သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၆)

မကြာသေးမီက ငါတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအကြောင်းအရာတွင် “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” အတွင်းရှိ “လက်လွှတ်ခြင်း”နှင့်ဆိုင်သည့် လက်တွေ့လုပ်ဆောင်ခြင်း ပါဝင်ပြီး၊ ငါတို့သည် “ဘုရားသခင်နှင့် မိမိတို့ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုမုန်းတီးမှုကို လက်လွှတ်ခြင်း”နှင့်ဆိုင်သည့် အကြောင်းအရာအတွင်းရှိ “ဘုရားသခင်အပေါ်ထားသည့် မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း”ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ငါတို့သည် လူ့ဇာတိခံ ဘုရားသခင်အား မည်သို့ သဘောထားရမည်ကို အဓိကအားဖြင့် ဆွေးနွေးလျက်၊ ဤကဏ္ဍနှင့်ပတ်သက်၍ အကြိမ်အချို့ မိတ်သဟာယဖွဲ့ကြပြီးဖြစ်သည်။ ငါတို့သည် ဤအကြောင်းအရာကို ခေါင်းစဉ်နှစ်ခုအဖြစ် ပိုင်းခြားခဲ့သည်။ ထိုခေါင်းစဉ်နှစ်ခုမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ ငါ့ကို ပြောပြနိုင်သလော။ (လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်၍ ဘုရားသခင်သည် ကျွန်ုပ်တို့အား မှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းနှစ်ခုကို ပေးပြီးဖြစ်ပါသည်။ ပထမတစ်ခုမှာ သူ့ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မနှိုင်းယှဉ်ရန်ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ သူ့ကိုဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်းထား၍ မပြောဆိုရန် ဖြစ်ပါသည်။) ငါတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့၏ သရုပ်သကန်အချို့ ပါဝင်သည့် ဤခေါင်းစဉ်နှစ်ခု၏ အသေးစိတ်အချက်အချို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြပြီးဖြစ်သည်။ ဤအရာတွင် လူ့ဇာတိခံ ဘုရားသခင်က လူတို့ကြားတွင် အသက်ရှင်ခြင်း၊ တည်ရှိခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် အလုပ်လုပ်ခြင်းတို့၌ မည်သည့် တိကျသော စည်းမျဉ်းများအား စောင့်ထိန်းလိုက်နာသည်ကို မိတ်သဟာယဖွဲ့ခြင်း ပါဝင်ခဲ့သည်။ ဤအကြောင်းအရာများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းသည် အထူးပင်ကိုလက္ခဏာတစ်ခုရှိသော ပုဂ္ဂိုလ်ဖြစ်သည့် လူ့ဇာတိခံ ဘုရားသခင်က လူတို့ကြားတွင် အသက်ရှင်နေထိုင်စဉ် မည်သည့် သရုပ်သကန်များအား ပြသသည်ကို လူတို့အား နားလည်သိရှိစေရန် ဖြစ်သည်။ ငါတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းဟူသည့် ခေါင်းစဉ်နှင့်ပတ်သက်၍ အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြပြီး၊ တိကျသောအချက်များစွာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယင်းကို နားထောင်ပြီးနောက် သင်တို့အပေါ် သက်ရောက်မှုမှာ အဘယ်နည်း။ သင်တို့တွင် လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ ပိုနည်းသွားသလော၊ သို့မဟုတ် အယူအဆအသစ်အချို့ စိတ်ကူးရလာကြသလော။ (ကျွန်ုပ်တို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ ပိုနည်းသွားပါသည်။) သို့ဆိုလျှင် ဤခေါင်းစဉ်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းသည် လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းလာရာတွင် လူတို့အတွက် အထောက်အကူဖြစ်သလော။ (အထောက်အကူဖြစ်ပါသည်။) ယင်းမှာ သိပ်ကောင်းပေသည်။

လူ့ဇာတိခံ ဘုရားသခင်ဟူသည့် ခေါင်းစဉ်နှင့်ပတ်သက်သော ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် အဓိကအားဖြင့် လူတို့အား အထူးပင်ကိုလက္ခဏာတစ်ခုရှိသော ပုဂ္ဂိုလ်ဖြစ်သည့် လူ့ဇာတိခံ ဘုရားသခင်နှင့်စပ်လျဉ်းသည့် ပို၍ တိကျခိုင်မာသော သိနားလည်မှုတစ်ခု ပေးရန် ရည်ရွယ်လျက်၊ လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့နှင့် သက်ဆိုင်သည့် တိကျသော သရုပ်သကန်များနှင့် လက်တွေ့လုပ်ဆောင်ခြင်းများကို ဗဟိုပြုသည်။ သို့ဆိုလျှင်၊ လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းကို သင်တို့ နားလည်လေလေ၊ သူသည် ထူးခြားသည့်အရာ မည်သည့်အရာမျှမရှိသော သာမန်လူတစ်ဦးသာဖြစ်သည်ဟု ပို၍ ခံစားရလေလေဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းကို သင်တို့ နားလည်လေလေ၊ သူ၏ဘုရားဖြစ်ခြင်း အရိပ်အငွေ့ကို သင်တို့ ပို၍ မခံစားရလေလေဖြစ်သည်ဟု သင်တို့ တွေ့ရှိကြသလော။ သင်တို့တွင် ထိုသို့သော အတွေးများ ရှိသလော။ (မရှိပါ။ လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျသော အသက်ရှင်နေထိုင်မှုနှင့် ထုတ်ဖော်ပြမှုအချို့အကြောင်းကို ပြောဆိုခဲ့သည့် ဘုရားသခင်ပေးသော ဥပမာအချို့ကို နားထောင်ရသည့်အခါ၊ ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်သည် သာမန်နှင့် ပုံမှန်ဖြစ်ရုံသာဖြစ်သော်လည်း၊ သူ၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော ထုတ်ဖော်ပြမှုများသည် ကျွန်ုပ်တို့ လူသားများထက် များစွာ သာလွန်သည်ဟု ကျွန်ုပ်ခံစားရပါသည်။ ယင်းတို့သည် ကျွန်ုပ်တို့ မစွမ်းဆောင်မရရှိနိုင်သော အရာများ ဖြစ်ကြသည်။ ဘုရားသခင်၏ ပုံမှန်လူ့သဘာဝတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မာနထောင်လွှားခြင်း သို့မဟုတ် လှည့်ဖြားတတ်ခြင်း၊ လူ့မာန သို့မဟုတ် စိတ်အလိုလိုက်ခြင်းတို့ မပါဝင်ပါ။ လူ့ဇာတိခံ ဘုရားသခင်သည် အပြင်ပန်းတွင် သာမန်နှင့် ပုံမှန်ဖြစ်ပုံရသော်လည်း၊ သူ၏ နှိမ့်ချမှုမှ သူ၏ ကြီးမြတ်ခြင်းကို မြင်နိုင်ပါသည်။ ဤသည်မှာ ကျွန်ုပ် ခံစားရသည့်ပုံစံ ဖြစ်ပါသည်။) ထုံးစံအတိုင်း၊ လူသားမျိုးနွယ်ကြားရှိ ကျော်ကြားသူများ၊ ကြီးမြတ်သူများ သို့မဟုတ် ပြောင်မြောက်သော အဓိကပုဂ္ဂိုလ်များက ကဏ္ဍအမျိုးမျိုးတွင် မိမိတို့ကိုယ်ကို မိတ်ဆက်ကြသည့်အခါ၊ မိမိတို့၏ ပုံမှန်ဖြစ်ခြင်း၊ လက်တွေ့ကျခြင်း၊ သာမန်ဖြစ်ခြင်းနှင့် ရိုးရိုးဖြစ်ခြင်းတို့အကြောင်း ပြောဆိုကြသလော။ (မပြောဆိုပါ။) ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲမှ တစ်ဦးက အခြားသူများအား မိမိကို သိရှိခွင့်ပေးရန် မိမိကိုယ်ကို မိတ်ဆက်လျှင်၊ ၎င်းတို့ မည်မျှ သာမန်ဖြစ်ကြောင်း၊ ရိုးရိုးဖြစ်ကြောင်းနှင့် ပုံမှန်ဖြစ်ကြောင်းကို လုံးဝ ဖော်ပြမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့၏ မိတ်ဆက်ခြင်းနှင့် ဖော်ပြချက်များမှတစ်ဆင့်၊ ၎င်းတို့သည် အခြားသူများနှင့် ကွဲပြားခြားနားကြောင်း၊ ထူးခြားကြောင်း၊ ကြီးမြတ်ကြောင်းနှင့် မဟာလူသား စွမ်းရည်များကို ပိုင်ဆိုင်ကြောင်း လူတို့အား ခံစားရစေရန် ကြိုးစားကြလိမ့်မည်။ တစ်စုံတစ်ဦးက ၎င်းတို့အား ထူးကဲသော ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပင် သိမြင်နိုင်မည်ဆိုလျှင်၊ ၎င်းတို့ ပို၍ ပျော်ရွှင်ကြလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော လူသားများက မိမိတို့ကိုယ်ကို မည်သို့ မိတ်ဆက်ကြသည်ကို ကြည့်လော့။ ပထမဦးစွာ၊ မိမိတို့၌ မည်သည့်ချို့ယွင်းချက် သို့မဟုတ် အပြစ်အနာအဆာမျှမရှိဘဲ မည်မျှ စုံလင်ကြောင်း ၎င်းတို့ ဖော်ပြကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ မိသားစုနောက်ခံ မည်မျှ ထင်ရှားကျော်ကြားကြောင်း၊ မိမိတို့၏ အဆင့်အတန်း မည်မျှ မြင့်မြတ်ကြောင်း၊ မိမိတို့တွင် မည်သည့် ပညာအရည်အချင်းများ ရှိကြောင်းနှင့် မိမိတို့၏ ရုပ်ရည်သွင်ပြင်နှင့်ပတ်သက်၍ မည်သည့်အရာက ပေါ်လွင်ထင်ရှားကြောင်းတို့ကိုလည်း ကြွားဝါကြလိမ့်မည်။ ၎င်းတို့၏ မျက်နှာပေါ်တွင် မှဲ့တစ်လုံးရှိလျှင်ပင်၊ “ကြည့်ပါ၊ ဤမှဲ့၏ တည်နေရာကပင် တစ်မူထူးခြားသည်။ ဤနေရာတွင် မှဲ့ရှိသောလူတို့သည် ချမ်းသာရန် သို့မဟုတ် မြင့်မြတ်ရန် ကံပါလာသည်ဟု ဆိုကြသည်”ဟု ပြောဆိုလျက်၊ ယင်းကို ဖော်ပြရန် တစ်မူထူးခြားသော နည်းလမ်းတစ်ခုကို ၎င်းတို့ ရှာဖွေရပေမည်။ ၎င်းတို့၏ ရုပ်ရည်သွင်ပြင်နှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် မိမိတို့မျက်နှာ၏ အင်္ဂါရပ်တိုင်းကမည်သို့ တစ်မူထူးခြားကြောင်းကိုလည်းကောင်း၊ မိမိတို့မျက်နှာ၏ အသွင်အပြင်တိုင်းအတွက် ရုပ်လက္ခဏာတွင် ချမ်းသာကြွယ်ဝခြင်း သို့မဟုတ် မြင့်မြတ်ခြင်းအတွက် ရည်စူးသတ်မှတ်ခံရခြင်း၊ သို့မဟုတ် ထင်ပေါ်ကျော်ဇောလာနိုင်ခြင်းကဲ့သို့သော မည်သည့် အပြုသဘောဆောင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ ရှိကြောင်းကိုလည်းကောင်း၊ လူတို့ကြားတွင် ၎င်းတို့သည် ပေါ့သေးသေး မဟုတ်ကြောင်းကိုလည်းကောင်း ပေါ်ပေါ်တင်တင် ကြေညာကြလိမ့်မည်။ ထို့အပြင်၊ ၎င်းတို့သည် အချို့သော နယ်ပယ်များတွင် မိမိတို့၏ ဆုကျေးဇူးများနှင့် အားသာချက်များကိုလည်းကောင်း၊ မိမိတို့၏ တွေးခေါ်မှုနှင့် စိတ်ကူးများ မည်မျှ ထူးခြားပြီး ကွဲပြားခြားနားကြောင်းကိုလည်းကောင်း၊ မည်သည့်အဖွဲ့များတွင် မည်သည့် အောင်မြင်မှုများ ၎င်းတို့ ရရှိခဲ့ကြောင်း၊ ထင်ရှားသော ပုဂ္ဂိုလ်များက ၎င်းတို့ကို မည်သို့ ချီးကျူးကြောင်း၊ ၎င်းတို့ကို မည်သို့ အထင်ကြီးပြီး မနာလိုဖြစ်ကာ အားကျလေးစားကြောင်း၊ သို့မဟုတ် မည်သည့် လုပ်ငန်းတွင် မည်သည့်ကြီးမားသော ပံ့ပိုးမှုများ မိမိတို့ ပြုလုပ်ခဲ့ကြောင်းနှင့် မိမိတို့၏ အထက်လူကြီးများက မိမိတို့ကို မည်မျှ တန်ဖိုးထားကြောင်းတို့အား ကြွားဝါခြင်းကိုလည်းကောင်း အထူးနှစ်သက်ကြသည်။ ၎င်းတို့ ပြောဆိုသည့်အရာသည် မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ၊ မိမိကိုယ်ကို မိတ်ဆက်ခြင်း၏ ကဏ္ဍတိုင်းတွင်၊ ၎င်းတို့သည် အခြားသူများနှင့် ကွဲပြားခြားနားကြောင်း၊ လူတို့ကြားတွင် ၎င်းတို့သည် ပြိုင်ဖက်ကင်းဖြစ်ပြီး၊ တစ်မူထူးခြားကာ၊ သာမန်လူအားလုံးထက် ကျော်လွန်ကြောင်း လူတို့ ခံစားရစေရန် ကြိုးစားကြသည်။ ၎င်းတို့သည် လူတိုင်းကို အထက်စီးမှ ကြည့်ကြသည်။ ၎င်းတို့သည် အခြားလူတိုင်းကို အောက်တန်းကျပြီး အရေးမပါသော သာမန်လူများအဖြစ် မြင်ကြစဉ်တွင် ၎င်းတို့ကိုယ်တိုင်သာ အကြီးမြတ်ဆုံး၊ အမြင့်မြတ်ဆုံးနှင့် အထူးခြားဆုံး ဖြစ်သည်ဟု မြင်ကြသည်။ သင်က ၎င်းတို့အား ၎င်းတို့၏ ပညာအရည်အချင်းများအကြောင်း မေးမြန်းလျှင်၊ ၎င်းတို့သည် အမှန်တကယ်တွင် သာမန်တက္ကသိုလ်တစ်ခုကိုသာ တက်ရောက်ခဲ့သော်လည်း၊ မိမိတို့သည် ဂုဏ်သတင်းကြီးသော တက္ကသိုလ်မှ ဘွဲ့ရခဲ့ကြောင်း၊ မိမိတို့တွင် ဘွဲ့လွန်ဒီဂရီ သို့မဟုတ် ပါရဂူဘွဲ့ရှိကြောင်း ပြောဆိုကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မိမိတို့၏ နိမ့်ကျသော အကျင့်စရိုက်နှင့်ဆိုင်သော သွင်ပြင်လက္ခဏာများသို့မဟုတ် မိမိတို့ လုပ်ဆောင်ခဲ့သော မှားယွင်းသည့်အရာများကို မည်သည့်အခါမျှ မပြောဆိုကြပေ။ အခြားသူများအား မိမိတို့ကို သိရှိခွင့်ပေးရန် မိမိကိုယ်ကို မိတ်ဆက်ခြင်းနှင့် ပတ်သက်နေသရွေ့၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်ကြီးမြတ်ကြောင်း၊ သာမန်ထက်လွန်ကဲကြောင်းနှင့် ထူးခြားကြောင်း ဖော်ပြလျက်၊ မိမိတို့ကိုယ်ကို ကြွားဝါရန်၊ ချီးမွမ်းရန်နှင့် ပြရုပ်တင်ရန် နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့ ဖျားနာလျှင်ပင်၊ လူတို့အား ၎င်းတို့သည် နုနယ်ကြောင်း၊ ဖူးဖူးမှုတ်ထားခံရကြောင်းနှင့် အခြားသူများနှင့် ကွဲပြားခြားနားကြောင်း ခံစားရစေလျက်၊ ယင်းမှာ “သူဌေးရောဂါ” ဖြစ်သည်ဟု ပြောဆိုကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် သာမန်၊ ရိုးရိုးလူတစ်ဦးသာဖြစ်သည်ဟု လူတို့အား လုံးဝ ခံစားခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ထိုအစား၊ လူတို့အား မိမိတို့ကို အားကိုးစေရန်၊ အထင်ကြီးစေရန်နှင့် အားကျလေးစားစေရန် နည်းလမ်းအမျိုးမျိုးကို ၎င်းတို့ ကြိုးစားကြသည်။ လူတို့က ၎င်းတို့နောက်လိုက်နိုင်ပြီး ၎င်းတို့အတွက် မိမိတို့၏ စိတ်နှလုံးထဲတွင် နေရာတစ်ခု ထားရှိနိုင်လျှင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပို၍ပင် အားရကျေနပ်ကြသည်။ သင်က ၎င်းတို့သည် သာမန်နှင့် ပုံမှန်ဖြစ်ကြောင်း၊ သာမန်လူထုထဲမှ သာမန်လူတစ်ဦးဖြစ်ကြောင်း ပြောဆိုလျှင်၊ ၎င်းတို့သည် လုံးလုံးလျားလျား သက္ခာကျသည်ဟုလည်းကောင်း၊ သင်က ၎င်းတို့၏မာနကို အမှန်တကယ် ထိခိုက်စေသည်ဟုလည်းကောင်း ခံစားကြရသည်။ ယင်းမှာ ၎င်းတို့ကို သေစေမည့်အလားပင် ဖြစ်သည်။ ၎င်းတို့၏ ဘဝများတစ်လျှောက်လုံးတွင်၊ ၎င်းတို့သည် တစ်မူထူးခြားပြီး သာမန်ထက်လွန်ကဲအောင် ကြိုးစားကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ထိုသို့သော လိုအင်ဆန္ဒများကြောင့်၊ လူများစွာတို့သည် အပြင်ပန်း ပုံရိပ်တစ်ခုကို အလွန်ကြီးကျယ်ခမ်းနားပုံ၊ အဆင့်အတန်းမြင့်ပုံနှင့် မြင့်မြတ်ပုံပေါ်စေရန် မကြာခဏ ပျိုးထောင်ကြပြီး၊ ၎င်းတို့ ခံယူသော အပြင်ပန်း ဟန်ပန်အမူအရာ၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး၏ ဟိတ်ဟန်ကို အလွန်အမင်း ပြသကြသည်။ မည်သည့်အုပ်စုတွင်မဆို၊ တစ်စုံတစ်ဦးက ၎င်းတို့အား “ကျွန်ုပ်သည် ဤလူအုပ်ထဲတွင် သင့်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သတိထားမိပါသည်။ သင်၏ အကြည့်၊ သင်၏ မျက်နှာသွင်ပြင်များနှင့် သင်၏ ကိုယ်ရောင်ကိုယ်ဝါတို့မှ သင်သည် သာမန်လူတစ်ဦး မဟုတ်ကြောင်း ကျွန်ုပ် ပြောနိုင်ပါသည်” ဟု ပြောဆိုလျှင်၊ ၎င်းတို့သည် အလွန် ပျော်ရွှင်သွားကြသည်။ ၎င်းတို့သည် ဤကိစ္စကို အတိုင်းအဆမရှိ ချဲ့ကားပြောဆိုလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ ကျန်သည့်ဘဝတစ်လျှောက်လုံးတွင်၊ “လူအုပ်ထဲတွင်၊ လူတို့သည် ကျွန်ုပ်ကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် မှတ်မိနိုင်ပြီး ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး၊ ပေါ့သေးသေးမဟုတ်သည့်သူ၊ သာမန်လူတစ်ယောက် မဟုတ်ကြောင်းကို သိကြသည်”ဟု နေရာတိုင်းတွင် ကြွားဝါလျက်၊ ထိုစကားများကို မိမိတို့၏ နှုတ်ဖျားတွင် ထားရှိကြလိမ့်မည်။ ဤသို့သော လူစားမျိုးဖြစ်ရခြင်းကို ၎င်းတို့ အထူးနှစ်သက်ကြသည်၊ မိမိတို့ကိုယ်ကို အခြားသူများနှင့် ကွဲပြားခြားနားသည့် သာမန်ထက်လွန်ကဲသော၊ ထူးခြားသည့်အပြင်၊တစ်မူထူးခြားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ရခြင်းကို အထူးနှစ်သက်ကြသည်။ အခြားလူများစွာတို့သည် လူ့အဖွဲ့အစည်းရှိ ကျော်ကြားသူများ၊ ကြီးမြတ်သူများအပြင်၊ အဆင့်အတန်းနှင့် ရာထူးရှိသူများကို အထူးအာရုံစိုက်ကြပြီး၊ ၎င်းတို့နှင့်ပတ်သက်သော မည်သည့်သတင်းကိုမဆို၊ ၎င်းတို့၏ စကားနှင့် လုပ်ရပ်များ၊ ၎င်းတို့၏ နေ့စဉ်ဘဝများကို အာရုံစိုက်ကြသည်။ ဤသို့ အာရုံစိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ဖျော်ဖြေရေးအတွက် မဟုတ်ဘဲ၊ ၎င်းတို့ကို အတုယူရန်နှင့် ၎င်းတို့နောက်လိုက်ရန် ဖြစ်သည်။ ဤလူများက မည်သည့်အရာကို စားသည်ဖြစ်စေ၊ ဝတ်သည်ဖြစ်စေ၊ ၎င်းတို့ကြားတွင် မည်သည့်အရာ ခေတ်စားသည်ဖြစ်စေ၊ ထိုသူတို့က အတုယူကြသည်။ ဤလူများက မည်သည့်အကြောင်းအရာများကို ဆွေးနွေးသည်ဖြစ်စေ၊ ၎င်းတို့လည်း ဆွေးနွေးကြသည်။ ၎င်းတို့သည် ခေတ်ရေစီးကြောင်းတစ်ခုလုံးမှ ချန်လှပ်ခံရမည်ကို ကြောက်ရွံ့လျက်၊ နောက်ကျကျန်နေခဲ့ပြီး အထင်သေးခံရမည်ကို ကြောက်ရွံ့လျက် အလွန် နီးကပ်စွာ လိုက်လျှောက်ကြသည်။ ၎င်းတို့သည် လူအုပ်ထဲတွင် ထင်ပေါ်ပြီး ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်လိုကြပြီး၊ ပုံမှန်၊ သာမန်လူတစ်ဦး ဖြစ်ရန် လုံးဝ လိုလားခြင်းမရှိကြပေ။ အချို့သောလူတို့သည် သာမန်အစွမ်းအစ ရှိသော်လည်း၊ မည်သည့်အားသာချက် သို့မဟုတ် ဆုကျေးဇူးမျှမရှိသော်လည်း၊ ကဏ္ဍအားလုံးတွင် အလွန်သာမန်ဖြစ်ပြီး ရိုးရိုးဖြစ်သော မွေးရာပါ သတ်မှတ်ချက်များရှိသော်လည်း၊ သာမန်လူတစ်ဦးဖြစ်ရန်၊ အရေးမပါသောသူတစ်ဦးဖြစ်ရန် မလိုမလားဖြစ်နေကြဆဲဖြစ်သည်။ ထိုအစား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်မြင့်မြတ်ပြီး အဆင့်အတန်းမြင့်သူများအဖြစ် ဟန်ဆောင်ကြသည်၊ သို့မဟုတ် မိမိတို့ကိုယ်ကို အညတြတစ်ဦးမဟုတ်ဘဲ အလွန်ထူးခြားသူများအဖြစ် ဖော်ပြကြသည်။ အချို့သည် ကြီးမြတ်သော ပုဂ္ဂိုလ်များ၊ စွမ်းဆောင်နိုင်ပြီး အရည်အချင်းရှိသော လူများနှင့် ထိပ်တန်း ကျွမ်းကျင်မှုများရှိသူများကို အတုယူရန်ပင် ကြိုးစားလုပ်ဆောင်ကြသည်။ ၎င်းတို့သည် သာမန်၊ ရိုးရိုးလူများ မဟုတ်တော့ဘဲ ဤလူများကဲ့သို့ ထူးခြားသော ကြီးမြတ်သည့် ပုဂ္ဂိုလ်များ ဖြစ်လာရန် ကြိုးပမ်းကြလျက်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာ၊ ပြောဆိုသည့်အရာနှင့် ဆွေးနွေးသည့်အရာတို့ကို ကြည့်ရှုပြီး ၎င်းတို့ကို အတုယူကြလေသည်။ထို့ကြောင့်၊ ငါတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ၊ အချို့သောလူတို့က၊ “လူသားတို့သည် မိမိတို့ကိုယ်ကို အခြားသူများနှင့် အလွန်ကွဲပြားခြားနားကြောင်း၊ အလွန်ထူးခြားပြီး ကြီးမြတ်ကြောင်း အားတက်သရော ချီးမွမ်းကြ၊ ပြရုပ်တင်ကြပြီး ကြွားဝါကြသော်လည်း၊ သင်ကမူ သင့်ကိုယ်သင် အမြဲတစေ အလွန်ပုံမှန်ပြီး လက်တွေ့ကျသည်ဟု ဖော်ပြသည်။ ဤသည်မှာ အနည်းငယ် ယုတ္တိမတန်လွန်းသည် မဟုတ်လော။ ဤသည်မှာ အနည်းငယ် မိုက်မဲသည် မဟုတ်လော။ သင်သည် မြင့်မြတ်လှသော ပင်ကိုလက္ခဏာတစ်ခုရှိသည့်၊ သင်၏ ဦးခေါင်းပေါ်တွင် ကြီးမြတ်လှသော အရောင်အဝါတစ်ခုနှင့် ကြီးမြတ်လှသော သရဖူတစ်ခုရှိသည့် လူ့ဇာတိခံ ခရစ်တော် ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် သာမန်၊ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မည်သို့ဖြစ်ပြီး ဖော်ပြနိုင်ရသနည်း။ ပြီးလျှင်၊ လူတို့က မယုံကြည်မည်ကို စိုးရိမ်လျက်၊ သင်သည် မည်မျှ ပုံမှန်ဖြစ်ကြောင်း၊ လက်တွေ့ကျပြီး သာမန်ဖြစ်ကြောင်း သက်သေပြရန် ဥပမာများစွာကိုပင် ပေးသည်။ ဤသည်မှာ သဘာဝအားဖြင့် အတော်အတန် နားလည်ရခက်သည်”ဟု မလွဲမသွေ စဉ်းစားကြသည်။ လူ့အယူအဆများနှင့် မကိုက်ညီသော်လည်း ဤသည်မှာ အဖြစ်မှန်များ အမှန်တကယ် ဖြစ်သည့်ပုံစံ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်း၊ လက်တွေ့ကျခြင်းနှင့် သာမန်ဖြစ်ခြင်းတို့၏ တိကျသော သရုပ်သကန်များက ဤကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး၊ ငါ လုပ်ကြံဖန်တီး၍မရပေ။ အချို့သောလူတို့က၊ “သင်သည် အခြားသူများနှင့် ကွဲပြားခြားနားပြီး ထူးခြားကြောင်းနှင့် သင်၏ ပင်ကိုလက္ခဏာနှင့် ပုံသဏ္ဍာန်သည် အထူးမြင့်မြတ်ပြီး ခန့်ညားထည်ဝါကြောင်း လူတို့အား ခံစားရစေမည့် ဥပမာအချို့ကို အနည်းဆုံးတော့ ဖော်ပြသင့်သည် မဟုတ်လော”ဟု ပြောဆိုကြသည်။ ကောင်းပြီ၊ သင်တို့ကို စိတ်ပျက်စေသည့်အတွက် တောင်းပန်ပါသည်၊ သို့သော် ထိုသို့သော ဥပမာများ အမှန်တကယ် မရှိပါချေ။ အမှန်တွင်၊ အသက်တာနှင့် အလုပ်တွင် ငါ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် နည်းလမ်းများနှင့်ပတ်သက်သည့် ငါ၏ ဖော်ပြချက်များသည် လူ့ဇာတိခံ ဘုရားသခင်၏ စစ်မှန်သော ထုတ်ဖော်ပြချက်များ ဖြစ်ကြသည်။ ယင်းမှာ ထိုမျှ ဓမ္မဓိဋ္ဌာန်ကျပေသည်။ ဤသည်မှာ အမှန်တကယ် ဖြစ်သည့်ပုံစသာ ဖြစ်သည်။ ငါ့ကို အခြားသူများနှင့် ကွဲပြားခြားနားသူ၊ ထူးခြားသူ၊ ကြီးမြတ်သူ သို့မဟုတ် မြင့်မြတ်ပြီး ခန့်ညားထည်ဝါသော ပုံသဏ္ဍာန်တစ်ခုကို ပိုင်ဆိုင်သူအဖြစ် လူတို့အား မြင်စေမည့် ဥပမာများ မရှိပေ။ အချို့သောလူတို့က “သင် လုပ်ကြံပြောဆို၍ မရနိုင်သလော။ ယင်းက လူတို့၏ စိတ်နှလုံးထဲတွင် ပိုမိုစွဲကျန်ရစ်မည်ဖြစ်ပြီး ၎င်းတို့ကို စိတ်ပျက်စေမည် မဟုတ်ပါ။ သင်သည် သင့်ကိုယ်သင် အလွန်ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်၊ သာမန်လူတစ်ဦးမျှသာဖြစ်သည်ဟု ဖော်ပြသည်။ သင်၏ ပုံသဏ္ဍာန်သည် လုံးဝ မမြင့်မြတ်ပါတကား။ သင့်ကို မည်သူက ပုဂ္ဂိုလ်ရေးမကိုးကွယ်ပြီး အားကိုးလိမ့်ဦးမည်နည်း။ လူတို့က သင့်ကို အားမကိုးလျှင် သို့မဟုတ် ပုဂ္ဂိုလ်ရေးမကိုးကွယ်လျှင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သင့်အတွက် နေရာတစ်ခု ရှိနိုင်သေးသလော”ဟု ပြောဆိုကြသည်။ ဤအရာကို အမှန်တကယ် ငါ ရှာဖွေခြင်းမရှိဟု ငါပြော၏။ သင်သည် ငါ့ကို အားမကိုးလျှင် သို့မဟုတ် ပုဂ္ဂိုလ်ရေးမကိုးကွယ်လျှင် သိပ်ကိစ္စမရှိပါ။ ယင်းနှင့်ပတ်သက်၍ ငါ အတော်ပင် စိတ်အေးလက်အေးဖြစ်သည်။ အချို့သောလူတို့က “လူတို့က သင့်ကို အားမကိုးလျှင် သို့မဟုတ် ပုဂ္ဂိုလ်ရေးမကိုးကွယ်လျှင်၊ ယင်းကို ဘုရားသခင်နောက်လိုက်ခြင်းဟု ခေါ်ဆိုနိုင်သေးသလော”ဟု ပြောဆိုကြသည်။ သင်သည် ငါ့ကို အားကိုးသည်ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်သည်ဖြစ်စေ၊ ဤအရာများသည် အရေးမကြီး။ ယင်းတို့နှင့်ပတ်သက်၍ ငါ တကယ်ကို ဂရုမစိုက်ပေ။ သင်သည် ငါ့ကို အားမကိုးလျှင် သို့မဟုတ် ပုဂ္ဂိုလ်ရေးမကိုးကွယ်လျှင်ပင်၊ ငါပြောသော စကားလုံးတိုင်း၊ ငါမိတ်သဟာယဖွဲ့သော သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းကို သင်၏ စိတ်နှလုံးဖြင့် ဆင်ခြင်သုံးသပ်နိုင်သည်။ ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် လက်ခံနိုင်ပြီး ဤနှုတ်ကပတ်တော်များကို အခြေခံ၍ ကျင့်ကြံပြုမူပြီး၊ လုပ်ဆောင်ကာ၊ လူများနှင့် အမှုအရာများကို ရှုမြင်နိုင်သည်။ယင်းမှာ လုံလောက်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များသည် အချည်းနှီး ပြောဆိုခဲ့ခြင်း ဖြစ်မည်မဟုတ်။ သင်သည် ငါ့ကို အားကိုးခြင်းမရှိ သို့မဟုတ် ပုဂ္ဂိုလ်ရေးကိုးကွယ်သော်ခြင်း မရှိလည်း၊ ငါပြောသော နှုတ်ကပတ်တော်များနှင့် ငါဟောသော တရားဒေသနာများက သမ္မာတရားကို လိုက်စားရန်နည်းလမ်းအား သိရှိနိုင်စေလျက်၊ ကိစ္စရပ်တိုင်းနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သို့လုပ်ဆောင်ရမည်ကို သိရှိနိုင်စေလျက်၊ မည်သို့ ကျင့်ကြံပြုမူပြီး ဆောင်ရွက်ရမည်ကို သင်ယူနိုင်စေလျက်၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်အား မည်သို့ ထမ်းဆောင်ရမည်၊ ဘုရားသခင်အပေါ် မည်သို့ သစ္စာစောင့်သိရမည်ဟူသည်နှင့် သင်၏ တာဝန်ကို စံချိန်မီသော နည်းလမ်းဖြင့် မည်သို့ ထမ်းဆောင်ရမည်ဟူသည်တို့ကို သင်ယူနိုင်စေလျက်၊ ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံရမည်၊ ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရမည်ဟူသည်တို့ကို သိရှိနိုင်စေပြီး နောက်ဆုံးတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားကာ ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်စေလျက်၊ ဘုရားသခင်ရှေ့မှောက်သို့ သင့်ကို ဆောင်ကြဉ်းသည်ဆိုပါစို့။ သို့ဆိုလျှင် ငါ၏ နှုတ်ကပတ်တော်များကို အချည်းနှီး ပြောဆိုထားပြီး ဖြစ်လိမ့်မည်မဟုတ်သည့်အပြင်၊ ယင်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိပြီးဖြစ်လိမ့်မည်။ ငါ့အတွက်မူ၊ သင်သည် ငါ့ကို စည်းမျဉ်းများအတိုင်း မျှတစွာနှင့် ကျိုးကြောင်းဆီလျော်စွာ သဘောထားလျက် မှန်ကန်စွာ ဆက်ဆံနိုင်လျှင် လုံလောက်ပေသည်။ သင်တို့အပေါ် ငါ၏ တောင်းဆိုချက်များသည် မမြင့်မားပေ။ ငါတို့၏ အပြန်အလှန်ဆက်ဆံရေးအတွက် စည်းမျဉ်းသုံးခုကို ယခင်က ငါ ဖော်ပြခဲ့ပြီးဖြစ်သည်။ ခရစ်တော်နှင့်ပတ်သက်၍ ပွင့်လင်းလော့၊ သူ့ကို လေးစားပြီး သူ၏ နှုတ်ကပတ်တော်များကို နာခံလော့ဟူ၍ ဖြစ်သည်။ သင်တို့သည် ဤစည်းမျဉ်းသုံးခုအတိုင်း လက်တွေ့လုပ်ဆောင်နိုင်လျှင် လုံလောက်ပေသည်။ လူတို့က ငါ့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်ရန် ငါ မလိုအပ်သည့်အပြင်၊ လူတို့၏ အားကျလေးစားမှု သို့မဟုတ် အထင်ကြီးမှုကိုလည်း ငါ မလိုအပ်ပေ။ လူတို့၏ စိတ်နှလုံးထဲတွင် ငါ၏ ပုံရိပ်တစ်ခု ရှိရန် ငါ မလိုအပ်ပေ။ ဤအရာများကို ငါ စိတ်မဝင်စားပေ။ လူများစွာတို့သည် လူ့ဇာတိခံ ဘုရားသခင်က ပုံမှန်လူသားတစ်ဦး၊ လက်တွေ့ကျပြီး သာမန် လူသားတစ်ဦး ဖြစ်နိုင်မည်မဟုတ်ဟု ယုံကြည်ကြလျက် ပုံရိပ်မြင့်မြတ်သော၊ အခြားသူများနှင့် ကွဲပြားခြားနားသော၊ ထူးကဲစွာ စွမ်းဆောင်နိုင်သော၊ ပြောင်မြောက်သော ပုဂ္ဂိုလ်များကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ငါ့ကို မတွေ့ဖူးသောသူတို့က ငါ၏ ပုံရိပ်သည် သာမန်လူများထက် ပို၍ မြင့်မြတ်ပြီး၊ အထူးခန့်ညားထည်ဝါသည်ဟု အလိုအလျောက် ယူဆကြသည်။ သင်သည် ဤသို့ လုံးဝ မတွေးထင်ရပေ။ ငါသည် လုံးဝ ခန့်ညားထည်ဝါသူမဟုတ်၊ ငါသည် အရပ်ပုပြီး အတော်လေး လူကောင်သေး၏။ နေ့စဉ်အသက်တာတွင်၊ ငါ၏ စကားများနှင့် လုပ်ရပ်များသည် အထူးသဖြင့် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်။ ငါ၏ နေ့စဉ်အသက်တာ၏ ကဏ္ဍအားလုံးဖြစ်သည့် ငါဝတ်စားပုံ၊ ငါ၏ အဝတ်အစား၊ အစားအစာ၊ အိမ်ရာနှင့် သယ်ယူပို့ဆောင်ရေးတို့သည် အထူးသဖြင့် သာမန်ဖြစ်သည်။ ငါသည် တစ်မူထူးခြားသူဖြစ်ရန် မည်သည့်အခါမျှ မကြိုးစားသည့်အပြင်၊တစ်မူထူးခြားရန်လည်း မည်သည့်အခါမျှ မကြိုးစားခဲ့ပေ။ ငါသည် အမှုအရာများကို စည်းမျဉ်းလိုက်နာသည့်ပုံစံဖြင့် လုပ်ဆောင်ရန်၊ မိမိ၏ သင့်တော်သော ရာထူးနှင့်အညီ ကျင့်ကြံပြုမူရန်၊ ငါ၏ အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန်၊ ငါ၏ အမှုတော်ကို ဖြည့်ဆည်းရန်နှင့် ပြောဆိုရန်လိုအပ်သည်များကို ရှင်းလင်းစွာနှင့် စေ့စပ်စွာ ပြောဆိုရန်သာ ကြိုးစားသည်။ ဤသည်တို့မှာ ငါ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းအတွက် ငါ၏ စည်းမျဉ်းများ ဖြစ်ကြသည်။ ငါသည် ကွဲပြားခြားနားရန်၊ သာမန်ထက်လွန်ကဲပြီး ကြီးမြတ်ရန်ဟူသော လူသား လိုက်စားမှု မရှိသည့်အပြင် လူအုပ်ထဲတွင် တစ်ချက်ကြည့်ရုံဖြင့် သတိပြုခံရရန်လည်း မည်သည့်အခါမျှ မကြိုးစားပေ။ လူအုပ်ထဲတွင် သင်သည် ငါ့ကို သတိမပြုမိလျှင်ပင်၊ ငါသည် လုံးဝ ဝမ်းနည်းမည် မဟုတ်သည့်အပြင်၊ သိက္ခာကျသည်ဟုလည်း မည်သည့်အခါမျှ ခံစားရလိမ့်မည်မဟုတ်ပေ။ ပြီးလျှင်၊ သင်သည် ငါ့ကို ပုန်ကန်ပြစ်မှားနေသည်ဟု ငါ သေချာပေါက် ပြောလိမ့်မည် မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။

ငါသည် စကားပြောပြီး အလုပ်လုပ်ကာ သင်တို့နှင့် ထိတွေ့ဆက်ဆံသည့်အခါ၊ သမ္မာတရား၏ သွင်ပြင်တစ်ခုတလေကို ငါ မိတ်သဟာယဖွဲ့နေသည်ဖြစ်စေ၊ သွင်ပြင်လက္ခဏာတစ်ခုတလေတွင်ရှိသည့် ပြဿနာများကို ဖြေရှင်းရန် မိတ်သဟာယဖွဲ့နေသည်ဖြစ်စေ၊ သို့မဟုတ် နေ့စဉ်အမှုအရာများအကြောင်း စကားစမြည်ပြောနေသည်ဖြစ်စေ၊ တစ်စုံတစ်ခုအကြောင်း ပြောနေသည်ဖြစ်စေ၊ သင်တို့ နားလည်စေရန် ငါ အမြဲ ကြိုးပမ်းပြီး၊ မည်သည့်အမှုအရာများအကြောင်းကို ငါ ပြောသည်ဖြစ်စေ၊ လူတို့ကို အကျိုးပြုရန် ထိုသို့ ငါ လုပ်ဆောင်သည်။ အကယ်၍ မိတ်သဟာယဖွဲ့ခြင်းသည် သမ္မာတရားနှင့် သက်ဆိုင်သော ပြဿနာများအကြောင်းဖြစ်လျှင်၊ ယင်းက လူတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများ ရရှိနိုင်စေပြီး ထိုပြဿနာများကို ဖြေရှင်းရန် လမ်းကြောင်းများ ရှာဖွေတွေ့ရှိနိုင်စေရန် ပို၍ပင် မရှိမဖြစ်လိုအပ်သည်။ အကယ်၍ နေ့စဉ်အမှုအရာများအကြောင်း စကားစမြည်ပြောခြင်းသာဖြစ်လျှင်၊ ယင်းမှာ ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်တစ်ခုဖြစ်သောကြောင့် ပို၍ပင် ပုံမှန်ဖြစ်ပေသည်။ ဤပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ တစ်ခါတစ်ရံ လူတို့သည် မိမိတို့၏ နေ့စဉ်အသက်တာတွင် မြင်တွေ့ကြားသိရသည်များကို ဆက်သွယ်ပြောဆိုကာ မျှဝေရန် လိုအပ်သည်ကို ဆိုလိုပါသည်။ နေ့စဉ်အမှုအရာများအကြောင်း ပြောဆိုခြင်း၊ စကားစမြည်ပြောခြင်းနှင့် အခြားသူများနှင့် မျှဝေခြင်းတို့သည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ လိုအပ်ချက်များချည်းသာ ဖြစ်ကြသည်။ ငါ့အတွက်မူ၊ အမှုအရာများကို မျှဝေခြင်းသည် ဤလောက၊ ဤလူ့အဖွဲ့အစည်းနှင့် ဤလူသားမျိုးနွယ်အကြောင်းကို သင်အား ပိုမိုနားလည်စေရန် ကူညီခြင်းနှင့် ဤလူ့အဖွဲ့အစည်းနှင့် ဤလူသားမျိုးနွယ်ကြားတွင် ဖြစ်ပျက်သော အမှုအရာအချို့ကို သင် မည်သို့ ရှုမြင်သင့်သည်၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို မည်သို့ နားလည်ရမည်၊ အမှုအရာအမျိုးမျိုးကို မည်သို့ နားလည်ရမည်ဟူသည်နှင့် လူအမျိုးမျိုးကို မည်သို့ နားလည်ရမည်ဟူသည်တို့ကိုသင့်အား ပြောပြရန် ပို၍ ရည်ရွယ်လေ့ရှိပါသည်။ နေ့စဉ်ကိစ္စရပ်များအကြောင်း စကားစမြည်ပြောသည့်အခါ သို့မဟုတ် ပြောဆိုဆွေးနွေးသည့်အခါတွင်ပင်၊ ငါသည် အခါအားလျော်စွာ သို့မဟုတ် အကျဉ်းချုံး၍၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် သက်ဆိုင်သည့် အချို့သော အနှစ်သာရပိုင်းဆိုင်ရာ ပြဿနာများကို ဆွေးနွေးမည်ဖြစ်သည်။ သို့ဖြစ်၍၊ မည်သည့်အခါသမယတွင်မဆို၊ လူတို့သည် ငါနှင့် ထိတွေ့ဆက်ဆံသည့်အခါ၊ ငါနှင့်ပတ်သက်၍ ၎င်းတို့ မြင်တွေ့၊ ကြားသိပြီး သဘောပေါက်သည့်အရာမှာ ငါသည် လုံးဝ ထူးခြားသူမဟုတ်ဘဲ၊ ပုံမှန်၊ လက်တွေ့ကျပြီး သာမန်ချည်းသာဖြစ်သည်ဟူ၍ ဖြစ်သည်။ ထိုသို့သော လူ့သဏ္ဌာန်ဖြင့် အသက်ရှင်လျက်၊ လူတို့နှင့်အတူ ငါ နေထိုင်သည့်အခါ အထူးလွတ်လပ်ပြီး စိတ်သက်သာရာရသည်ဟု ခံစားရသည်။ အကယ်၍ သာမန်ထက်လွန်ကဲပြီး အခြားသူများနှင့် ကွဲပြားခြားနားသော လုပ်ရပ်တစ်ခုတလေ ငါ့တွင် ရှိသည် သို့မဟုတ် ငါ၏ အပြင်ပန်း မျက်နှာသွင်ပြင်လက္ခဏာများ၏ အချို့သော အစိတ်အပိုင်း သို့မဟုတ် ငါ၏ အခြားသော သွင်ပြင်လက္ခဏာတစ်ခုခုသည် အခြားသူများနှင့် ကွဲပြားခြားနားသည် သို့မဟုတ် အထူးသဖြင့် သာမန်ထက်လွန်ကဲသည်ဟု သင် တွေးထင်လျှင်၊ အကယ်၍ သင်သည် ထိုသို့ တွေးထင်လျှင်၊ ငါ အလွန် စိတ်မအေးဖြစ်ကာ အနေရခက်ပေလိမ့်မည်။ ငါသည် ထိုသို့သော အရာများကို လူတို့ ပြောဆိုခြင်းအား အမှန်တကယ် မနှစ်သက်သည့်အပြင်၊ ငါ့ကို ထိုသို့သောပုံစံဖြင့် လူတို့ ကြည့်ရှုခြင်းကိုလည်း အမှန်တကယ် မနှစ်သက်ပေ။ အထူးသဖြင့် အချို့သောလူတို့သည် ငါ့ကို ပထမဆုံးအကြိမ် တွေ့ဆုံသည့်အခါ၊ ၎င်းတို့ စိတ်ကူးထားသည့်အတိုင်း ငါက ထူးခြားပြီး အခြားသူများနှင့် ကွဲပြားခြားနားခြင်း ရှိမရှိဟူသည်ကို သိလိုလျက်၊ ငါ၏ မျက်လုံးများထဲက အကြည့်၊ ငါ၏ မျက်နှာသွင်ပြင်ကို စေ့စေ့စပ်စပ်ကြည့်ရှုလျက်၊ ငါအသုံးပြုသော စကားလုံးတိုင်းနှင့် ငါ၏ အသံနေအသံထားကို ဂရုတစိုက် နားထောင်လျက် ငါ့ကို လေ့လာစူးစမ်းကြသည်။ ငါကမူ၊ ထိုသို့ပြုလုပ်ရန် မလိုအပ်၊ ငါ့ကို လေ့လာစူးစမ်းရန် သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် မလိုအပ်ဟု ငါ ပြောသည်။ ငါသည် အလွန်သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သော လူတစ်ဦး ဖြစ်သည်။ သင်သည် ငါနှင့် ဆက်ဆံသည့်အခါ၊ သက်သောင့်သက်သာဖြစ်သင့်သည်၊ လွတ်လပ်ပြီး စိတ်အေးလက်အေးဖြစ်သင့်သည်။ သင်သည် အမြဲတစေ လေ့လာစူးစမ်းပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလျှင်၊ သင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလေလေ၊ ပို၍ ပင်ပန်းလာလိမ့်မည်ဖြစ်ပြီး ပို၍ ရှုပ်ထွေးလာလေလေ ဖြစ်လိမ့်မည်။ အကယ်၍ ငါသည် သင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် လေ့လာစူးစမ်းခြင်းကို ခံရလျှင်၊ သင့်အပေါ် ပို၍ပို၍ မနှစ်မြို့ခြင်းနှင့် ရွံရှာမုန်းတီးခြင်းတို့ကို ခံစားရလိမ့်မည်။ သင်သည် ငါ့ကို မည်သို့ပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးစေကာမူ၊ ငါပြောဆိုသည့်အရာကို နားမလည်လျှင်၊ ငါ၏ နှုတ်ကပတ်တော်များက အမှန်တကယ် ရည်ညွှန်းသည့်အရာကို မသိလျှင်၊ ဤနေရာတွင် နားလည်သင့်သော သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို မသိလျှင်၊ သင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် အဘယ်အသုံးဝင်မှု ရှိသနည်း။ သင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် ပို၍ပင် ရွံရှာဖွယ်ကောင်းသည်။ တစ်ခါက၊ တစ်စုံတစ်ဦးက အချိန်ကြာမြင့်စွာ လေ့လာစူးစမ်းနေခဲ့သည်လော သို့မဟုတ် မရည်ရွယ်ဘဲ မြင်တွေ့ခဲ့သည်လောကို ငါမသိ၊ သူက ငါ၏ မျက်လုံးများတွင် တောက်ပသော အစက်တစ်ခုရှိပြီး၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် ငါသည် ဘုရားသခင်ဖြစ်ကြောင်း ပြသရန် လုံလောက်သည်ဟု ပြောဆိုခဲ့သည်။ ငါက “ အခြားမည်သည့်အရာကို သင် မြင်သေးသနည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ငါ့အပေါ်သို့ ဆင်းသက်လာသည်ကို သင် တွေ့မြင်ခဲ့သလော။ ငါ၏ နှုတ်မှ အသွားနှစ်ဖက်ပါသော သန်လျက်တစ်လက် ထွက်လာသည်ကို သင် တွေ့မြင်ခဲ့သလော။ ငါ၏ တစ်ကိုယ်လုံးက အလင်းတိုင်ကဲ့သို့ ဖြစ်နေသည်ကို သင် တွေ့မြင်ခဲ့သလော။ ငါ၏ လက်ထဲတွင် သံလှံတံတစ်ခု ရှိနေသည်ကို သင် တွေ့မြင်ခဲ့သလော။ ငါ၏ မျက်လုံးများထဲက တောက်ပသော အစက်တစ်ခုကို တွေ့မြင်ခဲ့သည်ဟု သင် ပြောဆိုသော်လည်း၊ သင်ပြောဆိုသည့်အရာမှာ မှားယွင်းသည်။ သမ္မာကျမ်းစာက၊ ‘မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။’ဟု ပြောသည်။ သင်၏ နားလည်မှုအရ၊ သင်သည် ဘုရားသခင်နှင့်ဆိုင်သော အရိပ်အငွေ့ တစ်စုံတစ်ခုကို သိမြင်ရန် ငါ၏ မျက်လုံးနှစ်လုံးကို မီးလျှံများကဲ့သို့ တွေ့မြင်ခဲ့သင့်သော်လည်း၊ တောက်ပသော အစက်တစ်ခုကိုသာ သင် တွေ့မြင်ခဲ့သည်။ သို့ဖြစ်၍ ယင်းမှာ ဘုရားသခင်ကို သင် အသရေဖျက်နေသည်ဟု ဆိုလိုသည်”ဟု ပြောဆိုခဲ့သည်။ ငါ့ကို ပြောလော့၊ ဤလူသည် မိမိကိုယ်ကို လှည့်စားခဲ့သည် မဟုတ်လော။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှု နည်းပါးခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင့်ကို ငါ ပြောသည်၊ သင်တို့သည် ဤအရာများကို လေ့လာစူးစမ်းရန် သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် မလိုအပ်ပေ။ ငါဖော်ပြသော ဤနှုတ်ကပတ်တော်များကို နားထောင်ခြင်းသည်သာ သင်တို့အား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းစေရန် လုံလောက်ပေသည်။ အကယ်၍ သင်သည် မရမက လေ့လာစူးစမ်းပါက၊ မည်သည့်ပြဿနာများ ပေါ်ပေါက်လာလိမ့်မည်နည်း။ မည်သည့်ရလဒ်မျှ ရှိလိမ့်မည်မဟုတ်သည်သာမက၊ ဘုရားသခင်ကိုလည်း အနည်းငယ်မျှပင် သင် သိနိုင်လိမ့်မည်မဟုတ်သည့်အပြင်၊ ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ အယူအဆများသည် ပိုအားကောင်းသည်ထက် အားကောင်းလာလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်သည် သူပြောဆိုသော ဘုရားသခင်၏ ဇာတိအဖြစ်တော် သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော ခန္ဓာကိုယ် သို့မဟုတ် ဗျာဒိတ်ကျမ်းတွင် ဘုရားသခင် ပရောဖက်ပြုခဲ့သော ဘုရားသခင်၏ ပုံသဏ္ဌာန် သို့မဟုတ် လူသားမျိုးနွယ်က ယခင်မှတ်တမ်းများမှတစ်ဆင့် တွေ့မြင်ခဲ့သော ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် လုံးဝ မသက်ဆိုင်ပေ။ သို့ဖြစ်၍၊ သင်သည် လူ့ဇာတိခံ ဘုရားသခင်ကို မည်သို့ပင် လေ့လာစူးစမ်းစေကာမူ၊ သူသည် အမြဲတစေ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသောလူတစ်ဦး၊ သာမန်လူတစ်ဦး ဖြစ်သည်။ သူသည် သင့်အား ထူးခြားသော သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသော ဘက်ခြမ်းတစ်ခုကို ပြသလိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် ဤစကားများကို ပြောဆိုခြင်းဖြင့် ငါသည် အဘယ်အရာကို ဆိုလိုသနည်း။ သင့်အနေဖြင့် လူ့ဇာတိခံ ဘုရားသခင်ကို မလေ့လာမစူးစမ်းသင့်ကြောင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မပြုသင့်ကြောင်း ရိုးရှင်းစွာ ငါ ပြောပြနေခြင်း ဖြစ်သည်။ သင်သည် သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလေ၊ ဘုရားသခင်သည် သင်နှင့် ပို၍ ဝေးကွာလေ ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမရှိဘဲ ဖြူစင်စွာ ကျိုးနွံနာခံပြီး သမ္မာတရားကို လက်ခံနိုင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အား သမ္မာတရားကို နားလည်ရန် သင့်အား လမ်းညွှန်လျက် ဉာဏ်ပွင့်စေပြီး အလင်းပေးလိမ့်မည်။ အကယ်၍ သင်သည် သူ့ကို အမြဲတစေ လေ့လာစူးစမ်းပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွားပြီး တစ်ခုမျှ မြင်နိုင်ခြင်း မရှိသည့်အလား ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ နားလည်မည်မဟုတ်၊ သင့်အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ သင်သည် ယင်းကို ထိုးထွင်းသိမြင်နိုင်မည်မဟုတ် သို့မဟုတ် မည်သည့်အရာလုပ်ဆောင်ရမည်ကို သိမည်မဟုတ်သည့်အပြင်၊ အခြားသူများနှင့် မိတ်သဟာယဖွဲ့သည့်အခါ၊ မည်သည့်နေရာမှ စတင်ရမည်ကို သင် သိမည်မဟုတ်ပေ။ သင်သည် ယခင်က လုပ်ဆောင်နိုင်လေ့ရှိခဲ့သော အရှင်းဆုံးအရာကို လုပ်ဆောင်ရာတွင်ပင် အလွန်ကသိကအောက်ဖြစ်လိမ့်မည်ဖြစ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်လိမ့်မည်။ ထိုအခါတွင် အမှုအရာများ လုံးဝ မှားယွင်းသွားလေသည်။ ဤသည်တို့မှာ ကောင်းသော လက္ခဏာများဖြစ်သလော။ (မဟုတ်ပါ။) သို့ဖြစ်၍၊ ဤလက္ခဏာများ ဖြစ်ပေါ်သည့်အခါ၊ သင်သည် အလျင်အမြန် နောက်ပြန်လှည့်ပြီး ဘုရားသခင်ကို လေ့လာစူးစမ်းခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့အား ရပ်တန့်ရမည်။ ပြီးလျှင် ဤလက္ခဏာများ မဖြစ်ပေါ်သည့်အခါတွင်လည်း ယင်းကို မလုပ်ဆောင်နှင့်။ အဘယ်ကြောင့် သင် မလုပ်ဆောင်သင့်သနည်း။ ဤလမ်းကြောင်းသည် မည်သည့်နေရာသို့မျှ မရောက်စေပေ၊ ဤလမ်းကြောင်းသည် သင် လျှောက်လှမ်းသင့်သော လမ်းကြောင်းမဟုတ်ပေ။ ဘုရားသခင်နောက်လိုက်ရာတွင် သင် လျှောက်လှမ်းသင့်သော လမ်းကြောင်းမှာ ဘုရားသခင်ကို လေ့လာစူးစမ်းခြင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် စမ်းသပ်ခြင်းမဟုတ်ဘဲ၊ သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍၊ အကယ်၍ သင်သည် သူ့ကို တစ်ခါမျှ မမြင်ဖူးသည့်အပြင် သူ မည်သည့်ပုံစံရှိသည်ကို မသိလျှင်၊ သင် ပထမဆုံး တွေ့ဆုံသည့်အခါ သူ့ကို သေချာစွာ အကဲခတ်ခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ သူ့ကို အကဲခတ်ပြီးနောက်၊ သင်သည် သူ့အပေါ် ထင်မြင်ချက်တစ်ခုခုရှိလာပြီး၊ သူ၏ အသံကို အသံသွင်းထားသည့် တရားဒေသနာများထဲက စကားပြောသောအသံနှင့် ယှဉ်ကြည့်နိုင်သည်၊ “သို့ဆိုလျှင် ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ ပုံစံပင်ဖြစ်သည်၊ ဤသည်မှာ သူ၏ အရပ်အမြင့်ဖြစ်သည်။ ဤသည်မှာ သူ၏ ဝတ်စားဆင်ယင်ပုံဖြစ်သည်။ သူသည် အမှန်တကယ် ပုံမှန်၊ လက်တွေ့ကျပြီး သာမန်ဖြစ်သည် (ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့်အတိုင်း၊ အားလုံးမှာ အမှန်ပင်ဖြစ်သည်)” ဟူ၍ ဖြစ်သည်။ ဤသည်မှာ လုံလောက်ပေသည်၊ ထိုနေရာတွင် ရပ်လော့။ ဤကိစ္စကို သင်၏ စိတ်နှလုံးထဲတွင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် ဆက်လက် အားမထုတ်နှင့်။ ဆက်လက်၍၊ သင်သည် ဘုရားသခင် မိတ်သဟာယဖွဲ့နေသည့်အရာကို သေချာစွာနားထောင်သင့်သည်၊ ဘုရားသခင် မိတ်သဟာယဖွဲ့နေသော ကိစ္စရပ်တွင် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာ ပါဝင်သည်ကို ဆင်ခြင်သုံးသပ်သင့်သည်၊ ထိုအရာကို အလျင်အမြန် ချရေးပြီးနောက် ယင်းကို ဆင်ခြင်သုံးသပ်ရန် သင်၏ စိတ်နှလုံးကို အသုံးပြုသင့်ကာ ယင်းကို နားလည်ပြီးနောက်၊ လက်တွေ့လုပ်ဆောင်သင့်ပေသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည့် ခရစ်တော်ကို ဆက်ဆံရန် မှန်ကန်သော နည်းလမ်းဖြစ်သည်။ ငါသည် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ မည်သည့်အကြောင်းအရာကိုပင် မိတ်သဟာယဖွဲ့စေကာမူ၊ လူ့ဇာတိခံ ဘုရားသခင်နှင့် ထိုအရာ ပတ်သက်သည့်အခါ၊ ငါသည် သင်တို့ကို သူနှင့် ပေါင်းသင်းဆက်ဆံစေခြင်းထက် သို့မဟုတ် သူ့ကို သာမန်ထက်လွန်ကဲသောသူ၊ ကြီးမြတ်သူ၊ တစ်မူထူးခြားသူ သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသူအဖြစ် သိကျွမ်းစေခြင်းထက်၊ ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်း၊ လက်တွေ့ကျခြင်းနှင့် သာမန်ဖြစ်ခြင်းတို့ကို သိကျွမ်းစေရန် အမြဲ ကြိုးစားသည်။ ငါပြောဆိုသော ကိစ္စရပ်တိုင်း၊ ငါပေးသော ဥပမာတိုင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်း၊ လက်တွေ့ကျခြင်းနှင့် သာမန်ဖြစ်ခြင်းတည်းဟူသော ဤခေါင်းစဉ်နှင့် ဆက်စပ်မှုရှိပေသည်။ ငါသည် အခြားသူများနှင့် ကွဲပြားခြားနားကြောင်း၊ ထူးခြားကြောင်း သို့မဟုတ် ကြီးမြတ်သူဖြစ်ကြောင်း၊ ငါ့တွင် ခေါင်းဆောင်တစ်ဦး၏ ဟန်အမူအရာ၊ ကြီးမြတ်သော လူတစ်ဦး၏ စိတ်သဘောထားကြီးမှု သို့မဟုတ် ကြီးမြတ်သော လူတစ်ဦး၏ စိတ်သဘောထား ကျယ်ပြန့်မှုနှင့် အဆင့်အတန်းမြင့်မားမှု ရှိကြောင်း သင်တို့ကို မှားယွင်းစွာ တွေးထင်စေရန် တစ်စုံတစ်ခုကို လုံးဝ လုပ်ကြံဖန်တီးလိမ့်မည်မဟုတ်ပေ။ ငါ သင်တို့ကို ပြောမည်၊ “အဆင့်အတန်းမြင့်မားမှု” သို့မဟုတ် “စိတ်သဘောထား ကျယ်ပြန့်မှု” က မည်သည့်အရာ ဆိုလိုသည်ကို ငါ လုံးဝနားမလည်သည့်အပြင်၊ ငါသည် ထိုကဏ္ဍများကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် ငါ၏ စိတ်နှစ်ထားခြင်းလည်း မရှိပေ။ ငါသည် အဘယ်အရာကို ဆင်ခြင်သုံးသပ်သနည်း။ ငါသည် သင်တို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဆောင်ကြဉ်းပေးနိုင်မည့် မည်သည့်အကြောင်းအရာများအား သင်တို့နှင့် မိတ်သဟာယဖွဲ့ရမည်ကိုလည်းကောင်း၊ သင်တို့အနေဖြင့် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဆပ်ရန် လိုလားစိတ်နှင့် စိတ်ပိုင်းဖြတ်မှုရှိပြီး၊ သမ္မာတရားကို လိုက်စားနိုင်ရန်အလို့ငှာ၊ သင်တို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး၊ ကယ်တင်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ၊ မည်သည့်အကြောင်းအရာများက သင်တို့ကို တိုက်တွန်း၊ ဦးဆောင်၊ ကူညီနိုင်ပြီး လမ်းညွှန်နိုင်မည်ကိုလည်းကောင်း ဆင်ခြင်သုံးသပ်သည်။ လူတို့အနေဖြင့် ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်ရန်အလို့ငှာ၊ ၎င်းတို့၏ တာဝန်ကို စံချိန်မီသော နည်းလမ်းဖြင့် ဖြည့်ဆည်းနိုင်ပြီး စစ်မှန်သော ဖန်ဆင်းခံများ ဖြစ်လာနိုင်ရန်အလို့ငှာ၊ မည်သည့်အကြောင်းအရာများအား ပြောဆိုပြီး မည်သည့်တရားဒေသနာများအား ဟောပြောရမည်ကို ငါ အမြဲ ဆင်ခြင်သုံးသပ်သည်။ ငါသည် မည်သည့်အကြောင်းအရာကို ပြောဆိုသည်ဖြစ်စေ၊ သင်တို့ကို စံချိန်မီသော ဖန်ဆင်းခံများ ဖြစ်လာစေရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ သင်ယူစေရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို ဖြစ်ပေါ်စေရန် အမြဲ ကြိုးပမ်းသည်။ သင်တို့အား ငါ့ကို အားကိုးစေမည့် မည်သည့်နှုတ်ကပတ်တော်များ ပြောဆိုရမည် သို့မဟုတ် သင်တို့၏ စိတ်နှလုံးထဲတွင် ငါသည် ကျော်ကြားသော သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ နားလည်၍မရနိုင်သောသူဖြစ်သည်ဟု သင်တို့ ခံစားရစေရန်အလို့ငှာ မည်သည့်အမှုအရာများ လုပ်ဆောင်ရမည်ဟူသည်ကို ငါ မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခင်း မရှိပေ. ငါ၏ စိတ်နှလုံးထဲတွင် ဤအရာများ တစ်ခုမျှမရှိပေ။ ငါ အလွန် အဆင့်မြင့်သည်ဟု သင့်ကို ခံစားစေရန်၊ ငါကို သင် ဉာဏ်မမီနိုင်အောင် သို့မဟုတ် ငါ့ကို အလှမ်းမမီအောင် ဖြစ်စေရန်နှင့် သင့်အား အလွန် အရေးမပါသည့်အပြင် မသိနားမလည်သည့်ပုံပေါက်စေရန် မည်သို့ ငါ စကားပြောသင့်သည်၊ ငါ၏ စကားပြောသည့်ပုံစံ သို့မဟုတ် ငါ့ကိုယ်ငါ မည်သို့ ပုံဖော်သင့်သည်ဟူသည်တို့ကို ငါ လုံးဝ မစဉ်းစားလေပြီ။ ဤအရာများကို ငါ၏ စိတ်နှလုံးထဲတွင် ဘယ်သောအခါမျှ ငါ မစဉ်းစားသည့်အပြင်၊ ငါ၏ ကိုယ်ပိုင် အဆင့်အတန်း၊ ပုံရိပ် သို့မဟုတ် ပင်ကိုလက္ခဏာကို ကာကွယ်ရန်လည်း ဘယ်သောအခါမျှ စကားပြောခြင်း သို့မဟုတ် ပြုမူဆောင်ရွက်ခြင်းမပြုပေ။ ငါ၏ အမှုတော်ကိုသာ စိတ်နှလုံးအကြွင်းမဲ့ ငါ ထမ်းဆောင်သည်။

တစ်ခါတစ်ရံ ငါ ပင်ပန်းသောအခါ လမ်းလျှောက်၍ ဟိုသည် ကြည့်ရှုရန် ညီအစ်ကိုမောင်နှမများ နေထိုင်ရာနေရာသို့ သွားလေ့ရှိသည်။ တစ်ခါတစ်ရံ လယ်တောတစ်ဝိုက်တွင် လမ်းလျှောက်ကာ ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ ဝက်များနှင့် သိုးများကို ကြည့်ရှုလေ့ရှိသည်။ ကြောင်ကလေးတစ်ကောင်ကို မြင်သောအခါ ငါသည် ယင်းကို ပွတ်သပ်၊ ပွေ့ဖက်ပြီး၊ စကားပြောသည်။ ချစ်စရာကောင်းသော ခွေးကလေးတစ်ကောင်ကို မြင်သောအခါ ယင်းကိုလည်း ငါ ပွေ့ဖက်သည်။ ခွေးကလေး ဆယ်ကောင်ကျော် မွေးခဲ့သော ခွေးမတစ်ကောင် ရှိခဲ့သည်။ သူသည် ဂုဏ်ယူဖွယ်ရာတစ်ခုခု လုပ်ဆောင်ခဲ့သည့်အလား လူတို့ရှေ့တွင် အလွန်ပျော်ရွှင်နေခဲ့သည်။ ငါသည် သူ့ကို၊ “ယခု သင့်ကိုယ်သင် အားရကျေနပ်နေပြီ မဟုတ်လော။ ကြည့်ပါ၊ ခွေးကလေးများစွာ သင် မွေးဖွားခဲ့ပြီး သင် အမှန်ပင် ကောင်းစွာလုပ်ဆောင်ခဲ့သည်၊ အလွန်ကောင်းသည်၊ တော်လိုက်လေခြင်း”ဟု ပြောလျက်၊ ချီးကျူးခဲ့သည်။ ငါသည် သူ့ကို ပွတ်သပ်ပြီး သူ၏လည်ပင်းကို သိုင်းဖက်ခဲ့သည်။ ခွေးများထားရာနေရာများ၊ လယ်မြေနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကိုလည်း ငါ သွားရောက်လည်ပတ်ပြီး နေရာတိုင်းကို လှည့်ပတ်ကြည့်ရှုသည်။ တကယ်ကို ကောင်းပေသည်။ ငါ့ကို ပြောလော့၊ ထိုကြီးမြတ်သော ပုဂ္ဂိုလ်တို့သည် ဤညစ်ပတ်၊ နံဟောင်ပြီး ရှုပ်ပွနေသော နေရာများသို့ သွားကြသလော။ မသွားကြပေ။ အထူးသဖြင့် ခွေးများထားရာနေရာများနှင့် ဝက်ခြံများကဲ့သို့ မကောင်းသော အနံ့အသက်များရှိသည့် နေရာများသို့ လူအများစုသည် သွားရန် မလိုလားကြပေ။ ငါသည်လည်း မကောင်းသော အနံ့များနှင့် ဆိုးသော အနံ့အသက်များကို မကြိုက်သော်လည်း ခွေးကလေးတစ်ကောင်ထံမှ အနံ့အသက်အနည်းငယ်ကိုမူ သည်းခံနိုင်သည်။ တစ်ခါတစ်ရံ ခွေးကလေးများသည် ငါ့ကို ပွတ်သပ်ကြပြီး ငါ၏မျက်နှာကို နမ်းရှုံ့ကာ လျက်ကြသည့်အပြင်၊ ၎င်းတို့ကို ငါ ပွေ့ဖက်ပေးသည်။ တိရစ္ဆာန်များသည် အလွန်ရိုးရှင်းသည်။ ၎င်းတို့သည် မိမိတို့၏ သခင်များကို ယုံကြည်ပြီး သတိထားကာကွယ်ရန် န် မလိုအပ်သောကြောင့် မိမိတို့၏ သခင်များနှင့်အတူ စိတ်တိုင်းကျ ကစားနိုင်ပြီး အပြန်အလှန် ဆက်ဆံနိုင်သည်။ ၎င်းတို့၏ ဘဝများက ထိုမျှ ရိုးရှင်းလှသည်။ အချို့လူတို့သည် မိမိတို့ ခွေးများကို နှစ်သက်ကြောင်း၊ တိရစ္ဆာန်ငယ်လေးများကို နှစ်သက်ကြောင်းနှင့် တိရစ္ဆာန်ငယ်လေးများကို ဂရုစိုက်ကြောင်း အမြဲပြောကြသော်လည်း ခွေးကလေးတစ်ကောင်အား ပွေ့ဖက်ရန် သင်ပြောသောအခါ ၎င်းတို့က မလိုလားကြပေ။ ၎င်းတို့က “ခွေးများက ညစ်ပတ်ပြီး နံသည်။ သူတို့တွင် ဗိုင်းရပ်စ်ပိုးများပင် ရှိနိုင်သည်”ဟု ပြောကြသည်။ ငါက “သင် အလွန် ဇီဇာကြောင်သည်။ တိရစ္ဆာန်ငယ်လေးများကို သင် မနှစ်သက်ဘူးလော။ ဤသည်မှာ အမှန်တကယ် နှစ်သက်ခြင်း မဟုတ်ပါ” ဟု ပြောသည်။ ထိုသို့သော လူတို့သည် အတော်လေး ဟန်ဆောင်ကောင်းကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကို သာမန်လူများအဖြစ် မမှတ်ယူကြပေ။ မိမိတို့ကိုယ်ကို မွန်မြတ်သည်၊ အဆင့်အတန်းရှိသည်၊ ကြီးမြတ်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသောကြောင့် လူတို့က အရေးမပါဟု မှတ်ယူကြသော ဤတိရစ္ဆာန်ငယ်လေးများနှင့် မည်သို့ အပြန်အလှန် ဆက်ဆံနိုင်မည်နည်း။ ၎င်းတို့၏ လက်များဖြင့် ထိတွေ့လျှင်ပင် ၎င်းတို့သည် မိမိတို့၏ လက်များကို အမြန်ဆေးကြောပြီး ပိုးသတ်ရသည့်အပြင် အဝတ်အစားများပင် လဲလှယ်ကြကာ အိမ်ပြန်ရောက်သောအခါ ချက်ချင်း ရေချိုးကြရသည်။ ၎င်းတို့သည် သန့်ရှင်းမှုကို ဤမျှအထိပင် လုပ်ဆောင်ကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူတို့သည် ထူးဆန်းကြသည် မဟုတ်လော။ သင်သည် တိရစ္ဆာန်ငယ်လေးများကို အမှန်တကယ် မနှစ်သက်လျှင် ဟန်မဆောင်နှင့်။ သင် ဟန်ဆောင်နေသည်ကို လူတို့ မြင်သည်နှင့်တစ်ပြိုင်နက် သင် အလွန် သူတော်ကောင်းယောင်ဆောင်ပြီး မရိုးသားကြောင်း ၎င်းတို့ သိရှိသွားကာ သင့်ကို မြင်သည်နှင့် စက်ဆုပ်ရွံရှာကြပြီး သင့်အပေါ် မကောင်းသော ထင်မြင်ချက်တစ်ခု ရှိသွားကြသည်။ သင်သည် တိရစ္ဆာန်များကို မနှစ်သက်လျှင် လုံးဝ ဟန်မဆောင်နှင့် သို့မဟုတ် မိမိကိုယ်ကို အကောင်းမြင်စေရန် မကြိုးစားနှင့်။ သင်သည် မိမိကိုယ်ကို အကောင်းမြင်စေရန် ကြိုးစားလေလေ၊ လူတို့က သင့်ကို ပို၍ ရုပ်ဆိုးပြီး နိမ့်ကျသည်ဟု ထင်မြင်ကြလေလေ ဖြစ်သည်။ ရိုးသားကာ စစ်မှန်ခြင်းသည် ပို၍ များစွာ ကောင်းသည်။ သင်သည် ရိုးသားကာ စစ်မှန်နိင်ခြင်း မရှိလျှင် သင်၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိကြောင်း သက်သေပြသည်။ မည်သို့ပင်ဖြစ်စေ၊ လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းသည် အမှန်တရားတစ်ခုဖြစ်ပြီး သူ၏ သာမန်ဖြစ်ခြင်းသည်လည်း အမှန်တရားတစ်ခု ဖြစ်သည်။ လူများစွာတို့သည် သူနှင့် ထိတွေ့ဆက်ဆံခြင်းအားဖြင့် ဤအရာများကို မြင်တွေ့ကြပြီးဖြစ်ကာ ဤသည်တို့မှာ အမှန်တရားများဖြစ်ကြောင်း သိရှိကြသည်။ ဤသည်တို့မှာ သင်တို့ အသိနားလည်သင့်ဆုံးနှင့် အသိရှိသင့်ဆုံးသော အမှန်တရားများ ဖြစ်သည်။ ထိုသို့သော သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သည့် လူတစ်ဦးသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ပြီး ဤအရာသည် လူတို့၏ အယူအဆများနှင့် ဆန့်ကျင်သည်။ အကယ်၍ သူသည် ကြီးမားသည့်အရာဖြစ်စေ၊ သေးငယ်သည့်အရာဖြစ်စေ တစ်စုံတစ်ခုကို လုပ်ဆောင်ရပြီး သူသည် အခြားသူများနှင့် မည်မျှ ကွဲပြားခြားနားကြောင်း ကြွားဝါလျက်၊ မိမိကိုယ်ကို သီးခြားဖြစ်စေရန် ကြိုးစားလျက် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကဲ့သို့ ပြုမူခဲ့မည်ဆိုလျှင် ထိုအရာသည် လူတို့၏ အယူအဆများနှင့် ကိုက်ညီကောင်း ကိုက်ညီပေမည်။ တစ်ဖက်တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အမျိုးမျိုးသော သရုပ်သကန်များ ရှိသည်။ အခြားတစ်ဖက်တွင်မူ လူ့ဇာတိခံ ဘုရားသခင် ရှိပြီး၊ သူသည် သမ္မာတရားများစွာကို ဖော်ပြခဲ့သော်လည်း သာမန်လူတစ်ဦးကဲ့သို့ ပုံမှန်ဖြစ်သော သရုပ်သကန်များကို ပြသနေဆဲ ဖြစ်သည်။ ဤသရုပ်သကန် အမျိုးအစားများထဲမှ မည်သည့်အရာက လူတို့ကို အကျိုးပြုသည့် အပြုသဘောဆောင်သော အရာဖြစ်သနည်း။ မည်သည့်အရာက လူတို့ စက်ဆုပ်ရွံရှာပြီး ငြင်းပယ်သည့် အပျက်သဘောဆောင်သော အရာဖြစ်သနည်း။ သင်တို့သည် ဤအရာကို အတိုင်းအတာတစ်ခုအထိ ယခု ပိုင်းခြားသိမြင်နိုင်ပြီလော။ (သိမြင်နိုင်ပါပြီ။) သို့ဆိုလျှင် ငါတို့ နောက်ထပ် အသေးစိတ် ပြောရန် မလိုအပ်ပေ။ ပြီးခဲ့သည့် တစ်ကြိမ်က အကြောင်းအရာကို ဆက်ကြစို့။

ပြီးခဲ့သည့်တစ်ကြိမ်တွင်၊ ငါတို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်းဟူသော နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်သည့် လူ့ဇာတိခံ ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း မဖော်ပြခြင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်၊ မှန်သလော။ (မှန်ပါသည်။) ဤအကြောင်းအရာနှင့်ပတ်သက်၍၊ လူ့ဇာတိခံ ဘုရားသခင်က မိမိ၏ လူ့သဘာဝ ရှုထောင့်အမြင်မှ မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်နှင့်ပတ်သက်၍ သူ၏ တိကျသော သရုပ်သကန်အချို့အပြင် သူ၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သော သရုပ်သကန်အချို့ဖြစ်သည့် မလှည့်ဖြားခြင်း၊ မပြိုင်ဆိုင်ခြင်း၊ မရုန်းကန်ခြင်း၊ ကျိတ်မကြံစည်ခြင်း၊ အခြားသူများကို မနှိမ်ခြင်း၊၊ လက်စားမချေခြင်း၊ သွေးဆောင်ဖြားယောင်းမှု မပြုခြင်းစသည်တို့ကို ငါ စာရင်းပြုစုခဲ့သည်။ ဤအရာများထဲမှ မလှည့်ဖြားခြင်း၊ မပြိုင်ဆိုင်ခြင်း၊ မရုန်းကန်ခြင်း၊ မနှိမ်ခြင်းတို့နှင့်ပတ်သက်၍ ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့ အနည်းငယ် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤတစ်ကြိမ်တွင် မည်သည့်သရုပ်သကန်ကို ငါတို့ မိတ်သဟာယဖွဲ့သင့်သနည်း။ (ကျိတ်မကြံစည်ခြင်း ဖြစ်ပါသည်။) ကျိတ်မကြံစည်ခြင်းသည် မလှည့်ဖြားခြင်း၊ မပြိုင်ဆိုင်ခြင်းနှင့် မရုန်းကန်ခြင်းတို့ကဲ့သို့ပင် ဤသာမန်လူဖြစ်သည့် လူ့ဇာတိခံ ဘုရားသခင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။ ဤစည်းမျဉ်းသည် သူ၏ လူ့သဘာဝ အနှစ်သာရနှင့်လည်းကောင်း၊ သူ၏ စိတ်သဘောထားတို့နှင့်လည်းကောင်း သက်ဆိုင်သည်မှာ အမှ်ပင်ဖြစ်သည်။ ကျိတ်မကြံစည်ခြင်းသည် ဤသာမန်လူဖြစ်သည့် လူ့ဇာတိခံ ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သော တိကျသည့် သရုပ်သကန်တစ်ခု သို့မဟုတ် ကျင့်ကြံပြုမူခြင်း၏ သွင်ပြင်လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။ “ကျိတ်မကြံစည်ခြင်း” ဟူသော စကားစုသည် နားလည်ရလွယ်ကူသလော။ သင်တို့အားလုံး နားလည်ကြသလော။ (နားလည်ပါသည်။) ကျိတ်မကြံစည်ခြင်းနှင့်ဆိုင်သည့် အခြေခံအကျဆုံးသော သိနားလည်မှုမှာ အကြံအစည် မထုတ်ခြင်း၊ နည်းဗျူဟာများနှင့် ကောက်ကျစ်သော အကြံအစည်များကို အသုံးမပြုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ၊ ငါသည် သင်တို့နှင့် ထိတွေ့ဆက်ဆံပြီး ပေါင်းသင်းဆက်ဆံသောအခါ အလုပ်တွင်ဖြစ်စေ၊ နေ့စဉ်ဘဝတွင်ဖြစ်စေ ငါသည် အမြဲ ရိုးသားကာ စစ်မှန်သည်။ နည်းဗျူဟာများကို ငါ အသုံးမပြု၊ ကောက်ကျစ်သော အကြံအစည်များကို မသုံးသည့်အပြင်၊ အကြံအစည်လည်း မထုတ်ပေ။ ထိုအစား၊ ငါ၏ စိတ်နှလုံးထဲတွင် ရှိသမျှကို ပြောကာ အမှုအရာများကို ဖြစ်သည့်အတိုင်း သင်တို့အား ပြောပြလျက် အမှန်အတိုင်း စကားပြောသည်။ ငါသည် သင်တို့အပေါ် ကျိတ်ကြံစည်ခြင်း မရှိသည့်အပြင် မလှည့်ဖြားပေ။ သင်တို့၏ ယုံကြည်မှုကို ရရှိရန်နှင့် ထို့နောက်တွင် သင်တို့အား မိမိတို့ကိုယ်ကို အသုံးခံလိုစိတ်၊ ဒုက္ခခံလိုစိတ်နှင့် အဖိုးအခ ပေးလိုစိတ် ရှိလာစေရန် ကွန့်လွန်းသော စကားများကို ငါ အသုံးမပြုပေ။ ဤသို့သောအရာများအား ငါ လုပ်ဆောင်သည်ကို သင်တို့ မြင်ကြပြီလော။ (မမြင်ပါ။) ငါ သင်တို့ကို မေးသောအခါ မမြင်ပါဟု သင်တို့ မုချ ပြောကြလိမ့်မည်၊ သို့သော် ဤအရာကို သရုပ်ဖော်ရန် ဥပမာတစ်ခု သင်တို့ ပေးနိုင်သလော။ သင်တို့တစ်ဦးချင်းစီက ဥပမာတစ်ခု ပေးနိုင်မည်ဆိုလျှင် ဤအချက်သည် ငြင်းမရအောင် သက်သေပြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ကျိတ်မကြံစည်ခြင်းဟူသော ဤအချက်ကို သင်တို့ အမှန်တကယ် နားလည်မှုတစ်ခုခု ရှိကြလိမ့်မည်။ ဥပမာအနေနှင့်၊ လောကတွင် ၎င်းက ကျွမ်းကျင်မှုအချို့ကို သင်ယူခဲ့ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုကို နားလည်သည်ဟု တစ်စုံတစ်ဦးက ဆိုသည်။ ဘုရားအိမ်တော်တွင် သူသင်ယူခဲ့သော ဤအသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် သက်ဆိုင်သည့် အလုပ် သို့မဟုတ် တာဝန်တစ်ခု ရှိနေသည်နှင့် တိုက်ဆိုင်သွားသည်။ ငါသည် ၎င်းတို့နှင့် စကားပြော၍ “သင်သည် ဤအသက်မွေးဝမ်းကျောင်းလုပ်ငန်းအကြောင်း အနည်းငယ် နားလည်ပြီး ဘုရားအိမ်တော်တွင် ဤနယ်ပယ်၌ အလုပ်ရှိနေသည်မှာ တိုက်ဆိုင်လှသည်။ သင်၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာကို အခြေခံ၍ သင်တို့နယ်ပယ်၏ စည်းမျဉ်းများ သို့မဟုတ် မူများနှင့်အညီ ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ သင် လိုလာမည်ဆိုလျှင် ဤအလုပ်သည် သင်၏အလုပ် ဖြစ်သည်” ဟု ပြောသည်။ ဤစကားများထဲတွင် ကျိတ်ကြံသော သို့မဟုတ် အမြတ်ထုတ်သော စကားများ ရှိသလော။ အကြံတစ်ခုကို ဖုံးကွယ်ထားသော စကားများ ရှိသလော။ (မရှိပါ။) မရှိကြောင်း သေချာသလော။ (သေချာပါသည်။) သင်သည် မိမိကိုယ်ကို အကြံပြုထောက်ခံပြီး ဤအသက်မွေးဝမ်းကျောင်းလုပ်ငန်းအား နားလည်သူအဖြစ် မိမိကိုယ်ကို မိတ်ဆက်ခဲ့သည့်အပြင်၊ ငါသည် သင်၏ အခြေအနေကို သိရှိခဲ့သည့်အတွက်၊ ဤအလုပ်ကို သင့်အား ငါ တာဝန်ပေးခဲ့သည်။ သင်သည် ယင်းကို လုပ်ဆောင်ရန် ဆန္ဒရှိပြီး “ကျွန်ုပ်သည် ဘုရားသခင်ထံမှ ဤအရာကို လက်ခံပါသည်၊ ဤအလုပ်၊ ဤတာဝန်ကို ကျွန်ုပ် တာဝန်ယူပါသည်” ဟု သင်ပြောလျှင်၊ ဆိုလိုသည်မှာ သင်သည် ယင်းကို မိမိသဘောဆန္ဒအလျောက် လုပ်ဆောင်ခြင်း ဖြစ်လျှင်၊ ယင်းကို ကောင်းစွာ သင် လုပ်ဆောင်သင့်ပေသည်။ သင်သည် ဆန္ဒမရှိလျှင် ဤတာဝန်ကို မထမ်းဆောင်လိုကြောင်း ငါ့ကို စေ့စေ့ကြည့်ပြီး ဗြောင်ပင်ပြောနိုင်သည်။ ငါ သင့်ကို အတင်းအကျပ် ခိုင်းမည်လော။ (ခိုင်းမည်မဟုတ်ပါ။) လူတို့ကို ဆက်ဆံရာတွင် ငါ၏ စည်းမျဉ်းများအရ ငါသည် သင့်ကို အတင်းအကျပ် ခိုင်းမည်မဟုတ်ပေ။ ငါသည် သင်၏ ကိုယ်ရေးကိုယ်တာ ဆန္ဒအတိုင်း အမှုအရာများကို လုပ်ဆောင်ရန် သင့်ကို အတင်းအကျပ် တိုက်တွန်းလျက်၊ ရေမသောက်ချင်သော နွားကို ရေထဲသို့ ခေါင်းစိမ်ခိုင်းသကဲ့သို့ သင့်ကို အတင်းအကျပ်စေခိုင်းခြင်း လုံးဝ ပြုမည်မဟုတ်။ သင် မလုပ်ချင်လျှင်ပင် ငါသည် သင့်ကို အတင်းလုပ်ခိုင်းမည်မဟုတ် သို့မဟုတ် ငါ၌ ဤအမှတ်သညာရှိသောကြောင့် ငါ၏စကားများသည် လေးနက်မှုရှိရမည် သို့မဟုတ် ဧကရာဇ်တစ်ပါး၏ စကားများကဲ့သို့ အတိအကျဖြစ်ပြီး ပြောင်းလဲ၍မရနိုင်သည့်အလား ပြုမူမည်မဟုတ်ပေ။ ငါသည် လူတို့ကို သည်းခံခြင်းဖြင့် ဆက်ဆံသည်၊ မိမိကိုယ်တိုင်အတွက် ရွေးချယ်ရန် သင့်အား ငါ လွတ်လပ်ခွင့်ပေးသည်။ ငါသည် ဘုရားအိမ်တော်၏ အလုပ် လိုအပ်ချက်များကို အခြေခံ၍ အလုပ်ကို အမြဲ စီစဉ်သည်။ အကယ်၍ ထိုနယ်ပယ်တွင် အတွေ့အကြုံရှိသူများ သို့မဟုတ် ထိုနယ်ပယ်၌ အသိနှံ့စပ်ပြီး အလုပ်ကို လုပ်ဆောင်ရန် ဆန္ဒရှိကာ ပိုကောင်းအောင် လုပ်ဆောင်နိုင်သူများ ရှိပါက ယင်းမှာ သေချာပေါက် အလွန်ကောင်းပေသည်။ အကယ်၍ မည်သူမျှ နားမလည်လျှင် ငါတို့ရှိသည့် အစွမ်းအစများဖြင့် တတ်နိုင်သမျှ၊ လုပ်ဆောင်နိုင်သည့် မည်သည့်အတိုင်းအတာအထိမဆို လုပ်ဆောင်ကြသည်။ ယင်းမှာ ငါ၏ စည်းမျဉ်း ဖြစ်သည်။ အကယ်၍ သင့်အား အချို့သော အလုပ်ကို လုပ်ဆောင်ရန် တာဝန်ပေးသော်လည်း သင်က “ကျွန်ုပ် မလုပ်ချင်ပါ။ ကျွန်ုပ်သည် လူတို့၏ အမြတ်ထုတ်ခံရခြင်း သို့မဟုတ် ဘုရားအိမ်တော်၏ ညွှန်ကြားခံရခြင်း မကြိုက်ပါ၊ ကျွန်ုပ်သည် ကိုယ်ပိုင်ရွေးချယ်မှုများ ပြုလုပ်သည်”ဟု ကိစ္စမရှိ၊ ဘုရားအိမ်တော်သည် သင့်ကို အသုံးပြုလိမ့်မည် မဟုတ်ပေ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းဟူသည်မှာ သင် အသင့်ရှိပြီး လိုလိုလားလား လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိမှသာ အသင်းတော်က ၎င်းတို့အတွက် အလုပ်ကို စီစဉ်ပေးနိုင်သည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားခြင်းမရှိလျှင် ဘုရားအိမ်တော်သည် သင့်ကို အတင်းအကျပ် စေခိုင်းမည် မဟုတ်သည့်အပြင်၊ အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် ငါ၏ ပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်းကို အသုံးပြု၍ သင့်အား အတင်းအကျပ် စေခိုင်းခြင်း သာ၍ပင် ပြုမည်မဟုတ်ပေ။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး အလုပ်လုပ်ဆောင်ခြင်းမှာ သမ္မာတရားကို နားလည်ခြင်းမှတစ်ဆင့် လုံးလုံးဖြစ်ပေသည်။ လူတို့သည် သမ္မာတရားကို နားမလည်သောအခါ ဘုရားအိမ်တော်က ၎င်းတို့ကို မိမိတို့၏ တာဝန်အား ထမ်းဆောင်ရန် အနိုင်အထက်ပြုခြင်း သို့မဟုတ် တောင်းဆိုခြင်း ပြုမည်မဟုတ်သည့်အပြင် လူတို့ကို ငါ၏ အလိုအတိုင်း လုံးဝ ပြုမူစေခြင်းအား သာ၍ပင် ပြုမည်မဟုတ်ပေ။ သို့ဖြစ်၍၊ ငါသည် သင့်အား တစ်စုံတစ်ခု လုပ်ဆောင်စေလိုလျှင် ငါ တိုက်ရိုက် ပြောလိမ့်မည်။ ငါသည် နည်းဗျူဟာများကို လုံးဝ အားကိုးအားထားပြုလိမ့်မည် မဟုတ် သို့မဟုတ်သွယ်ဝိုက်၍ အရိပ်အမြွက်ပြောဆိုခြင်း သို့မဟုတ် ငါ၏ အဓိပ္ပာယ်ကို သင် နားလည်စေရန် ကွယ်ဝှက်သော ဘာသာစကားကို အသုံးပြုခြင်းတို့အား လုံးဝ ပြုလိမ့်မည်မဟုတ်ပေ။ ငါ ထိုသို့ ပြုမည်မဟုတ်ပေ။ သင်သည် ဘုရားအိမ်တော်အတွက် အလုပ်အချို့ကို လုပ်ဆောင်ရန် ဝိညာဉ်ရင့်ကျက်မှုနှင့် ဝန်တာစိတ်ရှိမည်ဆိုလျှင် ငါသည် သင့်အား “သင် ဤအလုပ်ကို တာဝန်ယူလိုသလော” ဟု တိုက်ရိုက် မေးမြန်းမည်။ သို့မဟုတ် “ဤအလုပ်ကို တာဝန်ယူလိုက်ပါ” ဟု သာ၍ပင် တိုက်ရိုက် ပြောဆိုမည်။ ငါသည် အားလုံးကို ရိုးရှင်းသော ဘာသာစကားဖြင့် ရိုးသားစွာ ပြောဆိုသည်။ လူသားတစ်ဦးဖြစ်နေသရွေ့ သင် နားလည်နိုင်သည်။ ငါ၏ စကားများသည် အမှန်တကယ် မည်သည့်အရာဆိုလိုသည် သို့မဟုတ် ငါ အဘယ်ကြောင့် ထိုသို့ပြောဆိုခဲ့သည်ဟူသည်ကို သင်၏ တွေးဆကာ နားဆင်လျက် သင်၏ ဦးနှောက်ဆဲလ်များကို ဖြုန်းတီးရန် မလိုအပ်ပေ။ ငါ့ စကားများ၏ အဓိပ္ပာယ်ကို သဘောပေါက်ရန် သင့်ကို ငါ ဦးနှောက်ခြောက်စေမည် မဟုတ်။ ငါသည် သင့်အား တိုက်ရိုက် ပြောပြမည်။ ငါ့ စကားများ၏ ပကတိ အဓိပ္ပာယ်က မည်သို့ပင်ဖြစ်စေ ယင်းမှာ ထိုသို့သာ ဖြစ်သည်။ ထို့အပြင်၊ ငါသည် သင့်အား ဤအလုပ်ကို အဘယ်ကြောင့် လုပ်ဆောင်ရန် စေခိုင်းသနည်း။ အကြောင်းမှာ သင်သည် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင်၊ ဘုရားအိမ်တော်တွင်ရှိသည့် သင်၏ အပိုင်းကို လုပ်ဆောင်ရန် လိုအပ်သော မည်သည့်အလုပ်ကိုမဆို တာဝန်ယူရန် သင့်၌ တာဝန်ဝတ္တရား ရှိသည်။ မည်သည့်အလုပ် သို့မဟုတ် မည်သည့်တာဝန်များကို ငါ သင့်အား ပေးအပ်သည်ဖြစ်စေ၊ ငါသည် သင့်အား ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ် မှတ်ယူသောကြောင့်သာ ယင်းတို့ကို လုံးဝ ပေးအပ်ရခြင်း ဖြစ်သည်။ သင်သည် ထိုအလုပ်များကို သင်၏ တာဝန်နှင့် ဝတ္တရားအဖြစ် လက်ခံသင့်သည်၊ ထိုသို့လုပ်ဆောင်ခြင်းက မှန်ကန်ပေသည်။ သင့်အား အလုပ်ပေးအပ်သည်ဖြစ်စေ၊ အလုပ်တာဝန်များ တာဝန်ပေးသည်ဖြစ်စေ၊ ထိုအရာက သင့်အနေဖြင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းအတွက်ဖြစ်သည့်အပြင်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားကို ရရှိရန်အတွက်ချည်းသာ ဖြစ်သည်။ ဤနေရာတွင် အပေးအယူ ဆက်ဆံရေး မရှိသည့်အပြင် ငါသည် သင့်အား ချော့မော့ခြင်း သို့မဟုတ် လှည့်ဖြားခြင်းလည်း မပြုပေ။ ပြောဆိုခဲ့သော ဤစကားများအားလုံးနှင့် ပေးအပ်ခဲ့သော အလုပ်တာဝန်များအားလုံးသည် အပြုသဘောဆောင်ပြီး ပွင့်လင်းသည်၊ လျှို့ဝှက်ချက်များ မရှိပေ။ ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းများ သို့မဟုတ် အကျိုးစီးပွားတို့နှင့်ဆိုင်သည့် ဆက်ဆံရေးများ မပါဝင်သည့်အပြင်၊ အမြတ်ထုတ်ခြင်း သို့မဟုတ် အမြတ်ထုတ်ခံရခြင်းတို့နှင့်ဆိုင်သည့် ဆက်ဆံရေးတစ်ခုတလေလည်း မရှိပေ။ ယင်းမှာ ဘုရားအိမ်တော်က အကျိုးအမြတ်ရရှိရန်အတွက် သင်၏ အစွမ်းအစများ၊ ကျွမ်းကျင်မှုများ သို့မဟုတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာများကို အသုံးပြုခြင်း လုံးဝမဟုတ်ပေ။ ဘုရားအိမ်တော်သည် ထိုသို့ လုံးဝ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ မိမိတာဝန်ကို ထမ်းဆောင်ခြင်းသည် အသင့်ရှိပြီး လိုလားခြင်းမှ လုံးလုံး အစပြုသည်။ ဘုရားအိမ်တော်သည် မည်သူ့ကိုမျှ လုံးဝ အတင်းအကျပ် မစေခိုင်းပေ။ ဤတာဝန်ကို သင် လက်ခံခြင်းသည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဤတာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ အလုပ်ကို သင် တွေ့ကြုံခံစားပြီး ကယ်တင်ခြင်းကို ရရှိရန် လမ်းကြောင်းလည်း ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်ယူပြီး သမ္မာတရားကို ရရှိမည်ဆိုလျှင် သင်သည် ဘုရားသခင်၏ လက်သင့်ခံခြင်း၊ အမှတ်ရခြင်းနှင့် အသိအမှတ်ပြုခြင်းတို့ကို ရရှိပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ သင် ပေးအပ်မြှုပ်နှံထားခဲ့သည့်အရာအတွက် သင် ရိတ်သိမ်းသင့်သော အကျိုးတရားဖြစ်သည်။ ထို့ကြောင့်၊ သင်သည် ဤအလုပ်ကို ဒွိဟဖြစ်ခြင်း သို့မဟုတ် သံသယများ တစ်ခုတလေမရှိဘဲ သင်၏ တာဝန်အဖြစ် လက်ခံသင့်သည်။ သင့်အား ငါ မည်သို့ပင် လုပ်ဆောင်စေလိုသည့် မည်သည့်အရာကိုမဆို ငါ အမှန်အတိုင်း ပြောမည်။ ပွင့်လင်းစွာ ပြောဆိုခြင်းကို ငါ နှစ်သက်သည်။ ငါသည် ဝေ့လည်ကြောင်ပတ်ပြောဆိုလျက်၊ ဝေ့ဝိုက်ပြောဆိုလျက်၊ ပြီးလျှင် သင့်အား နှစ်လိုဖွယ်စကားများ ပြောဆိုလက် သုံးနှစ်သားကလေးတစ်ဦးကဲ့သို့ ချော့နူးရန် မလိုအပ်ပေ။ ငါ ထိုသို့ ပြုလုပ်မည်မဟုတ်ပေ။ သင်သည် သီချင်းဆိုနိုင်ပြီး သို့မဟုတ် ကခုန်နိုင်ပြီး ဤမွေးရာပါ သတ်မှတ်ချက်များကို ပိုင်ဆိုင်လျှင် ဤတာဝန်ကို ထမ်းဆောင်ရန် သင့်အား စီစဉ်သောအခါ လက်ခံသင့်သည်။ အကယ်၍ သင်က “ကျွန်ုပ်၏ မွေးရာပါသတ်မှတ်ချက်များအရ၊ ဤတာဝန်အတွက် ကျွန်ုပ် အနည်းငယ် အရည်အချင်းမပြည့်မီပါ။ ကျွန်ုပ် ဤတာဝန်ကို မထမ်းဆောင်လျှင် အဆင်ပြေပါသလော” ဟု ပြောလျှင် အဆင်ပြေသည်။ ယင်းမှာ သင်၏ လွတ်လပ်ခွင့် ဖြစ်သည်၊ ငါ သင့်ကို အနိုင်အထက်ပြုမည် မဟုတ်။

ငါ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သင်တို့ကို မည်သည့်အရာ လုပ်ဆောင်ခိုင်းသည်ဖြစ်စေ၊ ကျိတ်ကြံခြင်း မပါဝင်ပေ။ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ငါ စကားပြောသောအခါ ငါက ၎င်းတို့ကို “လတ်တလောတွင် အသင်းတော်အသက်တာ မည်သို့ရှိသနည်း။ လူသစ်များသည် အသင်းတော်အသက်တာကို အစပြုကြပြီ၊ ၎င်းတို့တွင် မည်သည့် ပြဿနာများ ရှိနေသေးသနည်း။ ယင်းတို့ကို ဖြေရှင်းပြီးပြီလော။ ဘုရားအိမ်တော်မှ ရုပ်ရှင်များ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ကြည့်ရှုပြီးနောက် ၎င်းတို့၏ အတွေးအမြင်များက မည်သည့်အရာများဖြစ်သနည်း”ဟု မေးသည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက မဖြေနိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် “ကိုယ်တော်သည် ငါ၏ အခြေအနေမှန်ကို ထုတ်ဖော်စေရန် ငါ့ကို လှည့်စားရန် ကြိုးစားနေခြင်းလော။ ငါ တကယ့်အလုပ် တစ်ခုတလေ လုပ်ခဲ့ခြင်း ရှိမရှိဟူသည်ကို စစ်ဆေးနေခြင်းလော။ ငါသတိထားပြီး ဖြေရမည်ဖြစ်ပြီး ပေါ့ဆ၍မဖြစ်ပါ။ ကောင်းစွာလုပ်ဆောင်ခဲ့သော အလုပ်အကြောင်းကို ငါပြောနိုင်သည်။ သို့သော် အလုပ်တစ်ခုတလေကို မလုပ်ရသေးလျှင် သို့မဟုတ် ကောင်းစွာမလုပ်ရသေးလျှင် ငါလုံးဝ မပြောရ။ ငါပြောလိုက်သည်နှင့် ပြဿနာကို ဖော်ထုတ်ပြီးသား ဖြစ်သွားလိမ့်မည်”ဟု ဆင်ခြင်သုံးသပ်ကြသည်။ သို့ဖြစ်၍၊ ၎င်းတို့သည် မိမိတို့၏ အလုပ်အကြောင်းကို တင်ပြသောအခါ စကားတစ်ခွန်းပိုပြောရန် အမြဲတွန့်ဆုတ်နေကြပြီး ပြဿနာများ ဖော်မိမည်ကို အလွန်ကြောက်ရွံ့ကြသည်။ ထိုသို့သော လူတို့သည် ရှုပ်ထွေးသော စိတ်များ ရှိကြသည်။ ငါ ၎င်းတို့ကို တစ်စုံတစ်ခု မေးသောအခါ စကားလုံးများက ၎င်းတို့၏ လျှာဖျားတွင် အမှန်တကယ်တွင် ရှိနေသော်လည်း ၎င်းတို့ တိုက်ရိုက်မပြောကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်ထဲတွင် “ကိုယ်တော်သည် ဤအရာကို အဘယ်ကြောင့် မေးနေသနည်း။ တစ်ဖက်တွင် ကိုယ်တော်သည် အခြေအနေမှန်ကို မသိရှိစေရန်နှင့် အခြားတစ်ဖက်တွင် ကိုယ်တော် ကျေနပ်စေရန် ငါ မည်သို့ သင့်တင့်လျောက်ပတ်စွာ ဖြေဆိုနိုင်မည်နည်း”ဟု ဆင်ခြင်သုံးသပ်ပြီး စီမံပြုပြင်ရသည်။ အမှန်တကယ်တွင်၊ ငါ ပြောဆိုသော စကားတစ်ခွန်းတစ်လေကိုမျှ ဦးနှောက်ဖြင့် ငါ စဉ်းစားစီစစ်ခြင်း မပြုပေ။ ငါ မေးခွန်းများ မေးသောအခါ ငါ၏ အခြေအနေသည် မည်သို့ရှိသနည်း။ ငါသည် တစ်စုံတစ်ဦးကို မြင်ပြီး သူ မည်သည့်အလုပ် တာဝန်ယူထားသည်ကို သိသောအခါ မည်သည့် တိကျသော တာဝန်များကို သူ လုပ်ဆောင်နိုင်သည်၊ သူ၏ အလုပ်တွင် မည်သည့်ပြဿနာများကို ကြုံတွေ့ရတတ်သည်၊ မည်သည့်အခက်အခဲများကို ရင်ဆိုင်ရနိုင်သည်တို့ကို ငါ ချက်ချင်း စဉ်းစားမိသည်။ ဤအရာများကို စဉ်းစားမိသောအခါ ငါသည် ၎င်းတို့ကို “သင် တာဝန်ယူထားသော အသင်းတော်များတွင် လတ်တလော အသင်းတော်အသက်တာ မည်သို့ရှိသနည်း။ အသင်းတော်ခေါင်းဆောင်များနှင့် သင်းထောက်များအားလုံး သင့်တော်ကြသလော။ ညီအစ်ကိုမောင်နှမများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သိကြသလော။ ၎င်းတို့အများစုသည် ဝိညာဉ်ရေးရာ ဝတ်ပြုဆုတောင်းခြင်းတွင် ပါဝင်ကြသလော။ ၎င်းတို့၏ အားလပ်ချိန်များတွင် ဓမ္မတေးများနှင့် အကများကို သင်ယူကြသလော။ ဧဝံဂေလိအလုပ် တိုးတက်မှု မည်သို့ဖြစ်သနည်း”ဟု တိုက်ရိုက် မေးမြန်းသည်။ ငါ မေးသော မေးခွန်းတိုင်းသည် စမ်းသပ်ခြင်း သို့မဟုတ် မသမာသော ရည်ရွယ်ချက်များမရှိဘဲ တိုက်ရိုက်ဖြစ်ပြီး လွယ်ကူရိုးရှင်းသည်။ ငါသည် အလုပ်နှင့် လူတို့၏ အသက်ဝင်ရောက်မှုကိုသာ စဉ်းစားနေခြင်း ဖြစ်သည်။ သင် မည်သို့ပင် ဖြေဆိုသည်ဖြစ်စေ စမ်းသပ်ခံရမည် မဟုတ်သကဲ့သို့ သင့်ကို ချုပ်ကိုင်ရန် တစ်စုံတစ်ရာကို ငါ အသုံးချမည်လည်း မဟုတ်ပေ၊ မိမိကိုယ်ကို ဖော်ထုတ်မိခြင်း သို့မဟုတ် သင့်ကို ချုပ်ကိုင်ရန် တစ်စုံတစ်ရာ အသုံးချခံရခြင်းနှင့်ဆိုင်သည့် ပြဿနာ မရှိပေ။ ငါသည် အလုပ်အကြောင်းကို သိရှိရန် ကြိုးစားနေခြင်းမျှသာ ဖြစ်သည်၊ မည်သူတစ်ဦးတစ်ယောက်၏ အခြေအနေကိုမျှ ငါ တမင်တကာ စုံစမ်းနေခြင်းမဟုတ်သည့်အပြင်၊ မည်သူ့ကိုမျှ ကိုင်တွယ်ရန် သို့မဟုတ် ဖြုတ်ချရန်အတွက် ပစ်မှတ်ထားနေခြင်းလည်း မဟုတ်ပေ။ အသင်းတော်သည် လူတန်းစားယှဉ်ပြိုင်ခြင်း သို့မဟုတ် ဂိုဏ်းဂဏ အငြင်းပွားမှုများတွင် မပါဝင်ပေ၊ ယင်းသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်သည်။ တစ်ခါတစ်ရံ ငါသည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များကို မြင်သောအခါ သာမန်ကာလျှံကာ စကားစမြည်ပြောချင်ပြီး စိတ်ရင်းမှန်ဖြင့် ပြောဆိုကာ နေ့စဉ်အကြောင်းအရာအချို့ကို ပြောဆိုချင်သည်။ တစ်ခါတစ်ရံ အသင်းတော်၏ အလုပ်တွင် မည်သည့်ပြဿနာများ ရှိနေသေးသည်ကိုလည်း ငါ မေးမြန်းသည်။ ငါ ပြောဆိုသမျှသည် နေ့စဉ်သုံး ဘာသာစကား၊ ရိုးသားစစ်မှန်သော စကားများ ဖြစ်သည်။ ဥပမာအနေနှင့်၊ ငါသည် သင်တို့ကို “လတ်တလောတွင် အသင်းတော်အသက်တာ မည်သို့ရှိသနည်း။ ညီအစ်ကိုမောင်နှမများသည် စုဝေးပွဲတိုင်းမှ အကျိုးကျေးဇူး ရရှိနိုင်ကြသလော။ အသင်းတော်အသက်တာကို နေထိုင်ခြင်းသည် လက်တွေ့ပြဿနာများကို ဖြေရှင်းရန် ကူညီနိုင်သလော” ဟု မေးသည်။ အချို့လူတို့က “လတ်တလောတွင် အသင်းတော်အသက်တာ မကောင်းပါ။ ကျွန်ုပ်တို့ စုဝေးနေကြသော်လည်း ကြီးမားသည့် အကျိုးကျေးဇူးများမရှိသည့်အပြင်၊ အခြေခံကျသည့် ပြဿနာများကိုလည်း မဖြေရှင်းနိုင်ပါ”ဟု ဖြေကြသည်။ ထို့နောက် ငါက “ပြဿနာသည် မည်သည့်နေရာတွင် ရှိနေသနည်း” ဟု မေးသည်။ လူအများစုသည် မဖြေနိုင်ကြပေ။ ငါ့ကို ပြောလော့၊ ငါ၏ မေးခွန်းတွင် ထောင်ချောက်တစ်ခု ပါသလော။ ယင်း၏ နောက်ကွယ်တွင် အကြံတစ်ခု ရှိသလော။ လုံးဝမရှိပေ။ ငါသည် သင်တို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် အလုပ်အကြောင်းကို သိရှိပြီး အခြေအနေကို နားလည်ရန်သာ မေးခြင်းဖြစ်သည်။ သင်တို့ မည်သို့ပင် ဖြေဆိုသည်ဖြစ်စေ သင်တို့ စမ်းသပ်ခံရမည် မဟုတ်ပေ။ အတော်အတန် ရိုးရှင်းသော အချို့လူတို့သည် အမှန်အတိုင်း ပြောဆိုနိုင်သည်။ ၎င်းတို့က “ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ အလုပ်ကို လက်ခံခါစသာရှိသေးပြီး အတွေ့အကြုံ သိပ်မရှိသေးပါ။ စုဝေးပွဲများအတွင်းတွင် သူတို့၌ ပြောစရာ မည်သည့်အရာမျှ မရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွန်များစွာ ဖတ်ရှုလျှင်၊ နားမလည်နိုင်သည့်အပြင်၊ အိပ်ငိုက်ပြီး နားမဝင်တော့ပါ ဤအရာအား မည်သို့ ဖြေရှင်းရမည်ကို ကျွန်ုပ်တို့ မသိပါ” ဟု ပြောကြသည်။ ငါက “ဤသည်မှာ ဖြေရှင်းရလွယ်ပါသည်။ လူတိုင်း ပထမဦးစွာ ဓမ္မတေးတစ်ပုဒ် ဆို၍ရသည်၊ ထို့နောက်တွင် အနည်းငယ် ကခုန်ပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ဖတ်၍ရသည်။ သိနားလည်မှုရှိသည့်လူများက မိမိတို့၏ သိနားလည်မှုကို ပြောပြ၍ရပြီး အတွေ့အကြုံရှိသည့်သူတို့က မိမိတို့၏ အတွေ့အကြုံများကို ပြော၍ရသည်။ သိနားလည်မှု သို့မဟုတ် အတွေ့အကြုံ မရှိသောသူများလည်း မိမိတို့၏ လက်တွေ့အခက်အခဲများကို တင်ပြပြီး အတွေ့အကြုံရှိသည့် ညီအစ်ကိုမောင်နှမများကို ဖြေရှင်းဖို့ ကူညီခိုင်းနိုင်၍ရသည်။ ထိုသို့ဖြင့် စုဝေးပွဲများက အကျိုးဖြစ်ထွန်းမည် မဟုတ်လော။ ဝိညာဉ်ရင့်ကျက်မှု နည်းသောသူများလည်း တည်ဆောက်ခြင်း ခံရနိုင်သည်” ဟု ပြောသည်။ သင် မြင်သည် မဟုတ်လော၊ ယင်းက ပြဿနာကို ဖြေရှင်းပေးသည် မဟုတ်လော။ ငါ လူတို့နှင့် စကားစမြည်ပြောသောအခါ၊ တစ်ခါတစ်ရံ မေးခွန်းအချို့ မေးသောအခါ၊ ရှုပ်ထွေးသော စိတ်များရှိသည့် အချို့လူတို့က “ကိုယ်တော်၏ မေးခွန်းက တော်တော် တိုက်ရိုက်ကျသည်။ ဤသို့မေးခြင်းဖြင့် ကိုယ်တော် မည်သည့်အရာဆိုလိုသည်ကို ကျွန်ုပ် မသိပါ။ ကျွန်ုပ်၏ အဖြေကို သတိထားရမည်”ဟု ဆင်ခြင်သုံးသပ်ကြသည်။ ငါက သင် မှားနေပြီဟု ပြောသည်။ ငါ မည်သူနှင့် စကားစမြည်ပြောသည်ဖြစ်စေ၊ မည်သည့်မေးခွန်းများကို မေးသည်ဖြစ်စေ၊ အဆုံးစွန်သော ပန်းတိုင်မှာ ပြဿနာများကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းရန်၊ သင့်ကို ကူညီပြီး လမ်းညွှန်ပြသရန်နှင့် သင့်ကို ပြဿနာများ ကူဖြေရှင်းရန် အမြဲပင် ဖြစ်ပေသည်။ ပထမအနေဖြင့်၊ သင့်ကို ဖော်ထုတ်ပြီး မိုက်မဲပုံပေါ်စေရန် မဟုတ်ပေ။ ဒုတိယအနေဖြင့်၊ သင် အမှန်တရားကို ပြောနေခြင်း ဟုတ်မဟုတ်၊ သို့မဟုတ် သင်သည် ဟန်ဆောင်မှုကင်းသောသူတစ်ဦး ဟုတ်မဟုတ်ဟူသည်ကို စမ်းသပ်ရန် မဟုတ်ပေ။ တတိယအနေဖြင့် သင်၏ အခြေအနေမှန်ကို ထုတ်ဖော်စေရန် သင့်ကို လှည့်စားဖို့အတွက် မဟုတ်ပေ။ စတုတ္ထအနေဖြင့်၊ သင်သည် အလုပ်ကို လုပ်ဆောင်ရန် အရည်အချင်းပြည့်မီခြင်း ရှိမရှိ သို့မဟုတ် သင် အမှန်တကယ် အလုပ်လုပ်နိုင်ခြင်း ရှိမရှိဟူသည်ကို စမ်းသပ်ရန် သာ၍ပင် မဟုတ်ပေ။ အမှန်တကယ်တွင်၊ ငါသည် သင်နှင့် မည်သို့ပင် စကားစမြည်ပြောသည်ဖြစ်စေ၊ ယင်းမှာ သင်၏ တာဝန်ကို ဖြည့်ဆည်းရန်၊ အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန်နှင့် ပြဿနာများကို ဖြေရှင်းရန် သင့်ကို ကူညီပြီး လမ်းညွှန်ပြသရန်သာ ဖြစ်သည်။ အချို့လူတို့သည် ဝှက်ထားသော အဓိပ္ပာယ်တစ်ခုခု ရှိမည်ကို အလွန်ကြောက်ရွံ့လျက် ငါ၏ ရိုးရှင်းသော မေးမြန်းမှုများကို အလွန်အကျွံ စဉ်းစားကြသည်။ အချို့က ၎င်းတို့အပေါ် ငါ ကျိတ်ကြံနေသည်ဟုပင် သင်္ကာမကင်းဖြစ်ကြသည်။ ငါသည် သင့်အား ပြဿနာများ ဖြေရှင်းရာတွင် ကူညီလိုသည်မှာ သိသာထင်ရှားသော်လည်း သင့်ကို ငါ ကျိတ်ကြံနေသည်ဟု သင် မှားယွင်းစွာ ထင်မြင်နေသည်။ ဤသည်မှာ ငါ့ကို အထင်လွဲနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ လူ့စိတ်နှလုံးသည် လှည့်ဖြားတတ်သည်တကား။ လူတို့က၊ “ကိုယ်တော်သည် ဘုရားသခင်ဖြစ်သည်၊ ကျွန်ုပ်သည် ကိုယ်တော့်ကို အမှန်တရား ပြောရမည်၊ ကိုယ်တော်နှင့်ပတ်သက်၍ ပွင့်လင်းရမည်။ ကျွန်ုပ်သည် ကိုယ်တော်နောက်သို့ လိုက်သည်၊ ကိုယ်တော့်ကို ယုံကြည်သည်”ဟု အသံကျယ်ကျယ်ဖြင့် ပြောဆိုနိုင်သော်လည်း စိတ်ထဲတွင်မူ ထိုသို့ မတွေးကြပေ။ ငါ၏ မေးခွန်းများက မည်မျှပင် သာမန်ဖြစ်ပြီး ရိုးရှင်းသည်ဖြစ်စေ၊ လူတို့က အလွန်အမင်း ထိခိုက်ခံစားလွယ်သော နည်းလမ်းဖြင့် မကြာခဏ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ၎င်းတို့၏ ထင်ကြေးပေးမှုများနှင့် ထို့နောက် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းများမှတစ်ဆင့် ၎င်းတို့သည် အလှည့်အပြောင်းများစွာကို စဉ်းစားပြီး နောက်ဆုံး အဖြေကို ရှာတွေ့ပုံရကြသော်လည်း အမှန်တကယ်တွင်မူ ယင်းမှာ ငါ၏ စကားများ၏ မူလရည်ရွယ်ချက်နှင့် အလွန်အလှမ်းဝေးလှသည်။ ယင်းက အလွန်ရိုးရှင်းသော မေးခွန်းတစ်ခုဖြစ်သည်မှာ သိသာထင်ရှားသော်လည်း ၎င်းတို့က အလွန်အကျွံ စဉ်းစားကြသည်။ ထိုသို့သော လူတို့သည် အလွန်အမင်း ထိခိုက်ခံစားလွယ်ကြသည် မဟုတ်လော။ ငါ မည်သည့်အရာကိုပင် မေးသည်ဖြစ်စေ၊ ယင်းကို ကြားပြီးနောက် ၎င်းတို့၏ စိတ်နှလုံးများ အပြင်းအထန် လှုပ်ရှားသွားသည်၊ “ကိုယ်တော်သည် ဤအရာကို အဘယ်ကြောင့် မေးနေသနည်း။ ကိုယ်တော့်ကို ကျေနပ်စေပြီး မည်သည့်အပြစ်အနာအဆာကိုမျှ မဖော်ထုတ်မိစေရန် မည်သို့ ဖြေဆိုနိုင်မည်နည်း။ ကျွန်ုပ် မည်သည့်အရာကို ပထမဆုံး ပြောပြီး မည်သည့်အရာကို နောက်မှ ပြောသင့်သနည်း”ဟူ၍ ဖြစ်သည်။ မည်သည့် နှောင့်နှေးခြင်းမျှမရှိဘဲ သုံးစက္ကန့်မှ ငါးစက္ကန့်အတွင်း စကားလုံးများ ထွက်လာသည်။ ၎င်းတို့၏ စိတ်များသည် ကွန်ပျူတာများထက် ပိုမြန်သည်။ အဘယ်ကြောင့် ဤမျှ မြန်ရသနည်း။ အမှန်တကယ်တွင်၊ ဤဖြစ်စဉ်သည် ၎င်းတို့အတွက် ဒုတိယ သဘောသဘာဝ ဖြစ်နှင့်ပြီးဖြစ်သည်။ ယင်းမှာ လူတို့နှင့် ဆက်ဆံရာတွင်လည်းကောင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ရာတွင်လည်းကောင်း ၎င်းတို့၏ အမြဲ အသုံးပြုနေကျ လှည့်ကွက်နှင့် ပုံစံဖြစ်သည်။ ၎င်းတို့သည် လူတိုင်းအပေါ် ကျိတ်ကြံကြသည်။ သို့ဖြစ်၍၊ ငါ၏ မေးမြန်းမှုများသည် မည်မျှပင် ရိုးရှင်းသည်ဖြစ်စေ၊ ငါ၌ ရည်ရွယ်ချက် သို့မဟုတ် ပန်းတိုင်အချို့ ရှိသည်ဟု ယုံကြည်လျက် ၎င်းတို့က အလွန်အကျွံ စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် “ငါအမှန်အတိုင်း ဖြေဆိုလျှင် ငါ၏ အခြေအနေမှန်ကို ဖော်ထုတ်မိမည် မဟုတ်လော။ ယင်းမှာ မိမိကိုယ်ကို ရောင်းစားခြင်းနှင့် ညီမျှသည်။ ငါ၏ အခြေအနေမှန်ကို ကိုယ်တော့်အား ငါ သိရှိသွားခွင့်မပေးနိုင်ပါ။ သို့ဆိုလျှင် ငါ မည်သို့ သင့်တင့်လျောက်ပတ်စွာ ဖြေသင့်သနည်း။ ကိုယ်တော့်ကို ငါ မည်သို့ ပျော်ရွှင်စေပြီး ကျေနပ်စေနိုင်မည်နည်း၊ ငါ့အပေါ် ကောင်းသော ထင်မြင်ချက်တစ်ခု ရှိစေပြီး ငါ့ကို ဆက်လက်အသုံးပြုစေရန် မည်သို့ လုပ်ဆောင်နိုင်မည်နည်း”ဟု ဆင်ခြင်သုံးသပ်ကြသည်။ ဤလူတို့ မည်မျှ လှည့်ဖြားတတ်သည်ကို ကြည့်လော့။ ဤလူတို့၏ စိတ်များသည် အလွန် ရှုပ်ထွေးလှသည်။ ၎င်းတို့နှင့် ငါမည်သို့ပင် စကားပြောသည်ဖြစ်စေ ၎င်းတို့က သံသယဝင်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြလိမ့်မည်။ ထိုသို့သော လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်နိုင်သလော။ လုံးဝမဖြစ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့၏ စိတ်များသည် အလွန် ရှုပ်ထွေးပြီး လုံးဝ မရိုးရှင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံသောသူ မည်သူမဆို ယင်းကို မြင်နိုင်သည်။ လူတို့သည် ကျိတ်ကြံရာတွင် အထူးကျွမ်းကျင်ကြသော်လည်း ငါသည် သင်တို့နှင့် စကားပြောပြီး ဆက်သွယ်သောအခါ သင်တို့ကို ငါ ကျိတ်ကြံစည်ဖူးသလော။ (မကြံစည်ဖူးပါ။) ငါသည် သင်၏ ကိုယ်ရေးကိုယ်တာ အခြေအနေကို သိရှိအောင် ကြိုးစားနေသည်ဖြစ်စေ၊ သင်၏ အလုပ်အခြေအနေအကြောင်းကို သိရှိရန် ကြိုးစားနေသည်ဖြစ်စေ၊ ယင်းမှာ အလုပ်ထဲရှိ ပြဿနာများကို ဖြေရှင်းရန်၊ သင့်ကို ကူညီရန် အမြဲဖြစ်သည်။ သင် အမှားများ ပြုလုပ်မိပြီး သင့်အပေါ် ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်း ကျရောက်လာလျှင်ပင် ငါသည် သင့်ကို ကျိတ်ကြံလိမ့်မည် မဟုတ်၊ သို့မဟုတ် ညှဉ်းဆဲလိမ့်မည် မဟုတ်ပေ။ ပြဿနာ ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးဆုံးသွားပြီ ဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်ကို ကျိတ်ကြံစည်ခြင်းသို့မဟုတ် ညှဉ်းဆဲခြင်းပြုမည် မဟုတ်သည့်အပြင်၊ သင်၏ အမှားများကို ခုတုံးလုပ်အသုံးချပြီး လက်လွှတ်ရန် ငြင်းဆန်ခြင်း သို့မဟုတ် သင့်ကို အသရေဖျက်ပြီး လူတိုင်း သင့်ကို သီးခြားခွဲထုတ်ကာ ငြင်းပယ်စေရန် နည်းလမ်းများ စဉ်းစားခြင်း၊ သင် မျှော်လင့်ချက်ကင်းမဲ့သည်ဟု ခံစားရစေကာ သင်ကိုယ်တိုင် ရာထူးမှ နုတ်ထွက်စေရန် ပြုလုပ်ခြင်းတို့ကို သာ၍ပင် ပြုမည်မဟုတ်ပေ။ ငါသည် ယင်းကို လုံးဝ လုပ်ဆောင်လိမ့်မည်မဟုတ်။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် မသင့်တော်လျှင် အလွန်ဆုံးအနေဖြင့်၊ ငါက၊ “သင်၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် မသင့်တော်ပါ။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံရလျှင်ပင် သင်သည် အမှန်တကယ် အလုပ်လုပ်နိုင်မည် မဟုတ်ပါ”ဟု ပြောလိမ့်မည်။ ဘုရားအိမ်တော်သည် ဤအကြောင်းကြောင့် သင့်ကို လုံးဝ ညှဉ်းဆဲခြင်း သို့မဟုတ် ကျိတ်ကြံစည်ခြင်း ပြုလိမ့်မည်မဟုတ်ပေ။

ဘုရားအိမ်တော်က ရာထူးတိုးမြှင့်ပေးပြီး အသုံးပြုသည့် လူအမျိုးအစားနှင့် အသုံးမပြုသည့် လူအမျိုးအစားအတွက်အပြင်၊ မည်သည့်လူတို့ကို ပျိုးထောင်ပေးပြီး မည်သည့်လူတို့ကို ပျိုးထောင်မပေးဟူသည်တို့အတွက် စည်းမျဉ်းများ ရှိသည်။ ယင်းတို့အားလုံးသည် ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သော လိုအပ်ချက်များကို အခြေခံထားသည်။ မည်သူ့ကို ရာထူးတိုးမြှင့်ပေးပြီး အသုံးပြုသည်ဖြစ်စေ၊ ရည်ရွယ်ချက်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန်နှင့် ဘုရားသခင်၏ အလုပ်အား မည်သို့တွေ့ကြုံခံစားရမည်ဟူသည်ကို သိရှိရန်အလို့ငှာလည်းကောင်း၊ ၎င်းတို့အနေဖြင့် အလုပ်ကို တာဝန်ယူနိုင်ကာ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူနိုင်ရန်အလို့ငှာလည်းကောင်း ၎င်းတို့ကို ပျိုးထောင်ပေးရန် ဖြစ်သည်။ မည်သည့်ပြဿနာကို ဖြေရှင်းနေသည်ဖြစ်စေ၊ ရည်ရွယ်ချက်မှာ ၎င်းတို့အား သမ္မာတရားကို ပို၍နားလည်နိုင်စေရန်နှင့် ၎င်းတို့ကြုံတွေ့ရသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ခန်းစာများ ရယူကာ ပိုင်းခြားသိမြင်မှု ရရှိတတ်ရန် သင်ယူနိုင်စေဖို့ ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့အတွက် ကဏ္ဍအားလုံးတွင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ပို၍ လွယ်ကူလေသည်။ ယင်းမှာ သင့်တော်သောသူကို ရှာမတွေ့နိုင်သောကြောင့် လစ်လပ်သောရာထူးတစ်ခုကို ဖြည့်ရန် သင့်ကို အမြတ်ထုတ်ခြင်း၊ ထို့နောက် သင့်တော်သောသူတစ်ဦး ရောက်လာသည့်အခါ သင့်ကို နှင်ထုတ်ခြင်းဖြစ်ရန် မဆိုထားနှင့်၊ အစေခံမှုပြုစေရန် သင့်ကို အမြတ်ထုတ်ခြင်းအကြောင်း မဟုတ်ပေ။ ယင်းမှာ ထိုသို့မဟုတ်ချေ။ အမှန်တွင် ဤသည်မှာ သင့်ကိုယ်သင် လေ့ကျင့်ရန် သင့်အား အခွင့်အရေးတစ်ခု ပေးနေခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားလျှင် ခိုင်မာစွာ ရပ်တည်လိမ့်မည်။ သင်သည် သမ္မာတရားကို မလိုက်စားလျှင် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်ဦးမည် မဟုတ်ပေ။ ဘုရားအိမ်တော်က သင့်ကို နှစ်မြို့စရာမရှိဟု မြင်သောကြောင့် သင့်အပေါ် အပြစ်ရှာပြီး သင့်ကို ဖယ်ရှားရှင်းလင်းရန် အခွင့်အရေးတစ်ခုကို ရှာဖွေလိမ့်မည်ဟူသည်မှာ လုံးဝမဟုတ်ပေ။ ဘုရားအိမ်တော်က သင့်ကို ပျိုးထောင်ပေးမည်၊ သင့်ကို ရာထူးတိုးမြှင့်ပေးမည်ဟု ပြောသည့်အခါ သင့်ကို ရိုးသားစစ်မှန်စွာ ပျိုးထောင်ပေးလိမ့်မည်။ အရေးကြီးသည်မှာ သမ္မာတရားအတွက် သင် မည်သို့ ကြိုးပမ်းအားထုတ်သည်ဟူသည့်အချက် ဖြစ်သည်။ သင်သည် သမ္မာတရားကို အနည်းငယ်မျှ လက်မခံလျှင် ဘုရားအိမ်တော်သည် သင့်ကို လက်လျှော့မည်ဖြစ်ပြီး သင့်ကို နောက်ထပ် ပျိုးထောင်ပေးလိမ့်မည် မဟုတ်ပေ။ အချို့လူတို့သည် ပျိုးထောင်မှုကာလတစ်ခုပြီးနောက် ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းပြီး လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် ဖြုတ်ချခြင်းခံရသည်။ အချို့သည် ၎င်းတို့၏ ပျိုးထောင်မှုကာလအတွင်း သမ္မာတရားကို အနည်းငယ်မျှ လက်မခံ၊ တစ်ဇွတ်ထိုး ပြုမူကာ ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောကြောင့် ဖြုတ်ချခြင်းခံရသည်။ အခြားသူများမှာမူ သမ္မာတရားကို လုံးဝမလိုက်စားကြ၊ အန္တိခရစ်များ၏ လမ်းကြောင်းများကို လျှောက်လှမ်းကြသည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် အမြဲအလုပ်လုပ်ပြီး ဖြုတ်ချကာ ဖယ်ရှားရှင်းလင်းခြင်း ခံရသည်။ ဤအခြေအနေအားလုံးကို လူအား အသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ကိုင်တွယ်ခြင်း ဖြစ်သည်။ ဘုရားအိမ်တော်သည် အမှားအချို့ပြုလုပ်ကာ ပြစ်မှားခြင်းများကို ကျူးလွန်လျှင်ပင် သမ္မာတရားကို လက်ခံနိုင်ပြီး သမ္မာတရားအတွက် ကြိုးပမ်းအားထုတ်နိုင်သူတို့ကို ဆက်လက်ပျိုးထောင်ပေးလိမ့်ဦးမည် ဖြစ်သည်။ အကယ်၍ သမ္မာတရားကို လက်မခံနိုင်သူတစ်ဦးဖြစ်ပြီး ၎င်းတို့အပေါ် ပြုပြင်ခြင်း ကျရောက်လာသည့်အခါ သမ္မာတရားကို လက်မခံလျှင် ၎င်းတို့ကို တိုက်ရိုက်ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းသင့်သည်။ အချို့လူများက “ဤသည်မှာ တစ်စုံတစ်ဦးကို နို့ရည်ကုန်စင်အောင် ညှစ်ထုတ်ပြီးနောက် ဘေးဖယ်ထားခြင်းမျိုး မဟုတ်လော။ ဤသည်မှာ လူတို့ကို အမြတ်ထုတ်နေခြင်း မဟုတ်လော”ဟု ပြောကြသည်။ ငါ့ကို ပြောလော့၊ ဘုရားအိမ်တော်၏ ဖြုတ်ချခြင်း၊ ဖယ်ရှားရှင်းလင်းခြင်း သို့မဟုတ် နောက်ထပ် ပျိုးထောင်ပေးခြင်း မခံရတော့သည့် တစ်စုံတစ်ဦးသည် အမြတ်ထုတ်ရန် တန်ဖိုးမရှိတော့သောကြောင့် ထိုသို့ဖြစ်ခဲ့ဖူးသလော။ ထိုသို့သောအရာမျိုး ဖြစ်ခဲ့ဖူးသလော။ (မဖြစ်ခဲ့ဖူးပါ။) သို့ဆိုလျှင် မည်သည့်အခြေအနေများအောက်တွင် ဘုရားအိမ်တော်က လူတို့ကို ဖြုတ်ချခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ပြုသနည်း။ (တစ်စုံတစ်ဦးက အလုပ်ကို မထမ်းရွက်နိုင်သည့်အခါ သို့မဟုတ် ၎င်းတို့က အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေပြီး မကောင်းမှုကို ပြုသည့်အခါတွင်သာ ဘုရားအိမ်တော်က ဖြုတ်ချခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ပြုပါသည်။) မည်သူမျှ အကြောင်းပြချက်မရှိဘဲ ဖြုတ်ချခြင်းမခံရပေ။ အချို့သည် အစွမ်းအစ ညံ့ဖျင်းပြီး ခိုင်မာသော အလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ အချို့သည် အစွမ်းအစ တစ်ခုခုကို ပိုင်ဆိုင်သော်လည်း ခိုင်မာသော အလုပ်ကို မလုပ်ဆောင်ကြ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်မစောင့်ရှောက်ကြပေ။ ၎င်းတို့သည် မိမိတို့လုပ်နိုင်စွမ်းရှိသည့် အလုပ်ကို မလုပ်ဆောင်ကြ၊ အသင်းတော်၏ အလုပ်ကို စိတ်မဝင်စားသည့်အပြင်၊ ယင်းကိုလုပ်ဆောင်ရာတွင် မိမိတို့ကိုယ်ကို ပင်ပန်းနွမ်းနယ်စေရန် လိုလားခြင်း မရှိကြ၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးလိုစိတ် မရှိကြသည့်အပြင်၊ လူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေလိုစိတ်လည်း မရှိကြပေ။ ထိုသို့သောလူတို့သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် ဖယ်ရှားရှင်းလင်းခြင်းခံရမည် ဖြစ်သည်။ ၎င်းတို့အတွက် ထိုရာထူးကို ဆက်လက်နေရာယူရန် မသင့်တော်တော့ပေ။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေသည်သာမက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ထိခိုက်စေသည်။ ထိုသို့သောအခြေအနေတွင် ၎င်းတို့သည် မိမိကိုယ်ကို သတိပြုမိခြင်း ရှိရမည်ဖြစ်ပြီး လက်တွေ့အလုပ်ကို လုပ်ဆောင်နိုင်သူများအား ဤအလုပ်ကို တာဝန်ယူစေလျက် လျင်မြန်စွာ နုတ်ထွက်ရမည် ဖြစ်သည်။ အချို့လူတို့သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်ဘဲ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားနေကြသည့်အပြင် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကိုပင် ဖြစ်စေကြသည်။ ၎င်းတို့သည် အထက်က ၎င်းတို့၏ ပြဿနာများကို ရှာဖွေတွေ့ရှိပြီး ၎င်းတို့အား ဖြုတ်ချမည်ကို အမြဲစိုးရိမ်နေကြသောကြောင့် ၎င်းတို့၏ အလုပ်အကြောင်း သတင်းပို့ရမည့်အချိန် ရောက်လာသည့်အခါတွင် သမ္မာတရားကို ရှာဖွေရန် မေးခွန်းအချို့ကို မေးမြန်းချင်ဟန်ဆောင်ပြီး အထက်ကို ကောင်းသော အထင်အမြင်တစ်ခု ပေးလိုပြီး ၎င်းတို့သည် သမ္မာတရားကို ရှာဖွေကာ လက်တွေ့အလုပ်ကို လုပ်ဆောင်နိုင်သူများဖြစ်ကြောင်း သက်သေပြလိုလျက် အထူးသဖြင့် တက်ကြွပုံပေါ်ကြသည်။ အထက်သည် လူတို့ကို ၎င်းတို့က ကောင်းစွာစကားပြောနိုင်ခြင်း ရှိမရှိ၊ မေးခွန်းများမေးရာတွင် ကျွမ်းကျင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဉာဏ်ထက်ခြင်း ရှိမရှိဟူသည်တို့အပေါ် အခြေခံ၍ ရာထူးတိုးမြှင့်ပေးပြီး အသုံးပြုခြင်းမဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့အနေဖြင့် သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိမရှိ၊ သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့၏ တာဝန်ကို အစဉ်ချစ်ခင်သစ္စာရှိစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ် အခြေခံ၍ လူတို့ကို ရွေးချယ်ပြီး ပျိုးထောင်ပေးခြင်း ဖြစ်သည်။ ခိုင်မာသော အလုပ်ကို မလုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်း မရှိသည်သာမက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ရောင်းစားသည့် အချို့လူများလည်း ရှိသေးသည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက မည်သည့်အရာကို လုပ်ဆောင်ခွင့်မပြုကြောင်းနှင့် မည်သည့်အရာကို လုပ်ဆောင်သင့်ကြောင်း ရှင်းလင်းစွာ ပြဋ္ဌာန်းထားသော်လည်း ၎င်းတို့သည် တစ်ချက်တစ်လေကိုမျှ အကောင်အထည်မဖော်သည့်အပြင် မကောင်းမှုများကိုပင် မဆင်မခြင် ကျူးလွန်ကြသည်။ ထိုသို့သောလူများစွာရှိခဲ့ပြီး ၎င်းတို့အားလုံး ဖြုတ်ချခြင်း ခံခဲ့ရပြီးဖြစ်သည်။ မည်သည့်အခြေအနေပင်ဖြစ်စေ၊ ဘုရားအိမ်တော်က ဤလူတို့ကို ရာထူးတိုးမြှင့်ပေးသည့်အခါ ၎င်းတို့အနေဖြင့် အသင်းတော်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး ၎င်းတို့ ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းနိုင်မည်ဟု မျှော်လင့်လျက် ၎င်းတို့ကို ပျိုးထောင်ပေးရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန် အမြဲဖြစ်သည်။ သင်သည် မိုက်မဲပြီး ထိုးထွင်းသိမြင်မှု ကင်းမဲ့သောကြောင့် သို့မဟုတ် သင်၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့် အချို့သောအလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိလျှင်ပင်၊ သင်သည် သမ္မာတရား စည်းမျဉ်းများအတွက် ကြိုးပမ်းအားထုတ်သရွေ့၊ ဤတာဝန်ယူစိတ် ရှိသရွေ့၊ ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်လိုစိတ် ရှိပြီး အသင်းတော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်နိုင်သရွေ့၊ ယခင်က မိုက်မဲသောအရာအချို့ကို သင် လုပ်ဆောင်ခဲ့လျှင်ပင် ဘုရားအိမ်တော်က သင့်ကို ဆက်လက်ပျိုးထောင်ပေးလိမ့်ဦးမည် ဖြစ်သည်။ အချို့လူတို့သည် ၎င်းတို့၏ အစွမ်းအစ အနည်းငယ် ညံ့ဖျင်းသော်လည်း ရိုးရှင်းသောအလုပ်အချို့ကို လုပ်ဆောင်နိုင်ဆဲ ဖြစ်သည်။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအပေါ် ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းက ကောင်းမွန်သောရလဒ်များ မဖြစ်ထွန်းနိုင်သော်လည်း ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်နိုင်ကြသည်။ စုဝေးပွဲတစ်ခုစီတွင် မည်သည့်သမ္မာတရား သွင်ပြင်လက္ခဏာကိုမဆို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို လက်ခံနိုင်ပြီး နာခံကာ ကျိုးနွံနာခံနိုင်ကြသည်။ အလုပ်တစ်ခုတလေကို ကောင်းမွန်စွာ လုပ်ဆောင်ထားခြင်းမရှိလျှင် ၎င်းတို့သည် ယင်းမှ သင်ခန်းစာများ ယူနိုင်သည်။ ၎င်းတို့၏ အစွမ်းအစ အနည်းငယ် ညံ့ဖျင်းသော်လည်း ၎င်းတို့၏ စိတ်နှလုံးများက သမ္မာတရားအတွက် ကြိုးပမ်းအားထုတ်နိုင်သည်။ အချိန်ကာလတစ်ခုကြာ အလုပ်လုပ်ပြီးနောက် ၎င်းတို့ တိုးတက်မှုဖြစ်စေကြပြီး ၎င်းတို့၏ ရလဒ်များမှာ ပိုကောင်းသည်ထက် ကောင်းလာသည်။ ငါ၏အမြင်တွင် ထိုသို့သောလူတို့သည် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက် ရှိသည်။ ကောင်းမွန်သော အစွမ်းအစရှိသူတို့သည် ကယ်တင်ခြင်းရရှိရန် အလားအလာရှိသည်ဟု လူအများစုက ယုံကြည်ကြသည်။ ငါ၏အမြင်အရမူ သေချာပေါက် ထိုသို့မဟုတ်ပေ။ အဓိကအချက်မှာ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ရန်နှင့် ကယ်တင်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ သမ္မာတရားကို လိုက်စားရမည် ဖြစ်သည်။ အချို့လူတို့သည် သာမန်အစွမ်းအစရှိပြီး ၎င်းတို့ တာဝန်၏ ရလဒ်များကလည်း သာမန်ဖြစ်သော်လည်း ဘုရားအိမ်တော်၏ နှစ်ပေါင်းများစွာ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းခံရပြီးနောက် ၎င်းတို့သည် သမ္မာတရားထဲသို့ ၎င်းတို့၏ စိတ်နှလုံးများကို စတင်နှစ်ထားကြပြီး အချို့သောသမ္မာတရားများကို အမှန်ပင် နားလည်လာကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော အတွေ့အကြုံအချို့ကိုလည်း ရရှိကြသည်၊ အချို့အရာများကို ထွင်းဖောက်မြင်နိုင်ကြပြီး အသင်းတော်အလုပ်တွင် တစ်နေ့တခြား တိုးတက်မှုဖြစ်စေလျက် ပြဿနာအချို့ကိုလည်း ဖြေရှင်းနိုင်ကြသည်။ ဤသည်မှာ အတော်ကောင်းမွန်ပေသည်။ ထိုသို့သောလူတို့သည် ပျိုးထောင်ပေးခြင်းခံရထိုက်သည်။ သင်သည် ဤအလုပ်အတွက် လုံးဝ အရည်အချင်း ပြည့်မီကောင်းမပြည့်မီနိုင်သော်လည်း အနည်းဆုံးအနေဖြင့် အထက်က ဤအလုပ်ကို လုပ်ဆောင်ရာတွင် သင့်အတွက် အတည်ပြုချက်တစ်ခုခု ရှိသည်။ ငါ့ကို ပြောလော့၊ လူတို့အား တာဝန်တစ်ခုကို ထမ်းဆောင်ရန် စီစဉ်ပေးခြင်းသည် ၎င်းတို့ကို အမြတ်ထုတ်နေခြင်းလော။ (မဟုတ်ပါ။) သင်သည် အလုပ်မည်မျှ လုပ်နိုင်စွမ်းရှိသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ အစွမ်းအစမှာ မည်သို့ပင်ဖြစ်စေ၊ သင့်ကို ရာထူးတိုးမြှင့်ပေးပြီး အသုံးပြုခြင်းသည် သင့်ကို အမြတ်ထုတ်နေခြင်း မဟုတ်ပေ။ ထို့ထက် ရည်ရွယ်ချက်မှာ အလုပ်လုပ်ဆောင်ရာတွင် သင့်ကို လေ့ကျင့်ခွင့်ပေးရန် ဤအခွင့်အရေးကို အသုံးပြုရန်နှင့် သင်၏ သမ္မာတရားလိုက်စားခြင်းမှ တစ်ဆင့်လည်းကောင်း၊ ကြိုးစားအလုပ်လုပ်ခြင်းနှင့် ဝန်လေးများကို ထမ်းရွက်ခြင်းမှတစ်ဆင့်လည်းကောင်း သင့်ကို စုံလင်စေရန် ဖြစ်သည်။ တစ်ဖက်တွင် ဤသည်မှာ သင့်ကို ကိုယ်တိုင်ကိုယ်ကျ စုံလင်စေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ယင်းမှာ ဘုရားအိမ်တော်၏ အလုပ်ကို ပြီးမြောက်စေခြင်းလည်း ဖြစ်သည်။ သင်သည် ကောင်းမှုများကို ပြင်ဆင်ပြီးဖြစ်သည့်အပြင် သင်၏ တစ်ကိုယ်ရေ အသက်ဝင်ရောက်မှုတွင် အကျိုးကျေးဇူးများလည်း ရရှိပြီးဖြစ်သည်။ ကောင်းလိုက်လေခြင်းပါတကား။ ယင်းမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သည်။ တစ်ချိန်က ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရသူများထဲမှ အချို့က “သင်က ကျွန်ုပ်ကို ဘုရားအိမ်တော်အတွက် အစေခံရန် အမြတ်ထုတ်ဖို့ ကြိုးစားနေခြင်းဖြစ်သလော။ လုံးဝမဖြစ်နိုင်ပါ။ ကျွန်ုပ်က ထိုမျှ မမိုက်မဲပါ”ဟု ပြောခဲ့ကြသည်။ ၎င်းတို့သည် ထိုသို့သောစကားများကိုပင် ပြောဆိုနိုင်စွမ်းရှိကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသလော။ ထိုသို့သောလူတို့သည် သမ္မာတရားကို နားလည်ကြသလော။ ထမ်းဆောင်ရန် တာဝန်အနည်းငယ်ကို လူတို့အတွက် စီစဉ်ပေးခြင်းသည် ၎င်းတို့ကို အမြတ်ထုတ်နေခြင်း မည်သို့ဖြစ်ရသနည်း။ အကယ်၍ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်သူတစ်ဦးဖြစ်လျှင် ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကို နားလည်သင့်ပြီး ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ လူသားတစ်ဦးအနေဖြင့် မိမိ၏ တာဝန်ဝတ္တရားကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ သင်သည် ဤမျှ အသိစိတ်နှင့် ဆင်ခြင်တုံတရားပင် မရှိလျှင် ဖန်ဆင်းခံတစ်ဦးဟု ခေါ်ထိုက်သလော။ သင့်အနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ်ရှိလျှင် သင်၏ တာဝန်ကို မှန်ကန်စွာ သဘောထားသင့်သည်။ သင်သည် ယင်းအတွက် အစွမ်းအစကို ပိုင်ဆိုင်လျှင် သမ္မာတရားအတွက် သင် ကြိုးပမ်းသင့်သည်။ သင်သည် သင်၏ အပိုင်းကို တက်ကြွစွာ ထမ်းဆောင်လိုစိတ်ရှိလျှင် ဘုရားအိမ်တော်သည် သင့်အား တစ်ခုသော အလုပ်ကို လုပ်ဆောင်ရန်၊ ဝန်တစ်ခုကို ထမ်းရွက်ရန် စီစဉ်ပေးလိမ့်မည်။ ဤသည်မှာ သင့်ကို ကျိတ်ကြံစည်နေခြင်း သို့မဟုတ် အမြတ်ထုတ်နေခြင်းမဟုတ်ဘဲ သင့်ကို ရာထူးတိုးမြှင့်ပေးခြင်း၊ ပျိုးထောင်ပေးခြင်း၊ လေ့ကျင့်ခွင့်ပေးခြင်းနှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်နေခြင်း ဖြစ်သည်။ ယင်းမှာ ထိုမျှ ရိုးရှင်းပေသည်။ အချို့လူများက “ကျွန်ုပ် ယခု အသက်ကြီးပြီ၊ ကျွန်ုပ်၏ စိတ်အားထက်သန်မှုက လုံလောက်ခြင်းမရှိသည့်အပြင်၊ ကျွန်ုပ်၏ ကာယခွန်အားလည်း ယုတ်လျော့လာပြီဖြစ်သည်။ ဤဝန်ကို နောက်ထပ် ကျွန်ုပ် မထမ်းချင်တော့ပါ။ ကျွန်ုပ် ရာထူးကဆင်း၍ရသလော”ဟု ပြောကြသည်။ ငါက အဆင်ပြေသည်ဟု ပြောသော်လည်း ရာထူးမှဆင်းခြင်းမပြုမီ သင်သည် သေချာစွာ စဉ်းစားရမည်။ အကယ်၍ ယင်းမှာ ကာယပိုင်းဆိုင်ရာ အကြောင်းရင်းများကြောင့် အမှန်တကယ်မဟုတ်ဘဲ သင်၏ ပုဂ္ဂိုလ်ရေး အတွေးများ ပြောင်းလဲသွားသောကြောင့်၊ သင့်တွင် အခြားအတွေးများ ရှိနေသောကြောင့်၊ သင်သည် ဆင်းရဲဒုက္ခခံရမည်ကို ကြောက်သောကြောင့်၊ ပင်ပန်းနွမ်းနယ်ရမည်ကို ကြောက်သောကြောင့်၊ ပိုမြင့်မားစွာ တက်လှမ်းပြီးနောက် ပိုပြင်းထန်စွာ ပြုတ်ကျမည်ကို ကြောက်သောကြောင့်၊ ထိပ်ဆုံးတွင် အထီးကျန်သည်ဟူသော အတွေးနှင့် ရှုထောင့်ကို အမြဲရှိနေသောကြောင့် ဖြစ်လျှင် သင် သတိထားရမည်။ ဤတာဝန်ပေးစေခိုင်းချက်၊ ဤအထူးတာဝန်ကို မငြင်းပယ်နှင့်။ သင်သည် ယင်းကို သေချာစွာ စဉ်းစားရမည်။ ထိုသို့သော အခွင့်အရေးများသည် ရတောင့်ရခဲ ဖြစ်သည်၊ ရှားပါးသည်၊ ဟုတ်သည် မဟုတ်လော။ သင်က “သင် ကျွန်ုပ်ကို ဖျောင်းဖျရန် မလိုပါ။ ကျွန်ုပ် အချိန်အကြာကြီး စဉ်းစားပြီးပြီ၊ စိတ်လည်း ဆုံးဖြတ်ပြီးပြီ။ သင် ကျွန်ုပ်ကို ဖျောင်းဖျနိုင်၍မရ။ ဤပင်ပန်းနွမ်းနယ်မှုကို ကျွန်ုပ် နောက်ထပ် မခံစားချင်တော့ပါ။ လူတိုင်းက သက်သောင့်သက်သာ နေကြသည်၊ အဘယ်ကြောင့် ကျွန်ုပ်တစ်ယောက်တည်းသာ အလွန်ပင်ပန်းရမည်နည်း။ ကျွန်ုပ်က ဆင်းရဲဒုက္ခခံဖို့ ကံပါလာသည်လော။ ထိုသို့သော ဆင်းရဲဒုက္ခကို ကျွန်ုပ် ခါးစည်းမခံချင်ပါ။ ကျွန်ုပ် ကံကြမ္မာကို လက်ခံလိုက်လျောဖို့ ဆန္ဒမရှိပါ။ အသင်းတော်က ကျွန်ုပ်ကို ကျိတ်မကြံစည်သင့်ပါ။ ကျွန်ုပ်က အသင်းတော်၏ ကျွန်မဟုတ်သည့်အပြင်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် အသင်းတော်ကို ရောင်းစားထားခြင်းလည်း မဟုတ်”ဟု မရမက ပြောကောင်းပြောပေမည်။ သင်သည် ဤမနှစ်မြို့ဖွယ် စကားများကို ဆက်မပြောသင့်ပေ။ ပို၍ပြောဆိုခြင်းက သင့်အား အလွန်များသော အပြစ်များကို ကျူးလွန်စေလိမ့်မည်ဖြစ်ပြီး သင်ပြောခဲ့သော စကားများနှင့် သင် ပြုလုပ်ခဲ့သော ရွေးချယ်မှုများအတွက် သင် တာဝန်ယူရန် လိုအပ်သည်။ ပထမဦးစွာ သင်သည် ကောင်းချီးများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ဘုရားအိမ်တော်ကို ရောင်းစားထားခြင်း မဟုတ်ပေ။ ဒုတိယအနေဖြင့်၊ သင်သည် သင့်ကိုယ်သင် ဘုရားအိမ်တော်ကို ရောင်းစားလိုလျှင်ပင် ဘုရားအိမ်တော်သည် သင်၌ ဤစံတန်ဖိုးရှိမရှိ၊ သင့်ကို ဝယ်ယူခြင်းက အသုံးဝင်မည် မဝင်မည်ကို သေချာစွာ စဉ်းစားရဦးမည် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားအိမ်တော်သည် သင့်ကို ကျိတ်ကြံစည်နေပြီး သင့်ကို အစေခံရန် အမြတ်ထုတ်လိုသည်ဟု ထင်လျှင် သင်သည် မှားယွင်းစွာ တွေးနေခြင်း ဖြစ်သည်။ အကြောင်းမှာ ဘုရားအိမ်တော်က လူတို့ကို ဆန်းစစ်သည့် စံနှုန်းများမှာ ၎င်းတို့က ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း ရှိမရှိ၊ သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဘုရားအိမ်တော်သည် ဤစံနှုန်းများကို အခြေခံ၍ လူတို့ကို ရွေးချယ်ပြီး ပျိုးထောင်ပေးသည်။ အကယ်၍ သင်သည် ဘုရားအိမ်တော်အပေါ် အလွန်ဆိုးရွားစွာ ထင်မြင်လျှင် သင်၌ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသည့်အပြင်၊ သင်သည် လုံးဝ တန်ဖိုးမရှိသူ ဖြစ်သည်။ ဘုရားအိမ်တော်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်ကို အသုံးပြုလိမ့်မည် မဟုတ်သည်သာမက မယုံကြည်သူဖြစ်သော သင့်ကို လျင်မြန်စွာ ဖယ်ရှားရှင်းလင်းရလိမ့်ဦးမည်လည်း ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သူတစ်ဦး မဟုတ်လျှင် သင်သည် ဘုရားအိမ်တော်ကို လျင်မြန်စွာ စွန့်ခွာသင့်သည်။ ဘုရားအိမ်တော်တွင် တော်စွလျော်စွ ကြုံရာကျပန်းမနေနှင့်။ သင်သည် ဘုရားအိမ်တော်နှင့် မသက်ဆိုင်ပေ။ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို မလိုအပ်ပေ။ လျင်မြန်စွာ ထွက်သွားလော့။

ငါသည် အာလာပသလ္လာပပြောဆိုနေသည်ဖြစ်စေ၊ တရားဝင် မိတ်သဟာယဖွဲ့ပြီး တရားဟောနေသည်ဖြစ်စေ၊ ငါပြောသော စကားလုံးတိုင်း၊ ငါပြောဆိုသော ကိစ္စရပ်တိုင်းနှင့် ငါမိတ်သဟာယဖွဲ့သော သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်း၌ ငါ၏ရည်ရွယ်ချက်မှာ သင်တို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော အခြေအနေများကို သိရှိနိုင်စေရန်၊ သင်တို့၏ အပြစ်အနာအဆာများ၊ ချို့ယွင်းချက်များ၊ မလုံလောက်မှုများနှင့် အခက်အခဲများကို သင်တို့အား သိမြင်နားလည်နိုင်စေရန်နှင့် အရေးကြီးဆုံးမှာ အမျိုးမျိုးသော နောက်ခံအခြေအနေများနှင့် ပတ်ဝန်းကျင်များတွင် သင်တို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ ထုတ်ဖော်ပြမှုများကို သင်တို့အား သိရှိနိုင်စေရန် ဖြစ်သည်။ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိသည်နှင့်တစ်ပြိုင်နက် သင်တို့သည် မိမိတို့ကိုယ်ကို ပို၍ နက်ရှိုင်းသော သိနားလည်မှုရှိလိမ့်မည်၊ မိမိတို့၏ အတိုင်းအတာကို သိရှိကာ အနည်းငယ် ပို၍ ဆင်ခြင်တုံတရားရှိလာလိမ့်မည် ဖြစ်သည်။ ပြီးလျှင် သင်တို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ကြလိမ့်မည်ဖြစ်ပြီး နေ့စဉ်အသက်တာတွင် သင်တို့ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းခြင်းဖြစ်စေ၊ သင်တို့၏ လူ့သဘာဝဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းခြင်းဖြစ်စေ၊ သင်တို့၏ ကိုယ်ပိုင်အခက်အခဲများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဆီလျော်သော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို ရှာတွေ့ကြလိမ့်မည်။ တဖြည်းဖြည်းဖြင့် သင်တို့သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အမျိုးမျိုးသော စာတန်ဆန်သည့် အတွေးအခေါ်များနှင့် ရှုထောင့်များကို ဖယ်ရှားမည်ဖြစ်ပြီး သမ္မာတရားကို လက်ခံခြင်းအားဖြင့် အမှုအရာများအပေါ် သင်တို့၏ အမြင်များနှင့် သင်တို့၏ အသက်စိတ်သဘောထားများတွင် စစ်မှန်သော ပြောင်းလဲမှုများကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ငါပြောသော ဤစကားလုံးများ အားလုံးတွင်၊ နေ့စဉ်အသက်တာ၌ သင်တို့နှင့် အာလာပသလ္လာပပြောဆိုသည်ဖြစ်စေ၊ တရားဝင် မိတ်သဟာယဖွဲ့ပြီး တရားဟောသည်ဖြစ်စေ၊ စကားလုံးတိုင်းကို သင်တို့၏ လက်တွေ့အခြေအနေများအား အခြေခံ၍ ပြောဆိုခြင်း ဖြစ်သည်။ ငါသည် သင်တို့၏ လိုအပ်ချက်များကို မြင်တွေ့ပြီးဖြစ်သောကြောင့် ဤစကားများကို ပြောဆိုခြင်း ဖြစ်သည်။ ငါစာရင်းပြုစုသော အဖြစ်မှန်များသည် ရိုးရှင်းသော မွမ်းမံပြုပြင်မှုအချို့ကို ခံခဲ့ရနိုင်သော်လည်း ဤဥပမာများသည် သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ ထုတ်ဖော်ပြမှုများနှင့် သင်တို့၏ လုပ်ဆောင်ချက်များဆိုင်ရာ အဖြစ်မှန်များကို အခြေခံ၍ ရွေးချယ်ထားသော ကိုယ်စားပြုသည့် သာဓကများ ဖြစ်ကြသည်။ ဤအဖြစ်မှန်များနှင့် ဥပမာများကို အသုံးပြုခြင်းအားဖြင့်၊ လူတို့အနေဖြင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ရန်အလို့ငှာ ငါသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝအနှစ်သာရကို ဖော်ထုတ်ပြီး ဤအရာက ကောင်းမွန်သောရလဒ်များ ဖြစ်ထွန်းစေလိမ့်မည်။ ထို့ကြောင့် မည်သည့်အကြောင်းအရာကို ငါ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ပထမဦးစွာ ယင်းတို့သည် ထောင်ချောက်များ မရှိပေ။ ဒုတိယအနေဖြင့်၊ အကြံအစည်များ မရှိပေ။ တတိယအနေဖြင့် စမ်းသပ်မှုများ မရှိပေ။ ထိုအရာသည် သင်တို့အား ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ပို၍ကောင်းမွန်စွာ နားလည်နိုင်စေရန်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်စေရန်နှင့် နောက်ဆုံးတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ပြီး သူ့အပေါ် ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်း ရှိနိုင်စေရန်ချည်းသာ ဖြစ်သည်။ ဤအရာအားလုံးသည် အဖြစ်မှန်များ ဖြစ်သည်။ သို့ဖြစ်၍ ငါသည် နေ့စဉ်အသက်တာတွင် ဖြစ်ပေါ်သော အကြောင်းအရာအချို့နှင့်ပတ်သက်၍ သင်တို့နှင့် ဆက်သွယ်ပြောဆိုခြင်း သို့မဟုတ် စကားစမြည်ပြောဆိုခြင်း ပြုသည့်အခါ၊ သို့မဟုတ် တရားဝင် အလုပ်နှင့်ဆက်စပ်သော ဖလှယ်မှုများနှင့် စုံစမ်းမေးမြန်းမှုများတွင် ပါဝင်သည့်အခါ၊ နှစ်ပေါင်းမည်မျှ ကြာသွားသည်ဖြစ်စေ၊ သင် ပြန်လှည့်ကြည့်သည့်အခါ ငါ၏နှုတ်ကပတ်တော်များထဲတွင် အကြံအစည်များ သို့မဟုတ် ထောင်ချောက်များ တစ်ခုတလေကို သင် မြင်တွေ့ရသလော။ (မမြင်တွေ့ရပါ။) သင်တို့ကို အမြတ်ထုတ်ရန် ရည်ရွယ်ချက်တစ်ခုတလေ ရှိသလော။ သင့်ထံမှ အနိုင်အထက်ယူရန် ရည်ရွယ်ချက် တစ်ခုတလေရှိသလော။ (မရှိပါ။) သင် သေချာသလော။ (သေချာပါသည်။) ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် လယ်တောတစ်ခုတွင် မွေးမြူရေးကို တာဝန်ယူထားသည်။ ငါက သူ့ကို ကြက်မတစ်ကောင် ဥတစ်လုံးဥရန် ရက်မည်မျှ ကြာသည်ကို မေးလိုက်ရာ သူက “ကိုယ်တော်က ဤသို့မေးခြင်းဖြင့် ဘာကိုဆိုလိုပါသနည်း။ ကြက်မများကို ကျွန်ုပ် ကောင်းကောင်းကျွေးမွေးထားခြင်း ရှိမရှိဟူသည်ကို သိရန် ကိုယ်တော် ကြိုးစားနေခြင်းလော။ သို့ဆိုလျှင် ကျွန်ုပ် မည်သို့ သင့်တင့်လျောက်ပတ်စွာ အဖြေပေးသင့်သနည်း။ ၎င်းတို့ တစ်နေ့ ဥတစ်လုံးဥသည်ဟု ကျွန်ုပ်ပြောလျှင် ယင်းမှာ အမှန်တကယ် ဖြစ်နိုင်ချေမရှိပေ။ ယင်းမှာ လိမ်ညာခြင်း ဖြစ်ပေမည်။ ၎င်းတို့ နှစ်ရက် သို့မဟုတ် သုံးရက်လျှင် ဥတစ်လုံးဥသည်ဟု ကျွန်ုပ်ပြောလျှင် ကျွန်ုပ် ကြက်များကို ကျွန်ုပ် ကောင်းကောင်း အစာမကျွေးခဲ့၊ အာဟာရရှိသော အစာကို မကျွေးခဲ့ဟု ကိုယ်တော် ထင်တော်မူမည်လော။ သို့ဆိုလျှင် ကျွန်ုပ် မည်သို့ သင့်တင့်လျောက်ပတ်စွာ ဖြေသင့်သနည်း”ဟု တွေးတောနေသည်။ သူသည် သူ၏ စိတ်နှလုံးထဲတွင် ဆက်လက်တွေးဆနေပြီး လုံးဝ အဖြေမပေးပေ။ အမှန်တွင် ငါသည် ဤသို့မေးရာ၌ အခြားမည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ကြက်များကို မည်သို့မွေးမြူနေသည်ဟူသည်နှင့်ပတ်သက်၍ သတင်းအချက်အလက်အချို့ကို ရလိုခြင်းသာ ဖြစ်သည်။ သို့သော် ငါမေးလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် ယင်းကို အဓိပ္ပာယ်ဖော်လွန်းပြီး ဤသို့မေးခြင်းဖြင့် ငါ မည်သည့်အရာဆိုလိုသည်ကို ခန့်မှန်းရန် ကြိုးစားနေတော့သည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူတို့နှင့် ဆက်ဆံရခက်သလော။ ထိုသို့သောလူတို့နှင့် ထိတွေ့ဆက်ဆံသည့်အခါ ပုံမှန်ဆက်သွယ်ပြောဆိုရန်ပင် ဖြစ်နိုင်သလော။ ဆက်သွယ်ပြောဆိုရန် မဖြစ်နိုင်အောင်ဖြစ်လာသည်။ ငါ၌ အကျင့်တစ်ခုရှိသည်၊ ငါသည် အမြဲ ဟိုသည်သွားပြီး အရာရာကို စစ်ဆေးကြည့်ရှုခြင်းကို နှစ်သက်သည်။ တစ်ခါတစ်ရံ ပြဿနာအချို့ကို ငါ ရှာဖွေတွေ့ရှိသည်။ အကယ်၍ ယင်းမှာ ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ ကိစ္စရပ်တစ်ခုဖြစ်လျှင် သန့်ရှင်းရေးလုပ်သင့်သည်။ အကယ်၍ ယင်းမှာ ဝန်ထမ်းရေးရာ ကိစ္စရပ်တစ်ခုဖြစ်လျှင် ပြင်ဆင်ချက်များ ပြုလုပ်သင့်သည်။ အကယ်၍ ယင်းမှာ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် ကိစ္စရပ်တစ်ခုဖြစ်လျှင် ငါတို့ တိုင်ပင်ပြီး သင်ယူသင့်သည်။ ပြဿနာများကို ရှာဖွေတွေ့ရှိသည့်အခါ ပြုပြင်သင့်သည်။ ပြဿနာများစွာကို နေ့စဉ် စကားစမြည်ပြောဆိုခြင်းများအတွင်း အမှတ်တမဲ့ ရှာဖွေတွေ့ရှိခဲ့ပြီး ဖြေရှင်းခဲ့ပြီးဖြစ်သည်။ အချို့သော လက်တွေ့ပြဿနာများက လွယ်ကူစွာ ပြေလည်သွားခဲ့သည်။ သို့ဖြစ်၍ ငါနှင့် ထိတွေ့ဆက်ဆံပြီး ငါနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ အလွန်စိတ်လှုပ်ရှားနေရန် လူတို့အတွက် မလိုအပ်ပေ။ ပြဿနာများစွာကို လူတို့နှင့် ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် ရှာဖွေတွေ့ရှိပြီး လွယ်ကူစွာ ပြေလည်သွားသည်။ လူတို့နှင့် ထိတွေ့ဆက်ဆံခြင်းအပြင်၊ လူတို့နှင့် စကားစမြည်ပြောဆိုခြင်းသည် အလွန်လိုအပ်ပေသည်။ ယင်းမှာ အခြေအနေကို နားလည်ပြီး ပြဿနာများကို ရှာဖွေတွေ့ရှိခြင်းအကြောင်း ဖြစ်သည်သာမက တစ်ချိန်တည်းမှာပင် ပြဿနာများကို ဖြေရှင်းခြင်းအကြောင်းလည်း ဖြစ်သည်။ ဤသည်မှာ အကျိုးကျေးဇူးတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ငါသည် လူတို့နှင့် စကားစမြည်ပြောဆိုသည့်အခါ အချို့က အမှန်အတိုင်း ပြောဆိုကြစဉ်တွင်၊ အခြားသူများမှာမူ အလွန်ရှုပ်ထွေးသော နည်းလမ်းများဖြင့် တွေးခေါ်ကြကာ ငါ၏စကားများတွင် ဝှက်ထားသော အဓိပ္ပာယ်များ ရှိမရှိ သို့မဟုတ် ငါက တစ်စုံတစ်ဦးအပေါ် ကျိတ်ကြံစည်ရန် ကြိုးစားနေသလောဟူသည်ကို အမြဲတွေးတောလျက် အမှန်အတိုင်း မပြောဆိုဝံ့ကြပေ။ သို့ဖြစ်၍ ငါက ၎င်းတို့ကို တစ်စုံတစ်ခု မေးလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စိတ်လှုပ်ရှားလာပြီး ၎င်းတို့၏ နဖူးမှ ချွေးများ စတင်ထွက်လာသည်။ ငါက “မပူပါ၊ အဘယ်ကြောင့် သင် ချွေးထွက်နေသနည်း”ဟု ပြောသည်။ ၎င်းတို့က “ကိုယ်တော်က မပူဟု ခံစားကောင်းခံစားရနိုင်သော်လည်း ကျွန်ုပ်မှာတော့ ပူပါသည်။ ကိုယ်တော်ပြောလိုက်သည့်စကားက ကျွန်ုပ်ကို အလွန်ကြောက်လန့်စေသဖြင့် ကျွန်ုပ်၏နှလုံးက ကျွန်ုပ်၏ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်နေပါသည်။ ယခု ကျွန်ုပ်၏ လက်ဖဝါးများနှင့် ခြေဖဝါးများတွင် ချွေးထွက်နေသည်။ ကျွန်ုပ်၏ နှလုံးက တဒိတ်ဒိတ် ခုန်နေပြီး မည်သည့်အရာ လုပ်ဆောင်ရမှန်း မသိပါ”ဟု ပြောကြသည်။ ငါက “သင် စိတ်လှုပ်ရှားရန် မလိုအပ်ပါ။ ငါက သာမန်ကာလျှံကာ ပြောနေခြင်း၊ အာလာပသလ္လာပပြောဆိုနေခြင်း ဖြစ်သည်။ အမှန်ပင် ပြဿနာတစ်ခု တကယ်ရှိလျှင်၊ ထိုအရာကို ငါတို့ ဖြေရှင်းလိုက်ရုံသာဖြစ်သည်။ ငါက ပြဿနာတစ်ခုခုကို ရှာဖွေတွေ့ရှိခြင်းကသင်၏ မိသားစုတစ်မျိုးလုံးအား သေဒဏ်ပေးမည်ဟု ဆိုလိုသည့်အလား ငါ့ကို ကြောက်စရာကောင်းသောသူအဖြစ် မထင်လိုက်နှင့်။ ငါက လူများကို ‘မဖြေရှင်း’၊ ပြဿနာများကို ဖြေရှင်းသည်။ ပြဿနာများကို ဖြေရှင်းခြင်းက အဓိကဖြစ်သည်”ဟု ပြောသည်။ သင်သည် မည်သည့် ယုံကြည်ခြင်းမျိုး ရှိသင့်သနည်း။ တစ်ဖက်တွင် ငါသည် စည်းမျဉ်းများအတိုင်း၊ လုံးဝတရားမျှတစွာ မုချ ပြုမူသည်။ ငါသည် စိတ်ခံစားမှု၊ တစ်ဇွတ်ထိုးဖြစ်ခြင်း သို့မဟုတ် ထင်ရာမြင်ရာဖြစ်ခြင်းဖြင့် ပြုမူလိမ့်မည်မဟုတ်ပေ။ ငါသည် သင့်ကို မနှစ်မြို့ဖွယ်အဖြစ်မြင်ပြီး သင်နှင့်ပတ်သက်၍ အပြစ်ရှာခြင်း၊ ချစ်တီးခေါင်းသန်းရှာလုပ်ခြင်း သို့မဟုတ် ချို့ယွင်းချက်များကို ရှာဖွေပြီးနောက် သင့်ကို နှင်ထုတ်ပြီး အလုပ်လုပ်ရန် ငါ့ကို နှစ်သက်စေသော တစ်စုံတစ်ဦးကို ရှာဖွေလိမ့်မည် မဟုတ်။ အခြားတစ်ဖက်တွင် ငါသည် လူတိုင်းကို လက်တွေ့အခြေအနေနှင့် လက်တွေ့ပြဿနာအပေါ် အခြေခံ၍ ဆက်ဆံသည်။ စည်းမျဉ်းများ ရှိသည်။ လူတို့သည် အမှားများလုပ်ခွင့်ရှိသည်၊ မိုက်မဲခွင့်ရှိသည်၊ အားနည်းခွင့်ရှိပြီး အပျက်သဘောဆောင်ခွင့် ရှိသည်။ သို့သော် အမှုအရာတစ်ခုကို ခွင့်ပြုထားခြင်းမရှိပေ။ အကယ်၍ သင်သည် ဒုက္ခပေးတတ်ပြီး အသင်းတော်၏ အလုပ်ကို တမင်သက်သက် အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်လျှင် သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်သည်။ အကယ်၍ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်း မရှိလျှင်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင် အမြဲသစ္စာဖောက်လျှင် အသင်းတော်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်ကို မလိုအပ်ပေ။ ဘုရားအိမ်တော်သည် သင့်ကို အစားထိုးရန် သင့်တော်သောသူတစ်ဦးကို ရှာဖွေရလိမ့်မည်။ ဤသည်မှာ စည်းမျဉ်းများအတိုင်း ပြုမူခြင်း ဖြစ်သည်။ ပြဿနာများကို ငါ မည်သို့ဖြေရှင်းသည်၊ ကိစ္စရပ်များကို မည်သို့ကိုင်တွယ်သည်၊ လူတို့ကို မည်သို့ဆက်ဆံသည်ဟူသမျှကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ သင်နှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေကို ငါရှာဖွေတွေ့ရှိလျှင် သင့်ကို ငါကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟူသည်ကို သင် စိုးရိမ်ရန် မလိုအပ်ပေ။ ယင်းမှာ ထိုအရာက မည်သည့်ပြဿနာဖြစ်သည်ဟူသည့်အပေါ် မူတည်ပြီး အခြေအနေက ပြဿနာ၏ သဘောသဘာဝအတိုင်း ကိုင်တွယ်ခြင်း ခံရလိမ့်မည်ဖြစ်သည်။ အကယ်၍ သင့် ပြဿနာ၏ သဘောသဘာဝမှာ သိပ်မပြင်းထန်လျှင်၊ သင်က ယင်းကို တမင်သက်သက် ဖြစ်စေခဲ့ခြင်းမဟုတ်ဘဲ ခဏတာ သတိမမူမိခြင်း သို့မဟုတ် မိုက်မဲခြင်းကြောင့် ဖြစ်စေခဲ့လျှင် ယင်းကို သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဖြေရှင်းလိမ့်မည်။ သင်ခန်းစာကို သင်ယူပြီး အမှားကို ထပ်မလုပ်နှင့်။ တစ်ခါတစ်ရံ ယင်းမှာ လူတို့က အသိပညာနှင့် အတွေ့အကြုံ ကင်းမဲ့ပြီး အချို့သော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို နားမလည်သောကြောင့် ဖြစ်သည်။ ထိုအခြေအနေတွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို လျင်မြန်စွာ သင်ယူပြီး မပျင်းရိနှင့်။ သို့သော် ယင်းမှာ တမင်သက်သက်ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိဖြစ်လျှင်၊ သင်သည် ဤတာဝန်ကို ထမ်းဆောင်လိုစိတ်မရှိသည့်အပြင်၊ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုများကိုပင် တမင်သက်သက် ပျက်စီးစေလျှင် ဤအရာကို အလေးအနက် ကိုင်တွယ်သင့်သည်။ ဖြုတ်ချခံရသင့်သူများက ဖြုတ်ချခံရလိမ့်မည်ဖြစ်ပြီး နှင်ထုတ်ခံရသင့်သူများက နှင်ထုတ်ခံရလိမ့်မည် ဖြစ်သည်။ ကြောက်ရွံ့နေ၍ အသုံးမဝင်ပေ။ အကယ်၍ သင်တို့၌ ဤယုံကြည်ခြင်းရှိလျှင် ငါသည် သင်တို့နှင့်ပတ်သက်၍ စကားပြောပြီး ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ သင်တို့ ပို၍ များစွာ စိတ်သက်သာရာရသည်ဟု ခံစားရလိမ့်မည်။ ငါသည် သင်နှင့် စကားပြောသည့်အခါ သို့မဟုတ် အလုပ် သို့မဟုတ် အတတ်ပညာဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည့်အခါ သင်သည် စိတ်အေးအေးထားရန် သိသင့်သည်၊ ဘုရားသခင်သည် မည်သူ့အပေါ်မျှ ကျိတ်ကြံစည်လိမ့်မည်မဟုတ်သည့်အပြင်၊ သင့်အပေါ်လည်း ကျိတ်ကြံစည်လိမ့်မည်မဟုတ်ကြောင်း သိသင့်သည်။ သင် စိတ်ချ၍ရနိုင်သည်။ အကယ်၍ သင်၌ ဤယုံကြည်ခြင်းပင် ကင်းမဲ့လျှင်၊ ဘုရားသခင်သည် ကြင်နာပြီး ဖြောင့်မတ်သည်ဟု သင်မယုံကြည်လျှင် ဘုရားသခင်ကို သင် ယုံကြည်သည်၊ လူ့ဇာတိခံ ဘုရားသခင်နောက်သို့ လိုက်သည်၊ ခရစ်တော်နောက်သို့ လိုက်သည်ဟု ပြောသည့်အခါ သင်၏ ယုံကြည်ခြင်းသည် အဘယ်မှာနည်း။ သင်သည် သူနှင့် ပွင့်လင်းရိုးသားရန် မည်သို့ စီမံနိုင်မည်နည်း။ အကယ်၍ အချိန်တိုင်းတွင် သင်သည် သူ့အပေါ် သတိထားကာကွယ်နေလျှင်၊ သူနှင့်ပတ်သက်၍ ထင်ကြေးပေးခြင်း၊ သူ့ကို သံသယဝင်ခြင်းနှင့် စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းတို့အား ပြုလျှင် သင်သည် သူ့အပေါ် စစ်မှန်သော ယုံကြည်ခြင်း မရှိပေ။ အကယ်၍ သင်သည် ဤပုဂ္ဂိုလ်အပေါ် စစ်မှန်သော ယုံကြည်ကိုးစားမှု၊ စစ်မှန်သော ယုံကြည်ခြင်း မရှိလျှင် သင်သည် ငါ၏နှုတ်ကပတ်တော်များကို မည်သည့်အတိုင်းအတာအထိ ယုံကြည်နိုင်သနည်း။ သင် အမှန်တကယ် ယုံကြည်နိုင်သော၊ အမှန်တကယ် လက်ခံနိုင်သော ဖော်ပြချက် တစ်ခုတလေ ရှိသလော။ တစ်ခုမျှ မရှိလုနီးပါးဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။)

တစ်ချိန်က အခြေအနေများ မည်သို့ရှိသည်ကို ကြည့်ရှုရန် အသင်းတော်တစ်ခုထံ ငါ သွားခဲ့သည်။ အခန်းထဲသို့ ငါဝင်သောအခါ လူတိုင်းကို ဦးစွာ နှုတ်ဆက်လိုက်သည်။ လူအချို့က ထွက်လာကာ ငါ့ကို ထိုင်ရန် ထိုင်ခုံတစ်ခု ချက်ချင်းပေးပြီးနောက် ၎င်းတို့က တစ်စုံတစ်ခုကို ဆွေးနွေးနေကြကြောင်း ပြောဆိုခဲ့ကြသည်။ ၎င်းတို့ ပြောဆိုဆွေးနွေးနေစဉ်တွင် ပြီးခဲ့သည့် အခိုက်အတန့်တွင်တွင် အခန်းထဲ၌ လူလေးငါးဦးရှိခဲ့သော်လည်း ယခုအခါ နှစ်ဦးသာ ကျန်တော့သည်ကို ငါ ရုတ်တရက် သတိပြုမိလိုက်သည်။ ၎င်းတို့သည် မိမိတို့၏ ဆံပင်ကိုဖြီးရန်နှင့် လန်းဆန်းသွားစေရန် မိမိတို့အခန်းများသို့ ပြန်သွားကြပြီး မကြာမီ ပြန်ထွက်လာကြလိမ့်မည်ဟု ငါထင်ခဲ့သော်လည်း ငါသည် ထိုနေရာတွင် အတန်ကြာ နေခဲ့ပြီး ၎င်းတို့ ထွက်မလာခဲ့ကြပေ။ ထိုအခါ ငါနားလည်သွားသည်၊ ၎င်းတို့သည် ငါ့ကို မကြိုဆိုကြပေ။ ငါသည် အဆင်မပြေသော အချိန်တွင် ရောက်လာခဲ့ခြင်း ဖြစ်သည်။ ငါသည် ဖိတ်ကြားမခံရသော ဧည့်သည်တစ်ဦး ဖြစ်ခဲ့သည်။ ငါ၏ရောက်ရှိလာခြင်းက ၎င်းတို့ကို စိတ်ကျဉ်းကျပ်စေပြီး မသက်မသာ ဖြစ်စေခဲ့သည်။ ၎င်းတို့က “ကိုယ်တော်၏ လာရောက်လည်ပတ်ခြင်းအတွက် ရည်ရွယ်ချက်တစ်ခုခု ရှိသလော”ဟု တွေးခဲ့ကြသည်။ ၎င်းတို့သည် ထောင်ချောက်ထဲသို့ ကျရောက်သွားမည်ကို ကြောက်ရွံ့ခြင်း၊ လှည့်ဖြားခံရမည်ကို ကြောက်ရွံ့ခြင်း၊ အကြံတစ်ခုခုကို ကြောက်ရွံ့ခြင်းတို့ကြောင့် ငါနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန် ငြင်းပယ်ခဲ့ကြပြီး ငါနှင့် ဆက်သွယ်ပြောဆိုရန် သို့မဟုတ် အပြန်အလှန်ဆက်ဆံရန် ငြင်းပယ်ခဲ့ကြသည်။ ဤသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်သည့်အပြင်၊ စိတ်ဝင်စားအောင် ဆန်ဆာဆင်ခြင်း တစ်ခုတလေမျှ ဖြည့်စွက်ထားခြင်းလည်း မရှိပေ။ ငါသည် ပုံပြင်တစ်ပုဒ်ကို ပြောနေခြင်းမဟုတ်၊ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ တံခါးဖွင့်၍ ငါထွက်သွားမှသာ ၎င်းတို့သည် နောက်ဆုံးတွင် စိတ်သက်သာရာရသည့် သက်ပြင်းချနိုင်ခဲ့ပြီး “နောက်ဆုံးတော့ ကိုယ်တော် သွားပြီ။ ဪ ထိုအရာက ကျွန်ုပ်ကို သေလောက်အောင်ပင် ကြောက်လန့်စေပါသည်တကား”ဟု ပြောဆိုခဲ့ကြပေမည်။ ငါသည် ကိုယ့်ဘာသာကိုယ် တွေးမိသည်၊ လူတို့ကို ဤအတိုင်းအတာအထိ ကြောက်လန့်စေနိုင်သည့် ထိုသို့သော ကြီးမားသည့် “စွဲဆောင်မှု” ငါ့တွင် ရှိသလော။ ငါ့ကို ပြောလော့၊ လူတို့က ဤသရုပ်သကန်များကို ပြသသောအခါ ယင်းက မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ လူတို့ ဘုရားသခင်ကို ဤသို့ ယုံကြည်ကြသည်ကို ငါ အမှန်တကယ် မမြင်ဖူးပေ။ ဤလူစားမျိုးသည် မှောင်မိုက်သော ထောင့်များထဲတွင် နေထိုင်ခြင်းကို နှစ်သက်ကြသည်၊ ၎င်းတို့သည် အလင်းထဲတွင် နေထိုင်ခြင်းကို သဘောမကျကြသည့်အပြင်၊ ရိုးသားပွင့်လင်းသော နည်းလမ်းဖြင့် နေထိုင်ခြင်းကိုလည်း မကြိုက်ကြပေ။ ငါ့ကို ပြောလော့၊ ငါသည် သင်တို့နှင့် ထိတွေ့ဆက်ဆံသောအခါ သင်တို့သည် ငါနှင့် ဆက်သွယ်ပြောဆိုလိုစိတ်မရှိဘဲ အနေခက်ပြီး စိတ်လှုပ်ရှားသလော။ သို့မဟုတ် သင်တို့သည် သမ္မာတရားအချို့ကို ရရှိလိုလျက် ငါနှင့် ထိတွေ့ဆက်ဆံလိုစိတ်ရှိပြီး ယင်းက သင်တို့ကို အနည်းငယ် စိတ်လှုပ်ရှားစေလျှင်ပင် ဂရုမစိုက်ဘဲ နေသလော။ သင်တို့၏ စိတ်အခြေအနေသည် မည်သို့ရှိသနည်း။ (ကျွန်ုပ်တို့ အနည်းငယ် စိတ်လှုပ်ရှားသည်ဟု ခံစားရသော်လည်း သမ္မာတရားကို နားလည်ပြီး အကျိုးကျေးဇူးအချို့ ရရှိနိုင်သရွေ့ အဆင်ပြေပါသည်။) လူအများစုသည် ငါနှင့် ထိတွေ့ဆက်ဆံပြီး နှစ်နာရီ သို့မဟုတ် သုံးနာရီကြာ ဆက်သွယ်ပြောဆိုပြီးနောက်တွင် ငါ၏ မိတ်သဟာယထဲက နှုတ်ကပတ်တော်များစွာက အလွန်အရေးကြီးကြောင်း၊ ၎င်းတို့ မကြားဖူးသော အရာများဖြစ်ကြောင်း တွေ့ရှိကြသဖြင့် ထိုနေ့က ဤနှုတ်ကပတ်တော်များကို နားထောင်ရခြင်းသည် အလွန့်အလွန် အကျိုးနပ်သည်ဟု ၎င်းတို့ ခံစားကြရပြီး ငါ၏ မိတ်သဟာယဖွဲ့ခြင်းကို အထူးပင် နားထောင်လိုစိတ် ရှိလာကြသည်။ အကယ်၍ ငါသည် ရံဖန်ရံခါ သာမန်ကာလျှံကာဖြစ်သောစကားစမြည်ပြောဆိုမှုအချို့တွင် ပါဝင်လျှင် ၎င်းတို့သည် အနည်းငယ် စိတ်ပျက်ကြပြီး ငါ၏ နှုတ်ကပတ်တော်များမှ တစ်စုံတစ်ခုကို ရရှိနိုင်မှသာ ကျေနပ်ကြသည်။ ထိုသို့သော လူများအတွက် လူတိုင်း အကျိုးကျေးဇူး ရရှိနိုင်ရန်အလို့ငှာ လက်တွေ့ဘဝ ကိစ္စရပ်များကို ပေါင်းစပ်ထည့်သွင်းလျက် သမ္မာတရားအချို့ကို မိတ်သဟာယဖွဲ့ရန် ငါ လိုလားသည်။ အချို့သော လူတို့သည် ငါ့ကို မြင်သောအခါ အခြေအနေအချို့နှင့်ပတ်သက်၍ ၎င်းတို့အာ ငါ မေးခွန်းများမေးမည်ကိုလည်းကောင်း၊ ၎င်းတို့ မည်သို့ဖြေရမည်ကို မသိဘဲ အလွန် ကသိကအောက်ဖြစ်နေလိမ့်မည်ကိုလည်းကောင်း အမြဲ ကြောက်ရွံ့ကြသည်။ ထိုသို့သော လူတို့၏ စိတ်များသည် အလွန် ရှုပ်ထွေးလှသည်။ ၎င်းတို့သည် ရိုးရှင်းခြင်းမရှိပေ။ အခြားသူများမှာမူ သမ္မာတရားကို ရှာဖွေလိုစိတ်ရှိကြပြီး လှောင်ပြောင်ခံရမည်ကို မကြောက်ဘဲ မိမိတို့တွင်ရှိသော မည်သည့်အခက်အခဲကိုမဆို ပွင့်ပွင့်လင်းလင်း ဝေမျှကြသည်။ ယင်းမှာ မှန်ကန်သော လုပ်နည်းကိုင်နည်း ဖြစ်သည်။ ငါတို့၏ ဆက်သွယ်ပြောဆိုခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့၏ စည်းမျဉ်းမှာ ငါတို့၏ စိတ်နှလုံးများကို ဖွင့်ဟပြီး ငါတို့စိတ်များတွင်ရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုရန်၊ အမှန်အတိုင်း ပြောဆိုရန် ဖြစ်သည်။ ငါသည် သင်တို့နှင့် သာမန်လူ့သဘာဝဘောင်အတွင်း၌ ပါဝင်ပတ်သက်ပြီး အပြန်အလှန်ဆက်ဆံသည်။ ငါ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကြောင့် ငါသည် သင်တို့ထက် ပို၍သိသည်၊ ထို့ကြောင့် ငါသည် ပို၍ ပြောဆိုသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ သင်တို့သည် နားထောင်လိုစိတ်ရှိလျှင် တစ်စုံတစ်ခုကို သင်တို့ ရရှိနိုင်သည်၊ အကယ်၍ နားထောင်လိုစိတ်မရှိလျှင် ငါသည် သင်တို့ကို အတင်းအကျပ် ပြုမည်မဟုတ်ပေ။ ငါတို့ ဆွေးနွေးသော အကြောင်းအရာများနှင့်ပတ်သက်၍၊ အကယ်၍ သင်တို့၌ ထိုးထွင်းအမြင်များ၊ စိတ်ကူးများ၊ အတွေ့အကြုံများ၊ သိနားလည်မှု သို့မဟုတ် အသိပညာတို့ရှိလျှင် သင်တို့လည်း ထိုအရာများကို ဝေမျှနိုင်သည်။ ဤသည်ကို အပြန်အလှန်ဆက်ဆံခြင်းဟု ခေါ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝ ဖြစ်သည်။ အကယ်၍ ငါပြောသည့်အရာက အလွန်အရေးကြီးသည်ဟု သင် ခံစားရလျှင် အာရုံစူးစိုက်စွာ သင် နားထောင်သင့်သည်။ အကယ်၍ ငါပြောသည့်အရာကို သင် မခံယူနိုင်လျှင်၊ စကားပြောခြင်းကို ငါ ရပ်ပြီး သင့်ကို စကားပြောစေမည်။ အကယ်၍ မည်သည့်အရာမျှ သင် ပြောစရာမရှိလျှင် ငါသည် သင့်ကို မေးခွန်းများမေးပြီး လမ်းညွှန်ပေးမည်။ ဥပမာအားဖြင့် ငါက “လတ်တလောတွင် သင်၏ အသင်းတော်အသက်တာ မည်သို့ရှိသနည်း။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် အခက်အခဲများ တစ်ခုတလေ ရှိသလော”ဟု မေးပေမည်။ အကယ်၍ သင်၌ အခက်အခဲများရှိလျှင် ယင်းတို့ကို အမှန်အတိုင်း ပြောဆိုသင့်ပြီး ငါသည် သင့်ကို ကူဖြေရှင်းပေးမည် ဖြစ်သည်။ ဤသည်ကို အပြန်အလှန်ဆက်ဆံခြင်းဟု ခေါ်ပြီး သာမန်လူ့သဘာဝဘောင်အတွင်း၌ ရှိသင့်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ လူတိုင်း ကြိုက်နှစ်သက်သော အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိလျှင် ငါတို့ကို စိတ်နှလုံးထဲရှိသည်များကို ဖွင့်ဟပြောဆိုစေနိုင်လျက်၊ သင်၏ လူ့သဘာဝသည် ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး ငါတို့၏ စကားစမြည်ပြောဆိုခြင်းများနှင့် အာလာပသလ္လာပပြောဆိုခြင်းများကို ပွင့်လင်းမှု၊ ယုံကြည်မှုနှင့် လေးစားမှုတို့၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်၍ရနိုင်သည်။ အကယ်၍ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်သည့်အပြင်၊ သမ္မာတရားကို ရှာဖွေလိုစိတ်မရှိလျှင် သင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုတည်းသာ ရှိသည်။ ယခုအချိန်မှစ၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမပြုရန်၊ ငါ၏ နှုတ်ကပတ်တော်များနှင့် အမူအရာများမှ ငါ၏စိတ်ကို ဖတ်ဖို့ မကြိုးစားတတ်ရန်၊ စိတ်မကျဉ်းကျပ်ရန်နှင့် စမ်းသပ်သော စကားများကို မပြောဆိုရန် သင်ယူလော့။ အချို့က “ဤအရာများကို ကျွန်ုပ် မရရှိနိုင်ပါ”ဟု ပြောကောင်းပြောပေမည်။ ထိုသို့ဆိုလျှင် သင်၏ ပါးစပ်ကို ပိတ်ရုံသာပိတ်ထားလော့။ အကယ်၍ သင့်ကို တိတ်တိတ်နေရန် ပြောဆိုထားသော်လည်း သင့်အပေါ် ငါ ကျိတ်ကြံစည်နေပြီး ဘောင်ခတ်နေသည်ဟု သင် တွေးထင်လျှင် ယင်းမှာလည်း ကိုင်တွယ်ရန် လွယ်ကူပေသည်။ သင် ထွက်သွားလိုက်နိုင်သည်။ ငါတွေ့ဆုံသော မည်သူ့ကိုမဆို ငါသည် တောင်းဆိုချက်များ မထားရှိသည့်အပြင်၊ လူတို့ကို မည်သည့်အခါမျှ ဘောင်ခတ်ခြင်းမရှိပေ။ အကယ်၍ တစ်စုံတစ်ဦးက ငါ့အပေါ် အမြဲ အပြစ်ရှာနေပြီး ငါက ၎င်းတို့နှင့် စကားပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ၎င်းတို့အတွက် မည်သည့်အခါမျှ အဆင်မပြေလျှင် ထိုသို့သော လူတစ်ဦးနှင့် ငါ ဝေးဝေးသာနေ၍ရပြီး ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြဉ်ရုံသာ တတ်နိုင်သည်။ အကယ်၍ အချို့သော လူတို့သည် ငါက ၎င်းတို့အပေါ် ကျိတ်ကြံနေသည်ဟု အမြဲထင်လျက် ငါနှင့် ထိတွေ့ဆက်ဆံရန် အမြဲ ကြောက်ရွံ့နေသော်လည်း သမ္မာတရားအချို့ကို ရရှိရန် ငါနှင့် ထိတွေ့ဆက်ဆံလိုနေသေးလျှင် ထိုသို့သော စိတ်သဘောထားဖြင့် သင်သည် သမ္မာတရားကို မရရှိနိုင်ဟု ငါ ပြောသည်။ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ဦးမဟုတ်ပေ။ သင်သည် မည်သူမျှ သင့်လောက် မကောင်းဟု ယုံကြည်လျက် လူတို့နှင့်ပတ်သက်၍ အဆိုးဆုံးကို အမြဲတွေးသည်။ ငါသည် သင့်ကို မည်သည့်အရာကို ပြောစေကာမူ ငါသည် သင့်အပေါ် ကျိတ်ကြံနေခြင်းဖြစ်မည်ဟု သင် အမြဲ တွေးထင်သည်။ သင်သည် ငါ့ကို မယုံကြည်သည့်အပြင်၊ ငါ့အပေါ်၌ ဘာဆိုဘာမျှ ကိုးစားခြင်း မရှိပေ။ ထိုသို့ဆိုလျှင် ငါတို့သည် သဘောညီညွှတ်စွာ နေထိုင်ရန် မဖြစ်နိုင်ပေ၊ အနည်းဆုံးအားဖြင့် ငါတို့သည် လူ့သဘာဝအရ တစ်သားတည်း မဖြစ်ပေ။ ငါတို့တွင် တူညီသော ဝါသနာများ သို့မဟုတ် စိတ်ဝင်စားမှုများ မရှိ၊ လိုက်စားရန် သို့မဟုတ် ဆန္ဒပြင်းပြရန် တူညီသော ပန်းတိုင်များ မရှိပေ။ လူ့သဘာဝအရ သင်လျှောက်လှမ်းသော လမ်းကြောင်း၊ သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်မှု၊ သင်၏ ကြိုက်နှစ်သက်မှုများနှင့် စိတ်ဝင်စားမှုများသည် ငါနှင့် ကွဲပြားသည်။ သင်ကြိုက်နှစ်သက်သော အရာအားလုံးသည် အပျက်သဘောဆောင်စဉ်တွင် ငါပြောဆိုလိုသော အကြောင်းအရာများမှာမူ အပြုသဘောဆောင်သော အရာများ ပါဝင်သည့် အကြောင်းအရာများသာ ဖြစ်သည်။ သင်သည် ငါ့ကို အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် ကြိုးစားနေသည်။ ငါသည် မည်သည့်သမ္မာတရားကို မိတ်သဟာယဖွဲ့စေကာမူ ယင်းထဲတွင် အကြံတစ်ခု ရှိမရှိ၊ ငါက ကျိတ်ကြံစည်နေသလော၊ သင်က ဆုံးရှုံးမှုခံစားရသလော သို့မဟုတ် လှည့်ဖြားခံရသလောဟူသည်ကို သင် အမြဲ စဉ်းစားနေသည်။ အကယ်၍ သင်သည် ဤအရာများကို အမြဲ တွေးဆနေလျှင် ငါတို့သည် အချင်ချင်း စကားပြောဆိုပြီး ထိတွေ့ဆက်ဆံသောအခါ မည်သည့် မြင်ကွင်းမျိုး ဖြစ်ပေါ်လာမည်နည်း။ (ကသိကအောက်ဖြစ်ခြင်းဖြစ်သည်။) ထိုအခြေအနေတွင် ငါသည် သင့်အနီးဝန်းကျင်တွင် မသက်မသာ ခံစားရမည်ဖြစ်ပြီး သင်သည်လည်း ငါ့အနီးဝန်းကျင်တွင် မသက်မသာ ခံစားရမည်ဖြစ်သည်။ ငါတို့နှစ်ဦးလုံး မသက်မသာ ခံစားရမည် ဖြစ်သည်။ ဤသို့ အချင်းချင်း အနီးဝန်းကျင် ရှိနေခြင်းသည် အပြန်အလှန် ညှဉ်းဆဲခြင်းသာ ဖြစ်မည်မဟုတ်လော။ ထိုအထဲတွင် ပျော်ရွှင်မှု တစ်ခုတလေ ရှိမည်လော။ ထိုအထဲတွင် ပျော်ရွှင်မှု ရှိမည်မဟုတ်ပေ။ အကယ်၍ သင်သည် ငါပြောသည့်အရာကို ကြားလိုလျှင်၊ သင်သည် နားထောင်လိုစိတ်ရှိလျှင်၊ ငါပြောဆိုသည့် အကြောင်းအရာများသည် သင်ဆန္ဒပြင်းပြသည့်အရာ၊ သင်၏စိတ်နှလုံးထဲ၌ သင်တန်ဖိုးထားသည့်အရာ၊ သင်လိုက်စားသည့်အရာဖြစ်ပြီး သင်၏လူ့သဘာဝ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အရာ ဖြစ်လျှင် ငါတို့သည် တိတ်ဆိတ်စွာ ထိုင်ရုံထိုင်နေလျှင်ပင် ငါတို့၏ စိတ်နှလုံးများထဲ၌ အလွန်အမင်း မနှစ်မြို့ခြင်း သို့မဟုတ် အတိုက်အခံလုပ်ခြင်း ရှိမည်မဟုတ်ပေ။ ငါတို့သည် အပြန်အလှန်ဆက်ဆံနိုင်ပြီး အတူတကွနေထိုင်လျက် သဘောညီညွှတ်ခြင်းကို စွမ်းဆောင်ရရှိနိုင်မည်ဖြစ်သည်။ သို့သော် လူတို့အတွက် အလွန်လက်တွေ့ကျပြီး အကျိုးရှိသော်လည်း ဖြစ်သည်။ ငါပြောဆိုသော နှုတ်ကပတ်တော်များကို ကြားရခြင်းအား သင် မနှစ်သက်သည့်အပြင် သင်၏စိတ်နှလုံးထဲ၌ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် အတိုက်အခံလုပ်ခြင်းကိုပင် ခံစားရသည်ဟု ဆိုကြပါစို့။ သင်သည် ငါပြောဆိုသော အပြုသဘောဆောင်သည့်အရာများနှင့် ပြဿနာများကို ဖြေရှင်းရန် ငါပြောဆိုသော သမ္မာတရားဆိုင်ရာ မိတ်သဟာယဖွဲ့ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များ၊ အထူးသဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို အမှန်တကယ် ခံယူနိုင်ခြင်း မရှိသည့်အပြင်၊ ငါက သင့်ကို ဦးနှောက်ဆေးကြောနေသည်၊ လှည့်ဖြားနေသည်၊ ဧဝံဂေလိတရားကို ဟောပြောရန်နှင့် ဘုရားအိမ်တော်၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် လူများကို ပိုမိုရရှိဖို့အတွက် သင့်ကို အသုံးချရန် ကြိုးစားနေသည်ဟုပင် ခံစားရပေသည်။ ထိုသို့ဆိုလျှင် မှားယွင်းနေသူမှာ သင် ဖြစ်သည်။ သင်သည် အမြဲတစေ လွဲမှားသောနည်းလမ်းဖြင့် တွေးခေါ်သည်၊ အဖြစ်မှန်များကို အမြဲ မလိမ့်တစ်ပတ်လုပ်ချင်သည်၊ အဖြူကို အမည်းဟုခေါ်လိုပြီး သမ္မာတရားနှင့် ကိုက်ညီသော အပြုသဘောဆောင်သည့်အရာများကိုပင် လူမှုရေး ခေတ်ရေစီးကြောင်းများနှင့် မကိုက်ညီသည့် အပျက်သဘောဆောင်သော၊ ကောက်ကျစ်ဆိုးယုတ်သော အရာများအဖြစ် ဖော်ပြလိုသည်။ ငါ မည်သို့ပင်ပြောစေကာမူ သင်သည် ယင်းကို သမ္မာတရားဖြစ်ကြောင်း၊ အပြုသဘောဆောင်သည့်အရာဖြစ်ကြောင်း မယုံကြည်ပေ။ သို့ဆိုလျှင် ငါတို့ ဆက်သွယ်ပြောဆို၍ မရနိုင်ပေ။၊ တူညီသော ဘာသာစကားမရှိသောကြောင့် ငါတို့သည် သဘောညီညွှတ်စွာဖြင့် နေထိုင်၍မရနိုင်ပေ။ ငါတို့သည် စားပွဲတစ်လုံးတည်းဖြင့် အတူစား၍မရနိုင်၊ စိတ်နှလုံးတစ်ညီတစ်ညွတ်တည်းဖြစ်ခြင်းကို မရရှိနိုင်ပေ။ သို့ဆိုလျှင် သင်သည် မည်သည့် လူစားမျိုးဖြစ်သနည်း။ တိတိကျကျပြောရလျှင် သင်သည် ဘုရားအိမ်တော်နှင့် သက်ဆိုင်ခြင်းမရှိ၊ သင်သည် ဘာသာတရား မရှိသူတစ်ဦး ဖြစ်သည်။ ငါပြောဆိုသော အကြောင်းအရာများက မည်မျှပင် သင့်လျော်သည်ဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများက မည်မျှပင် သင့်လျော်သည်ဖြစ်စေ သင်သည် ထိုအရာများတွင် အခြားအရာတစ်ခုခုကို အမြဲ အဓိပ္ပာယ်ကောက်သည်။ သင်သည် ၎င်းတို့ကို ကောက်ကျစ်ဆိုးယုတ်သော မှန်ဘီလူးဖြင့်လည်းကောင်း၊ ဆိုးယုတ်သော ရပ်တည်ချက်နှင့် ရှုထောင့်ဖြင့်လည်းကောင်း အမြဲ ရှုမြင်၊ နားလည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုသည်။ ငါပြောဆိုသော လက်တွေ့လုပ်ဆောင်ခြင်း၏ မှန်ကန်သော လမ်းကြောင်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများကို သင်လက်မခံပေ။ သို့ဖြစ်၍ ငါစကားပြောသည်ကို နားထောင်ခြင်းသည် သင့်အတွက် မသက်မသာဖြစ်စေသည်။ အဘယ်ကြောင့် မသက်မသာဖြစ်ရသနည်း။ အကြောင်းမှာ ဤအရာများသည် သင်၏လူ့သဘာဝ လိုအပ်ချက်များ မဟုတ်သောကြောင့် ဖြစ်သည်။ သင် အဘယ်အရာကို လိုအပ်သနည်း။ လွတ်လပ်မှုကို လိုက်စားရန်၊ ကြီးပွားချမ်းသာရန်၊ စားသောက်ကာ ပျော်ပါးရန် ဖြစ်သည်။ သင်၏ ဘဝဆောင်ပုဒ်များမှာ “ဘဝဆိုသည်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်ဖို့သာ ဖြစ်သည်”ဟူသည်နှင့် “ပျော်နိုင်တုန်း ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်နေပါ”ဟူသည်တို့ ဖြစ်ကြသည်။ သင်သည် အဘယ်အရာကို ကြိုက်နှစ်သက်သနည်း။ ဆိုးယုတ်သော ရေစီးကြောင်းများ၊ ကိုးရိုးကားရားနိုင်သော အဝတ်အစားများ၊ ကျော်ကြားသူများနှင့် နာမည်ကြီးပုဂ္ဂိုလ်များ၊ လူ၏ ထူးခြားမှုနှင့် ကြီးမြတ်မှုတို့ကို သင် ကြိုက်နှစ်သက်သည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်သည့် ယုံကြည်သူတစ်ဦးမဟုတ်၊ သင်သည် ဘုရားအိမ်တော်နှင့် မသက်ဆိုင်ပေ။ သင်၏လူ့သဘာဝတွင် အပြုသဘောဆောင်သည့်အရာများအတွက် လိုအပ်ချက်မရှိပေ။ ငါသည် သင်နှင့် ပါဝင်ပတ်သက်သောအခါ ငါမည်သည့်အရာကို ငါပြောသည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သို့ပင်ပြုမူစေကာမူ သာမန်လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရား သို့မဟုတ် လိုအပ်ချက်များ မရှိသောသူတို့အတွက်မူ ယင်းမှာ သီအိုရီတစ်ခု၊ ဆိုစကားတစ်ခု၊ နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။ အချို့က၊ “ကိုယ်တော် စကားပြောသောအခါ အလွန်အသေးစိတ်ကျပြီး ဥပမာများပင် ပေးသည်။ ဤသည်မှာ ကိုယ်တော်၏ အတွေးအခေါ်များနှင့် အမြင်များကို လူတို့၏ စိတ်နှလုံးထဲသို့ နက်ရှိုင်းစွာ သွတ်သွင်းရန်ကြိုးပမ်းမှုတစ်ခုမျှသာ မဟုတ်လော။ ဤသည်မှာ လူတို့ကို ကိုယ်တော်၏ အတွေးအခေါ်များနှင့် အမြင်များကို လက်ခံစေရန်၊ သူတို့ကို ဦးနှောက်ဆေးကြောရန်နှင့် အချိန်ကြာလာသည်နှင့်အမျှ ကိုယ်တော်၏ အမျိုးမျိုးသော အတွေးအခေါ်များနှင့် အမြင်များဖြင့် ထုံကျင်သွားစေရန် ကြိုးပမ်းမှုတစ်ခုမျှသာဖြစ်သည် မဟုတ်လော”ဟူ၍ပင် စဉ်းစားကြသည်။ အကယ်၍ သင်သည် ဤသို့ အမှန်တကယ် ခံစားရလျှင်၊ ဤစကားများက သမ္မာတရားမဟုတ်၊ လူတို့ လက်ခံပြီး လက်တွေ့လုပ်ဆောင်သင့်သော မှန်သော လမ်းကြောင်းမဟုတ်၊ လူတို့ လိုက်နာသင့်သော စည်းမျဉ်းများလည်း မဟုတ်ဟု သင်ယုံကြည်လျှင် ယင်းတို့ကို လက်ခံရန် သင် ငြင်းပယ်နိုင်သည်။ ယင်းမှာ သင်၏ လွတ်လပ်ခွင့် ဖြစ်သည်။ သင်သည် အသင်းတော်မှလည်း ထွက်ခွာသွားနိုင်သည်။ သင်ကိုယ်တိုင်အတွက် ရွေးချယ်ပိုင်ခွင့် သင် ရှိသည့်အပြင်၊သမ္မာတရားကို လက်ခံရန် ငြင်းပယ်ပိုင်ခွင့်လည်း ရှိသည်။ သို့သော် အဖြစ်မှန်များကို မလိမ့်တစ်ပတ်မလုပ်နှင့်၊ သို့မဟုတ် အဖြူကို အမည်းဟု မခေါ်နှင့်။ သမ္မာတရားသည် အချိန်တိုင်း၌ သမ္မာတရားသာဖြစ်သည်။ လူများစွာက ယင်းကို မကြိုက်နှစ်သက်သောကြောင့် သို့မဟုတ် လက်မခံနိုင်သောကြောင့် ယင်းသည် သမ္မာတရားဖြစ်ခြင်း ရပ်တန့်သွားနိုင်ရန် မဆိုထားနှင့်၊ နတ်ဆိုးများနှင့် စာတန်အနည်းငယ်က ငြင်းပယ်ပြီး ပြစ်တင်ရှုတ်ချသောကြောင့် ယင်းသည် သမ္မာတရားဖြစ်ခြင်းမှ ရပ်တန့်မသွားနိုင်ပေ။ သမ္မာတရားသည် ထာဝရတည်သည်၊ ယင်းသည် ထာဝစဉ် မပြောင်းလဲပေ။ လူမည်မျှက ယင်းကို လက်ခံနိုင်သည်ဖြစ်စေ သမ္မာတရားသည် ထာဝရ သမ္မာတရားသာ ဖြစ်သည်။ သင်တို့နှင့် ငါ၏ အာလာပသလ္လာပပြောဆိုခြင်းများ၊ ဆက်သွယ်ပြောဆိုခြင်းများနှင့် အပြန်အလှန်ဆက်ဆံခြင်းများကို ငါ့ကို သင်တို့၏ ယုံကြည်ကိုးစားမှု အခြေခံအုတ်မြစ်ပေါ်တွင် လုံးလုံး တည်ဆောက်ထားခြင်း ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံး စည်းမျဉ်းများထဲမှ တစ်ခုဖြစ်သည်။ ယုံကြည်ကိုးစားမှုကို ရရှိရန် အရေးကြီးဆုံးအရာမှာ ငါပြောဆိုသော စကားတိုင်း၊ ငါမေးမြန်းသော မေးခွန်းတိုင်း သို့မဟုတ် ငါပြောဆိုသော အမှုအရာတိုင်းတွင် ကျိတ်ကြံစည်ခြင်း၊ အကြံ၊ ထောင်ချောက်နှင့် သင်တို့ကို စမ်းသပ်ခြင်းတို့ လုံးဝမရှိကြောင်းကို သင်တို့၏ စိတ်နှလုံးထဲ၌ သင်တို့ အတည်ပြုရမည်ဖြစ်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ သင်တို့ စိတ်ချနိုင်သည်၊ ငါသည် သင်တို့နှင့် ပါဝင်ပတ်သက်သောအခါ ယင်းက သင်တို့ကို လုံးဝ လွတ်လပ်ပြီး သက်သောင့်သက်သာခံစားရစေသင့်သည်။ အကယ်၍ သင်တို့သည် ငါနှင့် ပါဝင်ပတ်သက်ခြင်းက လွတ်လပ်ခြင်း သို့မဟုတ် သက်သောင့်သက်သာဖြစ်ခြင်းမရှိကြောင်း၊ သင်တို့သည် ဘောင်ခတ်ခံရရသည် သို့မဟုတ် အလွန်မသက်မသာဖြစ်သည် သို့တည်းမဟုတ် သင်တို့၏ စိတ်နှလုံးထဲ၌ အမြဲ သတိထားနေရသည်ဟု ခံစားရလျှင်၊ ယင်းမှာ အမှန်တကယ် ငါ၏ ပြဿနာမဟုတ်ဘဲ သင်တို့၏ ပြဿနာသာဖြစ်သည်ဟု ငါပြောသည်။ သင်တို့၏ ပြဿနာသည် မည်သည့်ကဏ္ဍတွင် တည်ရှိသနည်း။ သင်တို့၌ မည်သည့်ပြဿနာများရှိသည်ကိုလည်းကောင်း၊ သင်တို့၏ စိတ်နှလုံးထဲ၌ သင်တို့ မည်သို့တွေးတောနေသည်ကိုလည်းကောင်း သင်တို့ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိသင့်ပြီးနောက်၊ တိကျသော ပြဿနာများကို တိကျစွာ ဖြေရှင်းသင့်သည်။ သင်တို့ ရှာဖွေတွေ့ရှိနိုင်သော မည်သည့်ပြဿနာကိုမဆို ဖြေရှင်းလော့။ အကယ်၍ သင်သည် ပြဿနာများစွာကို ရှာဖွေတွေ့ရှိလျှင် ယင်းတို့ကို မှတ်တမ်းတင်ပြီးနောက် တစ်ခုပြီးတစ်ခု ဖြေရှင်းလော့။ အကယ်၍ ပြဿနာတိုင်းကို တစ်ကြိမ်တည်းဖြင့် မဖြေရှင်းနိုင်လျှင် ၎င်းတို့ကို တစ်ကြိမ်လျှင် တစ်ခုစီ၊ ဖြည်းဖြည်းချင်း ဖြေရှင်းလော့။ ဤအရာများ ဖြစ်ပျက်သောအခါ သင်သည် ဆန်းစစ်ပြီး ဆင်ခြင်သုံးသပ်သင့်သည်၊ ထိုအချိန်တွင် အမှန်တကယ် မည်သည့်အရာအား သင် တွေးတောနေခဲ့သည်၊ မည်သည့်ပြဿနာများတွင် သင်က ထိုသို့တွေးတောသည်ဟူသည်နှင့် မည်သည့်ပြဿနာများတွင် သင်သည် မည်သည့် ရှုထောင့်များ ဖြစ်ပေါ်စေသည်ကို ကြည့်ရှုလော့၊ ထို့နောက် ယင်းတို့ကို တဖြည်းဖြည်း ဖြေရှင်းလော့။ တစ်နေ့တွင် သင်သည် သင်၏စိတ်နှလုံးတွင်ရှိသည့် ဤအတွေးအခေါ်များနှင့် ရှုထောင့်များကို လက်လွှတ်လိုက်သောအခါ၊ ဤပြဿနာများအားလုံး ပြေလည်သွားပြီး သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ကာ သမ္မာတရား၏ တန်ဖိုးကို မြင်တွေ့သောအခါ ငါ့ကို ယုံကြည်လာလိမ့်မည်။ ငါက မည်သည့်လူကိုမဆို၊ မည်သည့်ပြဿနာကိုမဆို သမ္မာတရား စည်းမျဉ်းများအတိုင်း သဘောထားနိုင်ပြီး သင့်ကို လုံးဝ ကျိတ်ကြံစည်ခြင်းရှိလိမ့်မည်မဟုတ်ကြောင်းကို သင် ယုံကြည်လာလိမ့်မည်။ အကျိုးဆက်အနေဖြင့် ငါတို့၏ အပြန်အလှန်ဆက်ဆံခြင်းများသည် သက်သောင့်သက်သာဖြစ်လာနိုင်ပြီး ဝမ်းမြောက်ရွှင်လန်းလာနိုင်သည်၊ သဘောညီညွှတ်မှုဖြင့် ငါတို့ နေထိုင်နိုင်သည်၊ ထို့နောက်တွင် ငါတို့၏ ဤသဘောညီညွှတ်ခြင်းမှ ပျော်ရွှင်မှု ဖြစ်ပေါ်လာနိုင်သည်။ ပျော်ရွှင်မှု၊ သာယာကြည်နူးခြင်း၊၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရှိခြင်း၊ ယင်းမှာ ကောင်းသည် မဟုတ်လော။ (ကောင်းပါသည်။)

ငါသည် လူတို့နှင့် ထိတွေ့ဆက်ဆံသောအခါ ၎င်းတို့ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်သည်ကို တစ်ခါတစ်ရံ မေးမြန်းတတ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့သည် သုံးနှစ်သာ ယုံကြည်ရသေးသည်ဟု ပြောပြီး အရှက်ရသည်ဟု ခံစားရသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့ပြီး ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည်ဟု တွေးထင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် သို့မဟုတ် အနှစ်သုံးဆယ်ကြာ ယုံကြည်ခဲ့ကြသောသူတို့နှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်သောအခါ အမြဲတစေ နိမ့်ကျသည်၊ ထိုသူတို့ထက် အဆင့်နိမ့်သည်ဟု ခံစားရသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့ကြောင်း၊ ဝိညာဉ်ရင့်ကျက်မှု နည်းပါးကြောင်းနှင့် ဘုရားအိမ်တော်က ကျွန်ုပ်ကို ချီးမြှောက်ရာတွင် ခြွင်းချက်တစ်ခုထားရှိကြောင်းတို့ကို သတိပေးရန်နှင့် ဘုရားအိမ်တော်ကို အလွန်ကျေးဇူးတင်စေရန် ကိုယ်တော်က ဤသို့ မေးမြန်းနေခြင်းလော”ဟု စဉ်းစားကြသည်။ အဘယ်ကြောင့် ထိုသို့သော မေးခွန်းတစ်ခုက ၎င်းတို့ကို အလွန်အနေရခက်စေသနည်း။ အကြောင်းမှာ ၎င်းတို့သည် ငါ၏ စကားများထဲတွင် အကြံတစ်ခုရှိသည်ဟုလည်းကောင်း၊ ငါသည် ၎င်းတို့အပေါ် ကျိတ်ကြံစည်ရန် ကြိုးစားနေသည်ဟုလည်းကောင်း တွေးထင်လျက် ငါ၏မေးခွန်းကို အလွန်အကျွံ ရှုပ်ထွေးအောင်လုပ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရိုးရှင်းသည့် မေးခွန်းတစ်ခုထဲတွင် အဓိပ္ပာယ်တစ်ဆင့်ပြီးတစ်ဆင့် ကောက်ကြသည်။ ၎င်းတို့သည် သုံးနှစ်ကြာ ယုံကြည်ခဲ့သည်ဟု ပြောဆိုပြီးနောက် ခက်ခဲသော အခြေအနေတစ်ခုတွင် ရှိနေသည်ဟု ခံစားရသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ငါ၏မေးခွန်းနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေကြသည် မဟုတ်လော။ အမှန်တကယ်တွင် ငါသည် မည်သည့် သီးခြားရည်ရွယ်ချက်မျှမရှိဘဲ ဤမေးခွန်းကို မေးမြန်းခြင်းဖြစ်ပြီး သင့်ကို ခက်ခဲသော အခြေအနေတစ်ခုသို့ ကျရောက်စေဖို့ ငါ မမျှော်လင့်ခဲ့ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် ခက်ခဲသော အခြေအနေတစ်ခုတွင် ရှိနေသကဲ့သို့ ခံစားရသနည်း။ အကြောင်းမှာ သင်၏စိတ်သည် အလွန် ရှုပ်ထွေးသောကြောင့် ဖြစ်သည်။ ငါ၏မေးခွန်းနှင့်ပတ်သက်၍ မှားသည့်အရာ တစ်ခုတလေ ရှိသလော။ (မရှိပါ။) ငါသည် ယင်းကို သာမန်ကာလျှံကာ မေးမြန်းလိုက်ခြင်းသာ ဖြစ်သည်။ အကယ်၍ ငါသည် သင့်အား အချစ်ရေးလက်တွဲဖော် မည်မျှရှိခဲ့သည်ကို မေးမြန်းလျှင် ယင်းမှာ သင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို စပ်စုခြင်းဖြစ်သည်နှင့်အမျှ မသင့်လျော်ရာ ရောက်ပေမည်။ သို့သော် ငါမေးမြန်းနေသည့်အရာမှာ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဆက်စပ်သော အရာတစ်ခုဖြစ်သည်၊ ငါသည် သင့်အား ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်ပြီးဖြစ်သည်ကို မေးမြန်းနေခြင်း ဖြစ်သည်။ ယင်းမှာ မသင့်လျော်သလော။ (သင့်လျော်ပါသည်။) သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် မဖြေဝံ့သနည်း။ ဤသည်မှာ အမှန်တကယ် ငါ၏ ပြဿနာမဟုတ်၊ သင်၏ ပြဿနာ ဖြစ်သည်။ သင်၏စိတ်သည် အလွန် ရှုပ်ထွေးလှသည်။ သင်၏ ဤရှုပ်ထွေးသောစိတ်က အဘယ်အရာဖြစ်နေသနည်း။ သင်၏ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားတတ်သောကြောင့် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ငါသည် သင့်အား ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်သည်ကို မေးမြန်းရသနည်း။ ငါသည် သင်၏ ဝိညာဉ်ရင့်ကျက်မှု၊ သင်နားလည်သော သမ္မာတရားများ၊ အခြေခံအုတ်မြစ်တစ်ခုကို သင် တည်ဆောက်ပြီးခြင်း ရှိမရှိ၊ သင်၌ မည်သည့် အခက်အခဲများများရှိသည်၊ တာဝန်တစ်ခုကို သင် ထမ်းဆောင်နိုင်ခြင်း ရှိမရှိဟူသည်နှင့် စမ်းသပ်မှုများ တစ်ခုတလေကို သင် တွေ့ကြုံပြီးဖြစ်သလောဟူသည်တို့ကို ဤအရာကို မေးရခြင်း ဖြစ်သည်။ ဤအရာများကို အခြေခံ၍ သင်နှင့် မည်သည့်အရာအား မိတ်သဟာယဖွဲ့ရမည်၊ မည်သည့် သတိပေးချက်များကို ပေးရမည်ဟူသည်ကို ငါဆုံးဖြတ်ပြီး ယင်းမျှသာ ဖြစ်သည်။ ငါ၏ ထိုသို့သော ရိုးရှင်းသည့် အတွေးတစ်ခုကို ငါ့အပေါ် သင် အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်လျက် ငါ၌ မသမာသော ရည်ရွယ်ချက်များရှိခြင်းအဖြစ် သင်က လွဲမှားစွာ အဓိပ္ပာယ်ကောက်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ ငါ၏ ကောင်းမွန်သော ရည်ရွယ်ချက်များအတွက် အပြန်အလှန်အနေဖြင့် ဒုက္ခပြဿနာကို ငါ ရရှိခြင်းသာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါသည် သင့်အား ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်သည်ကို မေးမြန်းသောအခါ သင့်ကို နှိမ်ရန် ကြိုးစားသည့် အစိတ်အပိုင်းတစ်ခုခု ငါ့တွင် ရှိသလော။ (မရှိပါ။) မလိုမုန်းထားမှု တစ်ခုတလေ ရှိသလော။ သင့်ကို အနေရခက်စေပြီး အကြည့်ရဆိုးစေဖို့ ရည်ရွယ်ချက်တစ်ခုတလေ ရှိသလော။ (မရှိပါ။) သင်သည် ဘုရားသခင်ကို လအနည်းငယ် သို့မဟုတ် တစ်နှစ်နှစ်နှစ်ကြာ ယုံကြည်ခဲ့သည်ဖြစ်စေ ငါ၏ရည်ရွယ်ချက်မှာ သင့်ကို ကူညီရန်မျှသာ ဖြစ်သည်။ သင်သည် သင်၏လိုက်စားမှုတွင် အတော်လေး ထက်သန်သည်ကို မြင်ရလျက်၊ အတော်လေး စိတ်ထက်သန်ကြောင်း မြင်ရလျက်၊ သင်သည် အလွန်ဆင်းရဲဒုက္ခခံကြောင်း၊ အလွန်အဖိုးအခပေးပြီး အလွန်စွန့်လွှတ်သည်ကို မြင်ရလျက် သင့်အနေဖြင့် ပုံမှန်အားဖြင့် မရရှိနိုင်သည့်အရာတစ်ခုခုကို ရရှိနိုင်ရန်အလို့ငှာ ငါသည် သင်နှင့် စကားစမြည် ပြောလိုသည်။ သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်သည်ကို မေးမြန်းခြင်းသည် တစ်ဖက်တွင် သင့်ကို ပူပန်မှုမှဖြစ်လာပြီး အခြားတစ်ဖက်တွင်မူ သင့်ကို တန်ဖိုးထားခြင်းမှ လာသည်။ ဤအရာတွင် မလိုမုန်းထားမှုတစ်ခုတလေ ရှိသလော။ (မရှိပါ။) ယင်းမှာ ထိုသို့သော သင့်လျော်သည့် မေးခွန်းတစ်ခုဖြစ်သော်လည်း ထိုလူက ယင်းကို အဘယ်အရာအဖြစ်သို့ မလိမ့်တစ်ပတ်ပြောဆိုခဲ့သနည်း။ “ကျွန်ုပ်သည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ မယုံကြည်ခဲ့သေးကြောင်း၊ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် နည်းပါးပြီး မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြောင်း၊ ကျွန်ုပ်သည် အခြားသူများထက် ပိုဆိုးကြောင်း၊ နိမ့်ကျကြောင်း လူတိုင်းကို ကိုယ်တော်က သိစေလိုပြီး ကျွန်ုပ်ကို အရှက်ရစေလိုသည်”ဟူ၍ ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့ တွေးထင်လျှင် ငါတို့ အပြန်အလှန်ဆက်ဆံ၍ရနိုင်သေးသလော။ (မရနိုင်ပါ။) ထို့ကြောင့် ငါတို့သည် အပြန်အလှန်ဆက်ဆံမှုကို စွမ်းဆောင်ရရှိရန်နှင့် သဘောညီညွှတ်စွာ နေထိုင်ရန်အတွက် ပထမဆုံးအချက်မှာ ငါ့ကို သင် ယုံကြည်ရမည်ဖြစ်ပြီး ငါနှင့်ပတ်သက်၍ သံသယမဝင်ရန် သို့မဟုတ် ထင်ကြေးမပေးရန် ဖြစ်သည်။ အကယ်၍ ငါတို့ကြားတွင် အပြန်အလှန်ဆက်ဆံမှုမရှိလျှင် ပြဿနာက မည်သည့်နေရာတွင် တည်ရှိသနည်း။ ယင်းမှာ လူတို့နှင့်အတူ တည်ရှိသည်၊ ဆိုလိုသည်မှာ လူတို့သည် အခက်အခဲမျိုးစုံ ရှိကြသည်။ ဤအခက်အခဲအမျိုးမျိုးသည် အဘယ်အရာမှ ဖြစ်ပေါ်လာသနည်း။ လူတို့၏ အမျိုးမျိုးသော မှားယွင်းသည့် အတွေးအခေါ်များနှင့် အမြင်များမှ ဖြစ်ပေါ်လာသည်။ သို့ဆိုလျှင် ယခုလေးတင် ဖော်ပြခဲ့သော လူ၌ မည်သည့် မှားယွင်းသော အတွေးများနှင့် အမြင်များ ရှိသနည်း။ ၎င်းတို့က ဘုရားသခင်ကို သုံးနှစ်ကြာ ယုံကြည်ခြင်းသည် ၎င်းတို့ကို အသင်းတော်၌ ယုံကြည်သူအသစ်တစ်ဦး ဖြစ်စေကြောင်း၊ အချိန်တိုသာ ယုံကြည်ခဲ့ရခြင်းသည် ရှက်ဖွယ်ရာတစ်ခုဖြစ်ပြီး ၎င်းတို့ကို နိမ့်ကျစေကြောင်း၊ ၎င်းတို့သည် သမ္မာတရားကို အလွန်နည်းပါးစွာ နားလည်ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မဝေမျှနိုင်သေးကြောင်း စဉ်းစားကြသည်။ သို့ဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အခြားသူများက အထင်သေးသော “ဒုတိယတန်းစား နိုင်ငံသား”တစ်ဦးအဖြစ် မြင်ကြပြီး ယင်းအကြောင်းကို ပြောဆိုရန် ရှက်ဖွယ်ဖြစ်ကာ အရှက်ရဖွယ်ဖြစ်သည်ဟု မြင်ကြသည်။ အခြားတစ်ဖက်တွင်မူ အခြားသူများသည် ဘုရားသခင်ကို ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ကြာ ယုံကြည်ကြပြီးဖြစ်စဉ်တွင်၊ ၎င်းတို့မှာမူ သုံးနှစ်သာ ယုံကြည်ကြသေးသောကြောင့်၊ အခြားသူများက ၎င်းတို့ကို “ထိုနှစ်များတစ်လျှောက်လုံး သင်ဘာလုပ်နေခဲ့သနည်း။ အဘယ်ကြောင့် သင်သည် ယင်းကို စောစောစီးစီး လက်မခံခဲ့သနည်း။ သင့်တွင် ရှက်ဖွယ်ကောင်းသော အတိတ်တစ်ခုခု ရှိသလော”ဟု ပြောဆိုမည်ကို ၎င်းတို့ စိုးရိမ်ကြသည်။ လောကီလူတို့၏ အမြင်တွင် အရည်အချင်းများ၊ အတွေ့အကြုံများနှင့် နောက်ကြောင်းရာဇဝင်များကို အလွန်အရေးထားကြပြီး ၎င်းတို့သည် လူတို့ကို အဆင့်အတန်းအမျိုးမျိုး ခွဲခြားရန် ဤအရာများကို အသုံးပြုကြသည်။

သို့ဆိုလျှင် ဤလူ၏ ရှုထောင့်က အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် လူတို့၏ နောက်ကြောင်းရာဇဝင်များနှင့် အတွေ့အကြုံများကိုလည်း အလွန်အရေးထားကြသည်။ သို့ဖြစ်၍ ၎င်းတို့၏ စိတ်နှလုံးထဲတွင် လူတစ်ဦးသည် ဘုရားသခင်ကို သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် သို့မဟုတ် အနှစ်သုံးဆယ်ကြာ ယုံကြည်ခဲ့ခြင်းရှိ မရှိဟူသည်တို့အပေါ်မူတည်၍ မတူညီသော အဆင့်အတန်းများ ရှိနေသည်။ ဤအဆင့်ခွဲခြားခြင်းက ၎င်းတို့၏ သုံးနှစ်ကြာ ယုံကြည်ခြင်းသည် အသင်းတော်၌ “ဒုတိယတန်းစား နိုင်ငံသား” တစ်ဦးဖြစ်ရသကဲ့သို့ အတော်လေး ရှက်ဖွယ်ကောင်းသောအရာတစ်ခုဖြစ်သည်ဟု ၎င်းတို့ကို ခံစားစေသည်။ ၎င်းတို့အတွက် ဤသည်မှာ ရှက်ဖွယ်ရာ အမှတ်အသားတစ်ခု၊ အရှက်ရခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လူတစ်ဦး ယုံကြည်ပြီးဖြစ်သည့် နှစ်အရေအတွက်ကို အလွန်အရေးကြီးသည်ဟု ရှုမြင်ပြီး ၎င်းတို့က သုံးနှစ်သာ ယုံကြည်ခဲ့သေးခြင်း ဖြစ်နေသည်။ အကယ်၍ သုံးနောက်တွင် သုညတစ်လုံးထပ်ထည့်လိုက်ပြီး ယုံကြည်ခြင်း အနှစ်သုံးဆယ်ဖြစ်သွားပါက ဤသည်မှာ ဂုဏ်ကျက်သရေရှိသည်ဟု ၎င်းတို့ ခံစားရမည်ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားသခင်၏ အလုပ်ကို လက်ခံသည့် ပထမဆုံးအသုတ်ထဲတွင် ပါဝင်ခဲ့သည်။ ဘုရားသခင် စတင်ပေါ်ထွန်းပြီး အလုပ်လုပ်သောအခါ ကျွန်ုပ်သည် ဘုရားသခင်နောက်သို့ လိုက်ခဲ့သည်။ ဤနှစ်များတစ်လျှောက်လုံးတွင် ကျွန်ုပ်သည် နေရာတိုင်း၌ ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်အတွက် သက်သေခံလျက် ကိုယ်တော်၏ နိုင်ငံတော်ကို တည်ဆောက်ရန် ဘုရားသခင်နှင့်အတူ ဘေးချင်းယှဉ် တိုက်ခိုက်နေခဲ့သည်တကား။ ကျွန်ုပ်သည် ဘုရားအိမ်တော်၌ ဝါရင့်ပုဂ္ဂိုလ်တစ်ဦး၊ တည်ထောင်သူတစ်ဦး ဖြစ်သည်”ဟု ပြောဆိုကြမည်ဖြစ်သည်။ ဤသည်မှာ အထူးသဖြင့် ဂုဏ်ကျက်သရေရှိသည်ဟု ၎င်းတို့ ခံစားရမည်ဖြစ်သည်။ အချို့သော လူတို့သည် ဘုရားသခင်၏ အလုပ်ကို ယခုလေးတင် လက်ခံပြီးနောက် ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြပြီးဖြစ်ကြောင်းနှင့် ဘုရားအိမ်တော်၌ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များစွာ ရှိကြောင်းကို မြင်တွေ့ကြပြီး ဘုရားသခင်ကို စတင်ယုံကြည်ရန် အလွန်နောက်ကျသွားသည်ဟု ၎င်းတို့ ခံစားရသည်။ အကယ်၍ ၎င်းတို့သည် တစ်နှစ်မှ သုံးနှစ်ကြား ယုံကြည်ပြီးဖြစ်သည်ဟု ပြောဆိုလျှင် ယင်းကို ၎င်းတို့သည် ထုတ်ဖော်ပြောဆိုရန် ခက်သည်ဟု မြင်ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ “အဘယ်ကြောင့် ထိုနှစ်များတစ်လျှောက်လုံး ကျွန်ုပ် မယုံကြည်ခဲ့ရသနည်း။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့သည်၊ အဘယ်ကြောင့် ကျွန်ုပ် မစူးစမ်းခဲ့ရသနည်း။ ဘုရားသခင်ကို မယုံကြည်အောင် ကျွန်ုပ်ကို မည်သူက တားဆီးခဲ့သနည်း။ မည်သူက ကျွန်ုပ်ကို ဤသို့သော ခါးသီးသည့် ဆင်းရဲဒုက္ခကို ဖြစ်စေခဲ့သနည်း။ ထိုဘာသာရေး သင်းအုပ်ဆရာများပင် ဖြစ်သည်။ ထိုလူများသည် လူတို့၏ စိတ်ဝိညာဉ်များကို ဝါးမျိုသော နတ်ဆိုးများနှင့် စာတန်များ အမှန်ပင်ဖြစ်ကြသည်။ အကယ်၍ ကျွန်ုပ်သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်နိုင်လျှင် ၎င်းတို့နှင့် စာရင်းရှင်းရမည်”ဟု စဉ်းစားကြသည်။ ထို့နောက် ၎င်းတို့က “အင်း၊ ယင်းမှာ ငါ၏ ခါးသီးသော ကံကြမ္မာသာဖြစ်သည်။ ငါ့တွင် ထိုကောင်းချီးမင်္ဂလာ မရှိပါ”ဟု ထပ်မံတွေးတောကြသည်။ သို့သော် ထို့နောက် ၎င်းတို့က “မဟုတ်ပါ၊ ယင်းမှာ မမှန်ပါ။ ဘုရားသခင်က အနန္တတန်ခိုးရှင်ဖြစ်သည်။ ဘုရားသခင်က ငါဆိုသည့် ဤပျောက်သော သိုးငယ်လေးကို သူ့အိမ်တော်ဆီ အဘယ်ကြောင့် စောစောစီးစီး ပြန်မခေါ်ခဲ့ရသနည်း” ဟု တွေးတောကြသည်။ သို့ဖြင့် ၎င်းတို့သည် အပြစ်ကို ဘုရားသခင်အပေါ်သို့ လွှဲချကြသည်။ အမှန်တကယ်တွင် ၎င်းတို့ မည်သည့်အရာကိုပင် တွေးစေကာမူ ပထမဦးစွာ သုံးနှစ်နှင့် အနှစ်သုံးဆယ်ကြာ ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ ရှုထောင့်က မမှန်ကန်ပေ။ ၎င်းတို့သည် လူတို့ကို အဆင့်ခွဲခြားရန် ယုံကြည်ခြင်း၏ နှစ်အရေအတွက်ကို အသုံးပြုကြပြီး ယုံကြည်ခြင်းကာလတိုခြင်းက လူတစ်ဦးကို နိမ့်ကျစေသည်ဟု ယုံကြည်ကြသည်။ ဤရှုထောင့်ကို ဖြစ်ပေါ်စေပြီးနောက် ငါက ၎င်းတို့ကို မည်မျှကြာအောင် ယုံကြည်ခဲ့သည်ကို မေးမြန်းသောအခါ ၎င်းတို့က ထုတ်ဖော်ပြောဆိုရန် ရှက်ရွံ့ကြသည်။ “သုံးနှစ်” ဟု ပြောဆိုခြင်းသည် ၎င်းတို့၏ တန်ဖိုးနှင့် အဆင့်အတန်းတို့ ချက်ချင်း ဖော်ထုတ်ခံလိုက်ရသကဲ့သို့ ၎င်းတို့ကို အလွန်အနေရခက်စေသည်၊ အလွန်ရှက်ရွံ့စေသည်၊ အလွန်အရှက်ရစေသည်။ ၎င်းတို့က ဤအရာကို အလွန်အရေးကြီးသောအရာအဖြစ် ရှုမြင်သည်။ ဤရှုထောင့်သည်ပင် ငါ၏မေးခွန်းအပေါ် ၎င်းတို့၏ သဘောထားကို လွှမ်းမိုးသည့်အရာ ဖြစ်သည်။ ထိုသို့မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ရှုထောင့်မှာ၊ “ကျွန်ုပ်သည် ဘုရားသခင်ကို သုံးနှစ်ကြာ ယုံကြည်ခဲ့သည်မှာ အမှန်တရားတစ်ခုဖြစ်ပြီး သုံးနှစ်မျှသာ ယုံကြည်ခြင်းဖြင့် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက အမှန်ပင် နည်းပါးပါသည်။ သမ္မာတရားများစွာနှင့်ပတ်သက်လာသည့်အခါ ကျွန်ုပ်သည် အယူဝါဒများကိုပင် ရှင်းလင်းစွာ မရှင်းပြနိုင်ပါ။ ဘုရားသခင်က ကျွန်ုပ်ကို မည်မျှကြာအောင် ယုံကြည်ခဲ့သည်ကို မေးမြန်းသောကြောင့် ကျွန်ုပ်သည် အမှန်အတိုင်းသာ ပြောဆိုမည်။ ရှက်စရာ ဘာမျှမရှိပါ။ ဘုရားသခင်ရှေ့မှောက်တွင် အရာအားလုံးက ပွင့်လင်းလျက်ရှိသည်၊ အရာအားလုံးက ဖွင့်ချထားပြီးဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို မေးသည်ဖြစ်စေ ကျွန်ုပ်ဖြေဆိုမည်” ဟူ၍ဖြစ်သည်ဟု ဆိုကြပါစို့။ အကယ်၍ ၎င်းတို့သည် ဤသို့ တွေးတောလျှင် ယင်းမှာ ရိုးရှင်းပေမည်။ ယင်းတွင် မည်သည့် ပင်ကိုလက္ခဏာ၊ အဆင့်အတန်း၊ တန်ဖိုး သို့မဟုတ် အဆင့်မျှ ပါဝင်မည်မဟုတ်ပေ။ ၎င်းတို့သည် မည်သည့် မှားယွင်းသော အတွေးအခေါ်များ သို့မဟုတ် အမြင်များ၏ ကန့်သတ်ခြင်း၊ လွှမ်းမိုးခြင်း၊ ထိန်းချုပ်ခြင်း သို့မဟုတ် ကြိုးကိုင်ခြယ်လှယ်ခြင်းကိုမျှ ခံရမည်မဟုတ်သည့်အပြင်၊ အဆုံးတွင် ၎င်းတို့က၊ “ကျွန်ုပ်သည် ဘုရားသခင်ကို သုံးနှစ်ကြာ ယုံကြည်ပြီးဖြစ်သည်”ဟု လွယ်ကူစွာနှင့် ရိုးသားစွာ ပြောဆိုနိုင်မည်ဖြစ်သည်။ ထို့နောက် ငါက “သင်သည် ဘုရားသခင်ကို သုံးနှစ်ကြာ ယုံကြည်ပြီးဖြစ်သည်။ ရူပါရုံများနှင့်စပ်လျဉ်းသော သမ္မာတရားများကို သင်ရှင်းလင်းစွာ သိမြင်ပြီလော”ဟု ဆက်လက်မေးမြန်းမည်ဖြစ်သည်။ အကယ်၍ ရှုပ်ထွေးသောစိတ်ရှိသူတစ်ဦးဖြစ်လျှင် ၎င်းတို့က “ရှင်းလင်းစွာ မသိမြင်သေးဟု ငါ ပြောလျှင် ယင်းမှာ ငါ၏ ယုံကြည်ခြင်း၌ သင့်လျော်သော အလုပ်ကို ငါ အာရုံစိုက်လုပ်ဆောင်ခြင်းမရှိခဲ့သည်ကို ဆိုလိုမည်မဟုတ်လော။ သုံးနှစ်ကြာ ယုံကြည်ပြီးဖြစ်ကာ ရူပါရုံများနှင့်သက်ဆိုင်သော သမ္မာတရားများကို ရှင်းလင်းစွာ မသိမြင်သေးခြင်းသည် ငါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံ့လဝီရိယရှိရှိ မစားသုံးခဲ့ဟု ဆိုလိုသည်မဟုတ်လော။ သို့သော် အကယ်၍ ရှင်းလင်းစွာ ငါ သိမြင်ပြီးဖြစ်သည်ဟု ပြောလျှင် ဘုရားသခင်သည် ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့မည်မဟုတ်သည့်အပြင်၊ ဤအခွင့်အရေးကို ငါ လွဲချော်သွားမည်ဖြစ်သည်။ အကယ်၍ ငါက ရှင်းလင်းစွာ မသိမြင်သေးဟု ပြောလျှင် ကိုယ်တော်က ငါ့ကို အနည်းငယ်ပို၍ မိတ်သဟာယဖွဲ့ကောင်းဖွဲ့မည်၊ အနည်းငယ် ဖြည့်စွက်ကောင်းဖြည့်စွက်မည်လော။ အကယ်၍ ငါက ရှင်းလင်းစွာ သိမြင်ပြီးဖြစ်သည်ဟု ပြောလျှင် ကိုယ်တော်က ငါ့အတွက် မည်သည့်အရာကိုမျှ ထပ်ဖြည့်စွက်တော့မည်မဟုတ်သော်လည်း ငါ့ကို အထင်ကြီးကောင်းကြီးနိုင်သလော”ဟု တွေးတောမည်ဖြစ်သည်။ သင်တို့ မြင်သည်မဟုတ်လော၊ ၎င်းတို့သည် မူမမှန်သော နည်းလမ်းဖြင့် ထပ်မံတွေးတောနေကြသည် မဟုတ်လော။ ထိုသို့သော လူတစ်ဦး၏စိတ်သည် အလွန် ရှုပ်ထွေးသည်မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော လူများသည် အမှန်ပင် ဒုက္ခပေးတတ်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မည်သူနှင့် စကားပြောနေသည်ဖြစ်စေ မျက်နှာမပျက်ရဘဲ ၎င်းတို့၏ အကျိုးစီးပွားများကို မည်သည့် ထိခိုက်မှုမျှမရှိစေဘဲ မည်သို့ဖြေဆိုရမည်ကို အမြဲ တွက်ချက်နေကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့အပေါ် အခြားသူများ၏ သဘောထားများကို အမြဲ စောင့်ကြည့်လေ့လာနေကြသည်။ အခြားသူများအား မိမိတို့အပေါ် အထင်ကြီးစေရန် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ မိမိတို့၏ အဆင့်အတန်းကို မည်သို့မြှင့်တင်ရမည်ကိုလည်းကောင်း အမြဲ တွက်ချက်နေကြသည်။ ၎င်းတို့သည် ဤအရာများကို အမြဲ တွက်ချက်နေကြသောကြောင့်၊ ၎င်းတို့အတွက် မိတ်သဟာယဖွဲ့ခြင်း၌ ဖွင့်ဟပြီး မိမိတို့၏ စိတ်နှလုံးထဲရှိသည့်အရာများကို ပြောဆိုရန် မလွယ်ကူပေ။ ငါက ၎င်းတို့ကို “သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ရူပါရုံများနှင့်သက်ဆိုင်သော သမ္မာတရားများအပေါ် သင်ရှင်းလင်းစွာ သိမြင်ပြီလော”ဟု မေးမြန်းသောအခါ ဤမေးခွန်းတွင် ဒုတိယအလွှာ အဓိပ္ပာယ်တစ်ခုခု ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် ဤမေးခွန်းကို ငါ တိုက်ရိုက်မေးမြန်းရသနည်း။ အများအားဖြင့် တစ်နှစ်မှ သုံးနှစ်ကြား ယုံကြည်ပြီးသောသူတို့သည် ရူပါရုံများနှင့်သက်ဆိုင်သော သမ္မာတရားများကို မိတ်သဟာယဖွဲ့ရန် လိုအပ်နေသေးသည်၊ ဤသည်မှာ ဖြစ်နေကျအရာတစ်ခု ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ရူပါရုံများနှင့်သက်ဆိုင်သော သမ္မာတရားများကို ရှင်းလင်းစွာ သိမြင်လျှင် ထိုအရာများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် မလိုအပ်သည့်အပြင်၊ အခြားအကြောင်းအရာများကို ငါတို့ ပြောဆိုဆွေးနွေးနိုင်သည်။ အကယ်၍ ၎င်းတို့က “ကျွန်ုပ်သည် ရူပါရုံများနှင့်သက်ဆိုင်သော သမ္မာတရားများကို အလွန်ရှင်းလင်းစွာ မသိမြင်သေးပါ၊ အထူးသဖြင့် လူကို ကယ်တင်ရန် ဘုရားသခင်၏ တရားစီရင်ခြင်းအလုပ်နှင့်ပတ်သက်သော သမ္မာတရားမှာ အလွန်နက်နဲပြီး ကျွန်ုပ် နားမလည်သေးပါ။ ယင်းအကြောင်းကို ကိုယ်တော် မိတ်သဟာယဖွဲ့ပေးနိုင်မလော”ဟု ပြောဆိုလျှင် ငါတို့သည် တူညီသော အကြောင်းအရာတစ်ခုကို ရှာတွေ့ပြီးဖြစ်မည်ဖြစ်ပြီး ထိုအရာနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့လိမ့်မည်ဖြစ်သည်။ အကယ်၍ လူတိုင်းက ထိုအရာကို နောက်တစ်ကြိမ်ထပ်ကြားလျှင် ၎င်းတို့သည် အနည်းငယ်ပို၍ ရရှိကြလိမ့်မည်၊ မှန်သလော။ (မှန်ပါသည်။) အချို့သော လူတို့သည် နားမလည်သေးသော်လည်း နားလည်သယောင် ဟန်ဆောင်ကြသည်။ သင်သည် အဘယ်အရာအတွက် ဟန်ဆောင်နေသနည်း။ သင်သည် ဆက်လက်ဟန်ဆောင်နေသည်၊ ယင်းက သင်သည် အရာအားလုံးကို နားလည်ကြောင်းနှင့် အကယ်၍ ငါက ပို၍ပြောလျှင် မလိုလားအပ်သောအရာဖြစ်မည်ဖြစ်ကြောင်း ဆိုလိုသည်။ ထိုသို့ဆိုလျှင် ငါသည် မည်သည့်အရာကိုမျှ ပြောမည်မဟုတ်သည့်အပြင်၊ သင်သည်လည်း မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ အခြေအနေ မည်သို့ပင်ဖြစ်စေကာမူ သင်သည် သံသယမရှိဘဲ၊ ငါ၏ နှုတ်ကပတ်တော်များကို အဓိပ္ပာယ်အလွန်အကျွံ အဓိပ္ပာယ်မကောက်ယူဘဲ အမှန်အတိုင်း ပြောဆိုနိုင်လျှင် ငါတို့၏ စကားစမြည်ပြောဆိုခြင်းများနှင့် ဆက်သွယ်ပြောဆိုခြင်းများသည် သက်ဝင်လှုပ်ရှားသော အပြန်အလှန်ဆက်ဆံမှုအဆင့်သို့ ရောက်ရှိနိုင်သည်။ ငါတို့သည် ငါတို့အားလုံး ကြိုက်နှစ်သက်သော အကြောင်းအရာများကို ဆွေးနွေးလျက် သာမန်လူ့သဘာဝဘောင်အတွင်း၌ အပြန်အလှန်ဆက်ဆံနိုင်သည်။ ယင်းမှာ ကောင်းသည် မဟုတ်လော။ (ကောင်းပါသည်။) ဤသို့ဖြင့် သင်တို့သည် အကျိုးကျေးဇူးများ ရရှိကြလိမ့်မည်။ အချို့သော လူတို့သည် အလွန် မြော်မြင်တတ်ကြသည်။ ငါက ရူပါရုံများနှင့်သက်ဆိုင်သော သမ္မာတရားများကို ရှင်းလင်းစွာ သိမြင်ပြီလောဟု ၎င်းတို့ကို မေးမြန်းသောအခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ “ကိုယ်တော် ဤသို့မေးမြန်းခြင်းဖြင့် ဘာကိုဆိုလိုသနည်း။ ငါသည် မှန်သော လမ်းကြောင်းနှင့်ပတ်သက်၍ သေချာသလော၊ အခြေခံအုတ်မြစ်တစ်ခု ချပြီးဖြစ်သလောဟူသည်ကို ကိုယ်တော် မြင်ရန် ကြိုးစားနေခြင်းလော၊ ငါ၏ အစွမ်းအစက မည်သို့ရှိသည်ကို သိမြင်ရန်၊ ငါ၏ အစွမ်းအစကို စမ်းသပ်ရန် ကြိုးစားနေခြင်းလော။ သို့ဆိုလျှင် ငါ ရှင်းလင်းစွာ သိမြင်ပြီးဖြစ်သည်ဟု ပြောဆိုရမည်”ဟု စဉ်းစားကြသည်။ သို့ဖြင့် ၎င်းတို့က “ဤသုံးနှစ်အတွင်း ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆက်မပြတ် စားသုံးခဲ့ပါသည်၊ ဘုရားအိမ်တော်မှ ရုပ်ရှင်များစွာကိုလည်း ကြည့်ရှုခဲ့ပါသည်၊ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများကို မကြာခဏ နားထောင်ပြီး စုဝေးပွဲများတွင် ကျွန်ုပ်၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို မကြာခဏ ဝေမျှပါသည်။ ရူပါရုံများနှင့်သက်ဆိုင်သော ဤသမ္မာတရားအားလုံးအပေါ် ကျွန်ုပ် ရှင်းလင်းစွာ သိမြင်ပါသည်”ဟု ပြောဆိုကြသည်။ ဤသို့ပြောဆိုရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ငါ့အပေါ် ကောင်းသော အထင်အမြင်တစ်ခုကို ရှိစေလိုသည်၊ ၎င်းတို့၏ အစွမ်းအစက အလွန်ကောင်းသည်ဟု ငါ့ကို ခံစားစေပြီး ၎င်းတို့ကို အထင်ကြီးစေလိုသည်။ ၎င်းတို့က ဤစကားအနည်းငယ်ကို ပြောဆိုသောကြောင့်သက်သက် ငါက ၎င်းတို့ကို အထင်ကြီးမည်ဟု သင်ထင်သလော။ (မထင်ပါ။) ငါသည် တစ်စုံတစ်ဦးကို အလွန်လွယ်ကူစွာ အထင်ကြီးမည်လော။ လုံးဝမဟုတ်ပေ။ ၎င်းတို့သည် ဤကိစ္စကို မှားယွင်းစွာ အကဲဖြတ်ခဲ့ကြသည်။ အကယ်၍ သင်သည် ရူပါရုံများနှင့်သက်ဆိုင်သော သမ္မာတရားအားလုံးကို ရှင်းလင်းစွာ သိမြင်ပြီးဖြစ်သည်ဟု ပြောဆိုလျှင် သင့်ကို ငါ စမ်းသပ်မည်ဖြစ်သည်။ သင်မကြာခဏ ဖတ်ရှုသော ရူပါရုံများနှင့်သက်ဆိုင်သော သမ္မာတရားများနှင့်ပတ်သက်၍ သင့်ကို ငါစမ်းသပ်မည်။ အဘယ်ကြောင့် ဘုရားသခင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သနည်း။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့က စွမ်းဆောင်ရရှိရန် ရည်ရွယ်ထားသည့် အဓိကအကျိုးတရားမှာ အဘယ်နည်း။ သင်ယုံကြည်သည့် ဤသုံးနှစ်တာအတောအတွင်းတွင်၊ သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှု၏ အတွေ့အကြုံတစ်ခုခု ရှိပြီးပြီလော။ သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို တစ်ကြိမ်တစ်ခါမျှပင် တွေ့ကြုံခံစားဖူးသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို တွေ့ကြုံခံစားသောအခါ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သဘောပေါက်ခဲ့သလော။ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်သည်ကို သင်သိခဲ့သလော။ တိကျသော အတွေ့အကြုံတစ်ခုကို သင် ဝေမျှနိုင်သလော။ လူအများစုသည် အယူဝါဒအချို့ကိုသာ ရွတ်ဆိုကြမည်ဖြစ်ပြီး လက်တွေ့ကျသော အတွေ့အကြုံဆိုင်ရာ သိနားလည်မှုတစ်ခုကိုမျှ မဝေမျှနိုင်ကြပေ။ လူတို့သည် အမှုအရာများစွာ ချို့တဲ့နေကြသည်။ သို့ဖြစ်၍ ငါတို့ စကားစမြည်ပြောသောအခါ ဆွေးနွေးရန် အကြောင်းအရာများစွာ ရှိသည်။ သို့သော် မည်သည့် အကြောင်းအရာမျိုးကို ဆွေးနွေးသည်ဖြစ်စေ သင်သိသလောက်ကို မိတ်သဟာယဖွဲ့လော့။ အကယ်၍ သင်သည် တစ်စုံတစ်ခုကို မသိလျှင် သင်မသိဟုသာ ပြောလော့။ လွဲမှားသောနည်းလမ်းဖြင့် မတွေးတောနှင့်။ သင့်အပေါ် မည်သည့် မေးခွန်းကိုမဆို မေးမြန်းသည်ဖြစ်စေ၊ ဖြေသာဖြေလော့။ ထိုအချိန်တွင် သင်၏စိတ်နှလုံးထဲ၌ သင်မည်သည့်အရာ တွေးတောနေသည်ကို ပြောလော့။ စစ်မှန်သော အခြေအနေ မည်သို့ပင်ဖြစ်စေကာမူ ယင်းကို အမှန်အတိုင်းသာ ပြောဆိုလော့။ ဝေ့လည်ကြောင်ပတ် မလုပ်နှင့်၊ စိတ်ဝင်စားအောင် တန်ဆာဆင်ခြင်း မပြုနှင့်၊ သင့်ကိုယ်သင် ပိုလူမြင်ကောင်းစေဖို့နှင့် သင့်ကိုယ်သင် ပြရုပ်တင်ရန် မှားယွင်းသော အထင်အမြင်တစ်ခုကို ဖန်တီးသည့်အရာများအား မပြောဆိုနှင့်၊ မလိမ်ညာနှင့်၊ မလှည့်ဖြားနှင့်။ ဤအရာများအားလုံးသည် သင်မလုပ်ဆောင်သင့်သော အရာများ ဖြစ်ကြသည်။ သို့ဖြစ်၍ ငါသည် သင့်အား မည်သည့် မေးခွန်းမျိုးကို မေးမြန်းသည်ဖြစ်စေ သို့မဟုတ် သင်နှင့် မည်သည့် အကြောင်းအရာမျိုးကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ သင်သိသလောက် ပြောဆိုလော့။ အကယ်၍ သင်သည် သမ္မာတရား၏ ကဏ္ဍတစ်ခုခုကို နားမလည်ကြောင်း သို့မဟုတ် သင်၏ သိနားလည်မှုက အယူဝါဒဆန်ကြောင်း သို့မဟုတ် သင်၏ နားလည်သဘောပေါက်မှုက လွဲမှားနေပြီး သင်၌ မှားယွင်းသော အတွေးများနှင့် အမြင်များရှိကြောင်းကို ငါတွေ့ရှိလျှင် သင့်အနေဖြင့် သမ္မာတရား၏ ဤကဏ္ဍကို နားလည်နိုင်ရန်၊ သန့်စင်သော နားလည်သဘောပေါက်မှုတစ်ခု ရှိနိုင်ရန်၊ တိကျသော လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းတစ်ခု ရှိနိုင်ရန်အလို့ငှာ ငါသည် သင့်ကို ချက်ချင်း ပြုပြင်မည်၊ လမ်းညွှန်မည်ဖြစ်ပြီး ကူညီမည်ဖြစ်သည်။ ဤသို့ဖြင့် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် အကျိုးသက်ရောက်မှု ရှိလိမ့်မည်။ သို့ဖြစ်၍ လူတို့အနေဖြင့် မိတ်သဟာယဖွဲ့နေသော အပြုသဘောဆောင်သည့် အကြောင်းအရာအပေါ် ပိုမိုရှင်းလင်းလာနိုင်ရန်၊ ယင်းကို ပိုမိုတိကျစွာ နားလည်နိုင်ရန်၊ လက်တွေ့လုပ်ဆောင်ရန် ပိုမိုရှင်းလင်းသော လမ်းကြောင်းတစ်ခု ရှိနိုင်ရန်အလို့ငှာ၊ အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း၏ စည်းမျဉ်းသည် အမှန်အတိုင်း ပြောဆိုခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများအပေါ် ပူးတွဲမိတ်သဟာယဖွဲ့ခြင်းနှင့် ဆွေးနွေးခြင်းများ သို့မဟုတ် ဖလှယ်ခြင်းများနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားပေသည်။ ယင်းသည် သံသယ၊ ကျိတ်ကြံစည်ခြင်းနှင့် လှည့်ဖြားခြင်းတို့၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း မဖြစ်သင့်ပေ။

လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကဲ့သို့သော အကြောင်းအရာများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းသည် ကောင်းသည်ဟု သင်တို့ ထင်သလော။ (ကောင်းပါသည်။) မည်သို့ ကောင်းသနည်း။ (ယင်းက လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းပေးနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။) အချို့လူများက “ကိုယ်တော်သည် ကိုယ်တော်၏ စစ်မှန်သော ပင်ကိုသဘာဝကို ကျွန်ုပ်တို့ထံ ဖွင့်ချပြပြီးဖြစ်ကာ ယခုအခါတွင် ကိုယ်တော်သည် မည်သည့် ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို ကျွန်ုပ်တို့ သိကြရပြီဖြစ်သည်။ ကိုယ်တော်သည် ရိုးစင်းသော အမှန်တရားကို ပြောဆိုခြင်းအားဖြင့် အလွန်နုံအလွန်းပါသည်တကား။ ကိုယ်တော်၌ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းဆိုင်ရာ ဤသရုပ်သကန်များ ရှိသည်မှာမှန်သော်လည်း ကိုယ်တော်သည် ရိုးစင်းသော အမှန်တရားကို မည်သို့ဖြစ်ပြီး ပြောဆိုနိုင်ရသနည်း။ ကိုယ်တော်သည် လူတို့အား ကိုယ်တော့်ကို လျှို့ဝှက်ဆန်းကြယ်သော၊ ဉာဏ်မီ၍မရနိုင်သော၊ မြင့်မြတ်သော၊ ထိုးထွင်းသိမြင်၍မရနိုင်သောသူဟု ခံစားရစေရမည်။ ကိုယ်တော်သည် လူများကို ကျိတ်မကြံစည်လျှင်ပင် ကျိတ်ကြံစည်၍ရသည်ဟု ပြောရမည်။ ကိုယ်တော်သည် လူများကို ကြိုးကိုင်ညွှန်ကြားသည့် အတတ်ပညာနှင့် ၎င်းတို့ကို အသုံးချသည့် အတတ်ပညာတို့အား ပိုင်ဆိုင်ကြောင်း၊ စစ်သေနင်္ဂဗျူဟာ သုံးဆယ့်ခြောက်ပါးကို သိကြောင်း၊ လူအမျိုးမျိုးကို ကိုယ်တော့်အတွက် အစေခံမှုပေးစေရန် အသုံးချနိုင်ကြောင်း အခိုင်အမာ ပြောဆိုရမည်။ ဤနည်းလမ်းအတိုင်း ပြောဆိုခြင်းအားဖြင့်သာ လူတို့သည် ကိုယ်တော့်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်ကြလိမ့်မည်။ ကိုယ်တော်သည် ရိုးစင်းသော အမှန်တရားကို ပြောဆို၍မရပေ။ ကိုယ်တော်သည် ထိုသို့သော ရိုးစင်းသည့် အမှန်တရားကို ပြောဆိုခြင်းမှတစ်ဆင့် ကိုယ်တော်က လုံးဝ လျှို့ဝှက်ဆန်းကြယ်ခြင်း သို့မဟုတ် ဉာဏ်မီ၍မရနိုင်ခြင်း လုံးဝ မရှိဟု အဘယ်သို့ဖြစ်ပြီး ကျွန်ုပ် ခံစားရပါသနည်း။ ကိုယ်တော်သည် ဘုရားသခင်နှင့် မတူကြောင်း အဘယ်သို့ဖြစ်ပြီး ခံစားရသနည်း။ လောကရှိ ထိုကြီးမြတ်သော ပုဂ္ဂိုလ်များဖြစ်သည့် စစ်မှုရေးရာ သို့မဟုတ် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သူများနှင့် ရှေးခေတ်ဘုရင်များကို ကြည့်ပါလော့။ ထိုကြီးမြတ်သော ပုဂ္ဂိုလ်များ၊ ထိုထူးခြားသော လူများထဲမှ မည်သူက ရိုးစင်းသော အမှန်တရားကို ပြောဆိုခဲ့ဖူးသနည်း။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်က မိမိတို့သည် ပုံမှန်ဖြစ်ကြောင်း၊ လက်တွေ့ကျကြောင်းနှင့် သာမန်ဖြစ်ကြောင်း၊ သာမန်လူတစ်ဦးမျှသာ ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသလော။ ၎င်းတို့သည် လူများအား ၎င်းတို့ကို အခြားသူများနှင့်မတူဘဲ ကွဲပြားခြားနားကြောင်း၊ ကောင်းကင်ဘုံမှ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်းနှင့် ယခုအခါတွင် သာမန်လူတစ်ဦး ဖြစ်လာခဲ့သော်လည်း လျှို့ဝှက်ဆန်းကြယ်ပြီး ဉာဏ်မီ၍မရနိုင်သေးကြောင်း၊ သာမန်လူများအတွက် ၎င်းတို့က ထိုးထွင်းသိမြင်၍မနိုင်သောသူများဖြစ်ကြောင်း တွေးထင်စေရန် အသည်းအသန် လိုလားကြသည်။ သို့မှသာ လူတို့ကို အုပ်ချုပ်ရန် လွယ်ကူမည်ဖြစ်သည်”ဟု ဆိုကြသည်။ ထိုဘုရင်များအားလုံးသည် ဧကရာဇ် အုပ်ချုပ်ခြင်းဆိုင်ရာ အတတ်ပညာများကို ပိုင်ဆိုင်ခဲ့ကြပြီး ၎င်းတို့၏ မှူးမတ်များနှင့် သာမန်ပြည်သူများက ၎င်းတို့ မည်သည့်လူစားမျိုးဖြစ်သည်ကို ထိုးထွင်းမမြင်နိုင်ခဲ့ကြပေ။ ထိုစကားပုံက မည်သို့ဆိုသနည်း။ “ဧကရာဇ်၏ အလိုတော်ကို နားလည်ရခက်ခဲပြီး သူ၏အမိန့်ကို မနာခံဘဲ နေ၍မရ”ဟူ၍ ဖြစ်သည်။ ဘာသာတရားမရှိသော လောကမှ အရာရှိများအားလုံးတွင် ဤစိတ်နေသဘောထားမျိုး ရှိကြသည်။ သာမည ဌာနခွဲမှူးတစ်ဦး၊ ဌာနစိတ်မှူးတစ်ဦး သို့မဟုတ် မန်နေဂျာတစ်ဦးပင်လျှင် ဤစိတ်နေသဘောထားရှိသည်။ ၎င်းတို့သည် လူများက ၎င်းတို့၏ စစ်မှန်သော အတိုင်းအတာကိုလည်းကောင်း၊ ၎င်းတို့၏ လူ့သဘာဝတွင် မည်သည့်ချို့ယွင်းချက်များ ရှိသည်ကိုလည်းကောင်း၊ မည်သည့်အမှားများကို ၎င်းတို့ ပြုမိပြီးဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ လုပ်ရပ်များတွင် မည်သည့်အပြစ်အနာအဆာများ ရှိသည်ကိုလည်းကောင်း ထိုးထွင်းမြင်ရန် အလိုမရှိကြပေ။ ၎င်းတို့၏ ချို့ယွင်းချက်များကို သိရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုအရာများကို ဟန်ဆောင်ပြီး ဖုံးကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကြပြီး ၎င်းတို့၏ မကောင်းမှုများ ဖော်ထုတ်ခံရကာ သိရှိခွင့်ရပါက၊ ကြားကဒဏ်ခံပေးမည့်သူတစ်ဦးကို ရှာဖွေကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူများက ၎င်းတို့ကို ဆက်လက်၍ အထင်ကြီးလေးစားကာ ပုဂ္ဂိုလ်ရေးကိုးကွယ်ကြစေရန် ကိစ္စရပ်၏အမှန်တရားကို ဖုံးကွယ်ထားရန် ဖြစ်သည်။ ဤသို့သော လူတစ်ဦးက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လူတိုင်းက ၎င်းတို့ကို သာမန်လူတစ်ဦးမဟုတ်ကြောင်း၊ အခြေအနေကို ထိန်းချုပ်နိုင်ကြောင်း၊ ကြိုးကိုင်နေသူဖြစ်ကြောင်း ခံစားကြရန်အလို့ငှာ ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ အောင်မြင်စေဖို့အတွက် ကြိုတင်ကြံစည်မှုနှင့် စီစဉ်မှုတို့ဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့မှာ ပုံမှန်ဖြစ်သော၊ လက်တွေ့ကျပြီး သာမန်လူတစ်ဦးဖြစ်ကြောင်းကို လူများအား လုံးဝ သိခွင့်ပေးမည်မဟုတ်ပေ။ အမှန်တွင် ၎င်းတို့သည် သာမန်လူတစ်ဦးထက် ကောက်ကျစ်သော အကြံအစည်များ ပိုမိုများပြားသည့် သာမန် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးမျှသာဖြစ်ပြီး ပူးပေါင်းကြံစည်မှုများနှင့် လျှို့ဝှက်ကြံစည်မှုများတွင် ပါဝင်ရာတွင် တော်ကြသည်။ ၎င်းတို့၏ လူ့သဘာဝက မည်မျှ အန္တရာယ်ပြုမည့်လက္ခဏာရှိပြီး မလိုမုန်းထားကြောင်းကို လူများအား မည်သို့ သိခွင့်ပေးနိုင်မည်နည်း။ ယင်းက ၎င်းတို့၏ ပုံရိပ်ကို စွန်းထင်းစေမည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော လူသားအားလုံးတွင် ဤစိတ်နေသဘောထားမျိုး ရှိကြပြီး အန္တရာယ်ပြုမည့်လက္ခဏာရှိကာ မလိုမုန်းထားသော စိတ်နှလုံးများဖြင့် ဖာရိရှဲများလောက် သူတော်ကောင်းယောင်ဆောင်တတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်က လူ့ဇာတိခံယူနိုင်သည်ကို မိမိတို့ စိတ်နှလုံးများတွင် ဝန်ခံကြသော်လည်း လူ့ဇာတိခံ ဘုရားသခင်ကသာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော လူတစ်ဦးဖြစ်မည်ကို မည်သို့ ယုံကြည်နိုင်ကြမည်နည်း။ ဘုရားသခင်က အမှန်တကယ် လူ့ဇာတိခံယူခဲ့ပါက အနည်းဆုံးအနေဖြင့် လူတို့သည် သူ၏ ဇာတိပကတိ၌ သူ၏ ဘုရားနှင့်ဆိုင်သော ရောင်ဝါအပြင်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရဆိုင်ရာ အမျိုးမျိုးသော လက္ခဏာရပ်များကို မြင်တွေ့နိုင်သင့်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့က “လူအားလုံးကို ရှုမြင်ရာ၌ လူ့ဇာတိခံ ဘုရားသခင်သည် များပြားလှသော လူထုကို အထက်စီးမှ ကြည့်ရှုခြင်း၏ ရှုထောင့်အမြင်နှင့် ပြောဆိုပြုမူပုံရှိရမည်ဖြစ်သော်လည်း ဤအရာများကို ကိုယ်တော့်ထံ၌ ကျွန်ုပ် မမြင်ရပါ။ ကိုယ်တော်သည် စည်းကမ်းလိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူပြီး ကိုယ်တော်၏ သင့်တော်သော အဆင့်အတန်းအတိုင်း အမှုအရာများကို လုပ်ဆောင်သည်ဟုလည်း အမြဲ ပြောဆိုသည်။ ဤသည်က ကိုယ်တော် အမှန်တကယ်ဖြစ်သည့်အရာမှာ သာမန်လူတစ်ဦးဖြစ်ကြောင်းကို လုံးဝ ဖော်ထုတ်သည် မဟုတ်လော။ လူတို့၏ စိတ်နှလုံးများထဲရှိ လူ့ဇာတိခံ ဘုရားသခင် ၏ မြင့်မြတ်သော၊ လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်၍မရနိုင်သော ပုံရိပ်သည် လုံးဝဥဿုံ ပျက်စီးသွားမည် မဟုတ်လော”ဟုလည်း ခိုင်မာစွာ ယုံကြည်ကြသည်။ ဤသို့ ပျက်စီးခြင်းသည် ကောင်းသည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။ ယင်းက ကျွန်ုပ်တို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖျက်ဆီးသည်။) သင်တို့အနေဖြင့် အိပ်မက်ထဲတွင် ဆက်လက်အသက်မရှင်ဘဲ လက်တွေ့ဘဝတွင် အသက်ရှင်စေရန်အလို့ငှာ ငါသည် သင်တို့၏ အိပ်မက်များအပြင်၊ သင်တို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖျက်ဆီးရန် ဤစကားများကို တိတိကျကျ ပြောဆိုခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့ လိုက်နာရန်၊ စည်းကမ်းလိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူကြရန်၊ သင်တို့၏ သင့်တော်သော ရာထူးအဆင့်အတန်းအတိုင်း အမှုအရာများကို လုပ်ဆောင်ကြရန်နှင့် ဖန်ဆင်းခံတစ်ဦး၏ နေရာ၌ ရပ်တည်လျက် သာမန်လူတစ်ဦး ဖြစ်ကြရန် ငါတောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်။ အကြောင်းမှာ ငါကိုယ်တိုင်သည် ဤနည်းလမ်းအတိုင်း အမှုအရာများကို လုပ်ဆောင်သောကြောင့် ဖြစ်သည်။ ငါသည် သင်တို့နှင့် ဆက်ဆံသည့်အခါနှင့် ငါ၏ ကိုယ်ပိုင်ဘဝတွင်၊ ငါသည် မည်သည့်အခါမျှ ဝါကြွားသော သို့မဟုတ် အနှစ်မဲ့သောနည်းလမ်းဖြင့် စကားမပြောသည့်အပြင်၊ ကိုယ့်ကိုယ်ကိုယ် ကြွားဝါခြင်း သို့မဟုတ် ကြွားလုံးထုတ်ခြင်းလည်း မရှိပေ။ ဤသည်မှာ သင်တို့အားလုံး မြင်နိုင်ပြီး ခံစားနိုင်သည့်အရာ ဖြစ်သည်။ ထို့ပြင် ငါသည် မည်သူ့ကိုမျှ ကျိတ်မကြံစည်၊ အမှုအရာများကို ငါ လုပ်ဆောင်သည့်အခါ ကလိမ်ကျခြင်းမရှိ၊ မည်သည့်အခါမျှ ပေါ့လျော့ခြင်းမရှိဘဲ စည်းကမ်းလိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူသည်။ အသိစိတ်၏ ဤအနိမ့်ဆုံး စံနှုန်းကို စောင့်ထိန်းရမည်။ အချို့လူများသည် အခြားသူများကို နားကြားကောင်းသော အရာများ ပြောဆိုပြီးနောက် ၎င်းတို့၏ ထောင်ချောက်များထဲသို့ ကျရောက်စေရန်၊ ၎င်းတို့ကို အစေခံရန်နှင့် ၎င်းတို့အတွက် အစေခံမှုပေးစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလျက်၊ ၎င်းတို့ စကားပြောပြီး ပြုမူဆောင်ရွက်သည့်အခါ ကျိတ်ကြံစည်မှုများကို အသုံးပြုကြသည်။ ငါသည် ထိုသို့သောအရာများကို မလုပ်ဆောင်ပေ။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ တစ်စုံတစ်ဦးအား ငါ့ကို ကူညီစေလိုလျှင် တိုက်ရိုက်စေခိုင်းမည် ဖြစ်သည်။ အချို့လူများက “ကိုယ်တော်၌ ဤပင်ကိုလက္ခဏာနှင့် အဆင့်အတန်းရှိသည်၊ သို့ဖြစ်၍ တစ်စုံတစ်ဦးကို တစ်စုံတစ်ရာ လုပ်ဆောင်စေခြင်းသည် ကိုယ်တော် စကားတစ်ခွန်းပြောလိုက်ရုံမျှသာဖြစ်သည် မဟုတ်လော”ဟု ဆိုကြသည်။ စကားတစ်ခွန်းပြောလိုက်ရုံမျှသာ ဖြစ်လျှင်ပင် ငါသည် ယင်းကို စည်းကမ်းလိုက်နာသော နည်းလမ်းဖြင့် ကိုင်တွယ်ရမည်ဖြစ်ပြီး လူတို့အား ၎င်းတို့ မလုပ်ချင်သောအရာများကို လုပ်ဆောင်ရန် အတင်းလုပ်စေဖို့ မဆိုထားနှင့်၊ ၎င်းတို့ကို အနိုင်အထက်ပြု၍ မရပေ။ သင်သည် ဆန္ဒရှိလျှင် လုပ်ဆောင်လော့။ သင် ဆန္ဒမရှိလျှင် ငြင်းပယ်နိုင်သည်။ သို့ရာတွင် ငါသည် သင့်ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် စေခိုင်းပါက ငါသည် ရိုးစင်းသော အမှန်တရားကို အမြဲ ပြောဆိုမည်ဖြစ်သည်။ ငါသည် သင့်ကို လှည့်စားရန် ဝေ့လည်ကြောင်ပတ်လုပ်ခြင်း သို့မဟုတ် စကားကို လှည့်ပတ်ပြောဆိုခြင်း၊ သို့မဟုတ် ထောင်ချောက်ထဲသို့ သွေးဆောင်ဖြားယောင်းပြီးနောက် သင့်ကို ငါ့အား ဆန္ဒအလျောက် အစေခံစေကာ ငါ့အတွက် အစေခံမှုပေးစေခြင်းတို့ကို လုံးဝ ပြုလုပ်မည်မဟုတ်ပေ။ ထို့နောက် သင့်အပေါ် ကျိတ်ကြံစည်ပြီးသည့်နောက်တွင်ပင် သင်သည် ယင်းကို ဆန္ဒအလျောက် လုပ်ဆောင်ခဲ့သည်ဟု ပြောဆိုစေပြီး သင်၏ကျေးဇူးကိုလည်း အသိအမှတ်ပြုမည်မဟုတ်ပေ။ ငါသည် ဤသို့ မည်သည့်အခါမျှ လုံးဝ ပြုလုပ်မည်မဟုတ်။ လူတို့က အခြားသူများကို အသုံးချသည့် အတတ်ပညာဟုခေါ်ဆိုသည့်အရာဖြစ်စေ၊ လှည့်ကွက်၏ စည်းမျဉ်းများ၊ လူများကို ကစားခြင်းအတွက် နည်းဗျူဟာများ သို့မဟုတ် အခြားသူများကို ကြိုးကိုင်ညွှန်ကြားခြင်းအတွက် အင်ပါယာနှင့်ဆိုင်သော မဟာဗျူဟာများဖြစ်သည်ဖြစ်စေ၊ ဤကျင့်သုံးမှုများထဲမှ တစ်ခုမျှ ငါ့ထံတွင် မရှိပေ။ ငါသည် လူများကို ကစားခြင်းမရှိ၊ အခြားသူများက ကစားကောင်းကစားမည်ဖြစ်သော်လည်း ငါသည် ထိုသို့လုပ်ဆောင်လိမ့်မည် မဟုတ်သည့်အပြင်၊ ၎င်းတို့ကို အတုယူခြင်း သို့မဟုတ် ၎င်းတို့ထံမှ သင်ယူခြင်းလည်း ပြုမည်မဟုတ်ပေ။ ငါသည် စစ်သေနင်္ဂဗျူဟာ သို့မဟုတ် စစ်သေနင်္ဂဗျူဟာ သုံးဆယ့်ခြောက်ပါးကဲ့သို့သော အရာများကို မည်သည့်အခါမျှ မဖတ်ရှုခဲ့ဖူးသည့်အပြင် ငါ စကားပြောသည့်အခါ အရှေ့ကိုတိုက်မည်ဟု ဟန်ပြကာ အနောက်ကို တိုက်ခိုက်ခြင်း သို့မဟုတ် အဖြူကို အမည်းဟု ပြောဆိုခြင်းတို့ကို လုံးဝ ပြုလုပ်မည်မဟုတ်ပေ။ ငါ စကားပြောဆိုပြီး လုပ်ဆောင်သည့်အခါ တစ်သည် တစ်ဖြစ်ပြီး နှစ်သည် နှစ်ဖြစ်သည်။ တစ်ခုတည်းသော ခြွင်းချက်မှာ အထူးအခြေအနေများကြောင့် ငါသည် အမှုအရာများကို အမြော်အမြင်ရှိသော နည်းလမ်းဖြင့် စီကုံးနိုင်သော်လည်း ဤသည်မှာ လူတို့၏ အားနည်းချက်များနှင့် အခက်အခဲများ၊ ၎င်းတို့၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုတို့ကို ထောက်ထားငဲ့ညှာခြင်းကြောင့်မျှသာ ဖြစ်သည်။ ယင်းမှာ ၎င်းတို့ကို ကာကွယ်ရန်နှင့် တန်ဖိုးထားရန်ဖြစ်ပြီး ယင်း၌ မလိုမုန်းထားမှု မရှိပေ၊ ထို့ကြောင့် ဤသည်မှာလည်း ကျိတ်ကြံစည်ခြင်းမဟုတ်ပေ။ အချို့လူများက “သို့ဆိုလျှင် လက်စသတ်တော့ ကိုယ်တော်၏ စိတ်နှလုံးနှင့် စိတ်ထဲတွင် လောက၏ ကျော်ကြားပြီး ကြီးမြတ်သော လူများ၏ အမျိုးမျိုးသော အကြံအစည်များ မပါဝင်ပါတကား။ သို့ဆိုလျှင် လက်စသတ်တော့ ကိုယ်တော်သည် ဤမျှ ရိုးစင်းသည်တကား”ဟု တွေးလျက် အလွန် စိတ်ပျက်သွားကြပေမည်။ ဤမျှ ရိုးရှင်းခြင်းသည် ကောင်းသည် မဟုတ်လော။ ကျိတ်မကြံစည်ခြင်းက ငါသည် လူများကို ထွင်းဖောက်မမြင်နိုင်ဟု မဆိုလိုပေ။ အမှုအရာများ၏ အခြေအမြစ်နှင့် အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်ဟု မဆိုလိုပေ။ ယင်းက ငါသည် လူ၊ ဖြစ်ရပ်နှင့် အမှုအရာမျိုးစုံအား မည်သို့ကိုင်တွယ်ရမည်ကို မသိဟု မဆိုလိုပေ။ ကျိတ်ကြံစည်ခြင်းမရှိဘဲ၊ ငါသည် လူ၊ ဖြစ်ရပ်နှင့် အမှုအရာမျိုးစုံကို ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေတို့အရ သင့်တော်စွာနှင့် တိကျစွာ ကိုင်တွယ်ရန် စည်းမျဉ်းများကို ကျင့်သုံးနိုင်သေးသည်၊ ၎င်းတို့ကို နည်းဗျူဟာများသုံးခြင်း၊ လှည့်စားမှုဖြင့် လုပ်ဆောင်ခြင်း သို့မဟုတ် လူများကို လှည့်ဖြားရန် ကစားခြင်းတို့ထက် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ၎င်းတို့၏ အခန်းကဏ္ဍများကို သဘာဝကျကျ ပါဝင်စေပြီး ၎င်းတို့၏ စည်းမျဉ်းများနှင့် နည်းဥပဒေသများအတွင်း အသက်ရှင်စေသည်။ အမှုအရာများကို ငါ လုပ်ဆောင်သည့် စည်းမျဉ်းများ၊ ပြဿနာအမျိုးမျိုးကို ငါ ကိုင်တွယ်သည့် စည်းမျဉ်းများနှင့် လူ၊ ဖြစ်ရပ်နှင့် အမှုအရာမျိုးစုံကို ငါ သဘောထားသည့် စည်းမျဉ်းများအားလုံးကို နှစ်များတစ်လျှောက် ငါ၏ မိတ်သဟာယများနှင့် တရားဒေသနာများတွင် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ငါသည် ဤအရာများကို ပြောဆိုသည့်အခါ ဆောင်ပုဒ်များ ဟစ်ကြွေးနေခြင်းမဟုတ်ပေ။ ဤအရာများသည် ငါ၏ အတွေးများနှင့် ငါ၏ လူ့သဘာဝ အနှစ်သာရမှ လာပြီး လူ၊ ဖြစ်ရပ်နှင့် အမှုအရာမျိုးစုံကို ကိုင်တွယ်ရန် ငါ၏ အတွေးများနှင့် အမြင်များကိုလည်း ငါ ကျင့်သုံးသည်။ သို့ဖြစ်၍ ငါသည် လူ၊ ဖြစ်ရပ်နှင့် အမှုအရာမျိုးစုံကို ကိုင်တွယ်ရန် ငါ၏ အတွေးများနှင့် အမြင်များကို ကျင့်သုံးသည့်အခါ သို့မဟုတ် ၎င်းတို့ကို ဤစည်းမျဉ်းများအတိုင်း ကိုင်တွယ်သည့်အခါ နောက်ဆုံးရလဒ်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းဖြစ်သည် သို့မဟုတ် ယင်းကို ပုန်ကန်ခြင်းဖြစ်သည် သင်တို့ ပြောမည်လော။ (ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း ဖြစ်ပါသည်။) ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ငါသည် လူတို့အမြင်၌ မည်မျှပင် ပုံမှန်ဖြစ်သည်ဖြစ်စေ၊ လက်တွေ့ကျပြီး၊ သာမန်ဖြစ်သည်ဖြစ်စေ၊ လုံးဝ လုံးဝ လျှို့ဝှက်ဆန်းကြယ်ခြင်းမရှိသည်ဖြစ်စေ၊ ဤသည်က သင်တို့၏ သမ္မာတရားကို နားလည်သဘောပေါက်မှုအား လုံးဝ ထိခိုက်မည်မဟုတ်သည့်အပြင်၊ ငါသည် သင်တို့ကို လမ်းလွဲစေလိမ့်မည်လည်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ငါကိုယ်တိုင်သည် ကျင့်ကြံပြုမူပုံနှင့် လုပ်ဆောင်ပုံ၌ စည်းမျဉ်းများရှိသောကြောင့်သာလျှင် အကယ်၍ သင်တို့သည် သမ္မာတရားကို လိုက်စားနိုင်လျှင်၊ ငါပြောဆိုသည့် စည်းမျဉ်းများအတိုင်း နာခံပြီး စည်းကမ်းလိုက်နာသော နည်းလမ်းဖြင့် သင်တို့ကိုယ်သင်တို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်နိုင်လျှင်၊ ငါညွှန်ပြသည့် ဦးတည်ချက်နှင့် ပန်းတိုင်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်လျှင် အနှေးနှင့်အမြန် သင်တို့သည် ကယ်တင်ခြင်းကို ရရှိကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသို့ ရောက်ရှိကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်လာကြလိမ့်မည်။ ဤသည်မှာ သေချာသည့်အရာ ဖြစ်သည်။ ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း၊ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ ယုံကြည်သူတို့ လိုက်စားသည့် ပန်းတိုင်မဟုတ်လော။ သို့ဆိုလျှင် သင်တို့သည် အခြားမည်သည့်အရာကို ရှာဖွေကြသေးသနည်း။ ငါသည် လျှို့ဝှက်ဆန်းကြယ်ပြီး ဉာဏ်မီ၍မရနိုင်ခြင်း ရှိမရှိ၊ မြင့်မြတ်ခြင်း ရှိမရှိ၊ သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားခြင်း ရှိမရှိ၊ သို့မဟုတ် သင်တို့ စိတ်မကူးနိုင်သည့် သို့မဟုတ် သင်တို့ မပိုင်ဆိုင်သည့် အချို့သော အထူးစွမ်းရည်များ ငါ၌ ရှိမရှိဟူသည့်အချက်နှင့်ပတ်သက်၍မူ၊ ယင်းမှာ အရေးမကြီးပေ။ ထို့ပြင် သင်တို့က ငါသည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျကာ သင်တို့၏ ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်း သို့မဟုတ် လေးစားအားကျခြင်းနှင့် မထိုက်တန်ဟု တွေးထင်လျှင်လည်း အရေးမကြီးပေ။ အဘယ်အရာက အရေးကြီးသနည်း။ အရေးမပါသော ဤပုဂ္ဂိုလ်၊ သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သော ဤပုဂ္ဂိုလ်ဖြစ်သည့် ငါ ပြောဆိုသော စကားများသည် သင်တို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ပို့ဆောင်ရန် အာမခံပြီး သင်တို့ကို ကယ်တင်ခြင်းသို့ ရောက်ရှိစေရန် အာမခံသည်ဟူသည့်အချက်ပင် ဖြစ်သည်။ သေချာသည့် နောက်ထပ်အရာတစ်ခု ရှိသေးသည်။ ငါပြောဆိုခဲ့သော ဤနှုတ်ကပတ်တော်များအတိုင်း သင်တို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားပါက တစ်နေ့တွင် သင်တို့၏ အတွေးအခေါ်များ၊ အမြင်များနှင့် အသက်စိတ်သဘောထားများအားလုံး ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး သင်တို့သည် လူသားသစ်တစ်ဦး ဖြစ်လာလိမ့်မည်ဟု အာမခံထားသည်။ သင်သည် လူသားမျိုးနွယ်သစ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်သည်၊ ထိုအချက်ကို ငါ သေချာပြောနိုင်သည်။ သင်တို့ ဤအချက်ကို သေချာသလော။ (သေချာပါသည်။)

ယခုအခါတွင် လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုဆိုင်ရာ သရုပ်သကန်များနှင့်ပတ်သက်၍ အသစ်သော နားလည်သဘောပေါက်မှု အချို့ သင်တို့တွင် ရှိကြပြီလော။ (ရှိပါသည်။) အကယ်၍ ငါ ကျင့်ကြံပြုမူပုံနှင့် လုပ်ဆောင်ပုံ၊ ငါ၏ အတွေးများနှင့် ရှုထောင့်များက ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့၏ ဘောင်အတွင်း၌ ရှိကြောင်း သင်တို့ မြင်တွေ့လျှင်၊ ငါ လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် ငါ၏ အတွေးအခေါ်များနှင့် ရှုထောင့်များသည် သင်တို့ကို အချိန်မရွေး လွှမ်းမိုးနိုင်ပြီး သင်တို့က ယင်းတို့ကို ဆန္ဒအလျောက် လက်ခံကြမည်ဆိုလျှင် ငါသည် တစ်စုံတစ်ခုကို သေချာပေါက် ပြောဆိုမည်။ သင်တို့သည် ဤနည်းလမ်းဖြင့် သမ္မာတရားကို ချစ်သောကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော သရုပ်သကန်များမှ သမ္မာတရားကို ရှာဖွေနိုင်ကာ လူ့ဇာတိခံ ဘုရားသခင်က ကျင့်ကြံပြုမူသည့် စည်းမျဉ်းများနှင့် အမျိုးမျိုးသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သူ၏ အတွေးများနှင့် အမြင်များကိုလည်း လက်ခံနိုင်သောကြောင့် သင်တို့၏ လိုက်စားမှုများနှင့် သင်တို့၏ ကျင့်ကြံပြုမူခြင်း ဦးတည်ချက်တို့သည် အပြုသဘောဆောင်သော ဦးတည်ချက်ဖြင့် အလိုအလျောက် တိုးတက်ဖြစ်ပေါ်လိမ့်မည်။ ဆိုလိုသည်မှာ သင်တို့သည် ဆက်လက်ယုံကြည်သည်နှင့်အမျှ သင်တို့သည် ပုံမှန် လူ့သဘာဝကို တိုး၍ ပိုင်ဆိုင်လိမ့်မည်ဖြစ်ပြီး လူ၏ပုံသဏ္ဌာန်ကို တိုး၍ အသက်ရှင်နေထိုင်ကြလိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်လည်း နီးစပ်သည်ထက် နီးစပ်လာလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် ကယ်တင်ခြင်းကို ရရှိကြလိမ့်မည်။ ထိုသို့သော အကျိုးကျေးဇူးများကို သင်တို့ ရရှိခြင်းသည် ဤသာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော ပုဂ္ဂိုလ်ဖြစ်သည့် လူ့ဇာတိခံ ဘုရားသခင်၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့နှင့် တိုက်ရိုက်သက်ဆိုင်သည်။ အကယ်၍ သင်တို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုဆိုင်ရာ ဤအနှစ်သာရများနှင့် သရုပ်သကန်များအပြင် သူကျင့်ကြံပြုမူသည့် နည်းလမ်းနှင့် ထိုသို့ပြုလုပ်ခြင်းအတွက် သူ၏ စံများကို လက်ခံနိုင်ပြီး ချစ်ခင်နိုင်ပါက သင်တို့၏ သရုပ်သကန်များနှင့် သင်တို့၏ လူ့သဘာဝသည် ပိုကောင်းသည်ထက်ကောင်းလာလိမ့်မည်။ ယင်းတို့ ပိုကောင်းသည်ထက်ကောင်းလာလိမ့်မည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ သင်သည် လူကောင်းတစ်ဦးနှင့် ပိုတူသည်ထက်တူလာလိမ့်မည်ဟုဆိုခြင်းသည် အနည်းငယ် အနှစ်မဲ့ကောင်း အနှစ်မဲ့ပေမည်။ ဤ “ပိုကောင်းသည်ထက်ကောင်းလာခြင်း” ဟူသည်မှာ သင်၏ အသိစိတ်နှင့် သင်၏ ဆင်ခြင်တုံတရားတို့က အပြုသဘောဆောင်သော ဦးတည်ချက်သို့ တိုးတက်လိမ့်မည်ဟူသည်ကို ဆိုလိုပေသည်။ သို့ရာတွင် အကယ်၍ သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန်ဖြစ်မှု၊ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်မှုတို့ကို စက်ဆုပ်ရွံရှာလျှင် သို့မဟုတ် ပစ်ပစ်ခါခါငြင်းလျှင်၊ သို့မဟုတ် ခွဲခြားဆက်ဆံခြင်း၊ လက်မခံခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် လှောင်ပြောင်ခြင်းတို့ကိုပင် ပြုလုပ်လျှင် သင်သည် သူ ဖော်ပြသည့် သမ္မာတရားအားလုံးကို လက်ခံရန် အလွန်ခက်ခဲမည်ဖြစ်ပြီး သူပိုင်ဆိုင်သည့် ပုံမှန် လူ့သဘာဝ၏ လက်တွေ့ကျသော အရေးပါမှုနှင့် လွှမ်းမိုးမှုကို နားလည်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် ဘုရားသခင်က သူ၏ ပုံမှန် လူ့သဘာဝဖြင့် ဖော်ပြသည့် သမ္မာတရားအားလုံးကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးပင် မုန်းတီးလိမ့်မည်။ ဤနည်းလမ်းဖြင့် သင်သည် ပုံမှန်လူတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန်နှင့် ဘုရားသခင် နှစ်သက်သောသူတစ်ဦး ဖြစ်လာရန် အလွန်ခက်ခဲလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သင် ကိုးကွယ်သည့်အရာများသည် အပြုသဘောဆောင်သော အရာများမဟုတ်ဘဲ အပျက်သဘောဆောင်သော အရာများဖြစ်သောကြောင့် ဖြစ်သည်။ လူ့အဖွဲ့အစည်း၏ ကျော်ကြားသူများနှင့် ကြယ်ပွင့်များ၊ လူမှုရေးရာ ခေတ်ရေစီးကြောင်းများသည် သင် တမ်းတပြီး ကိုးကွယ်သည့်အရာများ ဖြစ်သည်။ ထိုသို့ဆိုလျှင် သင် လျှောက်လှမ်းသည့် လမ်းကြောင်းက မှားယွင်းသော လမ်းကြောင်းတစ်ခုဖြစ်ပြီး သင်၏ လိုက်စားမှုနှင့် တိုးတက်မှု၏ ဦးတည်ချက်နှင့်ပတ်သက်၍ တစ်ခုမှာ သေချာသည်၊ သင်သည် အပြုသဘောဆောင်သော ဦးတည်ချက်ဖြင့် တိုးတက်လိမ့်မည်မဟုတ်ဘဲ အန္တရာယ်ဖြစ်စေနိုင်သော ဦးတည်ချက်ဖြင့် တိုးတက်လိမ့်မည်။ ဥပမာအားဖြင့် ငါသည် လူများကို ကျိတ်ကြံစည်ခြင်းမရှိဟု ပြောဆိုပြီး အချို့လူများက “ကိုယ်တော်သည် လူများကို ကျိတ်ကြံစည်ခြင်းမရှိလျှင်၊ ဤမျှ ကြီးမားသောအလုပ်ကို မည်သို့ လုပ်ဆောင်နိုင်သနည်း။ ကိုယ်တော်သည် လူများနှင့် ပါဝင်ပတ်သက်ပြီး ဆက်ဆံသည့်အခါ၊ ကိုယ်တော့်တွင် ကျိတ်ကြံစည်မှု ရှိပါသည်။ ကိုယ်တော်သည် ကျိတ်ကြံစည်ခြင်းမရှိလျှင်၊ လူများကို ကစားနိုင်ခြင်းမရှိသည့်အပြင် အလုပ်ကို လုပ်နိုင်လိမ့်မည်မဟုတ်ပါ”ဟု ဆိုကြသည်။ သင်သည် ထိုသို့သောစကားများကို ပြောဆိုနိုင်လျှင် သင်သည် ပြီးပြီဟု ငါ ဆိုသည်။ သင်၏ အတွေးများနှင့် ရှုထောင့်များသည် လွဲချော်သည်သာမက ထို့ထက်ပင်ပို၍ ယင်းတို့က ကောက်ကျစ်ဆိုးယုတ်ပေသည်။ မှန်ကန်သော လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် သင့်အတွက် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ လူ့သဘာဝသည် သမ္မာတရားကို ချစ်ခြင်းနှင့် အပြုသဘောဆောင်သော အရာများကို ချစ်ခြင်းဟူသည့် အချက် ကင်းမဲ့သောကြောင့် ဖြစ်သည်။ ကယ်တင်ခြင်း၏ လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် သင့်အတွက် မဖြစ်နိုင်ပေ။

ငါသည် ပုံမှန် လူ့သဘာဝအတွင်း လူတို့နှင့် စကားပြောဆိုသည့်အခါ စကားစမြည်ပြောဆိုခြင်းက အဆင်ပြေချောမွေ့မှုမရှိသည့် ပြဿနာ မကြာခဏ ပေါ်ပေါက်တတ်သည်။ အဆင်ပြေချောမွေ့မှုမရှိခြင်းဟူသည်အားဖြင့် အဘယ်အရာကို ငါ ဆိုလိုသနည်း။ တစ်ခါတစ်ရံတွင် ငါသည် တစ်စုံတစ်ဦးနှင့် လုံးဝပုံမှန်ဖြစ်သော နည်းလမ်းဖြင့် ပါဝင်ပတ်သက်ပြီး စကားစမြည်ပြောဆိုနေသည့်အခါ ၎င်းတို့သည် အမှုအရာများကို အလွန်အကျွံ ရှုပ်ထွေးအောင်လုပ်ကြ သို့မဟုတ် အလွန်အကျွံ စဉ်းစားကြပြီး စကားစမြည်ပြောဆိုခြင်းက ဆက်လက်လုပ်ဆောင်၍ပင်မရပေ။ ဆက်လုပ်ဆောင်၍မဖြစ်နိုင်လျှင် အဘယ်အရာကို ငါ လုပ်ဆောင်သနည်း။ ငါသည် ထိုလူနှင့် ပါဝင်ပတ်သက်ခြင်းကို ရပ်လိုက်သည်။ ငါသည် အခြားသူများနှင့် ဆက်ဆံနိုင်သူ၊ မည်သို့ ဆက်သွယ်ပြောဆိုပြီး စကားစမြည်ပြောရမည်ကို သိသူ၊ ပုံမှန် လူ့သဘာဝ၏ တွေးခေါ်ပုံရှိသူတစ်ဦးကို ရှာဖွေပြီးနောက် ထိုအစား၊ ထိုသူနှင့်ပင် စကားစမြည်ပြောဆိုကာ ဆက်ဆံသည်။ သင်တို့နှင့် ငါ ထိတွေ့ဆက်ဆံရာတွင် ငါ အတွေ့ရအများဆုံးသော အခြေအနေမှာ လူတို့က “ကိုယ်တော်သည် လူတို့နှင့် စကားပြောဆိုပြီး ဆက်သွယ်ပြောဆိုသည့်အခါ ကိုယ်တော်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းက အလွန်ကြီးမားသော လွှမ်းမိုးမှု ရှိပါသည်။ ကိုယ်တော်သည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ပြီး ကျွန်ုပ်တို့သည် ဖန်ဆင်းခံများ ဖြစ်ကြသည်။ ကျွန်ုပ်တို့ တစ်စုံတစ်ခု မှားယွင်းပြောဆိုမိပါက တန်းတူ အဆင့်အတန်းခံယူပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိဖွယ်ရှိသည်။ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်အနေဖြင့် ကိုယ်တော်၏အလုပ်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်ပြီး ကိုယ်တော်သည် ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုသည်။ သို့ဖြစ်၍ ကိုယ်တော်၏ တာဝန်ဝတ္တရား သို့မဟုတ် ကိုယ်တော် တာဝန်ယူလုပ်ဆောင်သည့်အလုပ်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ကယ်တင်ခြင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ဖော်ပြခြင်းသာ ဖြစ်နိုင်သည်။ ကိုယ်တော်သည် အမှုတော်အကြောင်း သို့မဟုတ် ဘုရားဖြစ်ခြင်းမှ အရင်းခံသော အကြောင်းအရာများကိုသာ ပြောဆိုဆွေးနွေးသင့်သည်။ ကိုယ်တော်သည် ပုံမှန် လူ့အသက်တာဖြစ်သည့် စားရေးဝတ်ရေးနေရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များအကြောင်းကို မပြောဆိုမဆွေးနွေးနိုင်ပါ သို့မဟုတ် မည်သူမည်ဝါဖြစ်သည်သူက မည်သို့ဖြစ်သည်ကို မပြောဆိုမဆွေးနွေးနိုင်ပါ။ ကိုယ်တော်သည် ၎င်းတို့ မည်သို့ဖြစ်သည်ကို ပြောဆိုဆွေးနွေးပါက ၎င်းတို့ကို သင် ဝေဖန်ခြင်း သို့မဟုတ် မသမာသော ရည်ရွယ်ချက်များ ရှိနေခြင်း ဖြစ်သည်”ဟု ခံစားကြရခြင်း ဖြစ်သည်။ လူတို့သည် ဤအယူအဆများကို စွဲကိုင်ကြသောကြောင့် ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို လူမဟုတ်သော သတ္တဝါအဖြစ် အမျိုးအစားခွဲခြားကြသည်။ သို့ဖြစ်၍ ငါသည် ပုံမှန် တွေးခေါ်မှုနှင့် ပုံမှန် လူ့သဘာဝ ကင်းမဲ့သော လူတို့နှင့် ပါဝင်ပတ်သက်ပြီး နေ့စဉ်ကိစ္စရပ်များ သို့မဟုတ် နေ့စဉ်လိုအပ်ချက်များအကြောင်း အနည်းငယ် ပြောဆိုသည့်အခါ အချို့က “ဤအရာအကြောင်းကို ပြောဆိုခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ ဝိညာဉ်ရေးရာပြည့်ဝခြင်း မဟုတ်ပါတကား။ ထို့ပြင် ကိုယ်တော်သည် ဤအရာကို ထုတ်ဖော်ပြောဆိုခြင်းအတွက် မသမာသော ရည်ရွယ်ချက်များ ရှိနေသလော”ဟု တွေးလျက် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခု ထားရှိကြသည်။ ငါသည် တစ်ဦးတစ်ယောက်၏ အခြေအနေကို ဆွေးနွေးပါက အချို့က “ဤသည်မှာ လူများကို ၎င်းတို့ နောက်ကွယ်၌ ဝေဖန်နေခြင်း သို့မဟုတ် ကျိတ်ကြံစည်နေခြင်း ဖြစ်သလော။ ကိုယ်တော်သည် သူတို့အတွက် တစ်စုံတစ်ရာ အစီအစဉ်ရှိထားသလော။ ကိုယ်တော်သည် သူတို့ကို ရာထူးတိုးပေးမည်လော သို့မဟုတ် ဖယ်ရှားရှင်းလင်းမည်လော။ ကိုယ်တော်သည် သူတို့ကို ဆက်လက်အသုံးပြုမည်လော သို့မဟုတ် ဖြုတ်ချမည်လော”ဟု စဉ်းစားကြသည်။ ငါသည် တစ်စုံတစ်ဦး၏ ပြဿနာများအကြောင်း ပြောဆိုဆွေးနွေးပါက အချို့က “ကိုယ်တော်သည် ထိုလူကို မနှစ်သက်သလော သို့မဟုတ် ရွံရှာသလော။ သူတို့သည် ကိုယ်တော့်ကို နာကျင်စေရန် တစ်စုံတစ်ခု လုပ်ဆောင်ခဲ့သလော။ ၎င်းတို့သည် ကိုယ်တော့်ကို ပုန်ကန်ပြစ်မှားရန် တစ်စုံတစ်ခု ပြောဆိုခဲ့သလော သို့မဟုတ် လုပ်ဆောင်ခဲ့သလော”ဟု တွေးကြသည်။ အထူးသဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ ပါဝင်သော အထိအခိုက်မခံသည့် အကြောင်းအရာများကို ဆွေးနွေးသည့်အခါ အချို့က “ကိုယ်တော်သည် ဤအရာများကို အလုပ်အတွက် ပြောဆိုဆွေးနွေးနေခြင်းဖြစ်သော်လည်း ကျွန်ုပ်တို့သည် ယင်းတို့ကို ကိုယ်တော်နှင့် ဆွေးနွေးမည်မဟုတ်ပါ။ ဤအရာများသည် အထိအခိုက်မခံသော အကြောင်းအရာများ ဖြစ်သည်။ တိကျမှုမရှိသော တစ်စုံတစ်ခုကို ကျွန်ုပ်တို့ ပြောဆိုသည်နှင့်တစ်ပြိုင်နက် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဖော်ထုတ်ပြီး ပြုပြင်လိမ့်မည်ဖြစ်ကာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းများနှင့်ဆိုင်သည့် ထုတ်ဖော်ပြမှုကို ကိုယ်တော် မြင်လိမ့်မည်ဖြစ်ပြီး ကျွန်ုပ်တို့အပေါ် မကောင်းသော အထင်အမြင် ရှိမည်ဖြစ်သည်။ ယင်းမှာ သင့်တင့်လျောက်ပတ်မည် မဟုတ်ပါ” ဟု ဆိုလျက် ပါဝင်ပတ်သက်ရန် ပို၍ပင် ကြောက်ရွံ့ကြသည်။ ငါက “သင်တို့၏ မိသားစုထဲတွင် မည်သူက ဘုရားသခင်ကို ယုံကြည်သနည်း”ဟု မေးမြန်းခြင်းကဲ့သို့သော အကြောင်းအရာအချို့ကို ထုတ်ဖော်ပြောဆိုသည့် အခါများလည်း ရှိသည်။ ဤအကြောင်းအရာသည် တရုတ်ပြည်မကြီးတွင် သတိထားရသော အကြောင်းအရာတစ်ခု ဖြစ်သည်။ သို့ရာတွင် ပင်လယ်ရပ်ခြားတွင် ထိုသို့ဖြစ်ရန် မဆိုထားနှင့်၊ ပြည်မကြီး၌ အတော်အတန် အချိန်ကြာမြင့်စွာ သင် ဆက်ဆံခဲ့ပြီး အတော်လေး ရင်းနှီးနေပြီဖြစ်သော ပုဂ္ဂိုလ်အချို့ကို မေးမြန်းရန် ဤအရာကို သတိထားရသောအရာဖြစ်သည်ဟု မယူဆပေ။ သို့သော် ဤအရာကို ငါ မေးမြန်းပါက အချို့လူများက ဖြေဆိုရန်ပင် မဝံ့ကြပေ။ ၎င်းတို့က “ကျွန်ုပ်၏ မိသားစုထဲတွင် မည်သူက ယုံကြည်သည်ကို မေးမြန်းခြင်းဖြင့် ကိုယ်တော်သည် ကျွန်ုပ်၏ နောက်ကြောင်းရာဇဝင်ကို ဖော်ထုတ်ရန် ကြိုးစားနေခြင်းလော”ဟု စဉ်းစားကြသည်။ ငါက “သင်တို့၏ ဒေသန္တရအသင်းတော်တွင် လူမည်မျှ ရှိသနည်း။ အသင်းတော်ခေါင်းဆောင်က မည်သူနည်း” ဟု မေးမြန်းပါက ၎င်းတို့က “အို မဖြစ်ပါ၊ ကိုယ်တော်သည် အသင်းတော်အကြောင်းကို သိရှိရန် ကြိုးစားနေခြင်းလော။ ကျွန်ုပ်သည် ဤအကြောင်းကို ကိုယ်တော်နှင့် ပြောဆို၍မရပါ။ ကျွန်ုပ် တစ်စုံတစ်ခု ပြောဆိုပြီး အသင်းတော်ခေါင်းဆောင်က သိရှိသွားပါက ပြဿနာတက်လိမ့်မည်”ဟု တွေးကြသည်။ ကြည့်လော့၊ ၎င်းတို့သည် အသင်းတော်ကိစ္စများကို ပြောဆိုသည့်အခါ၌ပင် သတိထားနေကြပြီး တစ်ခုတလေကို ပြောဆိုရန် ကြောက်ရွံ့ကြသည်။ လူများစွာတို့သည် အသင်းတော်ခေါင်းဆောင်များ၊ အသင်းတော်အလုပ်တို့နှင့် ဆက်စပ်သော အကြောင်းအရာများကို ဆွေးနွေးရန် သို့မဟုတ် မိမိတို့စိတ်ထဲရှိသည့်အရာကို လွတ်လပ်စွာ ပြောဆိုရန် မဝံ့ကြပေ။ ဤသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများထဲမှ တစ်ခုမှာ အသင်းတော်၏ အခြေအနေကို ဖော်ထုတ်မိပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များအား ပုန်ကန်ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းဖြစ်ကာ တစ်ချိန်တည်းမှာပင် မိမိတို့၏ ကိုယ်ပိုင် အတွေးများနှင့် အမြင်များကို မရည်ရွယ်ဘဲ ထုတ်ဖော်ပြမိကာ ပြုပြင်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဖြစ်ပျက်သည်ကို ၎င်းတို့ မမြင်လိုသည့်အရာတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ငါသည် လူများစွာနှင့် ပါဝင်ပတ်သက်သည့်အခါ သာမန်ဆက်သွယ်ပြောဆိုခြင်းပင်လျှင် အဆင်ပြေချောမွေ့စွာ မဖြစ်နိုင်ပေ။ ငါသည် မိမိတို့၏ စိတ်များနှင့် နောက်ခံအခြေအနေများ ရှုပ်ထွေးသော ဘာသာတရားမရှိသူများနှင့် ဆက်ဆံပြီး အမှုအရာများကို ကိုင်တွယ်သည့်အခါ အမှုအရာများကို ကိုင်တွယ်ပြီးသည်နှင့်တစ်ပြိုင်နက် ငါ အလျင်အမြန်ထွက်ခွာသည်။ ငါသည် နက်ရှိုင်းသော ဆက်ဆံရေးများ မတည်ဆောက်နိုင် သို့မဟုတ် အလွန်အမင်း မရင်းနှီးနိုင်ပေ။ သို့သော် ညီအစ်ကိုမောင်နှမများနှင့် ငါ ဆက်ဆံသည့်အခါ လူအများစုသည်လည်း ထိုသို့ပင်ဖြစ်သည်ကို ငါ တွေ့ရှိရသည်။ ငါသည် အလွန်အမင်း မရင်းနှီးနိုင် သို့မဟုတ် နက်ရှိုင်းသောဆက်ဆံရေးများ မတည်ဆောက်နိုင်ပေ။ ယင်းမှာ ငါ့ကိုယ်ငါ သာလွန်သည်ဟု ယူဆပြီး လူအများစုနှင့် ဆက်ဆံရန် မလိုလားခြင်း မဟုတ်ပေ။ ထို့ထက်၊ ငါသည် ၎င်းတို့ကို ချဉ်းကပ်ရန် သို့မဟုတ် ထိတွေ့ဆက်ဆံရန် ကြိုးစားသည့်အခါ ၎င်းတို့သည် မသိစိတ်ဖြင့် ရှက်ရွံ့ကြခြင်း သို့မဟုတ် ငါ့ကို ရှောင်ရှားကြခြင်း ဖြစ်သည်။ သင်သည် ငါ့ကို အဘယ်ကြောင့် ရှောင်ရှားသနည်း။ သင်သည် တစ်စုံတစ်ခုကို မှားယွင်းစွာ ပြောဆိုမိပါက ငါသည် သင့်ကို ပြစ်တင်ရှုတ်ချမည်မဟုတ်၊ သို့မဟုတ် အရေးလုပ်မည်လည်း မဟုတ်ပေ။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ပါက ငါတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ပြီး သင် နားမလည်သည့် မည်သည့်ကဏ္ဍကိုမဆို စကားစမြည်ပြောဆိုနိုင်သည်။ သင်သည် သာမန် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဖြစ်ပြီး တစ်စုံတစ်ခုကို အမှန်တကယ် မှားယွင်းပြောဆိုမိပါက သို့မဟုတ် အချို့သော မှားယွင်းသည့် အတွေးများနှင့် အမြင်များ ရှိပါက ယင်းမှာ ငါသည် သင့်ကို ထိုအကြောင်း ပြောဆိုရန် လိုလားခြင်းရှိမရှိဟူသည့်အပေါ် မူတည်သည်။ သင်၏ အစွမ်းအစသည် ညံ့ဖျင်းပြီး သင်၌ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကာ မည်သည့်အရာကိုမျှ ထွင်းဖောက်မမြင်နိုင်ကြောင်း ငါ မြင်တွေ့ပါက ငါသည် သင်နှင့် စကားစမြည်ပြောဆိုရန် အလိုရှိမည်မဟုတ်သည့်အပြင်၊ ငါတို့ စကားစမြည်ပြောဆိုခဲ့လျှင်ပင် မည်သည့်ရလဒ်မျှ ဖြစ်ထွန်းမည်မဟုတ်ပေ။ သို့ရာတွင် သင်၏ အစွမ်းအစသည် ကောင်းမွန်လျှင်၊ သင်၌ သဘောပေါက်နားလည်နိုင်စွမ်း ရှိပြီး အချို့အရာများကို ထွင်းဖောက်မြင်နိုင်ပါက သင်နှင့် စကားစမြည်ပြောဆိုခြင်းသည် ရလဒ်များ ဖြစ်ထွန်းနိုင်ပြီး လေဖြုန်းခြင်းဖြစ်မည်မဟုတ်ပေ။ ငါသည် မည်သူနှင့်မဆို သာမန်ကာလျှံကာ စကားစမြည်ပြောဆိုသည်ဖြစ်စေ သို့မဟုတ် မည်သည့်ပြဿနာများကို ငါ ရှာဖွေတွေ့ရှိသည်ဖြစ်စေ ငါ၏ စိတ်နှလုံးထဲတွင် ဦးစွာပထမ ၎င်းတို့ကို ပြစ်တင်ရှုတ်ချလိမ့်မည်မဟုတ်၊ ဒုတိယအနေဖြင့် ၎င်းတို့ကို ကျိန်ဆဲလိမ့်မည်မဟုတ်သည့်အပြင်၊ တတိယအနေဖြင့် ၎င်းတို့၏ အဆုံးသတ်များကို ငါ ဆုံးဖြတ်လိမ့်မည်မဟုတ်ပေ။ ထိုနည်းလမ်းဖြင့် ပြုမူခြင်းသည် အခြေအမြစ်မရှိသောအရာဖြစ်မည်ဖြစ်ပြီး ငါသည် မိုက်မဲသောအရာများကို မလုပ်ဆောင်ပေ။ ပုံမှန် လူ့သဘာဝအရ တစ်ခါတစ်ရံ ငါသည် ရင်းနှီးသူတစ်ဦးနှင့် တွေ့ဆုံသည့်အခါ အနည်းငယ် စကားပြောဆိုပြီး စကားစမြည်ပြောဆိုချင်ရုံသာ ဖြစ်သည်။ သင် လိုလားနေလျှင်၊ ငါသည် သင်နှင့် စကားပြောဆိုမည်။ မလိုလားလျှင် ငါသည် သင့်ကို အတင်းအကျပ်ပြုမည်မဟုတ်ပေ။ အချို့လူများသည် ငါနှင့် စကားစမြည်ပြောဆိုရန် ကြောက်ရွံ့ကြသည်။ ငါ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ ၎င်းတို့က ငါ့ကို သတိထားကာကွယ်နေကြပြီး တစ်စုံတစ်ခု မှားယွင်းပြောဆိုမိပြီး ငါ့ကို ၎င်းတို့အား အပြစ်တင်စရာတစ်ခုခု ပေးမိမည်ကို ကြောက်ရွံ့လျက်၊ ၎င်းတို့၏ အမြင်များကို မဖော်ပြကြပေ။ သင်သည် သင်၏ စိတ်နှလုံးထဲရှိသည့်အရာကို ပြောဆိုရန် မလိုလားကြောင်းကို ငါ မြင်တွေ့ပါက ငါသည် သင့်တော်သောနေရာတွင် ရပ်လိုက်မည်။ သင်သည် ငါ့ကို အမြဲ သတိထားကာကွယ်နေလျှင်၊ သင့်အပေါ် ကျိတ်ကြံစည်မည်ကို အမြဲ ကြောက်ရွံ့နေလျှင် ငါသည် သင်နှင့် စကားပြောဆိုရန် စိတ်ပါမည်မဟုတ်ပေ။ ငါ့ကို ပြောလော့၊ ငါ၏ ဤဆင်ခြင်တုံတရားသည် ပုံမှန်ဖြစ်သလော။ (ပုံမှန်ဖြစ်ပါသည်။) ငါသည် တစ်စုံတစ်ဦးနှင့် ပြောဆိုဆွေးနွေးပြီး ဆက်သွယ်သည့်အခါ နောက်ခံအခြေအနေ တစ်မျိုးမျိုး အမြဲ ရှိလိမ့်မည်။ ဥပမာအားဖြင့် သင်သည် လယ်တောတစ်ခုတွင် တိရစ္ဆာန်မွေးမြူရေးကို တာဝန်ယူထားပါက တိရစ္ဆာန်မွေးမြူရေးအကြောင်း ငါတို့ ပြောဆိုဆွေးနွေးကြမည်။ သင်သည် အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ပါက ငါတို့သည် အသင်းတော်ကိစ္စများ၊ ညီအစ်ကိုမောင်နှမများနှင့် သက်ဆိုင်သော ကိစ္စများ၊ ညီအစ်ကိုမောင်နှမများ၏ လက်ရှိအခြေအနေများက မည်သို့ရှိသည် သို့မဟုတ် အသင်းတော်အသက်တာက မည်သို့ရှိသည်ဟူသည်တို့ကို ဆွေးနွေးကြမည်။ သင်သည် ဧဝံဂေလိ တရားဟောသူတစ်ဦးဖြစ်ပါက ငါတို့သည် ဧဝံဂေလိအလုပ်အကြောင်း ပြောဆိုကြမည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင် လူတို့နှင့် ဆက်ဆံခြင်းဖြစ်ပြီး ဤသည်မှာ ငါ့အလုပ်နှင့်လည်း သက်ဆိုင်သည်။ အချို့ကိစ္စရပ်များသည် အသင်းတော်အလုပ်နှင့် မသက်ဆိုင်သော်လည်း ဘုရားအိမ်တော်၏ အထွေထွေရေးရာကိစ္စများ ဖြစ်နေဆဲ ဖြစ်သည်။ ငါတို့ တွေ့ဆုံသည့်အခါ ဤအရာများအကြောင်း စကားစမြည်ပြောဆိုခြင်းသည် ပုံမှန်ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၌ ကိစ္စရပ်များကို ကိုင်တွယ်ပြီး သင်၏တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ သို့ဖြစ်၍ ငါတို့ တွေ့ဆုံသည့်အခါ ငါသည် သင့်ကို နှုတ်ဆက်ပြီး သင်နှင့် စကားစမြည်ပြောဆိုကာ သင်၌ အခက်အခဲ တစ်ခုတလေရှိသလောဟူသည်ကို ကြည့်ရှုသင့်သည်။ တစ်ခါတစ်ရံတွင် သာမန်ကာလျှံကာဖြစ်သော စကားစမြည်ပြောဆိုမှုများအတွင်း ငါက “ပြီးခဲ့တဲ့ နှစ်ညအတွင်း အပူချိန် ကျသွားသည်။ သင်တို့နေရာမှာ အေးနေခဲ့သလော”ဟူသကဲ့သို့သော အရာတစ်ခုမေးမြန်းသည်။ အချို့က၊ “ကျွန်ုပ်တို့သည် အရွယ်ရောက်ပြီးသူများဖြစ်သည်။ ကျွန်ုပ်တို့အတွက် ကိုယ်တော် စိုးရိမ်ပေးဖို့ လိုသလော”ဟု တွေးလျက် ဤအရာကို မကြားလိုကြပေ။ ကောင်းသော ရည်ရွယ်ချက်များက အသိအမှတ်ပြုခြင်း မခံရပေ၊ မှန်သလော။ အခြားအချိန်များတွင် ငါသည် မီးဖိုချောင်သို့ သွားသည့်အခါ “ယခုနှစ်၏ဟင်းသီးဟင်းရွက်များက မည်သို့ရှိသနည်း။ စားဖို့ အလုံအလောက်ရှိသလော။ မည်သည့် ဘယ်ဟင်းသီးဟင်းရွက်များ သို့မဟုတ် အစားအစာများကို သင်တို့ နှစ်သက်သနည်း”ဟု ငါ မေးမြန်းသည်။ ဤအရာများသည် အလွန်ပုံမှန်ဖြစ်သော အရာများဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် လူတို့၏ စိတ်နှလုံးများသည် အလွန်ရှုပ်ထွေးပြီး အချို့ကိစ္စများတွင် ငါသည် ၎င်းတို့နှင့် ပုံမှန်ပုံစံဖြင့် ဆက်ဆံပြီး ဆက်သွယ်သည့်အခါ၌ပင် အဆင်ပြေချောမွေ့မှု မရှိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့၏ ပြဿနာများနှင့် ၎င်းတို့၏ စစ်မှန်သော အခြေအနေများအား ဖော်ထုတ်မိမည်ကို အမြဲ ကြောက်ရွံ့သောကြောင့် ဖြစ်ပျက်ရခြင်း ဖြစ်သည်။ အခြားသူများက အဘယ်အရာကို ကြောက်ရွံ့ကြသနည်း။ ၎င်းတို့က “ကျွန်ုပ်၏ စစ်မှန်သော အခြေအနေကို ကျွန်ုပ် ဖော်ထုတ်မိပါက စုဝေးပွဲများ၌ ကိုယ်တော်၏ တရားဒေသနာများတွင် ကိုယ်တော်သည် ကျွန်ုပ်ကို ပစ်မှတ်အဖြစ် အသုံးပြုလျက် ဖော်ထုတ်လိမ့်မည်”ဟု ကြောက်ရွံ့ကြသည်။ သင်သည် အဘယ်ကြောင့် ပစ်မှတ်တစ်ခု မဖြစ်နိုင်ရသနည်း။ ငါသည် သင်၏ ပြဿနာများနှင့် စပ်လျဉ်းသော သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ ယင်းက ထိုပြဿနာများကို ဖြေရှင်းပေးသည်။ ဤသည်မှာ သင် ရရှိခဲ့သော အပိုအရာတစ်ခု မဟုတ်လော။ ဤသည်မှာ သင်၏ ကောင်းမွန်သော အခွင့်အလမ်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ ကောင်းသောအရာ ဖြစ်သည်။ ယင်းက ငါသည် သင့်ကို အလေးအနက်ထားပြီး သင့်အတွက် အလေးထားမှုတစ်ခုခုရှိဗကြာင်းကို သက်သေပြသည်။ ဤသည်မှာ မှန်ကန်သလော။ အကယ်၍ ငါသည် သင့်ကို သတိမမူသည့်အပြင်၊ ငါ၏ စိတ်နှလုံးထဲ၌ သင်မရှိခဲ့လျှင်၊ ငါသည် သင်နှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေကို ရှာဖွေတွေ့ရှိခဲ့သော်လည်း အလေးဂရုမပြုသည့်အပြင်၊ သင့်ကို လမ်းညွှန်မှုနှင့် မိတ်သဟာယ မပေးခဲ့လျှင် သင်သည် သမ္မာတရားကို နားလည်ပြီး သင်၏ ပြဿနာများကို ဖြေရှင်းနိုင်မည်လော။ ယင်းနှင့်ပတ်သက်၍ သင် ပျော်ရွှင်မည်လော။ သင်က၊“ဘုရားသခင် ဖော်ထုတ်သည့် ပြဿနာများထဲမှ တစ်ခုမျှ ကျွန်ုပ်နှင့် မသက်ဆိုင်ပါ၊ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ်၌ ပြဿနာမရှိကြောင်း သက်သေပြသည်” ဟု တွေးလျက် ယင်းနှင့်ပတ်သက်၍ ကျေနပ်နေမည်ဆိုလျှင်၊ သင်သည် ဘုရားသခင်၏အမှုကို ဤနည်းလမ်းဖြင့် တွေ့ကြုံခံစားပါက သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်မည်မဟုတ်ပေ။ အချို့လူများသည် နှစ်ပေါင်းများစွာ ယုံကြည်ခြင်းရှိပြီးနောက် လုံးဝ ပြုပြင်ခြင်းမခံကြရပေ။ တစ်ကြိမ်တစ်ခါမျှပင် အဖြည့်ခံအဖြစ် ၎င်းတို့ အသုံးမခံခဲ့ရပေ၊ သို့တိုင် ၎င်းတို့သည် မိမိတို့က အလွန်တော်သည်ဟုလည်းကောင်း၊ ပြဿနာများမရှိဟုလည်းကောင်း၊ သေချာပေါက် ကယ်တင်ခံရလိမ့်မည်ဟူ၍လည်းကောင်း တွေးလျက် ဂုဏ်ယူကာ ကံကောင်းသည်ဟု ခံစားကြရသည်။ ဤသည်မှာ အလွန် ဒုက္ခဖြစ်စရာဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် ကယ်တင်ခြင်းကို မုချ မရရှိနိုင်ပေ။

ပုံမှန် လူ့သဘာဝ၏ တွေးခေါ်မှုရှိသော လူများသည် ပုံမှန် လူ့သဘာဝဘောင်အတွင်းတွင် အခြားသူများနှင့် ဆက်သွယ်ပြောဆိုကာ ဆက်ဆံသောအခါ ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို လိုက်နာကြလိမ့်မည်။ ဤအသိစိတ်ဖြင့်၊ အခြားသူများကို ၎င်းတို့ ဆက်ဆံပုံတွင် အနိမ့်ဆုံး စံနှုန်းတစ်ခုနှင့် စည်းမျဉ်းများ ရှိကြသည်။ သင်သည် ပုံမှန် လူ့သဘာဝ၏ တွေးခေါ်မှုအတွင်းတွင် လူတို့နှင့် ပြောဆိုဆွေးနွေးကာ ဆက်ဆံသောအခါ တစ်ဖက်တွင် သင်၌ လူ့သဘာဝ၏ အသိစိတ်နှင့်ဆိုင်သည့် သတိမူမိခြင်းတစ်ခု ရှိကြောင်း လူတို့က ခံစားနိုင်သည်။ အခြားတစ်ဖက်တွင် သင်သည် သင့်တင့်လျောက်ပတ်စွာဖြင့် ပြုမူသောကြောင့် အခြားသူများအတွက် မနှစ်မြို့ဖွယ် မဖြစ်ပေ။ နောက်ထပ် အရေးကြီးသောအချက်တစ်ခုမှာ သင်သည် အခြားသူများနှင့် ဆက်သွယ်ပြောဆိုကာ အပြန်အလှန်ဆက်ဆံသောအခါ သင်ဆက်သွယ်ပြောဆိုသော စကားများမှ ၎င်းတို့ အကျိုးကျေးဇူး ရရှိလိမ့်မည်ဖြစ်ပြီး လူ့သဘာဝက လိုအပ်သော အရာအချို့ကို ရရှိကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ လူတို့နှင့် ဆက်ဆံခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်းဟု ငါတို့ ခေါ်ဆိုသည့်အရာဖြစ်သည်။ ဆက်သွယ်ပြောဆိုခြင်းအားဖြင့် အဘယ်အရာကို ဆိုလိုသနည်း။ ရိုးစင်းသောဝေါဟာရအရ၊ ယင်းမှာ သာမန်ကာလျှံကာဖြစ်သော စကားစမြည်ပြောခြင်း ဖြစ်သည်။ လူအများစုသည် မည်သို့ သာမန်ကာလျှံကာ စကားစမြည်ပြောဆိုရမည်ကို မသိကြပေ။ ၎င်းတို့ စကားပြောသည်နှင့်တစ်ပြိုင်နက် အငြင်းအခုံများနှင့် စကားစစ်ထိုးခြင်းများအဖြစ်သို့ ဦးတည်တတ်ကြသည်၊ သို့မဟုတ် ၎င်းတို့က ကြွားဝါပြီး ၎င်းတို့ကို နာခံစေရန် အခြားသူများကို ဩဝါဒပေးကြသည်။ အပြောအဆို အနည်းငယ်ကောင်းသောသူတို့သည် မိမိတို့နှုတ်ကို ဖွင့်လိုက်သည်နှင့် အခြားသူများကို ဟောပြောချင်ကြကပြီး ၎င်းတို့၏ ဆရာအဖြစ် ပြုမူလိုကြသည်။ ဤသရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ခြင်းများချည်းသာ ဖြစ်ကြသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများသည် အခြားသူများနှင့် ပုံမှန်အတိုင်း သာမန်ကာလျှံကာ စကားစမြည် မပြောဆိုနိုင်ကြပေ။ ၎င်းတို့ ပုံမှန်အတိုင်း အတန်ကြာ စကားပြောဆိုလျှင်ပင် ယင်းက ကြာရှည်မခံနိုင်ပေ။ တစ်ချိန်ချိန်တွင် ၎င်းတို့သည် မျက်နှာနီလာအောင် အငြင်းအခုံပြုကြပြီး ယင်းထဲတွင် လုံးလုံးလျားလျား နစ်မွန်းသွားကြလိမ့်မည်။ ဤသည်မှာ ပုံမှန် သာမန်ကာလျှံကာဖြစ်သော စကားစမြည်ပြောခြင်း မဟုတ်ပေ။ ပုံမှန် သာမန်ကာလျှံကာဖြစ်သော စကားစမြည်ပြောခြင်းသည် လူတို့ကို ဝေဖန်ခြင်း သို့မဟုတ် ရှုတ်ချခြင်းဖြစ်ဖို့ မဆိုထားနှင့်၊ အမှန်အမှားကို အချေအတင်ပြောခြင်း သို့မဟုတ် စကားများခြင်းနှင့် ဘာမဟုတ်သည့်အရာလေးကို ငြင်းခုံခြင်း လုံးဝမဟုတ်ပေ။ သာမန်ကာလျှံကာဖြစ်သော စကားစမြည်ပြောခြင်းကို ငါတို့ အဓိပ္ပာယ်ဖွင့်ဆိုကြစို့။ ယင်းမှာ သတင်းအချက်အလက်များကို ဖလှယ်ခြင်းနှင့် မျှဝေခြင်း ဖြစ်သည်၊ ဤသည်မှာ သာမန်ကာလျှံကာ စကားစမြည်ပြောခြင်းဟု ငါတို့ ခေါ်ဆိုသည့်အရာ ဖြစ်သည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် မှန်ကန်တိကျသလော။ (မှန်ကန်တိကျပါသည်။) မည်သည့်နည်းလမ်းအားဖြင့် မှန်ကန်တိကျသနည်း။ သတင်းအချက်အလက်များကို ဖလှယ်ခြင်းနှင့် မျှဝေခြင်းသည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်။ ကြည့်လော့၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် မည်သို့ စကားစမြည်ပြောဆိုကာ ဆက်သွယ်ကြသနည်း။ ၎င်းတို့သည် အငြင်းမခုံကြသည့်အပြင်၊ အခြားသူကို အကျိုးဖြစ်စေလျက် အချင်းချင်း လေးစားနိုင်ကြသည်။ အခြားလူ မျှဝေသည့်အရာကို ကြားပြီးနောက် ၎င်းတို့သည် သတင်းအချက်အလက်အသစ်အချို့ကို ရရှိကြသည်။ ထို့နောက် ၎င်းတို့က အပြန်အလှနအနေဖြင့် အခြားလူကို မိမိတို့သိသော သတင်းအချက်အလက်အချို့အား ပြောပြကြရာ တစ်ဖက်လူကလည်း အကျိုးကျေးဇူးခံစားရပြီး ၎င်း၏ လူ့သဘာဝအတွင်းတွင် အတွေ့အကြုံ၊ ထိုးထွင်းအမြင်နှင့် အသိပညာတို့ကို ရရှိလေသည်။ တစ်ဖက်လူကို လေးစားခြင်းနှင့် တန်းတူရပ်တည်ချက်ဖြင့် ထိုသူနှင့် သဘောညီညွှတ်စွာ ပေါင်းသင်းဆက်ဆံခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများပေါ် အခြေခံ၍ မိမိတို့သိသော သတင်းအချက်အလက်များကို တစ်ဖက်လူအား မျှဝေခြင်း၊ ထို့နောက် တစ်ဖက်လူက မျှဝေသော သတင်းအချက်အလက်များကို ရရှိခြင်း၊ ဤသည်မှာ အပြန်အလှန် ကူညီခြင်း မဟုတ်လော။ ဤသည်မှာ တန်းတူညီမျှမှု၊ အပြန်အလှန်ကူညီမှု၊ သဘောညီညွှတ်မှုနှင့် မျှတမှုတို့၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဤသည်မှာ ဆက်သွယ်ပြောဆိုခြင်းနှင့် သာမန်ကာလျှံကာ စကားစမြည်ပြောခြင်းအားဖြင့် ဆိုလိုသည့်အရာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ငါ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် မှန်ကန်တိကျသလော။ (မှန်ကန်တိကျပါသည်။) ဤစည်းမျဉ်းအပေါ် အခြေခံ၍ စကားစမြည်ပြောခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းက မှန်ကန်ပေသည်။ အကယ်၍ ဆက်သွယ်ပြောဆိုခြင်းများနှင့် စကားစမြည်ပြောခြင်းများသည် ကျိတ်ကြံစည်ခြင်း၊ အငြင်းအခုံများ၊ ရုန်းကန်မှုများ၊ ပရိယာယ်များ၊ လှည့်ကွက်များ၊ ထောင်ချောက်များနှင့် စမ်းသပ်မှုများဖြင့် ပြည့်နှက်နေပါက၊ ထုတ်ဖော်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသာဖြစ်ပါက၊ အပြန်အလှန် ဖိနှိပ်ခြင်းများသာဖြစ်ပြီး လူတစ်ဦးချင်းစီက ကြွားဝါခြင်း၊ အချင်းချင်း ပြိုင်ဆိုင်ခြင်း၊ မည်သူက ပို၍အဆင့်မြင့်စွာ ပြောသည် သို့မဟုတ် ပို၍များများ ပြောသည်ကို ကြည့်ရန် ပြိုင်ဆိုင်ခြင်းများသာ ဖြစ်ပါက၊ ဤသည်မှာ ပုံမှန် ဆက်သွယ်ပြောဆိုခြင်း မဟုတ်ပေ။ ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်းတွင် ဆက်သွယ်ပြောဆိုခြင်း မဟုတ်ပေ။ ဤဆက်သွယ်ပြောဆိုခြင်းသည် သတင်းအချက်အလက်များကို ဖလှယ်ခြင်းနှင့် မျှဝေခြင်းမဟုတ်ဘဲ ထို့ထက် ဗြောင်ကျကျနှင့် ခိုးကြောင်ခိုးဝှက် ယှဉ်ပြိုင်ခြင်းများနှင့် စကားစစ်ထိုးခြင်းများသာ ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

ကျိတ်ကြံစည်ခြင်းမရှိဘဲ အခြားသူများနှင့် ဆက်သွယ်ပြောဆိုနိုင်ရန် သင်သည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်း ဆက်သွယ်ပြောဆိုရန် သင်ယူရမည်။ ဆက်သွယ်ပြောဆိုခြင်း၏ ရည်ရွယ်ချက်မှာ အခြားသူများကို ကူညီရန်နှင့် ၎င်းတို့ထံမှ အကူအညီနှင့် အကျိုးကျေးဇူးများကို ရရှိရန်လည်း ဖြစ်သည်။ ဤသည်မှာ ပုံမှန် ဆက်သွယ်ပြောဆိုခြင်းဖြစ်ပြီး ဤနည်းအားဖြင့် သင်သည် ကျိတ်ကြံစည်ခြင်းမရှိဘဲ ဆက်သွယ်ပြောဆိုမှုကို ရရှိနိုင်သည်။ ဘာသာတရား မရှိသူများ၏ ဆက်သွယ်ပြောဆိုခြင်းနှင့် စကားစမြည်ပြောခြင်းကို ကြည့်လော့။ ယင်းက ပုံမှန် ဆက်သွယ်ပြောဆိုခြင်း၏ အကျိုးတရားကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ဖောက်ပြန်ပျက်စီးသော လူများက ဆက်သွယ်ပြောဆိုပြီး စကားစမြည်ပြောသောအခါ ၎င်းတို့ ဆက်သွယ်ပြောဆိုခြင်း၏ အကြောင်းအရာ၊ ရည်ရွယ်ချက်များနှင့် လေသံတို့သည် ပုံမှန်ဖြစ်သလော။ (ပုံမှန်မဖြစ်ပါ။) ၎င်းတို့၏ ဆက်သွယ်ပြောဆိုခြင်းသည် ကြက်တိုက်ခြင်း သို့မဟုတ် ခွေးများ ကိုက်ကြခြင်းကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့၏ ဆက်သွယ်ပြောဆိုခြင်းသည် ချောမွေ့စွာ ဆက်လက်ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ၎င်းတို့သည် အခြားသူများကို ကျိတ်ကြံစည်ခြင်း သို့မဟုတ် ၎င်းတို့နှင့် ငြင်းခုံခြင်းမပြုရန်ပင် မတတ်နိုင်ကြပေ။ ဆက်သွယ်ပြောဆိုခြင်းသည် ချောမွေ့စွာ စီးဆင်းရန် ချစ်ခြင်းမေတ္တာနှင့်ပြည့်သော စိတ်နှလုံး၊ အချင်းချင်း ကူညီလိုသော ဆန္ဒနှင့် မိမိ၏အားနည်းချက်ကို ထေမိရန် အချင်းချင်း၏ အားသာခက်များမှ သင်ယူရန် လိုလားမှုတို့ လိုအပ်သည်။ ငါသည် သင်တို့နှင့် ဆက်သွယ်ပြောဆိုပြီး စကားစမြည်ပြောသောအခါ ငါတစ်ဦးတည်း ကျိတ်မကြံစည်ခြင်းက မလုံလောက်ပေ။ သင်တို့သည်လည်း ဤစည်းမျဉ်းအတိုင်း ကျိတ်ကြံစည်ခြင်းမရှိဘဲ၊ သံသယများမရှိဘဲ လက်တွေ့လုပ်ဆောင်ရမည်။ အကယ်၍ ငါက ကျိတ်ကြံစည်ခြင်းမရှိသော်လည်း၊ သင်တို့က စဉ်ဆက်မပြတ် ကျိတ်ကြံစည်နေကာ သင်တို့ကိုယ်တိုင် ကျိတ်ကြံစည်နေသည်သာမက၊ ငါက ကျိတ်ကြံစည်နေသည်ဟုလည်း သင်တို့ သံသယဝင်နေမည်ဆိုလျှင်၊ ငါတို့၏ ဆက်သွယ်ပြောဆိုခြင်းသည် ချောမွေ့စွာ စီးဆင်းနိုင်မည်မဟုတ်သည့်အပြင်၊ စစ်မှန်သည့်၊ အကျိုးရှိသော အပြန်အလှန်ဆက်ဆံမှုကို မရရှိနိုင် သို့မဟုတ် သဘောညီညွှတ်စွာ ပေါင်းသင်းဆက်ဆံခြင်း မရှိနိုင်ပေ။ အချို့လူများသည် ငါလာနေသည်ကို မြင်သောအခါ ပုန်းအောင်းရမည့် နေရာတစ်ခုကို အမြန်ရှာကြသည်။ အကယ်၍ ၎င်းတို့သည် ငါ့ကို အမှန်တကယ် မရှောင်နိုင်ပါက ငါ့ကို အင်တင်တင်ဖြင့် နှုတ်ဆက်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများထဲတွင်မူ၊ “တကယ် ဒုက္ခပင်။ ကိုယ်တော်က ကျွန်ုပ်တို့၏ အခြေအနေမှန်ကို သိရအောင် တစ်ဖန် ဤနေရာတွင် ရှိနေသည်။ ထိုသို့ လုပ်ဆောင်ပြီးသည့်နောက်၊ ကိုယ်တော်က သမ္မာတရား စည်းမျဉ်းများကို ထပ်မိတ်သဟာယဖွဲ့ပြီး ကျွန်ုပ်တို့ကို အရှက်ရစေဦးမည်။ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း”ဟု တွေးကြသည်။ အကယ်၍ သင်သည် ငါနှင့် တွေ့ဆုံရန် သို့မဟုတ် ဆက်ဆံရန် မလိုလားသည့်အပြင်၊ ငါနှင့် ဆက်ဆံနေစဉ် သင်၏စိတ်ထဲတွင် ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားရပြီး ငါက သင့်အပေါ် ကျိတ်ကြံစည်ရန် ကြိုးစားနေသည်ဟု အမြဲခံစားနေရပါက၊ ငါချဉ်းကပ်လာနေသည်ကို သင်မြင်သောအခါ ငါ့ကို ရှောင်ရှားနိုင်သည်။ အကယ်၍ သင်သည် ငါနှင့် ဆက်ဆံသောအခါ ငါက ကျိတ်ကြံစည်ခြင်းမရှိသည့်အပြင်၊ ယင်းက သင့်ထံ ဆောင်ကြဉ်းပေးသည့်အရာမှာ စိတ်အေးလက်အေးဖြစ်ခြင်း၊ ဝမ်းမြောက်မှု၊ လွတ်လပ်မှုနှင့် စိုးရိမ်သောကကင်းခြင်းတို့ဖြစ်ကြောင်း ခံစားရပါက၊ လတ်တလော အမှုအရာများ မည်သို့ရှိသည်ဟူသည်နှင့်ပတ်သက်၍ ငါတို့ တွေ့ဆုံကြစို့၊ စကားစမြည်ပြောကြစို့၊ သိအောင်လုပ်ကြစို့။ အကယ်၍ သင်က၊ “လတ်တလောတွင် ကိုယ်တော် နေကောင်းပါသလော” ဟု ငါ့ကို မေးပါက ငါသည် ရိုးသားစွာ ဖြေမည်။ အကယ်၍ ငါက၊ “လတ်တလောတွင်အခြေအနေများ မည်သို့ရှိသနည်း။ အသက်တာ တိုးတက်မှုတစ်ခုတလေ သင်ဖြစ်စေပြီလော။ သင်၏ တာဝန်ထမ်းဆောင်ခြင်းမှ အကျိုးအမြတ်တစ်ခုတလေ သင် ဖြစ်စေပြီလော”ဟု သင့်ကို မေးပြီး သင်ကလည်း ရိုးသားစွာ ပြန်ဖြေနိုင်ပါက အလွန်ကောင်းသည်။ တွေ့ဆုံမှုတိုင်းသည် နှစ်သက်ဖွယ် အခြေအနေတစ်ခုဖြင့် ဆက်ဖြစ်နိုင်သည်။ လူတို့သည် ငါ့ကို မြင်သောအခါ အမြဲပုန်းရှောင်နေခြင်းက မမှန်ကန်ပါက၊ ငါ့ကို တမင်သက်သက် မျက်နှာလုပ်ရန် အမြဲ ရိုးသားမှုမရှိသော မြှောက်ပင့်ပြောဆိုမှုများကို လုပ်ဆောင်ခြင်းက မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (မျက်နှာလုပ်ခြင်းကို နှစ်သက်ခြင်းသည် မမှန်ကန်ခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းနှင့် တူညီပါသည်။ ကျွန်ုပ်တို့အနေဖြင့် ပို၍စစ်မှန်စွာ ပြောဆိုခြင်းက ပိုကောင်းပြီး ဘုရားသခင်ကို ပုံမှန်စိတ်နေစိတ်ထားဖြင့် ဆက်ဆံရန်သာ လိုအပ်ပါသည်။ တစ်ချက်အနေဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် ပွင့်ပွင့်လင်းလင်း ရှိသင့်သည်။ နောက်တစ်ချက်အနေဖြင့် ကျွန်ုပ်တို့သည် မျက်နှာမလုပ်သင့်၊ ဘုရားသခင်ကို တမင်သက်သက် မျက်နှာချိုသွေးရန် မကြိုးစားသင့် သို့မဟုတ် ကိုယ်တော်နှင့် တမင်သက်သက် ပူးကပ်ပေါင်းသင်းရန် မကြိုးစားသင့်ပါ။) ငါနှင့်ပတ်သက်၍မူ တောင်းဆိုချက်တစ်ခုတည်းသာ ရှိသည်- သင့်ကို ငါ မြင်သောအခါ ငါ့ထံမှ မပုန်းကွယ်နှင့်၊ ပြီးလျှင် သင့်ကို ငါ မရှာသောအခါ ငါ့ကို မနှောင့်ယှက်နှင့်။ သင်လုပ်သင့်သည့်အရာကို လုပ်ပြီး အရာအားလုံးကို ပုံမှန်ဖြစ်စေလော့။ ငါသည် သင်တို့၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်စေမည် မဟုတ်သည့်အပြင် သင်တို့သည်လည်း ငါ့ကို မထိခိုက်စေသင့်ပေ။ ငါ့ကို ပုန်းရှောင်ခြင်းနှင့် ငါ့ကို နှောင့်ယှက်ခြင်း နှစ်မျိုးစလုံးသည် ငါနှင့် ထိတွေ့ဆက်ဆံရာတွင် လူတို့ လိုက်နာသင့်သော စည်းမျဉ်းများ မဟုတ်ပေ။ သို့ဆိုလျှင် စည်းမျဉ်းကား အဘယ်နည်း။ ယင်းမှာ ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်း ဆက်သွယ်ပြောဆိုရန်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ပြီး ရိုးစင်းသော အမှန်တရားကို ပြောဆိုနိုင်ရန် ဖြစ်သည်။ မည်သည့်အရာကို ငါ မေးသည်ဖြစ်စေ သင် အမှန်အတိုင်း ဖြေသင့်သည်။ အဘယ်ကြောင့် လူတို့သည် ရိုးစင်းသော အမှန်တရားကို ပြောဆိုရန် မတတ်နိုင်ကြသနည်း။ ဥပမာအားဖြင့်၊ ငါက သင့်ကို “ဤလတွင် ဧဝံဂေလိတရား ဟောပြောခြင်းဖြင့် လူမည်မျှကို သင် ရရှိခဲ့သနည်း” ဟု မေးပြီး သင်က ပြန်မဖြေချင်ဟု ဆိုကြပါစို့။ သင် သက်သောင့်သက်သာဖြစ်ခြင်းမရှိသည်ကို ငါမြင်ပါက ငါသည် နောက်ထပ် ဖိအားပေးမည် မဟုတ်ပေ။ ငါသည် လူတို့ကို ခက်ခဲသောအခြေအနေသို့ မရောက်စေချင်သည့်အပြင်၊ မည်သူ့ကိုမျှ စကားပြောရန် မည်သည့်အခါမျှ အတင်းအကျပ်မပြုပေ။ အခြားသူများက မည်သည့်အရာကို မေးသည်ဖြစ်စေ လူအချို့က၊ “ဤအရာကို မေးခြင်းအားဖြင့် သူတို့ မည်သည့်အရာကို ဆိုလိုသနည်း”ဟု အမြဲတစေ စဉ်းစားကြသည်။ ၎င်းတို့သည် တိုက်ရိုက်မဖြေချင်ကြ၊ မမှန်မကန် ဖြေမိပြီး မိမိတို့ကိုယ်ကို ပြဿနာဖြစ်စေမည်ကို အလွန်ကြောက်ရွံ့ကြသည်။ အကယ်၍ သင်သည် ဤသို့ အမြဲတမ်း မှန်းဆပြီး ကျိတ်ကြံစည်နေမည်ဆိုလျှင် ငါတို့ ဆက်သွယ်ပြောဆို၍မရနိုင်။ သင်သည် ငါ့မေးခွန်းများ၏ အဓိပ္ပာယ်ကို အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် မလိုအပ်သည့်အပြင်၊ ငါ့ကို ကျိတ်ကြံစည်ရန်လည်း မလိုအပ်ပေ။ အကယ်၍ သင်သည် ရိုးရှင်းနိုင်ပြီး သင်၏စိတ်နှလုံးထဲရှိသည့်အရာကို ပြောဆိုရန် သင့်ကိုယ်သင် ဖွင့်ဟနိုင်ပါက ငါတို့ အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်သည်။ ဤသည်မှာ လွယ်ကူသလော၊ မလွယ်ကူသလော။ (လွယ်ကူပါသည်။) ပြောရန်မှာ လွယ်ကူသော်လည်း အမှန်တကယ် လုပ်ဆောင်ရန် အနည်းငယ် ခက်ခဲကောင်း ခက်ခဲပေမည်။ ယင်းမှာ ထင်သလောက် မလွယ်ကူပေ။ ဥပမာအားဖြင့်၊ တစ်ခါက သင့်ကို ငါ မေးခွန်းတစ်ခု မေးခဲ့ပြီး ထိုအချိန်က အမှန်အတိုင်း သင် မပြောခဲ့၊ လိမ်လည်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုထိတွေ့ဆက်ဆံမှုနှင့် ဆက်သွယ်ပြောဆိုခြင်းက ကျရှုံးခဲ့သည်။ ကျရှုံးပြီးသည့်နောက် သင် မည်သည့်အရာ လုပ်သင့်သနည်း။ နောက်တစ်ကြိမ် ငါတို့ တွေ့ဆုံသောအခါ ယင်းကို ဝန်ခံရန် လုံလောက်သော သတ္တိရှိဖို့ ကြိုးစားလော့- “ပြီးခဲ့သည့်အခေါက်က ကျွန်ုပ်လိမ်လည်ခဲ့ပါသည်။ ယခုမှစ၍ ကျွန်ုပ်သည် ရိုးစင်းသော အမှန်တရားကို ပြောဆိုပါမည်။” ထိုအခါ ငါသည် သင့်ကို အားပေးမည်။ ငါသည် သင့်ကို လက်ခုပ်တီးပြီး လက်မထောင်ပြမည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရိုးသားသောသူတစ်ဦး ဖြစ်လာခြင်းတွင် အောင်မြင်ပြီး ဖြစ်သည်။ ဤသည်မှာ အလွန်ကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။)

ကျိတ်မကြံစည်ခြင်းနှင့်ဆိုင်သည့် အကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ဥပမာမည်မျှပင် ပေးထားသည်ဖြစ်စေ သင်တို့ကို ပြောပြနေသည့်အရာမှာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ ထိုစည်းမျဉ်းမှာ အဘယ်အရာဖြစ်သည်ကို သင်တို့သိသလော။ (ဘုရားသခင်ကို တိုင်းတာရန် သို့မဟုတ် ဘုရားသခင်ကို သံသယဝင်ရန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ရှုထောင့်အမြင်ကို မသုံးပါနှင့်။) မှန်ပေသည်။ ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ရှုထောင့်အမြင်ဖြင့် မဆက်ဆံနှင့်။ သို့ဆိုလျှင် မည်သည့်စည်းမျဉ်းကို လိုက်နာသင့်သနည်း။ (ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံပါ။) သူ့ကို လူသားတစ်ဦးကဲ့သို့ ဆက်ဆံခြင်း အဆင်မပြေသည်လော။ သူ့ကို ပုံမှန်၊ သာမန်လူတစ်ဦးကဲ့သို့ ဆက်ဆံ၍ အဆင်မပြေသလော။ သင်သည် သူ့ကို ဘုရားသခင်အဖြစ် ဆက်ဆံသည်ဖြစ်စေ၊ လူသားတစ်ဦးအဖြစ် ဆက်ဆံသည်ဖြစ်စေ၊ လူအချင်းချင်း ဆက်ဆံရေးအတွက် အရေးကြီးဆုံးသော စည်းမျဉ်းမှာ အချင်းချင်း ပွင့်ပွင့်လင်းလင်းရှိရန် ဖြစ်သည်။ ငါသည် သင်နှင့် စကားပြောပြီး ကိစ္စရပ်များကို ကိုင်တွယ်သောအခါ သင့်အပေါ် ကျိတ်ကြံစည်ခြင်း မရှိ။ သင်သည်လည်း ငါနှင့် ပွင့်ပွင့်လင်းလင်း ရှိသင့်သည်။ သို့ဆိုလျှင် အကယ်၍ တစ်စုံတစ်ဦးက သင့်အပေါ် ကျိတ်ကြံစည်ခြင်းမရှိပါက၊သင်သည်လည်း ၎င်းတို့အပေါ် ကျိတ်ကြံစည်သင့်သလော။ (မကြံစည်သင့်ပါ။) အကယ်၍ တစ်စုံတစ်ဦးက သင့်အပေါ် ကျိတ်ကြံစည်ပါက၊ သင်သည်လည်း ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ဆက်ဆံသင့်သည်။ ယင်းမှာ မှန်ကန်သောနည်းလမ်း ဖြစ်သည်။ ငါက သင့်အပေါ် ကျိတ်ကြံစည်သောကြောင့်သာ သင်က ကျိတ်ကြံစည်ခြင်း သို့မဟုတ် သံသယဝင်ခြင်းမရှိဘဲ ငါနှင့် ပွင့်ပွင့်လင်းလင်းရှိခြင်း မဟုတ်ပေ။ ထို့ထက်၊ အခြားသူများက သင့်အပေါ် ကျိတ်ကြံစည်လျှင်ပင်၊ သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူပြီး ကိစ္စရပ်များကို ကိုင်တွယ်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းများကို လိုက်နာခြင်း ဖြစ်သည်။ အချို့လူများက “သူတို့က ကျွန်ုပ်အပေါ် ကျိတ်ကြံစည်ခဲ့သည်၊ ကျွန်ုပ် မည်သို့ဖြစ်ပြီး လက်တုံ့မပြန်ဘဲ နေနိုင်မည်နည်း။ ကျွန်ုပ်က ၎င်းတို့ကို အကြောင်းမပြသည့်အပြင် ဤကဲ့သို့ အနိုင်ကျင့်ခွင့်သာပေးနေလျှင် ကျွန်ုပ် ဆုံးရှုံးနစ်နာမည် မဟုတ်လော။ ကျွန်ုပ်ကို ထိုသို့လွယ်လွယ်ဩဇာပေး၍ ရသလော”ဟု ပြောကြသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့၏ ကျိုးကြောင်းဆင်ခြင်မှုသည် အဓိပ္ပာယ်ရှိသလော။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ ဤသည်မှာ လောကီလူတို့အကြားတွင် အဓိပ္ပာယ်ရှိပေသည်။ သို့သော် သမ္မာတရားဖြင့် တိုင်းတာမည်ဆိုလျှင် ဤစကားက မှားယွင်းသည်။ ၎င်းတို့က သင့်အပေါ် ကျိတ်ကြံစည်ခြင်းသည် ဒုစရိုက်အမှုတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် တုံ့ပြန်ကလဲ့စားချေပြီး ၎င်းတို့အပေါ် ကျိတ်ကြံစည်ရန် တူညီသောနည်းလမ်းကို အသုံးပြုပါက ဘုရားသခင်၏ အမြင်တွင် အနှစ်သာရမှာ အတူတူပင် ဖြစ်သည်၊ နှစ်ခုလုံးက ဒုစရိုက်အမှုများ ဖြစ်ကြသည်။ ၎င်းတို့က သင့်အပေါ် ကျိတ်ကြံစည်ခဲ့သောကြောင့် သင်၏ တုံ့ပြန်တိုက်ခိုက်ခြင်းက လုံးဝတရားမျှတပြီး စည်းမျဉ်းများနှင့် ကိုက်ညီကာ ဒုစရိုက်အမှုတစ်ခု မဟုတ်ဟု ဘုရားသခင်က ပြောမည်မဟုတ်ပေ။ သင်က ၎င်းတို့ကို အဘယ်ကြောင့် ကျိတ်ကြံစည်သည်ကို ဘုရားသခင် မကြည့်ပေ။ သင်၏လုပ်ရပ်ကိုယ်၌က ကျိတ်ကြံစည်ခြင်း ဟုတ်မဟုတ်၊ ဒုစရိုက်အမှုတစ်ခု ဟုတ်မဟုတ်ဟူသည်နှင့် ဤကိစ္စရပ်ကို သမ္မာတရားဖြင့် သင် ချိန်ထိုးခြင်း သို့မဟုတ် လူ့ကိုယ်ကျင့်တရားဆိုင်ရာ အမြင်များဖြင့် သုံးသပ်ခြင်း ရှိမရှိဟူသည်တို့ကို သူ ကြည့်သည်။ အကယ်၍ ထိုကိစ္စရပ်ကို လူ့ကိုယ်ကျင့်တရားဆိုင်ရာ အမြင်များဖြင့် တိုင်းတာမည်ဆိုလျှင် “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း” ဟူသည်ကို သင့်လျော်သည်ဟု မှတ်ယူရပေမည်။ ၎င်းတို့က သင့်ကို ဦးစွာ ကျိတ်ကြံစည်ခဲ့သောကြောင့်၊ သင်က တူညီသောနည်းလမ်းကို အသုံးပြု၍ တုံ့ပြန်ကလဲ့စားချေပြီး ၎င်းတို့အပေါ် ကျိတ်ကြံစည်ခြင်းသည် ကျိုးကြောင်းဆီလျော်ပြီး ထိုသို့သော အကျိုးဆက်များကို ၎င်းတို့ လက်ခံသင့်သည်။ လူသား ရှုထောင့်အမြင်၊ လူ့ကိုယ်ကျင့်တရားဆိုင်ရာ အမြင်များကို အသုံးပြုခြင်းမှ တိုင်းတာပါက၊ ယင်းကမမှားယွင်းပေ။ ဥပဒေဖြင့် တိုင်းတာလျှင်လည်း တရားမဝင်ခြင်း ဖြစ်ချင်မှ ဖြစ်ပေမည်။ သို့သော် ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ သမ္မာတရားနှင့် ဆန့်ကျင်သည်။ သမ္မာတရားနှင့် ဆန့်ကျင်သည့် မည်သည့်အရာမဆိုသည် ဒုစရိုက်အမှုတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမြင်တွင် ပြစ်တင်ရှုတ်ချခြင်းခံရသည်။ သင်၏ တုံ့ပြန်တိုက်ခိုက်ခြင်းက တရားဝင်ဖြစ်လျှင်ပင်၊ သင်၏ တုံ့ပြန်တိုက်ခိုက်ခြင်းက ကျိုးကြောင်းဆီလျော်ပြီး ကိုယ်ကျင့်တရားအရ မျှတသည့်အတွက်ကြောင့်သက်သက်ဖြင့် ဘုရားသခင်က သင့်ကို ပြစ်တင်ရှုတ်ချခြင်းမှ ရှောင်ကြဉ်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့က သင့်ကို ကျိတ်ကြံစည်ပြီးသည့်နောက် သင်က ၎င်းတို့ကို ဆက်ဆံသည့်ပုံစံကို ဘုရားသခင် ကြည့်ရှုလိမ့်မည်။ အကယ်၍ သင်သည် ၎င်းတို့ကို တူညီသောနည်းလမ်းဖြင့် ဆက်ဆံပါက ဘုရားသခင် သင့်ကို ပြစ်တင်ရှုတ်ချလိမ့်မည်။ သို့သော် သင်က ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း ဆက်ဆံပြီး ဘုရားသခင်က သင့်ကို သင်ကြားပေးခဲ့သည့်နည်းလမ်းအတိုင်း မျှမျှတတနှင့် တရားမျှတစွာ ဆက်ဆံပါက၊ ကိုယ်ကျင့်တရားအရ လူတို့က အယူအဆများရှိပြီး သင့်ကို ပြစ်တင်ရှုတ်ချကောင်း ပြစ်တင်ရှုတ်ချနိုင်သည့်အပြင် ဥပဒေအရ သင်သည် ပြစ်ဒဏ်စီရင်ခြင်း ခံရကောင်းခံရနိုင်သော်လည်း၊ ဘုရားသခင်၏ အမြင်တွင်မူ ဤကိစ္စ၌ သင်သည် စည်းမျဉ်းနှင့်အညီ ပြုမူခဲ့ပြီး ယင်းမှာ ဒုစရိုက်အမှုတစ်ခု မဟုတ်ဟု ဘုရားသခင် ဆိုသည်၊ သူသည် သင့်ကို ပြစ်တင်ရှုတ်ချလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် လူတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း ဆက်ဆံနိုင်ပါက ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ သင်သည် ခရစ်တော်ကို သင်၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများပေါ် အခြေခံ၍ မဆက်ဆံသင့် သို့မဟုတ် သူ့အပေါ် လှည့်ကွက်များနှင့် လှည့်ဖြားမှုများ အသုံးမပြုသင့်ပေ။ လူတို့ကို ဆက်ဆံရာတွင်လည်း ဤကဲ့သို့ပင် သင် ဖြစ်သင့်သည်။ အကယ်၍ သင်သည် ခရစ်တော်တည်းဟူသော ဤသာမန်လူကို မှန်ကန်စွာ ဆက်ဆံနိုင်ပါက ထိုနည်းတူစွာပင် အခြားသူများကိုလည်း မှန်ကန်စွာ ဆက်ဆံနိုင်ပေသည်။ လူတစ်ဦးက မည်သူပင်ဖြစ်စေ ၎င်းတို့ကို ဆက်ဆံရာတွင် မှန်ကန်သော သဘောထားကို သင် ခံယူသင့်သည်။ ဤနည်းအားဖြင့် လူတို့ကို ဆက်ဆံခြင်းအတွက် သင်၏ စည်းမျဉ်းများနှင့် နည်းလမ်းများက မှန်ကန်လာလိမ့်မည်။ အကယ်၍ သင်သည် လူတို့အပေါ် ဆက်ဆံပုံနှင့်စပ်လျဉ်း၍ ၎င်းတို့အပေါ် သင်၏သဘောထား သို့မဟုတ် သင်၏အတွေးအခေါ်များနှင့် ရှုထောင့်များတွင် အမှားတစ်ခု ပြုလုပ်မိပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း သင့်ကိုယ်သင် ချက်ချင်း ဆင်ခြင်သုံးသပ်ပြီး သင်၏အတွေးအခေါ်များနှင့် ရှုထောင့်များကို အမှန်ပြင်လိမ့်မည်ဖြစ်စဉ် တစ်ချိန်တည်းမှာပင် သင်၏အပြုအမူကို အဆက်မပြတ် ထိန်းညှိနေမည်ဖြစ်ပြီး တဖြည်းဖြည်းနှင့် လူတို့ကို ဆက်ဆံပုံနှင့်စပ်လျဉ်း၍ သင်၏အတွေးများနှင့် ရှုထောင့်များအပြင် ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းတို့အတွက် သင်၏ စည်းမျဉ်းများသည် သမ္မာတရားနှင့် တိုး၍ကိုက်ညီလာလိမ့်မည်။ သမ္မာတရား စည်းမျဉ်းများက သင်၏အသက်တာ ဖြစ်လာသောအခါ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖယ်ရှားခြင်းခံရပြီး ပြောင်းလဲသွားလိမ့်မည်ဖြစ်ကာ သင်သည် လူတို့ကို မျှတပြီး တရားမျှတစွာလည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသော နည်းလမ်းဖြင့်လည်းကောင်း ဆက်ဆံနိုင်လိမ့်မည်။ အကယ်၍ ၎င်းတို့က သင့်အပေါ် ကျိတ်ကြံစည်ပါက၊ ၎င်းတို့အပေါ် သင် ကျိတ်မကြံစည်ခြင်းက မှန်ကန်သည်ဟု သင်ထင်သည်။ သို့သော် အကယ်၍ ၎င်းတို့က သင့်အပေါ် ကျိတ်ကြံစည်ပြီး သင်က ၎င်းတို့အပေါ် ကျိတ်ကြံစည်ခြင်းအား ရှောင်ကြဉ်နိုင်ကာ၊ ထိုအစား သမ္မာတရားကို ရှာဖွေပြီး ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း ဆက်ဆံနိုင်မည်ဆိုလျှင်၊ ယင်းမှာ တိုးတက်မှု မဟုတ်လော။ ယင်းမှာ ပြောင်းလဲခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ ၎င်းတို့က သင့်အပေါ် ကျိတ်ကြံစည်ပြီး သင်ကလည်း ၎င်းတို့အပေါ် ကျိတ်ကြံစည်လျှင် သင့်အပေါ် ကျိတ်ကြံစည်သည့်သူကဲ့သို့ တူညီသောလမ်းကြောင်းကိုပင် သင် လျှောက်လှမ်းနေခြင်း မဟုတ်လော။ ထိုသို့ဆိုလျှင် သင်နှင့် လောကီလူများအကြား အဘယ်ကွာခြားချက် ရှိသနည်း။ လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များ သို့မဟုတ် သင် ကျင့်ကြံပြုမူပြီး ပြုမူလုပ်ဆောင်ခြင်းနောက်ကွယ်ရှိ ရှုထောင့်များတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိလေပြီ။ ဤအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများပေါ် အခြေမခံဘဲ လောကီလူများ၏ စည်းမျဉ်းများပေါ်တွင် အခြေခံပေသည်။ ထိုစည်းမျဉ်းများမှာ သင့်အပေါ် မည်သူက ကျိတ်ကြံစည်သည်ဖြစ်စေ၊ ၎င်းတို့အပေါ် သင် ကျိတ်ကြံစည်ခြင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ဟူ၍ ဖြစ်သည်။ သင်သည် လောကီလူများ၊ ဘာသာတရား မရှိသူများနှင့် ဘာမျှမခြားနားပေ။ အကယ်၍ တစ်စုံတစ်ဦးက သင့်ကို ကျိတ်ကြံစည်သည်ဖြစ်စေ၊ မကြံစည်သည်ဖြစ်စေ၊ သင်သည် ၎င်းတို့အပေါ် မည်သည့်အခါမျှ ကျိတ်ကြံစည်ခြင်းမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ၎င်းတို့ကို ဆက်ဆံမည်ဆိုလျှင်၊ ဤရပ်တည်ချက်နှင့် ရှုထောင့်အမြင်တို့က မှန်ကန်ပေသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုသည် လူတို့ကို အဘယ်အရာ ပြောခဲ့သနည်း။ အကယ်၍ တစ်စုံတစ်ဦးက သင်၏ညာဘက်ပါးကို ရိုက်လျှင် သင်ဘာလုပ်သင့်သနည်း။ (သခင်ယေရှု ပြောခဲ့သည်မှာ “သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့်၍ပေးဦးလော့။” (ရှင်မဿဲခရစ်ဝင် ၅:၃၉)) အချို့လူများက “သူတို့က ကျွန်ုပ်ကို ရိုက်လျှင် ကျွန်ုပ် ပြန်ရိုက်မည်။ သူတို့က ကျွန်ုပ်၏ ဘယ်ဘက်ပါးကို ရိုက်လျှင် ကျွန်ုပ်လည်း သူတို့၏ ဘယ်ဘက်ပါးကို ရိုက်မည်။ သူတို့က ကျွန်ုပ်၏ ညာဘက်ပါးကို ရိုက်လျှင် ကျွန်ုပ်လည်း သူတို့၏ ညာဘက်ပါးကို ရိုက်မည်။ ဤသည်မှာ ကိုယ်ကျင့်တရားအရရော ဥပဒေအရပါ ပြစ်တင်ရှုတ်ချခြင်း မခံရပါ”ဟု ပြောကြသည်။ ဘုရားသခင်က “မှားသည်။ ၎င်းတို့က သင်၏ဘယ်ဘက်ပါးကို ရိုက်လျှင် သင်၏ညာဘက်ပါးကိုလည်း ၎င်းတို့ထံ လှည့်ပေးလိုက်လော့။ပြန်မရိုက်နှင့်”ဟု ပြောသည်။ သင်ထိုသို့ လုပ်နိုင်သလော။ ဘုရားသခင်၏ တောင်းဆိုချက်သည် လူ့အမြင်တွင် လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ အချို့လူများအတွက် ဤသည်မှာ မိုက်မဲသော စကားတစ်ခွန်း၊ ရူးမိုက်သော လုပ်ရပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဤသည်မှာ သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက် ဖြစ်သည်။ သင်ထိုသို့ လုပ်နိုင်သလော။ သင်က “ကျွန်ုပ် မလုပ်နိုင်ပါ။ ၎င်းတို့က ကျွန်ုပ်၏ ဘယ်ဘက်ပါးကို ရိုက်လျှင် ကျွန်ုပ် ပြန်ရိုက်ရမည်။ မဟုတ်လျှင် ကျွန်ုပ်၏ မာနနှင့် ဂုဏ်သိက္ခာ ရှိတော့မည် မဟုတ်သည့်အပြင်၊ လုံးဝ သိက္ခာကျသွားလိမ့်မည်”ဟု ပြောသည်။ သင်၏ဤစကားသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အကြားတွင် ရပ်တည်နိုင်သည်ဖြစ်စေ၊ မရပ်တည်နိုင်သည်ဖြစ်စေ၊ အကယ်၍ ဘုရားသခင်၏ အမြင်တွင် သင်၏စကားသည် မှားယွင်းလျှင်၊ သင်၏ရှုထောင့်အမြင်က မှားယွင်းလျှင်၊ သင်၏အပြုအမူက မှားယွင်းလျှင်၊ သင်၏အပြုအမူသည် ဘုရားသခင်၏ အမြင်တွင် ပြစ်တင်ရှုတ်ချခြင်း ခံရပေသည်။ ပြစ်တင်ရှုတ်ချခြင်း ခံရသည့်အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်ခဲ့သောကြောင့်၊ သင်သည် ဘုရားသခင်၏ လမ်းခရီးကို မလိုက်လျှောက်ခဲ့သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးက သင်၏ဘယ်ဘက်ပါးကို ရိုက်လျှင် သင်၏ညာဘက်ပါးကိုလည်း ၎င်းတို့ထံ လှည့်ပေးသင့်သည်ဟု ဘုရားသခင်က သင့်ကို ပြောခဲ့သည်။ သင်ထိုသို့ လုပ်ခဲ့သလော။ ဘုရားသခင်က သင့်ကို တောင်းဆိုရုံဖြစ်သည်- သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့သလော။ ဘုရားသခင်က သင့်ကို ညွှန်ကြားခဲ့သည့်အတိုင်း သင်လက်တွေ့လုပ်ဆောင်ခဲ့သလော။ အကယ်၍ သင်သည် ဤသို့ လက်တွေ့မလုပ်ဆောင်ခဲ့ပါက ဘုရားသခင်၏ လမ်းခရီးကို သင် မလိုက်လျှောက်ခဲ့သည့်အပြင် သင်သည် ဘုရားသခင်ကို ပုန်ကန်သူတစ်ဦး ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတစ်ဦး မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူသူတစ်ဦးလည်း မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် သင့်ကို မနှစ်သက်ပေ၊ သင်သည် ဘုရားသခင် လက်ခံသောသူတစ်ဦး မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ အမြင်တွင် သင်ပြန်ရိုက်လိုက်သော ထိုပါးရိုက်ချက်သည် ဒုစရိုက်အမှုတစ်ခု ဖြစ်သည်။ ယင်းမှာ လုံးဝတရားကြောင်း၊ သင်၏ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို ကာကွယ်ရန် လိုအပ်သော နည်းလမ်းတစ်ခုဖြစ်ကြောင်း သင် အမြဲတစေ တွေးထင်ကောင်း တွေးထင်ပေမည်။ သို့သော် ဘုရားသခင်၏ အမြင်တွင် ထိုပါးရိုက်ချက်သည် ဘုရားသခင်၏ လမ်းခရီးကို သင် မလိုက်လျှောက်ခဲ့ကြောင်းနှင့် လိုက်လျှောက်လိုစိတ်လည်း မရှိကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားမထောင်ကြောင်းနှင့် သင်၏အမြင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အယူဝါဒ၊ အနှစ်မဲ့သော စကားများသာ ဖြစ်ကြောင်းတို့ကို ဆိုလိုပေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောပြောရုံသာ ဟောပြောပြီး မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ ဘုရားသခင်သည် သင့်ကို ဘုရားသခင်၏ လမ်းခရီးအား မလိုက်လျှောက်သူတစ်ဦးအဖြစ် သတ်မှတ်လိမ့်မည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်သေးသလော။ အကယ်၍ သင်သည် ဘုရားသခင်၏ လမ်းခရီးကို မလိုက်လျှောက်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏အသက် မည်သည့်အခါမျှ ဖြစ်မလာနိုင်ပေ။ သင်သည် သင်၏ကိုယ်ပိုင် ကျိုးကြောင်းဆင်ခြင်မှုကို မည်မျှပင် ငြင်းခုံနေပါစေ ဘုရားသခင်နှင့်ပတ်သက်လာလျှင် သူသည် နားထောင်မည် မဟုတ်။ ဘုရားသခင်က “သင်၏ဘယ်ဘက်ပါးကို တစ်စုံတစ်ဦးက အကြောင်းမဲ့ ရိုက်ခဲ့ပြီး သင်က အတော်လေး သနားစရာကောင်းသည်။ သင်၏ဂုဏ်သိက္ခာကို ကာကွယ်ဖို့ သင်ပြန်ရိုက်နိုင်သည်။ ပြန်ရိုက်ပြီးနောက် သင်ဆုတောင်းပြီး သင်၏အပြစ်ကို ဝန်ချနိုင်သည်၊ ဘုရားသခင်က သင့်ကို ခွင့်လွှတ်ပြီး ပြစ်တင်ရှုတ်ချမည် မဟုတ်ပါ”ဟု ပြောမည်မဟုတ်ပေ။ ဘုရားသခင်က ထိုသို့ မပြောခဲ့ပေ။ ဘုရားသခင်က သင်၏ဘယ်ဘက်ပါးကို တစ်စုံတစ်ဦးက ရိုက်လျှင် သင်၏ညာဘက်ပါးကိုလည်း ၎င်းတို့ထံ လှည့်ပေးလော့ဟု ဆိုခဲ့သည်။ အကယ်၍ သင်ထိုသို့ လုပ်နိုင်ပါက ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သူတစ်ဦး ဖြစ်သည်။ အကယ်၍ သင်မလုပ်နိုင်ပါက ဘုရားသခင်၏ အမြင်တွင် သင်သည် ဘုရားသခင်ကို ပုန်ကန်သူတစ်ဦး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်သူ သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးကို မလိုက်လျှောက်သူ၊ ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။ ဆိုးယုတ်သောလူများအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်က “ငါ့ထံမှ ထွက်သွားကြလော့။ သင်တို့ကို ငါမသိ”ဟု ပြောသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို အလိုမရှိပေ။ နားလည်ပြီလော။ (နားလည်ပါပြီ။) ကျိတ်ကြံစည်ခြင်းနှင့် ပတ်သက်၍လည်း ထိုနည်းတူပင်ဖြစ်သည်။ သင်က “ကျွန်ုပ်အပေါ် ၎င်းတို့ ကျိတ်ကြံစည်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့အပေါ် ကျွန်ုပ် ကျိတ်ကြံစည်ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားသနည်း” ဟု ပြောသည်။ သင်က လူတို့ပေါ် ကျိတ်ကြံစည်ခြင်းက မှားယွင်းပေသည်။ မည်သည့်နည်းလမ်းအားဖြင့် မှားယွင်းသနည်း။ ကျိတ်ကြံစည်ခြင်းသည်ပင် ဒုစရိုက်အမှုတစ်ခုဖြစ်ပြီး ကောင်းမှုတစ်ခု မဟုတ်သောကြောင့် မှားယွင်းခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့က လူတို့အပေါ် ကျိတ်ကြံစည်သောအခါ ဘုရားသခင်က ၎င်းတို့ကို ပြစ်တင်ရှုတ်ချသည်။ သင်သည် ထိုနည်းတူ ပြုလုပ်ပါက ဘုရားသခင်သည် သင့်ကိုလည်း ထိုနည်းတူစွာပင် ပြစ်တင်ရှုတ်ချလိမ့်မည်။ သင်သည် ကျိတ်ကြံစည်ခြင်း ကင်းရှင်းသည့် နည်းလမ်းတစ်ခု၊ ဘုရားသခင်လက်ခံသည့် နည်းလမ်းတစ်ခုဖြင့် ပြုမူသင့်သည်။ သင်၏တာဝန်မှာ သင်၏ကိုယ်ပိုင် ကျိုးကြောင်းဆင်ခြင်မှုကို ငြင်းခုံရန် သို့မဟုတ် သင်၏ကိုယ်ပိုင် ဂုဏ် သို့မဟုတ် သိက္ခာကို ကာကွယ်ရန်မဟုတ်ဘဲ ဘုရားသခင်က သင့်ကို ပြောပြထားသည့် လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းနှင့် စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ သင်၏ ကိုယ်ပိုင် သိက္ခာ၊ အဆင့်အတန်းနှင့် ဂုဏ်တို့သည် အရေးမကြီးပေ။ အဘယ်အရာက အရေးကြီးသနည်း။ အရေးကြီးသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်အထဲ၌ အကောင်အထည်ပေါ်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏အသက် ဖြစ်လာခဲ့ခြင်း ရှိမရှိ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ခဲ့ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်အထဲ၌ ပြည့်စုံခဲ့ခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ နားလည်ပြီလော။ (နားလည်ပါပြီ။) အချို့လူများက “၎င်းတို့က ကျွန်ုပ်ကို ဆဲသည်၊ ထို့ကြောင့် ကျွန်ုပ်လည်း ၎င်းတို့ကို ပြန်ဆဲမည်”ဟု ပြောကြသည်။ ဤသို့ပြောခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အခြားသူများက “၎င်းတို့က ကျွန်ုပ်အပေါ် အမြဲတမ်း သဘောထားသေးသည်၊ ထို့ကြောင့် ကျွန်ုပ်က ၎င်းတို့အပေါ် အဘယ်ကြောင့် သဘောထားမသေးနိုင်ရမည်နည်း။ ကျွန်ုပ်သာ မလုပ်လျှင် မိုက်မဲသည့်ပုံပေါ်မည် မဟုတ်လော”ဟု ပြောကြသည်။ အခြားသူများက သင့်ကို မည်သို့မြင်သည်ဟူသည်မှာ အရေးကြီးသလော။ (အရေးမကြီးပါ။) လူတို့သည် အခြားသူများက ၎င်းတို့ကို မိုက်မဲသည်၊ စဉ်းစားဉာဏ်မဲ့သည်ဟု မြင်မည်ကို အမြဲကြောက်ရွံ့လျက် သိက္ခာကို အမြဲတစေ ရေးကြီးခွင့်ကျယ်လုပ်ကြသည်။ အမှန်တကယ်တွင် အခြားသူများက သင့်ကို မည်သို့မြင်သည်မှာ အရေးမကြီးပေ။ အဘယ်အရာက အရေးကြီးသနည်း။ ၎င်းတို့က သင့်ကို မိုက်မဲသောသူ၊ စဉ်းစားဉာဏ်မရှိသောသူအဖြစ်မြင်သောအခါ၊ ၎င်းတို့က သင့်ကို လှောင်ပြောင်သောအခါ သင်မည်သို့ တုံ့ပြန်သနည်း။ သင်သည် စိတ်မြန်လက်မြန်ဖြင့်၊ လူ့နည်းလမ်းများနှင့် နည်းစနစ်များဖြင့် တုံ့ပြန်သလော၊ သို့မဟုတ် ဘုရားသခင်က သင့်ကို ပြောပြထားသည့် စည်းမျဉ်းများအတိုင်း တုံ့ပြန်သလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ပြီးပြီလော။ သင်သည် သင်၏တာဝန်ကို ခိုင်မာစွာ စောင့်ထိန်းပြီလော။ ၎င်းတို့က သင့်ကို ရယ်မောပြီး မိုက်မဲသည်ဟု ခေါ်သောကြောင့်သက်သက်၊ သင်က ဝုန်းဒိုင်းကြဲပြီး၊ “သင်က ကျွန်ုပ်ကို မိုက်မဲသည်ဟု မြင်သည်။ ထို့ကြောင့် ကျွန်ုပ် ဤအရာကို ဆက်လုပ်မည် မဟုတ်တော့ပါ”ဟု သင်၏ အလုပ်ကို စွန့်လွှတ်သည်။ သင်သည် ၎င်းတို့အတွက် ယင်းကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ အကယ်၍ သင်သည် သင်၏တာဝန်ကို စွန့်လွှတ်ခဲ့ပါက ဘုရားသခင်က အဘယ်အရာကို ပြောမည်နည်း။ “တစ်စုံတစ်ဦးက သင့်ကို မိုက်မဲသည်ဟု ခေါ်သောကြောင့်၊ သင်က ငါပေးအပ်ခဲ့သည့် တာဝန်ကို စွန့်လွှတ်ခဲ့သည်။ သင့်တွင် သစ္စာစောင့်သိခြင်း မရှိပါ”ဟူ၍ ဖြစ်သည်။ ဘုရားသခင်က ဤသို့ မြင်လိမ့်မည်။ အကယ်၍ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင် အမှန်တကယ် ရှိပါက၊ အကယ်၍ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိမှု ရှိပါက၊ တစ်စုံတစ်ဦးက သင့်ကို လှောင်ရယ်ပြီး မိုက်မဲသည်ဟု ခေါ်လျှင် သင်က၊“ကျွန်ုပ်ကို မိုက်မဲသည်ဟု သင် ပြောသည်။ သင်က ကျွန်ုပ်ကို စဉ်းစားဉာဏ်မရှိဘူးဟု ပြောသည့်အပြင်၊ ကျွန်ုပ်၏ နောက်ကွယ်တွင် ကျွန်ုပ်ကို လှောင်ရယ်သည်။ ကျွန်ုပ်က သင်နှင့် မငြင်းခုံသည့်အပြင် သင့်ကို အပြစ်မတင်ပါ။ ကျွန်ုပ်က မိုက်မဲပြီး ကျွန်ုပ်၏ အစွမ်းအစက ညံ့ဖျင်းသော်လည်း၊ ဘုရားသခင်က ကျွန်ုပ်ကို ချီးမြှောက်ခဲ့ပြီး ကျွန်ုပ်ကို မထီမဲ့မြင်မပြုပေ။ ဤတာဝန်ကို သင် ပေးထားခြင်း မဟုတ်ပါ၊ ဘုရားသခင်က ကျွန်ုပ်ကို ပေးထားခြင်း ဖြစ်သည်။ ကျွန်ုပ်အတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ သင်က ကျွန်ုပ်ကို အထင်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ အရေးမကြီးပါ။ ကျွန်ုပ်က သင်မြင်ဖို့အတွက် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ပါ။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ကျွန်ုပ်၏ ခေါ်ခြင်း ဖြစ်သည်။ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်ဖြစ်ပြီး ဘုရားသခင်ကို သစ္စာစောင့်သိရမည်။ ဤတာဝန်ကို ကျွန်ုပ် တန်ဖိုးထားရမည်ဖြစ်ပြီး ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် ကျွန်ုပ်အပေါ်ထားသည့် ယုံကြည်မှုတို့နှင့် လျော်ညီအောင် နေထိုင်ရမယ်။ ကျွန်ုပ်၏ တာဝန်အပေါ် ဆက်ကပ်အပ်နှံရမည်။ သင်က ကျွန်ုပ်ကို မိုက်မဲသည်ဟု ခေါ်သောကြောင့် ကျွန်ုပ်၏ တာဝန်ကို စွန့်လွှတ်ပြီး ဘုရားသခင်ကို စိတ်ပျက်ခွင့် မပေးနိုင်ပါ။ ယင်းက ကျွန်ုပ်ကို အမှန်တကယ် မိုက်မဲစေမည်ဖြစ်သည်”ဟု ပထမဆုံး တွေးဆသင့်သည်။ ဤသို့ တွေးခေါ်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသည် မဟုတ်လော။ ဤသည်မှာ စိတ်မြန်လက်မြန်ဖြစ်ခြင်းကို စွန့်လွှတ်ခြင်း မဟုတ်လော။ ဤသည်မှာ စိတ်မြန်လက်မြန်ဖြစ်ခြင်းဖြင့် တုံ့ပြန်ခြင်း မဟုတ်ပေ။ သင်တို့သည် ဤနည်းလမ်းအတိုင်း ပြုမူနိုင်သောအခါ အမှန်တကယ် ပြောင်းလဲပြီးဖြစ်လိမ့်မည်ဖြစ်ကာ ဝိညာဉ်ရင့်ကျက်မှု ရှိလိမ့်မည်။ လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများ၏ ဘောင်ခတ်ခြင်းကို သင်တို့ ခံရလိမ့်မည်မဟုတ်ပေ။ အခြေအနေများ မည်သို့ပင်ဖြစ်စေ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများကို စိတ်ထဲတွင် မြဲမြံစွာ ထိန်းသိမ်းလိမ့်မည်ဖြစ်ပြီး မည်သည့်ကိစ္စကိုမျှ စိတ်မြန်လက်မြန်ဖြစ်ခြင်း၊ စိတ်ခံစားချက်များ သို့မဟုတ် စိတ်အခြေအနေများ၊ သို့မဟုတ် ကိုယ်ပိုင်နှစ်သက်မှုများ၊ လိုအင်ဆန္ဒများ သို့မဟုတ် ရည်မှန်းချက်များဖြင့် သဘောထားလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏စိတ်နှလုံးထဲတွင် အမြင့်မားဆုံးနှင့် အကြီးမြတ်ဆုံးသော အရာများ ဖြစ်လိမ့်မည်ဖြစ်ပြီး တစ်ခုတလေဖြစ်ပျက်သောအခါတွင်၊ သင်သည် ဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေလိမ့်မည်၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤအရာကို ပြောသည်။ ထို့ကြောင့် ယင်းတို့ကို မြဲမြံစွာ ငါ ကိုင်စွဲမည်။ အခြားသူများက ငါ့ကို မိုက်မဲသည်ဟု မြင်ခြင်းက အရေးမကြီးပါ။ အရေးကြီးသည်မှာ ဘုရားသခင်က ကျွန်ုပ်ကို မည်သို့မြင်သည်ဟူသည့်အရာ ဖြစ်သည်။ ကျွန်ုပ်က မိုက်မဲပြီး ကျွန်ုပ်၏ အစွမ်းအစက ညံ့ဖျင်းသော်လည်း ဘုရားသခင်က ကျွန်ုပ်ကို ထမ်းဆောင်ဖို့ တာဝန်တစ်ခု ပေးအပ်ဆဲဖြစ်သည်။ ဘုရားသခင်ထံမှ မည်မျှ ကြီးမားသော ချီးမြှောက်ခြင်းကို ကျွန်ုပ် ခံစားခဲ့ရပါသနည်း။ ဤသည်မှာ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်တကား”ဟူ၍ ဖြစ်သည်။ သင်ကြုံတွေ့ရသော အမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း သင် သဘောထားနိုင်ပါက၊ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလိမ့်မည်။

ကျိတ်မကြံစည်ခြင်းနှင့်ဆိုင်သည့် ကိစ္စနှင့်ပတ်သက်၍ ငါတို့ ဆက်လက်ပြောဆိုဆွေးနွေးကြစို့။ နေ့စဉ်ဘဝတွင် လူတို့သည် ၎င်းတို့အပေါ် ကျရောက်သော အမှုအရာအမျိုးမျိုး၌ အခြားသူများ၏ ကျိတ်ကြံစည်ခြင်းကို မကြာခဏ ခံကြရသည်။ အချို့က ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် သင်နှင့် ယှဉ်ပြိုင်ကြသည်၊ အချို့က အမှားအမှန်ကို သင်နှင့် ငြင်းခုံကြသည်၊ အချို့က စကားတစ်ခွန်းအတွက်ပင် သင်နှင့် အငြင်းပွားကြသည်၊ အချို့က သင်၏ကွယ်ရာတွင် သင့်ကို ဝေဖန်ပြီး သေးသိမ်အောင်လုပ်ကြသည်၊ အချို့က သင့်ကို ခြေထိုးပြီး သင့်အပေါ်တွင် မတော်တရော် ပြုမူကြသည်။ လူအမျိုးမျိုး၏ ကျိတ်ကြံစည်မှုများနှင့် ရင်ဆိုင်ရသောအခါ သင်သည် မည်သို့ကိုင်တွယ်သနည်း။ စည်းမျဉ်းတစ်ခုကို ခိုင်မြဲစွာ သင် စွဲကိုင်ရမည်။ “အခြားသူများက ကျွန်ုပ်ကို မည်သို့ပင် ကျိတ်ကြံစည်သည်ဖြစ်စေ၊ ကျွန်ုပ်က ၎င်းတို့ကို ကျိတ်ကြံစည်မည် မဟုတ်၊ ကျွန်ုပ်သည် ၎င်းတို့နှင့် ဝေးဝေးနေမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များက အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ကိုယ်တော်က ကျွန်ုပ်ကို မည်သည့်သင်ခန်းစာများ သင်ယူစေလိုသည်ကိုလည်းကောင်း ကျွန်ုပ် နားလည်ရမည်။ ကျွန်ုပ်၏ နေရာတွင် ခိုင်မြဲစွာ ရပ်တည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ ကျွန်ုပ်၏ တာဝန်ကို စွဲမြဲစွာ စောင့်ထိန်းရမည်။ ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများအတိုင်း ပြုမူခြင်းသည် မည်သည့်အခါတွင်မျှ မှားလိမ့်မည်မဟုတ်သည့်အပြင်၊ မည်သည့်အခါတွင်မျှ ဆုံးရှုံးမှုသို့ ဆိုက်ရောက်စေလိမ့်မည် မဟုတ်ပေ။ အခြားသူများက ကျွန်ုပ်ကို မည်မျှပင် အထင်ကြီးပါစေ၊ ယင်းမှာ သရဖူ သို့မဟုတ် ဆုလာဘ်မဟုတ်၊ ဘေးဒုက္ခတစ်ခု ဖြစ်သည်”ဟူ၍ ဖြစ်သည်။ သင်သည် ထိုသို့သော စည်းမျဉ်းတစ်ခုကို လိုက်နာစောင့်ထိန်းပါက၊ ယင်းက သင့်ကို မကောင်းမှုပြုခြင်းမှလည်းကောင်း၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရခြင်းမှလည်းကောင်း တားဆီးပေးနိုင်သည်။ သင်၏ဘဝတစ်လျှောက်လုံးတွင် သင်သည် ဖန်ဆင်းခံတစ်ဦး၏ နေရာ၌ ခိုင်မာစွာ ရပ်တည်နိုင်ပြီး၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းနိုင်ကာ၊ ဘုရားသခင်က သင့်အား ပေးအပ်ခဲ့သည့်အလုပ်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့နှင့် ဉာဏ်ရှိသမျှဖြင့် ပြီးမြောက်အောင်မြင်စေနိုင်ပြီး၊ သင်သည် စားဖို့နှင့်အိပ်ဖို့ကိုပင် မေ့လျော့သည့်အဖြစ်သို့ရောက်သည်ထိ ထိုသို့လုပ်ဆောင်ဖြစ်စေ၊ စိတ်ကိုပင်ပန်းစေသည်ဖြစ်စေ၊ သင်၏ အတွေးအားလုံးကို သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် မြှုပ်နှံထားပါက၊ ဘုရားသခင် သင့်အား ပေးအပ်ခဲ့သည့်အလုပ်ကို သင် ကောင်းမွန်စွာ လုပ်ဆောင်ပြီး၊ စံနှုန်းပြည့်မီသည့် နည်းလမ်းဖြင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအား သင် စွမ်းဆောင်ရရှိပါက၊ သင်သည် တန်ဖိုးရှိသော ဘဝတစ်ခုကို အသက်ရှင်ရလိမ့်မည်။ ဤဘဝတွင် ငါတို့သည် ကြီးမားသောအရာများကို လုပ်ဆောင်ရန်၊ လုပ်ငန်းကိုများ တစ်ခုတလေကို ဆောင်ရွက်ရန် သို့မဟုတ် အံ့ဖွယ်အမှုတစ်ခုခုကို ဖန်တီးရန် မကြိုးစားသင့်ပေ။ ငါတို့သည် အရေးမပါသော လူများသာဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုသင့်သည်၊ ငါတို့အပေါ် ကျရောက်လာသော အမှုအရာများတွင် သမ္မာတရားကို နားလည်ရန် ရှာဖွေသင့်သည်၊ ငါတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသင့်ပြီး၊ ငါတို့ လုပ်ဆောင်သင့်သည့်အရာကို ကောင်းမွန်စွာ လုပ်ဆောင်သင့်သည်။ ကိစ္စရပ်တိုင်းတွင် သမ္မာတရားစည်းမျဉ်းများနှင့် ငါတို့ ကိုက်ညီနိုင်ကြောင်း၊ ငါတို့လုပ်ဆောင်သော တာဝန်သည် အလုပ်အစီအစဉ်များက တောင်းဆိုသော စည်းမျဉ်းများနှင့် ကိုက်ညီကြောင်း၊ ငါတို့လုပ်ဆောင်သော အမှုအရာတစ်ခုချင်းစီ၏ စေ့ဆော်မှု၊ ရည်ရွယ်ချက်နှင့် စည်းမျဉ်းများကို ငါတို့ သေချာစွာ ဆန်းစစ်သောအခါ၊ ယင်းတို့အားလုံးသည် ဘုရားနှုတ်ကပတ်တော်များ၏ တောင်းဆိုချက်များနှင့် ကိုက်ညီပြီး စေ့စေ့စပ်စပ် ကြည်ရှုစစ်ဆေးခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ စစ်ဆေးမှုကိုလည်းကောင်း ခံနိုင်ရည်ရှိကြောင်းတို့ကို ငါတို့ သေချာစေသင့်သည်။ နေ့စဉ်နေ့တိုင်း သင်သည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ဖြင့် ဘုရားသခင်၏ ရှေ့မှောက်တွင် အမြဲ အသက်ရှင်လျက် သင်၏တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်သည်။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ပြောစရာတစ်ခုခုရှိသောအခါ၊ သင်သည် သူ့ထံဆုတောင်းသည်။ ဆုတောင်းရမည့် မည်သည့်စကားမျှ မရှိသည့်အခါ၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နိုင်သေးပြီး၊ သင် ဆုတောင်းသောအခါ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်မှုကို ရရှိကာ၊ သူ၏ တို့ထိခြင်းကို ခံရသည်။ သင်၏တာဝန်ကို ထမ်းဆောင်သောအခါ ဘုရားသခင်အပေါ် သစ္စာစောင့်သိနိုင်ပြီး၊ ပွင့်လင်းကာ တည်ကြည်သော ပုံစံဖြင့် ကျင့်ကြံပြုမူနိုင်သည်။ ယင်းမှာ မည်မျှ ကောင်းလိုက်သနည်း။ လူတို့ကို ဆက်ဆံရာတွင်လည်းကောင်း၊ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံကာ ဆက်သွယ်ပြောဆိုရာတွင်လည်းကောင်း၊ သင်၌ အပြစ်အနာအဆာများနှင့် ပြစ်မှားခြင်းများ ယေဘုယျအားဖြင့် နည်းသည်ထက်နည်းပါးလာသည်။ အခြားသူများက သင့်အပေါ် မည်သို့ပင် ကျိတ်ကြံစည်သည်ဖြစ်စေ၊ သင်သည် တစ်ဇောက်ကန်းဖြစ်ခြင်းဖြင့် မတုံ့ပြန်ပေ။ သင်၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းကို မကျော်လွှားနိုင်ဟု ခံစားရသည့်အခါတိုင်း၊ သင်သည် ဘုရားသခင်ထံ ဆုတောင်းသည်။ သင် အားနည်းသောအခါတွင်လည်း ဘုရားသခင်ထံ ဆုတောင်းသည်။ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို အနည်းငယ် တို့ထိသောအခါ၊ သင်သည် ယင်းကို ကျော်လွှားရန် ခွန်အားကို ရရှိလိမ့်မည်ဖြစ်ပြီး၊ အတားအဆီးကို ခုန်ကျော်လွှားသွားလိမ့်မည်။ လူတို့၏ ကျိတ်ကြံစည်ခြင်း၊ တိုက်ခိုက်ခြင်းများ၊ တုံ့ပြန်ကလဲ့စားချေခြင်း အစရှိသည်တို့ကို သင် ရင်ဆိုင်ရသည့် အခါတိုင်းသည် အတားအဆီးတစ်ခုကို ဖြတ်ကျော်ခြင်းကဲ့သို့၊ အခက်အခဲတစ်ခုကို ကျော်လွှားအောင်မြင်ခြင်းကဲ့သို့ ဖြစ်သည်။ နောက်ဆုံးတွင် သင်သည် စိတ်မြန်လက်မြန်ဖြစ်ခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍ မတုံ့ပြန်ဘဲ၊ စည်းမျဉ်းများကို စောင့်ထိန်းနိုင်လျက်၊ ဤကျိတ်ကြံစည်မှုအားလုံးကို ကျော်လွှားအောင်မြင်နိုင်သည်၊ လူတို့၏ တိုက်ခိုက်မှုများ၊ တုံ့ပြန်ကလဲ့စားချေမှုများနှင့် သင့်အပေါ် ဆန့်ကျင်ရုန်းကန်မှုများကို ကျော်လွှားနိုင်ပေသည်။ ထိုအခါ သင်သည် အမှန်တကယ် အောင်နိုင်သူတစ်ဦး ဖြစ်သည်။ ယင်းမှာ မည်မျှ ကောင်းလိုက်သနည်း။ သို့ရာတွင် သင်သည် တစ်နေ့လုံး စိတ်မြန်လက်မြန်ဖြစ်ခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်သည် ဆိုပါစို့။ တစ်စုံတစ်ဦးက သင့်အပေါ် ကျိတ်ကြံစည်သည့်အခါ သို့မဟုတ် မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ရာကို ပြောဆိုသည့်အခါ၊ သင်သည် ယင်းကို နှလုံးသွင်းသည်၊ ယင်းကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ရသည်၊ စိတ်လှုပ်ရှားလာသည်၊ သင်၏မျက်လုံးများက ဒေါသဖြင့် တောက်လောင်လာပြီး၊ သင် ဒေါသပေါက်ကွဲလေသည်။ သို့မဟုတ် မနှစ်မြို့ဖွယ်ရာ စကားများကို ကြားပြီးနောက်၊ သင်သည် သင်၏စိတ်နှလုံးထဲတွင် မသက်မသာခံစားရသည်၊ သင်၏ပါးစပ်က အနာများပေါက်လာသည်၊ သင်သည် အစားအသောက်ပျက်ပြီး၊ ညဘက်တွင် အိပ်မပျော်နိုင် ဖြစ်ရသည်။ ထို့နောက် သင်သည် ဘုရားသခင်နှင့် အလှမ်းဝေးလာသည်။ သင်သည် စိတ်မြန်လက်မြန်ဖြစ်ခြင်းဖြင့်ဖြစ်စေ၊ စိတ်ခံစားချက်များဖြင့်ဖြစ်စေ အသက်ရှင်ပြီး၊ နေ့စဉ်နေ့တိုင်း ဝေဒနာဖြင့် အချိန်ကုန်ဆုံးစေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်နိုင်ခြင်းမရှိ၊ သင်၏တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ခြင်း မရှိ၊ သင်၏စိတ်နှလုံးက ဤအမှားအမှန်ကိစ္စရပ်များတွင် အာရုံရောက်နေပြီး ရစ်ပစ်နှောင်ဖွဲ့နေသည်။ ရစ်ပစ်နှောင်ဖွဲ့ခံရသည်နှင့်တစ်ပြိုင်နက်၊ သင် လွတ်မြောက်ရန် အလွန်ခက်ခဲပြီး၊ တစ်ခါတစ်ရံ လပေါင်းများစွာတိုင်အောင် ထိုသို့ မလုပ်ဆောင်နိုင်ပေ။ အကယ်၍ ယင်းမှာ အိမ်ထောင်ရေး သို့မဟုတ် တရားစွဲဆိုမှုကဲ့သို့ ကြီးမားသည့် ကိစ္စရပ်တစ်ခုဖြစ်ပါက၊ ကျိတ်ကြံစည်ခြင်းက သာ၍ပင် ပြင်းထန်ပြီး၊ သင်သည် ဤအရာများဖြင့် ရစ်ပတ်နှောင်ဖွဲ့ခံရသည်နှင့်တစ်ပြိုင်နက်၊ လများ သို့မဟုတ် နှစ်များပင် ကုန်လွန်သွားကာ၊ သင့်ဘဝ၏ အကောင်းဆုံးနှစ်များကို ဖြုန်းတီးပစ်လိုက်သည်။ အဆုံးတွင် သင်၏ဘဝတစ်ခုလုံးက အလဟဿဖြစ်သွားသည်၊ သင်သည် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီးဖြစ်မည်မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း ရရှိပြီးဖြစ်မည်မဟုတ်ပေ။ ယင်းမှာ သင်သည် လုံးဝ ပျက်စီးသွားပြီဟု ဆိုလိုသည် မဟုတ်လော။ သင်သည် အငြင်းပွားမှုများ၊ ကျိတ်ကြံစည်ခြင်း၊ ပြိုင်ဆိုင်ရုန်းကန်မှုများနှင့် သဘောထားသေးခြင်းတို့ဖြင့် အဆက်မပြတ် အသက်ရှင်နေပါက၊ သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သေးသလော။ သင်သည် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်သည်သာမက၊ ကျိတ်ကြံစည်ခြင်းနှင့် ပြိုင်ဆိုင်ရုန်းကန်ခြင်းတို့တွင် ဒုစရိုက်အမှုများစွာ စုပုံလာစေလိမ့်မည်။ လူအချင်းချင်းကြားရှိ ကျိတ်ကြံစည်မှုများနှင့် ပြိုင်ဆိုင်ရုန်းကန်မှုများထဲဖြင့် အသက်ရှင်နေလျက်၊ သင်သည် မကောင်းသည့်အရာမည်မျှကို လုပ်ဆောင်လိမ့်မည်နည်း၊ မောက်မာသောစကားများ၊ ပုန်ကန်သောစကားများ၊ သမ္မာတရားကို ချိုးဖောက်သောစကားများနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သောစကားများ မည်မျှကို သင် ပြောဆိုလိမ့်မည်နည်း။ ဤအရာအားလုံးကို နတ်ဆိုးများ၏ စကားများအဖြစ် အမျိုးအစားသတ်မှတ်ထားသည်။ အချို့သောစကားများကို ကျယ်ကျယ်မပြောဆိုလျှင်ပင်၊ ယင်းတို့က သင်၏စိတ်ထဲတွင် ပြုပြင်မွမ်းမံခြင်း ခံရသည်။ သင်သည် သင်၏စိတ်နှလုံးထဲ၌ လူတို့ကို မုန်းတီးသည်၊ ဆဲဆိုသည်၊ ကျိန်ဆဲသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အမြင်တွင် အလွန်ရှင်းလင်းပြတ်သားစွာ ရှိနေသည်။ အမှုအရာများ သင့်အပေါ် ကျရောက်လာသောအခါ သင်၏ ကြံစည်မှုများက အဘယ်အရာဖြစ်သည်၊ သင် မည်သို့အစီအစဉ်ချသည်ဟူသည်နှင့် သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်ဟူသည်တို့ကို ဘုရားသခင် မြင်သည်။ ဤကျိတ်ကြံစည်မှုများနှင့် ပြိုင်ဆိုင်ရုန်းကန်မှုများဖြင့် အသက်ရှင်နေလျက်၊ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်နှင့် ဘုရားသခင်ထံ နောင်တရပြီး သင်၏အပြစ်များကို ဝန်ချတောင်းပန်ရန် မည်သည့်အခါတွင်မျှ မသိသည့်အပြင်၊ ဤကိစ္စရပ်များတွင် သမ္မာတရားကို ရှာဖွေရန်လည်း မသိဘဲ၊ ထိုအစား ယင်းတို့ကို ကြောင်းကျိုးမမြင်ဘဲ “မွေ့လျော်ခံစား” နေသည်။ သင်သည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေသော်လည်း၊ မိမိကိုယ်ကို မည်သည့်အခါတွင်မျှ ဆင်ခြင်သုံးသပ်ခြင်းမရှိ သို့မဟုတ် ဘုရားသခင်ထံ ဆုတောင်းကာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် လမ်းညွှန်မှုကို လက်ခံခြင်းမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏စိတ်နှလုံးတွင် လက်ခံခြင်းမရှိသည့်အပြင်၊ ဘုရားသခင်ကို အုပ်စိုးခွင့်မပေးပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် မည်သည့်အခါတွင်မျှ သန္နိဋ္ဌာန်မချပေ။ ဤအရာက သင်သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ကြောင်း သက်သေပြသည်။ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသောသူတို့သည် အရာအားလုံးထက် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို တန်ဖိုးထားလျက်၊ မိမိတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ပြီး လူသားပုံသဏ္ဌာန်အတိုင်း မည်သို့ အသက်ရှင်နေထိုင်ရမည်ကို အာရုံစိုက်ကြသည်။ ဤသည်မှာ ၎င်းတို့အား ပြိုင်ဆိုင်ရုန်းကန်မှုများနှင့် ကျိတ်ကြံစည်မှုများကို ရှောင်ကြဉ်စေနိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံ မကြာခဏ တိုးဝင်ချဉ်းကပ်နိုင်ပြီး ဘုရားသခင်၏ရှေ့မှောက်တွင် ၎င်းတို့ အသက်ရှင်နေထိုင်နိုင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့၏ တာဝန်များသည် ပို၍ကြီးမားသော အကျိုးများ ဖြစ်ထွန်းသည်၊ ဤနည်းလမ်းဖြင့် အသက်ရှင်ခြင်းက တန်ဖိုးရှိပြီး လူသားမျိုးနွယ်အတွက် ပံ့ပိုးမှုတစ်ခုခု ပြုလုပ်သည်ဟု ၎င်းတို့ ခံစားရသဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိကြသည်။ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းနိုင်သောကြောင့် ၎င်းတို့ အသက်ရှင်သည့် နေ့ရက်တိုင်းက စစ်မှန်သော တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသည်။ သို့ရာတွင် သင်သည် အမျိုးမျိုးသော ပြိုင်ဆိုင်ရုန်းကန်မှုများနှင့် ကျိတ်ကြံစည်မှုများဖြင့် အသက်ရှင်နေပါက၊ အသက်ရှင်နေသည့် နေ့ရက်တိုင်းတွင် သင်သည် အပြစ်များကို စုဆောင်နေခြင်းဖြစ်သည်။ သင်သည် ဖန်ဆင်းခံလူသားတစ်ဦး ရှိသင့်သည့် တန်ဖိုးနှင့် အဓိပ္ပာယ်အတိုင်း အသက်ရှင်နေထိုင်ရန် ပျက်ကွက်သည်သာမက၊ သင်၏အနာဂတ်အတွက် အပြစ်များကိုလည်း စုဆောင်းနေသည်။ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူသည် သင့်ကို ပိုပစ်ပယ်သည်ထက် ပစ်ပယ်နေပြီး၊ သင့်အပေါ် တိုး၍ စိတ်ပျက်လာသည်။ ဘုရားသခင်က သင့်အပေါ်ထားရှိသော သူ၏ စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်ချက်များ အချည်းနှီးဖြစ်သွားတော့မည်ကို မြင်ပါက၊ သင်နှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ ခံစားရမည်နည်း။ သင်လုပ်ဆောင်သော အမှုအရာများက တစ်နေ့တွင် သင် အမှန်တကယ် နောက်ပြန်မလှည့်သည့်အပြင် ဘုရားသခင်က သင့်အပေါ် လက်လျှော့ချင်သည့် တစ်နေ့ထိတိုင် ဘုရားသခင်ကို ပိုစိတ်ပျက်သည်ထက် စိတ်ပျက်စေပြီး၊ ဘုရားသခင်ကို ပိုစိတ်ဓာတ်ကျသည်ထက် စိတ်ဓာတ်ကျစေပါက၊ ငါ့ကို ပြောလော့၊ သင်၏အသက်နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းက အဘယ်တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသနည်း။ သင်၏အသက်တာတွင် အဘယ်မျှော်လင့်ချက် ကျန်ရှိသနည်း။ အခြားသူများက သင့်ကို ကျိတ်ကြံစည်ပြီး ဝေဖန်သောကြောင့်သက်သက်၊ သင်၏မာနအတွက် တိုက်ခိုက်ရန်နှင့် သင်၏သိက္ခာနှင့် ဂုဏ်ကို ပြန်လည်ရယူရန်အလို့ငှာ၊ သင်သည် လူများနှင့် အချင်းများမှုတွင် ပါဝင်ပတ်သက်မိပြီး သင်၏ သင့်လျော်သော အရေးကိစ္စရပ်ကို နှောင့်နှေးစေသည်။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ဦးက သင့်ကို မျက်နှာပျက်စေပြီး သင်၏မာနကို ထိခိုက်စေလျက် မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ရာကို ပြောဆိုသောကြောင့် သို့မဟုတ် သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် အကြည့်တစ်ခုခုဖြင့် ကြည့်သောကြောင့်သက်သက်၊ သင်၏စိတ်နှလုံးထဲတွင် မကျေမချမ်းဖြစ်လာပြီး ၎င်းတို့နှင့် အငြင်းပွားမှုများတွင် အဆုံးမရှိ ရန်ဖြစ်နေသည်။ အဆုံးတွင် အဘယ်အရာ ဖြစ်သနည်း။ သင်သည် ကယ်တင်ခြင်းရရှိရန် သင်၏အခွင့်အရေးကို ပျက်စီးစေပြီး သမ္မာတရားကို လုံးဝမရရှိဘဲလျက် သင်၏ အဖိုးတန်သော အချိန်အားလုံးကို ဤအရာများအပေါ် ဖြုန်းတီးမိသွားသည်။ ရလဒ်အနေဖြင့် ဘုရားသခင်သည် သင့်ကို ပစ်ပယ်ပြီး၊ နောက်ထပ် မည်သို့မျှ အာရုံမစိုက်တော့သည့်အပြင်၊ သင်သည် လုံးဝ ပျက်စီးသွားသည်။ သို့ဖြစ်၍ ဤအရာများကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ငါသည် သင်တို့ကို အဘယ်အရာ ပြောပြရန် ကြိုးစားနေခြင်း ဖြစ်သနည်း။ မည်သို့ ကျင့်ကြံပြုမူရမည်ကို ရွေးချယ်ခြင်း၊ မည်သည့်နည်းလမ်းဖြင့် ကျင့်ကြံပြုမူရမည်ကို ရွေးချယ်ခြင်းသည် အလွန်အရေးကြီးသည်။ လူအများကြားတွင် အသက်ရှင်နေထိုင်သည့်အခါ၊ လူတစ်ဦးချင်းစီသည် ကျိတ်ကြံစည်မှုများ၊ ပြိုင်ဆိုင်ရုန်းကန်မှုများ၊ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားများတွင် အကျိုးတရားများနှင့် ဆုံးရှုံးမှုများအပြင်၊ ချီးမွမ်းခြင်း၊ ဝေဖန်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဆိုင်ရာ အသံအမျိုးမျိုးတို့ကို မကြာခဏ ရင်ဆိုင်ရလိမ့်မည်။ လူတိုင်းသည် ဤအရာများကို ရင်ဆိုင်ရလိမ့်မည်။ ငါသည်လည်း ဤလောကတွင် ဤအသက်အရွယ်ထိ အသက်ရှင်ပြီးဖြစ်ကာ ငါသည်လည်း လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်နေခြင်း မဟုတ်ပေ။ ငါသည်လည်း ဤအရာများကို ရင်ဆိုင်ရသော်လည်း၊ ငါ၏စိတ်နှလုံးသည် ကျိတ်ကြံစည်လိမ့်မည်မဟုတ်။ ငါ့ကို ကြည့်လော့၊ ငါ မည်သို့ အသက်ရှင်ခဲ့သနည်း။ ဤအရာများသည် ငါ၏ဘဝ သို့မဟုတ် ငါ၏အလုပ်ကို အနည်းငယ်မျှ မထိခိုက်စေပေ။ နေ့စဉ်နေ့တိုင်း ငါသည် ငါ၏အလုပ်အား လုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်သည်။ ယခုအချိန်အထိ အသက်ရှင်လာရာတွင် ငါသည် ပြင်ပပတ်ဝန်းကျင်၏ ထိခိုက်စေခြင်းကို မခံရလေပြီ။ ငါ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း၊ လူတို့၏အမြင်တွင် ငါ၏တန်ဖိုး၊ ဤအရာများထဲမှ တစ်ခုမျှ ထိခိုက်ခြင်းမရှိလေပြီ။ ထိုမျှသာမက၊ သင်တို့က ငါသည် အလွန်အဆင့်မြင့်သည်၊ အလွန်ထူးကဲပြီး၊ အခြားသူများနှင့် အလွန်ကွဲပြားသည်ဟု မှားယွင်းစွာ ထင်မြင်သွားမည်ကိုပင် ငါ စိုးရိမ်သဖြင့်၊ ငါ့ကို သင်တို့ ပုဂ္ဂိုလ်ရေး မကိုးကွယ်မိစေရန်အပြင်၊ ငါနှင့်ပတ်သက်၍လက်တွေ့မကျသော စိတ်ကူးများနှင့် အယူအဆအချို့ မရှိစေရန်အလို့ငှာ ငါ၏ သာမန်ဖြစ်မှု၊ လက်တွေ့ကျမှု၊ ရိုးရှင်းမှုတို့နှင့်ဆိုင်သည့် လက်တွေ့ကျသော ဥပမာအချို့ကို ပို၍ တိကျသောနည်းလမ်းဖြင့် ငါ ပေးရပေမည်။ ဤအရာများကို ငါ ပြောပြီးနောက်တွင်သာ အချို့သောလူတို့သည် ငါက သာမန်၊ ပုံမှန်လူတစ်ဦးသာဖြစ်သည်ကို မြင်ကြပြီး၊ ထို့နောက် ၎င်းတို့သည် ငါ့ကို စိတ်မဝင်မစားဖြစ်လာကြသည်။ ငါသည် ဤအရာများကို ဂရုမစိုက်ပေ။ သင်သည် ငါပြောသော ဤစကားများကို လက်ခံနိုင်သရွေ့ လုံလောက်သည်။ ငါ့တွင် အခြားတောင်းဆိုချက်များ မရှိပေ။ သင်တို့သည် တစ်နေ့လုံး ငါ့ကို စူးစိုက်ကြည့်နေခြင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ငါ၏ မျက်နှာအမူအရာကို ဖတ်နေခြင်းပြုလုပ်ရင်း အချိန်ကုန်မည်ဆိုပါက၊ ယင်းက ငါ့ကို မသက်မသာဖြစ်စေလိမ့်မည်။ ငါ့ကို လူတို့ ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်း မျက်နှာလုပ်ခြင်းကို ငါ မကြိုက်သည့်အပြင်၊ လူတို့ ငါ့ကို အမြဲဝန်းရံနေခြင်းကို သာ၍ပင် မကြိုက်ပေ။ ငါသည် တိတ်ဆိတ်ခြင်းကို ကြိုက်သည်။ သင် မြင်သလော၊ ဤနှစ်များအတွင်း ငါသည် အတော်လေး ကောင်းမွန်စွာ အသက်ရှင်ပြီးဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်တို့ အဘယ်ကြောင့် ထိုနည်းအတိုင်း အသက်ရှင်ရန် မကြိုးစားကြသနည်း။ သင်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ခြင်းမရှိဘဲ၊ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ခြင်းမရှိဘဲ၊ သင်၏ကိုယ်ပိုင် ဂုဏ်သိက္ခာကို ကာကွယ်ခြင်းမရှိဘဲ၊ စကားများဖြင့် ဩဇာအာဏာအတွက် ပြိုင်ဆိုင်ခြင်းမရှိဘဲ အသက်ရှင်နိုင်သလောဟူသည်ကို ကြည့်လော့။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူခြင်း၊ အသက်ရှင်ခြင်း၊ ကျင့်ကြံပြုမူခြင်း၊ အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတို့ လုပ်ဆောင်ပါက၊ သင်၏အသက်တာ မည်သို့ဖြစ်လိမ့်မည်ကို ကြည့်လော့၊ ဝမ်းမြောက်ခြင်းကို ရရှိလိမ့်မည်လောဟူသည်နှင့် သင်၏စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်း ရှိလိမ့်မည်လောဟူသည်တို့ကို ကြည့်လော့။ ကွဲပြားသော အသက်ရှင်နည်းကို ကြိုးစားကြည့်လော့၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ရှင်းလင်းသော ပန်းတိုင်များ ထားရှိလော့၊ သို့ဆိုလျှင် သင်သည် ရှေ့ဆက် တောက်ပသော အနာဂတ်တစ်ခုကို မြင်ရလိမ့်မည်။ သင်သည် မည်သူက သင့်အပေါ် ကျိတ်ကြံနေသည်၊ မည်သူက သင်၏အဆင့်အတန်းကို ထိခိုက်စေသည်၊ မည်သူက သင့်ထက် ပို၍ ဂုဏ်သတင်းမြင့်မားသည်၊ မည်သူက သင်၏ကွယ်ရာတွင် သင့်အကြောင်း ပြောဆိုနေသည် အစရှိသည်တို့ကို အမြဲမှတ်သားထားနေလျှင်၊ ဤအရာများအလယ်တွင် အသက်ရှင်နေလျှင်၊ သင့်အတွက် ရှေ့ဆက်ရမည့် လမ်းကြောင်းမရှိ၊ အမှောင်ထုသာ ရှိသည်။ သင်သည် “ငါ့ဘဝက ပင်ပန်းစရာဖြစ်သည်၊ ပျော်ရွှင်မှုမရှိပါ၊ ငါ့တွင် ကောင်းချီးမင်္ဂလာများ မရှိပါ”ဟု ခံစားလျက် အမြဲ လမ်းပျောက်နေလိမ့်မည်။ သင်သည် ဘုရားသခင် သင့်ကို ပေးသော ကောင်းချီးမင်္ဂလာများကို သင် မခံစားဘဲ၊ ငရဲထဲသို့ တိုးဝင်မြဲတိုးဝင်နေသည်။ ငါ့ကို ပြောလော့၊ သင်သည် ကောင်းချီးမင်္ဂလာများ ရရှိနိုင်သလော။ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း သင် ရရှိနိုင်သလော။

ဤအကြောင်းအရာများအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ခံစားရသနည်း။ (ကောင်းပါသည်။) မည်သည့်နည်းလမ်းဖြင့် ကောင်းသနည်း။ (ယင်းက လက်တွေ့ဘဝတွင် ကျွန်ုပ်တို့ ကြုံတွေ့ရသော အခက်အခဲများနှင့် ကျွန်ုပ်တို့ ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပေးနိုင်သည်ဟု ခံစားရပါသည်။ ဘုရားသခင်သည် အခြားသူများအပေါ် ပြိုင်ဆိုင်ရုန်းကန်ခြင်းနှင့် ကျိတ်ကြံစည်ခြင်းတို့အား မည်သို့ ရှောင်ကြဉ်ရမည်ဟူသည်နှင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ကန့်သတ်ချုပ်ချယ်မှုများမှ မည်သို့ လွတ်မြောက်ပြီး အလင်းထဲတွင် အသက်ရှင်ရမည်ဟူသည်တို့ကဲ့သို့သော ကျွန်ုပ်တို့အတွက် တိကျသော လမ်းကြောင်းအချို့ကိုလည်း ထောက်ပြခဲ့ပါသည်။) ဤစည်းမျဉ်းများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ သင့်ကို အခြားသူများနှင့် ပြိုင်ဆိုင်ရုန်းကန်ရသော ဘဝမှ လွတ်မြောက်ရန် ကူညီပေးဖို့သက်သက် မဟုတ်ပေ။ အဓိကအချက်မှာ သင့်အား ပုံမှန်လူ့သဘာဝအတွင်း အသက်ရှင်နိုင်စေပြီး ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် အသက်တာကို အသက်ရှင်နေထိုင်စေရန် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူပါက၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား သင် စွမ်းဆောင်ရရှိနိုင်သည်၊ သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်၏အသက်ဖြစ်စေနိုင်သည်၊ ကယ်တင်ခြင်းကို ရရှိနိုင်သည်အပြင်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်သည်၊ သင်သည် ထိုသို့သော လူတစ်ဦး ဖြစ်လာနိုင်ပေသည်။ နားလည်ပြီလော။ (နားလည်ပါပြီ။) ယင်းမှာ အခြားသူများအပေါ် ကျိတ်ကြံစည်ပြီး ပြိုင်ဆိုင်ရုန်းကန်ရသော ဘဝမှ လွတ်မြောက်ရန်သက်သက် မဟုတ်ပေ။ အကယ်၍ ထိုအတွက်သာဖြစ်ပါက၊ သမ္မာတရားကို သင် ရရှိမည်မဟုတ်ပေ။ ငါ့ကို ပြောလော့၊ သမ္မာတရားကို မရရှိဘဲ၊ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်ခြင်း၏ ပန်းတိုင်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ အနှစ်မဲ့နေဦးမည် မဟုတ်လော။ ဤလူ့အဖွဲ့အစည်းတွင်၊ လူအများကြားတွင် အသက်ရှင်နေထိုင်ရင်း၊ အမှုအရာများ သင့်အပေါ် ကျရောက်လာသောအခါ သင်၏ကိုယ်ပိုင် အတွေးများနှင့် အမြင်များ သင် အမြဲရှိလိမ့်မည်။ သင်သည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်နေသည့်အလား၊ အတွေးများ သို့မဟုတ် အမြင်များ လုံးဝမရှိခြင်းမှာ မဖြစ်နိုင်ပေ။ ထိုသို့သော အခြေအနေမျိုး မတည်ရှိပေ။ မည်သူကမျှ သင့်အပေါ် ကျိတ်ကြံစည်ခြင်း သို့မဟုတ် သင်နှင့် ပြိုင်ဆိုင်ရုန်းကန်ခြင်း မပြုသည့်အခါ၊ သင်သည် အခြားသူများအပေါ် ကျိတ်ကြံစည်ခြင်း သို့မဟုတ် ပြိုင်ဆိုင်ရုန်းကန်ခြင်း မပြုရန် စီမံနိုင်သည်။ သို့သော် တစ်စုံတစ်ဦးက သင့်အပေါ် ကျိတ်ကြံစည်သည့်အခါ သို့မဟုတ် သင်နှင့် ပြိုင်ဆိုင်ရုန်းကန်သည့်အခါ၊ သင် မည်သည့်အရာ လုပ်ဆောင်သနည်း။ “ကျွန်ုပ် သူတို့နှင့် ပြိုင်ဆိုင်ရုန်းကန်ခြင်းပြုမည် မဟုတ်ပါ။ သူတို့အပေါ် ကျိတ်ကြံစည်မည် မဟုတ်ပါ” ဟူကဲ့သို့သော ဆောင်ပုဒ်များကို ဟစ်ကြွေးရုံမျှက ပြဿနာကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) သို့ဆိုလျှင် ပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ အချို့လူတို့က “ကျွန်ုပ်သည် ကျိတ်ကြံစည်နေဆဲဖြစ်ရန် အသက်အရွယ်ကြီးလွန်းနေပြီ မဟုတ်လော။ ဘုရားသခင်၏ အမှုတော်က ဤမျှထိ တိုးတက်နေပြီဖြစ်သည့်တိုင်၊ ကျွန်ုပ်က ကျိတ်ကြံစည်နေဆဲဖြစ်သလော။ ထိုအရာများအကြောင်း ကျိတ်ကြံစည်ခြင်းက မည်သည့်အသုံးဝင်မှုရှိသနည်း”ဟုဆိုလျက် ဆောင်ပုဒ်များကို ဟစ်ကြွေးကြသည်။ ဤစကားများက ပြဿနာကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) လူအများစုသည် အမှုအရာများ ၎င်းတို့အပေါ် ကျရောက်လာသောအခါ၊ မိမိတို့၏ စိတ်နှလုံးထဲတွင် လက်မလွှတ်နိုင်ကြသေးသည့်အပြင်၊ အခြားသူများနှင့်ပတ်သက်၍ ကျိတ်ကြံစည်ကာ ပြိုင်ဆိုင်ရုန်းကန်နေကြဆဲဖြစ်သည်။ သို့ဆိုလျှင် ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လူတို့၏ အတွေးများနှင့် အမြင်များဆိုင်ရာ ပြဿနာများ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဆိုင်ရာ ပြဿနာများကို ဖြေရှင်းခြင်းဖြင့် ဖြေရှင်းသင့်သည်။ မှန်ကန်သော အတွေး သို့မဟုတ် ရှုထောင့်တစ်ခုကို သင် လက်ခံရရှိပြီးနောက်၊ ထိုသို့သော ကိစ္စရပ်များအပေါ် သင်၏ ရှုထောင့်အမြင်၊ သဘောထားနှင့် ရပ်တည်ချက်တို့ ပြောင်းလဲသွားသည်။ ထိုသို့သော ကိစ္စရပ်များနှင့်ပတ်သက်သည့် သင်၏ခံစားချက်များ ကွဲပြားသွားလိမ့်မည်။ အခြားသူများနှင့် ပြိုင်ဆိုင်ရုန်းကန်ခြင်းက အဓိပ္ပာယ်မဲ့သည်၊ ယင်းက သင်၏အားအင်ကို ဖြုန်းတီးသည်၊ အလုပ်ကို အဟန့်အတားဖြစ်စေသည်၊ အတွင်းစိတ် မသက်မသာဖြစ်စေသည့်အပြင်၊ ဤအရာ၌ ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်း မရှိဟု သင် ခံစားရလိမ့်မည်။ ထို့နောက်၊ ထိုသို့သော ကိစ္စရပ်များအားပြစ်တင်ရှုတ်ချခြင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သင် ဖတ်ရှုသောအခါ၊ သင်၏စိတ်နှလုံးထဲတွင် ဤကိစ္စရပ်များအပေါ် အမြင်က လုံးဝ ပြောင်းလဲသွားလိမ့်မည်၊ သင်၏ အတွင်းပိုင်း အခြေအနေက ကွဲပြားသွားလိမ့်မည်၊ အခြားသူများနှင့် ပြိုင်ဆိုင်ရုန်းကန်ရန် သင်၏ ပြင်းပြသောဆန္ဒ လျော့နည်းသွားလိမ့်မည်၊ သင်၏ဒေါသ လျော့ပါးသွားလိမ့်မည်ဖြစ်ပြီး သင်၏ တစ်ဇောက်ကန်းဖြစ်ခြင်း ပျောက်ကွယ်သွားလိမ့်မည်။ အခြားသူများက သင့်ကို မဆုတ်မနစ် ရန်စလျက် သင်နှင့် ပြိုင်ဆိုင်ရုန်းကန်ပါက၊ ယင်းမှာ အရေးကြီးသည့်ကိစ္စမဟုတ်သည့်အပြင် ၎င်းတို့နှင့် ပြိုင်ဆိုင်ရုန်းကန်ရန် မလိုအပ်ဟု ခံစားရလျက် သင် ထိခိုက်လိမ့်မည် မဟုတ်။ ကြည့်ရှုနေသူများပင်၊ “သူတို့က သင့်ကို ထိုသို့ဆက်ဆံသည်၊ သင် မည်သို့ဖြစ်ပြီး မည်သည့်အရာကိုမျှ မခံစားရသနည်း။ သင်စဉ်းစားဉာဏ်မရှိဘူးလော”ဟု ပြောဆိုလျက် မကြည့်ရက်နိုင်ကြပေ။ သင်က “ထိုသို့သော ကိစ္စရပ်များကို ကျွန်ုပ် အလွန်အလေးအနက်ထားလေ့ရှိခဲ့သည်။ မိုးပြိုကျတော့သလိုမျိုး ခံစားခဲ့မည်ဖြစ်သည်။ ကျွန်ုပ်သာ သူတို့ကို ရှင်းရှင်းလင်းလင်း မပြောခဲ့လျှင်၊ သို့မဟုတ် သူတို့က ကျွန်ုပ်ကို ရှင်းပြချက်တစ်ခု မပေးခဲ့လျှင်၊ ကျွန်ုပ် သေချာပေါက် လွယ်လွယ် လက်လွှတ်မည် မဟုတ်ပါ။ သို့သော် ယခု ကွဲပြားပါသည်။ ကျွန်ုပ်သည် အသက်ပိုကြီးလာသောကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ကျွန်ုပ် ထိုးထွင်းသိမြင်ပြီးဖြစ်သောကြောင့် ကျွန်ုပ် အခြားသူများနှင့်ပတ်သက်၍ ကျိတ်ကြံစည်တော့မည် မဟုတ်၊ ပြိုင်ဆိုင်ရုန်းကန်တော့မည် မဟုတ်ပါ။ သူတို့၏ အပြုအမူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ထုတ်ထားသည့် ဆိုးယုတ်သောသူ၊ အန္တိခရစ်၊ စာတန်တစ်ကောင်၏ သမာရိုးကျ ထုတ်ဖော်ပြမှုများနှင့် သရုပ်သကန်များ ဖြစ်သည်။ ကျွန်ုပ်လည်း ဤသရုပ်သကန်များ ရှိလေ့ရှိခဲ့သည်။ သို့သော် ယခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဤသဘောသဘာဝ အမှန်မျိုး၊ ဤစိတ်သဘောထားမျိုးဟာ အလွန်အကျည်းတန်ပြီး စက်ဆုပ်စရာကောင်းသည်ကို ကျွန်ုပ် မြင်ရသည်။ ဘုရားသခင်က ထိုအရာကို စက်ဆုပ်ရွံရှာသည်။ ယခု ကျွန်ုပ်ကိုယ်တိုင် ထိုအရာကို စက်ဆုပ်ရွံရှာပြီး၊ ကျွန်ုပ်ရဲ့ စိတ်နှလုံးတွင်၊ ထို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ဖို့ မလိုလားပါ။ ထို့ကြောင့် သူတို့က ကျွန်ုပ်တို့ တစ်ဖန် ပြိုင်ဆိုင်ရုန်းကန်သောအခါ၊ ကျွန်ုပ် စိတ်ကုန်ပြီး သူတို့ကို စက်ဆုပ်ရွံရှာမိသည့်အပြင်၊ ပြိုင်ဆိုင်ရုန်းကန်ဖို့ စိတ်ဝင်စားမှု သို့မဟုတ် ဆန္ဒမရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင်၊ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကိုလည်း ကျွန်ုပ် ရှာတွေ့ပြီးဖြစ်သည့်အပြင်၊ ထိုသို့သောလူများအား မည်သို့ ဆက်ဆံရမည်ကို ကျွန်ုပ် သိပြီဖြစ်သည် ”ဟု ပြောဆိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောသနည်း။ တစ်ဖက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုသို့သော လူတို့ကို ဖော်ထုတ်ပြီး သတ်မှတ်သည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်က လူတို့ကို အခြားသူများအား ဆက်ဆံခြင်းဆိုင်ရာ စည်းမျဉ်းမှာ ၎င်းတို့ကို မျှတစွာ ဆက်ဆံရန်ဖြစ်သည်ဟု ပြောပြသည်။ အကယ်၍ ၎င်းတို့သည် စစ်မှန်သော ညီအစ်ကိုမောင်နှမများဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပါက၊ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို အတိုက်အခံမလုပ်တော့ရန်အလို့ငှာ သို့မဟုတ် ပြစ်မှားခြင်း မပြုတော့ရန်အလို့ငှာ ၎င်းတို့၏ ပြစ်မှားခြင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးလျက် ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် ငါတို့ ဆက်ဆံသင့်သည်။ အကူအညီမှတစ်ဆင့်၊ ၎င်းတို့၏ ပြဿနာများ ပြေလည်ကောင်းပြေလည်သွားနိုင်သည်။ အကယ်၍ ၎င်းတို့သည် အကူအညီကို လက်မခံလျှင်၊ သမ္မာတရားကို လက်မခံနိုင်သော်လည်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ပြီး အသင်းတော်၏အလုပ်ကို မနှောင့်ယှက်ပါက၊ ၎င်းတို့ကို အသင်းတော်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လျက် ဆက်လက်နေခွင့်ပြုသင့်သည်။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်သည့်အပြင်၊ နှောင့်ယှက်မှုတစ်ခုဖြစ်စေလျက် အခြားသူများနှင့် ပြိုင်ဆိုင်ရုန်းကန်ကာ ကျိတ်ကြံစည်နေလျှင်၊ ၎င်းတို့ကို ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် လူတို့ကို ဆက်ဆံခြင်းဆိုင်ရာ ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ရှင်းလင်းပစ်သင့်သည်။ သို့ဆိုလျှင် ငါတို့၏ စိတ်နှလုံးများ အေးချမ်းသွားမည် မဟုတ်လော။ ဘုရားအိမ်တော်၌ ဒုက္ခပေးသည့်သူများကို ကိုင်တွယ်ရန် စည်းမျဉ်းများနှင့် လမ်းကြောင်းများ ရှိသည်။ ဤလူတို့အား မည်သို့ ပိုင်းခြားသိမြင်ပြီး ကိုင်တွယ်ရမည်၊ ဤလူတို့အား မည်သို့ ဆက်ဆံရမည်၊ ဤအရာအားလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် စည်းမျဉ်းများနှင့် လမ်းကြောင်းများ ရှိသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ပါက၊ ယင်းကို လွယ်ကူစွာနှင့် ဝမ်းမြောက်စွာ ကိုင်တွယ်လိမ့်မည်၊ ယင်းကို ခက်ခဲသော ကိစ္စရပ်တစ်ခုဟု ၎င်းတို့ ခံစားရမည်မဟုတ်၊ ၎င်းတို့၏ စိတ်နှလုံးများ လုံးဝ နှောင့်ယှက်ခြင်းခံရမည်မဟုတ်သည့်အပြင်၊ ယင်းက အလွန်ပင် အလိုအလျောက် ပြေလည်သွားလိမ့်မည်။ အကယ်၍ ၎င်းတို့သည် လွန်ခဲ့သော နှစ်အနည်းငယ်က ထိုသို့သော ကိစ္စရပ်များကို ကြုံတွေ့ခဲ့ရပါက၊ ၎င်းတို့သည် ယင်းတို့ကို ကျော်လွှားနိုင်ခဲ့မည်မဟုတ်၊ ယင်းတို့အား မည်သို့ ဖြေရှင်းရမည်ကို သိခဲ့မည်မဟုတ်ပေ။ သို့သော် ယခုတွင်၊ ဘဝအတွေ့အကြုံ နှစ်အနည်းငယ်ဖြင့်၊ ဤကိစ္စသည် ၎င်းတို့အတွက် အခက်အခဲတစ်ခု မဟုတ်တော့ပေ။ ၎င်းတို့သည် ယင်းကို ဖြေရှင်းနိုင်သည်။ ရုတ်တရက်၊ ၎င်းတို့သည် မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားပြီးဖြစ်ကာ အမှန်တကယ် ပြောင်းလဲသွားသည်ကို တွေ့ရှိကြရသည်။ ထိုအခါ ဤလူအများစုက မည်သို့ ခံစားရသနည်း။ “ယခင်က ကျွန်ုပ်သည် မိမိ၏အစွမ်းအစ ညံ့ဖျင်းသည်ဟု အမြဲခံစားခဲ့ရပြီး၊ ကယ်တင်၍မရတော့သည့်အလား ဘုရားသခင်ကို မကြာခဏ ပုန်ကန်ကာ အတိုက်အခံလုပ်ခဲ့သည်။ ယခုတွင် ဤကိစ္စရပ်ကို ကိုင်တွယ်ခြင်းအားဖြင့်၊ ကျွန်ုပ်တွင် အခက်အခဲမရှိကြောင်း၊ ပြဿနာတွေကို ဖြေရှင်းနိုင်ကြောင်း၊ မျှော်လင့်ချက်ရှိကြောင်း ခံစားရသည်”ဟူ၍ ဖြစ်သည်။ အဘယ်မျှော်လင့်ချက်နည်း။ (ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ဖြစ်သည်။) သင်သည် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ကို မြင်သောအခါ၊ သင်၏ရှေ့တွင် အလင်း သို့မဟုတ် အမှောင်ကို မြင်ရသလော။ (အလင်းကို မြင်ရပါသည်။) ဤသည်မှာ “အလင်းက ကျွန်ုပ်ကို လက်ယပ်ခေါ်နေသည်” ဟူသော စကားကို ပြည့်စုံစေသည်။ မှန်သလော။ (မှန်ပါသည်။) သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤအဆင့်သို့ ရောက်နိုင်သောအခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အမှန်တကယ်တွင် ဆောင်ပုဒ်များ ဟစ်ကြွေးခြင်း မလိုအပ်ကြောင်း၊ ယင်းမှာ ထိုမျှ လွယ်ကူပြီး ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း သင် အမှန်တကယ် ခံစားရလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသရွေ့၊ ဘုရားသခင်ထံမှ လာသော သမ္မာတရား စည်းမျဉ်းများကို လက်ခံသရွေ့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ထိုမျှ လွယ်ကူပြီး၊ သင် သတိမထားမိလိုက်ဘဲ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာသည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားပြီးဖြစ်ကြောင်း၊ သင် ပြောင်းလဲပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခဲ့သော သင်၏နှစ်ကာလများက အကျိုးဖြစ်ထွန်းပြီးဖြစ်ကာ အချည်းနှီးမဖြစ်ခဲ့ကြောင်းတို့ကို သင် ခံစားရသောအခါ၊ တစ်စုံတစ်ဦးက “ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်ုပ် မည်သည့်အရာ ရရှိခဲ့သနည်း။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် အနှစ် ၂၀ တွင်၊ ကျွန်ုပ်လုပ်ခဲ့သမျှအားလုံးမှာ ဆင်းရဲဒုက္ခခံပြီး အားထုတ်မှုအသုံးပြုခြင်း ဖြစ်သည်။ ကျွန်ုပ်သည် များစွာ စွန့်လွှတ်ကာ အသုံးခံပြီးဖြစ်သည့်တိုင်၊ ကောင်းချီးတစ်ခုကို မွေ့လျော်ခံစားရခြင်း မရှိလေပြီ။ အဆုံးမရှိသည့် ပင်ပန်းနွမ်းနယ်မှုသာ ခံစားရသည်”ဟု ပြောလျက် မောက်မာသောစကားများကို ပြောဆိုလာပါက၊ သင်သည် ၎င်းတို့ကို သင်၏စိတ်နှလုံးထဲတွင် “ဤလူသည် အသိစိတ်မရှိသည့်အပြင်၊ နတ်ဆိုးဆန်သော စကားများကိုသာ ပြောသည်။ သူတို့ မည်သို့ သနားစရာကောင်းသည်ကို အကဲဖြတ်ခြင်းဖြင့်၊ သူတို့သည် မည်သည့်အရာကိုမျှ အမှန်တကယ် မရရှိလေပြီ။ သူတို့ လုပဆောင်နိုင်သမျှမှာ ယုတ္တိမတန်သည့်အပြင် အဟန့်အတားဖြစ်စေခြင်းသာ ဖြစ်ပြီး၊ ၎င်းတို့ ပြောနိုင်သည့် တစ်ခုတည်းသောအရာများမှာ မောက်မာသောစကားများဖြစ်သည်”ဟု စက်ဆုပ်ရွံရှာမိလိမ့်မည်။ ၎င်းတို့က၊ “ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်ုပ် မည်သည့်အရာ ရရှိခဲ့သနည်း”ဟု အမြဲပြောဆိုကြသည်။ သို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် သင် အတိအကျ ဘာကို ရရှိရန် မျှော်လင့်သနည်း။ သင်သည် ရုပ်ဝတ္ထုဆိုင်ရာ ကျေးဇူးနှင့် ကောင်းချီးမင်္ဂလာများကို ရရှိရန် မျှော်လင့်နေသလော၊ သို့မဟုတ် သမ္မာတရားကို ရရှိပြီး ကယ်တင်ခြင်းကို ရရှိရန် မျှော်လင့်နေသလော။ ဘုရားသခင်ကို ယုံကြည်သူများသည် ဤလမ်းကြောင်းများထဲမှ တစ်ခုကို ရွေးချယ်ရမည်ဖြစ်သည်။ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ သင် မည်သည့်လမ်းကြောင်းကိုသာ လျှောက်လှမ်းမည်နည်း၊ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို လိုက်စားသော လမ်းကြောင်းလော၊ သို့မဟုတ် သမ္မာတရားကို လိုက်စားသော လမ်းကြောင်းလော။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦးဖြစ်ပြီး၊ သင် နားလည်သော သမ္မာတရားအားလုံးကို လက်တွေ့လုပ်ဆောင်ကာ ယင်းတို့ကိုသင်၏လက်တွေ့ကျမှုဖြစ်စေပါက၊ သင်သည် ထာဝရအသက်ကို ရရှိလိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားခဲ့ပြီးဖြစ်သဖြင့်၊ သင်သည် အချည်းနှီး ယုံကြည်ခဲ့ခြင်း ဖြစ်လိမ့်မည်မဟုတ်ပေ။ သင်သည် ကျေးဇူးတော်ကို ခံစားရန်သာ အာရုံစိုက်သော်လည်း သမ္မာတရားနှင့် အသက်ကို မရရှိသည့်အပြင် “ကျွန်ုပ် မည်သည့်အရာကို ရရှိခဲ့သနည်း” ဟုဆိုလျက်၊ ဘုရားသခင်အပေါ် စောဒကတက်ပါက၊ ဤသည်မှာ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ကြောင်း သက်သေပြသည်။ ကျေးဇူးတော် မည်မျှပင် သင် မွေ့လျော်ခံစားပါစေ၊ သမ္မာတရား အနည်းငယ်မျှ သင် မရရှိခဲ့ပါက၊ သင်၏ယုံကြည်ခြင်းသည် အလွန် သနားစရာကောင်းသည်၊ ယင်းက သင်သည် မျက်စိကန်းသောသူတစ်ဦးဖြစ်ကြောင်း ပြသသည်။ ယခုတွင်၊ ဘုရားသခင်သည် နေ့စဉ်နေ့တိုင်း နှုတ်ကပတ်တော်အသစ်များကို ပြောဆိုလျက်၊ လူတို့ကို အသက်ဖြင့် ထောက်ပံ့ရန် သမ္မာတရားကို ဖော်ပြသည်။ ထိုသမ္မာတရားများက အလွန်များသည်မှာ လူတို့ ထာဝရကာလတိုင်အောင် စားသောက်ပြီး ခံစားနိုင်ပေသည်။ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သင့်သော သမ္မာတရားများ အလွန်များပြားသည်၊ သမ္မာတရားများစွာကို တစ်သက်တာတွင်ပင် အပြည့်အဝ တွေ့ကြုံခံစား၍မရနိုင်ပေ။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်ကာ သမ္မာတရားကို လိုက်စားသောသူတို့သည် အလွန်များပြားစွာနှင့် အင်မတန် အလျှံပယ်ဖြင့် ရရှိခဲ့ကြပြီးဖြစ်သည်။ သို့သော် လူတို့သည် သမ္မာတရားကို မလိုက်စားပါက၊ သမ္မာတရားကို မချစ်မြတ်နိုးသည့်အပြင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက၊ ၎င်းတို့ ဘာမျှမရရှိခဲ့ဟု အမြဲခံစားရလိမ့်မည်။ သမ္မာတရားကို မွေ့လျော်ခံစားသောသူတို့သည် ဤနှုတ်ကပတ်တော်များဖြင့် အလျှံပယ်ဖြစ်သည်အထိ အမှန်တကယ် ပြည့်ဝသည်ဟု ခံစားရသည်။ ယခု၊ သမ္မာတရားအရဖြစ်စေ၊ ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးမင်္ဂလာများအရဖြစ်စေ၊ ဘုရားသခင် လူတို့အပေါ် ပေးသနားသည့်အရာသည် အလျှံပယ်ဖြစ်သည်။ဘုရားအိမ်တော်သည် နို့နှင့် ပျားရည်စီးသော ပြည်ဖြစ်သည်ဟု ဆိုနိုင်သည်။ စုဝေးပွဲများတွင် စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန် အလျှံပယ်ဖြစ်သည်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ၊ ရုပ်ရှင်များ၊ ဓမ္မသီချင်းများ၊ အကများ၊ အားလုံးသည် အလျှံပယ် ရှိနေသည်။ ရုပ်ဝတ္ထုဆိုင်ရာ အရာများဖြစ်သည့် အစားအသောက်၊ အဝတ်အထည်နှင့် နေ့စဉ်သုံးပစ္စည်းများသည်လည်း အလျှံပယ်ဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင် သတ်မှတ်ထားသော အဆင်းနီသော နဂါးကြီးပေးသည့် အစေခံမှု၊ အန္တိခရစ်များနှင့် အယောင်ဆောင် ခေါင်းဆောင်များ၏ တင်ဆက်မှုများနှင့် အမျိုးမျိုးသော အပျက်သဘောဆောင်သည့်အရာများကို နေ့စဉ်နေ့တိုင်း လူတို့၏ရှေ့မှောက်တွင် ပြသခြင်းတို့က လူတို့ကို သင်ခန်းစာများ သင်ယူစေပြီး ပိုင်းခြားသိမြင်မှုတွင် ကြီးထွားစေသည်။ သင်သည် သင်ခန်းစာတစ်ခုလုံးကို တစ်ကြိမ်တည်းဖြင့် မသင်ယူနိုင်ပါက၊ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဆက်လက်စီစဉ်ဖွဲ့စည်းပေးလိမ့်မည်။ သင် လုံလောက်စွာ သင်ယူပြီးမှသာ ယင်းတို့ ဖယ်ရှားပေးလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်၏အမှုကို လက်ခံနိုင်ပါက၊ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသောသူတစ်ဦးဖြစ်ပါက၊ သင်သည် အလျှံပယ်ပွဲတော်တစ်ခုကို တက်ရောက်နေခြင်းဖြစ်သည်။ နှစ်အနည်းငယ်ကြာ ယုံကြည်ခြင်းက သင့်ကို ကြီးမားသော တိုးတက်မှုနှင့် စစ်မှန်သော ပြောင်းလဲမှုကို ဆောင်ကြဉ်းပေးလိမ့်မည်။ ဘုရားသခင်သည် သူရွေးချယ်ထားသော လူတို့ကို ဤနှစ်ကာလများအတွက် ကိုယ်တိုင်ကိုယ်ကျ ထိန်းကျောင်းခြင်း၊ ရေလောင်းပေးခြင်းတို့ပြုကာ ဦးဆောင်ပြီးဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူအားလုံးသည် ထိုသမ္မာတရားကို အလွန်များစွာ ရရှိပြီးသည်ဟု ခံစားနိုင်ပြီး၊ ၎င်းတို့၌ စစ်မှန်သော ပြောင်းလဲမှုအချို့ ရှိကြပြီးဖြစ်သည်။ အထူးသဖြင့်၊ မိမိတို့၏ တာဝန်ကို အချိန်ပြည့်ထမ်းဆောင်သောသူတို့သည် သာ၍ပင် ပြောင်းလဲကြပြီးဖြစ်သည်။ သင်သည် ဘုရားသခင်နောက်သို့ လိုက်သောအခါ၊ လမ်းကြောင်းက ပို၍ တောက်ပသည်ထက် တောက်ပလာသည်ကိုလည်းကောင်း၊ သင်သည် ကယ်တင်ခြင်းရရှိပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရာတွင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည်ကိုလည်းကောင်း သင် ခံစားနိုင်သည်။ သို့သော် သင်သည် သမ္မာတရားကို လက်ခံရန် အမြဲငြင်းပယ်ပြီး သင်၏စိတ်နှလုံးထဲတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုလားပါက၊ သင်၌ ကယ်တင်ခြင်း၏ မျှော်လင့်ချက် တစ်ခုတလေ ရှိသည်ဟု ခံစားနိုင်မည်မဟုတ်ပေ။ သင်သည် သင်၏အနီးဝန်းကျင်တွင်ရှိသောသူတို့ကို “ကျွန်ုပ်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်ဟု သင်ထင်သလော”ဟု မေးမြဲမေးနေမိလိမ့်မည်။ တစ်စုံတစ်ဦးက “သင့်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်ဟု မထင်ရပါ” ဟု ပြောပါက၊ သင်သည် “သွားပြီ၊ ငါ့တွင် မျှော်လင့်ချက်မရှိတော့ပါ”ဟု တွေးထင်လိမ့်မည်။ အမှန်တကယ်တွင်၊ သင်၌ မျှော်လင့်ချက်မရှိသည် မဟုတ်၊ သင်သည် သမ္မာတရားကို မလိုက်စားခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်နိုင်ပါက၊ သင်သည် တဖြည်းဖြည်း ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိလာလိမ့်မည်။ သင်၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားများကို ပို၍ နားလည်သည်ထက်နားလည်လာလိမ့်မည်ဖြစ်ပြီး၊ ကဏ္ဍတိုင်းတွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ကို သင် မျှဝေနိုင်လိမ့်မည်။ သင်သည် စိတ်ထဲတွင် ကြွယ်ဝပြီး အလွန်အားရကျေနပ်သည်ဟု ခံစားရလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်နောက်သို့ လိုက်ခြင်းမှ အလွန်များစွာ ရရှိပြီးဖြစ်သည်ဟု ခံစားရလိမ့်မည်။ မှန်သလော။ (မှန်ပါသည်။) အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက သို့မဟုတ် ယင်းကို မိမိ၏အသက်အဖြစ် လက်မခံပါက၊ ၎င်း၏စိတ်နှလုံးထဲတွင် ၎င်းသည် စစ်မှန်သော ယုံကြည်ခြင်းမရှိဘဲ၊ အမြဲတစေ လမ်းပျောက်ပြီး ဦးတည်ရာမဲ့ဖြစ်နေသည်ဟု ခံစားရလိမ့်မည်။ ၎င်းတို့သည် မိမိတို့၌ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက် တစ်ခုတလေ ရှိသလောဟု မိမိတို့၏ အနီးဝန်းကျင်တွင်ရှိသူတို့ကို အမြဲမေးမြန်းလိမ့်မည်။ အချို့သည်လည်း မိမိတို့၌ ဝိညာဉ်ရေးရာ သိနားလည်မှု ရှိမရှိဟူသည်ကို ၎င်းတို့ မျှော်လင့်ချက် ရှိမရှိဟူသည့်အရာ၏ သက်သေအဖြစ် ယူမှတ်လျက်၊ အခြားသူတို့အား မိမိတို့တွင် ဝိညာဉ်ရေးရာ သိနားလည်မှု ရှိသလောဟု စဉ်ဆက်မပြတ် မေးမြန်းကြသည်။ ငါ့ကိုပြောလော့၊ ထိုသို့သော လူတို့သည် မိုက်မဲကြသလော။ (မိုက်မဲပါသည်။) သင်၌ ဝိညာဉ်ရေးရာ သိနားလည်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် သမ္မာတရားအတွက် အားထုတ်သင့်သည်၊ ယင်းကို နားလည်ရန် အားထုတ်သည်သာမက၊ ယင်းကို လက်တွေ့လုပ်ဆောင်ရန်လည်း အားထုတ်သင့်သည်။ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ ကယ်တင်ခြင်းရရှိမည့် မျှော်လင့်ချက် ရှိမည် မဟုတ်လော။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤပြဿနာကို သင်တို့ ဆင်ခြင်စဉ်းစားသင့်သည်။

ယနေ့ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းအတွက် ဤမျှသာဖြစ်သည်။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်

အရှေ့သို့-  သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger