၃။ သင်၏ ယုံကြည်ခြင်း၌ အအေးမဟုတ်၊ အပူမဟုတ် ဖြစ်ခြင်းက ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေလိမ့်မည်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်းမှာ အသင်းတော်မှာ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ကျွန်မ ထမ်းဆောင်နေခဲ့တယ်။ အစပိုင်းမှာတော့ ကျွန်မ တော်တော်လေး စိတ်အားထက်သန်ခဲ့ပါတယ်။ ကိုယ့်ရဲ့အသက် ဝင်ရောက်မှုက တော်တော်လေး အပေါ်ယံဆန်တယ်၊ ကဏ္ဍတိုင်းမှာ ချို့တဲ့နေတယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် စာနဲ့ပတ်သက်တဲ့ တာဝန်မှာ လေ့ကျင့်ရင်းနဲ့ သမ္မာတရားတွေ၊ စည်းမျဉ်းတွေကို ပိုနားလည်ရင်၊ အသက်တာတိုးတက်မှုကို ပိုမြန်မြန် ရနိုင်မယ်လို့ ကျွန်မထင်ခဲ့တာပေါ့။ နောက်ပိုင်းမှာ အဖွဲ့တစ်ဖွဲ့ရဲ့ တရားဟောပြောချက် ပြန်သုံးသပ်တဲ့အလုပ်ကို စီမံခန့်ခွဲဖို့ ကြီးကြပ်ရေးမှူးက ကျွန်မကို ချင်လန်ဆိုတဲ့ ညီအစ်မနဲ့အတူ အလုပ်တွဲလုပ်ခိုင်းခဲ့တယ်။ ချင်လန်က စာနဲ့ပတ်သက်တဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တာ ကျွန်မထက် ပိုကြာတယ်၊ ပြီးတော့ စည်းမျဉ်းတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကို နည်းနည်းနားလည်တယ်။ ကျွန်မအရမ်းပျော်သွားတယ်။ သူနဲ့သာ တွဲဖက်လုပ်ရရင် အများကြီးသင်ယူနိုင်ပြီး ကိုယ့်တာဝန်မှာ တိုးတက်မှုက ပိုမြန်နိုင်မယ်လို့ တွေးမိတယ်လေ။ ကျွန်မက ဒီတာဝန်ကို အခုမှ စလုပ်တာကို သိတော့ ချင်လန်က ကျွန်မကို တော်တော်လေး အသေးစိတ် လမ်းညွှန်ပေးခဲ့တယ်။ တရားဟောပြောချက်တွေကို ကြည့်ရှုစစ်ဆေးတော့ ဒါတွေအပေါ် ကျွန်မရဲ့အမြင်ကို သူက အရင်ဆုံး မေးတတ်ပြီး ကျွန်မ နားမလည်တာတစ်ခုခုရှိရင် သူက တစ်ချက်ချင်းစီ မိတ်သဟာယပြုပေးတယ်။ ကျွန်မက ကြိုးကြိုးစားစား လေ့လာပြီး မှတ်စုတွေ ချရေးခဲ့တော့၊ ဒီလိုနည်းနဲ့ ကိုယ့်တာဝန်ထမ်းဆောင်ရတာ တော်တော်လေး စိတ်အေးသက်သာရှိတယ်လို့ ခံစားရတယ်။ နောက်ပိုင်း အလုပ်ကို ပြန်သုံးသပ်တဲ့အခါမှာတော့ လုပ်စရာတွေ တကယ်ကို များမှန်း ကျွန်မ သဘောပေါက်လာတယ်။ တရားဟောပြောချက်တွေ ရွေးချယ်တာအပြင်၊ အဖွဲ့သားတွေရဲ့ လက်ရှိအခြေအနေတွေနဲ့ အလုပ်တိုးတက်မှုကိုလည်း မျက်ခြည်မပြတ်အောင် စောင့်ကြည့်ပြီး အလုပ်ရလဒ်တွေ ကျဆင်းလာတဲ့အခါမှာလည်း လမ်းလွဲမှုတွေနဲ့ ပြဿနာတွေအားလုံးကို ပြန်သုံးသပ်ရတယ်။ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေ လေ့လာဖို့ စီစဉ်ပေးရတာ၊ လူတွေကို ပျိုးထောင်ပေးရတာ စတာတွေကိုလည်း လုပ်ရသေးတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “မတူတဲ့ ဒီအစီအစဉ်တွေအားလုံးကို စီမံခန့်ခွဲရတာက အရမ်းရှုပ်ထွေးတာပဲ။ ဒီအလုပ်တွေအားလုံးကို ကောင်းကောင်းလုပ်နိုင်ဖို့ စဉ်းစားမှုနဲ့အားထုတ်မှုဘယ်လောက်စိုက်ထုတ်ရမလဲ၊ အဖိုးအခဘယ်လောက် ပေးဆပ်ရမှာလဲ”ပေါ့။ ဒီအတွေးတွေ ဝင်လာတာနဲ့ ဒါဟာ တော်တော့်ကို ခေါင်းစားစရာကြီး၊ ကိုယ့်ဇာတိပကတိအတွက် ပင်ပန်းစရာကြီးလို့ ခံစားရတော့တာပဲ။ ညီအစ်မတွေနဲ့ ကျွန်မ အလုပ်ထဲက လမ်းလွဲမှုတွေကို ပြန်သုံးသပ်တဲ့အခါ ကျွန်မ ပါဝင်ပြီး ပတ်သက်ချင်တာပေါ့။ ဒါပေမဲ့ ကျွန်မက ဒီတာဝန်အတွက် လူသစ်ဖြစ်ပြီး ဘာမှနားမလည်သေးဘူး၊ ချင်လန်ကတော့ အလုပ်ရဲ့ ကဏ္ဍအားလုံးကို ရင်းနှီးကျွမ်းဝင်တယ်ဆိုတာကို တွေးမိတဲ့အခါ သူ့အပေါ်မှာပဲ ပိုပြီးအားကိုးတာက ပိုကောင်းမယ်လို့ ထင်သွားတယ်၊ ဒါနဲ့ ကျွန်မက နားထောင်သူအနေနဲ့ ပါဝင်နေရတာနဲ့ကိုကျေနပ်နေခဲ့တယ်။ လမ်းလွဲမှုတွေကို ပြင်ဆင်ဖို့နဲ့ပတ်သက်ပြီး စာတွေရေးတဲ့အခါ ချင်လန်နဲ့ တခြားသူတွေ ဆွေးနွေးခဲ့တဲ့ အဓိကအချက်တွေကိုပဲ ကျွန်မ စုစည်းလိုက်တယ်၊ ဒါဆို ကျွန်မလည်း ကရိကထမများတော့ဘူး။ အလုပ်ရလဒ်တွေ ဆိုးရွားလာတဲ့အခါ ညီအစ်မတွေအားလုံးက အရမ်းစိုးရိမ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြတယ်၊ အလုပ်ထဲက လမ်းလွဲမှုတွေကို အနှစ်ချုပ်ကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ အလုပ်ရလဒ်တွေက ကျွန်မနဲ့ မဆိုင်ဘူးလို့ထင်ပြီး ဂရုမစိုက်ဘဲ နေခဲ့တယ်။ ကျွန်မက တာဝန်အတွက် လူသစ်ဖြစ်တယ်၊ ကိစ္စတွေကို နားမလည်တာပဲဖြစ်ဖြစ်၊ မလုပ်နိုင်တာပဲဖြစ်ဖြစ်ရှိပြီး ပြဿနာတွေကို အပေါ်ယံပဲ ကြည့်တယ်လို့ ထင်ခဲ့တယ်၊ ဒါနဲ့ ပုံမှန်နောက်လိုက်နောက်ပါတစ်ယောက်လိုပဲ နေလိုက်တော့တယ်။ နေ့တိုင်း အလုပ်ကို ပုံမှန်လုပ်နေကျအတိုင်းပဲ စစ်ကြည့်ပြီး အတွေးအများကြီးမစိုက်ထုတ်ချင်ခဲ့ဘူး။ တစ်ခါတလေဆို ည ၉ နာရီမထိုးခင်တောင် အိပ်ငိုက်စပြုနေပြီ။
မတ်လအစပိုင်းမှာ၊ ရက်ဆက်ဆိုသလို ကျွန်မရဲ့ဒူးတွေက အရမ်းနာပြီး ရင်ဘတ်ပါ နာလာတယ်။ ညီအစ်မတစ်ယောက်က ကျွန်မကို သတိပေးပြီး၊ ပြောတယ်၊ “အစ်မ အခုတလော တာဝန်မှာ သိပ်ဝန်တာထားတဲ့စိတ် မပြဘူးနော်။ အခု နေမကောင်းဖြစ်လာတော့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လို့ရနိုင်တာပေါ့”ဆိုပြီးတော့ပါ။ သူက တခြားညီအစ်မတစ်ယောက်ရဲ့ အတွေ့အကြုံကိုသုံးပြီးတော့လည်း ကျွန်မနဲ့ မိတ်သဟာယပြုတယ်။ အဲဒီညီအစ်မက သူ့တာဝန်မှာ အမြဲတမ်း သူများပြောတာကိုပဲ နားထောင်ပြီး သူများအပေါ်ပဲ အားကိုးတယ်၊ ကိစ္စတွေအပေါ် ကိုယ်ပိုင်အမြင်မရှိဘူး၊ နောက်ပိုင်းတော့ သူ့တာဝန်မှာ ထိရောက်မှုမရှိလို့ ဖြုတ်ချခံလိုက်ရတယ်၊ ဖြုတ်ချခံရပြီးမှပဲ သူက နောင်တရပြီး သူ့တာဝန်ရဲ့ အရေးကြီးပုံကို သိသွားတယ်လို့ ပြောပါတယ်။ ဒီညီအစ်မရဲ့ မိတ်သဟာယဖွဲ့တာကို ကြားပြီးတဲ့နောက်မှာ ကျွန်မ တော်တော်လေး စိတ်မကောင်းဖြစ်သွားပြီး၊ တွေးမိတယ်၊ “အခုတလော ငါ့ရဲ့အခြေအနေလည်း ဒီအတိုင်းပဲ မဟုတ်ဘူးလား။ ဘာကိုမှ ဒုက္ခမခံချင်ဘဲ နောက်လိုက်တစ်ယောက်လိုပဲ ပြုမူနေခဲ့တာ”လို့ပေါ့။ လွန်ခဲ့တဲ့ရက်နည်းနည်းက ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရသွားတယ်၊ အဲဒါက ကျွန်မအခြေအနေနဲ့ တော်တော်လေး ဆက်စပ်မှုရှိတော့ ဖတ်ဖို့အတွက် ပြန်ရှာလိုက်တယ်။ ဘုရားသခင်က ပြောသည် “အချို့လူများသည် အထက်က စီစဉ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကျိုးနွံနာခံမှုရှိပုံပေါ်ကြသည်။ သို့သော် ‘သင်သည် သင်၏ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်သလော။ စည်းမျဉ်းများအတိုင်း လုပ်ဆောင်သလော’ ဟု မေးသည့်အခါ၊ ၎င်းတို့သည် ‘အထက်က ညွှန်ကြားသည့်အတိုင်း ကျွန်ုပ်လုပ်ဆောင်ပြီး မတော်မတရားမှုများကို ကျူးလွန်ကာ သောင်းကျန်းရန် မဝံ့ရဲပါ’ ဟုသာ ပြောဆိုလျက် မည်သည့် တိကျသော အဖြေကိုမျှ မပေးနိုင်ကြပေ။ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းပြီးပြီလောဟု မေးသည့်အခါ၊ ၎င်းတို့က ‘ကောင်းပြီ၊ ကျွန်ုပ်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေပါသည်’ဟု ပြောဆိုကြသည်။ မြင်ပြီလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဤသဘောထားမျိုး အစဉ်သဖြင့် ရှိကြသည်။ ၎င်းတို့သည် အလျင်မလိုကြ၊ အမှုအရာများကို ဖြည်းညင်းစွာ လုပ်ဆောင်ကြပြီး စိတ်မပါ့တပါ ဖြစ်ကြသည်။ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ အမှန်တကယ် အပြစ်ရှာမတွေ့နိုင်ပေ။ သို့သော် သင်သည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို သမ္မာတရား စည်းမျဉ်းများနှင့် တိုင်းတာမည်ဆိုလျှင်၊ ယင်းမှာ ထိရောက်မှုမရှိသည့်အပြင် စံမမီပေ။ သို့တိုင် ၎င်းတို့သည် ဂရုမစိုက်ကြ၊ ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း ဆက်လက်ပြုမူလုပ်ဆောင်ကြပြီး၊ မိမိတို့က ဦးစွာလုပ်ရမည့် အမှုအရာများကိုလည်း ၎င်းတို့ မလုပ်ဆောင်ကြသေးပေ။ ၎င်းတို့သည် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ ၎င်းတို့သည် အရှက်မဲ့စွာ ခေါင်းမာနေကြသည် မဟုတ်လော။ ၎င်းတို့သည် ဤသဘောထားကို အစဉ်သဖြင့် ထိန်းသိမ်းထားကြသည်။ ‘သင်၌ ပြောင်မြောက်သည့် အကြံအစည်များ ထောင်ချီ ရှိကောင်းရှိနိုင်သည်။ သို့သော် ကျွန်ုပ်၌ ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်။ ဤသည်မှာ ကျွန်ုပ်ဖြစ်သည့်ပုံစံဖြစ်သည်။ ကျွန်ုပ်ကို သင်မည်သည့်အရာ သင်လုပ်နိုင်သည်ကို ကြည့်ကြစို့။ ဤသည်မှာ ကျွန်ုပ်၏ သဘောထားပင်တည်း’ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း ယုတ်မာသောအရာ သို့မဟုတ် ဆိုးယုတ်သောအရာ တစ်ခုတလေကို မလုပ်ဆောင်ခဲ့ကြသော်လည်း ကောင်းမှုများကိုလည်း အနည်းငယ်သာ လုပ်ဆောင်ခဲ့ကြသည်။ မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်လှမ်းနေသည်ဟု သင်ပြောမည်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် လူတစ်ဦး၏ တာဝန်အပေါ် ဤသို့သော သဘောထားမျိုးသည် ကောင်းမွန်သလော။ (မကောင်းမွန်ပါ။) သမ္မာကျမ်းစာတွင် ဘုရားသခင်က ဤသို့ ပြောသည်။ ‘ထိုသို့အအေးမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးထုတ်ပြီ။’ (ဗျာဒိတ်ကျမ်း ၃:၁၆) နွေးရုံရှိခြင်း၊ အအေးမဟုတ် အပူမဟုတ်ဖြစ်ခြင်း၊ ဤသဘောထားသည် ကောင်းမွန်သလော။ (မကောင်းမွန်ပါ။) အချို့လူများက ဤသို့ တွေးထင်ကြသည်။ ‘အကယ်၍ ကျွန်ုပ်သည် မကောင်းမှုကို ပြုပြီး အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေလျှင်၊ ကျွန်ုပ်သည် လျင်မြန်စွာ ပြစ်တင်ရှုတ်ချခြင်း ခံရလိမ့်မည်။ သို့သော် ကျွန်ုပ်သည် အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ အမှုအရာများကို လုပ်ဆောင်လျှင်၊ ကျွန်ုပ် ပင်ပန်းလိမ့်မည်၊ ပြီးလျှင် တစ်စုံတစ်ခုကို လုပ်ဆောင်ရာတွင် အမှားလုပ်မိလျှင်၊ ကျွန်ုပ်သည် ပြုပြင်ခြင်းခံရနိုင်သည်၊ သို့မဟုတ် ထုတ်ပယ်ခြင်းပင် ခံရနိုင်သည်။ ယင်းမှာ အလွန်ပင် ရှက်စရာကောင်းပေမည်။ ထို့ကြောင့် ကျွန်ုပ်သည် အအေးမဟုတ်၊ အပူမဟုတ် နွေးရုံသာနေသည်။ သင်က ကျွန်ုပ်ကို မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် တောင်းဆိုလျှင်၊ ကျွန်ုပ် လုပ်ဆောင်ပေးမည်။ သို့သော် သင်က ကျွန်ုပ်ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် မပြောလျှင်၊ ကျွန်ုပ် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပါ။ ဤနည်းအားဖြင့်၊ ကျွန်ုပ် ပင်ပန်းမည်မဟုတ်သည့်အပြင်၊ ထို့အပြင် လူတို့သည် ကျွန်ုပ်၌ အမှားရှာနိုင်မည် မဟုတ်ပါ။ ဤလုပ်နည်းကိုင်နည်းသည် အလွန်ကောင်းသည်’ဟူ၍ ဖြစ်သည်။ ဤသို့သော ကျင့်ကြံပြုမူနည်းသည် ကောင်းမွန်သလော။ (မကောင်းမွန်ပါ။)” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအပေါ်မှာ နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိခဲ့တယ်။ ကိုယ်တော်က ကျွန်မတာဝန်ထဲက အခြေအနေမှန်ကို ဖော်ထုတ်ခဲ့တယ်။ အပြင်ပန်းမှာတော့ ကြီးကြပ်ရေးမှူးခိုင်းတာကို ကျွန်မ ဘာမဆိုလုပ်တယ်၊ အလုပ်ကို စစ်ကြည့်တယ်၊ တရားဟောပြောချက်တွေ ရွေးချယ်တယ်၊ ဒီအရာတွေအားလုံးကို ကျွန်မလုပ်ခဲ့ပြီး၊ မကောင်းမှု မလုပ်ခဲ့ဘူး၊ ဒါမှမဟုတ် အနှောင့်အယှက် မပေးခဲ့ဘူး။ ဒါပေမဲ့ ကျွန်မတာဝန်မှာ လှုပ်ရှားတက်ကြွမှုမရှိတဲ့ သဘောထားရှိခဲ့တယ်။ စာနဲ့ပတ်သက်တဲ့ အလုပ်ကို ကျွန်မလုပ်နေခဲ့တာ တစ်လကျော်ပြီ။ ဘာအရေးတကြီးစိတ်မှမရှိဘဲ နားဝေတိမ်တောင်နဲ့ပဲ နေ့တိုင်းကုန်ဆုံးခဲ့တယ်။ ကျွန်မတာဝန်မှာ နောက်လိုက်တစ်ယောက်လိုပဲ ပြုမူခဲ့တယ်၊ စာပြန်တဲ့အခါ ချင်လန်ရဲ့အမြင်အတိုင်းပဲ လိုက်လုပ်တယ်၊ အလုပ်ကို ပြန်သုံးသပ်တဲ့နေရာမှာလည်း ပါဝင်ပတ်သက်တာလည်း မရှိဘူး။ အလုပ်မှာ တိုးတက်မှုမရှိတဲ့အခါမှာ ကျွန်မ စိတ်ပူတာမျိုး၊ ဒါမှမဟုတ် စိတ်သဘောကရောက်တာမျိုး မရှိဘူး၊ “ကျွန်မက ဒီအလုပ်မှာ လူသစ်ပါ”၊ “ကျွန်မ မလုပ်နိုင်ဘူး”၊ ဒါမှမဟုတ် “ကျွန်မ နားမလည်ဘူး” ဆိုတဲ့ ဆင်ခြေတွေကိုပဲ သုံးခဲ့တယ်။ အရာရာတိုင်းအပေါ်မှာ လျစ်လျူရှုတဲ့ သဘောထားရှိခဲ့ပြီး ကျွန်မတာဝန်မှာ ဝန်တာထားတဲ့စိတ် နည်းနည်းလေးတောင် မရှိခဲ့ဘူး။ ကိုယ့်တာဝန်မှာ ဝန်တာထားတဲ့သူတွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားနိုင်တယ်၊ အလုပ်ကို မြန်မြန်ဆန်ဆန် ဘယ်လိုတာဝန်ယူရမလဲဆိုတာကို စဉ်းစားတယ်၊ ပြီးတော့ အလုပ်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ကြတယ်၊ မှန်ကန်တဲ့ကိစ္စတွေကို စဉ်းစားပြီး တက်ကြွတဲ့စိတ်ထား ရှိကြတယ်။ ကျွန်မကတော့ ကိုယ့်ဇာတိပကတိ ဒုက္ခမခံရဖို့ကိုပဲ စဉ်းစားခဲ့တယ်။ ကျွန်မအလုပ်အားလုံးမှာ တွဲဖက်လုပ်တဲ့ညီအစ်မကိုပဲ အားကိုးခဲ့ပြီး တာဝန်တစ်ခုလေးတောင် ကောင်းကောင်းမွန်မွန် မဖြည့်ဆည်းခဲ့ဘူး။ အဲဒီညီအစ်မရဲ့ သတိပေးမှုထဲမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ပါတယ်ဆိုတာကို အဲဒီအချိန်ကျမှပဲ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မသာ ကျွန်မတာဝန်အပေါ်မှာ ဒီသဘောထားအတိုင်း ဆက်ထားနေခဲ့ရင် အရမ်းအန္တရာယ်များပြီး ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေမှာပဲ။ ဒါကို နားလည်သွားတော့မှ ကိုယ်က အကျပ်အတည်းထဲ ရောက်နေသလို ခံစားရပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးဟာ သူများအပေါ်မှာ အရမ်းအားကိုးလွန်းပြီး နောက်လိုက်ပဲ ဖြစ်ချင်နေခဲ့တယ်။ သမီးက ဘယ်တော့မှ ကိစ္စတွေကို စိတ်မပူချင်ဘူး၊ ဒုက္ခမခံချင်ဘူး၊ ပြီးတော့ သမီးရဲ့တာဝန်မှာ ဝန်တာထားတဲ့စိတ် နည်းနည်းလေးတောင် မရှိပါဘူး။ အို ဘုရားသခင်၊ သမီးက ဒီလို ‘အအေးမဟုတ်၊ အပူမဟုတ်’ တဲ့ အခြေအနေမှာဆက်ရှိပြီး ကိုယ်တော်ရဲ့ စက်ဆုပ်ရွံရှာတာကို မခံချင်ပါဘူး။ သမီး ပြောင်းလဲချင်ပါတယ်၊ ကျေးဇူးပြုပြီး သမီးကို လမ်းပြတော်မူပါ”လို့ပေါ့။ အဲဒီနောက်မှာ ကျွန်မတာဝန်အပေါ်ထားတဲ့ သဘောထားကို သတိရှိရှိနဲ့ ပြောင်းပြန်လှန်ခဲ့တယ်၊ အရေးကြီးတဲ့ကိစ္စတွေကို စိတ်ထဲမှာထားပြီး ညဘက်တွေမှာလည်း အိပ်မငိုက်တော့ဘူး။
အရင်တုန်းက ကျွန်မတာဝန်မှာ မှန်ကန်တဲ့အလုပ်ကို အာရုံမစိုက်ခဲ့လို့၊ ဝန်တာမထားခဲ့လို့၊ မကြာခင်မှာပဲ ဒါရဲ့အကျိုးဆက်တွေကို ရင်ဆိုင်ခဲ့ရတယ်။ ကျွန်မကြီးကြပ်တဲ့အလုပ်က လုံးဝကို ရလဒ်တစ်ခုမှ ထွက်မလာဘူး၊ ညီအစ်ကိုမောင်နှမတချို့ဟာ သူတို့တာဝန်တွေမှာ အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိကြတော့ဘူး။ “တပ်မှူးကောင်းမှ တပ်စုကောင်းမည်” ဆိုသလိုပေါ့။ ရက်အနည်းငယ်ကြာတော့ ကျွန်မအဖွဲ့ရဲ့ စည်းမျဉ်းလေ့လာမှုကို စီစဉ်တဲ့နေရာမှာ ဘာတိုးတက်မှုမှ မရှိခဲ့လို့၊ ကြီးကြပ်ရေးမှူးက ဒီအလုပ်ကို ချင်လန်ကို တာဝန်ပေးလိုက်တယ်။ ဒါကိုကြားတော့ ကျွန်မစိတ်ထဲမှာ အရမ်းကို မကောင်းဖြစ်သွားတယ်၊ ပြီးတော့ လေ့လာဖို့အတွက် သတ်သတ်မှတ်မှတ်အချိန်တွေ မထားခဲ့ဘဲ အကြိမ်တိုင်းမှာ ချင်လန်က စီစဉ်တာကိုပဲ ဘာသိဘာသာနဲ့ စောင့်နေခဲ့မှန်း သဘောပေါက်သွားတယ်။ ကျွန်မသာ နည်းနည်းလေး ပိုဂရုစိုက်ခဲ့ရင်၊ နည်းနည်းလေး ပိုဝန်တာထားခဲ့ရင်၊ လူတိုင်းရဲ့ စည်းမျဉ်းလေ့လာမှုကို အချိန်နဲ့တစ်ပြေးညီ စီစဉ်ပြီး ကြီးကြပ်ခဲ့ရင် ကျွန်မလည်း တာဝန်အပြောင်းခံရမှာ မဟုတ်ဘူး။ ဘုရားသခင်က ဒီကိစ္စကနေတစ်ဆင့် ကျွန်မကို ထုတ်ဖော်နေတာပဲ၊ ကျွန်မ စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ တွေးတာပေါ့။ “ငါ ဘယ်လိုဖြစ်လို့ ကိုယ့်တာဝန်ကို ဒီလိုလုပ်မိသွားရတာလဲ။ ငါဟာ မယုံကြည်ထိုက်တဲ့သူ ဖြစ်နေတာ မဟုတ်ဘူးလား။ ငါ့ရဲ့ တည်ကြည်မှုနဲ့ သိက္ခာ ဘယ်မှာလဲ”ပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် ဒီနှစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့တယ်။ “ကောင်းမှုများကို ပြင်ဆင်ခြင်းဟု မှတ်ယူခံရရန်အလို့ငှာ လူတို့သည် တရားသောအမှုများကို မည်သို့ လုပ်ဆောင်သင့်သနည်း၊ ပြီးလျှင် ၎င်းတို့သည် ဤအရာကို မည်သည့်အခြေအနေနှင့် အနေအထားတွင် လုပ်ဆောင်ရမည်နည်း။ အနည်းဆုံးအားဖြင့်၊ ၎င်းတို့တွင် အပြုသဘောဆောင်ပြီး တက်ကြွသော သဘောထားတစ်ခု ရှိရမည်ဖြစ်ကာ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သစ္စာစောင့်သိရမည်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်ရမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရမည်။ အပြုသဘောဆောင်ပြီး တက်ကြွခြင်းသည် အဓိကသော့ချက် ဖြစ်သည်။ သင်သည် အစဉ်သဖြင့် မထုံတက်သေးဖြစ်နေပါက၊ ဤသည်မှာ ပြဿနာရှိသည်။ ယင်းမှာ သင်သည် ဘုရားအိမ်တော်သားတစ်ဦး မဟုတ်သည့်အပြင်၊ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်သည့်အလား ဖြစ်နေပြီး၊ ထိုအစား အလုပ်ရှင်က သင့်အား လုပ်ဆောင်ရန် တောင်းဆိုသောကြောင့် လစာရရန်အလို့ငှာ ထိုအလုပ်ကို လုပ်ဆောင်ရန်မှတစ်ပါး သင့်တွင် အခြားရွေးချယ်စရာ မရှိသည့်အလား ဖြစ်နေပေသည်။ သင်သည် ယင်းကို ဆန္ဒအလျောက် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ အလွန်ပင် မလုပ်ချင်လုပ်ချင်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ သင်၏ အကျိုးစီးပွားများအတွက် မဟုတ်ခဲ့လျှင် သင်သည် ယင်းကို လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ သို့မဟုတ် မည်သူကမျှ လုပ်ဆောင်ရန် သင့်အား မတောင်းဆိုခဲ့လျှင် သင်သည် ယင်းကို လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဤလုပ်နည်းကိုင်နည်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် ကောင်းမှုများကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့ဖြစ်၍ ဤကဲ့သို့သော လူတို့သည် အလွန်မိုက်မဲကြသည်။ ၎င်းတို့ လုပ်ဆောင်သမျှ အရာတိုင်းတွင် မထုံတက်သေးဖြစ်ကြသည်။ ၎င်းတို့ လုပ်ဆောင်ရန် စဉ်းစားနိုင်သည့်အရာကို ၎င်းတို့ မလုပ်ဆောင်ကြသည့်အပြင်၊ အချိန်နှင့် အားအင်ဖြင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့်အရာကိုလည်း ၎င်းတို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် စောင့်ဆိုင်းပြီး စောင့်ကြည့်နေရုံသာ ဖြစ်သည်။ ဤသည်မှာ ပြဿနာဖြစ်စေတတ်ပြီး အလွန်သနားစရာကောင်းသည်။...ဘုရားသခင်သည် သင့်အား လုံလောက်သော အစွမ်းအစနှင့် သာလွန်ကောင်းမွန်သော အခြေအနေများကို ပေးထားပြီး၊ အချို့အရာများကို ရှင်းလင်းစွာ မြင်နိုင်စေကာ ဤအလုပ်အတွက် အရည်အချင်းပြည့်မီစေသည်။ သို့သော်လည်း၊ သင်၌ မှန်ကန်သော သဘောထားမရှိပေ၊ သင်၌ သစ္စာစောင့်သိခြင်း သို့မဟုတ် စိတ်ရင်းမှန် မရှိသည့်အပြင်၊ ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အကောင်းဆုံး ကြိုးစားလိုစိတ် မရှိပေ။ ဤသည်မှာ ဘုရားသခင်ကို အလွန်စိတ်ပျက်စေသည်။ သို့ဖြစ်၍၊ သင်သည် ပျင်းရိပြီး သင့်အား ပေးအပ်ထားသော အလုပ်ကို စိတ်အနှောင့်အယှက်ဖြစ်သည်ဟု အစဉ်သဖြင့် ခံစားရကာ လုပ်ဆောင်လိုစိတ်မရှိသည့်အပြင်၊ ‘အဘယ်ကြောင့် အခြားတစ်စုံတစ်ဦးကို မခိုင်းဘဲ ကျွန်ုပ်ကို ခိုင်းရသနည်း’ ဟု စိတ်ထဲတွင် မြည်တမ်းပါက၊ ဤသည်မှာ မိုက်မဲသော အတွေးတစ်ခု ဖြစ်သည်။ တာဝန်တစ်ခု သင့်အပေါ် ကျရောက်လာသည့်အခါ၊ ယင်းမှာ ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုမဟုတ်ပေ။ ယင်းမှာ ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး၊ ဝမ်းမြောက်ဝမ်းသာ သင် လက်ခံသင့်သည်။ သင်လုပ်ဆောင်သင့်သည့် တာဝန်ကို လုပ်ဆောင်ရာတွင် သင်သည် ကိုယ့်ကိုယ်ကိုယ် ပင်ပန်းနွမ်းနယ်စေမည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ သင်သည် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး သမ္မာတရားကို နားလည်ကာ ပြဿနာများကို ဖြေရှင်းလျှင်၊ သင်၏ စိတ်နှလုံးထဲတွင် တည်ငြိမ်ပြီး စိတ်ချခိုင်မာသည်ဟု ခံစားရလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို သင်စိတ်ပျက်စေခဲ့မည် မဟုတ်ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် ယုံကြည်ခြင်းရှိလိမ့်မည်ဖြစ်ပြီး ခေါင်းမော့ရင်ကော့၍ ကျင့်ကြံပြုမူနိုင်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို မဖြည့်ဆည်းခဲ့သည့်အပြင်၊ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်နေပါက၊ မည်သည့်ဆုံးရှုံးမှုကိုမျှ မဖြစ်စေခဲ့လျှင်ပင်၊ ဤပြစ်မှားခြင်းသည် သင်၏ စိတ်နှလုံးထဲတွင် တစ်သက်တာ နောင်တကို ချန်ထားခဲ့လိမ့်မည်။ ဤပြစ်မှားခြင်းသည် အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်လိမ့်မည်။ ယင်းကို စဉ်းစားမိသည့်အခါတိုင်း၊ သင်သည် နာကျင်မှုနှင့် မသက်မသာဖြစ်မှုကို ခံစားရမည်ဖြစ်ပြီး၊ နှလုံးသားကို စူးရှနာကျင်စေသည့် ပြင်းထန်သောဝေဒနာကို ခံစားရလိမ့်မည်။ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း လုံးဝ ရှိလိမ့်မည်မဟုတ်သည်သာမက၊ ဆန့်ကျင်ဘက်အားဖြင့်၊ နောင်တနှင့် စိတ်ဆင်းရဲခြင်း၏ နာကျင်မှုသည် သင်၏ တစ်သက်တာလုံးအတွက် သင့်နှင့်အတူ ပါရှိနေမည်ဖြစ်ပြီး မည်သည့်အခါမျှ ဖျောက်ဖျက်၍မရနိုင်ပေ။ ဤသည်မှာ ထာဝရ နောင်တတစ်ခုမဟုတ်လော။ ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင်ကော အဘယ်သို့နည်း။ ဘုရားသခင်သည် ဤကိစ္စရပ်၏ သဘောသဘာဝကို အဆုံးအဖြတ်ပေးရန် သမ္မာတရား စည်းမျဉ်းများကို အသုံးပြုသောကြောင့် ယင်း၏ သဘောသဘာဝသည် သင်ခံစားရသည်ထက် များစွာ ပို၍ပြင်းထန်လေသည်။ သင်နားလည်သလော။ သို့ဖြစ်၍၊ ဘုရားသခင်သည် သင်လျှောက်လှမ်းနေသော လမ်းကြောင်းကို ရှုမြင်ရန်အတွက် သင်၏ ပုံမှန်စွမ်းဆောင်ရည်ကိုလည်းကောင်း၊ သမ္မာတရားနှင့် သင်၏ တာဝန်အပေါ်ထားသော သင်၏ သဘောထားကိုလည်းကောင်း ပြည့်စုံစွာ ထည့်သွင်းစဉ်းစားလိမ့်မည်။ သမ္မာတရားနှင့် သင်၏ တာဝန်အပေါ်ထားသော သင်၏ သဘောထားသည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်သည် ဆိုကြပါစို့။ သင်သည် အပေါ်ယံတွင် ကတိများပေးသော်လည်း နောက်ကွယ်တွင် ယင်းတို့ကို လက်တွေ့မလုပ်ဆောင်သည့်အပြင်၊ အချိန်ဖြုန်းနေပြီး အရေးတကြီးဖြစ်သည့်အသိစိတ် ကင်းမဲ့ကာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသည့် အပြုသဘောဆောင်သော သဘောထားတစ်ခု မရှိဟု ဆိုကြပါစို့။ အပြင်ပန်းအားဖြင့် သင်သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မဖြစ်စေသော်လည်း၊ မကောင်းမှုကို မပြုသော်လည်း၊ ထင်ရာမြင်ရာနှင့် မဆင်မခြင် ပြုမူခြင်း သို့မဟုတ် မတော်မတရားမှုများကို ကျူးလွန်လျက် သောင်းကျန်းခြင်း မရှိသည့်အပြင်၊ သင်သည် စည်းမျဉ်းလိုက်နာပြီး အတော်လေး အကျင့်ကောင်းသောသူတစ်ဦးဖြစ်ပုံရသော်လည်း၊ ဘုရားသခင်က သင့်အား လုပ်ဆောင်ရန် တောင်းဆိုသည့်အရာကို သင်သည် အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ မလုပ်ဆောင်ဘဲ၊ ထိုအစား သင်သည် ဉာဏ်များပြီး ခိုကပ်ကာ၊ တကယ့်အလုပ်ကို လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်သည်ဟု ဆိုကြပါစို့။ ထိုသို့ဆိုလျှင် သင်သည် အမှန်တကယ် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းနေခြင်း ဖြစ်သနည်း။ ယင်းသည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်း မဟုတ်လျှင်ပင်၊ အနည်းဆုံးအနေဖြင့် ယင်းသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ လမ်းကြောင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) “မည်သူမျှ ဖျက်ဆီးခြင်းခံရပြီး ငရဲသို့ စေလွှတ်ခံရရန် အလိုမရှိသော်လည်း၊ မိမိကိုယ်ကို မထိန်းနိုင်ဘဲ လူများစွာတို့သည် ငရဲသို့ ဦးတည်သော လမ်းကြောင်းပေါ်တွင် အရှိန်ပြင်းစွာဖြင့် ခရီးနှင်လျက် မကောင်းမှုကို ထပ်ခါတလဲလဲ ပြုလုပ်မိကြသည်။ အချို့လူတို့သည် ဘုရားအိမ်တော်က ပေးသော တာဝန်ထမ်းဆောင်ရန် အခွင့်အရေးများကို ထပ်ခါတလဲလဲ လျစ်လျူရှုကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ နိုးဆော်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ပြစ်တင်ဆုံးမခြင်းကို လျစ်လျူရှုကြပြီး၊ ဘုရားသခင်၏ မျှော်လင့်ချက်များကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် မရမက ဝတ်ကျေတမ်းကျေလုပ်ကြသည်၊ မဆင်မခြင် မတော်မတရားမှုများကို မရမက ကျူးလွန်ကြသည်၊ ထင်ရာစိုင်းသည့် ကိုယ်ပိုင်အလိုဆန္ဒဖြင့် မရမက ပြုမူကြသည်၊ မရမက အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကြသည်၊ ပြုပြင်မရသည့်၊ အရှက်မရှိသော လူပုဂ္ဂိုလ်များဖြစ်ကာ မကောင်းမှုကို မရမက လုပ်ဆောင်ကြလေသည်။ ဤအရာများကို လုပ်ဆောင်ရန် သင့်အား မည်သူမျှ အတင်းအကျပ်မခိုင်းပေ။ ဘုရားအိမ်တော်ရှိ မည်သူကမျှလည်း သင့်အား ယင်းတို့ကို လုပ်ဆောင်ရန် မတောင်းဆိုခဲ့ပေ။ သိသာထင်ရှားစွာပင်၊ ဤသည်မှာ သင်၏ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်သည်။ ဤသည်မှာ သင်လုပ်ဆောင်လိုသည့်အရာ၊ သင်လုပ်ဆောင်ရန် နှစ်သက်သည့်အရာနှင့် သင်လုပ်ဆောင်ရန် စိတ်အားထက်သန်သည့်အရာ ဖြစ်သည်။ သင်လျှောက်လှမ်းနေသော လမ်းကြောင်းသည် ငရဲနှင့် ပျက်စီးခြင်းသို့ ဦးတည်သည်ဟု ပြောသည့်အခါ၊ သင်သည် စိတ်မချမ်းမသာဖြစ်ပြီး အပျက်သဘောဆောင်သည်ဟု ခံစားရသည်။ အပျက်သဘောဆောင်စရာ အဘယ်အရာ ရှိသနည်း။ ဤသည်မှာ သင်၏ ကိုယ်ပိုင်အပြစ် မဟုတ်လော။ ဤသည်မှာ မိမိကိုယ်တိုင်ပြုသောအရာ မဟုတ်လော။ ဤသည်မှာ ခံရထိုက်သည် မဟုတ်လော။ အချို့လူများက ‘ကျွန်ုပ် မကောင်းမှုကို ပြုလုပ်သည့်အခါ၊ ယင်းမှာ ကျွန်ုပ်မလုပ်ရမနေနိုင်သောကြောင့် ဖြစ်ပါသည်။ အခွင့်အရေးတိုင်းတွင် အမှုအရာများကို ကောင်းမွန်စွာ လုပ်ဆောင်လိုသော်လည်း၊ ယင်းတို့ကို လုပ်ဆောင်ပြီးနောက်တွင်မူ ကျွန်ုပ်လုပ်ဆောင်ခဲ့သည့်အရာသည် မကောင်းခဲ့ကြောင်း ကျွန်ုပ် သိရှိရသည်’ဟု ပြောဆိုကြသည်။ သင်သည် မကောင်းမှုကို ပြုလုပ်ခဲ့ပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေကာ၊ အသင်းတော်၏ အလုပ်တွင် ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။ သင်၏ ပြစ်မှားခြင်းများအတွက် သင့်အနေဖြင့် တာဝန်ခံရကောင်းမခံရနိုင်သော်လည်း၊ သင်၏ ပြစ်မှားခြင်းများက ကွယ်ဝှက်ထားသော အန္တရာယ်များကို ဖန်တီးပြီး၊ အနာဂတ်တွင် သင်၏ ပြစ်မှားခြင်းများကို သင်ထပ်မံကျူးလွန်မိသွားနိုင်သည်။ ဤသည်မှာ အလွန်အန္တရာယ်များသည်။ ဤသည်မှာ လမ်းကြောင်းတစ်လျှောက် လျှောက်လှမ်းနေသော တစ်စုံတစ်ဦးနှင့် တူသည်။ ခြေလှမ်းတစ်ခုစီက ခြေရာတစ်ခုကို ချန်ထားခဲ့သည်။ သင်ကျူးလွန်ပြီးဖြစ်သော ပြစ်မှားခြင်းများကို သင်အသိအမှတ်ပြုသလော။ ယင်းတို့အတွက် သင် နောင်တရသလော။ အကြွေးတင်ရှိပြီး ဝမ်းနည်းသည်ဟု ခံစားရသလော။ ယင်းတို့ကြောင့် သင်သည် အသည်းအသန် ငိုကြွေးသလော။ လမ်းကြောင်းကို သင် အမှန်ပြင်ပြီလော။ သင်၏ ဒုစရိုက်အမှုများကို သင်အမှန်တကယ် မုန်းတီးသလော။ သင်၏ မကောင်းမှုကို စွန့်လွှတ်ပြီး ဘုရားသခင်ထံ ရိုးသားစစ်မှန်စွာ သင် နောင်တရပြီးပြီလော။...အကယ်၍ သင်သည် ရိုးသားစစ်မှန်စွာ နောင်တမရနိုင်ဘဲ သင်၏ သစ္စာကတိများဖြင့် ဘုရားသခင်ကို လှည့်ဖြားမည်ဆိုလျှင်၊ သင်လျှောက်လှမ်းနေသော လမ်းကြောင်းသည် ပျက်စီးခြင်းသို့ ဦးတည်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်၏ ဒုစရိုက်အမှုတစ်ခုစီတိုင်းသည် ငရဲတံခါးကို ဝင်တိုက်ခြင်းဖြစ်သည်။ ဤဝင်တိုက်ခြင်းများထဲမှ တစ်ခုသည် နောက်ဆုံးတွင် ထိုတံခါးကို ပွင့်ကောင်းပွင့်သွားစေမည်ဖြစ်ပြီး ထိုအခါ သင်၏ အဆုံးသတ် ရောက်ရှိပြီးဖြစ်လိမ့်မည်။ အချို့လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှစ၍ ယခုအချိန်အထိ၊ ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူများအားလုံးဖြင့် ဒုစရိုက်အမှုများကို အဆက်မပြတ် စုဆောင်းလျက် ငရဲတံခါးကို ဝင်တိုက်နေကြစဉ်တွင်၊ ဘုရားသခင်၏ အမျက်ဒေါသကိုလည်း စုဆောင်းနေကြသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏ အပြစ်ဒဏ်က ၎င်းတို့အပေါ် ကျရောက်လာဖို့အတွက် ၎င်းတို့ စောင့်ဆိုင်းနေကြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ အရမ်းကိုနေမထိထိုင်မထိဖြစ်ခဲ့တယ်။ ဘုရားသခင်က ပြောတယ်၊ ကိုယ့်တာဝန်မှာ ဘာသိဘာသာ နေတဲ့သူတွေ၊ ကိုယ်လုပ်နိုင်တာကို လုပ်ဖို့ ပျက်ကွက်တဲ့သူတွေ၊ ပြီးတော့ ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်မဲ့တဲ့သူတွေဟာ လက်တွေ့အလုပ်မလုပ်တဲ့သူတွေ၊ အယောင်ဆောင်ခေါင်းဆောင်တွေရဲ့ လမ်းကို လျှောက်လှမ်းတဲ့သူတွေဖြစ်ပြီး၊ ဘုရားသခင်ရဲ့ ရှုတ်ချခြင်းကို ခံရတဲ့သူတွေပါပဲတဲ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်၊ ကျွန်မက တာဝန်တစ်ခုကို ထမ်းဆောင်နေပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ဘုရားအိမ်တော်သားတစ်ယောက်လို့ သဘောမထားခဲ့ဘူး။ ကိုယ့်တာဝန်မှာ သစ္စာမရှိခဲ့ရုံတင်မကဘူး၊ အခြေခံအကျဆုံး တာဝန်တွေကိုတောင် ကောင်းကောင်းမဖြည့်ဆည်းခဲ့ဘူး။ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မတွေက လမ်းလွဲမှုတွေကို ပြင်ဆင်ပြီး ကျွန်မတို့တာဝန်တွေကို ပိုကောင်းကောင်း ထမ်းဆောင်နိုင်ဖို့ အလုပ်ကို အနှစ်ချုပ်ကြပေမဲ့၊ ကျွန်မကတော့ မပါဝင်ခဲ့သလို စုံစမ်းမေးမြန်းတာလည်း မရှိခဲ့ဘူး။ လမ်းလွဲမှုတွေကို ပြင်ဆင်ဖို့ စာတွေရေးတဲ့အခါမှာလည်း စိတ်မနှစ်ဘဲ ညီအစ်မပြောတဲ့အပေါ် အခြေခံပြီး၊ အသိဉာဏ်မရှိတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ ရေးခဲ့တယ်။ လူတိုင်းရဲ့ အတတ်ပညာဆိုင်ရာကျွမ်းကျင်မှု လေ့လာတာကိုလည်း အလေးမထားဘဲ သူတို့ရဲ့တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ ဒါတွေအားလုံးဟာ ကိုယ့်တာဝန်အတွက် စိတ်မပူချင်လို့၊ ဝန်မယူချင်လို့ ဖြစ်ခဲ့ရတာပါ။ ကိုယ့်တာဝန်ကို ဒီလိုနည်းနဲ့ ထမ်းဆောင်တာက၊ ဘုရားသခင် စက်ဆုပ်ရွံရှာပြီး လူတွေ အော့ကြောလန်ကြတဲ့အရာပါပဲ။ ကျွန်မဟာ တကယ်ကို သူတို့ယုံကြည်မှုနဲ့ ထိုက်တန်ခဲ့ဘူး။ ကျွန်မလုပ်သမျှအရာအားလုံးမှာ ကိုယ့်ဇာတိပကတိကိုပဲ စဉ်းစားတယ်၊ ကိုယ့်တာဝန်မှာ စိတ်မနှစ်ချင်ဘူး၊ အဖိုးအခမပေးချင်ဘူး၊ နောက်လိုက်တစ်ယောက်လိုပဲ ပြုမူပြီး ကိုယ့်အတွက် အသင့်ပြင်ဆင်ထားသမျှကို စောင့်နေခဲ့တယ်၊ အသင်းတော်အလုပ်ကို လုံးဝမစဉ်းစားဘဲ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကိုလည်း အလေးမထားခဲ့ဘူး။ ကိုယ့်တာဝန်အပေါ်ထားတဲ့ ဒီသဘောထားက ဘုရားသခင်ကို အရမ်းစိတ်ပျက်စေခဲ့တယ်။ ကျွန်မက ကိစ္စအားလုံးမှာ တွဲဖက်လုပ်တဲ့ညီအစ်မကိုပဲ အားကိုးခဲ့တယ်။ ကျွန်မဇာတိပကတိက အေးအေးဆေးဆေး ရှိနိုင်ခဲ့ပေမဲ့ ဘုရားသခင်က ကောင်းမှုတွေ ပြင်ဆင်ဖို့ပေးတဲ့ အခွင့်အရေးကို ကျွန်မ ဆုံးရှုံးခဲ့ရပြီး၊ ဖိတ်သွားတဲ့ရေလိုပဲ၊ ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူး။ ကျွန်မ အကြွေးတင်ပြီး နောင်တရသလို ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်ထဲက “သင်၏ ဒုစရိုက်အမှုတစ်ခုစီတိုင်းသည် ငရဲတံခါးကို ဝင်တိုက်ခြင်းဖြစ်သည်။” ငရဲတံခါးကို တွန်းဖွင့်ခြင်းနဲ့ပတ်သက်တဲ့ စကားက ကျွန်မကို တကယ်ကို ထိခိုက်စေခဲ့တယ်။ အရင်ကဆိုရင် ယုဒနဲ့ မကောင်းမှုလုပ်တဲ့သူတွေပဲ ငရဲတံခါးကို ဟင်းလင်းပွင့်စေနိုင်တယ်လို့ ကျွန်မထင်ခဲ့တာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်မ သက်သာမှုကို မွေ့လျော်ပြီး၊ ကိုယ့်တာဝန်မှာ ဝန်တာထားဖို့ ပျက်ကွက်ပြီး နောင်တရဖို့ ငြင်းဆန်ခဲ့တဲ့ အကြိမ်တိုင်းကို ဘုရားသခင်က မှတ်သားနေခဲ့တာပဲ၊ ဘုရားသခင်က တစ်ခါမှတ်သားလိုက်တိုင်း ငရဲတံခါးပွင့်တာက နည်းနည်းပိုကျယ်သွားခဲ့တယ်။ ငရဲတံခါးဟာ သမ္မာတရားကိုလက်တွေ့လုပ်ဆောင်ဖို့ အကြိမ်ကြိမ်ပျက်ကွက်ရာကနေ ဟင်းလင်းပွင့်တာပါပဲ။ ဒီအကျိုးဆက်က တကယ်ကို ကြောက်စရာကောင်းလိုက်တာ။ ဒါကို ဆင်ခြင်သုံးသပ်မိတော့မှ ကျွန်မ တကယ်ကို အန္တရာယ်ထဲမှာ ရောက်နေမှန်း နောက်ဆုံးမှာ သဘောပေါက်သွားပြီးနည်းနည်း နောင်တရမိသွားတယ်၊ တွေးတာပေါ့၊ “ဘုရားသခင်က ငါ့ကို နောင်တရဖို့ အခွင့်အရေး ပေးနေတုန်းပဲ။ ငါ့တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးကို တန်ဖိုးထားပြီး ငါ့ပြစ်မှားခြင်းတွေအတွက် ကျေရာကျေကြောင်း လုပ်ရမယ်။” လို့လေ။ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးမှာ လူ့သဘာဝ ဒါမှမဟုတ် ဆင်ခြင်တုံတရား နည်းနည်းလေးတောင် မရှိပါဘူး။ သမီးရဲ့ဇာတိပကတိ သက်သာမှုကို မွေ့လျော်ဖို့ပဲ ဂရုစိုက်ပြီး သမီး ကောင်းကောင်းလုပ်သင့်တဲ့ တာဝန်တစ်ခုလေးတောင် မလုပ်ခဲ့ပါဘူး။ ကိုယ်တော့်ကို သမီး အရမ်းဝမ်းနည်းစေခဲ့ပါတယ်။ အို ဘုရားသခင်၊ ကိုယ့်တာဝန်ကို ဒီလိုနည်းနဲ့ ထမ်းဆောင်တာက သမီးကို ပျက်စီးစေမှာဖြစ်ပြီး အသင်းတော်အလုပ်ကို ထိခိုက်စေမယ်ဆိုတာ သမီးသိပါတယ်။ သမီး နောင်တရချင်ပြီး ကိုယ်တော့်ရဲ့ စိစစ်မှုကို လက်ခံချင်ပါတယ်။ ကျေးဇူးပြုပြီး သမီးကို ဆုံးမပဲ့ပြင်တော်မူပါ၊ သမီး ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားနိုင်ခွင့်ပေးပါ။”
နောက်ပိုင်းမှာ ကျွန်မ တွေးမိတယ်၊ “ငါ ဘာလို့ ကိစ္စတွေကို စိတ်မပူချင်ဘဲ ဦးနှောက်သုံးရမှာကို အမြဲတမ်း မလိုလားရတာလဲ။ အရင်းခံအကြောင်းက ဘာလဲ”ပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် လူများ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခများကို ခါးစည်းခံရန် ဆန္ဒမရှိကြ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မသင့်တော်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းသည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) “အသုံးမကျသောသူများဆိုသည်မှာ မည်သို့သောလူစားမျိုးများ ဖြစ်သနည်း။ နားဝေတိမ်တောင်ဖြစ်သောသူများ၊ မိမိတို့၏ နေ့ရက်များကို အချိန်ဖြုန်းနေသောသူများ ဖြစ်ကြသည်။ ဤသို့သော လူစားမျိုးသည် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို တာဝန်ယူစိတ်မရှိသကဲ့သို့ ယင်းကို အလေးအနက်လည်းမထားပေ၊ ၎င်းတို့သည် အရာခပ်သိမ်းကို ကမောက်ကမဖြစ်စေသည်။ သင်သည် သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် သင်၏စကားများကို ဂရုမစိုက်ကြပေ။ ၎င်းတို့က ဤသို့ တွေးထင်ကြသည်။ ‘ကျွန်ုပ်ကတော့ ဤကဲ့သို့သာ ဖြစ်သလိုနေသွားမည်။ သင်ကြိုက်သလိုသာ ပြောတော့။ မည်သို့ပင်ဖြစ်စေ၊ ယခုလောလလောဆယ် ကျွန်ုပ်သည် မိမိ၏တာဝန်ကို ထမ်းဆောင်နေပြီး စားစရာလည်းရှိသည်၊ ယင်းမှာ တော်လောက်ပါပြီ။ အနည်းဆုံးအနေဖြင့် ကျွန်ုပ် သူတောင်းစားတစ်ယောက် ဖြစ်စရာမလိုပါ။ တစ်နေ့နေ့ ကျွန်ုပ်၌ စားစရာမရှိတော့လျှင် ထိုအခါကျမှ စဉ်းစားပါမည်။ ကောင်းကင်ဘုံသည် လူသားအတွက် ထွက်ပေါက်တစ်ခုကို အစဉ်သဖြင့် ချန်ထားပေးလိမ့်မည်။ ကျွန်ုပ်တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိဟုလည်းကောင်း၊ နားဝေတိမ်တောင်ဖြစ်သောသူ ဖြစ်သည်ဟုလည်းကောင်း သင်ပြောသည်၊ သို့ဆိုလျှင် အဘယ်အရာဖြစ်သနည်း။ ကျွန်ုပ်က ဥပဒေကို ချိုးဖောက်ခဲ့ခြင်းမရှိပါ။ အလွန်ဆုံးအနေဖြင့် ကျွန်ုပ်သည် ကိုယ်ကျင့်စရိုက် အနည်းငယ် ပေါ့ပျက်နေခြင်းသာ ဖြစ်သည်၊ သို့သော် ယင်းမှာ ကျွန်ုပ်အတွက် ဆုံးရှုံးမှုမဟုတ်ပါ။ စားစရာရှိနေသမျှ ကာလပတ်လုံး အဆင်ပြေပါသည်’ဟူ၍ ဖြစ်၏။ ဤအမြင်ရှုထောင့်ကို သင်တို့ မည်သို့ထင်သနည်း။ သင်တို့ကို ငါပြောမည်၊ မိမိတို့၏ နေ့ရက်များကို အချိန်ဖြုန်းနေသော ဤကဲ့သို့ နားဝေတိမ်တောင်ဖြစ်သောသူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရရန် ကံပါပြီးဖြစ်ကြကာ ၎င်းတို့သည် ကယ်တင်ခြင်းကို မည်သည့်နည်းနှင့်မျှ မရရှိနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားသခင်ရဲ့ ပြင်းထန်တဲ့ နှုတ်ကပတ်တော်တွေက ထုံထိုင်းနေတဲ့ ကျွန်မရဲ့စိတ်နှလုံးကို လှုံ့ဆော်ခဲ့တယ်။ ပြီးတော့ လူပျင်းတွေရဲ့ အနှစ်သာရကို ဖော်ထုတ်ခဲ့တယ်။ လူပျင်းတွေက ဒုက္ခခံပြီး အဖိုးအခပေးဆပ်ချင်စိတ်မရှိဘဲ အမြဲတမ်း အပူအပင်ကင်းတဲ့ လူနေမှုပုံစံနဲ့ နေချင်ကြတယ်။ ဒီလူတွေက ဘာကိုမှ မစွမ်းဆောင်နိုင်ကြဘူး၊ ဒါကြောင့် သမ္မာတရားနဲ့ ကယ်တင်ခြင်းကို ရဖို့ဆိုတာ သူတို့အတွက် ပိုလို့တောင် မဖြစ်နိုင်တော့ဘူး။ ဘုရားသခင်က လူပျင်းတွေဟာ အသုံးမကျဘူး၊ လူ့တိရစ္ဆာန်တွေပဲ၊ ဖယ်ရှားရှင်းလင်းသင့်တယ်လို့ ပြောတယ်၊ နောက်ပြီး ကျွန်မကလည်း အဲဒီလို အသုံးမကျတဲ့သူတစ်ယောက်လိုပဲ ပြုမူနေခဲ့တာ။ ကိုယ့်တာဝန်မှာ စိတ်မနှစ်ချင်ဘူး၊ အဖိုးအခ မပေးဆပ်ချင်ဘဲ ကပ်ပါးကောင်လို နေထိုင်တယ်၊ အရာရာတိုင်းအတွက် သူများကို အားကိုးပြီး ဖြစ်သလိုပဲ လွင့်မျောနေခဲ့တယ်။ ကျွန်မ စာနဲ့ပတ်သက်တဲ့ တာဝန်ကို စလုပ်တုန်းက အားကိုးစရာ ဘယ်သူမှမရှိတော့၊ ကိုယ့်ဘာသာ ဘုရားသခင်ကို အားကိုးနိုင်ခဲ့တယ်၊ ကြိုးကြိုးစားစား လေ့လာပြီး အကျိုးကျေးဇူးတချို့ ရခဲ့တယ်။ ညီအစ်မနဲ့ ပူးပေါင်းဆောင်ရွက်စပြုတာနဲ့ ကျွန်မက အရင်လို မကြိုးစားတော့ဘူး၊ ကျွန်မတာဝန်မှာ စိတ်မပါတော့ဘဲ အလုပ်မှာ စိတ်မနှစ်ချင်ဘူး၊ အဖိုးအခ မပေးဆပ်ချင်ဘဲ၊ ကိုယ့်နေ့ရက်တွေကို အေးအေးဆေးဆေးနဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဖြစ်သလိုကျော်ဖြတ်ဖို့ပဲ လိုက်စားခဲ့တယ်။ ကျွန်မတာဝန်မှာ ဝန်တာမထားခဲ့လို့ ကျွန်မကို တာဝန်ခန့်အပ်ထားတဲ့ အလုပ်မှန်သမျှကို မထမ်းဆောင်ခဲ့ဘူး။ တခြားညီအစ်မတွေက ကျွန်မအတွက် စိတ်ပူရပြီး ကျွန်မအလုပ်ကိုပါ သူတို့က တာဝန်ယူခဲ့ရတယ်။ ဒီလိုဖြစ်နေတာတောင် ကျွန်မက အသိစိတ်မရှိခဲ့ဘူး။ ကျွန်မက ညီအစ်မတွေအပေါ်မှာ အလိုလိုနေရင်း အားကိုးနေခဲ့တာ။ စာနဲ့ပတ်သက်တဲ့ တာဝန်ကို လုပ်နေတာ တစ်လကျော်နေပြီဖြစ်ပေမဲ့၊ “ဒီအလုပ်မှာ ကျွန်မကလူသစ်ပါ”၊ “ကျွန်မ မလုပ်နိုင်ဘူး”၊ ဒါမှမဟုတ် “ကျွန်မ နားမလည်ဘူး” ဆိုတဲ့ ဆင်ခြေတွေကို ကျွန်မ ပေးနေတုန်းပဲ၊ အလုပ်ကိုလည်း မစစ်ကြည့်ခဲ့ဘူး။ ကျွန်မ အရှက်မရှိလိုက်တာ။ ကျွန်မက “ဘဝက တိုတောင်းတယ်၊ ဒါကြောင့် ပျော်နိုင်တုန်း ပျော်ထားပါ” “ယနေ့ လုပ်စရာရှိတာ လုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်နဲ့ အသက်ရှင်ခဲ့တယ်။ ဒီလို ယိုယွင်းပြီး ဖောက်ပြန်တဲ့ အမြင်တွေ၊ အတွေးအခေါ်တွေကြောင့်ပဲ ကျွန်မက ကိုယ်ကျင့်တရားပျက်သူတစ်ယောက် ဖြစ်သွားခဲ့တာ။ ကိုယ့်ဇာတိပကတိ ဒုက္ခမရောက်ဖို့၊ စိတ်မပူရဖို့ပဲ စဉ်းစားခဲ့ပြီး၊ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်း ထမ်းဆောင်ရမလဲဆိုတာကို နည်းနည်းလေးတောင် မတွေးခဲ့ဘူး။ ကျွန်မကြောင့် အရမ်းအရေးကြီးတဲ့ အလုပ်တစ်ခု နှောင့်နှေးခဲ့ရတယ်။ အနှစ်သာရအနေနဲ့ ကျွန်မက အသင်းတော်အလုပ်ကို နှောင့်ယှက်နေပြီး စာတန်ရဲ့အစေခံ တစ်ယောက်လို ပြုမူနေခဲ့တာပဲ။ ဘုရားသခင်က ပြောသည် “ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်။ ဤတွင် သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဒါတွေအားလုံးရဲ့အကျိုးဆက်တွေကို တွေးမိတဲ့အခါ ကျွန်မ တော်တော်လေး ကြောက်သွားတယ်။ ကျွန်မလိုလူမျိုးက မယုံကြည်ထိုက်ဘူး၊ ကျွန်မသာ အရင်ကလို ယောင်တိယောင်ချာဆက်သွားနေခဲ့ရင် တကယ်ကို ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဝက်ခြံထဲက ဝက်တွေက နေ့တိုင်း ပိုင်ရှင်လာကျွေးတာကို စောင့်နေပြီး၊ စားပြီးတာနဲ့ အပူအပင်နည်းနည်းလေးမှမရှိဘဲ အိပ်မောကျကြတာကို ကျွန်မ တွေးမိတယ်။ ကျွန်မသာ အရင်လိုပဲ နေထိုင်ပြီး ကိုယ့်ဇာတိပကတိရဲ့ သက်သာမှုကို မွေ့လျော်နေရင် ဝက်နဲ့ ဘာမှကွာတော့မှာ မဟုတ်ဘဲ အနှေးနဲ့အမြန်ဆိုသလို ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ကျွန်မ ခံရမှာပါပဲ။ ကျွန်မ ပျင်းတဲ့သူ၊ အသုံးမကျတဲ့သူအဖြစ် ဆက်မနေချင်တော့ဘူး၊ ဒါကြောင့် ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး ဒါမျိုး ဖြစ်သလို ဆက်မနေချင်တော့ပါဘူး။ ဒါဟာ အကျင့်ပျက်တဲ့ အသက်ရှင်နေထိုင်ပုံဖြစ်ပြီးတော့ ဘာတန်ဖိုးမှလည်း မရှိပါဘူး။ သမီး ပိုပြီးကြိုးစားလာအောင်၊ ကိုယ့်တာဝန်ကိုယ် ကောင်းကောင်း ထမ်းဆောင်နိုင်အောင် ကျေးဇူးပြုပြီး လမ်းပြတော်မူပါ”လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကနေတစ်ဆင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မကောင်းမှုမပြုဘဲ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ပုံမှန်လူတစ်ဦးအနေဖြင့် သင်စွမ်းဆောင်ရရှိသင့်သည့်အရာတစ်ခု ဖြစ်သည်။ သို့သော် ကောင်းမှုများကို ပြင်ဆင်ခြင်းဟူသည်မှာ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း သမ္မာတရားကို တက်ကြွစွာနှင့် အပြုသဘောဆောင်စွာ လက်တွေ့လုပ်ဆောင်ပြီး သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်ဟု ဆိုလိုသည်။ သင်သည် သစ္စာစောင့်သိမှု ရှိရမည်၊ ဒုက္ခဆင်းရဲများကို ခံနိုင်ပြီး အဖိုးအခပေးလိုစိတ်ရှိရမည်၊ တာဝန်ယူလိုစိတ်ရှိရမည်ဖြစ်ပြီး အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ပြုမူနိုင်စွမ်းရှိရမည်။ ဤစည်းမျဉ်းများအတိုင်း လုပ်ဆောင်သော လုပ်ရပ်များသည် အခြေခံအားဖြင့် အားလုံးမှာ ကောင်းမှုများပင် ဖြစ်သည်။ ၎င်းတို့သည် ကိစ္စကြီးများဖြစ်စေ၊ ကိစ္စငယ်များဖြစ်စေ၊ လူတို့၏ အမှတ်ရခြင်းကို ခံထိုက်သည်ဖြစ်စေ၊ မခံထိုက်သည်ဖြစ်စေ၊ လူတို့က အလွန်တန်ဖိုးထားသည်ဖြစ်စေ၊ အရေးမပါဟု မှတ်ယူသည်ဖြစ်စေ၊ သို့မဟုတ် လူတို့က အာရုံစိုက်ထိုက်သည်ဟု ထင်သည်ဖြစ်စေ၊ ဘုရားသခင်၏ အမြင်တွင်မူ ယင်းတို့အားလုံးသည် ကောင်းမှုများ ဖြစ်ကြသည်။ သင်သည် ကောင်းမှုများကို ပြင်ဆင်ထားပြီးဖြစ်ပါက ယင်းက နောက်ဆုံးတွင် သင့်ထံသို့ ကောင်းချီးများကို ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး ဘေးဒုက္ခများကို ဆောင်ကြဉ်းပေးမည်မဟုတ်ပေ။ သင်သည် မည်သည့်ကောင်းမှုကိုမျှ မပြင်ဆင်ဘဲ အောက်ပါအချက်ဖြင့်သာ ကျေနပ်နေသည် ဆိုကြပါစို့။ ‘ကျွန်ုပ်သည် ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး သွားခိုင်းသည့် မည်သည့်နေရာကိုမဆို သွားပါသည်။ ကျွန်ုပ်သည် မည်သည့်အခါမျှ ထင်ရာမြင်ရာပုံစံဖြင့် ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်းမရှိသကဲ့သို့ မည်သည့်အခါမျှ ထိခိုက်နစ်နာစေခြင်း မရှိဘဲ ပြဿနာရှာခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို မပြုလုပ်ပါ။ ကျွန်ုပ်သည် အမှန်တကယ် နာခံပြီး ကောင်းစွာပြုမူနေထိုင်ပါသည်’ ဟူ၍ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို တက်ကြွစွာ ရှာဖွေခြင်းနှင့် စည်းမျဉ်းများကို ထိန်းသိမ်းခြင်းမရှိဘဲ၊ သင်၏ လမ်းလွဲမှုများနှင့် အမှားများကို တွေ့ရှိသည့်အခါ ချက်ချင်း ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းမရှိဘဲ၊ သင်၏ ပုန်ကန်မှုကို တွေ့ရှိသည့်အခါ သို့မဟုတ် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည်ကို သတိပြုမိသည့်အခါ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အပြုသဘောဆောင်စွာ၊ တက်ကြွစွာ ရှာဖွေခြင်း မည်သည့်အခါမျှမရှိဘဲ ထိုအစား သင်အလိုရှိသမျှကိုသာ လုပ်ဆောင်လျက် ဤသဘောထားကို အစဉ်အမြဲ ဆုပ်ကိုင်ထားပါက သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သည့်ဆုံးရှုံးမှုမျှ မဖြစ်ပေါ်စေခဲ့သော်လည်း သို့မဟုတ် အသင်းတော်၏အလုပ်ကို မထိခိုက်ခဲ့သော်ငြားလည်း သင်လုပ်ဆောင်နေသည့်အရာသည် အလွန်ဆုံး အလုပ်လုပ်ပေးနေခြင်းမျှသာ ဖြစ်သည်။ အလုပ်လုပ်ပေးခြင်းသည် ယင်း၏ သဘောသဘာဝအရ ကောင်းမှုများအဖြစ် အရည်အချင်းမမီပေ။ သို့ဆိုလျှင် ကောင်းမှုများကို နောက်ဆုံးတွင် မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ယင်းမှာ သင်လုပ်ဆောင်သည့်အရာသည် အနည်းဆုံးအားဖြင့် သင်၏ကိုယ်ပိုင် အသက်ဝင်ရောက်မှုနှင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက် အထောက်အကူဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးရှိသည့်အခါ ဖြစ်သည်။ ယင်းသည် သင့်ကိုယ်သင်အတွက်၊ အခြားသူများအတွက်နှင့် ဘုရားအိမ်တော်အတွက် အကျိုးရှိပါက သင်၏ စွမ်းဆောင်ရည်သည် ဘုရားသခင်ရှေ့မှောက်တွင် ထိရောက်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရသည်။ ဘုရားသခင်သည် သင့်အား အမှတ်ပေးလိမ့်မည်။ သို့ဖြစ်၍ ဤအရာများကို သုံးသပ်လော့။ လွန်ခဲ့သောနှစ်များအတွင်း သင်သည် ကောင်းမှုမည်မျှကို ပြင်ဆင်ခဲ့ပြီးပြီနည်း။ ဤကောင်းမှုများသည် သင်၏ ပြစ်မှားခြင်းများကို ချေဖျက်နိုင်သလော။ ၎င်းတို့ကို ချေဖျက်ပြီးနောက်တွင် ကောင်းမှုမည်မျှ ကျန်ရှိသနည်း။ သင်သည် သင့်ကိုယ်သင် အမှတ်ပေးရန် လိုအပ်ပြီး ဤအရာကို ခိုင်မာစွာ သဘောပေါက်ရန် လိုအပ်သည်၊ ဤကိစ္စနှင့်ပတ်သက်၍ သင်သည် နားဝေတိမ်တောင် မဖြစ်ရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်တွေမှာ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်နဲ့ တောင်းဆိုချက်တွေ ပါဝင်ပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကိုလည်း ကိုယ်တော်က ကျွန်မတို့ကို ပြောပြပါတယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကိုယ် ကောင်းကောင်းဖြည့်ဆည်းတာက အရေးကြီးတယ်။ ကိုယ့်တာဝန်ကိုယ် စည်းမျဉ်းအတိုင်း ထမ်းဆောင်တာ၊ ကြိုးကြိုးစားစားရှိတာ၊ အဖိုးအခပေးတာ၊ ဝန်တာထားတာ၊ ဒီလိုနည်းနဲ့ တက်တက်ကြွကြွ ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်မှသာ ကောင်းမှုတွေကို ပြင်ဆင်နိုင်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီနိုင်မှာပါ။ ကိုယ့်တာဝန်မှာ ဖြစ်သလိုသာလုပ်ပြီး ခိုင်းတာကိုပဲ လုပ်နေရင်၊ ဒါဟာ အနှောင့်အယှက်၊ အဖျက်အမှောင့်လိုမျိုး မထင်ရနိုင်ပေမဲ့ ကိုယ့်တာဝန်မှာ စိတ်နှစ်ဖို့ ပျက်ကွက်လို့ ဘုရားသခင်က ကိုယ့်ကိုအသိအမှတ်ပြုမှာ မဟုတ်ဘူး။ ကျွန်မ ကိုယ့်တာဝန်မှာ မပူမအေးဖြစ်ခဲ့တာ၊ ကျွန်မကို တာဝန်ပေးအပ်ထားတဲ့အလုပ်ကို လုပ်ဖို့ ပျက်ကွက်ခဲ့တာ၊ ကိုယ့်တာဝန်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခဲ့တာတွေကို ပြန်ဆင်ခြင်မိတယ်။ ကျွန်မ ကောင်းမှုတွေကို မပြင်ဆင်ခဲ့ရုံတင်မကဘူး၊ ပြစ်မှားခြင်းတွေကိုပါ ကျူးလွန်ခဲ့တယ်။ ကျွန်မတာဝန်က ကောင်းမွန်တဲ့ ဧဝံဂေလိတရားဟောပြောချက်တွေကို ရွေးချယ်ဖို့ ဧဝံဂေလိတရားဟောတာကို ကူညီဖို့၊ ဘုရားသခင်ကို သက်သေခံပြီး၊ နောက်ထပ်လူတွေကို ကယ်တင်ခြင်းရဖို့အတွက် ဘုရားရှေ့မှောက်ကို ခေါ်ဆောင်လာဖို့ပဲ။ ဒါက အရမ်းအရေးကြီးတဲ့တာဝန်ဖြစ်ပြီး နည်းနည်းလေးတောင် ခိုကပ်လို့မရပါဘူး။ ကျွန်မက လေ့ကျင့်ခါစပဲ ရှိသေးပြီး လိုအပ်ချက်တွေ အများကြီးရှိနေတုန်းပဲ။ ကျွန်မ အချိန်နဲ့အားစိုက်ပြီး လေ့လာရမယ်၊ တွေးဆရမယ်၊ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေ၊ စည်းမျဉ်းတွေအတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ရမယ်။ အလုပ်ကို စိတ်ဝင်စားပြီး စူးစမ်းမေးမြန်းတတ်အောင် သင်ယူရမယ်။ ကိုယ့်တာဝန်ကိုယ် တာဝန်သိစိတ်၊ ကြိုးစားစိတ်နဲ့ သဘောထားပြုမူပြီး ကိုယ့်အလုပ်ရဲ့ ဝန်တာကို ထမ်းရမယ်။ ဒါကသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှာပါ။
အဲဒီနောက်မှာ ကျွန်မ ဘုရားသခင်ဆီကို ခဏခဏဆုတောင်းတယ်၊ ကိုယ့်ဇာတိပကတိကိုယ် ပုန်ကန်တယ်၊ မပူမအေးဖြစ်တာ၊ ထောက်ထား စာနာမှုမရှိတာတွေကို ရပ်တန့်ပြီး၊ ရပ်တန့်ပြီး၊ ကိုယ့်တာဝန်တွေကို တက်တက်ကြွကြွ တာဝန်ယူနိုင်ခဲ့တယ်။ နောက်ပြီး ကျွန်မ သဘောပေါက်ခဲ့တာတစ်ခုက၊ အသင်းတော်က ကျွန်မကို ညီအစ်မနဲ့ ပူးပေါင်းဆောင်ရွက်စေခဲ့တာဟာ ဇာတိပကတိ သက်သာမှုကို မွေ့လျော်နိုင်ဖို့အတွက် မဟုတ်ဘဲ၊ အချင်းချင်းရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပြီး အကျိုးရှိတဲ့ အတွေးအခေါ်တွေကို စုစည်းနိုင်ဖို့အတွက် ဖြစ်တယ်ဆိုတာပါပဲ။ ကျွန်မတို့တာဝန်ကို ဒီလိုနည်းနဲ့ ထမ်းဆောင်တာက လမ်းလွဲမှုတွေကို လျော့နည်းစေပြီး ကျွန်မတို့တာဝန်အတွက် အကျိုးရှိစေမယ်၊ ပြီးတော့ ကျွန်မတို့အသက် ဝင်ရောက်မှုအတွက်လည်း အထောက်အကူဖြစ်စေမယ်။ ကျွန်မဟာ အဖွဲ့ရဲ့အလုပ်မှာ သတိရှိရှိနဲ့ စတင်ပြီးပါဝင်လာခဲ့ပါတယ်၊ ကျွန်မတို့အလုပ်ကို ပြန်သုံးသပ်တဲ့အခါ စိတ်နှစ်ပြီး စဉ်းစားတယ်၊ တချို့အမြင်တွေကို ဖော်ပြတယ်၊ ကျွန်မ လိုအပ်ချက်ရှိတဲ့ နေရာတွေကို ညီအစ်မတွေက ဖြည့်ဆည်းပေးတယ်။ ဒီလိုနည်းနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်တော့ ကျွန်မတို့ရဲ့ မိတ်သဟာယဖွဲ့တာက ပိုပြီး ပြည့်စုံလာတယ်၊ တိတိကျကျဖြစ်လာတယ်။ ကျွန်မလည်း ဒီဖြစ်စဉ်ထဲမှာ အကျိုးကျေးဇူးတွေ ရခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မ အရမ်းအရေးမစိုက်တာကို ရပ်ပြီး ကိုယ့်တာဝန်မှာ စိတ်နှစ်ပြီး စဉ်းစားနိုင်တယ်၊ ကိုယ်သိတာကို လက်တွေ့လုပ်ဆောင်နိုင်ခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တော့ စိတ်ထဲမှာ တည်ငြိမ်အေးချမ်းတယ်လို့ ခံစားရတယ်။ အချိန်ကာလတစ်ခုကြာပြီးနောက်မှာ အရင်လို ယောင်ချာချာ မဖြစ်တော့ဘူး၊ သမ္မာတရားနဲ့ ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေမှာ အကျိုးကျေးဇူးတွေ ရခဲ့ပြီး၊ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကိုလည်း ခံစားနိုင်ခဲ့တယ်။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။