ သင်တို့တွင် ရှိသင့်သည့် သစ္စာစောင့်သိခြင်း၊ သင်တို့တွင် ရှိသင့်သည့် အသိစိတ်၊ သင်တို့တွင် ရှိသင့်သည့် ကျိုးနွံနာခံခြင်း သို့မဟုတ် သင်တို့တွင် ရှိသင့်သည့် စိတ်ပိုင်းဖြတ်မှု မရှိကြပေ။ သင်တို့သည် ခံစားသင့်သည့် ဆင်းရဲဒုက္ခကို မခံစားခဲ့ကြရသည့်အပြင် သင်တို့တွင် ရှိသင့်သည့် ယုံကြည်ခြင်းလည်း မရှိကြပေ။ သင်တို့သည် ကောင်းကွက် တစ်စက်မျှ လုံးလုံး ကင်းမဲ့နေကြလေသည်။ သင်တို့သည် ဆက်လက် အသက်ရှင်နေရသည်ကို မရှက်ကြဘူးလော။ သင်တို့သည် စောစောစီးစီး ထာဝရ ငြိမ်းချမ်းစွာ အနားယူရန် မျက်စိမှိတ်လိုက်သည်က ပိုကောင်းမည်ဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်ကို သင်တို့အတွက် စိုးရိမ်ပူပန်ခြင်းနှင့် သင်တို့အတွက် ဆင်းရဲဒုက္ခခံစားရခြင်းမှ ကင်းလွတ်စေမည်ဟု သင်တို့ကို ငါ အကြံပြုလေသည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ကိုယ်တော်၏ ရည်ရွယ်ချက်များကို နားမလည်ကြပေ။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်တိုင် လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို မလိုက်နာနိုင်ကြပေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ကိုယ်တော့်ကို မသိကျွမ်းကြသည့်အပြင် ကြိုးပမ်းအားထုတ်ရန် ပန်းတိုင်တစ်ခုမရှိဘဲ၊ မည်သည့် တန်ဖိုးများ သို့မဟုတ် မည်သည့် အဓိပ္ပာယ်မျှမရှိဘဲ အသက်ရှင်ကြလေသည်။ သင်တို့သည် လူသားတစ်ဦး ဖြစ်သည့်တိုင် အသိစိတ်၊ တည်ကြည်မှု သို့မဟုတ် ယုံကြည်စိတ်ချရမှု စိုးစဉ်းမျှ မရှိကြပေ။ သင်တို့သည် မိမိတို့ကိုယ်ကို လူသားဟု ခေါ်ဆိုနိုင်ကြသေးသလော။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ကိုယ်တော့်ကို လှည့်ဖြားကြသည်၊ သင်တို့သည် ဘုရားသခင်၏ ငွေကြေးကိုပင် တပ်မက်ပြီး ကိုယ်တော်အား ပူဇော်ဆက်ကပ်ထားသည့်အရာများကို စားကြလေသည်။ သို့တိုင်အောင် အဆုံးတွင် သင်တို့သည် ဘုရားသခင်၏ ခံစားချက်များကို စိုးစဉ်းမျှ အလေးထားမှု ပြသရန် သို့မဟုတ် ကိုယ်တော်အပေါ် အနည်းငယ်မျှသော အသိစိတ် ပြသရန် ပျက်ကွက်ကြဆဲ ဖြစ်သည်။ သင်တို့သည် ဘုရားသခင် ပြုလုပ်ထားသော သေးငယ်သည့် တောင်းဆိုချက်တစ်ခုကိုပင် မဖြည့်ဆည်းနိုင်ကြပေ။ သင်တို့သည် မိမိတို့ကိုယ်ကို လူသားဟု ခေါ်ဆိုနိုင်ကြသေးသလော။ သင်တို့သည် ဘုရားသခင် ပေးသနားသော အစားအစာကို စားကြသည်၊ ကိုယ်တော် ပေးသော အောက်ဆီဂျင်ကို ရှူရှိုက်ကြပြီး ကိုယ်တော်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားကြသော်လည်း အဆုံးတွင် သင်တို့သည် ဘုရားသခင်နှင့်ပတ်သက်၍ စိုးစဉ်းမျှသော သိကျွမ်းမှု မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်တို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သော အသုံးမကျသူများ ဖြစ်လာကြလေသည်။ ထိုအရာက သင်တို့ကို ခွေးတစ်ကောင်နှင့်ပင် မယှဉ်နိုင်သော တိရစ္ဆာန်တစ်ကောင် ဖြစ်မသွားစေဘူးလော။ တိရစ္ဆာန်များထဲတွင် သင်တို့ထက် ပို၍ မလိုမုန်းထားသော သတ္တဝါတစ်ကောင်တလေ ရှိသလော။
တရားဟော စင်မြင့်တွင်ရပ်၍ အခြားသူများကို သွန်သင်နေသည့် သင်းအုပ်များနှင့် အကြီးအကဲများသည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများနှင့် စာတန်နှင့် မဟာမိတ်များ ဖြစ်သည်။ သင်တို့အထဲမှ တရားဟော စင်မြင့်တွင် ရပ်၍ အခြားသူတို့ကို သွန်သင်ခြင်းမပြုသူတို့သည် ဘုရားသခင်၏ သာ၍ပင် ကြီးမားသော အတိုက်အခံလုပ်သူများ ဖြစ်မည်မဟုတ်လော။ သင်တို့သည် ၎င်းတို့ထက်ပင် စာတန်နှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် မည်သို့အညီဖြစ်ရမည်ကို မသိကြချေ။ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို နားလည်သော သူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မည်သို့အညီဖြစ်ရမည်ကို မသိမည်မှာ ဧကန်မုချ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ အမှုသည် မည်သည့်အခါတွင်မျှ မမှားယွင်းပေ။ ယင်းထက်၊ အပြစ်အနာပါသည်မှာ လူသား၏လိုက်စားရှာဖွေမှု ဖြစ်သည်။ ဘုရားသခင်ကို တမင်အတိုက်အခံလုပ်သော ကိုယ်ကျင့်တရားပျက်သူများသည် ထိုသင်းအုပ်ဆရာနှင့် အကြီးအကဲများထက် သာ၍ ဆိုးယုတ်ပြီး မလိုမုန်းထားသည် မဟုတ်လော။ များစွာသောသူတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သူများဖြစ်ကြသော်လည်း၊ ၎င်းတို့ကြားတွင် ဘုရားသခင်ကို ၎င်းတို့ အတိုက်အခံလုပ်သည့် မတူကွဲပြားသော နည်းလမ်းများစွာ ရှိလေသည်။ ယုံကြည်သူမျိုးစုံ ရှိသည်နှင့်အမျှ၊ တစ်ဦးနှင့်တစ်ဦးမတူသည့် ဘုရားသခင်ကို အတိုက်အခံလုပ်သူ မျိုးစုံရှိလေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုရန် ပျက်ကွက်သူများထဲမှ တစ်ဦးတစ်ယောက်မျှ ကယ်တင်မခံရနိုင်ပေ။ အတိတ်ကာလတွင် လူသည် ဘုရားသခင်ကို မည်သို့ အတိုက်အခံလုပ်ကောင်းလုပ်နိုင်သည်ကို ပဓာနမထားဘဲ၊ လူသားသည် ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားလည်လာပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းငှာ သူ၏ အားထုတ်မှုများကို ဆက်ကပ်သည့်အခါ၊ သူ၏ ယခင်အပြစ်များအားလုံးကို ဘုရားသခင် သန့်စင်ဖယ်ရှားမည် ဖြစ်သည်။ လူသားသည် သမ္မာတရားကို ရှာဖွေကာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သရွေ့၊ သူလုပ်ဆောင်ခဲ့သည့်အရာကို ဘုရားသခင် အမှတ်ထားမည်မဟုတ်ပေ။ ထို့အပြင်၊ လူသားကို ဘုရားသခင် ဖြောင့်မတ်စေသည်မှာ သမ္မာတရားကို လူသား၏ လက်တွေ့လုပ်ဆောင်ခြင်းအရ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ လူသားသည် ဘုရားသခင်ကို မမြင်ဖူးမီ သို့မဟုတ် သူ၏အမှုကို မတွေ့ကြုံဖူးမီတွင်၊ ဘုရားသခင်အပေါ် လူသားက မည်သို့ပြုမူစေကာမူ၊ ယင်းကို ဘုရားသခင် အမှတ်မထားပေ။ သို့သော်၊ လူသားသည် ဘုရားသခင်ကို တွေ့မြင်ပြီး သူ၏အမှုကို တွေ့ကြုံဖူးသည်နှင့် တစ်ပြိုင်နက်၊ လူသားသည် ဘုရားသခင်ကို မြင်ရပြီးဖြစ်ကာ သူ၏ အမှုအလယ်တွင် အသက်ရှင်ရပြီးဖြစ်သည့်အတွက်၊ လူသား၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအားလုံးကို ဘုရားသခင်သည် “နှစ်အလိုက်မှတ်တမ်း” ထဲတွင် ရေးသွင်းလိမ့်မည်ဖြစ်သည်။
လူသားသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် တွေ့မြင်ပြီးသည့်အခါ၊ ဘုရားသခင်၏ ကြီးစိုးမှုကို သူ တွေ့မြင်ပြီးသည့်အခါနှင့် ဘုရားသခင်၏အမှုကို အမှန်တကယ် သိရှိလာကြပြီးသည့်အခါ၊ ထို့အပြင် လူသား၏ ဟောင်းနွမ်းသော စိတ်သဘောထား ပြောင်းလဲသည့်အခါတွင်၊ လူသားသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သူ၏ ပုန်ကန်တတ်သော စိတ်သဘောထားကို လုံးဝ စွန့်ပစ်လိမ့်မည် ဖြစ်သည်။ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို အတိုက်အခံလုပ်ဖူးကြပြီး၊ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ပုန်ကန်ဖူးကြသည်ဟု ဆိုနိုင်ပေသည်။ သို့သော်၊ သင်သည် လူ့ဇာတိခံ ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံပြီး၊ ဤအခြေအနေမှ သင်၏ သစ္စာစောင့်သိမှုဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေပါက၊ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်ထမ်းဆောင်သင့်သည့် ဝတ္တရားကို ထမ်းဆောင်ပြီး၊ သင်လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက၊ သင်သည် ဘုရားသခင် စိတ်ကျေနပ်စေရန် သင်၏ ပုန်ကန်မှုကို စွန့်ပစ်ရန် လိုလားနေသူ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်သူတစ်ဦး ဖြစ်ပေသည်။ သင်သည် သင်၏ အမှားများကို ကြည့်ဖို့ ခေါင်းမာစွာ ငြင်းဆန်ပြီး မိမိကိုယ်ကိုယ် နောင်တရခြင်းငှာ ရည်ရွယ်ချက်မရှိခဲ့ပါက၊ ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် သူ့ကို စိတ်ကျေနပ်စေခြင်းငှာ ရည်ရွယ်ချက် နည်းနည်းမျှမရှိဘဲ သင်၏ ပုန်ကန်တတ်သော အမူအကျင့်ဖြင့် သင် မရမက လုပ်ဆောင်ပါက၊ သင်ကဲ့သို့သော အင်မတန် ခေါင်းမာပြီး ပြုပြင်မရသော လူတစ်ဦးသည် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသူတစ်ဦး ဘယ်သောအခါမျှ သေချာပေါက် ဖြစ်မည်မဟုတ်ပေ။ သို့ဖြစ်၍၊ သင်သည် ယနေ့တွင် ဘုရားသခင်၏ ရန်သူဖြစ်ပြီး မနက်ဖြန်တွင်လည်း ဘုရားသခင်၏ ရန်သူဖြစ်လိမ့်မည်ဖြစ်ကာ နောက်နေ့တွင်လည်း ဘုရားသခင်၏ရန်သူ ဖြစ်မြဲဖြစ်ပေလိမ့်မည်။ သင်သည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်ဘက်နှင့် ဘုရားသခင်၏ အတိုက်အခံလုပ်တစ်ဦး ဖြစ်လိမ့်မည်။ ထိုအခြေအနေတွင်၊ ဘုရားသခင်သည် သင့်ကို မည်သို့ သက်ညှာနိုင်မည်နည်း။ ဘုရားသခင်ကို အတိုက်အခံလုပ်ဖို့ဆိုသည်မှာ လူသား၏သဘာဝတွင် ရှိသော်လည်း၊ သူ၏ သဘာဝကို ပြောင်းလဲခြင်းသည် ကျော်လွှားမရနိုင်သော အလုပ်တစ်ခု ဖြစ်သောကြောင့်မျှဖြင့် လူသားသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့်ဆိုင်သည့် “လျှို့ဝှက်ချက်” ကို တမင်တကာ ရှာဖွေရမည်မဟုတ်ပေ။ ထိုသို့ဖြစ်မည်ဆိုပါက၊ အနာဂတ်တွင် သင်၏ ပြစ်တင်ဆုံးမမှု သာ၍ ပြင်းထန်လာမည်စိုးသဖြင့်၊ ပြီးလျှင် နောက်ဆုံးတွင် သင်၏ သွေးသားခန္ဓာကို ဘုရားသခင် အဆုံးသတ်ရသည်အထိ၊ သင်၏ကြမ်းကြုတ်သော သဘာဝ ပွင့်ထွက်ပြီး ထိန်းမရနိုင်ဖြစ်လာမည် စိုးသဖြင့်၊ အလွန်နောက်မကျမီ သင်ထွက်သွားသည်က ပိုကောင်းပေမည်။ သင်သည် ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဘုရားသခင်ကို ယုံကြည်၏။ သို့သော် နောက်ဆုံးတွင် ကံအကြောင်းမလှသည့် ဖြစ်ရပ်သာ သင့်အပေါ် ကျရောက်ပါက၊ ယင်းသည် အရှက်ရစရာ ဖြစ်မည်မဟုတ်လော။ သင်တို့အနေဖြင့် အခြားအစီအစဉ် ပြုလုပ်သည်က ပိုကောင်းပေလိမ့်မည်ဟု သင်တို့ကို ငါ တိုက်တွန်း၏။ သင်တို့ လုပ်ဆောင်နိုင်သည့် မည်သည့်အရာမဆိုသည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ကောင်းပေမည်။ ဤလမ်းကြောင်းတစ်ခုသာ ရှိသည်မှာ ဧကန်မုချ မဖြစ်နိုင်။ သမ္မာတရားကို သင်တို့ မရှာဖွေခဲ့ပါက၊ သင်တို့ ဆက်လက်ရှင်သန်ခဲ့ကြမည် မဟုတ်လော။ အဘယ်ကြောင့် သင်သည် ဤနည်းဖြင့် ဘုရားသခင်နှင့် သဘောကွဲလွဲရမည်နည်း။