၃။ သခင်ယေရှုက လူ့ဇာတိဖြင့် ပြန်ကြွလာပြီးဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်။ သို့ဆိုလျှင် ယခု သခင် အဘယ်မှာနည်း။ သူ့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် မမြင်ရပြီနည်း။ မြင်ခြင်းသည် ယုံကြည်ခြင်းဖြစ်သည်၊ သို့ဖြစ်လျှင် သူ့ကို ကျွန်ုပ်တို့ မမြင်သည့်အချက်က သခင် ပြန်ကြွမလာသေးသည်ကို သက်သေပြပေသည်။ ကျွန်ုပ် မြင်သည့်အခါ ယုံပါမည်။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆-၁၁)
“ထို့နောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲ၌ရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၆-၂၉)
“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)
“သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။” (ရောမဩဝါဒစာ ၁၀:၁၇)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
နောက်ဆုံးသော ကာလအတွင်းတွင် သမ္မာတရား၏ ဝိညာဉ်တော်ကို လူသားအပေါ် အပ်နှင်းလိမ့်မည်ဟု ယေရှုက ကြေညာခဲ့သည်။ နောက်ဆုံးသောကာလသည် ယခု ရောက်ပြီ ဖြစ်၏။ သမ္မာတရား၏ ဝိညာဉ်တော်သည် နှုတ်ကပတ်တော်များအား မည်သို့ဖော်ပြသည်ကို သင်နားလည်သလော။ သမ္မာတရား၏ ဝိညာဉ်တော်သည် မည်သည့်နေရာတွင် ပေါ်ထွန်းပြီး အမှုပြုသနည်း။ ပရောဖက် ဟေရှာယ၏ အနာဂတ္တိကျမ်းထဲတွင် ယေရှုဟုအမည်ရသည့် သူငယ်သည် ဓမ္မသစ်ကျမ်း ခေတ်ကာလတွင် မွေးဖွားလိမ့်မည်ဟု မည်သည့်အခါမျှ မဖော်ပြခဲ့ပေ။ ဧမာနွေလအမည်ရှိ သားယောက်ျား တစ်ဦး မွေးဖွားလိမ့်မည်ဟုမျှသာ ရေးသားထားသည်။ အဘယ်ကြောင့် “ယေရှု” အမည်ကို ဖော်ပြမထားခဲ့သနည်း။ ဓမ္မဟောင်းကျမ်းတွင် မည်သည့်နေရာတွင်မျှ ဤအမည် မပေါ်လာပေ။ သို့ဖြစ်လျှင် အဘယ်ကြောင့် သင်သည် ယေရှု၌ ယုံကြည်ဆဲဖြစ်သနည်း။ သင်၏ မျက်လုံးများဖြင့် သူ့ကို မြင်ပြီးနောက်တွင်သာ ယေရှုကို သင် ဧကန်မုချ စတင်ယုံကြည်ခဲ့ခြင်း မဟုတ်၊ ဟုတ်ပါသလော။ သို့မဟုတ် ဗျာဒိတ်တစ်ခုကို ရရှိသည်နှင့် သင်စတင်ယုံကြည်ခဲ့သလော။ ဘုရားသခင်သည် ထိုသို့သော ကျေးဇူးတော်ကို သင့်အား အမှန်တကယ် ပြမည်လော။ ထိုသို့သော ကြီးမားသည့် ကောင်းချီးမင်္ဂလာကို သင့်အား သူအပ်နှင်းမည်လော။ ယေရှု၌ သင်၏ ယုံကြည်မှု၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယနေ့တွင် ဘုရားသခင် လူ့ဇာတိခံယူပြီးဖြစ်သည်ကို သင်အဘယ်ကြောင့် မယုံကြည်သနည်း။ ဘုရားသခင်ထံမှ သင့်ထံသို့ ဗျာဒိတ် မရှိခြင်းသည် ဘုရားသခင် လူ့ဇာတိမခံယူရသေးသည်ကို သက်သေပြသည်ဟု သင်အဘယ်ကြောင့် ဆိုသနည်း။ ဘုရားသခင်သည် သူ၏အမှုကို စတင်မီ လူတို့ကို အသိပေးရမည်လော။ ၎င်းတို့၏ ထောက်ခံချက်ကို သူ ဦးစွာ ရရှိရမည်လော။ မွေးကင်းစ သားယောက်ျားလေးတစ်ဦး နွားစားခွက်ထဲတွင် မွေးဖွားလိမ့်မည်ဟုသာ ဟေရှာယက ကြွေးကြော်ခဲ့သည်။ မာရိအနေဖြင့် ယေရှုကို မွေးဖွားပေးလိမ့်မည်ဟု သူ မည်သည့်အခါတွင်မျှ ပရောဖက်မပြုခဲ့ပေ။ မာရိမှ မွေးဖွားသော ယေရှု၌ သင်၏ ယုံကြည်မှုကို မည်သည့်အရာတွင် သင် အတိအကျ အခြေပြုသနည်း။ သင်၏ယုံကြည်မှုသည် ဧကန်မုချ ရှုပ်ထွေးနေသည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း
အစမှအဆုံးထိ ဘုရားသခင်သည် လူကို စီမံခြင်း၊ လူကို ကယ်တင်ခြင်းနှင့်ဆိုင်သော သူ၏ အမှုတော်ကို လူသားမျိုးနွယ်ကြားတွင် ဆောင်ရွက်နေပြီးဖြစ်သည်။ အစမှအဆုံးထိ ဘုရားတစ်ပါးတည်းသာ အမှုပြုနေသည်၊ စကားပြောနေသည်၊ လူသားမျိုးနွယ်ကို သွန်သင်ကာ လမ်းပြနေသည်။ ဤဘုရားသခင် တည်ရှိပေသည်။ ဘုရားသခင်သည် ယခုတွင် နှုတ်ကပတ်တော်များစွာ ပြောဆိုထားပြီဖြစ်သည်။ သူ့ကို ငါတို့ မျက်နှာချင်းဆိုင် မြင်နှင့်ကြပြီးဖြစ်သည်။ သူစကားပြောသည်ကို ကြားကြပြီးဖြစ်သည်။ သူ၏ အမှုတော်ကို တွေ့ကြုံပြီးဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များအား ငါတို့၏ အသက်ဖြစ်လာရန် ငါတို့အထဲသို့ လက်ခံကြလျက် သူ၏ နှုတ်ကပတ်တော်များကို စားသောက်ကြပြီး ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက ငါတို့ကို စဉ်ဆက်မပြတ် လမ်းပြနေပြီး ပြောင်းလဲပေးနေသည်။ ဤဘုရားသခင် ဧကန်အမှန် တည်ရှိပေသည်။ ထို့ကြောင့် ဘုရားသခင် ပြောသည့်အတိုင်း လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟူသော အချက်နှင့် အစအဦးတွင် အာဒံနှင့် ဧဝကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဟူသော အချက်ကို ငါတို့ယုံကြည်သင့်သည်။ သင်သည် ဤဘုရားသခင် တည်ရှိသည်ဟု ယုံကြည်ပြီး ယခု သူ့ရှေ့မှောက်သို့ သင်တိုးဝင်လာပြီဖြစ်သည့်အတွက် ယေဟောဝါ ဆောင်ရွက်ခဲ့သော အမှုသည် ဤဘုရားသခင်၏ အမှုဖြစ်သည်ဟု သင်အတည်ပြုရန် လိုအပ်သေးသလော။ ထိုအရာကို မည်သူမျှ အတည်မပြုနိုင်သကဲ့သို့ မျက်မြင်တွေ့ထားခြင်းလည်း မရှိပါက သင်မယုံကြည်ဘဲ နေလိမ့်မည်လော။ သို့မဟုတ် ကျေးဇူးတော်ခေတ်မှ အမှုတော်နှင့်စပ်လျဉ်း၍ ယေရှုကို သင်လုံးဝ မတွေ့ဖူးသောကြောင့် သူသည် လူ့ဇာတိခံ ဘုရားဖြစ်ကြောင်းကို သင်မယုံကြည်သလော။ လက်ရှိ ဘုရားသခင် စကားပြောသည်ကိုဖြစ်စေ၊ အမှုပြုသည်ကိုဖြစ်စေ၊ လူ့ဇာတိခံယူသည်ကိုဖြစ်စေ သင်ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့လျှင် မယုံကြည်ဘဲနေမည်လော။ ဤအရာများကို သင်မမြင်ခဲ့ပါက သို့မဟုတ် ဤအရာများကို အတည်ပြုရန် မျက်မြင်တွေ့ထားသူများ မရှိခဲ့ပါက ထိုအရာအားလုံးကို သင်မယုံကြည်ဘဲနေမည်လော။ ဤသည်မှာ လူတို့အတွင်းတွင် ရှိသည့် ကတ်သီးကတ်သတ် မှားယွင်းသော အမြင်များကြောင့် ဖြစ်သည်။ ထိုအရာမှာ လူများစွာက ပြုလုပ်မိသည့် အမှားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အရာရာကို ကိုယ်တိုင်ကိုယ်ကျ မဖြစ်မနေ မြင်တွေ့လိုပြီး မမြင်ရပါက မယုံကြည်ကြချေ။ ဤသည်မှာ မှားယွင်းပေသည်။ လူတစ်ဦးသည် ဘုရားသခင်ကို အမှန်တကယ် သိရှိလျှင်၊ အချက်အလက်များကို မြင်တွေ့ထားခြင်းပင် မရှိဘဲ ဘုရား၏ နှုတ်ကပတ်တော်ကို ယုံကြည်နိုင်ပြီး ဘုရား၏ နှုတ်ကပတ်တော်ကို အတည်ပြုထောက်ခံနိုင်လျှင် ထိုအခါတွင်မှ သူသည် သမ္မာတရားကို သိနားလည်ပြီး စစ်မှန်သည့် ယုံကြည်ခြင်းရှိသော လူစားမျိုးဖြစ်ပေသည်။ ယခုတွင် ဤဘုရားနှုတ်ကပတ်တော်များကို ငါတို့မြင်ရပြီးဖြစ်ကာ သူ၏ အသံတော်ကို ကြားရပြီးဖြစ်သဖြင့် ထိုအဖြစ်က ငါတို့ကို စစ်မှန်သည့် ယုံကြည်ခြင်းပေးရန် လုံလောက်ပြီး ထို့အတွက်ကြောင့် ငါတို့ကို သူ့နောက်လိုက်စေရန်အပြင် ဘုရားသခင်ထံမှ လာသည့် နှုတ်ကပတ်တော်တိုင်းနှင့် အမှုတိုင်းကို ယုံကြည်စေရန်လည်း လုံလောက်ပေသည်။ ငါတို့အနေဖြင့် အမှုအရာများကို ဆက်စိစစ်ရန် သို့မဟုတ် ဆက်ရှာဖွေလေ့လာရန် မလိုအပ်ပေ။ ဤသည်မှာ လူတို့ ရှိသင့်သည့် အသိစိတ်မျိုး ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင် မျက်မြင်တွေ့မည့်လူ မည်သူမျှ မရှိခဲ့သော်လည်း ယခုတွင်မူ ဘုရားသခင်သည် သမ္မာတရားများကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန်၊ သူ၏ အမှုတော်ကို လက်တွေ့ကျကျ ဆောင်ရွက်ရန်၊ အသင်းတော်များကြား လျှောက်လှမ်းကာ လူသားမျိုးနွယ်ကြား အမှုပြုရန် လူ့ဇာတိခံလာပြီ ဖြစ်သည်။ များစွာသော လူတို့သည် ဤအရာကို မမြင်ရလေပြီလော။ ထိုအရာကို မြင်နိုင်စွမ်း လူတိုင်း၌ မရှိသော်လည်း သင်ယုံကြည်သည်။ အဘယ်ကြောင့် သင်ယုံကြည်သနည်း။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းအပြင် ဤသည်မှာ စစ်မှန်သော လမ်းခရီးနှင့် ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း သင်ခံစားရသောကြောင့်သာ ယုံကြည်သည် မဟုတ်လော။ သင့်အနေဖြင့် ဤသို့ ပြောနိုင်သေးသလော။ “ဘုရားသခင်၏ ဤအမှုတော်အဆင့်တွင် ဘုရားစကားပြောသည်ကို ကျွန်ုပ်ကြားခဲ့ပြီး ဘုရား၏ နှုတ်ကပတ်တော်များကိုလည်း မြင်ခဲ့သည်။ ဤနှုတ်ကပတ်တော်များ ဘုရားသခင်ထံမှ လာသည်မှာ မှန်သည်။ သို့ရာတွင် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်း အမှုနှင့် စပ်လျဉ်း၍မူ သူ၏ သံမှိုရာများကို ကျွန်ုပ်မထိတွေ့ခဲ့သောကြောင့် သူကားစင်တင်ခံခဲ့ရသည်ဟူသည့် အချက်ကို ကျွန်ုပ်မယုံကြည်ပါ။ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါ ဘုရားသခင် ပြုခဲ့သည့် အမှုကို ကျွန်ုပ်မျက်မြင်တွေ့ခဲ့ခြင်း မရှိသကဲ့သို့ ပညတ်တရားများကို သူကြေညာခဲ့ချိန်တွင်လည်း ကျွန်ုပ်မကြားသိခဲ့ရပါ။ မောရှေကသာ ထိုအရာများကို ကြားခဲ့ပြီး မောရှေကျမ်း ငါးကျမ်းကို ရေးသားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကျမ်းများအား သူမည်သို့ရေးသားခဲ့သည်ကို ကျွန်ုပ်မသိပါ” ဟု ပြောနိုင်သေးသလော။ ဤအရာများကို ပြောသောလူများသည် ပုံမှန်စိတ်အခြေအနေတစ်ခုတွင် ရှိနေကြသလော။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ မဟုတ်ပေ။ ဤသည်မှာ ဣသရေလလူမျိုးများက “ယေဟောဝါသည် အမှန်ပင် မောရှေအားဖြင့်သာ စကားပြောခဲ့သလော။ ကျွန်ုပ်တို့အားဖြင့်လည်း စကားမပြောခဲ့သလော” (တောလည်ရာကျမ်း ၁၂:၂) ဟု ပြောခဲ့သည့် အချိန်ကဲ့သို့သာ ဖြစ်သည်။ ၎င်းတို့ဆိုလိုသည့်အရာမှာ “မောရှေကို ကျွန်ုပ်တို့ နားထောင်မည်မဟုတ်။ ယေဟောဝါ ဘုရားသခင်ထံမှ ကျွန်ုပ်တို့ ကိုယ်တိုင်ကိုယ်ကျ ကြားရမှဖြစ်မည်” ဟူ၍ ဖြစ်သည်။ မိမိတို့မျက်လုံးများဖြင့် ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့သောကြောင့် ယေရှုက ကားစင်တင်သတ်ခံခဲ့ရကြောင်း သို့မဟုတ် သေရာမှ ထမြောက်ကြောင်းကို ၎င်းတို့မယုံကြည်ဟု ကျေးဇူးတော်ခေတ်အတွင်းတွင် လူတို့ပြောခဲ့သည့်အချိန်ကကဲ့သို့ ဖြစ်သည်။ ယေရှု၏ သံမှိုစွဲရာများကို ထိတွေ့ရန် မရမကတောင်းဆိုခဲ့သည့် သောမဟု အမည်ရသော တပည့်တော်တစ်ပါး ရှိခဲ့သည်။ သူ့ကို ယေရှုက အဘယ်အရာ ပြောခဲ့သနည်း။ (“သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉)) “ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏။” ဤအရာက မည်သည့်အရာကို အမှန်တကယ် ဆိုလိုသနည်း။ မည်သည့်အရာကိုမျှ ၎င်းတို့ အမှန်တကယ် မမြင်ခဲ့ကြလေသလော။ အမှန်တွင် ယေရှုပြောခဲ့ပြီးသည့် အရာအားလုံးနှင့် သူပြုခဲ့သည့် အမှုအားလုံးက ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြနှင့်ပြီးဖြစ်သောကြောင့် လူတို့က ယုံကြည်ခဲ့သင့်ပေသည်။ ယေရှုက နောက်ထပ် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ ပြုရန် သို့မဟုတ် နောက်ထပ် စကားများ ပြောဆိုရန် မလိုအပ်သကဲ့သို့ လူတို့က ယုံကြည်ရန် သူ၏ သံမှိုရာများကို ထိကြည့်ဖို့လည်း မလိုအပ်ခဲ့ကြပေ။ စစ်မှန်သည့် ယုံကြည်ခြင်းသည် မြင်ခြင်းအပေါ်သာ မမှီခိုဘဲ ထို့ထက် ဝိညာဉ်ရေးရာ အတည်ပြုချက်နှင့်အတူ ယုံကြည်မှုကို တကယ့်အဆုံးတိုင် စွဲကိုင်ထားခြင်းဖြစ်ကာ မည်သည့်သံသယမျှ မရှိပေ။ သောမသည် မြင်ခြင်းအပေါ် အမှီပြုသည့် မယုံကြည်သူတစ်ဦး ဖြစ်သည်။ သောမကဲ့သို့ မဖြစ်ကြနှင့်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်
သခင်ယေရှု ပြောခဲ့သည်မှာ “သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏” ဟူ၍ဖြစ်သည်။ ဤစကားများက သောမသည် သခင်ယေရှု၏ ရှုတ်ချခြင်းကို ခံရနှင့်ပြီးဖြစ်ကြောင်းနှင့် သူသည် မယုံကြည်သူတစ်ဦးဖြစ်ကြောင်း ဆိုလိုပေသည်။ သခင့်ကိုရော သခင်ပြောထားသမျှကိုပါ သင်အမှန်တကယ် ယုံကြည်ပါက ကောင်းချီးခံစားရလိမ့်မည်။ သင်သည် အချိန်ကြာမြင့်စွာ ဘုရားသခင်နောက် လိုက်ပြီးသော်လည်း ရှင်ပြန်ထမြာက်ဖို့ သူ၏ တတ်စွမ်းနိုင်ခြင်းကို မယုံကြည်ပါက သို့မဟုတ် သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ကြောင်း မယုံကြည်ပါက သင့်ထံတွင် စစ်မှန်သည့် ယုံကြည်ခြင်းမရှိသကဲ့သို့ ကောင်းချီးများကို သင်ရရှိနိုင်လိမ့်မည်လည်း မဟုတ်ပေ။ ယုံကြည်ခြင်းမှတစ်ဆင့်သာ ကောင်းချီးများကို ရရှိနိုင်၍ သင်မယုံကြည်ပါက ရရှိလိမ့်မည် မဟုတ်။ ဘုရားသခင်က သင့်ထံ ပေါ်ထွန်းလာမှသာ၊ သင့်အား သူ့ကို မြင်ခွင့်ပေးမှသာ၊ သင်လက်ခံယုံကြည်အောင် သူကိုယ်တိုင်လုပ်ပေးမှသာ သင်ယုံကြည်နိုင်စွမ်း ရှိသလော။ သင့်ထံ ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းလာရန် ဘုရားသခင်ကို စေခိုင်းဖို့ လူသားတစ်ဦးဖြစ်သည့် သင်သည် မည်သို့အရည်အချင်းပြည့်မီသနည်း။ သင်ကိုယ်တိုင်ကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ဦးထံ သူ့ကို ကိုယ်တိုင်ကိုယ်ကျ စကားပြောခိုင်းရန် သင်မည်သို့ အရည်အချင်းပြည့်မီသနည်း။ ထို့အပြင် သင်မယုံကြည်မီ သင့်ထံ အရာရာကို ရှင်းလင်းစွာ ရှင်းပြဖို့ သူ့ကို တောင်းဆိုရန် မည်သည့်အရာက သင့်ကို အရည်အချင်း ပြည့်မီစေသနည်း။ သင်သည် အသိစိတ်ကို ပိုင်ဆိုင်ပါက ဘုရားသခင် မိန့်မြွက်ထားသည့် ဤနှုတ်ကပတ်တော်များကို ဖတ်ရုံမျှဖတ်ပြီးသည့်နောက်တွင် ယုံကြည်လိမ့်မည်။ သင်အမှန်တကယ် ယုံကြည်ပါက သူမည်သည့်အရာ လုပ်ဆောင်သည် သို့မဟုတ် မည်သည့်အရာ ပြောဆိုသည်မှာ အရေးမကြီးပေ။ ထို့ထက် ဤနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို မြင်သည့်အခါ ထိုအရာများကို ဘုရားသခင် ပြောထားခဲ့ကြောင်းနှင့် ဤအရာများကို သူလုပ်ဆောင်ခဲ့ကြောင်း သင်တစ်ရာရာခိုင်နှုန်း လက်ခံယုံကြည်လိမ့်မည်ဖြစ်ပြီး သူ့နောက်ကို အဆုံးထိလိုက်ရန် အသင့်ဖြစ်လျက်သား ရှိနေလိမ့်မည် ဖြစ်သည်။ ဤအရာကို သင်သံသယရှိရန် မလိုအပ်ပေ။ သံသယအပြည့်ရှိသော လူများသည် အလွန် လှည့်ဖြားတတ်ကြသည်။ ဘုရားသခင်ကို ၎င်းတို့ တကယ် မယုံကြည်နိုင်ကြပေ။ ထိုနက်နဲမှုများကို နားလည်ရန် ၎င်းတို့ အမြဲ ကြိုးစားနေကြပြီး ယင်းတို့ကို လုံးလုံးလျားလျား သဘောပေါက်သည့်နောက်တွင်သာ ယုံကြည်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ကြိုတင်သတ်မှတ်ချက်မှာ ဤမေးခွန်းများအတွက် ရှင်းလင်းသည့် အဖြေများရှိရန် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင် မည်သို့ ကြွလာခဲ့သနည်း။ သူမည်သည့်အချိန်တွင် ရောက်ရှိလာသနည်း။ သူမထွက်ခွာမီတွင် အချိန်မည်မျှကြာ နေထိုင်မည်နည်း။ သူထွက်ခွာသွားသည့်နောက် မည်သည့်နေရာသို့ သွားလိမ့်မည်နည်း။ သူ၏ ထွက်ခွာခြင်းဖြစ်စဉ်မှာ အဘယ်နည်း။ လူ့ဇာတိခံ ဘုရားသခင်က မည်သို့အမှုပြုပြီး မည်သို့ထွက်ခွာသနည်း။...အချို့သော နက်နဲမှုများကို ၎င်းတို့နားလည်လိုကြသည်။ ၎င်းတို့သည် သမ္မာတရား ရှာဖွေရန်မဟုတ်ဘဲ ထိုအရာများကို စုံစမ်းစစ်ဆေးရန် ဤနေရာတွင် ရှိနေကြခြင်းဖြစ်သည်။ ဤနက်နဲမှုများကို ၎င်းတို့နားမလည်နိုင်ပါက ဘုရားသခင်ကို ၎င်းတို့ယုံကြည်နိုင်လိမ့်မည်မဟုတ်ဟု စဉ်းစားကြသည်။ ၎င်းတို့၏ ယုံကြည်မှုက ပိတ်ဆို့ခံထားရသည့်အလား ဖြစ်သည်။ ဤလူများသည် ဤအမြင်ရှုထောင့်ကို ထားရှိသည်မှာ ဒုက္ခပေးတတ်၏။ နက်နဲမှုများကို ရှာဖွေလေ့လာရန် ၎င်းတို့ဆန္ဒရှိသည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို အာရုံစိုက်ရန် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို အလေးဂရုပြုရန် ၎င်းတို့ဒုက္ခမခံတော့ပေ။ ထိုသို့သော လူများသည် မိမိတို့ကိုယ်ကို သိရှိနိုင်ကြသလော။ မိမိကိုယ်ကို သိသောအသိကို ရဖို့ ၎င်းတို့အတွက် မလွယ်ကူပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်
သခင်ယေရှု လက်ဝါးကပ်တိုင်၌ သံမှိုရိုက်နှက်မခံရမီတွင်၊ သောမက သူသည် ခရစ်တော် ဖြစ်ခဲ့သည်ဆိုသည်ကို အမြဲသံသယထားခဲ့ပြီး သူ့ကို ယုံကြည်နိုင်စွမ်း မရှိခဲ့ပေ။ ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းသည် သူ့မျက်လုံးနှင့် သူမြင်နိုင်သည့်အရာအပေါ်၊ သူ၏ကိုယ်ပိုင်လက်နှင့် ထိတွေ့နိုင်သည့်အရာအပေါ်မှာသာ အခြေခံ၍ တည်ဆောက်ခဲ့သည်။ သခင်ယေရှုသည် ဤလူစားမျိုး၏ ယုံကြည်မှုအပေါ် ကောင်းကောင်း သိနားလည်မှုရှိခဲ့သည်။ ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ယုံကြည်ပြီး ဘုရားသခင် စေလွှတ် လိုက်သောသူ၊ သို့မဟုတ် လူ့ဇာတိခံယူသော ခရစ်တော်ကို လုံးဝမယုံကြည်ခဲ့ကြသကဲ့သို့ သူ့ကို လက်မခံခဲ့ကြပေ။ သောမအတွက် သခင်ယေရှု၏ တည်ရှိမှုနှင့် သူသည် အမှန်တကယ် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည် ဆိုသည်ကို သူအသိအမှတ်ပြုကာ ယုံကြည်ဖို့ရန်အလို့ငှာ၊ သူသည် သောမကို သူ၏လက်အား လှမ်းကာ သူ၏နံရိုးကို ထိခွင့်ပြုခဲ့သည်။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်မီနှင့် ရှင်ပြန်ထမြောက်ပြီးနောက်တွင် သောမ၏ သံသယဝင်ခြင်းသည် တစ်ခုတစ်လေ ကွဲပြားမှုရှိသလော။ သူသည် အမြဲတမ်း သံသယဝင်နေပြီး သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက သူ့ထံ ကိုယ်တိုင်ကိုယ်ကျ ပေါ်လာခြင်းနှင့် သူ၏ကိုယ်ခန္ဓာပေါ်ရှိ သံရိုက်ရာတို့ကို သူ့အား ထိစေခြင်းကလွဲ၍၊ မည်သူကမျှ သူ၏သံသယများကို ဖြေရှင်းပေးကာ ၎င်းတို့ကို သူ့အား လက်လွှတ်စေနိုင်ဖို့ မဖြစ်နိုင်ခဲ့ကြချေ။ ထို့ကြောင့် သခင်ယေရှုက သူ၏နံရိုးကို သောမအား ထိခွင့်ပေးပြီး သူ့ကို သံရိုက်ရာတို့၏ တည်ရှိခြင်းက အမှန်တကယ် ခံစားစေခဲ့သောအချိန်ကစ၍ သောမ၏ သံသယတို့သည် ပျောက်ကွယ်သွားခဲ့ပြီး သခင်ယေရှု ရှင်ပြန်ထမြောက်ခဲ့ပြီး ဖြစ်သည်ကို သူ အမှန်တကယ် သိခဲ့ကာ၊ သခင်ယေရှုသည် စစ်မှန်သော ခရစ်တော်နှင့် လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည်ကို အသိအမှတ်ပြုကာ ယုံကြည်ခဲ့သည်။ ဤအချိန်တွင် သောမသည် သံသယမရှိတော့သော်လည်း၊ သူသည် ခရစ်တော်နှင့်တွေ့ဆုံရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ သူနှင့် အတူရှိရန်၊ သူ့နောက်ကိုလိုက်ရန်၊ သူ့ကိုသိရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ခရစ်တော်က သူ့ကို စုံလင်စေမည့် အခွင့်အရေးကို သူဆုံးရှုံးခဲ့ပြီးဖြစ်သည်။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များသည် သံသယများနှင့် ပြည့်နေသော သူတို့၏ ယုံကြည်ခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်နှင့် အဆုံးသတ်တစ်ခုကို ထောက်ပံ့ပေးခဲ့သည်။ သံသယရှိသူတို့ကို ပြောပြရန်၊ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ယုံကြည်ပြီး ခရစ်တော်ကို မယုံကြည်သောသူတို့ကို ပြောပြရန် သူသည် သူ၏ လက်တွေ့ကျသောနှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်တို့ကို အသုံးပြုခဲ့သည်။ ဘုရားသခင်သည် ၎င်းတို့၏ ယုံကြည်မှုကို မချီးကျူးခဲ့သကဲ့သို့၊ သူ့ကို သံသယ ထားနေရင်း သူ့နောက် လိုက်ခြင်းအတွက်လည်း ၎င်းတို့ကို မချီးကျူးခဲ့ပေ။ ဘုရားသခင်နှင့် ခရစ်တော်ကို ၎င်းတို့ အပြည့်အဝ ယုံကြည်နိုင်သော နေ့သည် ဘုရားသခင်က သူ၏ ကြီးမြတ်သောအမှုတော်ကို ပြည့်စုံစေသောနေ့သာ ဖြစ်နိုင်ပေသည်။ ဟုတ်ပေ၏၊ ထိုနေ့သည် ၎င်းတို့၏ သံသယအပေါ် အဆုံးအဖြတ် ပြုလုပ်သော နေ့လည်း ဖြစ်ခဲ့ပေသည်။ ခရစ်တော်အပေါ်မှာထားသော ၎င်းတို့၏ သဘောထားသည် ၎င်းတို့၏ ကံကြမ္မာကို သတ်မှတ်ပြီး ၎င်းတို့၏ ခေါင်းမာသော သံသယများက ၎င်းတို့ယုံကြည်ခြင်းသည် အကျိုးမဖြစ်ထွန်းသည်ကို ဆိုလိုခဲ့ကာ၊ ၎င်းတို့၏ မာကျောခြင်းက ၎င်းတို့မျှော်လင့်ချက်များ အချည်းနှီး ဖြစ်သည်ကို ဆိုလိုခဲ့ပေသည်။ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်ခြင်းက အတွေးမှားတို့ကို မှီကာ ရှင်သန်ကြီးထွားသကဲ့သို့၊ ခရစ်တော်အပေါ် ၎င်းတို့၏ သံသယသည် အမှန်တကယ် ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထား ဖြစ်သောကြောင့်၊ ၎င်းတို့သည် သခင်ယေရှု၏ ကိုယ်ခန္ဓာပေါ်က သံရိုက်ရာတို့ကို ထိတွေ့ခဲ့ရသော်လည်း၊ ၎င်းတို့၏ ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်ဆဲဖြစ်ကာ ၎င်းတို့၏ ရလဒ်တို့ကို ခြင်းကြားဖြင့် ရေသယ်ခြင်းအဖြစ်သာ ဖော်ပြနိုင်ပေသည်။ အားလုံးအချည်းနှီး ဖြစ်သည်။ သခင်ယေရှုက သောမကို ပြောခဲ့သောအရာသည် လူတိုင်းကိုလည်း ရှင်းရှင်းလင်းလင်း သူပြောပြသည့် နည်းလမ်း ဖြစ်သည်။ ရှင်ပြန်ထမြောက်ခဲ့သော သခင်ယေရှုသည် လူသားမျိုးနွယ်အလယ် အမှုတော်ကို ဆောင်ရွက်ရင်း သုံးဆယ့်သုံးနှစ်ခွဲ ကုန်ဆုံးခဲ့သော သခင်ယေရှုဖြစ်သည်။ သူသည် ကားတိုင်တွင် သံမှိုရိုက်နှက်ခံခဲ့ရပြီး သေမင်းအရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းကို ကြုံတွေ့ခဲ့ရသော်လည်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို သူ ကြုံတွေ့ခဲ့ရသော်လည်း၊ သူသည် မည်သည့် သွင်ပြင်လက္ခဏာတွင်မျှ ပြောင်းလဲမှု မကြုံခဲ့ရပေ။ ယခု သူသည် သူ၏ကိုယ်ခန္ဓာ၌ သံရိုက်ရာတို့ရှိသော်လည်း၊ သူသည် သေခြင်းမှရှင်ပြန်ထမြောက်ပြီး အုတ်ဂူထဲမှ ထွက်ခဲ့ပြီး ဖြစ်သော်လည်း၊ သူ၏စိတ်သဘောထား၊ လူသားမျိုးနွယ်နှင့် ဆိုင်သည့် သူ၏သိနားလည်မှုနှင့် လူသားမျိုးနွယ် အပေါ် သူ၏ ရည်ရွယ်ချက်တို့သည် အနည်းငယ်မျှ မပြောင်းလဲခဲ့လေပြီ။ ထို့အပြင် သူသည် လက်ဝါးကပ်တိုင်မှ ဆင်းခဲ့ပြီးဖြစ်သည်၊ အပြစ်တရားကို အောင်နိုင်ခဲ့ပြီးဖြစ်သည်၊ အခက်အခဲတို့ကို အောင်နိုင်ခဲ့ပြီး ဖြစ်ကာ၊ သေခြင်းကို အောင်နိုင်ခဲ့ပြီး ဖြစ်သည်ကိုလည်း လူတို့ကို ပြောပြနေခဲ့သည်။ သံရိုက်ရာတို့က စာတန်အပေါ် သူ၏ အောင်နိုင်မှု သက်သေအထောက်အထား၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို အောင်မြင်စွာ ရွေးနုတ်ရန် အပြစ်ဖြေရာယဇ် ဖြစ်ခြင်း၏ သက်သေအထောက်အထား ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ အပြစ်ကို ယူဆောင်နှင့်ပြီး ဖြစ်ကာ သူ၏ ရွေးနုတ်ခြင်းအမှုတော်ကို ပြည့်စုံစေခဲ့ပြီး ဖြစ်သည်ကို လူတို့အား ပြောပြနေခဲ့သည်။ သူ၏ တပည့်တော်တို့ကို တွေ့ရန် သူပြန်လာခဲ့ချိန်တွင်၊ သူ၏ ပေါ်ထွန်းခြင်းအားဖြင့် ဤသတင်းစကားကို ၎င်းတို့အား ပြောပြခဲ့သည်။ “ငါသည် အသက်ရှင်ဆဲ၊ တည်ရှိဆဲဖြစ်သည်။ ယနေ့ သင်တို့သည် ငါ့ကို မြင်နိုင်ပြီး ထိတွေ့နိုင်ရန်အလို့ငှာ သင်တို့ရှေ့တွင် ငါအမှန်တကယ် ရပ်နေသည်။ ငါသည် သင်တို့နှင့်အတူ အမြဲရှိလိမ့်မည်။” သခင်ယေရှုသည် အနာဂတ် လူတို့အတွက် သတိပေးချက်အနေနှင့်လည်း သောမ၏ ကိစ္စရပ်ကို အသုံးပြုချင်ခဲ့သည်။ သင်သည် သခင်ယေရှုကို ယုံကြည်ခြင်း၌ သူ့ကို သင် မမြင်နိုင်သကဲ့သို့ မထိတွေ့နိုင်သော်လည်း၊ သင်၏ စစ်မှန်သော ယုံကြည်ခြင်းကြောင့် သင်သည် ကောင်းချီးမင်္ဂလာ ခံစားရသကဲ့သို့၊ သင်သည် သင်၏ စစ်မှန်သော ယုံကြည်ခြင်းကြောင့် သခင်ယေရှုကို မြင်နိုင်ကာ၊ ဤလူစားမျိုးသည် ကောင်းချီးခံစားရပေသည်။
သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် သခင်ယေရှုက သောမထံ ပေါ်လာသောအချိန်၌ ပြောခဲ့သည့် ဤနှုတ်ကပတ်တော်များသည် ကျေးဇူးတော်ခေတ်၌ရှိသော လူအားလုံးအတွက် ကြီးမားသော အထောက်အကူဖြစ်သည်။ သောမထံ သူ၏ ပေါ်လာခြင်းနှင့် သောမကို ပြောဆိုခဲ့သော နှုတ်ကပတ်တော်များသည် နောင်လာသည့် မျိုးဆက်တို့အပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ရှိခဲ့သည်။ ၎င်းတို့သည် ထာဝရတည်တံ့သည့် အဓိပ္ပာယ် ကိုင်စွဲထားလေသည်။ သောမသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ဘုရားသခင်ကို သံသယဝင်သော လူအမျိုးအစားကို ကိုယ်စားပြုသည်။ ၎င်းတို့သည် သံသယဝင်တတ်သော သဘာဝရှိကြသည်၊ အန္တရာယ်ပေးတတ်သော နှလုံးသားများ ရှိသည်၊ ဖောက်ပြန်တတ်ပြီး၊ ဘုရားသခင် ပြီးမြောက်စေနိုင်သော အရာတို့ကို မယုံကြည်ကြပေ။ ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် သူ၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ကိုလည်း မယုံကြည်ကြပေ။ သို့သော်လည်း သခင်ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ၎င်းတို့ရှိသည့် ဤလက္ခဏာများကို လုံးလုံး ဆန့်ကျင်ပြီး ယင်းက ၎င်းတို့အား မိမိတို့ကိုယ်တိုင်၏ သံသယတို့ကို ရှာဖွေတွေ့ရှိရန်၊ ၎င်းတို့ကိုယ်တိုင်၏ သံသယတို့ကို သတိပြုမိရန်နှင့် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်မှုကို အသိအမှတ်ပြုရန်ကိုလည်း ထောက်ပံ့ပေးသည်၊ ထိုသို့ဖြင့် သခင်ယေရှု၏ တည်ရှိခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းတို့ကို အမှန်တကယ် ယုံကြည် လာစေလေသည်။ သာ၍များသော လူတို့သည် သောမကဲ့သို့ သံသယရှိသူများ မဖြစ်ဖို့ရန်နှင့် ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် သံသယဖြင့် ပြည့်စေပါက၊ အမှောင်ထဲသို့ နှစ်မြှုပ်သွားကြမည်ဖြစ်သည်ကို မိမိတို့ကိုယ်ကိုယ် သတိပေးနိုင်ကြဖို့အလို့ငှာ၊ သောမထံ ဖြစ်ပျက်ခဲ့သည့်အရာသည် နောင်မျိုးဆက်တို့အတွက် သတိပေးချက်နှင့် သတိထားစရာ တစ်ခုဖြစ်ခဲ့သည်။ သင်သည် ဘုရားသခင်နောက်ကို လိုက်သော်လည်း၊ သောမကဲ့သို့ သခင်၏ နံရိုးကို အမြဲ ထိတွေ့လိုပြီး ဘုရားသခင် ရှိမရှိ အတည်ပြုရန်၊ စစ်ဆေးရန်၊ သုံးသပ်ရန် သူ၏ သံရိုက်ရာတို့ကို အမြဲ စမ်းကြည့်ချင်နေပါက၊ ဘုရားသခင်က သင့်ကို စွန့်ပစ်ပါလိမ့်မည်။ ထို့ကြောင့် သခင်ယေရှုသည် လူတို့ကို သောမကဲ့သို့မဖြစ်ရန် တောင်းဆိုပေသည်၊ သူတို့၏ ကိုယ်ပိုင်မျက်လုံးနှင့် မြင်နိုင်သောအရာကိုသာ ယုံကြည်ခြင်း မဟုတ်ဘဲ၊ ဖြူစင် ရိုးသားသော လူများ ဖြစ်ရန်၊ ဘုရားသခင်အပေါ် သံသယများ မသိုထားဘဲ သူ့ကို ယုံကြည်ပြီး သူ့နောက်ကိုသာ လိုက်စေလိုသည်။ ဤကဲ့သို့သော လူများသည် ကောင်းကြီး ခံစားရပေ၏။ ဤသည်မှာ လူတို့အပေါ် သခင်ယေရှု ပြုသည့် အလွန်သေးငယ်သော သတ်မှတ်ချက်တစ်ခုဖြစ်ပြီး သူ၏ နောက်လိုက်များအတွက် သတိပေးချက်တစ်ခုဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)
ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ မေရှိယကို ၎င်းတို့ ပို၍ပင် နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့ မေရှိယနှင့် ပေါင်းသင်းဆက်ဆံဖူးခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်သော်လည်း မေရှိယ၏ နာမကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း စည်းမျဉ်းမှာ သင်၏ဟောပြောမှု မည်မျှ နက်နဲသည်ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤကဲ့သို့ယုံကြည်မှုသည် မိုက်မဲသကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်။ ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ ထိုအချိန်က ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဆဲဆိုနိုင်စွမ်း ရှိသည်။ ထို့ထက်ပို၍ပင် ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ အထင်အမြင်မှားစေခြင်းအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ဤလူများထဲမှ အများစုသည် ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင်တို့ ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား လုံးလုံးလျားလျား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်မကြည်မလင်ဖြစ်ပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်
ယောဘသည် ဘုရားသခင်အကြောင်းကို နားနှင့်ကြားရ၏
ယောဘ ၉:၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။
ယောဘ ၂၃:၈-၉ ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကို မမြင်ရ။
ယောဘ ၄၂:၂-၆ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတား နိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။ ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင်တော်မူပါ။ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။
ဘုရားသခင်သည် သူ့ကိုယ်သူ ယောဘထံ ထုတ်ဖော်မပြခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်၏
ဤစကားများ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ဤနေရာတွင် အမှန်တရားတစ်ခု ရှိသည်ကို သင်တို့ထဲမှ တစ်ဦးတစ်လေက သဘောပေါက်ပြီးပြီလော။ ပထမဦးစွာ ဘုရားသခင် တစ်ပါးရှိသည်ကို ယောဘ မည်ကဲ့သို့ သိရှိခဲ့သနည်း။ ထို့နောက် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဘုရားသခင် အုပ်စိုးသည်ကို သူ မည်သို့ သိရှိခဲ့သနည်း။ ဤမေးခွန်းနှစ်ခုကို အဖြေပေးသော ကျမ်းပိုဒ်တစ်ပိုဒ် ရှိသည်- “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။” ယောဘသည် ဘုရားသခင်ကို သူ၏မျက်စိဖြင့် မြင်ဖူးခြင်းထက်၊ ဘုရားသခင်အကြောင်းကို ဒဏ္ဍာရီမှ လေ့လာသိရှိခဲ့သည်ကို ဤနှုတ်ကပတ်တော်များမှ ငါတို့သိရသည်။ ဘုရားသခင် နောက်လိုက်လျှောက်သော လမ်းကြောင်းကို သူစတင် လျှောက်လှမ်းခဲ့သည်မှာ ဤအခြေအနေများအောက်၌ ဖြစ်ခဲ့သည်၊ ယင်းနောက်တွင် သူသည် သူ၏အသက်တာထဲနှင့် အရာခပ်သိမ်း အလယ်တွင် ဘုရားသခင်၏ တည်ရှိခြင်းကို သူအတည်ပြုခဲ့သည်။ ဤနေရာ၌ မငြင်းနိုင်သော အမှန်တရား တစ်ခုရှိသည်- ထိုအမှန်တရား အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်နိုင်ခြင်းရှိသော်လည်း၊ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။ ဤအရာ၌ သူသည် ယနေ့ခေတ် လူများနှင့် တူညီခဲ့သည် မဟုတ်လော။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ၊ ယင်း၏ ဆိုလိုချက်မှာ သူသည် ဘုရားသခင်အကြောင်းကို ကြားဖူးခဲ့သော်လည်း၊ ဘုရားသခင် မည်သည့်နေရာ၌ ရှိခဲ့သည် သို့မဟုတ် ဘုရားသခင် မည်ကဲ့သို့ရှိသည် သို့မဟုတ် ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေခဲ့သည်ကို သူမသိခဲ့ပေ။ ဤအရာအားလုံးသည် ဓမ္မဓိဌာန်မကျသော အကြောင်းရင်းများ ဖြစ်သည်။ ဓမ္မဓိဌာန်ကျကျ ပြောရလျှင်၊ သူသည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူ့ထံ မည်သည့်အခါမျှ ပေါ်ထွန်းခဲ့ခြင်းမရှိပေ သို့မဟုတ် သူ့ကို စကားပြောခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် ယောဘကို စကားမပြောခဲ့ဖူးသော်လည်း သို့မဟုတ် ယောဘကို အမိန့်တစ်ခုတစ်လေ မပေးဖူးခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ခဲ့ပြီးဖြစ်ကာ အရာခပ်သိမ်း အလယ်နှင့် သူ၏နားဖြင့် ဘုရားသခင်အကြောင်း ကြားခဲ့ဖူးသော ဒဏ္ဍာရီထဲမှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှုမြင်ခဲ့ရပြီး ဖြစ်သည်၊ ယင်းနောက်တွင် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း အသက်တာကို စတင်ခဲ့လေသည်။ ယင်းမှာ ဘုရားသခင်နောက်သို့ ယောဘ လိုက်လျှောက်ခဲ့သည့် ဇာစ်မြစ်များနှင့် ဖြစ်စဉ်တို့ ဖြစ်ခဲ့ပေသည်။...
ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် ဘုရားသခင်က သူ့ထံမှ ကွယ်ဝှက်သည်ဟူသော အချက်အားဖြင့် တုန်လှုပ်ခြင်း မရှိပေ
သမ္မာကျမ်း၏ အောက်ပါကျမ်းပိုဒ်တွင်၊ ထိုအခါ ယောဘက၊ “ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။” (ယောဘ ၂၃:၈-၉) ဟု ဆိုလေသည်။ ဤဖြစ်စဉ်၌၊ ယောဘ၏ အတွေ့အကြုံများတွင် ဘုရားသခင်သည် တစ်လျှောက်လုံး သူ့အဖို့ ပုန်းကွယ်ခဲ့ပြီးဖြစ်သည်ကို ငါတို့သိရသည်။ ဘုရားသခင်သည် သူ့ထံ ပွင့်ပွင့်လင်းလင်း ပေါ်မလာခဲ့ဖူးသကဲ့သို့၊ သူ့အား စကားတစ်ခွန်းကိုမျှ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဖူးပေ၊ သို့သော် သူ၏ စိတ်နှလုံးထဲ၌ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့်သက်ဆိုင်၍ စိတ်ချယုံကြည်ခဲ့သည်။ ဘုရားသခင်သည် သူ၏ရှေ့၌ လျှောက်လှမ်းနေနိုင်သည်၊ သို့မဟုတ် သူ၏နံဘေး၌ အရေးယူဆောင်ရွက်နေနိုင်ပြီး၊ ဘုရားသခင်ကို သူမမြင်နိုင်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူနှင့်ပတ်သက်သမျှ အရာရာတိုင်းကို အုပ်စိုးရင်း သူ၏ဘေး၌ ရှိခဲ့သည်ဟု အမြဲ ယုံကြည်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ သူ၏ ယုံကြည်ခြင်းအတိုင်း နေနိုင်ခဲ့သည်၊ ယင်းမှာ အခြားမည်သည့်လူမျှ မလုပ်ဆောင်နိုင်ခဲ့သည့် အရာ ဖြစ်သည်။ အဘယ်ကြောင့် ယင်းကို အခြားလူများ မလုပ်နိုင်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောဘထံ စကားမပြောခဲ့သောကြောင့် သို့မဟုတ် သူ့ထံ ပေါ်မလာခဲ့သောကြောင့် ဖြစ်ပြီး၊ အကယ်၍ သူသည် အမှန်တကယ် မယုံကြည်ခဲ့ဖူးပါက၊ သူရှေ့ဆက်သွားနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မြဲမြံစွာ ထိန်းထားနိုင်ခဲ့မည် မဟုတ်ပေ။ ဤသည်မှာ မှန်သည် မဟုတ်လော။ ယောဘက ဤစကားများ ပြောနေသည်ကို သင်ဖတ်ရသည့်အခါ မည်ကဲ့သို့ ခံစားရသနည်း။ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်း၊ ပြီးလျှင် ဘုရားသခင်ရှေ့၌ သူ၏ဖြောင့်မတ်ခြင်းတို့မှာ စစ်မှန်ပြီး ဘုရားသခင်ဘက်မှ ပုံကြီးချဲ့ပြောခြင်းတစ်ခု မဟုတ်သည်ကို သင် ခံစားရသလော။ ဘုရားသခင်သည် ယောဘအား အခြားလူများနည်းတူ ဆက်ဆံခဲ့ပြီး သူ့ထံ ပေါ်မလာခဲ့သော်လည်း သို့မဟုတ် စကားမပြောခဲ့သော်လည်း၊ ယောဘသည် သူ၏တည်ကြည်မှုကို ဆက်၍ မြဲမြံစွာ ထိန်းသိမ်းဆဲဖြစ်ခဲ့သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ဆဲဖြစ်ခဲ့သည့်အပြင်၊ ဘုရားသခင်ကို ပြစ်မှားမိမည်ကို သူ၏ ကြောက်ရွံ့မှု အကျိုးဆက်အနေဖြင့် ဘုရားသခင်ရှေ့၌ မီးရှို့ရာယဇ်များကို မကြာခဏ ပူဇော်ဆက်ကပ်ကာ ဆုတောင်းခဲ့သည်။ ဘုရားသခင်ကို မမြင်ရဘဲ ဘုရားသခင်အား ယောဘ၏ ကြောက်ရွံ့နိုင်စွမ်းတွင်၊ သူသည် အပြုသဘောဆောင်သော အရာများကို မည်မျှ ချစ်မြတ်နိုးသည်ဆိုသည်နှင့် သူ၏ယုံကြည်ခြင်းက မည်မျှ ခိုင်မာပြီး စစ်မှန်သည်ကို ငါတို့မြင်ကြရသည်။ ဘုရားသခင်သည် သူ့ထံမှ ပုန်းကွယ်ခဲ့သောကြောင့်၊ ဘုရားသခင်၏ တည်ရှိမှုကို သူ မငြင်းပယ်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသောကြောင့်၊ သူ၏ယုံကြည်ခြင်းကို မဆုံးရှုံးခဲ့သကဲ့သို့ ဘုရားသခင်ကို မစွန့်ပစ်ခဲ့ပေ။ ယင်းအစား အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကွယ်ဝှက်သော အမှုအလယ်တွင် ဘုရားသခင်၏ တည်ရှိခြင်းကို သူ နားလည်ခဲ့ပြီး ဖြစ်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် တန်ခိုးကို ခံစားခဲ့ရပြီး ဖြစ်သည်။ ဘုရားသခင် ပုန်းကွယ်ခဲ့သောကြောင့် ဖြောင့်မတ်ခြင်း အပေါ် သူလက်မလျှော့ခဲ့သာမက၊ ဘုရားသခင်သည် မည်သည့်အခါမျှ သူ့ထံ မပေါ်ထွန်းခဲ့သောကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို သူမစွန့်ပယ်ခဲ့ပေ။ ယောဘသည် အရာခပ်သိမ်း၏အလယ်၌ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ရှုမြင်ခဲ့နှင့်ပြီးဖြစ်သကဲ့သို့ သူသည် အခြားသူများ မရခဲ့ဖူးသည့် ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များကို ရရှိခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ခဲ့သည့်အတွက်၊ ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန် ဘုရားသခင်အား သူ့ထံ ပွင့်လင်းစွာ ပေါ်ထွန်းလာဖို့ မည်သည့်အခါမျှ သူ မတောင်းဆိုခဲ့ပေ။ ဘုရားသခင်သည် ယောဘထံမှ ကွယ်ဝှက်မြဲကွယ်ဝှက် နေခဲ့သော်လည်း၊ ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် မည်သည့်အခါမျှ မတုန်လှုပ်ခဲ့ပေ။ ထို့ကြောင့် သူသည် အခြားသူများ မရိတ်သိမ်းခဲ့ဖူးသည့် ဘုရားသခင်၏ လက်ခံခြင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရိတ်သိမ်းခဲ့ရပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
ငါတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေလှမ်းများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေလှမ်းများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများနှင့် ကိုက်ညီနိုင်ခြင်း မရှိပေ။ လူက တောင်းဆိုသည့် ပုံစံဖြင့် ဘုရားသခင် ပို၍ပင် မပေါ်ထွန်းနိုင်ချေ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်းက ယင်းကို သိသင့်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေလှမ်းများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး ကျိုးနွံနာခံသင့်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏
ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကို ဦးစွာ သိရန် လိုအပ်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြချက်ကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အခါတွင် သူလုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုကို စီမံဆောင်ရွက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက်သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည်ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။ အပြင်ပန်း သွင်ပြင်သည် အနှစ်သာရကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ပြင်၊ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် မည်သည့်အခါတွင်မျှ ကိုက်ညီနိုင်မည် မဟုတ်ပေ။ ယေရှု၏ အပြင်ပန်းပုံသဏ္ဌာန်သည် လူ၏ အယူအဆများနှင့် ဆန့်ကျင်ခဲ့သည် မဟုတ်ပါလား။ ယေရှု၏ မျက်နှာနှင့် အဝတ်အစားက သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ မပေးနိုင်သည် မဟုတ်လော။ အစောပိုင်း ဖာရိရှဲများသည် အတိအကျအားဖြင့် သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ရုံမျှခဲ့ကြပြီး သူ၏ နှုတ်မှ နှုတ်ကပတ်တော်များကို တာဝန်သိသိ၊ အသိဉာဏ်ရှိရှိ လက်မခံခဲ့ကြသောအချက်ကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား