မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်
အသင်းတော်ခေါင်းဆောင်တစ်ဦးအနေဖြင့် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူဖို့ လိုအပ်ရုံမျှသာမကဘဲ ပင်ကိုစွမ်းရည်ရှိသူများကို ရှာဖွေပြီး ပျိုးထောင်ပေးဖို့လည်း လိုအပ်လေသည်။ ၎င်းတို့ကို သင်သည် လုံးဝ မနာလိုခြင်း၊ သို့မဟုတ် ဖိနှိပ်ခြင်းမရှိရပေ။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်အတွက် အကျိုးရှိစေသည်။ သင်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အလုပ်အားလုံးကို ကောင်းစွာလုပ်ဆောင်ရန်တို့အတွက် သမ္မာတရားကို လိုက်စားသူအချို့အား ပျိုးထောင်နိုင်ပြီး အဆုံး၌ သင်တို့အားလုံးသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ရှိလျှင် သင်သည် စံနှုန်းပြည့်မီသည့် ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် အမှုဆောင်တစ်ယောက် ဖြစ်သည်။ သင်သည် အရာအားလုံးကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်ပါက သင်သည် သင်၏ သစ္စာစောင့်သိခြင်းကို ပူဇော်ဆက်ကပ်နေခြင်း ဖြစ်သည်။ လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုလည်းကောင်း၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုလည်းကောင်း၊ မိမိတို့က လျစ်လျူရှုခြင်း ခံရသော်လည်း အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပင်ကိုစွမ်းရည်ရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုမုန်းထားခြင်းပါတကား။ အခြားသူများအတွက် မတွေးဘဲ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်ဘဲ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားသည့်သူများ၊ မိမိ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းသည့်သူများတွင် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့ကို ဘုရားသခင်မနှစ်သက်ပါ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းအား သင် အမှန်တကယ် ပြနိုင်စွမ်းရှိပါက အခြားလူတို့ကို မျှမျှတတ သင်ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး လေ့ကျင့်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေ၍ ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်ကို ပို၍ မလွယ်ကူစေသလော။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်၌ သစ္စာစောင့်သိခြင်းကို ပြနေခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်များအဖြစ် အစေခံသည့်သူများ အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့ လုပ်ဆောင်သည့် အမှုအရာများတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏နှလုံးသည် တည့်မတ်လာလိမ့်မည် ဖြစ်သည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုကာ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ ခြွင်းချက်တစ်ခုမှာ သင်၏ အစွမ်းအစ ညံ့ဖျင်းပြီး သင်၏ အတွေ့အကြုံ ပေါ့တန်လျှင်၊ သို့မဟုတ် သင်သည် မိမိ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်တွင် ကျွမ်းကျင်မှုမရှိလျှင်၊ ဤအရာက သင်၏အလုပ်တွင် အမှားအယွင်းအချို့ သို့မဟုတ် ချို့ယွင်းချက်များ ပေါ်ပေါက်လာစေပြီး ကောင်းမွန်သောရလဒ်များ မရရှိနိုင်အောင် တားဆီးနေသော်လည်း သင်သည် မိမိတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေပြီးဖြစ်၏။ သင်သည် မိမိ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ သို့မဟုတ် နှစ်သက်မှုများကို ဖြည့်ဆည်းရန်အတွက် ပြုမူဆောင်ရွက်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားသခင်၏ အိမ်တော်အကျိုးကို အစဉ်တစ်စိုက် ထည့်သွင်းစဉ်းစားနေ၏။ သင်သည် မိမိ၏တာဝန်တွင် ကောင်းမွန်သောရလဒ်များ မရရှိနိုင်သော်ငြားလည်း သင်၏စိတ်နှလုံးသည် မှန်ကန်ဖြောင့်မတ်နေပြီ ဖြစ်၏။ ထို့အပြင် သင်သည် မိမိ၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် စံနှုန်းပြည့်မီလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်နိုင်လိမ့်မည်။ ထိုအခါ သင်သည် သက်သေခံချက်ကို ပိုင်ဆိုင်လိမ့်မည်။
လူအချို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားမလိုက်စားပေ။ ၎င်းတို့သည် ဇာတိခန္ဓာ၏ သာယာမှုများနောက် အငမ်းမရလိုက်ရင်း၊ မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကိုသာ အမြဲ ဖြည့်ဆည်းရင်း ဇာတိပကတိအားဖြင့်အမြဲ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပါစေ သမ္မာတရားစစ်မှန်မှုသို့ ၎င်းတို့ မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်သရေညှိုးစေခြင်း အမှတ်အသားဖြစ်၏။ သင်က “ကျွန်ုပ်သည် ဘုရားသခင်ကို ခုခံသည့် မည်သည့်အရာကိုမျှ မလုပ်ရသေးပါ၊ ကျွန်ုပ်သည် သူ့ကို အဘယ်သို့ အရှက်ရစေခဲ့သနည်း”ဟု ဆိုသည်။ သင်၏ အကြံဉာဏ်များနှင့် အတွေးများအားလုံးတို့သည် ကောက်ကျစ်ဆိုးယုတ်သည်။ သင် လုပ်ဆောင်သည့် အရာများ နောက်ကွယ်မှ ရည်မှန်းချက်များ၊ ပန်းတိုင်များနှင့် ကြံရွယ်ချက်များနှင့် သင့်လုပ်ရပ်များ၏ အကျိုးဆက်များသည် စာတန်ကို အစဉ် ကျေနပ်အားရနေစေ၏၊ သင့်အား ၎င်း၏အဟားခံရသူဖြစ်စေပြီး ၎င်းအား သင့်ထံမှ တစ်စုံတစ်ရာ ရယူခွင့်ပြုလျက်နေ၏။ သင်သည် ခရစ်ယာန်တစ်ဦးအနေဖြင့် ထွက်ဆိုသင့်သော သက်သေခံချက် တစ်ခုမျှ မထွက်ဆိုရသေးပေ။ သင်သည် စာတန်နှင့် သက်ဆိုင်သည်။ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏ နာမတော်အတွက် အရှက်ရစေပြီး သင်၌ စစ်မှန်သော သက်သေခံချက် မရှိပေ။ ဘုရားသခင်သည် သင်ပြုခဲ့ပြီးသည့်အရာများကို အမှတ်ရမည်လော။ အဆုံးတွင် ဘုရားသခင်သည် သင်၏လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့် သင် ထမ်းဆောင်ခဲ့သော တာဝန်များအားလုံးနှင့်ပတ်သက်၍ မည်သည့်ကောက်ချက်ကို ချမှတ်မည်နည်း။ ထိုအရာမှ ရလဒ်တစ်စုံတစ်ရာ ရှိသည်မဟုတ်လော၊ သမ္မာကျမ်းစာထဲတွင် သခင်ယေရှုက “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဟု ဆို၏။ သခင်ယေရှုသည် အဘယ်ကြောင့် ဤသို့ပြောခဲ့သနည်း။ သခင်၏နာမတော်အားဖြင့် တရားဟောကြားသည့်၊ နတ်ဆိုးမောင်းထုတ်ပြီး နိမိတ်လက္ခဏာများကို ပြုလုပ်သည့်သူများစွာတို့သည် အဘယ်ကြောင့် မကောင်းမှုပြုသူများ ဖြစ်လာခဲ့ကြသနည်း။ ယင်းမှာ ၎င်းတို့သည် သခင်ယေရှု ဖော်ပြသည့် သမ္မာတရားကို လက်မခံခဲ့သောကြောင့်၊ သူ၏ ပညတ်တော်များကို မစောင့်ထိန်းသောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ သမ္မာတရားအတွက် ချစ်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သခင့်အတွက် ၎င်းတို့လုပ်ခဲ့ပြီးသော အလုပ်၊ ၎င်းတို့ ခံယူခဲ့သော ဆင်းရဲဒုက္ခများနှင့် ပေးဆပ်မှုများကို ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများအတွက်သာ အလဲအထပ် ပြုလိုကြသည်။ ဤနေရာတွင် ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားအားထုတ်နေခြင်း ဖြစ်ပြီး ဘုရားသခင်ကို အသုံးချဖို့နှင့် လှည့်စားဖို့ ကြိုးစားနေခြင်း ဖြစ်သောကြောင့် သခင်ယေရှုသည် ၎င်းတို့ကို စက်ဆုပ်သည်၊ ၎င်းတို့ကို မုန်းတီးပြီး ၎င်းတို့ကို မကောင်းမှုပြုသူများအဖြစ် ပြစ်တင်ရှုတ်ချသည်။ ယနေ့ခေတ်တွင် လူများသည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနေကြသော်လည်း အချို့က ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ကာ အစဉ်သဖြင့် အသိအမှတ်ပြုခြင်း ခံရလိုကြသည်။ အစဉ်သဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လိုကာ ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကို ရလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်ကို လိုက်ကြောင်း၊ ဘုရားသခင်အတွက် ၎င်းတို့ စွန့်လွှတ်ပြီး အသုံးခံကြောင်း ၎င်းတို့အားလုံးက ပြောကြသော်ငြားလည်း ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ရရှိဖို့ မိမိတို့၏တာဝန်များကို ထမ်းဆောင်ကြပြီး ၎င်းတို့၌ ကိုယ်ပိုင် အကြံအစည်များ အစဉ်ရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ သို့မဟုတ် သစ္စာစောင့်သိခြင်း မရှိကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ ဆင်ခြင်ခြင်းမရှိဘဲ မကောင်းမှုပြုရင်း အထိန်းအကွပ်မဲ့နိုင်သောကြောင့် မကောင်းမှုပြုသူများ ဖြစ်လာသည်။ ဘုရားသခင်သည် ဤဆိုးယုတ်သောလူများကို ရွံရှာမုန်းတီးသည်၊ ၎င်းတို့ကို ဘုရားသခင် မကယ်တင်ချေ။ လူတစ်ဦး၏ လုပ်ရပ်များနှင့် အပြုအမူများကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏အတွေးများ၊ ထုတ်ဖော်ချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိတို့ဖြစ်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက သင်သည် မကောင်းမှုပြုသူတစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မှတ်ယူသနည်း။ ဘုရားသခင်အတွက်မူ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက သူ့အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း၊ သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထိုအစား ဘုရားသခင်ကို အရှက်ရစေပြီး ဘုရားသခင်အပေါ် သင် ဖြစ်စေသည့် ဂုဏ်သရေညှိုးစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ သင်သည် ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပေ၊ ထိုအစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ “သင့်ကိုယ်ပိုင်အကျိုးအတွက်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အတိအကျဆိုရလျှင် စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ” ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် သင်၏လုပ်ရပ်များကို ကောင်းမှုများအဖြစ် မြင်လိမ့်မည် မဟုတ်ဘဲ ယင်းတို့ကို မကောင်းမှုအဖြစ် မှတ်ယူလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်မည့်အပြင် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ မျှော်လင့်သနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။
မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအား အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် မိမိ၏တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့။ ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင် မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ယင်းမှာ မိမိ၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အသင်းတော် အလုပ်တို့ကို စဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေးသင့်၏။ ထို့နောက်တွင်မှ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု၊ သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ သဘောထားသည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ခုအဖြစ်သို့ ပိုင်းခြားလိုက်ပြီး ညှိနှိုင်းမှုအချို့ ပြုလုပ်သည့်အခါ အနည်းငယ် ပိုမို လွယ်ကူလာသည်ဟု သင်တို့ မခံစားရသလော။ ခဏတာ ဤအရာကို သင်လက်တွေ့လုပ်ဆောင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ထိုမျှ ခက်ခဲသည့်အရာမဟုတ်ဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်နှင့် ဝတ္တရားများကို ထမ်းဆောင်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားမှု ပြသင့်ပြီး ဘုရားအိမ်တော်၏ အကျိုးများ၊ အသင်းတော်အလုပ်နှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်တို့ကို ဦးစားပေးသင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင် ဤသည်မှာ ပြုမူကျင့်ကြံရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး၊ သို့မဟုတ် ဆိုးညစ်သောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်သည်။ စက်ဆုပ်ဖွယ်ကောင်းခြင်း၊ ယုတ်ညံ့ခြင်းနှင့် အသုံးမကျခြင်းတို့ထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး ပြုမူသင့်သည့်ပုံဖြစ်ပြီး ထိုလူ အသက်ရှင်နေထိုင်သင့်သည့် ပုံရိပ်တစ်ခုဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။ ယခုအခါတွင် သင်တို့သည် ဘုရားသခင်အား ယုံကြည်ခဲ့သည်မှာ မည်မျှကြာသည်ဖြစ်စေ သမ္မာတရားကို လိုက်စားခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သမ္မာတရားစစ်မှန်များထဲသို့ ဝင်ရောက်ခြင်းတို့နှင့်သက်ဆိုင်သည့် သင်ခန်းစာများအပေါ် သင်၏ ဝင်ရောက်မှု၊ ထိတွေ့မှုနှင့် အတွေ့အကြုံတို့သည် နက်နဲမှုမရှိပေ။ ယင်းတို့နှင့်ပတ်သက်၍ သင်သည် စစ်မှန်သော အတွေ့အကြုံ၊ သို့မဟုတ် ထိတွေ့မှု မရှိပေ။ ထို့ကြောင့် စစ်မှန်သော သက်သေခံချက်ကို သင်မပေးနိုင်ပေ။ ယခုအခါတွင် ငါသည် သင်တို့ကို ဤရိုးရှင်းသောနည်လမ်းကို ပြောပြီးဖြစ်သည်။ ဤနည်းကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သင်တို့ အစပြုလော့။ ဤသို့ အချိန်ခဏကြာ လုပ်ဆောင်ပြီးနောက်တွင် သင်တို့အတွင်းရှိ အခြေအနေသည် သင် မသိဘဲနှင့် ပြောင်းလဲလိမ့်မည်။ ယင်းက သင့်အနေဖြင့် ဘုရားသခင်၌ ယုံကြည်ခြင်းကို အလွန်အမင်း စိတ်ဝင်စားနေခြင်း မရှိသကဲ့သို့ အလွန်အမင်း ဆိုးဆိုးရွားရွား မနှစ်မြို့ခြင်း မဖြစ်သည့် မတင်မကျ အခြေအနေမှသည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းတို့သည် ကောင်းမွန်သော အရာများဖြစ်သည်ဟု သင်ခံစားရပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို သင်စိတ်ဝင်စားကာ ထိုနည်းအားဖြင့် အသက်ရှင်ခြင်းတွင် အဓိပ္ပာယ်နှင့် အားဖြည့်ခြင်းတို့ရှိသည်ကို ခံစားရသည့် အခြေအနေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ သင်သည် တည်ငြိမ်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သင်၏ စိတ်နှလုံးထဲတွင် ခံစားရလိမ့်မည်။ ယင်းမှာ သင်၏ အခြေအနေ ဖြစ်လာမည့်ပုံစံ ဖြစ်သည်။ ယင်းမှာ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အကျိုးစီးပွားများနှင့် တစ်ကိုယ်ကောင်းဆန်သည့် အလိုဆန္ဒများကို သင်၏ လက်လွှတ်ခြင်းမှ ဖြစ်လာသော ရလဒ်တစ်ခုဖြစ်သည်။ ယင်းမှာ ရလဒ်ဖြစ်သည်။ ဤသည်မှာ တစ်ပိုင်းတွင် လူသား၏ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ပြီး အခြားတစ်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ အလုပ်မလုပ်ပေ။ လူခပ်သိမ်းတို့သည် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်း၊ မျှော်လင့်ချက် ကင်းမဲ့နေခြင်းနှင့် နုနယ်ခြင်းတို့ကဲ့သို့သော မမှန်ကန်သည့် အခြေအနေအချို့ ၎င်းတို့အတွင်း၌ ရှိ၏။ သို့မဟုတ် ၎င်းတို့တွင် ယုတ်ညံ့သော ကြံရွယ်ချက်များရှိသည်။ သို့မဟုတ် မိမိတို့၏ မာန၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားများဖြင့် စဉ်ဆက်မပြတ် သောကရောက်ကြသည်။ သို့မဟုတ် ၎င်းတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစရှိသည်ဟု တွေးထင်ကြပြီး အပျက်သဘောဆောင်သည့် အခြေအနေအချို့ကို ၎င်းတို့ တွေ့ကြုံကြရသည်။ သင်သည် ဤအခြေအနေများတွင် အမြဲ အသက်ရှင်ပါက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရရှိရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် သင့်အတွက် ခက်ခဲပါက သင့်အတွင်းရှိ တက်ကြွသော အရိပ်လက္ခဏာများ နည်းပါးလိမ့်မည်ဖြစ်ပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ ပေါ်ထွက်လာကာ သင့်ကို နှောင့်ယှက်လိမ့်မည်။ လူတို့သည် ထိုအပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသော အခြေအနေများကို ချုပ်တည်းရန် မိမိတို့ကိုယ်ပိုင် စိတ်စွမ်းအားအပေါ်သာ အမြဲ မှီခိုကြသည်။ သို့ရာတွင် ယင်းတို့ကို ၎င်းတို့ မည်မျှ ခါချပါစေ ခါမချနိုင်ကြချေ။ ဤအရာအတွက် အဓိကအကြောင်းရင်းမှာ လူတို့သည် ဤအပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသောအရာများကို လုံးလုံးလျားလျား ပိုင်းခြားမသိမြင်နိုင်ခြင်း ဖြစ်သည်။ ယင်းတို့၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ ဤအရာက ၎င်းတို့အတွက် ဇာတိပကတိနှင့် စာတန်ကို ပုန်ကန်ရန် အလွန်ခက်ခဲစေသည်။ ထို့အပြင် လူတို့သည် ဤအပျက်သဘောဆောင်သည့်၊ စိတ်အားငယ်ပြီး ဆုတ်ယုတ်သော အခြေအနေများတွင် အမြဲ ပိတ်မိကြပြီး ၎င်းတို့သည် ဆုမတောင်းကြဘဲ၊ သို့မဟုတ် ဘုရားသခင်ကို အားမကိုးကြဘဲ ထိုအစား ယင်းတို့ကို အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားကြသည်။ အကျိုးဆက်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲ၌ အလုပ်မလုပ်သကဲ့သို့ ၎င်းတို့သည် ထိုအကြောင်းကြောင့် သမ္မာတရားကို နားမလည်နိုင်ကြ၊ ၎င်းတို့ လုပ်သမျှတိုင်းတွင် လမ်းကြောင်းတစ်ခု ကင်းမဲ့ပြီး မည်သည့်ကိစ္စကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ သင့်အတွင်းတွင် အပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသော အရာများစွာ များလွန်းပြီး ယင်းတို့က သင်၏ စိတ်နှလုံးကို ဖြည့်ပြီးဖြစ်သောကြောင့် သင်သည် စိတ်ဝိညာဉ်၌ မကြာခဏ အပျက်သဘောဆောင်၍ အားငယ်ကာ ဘုရားသခင်ထံမှ ပို၍ပို၍ သွေဖည်သွားပြီး အားနည်းသည်ထက် အားနည်းလာခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလုပ်ကို သင် မရရှိနိုင်ပါက ဤအခြေအနေများကို သင်လွတ်မြောက်နိုင်လိမ့်မည်မဟုတ်သကဲ့သို့ သင်၏ အပျက်သဘောဆောင်သော အခြေအနေများသည် ပြောင်းလဲသွားလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်မနေပါက လမ်းကြောင်းတစ်ခုကို သင်ရှာမတွေ့နိုင်သောကြောင့် ဖြစ်သည်။ ဤအကြောင်းရင်း နှစ်ခုကြောင့် သင်၏ အပျက်သဘောဆောင်သော အခြေအနေကို စွန့်ပယ်ပြီး ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ရန် သင့်အတွက် အလွန်ခက်၏။ ယခုတွင် သင်တို့၏ တာဝန်ကို သင်တို့ ထမ်းဆောင်သော်လည်း၊ အခက်အခဲကို ကြံ့ကြံ့ခံသော်လည်း၊ အလုပ်ကြိုးစားသော်လည်း၊ အားထုတ်မှုများစွာ ပြုပြီး သင်၏ မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ကာ အရာရာကို စွန့်သော်လည်း သင့်အတွင်းရှိ အပျက်သဘောဆောင်သော အခြေအနေများသည် အမှန်တကယ် မပြောင်းလဲသေးချေ။ သင်တို့ကို သမ္မာတရား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှ ချည်နှောင်ထားသည့် သင်တို့၏ အယူအဆများ၊ စိတ်ကူးများ၊ အသိပညာ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၊ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကဲ့သို့သော အနှောင်အဖွဲ့များ အလွန်များ၏။ ဤကောင်းကျိုးမပြုသော အရာများသည် သင်တို့၏ စိတ်နှလုံးကို ပြည့်စေပြီး ဖြစ်သည်။ သင်တို့သည် ငယ်ရွယ်ကြသော်လည်း သင်တို့၏ အတွေးများက အလွန်ရှုပ်ထွေးကြ၏။ သင်တို့သည် ငါ၏ စကားနှင့် အမူအရာတိုင်းကို စောင့်ကြည့်ကာ လေ့လာကြပြီးနောက် မပြီးနိုင်မဆုံးနိုင် အလွန်အကျွံ စဉ်းစားကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်တို့သည် နှစ်အတော်ကြာ ဘုရားသခင်နောက်သို့ လိုက်ကြပြီး ဖြစ်သော်လည်း သင်တို့၌ မည်သည့် တိုးတက်မှုမျှ၊ သို့မဟုတ် မည်သည့်အပြောင်းအလဲမျှ ငါမမြင်ရသေး။ လူတို့၏ စိတ်နှလုံးများကို ဆိုးယုတ်သော အရာများက လုံးဝ နေရာယူထား၏။ ဤသည်မှာ အားလုံးအတွက် မြင်ရန် ရှင်းလင်းသိသာပေသည်။ ဤအရာများကို သင် မဖယ်ထုတ်ပါက၊ ဤအပျက်သဘောဆောင်သော အခြေအနေများကို သင် မစွန့်ပယ်နိုင်ပါက ကလေးသူငယ်တစ်ဦး၏ သဏ္ဌာန်ကဲ့သို့ သင့်ကိုယ်သင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ရှေ့မှောက်သို့ တက်ကြွ၊ နှစ်သက်ဖွယ်ဖြစ်သော၊ အပြစ်ကင်း၊ ရိုးရှင်းကာ မှန်ကန်ပြီး ဖြူစင်သော နည်းလမ်းဖြင့် လာနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၊ သို့မဟုတ် သမ္မာတရားကို ရရှိရန် သင့်အတွက် ခက်ခဲလိမ့်မည်။
ယခုတွင် သင်တို့အားလုံးသည် သင်တို့ကို ချီးကျူးရန် ကောင်းမွန်သော အရည်အသွေး အနည်းငယ်ရှိကြသည်။ အတိအကျဆိုရသော် ဆင်းရဲဒုက္ခခံလိုသည့် ဆန္ဒနှင့် ယုံကြည်ခြင်းတို့ ဖြစ်၏။ ဤကောင်းမွန်သော အရည်အသွေးများက သင်တို့အားလုံးကို ကယ်တင်ပြီးဖြစ်သည်။ ဆင်းရဲဒုက္ခများ ခံစားလိုသည့် သင်တို့၏ လိုအင်ဆန္ဒနှင့် မိမိကိုယ်ကို ဘုရားသခင်အတွက် အသုံးခံရန် စစ်မှန်သော ယုံကြည်ခြင်းတို့ ဖြစ်သည့် ဤအရည်အသွေးများ မရှိခဲ့လျှင် သင်၏ တာဝန်ကို ထမ်းဆောင်ရန် စိတ်ဓာတ်ခွန်အား ရှိကြမည်မဟုတ်သကဲ့သို့ ယနေ့ထိ သင်တို့ တည်မြဲနေမည် မဟုတ်ပေ။ လူအချို့သည် မိမိတို့တာဝန်ကို အတန်ငယ် ထမ်းဆောင်သော်လည်း သမ္မာတရားကို စိတ်မဝင်စားကြသကဲ့သို့ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ မည်သည့် အကျိုးအမြတ်မျှ မရရှိကြသောကြောင့် အလုပ်လုပ်ရန်၊ ငွေရှာရန်နှင့် အိမ်ထောင်ပြုရန် လောကီထဲသို့ ပြန်သွားကြလေသည်။ မည်သည့်ရလဒ်မျှ မမြင်ရဘဲ ဤနေရာတွင် အချိန်ဆွဲနေခြင်းက မိမိတို့၏ ငယ်ရွယ်မှု၊ အကောင်းဆုံး နှစ်ကာလများနှင့် ဘဝကို ဖြုန်းတီးခြင်းဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤလူများသည် ဘာသာတရားမရှိသူများအဖြစ် ထုတ်ဖော်ခြင်းခံရသည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စိတ်ရင်းအတိုင်း အသုံးခံသောသူတို့သာ မိမိတို့တာဝန်ကို ထိန်းသိမ်းပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြသည်။ ယခုတွင် သင်တို့အားလုံးသည် မိမိတို့တာဝန်များကို အချိန်ပြည့် ထမ်းဆောင်ကြ၏။ သင်တို့သည် မိသားစု၊ အိမ်ထောင်၊ သို့မဟုတ် ချမ်းသာကြွယ်ဝမှု၏ ချုပ်ချယ်ခြင်း၊ သို့မဟုတ် ချည်နှောင်ခြင်းကို မခံရပေ။ သင်တို့သည် ထိုအရာများ ထွက်မြောက်လာပြီးသားဖြစ်သည်။ သို့ရာတွင် သင်တို့၏ ခေါင်းထဲတွင် ပြည့်နေသော အယူအဆများ၊ စိတ်ကူးများ၊ အသိပညာ၊ တစ်ကိုယ်ရေ ရည်ရွယ်ချက်များနှင့် ဆန္ဒများသည် လုံးလုံးလျားလျား ပကတိအတိုင်း ရှိနေသည်။ သို့ဖြစ်၍ ဂုဏ်သတင်း၊ အဆင့်အတန်း သို့မဟုတ် ထင်ပေါ်ကျော်ကြားမည့် အခွင့်အရေးတို့နှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ကြုံလာသောအခါ ဥပမာအားဖြင့် ဘုရားအိမ်တော်က ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို ပျိုးထောင်ရန် စီစဉ်နေသည်ဟု သင်ကြားရသောအခါ သင်တို့တစ်ဦးချင်းစီတိုင်းသည် လိုအင်ဆန္ဒဖြင့် မရိုးမရွဖြစ်လာကြပြီး မိမိတို့ကိုယ်ကို နာမည်ရအောင်လုပ်ရန်နှင့် လူပုံအလယ်တွင် ပေါ်လွင်ရန် လိုလားကြသည်။ သင်တို့အားလုံးသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုကြသည်။ သင်သည် ဤအပြုအမူကို ပြုလုပ်ရန် ရှက်ရွံ့သော်လည်း ထိုသို့မလုပ်ဘဲ နေရန်လည်း မကျေနပ်နိုင်ပေ။ ရွေးချယ်ခံရပြီး လူပုံအလယ်တွင် ထင်ပေါ်သောသူများကို သင်မြင်ရသည့်အခါတိုင်း သင်သည် မနာလိုခြင်း၊ အမုန်းတရားတို့ကို ခံစားရပြီး ညည်းညူပြောဆိုကာ ယင်းမှာ တရားမမျှတဟု ထင်သည်၊ “အဘယ်ကြောင့် ငါ မထင်ပေါ်နိုင်ရသနည်း။ အဘယ်ကြောင့် အခြားသူများက အစဉ်သဖြင့် ထင်ပေါ်ရသနည်း။ အဘယ်ကြောင့် ငါ့အလှည့် မည်သည့်အခါမျှ မရောက်ရသနည်း” ဟူ၍ ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် နာကြည်းမှုကို ခံစားရပြီး သင်က ယင်းကို ချုပ်တည်းရန် ကြိုးစားသော်လည်း မချုပ်တည်းနိုင်ပေ။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏အခြေအနေသည် ခဏတာ တိုးတက်ကောင်းမွန်လာနိုင်သော်လည်း ဤသို့သောအခြေအနေမျိုးကို သင် ထပ်မံကြုံတွေ့ရသောအခါ သင်သည် ယင်းကို ကျော်လွှားနိုင်ခြင်းမရှိသေးပေ။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ သင်သည် ထိုသို့သော အခြေအနေများတွင် ပိတ်မိနေသောအခါ သင်သည် စာတန်၏ ကျော့ကွင်းထဲသို့ ကျရောက်ပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် သဘာဝက လူတို့ကို ချည်နှောင်ပုံ ဖြစ်သည်။ အကယ်၍သာ လူများသည် ထိုဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထားများကို စွန့်ပစ်ပြီးပါက သူသည် လွတ်လပ်ကာ လွတ်မြောက်သွားပြီ မဟုတ်သလော။ စဉ်းစားကြည့်လော့။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် တုပယှဉ်ပြိုင်သည့် ဤအခြေအနေများတွင် ပိတ်မိခြင်းမှ ရှောင်ကြဉ်လိုပါက၊ ဤဖောက်ပြန်ပျက်စီးသော အခြေအနေများမှ မိမိကိုယ်ကို လွတ်မြောက်လိုပါက၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့၏ ပရိဒေဝဖိစီးမှုနှင့် အချုပ်အနှောင်များမှ မိမိကိုယ်ကို လွတ်မြောက်စေလိုပါက မည်သည့်သမ္မာတရားများကို သင် နားလည်ရမည်နည်း။ လွတ်လပ်မှုနှင့် လွတ်မြောက်စေမှုကို ရရှိရန်အတွက် မည်သည့်သမ္မာတရားစစ်မှန်မှုများကို သင် ပိုင်ဆိုင်ရမည်နည်း။ ပထမဦးစွာ သင်သည် စာတန်က လူတို့ကို အထင်အမြင်မှားစေရန်၊ ဖောက်ပြန်ပျက်စီးစေရန်၊ ရက်စက်စွာ ဒုက္ခပေးရန်နှင့် ထိန်းချုပ်ရန်အလို့ငှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို အသုံးပြုပြီး ၎င်းတို့ကို ယုတ်ညံ့သွားစေကာ အပြစ်တရားထဲသို့ ကျဆင်းသွားစေသည်ဟူသည့်အချက်ကို ထိုးထွင်းသိမြင်ရမည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် လူတို့ကို ဘုရားသခင်အား အတိုက်အခံလုပ်သည့် လမ်းခရီးပေါ်သို့ ပို့ဆောင်လိမ့်မည်။ ထို့အပြင် လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ ချည်နှောင်ခြင်းမှ လွတ်မြောက်လိုပါက သမ္မာတရားကို လက်ခံရမည်ဖြစ်ပြီး ဤအရာများကို လိုက်စားခြင်း၏ အနှစ်သာရကို ထိုးထွင်းသိမြင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ထိုအရာများကို စွန့်လွှတ်ပြီး လက်လွှတ်နိုင်ကြလိမ့်မည်။ ဤအရာများကို လက်လွှတ်ခြင်းသည် မည်သူ့အတွက်မဆို အလွန်ခက်ခဲသည်၊ ၎င်းတို့သည် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သို့မဟုတ် ယုံကြည်သူအသစ်ဖြစ်စေ၊ ယုံကြည်သူသက်တမ်းကြာသူဖြစ်စေ အရေးမကြီးပေ။ လူအချို့သည် တသီးတသန့်နေတတ်ပြီး စကားများစွာ ပြောပုံမရသော်လည်း အမှန်တွင် အခြားသူများထက် မိမိတို့ စိတ်နှလုံးများတွင် အခက်အခဲများကို သာ၍ သိုထားတတ်ကြလေသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လက်လွှတ်ခြင်းသည် လူတိုင်းအတွက် ခက်ခဲ၏။ မည်သူကမျှ ထိုအရာများ၏ စုံစမ်းသွေးဆောင်ခြင်းကို မအောင်မြင်နိုင်ပေ။ လူတို့၏ အတွင်းပိုင်း အခြေအနေများအားလုံး အတူတူပင် ဖြစ်သည်။ စာတန်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကိုသာ သုံးလျက် လူကို ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်သည်။ ရိုးရာယဉ်ကျေးမှု၏ ထောင်စုနှစ်အတော်များများက ဤအရာများကိုသာ လူတို့အထဲတွင် သွတ်သွင်းပြီး ဖြစ်သည်။ ထို့ကြောင့် လူ၏ ဖောက်ပြန်ပျက်စီးသော သဘာဝက ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို နှစ်သက်ကာ လိုက်စားကြ၏၊ မတူကွဲပြားသော လူတို့ လိုက်စားပြီး ဖော်ပြသည့် နည်းလမ်းများသာ ကွဲပြားပေသည်။ ထိုအရာကို မည်သည့်အခါတွင်မျှ မပြောသကဲ့သို့ မိမိတို့ စိတ်နှလုံးများတွင် ဖုံးကွယ်ထားသည့် လူအချို့ရှိသော်လည်း မိမိတို့ စကားများတွင် ထုတ်ဖော်ပြသည့် အခြားသူများရှိ၏။ ယင်းတို့အတွက် သိက္ခာစောင့်စည်းမှု လုံးဝမရှိဘဲ ရေကုန်ရေခမ်းကြိုးပမ်းမည့်သူများ ရှိသော်လည်း ယင်းတို့အတွက် ရေကုန်ရေခမ်း မကြိုးပမ်းမည့်သူများရှိ၏။ သို့သော် တစ်ကိုယ်တည်းရှိချိန်တွင် ၎င်းတို့သည် စောဒကတက်၊ ညည်းညူပြီး ပစ္စည်းများကို ခွဲကြလေသည်။ ထိုအရာသည် မတူညီသည့် လူများတွင် မတူကွဲပြားစွာ ထင်ရှားသော်လည်း ၎င်းတို့၏ သဘာဝများက တထေရာတည်း ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ဖောက်ပြန်ပျက်စီးသော လူသားများ ဖြစ်၏။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းများအပေါ် အမြဲ အာရုံစိုက်ပါက၊ ဤအရာများကို အလွန်အမင်း တန်ဖိုးထားပါက၊ သင်၏ စိတ်နှလုံးကို ယင်းတို့က နေရာယူပါက၊ ပြီးလျှင် ယင်းတို့ကို စွန့်ရန် သင် မည်သည့်အခါမျှ မလိုလားပါက သင်သည် ထိုအရာများ၏ ထိန်းချုပ်ခြင်းနှင့် ချည်နှောင်ခြင်း ခံရလိမ့်မည်။ သင်သည် ယင်းတို့၏ ကျေးကျွန် ဖြစ်လာလိမ့်မည်ဖြစ်ပြီး အဆုံးတွင် ယင်းတို့က သင့်ကို လုံးလုံးလျားလျား ဖျက်ဆီးလိမ့်မည်။ သင်သည် ဤအရာများကို စွန့်လွှတ်ရန်နှင့် လက်လွှတ်ရန် သင်ယူရမည်၊ အခြားသူများကို ထောက်ခံရန်နှင့် ကောင်းမွန်သော အခွင့်အရေးများရှိသည့်အခါ အခြားသူများကို ထင်ပေါ်ကျော်ကြားခွင့်ပြုရန် သင်ယူရမည်။ သင်သည် ထင်ပေါ်ကျော်ကြားရန်နှင့် ထွန်းလင်းတောက်ပရန် အခွင့်အရေးများကို ကြုံတွေ့သည့်အခါတိုင်း ယှဉ်ပြိုင်ခြင်း သို့မဟုတ် ပြိုင်ဆိုင်ခြင်း မပြုရပေ။ သင်သည် သင်၏ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်နိုင်ရမည်ဖြစ်သော်လည်း သင်၏တာဝန်ထမ်းဆောင်မှုကိုမူ မထိခိုက်စေရ။ မထင်မရှား အလုပ်လုပ်သော၊ မိမိကိုယ်ကို မကြွားဝါသော၊ မိမိ၏တာဝန်ကိုလည်း သစ္စာစောင့်သိစွာ ထမ်းဆောင်သောသူတစ်ဦး ဖြစ်ပါစေ။ သင်သည် သင်၏မာနနှင့် အဆင့်အတန်းကို စွန့်လွှတ်လေလေ၊ သင်၏အကျိုးစီးပွားများကို ပို၍ စွန့်လွှတ်လေလေ၊ သင်သည် ပို၍ ငြိမ်းချမ်းမှုကို ခံစားရလေလေ ဖြစ်မည်၊ သင်၏စိတ်နှလုံးထဲတွင် အလင်း ပို၍ရှိလာမည်ဖြစ်ပြီး သင်၏အခြေအနေသည် ပို၍ ကောင်းမွန်လာလိမ့်မည်။ သင်သည် ပို၍ ယှဉ်ပြိုင်ပြီး ပြိုင်ဆိုင်လေလေ၊ သင်၏အခြေအနေသည် ပို၍ မှောင်မိုက်လာလေလေ ဖြစ်မည်။ သင်သည် ငါ့ကိုမယုံကြည်ပါက စမ်းကြည့်လိုက်။ သင်သည် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် အခြေအနေကို ပြုပြင်ပြောင်းလဲလိုပါက၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ ထိန်းချုပ်မှုကို မခံလိုပါက သင်သည် သမ္မာတရားကို ရှာဖွေရမည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ အနှစ်သာရကို ထိုးထွင်းသိမြင်ရမည်၊ ထို့နောက် ယင်းတို့ကို လက်လွှတ်ပြီး စွန့်လွှတ်ရမည်။ သို့မဟုတ်ပါက သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ပို၍ ယှဉ်ပြိုင်လေလေ၊ သင်၏စိတ်နှလုံးသည် ပို၍ မှောင်မိုက်လာလိမ့်မည်။ သင်သည် ၎င်းတို့ကို ပို၍ ယှဉ်ပြိုင်လေလေ၊ သင်၏ မနာလိုခြင်းနှင့် အခြားသူများအပေါ် သင်၏ အမုန်းတရားတို့သည် ပို၍ ကြီးမားလာလေလေ ဖြစ်မည်။ သင်သည် ယင်းတို့အတွက် ပို၍ပင် လုယူလိုစိတ်ရှိလာမည်ဖြစ်ပြီး ယင်းတို့ကို မရရှိသောအခါ သင် ခံစားရမည့် အမုန်းသည် ပို၍ ကြီးမားလာလိမ့်မည်။ သင် ခံစားရသည့် အမုန်းက ပိုကြီးမားလေလေ၊ သင်၏အတွင်းစိတ်သည် ပို၍ မှောင်မိုက်လာလေလေ ဖြစ်မည်၊ သင်၏ တာဝန်ထမ်းဆောင်မှုသည် ပို၍ ဆိုးရွားလာလေလေ ဖြစ်မည်၊ သင်၏ တာဝန်ထမ်းဆောင်မှု ပိုဆိုးရွားလေလေ၊ ဘုရားအိမ်တော်၏ အသုံးတော်ခံရဖို့ ပိုနည်းလေလေ ဖြစ်မည်။ ဤသည်မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော ဆိုးကျိုးသံသရာတစ်ခု ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို မည်သည့်အခါမျှ ကောင်းမွန်စွာ မထမ်းဆောင်ပါက သင်သည် တဖြည်းဖြည်း ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။
လူတစ်ဦးအတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ပြီး ၎င်းတို့၏ အမျိုးမျိုးသော မတက်ကြွသည့် အခြေအနေများကို ပြောင်းလဲစေရန်အတွက် ထိုလူသည် ဆင်းရဲဒုက္ခခံနေရသည့် အချိန်ကာလများတွင် အဖိုးအခပေးရင်း၊ အမှုအရာများကို စွန့်လွှတ်ရင်း၊ ဇာတိပကတိကို ပုန်ကန်ရင်း၊ မိမိတို့၏ လမ်းကြောင်းကို တစ်လှမ်းချင်း ပြောင်းလဲရင်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး ရှာဖွေရမည်။ ဤအရာက ရလဒ်များရရှိရန်နှင့် မှန်ကန်သော လမ်းကြောင်းပေါ် ၎င်းတို့ ခြေချရန်အတွက် အချိန်ကြာမြင့်လေသည်။ သို့ရာတွင် တစ်စုံတစ်ဦးကို ထုတ်ဖော်ရန် ဘုရားသခင်အတွက် အချိန်စက္ကန့်ပိုင်းသာ ကြာသည်။ သင်သည် မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်ဘဲ မိမိကိုယ်ကို အသိအမှတ်ပြုခံရရန် အမြဲ ကြိုးစားပြီး သင်၏ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများအတွက် ရေကုန်ရေခမ်း ကြိုးပမ်းရင်း အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန်၊ ပေါ်လွင်ကာ ထင်ပေါ်ဖို့ အမြဲ ကြိုးစားပါက ဤအခြေအနေ၌ အသက်ရှင်စဉ်တွင် သင်သည် အလုပ်လုပ်ပေးသူတစ်ဦးသာ ဖြစ်သည် မဟုတ်လော။ သင့်အနေဖြင့် အလုပ်လုပ်ပေးလိုပါက ပေးနိုင်သည်၊ သို့သော် သင်၏ အလုပ်လုပ်ပေးခြင်း မပြီးမီတွင် သင် ထုတ်ဖော်ခြင်းခံရဖို့ ဖြစ်နိုင်သည်။ လူတို့ ဖော်ထုတ်ခံရသည့်အခါ ရှုတ်ချပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသည့် ၎င်းတို့၏ နေ့ရက်ကာလ ရောက်ရှိပေသည်။ ထိုရလဒ်ကို ပြောင်းပြန်လှန်ရန် ဖြစ်နိုင်သလော။ မလွယ်ပေ။ ၎င်းတို့၏ ရလဒ်များကို ဘုရားသခင်က သတ်မှတ်နှင့်ပြီးသား ဖြစ်နိုင်၏။ ထိုသို့ဖြစ်ပါက ၎င်းတို့ ဒုက္ခရောက်ပြီဖြစ်သည်။ လူတို့သည် ထုံးစံအတိုင်း စကားပြောပြီး လှည့်ကွက်များလုပ်နေစဉ်တွင် ပြစ်မှားမှုများကို ကျူးလွန်ကြ၏၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြပြီး သေးငယ်သည့် အမှားအနည်းငယ်ကို ပြုမိကြ၏၊ သို့မဟုတ် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဖြည့်ဆည်းကြ၏၊ မိမိတို့ကိုယ်ပိုင် ကြံရွယ်ချက်များ သိုထားကြ၏။ သို့ရာတွင် အသင်းတော် အလုပ်ကို ၎င်းတို့ မနှောင့်ယှက်၊ မတားဆီးသရွေ့၊ သို့မဟုတ် အမှုအရာများကို အလွန်ကမောက်ကမ မဖြစ်စေသရွေ့၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသရွေ့၊ သို့မဟုတ် သိသာစွာ ဆိုးယုတ်သည့် ရလဒ်တစ်ခုတလေ မဖြစ်စေသရွေ့၊ ၎င်းတို့သည် နောင်တရဖို့ အခွင့်အရေး ရှိနေကြဆဲဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ကြီးမားသည့် မကောင်းမှုအချို့ ကျူးလွန်မိပါက၊ သို့မဟုတ် ကြီးမားသည့် ကပ်ဘေးတစ်ခု ဖြစ်စေပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကယ်နုတ်နိုင်သေးသလော။ ဘုရားသခင်ကို ယုံကြည်ပြီး ဤအခြေအနေသို့ရောက်ရန် တာဝန်တစ်ခုကို ထမ်းဆောင်သော လူတစ်ဦးအတွက် အလွန် အန္တရာယ်များပေသည်။ ယင်းမှာ အိမ်ထောင်သည်နှစ်ဦးက နှစ်ယောက်တစ်ဘဝ အသက်ရှင်သန်ခြင်းနှင့် တူသည်။ ၎င်းတို့နှစ်ဦးကြားတွင် သဘောထားကွဲလွဲမှု အနည်းငယ်ရှိပြီး တစ်ဦးကို ထိခိုက်နာကျင်စေသည့် အရာတစ်ခုအား ရံဖန်ရံခါ ၎င်းတို့ ပြောဆိုမိပါက ၎င်းတို့အနေဖြင့် အချင်းချင်း သည်းခံနိုင်သရွေ့ အတူတကွ ဆက်လက် အသက်ရှင်နိုင်ပေသည်။ သို့ရာတွင် ၎င်းတို့ထဲမှတစ်ဦးက အိမ်ထောင်ရေးဖောက်ပြန်ပြီး ၎င်း၏ အိမ်ထောင်ဖက်ဘက်မှ မည်သို့အားထုတ်ပါစေ ထိုလူကို ပြန်ခေါ်၍ မရနိုင်ပါက ပြီးလျှင် သူသည် ပြန်လာဖို့ လိုလားခြင်း မရှိပါက ထိုသူနှစ်ဦးသည် အတူတကွ နေနိုင်မည်လော။ ထိုလူကို ပိုမိုသည်းခံပေးရန် ကြိုးစားခြင်းသည် အရာရောက်မည်မဟုတ်၊ အချည်းနှီး ဖြစ်ပေမည်။ ဤသို့သော အိမ်ထောင်တစ်ခုသည် ပြိုကွဲ၏၊ ၎င်းတို့ လုပ်နိုင်သမျှမှာ ကွာရှင်းပြတ်စဲခြင်းသာ ဖြစ်သည်။ လူနှစ်ဦးသည် ဤအခြေအနေသို့ ရောက်ပါက တစ်မိုးအောက်တွင် ၎င်းတို့ နေထိုင်ကြဆဲဖြစ်လျှင်ပင် ၎င်းတို့၏ အိမ်ထောင်ရေးက အမည်ခံသာ ရှိပေသည်။ ၎င်းတို့ ကွာရှင်းသည်ဖြစ်စေ၊ မကွာရှင်းသည်ဖြစ်စေ၊ မည်သည့် ခြားနားချက်မျှ မဖြစ်စေပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ကာ သင်၏ တာဝန်ကို လုပ်ရင်း သမ္မာတရားကို သင် လိုက်စားဖို့နှင့် စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သင် လွဲချော်ကာ ဘုရားသခင်က သင့်ကို အခွင့်အရေးများစွာ ပေးသော်လည်း သင်၏ စိတ်နှလုံး မာကျောပြီး မည်သည့်အခါတွင်မျှ နောင်တမရသကဲ့သို့၊ သို့မဟုတ် မပြောင်းလဲသကဲ့သို့ သမ္မာတရားကိုလည်း တစ်စက်မျှ လက်မခံဘဲ အဆင့်အတန်းကို ခေါင်းမာစွာ ဆက်လက်လိုက်စားသည့် ထိုအလားတူအခြေအနေမျိုးသို့ရောက်ပါက သင် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည့် နေ့တစ်နေ့ အနှေးနှင့်အမြန် ရောက်လာလိမ့်မည်။ ဖြစ်နိုင်ဖွယ်အရှိဆုံးမှာ ကိစ္စရပ်တစ်ခု၊ သို့မဟုတ် အခြေအနေတစ်ခု၊ သို့မဟုတ် စကားတစ်လုံး၊ သို့မဟုတ် သဘောထားတစ်ခုက သင့်ကို လုံးဝ ထုတ်ဖော်လိမ့်မည်။ ထို့ကြောင့် လူတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရရှိ၊ သို့မဟုတ် သမ္မာတရားကို မရရှိပါက မိမိတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားဖြင့် အမြဲ ချည်နှောင်ခံရကာ ထိန်းချုပ်ခံရပါက တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် ကြံရွယ်ချက်မျိုးစုံတို့ဖြင့် အသက်ရှင်ပြီး ယင်းတို့မှ ထွက်မလာနိုင်ပါက ၎င်းတို့သည် ကြီးမားသည့် အန္တရာယ်တွင် ရှိကြပေသည်။ အနှေးနှင့် အမြန်ဆိုသလို ၎င်းတို့ မှောက်မှားပြီး ထုတ်ဖော်ခံရလိမ့်မည်။ သင် မမှောက်မှားသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယင်းမှာ နောက်ပိုင်းတွင် သင်မှောက်မှားလိမ့်မည်မဟုတ်ဟု မဆိုလိုပေ။ ယခုတွင် သင်သည် မိမိတာဝန်ကို လုပ်ဆောင်နိုင်ဆဲ ဖြစ်နိုင်သည်၊ မိမိကိုယ်ကို ဘုရားသခင်အတွက် အသုံးခံပြီး ဆင်းရဲဒုက္ခများခံစားရန် လိုအင်ဆန္ဒအချို့ ရှိနေဆဲဖြစ်နိုင်သည်၊ စုံလင်ခံရခြင်းကို လိုက်စားရန် လိုအင်ဆန္ဒအချို့ ရှိနေနိုင်သည်။ သို့ရာတွင် ယင်းမှာ သမ္မာတရားကို သိနားလည်ခြင်း၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အစားထိုးမဟုတ်သကဲ့သို့ နောက်ပိုင်းတွင် သင် မှောက်မှားမည်မဟုတ်ကြောင်း၊ သို့မဟုတ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်ဖြစ်ကြောင်းလည်း မဆိုလိုပေ။ လူအချို့သည် ဘုရားသခင်ကို နှစ်နှစ် သုံးနှစ်ကြာ ယုံကြည်ခဲ့ပြီးသော်လည်း သမ္မာတရားကို အနည်းငယ်မျှ နားမလည်ပေ။ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်သည် မယုံကြည်သူများနှင့် တူညီနေဆဲ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦး ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က “ဘုရားကို ယုံတာ၊ ဘုရားနောက်လိုက်တာ၊ ဘုရားရှေ့မှာ အသက်ရှင်တာအားလုံးက ကြိုးတန်းပေါ် လမ်းလျှောက်နေတာနဲ့ တူတယ်။ ဓားသွားပေါ်မှာ အသက်ရှင်နေရသလိုမျိုးပဲ” ဟု ထင်မြင်ကြသည်။ အခြားလူများက “ဘုရားကို အစေခံတဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ အမှုဆောင်တစ်ယောက် ဖြစ်ရတာက စွန့်စားရတယ်။ အဲဒါက လူတွေ ပြောသလိုပဲ။ ‘ဘုရင်နဲ့ နီးနီးကပ်ကပ် နေရတာက ကျားတစ်ကောင်နဲ့ လှဲနေရသလိုပဲ အန္တရာယ်များတယ်’တဲ့။ တစ်ခုခု မှားတာကို ပြောမိရင်၊ ဒါမှမဟုတ် လုပ်မိရင် ဘုရားရဲ့ စိတ်သဘောထားကို ပြစ်မှားမိမယ်။ ဖယ်ရှားရှင်းလင်းခံရပြီး အပြစ်ဒဏ်ပေးခံရမယ်” ဟူ၍ ဆိုကြသည်။ ဤမှတ်ချက်များက မှန်ကန်သလော။ “ကြိုးတန်းပေါ်တွင် လမ်းလျှောက်ခြင်း” နှင့် “ဓားသွားပေါ်မှာ အသက်ရှင်နေရခြင်း” ဟူသည့် ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ဤစကားများက ကြီးမားသော အန္တရာယ်ရှိကြောင်း၊ အချိန်တိုင်းတွင် ကြီးမားသော အန္တရာယ်ရှိနေကြောင်းနှင့် အနည်းငယ် ပေါ့ဆခြင်းဖြင့် ခြေချော်ကျမည်ဖြစ်ကြောင်းတို့ကို ဆိုလိုသည်။ “ဘုရင်နဲ့ နီးနီးကပ်ကပ် နေရတာက ကျားတစ်ကောင်နဲ့ လှဲနေရသလိုပဲ အန္တရာယ်များတယ်” ဆိုသည်မှာ မယုံကြည်သူများကြားတွင် အပြောများသည့်အရာတစ်ခု ဖြစ်သည်။ နတ်ဆိုးမင်း၏ အနားကပ်ခြင်းသည် အန္တရာယ်များသည်ဟု ဆိုလိုသည်။ ဤစကားကို ဘုရားသခင်အား အစေခံခြင်းအဖို့ အသုံးပြုလျှင် ၎င်းတို့၏ အမှားက အဘယ်နေရာတွင်ရှိသနည်း။ နတ်ဆိုးမင်းကို ဘုရားသခင်နှင့်၊ ဖန်ဆင်းရှင်နှင့် နှိုင်းယှဉ်ခြင်းသည် ဘုရားသခင်ကို ပြစ်မှား စော်ကားခြင်း မဟုတ်လော။ ယင်းမှာ ကြီးလေးသော ပြဿနာဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသော ဘုရားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို အာခံခြင်းအတွက်၊ သို့မဟုတ် ဘုရားသခင်ကို ရန်လိုခြင်းအတွက် အပြစ်ဒဏ်ပေးခံရသင့်သည်ဆိုသည်မှာ လုံးလုံးလျားလျား သဘာဝကျပြီး တရားမျှတပေသည်။ စာတန်နှင့် နတ်ဆိုးများသည် သမ္မာတရား တစ်စွန်းတစ်စမျှ မရှိပေ။ စာတန်သည် ညစ်ညူးပြီး ကောက်ကျစ်ဆိုးယုတ်သည်။ အပြစ်မရှိသူများကို သတ်ဖြတ်ပြီး လူကောင်းများကို ဝါးမြိုသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သို့ ဆင်တူနိုင်မည်နည်း။ လူတို့သည် အဘယ်ကြောင့် အမှန်တရားများကို ပုံဖျက်ပြီး ဘုရားသခင်ကို အပုပ်ချသနည်း။ ဤသည်မှာ ဘုရားသခင်အပေါ် ကြီးမားသော ပြစ်မှားစော်ကားခြင်း ဖြစ်ပေသည်။ မကြာခဏ မတက်မကြွဖြစ်ပြီး တာဝန်များကို ရိုးသားစစ်မှန်စွာ မထမ်းဆောင်သောသူအချို့က ပြုပြင်ခြင်းခံရသောအခါ ဖယ်ရှားရှင်းလင်းခံရမည်ကို စိတ်ပူကြပြီး မိမိတို့ကိုယ်ကို စဉ်းစားတတ်ကြသည်။ “ဘုရားကို ယုံကြည်ရသည်မှာ တကယ်ကို ကြိုးတမ်းပေါ် လမ်းလျှောက်ရသကဲ့သို့ ဖြစ်သည်။ တစ်ခုခုကို မှားပြီး လုပ်ဆောင်လိုက်သည်နှင့် ပြုပြင်ခြင်း ခံရသည်။ အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်ဟု သတ်မှတ်ခြင်းခံရသည်နှင့် တစ်ပြိုင်နက် လူစားထိုးခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသည်။ ဘုရားအိမ်တော်တွင် ဘုရားသခင်က စိတ်ဆိုးသည်မှာ ဖြစ်လေ့မရှိသည့်အရာ မဟုတ်ပါ။ လူများသည် မကောင်းမှု အနည်းငယ် လုပ်ဆောင်ပြီးသည့်အခါတွင် စကားတစ်ခွန်းဖြင့် ဖယ်ရှားရှင်းလင်းခံလိုက်ရသည်။ သူတို့သည် နောင်တရဖို့ အခွင့်အရေးပင် မရလိုက်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကိစ္စများ အမှန်တကယ် ဖြစ်သည့် ပုံစံလော။ ဘုရားအိမ်တော်သည် လူတို့ကို နောင်တရရန် အမှန်တကယ် အခွင့်အရေးမပေးလေသလော။ (ဤသည်မှာ မှားသည်။) ထိုမကောင်းသောလူများနှင့် အန္တိခရစ်များ ဖယ်ရှားရှင်းလင်းခံရသည်မှာ ၎င်းတို့သည် ၎င်းတို့၏ အထူးထူးအပြားပြား ဖြစ်သော မကောင်းမှုများကို ကျူးလွန်ခဲ့ပြီး ပြုပြင်ခြင်းကို ခံရသည့်တိုင် ထပ်ခါထပ်ခါ သတိပေးသော်လည်း ၎င်းတို့၏ နည်းလမ်းများကို မပြောင်းလဲသောကြောင့်ဖြစ်သည်။ ဤသို့စဉ်းစားသောလူများနှင့် ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့အတွက် ဟုတ်မှန်သယောင်ယောင် ရှိသော်လည်း စင်စစ် မှားနေသော ကျိုးကြောင်းပြချက်များကို ပေးနေခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ ကောင်းမွန်စွာ အလုပ်လုပ်ပေးခြင်း မရှိကြချေ။ ပြီးလျှင် ၎င်းတို့သည် ရှင်းလင်းပြီး ဖယ်ရှားခံရမည်ကို ကြောက်သောကြောင့် ခါးသီးစွာ ညည်းညူပြီး ၎င်းတို့၏ အယူအဆများကို ဖြန့်ကြသည်။ ၎င်းတို့က လူ့သဘာဝကင်းမဲ့သည်မှာ သိသာပေသည်။ ၎င်းတို့သည် မကြာခဏ ဝတ်ကျေတမ်းကျေဖြစ်၍ ၎င်းတို့အလုပ်တွင် မတက်မကြွဖြစ်ပြီး ခိုကတ်သည်။ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမည်ကို ကြောက်သည်။ ထို့ကြောင့် ၎င်းတို့သည် အသင်းတော်အပေါ်၊ ဘုရားသခင်အပေါ် အပြစ်အားလုံးကို ပုံချသည်။ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်အပေါ် ဝေဖန်ပြစ်တင်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူခြင်းနှင့် ဘုရားသခင်ကို အာခံခြင်း စရိုက်ဖြစ်သည်။ ဤမှတ်ချက်များသည် အသိသာဆုံးသော အတွေးမှားများ၊ အဓိပ္ပာယ်မရှိဆုံးသော အဆိုများဖြစ်သည်။ ဤလူများက ထိုသို့သော အရာများကို ပြောဆိုနိုင်သည့် အချက်သည် ဘုရားသခင်ကို နှစ်ချီ ယုံကြည်သော်ငြားလည်း သမ္မာတရားကို ၎င်းတို့ လုံးဝ မလိုက်စားခဲ့ကြသည့် သက်သေဖြစ်သည်။ ဤအရာကသာ ဘုရားသခင်အပေါ် ဝေဖန်စီရင်သည့်၊ သူ့ကို အတိုက်အခံလုပ်ပြီး ပြစ်မှားစော်ကားသည့် အဆင့်အထိ ၎င်းတို့ကို ဆုတ်ယုတ်ကျဆင်းစေမည်ဖြစ်သည်။ မကြာခဏ မတက်မကြွဖြစ်ပြီး သမ္မာတရားကို မလိုက်စားသောသူတို့သည် အမှန်တကယ် အန္တရာယ်ဖြင့် အသက်ရှင်ကြသည်မှာ သိသာပေသည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သူများသည် မိမိတို့ကိုယ်ကို ဘေးကင်းလုံခြုံစေပြီး ဤအန္တရာယ်များသော အခြေအနေများမှ မိမိတို့ကိုယ်ကို လွတ်မြောက်စေရန်အလို့ငှာ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ အဓိကအချက်မှာ သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လျှောက်ရန် ဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားအချို့ကို နားလည်နိုင်ပါက၊ အခြေခံအဆင့်ဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပါက၊ ထိုသူသည် အတော်ပင် ဘေးကင်းကာ လုံခြုံလိမ့်မည်။ သမ္မာတရားကို မလိုက်စားသူများ၊ သမ္မာတရား စစ်မှန်မှု တစ်ခုတလေမျှ မရှိသောသူများနှင့် မကြာခဏ မတက်မကြွ ဖြစ်သောသူတို့သည် ဖယ်ရှားရှင်းလင်းခံရမည့် အန္တရာယ်အမြဲ ရှိ၏။ မိမိတို့ စိတ်နှလုံးများတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူများ၊ ထိုသမ္မာတရားက အလွန်ခက်သည်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ မိုက်မဲသည်ဟု အမြဲ ခံစားသောသူတို့သည် အစိုးရိမ်ရဆုံးသော အခြေအနေတွင် ရှိသူများ ဖြစ်သည်။ အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့ ထုတ်ဖော်ခံရကာ ဖယ်ရှားရှင်းလင်းခံရကြလိမ့်မည်။
လူတစ်ဦးသည် လှည့်ဖြားတတ်လင့်ကစား၊ သို့မဟုတ် အတော်လေး မာယာကင်းကာ ရိုးသားလင့်ကစား လူတို့၏ ကြံရွယ်ချက်များ၊ စိတ်ဆန္ဒများနှင့် မသန့်စင်မှုများသည် အားလုံး အနည်းနှင့် အများ တူညီကြ၏။ သင်တို့အားလုံးသည် မိမိတို့လမ်းကြောင်းများကို ပြောင်းလဲနိုင်ပါက ဤဖောက်ပြန်ပျက်စီးသော အခြေအနေများကို စွန့်ပစ်နိုင်ပြီး အနည်းဆုံးအနေဖြင့် မိမိတို့တာဝန်ကို မှန်ကန်စွာ လုပ်ဆောင်နိုင်ပါက လူသားပုံသဏ္ဌာန် ရှိကြလိမ့်မည်။ သင်၏ တာဝန်ကို လုပ်ဆောင်နေစဉ်တွင် သင်၏ ကိုယ်ရေးကိုယ်တာ ကြံရွယ်ချက်များ၊ အရင်းခံအကြောင်းများနှင့် စိတ်ဆန္ဒများကို ဟိုသည် သယ်ဆောင်နေပါက သင်သည် သွေဖည်မှုများနင့် အမှားများ လုပ်မိရန် အလွန်ဖြစ်နိုင်ဖွယ်ရှိပြီး ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရန်၊ သို့မဟုတ် မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန်နှင့် ဘုရားသခင် အလိုတော်နှင့် ကိုက်ညီရန် သင့်အတွက် အလွန်ခက်လိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် အလွန် ဝတ်ကျေတမ်းကျေဖြစ်ကာ အလွန်များပြားသော မသန့်စင်မှုများနှင့် ပြည့်ကြသောကြောင့် ဖြစ်သည်။ သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်လိုပါက ပထမဦးစွာ သင်၏ ကိုယ်ရေးကိုယ်တာ ကြံရွယ်ချက်များနှင့် စိတ်ဆန္ဒများကို ဖြေရှင်းရမည်။ ထို့နောက်တွင် သင်၏ အတွင်းပိုင်း အခြေအနေသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်၊ သင်၏ စိတ်ဓာတ် တိုးတက်လိမ့်မည်၊ သင့်အတွင်းရှိ တက်ကြွသော အရိပ်လက္ခဏာများ တိုးပွားလိမ့်မည်၊ သင်၏ မသန့်စင်မှုများ လျော့နည်းလိမ့်မည်၊ သင်၏ စိတ်နှလုံး သာ၍ သန့်စင်ကာ သာ၍ ရိုးရှင်းလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန်သာ မိမိတာဝန်ကို ကောင်းစွာ သင် လုပ်ဆောင်ချင်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် ဆိုးယုတ်သော အတွေးများနှင့် အမြင်များ သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များ၏ ထိန်းချုပ်မှုကို အလွယ်တကူ ခံရလိမ့်မည် မဟုတ်။ လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို သင် အလိုအလျောက် ရရှိလိမ့်မည်ဖြစ်ပြီး သင် လုပ်သမျှတိုင်းသည် လွယ်ကူပြီး နှစ်လိုဖွယ်ဖြစ်လိမ့်မည်။ ယင်းမှာ လူတို့ လမ်းလျှောက်နေကြသည့်အချိန်နှင့် တူသည်။ ဝန်ထုပ်များစွာ ၎င်းတို့ သယ်ဆောင်ပါက လမ်းလျှောက်ခြင်းက အလွန် ပင်ပန်းစရာဖြစ်လိမ့်မည်ဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် ပြိုလဲပြီး ယိုင်လဲသွားသည်ထိ ပိုနှေးကွေးသည်ထက် နှေးကွေးစွာ လျှောက်ကြလိမ့်မည်။ ၎င်းတို့သည် ဝန်ထုပ်များကို ချပါက လမ်းလျှောက်ခြင်းသည် များစွာ ပိုလွယ်ကူသွားလိမ့်မည်ဖြစ်ပြီး လွတ်မြောက်ကာ လွတ်လပ်သွားသကဲ့သို့ ခံစားရလိမ့်မည် ဖြစ်သည်။ သင်ရရှိသည့် မည်သည့် လွတ်မြောက်ခြင်းနှင့် လွတ်လပ်ခြင်း ရှုထောင့်မဆိုနှင့် ပတ်သက်၍ နေ့စဉ်မှတ်တမ်း၊ သို့မဟုတ် သက်သေခံချက် စာတမ်းတိုတစ်ခုကို သင်ရေးသင့်သည်။ အမှုအရာများ သင့်အပေါ် ဖြစ်ပျက်သည့်အခါ သမ္မာတရားကို သင် ရှာဖွေခဲ့ပြီး မိမိဝန်ထုပ်များ ချထားခဲ့ပုံ ပြီးလျှင် သင်၏ ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ရည်ရွယ်ချက်များထဲမှ မည်သည့်အရာကို သင် ပုန်ကန်ခဲ့သည်ဆိုသည်နှင့် မည်သည့် ဉာဏ်အလင်းပေးမှုမျိုး သင် ရရှိခဲ့သည်၊ ပြီးလျှင် မည်သည့် နှစ်လိုဖွယ် ခံစားချက်များကို သင် တွေ့ကြုံခဲ့သည်ဆိုသည်တို့ကို သင် ရေးသားသင့်သည်။ ဤအခြေအနေများနှင့် အသိပညာအကြောင်းကို ရေးသားလော့။ ဤသည်မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဖြစ်ပြီး သင့်အတွက်ရော အခြားလူများအတွက်ပါ အလွန် အကျိုးရှိပေသည်။ ဤသို့ဖြင့် သင်၏ အတွေ့အကြုံ တိုးပွားလိမ့်မည်၊ သင်၏ သမ္မာတရား သိနားလည်မှု တိုးတက်လိမ့်မည်ဖြစ်ပြီး သင်၏ လွတ်လပ်ခြင်းနှင့် လွတ်မြောက်မှု နေ့ရက်များ တိုးပွားလိမ့်မည်။ သင်သည် အချုပ်အချယ်ကင်းသော လူတစ်ဦး၊ ယောဘကဲ့သို့သော လူတစ်ဦး ဖြစ်လာလိမ့်မည်။ ယောဘသည် အဘယ်ကြောင့် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဟူသည် ကျော်ကြားသော စကားများကို အလွန်လွယ်ကူစွာ ပြောနိုင်ခဲ့သနည်း။ ညတွင်းချင်း ထိုစကားများကို သူ အလွန်လွယ်ကူစွာ ပြောလာခဲ့သလော။ လုံးဝ မဟုတ်ပေ။ ထိုစကားများသည် အတွေ့အကြုံနှင့် ဆိုင်သည့် နေ့ရက်များ၊ နှစ်များနှင့် ဆယ်စုနှစ်များအား ပေါင်းရုံးဖော်ပြချက် ဖြစ်သည်။ ယင်းတို့သည် စုဆောင်းထားသည့် ဘဝအတွေ့အကြုံ ဆယ်စုနှစ်ကာလများ၏ အသီးအပွင့်များ ဖြစ်သည်။ သမ္မာတရားကို ရရှိပြီး သက်သေခံချက် စကားများကို ပြောဆိုရန်မှာ ရိုးရှင်းသော ကိစ္စရပ်တစ်ခု မဟုတ်ချေ။ ဘုရားသခင်၌ မိမိ၏ ယုံကြည်မှုတွင် ရလဒ်များ စွမ်းဆောင်ရရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လျှောက်ရန် ဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်လိုက်ခြင်းအား လက်လျော့ပြီးသည့်နောက်တွင် အမှုအရာများက သင့်အတွက် များစွာ ပိုမိုလွယ်ကူလိမ့်မည်။ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ် စတင်ရန် သင့်အတွက် လွယ်ကူသွားလိမ့်မည်။ သင်၏ အတွေ့အကြုံသည် သမ္မာတရားကို သင် နားလည်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်သည့် အဆင့်သို့ ရောက်ရှိသည့်အခါ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ လွတ်လပ်မှုနှင့် လွတ်မြောက်မှုတို့ကို ရရှိပြီး ဖြစ်လိမ့်မည်။ ထိုအချိန်တွင် သင်က ခရစ်တော်နောက်လိုက်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်းမှ များစွာ ရရှိပြီးဖြစ်သည်ဟု စဉ်းစားမိလိမ့်မည်။ သမ္မာတရားကို ရရှိရန် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အား သင်၏ လိုက်စားခြင်းနှင့် သင့်မိသားစု အရေးကိစ္စများ၏ အနှောင်အဖွဲ့များကို သင် စွန့်ရလိမ့်မည်။ သင်သည် ဘုရားသခင်နောက်လိုက်ပြီး အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ သမ္မာတရားကို တဖြည်းဖြည်း နားလည်လာကာ အမှုအရာများစွာကို ရိပ်စားမိပြီး ဖြစ်လိမ့်မည်။ သင်သည် စာတန်အားဖြင့် တစ်ဖန် အထင်အမြင်မှားစေခြင်း သို့မဟုတ် ချည်နှောင်ခံရခြင်း ရှိလိမ့်မည်မဟုတ်။ သမ္မာတရားနှင့် အသက်ကို ရရှိခြင်းသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်သည်။ သမ္မာတရားသည် သင်၏ မေတ္တာနှင့် အထိုက်တန်ဆုံးသော အရာဖြစ်သည်။ သမ္မာတရားက အဖိုးတန်ဆုံးသော အရာဖြစ်သည်ကို သင် မြင်သည့်အခါ၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေ၊ ဝင့်ဝါခြင်းနှင့် မာနတို့သည် တန်ဖိုးမဲ့ကြောင်းနှင့် ဤအရာများက သင့်ကို ထိခိုက်နစ်နာနေစေပြီးဖြစ်ကြောင်း သင် သဘောပေါက်လိမ့်မည်။ ထို့ကြောင့် သင်သည် ဤအရာများကို ပစ်ပစ်ခါခါ ငြင်းလာလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို စွန့်လွတ်နိုင်လိမ့်မည်။ ထိုအရာမှာ အလွန့်အလွန် အဓိပ္ပာယ်ရှိ၏။ သို့သော်ငြားလည်း ဂုဏ်သတင်းနှင့် အဆင့်အတန်း၏ အချုပ်အချယ်များကို မစွန့်ပယ်နိုင်သေးသော လူအချို့ ရှိနေဆဲဖြစ်၏။ တစ်နေ့လုံး ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် ဦးနှောက်ခြောက်ခံစဉ်းစားပြီး အခြားသူများနှင့် ခိုက်ရန်ဖြစ်ကြသည်။ ဝင့်ဝါမှု၊ မာနတို့နှင့်ဆိုင်သော ကိစ္စအနည်းငယ်အပေါ် ၎င်းတို့ ရေးကြီးခွင့်ကျယ်လုပ်ပြီး စကားများကြသည်။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ဘုရားသခင်၏ အလိုတော်ကို မည်သို့မျှ အရေးမထားကြချေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့က အခြားမည်သည့်အရာမဆိုထက် မြင့်မားသည်ဟု ၎င်းတို့ ယူမှတ်ကြပြီး အကျိုးဆက်အနေဖြင့် သမ္မာတရား စစ်မှန်မှု အနည်းငယ်မျှမရှိဘဲ ဤအရာများအတွက် နှစ်ချီကြာအောင် အလုပ်များကြ၏။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ၊ အလွန်ညံ့ဖျင်းစွာ လုပ်ဆောင်ကြပြီး မိမိတို့ဘဝ၏ အကောင်းဆုံးနှစ်ကာလများကို အဆုံးခံကြရသည်။ ဤသည်မှာ သမ္မာတရား မလိုက်စားသူတို့၏ သနားဖွယ်ကောင်းသော အခြေအနေ ဖြစ်သည်။ ဤလူများသည် ဘုရားသခင်၌ မိမိတို့၏ ယုံကြည်မှုတွင် ဤသို့ အမှုမဲ့အမှတ်မဲ့ ဖြစ်သလိုလုပ်ကြ၏။ ဆယ်နှစ်၊ သို့မဟုတ် အနှစ်နှစ်ဆယ် လွန်သွားပြီး ၎င်းတို့သည် သမ္မာတရားနှင့် အသက်ကို မရရှိကြသေးသကဲ့သို့ ဘုရားသခင်အတွက် သက်သေမခံနိုင်ကြသေးချေ။ ကပ်ဘေးရောက်လာသည့်အခါ ကပ်ဘေးထဲတွင် မည်သည့်နေ့ရက်၌ ၎င်းတို့ သေဆုံးသွားကြရမည်ဆိုသည်ကို မသိဘဲ ၎င်းတို့ ကြက်သေသေသွားကြလိမ့်မည်ဖြစ်ပြီး ထိုအခါ နောင်တရဖို့ အလွန်နောက်ကျသွားလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရား မလိုက်စားသူတို့သည် အနှေးနှင့်အမြန် နောင်တရမည့်နေ့တစ်နေ့ ရှိလိမ့်မည်ဖြစ်သည်။ ယခုတွင်ပင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ကြောင်းကျိုးမမြင်ဘဲ လိုက်စားနေကြသေးသည့် လူများစွာရှိပြီး ၎င်းတို့ ပြုပြင်ခံကြရသည့်အခါ ကြီးမားသည့် အရှက်ရခြင်းကို ၎င်းတို့ ခံစားကြရပြီဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဝင့်ဝါမှုနင့် မာနကို ကာကွယ်ရန်အလို့ငှာ မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသည့် ကျိုးကြောင်းပြချက်များနှင့် ရှင်းပြချက်များကို မိမိတို့ကိုယ်ကိုအတွက် အစွမ်းကုန် ဖန်တီးကြ၏။ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ လက်မခံကြသကဲ့သို့ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့က အခြားမည်သည့်အရာမဆိုထက် ပိုမြင့်မားသည်ဟု ၎င်းတို့ ယူမှတ်ကြဆဲဖြစ်သည်။ ဤလူစားမျိုးသည် ထိုသို့ သနားစဖွယ် ဘဝတစ်ခုကို ရှင်သန်လေသည်။ ၎င်းတို့သည် အမိုက်မဲဆုံးနှင့် မသိနားမလည်ဆုံးသော လူများ ဖြစ်သည်။
ယခုအချိန်သည် သင်တို့၏ တာဝန်ကို လုပ်ဆောင်ရန် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား မည်သို့ စွန့်ပယ်ရမည်၊ ဘုရားသခင်၏ လမ်းပြမှုကို မည်သို့ ရရှိရမည်၊ မိမိတာဝန်ကို သစ္စာစောင့်သိစွာ မည်သို့ ထမ်းဆောင်ရမည်၊ ဘုရားသခင်၏ အလိုတော်ကို မည်သို့ ဖြည့်ဆည်းရမည်၊ သင်၏ တာဝန်များကို မည်သို့ ဖြည့်ဆည်းပြီး မိမိတာဝန်တွင် ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းအား မည်သို့ ရှောင်ရှားရမည်ဆိုသည်နှင့် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သို့ပေးရမည်ဆိုသည်တို့ကို တွေ့ကြုံရန်၊ သင်တို့၏ တာဝန်ကို လုပ်ဆောင်စဉ်တွင် ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အသိပညာကို တွေ့ကြုံပြီး ရရှိရန်နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်ရန် သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ထူးကဲသော အခွင့်အရေးပါတကား။ တစ်နေ့နေ့တွင် သင် ပြောင်းလဲပြီးဖြစ်သည့်အခါ မာန၊ အဆင့်အတန်းတို့နှင့် ပတ်သက်၍ သင်တို့သည် ရေကုန်ရေခမ်း ကြိုးပမ်းတော့မည် မဟုတ်ချေ။ သင်တို့ကို တောင်းဆိုသည့် မည်သည့်အရာကိုမဆို အလွန်ခက်သည်ဟု သင်တို့ တွေးကြလိမ့်မည်မဟုတ်သကဲ့သို့ လုပ်ဆောင်ရန် သင်တို့အတွက် လွယ်ကူလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ စည်းမျဉ်းများအတိုင်း ပြုမူရန်နှင့် အမှုအရာများစွာကို ရိပ်စားမိရန် သင်တို့အတွက် လွယ်ကူလိမ့်မည်။ သင်တို့သည် သင်တို့၏ တာဝန်ကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်စွမ်း လုံးဝ ရှိကြလိမ့်မည်ဖြစ်ပြီး လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာတစ်ခုတလေအားဖြင့် မည်သည့်အခါတွင်မျှ တစ်ဖန် ဘောင်ခတ်ခံရလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုထဲသို့ အပြည့်အဝ ဝင်ရောက်ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်