ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၇)
ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များအကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ယခင်က ငါတို့သည် တစ်ဆယ့်လေးချက်မြောက် တာဝန်အထိ မိတ်သဟာယဖွဲ့ခဲ့ကြပြီး ဤတာဝန်အောက်တွင် မိတ်သဟာယမဖွဲ့ရသေးသော ခေါင်းစဉ်ငယ် အချို့ ရှိနေဆဲဖြစ်သည်။ ငါတို့ မိတ်သဟာယမဖွဲ့မီ ဦးစွာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ မည်မျှရှိသည်ကို ပြန်လည်သုံးသပ်ကြည့်ကြပါ။ (၁၅ချက် ရှိပါသည်။) ဖတ်ကြလော့။
(ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ
၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ယင်းတို့ကို နားလည်သဘောပေါက်ဖို့နှင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ဖို့အတွက် လူတို့ကို ဦးဆောင်လော့။
၂။ လူအမျိုးအစား တစ်မျိုးစီ၏ အခြေအနေများနှင့် အကျွမ်းတဝင်ရှိပြီး သူတို့၏ တကယ့်အသက်တာထဲ၌ ကြုံတွေ့ရသော အသက်ဝင်ရောက်မှုနှင့် စပ်ဆိုင်သည့် အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးလော့။
၃။ တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့လော့။
၄။ မသင့်တော်သောလူများကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ကာကွယ်ရန် သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်၏ ထိရောက်မှုရှိခြင်းနှင့် ချောမွေ့စွာ တိုးတက်မှုကို အာမခံရန်အလို့ငှာ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်သလို ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ချက်ချင်း ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်း ပြုလုပ်လော့။
၅။ အလုပ်ကိစ္စတစ်ခုချင်းစီ၏ အခြေအနေနှင့် ထိရောက်မှုအပေါ် အပြည့်အစုံ သဘောပေါက်ပြီး နားလည်အောင် လုပ်ထားပြီး ထိုအလုပ်က ချောမွေ့စွာ တိုးတက်ရန်အတွက် ပြဿနာများအား ဖြေရှင်းခြင်း၊ လွဲချော်မှုများအား ပြင်ဆင်ခြင်းနှင့် လစ်ဟာမှုများအား ကုစားခြင်းကို ချက်ချင်း ပြုလုပ်နိုင်စွမ်းရှိလော့။
၆။ သမ္မာတရားကို လိုက်စားသောသူအားလုံးက လေ့ကျင့်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲ အမြန်ဆုံးဝင်ရောက်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို အားပေး၍ ပျိုးထောင်လော့။
၇။ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ တစ်ဦးစီတိုင်းကို အသင့်တော်ဆုံးနေရာ၌ အသုံးချနိုင်ရန် သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုလော့။
၈။ အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေးများနှင့် အခက်အခဲများကို ချက်ချင်းသတင်းပို့ပြီး ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေလော့။
၉။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး ဆက်လက်စောင့်ကြည့်လော့။
၁၀။ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုအမျိုးမျိုးတို့ကို (စာအုပ်များ၊ စက်ပစ္စည်းအမျိုးမျိုး၊ ကောက်နှံ အစရှိသည်ဖြင့်) ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းပြီး ချင့်ချင့်ချိန်ချိန် ခွဲဝေဖြန့်ဖြူးလော့၊ ထို့ပြင် ပျက်စီးဆုံးရှုံးမှုနှင့် အလဟဿဖြစ်မှုကို အနည်းဆုံးဖြစ်စေရန် ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သည့်အပြင် ဆိုးယုတ်သောလူများက သိမ်းယူခြင်းမှလည်း ကာကွယ်တားဆီးလော့။
၁၁။ ပူဇော်သက္ကာများကို စနစ်တကျ မှတ်ပုံတင်ခြင်း၊ စာရင်းပြုစုခြင်းနှင့် စောင့်ရှောက်ထိန်းသိမ်းခြင်း တာဝန်အတွက် အထူးသဖြင့် လူ့သဘာဝ စံနှုန်းပြည့်မီမှုရှိပြီး အားကိုးလောက်သော လူများကို ရွေးချယ်လော့။ ဖြုန်းတီးမှု သို့မဟုတ် အလဟဿဖြစ်မှုများအပြင် ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်များကို ချက်ချင်း ဖော်ထုတ်နိုင်ရန် ဝင်ငွေထွက်ငွေများကို ပုံမှန် ပြန်လည်သုံးသပ်၍ စစ်ဆေးလော့။ ထိုသို့သောအရာများကို ရပ်တန့်စေပြီး ကျိုးကြောင်းညီညွတ်သော လျော်ကြေးကို တောင်းဆိုလော့။ ထို့အပြင် ပူဇော်သက္ကာများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်၍ ၎င်းတို့၏ သိမ်းပိုက်ခြင်းကို ခံရခြင်းမှ မည်သည့်နည်းဖြင့်မဆို ကာကွယ်တားဆီးလော့။
၁၂။ ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်းဆိုသလို တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့။
၁၃။ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ချုပ်ကိုင်ခြင်းနှင့် ကြီးစွာ ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်၍ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့။
၁၄။ အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့။
၁၅။ အရေးကြီးသော လုပ်ငန်းအမှုထမ်းအမျိုးမျိုးကို ကာကွယ်လျက် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးပြီး အရေးကြီးသော အလုပ်များက စနစ်ကျသောပုံစံဖြင့် ရှေ့ဆက်စေနိုင်ဖို့အတွက် ၎င်းတို့ကို လုံခြုံအောင်ထားလော့။)
ဤတာဝန် ၁၅ချက်လုံးကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားကြသလော။ (ကြားပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ၁၄ မှာ အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို သင်တို့ မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း။ ပထမ စံသတ်မှတ်ချက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်အပေါ် အခြေခံသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတို့၏ ရည်ရွယ်ချက်များကို အချက်မည်မျှအဖြစ် ငါတို့ ခွဲခြားခဲ့သနည်း။ ယင်းတို့ကို အချက်ကိုးချက်အဖြစ် ငါတို့ ခွဲခြားခဲ့သည်။ တစ်အချက်မှာ အရာရှိတစ်ဦးဖြစ်လိုသည့် မိမိ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်၊ နှစ်အချက်မှာ လိင်မတူသူကို ရှာဖွေရန်၊ သုံးအချက်မှာ ဘေးအန္တရာယ်များကို ရှောင်ရှားရန်၊ လေးအချက်မှာ အခွင့်ကောင်းယူရန်၊ ငါးအချက်မှာ အသင်းတော်ကို မှီခိုစားသောက်ရန်၊ ခြောက်အချက်မှာ ခိုလှုံရာ ရှာဖွေရန်၊ ခုနစ်အချက်မှာ အားကိုးရာ ရှာဖွေရန်၊ ရှစ်အချက်မှာ နိုင်ငံရေး ရည်မှန်းချက်များ လိုက်စားရန်၊ ကိုးအချက်မှာ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးရန် ဟူ၍ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက ၎င်းတို့၏ စိတ်သဘောထားများနှင့် ရည်ရွယ်ချက်များအပေါ် အခြေခံ၍ အမျိုးမျိုးသော လူတို့၏ အနှစ်သာရကို ပိုင်းခြားသိမြင်ခြင်း ဖြစ်သည်။ ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် လိုအပ်သော အမျိုးမျိုးသော လူတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် ဒုတိယ စံသတ်မှတ်ချက်မှာ ကဏ္ဍအမျိုးမျိုးရှိ ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရ၏ သရုပ်သကန်များအပေါ် အခြေခံသည်။ ဤစံသတ်မှတ်ချက်တွင် သရုပ်သကန် မည်မျှ ပါဝင်သနည်း။ တစ်အချက်မှာမှာ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရသည်ကို နှစ်သက်ခြင်း၊ နှစ်အချက်မှာ အခွင့်ကောင်းယူရသည်ကို နှစ်သက်ခြင်း၊ သုံးအချက်မှာ အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမရှိခြင်း၊ လေးအချက်မှာ လက်စားချေလိုစိတ်ရှိခြင်း၊ ငါးအချက်မှာ မိမိ၏ နှုတ်ကို မစောင့်စည်းနိုင်ခြင်း၊ ခြောက်အချက်မှာ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးသဖြင့် မည်သူမျှ ရန်မစရဲခြင်း၊ ခုနစ်အချက်မှာ အကျင့်ပျက်သော လုပ်ရပ်များကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခြင်း၊ ရှစ်အချက်မှာ အချိန်မရွေး သစ္စာဖောက်ဖျက်နိုင်ခြင်း၊ ကိုးအချက်မှာ အချိန်မရွေး ထွက်ခွာနိုင်ခြင်း၊ တစ်ဆယ်အချက်မှာ တုံ့ဆိုင်းခြင်း၊ တစ်ဆယ့်တစ်အချက်မှာ ကြောက်တတ်ပြီး သံသယဖြစ်ခြင်း၊ တစ်ဆယ့်နှစ်အချက်မှာ ပြဿနာရှာလိုစိတ်ရှိခြင်း၊ တစ်ဆယ့်သုံးအချက်မှာ ရှုပ်ထွေးသော နောက်ခံရှိခြင်းဟူ၍ စုစုပေါင်း သရုပ်သကန် ၁၃ချက် ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ၁၄ မှာ အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ ဟူ၍ ဖြစ်သည်။ ပထမ စံသတ်မှတ်ချက်ဖြစ်သည့် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၏ ရည်ရွယ်ချက်နှင့် သက်ဆိုင်သော ကိစ္စရပ်များကို မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဒုတိယ စံသတ်မှတ်ချက်ဖြစ်သည့် ၎င်းတို့၏ လူ့သဘာဝ၏ ပထမ ကိစ္စရပ် ခုနစ်ခုကိုလည်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ယနေ့တွင် ငါတို့သည် ၎င်းတို့၏ လူ့သဘာဝ၏ ရှစ်ချက်မြောက် သရုပ်သကန်ဖြစ်သည့် “အချိန်မရွေး သစ္စာဖောက်ဖျက်နိုင်စွမ်းရှိခြင်း” မှစ၍ မိတ်သဟာယဖွဲ့ကြမည်။
အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၆)
ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ
၂။ လူ့သဘာဝကို အခြေခံ၍
ဇ။ အချိန်မရွေး သစ္စာဖောက်နိုင်ခြင်း
အချိန်မရွေး အသင်းတော်ကို သစ္စာဖောက်နိုင်စွမ်း ရှိကြောင်း သိသာစွာ ဖော်ပြသော ဤသို့သော လူစားမျိုးကို သင်တို့ သတိပြုမိနိုင်ကြသည် မဟုတ်လော။ ဤလူတို့နှင့်ဆိုင်သော ပြဿနာသည် အလွန်ဆိုးရွားသလော။ (ဆိုးရွားပါသည်။) အချို့လူများသည် ၎င်းတို့ ကြောက်တတ်သောကြောင့် အသင်းတော်ကို သစ္စာဖောက်ကြပြီး အချို့မှာမူ ၎င်းတို့၏ ဆိုးယုတ်သော လူ့သဘာဝ သို့မဟုတ် အခြားကိစ္စများကြောင့် ထိုသို့ပြုကြသည်။ အကြောင်းရင်း မည်သို့ပင်ဖြစ်စေ ဤသို့သော လူစားမျိုးသည် အချိန်မရွေး ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်နိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်နိုင်သည်ဟူသောအချက်က ၎င်းတို့သည် အားကိုးမရသောသူများဖြစ်ကြောင်း ပြသနေသည်။ ညီအစ်ကိုမောင်နှမများ နေထိုင်သည့်နေရာ၊ အသင်းတော်ခေါင်းဆောင်များ မည်သူဖြစ်သည်၊ အသင်းတော် မည်သည့်အလုပ်တွင် ပါဝင်ပတ်သက်နေသည် သို့မဟုတ် မည်သူက မည်သည့်အရေးကြီးသော အလုပ်များနှင့် တာဝန်များကို ထမ်းဆောင်သည်ဟူသည့် အသင်းတော်နှင့်ပတ်သက်သော အရေးကြီးသည့် အချက်အလက်အချို့ သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြောင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်အချို့ကို ၎င်းတို့ သိရှိထားပါက အန္တရာယ်ပေါ်ပေါက်လာသည့်အခါ သို့မဟုတ် အချို့သော အထူးအခြေအနေများတွင် ဤအချက်အလက်ကို ပေါက်ကြားစေနိုင်ပြီး အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်နိုင်သည်။ ၎င်းတို့ ဤသို့ပြုလုပ်ရသည့် အကြောင်းရင်းတစ်ခုမှာ မိမိတို့ကိုယ်ကို ကာကွယ်ရန်နှင့် မိမိတို့၏ လုံခြုံရေးကို အာမခံချက်ရှိစေရန် ဖြစ်နိုင်သည်။ တစ်ဖက်တွင်လည်း ၎င်းတို့သည် ဤအချက်အလက်ကို အလေးအနက် မထားဘဲ ကိုယ်ကျိုးအတွက် အလဲအလှယ်လုပ်ကာ အချိန်မရွေး ဖွင့်ပြောနိုင်ပြီး သစ္စာဖောက်နိုင်စွမ်းရှိလျက် ဤနည်းလမ်းဖြင့် တမင်တကာ ပြုမူခြင်းလည်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် အချို့လူများသည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြီး စစ်ကြောမေးမြန်းနေစဉ်အတွင်း အဆင်းနီသော နဂါးကြီးက ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း သို့မဟုတ် ဝန်ခံထွက်ဆိုစေရန် ညှဉ်းပန်းနှိပ်စက်ခြင်းကိုပင် အသုံးပြုကာ ၎င်းတို့ စကားပြောဆိုပါက လွှတ်ပေးမည်ဖြစ်ကြောင်း ဤလူတို့ကို ပြောဆိုသောကြောင့် ၎င်းတို့သည် မိမိတို့၏ လွတ်လပ်မှုအတွက် အလဲအလှယ်အနေဖြင့် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်အကြောင်း ၎င်းတို့သိသမျှ အချက်အလက်အားလုံးကို ရန်သူလက်ပေးအပ်ကြသည်။ ဤသို့သော လူစားမျိုးသည် စံပြ ယုဒများ ဖြစ်ကြသည်။ ငါ့ကို ပြောလော့၊ စံပြ ယုဒများဖြစ်သည့် လူစားမျိုးကို မည်သို့ ဆက်ခံပြီး ကိုင်တွယ်သင့်သနည်း။ (ဤသို့သော လူစားမျိုးကို ချက်ချင်း နှင်ထုတ်သင့်ပြီး ကျိန်လည်း ကျိန်ဆဲသင့်ပါသည်။) အများအားဖြင့် ဤစံပြ ယုဒများသည် တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ အသင်းတော်နှင့်ပတ်သက်သည့် အခြေအနေအချို့ကို စုံစမ်းမေးမြန်းကာ သို့မဟုတ် သိရှိကာ ယင်းကို စိတ်ထဲ၌ မှတ်ထားကြသည်။ နောက်ပိုင်းတွင် အခြေအနေတစ်ရပ်ရပ် ၎င်းတို့အပေါ် ကျရောက်ပြီး ဖမ်းဆီးခြင်းခံရသည်နှင့်တစ်ပြိုင်နက် ဤအချက်အလက်ကို ၎င်းတို့ ဝန်ခံထွက်ဆိုကြသည်။ အပေါ်ယံအားဖြင့် ဤအသေးစိတ် အချက်အလက်များအကြောင်း ၎င်းတို့၏ စုံစမ်းမေးမြန်းခြင်းနှင့် သိရှိခြင်းသည် အဆင်းနီသော နဂါးကြီးထံ အချက်အလက်ကို တမင်တကာ ဝန်ခံထွက်ဆိုရန် ရည်ရွယ်ချက်အတွက် မဟုတ်ဟု ထင်ရနိုင်သော်လည်း ၎င်းတို့ ဖမ်းဆီးခြင်းခံရသည့်အခါ မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ကြတော့ပေ။ ရလဒ်အနေဖြင့် ၎င်းတို့၏ ဝန်ခံထွက်ဆိုမှုသည် အသင်းတော်အတွက် ဆိုးကျိုးအချို့ကို သယ်ဆောင်လာသည်။ သို့ဖြစ်၍ ဤအသေးစိတ်အချက်အလက်များအကြောင်း ၎င်းတို့၏ သာမန်ကာလျှံကာ စုံစမ်းမေးမြန်းခြင်းနှင့် သိရှိခြင်းသည် သာမန် စကားစမြည်ပြောခြင်း သို့မဟုတ် အလဟဿ ဖြစ်သော စကားပြောဆိုခြင်း သဘောသဘာဝမျိုး မဟုတ်တော့ဘဲ တမင်တကာနှင့် ရည်ရွယ်ချက်ရှိရှိ ထိုသို့ပြုလုပ်နေခြင်း ဖြစ်သည်။ ဤအရာက ၎င်းတို့ နောက်ပိုင်းတွင် ယုဒများဖြစ်လာရန်အတွက် အခြေအနေများကို ပြင်ဆင်ပေးသည်။ အခြားသူများ၏ အချက်အလက်ကို သာမန်ကာလျှံကာ ရန်သူလက်ပေးအပ်သော လူတို့၏ ပြဿနာကို သမ္မာတရား မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ၎င်းတို့ကို သတိပေးခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) အဘယ်ကြောင့် မဖြေရှင်းနိုင်သနည်း။ (ဤသို့သော လူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး သမ္မာတရားကို လက်ခံမည်မဟုတ်သောကြောင့် ၎င်းတို့နှင့် သမ္မာတရား မိတ်သဟာယဖွဲ့ခြင်းသည် အချည်းနှီးဖြစ်သောကြောင့် ဖြစ်ပါသည်။) အခြားသူများကို သာမန်ကာလျှံကာ ဒုက္ခပေးနိုင်သော ဤသို့သော ဆိုးယုတ်သည့်လူကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ဖြေရှင်းနည်း တစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ ၎င်းတို့ကို ရှင်းလင်းပစ်ရန် ဖြစ်သည်၊ အကြောင်းမှာ ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာသည် ညီအစ်ကိုမောင်နှမများကို ဒုက္ခပေးရုံသာမက အသင်းတော်၏အလုပ်ကိုလည်း နှောင့်ယှက်သောကြောင့် ဖြစ်သည်။ ဤသို့သော အပြုအမူကို ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်းနှင့် အသင်းတော်ကို သစ္စာဖောက်ခြင်းအဖြစ် သတ်မှတ်နိုင်သောကြောင့် ဤသို့သော လူစားမျိုးကို ရှင်းလင်းပစ်ရမည် သို့မဟုတ် နှင်ထုတ်ရမည် ဖြစ်သည်။ ဤသို့သော လူစားမျိုးကို အန္တိခရစ်များအဖြစ် မသတ်မှတ်နိုင်သော်လည်း အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော ဆိုးယုတ်သည့်လူများအဖြစ် ၎င်းတို့ကို သတ်မှတ်ရန် လုံလောက်သော အခြေခံအကြောင်းများ ရှိသည်။ သို့ဖြစ်၍ ဤသို့သော လူစားမျိုးကို ရှင်းလင်းပစ်ခြင်းသည် စည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်။ ဤလူတို့သည် သမ္မာတရားကို စိတ်မဝင်စားကြပေ၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အသေးစိတ် အချက်အလက်များအပြင် အချို့သော ညီအစ်ကိုမောင်နှမများ၏ အသေးစိတ် အချက်အလက်များကို နေရာအနှံ့ လိုက်လံ စုံစမ်းမေးမြန်းရသည်ကို နှစ်သက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး သမ္မာတရားများစွာကို နားမလည်ခဲ့ကြသည့်တိုင် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ညီအစ်ကိုမောင်နှမများ၏ မိသားစုများအကြောင်း အချက်အလက် အတော်များများကိုမူ စုဆောင်းထားပြီးဖြစ်သည်။ မည်သည့် ညီအစ်ကို သို့မဟုတ် ညီအစ်မကို စကားထဲထည့်ပြောသည်ဖြစ်စေ ၎င်းတို့သည် အခြားသူများကို အလွန်အံ့အားသင့်စေသည့် ထိုညီအစ်ကိုမောင်နှမတို့၏ အသေးစိတ်အချက်အလက်အချို့ကို မျှဝေနိုင်သည်။ ၎င်းတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ မဟုတ်သော်လည်း အုပ်ချုပ်ရေးဆိုင်ရာအလုပ်၊ ဌာနခွဲအမျိုးမျိုး၏ တာဝန်ခံများနှင့် ပြင်ပကိစ္စများနှင့် သက်ဆိုင်သော အလုပ်အချို့ကဲ့သို့သော အသင်းတော်၏ အချို့သော အတွင်းရေးကိစ္စများကို စုံစမ်းမေးမြန်းရန် အစဉ် စိတ်အားထက်သန်ကြသည်။ မည်သူက မည်သည့်နေရာများသို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် သွားခဲ့သည်၊ မည်သည့်အချိန်တွင် ထွက်ခွာခဲ့သည်၊ မည်သူ ရာထူးတိုးခဲ့သည်၊ မည်သူ ဖြုတ်ချခံခဲ့ရသည်၊ အသင်းတော်အလုပ်၏ အချို့သော ကဏ္ဍများ မည်သို့ တိုးတက်နေသည်တို့ကို ၎င်းတို့ မကြာခဏ မေးမြန်းကြသည်။ ဤအရာများအကြောင်း စုံစမ်းမေးမြန်းပြီးနောက် ၎င်းတို့သည် ထိုအချက်အလက်ကို နေရာအနှံ့ ဖြန့်ဝေကြသည်။ သာ၍ပင် ရွံရှာဖွယ်ကောင်းသည်မှာ အချို့လူများသည် ၎င်းတို့ မေးမြန်းပြီးနောက် စုဆောင်းရရှိခဲ့သော အချက်အလက်ကို ချရေးထားကြခြင်းပင် ဖြစ်သည်။ ဤအရာက ၎င်းတို့တွင် မသမာသော ရည်ရွယ်ချက်များ ရှိကြောင်း မပြသပေလော။ (ပြပါသည်။) အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် မိမိတို့၏ ကိုယ်ပိုင်ကိစ္စများကို မှတ်တမ်းတင်သည့်အခါ ၎င်းတို့သည် လျှို့ဝှက်သင်္ကေတ သို့မဟုတ် လျှို့ဝှက်ဘာသာစကားကို အသုံးပြုရန် သိကြသော်လည်း အခြားသူများ၏ အချက်အလက်ကို မှတ်တမ်းတင်သည့်အခါ ဉာဏ်ပညာ အနည်းငယ်မျှပင် ပြသသည့် နည်းလမ်းတစ်ခုကို အသုံးပြုရမည့်အစား ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အမည်၊ ရုပ်ရည်၊ အသက်၊ ဖုန်းနံပါတ်များနှင့် အခြားအသေးစိတ်အချက်အလက်များကို ချရေးထားကြသည်။ ၎င်းတို့သည် သစ္စာဖောက်ရန် ရည်ရွယ်နေခြင်း မဟုတ်လော။ ၎င်းတို့တွင် မကောင်းသော ရည်ရွယ်ချက်များ ရှိပြီး အမှန်ပင် သစ္စာဖောက်ရန် ရည်ရွယ်ကြသည်။ အန္တရာယ်ရှိသော တစ်စုံတစ်ရာ ဖြစ်ပွားပြီး ရဲက ၎င်းတို့ မှတ်တမ်းတင်ထားသော အချက်အလက်ကို သိမ်းဆည်းသွားသည်နှင့်တစ်ပြိုင်နက် ရဲသည် ညှဉ်းပန်းနှိပ်စက်ခြင်းကိုပင် အသုံးမပြုဘဲ ၎င်းတို့ကို ခြိမ်းခြောက်၍ ခြောက်လှန့်ရုံမျှဖြင့် ၎င်းတို့သည် မည်သည့်အရာကိုမျှ မထိမ်ချန်ထားဘဲ အရာအားလုံးကို အသေးစိတ် ချက်ချင်း ဝန်ခံထွက်ဆိုကြသည်။ ၎င်းတို့ မေ့နေသောအရာများအတွက်မူ မှတ်မိရန် ဦးနှောက်ခြောက်အောင်ပင် စဉ်းစားကြပြီး တစ်စုံတစ်ရာကို ပြန်အမှတ်ရသည်နှင့်တစ်ပြိုင်နက် ရဲကို ချက်ချင်း ပြောပြကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အိမ်များသို့၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အိမ်များသို့၊ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ နေရာထိုင်ခင်းများသို့ပင် ရဲကို ဦးဆောင်ခေါ်သွားကာ ထိုလူတို့ကို ဖမ်းဆီးစေသည်။ ဤသို့သော လူစားမျိုးသည် အလွန်အမင်း ယုတ်မာသည်ဟု သင်တို့ မထင်သလော။ (ထင်ပါသည်။) ၎င်းတို့ အခြားသူများကို မသစ္စာမဖောက်မီတွင် ၎င်းတို့၏ အပြုအမူသည် အန္တိခရစ်တစ်ဦးကဲ့သို့ ထင်ရရန် မဆိုထားနှင့်၊ ဆိုးယုတ်သောလူတစ်ဦးကဲ့သို့ မထင်ရပေ။ ယင်းမှာ သာမန် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး၏ သရုပ်သကန်များသာ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ၎င်းတို့ ဖမ်းဆီးခြင်းခံရသည်နှင့်တစ်ပြိုင်နက် မည်သည့် ညီအစ်ကိုမောင်နှမကိုမဆို အလွယ်တကူ သစ္စာဖောက်နိုင်စွမ်း ရှိကြသည်။ ဤသရုပ်သကန် တစ်ခုတည်းကပင် ၎င်းတို့ကို ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များထက် သာ၍ပင် ယုတ်မာစေသည်။ ၎င်းတို့၏ ဇာတိပကတိသည် အလွန်အားနည်းပြီး နောက်ထပ် မခံနိုင်တော့သောကြောင့် ပြင်းထန်သော အကျပ်ကိုင်မှု၊ ညှဉ်းပန်းမှုနှင့် ဖိနှိပ်မှုတို့အောက်တွင် အရေးမပါသော အချက်အလက်အနည်းငယ်ကို ထုတ်မပြောဘဲ မနေနိုင်ခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ထောက်ထားရန် မဆိုထားနှင့်၊ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို မည်သို့မျှ မထောက်ထားဘဲ ၎င်းတို့သိသမျှ အချက်အလက်အားလုံးကို တက်တက်ကြွကြွနှင့် မဆင်မခြင် ထုတ်ပြောကြသည်။ ဤသည်မှာ အလွန်ပင် ယုတ်မလှပါတကား။ ဤသည်မှာ ယုဒများဖြစ်သည့် လူစားမျိုး၏ သရုပ်သကန်များထဲမှ တစ်ခု ဖြစ်သည်။
နောက်ထပ် လူစားတစ်မျိုးရှိသေးသည်၊ ၎င်းတို့သည် အနည်းငယ်မျ ထိပါးခံရသည်နှင့် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို တိုင်ကြားရန် ကြိုးပမ်းကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် သဘာဝဘေးအန္တရာယ်များ၊ နာမကျန်းမှု သို့မဟုတ် ခိုးမှုတို့ကို ကြုံတွေ့ရသည့်အခါ ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်ကြပြီး ညီအစ်ကိုမောင်နှမများက မေတ္တာကင်းမဲ့ကာ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရာတွင် မကူညီကြောင်းကိုလည်း စောဒကတက်ကြသည်။ ဤအရာက ၎င်းတို့ကို အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်လိုစိတ် ဖြစ်ပေါ်စေသည်။ အချို့လူများသည် မဆင်မခြင်သော အမှားများကို ကျူးလွန်ပြီး ပြုပြင်ခြင်းခံရကာ ညီအစ်ကိုမောင်နှမများကလည်း ၎င်းတို့နှင့် ခပ်ကင်းကင်းနေကြသည်၊ ဤအရာက ၎င်းတို့ကို ဘုရားအိမ်တော်သည် မေတ္တာကင်းမဲ့သည်ဟု ခံစားရစေသောကြောင့် ၎င်းတို့က “သင်တို့အားလုံး ကျွန်ုပ်ကို မနှစ်သက်ကြဘူး မဟုတ်လား။ သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြသည် မဟုတ်လား။ ဘုရားကို ယုံကြည်ခြင်းမှ ကောင်းချီးများကို ကျွန်ုပ် အမှန်တကယ် ရရှိနိုင်သေးသလော။ ကောင်းချီးများ မရရှိလျှင် သင်တို့အားလုံးကို ကျွန်ုပ် တိုင်ကြားမည်” ဟု ရှေ့နောက်မစဉ်းစားဘဲ ပြောထွက်ကြသည်။ ဤသည်မှာ ထိုသို့သောလူများထံမှ “ပုံစံတကျ”အဖြစ်ဆုံးသော စကားပင် ဖြစ်သည်။ “ကောင်းချီးများ မရရှိလျှင် သင်တို့အားလုံးကို ကျွန်ုပ် တိုင်ကြားမည်” ဟူသော ဤပြောစကားသည် ၎င်းတို့အတွက် “ပုံစံတကျ” ဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောရသနည်း။ အကြောင်းမှာ ဤပြောစကားသည် ၎င်းတို့၏ လူ့သဘာဝကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ ဤစကားစုသည် မကျေနပ်စရာ အခြေအနေများစွာကို ကြုံတွေ့ပြီးနောက် သို့မဟုတ် နက်ရှိုင်းစွာ အမြစ်တွယ်နေသော မကျေမချမ်း ဖြစ်ခြင်းကြောင့် ၎င်းတို့၏ အမုန်းတရားကို ထုတ်ဖော်ရန်သက်သက် ပြောဆိုသည့်အရာတစ်ခု မဟုတ်သကဲ့သို့ အခိုက်အတန့်အတွင်း ပေါက်ကွဲထွက်ခြင်းလည်း မဟုတ်ပေ။ ထိုအစား ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပြည့်နှက်နေပြီး အချိန်မရွေး ထုတ်ဖော်နိုင်သည့်အရာ ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အချိန်ကြာမြင့်စွာ တည်ရှိနေပြီး မည်သည့်အခိုက်အတန့်တွင်မဆို ပေါက်ကွဲထွက်နိုင်သည့်အရာ ဖြစ်သည်။ ဤအရာက ၎င်းတို့၏ လူ့သဘာဝကို ကိုယ်စားပြုသည်။ ၎င်းတို့၏ လူ့သဘာဝသည် ဤမျှ ယုတ်ညံ့သည်၊ မည်သူမဆို ၎င်းတို့ကို ရန်စပါက သို့မဟုတ် ထိခိုက်ပါက ထိုသူကို အချိန်မရွေး သစ္စာဖောက်နိုင်စွမ်းရှိကြသည်။ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၎င်းတို့သည် အလုပ်အစီအစဉ်များ သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အနည်းငယ် ပြုပြင်ပါက ၎င်းတို့သည် မကျေမချမ်းဖြစ်ကာ ဒေါသထွက်လာသည်၊ မကျေမနပ်ဖြစ်လာသည်၊ ထို့နောက် “သင်တို့ကို ကျွန်ုပ် တိုင်ကြားမည်။ သင်နေထိုင်သည့်နေရာကို ကျွန်ုပ်သိသည်၊ သင်၏ အမည်နှင့် မျိုးရိုးနာမည်ကို ကျွန်ုပ်သိသည်” ကဲ့သို့သော စကားများကို ပြောဆိုကြသည်။ ဤသို့သော လူစားမျိုးကို သင်တို့ မဖျောင်းဖျပါက ၎င်းတို့သည် သင်တို့ကို အမှန်တကယ် သစ္စာဖောက်ကောင်း ဖောက်လိမ့်မည်။ ၎င်းတို့သည် မည်သူ့ကိုမျှ ခြောက်လှန့်ရန် ကြိုးစားနေခြင်း မဟုတ်သကဲ့သို့ ဒေါသထွက်နေချိန်တွင် ပြောဆိုနေခြင်းလည်း မဟုတ်ပေ၊ တစ်စုံတစ်ဦးက ၎င်းတို့ကို အမှန်တကယ် စော်ကားပါက သို့မဟုတ် ဒေါသထွက်စေပါက ထိုသူကို သစ္စာဖောက်ရန် လုံးဝ စွမ်းဆောင်နိုင်ကြသည်။ အချို့လူများက “၎င်းတို့ကို အဘယ်ကြောင့် ကြောက်ရမည်နည်း” ဟု ပြောဆိုကြသည်။ ငါတို့က ၎င်းတို့ကို ကြောက်နေခြင်း မဟုတ်ပေ။ ဤအရာသည် ဒီမိုကရေစီနှင့် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံတွင် ဖြစ်ပွားခဲ့ပါက ၎င်းတို့၏ သစ္စာဖောက်ခြင်းကို ငါတို့ ကြောက်မည်မဟုတ်ပေ။ သို့သော် အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ၎င်းတို့ အမှန်တကယ် သစ္စာဖောက်ပါက ညီအစ်ကိုမောင်နှမများအတွက် ဒုက္ခရောက်စေနိုင်ပြီး အသင်းတော်၏အလုပ်ကို ထိခိုက်စေနိုင်သည်။ ညီအစ်ကိုမောင်နှမများ အမှန်တကယ် ဖမ်းဆီးခြင်းခံရပါက အဆင်းနီသော နဂါးကြီးသည် ယင်းကို တစ်ဆိတ်ကိုတစ်အိတ် လုပ်မည် ဖြစ်သည်။ ၎င်းတို့ အားနည်းချက်တစ်ခုကို တွေ့သည်နှင့်တစ်ပြိုင်နက် လူများကို အဆုံးမရှိ ဆက်လက်ဖမ်းဆီးကြလိမ့်မည်။ ထိုသို့သော အခြေအနေတွင် အလွန်များပြားသော လူတို့၏ အသင်းတော်အသက်တာသည် ထိခိုက်မည်ဖြစ်ပြီး အလွန်များပြားသော လူတို့၏ ပုံမှန်တာဝန်ထမ်းဆောင်မှုသည် ထိခိုက်မည် ဖြစ်သည်။ ဤသည်တို့မှာ အတော်ပင် ဆိုးရွားသော အကျိုးဆက်များ မဟုတ်လော။ သင်တို့ ဤအရာများကို ထည့်သွင်းစဉ်းစားရမည်။ ဤသို့သော လူစားမျိုးသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ အစဉ် ဒေါသတကြီး ဝုန်းဒိုင်းကြဲတတ်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို မပျော်ရွှင်စေသည့်အရာတစ်ခုကို ပြောဆိုပါက သို့မဟုတ် ၎င်းတို့၏ ပြဿနာများကို ဖော်ထုတ်ပြီး ဒေါသထွက်စေပါက ၎င်းတို့သည် ထိုသူအပေါ် စိတ်ဆိုးပြီး ရက်ပေါင်းများစွာ စကားမပြောဘဲပင် ရှိကောင်းရှိမည်ဖြစ်ကာ သင်က ၎င်းတို့ကို သွားရှာပြီး တာဝန်ထမ်းဆောင်ရန် တောင်းဆိုသည့်အခါ ထိုတောင်းဆိုချက်ကို ၎င်းတို့ လျစ်လျူရှုကြသည်။ ဤသို့သော လူစားမျိုးနှင့် ပေါင်းသင်းဆက်ဆံရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်လော။ လူတစ်စုထဲတွင် ဆိုးယုတ်သောလူများက “မည်သူမဆို ကျွန်ုပ်ကို ကျော်လျှင် ကျွန်ုပ်သည် အလွတ်ပေးမည် မဟုတ်။ သင် အတိအကျ မည်သည့်နေရာတွင် နေသည်ကို ကျွန်ုပ်သိသည်၊ သင့်ပြတင်းပေါက် လိုက်ကာအရောင်ကိုပင် ကျွန်ုပ်သိသည်။ သင်တို့ စုဝေးသည့်နေရာနှင့် ခေါင်းဆောင်များ၊ အမှုဆောင်များ နေသည့်နေရာတို့ကို ကျွန်ုပ် ကောင်းကောင်း သိသည်” ကဲ့သို့သော စကားများကို ပြောဆိုသည်ကို သင်တို့ မကြာခဏ ကြားရသည်။ ဤသို့သော လူစားမျိုးသည် အန္တရာယ်ရှိသော ပုဂ္ဂိုလ်များဖြစ်သည်ဟု သင်တို့ ပြောမည်လော။ (ပြောပါမည်။) ၎င်းတို့သည် ပုံစံတကျယုဒများ ဖြစ်ကြသည်။ အရာအားလုံး ပုံမှန်ဖြစ်နေသည့်အခါ၌ပင် ၎င်းတို့သည် သစ္စာဖောက်ရန် မိမိတို့သဘောအတိုင်း ပြုလုပ်ကောင်း ပြုလုပ်ကြဦးမည်။ ပြီးလျှင် မတော်တဆမှု တစ်စုံတစ်ရာ ရှိပါက ယုဒဖြစ်ရန် ပထမဆုံး ခုန်ထွက်လာမည့်သူများ ဖြစ်ကြလိမ့်မည်။ သို့ဖြစ်၍ ဤသို့သော လူစားမျိုးကို အသင်းတော်၌ တွေ့ရှိပါက ၎င်းတို့ကို တတ်နိုင်သမျှ အစောဆုံး ရှင်းလင်းပစ်သင့်သည် သို့မဟုတ် နှင်ထုတ်သင့်သည်။ ဤသို့သော လူစားမျိုးတွင် အခြား မည်သည့် သရုပ်သကန်များ ရှိသေးသနည်း။ ဥပမာအားဖြင့် စုဝေးပွဲများအတွင်း ညီအစ်ကိုမောင်နှမများသည် ပုံမှန်တွေ့ဆုံကြသောကြောင့် အပြန်အလှန် နှုတ်ဆက်စကားပြောဆိုရန် မလိုအပ်ပေ။ အချိန်တန်သည့်အခါ ၎င်းတို့သည် စုဝေးပွဲကို စတင်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ သမ္မာတရားကို မိတ်သဟာယဖွဲ့ကြသည်။ သို့သော် ဒေါသတကြီး ဝုန်းဒိုင်းကြဲတတ်သောသူတို့သည် မည်သူမျှ ၎င်းတို့ကို အာရုံမစိုက်ကြောင်း သို့မဟုတ် မနှုတ်ဆက်ကြောင်း မြင်သည့်အခါ ဒေါသထွက်ကြသည်။ ၎င်းတို့က “သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြသလော။ ဟွန်း၊ သင်တို့တစ်ယောက်မျှ ကျွန်ုပ်ကို မကြိုဆိုကြ၊ ကောင်းပြီလေ၊ ဤသည်မှာ အဆင်ပြေပါသည်၊ သင်တို့ကို ကိုင်တွယ်ရန် ကျွန်ုပ်တွင် နည်းလမ်းတစ်ခု ရှိသည်။ အသင်းတော်ခေါင်းဆောင်များ နေသည့်နေရာကို ကျွန်ုပ်သိသည်၊ သင်တို့၏ တာဝန်များကို ထမ်းဆောင်သည့်နေရာနှင့် သင်တို့လုပ်ဆောင်နေသည့် အလုပ်တို့ကို ကျွန်ုပ်သိသည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သူက ဧည့်ခံနေသည်၊ ပူဇော်သက္ကာများကို မည်သူက ကာကွယ်စောင့်ရှောက်သည်၊ စာအုပ်များ ပုံနှိပ်ခြင်းကို မည်သူက ကိုင်တွယ်သည်နှင့် ယင်းတို့ကို လိုက်လံပို့ဆောင်ရန် မည်သူက တာဝန်ရှိသည်တို့ကို ကျွန်ုပ်သိသည်၊ သင်တို့အားလုံးကို ကျွန်ုပ် တိုင်ကြားမည်။ အသင်းတော်အကြောင်း အရာအားလုံးကို ကျွန်ုပ် ရဲထံတိုင်ကြားမည်” ဟု မစဉ်းမစား ပြောထွက်ကြသည်။ လူများက ၎င်းတို့ကို အဆုံးစွန်သော လေးစားမှုဖြင့် ဆက်ဆံပါက အရာအားလုံး အဆင်ပြေသည်။ သို့သော် တစ်စုံတစ်ဦးက ၎င်းတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည် သို့မဟုတ် ရန်စသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ပြဿနာတစ်ခု ဖြစ်လာသည်၊ ၎င်းတို့သည် လက်စားချေခြင်းနှင့် သစ္စာဖောက်ခြင်းတို့ကို ကြိုးပမ်းကြလိမ့်မည်။ ၎င်းတို့ကို မပျော်ရွှင်စေသော သို့မဟုတ် မကျေမနပ်ဖြစ်စေသော တစ်စုံတစ်ရာကို ကြုံတွေ့ရသည့်အခါတိုင်း ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော် ခေါင်းဆောင်များကို ပြင်းထန်သော ခြိမ်းခြောက်မှုများ ပြုလုပ်ကြသည်။ ဤသို့သော လူစားမျိုးသည် ကြောက်စရာကောင်းပြီး အန္တရာယ်ရှိသည်ဟု သင်တို့ ပြောမည်လော။ (၎င်းတို့သည် အန္တရာယ်ရှိပါသည်။) ဤသို့သော လူစားမျိုးသည် အချိန်မရွေး သစ္စာဖောက်နိုင်စွမ်းရှိသော ယုဒများ ဖြစ်ကြသည်၊ ၎င်းတို့သည် အန္တရာယ်ရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
အချိန်မရွေး သစ္စာဖောက်နိုင်စွမ်းရှိသော လူတို့၏ နောက်ထပ် သရုပ်သကန်တစ်ရပ် ရှိသေးသည်။ ဥပမာအားဖြင့် အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ပြည်နယ်နှင့် မြို့အသီးသီး၌ တည်ထောင်ထားသော အသင်းတော်အရေအတွက်၊ အသင်းတော်တစ်ခုစီတွင် လူမည်မျှရှိသည်၊ ခေါင်းဆောင်များ မည်သူဖြစ်သည်၊ အသင်းတော် မည်သည့်အလုပ်တွင် ပါဝင်ပတ်သက်နေသည် စသည့် ဤအရာများကို အထူးလျှို့ဝှက်ထားရမည် ဖြစ်သည်။ ဘာသာတရားမရှိသော မိသားစုဝင်များနှင့် ဆွေမျိုးများကိုပင် သတိထားရမည်ဖြစ်ပြီး အသင်းတော်အတွက် နောင်အနာဂတ် ပြဿနာများကို ကာကွယ်ရန် ဤအချက်အလက်ကို မည်သည့်အခါမျှ မပေါက်ကြားစေရ။ သို့သော် မသမာသော ရည်ရွယ်ချက်များ ရှိသော ဤအန္တရာယ်ရှိသည့် ပုဂ္ဂိုလ်များသည် ထိုသို့သောအရာများကို စုံစမ်းမေးမြန်းရန် အစဉ် ကြိုးပမ်းကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပြောပြရန် ငြင်းဆိုပါက ၎င်းတို့က “အဘယ်ကြောင့် သင်တို့အားလုံးက ဤအရာများကို သိနေပြီး ငါတစ်ယောက်တည်းသာ မည်သည့်အရာမျှ မသိဘဲ ကျန်ရစ်ရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို မပြောပြသနည်း။ သင်တို့သည် ကျွန်ုပ်ကို ညီအစ်ကိုမောင်နှမ တစ်ဦးအဖြစ် မဟုတ်ဘဲ အပြင်လူတစ်ဦးကဲ့သို့ သဘောထားနေကြသလော။ ကောင်းပြီလေ၊ သို့ဆိုလျှင် သင်တို့ကို ကျွန်ုပ် တိုင်ကြားမည်” ဟု ခံစားကြသည်။ သင်တို့ မြင်သည့်အတိုင်း မည်သည့်အခြေအနေတွင်မဆို ၎င်းတို့သည် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို တိုင်ကြားနိုင်စွမ်းရှိကြသည်။ မည်သူမျှ ၎င်းတို့ကို မစော်ကားသော်လည်း အနည်းငယ်မျှသော မကျေနပ်မှုကပင် ၎င်းတို့အား အသင်းတော်ကို တိုင်ကြားလိုစိတ် ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ညီအစ်ကိုမောင်နှမများထံ ဖြန့်ဝေသည့်အခါ လူတိုင်းသည် စာအုပ်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် အခန်းမည်မျှရှိသည်၊ စာမျက်နှာမည်မျှရှိသည်၊ ပုံနှိပ်အရည်အသွေး မည်သို့ရှိသည်ကို စိတ်အားထက်သန်စွာ စတင်ကြည့်ရှုကြသည်။ ၎င်းတို့အားလုံးသည် စာအုပ်ကို လက်ထဲတွင် ကိုင်ထားရသည်ကို ပျော်ရွှင်ပြီး စိတ်လှုပ်ရှားကြသည်။ သို့သော် တစ်ဖက်တွင် စံပြယုဒများဖြစ်သည့် လူစားမျိုးမှာမူ “ဤစာအုပ်ကို မည်သည့်နေရာတွင် ပုံနှိပ်ခဲ့သနည်း။ တစ်အုပ် ပုံနှိပ်လျှင် မည်မျှကုန်ကျသနည်း။ ပုံနှိပ်ခြင်းကို မည်သူ တာဝန်ယူသနည်း။ ပုံနှိပ်ပြီးနောက် မည်သူက သယ်ယူပို့ဆောင်ရေးကို ကိုင်တွယ်သနည်း။ ဤစာအုပ်များ ကျွန်ုပ်တို့၏ အသင်းတော်သို့ မည်သို့ ရောက်ရှိလာခဲ့သနည်း။ စာအုပ်များကို မည်သည့်နေရာတွင် သိုလှောင်ထားသနည်း။ ၎င်းတို့ကို စောင့်ရှောက်ထိန်းသိမ်းရန် မည်သူ တာဝန်ယူသနည်း” ဟု စဉ်းစားနေကြသည်။ ဤအကြောင်းအရာများသည် ပင်ကိုသဘာဝအားဖြင့် အကဲဆတ်သည်။ ယေဘုယျအားဖြင့် ဆင်ခြင်တုံတရားရှိသူများနှင့် လူ့သဘာဝရှိသူတို့သည် ထိုသို့သောကိစ္စများကို စုံစမ်းမေးမြန်းကြမည် မဟုတ်သော်လည်း သစ္စာဖောက်နိုင်စွမ်းရှိသော ဤအန္တရာယ်ရှိသည့် ပုဂ္ဂိုလ်များသည် ယင်းတို့အကြောင်းကို စုံစမ်းမေးမြန်းရန် စိတ်အားထက်သန်ကြသည်။ သို့ဆိုလျှင် သင်တို့ မည်သို့ထင်သနည်း၊ ၎င်းတို့က ဤအရာများအကြောင်း ဆက်လက်မေးမြန်းနေသည့်အခါ ၎င်းတို့ကို ပြောပြသင့်သလော၊ မပြောပြသင့်သလော။ (၎င်းတို့ကို မပြောပြသင့်ပါ။) သင်တို့က ၎င်းတို့ကို ပြောပြပါက ၎င်းတို့သည် ဤအချက်အလက်ကို ဖွင့်ချပြီး သစ္စာဖောက်နိုင်စွမ်း ရှိကြလိမ့်မည်။ သင်တို့က ၎င်းတို့ကို မပြောပြပါကလည်း ၎င်းတို့တွင် ပြောစရာစကား ရှိလိမ့်မည်။ “ဤအကြောင်းကို ကျွန်ုပ် အဘယ်ကြောင့် သိခွင့်မရရသနည်း။ ဘုရားအိမ်တော်သည် တရားမမျှတပေ။ ကျွန်ုပ်သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်၊ မည်သည့်ကိစ္စရပ်မဆိုနှင့်ပတ်သက်၍ ကျွန်ုပ်တွင် သိပိုင်ခွင့်ရှိသည်။ သင်တို့က ကျွန်ုပ်ကို အပြင်လူတစ်ဦးကဲ့သို့ သဘောထားနေကြသည်။ ကောင်းပြီ၊ သင်တို့ကို ကျွန်ုပ် တိုင်ကြားမည်” ဟူ၍ ဖြစ်သည်။ တစ်ဖန် ၎င်းတို့သည် အသင်းတော်ကို တိုင်ကြားလိုကြပြန်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်လော။ ၎င်းတို့ အသင်းတော်ကို ရဲထံ တိုင်ကြားခဲ့ပါက မည်သို့သော အကျိုးဆက်များကို သယ်ဆောင်လာမည်နည်း။ ညီအစ်ကိုမောင်နှမများ ဖမ်းဆီးခြင်းခံရပါက အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည် မဟုတ်လော။ ထို့အပြင် ရဲက ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ဤအရာသည် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်၏ အလုပ်အတွက် များစွာသော အခက်အခဲကို ဖြစ်စေလိမ့်မည်။ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း အတိုင်းအတာအမျိုးမျိုးဖြင့် ထိခိုက်စေလိမ့်မည်၊ သမ္မာတရားကို မည်သို့ရှာဖွေရမည်ကို မသိသောသူများသည် အပျက်သဘောဆောင်လာနိုင်ပြီး စုဝေးပွဲများ တက်ရောက်ခြင်းကိုပင် လုံးဝ ရပ်တန့်သွားနိုင်သည်။ ၎င်းတို့သည် ဤအရာ တစ်ခုကိုမျှ လုံးဝ ထည့်မစဉ်းစားကြပေ။ သို့ဆိုလျှင် ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ အသင်းတော် မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့သည် ထိုအကြောင်းကို ဦးစွာ သိလိုကြသည်။ အသင်းတော်၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို သိရှိမှသာ ၎င်းတို့ ပျော်ရွှင်ကြသည်။ ၎င်းတို့ကို မပြောပြသည့်အရာ တစ်ခုတလေပင် ရှိပါက ၎င်းတို့သည် ထိုအရာကို လက်မလွှတ်နိုင်ဘဲ အသင်းတော်ကို သွားတိုင်ကြားလိုကြသည်၊ ယင်းက ကြီးမားသော ဒုက္ခကို ဖြစ်စေနိုင်သည်။ ဤသည်မှာ အဘယ်ကဲ့သို့သော အရာတစ်မျိုး ဖြစ်သနည်း။ ဤသည်မှာ နတ်ဆိုးတစ်ကောင် ဖြစ်သည်။ နတ်ဆိုးတစ်ကောင်သည် အသင်းတော်၌ တစ်စုံတစ်ရာကို အစဉ် စိုးရိမ်ပူပန်နေပါက ဒုက္ခဖြစ်ရန် သေချာသည်။ ဥပမာအားဖြင့် ချမ်းသာကြွယ်ဝပြီး များပြားသော ပူဇော်သက္ကာများ ပြုလုပ်သည့် ညီအစ်ကိုမောင်နှမအချို့ ရှိပါက ၎င်းတို့သည် ဤအကြောင်းကို မရပ်မနား တွေးတောပြီး “သင် ပူဇော်သက္ကာ မည်မျှ ပြုလုပ်ခဲ့သနည်း” ဟု ၎င်းတို့ကို မေးမြန်းကြသည်။ တစ်ဖက်လူက “ထိုအကြောင်းကို သင့်အား ကျွန်ုပ် မည်သို့ ပြောနိုင်မည်နည်း။ လက်ဝဲလက်ပြုသောအမှုကို လက်ယာလက်မသိစေနှင့်။ သင့်ကို ကျွန်ုပ် မပြောနိုင်ပါ၊ ယင်းမှာ လျှို့ဝှက်သည်” ဟု ပြန်ဖြေသည်။ ၎င်းတို့က “ထိုအရာကပင် လျှို့ဝှက်ရသလော။ သင် ကျွန်ုပ်ကို မယုံကြည်ဘူး။ သင် ကျွန်ုပ်ကို ညီအစ်ကိုမောင်နှမတစ်ဦးအဖြစ် မဆက်ဆံဘူး” ဟု တုံ့ပြန်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် တစ်ဖက်လူကို မကျေမနပ်ဖြစ်ပြီး “ဟွန်း၊ သင်က သင်၏ များပြားသော ပူဇော်သက္ကာများနှင့် အလွန်တော်နေသည်ဟု ထင်နေသည်။ သင် ပူဇော်ခဲ့သည်ကို ကျွန်ုပ်အား မပြောပြ။ သင်၏ မိသားစုက စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်သည်ကို ကျွန်ုပ်သိသည်။ သင် ကျွန်ုပ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်လျှင် ဘုရားကို ယုံကြည်သည့်အတွက် သင့်ကို ကျွန်ုပ် တိုင်ကြားမည်၊ ပြီးလျှင် သင်၏ စီးပွားရေးလုပ်ငန်းလည်း ပျက်စီးသွားမည်။ ထိုအခါ သင် တစ်ပြားတစ်ချပ်မျှ ပူဇော်ဆက်ကပ်နိုင်တော့မည်မဟုတ်” ဟု စဉ်းစားသည်။ သင်တို့ မြင်သည့်အတိုင်း ၎င်းတို့သည် လူများကို တစ်ဖန် သွားတိုင်ကြားလိုကြပြန်သည်။ ၎င်းတို့ကို မပြောပြသည့် သေးငယ်သောအရာတစ်ခု ရှိသည့်အခါတိုင်း ၎င်းတို့သည် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို တိုင်ကြားလိုကြသည်။ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသည့် အချို့သော ပုဂ္ဂိုလ်များ၏ နေရာထိုင်ခင်းများကို လူအနည်းငယ်သာ သိရှိကြသည်။ ဤသည်မှာ မည်သူ့ထံမှမဆို တမင်တကာ ဖုံးကွယ်ထားခြင်း သို့မဟုတ် အခြားသူများ၏ နောက်ကွယ်တွင် မသမာသော တစ်စုံတစ်ရာကို လုပ်ဆောင်နေခြင်းအကြောင်း မဟုတ်ပေ၊ ယင်းမှာ ပတ်ဝန်းကျင်သည် အလွန်အန္တရာယ်များသောကြောင့်ဖြစ်ပြီး လုံခြုံရေးအတွက် ထိုသို့သော အစီအစဉ်များကို ပြုလုပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဤသစ္စာဖောက်၊ ဤယုဒသည် အချို့သော ခရီးသွား ညီအစ်ကိုမောင်နှမများကို မိသားစုတစ်ခုက ဧည့်ခံနေသည်ဟု ကြားသည့်အခါ ဤအရာသည် တိုင်ကြားထိုက်သောအရာဖြစ်သည်၊ ရဲက ၎င်းတို့ကို ဆုချကောင်းပင် ချလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့သည် တံခါးနောက်တွင် ပုန်း၍ နားထောင်ကြပြီး တစ်စုံတစ်ရာကို ကြားပြီးနောက် ဒေါသထွက်ကြသည်။ “သင်တို့က ကျွန်ုပ်ကို မပြောပြဘဲ ကျွန်ုပ်၏ နောက်ကွယ်တွင် အသင်းတော်ကိစ္စများကို ဆွေးနွေးနေကြသည်။ သင်တို့က ကျွန်ုပ် သစ္စာဖောက်မည်ကို ကြောက်သောကြောင့် ကျွန်ုပ်ကို သတိထားနေပြီး အရာများကို ဖုံးကွယ်ထားကာ ကျွန်ုပ်ကို ဘုရားအိမ်တော်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် သဘောမထားကြဘူး။ ကောင်းပြီ၊ သင်တို့ကို ကျွန်ုပ် တိုင်ကြားမည်” ဟူ၍ ဖြစ်သည်။ တစ်ဖန် သင်တို့ မြင်သည့်အတိုင်း ၎င်းတို့သည် အခြားသူများကို တိုင်ကြားလိုကြပြန်သည်။ ဤသူသည် ပြဿနာကြီးတစ်ခု ဖြစ်သည်ဟု သင်တို့ ပြောမည်လော။ (ပြောပါမည်။) ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်နှင့် သက်ဆိုင်သော အခြေအနေအားလုံးကို လူတိုင်းအား အသိပေးသင့်သည်၊ လူတိုင်းတွင် သိပိုင်ခွင့်ရှိသည်၊ အထူးသဖြင့် ၎င်းတို့ကိုယ်တိုင်တွင် ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့ကို မပြောပြသည့်အရာ တစ်ခုတလေပင် ရှိပါက ၎င်းတို့သည် လူများကို တိုင်ကြားမည်ဟု ခြိမ်းခြောက်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော် ခေါင်းဆောင်များကို ခြိမ်းခြောက်ရန် တိုင်ကြားခြင်းဟူသော လုပ်ရပ်ကို အစဉ်အမြဲ အသုံးပြုပြီး မိမိတို့၏ ကိုယ်ပိုင်ပန်းတိုင်များကို အောင်မြင်စေရန် ယင်းကို အစဉ် အသုံးပြုကြသည်။ ဤကဲ့သို့သော လူများသည် အသင်းတော်၌ ကြီးမားသော မမြင်နိုင်သည့် အန္တရာယ်တစ်ခု၊ အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံး ဖြစ်သည်။ မည်သည့်အခိုက်အတန့်တွင်မဆို ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်၏အလုပ်အတွက် ဘေးအန္တရာယ်နှင့် ကပ်ဘေးကို သယ်ဆောင်လာနိုင်သည်။ ထိုသို့သော ပုဂ္ဂိုလ်များကို တွေ့ရှိသည့်အခါ ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်၊ ၎င်းတို့ကို လုံးဝ မျက်နှာသာမပေးရ။
အသင်းတော်၌ ယုဒများဖြစ်ကြသော လူအချို့လည်း ရှိကြပြီး ၎င်းတို့သည် ဘုရားအိမ်တော်၌ ငွေမည်မျှရှိသည်ကိုလည်းကောင်း၊ အသင်းတော်၌ မည်သူက အလှူငွေ အများဆုံး ထည့်ဝင်သည်ကိုလည်းကောင်း အစဉ်မပြတ် စုံစမ်းမေးမြန်းရန် ကြိုးစားနေကြသည်။ အခြားသူများက ၎င်းတို့အား “ဤကိစ္စကို သင့်အား မပြောနိုင်ပါ။ ဤအရာကို သိခြင်းသည် သင့်အတွက် အကျိုးရှိမည် မဟုတ်သည့်အပြင် ဤကိစ္စသည် သင် စုံစမ်းမေးမြန်းသင့်သည့်အရာလည်း မဟုတ်ပါ” ဟု ပြောဆိုကြသည်။ ဤသို့ကြားပြီးနောက် ၎င်းတို့သည် ရန်လိုလာပြီး “သင်တို့အားလုံး ကျွန်ုပ်ကို သတိထားရှောင်နေကြသည်၊ အထင်သေးနေကြသည်၊ ညီအစ်ကိုမောင်နှမတစ်ဦးအဖြစ် မဆက်ဆံကြပေ၊ သင်တို့သည် ကျွန်ုပ်ကို သူစိမ်းတစ်ဦးကဲ့သို့ ဆက်ဆံနေကြသည်။ အသင်းတော်၏ငွေကို မည်သူ့အိမ်၌ ထိန်းသိမ်းထားသည်ကို ကျွန်ုပ်သိသည်။ ကျွန်ုပ် သင်တို့ကို တိုင်ကြားမည်၊ ပြီးလျှင် ရဲများကို အားလုံးသိမ်းဆည်းခိုင်းမည်၊ ထိုအခါ ငွေမည်မျှရှိသည်ကို ကျွန်ုပ် သိရပေတော့မည်” ဟု ပြောဆိုကြသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့သည် သစ္စာဖောက်လိုကြသည် သို့မဟုတ် အခြားသူများကို တိုင်ကြားလိုကြသည်။ အသင်းတော်၌ အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကြောင့် ဖြစ်ပေါ်လာသော နှောင့်ယှက်မှုများနှင့် ပတ်သက်လာသည့်အခါတွင်သာ ၎င်းတို့သည် မည်သည့်အရာကိုမျှ မည်သည့်အခါမျှ မတိုင်ကြားကြပေ။ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့က အလှူငွေများကို ခိုးယူခြင်း သို့မဟုတ် သိမ်းပိုက်ခြင်းကို မြင်တွေ့သည့်အခါ၌ပင် ဤလုပ်ရပ်များကို ၎င်းတို့သည် မည်သည့်အခါမျှ မဖော်ထုတ်၊ သို့မဟုတ် မတိုင်ကြားသကဲ့သို့ ဘုရားအိမ်တော်ကိုလည်း အကြောင်းမကြားကြပေ။ ၎င်းတို့သည် ထိုသို့သောကိစ္စရပ်များကို စိတ်မဝင်စားကြပေ။ သို့သော် ညီအစ်ကို သို့မဟုတ် မောင်နှမတစ်ဦးဦးက ၎င်းတို့ကို ရန်စခြင်း၊ ပြစ်မှားခြင်း သို့မဟုတ် မထီမဲ့မြင်ပြုခြင်းများ ပြုလုပ်ပါက ၎င်းတို့သည် သွား၍ တိုင်ကြားကြလိမ့်မည်။ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အချို့သည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ ၎င်းတို့ကို အရှက်ရစေလျှင် သို့မဟုတ် ခက်ခဲသော အခြေအနေသို့ ရောက်စေလျှင် ၎င်းတို့သည် “ငါ သင့်ကို တိုင်ကြားမည်။ သင် အသင်းတော်ခေါင်းဆောင်ရာထူး ဆုံးရှုံးသွားအောင် ငါလုပ်မည်၊ အသင်းတော်၏အလုပ် မအောင်မြင်အောင် ငါလုပ်မည်၊ အသင်းတော် ပြိုကွဲသွားအောင် ငါလုပ်မည်” ဟု စတင်စဉ်းစားကြသည်။ မြင်ပြီလော။ ၎င်းတို့သည် ဤအကြောင်းကြောင့်ပင် အသင်းတော်ခေါင်းဆောင်ကို တိုင်ကြားလိုကြသည်။ အချို့သောအသင်းတော်များတွင် ပြည်ပ၌ တာဝန်ထမ်းဆောင်ရန် သင့်တော်သော လူအချို့ကို ရွေးချယ်ကြသည်၊ ၎င်းတို့၏ မိသားစုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခြေအနေများကလည်း ခွင့်ပြုသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် ကိုက်ညီပြီး ညီအစ်ကိုမောင်နှမများအားလုံးလည်း သဘောတူကြသည်။ ယုဒများဖြစ်ကြသော ထိုလူတို့သည် ဤအရာကို မြင်သည့်အခါ “ထိုသို့သော ကောင်းမွန်သည့်အရာများသည် ငါ့အလှည့်သို့ မည်သည့်အခါမျှ မရောက်လာပေ။ ငါ သင်တို့ကို တိုင်ကြားရမည်သာ။ ငါတို့အသင်းတော်မှ လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ပြည်ပသို့ သွားကြမည်ဖြစ်ကြောင်း ရဲများကို ငါပြောမည်။ သင်တို့ တိုင်းပြည်မှ မထွက်ခွာနိုင်အောင် ငါလုပ်မည်။ အဆင်းနီသော နဂါးကြီးကို သင်တို့အား ဖမ်းဆီးခိုင်းမည်၊ သို့မဟုတ် အစိုးရကို သင်တို့ကို ထောက်လှမ်းစောင့်ကြည့်ခိုင်းမည်၊ သို့မှသာ သင်တို့သည် မိမိတို့၏ အိမ်များသို့ပင် မပြန်နိုင်ကြတော့မည်” ဟု တွေးထင်ကြသည်။ ညီအစ်ကိုမောင်နှမများ ပြည်ပသို့ မသွားနိုင်သရွေ့ ၎င်းတို့သည် ကျေနပ်နေကြသည်။ သင်တို့ မည်သို့ထင်သနည်း၊ ထိုသို့သောလူများ၏ လုပ်ရပ်များ၏ သဘောသဘာဝသည် ရံဖန်ရံခါ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူတို့ထက် ပို၍ဆိုးရွားသည် မဟုတ်လော။ (ဆိုးရွားပါသည်။) ဤလူစားမျိုးသည် ပြဿနာကြီးတစ်ခု ဖြစ်သည်။ ၎င်းတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ပြီး ဘုရားသခင်ကို လုံးဝမကြောက်ရွံ့ကြပေ။ မည်သည့်အခြေအနေ သို့မဟုတ် မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ မိမိတို့အလိုအတိုင်း မဖြစ်သရွေ့ ၎င်းတို့သည် အသင်းတော်ကို တိုင်ကြားလိုကြပြီး ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်လိုကြသည်၊ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ အသင်းတော်သည် ထိုသို့သောလူများကို တွေ့ရှိသည့်အခါ အနာဂတ်တွင် ဒုက္ခမဖြစ်စေရန် တတ်နိုင်သမျှ အစောဆုံး ရှင်းလင်းပစ်သင့်သည် သို့မဟုတ် နှင်ထုတ်သင့်သည်။ လက်ရှိပတ်ဝန်းကျင်က ဤသို့ပြုလုပ်ရန် အခါအခွင့်မသင့်သေးပါက သို့မဟုတ် အခြေအနေမပေးသေးပါက ၎င်းတို့ကို တင်းကျပ်စွာ စောင့်ကြည့်ခြင်း၊ ကြီးကြပ်ခြင်းနှင့် သတိထားရှောင်ခြင်းများ ပြုလုပ်ရမည်။ အခြေအနေများက ခွင့်ပြုသည့်အခါ ဤကဲ့သို့သော အန္တရာယ်ရှိသည့် ပုဂ္ဂိုလ်များကို လုံးဝ သည်းခံမထားသင့်ပေ၊ ၎င်းတို့ကို တတ်နိုင်သမျှ အစောဆုံးနှင့် အမြန်ဆုံး ရှင်းလင်းပစ်လော့ သို့မဟုတ် နှင်ထုတ်လော့။ ၎င်းတို့က အသင်းတော်ကို သစ္စာဖောက်ပြီး အကျိုးဆက်များ ဖြစ်ပေါ်စေသည်အထိ မစောင့်ဘဲ တစ်စုံတစ်ခုကို ဆောင်ရွက်လော့။ ၎င်းတို့သည် ထိုသို့ပြုလုပ်ပြီး ယင်းက တကယ့်အကျိုးဆက်များကို ဖြစ်ပေါ်စေသည်နှင့်တစ်ပြိုင်နက် ဆုံးရှုံးမှုများသည် ကြီးမားလိမ့်မည်။ ညီအစ်ကိုမောင်နှမ မည်မျှ ပြန်စရာအိမ်မရှိဘဲ ကျန်ရစ်မည်ကို သို့မဟုတ် ဖမ်းဆီးခံရပြီး ထောင်ချခံရမည်ကို မည်သူသိနိုင်မည်နည်း။ ညီအစ်ကိုမောင်နှမများစွာတို့သည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်နိုင်တော့ခြင်း သို့မဟုတ် အသင်းတော်အသက်တာကို အသက်မရှင်နိုင်တော့ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သည်။ အကျိုးဆက်များသည် စိတ်မကူးနိုင်လောက်အောင် ဖြစ်လိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အသင်းတော်၌ ယုဒများဖြစ်ကြသော လူများကို တွေ့ရှိပါက ၎င်းတို့ကို အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းပစ်ရမည် သို့မဟုတ် နှင်ထုတ်ရမည်။ ညီအစ်ကိုမောင်နှမတစ်ဦးအနေဖြင့် ထိုသို့သောလူများကို တွေ့ရှိပါက ၎င်းတို့ကို အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များထံ အစောဆုံး တိုင်ကြားရမည်။ ဤကိစ္စသည် အသင်းတော် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးအပြင် သင်၏ ကိုယ်ပိုင်လုံခြုံရေးနှင့်လည်း သက်ဆိုင်သည်။ “၎င်းတို့သည် မည်သည့်သစ္စာဖောက်မှုကိုမျှ အမှန်တကယ် မပြုလုပ်ရသေးပါ၊ ထို့ကြောင့် ဤသည်မှာ အရေးကြီးသည့်ကိစ္စမဟုတ်ပါ၊ ၎င်းတို့သည် ခဏတာ ဒေါသထွက်၍ ပြောဆိုခြင်းသာ ဖြစ်သည်” ဟု မတွေးထင်နှင့်။ လူတိုင်း ဒေါသထွက်ကြသည်၊ အချို့လူများသည် ဒေါသထွက်သည့်အခါ အများဆုံးအားဖြင့် ကြမ်းတမ်းသော စကားအနည်းငယ် ပြောဆိုခြင်း၊ အသေးစား ဒေါသတကြီး ပြုမူခြင်း သို့မဟုတ် ရက်အနည်းငယ် အပျက်သဘောဆောင်ခြင်းတို့ ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ သို့သော် ၎င်းတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသရွေ့၊ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့သရွေ့၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ ရှိသရွေ့၊ မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်းအတွက် အခြေခံစည်းများ ရှိသရွေ့ မည်သို့ပင်ဖြစ်စေ အခြားသူများကို ထိခိုက်စေသည့်အရာများကို ၎င်းတို့သည် မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ပေ။ သို့သော် ပင်ကိုအားဖြင့် ယုဒများဖြစ်ကြသောသူတို့အတွက်မူ ကွဲပြားသည်။ ၎င်းတို့သည် အလွယ်တကူပင် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို တိုင်ကြားနိုင်ပြီး မိမိတို့၏ ပန်းတိုင်များကို ရရှိရန် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို ခြိမ်းခြောက်ရန် စာတန်၏ အင်အားစုများကို အစဉ်သဖြင့် အသုံးပြုလိုကြသည်။ ဤလူများသည် ဆိုးယုတ်သော မကောင်းဆိုးဝါးများနှင့် ပူးပေါင်းကြသည်၊ ၎င်းတို့၌ ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်၍ အခြေခံစည်းများ မရှိပေ။ ထို့ကြောင့် အသင်းတော်ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများ နှစ်ဦးစလုံးသည် အလွယ်တကူပင် အသင်းတော်ကို တိုင်ကြားနိုင်သောသူတို့နှင့်ပတ်သက်၍ အထူးသတိထားရမည်။ တစ်စုံတစ်ဦးသည် ယုတ္တိမတန်သော၊ တမင်တကာ ပြဿနာရှာသော၊ အသိခေါက်ခက် အဝင်နက်သော ထိုသို့သောလူများကို တွေ့ရှိပါက ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များထံ ချက်ချင်း တိုင်ကြားသင့်ပြီး ထို့နောက် ၎င်းတို့ကို စောင့်ကြည့်၍ ကြီးကြပ်သင့်သည်။ အသင်းတော်ခေါင်းဆောင်များသည် ထိုသို့သောလူများကို တွေ့ရှိပါက အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်တစ်ခုကို အစောဆုံး ရေးဆွဲသင့်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရမည်ဖြစ်ပြီး အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်ကို ထိုသို့သော ပုဂ္ဂိုလ်များ၏ ဖျက်ဆီးခြင်းနှင့် နှောင့်ယှက်ခြင်းတို့မှ ကာကွယ်ရမည်။ ထိုသို့သောလူများက အသင်းတော်ကို သို့မဟုတ် ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု ပြောဆိုသည့်အခါ ယင်းမှာ ခဏတာ ဒေါသထွက်၍ ပြောဆိုခြင်းမျှသာဖြစ်သည်ဟု မယူဆဘဲ သင်၏ သတိထားကာကွယ်မှုကို လျှော့ချမထားနှင့်။ လက်တွေ့တွင် ၎င်းတို့သည် ထိုသို့သောစကားများကို မကြာခဏ ပြောဆိုခြင်းအချက်က ဤစိတ်ကူးသည် ၎င်းတို့၏ စိတ်ထဲ၌ ရှိနှင့်ပြီးဖြစ်ကြောင်း သက်သေပြနေသည်။ ၎င်းတို့သည် ဤသို့တွေးထင်ပါက ထိုအတိုင်း ပြုမူနိုင်စွမ်းရှိသည်။ တစ်ခါတစ်ရံ “ငါ သင့်ကို တိုင်ကြားမည်” ဟု ပြောဆိုပြီးနောက် ၎င်းတို့သည် ထိုအတိုင်း မလုပ်ဆောင်ကောင်း မလုပ်ဆောင်နိုင်သော်လည်း မည်သည့်အချိန်တွင် ၎င်းတို့သည် အမှန်တကယ် သွား၍ တိုင်ကြားမည်ကို မည်သူသိနိုင်မည်နည်း။ ၎င်းတို့သည် ထိုသို့ပြုလုပ်သည်နှင့်တစ်ပြိုင်နက် အကျိုးဆက်များသည် စိတ်မကူးယဉ်နိုင်လောက်အောင် ဖြစ်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ၎င်းတို့၏ စကားဖြစ်သော “ငါ သင့်ကို တိုင်ကြားမည်” ဟူသည့်စကားကို ဒေါသဖြင့် ပြောဆိုခြင်းမျှသာအဖြစ် အစဉ်သဘောထားပါက သင်သည် အသိဉာဏ်မဲ့ပြီး မိုက်မဲနေခြင်း ဖြစ်သည်။ သင်သည် ဤစကားများမှတစ်ဆင့် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်ခဲ့ပေ၊ ဤသည်မှာ အမှားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို ခြိမ်းခြောက်ရန် “ငါ သင့်ကို တိုင်ကြားမည်” ဟု အလွယ်တကူ ပြောဆိုနိုင်သည်၊ ဤသည်မှာ လုံးဝ ရိုးရှင်းသော ဒေါသစကားတစ်ခွန်း မဟုတ်ပေ၊ ယင်းက ၎င်းတို့သည် ယုဒ၏ သဘာဝရှိပြီး ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်ပါက အခြေခံစည်းများ ကင်းမဲ့ကြောင်းကို ပြသနေသည်။ မိမိတို့၏ အကျင့်နှင့်ပတ်သက်၍ အခြေခံစည်းများ မရှိသောသူသည် အဘယ်သို့သော အကောင်ယုတ်တစ်မျိုး ဖြစ်သနည်း။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော အမျိုးအစား ဖြစ်သည်။ အသိစိတ်မရှိလျှင် ၎င်းတို့သည် မည်သည့်ဒုစရိုက်အမှုကိုမဆို ကျူးလွန်နိုင်စွမ်းရှိပြီး ဆင်ခြင်တုံတရားမရှိလျှင် ၎င်းတို့သည် ဆင်ခြင်တုံတရား၏ ဘောင်များကို ကျော်လွန်၍ ပြုမူနိုင်စွမ်းရှိကာ မိုက်မဲသောအရာမျိုးစုံကို ပြုလုပ်ကြသည်။ အသင်းတော်ကို တိုင်ကြားပြီးနောက် ညီအစ်ကိုမောင်နှမများ ဖမ်းဆီးခံရသည်ကိုလည်းကောင်း၊ အသင်းတော်၏အလုပ် ထိခိုက်ပျက်စီးသည်ကိုလည်းကောင်း မြင်တွေ့ရသည့်အခါ ၎င်းတို့သည် မျက်ရည်ကျပြီး နောင်တရကြောင်း ဖော်ပြကောင်းဖော်ပြနိုင်သည်။ သို့သော် ဆင်ခြင်တုံတရားမဲ့ပြီး တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးသောလူများသည် ဆင်ခြင်တုံတရားမရှိဘဲ ပြုမူကြသည်၊ အနာဂတ်တွင် အလားတူအခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် အသင်းတော်ကို တိုင်ကြားဦးမည်သာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခုကို ညွှန်ပြနေခြင်း မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရ အတိအကျပင် ဖြစ်သည်။ အချို့အသင်းတော်ခေါင်းဆောင်များသည် ၎င်းတို့ပြောဆိုသည့်အရာမှာ ခဏတာ ဒေါသထွက်၍ ပြောဆိုခြင်းမျှသာဖြစ်ပြီး ၎င်းတို့၏ သဘာဝသည် မဆိုးဟု ယုံကြည်နေကြဆဲ ဖြစ်သည်။ ၎င်းတို့က ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ သဘာဝကျသော ထုတ်ဖော်မှုတစ်ခုမဟုတ်ဘဲ ၎င်းတို့၏ လူ့သဘာဝကို ကိုယ်စားမပြုဟု တွေးထင်ကြသည်။ ဤရှုမြင်ပုံသည် မှားယွင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ယုတ်ညံ့သော စရိုက်ကို ပြသသည့် အပြုအမူကို ပုံမှန်အားဖြင့် မပြသလျှင်ပင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု မကြာခဏ ပြောဆိုခြင်းအချက်နှင့် ၎င်းတို့ကို မနှစ်မြို့စေသည့် အသေးအဖွဲကိစ္စလေးတစ်ခုကပင် ၎င်းတို့ကို တိုင်ကြားရန် တွေးထင်စေနိုင်ခြင်းအချက်သည် ၎င်းတို့၏ စရိုက်သည် ယုတ်ညံ့ပြီး စက်ဆုပ်ဖွယ်ကောင်းကြောင်းနှင့် ၎င်းတို့သည် ယုံကြည်စိတ်ချထိုက်သူများ မဟုတ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။ ထိုသို့သောလူများ၌ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် နှစ်သက်မှုများအပေါ် အခြေခံ၍ မိမိတို့အလိုရှိရာကို ပြုလုပ်လျက် အသိစိတ်၏ မည်သည့်စည်းမျှမရှိဘဲ မိမိတို့စိတ်တိုင်းကျ ကျင့်ကြံပြုမူကြသည်။ ထိုသို့သောလူများကို ရှင်းလင်းပစ်ခြင်းဖြင့် ကိုင်တွယ်သင့်ပြီး ၎င်းတို့အား သက်ညှာရန် မလိုအပ်ပေ၊ အကြောင်းမှာ ၎င်းတို့သည် ကလေးများမဟုတ်ဘဲ လူကြီးများဖြစ်ကြပြီး ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို တိုင်ကြားခြင်း၏ အကျိုးဆက်များကို သိသင့်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အလွန်ရက်စက်ကြမ်းကြုတ်ပြီး အထိရောက်ဆုံးသော နည်းလမ်းဖြစ်ကြောင်း ၎င်းတို့သည် အပြည့်အဝ သိရှိကြသည်။ ၎င်းတို့သည် ဤအရာကို မိမိတို့၏ နောက်ဆုံးကိုင်ရမည့်လက်နက်အဖြစ်၊ ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို လက်စားချေရန် အန္တိမနည်းလမ်းအဖြစ် ရှုမြင်ကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် ဆိုးယုတ်သော နတ်ဆိုးများ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဆိုးယုတ်သော နတ်ဆိုးများကို အဘယ်ကြောင့် သက်ညှာနေမည်နည်း။ ၎င်းတို့သည် ယုဒများဖြစ်ကြောင်း သင်တို့ အသိအမှတ်ပြုရန်အတွက် ၎င်းတို့က ညီအစ်ကိုမောင်နှမများနှင့် ဧည့်ခံသည့်မိသားစုများကို အဆင်းနီသော နဂါးကြီးထံ ပေါ်တင်ထောက်ပြသည်ကို သင်တို့ မြင်တွေ့သည်အထိ စောင့်နေရမည်လော။ သင်တို့သည် ဤအမှန်တရားများကို မြင်တွေ့ပြီး ၎င်းတို့ကို သတ်မှတ်သည့်အချိန်တွင် အလွန်နောက်ကျနေလောက်ပြီ ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၏ သဘာဝ အနှစ်သာရသည် ပြဿနာတစ်ခုခုနှင့် ကြုံတွေ့သည့်အခါ အသင်းတော်ကို တိုင်ကြားမည်ဟု အော်ဟစ်စပြုသည့် အခိုက်အတန့်တွင်ပင် ဖော်ထုတ်ပြီးသား ဖြစ်နေသည်။ ၎င်းတို့က တစ်စုံတစ်ခုကို ဆောင်ရွက်သဖြင့် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ရှင်းလင်းပစ်ရသည်အထိ မစောင့်နှင့်၊ ထိုသို့ဆိုလျှင် အလွန်နောက်ကျသွားလိမ့်မည်။ အသင်းတော်ခေါင်းဆောင်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမဖြစ်စေ မည်သူမျှ ၎င်းတို့က ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု ပြောဆိုသည်ကို မကြားဖူးဘဲ မည်သူမျှ ၎င်းတို့ကို ကောင်းစွာမသိလျှင် တစ်စုံတစ်ဦးက ၎င်းတို့ကို ရန်စခြင်း သို့မဟုတ် စော်ကားခြင်းများ ပြုလုပ်သည့်အခါ ၎င်းတို့က ထိုသူကို တိုင်ကြားသဖြင့် ညီအစ်ကိုမောင်နှမများသည် ပုန်းရှောင်ပြီး အန္တရာယ်ကို ရှောင်ရှားရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ တာဝန်ထမ်းဆောင်နေသူ အချို့သည် လျင်မြန်စွာ နေရာပြောင်းရွှေ့ရန် လိုအပ်လျှင် ထိုသို့သောအခြေအနေတွင် ညီအစ်ကိုမောင်နှမများကို မိုက်မဲပြီး ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်ဟု အပြစ်တင်၍မရပေ။ သို့သော် ၎င်းတို့က ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု မကြာခဏ ပြောဆိုနေလျက် လူများက အလေးအနက်မထားသေးပါက ထိုသည်မှာ အမှန်တကယ် မိုက်မဲလှပေသည်။ သမ္မာတရားများစွာကို ကြားပြီးနောက် ၎င်းတို့သည် လူများကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပေ၊ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သူများ မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်အချိန်မဆို ယုဒတစ်ဦး ဖြစ်လာနိုင်သောသူတို့အတွက် ၎င်းတို့၏ သစ္စာဖောက်ခြင်းသည် သမ္မာတရားကို အနည်းငယ်သာ နားလည်ခြင်းကြောင့်ဖြစ်စေ၊ ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်စေ ဖြစ်သည်ဟု မတွေးထင်နှင့်။ ဤအရာများ တစ်ခုမျှ အကြောင်းရင်းမဟုတ်ပေ။ အရင်းစစ်လျှင် ယင်းမှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် ယုတ်ညံ့သောကြောင့် ဖြစ်သည်၊ ၎င်းတို့၏ အတွင်းသဘောတွင် ၎င်းတို့၏ အနှစ်သာရသည် ဆိုးယုတ်သောလူများ၏ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့ကို ဤနည်းလမ်းဖြင့် ပိုင်းခြားသိမြင်ပြီး သတ်မှတ်ကာ ထို့နောက် ဆိုးယုတ်သောလူများအဖြစ် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းသည် လုံးဝမှန်ကန်သည်။ ဤသို့ပြုလုပ်ခြင်းသည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ပေးသည့်အပြင် တစ်ချိန်တည်းမှာပင် အသင်းတော်၏အလုပ်ကို ထိခိုက်မှုမှလည်း ကာကွယ်ပေးသည်။ ဤသည်မှာ အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောလူများကို ချက်ချင်း သတိဖြင့်စောင့်ကြည့်ပြီး ကြီးကြပ်ရမည်ဖြစ်ပြီး ထို့နောက် လူတိုင်းက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်စေရန် ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့သင့်သည်။ ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် မည်သည့်ဒုက္ခကိုမျှ မဖြစ်စေရန် ၎င်းတို့၏ ကျိတ်ကြံစည်မှုများ မအောင်မြင်မီ ထိုသို့သောလူများကို ဖယ်ရှားရန် ကြိုးစားရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောလူများနှင့် ရင်ဆိုင်ရသည့်အခါ ရှိသင့်သည့် ပိုင်းခြားသိမြင်မှုနှင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းဆိုင်ရာ စည်းမျဉ်းများဖြစ်ပြီး ထိုသို့သောအခြေအနေများတွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် နည်းလမ်းလည်း ဖြစ်သည်။ ဤသည်မှာ ရှင်းလင်းပြီလော။ (ရှင်းလင်းပါသည်။) ထိုသို့သောလူများကို ကိုင်တွယ်ရာတွင် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းက အသင်းတော်အတွက် အနာဂတ်တွင် ဒုက္ခမဖြစ်ပေါ်စေရန် သေချာစေလျက် ဉာဏ်ပညာရှိသော နည်းလမ်းဖြင့် ကိုင်တွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်မှာ ပြောစရာမလိုပေ။ ဖုံးကွယ်နေသော ခြိမ်းခြောက်မှုတစ်ခုကို ကိုင်တွယ်ခြင်းက နောင်တွင် ပို၍များသော ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါက ဤသို့ပြုလုပ်သော အသင်းတော်ခေါင်းဆောင်သည် အလွန် အရည်အချင်းမပြည့်မီဘဲ အလွန်ပင် စံမမီပေ၊ ၎င်းတို့သည် အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကို မသိသည့်အပြင် ဉာဏ်ပညာလည်း ကင်းမဲ့သည်။ အခြားတစ်ဖက်တွင် အသင်းတော် ခေါင်းဆောင်တစ်ဦးသည် ဖုံးကွယ်နေသော ခြိမ်းခြောက်မှုတစ်ခုကို ဆိုးကျိုးများကို ရှောင်ရှားနိုင်သော၊ အသင်းတော်၏အလုပ်ကို အကျိုးပြုသော၊ ညီအစ်ကိုမောင်နှမများကိုလည်း ပိုင်းခြားသိမြင်မှု၌ ကြီးထွားလာစေသော နည်းလမ်းဖြင့် ကိုင်တွယ်နိုင်ပါက ထိုသည်မှာ အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကို အမှန်တကယ် သိရှိခြင်း ဖြစ်သည်။ ဤသို့သော ခေါင်းဆောင်မျိုးသာလျှင် သို့မဟုတ် အမှုဆောင်မျိုးသာလျှင် စံနှုန်းပြည့်မီသည်။
ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် အသင်းတော်ကို သစ္စာဖောက်နိုင်စွမ်းရှိသော လူများနှင့် ကြုံတွေ့ရသော်လည်း ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင်၊ ၎င်းတို့၌ မည်သို့သော လူ့သဘာဝမျိုး ရှိသည်ကိုဖြစ်စေ၊ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများထံသို့ မည်သို့သော ဒုက္ခမျိုး ဆောင်ကြဉ်းလာနိုင်သည်ကိုဖြစ်စေ မခံစားမိလျှင်၊ ဤအရာအားလုံးနှင့်ပတ်သက်၍ မိမိတို့၏ စိတ်နှလုံးထဲ၌ မရှင်းလင်းဘဲ ထိုသို့သောလူများကို မည်သို့ဆက်ဆံရမည် သို့မဟုတ် ကိုင်တွယ်ရမည်ကိုလည်းကောင်း၊ ဤအလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ သို့မဟုတ် ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အလုပ်ဖြစ်သည်ကိုပင် မသိလျှင်၊ သို့မဟုတ် သိသည့်တိုင် ထိုသို့သောလူများကို စော်ကားရန် မလိုလားဘဲ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းမရှိဘဲ ဤကိစ္စကို လျစ်လျူရှုလျက်နေလျှင် ထိုသူသည် မည်သို့သော ခေါင်းဆောင်မျိုး သို့မဟုတ် အမှုဆောင်မျိုး ဖြစ်သနည်း။ (အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။) ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် စံနှုန်းမပြည့်မီပေ။ တစ်ကြောင်းမှာ ၎င်းတို့သည် လူတိုင်းကို မိုက်မဲစွာ ကူညီရန် ကြိုးစားပြီး လူတိုင်းကို ချစ်ခြင်းနှင့် သည်းခံခြင်းတို့ကို ပြသကာ ၎င်းတို့အားလုံးကို ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံကြသည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦး၊ အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အမှုဆောင်တစ်ဦး ဖြစ်သည်။ ထို့အပြင် အသင်းတော်၌ ယုဒများဖြစ်ကြသော လူများကို တွေ့ရှိသည့်အခါ ၎င်းတို့သည် ဤပြဿနာကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ ထိုအစား ၎င်းတို့သည် မည်သည့်အရာကိုမျှ သတိမပြုမိဟန်ဆောင်လျက် လျစ်လျူရှုလျက်နေကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ငါ၏ ကိုယ်ပိုင်အဆင့်အတန်းကို မခြိမ်းခြောက်သရွေ့ အဆင်ပြေပါသည်။ အသင်းတော်၏ အလုပ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများ၏ လုံခြုံဘေးကင်းရေးကိုဖြစ်စေ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုဖြစ်စေ ငါဂရုမစိုက်။ ဤရာထူးကို ငါ ရရှိထားပြီး ပျော်မွေ့ခံစားခြင်းကို နေ့စဉ်နေ့တိုင်း ကြုံတွေ့ခွင့်ရနေသရွေ့ ယင်းမှာ ငါလိုအပ်သမျှသာ ဖြစ်လေသည်” ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ကြဘဲ ပြဿနာများကို မြင်သည့်အခါလည်း မဖြေရှင်းကြပေ၊ ၎င်းတို့သည် မိမိတို့၏ ရာထူး၏ အကျိုးကျေးဇူးများကိုသာ ခံစားကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဟုတ်သလော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် မည်သည့်အချိန်မဆို သစ္စာဖောက်မှုတွင် ပါဝင်နိုင်စွမ်းရှိသော လူစားမျိုးတစ်ဦးသည် အသင်းတော်၌ အချိန်ကြာမြင့်စွာ မင်းမဲ့စရိုက်ကျင့်သုံးနေပြီး အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု အစဉ်မပြတ် ခြိမ်းခြောက်နေသည် ဆိုပါစို့။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို မြင်သော်လည်း မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ တစ်စုံတစ်ဦးက ဤပုဂ္ဂိုလ်ကို တိုင်ကြားပြီး အထက်အဆင့်ခေါင်းဆောင်များက ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းဖြင့် ကိုင်တွယ်သည့်အခါ၌ပင် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို အလေးအနက်မထားသေးဘဲ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ တစ်စက်မျှ မတွေးကြပေ။ ၎င်းတို့က “၎င်းတို့ ကြိုက်သည့်သူကို တိုင်ကြားပါစေ။ ငါ့ကို မတိုင်ကြားသရွေ့ သို့မဟုတ် အသင်းတော်ခေါင်းဆောင်အနေဖြင့် ငါ၏ အခန်းကဏ္ဍကို မထိခိုက်သရွေး ယင်းမှာ အဆင်ပြေပါသည်” ဟု တွေးထင်ကြသည်။ ဤသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်မျိုးသည် အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင်အမှုဆောင်တစ်ဦး ဟုတ်ပါသလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ ၎င်း၏အကျိုးကျေးဇူးများကို ခံစားရန်အတွက်သာ မိမိတို့၏ ရာထူးကို ရယူထားကြသည်၊ မည်သည့်အချိန်မဆို ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်နိုင်စွမ်းရှိသော တစ်စုံတစ်ဦးကို သတိပြုမိသော်လည်း ၎င်းတို့ကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် ပျက်ကွက်သည်၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်းတို့၏ ရာထူးမှ ချက်ချင်း ဖြုတ်ချခြင်းခံရသင့်သည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ဖြုတ်ချခံရပြီးနောက်တွင်ပင် အာခံနေကြဆဲ ဖြစ်သည်။ ၎င်းတို့က “သင့်ထံတွင် ကျွန်ုပ်ကို ဖြုတ်ချရန် အဘယ်အခွင့်ရှိသနည်း။ ယင်းမှာ ထိုလူကို ကျွန်ုပ် မရှင်းလင်းပစ်သောကြောင့်လော။ ထိုလူကို သင့်ဘာသာ ရှင်းလင်းပစ်လိုက်လျှင် ထိုပြဿနာသည် ပြီးသွားမည် မဟုတ်လော။ ထို့အပြင် ထိုလူက ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု ပြောခဲ့ခြင်းသာ ဖြစ်သည်၊ သူသည် တကယ်တမ်း၌ မလုပ်ဆောင်ခဲ့ပါ။ ပြီးလျှင် ထိုသူသည် အသင်းတော်အတွက် မည်သည့်ပြဿနာကိုမျှ မဖြစ်စေခဲ့ပါ။ အဘယ်ကြောင့် ထိုလူကို ကိုင်တွယ်ဖြေရှင်းရမည်နည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အတော်ပင် မတရားသဖြင့် အပြုခံရသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် တကယ့်အလုပ် တစ်ခုကိုမျှ မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် မိမိတို့၏ ရာထူး၏ အကျိုးကျေးဇူးများကိုသာ ပျော်မွေ့ခံစားကြပြီး အသင်းတော်၌ ထိုသို့သော သိသာထင်ရှားသည့် ယုဒတစ်ဦး ပေါ်လာသည့်အခါ ၎င်းတို့သည် ကိုင်တွယ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း မပြုကြပေ။ အချို့သော ညီအစ်ကိုမောင်နှမများသည် အစဉ်မပြတ် ကြောက်ရွံ့နေကြပြီး “ကျွန်ုပ်တို့အကြားတွင် ယုဒတစ်ယောက် ရှိနေကာ ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု အစဉ်သဖြင့် ခြိမ်းခြောက်နေသည်။ ဤသည်မှာ အလွန်ပင် အန္တရာယ်ကြီးလှသည်။ ဤလူကို မည်သည့်အချိန်တွင် ရှင်းလင်းပစ်မည်နည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်ကို ဤပြဿနာအကြောင်း အကြိမ်ပေါင်းများစွာ ပြောပြသော်လည်း ခေါင်းဆောင်က ယင်းကို ဖြေရှင်းရမည့်အစား “ယင်းမှာ မည်သည့်အရာမျှ မဟုတ်ပါ။ ပုဂ္ဂိုလ်ရေး အငြင်းပွားမှုသာ ဖြစ်သည်၊ ယင်းတွင် အသင်းတော်၏ အလုပ်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံရေးဖြစ်စေ မပါဝင်ပါ” ဟု ပြောဆိုလေသည်။ ၎င်းတို့သည် ထိုကိစ္စကို မကိုင်တွယ်ပေ။ ၎င်းတို့လုပ်ဆောင်သည့် တစ်ခုတည်းသောအလုပ်မှာ အဘယ်နည်း။ တစ်မျိုးမှာ အထက်အဆင့်ခေါင်းဆောင်များက ၎င်းတို့အား တာဝန်ပေးအပ်သည့်အလုပ်ဖြစ်ပြီး ယင်းကို ၎င်းတို့သည် လုပ်ဆောင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ နောက်တစ်မျိုးမှာ အလုပ်ကို မလုပ်ဆောင်ခြင်းက ၎င်းတို့၏ ရာထူးကို ထိခိုက်စေမည့် သို့မဟုတ် အန္တရာယ်ဖြစ်စေမည့် အမျိုးအစားဖြစ်ပြီး ထိုအခြေအနေတွင် ၎င်းတို့သည် မိမိတို့ကို ကောင်းမွန်ပုံပေါက်စေမည့် အလုပ်အချို့ကို အင်တင်တင်ဖြင့် လုပ်ဆောင်ကြသည်။ သို့သော် ၎င်းတို့၏ ရာထူးကို မထိခိုက်ပါက ၎င်းတို့သည် တတ်နိုင်သမျှ အလုပ်ကို ရှောင်ကြဉ်ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဟုတ်ပါသလော။ (ဟုတ်ပါသည်။) အမှန်တကယ် ပတ်ဝန်းကျင်တစ်ခုခုနှင့် သို့မဟုတ် ဖမ်းဆီးခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ညီအစ်ကိုမောင်နှမများ လုံခြုံခြင်းရှိမရှိကို မည်သည့်စိုးရိမ်မှုမျှမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးကိုသာ ဂရုစိုက်လျက် ၎င်းတို့သည် မိမိလွတ်ရာသို့ ဦးစွာပြေးကြသည်၊ ပြီးလျှင် ၎င်းတို့သည် အသင်းတော်၏အလုပ်ကို သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ကြပေ။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်စေကာမူ အားလုံးသည် မိမိတို့၏ ကိုယ်ပိုင်ရာထူးကို ထိန်းသိမ်းရန်အတွက်သာ ဖြစ်သည်။ အထက်က ၎င်းတို့ကို မဖြုတ်ချသရွေ့၊ နောက်လာမည့် ရွေးကောက်ပွဲတွင် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မဲပေးနေသရွေ့၊ ၎င်းတို့သည် ခေါင်းဆောင်အဖြစ် ဆက်လက် ရှိနေနိုင်သရွေ့ ၎င်းတို့သည် အလုပ်အချို့ကို မလိုမုန်းထားစွာ လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့လုပ်ဆောင်သည့်အရာတစ်ခုခုက အထက်က ၎င်းတို့အား ရှုမြင်ပုံကို ထိခိုက်နိုင်လျှင်၊ အထက်က ၎င်းတို့ကို ဖြုတ်ချနိုင်လျှင်၊ သို့မဟုတ် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် သရုပ်သကန်များက ညီအစ်ကိုမောင်နှမများကို ၎င်းတို့အပေါ် မကောင်းမြင်စေပြီး နောက်တစ်ကြိမ် မဲမပေးအောင် လုပ်နိုင်လျှင် ၎င်းတို့သည် မိမိတို့၏ ပုံရိပ်ကို ကယ်တင်ရန် အနည်းဆုံးအားဖြင့် မိမိတို့ရှေ့မှောက်ရှိ အလုပ်အချို့ကို လုပ်ဆောင်ခြင်းဖြင့် ကြိုးစားကြလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ အထက်နှင့် လက်အောက်ရှိသူများကို ဖြေရှင်းနိုင်ကြသည်၊ ၎င်းတို့ မဖြေရှင်းနိုင်သူမှာ ဘုရားသခင်တစ်ပါးတည်းသာ ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သမျှသည် ဟန်ပြသက်သက်အတွက်သာ ဖြစ်သည်။ အထက်အဆင့်ခေါင်းဆောင်များက ၎င်းတို့ကို မဖြုတ်ချသရွေ့၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဆက်လက်ထောက်ခံနေသရွေ့ ၎င်းတို့သည် ကျေနပ်နေကြသည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်းတို့၏ လုပ်သက်တွင် ၎င်းတို့သည် ကြီးမားသော မကောင်းမှုကို မကျူးလွန်ကြဘဲ အပြင်ပန်းတွင် အလုပ်များဖြင့် အစဉ်သဖြင့် အလုပ်ရှုပ်နေပုံရသော်လည်း မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ အထူးသဖြင့် ဆိုးယုတ်သောလူများက အသင်းတော်ကို နှောင့်ယှက်နေသည်ကို မြင်သည့်အခါ ၎င်းတို့သည် မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဤဆိုးယုတ်သောလူများကို စော်ကားရန် ကြောက်ရွံ့ကြသဖြင့် တတ်နိုင်သမျှ ၎င်းတို့ကို ဖျောင်းဖျရန်နှင့် ညှိနှိုင်းရန် ကြိုးစားကြပြီး သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန်သာ ကြိုးပမ်းကြသည်။ ၎င်းတို့သည် မည်သူ့ကိုမျှ ပြစ်မှားရန် မလိုလားကြပေ၊ ဤလူများက အသင်းတော်၏အလုပ်ကို နှောင့်ယှက်လျှင် သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ခြိမ်းခြောက်လျှင်ပင် ၎င်းတို့သည် မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ ဤသည်မှာ အမှန်စင်စစ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
တကယ့်အလုပ်ကို မလုပ်ဆောင်သော အယောင်ဆောင်ခေါင်းဆောင်များအတွက်မှာမူ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ထပ်ခါတလဲလဲ သတိပေးပြီး ပြဿနာများကို ဖြေရှင်းရန် တောင်းဆိုသည့်တိုင် ၎င်းတို့သည် တကယ့်အလုပ်ကို မလုပ်ဆောင်သေးပါက၊ တကယ့်ပြဿနာများကို မဖြေရှင်းပါက၊ အမှားများကို မပြုပြင်ပါက သင်တို့သည် ဤအရာကို အထက်သို့ တိုင်ကြားသင့်သည်။ အထက်အဆင့်ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤပြဿနာကို မဖြေရှင်းပါက သင်တို့သည် ဤအယောင်ဆောင်ခေါင်းဆောင်များကို ဖယ်ရှားရန် ဖြစ်နိုင်သည့် မည်သည့်နည်းလမ်းကိုမဆို စဉ်းစားသင့်သည်။ ငါသည် ဤစကားများကို နှစ်ပေါင်းများစွာ ပြောဆိုခဲ့ပြီးဖြစ်သော်လည်း အောက်ခြေရှိ လူအများစုမှာ အခြားသူများကို စော်ကားမိခြင်းထက် မိမိတို့ကိုယ်တိုင် အနည်းငယ် ဆုံးရှုံးနစ်နာမှုနှင့် ထိခိုက်မှုကို ခံရခြင်းကို ပိုနှစ်သက်သော ကျွန်များဖြစ်ကြသည်။ မည်သည့်အခြေအနေတွင်မဆို ၎င်းတို့သည် အလယ်အလတ်လမ်းစဉ်ကို အစဉ်သဖြင့် လိုက်လျှောက်ပြီး မည်သူ့ကိုမျှ စော်ကားခြင်းမရှိဘဲ လူ့အကြိုက်လိုက်သူများအဖြစ် ပြုမူကြသည်။ လူများကို မစော်ကားခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေပြီး ညီအစ်ကိုမောင်နှမများကို နှောင့်ယှက်ခြင်းကို ဖြစ်ပေါ်စေလျက် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို စတေးခြင်း ဖြစ်သည်။ ဆိုးယုတ်သောလူများကို မကိုင်တွယ်ပါက မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသူများစွာတို့သည် ထိခိုက်ခံရလိမ့်မည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ် ထိခိုက်ခံရခြင်းနှင့် ညီမျှသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်၏အလုပ် ထိခိုက်ခံရသည့်အခါ မည်သူမျှ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ကြောင့်ကြခြင်း မရှိပေ၊ ထို့ကြောင့် လူအများစုသည် အခြားသူများနှင့် သဟဇာတဖြစ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းရန် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို စတေးနေကြသည်ဟု ငါ ပြောခြင်း ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများကို စော်ကားခြင်းမှ ရှောင်ကြဉ်ကြသည်၊ ၎င်းတို့သည် မည်သူ့ကိုမျှ မစော်ကားကြပေ။ လူတိုင်းသည် လူ့အကြိုက်လိုက်သူများအဖြစ် ပြုမူကြသည်။ ၎င်းတို့၏ စိတ်ဓာတ်မှာ “သင်ကောင်းသည်၊ ကျွန်ုပ်ကောင်းသည်၊ လူတိုင်းကောင်းသည်၊ မည်သည့်အရာပင်ဖြစ်စေ ကျွန်ုပ်တို့သည် အချင်းချင်း အစဉ်သဖြင့် တွေ့မြင်နေကြရသည်” ဟူ၍ ဖြစ်သည်။ ပြီးလျှင် ရလဒ်မှာ အဘယ်နည်း။ ဤသည်မှာ ဆိုးယုတ်သောလူများကို အခြေအနေကို အမြတ်ထုတ်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်၊ ၎င်းတို့သည် မိမိတို့အလိုရှိရာကို ပြုလုပ်လျက် ထပ်ခါတလဲလဲ အာဏာရှင်ဆန်စွာ ပြုမူကြသည်။ သို့ဖြစ်၍ အသင်းတော်ခေါင်းဆောင်များသည် ယုံကြည်စိတ်ချ၍မရဘဲ ဆိုးယုတ်သောလူများကို ဖယ်ရှားခြင်း မပြုပါက ညီအစ်ကိုမောင်နှမများသည် မိမိတို့ကိုယ်ကို ကာကွယ်ရန် ဖြစ်နိုင်သည့် မည်သည့်နည်းလမ်းကိုမဆို စဉ်းစားရမည်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများကို မြင်သည့်အခါ ရှောင်ကြဉ်ခြင်း၊ ခပ်ဝေးဝေးနေခြင်းနှင့် သီးခြားခွဲထားခြင်းများ ပြုလုပ်ရမည်။ အချို့လူများက “ကျွန်ုပ်တို့က သူတို့ကို သီးခြားခွဲထားပြီး သူတို့ ဒေါသထွက်သွားလျှင် သူတို့က ကျွန်ုပ်တို့ကို ထပ်ပြီး တိုင်ကြားမည် မဟုတ်လား” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် သင့်ကို အမှန်တကယ် တိုင်ကြားခဲ့လျှင် သင်ကြောက်မည်လော။ (မကြောက်ပါ။ ဤသည်မှာ ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် ဖော်ထုတ်လိုက်ခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် သင့်ကို ထပ်မံတိုင်ကြားပါက ၎င်းတို့သည် ပင်ကိုအားဖြင့် ယုဒများ၊ ဆိုးယုတ်သော နတ်ဆိုးများဖြစ်ကြောင်းကို ပို၍သက်သေပြလိုက်ခြင်းသာ ဖြစ်သည်။ သင်သည် ၎င်းတို့ကို မကြောက်ရွံ့ရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မျက်စိကန်းပြီး အမှုအရာများကို ထိုးထွင်းမမြင်နိုင်ဘဲ နားဝေတိမ်တောင်ဖြစ်ပြီး အသုံးမကျလျှင်၊ သို့မဟုတ် ၎င်းတို့သည် မပြတ်သားဘဲ မည်သူ့ကိုမျှ ပြစ်မှားခြင်းမရှိဘဲ၊ တကယ့်အလုပ်ကို မလုပ်ဆောင်ဘဲ မိမိတို့၏ ရာထူး၏ အကျိုးကျေးဇူးများကိုသာ ခံစားနေလျှင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့အပေါ် မည်သည့်မျှော်လင့်ချက်မျှ မထားသင့်တော့ပေ။ ၎င်းတို့သည် စည်းမျဉ်းများအတိုင်း ဆိုးယုတ်သောလူများကို ကိုင်တွယ်ရန်နှင့် ယုဒများကို ဖယ်ရှားရန် စည်းလုံးရမည်။ ၎င်းတို့သည် စုဝေးသည့်နေရာကို ပြောင်းလဲရန် သို့မဟုတ် ဤလူများ၏ နှောင့်ယှက်ခြင်းကို ရှောင်ရှားရန် ၎င်းတို့ကို ဖယ်ရှားရန် ပညာရှိသော နည်းလမ်းတစ်ခုကို အသုံးပြုဖို့ လိုအပ်ကောင်း လိုအပ်နိုင်သည်။ အသင်းတော်အသက်တာ၏ ပုံမှန်လည်ပတ်မှုကို သေချာစေခြင်းနှင့် အသင်းတော်အလုပ်အားလုံး၏ ပုံမှန်တိုးတက်မှုကို သေချာစေခြင်းသည် အရေးကြီးဆုံးသောအရာ ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးသည် တကယ့်အလုပ်ကို လုပ်ဆောင်သည်၊ လုံလောက်သော အစွမ်းအစရှိပြီး ၎င်းတို့၏ လူ့သဘာဝသည်လည်း အတော်အတန် ကောင်းမွန်ပါက ၎င်းတို့သည် အလုပ်အစီအစဉ်များအတိုင်း မိမိတို့၏ အလုပ်ကို လုပ်ဆောင်နေသရွေ့ လူတိုင်းသည် ၎င်းတို့ကို နာခံသင့်သည်။ ၎င်းတို့သည် တကယ့်အလုပ်ကို မလုပ်ဆောင်ပါက ၎င်းတို့နှင့် ပတ်သက်ဆက်ဆံခြင်း သို့မဟုတ် အားကိုးခြင်း မပြုသင့်ပေ။ ထိုအချိန်တွင် ပြဿနာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ဖြေရှင်းသင့်သည်။ အကယ်၍ ခေါင်းဆောင်ကို ဖြုတ်ချရန် လိုအပ်ပါက ဖြုတ်ချသင့်သည်၊ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရန် လိုအပ်ပါက ကျင်းပသင့်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ ညီအစ်ကိုမောင်နှမများ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့် ပတ်ဝန်းကျင်ကို မလုံခြုံစေပါက၊ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ဂရုမစိုက်ပါက ၎င်းတို့သည် စံနှုန်းပြည့်မီခြင်း မရှိပေ၊ ၎င်းတို့သည် အရည်အချင်းမရှိပေ၊ မည်သည့်တကယ့်အသုံးဝင်မှုမျှ မရှိသော အမှိုက်ပုံကြီးတစ်ခုသာ ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို နားမထောင်သင့်သကဲ့သို့ ၎င်းတို့၏ ဘောင်ခတ်မှုကိုလည်း မခံသင့်ပေ။ လိုအပ်သည့်အခါတိုင်း ယုဒများကို ဖယ်ရှားခြင်း မပြုနိုင်သော မည်သည့်ခေါင်းဆောင်များနှင့် အမှုဆောင်များမဆိုသည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များ ဖြစ်ကြသည်၊ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကိုင်တွယ်သင့်သည်။ ၎င်းတို့ကို ချက်ချင်း မကိုင်တွယ်ပါက ညီအစ်ကိုမောင်နှမများအားလုံးသည် ယုဒများ၏ သစ္စာဖောက်ခြင်းကို ခံရမည်ဖြစ်ပြီး အသင်းတော်သည်လည်း ဆက်လက်တည်ရှိတော့မည် မဟုတ်ပေ။ “မည်သည့်အချိန်မဆို သစ္စာဖောက်နိုင်စွမ်းရှိခြင်း” ဟူသည့် အဋ္ဌမမြောက် သရုပ်သကန်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤတွင် ပြီးဆုံးပါသည်။
ဈ။ အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိခြင်း
နဝမမြောက် သရုပ်သကန်မှာ “အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိခြင်း” ဖြစ်သည်။ ဘုရားအိမ်တော်မှ အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိသော ဤလူစားမျိုးသည် အထူးအခြေအနေတစ်ရပ်ကို ကြုံတွေ့သည့်အခါ သို့မဟုတ် သာမန်လူတစ်ဦး ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်သော၊ ၎င်းတို့၏ အတိုင်းအတာကို ကျော်လွန်သော ကြီးမားသည့် ဘေးဒုက္ခတစ်ခုကို ကြုံတွေ့သည့်အခါမှသာ ထွက်ခွာသည့်သူတစ်ဦးမဟုတ်ဘဲ အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိသူ ဖြစ်သည်၊ သေးငယ်သော အမှုအရာတစ်ခုကပင် ၎င်းတို့ကို ထွက်ခွာစေနိုင်သည်၊ သေးငယ်သော အမှုအရာတစ်ခုကပင် ၎င်းတို့ကို မိမိတို့၏ တာဝန်ကို မထမ်းဆောင်ချင်တော့ရန်၊ ဘုရားသခင်ကို မယုံကြည်ချင်တော့ရန်နှင့် ဘုရားအိမ်တော်မှ ထွက်ခွာသွားချင်ရန် ဖြစ်စေနိုင်သည်။ ဤလူစားမျိုးသည် ကြီးမားသော ပြဿနာတစ်ခုလည်း ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ယုဒကဲ့သို့သော လူများထက် အနည်းငယ် ပိုကောင်းပုံရနိုင်သော်လည်း ၎င်းတို့သည် အချိန်မရွေး၊ နေရာမရွေး ဘုရားအိမ်တော်မှ ထွက်ခွာနိုင်စွမ်းရှိကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်နိုင်စွမ်း ရှိမရှိမှာ မသေချာပေ။ သင်တို့သည် ဤလူစားမျိုးကို ယုံကြည်စိတ်ချရသည်ဟု ထင်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် ကျင့်ကြံပြုမူရာ၌ စည်းမျဉ်းများ ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် ရှိသလော။ (မရှိပါ။) ၎င်းတို့သည် အမှန်တကယ် ယုံကြည်ခြင်း၏ လက္ခဏာတစ်စုံတစ်ရာ ပြသသလော။ (မပြပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သို့သော လူစားမျိုး ဖြစ်သနည်း။ (မယုံကြည်သူတစ်ဦး ဖြစ်ပါသည်။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည်မှာ ဟာသလုပ်နေသကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် လုပ်သင့်လုပ်ထိုက်သော အလုပ်တာဝန်များကို မလုပ်ဆောင်ဘဲ ပဲငံပြာရည်အချို့ ဝယ်ရန် အပြင်ထွက်သည့် သူတစ်ဦးနှင့် တူသည်၊ ထိုသူသည် လမ်းပေါ်၌ သက်ဝင်လှုပ်ရှားသော မြင်ကွင်းကို ဖန်တီးနေသည့် လမ်းဘေးကျွမ်းဘားသမားများ သို့မဟုတ် ဖျော်ဖြေသူများကို မြင်တွေ့ပြီး စိတ်လှုပ်ရှားမှုတွင် နစ်မျောသွားကာ ပဲငံပြာရည်ဝယ်ရန် မေ့လျော့သွားပြီး နောက်ဆုံးတွင် မူလကိစ္စများကို နှောင့်နှေးကြန့်ကြာစေသည်။ ဤသို့သော လူစားမျိုးသည် မည်သည့်အရာကိုမျှ ကြာရှည်စွာ စွဲစွဲမြဲမြဲ မလုပ်ဆောင်ပေ၊ ၎င်းတို့သည် စိတ်နှစ်ခွဖြစ်ပြီး မတည်ငြိမ်ကြပေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည်လည်း ၎င်းတို့၏ စိတ်ဝင်စားမှုအပေါ် အခြေခံသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရသည်မှာ အတော်ပင် ပျော်စရာကောင်းသည်ဟု ခံစားရသော်လည်း တစ်ချိန်ချိန်တွင် စိတ်ဝင်စားမှုမရှိတော့သည့်အခါ မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ ချက်ချင်း ထွက်ခွာသွားလိမ့်မည်။ ထွက်ခွာသွားသူအချို့သည် ချက်ချင်း စီးပွားရေးလုပ်ငန်း လုပ်ကြသည်၊ အချို့သည် အစိုးရဝန်ထမ်းလမ်းကြောင်းကို လိုက်စားကြသည်၊ အချို့သည် ချစ်ရေးချစ်ရာ ဆက်ဆံရေးများတွင် ပါဝင်ပြီး အိမ်ထောင်ပြုရန် ပြင်ဆင်ကြသည်၊ ချက်ချင်း ချမ်းသာလိုသူအချို့မှာမူ လောင်းကစားရုံသို့ တန်းသွားကြသည်။ လူတစ်ဦးကို သုံးရက်ကြာ မတွေ့ပြီးနောက်တွင် အမြင်သစ်ဖြင့် ကြည့်သင့်သည်ဟု လူတို့က ဆိုကြသည်။ အချိန်မရွေး ဘုရားအိမ်တော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတစ်ဦးအတွက်မူ သင်သည် ၎င်းတို့ကို တစ်ရက်မျှသာ မတွေ့လိုက်ရလျှင်ပင် နောက်တစ်ကြိမ် ပြန်တွေ့သည့်အခါ ၎င်းတို့သည် လုံးဝကွဲပြားခြားနားသော လူတစ်ဦးကဲ့သို့ ဖြစ်နေသည်။ ယမန်နေ့က ၎င်းတို့သည် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားဆဲဖြစ်ပြီး အမူအရာကောင်းမွန်ပြီး ကြည့်ပျော်ရှုပျော်ဖြစ်နေသေးသည်။ ၎င်းတို့သည် မိမိတို့၏ လူငယ်ဘဝကို ဘုရားသခင်အတွက် ဆက်ကပ်ရန်၊ ဘုရားသခင်အတွက် မိမိတို့၏ အသွေးကို ပေးဆပ်ရန်၊ ဘုရားသခင်အတွက် အသေခံရန်၊ သေသည်တိုင် သစ္စာစောင့်သိရန်နှင့် နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် (ဆန္ဒရှိကြောင်း) ပြောဆိုလျက် မျက်ရည်များ တသွင်သွင်စီးကျကာ ဘုရားသခင်ထံ ဆုပင်တောင်းခဲ့သေးသည်။ ၎င်းတို့သည် ထိုသို့သော မြင့်မြတ်သည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသော်လည်း မကြာမီပင် လောင်းကစားရုံသို့ သွားခဲ့ကြသည်။ ယမန်နေ့က ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရသည်ကို ပျော်ရွှင်နေခဲ့ပြီး စုဝေးပွဲအတွင်းတွင် ဝင်းထိန်နေသော မျက်နှာနှင့် စိတ်အားထက်သန်မှု ပြင်းပြစွာဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်မှာ ဝမ်းနည်းပက်လက် ငိုကြွေးသည်အထိ တို့ထိခံစားခဲ့ရသည်။ သို့ဖြစ်လျှင် ယနေ့ လောင်းကစားရုံသို့ အဘယ်သို့လျှင် ပြေးသွားခဲ့သနည်း။ ၎င်းတို့သည် အိမ်ပြန်ရန် ဆန္ဒမရှိဘဲ ညဉ့်နက်သည်အထိ လောင်းကစား လုပ်ခဲ့ကြပြီး အလွန်ပျော်ရွှင်ကာ စိတ်အားထက်သန်မှု ပြင်းပြနေခဲ့ကြသည်။ ယမန်နေ့က ၎င်းတို့သည် စုဝေးပွဲများကို တက်ရောက်နေဆဲဖြစ်သော်လည်း ယနေ့တွင်မူ လောင်းကစားရုံသို့ ပြေးသွားခဲ့ကြသည်၊ သို့ဆိုလျှင် မည်သည့်သရုပ်သကန်က ၎င်းတို့၏ ပင်ကိုစရိုက်အမှန် ဖြစ်သနည်း။ (နောက်ပိုင်းတစ်ခုက ၎င်းတို့၏ ပင်ကိုစရိုက်အမှန် ဖြစ်ပါသည်။) လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက ဤလူသည် မည်သို့သောသူဖြစ်သည်ကို အမှန်တကယ်ပင် ထိုးထွင်းသိမြင်နိုင်မည် မဟုတ်ပေ။ အစနှင့်အဆုံး သရုပ်သကန်နှစ်မျိုးလုံးကို အမှန်တကယ်တွင် လူတစ်ဦးတည်းကသာ ပြသခြင်းဖြစ်သည်၊ သို့ဆိုလျှင် အဘယ်သို့လျှင် ယင်းတို့ကို မတူညီသော လူနှစ်ဦးက ပြသနေသည်ဟု ထင်ရသနည်း။ ဤသို့သောလူတစ်ဦးကို လူအများစုက ထိုးထွင်းသိမြင်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် ၎င်းတို့သည် မကြာခဏ စုဝေးပွဲများ တက်ရောက်ကြောင်း၊ မကောင်းမှုကို မပြုကြောင်းနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အတော်အတန်ပင် ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်ကြောင်း သင် မြင်တွေ့ရသည်။ ကွန်ပျူတာရှေ့တွင် ထိုင်သည့်အခါ ၎င်းတို့သည် အာရုံစူးစိုက်ပြီး လုံ့လဝီရိယရှိကာ အလုပ်ကို ကြိုးစားလုပ်ဆောင်ပြီး စိတ်ရောကိုယ်ပါ ထည့်သွင်းလုပ်ဆောင်ကြသည်။ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးအနေဖြင့် ၎င်းတို့သည် မာကျောက် မကစားသင့်ဟု သင် ထင်လိမ့်မည် မဟုတ်လော။ သို့သော် ၎င်းတို့ကို တစ်ရက်မျှ မတွေ့လိုက်ရပြီးနောက်တွင် ၎င်းတို့သည် လောင်းကစားလုပ်ရန် မာကျောက်ကစားသည့်နေရာ သို့မဟုတ် လောင်းကစားရုံသို့ ပြေးသွားခဲ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် ပထမတန်းစား မာကျောက်ကစားသမားတစ်ဦး ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးနှင့် လုံးဝမတူပေ။ ၎င်းတို့သည် သင့်ကို လုံးဝပင် အကြံအိုက်အောင် ပြုလုပ်ခဲ့သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးလော သို့မဟုတ် မာကျောက်ကစားသော ဘာသာတရားမရှိသူတစ်ဦးလော။ ၎င်းတို့သည် အဘယ်သို့လျှင် ဤမျှ လျင်မြန်စွာ အခန်းကဏ္ဍ ပြောင်းလဲနိုင်သနည်း။ သို့ဆိုလျှင် ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ပျော်ရွှင်ရန်နှင့် အချိန်ဖြုန်းရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ယင်းက ၎င်းတို့၏ ဘဝအတွက် ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိမရှိကိုလည်းကောင်း သိမြင်ရန်အတွက်သာ ဖြစ်သည်။ ၎င်းတို့ မပျော်ရွှင်ပါက အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိကြသည်။ ၎င်းတို့သည် တစ်သက်လုံး ယုံကြည်ရန် မည်သည့်အခါမျှ အစီအစဉ်မရှိခဲ့သကဲ့သို့ တစ်သက်လုံး တာဝန်ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်ရန်လည်း မည်သည့်အခါမျှ အစီအစဉ်မရှိခဲ့သည်မှာ သေချာသည်။ သို့ဆိုလျှင် ၎င်းတို့ အဘယ်အရာကို အစီအစဉ်ရှိခဲ့သနည်း။ ၎င်းတို့၏ စိတ်ထဲတွင် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်မည်ဆိုလျှင် အနည်းဆုံးအနေဖြင့် ယင်းသည် ၎င်းတို့၏ ပျော်ရွှင်နိုင်စွမ်းကို မတားဆီးရ၊ မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်ခြင်း မပါဝင်ရ၊ ပျော်ရွှင်သောဘဝကို အသက်ရှင်နိုင်ရန် အာမခံချက်ပေးနိုင်ဆဲ ဖြစ်ရမည်။ ၎င်းတို့သည် နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့ရမည်ဆိုလျှင် စိတ်ဝင်စားမည်မဟုတ် သို့မဟုတ် ပျော်ရွှင်မည်မဟုတ်ပေ။ ယင်းကို ငြီးငွေ့လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာပြီး လောကသို့ ပြန်ပြေးကြလိမ့်မည်။ ၎င်းတို့က “ဘဝသည် မလွယ်ကူပါ၊ ထို့ကြောင့် လူတို့သည် မိမိတို့ကိုယ်ကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုသင့်ပါ။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမည်ဖြစ်ပြီး မိမိတို့၏ ဇာတိပကတိကို မညှဉ်းပန်းနှိပ်စက်ရပါ။ ကျွန်ုပ်တို့သည် နေ့စဉ် ပျော်ရွှင်ကြောင်း သေချာစေရမည်၊ ယင်းမှာ လွတ်လပ်စွာ အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဘုရားကို ယုံကြည်ခြင်းသည် ခေါင်းမာစွာ မပြုလုပ်သင့်ပါ။ ကျွန်ုပ် မည်မျှ အေးအေးဆေးဆေးရှိသည်ကို ကြည့်လော့၊ ပျော်ရွှင်မှုရှိသည့် မည်သည့်နေရာမဆို ကျွန်ုပ်သွားသည့်နေရာ ဖြစ်သည်။ ကျွန်ုပ် မပျော်ရွှင်လျှင် ထွက်ခွာသွားမည်။ အဘယ်ကြောင့် ကျွန်ုပ်ကိုယ်တိုင်အတွက် အဆင်မပြေမှုများကို ဖန်တီးရမည်နည်း။ အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိခြင်းသည် ကျွန်ုပ် ကျင့်ကြံပြုမူခြင်း နည်းလမ်းအတွက် အမြင့်မားဆုံးသော ဝါဒဖြစ်သည်၊ ‘လွတ်လပ်သောစိတ်ဓာတ်ရှိသည့် ယုံကြည်သူ’ တစ်ဦး ဖြစ်ခြင်း၊ ဤကဲ့သို့ အသက်ရှင်နေထိုင်ခြင်းသည် အလွန် သက်သောင့်သက်သာရှိပြီး အပူအပင်ကင်းလှပါတကား” ဟု တွေးထင်ကြသည်။ ဤသို့သော လူစားမျိုးသည် မည်သို့သော သီချင်းမျိုးကို မကြာခဏ သီဆိုကြသနည်း။ “ကျွန်ုပ် အဘယ်မှလာသည်ကို မမေးပါနှင့်၊ ကျွန်ုပ်၏ ဇာတိမြို့သည် အဝေးမှာရှိသည်” ဟူ၍ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် အခြားမည်သည့်အရာကို ၎င်းတို့ သီဆိုကြသနည်း။ “အဘယ်ကြောင့် တစ်ကြိမ်တစ်ခါမျှ လွတ်လပ်စွာ မနေထိုင်ဘဲနေမည်နည်း” ဟူ၍ ဖြစ်သည်။ ယင်းကို ငြီးငွေ့ဖွယ်ကောင်းသည် သို့မဟုတ် ပျော်စရာမကောင်းတော့ဟု ခံစားရသည့်အခါ ၎င်းတို့သည် “လောကကြီးတွင် ကြည့်ရှုစရာများစွာ ရှိနေသေးလျက် အဘယ်ကြောင့် နေရာတစ်နေရာတည်းတွင် ကပ်တွယ်နေမည်နည်း” ဟု စဉ်းစားလျက် လျင်မြန်စွာ ထွက်ခွာသွားကြသည်။ ၎င်းတို့ အသုံးပြုသည့် အခြားသော ကျော်ကြားသည့် ဆိုရိုးစကားမှာ အဘယ်နည်း။ “သစ်ပင်တစ်ပင်အတွက် အဘယ်ကြောင့် သစ်တောတစ်အုပ်လုံးကို စွန့်လွှတ်ရမည်နည်း” ဟူ၍ ဖြစ်သည်။ သင်တို့ မည်သို့ထင်သနည်း၊ ဤသို့သော လူစားမျိုးတွင် စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ (မရှိပါ၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြပါသည်။) မယုံကြည်သူများနှင့်ပတ်သက်လာလျှင် ၎င်းတို့၏ ပြဿနာများသည် လူ့သဘာဝ၏ ပြဿနာများဖြစ်ကြောင်း ငါတို့ ပြောဆိုနေကြသည်ဖြစ်သည့်အတွက် ထိုသို့သောလူများ၏ လူ့သဘာဝတွင် အတိအကျ မည်သည့်အရာ မှားယွင်းနေသနည်း။ ဤသို့သော လူစားမျိုးသည် လူတို့ မည်သို့ ကျင့်ကြံပြုမူသင့်သည်၊ လူတို့ မည်သည့်လမ်းကို လျှောက်လှမ်းသင့်သည် သို့မဟုတ် လူတို့ အသက်ရှင်နေထိုင်စဉ် မည်သို့သော ဘဝအမြင်နှင့် တန်ဖိုးများကို ထားရှိသင့်သည်ဟူသော မေးခွန်းများကို တစ်ခါမျှ စဉ်းစားခဲ့ဖူးသည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) သို့ဆိုလျှင် ဤလူစားမျိုး၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာမှာ အဘယ်နည်း။ (ဤလူစားမျိုးသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ပါသည်၊ ၎င်းတို့သည် ထိုသို့သော မေးခွန်းများကို မစဉ်းစားကြပါ။) ယင်းမှာ သေချာသည်။ ထို့အပြင် တိတိကျကျဆိုရလျှင် ဤလူစားမျိုးတွင် စိတ်ဝိညာဉ်မရှိပေ၊ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်မျှသာ ဖြစ်သည်။ ၎င်းတို့သည် မည်သို့ ကျင့်ကြံပြုမူရမည် သို့မဟုတ် မည်သည့်လမ်းကို လျှောက်လှမ်းသင့်သည်နှင့်ပတ်သက်၍ မိမိတို့၏ ကိုယ်ပိုင်သတ်မှတ်ချက်များ မရှိသကဲ့သို့ ဤအရာများကိုလည်း မစဉ်းစားကြပေ။ ၎င်းတို့ ဤအရာများကို မစဉ်းစားရသည့်အကြောင်းရင်းမှာ အပြင်ပန်းတွင် လူ၏အသွင်အပြင် ရှိနေသော်လည်း ၎င်းတို့၏ အနှစ်သာရသည် အမှန်တကယ်တွင် လမ်းလျှောက်နေသော အလောင်းကောင်၊ အခွံသက်သက်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ ဤလူစားမျိုးသည် လူ့ဘဝနှင့် ရှင်သန်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်လာလျှင် ဘဝကို ဖြစ်သလို နေထိုင်ဖြတ်သန်းသည့် သဘောထားရှိသည်။ တိတိကျကျဆိုရလျှင် “ဘဝကို ဖြစ်သလို နေထိုင်ဖြတ်သန်းခြင်း” ဆိုသည်မှာ ဖြစ်သလိုနေထိုင်ပြီး သေခြင်းကို စောင့်ဆိုင်းခြင်း၊ မလေ့လာဘဲ အသိဉာဏ်ကင်းမဲ့စွာ နေထိုင်ခြင်း၊ မိမိတို့၏ နေ့ရက်များကို စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းတို့ဖြင့် ကုန်ဆုံးစေခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ပျော်ရွှင်မှုရှိသည့် မည်သည့်နေရာသို့မဆို သွားကြပြီး ၎င်းတို့ကို ပျော်ရွှင်စေသော၊ ဝမ်းမြောက်စေသော၊ ဇာတိပကတိ၌ သက်သောင့်သက်သာဖြစ်စေသော မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်။ သို့သော် ၎င်းတို့၏ ဇာတိပကတိကို ဒုက္ခခံစားရစေသော သို့မဟုတ် အတွင်းစိတ် နာကျင်မှုကို ဆောင်ကြဉ်းပေးသော မည်သည့်အရာကိုမဆို ရှောင်ကြဉ်ပြီး အဝေးတွင် နေကြလိမ့်မည်၊ ၎င်းတို့သည် မိမိတို့၏ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေလိုခြင်း မရှိကြပေ။ သို့သော် အချို့လူများသည် ဆင်းရဲဒုက္ခခံစားခြင်းမှတစ်ဆင့် ဘဝကို တွေ့ကြုံခံစားကြသည်။ သို့မဟုတ် အမျိုးမျိုးသော အမှုအရာများကို ဖြတ်သန်းပြီး တွေ့ကြုံခံစားခြင်းအားဖြင့် ၎င်းတို့၏ ဘဝများသည် အနှစ်မဲ့မနေစေရန်နှင့် ထိုအရာမှ တစ်စုံတစ်ခု ရရှိနိုင်ရန် ပြုလုပ်ကြသည်။ အဆုံးတွင် ၎င်းတို့သည် လူတစ်ဦး မည်သည့်လမ်းကို လျှောက်လှမ်းသင့်သည်၊ မည်သို့သောလူစားမျိုး ဖြစ်သင့်သည်ဟူသော ကောက်ချက် ချလိုက်လေသည်။ ဘဝအတွေ့အကြုံများမှတစ်ဆင့် ၎င်းတို့သည် များစွာ ရရှိကြသည်။ တစ်ချက်အနေနှင့် ၎င်းတို့သည် အချို့သောလူများကို ရိပ်စားမိနိုင်ကြသည်၊ ထို့အပြင် လူတစ်ဦးသည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဆက်ဆံရန် မည်သည့်စည်းမျဉ်းများနှင့် နည်းလမ်းများကို အသုံးပြုသင့်သည်၊ လူတစ်ဦးသည် မိမိ၏ တစ်သက်တာလုံးကို မည်သို့ အသက်ရှင်နေထိုင်သင့်သည်ကို ကောက်ချက်ချနိုင်ကြသည်။ ၎င်းတို့ နောက်ဆုံး ကောက်ချက်ချသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ၊ ဆန့်ကျင်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ထိုအရာကို စဉ်းစားခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ အချိန်မရွေး ဘုရားအိမ်တော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားရန် သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စိတ်ဝင်စားမှုမရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကာမဂုဏ်ဆိုင်ရာ လိုအင်ဆန္ဒများနှင့် နှစ်သက်မှုများကို ဖြည့်ဆည်းရန် အခွင့်အရေးများကို အမြဲ ရှာဖွေနေကြပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို လုံ့လဝီရိယရှိစွာ လေ့လာရန်၊ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သို့မဟုတ် အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်နေထိုင်ရန် မည်သည့်အခါမျှ မလိုလားကြပေ။ ၎င်းတို့သည် ဘာသာတရား မရှိသူများကဲ့သို့ နေ့စဉ် ပျော်ရွှင်ချင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့ သွားသည့် မည်သည့်နေရာတွင်မဆို မိမိတို့၏ စိတ်ဝင်စားမှုများနှင့် စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းရန်အတွက်သာ ပျော်ရွှင်မှုနှင့် အပန်းဖြေမှုကို ရှာဖွေကြသည်။ ၎င်းတို့သည် တာဝန်တစ်ခုတည်းကို ဆက်လက်လုပ်ဆောင်ရမည်ဆိုလျှင် စိတ်ဝင်စားမှု မရှိတော့ဘဲ ဆက်လက်လုပ်ဆောင်ရန် စိတ်အားထက်သန်မှု မရှိတော့ပေ။ ဤသို့သော လူစားမျိုးနှင့်ဆိုလျှင် ဘဝအပေါ် ၎င်းတို့၏ သဘောထားမှာ ဖြစ်သလိုနေထိုင်ရန်သာ ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် အခြားသူများကို စိတ်ထဲထည့်မနေဘဲ အလွန်လွတ်လပ်ပြီး အေးအေးဆေးဆေး နေထိုင်ကြပုံရသည်။ ၎င်းတို့သည် နေ့စဉ် ပျော်ရွှင်ပြီး အပူအပင်ကင်းမဲ့ပုံရကာ သွားလေရာရာ၌ အခြေအနေများနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ကြသည်။ အချို့ဆိုလျှင် လောကီဓလေ့ထုံးတမ်းများ သို့မဟုတ် လူမှုဆက်ဆံရေး ဓလေ့ထုံးစံများ၏ သက်ရောက်မှုနှင့် ချည်နှောင်မှုတို့မှ ကင်းလွတ်ပုံရပြီး သာမန်ထက် ထူးကဲကာ လူအများထက် သာလွန်သည်ဟူသော အပြင်ပန်းအထင်အမြင်ကို ပေးသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့၏ အနှစ်သာရမှာ လမ်းလျှောက်နေသော အလောင်းကောင်၊ စိတ်ဝိညာဉ်မရှိသော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတို့သည် မိမိတို့လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ ကြာရှည်စွာ စွဲစွဲမြဲမြဲ မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် ကောက်ရိုးမီးလို ခဏသာဖြစ်သည်။ သို့သော် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ကွဲပြားသည်။ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ ယင်းကို အလေးအနက် လေ့လာပြီး ကောင်းစွာ လုပ်ဆောင်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး တန်ဖိုးအချို့ကို ဖန်တီးနိုင်သည်။ တစ်ချက်အနေနှင့် ၎င်းတို့သည် မိမိတို့ပတ်ဝန်းကျင်ရှိသူများ၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ကြပြီး တစ်ချိန်တည်းတွင် မိမိတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်စွမ်းရှိပြီး အသုံးဝင်သောလူများဖြစ်ကာ အသုံးမကျသူများ မဟုတ်ကြောင်း မြင်တွေ့ရသဖြင့် အတွင်းစိတ်၌ ယုံကြည်မှုရှိသည်ဟု ခံစားနိုင်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦး စွမ်းဆောင်နိုင်သည့် အနိမ့်ဆုံးအဆင့် ဖြစ်သည်။ သို့သော် ဘဝကို ဖြစ်သလို နေထိုင်ဖြတ်သန်းသောသူတို့မူကား ဤအရာများကို မည်သည့်အခါမျှ မစဉ်းစားကြပေ။ ၎င်းတို့ သွားသည့် မည်သည့်နေရာတွင်မဆို စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းသာ ရှိသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် အလွန်လွတ်လပ်ပြီး အေးချမ်းစွာ နေထိုင်ကြပုံရသော်လည်း အမှန်တကယ်တွင် ထိုသို့သောလူများ၌ ခေါင်းထဲတွင် အတွေးအခေါ်များ မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့် အရာအားလုံးတွင် မည်သည့်အခါမျှ အလေးအနက်မရှိပေ၊ ၎င်းတို့သည် အစဉ်သဖြင့် ဖြစ်ကတတ်ဆန်းနိုင်ပြီး ခဏတာ စိတ်အားထက်သန်မှုဖြင့်သာ လှုံ့ဆော်ခံရကာ မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ တစ်သက်တာလုံးကို ဖြစ်သလို နေထိုင်ဖြတ်သန်းလိုကြပြီး သွားလေရာရာ၌ ဤသဘောထားကိုပင် ဆောင်ကြဉ်းသွားကြသည်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းပင်လျှင် ဤအရာမှ ခြွင်းချက်မရှိပေ။ အချို့သော အချိန်ကာလတစ်ခုအတွင်းတွင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ အတော်အတန် အလေးအနက်ထားပုံရပြီး ဆင်းရဲဒုက္ခခံနိုင်ကာ အဖိုးအခပေးနိုင်သည်ကို သင် မြင်တွေ့ရနိုင်သော်လည်း မည်သူက ၎င်းတို့၏ ပြဿနာများကို ထောက်ပြသည်ဖြစ်စေ၊ မည်သို့လုပ်ဆောင်ရမည်ကို ပြောပြသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အခါမျှ အလေးအနက်မထားဘဲ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် မိမိတို့အလိုရှိသလိုသာ အမှုအရာများကို လုပ်ဆောင်ကြသည်၊ ၎င်းတို့ ပျော်ရွှင်နေသမျှကာလပတ်လုံး ၎င်းတို့အတွက် အဆင်ပြေသည်။ ပြီးလျှင် ၎င်းတို့ မပျော်ရွှင်တော့ပါက မည်သူ၏ အကြံဉာဏ်ကိုမျှ နားမထောင်ဘဲ ပျော်ပါးရန် ထွက်သွားကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “မည်သို့ပင်ဖြစ်စေ ဘုရားကို ရေရှည်ယုံကြည်ရန် ကျွန်ုပ် အစီအစဉ်မရှိပါ” ဟု စဉ်းစားကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ပြုပြင်ပါက ၎င်းတို့သည် ချက်ချင်း ထွက်ခွာနိုင်စွမ်းရှိကြသည်။ ဤသည်မှာ အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသော လူများ၏ သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။
အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်း ရှိသောသူတို့တွင် အခြားသရုပ်သကန်တစ်မျိုး ရှိသေးသည်။ အချို့လူများမှာ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်ခဲ့သည်ဖြစ်စေကာမူ၊ ၎င်းတို့တွင် အခြေခံအုတ်မြစ်ရှိပုံပေါက်သည်ဖြစ်စေ မပေါက်သည်ဖြစ်စေ၊ ယခင်က မည်သို့သောတာဝန်ကိုပင် ထမ်းဆောင်ခဲ့သည်ဖြစ်စေကာမူ၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် သက်ဆိုင်သော အထူးအခြေအနေတစ်ရပ်ကို ကြုံတွေ့သည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ပျောက်ကွယ်သွားနိုင်သည်။ အချိန်မရွေး အခြားလူများက ၎င်းတို့နှင့် အဆက်အသွယ်ပြတ်တောက်သွားနိုင်ပြီး ၎င်းတို့ မည်သို့ဖြစ်နေသည်ကို မည်သည့်အတွေးမျှမရှိဘဲ အသင်းတော်၌ ၎င်းတို့ကို မမြင်တွေ့ရတော့ပေ။ အချို့လူများသည် ၎င်းတို့ကို သွေးဆောင်ဖြားယောင်းရန် ကြိုးစားနေသည့် လိင်မတူသူတစ်ဦးနှင့် ကြုံတွေ့သည့်အခါ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းကို ရပ်တန့်ပြီး ချိန်းတွေ့ရန် ထွက်သွားကာ လုံးဝ အဆက်အသွယ် လုပ်မရတော့ပေ။ အခြားသူများလည်း ရှိသေးသည်၊ ၎င်းတို့၏ သားသမီးများသည် အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်ရှိလာပြီး ၎င်းတို့သည် မိမိတို့၏ သားသမီးများ၏ မင်္ဂလာဆောင်ကို စီစဉ်ပေးရသဖြင့် အလုပ်များလာကာ မိမိတို့၏ တာဝန်ကို မထမ်းဆောင်တော့ဘဲ စုဝေးပွဲများတွင်လည်း မပါဝင်တော့ပေ။ မည်သူက ၎င်းတို့ကို ရှာဖွေသည်ဖြစ်စေ အိမ်ထဲသို့ပင် ဝင်ခွင့်မရပေ။ အချို့လူများသည် မိမိတို့၏ မိဘများ သို့မဟုတ် အိမ်ထောင်ဖက် နေမကောင်းဖြစ်ပြီး ဆေးရုံတက်ရသည့်အခါ သို့မဟုတ် ကြီးမားသော အမှုအရာတစ်ခု ဖြစ်ပျက်သည့်အခါ သို့မဟုတ် အိမ်၌ မျှော်လင့်မထားသော ဘေးဒုက္ခတစ်ခု ဖြစ်ပွားသည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်သူများဖြစ်ပါက “မကြာသေးမီက အိမ်၌ ဖြေရှင်းရန် ကိစ္စအချို့ရှိနေသောကြောင့် စည်းဝေးများ မတက်ရောက်နိုင်ပါ။ ကျွန်ုပ်သည် ခွင့်တိုင်ကြားရန် လိုအပ်ပါသည်၊ သင်တို့အနေဖြင့် သင့်တော်သူတစ်ဦးကို ရှာတွေ့နိုင်ပါက၊ ကျွန်ုပ်၏ တာဝန်ကို မနှောင့်နှေးစေဘဲ ထိုသူအား ယာယီ လွှဲပြောင်းပေးပါ” ဟု ဆိုလျက် ရှင်းလင်းချက်တစ်ခု ပေးလိမ့်မည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အသိပေးချက်နှင့် ရှင်းလင်းချက်အချို့ကို ပေးလိမ့်မည်။ သို့သော် အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတို့သည် စကားတစ်ခွန်းမျှ မပြောဘဲ အသင်းတော်နှင့် အဆက်အသွယ် ဖြတ်တောက်ကြပြီး ညီအစ်ကိုမောင်နှမများ မည်သို့ပင် ကြိုးစားစေကာမူ ၎င်းတို့နှင့် အဆက်အသွယ်မရနိုင်ပေ။ ၎င်းတို့တွင် ဆက်သွယ်ရန် နည်းလမ်းမရှိ၍ မဟုတ်ပါ၊ မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့ကို ဆက်သွယ်နိုင်သည်၊ သို့သော် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ဆက်သွယ်ရန် သို့မဟုတ် တုံ့ပြန်ရန် ဆန္ဒမရှိခြင်းသာ ဖြစ်သည်။ ၎င်းတို့က “သင့်ကို အဘယ်ကြောင့် ကျွန်ုပ် ဆက်သွယ်သင့်သနည်း။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို မိမိ၏သဘောဆန္ဒအလျောက် ထမ်းဆောင်ခြင်းဖြစ်ပြီး ယင်းအတွက် အခကြေးငွေတစ်စုံတစ်ရာ ရယူခြင်းမရှိပါ။ ကျွန်ုပ်ထွက်ခွာလိုလျှင် ထွက်ခွာမည်သာဖြစ်သည်။ အိမ်၌ ကိစ္စတစ်စုံတစ်ရာ ရှိနေပါက ထိုအရာသည် ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ အသင့်ကို အကြောင်းကြားရန် ကျွန်ုပ်၌ တာဝန်မရှိသကဲ့သို့ သင်၌လည်း သိပိုင်ခွင့်မရှိပါ” ဟု ပြောဆိုကြသည်။ အချို့လူများသည် တစ်လ သို့မဟုတ် နှစ်လကြာ ထွက်သွားပြီးနောက် မည်သည့်အရှက်တရားမျှ မခံစားရဘဲ၊ မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ပြန်လာသတင်းပို့ကြသည်။ အခြားသူများမှာမူ နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာ ထွက်သွားပြီး လုံးဝ အဆက်အသွယ် လုပ်မရတော့ပေ။ အသင်းတော်ရှိ လူများသည် အခြေအနေကို မသိဘဲ ဤလူသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သောကြောင့် အသင်းတော်မှ ထွက်ခွာသွားရန် မဖြစ်နိုင်ဟု ထင်ကြသည်။ ၎င်းတို့သည် မျှော်လင့်မထားသော အရာတစ်ခုခု ဖြစ်ပွားခဲ့ရမည်ဟု ယူဆပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလေသလောဟု စိုးရိမ်ကြသည်။ အမှန်တကယ်တွင်မူ ထိုလူသည် ဘုရားသခင်ကို မယုံကြည်လိုတော့ခြင်း သက်သက်သာ ဖြစ်ပြီး ညီအစ်ကိုမောင်နှမများကို အကြောင်းမကြားဘဲ ထွက်ခွာသွားခြင်းသာ ဖြစ်သည်။ အချို့လူများသည် ဆယ်ရက်ခန့် ထွက်သွားပြီးနောက် ပြန်လာကြသည်၊ ဤသည်မှာ ၎င်းတို့ ယုံကြည်ခြင်းကို ရပ်လိုက်ပြီဟု မဆိုလိုပေ။ အချို့လူများသည် ထွက်သွားပြီးနောက် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာ ပျောက်ကွယ်သွားကြသည်၊ ၎င်းတို့သည် ယုံကြည်ခြင်းကို ရပ်လိုက်ပြီဟု သင်တို့ ပြောမည်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အမှန်တကယ်ပင် ယုံကြည်ခြင်းကို ရပ်လိုက်ပြီဖြစ်ပြီး ၎င်းတို့ကို စာရင်းမှ ပယ်ဖျက်သင့်သည်။ ဤသည်မှာ သာမန်ထွက်ခွာခြင်းတစ်ခု မဟုတ်ပေ၊ ၎င်းတို့သည် ယုံကြည်ခြင်းကို ရပ်လိုက်ခြင်း ဖြစ်သည်။ လူ့ရှုထောင့်မှကြည့်လျှင် ဤသည်ကို ယုံကြည်ခြင်း မရှိတော့ဟု ခေါ်သည်။ ဘုရားသခင်သည် ဤအရာကို မည်သို့ ရှုမြင်သနည်း။ ဘုရားသခင်၏ အမြင်တွင် ဤသည်ကို ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ ဘုရားသခင်နောက် မလိုက်ခြင်းဟု ခေါ်ပြီး ယင်းမှာ ဘုရားသခင်ကို ပယ်ချခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့၏ ရှုထောင့်မှကြည့်လျှင် ၎င်းတို့က “ကျွန်ုပ် ဘုရားကို မပယ်ချပါ၊ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဘုရားကို ယုံကြည်နေဆဲပါ” ဟု တွေးထင်ကြသည်။ မြင်ပြီမဟုတ်လော။ ၎င်းတို့သည် ထိုအရာကို ပေါ့ပေါ့တန်တန် သဘောထားလိုက်ကြသည်။ အခြားသူများလည်း ရှိသေးသည်၊ ၎င်းတို့သည် စိတ်မကြည်ရုံဖြင့်ဖြစ်စေ၊ စိတ်ညစ်နေရုံဖြင့်ဖြစ်စေ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရသည်မှာ အလွန်ခက်ခဲပြီး မောပန်းသည်ဟု ထင်၍ဖြစ်စေ၊ အနည်းငယ် ပြုပြင်ခံရသည့်အတွက်ဖြစ်စေ စုဝေးပွဲများ တက်ရောက်ခြင်းကို ရပ်တန့်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းကို ရပ်တန့်ကြသည်။ ၎င်းတို့သည် မိမိတို့လက်ရှိ အလုပ်နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ရှင်းပြခြင်းပင်မရှိဘဲ “ကျွန်ုပ်ကို မည်သူမျှ မဆက်သွယ်နှင့်၊ ကျွန်ုပ် မပျော်ပါ၊ ပြီးလျှင် ကျွန်ုပ် မယုံကြည်လိုတော့ပါ” ဟု ဆိုလျက် ထွက်ခွာသွားကြသည်။ ၎င်းတို့ စိတ်ညစ်သောအခါတွင် ယင်းမှာ တစ်နှစ် သို့မဟုတ် တစ်နှစ်ခန့် ကြာနိုင်သည်။ အချို့လူများသည် အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို တာဝန်ယူကြသော်လည်း အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန် ပျက်ကွက်ရုံသာမက အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေလျက် ဒုစရိုက်မှုများကိုလည်း မဆင်မခြင် ကျူးလွန်ကြသည်။ နောက်ပိုင်းတွင် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မရွေးကောက်တော့ဘဲ မိတ်သဟာယဖွဲ့ခြင်းတွင်လည်း ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ကြသည်။ သို့ဖြစ်၍ ၎င်းတို့က “ဤသည်မှာ ကျွန်ုပ်ကို ဝေဖန်ပြစ်တင်ရန် စုဝေးနေခြင်းလော။ ကျွန်ုပ်သည် အလုပ်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ခဲ့ရုံမျှသာ ဖြစ်ပါသည်၊ ဤသည်မှာ ထိုမျှလောက်ပင် ကြီးကျယ်ရန် လိုအပ်ပါသလော။ သူတို့သည် အဘယ်ကြောင့် ဤကဲ့သို့ မိတ်သဟာယဖွဲ့ကာ ကျွန်ုပ်ကို ဖော်ထုတ်နေကြသနည်း။ ကျွန်ုပ်၏ တစ်သက်တာတွင် ဤကဲ့သို့သော ခံပြင်းမှုကို မည်သည့်အခါမျှ မခံစားခဲ့ရဖူးပါ။ ဘုရားသခင်ကို မယုံကြည်မီက ကျွန်ုပ်သည် အခြားသူများကိုသာ အစဉ်အမြဲ ဆူပူကြိမ်းမောင်းခဲ့သူဖြစ်ပြီး မည်သူမျှ ကျွန်ုပ်ကို ဆူပူကြိမ်းမောင်းခြင်း မပြုခဲ့ဖူးပါ။ ဤကဲ့သို့သော ဒုက္ခမျိုးကို ကျွန်ုပ်သည် မည်သည့်အချိန်က ခံစားခဲ့ရဖူးပါသနည်း။ သင်တို့အားလုံးသည် ကျွန်ုပ်တစ်ဦးတည်းကိုသာ ဝိုင်းဝန်းဖိနှိပ်ကာ အရှက်ရစေပါသည်။ ကျွန်ုပ်သည် ဆက်လက်၍ မယုံကြည်တော့ပြီ” ဟု ဆိုလေသည်။ ထိုသို့ပင် ၎င်းတို့သည် ယုံကြည်ခြင်းကို ရပ်လိုက်ကြသည်။ ဤသို့ပြောဆိုသူများသည် လူငယ်များသာ မဟုတ်ပေ၊ အချို့မှာ ဘုရားသခင်ကို ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ခဲ့ပြီး အသက်လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ်ရှိသူများ ဖြစ်ကြသည့်တိုင် မပျော်ရွှင်သည့်အခါ ထိုသို့သောစကားများကို ပြောဆိုနိုင်ကြသည်။ ထိုသို့သောလူများ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခု ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းကို ဘဝ၏ အရေးကြီးဆုံးအရာအဖြစ် မှတ်ယူကြသလော။ ပြုပြင်ခံရသည့်အခါ သို့မဟုတ် ဘေးဒုက္ခများ သို့မဟုတ် ဆုတ်ယုတ်မှုများကို ကြုံတွေ့ရသည့်အခါ အနည်းငယ် အပျက်သဘောဆောင်ပြီး အားနည်းသည်ဟု ခံစားရခြင်းမှာ ပုံမှန်ဖြစ်သော်လည်း ဤအရာများသည် လူတစ်ဦးကို ဘုရားသခင်အား မယုံကြည်သည်အထိ မဖြစ်စေသင့်ပေ။ ထိုသို့သောလူများသည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သူများ မဟုတ်ကြပေ။ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သူများသည် ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရသည့်အခါ၌ပင် မိမိတို့၏ ယုံကြည်ခြင်း၌ ဆက်လက်ရပ်တည်နိုင်ကြသည်၊ ဤသူတို့သာလျှင် သက်သေခံချက်ရှိသော လူများ ဖြစ်ကြသည်။ အချို့လူများသည် သဘာဝဘေးအန္တရာယ်အနည်းငယ် ကြုံတွေ့ရသည့်အခါ ညီအစ်ကိုမောင်နှမများက ထိုအကြောင်းကို မသိသည်ဖြစ်စေ၊ အနည်းငယ် နောက်ကျမှ သိရှိပြီး ၎င်းတို့ကို အချိန်မီ မကူညီနိုင်သည်ဖြစ်စေ “ကျွန်ုပ်သည် အခက်အခဲများနှင့် ကြုံတွေ့နေရသော်လည်း မည်သူမျှ ကျွန်ုပ်ကို အာရုံမစိုက်ကြပါ။ ထို့ကြောင့် သူတို့သည် ကျွန်ုပ်ကို အထင်အမြင်သေးကြသည်တကား။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အချည်းနှီးသာ ဖြစ်သည်။ ကျွန်ုပ်သည် ဆက်လက်၍ မယုံကြည်တော့ပြီ” ဟု စတင်တွေးထင်ကြသည်။ ထိုသို့သော သေးငယ်သည့် အမှုအရာတစ်ခုကြောင့်ပင် ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းကို ရပ်တန့်နိုင်ကြသည်။ ဤသည်မှာ အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသော လူများ၏ သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။
အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်း ရှိသောသူတို့အတွက် အခြားအခြေအနေတစ်ရပ်လည်း ရှိသေးသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ၎င်းတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်သိမ်းသွင်းရန်အလို့ငှာ ၎င်းတို့အား အလုပ်ကောင်းတစ်ခု ကမ်းလှမ်းလျက် “သင်သည် ဘုရားကို ယုံကြည်ခြင်းဖြင့် ဝင်ငွေ တစ်စက်မျှမရှိပါ။ သင့်မှာ မည်သို့သော အလားအလာများ ရှိနိုင်မည်နည်း။ ကျွန်ုပ်တို့သည် သင့်အတွက် လစာမြင့်မားပြီး ကောင်းမွန်သော အကျိုးခံစားခွင့်များနှင့် အလုပ်သမားအာမခံပါရှိသော နိုင်ငံခြားကုမ္ပဏီတစ်ခုတွင် ရာထူးတစ်ခု ရှာထားပေးသည်။ ဘုရားကို ယုံကြည်ခြင်း၌ သင့်အတွက် အနာဂတ်မရှိပါ၊ အလုပ်လုပ်ပြီး ငွေရှာကာ ဘဝကောင်းတစ်ခုဖြင့် နေထိုင်ခြင်းက ပိုကောင်းသည်” ဟု ပြောဆိုသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာပြီး အလုပ်သွားလုပ်ကြသည်။ တစ်စုံတစ်ဦးက “မနေ့က ဤလူသည် အသင်းတော်၌ သူ၏တာဝန်ကို ထမ်းဆောင်နေဆဲဖြစ်သည်။ ယနေ့တွင် သူ၏ ပစ္စည်းများကို သိမ်းဆည်းပြီး အဘယ်ကြောင့် ထွက်ခွာသွားခဲ့သနည်း” ဟု ပြောဆိုသည်။ ၎င်းတို့သည် အလုပ်လုပ်ပြီး ငွေရှာရန် သွားကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်တော့ပေ။ ၎င်းတို့သည် စကားတစ်ခွန်းမျှ မပြောဘဲ ထွက်ခွာသွားကြပြီး ထိုအချိန်မှစ၍ ညီအစ်ကိုမောင်နှမများနှင့် လမ်းခွဲသွားကာ မတူညီသော လမ်းကြောင်းပေါ်မှ လူများ ဖြစ်လာကြသည်။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားလိုကြသည်၊ ကြီးပွားတိုးတက်ပြီး ထင်ပေါ်ကျော်ကြားရန် လိုလားကြပြီး ဘုရားသခင်ကို မယုံကြည်တော့ပေ။ ဧဝံဂေလိတရားဟောနေစဉ် မိမိတို့နှစ်သက်သောသူတစ်ဦးနှင့် တွေ့ဆုံပြီး ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်ကာ အတူတကွ နေထိုင်ရန် ထွက်ခွာသွားသော လူများလည်း ရှိသေးသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းကို ရပ်တန့်ရုံသာမက ဘုရားသခင်ကို ယုံကြည်ခြင်းကိုပင် ရပ်တန့်လိုက်ကြသည်။ အိမ်ရှိ ၎င်းတို့၏ မိဘများမှာမူ ၎င်းတို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည်ဟု တွေးထင်လျက် မသိရှိကြသေးပေ။ အမှန်တကယ်တွင် ၎င်းတို့သည် လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ကြသည်၊ မည်သူသိမည်နည်း၊ ၎င်းတို့တွင် ယခုအချိန်၌ ကလေးများပင် ရှိနေလောက်ပြီ ဖြစ်သည်။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အလွန် အရေးကြီးသော်လည်း ၎င်းတို့သည် ဧဝံဂေလိတရားကို ဟောပြောခြင်းကဲ့သို့သော အလွန်အရေးကြီးသည့်အလုပ်ကိုပင် စွန့်လွှတ်နိုင်ကြသည်။ ၎င်းတို့ နှစ်သက်သောသူတစ်ဦး သို့မဟုတ် ၎င်းတို့ကို နှစ်သက်သောသူတစ်ဦးနှင့် တွေ့ဆုံသည့်အခါ ထိုသူထံမှ ရိုးရှင်းသော သွေးဆောင်ဖြားယောင်းသည့် စကားအနည်းငယ်သည် ၎င်းတို့ကို ဆွဲဆောင်သွားရန် လုံလောက်သည်။ ၎င်းတို့သည် အလွန် ပေါ့ပျက်၍ သာမန်ကာလျှံကာဖြစ်ကာ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို စွန့်ခွာပြီး ဘုရားသခင်ကို သစ္စာဖောက်နိုင်စွမ်းရှိကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ၊ တရားဒေသနာမည်မျှ နားထောင်ခဲ့သည်ဖြစ်စေ သမ္မာတရားကို အနည်းငယ်မျှ နားမလည်ကြသေးပေ။ ၎င်းတို့အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အရေးမကြီးသည့်အပြင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းသည်လည်း အရေးမပါပေ၊ ကောင်းချီးမင်္ဂလာများကို ရရှိခြင်းငှာ ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဟု ခံစားကြရသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတစ်ခု သို့မဟုတ် မိသားစုပြဿနာတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုအတိုင်းပင် ထွက်ခွာသွားနိုင်စွမ်း ရှိကြသည်။ သဘာဝဘေးအန္တရာယ်အနည်းငယ် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ထိုအတိုင်းပင် ယုံကြည်ခြင်းကို ရပ်တန့်နိုင်ကြသည်။ မည်သည့်အရာမဆို ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းကို အနှောင့်အယှက် ပေးနိုင်သည်၊ မည်သည့်ကိစ္စမဆို ၎င်းတို့ကို အပျက်သဘောဆောင်စေပြီး မိမိတို့၏ တာဝန်ကို စွန့်လွှတ်စေနိုင်သည်။ ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ဤမေးခွန်းသည် အမှန်တကယ်ပင် နက်နက်နဲနဲ ဆင်ခြင်သုံးသပ်ထိုက်ပါတကား။
အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်း ရှိသောသူတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ တစ်မျိုးမှာ ဦးနှောက်မရှိ၊ အတွေးအခေါ်မရှိသော နားဝေတိမ်တောင် ဖြစ်သည့်လူများဖြစ်ပြီး ၎င်းတို့သည် နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သည်ကို မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို နားမလည်ကြပေ။ အခြားတစ်မျိုးမှာ ဘုရားသခင်၏ တည်ရှိမှုကို လုံးဝမယုံကြည်ဘဲ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးကို နားမလည်သော မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့အတွက် တရားဒေသနာများ နားထောင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ဘာသာရေးပညာကို လေ့လာခြင်း သို့မဟုတ် အတတ်ပညာဆိုင်ရာ အသိပညာအချို့ကို သင်ယူခြင်းကဲ့သို့ ဖြစ်သည်၊ ၎င်းတို့ နားလည်ပြီး ထိုအကြောင်းကို ပြောဆိုနိုင်သည်နှင့်တစ်ပြိုင်နက် ပြီးပြီဟု မှတ်ယူကြသည်။ ၎င်းတို့သည် ယင်းကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သီအိုရီတစ်မျိုး၊ ကြွေးကြော်သံတစ်ခုမျှသာဖြစ်ပြီး ၎င်းတို့၏ အသက် မည်သည့်အခါမျှ ဖြစ်လာနိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဤလူများအတွက် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် မည်သည့်အရာကမျှ ၎င်းတို့ကို စိတ်မဝင်စားစေပေ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးခြင်း၊ ညီအစ်ကိုမောင်နှမများနှင့်အတူ စုဝေးပြီး အသင်းတော်အသက်တာကို အတူတကွ အသက်ရှင်နေထိုင်ခြင်း စသည်တို့ကဲ့သို့သော အမှုအရာများသည် ၎င်းတို့အတွက် မည်သည့်ဆွဲဆောင်မှုမျှ မရှိသကဲ့သို့ ထိုအရာများထဲမှ တစ်ခုကမျှ ၎င်းတို့အား စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းတို့ကဲ့သို့ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို မပေးပေ။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သူများသည် ညီအစ်ကိုမောင်နှမများနှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် သို့မဟုတ် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ရန် အတူရှိနေခြင်းသည် ၎င်းတို့အား အကျိုးကျေးဇူးများနှင့် အမြတ်အစွန်းများကို အစဉ်ဆောင်ကြဉ်းပေးနိုင်သည်ဟု ခံစားကြရသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် အန္တရာယ်နှင့် ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ရသော်လည်း သို့မဟုတ် ဧဝံဂေလိတရားဟောရာတွင် စွန့်စားရပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဆင်းရဲဒုက္ခအချို့ကို ခံစားရသော်လည်း မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခပေးခြင်းမှတစ်ဆင့် သမ္မာတရားကို နားလည်မှုရရှိကာ ဘုရားသခင်ကို သိကျွမ်းခြင်း၏ အကျိုးသက်ရောက်မှုကို ရရှိကြပြီး ဤဆင်းရဲဒုက္ခနှင့် အဖိုးအခသည် ၎င်းတို့၏ အသက်စိတ်သဘောထားတွင် အသွင်ပြောင်းလဲမှုကို ဆောင်ကြဉ်းပေးသည်။ ဤအရာအားလုံးကို ချိန်ဆပြီး အကဲဖြတ်ပြီးနောက် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းသည်ဟုလည်းကောင်း၊ သမ္မာတရားကို နားလည်နိုင်ခြင်းသည် မယုံနိုင်လောက်အောင် တန်ဖိုးရှိသည်ဟုလည်းကောင်း ခံစားကြရသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် အသင်းတော်ကို အထူးသဖြင့် တွယ်တာလာကြပြီး အသင်းတော်အသက်တာမှ ထွက်ခွာရန် မည်သည့်အခါမျှ မစဉ်းစားကြပေ။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည့်အတွက် လူပုဂ္ဂိုလ်အချို့ ဘီအုပ်စုများသို့ အပို့ခံရသည်ကိုဖြစ်စေ၊ အသင်းတော်မှ သီးခြားခွဲထားခြင်း ခံရသည်ကိုဖြစ်စေ၊ ရှင်းလင်းပစ်ခြင်းခံရသည်ကိုဖြစ်စေ မြင်တွေ့ပါက ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အနည်းငယ်သော စိတ်သောကကို ခံစားကြရသည်။ ၎င်းတို့က “ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို လုံ့လဝီရိယရှိစွာ ထမ်းဆောင်ရန် လိုအပ်သည်။ ကျွန်ုပ်သည် လုံးဝ ရှင်းလင်းပစ်ခြင်း မခံရနိုင်ပေ။ ရှင်းလင်းပစ်ခြင်းခံရခြင်းသည် အပြစ်ဒဏ်ပေးခံရခြင်းနှင့် ညီမျှသည်၊ အဆုံးသတ်မှာ ငရဲကျခြင်းပင် ဖြစ်သည်။ သို့ဆိုလျှင် အသက်ရှင်နေထိုင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်မည်နည်း” ဟု တွေးထင်ကြသည်။ လူအများစုသည် အသင်းတော်မှ ထွက်ခွာရန် ကြောက်ရွံ့ကြသည်၊ ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာပြီး ဘုရားသခင်ကို စွန့်ခွာသည်နှင့်တစ်ပြိုင်နက် ဆက်လက်အသက်ရှင်နိုင်တော့မည် မဟုတ်ဘဲ အရာအားလုံး ပြီးဆုံးသွားလိမ့်မည်ဟု ခံစားကြရသည်။ သို့သော် အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်း ရှိသောသူတို့သည် အသင်းတော်မှ ထွက်ခွာခြင်းကို အခြားအလုပ်တစ်ခုရှာရန် အလုပ်မှထွက်ခြင်းကဲ့သို့ပင် အတော်အတန် ပုံမှန်အရာတစ်ခုအဖြစ် ရှုမြင်ကြသည်။ ၎င်းတို့သည် အတွင်းစိတ်၌ မည်သည့်အခါမျှ စိတ်မချမ်းမသာဖြစ်ခြင်းဖြစ်စေ၊ မည်သည့်နာကျင်မှုကိုမျှဖြစ်စေ မခံစားရပေ။ သင်တို့ မည်သို့ထင်သနည်း၊ အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်ခုခု ရှိသလော။ ထိုသို့သောလူများသည် အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။ အချို့လူများ၏ တာဝန်ထမ်းဆောင်မှုသည် စံနှုန်းမပြည့်မီသည့်အပြင် ၎င်းတို့သည် အစဉ်သဖြင့် မဆင်မခြင် ဒုစရိုက်အမှုများကို ကျူးလွန်လျက် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဆောင်ကြဉ်းပေးသည်။ ထို့နောက် အသင်းတော်သည် ၎င်းတို့ကို မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ ရပ်တန့်စေပြီး သာမန်အသင်းတော်တစ်ခုသို့ ပို့လိုက်သည်။ သို့ဆိုလျှင် အကျိုးဆက်အနေဖြင့် မည်သို့ဖြစ်သနည်း။ နောက်တစ်နေ့တွင်ပင် ၎င်းတို့သည် လုံးဝကွဲပြားခြားနားသော လူတစ်ဦးကဲ့သို့ ပြုမူကြပြီး ဘဝသစ်တစ်ခုကို လုံးလုံး စတင်ကြသည်။ အချို့သည် ချိန်းတွေ့ပြီး အိမ်ထောင်ပြုကြသည်၊ အချို့သည် အလုပ်များ စတင်ရှာဖွေကြသည်၊ အခြားသူများမှာမူ ကောလိပ်သို့ သွားကြပြီး အချို့မှာမူ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆက်သွယ်ကာ ဆက်ဆံရေးများ တည်ဆောက်ပြီး ချမ်းသာရန် အခွင့်အလမ်းများကို ရှာဖွေကြသည်။ ဤလူများသည် ကျယ်ပြန့်သော လောကကြီးထဲသို့ လျင်မြန်စွာ ရောနှောသွားပြီး လူပင်လယ်ထဲတွင် ပျောက်ကွယ်သွားကြသည်၊ ထိုမျှ လျင်မြန်စွာ ဖြစ်ပျက်သွားသည်။ အချို့ ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ရလဒ်မကောင်းသည့်အတွက် သာမန်အသင်းတော်တစ်ခုသို့ အပို့ခံရပြီးနောက် စိတ်သောကကာလတစ်ခုကို ဖြတ်သန်းကြရသော်လည်း မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို အသိအမှတ်ပြုနိုင်ကာ ပြောင်းလဲလိုသည့် သဘောထားအချို့ကို ပြသကြသည်။ သို့သော် အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတို့သည် အခက်အခဲအချို့ ကြုံတွေ့သည်နှင့်တစ်ပြိုင်နက် မိမိတို့၏ တာဝန်ကို မထမ်းဆောင်ချင်တော့ဘဲ နောက်တစ်နေ့တွင် အသင်းတော်မှ ထွက်ခွာကာ ဘာသာတရား မရှိသူတစ်ဦး၏ ဘဝသို့ ပြန်သွားကြသည်။ ၎င်းတို့သည် လုံးဝ နာကျင်သည်ဟု မခံစားရသည့်အပြင် “ဘုရားသခင်ကို ယုံကြည်ခြင်း၌ အဘယ်သို့သော ကောင်းမြတ်ခြင်း ရှိပါသနည်း။ အခြားသူများ၏ လှောင်ပြောင်ခြင်းနှင့် အသရေဖျက်ခြင်းကို အစဉ်မပြတ် ခံရသည့်အပြင် အဖမ်းအဆီးခံရကာ ထောင်သွင်းအကျဉ်းချ ခံရဖွယ်ပင် ရှိသေးသည်။ အဆင်းနီသော နဂါးကြီးက ကျွန်ုပ်ကို ရိုက်သတ်ခဲ့ပါလျှင် ကျွန်ုပ်၏အသက်သည် အချည်းနှီး ဖြစ်သွားမည် မဟုတ်လော။ ဤနှစ်များတစ်လျှောက်လုံး ဘုရားကို ယုံကြည်ရင်း ဤမျှလောက်သော ဒုက္ခဆင်းရဲကို ကျွန်ုပ် ခံစားခဲ့ရသော်လည်း အဘယ်အရာကို ရရှိခဲ့ပါသနည်း။ ကျွန်ုပ်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါလျှင် ယခုအချိန်၌ အရာထမ်းတစ်ဦးဖြစ်ကာ ငွေကြေးရှာဖွေပြီး ဂုဏ်သတင်းကျော်စောသော ဘဝဖြင့် နေထိုင်နေလောက်ပြီတကား။ ယခုအချိန်အထိ ဘုရားကို ယုံကြည်ခဲ့ရခြင်းအတွက် ကျွန်ုပ်သည် နောင်တပင် ရမိပါသည်။ ဤကဲ့သို့ ဖြစ်မည်မှန်းသာ သိခဲ့ပါမူ ကျွန်ုပ်သည် ရှေးယခင်ကပင် ထွက်ခွာသွားခဲ့မည်သာ ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်းသည် အဘယ်မှာ အသုံးဝင်ပါမည်နည်း။ ထိုနားလည်မှုသည် သင့်ကို ဝမ်းဝစေနိုင်ပါမည်လော သို့မဟုတ် အသုံးစရိတ်များကို ပေးချေနိုင်ပါမည်လော” ဟုပင် တွေးထင်ကြသည်။ မြင်ပြီမဟုတ်လော။ ၎င်းတို့တွင် နောင်တမရှိရုံသာမက အသင်းတော်မှ ထွက်ခွာနိုင်သည့်အတွက် ကံကောင်းသည်ဟုပင် ခံစားကြရသည်။ ဤသည်မှာ မယုံကြည်သူများအဖြစ် ၎င်းတို့၏ စရိုက်မှန် ဖော်ထုတ်ခံရခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)
အချို့လူများသည် တာဝန်ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေလုပ်နေကျဖြစ်ပြီး မဆင်မခြင် မကောင်းမှု ကျူးလွန်ကြသည်။ အသင်းတော်၏ ရှင်းလင်းပစ်ခြင်းကို ခံရပြီးနောက် ညီအစ်ကိုမောင်နှမများကို တွေ့သည့်အခါ ၎င်းတို့က ရန်သူများကဲ့သို့ ကြည့်ကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့နှင့် ကြင်နာစွာ စကားပြောရန် ကြိုးစားသည့်အခါတွင်ပင် ၎င်းတို့က လျစ်လျူရှုပြီး မုန်းတီးစွာ ရှုမြင်လျက် “သင်တို့သည် ကျွန်ုပ်အား အသင်းတော်မှ ရှင်းလင်းပစ်သောသူများ ဖြစ်သည်။ ကျွန်ုပ်ကို ယခု ကြည့်ပါ။ ကျွန်ုပ်သည် သင်တို့ထက် ပို၍အခြေအနေကောင်းသည်။ ယခုအခါတွင် ကျွန်ုပ်သည် ရွှေများ၊ ငွေများဖြင့် ဆင်မြန်းထားသည့် သူဌေးကြီးတစ်ဦး ဖြစ်သည်။ ကျွန်ုပ်က လောကကြီးထဲတွင် သက်သောင့်သက်သာ နေထိုင်နေပြီး ဘုရားကို ယုံကြည်သည့် သင်တို့က မည်မျှပင်နွမ်းပါးပင်ပန်းလိုက်သည်ကို ကြည့်ပါ။ သင်တို့အားလုံးက သမ္မာတရားရဖို့ အစဉ်မပြတ် လိုက်စားနေကြသော်လည်း သင်တို့က ကျွန်ုပ်ထက် ပိုတော်သည်ဟု ကျွန်ုပ် မထင်ပါ။ သမ္မာတရားကို ရရှိခြင်းသည် မည်သည့်ကောင်းကျိုးများ ရှိသနည်း။ ယင်းကို အစားအစာကဲ့သို့စား၍ ရနိုင်သလော သို့မဟုတ် ငွေကြေးကဲ့သို့ သုံးစွဲ၍ ရနိုင်သလော။ သမ္မာတရားကို မလိုက်စားဘဲနှင့်ပင် ကျွန်ုပ် ကောင်းကောင်းမွန်မွန်သာ အသက်ရှင်နေဆဲဖြစ်သည် မဟုတ်လား။ သင်တို့ ကျွန်ုပ်ကို ရှင်းလင်းပစ်ခဲ့သည်မှာ ကျွန်ုပ်အတွက် ကံကောင်းခြင်းတစ်ခုသာ ဖြစ်သည်၊ ကျွန်ုပ်က သင်တို့ကို ကျေးဇူးပင် တင်ရဦးမည်” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ စကားများမှ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြောင်း ထင်ရှားပြီး တာဝန်ထမ်းဆောင်ခြင်းက ၎င်းတို့ကို ထုတ်ဖော်ခဲ့သည်။ ဘုရားသခင်ကို နှုတ်ဖြင့်သာ ယုံကြည်သော ဘာသာတရား မရှိသူတစ်ဦးသည် မိမိ၏ တာဝန်ကို လိုလိုလားလား ထမ်းဆောင်နိုင်မည်လော။ တာဝန်ထမ်းဆောင်ခြင်းဆိုသည်မှာ လစာရခြင်း သို့မဟုတ် ငွေရှာခြင်းမရှိဘဲ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဤအရာကို ဆုံးရှုံးမှုတစ်ခုအဖြစ် ရှုမြင်သောကြောင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိကြပေ။ သို့ဖြင့် မယုံကြည်သူများအဖြစ် ၎င်းတို့၏ စရိုက်မှန်များ ဖော်ထုတ်ခြင်းခံရသည်၊ ဤသည်မှာ ဘုရားသခင်၏အမှုတော်က မယုံကြည်သူများကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းသည့် နည်းလမ်းဖြစ်သည်။ အချို့လူများသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ တစ်ရက်ပြီးတစ်ရက် ဖြစ်သလိုနေလျက် ဝတ်ကျေတမ်းကျေ သဘောထား အမြဲရှိကြသည်။ လောကတွင် ငွေရှာရန် သို့မဟုတ် ရာထူးတိုးရန် အခွင့်အရေးတစ်ခု ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အသင်းတော်ကို အချိန်မရွေး စွန့်ခွာကြသည်၊ ၎င်းတို့သည် ဤရည်ရွယ်ချက်ကို စိတ်ထဲ၌ အစဉ်သဖြင့် ထားရှိခဲ့ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်စဉ် ဝတ်ကျေတမ်းကျေ လုပ်နေကျဖြစ်ပြီး မဆင်မခြင် မကောင်းမှုများ ကျူးလွန်ခြင်းတို့ကြောင့် သာမန်အသင်းတော်တစ်ခုသို့ ပြောင်းရွှေ့ခြင်းခံရပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်မည် မဟုတ်ရုံသာမက “အချိန်ပြည့်တာဝန်ထမ်းဆောင်သည့် အသင်းတော်မှ ကျွန်ုပ်ကို ဖယ်ရှားခြင်းသည် သင်တို့အတွက် ဆုံးရှုံးမှုဖြစ်ပြီး ကျွန်ုပ်အတွက် အမြတ်ပင်ဖြစ်သည်” ဟုပင် တွေးထင်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အတော်ပင် ကျေနပ်နေကြသေးသည်။ ထိုသို့သောလူများသည် မယုံကြည်သူများ မဟုတ်လော။ ငါ့ကို ပြောလော့၊ မိမိတို့၏ မဆင်မခြင် ပြုသော မကောင်းမှုများမှတစ်ဆင့် အသင်းတော်၏အလုပ်ကို ဆိုးရွားစွာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့သောကြောင့် ရှင်းလင်းခြင်းခံရသည့် ထိုမယုံကြည်သူများအတွက် ဘုရားအိမ်တော်က ၎င်းတို့ကို ဤကဲ့သို့ ရှင်းလင်းခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) ယင်းမှာ စည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်၊ ဤသည်မှာ ၎င်းတို့ကို စိုးစဉ်းမျှပင် နစ်နာစေခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ်တွင်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခြင်းအပေါ်တွင်လည်းကောင်း ၎င်းတို့၏ သဘောထားမှာ ၎င်းတို့ကို အချိန်မရွေး စွန့်ပစ်နိုင်ပြီး သစ္စာဖောက်နိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။ ဤအချက်သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အပြုသဘောဆောင်သောအရာများကို လုံးဝ စိတ်ဝင်စားမှု မရှိကြောင်း သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီး တရားဒေသနာများစွာကို နားထောင်ခဲ့ကြသည့်တိုင် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ သမ္မာတရားများ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ တစ်ခုကမျှ ၎င်းတို့၏ စိတ်နှလုံးကို မထိန်းသိမ်းနိုင်ပေ။ ဤအရာများထဲမှ တစ်ခုကမျှ ၎င်းတို့ကို စိတ်မဝင်စားစေပေ၊ စိတ်မထိခိုက်စေပေ၊ သို့မဟုတ် သံယောဇဉ်ဖြစ်စေခြင်း မရှိပေ။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ အနှစ်သာရဖြစ်ပြီး ယင်းမှာ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို လုံးဝ စိတ်ဝင်စားမှု မရှိခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို စိတ်ဝင်စားကြသနည်း။ ၎င်းတို့သည် စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်း၊ ဇာတိပကတိ၏ သာယာမှုများ၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် စာတန်၏ အတွေးအခေါ်များကို စိတ်ဝင်စားကြသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းရှိ အပျက်သဘောဆောင်သော အရာအားလုံးကို အထူးပင် စိတ်ဝင်စားကြသည်၊ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ၎င်းတို့ စိတ်မဝင်စားကြခြင်း ဖြစ်သည်။ ထိုအကြောင်းကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်ကို အချိန်မရွေး စွန့်ခွာနိုင်စွမ်းရှိကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ စုဝေးပွဲများအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့ခြင်းတို့ကို လုံးဝ စိတ်ဝင်စားမှုမရှိကြပေ။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းကို အထူးပင် စက်ဆုပ်ကြပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောသူအားလုံးသည် လူမိုက်များသာဖြစ်သည်ဟုပင် တွေးထင်ကြသည်။ ဤသည်မှာ အဘယ်သို့သော စိတ်နေစိတ်ထားနှင့် အဘယ်သို့သော လူ့သဘာဝမျိုး ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရားအပေါ်ဖြစ်စေ၊ လူတို့ကို ဘုရားသခင်၏ ကယ်တင်ခြင်းတို့အပေါ်ဖြစ်စေ စိတ်ဝင်စားမှုမရှိဘဲ အသင်းတော်အသက်တာကိုလည်း လုံးဝ သံယောဇဉ် မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူအများရှေ့တွင် ဝေဖန်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့သော်လည်း တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ပြီးနောက် သမ္မာတရား အနည်းငယ်မျှကိုပင် နားမလည်ကြပေ၊ ဤအချက်က ပြဿနာတစ်ခုကို ရှင်းလင်းစွာ ဖော်ပြနေသည်။ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သောအရာများ နှစ်မျိုးလုံးကို တစ်ပြိုင်တည်း မနှစ်သက်သောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ သင်သည် အပြုသဘောဆောင်သောအရာများကို မကြိုက်သရွေ့ သင်သည် အပျက်သဘောဆောင်သောအရာများကို အထူးပင် စိတ်ဝင်စားလိမ့်မည်။ သင်သည် အပျက်သဘောဆောင်သောအရာများကို အထူးပင် စိတ်ဝင်စားပါက သင်သည် အပြုသဘောဆောင်သော အရာများကို သေချာပေါက် စိတ်ဝင်စားမည် မဟုတ်ပေ။ ဤလူစားမျိုးသည် အပြုသဘောဆောင်သောအရာများကို လုံးဝ စိတ်ဝင်စားမှုမရှိသောကြောင့် ဘုရားအိမ်တော်၌ ၎င်းတို့ သံယောဇဉ်ရှိသည့်အရာ၊ ၎င်းတို့ ကြိုက်နှစ်သက်သည့် သို့မဟုတ် တောင့်တသည့်အရာ တစ်ခုမျှ မရှိပေ။ လောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ ငွေကြေး၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ရာထူးရာခံ၊ ချမ်းသာကြွယ်ဝလာခြင်းနှင့် အမျိုးမျိုးသော ခေတ်စားသည့် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများသည် ၎င်းတို့ အစိတ်ဝင်စားဆုံးသောအရာများ ဖြစ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားအိမ်တော်အပေါ်၌ မဟုတ်ဘဲ လောကအပေါ်၌ တည်ရှိသည်၊ ထိုအကြောင်းကြောင့် ၎င်းတို့သည် အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိကြခြင်း ဖြစ်သည်။ ဘုရားအိမ်တော်ကို စွန့်ခွာခြင်းနှင့် အသင်းတော်အသက်တာကို စွန့်ခွာခြင်းသည် ၎င်းတို့ထံသို့ နောင်တရခြင်း၊ ပြင်းပြသော ဝေဒနာ သို့မဟုတ် နာကျင်ခြင်းတို့ကို မဆောင်ကြဉ်းဘဲ လုံးဝ လွတ်မြောက်ခြင်းကိုသာ ဆောင်ကြဉ်းသည်။ ၎င်းတို့သည် မိမိတို့ဘာသာ တွေးထင်ကြသည်မှာ “နောက်ဆုံးတော့ နေ့တိုင်း တရားဒေသနာများ၊ သမ္မာတရားမိတ်သဟာယဖွဲ့ခြင်းများ၊ နားထောင်စရာ မလိုတော့ပါ၊ ဤအရာများ၏ ချုပ်ချယ်မှုကိုလည်း နောက်ထပ် ခံစရာမလိုတော့ပါ။ ယခုအခါတွင် ငါက ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရဲရဲကြီး လိုက်စားနိုင်ပြီ၊ ငွေကြေးကို လိုက်စားနိုင်ပြီ၊ လှပသည့်အမျိုးသမီးများကို လိုက်စားနိုင်ပြီ၊ ငါ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အလားအလာများကို လိုက်စားနိုင်ပြီ။ နောက်ဆုံးတော့ ငါက တခြားသူများကို ရဲရဲကြီး လိမ်လည်လှည့်ဖြားနိုင်ပြီ၊ အကြံအစည်များ၊ ပရိယာယ်များ သုံးနိုင်ပြီ၊ စိုးရိမ်စရာမလိုဘဲ ကောက်ကျစ်ဆိုးယုတ်သည့် နည်းဗျူဟာအမျိုးမျိုးကို ကျင့်သုံးနိုင်ပြီ။ လူများနှင့် ပေါင်းသင်းဆက်ဆံဖို့ မည်သည့်နည်းလမ်းကိုမဆို ငါသုံးနိုင်ပြီ” ဟူ၍ ဖြစ်သည်။ ဘုရားအိမ်တော်၌ တရားဒေသနာများကို နားထောင်ခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် ၎င်းတို့အတွက် နာကျင်ဖွယ်ဖြစ်ပြီး ဘုရားအိမ်တော်ကို စွန့်ခွာခြင်းသည် သက်သာရာရခြင်းကဲ့သို့ ခံစားရသည်။ ဆိုလိုသည်မှာ ဤအပြုသဘောဆောင်သောအရာများသည် ၎င်းတို့၏ စိတ်နှလုံး လိုအပ်သည့်အရာများ မဟုတ်ပေ။ ၎င်းတို့ လိုအပ်သည့်အရာမှာ လောကနှင့် လူ့အဖွဲ့အစည်း၏ အရာများအားလုံး ဖြစ်သည်။ ဤအရာမှကြည့်လျှင် ၎င်းတို့ အသင်းတော်ကို စွန့်ခွာခဲ့သည့် အကြောင်းရင်းသည် ၎င်းတို့၏ လိုက်စားမှုများနှင့် နှစ်သက်မှုများနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း ရှင်းလင်းပေသည်။
အချိန်မရွေး ဘုရားအိမ်တော်ကို စွန့်ခွာနိုင်စွမ်းရှိသော ဤလူတို့၏ သဘာဝ အနှစ်သာရမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ အဘယ်အရာ ဖြစ်သည်ကို သင်တို့ ယခု မြင်ကြသလော။ (မြင်ကြပါသည်။ ၎င်းတို့သည် မယုံကြည်သူများဟူသည့် လူစားမျိုး ဖြစ်ကြသည်။ ဤလူအများစုမှာ တိရစ္ဆာန်ဝင်စားသူများ ဖြစ်ကြသည်၊ ၎င်းတို့အားလုံးသည် ဦးနှောက်မရှိ၊ အတွေးအခေါ်မရှိသော နားဝေတိမ်တောင် ဖြစ်သည့်လူများ ဖြစ်ကြသည်။) မှန်ပေသည်။ ၎င်းတို့သည် ယုံကြည်ခြင်းဆိုင်ရာ ကိစ္စရပ်များကို နားမလည်ကြပေ။ လူ့ဘဝသည် အမှန်တကယ် အဘယ်အရာဖြစ်သည်ကို၊ လူတို့သည် အဘယ်လမ်းကို လျှောက်လှမ်းသင့်သည်ကို၊ အဘယ်အရာများသည် အဓိပ္ပာယ်အရှိဆုံးဖြစ်သည်ကို၊ ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်လာလျှင် အဘယ်လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို လိုက်နာသင့်သည်ကို စသည်ဖြင့် ၎င်းတို့ နားမလည်ကြသကဲ့သို့ ထိုအရာများကို သိရှိရန် သမ္မာတရားကို ရှာဖွေလိုခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အဘယ်အရာကို လိုက်စားရန် နှစ်သက်ကြသနည်း။ တစ်နေ့လုံး ၎င်းတို့၏ စိတ်ထဲတွင် အကျိုးအမြတ်များ ရရှိရန်နှင့် အခြားသူများထက် သာလွန်သော ဘဝကို မွေ့လျော်ခံစားရန် မည်သည့်အရာကို လုပ်ဆောင်နိုင်သည် ဟူသည့်အကြောင်း လည်ပတ်နေသည်။ အချို့လူများသည် လောကတွင် အလုပ်လုပ်နေစဉ် ဘုရားသခင်ကို စတင်ယုံကြည်ကြသည်။ သို့သော် ၎င်းတို့သည် ကြီးကြပ်ရေးမှူး သို့မဟုတ် မန်နေဂျာအဖြစ် ရာထူးတိုးသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် အထက်လူကြီး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ယုံကြည်ခြင်းကို ရပ်လိုက်ကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ထံ ဆက်သွယ်သည့်အခါ ၎င်းတို့က “ယခု ကျွန်ုပ်သည် ဂုဏ်ရှိ၊ မျက်နှာရှိ၊ လူမှုအဆင့်အတန်းရှိသူတစ်ဦး ဖြစ်နေပြီ။ သင်တို့နှင့်အတူ ဘုရားကို ယုံကြည်ခြင်းသည် အလွန်ပင် အရှက်ရဖွယ်ကောင်းသည်။ သင်တို့အားလုံး ကျွန်ုပ်နှင့် ဝေးဝေးနေသင့်ပြီး ကျွန်ုပ်ကို နောက်တစ်ကြိမ် လာမရှာကြနှင့်တော့။ သင်တို့အလိုရှိလျှင် ကျွန်ုပ်ကို စာရင်းမှ ပယ်ဖျက်နိုင်သည် သို့မဟုတ် နှင်ထုတ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ဘုရားကို ယုံကြည်ခြင်းဆိုင်ရာ ကျွန်ုပ်၏ အခန်းကဏ္ဍ ပြီးဆုံးသွားပြီ၊ ကျွန်ုပ်သည် သင်တို့နှင့် နောက်ပိုင်းတွင် မည်သည့်အရာမျှ မသက်ဆိုင်တော့ပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့ ပြောဆိုသည့်အရာကို ကြည့်လော့။ ၎င်းတို့သည် အဘယ်သို့သော လူစားမျိုး ဖြစ်သနည်း။ သင်တို့သည် ၎င်းတို့ထံ ဆက်သွယ်ဦးမည်လော။ (မဆက်သွယ်တော့ပါ။) ၎င်းတို့သည် ဤမျှ ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့ပြီး ဖြစ်သည့်တိုင် အချို့သော အသင်းတော် ခေါင်းဆောင်များသည် ၎င်းတို့ ထွက်ခွာသွားသည်ကို မြင်သည့်အခါ နောင်တရစရာဖြစ်သည်ဟု ခံစားရဆဲဖြစ်ပြီး ၎င်းတို့ကို ဖျောင်းဖျရန် အကြိမ်များစွာ ဆက်သွယ်ကြသည်။ “သင်သည် အလွန်ကောင်းသော အစွမ်းအစရှိသည်၊ သင်သည် ယခင်က ခေါင်းဆောင်တစ်ဦးနှင့် အမှုဆောင်တစ်ဦးပင် ဖြစ်ခဲ့ဖူးသည်။ သင်သည် သမ္မာတရားကို မလိုက်စားသောကြောင့်သာ ဖြုတ်ချခံခဲ့ရခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို ဇွဲရှိရှိ လိုက်စားပါက ကယ်တင်ခြင်းခံရမည်မှာ သေချာပြီး အနာဂတ်တွင် သင်သည် ဘုရားအိမ်တော်၌ မုချပင် ထောက်တိုင်တစ်တိုင်၊ အဓိကအမာခံတစ်ဦး ဖြစ်လာလိမ့်မည်” ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်များက ဤအရာများကို ပြောဆိုလေလေ အခြားတစ်ဖက်ကို ပို၍ ရွံမုန်းစေလေလေ ဖြစ်သည်။ အချို့သော အသင်းတော်ခေါင်းဆောင်များသည် မိုက်မဲပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ကြသည်၊ ဤလူသည် လောကတွင် ရာထူးတိုးခဲ့သည့်တိုင် ဤခေါင်းဆောင်များသည် ၎င်းတို့ကို မနာလိုဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့နှင့် ဆက်ဆံရေးထူထောင်လိုကြသည်၊ ဤသည်မှာ မိမိကိုယ်ကို လေးစားမှုကင်းမဲ့ခြင်းကို မပြသလော။ သမ္မာတရားကို နားလည်သောလူများသည် ဤကိစ္စကို ရှင်းလင်းစွာ မြင်နိုင်သည်။ လူ့အဖွဲ့အစည်းတွင် ရာထူးတိုးခြင်းသည် ကောင်းသော နိမိတ်လက္ခဏာ မဟုတ်ပေ၊ ယင်းမှာ လူတစ်ဦး လျှောက်လှမ်းရန် မှန်ကန်သော လမ်းကြောင်းမဟုတ်ပေ။ အချို့လူများသည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်း အနည်းငယ် ရရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ယုံကြည်ခြင်းကို ရပ်လိုက်ကြသည်၊ ဤအချက်က ၎င်းတို့သည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သော သို့မဟုတ် သမ္မာတရားကို ချစ်သောလူများ မဟုတ်ကြောင်း ထုတ်ဖော်ပြီဂ သက်သေပြလိုက်ခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် စိတ်ရင်းမှန်ဖြင့် ယုံကြည်သူများဖြစ်ပါက လူ့အဖွဲ့အစည်းတွင် ရာထူးတိုးပြီး အလားအလာကောင်းသော အနာဂတ်ရှိလျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို စွန့်ခွာမည် မဟုတ်ပေ။ ယခု ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ရာ အသင်းတော်အနေဖြင့် ၎င်းတို့ထံ ဆက်သွယ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်ရန် လိုအပ်သေးသလော။ မလိုအပ်တော့ပေ၊ အကြောင်းမှာ ၎င်းတို့သည် မယုံကြည်သူများအဖြစ် ထုတ်ဖော်ခြင်း ခံခဲ့ရပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို မယုံကြည်ခြင်းအားဖြင့် ဆုံးရှုံးနစ်နာရသူများမှာ ၎င်းတို့ကိုယ်တိုင်သာ ဖြစ်သည်၊ ၎င်းတို့တွင် ကောင်းချီးမင်္ဂလာ တကယ်ကို မရှိပေ။ ၎င်းတို့သည် စုတ်ချာသူများသာ ဖြစ်ကြသည်၊ သင်သည် ၎င်းတို့ကို ဘုရားသခင်ကို ယုံကြည်လာအောင် အတင်းဆွဲခေါ်နေဦးမည်ဆိုလျှင် ယင်းမှာ မိုက်မဲခြင်း မဟုတ်လော။ သင်သည် ၎င်းတို့ကို ဤကဲ့သို့ ဆွဲခေါ်လေလေ ၎င်းတို့က သင်တို့ကို ပို၍ အထင်သေးကြလိမ့်မည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်သောသူအားလုံးသည် လူမှုအဆင့်အတန်းနိမ့်ကျပြီး အစွမ်းအစ မရှိသောလူများ ဖြစ်သည်ဟု တွေးထင်ကြသည်။ ထိုအကြောင်းကြောင့် ၎င်းတို့သည် အထူးပင် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ လူတိုင်းကို မထီမဲ့မြင်ပြုကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို စိုးရိမ်ပူပန်မှုပြလျှင် သို့မဟုတ် ဂရုစိုက်လျှင် ၎င်းတို့က ထိုသူသည် မိမိတို့နှင့် မျက်နှာသာရရန် ကြိုးစားနေသည်ဟု ရှုမြင်ကြသည်။ ဤသည်မှာ အဘယ်သို့သော စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ယင်းမှာ ညီအစ်ကိုမောင်နှမများကို မှန်ကန်စွာ မရှုမြင်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူတစ်ဦး ဟုတ်သလော။ ဤလူစားမျိုးနှင့် ကြုံတွေ့သည့်အခါ သင်သည် ၎င်းတို့ကို ငြင်းပယ်သင့်သည်။ ၎င်းတို့က “ကျွန်ုပ်သည် ယခု အကြီးတန်းကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်နေပြီ။ နောက်တစ်ကြိမ် ကျွန်ုပ်ကို လာမရှာကြနှင့်တော့။ ကျွန်ုပ်ထံ ဆက်သွယ်နေဦးမည်ဆိုလျှင် ကျွန်ုပ် သင်တို့နှင့် ရန်ဖြစ်မည်။ အထူးသဖြင့် ကျွန်ုပ်၏ ကုမ္ပဏီသို့လာပြီး ကျွန်ုပ်ကို အရှက်မခွဲကြနှင့်၊ ကျွန်ုပ်သည် ဘုရားကို ယုံကြည်သောလူများနှင့် မည်သည့်အရာမျှ မပတ်သက်ပါ” ဟု ပြောသည်နှင့်တစ်ပြိုင်နက် သင်တို့သည် ချက်ချင်း ထွက်ခွာသင့်သည်၊ ၎င်းတို့ကို စာရင်းမှ ပယ်ဖျက်သင့်ပြီး ထိုသို့သောလူနှင့် မည်သည့်အခါမျှ ထပ်မံ၍ မပေါင်းသင်းသင့်တော့ပေ။ ၎င်းတို့က ငါတို့သည် ၎င်းတို့၏ အောင်မြင်မှုကို အခွင့်ကောင်းယူမည်ကို ကြောက်ကြသည်၊ သို့ဖြစ်၍ ငါတို့သည် မိမိကိုယ်ကို သတိပြုမိရန် လိုအပ်သည်။ ၎င်းတို့က အောင်မြင်နေပြီး အထက်တန်းလွှာများသို့ တက်လှမ်းနေကြသည်၊ ၎င်းတို့သည် ငါတို့နှင့် မတန်တော့ပေ။ ငါတို့သည် သာမန်လူများ၊ လူ့အဖွဲ့အစည်း၏ အောက်ခြေရှိ လူများသာ ဖြစ်ကြသည်။ ငါတို့သည် ၎င်းတို့နှင့် ဆက်ဆံရေးထူထောင်ရန် မကြိုးစားသင့်ပေ၊ ထိုသို့ အောက်တန်းကျသော အလုပ်မျိုး မလုပ်နှင့်။ အသက်ကြီးပြီး သားသမီးများက မြို့ထဲတွင် ဇိမ်ခံအိမ်တစ်လုံး ဝယ်ပေးထားသော လူအချို့လည်း ရှိကြသည်။ ပြောင်းရွှေ့နေထိုင်ပြီးနောက် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများထံမှ ကိုယ်ယောင်ဖျောက်ကာ “ကျွန်ုပ်ကို နောက်တစ်ကြိမ် လာမရှာကြနှင့်တော့။ သင်တို့အားလုံးက ကျေးလက်ဒေသက လာကြခြင်းဖြစ်သည်။ သင်တို့ ကျွန်ုပ်ကို လာရှာလျှင် လူများက ကျွန်ုပ်လည်း ကျေးလက်က လာခြင်းဖြစ်သည်၊ ကျွန်ုပ်တွင် ကျေးလက်၌ ဆွေမျိုးများရှိသည်ဟု ထင်သွားကြလိမ့်မည်။ ဤသည်မှာ အရှက်ရဖွယ်ကောင်းလိုက်လေခြင်း။ ကျွန်ုပ်၏သားသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို သင်တို့ သိကြပါသလော။ သူသည် ငွေရှင်ကြေးရှင်တစ်ဦး၊ သူဌေးတစ်ဦးဖြစ်ပြီး လူသိများသော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ သင်တို့ ကျွန်ုပ်နှင့် ဆက်သွယ်နေလျှင် ယင်းမှာ ကျွန်ုပ်၏ သားအတွက် အရှက်ရဖွယ် ဖြစ်မည် မဟုတ်လော။ သို့ဖြစ်၍ အနာဂတ်တွင် ကျွန်ုပ်အတွက် လာထပ်မရှာနှင့့်” ဟု ပြောဆိုကြသည်။ ၎င်းတို့က ဤစကားများကို ပြောသည်နှင့်တစ်ပြိုင်နက် “ဤသည်မှာ သင်၏ သဘောထားဖြစ်သည့်အတွက် ကျွန်ုပ်တို့ နားလည်ပါပြီ။ သို့ဖြစ်၍ သင့်အား ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုရပါစေဟု ကျွန်ုပ်တို့ ဆန္ဒပြုပါသည်” ဟုသာ တုံ့ပြန်လော့။ ထိုအခိုက်အတန့်တွင် သင်သည် နောက်ထပ် စကားတစ်လုံးပင် ပြောလိုက်ပါက မိုက်မဲပြီး အောက်တန်းကျပုံ ပေါက်သွားလိမ့်မည်။ ချက်ချင်း ထွက်ခွာသွားခြင်းသည်သာ မှန်ကန်သော လုပ်ရပ်ဖြစ်သည်။ မယုံကြည်သူများကို အတင်းအကျပ် ဆွဲဆောင်စည်းရုံးရန် မည်သည့်အခါမျှ မကြိုးစားနှင့်၊ ယင်းမှာ မိုက်မဲသော အပြုအမူသာ ဖြစ်သည်။ သင်နားလည်သလော။ (နားလည်ပါသည်။) အချို့လူများသည် မည်မျှအထိ မိုက်မဲနိုင်သနည်း။ ၎င်းတို့က “ထိုလူ၏သားသည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိသော သူဌေးတစ်ဦး၊ ငွေရှင်ကြေးရှင်တစ်ဦး ဖြစ်သည်။ သူသည် အစိုးရအရာရှိများနှင့်ပင် အဆက်အသွယ်ရှိသည်။ ကျွန်ုပ်တို့က ၎င်းတို့အား ဘုရားသခင်ကို ဆက်လက်ယုံကြည်ရန် ဖျောင်းဖျနိုင်ပါက ၎င်းတို့၏ မိသားစုသည် ညီအစ်ကိုမောင်နှမများကိုပင် ဧည့်ခံနိုင်သည်” ဟု ပြောဆိုကြသည်။ ဤစိတ်ကူးသည် မည်သို့ရှိသနည်း။ သင်သည် အသင်းတော်၏အလုပ်ကို ထောက်ထားခြင်း၊ ညီအစ်ကိုမောင်နှမများကို ထောက်ထားခြင်းနှင့် လုံခြုံရေးကို ထည့်သွင်းစဉ်းစားခြင်းဟူသည့် ရှုထောင့်မှ တွေးတောပါက ယင်းမှာ လုံးဝ သင့်လျော်သည်။ သို့သော် သင်သည် ၎င်းတို့က ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ခြင်း ရှိမရှိကို ကြည့်ရမည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လိုလားနေခြင်း မရှိဘဲ ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ဆက်ဆံလိုခြင်း မရှိသည့်တိုင် သင်က ၎င်းတို့ကို ဘုရားသခင်ကို ယုံကြည်ရန် ဖျောင်းဖျလိုနေသေးပါက ယင်းမှာ မိုက်မဲခြင်း မဟုတ်လော။ မိမိကိုယ်ကိုလေးစားမှုမရှိခြင်းကို ပြသသည့် အလုပ်မျိုး မလုပ်နှင့်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှုနှင့် ဘုရားသခင်၏ လမ်းညွှန်မှုကို ရရှိကြသည်။ ကျွန်ုပ်တို့ မည်သို့သော ပတ်ဝန်းကျင်၌ နေထိုင်သည်ဖြစ်စေ ယင်းတို့အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ရှိသည်။ ကျွန်ုပ်တို့ မည်သို့သော ဆင်းရဲဒုက္ခကို ခံစားရသည်ဖြစ်စေ ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာရှိရှိ အသက်ရှင်သင့်သည်။ အချို့လူများသည် ဘုရားအိမ်တော်ကို စွန့်ခွာသွားသော ဤလူကိုပင် ၎င်းတို့က အစွမ်းအစရှိသည်ဟု ပြောဆိုလျက် မနာလိုဖြစ်ကြသည်၊ ဤအမြင်သည် မှန်ကန်သလော။ ဤကိစ္စကို ကျွန်ုပ်တို့ မည်သို့ ရှုမြင်သင့်သနည်း။ ၎င်းတို့သည် အိမ်ကြီးတစ်လုံးသို့ ပြောင်းရွှေ့သွားသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ယုံကြည်ခြင်းကို ရပ်လိုက်ကြသည်။ လူ့အဖွဲ့အစည်းတွင် ၎င်းတို့၌ အဆင့်အတန်းနှင့် ရပ်တည်မှုရှိပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ညီအစ်ကိုမောင်နှမများကို ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန် မထိုက်တန်သော လူ့အဖွဲ့အစည်း၏ အောက်ခြေရှိ လူများအဖြစ် ရှုမြင်လျက် အထင်သေးကြသည်။ သို့ဖြစ်၍ ငါတို့သည် မိမိကိုယ်ကို သတိပြုမိသင့်ပြီး ထိုသို့သောလူများနှင့် ဆက်ဆံရေးထူထောင်ရန် သို့မဟုတ် ဖားယားပေါင်းသင်းရန် မကြိုးစားသင့်ပေ၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။)
အချိန်မရွေး ဘုရားအိမ်တော်ကို စွန့်ခွာနိုင်စွမ်းရှိသောသူတို့အတွက် ၎င်းတို့သည် မယုံကြည်သူများဖြစ်စေ၊ အချိန်ဖြုန်းသူများသာဖြစ်စေ၊ ကောင်းချီးများရရှိရန် သို့မဟုတ် ဘေးအန္တရာယ်များကို ရှောင်ရှားရန် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ အခြေအနေမည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် အချိန်မရွေး ဘုရားအိမ်တော်ကို စွန့်ခွာနိုင်စွမ်းရှိသရွေ့၊ ပြီးလျှင် စွန့်ခွာပြီးနောက် ညီအစ်ကိုမောင်နှမများက ၎င်းတို့ထံ ဆက်သွယ်သည်ကို စက်ဆုပ်ကြပြီး ညီအစ်ကိုမောင်နှမများ၏ အကူအညီနှင့် ထောက်ပံ့မှုကို သာ၍ပင် စက်ဆုပ်ကြကာ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သော မည်သူ့ကိုမဆို ရန်လိုမုန်းတီးမှုပြသရွေ့ ထိုသို့သောလူများကို အာရုံစိုက်ရန် မလိုအပ်ပေ။ ဤအမျိုးအစားမှ မယုံကြည်သူများကို တွေ့ရှိပါက ၎င်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ပြီး ရှင်းလင်းပစ်သင့်သည်။ အချို့လူများသည် သမ္မာတရားကို မချစ်ခင်နိုင်သော်လည်း ၎င်းတို့သည် လူကောင်းများ ဖြစ်ရသည်ကို ကြိုက်နှစ်သက်ပြီး ညီအစ်ကိုမောင်နှမများနှင့်အတူ နေထိုင်ရသည်ကို ပျော်မွေ့ကြသည်၊ ယင်းက ၎င်းတို့ကို ပျော်ရွှင်သော စိတ်ခံစားချက်ကို ဖြစ်စေသည့်အပြင် ၎င်းတို့သည် မတရားဆက်ဆံခံရခြင်းကို ရှောင်ရှားကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်ကို ယုံကြည်ကြောင်းနှင့် ဇွဲရှိရှိ အလုပ်လုပ်လိုစိတ် ရှိကြောင်းကို သိကြသည်။ ၎င်းတို့တွင် ဤသို့သော သဘောထား အမှန်တကယ်ရှိပါက ၎င်းတို့ကို မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့်ပြုသင့်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ၎င်းတို့သည် အလုပ်လုပ်လိုစိတ်ရှိပြီး နှောင့်ယှက်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း မပြုပါက ဆက်လက်၍ အလုပ်လုပ်နိုင်ပါသည်။ သို့သော် တစ်နေ့တွင် ၎င်းတို့သည် အလုပ်လုပ်လိုစိတ်မရှိတော့ဘဲ ဘုရားအိမ်တော်ကို စွန့်ခွာလိုပါက “ကျွန်ုပ်သည် လောကတွင် ကြိုးစားရပ်တည်ရန် ထွက်သွားတော့မည်။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ဘုရားကို ဆက်၍ ယုံကြည်တော့မည် မဟုတ်ပါ။ ဤနေရာတွင် ပျော်စရာမကောင်းပါ၊ တစ်ခါတစ်ရံ ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်သည့်အခါ ပြုပြင်ခြင်းခံရသည်။ ဤနေရာတွင် နေရသည်မှာ အလွန်ခက်ခဲသည်၊ ကျွန်ုပ် ထွက်ခွာလိုသည်” ဟု ပြောဆိုပါက ထိုသို့သောလူကို နေရန် ဖျောင်းဖျသင့်သလော။ (မဖျောင်းဖျသင့်ပါ။) ကျွန်ုပ်တို့သည် ၎င်းတို့ကို “သင် စဉ်းစားပြီးပြီလော” ဟူသော မေးခွန်းတစ်ခုသာ မေးနိုင်ပါသည်။ အကယ်၍ ၎င်းတို့က “ကျွန်ုပ် အချိန်ကြာမြင့်စွာ စဉ်းစားပြီးပါပြီ” ဟု ပြောပါက သင်က “သို့ဆိုလျှင် သင် ကောင်းသောခရီး ဖြစ်ပါစေဟု ကျွန်ုပ်တို့ ဆုတောင်းပေးပါသည်။ ဂရုစိုက်ပါ၊ နှုတ်ဆက်ပါသည်” ဟု ပြောနိုင်သည်။ ဤချဉ်းကပ်နည်းသည် အဆင်ပြေသလော။ (ပြေပါသည်။) ဤလူများသည် အဘယ်သို့သော လူစားမျိုးဖြစ်သည်ဟု သင်တို့ ထင်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သာမန်ထက် သာလွန်သည်ဟု ထင်ပြီး လောကနှင့် ၎င်း၏ နည်းလမ်းများကို စက်ဆုပ်ရွံရှာကာ “ငါသည် လက်ကို ဝှေ့ယမ်းလိုက်သည်၊ တိမ်တစ်စမျှပင် ယူမသွားပါ” ကဲ့သို့သော နာမည်ကြီးပုဂ္ဂိုလ်များ၏ ကဗျာပိုဒ်များကို မကြာခဏ ရွတ်ဆိုလေ့ရှိသည့် အမျိုးအစား ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သန့်စင်အောင် ထိန်းသိမ်းပြီး ဤလောကနှင့် အံမဝင်ဟု ထင်ကြကာ ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် နှစ်သိမ့်မှုအချို့ကို ရှာဖွေလိုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထူးခြားသောသူတစ်ဦးအဖြစ် အမြဲရှုမြင်ကြသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းအတွက်သာ အသက်ရှင်သော အလွန်ပင် သာမန်လောကီဆန်သည့်လူများ ဖြစ်ကြသည်။ ၎င်းတို့တွင် စစ်မှန်သော အတွေးအခေါ်များမရှိသကဲ့သို့ စစ်မှန်သော လိုက်စားမှုများလည်း မရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သူမျှ ၎င်းတို့၏ အတွေးအခေါ်များကို နားမလည်နိုင်သကဲ့သို့ မည်သူမျှ ၎င်းတို့၏ တွေးခေါ်ပုံနှင့် မယှဉ်နိုင်သည့်အလား မြင့်မြတ်သောသူတစ်ဦးအဖြစ် ရှုမြင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ အမြင်သည် သာမန်လူတစ်ဦးထက် ပိုမြင့်သည်ဟု ယူဆကြပြီး “သင်တို့အားလုံးသည် သာမန်လူများ ဖြစ်ကြသည်၊ သို့သော် ကျွန်ုပ်ကို ကြည့်လော့၊ ကျွန်ုပ်သည် ကွဲပြားသည်။ သင်တို့က ကျွန်ုပ် မည်သည့်နေရာမှ လာသည်ကို မေးပါက ကျွန်ုပ်၏ ဇာတိမြို့သည် အဝေးတွင်ရှိသည်ဟု ကျွန်ုပ် ပြောမည်” ကဲ့သို့သော အရာများကို ပြောဆိုကြသည်။ ၎င်းတို့သည် မည်သည့်နေရာမှ လာသည်ကို သင်တို့ကို ပြောခဲ့သလော။ “အဝေး” ဟုခေါ်သော ဤနေရာသည် မည်သည့်နေရာဖြစ်သည်ကို သင်တို့ သိသလော။ အချိန်မရွေး အသင်းတော်ကို စွန့်ခွာနိုင်စွမ်း ရှိသောလူများသည် ဤအမျိုးအစား အတိအကျပင် ဖြစ်သည်။ မည်သည့်နေရာကမျှ ၎င်းတို့ကို မကျေနပ်စေနိုင်ဟု ခံစားရပြီး လက်တွေ့မကျသော၊ မရေရာသော၊ ယောင်မှားဖွယ်ရာ အရာအချို့ကို အမြဲတမ်း ၎င်းတို့ တွေးတောနေကြသည်။ ၎င်းတို့သည် လက်တွေ့အရှိတရားကို အာရုံမစိုက်ဘဲ လူ့ဘဝသည် အဘယ်အရာဖြစ်သည်ကို သို့မဟုတ် လူတို့သည် အဘယ်လမ်းကြောင်းကို ရွေးချယ်သင့်သည်ကို နားမလည်ကြပေ။ ၎င်းတို့သည် ဤအရာများကို နားမလည်ကြပေ၊ ၎င်းတို့သည် လူ့ဂွစာများသာ ဖြစ်ကြသည်။ အကယ်၍ ဤအမျိုးအစားမှ လူတစ်ဦးသည် အသင်းတော်ကို စွန့်ခွာရန် စိတ်ပိုင်းဖြတ်ထားပြီး ၎င်းသည် အချိန်ကြာမြင့်စွာ စဉ်းစားပြီးဖြစ်သည်ဟု ပြောဆိုပါက ၎င်းကို နေဖို့ ဖျောင်းဖျရန် မလိုအပ်တော့ပေ။ နောက်ထပ် စကားတစ်လုံးပင် မပြောနှင့်၊ ၎င်းကို အသင်းဝင်အဖြစ်မှ ပယ်ဖျက်လော့၊ ဤမျှသာဖြစ်သည်။ ဤသည်မှာ ထိုသို့သောလူများကို ကိုင်တွယ်သင့်သည့်ပုံစံ ဖြစ်သည်၊ ယင်းမှာ လူတို့ကို မည်သို့ဆက်ဆံရမည်ဟူသည့် စည်းမျဉ်းများနှင့် ကိုက်ညီသည်။ အချိန်မရွေး အသင်းတော်ကို စွန့်ခွာနိုင်စွမ်း ရှိသောသူတို့နှင့်ပတ်သက်သည့် မိတ်သဟာယဖွဲ့ခြင်းသည် ဤတွင် ပြီးဆုံးပါသည်။
ည။ ယိမ်းယိုင်ခြင်း
ဒသမမြောက် သရုပ်သကန်မှာ “ယိမ်းယိုင်ခြင်း” ဖြစ်သည်။ ယိမ်းယိုင်တတ်သောလူများက မည်သည့် တိကျသော သရုပ်သကန်များကို ပြသကြသနည်း။ ပထမဦးစွာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ ဤလူများ၌ရှိသော အကြီးမားဆုံးသော သံသယများမှာ “ဘုရားက အမှန်တကယ် တည်ရှိသလော။ ဝိညာဉ်ရေးရာနယ်ပယ် ရှိသလော။ ငရဲ ရှိသလော။ ဘုရားပြောသော ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဟုတ်ပါသလော။ ဤပုဂ္ဂိုလ်သည် လူ့ဇာတိခံ ဘုရားဖြစ်သည်ဟု လူတို့က ပြောကြသော်လည်း သူ့ကို လူ့ဇာတိခံ ဘုရားကဲ့သို့ ထင်ရစေသည့် သွင်ပြင်တစ်ခုကိုမျှ ကျွန်ုပ် မမြင်ဖူးပါ။ သို့ဆိုလျှင် ဘုရား၏ ဝိညာဉ်တော်သည် အတိအကျ မည်သည့်နေရာတွင် ရှိသနည်း။ ဘုရားသည် အမှန်တကယ် တည်ရှိသလော၊ မရှိသလော” ဟူ၍ ဖြစ်ကြသည်။ ၎င်းတို့သည် ဤမေးခွန်းများကို မည်သည့်အခါမျှ ရှင်းလင်းစွာ အဖြေမရှာနိုင်ကြပေ။ ဘုရားသခင်ကို ယုံကြည်သောလူများစွာ ရှိသည်ကို ၎င်းတို့ မြင်တွေ့ကြပြီး “ဘုရားသခင် တည်ရှိရမည်။ သူသည် တည်ရှိကောင်း တည်ရှိလိမ့်မည်။ သူ တည်ရှိပါစေဟု ကျွန်ုပ် မျှော်လင့်သည်။ မည်သို့ပင်ဖြစ်စေ ဘုရားကို ယုံကြည်ခြင်းသည် ကျွန်ုပ်ကို မည်သည့်ဆုံးရှုံးမှုမျှ မဖြစ်စေခဲ့ပါ၊ မည်သူကမျှ ကျွန်ုပ်ကို မတရားမဆက်ဆံခဲ့ပါ။ တာဝန်ထမ်းဆောင်ခြင်းသည် ကောင်းချီးမင်္ဂလာများနှင့် ကောင်းသော ပန်းတိုင်တစ်ခုကို ဆောင်ကြဉ်းပေးနိုင်ပြီး အနာဂတ်တွင် ကျွန်ုပ် မသေဆုံးရအောင် ပြုလုပ်လိမ့်မည်ဟု ကျွန်ုပ် ကြားဖူးသည်။ သို့ဖြစ်၍ ကျွန်ုပ် လိုက်ယုံကြည်လိုက်မည်ဟု ထင်ပါသည်” ဟု တွေးထင်ကြသည်။ အချိန်ကာလတစ်ခုကြာ ယုံကြည်ပြီးနောက် အချို့လူများ စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများကို ကြုံတွေ့ရသည်ကို ၎င်းတို့ မြင်တွေ့ကြပြီး ဤသို့ စတင်တွေးတောကြသည်၊ “ဘုရားကို ယုံကြည်ခြင်းသည် ကောင်းချီးမင်္ဂလာများ ဆောင်ကြဉ်းပေးရန် ဖြစ်သည် မဟုတ်လော။ အချို့လူများ ဆိုးရွားစွာ နာမကျန်းဖြစ်ပြီး သေဆုံးခဲ့ကြသည်၊ အချို့မှာ အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပြီး သေဆုံးခဲ့ကြကာ အခြားသူများမှာမူ တာဝန်ထမ်းဆောင်နေစဉ် နာမကျန်းဖြစ်ခဲ့ကြသည် သို့မဟုတ် ၎င်းတို့၏ မိသားစုများအပေါ် ဘေးအန္တရာယ်များ ကျရောက်ခဲ့ကြသည်။ ဘုရားသခင်သည် ၎င်းတို့ကို အဘယ်ကြောင့် မကာကွယ်ခဲ့သနည်း။ သို့ဆိုလျှင် ဘုရားသည် အမှန်တကယ် တည်ရှိသလော၊ မရှိသလော။ သူသာ တည်ရှိပါက ဤအရာများ မဖြစ်သင့်ခဲ့ပါ” ဟူ၍ ဖြစ်သည်။ အချို့သော စေတနာကောင်းရှိသူများက ၎င်းတို့အား သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့လျက် “ဘုရားသခင်သည် အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲတော်မူပြီး လူတို့၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တော်အားဖြင့် စီစဉ်ညွှန်ကြားခြင်းခံရသည်။ လူတို့သည် ဤကိစ္စရပ်များကို ဘုရားသခင်ထံမှ လက်ခံသင့်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းထံ မိမိတို့ကိုယ်ကို အပ်နှံသင့်သည်။ ဘုရားသခင် ပြုလေသမျှသည် ကောင်းမြတ်သည်” ဟု ပြောဆိုကြသည်။ ထိုအခါ ဤယိမ်းယိုင်တတ်သော ပုဂ္ဂိုလ်များက “ကျွန်ုပ်ကတော့ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ ကောင်းသည်ကို မမြင်ပါ။ ဘေးအန္တရာယ်များ ခံစားရခြင်းသည် ကောင်းပါသလော။ ဆိုးရွားစွာ နာမကျန်းဖြစ်ခြင်း သို့မဟုတ် ကု၍မရသော ရောဂါတစ်ခု ရရှိခြင်းသည် ကောင်းပါသလော။ သေဆုံးခြင်းသည် သာ၍ပင် ဆိုးသေးသည်။ ဘုရားသည် တည်ရှိသလော၊ မရှိသလော။ ကျွန်ုပ် မသိပါ” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အစဉ်သဖြင့် သံသယများဖြင့် ပြည့်နေသည်။ လူများစွာ တာဝန်ထမ်းဆောင်နေကြသည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်၏အလုပ်သည် ပို၍ပို၍ ကျယ်ပြန့်လာသည်ကိုလည်းကောင်း၊ အသင်းတော်သည် တစ်နေ့တခြား သာ၍စည်ပင်လာသည်ကိုလည်းကောင်း ၎င်းတို့ မြင်တွေ့သည့်အခါ ဘုရားသခင် တည်ရှိရမည်ဟု ၎င်းတို့ ခံစားကြရသည်။ အထူးသဖြင့် ဘုရားသခင် ပြသခဲ့သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ညီအစ်ကိုမောင်နှမများက သက်သေခံကြသည်ကိုလည်းကောင်း၊ ဘုရားသခင်ထံမှ ၎င်းတို့ ရရှိခဲ့သော ကျေးဇူးတော်ကို သက်သေခံကြသည်ကိုလည်းကောင်း ကြားရသည့်အခါ ဤယိမ်းယိုင်တတ်သော ပုဂ္ဂိုလ်များက “ဘုရားသည် အမှန်ပင် တည်ရှိသည်။ လူတို့သည် ဘုရား၏ ဝိညာဉ်တော်ကို မမြင်နိုင်သော်လည်း လူ့ဇာတိခံ ဘုရား ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို လူတို့ ကြားခဲ့ရပြီးဖြစ်သည်၊ ပြီးလျှင် လူများစွာတို့ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းတို့ကိုလည်း ကျွန်ုပ် ကြားခဲ့ရပြီးဖြစ်သည်။ သို့ဖြစ်၍ ဘုရားသည် အမှန်ပင် တည်ရှိရမည်” ဟု သာ၍ပင် ပြင်းပြင်းထန်ထန် ခံစားကြရသည်။ အသင်းတော်သည် ကြီးပွားတိုးတက်နေသည့်အခါ၊ အသင်းတော်အတွက် အရာရာတိုင်း အဆင်ပြေချောမွေ့နေသည့်အခါ၊ အသင်းတော်သည် ဖွံ့ဖြိုးတိုးတက်နေသည့်အခါနှင့် အသင်းတော်၏အလုပ်သည် ပို၍ပို၍ ကျယ်ပြန့်လာသည့်အခါ၊ အထူးသဖြင့် ညီအစ်ကိုမောင်နှမများသည် အချို့သော ထူးခြားသည့် အခြေအနေများနှင့် ထူးခြားသည့် ကိစ္စရပ်များကို တွေ့ကြုံခံစားရပြီး ဤအရာများမှတစ်ဆင့် ဘုရားသခင်၏ ကွယ်ကာခြင်း၊ အချုပ်အခြာအာဏာနှင့် ဦးဆောင်ခြင်းတို့ကို မြင်တွေ့ရသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင် တည်ရှိကြောင်းနှင့် ဘုရားသခင်သည် အမှန်တကယ် ကောင်းမြတ်ကြောင်းကို ခံစားကြရသည်။ သို့သော်လည်း အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် ၎င်းတို့သည် စိတ်ပျက်စရာများနှင့် ကြမ်းတမ်းသော အခြေအနေများကို တွေ့ကြုံရနိုင်သည်၊ အချို့မှာ ကျရှုံးမှုများနှင့် အဆင်မပြေမှုများကို တွေ့ကြုံရနိုင်သည် သို့မဟုတ် ဘုရားအိမ်တော်သည် လူတစ်စိတ်တစ်ပိုင်းကို ဖယ်ရှားရှင်းလင်းကောင်း ရှင်းလင်းနိုင်သည်။ ဤအရာများ၊ အထူးသဖြင့် နောက်ဆုံးအရာသည် ၎င်းတို့၏ အယူအဆများကို အလွန်အမင်း ဆန့်ကျင်ပြီး ၎င်းတို့ မျှော်လင့်မထားသည့်အရာများ ဖြစ်နေသည်။ ၎င်းတို့က “ဘုရားသာ တည်ရှိပါက ဤအရာများ မည်သို့ ဖြစ်ပွားနိုင်မည်နည်း။ ၎င်းတို့ မဖြစ်သင့်ပါ။ ဤအရာများသည် ဘာသာတရား မရှိသူများကြားတွင် ဖြစ်ပွားရန်မှာ ပုံမှန်ဖြစ်သော်လည်း ဘုရားအိမ်တော်၌လည်း မည်သို့ ဖြစ်ပွားနိုင်မည်နည်း။ ဘုရားသာ တည်ရှိပါက သူသည် အနန္တတန်ခိုးရှင်ဖြစ်ပြီး ဩဇာအာဏာနှင့် တန်ခိုးရှိသောကြောင့် ဤကိစ္စရပ်များကို ဖြေရှင်းသင့်ပြီး ဤအရာများ ဖြစ်ပွားခြင်းမှ တားဆီးသင့်သည်။ ဘုရားသည် အမှန်တကယ် တည်ရှိသလော၊ မရှိသလော။ လူတို့သည် ဘုရား၏ ဝိညာဉ်တော်ကို မမြင်နိုင်ကြပေ။ လူ့ဇာတိခံ ဘုရား ပြောဆိုခဲ့သော နှုတ်ကပတ်တော်များနှင့်ပတ်သက်၍မူ လူအားလုံးက ယင်းတို့သည် သမ္မာတရား၊ လမ်းခရီးဖြစ်ပြီး လူတို့၏ အသက်ဖြစ်နိုင်သည်ဟု ဆိုကြသည်။ သို့သော် ကျွန်ုပ်သည် အဘယ်ကြောင့် ယင်းတို့ကို သမ္မာတရားအဖြစ် မခံစားရသနည်း။ ကျွန်ုပ်သည် တရားဒေသနာများကို အချိန်ကြာမြင့်စွာ နားထောင်ခဲ့ပြီးဖြစ်သော်လည်း ကျွန်ုပ်၏ အသက်သည် လုံးဝ မပြောင်းလဲသေးပါ။ ကျွန်ုပ်သည် များစွာ ဆင်းရဲဒုက္ခခံခဲ့ပြီးပြီ၊ ကျွန်ုပ် မည်သည့်အရာ ရရှိခဲ့ပြီနည်း” ဟု ခံစားကြရသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သံသယများ စတင်ဝင်ရောက်လာပြီး ၎င်းတို့၏ တာဝန်ထမ်းဆောင်လိုစိတ်သည် လျော့နည်းလာကာ အေးစက်သွားသည်။ ထို့နောက် ၎င်းတို့သည် ကောင်းမွန်သောဘဝတစ်ခုကို နေထိုင်ရန် အလုပ်လုပ်ပြီး ငွေရှာဖို့အတွက် ဘုရားအိမ်တော်မှ ထွက်ခွာသွားဖို့ စဉ်းစားကြသည်၊ ဤမတည်ငြိမ်သော အတွေးအခေါ်များ ပေါ်ပေါက်လာတော့သည်။ ၎င်းတို့က မိမိတို့ဘာသာ ဤသို့ တွေးထင်ကြသည်၊ “ကျွန်ုပ် ယုံကြည်သော ဘုရားသည် စစ်မှန်သော ဘုရား မဟုတ်ပါက ဘုရားကို ယုံကြည်ရင်း ဤနှစ်များတစ်လျှောက် အလုပ်မလုပ်ဘဲ သို့မဟုတ် ငွေမရှာဘဲ နေခဲ့ခြင်းသည် အလွန်ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့လိမ့်မည်။ မဟုတ်သေးပါ၊ ဤသို့ တွေးခြင်းသည် မှားသည်။ ကျွန်ုပ် ကောင်းမွန်စွာ ဆက်လက်ယုံကြည်ရန် လိုအပ်သေးသည်။ ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်းသည် လူတစ်ဦးကို သမ္မာတရား နားလည်စေနိုင်ပြီး ပြဿနာအားလုံးကို ဖြေရှင်းနိုင်ကာ အားနည်းတော့မည်မဟုတ်ဟု လူတို့ ပြောကြသည်ကို ကျွန်ုပ် ကြားဖူးသည်။ သို့သော် ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားကို နားမလည်သေးပါ။ ကျွန်ုပ် အဘယ်ကြောင့် အပျက်သဘောဆောင်နေရသေးသနည်း။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် ခွန်အားမရှိဟု အဘယ်ကြောင့် အမြဲ ခံစားနေရသနည်း။ ဘုရားသည် ကျွန်ုပ်၌ အလုပ်လုပ်တော်မမူပါ။ ကျွန်ုပ်၌ အခက်အခဲများစွာ ရှိသော်လည်း ဘုရားသည် ကျွန်ုပ်အတွက် ထွက်ပေါက်တစ်ခုကို ဖွင့်ပေးတော်မမူခဲ့ပါ။ သို့ဆိုလျှင် ဘုရားသည် အမှန်တကယ် တည်ရှိသလော၊ မရှိသလော။ ဤသည်သာ မှန်သော လမ်းခရီးဖြစ်ပါက ဘုရားသည် တာဝန်ထမ်းဆောင်သောလူများကို ငြိမ်သက်ခြင်း၊ ချောမွေ့ခြင်းနှင့် ပုံမှန်ဖြစ်ခြင်းတို့ဖြင့် ကောင်းချီးပေးသင့်သည်။ သို့ဆိုလျှင် ဧဝံဂေလိတရားကို ဟောပြောခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းတို့၌ ဤမျှ ကြီးမားသော အခက်အခဲများ အဘယ်ကြောင့် ရှိနေရသေးသနည်း။ ဘာသာရေးလောကသည် နောက်ကျကျန်ရစ်ခဲ့ပြီးဖြစ်ကြောင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်း ကျွန်ုပ် သိသော်လည်း သန့်ရှင်းသောဝိညာဉ်တော် မည်သို့အလုပ်လုပ်သည်ကို ကျွန်ုပ် အဘယ်ကြောင့် မမြင်တွေ့ရသေးသနည်း” ဟူ၍ ဖြစ်သည်။ ဤသူတို့သည် မည်သို့သော လူစားမျိုးများနည်း။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြသော်လည်း သမ္မာတရားကို နားမလည်ကြပေ။ သမ္မာတရားကို မည်မျှပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် ယင်း၏အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ အစဉ်ရှုမြင်ကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ သံသယများဖြင့် အစဉ်ပြည့်နှက်နေကြသည်။ ထိုသို့သောလူတစ်ဦးသည် သမ္မာတရားကို မည်သို့ နားလည်နိုင်မည်နည်း။ အချို့လူများသည် ဧဝံဂေလိတရားကို ဟောပြောခြင်းသည် အတော်ပင် ခက်ခဲကြောင်း မြင်တွေ့ကြရာ ၎င်းတို့က “ဤသည်သာ မှန်သော လမ်းခရီးဖြစ်ပါက သန့်ရှင်းသောဝိညာဉ်တော်သည် ကြီးမားစွာ အလုပ်လုပ်နေလိမ့်မည်။ ညီအစ်ကိုမောင်နှမများ ဧဝံဂေလိတရားဟောရန် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ချောမွေ့ပြီး အဟန့်အတား ကင်းမဲ့နေလိမ့်မည်။ ထိုထက်သာ၍ပင် အစိုးရအရာရှိများသည်လည်း ယုံကြည်လာကြပြီး အရာရာတိုင်းကို လမ်းဖွင့်ပေးကြလိမ့်မည်။ ဤသည်မှာ စစ်မှန်သော ဘုရား၏ လုပ်ဆောင်မှု အမှန်တကယ် ဖြစ်ပေလိမ့်မည်။ သို့သော် ယခု အချက်အလက်များကို ကြည့်လျှင် ယင်းမှာ လုံးဝ မမှန်ကန်ပေ။ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးမျိုးသော နိုင်ငံများမှ သမ္မတများနှင့် အရာရှိများသည် ဘုရားကို မယုံကြည်ရုံသာမက ဘုရားကို ယုံကြည်ခြင်းကိုလည်း မထောက်ခံကြပေ။ အချို့နိုင်ငံများတွင် အစိုးရများကပင် ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်ပြီး လူများကို ဘုရားကို ယုံကြည်ခြင်းမှ ဟန့်တားကြသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ ယုံကြည်သော ဘုရားသည် အမှန်တကယ် စစ်မှန်သော ဘုရား ဟုတ်ပါသလော။ ကျွန်ုပ် မသိပါ၊ ပြောရန် ခက်ခဲသည်” ဟု တွေးထင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကြီးမားသော မေးခွန်းသင်္ကေတကြီးတစ်ခု အစဉ်ရှိနေသည်။ သတင်းတစ်မျိုးမျိုးကို ကြားရသည့်အခါတိုင်း ၎င်းတို့အတွက်မူ အကျိုးသက်ရောက်မှုမှာ ကြီးလျှင်ကြီးမည်ဖြစ်သည့်တိုင် ၎င်းတို့၏ စိတ်ထဲမရောက်နိုင်သော “ငလျင်” တစ်ခုကဲ့သို့ ခံစားရပြီး ၎င်းတို့ကို ယိမ်းယိုင်စေသည်။ အချို့လူများက “၎င်းတို့သည် အစဉ်သဖြင့် ယိမ်းယိုင်နေခြင်းမှာ ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့သောကြောင့် ဖြစ်သလော” ဟု ပြောဆိုကြသည်။ ယင်းမှာ မမှန်ကန်ပေ၊ အချို့လူများသည် သုံးနှစ်၊ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ကျော်ပင် ယုံကြည်ခဲ့ပြီးဖြစ်သည်။ ယင်းကို အချိန်တိုဟု သတ်မှတ်သလော။ တစ်စုံတစ်ဦးသည် ကျေးဇူးတော်ခေတ်၏ အမှုတော်အတွင်း သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ ယုံကြည်ခဲ့ပါက ယင်းကို အချိန်ကြာသည်ဟု သတ်မှတ်မည်မဟုတ်ပေ၊ အကြောင်းမှာ ၎င်းတို့သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် နှုတ်ကပတ်တော်များကို မကြားခဲ့ရသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် သမ္မာကျမ်းစာမှလည်းကောင်း၊ လူတို့၏ တရားဒေသနာများမှလည်းကောင်း သမ္မာကျမ်းဆိုင်ရာ အသိပညာနှင့် ဝိညာဉ်ရေးရာ သီအိုရီအနည်းငယ်ကိုသာ နားလည်ခဲ့ကြသည်။ ယင်းမှာ ရရှိခဲ့သည့်အရာက အလွန်ပင် နည်းလွန်းသည်။ တစ်စုံတစ်ဦးသည် ဤလက်ရှိအဆင့်၏ အမှုတော်ကို လက်ခံသည့်အခါတွင်မူ ကွဲပြားသည်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက်သို့ သုံးနှစ်ကြာ လိုက်သရွေ့ ၎င်းတို့ တွေ့ကြုံခံစားရသည့်အရာ၊ နားလည်သဘောပေါက်သည့်အရာနှင့် ရရှိသည့်အရာသည် ကျေးဇူးတော်ခေတ်၌ သခင့်ကို အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်၊ သို့မဟုတ် တစ်သက်တာလုံး ယုံကြည်ခြင်းမှ တစ်စုံတစ်ဦး ရရှိနိုင်ခဲ့သည့်အရာကို ကျော်လွန်ပေသည်။ သို့သော် ယိမ်းယိုင်တတ်သော ဤလူများသည် သုံးနှစ်၊ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ကျော်ပင် ယုံကြည်ပြီးသည့်နောက်၌ပင် ဤအမှုတော်အဆင့်သည် ဘုရားသခင် လုပ်ဆောင်ခြင်း ဟုတ်မဟုတ်ကို မဆုံးဖြတ်နိုင်ကြသေးဘဲ ဘုရားသခင်၏ တည်ရှိမှုနှင့်ပတ်သက်၍ပင် သံသယများ ရှိနေကြသည်။ ထိုသို့သောလူများသည် အလွန် ဒုက္ခပေးတတ်သည်ဟု သင် ဆိုမည်လော။ ၎င်းတို့တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် ပုံမှန်လူ့သဘာဝအတိုင်း တွေးခေါ်နိုင်စွမ်း ရှိသလော။ (မရှိပါ။) ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ။ အသင်းတော်၌ မည်သို့သော အခြေအနေပင် ပေါ်ပေါက်စေကာမူ ယင်းသည် ၎င်းတို့ကို အစဉ် ယိမ်းယိုင်စေနိုင်သည်၊ ၎င်းတို့၏ စိတ်နှလုံးထဲရှိ မေးခွန်းသင်္ကေတသည် ၎င်းတို့အတွက် “ငလျင်” များကို အစဉ်မပြတ် ဖြစ်ပေါ်စေသည်။ အန္တိခရစ်များက အသင်းတော်၌ အနှောင့်အယှက်များ ဖြစ်ပေါ်စေပြီး အချို့လူများ အထင်အမြင်မှားစေခြင်း ခံရပါက သို့မဟုတ် ၎င်းတို့ ကိုးကွယ်သော တစ်စုံတစ်ဦးက ဥပမာ ပူဇော်သက္ကာများကို ခိုးယူခြင်း သို့မဟုတ် ကာမဂုဏ်၌ လွန်ကျူးသော အပြုအမူများတွင် ပါဝင်ခြင်းတို့ကဲ့သို့ ၎င်းတို့ မမျှော်လင့်ထားသည့်အရာတစ်ခုကို လုပ်ဆောင်ပါက၊ ပြီးလျှင် ရှင်းလင်းပစ်ခြင်းခံရပါက ယင်းသည် ၎င်းတို့၏ စိတ်နှလုံးများကို ယိမ်းယိုင်စေပြီး ၎င်းတို့သည် ဘုရားသခင်ကို စတင် သံသယဝင်ကြသည်၊ “ဤသည်မှာ ဘုရား၏ အမှုတော်၏ ရေစီးကြောင်း မဟုတ်လော။ သို့ဆိုလျှင် အသင်းတော်၌ ထိုသို့သော ဥပဒေမဲ့သည့်အရာများ မည်သို့ ဖြစ်ပွားနိုင်မည်နည်း။ ဘုရားသခင်သည် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများ ပေါ်ပေါက်လာခြင်းကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။ ဤသည်မှာ အမှန်တကယ် မှန်သော လမ်းခရီး ဟုတ်ပါသလော” ဟူ၍ ဖြစ်သည်။ အသင်းတော်၌ ဖြစ်ပွားသည့် ၎င်းတို့၏ အယူအဆများကို ဆန့်ကျင်သော အရာရာတိုင်းသည် ၎င်းတို့ကို သံသယများ ဖြစ်ပေါ်စေပြီး ဤသည်မှာ မှန်သော လမ်းခရီး ဟုတ်မဟုတ်၊ ဤသည်မှာ ဘုရားသခင်၏ အမှုတော် ဟုတ်မဟုတ်နှင့် ဘုရားသခင် အမှန်တကယ် တည်ရှိခြင်း ဟုတ်မဟုတ်ကို စတင် မေးခွန်းထုတ်စေသည်။ ၎င်းတို့သည် ကိစ္စရပ်ကို မှန်ကန်စွာ ရှုမြင်ရန် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ဤအချက်တစ်ခုတည်းကပင် အစမှအဆုံး ၎င်းတို့သည် ဤအမှုတော်အဆင့်ကို ဘုရားသခင် လုပ်ဆောင်သည်ဟု အခြေခံအားဖြင့် မည်သည့်အခါမျှ မယုံကြည်ခဲ့ကြောင်း သက်သေပြရန် လုံလောက်ပေသည်။ အစမှအဆုံး ၎င်းတို့သည် သမ္မာတရားဟူသည် အဘယ်အရာ ဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင်သည် သမ္မာတရားကို အဘယ်ကြောင့် ဖော်ပြသည်ကိုဖြစ်စေ မည်သည့်အခါမျှ မသိခဲ့ကြပေ။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး အမှုများစွာကို လုပ်ဆောင်ခဲ့သည်၊ ဤအရာအားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်မှု ဖြစ်သည်။ လူများစွာတို့သည် ယင်းကို သက်သေခံပြီး အတည်ပြုခဲ့ကြပြီးဖြစ်သော်လည်း ၎င်းတို့သည် ကိစ္စရပ်များကို ဤအရာများကို အခြေခံ၍ ရှုမြင်ရန် ငြင်းပယ်ကြသည်။ ၎င်းတို့သည် အကဲဖြတ်ချက်များပြုရန် လူ့ရှုထောင့်အမြင်များနှင့် လူ့အတွေးအခေါ်များကို အစဉ်အသုံးပြုကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း ယုံကြည်ကြသည်။ အသင်းတော်၏အလုပ် သို့မဟုတ် အသင်းတော်အသက်တာ၌ အားနည်းချက်များ သို့မဟုတ် လမ်းလွဲမှုအချို့ ရှိသည့်အခါ သို့မဟုတ် အသင်းတော်သည် အစိုးရ၏ နှိပ်ကွပ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံရသည့်အခါ ၎င်းတို့သည် တစ်ဖန် မေးခွန်းထုတ်ကြပြန်သည်၊ “ဤသည်မှာ အမှန်တကယ် မှန်သော လမ်းခရီး ဟုတ်ပါသလော” ဟူ၍ ဖြစ်သည်။ အသင်းတော်၌ အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် မေးခွန်းထုတ်ကြပြန်သည်။ ၎င်းတို့က “ဘာသာရေးအသင်းတော်များရှိ ထိုသင်းအုပ်များနှင့် အကြီးအကဲများကို ကြည့်လော့၊ ၎င်းတို့သည် သခင့်ကို အမှန်တကယ် ချစ်ကြပြီး ၎င်းတို့၏ အသင်းတော်များတွင် မည်သည့် အန္တိခရစ်ဖြစ်ရပ်မျှ မရှိပေ။ ယင်းသည်သာ မှန်သော လမ်းခရီး ဖြစ်သည်။ သင်တို့၌ ဤနေရာတွင် ရှိသောအရာသည် မှန်သော လမ်းခရီးဖြစ်ပါက ဤအရာများ အဘယ်ကြောင့် ဖြစ်ပျက်နေရသေးသနည်း” ဟု ဆိုကြသည်။ ဤသည်မှာ ၎င်းတို့ နှိုင်းယှဉ်ပုံ ဖြစ်သည်။ အခြားသော မိုက်မဲသည့်လူအချို့သည် မည်သို့ နှိုင်းယှဉ်ကြသနည်း။ ၎င်းတို့က “ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်ရှိ ဘုရားကို ယုံကြည်သော ထိုလူများကို ကြည့်လော့၊ ၎င်းတို့တွင် နိုင်ငံတော်၏ အတည်ပြုချက် ရှိသည်၊ နိုင်ငံတော်သည် ၎င်းတို့ကို လက်မှတ်များပင် ထုတ်ပေးပြီး ဘုရားကျောင်းများ ဆောက်လုပ်ရန် မြေနေရာများပင် ချပေးသည်။ ယင်းမှာ အားလုံး တရားဝင်ဖြစ်ပြီး ဥပဒေနှင့်ညီသည်။ သင်တို့တွင် လူအများသိသော အသင်းတော် ရှိသလော။ သင်တို့၏ အသင်းတော်များသည် မှတ်ပုံတင်ထားသလော။ နိုင်ငံတော်သည် ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်များသို့ သင်းအုပ်များကိုပင် ခန့်အပ်ပေးပြီး ထိုသင်းအုပ်များတွင် လိုင်စင်များ ရှိကြသည်။ သင်တို့၏ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် လိုင်စင်များ ရှိသလော။ နိုင်ငံတော်သည် သင်တို့ကို ဘုရားကို ယုံကြည်ခွင့်မပြု၊ သင်တို့ကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်သည်။ သင်တို့တွင် စုဝေးပွဲများအတွက် ပုံသေနေရာပင် မရှိ၊ သင်တို့သည် အစဉ်သဖြင့် တိတ်တဆိတ် စုဝေးကြသည်။ ဤသည်မှာ အမှန်တကယ် မှန်သော လမ်းခရီး ဟုတ်ပါသလော။ ဤသည်သာ မှန်သော လမ်းခရီးဖြစ်ပါက သင်တို့သည် အဘယ်ကြောင့် ဤမျှ တိတ်တဆိတ်သောပုံစံဖြင့် အစဉ်စုဝေးပြီး တာဝန်ထမ်းဆောင်ကြရသနည်း” ဟု ဆိုကြသည်။ ၎င်းတို့သည် ဤကိစ္စကိုပင် မရိပ်စားမိနိုင်ကြပေ။ မည်သည့်အခြေအနေမဆိုသည် ၎င်းတို့ကို ယိမ်းယိုင်စေနိုင်ပြီး ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ ဖြစ်ပေါ်စေနိုင်သည်။ ငါ့ကို ပြောလော့၊ ဤသို့သောလူတစ်ဦးသည် ခိုင်မာစွာ ရပ်တည်နိုင်မည်လော။ (မရပ်တည်နိုင်ပါ။) ၎င်းတို့သည် အပြင်ပန်းအားဖြင့် အသင်းတော်မှ ထွက်ခွာသွားခြင်း မရှိသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် အန္တရာယ်၏ အစွန်း၌ ရှိနေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင် ဖော်ပြသော သမ္မာတရားများနှင့်ပတ်သက်၍ မည်သည့်အခါမျှ မသေချာနိုင်ကြဘဲ အစဉ်သဖြင့် ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် သံသယတစ်ဝက်ဖြင့် ဖြစ်နေကြသည်၊ ဤအချက်က ၎င်းတို့ကို စစ်မှန်သော ယုံကြည်ခြင်း ရှိရန် မဖြစ်နိုင်စေပေ။ ဘုရားသခင်၏ အမှုတော်၏ ဤနှစ်များတစ်လျှောက် ဖြစ်ပွားခဲ့သော ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ နှိပ်ကွပ်ခြင်းများနှင့် ဖမ်းဆီးခြင်းများအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်၌ ရှိခဲ့ပြီး အားလုံးသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်မှုများအောက်တွင် ကျရောက်ကြောင်းကို ၎င်းတို့ မမြင်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့တွင် အယူအဆများ ရှိကြပြီး ဘုရားသခင်သည် အရာခပ်သိမ်းကို အချုပ်အခြာအာဏာစိုးစံနိုင်ခြင်း ရှိမရှိကို မေးခွန်းထုတ်နိုင်ကြသည်။ ဘုရားအိမ်တော်၏ အမှုအားလုံးကို လူသားများက လုပ်ဆောင်သည်ဟု ၎င်းတို့သည် အစဉ်ယုံကြည်ကြပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ လက္ခဏာစိုးစဉ်းမျှကိုပင် မမြင်နိုင်ကြပေ။ ၎င်းတို့သည် မယုံကြည်သူတစ်ဦး မဟုတ်လော။ ထိုသို့သောလူတစ်ဦးသည် ခြောက်လ သို့မဟုတ် တစ်နှစ်တာမျှသာ အသစ်ယုံကြည်သေးပြီး အမျိုးမျိုးသော သမ္မာတရားများကို ရှင်းလင်းစွာ မသိနားမလည်သေးပါက ၎င်းတို့၏ အယူအဆများကို ဆန့်ကျင်သော အရာများကို မြင်တွေ့သည့်အခါ သံသယများရှိပြီး ယိမ်းယိုင်ခြင်းသည် နားလည်နိုင်ဖွယ်ရှိသည်။ သို့သော် အချို့လူများသည် ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်ခဲ့ပြီးဖြစ်သည်၊ တရားဒေသနာများစွာကို နားထောင်ခဲ့ပြီးဖြစ်သည်၊ အခက်အခဲများ ကြုံတွေ့သည့်အခါ သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယဖွဲ့ပေးခဲ့ပြီးဖြစ်သည်။ ထိုအချိန်က ၎င်းတို့သည် အယူဝါဒပိုင်းဆိုင်ရာအရ ကြားရသည့်အရာကို နားလည်ခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ကိစ္စရပ်များနှင့် တစ်ဖန် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်ကို မေးခွန်းထုတ်နေဆဲ ဖြစ်သည်။ ဤအချက်က ထိုသို့သောလူများသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြောင်း၊ ပုံမှန် လူ့သဘာဝ၏ တွေးခေါ်ပုံ ကင်းမဲ့ကြောင်းနှင့် လူဖြစ်ခြင်း၏ စံနှုန်းကို မမီကြောင်း ပြသနေသည်။
ယိမ်းယိုင်တတ်သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ လူ့သဘာဝအရဆိုလျှင် ဤလူများသည် ဆိုးယုတ်သောလူများအဖြစ် မသတ်မှတ်နိုင်သော်လည်း ၎င်းတို့သည် အမှန်ပင် ဒုက္ခပေးတတ်သော လူစားမျိုးဖြစ်သည်၊ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ပြီး ပုံမှန် လူ့သဘာဝ၏ တွေးခေါ်ပုံမျိုး မရှိသောကြောင့် ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားများစွာကို ၎င်းတို့ အတည်ပင်မပြုနိုင်သကဲ့သို့ ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဟုတ်မဟုတ်ကိုဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ ဖော်ပြချက်နှင့် ဘုရားသခင်၏ အမှုတော် ဟုတ်မဟုတ်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းကို အကဲဖြတ်သော် ၎င်းတို့သည် မည်သို့သော လူစားမျိုးများနည်း။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်ဟု ဆိုလျှင် မှန်ကန်ပြီး ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်သည့်လူများဖြစ်သည်ဟု ဆိုလျှင်လည်း မှန်ကန်သည်။ ဤသို့သော လူစားမျိုးသည် မည်သည့် သိသာထင်ရှားသော မကောင်းမှုကိုမျှ မကျူးလွန်ခဲ့သော်လည်း၊ ဆိုးယုတ်သောလူများအဖြစ် အရည်အချင်းမမီသော်လည်း ၎င်းတို့သည် ဤအတိုင်းအတာအထိ နားဝေတိမ်တောင်ဖြစ်ပြီး အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းများစွာကို ပြုလုပ်နိုင်သောကြောင့် ၎င်းတို့သည် အသုံးမကျသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားသခင်ကို အချိန်မည်မျှကြာအောင် ယုံကြည်ခဲ့သည်ဖြစ်စေ၊ တရားဒေသနာ မည်မျှ နားထောင်ခဲ့သည်ဖြစ်စေ သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှု သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာကိုပင် အတည်မပြုနိုင်ကြပေ။ ဤသည်မှာ မည်သို့သော အစွမ်းအစမျိုးနည်း။ ဤလူများတွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝမရှိပေ။ ၎င်းတို့သည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည့်လူများ ဖြစ်ကြသည်၊ သို့မဟုတ် ၎င်းတို့တွင် အစွမ်းအစ လုံးဝမရှိဟု သင် ဆိုနိုင်သည်၊ ၎င်းတို့သည် ဦးနှောက်မဲ့သော အသုံးမကျသူများ ဖြစ်ကြသည်။ ငါ့ကို ပြောလော့၊ အသုံးမကျသူများသည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ (မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်ပါ။) ၎င်းတို့သည် မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်ဘဲ အစဉ်သဖြင့် သံသယဖြစ်ပြီး ယိမ်းယိုင်နေကြသည်။ သို့ဆိုလျှင် ဤကဲ့သို့သောလူများကို မည်သို့ ဆက်ဆံပြီး ကိုင်တွယ်သင့်သနည်း။ ထိုသို့သောလူများကို ကိုင်တွယ်ရန် အသင့်တော်ဆုံးနည်းလမ်းမှာ ၎င်းတို့ကို မည်သည့်တာဝန်မျှ မထမ်းဆောင်စေခြင်း ဖြစ်သည်။ ၎င်းတို့က တာဝန်ထမ်းဆောင်ရန် တောင်းဆိုလျှင်ပင် ခွင့်မပြုသင့်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤကဲ့သို့သောလူများသည် တာဝန်ကို စတင်ထမ်းဆောင်သည်နှင့်တစ်ပြိုင်နက် အထူးသဖြင့် ၎င်းတို့သည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခအချို့ကို ပေးဆပ်ခဲ့သည့်အခါ မကြာမီတွင်ဖြစ်စေ၊ နောင်တွင်ဖြစ်စေ ဘုရားအိမ်တော်နှင့် စာရင်းရှင်းလိုကြမည်ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဖမ်းဆီးခြင်းခံရပါက သို့မဟုတ် သဘာဝဘေးအန္တရာယ်များ သို့မဟုတ် လူကြောင့်ဖြစ်သော ဘေးဒုက္ခများကို ရင်ဆိုင်ရပါက ၎င်းတို့သည် ဘုရားသခင်အတွက် အသုံးခံခဲ့ရသည်ကို နောင်တရကြလိမ့်မည်၊ ၎င်းတို့သည် ခါးသီးစွာ ညည်းညူကြမည်ဖြစ်ပြီး ဤသို့သော မှတ်ချက်များကို နေရာအနှံ့ ဖြန့်ကြလိမ့်မည်၊ “ကျွန်ုပ်သည် အသင်းတော်၏ အလုပ်အတွက်လည်းကောင်း၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန်အတွက်လည်းကောင်း များစွာ ဆင်းရဲဒုက္ခခံခဲ့ရသည်။ အစားအသောက်များစွာ လျှော့စားခဲ့ရသည်၊ အိပ်ချိန်များစွာ လျှော့ခဲ့ရသည်၊ ငွေကြေးလည်း အနည်းငယ်သာ ရှာနိုင်ခဲ့သည်။ ကျွန်ုပ်သည် တာဝန်သာ မထမ်းဆောင်ခဲ့လျှင် ကိုယ်ရှာထားသည့် ငွေများကို ဘဏ်ထဲတွင် ထည့်ထားနိုင်ခဲ့မည် ဖြစ်သည်၊ အတိုးပင် ရဦးမည်။ ငါသည် များစွာ စွန့်စားခဲ့ရသည်။ စွန့်စားမှုတစ်နာတိုင်းသည် တန်ဖိုးမည်မျှရှိသနည်း။ လုပ်အားခမှာ အဘယ်မျှနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် ငွေရေးကြေးရေး စာရင်းရှင်းရန် ကြိုးစားကြမည်ဖြစ်ပြီး ဘုရားအိမ်တော်က ၎င်းတို့ကို လျော်ကြေးမပေးပါက ဘုရားအိမ်တော်ကို တိုင်ကြားမည်ဟုပင် ခြိမ်းခြောက်ကြလိမ့်မည်။ ဤကဲ့သို့သောလူများကို တာဝန်ထမ်းဆောင်စေခြင်းသည် အဆုံးမရှိသော ဒုက္ခကို ဆောင်ကြဉ်းပေးမည် မဟုတ်လော။ ထိုသို့သော လူယုတ်မာများနှင့် ဆက်ဆံခြင်းသည် ဖြေရှင်းရန်မဖြစ်နိုင်သော ရှုပ်ထွေးမှုတစ်ခုဆီသို့ ဦးတည်သွားလိမ့်မည်။ ၎င်းတို့သည် အသင်းတော်အတွက် အမှုအရာ မည်မျှကိုင်တွယ်သည်ဖြစ်စေ စာရင်းတစ်ခုချင်းစီကို ရှင်းလင်းစွာ မှတ်တမ်းတင်လျက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် စာရင်းငယ်တစ်ခုကို မှတ်ထားကြသည်။ ၎င်းတို့သည် အသင်းတော်အတွက် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မည်သည့်အခါမျှ လိုလိုလားလား လုပ်ဆောင်ခြင်းမရှိပေ။ ၎င်းတို့သည် စိတ်မပါသောကြောင့် စာရင်းရှင်းလိုကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်မပြုခြင်းကြောင့် သို့မဟုတ် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း သို့မဟုတ် ဘုရားသခင်၏ အမှုတော်သည် လူကို ကယ်တင်နိုင်ကြောင်းကို အသိအမှတ်မပြုကြပေ။ သို့ဆိုလျှင် ၎င်းတို့၏ စိတ်ထဲတွင် စိတ်ကူးယဉ်ထားသော ဘုရားဟုခေါ်သည့်အရာအတွက် အဖိုးအခအနည်းငယ် ပေးဆပ်ခဲ့ရခြင်း၊ အနည်းငယ် ဆင်းရဲဒုက္ခခံခဲ့ရခြင်း၊ တာဝန်အချို့ ထမ်းဆောင်ခဲ့ရခြင်းနှင့် လူ့စွမ်းအားနှင့် ရုပ်ဝတ္ထုဆိုင်ရာ အရင်းအမြစ်အချို့ကို အသုံးခံခဲ့ရခြင်းတို့အတွက် စိတ်ကျေနပ်မှုရရှိစေရန် မည်သို့သော ဆုလာဘ်မျိုး လိုအပ်မည်နည်း။ ၎င်းတို့သည် အပြန်အလှန်အားဖြင့် မည်သည့်အရာမျှ မရရှိခဲ့ပါက စိတ်ကျေနပ်မှု ရရှိကြမည်လော။ တစ်နေ့တွင် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသည့်အတွက် ဖယ်ရှားရှင်းလင်းခြင်းခံရကြောင်း သိရှိလာပါက အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည် ဘုရားအိမ်တော်က ၎င်းတို့ကို လှည့်စားခဲ့သည်ဟုလည်းကောင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို လှည့်စားခဲ့သည်ဟုလည်းကောင်း၊ ၎င်းတို့သည် အမှောင်ထဲတွင် ထားရှိခံခဲ့ရပြီး လိမ်လည်မှုတစ်ခု၏ သားကောင်ဖြစ်ခဲ့ရသည်ဟုလည်းကောင်း တွေးထင်ကြလိမ့်မည်။ ထို့နောက် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် ရန်ဖြစ်ရန် အကြောင်းရှာကြမည်ဖြစ်ပြီး လျော်ကြေးငွေ တောင်းဆိုကာ အမှုအရာများကို အဆုံးမရှိ ရှည်ကြာအောင်လုပ်လိမ့်မည်။ ဘုရားအိမ်တော်သည် ထိုသို့သောလူတစ်ဦးနှင့် ရှုပ်ထွေးပွေလီစွာ ပတ်သက်လိုမည်ဟု သင် ထင်ပါသလော။ ဘုရားအိမ်တော်သည် ထိုသို့သော မိုက်မဲသည့်အရာကို လုံးဝ လုပ်ဆောင်မည်မဟုတ်ချေ။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဖန်ဆင်းခံများ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်၊ ယင်းမှာ လုံးဝ ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှု၊ ၎င်းတို့ လိုလိုလားလား လုပ်ဆောင်လိုသည့်အရာ ဖြစ်သည်။ ဘုရားအိမ်တော်သည် မည်သူ့ကိုမျှ အတင်းအကျပ်ပြုခြင်း သို့မဟုတ် ဖိအားပေးခြင်းကို မည်သည့်အခါမျှ မပြုပေ။ သို့သော် မယုံကြည်သူများ တာဝန်ကို စတင်ထမ်းဆောင်သည်နှင့်တစ်ပြိုင်နက် မကြာမီ ပြဿနာတက်မည်မှာ ဧကန်မုချဖြစ်သည်။ ၎င်းတို့ စိတ်မကြည်မလင်ဖြစ်သည့်အခါတွင် ၎င်းတို့သည် အခြားသူများအား ဤသို့ပြောဆိုလျက် မြည်တွန်တောက်တီးပြီး ညည်းညူရန် သေချာပေသည်၊ “သင်တို့အားလုံးသည် အလွန်ကောင်းမွန်စွာ ပြောဆိုပြီး ကျွန်ုပ်ကို လှည့်စားခဲ့သည်၊ ဘုရားကို ယုံကြည်ခြင်းသည် ကျွန်ုပ်ကို သမ္မာတရားနှင့် ထာဝရအသက်ကို ရရှိစေမည်ဟု ဆိုခဲ့သည်။ သို့သော် အသင်းတော်၌ လူများကို အထင်အမြင်မှားစေသော အန္တိခရစ်များ၊ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော ဆိုးယုတ်သောလူများ ရှိလိမ့်မည်ဟု သို့မဟုတ် အသင်းတော်သည် လူများကို ရှင်းလင်းပစ်မည် သို့မဟုတ် နှင်ထုတ်မည်ဟု သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ မပြောခဲ့ပေ။ ဤအရာတစ်ခုခုသည် အသင်းတော်၌ ဖြစ်ပွားလိမ့်မည်ဟု သင်တို့သည် ကျွန်ုပ်ကို မည်သည့်အခါမျှ မပြောခဲ့ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် သင့်ကိုပင် ပြန်လှည့်ပြီး ဤသို့ဆိုကာ စွပ်စွဲနိုင်သည်၊ “သင်သည် ဤအရာများကို ကျွန်ုပ်အား ရှင်းလင်းစွာ မည်သည့်အခါမျှ မရှင်းပြခဲ့ပါ။ ကျွန်ုပ်သည် ဘုရားကို ယုံကြည်ခြင်းနှင့် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းတို့၌ သင်တို့ကို လိုက်နာခဲ့ခြင်းသာ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယခု ကျွန်ုပ်တွင် လောကီ၌ အလားအလာများ မရှိတော့ပါ၊ သင်တို့သည် ကျွန်ုပ်ကို ငွေအမြောက်အမြား ရှာဖွေခြင်းမှ တားဆီးခဲ့သည်။ သင်တို့သည် ကျွန်ုပ်၏ ဆုံးရှုံးမှုများအတွက် ကျွန်ုပ်ကို လျော်ကြေးပေးရမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့ သင်နှင့် စာရင်းရှင်းသည့်အခါ သင်သည် ယင်းကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်ဟု မမြင်သလော။ သင်သည် ၎င်းတို့နှင့် ရှုပ်ထွေးပွေလီစွာ ပတ်သက်လိုမည်လော။ (မပတ်သက်လိုပါ။) ဤကဲ့သို့သောလူများကို မည်သူက အမှုအရာများကို ရှင်းလင်းအောင် ပြုလုပ်ပေးနိုင်မည်နည်း။ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြ၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မမြင်နိုင်ကြ၊ ၎င်းတို့သည် ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်၏ တည်ရှိမှုကို မခံစားနိုင်ကြပေ။ ငါ့ကို ပြောလော့၊ မည်သူက ဤအချက်ကို ၎င်းတို့၏ စိတ်ထဲသို့ အတင်းထိုးထည့်နိုင်မည်နည်း။ မည်သူမျှ မလုပ်နိုင်ပေ။ ၎င်းတို့တွင် သမ္မာတရားကို လက်ခံနိုင်သည့် စွမ်းရည် မရှိပေ၊ သို့ဖြစ်၍ ၎င်းတို့ကို သမ္မာတရားကို လိုက်စားရန် တောင်းဆိုခြင်းသည် ၎င်းတို့အတွက် အမှုအရာများကို အလွန်ခက်ခဲစေလိမ့်မည်၊ ယင်းသည် ၎င်းတို့ကို ခက်ခဲသော အခြေအနေတစ်ခု၌ ထားရှိခြင်း ဖြစ်လိမ့်မည်၊ ထိုသို့ပြုလုပ်ခြင်းသည် လုံးဝ လက်တွေ့မကျပေ။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်အနည်းငယ် ထမ်းဆောင်သရွေ့ ဆုလာဘ်တစ်ခုကို တောင်းဆိုကြသည်။ ၎င်းတို့ အလိုရှိသည့်အရာကို မရရှိပါက ၎င်းတို့သည် ဤသို့ဆိုကာ ကြမ်းတမ်းစွာ ပြစ်တင်ပြောဆိုကြသည်၊ “ကျွန်ုပ်သည် လှည့်စားခြင်းနှင့် လိမ်လည်ခြင်းကို ခံခဲ့ရသည်။ သင်တို့အားလုံးသည် လိမ်လည်သူများ ဖြစ်ကြသည်” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောလော့၊ သင်တို့သည် ထိုသို့ နာမည်တပ်ခေါ်ဆိုခြင်းကို ခံလိုမည်လော။ (မခံလိုပါ။) မည်သူက ၎င်းတို့ကို လှည့်စားခဲ့သနည်း။ ၎င်းတို့ကိုယ်တိုင်က ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိကြပြီး ကောင်းချီးမင်္ဂလာများ ရရှိလိုခြင်းကြောင့် မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် ယခု ကောင်းချီးမင်္ဂလာများ မရရှိခဲ့ကြပေ၊ သို့သော် ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောကြောင့် မဟုတ်လော။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာ မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကိုပင် မယုံကြည်ကြဘဲ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိလိုနေကြသေးသည်၊ ကောင်းချီးမင်္ဂလာများ ရရှိရန်မှာ မည်သို့များ ဤမျှ လွယ်ကူနိုင်မည်နည်း။ ဤကိစ္စရပ်များသည် ၎င်းတို့ တာဝန်မထမ်းဆောင်မီ အချိန်ကြာမြင့်စွာကပင် ၎င်းတို့အား ရှင်းလင်းစွာ ရှင်းပြခဲ့ပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် သင်သည် ၎င်းတို့အား ကျိုးကြောင်းပြပြောဆိုနိုင်သလော။ မပြောဆိုနိုင်ပေ။ သင်က ၎င်းတို့ကို လှည့်စားခဲ့သည်ဟုသာ ၎င်းတို့ ပြောဆိုကြလိမ့်မည်။ ငါ့ကို ပြောလော့၊ ဘုရားအိမ်တော်၌ ညီအစ်ကိုမောင်နှမများသည် ဘုရားသခင်ကို အချိန်မည်မျှကြာအောင် ယုံကြည်ခဲ့သည်ဖြစ်စေ ၎င်းတို့အထဲတွင် မည်သူသည် လိုလိုလားလား တာဝန်မထမ်းဆောင်ဘဲ နေသနည်း။ ကလေးများသည် ဘုရားသခင်ကို မယုံကြည်ဘဲ ၎င်းတို့၏ မိဘများ သို့မဟုတ် ဆွေမျိုးများက ယုံကြည်ရန်နှင့် တာဝန်ထမ်းဆောင်ရန် အတင်းဆွဲခေါ်ခြင်းခံရသည့် ရှားပါးသော ဖြစ်ရပ်များ ရှိသော်လည်း ဤသည်တို့မှာ အလွန်ပင် နည်းပါးနေသေးသည်။ သင်၏ မိဘများက သင့်ကို အတင်းဆွဲခေါ်လျှင်ပင် ယင်းမှာ သင်၏ ကောင်းကျိုးအတွက်သာ ဖြစ်သည်၊ သင် ယင်းကို နားလည်သင့်သည်။ သို့သော် ယင်းမှာ သင့်ကို ဆွဲခေါ်နေသော သင်၏ မိသားစု ဖြစ်သည်၊ ဘုရားအိမ်တော်၏ ညီအစ်ကိုမောင်နှမများသည် သင့်ကို မဆွဲခေါ်ကြချေ၊ သို့မဟုတ် သင့်ကို အတင်းအကျပ်မပြုကြချေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းတို့သည် လုံးဝ စိတ်လိုကိုယ်လျောက် ဖြစ်သည်။ ယခုအချိန်တွင် ထွက်ခွာလိုသော မည်သူမဆို ထွက်ခွာနိုင်သည်၊ ဘုရားအိမ်တော်၏ တံခါးများသည် အစဉ်သဖြင့် ဖွင့်ထားသည်။ သို့သော်လည်း သင် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ပြန်လာရန်မှာ ထိုမျှ လွယ်ကူတော့မည်မဟုတ်ပေ။ ဘုရားအိမ်တော်၌ အချိန်ပြည့် တာဝန်ထမ်းဆောင်သောသူများသည် ဂရုတစိုက် ရွေးချယ်ခံရသည်၊ မည်သူ့ကိုမဆို လက်ခံခြင်းမဟုတ်ပေ။ လိုအပ်သော စံနှုန်းများနှင့် စည်းမျဉ်းများ ရှိပြီး အရည်အချင်းများနှင့် ကိုက်ညီသောသူများသာ အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်၌ နေထိုင်နိုင်သည်။ ယိမ်းယိုင်တတ်သောလူများက “သင်တို့သည် ဤမျှ အရေးကြီးသော ကိစ္စရပ်တစ်ခုကို ကျွန်ုပ်အား ရှင်းလင်းစွာ မရှင်းပြခဲ့ပါ။ ထိုအချိန်က ကျွန်ုပ်သည် စိတ်ရှုပ်ထွေးနေသောကြောင့်သာ တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်” ဟု တွေးထင်ကြသည်။ မည်သည့်အရာကို ရှင်းလင်းစွာ မရှင်းပြခဲ့သနည်း။ ညီအစ်ကိုမောင်နှမများသည် တာဝန်ထမ်းဆောင်နေစဉ် နေ့စဉ် သမ္မာတရားကို အတူတကွ မိတ်သဟာယဖွဲ့ကြသည်၊ ဤလူများ နားမလည်ခဲ့ပါက ယင်းမှာ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်ပြီး မျက်စိကန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ထိုအတွက် အခြားမည်သူ့ကိုမျှ အပြစ်တင်၍မရပေ။ သို့သော် ၎င်းတို့သည် ဤအကြောင်းနှင့်ပတ်သက်၍ သင်နှင့် ကျိုးကြောင်းဆင်ခြင်မည်မဟုတ်ပေ၊ ၎င်းတို့သည် ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရသည်ဟုသာ ခံစားကြရပြီး ဘုရားအိမ်တော်နှင့် စာရင်းရှင်းကာ အငြင်းအခုံပြုလိုကြသည်။ ထိုသို့သောလူများသည် ဆင်ခြင်တုံတရားမဲ့ကာ အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ သို့ဖြစ်၍ သင်သည် ထိုသို့သောလူများ၏ စရိုက်မှန်ကို သိရှိပြီး ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်ကြောင်း၊ လုံးဝ အသုံးမကျကြောင်း၊ မည်သည့်တာဝန်မျှ မထမ်းဆောင်နိုင်ကြောင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိရန် အစဉ်အာရုံစိုက်နေကြောင်း၊ ၎င်းတို့၏ စိတ်နှလုံးများသည် ကောင်းချီးမင်္ဂလာများ ရရှိခြင်းဆိုင်ရာ အတွေးအခေါ်များဖြင့် စားသုံးခံထားရကြောင်း၊ ၎င်းတို့ သိသမျှမှာ တာဝန်ထမ်းဆောင်ခြင်းသည် ကောင်းချီးမင်္ဂလာများ၊ ကယ်တင်ခြင်း၊ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းနှင့် မသေနိုင်ခြင်းတို့ကို ဆောင်ကြဉ်းပေးနိုင်သည်ဟူ၍သာ ဖြစ်ကြောင်း၊ ၎င်းတို့သည် သမ္မာတရားဟူသည် အဘယ်အရာဖြစ်သည်ကို မသိ၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိ သို့မဟုတ် ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံရမည်ကို မသိဟူ၍ အခြားမည်သည့်အရာကိုမျှ နားမလည်ဘဲ ဤစကားစုအနည်းငယ်ကိုသာ သိကြောင်းတို့ကို ရှင်းလင်းစွာ မြင်တွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် တာဝန်ထမ်းဆောင်လိုလျှင်ပင် သို့မဟုတ် တာဝန်ထမ်းဆောင်ရန် တောင်းဆိုလျှင်ပင် ၎င်းတို့ကို တာဝန်ထမ်းဆောင်ရန် စီစဉ်ပေးနိုင်မည်လော။ (မပေးနိုင်ပါ။)
ယိမ်းယိုင်တတ်သောသူများသည် အမှန်တကယ်တွင် ဘေးမသီရန်မခ ရှိနေသည့်အခါ၌ပင် သံသယများ ထားရှိကြပြီး အစဉ် စောင့်ကြည့်လေ့လာနေကြသည်။ ၎င်းတို့သည် ညှဉ်းပန်းနှိပ်စက်မှုနှင့် ဖမ်းဆီးမှုများကို ကြုံတွေ့သည်နှင့်တစ်ပြိုင်နက် ယိမ်းယိုင်လာကြသည်။ ဤသည်က ဘုရားသခင်ကို ၎င်းတို့၏ ပုံမှန်ယုံကြည်ခြင်း၌ စစ်မှန်သော ယုံကြည်ခြင်း မပိုင်ဆိုင်ကြောင်း ပြသသည်။ အခြေအနေများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် ထုတ်ဖော်ခြင်းခံရသည်။ ဤသည်က ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ မည်သည့်အခါမျှ သေချာခြင်းမရှိခဲ့ဘဲ အစဉ် မေးခွန်းထုတ်ကာ စောင့်ကြည့်လေ့လာနေခဲ့ကြကြောင်း ပြသသည်။ ၎င်းတို့သည် အသင်းတော်မှ အဘယ်ကြောင့် မထွက်ခွာခဲ့ကြသနည်း။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဒုက္ခများစွာကို ခံစားခဲ့ရသည်။ အကျိုးကျေးဇူး တစ်စုံတစ်ရာ မရရှိဘဲ ယခု ထွက်ခွာသွားပါက ဆုံးရှုံးမှုတစ်ခု ဖြစ်မည် မဟုတ်လော။ ထိုဒုက္ခအားလုံးသည် အချည်းနှီး ဖြစ်သွားမည် မဟုတ်လော” ဟု တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့ တွေးထင်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် သေချာသည်၊ ၎င်းတို့တွင် ယုံကြည်ခြင်းရှိသည်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်သည်ဟု သင် ထင်ကောင်းထင်နိုင်သော်လည်း အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ပေ။ ၎င်းတို့သည် သံသယဝင်နေဆဲ၊ စောင့်ကြည့်လေ့လာနေဆဲ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားအိမ်တော်၏ အလုပ်သည် အမှန်တကယ် ကြီးပွားတိုးတက်ခြင်း ရှိမရှိ၊ အလုပ်တစ်ခုချင်းစီသည် အသီးအပွင့်များ သီးပွင့်ခြင်း ရှိမရှိနှင့် လောကအပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့ခြင်း ရှိမရှိတို့ကိုသာ မြင်လိုကြသည်။ ၎င်းတို့ အထူးသဖြင့် သိလိုသည့်အရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။ နိုင်ငံအသီးသီးရှိ အသင်းတော်များ၏ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် မည်သို့ အခြေအနေရှိနေသနည်း။ ယင်းတွင် အတိုင်းအတာ ကြီးမားမှုနှင့် သြဇာလွှမ်းမိုးမှု ရှိသလော။ ဤရေစီးကြောင်းကို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုခြင်း ရှိသလော။ ထင်ရှားကျော်ကြားသောသူများ သို့မဟုတ် သြဇာရှိသော ပုဂ္ဂိုလ်များက ဤအမှုအဆင့်ကို လက်ခံခဲ့ပြီးပြီလော။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် ကုလသမဂ္ဂ၏ အသိအမှတ်ပြုခြင်း သို့မဟုတ် အတည်ပြုခြင်းကို ရရှိခဲ့ပြီးပြီလော။ ယင်းတွင် နိုင်ငံအသီးသီးရှိ အစိုးရများ၏ ထောက်ခံမှု ရှိသလော။ နိုင်ငံအသီးသီးရှိ ညီအစ်ကိုမောင်နှမများသည် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားချက်များ အတည်ပြုခြင်း ခံခဲ့ရပြီးပြီလော။ ဤသည်တို့မှာ ထိုသို့သောလူများ အစဉ် စိုးရိမ်ပူပန်ကြသည့် အမှုအရာအမျိုးအစားများ ဖြစ်ကြပြီး ဤသည်မှာ ၎င်းတို့၏ ယိမ်းယိုင်ခြင်း၏ ရှင်းလင်းသော သရုပ်သကန်တစ်ရပ် ဖြစ်သည်။ ဘုရားအိမ်တော်သည် တန်ခိုးအာဏာရရှိလာပြီး ဧဝံဂေလိအလုပ်ကို ဖြန့်ဝေပြီဖြစ်သည်ကို ၎င်းတို့ မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားအိမ်တော်မှ မထွက်ခွာခဲ့သည့်အတွက် ကံကောင်းသည်ဟု ခံစားကြရပြီး ဘုရားသခင်ကို သံသယမဝင်ကြတော့ပေ။ သို့သော် ဘုရားအိမ်တော်၏ အလုပ်သည် နှောင့်ယှက်ခြင်း၊ တားဆီးခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ခံနေရသည်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်ခြင်းသည်လည်း ထိခိုက်ခြင်းခံနေရသည်ကိုလည်းကောင်း၊ အသင်းတော်သည် လောက၏ ဖယ်ကြဉ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံနေရသည်ကိုလည်းကောင်း ၎င်းတို့ မြင်သည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်မှ ထွက်ခွာရန် စတင်စဉ်းစားကြတော့သည်။ ၎င်းတို့က အစဉ် မေးခွန်းထုတ်နေကြသည်မှာ “ဘုရားသည် ဤအရာအားလုံးအပေါ် အမှန်တကယ် အချုပ်အခြာအာဏာ ပိုင်စိုးပါ၏လော။ ကျွန်ုပ်သည် ဘုရား၏ အနန္တတန်ခိုးကို အဘယ်ကြောင့် မမြင်နိုင်ရသနည်း။ ဘုရား၏ နှုတ်ကပတ်တော်များသည် အမှန်တကယ် သမ္မာတရား ဟုတ်ပါ၏လော။ ယင်းတို့သည် လူတို့ကို အမှန်တကယ် သန့်စင်စေပြီး ကယ်တင်နိုင်ပါ၏လော” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်ခြင်း မရှိသောကြောင့် ဤကိစ္စရပ်များကို မည်သည့်အခါမျှ ထွင်းဖောက်၍ မမြင်နိုင်ဘဲ ဆက်လက်၍ မေးခွန်းထုတ်နေကြသည်။ ၎င်းတို့သည် တရားဒေသနာ မည်မျှပင် ကြားရပါစေ ဤအရာ တစ်ခုတလေနှင့်ပတ်သက်၍ ကောက်ချက်ချနိုင်ခြင်း မရှိပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် အလွန်ဝေးကွာသောနေရာမှ အရာများကို ကြားနိုင်သည့် နားများနှင့် မိုင်တစ်ထောင်အဝေးကို မြင်နိုင်သည့် မျက်စိများကို ရရှိလိုကြပြီး အဝေးတစ်နေရာတွင် ဖြစ်ပျက်နေသည့်အရာကို သိနိုင်ကာ သတင်းရရှိနိုင်ရန် မျှော်လင့်လျက် အစဉ် လိုက်လံမေးမြန်းနေကြသည်။ ထို့နောက် ၎င်းတို့သည် နေသင့်သည် သို့မဟုတ် ထွက်ခွာသင့်သည်ကို စောစီးစွာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ ထိုသို့သောလူများသည် မိုက်မဲကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် ပင်ပန်းကြီးစွာသော ဘဝများဖြင့် အသက်ရှင်နေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် ပုံမှန်လူ့သဘာဝအတိုင်း တွေးခေါ်နိုင်စွမ်း မရှိသကဲ့သို့ သမ္မာတရားကိုလည်း နားမလည်ကြပေ။ အမှုအရာများ ဖြစ်ပျက်လေလေ ၎င်းတို့သည် ပို၍ စိတ်ရှုပ်ထွေးကာ ဘာလုပ်ရမှန်းမသိ ဖြစ်လာလေလေ ဖြစ်သည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သို့မဟုတ် မည်သို့ သတ်မှတ်ရမည်ကို မသိကြပေ၊ ပြီးလျှင် ဤကိစ္စရပ်များတွင် အမှားနှင့်အမှန်ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကိုဖြစ်စေ၊ ယင်းတို့ထံမှ သင်ခန်းစာများကို မည်သို့ ရယူရမည်ကိုဖြစ်စေ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ရှာဖွေတွေ့ရှိရန်ကို ၎င်းတို့ အသေအချာ မသိကြပေ။ ၎င်းတို့သည် ဤအရာများကို မည်သို့ လုပ်ဆောင်ရမည်ကို မသိကြပေ။ သို့ဆိုလျှင် ၎င်းတို့ မည်သို့ လုပ်ဆောင်ကြသနည်း။ ဥပမာအားဖြင့် အသင်းတော်၌ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများ ပေါ်ပေါက်လာပြီး လူတို့ကို အထင်အမြင်မှားစေသည့်အခါ ၎င်းတို့သည် “မည်သူက မှန်ပြီး မည်သူက မှားသနည်း။ ဤလမ်းခရီးသည် အမှန်တကယ် စစ်မှန်ပါ၏လော။ အဆုံးတိုင်အောင် ဆက်လက်ယုံကြည်ပါက ကျွန်ုပ် ကောင်းချီးခံစားရမည်လော။ ကျွန်ုပ်သည် ယခုနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ၊ ဤဆင်းရဲဒုက္ခသည် တန်ပါ၏လော။ ကျွန်ုပ်၏ တာဝန်ကို ဆက်လက်ထမ်းဆောင်သင့်ပါ၏လော” ဟု စတင်၍ တွေးတောကြတော့သည်။ ၎င်းတို့သည် အရာခပ်သိမ်းကို မိမိတို့၏ ကိုယ်ကျိုးစီးပွား ရှုထောင့်မှ သုံးသပ်ကြပြီး မိမိတို့ရှေ့မှောက်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ တစ်ခုတလေကိုမျှ နားမလည်နိုင်ဘဲ အလွန်ပင် မကျွမ်းမကျင်ဖြစ်နေပုံ ပေါက်နေသည်။ ၎င်းတို့တွင် မှန်ကန်သော အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ ကင်းမဲ့နေပြီး အမှုအရာများ မည်သို့ဖြစ်လာမည်ကို ကြည့်ရှုလျက် ဘေးမှနေ၍ စောင့်ကြည့်လေ့လာသူများအဖြစ် ရပ်တည်လိုကြသည်။ ၎င်းတို့ကို ကြည့်လျှင် ၎င်းတို့အား သနားစရာကောင်းသကဲ့သို့ ရယ်စရာလည်းကောင်းသည်ဟု ခံစားရသည်။ မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါ ၎င်းတို့သည် အတော်အတန် ပုံမှန်အတိုင်း ပြုမူကြသော်လည်း ကြီးမားသော အမှုတစ်ခု ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဤကိစ္စကို မည်သည့်ရပ်တည်ချက်မှ ကြည့်ရှုသင့်သည်ကို မသိတော့ဘဲ ၎င်းတို့ ပြောဆိုသည့်အရာများသည် ဘာသာတရား မရှိသူများ၏ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များကို ထင်ဟပ်စေသည်။ အရာအားလုံး ပြီးဆုံးသွားပြီးနောက်တွင် ၎င်းတို့ ယင်းမှ မည်သည့်အရာ ရရှိခဲ့သည်ကို မမြင်နိုင်ပေ။ ထိုသို့သောလူများသည် အလွန် မိုက်မဲကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မိုက်မဲသောလူများ ပြုမူပုံ အတိအကျပင် ဖြစ်သည်။ သို့ဆိုလျှင် ဤလူစားမျိုးကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ ၎င်းတို့၏ သရုပ်သကန်များကို အခြေခံကြည့်လျှင် ၎င်းတို့ကို အလွန်ပင် သစ္စာမဲ့ပြီး ကောက်ကျစ်ဆိုးယုတ်သော လူများအဖြစ် မှတ်ယူ၍မရနိုင်ပေ။ သို့သော် ၎င်းတို့တွင် အသက်တမျှ အရေးကြီးသော အားနည်းချက်တစ်ခု ရှိသည်၊ ယင်းမှာ ဤလူများသည် အတွေးအခေါ်လည်းမရှိ၊ စိတ်ဝိညာဉ်လည်းမရှိဘဲ မည်သည့်အရာကိုမျှ ထွင်းဖောက်၍ မမြင်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သည့် မည်သည့်အရာမဆိုသည် ၎င်းတို့အား မည်သူ့ကို ယုံကြည်ရမည်၊ မည်သူ့ကို အားကိုးရမည်၊ သို့မဟုတ် ပြဿနာကို မည်သို့ ရှုမြင်ရမည်၊ သို့မဟုတ် ယင်းကို ဖြေရှင်းရန် မည်သည့်နေရာမှ စတင်ရမည်ကို မသိဘဲ အဘယ်သို့ပြုရမည်မသိ ဖြစ်စေသည်၊ ၎င်းတို့သည် ထိတ်လန့်တုန်လှုပ်နေသည့် အခြေအနေ၌သာ ရှိနေကြသည်။ ၎င်းတို့ ထိတ်လန့်တုန်လှုပ်ပြီးနောက်တွင် သံသယများ ဖြစ်ပေါ်လာနိုင်သည် သို့မဟုတ် ယာယီအားဖြင့် ငြိမ်သက်သွားနိုင်သော်လည်း ၎င်းတို့၏ အကျင့်ပါနေသော ယိမ်းယိုင်ခြင်းသည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့၏ သရုပ်သကန်များအရ ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် အမျိုးအစားခွဲခြား၍ မရနိုင်သောကြောင့် ၎င်းတို့သည် လက်ရှိတွင် တာဝန်အနည်းငယ်ကို ထမ်းဆောင်နိုင်ပြီး လိုလိုလားလား အလုပ်လုပ်ပေးပါက ၎င်းတို့ကို မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့် ပြုနိုင်ပေသည်။ သို့သော် ဤသည်မှာ ၎င်းတို့၏ တာဝန်သည် အနည်းဆုံး ရလဒ်အချို့ ထွက်ပေါ်စေသည်ဟူသော အခြေခံအချက်ကို အခြေခံသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ဖြစ်နေပါက ၎င်းတို့ကို အိမ်ပြန်လွှတ်သင့်သည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ အမှားများကို ပြင်ဆင်လိုစိတ်ရှိပါက ဘုရားအိမ်တော်၌ နေထိုင်ပြီး မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့် ပြုသင့်သည်။ ၎င်းတို့ကို မိမိတို့နှင့် သင့်တော်သည့် မည်သည့်တာဝန်ကိုမဆို ခန့်အပ်သင့်သည်။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်ဘဲ အသုံးမကျသူများသာ ဖြစ်ပါက ၎င်းတို့ကို ၎င်းတို့နှင့် သင့်တော်သည့် တစ်နေရာရာသို့ ပို့သင့်သည်။ ဤအခြေအနေတွင်မူ ၎င်းတို့သည် အလုပ်လုပ်ပေးရန် အသင့်ရှိခြင်းနှင့် လိုလားခြင်းအပေါ်တွင်မူတည်၍ မရနိုင်တော့ပေ။ ဤသို့ ကိုင်တွယ်သည့်နည်းလမ်းသည် ရိုးရှင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။)
ယိမ်းယိုင်တတ်သောသူများကို ပိုင်းခြားသိမြင်နိုင်ကြသလော။ မိမိတို့၏ ပတ်ဝန်းကျင်တွင် ထိုသို့သောလူများ ရှိကြသလော။ အချို့လူများသည် ယခင်က အသင်းတော်မှ ရှင်းလင်းဖယ်ရှားခြင်း ခံခဲ့ရသည်။ ၎င်းတို့ထဲမှ တစ်ဦးက ဤသို့ဆိုသည်ဟု ဆိုပါစို့။ “ကျွန်ုပ် ပိုကောင်းအောင် ပြောင်းလဲခဲ့ပြီးပါပြီ။ ကျွန်ုပ် မယိမ်းယိုင်တော့ပါ။ ဘုရားအိမ်တော်သည် ပြည်ပ၌ အမှုတော်ကို စတင်လုပ်ဆောင်ခါစတွင် အခြေအနေများသည် အမှန်တကယ် ခက်ခဲခဲ့သောကြောင့် မှန်သော လမ်းခရီးနှင့်ပတ်သက်လာလျှင် ကျွန်ုပ်သည် အစဉ် ယိမ်းယိုင်ခဲ့ပါသည်။ ထိုအချိန်က အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများအတွက် ဧဝံဂေလိတရားဟောရန် အလွန်ခက်ခဲခဲ့ပြီး ပြည်ပတွင် မှန်သော လမ်းခရီးကို လက်ခံသူ အနည်းငယ်သာ ရှိခဲ့သည်။ ထို့အပြင် ဧဝံဂေလိအလုပ် ဖြန့်ဝေခြင်းအတွက် မည်သည့်အလားအလာမျှ ရှိပုံမရခဲ့ပါ။ ထို့ကြောင့် ထိုစဉ်က ဘုရား၏ အမှုတော်နှင့်ပတ်သက်၍ ကျွန်ုပ်သည် အစဉ် သံသယရှိခဲ့ပါသည်။ ယခု ဘုရားအိမ်တော်၏ ဧဝံဂေလိအလုပ်သည် ပျံ့နှံ့နေသည်ကိုလည်းကောင်း၊ အမျိုးမျိုးသော အလုပ်များသည် တိုးတက်ကောင်းမွန်လာပြီး ရလဒ်များ ထွက်ပေါ်နေသည်ကိုလည်းကောင်း၊ နိုင်ငံအသီးသီးရှိ အသင်းတော်များသည် တိုး၍ ကြီးပွားစည်ပင်လာသည်ကိုလည်းကောင်း ကျွန်ုပ် မြင်တွေ့ရသည့်အခါ ကျွန်ုပ်တွင် သံသယများ မရှိတော့သကဲ့သို့ မယိမ်းယိုင်တော့ပါ။ ကျေးဇူးပြု၍ ကျွန်ုပ်ကို တာဝန်ထမ်းဆောင်ခွင့်ပေးပါ။ ကျွန်ုပ်ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသူများ၏ စာရင်းထဲတွင် မထည့်ပါနှင့်” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူကို အခွင့်အရေးပေးလျှင် သင့်တော်မည်လော။ (မသင့်တော်ပါ။) အဘယ်ကြောင့် မသင့်တော်သနည်း။ (၎င်းတို့၏ စကားများသည် မမှန်ကန်ပါ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်သည် ပျံ့နှံ့မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်ကိုလည်းကောင်း၊ တန်ခိုးအာဏာ ရရှိလာသည်ကိုလည်းကောင်း မြင်သောကြောင့်သာ အသင်းတော်နှင့် ပြန်လည်ပူးပေါင်းလိုခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့၏ အယူအဆများနှင့် ဆန့်ကျင်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့သည် တစ်ဖန် ယိမ်းယိုင်ကြဦးမည် ဖြစ်သည်။) သင်သည် ဤကိစ္စကို ထွင်းဖောက်၍ မြင်ပြီလော။ (မြင်ပါပြီ။) အချို့လူများသည် မွေးရာပါ ယိမ်းယိုင်တတ်သူများ ဖြစ်ကြသည်။ ယနေ့ လေတစ်မျိုးတိုက်လျှင် ၎င်းတို့သည် ထိုဘက်သို့လိုက်ပြီး၊ နက်ဖြန် အခြားတစ်မျိုးတိုက်လျှင် ထိုဘက်သို့လိုက်သည်၊ လေမတိုက်သည့်အခါ၌ပင် ၎င်းတို့သည် မိမိတို့ဘာသာ ယိမ်းယိုင်နေကြဆဲ ဖြစ်သည်။ ထိုသို့သောလူများသည် ပုံမှန်လူသားတစ်ဦးတွင် ရှိသင့်သော တွေးခေါ်နိုင်စွမ်းကို မပိုင်ဆိုင်ကြသောကြောင့် လူဖြစ်ခြင်း၏ စံနှုန်းနှင့် မကိုက်ညီကြပေ။ ဤသည်မှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) တစ်စုံတစ်ဦးသည် ပုံမှန်လူသားတစ်ဦး၏ တွေးခေါ်နိုင်စွမ်းရှိပြီး လူသားများတွင် ရှိသင့်သော သဘောပေါက်နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ပါက ၎င်းတို့သည် ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း အတည်ပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို ယုံကြည်သူ များစွာရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို နေ့စဉ် မြင်တွေ့ကြရသည့်အပြင် ဘုရားသခင်၏ အံ့ဖွယ်သော လုပ်ဆောင်ချက်များကိုလည်း မြင်တွေ့ကြရသည်၊ ၎င်းတို့၏ ယုံကြည်ခြင်းသည် ပို၍ ခိုင်မာလာပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ခွန်အား ပို၍ တိုးပွားလာသည်။ ဤအရာများသည် လူ၏အလုပ်ဖြင့် စွမ်းဆောင်ရရှိနိုင်သည့်အရာများလော။ လူသားတစ်ဦး၏ တွေးခေါ်နိုင်စွမ်းကို မပိုင်ဆိုင်သောသူတို့ကို သင်သည် ဤကိစ္စရပ်များကို မည်မျှပင် ရှင်းလင်းစွာ ရှင်းပြပါစေ ၎င်းတို့က ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း အတည်မပြုနိုင်ကြပေ။ ၎င်းတို့တွင် ထိုသို့သော ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့နေသည်။ ယခု ဘုရားသခင် လုပ်ဆောင်နေသည့် အမှုသည် မည်မျှပင် ကြီးမားပါစေ၊ ကိုယ်တော် မည်မျှပင် စကားပြောဆိုပါစေ၊ လူမည်မျှပင် ကိုယ်တော်နောက်သို့ လိုက်ပါစေ၊ လူမည်မျှပင် ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း သေချာပါစေ၊ သို့မဟုတ် လူမည်မျှပင် လူသားမျိုးနွယ်၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ကျရောက်ကြောင်းနှင့် ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း သေချာပါစေ ဤအရာ တစ်ခုမျှ ၎င်းတို့အတွက် အရေးမကြီးပေ။ သို့ဆိုလျှင် ၎င်းတို့အတွက် အရေးအကြီးဆုံးမှာ အဘယ်နည်း။ ၎င်းတို့သည် ကောင်းကင်ဘုံမှ ဘုရားသခင် ကိုယ်တော်တိုင် ၎င်းတို့ထံ ပေါ်ထွန်းသည်ကို မြင်တွေ့ရန် လိုအပ်ပြီး ဘုရားသခင် ကိုယ်တော်တိုင် နှုတ်တော်ကို ဖွင့်၍ စကားပြောဆိုသည်ကိုလည်းကောင်း၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကိုယ်တော်တိုင် ဖန်ဆင်းသည်ကိုလည်းကောင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ကိုယ်တော်တိုင် ပြုလုပ်သည်ကိုလည်းကောင်း မြင်တွေ့ရန် လိုအပ်သည့်အပြင် ကိုယ်တော်သည် စကားပြောဆိုသည့်အခါ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် မိုးခြိမ်းသံကဲ့သို့ ဖြစ်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြမည် ဖြစ်သည်။ ၎င်းတို့သည် သောမနှင့် တူလှသည်။ သခင်ယေရှုသည် မြေကြီးပေါ်ရှိ သူ၏ အချိန်ကာလအတွင်း နှုတ်ကပတ်တော်များ ပြောဆိုခြင်း၊ သမ္မာတရားကို ဖော်ပြခြင်း၊ သို့မဟုတ် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်ခြင်းတို့ မည်မျှပင် ရှိခဲ့ပါစေ၊ ထိုအရာ တစ်ခုမျှ သောမအတွက် အရေးမကြီးခဲ့ပေ။ အရေးကြီးသည်မှာ သခင်ယေရှုသည် သေဆုံးပြီးနောက် ရှင်ပြန်ထမြောက်ခြင်းသည် အမှန်ဟုတ်မဟုတ်ဟူသည့်အချက် ဖြစ်သည်။ သူသည် ဤအရာကို မည်သို့ အတည်ပြုခဲ့သနည်း။ သူသည် သခင်ယေရှုထံ ဤသို့ တောင်းဆိုခဲ့သည်။ “ကိုယ်တော်၏ လက်များကို ဆန့်ထုတ်၍ ကိုယ်တော်၏ သံမှိုရာများကို ကျွန်ုပ်အား ကြည့်ခွင့်ပေးပါ။ ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်သော သခင်ယေရှု အမှန်ဖြစ်ပါက ကိုယ်တော်၏ လက်များပေါ်တွင် သံမှိုရာများ ရှိလိမ့်မည်၊ ထိုအခါ ကျွန်ုပ်သည် ကိုယ်တော်အား သခင်ယေရှုအဖြစ် အသိအမှတ်ပြုပါမည်။ ကိုယ်တော်၏ လက်များထဲမှ သံမှိုရာများကို ကျွန်ုပ် စမ်း၍မရပါက ကျွန်ုပ်သည် ကိုယ်တော်အား သခင်ယေရှုအဖြစ် အသိအမှတ်ပြုမည်မဟုတ်သကဲ့သို့ ကိုယ်တော်အား ဘုရားအဖြစ်လည်း အသိအမှတ်ပြုမည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ သူသည် ကျပ်မပြည့်သူတစ်ဦး ဖြစ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သောလူများသည် မိမိတို့၏ မျက်စိဖြင့် မြင်နိုင်သည့် အဖြစ်မှန်များနှင့် မိမိတို့၏ စိတ်ကူးများ၊ ကျိုးကြောင်းဆင်ခြင်မှုများကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရလျှင်ပင်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားရလျှင်ပင်၊ ဘုရားသခင်၏ အမှုတော်၏ ပေါ်ပေါက်လာခြင်း၊ ကြီးထွားလာခြင်းနှင့် ကြီးပွားစည်ပင်လာခြင်းတို့ကို မြင်တွေ့ရလျှင်ပင် ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်းကိုမူ မယုံကြည်ကြသေးပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို မမြင်နိုင်ကြ၊ ဘုရားသခင်၏ သြဇာအာဏာကို မမြင်နိုင်ကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ခိုးကို သို့မဟုတ် လူတို့၌ စွမ်းဆောင်ရရှိနိုင်သည့် ရလဒ်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဤအရာများ တစ်ခုတလေကိုမျှ မမြင်နိုင် သို့မဟုတ် မပိုင်းခြားနိုင်ကြပေ။ ၎င်းတို့သည် အရာတစ်ခုတည်းကိုသာ မျှော်လင့်ကြသည်။ “သင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း ကြေညာလျက် ကောင်းကင်ဘုံမှ မိုးခြိမ်းသံကဲ့သို့သော အသံဖြင့် စကားပြောဆိုရမည်။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကိုလည်း ပြုလုပ်ရန် လိုအပ်ပြီး ကိုယ်တော်၏ ကြီးမြတ်သော တန်ခိုးကို ပြသရန် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကိုယ်တိုင် ဖန်ဆင်းရမည်။ ထိုအခါမှ ကျွန်ုပ်သည် သင့်အား ဘုရားဖြစ်သည်ဟု ယုံကြည်မည်၊ ကျွန်ုပ်သည် သင့်အား ဘုရားအဖြစ် အသိအမှတ်ပြုမည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော အသိအမှတ်ပြုခြင်းကို တန်ဖိုးထားပါသလော။ ကိုယ်တော်သည် ထိုသို့သော ယုံကြည်လက်ခံခြင်းကို တန်ဖိုးထားပါသလော။ (မထားပါ။) ဘုရားသခင်သည် ဘုရားဖြစ်ရန် သင်၏ အသိအမှတ်ပြုခြင်းကို လိုအပ်သလော။ ကိုယ်တော်သည် သင်၏ အတည်ပြုချက်ကို လိုအပ်သလော။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးပြီ၊ လူများစွာတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ပြီးပြီ၊ ပြီးလျှင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များစွာ ရှိနေသည်၊ ယခင်မျိုးဆက် တစ်ခုတလေ၏ သက်သေခံချက်များထက် သာလွန်သော သက်သေခံချက်များ ဖြစ်သည်၊ သို့တိုင် သင်သည် ဤသည်မှာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးပေ။ သင်သည် ဘုရားသခင် ပြီးမြောက်အောင်မြင်ခဲ့ပြီးဖြစ်သော အဖြစ်မှန်များကိုလည်းကောင်း၊ ဘုရားသခင်၏ ကတိတော်များ ပြည့်စုံခြင်းကိုလည်းကောင်း မယုံကြည် သို့မဟုတ် အသိအမှတ်မပြုပေ။ သို့ဆိုလျှင် သင်သည် မည်သို့သောအရာမျိုး ဖြစ်သနည်း။ သင်သည် လူပင် မဟုတ်၊ သင်သည် ကျပ်မပြည့်သောသူတစ်ဦး ဖြစ်သည်။ သို့ဖြစ်လျက်နှင့်ပင် သင်သည် ဘုရားသခင်ထံမှ ကောင်းချီးများကို လက်ခံရရှိလိုသေးသည်။ လုံးဝမဖြစ်နိုင်ပါ။ ကောင်းချီးရဖို့ အိပ်မက်သာ မက်နေခြင်းဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၏ ကံဆိုးမိုးမှောင်ကျမှုကို အစဉ်သဖြင့် ရယ်မောလိုလျက် အချိန်တိုင်း ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းပယ်သည်။ သင်သည် ဘုရားသခင်၏ တည်ရှိမှုကို မည်သည့်အခါမျှ အသိအမှတ်မပြုခဲ့ သို့မဟုတ် မယုံကြည်ခဲ့သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကိုလည်း မည်သည့်အခါမျှ အသိအမှတ်မပြုခဲ့၊ မယုံကြည်ခဲ့ သို့မဟုတ် မလက်ခံခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်၏ ကတိတော်များသည် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိဘဲ သင်သည် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ အချို့လူများက “သို့သော် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် မည်သို့လျှင် မည်သည့်အရာမျှ မရရှိနိုင်မည်နည်း” ဟု ဆိုကြသည်။ သို့ဆိုလျှင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်၊ ၎င်းတို့သည် မည်သူ့အတွက် ထမ်းဆောင်နေကြသည်၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ မည်သည့်စည်းမျဉ်းများကို လိုက်နာကြသည်တို့ကို ငါတို့ ရှင်းလင်းစွာ သိရှိရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံပါက သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်လျှင်ပင် သင်သည် အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်သည်၊ ယင်းမှာ စစ်မှန်သော ကျိုးနွံနာခံခြင်း မဟုတ်ပေ။ ဘုရားသခင်သည် သင်လုပ်ဆောင်သည့်အရာကို သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အသိအမှတ်မပြုပေ။ ဘုရားသခင်၏ အမြင်တွင် သင်သည် ဝိညာဉ်မရှိသော လူသေတစ်ဦးမျှသာ ဖြစ်သည်။ လူသေတစ်ဦးက ကောင်းချီးများကို မျှော်လင့်နေသေးသည်၊ ဤသည်မှာ အတွေးဆန္ဒသာ ဖြစ်သည် မဟုတ်လော။ သင်သည် တာဝန်အနည်းငယ်ကိုပင် ထမ်းဆောင်နိုင်ခြင်းမှာ ကောင်းချီးများ ရရှိရန် သင်၏ ရည်ရွယ်ချက်ဖြင့် တွန်းအားပေးခံရသောကြောင့် ဖြစ်သည်။ ပြီးလျှင် သင်သည် အစဉ် သံသယဝင်လျက် စိတ်ထဲတွင် အမြဲ ဘုရားသခင်ကို ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ငြင်းပယ်ခြင်း ပြုလုပ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကိုလည်း ဝေဖန်ကာ ငြင်းပယ်သည်။ ဤသည်က သင့်ကို ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်စေသည်။ ဘုရားသခင်၏ ရန်သူဖြစ်သော လူတစ်ဦးသည် ဖန်ဆင်းခံတစ်ဦးအဖြစ် အရည်အချင်းပြည့်မီနိုင်မည်လော။ (မမီနိုင်ပါ။) သင်သည် အချိန်တိုင်း ဘုရားသခင်၏ ရန်သူအဖြစ် မိမိကိုယ်ကို ရပ်တည်စေသည်၊ အရိပ်ထဲမှနေ၍ ကိုယ်တော်နှင့် ကိုယ်တော်၏ အမှုတော်ကို တိတ်တဆိတ် စောင့်ကြည့်သည်၊ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တိတ်တဆိတ် ဆန့်ကျင်ကန့်ကွက်သည်၊ ကိုယ်တော်အား ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် ကိုယ်တော်၏ အမှုတော်တို့ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသည်။ ဤသည်မှာ ဘုရားသခင်၏ ရန်သူဖြစ်ခြင်း မဟုတ်လျှင် အဘယ်အရာ ဖြစ်မည်နည်း။ ဤသည်မှာ ဘုရားသခင်၏ ရန်သူအဖြစ် ပေါ်တင် ဖြစ်နေခြင်း ဖြစ်သည်။ ပြီးလျှင် သင်သည် ဘာသာတရားမရှိသူများ၏ လောကအတွင်း၌ ဘုရားသခင်၏ ရန်သူဖြစ်နေခြင်း မဟုတ်ဘဲ ဘုရားအိမ်တော်အတွင်း၌ ထိုသို့ ပြုလုပ်နေခြင်း ဖြစ်သည်။ ဤသည်မှာ သာ၍ပင် ခွင့်မလွှတ်နိုင်စရာ ဖြစ်သည်။
ဤယိမ်းယိုင်တတ်သောသူများသည် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရကိုဖြစ်စေ၊ ၎င်းတို့၏ သရုပ်သကန်များကိုဖြစ်စေ ကြည့်လျှင် သမ္မာတရားကို လက်မခံကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကိုလည်း လက်မခံကြပေ။ ၎င်းတို့သည် မိမိတို့ ကောင်းချီးများ လက်ခံရရှိနိုင်ခြင်း ရှိမရှိကိုသာ ဂရုစိုက်ကြသည်။ ၎င်းတို့သည် ဘုရားသခင် သို့မဟုတ် ကိုယ်တော်၏ အမှုတော်နှင့်ပတ်သက်၍ မည်သည့်အခါမျှ သေချာခြင်းမရှိဘဲ အစဉ်သဖြင့် နောက်ကွယ်မှ စောင့်ကြည့်လျက် အဆက်မပြတ် ယိမ်းယိုင်ကာ သံသယဝင်နေကြသည်။ ၎င်းတို့သည် စောင့်ကြည့်နေရင်း ဘုရားသခင်နောက်သို့ လိုက်ကြသည်၊ လမ်းလျှောက်လိုက် ရပ်လိုက်၊ ရပ်လိုက် လမ်းလျှောက်လိုက် ဖြစ်နေကြသည်။ ဤလူများသည် အတော်ပင် ဒုက္ခပေးတတ်၏။ အထူးသဖြင့် ယခုအခါ အသင်းတော်သည် လူတို့ကို မကြာခဏ ရှင်းလင်းဖယ်ရှားနေသဖြင့် ၎င်းတို့သည် အစဉ် ရင်တထိတ်ထိတ်နှင့် ရှိနေကြပြီး “ငါသည် အစဉ်သဖြင့် ယိမ်းယိုင်နေသည်။ တစ်နေ့နေ့တွင် တစ်စုံတစ်ယောက်က သတိပြုမိသွားပြီး ငါသည် အသင်းတော်မှနေ၍ ရှင်းလင်းပစ်ခြင်း ခံရနိုင်သည်။ ငါ၏ စိတ်ထဲမှ ဘုရားနှင့်ပတ်သက်သော သံသယများကို ပေါက်ကြား၍မဖြစ်။ ဤအကြောင်းကို မည်သူ့ကိုမျှ ပြော၍မဖြစ်” ဟု တွေးထင်နေကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် နောက်ကွယ်မှ တိတ်တဆိတ် စောင့်ကြည့်ကြသည်၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်သောကြောင့် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို သာ၍ပင် မကြောက်ရွံ့ဘဲ ဘုရားသခင်၏ ဖော်ထုတ်ခြင်းကိုလည်း မကြောက်ရွံ့ကြပေ။ ညီအစ်ကိုမောင်နှမများက ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ လမ်းပြခဲ့သည်ဟုလည်းကောင်း၊ ကိုယ်တော်သည် ၎င်းတို့ကို မည်သို့ ဆုံးမပဲ့ပြင်ခဲ့သည်ဟုလည်းကောင်း၊ ကိုယ်တော်သည် လူတို့ကို မည်သို့ထုတ်ဖော်ခဲ့သည်ဟုလည်းကောင်း၊ ကိုယ်တော်သည် လူတို့ကို မည်သို့ ကယ်တင်ခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်သည် ၎င်းတို့အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများကို မည်သို့ ပေးသနားခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်နောက်သို့ လိုက်သည့် ဖြစ်စဉ်တွင် ၎င်းတို့သည် ကိုယ်တော်၏ အမှုတော်ကို မည်သို့ တွေ့ကြုံခံစားခဲ့ရသည်ဟုလည်းကောင်း၊ ၎င်းတို့ မည်သို့ ခံစားခဲ့ရသည်၊ မြင်တွေ့ခဲ့ရသည် သို့မဟုတ် တန်ဖိုးထားခဲ့သည်ဟုလည်းကောင်း စသည်တို့ကို မိတ်သဟာယဖွဲ့ကြသည်ကို ဤလူများက မကြာခဏ ကြားရလေ့ရှိသည်။ ညီအစ်ကိုမောင်နှမများက ဤအတွေ့အကြုံဆိုင်ရာ နားလည်မှုများအကြောင်း မိတ်သဟာယဖွဲ့သည်ကို ကြားရသည့်အခါ ၎င်းတို့သည် မိမိတို့ဘာသာ ဤသို့ တွေးထင်ကြသည်။ “သင်တို့ ပြောနေသည့် အတွေ့အကြုံများသည် သင်တို့၏ စိတ်ကူးများသာ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူ့ခံစားချက်များသာ ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်သည် အဘယ်ကြောင့်များ ဤအရာများကို မခံစားရသနည်း။ အထူးသဖြင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို ရေးသည့်သူများအား ငါ မသိ၊ ပြီးလျှင် သူတို့သည် ဤအတွေ့အကြုံမှတစ်ဆင့် ဤအရာများကို မည်သို့ စွမ်းဆောင်ရရှိခဲ့သည်ကိုလည်း ငါ မမြင်ဖူးပါ။ သူတို့တွင် သမ္မာတရား လက်တွေ့ကျမှု အမှန်တကယ် ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်မှာ မသေချာသေးဘူး” ဟူ၍ ဖြစ်သည်။ အချို့သော ကျပ်မပြည့်သူများသည် ဘုရားသခင် ရွေးချယ်ထားသောလူများ ရေးသားသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများတွင် မည်သည့် သမ္မာတရား လက်တွေ့ကျမှုများ ပါဝင်သည်ကို မမြင်နိုင်ဘဲ ဘုရားအိမ်တော်၏ အလုပ်ကို စောင့်ကြည့်ကာ မေးခွန်းထုတ်နေဆဲဖြစ်ပြီး မိမိတို့၏ ယိမ်းယိုင်ခြင်းနှင့် ယုံကြည်ခြင်းကင်းမဲ့မှုအတွက် ဆင်ခြေများနှင့် အခြေခံအကြောင်းရင်းများကို ရှာဖွေရန် ကြိုးစားကြသည်။ ၎င်းတို့သည် မိမိတို့ ယိမ်းယိုင်နေသောကြောင့် အခြားသူများလည်း ယိမ်းယိုင်နေရမည်ဟု တွေးထင်ကြသည်။ တစ်စုံတစ်ဦးသည် မည်သည့်အခါမျှ မယိမ်းယိုင်ဘဲ၊ သံသယများမရှိဘဲ ၎င်းတို့၏ သမ္မာတရားနှင့်ပတ်သက်သည့် ပုံမှန်မိတ်သဟာယဖွဲ့ခြင်းသည် အစဉ် အတော်အတန် လက်တွေ့ကျပြီး မည်သည့်ပြဿနာများကိုပင် ကြုံတွေ့ရပါစေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ပါက ဤလူမိုက်များသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကွာဟမှုနှင့် မသက်မသာဖြစ်မှုကို ခံစားကြရသည်။ ၎င်းတို့ မသက်မသာ ခံစားရသည့်အခါ မည်သို့ သက်သာရာရအောင် ရှာဖွေကြသနည်း။ ၎င်းတို့သည် မိမိတို့နှင့် တူသောသူတစ်ဦးကို ရှာဖွေကြပြီး စိတ်တူသဘောတူဖြစ်သူကို ရှာဖွေရန် ကြိုးစားကြသည်။ တစ်စုံတစ်ဦးသည် အပျက်သဘောဆောင်ပြီး အားနည်းနေသည်ကို မြင်သည့်အခါ ၎င်းတို့သည် အခြေအနေကို စမ်းစစ်ရန် မိမိတို့၏ အတွေးအခေါ်များကို အရိပ်အမြွက်ပြလျက် ဤသို့ဆိုကြသည်။ “ကျွန်ုပ်သည်လည်း တစ်ခါတစ်ရံ အပျက်သဘောဆောင်သည်ဟု ခံစားရသည်။ အပျက်သဘောဆောင်နေသည့်အခါတွင် ထိုသို့မဖြစ်သင့်ကြောင်းကို ကျွန်ုပ်သိသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် ဘုရား အမှန်တကယ် ရှိမရှိကို သံသယဝင်မိသည်” ဟူ၍ ဖြစ်သည်။ တစ်ဖက်လူက ၎င်းတို့ကို ပြန်မပြောဘဲ ထိုသူသည် အပျက်သဘောဆောင်ပြီး အားနည်းနေရုံသာဖြစ်ကာ ဘုရားသခင်နှင့်ပတ်သက်၍ သံသယမရှိသည်ကို ၎င်းတို့ မြင်ပါက ၎င်းတို့သည် အခြားတစ်စုံတစ်ဦးကို သွား၍ စမ်းသပ်ရန် စိတ်ရင်းမမှန်သော အခြားစကားတစ်ခုကို ပြောဆိုကြလိမ့်မည်။ “ငါသည် အဘယ်သို့များ ဖြစ်သည်ဟု သင်ထင်သနည်း။ ငါက ဘုရားကို ကောင်းကောင်းမွန်မွန် ယုံကြည်ပါလျက် အဘယ်ကြောင့်များ သူ့အပေါ်မှာ အစဉ်အမြဲ သံသယများ ရှိနေရသနည်း။ ယင်းမှာ ပုန်ကန်ခြင်း မဟုတ်လော။ ဤသို့မဖြစ်သင့်ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤစကားကို တစ်ဖက်လူအား ဖားရန်နှင့် စမ်းသပ်ရန်အတွက်သာ လုံးလုံး ပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားလူများကလည်း မိမိတို့ကဲ့သို့ပင် ဘုရားသခင်ကို မေးခွန်းထုတ်သည်ကို အလွန်အမင်း မျှော်လင့်ကြသည်၊ ထိုသို့ဖြစ်လျှင် ၎င်းတို့ကို ပျော်ရွှင်စေမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အစဉ် သံသယဝင်ပြီး ကိုယ်တော်နှင့်ပတ်သက်၍ အစဉ် အယူအဆများရှိသော အခြားတစ်စုံတစ်ဦးကို ရှာဖွေတွေ့ရှိပါက စိတ်တူသဘောတူဖြစ်သူကို ရှာတွေ့သည့်အတွက် ကံကောင်းသည်ဟု ခံစားကြရသည်။ ထိုနှစ်ဦးသည် တူညီသော ညစ်ညမ်းသည့် စိတ်သဘောထားကို မျှဝေလျက် မကြာခဏ အချင်းချင်း ရင်ဖွင့်ကြသည်။ ၎င်းတို့ စကားပြောလေလေ ဘုရားသခင်နှင့် ပို၍ ကင်းကွာလေလေ ဖြစ်သည်။ ၎င်းတို့ စကားပြောလေလေ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် နည်းပါးလေလေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလိုစိတ် နည်းပါးလေလေ ဖြစ်ပြီး အသင်းတော်အသက်တာတွင် ပါဝင်ခြင်းကိုပင် ရပ်တန့်လိုကြသည်။ တဖြည်းဖြည်းနှင့် ထိုနှစ်ဦးသည် ခွဲခွာ၍မရသော အဖော်များကဲ့သို့ တစ်ဦးနှင့်တစ်ဦး ပူးကပ်ပေါင်းသင်းကာ အတူတကွ ထွက်ခွာလျက် လောကတွင် အလုပ်သွားလုပ်ရန် ထွက်သွားကြတော့သည်။ ၎င်းတို့ ထွက်ခွာသွားသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်တစ်အုပ်ကိုမျှပင် ယူမသွားကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို “သင် ဘုရားသခင်ကို မယုံကြည်တော့ဘူးလား” ဟု မေးသည့်အခါ ၎င်းတို့က “မဟုတ်ဘူး၊ ကျွန်ုပ် ယုံကြည်ပါသည်” ဟု ပြန်ဖြေသည်။ ၎င်းတို့သည် ခေါင်းမာစွာ ငြင်းဆန်နေဆဲ ဖြစ်သည်။ အခြားသူက “သို့ဆိုလျှင် သင်သည် အဘယ့်ကြောင့်များ ဘုရားနှုတ်ကပတ်တော် စာအုပ် တစ်အုပ်မျှ မယူသွားသနည်း” ဟု မေးသည့်အခါ ၎င်းတို့က “ယင်းတို့မှာ အလွန်လေးလံလှသည်၊ ပြီးလျှင် ကျွန်ုပ်တွင် ထားစရာနေရာလည်း မရှိပါ” ဟု ပြန်ဖြေသည်။ ၎င်းတို့ ပြောသမျှသည် တစ်ဖက်လူကို ဟန်ဆောင်ဖုံးဖိ ပြောဆိုခြင်းသာ ဖြစ်သည်။ အမှန်တကယ်တွင်မူ ၎င်းတို့သည် လောကသို့ ပြန်လည်ဝင်ရောက်ရန်၊ အလုပ်တစ်ခုရှာရန်နှင့် မိမိတို့၏ ဘဝကို ရှင်သန်နေထိုင်ရန် အသင့်ပြင်နေခြင်းသာ ဖြစ်သည်။ သင်တို့ကို ငါ အမှန်တရားကို ပြောပြမည်။ ဤလူစားမျိုးသည် မယုံကြည်သူများ ဖြစ်ကြပြီး ဤသည်မှာ ၎င်းတို့၏ နောက်ဆုံးအဆုံးသတ် ဖြစ်လိမ့်မည်၊ ဤသည်မှာ ၎င်းတို့ အမှန်တကယ် ဖြစ်သည့်အရာ ဖြစ်သည်။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကြာရှည်ခံမည်မဟုတ်ပေ။ ၎င်းတို့ ကြိုက်နှစ်သက်သောသူတစ်ဦး၊ ၎င်းတို့၏ အတွင်းအကျဆုံး အတွေးအခေါ်များကို မျှဝေနိုင်သောသူတစ်ဦးကို တွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် “နောက်ဆုံးတော့ ငါ့ကို ကျောထောက်နောက်ခံပေးမည့်သူ၊ အားကိုးရမည့်သူတစ်ယောက်ကို ငါတွေ့ပြီ။ သွားကြစို့။ ဘုရားကို ယုံကြည်ရသည်မှာ အလွန်ပင် ပျင်းဖွယ်ကောင်းလှသည်။ မည်သို့ပင်ဖြစ်စေ ဤလောက၌ ဘုရားဟူသည်မှာ မရှိပါ။ မတည်ရှိသည့်အရာတစ်ခုကို အစစ်အမှန်အဖြစ် သဘောထားရသည်မှာ အင်မတန် မခံရပ်နိုင်စရာ ဖြစ်၏။ ဤနှစ်များည် အလွန်ပင် ခက်ခဲလှပါတကား” ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မိမိတို့ဘာသာ ထွက်ခွာသွားပြီး ယုံကြည်ခြင်းကို ရပ်တန့်လိုက်ကြသည့်အပြင် ညီအစ်ကိုမောင်နှမများကို ၎င်းတို့အား မရှာဖွေရန်ပင် ပြောဆိုလျက် “ကျွန်ုပ်တို့ အလုပ်သွားလုပ်ပြီ။ ကျွန်ုပ်တို့ကို နောက်ထပ် ဖုန်းမဆက်ပါနှင့်တော့၊ ဆက်ပါက ရဲတိုင်လိုက်မည်” ဟု ဆိုကြသည်။ ဤလူမိုက်နှစ်ဦး၊ တုံးအသော မြည်းတစ်စုံသည် ထိုအတိုင်းပင် ထွက်ခွာသွားကြသည်။ ကောင်းပေသည်ဟု ငါဆိုသည်။ ဘုရားအိမ်တော်အား ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရသည့် ဒုက္ခမှ သက်သာစေသည်။ ငါ့ကို ပြောလော့၊ ဤလူစားမျိုးကို ထောက်ပံ့ကူညီရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့ လိုအပ်ပါသေးသလော။ ၎င်းတို့ကို ကျိုးကြောင်းပြောပြဆိုပြီး ဖျောင်းဖျရန် ကြိုးစားရန် လိုအပ်ပါသေးသလော။ (မလိုအပ်ပါ။) သင်တို့သည် ၎င်းတို့ကို ဖျောင်းဖျရန် ကြိုးစားပါက အလွန်ပင် မိုက်မဲရာကျပေမည်။ ဤလူစားမျိုးသည် ၎င်းတို့၏ ရိုးတွင်းခြင်ဆီထိတိုင် မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် သက်ရှိလူသေကောင်များနှင့် ဦးနှောက်မဲ့သော လူအသုံးမကျသူများ ဖြစ်ကြသည်။ သင်သည် ၎င်းတို့ကို ဖျောင်းဖျရန် ကြိုးစားပါက သင်သည်လည်း မိုက်မဲရာကျသည်။ သင်သည် ဤလူစားမျိုးကို အမြန်ပင် နှုတ်ဆက်ထွက်ခွာခိုင်းသင့်သည်၊ ပြီးလျှင် နောက်ပိုင်းတွင် ၎င်းတို့ကို ရှာဖွေရန် မလိုအပ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို နောက်ထပ် မယုံကြည်တော့ကြောင်းနှင့် ၎င်းတို့ကို နောက်တစ်ကြိမ် ဖုန်းခေါ်ပါက ရဲတိုင်မည်ဖြစ်ကြောင်း မိမိတို့ဘာသာ ရှင်းလင်းစွာ ပြောဆိုခဲ့ပြီးဖြစ်သည်။ သင်သည် ၎င်းတို့ကို ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်ပါက သင်သည် ကိုယ့်ဒုက္ခကိုယ် ရှာနေခြင်း မဟုတ်လော။ ၎င်းတို့သည် ရဲကို တကယ်ခေါ်ပြီး သင့်အား နှောင့်ယှက်သည်ဟု စွပ်စွဲပါက ထိုသတင်း ပျံ့နှံ့သွားလျှင် ကောင်းသော ဂုဏ်သတင်းကို ဖြစ်စေမည်လော။ (မဖြစ်စေပါ။) သင်သည် ထိုသို့သော မိုက်မဲသည့်အရာကို လုံးဝ မလုပ်ဆောင်ရပေ။ ၎င်းတို့ကို ကိုယ့်တာဝန်ကိုယ်ယူပြီး တိတ်တဆိတ် ထွက်ခွာသွားခွင့်ပြုလော့၊ ဤသည်မှာ ပို၍ကောင်းသော လုပ်နည်းကိုင်နည်း ဖြစ်သည်။ လူတစ်ဦးချင်းစီသည် ကိုယ့်လမ်းကြောင်းကိုယ် လျှောက်ကြသည်၊ လူတစ်ဦးချင်းစီ၏ လမ်းကြောင်းသည် ၎င်းတို့ မည်သူဖြစ်သည်ဆိုသည့်အပေါ်တွင် အဆုံးအဖြတ်ပေးသည်။ ၎င်းတို့သည် ကောင်းချီးမခံစားရပေ၊ ၎င်းတို့၏ အသက်တာများသည် ပုပ်သိုး၍ တန်ဖိုးမရှိသော အသက်တာများသာ ဖြစ်သည်။ ထိုသို့သော ကြီးမြတ်သည့် ကောင်းချီးသည် ၎င်းတို့၏ အမွေဆက်ခံနိုင်စွမ်း သို့မဟုတ် ခံစားနိုင်စွမ်းထက် ကျော်လွန်သည်၊ ၎င်းတို့သည် ယင်းကို လက်ခံရရှိရန် ကံကြမ္မာ တကယ်ကို မပါပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို လက်ခံရန်နှင့် သမ္မာတရားကို အသက်အဖြစ် လက်ခံရန်မှာ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးတွင် အကြီးမြတ်ဆုံးသော ကောင်းချီး ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူ မည်သူမဆိုသည် ကောင်းချီးခံစားရသူဖြစ်ပြီး သမ္မာတရားကို လက်မခံနိုင်သူ မည်သူမဆိုသည် ဤကောင်းချီးကို တကယ်ကို မရရှိပေ။ တစ်နေ့တွင် သမ္မာတရားကို လက်ခံခဲ့သူများသည် ကြီးမားသော ကပ်ဘေးများမှတစ်ဆင့် အသက်ရှင်ကျန်ရစ်ပြီး ကြီးမြတ်စွာ ကောင်းချီးခံစားကြရမည်ဖြစ်ပြီး သမ္မာတရားကို လက်မခံခဲ့သူများသည် ကပ်ဘေးများတွင် ပျက်စီးပြီး ဘေးဒုက္ခကို ခံစားကြရမည်ဖြစ်ရာ ထိုအချိန်ကျမှ နောင်တရလျှင် နောက်ကျသွားပေလိမ့်မည်။ သင်သည် ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အမှုတော်သည် ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်ကြောင်း အသိအမှတ်ပြုလျှင်ပင် သင်သည် သမ္မာတရားကို မလိုက်စားပါက၊ သမ္မာတရားကို လက်မခံပါက၊ သမ္မာတရားထဲသို့ မဝင်ရောက်ပါက သင်သည် ထိုသို့သော ကောင်းချီးကို ရရှိဦးမည် မဟုတ်ပေ။ ဤကောင်းချီးကို ဤမျှ လွယ်ကူစွာ ရရှိနိုင်သည်ဟု သင်ထင်သလော။ ဤသည်မှာ အချိန်၏အစမှစ၍ မည်သည့်အခါမျှ မတည်ရှိခဲ့ဖူးပြီး နောက်တစ်ဖန် မည်သည့်အခါမျှ တည်ရှိတော့မည်မဟုတ်သော ကောင်းချီး ဖြစ်သည်၊ သင်သည် ဤကောင်းချီးကို ဤမျှ လွယ်ကူစွာ ရရှိခွင့် မည်သို့ ရနိုင်မည်နည်း။ ဘုရားသခင်သည် လူသားမျိုးနွယ်အား ထိုသို့သော ကောင်းချီးကို ကတိပေးခဲ့ပြီးဖြစ်သော်လည်း ယင်းမှာ သာမန်လူများ ရရှိနိုင်သည့်အရာ မဟုတ်ပေ။ ဤကောင်းချီးသည် ဘုရားသခင် ရွေးချယ်ထားသောသူများအတွက် ဖြစ်ပြီး အချို့သော တုံးအသော မြည်း၊ သက်ရှိလူသေကောင်၊ လူယုတ်မာ သို့မဟုတ် လူလိမ်လူကောက်တို့ ရွေးချယ်ခံရရန်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် အမှုအဆင့်သုံးဆင့်ကို လုပ်ဆောင်ပြီး အဆုံးတွင် ကိုယ်တော်သည် အောင်နိုင်သူများအုပ်စုတစ်စုကို ပြုလုပ်ကာ ဤလူတို့ကို အရာခပ်သိမ်း၏ သခင်များ ဖြစ်လာစေပြီး လူသားမျိုးနွယ်သစ်တစ်ရပ် ဖြစ်လာစေမည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ကြီးမြတ်လှသော ကောင်းချီးပါတကား။ နောက်ဆုံးသောကာလ၌ ဤတရားစီရင်ခြင်းအမှုတော်အဆင့်သည် နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီနည်း။ (အနှစ်သုံးဆယ်ကျော်ပါပြီ။) ဤအနှစ်သုံးဆယ်ကျော်ကို ကြည့်ရုံမျှဖြင့် ဘုရားသခင်သည် အဖိုးအခ မည်မျှ ပေးဆပ်ခဲ့ပြီး အလုပ် မည်မျှ လုပ်ဆောင်ခဲ့သည်ကို မြင်နိုင်သည်၊ သို့ဖြစ်၍ ဘုရားသခင်သည် နောက်ဆုံးတွင် ရရှိမည့် လူသားမျိုးနွယ်သည် မည်မျှ မယုံနိုင်လောက်အောင် တန်ဖိုးရှိပြီး မည်မျှ မယုံနိုင်လောက်အောင် မြင့်မြတ်မည်ဖြစ်ကြောင်းနှင့် လူသားမျိုးနွယ်သည် အဖိုးတန်ပြီး ဘုရားသခင်၏ အမြင်တွင် အလွန်ပင် အရေးကြီးကြောင်း သိသာထင်ရှားပေသည်။ သို့ဆိုလျှင် သင်တို့သည် ကံကောင်းလိုက်လေခြင်း၊ ဤသည်မှာ သင်တို့အတွက် အလွန်ကြီးမြတ်သော ကောင်းချီးပါတကား။ ထို့ကြောင့် ဤအချိန်တွင် ယိမ်းယိုင်နေဆဲဖြစ်သော အချို့လူများအတွက်မူ ၎င်းတို့သည် အမှန်တကယ် ကောင်းချီးမခံစားရပေ။ ၎င်းတို့သည် မယိမ်းယိုင်ဘဲ လိုက်လျှောက်ရန် အပြည့်အဝ သန္နိဋ္ဌာန်ချထားလျှင်ပင် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားပါက ဤကောင်းချီးကို ရရှိဦးမည် မဟုတ်ပေ။ သို့ဖြစ်၍ အဆုံးတွင် ဤကောင်းချီးကို ရရှိသောသူများသည် သာမန်လူများ မဟုတ်ကြပေ၊ ၎င်းတို့သည် ဘုရားသခင်က တင်းကျပ်စွာနှင့် အကြိမ်ကြိမ် စိစစ်ပြီး ဂရုတစိုက် ရွေးချယ်ထားသောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်သောသူများ ဖြစ်ကြသည်။
ယိမ်းယိုင်တတ်သောသူများ၏ အဓိကသရုပ်သကန်များသည် ဤပြဿနာများပင် ဖြစ်သည်။ ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်သည် မည်သို့ပင်ဖြစ်စေကာမူ အသင်းတော်အတွင်း၌ ထိုသို့သောလူများကို ဖော်ထုတ်သိရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းသင့်သည်။ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် မဆက်ဆံသင့်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် အပြုသဘောဆောင်သော ခံစားချက်များရှိပါက သို့မဟုတ် အနည်းငယ် အားထုတ်နိုင်ပြီး လိုလိုလားလား အလုပ်လုပ်ပေးနိုင်ပါက အလွန်ဆုံးတွင် ၎င်းတို့သည် အသင်းတော်မိတ်ဆွေတစ်ဦးသာဖြစ်ပြီး ညီအစ်ကို သို့မဟုတ် မောင်နှမအဖြစ် သတ်မှတ်၍မရနိုင်ပေ။ သို့ဖြစ်၍ ၎င်းတို့သည် “ကျိုးနွံနာခံခြင်း” သို့မဟုတ် “စိတ်ရင်းမှန်” ကဲ့သို့သော နာမည်သစ်တစ်ခုကို ခံယူလျှင်ပင် ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် မောင်နှမဟု မခေါ်သင့်ပေ၊ ၎င်းတို့ကို ၎င်းတို့၏ နာမည်သစ်ဖြင့် ခေါ်ခြင်းသည် လုံလောက်ပြီဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိုသို့သောလူများသည် ညီအစ်ကိုမောင်နှမများဖြစ်ရန် အရည်အချင်းမမီသောကြောင့် ဖြစ်သည်။ ယခု နားလည်ပြီလော။ (နားလည်ပါပြီ။) သို့ဆိုလျှင် ယခု ဤလူစားမျိုးကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ ရှိနေပြီ မဟုတ်လော။ (ရှိပါပြီ။) ယနေ့အတွက် မိတ်သဟာယသည် ဤမျှသာ ဖြစ်သည်။ နှုတ်ဆက်လိုက်ပါသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်