သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)
ပြီးခဲ့သည့်တစ်ကြိမ်က၊ လူပြန်ဝင်စားသော လူများ၏ သရုပ်သကန်များနှင့် လက္ခဏာရပ်များဖြစ်သည့် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြပြီး အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်နိုင်ကာ မှန်သည့်အရာနှင့် မမှန်ကန်သည့်အရာတို့ကို သိရှိနိုင်ကြသည်ဟူသည့်အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင်၊ ပြီးခဲ့သည့်တစ်ကြိမ်မှ အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ဆက်လက်မိတ်သဟာယဖွဲ့ကြမည်။ ထိုအရာမတိုင်မီ၊ သင်တို့အား ငါပုံပြင်တစ်ပုဒ် ပြောပြမည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတစ်ခုကို ငါကြားခဲ့ရသည်။ လှပသော အမျိုးသမီးငယ်တစ်ဦးသည် သရုပ်ဆောင်ရွေးပွဲတစ်ခုတွင် ပါဝင်နေခဲ့ပြီး တစ်စုံတစ်ဦးက “သင်၏ ခြေထောက်များက အတော်လေး တုတ်သည်”ဟု သာမန်ကာလျှံကာမှတ်ချက်ချပြောဆိုခဲ့သည်။ ဤအမျိုးသမီးငယ်က၊ “ငါ၏ခြေထောက်များ တုတ်သည်ဟု သင် ပြောနေသည်၊ ငါဝသည်ဟု သင် ပြောနေခြင်းသာ ဖြစ်သည် မဟုတ်လော။ ငါဝနေလျှင် ကင်မရာထဲတွင် ကြည့်ကောင်းမည်လော။ ယင်းမှာ ရှက်စရာဖြစ်မည် မဟုတ်လော”ဟု သူ့ဘာသာ တွေးတောခဲ့သည်။ သို့ဖြစ်၍ သူမသည် ကင်မရာထဲတွင် သွယ်လျပြီး ကြည့်ကောင်းစေရန် မိမိ၏ခြေထောက်များကို မည်သို့ တုတ်ခိုင်မှုလျော့နည်းအောင် ပြုလုပ်နိုင်မည်ကို စတင်စဉ်းစားသုံးသပ်ခဲ့သည်။ ဤပန်းတိုင်ကို စွမ်းဆောင်ရရှိရန်အတွက်၊ သူမသည် အချက်အလက်မျိုးစုံကို ရှာဖွေရာ၌ အားထုတ်ခဲ့ပြီး နေ့စဉ် ပုံမှန်အစားအစာများအစား ကိုယ်အလေးချိန်ကျစေသော အစားအစာများကိုသာ စားခြင်း သို့မဟုတ် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကိုသာ စားခြင်းကဲ့သို့သော ကိုယ်အလေးချိန်ချရန် နည်းလမ်းအမျိုးမျိုးကို ကြိုးစားခဲ့သည်။ တိုတိုပြောရလျှင် ကိုယ်အလေးချိန်ကျစေရန် အထောက်အကူပြုနိုင်သည့် မည်သည့်အရာကိုမဆို သူမ စားသုံးခဲ့သည်။ ကော်ဖီသောက်ခြင်းက ကိုယ်အလေးချိန်ကျရန် မြန်ဆန်ပြီး ထိရောက်သောနည်းလမ်းဖြစ်သည်ဟု သူမကြားခဲ့သောကြောင့် တစ်ခါတစ်ရံတွင် သူမသည် ကော်ဖီကိုသာ သောက်သုံးခဲ့သည်။ အချို့လူများက အိပ်ချိန်နည်းခြင်းသည် ကိုယ်အလေးချိန်ကို လျင်မြန်စွာကျစေသည်ဟု ပြောသောကြောင့် တစ်နေ့လျှင် နှစ်နာရီ သို့မဟုတ် သုံးနာရီသာ သူမ အိပ်စက်ခဲ့သည်။ အကြိမ်ကြိမ် အပင်ပန်းခံ ကြိုးစားပြီးနောက်တွင် သူမသည် အမှန်တကယ်ပင် ရလဒ်များကို မြင်တွေ့ခဲ့ရသည်။ သူမသည် ကိုယ်အလေးချိန်ကျသွားသည်၊ သူမ၏ ပုံပန်းက သွယ်လျလာကာ သူမ၏ ခြေထောက်များမှာ သေးသွယ်လာခဲ့သည်။ သူမသည် ကြည့်ကောင်းပြီး ကြည့်ပျော်ရှုပျော်ဖြစ်လာသော်လည်း ရုပ်ပိုင်းဆိုင်ရာအရ သူမတွင် ဆိုးကျိုးအချို့ စတင်ဖြစ်ပေါ်လာခဲ့သည်။ မည်သည့် ဆိုးကျိုးများ ဖြစ်သနည်း။ သူမသည် မကြာခဏ မူးဝေပြီး ခေါင်းထဲတွင် လေးလံထိုင်းမှိုင်းနေကာ နေ့အချိန်အတောအတွင်း သူမ၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် အမြဲတမ်း အားနည်းပြီး မူးနောက်နောက်ဖြစ်နေခဲ့သည်။ မတ်တပ်ရပ်နေစဉ် သူမ ယိမ်းထိုးနေတတ်ပြီး ထိုင်နေစဉ်တွင် တစ်ကိုယ်လုံး အားနည်းသည်ဟု ခံစားခဲ့ရသည်။ သူမသည် တစ်နေ့တာလုံး မခံနိုင်ခဲ့သည့်အပြင်၊ ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ဝေဒနာကို ခံစားခဲ့ရသည်။ လူအများစုသည် ဤအမျိုးသမီးငယ်၏ လက်ရှိအခြေအနေနှင့် သူမ အသက်ရှင်ကျန်းမာနေဆဲရှိမရှိဟူသည်ကိုကို သိချင်နေကြသလော။ ကိုယ်အလေးချိန်ချခြင်းနှင့်ပတ်သက်၍ သူမ၏ အတွေ့အကြုံနှင့် အတွေးအမြင်များကို သင်တို့ ကြားလိုကြသလော။ (မကြားလိုပါ။) ဤလောကတွင် အသက်ရှင်နေထိုင်လျက် လူတို့သည် မှန်ကန်စွာနှင့် စည်းစနစ်တကျ မည်သို့ အသက်ရှင်ရမည်ကိုလည်းကောင်း၊ ၎င်းတို့ ကြုံတွေ့ရသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မည်သို့သဘောထားရမည်ကိုလည်းကောင်း မသိကြပေ။ ၎င်းတို့သည် မှတ်ချက်တစ်ခုကို ကြားရသည့်အခါ သို့မဟုတ် အဖြစ်အပျက်အချို့ကို တွေ့ကြုံခံစားရသည့်အခါတွင် အမှန်တကယ် မှန်ကန်ပြီး ဂုဏ်သိက္ခာရှိသော ပုံစံဖြင့် အသက်ရှင်နေထိုင်ရန်အလို့ငှာ မည်သည့်သဘောထားပုံနည်းလမ်းက သင့်လျော်ပြီး ၎င်းတို့ကို အန္တရာယ်မှ ကာကွယ်ပေးနိုင်သည်ကို မသိကြပေ။ ဘာသာတရားမရှိသူများကို မဆိုထားနှင့်၊ ယုံကြည်သူအများစုသည်ပင် ဤအရာများကို မသိကြပေ။ အပြင်လောကမှ သတင်းအချက်အလက်များနှင့် သတင်းများအပြင် အမျိုးမျိုးသော အတွေးအခေါ်များ၊ ရှုထောင့်များ၊ မိစ္ဆာဒိဋ္ဌိအယူများအပြင်၊ မှားယွင်းသော အယူအဆများနှင့် ရင်ဆိုင်ရသည့်အခါတွင် လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝမရှိသည့်အပြင် ယင်းတို့ကို တားဆီးကာကွယ်နိုင်စွမ်းလည်း လုံးဝမရှိကြပေ။ ၎င်းတို့အနေဖြင့် ယင်းတို့ကို အပြုသဘောဆောင်သော ရှုထောင့်အမြင်မှနေ၍ မှန်ကန်သော သဘောထားခြင်း နည်းလမ်းကို မဆိုထားနှင့်၊ မှန်ကန်သော အတွေးများနှင့် ရှုထောင့်များလည်း မရှိကြပေ။ ထို့ကြောင့် လူတို့သည် အလွန်သနားစရာကောင်းစွာ အသက်ရှင်နေထိုင်ကြသည်။ ငါ ယခုလေးတင် ဖော်ပြခဲ့သော ထိုအမျိုးသမီးငယ်ကို ကြည့်လော့။ ငါ့ကို ပြောလော့၊ သူမ၏အသက်တာသည် ပင်ပန်းစရာဖြစ်သလော။ သနားစရာ ဖြစ်သလော။ (သနားစရာဖြစ်ပါသည်။) အဘယ်ကြောင့် သနားစရာဖြစ်သနည်း။ ဤသို့ပြုမူရာတွင် သူမသည် မည်သည့်နေရာ၌ မှားယွင်းခဲ့သနည်း။ လူအားလုံးသည် လှပခြင်းကို လိုက်စားပြီး ကြည့်ကောင်းအောင် နေထိုင်ခြင်းကို လိုက်စားကြသည် မဟုတ်လော။ အခြားသူများအား သင့်ကို နှစ်သက်သဘောကျစေလိုခြင်းနှင့် ၎င်းတို့နှင့် တွေ့ဆုံသည့်အခါ ချီးမွမ်းခြင်းနှင့် တန်ဖိုးထားခြင်းတို့ကို ခံရလိုခြင်းသည် မှားယွင်းသလော။ ဤကိစ္စရပ်ကို သင်တို့ မည်သို့ရှုမြင်ကြသနည်း။ (သူမသည် အပြင်ပန်းအလှတရားနှင့် ချီးမွမ်းခံရရန်အတွက် လုပ်ဆောင်ခဲ့သည့်အရာမှာ သူမ၏ ကိုယ်ပိုင် ခန္ဓာကို ထိခိုက်စေခြင်း ဖြစ်ပါသည်။ သူမသည် ဘုရားသခင် ချမှတ်ထားသော နိယာမများကို မလိုက်နာခဲ့သောကြောင့်၊ ယင်းက နောက်ဆုံးတွင် သူမ၏ ခန္ဓာကိုယ်ဆိုင်ရာ လုပ်ငန်းဆောင်တာများအားလုံးကို ချို့ယွင်းသွားစေခဲ့ပါသည်။ သူမ၏ မူးဝေခြင်းနှင့် ခေါင်းထဲတွင် လေးလံထိုင်းမှိုင်းနေခြင်းတို့မှာ သူမကိုယ်တိုင် ပြုသော အကျိုးဆက်များ ဖြစ်ပါသည်။ ဤလူသည် နားဝေတိမ်တောင်ဖြစ်သည်ဟု ကျွန်ုပ်ထင်ပါသည်။) ထိုသို့ ဖြစ်သလော။ (ဟုတ်ပါသည်။) လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် သေးငယ်သော လူ့အသိဉာဏ်၊ ပါးနပ်မှုနှင့် အတွေးအခေါ်များဖြင့် မွေးဖွားလာကြသည်။ ထို့နောက် ၎င်းတို့သည် အသိပညာတစ်ခုခုကို စည်းပူးရရှိကြသည်၊ ကျွမ်းကျင်မှုအချို့ကို ရရှိကြပြီး၊ လူကောင်းတစ်ဦးကဲ့သို့ မည်သို့ပေါ်လွင်အောင် နေရမည်ကို အနည်းငယ် လေ့လာကြသည်။ ဤအရာများသည် အပြင်လောကမှလာသည့် အမျိုးမျိုးသော အတွေးများ၊ ရှုထောင့်များ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများအပြင်၊ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သလော။ ယင်းတို့သည် သင့်ကို ဤအရာများအား မှန်ကန်စွာ ရင်ဆိုင်နိုင်စေသလော။ (မရင်ဆိုင်နိုင်စေပါ။) လုံးဝ ရင်ဆိုင်စေနိုင်ခြင်း မရှိပေ။ ဤသည်မှာ လူတို့က သမ္မာတရားကို နားမလည်သည့်အခါ သနားစရာကောင်းပြီး ဝမ်းနည်းစရာကောင်းသည့်ပုံ ဖြစ်သည်။ နောက်ဆုံးတွင် ယင်းက ဆိုးရွားသော အကျိုးဆက်များစွာကို ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် အပြင်လောကမှလာသော မည်သည့် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများ သို့မဟုတ် အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များကိုမျှ ပိုင်းခြားသိမြင်မှု မရှိကြသည့်အပြင် ၎င်းတို့ကြုံတွေ့ရသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်ပတ်သက်လာသည့်အခါ မှန်ကန်သော အတွေးများနှင့် သဘောထားများ မရှိကြပေ။ အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါတွင် ၎င်းတို့သည် စိတ်ရှုပ်ထွေးသွားကြပြီး ၎င်းတို့၏ မိုက်မဲမှုက မရေမတွက်နိုင်သော နည်းလမ်းများဖြင့် ပေါ်လွင်ထင်ရှားလာသည်။ မည်သည့်အရာမျှ ၎င်းတို့အပေါ် မကျရောက်သည့်အခါတွင် ၎င်းတို့သည် အယူဝါဒအချို့ကို နားလည်ပြီး လူ့ပုံသဏ္ဌာန်တစ်ခုခု ရှိပုံရသော်လည်း အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါတွင်မူ အခြေအနေက ကွဲပြားသွားသည်။ ၎င်းတို့၏ စိတ်နှလုံးထဲရှိ လွဲချော်သော၊ အကျည်းတန်သော၊ အဓိပ္ပာယ်မဲ့သော အတွေးများနှင့် ရှုထောင့်အမြင်များက ထုတ်ဖော်ခြင်းခံရလေသည်။ အမှန်တကယ်ပင် ကျင့်ကြံပြုမူခြင်း၊ ရှင်သန်ခြင်း သို့မဟုတ် အသက်တာရှိ အတွေး သို့မဟုတ် သဘောထားတစ်ခုခုနှင့် ပတ်သက်လာသည့်အခါတွင် လူတို့သည် အလွန် မသိနားမလည်ဖြစ်ကြပြီး ထုံထိုင်းကြကာ ၎င်းတို့၏ သဘောထားများနှင့် ရှုထောင့်များမှာ အလွန် အဓိပ္ပာယ်မဲ့လှသည်။ သို့ဖြစ်၍ လူများစွာတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ကြပြီးဖြစ်သည်၊ တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ကြပြီးဖြစ်ကာ ၎င်းတို့၏ တာဝန်များကိုလည်း ထမ်းဆောင်နေကြပြီး ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို ဖြစ်စေရန် မည်သည့်အရာကိုမျှ တမင်တကာ မလုပ်ဆောင်ခဲ့ကြသည့်အပြင် ဘုရားသခင်ကို ဆန့်ကျင်သော သို့မဟုတ် ပြစ်မှားစော်ကားသော မည်သည့်စကားလုံးများကိုမျှ တမင်တကာ မပြောဆိုကြလေပြီ။၊ အပြင်ပန်းအားဖြင့် ၎င်းတို့နှင့်ပတ်သက်၍ အပြစ်ရှာ၍မရနိုင်သော်လည်း၊ ၎င်းတို့သည် အပြင်လောကမှလာသော အမျိုးမျိုးသော မှားယွင်းသည့် အတွေးများနှင့် ရှုထောင့်များ၊ အထူးသဖြင့် အတော်အတန် ရေပန်းစားသော အရာအချို့နှင့် ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာများတွင် ယင်းတို့ကို စက်ဆုပ်ရွံရှာခြင်း မရှိကြသည့်အပြင်၊ အတိုက်အခံလုပ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းလည်း မရှိကြဘဲ၊ ထို့ထက် ၎င်းတို့သည် နှစ်သက်ခြင်းနှင့် ထောက်ခံခြင်းတို့ကို ခံစားကြရပြီး သင့်လျော်သော ပတ်ဝန်းကျင် သို့မဟုတ် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ဤအရာများကို မရည်ရွယ်ဘဲ လက်ခံမိကြကာ ၎င်းတို့၏ ကိုယ်ပိုင်အသက်တာများတွင် ကျင့်သုံးမိကြလိမ့်မည်။ အစောပိုင်းတွင် ဖော်ပြခဲ့သော အမျိုးသမီးငယ်သည် အလွန်သိသာထင်ရှားသော ဥပမာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို လိုက်လျှောက်သည့် နည်းလမ်းတစ်ခုဖြစ်သလော။ (ဟုတ်ပါသည်။) သူမသည် ယင်းတို့ကို လိုက်လျှောက်ရုံမျှ လိုက်လျှောက်ခဲ့ခြင်း မဟုတ်၊ အလွန်စေ့စေ့စပ်စပ် ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ယနေ့ခေတ် ကမ္ဘာလောကသည် ဆွဲဆောင်မှုရှိခြင်း၊ ညှို့ဓာတ်ပြင်းခြင်း၊ သွယ်လျခြင်းနှင့် ကြော့မော့သော ပုံပန်းရှိခြင်းတို့ကို အားပေးထောက်ခံနေသည် မဟုတ်လော။ ဤစိတ်ကူးများသည် လုပ်ငန်းတိုင်းတွင်၊ လူအုပ်စုတိုင်းတွင်နှင့် ယုံကြည်ခြင်းရှိသော လူများကြားတွင်ပင် ရေပန်းစားနေသည်။ သခင်ဘုရားကို ယုံကြည်သော သက်ကြီးရွယ်အို အမျိုးသမီးအချို့ ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် အသက် ၆၀ ကျော်နေကြသော်လည်း မည်သူက ပိုကြည့်ကောင်းသည်ဟူသည်နှင့်ပတ်သက်၍ အချင်းချင်း ပြိုင်ဆိုင်နေကြဆဲ ဖြစ်သည်။ ၎င်းတို့က ဘေးတွင်ရှိသည့် မိန်းကလေးငယ်တစ်ဦးကို “ကျွန်ုပ်တို့ထဲမှ မည်သူသည် ဤဝတ်စုံနှင့် အလိုက်ဖက်ဆုံးဖြစ်သည်ဟု သင် ထင်သနည်း” ဟု မေးခဲ့ကြသည်။ ထိုမိန်းကလေးက “ညီမလေးတို့အားလုံးဤဝတ်စုံနှင့် ကြည့်၍လှနေကြပါသည်”ဟု ပြန်ဖြေခဲ့သည်။ ၎င်းတို့သည် အသက်ခြောက်ဆယ်ကျော်နေကြသော်လည်း “ညီမလေးများ”ဟု အခေါ်ခံရမှ ဖြစ်မည်ဖြစ်သည်။ “အန်တီများ”ဟု အခေါ်ခံရခြင်းကို ၎င်းတို့ မလိုလားကြသည့်အပြင် ဝမ်းမသာကြပေ။ ၎င်းတို့၏ နောက်ကွယ်တွင် ထိုမိန်းကလေးက၊ “သူတို့ကအသက်ခြောက်ဆယ်ကျော်နေပြီဖြစ်သည်။ သူတို့ မည်မျှ ကြည့်ကောင်းနိုင်ပါဦးမည်နည်း”ဟု အခြားသူများကို ပြောခဲ့သည်။ သို့သော် ဤသက်ကြီးရွယ်အို အမျိုးသမီးအုပ်စုသည် ထိုအရာ၌ ကျေနပ်နှစ်သိမ့်နေကြဆဲ ဖြစ်သည်။ ၎င်းတို့တွင် ရှက်စိတ် တစ်ခုတလေရှိခဲ့သလော။ (မရှိခဲ့ပါ။) ၎င်းတို့သည် သခင်ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသော်လည်း ထိုအရာများကို အလေးထားနေကြဆဲ ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝသည် မူမမှန်ဖြစ်နေသည် မဟုတ်လော။ လူတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့်အခါ အဓိပ္ပာယ်မဲ့သော အရာများစွာကို လုပ်ဆောင်နိုင်သည်၊ အထင်သေးဖွယ်ဖြစ်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်ဟု လူတို့ မြင်သော အရာများစွာနှင့် ၎င်းတို့၏ ယုတ်ညံ့သော စရိုက်ကို ထုတ်ဖော်သည့် အရာများစွာကို လုပ်ဆောင်နိုင်သည်။ အဘယ်ကြောင့် လူများစွာတို့သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများတွင်ရှိသည့် အမှုအရာများနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှု မရှိကြသည့်အပြင်၊ ယင်းတို့ကို တားဆီးကာကွယ်နိုင်စွမ်း လုံးဝမရှိကြဘဲ၊ သို့ဖြစ်၍ ယင်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းတို့ကို ခံရကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသည့်အပြင်၊ သမ္မာတရား အစိုးစဉ်းမျှကိုပင် နားမလည်သောကြောင့် ဖြစ်သည်။ မည်သည့်အရာ ၎င်းတို့အပေါ် ကျရောက်သည်ဖြစ်စေ ၎င်းတို့သည် ထိုးထွင်းမမြင်နိုင်ကြသည့်အပြင်၊ စုံစမ်းသွေးဆောင်မှုတစ်ခုကို ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် ထုတ်ဖော်ခြင်းခံရပြီး ထိုအထဲတွင် နစ်မွန်းသွားကြသည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်း၏ အလွှာပေါင်းစုံတွင် မည်သည့်အရာကို သင်ကြားပေးနေပြီး မည်သည့်အရာက လူကြိုက်များရေပန်းစားနေသည်ကို ကြည့်လော့။ ရေဒီယို သတင်းထောက်တစ်ဦးက ကောင်လေးတစ်ဦးကို အင်တာဗျူးမေးမြန်းခဲ့ပြီး “သင်အကြိုက်ဆုံး ကလေးသီချင်းကအဘယ်နည်း”ဟု သူ့ကို မေးခဲ့သည်။ ကောင်လေးက ခေါင်းကိုကုတ်ပြီး “‘လမင်းက ကျွန်ုပ်နှလုံးသားကို ကိုယ်စားပြုသည်’ ဖြစ်ပါသည်” ဟု ပြောခဲ့သည်။ ဤအရာကို ကြားရသူတို့သည် ရယ်ရမည်လော သို့မဟုတ် ငိုရမည်လော မသိခဲ့ကြပေ။ အဘယ်ကြောင့် ၎င်းတို့ ရယ်ရမည်လော သို့မဟုတ် ငိုရမည်လောဟူသည်ကို မသိခဲ့ကြသနည်း။ ဤသည်မှာ ကလေးသီချင်းတစ်ပုဒ်ဖြစ်သလော။ (မဟုတ်ပါ၊ အချစ်သီချင်းတစ်ပုဒ် ဖြစ်ပါသည်။) ယင်းမှာ အချစ်သီချင်းတစ်ပုဒ် ဖြစ်သော်လည်း ကလေးက ယင်းကို ကလေးသီချင်းတစ်ပုဒ်ဖြစ်သည်ဟု မှားယွင်းစွာ ထင်မြင်ခဲ့သည်။ ဤအဖြစ်အပျက်မှနေ၍၊ လူ့အဖွဲ့အစည်းတွင် မည်သည့်အရာက ရေပန်းစားနေသည်ကို ငါတို့ မြင်တွေ့နိုင်သည်။ ဤသည်မှာ လူ့အဖွဲ့အစည်းရှိ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ပြီး သက်ကြီးရွယ်အိုများရော၊ ကလေးသူငယ်များပါ ဤခေတ်ရေစီးကြောင်းများ၏ အလွန်အမင်း ထိခိုက်နစ်နာစေခြင်းခံကြရသည့်အပြင်၊ ထိုအရာများထဲတွင် နက်ရှိုင်းစွာ နစ်မွန်းနေကြသည်။ ဘုရားသခင်နောက်လိုက်လျှောက်သူများထဲတွင် အံ့ဩစရာကောင်းလောက်အောင်ပင် ဤခေတ်ရေစီးကြောင်းများနောက် လိုက်သူများနှင့် ဤခေတ်ရေစီးကြောင်းများက အားပေးထောက်ခံသော အတွေးအခေါ်များကို မိမိတို့ကိုယ်တိုင်အတွက် ကျင့်သုံးကြသည့်သူ အတော်များများ ရှိနေသည်။ အဆုံးတွင် အဘယ်အရာ ဖြစ်ပျက်သနည်း။ ယင်းက ကောင်းကျိုးများကို ဖြစ်ပေါ်စေသလော သို့မဟုတ် ဆိုးကျိုးများကို ဖြစ်ပေါ်စေသလော။ (ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။) ယင်းက ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်၊ ဤသည်မှာ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို လိုက်လျှောက်ခြင်းမှ ဖြစ်လာသည့်အရာ ဖြစ်သည်။ လူတို့သည် သာယာကြည်နူးဖွယ် ယစ်မူးခြင်းတစ်ခုတွင် အသက်ရှင်လျက်၊ ၎င်းတို့ ဇာတိပကတိ၏ ကာမလိုအင်ဆန္ဒ၌လည်းကောင်း၊ လူ့ဇာတိဆိုင်ရာ ခံစားချက်များ၌လည်းကောင်း၊ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းတို့၌လည်းကောင်း နစ်မွန်းနေကြသည်။ ၎င်းတို့တွင် မှန်ကန်သော အတွေးများ သို့မဟုတ် ရှုထောင့်များ မရှိကြသည့်အပြင်၊ ဘဝကို ရင်ဆိုင်ရန်အတွက် တည်ရှိခြင်းအပေါ် မှန်ကန်သော သဘောထားလည်း မရှိကြပေ။ မည်သည့် သတိပြုမိခြင်းမျှမရှိဘဲ ဤအခြေအနေတွင် ၎င်းတို့ အသက်ရှင်နေထိုင်ကြပြီး ယင်းကို ခုခံတွန်းလှန်ရန် အင်အားမရှိကြပေ။ အဆုံးတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မကယ်တင်နိုင်ဘဲ ပို၍နက်သည်ထက် နက်ရှိုင်းစွာ နစ်မြုပ်သွားရုံသာ တတ်နိုင်ကြသည်။ နောက်ဆုံးရလဒ်မှာ အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် စာတန်၏ အစာဖြစ်လာလျက် သူ၏ လုံးဝ ဝါးမျိုခြင်းကို ခံကြရလေသည်။
လူသားမျိုးနွယ်ကြားတွင် အသက်ရှင်နေထိုင်သော လူတိုင်းအတွက်၊ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင် မသိပါက၊ ဤပရမ်းပတာဖြစ်သော လောက၊ ဤရှုပ်ထွေးသော လူ့လောကတွင် သင့်အနေဖြင့် ဘဝ၏ မှန်ကန်သော အတွေးများနှင့် ရှုထောင့်များကို စွဲကိုင်ထားရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်ပြီး၊ ဘဝတွင် သင်တမ်းတသည့် မှန်ကန်သော လမ်းကြောင်းကို စွဲကိုင်ထားရန်လည်း အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။ သင်သည် စကားတစ်ခွန်းကို ကြားရခြင်း သို့မဟုတ် အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ရခြင်းမှနေ၍ မည်သည့်အချိန်တွင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ လွှမ်းမိုးခြင်းကို မတော်တဆ ခံရလိမ့်မည်ကို လုံးဝ သိလိမ့်မည် မဟုတ်ပေ။ အကယ်၍ လူတို့သည် အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပါက၊ ရှင်သန်ခြင်းလမ်းကြောင်းပေါ်တွင် ကြုံတွေ့ရသော အမှားအမှန်နှင့်ဆိုင်သည့် အမျိုးမျိုးသော အဓိကပြဿနာများကို မဆိုထားနှင့်၊ ၎င်းတို့၏ ကိုယ်ပိုင်အသက်တာများကိုပင် ကောင်းစွာ မစီမံမခန့်ခွဲနိုင်ကြပေ။ အကယ်၍ လူတို့သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို နားမလည်ပါက၊ ၎င်းတို့သည် မိမိတို့၏ အသက်တာများအား မည်သို့ စီမံခန့်ခွဲရမည်ကို သိလိမ့်မည်မဟုတ်သည့်အပြင် မှန်ကန်သော အသက်ရှင်မှုပုံစံလည်း ရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် ကျန်းမာသော အသက်ရှင်နေထိုင်မှုနှင့်ပတ်သက်၍ အမျိုးမျိုးသော သတင်းအချက်အလက်အမျိုးမျိုးကို မြင်တွေ့ပါက၊ မည်သို့ ပိုင်းခြားသိမြင်ရမည် သို့မဟုတ် မည်သည့်အရာကို လက်ခံပြီး မည်သည့်အရာကို ငြင်းပယ်ရမည်၊ မှန်ကန်သည့်၊ အပြုသဘောဆောင်သော ပြောဆိုချက်များကို မည်သို့ ခံယူရမည် သို့မဟုတ် မှားယွင်းသော ပြောဆိုချက်များကို မည်သို့ ငြင်းပယ်ရမည်ဟူသည်တို့ကို ၎င်းတို့ သိလိမ့်မည်မဟုတ်ပေ။ ထိုသို့သောလူများသည် ၎င်းတို့၏ ကိုယ်ပိုင်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပင် ကာကွယ်နိုင်ခြင်းမရှိဟုပင် ဆိုနိုင်သည်။ အချို့လူများသည် တစ်ခုပြီးတစ်ခု အစွန်းရောက်ကြပြီး အချို့မှာမူ တစ်ခုတည်းကိုသာ စဉ်ဆက်မပြတ် အစွန်းရောက်လျက် အသက်ရှင်နေထိုင်ကြသည်။ ဥပမာအားဖြင့်၊ အချို့လူများက “သစ်သီးများစွာ စားခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်သည်။ ယင်းက ဗီတာမင်များကို ပေးစွမ်းနိုင်ပြီး သင်၏ အသားအရေကို စိုပြည်ချောမွေ့စေကာ လူတိုင်း၏ ချစ်ခင်မှုကို ခံရစေသည်”ဟု ကြားကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ယင်းကို ယုံကြည်ပြီး မူမမှန်သော စားသောက်ခြင်း အလေ့အထများကို ခံယူလျက် တွေ့သမျှ သစ်သီးအားလုံးကို စတင်စားသုံးကြသည်။ အချိန်အတန်ကြာပြီးနောက် ၎င်းတို့သည် စဉ်ဆက်မပြတ် နေထိုင်မကောင်းဖြစ်ကြပြီး ဆေးရုံတွင် စစ်ဆေးကြည့်ရာ ၎င်းတို့တွင် သွေးတွင်းသကြားဓာတ်မြင့်မားနေကြောင်း တွေ့ရှိရသည်။ ၎င်းတို့က၊ “ပုံမှန်အားဖြင့် ကျန်းမာရေးနှင့် အတော်လေး ညီညွတ်အောင် ကျွန်ုပ် စားသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်၏ သွေးတွင်းသကြားဓာတ်က မြင့်မားနေရသနည်း။ အခြားသူများက သစ်သီးများများစားခြင်းသည် ဗီတာမင်ဓာတ်ပေးသည်ဟု ပြောကြသည်။ သို့ဆိုလျှင် ဤပြောဆိုချက်ကို လိုက်နာပြီး သစ်သီးများများစားခြင်းဖြင့် ကျွန်ုပ် အဘယ်သို့ဖြစ်ပြီး မှားနိုင်ရမည်နည်း” ဟု နားမလည်နိုင် ဖြစ်ကြသည်။ ဆရာဝန်က “သစ်သီးတွင် ဗီတာမင်များ ပါဝင်သော်လည်း သကြားဓာတ်များသည်။ ယင်းက အဓိကအစားအစာများကို အစားမထိုးနိုင်သည့်အပြင် ပြည့်ဝသော အစာတစ်နပ်အဖြစ်လည်း စား၍မရပါ။ သင်က ယင်းကို ချင့်ချိန်ပြီး စားနိုင်သည် သို့မဟုတ် လျှော့လျှော့ပေါ့ပေါ့ စားနိုင်သည်။ သင်လုံးဝမစားလျှင်ပင် မည်သည့်အာဟာရဓာတ်မျှ ချို့တဲ့မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကောက်နှံများနှင့် ဟင်းသီးဟင်းရွက်များတွင် ဤအာဟာရဓာတ်အားလုံး ပါပြီးသားဖြစ်သောကြောင့်ဖြစ်သည်”ဟု ပြောသည်။ ဆရာဝန်၏ ပြောဆိုချက်က သင့်တင့်လျောက်ပတ်သည်။ ဤအရာက ၎င်းတို့၏ နေထိုင်မှုပုံစံ ပြဿနာရှိကြောင်းကို ဖော်ပြနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အချို့လူများ ပြုလုပ်တတ်သော အမှားအမျိုးအစား အတိအကျပင် ဖြစ်သည်။ ယင်းမှာ ၎င်းတို့ ပြုလုပ်သင့်သော အမှားတစ်ခုဟု သင်ထင်သလော။ (မထင်ပါ။) အချို့လူများက၊ “ကျွန်ုပ်၏ သွေးတွင်းသကြားဓာတ်များနေသော်လည်း ဘုရားသခင်ကို စောဒကမတက်ခဲ့ပါ”ဟု ပြောကြသည်။ ဤပြောဆိုချက်ကို သင်မည်သို့ထင်သနည်း။ ယင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့နေသည် မဟုတ်လော။ သင်၏ သွေးတွင်းသကြားဓာတ်မြင့်မားခြင်းသည် ဘုရားသခင်နှင့် သက်ဆိုင်သလော။ ဤသည်မှာ သင်ကိုယ်တိုင် သင့်ကိုယ်သင် ဖြစ်စေသည့်အရာမဟုတ်လော။ သင်သည် မဆင်မခြင်နှင့် စည်းမျဉ်းမရှိဘဲ စားသောက်သည်။ သစ်သီးက အရသာရှိသည်ဟု ထင်သောကြောင့် သင် မရပ်မနား စားသည် သို့မဟုတ် အသားက အရသာရှိသည်ဟု တွေ့သောကြောင့် ချုပ်တည်းမှု လုံးဝမပြဘဲ၊ မည်သည့်ဟင်းသီးဟင်းရွက်ကိုမျှ မစားသည့်အပြင်၊ ရလဒ်အနေဖြင့် သင်သည် နာမကျန်းမှုများ ဖြစ်သည်။ ဤသည်မှာ သင့်ဘာသာသင် အနာတရဖြစ်စေခြင်း မဟုတ်လော။ ဘုရားသခင်ကို မညည်းညူခြင်းအားဖြင့် သင် မြင့်မြတ်သည့်ပုံရသည်၊ သင် ဘုရားသခင်ကို ချစ်သည့်ပုံပေါ်သည်၊ သင် စင်ကြယ်သည့်ပုံပေါ်သည်ဟု သင်ထင်သလော။ အမှန်တကယ်တွင် အချို့သော နာမကျန်းမှုများသည် မိမိဘာသာမိမိ အနာတရဖြစ်စေခြင်းဖြစ်ပြီး ဘုရားသခင်နှင့် မည်သို့မျှ မသက်ဆိုင်သည့်အပြင်၊ သင်၏ ကိုယ်ပိုင် မိုက်မဲခြင်းနှင့် မသိနားမလည်မှုတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ “ကြက်ဥ၊ အသားနှင့် နို့ထွက်ပစ္စည်းများသည် အာဟာရရှိပြီး သင်၏ ပရိုတင်းဓာတ်ကို ဖြည့်တင်းပေးနိုင်သည်။ ဆန်နှင့် ဂျုံတွင် အာဟာရတန်ဖိုး အနည်းငယ်သာရှိသောကြောင့် အသား၊ ကြက်ဥနှင့် နို့ထွက်ပစ္စည်းများကို ပိုမိုစားသုံးသင့်သည်”ဟု ပြောသော အချို့လူများလည်း ရှိသည်။ ဤအရာကို ကြားသည့်အခါ လူအချို့က၊ “အသားစားရခြင်းကို ကြိုက်သည်နှင့် အတော်ပင်ဖြစ်သည်။ အသားက အာဟာရရှိသည်ဟု ဆိုသောကြောင့်၊ ကျွန်ုပ် ပိုစားမည်။ တခြားသူများက တစ်နေ့ကို ၄ အောင်စစားသော်လည်း၊ ကျွန်ုပ်က တစ်နပ်ကို ပေါင်ဝက်စားမည်။ တစ်နေ့ကို အနည်းဆုံး နှစ်နပ်စားမည်”ဟု ပြောကြသည်။ ၎င်းတို့သည် ဤသို့ ချုပ်တည်းမှုမရှိဘဲ စားကြသည်၊ နေ့စဉ် အခြားသူများထက် နှစ်ဆ သို့မဟုတ် သုံးဆ စားသုံးကာ ပို၍ပို၍ စားကြပြီး ညလယ်စာများကိုလည်း ထည့်သွင်းစားသုံးကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ အစာအိမ် ဆံ့သောပမာဏက ကြီးထွားလာပြီး အစာအိမ် ကြီးမားလေ၊ အစာစားချင်စိတ်လည်း ကြီးမားလေ ဖြစ်သည်။ နောက်ဆုံးတွင် အဘယ်အရာ ဖြစ်ပျက်သနည်း။ ၎င်းတို့ နေထိုင်မကောင်းဖြစ်သည်အထိ စားကြသည်၊ ကိုယ်အလေးချိန်တက်လာပြီး အမြဲ အိပ်ငိုက်ကာ အားနည်းပြီး မူးနောက်နောက်ဖြစ်ကြသည်။ဆေးရုံသို့ သွားစစ်ဆေးရန်မှလွဲ၍ ၎င်းတို့တွင် အခြားရွေးချယ်စရာမရှိသည့်အပြင်၊ ရလဒ်များက ၎င်းတို့တွင် သွေးတိုး၊ သွေးတွင်း သကြားဓာတ်မြင့်မားခြင်းနှင့် သွေးတွင်းအဆီများခြင်းတို့ ရှိနေကြောင်း ပြသသည်။ ၎င်းတို့က၊ “ကျွန်ုပ်က နေ့စဉ် အသားအနည်းငယ် ပိုစားခဲ့သည်သာ မဟုတ်လော။ အသားပိုစားခြင်းက ခန္ဓာကိုယ်အတွက် ကောင်းပြီး လူတစ်ယောက်ကို အာဟာရချို့တဲ့ခြင်းမှ ရှောင်ရှားနိုင်စေသည်ဟု ၎င်းတို့ ပြောခဲ့သည် မဟုတ်လော။ သို့ဆိုလျှင် ကျွန်ုပ် မည်သည့်နေရာတွင် မှားသွားသနည်း။ အဘယ်ကြောင့် ကျွန်ုပ် သွေးတိုးနေရသနည်း။ ကျွန်ုပ်၏ ဤအိုဟောင်းသော ဇာတိခန္ဓာကို ဂရုစိုက်ရခြင်းက အလွန်ခက်သည်။ အသားအနည်းငယ်ပင် ပိုစား၍မရပါ”ဟု တွေးဆကြသည်။ သင်သည် တစ်နပ်လျှင် အသားပေါင်ဝက်စားသည်၊ ယင်းမှာ အမှန်တကယ်ပင် အသားနည်းနည်း ပိုစားခြင်းဖြစ်သလော။ သင်သည် ပုံမှန်အားဖြင့် အများကြီးထိုင်ပြီး လေ့ကျင့်ခန်းမလုပ်သည့်တိုင်၊ ထိုမျှလောက်များစွာ စားသည်။ နောက်ဆုံးတွင် သင်သည် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပြီး သင်၏ နှလုံးတွင် မအီမသာ ခံစားလာရသည်။ ၎င်းတို့က “ဤသည်မှာ ဘုရားသခင်က ငါ့ကို စစ်ဆေးနေခြင်းဖြစ်သည်။ ယင်းမှာ ဘာမျှမဟုတ်ပါ၊ အချိန်တန်လျှင် ငါ အဆင်ပြေသွားလိမ့်မည်။ ဘုရားသခင်ကို ငါ စောဒကတက်မည် မဟုတ်ပါ”ဟုပင် စဉ်းစားကြသည်။ သင်သည် ဘုရားသခင်ကို စောဒကတက်ရန် မည်သည့်အခွင့်အရေး ရှိမည်နည်း။ သင်၏ နာမကျန်းမှုသည် ဘုရားသခင်က သင့်ကို စစ်ဆေးသည့် နည်းလမ်းဖြစ်သလော၊ သို့မဟုတ် သင့်ဘာသာသင် အနာတရဖြစ်စေခြင်းလော။ သင်သည် အသားစားခြင်းကြောင့် ဝလာပြီး နေထိုင်မကောင်းဖြစ်ကာ ဤသည်မှာ ဘုရားသခင်က သင့်ကို စစ်ဆေးနေခြင်းဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်က သင်၏ ယုံကြည်ခြင်းကို စမ်းသပ်နေခြင်းဖြစ်သည်ဟုလည်းကောင်း ထင်သည်။ ဘုရားသခင်သည် သင့်ကို ဤနည်းလမ်းဖြင့် စစ်ဆေးမည်လော။ (စစ်ဆေးမည် မဟုတ်ပါ။) သို့ဆိုလျှင် ဤရလဒ်သည် မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း။ (ယင်းမှာ လူ၏ မိုက်မဲမှုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။) လူတို့ကိုယ်တိုင်က ပိုင်းခြားသိမြင်မှု မရှိကြ၊ မိမိတို့ ကိုယ်ပိုင်ဘဝများအား မည်သို့ စီမံခန့်ခွဲရမည်ကို မသိကြ၊ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို နားမလည်ကြ၊ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ဘဝများအား မည်သို့ မှန်ကန်စွာ သဘောထားရမည်ကို မသိကြ၊ လူသားများအတွက် ဘုရားသခင် ချမှတ်ထားသော ရှင်သန်ခြင်းဆိုင်ရာ နိယာမများအား မည်သို့ လိုက်နာရမည်ကို မသိကြသည့်အပြင်၊ အမျိုးမျိုးသော မွေးရာပါ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ၏ နိယာမများအား မည်သို့ လိုက်နာရမည်ကို မသိကြပေ။ ၎င်းတို့သည် အမြဲ မိုက်မဲပြီး အဓိပ္ပာယ်မဲ့သော ကျင့်ကြံပြုမူမှုများကို လုပ်ဆောင်ကြသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများဖြင့် အမြဲ ပြည့်နှက်နေကြပြီး လွန်ကဲသော လိုချင်တပ်မက်မှုများ ပြတ်လပ်သွားခြင်းလည်း မရှိပေ။ နောက်ဆုံးတွင် အဘယ်အရာ ဖြစ်ပျက်သနည်း။ ၎င်းတို့သည် လမ်းလွဲများကို အမြဲ လျှောက်ကြသည်၊ အမှားများကု အမြဲ ပြုလုပ်ကြပြီး ဘုရားသခင်ကို စဉ်ဆက်မပြတ် နားလည်မှုလွဲကြသည်။ ဤသည်မှာ အလွန် ဒုက္ခပေးသော ကိစ္စရပ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။)
ဇာတိပကတိ၌လည်းကောင်း၊ ရုပ်ဝတ္ထုလောက၌လည်းကောင်း အသက်ရှင်နေထိုင်လျက် လူတို့သည် သတင်းအချက်အလက်များစွာ၊ အတွေးများနှင့် ရှုထောင့်အမြင်များစွာ၊ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများစွာတို့နှင့် ထိတွေ့လာကြရလိမ့်မည်။ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများသည် အပြုသဘောဆောင်သည်လော သို့မဟုတ် အပျက်သဘောဆောင်သည်လောဟူသည်အား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို မသိပါက၊ မည်သည့်အရာကို လက်ခံပြီး မည်သည့်အရာကို ငြင်းပယ်ရမည်ဟူသည်ကို ရွေးချယ်ရမည့်နည်းလမ်းအား မသိပါက၊ အပြုသဘောဆောင်သော အရာများကို စွဲကိုင်ထားရန် မသိသည့်အပြင် ဤအရာများ၏ အပျက်သဘောဆောင်သော အရည်အသွေးကို ၎င်းတို့ သတိပြုမိဖို့ မဆိုထားနှင့်၊ ယင်းတို့ အဘယ်ကြောင့် မှန်ကန်သည်ကိုလည်း မသိပါက၊ ပြီးလျှင် အပျက်သဘောဆောင်သော အရာများကို ငြင်းပယ်ရန် မသိပါက——ဤသို့ အသက်ရှင်နေထိုင်ခြင်းသည် အလွန်အန္တရာယ်များသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့၏ အသက်များကို အချိန်မရွေး ဆုံးရှုံးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ လူတို့သည် ထိုသို့သော ရိုးရှင်းသည့် ကိစ္စရပ်များဖြစ်သော ၎င်းတို့၏ ကိုယ်ပိုင်ရုပ်ပိုင်းဆိုင်ရာ ဘဝများနှင့် ကျန်းမာရေးကိုပင် ကောင်းစွာ မထိန်းကျောင်းနိုင်ကြပေ။ ၎င်းတို့နှင့်ပတ်သက်၍ အခြားသူများက စိုးရိမ်ပေးရန် လိုအပ်သည်၊ ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ပေးရန် ဘုရားသခင်ကို ၎င်းတို့ လိုအပ်သည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ဦးတည်ချက်တစ်ခုတွင် အလွန် သွေဖည်သွားခြင်း သို့မဟုတ် အခြားဦးတည်ချက်တစ်ခုတွင် အလွန် သွေဖည်သွားခြင်း စသည့်အမှားများကို ဆက်လက်ပြုလုပ်နေကြလိမ့်မည်။ အချို့သော အမျိုးသမီးများသည် လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ အတွေးအခေါ်များကို လက်ခံပြီးနောက် အကျိုးဆက်များကို မည်သို့မျှ အလေးမထားဘဲ မိမိတို့ကိုယ်ကို လှပအောင်ပြုလုပ်ရန် နည်းလမ်းများကို ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ အချို့သည် တိုင်းရင်းဆေးများကို မဆင်မခြင် သောက်သုံးကြသည်၊ အချို့က အနောက်တိုင်းဆေးများကို မဆင်မခြင် သောက်သုံးကြသည့်အပြင်၊ အချို့က အားဆေးများကို မဆင်မခြင် သောက်သုံးကြပြီး အချို့က အစားအစာတစ်မျိုးမျိုးကို မဆင်မခြင် စားသုံးကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အစာအိမ်ပြဿနာများ ဖြစ်ပွားကြပြီး ၎င်းတို့၏ နေ့ရက်များကို သက်ပြင်းချရင်းနှင့် ချူချာပြီး အားနည်းပုံရလျက် အချိန်ကုန်ဆုံးကြရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လှပအောင် ပြုလုပ်ရန် ပျက်ကွက်သည်သာမက ကြည့်ရှုရန်ပင် စက်ဆုပ်ဖွယ် ဖြစ်လာကြသည်။ အချို့လူများသည် အတော်အတန်ကောင်းမွန်သော အသားအရေရှိသော်လည်း စိတ်ကျေနပ်ရောင့်ရဲမှုမရှိကြသေးသည့်အပြင်၊ အလှကုန်မျိုးစုံဖြင့် မရမကလိမ်းကျံကြသည်။ တစ်ချိန်ချိန်တွင် ၎င်းတို့သည် အရည်အသွေးနိမ့်သော အလှကုန်များကို အသုံးပြုမိပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရသည်။ ၎င်းတို့၏ မျက်နှာများမှာ ကြည့်ရှုရန်ပင် ကြောက်မက်ဖွယ် ဖြစ်လာလျက် အကွက်အကွက်ဖြစ်ပြီး မညီမညာဖြင့် ချယ်သထားသည်။ အချို့လူများသည် အလှအပဆိုင်ရာ ကုထုံးများနှင့် ပလတ်စတစ်ဆာဂျရီ နှစ်မျိုးစလုံးကို ပြုလုပ်ကြသည်၊ ၎င်းတို့ထဲမှ အချို့သည် မိမိတို့၏ နှာတံများကို မြှင့်ရန် ကြိုးစားကြပြီး မမြှင့်နိုင်ကြသည်သာမက၊ နောက်ဆုံးတွင် ပုံပျက်ပန်းပျက် ဖြစ်သွားစေသည်။ အချို့သည် မေးစေ့ဖြည့်ဆေးများ ထိုးရာတွင် မှားယွင်းသွားပြီး ၎င်းတို့ ပြုံးလိုက်သည့်အခါ သို့မဟုတ် သမ်းဝေလိုက်သည့်အခါတိုင်း ရယ်ဖွယ်ကောင်းသော ပုံစံဖြစ်နေသဖြင့် ထိုနှစ်မျိုးလုံးကို တစ်ကြိမ်တစ်ခါ လုပ်ဖို့ ၎င်းတို့ကို စိုးရွံ့သွားစေသည်။ ဤသည်မှာ အလွန်ပင် စိတ်ဆင်းရဲစရာဖြစ်သည်။ အလွန်ပင် ပင်ပန်းသော နေထိုင်မှုပုံစံ ဖြစ်သည်တကား။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဒုက္ခဖန်တီးနေကြခြင်း မဟုတ်လော။ အချို့သော အမျိုးသမီးများသည် ၎င်းတို့၏ အရပ်အမောင်းကို စိတ်ကျေနပ်မှုမရှိကြ၊ ၎င်းတို့၏ ခြေသလုံးရိုးများကို ခွဲပြီးနောက် ပြန်လည်ဆက်ကာ ရှည်အောင်ပြုလုပ်ကြသော်လည်း လုပ်ထုံးလုပ်နည်းက မှားယွင်းသွားပြီး ယခင်က အကောင်းပကတိဖြစ်သော ၎င်းတို့၏ ခြေထောက်များကို ချည့်နဲ့သွားစေသည်။ ယင်းမှာ ဝမ်းနည်းစရာကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) မကောင်းသည့် အကျိုးဆက်မျိုးစုံ ဖြစ်ပွားခဲ့ပြီးဖြစ်သည်၊ ထိုသို့သောလူများသည် မည်သည့်အခါတွင်မျှ အခြေအနေကောင်းသွားခြင်း မရှိကြပေ။ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများက အားပေးထောက်ခံသော မည်သည့်အတွေးအခေါ် သို့မဟုတ် ရှုထောင့်အမြင်မဆိုသည် မှားယွင်းပြီး ကောက်ကျစ်ဆိုးယုတ်သည်၊ ယင်းမှာ အမှန်တကယ်ပင် အလွန့်အလွန် အန္တရာယ်ဖြစ်စေသည်။ ၎င်းတို့ အားပေးထောက်ခံသော အရသာရှိသည့် အစားအစာနှင့် အလှအပရေးရာ ကျင့်ကြံပြုမူမှုများသည် အမှန်တကယ် ကောင်းမွန်ခြင်းမရှိ၊ အားလုံးက ကောက်ကျစ်ဆိုးယုတ်ပြီး လူတို့ကို ထိခိုက်နစ်နာစေကာ ပိတ်မိသွားစေသည်။ ဤမသိနားမလည်သော အမျိုးသမီးများသည် ဤထိခိုက်နစ်နာမှုကို ခံစားရန် လိုလားကြပြီး ဤကောက်ကျစ်ဆိုးယုတ်သော အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များကို တားဆီးကာကွယ်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အနည်းငယ်မျှပင် ပိုင်းခြားသိမြင်ခြင်းမရှိဘဲ၊ မျက်စိစုံမှိတ်၍သာ လိုက်လျှောက်လျက်၊ စေခိုင်းသမျှကို စားသုံးပြီး စေခိုင်းသမျှကို လုပ်ဆောင်ကြသည်။ ၎င်းတို့ လိုက်လျောလွန်းလိုက်လေခြင်းပါတကား။ နောက်ဆုံးတွင် အဘယ်အရာ ဖြစ်ပျက်သနည်း။ ၎င်းတို့ထဲမှ တစ်ဦးတလေကမျှ ကောင်းမွန်သော အဆုံးသတ်နှင့် မကြုံတွေ့ရသလောက် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် လမ်းခုလတ်တွင် မိမိတို့၏ အမှားကို သတိပြုမိပြီး အချိန်မီ နောက်ကြောင်းပြန်လှည့်ကာ ၎င်းတို့၏ ဆုံးရှုံးမှုများကို လျှော့ချခြင်းမရှိပါက၊ ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို ၎င်းတို့ ဆက်လက်လိုက်လျှောက်ပြီး ဤကောက်ကျစ်ဆိုးယုတ်သော အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များကို လက်ခံနေပါက၊ နောက်ဆုံးတွင် တဖြည်းဖြည်း ပို၍ ယုတ်ညံ့လာမည်၊ အကောင်းအဆိုးကို ပို၍ မခွဲခြားနိုင်တော့သည့်အပြင်၊ ၎င်းတို့၏ လူသားပုံသဏ္ဌာန် ကင်းမဲ့လျက် ၎င်းတို့၏ ပုံပန်းသဏ္ဌာန်မှာ နတ်ဆိုးများနှင့် ပို၍တူလာလိမ့်မည်။ လူ ကိုးဆယ့်ကိုးရာခိုင်နှုန်းသည် အပြုသဘောဆောင်သော အရာနှင့် အပျက်သဘောဆောင်သော အရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြသည့်အပြင်၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို လိုလိုလားလား လက်ခံကြသည်ဟု ဆိုနိုင်သည်။ အမျိုးသမီးများက အတူတကွ အဝတ်အစားများ ဝယ်ယူသည့်အခါ မည်သည့်အရာ ပြောဆိုကြသည်ကို ကြည့်လော့။ အချို့က “ဤသည်မှာ သင်ဝတ်လျှင် ကြည့်မကောင်းပါ၊ ဤအရာကသင့်မျက်နှာကို ဖြူဝင်းအောင် မလုပ်ပေးပါ သို့မဟုတ် သင့်ခန္ဓာကိုယ်အချိုးအစားကို မပေါ်လွင်စေပါ။ ဤအရာက မည်သည့်အာရုံစိုက်မှုကိုမျှ ရမည် မဟုတ်ပါ။ ထိုတစ်ခုက ဆွဲဆောင်မှုရှိပြီး လူအများ၏ အာရုံစိုက်မှုကို ရရှိစေလိမ့်မည်ဟု ကျွန်ုပ်ထင်သည်”ဟု ပြောကြသည်။ အခြားသူများက “ဤတစ်ခုက မက်မောစရာမကောင်းပါ။ သင် အသားအရေကို နည်းနည်းပေါ်လွင်အောင် လုပ်ရမည်။ သင်က ဆွဲဆောင်မှုရှိပြီး မျက်စိပသာဒဖြစ်ဖို့ လိုသည်။ ထိုအရာကသာ အလုပ်ဖြစ်မည်။ သင်က အမြဲတမ်း ဤသို့ စောင့်စည်းပြီး တည်ကြည်နေလျှင် သင့်ကို မည်မျှ ကြိုက်မည် မဟုတ်ပါ”ဟု ပြောကြသည်။ အချို့သော မိခင်များသည် ၎င်းတို့၏ သမီးများကို သရုပ်ဆောင်ဖြစ်ရန်ပင် မရမက တိုက်တွန်းကြသည်။ သမီးက “အနုပညာလောကသည် အလွန်ရှုပ်ထွေးသည်။ ကျွန်ုပ် သရုပ်ဆောင် မလုပ်ချင်ပါ” ဟု ပြောသည်။ ထိုအခါ သူမ၏ မိခင်က “သင့်မှာ ရည်မှန်းချက် မရှိသလော။ သင့်၏ အရပ်အမောင်း၊ ရုပ်ရည်၊ အသားအရေဆိုလျှင်၊ သင်သည် အလွန်ကောင်းသည့် သဘာဝ အခြေအနေများရှိသည်။ သရုပ်ဆောင်မင်းသမီးအနေဖြင့် ငွေမရှာလျှင် ကျွန်ုပ်တို့သည် စားပွဲပေါ်တွင် စားစရာ မည်သို့ ရှိမည်နည်း။ သင် နာမည်ကြီးပြီး ပိုက်ဆံရှာနိုင်သရွေ့ တစ်ဦးတလေနှင့် အိပ်ခြင်းက ကိစ္စမရှိပါ။ မဟုတ်လျှင် သင်၏ ကြည့်ကောင်းခြင်းများကို သင် ဖြုန်းတီးမိပြီး ဖြစ်မည်။ ကျွန်ုပ်တို့က သင့်ကို ဤအရွယ်အထိ ပြုစုပျိုးထောင်ပေးခဲ့ပြီး သင့်အဖေနှင့်ကျွန်ုပ်သည် သင်၏အောင်မြင်မှုကို အားကိုးရန် စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။ ထိုမျှကိုပင် ကျွန်ုပ်တို့ အငြင်းခံရမည်ဆိုလျှင်၊ သင့်ကို အဘယ်အရာအတွက် ကျွန်ုပ်တို့ မွေးဖွားခဲ့ရသနည်း”ဟု ဆူပူကြိမ်းမောင်းသည်။ မိဘများက ၎င်းတို့၏ သားသမီးများကို ဤသို့ ပညာပေးခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သားသမီးများကို ဤသို့ ပညာပေးခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ (သားသမီးများက ထိခိုက်နစ်နာကြရပါသည်။) တစ်နေ့တွင် ထိုသို့သော ကလေးတစ်ဦးသည် အမှုအရာများကို နားလည်လာသည့်အခါ၊ ၎င်းတို့သည် ဆင်းရဲဒုက္ခနှင့် နာကျင်မှုများစွာကို ဖြတ်သန်းခဲ့ပြီးဖြစ်သောကြောင့် ၎င်းတို့၏ မိခင်ကို မလွဲမသွေ မုန်းတီးပြီး နာကြည်းလာကာ “သင့်အပြစ်ချည်းသာ ဖြစ်သည်။ သင်က ကျွန်ုပ်ကို လမ်းမှန် မညွှန်ပြခဲ့ပါ။ ကျွန်ုပ် သရုပ်ဆောင်မင်းသမီး မလုပ်ချင်ပါဟု ပြောခဲ့သော်လည်း၊ သင်က မရမကလုပ်ခိုင်းခဲ့သည်။ ယခု ကျွန်ုပ်ကို ကြည့်ပါ၊ ကျွန်ုပ် အသက်လေးဆယ်နီးပါးရှိနေပြီ၊ လင်ယောက်ျားလည်း မရှာနိုင်သေးပါ။ မည်သူမျှလည်း ကျွန်ုပ်ကို မလိုချင်ပါ။ ကျွန်ုပ်ကို ချစ်ရေးဆိုခဲ့သည့်သူများသည်လည်း လှည့်စားရုံသက်သက်ဖြစ်သည်။ ကျွန်ုပ်ကို လက်ထပ်ဖို့ လုံးဝ ရည်ရွယ်ခဲ့ခြင်း မဟုတ်ပါ။ ကျွန်ုပ်၏ ဘဝတစ်လျှောက်လုံး ပျက်စီးသွားပြီ မဟုတ်လော” ဟု ပြောဆိုကြသည်။ သားသမီးများသည် အလွန်အမင်း ဆင်းရဲဒုက္ခခံစားကြရပြီး မိဘများမှာ ပြဿနာ၏ လက်သည်နှင့် ရင်းမြစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ သားသမီးများအပေါ် ထိခိုက်နစ်နာမှုကို ဖြစ်စေကြပြီးဖြစ်သည်။
ဘုရားသခင်ကို ယုံကြည်သူများသည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများမှ မိမိတို့ကိုယ်ကို ရုန်းထွက်နိုင်စွမ်းမရှိခြင်းတွင် ဘာသာတရားမရှိသူများကဲ့သို့ပင် ဖြစ်နေပါက၊ ဤသည်မှာ ပြဿနာတစ်ခုကို ညွှန်ပြပေသည်။ သင်သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ ကောက်ကျစ်ဆိုးယုတ်ပြီး အပျက်သဘောဆောင်သော ပြောဆိုချက်များ သို့မဟုတ် လူတို့ ပါဝင်လုပ်ဆောင်သည့် အမျိုးမျိုးသော အလေ့အကျင့်များ တစ်ခုတလေအပေါ် ယင်းတို့က မည်သည့်အရာများဖြစ်စေ ပိုင်းခြားသိမြင်မှုမရှိသည့်အပြင်၊ ယင်းတို့ကို လိုက်လျှောက်ကာ မိမိကိုယ်တိုင် သိလျက်နှင့်ပင် စမ်းသပ်ကြည့်မည်ဆိုလျှင် ဘုရားသခင်၏ အမြင်တွင် ဤအရာအားလုံးသည် အရှက်ရခြင်း၏ အမှတ်လက္ခဏာများ ဖြစ်ကြသည်။ ဘုရားသခင်က အဘယ်အရာကို ပြောဆိုလိမ့်မည်နည်း။ လူတစ်ဦးအနေဖြင့် သင်သည် အမှားနှင့်အမှန်ကို ခွဲခြားနိုင်စွမ်းမရှိကြောင်း၊ အပြုသဘောဆောင်သော အရာများကို လက်ခံခြင်းနှင့်ဆိုင်သည့် လက်တွေ့ကျမှု မရှိကြောင်း၊ ထို့ထက်ပင်ပို၍ အပျက်သဘောဆောင်သော အရာများကို ငြင်းပယ်သည့် လုပ်ဆောင်ချက်များနှင့် အလေ့အကျင့်များတွင် သင်ပါဝင်လုပ်ဆောင်ခြင်း မရှိခဲ့ကြောင်း သူက ပြောဆိုပေမည်။ သူက သင်သည် လူသားမဟုတ်ကြောင်း၊ လူသား အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိခြင်း၏ အခြေခံကျသော သတ်မှတ်ချက်နှင့် သင်မကိုက်ညီကြောင်း ပြောဆိုပေမည်။ သူက သင်သည် လူမဟုတ်ကြောင်း၊ နိုင်ငံတော်က သင့်ကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ပြောဆိုပေမည်။ သင်သည် လူမဟုတ်ပါက သမ္မာတရားကို လက်ခံရန် သင့်အတွက် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သင်၏စိတ်နှလုံးထဲ၌ သင်၏စိတ်ဆန္ဒအရ လက်ခံလိုသည့်အရာမှာ စာတန်ထံမှ ဆိုးယုတ်သောအရာများချည်းသာ ဖြစ်ပြီး သင်၏စိတ်နှလုံးက အပြုသဘောဆောင်သော အရာများကို လုံးဝ အတိုက်အခံလုပ်သောကြောင့်၊ ဆန့်ကျင်ပြီး ငြင်းပယ်သောကြောင့် ဖြစ်သည်။ သင်သည် ယင်းတို့အပေါ် လက်ခံသည့် သဘောထား လုံးဝ မရှိခဲ့ပေ။ သို့ဖြစ်၍ ဘုရားသခင်က သင်သည် လူမဟုတ်ကြောင်း၊ သင့်တွင် လူ့သဘာဝမရှိကြောင်း ပြောဆိုသည်။ ဘုရားသခင်သည် လူ့သဘာဝမရှိသော လူများကို အလိုမရှိပေ။ “ဘုရားသခင်က ကျွန်ုပ်ကို လက်မခံလျှင်၊ ဘုရားသခင်၏ စိတ်နှလုံးကို တို့ထိပြီး ကျွန်ုပ်အပေါ် သူ၏သဘောထားကို ပြောင်းလဲစေရန် ကျွန်ုပ် နည်းနည်းပိုဒုက္ခခံပြီး နည်းနည်းပိုအဖိုးအခပေးလိုက်မည်”ဟု မတွေးနှင့်။ ဘုရားသခင် အလိုရှိသောအရာမှာ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခုခု မဟုတ်။ ဘုရားသခင် အလိုရှိသောအရာမှာ သင်၏စိတ်နှလုံး အတွင်းနက်နက်နေရာများမှ သမ္မာတရားကို လက်ခံသည့် သဘောထားတစ်ခုရှိရန်အပြင် သမ္မာတရားကို လက်ခံခြင်း၏ လက်တွေ့ကျမှုနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ သက်သေအထောက်အထားတို့ ရှိရန်ဖြစ်သည်။ သင်သည် လူ့သဘာဝ အမှန်တကယ်ရှိသော လူတစ်ဦးဖြစ်ရမည်၊ ဤလူ့သဘာဝသည် ဟန်ဆောင်ထားသောအရာတစ်ခု မဟုတ်ပေ။ သင်၌ ပုံမှန်လူ့သဘာဝ၏ လက္ခဏာအချို့ အမှန်တကယ်ရှိပါက၊ ဆိုလိုသည်မှာ သင်သည်အမှားနှင့်အမှန်ကို ခွဲခြားသိမြင်ခြင်း၏ သရုပ်သကန်များစွာရှိပါက၊ သင်သည် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးကြောင်း အချက်အလက်များက ဖော်ပြပါက၊ ပြီးလျှင် သင်သည် အပြုသဘောဆောင်သော အရာများကို လက်ခံခဲ့ပြီး အပျက်သဘောဆောင်သော အရာများကို ငြင်းပယ်ခဲ့သည့် သာဓကများရှိပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်း၏ သရုပ်သကန်ရှိကြောင်း မြင်၍ရနိုင်ပါက၊ သင်သည် လူ့သဘာဝရှိသည်ဟု ဘုရားသခင် ပြောဆိုလိမ့်မည်ဖြစ်ပြီး သင့်ကို လူသားဟုခေါ်ဆိုလိမ့်မည်။ သင်က “ကျွန်ုပ်တွင် လူ့သဘာဝလည်း ရှိပါသည်၊ ကျွန်ုပ်က အပြုသဘောဆောင်သည့် အရာများနှင့် အပျက်သဘောဆောင်သည့် အရာများကို ပိုင်းခြားသိမြင်နိုင်ပါသည်”ဟု ပြောဆိုသော်လည်း သမ္မာတရား လက်တွေ့ကျမှုကို အသက်ရှင်နေထိုင်ခြင်း၏ သရုပ်သကန်မရှိသည့်အပြင်၊ သင်၏စကားများကို သက်သေအထောက်အထားက ပံ့ပိုးထားခြင်းမရှိပါက ဤသည်မှာ ပြဿနာဖြစ်တတ်သည်။ အယူဝါဒပိုင်းအရ သင်က “ဘုရားသခင် ပြောဆိုလုပ်ဆောင်သောအရာများသည် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားများချည်းသာဖြစ်ပြီး စာတန် ပြောဆိုလုပ်ဆောင်သောအရာများမှာ ကောက်ကျစ်ဆိုးယုတ်သောအရာများ၊ အပျက်သဘောဆောင်သော အရာများချည်းသာ ဖြစ်သည်။ ဘုရားသခင်ထံမှ လာသမျှအားလုံးသည် အပြုသဘောဆောင်သော အရာများဖြစ်သည်၊ စာတန်ထံမှ လာသမျှအားလုံးသည် အပျက်သဘောဆောင်သော အရာများဖြစ်ပြီး၊ လူ့အဖွဲ့အစည်းရှိ လူများထံမှ လာသမျှအားလုံးသည် ကောက်ကျစ်ဆိုးယုတ်သော၊ အပျက်သဘောဆောင်သော အရာများဖြစ်သည်”ဟု ဝန်ခံသည်၊ ဆိုလိုသည်မှာ အယူဝါဒအရ သင်သည် မည်သည့်ပြဿနာမျှမရှိဘဲ မှန်ကန်စွာ ပြောဆိုပြီး သင်ပြောဆိုသည့်အရာတွင် အပြစ်ရှာမတွေ့နိုင်ပေ။ သို့သော် သင်သည် လက်တွေ့အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ အပြုသဘောဆောင်သော အရာများကို ဘယ်သောအခါမျှ လက်မခံပေ၊ အပြုသဘောဆောင်သော အရာများကို ဘယ်သောအခါမျှ ခိုင်မာစွာ စွဲကိုင်ခြင်းမရှိသည့်အပြင်၊ အပြုသဘောဆောင်သော အရာများ၏ စည်းမျဉ်းများကို လိုက်နာခြင်း မရှိပေ။ ဤသည်မှာ သင်သည် အမှားနှင့်အမှန်ကို မပိုင်းခြားတတ်သော လူတစ်ဦးဖြစ်ကြောင်း သက်သေပြသည်။ လူတို့သည် ၎င်းတို့၌ ဤသရုပ်သကန်များ ရှိမရှိဟူသည်ကို မိမိတို့၏ စိတ်နှလုံးထဲတွင် မိမိတို့ကိုယ်တိုင် ရှင်းလင်းစွာ သိကြသည်။ သင်သည် ကောက်ကျစ်ဆိုးယုတ်ပြီး အပျက်သဘောဆောင်သော အတွေး သို့မဟုတ် ရှုထောင့်တစ်ခုကို ကြားရသောအခါ သို့မဟုတ် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းတစ်ခုအကြောင်း သတင်းအချက်အလက်ကို ကြားရသောအခါ သင်၏သဘောထားမှာ အဘယ်အရာဖြစ်သနည်း။ သင်၏အတွေးများနှင့် ရှုထောင့်များမှာ အဘယ်အရာများ ဖြစ်သနည်း။ သင်၏လိုအင်ဆန္ဒမှာ အဘယ်အရာဖြစ်သနည်း။ သင်သည် ယင်းကို သဘောတူသလော သို့မဟုတ် ယင်းကို ပစ်ပစ်ခါခါငြင်းသလော။။ သင်သည် ယင်းကို သင်၏စိတ်နှလုံးထဲတွင် သိမ်းထားပြီး လိုအပ်သည့်အခါ အသုံးချရန် စီစဉ်သလော သို့မဟုတ် သင်သည် ယင်းကို စိတ်ထဲ၌ အလွန်အမင်း မနှစ်မြို့သည့်အပြင် ပြစ်တင်ရှုတ်ချကာ ယင်းကို လက်ခံရန် လုံးဝ ငြင်းပယ်သလော။ သင်၏စိတ်နှလုံးထဲတွင် သင်၏သဘောထားက အတိအကျ အဘယ်အရာဖြစ်သည်ကို သင်သိသင့်သည်။ တစ်စုံတစ်ဦးက ၎င်းတို့မသိဟု ပြောဆိုပါက ၎င်းတို့တွင် စိတ်နှလုံးရှိပါ၏လော။ မိမိ၏ သဘောထားကိုပင် ရှင်းရှင်းလင်းလင်းမသိခြင်းသည် ပုံမှန်လူတစ်ဦး ဖြစ်သလော။ သင်သည် မိမိကိုယ်ကို မကောင်းမှန်း သင်၏စိတ်နှလုံးထဲတွင် သိပါက၊ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများနှင့် ကောက်ကျစ်ဆိုးယုတ်သော ပြောဆိုချက်များကို သင် အလွန်စိတ်ဝင်စားကြောင်း၊ ပြီးလျှင် ယင်းတို့ကို အမြဲလိုက်လျှောက်ပြီး ပါဝင်လိုကြောင်း သင်သိသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် ဘုရားအိမ်တော်၏ အမျိုးမျိုးသော သမ္မာတရား စည်းမျဉ်းများနှင့် သင်၏ ကိုယ်ပိုင် မာနတို့ကြောင့် မိမိကိုယ်ကို အနည်းငယ် ထိန်းချုပ်ရန် ဖိအားပေးခံရသည်ဟု သင်ခံစားရုံသာဖြစ်ပြီး၊ အမှန်တကယ်တွင် သင်၏စိတ်နှလုံးထဲ၌ အပြုသဘောဆောင်သော အရာများကို သင်ရွံမုန်းပြီး ငြင်းပယ်ပါက၊ သင်သည် အပြုသဘောဆောင်သော အရာများကို နှစ်သက်ပြီး ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို နှစ်သက်ခြင်းမရှိဟု ဆိုလျှင်ပင် ယင်းမှာ သင်၏ စစ်မှန်သော ခံစားချက်များနှင့် ဆန့်ကျင်ပေသည်။ ဤတွင် ဥပမာတစ်ခုရှိသည်။ အချို့သော ပုဂ္ဂိုလ်များက၊ “အသားအများကြီးစားခြင်းက မကောင်းပါ။ ကျန်းမာရေးနှင့် မညီညွတ်ပါ။ အသားကို နည်းနည်းသာ စားသင့်ပြီး ထမင်း၊ ဂျုံနှင့်လုပ်သည့် အစားအစာများနှင့် ဟင်းသီးဟင်းရွက်များကို ပိုစားသင့်သည်”ဟု ပြောဆိုကြသည်။ အချို့လူများက ဤအရာကို လက်ခံနိုင်သည်။ ၎င်းတို့သည် အသားလျှော့စားခြင်းက ၎င်းတို့၏ဆန္ဒကို ဆန့်ကျင်သည်ဟု မခံစားရပေ။ ယင်းက ၎င်းတို့ကို စိတ်မကောင်းဖြစ်စေခြင်း သို့မဟုတ် တကယ်ကို စိတ်ထိခိုက်ခြင်း မခံစားရစေပေ။ ထိုအစား ၎င်းတို့က “ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်အရာဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခုကြာ တွေ့ကြုံခံစားပြီးနောက်တွင်၊ ဤသည်မှာ ငါ၏ခန္ဓာကိုယ်အတွက် ကောင်းသည်ဟု ခံစားရသည်။ ငါ၏ ယေဘုယျ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တိုးတက်ပြီးဖြစ်ကာ ယခင်ထက် ရုပ်ပိုင်းအရ ပိုကျန်းမာလာသည်။ ဤသို့ စားသောက်ခြင်းကသိပ်ကောင်းသည်”ဟု တွေးကြသည်။ သို့သော် အချို့လူများ၏ လက်ခံခြင်းမှာ ၎င်းတို့၏ဆန္ဒကို ဆန့်ကျင်သည်။ ၎င်းတို့သည် ကြာမြင့်စွာကတည်းက မိမိတို့၏ စိတ်များကို ပိုင်းဖြတ်ထားပြိး ဖြစ်သည်။ “အသားများစွာ စားခြင်းသည် ကျန်းမာရေးနှင့် မညီညွတ်သည့်အရာ မည်သည့်အရာရှိသနည်း။ ဟင်းသီးဟင်းရွက်များ ပိုစားတာကလည်း သင့်ကို ပိုကျန်းမာစေမည် မဟုတ်ပါ။ ယင်းကို မည်သို့ပင်ကြည့်သည်ဖြစ်စေ၊ အသားက ပိုအရသာရှိပြီး ပိုစားချင်စရာကောင်းသည်။ အသားမရှိလှင် ဟင်းသီးဟင်းရွက်နည်းနည်းစားခြင်းက အဆင်ပြေပါသည်၊ ဆာလောင်ခြင်းထက် ပိုကောင်းသည်။ သို့သော် အသားရှိလျှင် များစွာ စားသင့်သည်။ သင်တို့အားလုံးက လူမိုက်များဖြစ်သည်။ သင်တို့အားလုံးက ဟန်ဆောင်နေခြင်း ဖြစ်သည်။ ဟန်မဆောင်သည့်သူမှာ ကျွန်ုပ်တစ်ဦးတည်းသာ ရှိသည်။ သင်တို့ထဲမှ မည်သူမျှသည် ကျွန်ုပ်လောက် ရိုးသားခြင်းမရှိပါ။ ကျွန်ုပ် ထင်သည့်အရာကို ကျွန်ုပ် ပြောသည်။ အသားက တကယ်ကို အရသာရှိပါသည်”ဟူ၍ ဖြစ်သည်။ အစာစားတိုင်းတွင်၊ ၎င်းတို့သည် ဟင်းသီးဟင်းရွက် အနည်းငယ်သာစားသော်လည်း အသားကိုမူ များစွာစားကြသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့သည် အပြုသဘောဆောင်သော ပြောဆိုချက်များကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ လက်ခံကြသလော။ (လက်မခံကြပါ။) ၎င်းတို့သည် လက်မခံသည့်အပြင်၊ လက်တွေ့လုပ်ဆောင်နိုင်စွမ်းလည်း မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ယင်းတို့ကို လုံးဝ ရွံမုန်းကြသည်။ ၎င်းတို့က “ဤပြောဆိုချက်များသည် အဘယ်သို့ဖြစ်ပြီးအပြုသဘောဆောင်နိုင်မည်နည်း။ ယင်းတို့က အပြုသဘောဆောင်သည်ဟု အဘယ်သို့ဖြစ်ပြီး ငါ မခံစားရသနည်း။ ယင်းတို့နှင့်ပတ်သက်၍ မည်သည့်အရာ ကောင်းသနည်း။ ကျွန်ုပ် အသားပိုစားခြင်းက မည်သည့်အရာ မှားယွင်းသနည်း။ ကျွန်ုပ် မသေသေးသည့်အပြင်၊၊ သင်တို့ထဲမှ မည်သူမျှသည် ကျွန်ုပ်ထက် မည်သို့မျှ ပို၍ကောင်းမွန်စွာ အသက်မရှင်ကြပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အမှန်တရားများကို လက်မခံသည့်အပြင်၊ အသားအလွန်အကျွံစားခြင်းက ၎င်းတို့၏ကျန်းမာရေးအတွက် မကောင်းကြောင်းကိုလည်း မဝန်ခံကြပေ။ မှန်ကန်သော ပြောဆိုချက်များကိုပင် ၎င်းတို့ လက်မခံနိုင်ကြလျှင် အမှန်တရားများကို မည်သို့ လက်ခံနိုင်မည်နည်း။ ယင်းမှာ ဖြစ်နိုင်ခြေ ပို၍ပင် နည်းပေလိမ့်မည်။ ထိုသို့သော လူများအတွက် အပြုသဘောဆောင်သော အရာများကို လက်ခံခြင်းသည် ၎င်းတို့၏ဆန္ဒကို အလွန်ဆန့်ကျင်သည်။ ယင်းမှာ အလွန်နာကျင်စရာဖြစ်ပြီး လုပ်ဆောင်ရန် ခက်ခဲသည်ဟု ၎င်းတို့ ခံစားရသည်။ ဤအရာက ၎င်းတို့၏ လူ့သဘာဝ၌ ပြဿနာတစ်ခုရှိကြောင်းနှင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ သမ္မာတရားကို မချစ်မြတ်နိုးကြောင်း ဖော်ပြသည်။ အချို့လူများသည် အပြုသဘောဆောင်သော အရာများဖြစ်သည့် မှန်ကန်သော စကားများကို ကြားရသောအခါ၊ “ကျွန်ုပ်သည် ဤအရာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေခဲ့ပြီး မည်သို့ချဉ်းကပ်ရမည်ကို မသိခဲ့ပါ။ ကျွန်ုပ်၌ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမရှိခဲ့ပါ။ ကံအားလျော်စွာ သင်က ဤအရာကို သိနားလည်စေခဲ့သည်။ သင့်စကားကို ကြားသည်နှင့်တစ်ပြိုင်နက် ဤအရာအပေါ် ရှုမြင်ပုံမှာ မှန်ကန်ကြောင်း၊ ရှုထောင့်မှာ ဖြူစင်ပြီး ဓမ္မဓိဋ္ဌာန်ကျကာ လက်တွေ့ကျကြောင်း၊ ပြီးလျှင် လူ့သဘာဝနှင့် ကိုက်ညီကြောင်း ကျွန်ုပ်ခံစားခဲ့ရသည်” ဟု ပြောဆိုလျက် လွယ်ကူစွာ လက်ခံနိုင်ကြသည်။ ယင်းကို ကြားပြီးနောက် ၎င်းတို့သည် ချက်ချင်း လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည် ရံဖန်ရံခါ စိတ်အလိုလိုက်ပြီး ခေါင်းမာကောင်းခေါင်းမာနိုင်သော်လည်း လမ်းကြောင်းမှန်ပေါ်သို့ လျင်မြန်စွာ ပြန်ရောက်လာကြလိမ့်မည်။ ၎င်းတို့သည် အခြားသူများက ၎င်းတို့ကို စောင့်ကြည့်ရန် သို့မဟုတ် ထိန်းချုပ်ရန် မလိုအပ်ဘဲ အပြုသဘောဆောင်သော အရာများကို လုပ်ဆောင်ကြပြီး ထိုသို့လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ဆန္ဒကို ဆန့်ကျင်သည်ဟု မခံစားရသည့်အပြင်၊ ယင်းက ၎င်းတို့ကို စိတ်သောကရောက်စေခြင်းလည်း မရှိပေ။ ယင်းမှာ သိုးများက မြက်စားခြင်းကို နှစ်သက်ပုံနှင့် တူသည်။ သင်သည် သိုးကို အသားပေးပါက ၎င်းတို့စားမည်မဟုတ်ဘဲ၊ မြက်ပေးပါက အရသာခံ၍ စားကြလိမ့်မည်။ အကြောင်းမှာ ၎င်းတို့သည် အပင်စားသတ္တဝါများဖြစ်ပြီး ၎င်းတို့အတွင်း၌ လိုအပ်သောအရာမှာ မြက်ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ဝံပုလွေများမှာမူ ကွဲပြားသည်။ ၎င်းတို့သည် စားရန်အသားကို အတိအကျ ရှာဖွေကြသည်၊ ၎င်းတို့သည် မြက်မစားသည့်အပြင်၊ အသားလောက် စားချင်စဖွယ်ကောင်းသော ဘာမျှမရှိဟု ခံစားကြရသည်။ ဤသည်တို့မှာ မည်သူမျှ မပြောင်းလဲနိုင်သည့် ၎င်းတို့သဘာဝများ၏ ပင်ကို ထုတ်ဖော်ခြင်းများ ဖြစ်ကြသည်။ ယင်းမှာ နောက်ပိုင်းတွင် ၎င်းတို့ ရရှိသည့်အရာမဟုတ်သည့်အပြင် ၎င်းတို့ကို သင်ကြားပေးသည့်အရာလည်း မဟုတ်ပေ။ သိုးများသည် မြက်စားရန် မွေးဖွားလာပြီး ဝံပုလွေများသည် အသားစားရန် မွေးဖွားလာကြသည်။ မည်သူမျှ သိုးကို အသားစားသတ္တဝါဖြစ်လာရန် သို့မဟုတ် ဝံပုလွေကို မြက်စားသတ္တဝါဖြစ်လာရန် မသင်ကြားပေးနိုင်ပေ။ ဤသည်မှာ ၎င်းတို့ အနှစ်သာရ၏ သရုပ်သကန် ဖြစ်သည်။ သင်လိုအပ်သောအရာနှင့် သင်ချစ်မြတ်နိုးသောအရာကို သင်၏လူ့သဘာဝက ဆုံးဖြတ်သည်။ သင်၏လူ့သဘာဝ၌ အပြုသဘောဆောင်သော အရာများအတွက် လိုအပ်ချက်မရှိပါက သင်သည် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးလိမ့်မည်မဟုတ်ပေ။ သင်သည် အပျက်သဘောဆောင်သော အရာများကို ကြိုက်နှစ်သက်ပါက သင်၏စိတ်နှလုံးက အပျက်သဘောဆောင်သော အရာများကို လိုအပ်သည်ဟု ဆိုလိုသည်။ ဤသည်ကို သင်၏သဘာဝ အနှစ်သာရက ဆုံးဖြတ်သည်၊ ယင်းကို အခြားသူများက သင့်ထဲသို့ သွတ်သွင်းပေးရန် မလိုအပ်ပေ။ တစ်စုံတစ်ဦးက သင့်ကို ပြောင်းလဲရန် ကူညီလိုပြီး သမ္မာတရား စည်းမျဉ်းအချို့ကို သင်နှင့် မိတ်သဟာယဖွဲ့ပါက သင်သည် မျက်နှာမပျက်လိုခြင်း သို့မဟုတ် အရှက်ကွဲခြင်းကို ရှောင်ရှားလိုခြင်းကြောင့် ယာယီ လက်ခံနိုင်ပေမည်၊ နှုတ်ဖြင့်လည်း သင်၏သဘောတူညီမှုကို ဖော်ပြပေမည်။ သို့သော် သင်သည် နောက်ကွယ်၌ မည်သို့တွေးခေါ်ပြီး လက်တွေ့လုပ်ဆောင်သည်ဟူသည်ကို သင်၏သဘာဝက လုံးလုံးလျားလျား ဆုံးဖြတ်သည်။ သင်သည် ဟန်ဆောင်၍မရသည့်အပြင်၊ သင်၏မိဘများကလည်း သင့်ကို မပြောင်းလဲပေးနိုင်ပေ။ သင်၏လူ့သဘာဝ၌ အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးခြင်းနှင့် အပျက်သဘောဆောင်သော အရာများကို မုန်းတီးခြင်းဟူသော အစိတ်အပိုင်း ရှိမရှိဟူသည်ကို မည်သူမျှ မဆုံးဖြတ်ပေးနိုင်ပေ။ သင်၏ ကိုယ်ပိုင်အနှစ်သာရကသာ ဆုံးဖြတ်သည်။ ဤအကြောင်းအရာသည် ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါသည်။) သို့ဖြစ်၍ လူတစ်ဦးက အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်နိုင်ခြင်း ရှိမရှိဟူသည့်အရာက ၎င်းတို့၏ လူ့သဘာဝအကြောင်းကို များစွာ ဖော်ပြသည်။ သင်၏ အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ခြင်းသည် ပင်ကို ထုတ်ဖော်ခြင်းတစ်ခုဖြစ်ပါက သင်သည် အချို့သော အပြုသဘောဆောင်သည့် အရာများကို ပင်ကိုအားဖြင့် အထူးစိတ်ဝင်စားသူ ဖြစ်သည်။ တစ်စုံတစ်ဦးက မှန်ကန်သောအရာတစ်ခုကို ပြောဆိုသောအခါ သင်သည် နားထောင်ရန် အလွန်လိုလားနေပြီး သင် ပို၍နားထောင်နိုင်ပြီး ပို၍ရရှိကာ လမ်းလွဲမှုများ နည်းနိုင်ဖို့အလို့ငှာ သို့မဟုတ် လမ်းလွဲမှု လုံးဝမရှိနိုင်ဖို့အလို့ငှာ ၎င်းတို့ ပို၍ပြောဆိုသည်ကို အလိုချင်ဆုံးဖြစ်သည်။ သင်သည် ကောက်ကျစ်ဆိုးယုတ်ပြီး အပျက်သဘောဆောင်သော အရာအချို့နှင့် ကြုံတွေ့ရသောအခါ သင်၏စိတ်နှလုံးထဲ၌ ရွံမုန်းပြီး ယင်းတို့ကို ရှောင်ရှားကာ ပါဝင်ပတ်သက်ရန် မလိုလားပေ၊ ယင်းတို့အကြောင်းကို ကြားပင်မကြားလိုပေ။ ဤအတွက် အကြောင်းရင်းကို သင်ကိုယ်တိုင်ပင် မသိပေ။ သင်သည် အပျက်သဘောဆောင်သော အရာများကို သင့်ကိုယ်သင် မနှစ်သက်စေနိုင်ဘဲ တစ်စုံတစ်ဦးက မှန်ကန်သောအရာတစ်ခုကို ပြောဆိုသောအခါ အလွန်လိုလိုလားလား နားထောင်ပြီး တစ်စုံတစ်ဦးက သင့်ကို လှောင်ပြောင်လျှင်ပင် သင်ဂရုမစိုက်ပေ။ ဤစိတ်အားထက်သန်မှုသည် မည်သည့်နေရာမှ လာသည်ကို သင်မသိပေ။ အချို့လူများက သင်၏ ဤရိုးသားစစ်မှန်သော စိတ်အားထက်သန်မှုကို မြင်ပြီး သင့်ကို လူမိုက်ဟု တွေးထင်ကာ မထီမဲ့မြင်ပြုပြီး လှောင်ပြောင်ကြသော်လည်း သင်က လက်မခံပေ။ သင်က “တစ်စုံတစ်ယောက် ပြောဆိုသည့်အရာ မှန်ကန်နေသမျှ ငါ လက်ခံသည်။ယင်းနှင့်ပတ်သက်၍ အလွန်ခက်ခဲသည့်အရာ အဘယ်အရာရှိသနည်း” ဟု တွေးသည်။ ဤသည်မှာ လူ့သဘာဝ၏ ပင်ကို ထုတ်ဖော်ခြင်း ဖြစ်သည်။ သင်၏လူ့သဘာဝ၌ အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးပြီး အပျက်သဘောဆောင်သော အရာများကို ရွံမုန်းသည့် ဤပင်ကိုခံစားချက်ရှိခြင်းသည် ပုံမှန်လူ့သဘာဝ၏ ထူးခြားသောလက္ခဏာနှင့် သရုပ်သကန်တစ်ခု ဖြစ်သည်။ သင်သည် ဤခံစားချက်နှင့် ဤသို့သော လူ့သဘာဝမျိုးရှိမှသာ ရိုးဖြောင့်ပြီး ကြင်နာတတ်သူ ဖြစ်နိုင်သည့်အပြင် မှန်ကန်သော ရပ်တည်ချက်နှင့် အဆင့်အတန်းမှနေ၍ ပြောသင့်သည်ကို ပြောဆိုပြီး လုပ်သင့်သည်ကို လုပ်ဆောင်နိုင်ပေသည်။ သင်သည် အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ခြင်းဟူသော လူ့သဘာဝ၏ သွင်ပြင်လက္ခဏာကို ပိုင်ဆိုင်သောအခါ သမ္မာတရားကို လက်ခံရန်နှင့် သမ္မာတရား စည်းမျဉ်းများ ပါဝင်သည့် ဘုရားသခင်ထံမှ အမျိုးမျိုးသော ရှင်းလင်းပြတ်သားသည့် ပြောဆိုချက်များကို လက်ခံရန် အခြေခံကျသော သတ်မှတ်ချက်ကို ပိုင်ဆိုင်ပေသည်။ သင်သည် အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ခြင်းဟူသော လူ့သဘာဝ၏ သွင်ပြင်လက္ခဏာကို မပိုင်ဆိုင်ပါက သင်၏လူ့သဘာဝထဲက အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် မရှိပေ၊ ပြီးလျှင် သင်သည် သမ္မာတရားကို လက်ခံရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန်၊ ဘုရားသခင်ထံမှ အပြုသဘောဆောင်သော လမ်းညွှန်မှုအားလုံးနှင့် မှန်ကန်သော လမ်းကြောင်းများကို လက်ခံရန် အခြေခံကျသော သတ်မှတ်ချက် မရှိပေ။ သင်သည် သမ္မာတရားကို လက်ခံရန်နှင့် အပြုသဘောဆောင်သော အရာများကို လက်ခံရန် အခြေခံကျသော သတ်မှတ်ချက်ကိုပင် မပိုင်ဆိုင်ပါက သင် ကျိုးနွံနာခံနိုင်သည်ဟု ပြောဆိုခြင်း တစ်ခုတလေသည် တကယ်ကို အဓိပ္ပာယ်မရှိ၊ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။
တစ်စုံတစ်ဦးသည် အပြုသဘောဆောင်သော အရာများက အဘယ်အရာဖြစ်သည်ဟူသည်နှင့်၊ အပျက်သဘောဆောင်သော အရာများက အဘယ်အရာဖြစ်သည်ဟူသည်တို့ကို မသိဘဲ “ကျွန်ုပ်၌ အသိစိတ်ရှိပြီး အလွန်ဖြောင့်မှန်ကာ ကြင်နာတတ်သည်”ဟု ပြောဆိုနေသေးပါက၊ ဤသည်မှာ မိမိကိုယ်ကို သတိပြုမိခြင်း ကင်းမဲ့ကြောင်း ပြသသည် မဟုတ်လော။ သင်၏ဖြောင့်မှန်ခြင်းသည် အဘယ်မှ လာသနည်း။ သင်၏စိတ်သည် အပျက်သဘောဆောင်သော အရာများဖြင့်သာ ပြည့်နှက်နေသည်။ သင် ဖြောင့်မှန်ကြောင်း သက်သေပြရန် အဘယ်အရာကို သင် အသုံးပြုနိုင်သနည်း။ သင်၏သက်သေသည် အဘယ်မှာနည်း။ သင် ဖြောင့်မှန်သောလူတစ်ဦးဖြစ်သည်ဟု အဘယ်အခြေခံအကြောင်းပေါ်တွင် သင် ပြောဆိုသနည်း။ သင်၏ ကြင်နာတတ်သည်ဟု ဆိုသောအရာကို သင်မည်သို့ လက်တွေ့လုပ်ဆောင်နိုင်သနည်း။ သင့်အတွင်း၌ ကောက်ကျစ်ဆိုးယုတ်ပြီး အပျက်သဘောဆောင်သော အတွေးများနှင့် အမြင်များမှလွဲ၍ ဘာမျှမရှိပေ။ သင်သည် ကြင်နာနိုင်သလော။ သင်သည် လူများကို မလှည့်ဖြား၊ မထိခိုက်စေခြင်းဖြင့် ကောင်းစွာ လုပ်ဆောင်နေခြင်းပေမည်။ အချို့လူများသည် မိမိတို့၌ လူ့သဘာဝရှိပြီး ရိုးဖြောင့်ကာ ကြင်နာတတ်ကြောင်း သက်သေပြရန် မိမိတို့ကိုယ်ကို ကျိန့်ဝမ်၊ ကျိန့်ကျန်း၊ ကျိန့်ကျိုး၊ ကျိန့်ကန်းက ဟူ၍ အမည်များပေးကြသည်၊ ထိုအမည်များသည် “ဖြောင့်မှန်သည်” ဟု အသံထွက်သော်လည်း လူတစ်ဦးက အမှန်တကယ် ဖြောင့်မှန်သည်ဟု ဆိုလိုသလော။ စစ်မှန်သော ဖြောင့်မှန်ခြင်းသည် အဘယ်မှ လာသနည်း။ လူ့သဘာဝမှ လာပေသည်။ လူတစ်ဦး၏ လူ့သဘာဝက အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ရန် အစွမ်းအစ သို့မဟုတ် အခြေခံကျသော သတ်မှတ်ချက်များကို ပိုင်ဆိုင်မှသာ ၎င်းတို့ ဖြောင့်မှန်နိုင်မည် ဖြစ်သည်။ အပြုသဘောဆောင်သော အရာများက အဘယ်အရာဖြစ်သည်ကိုပင် သင် မသိပါက သို့မဟုတ် သင်သည် အပြုသဘောဆောင်သော အရာများကို တကယ်ပင် မချစ်မြတ်နိုးသည့်အပြင် အပြုသဘောဆောင်သော အရာတစ်ခု သို့မဟုတ် အပြုသဘောဆောင်သော အတွေးနှင့်အမြင်တစ်ခုကိုမျှ ဘယ်သောအခါမျှ လက်မခံခဲ့သည့်တိုင်၊၊ သင် ရိုးဖြောင့်သည်ဟု ဆိုနေသေးပါက၊ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ သင်ရိုးဖြောင့်သည်ဟု မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် သင် ဆိုသနည်း။ အချို့က “ကျွန်ုပ်၏ လောကအမြင်၊ စံတန်ဖိုးများနှင့် ဘဝအပေါ် သဘောထား အားလုံး မှန်ကန်သည်” ဟု ပြောဆိုကြသည်။ ဤသည်မှာ သမ္မာတရားနှင့် ပတ်သက်မှု တစ်ခုတလေရှိသလော။ မှန်ကန်သော လောကအမြင်၊ စံတန်ဖိုးများနှင့် ဘဝအပေါ် သဘောထားရှိခြင်းသည် လူတစ်ဦး၌ သမ္မာတရားပိုင်ဆိုင်သည်ဟု ဆိုလိုသလော။ အခြားသူများက “ကျွန်ုပ်၌ ‘အပြုသဘောဆောင်သော စွမ်းအင်’ ရှိသည်။ ကျွန်ုပ်ပြောဆိုလုပ်ဆောင်သော အရာများသည် လက်တွေ့ကျပြီး လူတို့ကို တည်ဆောက်ပေးသည်။ ကျွန်ုပ်သည် လူတို့ကို ပြိုလဲစေသော စကားများကို ဘယ်သောအခါမျှ မပြော၊ စိတ်ပျက်အားငယ်စေသည့် မည်သည့်အရာကိုမျှ မပြောသည့်အပြင်၊ လူတို့ကို အရှက်ရစေသောအရာ သို့မဟုတ် အပျက်သဘောဆောင်ပြီး အားနည်းစေသည့်အရာ သို့မဟုတ် စိတ်ဓာတ်ကျစေသော အရာများကို မပြောပါ။ ကျွန်ုပ်ပြောသမျှတိုင်းသည် လူတို့ကို အားပေးသည်၊ လှုံ့ဆော်သည် သို့မဟုတ် စိတ်အားထက်သန်စေသည်။ ဤသည်မှာ ‘အပြုသဘောဆောင်သော စွမ်းအင်’ဟု မှတ်ယူ၍ရနိုင်သလော။ ‘အပြုသဘောဆောင်သော စွမ်းအင်’ ဟူသော ဤဝေါဟာရသည် ယခု လူ့အဖွဲ့အစည်းတွင် အလွန်ရေပန်းစားသည်။ ‘အပြုသဘောဆောင်သော စွမ်းအင်နှင့် ပြည့်ဝခြင်း’ ဟူသော အယူအဆသည် ခမ်းနားကြီးကျယ်ပြီး ခေတ်မီကာ အဆင့်အတန်းရှိလိုက်လေခြင်းပါတကား”ဟု ပြောဆိုကြသည်။ အခြားသူများကမူ “ဖြောင့်မတ်ခြင်းစိတ်ဓာတ်နှင့် ကျွန်ုပ် မည်သို့ ပြည့်လျှံနေသည်ကို ကြည့်လော့။ ကျွန်ုပ် ထိုနေရာတွင် ရပ်နေသောအခါ စစ်သားတစ်ဦးနှင့် တူသည်၊ ကျွန်ုပ်၏မျက်လုံးများသည် တောက်ပပြီး ကျွန်ုပ်၏အကြည့်သည် စူးရှသည်၊ ကျွန်ုပ်သည် ပေါ့ပျက်ပျက်မနေပါ။ ထိုဒေသခံ လူမိုက်များ၊ ယုတ်ညံ့သော လူဆိုးများနှင့် ဆိုးယုတ်သောလူများသည် ကျွန်ုပ်အနားသို့ မကပ်ဝံ့ကြပါ။ သူတို့သည် ကျွန်ုပ်ရှေ့တွင် ရှိနေသောအခါ သူတို့၏ စရိုက်အမှန်များ ပေါ်လာပြီး သူတို့၏ ကြောက်ရွံ့မှုကို ပြသကာ အရေးမပါသည့်ပုံပေါ်ကြသည်။ သာမန်လူတစ်ဦး ကျွန်ုပ်အနားတွင် ရှိနေသောအခါ ၎င်းတို့သည် အမူအကျင့်ကောင်းမွန်ရပြီး မဆင်မခြင် မပြုမူဝံ့ပါ။ မြင်သည်မဟုတ်လော၊ ကျွန်ုပ်၏ ဤဖြောင့်မတ်သော စိတ်ဓာတ်သည် ကောက်ကျစ်ဆိုးယုတ်မှုကို ချိုးနှိမ်နိုင်သည်”ဟု ပြောဆိုကြသည်။ ဤသည်မှာ ဖြောင့်မှန်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဆင်းရဲသားကို ကူညီဖို့ သူဌေးများထံမှ လုယက်ခြင်း၊ တရားမျှတသော အကြောင်းတရားအတွက် ရဲရင့်စွာ ပြုမူဆောင်ရွက်ခြင်း၊ ကြင်နာပြီး စေတနာရှိခြင်း၊ ဒုက္ခရောက်နေသော မိန်းမပျိုများကို ကယ်တင်သည့် သူရဲကောင်းဖြစ်ခြင်းတို့သည် လူ့အဖွဲ့အစည်းတွင် ရေပန်းစားသည်။ အချို့လူများသည် ဤအရာများကို လုပ်ဆောင်ပြီးနောက် မိမိတို့ကိုယ်ကို သူရဲကောင်းများဟု မှတ်ယူကြပြီး အခြားများစွာသောသူတို့သည် ဤသူရဲကောင်းများရှေ့၌ ဦးညွှတ်ကြသည်။ အခြားသူများက “ကျွန်ုပ်သည် လူများကို ဘယ်သောအခါမျှ အခွင့်ကောင်းမယူပါ၊ ကျွန်ုပ်သည် ဖြောင့်မတ်ခြင်းစိတ်ဓာတ်နှင့် ပြည့်ဝသည်၊ ကျွန်ုပ်သည် ပြတ်သားစွာ ဖြောင့်မှန်ပြီး မျက်နှာမလိုက်ပါ၊ ပြီးလျှင် အမှားနှင့်အမှန်ကို ခွဲခြားသိမြင်နိုင်သည်။ လူနှစ်ဦး ရန်ဖြစ်ပြီး အငြင်းပွားမှုကို ကြားဝင်စေ့စပ်ပေးရန် ကျွန်ုပ်ကို တောင်းဆိုသောအခါ ကျွန်ုပ်သည် နှစ်ဖက်စလုံးကို တူညီသော ပြစ်ဒဏ်ပေးပြီး ဘက်လိုက်မှုမပြပါ။ ကျွန်ုပ်၌ပြည့်နေသော ဤဖြောင့်မတ်သည့် စိတ်ဓာတ်ကို ကြည့်လော့၊ လူတိုင်းက ကျွန်ုပ်ကို လေးစားကြသည်”ဟု ပြောဆိုကြသည်။ ဤသည်မှာ ဖြောင့်မှန်ခြင်းဟု မှတ်ယူ၍ရနိုင်သလော။ (မရနိုင်ပါ။) ယခင်ကဖော်ပြခဲ့သော “မှန်ကန်သည့် လောကအမြင်၊ စံတန်ဖိုးများနှင့် ဘဝအပေါ် သဘောထား”အပြင်၊“အပြုသဘောဆောင်သော စွမ်းအင်” ဟူသော အယူအဆများသည် တရုတ်တို့၏ ရေပန်းစားသော ပြောဆိုချက်များဖြစ်သော်လည်း၊ ဤနောက်ဆုံးအချက်ဖြစ်သည့် ကြင်နာပြီး စေတနာရှိခြင်း၊ ကုသိုလ်ကောင်းမှုများ စုဆောင်းပြီး ကောင်းမှုများပြုခြင်း၊ တရားမျှတသော အကြောင်းတရားအတွက် ရဲရင့်စွာ ပြုမူဆောင်ရွက်ခြင်းတို့သည် နိုင်ငံအားလုံးနှင့် လူမျိုးအားလုံးကြားတွင် လူတကာ၏ လေးစားကြည်ညိုခြင်း ခံရဖွယ်ရှိသည်။ ထို့ကြောင့် လူတို့သည် ဤအရာကို ဖြောင့်မတ်ခြင်းစိတ်ဓာတ်၊ ဖြောင့်မှန်ခြင်းဟု မှတ်ယူကြသည်။ ဘုရားသခင်ကို ယုံကြည်သူအများစုကပင် “ကျွန်ုပ်တို့၏ အမျိုးသားသူရဲကောင်း မည်သူမည်ဝါကို ကြည့်လော့။ သူသည် တိုင်းပြည်၏ ဖြောင့်မတ်ပြီး ကြီးမြတ်သောအကြောင်းတရားအတွက် သူ၏အသက်ကို စွန့်လွှတ်ခဲ့ပြီး တိုင်းပြည်ကို ကာကွယ်ရန် ကတုတ်ကျင်းတစ်ခုကို ဖောက်ခွဲဖျက်ဆီးရာ၌ မိမိကိုယ်ကို စတေးခဲ့သည်။ သူသည် ဖြောင့်မတ်ခြင်းစိတ်ဓာတ်နှင့် ပြည့်ဝခဲ့သည်။ ယခု ဤသည်မှာင် လူ့သဘာဝရှိသည်ဟု အဓိပ္ပာယ်ရသည်တကား”ဟု ပြောဆိုလျက် ဤသည်မှာ အလွန်ဖြောင့်မှန်သည်ဟု တွေးထင်ကြသည်။ ယခုတွင် ဤအရာကို ကြည့်သည့်အခါ၊ ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သို့ မမှန်ကန်သနည်း။ လူတို့က ဖြောင့်မှန်သည်ဟု ယုံကြည်သော သို့မဟုတ် လူတို့ လေးစားကြည်ညိုသော ဤဖြောင့်မှန်ခြင်းမျိုးကို ကောင်းမွန်ပြီး အတော်အတန် အပြုသဘောဆောင်သော အရာများအတွက် လူသားတို့၏ တမ်းတမှုကို အခြေခံသည့် စံနှုန်းများဖြင့် အကဲဖြတ်ထားခြင်း ဖြစ်သည်။ လူတို့၏ ဇာတိပကတိဆိုင်ရာ အယူအဆများနှင့် စိတ်ကူးများကြောင့်လည်းကောင်း၊ အပြုသဘောဆောင်သော အရာများက အဘယ်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် အခြားသူများအတွက် မိမိတို့၏ အကျိုးစီးပွားကို စွန့်လွှတ်နိုင်ပြီး ကောင်းသော အပြုအမူများကို လုပ်ဆောင်နိုင်သူများ သို့မဟုတ် အခြားသူများကို တက်ကြွစွာ မလှည့်ဖြား၊ မထိခိုက်စေသူများ၊ အခြားသူများကို ခြိမ်းခြောက်မှု မပြုသည့်အပြင်၊ မကောင်းသော မည်သည့်အကျိုးဆက်ကိုမျှ မဖြစ်ပေါ်စေခဲ့သူများကို လူကောင်းများအဖြစ် မှတ်ယူကြပြီး ၎င်းတို့ကို လေးစားကြည်ညိုကာ ဖြောင့်မှန်သည်ဟု သတ်မှတ်ကြသည်။ ဤ “ဖြောင့်မှန်သည်” ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်သည် လူတို့၏ ရိုးဖြောင့်ခြင်းဆိုင်ရာ အယူအဆများအပြင်၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်အပေါ် ၎င်းတို့၏ မုန်းတီးမှုနှင့် နှစ်သက်ကောင်းသော အရာများကို ၎င်းတို့၏ တမ်းတမှုအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ လူသားမျိုးနွယ်တွင် လူအများစုသည် အခြားသူများကို ဖိနှိပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ လှည့်ဖြားခြင်း၊ ထိခိုက်စေခြင်းတို့ ပြုကြသောကြောင့်လည်းကောင်း၊ ဤလောကသည် အလွန်ဆိုးယုတ်၊ မှောင်မိုက်ပြီး မျှတမှု သို့မဟုတ် ဖြောင့်မတ်ခြင်း အရိပ်အယောင်မျှမရှိသောကြောင့်လည်းကောင်း၊ ထိုသို့သော သူရဲကောင်းများ သို့မဟုတ် ကောင်းသော ရှမာရိများဟုခေါ်သောသူများနှင့် ကောင်းမှုပြုသူများ ပေါ်လာသောအခါ လူတို့သည် ၎င်းတို့ကို ဖြစ်နိုင်သမျှ အကောင်းဆုံးသော ဝေါဟာရများဖြင့် ၎င်းတို့ကို သတ်မှတ်လျက် လေးစားကြည်ညိုလေ့ရှိကြလေသည်။ ဤသတ်မှတ်ချက်၏ စည်းမျဉ်းများသည် တိကျသလော။ (မတိကျပါ။) သတ်မှတ်ချက်၏ စည်းမျဉ်းများနှင့် အခြေခံအကြောင်းရင်းကိုယ်၌က မတိကျပေ။ ဥပမာအားဖြင့် အုပ်စုတစ်ခုတွင် အခြားသူအများစု၏ အနိုင်ကျင့်ခြင်းကို ခံရသူတစ်ဦးရှိပြီး ၎င်းတို့ကို အနိုင်မကျင့်သော လူတစ်ဦးလည်း ရှိသည်။ အနိုင်ကျင့်ခံရသူက “ကျွန်ုပ်ကို အနိုင်မကျင့်သည့်သူက လူကောင်းတစ်ယောက်ဖြစ်သည်”ဟု ပြောဆိုသည်။ ဤပြောဆိုချက်သည် မှန်ကန်တိကျသလော။ (မတိကျပါ။) ယင်းမှာ ကျိုးကြောင်းဆီလျော်သလော။ (မဆီလျော်ပါ။) ငါ့ကို ပြောလော့၊ ယင်းနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းနေသနည်း။ (၎င်းတို့ကို အနိုင်မကျင့်သောသူသည် ၎င်းတို့ကို မနှစ်မြို့ဖွယ်အဖြစ် မမြင်၍ ဖြစ်နိုင်သည် သို့မဟုတ် ဓမ္မဓိဋ္ဌာန်ကျသော အနေအထားနှင့် အခြေအနေများက မသင့်တော်သောကြောင့် ၎င်းတို့ကို အနိုင်မကျင့်ခြင်း ဖြစ်နိုင်သည်။ ဤသည်မှာ လူကောင်းတစ်ဦးဖြစ်သည်ဟု မဆိုလိုပါ။) ၎င်းတို့၏အမြင်တွင် ကျိုးကြောင်းဆီလျော်မှုဆိုင်ရာ အမှားတစ်ခု ပါရှိသည်။ သင့်ကို အနိုင်ကျင့်သောလူများသည် လူဆိုးများဖြစ်သောကြောင့် သင့်ကို အနိုင်မကျင့်သောလူများသည် လူကောင်းများဖြစ်ရမည်ဟူသော အယူအဆသည် ကျိုးကြောင်းဆီလျော်မှုဆိုင်ရာ အမှားတစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူများကို အနိုင်ကျင့်သော လူအများစုသည် လူကောင်းများမဟုတ်ကြသော်လည်း အခြားသူများကို အနိုင်ကျင့်ခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သတ်မှတ်ချက်အတွက် သင်၏ စံနှုန်းသည် သေချာပေါက် မှန်ကန်တိကျခြင်း မရှိပေ။ ထို့ကြောင့် သင့်ကို အနိုင်ကျင့်သောလူများသည် လူဆိုးများဖြစ်သည်ဟူသော သင်၏သတ်မှတ်ချက်သည်လည်း မလွဲမသွေ တိကျမည်မဟုတ်သည့်အပြင်၊ သင့်ကို အနိုင်မကျင့်သောလူများသည် လူကောင်းများဖြစ်ရမည်ဟု ပြောဆိုခြင်းသည်လည်း မှန်ကန်တိကျခြင်း မရှိပေ။ တစ်စုံတစ်ဦးက သင့်ကို အနိုင်မကျင့်သည့် ဖြစ်နိုင်ခြေအချို့ရှိကောင်းရှိနိုင်သည်။ ၎င်းတို့သည် သင့်ကို အရေးမလုပ်လိုသောကြောင့် သင့်ကို အနိုင်ကျင့်ရန် အပင်ပန်းမခံနိုင်ခြင်း ဖြစ်နိုင်သည်။ ၎င်းတို့သည် သင့်ကို မသိသောကြောင့် သင့်ကို အနိုင်မကျင့်နိုင်ခြင်း ဖြစ်နိုင်သည်။ သင်က ၎င်းတို့ထက် ပို၍ဖြုံလောက်စရာဖြစ်သည်ဟု ခံစားရသောကြောင့် သင့်ကို ၎င်းတို့ အနိုင်မကျင့်ဝံ့ခြင်း ဖြစ်နိုင်သည်။ ထိုသို့သော ဖြစ်နိုင်ခြေ အကြောင်းအချို့ ရှိသည်။ ၎င်းတို့ကို လူကောင်းတစ်ဦးအဖြစ် သင်သတ်မှတ်သည့် အခြေခံအကြောင်းရင်းမှာ ၎င်းတို့က သင့်ကို အနိုင်မကျင့်ခဲ့ဟူသော အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသောကြောင့် ဤသတ်မှတ်ချက်၏ အခြေခံအကြောင်းရင်း ကိုယ်၌က မှားယွင်းနေသည်။ တစ်စုံတစ်ဦးကို လူကောင်းတစ်ဦးအဖြစ် သတ်မှတ်ခြင်းအတွက် စစ်မှန်သော အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ အကယ်၍ ဤလူသည် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးလျှင်၊ အခြားသူများကို မျှတစွာနှင့် စည်းမျဉ်းများဖြင့် ဆက်ဆံပြီး အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ပုံ၌လည်း စည်းမျဉ်းများရှိပါက၊ ၎င်းတို့က သင့်ကို တစ်ခါတစ်ရံ တဲ့တိုး၊ ခက်ထန်သောလေသံဖြင့် ပြောဆိုလျှင်ပင် သို့မဟုတ် သင့်ကို ဝေဖန်လျှင်ပင် ၎င်းတို့သည် သင့်ကို အနိုင်ကျင့်နေခြင်း မဟုတ်ပေ။ ၎င်းတို့သည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်နေခြင်းဖြစ်ပြီး အမှန်တရားများအပေါ် အခြေခံ၍ အမှုအရာများကို ဆုံးဖြတ်နေခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် အမှန်တကယ် လူကောင်းတစ်ဦးဖြစ်ပြီး လူများကို စည်းမျဉ်းများအတိုင်း ဆက်ဆံနိုင်စွမ်းရှိသည်။ သို့သော် အချို့လူများသည် ဤသို့မဟုတ်ပေ။ သင် အဆင့်အတန်းရှိပြီး ဖြုံလောက်စရာဖြစ်သည်ကို ၎င်းတို့မြင်သောအခါ သင့်ကို မျက်နှာချိုသွေးကြသည်။ သင် အဆင့်အတန်းမရှိသည့်အပြင် ချို့ငဲ့သည်ကို ၎င်းတို့မြင်သောအခါ သင့်ကို အနိုင်ကျင့်သည်၊ နင်းခြေပြီး ၎င်းတို့စကားပြောသောအခါ သင့်ကို အမြဲ နာကျင်စေသည်။ သင်သည် မှန်ကန်သောအရာတစ်ခုကို လုပ်ဆောင်ပါက ၎င်းတို့က သင့်ကို မနာလိုဖြစ်ကြသည်။ သင်သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ပါက သင့်ကို လှောင်ပြောင်ပြီး အထင်သေးကြသည်။ ထိုသို့သော လူများသည် လူဆိုးများ ဖြစ်ကြသည်။ သင်သည် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ အကောင်းနှင့် အဆိုးကို တိုင်းတာပါက အမှုအရာများကို သင်တိုင်းတာသည့် စံနှုန်းများနှင့် သင်၏တိုင်းတာမှုရလဒ်များသည် မှန်ကန်ပေလိမ့်မည်။ လောကနှင့် လူ့အဖွဲ့အစည်းရှိ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများအပေါ် အကဲဖြတ်ခြင်း သို့မဟုတ် သတ်မှတ်ခြင်းသည် သူ့ကိုယ်၌က ပြောင်းပြန်ဖြစ်နေသည်။ လူ့အဖွဲ့အစည်းရှိ လူအများစုသည် ၎င်းတို့ချစ်မြတ်နိုးသော ခေါင်းဆောင်များ၊ ကျော်ကြားသူများ သို့မဟုတ် ကြယ်ပွင့်များကို ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ဤကျော်ကြားသူများ၊ ကြယ်ပွင့်များနှင့် ခေါင်းဆောင်များက မည်သည့်အရာကို ပြောဆိုစေကာမူ မှန်ကန်သည်ဟု ၎င်းတို့ တွေးထင်ကြပြီး မည်သူမျှ ဖော်ထုတ်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းမပြုပေ။ ထိုလူများသည် သာမန်လူများအပေါ် မည်သို့ပင် ဆရာလုပ်ကာ ရက်စက်စွာ ဖိနှိပ်သည်ဖြစ်စေ၊ ဆင်းရဲသားများကို ခွဲခြားဆက်ဆံခြင်း သို့မဟုတ် ခြိမ်းခြောက်ငွေညှစ်ခြင်းပြုသည်ဖြစ်စေ၊ လူ့အသက်များကို တန်ဖိုးမရှိသည့်အလား အကြောင်းမဲ့သက်သက် ဖျက်ဆီးသည်ဖြစ်စေ မည်သူမျှ ၎င်းတို့ကို ကန့်ကွက်ရန် သို့မဟုတ် ဆန္ဒပြရန် မထကြွပေ။ ၎င်းတို့သည် နိုင်ငံရေးအကျိုးအမြတ်ရရန် ကောင်းမှုအနည်းငယ်ပြုလုပ်ပါက လူများစွာတို့သည် ၎င်းတို့ကို ချီးမွမ်းကာ အမွှမ်းတင်ကြလိမ့်မည်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်သူတစ်ဦး ပေါ်လာပြီး စာတန်၏အစိုးရစနစ် သို့မဟုတ် ကျော်ကြားသူများနှင့် ကြီးမြတ်သောပုဂ္ဂိုလ်များကို ဖော်ထုတ်ပါက လူအများသည် ၎င်းတို့ကို ဖယ်ရှားပြီး ပျောက်ကွယ်သွားစေရန် အသည်းအသန် မျှော်လင့်လျက် စုပေါင်းတိုက်ခိုက်ကြလိမ့်မည်။ ဤသည်မှာ အဘယ်အရာကို ပြသနည်း။ လူ့အဖွဲ့အစည်းက အရာရာကို တရားမျှတခြင်းမရှိသည့်၊ မလျော်ကန်သောနည်းလမ်းဖြင့် လုပ်ဆောင်သည်၊ ယင်းက အမှားနှင့်အမှန်ကို ပြောင်းပြန်လှန်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အကောင်းနှင့်အဆိုး၊ အပြုသဘောနှင့် အပျက်သဘောတို့ကို သတ်မှတ်သည့် စံနှုန်းများသည် မှားယွင်းသည်ချည်းသာဖြစ်သောကြောင့်၊ ၎င်းတို့ ချသည့် ကောက်ချက်များသည်လည်း ကျိုးကြောင်းဆီလျော်မှု မရှိပေ။
ဥပမာတစ်ခုကို ကြည့်ကြစို့။ ဆင်းရဲသားများကို ကူညီဖို့ သူဌေးများကို လုယက်လျက် အိမ်များထဲသို့ ဖောက်ထွင်းဝင်ရောက်ပြီး လုယက်သူများရှိသည်။ ၎င်းတို့သည် သူဌေးများ၏ ပိုင်ဆိုင်မှုများကို လုယက်ပြီးနောက် သာမန်လူတန်းစားများကို အထောက်အပံ့ပေးကြသည်။ သာမန်လူတန်းစားများက အကျိုးရရှိပြီး ဤအရာကို အခွင့်ကောင်းယူသောအခါ ၎င်းတို့သည် ပျော်ရွှင်ကြပြီး ဤလူများကို သူရဲကောင်းများအဖြစ်လည်းကောင်း၊ ဖြောင့်မှန်သော သူတော်ကောင်းတရားရှိသည့် လူများအဖြစ်လည်းကောင်း ချီးကျူးကြသည်။ သို့သော် သင်သည် ဖြောင့်မှန်သော သူတော်ကောင်းတရားရှိသူများဟုခေါ်သော ဤသူများ လုပ်ဆောင်ခဲ့သည့် အမှုအရာများကို ဆန်းစစ်ကြည့်မည်ဆိုလျှင် ၎င်းတို့သည် အမှန်တကယ် ဖြောင့်မှန်ကြသလော။ အချို့သော ချမ်းသာကြွယ်ဝသည့်လူများသည် ၎င်းတို့၏ ကြွယ်ဝမှုကို လုံ့လဝီရိယရှိရှိ စီမံခန့်ခွဲခြင်းနှင့် ကြိုးစားအားထုတ်ခြင်းတို့မှတစ်ဆင့် ရရှိခဲ့ကြပြီး မျိုးဆက်ပေါင်းများစွာ စီမံခန့်ခွဲကာ ကြိုးစားအားထုတ်ပြီးမှသာ ၎င်းတို့၏ ကြွယ်ဝမှုကို စုဆောင်းနိုင်ခဲ့သည့်သူ အချို့ပင် ရှိသည်။ သင်သည် အဘယ်လုပ်ပိုင်ခွင့်ဖြင့် ၎င်းတို့၏ ပစ္စည်းများကို လုယက်သနည်း။ သင်သည် ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများကို လုယက်လေပြီ။ ယင်းမှာ မှားယွင်းသည်။ သင် တတ်စွမ်းနိုင်လျှင်၊ သင်ကိုယ်တိုင် သွား၍ ငွေရှာလော့။ ဆင်းရဲသားများကို ကူညီရန် သင်ရှာဖွေထားသော ငွေကို အသုံးပြုခြင်း၊ ယင်းကို မရှိဆင်းရဲသားများကို ရက်ရောခြင်းဟု မှတ်ယူ၍ရသည်။ သို့သော် သင်သည် အခြားသူများ ပိုင်ဆိုင်သည့်အရာကို သင်၏ကိုယ်ပိုင်အဖြစ် ယူလျက် သူဌေးများ၏ ပိုင်ဆိုင်မှုများကို လုယက်ပြီးနောက် ဆင်းရဲသားများကို ကူညီသည်။ ဆင်းရဲသားများ၏ အမြင်တွင် ဤသည်မှာ ဖြောင့်မှန်သည်ဟု ယူဆထားသည်။ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မဲ့သော အမြင်တစ်ခု မဟုတ်လော။ ဆင်းရဲသားများနှင့် သာမန်လူတန်းစားများသည် ထိုသို့သော လူများကို သူရဲကောင်းများအဖြစ် ကြည်ညိုကြပြီး သူရဲကောင်းများဟုခေါ်သော ဤသူများက ဤအမည်နာမနှင့် ဤဂုဏ်ကို ၎င်းတို့နှင့် ထိုက်တန်သည့်အလား ခံစားကြသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ကိုယ်တိုင်တွင် ငွေရှာရန် အရည်အချင်း မရှိကြသည့်အပြင်၊ သူဌေးများအပေါ် မကျေမချမ်းမှု ထားရှိကြသောကြောင့် သာမန်လူတန်းစားများက ၎င်းတို့ကို ချီးကျူးကြစေရန်အလို့ငှာ သူဌေးများ၏ ကြွယ်ဝမှုကို လုယက်ကာ သာမန်လူတန်းစားများကို ဖြန့်ဝေပေးဖို့ အကြမ်းဖက်မှုကို ၎င်းတို့ အသုံးပြုကြသည်။ အမှန်တွင် ၎င်းတို့ ယူဆောင်သည့်အရာများသည် ၎င်းတို့၏ ကိုယ်ပိုင်လုပ်အားဖြင့် ရှာဖွေထားသည့်အရာများ လုံးဝမဟုတ်သည့်အပြင်၊ ဆင်းရဲသားများ မွေ့လျော်ခံစားရသည့်အရာမှာလည်း ဤလုယက်သူများ ပိုင်ဆိုင်သည့်အရာများမဟုတ်ဘဲ သူဌေးများ ပိုင်ဆိုင်သည့်အရာများ ဖြစ်သည်။ သို့ဖြစ်၍ ဤအရာများသည် ၎င်းတို့၏ လက်ထဲမှတစ်ဆင့် ဖြတ်သန်းသွားရုံမျှကြောင့် သာမန်လူတန်းစားများနှင့် ဆင်းရဲသားများက ၎င်းတို့ကို အလွန်အမင်း ကျေးဇူးတင်ရမည်မှာ အဘယ်ကြောင့်နည်း။ ပြီးလျှင် သာမန်လူတန်းစားများအတွက် ဤအရာများကို အသိစိတ် ပူပန်ခြင်းမရှိဘဲ မွေ့လျော်ခံစားရန်မှာ မှန်ကန်သလော။ ဤအရာများသည် သင် ထိုက်တန်သည့်အရာများ ဖြစ်သလော။ သင်၏ ကိုယ်ပိုင်လုပ်အားဖြင့် ယင်းတို့ကို သင် ရှာဖွေခဲ့သလော။ သင်သည် သင် မရှာဖွေထားသော လုယက်ထားသည့် ပစ္စည်းများကို အသိစိတ် ပူပန်ခြင်းမရှိဘဲ မွေ့လျော်ခံစားသည့်အပြင် သူဌေးများက လုယက်ခံသင့်သည်ဟုလည်းကောင်း၊ လုယက်ထားသော ပစ္စည်းများကို သင် မွေ့လျော်ခံစားသင့်သည်ဟုလည်းကောင်း သင် ခံစားပင်ခံစားသည်။ သင်သည် ဤအရာများကို အခမဲ့ရရှိပြီး မည်သည့်အဖိုးအခမျှ ပေးစရာမလိုသည့်အပြင် အသိစိတ် ပူပန်ခြင်းမရှိဘဲ မွေ့လျော်ခံစားသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သူရဲကောင်းများဟုခေါ်သော ဤသူများသည် လူများထံမှ ဤကြည်ညိုလေးစားမှုနှင့် ဤဂုဏ်ကို ခံစားကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ဝင့်ဝါမှုကို ဖြည့်ဆည်းရန် ဤအရာများကို လုပ်ဆောင်ကြသည်။ လူများက ၎င်းတို့ကို ပို၍ ချီးကျူးကာ ကိုးကွယ်လေ၊ ၎င်းတို့ ပို၍ ထိန်းမနိုင်သိမ်းမရဖြစ်လေဖြစ်ပြီး နန်းတော်များကိုပင် လုယက်ကာ အတွင်းရှိ ရတနာများကို ခိုးယူ၍ ရောင်းချပြီးနောက် ဆင်းရဲသားများ၏ ခြံဝင်းများထဲတွင် ငွေများကို ကြဲဖြန့်ကြသည်။ ဆင်းရဲသားများကို ၎င်းတို့ ကူညီသည့်နည်းလမ်းမှာ သူဌေးများကို လုယက်ခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူများ၏ ပိုင်ဆိုင်မှုများကို လုယက်ခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ရှိမရှိဟူသည်ကို မဆိုထားနှင့်ဦး၊ ကိုယ်ကျင့်တရားနှင့် လူ့သဘာဝအရ၊ ယင်းမှာ လက်မခံနိုင်စရာဖြစ်ပြီး ဖြောင့်မှန်ခြင်းဟုခေါ်သော အရာလည်း မဟုတ်ပေ။ ၎င်းတို့ လုယက်ခဲ့သည့် ထိုပစ္စည်းများသည် ၎င်းတို့ ပိုင်ဆိုင်သင့်သည့်အရာများ လုံးဝမဟုတ်ပေ။ ယင်းတို့သည် ယုတ်ညံ့သော၊ ယုတ်ပတ်သော၊ ကလိမ်ကကျစ်၊ တရားမဝင်သည့်အပြင်၊ အစဉ်အလာကို ဆန့်ကျင်သော နည်းလမ်းများမှတစ်ဆင့် ရရှိထားသည့် အရာများ ဖြစ်သည်။ ၎င်းတို့သည် ထိုအရာများကို ငွေအချို့နှင့် လဲလှယ်ပြီးနောက် အစကတည်းက အကူအညီမလိုအပ်သူများ သို့မဟုတ် ၎င်းတို့အထင်အရ ကူညီသင့်သည့်သူများကို ကူညီကာ ထို့နောက် ဤလူများထံမှ ချီးကျူးထောမနာပြုခြင်းကို လက်ခံရရှိပြီး ဤဂုဏ်ကို ၎င်းတို့ မွေ့လျော်ခံစားကြသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ သို့တိုင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်ဂုဏ်ယူကြပြီး ဆင်းရဲသားများကို ကူညီရန် သူဌေးများထံမှ လုယက်သည့် သူရဲကောင်းများဟု မိမိတို့ကိုယ်ကို ခေါ်ဝေါ်ကြသည်။ ထိုသို့သော လူများသည် လူ့အဖွဲ့အစည်းတွင် အထူးသဖြင့် လူကြိုက်များကြသည်။ ရှေးခေတ်ကာလများတွင် ဤကဲ့သို့ သူရဲကောင်းများဟုခေါ်သည့် သူအချို့ ရှိခဲ့ပြီး ၎င်းတို့၏ ဇာတ်လမ်းများသည် ယနေ့ထက်တိုင် ပျံ့နှံ့နေဆဲ ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်အားလုံးထဲတွင် အပြုသဘောဆောင်သောအရာများက အဘယ်အရာဖြစ်ပြီး၊ အပျက်သဘောဆောင်သောအရာများက အဘယ်အရာဖြစ်သည်ဟူသည်တို့ကို အမှန်တကယ် နားလည်သူ အလွန်နည်းပါးလှသည်။ လူတို့သည် ဤအရာများကို မပိုင်းခြားနိုင်ကြပေ။ သာမန်လူတန်းစားများသည် “သူရဲကောင်းများ” လုယက်လာသည့်အရာများကို ရက်မည်မျှ မွေ့လျော်ခံစားနိုင်ကြသနည်း။ ယင်းမှာ သင်နှင့် ထိုက်တန်သည့်အရာဖြစ်သလော။ ယင်းမှာ သင် ရှာဖွေထားသည့်အရာဖြစ်သလော။ ယင်းမှာ သင် ရှာဖွေထားသည့်အရာလည်းမဟုတ်၊ သင်နှင့် ထိုက်တန်သည့်အရာလည်းမဟုတ်ပေ။ ယင်းကို မထိုက်တန်သော အကျိုးအမြတ်များ လက်ခံခြင်းဟု ခေါ်သည်။ ဤအရာများကို မွေ့လျော်ခံစားရန်မှာ သင့်အတွက် ဂုဏ်ယူဖွယ်ဖြစ်သလော။ သင်သည် ပျင်းရိသောကြောင့် သို့မဟုတ် တတ်စွမ်းခြင်း မရှိသောကြောင့် ဆင်းရဲခြင်း ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတစ်ဦးသည် အစာနှင့် အဝတ်ရှိခြင်းဖြင့် ကျေနပ်သင့်ပြီး ၎င်းတို့ ရှာဖွေနိုင်သည့်အရာကိုသာ မွေ့လျော်ခံစားသင့်သည်။ ဘုရားသခင်သည် သင့်အား ပြည့်စုံလုံလောက်ရန် နည်းလမ်းတစ်ခု ပေးသောကြောင့် သင် ကျေနပ်ရောင့်ရဲသင့်သည်။ သင်သည် ချမ်းသာသောသူတစ်ဦး၊ ပစ္စည်းဥစ္စာများစွာရှိသောသူတစ်ဦး၊ ကြွယ်ဝသောသူတစ်ဦးကို မြင်ပြီး ၎င်းတို့ပိုင်ဆိုင်သည့်အရာမှ တန်းတူဝေစုတစ်ခုကို အမြဲလိုချင်နေပါက ဤသည်မှာ ကျိုးကြောင်းဆီလျော်သလော။ ဤစိတ်ကူးသည် သူ့ကိုယ်၌က ယုတ္တိတန်ခြင်း မရှိပေ။ စာတန်သည် လူ့အဖွဲ့အစည်းအပေါ် ထိန်းချုပ်ပြီး အာဏာစွဲကိုင်ထားသည်၊ သို့ဖြစ်၍ မျှတမှုမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် ဆင်းရဲသားများက များပြီး သူဌေးများက နည်းပါးသည်။ ဤအရာကို မည်သည့်အရာက ဖြစ်စေခဲ့သည်ဖြစ်စေ အမှန်တရားမှာ အချို့လူများက ချမ်းသာပြီး အချို့လူများက ဆင်းရဲပေသည်။ လူ့အဖွဲ့အစည်းသည် ဤကဲ့သို့ပင် ဖြစ်သည်။ သင် တတ်စွမ်းနိုင်လျှင်ပင် ချမ်းသာကောင်း ချမ်းသာလာမည် မဟုတ်သည့်အပြင်၊ သင် မတတ်စွမ်းလျှင်ပင် သူဌေးတစ်ဦး၏ဘဝကို အမှန်တကယ် အသက်နိုင်ကောင်း အသက်ရှင်နိုင်မည် ဖြစ်သည်။ ဤအရာများကို မည်သူမျှ ရှင်းလင်းစွာ မရှင်းပြနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ဤအရာတွင် ဘုရားသခင်၏ စီမံထားခြင်းလည်း ရှိနေသည်။ အခြားသူများထံမှ လုယက်ထားသော ပစ္စည်းဥစ္စာများသည် သင်နှင့် မသက်ဆိုင်သည့်အပြင်၊ ယင်းတို့ကို သင် ရရှိလျှင်ပင် သင်ပိုင်သည့်အရာများ မဟုတ်ဘဲ အနှေးနှင့်အမြန် သင် ထိုအရာများကို ဆုံးရှုံးရလိမ့်မည်။ သူရဲကောင်းဝါဒနှင့် တရားမျှတမှုဆိုင်ရာ ဟန်ဆောင်မှုအောက်တွင် အိမ်များကို ဖောက်ထွင်းဝင်ရောက်ပြီး လုယက်ကာ ဆင်းရဲသားများကို ကူညီဖို့ သူဌေးများကို လုယက်သူများအား ကြည့်လော့။ ၎င်းတို့သည် စားခြင်း၊ သောက်ခြင်း၊ ပြည့်တန်ဆာနှင့် ပျော်ပါးခြင်း၊ လောင်းကစားခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကဲ့သို့သော မကောင်းမှုမျိုးစုံကို နောက်ကွယ်တွင် လုပ်ဆောင်ကြပြီး အချို့မှာ လူသတ်ခြင်း သို့မဟုတ် မုဒိမ်းကျင့်ခြင်းကိုပင် ကျူးလွန်ကြသည်။ ထို့နောက် ဆင်းရဲသားများကို ကူညီဖို့ သူဌေးများကို လုယက်သည့် လုပ်ရပ်အနည်းငယ်ကို လုပ်ဆောင်ရုံမျှဖြင့် ၎င်းတို့သည် သာမန်လူတန်းစားများ၏ သူရဲကောင်းများအဖြစ် ကြည်ညိုခြင်းကို ခံကြရသည်။ ဤသည်မှာ ယုတ်ညံ့သော အကျင့်စရိုက်သူများ ကြီးပွားတိုးတက်ခြင်းကိစ္စတစ်ခု မဟုတ်လော။ သာမန်လူတန်းစားများဖြစ်သည့် စက်ဆုပ်ဖွယ်ကောင်းသော အမျိုးအစားများ၊ နိမ့်ကျသော လူအုပ်စုများနှင့် အောက်တန်းစားများသည် အကျိုးအမြတ်အနည်းငယ်ရသည့်အခါတိုင်း ပျော်ရွှင်ကြပြီး ၎င်းတို့အား အကျိုးအမြတ်များ ပေးသော မည်သူ့ကိုမဆို ချီးကျူးကြသည်။ ထို “သူရဲကောင်းများ” ကကော အဘယ်သို့နည်း။ သာမန်လူတန်းစားများက ၎င်းတို့အား ဂုဏ်အချို့ပေးပြီး ဆုချကာ သူရဲကောင်းများအဖြစ် မြှောက်စားကြသဖြင့် ဤသည်မှာ အောင်မြင်ခြင်းသရဖူဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် အမှန်တကယ် သူရဲကောင်းများဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် ပြိုင်ဘက်ကင်းသည်ဟုလည်းကောင်း ၎င်းတို့က ထင်မှတ်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဆက်လက်လုယက်ကြပြီး ရလဒ်အနေဖြင့် နန်းတော်တစ်ခုကို လုယက်သောအခါ ကျည်တစ်တောင့်တည်းဖြင့် ပစ်သတ်ခြင်းခံသွားကြရသည်။ ၎င်းတို့သည် မိမိတို့တွင် ကြီးမားသော အစွမ်းအစရှိပြီး မဟာလူသားဖြစ်သည်ဟုလည်းကောင်း၊ သာမန်ထက် ထူးကဲပြီး သာလွန်မြင့်မြတ်သည်ဟုလည်းကောင်း အမှန်တကယ် ထင်မှတ်ခဲ့ကြသော်လည်း အမှန်တွင် ကျည်တစ်တောင့်ကို ရှောင်တိမ်းနိုင်သည့် အစွမ်းအစပင် မရှိခဲ့ကြသည့်အပြင်၊ မိမိတို့၏ အသက်များကို ဆုံးရှုံးသွားကြရသည်။ ဤသည်မှာ ထိုက်တန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လုယက်ခြင်းလုပ်ရပ် ကိုယ်၌က ဂုဏ်ယူဖွယ်မရှိပေ။ ယင်းမှာ နိမ့်ကျသည်။ သာမန်လူတန်းစားများ၏ ချီးကျူးမှုကို ရရှိရန်၊ နာမည်ကောင်းရရှိရန်၊ ဂုဏ်အနည်းငယ်ရရှိရန် လုယက်ခြင်းအပေါ် မှီခိုအားထားခြင်းသည် အလွန် စက်ဆုပ်ဖွယ်ကောင်းသော အရာပင်တည်း။ အဆုံးတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုပင် ချီးကျူးကြသည်- “သာမန်လူတန်းစားများ ပြည့်စုံလုံလောက်ခြင်း မရှိနိုင်သည့်အပြင်၊ လူတို့ ဒုက္ခပင်လယ်ဝေရခြင်းသည် အရာရှိများကြောင့်ချည်းသာ ဖြစ်သည်။ ကျွန်ုပ် ဖြောင့်မတ်ခြင်းစိတ်ဓာတ် မည်မျှရှိသည်ကို ကြည့်ပါလော့။ အခြေခံလူတန်းစားများအတွက် သနားကြင်နာမှု ကျွန်ုပ်တွင် ရှိသည်” ဟူ၍ ဖြစ်သည်။ ထိုသို့သော လူများသည် တည်ကြည်ကြသလော။ (တည်ကြည်ခြင်းမရှိပါ။) သာမန်လူတန်းစားများသည်လည်း ကောက်ကျစ်သောလျှာဖြင့် ပြောဆိုကြပြီး အကျိုးအမြတ်အနည်းငယ်ရသောအခါ ပြုံးကြသည်။ ၎င်းတို့သည် သင့်ထံမှ မည်သည့်အကျိုးကျေးဇူးမျိုးမျှ မရရှိပါက သင့်ကိုယ်သင် မည်သည့် အကျပ်အတည်းတွင် ရှိသည်ကို တွေ့ရသည်ဖြစ်စေ၊ ၎င်းတို့က သင့်ကို အရေးစိုက်မည်မဟုတ်ပေ။ သို့သော် သင်သည် ၎င်းတို့အား လက်ဆုပ်လက်ကိုင်ပြနိုင်သောအရာတစ်ခုကို ရရှိခွင့်ပေးလျက် အကူအညီများပေးပါက၊ ၎င်းတို့ ပျော်ရွှင်လိမ့်မည်ဖြစ်ပြီး “သင်သည် အင်မတန် ကောင်းမြတ်သော လူတစ်ဦးပါတကား။ စေတနာစိတ်ကြီးမားသည့် လူတစ်ယောက်ပင်တည်း”ဟု ပြောဆိုကြလိမ့်မည်။ ၎င်းတို့သည် အလွန်ကြားကောင်းသောစကားများကို ပြောဆိုကြသော်လည်း ၎င်းတို့ပြောသည့်စကားတစ်ခွန်းမျှ မမှန်ပေ။ ၎င်းတို့သည် မှန်ကန်သောစကားများကိုပင် မပြောနိုင်ကြပေ။ ၎င်းတို့သည် မည်သို့လျှင် လုံးဝ တည်ကြည်နိုင်ရမည်နည်း။ အမှန်တွင် ၎င်းတို့ပြောသမျှတိုင်းသည် လှည့်စားတတ်သောအရာ ဖြစ်သည်။
အချို့လူများသည် မိမိတို့ကိုယ်ကို ဖြောင့်မတ်ခြင်းစိတ်ဓာတ်နှင့် ပြည့်နေသည်၊ အသိစိတ်နှင့် လူ့သဘာဝရှိသော လူများဖြစ်သည်ဟု မှတ်ယူကြသည်။ သို့သော် ၎င်းတို့၏ ဤဖြောင့်မတ်သော စိတ်ဓာတ်သည် ဖော်ပြရန်ပင် ထိုက်တန်သလော။ ထို့အပြင်၊ ယင်းမှာ ဖြောင့်မတ်ခြင်းစိတ်ဓာတ် လုံးဝ မဟုတ်ပေ။ ယင်းမှာ ဘုရားသခင် ပြောဆိုသည့် အပြုသဘောဆောင်သောအရာများသို့မဟုတ် သမ္မာတရား စည်းမျဉ်းများ တစ်ခုတလေနှင့် မည်သည့်ပတ်သက်မှုမျှမရှိသည့် ၎င်းတို့ကိုယ်တိုင်အတွက် စိတ်ကူးယဉ်၍ မှန်းဆထားသော တည်ကြည်ခြင်းတစ်မျိုး ဖြစ်သည်။ ဤသည်မှာ တည်ကြည်ခြင်းမဟုတ်ပေ။ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှု၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများ ဖြစ်သည်။ အပြုသဘောဆောင်သော စွမ်းအင်၊ မှန်ကန်သော လောကအမြင်၊ စံတန်ဖိုးများနှင့် ဘဝအပေါ် သဘောထားအပြင်၊ တစ်မူထူးသည့်၊ ထက်မြက်သော ထိုးထွင်းအမြင်ကဲ့သို့သော ၎င်းတို့ အားပေးထောက်ခံသည့် အဆိုအမိန့်များသည် တည်ကြည်ပြီး မှန်ကန်ပုံရသော်လည်း အမှန်တွင် ထိုသို့မဟုတ်ဟု ဆိုနိုင်သည်။ တိတိကျကျဆိုရလျှင် ယင်းတို့အားလုံးသည် မသိမသာ ပျက်စီးစေသော ရေပန်းစားမှုများနှင့် ဆိုးယုတ်သော လွှမ်းမိုးမှုများ၊ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒများ ဖြစ်ကြသည်။ ယင်းတို့သည် အပျက်သဘောဆောင်သောအရာများချည်းသာ ဖြစ်ပြီး အပြုသဘောဆောင်သောအရာများနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများချည်းသာ ဖြစ်ကြသည်။ သို့ဖြစ်၍ သင်သည် ဘာသာတရားမရှိသူများ၏ ဤအဆိုအမိန့်များကို သဘောတူပြီး ဤရှုထောင့်များကို သင်၏စိတ်နှလုံးထဲတွင် အမြဲဖက်တွယ်ပါက၊ သင်သည် ဘာသာတရားမရှိသူများကဲ့သို့ပင် တည်ကြည်သောသူတစ်ဦး မဟုတ်ကြောင်းနှင့် သင်၏လူ့သဘာဝတွင် တည်ကြည်ခြင်းမရှိကြောင်း သက်သေပြနေသည်။ စာတန်က အလင်း၏ ကောင်းကင်တမန်အဖြစ် မိမိကိုယ်ကို ဟန်ဆောင်ရန် ကြိုးစားသကဲ့သို့ပင် သင်သည် တည်ကြည်သောသူတစ်ဦးအဖြစ် မိမိကိုယ်ကို ဟန်ဆောင်လိုသည်။ စာတန်သည် ဘုရားသခင်အဖြစ်၊ တည်ကြည်သော သူတော်ကောင်းတရားရှိသည့် လူတစ်ဦးအဖြစ်လည်းကောင်း၊ အပြုသဘောဆောင်သော အရာတစ်ခုအဖြစ်လည်းကောင်း မိမိကိုယ်ကို ဟန်ဆောင်လိုလျက် နားကြားကောင်းသောစကားအချို့ကို ပြောဆိုသည်။ သင်သည်လည်း သင်မဟုတ်သည့်အရာတစ်ခုအဖြစ် မိမိကိုယ်ကို ဟန်ဆောင်နေသည်။ သင့်အနေဖြင့် မှန်ကန်သော လောကအမြင်၊ စံတန်ဖိုးများနှင့် ဘဝအပေါ် သဘောထားအမြင်ရှိကြောင်း၊ သင့်တွင် အပြုသဘောဆောင်သော စွမ်းအင်နှင့် ဖြောင့်မတ်သောစိတ်ဓာတ်ရှိကြောင်း၊ သင်သည် သူရဲကောင်းတစ်ဦး၊ ထက်မြက်ပြီး တစ်မူထူးသော ထိုးထွင်းအမြင်ရှိသူတစ်ဦးဖြစ်ကြောင်းသို့မဟုတ် သင်သည် တည်ကြည်ပြီး ကြောက်ရွံ့ရမည့်အရာ မည်သည့်အရာမျှမရှိကြောင်း၊ သင် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လူတို့နှင့် စကားပြောဆိုပြီး ဆက်ဆံသည့်အခါ ဖြောင့်မတ်သောစိတ်ဓာတ်ကို သင်နှင့်အတူ ယူဆောင်သွားကြောင်း သင် အမြဲပြောဆိုသည်။ သင်သည် ဤပုံစံဖြင့် မိမိကိုယ်ကို အမြဲ ပုံဖမ်းသည်။ ကောင်းပြီ၊ သင်သည် အသိစိတ်များစွာ လုံးဝ မရှိသည့်လူတစ်ဦး၊ ဖြောင့်မတ်ခြင်းစိတ်ဓာတ်ရှိနေသည့်အလား၊၊ တည်ကြည်နေပြီး လူ့သဘာဝရှိနေသည့်အလား မိမိတို့ကိုယ်ကို ဟန်ဆောင်လိုသောသည့် တစ်စုံတစ်ဦးဖြစ်သည်ဟု ငါ ဆိုသည်။ သင်သည် ဤအရာများကို ဟန်ဆောင်နေသည့်အတွက်၊ ယင်းတို့ကို သင် မပိုင်ဆိုင်ဟု ဆိုလိုသည်၊ သို့မဟုတ်ပါက သင် ယင်းတို့ကို ဟန်ဆောင်ရန် လိုအပ်မည်လော။ သင့်တွင် အမှန်တကယ် လူ့သဘာဝရှိပါက ဟန်ဆောင်ရန် လိုအပ်မည် မဟုတ်သည့်အပြင်၊ “မှန်ကန်သော လောကအမြင်၊ စံတန်ဖိုးများနှင့် ဘဝအပေါ်သဘောထားအမြင်”၊ “အပြုသဘောဆောင်သော စွမ်းအင်”၊ “ဖြောင့်မတ်ခြင်း စိတ်ဓာတ်ရှိခြင်း” နှင့် “သူရဲကောင်း စိတ်ဓာတ်ရှိခြင်း” ဟုခေါ်သော အဆိုအမိန့်များကို သင် လက်ခံနိုင်မည်မဟုတ်ပေ။ သင်သည် ဤအပျက်သဘောဆောင်သောအရာများကို လက်ခံမည်မဟုတ်ပေ၊ ယနေ့အထိ အလွန်များသော တရားဒေသနာများကို ကြားပြီးနောက် သင်သည် ဤအရာများကို ပိုင်းခြားသိမြင်သင့်သည်မှာ ပြောစရာမလိုပေ။ သင့်တွင် လူ့သဘာဝရှိပါက ဤအပျက်သဘောဆောင်သောအရာများကို အချိန်ကြာမြင့်စွာကတည်းက ငြင်းပယ်ပြီးဖြစ်ပေမည်။ တစ်စုံတစ်ဦးက ဤအဆိုအမိန့်များနှင့် အကြောင်းပြများကို အမှန်တကယ် တင်ပြခဲ့လျှင် သင့်တွင် ပိုင်းခြားသိမြင်မှုမရှိလျှင်ပင် သင်၏စိတ်နှလုံး နက်ရှိုင်းသောနေရာများမှ ယင်းတို့ကိုသင် လက်ခံမည်မဟုတ်ပေ။ ထိုအရာများသည် အလွန်မှားယွင်းကြောင်း၊ လူမှုဗေဒပညာရှင်များ၊ ပညာရေးသမားများနှင့် အတွေးအခေါ်ပညာရှင်များဟု ခေါ်သောသူများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သောပုဂ္ဂိုလ်များဟု ခေါ်သောသူများနှင့် လောက၏ ထိုမကောင်းဆိုးဝါးများနှင့် နတ်ဆိုးဘုရင်များက ထောက်ခံအားပေးသည့်အရာများသည် လူတို့ကို ဟန်ဆောင်စေသည့်အရာများသာဖြစ်ကြောင်း သင် တွေးပေမည်။ ယင်းမှာ လူ့အဖွဲ့အစည်းတွင် ရေပန်းစားသော အဆိုအမိန့်တစ်ခုဖြစ်သည့်၊ “လူတိုင်းက မေတ္တာတရား အနည်းငယ်စီ ပေးမည်ဆိုလျှင် ကမ္ဘာလောကသည် နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသော နေရာတစ်ခု ဖြစ်လာလိမ့်မည်”ဟူသည့်အရာနှင့် တူသည်။ သင်တို့မြင်သည့်အတိုင်း ဆိုးယုတ်သော နတ်ဆိုးများက လူတိုင်း မေတ္တာအနည်းငယ်ပေးသင့်သည်ဟု ဆိုသည်၊ တစ်နည်းအားဖြင့် သာမန်လူတန်းစားများအားလုံးက မေတ္တာပေးသင့်သည်၊ ဆိုးယုတ်သော နတ်ဆိုးများကို အားလုံးက ချစ်သင့်သည်၊ ၎င်းတို့၏ပါတီကို လိုက်လျောလွန်းစွာ နားထောင်ပြီး နာခံသင့်သည့်အပြင်၊ နိုင်ငံနှင့် ၎င်းတို့၏ပါတီအတွက် ပြဿနာမရှာသင့် သို့မဟုတ် ဒုက္ခမပေးသင့်သည့်အပြင် ထိုအခါ ကမ္ဘာကြီး ငြိမ်းချမ်းလိမ့်မည်ဟု ဆိုလိုသည်။ အမှန်တွင် သာမန်လူတန်းစားများသည် ပြဿနာရှာသူများ မည်သည့်အခါက ဖြစ်ခဲ့ဖူးသနည်း။ သိသာထင်ရှားစွာပင်၊ မငြိမ်မသက်မှုကို လှုံ့ဆော်ပြီး အာဏာနှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ကြသူများမှာ နတ်ဆိုးများဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရသည်၊ ၎င်းတို့အားလုံးသည် နတ်ဆိုးများနှင့် စာတန်နောက်သို့ လိုက်ကြပြီး ဘုရားသခင်ကို ရှောင်ကြဉ်ကာ ဆန့်ကျင်ကြသည်။ သို့ဆိုလျှင် ဤလူ့အဖွဲ့အစည်းသည် ငြိမ်သက်ခြင်းကို သိမြင်ခံစားနိုင်သလော။ ငါ့ကို ပြောလော့၊ “လူတိုင်းက မေတ္တာတရား အနည်းငယ်စီ ပေးမည်ဆိုလျှင် ကမ္ဘာလောကသည် နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသော နေရာတစ်ခု ဖြစ်လာလိမ့်မည်”ဟူသော အဆိုအမိန့်သည် ခိုင်လုံသလော။ ဤအရာများအားလုံးသည် ကလေးများကို လှည့်စားသည့်စကားများ ဖြစ်သည်။ သင်သည် ဤစကားများကို ပိုင်းခြားသိမြင်မှုမရှိသည့်အပြင်၊ “လောကအတွက် မျှော်လင့်ချက် ရှိပါသေးသည်။ ဤလူသားမျိုးနွယ်တွင် လူဆိုးများထက် လူကောင်းများ ပိုများနေပါသေးသည်။ အနာဂတ်တွင် လောကကြီးသည် နှစ်သက်ဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်လာလိမ့်မည်။ ဤလူသားမျိုးနွယ်သည် သာယာလှပသည့် မနက်ဖြန်ဆီကို ဦးတည်သွားလိမ့်မည်” ဟု သင် ယုံကြည်ပါက သင်၏အတွေးများနှင့် သဘောထားအမြင်များသည် အထွေထွေပြည်သူလူထု၏ အတွေးများနှင့် ဘာမျှမခြားနားသည့်အပြင် သင်သည် လူမဟုတ်သောသူ ဖြစ်သည်။ လူမဟုတ်သောသူ၏ ထူးခြားသော လက္ခဏာတစ်ခုမှာ ၎င်းတို့သည် မိမိတို့၏ အသွင်အပြင်ကို ဖုံးကွယ်ရန် နားကြားကောင်းသော၊ အတွန့်အတက်များသော၊ သူတော်ကောင်းယောင်ဆောင်သော အဆိုအမိန့်များကို အသုံးပြုလျက် မိမိတို့ကိုယ်ကို အထူးသဖြင့် ဖုံးကွယ်ရန် နှစ်သက်ကြစဉ်တွင်၊ ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းသောနေရာများမှာမူ အထူးသဖြင့် ညစ်ညူးပြီး မှောင်မိုက်နေကာ ၎င်းတို့၏ စက်ဆုပ်ဖွယ်ကောင်းသော၊ ယုတ်ညံ့သော ပရိယာယ်များက တစ်ခုပြီးတစ်ခု ဖြစ်နေသည်။ ၎င်းတို့သည် မျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို လုံးဝ ချစ်မြတ်နိုးမှုမရှိပေ။ ၎င်းတို့သည် ပရိယာယ်များကို အသုံးပြုရန်သာ နှစ်သက်ကြသည်။ ၎င်းတို့သည် အလွန် နားကြားကောင်းသောစကားများကို ပြောဆိုကြသည်။ ၎င်းတို့၏ အပြုံးများနောက်ကွယ်တွင် ဓားများကို ဝှက်ထားပြီး စိတ်ကူးနိုင်သမျှ မကောင်းမှုတိုင်းကို ကျူးလွန်ကြသည်။ ထိုသို့သော လူများသည် လူ့သဘာဝ ကင်းမဲ့ကြသည်။ ဤသည်တို့မှာ လူ့သဘာဝ ကင်းမဲ့သူများ၏ သရုပ်သကန်များ အတိအကျပင် ဖြစ်သည်။ ဤသည်မှာ တည်ကြည်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤလူများသည် တည်ကြည်ခြင်းမရှိသည့်အတွက် ၎င်းတို့သည် ကြင်နာနိုင်ကြမည်ဟု သင် ထင်သလော။ (မထင်ပါ။) ကြင်နာဖို့ မဆိုထားနှင့်၊ ၎င်းတို့သာ မကောင်းမှုတစ်ခု လျော့၍ ကျူးလွန်လျှင်ပင် အောင်ပွဲခံစရာ အကြောင်းတစ်ခု၊ ကမ္ဘာပေါ်ရှိ လူတိုင်းအတွက် ကောင်းချီးတစ်ခု ဖြစ်ပေမည်။ သို့တိုင် ၎င်းတို့သည် မိမိတို့ကိုယ်ကို တည်ကြည်သည်ဟု ခေါ်ကြသေးသည်။ ယင်းမှာ ၎င်းတို့က မိမိတို့ကိုယ်ကို ချီးမွမ်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများက အဘယ်အရာဖြစ်သည်ကိုပင် မသိကြသည့်အပြင်၊ အပြုသဘောဆောင်သောအရာများအကြောင်း ကြားပြီးနောက်တွင်ပင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ မနှစ်သက်ဘဲ ယင်းတို့ကို ပစ်ပစ်ခါခါငြင်းပြီး စက်ဆုပ်ရွံရှာကြသည်။ သို့တိုင် ၎င်းတို့သည် မိမိတို့ကိုယ်ကို တည်ကြည်ပြီးကြင်နာတတ်သည်ဟု ဆိုနေကြဆဲဖြစ်သည်။ မည်သူ့ကို လှည့်စားနေသည်ဟု ၎င်းတို့ ထင်နေသနည်း။ လူသားမျိုးနွယ်၏ တည်ကြည်ခြင်း၊ ကြင်နာခြင်းနှင့် ဆင်ခြင်တုံတရားဟုခေါ်သောအရာများသည် အပြုသဘောဆောင်သောအရာများကို အခြေမခံသည့်အပြင်၊ သမ္မာတရား စံသတ်မှတ်ချက်များကိုလည်း အခြေမခံပေ။ သို့ဖြစ်၍ လူသားမျိုးနွယ်က သတ်မှတ်သည့်အတိုင်း လူတို့၏ တည်ကြည်ခြင်း၊ ကြင်နာခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် မှန်ကန်တိကျခြင်းမရှိသည်ချည်းသာ ဖြစ်သည်။ သမ္မာတရားတွင် အခြေခံခြင်းမရှိသည့်အပြင် မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒများချည်းသာ ဖြစ်ကြသည်။
လူတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါက၊ ပထမဦးစွာ ၎င်းတို့သည် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်သူတစ်ဦး ဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိကြသည်။ အမှားအမှန် ပိုင်းခြားသိမြင်ခြင်းအကြောင်းကို ဦးစွာ ပြောကြစို့။ သင်ကိုယ်တိုင်ကို အကဲဖြတ်လော့၊ ထို့နောက် သင်၏မိဘများနှင့် သင်၏မွေးချင်းများကို အကဲဖြတ်လော့၊ သင်တို့ထဲမှ တစ်ဦးတလေက အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်သော လူတစ်ဦး ဖြစ်သလော။ သင်သည် ထိုသို့သော လူတစ်ဦးဖြစ်သလော။ သင်သည် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်သူတစ်ဦးဖြစ်ပါက အနာဂတ်တွင် သင်၏ သမ္မာတရားကို လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းသည် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်သည့်အရာ ဖြစ်လိမ့်မည်။ အားထုတ်မှုအချို့ကို ကျင့်သုံးခြင်း၊ အခက်အခဲအချို့ကို ကြံ့ကြံ့ခံခြင်းနှင့် အဖိုးအခအနည်းငယ်ကို ပေးဆပ်ခြင်းအားဖြင့် သင်သည် ယင်းကို စွမ်းဆောင်ရရှိနိုင်လိမ့်မည်။ သင်၏ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိပေသည်။ သင်သည် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်သူတစ်ဦးမဟုတ်သည့်အပြင်၊ အတိတ်တွင် သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခဲ့ပါက၊ လက်တွေ့လုပ်ဆောင်ရန် မလိုလားသည့်အပြင် သမ္မာတရားကို လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအကြောင်း ဖော်ပြရာတွင် သင်သည် လုံးလုံးလျားလျား စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး ပူဆွေးသောကရောက်ကာ လွတ်လပ်မှုကင်းမဲ့လျက် ခေါင်းကို မန္တာန်ဖြင့် ရစ်ပတ်ခံထားရသကဲ့သို့ ခံစားခဲ့ရပါက၊ အနာဂတ်တွင် သင်သည် သမ္မာတရားကို လက်ခံခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အလားတူ ခံစားချက်မျိုး ရှိနေလိမ့်မည်။ သင်သည် သမ္မာတရားကို လက်ခံမည်မဟုတ်ပေ။ သင်၏ သမ္မာတရားကို လက်မခံနိုင်စွမ်းနှင့် ယင်းအပေါ် သင်၏ စက်ဆုပ်ရွံရှာခြင်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ အချိန်တိုသောကြောင့်မဟုတ်သည့်အပြင်၊ ဘုရားသခင်က သင့်ကို မဆုံးမပဲ့ပြင်သောကြောင့် သို့မဟုတ် သင့်အတွက် တာဝန်မယူသောကြောင့်လည်း မဟုတ်ပေ။ ဤသည်တို့မှာ စစ်မှန်သော အကြောင်းရင်းမြစ်များ မဟုတ်ပေ။ စစ်မှန်သော အကြောင်းရင်းမြစ်မှာ အဘယ်နည်း။ သင်သည် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်စွမ်းတည်းဟူသော ဤအခြေခံကျသည့် သတ်မှတ်ချက် မရှိပေ။ သို့ဖြစ်၍ အနာဂတ်တွင် သင်သည် သမ္မာတရားကို လက်ခံနိုင်လိမ့်ဦးမည်မဟုတ်သည့်အပြင်၊သမ္မာတရားကို ကျိုးနွံနာခံခြင်းကိုလည်း သင် စွမ်းဆောင်ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ အချို့လူများက “အကယ်၍ သမ္မာတရားကို ကျွန်ုပ် လက်မခံနိုင် သို့မဟုတ် မကျိုးနွံမနာခံနိုင်ပါက ကယ်တင်ခြင်းကို ရရှိနိုင်သေးပါသလော” ဟု ဆိုကြသည်။ သင်တို့ အဘယ်သို့ ထင်သနည်း၊ ၎င်းတို့ ရနိုင်သလော။ (မရနိုင်ပါ။) ငါ၏အဖြေမှာ “ပြောရန် အလွန်ခက်သည်” ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့် ပြောရန် အလွန်ခက်သနည်း။ ယခု ငါ အလွန်များစွာ ပြောဆိုပြီး သရုပ်သကန်များစွာကို စာရင်းပြုစုပြီးဖြစ်ရာ သင်သည် မိမိကိုယ်ကို ထိုအရာများနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ခြင်း ရှိမရှိ သို့မဟုတ် သင်ကိုယ်တိုင်၏အထဲတွင် ၎င်းတို့ကို သိမြင်နိုင်ခြင်းရှိမရှိဟူသည်မှာ မသေချာပေ။ ထို့အပြင် ငါ ပြောဆိုပြီးဖြစ်သည့် ဤကိစ္စရပ်များနှင့် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာများကို သင် နားလည်နိုင်ခြင်း ရှိမရှိဟူသည်မှာလည်း မသေချာပေ။ ထို့ကြောင့်၊ သင် ကယ်တင်ခြင်းခံနိုင်ခြင်း ရှိမရှိဟူသည်ကို ငါ မပြောလျှင်ပင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများအပေါ် သင်တို့၏ သဘောထားကို အခြေခံ၍ ယင်းကို သင်တို့တစ်ဦးချင်းစီက သေချာအောင် လေ့လာစိစစ်နိုင်ပေသည်။ ငါသည် သင့်ကို အလွန် ရှင်းလင်းစွာနှင့် အလွန်ပွင့်လင်းစွာ ပြောပြရန် မလိုအပ်ပေ။ သင်တို့တစ်ဦးစီ၏ စိတ်နှလုံးထဲတွင် သင်တို့ သိနှင့်ပြီးသား ဖြစ်သည်။
ယခုအခါတွင် ငါတို့သည် အမှားအမှန် ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့ပြီးဖြစ်သဖြင့်၊ ဆက်လက်၍ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိခြင်းအကြောင်း ပြောသင့်သည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။) အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိခြင်းသည် အမှားအမှန် ပိုင်းခြားသိမြင်ခြင်းနှင့် မုချ ကွဲပြားသည်။ သို့မဟုတ်ပါက ယင်းတို့ကို သီးခြားစီ ဆွေးနွေးရန် လိုအပ်မည်မဟုတ်ပေ။ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိခြင်းဟူသည်မှာ လူ့သဘာဝ၏ ရှုထောင့်အမြင်မှကြည့်လျှင် မည်သည့်ရှုထောင့်များနှင့် မည်သည့်စကားများက မှန်ကန်သည်၊ မည်သည့်အရာများက မမှန်ကန်သည်ကို သိရမည်ဟု ဆိုလိုသည်။ မှန်ကန်သည့်အရာကို စွဲကိုင်သင့်ပြီး မမှန်ကန်သည့်အရာကို လက်လွှတ်သင့်သည်။ ပုံမှန်လူများ၏ စိတ်ထဲတွင် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို ပိုင်းခြားသိမြင်ရန်အတွက် အတွေးများ၊ ရှုထောင့်များနှင့် အခြေခံအချို့ ရှိကြသည်။ ၎င်းတို့သည် မှန်ကန်သည့်အရာကို မလျှော့တမ်းလုပ်ဆောင်ကြမည်ဖြစ်ပြီး မမှန်ကန်သည့်အရာကို ဆန့်ကျင်မည် သို့မဟုတ် ငြင်းပယ်ပင် ငြင်းပယ်ကြလိမ့်မည်။ အကယ်၍ အကြင်သူသည် ဤအရာကိုပင် မလုပ်ဆောင်နိုင်ပါက ၎င်းတို့၏ လူ့သဘာဝတွင် တစ်စုံတစ်ရာ ချို့တဲ့နေကြောင်း ပြနေသည်။ ဤကဲ့သို့သော လူများသည် လူ့သဘာဝ ကင်းမဲ့သည်ဟုလည်း ခိုင်မာစွာ ဖော်ပြပြောဆိုနိုင်သည်။ လူတစ်ဦးအနေဖြင့် သင်သည် လူ့သဘာဝရှိသည်ဟု သင် ဆိုသော်လည်း အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကိုပင် သင် မသိပါက မည်သို့ ကျင့်ကြံပြုမူနိုင်မည်နည်း။ သင်သည် မည်သို့ ကောင်းမွန်စွာ ကျင့်ကြံပြုမူနိုင်မည်နည်း။ သင်သည် လူ့သဘာဝအတွင်း၌ စကားလုံးတိုင်းကို မည်သို့ ပြောဆိုပြီး လုပ်ရပ်တိုင်းကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သင် မသိပါက သင်၏ စကားလုံးများနှင့် လုပ်ရပ်တိုင်းသည် လူ့သဘာဝအတွင်း၌ ပြောဆိုပြီး လုပ်ဆောင်ခြင်း မဟုတ်ပေ။ လူ့သဘာဝအတွင်း၌ မပြုမူခြင်း သို့မဟုတ် မပြောဆိုခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် လူ့သဘာဝ၌ ရှိသင့်သော မှန်ကန်သည့် အတွေးအခေါ်များနှင့် ရှုထောင့်များကို အခြေခံ၍ အကျိုးသင့် အကြောင်းသင့် ဤစကားများကို မပြောဆိုသည့်အပြင်၊ ဤအမှုအရာများကို လုပ်ဆောင်ခြင်းမရှိဟု ဆိုလိုသည်။ ဤသည်မှာ သင်၏ လူ့သဘာဝအတွင်း၌ မပြောဆိုခြင်း သို့မဟုတ် မပြုမူခြင်းအား ဆိုလိုသည့်အရာ ဖြစ်သည်။ အချို့လူများက “အကယ်၍ လူတစ်ဦးသည် ၎င်းတို့၏ လူ့သဘာဝအတွင်း၌ မပြောဆို သို့မဟုတ် မပြုမူပါက မည်သည့်အရာကို အခြေခံ၍ ပြောဆိုပြုမူသနည်း” ဟု ဆိုကြသည်။ အကြမ်းဖျင်း ပြောရလျှင် အခြေခံနှစ်မျိုး ရှိသည်။ တစ်မျိုးမှာ စာတန်ဆန်သော စိတ်သဘောထားဖြင့် အသက်ရှင်လျက် နတ်ဆိုးသဘာဝအတွင်း၌ ပြောဆိုပြုမူခြင်း ဖြစ်သည်။ သမ္မာတရားကို နားလည်သောလူများသည် ဤလူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များရှိ အတွေးအခေါ်များ၊ ရှုထောင့်များနှင့် သဘောထားများသည် နတ်ဆိုးများ၏ အတွေးအခေါ်၊ ရှုထောင့်၊ သဘောထားတို့နှင့် တူညီကြောင်းအပြင်၊ ဤအရာများသည် လူတို့ကို အထင်အမြင်မှားစေခြင်း၊ ထိခိုက်နစ်နာစေခြင်း၊ စုံစမ်းသွေးဆောင်ခြင်းနှင့် လမ်းလွဲစေခြင်းတို့ဖြစ်စေပြီး အပြုသဘောမဆောင်ကြောင်းကို မြင်နိုင်ကြသည်။ ဤသည်မှာ အခြေခံတစ်မျိုးဖြစ်သည်။ လူတစ်ဦး၏ နတ်ဆိုးသဘာဝအတွင်း၌ ပြောဆိုပြုမူခြင်း ဖြစ်သည်။ အခြားတစ်မျိုးမှာ သားရဲတိရစ္ဆာန်ကဲ့သို့ ပြောဆိုပြုမူခြင်းဖြစ်ပြီး သားရဲတိရစ္ဆာန်များသည် လူ့သဘာဝ ပို၍ပင် ကင်းမဲ့ကြသည်။ လူ့သဘာဝ ကင်းမဲ့ခြင်းဟူသည်မှာ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိဘဲ ပြောဆိုပြုမူခြင်းကို ဆိုလိုသည်။ ယင်းမှာ ထိုမျှလောက် ရိုးရှင်းသည်။ သားရဲတိရစ္ဆာန်များ ပြောဆိုသည့်စကားများသည် နားဝေတိမ်တောင်ဖြစ်သော၊ မိုက်မဲသော၊ ကောက်ကျစ်သော စကားများသာ ဖြစ်သည်။ ၎င်းတို့ ပြောသမျှမှာ လွဲချော်သော အယူဝါဒအချို့သာ ဖြစ်သည်။ သင်တို့မြင်သည့်အတိုင်း ၎င်းတို့ ပြောဆိုသည့်စကားများသည် တိရစ္ဆာန်များ၏ အတွေးအခေါ်များ၊ ရှုထောင့်များနှင့် တူညီသည်။ ယင်းတို့သည် မူမမှန်သည့်အပြင် မိုက်မဲသည်၊ အသိဉာဏ်မဲ့ပြီး နားဝေတိမ်တောင်ဖြစ်သည်။ ၎င်းတို့စကားကို နားထောင်ပြီးနောက် သင်သည် ရယ်ရမည်လော သို့မဟုတ် ငိုရမည်လောဟူသည်ကို မသိသည့်အပြင်၊ “သူက မည်သို့ဖြစ်ပြီး ယင်းကို ပြောနိုင်ရသနည်း။ ယင်းမှာ သူသည် သုံးလေးငါးနှစ်အရွယ် ကလေးတစ်ယောက်ဖြစ်သည့်အလား ဖြစ်သည်၊ ယုတ္တိမရှိသည့်အပြင် မည်သည့်အရာမျှ ပို၍ သိခြင်း မရှိပါ။ဤသည်တို့မှာ အရွယ်ရောက်သူတစ်ဦး ပြောသင့်သည့် စကားများ မဟုတ်ပါ။ သူ့စကားများ ရယ်စရာကောင်းသည်။ လူတို့ရှေ့တွင် ပြောရန် အလွန်ရှက်စရာကောင်းသည်”ဟု သင် ဆိုသည်။ ယင်းမှာ တိရစ္ဆာန်တစ်ကောင်၊ သားရဲတစ်ကောင် စကားပြောနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မဆိုထားနှင့်၊ ပြောစရာ အသိတရားမရှိဘဲ၊ ကျိုးကြောင်းဆီလျော်မှု တစ်ခုမျှမရှိဘဲ၊ သားရဲတိရစ္ဆာန်တစ်ကောင်၏ သဘာဝအတွင်း၌ ပြောဆိုပြုမူနေကြခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ စကားပြောဆိုခြင်းသည် နောက်ကွယ်တွင် မည်သည့်ယုတ္တိမျှ မရှိဘဲ အလွန် ဆင်ခြင်တုံတရားကင်းမဲ့ပေသည်။ ၎င်းတို့ ပြောဆိုသည့်အရာများက မည်သည့်နေရာမှ လာသည်ကို သင် မသိသည့်အပြင်၊ ၎င်းတို့စကားကို ကြားပြီးနောက် သင်သည် လုံးဝ ရှုပ်ထွေးသွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ၎င်းတို့၏ စကားများနှင့် အမှုအရာများအကြောင်း ၎င်းတို့၏ ဇာတ်ကြောင်းပြောဆိုမှုကို သင် ပို၍ နားထောင်လေလေ၊ သင့်အတွက် ပို၍ ကမောက်ကမဖြစ်ပုံရလေလေဖြစ်ပြီး ယင်းတို့ကို နားလည်ရန် နည်းလမ်းမရှိပေ။ ၎င်းတို့ စကားပြောသောအခါ အမြဲ ဝေ့လည်ကြောင်ပတ် ပြောကြသည်၊ အမှုအရာများကို ရှုပ်ထွေးအောင်လုပ်သည်၊ မိမိတို့ဘာသာ ထပ်ခါတလဲလဲ ပြောဆိုကြပြီး တူညီသည့်အရာတစ်ခုတည်းကို တောင်ပြောမြောက်ပြော ပြောဆိုနေကြပြီး အဆုံးတွင် မည်သို့ လက်စသတ်ရမည်ကိုပင် မသိကြသေးပေ။ ဤသည်မှာ သားရဲတစ်ကောင်၊ တိရစ္ဆာန်တစ်ကောင် စကားပြောနေခြင်း ဖြစ်သည်။ ထိုသို့သော လူများ၌ ထူးခြားသော လက္ခဏာတစ်ခုရှိသည်။ ယင်းမှာ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ မည်သည့်အတွေး သို့မဟုတ် ရှုထောင့်ကို ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အတွေး သို့မဟုတ် ရှုထောင့်ကို ခံယူသည်ဖြစ်စေ ယင်းမှာ မှန်ကန်သလော မမှန်ကန်သလောဟူသည်ကို ၎င်းတို့ကိုယ်တိုင်ပင် မသိခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ လက္ခဏာတစ်ခု ဖြစ်သည်။ ၎င်းတို့ လူ့သဘာဝ၏ ထူးခြားသော လက္ခဏာကို နောက်ဆုံးတွင် သတ်မှတ်ရသည်မှာ ထိုသို့သော လူများ၌ လူ့သဘာဝမရှိ၊ ဆိုလိုသည်မှာ ၎င်းတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကိုပင် မသိကြပေ၊ သို့ဖြစ်၍ အသိစိတ်ဖြင့် ၎င်းတို့ ပြောဆိုပြုမူနိုင်သည်ဟု သင် ထင်သလော။ ၎င်းတို့သည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိပါက ပုံမှန်လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်နိုင်သလော။ ၎င်းတို့သည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မပိုင်းခြားနိုင်ပါက ပုံမှန်လူတစ်ဦး၏ တွေးခေါ်မှုကို ရှိနိုင်သလော။ မည်သည့်အခါမျှ ရှိလိမ့်မည်မဟုတ်ပေ။ ပုံမှန်လူများသည် ထိုသို့သော လူတစ်ဦးနှင့် ဆက်သွယ်ပြောဆို၍မရနိုင်ပေ။ ငါ အဘယ်ကြောင့် ဤသို့ ဆိုသနည်း။ သင်သည် ချစ်ခင်မှုမရှိသောကြောင့်လော။ မဟုတ်ပေ၊ သင်၌ အခြေခံတူညီချက်မရှိသောကြောင့်၊ သင်သည် ၎င်းတို့နှင့် မည်သည့်အတွေးအခေါ် သို့မဟုတ် ရှုထောင့်များကိုမျှ မျှဝေခံစားခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့နှင့် ဆက်သွယ်ပြောဆိုခြင်းသည် တိရစ္ဆာန်တစ်ကောင်၊ နတ်ဆိုးတစ်ကောင်နှင့် ဆက်သွယ်ပြောဆိုခြင်းကဲ့သို့ ဖြစ်သည်။ ယင်းမှာ မဖြစ်နိုင်ပေ။ ငါ့ကို ပြောလော့၊ သင်သည် နတ်ဆိုးများနှင့် စာတန်များကို သမ္မာတရားအကြောင်း ပြောဆိုပါက ၎င်းတို့ကို နားလည်အောင် သင် ပြောနိုင်သလော။ သင်သည် နတ်ဆိုးများနှင့် စာတန်များကို “ဘုရားသခင်ကို သင်တို့ ယုံကြည်သင့်တယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်ခြင်းသည် မှန်ကန်ပြီး သင့်တော်သည့်အရာဖြစ်သည်”ဟု သင် ဆိုပါက ၎င်းတို့ အဘယ်အရာကို ပြောလိမ့်မည်နည်း။ “ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းလော။ကျွန်ုပ်သည် လူတို့ကို ကျွန်ုပ်အား ဝတ်ပြုကိုးကွယ်စေချင်သည်။ ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် ကျွန်ုပ် ငွေမည်မျှရမည်နည်း။ ငွေရလျှင် ကျွန်ုပ် လုပ်မည်”ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ အဘယ်သို့သော စကားများနည်း။ သင်သည် နတ်ဆိုးများနှင့် ဆက်သွယ်ပြောဆိုနိုင်သလော။ (မပြောဆိုနိုင်ပါ။) တိရစ္ဆာန်များနှင့်ကော အဘယ်သို့နည်း၊ ၎င်းတို့နှင့် သင် ဆက်သွယ်ပြောဆိုနိုင်သလော။ (၎င်းတို့နှင့်လည်း ဆက်သွယ်ပြောဆို၍မရနိုင်ပါ။) သင်တို့မြင်သည့်အတိုင်း အချို့တိရစ္ဆာန်များသည် အစာစားသောအခါ ၎င်းတို့၏ အစာကို အလွန်အမင်း ကာကွယ်တတ်ကြသည်။ မိမိတို့ကိုယ်တိုင်၏ အစာကို စားပြီးနောက် ၎င်းတို့သည် အခြားတိရစ္ဆာန်များ၏ အစာကိုပင် လုယူရန် ကြိုးစားကြလိမ့်မည်။ သင်သည် ၎င်းတို့ကို “အစာအတွက် မတိုက်ခိုက်ကြနှင့်။ ကိုယ့်အစာကိုယ်ပဲ စားကြလော့” ဟု ဆိုပါက ၎င်းတို့ ဤအရာကို လက်ခံနိုင်ကြသလော။ (လက်မခံနိုင်ပါ။) အစာကျွေးချိန်ရောက်သောအခါ ၎င်းတို့သည် တစ်ကောင်ထံမှတစ်ကောင်ထံမှ အစာကို လုယူနေကြလိမ့်ဦးမည်ဖြစ်ပြီး တစ်ကောင်နှင့်တစ်ကောင်ပင် စတင် တိုက်ခိုက်ကာ ကိုက်ခဲခြင်းကြလိမ့်မည်။ သင်သည် ၎င်းတို့နှင့် တကယ်ကို ဆက်သွယ်ပြောဆို၍မရနိုင်ပေ။ ၎င်းတို့ကို ကာကွယ်ရန်နှင့် အစာအတွက် တိုက်ခိုက်ခြင်းမှ တားဆီးရန်အလို့ငှာ သင်သည် အစီအမံများ ပြုလုပ်ပြီး ၎င်းတို့ကို တင်းကြပ်စွာ စီမံခန့်ခွဲရမည်ဖြစ်ကာ အစာစားချိန်ရောက်သောအခါ ၎င်းတို့ကို သီးခြားစီ ကျွေးမွေးရမည်။ ဤသည်သာ ၎င်းတို့ကို စီမံခန့်ခွဲရန် သင့်တော်သော နည်းလမ်းဖြစ်သည်။ အဘယ်ကြောင့်နည်။ အကြောင်းမှာ ၎င်းတို့သည် တိရစ္ဆာန်များဖြစ်သည်၊ ၎င်းတို့၌ ဆင်ခြင်တုံတရားမရှိသည့်အပြင်၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း ပို၍ပင်နည်းပါးပြီး ၎င်းတို့လုပ်ဆောင်သည့်အရာ မှန်ကန်သလော သို့မဟုတ် မမှန်ကန်သလောဟူသည်ကို အကဲမဖြတ်နိုင်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သင် ပြောဆိုသည့်အရာ မည်မျှပင် မှန်ကန်ပြီး မည်မျှပင် ခိုင်လုံသည်ဖြစ်စေ၊ ၎င်းတို့အတွက် မည်မျှပင် အကျိုးရှိသည်ဖြစ်စေ ၎င်းတို့ နားလည်မည်မဟုတ်ပေ။ တိရစ္ဆာန်မှ လူဝင်စားလာသူများသည်လည်း ဤကဲ့သို့ပင် ဖြစ်သည်။ သမ္မာတရားကို မည်မျှပင် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ နားမလည်ကြ။ သို့ဖြစ်၍ ၎င်းတို့သည် မှန်ကန်သော စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မပြုမူကြပေ။ တစ်စုံတစ်ရာကို ၎င်းတို့ အမှားလုပ်မိလျှင်ပင် ယင်းကို မှားသည်ဟု မထင်သည့်အပြင်၊ ထိုအရာကို မလျှောက်တမ်းဆက်လုပ်ကြလိမ့်မည်ဖြစ်ပြီး တစ်သက်လုံးပင် ထိုသို့ လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့သည် တိရစ္ဆာန်များ မဟုတ်လော။ လူစကားကို နားမလည်နိုင်သည့် ထိုသို့သော လူများသည် တိရစ္ဆာန်များကဲ့သို့ပင် ဖြစ်သည်၊ တစ်ခုတလေ ပိုသာသည်ဟု လုံးဝ ပြောရခက်ပေသည်။
ယခုတွင် တိရစ္ဆာန်နှင့် နတ်ဆိုးသဘာဝအကြောင်း မပြောဘဲ၊ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိခြင်းနှင့်ဆိုင်သည့် လူ့သဘာဝ၏ သွင်ပြင်လက္ခဏာကိုသာ အာရုံစိုက်ကြစို့။ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိခြင်းသည် လူ့သဘာဝရှိသော လူတစ်ဦး၌ ရှိသင့်သည့် သရုပ်သကန်တစ်ခု ဖြစ်သော်လည်း အမှန်တွင်၊ လူများစွာက ထိုအရာကို ချို့တဲ့ကြသည်။ လူတို့သည် ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို မကြာခဏ ဖော်ပြကြသည်၊ ကောက်ကျစ်သော စကားများကို ပြောဆိုကြပြီး မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမှုအရာများကိုပင် လုပ်ဆောင်ကြကာ၊ အထူးဇွဲဖြင့် လုပ်ဆောင်ကြသည့်အပြင် ၎င်းတို့၏ ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို အခြားသူများထံပင် လက်ဆင့်ကမ်းလျက် ဖြန့်ဝေနိုင်ကြလေသည်။ ၎င်းတို့ ဖော်ပြသည့် ကျိုးကြောင်းဆင်ခြင်မှုသည် အလွန်အမင်း လွဲမှားသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိခိုက်စေသည်သာမက အခြားသူများကိုပါ ထိခိုက်စေလျက် အခြားသူများထံသို့ လက်ဆင့်ကမ်းနေကြဆဲ ဖြစ်သည်။ ဥပမာအနေဖြင့် ၎င်းတို့သည် ထမင်းစားခြင်းကို မကြိုက်လျှင် “ထမင်းက အာဟာရမရှိ။ ကျွန်ုပ်တို့ ခေါက်ဆွဲ၊ ပေါက်စီနှင့် ပေါင်မုန့်များ စားသင့်သည်”ဟု ပြောဆိုကြလိမ့်မည်။ ထမင်းက အာဟာရမရှိဟု ၎င်းတို့ ပြောဆိုကြသည်။ ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သင်သည် အာဟာရပညာရှင်တစ်ဦးလော။ ယင်းကို သင် စမ်းသပ်စစ်ဆေးပြီးပြီလော။ ထမင်းက အာဟာရမရှိဟု ပြောဆိုခြင်းအတွက် သင်၏ အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဥပမာအားဖြင့် ဂျုံမစိုက်ဘဲ စပါးကိုသာ စိုက်ပျိုးသည့် နေရာများရှိပြီး ထိုနေရာများမှ လူတို့သည် တစ်သက်လုံး ထမင်းစားကြကာ များစွာသောသူတို့က အသက်အရွယ်ကြီးရင့်ခြင်းသို့ ရောက်ရှိလျက် အတော်လေး ကောင်းမွန်စွာ အသက်ရှင်နေထိုင်ကြသည်။ သို့သော် မိမိတို့၏ ကိုယ်ပိုင်အကြိုက်ကို အခြေခံ၍ ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို ဖော်ပြသည့်လူတို့က “ထမင်းသည် အာဟာရမရှိ” ဟု ပြောဆိုနိုင်ကြပြီး ခိုင်လုံသော ကျိုးကြောင်းဆင်ခြင်မှုဖြစ်သည့်အလား ဤအရာကို ပြောဆိုနေကြသည်။ ဤသည်မှာ အမှန်တကယ် ခိုင်လုံသော ကျိုးကြောင်းဆင်ခြင်မှုဖြစ်သလော။ (မဟုတ်ပါ။) ဤပြောဆိုချက်က သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်ကို မပြောကြစို့နှင့်။ ယင်းသည် ကောင်းမွန်သော ကျိုးကြောင်းဆင်ခြင်မှုပင် မဟုတ်ပေ။ ထိုသို့သော မူမမှန်သည့် ကျိုးကြောင်းဆင်ခြင်မှုကို ၎င်းတို့ မိမိတို့ဘာသာ မည်သို့ ပြောထွက်နိုင်ကြသနည်း။ ၎င်းတို့သည် လူသားဖြစ်သလော။ (မဟုတ်ပါ။) ဤပြောဆိုချက်သည် သိသာထင်ရှားစွာ မှားယွင်းပေသည်။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် ဘက်လိုက်မှုတို့ကြောင့် ပြောဆိုထားသည့် ပြောဆိုချက်တစ်ခု၊ ကောက်ကျစ်သော နည်းလမ်းဖြင့် စကားပြောဆိုသူတစ်ဦးထံမှလာသော ပြောဆိုချက်တစ်ခု ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ယင်းက မှန်ကန်ခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ကိုယ်တိုင်ပင် မသိကြသော်လည်း နေရာတိုင်းတွင် ထုတ်ဖော်ပြောဆိုလျက် အလွန်ပွင့်လင်းစွာ ကြေညာကြသည်။ အချို့လူတို့သည် ထမင်းစားချင်ကြပြီး ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများကို မကြိုက်ကြပေ။ ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများကို စားသုံးသူတစ်ဦးအား ၎င်းတို့ မြင်သောအခါ “ဂျုံနှင့်လုပ်သော အစားအစာများက အာဟာရမရှိပါ၊ ထမင်းက အာဟာရရှိသည်။ ဂျုံနှင့်လုပ်သော အစားအစာများကို စားသောလူများသည် အသုံးမကျကြစဉ်တွင်၊ ထမင်းစားသောလူများက မြင့်မြတ်ကြသည်”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် လူမျိုးစုံကို တိုင်းတာရန် ဤသီအိုရီကို အခြေခံအကြောင်းရင်းအဖြစ် အသုံးပြုကြသည်။ အကယ်၍ သင်သည် ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများကို စားသုံးခြင်းအား ကြိုက်နှစ်သက်ပါက ၎င်းတို့က သင့်ကို ယုတ်ညံ့ပြီး ၎င်းတို့လောက် မမြင့်မြတ်ဟု ယူဆကြသည်။ ဤပြောဆိုချက်သည် အလွန် သိသာထင်ရှားစွာ မှားယွင်းသော်လည်း ၎င်းတို့သည် တစ်နည်းနည်းဖြင့် ဤအရာကို မပိုင်းခြားနိုင်ကြသည့်အပြင်၊ နေရာတိုင်းတွင်ပင် ပြောဆိုကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများတွင် လူ့သဘာဝ ရှိသလော။ (မရှိပါ။) ၎င်းတို့က ထမင်းစားခြင်းကို မကြိုက်တော့ဘဲ ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများကို ကြိုက်နှစ်သက်လာသောအခါ “ထမင်းက အာဟာရမရှိပါ၊ ဂျုံနှင့်လုပ်သော အစားအစာများက အာဟာရရှိသည်။ ဂျုံနှင့်လုပ်သော အစားအစာများကို မကြာခဏစားသောလူများ မည်မျှ သန်မာလိုက်သည်ကို ကြည့်ပါလော့။ ခေါက်ဆွဲနှင့် ပေါက်စီများကို ကျွန်ုပ်တို့ ပိုစားသင့်သည်။ ထမင်းဆိုသည်မှာ အအေးစာခဖြစ်သည်၊ ခန္ဓာကိုယ်အတွက် မကောင်းပါ”ဟု ပြောဆိုကြသည်။ ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသည်မှာ ဘက်လိုက်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘက်လိုက်မှုတစ်ခု ဖြစ်သည်။ အဖြစ်မှန် မဟုတ်ပေ။ ၎င်းတို့သည် ဤအရာကို မည်သည့်အရာကို အခြေခံ၍ ပြောဆိုကြသနည်း။ မိမိတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် ဘက်လိုက်မှုများကို အခြေခံ၍လည်းကောင်း၊ မိမိတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် ရှုထောင့်များကို အခြေခံ၍လည်းကောင်း ပြောဆိုကြခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ မမှန်ကန်ကြောင်းကို ၎င်းတို့ မသိကြသည့်အပြင်၊ မှန်ကန်သည့်အလား ယင်းကို ပြောပင်ပြောဆိုပြီး ကြေညာကြသည်။ တစ်ဦးတလေက မတူကွဲပြားသော အမြင်တစ်ခုကို ထုတ်ဖော်ပြောဆိုပါက ၎င်းတို့ ပြန်လည်ငြင်းခုံမည်ဖြစ်ပြီး မိမိတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ရှုထောင့်ကို မလျှော့တမ်းပြောကြလိမ့်ဦးမည် ဖြစ်သည်။ ဤသည်မှာ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိနားမလည်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ထိုသို့သော ရိုးရှင်းသည့်ကိစ္စတွင်ပင် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိကြပေ။ ငါ့ကို ပြောလော့၊ ၎င်းတို့၏ အသိစိတ်က အလုပ်လုပ်နိုင်သလော။ ၎င်းတို့သည် တည်ကြည်နိုင်သလော။ တည်ကြည်သောသူတစ်ဦးသည် တရားမျှတမှုကို ထိန်းသိမ်းကာ စည်းမျဉ်းများကို ထိန်းသိမ်းနိုင်ရန်အတွက် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိရမည်ဖြစ်သည်။ ထိုအခါမှသာ၎င်းတို့ ထိန်းသိမ်းအရာသည် မှန်ကန်ပေသည်။ အကယ်၍ လူတစ်ဦးသည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိသည့်အပြင်၊ မှားယွင်းသော ပြောဆိုချက် သို့မဟုတ် မှားယွင်းသော အတွေးတစ်ခုနှင့် ရှုထောင့်တစ်ခုကို မလျှော့တမ်း ဖက်တွယ်ပါက၊ ၎င်း၏ တည်ကြည်ခြင်းဟုခေါ်သောအရာသည် စစ်မှန်သော တည်ကြည်ခြင်းဖြစ်သလော။ ယင်းမှာ တည်ကြည်ခြင်း မဟုတ်ပေ။ လွဲချော်နေခြင်း၊ အဓိပ္ပာယ်မဲ့ခြင်းနှင့် ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှု ဖြစ်သည်။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ ထိုသို့သော လူများ၏ အသိစိတ်သည် တည်ရှိသလော။ (မတည်ရှိပါ။) ၎င်းတို့တွင် ပြောစရာ အသိစိတ် မရှိပေ။ အချို့လူတို့သည် မိမိတို့အပေါ် တစ်စုံတစ်ခု ကျရောက်လာပြီး မိမိတို့အတွင်း၌ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများ ပေါ်ပေါက်သောအခါ၊ ထိုအရာကို မိမိတို့၏ စိတ်နှလုံးထဲတွင် သဘောပေါက်နိုင်ပြီး မိမိတို့၏ ဆင်ခြင်တုံတရားဖြင့် ချုပ်တည်းနိုင်ကြသည်။ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများက မမှန်ကန်ကြောင်းကို ၎င်းတို့ သိကြသောကြောင့် ၎င်းတို့သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ပြီး ထိုဆန္ဒများကို လက်လွှတ်နိုင်ကြသည်။ သို့သော် အချို့လူတို့မှာ ကွဲပြားကြသည်။ အထူးသဖြင့် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိကြသူများနှင့် ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို ဖော်ပြလေ့ရှိသူတို့သည် မှားယွင်းသော ရှုထောင့်များကို မိုက်မဲစွာနှင့် ခေါင်းမာစွာ မလျှော့တမ်းဆက်ပြောကြလိမ့်မည်။ ဥပမာအနေဖြင့် အချို့လူတို့သည် ကခုန်ခြင်း၌ မတော်ကြပေ၊ ၎င်းတို့ ကခုန်သောအခါ ဟန်ချက်မညီကြ၊ ဟန်ချက်ညီသည့် အာရုံခံစားမှု မရှိကြသည့်အပြင် မိမိတို့ကိုယ်ကို အမြဲအရူလုပ်လျက် စည်းချက်မထိန်းနိုင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့က “ကခြင်းကို မကြိုက်သောလူများသည် တည်ငြိမ်သော ပုဂ္ဂိုလ်များဖြစ်သည်။ ကခြင်းကိုကြိုက်သောလူများအားလုံးသည် မတည်ငြိမ်ပေ။ ၎င်းတို့တွင် မကောင်းသော ပင်ကိုစရိုက်များရှိပြီး အသောက်အစားအပျော်အပါး၌ ပျော်မွေ့ကြသည်။ ထိုသို့သောလူတစ်ဦးကို သင် လက်ထပ်ပါက သင်၏ ဘဝသည် မုချ တည်ငြိမ်လိမ့်မည် မဟုတ်ပါ”ဟု ပြောဆိုကြသည်။ ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (ကခုန်ခြင်းကို နှစ်သက်ခြင်းသည် တည်ငြိမ်ခြင်း၊ မတည်ငြိမ်ခြင်းနှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။) ၎င်းတို့သည် ဤအရာကို တစ်ကိုယ်ကောင်းဆန်ခြင်း၊ မနာလိုခြင်း သို့မဟုတ် အသရေဖျက်ရန် ကြိုးပမ်းခြင်းတို့ကြောင့် ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ ၎င်းတို့၏ ရည်ရွယ်ချက် မည်သို့ပင်ဖြစ်စေ ယင်းကို ပြောဆိုဆွေးနွေးခြင်းမရှိဘဲ၊ ၎င်းတို့၏ စကားများသည် ဓမ္မဓိဋ္ဌာန်ကျသော အချက်အလက်များနှင့် ကိုက်ညီသလော။ ကနိုင်ပြီး ကခုန်ရာတွင် တော်သောလူများသည် သေချာကြောက် မတည်ငြိမ်ကြသလော။ ထိုသို့သော စကားများသည် ဤလူများ၏ လူ့သဘာဝ အနှစ်သာရကို အခြေခံသလော။ ၎င်းတို့ မတည်ငြိမ်ခြင်းသည် အဖြစ်မှန်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ထို့အပြင် တည်ငြိမ်ခြင်းဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ တည်ငြိမ်ခြင်းသည် လူတစ်ဦးက လူကောင်းတစ်ဦးဖြစ်သည်ဟု ဆိုလိုသလော။ တည်ငြိမ်ခြင်းသည် တည်ကြည်ပြီး ကြင်နာခြင်း၏ သရုပ်သကန်တစ်ခု၊ လူ့သဘာဝရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သလော။ အလွန်ဆုံးအနေဖြင့်၊ ယင်းသည် လူတစ်ဦး၏ လူ့သဘာဝနှင့်ဆိုင်သော အရည်အချင်းတစ်ခု သို့မဟုတ် အားသာချက်တစ်ခုသာ ဖြစ်သည်။ ယင်းက လူတစ်ဦးတွင် ပုံမှန်လူ့သဘာဝရှိကြောင်းကို မညွှန်ပြနိုင်ပေ။ ၎င်းတို့သည် မိမိတို့၏ ရှုထောင့်ကို ကောင်းမွန်သော ကျိုးကြောင်းဆင်ခြင်မှုဖြစ်သည့်အလား၊ မှန်ကန်သော ပြောဆိုချက်တစ်ခုဖြစ်သည့်အလား ပြောဆိုကြသည်။ ဤသည်မှာ ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို ဖော်ပြခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုစကားများကို ၎င်းတို့ ပြောထွက်နိုင်သည့်အချက်က ၎င်းတို့ပြောနေသည့်အရာသည် မှန်ကန်ခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ မသိကြောင်း သက်သေပြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများတွင် လူ့သဘာဝ ရှိသလော။ (မရှိပါ။) ၎င်းတို့သည် အလွန် ဒုက္ခပေးတတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ ပုံမှန်လူ့သဘာဝရှိသူတစ်ဦး ဖြစ်မည်ဆိုပါက ကောင်းစွာကခုန်သူတစ်ဦးကို ၎င်းတို့ မနာလိုဖြစ်လျှင်ပင် အလွန်ဆုံးအနေဖြင့် ၎င်းတို့က၊ “သူတို့ ကသည့်အခါ သူတို့၏ လက်များနှင့် ခြေထောက်များ မည်မျှ ပေါ့ပါးဖျတ်လတ်သည်ကို ကြည့်ပါလေ။ ကျွန်ုပ်လည်း ကချင်သည်၊ သို့သော် ကျွန်ုပ်တွင် ဤဆုကျေးဇူး၊ ဤအစွမ်းအစ မရှိပါ၊ ကရာတွင် ကျွန်ုပ် မတော်ပါ။ သူတို့ ကောင်းကောင်းကနိုင်သည်ကို ကျွန်ုပ် တကယ် မနာလိုဖြစ်မိသည်။ သူတို့၏ လက်များနှင့် ခြေထောက်များသာ ကျွန်ုပ်၌ ရှိလျှင် အလွန်ကောင်းမည်”ဟု ပြောဆိုပေမည်။ ဤသို့ ပြောဆိုခြင်းသည် အတော်အတန် လက်ခံ၍ရနိုင်နေသေးသည်။ ဤသည်မှာ အမှန်တရားကို မကွယ်မထောင့် ပြောဆိုခြင်းဟု ခေါ်သည်။ အလွန်ဆုံးအနေဖြင့် ဤအရာ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် တစ်စုံတစ်ရာ ရှိနေသော်လည်း ယင်းမှာ မကောင်းသော လူ့သဘာဝရှိခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်ပေ။ သို့ရာတွင် ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို ဖော်ပြခြင်းနှင့်ဆိုင်သည့် ပြဿနာမှာမူ ဆိုးရွားသောပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့က “ကခုန်သောလူများသည် မတည်ငြိမ်သည့်အပြင်၊ ပေါ့ပျက်ပျက်ဖြစ်၏။ ၎င်းတို့သည် ကြီးကြီးမားမား ကိစ္စများ လုပ်နိုင်သောလူများ မဟုတ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် ကျွန်ုပ် ခွဲခြားနိုင်သည်”ဟု ပြောဆိုကြသည်။ ဤစကားများကို ၎င်းတို့ ပြောဆိုနိုင်ခြင်းက ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာကြီးတစ်ခု ရှိကြောင်း ဖော်ထုတ်နေသည်။ အဘယ်ပြဿနာကြီး ဖြစ်သနည်း။ ၎င်းတို့၏ လူ့သဘာဝသည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိခြင်းတည်းနှင့်ဆိုင်သည့် အခြေခံ သတ်မှတ်ချက် ကင်းမဲ့နေသည်။ ၎င်းတို့သည် မှားယွင်းသောအရာများ၊ လွဲချော်သောအရာများနှင့် ကောက်ကျစ်သော အရာများကို ကောင်းမွန်သော ကျိုးကြောင်းဆင်ခြင်မှုနှင့် မှန်ကန်သော စကားများဖြစ်သည့်အလား ပြောဆိုနိုင်ကြသည်။ ဤသည်မှာ ၎င်းတို့တွင် လူ့သဘာဝမရှိကြောင်း ပြသရန် လုံလောက်ပေသည်။ ၎င်းတို့သည် မိမိတို့ သိစိတ်၏ ထိန်းကျောင်းခံရခြင်းမရှိဘဲ မိမိတို့အလိုရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုကြသည်။ ၎င်းတို့သည် ဤစကားများ၏ သဘောသဘာဝကိုဖြစ်စေ၊ ယင်းတို့ကို ပြောဆိုခြင်း၏ အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်ကိုဖြစ်စေ မသိဘဲ ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို ထိုသို့သော ပွင့်လင်းသည့်ပုံစံဖြင့်၊ ထိုသို့သော ကျိုးကြောင်းခိုင်လုံသည့် ခံစားချက်ဖြင့်ပင် ဖော်ပြနိုင်ကြသည်။ ဤသည်မှာ လူ့သဘာဝမရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ လူ့သဘာဝမရှိသော လူတို့သည် ထိုသို့သော မှားယွင်းသည့်အရာများနှင့် အဓိပ္ပာယ်မဲ့သည့်အရာများကို မကြာခဏ ပွင့်ပွင့်လင်းလင်း ပြောဆိုကြသည်။ ဤသည်မှာ ၎င်းတို့၏ ပင်ကို ထုတ်ဖော်ပြချက် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို ကိစ္စတစ်ခု သို့မဟုတ် နှစ်ခုနှင့်ပတ်သက်လာသောအခါမှသာ ပြောဆိုကြခြင်းမဟုတ်။ မှားယွင်းသည့် အချို့သော အတွေးများနှင့် အမြင်များကို ဖော်ပြလျက်၊ ပြီးလျှင် မိမိတို့၏ စိတ်နှလုံးထဲ၌ ထိုသို့ဖြစ်သည်ဟု ယုံကြည်လျက် ကိစ္စရပ်အားလုံးတွင် ၎င်းတို့က ဤသို့ ပြောဆိုကြသည်။ ၎င်းတို့သည် မှန်ကန်သော သို့မဟုတ် အပြုသဘောဆောင်သော ပြောဆိုချက်များကို မည်သည့်အခါမျှ လက်မခံကြသည့်အပြင်၊ မှန်ကန်သော သို့မဟုတ် အပြုသဘောဆောင်သော ပြောဆိုချက်များကို မည်သည့်အခါမျှ မရှာဖွေကြဘဲ ထိုအစား ဤနည်းလမ်းဖြင့် မလျှော့တမ်းပြောဆိုကာ ဤနည်းလမ်းဖြင့် မလျှော့တမ်း ပြုမူကျင့်ကြံကြလေသည်။ သို့ဖြစ်၍ ထိုသို့သော ပုဂ္ဂိုလ်များသည် သေချာပေါက် လူ့သဘာဝမရှိသော လူများဖြစ်သည်။ ၎င်းတို့သည် ဤနည်းလမ်းဖြင့် မရမက ပြောဆိုကြသည်။ ယင်းက ပြဿနာတစ်ခု၊ အဖြစ်မှန်တစ်ခုကို အပြည့်အဝ ဖော်ထုတ်သည်။ ၎င်းတို့သည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိကြသည့်အပြင်၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများအားလုံးက မှန်ကန်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ အကယ်၍ သင်က ၎င်းတို့ကို “အဘယ်အရာက မမှန်ကန်သနည်း”ဟု မေးမြန်းပါက ၎င်းတို့က “ဤပြောဆိုချက်များနှင့် ဆန့်ကျင်သော မည်သည့်အရာမဆို မှားနိုင်ဖွယ်ရှိသည်”ဟု ပြောဆိုကြလိမ့်မည်။ အကယ်၍ သင်က ၎င်းတို့ကို ထပ်မံ၍၊ “သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသော၊ ဓမ္မဓိဋ္ဌာန်ကျသည့် အချက်အလက်များနှင့် ကိုက်ညီသော ထိုစကားများကကော အဘယ်သို့နည်း”ဟု မေးမြန်းပါက ၎င်းတို့က “မည်သူ ဂရုစိုက်သနည်း။ ယင်းတို့ မှန်သလော၊ မမှန်သလောဟူသည်ကို မည်သူ သိမည်နည်း။ မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ် ပြောသောစကားများက မှန်ကန်သည်”ဟု ပြောဆိုကြလိမ့်မည်။ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အမှန်တကယ် ပိုင်ဆိုင်သောသူတစ်ဦး၌ ရှိသင့်သည့် သရုပ်သကန်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) အဖြေမှာ အလွန်သိသာထင်ရှားသည်၊ သေချာပေါက် မဟုတ်ပေ။
စီးပွားရေးလုပ်ခြင်းကို နှစ်သက်သူတစ်ဦးသည် ဘာသာတရားမရှိသူများထံမှ လျှော့စျေးဖြင့်ရောင်းချသော အဝတ်အချို့ကို ဝယ်ယူပြီးနောက် ယင်းမှ အမြတ်အစွန်းအချို့ ဖန်တီးလျက် ညီအစ်ကိုမောင်နှမများထံ ပြန်လည်ရောင်းချလေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် အခြားတစ်ဦးက နွေရာသီဝတ် ရေယွန်၊ ပိတ်ပါးနှင့် ထိုသို့သောအခြားအထည်စအချို့ကို ဝယ်ယူပြီး ဂိုဒေါင်ထဲတွင် သိုလှောင်ထားခဲ့သည်။ ငါက “ယင်းတို့ကို ထိုနေရာတွင် ထားခြင်းသည် မသင့်တော်ပါ။ အချိန်ကြာကြာထားပါက ကြွက်ကိုက်ခြင်း သို့မဟုတ် စိုစွတ်သောရာသီဥတုကြောင့် မှိုတက်ခြင်းတို့ ဖြစ်သွားနိုင်သည်၊ အလွန်နှမြောစရာကောင်းလိမ့်မည်။ ညီအစ်ကိုမောင်နှမများ ဝတ်ရန် အဝတ်များချုပ်လိုက်ပါက ထိုအရာအတွက် ငါတို့ စိတ်ပူစရာလိုတော့မည် မဟုတ်ပါ၊ မှန်သလော” ဟု ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် ငါသည် ဤကိစ္စကို စတင်စီစဉ်ခဲ့သည်။ ငါတို့ လုပ်ဆောင်နေစဉ်တွင် အဝတ်ရောင်းသောသူက ထ၍၊ “မဖြစ်ပါ၊ ကျွန်ုပ် ဤအရာကို လုပ်၍မရပါ။ အနက်ရောင်အထည်သားက အပူစုပ်သည်။ ညီအစ်ကိုမောင်နှမများက နေပူထဲတွင် မကြာခဏ အလုပ်လုပ်ကြသည်၊ အနက်ရောင်အဝတ်များ ဝတ်ပါက သူတို့ အလွန်ပူနေလိမ့်မည်။ အပူဒဏ်ကြောင့် ညီအစ်ကိုမောင်နှမများ နေမကောင်းဖြစ်ပါက သို့မဟုတ် အပူရှပ်ပါက မည်သူ တာဝန်ယူမည်နည်း”ဟု ကန့်ကွက်ခဲ့သည်။ဤစကားသည် မှန်ကန်သည်ဟု ထင်ရသလော။ သင်တို့ မသိကြပေ၊ ဟုတ်သလော။ ဤနေရာတွင် ဓမ္မဓိဋ္ဌာန်ကျသော အချက်တစ်ခု ရှိသည်။ ဤအထည်သားများသည် အလွန်ပါးပြီး လေဝင်လေထွက်ကောင်းကာ ဝတ်ဆင်ရန် အလွန်အေးမြသည်။ အနက်ရောင်အထည်သားသည် ဝတ်ဆင်ရန် အနည်းငယ် ပိုပူလျှင်ပင် အဝတ်ကို အနည်းငယ် ချောင်ချောင်ချိချိ ချုပ်သရွေ့ အချို့သူများ ပြောသကဲ့သို့ လူတို့ကို အပူဒဏ်ကြောင့် နေမကောင်းဖြစ်စေမည် မဟုတ်ပေ။ ထို့အပြင် ဤအထည်သားများသည် အနက်ရောင်ချည်းသာ မဟုတ်ပေ၊ အချို့မှာ အရောင်ဖျော့များ ဖြစ်ကြသည်။ အမှန်မှာ ဤစကားကို ပြောဆိုခဲ့သူ၌ မသမာသော ရည်ရွယ်ချက်များ ရှိခဲ့သည်။ အဘယ်ကြောင့် ငါ ဤသို့ ပြောဆိုရသနည်း။ အကယ်၍ သင်သည် ဆက်စပ်အကြောင်းအရာကို မသိပါက သူသည် ညီအစ်ကိုမောင်နှမများကို အလေးထားသည်ဟု သင် အမှန်တကယ် ထင်ကောင်းထင်ပေမည်။ သို့သော် အကယ်၍ သင်သည် ဆက်စပ်အကြောင်းအရာကို သိခဲ့ပါက ဤသို့ပြောဆိုရာတွင် သူသည် ကိုယ်ပိုင်အကြံအစည်တစ်ခု ရှိသည်ကို သင် သိပေလိမ့်မည်။ အကယ်၍ ညီအစ်ကိုမောင်နှမများသည် ရေယွန်ဖြင့်ပြုလုပ်ထားသော ထိုအေးမြသည့်အဝတ်များကို ဝတ်ဆင်ကြမည်ဆိုလျှင် သူဝယ်ယူထားသော အဝတ်များကို သူ ရောင်းချ၍ရတော့မည်မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများသည် ထိုအဝတ်များကို ဝယ်ကြတော့မည်မဟုတ်။ သူဝယ်ခဲ့သော အဝတ်များအားလုံးသည် လမ်းဘေးဆိုင်များနှင့် လျှော့စျေးဖြင့် ရောင်းချခြင်းများမှဖြစ်ပြီး အရည်အသွေးညံ့သည်၊ ယင်းတို့ကို ဝတ်ဆင်ခြင်းဖြင့် သင်သည် သူတောင်းစားတစ်ဦးနှင့် တူလိမ့်မည်။ အရေးကြီးဆုံးမှာ သူ၏ဈေးနှုန်းများသည် မသက်သာခြင်းပင် ဖြစ်သည်။ ယခု သင်တို့ ဆက်စပ်အကြောင်းအရာကို သိပြီဖြစ်သောကြောင့် သူပြောခဲ့သည့်အရာသည် မှန်ကန်ခြင်း ရှိမရှိကို သင်တို့ အတန်အသင့် နားလည်နိုင်ပြီလော။ (နားလည်နိုင်ပါပြီ။) အဘယ်ကြောင့် သူသည် ဤသို့ ပြောဆိုခဲ့သနည်း။ (သူ၏ကုန်ပစ္စည်းများ မရောင်းရမည်ကို သူ ကြောက်ရွံ့ခဲ့ပါသည်။) သူ၌ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များရှိသည်ဟု သူ မပြောခဲ့ပေ။ သူသည် ထိုအဝတ်များချုပ်လုပ်ခြင်းကို တားဆီးရန်၊ ဤအလုပ်ကို တားဆီးရန် ညီအစ်ကိုမောင်နှမများကို ဂရုစိုက်ပြီး အပူဒဏ်ကြောင့် ၎င်းတို့ နေမကောင်းဖြစ်မည်ကို စိုးရိမ်သည့် အသွင်အပြင်တစ်ခုကို အသုံးပြုခဲ့သည်။ နောက်ထပ် ဓမ္မဓိဋ္ဌာန်ကျသော အချက်တစ်ခုမှာ သူကိုယ်တိုင် နွေပူပူတွင် အနက်ရောင်ဂျင်းဘောင်းဘီရှည်များနှင့် အနက်ရောင်အဝတ်များကို ဝတ်ဆင်ပြီး ပူသည်ဟု မည်သည့်အခါမျှ မပြောခဲ့ခြင်း ဖြစ်သည်။ မည်သည့်အရာ ဖြစ်နေသနည်း။ သူပြောခဲ့သည့်အရာသည် အဖြစ်မှန်များနှင့် မကိုက်ညီပေ။ ငါတို့သည် ညီအစ်ကိုမောင်နှမများအတွက် ရေယွန်အထည်ဖြင့် အဝတ်အချို့ ချုပ်လုပ်လိုခဲ့ပြီး သူက “မဟုတ်ပါ၊ အနက်ရောင်အထည်သားက အလွန်ပူသည်၊ အပူဒဏ်ကြောင့် ညီအစ်ကိုမောင်နှမများကို နေမကောင်းဖြစ်စေလိမ့်မည်”ဟု ပြောဆိုခဲ့သည်။ သူဝတ်ဆင်သော အနက်ရောင်ဂျင်းဘောင်းဘီသည် ရေယွန်ထက် များစွာပိုထူသည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် သူ ပူသည်ဟု မခံစားရသနည်း။ သို့ဆိုလျှင် အနက်ရောင်အဝတ်များသည် အလွန်ပူပြီး အပူဒဏ်ကြောင့် ညီအစ်ကို မောင်နှမများကို နေမကောင်းဖြစ်စေမည်ဟူသော သူ၏စကားသည် မှန်ကန်ခဲ့သလော။ ဤသို့ပြောဆိုချိန်တွင် သူသည် စိတ်ရင်းမှန်နေခဲ့သလော။ သူသည် စိတ်ရင်းမှန်ခြင်း မရှိခဲ့ပေ။ သူသည် သူအမှန်တကယ် ခံစားရသည့်ပုံ ဆန့်ကျင်ပြောနေခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် သူပြောခဲ့သည့်အရာသည် မှန်ကန်သလော၊ မမှန်ကန်သလော။ ယင်းသည် အချက်အလက်များနှင့် ကိုက်ညီခဲ့သလော။ (အချက်အလက်များနှင့် မကိုက်ညီခဲ့ပါ။) သို့ဆိုလျှင် အဘယ်ကြောင့် သူ ဤသို့ ပြောဆိုခဲ့သနည်း။ ဤကိစ္စသည် သူ၏စီးပွားရေးနှင့် ဆန့်ကျင်ကွဲလွဲသောကြောင့် အတိအကျ ဖြစ်ပေသည်။ သူသည် စိတ်ထဲတွင် စိုးရိမ်ပူပန်ခဲ့သော်လည်း မကွယ်မဝှက် မပြောနိုင်ခဲ့သောကြောင့် သူ၏ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်ဟူသော သူ၏ပန်းတိုင်ကို အောင်မြင်စေရန်အလို့ငှာ ဤကိစ္စကို ဖျက်လိုဖျက်ဆီးလုပ်ဖို့အတွက် ဤစကားများကိုသာ အသုံးပြုနိုင်ခဲ့သည်။ ဤအမှုကို စီစဉ်ခဲ့သူမှာ ငါဖြစ်ပြီး သူသည် ဤသို့ ပွင့်ပွင့်လင်းလင်း အနှောင့်အယှက်ပေးခဲ့သည်။ ငါစီစဉ်ခဲ့သည့်အရာကို သူ ကန့်ကွက်စရာ တစ်ခုတလေရှိခဲ့ပါက ငါ့ထံသို့ တိုက်ရိုက် လာပြော၍ရသော်လည်း သူ ထိုသို့ မလုပ်ခဲ့ပေ။ အပြင်ပန်းအားဖြင့်၊ သူသည် မည်သည့်ကန့်ကွက်ချက်မျှ လုံးဝမရှိဟုထင်ရလျက်၊ အလွန်ကောင်းမွန်စွာ ဟန်ဆောင်ခဲ့သော်လည်း နောက်ကွယ်တွင်မူ သူသည် လုံးဝ အလျှော့မပေးဘဲ အလုပ်ကို သေးသိမ်စေခဲ့သည်။ သူသည် မည်သည့်အရာကို ပြောဆိုခဲ့သနည်း။ “ညီအစ်ကိုမောင်နှမများအားလုံးတွင် ဝတ်စရာအဝတ်များ ရှိကြပြီး သူတို့ ကောင်းမွန်စွာ ဝတ်စားနေကြသည် မဟုတ်လော။ ဤအဝတ်များကို ချုပ်ရန် လူအများကြီးသုံးပြီး အားထုတ်မှု အများကြီးလုပ်ရန် လိုအပ်သလော”ဟူ၍ ဖြစ်သည်။ သူသည် ငါ့ရှေ့တွင် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ နောက်ကွယ်တွင်သာ အလုပ်ကို ဤသို့ သေးသိမ်စေခဲ့သည်။ ဤစကားများကို သူ ပြောဆိုခဲ့ချိန်တွင် ယင်းတို့သည် မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သူ၏စိတ်နှလုံးထဲ၌ သူ သိခဲ့သလော။ အကယ်၍ သူသည် ဤအရာကို သာမန်လူတစ်ဦးထံ လုပ်ဆောင်ခဲ့ပြီး မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သူ၏စိတ်နှလုံးထဲ၌ သိရှိခဲ့ကာ လောဘအားဖြင့် မမြင်မကန်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ၏ စေ့ဆော်မှုကြောင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါက ဤသည်မှာ သူ၏ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်သော ပြဿနာတစ်ခုသာ ဖြစ်ပေမည်။ သို့သော် သူသည် ဤလုပ်ရပ်ဖြင့် ငါ့ကို ပစ်မှတ်ထားနေခဲ့ခြင်းဖြစ်ပြီး အလုပ်ကို သေးသိမ်စေရန် ဤအရာများကို သူပြောဆိုပြီးနောက် ယင်းတို့က မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သူ မသိခဲ့ပေ။ သူ၏စိတ်နှလုံးထဲတွင် ဤအရာကို သိသည့်အသိ မရှိခဲ့သည့်အပြင်၊ မိမိကိုယ်ကို အပြစ်တင်ခြင်း တစ်ခုတလေလည်း မခံစားခဲ့ရဘဲ သူ့လုပ်ရပ်များ၏ သဘောသဘာဝကိုလည်း သူ မသိခဲ့ပေ။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ သူသည် လူ့သဘာဝ ရှိသလော။ (မရှိပါ။) သူသည် ထိုသို့သော ကြီးလေးသည့်လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့သော်လည်း သူ၏စိတ်နှလုံးထဲတွင် မည်သည့်အရာမျှ မခံစားခဲ့ရပေ။ ငါ့ကို ပြောလော့၊ သူသည် သိစိတ် ရှိခဲ့သလော။ (မရှိပါ။) သူ သိစိတ်မရှိခဲ့ပေ၊ ယင်းမှာ မြင်ဖို့အတွက် သိသာထင်ရှားသည်။ ယင်းမှာ သာမန်လူတစ်ဦးကပင် သင့်လျော်သောကိစ္စများကို ဆောင်ရွက်နေခြင်း၊ ဘုရားအိမ်တော်ရှိ ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိသောအရာတစ်ခုကို လုပ်ဆောင်နေခြင်းဖြစ်ပါက သင်သည် ယင်းကို အားပေးထောက်ခံသင့်ပြီး မသေးသိမ်စေသင့်ပေ။ လူတိုင်းသည် ယင်းကို ပြီးမြောက်စေဖို့ သဘောညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သည်။ ငါ ကနဦးအစပြုခဲ့သော ဤအလုပ်ကိုမူ ဆိုဖွယ်ရာဘာမျှမရှိပေ။ သို့တိုင် သူသည် နောက်ကွယ်တွင် ယင်းကို သေးသိမ်စေဝံ့သေးသည့်အပြင် သူ၏ နတ်ဆိုးလက်သည်းများကို ဆန့်ဝံ့သေးသည်။ ဤအရာ၏ သဘောသဘာဝက ဆိုးရွားလွန်းလှသည်။ အလုပ်ကို သေးသိမ်စေပြီးနောက် မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား၊ လူကောင်းတစ်ဦးအဖြစ် ဟန်ဆောင်နေခဲ့သေးသည်။ ငါ့ကို ပြောလော့၊ သူ့တွင် အသိစိတ် တစ်စက်မျှ ရှိခဲ့သလော။ သူသည် ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာပြောနေဆဲဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး၌ ရှိသင့်သည့် ပုံသဏ္ဌာန်လော။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး၌ ရှိသင့်သည့် အသိစိတ်နှင့် လူ့သဘာဝလော။ သူ မည်သူ့ကို ယုံကြည်သည်ကိုပင် သူမသိခဲ့သည့်အပြင် မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်းကြား မပိုင်းခြားနိုင်ခဲ့ပေ။ မည်သည့်တာဝန်ကို သူ ထမ်းဆောင်နိုင်သနည်း။ ထိုသို့သောလူတစ်ဦးက ကောင်းချီးခံစားရရန် မျှော်လင့်နေသေးသည်၊ ယင်းမှာ ပြက်လုံးတစ်ခု မဟုတ်လော။ အကယ်၍ သူသည် ငါ့အကြောင်း မှတ်ချက်များဖြင့် ငါ့ကို ကိုယ်တိုင်ကိုယ်ကျ ပစ်မှတ်ထားခဲ့ပြီး အသင်းတော်၏အလုပ်ကို တမင်တကာ သူ အနှောင့်အယှက်ပေးပြီး ဖျက်ဆီးနေခြင်းမဟုတ်ကြောင်းနှင့် သူ၏တာဝန်ထမ်းဆောင်မှုသည် လက်ခံနိုင်ဖွယ်ဖြစ်ကြောင်းကို ငါ မြင်ခဲ့ပါက ငါသည် ယင်းကို လောလောဆယ် သည်းခံပြီး သူ့ကို ဆက်လက်စောင့်ကြည့်နေမည်ဖြစ်သည်။ သို့သော် ငါသည် ဘုရားအိမ်တော်အတွက်လည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများအတွက်လည်းကောင်း လုပ်ဆောင်သင့်သည့်အရာတစ်ခု၊ လူတိုင်းအတွက် အကျိုးရှိသောအရာတစ်ခုကို လုပ်ဆောင်နေခဲ့ပြီး သူသည် ငါ့ကို ဆက်မလုပ်ဆောင်နိုင်အောင် တားဆီးလျက် အနှောင့်အယှက်ပေးကာ ထိုအလုပ်ကို သေးသိမ်စေရန် ထွက်ပေါ်လာခဲ့သည်။ ငါ့ကို ပြောလော့၊ ငါသည် သူ့အပေါ် သက်ညှာသင့်သလော။ အကယ်၍ သူသည် မည်သည့်အရာကိုမျှ ပိုကောင်းစွာ မသိသည့် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသူတစ်ဦးဖြစ်သော်လည်း သူ၏တာဝန်ထမ်းဆောင်မှုသည် များသောအားဖြင့် အကျိုးဖြစ်ထွန်းပါက၊ငါသည် ယင်းကို သည်းခံနိုင်မည်ဖြစ်ပြီး သူ့ကို နောင်တရရန် အခွင့်အရေးတစ်ခု ပေးနိုင်မည်ဖြစ်သည်။ အကယ်၍ သူသည် နောင်တရလိုစိတ်ရှိပြီး ဘုရားအိမ်တော်အတွက် အစေခံမှု ပေးလိုစိတ်ရှိပါက ငါသည် သူ့ကို ချမ်းသာပေးပြီး အရေးမယူဘဲ နေနိုင်မည်ဖြစ်သည်။ အကယ်၍ သူ့အတွက် အဘယ်အရာက ကောင်းသည်ကို သူ မသိသည့်အပြင်၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို ဆက်လက်ထုတ်လွှင့်ကာ အမှုအရာများကို ဆက်လက်အနှောင့်အယှက်ပေးပြီး သေးသိမ်စေမည်ဆိုလျှင် ငါသည် သူ့ကို မည်သည့်လောကဝတ်မျှ ပြမည်မဟုတ်သည့်အပြင်၊ စည်းမျဉ်းများအတိုင်း သူ့ကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။ ဆိုးယုတ်သောလူများနှင့်ပတ်သက်၍ လုပ်ဆောင်နိုင်သမျှမှာ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။ အသင်းတော်ကို အနှောင့်အယှက်ပေးသည့် အမျိုးမျိုးသော ပိုးမွှားအားလုံးကို ရှင်းလင်းဖယ်ရှားလိုက်သောအခါ အသင်းတော်သည် များစွာ ပို၍ အေးချမ်းသွားလိမ့်မည်။ ဤလူမဟုတ်သည့်သူများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ အလွန်ပင် အေးချမ်းသွားပေလိမ့်မည်။ ဝက်များ၊ ကျွဲနွားတိရစ္ဆာန်၊ မြင်းတို့ကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်များသည် အထဲတွင် မွေးမြူရန် မသင့်တော်ပေ။ အကယ်၍ မွေးမြူပါက အကျိုးဆက်မှာ အဘယ်အရာဖြစ်လိမ့်မည်နည်း။ သေချာသည်မှာ၊ အိမ်ကို ဆိုးရွားသောနေရာတစ်ခု၊ ပရမ်းပတာဖြစ်သည့်နေရာတစ်ခု ဖြစ်စေမည်မှာ အသေအချာပင် ဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို သည်းခံနိုင်သည်ဟု ဆိုပါက သင် ရက်မည်မျှကြာအောင် သည်းခံနိုင်မည်ကို ငါ ကြည့်လိုသည်။ အထဲတွင် ထား၍ မသင့်တော်သောအရာများကို အပြင်သို့ ထုတ်ရမည်ဖြစ်သည်။ ၎င်းတို့အတွက် သင့်တော်သည့် မည်သည့်နေရာတွင်မဆို ၎င်းတို့ နေသင့်ပြီး ပြဿနာမှာ ဤသို့ဖြင့် ပြေလည်သွားသည်။ သည်းခံခြင်းသည် အဖြေမဟုတ်။ ပြဿနာကို ဖြေရှင်းခြင်းသာလျှင် အဖြေဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) သင်သည် ဤလူမဟုတ်သူများနှင့် မည်မျှပင် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် ထိုမိတ်သဟာယမှ မည်သည့်အရာကိုမျှ လက်တွေ့လုပ်ဆောင်ကြမည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ကြာ ယုံကြည်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းတို့အပေါ် အမှုအရာများ ကျရောက်လာသောအခါ ဘာသာတရားမရှိသူများကဲ့သို့ ဖြစ်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ကြ။ ၎င်းတို့တွင် အသက်ဝင်ရောက်မှု မရှိသည့်အပြင် ၎င်းတို့အပေါ် အမှုအရာများ ကျရောက်လာသောအခါ ၎င်းတို့သည် အနှောင့်အယှက်ပေးပြီး တမင်ဖျက်ဆီးခြင်းသာ ပြုကြသည်။ ထိုသို့သောလူများသည် မိမိတို့၏ စရိုက်အမှန်ကို မပြသေးချိန်တွင်၊ အတင်တင်ဖြင့် အစေခံမှုအချို့ပေးကြသည်။ သို့သော် ၎င်းတို့၏ စရိုက်အမှန်များ ထုတ်ဖော်ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို လျင်မြန်စွာ ရှင်းလင်းဖယ်ရှားသင့်သည်။ ၎င်းတို့ကို မည်သည့်လောကဝတ်မျှ မပြနှင့်။ အကယ်၍ သင် လောကဝတ်ပြပါက သင်သည် အမှန်တကယ် လူ့သဘာဝရှိသူများ၊ သမ္မာတရားကို လိုက်စားသူများနှင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိသူများအပေါ် ရက်စက်ခြင်း ဖြစ်သည်။
လူ့သဘာဝကင်းမဲ့သော လူများ၏ သိသာထင်ရှားသော လက္ခဏာတစ်ခုမှာ ၎င်းတို့ ပြုမူပြောဆိုသောအခါ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိကြခြင်းဖြစ်သည်။ ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို ၎င်းတို့ အမြဲ ဖော်ပြကြသည်။ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို ၎င်းတို့ မသိကြဟု ငါတို့ ပြောဆိုကြသော်လည်း မှန်ကန်သည့်အရာကို ၎င်းတို့ မည်သည့်အခါမျှ ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း မရှိကြပေ။ မမှန်ကန်သည့်အရာများကိုသာ ၎င်းတို့ ပြောဆိုကြသည်၊ မည်မျှပင် မမှန်ကန်စေကာမူ မည်သည့်အရာကိုမဆို ၎င်းတို့ ပြောဆိုနိုင်ကြသည်။ ဥပမာအနေဖြင့် တစ်ချိန်က မိမိနှင့်မတော်သည့် အဝတ်တစ်ထည်ကို ဝယ်ခဲ့သည့် လူတစ်ဦးရှိခဲ့ပြီး အခြားတစ်စုံတစ်ဦး၏ အဝတ်များသည် ၎င်းတို့နှင့် ကောင်းစွာ တော်သည်ကို သူ မြင်သောအခါ ဒေါသထွက်ပြီး “ဤအရာသည် ကျွန်ုပ်နှင့် မတော်ပါ။ အဘယ်သို့ဖြစ်ပြီး သင့်အဝတ်အစားများသည် သင်နှင့် ဤမျှ ကောင်းစွာ တော်နေရသနည်း”ဟု ပြောဆိုခဲ့သည်။ သူသည် အခြားမည်သူမျှ၏ အဝတ်အစားမျှ ၎င်းတို့နှင့် မတော်ဖို့ကို အသည်းအသန် လိုချင်ခဲ့သည်။ ထိုအခါ သူ ဝမ်းသာမည်ဖြစ်သည်။ ထိုသို့သောအရာများကိုပင် သူ ပြောဆိုနိုင်စွမ်းရှိခဲ့သည်၊ ဤသည်မှာ ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှု မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သူသည် ညဘက်တွင် အိပ်မပျော်နိုင်သည့်အပြင်၊ သင် အလွန် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို မြင်ပါက သူ မလိုမလားဖြစ်လာပြီး “ကျွန်ုပ် အိပ်၍မပျော်ပါ၊ သို့ဆိုလျှင် အဘယ်သို့ဖြစ်ပြီး သင် အိပ်ပျော်နိုင်ရသနည်း။ ဤသည်မှာ ကျိုးကြောင်းဆီလျော်မှုမရှိပါ။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် ဝန်တာစိတ်မရှိသောကြောင့် ဤမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းလော။ ကျွန်ုပ် ဤကိစ္စကို အသင်းတော်ခေါင်းဆောင်ထံသို့၊အထက်သို့ တိုင်ကြားရမည်”ဟု ပြောဆိုပေမည်။ ဤသည်မှာ ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှု မဟုတ်လော။ (ဟုတ်ပါသည်။) ငါသည် နောက်နေခြင်းမဟုတ်၊ ဤသည်မှာ လူ့သဘာဝမရှိသူများနှင့် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိသူများက စကားပြောသည့်ပုံစံ အတိအကျ ဖြစ်သည်။ သူသည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိခဲ့ဟု ငါ အဘယ်ကြောင့် ပြောဆိုရသနည်း။ သူသည် ဤအရာကို ငါ့ထံသို့ တိုင်ကြားခဲ့သည်။ သူပြောသည့်အရာကို ငါ ကြားသောအခါ ငါက “ဤလူ ပြောနေသောအရာနှင့်ပတ်သက်၍ တစ်ခုခုလွဲနေသည်။ ယင်းမှာ မှန်ကန်သော ကျိုးကြောင်းဆင်ခြင်မှု မဟုတ်ပါ။ ဤသည်မှာ လူ့သဘာဝရှိသောသူတစ်ဦး ပြောသင့်သောအရာ မဟုတ်ပါ။ သူသည် လုံးဝ မငယ်တော့သည့်အပြင်၊ ဘုရားသခင်ကို ဆယ်နှစ်ကျော်ကြာ ယုံကြည်ပြီးဖြစ်သော်လည်း သူပြောနေသောအရာ မှန်သလော မမှန်သလောဟူသည်ကိုပင် သူ မသိပါ။ ထိုလူကို တိုင်ကြားရန်အတွက် ဤအရာကို မှန်ကန်သော ကျိုးကြောင်းဆင်ခြင်မှုအဖြစ်ပင် သူ မှတ်ယူနေသည်။ ဤလူသည် အမှားအမှန်ကို မပိုင်းခြားနိုင်ရုံသာမက အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကိုပင် သူ မသိပါ။ သူသည် လူကောင်းတစ်ဦး မဟုတ်ပါ”ဟု တွေးခဲ့သည်။ အကယ်၍ သူသည် ဤကိစ္စကို သင်တို့ထံသို့ ပြောပြခဲ့ပါက သင်တို့သည် ယင်းကို အမှန်တကယ် ပိုင်းခြားနိုင်ခဲ့မည်မဟုတ်သည့်အပြင်၊ သင်တို့ထဲမှ အချို့သည် သူ၏ ကျိုးကြောင်းဆင်ခြင်မှု မှန်ကန်သည်ဟု ယုံကြည်လျက် သူပြောသည့်အရာ၏ လှည့်ဖြားမှုကို ခံရပြီးဖြစ်နိုင်သည်။ ယခု ငါသည် ဤနည်းလမ်းအတိုင်း ယင်းကို ဖော်ပြခဲ့ပြီးဖြစ်သဖြင့်၊ ယင်းက မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သင်တို့ ပြောနိုင်ပြီလော။ (ပြောနိုင်ပါပြီ။) ထိုသို့သောလူများသည် ကောက်ကျစ်ပြီး ယုတ္တိမတန်ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့ပြောနေသည့်အရာက မှန်ကန်ခြင်း ရှိမရှိဟူသည်ကို မသိကြသော်လည်း ပြောဆိုနေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် မမှန်ကန်သော ပြောဆိုချက်များ၊ အတွေးများနှင့် ရှုထောင့်များကို ဖော်ပြပြီး အသိပေးရမည့် အပြုသဘောဆောင်သော အတွေးများနှင့် ရှုထောင့်များအဖြစ် ခံယူနေကြသည်မှာ သိသာထင်ရှားပေသည်။ ဤသည်မှာ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိခြင်း ဖြစ်သည်။ ၎င်းတို့သည် မသိနားမလည်သည့်ပုံ ဟန်ဆောင်နေခြင်းမဟုတ်သည့်အပြင်၊ လူတို့ကို အထင်အမြင်မှားစေရန်၊ ကလေးသူငယ်များကို လှည့်စားရန် ဤစကားများကို အသုံးပြုနေခြင်းလည်း မဟုတ်ပေ။ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို ၎င်းတို့ မသိကြသည်မှာ သိသာထင်ရှားသည်။ ထို့ကြောင့် ၎င်းတို့တွင် လူ့သဘာဝမရှိဟု ငါ ပြောခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော အခြေခံကျသည့်ကိစ္စတွင်ပင် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မခွဲခြားနိုင်ကြပေ။ ၎င်းတို့တွင် စစ်မှန်သော ဆင်ခြင်တုံတရား ရှိသလော။ ၎င်းတို့သည် တည်ကြည်သောလူများ ဖြစ်နိုင်ကြသေးသလော။ ၎င်းတို့သည် မမှန်ကန်သည့်အရာများကို မှန်ကန်သည့်အလား ပြောဆိုကြသည်၊ ယင်းမှာ အမည်းကို အဖြူဟု ပြောဆိုခြင်းနှင့် ညီမျှသည်။ ၎င်းတို့သည် မိမိတို့၏လုပ်ရပ်များတွင် တည်ကြည်နိုင်ကြသေးသလော။ လူတို့ကို မျှတစွာ ၎င်းတို့ ဆက်ဆံနိုင်ကြသလော။ ၎င်းတို့အနေဖြင့် လူတို့ကို မျှတစွာ မဆက်ဆံနိုင်ပေ၊ သို့ဖြစ်လျှင် ၎င်းတို့သည် လူတို့ကို ထိခိုက်စေနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ကြင်နာတတ်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့အနေဖြင့် ဆိုးယုတ်သောလူများ မဖြစ်ချင်ကြသည့်အပြင်၊ အခြားသူများအပေါ် ဖော်ရွေချင်ကြသည်လည်း ဖြစ်နိုင်သော်လည်း အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကိုပင် ၎င်းတို့ မသိကြခြင်း ဖြစ်နိုင်သည်။ ၎င်းတို့သည် အမည်းနှင့်အဖြူကိုပင် မခွဲခြားနိုင်ပေ၊ သို့ဖြစ်လျှင် ၎င်းတို့သည် အခြားသူများအပေါ် မည်သို့ ဖော်ရွေနိုင်မည်နည်း။ ဤသည်မှာ ၎င်းတို့ လက်လှမ်းမမီသောအရာ ဖြစ်သည်။ လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က ကောင်းမွန်ပြီး လူတစ်ဦးတွင် ပိုင်းခြားနိုင်စွမ်းရှိကာ လက်တွေ့လုပ်ဆောင်ခြင်း၏ မှန်ကန်သော စည်းမျဉ်းများကို ရွေးချယ်နိုင်သည့်အခါမှသာ လူတစ်ဦးသည် ကြင်နာနိုင်ပေသည်။ အကယ်၍ သင်သည် တည်ကြည်ပြီး ကြင်နာတတ်သည်ဟု သင်ဆိုပါက ဤအရာ၏ သရုပ်သကန်များ အဘယ်မှာ ရှိသနည်း။ အကယ်၍ သင်သည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကိုပင် မသိပါက မည်သို့ တည်ကြည်ပြီး ကြင်နာနိုင်သနည်း။ မိမိကိုယ်ကို မလှည့်စားနှင့်။ မှန်သလော။ ဤသည်မှာ မိမိကိုယ်ကိုနှင့် အခြားသူများကို လှည့်ဖြားခြင်းဟု ခေါ်သည်။ ထိုသို့သောလူများသည် မိမိတို့၏ ကိုယ်ကျင့်စရိုက်က တည်ကြည်ကြောင်း၊ ၎င်းတို့သည် ကြင်နာတတ်ပြီး ဩဇာအာဏာကို မကြောက်ရွံ့ကြောင်းနှင့် တစ်စုံတစ်ဦးက မှားယွင်းသော အရာတစ်ခုခု လုပ်ဆောင်သည်ကို မြင်သည့်အခါတိုင်း ၎င်းတို့က ထိုသူကို ချက်ချင်း ဆန်းစစ်ဝေဖန်နိုင်ကြောင်း တွေးထင်လျက် မိမိတို့ကိုယ်ကို အထူးသဖြင့် အထင်ကြီးလေးစားကြသည်။ ထိုသို့သော ဆန်းစစ်ဝေဖန်မှုအတွက် သင်၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင် မမှန်ကန်သော အတွေးများနှင့် အမြင်များကို အခြေခံ၍ ၎င်းတို့ကို ဆန်းစစ်ဝေဖန်ပါက သင်သည် ဘုရားအိမ်တော်၏ သမ္မာတရား စည်းမျဉ်းများကို မလိမ့်တပတ်လုပ်လျက် လူကောင်းများကို ညှဉ်းဆဲရာရောက်သွားပေလိမ့်မည်။ ယင်းမှာ လူတို့ကို အထင်အမြင်မှားစေခြင်း မဟုတ်လော။ အကယ်၍ ထိုသို့သောလူတစ်ဦးက အသင်းတော်တွင် အာဏာကိုင်စွဲထားပါက ယင်းမှာ စာတန်က အာဏာကိုင်စွဲထားသည်ဟု ဆိုလိုသည်။ အကယ်၍ စာတန်က အာဏာကိုင်စွဲထားပါက လူအများစုသည် အကျိုးခံစားရသလော သို့မဟုတ် ဆင်းရဲဒုက္ခခံစားရသလော။ (ဆင်းရဲဒုက္ခခံစားရပါသည်။) လူအများစုက ဆိုးရွားစွာ ထိခိုက်မည်ဖြစ်ပြီး အသက်ရှင်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။
ငါတို့ ဆွေးနွေးနေခဲ့ကြသည့် အကြောင်းအရာများအားလုံးသည် လူတို့၏ နေ့စဉ်ဘဝများထဲ၌ အတွေ့ရများသော အချို့သော သရုပ်သကန်အချို့နှင့် ဆက်စပ်သည်။ ဤအကြောင်းအရာများ ဆွေးနွေးသည်ကို ကြားပြီးနောက် သင်တို့ မည်သို့ ခံစားရသနည်း။ ဤအကြောင်းအရာများသည် သမ္မာတရားနှင့် ပတ်သက်မှု တစ်ခုတလေ ရှိသလော။ သင်တို့ နားထောင်လိုစိတ် ရှိသလော။ (ရှိပါသည်။) ဤသည်မှာ အတင်းအဖျင်းမျှသာ ဖြစ်သလော။ ယင်းမှာ လူတို့၏ နောက်ကွယ်တွင် ၎င်းတို့အကြောင်း မကောင်းပြောခြင်း ဖြစ်သလော။ (မဟုတ်ပါ၊ ယင်းမှာ လူတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်ယူစေရန် ဖြစ်ပါသည်။) ယခု ဤမိတ်သဟာယများအား သင်တို့ ကြားပြီးဖြစ်သဖြင့် လူတို့ကို ပိုင်းခြားသိမြင်နိုင်ပြီလော။ (ကျွန်ုပ်သည် ယခင်ကထက် လူတို့ကို အနည်းငယ် ပို၍ ပိုင်းခြားသိမြင်နိုင်သည်ဟု ခံစားရပါသည်။) သင်တို့သည် ယခုတွင် လူတို့ကို အတော်အတန် ပိုင်းခြားသိမြင်နိုင်သင့်ပေသည်။ ယခု ငါသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ဤပုံစံဖြင့် ဥပမာများကို ဆွေးနွေးပြီးဖြစ်ရာ လူတို့ကို သင်တို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပါက သင်တို့၏ အစွမ်းအစမှာ အလွန်ညံ့ဖျင်းပြီး သမ္မာတရားကို သင်တို့ လက်လှမ်းမီခြင်း မရှိပေ။ ဤသို့သော လူများ ဧကန်မုချရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့ မည်သို့ပင် နားထောင်စေကာမူ နားမလည်ကြသည့်အပြင် “သင်ပြောနေသည့်အရာများသည် နေ့စဉ်ဘဝ၏ ကိစ္စရပ်များသာ ဖြစ်သည်၊ ကျွန်ုပ် နားထောင်မည်မဟုတ်ပါ။ ကျွန်ုပ်သည် တတိယကောင်းကင်နှင့်ဆိုင်သည့် နက်နဲသော သမ္မာတရားများကို ကြားလိုသည်။ သင် မိတ်သဟာယဖွဲ့နေသည့်အရာမှာ သမ္မာတရားမဟုတ်၊ အတင်းအဖျင်းချည်းသာ ဖြစ်သည်။ ကျွန်ုပ် နားထောင်မည်မဟုတ်ပါ”ဟုပင် တွေးကြသည်။ သင်သည် အမှန်တကယ် နားမထောင်လိုပါက နားထောင်ရန်မလိုအပ်ပေ။ သို့သော် ငါတို့ ဆွေးနွေးနေသည့် အကြောင်းအရာများက လိုအပ်သည်ချည်းသာ ဖြစ်ပေသည်။ ယင်းတို့အတွင်းရှိ သမ္မာတရားကို နားလည်နိုင်သည့် မည်သူမဆိုသည် လူတို့ကို ပိုင်းခြားသိမြင်နိုင်ပေလိမ့်မည်။ သင် အမှန်တကယ် နားလည်နိုင်ပါက ကောင်းချီးခံစားရသောသူတစ်ဦး ဖြစ်သည်။ မည်သို့ပင် နားထောင်စေကာမူ သင်နားမလည်နိုင်သည့်အပြင်၊ ပို၍ နားထောင်လေ ပို၍ နားဝေတိမ်တောင်ဖြစ်လာလေဖြစ်ပြီး သင့်ကို ပို၍ ခေါင်းကိုက်စေလေဖြစ်ပါက၊ ဤသရုပ်သကန်သည် သင့်အတွက် ကောင်းသော က္ခဏာ သို့မဟုတ် ကောင်းသော နိမိတ် မဟုတ်ပေ။
ငါတို့သည် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မမှန်ကန်သည်ကို သိခြင်းနှင့်ဆိုင်သည့် လူ့သဘာဝတွင်ရှိသော ထူးခြားသည့် လက္ခဏာရပ်အကြောင်းကို ယခုတင် ပြောဆိုခဲ့ကြသည်။ လူတို့က မည်သည့်အရာ မှန်ကန်ပြီး မည်သည့်အရာ မမှန်ကန်သည်ကို မသိခြင်း၏ မတူကွဲပြားသော သရုပ်သကန်များစွာ ရှိသည်။ အကယ်၍ လူတို့သည် မည်သည့်အရာ မှန်ကန်ပြီး မည်သည့်အရာ မမှန်ကန်သည်ကို သိခဲ့လျှင်၊ ကောင်းမည်ဖြစ်ပြီး၊ ဤအကြောင်းအရာကို ငါတို့ ပြောဆိုရန် လိုအပ်မည်မဟုတ်ပေ။ သို့သော် လူများစွာတို့သည် မည်သည့်အရာ မှန်ကန်ပြီး မည်သည့်အရာ မမှန်ကန်သည်ကို မသိကြသောကြောင့် ဤလူစားမျိုးက မည်သည့်အရာ မှန်ကန်ပြီး မည်သည့်အရာ မမှန်ကန်သည်ကို အဘယ်ကြောင့် မသိသည်၊ အလွန် သိသာထင်ရှားစွာ မှန်ကန်သော သို့မဟုတ် မမှန်ကန်သော အမှုအရာများကို ၎င်းတို့ အဘယ်ကြောင့် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသည်ဟူသည်တို့ကို ပိုင်းခြားသိမြင်ရန် ဥပမာအချို့ကို တင်ပြထိုက်ပေသည်။ ဤလူစားမျိုးသည် ထိုသို့သော အဓိပ္ပာယ်မဲ့သည့် စကားများကို အမှန်တကယ် ပြောဆိုနိုင်ပြီး ထိုသို့သော ရယ်ဖွယ်ကောင်းသည့် အမှုအရာများကို လုပ်ဆောင်နိုင်သည်။ ဤတွင် အမှန်တကယ် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဤသည်မှာ မိတ်သဟာယဖွဲ့ထိုက်ပြီး ပိုင်းခြားသိမြင်ထိုက်ပေသည်။ မည်သည့်အရာ မှန်ကန်ပြီး မည်သည့်အရာ မမှန်ကန်သည်ကို သိခြင်းသည် လူတစ်ဦး၏ လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အခြေအနေတစ်ရပ် ဖြစ်သည်။ မည်သည့်အရာ မှန်ကန်ပြီး မည်သည့်အရာ မမှန်ကန်သည်ကို မသိခြင်းသည် လူတစ်ဦး၌ မဖြစ်ပေါ်သင့်သည့် အရာတစ်ခု ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မည်သည့်အရာ မှန်ကန်ပြီး မည်သည့်အရာ မမှန်ကန်သည်ကို အမှန်တကယ် မသိပါက ယင်းမှာ အတော်လေး ဝမ်းနည်းစရာဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် လူတစ်ဦး၌ ရှိသင့်သည့် အရည်အချင်းများ ကင်းမဲ့နေသည်ဟု ဆိုလိုသည်။ ငါတို့သည် အချို့သော တိကျသည့် ဥပမာများနှင့် သရုပ်သကန်များအကြောင်းကို ယခုတင်ပြောဆိုခဲ့ကြပြီး အချို့သောလူများအတွက်မူ ၎င်းတို့က မည်သည့်အရာ မှန်ကန်ပြီး မည်သည့်အရာ မမှန်ကန်သည်ကို သိသာထင်ရှားစွာ မသိကြသည်မှာ အမှန်ပင် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် လူတို့ထံ ယုတ္တိမတန်သော၊ ရန်စသောအရာအချို့သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကားအချို့ကို ပြောနေပါက သို့မဟုတ် လူတို့ကို မူမမှန်သောကျိုးကြောင်းဆင်ခြင်မှုအချို့ကို ဖော်ပြနေခြင်းမျှသာ ဖြစ်ပါက၊ ဤအရာကို မိတ်သဟာယဖွဲ့ရန်နှင့် ပိုင်းခြားသိမြင်ရန် အထူးတလည် တင်ပြဖို့ မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော်၊ ထိုသရုပ်သကန်များသည် သာမန် ဖောက်ပြန်ပျက်စီးသော လူသားများကို ဦးတည်သောကြောင့် ဖြစ်သည်။ သို့သော် မည်သည့်အရာ မှန်ကန်ပြီး မည်သည့်အရာ မမှန်ကန်သည်ကို မသိခြင်းနှင့်ဆိုင်သည့် လူအချို့၏သရုပ်သကန်သည် ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ဦးတည်သည်။ မည်သည့်အရာ မှန်ကန်ပြီး မည်သည့်အရာ မမှန်ကန်သည်ကို မသိသော ဤလူစားမျိုးအတွက်၊ မိတ်သဟာယဖွဲ့ရန် ဥပမာအချို့ကို ငါ မတင်ပြလျှင်၊ လူတိုင်းက ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်ဦးမည် မဟုတ်သေးသည့်အပြင်၊ ဤပြဿနာမျိုး၏ အနှစ်သာရနှင့် ပြင်းထန်မှုကိုလည်း ၎င်းတို့ ထိုးထွင်းသိမြင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ထိုအကြောင်းကို ငါ ပြောဆိုဆွေးနွေးဖို့ လိုအပ်ပေသည်။ အမှုအရာများစွာ ဖြစ်ပျက်ပြီးဖြစ်သည်၊ အကယ်၍ ယင်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်ပါက၊ လူတို့အား သမ္မာတရားကို နားလည်စေပြီး ပိုင်းခြားသိမြင်မှု ရရှိစေရန် ကူညီဖို့ ဤအပျက်သဘောဆောင်သော ဥပမာများကို တင်ပြလျက်၊ ဖြစ်သည့်အတိုင်း ငါ ပြောရမည်ဖြစ်ပြီး လူတိုင်းကိုလည်း ယင်းတို့ထံမှ သင်ခန်းစာများ ယူစေရမည်။ အကယ်၍ အချို့သော ကိစ္စရပ်က လူတစ်ဦးဦးနှင့် သက်ဆိုင်ပါက၊ ပါဝင်ပတ်သက်သူများသည် အရှက်ရသည်ဟု မခံစားသင့်ပေ။ သင်သည် ယခု အရှက်ရသည်ဟု ခံစားရပါက၊ ထိုအချိန်က ထိုအမှုအရာများကို မလုပ်ဆောင်ခဲ့သင့်ပေ။ အချို့သောလူများသည် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မမှန်ကန်သည်ကို မည်မျှအထိ ဆိုးရွားစွာ မသိကြသနည်း။ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မမှန်ကန်သည်ကို မသိခြင်းမှ ဖြစ်လာပြီး အလွန်ဆိုးရွားသော သဘောသဘာဝရှိသည့် ၎င်းတို့ လုပ်ဆောင်သည့်အရာများသည် မည်သည့်လူကိုမျှ ဦးတည်ခြင်းမဟုတ်ဘဲ ငါ့ကို ဦးတည်ခြင်း ဖြစ်သည်။ ငါသည် အသင်းတော်ရှိ လူအများစုကို မရင်းနှီးသည့်အပြင် သိကျွမ်းခြင်း မရှိသည့်အပြင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ တွေ့ဆုံခဲ့ရသည့် ခေါင်းဆောင်နှင့် အမှုဆောင်အချို့ရှိသော်လည်းလူတို့နှင့် တစ်ဦးချင်း မျက်နှာချင်းဆိုင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းမှာ ရှားပါးလှသည်။ အဘယ့်ကြောင့်ဆိုသော် ငါ့တွင် ထိုမျှလောက် အားလပ်ချိန် မရှိသောကြောင့် ဖြစ်သည်။ ဤလူများထဲတွင် အချို့နှင့် ငါ အတော်အသင့် အဆင်ပြေပြေ ပေါင်းသင်း၍ရသော်လည်း အချို့မှာမူ ဆက်ဆံပြောဆို၍ မဖြစ်နိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဆက်လက်၍ ဥပမာအချို့ကို ကြည့်ကြစို့။
ဆောင်းဦးရာသီတစ်ခုတွင်၊ လယ်တော၌ စိုက်ပျိုးထားသော အာလူးများကို ရိတ်သိမ်းခဲ့ကြပြီး ချက်ပြုတ်ရန် တာဝန်ရှိသူသည် လယ်တောသို့ သွားကာ အာလူးတစ်ခြင်း ယူဆောင်လာခဲ့သည်။ အပေါ်ပိုင်းတွင်ရှိသည့် အာလူးများသည် လက်သီးဆုပ်အရွယ်ခန့် ရှိပုံပေါ်ပြီး အသင့်အတင့် ဖြစ်သည်ဟု ထင်ရသည်။ သို့သော် အောက်တွင်ရှိသည့် အာလူးများမှာ အားလုံး သေးငယ်ကြပြီး အချို့မှာ ပုပ်နေသည်။ ငါက၊ “သူတို့က ငါတို့ကို ဤသို့သော အာလူးများကို အဘယ်သို့ဖြစ်ပြီး ပေးနိုင်ရသနည်း။ ဤကဲ့သို့သော အာလူးများကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုသင့်သည် မဟုတ်လော။ လယ်တောမှလူက မှားထည့်လိုက်ခြင်းများ ဖြစ်သလော”ဟု အံ့အားသင့်သွားရသည်။ အကယ်၍ ယင်းမှာ အမှားတစ်ခု အမှန်တကယ် ဖြစ်ခဲ့ပါက၊ အပေါ်ပိုင်းက အာလူးများမှာ အဘယ်ကြောင့် ကောင်းပြီး ပုံမှန်ဖြစ်နေချိန်တွင် အောက်ဘက်မှ အာလူးများမှာ သေးငယ်နေရသနည်း သို့မဟုတ် ပုပ်နေရသနည်း။ ဤအဖြစ်အပျက်သည် ငါ၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်ခဲ့သည်။ အပြင်ပန်းအားဖြင့်၊ အာလူးများကို ထည့်ပေးသူသည် မျက်စိစွေခြင်းမရှိသည့်အပြင် သူ၏ ရုပ်ရည်သွင်ပြင်မှာ သာမန်ဖြစ်သည်။ ငါသည် သူ့ကို အကြိမ်အနည်းငယ် တွေ့ဖူးပြီး စကားအနည်းငယ် ပြောဖူးသော်လည်း၊ ငါတို့တွင် အမှန်တကယ် ထိတွေ့ဆက်ဆံမှု မရှိခဲ့ပေ။ ငါ သူ့ကို မသိဟုပင် ဆို၍ရလုနီးပါးဖြစ်သည်။ ထို့ကြောင့် ဝေဖန်မှု၊ ပြစ်တင်ကြိမ်းမောင်းမှုများ၊ သို့မဟုတ် ပြုပြင်ခြင်းတို့နှင့် ပတ်သက်၍ ပြောစရာအကြောင်း မရှိပေ။ သို့ဆိုလျှင် ဤလူသည် ငါ့ကို ထိုသို့သော သေးငယ်ပြီး ပုပ်နေသည့် အာလူးများကို ပေးလျက် အဘယ်ကြောင့် ဤသို့ ဆက်ဆံရသနည်း။ အကယ်၍ ထိုအာလူးများက ငါ့အတွက်ဖြစ်ကြောင်း သူ မသိခဲ့ပါက၊ အဘယ်ကြောင့် သူသည် အပေါ်တွင် အကောင်းများကို ထားပြီး အောက်တွင် အပုပ်များကို ထည့်ရသနည်း။ သူ ရှင်းလင်းစွာ သိခဲ့သည်။ သို့ဆိုလျှင် ထိုအာလူများက ငါ့အတွက်ဖြစ်ကြောင်း သိလျက်နှင့် အဘယ်ကြောင့် သူသည် ပုပ်နေသော အာလူးများကို ထည့်နေသေးသနည်း။ ထိုအချိန်က သူ မူးဝေနေခဲ့သလော။ သို့မဟုတ် နတ်ဆိုးတစ်ကောင်က သူ၏ လက်များကို ထိန်းချုပ်ခဲ့သလော။ သို့မဟုတ် သူသည် ဝိညာဉ်ဆိုးတစ်ကောင်၏ ဝင်ပူးခြင်းကို ခံခဲ့ရသလော။ ဤသည်မှာ ဖြစ်နိုင်ခြေ သိပ်မရှိပေ။ အကယ်၍ သူသည် ဝိညာဉ်ဆိုးတစ်ခု၏ အမှန်တကယ် ပူးကပ်ခြင်းခံခဲ့ရပါက၊ စိတ်ဖောက်ပြန်သွားမည်ဖြစ်ပြီး ငါ့ထံ အာလူးများကို တကယ်ပင် ယူလာခဲ့မည် မဟုတ်ပေ။ သို့ဆိုလျှင် သူသည် ဝိညာဉ်ဆိုးတစ်ကောင်၏ ဝင်ပူးခြင်းကို မခံခဲ့ရပါက၊ အတော်လေး ပုံမှန်ဖြစ်ပုံရသော ဤလူသည် အဘယ်ကြောင့် ထိုသို့သော အမှုအရာကို လုပ်ဆောင်နိုင်ရသနည်း။ ဤသို့လုပ်ဆောင်ခြင်းသည် လှည့်ဖြားမှုတစ်ရပ်ဖြစ်ကြောင်း သူ မသိခဲ့သလော။ အကယ်၍ သူ၏ စိတ်နှလုံးထဲတွင် ငါ့အပေါ် အမုန်းတရား ထားရှိခဲ့ပါက၊ သူသည် ဤနေရာတွင် သူ၏ တာဝန်ကို ထမ်းဆောင်မည့်အစား ဘုရားအိမ်တော်မှ ထွက်ခွာသွားသင့်သည်။ ထို့အပြင်၊ အကယ်၍ သူသည် ငါ့အပေါ် အမုန်းတရား ထားရှိခဲ့ပါက၊ အကြောင်းရင်းမှာ အဘယ်နည်း။ ငါ့ကို မုန်းရမည့် အဘယ်အကြောင်းရင်း ရှိခဲ့သနည်း။ အကယ်၍ ငါတို့က လူ့သဘာဝအရ ကြည့်မည်ဆိုလျှင်၊ ပထမဦးဆုံးအနေဖြင့်၊ ငါသည် သူ့ကို အကြိမ်အနည်းငယ်သာ တွေ့ဖူးသည်။ သူ မည်သည့်ပုံစံဖြစ်သည်ကို ငါ မသိခဲ့ပေ။ ဒုတိယအနေနှင့်၊ ငါသည် သူနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် ပေါင်းသင်းဆက်ဆံခြင်း တစ်ခုတလေ မရှိခဲ့ပေ။ သူသည် လယ်လုပ်သည်ကိုသာ ငါ သိခဲ့သည်။ သို့ဆိုလျှင် သူသည် ငါ့ကို အဘယ်ကြောင့် ဤသို့ ဆက်ဆံခဲ့သနည်း။ ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ သူသည် ငါ့နှင့်ပတ်သက်၍ အလွန်ခိုင်မာသော အယူအဆများရှိပြီး ငါ့အပေါ် မလိုမုန်းထားမှု အလွန်များခဲ့လျှင်၊ သို့မဟုတ် တစ်စုံတစ်ဦးက သူ့ကို လှုံ့ဆော်ခဲ့လျှင်သာ ထိုသို့သော အမှုအရာတစ်ခုကို လုပ်ဆောင်နိုင်ပေမည်။ ဤလူသည် ထိုသို့သော အမှုကို လုပ်ဆောင်နိုင်ခြင်း၊ သူကိုယ်တိုင် ထိုသို့ လုပ်ဆောင်နိုင်ခြင်းကို စဉ်းစား၍ပင်မရနိုင်သောအရာအဖြစ် သင်တို့ မမြင်ကြသလော။ သင်သည် သာမန်လူတစ်ဦးနှင့် ဆက်ဆံနေလျှင်ပင်၊ သင်ကိုယ်တိုင် ထိုသို့သော အမှုအရာတစ်ခုကို လုပ်ဆောင်နိုင်မည်လော။ သင်သည် စူပါမားကတ်တစ်ခု ဖွင့်ထားလျှင်ပင်၊ လူတို့ကို လိမ်လည်ကာ လှည့်ဖြား၍ မရပေ၊ သင်၏ ဖောက်သည်များကို ထိန်းသိမ်းထားရန်နှင့် သင်၏ ကိုယ်ပိုင်လမ်းကြောင်းကို ဖျက်လိုဖျက်ဆီးမလုပ်မိရန် သင်သည် ယုံကြည်စိတ်ချထိုက်ရပေမည်။ ထို့ပြင်၊ ယခု သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေပြီး၊ ထိုသို့သော အမှုအရာတစ်ခုကို အထူးသဖြင့် ငါ့အပေါ် လုပ်ဆောင်ခြင်းသည် လျော်ကန်သလော၊ ငါ့ကို ပြောလော့။ (မလျော်ကန်ပါ။) သို့ဆိုလျှင် ထိုသို့သော လူတစ်ဦး၏ သဘာဝမှာ အဘယ်အရာဖြစ်သနည်း။ သူ ဤအရာကို လုပ်ဆောင်ခဲ့ချိန်တွင် မည်သည့်အရာ မှန်ကန်ပြီး မည်သည့်အရာ မမှန်ကန်သည်ကို သိခဲ့သလော။ သူ့တွင် အသိ ဘာဆိုဘာမျှမရှိခဲ့ပေ။ အကယ်၍ သူ့တွင် အမှန်တကယ် အသိ ရှိခဲ့ပါက၊ ပုပ်နေသော အာလူးများကို ကောက်ယူတော့မည့်အချိန်တွင်၊ “မဖြစ်ပါ၊ အပုပ်များကို ငါ ယူ၍ မဖြစ်ပါ။ အကောင်းအချို့ကို ယူရမည်။ လူတိုင်းက အစားအစာကောင်းများကို စားရမည် မဟုတ်လော”ဟု သူ တွေးခဲ့ပေမည်။ ငါ စားရန်အတွက်ဖြစ်လျှင် ဆိုဖွယ်ရာမရှိပေ။ ပုပ်နေသော အာလူးများကို ယူခြင်းအား လုပ်ဆောင်ရန် မဆိုထားနှင့် အတွေးသည်ပင် သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်မလာသင့်ပေ။ ယခု အဖြေမှာ အလွန် ရှင်းလင်းနေပြီ မဟုတ်လော။ သူသည် ဤသို့ အဘယ်ကြောင့် လုပ်ဆောင်နိုင်ခဲ့သနည်း။ အကြောင်းမှာ ထိုသို့သော လူများသည် နတ်ဆိုးများ သို့မဟုတ် သားရဲတိရစ္ဆာန်များထံမှ လူပြန်ဝင်စားလာသည်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝထဲတွင် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မမှန်ကန်သည်ကို နားမလည်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝထဲတွင် မှန်ကန်သော လုပ်ရပ်များနှင့် အတွေးအခေါ်များကား အဘယ်အရာဖြစ်သည်၊ မမှန်ကန်သော လုပ်ရပ်များနှင့် အတွေးအခေါ်များကား အဘယ်အရာဖြစ်သည်ဟူသည်တို့ကို ပိုင်းခြားနိုင်သော သို့မဟုတ် စိစစ်နိုင်သောအရာ မည်သည့်အရာမျှ မရှိပေ။ အကယ်၍ ၎င်းတို့သည် တိရစ္ဆာန်များ သို့မဟုတ် နတ်ဆိုးများထံမှ လူဝင်စားခြင်း မဟုတ်ပါက၊ လမ်းလျှောက်နေသော အလောင်းကောင်များ ဖြစ်ကြသည်။ သို့ဆိုလျှင် ထိုသို့သော လူတစ်ဦးက ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်သနည်း။ ၎င်းတို့က၊ “ကျွန်ုပ် ယုံကြည်သည်မှာ ဘုရား ဖြစ်သည်။ သင်သည် လူတစ်ဦးမျှသာ ဖြစ်သည်၊ သင်သည် ကျွန်ုပ်ကို အဘယ်အရာ လုပ်နိုင်သနည်း”ဟု ပြောကြသည်။ ဤစကားများတွင် ဆင်ခြင်တုံတရားတစ်ခုတလေ ရှိသနည်း။ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းဖြစ်သလော။ ဘုရားသခင်ကို ဤသို့ ဆက်ဆံခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ ဘုရားသခင်သည် ဤယုံကြည်မှုမျိုးကို အလိုမရှိပေ။ ၎င်းတို့က၊ “ဘုရားသခင်က ကျွန်ုပ်ကို အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင် ပြောပိုင်ခွင့်မရှိ”ဟုလည်း ပြောကောင်းပြောနိုင်သည်။ ငါက၊ “သင် ပြောနေသည်မှာ မမှန်ကန်ပါ။ အကယ်၍ ငါ ပြောသော စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်ပါက၊ သင် ငါ့ကို ဤသို့ ဆက်ဆံခြင်းနှင့်ပတ်သက်၍ ပြဿနာရှိသည်။ သင်၏ အဆုံးသတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက သတ်မှတ်သည်”ဟု ပြောသည်။ ၎င်းတို့က၊ “ကျွန်ုပ် တတိယကောင်းကင်သို့ သွားပြီး သင့်ကို တိုင်ကြားမည်” ဟု ပြောကြသည်။ ငါက၊ “သင် အမှန်တကယ် တတိယကောင်းကင်သို့ သွားနိုင်ပါက၊ အမြန်ဆုံး သွားလိုက်ပါ” ဟု ပြောသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများသည် ကြောက်လန့်ဖွယ်ကောင်းသည် မဟုတ်လော။ ထိုသို့သော လူတစ်ဦးနှင့် မည်သူက ပေါင်းသင်းဆက်ဆံရန် လိုလားလိမ့်ဦးမည်နည်း။ သူ မည်သူ့ကို ပစ်မှတ်ထားနေသည်ကို ယခု မပြောကြစို့နှင့်။ အကယ်၍ သူသည် ငါ့ကို ပစ်မှတ်ထားနေခြင်းမဟုတ်ဘဲ၊ လူတစ်ဦးကို ပစ်မှတ်ထားနေခြင်းဖြစ်ပါက၊ သူ၏ လုပ်ရပ်များသည် သိစိတ်၏ စံနှုန်းနှင့် ကိုက်ညီပြီးဖြစ်မည်လော။ (ကိုက်ညီမည်မဟုတ်ပါ။) သူသည် ငါ့အပေါ် ထိုသို့သော အမှုကို လုပ်ဆောင်နိုင်စွမ်းရှိခြင်းသည် မည်သည့် ပြဿနာမျိုး ဖြစ်သနည်း။ သူသည် ငါ့ကိုပင် ထိုသို့သော အမှုအရာကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဖြစ်ရာ၊ သာမန်လူတစ်ဦးကိုလည်း သူ လုပ်နိုင်မည်လော။ ဤကိစ္စကို မည်သို့ အကဲဖြတ်သင့်သနည်း။ ဤလူက ထိုသို့သော အမှုအရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ခြင်းအား ငါ အလွန် အံ့အားသင့်ခဲ့သည်။ သူသည် အဘယ်ကြောင့် ထိုသို့ လုပ်နိုင်ခဲ့သနည်း။ အကယ်၍ သူသည် ဤအရာအား သာမန်လူတစ်ဦးကို လုပ်ခဲ့ပါက၊ သူ့အတွက် သတ်မှတ်ချက်တစ်ခု ငါ ရှိမည်ဖြစ်သည်။ သူ ထိုသို့ လုပ်ဆောင်ခဲ့သည်မှာ မှားယွင်းပေသည်။ ငါ့ကို ဤအရာ လုပ်ဆောင်ခြင်းက မမှန်ကန်သော်လည်း အခြားသူများအပေါ် ဤအရာ လုပ်ဆောင်ခြင်းက မှန်ကန်သည် မဟုတ်ပေ။ ဤပြောဆိုချက်မျိုးသည် မျှတမှုမရှိသည့်အပြင်၊ ခိုင်လုံမှုလည်းမရှိပေ။ အကယ်၍ သူသည် ဤအရာကို ငါ့အပေါ် လုပ်ဆောင်နိုင်ခဲ့ပါက၊ အခြားသူများအပေါ်၊ မည်သူ့ကိုမဆို သူလုပ်ဆောင်နိုင်သည်။ ဤအတွက် အကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဤသည်မှာ နက်နက်နဲနဲ စဉ်းစားသုံးသပ်ထိုက်ပေသည်။ သူသည် ဘုရားသခင်ကို ယုံကြည်ကြောင်းနှင့်ဘုရားသခင်၏ အိမ်တော်သားတစ်ဦးဖြစ်ကြောင်း သူ ပြောဆိုခဲ့သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ငါ့ကို သူ ဤသို့ ဆက်ဆံနိုင်ရသေးသနည်း။ သူသည် ထိုသို့သော ယုတ်ညံ့သည့်အမှုအရာတစ်ခုကို မည်သို့ဖြစ်ပြီး လုပ်ဆောင်နိုင်ခဲ့သနည်း။ သူသည် အလွန်နားလည်ရခက်သော အရာတစ်ခုကို မည်သို့ဖြစ်ပြီး လုပ်ဆောင်နိုင်ခဲ့သနည်း။ သူသည် မိမိကိုယ်ကို အလွန် ကြင်နာတတ်သည်ဟု ယူဆခဲ့သည်၊ သို့ဆိုလျှင် သူသည် ပုပ်နေသော အာလူးများကို အခြားသူများအား စားရန် မည်သို့ဖြစ်ပြီး ပေးနိုင်ခဲ့ရသနည်း။ အဘယ်ကြောင့် သူကိုယ်တိုင် မစားခဲ့သနည်း။ ထိုပုပ်နေသော အာလူးများ၊ သေးငယ်သော အာလူးများနှင့် ဖွံ့ဖြိုးမှုမရှိသော အာလူးများသည် တိရစ္ဆာန်များကို ကျွေးရန်အတွက်ဖြစ်သည်၊ သို့ဆိုလျှင် သူသည် စားရန် လူတို့ကို အဘယ်ကြောင့် ပေးခဲ့သနည်း။ ငါသည် သူ့ကို သမ္မာတရားဖြင့် မတိုင်းတာလျှင်ပင်၊ ကိုယ်ကျင့်တရား ရှုထောင့်မှကြည့်လျှင်ပင်၊ သူ၏ လုပ်ရပ်များသည် လက်ခံနိုင်ဖွယ်မရှိခဲ့ပေ၊ ထို့ကြောင့် သူသည် လူမဟုတ်သောသူဖြစ်သည်ဟု ငါ ဆိုသည်။ ဤသတ်မှတ်ချက်သည် မှန်ကန်တိကျသလော။ မျှတသလော။ (မှန်ကန်တိကျပြီး မျှတပါသည်။) သူသည် သိသာထင်ရှားစွာ မှားယွင်းသည့် ထိုသို့သောအမှုကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ယင်းကို မသိရှိသေးသည့်အပြင်၊ သူသည် စိတ်အေးလက်အေးပင် ခံစားခဲ့ရပြီး၊ သူ၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို အပြစ်တင်ခြင်း တစ်စက်မျှမရှိခဲ့ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်။ သူ့တွင် သိစိတ်မရှိ၊ စိတ်ဝိညာဉ်ပင် မရှိခဲ့ပေ။ သူသည် နတ်ဆိုးတစ်ကောင် သို့မဟုတ် သားရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ အသိ မရှိခဲ့ပေ။ သူသည် လူသားတစ်ဦး မဟုတ်သောကြောင့် သူ့တွင် အသိစိတ်မရှိပေ။ သူသည် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မမှန်ကန်သည်ကို မသိသည့်အပြင်၊ မည်မျှပင် ဆိုးရွားသော အမှားကို ကျူးလွန်စေကာမူ သူ၏ လုပ်ရပ်များက လုံးဝ တရားသည်ဟု အမြဲ ခံစားခဲ့ရပြီး၊ သူ၏ အမှားများကို မည်သည့်အခါကမျှ ဝန်မခံသည့်အပြင်၊ အလားတူ မရမက ဆက်လက်လုပ်ဆောင်ခဲ့သည်။ အခြားသူများက သူ လုပ်ဆောင်ခဲ့သည့်အရာမှာ မှားယွင်းသည်ဟု ဆိုလျက် သူ့ကို သတ်မှတ်သောအခါ၊ သူက မိမိမှာ အလွန် မှန်ကန်သည်ဟု တွေးထင်နေဆဲဖြစ်ပြီး မတရားခံရသည်ဟု ခံစားခဲ့ရသည်။ ယင်းမှာ သင့်ကို မတရားဆက်ဆံခြင်း လုံးဝ မဟုတ်ဟု ငါဆိုသည်။ ယင်းမှာ အချက်အလက်များကို မကိုင်စွဲဘဲ သင့်ကို ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် သင့်တွင် လူ့သဘာဝမရှိဟု သတ်မှတ်ခြင်း မဟုတ်ပေ။ ထိုထက်၊ အားလုံးမြင်ဖို့အတွက် ရှိနေသည့် ထိုသို့သော ဆိုးရွားသည့် အချက်အလက်များဖြင့်၊ သင့်တွင် လူ့သဘာဝရှိသည်ဟု မည်သူက ပြောနိုင်ဦးမည်နည်း။ ဤအချက်အလက်များကို သက်သေအဖြစ်ထားလျက်၊ မည်သူမျှ ငြင်းပယ်နိုင်မည်မဟုတ်ပေ။ သင့်တွင် လူ့သဘာဝရှိကြောင်း၊ သင်သည် ကြင်နာပြီး ဖြောင့်မတ်ကြောင်း ငါ ပြောချင်ခဲ့သော်လည်း၊ သင် လုပ်ဆောင်ခဲ့သည့်အရာ၏ သဘောသဘာဝမှာ အလွန် ယုတ်ညံ့လှသည်။ ယင်းမှာ စာတန်က ဘုရားသခင်ကို လှောင်ပြောင်ခြင်းနှင့် သဘောသဘာဝ တူညီသည်၊ စာတန်က ဘုရားသခင်အား လောက၏ စည်းစိမ်ဥစ္စာများနှင့် ဘုန်းအသရေကို ပြသပြီး၊ “ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏”ဟု ပြောဆိုခဲ့သကဲ့သို့ အဖြူကို အမည်းပြောင်းခြင်းပင် ဖြစ်သည်။ လောကတွင်ရှိသည့် အရာရာနှင့် အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည် တည်ရှိသမျှ အရာအားလုံးနှင့် အရာရာတိုင်းကို ဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည် ဤအရာအားလုံးကို မွေ့လျော်ခံစားသင့်သည်၊ သင် မွေ့လျော်မခံစားသင့်ပေ၊ သင် ထိုသို့မွေ့လျော်ခံစားရန် အရည်အချင်းမပြည့်မီပေ။ သင် မွေ့လျော်ခံစားရသည့်အရာမှာ ဘုရားသခင်က သင့်အပေါ် ပေးသနားပြီးဖြစ်သည့်အရာ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်သည်၊ ဘုရားသခင်အား သင့်ကို ကိုးကွယ်စေရန် မဟုတ်ပေ။ ဤလူသည် ထိုသို့သော သိသာထင်ရှားပြီး ရိုးရှင်းသော ခံယူချက်ကိုပင် နားမလည်ခဲ့သည့်အပြင်၊ အာလူးအနည်းငယ် ရရှိရန်အတွက် ငါက သူ၏ စိတ်နေစိတ်ထားကို အကဲခတ်ပြီး သူ ပျော်ရွှင်နေခြင်း ရှိမရှိဟူသည်ကို ကြည့်ရှုရမည်ဟုပင် တွေးထင်ခဲ့သည်။ အကယ်၍ သူ စိတ်မကြည်မလင်ဖြစ်နေပါက၊ သူတောင်းစားကို ဆက်ဆံနေသည့်အလား ငါ့ကို ပုပ်နေသော အာလူးအချို့ သူပေးပေမည်။ ငါသည် သူ့ထံမှ နှိပ်စက်ခြင်းကို သည်းညည်းခံဖို့ ဖြစ်နေခဲ့သည်။ ဤသည်မှာ ဖြစ်နိုင်သလော။ ငါသည် ထိုအရာကို သည်းခံနိုင်မည်လော။ (သည်းခံနိုင်မည် မဟုတ်ပါ။) ထိုသို့သော လူတစ်ဦးကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (သူ့ကို ချက်ချင်း သန့်စင်ဖယ်ရှားသင့်ပါသည်။) ထိုသို့သော လူတစ်ဦးကို စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြင့် ကိုင်တွယ်သင့်သည်။ ပြီးလျှင် ဤသည်မှာ အမှန်ပင် ဤအမျိုးအစားနှင့်ဆိုင်သည့် တစ်ခုတည်းသော အဖြစ်အပျက် မဟုတ်ပေ။ အချို့က၊ “ဤထက် ပို၍ပင် ဆိုးရွားသော အဖြစ်အပျက်များ ရှိသလော”ဟု ဆိုကြသည်။ ရှိသည်မှာ အမှန်ပင်ဖြစ်သည်၊ မဟုတ်လျှင် လူတို့သည် တစ်ဦးနှင့်တစ်ဦး ကွဲပြားသည်ဟု ငါ အဘယ်ကြောင့် ပြောမည်နည်း။ အကယ်၍ ဘုရားသခင်ကို ယုံကြည်သော လူတိုင်းသည် ဘုရားသခင်ကို ကိုးကွယ်နိုင်မည်ဆိုလျှင်၊ တစ်ဦးစီကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ရန် လိုအပ်မည်မဟုတ်ပေ။ လူများစွာတို့သည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် မယုံကြည်သောကြောင့်၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်သည့်၊ မည်သည့် မကောင်းသည့် လုပ်ဆောင်ချက်ကိုမဆို ကျူးလွန်နိုင်စွမ်းရှိသည့် ဆိုးယုတ်သောလူများနှင့် နားဝေတိမ်တောင်ဖြစ်သောလူများ ရှိသောကြောင့်၊ အသင်းတော်၏ အလုပ် အဆုံးသတ်သို့ ရောက်လာသည်နှင့်အမျှ၊ လူတိုင်းသည် ထုတ်ဖော်ခြင်းခံရပြီး ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံကြရခြင်း ဖြစ်သည်။
နောက်ထပ် ဥပမာတစ်ခုအကြောင်း ပြောကြစို့။ လယ်တောတစ်ခုတွင်ရှိသည့် ပြောင်းဖူးများ ရင့်မှည့်နေခဲ့ပြီး၊ တစ်စုံတစ်ဦးက အချို့ကို ငါ့ထံ သွားယူလာခဲ့ပေးသည်။ အနီးအနားမှ လူတစ်ဦးက သူ့အား၊ “ထိုပြောင်းဖူးများကို ကြွက်တက်သွားပြီ၊ မယူနှင့်” ဟု ပြောခဲ့သည်။ သူ တစ်ချက်စဉ်းစားပြီး၊ “ကြွက်တက်သွားပါက အဘယ်သို့ဖြစ်မည်နည်း။ စားသုံး၍မရသေးသလော။ ကျွန်ုပ် ယူသွားလျှင် အဆင်ပြေပါသည်”ဟု ပြောခဲ့သည်။ ထိုပြောင်းဖူးများကို ကြွက်တက်သွားခဲ့ပြီး လူတို့စားရန် မသင့်တော်ကြောင်း သူ ရှင်းလင်းစွာ သိခဲ့သော်လည်း၊ သူသည် ငါ့ထံ မရမက ယူဆောင်ခဲ့သည်။ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ထိုသို့သော လူတစ်ဦးတွင် လူ့သဘာဝ ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ (လူမဟုတ်ဘဲ နတ်ဆိုးဖြစ်ပါသည်။) ငါ့ကို ပြောလော့၊ ကြွက်များ တက်သွားခဲ့သော ပြောင်းဖူးကို သူ၏ မိဘများ သို့မဟုတ် ကလေးအား စားရန် ပေးဖို့ သူ သဘောတူမည်လော။ (တူမည် မဟုတ်ပါ။) အဘယ်ကြောင့် သဘောမတူသနည်း။ (ယင်းမှာ မသန့်ရှင်းကြောင်း၊ စားသုံးခြင်းက သူတို့၏ ကျန်းမာရေးအတွက် မကောင်းကြောင်း သူ သိခဲ့သည်။ သူ၏ မိသားစုကို စားစေလိုစိတ်ရှိမည် မဟုတ်ပါ။) သူသည် သူ၏ မိသားစုကို မပေးနိုင်ကြောင်း သိခဲ့သော်လည်း၊ သူသည် ငါ့ထံ မရမက ယူဆောင်လာပြီး အခြားသူများက သူ့ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ သို့ဆိုလျှင် ဤသည်မှာ မှန်ကန်သလော သို့မဟုတ် မမှန်ကန်သလောဟူသည်ကို သူ သိခဲ့သလော။ (သူ မသိခဲ့ပါ။) အမှန်တွင်၊ ဤသည်မှာ မမှန်ကန်ကြောင်း သူ၏ စိတ်နှလုံးထဲတွင် သူ သိခဲ့သည်။ သို့ဆိုလျှင် အဘယ်ကြောင့် သူသည် ထိုပြောင်းဖူးကို ငါ့ထံ ယူဆောင်လာလိုနေသေးသနည်း။ ငါသည် သူ၏ ရန်သူလော။ ငါသည် သူ့ကို ညှဉ်းဆဲခဲ့သလော သို့မဟုတ် သူ့ကို ထိခိုက်နစ်နာစေခဲ့သလော။ မဟုတ်ပေ၊ ဤအရာတစ်ခုကိုမျှ ငါ မလုပ်ဆောင်ခဲ့ပေ။ ငါသည် သူနှင့် မရင်းနှီးခဲ့သော်လည်း၊ သူသည် ကြွက်များ တက်သွားခဲ့သော ပြောင်းဖူးကို ငါ့ထံ မရမက ယူဆောင်လာခဲ့သည်။ ငါ့ကို ပြောလော့၊ ဤအရာ၏ သဘောသဘာဝမှာ မည်သည့်အရာဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော တစ်စုံတစ်ဦးက အမှန်တကယ် လုပ်ဆောင်ခဲ့သည့်အရာတစ်ခု ဖြစ်သည်။ ယင်းမှာ သင့်ကို အမှန်ပင် အမြင်ပွင့်သွားစေပြီး သင်၏ အမြင်ကို ကျယ်စေသည်။ ယင်းမှာ သင့်အား ပိုင်းခြားသိမြင်မှု ရရှိစေပြီး၊ ဤကျယ်ပြန့်သော လောကကြီးတွင် အမှန်ပင် ထူးဆန်းသောအရာများ မကုန်ဆုံးနိုင်ကြောင်း သင့်အား မြင်စေသည်။ ငါ့ကို ပြောလော့၊ သူသည် ထိုပြောင်းဖူးကို ငါ့အတွက် ယူပေးသောအခါ၊ သူ၏ စိတ်နှလုံးထဲတွင် အသိတစ်ခုတလေရှိခဲ့သလော။ သူ လုပ်ဆောင်နေသည့်အရာမှာ မမှန်ကန်ကြောင်း၊ သူသည် အနည်းဆုံးအနေဖြင့် ကြွက်များ မတက်သွားခဲ့သော ပြောင်းဖူးကောင်းအချို့ကို ယူဆောင်လာသင့်ကြောင်း သူ သိခဲ့သလော။ သူ ဤသို့ တွေးခဲ့သလော။ (သူ့တွင် အသိ မရှိခဲ့ပါ။) ထိုသို့သော အမှုအရာများနှင့် ပတ်သက်လာသည့်အခါ သူ့တွင် အသိ မရှိခဲ့ပေ။ အကယ်၍ ထိုသို့သော ညစ်ညမ်းသည့် ပြောင်းဖူးကို သူ၏ မိခင် သို့မဟုတ် သူ၏ ကလေးထံ ယူဆောင်သွားခဲ့ပါက၊ သူ့တွင် အသိ ရှိပေမည်။ သူ့တွင် လူ့သဘာဝက ရှိသင့်သည့် အသိစိတ်နှင့်ဆိုင်သည့် အသိ မရှိခဲ့ပေ၊ သို့ဆိုလျှင် သူ့တွင် လူ့သဘာဝ ရှိခဲ့သလော။ သူသည် မည်သည့် သတ္တဝါမျိုး ဖြစ်ခဲ့သနည်း။ (လူမဟုတ်ပါ။) သင် မြင်သည့်အတိုင်း၊ ဘုရားသခင်ကို သူ၏ ယုံကြည်မှုတွင်၊ သူသည် သူ၏ တာဝန်ကို ထမ်းဆောင်ခဲ့သည်၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ခဲ့သည်၊ သူသည် ကာယအလုပ်ကို လုပ်နိုင်ခဲ့ပြီး၊ စုဝေးပွဲများကိုလည်း တက်ရောက်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်။ သို့သော် အဘယ်ကြောင့် သူသည် ငါ့ကို ဤမျှ ရင်းနှီးခြင်းမရှိခဲ့ရသနည်း။ အဘယ်ကြောင့် သူသည် ငါ့ကို ဤမျှ အော့ကြော့လန်ခဲ့ရသနည်း။ ငါသည် သူနှင့် စကားအနည်းငယ်ထက် ပို၍ အပြန်အလှန် မပြောဆိုခဲ့ဖူးပေ။ သို့ဆိုလျှင် ငါသည် သူ့ကို မည်သည့်နည်းဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သနည်း။ ငါ ထိတွေ့ဆက်ဆံခဲ့ဖူးသော လူအချို့မှာ အတော်လေး သဘောကောင်းကြပြီး၊ ၎င်းတို့သည် ငါ့ကို အတော်လေး ခင်မင်ရင်းနှီးကြသည်။ လူတိုင်းသည် သူ့ကဲ့သို့ မဟုတ်ပေ။ သို့သော် ငါသည် သူ့ကို မပြစ်မှားခဲ့သည့်အပြင်၊ သူ့ကို ထိခိုက်နစ်နာစေခြင်းလည်း မရှိခဲ့ပေ၊ သို့ဆိုလျှင် သူသည် ငါ့ကို အဘယ်ကြောင့် အလွန်မုန်းတီးခဲ့ရသနည်း။ သင်တို့၏ စိတ်နှလုံးများထဲတွင် ဤအရာအတွက် အဖြေ ရှိပေသည်။ သူသည် ငါ့ကိုသာ မုန်းတီးခဲ့ခြင်း မဟုတ်ပေ၊ လူတိုင်းကို ဤသို့ သူဆက်ဆံသည်။ ဤသည်မှာ သူဖြစ်သည့် သတ္တဝါမျိုး အတိအကျပင် ဖြစ်သည်။ အကယ်၍ သူသည် စီးပွားရေးလုပ်မည်ဆိုလျှင်၊ သူသည် ဧကန်မုချ လိမ်လည်ကာ လှည့်ဖြားမည်ဖြစ်ပြီး၊ မကောင်းသော လုပ်ဆောင်ချက်မျိုးစုံကို လုပ်ဆောင်ပေမည်။ သူသည် လူတို့နှင့် သူ၏ ဆက်ဆံမှုများတွင် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ကန့်သတ်ချက်များ မရှိသည့်အပြင် စည်းမျဉ်းများလည်း မရှိပေ။ သူ၏ စိတ်နှလုံးသည် ဤအမှောင်မိုက်သော အရာများဖြင့် လောင်မြိုက်နေသည်။ ဤသည်မှာ လူတို့နှင့် ဆက်ဆံရာတွင် သူ၏ တစ်သမတ်တည်းဖြစ်သော နည်းလမ်းနှင့် စည်းမျဉ်းဖြစ်ကြောင်း အလွန် သိသာထင်ရှားသည်။ ဤသည်မှာ အမှုအရာများကို သူ ကိုင်တွယ်သည့် နည်းလမ်းနှင့် ပုံစံပင် ဖြစ်သည်။ အချို့သောလူများက၊ “ဤသို့ လုပ်ဆောင်နိုင်ခဲ့သည်ဟူသောအချက်က သူသည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ မဆက်ဆံခဲ့ကြောင်း ဆိုလိုသည်” ဟု ပြောကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ သင်သည် ငါ့ကို သာမန်လူတစ်ဦးကဲ့သို့ သဘောထားလျှင်ပင်၊ ငါ့ကို ဤသို့ သင် မလုပ်ဆောင်သင့်ပေ။ သင်သည် လူ့ကျင့်ဝတ်များကို လိုက်နာနေခြင်းသာ ဖြစ်လျှင်ပင်၊ ဤသို့ မလုပ်ဆောင်သင့်ပေ။ အကယ်၍ အစားအစာကို ကြွက်များ အမှန်တကယ် တက်သွားခဲ့လျှင် သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ကောင် ကိုက်ဖြတ်သွားခဲ့ပြီး ဘက်တီးရီးယားပိုးများ ရှိနေပါက၊ ယင်းကို စူပါမားကတ်တွင်ပင် ရောင်းချ၍မရနိုင်ပေ။ အကယ်၍ တစ်စုံတစ်ဦးက ယင်းကို စားပြီး ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်သွားလျှင်ကော အဘယ်သို့နည်း။ အခြားသူများက သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ သင်၏ အသိစိတ်က အဆင်ပြေမည် မဟုတ်ပေ။ သင် သိနေသည်ဖြစ်ရာ၊ လူတို့ကို စားခွင့်မပြုသင့်ပေ။ ဤသည်မှာ မိမိ၏ သဘာဝနှင့် သက်ဆိုင်ပြီး၊ ကျင့်ကြံပြုမူခြင်း၏ စည်းမျဉ်းများနှင့် သက်ဆိုင်သည်။ သင်သည် မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်း၏ အခြေခံအကျဆုံး ကိုယ်ကျင့်တရား စံနှုန်းများကိုပင် မပိုင်ဆိုင်ဘဲ၊ သင်သည် လူသားတစ်ဦးဖြစ်သည်ဟု တွေးထင်နေသေးသည်။ သင်သည် လုံးဝ လူသားတစ်ဦး မဟုတ်ပေ။ သားရဲတိရစ္ဆာန်တစ်ကောင်ပင်လျှင် သူ့ကို အစာကျွေးသူ၊ သူ့ကို ပြုစုပျိုးထောင်သူ မည်သူ့ကိုမဆို ကာကွယ်သင့်သည်ကို သိသည်။ ဥပမာအားဖြင့် ခွေးတစ်ကောင်ကို ကြည့်လော့၊ သင်သည် သူ့ကို အမြဲ အစာကျွေးပါက၊ သင့်အပေါ် ကောင်းလိမ့်မည်ဖြစ်သည်။ အကယ်၍ သူစိမ်းတစ်ဦး အိမ်သို့လာပြီး တစ်စုံတစ်ခုကို ယူချင်ပါက၊ သူသည် ၎င်းတို့ကို တားဆီးလိမ့်မည်ဖြစ်ပြီး သင့်ကို အကြိမ်တိုင်း ကာကွယ်ပေးလိမ့်မည်။ ခွေးတစ်ကောင်ပင်လျှင် သူ၏ သခင်အပေါ် သစ္စာရှိပြီး ကာကွယ်နိုင်သည်၊ သို့ဆိုလျှင် ထိုလူသည် ဤအဆင့်ကို အဘယ်ကြောင့် မရောက်နိုင်ခဲ့ရသနည်း။ သူသည် ခွေးတစ်ကောင်ထက်ပင် ဆိုးရွားသည် မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် နတ်ဆိုးတစ်ကောင်ဖြစ်သည်ဟု သင် ဆိုပါက၊ လက်ခံရန် သူ တကယ် ငြင်းပယ်ကောင်း ငြင်းပယ်ပေမည်။ သို့ဖြစ်၍ ယခု ဓမ္မဓိဋ္ဌာန်ကျကျ ပြောကြစို့။ ထိုသို့သော လူတစ်ဦးတွင် လူ့သဘာဝမရှိပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ထိုသို့သော အဓိပ္ပာယ်မရှိသည့်အရာ၊ ထိုသို့သော ကိုယ်ကျင့်တရားအရ ဖောက်ပြန်ပျက်စီးသည့်အရာကို လုပ်ဆောင်ပြီးဖြစ်သော်လည်း၊ သူ့တွင် အသိစိတ်နှင့်ဆိုင်သည့် သတိမူမိခြင်း မရှိသည့်အပြင်၊ မည်သည့်အခါမျှလည်း နောင်တမရ၊ ယင်းနှင့်ပတ်သက်၍ စိတ်မကောင်းမဖြစ်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသည် သာမန်လူတစ်ဦးကို ဤသို့ ဆက်ဆံလျှင်ပင်၊ ၎င်းတို့တွင် အသိစိတ်၏ သတိမူမိခြင်း ရှိသင့်သည်၊ ၎င်းတို့သည် စိတ်ထဲတွင် စိတ်မကောင်းဖြစ်သင့်ပြီး၊ ၎င်းတို့ လုပ်ဆောင်နေသည့်အရာမှာ မမှန်ကန်ကြောင်း သိကာ ရပ်တန့်သင့်သည်။ သူ ငါ့ကို ဤသို့ ဆက်ဆံသည့်ကိစ္စနှင့် ပတ်သက်လာသည့်အခါ ဤသည်မှာ ထိုသို့သာ၍ပင် ဖြစ်ပြီး၊ သာ၍ပင် မျှတမှုမရှိပေ။ ငါ့ကို သူ ဤသို့ ဆက်ဆံခဲ့သောကြောင့် ငါ စိတ်ထိခိုက်ခဲ့ခြင်း မဟုတ်သည်မှာ အမှန်ပင်ဖြစ်၏။ ငါ၏ စိတ်နှလုံးသည် အလွန်အလွယ်တကူ စိတ်ထိခိုက်ခြင်း မရှိပေ။ အမှုအရာများကို သူ ကိုင်တွယ်သည့် စည်းမျဉ်းမှာ အလွန် စက်ဆုပ်ဖွယ်ဖြစ်သည်ကို ငါ မြင်တွေ့ခဲ့ခြင်းမျှသာ ဖြစ်သည်။ ယင်းမှာ အသိစိတ်၏ စံနှုန်းကို မပြည့်မီသည်သာမက၊ အလွန်လည်း ယုတ်ညံ့ပြီး အလွန် စက်ဆုပ်ဖွယ်ကောင်းလှသည်။ ဤလူတွင် လူ့သဘာဝ လုံးဝမရှိပေ။ သူသည် အင်မတန် မိမိကိုယ်ကို မှန်သည်ဟု ယူဆကာ ပွင့်လင်းသောပုံစံဖြင့် ထိုသို့သော မှားယွင်းသည့် လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့ပြီး၊ မည်သူမျှ သူ့ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ သူ့တွင် လူ့သဘာဝမရှိဟု ငါ ပြောဆိုခြင်းသည် သူ့ကို မတရားဆက်ဆံခြင်း လုံးဝ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူ့သဘာဝမရှိသူများ ကျူးလွန်သည့် လူ့သဘာဝကင်းမဲ့သော လုပ်ရပ်မျိုး အတိအကျဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သူ၏ အနှစ်သာရ၊ သူ၏ ပင်ကိုလက္ခဏာနှင့် အလွန် ကိုက်ညီလှသည်ချည်းသာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အမှုအရာများကို သင့်လျော်စွာ လုပ်ဆောင်ပြီး၊ လူ့သဘာဝနှင့် အသိစိတ် ရှိပါက၊ ၎င်းတို့တွင် လူ့သဘာဝမရှိဟု ဆိုခြင်းသည် ၎င်းတို့ကို မတရားဆက်ဆံခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် လူ့သဘာဝကင်းမဲ့သော လုပ်ရပ်များကို အမှန်တကယ် ကျူးလွန်ပါက၊ ၎င်းတို့တွင် လူ့သဘာဝမရှိဟု ဆိုခြင်းသည် ၎င်းတို့၏ အနှစ်သာရနှင့် အလွန် ကိုက်ညီပေသည်။ ထိုသို့ ပြောဆိုခြင်းသည် ၎င်းတို့ကို မတရားဆက်ဆံခြင်း မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်။) အချို့သောလူများသည် ငါ ဤစကားများ ပြောသည်ကို ကြားသောအခါ၊ ထင်မြင်ယူဆချက်အချို့ ရှိလာကြပြီး၊ “သင်က ဤအမှုအရာများကို အမြဲ ပြောနေပြီး ကျွန်ုပ်တို့ကို မျက်နှာပျက်စေသည်။ အမှားမလုပ်သူ မည်သူရှိသနည်း”ဟု ဆိုကြသည်။ ဤသို့ တွေးထင်ခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) လူတိုင်း အမှားများ လုပ်တတ်ကြသော်လည်း၊ အမှားများ၏ သဘောသဘာဝမှာ အမှန်တကယ် ကွဲပြားသည်။ အမှားများစွာသည် လူ့သဘာဝနှင့်ဆိုင်သော ပြဿနာများ ပါဝင်ပြီး၊ များစွာသော အမှားများက လူတစ်ဦး၏ သဘာဝ အနှစ်သာရနှင့် သက်ဆိုင်သည်။ အချို့သော အမှားများသည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းမျှသာဖြစ်ပြီး ထိုလူ၏ အနှစ်သာရနှင့်ပတ်သက်သည့် ပြဿနာတစ်ခု ရှိသည်ဟု မဆိုလိုပေ။
နောက်ထပ် ဥပမာတစ်ခုအကြောင်း ငါတို့ ပြောကြစို့။ တစ်နေ့တွင် ငါသည် လယ်တောတစ်ခုသို့ သွားခဲ့ပြီး၊ ထိုနေရာရှိလူတို့က သစ်တော်သီးခူးနေကြသည်နှင့် ကြုံခဲ့သည်။ တစ်စုံတစ်ယောက်က ငါ့ထံသို့ အနည်းငယ် ယူလာပေးခဲ့သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ဤသစ်တော်သီးများသည် အတော်လေး စိမ်းပြီး သိပ်မမှည့်သေးသည်ကို ငါမြင်လိုက်ရသော်လည်း သစ်တော်သီးခူးနေသူသည် ဝင်းဝါနေသော သစ်တော်သီးတစ်လုံးကို ကိုင်ကာ စားနေပြီး စားရင်းဖြင့် “အရမ်းချိုသည်၊ ဤသစ်တော်သီးက အရသာရှိသည်”ဟု ပြောနေသည်ကို ငါမြင်ခဲ့သည်။ သူသည် အလုံးမှည့်များကို သူကိုယ်တိုင်စားရန် ချန်ထားပြီး ငါ့အတွက် သူခူးပေးခဲ့သည့် အလုံးများမှာ အခြေခံအားဖြင့် အားလုံးနီးပါး အစိမ်းများသာ ဖြစ်သည်။ သစ်တော်သီးများ မှည့်ခြင်း၊ မမှည့်ခြင်း ကိစ္စကို ဘေးဖယ်ထားသည့်အခါ၊ သစ်တော်သီးခူးသူသည် စဉ်းစားဉာဏ်ကင်းမဲ့ခြင်း မရှိပေ။ သူသည် ထိုသစ်တော်ပင်များအနီးတွင် နေ့စဉ်နေ့တိုင်း အချိန်ကုန်ဆုံးခဲ့ပြီး မည်သည့်အလုံးများက မှည့်ပြီး မည်သည့်အလုံးများက မမှည့်သည်ကို သူသိနေခဲ့သည်။ ငါက ထိုနေရာသို့ ကြုံကြိုက်သွားခဲ့ရာ သူက သစ်ပင်ပေါ်မှ မမှည့်သေးသော သစ်တော်သီးများကို ခူးပြီး ငါ့ကို ပေးခဲ့သည်။ အမှန်တွင် ငါသည် အသီးအစိမ်းများ သို့မဟုတ် အအေးစာခ အသီးအနှံများ စားရသည်ကို မကြိုက်ပေ။ အထူးသဖြင့် မမှည့်သေးသော အသီးအနှံများကို ငါလုံးဝ မစားနိုင်၊ အကြောင်းမှာ ယင်းက ငါ၏ အစာအိမ်ကို မအီမသာ ဖြစ်စေသောကြောင့် ဖြစ်သည်။ သို့သော် သူက ငါ့ကို မမှည့်သေးသော သစ်တော်သီးများကို ပေးခဲ့စဉ်တွင်၊ သူကမူ အမှည့်တစ်လုံးကို ထုတ်ကာ တစ်ကိုက် ကိုက်လိုက်သည်။ ဤအဖြစ်အပျက်က ငါ့စိတ်ထဲတွင် အလွန်စွဲထင်ကျန်ရစ်ခဲ့သည်။ သူသည် မမှည့်သော သစ်တော်သီးနှင့် မှည့်သော သစ်တော်သီးတို့ကြား ခြားနားချက်ကို ခွဲခြားနိုင်ကြောင်း ငါသိသည်။ အခြားသူများက စဉ်းစားဉာဏ်ကင်းမဲ့ပြီး မခွဲခြားနိုင်ဟု သူယူဆကာ၊ “သင့်ကို သစ်တော်သီးအစိမ်းတစ်လုံး ပေးခြင်းက တော်လောက်ပေပြီ။ အချို့ကိုပင် သင့်ကို ငါပေးနေသေးသည်။ သစ်တော်သီးများ မှည့်သည်၊ မမှည့်သည်ကို သင် မသိပါ၊ သင့်တွင် ထိုအသိပညာ မရှိပါ။ သမ္မာတရားကို ရှင်းလင်းပြတ်သားစွာနှင့် ကျိုးကြောင်းညီညွတ်စွာ သင် ဟောပြောကောင်း ဟောပြောနိုင်သော်လည်း၊ ငါက သင့်အတွက် သစ်တော်သီးအစိမ်းများစွာ ခူးပေးပြီးသည့်နောက်တွင် ငါ သဘောကောင်းကြောင်းနှင့် သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေကြောင်း သင် မုချ တွေးထင်နေဆဲဖြစ်သည်”ဟု စဉ်းစားခဲ့သည်။ ဤအရာကို လုပ်ခဲ့သူသည် အခြားသူများ စဉ်းစားဉာဏ်ကင်းမဲ့ကြောင်းနှင့် အထူးသဖြင့် ငါ ငါ စဉ်းစားဉာဏ်ကင်းမဲ့ကြောင်း တွေးထင်ခဲ့သည်။ ဤမိုက်မဲသောအရာကို သူ လုပ်ဆောင်ခဲ့ချိန်တွင် သူ၏ စိတ်နှလုံးထဲ၌ သတိမူမိခြင်း တစ်ခုတလေ ရှိခဲ့သလော။ (မရှိပါ။) သူ့တွင် သတိမူမိခြင်း မရှိခဲ့ပေ။ သူသည် အခြားသူများကို လှည့်စားခဲ့ပြီးဖြစ်သည်ဟုလည်းကောင်း၊ သူသည် အလွန်လိမ္မာပါးနပ်သည်ဟုလည်းကောင်း သူထင်ခဲ့သည်။ သူသည် လိမ္မာပါးနပ်သလော။ (မပါးနပ်ပါ။) အကယ်၍ သူ အမှန်တကယ် လိမ္မာပါးနပ်ခဲ့ပါက၊ သူသည် ထိုသို့သော လုံးလုံးလျားလျား မိုက်မဲသောအရာကို လုပ်ဆောင်ခဲ့ပြီး မည်သည့် သတိမူမိခြင်းမျှမရှိဘဲ အဘယ်သို့ နေနိုင်သေးသနည်း။ ဤသည်က သူသည် လိမ္မာပါးနပ်ခြင်းမရှိသည့်အပြင်၊ ထိုအစား စိတ်ထားသေးသိမ်ကြောင်းကို သက်သေပြခဲ့သည်။ သူသည် မမှည့်သေးသော သစ်တော်သီးများကို ခူးပြီး ငါ့ကို စားရန် ပေးစဉ်တွင် သူကိုယ်တိုင်မူ မှည့်သော သစ်တော်သီးတစ်လုံးကို ကိုင်ကာ စားခဲ့သည်။ ဤလုပ်ရပ်သည် ရယ်ဖွယ်ကောင်းပုံရသည် မဟုတ်လော။ ငါသည် ထိုကိစ္စကို အရေးမလုပ်ခဲ့သော်လည်း သူလုပ်ခဲ့သည့်အရာက ငါ့စိတ်ထဲတွင် အလွန်စွဲထင်ကျန်ရစ်ခဲ့သည်။ ဤလူသည် ငါ့အပေါ် ဤသို့ လုပ်ဆောင်နိုင်ခဲ့သည်ဟူသောအချက်၊ ဤအရာ၏ သဘောသဘာဝသည် အလွန်ဆိုးရွားသည် မဟုတ်လော။ ဤကိစ္စရပ်တွင် သူ၏ ရှုထောင့်၊ အမှုအရာများကို ကိုင်တွယ်သည့် သူ၏ စည်းမျဉ်းနှင့် သူ၏ လုပ်နည်းကိုင်နည်းတို့အရ သူ၏ လူ့သဘာဝသည် မည်သို့ ရှိခဲ့သနည်း။ သူလုပ်ခဲ့သည့်အရာသည် မမှန်ကန်ကြောင်း၊ လူတို့ကို ဤပုံစံဖြင့် ဆက်ဆံခြင်းသည် မမှန်ကန်ကြောင်း သူသိခဲ့သလော။ (မသိခဲ့ပါ။) မိမိ အလွန်လိမ္မာပါးနပ်သည်ဟု သူ ထင်ခဲ့သည်။ “ငါ မည်သို့ တော်သည်ကို ကြည့်လော့။ ငါက သင့်ကို မမှည့်သေးသော သစ်တော်သီးများကို ပေးခဲ့ပြီး သင်က ခွဲပင်မခွဲခြားနိုင်ခဲ့ပါ။ အလုံးမှည့်တွေအားလုံးကို ငါကိုယ်တိုင်အတွက် ငါချန်ထားခဲ့ပြီး သင်က အလုံးမှည့်တစ်လုံးကို စားရမည် မဟုတ်ပါ။ သင် ထပ်လာလျှင်၊ သင့်အတွက် မှည့်သည့်အလုံးများကို ငါခူးပေးမည် မဟုတ်ပါ။ အလုံးစိမ်းများကိုသာ ငါပေးမည်ဖြစ်သည်။” သစ်တော်သီးခူးသည့် ကိစ္စမျှက သူ့ကို ထုတ်ဖော်ခဲ့သည်။ ဤလူသည် အသုံးမကျသောသူ မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် အသုံးမကျသည့်အပြင် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကိုလည်း မသိပေ။ ငါ့ကို ပြောလော့၊ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုး ဖြစ်သနည်း။ ငါ့အမြင်တွင်မူ သူသည် သားရဲတိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး လူ၏ ပုံပန်းသဏ္ဌာန်သာ ရှိချိန်တွင် လက်တွေ့တွင်မူ သူသည် လူဟု ခေါ်ဆိုခြင်း မခံထိုက်ပေ။ သူလုပ်ခဲ့သောအရာနှင့် သူလုပ်ခဲ့သော ဤအမှားသည် လုံးဝ ယုတ်ညံ့ပြီး တိရစ္ဆာန်တစ်ကောင် လုပ်ဆောင်မည့်အရာထက်ပင် မသာပေ။ လူသားများမှာ သာလွန်သော သတ္တဝါများဖြစ်သည်ဟု လူတို့ အမြဲ ပြောဆိုကြသော်လည်း ငါမြင်သည့်အတိုင်းဆိုလျှင် လူများစွာတို့သည် တိရစ္ဆာန်များထက်ပင် ပို၍ ဆိုးရွားကြသည်။ သူလုပ်ခဲ့သည့်အရာမှကြည့်လျှင်၊ သူ၏ လုပ်ရပ်များနှင့်ဆိုင်သော စည်းမျဉ်းများနှင့် လုပ်နည်းကိုင်နည်းတို့မှ ကြည့်လျှင် သူသည် လူ့သဘာဝမရှိ၊ အစောင့်ခွေးတစ်ကောင်က သူ၏ သခင်အပေါ် သစ္စာရှိသလောက်ပင် သစ္စာမရှိပေ။ ငါတို့အိမ်တွင် ခွေးတစ်ကောင်ရှိသည်။ တစ်ကြိမ်တွင်၊ ၎င်းသည် ဝက်နားရွက်တစ်ဖက်ကို စားနေခဲ့ရာ၊ ငါက “သင် ယင်းကို တကယ် အရသာတွေ့နေသည် မဟုတ်လော။ငါ့ကို တစ်ကိုက်လောက် မပေးဘူးလော” ဟုဆိုကာ ၎င်းကို စနောက်ခဲ့သည်။ ၎င်းသည် ဝက်နားရွက်ကို ချထားပြီး “စားပါ”ဟု ဆိုလိုသည့်အလား ငါ့ဘက်သို့ တွန်းပေးခဲ့သည်။ အသားနှင့် အရိုးတို့သည် ခွေးတစ်ကောင်အတွက် အမြိန်ဆုံးသော အရာများဖြစ်သည်။ ၎င်း၏ ခွေးကလေးက လိုချင်လျှင်ပင် ၎င်းသည် ဝက်နားရွက်ကို ပေးမည်မဟုတ်သော်လည်း ငါက စားချင်သည်ဟု ပြောလိုက်သောအခါ ချက်ချင်းပင် ငါ့ကို ကမ်းပေးခဲ့သည်။ သင်မြင်သည့်အတိုင်း၊ ခွေးတစ်ကောင်ကို သင် မွေးထားသည့်အခါ ခွေးများကို အဘယ်အရာက ချစ်ခင်ဖွယ်ဖြစ်စေသည်ကို ၎င်းထံမှ သင်မြင်တွေ့နိုင်သည်။ သင်သည် ၎င်းကို ဂရုစိုက်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံကာ ၎င်းအတွက် သင်သည် ၎င်း၏ မိသားစုဖြစ်သည်။ ၎င်းထံတွင်ရှိသော အကောင်းဆုံးအရာကို သင်တောင်းလျှင် သင့်ကို ပေးလိမ့်မည်။ ၎င်းသည် သင့်အတွက် ချစ်ခင်တွယ်တာမှု ရှိသည်။ လူတို့သည် ဤအရာကို မတတ်စွမ်းနိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် မည်သို့လျှင် သာလွန်သော သတ္တဝါများ ဖြစ်ကြသနည်း။ နတ်ဆိုးများက လူသားများသည် သာလွန်သော သတ္တဝါများဖြစ်သည်ဟု ဆိုကြသည်။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်း စစ်စစ်ဖြစ်သည်၊ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုနှင့် မိစ္ဆာဒိဋ္ဌိ အယူဝါဒ ဖြစ်သည်။ အကယ်၍ လူတစ်ဦးတွင် လူ့သဘာဝမရှိပါက၊ ဤစာတန်ဆန်သော လောကတွင် အသက်ရှင်နေလျက် ၎င်းတို့သည် မည်သည့်မကောင်းသည့် လုပ်ဆောင်ချက်ကိုမဆို ကျူးလွန်နိုင်သည်၊ ၎င်းတို့ ဆိုး၍ရသလောက် ဆိုးနိုင်သည်၊ ယုတ်ညံ့၍ရသလောက် ယုတ်ညံ့နိုင်သည်၊ အကျည်းတန်၍ရသလောက် အကျည်းတန်နိုင်သည်၊ စက်ဆုပ်ဖွယ်ဖြစ်၍ရသလောက် စက်ဆုပ်ဖွယ်ဖြစ်နိုင်သည်။ အကယ်၍ ၎င်းတို့တွင် အသိစိတ်၏ လုပ်ငန်းဆောင်တာမရှိသည့်အပြင်၊ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိပါက၊ မည်သည့်မကောင်းသည့် လုပ်ဆောင်ချက်ကိုမဆို ကျူးလွန်နိုင်ပြီး မမှန်ကန်သော စကားများ၊ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုများနှင့် မိစ္ဆာဒိဋ္ဌိ အယူဝါဒများ တစ်ခုတလေကို ၎င်းတို့၏ နှုတ်မှ ထွက်စေနိုင်သည်။ လူသားများသည် တိရစ္ဆာန်များထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ တိရစ္ဆာန်များသည် အမှန်တကယ်တွင် ကြောက်မက်ဖွယ်မကောင်းပေ။ ၎င်းတို့သည် အလွန်ရိုးရှင်းသည်၊ အလွန်ဖြူစင်ပြီး အလွန်ရိုးသားသည်။ ငါမွေးထားသော ခွေးငယ်လေးသည် ငယ်စဉ်က ဝက်နားရွက်တစ်ဖက်ကို စားနေရင်း ငါ့ကို မြင်သောအခါ အလွန်ပျော်ရွှင်သွားကာ ခေါင်းခါပြီး အမြီးနှံ့လာခဲ့သည်။ ၎င်းသည် ငါ့ကို ပျော်ရွှင်အောင် လုပ်ရမည်ကို သိသည်။ သို့သော် ငါက ၎င်းကို စနောက်ပြီး ၎င်း၏ အစာကို တောင်းလျှင် ၎င်းသည် ငါ့ကို မပေးဘဲ အမြန်ပုန်းကာ စားပြီးမှသာ ပြန်ထွက်လာသည်။ အသက် နှစ်နှစ် သို့မဟုတ် သုံးနှစ်အရွယ်သို့ ရောက်သောအခါမှစ၍ ၎င်းသည် ကွဲပြားစွာပြုမူလာခဲ့သည်၊ ယခု ၎င်းသည် အသိအလိမ္မာ ရှိလာပြီဖြစ်သည်။ ၎င်းကြိုက်သည့်အရာတစ်ခုခုကို ငါတောင်းသောအခါ ငါ့ကို ပေးသည်။ ငါ့ကို ပေးသည့်အခါ ငါ့ထံမှ မည်သည့်တောင်းဆိုမှုမျှ မပြုသည့်အပြင်၊ ငါ့အပေါ် မည်သည့်မသမာသော ရည်ရွယ်ချက်မျှလည်း မထားရှိဘဲ စစ်မှန်လျက်ရှိသည်။ ၎င်းသည် ငါ့ကို မပေးသည့်အခါတွင်လည်း ငါ့အပေါ် မည်သည့်မလိုတမာစိတ်မျှ မရှိဘဲ ရိုးသားစစ်မှန်လျက်ရှိသည်။ ၎င်းသည် ငါ့ကို ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ရိုးသားစစ်မှန်နေသည်။ ဤသည်တို့မှာ ၎င်း၏ မွေးရာပါ အရည်အသွေးများနှင့် ပင်ကိုအသိစိတ်များ ဖြစ်သည်။ တိရစ္ဆာန်များတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိပေ။ ၎င်းတို့သည် စာတန်၏ ပြုပြင်စီရင်ခြင်း ခံရသော မည်သည့်အရာကိုမျှ မပိုင်ဆိုင်ကြသည့်အပြင်၊ ၎င်းတို့၏ ထုတ်ဖော်မှုများအားလုံးသည် သဘာဝအတိုင်းဖြစ်ပြီး အလွန်တိုက်ရိုက်ကျကာ ရိုးရှင်းသည်။ သင်သည် ၎င်းတို့၏ ရည်ရွယ်ချက်များကို ခန့်မှန်းရန် မလိုအပ်သည့်အပြင်၊ ၎င်းတို့ကို သတိထားကာကွယ်ရန်လည်း မလိုအပ်ပေ။ တိရစ္ဆာန်တစ်ကောင်က သင့်ကို တစ်စုံတစ်ခု ပေးလျှင် ၎င်းသည် သင့်ကို ပေးနေခြင်းဖြစ်ပြီး မပေးလျှင်လည်း မပေးခြင်းသာ ဖြစ်သည်။ ၎င်းပျော်လျှင် ပျော်နေခြင်းဖြစ်ပြီး မပျော်လျှင်လည်း မပျော်ခြင်းသာ ဖြစ်သည်။ ၎င်းသည် စိတ်ခံစားမှုများ၏ ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်သည့်အပြင် သင့်အပေါ် မကောင်းသော ရည်ရွယ်ချက်များလည်း ထားရှိမည် မဟုတ်ပေ။ လူတို့မှာမူ ကွဲပြားသည်။ လူတို့သည် ကြောက်မက်ဖွယ်ကောင်းသည်။ လူ့အရေခွံကို ဝတ်ဆင်ထားလျက် ၎င်းတို့သည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ပါက ၎င်းတို့သည် တိရစ္ဆာန်များထက် သာလွန်ရန် မဖြစ်နိုင်ဘဲ ဆိုး၍ရသလော ဆိုးနိုင်ကြသည်။ ၎င်းတို့ မည်မျှအထိ ဆိုးနိုင်သနည်း။ အသက်ရှင်နေသော နတ်ဆိုးတစ်ကောင်ကို မြင်တွေ့ခဲ့ရသည်ဟု သင် ခံစားရလောက်အောင်၊ ယင်းကို စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်ဟု ခံစားရစေလောက်အောင်၊ သင်၏ အသိစိတ်ကို တုန်လှုပ်စေလောက်အောင်၊ သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများကို ထိုးနှက်ပြီး ဒုက္ခပေးလောက်အောင် ဆိုးနိုင်သည်။ ဤအရာများကို ငါ ခံစားရသောအခါ၊ “ဤသည်မှာ လူတစ်ဦး လုပ်သင့်သည့်အရာလော။ လူတို့သည် အဘယ်သို့ဖြစ်ပြီး အလွန် ဆိုးရွားနိုင်ရသနည်း။ သူသည် ဘုရားသခင်ကို ယုံကြည်သည်၊ အဘယ်သို့ဖြစ်ပြီး ဤအရာများကို သူ လုပ်ဆောင်နိုင်သေးသနည်း”ဟု တွေးလျက်၊ စိတ်ထဲတွင် သက်ပြင်းချမိသည်။ လူတစ်ဦးသည် သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ဆုံးရှုံးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဆိုး၍ရသလောက် ဆိုးနိုင်သည်။ ၎င်းတို့သည် ယခု ဆိုး၍ရသလောက် ဆိုးနိုင်သည်သာမက၊ ပို၍ပင် ဆိုးနိုင်ပြီး ဆက်လက်၍ အကျင့်ပျက်သွားနိုင်သည်။ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို လူတို့မသိခြင်းသည် လူသားမျိုးနွယ်၏ အကျင့်ပျက်ခြင်း အစ၊ လူသားမျိုးနွယ်၏ ကျဆုံးခြင်း အစ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးသည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိပါက၊ ၎င်းတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ ထို့ကြောင့် ၎င်းတို့တွင် လူ့သဘာဝ မရှိသည့်အပြင်၊ ၎င်းတို့တွင် နတ်ဆိုးသဘာဝ ရှိနိုင်ခြေရှိသည်။ နောက်ပိုင်းတွင် ၎င်းတို့ မည်သည့်အရာကို ထုတ်ဖော်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ တစ်သက်တာတွင် မည်သည့်အရာကို အသက်ရှင်နေထိုင်သည်ဖြစ်စေ၊ တိုတိုပြောရလျှင် ၎င်းတို့ ရွေးနှုတ်ခြင်းကို ခံရိလိမ့်မည်မဟုတ်၊ မည်သည့်အခါမျှ ရွေးနှုတ်ခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိပါက၊ တိတိကျကျ ပြောရလျှင် လူ့သဘာဝမရှိပါက၊ ၎င်းတို့သည် ပြုပြင်၍မရနိုင်သည့်အပြင်၊ ရွေးနှုတ်ခြင်းကို မခံရနိုင်ပေ။ ဤသည်မှာ အမှန်တကယ်ပင် ဖြစ်သည့်ပုံစံ ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကိုပင် မသိပါက၊ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီသော အရာတစ်ခုတလေကို ၎င်းတို့ မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ယင်းမှာ အကြုံပြုဖို့ အဓိပ္ပာယ်မရှိသောအရာ ဖြစ်ပေလိမ့်မည်။ အချို့လူများသည် မနာလိုတတ်ပြီး ပဋိပက္ခဖြစ်တတ်ကြသည်။ အကယ်၍ အခြားလူများနှင့် ပဋိပက္ခဖြစ်ပါက၊ သင်သည် ဤအရာ၏ သဘောသဘာဝက အလွန်ဆိုးရွားခြင်းမရှိဟု ထင်ကောင်းထင်မည်ဖြစ်သော်လည်း အချို့လူများသည် ငါနှင့် ပဋိပက္ခဖြစ်ကြသည်။ သို့ဆိုလျှင် ဤ “ဘုရားသခင်ကို ယုံကြည်သူများ” သည် အမှန်တကယ်တွင် မည်သူ့ကို ယုံကြည်ကြသနည်း။ ၎င်းတို့သည် ငါနှင့် ပဋိပက္ခဖြစ်နိုင်သည်ဟူသောအချက်က ဤပြဿနာကို ဆိုးရွားစေသည်။ အချို့လူများသည် ၎င်းတို့၏ ပြဿနာတစ်ခုခုကို ငါထောက်ပြသောအခါ မည်သည့်အခါတွင်မျှ မမေ့ကြသည့်အပြင်၊ နောက်ပိုင်းတွင် အားသာချက်တစ်ခုခုကို ရှာဖွေပြီး လက်တုံ့ပြန်ရန် မည်သည့်နည်းလမ်းအား အသုံးပြုနိုင်သည်ကို ၎င်းတို့ တွေးဆကြသည်။ ဥပမာအားဖြင့်၊ တစ်ချိန်က ငါသည် ဤသို့သော လူတစ်ဦးကို “သင်သည် အမြဲများစွာချက်ပြုတ်သည်၊ အဘယ်ကြောင့် သင်သည် ကွက်တိပမာဏဖြစ်ရုံ မချက်သနည်း”ဟု ပြောခဲ့သည်။ သူက သေချာ စဉ်းစားသည်။ “သင်က ကျွန်ုပ် ချက်ပြုတ်ရမည့် အစားအစာ ပမာဏကို ကျွန်ုပ် ကောင်းစွာ မခန့်မှန်းနိုင်ဟု ဆိုသည်။ ဤသည်မှာ ကျွန်ုပ် ဉာဏ်မထက်မြက်ကြောင်း၊ ကျွန်ုပ် မကောင်းကြောင်းကို သွယ်ဝှိုက်ညွှန်းဆိုနေခြင်း မဟုတ်လော။ သို့ဆိုလျှင် သင် တစ်နပ် ချက်ကြည့်ပါလော”ဟူ၍ဖြစ်သည်။ ငါချက်ပြုတ်ပြီး အကြွင်းအကျန် အနည်းငယ် ရှိပြီးသည့်နောက်တွင်၊ သူသည် မည်သည့်အရာကိုမျှ ကျယ်ကျယ် မပြောခဲ့သော်လည်း စိတ်ထဲတွင်မူ၊ “သင်လည်း ကွက်တိဖြစ်ရုံ ချက်ပြုတ်နိုင်သည် မဟုတ်၊ ဟုတ်သလော။ သင့်ကို လက်တုံ့ပြန်ဖို့ အခွင့်အရေး ကျွန်ုပ် ရှာတွေ့ပြီ။ သင်က ကျွန်ုပ်၏ ပြဿနာကို ဖော်ထုတ်ခဲ့သည်၊ ထို့ကြောင့် ကျွန်ုပ်လည်း သင့်ကို ဖော်ထုတ်မည်”ဟု တွေးခဲ့သည်။ သူသည် ငါ့ကို ပစ်မှတ်ထားရန် နည်းလမ်းများကို အမြဲ ကြိုးစားရှာဖွေနေခဲ့သည်။ အချို့လူများက “သင့်ကို ပစ်မှတ်ထားတဲ့ ဘယ်သူ့ကိုမဆို သင်က အငြိုးအတေးထားခြင်း ဖြစ်သလော။ သို့ဆိုလျှင် တခြားသူများ ပစ်မှတ်ထားခံရတာက အဆင်ပြေပြီး သင့်ကိုမူ ပစ်မှတ်ထား၍မရသလော” ဟု ဆိုကြသည်။ ၎င်းတို့ ထိုသို့ ပြောဆိုခြင်းသည် မှန်သလော။ (မမှန်ပါ။) နောက်ထပ်အခါသမယတစ်ခုတွင်၊ ငါသည် တစ်စုံတစ်ဦးကို စားပွဲ သန့်ရှင်းရေးလုပ်ရန် ပြောခဲ့ရာ သူက “ရှုပ်ပွအောင် လုပ်ခဲ့သည်မှာ ကျွန်ုပ် မဟုတ်ပါ” ဟု ဆိုသည်။ ငါက “သင် မဟုတ်လျှင် သင် သန့်ရှင်းရေးလုပ်၍ ရသေးသည်ပဲ”ဟု ဆိုသည်။ သူက “ကျွန်ုပ် သန့်ရှင်းရေးလုပ်လျှင်ပင် ရှုပ်ပွအောင် လုပ်ခဲ့သူက ကျွန်ုပ် မဟုတ်သည်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေရမည်” ဟု ဆိုသည်။ ငါက သူ့ကို ဗီရိုထဲက ပစ္စည်းများကို သန့်ရှင်းရေးလုပ်ခိုင်းသောအခါ သူက “အထဲတွင်ရှိသည့် ပစ္စည်းများကို ကျွန်ုပ် ဝယ်ခဲ့ခြင်း မဟုတ်ပါ”ဟု ဆိုသည်။ ငါက “ဝယ်ယူခဲ့သူမှာ သင် မဟုတ်သော်လည်း၊ သင် သင် သန့်ရှင်းရေးလုပ်၍ မရဘူးလော။ ငါ တစ်စုံတစ်ခုကို ပြောသည့်အခါ၊ အဘယ်ကြောင့် အရာရောက်ခြင်း အလွန်နည်းရသနည်း။ သင် သန့်ရှင်းရေးမလုပ်မီ မည်သူဝယ်ခဲ့သည်ကို ဦးစွာ သိအောင်လုပ်ရမှဖြစ်မည်လော”ဟု ဆိုသည်။ သူပြောနေသည့်အရာက မှန်ကန်သည် သို့မဟုတ် မမှန်ကန်သည်ကို သူသိခဲ့သလော။ သူသည် မူမမှန်သောကျိုးကြောင်းဆင်ခြင်မှုကို ဖော်ပြနေခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုကို ဖော်ပြနေသည်ဟု ငါပြောခဲ့သော်လည်း ငါက အရှိန်အဝါသုံးနေသည့်အလား၊ ငါ၏ အထူးအဆင့်အတန်းဟူသည်မှာ အခြားသူများက ငါပြောသည့် မည်သည့်အရာကိုမဆို သည်းခံပေးရမည့်သဘောဖြစ်သည်ဟု တွေးထင်လျက် စိတ်ထဲတွင် သူ လက်မခံဘဲရှိနေသည်။ သူ၏ တွေးခေါ်ပုံသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) နောက်ပိုင်းတွင် သူသည် သမ္မာတရားကို လုံးဝ လက်မခံကြောင်းနှင့် မည်သည့်အရာကို ငါ ပြောစေကာမူ သူ၏ စိတ်နှလုံးထဲတွင် လက်ခံမည်မဟုတ်ကြောင်း ငါမြင်တွေ့ခဲ့ရသဖြင့် သူ့အပေါ် ငါ လေမဖြုန်းတော့ပေ။ သူသည် သူလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ပြီး ငါသည် သူ့ကို ခွင့်လွှတ်ကာ သည်းခံခဲ့သည်။ ငါ့တွင် ဤပင်ကိုလက္ခဏာနှင့် အဆင့်အတန်း ရှိသော်လည်း ငါ့စကားကို နားမထောင်သည့်အပြင်၊ ငါ့ကို ဆန့်ကျင်သော လူများ အလွန်များပြားလှသည်။ ငါ့အပေါ် ရိုသေမှုမရှိသော ညီအစ်ကိုမောင်နှမများစွာကို ငါကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရပြီးဖြစ်သည်။ ငါ့အပေါ် အာခံပြီး မကျေမချမ်းဖြစ်ကြသော လူများစွာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ငါ့ကို မနာလိုဝန်တိုပြီး မုန်းတီးသော လူများစွာ၊ ငါ့ကို အထင်သေးပြီး နှိမ်သော လူများစွာ၊ ငါ့ကွယ်ရာတွင် ငါ့ကို ဝေဖန်သော လူများစွာနှင့် လူအများရှေ့တွင် ငါ့ကို လှောင်ပြောင်ပြီး ပြက်ရယ်ပြုသော လူများစွာ ရှိကြသည်။ ၎င်းတို့ကို ငါ မည်သို့ ဆက်ဆံခဲ့သနည်း။ ငါ၏ အနှစ်သုံးဆယ်ကျော်ကြာ အမှုတော်တွင် လူတစ်ဦးတစ်ယောက်ကိုမျှ ငါလက်တုံ့ပြန်ခြင်း မပြုခဲ့ပေ။ ငါ့ပင်ကိုလက္ခဏာကို ပွင့်ပွင့်လင်းလင်း မထုတ်ဖော်ခဲ့သည့်အချိန်တွင် ငါ့အပေါ် ရိုသေမှုမရှိခဲ့သောကြောင့် မည်သူ့ကိုမျှ ငါမုန်းတီးခြင်းမရှိသည့်အပြင် ငါ၏အဆင့်အတန်းကို ငါရယူပြီးနောက်တွင်လည်း ၎င်းတို့ကို ငါညှဉ်းဆဲခြင်း မပြုခဲ့ပေ။ ထိုသို့သောအရာကို ငါတစ်ကြိမ်တစ်ခါမျှပင် မလုပ်ဆောင်ခဲ့ပေ။ ထို့အပြင် ဤလူတို့သည် ငါ့အပေါ် ရိုင်းစိုင်းသော သို့မဟုတ် နာကျင်စေသော အမှုအရာအချို့ကို လုပ်ဆောင်ခဲ့ကြပြီး ငါသည် ၎င်းတို့ကို မည်သည့်အခါမျှ တာဝန်ခံခိုင်းခြင်း မရှိခဲ့ပေ။ သို့ရာတွင် လူတိုင်းက ပိုင်းခြားသိမြင်မှု ရှိလာဖို့ ကူညီရန်အတွက် ဤသို့သော ပြဿနာမျိုးများကို သမ္မာတရားနှင့် ဆက်စပ်၍ ငါမိတ်သဟာယဖွဲ့ရမည်ဖြစ်သည်။ ဤသည်မှာ လူတိုင်းအတွက် အကျိုးရှိသည်။ သို့သော် လူများစွာတို့သည် ဤလူတို့ လုပ်ဆောင်ခဲ့သော အမှုအရာများနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှု မရှိကြပေ။ ၎င်းတို့သည် ထိုသို့သောအမှုများကို ဖော်ပြရန်ပင် မထိုက်တန်သည့်အလား အလေးအနက်မထားကြပေ။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ ထို့ကြောင့် လူတိုင်းကို ပိုင်းခြားသိမြင်မှု ရှိလာစေဖို့ ကူညီရန်အတွက် ထိုသို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းသည် လိုအပ်သည်ချည်းသာ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုသဖြင့်၊ ငါသည် သင့်ကို ယုံကြည်သူတစ်ဦးအဖြစ် ဆက်ဆံသည်။ သင်ထမ်းဆောင်နေသော တာဝန်အပေါ် အခြေခံ၍ ငါသည် သင့်အပေါ် တောင်းဆိုမှုများ ပြုသည်၊ သို့ဖြစ်ရာ သင်သည် ယင်းကို လုပ်ဆောင်သင့်သည် မဟုတ်လော။ သင်သည် ကျိုးနွံနာခံမှု ရှိသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့တွင် ဤပင်ကိုလက္ခဏာနှင့် အဆင့်အတန်းရှိပြီး ဤပင်ကိုလက္ခဏာနှင့် အဆင့်အတန်းဖြင့် သင့်အပေါ် တောင်းဆိုမှုများ ပြုနေခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် ငါပြောသည့်အရာကို ဖန်ဆင်းခံတစ်ဦး၏ သဘောထားဖြင့် သဘောထားသင့်သည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်၊ အခြားမည်သည့် မှတ်ချက်ကိုမျှ သင် မပေးသင့်၊ လုံးဝ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုကို မပြောဆိုသင့်၊ ငါ့ကို မဆန့်ကျင်သင့်ပေ။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင် ရှိသင့်သော အနိမ့်ဆုံး ဆင်ခြင်တုံတရားနှင့် လူ့သဘာဝ၏ သရုပ်သကန်ဖြစ်သည်။ သို့သော် ဤလူသည် ထိုသို့သော သဘောထား ကင်းမဲ့သည်သာမက မူမမှန်သောကျိုးကြောင်းဆင်ခြင်မှုကိုလည်း အသုံးပြုခဲ့သည်။ သူသည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိခဲ့သလော။ မသိခဲ့ပေ။ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိသော လူတို့သည် လူ့သဘာဝကင်းမဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် လူ့သဘာဝမရှိဟု အသေအချာ ပြော၍ရသည်။ အကယ်၍ သာမန်လူတစ်ဦးက သင့်ကို စားပွဲ သန့်ရှင်းရေးလုပ်ကာ ဗီရိုကို စီစဉ်ခိုင်းပြီး သင်က မလုပ်ချင်ပါက သို့မဟုတ် အခြားသူသည် သာမန်လူတစ်ဦးဖြစ်ပြီး သင့်ကို ခိုင်းပိုင်ခွင့်မရှိဟု သင်ခံစားရပါက သင်မလုပ်ဘဲ နေရန် ရွေးချယ်နိုင်သည်။ သို့သော် သင်ပြောခဲ့သော စကားနှစ်ခွန်းဖြစ်သည့် “ရှုပ်ပွအောင် လုပ်ခဲ့သည်မှာ ကျွန်ုပ် မဟုတ်ပါ”ဟူသည်နှင့် “ဗီရိုထဲက ပစ္စည်းများကို ကျွန်ုပ် ဝယ်ခဲ့ခြင်း မဟုတ်ပါ”ဟူသည်တို့မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦး ပြောဆိုမည့် စကားဖြစ်သလော။ ဤသည်မှာ လွန်ကဲစွာ ယုတ္တိမတန်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သာမန်လူတစ်ဦးက သင့်ကို ဤသို့ စကားပြောသောအခါ သင်သည် အာခံတတ်သော်လည်း ယခုမူ သင့်ကို စကားပြောနေသူမှာ ငါဖြစ်ပြီး သင်သည် ငါနှင့်ပတ်သက်၍ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုကို အသုံးပြုဝံ့သေးသည့်အပြင် အမြင်အားဖြင့် မှန်ကန်ပုံရသော်လည်း စင်စစ် မှားယွင်းသော တွေးခေါ်ဆင်ခြင်မှုစနစ်ဖြင့် သင့်ကိုယ်သင် ကာကွယ်ပြောဆိုဝံ့သေးသည်။ သင်သည် ဤသို့ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုကို အသုံးပြုနိုင်ခြင်းက သင်၏ အကျင့်စရိုက်နှင့်ပတ်သက်၍ မည်သည့်အရာ ပြောနေသနည်း။ သင်က “ရှုပ်ပွအောင် လုပ်ခဲ့သည်မှာ ကျွန်ုပ် မဟုတ်ပါ”ဟု ဆိုသည်။ ဆိုလိုသည်မှာ “ရှုပ်ပွစေသူမည်သူမဆို သန့်ရှင်းရေးလုပ်သင့်သည်။ မည်သို့ဆိုစေ၊ ကျွန်ုပ် လုပ်မည် မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ သင်သည် လုပ်သင့်သော အလုပ်ကို လုပ်ဆောင်ရန် ငြင်းဆန်ခဲ့ပြီး မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုကိုပင် အသုံးပြုခဲ့သည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝရှိသော လူတစ်ဦးက အမှုအရာများကို ကိုင်တွယ်သင့်သည့် နည်းလမ်းဖြစ်သလော။ ဤအလုပ်တာဝန်သည် သင်လုပ်သင့်သည့်အရာဖြစ်ပါက သင်သည် ဤစကားကို မပြောဘဲနေသင့်သည် မဟုတ်လော။ ဤစကားကို သင် ပြောဆိုနိုင်သည်အတွက်၊ ဤသည်မှာ သင်သည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိကြောင်း ဆိုလိုသည် မဟုတ်လော။ ဤအရာကို ငြင်းဆန်ရန်နှင့် မလုပ်ဆောင်ရန်အလို့ငှာ သင်သည် ရှုပ်ပွအောင် လုပ်ခဲ့သူမဟုတ်သည့်အပြင် ပစ္စည်းများကို ဝယ်ခဲ့သူလည်း မဟုတ်သောကြောင့် သင် သန့်ရှင်းရေးလုပ်မည်မဟုတ်ဟု ဆိုလျက်၊ သင်၏ ပုဂ္ဂိုလ်ရေး ဒေါသကိုပင် ဖွင့်ချခဲ့သည်။ သင်သည် ထိုအရာကို လုပ်ဆောင်ခြင်းအား ရှောင်ရှားရန် ဆင်ခြေများ စိတ်ကူးရပြီး မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုကို အသုံးပြုခဲ့သည်။ သင်၏ ကျိုးကြောင်းဆင်ခြင်မှုသည် အလွန် မူမမှန်ဖြစ်နေသည် မဟုတ်လော။ သင်သည် ထိုသို့ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုကို သင်၏ နှုတ်မှ ထွက်ခွင့်ပေးနိုင်ခဲ့ပြီး မျက်နှာပြောင်တိုက်သည့် မိမိကိုယ်ကိုယုံကြည်စိတ်ချမှုနှင့် မောက်မာစွာပင် ထိုသို့ လုပ်ဆောင်ခဲ့သည်။ ထိုသို့သော လူတစ်ဦးသည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိပေ၊ ဟုတ်သလော။ ၎င်းတို့တွင် လူ့သဘာဝမရှိ၊ ဟုတ်သလော။ (ဟုတ်ပါသည်။) ငါသည် သင့်ကို ဤသို့ သတ်မှတ်သည်မှာ ငါ့တွင် ဤပင်ကိုလက္ခဏာနှင့် အဆင့်အတန်းရှိပြီး သင်က ငါ့ကို ပစ်မှတ်ထားခဲ့သောကြောင့် မဟုတ်ပေ။ အခြားတစ်စုံတစ်ဦးက သင့်ကို ဤသို့ လုပ်ခိုင်းပြီး သင်က ငြင်းဆန်ကာ အငြင်းအခုံလုပ်ရန် ကြိုးစားခဲ့လျှင်ပင် ဘေးမှ ကြည့်ရှုသူတစ်ဦးအနေဖြင့် ငါသည် သင့်ကို ဤနည်းလမ်းဖြင့်ပင် အကဲဖြတ်ဦးမည်ဖြစ်သည်။ အကြောင်းမှာ သင်ပြောခဲ့သော အရာသည် လူ့သဘာဝနှင့် ကိုက်ညီခြင်းမရှိ၊ မှန်ကန်ခြင်းမရှိ၊ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆ ဖြစ်သောကြောင့် ဖြစ်သည်။ သင်က ထိုအရာ မှန်ကန်ခြင်းမရှိဟု မထင်ခဲ့သည့်အပြင်၊ ကောင်းမွန်သော ကျိုးကြောင်းဆင်ခြင်မှုအဖြစ်ပင် ခံယူခဲ့သည်။ ဤသည်မှာ သင်၏ လူ့သဘာဝအတွင်း၌ အဘယ်အရာရှိသည်ကို ပြသရန် လုံလောက်ပေသည်။ သင်သည် ထိုအချိန်တွင် မထိန်းနိုင်ဘဲ ပြောထွက်သွားခဲ့သည်။ ဤသည်မှာ သဘာဝအတိုင်း ထုတ်ဖော်ခြင်းဖြစ်ပြီး သဘာဝအတိုင်း ထုတ်ဖော်ခြင်းက လူတစ်ဦး၏ လူ့သဘာဝနှင့် အနှစ်သာရကို ကိုယ်စားပြုသည်။ ၎င်းသည် လူတစ်ဦး၏ အနှစ်သာရကို ကိုယ်စားပြုသည်ဟု အဘယ်ကြောင့် ငါဆိုရသနည်း။ သင်သည် ထိုသို့သော အတွေးများနှင့် ရှုထောင့်များကို ထားရှိခြင်းသည် ယာယီဖြစ်သောအရာတစ်ခု မဟုတ်သည့်အပြင် ငါပြောခဲ့သော တစ်စုံတစ်ရာကြောင့် အစပျိုးခဲ့ခြင်းလည်း မဟုတ်ပေ။ ထိုအစား ဤအတွေးများနှင့် ရှုထောင့်များသည် သင်သည် အချိန်ကြာမြင့်စွာ၊ ရက်နှင့်လချီကြာ တွေးတောနေခဲ့သည့်အရာ ဖြစ်သည်။ ထို့အပြင်၊ အချို့အမှုအရာများသည် သင်၏ အကြိုက်အတိုင်း မဟုတ်ခဲ့သောကြောင့် သင်၏ စိတ်နှလုံးသည် မကျေနပ်မှုနှင့် အာခံမှုတို့ဖြင့် ပြည့်နေလျက် သင်သည် အယူအဆများ ဖြစ်ပေါ်လာခဲ့သည်။ သင်၏ ထိန်းချုပ်မှုသည် ခဏတာ လျော့ရဲသွားပြီး သင်၏ စိတ်နှလုံးထဲတွင်ရှိသည့် အကြောင်းအရာများ ဖော်ထုတ်ခြင်း ခံခဲ့ရသည်။ အဘယ်အရာ ဖော်ထုတ်ခြင်း ခံခဲ့ရသနည်း။ သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိကြောင်းနှင့် သင်၏ လူ့သဘာဝက အလွန်ဆိုးယုတ်၊ အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း ဖော်ထုတ်ခြင်း ခံခဲ့ရသည်။ အထက်တွင် ဖော်ပြခဲ့သော လူကို သမ္မာတရား လက်ခံရန် သင်တောင်းဆိုမည်ဆိုလျှင် သူလုပ်နိုင်မည်မဟုတ်ပေ။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရန် သူ့ကို သင်တောင်းဆိုမည်ဆိုလျှင် ယင်းမှာ သူ့အတွက် ပို၍ပင် ဖြစ်နိုင်မည်မဟုတ်။ လူ့သဘာဝမရှိသောသူသည် တိရစ္ဆာန်တစ်ကောင်နှင့် တစ်တန်းတည်းဖြစ်၏။ ယင်းမှာ သူသည် ငါ့အပေါ် မတော်တဆ မှားယွင်းသောအရာတစ်ခုခု လုပ်ခဲ့သောကြောင့် သို့မဟုတ် ငါ့ကို မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကားတစ်ခွန်း ပြောခဲ့သောကြောင့် ငါက သူ့ကို ဤသို့ သတ်မှတ်ခြင်း မဟုတ်ပေ။ သူလုပ်ခဲ့သည့်အရာ၏ သဘောသဘာဝက ဤအရာပင် ဖြစ်သောကြောင့် ဖြစ်သည်။ သူ့ကို ဤသို့ သတ်မှတ်ခြင်းသည် မမျှတခြင်း သို့မဟုတ် မတရားခြင်း မဟုတ်ပေ။ သူသည် ဤစကားများဖြင့် အခြားတစ်စုံတစ်ဦးကို ပစ်မှတ်ထားခဲ့လျှင်ပင် ထိုအရာကို ငါမြင်ခဲ့ပါက သူ့ကို ဤနည်းလမ်းဖြင့်ပင် အကဲဖြတ်မည်ဖြစ်သည်။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသည့်၊ မျှတသော ပြောဆိုချက်ဖြစ်သည်။ သူသည် ထိုသို့ အဓိပ္ပာယ်မရှိသော အရာများကို ပြောဆိုနိုင်ခဲ့သည်၊ ထိုသို့ ယုတ္တိမ&Sdသော ကျိုးကြောင်းဆင်ခြင်မှုကို မြွတ်ဆိုနိုင်ခဲ့ပြီး သူ၏ ထိုသို့ လုပ်ဆောင်ခြင်းသည် သဘာဝအတိုင်း ထုတ်ဖော်ခြင်း ဖြစ်ခဲ့သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ သူ၏ သဘာဝ အနှစ်သာရကို ဖော်ထုတ်ခြင်း မဟုတ်လော။ ဤသည်မှာ သူ၏ စစ်မှန်သော လူ့သဘာဝကို ဖော်ထုတ်ခြင်း မဟုတ်လော။ ဤအရာက သူ့ကို ဖော်ထုတ်ပြီးဖြစ်သည်။ အဘယ်အရာကို ဖော်ထုတ်ပြီးဖြစ်သနည်း။ သူသည် လူ့သဘာဝမရှိကြောင်း ဖော်ထုတ်ပြီးဖြစ်သည်။ လူ့သဘာဝမရှိသော လူတို့သည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိကြသည့်အပြင်၊ ထိုသို့သော မျက်နှာပြောင်တိုက်သည့် မိမိကိုယ်ကို စိတ်ချယုံကြည်မှုဖြင့် ဤအမှုအရာများကို ပြောဆိုလျက်၊ ၎င်းတို့သည် မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုနှင့် မိစ္ဆာဒိဋ္ဌိ အယူဝါဒ တစ်ခုတလေကို စိတ်ကူးရလာနိုင်ကြသည်။ ၎င်းတို့ စကားပြောပြီးသည့်နောက်တွင် ၎င်းတို့၏ စကားများက မမှန်ကန်ကြောင်းကို မည်သည့်အခါတွင်မျှ မသိကြသည့်အပြင်၊ ၎င်းတို့၏ စကားများနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းခဲ့သည်ကိုလည်း မည်သည့်အခါတွင်မျှ ဝန်မခံကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ ဆင်ခြင်သုံးသပ်ခြင်းမရှိ သို့မဟုတ် ပြုပြင်ခြင်းကို လက်ခံခြင်း မရှိသည့်အပြင်၊ အဆုံးတွင် အဘယ်အရာကို ပြောဆိုကြသနည်း။ “ကျွန်ုပ်က ယင်းကို တမင်တကာ ပြောခဲ့ခြင်း မဟုတ်ပါ။ ဒေါသထွက်ချိန်တွင် ပြောထွက်သွားမိခြင်းမျှသာ မဟုတ်လော”ဟူ၍ ဖြစ်သည်။ ယင်းသည် တမင်တကာ ဖြစ်ရန်ပင် လိုအပ်သလော။ သင်သည် ၎င်းကို သဘာဝအတိုင်း ထုတ်ဖော်ခဲ့ပြီးဖြစ်ကာ သင်၏ လူ့သဘာဝက မည်သို့ရှိသည်ကိုလည်း ဖော်ထုတ်နှင့်ပြီးဖြစ်သည်။ သင်သည် ထိုအရာကို သေချာမစဉ်းစားဘဲ ပြောဆိုနိုင်သည်ဟူသောအချက်က ဤစကားများကို သင်၏ စိတ်နှလုံးထဲတွင် အချိန်ကြာမြင့်စွာ တဝဲလည်လည်တွေးနေခဲ့ပြီး သင်သည် ဤပတ်ဝန်းကျင်မျိုးကို ကြုံတွေ့ရသောအခါ ထိုစကားများကသဘာဝအတိုင်း ထုတ်ဖော်ခြင်းခံရကြောင်း သက်သေပြသည်။ ဤအရာက သင်၏ အကျင့်စရိုက်ကိုလုံးဝ ကိုယ်စားပြုနိုင်သည်။ အကယ်၍ သင်သည် ယင်းကို မပြောဆိုမီ စဉ်းစားခဲ့မည်ဆိုလျှင် မလွဲမသွေ မှန်ကန်မည်မဟုတ်ဘဲ ဟန်ဆောင်မှုတစ်ခုပင် ဖြစ်နိုင်သည်၊ ဤအရာကမူ သင်၏ အကျင့်စရိုက်ကို ပို၍ ဖော်ထုတ်လေသည်။ လူ့သဘာဝမရှိသော လူတို့သည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိကြသည့်အပြင်၊ ကောင်းမွန်သော ကျိုးကြောင်းဆင်ခြင်မှုဖြစ်သည့်အလား မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုကို ဖော်ပြကြသည်။ သင်သည် ၎င်းတို့ကို အဖြစ်မှန်များ မည်သို့ပင် တင်ပြပြီး အကျိုးသင့်အကြောင်းသင့်ပြောဆိုစေကာမူ ၎င်းတို့ မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြောင်းကို ဝန်ခံကြမည်မဟုတ်ပေ။ “ငါ အဘယ်သို့ဖြစ်ပြီး မှားနိုင်မည်နည်း။ မှားသည့်သူက သင်တို့ဖြစ်သည်။ သင်တို့က ငါ့ကို အထင်သေးသည်။ ငါက နူးညံ့သိမ်မွေ့သည်၊ ဆုကျေးဇူးများ မရှိသည့်အပြင်၊ လူ့အဖွဲ့အစည်းတွင် ဩဇာအာဏာ သို့မဟုတ် အဆင့်အတန်း မရှိသည်ကို သင်တို့ မြင်ပြီး ငါ့ကို အနိုင်ကျင့်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုများနှင့် မိစ္ဆာဒိဋ္ဌိ အယူဝါဒများ တစ်ပုံတစ်ပင်ကို ပြောကြသော်လည်း ၎င်းတို့လုပ်ခဲ့သော မှားယွင်းသည့်အရာများနှင့် ၎င်းတို့ပြောဆိုခဲ့သော မူမမှန်သည့် ကျိုးကြောင်းဆင်ခြင်မှုတို့၏ သဘောသဘာဝကို မည်သည့်အခါတွင်မျှ မပြောဆိုကြပေ။ ၎င်းတို့ မှားယွင်းသောအရာ မည်မျှကိုလုပ်ဆောင်ပါစေ ဝန်ခံကြမည်မဟုတ်ပေ။ ပုံမှန် လူ့သဘာဝရှိသော လူတစ်ဦးတွင် ဤသရုပ်သကန်မျိုး ရှိမည်လော။ မိမိ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား အလွန်ကောင်းမွန်သော လူများကို ငါတို့ ပြောရန်ပင် မလိုအပ်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်မျှပင် ရှိသော မည်သူမဆိုက လူတို့အနေဖြင့် ၎င်းတို့၏ တစ်သက်တာတွင် အမှားများစွာ ပြုလုပ်ကြသည်ကို ဧကန်မုချ သဘောပေါက်လိမ့်မည်။ အထူးသဖြင့် အချို့လူများသည် ၎င်းတို့ မပြောသင့်သော စကားအချို့ကို ပြောဆိုကြပြီး သို့မဟုတ် မလုပ်သင့်သော အမှုအရာအချို့ကို လုပ်ဆောင်ပြီး ထို့နောက်တွင် ၎င်းတို့၏ အသိစိတ်ထဲ၌ မိမိကိုယ်ကို စွပ်စွဲခြင်းနှင့် မိမိကိုယ်ကို ပြစ်တင်ရှုတ်ချခြင်းကို ခံစားရလျက်၊ ၎င်းတို့၏ တစ်သက်တာလုံး နောင်တရကာ စိတ်ဆင်းရဲကြသည်။ ၎င်းတို့သည် ပိုမိုသိနားလည်ပြီး ရင့်ကျက်သော အရွယ်သို့ ကြီးပြင်းလာသည်နှင့်အမျှ မည်သည့်စကားများကို ပြောသင့်ပြီး မည်သည့်အမှုအရာများကို လုပ်သင့်သည်၊ မည်သည့်စကားများကို မပြောသင့်ဟူသည်နှင့် မည်သည့်အမှုအရာများအား မလုပ်သင့်ဟူသည်တို့ကို တိုး၍ သိရှိကြသည်။ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ၎င်းတို့၏ အပြုအမူနှင့် အတွေးအခေါ်များကို စဉ်ဆက်မပြတ် ထိန်းညှိပေးလိမ့်မည်။ အထူးသဖြင့် လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ပါက၊ သမ္မာတရားအချို့ကို လက်ခံပြီးသည့်နောက်တွင် သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အပြုသဘောဆောင်သော ဦးတည်ချက်တစ်ခုဖြင့် ဖွံ့ဖြိုးတိုးတက်လိမ့်မည်ဖြစ်ပြီး တစ်ချိန်က ၎င်းတို့ ပြောခဲ့သော မမှန်ကန်သည့် စကားများ၊ တစ်ချိန်က ၎င်းတို့ ဖော်ပြခဲ့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် ရှုထောင့်များနှင့် ၎င်းတို့ တစ်ချိန်က လုပ်ခဲ့သော မှားယွင်းသည့် အမှုအရာများသည် ၎င်းတို့၏ စိတ်ထဲတွင် ဖြည်းဖြည်းချင်း ဆက်လက်ပေါ်လာလိမ့်မည်။ ၎င်းတို့သည် ထိုအရာများကို စဉ်ဆက်မပြတ် ဆင်ခြင်သုံးသပ်လိမ့်မည် စဉ်းစားကာ တွေးဆကြလိမ့်မည်ဖြစ်ပြီး ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေကာ မိမိတို့ကိုယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ကြလိမ့်မည်ဖြစ်သည့်အပြင်၊ ၎င်းတို့သည် သာမန်လူတစ်ဦးမျှသာဖြစ်ကြောင်း၊ အမှားများစွာ ပြုလုပ်ခဲ့ပြီး မမှန်ကန်သော စကားများစွာ ပြောခဲ့ကြောင်း၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် ရှုထောင့်များစွာ ရှိခဲ့ကြောင်း၊ အတိတ်တွင် မိုက်မဲပြီး မသိနားမလည်ဖြစ်ကာ စဉ်းစားဉာဏ်မရှိသော အမှုအရာများစွာနှင့် လူတို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟု မြင်သော အမှုအရာများကို လုပ်ဆောင်ခဲ့ကြောင်း တိုး၍ ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ အဆင့်မှပင် ကြည့်ရှုခြင်းမရှိဘဲ လူတစ်ဦးက နှစ်ပေါင်းများစွာသော အတွေ့အကြုံမှ ရရှိခဲ့သော သိနားလည်မှုနှင့် ကြည့်ရှုရုံမျှဖြင့်ပင် ၎င်းတို့သည် ၎င်းတို့၏ လူသဘာဝတွင်ရှိသည့် ဤပြဿနာများအပြင်၊ ဤအမှားများနှင့် ပြစ်မှားခြင်းများကို စဉ်ဆက်မပြတ် အကျဉ်းချုပ်ဖော်ပြနိုင်သည်။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး ဤသည်တို့မှာ အဘယ်အရာက မှန်ကန်၍ အဘယ်အရာက မမှန်ကန်သည်ကို သိသော လူ့သဘာဝရှိသည့် လူတစ်ဦးက အရွယ်တစ်ခုခုသို့ ရောက်ရှိပြီး သမ္မာတရားအချို့ကို နားလည်ပြီးသည့်နောက်တွင် နောက်ဆုံး၌ ရရှိသင့်သော အတွေ့အကြုံနှင့် အကျိုးအမြတ်များ ဖြစ်သည်။ သို့သော် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိသောသူတို့သည် အသက်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်အထိ အသက်ရှင်နေလျှင်ပင် ထိုသို့သော မိုက်မဲသည့်၊ မသိနားမလည်သည့်၊ ခေါင်းမာသော လူများအဖြစ် ကျန်ရှိနေပြီး ၎င်းတို့သည် ပြောင်းလဲကြလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ထိုသို့သော လူများ ပြောင်းလဲရန် မျှော်လင့်ပါက ဝက်တစ်ကောင်ကို ပျံသန်းဖို့ သင် မျှော်လင့်နေသကဲ့သို့ပင် ဖြစ်မည်။ ထိုအရာက တကယ်ကို လုံးဝ ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုသို့သော လူများသည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကိုပင် မသိသောကြောင့် ဖြစ်သည်။ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို မသိသော လူတစ်ဦးကို သမ္မာတရား လက်ခံရန် သင်တောင်းဆိုမည်ဆိုလျှင် ယင်းမှာ ၎င်းတို့အတွက် အမှုအရာများကို ခက်ခဲစေခြင်းသာ ဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် ၎င်းတို့အတွက် တကယ်ကို မဖြစ်နိုင်သည့်အပြင် သမ္မာတရားဟူသည်မှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ မသိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် မဖြစ်နိုင်ပေ။ ယင်းမှာ အရောင်မခွဲခြားနိုင်သော လူတစ်ဦးကို ပန်းချီကားတစ်ချပ် ဆွဲခိုင်းသကဲ့သို့ ဖြစ်လိမ့်မည်။ သူသည် ပုံမှန်အရောင်များဖြင့် ပန်းချီကားတစ်ချပ်ကို ဆွဲနိုင်မည်လော။ (ဆွဲနိုင်မည် မဟုတ်ပါ။) အကယ်၍ သင်သည် ဂီတသံစဉ် အတက်အကျကို ခွဲခြားနိုင်စွမ်းမရှိသော သူတစ်ဦးကို သီချင်းဆိုခိုင်းမည်ဆိုလျှင် ၎င်းတို့သည် အမြဲ အသံလွဲနေလိမ့်မည်။ ၎င်းတို့ မည်သို့ပင် သီချင်းဆိုစေကာမူ အသံမှန်အောင် မဆိုနိုင်ဘဲ ၎င်းတို့၏ သီဆိုခြင်းက အသံမှန်ပြီး အခြားသူများသာ အသံလွဲနေသည်ဟု ထင်နေဆဲဖြစ်သည်။ ၎င်းတို့၏ တိုင်းတာခြင်း စံနှုန်းသည် မမှန်ကန်သောကြောင့် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို ၎င်းတို့ လုံးဝ သိကြလိမ့်မည်မဟုတ်ပေ။ ယခု သင်နားလည်ပြီလော။ (နားလည်ပါပြီ။)
မိတ်သဟာယဖွဲ့ခဲ့ပြီးသော ဤအကြောင်းအရာသည် လူတို့အား အဘယ်အဖြစ်မှန်ကို ပြောပြသနည်း။ လူ့သဘာဝ ကင်းမဲ့သော လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတည်းဟူသော ဤအခြေခံကျသော သတ်မှတ်ချက် ကင်းမဲ့သောကြောင့် ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝကို တိုင်းတာခြင်းနှင့် ထိန်းညှိခြင်းအတွက် အခြေခံကျသော စံနှုန်း မရှိကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့၏ သရုပ်သကန်များသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတို့အတွက် အလွန်ထူးဆန်းပုံပေါက်သည်။ ၎င်းတို့သည် မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုများနှင့် မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို အမြဲ ဖော်ပြနေကြပြီး အခြေအမြစ်မရှိသော အမြင်များကို ဖော်ပြနေကြသည်။ အဘယ်အရာ ဖြစ်ပျက်နေသည်ကို သင် နားလည်နိုင်ခြင်း မရှိပေ။ သင်သည် ယခု အဖြေကို ရှာတွေ့ပြီ မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ ဤလူအမျိုးအစားသည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန် မဖြစ်နိုင်တော့သည့် အဆင့်သို့ ရောက်ရှိသွားပါက သင်သည် ၎င်းတို့နှင့် ဆက်လက်၍ ပေါင်းသင်းဆက်ဆံခြင်း မပြုသင့်တော့ပေ။ အကယ်၍ ၎င်းတို့သည် ဤအဆင့်သို့ မရောက်သေးသည့်အပြင်၊ သင်သည် ၎င်းတို့နှင့် လက်ခံနိုင်လောက်သော အတိုင်းအတာတစ်ခုအထိ ပေါင်းသင်းဆက်ဆံနိုင်သေးပါက ငြီးငွေ့သည်ဟု ခံစားရခြင်းကို ရှောင်ရှားရန် ၎င်းတို့နှင့် တတ်နိုင်သမျှ အနည်းငယ်သာ စကားစမြည်ပြောဆိုရန် ကြိုးစားလော့။ ယခု၊ အလုပ်၏ နယ်ပယ်အားလုံး၌ အားအင်လိုအပ်သော အလုပ်တာဝန်များစွာဖြင့် အလုပ်ပမာဏ များပြားသည်။ အချို့လူများသည် ၎င်းတို့ အလွန်အလုပ်များပြီး ဤမိစ္ဆာဒိဋ္ဌိ အယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများဖြင့် အပင်ပန်းခံရန် အချိန်မရှိဟု ခံစားရကြသည်။ ဤရှုထောင့်သည်လည်း ပိုင်းခြားသိမြင်မှု ရရှိခြင်းအတွက် အထောက်အကူမပြုသည်နှင့်အမျှ မမှန်ကန်ပေ။ သင်သည် မိစ္ဆာဒိဋ္ဌိ အယူဝါဒတစ်ခု သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆတစ်ခုကို ကြားရပြီး ယင်းနှင့်ပတ်သက်၍ တစ်ခုခု လွဲနေသည်ဟု ခံစားရသောအခါ ထိုအရာကို မှတ်သားထားသင့်သည်။ နောက်ပိုင်းတွင် သင်သည် ထိုအရာကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ပြီး ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆနှင့်ပတ်သက်၍ အဘယ်အရာ အတိအကျ မှားယွင်းနေသည်ကို သိရှိရန် သမ္မာတရားကို ရှာဖွေလော့။ သင်သည် ဤနည်းလမ်းဖြင့် လေ့ကျင့်ပြီး လက်တွေ့လုပ်ဆောင်ပါက ပိုင်းခြားသိမြင်မှုကို ရရှိလိမ့်မည်။ သို့သော် ဤလူအမျိုးအစားအတွက်မူ ၎င်းတို့၏ ရှုထောင့်များကို ပြုပြင်ရန်အတွက် ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် မလိုအပ်ပေ။ အကြောင်းမှာ ၎င်းတို့သည် ထိုအရာကို တကယ်ပင် နားမလည်နိုင်သောကြောင့် ဖြစ်သည်။ ယင်းမှာ သစ်ပင်တစ်ပင်မှ ကြက်ဥတစ်လုံး ပြုတ်ကျလာသည်ကို မြင်ပြီးနောက် ကြက်ဥများသည် သစ်ပင်ပေါ်တွင် သီးသည်ဟု ဆိုသောသူတစ်ဦးနှင့် တူသည်။ အမှန်တွင် သစ်ပင်ပေါ်၌ ဥဥနေသည့် ကြက်မတစ်ကောင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူသည် ကြက်မကို မမြင်ဘဲ ကြက်ဥ ပြုတ်ကျလာသည်ကိုသာ မြင်သောကြောင့် ဤကောက်ချက်ကို သူချခဲ့ခြင်း ဖြစ်သည်။ သင်သည် သူ့ကို မည်သည့်အရာကို ပြောစေကာမူ သူနားမလည်သည့်အပြင်၊ ကြက်ဥများသည် သစ်ပင်ပေါ်တွင် သီးသည်ဟု မရမက ပြောဆိုနေသည်။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ထိုသို့သော လူတစ်ဦးကို နားလည်အောင် ပြောဆိုနိုင်သလော။ (မပြောနိုင်ပါ။) အကယ်၍ သင်သည် ၎င်းတို့ နားလည်အောင် မပြောနိုင်ပါက နောက်ထပ် မပြောဆိုနှင့်တော့။ သင်၏ လေကို မဖြုန်းတီးနှင့်။ ဤနှစ်များတစ်လျှောက်တွင် ငါသည် အဓိပ္ပာယ်မဲ့သော လူများစွာကို မြင်တွေ့ရပြီးဖြစ်သည်။ ဤလူအများစုသည် အတော်လေး စိတ်အားထက်သန်ကြသည်၊ တာဝန်အချို့ကို ၎င်းတို့ ထမ်းဆောင်နိုင်ပြီး အလွန်အမင်း ဖောက်ပြန်သောသို့မဟုတ် ဆိုးယုတ်သောသူများ မဟုတ်ကြပေ။ ထို့ကြောင့် ငါသည် ၎င်းတို့ကို သာမန်ကာလျှံကာ တစ်စုံတစ်ခု ပြောလိုက်ပြီး ရလဒ်မှာ အဘယ်နည်း။ ငါသည် သမ္မာတရားနှင့်ဆိုင်သည့် စကားအနည်းငယ် ပြောလိုက်လျှင် ယင်းသည် ၎င်းတို့ အလှမ်းမမီနိုင်သည့်အရာ ဖြစ်သည်။ ပြင်ပကိစ္စရပ်များအကြောင်း ငါ ပြောလျှင် ၎င်းတို့ နားမထောင်နိုင်ကြပေ။ ထို့ကြောင့် ငါသည် ဤလူတို့ကို နောက်ထပ် မည်သည့်အရာကိုမျှ ပြောဆိုလိုစိတ်မရှိတော့ပေ၊ အကြောင်းမှာ ၎င်းတို့နှင့် စကားပြောခြင်းသည် အလွန်ပင်ပန်းစရာဖြစ်ပြီး ငါ့တွင် လုပ်စရာအလုပ်များ အလွန်များပြားသောကြောင့်၊ ဆွေးနွေးစရာ သင့်လျော်သော အကြောင်းအရာများလည်း အလွန်များပြားသောကြောင့် ဖြစ်သည်။ ငါသည် သင့်လျော်သော အကြောင်းအရာအားလုံးကိုပင် ပြောမကုန်နိုင်သောကြောင့်၊ ဤလူများနှင့်ပတ်သက်၍ ငါ အပင်ပန်းခံလိုစိတ် မည်သို့ ရှိနိုင်မည်နည်း။ ယခု သမ္မာတရားကို ဤအတိုင်းအတာအထိ မိတ်သဟာယဖွဲ့ပြီးဖြစ်သောကြောင့် အမှုအရာများစွာ ရှင်းလင်းလာပြီးဖြစ်သည်၊ စစ်မှန်သော အဖြစ်မှန်များ ထင်ရှားလာပြီးဖြစ်ကာ မတူကွဲပြားသော လူအမျိုးအစားများသည် ၎င်းတို့၏ အမျိုးအစားအလိုက် အမှန်တကယ် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ဤယုတ္တိမတန်သော လူအမျိုးအစားအတွက်မူ ၎င်းတို့ကို ခွဲခြားသတ်မှတ်ခံရခွင့်သာပေးလော့၊ ပြီးလျှင် ထိုမျှသာ ဖြစ်သည်။ ငါတို့တွင် ၎င်းတို့ကို အကျိုးသင့်အကြောင်းသင့်ပြောရန် သို့မဟုတ် ၎င်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ရှုထောင့်များကို ပြုပြင်ရန် အချိန်မရှိပေ၊ မှန်သလော။ (မှန်ပါသည်။) သို့ဆိုလျှင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်
အောက်ခြေမှတ်စုများ-
က။ မူရင်း တရုတ်စာသားတွင် “ကျိန့်” ဟူသော အမည်သည် ကိုယ်ကျင့်တရား တည်ကြည်ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ဂယက်အနက်များရှိသည်။ ခ။ “အအေးစာ” ဟူသည့် စကားလုံးကို တရုတ်တိုင်းရင်းဆေးပညာနှင့်ဆိုင်သည့် ဆက်စပ်အကြောင်းအရာဖြင့် အသုံးပြုထားခြင်း ဖြစ်သည်။ ဤတွင်၊ “အအေးဓာတ်” သည် အပူချိန်နည်းခြင်းကို ရည်ညွှန်းခြင်းမဟုတ်ဘဲ၊ ထိုအစား အတွင်းအပူကို လျှော့ချပေးသည့်၊ ယန်စွမ်းအင်ကို ထိန်းချုပ်ကာ၊ အလွန်အကျွံ စားသုံးပါက အစာအိမ်နှင့် သရက်ရွက်၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်သည်ဟု ယုံကြည်ကြသည့် အစားအစာအချို့၏ ဂုဏ်သတ္တိတစ်ခုကို ရည်ညွှန်းခြင်း ဖြစ်သည်။