၃၄။ မိသားစုတစ်ခု ပြိုလဲမှု၏ နောက်ကွယ်

ရှောင်ချိုး တရုတ်နိုင်ငံ

ကျွန်မအမျိုးသားနှင့် ကျွန်မသည် ၂၀၁၂ ခုနှစ်၊ မေလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပါသည်။ ကျွန်မတို့သည် အချိန်ပြည့် ဘုရားနှုတ်ကပတ်တော်များကို အတူတကွ ဖတ်ကြပြီး ဘုရားသခင်ကို ချီးမွမ်းလျက် ဓမ္မတေးသီချင်းများ ဆိုကြသည်။ ကျွန်မအလွန်ပျော်ရွှင်ပြီး ကျေနပ်ခဲ့ရပါ၏။ မကြာခင်တွင် ကျွန်မသည် အသင်းတော်တစ်ပါးတွင် တာဝန်တစ်ခုကို ယူပြီး စုဝေးပွဲများတက်ကာ ဧဝံဂေလိမျှဝေရန်အတွက် မကြာခဏ အပြင်ထွက်သည်။ ကျွန်မ၏ အမျိုးသားသည် ကျွန်မကို အလွန်ပင် ပံ့ပိုးကူညီသည်။ သို့သော် နောက်ပိုင်းတွင် ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုကြောင့် ကျွန်မမိသားစုသည် ကျွန်မ၏ ယုံကြည်ခြင်းအား ကျင့်သုံးခြင်းကို တားဆီးရန် စတင်ကြိုးစားလာခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်မတို့၏ တစ်ချိန်က သဟဇာတဖြစ်သော၊ ငြိမ်းအေးသော အသက်တာသည် လုံးဝ ကွဲကြေသွားခဲ့ရသည်။

တစ်နေ့တွင် ကျွန်မ၏ အစ်ကိုအကြီးဆုံးသည် ကျွန်မကို ဖုန်းခေါ်ပြီး အစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင်အား ယုံကြည်သူများကို ဖမ်းဆီးပြီး ထောင်ဒဏ်များပေးလျက် အလွန်အမင်း နှိမ်နှင်းနေသည့် သတင်းကို သူတွေ့ရသည်ဟု ပြောလာသည်။ “လူတစ်ယောက်က ယုံကြည်သူဆိုရင် သူ့အနာဂတ်မျိုးဆက်တွေလည်း ထိခိုက်တာပဲ။ သူ့ကလေးတွေက တက္ကသိုလ်တက်လို့ မရဘူး။ ဒီလိုနဲ့ သူတို့အလုပ်အတွက် အလားအလာတွေ၊ အနာဂတ်ကောင်းတွေက ဖျက်ဆီးခံရတာပဲ။ ဒီဘာသာကို နင်ဆက်ကျင့်သုံးနေလို့ မဖြစ်တော့ဘူး” ဟု သူပြောသည်။ ကျွန်မ၏ အမျိုးသားက ကျောင်းတစ်ကျောင်းတွင် အလုပ်လုပ်သည်။ ကျွန်မအစ်ကိုပြောခဲ့သည့်အရာကို သူကြားသောအခါ “ယုံကြည်ခြင်းဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီက ယုံကြည်သူတွေကို အရူးအမူး ဖမ်းဆီးနေတာ။ ငါတို့ကလေးတွေရဲ့ အနာဂတ်တွေတောင် ထိခိုက်လာမှာ။ ဒီဘာသာကို ငါမကျင့်သုံးချင်တော့ဘူး။ မင်းစုဝေးပွဲတွေ တက်တာ ရပ်သင့်တယ်။ ဘုရားနောက်ကို လိုက်ချင်ရင် အိမ်မှာ လျှို့ဝှက်ပြီးတော့ပဲ လုပ်ပေါ့” ဟု သူက ကျွန်မကို စိတ်ပူလျက် ပြောသည်။ ကျွန်မက ပြန်ပြောလိုက်သည်။ “ကျွန်မက စုဝေးပွဲတွေမသွားရင် ယုံကြည်သူလို့တောင် ခေါ်လို့ ရပါ့မလား။ သမ္မာတရားကို ဒီပုံစံနဲ့ သင်လို့ရပါ့မလား။ ကျွန်မတို့ ယုံကြည်မှုမှာ သမ္မာတရားကို လိုက်စားကြတယ်။ ဒါက အသက်တာမှာ မှန်ကန်တဲ့ လမ်းကြောင်းပဲ။ စုဝေးပွဲတွေကို မသွားလို့မရဘူး။” ကျွန်မက သဘောထားမပြောင်းသည်ကို သိသောအခါ သူသည် ခွေးခြေခုံနှင့် ဓာတ်မီးကို ယူကာ ဒေါသနှင့် ရိုက်ချိုးပစ်လိုက်သည်။ နောက်တစ်နေ့တွင် သူသည် သူ့ကျောင်းမှ ပြန်လာပြီး ကျွန်မကို ပြောသည်။ “ဒီနေ့ ကျောင်းမှာ အစည်းအဝေးတစ်ခုလုပ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတွေကို နိုင်ငံရေးရာဇဝတ်သားတွေအဖြစ် သတ်မှတ်ပြီး အကြီးစား နိုင်ငံတော်နှိမ်နှင်းရေးပစ်မှတ်တွေဖြစ်တယ်လို့ပြောတဲ့ တရားဝင်စာစောင်တစ်ခုကို ဗဟိုကော်မတီက ထုတ်လိုက်တယ်။ ဆရာ၊ ဆရာမတွေနဲ့ သူတို့မိသားစုတွေကို ဘာသာရှိခွင့်မပေးဘူး။ ဘာသာရှိတဲ့သူတစ်ယောက်ယောက်ကို တွေ့ရင် အဲဒီလူတွေက အထုတ်ခံရပြီး နာမည်ပျက်စာရင်း အသွင်းခံရမယ်။ သူတို့ရဲ့ သားစဉ်မြေးဆက်တွေကို ကောလိပ်ဝင်ခွင့် ပေးမှာမဟုတ်ဘူး။ ဘယ်ကျောင်းကမှ သူတို့ကို လက်ခံမှာမဟုတ်ဘူး။ မင်းရဲ့ဘာသာကို ဆက်ပြီးကျင့်သုံးနေလို့ မဖြစ်ဘူး။ တစ်ယောက်ယောက်က သိသွားပြီး မင်းကိုတိုင်လိုက်ရင် ငါအလုပ်ပြုတ်ပြီး ငါတို့ကလေးတွေရဲ့ အနာဂတ်က ထိခိုက်မယ်။ ငါတို့မိသားစုက ပျက်စီးသွားမှာ။” ဤသို့ သူပြောသည်ကို ကြားရသောအခါ ကျွန်မတို့မိသားစု အသုံးစရိတ်များ ကာမိရန်အတွက် ကျွန်မအမျိုးသား၏ လစာအား လိုအပ်သည်ကို ကျွန်မ တွေးနေမိသည်။ သူသည် အမှန်တကယ်ပင် ကျွန်မ၏ ယုံကြည်မှုကြောင့် အထုတ်ခံရလျှင် ကျွန်မတို့ မည်သို့ရှေ့ဆက်မည်နည်း။ ကျွန်မတို့ကလေးများက တက္ကသိုလ်မတက်နိုင်လျှင်၊ အလုပ်မရှာနိုင်လျှင် ကျွန်မကို မုန်းမည်မဟုတ်လား။ ဤအတွေးများကြောင့် ကျွန်မသည် အမှန်ပင် စိတ်မချမ်းမသာဖြစ်မိ၏။ ထို့ကြောင့် ကျွန်မစိတ်နှလုံးတွင် ဘုရားသခင်ကို အော်ခေါ်ခဲ့ပြီး သူ၏ အလိုတော်ကို နားလည်ရန် လမ်းပြဖို့ တောင်းလျှောက်ခဲ့သည်။ ဆုတောင်းပြီးနောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ တစ်ခုကို စဉ်းစားမိသည်- “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ။ လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဤအရာကို သေချာစဉ်းစားကြည့်သည့်အခါ လူတို့၏ ကံကြမ္မာသည် ဘုရားသခင်၏လက်ထဲတွင် လုံးဝရှိသည်ကို ကျွန်မမြင်နိုင်ခဲ့သည်။ ကျွန်မ၏ အမျိုးသားက မည်သည့်အလုပ်ကို ရရှိနိုင်သည်၊ ကျွန်မတို့ သားများက မည်သည့်အနာဂတ်မျိုး ရှိသည်ဆိုသည်မှာ ဘုရားသခင်၏ စည်းမျဉ်းနှင့် အစီအစဉ်များအပေါ်တွင် မူတည်သည်။ ဤအရာတို့သည် မည်သည့်လူသားအပေါ်တွင်မျှ မမူတည်ပေ။ သူတို့၏ အလုပ်၊ သို့မဟုတ် အနာဂတ်များကို ကာကွယ်ရန် ကျွန်မ၏ ယုံကြည်ခြင်းကို စွန့်လွှတ်၍ မဖြစ်ပေ။ ကျွန်မတို့၏ အနာဂတ်ကို ဘုရားလက်ထဲတွင် အပ်ပြီး ဘုရား၏ စီစဉ်ညွှန်ကြားမှုများကို နာခံရန် အသင့်ဖြစ်နေမိသည်။ ဤသို့ ကျွန်မစဉ်းစားလိုက်သည့်အခါ ယခင်လောက် မစိုးရိမ်တော့ဘဲ ပုံမှန်အတိုင်း စုဝေးပွဲများကို ဆက်တက်ပြီး တာဝန်ကို ဆက်ထမ်းဆောင်နေခဲ့သည်။

ထို့နောက် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၏ နေ့တစ်နေ့၌ ကျွန်မနှင့် အခြားညီအစ်မအချို့တို့သည် စုဝေးပွဲတစ်ခုတွင် ရှိနေစဉ် အဖမ်းခံခဲ့ရသည်။ ထိုနေ့ညနေတွင် ရဲစခန်းက ရဲမှူးကြီးကျောက်သည် ကျွန်မကို သိချင်သည်ဟု ပြောလျက် မေးခွန်းထုတ်သည်။ “ဘယ်သူက မင်းကို ဘာသာပြောင်းပေးခဲ့တာလဲ။ မင်းတို့ အသင်းတော်ခေါင်းဆောင်က ဘယ်သူလဲ။” ကျွန်မ ပြန်မဖြေခဲ့ပေ။ ထို့နောက် သူက “မင်းယောက်ျားက ငါ့ရဲ့ ဆရာပဲ။ သူက ငါ့ဆရာဆိုတော့ ငါ့ကို အသင်းတော်အကြောင်း အကုန်ပြောပြ၊ ဒါဆို မင်းကို အိမ်ပြန်ခွင့်ပေးမယ်” ဟု ဆက်ပြောသည်။ ဤသည်မှာ ညီအစ်ကို မောင်နှမများအကြောင်းကို ဖော်ထုတ်ပြောဆိုပြီး ဘုရားသခင်ကို သစ္စာဖောက်စေရန် ကြိုးစားသည့် စာတန်၏ လှည့်ကွက်တစ်ခုဖြစ်သည်ကို ကျွန်မသဘောပေါက်လိုက်သည်။ ဤလှည့်ကွက်ထဲသို့ သက်ဆင်း၍ မဖြစ်ပေ။ ဘုရားသခင်ထံ ကျွန်မထပ်ခါထပ်ခါ တိတ်တဆိတ် ဆုတောင်းခဲ့သည်။ ကျွန်မကို စောင်မကြည့်ရှုပြီး သက်သေရပ်တည်ရန် ကူညီဖို့ တောင်းလျှောက်လိုက်သည်။ ထို့နောက်တွင် ရဲမှူးကြီးကျောက်က မည်သည့်အရာကို မေးပါစေ ကျွန်မလျစ်လျူရှုလိုက်သည်။ နောက်ဆုံးတွင် ကျွန်မကို အချုပ်ခန်းသို့ ပြန်ခေါ်သွားခဲ့သည်။ နောက်မနက်တွင် မြူနီစပယ် ပြည်သူ့လုံခြုံရေး အစိုးရဌာနမှ အရာရှိတစ်ယောက်က ကျွန်မကို မေးခွန်းမေးဖို့ ရောက်လာသည်။ ထိုသူမှာ ကျွန်မ၏ အစ်ကိုဝမ်းကွဲဖြစ်သည်ကို သိရတော့ ကျွန်မ ထိတ်လန့်သွားသည်။ ကျွန်မဖြစ်နေသည်ကို သိသောအခါ သူ၏မျက်လုံးများသည် ဒေါသဖြင့် ပြူးကျယ်လာပြီး ကျွန်မကို လက်ညှိုးထိုးလျက် ပြောသည်။ “အံသြစရာပဲ။ နင်က ဘာသာရေးလုပ်တာလား။ ဘယ်တုန်းက စယုံတာလဲ။ ဘယ်သူက နင့်ကို ပြောင်းပေးလိုက်တာလဲ။” ကျွန်မ သူ့ကို လျစ်လျူရှုလိုက်သည်။ သူက ဘုရားကို ပုတ်ခတ်စော်ကားသည့် အခြားအရာအချို့ကို ပြောပြီး ဆက်ပြောသည်။ “တစ်ယောက်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်လို့ တွေ့ရင် သူ့ဆီကနေ ဆင်းသက်တဲ့ မျိုးဆက်သုံးဆက်ပါ အမှုပတ်တယ်လို့ပြောတဲ့ တရားဝင်စာတစ်စောင်ကို နိုင်ငံတော်အစိုးရက ဟိုးအရင်ကတည်းက ထုတ်ထားတာ။ နင့်ရဲ့ သားအကြီးက ကောလိပ်ကနေ ပူပူနွေးနွေး ဘွဲ့ရထားပြီး အလုပ်ရှာနေတာ။ နင့်ရဲ့ သားငယ်ကလည်း ကောလိပ်ကျောင်းတက်တော့မှာ။ နင့်ကလေးတွေရဲ့ အနာဂတ်ကို စဉ်းစားပေးရမှာပေါ့။ ကွန်မြူနစ်ပါတီက အရမ်းအာဏာကြီးတယ်။ သူ့ရှေ့မှာ ဆက်ပြီး ယုံကြည်ဖို့လုပ်နေတာက ကျောက်ခဲကို ကြက်ဥနဲ့ ခွဲဖို့ ကြိုးစားနေသလိုပဲ။ ဒီကိစ္စကို မင်းလက်လျှော့ပစ်မှ ဖြစ်မယ်။” ဤအရာအားလုံးကို ကြားရသည့်အခါ ကျွန်မ၏ ယုံကြည်ခြင်းကို ဆက်လက်ကျင့်သုံးလျှင် ကျွန်မသားများ၏ အနာဂတ်က ထိခိုက်ဖို့သေချာသည်ဟု စဉ်းစားနေမိသည်။ သူတို့၏ ပညာရေးအတွက် ကျွန်မများစွာပေးဆပ်ခဲ့သည်။ သူတို့သည် နောက်ဆုံးတွင် အမှန်တကယ်ပင် အလုပ်မရှာနိုင်လျှင် သွေး၊ ချွေးနှင့် မျက်ရည်များကျခဲ့ရသည့် ထိုနှစ်ကာလများသည် အချည်းနှီးဖြစ်မည် မဟုတ်ပါလား။ ဤသည်မှာ ကျွန်မအတွက် အမှန်ပင် စိတ်ဆင်းရဲရသော အတွေးဖြစ်သည်။ ကျွန်မဘုရားသခင်ထံ ဆုတောင်းသည်။ သူ၏အလိုတော်ကို နားလည်ဖို့၊ ကျွန်မ အဘယ်အရာ လုပ်သင့်သည်ကို သိဖို့ ကျွန်မစိတ်နှလုံးကို ကြည့်ရှုစောင်မပြီး လမ်းပြပေးပါရန် တောင်းလျှောက်ခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ဤကိုးကားချက်က စိတ်ထဲပေါ်လာသည်- “ဤကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်၍ ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ကြိုတင်ပြဋ္ဌာန်းမှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းရာဇဝင်က မည်သည့်အရာ ဖြစ်ကောင်းဖြစ်နိုင်ပါစေ၊ သင့်ရှေ့ဆက်ခရီးတို့ မည်သည့်အရာ ဖြစ်ကောင်း ဖြစ်နိုင်ပါစေ၊ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်ခြင်းများကို မရှောင်နိုင်ပေ၊ ပြီးလျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ့်ကံကြမ္မာကိုယ် မထိန်းချုပ်နိုင်ပေ။ အကြောင်းမှာ အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲထားသော သူတစ်ပါးတည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။...လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ ကိုင်ဆောင်ထားပြီး သူ၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအရာအားလုံးကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျား၊ ပြောင်းလဲကာ အသစ်ပြန်ဖြစ်ပြီး ကွယ်ပျောက်သွားမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည့်ပုံစံဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် အရာအားလုံးသည် သူ၏ လက်တော်ထဲတွင် လုံးဝရှိသည်ကို ကျွန်မမြင်နိုင်သည်။ ထို့ကြောင့် ကျွန်မသားများ၏ အနာဂတ်နှင့် ကံကြမ္မာလည်း ထိုအထဲတွင် ပါဝင်သည်မဟုတ်လော။ လူတစ်ယောက်သည် ဘဝတွင် မည်မျှဒုက္ခခံရသည်၊ မည်သည့်အလုပ် လုပ်သည်တို့ အားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သည်။ ဤအရာများအပေါ်တွင် ကျွန်မစိုးရိမ်ပူပန်နေ၍ မရပေ။ လူတစ်ယောက်၏ ပညာရေးနှင့် အလုပ်သည် လောကထဲတွင် မည်မျှကြီးမြတ်ပါစေ ထိုသူ၌ ကောင်းမွန်သော အနာဂတ်နှင့် ကံကြမ္မာရှိမည်ဟု အဓိပ္ပာယ်မရပေ။ ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံခြင်း မရှိလျှင်၊ ကပ်ဘေးများ ကျရောက်လာသောအခါ သေသွားမည်ဖြစ်ပြီး ပြောဆိုရန် မည်သည့်အနာဂတ်မျှ ရှိမည်မဟုတ်ပေ။ ဘုရားသခင်ရှေ့သို့လာခြင်း၊ သမ္မာတရားကို လက်ခံခြင်း၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံခြင်းကသာ အနာဂတ်နှင့် ခရီးပန်းတိုင် အမှန်တကယ် ရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် ကျွန်မ၏ အစ်ကိုဝမ်းကွဲကို ပြောလိုက်သည်။ “ငါ့သားတွေရဲ့ အနာဂတ်က ဘာပဲဖြစ်ဖြစ် သူတို့ကံကြမ္မာပဲ။ ဘယ်သူ့အပေါ်မှ မမူတည်ဘူး။ ငါက ဘုရားကို ယုံပြီး သမ္မာတရားကို လိုက်စားတယ်။ ဒါက လမ်းမှန်ပဲ။ ငါအပြီးအပိုင် ဆုံးဖြတ်ပြီးပြီ။ အလုပ်ရှုပ်ခံပြီး ငါ့ကို အကြံပေးမနေပါနဲ့။” ကျွန်မယုံကြည်ခြင်းကို ဆက်ထိန်းထားဖို့ ကျွန်မက မည်မျှပြတ်သားသည်ကို မြင်သောအခါ သူက ပြန်မပြောတော့ပေ။ ထိုနေရာတွင် ကျွန်မကို တစ်ရက်နှင့် တစ်ညထားပြီး အိမ်ပြန်ပို့လိုက်ကြသည်။

ကျွန်မအိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ကျွန်မအမျိုးသားက ခွေးခြေတစ်ခုံကိုယူပြီး ကျွန်မကို ရိုက်မည်လုပ်သည်။ သို့သော် အကြီးဆုံးသားက သူ့ကို ဆွဲထားလိုက်သည်။ ကျွန်မအမျိုးသားက ကျွန်မကို ဆဲရေးတိုင်းထွာပြီး ပြောသည်။ “မင်းရဲ့ ယုံကြည်မှုကြောင့် ငါလုံးဝကို သိက္ခာကျသွားပြီ။ ငါတို့သားတွေရဲ့ အနာဂတ်က အနှေးနဲ့ အမြန် မင်းကြောင့် ပျက်စီးတော့မှာ။ ဒီယုံကြည်မှုကို မင်းဆက်ထိန်းထားရင် ငါမင်းကို သေအောင်ရိုက်ပစ်မယ်။” ဤအခြေအနေသို့ သူရောက်နေသည်ကို မြင်ရသည့်အခါ သိရသလောက် ကျွန်မတို့၏ လင်မယားသံယောဇဉ်သည် တကယ့်ဆင်းရဲဒုက္ခတစ်ခုခုကို ရင်ဆိုင်ရန် အားနည်းလွန်းသည်ဟု ကိုယ့်ဘာသာ တွေးနေမိသည်။ ကျွန်မ၏ ယုံကြည်ခြင်းကြောင့် ကျွန်မအဖမ်းခံရပြီး သူ၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ဂုဏ်သတင်းကို ထိခိုက်သောအခါ သူက ကျွန်မကို ရိုက်မည်ဟု ခြိမ်းခြောက်သည်။ ဤသည်မှာ အဘယ်သို့ လင်နှင့်မယားကြား ချစ်ခြင်း ဖြစ်မည်နည်း။ ထိုအချိန်၌ ကျွန်မ၏ ညီမသည် ကျွန်မတို့အိမ်တွင် ရှိနေပြီး သူက ဝင်ပြောသည်။ “အစ်မယုံကြည်မှုကို အစ်မစွန့်လွှတ်လိုက်လို့ မရဘူးလား။ ဒီလိုဆက်လုပ်နေရင် အစ်မသားတွေရဲ့ အနာဂတ်ကို ဖျက်ဆီးမိလိမ့်မယ်။” ကျွန်မက သူတို့ကို ပြောလိုက်သည်။ “ငါလုပ်နေတာက စုဝေးပွဲတွေ တက်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရုံသက်သက်ပဲ။ ဒါက ဘဝမှာ လျှောက်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းပဲ။ ဘာအမှားမှ ငါမလုပ်ထားဘူး။ ဒါက ငါ့ကလေးတွေရဲ့ အနာဂတ်ကို ဘယ်လိုထိခိုက်နိုင်မှာလဲ။ ယုံကြည်သူတွေကို ဖိနှိပ်ပြီး သူတို့မိသားစုတွေရဲ့ မျိုးဆက်တွေကိုပါ ဆွဲထည့်တာက ကွန်မြူနစ်ပါတီပဲ။ ငါတို့ကလေးတွေက အနာဂတ်မှာ အလုပ်ရှာလို့မရရင် ဒါကွန်မြူနစ်ပါတီကြောင့်ပဲ။ ဘာလို့နင်တို့က အမှန်၊ အမှား မခွဲခြားနိုင်တာလဲ။” ထို့နောက် ကျွန်မမောင်က ကျွန်မအမျိုးသားကို ခေါ်ပြီး ပြောသည်။ “ကျွန်တော့်အစ်မက အဲဒီဘာသာနောက်ကို ဆက်လိုက်နေရင် သူ့ခြေထောက်တွေကိုသာ ချိုးလိုက်။ ပြီးရင် အဲဒီစုဝေးပွဲတွေကို သူဘယ်လိုသွားမလဲ ကြည့်တာပေါ့။” သူ့အမျိုးသမီးကလည်း ရက်ရက်စက်စက် ပြောသည်။ “သူဒီလိုဆက်လုပ်နေရင် သေအောင်ရိုက်လိုက်။ ကျွန်မတို့ဘက်က မိသားစုက ရှင့်ကို ပြန်လက်စားချေဖို့ မကြိုးစားဘူး။” ကျွန်မ နှလုံးသားက အေးစက်သွားသည်။ မိသားစုက ကျွန်မကို နားလည်မည်ဟု ကျွန်မထင်ခဲ့သည်။ ကွန်မြူနစ်ပါတီကို သူတို့နားထောင်မည်၊ သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ဖို့အတွက်နှင့် အလွန်အကြင်နာကင်းမဲ့လိမ့်မည်၊ ကျွန်မယုံကြည်ခြင်းကို ကျင့်သုံးခြင်းမှ တားဆီးရန်အတွက် ကျွန်မသေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဂရုပင်စိုက်မည်မဟုတ်ဆိုသည်တို့ကို ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ပေ။ သူတို့၏ လူ့သဘာဝက အဘယ်မှာနည်း။ နောက်တစ်နေ့တွင် ကျွန်မ၏ အစ်ကိုက ကျွန်မအမျိုးသားကို ဖုန်းခေါ်ပြီး ပြောသည်။ “ကျွန်တော့်ညီမက သူ့ဘာသာရေးကို ဆက်လုပ်နေရင် ကျွန်တော်တို့က သူနဲ့ အဆက်အသွယ်ဖြတ်မှာ။ ခင်ဗျားက ကွာရှင်းချင်တယ်ဆိုရင် ကျွန်တော်အားပေးမယ်။ သူ့ကို ဘာမှထည့်မပေးလိုက်ဘဲ နှင်ထုတ်ပစ်လိုက်။ ပြီးရင် သူဘယ်လိုရှေ့ဆက်မလဲ ကြည့်တာပေါ့။” နေ့လယ်ခန့်အချိန်တွင် ကျွန်မ၏ အစ်ကိုဝမ်းကွဲက ရဲကားတစ်စီးဖြင့် ရောက်လာပြီး ကျွန်မကို စောင့်ကြည့်ဖို့၊ ကျွန်မယုံကြည်မှုအား ကျင့်သုံးခြင်းကို တားဆီးဖို့၊ ဤသို့မဟုတ်လျှင် တစ်မိသားစုလုံး ထိခိုက်လိမ့်မည်ဟု ကျွန်မအမျိုးသားကို ပြောသည်။ ကျွန်မအမျိုးသားက ကျွန်မကို “ငါတို့သားသမီးတွေနဲ့ ဒီမိသားစုအကျိုးအတွက် ဒီနေ့ မင်းအစ်ကိုဝမ်းကွဲရဲ့ မျက်လုံးကို ကြည့်ပြီး မင်းရဲ့ယုံကြည်မှုကို စွန့်လွှတ်တယ်ဆိုတဲ့ ထွက်ဆိုချက်ကို မင်းလုပ်ဖို့လိုတယ်” ဟု ပြောသည်။ “ဘုရားသခင်နောက် လိုက်တာဟာ မှန်ကန်သင့်တော်တယ်။ ကျွန်မယုံကြည်မှုကို စွန့်လွှတ်မှာ မဟုတ်ဘူး” ဟု ကျွန်မသူ့ကို ပြောလိုက်သည်။ ကျွန်မကို သဘောထားပြောင်းလဲအောင် မလုပ်နိုင်သည်ကို မြင်ပြီး သူက “ဘုရားကို မင်းအတင်းဆက်ယုံနေပြီး ငါတို့ကလေးတွေရဲ့ အနာဂတ်ကို လျစ်လျူရှုနေရင် ငါမင်းကို ကွာရှင်းရလိမ့်မယ်” ဟု ဒေါသတကြီး ပြောသည်။ သူက ကွာရှင်းစာချုပ်ကို ယူပြီး ကျွန်မကို လက်မှတ်ထိုးဖို့ပြောသည်။ စာချုပ်တွင် ကျွန်မက ဘာမှမယူဘဲ ထွက်သွားပါမည်ဟု ဆိုထားသည်။ ကျွန်မတို့အိမ်ကို တည်ထောင်ရန်အတွက် ကျွန်မတို နှစ်ယောက်လုံး အလွန်ကြိုးစားပြီး အလုပ်လုပ်ခဲ့ကြသည်။ ကျွန်မက လက်ဗလာဖြင့် ထွက်သွားလျှင် မည်သို့ရှင်သန်ရမည်နည်း။ သို့သော်လည်း တစ်စုံတစ်ယောက်က ဘဝတွင် မည်မျှဒုက္ခခံရမည်ကို ဘုရားသခင်က သတ်မှတ်ပြီးဖြစ်သည်ကို ကျွန်မထပ်စဉ်းစားမိသည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်အား ယုံကြည်ခြင်းကို ရပ်လို့မဖြစ်ဘဲ ကျွန်မယုံကြည်ခြင်းကို ဆက်ထိန်းထားရှိပြီး သမ္မာတရားကို လိုက်စားခြင်းအား ဆက်လက်ပြုလုပ်ရမည်။ ကျွန်မက လက်မှတ်ထိုးဖို့လုပ်သည်။ ထို့နောက် ကျွန်မက အရှုံးပေးဖို့ ရည်ရွယ်ချက်မရှိသည်ကို ကျွန်မအမျိုးသားက သတိထားမိပြီး ပြောသည်။ “ဒါဆိုလည်း မကွာရှင်းဘဲ နေရအောင်။ မင်းက ယုံကြည်သူဖြစ်ချင်တယ်ဆိုရင် ငါမင်းကို တားလို့မရဘူး။ ဆက်သာလုပ်ပေါ့။” ဤသည်မှာ သူပြောသည့်အရာဖြစ်သည်။ သို့သော် အမှန်တကယ်တွင် သူသည် ကျွန်မကို ပိုပို၍ ထိန်းချုပ်လာသည်။ အိမ်တွင် “ဘုရားသခင်” ဆိုသည့်စကားကို ပြောခွင့်မပေးပါ။ သူမကြိုက်သောအရာတစ်ခုခုကို ကျွန်မပြောသည့်အခါတိုင်း ကျွန်မကို ရိုက်သည်။ သူ၏ အားလပ်ရက်များတွင် မည်သည့်နေရာကိုမှ မသွားဘဲ ကျွန်မကို စောင့်ကြည့်ရန်အတွက် အိမ်မှာသာ နေသည်။ ဘုရားနှုတ်ကပတ်တော်များအား ကျွန်မဖတ်နေသည်ကို သူမြင်သောအခါ ကျွန်မထံမှ စာအုပ်ကို ဆွဲယူလိုက်ပြီး ပြောသည်။ “ဒါကို ငါနောက်တစ်ကြိမ်ထပ်မြင်ရရင် ဒီဘုရားစာ စာအုပ်ကို မီးရှို့ပစ်မယ်။” အချိန်အနည်းငယ်ကြာသည်အထိ ကျွန်မသည် စုဝေးပွဲများ မတက်နိုင်၊ ညီအစ်ကိုမောင်နှမများနှင့် အဆက်အသွယ်မလုပ်နိုင်၊ သို့မဟုတ် အိမ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်နိုင်ပေ။ ကျွန်မတွင် လုံးဝ လွတ်လပ်ခွင့်မရှိပါ။

တစ်ညနေတွင် ကျွန်မသည် ဘုရားနှုတ်ကပတ်တော်များကိုဖတ်ရန် ကျွန်မတို့ အိပ်ခန်းထဲသို့ ခိုးဝင်လာသည့်အခါ ကျွန်မအမျိုးသားက ရုတ်တရက် ဝင်ချလာပြီး “မင်းက ဒါကို ဖတ်ရဲတုန်းပဲပေါ့လေ။ မင်းထပ်အဖမ်းခံရရင် ငါ့အလုပ်နဲ့ ငါတို့ကလေးတွေရဲ့ အနာဂတ်က သွားပြီ။ ကွန်မြူနစ်ပါတီက လုံးဝ ဘာကိုမဆို လုပ်နိုင်တယ်နော်” ဟု ကြမ်းတမ်းစွာဖြင့် ပြောသည်။ “ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကိုပဲ ဖတ်နေတာပါ။ ဒါက ရှင်နဲ့ ရှင့်သားရဲ့အနာဂတ်တွေကို ဘယ်လိုထိခိုက်မှာလဲ” ဟု ကျွန်မသူ့ကို ပြောလိုက်သည်။ အံ့သြစရာကောင်းသည်မှာ သူသည် ပြေးလာပြီး ကျွန်မလည်ပင်းကို လက်နှစ်ဖက်လုံးနှင့် ညှစ်လျက် “မင်းကို လည်ပင်းညှစ်သတ်လိုက်တော့မယ်” ဟု ပြော၏။ ကျွန်မက အားမမျှသည့်အတွက် ကိုယ်လွတ်ရုန်းရန် မတတ်နိုင်သည့်အပြင် မည်သည့်စကားကိုမျှ မပြောနိုင်ခဲ့ပါ။ ကျွန်မအသက်ရှူရပ်ပြီး လှုပ်ပင်မလှုပ်တော့သည့်အခါမှ သူက လွှတ်ပေးလိုက်သည်။ ကျွန်မသည် လေကို ဟောဟဲလိုက်ကာ ရှူရှိုက်နေရပြီး စိတ်တွင် အလွန်ပင် နာကျင်ခံစားခဲ့ရသည်။ တရုတ်ပြည်တွင် ယုံကြည်သူတစ်ယောက်ဖြစ်ခြင်း၊ လမ်းမှန်ကို လျှောက်ခြင်းသည် ခက်ခဲလွန်းသည်ဟု ခံစားနေမိသည်။ ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးခြင်းကို ကျွန်မခံရသည်၊ မိသားစုက ကျွန်မကို တားဆီးသည်၊ တာဝန်ကို မထမ်းဆောင်နိုင်တော့ပါ။ ယခုအခါတွင် ဘုရားနှုတ်ကပတ်တော်အား ဖတ်ရှုခွင့်ကိုပင် ရုပ်သိမ်းသွားကြပြီ။ ကျွန်မဘဝတွင် မည်သည့်အဓိပ္ပာယ် ကျန်ရှိသေးသနည်း။ သေသွားသည်ကမှ ကောင်းလိမ့်မည်ဟု ခံစားမိသည်။ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်အတွက် ကျွန်မအမျိုးသား၏ ဘလိတ်ဓားကို ယူလိုက်ပြီး ကျွန်မလက်ကောက်ဝတ်များကို လှီးဖို့ ကြံသည်။ ထို့နောက် ဤဘုရားနှုတ်ကပတ်တော်အပိုဒ်က စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသည်- “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ဘုရားသခင်က ၎င်းတို့အား ကျေနပ်ဖွယ်ရာအဖြစ် မမြင်သကဲ့သို့ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ လူအချို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခခံစားရပြီး သေလိုခြင်းပင် ဖြစ်ကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အရည်အချင်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။...ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာစောင့်သိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုအောက်တွင် အပြည့်အဝရှိနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) မှန်ကန်သည့် အချိန်လေးတွင် ကျွန်မကို လှုပ်နှိုးလိုက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ထိုမိုက်မဲသော လုပ်ရပ်ကို ကျွန်မ မလုပ်ခဲ့ပါ။ စိတ်ဆင်းရဲပြီး ညှဉ်းပန်းခံရကာ နှိပ်စက်မှုဒဏ်ကို မခံနိုင်သောကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ခဲ့သည်။ မည်မျှပင် သတ္တိနည်းလိုက်သနည်း။ ကျွန်မသည် ယုံကြည်ခြင်း အလွန်ကင်းမဲ့ခဲ့ပြီး သက်သေခံချက် လုံးဝမရှိခဲ့ပါ။ လူတို့သည် နာကျင်မှုနှင့် ဆင်းရဲဒုက္ခတို့ ခံစားရသောအခါ သူ့အပေါ်တွင် ယုံကြည်မှုမဆုံးရှုံးရန်၊ သူ့အတွက် သက်သေရပ်တည်နိုင်ရန် ဘုရားသခင်က မျှော်လင့်သည်။ ကျွန်မသေသွားလျှင် မည်သည့်သက်သေကို ခံနိုင်မည်နည်း။ ကျွန်မသည် စာတန်၏ လှောင်ရယ်စရာ ဖြစ်သွားမည်မဟုတ်လား။ ဤသို့ နားလည်သဘောပေါက်ပြီး ကျွန်မသည် နောင်တွင် ကျွန်မအမျိုးသားနှင့် ဆွေမျိုးများက ကျွန်မကို မည်သို့ဖိနှိပ်ပြီး ကျွန်မယုံကြည်မှုကို တားဆီးဖို့ မည်သို့ကြိုးစားပါစေ၊ မည်မျှပင် ဒုက္ခခံရပါစေ၊ အသက်တစ်ရှိုက် ကျန်နေသေးသရွေ့ ကျွန်မဘဝကို ကောင်းစွာ ရှင်သန်ပြီး အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။ သို့သော် ကျွန်မအဖမ်းခံရပြီးနောက်တွင် ကျွန်မသည် ရဲများ၏ စောင့်ကြည့်ခြင်းကို ခံရပြီး မိသားစု၏ ချုပ်ချယ်ခြင်းကို ခံရသောကြောင့် မှန်ကန်သော အသင်းတော် အသက်တာကို သုံးနှစ်ကြာ မရှင်သန်နိုင်ခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မအဖေ၏ အိမ်တွင် တိတ်တဆိတ် ဖတ်ရန်အတွက် ထိုနေရာသို့ ခိုးသွားရသည်။ ထို့နောက် ၂၀၁၆ ခုနှစ်၏ နွေရာသီတွင် နောက်ဆုံး၌ ညီအစ်ကိုမောင်နှမများနှင့် အဆက်အသွယ်လုပ်ခဲ့သည်။ အသင်းတော် အသက်တာကို ပြန်လည်စတင်နိုင်ပြီး တာဝန်ကို တစ်ဖန် ထမ်းဆောင်နိုင်ခဲ့သည်။

ကျွန်မအမျိုးသားသည် ကျွန်မကို နှစ်အနည်းငယ် ကြာသည်အထိ ဖိနှိပ်ထားခဲ့သည်။ တစ်ခါက စုဝေးပွဲတစ်ခုမှ ကျွန်မပြန်လာပြီးနောက်တွင် သူသည် ကျွန်မအစ်ကို၏ အိမ်သို့ ကျွန်မကို ခေါ်သွားသည်ကို မှတ်မိသေးသည်။ ထိုနေရာတွင် ကျွန်မ၏ အခြားအစ်ကိုနှစ်ယောက်နှင့် သူတို့၏ ဇနီးများနှင့် သူအတူရှိနေသည်ကို တွေ့ရသည်။ သူတို့အားလုံးက ကျွန်မကို စိန်းစိန်းဝါးဝါး ကြည့်နေကြသည်။ ကျွန်မယုံကြည်ခြင်းကို စွန့်လွှတ်စေရန်အတွက် နောက်တစ်ဖန် အတင်းအဓမ္မလုပ်ဖို့ သူတို့ကြိုးစားလိမ့်မည်ကို ကျွန်မသိသည်။ ထို့ကြောင့် ကျွန်မ တိတ်တဆိတ် ဆုတောင်းလိုက်သည်။ သူတို့ကျွန်မကို မည်သည့်အရာပင် ပြုလုပ်ပါစေ သူတို့၏ ဆွဲထားခြင်းကို မခံရစေရန် ကျွန်မကို လမ်းပြဖို့ ဘုရားသခင်ကို တောင်းလျှောက်လိုက်သည်။ ကျွန်မအစ်ကိုက ကျွန်မကို စိန်းစိန်းဝါးဝါးကြည့်ပြီး “ကွန်မြူနစ်ပါတီက ဘုရားမဲ့ဝါဒီကွ။ သူက ဘာသာရေးယုံကြည်မှုတွေကို ဒီနှစ်တွေတစ်လျှောက်လုံး ဖိနှိပ်နေတာ၊ ဘယ်သူကမှ ဒါကို မပြောင်းလဲနိုင်ဘူး။ ပါတီရဲ့အုပ်ချုပ်မှုအောက်မှာ ဘုရားကို ယုံရင် သေချာပေါက် အဖမ်းခံရမှာပဲ။ ကျန်တဲ့မိသားစုတွေလည်း အမှုပတ်မှာပဲ။ နင်က သက်သက်ပြဿနာရှာနေတာ မဟုတ်ဘူးလား” ဟု ပြောသည်။ ကျွန်မ၏ ခဲအိုကလည်း “ငါ့သားက ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေပြီး နိုင်ငံရေးနောက်ခံ စစ်ဆေးလွှာကို ဖြည့်ရတယ်။ ဘာသာရေးလုပ်တဲ့ မိသားစုဝင်တွေ ရှိလားလို့ သူတို့မေးလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် နင်ယုံကြည်တဲ့ မှတ်တမ်းကို ရဲတွေက တွေ့သွားပြီး သူ့ကို အအောင်မပေးဘူး။ ငါက ငါ့အဆက်အသွယ်တွေသုံးပြီး လူတွေကို လက်ဆောင်တွေ ပို့ပေးလိုက်ရတယ်။ တော်တော်ကို အားစိုက်လိုက်ရတာ။ နောက်တော့ သူက အောင်ရုံလေး အောင်သွားတယ်။ တရုတ်ပြည်မှာ တစ်ယောက်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံရင် တစ်မိသားစုလုံးက ဆွဲထည့်ခံရတာ။ နင့်ယုံကြည်မှုကို စွန့်လွှတ်မှဖြစ်မယ်” ဟု ဆက်ပြောသည်။ ထို့နောက် ကျွန်မ၏မောင်က “ကျွန်တော်တို့မိသားစု၊ အစ်မသားတွေရဲ့ အနာဂတ်ကို နည်းနည်း မစဉ်းစားပေးနိုင်ဘူးလား။ ဘုရားကို ယုံတာ ရပ်ပါတော့။ အစ်မဘာသာကို စွန့်လွှတ်လိုက်ရင် ဘာဖြစ်မှာမို့လို့လဲ။ အစ်မသေသွားမှာလား” ဟု ကျွန်မကို မေးသည်။ ထို့ကြောင့် ကျွန်မသူတို့ကို ပြောလိုက်သည်။ “အနာဂတ်နဲ့ ကံကြမ္မာက ဘာလဲဆိုတာ နင်တို့သိလို့လား။ အလုပ်ကောင်းရှိတာ၊ အစာကောင်းစား၊ အဝတ်ကောင်းဝတ်ရတာတွေက အနာဂတ်ကောင်းရှိတာလို့ ထင်တာလား။ ကပ်ဘေးတွေက တစ်ချိန်လုံး များလာနေတာ။ ယုံကြည်သူမဟုတ်တဲ့လူတိုင်း ကပ်ဘေးတွေထဲကို ကျမှာပဲ။ ဘုရားကို ယုံကြည်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ခံရတဲ့သူတွေသာ ကျန်လိမ့်မယ်။ သူတို့သာ ကောင်းတဲ့အနာဂတ်နဲ့ ကံကြမ္မာရှိမှာ။” ကျွန်မအမျိုးသားက ပြန်ပြောသည်။ “နောက်ပိုင်းကျ ဘာဖြစ်မယ်ဆိုတာ ငါမသိဘူး။ ငါ့ရှေ့မှာရှိနေတာကိုပဲ ငါမြင်နိုင်တယ်။ ဒါက ကွန်မြူနစ်ပါတီရဲ့ လက်ရှိမူဝါဒပဲ။ ယုံကြည်သူဆိုရင် သူတို့က ဖမ်းမှာပဲ။ ကိုယ့်အလုပ်ကနေ ထုတ်ပြီး ကိုယ့်မိသားစုလည်း အမှုပတ်မှာပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ဘယ်သူကမှ သူတို့ရဲ့ ဒီမူဝါဒကို မပြောင်းလဲနိုင်ဘူး။ သူတို့က ငါတို့ထက် အများကြီး ပိုအားကြီးတယ်။ မင်းရဲ့ ယုံကြည်မှုကိုသာ စွန့်လွှတ်လိုက်ပါ။ ဒီက လူတိုင်းရှေ့မှာ စွန့်လွှတ်မယ်လို့ ပြောလိုက်။” သူပြောပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်းက တစ်ယောက်တစ်ပေါက် စပြောကြတော့၏။ ဘုရားကို ဆက်မယုံရင် တိုက်တွန်းကြသည်။ ကျွန်မတို့သည် ပျော်ရွှင်သော မိသားစုကြီးတစ်ခု ဖြစ်ခဲ့ဖူးသည်။ သို့သော် ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုကြောင့် အရာရာဗြောင်းဆန်ကုန်၏။ ကျွန်မအမျိုးသားသည် ကျွန်မကို အစဉ်ရိုက်နှက်နေပြီး အော်ဟစ်သည်။ ငြိမ်းအေးရသည့်ရက် တစ်ရက်မှ မရှိပါ။ မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ကျွန်မသည် ပိုပို၍ ဝမ်းနည်းလာသည်။ ထို့ကြောင့် ဘုရားသခင်ထံ ဆုတောင်းပြီး ဤဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေးမိသည်- “သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော သာမန်မျှသာဖြစ်ပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားအလိုတော်ကို ကျွန်မနားလည်အောင် ကူညီပေးသည်။ ကျွန်မသည် ဘုရားနောက်သို့ တည်ကြည်ခိုင်မာစွာ လိုက်ပြီး တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် ကျွန်မရှိနေခဲ့သည်။ ကျွန်မ၏ မိသားစုဝင်များကမူ ငွေနှင့် ဂုဏ်သတင်းနောက်သို့ လိုက်နေခဲ့သည်။ မတူညီသည့်လမ်းကြောင်းပေါ်တွင် ကျွန်မတို့ ရှိနေခဲ့ခြင်းဖြစ်သဖြင့် ကျွန်မတို့မိသားစု ပြိုလဲမည့်အရေးကို ရှောင်လွှဲ၍ မရနိုင်ပါ။ သမ္မာတရားကို ရရှိရန်အတွက် ထိုဒုက္ခကို ကျွန်မလက်ခံရမည်။ ဤတွင် အဓိပ္ပာယ်ရှိသည်။ ကျွန်မ၏မိသားစုအတွက် ကျွန်မယုံကြည်ခြင်းကို စွန့်လွှတ်၍ မဖြစ်ပါ။ ထို့ကြောင့် သူတို့ကို ကျွန်မပြောလိုက်သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်တဲ့ဘုရား၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကြွလာတဲ့ ကယ်တင်ရှင် ဖြစ်တယ်ဆိုတာ ကျွန်မသေချာတယ်။ ကျွန်မယုံကြည်မှုကို လုံးဝလုံးဝ မစွန့်လွှတ်နိုင်ဘူး။” ကျွန်မစိတ်ကို ပြောင်းလဲဖို့ နည်းလမ်းမရှိတော့သည်ကို မြင်သောအခါ သူတို့အားလုံး ထွက်ခွာသွားကြတော့သည်။

တစ်ညနေတွင် စုဝေးပွဲတစ်ခုမှ အိမ်သို့ ကျွန်မ ပြန်လာစဉ်တွင် ကျွန်မအမျိုးသားသည် စားပွဲတစ်ခုပေါ်တွင် ခြေပစ်လက်ပစ်မှီနေပြီး အရက်မူးလျက် ငိုနေ၏။ သူက ပြောသည်။ “မင်းက နေ့တိုင်း စုဝေးပွဲတွေသွားတယ်။ မင်းထပ်အဖမ်းခံရရင် ငါတို့အိမ်က မင်းကြောင့် ဘယ်အချိန် ပျက်စီးသွားမယ်ဆိုတာ မပြောနိုင်ဘူး။” ထို့နောက် သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲကို ကောက်လှန်ပစ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ကျွန်မအဝတ်ကို ဆွဲကိုင်သည်။ ထို့နောက် သူ၏ အခြားလက်ဖြင့် ကျွန်မကို ရိုက်၏။ ကျွန်မ အသက်မရှူနိုင်ခင်တွင်ပင် ရေချိုးခန်းကြမ်းပြင်ပေါ်သို့ ကျွန်မကို အကြမ်းပတမ်း ဆောင့်တွန်းလိုက်ပြီး ခေါင်းကို အားပါးတရ ရိုက်သည်။ ပြီးလျှင် ပြင်းထန်စွာ ပြောသည်။ “မင်းယုံကြည်ခြင်းကို စွန့်လွှတ်လိုက်တော့။ ငါဒီည အကုန်လုံးကို စွန့်စားဖို့အသင့်ပဲ။ ငါမင်းကို သေအောင် ရိုက်မယ်။ ဘာပဲဖြစ်ဖြစ် မင်းမိသားစုကိုယ်တိုင်က မင်းသေသေ၊ ရှင်ရှင် ဂရုမစိုက်ဘူး။” အရိုက်ခံရသောကြောင့် ခေါင်းမူးပြီး အမြင်အာရုံက ဝေဝါးနေသည်။ သူက ကျွန်မကို လှေကားထိပ်သို့ ဆွဲခေါ်လာပြီး “မင်းလှိမ့်ကျပြီး သေရင် မင်းကိုယ်ခန္ဓာကို မီးရှို့ပြီး ပြာတွေကို မြစ်ထဲလွှင့်ပစ်လိုက်မယ်” ဟု ပြောလျက် အောက်သို့ တွန်းချသည်။ ဤသို့သူပြောသည်ကို ကြားရသောအခါ ကျွန်မအလွန်ကြောက်သွားပြီး ဘုရားသခင်ထံ ထပ်ခါထပ်ခါ ဆုတောင်းသည်။ ဘုရားသခင်၏ ကွယ်ကာမှုကြောင့် လက်ရန်းပေါ်ရှိ ကြိုးတစ်ချောင်းကို အချိန်မီ ကျွန်မလှမ်းဆွဲလိုက်နိုင်သဖြင့် လှေကားအောက်သို့ မလိမ့်ကျဘဲ လွတ်သွားသည်။ ထို့နောက် ကျွန်မတို့၏ သားငယ်က ရောက်လာပြီး ကျွန်မအမျိုးသားကို ပြောသည်။ “အဖေ အရက်သောက်ပြီး စိတ်လွတ်သွားပြီလား။ အမေက သူ့ယုံကြည်မှုမှာ ဘာအမှားမှ မလုပ်ထားဘူး။ ဘာလို့ သူ့ကို ရိုက်နေတာလဲ။” သူက ပြန်ပြောသည်မှာ “ငါသူ့ကို မရိုက်ချင်ပါဘူး။ ဒါပေမဲ့ သူထပ်ပြီးအဖမ်းခံရရင် မင်းနဲ့ မင်းအစ်ကိုက သွားပြီပဲ။ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။” ကျွန်မသားက ဘေးတွင်ရှိနေသောကြောင့် သူက ကျွန်မကို ဆက်မရိုက်ရဲတော့ဘဲ ဖန်စားပွဲတစ်ခုကိုသာ ကောက်ယူ၍ နံရံကို ပစ်ခွဲလိုက်သည်။ တစ်ခန်းလုံးလည်း ဖန်ကွဲစများဖြင့် ပြည့်သွားတော့၏။ နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ဤအရာကို ကျွန်မဖတ်ရသည်- “ယုံကြည်သူများနှင့် ဘာသာတရားမရှိသောသူများ သည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဤအရာကို ကျွန်မ သေချာစဉ်းစားသည်။ ကျွန်မအမျိုးသားသည် အစက ဘုရားသခင်ကို ယုံကြည်ခဲ့သော်လည်း ယင်းမှာ ကောင်းချီးများကို ရရှိလိုသောကြောင့်သာဖြစ်သည်ကို ကျွန်မစိတ်နှလုံးထဲကနေ သိခဲ့သည်။ သူသည် စစ်မှန်သည့် ယုံကြည်သူတစ်ယောက်မဟုတ်ခဲ့ပါ။ ယုံကြည်ခြင်းရှိခြင်းက သူနှင့် ကျွန်မတို့သားများ၏ အနာဂတ်အလားအလာများအား ထိခိုက်နိုင်သည်ကို သူကြားရသောကြောင့် လုံးဝ ဆန့်ကျင်ဘက်သို့ ပြောင်းသွားသည်။ သူ၏ ယုံကြည်ခြင်းကို စွန့်လွှတ်ခဲ့ရုံမက ကျွန်မကိုလည်း ဘုရားသခင်ကို မယုံကြည်အောင် တားဆီးသည်။ ကျွန်မကို မတားဆီးနိုင်သည့်အခါ ကျွန်မယုံကြည်မှုသည် သူ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ထိခိုက်နေသောကြောင့် ကျွန်မအပေါ် အကြမ်းဖက်လာပြီး ရန်သူတစ်ယောက်ကဲ့သို့ စတင်ဆက်ဆံလာသည်။ အနှစ်ချုပ်အားဖြင့် ကျွန်မအမျိုးသားသည် သမ္မာတရားကို မုန်းပြီး ဘုရားသခင်အား မုန်းတီးသည်ကို ကျွန်မတွေ့လိုက်ရသည်။ သူသည် သူ၏ ကိုယ်ပိုင်အသက်မွေးမှုကို ကာကွယ်ရန် ကွန်မြူနစ်ပါတီနောက်သို့ လိုက်သည်။ လောကီအနာဂတ်နှင့် အကျိုးစီးပွားများနောက်သို့ လိုက်နေသည်။ ကျွန်မကမူ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားနောက်သို့လိုက်ကာ ဘဝတွင် မှန်ကန်သောလမ်းကို လျှောက်လှမ်းနေ၏။ ကျွန်မတို့က မတူညီသော လမ်းကြောင်းနှစ်ခုပေါ်တွင် ရှိနေခြင်းဖြစ်သည်။ ကျွန်မ၏ ယုံကြည်ခြင်းကြောင့် ကျွန်မအမျိုးသားနှင့် ကျန်သည့်တစ်မိသားစုလုံးက ကျွန်မကို ဤသို့ဖိနှိပ်ခြင်းသည် သူတို့တွင် ဆိုးယုတ်သော သဘာဝနှင့် အဖြစ်အနေရှိကြောင်း၊ သူတို့သည် ဘုရားအား ဆန့်ကျင်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြသည်။ ကျွန်မ အမျိုးသားသည် စုဝေးပွဲများ တက်ခဲ့ဖူးပြီး အနန္တတန်ခိုးရှင် ဘုရားသခင်သည် စစ်မှန်သည့် ဘုရားဖြစ်သည်ကို သိသည်။ ကျွန်မသည် ကျွန်မဆွေမျိုးများနှင့် ဧဝံဂေလိမျှဝေခဲ့ပြီး ဘုရားနှုတ်ကပတ်တော်များစွာကို သူတို့အား ဖတ်ပြခဲ့သည်။ သူတို့ထဲက မည်သူကမျှ ယုံကြည်သူဖြစ်မလာခဲ့ပါ။ ကျွန်မယုံကြည်ခြင်းသည် သူတို့၏ အကျိုးစီးပွားကို ထိခိုက်လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် ကွန်မြူနစ်ပါတီအတိုင်း လုပ်ဆောင်လျက် ကျွန်မကို ဖိနှိပ်ပြီး ကျွန်မနှင့် အဆက်အသွယ်ဖြတ်ရန် ပြောဆိုသည်။ သူတို့သည် မည်သို့သော ချစ်ခင်ရင်းနှီးသည့်သူများဖြစ်သနည်း။ သူတို့သည် ကွန်မြူနစ်ပါတီဘက်တွင်နေလျက်၊ ဘုရားသခင်ကို ဆန့်ကျင်အလုပ်လုပ်လျက် လုံးဝ စာတန်၏ လက်ပါးစေများ ဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး သမ္မာတရားများကို ဖော်ပြနေသည်။ လူအမျိုးအစားတိုင်း၏ သဘာဝနှင့် အဖြစ်အနေကို ဖော်ထုတ်နေသည်။ ဤသည်မှာ ကျွန်မသည် ကျွန်မမိသားစုနှင့် မတူညီသည့် လမ်းကြောင်းအား လျှောက်နေကြောင်းကို ပြသည်။ ယုံကြည်သူများနှင့် မယုံကြည်သူများသည် မတူညီသော လူအမျိုးအစားများ ဖြစ်သည်။ ဤအရာအားလုံးကို ကျွန်မသဘောပေါက်သည့်အခါ သိပ်စိတ်မကျဉ်းကျပ်တော့ဘဲ လွတ်မြောက်မှုကို ခံစားရသည်။

နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော်ထဲမှ ဤအပိုဒ်ကို ကျွန်မဖတ်ရသည်- “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သို့နားလည်နိုင်သနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော ရည်ရွယ်ချက်များကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား ရန်သူအဖြစ် စတင် ဆက်ဆံလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရက်စက်ကြမ်းကြုတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် ပြင်းပြင်းထန်ထန် အကြိမ်ကြိမ်ရန်ပြုပြီး အဓမ္မလုယူကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို မေ့မျောခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် မကောင်းမှုကို ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်လက်တွေ့ကျသည်။ အာဏာရှိနေသော ကွန်မြူနစ်ပါတီ အာဏာရှိနေခြင်းသည် စာတန်မာရ်နတ် အာဏာရှိနေခြင်းဖြစ်သည်။ သူသည် ဘုရားသခင်ကို အလွန်မုန်းတီးပြီး လူတို့ယုံကြည်ခြင်းရှိကာ ဘုရားသခင်နောက်သို့ လိုက်ခြင်းကို သည်းမခံနိုင်ပေ။ သူကသာ လူတို့က နာခံပြီး ကိုးကွယ်သောအရာ ဖြစ်ချင်သည်။ ကွန်မြူနစ်ပါတီသည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ပေးထားသည်ဟု အသံကောင်းလွှင့်သော်လည်း ယုံကြည်သူများကို တိတ်တဆိတ် ကြမ်းတမ်းစွာ ဖိနှိပ်ဖမ်းဆီးသည်။ ပြီးလျှင် ယုံကြည်သူများ၏ မိသားစုဝင် ဆွေစဉ်မျိုးဆက် တစ်သီတစ်သန်းကို ပါဝင်ပတ်သက်စေသည်။ အမှန်ကို မသိသောသူများအား လှည့်စားရန်၊ တရုတ်ပြည်သူများ ထကြွလာပြီး ယုံကြည်သူများကို ဆန့်ကျင်စေရန်အတွက် ကောလာဟလများနှင့် မုသားများကိုပါ လုပ်ကြံပြောဆိုသည်။ လူများစွာတို့သည် ကွန်မြူနစ်ပါတီ၏ ဆော့ကစားခြင်းနှင့် အသုံးချခြင်းကို ခံရသည်။ သူတို့သည် ပါတီနောက်သို့လိုက်လျက် ဘုရားသခင်ကို ငြင်းပယ်ဆန့်ကျင်ပြီး ယုံကြည်သူများကို ဖိနှိပ်ကြသည်။ သူတို့အားလုံးသည် ကွန်မြူနစ်ပါတီနှင့်အတူ သူတို့၏ ပျက်စီးခြင်းကို ကြုံရမည်ဖြစ်သည်။ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းနှင့် ချေမှုန်းခြင်းကို ခံရမည်ဖြစ်သည်။ ကျွန်မတို့သည် ပျော်ရွှင်သောမိသားစုတစ်စု ရှိခဲ့ဖူးသည်။ သို့သော် ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုနှင့် ဖမ်းဆီးမှုကြောင့် သူတို့သည် ဒုက္ခရောက်မည်ကို ကြောက်ရွံ့လာကြပြီး ကျွန်မကိုလည်း စတင် ဖိနှိပ်လာကြကာ စာတန်၏ အသုံးချခံများဖြစ်လာကြသည်။ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို မုန်းသည့် ကွန်မြူနစ်ပါတီ၏ ဆိုးယုတ်သော အဖြစ်အနေကို ကျွန်မရှင်းရှင်းလင်းလင်းမြင်ခဲ့ပြီး ဘုရားသခင်သည်သာ လူသားများအတွက် စစ်မှန်သော ချစ်ခြင်းရှိသည်ကိုလည်း ကျွန်မမြင်တွေ့ခဲ့သည်။ စာတန်၏ လှည့်ကွက်များကို ရိပ်စားမိစေရန် ကျွန်မကို ယုံကြည်ခြင်းပေးလျက်၊ သမ္မာတရားကို နားလည်ခွင့်ပေးလျက် ထပ်ခါထပ်ခါ လမ်းပြပေးခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်။ ကျွန်မအမျိုးသားသည် ကျွန်မ၏ ယုံကြည်ခြင်းကို ပိတ်ပင်ရန် ကြိုးစားဆဲဖြစ်သည်။ သို့သော် သူ၏ဆွဲထားခြင်းကို ကျွန်မ မခံရတော့ပါ။ စုဝေးပွဲများသို့ သွားပြီး တာဝန်ထမ်းဆောင်ခြင်းကို ကျွန်မ ဆက်လက်ပြုလုပ်သည်။ ဘုရားသခင်နောက်တော်သို့လိုက်ရန် ကျွန်မ၏ စိတ်ဆုံးဖြတ်ချက်သည် ပို၍ပင် ခိုင်မာလာသည်။ ကျွန်မ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

အရှေ့သို့-  ၃၃။ တာဝန်တွင် အပြောင်းအလဲများက ကျွန်မကို ဖော်ထုတ်ခဲ့သည်

နောက်တစ်ခုသို့-  ၃၅။ အခြားသူများကို သက်ညှာခြင်း နောက်ကွယ်တွင် တည်ရှိသည့်အရာ

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger