၃၉။ မာနထောင်လွှားမှုကို ဖြေရှင်းခြင်းသည် မလွယ်ကူပါ

ကိုရီးယား၊ လူးကပ်စ်

၂၀၂၀ ခုနှစ်မှာ ကျွန်တော်တို့အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်က ရလဒ်ကောင်းတွေ မထွက်ခဲ့ဘူး။ ဒါကြောင့် ဧဝံဂေလိ သင်းထောက်က ဖြုတ်ချခံလိုက်ရပြီး ကျွန်တော်က ဧဝံဂေလိ သင်းထောက်အသစ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ဒီသတင်းကိုကြားတော့ ကျွန်တော် စိုးရိမ်စိတ်ရော ဝမ်းသာစိတ်ပါ ဖြစ်မိပြီး၊ ကိုယ့်ဘာသာ တွေးမိတယ်၊ “ညီအစ်ကိုမောင်နှမတွေက ငါ့ကို ရွေးချယ်လိုက်တော့ ငါ့မှာ အလားအလာရှိတယ်ဆိုတဲ့ သဘောပဲ။ ငါ ဧဝံဂေလိတရားကို ဖြန့်ဝေနေတာ နှစ်နည်းနည်းကြာသွားပြီ၊ ဒါပေမဲ့ ဧဝံဂေလိ သင်းထောက် မဖြစ်ဖူးသေးဘူး။ အခု နောက်ဆုံးတော့ အခွင့်အရေးရပြီဆိုတော့ ငါ ကြိုးစားပြီး ငါ့အရည်အချင်းတွေကို လူတိုင်းကို ပြဖို့ လိုတယ်”လို့ပေါ့။ နောက်ရက်တွေမှာတော့ ကျွန်တော်ဟာ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဧဝံဂေလိတရား ဖြန့်ဝေတဲ့နေရာမှာ အလုပ်လုပ်ရင်း အရင်အလုပ်က လမ်းလွဲမှုတွေကို အဆက်မပြတ် အနှစ်ချုပ်ပြီး ပြင်ဆင်ခဲ့တယ်၊ ပြီးတော့ ကျွန်တော်နားမလည်တဲ့ ကိစ္စတွေအတွက် တခြားသူတွေကို မိတ်သဟာယဖွဲ့ဖို့ ခဏခဏ ရှာဖွေခဲ့တယ်။ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ်က သိသိသာသာတိုးတက်မှု ပြလာတယ်။ အလုပ်ကို ဒီအတိုင်း ကောင်းကောင်းဆက်လုပ်ဖို့ ခေါင်းဆောင်တွေက ကျွန်တော်တို့ကို အားပေးပြီး ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်တော့်ကို ပါးနပ်ပြီး အစွမ်းအစကောင်းလို့ဆိုပြီး ချီးကျူးကြတယ်။ ကျွန်တော့်မာနက အကြီးအကျယ် ကျေနပ်သွားတာပေါ့။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်၊ “ဧဝံဂေလိအလုပ်ကို တိုးတက်အောင်လုပ်ခဲ့တာက ငါဖြစ်ပုံထောက်ရင် ငါ့အစွမ်းအစက အရင်ဧဝံဂေလိ သင်းထောက်ထက် တကယ်ကို အများကြီး ပိုကောင်းပုံရတယ်” လို့ပေါ့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်သွားတယ်၊ အသင်းတော် ဧဝံဂေလိအလုပ်ရဲ့ ကျောရိုးဖြစ်လာသလို၊ မရှိမဖြစ်လူတစ်ယောက်ဖြစ်လာသလိုမျိုးပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်တော်ဟာ ပိုပိုပြီး မာနထောင်လွှားလာပြီး၊ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေကို လျစ်လျူရှုပြီး ဆုံးဖြတ်ချက်အားလုံးကို ကိုယ့်ဘာသာပဲ ချခဲ့တယ်။ အလုပ်ဆွေးနွေးတဲ့အခါ ခဏခဏဆိုသလို လူတိုင်းဆုံးဖြတ်ချက်တွေကို အတည်ပြုပြီးသွားပေမဲ့ ကျွန်တော့်ဆီရောက်ရင် သောင်တင်နေရော။ ကိုယ့်ရဲ့ကိုယ်ပိုင်အကြံဉာဏ်တွေပဲ မှန်တယ်လို့ ကျွန်တော်အမြဲထင်ပြီး၊ သူတို့ရဲ့အမြင်တွေကို ပယ်ချပြီး ကိုယ့်အကြံကို လက်ခံအောင် မရမက ပြောခဲ့တယ်။ တစ်ခါတော့ ကျွန်တော်တို့က ဘာသာရေးဂိုဏ်းခွဲတစ်ခုက သင်းအုပ်ဆရာတစ်ယောက်ကို တရားဟောခဲ့ကြတယ်။ အရင် ဧဝံဂေလိ သင်းထောက်က အဲဒါကိုသိသွားတော့ ကျွန်တော့်ကို သတိပေးတယ်၊ ဒီလူက မာနထောင်လွှားတဲ့ စိတ်သဘောထားရှိပြီး နားလည်မှုကလည်း အတော်ကလေးလွဲချော်နေတော့ မှန်တဲ့လမ်းခရီးကို သူလက်မခံနိုင်ဘူး။ ဒါကြောင့် တခြားသူတွေကို အရင်ဟောဖို့ ကျွန်တော့်ကို သူအကြံပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် နားမထောင်ခဲ့ဘူး၊ တွေးလိုက်တာက၊ “ဒီသင်းအုပ်ဆရာက သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဘာသာရေးအယူအဆတွေ အများကြီးရှိတာပဲ၊ ဒါကြောင့် သမ္မာတရားကို ချက်ချင်းလက်မခံနိုင်ရင် အဲဒါ ပုံမှန်ပဲလေ။ နောက်ပြီး ခင်ဗျားက ဖြုတ်ချခံခဲ့ရတာ၊ ဒီတာဝန်မှာ ခင်ဗျားက ကျွန်တော့်ထက် အစွမ်းအစနည်းတယ်ဆိုတာ သက်သေပြနေတာပဲ။ အခု ကျွန်တော်က ဧဝံဂေလိ သင်းထောက်ဖြစ်ပြီး တရားဟောအတွေ့အကြုံလည်း အတော်အတန်ရှိနေပြီ၊ ဒီတစ်ခါတော့ အောင်မြင်ရမယ်လို့ ယုံကြည်တယ်”လို့ပေါ့။ မမျှော်လင့်ထားဘဲ သုံးလေးရက်မိတ်သဟာယဖွဲ့ပြီးတာတောင် သင်းအုပ်ဆရာက အယူအဆတွေ အများကြီး ရှိနေဦးတုန်းပဲ။ ဒီအချိန်မှာ ခေါင်းဆောင်ကရော၊ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်ကိုမောင်နှမတွေကပါ အကြံပေးကြတယ်၊ “ရပ်ပြီးတော့ ထပ်ရှာဖွေတာ၊ တခြား ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေကို အရင်ဟောတာ ပိုကောင်းလိမ့်မယ်”လို့ပေါ့။ ဒါကိုကြားတော့ ကျွန်တော် မကျေမနပ်ဖြစ်သွားပြီး၊ တွေးမိတယ်။ “ဒါက ငါ့ရဲ့အလုပ်လုပ်နိုင်စွမ်းကို မေးခွန်းထုတ်နေတာ မဟုတ်ဘူးလား။ အခု တခြားလူတွေကို သွားပြီး တရားဟောရင် ငါ့ကို အရည်အချင်းမရှိတဲ့သူလို့ ထင်သွားမှာ မဟုတ်ဘူးလား”ပေါ့။ ခေါင်းဆောင်ရဲ့အကြံကိုလည်း ကျွန်တော် လျစ်လျူရှုပြီး၊ တွေးမိတယ်၊ “ခင်ဗျားက ခေါင်းဆောင်ဖြစ်ပြီး ကျွန်တော့်ထက် တာဝန်ထမ်းဆောင်တာ ပိုကြာပေမဲ့၊ အတတ်ပညာပိုင်း ကျွမ်းကျင်မှုနဲ့ လက်တွေ့အတွေ့အကြုံအရတော့ ကျွန်တော်က ပိုသာတုန်းပဲ။ ခင်ဗျားရဲ့ အကြံပြုချက်တွေကလည်း သင့်တော်ချင်မှ သင့်တော်မှာ”ဆိုပြီးတော့ပါ။ ဒါနဲ့ ကျွန်တော်က သင်းအုပ်ဆရာနဲ့ ဆက်ပြီး မိတ်သဟာယဖွဲ့ခဲ့တယ်။ အဆုံးမှာတော့ သင်းအုပ်ဆရာက ဧဝံဂေလိတရားကို ငြင်းပယ်ရုံတင်မကဘဲ၊ သူ့အသင်းတော်ကို ပိတ်ပြီး ယုံကြည်သူတွေ မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးတာကိုပါ တားဆီးခဲ့တယ်။ ကျွန်တော် မှင်တက်သွားတာပေါ့။ ခေါင်းဆောင်က ကျွန်တော့်ကို ဖော်ထုတ်ပြီး ပြုပြင်တဲ့အခါမှာ ကျွန်တော် ပြန်မပြောရဲခဲ့ဘဲ၊ ကျွန်တော်ဟာ အရမ်းမာနထောင်လွှားခဲ့ပြီး၊ ဧဝံဂေလိအလုပ်ကို ဟန့်တားနှောင့်ယှက်ခဲ့တယ်ဆိုတာကိုပဲ ကျိုးကျိုးနွံနွံ ဝန်ခံခဲ့ရတယ်။ ဒါပေမဲ့ ဒီလို ရှုံးနိမ့်မှုက ကျွန်တော့်ကို နိုးထစေခဲ့ခြင်း မရှိဘဲ၊ ဒါဟာ အသေးစားရှုံးနိမ့်မှု သက်သက်ပဲ၊ ကိုယ့်အလုပ် လုပ်နိုင်စွမ်းကို မထင်ဟပ်ပါဘူးလို့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရတယ်၊ ဒါကြောင့် သုံးလေးရက်လောက်ပဲ ကောင်းကောင်းနေပြပြီး အဲဒီနောက်မှာတော့ ကျွန်တော်ဟာ နဂိုလမ်းဟောင်းကိုပဲ ပြန်ရောက်သွားပြီး ကိုယ့်တာဝန်တွေမှာ တခြားသူတွေနဲ့ ပူးပေါင်းမဆောင်ရွက်တော့ဘူး။ အလုပ်ဆွေးနွေးပွဲတွေမှာ တခြားသူတွေက ကျွန်တော့်အကြံပြုချက်တွေကို မလိုက်နာရင်၊ ကျွန်တော် စိတ်မချမ်းမသာဖြစ်ပြီး ခဏခဏဆိုသလို ရိုင်းလာတယ်။ အချိန်ကြာလာတော့ လူတိုင်းက ကျွန်တော့်ကြောင့် ထိခိုက်ပြီး ဖိနှိပ်ခံထားရတဲ့စိတ်နဲ့ နေထိုင်ကြရတယ်။ ကျွန်တော်တို့ရဲ့ တာဝန်တွေရဲ့ရလဒ်ကလည်း ဆက်ပြီး ကျဆင်းလာတယ်။ ခေါင်းဆောင်က ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့စိတ်သဘောထားကို ထပ်ခါထပ်ခါ ပြုပြင်ပြီး ကျွန်တော့်ကို ပြင်းပြင်းထန်ထန် စိစစ်တဲ့အပြင် ဖော်ထုတ်ခဲ့တယ်။ ဒါပေမဲ့ ပြုပြင်ခံရတိုင်းမှာ ခဏလောက်ပဲ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ပြီး၊ အချိန်ကြာလာတော့ အကျင့်ဟောင်းတွေက ပြန်ပေါ်လာတာပဲ။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်တော့်စိတ်သဘောထားက အရမ်းမာနထောင်လွှားပြီး၊ တာဝန်ထမ်းဆောင်ရာမှာ ထင်ရာစိုင်းလုပ်တယ်၊ ပြုပြင်တာကို လက်မခံဘူး၊ အသင်းတော်အလုပ်ကို ဟန့်တားနေတယ်ဆိုတာကို တွေ့တော့ သူတို့က ကျွန်တော့်ကို ဖြုတ်ချလိုက်တယ်။

ဖြုတ်ချခံရတာဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထား ကျွန်တော့်အပေါ် သက်ရောက်လာတာမို့ လက်ခံနာခံသင့်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိပေမဲ့၊ စိတ်ထဲမှာတော့ နည်းနည်း စိတ်မချမ်းမသာ ဖြစ်မိတယ်။ လွန်ခဲ့တဲ့ခြောက်လအတွင်း ကြုံခဲ့ရတဲ့ ပြုပြင်မှုတွေ အများကြီးရှိပေမဲ့၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သိပ်မပြောင်းလဲဘူးဆိုတာ တွေးမိတဲ့အခါ ကျွန်တော်ဟာ သမ္မာတရားကို လိုက်စားတဲ့သူ မဟုတ်ဘူး၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်တော့ဘူးလို့ ကောက်ချက်ချလိုက်တယ်။ တစ်နေ့ ထမင်းစားနေတုန်း ညီအစ်ကိုနှစ်ယောက်နဲ့ တွေ့တယ်။ သူတို့က ကျွန်တော် ဖြုတ်ချခံရတာကို သိသွားတော့ ကျွန်တော့်ကို အားပေးထောက်ပံ့ပေးဖို့ သူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကို ဝေမျှပေးခဲ့ကြတယ်။ အရင်တုန်းက သူတို့ရဲ့တာဝန်တွေမှာ သူတို့လည်း မာနထောင်လွှားတဲ့အကြောင်း၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်ယူမှတ်ပြီး ထင်ရာစိုင်းလုပ်ခဲ့တဲ့အကြောင်း၊ ဖြုတ်ချခံရပြီးမှပဲ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ဘုရားသခင်ရှေ့မှောက်ကို ရောက်လာပြီး သူတို့ရဲ့ဖောက်ပြန်ပျက်စီးမှုအမှန်တရားကို နည်းနည်းနားလည်လာခဲ့တဲ့အကြောင်း ပြောတယ်။ သူတို့ဟာ နက်နက်ရှိုင်းရှိုင်း နောင်တရပြီး သူတို့ကိုယ်သူတို့ စက်ဆုပ်ရွံရှာခဲ့ကြတယ်၊ သူတို့ရဲ့ စာတန်ဆန်တဲ့စိတ်သဘောထားအတိုင်း အသက်ဆက်မရှင်ချင်တော့ဘူး။ သူတို့အတွေ့အကြုံတွေပြီးမှ၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ဆုံးမခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းတွေမရှိဘဲ သူတို့ကိုယ်သူတို့ သိလာမှာမဟုတ်ဘူး၊ ဘုရားသခင်ဆီ နောင်တရမှာ မဟုတ်ဘူးဆိုတာကို သိခဲ့ရတယ်တဲ့။ ညီအစ်ကိုတွေရဲ့ ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့မှုက ကျွန်တော့်ကို ပြင်းပြင်းထန်ထန် စိတ်ထိခိုက်စေခဲ့ပြီး၊ ဒါဟာ ညီအစ်ကိုတွေကတစ်ဆင့် ဘုရားသခင်က ကျွန်တော့်ကို အားပေးကူညီနေတာပဲလို့ ကျွန်တော်သိလိုက်တယ်။ ကျွန်တော် အပျက်သဘောဆောင်လို့ မဖြစ်တော့ဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး စိတ်သဘောထားပြောင်းလဲအောင် လိုက်စားဖို့ လိုအပ်ခဲ့တယ်။

အဲဒီနောက်ပိုင်းကစပြီး ကျွန်တော်ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သတိရှိရှိ ပိုဖတ်ပြီး ကိုယ့်ရဲ့လုပ်ရပ်တွေနဲ့ ကျင့်ကြံပြုမူတာတွေကို ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်တော်ဖတ်ခဲ့တယ်။ “အချို့သောသူများသည် ၎င်းတို့၏တာဝန်များ ဆောင်ရွက်စဉ်တွင်ပင် သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့ စိတ်ကျေနပ်စေရုံမျှသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်းသာ ပြုမူကြပြီး အမြဲပင် ထင်ရာစိုင်းကာ မဆင်မခြင် ပြုလုပ်ကြပေသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို မလျှောက်ကြပေ။ ‘ထင်ရာစိုင်းကာ မဆင်မခြင်ပြုလုပ်ခြင်း’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းသည် ကိစ္စတစ်ခုခု တွေ့ကြုံသည့်အခါ တွေးခေါ်မြော်မြင်ခြင်း၊ သို့မဟုတ် ရှာဖွေခြင်းအတွက် မည်သည့်နည်းစနစ်မှ မရှိဘဲ မိမိသင့်တော်သလို ပြုမူဆောင်ရွက်ခြင်းကို ဆိုလိုသည်။ အခြားသူတစ်ဦးတလေ ပြောသည့် မည်သည့်အရာမျှ သင့်စိတ်နှလုံးကို မတို့ထိနိုင်၊ သို့မဟုတ် သင့်စိတ်ကို မပြောင်းလဲနိုင်ပေ။ သင့်ကို သမ္မာတရား မိတ်သဟာယဖွဲ့သည့်အခါတွင် သင်သည် လက်ပင်မခံနိုင်ပေ။ အခြားလူများက အမှန်တစ်ခုတလေကို ပြောသည့်အခါတွင် သင်နားမထောင်ဘဲ သင့်ကိုယ်သင် မှန်ကန်သည်ဟု ယုံကြည်ပြီး သင်၏ကိုယ်ပိုင် စိတ်ကူးများကို ဖက်တွယ်ထားလျက် မိမိ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကိုသာ ဆုပ်ကိုင်ထားသည်။ သင်၏အတွေးက မှန်ကန်လျှင်ပင် သင်သည် အခြားလူများ၏ ထင်မြင်ယူဆချက်များကိုလည်း ထည့်တွက်စဉ်းစားသင့်သည်။ သင်သည် လုံးဝ ထည့်တွက်မစဉ်းစားလျှင် ဤသည်မှာ အလွန်အမင်း မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း မဟုတ်သလော။ မိမိကိုယ်ကို မှန်သည်ဟု အလွန်အမင်း မှတ်ယူပြီး တစ်ဇွတ်ထိုးဆန်သော လူများအတွက်မူ သမ္မာတရားကို လက်ခံဖို့ မလွယ်ကူပေ။ သင်သည် မှားသည့်အရာတစ်စုံတစ်ခု လုပ်ပြီး အခြားလူများက ‘သင်သည် သမ္မာတရားအတိုင်း လုပ်ဆောင်နေခြင်း မဟုတ်’ ဟု ပြောလျက် သင့်အား ဝေဖန်လျှင်၊ သင်က ‘ကျွန်ုပ် သမ္မာတရားအတိုင်း မလုပ်လျှင်ပင် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်ပုံစံ ဖြစ်နေဆဲ ဖြစ်သည်’ ဟု ပြန်ပြောပြီး ထို့နောက်တွင် ဤအရာမှာ မှန်ကန်ကြောင်း ၎င်းတို့အား တွေးစေဖို့ သင်သည် အကြောင်းပြချက်အချို့ရှာသည်။ ၎င်းတို့က ‘သင် ဤသို့ပြုလုပ်ခြင်းသည် အနှောင့်အယှက်ဖြစ်စေပြီး အသင်းတော်အလုပ်ကို ထိခိုက်လိမ့်မည်’ ဟု ပြောလျက် သင့်အား ပြစ်တင်မောင်းမဲလျှင် သင်က နားမထောင်ရုံမျှမက ‘ဤသည်မှာ မှန်ကန်သည့်နည်းလမ်းဖြစ်သည်ဟု ကျွန်ုပ် ထင်သည်၊ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်နည်းလမ်းဖြစ်သည်’ ဟူ၍ ဆင်ခြေများ သင့်နှုတ်မှ ဆက်တိုက်ထွက်လာသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) မာနထောင်လွှားခြင်းဖြစ်သည်။ မာနထောင်လွှားသော သဘာဝသည် သင့်ကို တစ်ဇွတ်ထိုး လုပ်စေသည်။ သင်က မာနထောင်လွှားသော သဘာဝရှိလျှင် သင်သည် မည်သူမဆိုက ပြောသည့်အရာကို အရေးမစိုက်ဘဲ ထင်ရာမြင်ရာ၊ မဆင်မခြင် ပြုမူလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)များစွာသောလူတို့သည် မိမိတို့တာဝန်တွင် ပါရမီအချို့ပြနိုင်သည့်အခါ အလွန် မော်ကြွားကြသည်ကို ငါ မြင်သည်။ စွမ်းရည်အချို့ရှိသည်ကို ပြနိုင်သည့်အခါ ၎င်းတို့ အလွန်အထင်ကြီးလောက်စရာ ဖြစ်သည်ဟု တွေးထင်ကြပြီးနောက် ဤစွမ်းရည်များအပေါ် မှီခိုနေထိုင်ပြီး နောက်ထပ် မိမိတို့ကိုယ်ကို တွန်းအားမပေးကြတော့ချေ။ ၎င်းတို့ပိုင်ဆိုင်သော ဤအသေးအမွှားအရာများက သမ္မာတရားဖြစ်ကြောင်းနှင့် ၎င်းတို့ အထွတ်အထိပ်ဖြစ်သည်ဟု တွေးထင်လျက် အခြားသူများက မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ နားမထောင်ကြပေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်၏။ ၎င်းတို့သည် ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လွန်းကြ၏။ မာနထောင်လွှားသော စိတ်သဘောထားရှိသည့်အခါ လူတစ်ဦးသည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ ၎င်းသည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး တကယ့်အဆုံးထိတိုင် ဘုရားသခင်နောက် လိုက်နိုင်သလော။ ဤသည်မှာ သာ၍ပင် ခက်ခဲ၏။...လူအချို့က အမြဲ ကြွားနေကြသည်။ အခြားသူများက ထိုအရာကို မနှစ်မြို့စရာအဖြစ် မြင်သည့်အခါ ၎င်းတို့က ထိုလူတို့ကို မာနထောင်လွှားနေခြင်းအဖြစ် ဝေဖန်ကြသည်။ သို့ရာတွင် ထိုအရာကို ထိုသူတို့က လက်မခံကြ။ ၎င်းတို့သည် ပါရမီရှိကာ ကျွမ်းကျင်သည်ဟု တွေးထင်ကြဆဲဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားနည်း။ ၎င်းတို့သည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြ၏။ ဤသို့ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သောလူတို့သည် သမ္မာတရားကို ဆာငတ်နိုင်စွမ်း ရှိကြသလော။ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်ကြသလော။ ၎င်းတို့သည် မိမိကိုယ်ကို မည်သည့်အခါတွင်မျှ မသိနိုင်ကြသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားကြလျှင် ၎င်းတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသလော။ မုချ မထမ်းဆောင်နိုင်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်တော့်နှလုံးသား ထိုးဆွခံလိုက်ရသလို ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ရဲ့ အခြေအနေမှန်ကို ဖော်ထုတ်ခဲ့တယ်။ ကျွန်တော်ဟာ အရမ်းကို မာနထောင်လွှားပြီး တစ်ဇွတ်ထိုးနိုင်ခဲ့တယ်၊ သမ္မာတရားကိုမရှာဘဲ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး ကိုယ့်စိတ်ကူးနဲ့ ကြိုက်နှစ်သက်မှုတွေကို အခြေခံပြီး လုပ်ချင်ရာလုပ်ခဲ့တယ်။ ကျွန်တော် ဧဝံဂေလိကို အချိန်ကြာကြီး တရားဟောခဲ့လို့ အတွေ့အကြုံနည်းနည်းရှိပြီး ရလဒ်တချို့ရခဲ့တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ဒါတွေကို ကိုယ်ပိုင်အရင်းအနှီးအဖြစ် သဘောထားပြုမူခဲ့တယ်။ အဖွဲ့ထဲမှာ ကျွန်တော်က အစွမ်းအစ အကောင်းဆုံးပဲ၊ အကဲဖြတ်တာကလည်း တခြားသူတွေထက် ပိုတိကျတယ်လို့ထင်ပြီး ကိုယ့်သဘောအတိုင်း ထင်ရာစိုင်းလုပ်ခဲ့တယ်။ တခြားသူတွေ ဘာပဲပြောပြော၊ သူတို့ကိုချေပဖို့ ကိုယ်ပိုင်သီအိုရီအခြေခံတွေ အမြဲရှိခဲ့တယ်၊ ကျွန်တော်တစ်ယောက်တည်းပဲ အကြံဉာဏ်တွေရှိပြီး တခြားသူတွေကတော့ အသိဉာဏ်မရှိ၊ ထောက်ထားစာနာမှုမရှိတဲ့ သာမန်လူတွေလိုမျိုးပေါ့။ သာမန်လူတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ဆင်ခြင်တုံတရား ဘယ်မှာလဲ။ အဲဒီဘာသာရေးသင်းအုပ်ဆရာကို ဧဝံဂေလိတရား ဟောတုန်းကအကြောင်း ပြန်စဉ်းစားကြည့်တော့၊ ခေါင်းဆောင်ကရော၊ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်ကိုမောင်နှမတွေကပါ ကျွန်တော့်ကို အကြံပေးခဲ့ကြတယ်၊ ဒီလူက မာနထောင်လွှားပြီး နားလည်မှု လွဲချော်နေတော့ သမ္မာတရားကိုလက်ခံဖို့ ခက်တယ်လို့ပြောပြီး၊ တခြားသူတွေကို အရင်ဟောဖို့ အကြံပေးခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်မှာအတွေ့အကြုံရှိပြီး လူတွေကို တိတိကျကျ အကဲဖြတ်နိုင်တယ်လို့ ခံစားခဲ့ရလို့၊ ထင်ရာပဲစိုင်းခဲ့တာပါ။ အဆုံးမှာတော့ ကျွန်တော်ဟာ လူတွေအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ ဧဝံဂေလိတရားဟောရာမှာ စည်းမျဉ်းတွေကို မလိုက်နာခဲ့ဘူးဆိုတာကို အဖြစ်မှန်တွေက သက်သေပြခဲ့ပြီး၊ ဧဝံဂေလိအလုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်။ ဒါပေမဲ့ ဒီလို သိသာထင်ရှားတဲ့ ရှုံးနိမ့်မှုကို ရင်ဆိုင်ရတာတောင်မှ ကိုယ့်ကိုယ်ကိုယ် ကျကျနန မဆင်ခြင်မသုံးသပ်ခဲ့ဘဲ၊ ခဏတာအမှားတစ်ခုအဖြစ်ပဲ မှတ်ယူခဲ့တယ်။ ကျွန်တော် တကယ်ကို ထုံထိုင်းနေခဲ့တာပဲ။ အခု ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်မှ ကျွန်တော့်ပြဿနာတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာခဲ့တယ်။ ကျွန်တော့်ရဲ့ရှုံးနိမ့်မှုက အရမ်းမာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်ကန်တယ်မှတ်ယူတာရယ်၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာကြောင့်ပဲ။ ကျွန်တော့်မှာ ဆင်ခြင်တုံတရားနဲ့ ကိုယ့်ကိုယ်ကိုယ်သိတဲ့အသိ နည်းနည်းရှိခဲ့မယ်၊ နောက်ပြီး သမ္မာတရားကိုလိုက်စားမယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေကို နားထောင်ပြီး လူတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင်၊ ဧဝံဂေလိအလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်တဲ့ ဒီအမှားတွေကို ကျွန်တော် လုပ်ခဲ့မှာမဟုတ်ဘူး။ ကျွန်တော် ဒါကို စဉ်းစားလေလေ၊ ကိုယ့်ကိုယ်ကိုယ် မုန်းလေလေပဲ။ ကျွန်တော် ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလောက်တောင် ယုံကြည်မှုရှိခဲ့ရတာလဲ။ ဘုရားနှုတ်ကပတ်တော်မှာ ဒီလိုပြောထားတာကို ကျွန်တော်ဖတ်ခဲ့တယ်။ “ဤသို့ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သောလူတို့သည် သမ္မာတရားကို ဆာငတ်နိုင်စွမ်း ရှိကြသလော။ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်ကြသလော။ ၎င်းတို့သည် မိမိကိုယ်ကို မည်သည့်အခါတွင်မျှ မသိနိုင်ကြသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားကြလျှင် ၎င်းတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသလော။ မုချ မထမ်းဆောင်နိုင်ကြပေ။” မာနထောင်လွှားတဲ့သူတစ်ယောက်ဟာ တကယ်ပဲ တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ဘူးဆိုတာ ကျွန်တော် စပြီးနားလည်လာတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်စိတ်နှလုံးထဲမှာ သမ္မာတရားကို မတောင့်တခဲ့တော့ ကိစ္စတွေကြုံလာတဲ့အခါမှာ သမ္မာတရားကို တက်တက်ကြွကြွရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ခဏလောက် အလုပ်နည်းနည်းလုပ်နိုင်ပေမဲ့၊ ကိုယ့်ရဲ့စာတန်ဆန်တဲ့စိတ်သဘောထားကို မပြောင်းလဲဘဲနဲ့တော့ ဘုရားသခင်ကို အလိုအလျောက် ပုန်ကန်ပြီး အတိုက်အခံလုပ်နေမိမှာပဲ။ ကိုယ့်ကိုယ်ကိုယ် နားလည်မှုက ပေါ့တန်ပေမဲ့ ကျွန်တော် အရမ်းကျေးဇူးတင်မိတုန်းပါပဲ။ ဒါဟာ ဖြုတ်ချမခံရခင်က ကျွန်တော် မသိခဲ့တဲ့အရာဖြစ်ပြီး၊ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်း၊ လမ်းပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းတို့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။

နောက်ပိုင်းရက်တွေမှာတော့၊ ကျွန်တော်ဟာ တာဝန်ထမ်းဆောင်ရာမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စည်းမျဉ်းတွေထဲကို ပိုပြီးဝင်ရောက်ဖို့ အာရုံစိုက်လာခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အချိန်ကြာလာတော့ ကျွန်တော် အကျင့်ဟောင်းတွေ ပြန်ပေါ်လာတော့တာပဲ။ အထူးသဖြင့် ကျွန်တော်မှန်တယ်လို့ သေချာနေတဲ့အချိန်၊ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်အကြံပြုချက်တွေကို လက်မခံတဲ့အချိန်တွေမှာဆိုရင်၊ ကျွန်တော် ကမူးရှူးထိုးနဲ့ပေါက်ကွဲပြီး သူတို့နဲ့ မငြင်းခုန်ဘဲမနေနိုင်ဘူး။ လူတိုင်းကို ကျွန်တော့်နည်းလမ်းအတိုင်းလုပ်ဖို့ အမြဲတမ်း စည်းရုံးချင်ပြီး၊ မအောင်မြင်ရင် စူအောင့်နေရော။ နောက်ပိုင်းမှာ တခြားသူတွေရဲ့အမြင်မှာလည်း ကောင်းတဲ့အချက်တွေရှိမှန်းတွေ့တော့၊ ကျွန်တော် နောင်တရမိပြန်ရော။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချည်နှောင်မှုထဲမှာ အကြိမ်ကြိမ် အသက်ရှင်နေရတာက၊ ကျွန်တော့်ကို အရမ်းစိတ်ဆင်းရဲစေခဲ့တယ်။ ဒီကိစ္စအတွက် ဘုရားသခင်ဆီကို ဆုတောင်းပြီး ကျွန်တော့်ကို ဉာဏ်အလင်းပေး လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက်မှာ လူရဲ့မာနထောင်လွှားတဲ့ သဘာဝကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့ ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းသည် လူသား၏ အပေါ်လွင်ဆုံး စာတန်ဆန်သော စိတ်သဘောထားဖြစ်သည်။ လူတို့သည် သမ္မာတရားကို လက်မခံလျှင် ထိုစိတ်သဘောထားကို သန့်စင်စေရန် မဖြစ်နိုင်ပေ။ လူအားလုံးသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားများရှိသည်။ ပြီးလျှင် ၎င်းတို့သည် အစဉ်သဖြင့် စိတ်ကြီးဝင်ကြသည်။ မည်သည့်အရာကို စဉ်းစားပါစေ၊ မည်သည့်အရာကို ပြောဆိုပါစေ၊ အမှုအရာများကို မည်သို့မြင်ပါစေ ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် ကိုယ်ပိုင်သဘောထားများက မှန်ကန်သည်၊ အခြားလူများပြောဆိုသည့်အရာက ၎င်းတို့ပြောဆိုသည့်အရာကဲ့သို့ ကောင်းမွန်ခြင်းမရှိ သို့မဟုတ် မှန်ကန်ခြင်းမရှိဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များကို အစဉ် ဖက်တွယ်ထားကြပြီး မည်သူက စကားပြောသည်ဖြစ်စေ နားထောင်မည်မဟုတ်ပေ။ အခြားတစ်စုံတစ်ဦး ပြောသည့်အရာမှာ မှန်ကန်လျှင်ပင်၊ သို့မဟုတ် သမ္မာတရားနှင့် ညီလျှင်ပင် ၎င်းတို့က လက်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့က နားထောင်နေသည့်ပုံစံရှိမည်ဖြစ်သော်လည်း ထိုအယူအဆကို အမှန်တကယ် ခံယူမည်မဟုတ်ပေ။ လုပ်ဆောင်ရမည့်အချိန်ရောက်လျှင် ၎င်းတို့ပြောသည့်အရာက မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်ဟု အစဉ်ထင်မြင်လျက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများအတိုင်း လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။ သင်ပြောသည့်အရာက အမှန်ပင် မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်မှာ ဖြစ်နိုင်သည် သို့မဟုတ် သင်လုပ်ဆောင်ခဲ့သည့်အရာသည် မှန်ကန်ပြီး အမှားကင်းသည်မှာ ဖြစ်နိုင်သည်။ သို့သော်လည်း မည်သည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသခဲ့သနည်း။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းမဟုတ်လော။ သင်သည် ဤမာနထောင်လွှားသော၊ မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မစွန့်ပစ်လျှင် ထိုအရာက သင်၏ တာဝန်ထမ်းဆောင်မှုအပေါ် သက်ရောက်မည်မဟုတ်လော။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ခြင်းအား ထိခိုက်မည်မဟုတ်လော။ သင်၏ မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မဖြေရှင်းလျှင် အနာဂတ်ကာလတွင် သင့်အား အလွန်ကြီးမားသော အခက်အခဲဖြစ်စေမည်မဟုတ်လော။ သင်သည် အသေအချာပင် အလွန်ကြီးမားသော အခက်အခဲများကို တွေ့ကြုံရမည် ဖြစ်သည်။ ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည် လူသား၏ ဤသို့သော အပြုအမူကို မြင်နိုင်သလော။ ဘုရားသခင်က မြင်နိုင်သည်ထက်ပိုသည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအတွင်းနက်နက်နေရာများကို စိစစ်ရုံမကဘဲ အချိန်တိုင်း၊ နေရာတိုင်းတွင် ၎င်းတို့၏ စကားတိုင်း၊ အလုပ်တိုင်းကိုလည်း လေ့လာစောင့်ကြည့်သည်။ ဘုရားသခင်က သင်၏ ဤအပြုအမူကို မြင်သောအခါ မည်သည့်အရာကို ပြောမည်နည်း။ ဘုရားသခင်က ‘သင်သည် စိတ်နှလုံးခိုင်မာသည်။ သင်က မှားယွင်းသည်ကို မသိသောအခါတွင် သင်၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားနိုင်သည်မှာ နားလည်နိုင်ဖွယ်ရှိသော်လည်း သင်သည် မှားယွင်းသည်ကို ရှင်းလင်းစွာသိပြီး သင်၏ အယူအဆများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ နောင်တမရမီ သေလိုက်မည်ဆိုလျှင် သင်သည် ခေါင်းမာသောသူရူးတစ်ယောက်သာဖြစ်ပြီး သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ မည်သူက အကြံပေးသည်ဖြစ်စေ သင်က ထိုအကြံအပေါ် အပျက်သဘောဆောင်သော၊ အတိုက်အခံပြုသော သဘောထားကို အစဉ်ခံယူလျှင်၊ သမ္မာတရားအနည်းငယ်မျှကိုပင် လက်မခံလျှင်၊ သင်၏ စိတ်နှလုံးက လုံးဝပင် အတိုက်အခံဖြစ်ပြီး ပိတ်ထားကာ အရေးမထားဘဲနေလျှင် သင်သည် အလွန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်ဖွယ်ကောင်းသောသူတစ်ယောက်ဖြစ်သည်။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည်’ ဟု ဆိုလိမ့်မည်။ သင်သည် အဘယ်သို့ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသနည်း။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်မှာ အဘယ်ကြောင့်ဆိုသော် သင် ပြသသည့်အရာသည် မှားယွင်းသောနည်းလမ်း၊ သို့မဟုတ် မှားယွင်းသော အပြုအမူမဟုတ်ဘဲ သင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သောကြောင့်ဖြစ်သည်။ မည်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သနည်း။ သမ္မာတရားကို သင် အလွန်အမင်းမနှစ်မြို့သည့် စိတ်သဘောထား၊ သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားဖြစ်သည်။ သင်သည် သမ္မာတရားကို မုန်းတီးသူအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အမြင်တွင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သူသည် သင့်ကို ပစ်ပယ်ကာ လျစ်လျူရှုလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်တော့်နှလုံးသား ထိုးဆွခံလိုက်ရသလို ခံစားခဲ့ရတယ်၊ ကျွန်တော်ဟာ ဘုရားသခင်ဖော်ခဲ့ပြတဲ့ ခေါင်းမာ၊ မာကျောပြီး မာနထောင်လွှားတဲ့လူစားမျိုး အတိအကျဖြစ်နေတာကို သိလိုက်ရတယ်။ သာမန်ဆင်ခြင်တုံတရားရှိတဲ့သူတစ်ယောက်ဆိုရင် ရှုံးနိမ့်မှုနဲ့ ဖော်ထုတ်ခံရမှု နည်းနည်းကြုံပြီးတဲ့နောက်မှာ ပိုပြီးချုပ်တည်းလာမှာပဲ၊ ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း ပိုစဉ်းစားမယ်၊ ပိုရှာဖွေမယ်၊ ကိုယ့်အမြင်ကိုယ်လည်း သိပ်ပြီးအခိုင်အမာ ပြောရဲတော့မှာမဟုတ်ဘူး။ ဒါပေမဲ့ မာနထောင်လွှားမယ်၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ယူမှတ်ပြီး ဆင်ခြင်တုံတရားမရှိတဲ့သူတစ်ယောက်ကတော့ ဘယ်လောက်ပဲ ရှုံးနိမ့်မှုတွေ ကြုံရပါစေ၊ ဒီအရာတွေက သူတို့နှလုံးသားထဲကို မရောက်ဘူး၊ စိတ်ထဲမှာတော့ သူတို့က မှန်တယ်လို့ ခံစားနေတုန်းပဲ။ သူတို့က တခြားသူတွေရဲ့အမြင်ကို ကျိုးကျိုးနွံနွံနဲ့ နားမထောင်နိုင်ဘူး။ တခြားသူတွေမှန်တယ်ဆိုတာ သိရင်တောင် ကိုယ့်အမြင်ကိုပဲ ခေါင်းမာမာနဲ့ ဆုပ်ကိုင်ထားတုန်းပဲ။ ကျွန်တော်ဟာ အဲဒီလိုလူစားမျိုး အတိအကျပဲ။ ဧဝံဂေလိသင်းထောက်ဘဝကို ပြန်ကြည့်လိုက်ရင်၊ တစ်ခုခုကို ကျွန်တော်သေချာပြီဆိုရင် ဘယ်သူမှ ကျွန်တော့်အမြင်ကို မပြောင်းလဲနိုင်ဘူး၊ တခြားသူတွေမှန်တယ်လို့ ဝန်ခံတဲ့အချိန်မှာတောင် ချက်ချင်းကျိုးနွံနာခံဖို့ ခက်ခဲခဲ့တယ်။ ကျွန်တော်အမြဲတမ်း တွေးတယ်၊ “ခင်ဗျားတို့က မှန်တယ်၊ ဒါပေမဲ့ ကျွန်တော်က ပိုမှန်တယ်။ ကျွန်တော့် တွေးခေါ်မြော်မြင်ပုံက ခင်ဗျားတို့ထက် ပိုခိုင်မာတယ်၊ ကျွန်တော့်အမြင်တွေက ပိုတိကျပြီး ပိုနက်နဲတယ်။ ဘာလို့ ခင်ဗျားတို့စကားကို နားထောင်ရမှာလဲ”ပေါ့။ ဒါကြောင့် လူတိုင်းနဲ့ ခေါင်းမာမာ ငြင်းခုံခဲ့တယ်၊ တခြားသူတွေ မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ပိုင်ဆန္ဒနဲ့မကိုက်ညီသရွေ့ ကျွန်တော်လက်မခံနိုင်ခဲ့ဘူး။ ကျွန်တော်ဟာ အတ္တတွေကြီးနေခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော့်ကို လူတွေကျိုးနွံနာခံစေချင်တယ်၊ နားထောင်စေချင်တယ်၊ ပြီးတော့ ကျွန်တော် အောက်ခြေလွတ်နေခဲ့တယ်။ ကိုယ့်ကိုယ်ပိုင်ထင်မြင်ချက်တွေကို သမ္မာတရားလို သဘောထားနေတာ မဟုတ်ဘူးလား။ အရင်တုန်းကတော့ ကျွန်တော် သမ္မာတရားကို မချစ်ဘူး၊ မလိုက်စားဘူးလို့ပဲ ဝန်ခံခဲ့တယ်။ လူတွေဟာ ဘယ်လို အမြဲတမ်း ခေါင်းမာတဲ့အကြောင်း၊ မာကျောတဲ့အကြောင်း၊ မာနထောင်လွှားပြီး ဘယ်သူ့စကားကိုမှ လုံးဝ လက်မခံတဲ့အကြောင်း ဘုရားသခင် ပြောတာကို ဖတ်ပြီးတဲ့နောက်မှာတော့ ဒီလိုလူတွေဟာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သူတွေဖြစ်တယ်ဆိုတာ ကျွန်တော်သိလာတယ်။ အဲဒီအချိန်ကျမှ ကိုယ့်ပြဿနာက တကယ်ကို အရမ်းကြီးမှန်း သိလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေ ကျွန်တော့်ကိုပေးတဲ့ အကြံပြုချက်တွေက ဘုရားအိမ်တော်အလုပ်အပေါ် တာဝန်ယူတဲ့စိတ်နဲ့ ဖြစ်လာခဲ့တာ၊ ကျွန်တော်သာ သူတို့အကြံကို လက်ခံပြီး လူတိုင်းနဲ့အတူ သမ္မာတရားကို ရှာဖွေနိုင်ခဲ့ရင်၊ ဒါက ကျွန်တော့်အတွက်ရော၊ အသင်းတော်အလုပ်အတွက်ပါ အကျိုးရှိမှာပဲ။ ဒါပေမဲ့ ကျွန်တော်က အကောင်းအဆိုးကို မခွဲခြားတတ်ခဲ့တော့ ဒီအရာတွေကို လက်မခံရုံတင်မကဘဲ ကိုယ့်ရဲ့မှန်ကန်မှုကိုပဲ အသားပေးပြီး လူတိုင်းကို ကျွန်တော့်စကားနားထောင်ခိုင်းခဲ့တယ်၊ တခြားသူတွေရဲ့အကြံကို လက်ခံလိုက်ရင်ပဲ ကျွန်တာ်က အရည်အချင်းမရှိ၊ အသိဉာဏ်မဲ့ပြီး တန်ဖိုးကျသွားသလိုလိုပေါ့။ ကျွန်တော်ဟာ အပြုသဘောဆောင်တဲ့အရာတွေကို မချစ်ဘူး၊ ဒါမှမဟုတ် သမ္မာတရားကို လုံးဝလက်မခံဘူးဆိုတာ သိလိုက်ရတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် ခေါင်းမာမာနဲ့ ဖက်တွယ်ထားရင် ဘယ်သူနဲ့မှ ပူးပေါင်းဆောင်ရွက်နိုင်မှာမဟုတ်ဘူး။ နောက်ဆုံးမှာ ကျွန်တော်ဟာ ဘုရားသခင် ဖယ်ရှားရှင်းလင်းတာခံရပြီး လူတိုင်းက ပစ်ပယ်တာကို ခံရမှာမဟုတ်ဘူးလား။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “သင်သည် သင့်အလုပ်အကိုင်နှင့်ပတ်သက်၍လည်းကောင်း၊ နည်းပညာပိုင်း နှင့်ပတ်သက်၍လည်းကောင်း ကျွမ်းကျင်မှုအရှိဆုံး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယင်းသည် သင့်အား ဘုရားသခင်ပေးထားသည့် ဆုကျေးဇူးတစ်ခုဖြစ်၍ သင်၏ တာဝန်ထမ်းဆောင်ရန် ယင်းကို အသုံးပြုသင့်ပြီး သင်၏ အားသာချက်များကို အသုံးချသင့်ပေသည်။ သင်သည် မည်မျှပင် ကျွမ်းကျင်သည်ဖြစ်စေ၊ ပါရမီရှိသည်ဖြစ်စေ လုပ်ငန်းကို တစ်ဦးတည်း မထမ်းဆောင်နိုင်ပေ။ မရှိချေ။ လူတိုင်းသည် နည်းပညာနှင့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ သိရှိပြီး အသုံးချနိုင်လျှင် တာဝန်တစ်ရပ်ကို ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်သည်။ ဆိုရိုးစကားရှိသည်မှာ စွမ်းဆောင်နိုင်သော လူတစ်ဦးသည် အခြားလူသုံးဦး၏ ပံ့ပိုးမှုကို လိုအပ်၏။ လူတစ်ဦးသည် မည်မျှအရည်အချင်းရှိပါစေ အခြားသူတစ်ဦးတစ်ယောက်၏ အကူအညီမပါဘဲ မလုံလောက်ချေ။ ထို့ကြောင့် မည်သူမျှ မာနမထောင်လွှားသင့်၊ မည်သူကမျှ မဆင်မခြင်၊ တစ်ဖက်သတ်ပုံစံဖြင့် ပြုမူဆောင်ရွက်ရန် ဆန္ဒမရှိသင့်ပေ။ လူတို့သည် ဇာတိပကတိကို ပုန်ကန်၍ မိမိတို့၏ ကိုယ်ပိုင်အယူအဆနှင့် ထင်မြင်ချက်များကို ဘေးဖယ်ကာ အခြားလူတိုင်းနှင့် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အတွေ့အကြုံ၊ နားလည်မှုနဲ့ ထိုးထွင်းသိမြင်မှုတွေက အရမ်းနည်းတယ်ဆိုတာကို ကျွန်တော်နားလည်ခဲ့တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကိုယ့်မှာရှိတဲ့အပိုင်းကို ထုတ်သုံးစေချင်တာ၊ အလုပ်အားလုံးကို တစ်ကိုယ်တည်း တာဝန်ယူရတဲ့ သာလွန်၊ ပြည့်စုံတဲ့လူဖြစ်အောင် လိုက်စားစေချင်တာမဟုတ်ပါဘူး။ လူတစ်ယောက် ဘယ်လောက်ပဲ အရည်အချင်းရှိရှိ၊ သူ့ရဲ့လုပ်နိုင်စွမ်းက နည်းနေတုန်းပဲ၊ တစ်ခါတလေမှာ ကိုယ်ချင်ရာလုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်မိတတ်တယ်။ ညီအစ်ကိုမောင်နှမတွေ တစ်စိတ်တည်းတစ်ဝမ်းတည်းနဲ့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ပြီး၊ သမ္မာတရားကိုရှာဖွေဖို့ ဘုရားသခင်ကို အတူတူမှီခို၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြခြင်းကို ရတဲ့အခါမှ၊ တစ်ယောက်ချင်းစီက သူတို့ရဲ့ကိုယ်စီအားသာချက်တွေကို ထုတ်သုံးမှ တာဝန်တွေက ပိုကောင်းတဲ့ရလဒ်ကို ရရှိနိုင်မှာပါ။ ဒီအရာတွေကို သိမြင်ပြီးတဲ့နောက်မှာ၊ ကျွန်တော်ဟာ တခြားသူတွေရဲ့အမြင်ကို ပိုနားထောင်ပြီး သူတို့ရဲ့အားသာချက်တွေကနေ သင်ယူဖို့ အာရုံစိုက်လာခဲ့တယ်။ ကိုယ့်စိတ်သဘောထားကို ပြောင်းလိုက်တဲ့အခါ၊ ကိုယ့်ဘေးက ညီအစ်ကိုမောင်နှမတွေမှာ ကျွန်တော့်မှာမရှိတဲ့ ကိုယ်ပိုင်အားသာချက်တွေ ကိုယ်စီရှိနေတာကို တွေ့ခဲ့ရတယ်။ တချို့ညီအစ်ကိုမောင်နှမတွေက ကိစ္စတွေကြုံလာရင် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကိုနားလည်ဖို့နဲ့ သမ္မာတရားကိုရှာဖွေဖို့ အာရုံစိုက်ပြီး၊ ကောင်းတဲ့အခြေအနေကဖြစ်ဖြစ်၊ ဆိုးတဲ့အခြေအနေကဖြစ်ဖြစ် သင်ခန်းစာယူကြတယ်။ တချို့က သူတို့တာဝန်တွေမှာ အသိစိတ်ရှိပြီး တာဝန်ယူတယ်၊ စည်းမျဉ်းတွေအပေါ် အားစိုက်ထုတ်ဖို့ အာရုံစိုက်တယ်၊ တချို့က အစွမ်းအစ သာမန်လောက်ပဲရှိချင်ရှိမယ်၊ ဒါပေမဲ့ နှိမ့်ချပြီး တခြားသူတွေဆီက သင်ယူလိုစိတ်ရှိတယ်၊ တခြားသူတွေရဲ့လမ်းညွှန်မှုနဲ့ အကူအညီကို လက်ခံနိုင်တယ်၊ ဒါကြောင့် အချိန်အတန်ကြာတော့ သူတို့က တိုးတက်အောင် လုပ်နိုင်တယ်။ ယှဉ်လိုက်ရင်တော့၊ ကျွန်တော့်မှာ တချို့ ဆုကျေးဇူးတွေနဲ့ အစွမ်းအစရှိပေမဲ့ ကိစ္စတွေကြုံလာတဲ့အခါ ဘုရားသခင်ကို ဆုတောင်းဖို့၊ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေဖို့ အာရုံမစိုက်ဘဲ၊ အလုပ်မှာ အားစိုက်ထုတ်ဖို့ပဲ အာရုံစိုက်ခဲ့တယ်။ အမှားအမှန်ကိုခွဲခြမ်းစိတ်ဖြာဖို့ ကိုယ့်ရဲ့ဉာဏ်ရည်နဲ့ အသိပညာကိုပဲ အားကိုးတယ်၊ ဆုကျေးဇူးနဲ့ အစွမ်းအစကို အခြေခံပြီး အလုပ်လုပ်တယ်၊ ဒါကြောင့် ဘုရားသခင်ရဲ့လမ်းပြမှုကို ကျွန်တော် တွေ့ရခဲတယ်။ ကိုယ့်ဆုကျေးဇူးကို အားကိုးပြီး ဧဝံဂေလိတရားဟောတော့ လူတချို့ကို ရခဲ့ပေမဲ့၊ ဘုန်းအသရေကို ဘုရားသခင်ဆီ မပေးခဲ့ဘူး။ အဲဒီအစား ဒါတွေအားလုံးက ကိုယ့်ရဲ့အရည်အချင်းနဲ့ အစွမ်းအစကြောင့်လို့ထင်ပြီး သရဖူကို ကိုယ့်ခေါင်းပေါ်ကိုယ်တင်ခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်တော့်စိတ်သဘောထားက ပိုပိုပြီး မာနထောင်လွှားလာတယ်၊ တခြားသူတွေကို အလေးမထားဘဲ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိတော့ဘူး။ နေ့တိုင်း ကျွန်တော်ဟာ အလုပ်ရှုပ်နေပုံပေါ်ပေမဲ့၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်မှုမရှိဘူး၊ အသက်ဝင်ရောက်မှုမှာလည်း တိုးတက်မှုမရှိဘူး၊ နောက်ဆုံးမှာတော့ ကျွန်တော့်တာဝန်တွေမှာ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာနဲ့ လမ်းပြမှုကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော် တွေ့မြင်ခဲ့ရတာက၊ သမ္မာတရားကို ကျိုးနွံနာခံတာမျိုး မရှိဘဲ အမြဲတမ်းမာနထောင်လွှားပြီး ခေါင်းမာနေတာဟာ တကယ်ကို အကြီးအကျယ် ဆုံးရှုံးမှုပဲ။

သုံးလေးရက်နေတော့ ဘုရားသခင်ရဲ့ မိတ်သဟာယဖွဲ့ချက်တစ်ပိုဒ်ကို ကျွန်တော်တွေ့ခဲ့ပြီး၊ ဒါက ကျွန်တော့်စိတ်နှလုံးထဲမှာ ကိစ္စတွေကို ပိုပြီး ရှင်းလင်းသွားစေခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူတို့အနေဖြင့် မိမိတို့၏ အသက်တာတွင် စဉ်ဆက်မပြတ် ကြီးထွားမှုကို ရရှိရန်နှင့် ၎င်းတို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို ရရှိရန်အတွက် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို တွေ့ကြုံရမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိသည့်အဆင့်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ပြောင်းလဲလာကြသည်။ ဤအရာကို အတိအကျ မည်သို့ တွေ့ကြုံရသနည်း။ ယင်းမှာ သင့်အပေါ် ဖြစ်ပျက်သော အရာတိုင်းတွင် ရှေးဦးစွာ ကျိုးနွံနာခံသည့်စိတ်ဓာတ် ရှိခြင်းအားဖြင့် ဖြစ်သည်။ ကျိုးနွံနာခံသည့်စိတ်ဓာတ်ရှိခြင်းသည် ကျော်လွှားရန် ပထမဆုံးသော အတားအဆီးဖြစ်ပြီး လူတို့ ပြည့်မီသင့်သည့် ပထမဆုံးသော လိုအပ်ချက် ဖြစ်သည်။ ဤသည်မှာ အလွန် အခရာကျသည်။…လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့၏ သမ္မာတရားကို နားလည်မှုမှာ အလွန် အပေါ်ယံဆန်သောကြောင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အခါ ကိုယ့်နေရာကိုယ် သိရမည်ဖြစ်ကြောင်းကို ၎င်းတို့ နားမလည်ကြသေးပေ။ ကိုယ့်နေရာကိုယ်သိခြင်းတွင် အဘယ်အရာ ပါဝင်သနည်း။ သင်သည် မည်မျှ အရေးပါသော ပုဂ္ဂိုလ်ဖြစ်စေ၊ သင်၏ ရာထူး မည်မျှ မြင့်မားသည်ဖြစ်စေ၊ သင်၏ စွမ်းရည်များ မည်မျှ ကြီးမားသည်ဖြစ်စေ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေသရွေ့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အခါ ပထမဆုံးသော စည်းမျဉ်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံရန် ဖြစ်သည်။ အချို့လူများက ‘ကျွန်ုပ်သည် ယခင်က ကြီးမားသော ပံ့ပိုးမှုများကို စွမ်းဆောင်ရရှိခဲ့ပြီးဖြစ်သည်’ ဟု ပြောဆိုကြသည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သလော။ သင်သည် ကြီးမားသော ပံ့ပိုးမှုများကို စွမ်းဆောင်ရရှိခဲ့ပြီးဖြစ်လျှင်ပင် သင်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်နေဆဲဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်သည်။ သင်၏ အဓိက တာဝန်ဝတ္တရားမှာ ဘုရားသခင်ကို ကျိုးနွံနာခံရန် ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ သင်သည် လုံးဝ ကျိုးနွံနာခံရမည်ဖြစ်ပြီး သင်၏ ကိုယ်ပိုင်ရွေးချယ်မှုများ မရှိသင့်ပေ။ ဤသည်မှာ အမြင့်မြတ်ဆုံးသော သမ္မာတရား ဖြစ်သလော။ ဤသည်မှာ အမြင့်မြတ်ဆုံးသော သမ္မာတရားဖြစ်ပြီး အခြေခံအကျဆုံးသော သမ္မာတရားလည်း ဖြစ်သည်။ သို့ရာတွင် လူအများစုသည် ဘုရားသခင်ကို ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ကြာ ယုံကြည်ပြီးသည့်နောက်တွင်ပင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဟူသည့် အခြေခံကျသော ဤသမ္မာတရားကို နားမလည်ကြသေးပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံသော သမ္မာတရားမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်ကိုပင် လူတို့ နားလည်ခြင်းမရှိပါက မည်သည့်သမ္မာတရားများကို ၎င်းတို့ နားလည်နိုင်မည်နည်း။ သင်သည် ဖန်ဆင်းရှင် မည်သူဖြစ်သည်ကို သိရှိပြီး သူ၏ ရှေ့မှောက်သို့ လာရန်လည်း လိုလားသော်လည်း ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သင်၏ တာဝန်ဝတ္တရား၊ သင်၏ တာဝန်နှင့် သင်၏ ဝတ္တရားဖြစ်ကြောင်းကိုလည်းကောင်း၊ ယင်းမှာ လူသားတစ်ဦးအနေဖြင့် သင် ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့် ပင်ကိုအသိစိတ် ဖြစ်ကြောင်းကိုလည်းကောင်း သင်မသိပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံအကျဆုံးသော သမ္မာတရားကိုပင် သင်နားမလည်ပါက သင်သည် သမ္မာတရားကို နားလည်သည်ဟု ပြောဆိုခြင်းမှာ အနှစ်မဲ့သော စကားမျှသာ မဟုတ်လော။ သင်နားလည်သည့်အရာမှာ အနှစ်မဲ့သော အယူဝါဒများသာဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများ ရှိနိုင်ခြင်း၊ ဘုရားသခင်ကို သံသယဖြစ်ခြင်း၊ ဝေဖန်ခြင်း၊ ငြင်းခုံခြင်းနှင့် ဆန့်ကျင်ခြင်းတို့ ဖြစ်နိုင်ခြင်း ဖြစ်သည်၊ ဖောက်ပြန်ပျက်စီးခြင်း၏ ဤထုတ်ဖော်မှုများနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ဤလုပ်ရပ်များအားလုံးသည် ပေါ်ထွက်လာကြသည်။ လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သမ္မာတရားကို နားမလည်ပါက ၎င်းတို့ ထုတ်ဖော်သည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း ကျွန်တော် အရမ်းစိတ်ထိခိုက်မိတယ်။ တကယ်တမ်းတော့ နေ့တိုင်း ကျွန်တော်တို့ရဲ့ဆန္ဒနဲ့မကိုက်ညီတဲ့ လူတွေ၊ ဖြစ်ရပ်တွေ၊ အမှုအရာတွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့ မတူညီတဲ့အမြင်တွေနဲ့ အကြံပြုချက်တွေအပါအဝင်၊ ပြုပြင်ခံရတာ၊ ဝေဖန်ခံရတာ၊ ဆုံးမခံရတာတွေ၊ ကျွန်တော်တို့ရဲ့တာဝန်မှာကြုံရတဲ့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ရှုံးနိမ့်မှုတွေနဲ့အတူ၊ အားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေအောက်မှာ ရှိနေတာ မဟုတ်ဘူးလား။ ယုံကြည်သူတစ်ယောက်အနေနဲ့၊ ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပထမဆုံးလုပ်သင့်တာက ဒီအရာတွေကနေ သင်ခန်းစာယူဖို့ ကျိုးနွံနာခံပြီး သမ္မာတရားကို ရှာဖွေဖို့ပဲ။ ဒါပေမဲ့ ကျွန်တော်က၊ ကိုယ့်ဆန္ဒနဲ့မကိုက်ညီတဲ့ ဒီအရာတွေကို အခက်အခဲ၊ အတားအဆီးတွေအနေနဲ့ မြင်ခဲ့တယ်၊ ကျွန်တော့်ရဲ့ ကနဦးခံစားချက်တွေက အတိုက်အခံလုပ်တာ၊ စိတ်မရှည်တာ၊ လက်မခံလိုတာတွေပဲဖြစ်ပြီး၊ တခြားသူတွေက ကျွန်တော့်အမြင်ကို ဘာဖြစ်လို့မထောက်ခံတာလဲ၊ ကျွန်တော့်အမြင်က သမ္မာတရားနဲ့ ကိုက်ညီရဲ့လားဆိုတာကိုတောင် ထည့်မစဉ်းစားခဲ့ဘူး။ တစ်ခါတလေ တခြားသူတွေရဲ့အကြံကို ဆောင့်ကြီးအောင့်ကြီး လက်ခံလိုက်ရင်တောင်၊ စိတ်ကျဉ်းကျပ်ပြီး တခြားရွေးချယ်စရာမရှိတော့သလို ခံစားခဲ့ရတုန်းပဲ၊ အခြေခံအကျဆုံး ကျိုးနွံနာခံတဲ့စိတ်ထားတောင်မရှိခဲ့ဘူး။ ကျွန်တော့်တာဝန်တွေမှာ ကျွန်တော်ဟာ မာနထောင်လွှားတဲ့စိတ်သဘောထားအတိုင်း အမြဲလုပ်တယ်၊ ထင်ရာစိုင်းလုပ်ပြီး ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချတယ်၊ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် ဘာနေရာမှ မထားသလို ကိုယ်တော့်အပေါ် ဘာကျိုးနွံနာခံမှုမှ မရှိခဲ့ဘူး။ ကျွန်တော်ဟာ ဘာသာတရားမရှိသူတစ်ယောက်နဲ့ ဘာများကွာခြားလို့လဲ။ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အတွက် ကျွန်တော်ဟာ ကိစ္စအားလုံးမှာ ဘုရားသခင်နဲ့ သမ္မာတရားကို ကျိုးနွံနာခံရအောင်၊ ကျိုးနွံနာခံတဲ့ကိစ္စမှာ ကိုယ့်ရည်ရွယ်ချက်တွေကိုယ် ဘေးဖယ်ရအောင် သင်ယူဖို့ လိုအပ်ခဲ့တယ်။

နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့ အလုပ်လုပ်တဲ့အခါ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနဲ့ တခြားသူတွေနဲ့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ သမ္မာတရားထဲကို ဝင်ရောက်ဖို့ သတိရှိရှိ အာရုံစိုက်ခဲ့တယ်။ ကိစ္စတွေကြုံလာတဲ့အခါ ကိုယ့်ဆန္ဒနဲ့ကိုက်ညီတာမျိုး ရှိရှိ၊ မရှိရှိ ကျွန်တော်အရင်ဆုံး ဘုရားသခင်ဆီကနေ လက်ခံပြီး ကျိုးနွံနာခံတဲ့စိတ်ထားကို လက်ကိုင်ထားဖို့ လေ့ကျင့်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေဆီက အကြံပြုချက်တွေအပေါ် အလောတကြီး ဝေဖန်သုံးသပ်တာတွေ ရပ်လိုက်ပြီး လူတိုင်းနဲ့အတူ ဆွေးနွေးရှာဖွေခဲ့တယ်။ အလုပ်ဆွေးနွေးတဲ့အခါ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေက ကိုယ့်အမြင်နဲ့မတူတာကို တွေ့ရင်၊ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်ပေမဲ့ အရင်ဆုံး ကျိုးနွံနာခံတဲ့ အခြေအနေမှာ ထားပေးဖို့ ဘုရားသခင်ကို ဆုတောင်းပြီး တောင်းလျှောက်တော့ သူတို့ရဲ့အကြံပြုချက်တွေထဲက အားသာချက်တွေကို တွေ့မြင်ခဲ့ရတယ်။ အကြံပြုချက်တွေက သိပ်မစုံလင်၊ မတိကျသေးပေမဲ့၊ အဲဒီအကြောင်းအရာအတိုင်း ဆက်ပြီးမိတ်သဟာယဖွဲ့ ဆွေးနွေးတော့၊ လူတိုင်းတစ်ယောက်တစ်လှည့် မိတ်သဟာယဖွဲ့ရင်း ကျွန်တော့်စိတ်နှလုံးဟာ ပိုပိုပြီး ရှင်းလင်းလာတယ်။ ကျွန်တော်တွေ့ကြုံခံစားခဲ့ရတာက၊ ကိစ္စအားလုံးမှာ သမ္မာတရားကို ကျိုးနွံနာခံပြီး ဘုရားနှုတ်ကပတ်တော်နဲ့အညီ လုပ်ဆောင်တာက ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ လုပ်ဆောင်ချက်တွေကို အမှန်တကယ် မြင်တွေ့စေနိုင်ပြီး၊ ဒီလိုလေ့ကျင့်ခြင်းက စိတ်နှလုံးထဲမှာ လင်းလက်ခြင်းနဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးပြီး တခြားသူတွေရဲ့ အားသာချက်တွေကနေ သင်ယူဖို့လည်း အထောက်အကူပြုတယ်ဆိုတာပါပဲ။ ဒါဟာ အရင်က ကျွန်တော့်ရဲ့ ခေါင်းမာတာ၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တာတွေနဲ့ တခြားစီပဲ။ ဒီသေးငယ်တဲ့ပြောင်းလဲမှုက ကျွန်တော့်ကို ယုံကြည်ခြင်းပေးခဲ့ပြီး ကျွန်တော် ကိုယ့်အပေါ်ကိုယ် ဆုံးဖြတ်သတ်မှတ်တာမျိုး မရှိတော့ဘူး။ ကျွန်တော်သာ အဖိုးအခပေးဆပ်လိုစိတ်ရှိပြီး သမ္မာတရားအတွက် ကြိုးစားအားထုတ်နေသရွေ့၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားဟာ သေချာပေါက် ပြောင်းလဲမှာပဲလို့ ယုံကြည်တယ်။ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့-  ၃၇။ “အရည်အချင်းကို အသိအမှတ်မပြုရင် အလုပ်ကြိုးစားတဲ့အတွက်တော့ အသိအမှတ်ပြုခံရသင့်တယ်”ဆိုတဲ့ အမြင်က သမ္မာတရားနဲ့ ကိုက်ညီပါသလား

နောက်တစ်ခုသို့-  ၄၁။ ခေါင်းဆောင်ပိုင်းက ဖမ်းဆီးခံရပြီးနောက် ယုဒအဖြစ်သို့ ပြောင်းလဲခြင်း

သက်ဆိုင်သည့် အကြောင်းအရာ

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger