၈၃။ နောက်ဆုံးတော့ ဆိုးယုတ်တဲ့လူတွေကို ကျွန်မ ပိုင်းခြားသိမြင်နိုင်ပြီ
၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ ကျွန်မအမေ့ဆီက စာတစ်စောင် လက်ခံရရှိခဲ့တယ်။ အသင်းတော်ကနေ ဆိုးယုတ်သောသူတစ်ယောက်အနေနဲ့ သူ ဖယ်ထုတ်ပစ်ခံရတာ တစ်နှစ်ကျော်ပြီဆိုတာကို ကျွန်မ သိခဲ့ရတယ်။ ဗြုန်းစားကြီး ဒီလိုသတင်းကြားရတာ ကျွန်မကို မိုးကြိုးပစ်သလို တုန်လှုပ်သွားစေခဲ့တယ်။ စာကိုဆုံးအောင်တောင် မဖတ်နိုင်ခင်မှာပဲ ကျွန်မမျက်လုံးထဲကနေ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ ကျလာခဲ့တယ်။ “နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအလုပ်က တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးလေ။ အမေက အသင်းတော်ကနေ ဖယ်ထုတ်ပစ်ခံရပြီဆိုတော့ သူကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် မရှိတော့ဘူးမဟုတ်လား။” အဲဒီအချိန်မှာ ကျွန်မစိတ်ထဲမှာ လျှပ်တပြက်ပေါ်လာတာတွေအားလုံးက ကျွန်မအမေ ကိုယ့်အပေါ် ဘယ်လောက်ကောင်းခဲ့သလဲဆိုတာတွေပါပဲ။ ငယ်ငယ်ကတည်းက အမေက ကျွန်မကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖတ်ဖို့ လမ်းညွှန်ခဲ့ပြီး ဆုတောင်းဖို့ သင်ပေးခဲ့တယ်။ အဖေက ကျွန်မကို ကျောင်းစာကောင်းကောင်းသင်ပြီး အနာဂတ်မှာ အောင်မြင်စေချင်ခဲ့ပေမဲ့၊ ဘုရားသခင်ကိုယုံကြည်ပြီး တာဝန်ထမ်းဆောင်ဖို့ ကျွန်မကို မလျှော့တမ်း တိုက်တွန်းခဲ့တာက အမေပဲ၊ အဲဒါကြောင့် ကျွန်မ ဘဝရဲ့လမ်းမှန်ပေါ်ကို လျှောက်လှမ်းခွင့်ရခဲ့တာ။ နောက်ပိုင်းမှာ အမေက ဧဝံဂေလိတရားဖြန့်ဝေလို့ ရဲတွေ လိုက်ဖမ်းတာခံရပြီး ထွက်ပြေးခဲ့ရတယ်။ ကျွန်မဆီကို စာရေးတိုင်းမှာ သူက ကျွန်မကို ကိုယ့်တာဝန်ကို စိတ်ရင်းမှန်နဲ့ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားဖို့ အားပေးခဲ့တယ်။ ဒီအမှတ်တရတွေက ရုပ်ရှင်ထဲကဇာတ်ကွက်တွေလိုပဲ ကျွန်မခေါင်းထဲမှာ အဆက်မပြတ် ပြန်ပေါ်နေခဲ့တယ်။ အမေက ဘုရားသခင်ကို ယုံကြည်ခဲ့တာ ဆယ့်ခြောက်နှစ်ကြာခဲ့ပြီ။ နှစ်ကြိမ်တိုင်တိုင် အဖမ်းခံခဲ့ရပေမဲ့လည်း ဘုရားသခင်ကို သစ္စာမဖောက်ခဲ့ဘူး။ သူက အိမ်နဲ့အဝေးမှာ သူ့တာဝန်တွေကို ဆက်လုပ်ခဲ့တော့ သူဟာ ဘုရားသခင်ကို တကယ်ယုံကြည်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒီတော့ သူ ဘယ်လိုလုပ် ဖယ်ထုတ်ပစ်ခံရနိုင်မှာလဲ။ ခေါင်းဆောင်ကများ မှားသွားတာလား။ သူ့ရဲ့နှစ်ပေါင်းများစွာ အနစ်နာခံမှုနဲ့ အသုံးခံမှုတွေကို ထောက်ပြီး နောင်တရဖို့ နောက်ထပ်အခွင့်အရေး မရနိုင်တော့ဘူးလား လို့ တွေးမိတယ်။ သူ့စာထဲမှာ သူက ဆိုထားတယ်၊ သူ့တာဝန်တွေမှာ ဝတ်ကျေတမ်းကျေလုပ်ပြီး သောင်းကျန်းခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေကြားမှာ ရန်တိုက်ပေးပြီး အဖွဲ့တွေကွဲအောင် လုပ်ခဲ့တယ်၊ အသင်းတော်အလုပ်အပေါ် ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တဲ့အပြင် ပြုပြင်ခြင်းကို ခံရတဲ့အခါတိုင်းမှာ သူက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုး၊ သိမြင်တာမျိုး မရှိခဲ့ဘဲ ပြဿနာက တခြားတစ်ယောက်ယောက်မှာပဲ ရှိတယ်လို့ အမြဲထင်ခဲ့တာတွေကိုပေါ့။ သူက မကောင်းမှုတွေ အများကြီးလုပ်ခဲ့လို့ သူ့ကို ဖယ်ထုတ်ပစ်လိုက်တာက လျော်ကန်သင့်မြတ်တဲ့အကြောင်း၊ ဆယ်စုနှစ်တစ်ခုကျော် ယုံကြည်ခဲ့ပေမဲ့ ဘာသက်သေခံချက်မှ မပေးနိုင်ခဲ့ဘဲ၊ အဲဒီအစား မကောင်းမှုတွေအများကြီးလုပ်ပြီး အသင်းတော်အလုပ်ကို ထိခိုက်စေခဲ့တဲ့အကြောင်းကိုလည်း သူပြောထားတယ်။ သူက သူ့ကိုယ်သူ နတ်ဆိုးအို၊ စာတန်ရဲ့အစေခံ၊ ဆိုးယုတ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်တဲ့အကြောင်း၊ အသက်ရှင်နေတာက အရှက်ရစရာ အမှတ်အသားတစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေချင်လောက်အောင် အရမ်းကို စိတ်ဆင်းရဲနေရတဲ့အကြောင်းကိုလည်း ပြောထားတယ်။ အဲဒီနောက်မှာ အမေက ဖယ်ထုတ်ပစ်ခံရပြီးတဲ့နောက်မှာတောင် သူက ကျွန်မတာဝန်တွေမှာ ကျွန်မကိုထောက်ပံ့ဖို့ အလုပ်ကရတဲ့ပိုက်ဆံကို ကျွန်မဆီကို ပို့ပေးနေတုန်းပဲဆိုတာကို ကျွန်မ တွေးမိတယ်။ အမေ့ရဲ့အပြုအမူက ကျွန်မကို စိတ်ရှုပ်ထွေးစေခဲ့တယ်။ သူ့အနှစ်သာရက တစ်ခုခုလွဲနေတာထက် သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဆိုးလွန်းနေတာသက်သက်ပဲလား။ သူသာ နောက်ထပ်ခွင့်အရေးရရင်၊ သူ နောင်တရပြီး ရှင်းလင်းပစ်ခံရတာကို ရှောင်လွှဲနိုင်မှာလား။ ဘုရားသခင်က လူတွေကို ဖြစ်နိုင်သမျှ အကြီးမားဆုံးအတိုင်းအတာအထိ ကယ်တင်တယ်၊ ဘုရားအိမ်တော်ကလည်း ဖယ်ထုတ်ပစ်ခံရပြီးတဲ့နောက် တကယ်နောင်တရတဲ့သူတွေကို ပြန်ပြီးတော့ လက်ခံပေးသေးတာပဲလေ။ အမေက ဖယ်ထုတ်ပစ်ခံရပြီးတဲ့နောက် ကောင်းတဲ့အပြုအမူတချို့ ပြခဲ့တာကိုကြည့်ရင်၊ အသင်းတော်က သူ့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးကောင်း ပေးနိုင်လောက်သလား။ ဒါနဲ့ ကျွန်မ သူ့ကို စိတ်ရင်းအမှန်နဲ့ နောင်တရဖို့၊ သူသာ အမှန်တကယ် နောင်တရခဲ့ရင် အသင်းတော်ထဲကို ပြန်လာဖို့ လက်ခံတာ ခံရနိုင်တဲ့အကြောင်း တောင်းဆိုပြီး သူ့ကို ကူညီဖို့ စာတစ်စောင်ရေးခဲ့တယ်၊
စုဝေးပွဲတစ်ခုမှာ ကျွန်မအတွေးတွေကို ပြောပြခဲ့တော့၊ ညီအစ်မတစ်ယောက်က ကျွန်မမှာ အမေ့ရဲ့အနှစ်သာရအပေါ် ပိုင်းခြားသိမြင်မှုမရှိဘူး၊ ဒါကြောင့် ကျွန်မက သူ့ကို အသင်းတော်ထဲကို ပြန်လာဖို့ လက်ခံတာကို အမြဲလိုချင်နေတာ၊ ဒီကိစ္စမှာ ကျွန်မ သမ္မာတရားကို ရှာဖွေဖို့လိုတယ်လို့ ပြောခဲ့တယ်။ ဒါက ဘုရားသခင်က ကျွန်မကို သင်ခန်းစာယူဖို့အတွက် ဒီညီအစ်မကို အသုံးပြုပြီး သတိပေးနေတာပဲဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ကို ဒီလိုဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ အမေ ဖယ်ထုတ်ပစ်ခံရတဲ့ကိစ္စမှာ ကျွန်မ စိတ်ရှုပ်ထွေးနေပါတယ်။ ကျေးဇူးပြုပြီး သမ္မာတရားကို နားလည်အောင် ကျွန်မကို ဉာဏ်အလင်းပေးတော်မူပါ၊ အမေ့ရဲ့သဘာဝအနှစ်သာရကို ပိုင်းခြားသိမြင်တတ်ဖို့နဲ့ ခံစားချက်တွေရဲ့ချည်နှောင်မှုကနေ လွတ်မြောက်နိုင်ဖို့ ခွင့်ပြုတော်မူပါ” လို့ပေါ့။
တစ်နေ့မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည် အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်းခံရမည့်သူများ ဖြစ်သည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးများနှင့် စာတန်များ စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ဖယ်ရှားခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေခံများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏သက်သေခံချက်တွင် ဧကန်အမှန် ရပ်တည်နိုင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားသောသူများလည်း ဖြစ်ပြီး သမ္မာတရားဘက်၌ အမှန်တကယ် ရပ်တည်နိုင်သောသူများ ဖြစ်သည်။ လိမ်လည်လှည့်စားမှုနှင့် မတရားမှုတို့ကို ကျင့်သုံးသော သူများအားလုံးသည် သမ္မာတရား မရှိသောသူများဖြစ်ပြီး၊ သူတို့အားလုံးသည် ဘုရားသခင်ကို အရှက်ရစေကြ၏။ အသင်းတော်တွင် အငြင်းအခုံ ဖြစ်စေသော သူများသည် စာတန်၏ အစေခံများဖြစ်ကြပြီး၊ စာတန်၏ပြယုဂ် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် အင်မတန် မလိုမုန်းထားတတ်ကြလေသည်။ ပိုင်းခြားသိမြင်မှု မရှိသူများနှင့် သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်စွမ်းနိုင်သော သူများအားလုံးသည် ဆိုးယုတ်သော ရည်ရွယ်ချက်များကို သိုထားကြပြီး သမ္မာတရားကို ညှိုးနွမ်းစေသည်။ ထို့ထက်ပို၍ ၎င်းတို့သည် စာတန်ကို သမားရိုးကျ ကိုယ်စားပြုသော သူများဖြစ်သည်။ ၎င်းတို့သည် ရွေးနုတ်၍ မရနိုင်တော့လောက်အောင်ဖြစ်ပြီး၊ အလိုအလျောက် ဖယ်ရှားရှင်းလင်းခြင်းခံရပေလိမ့်မည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို ဘုရားသခင်၏မိသားစုက ဆက်ရှိနေဖို့ ခွင့်မပြုသကဲ့သို့၊ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲသူများကိုလည်း ရှိနေခွင့်မပြုပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုပြုရန် အချိန်မဟုတ်။ ထိုကဲ့သို့သော သူတို့သည် နောက်ဆုံးတွင် ထုတ်ဖော်ခံရမည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်သာ ဖြစ်သည်။ အသုံးမဝင်သော မည်သည့်အလုပ်ကိုမျှ ဤလူတို့အပေါ်၌ လုပ်တော့မည်မဟုတ်။ စာတန်နှင့် သက်ဆိုင်သောသူများသည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သော်လည်း၊ သမ္မာတရားကို ရှာသောသူများကမူ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားသခင်ရဲ့ ဖော်ထုတ်တဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တာက သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်တဲ့သူတွေသာ ဘုရားသခင်ကို တကယ်ယုံကြည်တဲ့သူတွေဖြစ်တယ်၊ သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်တဲ့အပြင် အဆက်မပြတ် မကောင်းမှုတွေ ကျူးလွန်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့၊ ဘယ်တော့မှ နောင်တမရတဲ့သူတွေကတော့ နတ်ဆိုးစစ်စစ်တွေ၊ စာတန်စစ်စစ်တွေပဲ။ သူတို့က ဘုရားသခင် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းမဲ့သူတွေဖြစ်ပြီး အသင်းတော်ကလည်း သူတို့ကို ဖယ်ထုတ်ပစ်ရမယ်။ ဒါက အသင်းတော်ရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ပဲ။ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေဆီကနေ ကျွန်မသိခဲ့ရတာက အမေဟာ သူ့ရဲ့ဒုစရိုက်အမှုတွေမှာ အဆက်မပြတ် နောင်တမရဘဲ ရှိနေခဲ့တယ်ဆိုတာပါပဲ။ သူက ညီအစ်မတစ်ယောက် ထုတ်ဖော်ခဲ့တဲ့ဖောက်ပြန်ပျက်စီးမှုကို အသုံးချပြီး သူ့ကို တိုက်ခိုက်၊ ဝေဖန်သုံးသပ်ခဲ့တယ်၊ ပြီးတော့ ဒီညီအစ်မကို သူနဲ့အတူ ဝေဖန်သုံးသပ်ပြီး ဖယ်ကြဉ်ဖို့ တခြားသူတွေကိုလည်း ဆွဲဆောင်ခဲ့တယ်၊ အဲဒါကြောင့် ဒီညီအစ်မရဲ့အခြေအနေက ဆိုးရွားသွားခဲ့တယ်။ အမေက သူ့တာဝန်တွေမှာ ဘာအကျိုးရလဒ်မှ မရခဲ့ဘူး၊ သူ့အဖွဲ့ခေါင်းဆောင်က သူ့တိုးတက်မှုအခြေအနေကို ဖိမေးတဲ့အခါ၊ သူက သူတို့နောက်ကွယ်မှာ သူတို့ကို မေတ္တာမရှိဘူးလို့ ဝေဖန်အပြစ်တင်ခဲ့တယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်က မိတ်သဟာယဖွဲ့ပေးပြီး သူ့ပြဿနာတွေကို ဖော်ထုတ်ပေမဲ့ သူတို့က သူ့ကို ဖိနှိပ်နေတယ်၊ စကားပြောခွင့်မပေးဘူးလို့ သူက ပြောခဲ့တယ်။ သူက ကြီးကြပ်ရေးမှူးအပေါ် မကျေနပ်ကြောင်းကိုလည်း နောက်ကွယ်မှာ ထုတ်ပြောခဲ့ပြီး တခြားသူတွေကိုလည်း ကြီးကြပ်ရေးမှူးအပေါ် အမြင်စောင်းလာစေခဲ့တယ်၊ အဲဒါက အလုပ်ကို ဆိုးရွားတဲ့ အနှောင့်အယှက်တွေ၊ အဖျက်အမှောင့်လုပ်တာတွေ ဖြစ်စေခဲ့တယ်။ ခေါင်းဆောင်က သူ့လုပ်ရပ်နဲ့ အပြုအမူတွေကို စိစစ်ပြီး သူ့ကို သတိပေးတဲ့အပြင် သီးသန့်ခွဲနေပြီး ဆင်ခြင်သုံးသပ်ဖို့ စီစဉ်ပေးခဲ့တယ်။ ဒါပေမဲ့ အမေက ပြန်မသုံးသပ်ဘဲ၊ အဲဒီအစား စုဝေးပွဲအမျိုးမျိုးကို သူ့သဘောအတိုင်း သွားခဲ့ပြီး ညီအစ်ကိုတွေ၊ ညီအစ်မတွေနဲ့ ခေါင်းဆောင်တွေကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်အောင် လုပ်ခဲ့တယ်။ ဒီအဖြစ်မှန်တွေက ကျွန်မကို မှင်တက်သွားစေခဲ့တယ်။ အမေ့မှာ ဒီလောက် မလိုမုန်းထားတဲ့သဘာဝ ရှိနေပါလား။ တစ်စုံတစ်ယောက်က သူ့ဆန္ဒနဲ့ နည်းနည်းလေးလွဲချော်တဲ့အရာတစ်ခုခုလုပ်လိုက်တာနဲ့ သူက အငြိုးအတေးထားပြီး၊ သူတို့နောက်ကွယ်မှာ သူတို့ကို ဝေဖန်သုံးသပ်တယ်၊ မကျေနပ်မှုတွေဖြစ်အောင်လုပ်တယ်၊ ညီအစ်ကိုမောင်နှမတွေကြားမှာ ရန်တိုက်ပေးပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ တခြားသူတွေက သူ့ကို အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ သူက လုံးဝ နောင်တရတာမျိုး မရှိခဲ့ဘဲ အဆက်မပြတ် မကောင်းမှုလုပ်ပြီး အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ခဲ့တယ်။ ဒါက သာမန်ဖောက်ပြန်ပျက်စီးမှုရဲ့ ထုတ်ဖော်ပြမှုမဟုတ်သလို၊ ကျွန်မထင်ခဲ့သလို ဆိုးရွားတဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ပြဿနာလည်း မဟုတ်ဘူး၊ အဲဒီအစား သူက ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝရှိပြီး သူ့ရဲ့အနှစ်သာရကဆိုးယုတ်တဲ့သူတစ်ယောက်အနေနဲ့ ဖော်ထုတ်ခံခဲ့ရတာပဲ။ သူ့ကို နောက်ထပ် အခွင့်အရေးပေးရင်တောင် သူ နောင်တရမှာမဟုတ်ဘူး။ အသင်းတော်က သူ့ကို စည်းမျဉ်းတွေအတိုင်း ဖယ်ထုတ်ပစ်ခဲ့တာက အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေကို နောက်ထပ်အနှောင့်အယှက်မဖြစ်အောင် ကာကွယ်ဖို့ပဲ။ ဒီလိုနည်းနဲ့ ကိစ္စတွေကို ကိုင်တွယ်တာဟာ လုံးဝတရားမျှတပြီး သမ္မာတရားစည်းမျဉ်းတွေနဲ့ ကိုက်ညီတယ်။ ဆယ့်ခြောက်နှစ်ကြာ ယုံကြည်ခဲ့တာ၊ နှစ်ပေါင်းများစွာ အဝေးမှာ တာဝန်ထမ်းဆောင်ခဲ့တာ၊ နှစ်ကြိမ် အဖမ်းခံရပြီးတဲ့နောက်မှာတောင် ဆက်ပြီးယုံကြည်ခဲ့တာ၊ မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းကို သူ စွန့်လွှတ်ခဲ့တာ၊ သူ့ရဲ့ကြိုးစားအားထုတ်ပြီး အသုံးခံခဲ့တာတွေ အားလုံးကြောင့် သူက စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်ပဲလို့ ကျွန်မအမြဲ ထင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီ၊ အမေက ဘုရားသခင်ကို ယုံကြည်ခဲ့တာဟာ အသင်းတော်ထဲကို ခိုးဝင်ပြီး ကောင်းချီးတွေရဖို့အတွက်ပဲ၊ သူက သူ့ရဲ့အပေါ်ယံ စွန့်လွှတ်အနစ်နာခံမှုတွေကို ကောင်းကင်ဘုံရဲ့ကောင်းချီးတွေနဲ့ လဲလှယ်ချင်ခဲ့တာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ အများကြီးကို ဖော်ပြခဲ့ပေမဲ့ သူက တစ်ခုတောင် လက်ခံတာမျိုး၊ လက်တွေ့လုပ်ဆောင်တာမျိုး မရှိခဲ့ဘူး။ အဲဒီအစား သူက အသင်းတော်ထဲမှာ မကောင်းမှုတွေလုပ်ပြီး အနှောင့်အယှက်တွေဖြစ်စေခဲ့တယ်၊ ခေါင်းမာမာနဲ့ နောင်တရဖို့ ငြင်းဆန်ခဲ့တယ်။ ဒါက ဆိုးယုတ်တဲ့သူတစ်ယောက်ပဲ။ လူတွေကို ယုံကြည်သက်ဝင်မှုပြောင်းဖို့ ကမ္ဘာအနှံ့ခရီးသွားခဲ့ပေမဲ့ သခင်ယေရှု ဖော်ပြခဲ့တဲ့သမ္မာတရားတွေကို လက်ခံဖို့ ငြင်းဆန်ခဲ့ပြီး သခင်ယေရှုကို ကားတိုင်မှာ သံမှိုစွဲခဲ့တဲ့ ဖာရိရှဲတွေနဲ့ ဒါက ဘယ်လိုများ ကွာခြားနေလို့လဲ။ သခင်ယေရှု ပြောခဲ့တာတစ်ခုကို ကျွန်မ သတိရလိုက်တယ်။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တာက လူတစ်ယောက်က အပြင်ပန်းမှာ အနစ်နာခံမှုတွေ၊ အားထုတ်မှုတွေ လုပ်နိုင်ပေမဲ့၊ ဒါက သူတို့ဟာ စစ်မှန်တဲ့ယုံကြည်သူတွေဖြစ်တယ်လို့ အဓိပ္ပာယ်မသက်ရောက်ဘူး၊ ဘုရားသခင်က ဒီလိုယုံကြည်ခြင်းမျိုးကို အသိအမှတ်မပြုဘူး။ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်တဲ့သူတွေသာ စစ်မှန်တဲ့ယုံကြည်သူတွေဖြစ်တယ်။ ဒီလိုလူတွေမှာ သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပြီး၊ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ရရှိဖို့၊ ဘုရားသခင်ရဲ့နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ မျှော်လင့်ချက်ရှိတယ်။ အမေက ဖယ်ထုတ်ပစ်ခံရပြီးတဲ့နောက် သူ့ရဲ့ဒုစရိုက်အမှုတွေနဲ့ သူ့ကိုယ်သူ နတ်ဆိုး၊ စာတန်တစ်ကောင်အဖြစ် အသိအမှတ်ပြုတာက စစ်မှန်တဲ့နောင်တ ဟုတ်မဟုတ်၊ အသင်းတော်က သူ့ကို ပြန်လက်ခံဖို့အတွက် ဒါက လုံလောက်ရဲ့လားဆိုတာကိုလည်း ကျွန်မ တွေးမိတယ်။
ကျွန်မရှာဖွေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပင် ဒေါသထွက်ခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်ကို ဝတ်ဆင်ကာ ပြာထဲထိုင်ပြီးသည်နှင့် သူ၏နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ၏စိတ်ကို သူစတင်ပြောင်းခဲ့၏။ သူတို့၏မြို့ကို သူဖျက်ဆီးမည့်အကြောင်း သူတို့ထံ မကြေညာမီ အခိုက်အတန့်တွင်၊ သူတို့၏အပြစ်များအတွက် သူတို့ မဝန်ခံမီနှင့် နောင်တမရမီ အခိုက်အတန့်တွင် ဘုရားသခင်က သူတို့ကို ဒေါသထွက်နေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်တသီတသန်းကြီးကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ဒေါသသည် သူတို့အတွက် သနားကရုဏာနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ အဖြစ်အပျက်တစ်ခုတည်းတွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ခုကို တစ်ချိန်ထဲ၌ ထုတ်ဖော်ပြခြင်းနှင့်ပတ်သက်၍ မကိုက်ညီမှု တစ်ခုမျှမရှိပေ။ သို့ဖြစ်၍ ဤမကိုက်ညီမှုမရှိခြင်းကို မည်ကဲ့သို့နားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တမရမီနှင့် နောင်တရပြီးတွင် ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ပြခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ပုန်ကန်ပြစ်မှား၍ မရနိုင်မှုကို လူတို့အား မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့အား အောက်ပါအကြောင်းများကိုပြောဖို့ သူ၏သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်းမျိုး၊ သို့မဟုတ် သူတို့အပေါ် သနားကရုဏာ မပြလိုခြင်းမျိုး မဟုတ်ဘဲ စင်စစ်အားဖြင့် လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းသာ ရှားပါးနေခြင်းဖြစ်၏၊ ထို့ပြင် လူတို့က မိမိတို့၏ ဆိုးယုတ်သည့်လမ်းများမှ အမှန်တကယ် ပြန်လှည့်လာပြီး မိမိတို့၏ လက်ရှိပြုနေကြသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်းက ရှားပါးနေခြင်းသာဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်၏။ ပြီးလျှင် လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ထိုကဲ့သို့ဖြစ်လာပါက ထိုအချိန်တွင် သူသည် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ရက်ရက်ရောရော ဆက်လက်၍ ပေးသနားမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ဆိုးယုတ်သည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေသော်လည်း ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့၌ အမှန်တကယ် နောင်တရသူများအပေါ်၊ ထို့ပြင် မိမိတို့၏ဆိုးယုတ်သည့်လမ်းများမှ ပြန်လှည့်ပြီး မိမိတို့လက်ရှိ အဓမ္မအမှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ်၌မူ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပေးသနားသည်။ နိနေဝေမြို့သားများအပေါ် သူ၏ဆက်ဆံမှုတွင် ဘုရားသခင်၏ သဘောထားကို အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ မခဲယဉ်းပေ။ သူလိုအပ်သည့်အရာမှာ စစ်မှန်သည့် နောင်တဖြစ်သည်။ လူတို့အနေဖြင့် မိမိတို့၏ ဆိုးယုတ်သည့်လမ်းများမှ ပြန်လှည့်ပြီး မိမိတို့၏ အဓမ္မအမှုများကို စွန့်လွှတ်သရွေ့ ဘုရားသခင်က သူ၏စိတ်နှလုံးကို ပြောင်းလဲမည်ဖြစ်ပြီး သူတို့အပေါ် သူ၏သဘောထားကို ပြောင်းလဲမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) “ကမ္ဘာလောကရှိ နတ်ဆိုးများနှင့် စာတန်များက ဘုရားသခင်ကို အာခံကြပုံအား သင် မြင်သည့်အခါ ဝိညာဉ်ရေးရာနယ်ပယ်ရှိ နတ်ဆိုးများနှင့် စာတန်က ဘုရားသခင်ကို အာခံကြပုံအား သင် မြင်နေခြင်း ဖြစ်သည်။ ကွာခြားမှု လုံးဝ မရှိပေ။ ထိုအရာများသည် တူညီသည့် အရင်းအမြစ်မှ လာပြီး တူညီသည့် သဘာဝ အနှစ်သာရ ပိုင်ဆိုင်ကြကာ ထို့ကြောင့် တူညီသည့် အရာများကို လုပ်ဆောင်ကြခြင်း ဖြစ်သည်။ မည်သည့် ပုံသဏ္ဌာန်ကို ၎င်းတို့ ယူကြသည်ဖြစ်စေ အားလုံးက တူညီသည့် အရာများကို လုပ်ဆောင်ကြ၏။...၎င်းတို့သည် ဘုရားသခင်ကို တိုက်ခိုက်ပြီး ပြစ်မှားစော်ကားပါက နတ်ဆိုးများ ဖြစ်ကြပြီး လူသားများ မဟုတ်ပေ။ လူသား အရေခွံဖြင့် ၎င်းတို့ ပြောသည့်အရာများသည် မည်သို့မည်ပုံ နားကြားကောင်းသည်ဖြစ်စေ၊ သို့မဟုတ် မှန်ကန်သည်ဖြစ်စေ ၎င်းတို့၏ သဘာဝ အနှစ်သာရသည် နတ်ဆိုးများ၏ သဘာဝ အနှစ်သာရဖြစ်သည်။ နတ်ဆိုးများသည် လူတို့ကို အထင်အမြင်မှားစေရန် နားကြားကောင်းသည့် အရာများကို ပြောဆိုနိုင်သည့်တိုင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့်၊ သမ္မာတရားကို လုံးဝ လက်ခံခြင်း မရှိကြချေ။ ဤသည်မှာ လုံးဝ မှန်ပေသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအပြင် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သောသူများကို ကြည့်လော့။ ၎င်းတို့သည် ဤလူစားမျိုး ဖြစ်ကြသည် မဟုတ်လော။...ငါ့ကို ပြောလော့၊ နတ်ဆိုးများနှင့် သက်ဆိုင်သည့် ဤလူများ၊ သို့မဟုတ် နတ်ဆိုးများ၏ သဘာဝ အနှစ်သာရ ရှိကြသည့် ဤလူများကို ဘုရားအိမ်တော်တွင် ရှိနေခွင့်ပြုရန်မှာ သင့်တော်သလော။ (မသင့်တော်ပါ။) မသင့်တော်ပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသည့် လူများနှင့် မတူပေ။ ဘုရားသခင် ရွေးချယ်ထားသည့် လူများသည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဤလူများမှာမူ နတ်ဆိုးများနှင့် စာတန်နှင့် သက်ဆိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်တာက ကျွန်မကို နားလည်စေခဲ့တယ်၊ နိနေဝေမြို့သားတွေအကြောင်း၊ သူတို့ဟာ သူတို့ရဲ့ဒုစရိုက်အမှုတွေကြောင့် ဘုရားသခင်ရဲ့အမျက်ဒေါသကို ဖြစ်စေခဲ့ပြီး ပျက်စီးခြင်းနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့က “မိမိတို့၏ ဆိုးယုတ်သည့်လမ်းများမှ ပြန်လှည့်လာပြီး မိမိတို့၏ လက်ရှိပြုနေကြသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်း” ကို လုပ်ဆောင်နိုင်ခဲ့လို့၊ ပြီးတော့ သူတို့က တကယ်ကို နောင်တရခဲ့လို့၊ သူတို့က ဘုရားသခင်ရဲ့သနားကရုဏာနဲ့ ခွင့်လွှတ်မှုကို ရရှိနိုင်ခဲ့ကြတယ်။ ကိုယ်က တစ်ချိန်က လျှောက်လှမ်းခဲ့တဲ့ ဆိုးယုတ်တဲ့လမ်းကြောင်းကို တကယ်ကို ဆင်ခြင်သုံးသပ်၊ သိမြင်၊ နောင်တရပြီး မုန်းတီးတဲ့အခါမှသာ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို နားထောင်ပြီး အသစ်ပြန် စတင်နိုင်တဲ့အပြင် ကိုယ်လျှောက်လှမ်းနေခဲ့တဲ့ ဆိုးယုတ်တဲ့လမ်းကြောင်းကို ရပ်တန့်နိုင်တဲ့အခါမှသာ ဘုရားသခင်ရဲ့သနားကရုဏာနဲ့ ခွင့်လွှတ်မှုကို ရရှိနိုင်မှာပါ။ သမ္မာတရားကို လက်မခံဘဲ ဒါမှမဟုတ် လက်တွေ့မလုပ်ဆောင်ဘဲ ကောင်းတယ်လို့ထင်ရတဲ့စကားလုံးတွေကိုပဲ ပြောနေရုံနဲ့တော့ စစ်မှန်တဲ့နောင်တ မဖြစ်ပေါ်နိုင်ဘူး၊ ဘုရားသခင်က ဒီလိုလူစားမျိုးကို ဘာသနားကရုဏာ၊ ဘာခွင့်လွှတ်မှုမှ ပြမှာမဟုတ်ဘူး။ ကျွန်မ အမေ့ရဲ့အပြုအမူကို စုံစမ်းကြည့်လိုက်တော့ သူက သူကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့မကောင်းမှုတွေအားလုံးကို ခုထိ ဘာမှအသိအမှတ်မပြုသေးဘူးဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ အဲဒီအစား သူက အပြစ်ကို တခြားသူတွေအပေါ် ပုံချခဲ့ပြီး၊ အဲဒီတုန်းက ညီအစ်မတစ်ယောက်က ကြီးကြပ်ရေးမှူးကို မထီမဲ့မြင်ပြုခဲ့တယ်၊ သူတို့ရဲ့အမှားတွေကို ခဏခဏ ထောက်ပြပြီး သူတို့ရဲ့အားနည်းချက်တွေအကြောင်း အတင်းချခဲ့တယ်၊ သူကိုယ်တိုင်မှာ ပိုင်းခြားသိမြင်မှုမရှိခဲ့လို့ မကောင်းမှုလုပ်ရာမှာ ဒီညီအစ်မဘက်က ရပ်တည်ခဲ့မိတာပါလို့ ပြောခဲ့တယ်။ အမေက သူလုပ်ခဲ့တဲ့ မကောင်းမှုအားလုံးကိုဖြစ်ဖြစ်၊ သူ့ရဲ့ မသိမသာ ဒုက္ခပေးပြီး မလိုမုန်းထားတဲ့ စာတန်ဆန်တဲ့ သဘာဝကိုဖြစ်ဖြစ် လုံးဝ နားမလည်တုန်းပဲ၊ ဒီအရာတွေအပေါ်မှာ သူက ဘာစစ်မှန်တဲ့နောင်တ၊ ဘာမုန်းတီးမှုမှ မခံစားခဲ့ရဘူး၊ ဒါဆို သူ ဘယ်လိုလုပ် တကယ်နောင်တရနိုင်မှာလဲ။ သူ့ကိုသာ ပြန်လက်ခံလိုက်ရင်၊ သူက အရင်ကလိုပဲ မကောင်းမှုတွေဆက်လုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေမှာပဲ။ ဒါ့အပြင်၊ သူက သူ့ကိုယ်သူ နတ်ဆိုးအို၊ စာတန်ရဲ့အစေခံ၊ မကောင်းဆိုးဝါးတစ်ကောင်အဖြစ် အသိအမှတ်ပြုခဲ့ပေမဲ့၊ သူလုပ်ခဲ့တဲ့ မကောင်းမှုအတိအကျတွေကို ကြည့်ရင် ဘာကြောင့် သူအဲဒါတွေကို လုပ်ခဲ့တာလဲ၊ ဘယ်လိုရည်ရွယ်ချက်တွေက သူ့ကို ထိန်းချုပ်နေခဲ့တာလဲ၊ စာတန်ဆန်တဲ့ ဘယ်အဆိပ်အတောက်တွေကို သူ လိုက်နာနေခဲ့တာလဲ၊ စာတန်ဆန်တဲ့ ဘယ်စိတ်သဘောထားတွေ ပါဝင်နေခဲ့လဲဆိုတဲ့ကိစ္စတွေအပေါ်မှာ၊ သူက ဘာစစ်မှန်တဲ့ ဆင်ခြင်သုံးသပ်မှု၊ ဘာနားလည်မှုမှ မရှိခဲ့ဘူး။ ကြီးပြင်းလာတဲ့အချိန်မှာ အမေ ကျွန်မကို ပြောခဲ့တဲ့ မှန်ကန်တဲ့အရာတွေအားလုံးကို ကျွန်မ ပြန်စဉ်းစားမိတယ်၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအလုပ်က ဘယ်လောက်တန်ဖိုးရှိသလဲ၊ တာဝန်ကို စိတ်ရင်းမှန်နဲ့ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားတာက ဘဝရဲ့လမ်းမှန်ဖြစ်တယ်ဆိုတာမျိုးတွေပေါ့၊ ဒါပေမဲ့ သူက ဒီအရာတွေကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြောနေခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့ ဘာသမ္မာတရားတစ်ခုမှ လက်မခံခဲ့၊ လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ သူက သူ့ရဲ့ဒုစရိုက်အမှုတွေကို နှုတ်နဲ့ဝန်ခံခဲ့ပြီး မှန်ကန်တဲ့အရာတွေကို ပြောနိုင်ခဲ့တယ်၊ ဒါပေမဲ့ ဒါက သူ တကယ်နောင်တရခဲ့ပြီလို့ အဓိပ္ပာယ်မသက်ရောက်ဘူး။ အသင်းတော်က စစ်မှန်တဲ့နောင်တကို ပြသခဲ့တဲ့သူတွေကို ပြန်လာခွင့်ပြုတာ၊ ကျွန်မအမေလိုမျိုး နှုတ်နဲ့ပဲဝန်ခံပြီး တကယ်မပြောင်းလဲတဲ့လူတွေကိုတော့ လက်မခံဘူး။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “သင်သည် အန္တိခရစ်ဖြစ်စေ၊ ဆိုးယုတ်သောသူ ဖြစ်စေ၊ သို့မဟုတ် သင်သည် ရှင်းလင်းပစ်ခြင်းခံရသည်ဖြစ်စေ၊ နှင်ထုတ်ခြင်းခံရသည်ဖြစ်စေ၊ လူတစ်ဦးအနေဖြင့် သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းသည် သင်လုပ်ဆောင်သင့်သည့်အရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် ယင်းမှာ သင်လုပ်ဆောင်သင့်သည့်အရာတစ်ခုဖြစ်သည်ဟု ငါပြောရသနည်း။ သင်သည် ဘုရားသခင်ထံမှ ဤမျှကြီးမားသော သမ္မာတရားများ၏ ထောက်ပံ့မှုကို လက်ခံရရှိခဲ့ပြီး ဤသည်မှာလည်း ဘုရားသခင်၏ ကြီးမားသည့် အဖိုးအခလည်း ဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်ကို နှစ်ပေါင်းများစွာ ရေလောင်းပေးပြီး ထောက်ပံ့ပေးခဲ့သည်၊ သို့သော် ဘုရားသခင်သည် သင့်ထံမှ တစ်စုံတစ်ရာကို တောင်းဆိုသလော။ မတောင်းဆိုပေ။ ဘုရားအိမ်တော်မှ ဖြန့်ဝေသော အမျိုးမျိုးသော စာအုပ်အားလုံးသည် အခမဲ့ဖြစ်ပြီး မည်သူမျှ တစ်ပြားတစ်ချပ်မျှ သုံးစွဲရန်မလိုအပ်ပေ။ ထိုနည်းတူစွာ ဘုရားသခင်က လူတို့အား ပေးသနားသည့် ထာဝရအသက်၏ မှန်သောလမ်းခရီးနှင့် အသက်နှုတ်ကပတ်တော်များသည်လည်း အခမဲ့ဖြစ်ပြီး ဘုရားအိမ်တော်၏ တရားဒေသနာများနှင့် မိတ်သဟာယများသည် လူတို့ နားထောင်ရန်အတွက် အားလုံးအခမဲ့ဖြစ်သည်။ ထို့ကြောင့် သင်သည် သာမန်လူတစ်ဦးဖြစ်စေ၊ အထူးအုပ်စုဝင်တစ်ဦးဖြစ်စေ သင်သည် ဘုရားသခင်ထံမှ များစွာသော သမ္မာတရားများကို အခမဲ့ ရရှိခဲ့ပြီးဖြစ်ရာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ဧဝံဂေလိတရားကို လူတို့အား ဖြန့်ဝေပြီး လူတို့ကို ဘုရားသခင်၏ မျက်မှောက်တော်သို့ ဆောင်ကြဉ်းသင့်သည်မှာ မှန်ကန်သည်ပင် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ထံသို့ သမ္မာတရားအားလုံးကို ပေးသနားခဲ့ပြီးဖြစ်သည်၊ ဤမျှကြီးမားသော မေတ္တာကို မည်သူက ပြန်ဆပ်နိုင်မည်နည်း။ ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အသက်သည် တန်ဖိုးဖြတ်၍မရနိုင်ဘဲ မည်သည့်လူသားမျှ ယင်းတို့ကို ပြန်မဆပ်နိုင်ပေ။ လူ၏အသက်သည် ထိုမျှ တန်ဖိုးရှိပါသလော။ ယင်းသည် သမ္မာတရားလောက် တန်ဖိုးရှိနိုင်ပါသလော။ ထို့ကြောင့် မည်သူမျှ ဘုရားသခင်၏ မေတ္တာနှင့် ကျေးဇူးတော်ကို ပြန်မဆပ်နိုင်ဘဲ ထိုအထဲတွင် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရသောသူများလည်း ပါဝင်သည်၊ ၎င်းတို့သည် ခြွင်းချက်မဟုတ်ပေ။ သင့်တွင် အသိတရား၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝတစ်ခုခု ရှိသရွေ့ ဘုရားအိမ်တော်သည် သင့်ကို မည်သို့ပင် ဆက်ဆံပါစေ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေရန်နှင့် သူ၏အလုပ်ကို သက်သေခံရန် သင်၏ ဝတ္တရားကို ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ လူတို့၏ ရှောင်လွှဲ၍မရသော တာဝန်ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ ဧဝံဂေလိတရားကို လူမည်မျှထံ ဟောပြောသည်ဖြစ်စေ၊ သို့မဟုတ် လူမည်မျှကို ရရှိသည်ဖြစ်စေ ဤသည်မှာ သင့်ကို ချီးကျူးစရာ မည်သည့်အရာမျှ မဟုတ်ပေ။ ဘုရားသခင်သည် များစွာသော သမ္မာတရားများကို ဖော်ပြခဲ့ပြီးဖြစ်သော်လည်း သင်သည် ယင်းတို့ကို နားမထောင် သို့မဟုတ် လက်မခံပေ။ အစေခံမှုအနည်းငယ်ကို ပြုပြီး ဧဝံဂေလိတရားကို အခြားသူများထံ ဟောပြောခြင်းသည် သင်လုပ်ဆောင်သင့်သည့်အရာပင် မဟုတ်လော။ သင်သည် ယနေ့ ဤအခြေအနေအထိ ရောက်ရှိလာပြီးဖြစ်သည်ကိုကြည့်လျှင် သင်နောင်တမရသင့်သလော။ ဘုရားသခင်၏ မေတ္တာကို ပြန်ဆပ်ရန် အခွင့်အရေးများကို သင်မရှာဖွေသင့်သလော။ သင် အမှန်တကယ် ရှာဖွေသင့်သည်။ ဘုရားအိမ်တော်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များရှိပြီး လူတို့ကို ရှင်းလင်းပစ်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းတို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့်အညီ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်သည့်အရာများဖြစ်သည်၊ ဤအရာများကို လုပ်ဆောင်ခြင်းသည် မှန်ကန်သည်။ အချို့လူများက ‘ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသောသူများ၏ ဧဝံဂေလိတရား ဟောပြောခြင်းမှ ရရှိသောလူများကို အသင်းတော်ထဲသို့ လက်ခံခြင်းသည် အနည်းငယ် ရှက်စရာကောင်းသည်’ ဟု ပြောကောင်းပြောနိုင်သည်။ အမှန်တကယ်တွင် ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့် တာဝန်ဖြစ်ပြီး ရှက်စရာ မည်သည့်အရာမျှ မရှိပေ။ လူတို့သည် ဖန်ဆင်းခံများအားလုံး ဖြစ်ကြသည်။ သင်သည် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရလျှင်ပင်၊ ဆိုးယုတ်သောသူ သို့မဟုတ် အန္တိခရစ်အဖြစ် ပြစ်တင်ရှုတ်ချခြင်းခံရလျှင်ပင်၊ သို့မဟုတ် သင်သည် ဖယ်ရှားရှင်းလင်းခြင်းအတွက် ပစ်မှတ်တစ်ခုဖြစ်လျှင်ပင် သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲပင် မဟုတ်လော။ သင်ရှင်းလင်းပစ်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် သင်၏ ဘုရားသခင် မဟုတ်သေးသလော။ ဘုရားသခင်က သင့်အား ပြောဆိုခဲ့သော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်က သင့်အား ထောက်ပံ့ပေးခဲ့သော အရာများသည် တစ်ချက်တည်းနှင့် ပျက်ပြယ်သွားပြီလော။ ၎င်းတို့သည် မတည်ရှိတော့ပြီလော။ ၎င်းတို့သည် တည်ရှိနေဆဲဖြစ်သည်၊ သင်ကသာ ယင်းတို့ကို မမြတ်နိုးခဲ့ခြင်း ဖြစ်သည်။ ပြောင်းလဲလာသောလူအားလုံးသည် မည်သူက ၎င်းတို့ကို ပြောင်းလဲစေခဲ့သည်ဖြစ်စေ ဖန်ဆင်းခံများဖြစ်ကြပြီး ဖန်ဆင်းရှင်၏ ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို ကျိုးနွံနာခံသင့်သည်။ ထို့ကြောင့် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသော ဤလူများသည် ဧဝံဂေလိတရားကို ဟောပြောလိုစိတ်ရှိပါက ငါတို့သည် ၎င်းတို့ကို ကန့်သတ်မည်မဟုတ်ပေ၊ သို့သော် ၎င်းတို့ မည်သို့ပင် ဟောပြောပါစေ လူကိုအသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် ပြောင်းလဲ၍မရနိုင်ဘဲ ဤသည်မှာ မည်သည့်အခါမျှ လုံးဝ ပြောင်းလဲမည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၆)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တာက ဘုရားသခင်ဟာ နှုတ်ကပတ်တော်တွေ အများကြီးကို ဖော်ပြခဲ့ပြီး လူတွေကို ကယ်တင်ခြင်းအလုပ်ကို အမြဲတမ်း လုပ်ဆောင်နေခဲ့တယ်။ ဒီကယ်တင်ခြင်းကို ကျွန်မတို့ဆီကို အခမဲ့ပေးခဲ့တာ၊ ကျွန်မတို့ တာဝန်တွေထမ်းဆောင်တာက သဘာဝကျတာပဲ။ အမေ ဖယ်ထုတ်ပစ်ခံခဲ့ရပေမဲ့၊ သူက ဖန်ဆင်းခံတစ်ယောက်ဖြစ်နေတုန်းပဲ၊ အသက်ရှင်ဖို့အတွက် နေ့တိုင်း ဘုရားသခင်ဖန်ဆင်းထားတဲ့ ရေ၊ လေ၊ အစားအစာကို အားကိုးနေရတုန်းပဲ။ ဘုရားသခင်က သူ့နှုတ်ကပတ်တော်ကို စားသောက်ခွင့်ကို သူ့ဆီကနေ မရုပ်သိမ်းခဲ့ဘူး။ သူက ဧဝံဂေလိတရားဖြန့်ဝေဖို့ ဆန္ဒရှိခဲ့ပြီး ကျွန်မတာဝန်တွေမှာ ကျွန်မကိုထောက်ပံ့ဖို့ ပိုက်ဆံပေးခဲ့တာက သူ့ရဲ့တာဝန်ဝတ္တရားတချို့ကို ဖြည့်ဆည်းနေတာသက်သက်ပဲ၊ ဒါပေမဲ့ သူက တကယ်နောင်တမရခဲ့ဘူး၊ စည်းမျဉ်းတွေနဲ့စဉ်းစားကြည့်ရင် သူက ပြန်လာဖို့ မသင့်တော်ဘူး။ ကျွန်မက အရင်က နားဝေတိမ်တောင်ဖြစ်ခဲ့တယ်၊ သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ ဘုရားသခင်ရဲ့စိတ်သဘောထားကိုလည်း နားလည်မှုမရှိခဲ့ဘူး။ အမေက အပြုအမူကောင်းတချို့ရှိပြီး မှန်ကန်တဲ့အရာတချို့ကို ပြောနိုင်တာကို ကျွန်မတွေ့တော့၊ အသင်းတော်က သူ့ကို ပြန်လက်ခံနိုင်လိမ့်မယ်လို့ ကျွန်မ အမြဲမျှော်လင့်ခဲ့တယ်။ ကျွန်မ တော်တော်ကို နားဝေတိမ်တောင်ဖြစ်ခဲ့တာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်လည်း မေးခဲ့တယ်၊ တခြားတစ်ယောက်ယောက်သာ ဖယ်ထုတ်ပစ်ခံခဲ့ရရင်၊ သူတို့ကို ပြန်လက်ခံဖို့ ကျွန်မ မျှော်လင့်ခဲ့မှာလားလို့ပေါ့။ မျှော်လင့်မှာမဟုတ်ဘူး။ ဘာလို့ အမေ ဖယ်ထုတ်ပစ်ခံရပြီးတဲ့နောက်မှာ သူ့ကို နောက်ထပ် အခွင့်အရေးပေးပြီး ပြန်လက်ခံဖို့ ကျွန်မ မျှော်လင့်နေခဲ့တာလဲ။ ဒီပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “ဘုရားနှုတ်ကပတ်တော်များ၏ နောက်ဆုံးအပိုင်းသည် လူသားမျိုးနွယ်၏ အကြီးမားဆုံးသော အားနည်းချက်ကို ဖွင့်ချသည်။ ၎င်းတို့အားလုံးသည် ခံစားချက် အခြေအနေဖြင့် အသက်ရှင်ကြ၏။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မရှောင်ဘဲ လူသားမျိုးနွယ် အားလုံး၏ စိတ်နှလုံးများထဲ၌ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်လေသည်။ လူတို့အတွက် ၎င်းတို့ကိုယ်ကို ခံစားချက်များမှ သီးခြားခွဲရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းသည် အသိတရား၏ စံနှုန်းများကို ကျော်လွန်သလော။ အသိတရားသည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းနိုင်သလော။ ခံစားချက်သည် ဘေးအန္တရာယ်တစ်လျှောက် လူတို့ကို ကူညီနိုင်သလော။ ဘုရားသခင်၏ အမြင်တွင် ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ရှင်းလင်းစွာ ဖော်ပြပြီးပြီ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၈)) ဘုရားသခင်က ခံစားချက်တွေဟာ ကိုယ်တော်ရဲ့ရန်သူဖြစ်တယ်၊ အဲဒါတွေက လူသားတွေရဲ့အကြီးမားဆုံး အားနည်းချက်ဖြစ်တယ်၊ ခံစားချက်တွေထဲမှာ အသက်ရှင်နေရင် သင်ဟာ အမှုအရာတွေနဲ့ လူတွေကို စည်းမျဉ်းတွေနဲ့ ရှုမြင်တာကနေ တားဆီးခံရလိမ့်မယ်၊ ဒီလိုနည်းနဲ့ အသက်ရှင်နေတာဟာ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ဖို့ အလားအလာရှိစေမှာပဲလို့ ဖော်ထုတ်ထားတယ်။ အရင်က ကျွန်မရဲ့ခံစားချက်တွေ ဘယ်လောက်ပြင်းထန်လဲဆိုတာကို ကျွန်မ သတိမထားမိခဲ့ဘူး။ လွန်ခဲ့တဲ့နှစ်သုံးလေးနှစ်ထဲမှာ ကျွန်မပတ်ဝန်းကျင်ကလူတွေက ဆိုးယုတ်တဲ့သူတွေနဲ့ အန္တိခရစ်တွေအနေနဲ့ ဖော်ထုတ်ခံခဲ့ရတယ်၊ သူတို့ရဲ့ပြဿနာတွေကို ကျွန်မ အမှန်အတိုင်း အကဲဖြတ်ပြီး ဖော်ထုတ်နိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်မမှာ တရားမျှတစိတ်ရှိနေတုန်းပဲလို့ ကျွန်မ ခံစားခဲ့ရတယ်၊ ဒါပေမဲ့ အမေ ဖယ်ထုတ်ပစ်ခံရတဲ့ကိစ္စက ကျွန်မကို လုံးလုံးလျားလျား ဖော်ထုတ်ခဲ့တယ်။ အမေက မကောင်းမှုတွေအများကြီးလုပ်ခဲ့တာတောင် ကျွန်မ သူ့ကို မမုန်းခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့၊ သူ ဖယ်ထုတ်ပစ်ခံရတာကို ကျွန်မ တွေးမိတိုင်း ဝမ်းနည်းပြီး ငိုကြွေးခဲ့တယ်၊ ကယ်တင်ခြင်းရဖို့ သူ့အခွင့်အရေးကို ဆုံးရှုံးသွားတဲ့အတွက် နက်နက်ရှိုင်းရှိုင်း နာကျင်ခံစားခဲ့ရတယ်၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက သူ့ကို ဖယ်ထုတ်ပစ်တာ မှားသွားသလားလို့ သံသယဝင်တဲ့အထိဖြစ်ပြီး၊ သူ့ကိုယ်စား မတရားခံရတယ်လို့ ခံစားခဲ့ရတယ်။ အမေက အပြုအမူကောင်းတချို့ပြပြီး ဖယ်ထုတ်ပစ်တာခံရတဲ့အပေါ် အပြင်ပန်းမှာ ခေါင်းမာတာမျိုး၊ အတိုက်အခံလုပ်တာမျိုး မရှိတာကို မြင်တော့၊ အသင်းတော်က သူ့ကို ပြန်လက်ခံလိမ့်မယ်လို့ ကျွန်မ အမြဲမျှော်လင့်ခဲ့တယ်။ သက်ညှာပေးဖို့ သူ့ကိုယ်စား ကျွန်မ မတောင်းဆိုခဲ့ပေမဲ့၊ ကျွန်မရဲ့အတွေးထဲမှာတော့ ဘုရားသခင်နဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေခဲ့တယ်။ သူ့ရဲ့ အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်တာနဲ့ ဖော်ထုတ်တာ၊ ပြီးတော့ အဖြစ်မှန်တွေရဲ့ ထုတ်ဖော်တာတွေသာ မရှိခဲ့ရင် သက်ညှာပေးဖို့ ကျွန်မ တကယ်ပဲ သူ့ကိုယ်စား တောင်းဆိုခဲ့မိမှာပဲ၊ ပြီးတော့ ကျွန်မက ဆိုးယုတ်တဲ့သူတစ်ယောက်ဘက်က ရပ်တည်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ခဲ့မိမှာပဲ။ ဆင်ခြင်သုံးသပ်ကြည့်တော့ “အရေးကြီးတော့ သွေးနီးသည်”၊ “လူသားသည် သက်မဲ့မဟုတ်ပါ။ သူသည် ခံစားချက်များနှင့် မည်သို့ကင်းနိုင်မည်နည်း။” ဆိုတဲ့ ဒီစာတန်ဆန်တဲ့ အဆိပ်အတောက်တွေက ကျွန်မနှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီး ကျွန်မကို ခံစားချက်တွေအတိုင်း အသက်ရှင်စေတဲ့အပြင် ကောင်းမြတ်တာနဲ့ ဆိုးယုတ်တာကို မခွဲခြားနိုင်အောင် လုပ်ခဲ့တယ်ဆိုတာကို ကျွန်မ နောက်ဆုံးမှာ သိမြင်ခဲ့တယ်။ အမေ ဘယ်လိုမကောင်းမှုပဲလုပ်ခဲ့ပါစေ၊ သူက လူကောင်းတစ်ယောက်၊ ကျွန်မနဲ့အရင်းနှီးဆုံးလူတစ်ယောက်ပဲလို့ ကျွန်မ ထင်နေခဲ့တုန်းပဲ။ ကျွန်မသာ သူ့ဘက်မှာ မနေခဲ့ရင် သူ့အပေါ် အကြွေးတင်ပြီး လိပ်ပြာသန့်သန့်နဲ့ အသက်မရှင်နိုင်ဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ အခုပြန်စဉ်းစားကြည့်တော့၊ ငယ်ငယ်ကတည်းက အမေက ကျွန်မနဲ့အတူ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်၊ ဆုတောင်းဖို့ သင်ပေးခဲ့တယ်၊ ကိုယ့်တာဝန်ကို စိတ်ရင်းမှန်နဲ့ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားဖို့ တိုက်တွန်းခဲ့တယ်၊ အိမ်နဲ့အဝေးမှာ ကျွန်မတာဝန်ထမ်းဆောင်တော့ ကျွန်မကိုထောက်ပံ့ဖို့ ပိုက်ဆံပို့ပေးခဲ့တယ်။ ဒီလိုအရာတွေက မိခင်တစ်ယောက်အနေနဲ့ သူ့ရဲ့တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းနေတာသက်သက်ပဲ၊ ဒါကလည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်ပဲ။ ကွန်မြူနစ်ပါတီအုပ်စိုးတဲ့ မကောင်းဆိုးဝါးတွေရဲ့မြို့တော်ကြီးမှာ ကျွန်မ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့နှစ်တွေအားလုံးကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ အကြိမ်ပေါင်းများစွာ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့၊ အခက်အခဲတွေတစ်လျှောက် ကျွန်မကို စောင့်ရှောက်ပြီး မြင်တွေ့ခဲ့တာက ဘုရားသခင်ပဲ။ ဒါ့အပြင်၊ ကျွန်မနဲ့ ဘာသွေးသားမှမတော်စပ်တဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မ အဖမ်းခံရမယ့်အန္တရာယ်ရှိနေချိန်မှာ သူတို့ကိုယ်တိုင် အန္တရာယ်ကို စွန့်စားပြီး ကျွန်မကို ကာကွယ်ပေးခဲ့ကြတယ်။ ကျွန်မ တာဝန်ထမ်းဆောင်ရင်း နှစ်ကြိမ်အဖမ်းခံခဲ့ရပြီး ရာဇဝတ်မှတ်တမ်းရှိခဲ့ပေမဲ့၊ ကျွန်မကို လက်ခံပြီး ကိုယ့်သွေးသားအရင်းလို ဂရုစိုက်ခဲ့တာက ညီအစ်ကိုမောင်နှမတွေပဲ။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကြောင့်ပဲ၊ ဒါကြောင့် ကျွန်မ ဘုရားသခင်ကို ကျေးဇူးတင်ပြီး ကိုယ်တော်ရဲ့ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်သင့်တယ်။ အမေက ဆိုးယုတ်တဲ့သူတစ်ယောက်ပဲ၊ အသင်းတော်အလုပ်ကို အများကြီး နှောင့်ယှက်ခဲ့ပြီးပြီ၊ ဖယ်ထုတ်ပစ်ခံရပြီးတဲ့နောက်မှာတောင် သူ တကယ်နောင်တမရသေးဘူး။ ကျွန်မမှာ သူ့ကို ပိုင်းခြားသိမြင်တာမျိုး မရှိဘဲ အသင်းတော်က သူ့ကို နောက်ထပ် အခွင့်အရေးပေးပြီး ပြန်ခေါ်စေချင်ခဲ့သေးတယ်။ ကျွန်မက ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားကိုဖြစ်ဖြစ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကိုဖြစ်ဖြစ် လုံးဝအလေးမထားခဲ့ဘူး။ ကျွန်မက ဆိုးယုတ်တဲ့ သူတစ်ယောက်ရဲ့အပေါင်းအပါအနေနဲ့ ဆောင်ရွက်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေတာ မဟုတ်ဘူးလား။ ကျွန်မက ဆိုးယုတ်တဲ့သူတစ်ယောက်အပေါ်မှာ တာဝန်သိပြီး ချစ်ခင်နေခဲ့တာ၊ ဒါက ဘုရားသခင်အပေါ် သစ္စာမစောင့်သိတာ၊ ညီအစ်ကိုမောင်နှမတွေအပေါ် ရက်စက်တာ၊ လူ့သဘာဝကင်းမဲ့တာပဲ။ ကျွန်မက စာတန်ဆန်တဲ့အဆိပ်အတောက်တွေအတိုင်း အသက်ရှင်နေခဲ့ပြီး ပိုင်းခြားသိမြင်မှုမရှိ၊ ကောင်းမြတ်တာနဲ့ ဆိုးယုတ်တာကို မခွဲခြားတတ်တဲ့ အရူးတစ်ယောက်ဖြစ်နေတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မ စာတန်ဘက်က ရပ်တည်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်မိတော့မလို ဖြစ်ခဲ့တယ်။ ကျွန်မ တော်တော်ကို ဆိုးရွားတဲ့အန္တရာယ်ထဲမှာ ရောက်နေခဲ့တာ။ ဒီအရာတွေကို သိမြင်ပြီးတဲ့နောက်မှာတော့ ဘုရားသခင် မိန့်ကြားခဲ့တဲ့အရာကို ကျွန်မ နောက်ဆုံးမှာ ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်သွားခဲ့တယ် “ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်။” ဒီစကားတွေက အရမ်းကို လက်တွေ့ကျပြီး စစ်မှန်လိုက်တာ။ နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “သင်သည် သင်၏ ခံစားချက်များကို တတ်နိုင်သမျှအမြန်ဆုံး ဖယ်ရှားရမည်။ ငါသည် ခံစားချက်ကြောင့် လုပ်ဆောင်မှုမပြုဘဲ၊ ထိုအစား ဖြောင့်မတ်ခြင်းကို ကျင့်သုံးသည်။ သင်၏မိဘတို့သည် အသင်းတော်အဖို့ အကျိုးမရှိသောအရာ တစ်စုံတစ်ခုကိုပြုလျှင်၊ သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၉)) ဘုရားသခင်က ခံစားချက်တွေအတိုင်း လုပ်မဲ့အစား ဖြောင့်မတ်ခြင်းကို ထိန်းသိမ်းလို့၊ ဘုရားအိမ်တော်မှာ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက အုပ်စိုးလို့သာ နောင်တမရဘဲ ဘုရားအလုပ်ကို နှောင့်ယှက်ပြီး ဖြိုချတဲ့အပြင် ညီအစ်ကိုမောင်နှမတွေကို ဒုက္ခပေးတဲ့ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေကို ဖယ်ထုတ်ပစ်နိုင်တာ၊ အသင်းတော်ရဲ့အလုပ်အားလုံးက ချောချောမွေ့မွေ့ ဆက်လက်လုပ်ဆောင်နိုင်ခဲ့တာ၊ ညီအစ်ကိုမောင်နှမတွေက ပုံမှန်အသင်းတော်အသက်တာနဲ့ တာဝန်ထမ်းဆောင်ဖို့ ပတ်ဝန်းကျင်ကို ရရှိနိုင်ခဲ့ကြတာပဲ။ ဘုရားသခင်က ကျွန်မတို့ကို စကားပြော၊ အလုပ်လုပ်တဲ့အခါမှာ ခံစားချက်တွေအပေါ် မမှီခိုဘဲ၊ စည်းမျဉ်းတွေအပေါ်မှာပဲ မှီခိုဖို့ တောင်းဆိုတယ်။ ဒါက ကျွန်မတို့ မိဘတွေကို ဆက်ဆံသင့်တဲ့ပုံစံလည်းဖြစ်ပြီး၊ ဒါက ကျွန်မ လက်တွေ့လုပ်ဆောင်သင့်တဲ့ သမ္မာတရားပဲ။ အမေက ကျွန်မကို သူ့ဝမ်းနဲ့လွယ်မွေးခဲ့ပေမဲ့ သူ့ရဲ့အနှစ်သာရက ဆိုးယုတ်တဲ့သူတစ်ယောက်၊ ဘုရားသခင်ရဲ့ရန်သူဖြစ်ပြီး ဘုရားသခင်က မုန်းတီးတဲ့သူပဲ။ ဒီကိစ္စမှာ ကျွန်မ စည်းမျဉ်းရှိရမယ်၊ ဘုရားသခင်ဘက်က ရပ်တည်ရမယ်၊ အမေ့ကိုယ်စားပြောဖို့ ခံစားချက်တွေအပေါ် မမှီခိုရဘူး။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်၊ အဲဒါက ကျွန်မအမေကို ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာကို ကျွန်မကို နားလည်စေခဲ့တယ်။ ဘုရားသခင်က ပြောသည် “အကယ်၍ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို သင်၏ မိဘများက ဟန့်တားသည်၊ ၎င်းတို့၏ သဘာဝ အနှစ်သာရသည် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများ သို့မဟုတ် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများ၏ သဘာဝ အနှစ်သာရဖြစ်ပြီး၊ ၎င်းတို့သည် သင်ကဲ့သို့ တစ်လမ်းကြောင်းတည်းတွင် မရှိဟု ဆိုပါစို့။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် သင်ကဲ့သို့ လူတစ်မျိုးတစ်စားတည်း လုံးဝ မဟုတ်သကဲ့သို့၊ သင်သည် နှစ်များစွာကြာ ၎င်းတို့ကဲ့သို့ တစ်အိမ်ထောင်တည်းတွင် အသက်ရှင်နေထိုင်သော်လည်း၊ ၎င်းတို့သည် သင်ကဲ့သို့ အလားတူ လိုက်စားမှုများ သို့မဟုတ် အကျင့်စရိုက်များ တကယ်ကို မရှိကြချေ၊ ပြီးလျှင် ၎င်းတို့သည် သင်ကဲ့သို့ အလားတူ နှစ်သက်မှုများ သို့မဟုတ် ရည်သန်မျှော်မှန်းချက်များ ဧကန်မုချ မရှိကြပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့က ဘုရားသခင်ကို လုံးဝ မယုံကြည်သကဲ့သို့ ဘုရားသခင်ကို အတိုက်အခံပင် လုပ်ကြသည်။ ဤအခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (သူတို့ကို ငြင်းပယ်သင့်သည်။) ဤအခြေအနေများတွင် ၎င်းတို့ကို ငြင်းပယ်ရန် သို့မဟုတ် ကျိန်ဆဲရန် ဘုရားသခင်ကို သင့်ကို ပြောထားခြင်းမရှိပေ။ ထိုသို့ ဘုရားသခင် မပြောခဲ့ပေ။ ‘မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း’ဖြစ်သည့် ဘုရားသခင်၏ သတ်မှတ်ချက်သည် တည်နေဆဲ ဖြစ်သည်။ ဤသည်မှာ သင်၏ မိဘများနှင့် သင် အသက်ရှင်နေထိုင်နေစဉ်တွင်၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းဖြစ်သည့် ဤသတ်မှတ်ချက်ကို သင် ထိန်းသိမ်းသင့်နေဆဲဖြစ်သည်။ ဤကိစ္စရပ်တွင် ဆန့်ကျင်ကွဲလွဲမှုမရှိပေ၊ ရှိပါသလော။ (မရှိပါ။) ဤတွင် ဆန့်ကျင်ကွဲလွဲမှု လုံးဝ မရှိပေ။ တစ်နည်းအားဖြင့်၊ သင်သည် အလည်အပတ်တစ်ခုအတွက် အိမ်ပြန်လာဖို့ အမှန်တကယ် စီမံနိုင်သည့်အချိန်တွင်၊ ၎င်းတို့ကို အစားအစာ ချက်ပြုတ်ပေးနိုင်သည် သို့မဟုတ် မုန့်ဖက်ထုပ်အချို့ ပြုလုပ်ပေးနိုင်သည်။ ဖြစ်နိုင်လျှင်၊ ကျန်းမာရေး ထုတ်ကုန်အချို့ကို ၎င်းတို့အား သင် ဝယ်ပေးနိုင်ပြီး၊ သင့်ကို ၎င်းတို့ အလွန် စိတ်ကျေနပ်ကြလိမ့်မည်။...သင်၏ မိဘများအပါအဝင် လူအားလုံးကို ဆက်ဆံပုံအတွက် စည်းမျဉ်းများ ရှိရမည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့က ဆိုးယုတ်သည့် လူများ ဖြစ်ကြသည်ဖြစ်စေ၊ မဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့ကို စည်းမျဉ်းများဖြင့် သင် ဆက်ဆံရမည်။ ဘုရားသခင်က လူအား ဤစည်းမျဉ်းကို ပြောပြပြီးဖြစ်သည်။ ထိုအရာမှာ အခြာသူများကို မျှတစွာ ဆက်ဆံခြင်းအကြောင်းဖြစ်၏။ လူတို့သည် မိမိတို့၏ မိဘများအပေါ် အပိုဆောင်း တာဝန်အတိုင်းအတာတစ်ခု ရှိကြခြင်းအကြောင်းဖြစ်သည်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ဤတာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သည်။ သင်၏ မိဘများသည် ယုံကြည်သူများ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့၏ ယုံကြည်မှုကို ၎င်းတို့ လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့၏ လူ့သဘာဝတို့သည် သင်နှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့အပေါ် သင်၏ တာဝန်ကို သင် ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ၎င်းတို့ကို သင် ရှောင်ရှားရန် မလိုအပ်။ အရာရာကို ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအတိုင်း သူ့ဘာသာသူ ဖြစ်ခွင့်သာပေးလိုက်လော့။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ၎င်းတို့ ဟန့်တားပါက၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်သည် ၎င်းတို့အပေါ် အကြွေးတင်ရှိခြင်း မခံစားရရန်အလို့ငှာ၊ သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို သင် အစွမ်းရှိသမျှဖြင့် အကောင်းဆုံး ဖြည့်ဆည်းသင့်နေဆဲဖြစ်သည်။ ၎င်းတို့က သင့်ကို မဟန့်တားသကဲ့သို့ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ထောက်ပံ့ပေးပါက၊ လုပ်ဆောင်ရန် သင့်တော်နေချိန်တွင် ၎င်းတို့ကို ကောင်းမွန်စွာ ဆက်ဆံလျက်၊ စည်းမျဉ်းများအတိုင်းလည်း သင် လက်တွေ့လုပ်ဆောင်သင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မနှလုံးသားကို တောက်ပစေခဲ့ပြီး မိသားစုဝင်တွေကို ဆက်ဆံရမဲ့စည်းမျဉ်းတွေကို ကျွန်မကို နားလည်စေခဲ့တယ်။ အမေ့ရဲ့အနှစ်သာရက ဆိုးယုတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ကျွန်မတို့က လမ်းကြောင်းမတူဘူး။ ကျွန်မ ခံစားချက်တွေအပေါ် မှီခိုပြီး မလုပ်သင့်ဘူး၊ အဲဒီအစား စည်းမျဉ်းတွေအပေါ် မှီခိုသင့်တယ်။ ဒါပေမဲ့ သူက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တယ်၊ ဧဝံဂေလိတရားကို ကျွန်မဆီကို ဝေမျှခဲ့တယ်၊ ယနေ့ထိတိုင်အောင် ကျွန်မယုံကြည်ခြင်းကို ထောက်ပံ့နေတုန်းပဲ၊ ကျွန်မတာဝန်တွေကို ဝင်မစွက်ဖက်သရွေ့ ကျွန်မ သူ့ကို ဂရုစိုက်နိုင်ပြီး သူ့သမီးတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးလို့ရတယ်။
အမေ့ကို ဖယ်ထုတ်ပစ်လိုက်တဲ့ကိစ္စက ကျွန်မ ဘယ်လောက်တောင် ကျိုးကြောင်းမမြင်ဘဲ အလွန်အကျွံ တွယ်တာတယ်ဆိုတာကို ထုတ်ဖော်ခဲ့တယ်။ အမေ့ရဲ့အနှစ်သာရကို ဆိုးယုတ်တဲ့သူတစ်ယောက်အနေနဲ့ ပိုင်းခြားသိမြင်ဖို့၊ ဘယ်လိုရပ်တည်ချက်မျိုး ယူသင့်တယ်ဆိုတာကို သိနိုင်ဖို့ ကျွန်မကို လမ်းပြခဲ့တာက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေပဲ။ အလွန်အကျွံ တွယ်တာတာရဲ့ အန္တရာယ်တွေနဲ့ အကျိုးဆက်တွေကိုလည်း ကျွန်မကို ရှင်းရှင်းလင်းလင်း သိမြင်စေခဲ့ပြီး ဘာအနှောင့်အယှက်ဖြစ်စေတဲ့အရာမှ မလုပ်မိအောင် တားဆီးပေးခဲ့တယ်။ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။