၁။ သင်က ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို ကျွန်ုပ်တို့ လက်ခံရမည်၊ ထို့နောက်တွင်မှ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရကာ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင်သာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့်၊ သခင် တောင်းဆိုသည်နှင့်အမျှ၊ ကျွန်ုပ်တို့သည် နှိမ့်ချပြီး သည်းခံကြသည်၊ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို ကျွန်ုပ်တို့ ဆုံးမပဲ့ပြင်ကြသည်၊ လောကီအရာများကို ကျွန်ုပ်တို့ စွန့်လွှတ်ကြသည်၊ သခင့်အတွက် ကျွန်ုပ်တို့ တရားဟောကာ အလုပ်လုပ်ကြသည်၊ စသဖြင့်ဖြစ်၏။ ဤအရာအားလုံးသည် ကျွန်ုပ်တို့အတွင်းရှိ ပြောင်းလဲမှုများ ဖြစ်သည် မဟုတ်ပါလား။ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ ကျွန်ုပ်တို့အတွက် ဤအရာများသည် မလုံလောက်သေးဟု သင် ဆိုနေခြင်း ဖြစ်ပါသလား။ ဤနည်းဖြင့် ကျွန်ုပ်တို့ ဆက်လက် ကြိုးပမ်းသရွေ့၊ ကျွန်ုပ်တို့သည် သန့်ရှင်းလာကြလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃)
“လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၌ အပြုအမူအပေါ် အထူးအသားပေးကြသည်၊ ယင်း၏ရလဒ်ကြောင့် ၎င်းတို့၏ အပြုအမူ၌ အချို့သော အပြောင်းအလဲများ ဖြစ်ပေါ်လေသည်။ ဘုရားသခင်ကို ၎င်းတို့ စတင် ယုံကြည်ပြီးသည့်နောက်၊ ၎င်းတို့သည် ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်း မရှိတော့သကဲ့သို့ ဆုံးရှုံးမှုတစ်ခု ခံစားရချိန်တွင် သည်းခံမှုကျင့်သုံးဖို့ ပိုနှစ်သက်လျက် အခြားသူများနှင့် မဖက်ပြိုင်တော့ချေ။ အပြုအမူဆိုင်ရာ ပြောင်းလဲမှုအချို့ကို ၎င်းတို့ ကြုံရသည်။ လူအချို့က ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်နှင့်တစ်ပြိုင်နက် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရွတ်ခြင်းအားဖြင့် သမ္မာတရားကို နားလည်သည်ဟု ခံစားကြရသည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို တွေ့ကြုံပြီးဖြစ်ကာ ၎င်းတို့ကို အထူးသဖြင့် စိတ်အားထက်သန်စေလျက် မိမိတို့စိတ်နှလုံးတွင် စစ်မှန်သော မွေ့လျော်မှုရှိကြသည်။ ၎င်းတို့မစွန့်လွှတ်နိုင်သော၊ သို့မဟုတ် ဒုက္ခဆင်းရဲမခံနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ သို့သော် ရှစ်နှစ်၊ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်သုံးဆယ်ပင် ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထားများ၌ အပြောင်းအလဲ မရှိခဲ့သောကြောင့် ၎င်းတို့သည် ဒုံရင်းအခြေအနေ ပြန်ဆိုက်ရောက်ခြင်းဖြင့် အဆုံးသတ်ကြသည်။ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ တိုး၍ သိသာလာသည်။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် စတင် ပြိုင်ဆိုင်လာကြသည်၊ ၎င်းတို့သည် အသင်းတော်၏ငွေကို တပ်မက်ကြသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်ကို အခွင့်အရေးယူသူများကို မနာလိုဖြစ်ကြသည်။ ဘုရားအိမ်တော်အတွင်းရှိ ကပ်ပါးကောင်များနှင့် အဖျက်ကောင်များဖြစ်လာကြပြီး၊ အချို့မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအဖြစ်ပင် ထုတ်ဖော်ခံရကာ ဖယ်ရှားရှင်းလင်းခြင်းခံရလေသည်။ ပြီးလျှင် ဤအချက်အလက်များသည် မည်သည့်အရာကို သက်သေပြသနည်း။ အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ စရိုက်မှန်များကို အနှေးနှင့်အမြန် ပြသလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ စိတ်အားထက်သန်မှု ဖြစ်ပြီး ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသောကြောင့် ၎င်းတို့အတွက် အချိန်ခဏတာ စိတ်အားထက်သန်လာရန်၊ သို့မဟုတ် စေတနာကောင်း ထားရှိရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းသောအရာတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းသောအရာများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု ဘာသာတရားမရှိသူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် အဘယ်ကြောင့် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းသောအရာများကို ပြုနိုင်စွမ်းမရှိကြသနည်း။ အကြောင်းမှာ လူများသည် သဘာဝအားဖြင့် ကောက်ကျစ်ကြသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ဖောက်ပြန်ပျက်စီးကြသည်။ အကြင်မည်သူ၏အပြုအမူကို ၎င်း၏သဘာဝက စီမံညွှန်ကြားပေသည်။ အကြင်သူ၏သဘာဝမှာ မည်သည့်အရာဖြစ်ပါစေ ထိုလူ ထုတ်ဖော်ပြသည့် အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး သဘာဝအလျောက် ထုတ်ဖော်သောအရာသည်သာ လူတစ်ဦး၏ သဘာဝကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏ စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ခံရသည့် အချိန်များရှိသော်လည်း ဤသည်မှာ ၎င်းတို့ ဘဝ၏ ထုတ်ဖော်ချက်တစ်ခု မဟုတ်ပေ။ သမ္မာတရား စစ်မှန်မှုများထဲသို့ ၎င်းတို့ မဝင်ရောက်ရသေးသကဲ့သို့ ၎င်းတို့၏ အသက်စိတ်သဘောထား လုံးဝ မပြောင်းလဲသေးပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှ ကောင်းသည်ဖြစ်စေ၊ ဘုရားကို ၎င်းတို့ကျိုးနွံနာခံသည်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ကို သက်သေမပြပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများက အသက်စိတ်သဘောထားထဲမှ အပြောင်းအလဲများကို ကိုယ်စားမပြုသကဲ့သို့ ဘဝ၏ ထုတ်ဖော်ချက်များအဖြစ် မှတ်ယူ၍မရပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
လူတစ်ဦးသည် ဘုရားသခင်ကို စတင်ယုံကြည်လာကတည်းက ကောင်းသော လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား သိနားလည်ခြင်းကို စွမ်းဆောင်ရရှိရန် မဆိုထားနှင့်၊ အမှုအရာများစွာကို ရှင်းလင်းစွာ မမြင်နိုင်သေးပေ။ သို့သော်၊ ၎င်းတို့၏ ကောင်းသော လုပ်ဆောင်ချက်များစွာကြောင့်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေနှင့်ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီးသားဖြစ်ကြောင်းနှင့်၊ သူ၏ ရည်ရွယ်ချက်များကို အတော်အတန် အထမြောက်အောင် ဆောင်ရွက်ပြီးဖြစ်သည်ဟု ၎င်းတို့ ခံစားကြသည်။ သင့်အပေါ် မည်သည့်အရာမျှ မကျရောက်သည့်အခါ၊ သင့်ကို ပြောထားသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်နိုင်ပေသည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ စိတ်ထင့်ခြင်းများ မရှိသကဲ့သို့ သင် မခုခံပေ။ ဧဝံဂေလိတရား ဖြန့်ဝေဖို့ သင့်ကို ပြောသည့်အခါ၊ သင်သည် ညည်းညူခြင်းမရှိသကဲ့သို့ ဤအခက်အခဲကို ခံနိုင်ပြီး၊ ပြေးလွှားပြီး အလုပ်လုပ်ရန် သို့မဟုတ် အလုပ်တာဝန်တစ်ခုကို လုပ်ရန် သင့်ကို ပြောသည့်အခါ၊ ထိုသို့ သင် လုပ်ဆောင်၏။ ဤအရာကြောင့်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး၊ သမ္မာတရားကို စစ်မှန်ရိုးသားစွာ လိုက်စားသောသူတစ်ဦးဖြစ်သည်ဟု ခံစားရလေသည်။ သို့သော် “သင်သည် ရိုးသားသော လူတစ်ဦးလော။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသော လူတစ်ဦးဖြစ်သလော။ မိမိ၏ စိတ်သဘောထား ပြောင်းလဲသည့် လူတစ်ဦးလော”ဟု သင့်ကို လေးနက်စွာ မေးမည်ဆိုပါက၊ လူတိုင်းသည် နှိုင်းယှဉ်ချက်အတွက် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်ယှဉ်၍ ပြခံရပါက၊ မည်သူမျှ စံမမီသကဲ့သို့ မည်သူမျှသည် သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်စွမ်းမရှိဟု ဆိုကောင်းဆိုနိုင်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် မိမိတို့ကိုယ်ကို သုံးသပ်ရမည်။ ၎င်းတို့ အသက်ရှင်နေထိုင်သည့် စိတ်သဘောထားများအပေါ်၊ ထို့ပြင် ၎င်းတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံး အရင်းခံပေါ်ပေါက်လာသည့် ဆိုးယုတ်သော အတွေးအခေါ်များ၊ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အယူလွဲများနှင့် အတွေးမှားများအပေါ် သုံးသပ်ဆင်ခြင်ရမည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ အဘယ်ကြောင့် ထုတ်ဖော်ပြရသည်ဟူသည့် ရင်းမြစ် အကြောင်းတရား၊ ၎င်းတို့ တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်း၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာအပေါ်နှင့် မည်သူ့အတွက် ၎င်းတို့ အသက်ရှင်ကြသည်ဆိုသည်တို့ကို သုံးသပ်ဆင်ခြင်ရမည်။ ဤအရာကို သမ္မာတရားနှင့် ယှဉ်ကြည့်မည်ဆိုပါက လူအားလုံး ရှုတ်ချခံရလိမ့်မည် ဖြစ်သည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ လူသားမျိုးနွယ်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေ၍ ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ၎င်းတို့အားလုံးသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့်လည်း အသက်ရှင်ကြပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိသည့်အသိ အနည်းငယ်မျှ မရှိကြ။ မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအတိုင်း ဘုရားသခင်ကို အမြဲ ယုံကြည်ကြသည်။ မိမိတို့ကိုယ်ပိုင် နှစ်ခြိုက်မှုများနှင့် နည်းစနစ်များကို အခြေခံ၍ မိမိတို့တာဝန်များကို ထမ်းဆောင်ကြသည်။ ဘုရားသခင်ကို အစေခံပုံတွင် ဘာသာရေး သဘောတရားများကို လိုက်လျှောက်ကြသည်။ ထို့အပြင် ၎င်းတို့ကိုယ်၎င်းတို့ ယုံကြည်ခြင်း အပြည့်ရှိကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များသည် အလွန် ယုတ္တိတန်ကြောင်း တွေးထင်ကြဆဲဖြစ်ကာ အဆုံးတွင် များစွာ ရရှိပြီးဖြစ်သည်ဟု ခံစားကြသည်။ ထိုအရာကို မသိလိုက်ဘဲနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ၎င်းတို့ ဆောင်ရွက်နေနှင့်ကာ ယင်းတို့ကို လုံးဝ အထမြောက်အောင် ဆောင်ရွက်ပြီးဖြစ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည်မီနှင့်ပြီးဖြစ်သကဲ့သို့ သူ၏ အလိုကို လိုက်လျှောက်နေသည်ဟု တွေးထင်လာကြသည်။ ဤသည်မှာ သင် ခံစားသည့်ပုံဖြစ်ပါက သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်သည့် နှစ်ကာလအချို့တွင် သင်သည် အကျိုးတရားအချို့ကို ရိတ်သိမ်းရပြီးဖြစ်သည်ဟု သင် တွေးထင်ပါက၊ မိမိကိုယ်ကို အသေအချာ ဆန်းစစ်ရန် သာ၍ပင် ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ပြန်လာရမည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံးက သူ၏ ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီခြင်း ရှိမရှိ တွေ့မြင်ရန် သင်ယုံကြည်နေခဲ့သည့် နှစ်ကာလများအတွင်း သင်လျှောက်လာခဲ့သည့် လမ်းကြောင်းကို ကြည့်သင့်သည်။ သင်၏ အပြုအမူများထဲမှ မည်သည့်အရာသည် ဘုရားသခင်ကို ဆန့်ကျင်နေခဲ့သည်၊ မည်သည့်အရာက ဘုရားအား ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိခဲ့သည်၊ သင်၏ လုပ်ရပ်များက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီပြီး ဖြည့်ဆည်းပြီးခြင်း ရှိသည် မရှိသည်တို့ကို ဆန်းစစ်လော့။ ဤအရာအားလုံးကို သင်ရှင်းလင်းသင့်သည်။ အကြောင်းမှာ ထို့နောက်တွင်မှ သင်သည် မိမိကိုယ်ကို သိရှိလိမ့်မည်ဖြစ်သောကြောင့်တည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်
ရွေးနုတ်ခြင်း ခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်း မခံရသေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့် သင်သည် ဘုရားရည်ရွယ်ချက်များနှင့် အညီဖြစ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သား မဟုတ်တော့သည်မှာ မှန်သော်လည်း ဤအရာက သင်သည် အပြစ်ဖြစ်စေ၊ မသန့်ရှင်းခြင်းဖြစ်စေ မရှိကြောင်း သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့ သန့်ရှင်းနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရပြီးဖြစ်ရုံသာ ရှိသေးသော်လည်း မပြောင်းလဲသေးပေ။ သင့်အနေဖြင့် ဘုရားရည်ရွယ်ချက်များနှင့်အညီ ဖြစ်ရန်မှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တော်တိုင် လုပ်ဆောင်ရပေမည်။ သို့မဟုတ်ပါက သင်သည် ရွေးနုတ်ခြင်းသာ ခံရပြီးဖြစ်သဖြင့် သန့်ရှင်းစင်ကြယ်စေသည်ကို ခံရခြင်း ဖြစ်လာနိုင်မည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် သင်သည် ဘုရားသခင်နှင့်အတူ ကောင်းမြတ်သော ကောင်းချီးများကို ပျော်မွေ့ခံစားရန် အရည်အချင်းပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက် အမွေဆက်ခံနိုင်စွမ်း မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍
ယေရှုသည် လူသားအလယ်သို့ ရောက်လာပြီး အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်သောအလုပ်ကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ်အဖြစ် အသုံးခံခဲ့၏။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ စာတန် ဖောက်ပြန်ပျက်စီးထားသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီးနောက် ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ခဲ့သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
လူသည် ရွေးနုတ်ခြင်း မခံရမီတွင် စာတန်၏ အဆိပ်အတောက် အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင် ယင်းသည် ရွေးနုတ်ခြင်းကိစ္စထက် မပိုပေ။ ဆိုလိုသည်မှာ လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားခြင်း ဖြစ်သော်လည်း သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ ဖယ်ရှားရှင်းလင်းခြင်း မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံတွေ့ရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့် လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ကာ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်၍သန့်စင်လာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်စင်စေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင် စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားနိုင်ပြီး သန့်စင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက် ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်သည့်အမှု အဆင့်လည်း ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲမှ ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခြင်းခံလာရသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ကိုယ်ရေမျှော်လင့်ချက်များ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ နှုတ်ကပတ်တော်အားဖြင့် စစ်ဆေးခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ ပြစ်မှားခြင်းများကို အမှတ်မရခြင်းနှင့် လူသားကို သူ၏ ပြစ်မှားခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ သူသည် ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက် အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် နေ့တွင် အပြစ်ပြုပြီး ညများတွင် အပြစ်ဝန်ချကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက် ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို ၎င်း၏အသက်အရွယ်၊ ဝါရင့်ခြင်း၊ ခံစားရသော ဆင်းရဲဒုက္ခပမာဏတို့အပေါ်၌ အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ပေ၊ သနားစရာကောင်းသည့် အတိုင်းအတာတို့အပေါ်၌ အခြေခံ၍ ဆုံးဖြတ်ခြင်း ပို၍ပင် မဟုတ်ဘဲ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို လိုက်မလျှောက်သူအားလုံး ချွင်းချက်မရှိ အပြစ်ဒဏ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မည်သည့်လူတစ်ဦးကမျှ မပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် အပြစ်ဒဏ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဒုစရိုက်အမှုများအတွက် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့
သင်တို့အနေဖြင့် နှစ်ပေါင်းများလှစွာ နောက်လိုက်တစ်ဦးဖြစ်ရင်း သင်တို့သည် မည်သို့ပင်ဖြစ်စေ အလုပ်ကြိုးစားပြီးဖြစ်ကာ မည်သည့်အခြေအနေဖြစ်ပါစေ သင်သည် အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်နိုင်ပြီး ဘုရားအိမ်တော်၌ ထမင်းစားလက်မှတ်ရနိုင်သည်ဟု တွေးကောင်း တွေးကြပေမည်။ သင်တို့သည် အမှုအရာများထဲမှ မည်သို့ အခွင့်အရေးယူရမည်ဆိုသည်နှင့် မည်သို့ အခွင့်အရေးယူမခံရအောင်ပြုရမည်ဆိုသည်နှင့်သက်ဆိုင်သော အခြေခံ သဘောတရားကို အမြဲ လိုက်စားကြပြီးဖြစ်သည့်အတွက်၊ သင်တို့ထဲမှ အများစုသည် ထိုသို့ တွေးကြသည်ဟု ငါပြောမည်။ ထို့ကြောင့် ယခုတွင် ငါသည် သင်တို့ကို လေးနက်မှုအလုံးစုံဖြင့် ပြောမည်။ သင်၏ ကြိုးစားလုပ်ဆောင်မှု မည်မျှပင် ချီးမွမ်းထိုက်သည်၊ သင်၏ အရည်အချင်းများ မည်မျှ အထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှ ကျော်ကြားသည်၊ သို့မဟုတ် သင်၏ သဘောထားကို သင် မည်မျှတိုးတက်စေပြီးဖြစ်သည်တို့ကို ငါဂရုမစိုက်ပေ။ သင်သည် ငါ၏တောင်းဆိုချက်များကို မဖြည့်ဆည်း သေးသရွေ့၊ ငါ၏ချီးမွမ်းခြင်းကို သင် လုံးဝ ရရှိနိုင်မည် မဟုတ်။ သင်တို့၏ ထိုစိတ်ကူးများနှင့် တွက်ချက်မှုများအားလုံးကို အမြန်ဆုံး ပယ်ဖျက်ပြီး ငါ၏သတ်မှတ်ချက်များကို လေးလေးနက်နက် စတင်သဘောထားလော့။ သို့မဟုတ်လျှင် ငါ၏အမှုကို အဆုံးတိုင်စေရန်အလို့ငှာ အယောက်တိုင်းကို ပြာအဖြစ်သို့ ငါပြောင်းလဲပစ်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် ငါ၏နှစ်ပေါင်းများစွာ အမှုနှင့် ဆင်းရဲဒုက္ခခံစားခြင်းကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်၊ အကြောင်းမှာ ငါ၏နိုင်ငံတော်ထဲသို့ ငါ၏ရန်သူများနှင့် ဆိုးယုတ်မှုအနံ့ထွက်ကာ စာတန်၏ ယခင် တစ်ပုံစံတည်းသော ပုံသဏ္ဌာန် ရှိဆဲဖြစ်သော လူတို့ကို ငါမခေါ်ဆောင်နိုင်သည့်အတွက်၊ သို့မဟုတ် ၎င်းတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်မသွားနိုင်သည့်အတွက်ပင်တည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်