ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်
လူသားသည် အမှောင်စွမ်းအား၏ ဖုံးကွယ်ပိတ်ဆီးမှုအောက်တွင် အစဉ်နေထိုင်ပြီး စာတန်၏ စွမ်းအား၌ ချည်နှောင်ခြင်းခံရကာ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိဘဲ သူ၏ စိတ်နေသဘောထားသည် စာတန်၏ ပြုပြင်ပြင်ဆင်ပေးခြင်းကို ခံရပြီးနောက် တိုး၍အကျင့်ပျက်လာ၏။ လူသားသည် ၎င်း၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်နေသဘောထားအကြားတွင် အစဉ်သဖြင့် နေထိုင်ခဲ့ပြီး ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်စွမ်းမရှိဟု ဆိုနိုင်သည်။ ထိုသို့ဖြစ်သဖြင့် လူသားသည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ ခမ်းကြီးနားကြီးနိုင်ခြင်း၊ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်းနှင့် စာတန်၏ စိတ်သဘောထားနှင့် အလားတူသော အရာအားလုံးတို့ကို ဖယ်ရှားရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ ချစ်ခြင်းသည် မသန့်စင်သော ချစ်ခြင်း၊ စာတန်ဆန်သော ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လုံးဝမရရှိနိုင်သော ချစ်ခြင်းဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက် စုံလင်အောင်ပြုသည်ကိုခံရခြင်း၊ ချိုးဖျက်ခံရခြင်း၊ ပြုပြင်ခံရခြင်း၊ ဆုံးမပဲ့ပြင်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် စစ်ဆေးခံရခြင်း မရှိဘဲ ဘုရားသခင်ကို မည်သူမျှ စစ်မှန်စွာ ချစ်နိုင်မည် မဟုတ်ပေ။ သင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ပိုင်းသည် ဘုရားသခင်ကို ကိုယ်စားပြုသဖြင့် သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်သည်ဟု သင်ဆိုလျှင် သင်၏စကားလုံးများသည် မာနထောင်လွှားကာ သင်သည် ရယ်ဖွယ်ကောင်းသူ ဖြစ်၏။ ထိုသို့သော လူများသည် ကောင်းကင်တမန်မင်းများ ဖြစ်ကြ၏။ လူသား၏ မွေးရာပါ သဘာဝသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုနိုင်စွမ်း မရှိပေ။ လူသားသည် သူ၏ မွေးရာပါ သဘာဝကို ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းအားဖြင့် ဖယ်ရှားရမည်။ သို့မှသာလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားမှု ပြသခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းအားဖြင့်လည်းကောင်း၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကြုံရခြင်းဖြင့်လည်းကောင်း သူအသက်ရှင်နေထိုင်သောအရာသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်း ခံရနိုင်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသည့်သူတစ်ဦး မဟုတ်လျှင် ဇာတိပကတိ၌ နေထိုင်သူ မည်သူကမျှ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ သို့ရာတွင် ဤကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးအတွက်ပင်လျှင် သူ၏စိတ်သဘောထားနှင့် သူအသက်ရှင်နေထိုင်သောအရာတို့သည် ဘုရားသခင်ကို လုံးလုံး ကိုယ်စားပြုသည်ဟု မဆိုနိုင်ပေ။ သူအသက်ရှင်နေထိုင်သောအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကို ခံရသည်ဟုသာ ဆိုနိုင်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး၏ စိတ်သဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။
လူသား၏ စိတ်သဘောထားကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီး ဤသည်မှာ မေးခွန်းထုတ်စရာ မလိုသော၊ အပြုသဘောဆောင်သော အရာတစ်ခုဟု ယူဆနိုင်သော်လည်း ယင်းကို စာတန်က ပြုပြင်ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်သဘောထား တစ်ရပ်လုံးသည် စာတန်၏ စိတ်သဘောထား ဖြစ်သည်။ အချို့သောသူများက ဘုရားသခင်၏ စိတ်သဘောထားမှာ အမှုအရာများကို ပြတ်ပြတ်သားသား လုပ်ဆောင်ခြင်း၊ “တစ်ခုဆို တစ်ခု၊ နှစ်ခုဆို နှစ်ခု” ပုံစံဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းမှာ ၎င်းတို့အထဲ၌လည်း ပေါ်လွင်ထင်ရှားကြောင်း၊ ၎င်းတို့၏ ပင်ကိုစရိုက်မှာလည်း ဤကဲ့သို့ပင်ဖြစ်ကြောင်းနှင့် သို့ဖြစ်၍ ၎င်းတို့၏ စိတ်သဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုကြောင်း ပြောဆိုကြသည်။ ၎င်းတို့သည် မည်သို့သော လူသားမျိုး ဖြစ်ကြသနည်း။ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်နေသဘောထားက ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ မိမိတို့၏ စိတ်သဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟုဆိုသူ မည်သူမဆိုသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှား၍ သန့်ရှင်းသော ဝိညာဉ်တော်ကို စော်ကားသည်။ မြေကြီးပေါ်တွင် ဘုရားသခင်၏ အလုပ်သည် သိမ်းပိုက်ခြင်းအလုပ်သာ ဖြစ်ကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သော နည်းလမ်းက ပြသည်။ ထို့ကြောင့် လူသား၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်နေသဘောထား အများအပြားမှာ သန့်ရှင်းစေခြင်းပြုရဦးမည် ဖြစ်ပြီး လူသား အသက်ရှင်နေထိုင်သော အရာသည် စာတန်၏ ပုံရိပ်သာ ရှိနေသေးကာ ယင်းသည် လူသားက ကောင်းမွန်သည်ဟု ယုံကြည်သောအရာဖြစ်ပြီး ယင်းသည် လူသား၏ ဇာတိပကတိ၏ လုပ်ဆောင်ချက်များကို ကိုယ်စားပြုသည်။ ပို၍တိကျစွာ ပြောရလျှင် ယင်းသည် စာတန်ကို ကိုယ်စားပြုပြီး ဘုရားသခင်ကို လုံးဝ ကိုယ်စားမပြုနိုင်ပေ။ တစ်စုံတစ်ဦးသည် မြေကြီးပေါ်တွင် ကောင်းကင်ဘုံဘဝကို မွေ့လျော်နိုင်သည့် အတိုင်းအတာအထိ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ ရှိနှင့်ပြီး “ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် ချစ်၍မဝနိုင်ပါ” ကဲ့သို့သော ပြောဆိုမှုများ ပြုလုပ်နိုင်ကာ အမြင့်ဆုံးဘုံတွင် ရောက်နေလျှင်ပင် ထိုသူတို့သည် ဘုရားသခင်ကို အသက်ရှင်နေထိုင်သည် သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု မဆိုနိုင်သေးပေ။ အကြောင်းမှာ လူသား၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရနှင့် မတူသောကြောင့် ဖြစ်ပြီး လူသားသည် ဘုရားသခင်ကို မည်သည့်အခါမျှ အသက်ရှင်နေထိုင်နိုင်မည် မဟုတ်၊ ဘုရားဖြစ်လာရန်ကား သာ၍ပင် မဖြစ်နိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်ချက်အောက်တွင် လူသား အသက်ရှင်နေထိုင်သည့်အရာမှာ ဘုရားသခင်က လူသားကို တောင်းဆိုသည်နှင့် အညီသာ ဖြစ်သည်။
စာတန်၏ လုပ်ရပ်များနှင့် ပြုမူဆောင်ရွက်ချက်အားလုံးသည် လူသားတွင် ပေါ်လွင်ထင်ရှား၏။ ယနေ့တွင် လူသား၏ လုပ်ရပ်များနှင့် ပြုမူဆောင်ရွက်ချက် အားလုံးသည် စာတန်၏ ဖော်ပြချက်တစ်ခုဖြစ်သည့်အတွက် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်ပြီး လူသား၏ စိတ်သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားမပြုနိုင်ပေ။ လူအချို့သည် ပင်ကိုစရိုက်ကောင်းကြ၏။ ထိုသို့သော လူတို့၏ ပင်ကိုစရိုက်မှတစ်ဆင့် ဘုရားသခင်သည် အမှုအချို့ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပြီး ထိုသူတို့ ပြုသောအမှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြသည်။ သို့တိုင်အောင် သူတို့၏ စိတ်သဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။ ၎င်းတို့၌ အလုပ်လုပ်ရာတွင် ဘုရားသခင်သည် အတွင်း၌ တည်ရှိနှင့်ပြီးဖြစ်သော အရာကို အသုံးပြုရုံမျှသာ ဖြစ်ကာ လက်ရှိ “ကုန်ကြမ်း” မှ ထုတ်နုတ်ယူရုံမျှသာ ဖြစ်လေသည်။ အတိတ်ခေတ်ကာလများမှ ဘုရားသခင်၏ တမန်တော်များဖြစ်စေ၊ ဘုရားသခင် အသုံးပြုခဲ့သူများဖြစ်စေ ကိုယ်တော့်ကို မည်သူမျှ တိုက်ရိုက် ကိုယ်စားမပြုနိုင်။ လူတို့အားလုံးသည် ခြိမ်းခြောက်အကျပ်ကိုင်ခံရသည့် အခြေအနေများအောက်တွင်သာ ဘုရားသခင်ကို ချစ်လာကြပြီး သူတို့၏ဆန္ဒအလျောက် ပူးပေါင်းလုပ်ကိုင်ရန် တစ်ဦးတစ်ယာက်ကမျှ မကြိုးပမ်းပေ။ အပြုသဘောဆောင်သည့် အရာများကား အဘယ်နည်း။ ဘုရားသခင်ထံမှ တိုက်ရိုက်လာသည့် အရာအားလုံးသည် အပြုသဘောဆောင်၏။ သို့ရာတွင် လူသား၏ စိတ်သဘောထားသည် စာတန်၏ ပြုပြင်ပြင်ဆင်ပေးခြင်းကို ခံခဲ့ရပြီးဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဒုက္ခခံရန် စိတ်ပိုင်းဖြတ်ချက်၊ ဖြောင့်မတ်ခြင်း၊ ကျိုးနွံနာခံခြင်း၊ နှိမ့်ချခြင်းနှင့် ပုန်းကွယ်မှုတို့သာလျှင် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြု၏။ ဤသည်မှာ ကိုယ်တော်ကြွလာခဲ့သည့်အချိန်တွင် ကိုယ်တော်သည် အပြစ်ရှိသော သဘာဝမရှိဘဲ ဘုရားသခင်ထံမှ တိုက်ရိုက်ကြွလာခဲ့ကာ စာတန်၏ ပြုပြင်ပြင်ဆင်ပေးခြင်းကို ခံခဲ့ရခြင်း မရှိ၍ဖြစ်သည်။ ယေရှုသည် အပြစ်ရှိသည့် ဇာတိပကတိ၏ ပုံသဏ္ဌာန်သာလျှင် ရှိပြီး အပြစ်ကို ကိုယ်စားမပြုပေ။ ထို့ကြောင့် ကားစင်တင်ခြင်းအားဖြင့် ကိုယ်တော်၏အမှု အောင်မြင်စွာ မပြီးဆုံးမီ အချိန်အထိ (ကိုယ်တော့်ကို ကားစင်တင်သည့်အခိုက်အတန့် အပါအဝင်) ကိုယ်တော်၏ လုပ်ရပ်များ၊ ပြုမူဆောင်ရွက်ချက်များနှင့် နှုတ်ကပတ်တော်များ အားလုံးသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုသည်။ အပြစ်ရှိသော သဘာဝရှိသူ မည်သူမျှ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ကြောင်းနှင့် လူသား၏အပြစ်သည် စာတန်ကို ကိုယ်စားပြုကြောင်း သက်သေပြရန် ယေရှု၏ နမူနာမှာ လုံလောက်သည်။ ယင်းက အပြစ်သည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိဘဲ ဘုရားသခင်သည် အပြစ်မဲ့သည်ဟု ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူသားအပေါ် ဆောင်ရွက်ခဲ့သည့် အမှုပင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်ခဲ့ခြင်း ဖြစ်သည်ဟုသာ ယူဆနိုင်ပြီး လူက ဘုရားသခင်ကိုယ်စား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု မဆိုနိုင်ပေ။ သို့သော် လူသားနှင့်ပတ်သက်၍ သူ၏အပြစ်သည်လည်းကောင်း၊ သူ၏ စိတ်သဘောထားသည်လည်းကောင်း ဘုရားသခင်ကို ကိုယ်စားမပြုပေ။ အတိတ်ကာလမှသည် မျက်မှောက်အထိ လူသားအပေါ် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ပြီးသော အလုပ်ကို ကြည့်သော် သန့်ရှင်းသော ဝိညာဉ်တော်က လူသားအပေါ် လုပ်ဆောင်ပြီးဖြစ်သည့် အလုပ်ကြောင့်သာ လူသားသည် ၎င်းအသက်ရှင်နေထိုင်သော အရာအားလုံးရှိသည်ကို မြင်ရ၏။ သန့်ရှင်းသော ဝိညာဉ်တော်က ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း ခံရပြီးနောက် အလွန်နည်းပါးသော လူတို့သာ သမ္မာတရားအတိုင်း အသက်ရှင်နိုင်၏။ ဆိုလိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သာလျှင် ရှိပြီး လူသား၏ ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့နေသည်။ ယင်းကို သင်ယခု ရှင်းလင်းစွာ မြင်သလော။ သို့ဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေချိန်တွင် ကိုယ်တော်နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် သင်အစွမ်းကုန် မည်သို့လုပ်ဆောင်မည်နည်း။