ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၉)

အချက် ၁၅- အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးကို ကာကွယ်လျက် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးပြီး အရေးကြီးသော အလုပ်များက အစီအစဉ်တကျဖြစ်သောပုံစံဖြင့် ရှေ့ဆက်စေနိုင်သည်ကို သေချာစေဖို့အတွက် ယင်းတို့ကို လုံခြုံအောင်ထားလော့

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ နောက်ဆုံးအကြိမ် မိတ်သဟာယဖွဲ့ရာတွင် ငါတို့ မည်သည့်နေရာ၌ ရပ်ခဲ့သနည်း။ (ပြီးခဲ့သည့်အခေါက်တွင်၊ ကျွန်ုပ်တို့သည် လူ့သဘာဝအပေါ်အခြေခံ၍ လူအမျိုးမျိုးကို ပိုင်းခြားသိမြင်ခြင်းနှင့်စပ်လျဉ်းသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးချက်မြောက် တာဝန်ထဲမှ နောက်ဆုံး သရုပ်သကန်သုံးခုကို အဓိကထား မိတ်သဟာယဖွဲ့ခဲ့ပါသည်။ ထိုသရုပ်သကန်သုံးခုမှာ- ကြောက်တတ်ပြီး သံသယများခြင်း၊ ဒုက္ခရှာလိုစိတ်ရှိခြင်းနှင့် ရှုပ်ထွေးသော နောက်ခံရှိခြင်းတို့ ဖြစ်ကြပါသည်။) ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးချက်မြောက် တာဝန်ထဲမှ နောက်ဆုံးအကြောင်းအရာသုံးခုကို မိတ်သဟာယဖွဲ့ပြီးခဲ့ပြီဖြစ်သောကြောင့် ယနေ့တွင် ဆယ့်ငါးချက်မြောက် တာဝန်ကို မိတ်သဟာယဖွဲ့ကြမည်။ ဆယ့်ငါးချက်မြောက် တာဝန်မှာ အဘယ်နည်း။ (“အချက်တစ်ဆယ့်ငါး- အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးကို ကာကွယ်ခြင်း၊ ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးခြင်းနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို အစီအစဉ်တကျ ဆောင်ရွက်နိုင်ရန် ၎င်းတို့၏ လုံခြုံရေးကို အာမခံခြင်း” ဖြစ်ပါသည်။) “အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးကို ကာကွယ်ခြင်း၊ ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးပြီး၊ ၎င်းတို့ကို လုံခြုံအောင် ထားရှိခြင်း”ဖြစ်သည်။ ဤတာဝန်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ အခြားသော ကဏ္ဍတစ်ခုနှင့် သက်ဆိုင်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ကောင်းမွန်စွာ ဆောင်ရွက်ရမည့် တိကျသော အလုပ်တစ်ခုလည်း ဖြစ်သည်။ ဤအလုပ်က မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ (ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ဘေးကင်းလုံခြုံအောင် ထားရှိခြင်းနှင့် သက်ဆိုင်ပါသည်။) ယင်းသည် ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် သက်ဆိုင်သည်။ ဤအကြောင်းအရာကို အသင်းတော်အလုပ်တွင် မကြာခဏ ကြုံတွေ့ရသည် မဟုတ်လော။ သင်တို့သည် ဤအကြောင်းအရာကို မရင်းနှီးကြသလော။ (မရင်းနှီးပါ။) ဤအကြောင်းအရာသည် တရုတ်ညီအစ်ကိုမောင်နှမများအတွက် မရင်းနှီးသောအရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်ပြည်၏ လူမှုပတ်ဝန်းကျင်တွင် ယုံကြည်သူများသည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးခြင်းတို့ကို ခံကြရပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင်လည်းကောာင်း၊ အသက်တာ၏ ကဏ္ဍအားလုံးတွင်လည်းကောင်း လုံခြုံရေး အာမခံချက်များ လိုအပ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့်ဆိုင်သည့် နယ်ပယ်အတွင်းတွင် ကျရောက်သည်၊ ယင်းသည် ရွေးချယ်စရာတစ်ခု မဟုတ်ပေ။ နိုင်ငံတစ်ခုတွင် ဘာသာရေး လွတ်လပ်ခွင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အရေးကြီးသော တာဝန်အမျိုးမျိုးကို ထမ်းဆောင်သည့် အမှုထမ်းများအတွက် ကောင်းမွန်စွာ နေရာချထားပေးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆောင်ရွက်ရမည့် တိကျသော အလုပ်တစ်ခု ဖြစ်သည်။ ဤအလုပ်၏ အဓိကအချက် သို့မဟုတ် တိကျသော သတ်မှတ်ချက်များသည် ကွဲပြားကောင်းကွဲပြားနိုင်သော်လည်း အခြေခံအားဖြင့်မူ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ တာဝန်များကို ဘေးကင်းစွာနှင့် လုံခြုံစိတ်ချစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိ၊ ပြီးလျှင် ၎င်းတို့ တာဝန်များ၏ အကျိုးရလဒ်များကို သေချာစေနိုင်ခြင်း ရှိမရှိဟူသည်တို့နှင့် အားလုံး သက်ဆိုင်သည်။ သို့ဖြစ်၍ သင်သည် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် နေထိုင်သောကြောင့် ဤအလုပ်ကို လျစ်လျူမရှုနှင့် သို့မဟုတ် သင်နှင့် ဆီလျော်ခြင်းမရှိဟု မယူဆနှင့်။ သင်နေထိုင်သည့် နိုင်ငံရှိ အုပ်ချုပ်ရေးစနစ် မည်သို့ပင်ဖြစ်စေ သို့မဟုတ် ထိုနေရာတွင် ယုံကြည်သူများ ညှဉ်းပန်းနှိပ်စက်ခံရခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၏ အတိုင်းအတာအတွင်း ကျရောက်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆောင်ရွက်ရမည့် အလုပ်ဖြစ်သည်။ မည်သူမျှ ကင်းလွတ်ခွင့်မရှိပေ။ ယင်းကို “အပို” အလုပ်အဖြစ် မမှတ်ယူသင့်ပေ။ သို့ဆိုလျှင် ယနေ့တွင် ဤအကြောင်းအရာတွင် ပါဝင်သော ကိစ္စမျိုးစုံကို ငါတို့ မိတ်သဟာယဖွဲ့ကြစို့။

အရေးကြီးသော အလုပ်အမှုထမ်းများ၏ နယ်ပယ်

ပထမဦးစွာ၊ ဆယ့်ငါးချက်မြောက် တာဝန်တွင် ဖော်ပြထားသည့် “အရေးကြီးသော အလုပ်အမှုထမ်းမျိုးစုံ” ဟူသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို ကြည့်ကြစို့။ ဤသည်မှာ ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့သင့်သည့် အကြောင်းအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် “အရေးကြီးသော အလုပ်အမှုထမ်းမျိုးစုံ”ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဤအလုပ်၏ ပစ်မှတ်များနှင့်ဆိုင်သည့် နယ်ပယ်ကို ဦးစွာ သတ်မှတ်ကြစို့။ ဤအကြောင်းကို မည်သူ ပြောနိုင်သနည်း။ (အရေးကြီးသော အလုပ်အမှုထမ်းမျိုးစုံတွင် ဗီဒီယိုအဖွဲ့များ၊ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များ၊ စာမူကြမ်းကို စိစစ်ပြင်ဆင်သည့်အဖွဲ့များ၊ ဓမ္မတေးအဖွဲ့များတွင်ရှိသည့် ညီအစ်ကိုမောင်နှမများအပြင် အခြားအရေးကြီးသော တာဝန်များကို ထမ်းဆောင်သောသူများ ပါဝင်သည်။ ထို့အပြင်၊ အရေးကြီးသော အလုပ်အမျိုးမျိုးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သော ညီအစ်ကိုမောင်နှမအချို့နှင့် အဖွဲ့တစ်ခုချင်းစီ၏ ကြီးကြပ်ရေးမှူးများလည်း ပါဝင်ပါသည်။) အခြား မည်သူက ဤအရာကို ထပ်ဖြည့်စွက်လိုသေးသနည်း။ (ခေါင်းဆောင်များနှင့် အမှုဆောင်များလည်း ပါဝင်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များကို အမှန်ပင် ကောင်းစွာ ကာကွယ်ပေးရမည်။ အခြားမည်သူ ရှိသေးသနည်း။ (ဘဏ္ဍာရေးအမှုထမ်းများကဲ့သို့သော အရေးကြီးသည့် အထွေထွေကိစ္စများကို ကိုင်တွယ်သည့် အမှုထမ်းများလည်း ရှိပါသည်။) (ပြီးလျှင် ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်များ ထမ်းဆောင်သောကြောင့် အလိုရှိခြင်းခံရသူ သို့မဟုတ် ပြစ်မှုမှတ်တမ်းရှိသည့် ညီအစ်ကိုမောင်နှမများသည်လည်း ကာကွယ်ပေးခြင်း လိုအပ်ပါသည်။) ဤသည်မှာ အခြားအမျိုးအစားတစ်ခုဖြစ်ပြီး အထူးအုပ်စုတစ်ခု ဖြစ်သည်။ အမျိုးအစား မည်မျှရှိသည်ကို အကျဉ်းချုပ်ကြည့်ကြစို့။ ပထမအမျိုးအစားတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ပါဝင်သည်။ ဒုတိယအမျိုးအစားတွင် ဘုရားအိမ်တော်၌ရှိသော အလုပ်အမျိုးမျိုးအတွက် မရှိမဖြစ်လိုအပ်သော အမှုထမ်းများ၊ အထူးသဖြင့် အလုပ်အမျိုးမျိုး၏ အဖွဲ့ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများ၊ ကောင်းမွန်သော အစွမ်းအစ၊ ဝိညာဉ်ရေးရာ သိနားလည်မှုနှင့် စည်းမျဉ်းများကို သဘောပေါက်နိုင်ပြီး အရေးကြီးသောအလုပ်ကို သီးခြားတာဝန်ယူနိုင်စွမ်းတို့ရှိသော အမှုထမ်းများ ပါဝင်သည်။ စာအခြေပြုအလုပ်၊ ဓမ္မတေးအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် စသည်အပြင်၊ ဧဝံဂေလိတရားဟောပြောသောသူများ၊ သက်သေခံသောသူများ သို့မဟုတ် အခြားသူများထဲတွင် ဧဝံဂေလိ ညွှန်ကြားရေးမှူးများအဖြစ် အစေခံသောသူများကဲ့သို့သော အလုပ်အမျိုးမျိုးကို ကိုင်တွယ်သည့် အမှုထမ်းအမျိုးအစားများစွာ ရှိသည်။ ထို့အပြင် ဤတွင် ဘဏ္ဍာရေး၊ ပစ္စည်းထိန်းသိမ်းရေးနှင့် ပြင်ပရေးရာအလုပ်ကို ကိုင်တွယ်သည့် အမှုထမ်းများလည်း ပါဝင်သည်။ ဤပုဂ္ဂိုလ်များသည် အသင်းတော်၏အလုပ်တွင် အထောက်အကူပြုသော အခန်းကဏ္ဍမှ ပါဝင်ပြီး မရှိမဖြစ်လိုအပ်သည်။ ၎င်းတို့အားလုံးသည် အလုပ်အမျိုးမျိုးကို ကိုင်တွယ်သည့် အမှုထမ်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ကြသည်။ ဤသည်မှာ ဒုတိယ အဓိကအမျိုးအစား ဖြစ်သည်။ တတိယမြောက် အဓိကအမျိုးအစားတွင် အသင်းတော်၏ အန္တရာယ်ရှိသော အလုပ်ကို ပါဝင်ဆောင်ရွက်သောသူများ ပါဝင်သည်။ အထူးသဖြင့် ဘာသာရေး လွတ်လပ်ခွင့်မရှိသော အာဏာရှင်အစိုးရစနစ်များရှိသည့် နိုင်ငံများတွင် စာအုပ်များကို ပုံနှိပ်ခြင်း၊ စာအုပ်များ သယ်ယူပို့ဆောင်ခြင်း၊ အသင်းတော်ပိုင်အဖိုးတန်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအပြင် အရေးကြီးသော တာဝန်များအား ထမ်းဆောင်သည့် အမှုထမ်းများကို ဧည့်ခံခြင်းနှင့် နေရာများ စီစဉ်ချထားပေးခြင်းကဲ့သို့သော အလွန်အန္တရာယ်များသည့် အလုပ်အချို့ ရှိသည်။ အခြားမည်သူ ပါဝင်သနည်း။ (အပြင်သို့ သတင်းအချက်အလက်များ သယ်ဆောင်ပေးသည့် အထွေထွေကိစ္စဆိုင်ရာ အမှုထမ်းအချို့လည်း ရှိပါသည်။ ၎င်းတို့ ထမ်းဆောင်သော တာဝန်များသည်လည်း အတော်အတန် အန္တရာယ်များပါသည်။) ဤပုဂ္ဂိုလ်များသည်လည်း အန္တရာယ်ရှိသော အလုပ်တွင် ပါဝင်ဆောင်ရွက်သည်ဟု မှတ်ယူခြင်းခံရသည်။ သို့သော် ဤလူတို့သည် ဤအလုပ်ကို မုချ ရံဖန်ရံခါ လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် သတင်းအချက်အလက်ကို ပေးပို့ခြင်း၊ အလုပ်အစီအစဉ်များ ဖြန့်ဝေခြင်း၊ ဘုရားအိမ်တော်၏ ဗီဒီယိုများ၊ ရုပ်ရှင်များ သို့မဟုတ် တရားဒေသနာ အသံဖမ်းခွေများအားလုံးကို ဖြန့်ဝေခြင်း စသည်တို့ကဲ့သို့သော အရေးကြီးပြီး အန္တရာယ်ရှိသည့် ဤတာဝန်များကို ဆောင်ရွက်ရာတွင် အထူးပြုကြသည်။ ဘာသာရေး လွတ်လပ်ခွင့်မရှိသော အာဏာရှင်နိုင်ငံများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများထဲမှ မည်သူတို့က အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေပြီး အန္တရာယ်ရှိသော အလုပ်အား တာဝန်ယူဆောင်ရွက်နေသည်ကို ရှင်းလင်းစွာ သိရှိရမည်။ တိုတိုပြောရလျှင်၊ ဤပုဂ္ဂိုလ်များသည်လည်း အရေးကြီးသော အလုပ်အမှုထမ်းများနှင့်ဆိုင်သည့် အမျိုးအစားတစ်ခုဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ လုံခြုံရေးကို အထူးထည့်သွင်းစဉ်းစားပေးရမည်။ ယင်းကို သတိမမူဘဲနေ၍မရပေ။ ဤသည်မှာ တတိယအမျိုးအစား ဖြစ်သည်။ စတုတ္ထအမျိုးအစားမှာ အသင်းတော်အလုပ်တွင် နောက်ထပ် မရှိမဖြစ်လိုအပ်သည့် အုပ်စုတစ်ခု ဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် ဧဝံဂေလိတရားဟောပြောခြင်း၊ တရားဒေသနာများ ပေးခြင်း၊ အသင်းတော်ကို ရေလောင်းပေးခြင်း သို့မဟုတ် သီးခြားအလုပ်တစ်ခုကို စီစဉ်ဖွဲ့စည်းခြင်းအတွက် တာဝန်ယူခြင်းတို့၌ ကျွမ်းကျင်ခြင်းကဲ့သို့သော အထူးကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများကို ပိုင်ဆိုင်ကြသည်။ ဤပုဂ္ဂိုလ်များသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ အလုပ်အမျိုးမျိုးအတွက် ကြီးကြပ်ရေးမှူးများ သို့မဟုတ် အန္တရာယ်ရှိသော အလုပ်တွင် ပါဝင်ဆောင်ရွက်သောသူများ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထိုသို့သောလူများမရှိပါက ၎င်းတို့ ကိုင်တွယ်သော အရေးကြီးသည့်အလုပ်တွင် လစ်ဟာမှုတစ်ခု ရှိမည်ဖြစ်ပြီး အခြားမည်သူကမျှ ၎င်းတို့၏ကဏ္ဍကို ​ဖြည့်ပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဤပုဂ္ဂိုလ်များကို ကာကွယ်သင့်ပြီး ၎င်းတို့၏ လုံခြုံရေးကို အာမခံသင့်သည်။ ဤသည်မှာ လူအမျိုးအစားတစ်ခု ဖြစ်သည်။ နောက်ထပ်အမျိုးအစားတစ်ခုမှာ ဘာသာတရားများ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့် နိုင်ငံများတွင် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်းကြောင့် အလိုရှိခြင်းခံရသူ သို့မဟုတ် ရဲမှတ်တမ်းရှိသူများ ဖြစ်သည်။ ဖမ်းဝရမ်း၏ အတိုင်းအတာ သို့မဟုတ် အသင်းတော်အတွင်း ၎င်းတို့ တာဝန်ယူဆောင်ရွက်သည့် တိကျသော အလုပ်က မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းကြောင့် ၎င်းတို့ အလိုရှိခြင်းခံရနေသမျှ ကာလပတ်လုံး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို ကာကွယ်ရန် နည်းလမ်းများ ရှာဖွေသင့်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် အတော်အတန် လုံခြုံသော နေရာများတွင် နေရာချထားပေးရန် စီစဉ်သင့်သည်။ ဘာသာရေးယုံကြည်မှုကို ညှဉ်းပန်းနှိပ်စက်သည့် နိုင်ငံအားလုံးတွင် တရုတ်ပြည်၏ ညှဉ်းပန်းနှိပ်စက်မှုမှာ အပြင်းထန်ဆုံး ဖြစ်သည်။ တရုတ်ပြည်အနှံ့ရှိ ပြည်နယ်နှင့် ဒေသအမျိုးမျိုးတွင်၊ လူများစွာတို့သည် ဖမ်းဆီးခြင်းခံခဲ့ရသည် သို့မဟုတ် အလိုရှိခြင်းခံရကာ နေရပ်သို့ မပြန်နိုင်ဘဲ ရှိနေကြသည်။ ကမ္ဘာတစ်ဝှမ်းနှင့် တိုက်ကြီးတိုင်းတွင် တရုတ်ပြည်ကဲ့သို့ ဘာသာရေးယုံကြည်မှုကို ညှဉ်းပန်းနှိပ်စက်သည့် အလားတူနိုင်ငံအချို့ ရှိပြီး ဤနိုင်ငံများတွင်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ရင်ဆိုင်ရကာ နေရပ်သို့ မပြန်နိုင်ကြသောသူများလည်း ရှိသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းခံရပြီး နေရပ်သို့ မပြန်နိုင်သောသူများအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်တွင် အမြန်ဆုံး နေရာချထားပေးရန် စီစဉ်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ရန်အလို့ငှာ ဒေသဆိုင်ရာ အခြေအနေများအရ အတော်အတန် လုံခြုံမှုရှိသော ပတ်ဝန်းကျင်များတွင် ၎င်းတို့ကို နေရာချထားပေးသင့်သည်။ ဤသည်မှာ ကောင်းမွန်စွာ လုပ်ဆောင်ရမည့် ဦးစားပေးအလုပ်တစ်ခု ဖြစ်သည်။ ဖမ်းဆီးခြင်းခံခဲ့ရသော သို့မဟုတ် အလိုရှိခြင်းခံရသော ဤလူပုဂ္ဂိုလ်များသည် အကာအကွယ်လိုအပ်သည့် အမှုထမ်းများနှင့်ဆိုင်သည့် ပဉ္စမမြောက်အမျိုးအစားတွင် ဖွဲ့စည်းပါဝင်သည်။ အရေးကြီးသော အလုပ်အမျိုးမျိုးကို ကိုင်တွယ်သည့် အမှုထမ်းများထဲတွင် အထူးအမျိုးအစားတစ်ခု ရှိသေးသည်။ ဤပုဂ္ဂိုလ်များသည် လတ်တလောတွင် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ မဖြစ်နိုင်သည့်အပြင်၊ အန္တရာယ်ရှိသော အလုပ်တွင် ပါဝင်ဆောင်ရွက်နေခြင်းလည်း ရှိကောင်းမရှိနိုင်သော်လည်း ယခင်က တာဝန်များစွာကို ထမ်းဆောင်ခဲ့ပြီး ၎င်းတို့၏ အလုပ်သည် ကျယ်ပြန့်သော နယ်ပယ်ကို ခြုံငုံခဲ့သည်။ ၎င်းတို့သည် ဧည့်ခံသည့်မိသားစုများစွာကို သိရှိပြီး အရေးကြီးသော တာဝန်များကို ထမ်းဆောင်သည့် အမှုထမ်းအချို့အကြောင်းကိုလည်း သိရှိကြသည်။ ထို့ကြောင့် ထိုသို့သော ပုဂ္ဂိုလ်များ ဖမ်းဆီးခြင်းခံရမည်ဆိုပါက အသင်းတော်၏အလုပ်အတွက် ဘေးအန္တရာယ်ကိုလည်း ဆောင်ကြဉ်းလာမည်ဖြစ်သည်။ ဤလူပုဂ္ဂိုလ်များကို “သိထားသူများ”ဟု ရည်ညွှန်းသင့်ပြီး ၎င်းတို့ကို အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးတွင်လည်း ထည့်သွင်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး၏ လုံခြုံရေးကို ကာကွယ်ခြင်းနှင့် အသင်းတော်၏အလုပ် ပုံမှန်အတိုင်း ရှေ့ဆက်ဆောင်ရွက်နိုင်ရန် သေချာစေခြင်းအတွက် ၎င်းတို့၏ လုံခြုံရေးကို အာမခံသင့်သည်။ အထူးသဖြင့် ဤအမျိုးအစားတွင်ရှိသည့် အချို့သော ပုဂ္ဂိုလ်များသည် အတော်လေး သတိမမူဘဲရှိကြသည်။ ၎င်းတို့သည် သတိထားရမည်ကို မသိကြသည့်အပြင် ဉာဏ်ပညာလည်း များစွာမရှိကြပေ။ ၎င်းတို့သည် အပြင်တွင် မဆင်မခြင် လုပ်ဆောင်လျက် စိတ်အားထက်သန်မှုဖြင့် ပြုမူကြသည်။ မည်သည့်အခါမျှ ဖမ်းဆီးခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း မခံခဲ့ရဖူးသဖြင့်၊ ၎င်းတို့သည် ပါဝင်သော အန္တရာယ်ကို သတိမမူမိကြသည့်အပြင် တစ်စုံတစ်ခု မှားယွင်းသွားပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကိုလည်း သတိမမူမိကြဘဲ ထိုအကျိုးဆက်များ၏ ပြင်းထန်မှုက မည်သို့ရှိမည်ကို သာ၍ပင် နားမလည်ကြပေ။ ၎င်းတို့က မကောင်းသည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းမရှိဘဲ ဘုရားသခင်ကို ယုံကြည်နေခြင်းသာဖြစ်ကြောင်း ၎င်းတို့ ယုံကြည်သောကြောင့် မည်သည့်အရာကိုမျှ မကြောက်ကြပေ။ အကျိုးဆက်အနေဖြင့် ဒေသအတွင်း အတန်ကြာ အလုပ်လုပ်ပြီးနောက် ၎င်းတို့သည် အတော်လေး လူသိများကောင်းများလာနိုင်ပြီး အစိုးရ၏ စောင့်ကြည့်မှုအောက်သို့ ရောက်ရှိလာနိုင်သည်။ ယင်းက အန္တရာယ်တစ်ခုကို ဖြစ်ပေါ်စေသည် မဟုတ်လော။ ၎င်းတို့ ဖမ်းဆီးခြင်းခံရသည်နှင့်တစ်ပြိုင်နက် ညှဉ်းဆဲခြင်းဖြင့် စစ်ဆေးမေးမြန်းခြင်းကို မခံနိုင်ပါက ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ရောင်းစားသည့် ယုဒများ ဖြစ်သွားနိုင်ပေသည်။ ဤသည်မှာ အသင်းတော်ကို ကြီးမားသော ဆုံးရှုံးမှုများ ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး အခြားညီအစ်ကိုမောင်နှမများကိုလည်း ဖမ်းဆီးခံရပြီး ထောင်ချခြင်းခံရမည့် အန္တရာယ်ရှိစေလျက် ငြိစွန်းစေကာ ယင်းက အသင်းတော်၏ အလုပ်အမျိုးမျိုးကို ကြီးမားစွာ ထိခိုက်စေမည်ဖြစ်သည်။ ထို့ကြောင့် အသင်းတော်သည် ထိုသို့သော ပုဂ္ဂိုလ်များကို ကာကွယ်ပေးခြင်းအား ဦးစားပေးသင့်သည်။ ၎င်းတို့ကို ဝှက်ထားရန် ဒေသအတွင်း လုံခြုံသောနေရာ ရှာမတွေ့နိုင်ပါက ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် အခြားနေရာရှိ အတော်အတန် လုံခြုံသောနေရာတစ်ခုသို့ ၎င်းတို့ကို ပြောင်းရွှေ့စေသင့်သည်။ ဤသည်မှာ နောက်ထပ် လူအမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းတို့ အခြေအနေ၏ အထူးကြန်အင်လက္ခဏာကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့အတွက် နေရာချထားမှုများ စီစဉ်ရန် လိုအပ်သောကြောင့် အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးတွင်လည်း ၎င်းတို့ ပါဝင်သည်။ စုစုပေါင်း လူအမျိုးအစား မည်မျှရှိသနည်း။ (အမျိုးအစားခြောက်ခု ရှိပါသည်။ ပထမအမျိုးအစားမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်သည်။ ဒုတိယအမျိုးအစားတွင် ဘုရားအိမ်တော်၏ အလုပ်အမျိုးမျိုးကို ကိုင်တွယ်သည့် မရှိမဖြစ်လိုအပ်သော အမှုထမ်းများ၊ ကြီးကြပ်ရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်များနှင့် ဧဝံဂေလိ ညွှန်ကြားရေးမှူးများအပြင်၊ အလုပ်ကို တာဝန်ထမ်းဆောင်နိုင်သောသူများ ပါဝင်သည်။ တတိယအမျိုးအစားမှာ အန္တရာယ်ရှိသော အသင်းတော်အလုပ်တွင် ပါဝင်ဆောင်ရွက်သည့် အမှုထမ်းများ ဖြစ်သည်။ စတုတ္ထအမျိုးအစားမှာ အထူးကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများရှိသောသူများ ဖြစ်သည်။ ပဉ္စမအမျိုးအစားတွင် ရဲမှတ်တမ်းရှိသူများ၊ လိုက်လံဖမ်းဆီးခြင်းခံနေရသူများနှင့် အလိုရှိခြင်းခံရသူများ ပါဝင်သည်။ ပြီးလျှင် ဆဋ္ဌမအမျိုးအစားမှာ သိထားသောသူများ ဖြစ်ပါသည်။) ငါတို့သည် အလုပ်အမျိုးမျိုးတွင် ပါဝင်သော အရေးကြီးသည့် အမှုထမ်းအားလုံးကို အခြေခံအားဖြင့် ခြုံငုံပြောဆိုပြီးဖြစ်သော်လည်း ထပ်ဖြည့်စွက်ရမည့် အမျိုးအစားတစ်ခု ရှိသည်။ အကယ်၍ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမတစ်ဦးတလေက မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် အပြင်သို့ ထွက်သွားခြင်း၊ ဖမ်းဆီးခံရခြင်း သို့မဟုတ် အခြားမျှော်လင့်မထားသော အခြေအနေတစ်ခုခုကို ရင်ဆိုင်ရခြင်းတို့ကြောင့် မိမိ၏ အရွယ်မရောက်သေးသော ကလေးများကို မစောင့်ရှောက်နိုင်ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤကလေးများကို ၎င်းတို့ အသက်ရှင်နေထိုင်ရမည့် နည်းလမ်းတစ်ခုရှိစေရန်အတွက် သင့်တော်သော အိမ်ထောင်စုတစ်ခုတွင် နေရာချထားပေးရန် စီစဉ်သင့်သည်။ ဤသည်မှာလည်း အထူးတာဝန်တစ်ခု ဖြစ်သည်။ ဤအလုပ်သည် အသင်းတော်၏အလုပ်နှင့် မသက်ဆိုင်သည့်အပြင်၊ အထူးအခြေအနေတစ်ရပ်မှသာ ပေါ်ပေါက်ခြင်းဖြစ်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရွယ်မရောက်သေးသော ကလေးများအတွက် သင့်တော်သော နေရာချထားမှုများကို စီစဉ်ပေးခြင်းအတွက် တာဝန်ယူရမည်။ ၎င်းတို့တွင် သင့်တော်သော ဆွေမျိုးများမရှိပါက သို့မဟုတ် ၎င်းတို့၏ ဆွေမျိုးများသည် ဘာသာတရားမရှိသူများဖြစ်ပြီး ၎င်းတို့ကို လက်ခံရန် မလိုလားပါက အသင်းတော်က ၎င်းတို့ကို လက်ခံသင့်သည်။ အသင်းတော်သည် ၎င်းတို့အတွက် သင့်တော်သော ဧည့်ခံနေအိမ်တစ်ခုကို စီစဉ်ပေးသင့်သည်သာမက၊ ၎င်းတို့ကို စောင့်ရှောက်ရန် တာဝန်ယူမည့် ညီအစ်ကိုမောင်နှမများကိုလည်း တာဝန်ပေးသင့်သည်။ ၎င်းတို့အတွက် သင့်တော်သော နေရာချထားမှုတစ်ခုကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပါက အမှန်ပင် အကောင်းဆုံးဖြစ်ပြီး ၎င်းတို့ လူလားမြောက်သောအရွယ်သို့ ရောက်သည့်အခါ အသင်းတော်တွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ပါက လူလားမြောက်သော အရွယ်သို့ရောက်ပြီး လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်သည့်အခါ အသင်းတော်နှင့် ဆက်စပ်မှုရှိတော့မည်မဟုတ်သည့်အပြင် ငါတို့၏ တာဝန်လည်း ပြီးဆုံးသွားမည် ဖြစ်သည်။ ထိုအချိန်နောက်ပိုင်း ၎င်းတို့၏ ကိစ္စရပ်များနှင့်ပတ်သက်၍ ငါတို့ စိတ်ဝင်စားရန် လိုအပ်လိမ့်မည် မဟုတ်။ ဤသည်မှာ သင့်တော်သလော။ (သင့်တော်ပါသည်။) ဤအလုပ်သည် အသင်းတော်၏ အလုပ်အမျိုးမျိုးနှင့် မသက်ဆိုင်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့်ဆိုင်သည့် နယ်ပယ်အတွင်းတွင် ပါဝင်သင့်နေဆဲ ဖြစ်သည်။ အသင်းတော်တွင် နေရာချထားမှုများ လိုအပ်သော တာဝန်ထမ်းဆောင်နေသူတို့၏ ကလေးများရှိပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခြေအနေကို သတိမမူမိခြင်း မဖြစ်ခဲ့လျှင် ယင်းကို လျစ်လျူရှု၍မရပေ။ ထိုအကြောင်းကို ၎င်းတို့ သိရှိပါက မေးခွန်းများ မေးမြန်းသင့်သည်။ ကိုင်တွယ်သင့်ပြီး ၎င်းတို့အတွက် သင့်တော်သော နေရာချထားမှုများကို စီစဉ်ပေးရန် ဤတာဝန်ကို ယူသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည့် ညီအစ်ကိုမောင်နှမများ၊ အထူးသဖြင့် အရေးကြီးသော အလုပ်ကို တာဝန်ယူနေသောသူများအနေဖြင့် ဤကိစ္စနှင့်ပတ်သက်လာသည့်အခါ ပူပန်မှုများ ကင်းဝေးကြောင်း သေချာစေသင့်သည်။ ဤအလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းသည် ခက်ခဲသည် မဟုတ်ပေ၊ ခက်ခဲသလော။ (မခက်ခဲပါ။) အရေးကြီးသော အလုပ်အမှုထမ်းများနှင့်ဆိုင်သည့် အမျိုးအစား အနည်းဆုံး ခြောက်ခု ရှိသည်။ သတ္တမမြောက်အမျိုးအစားမှာ အပိုဖြစ်သည်။ ယင်းသည် အလွန်ထူးခြားသော အခြေအနေတစ်မျိုးကို ကိုယ်စားပြုသည်။ ပထမအမျိုးအစားခြောက်ခုတွင် ဖော်ပြထားသော အမှုထမ်းအမျိုးမျိုးသည် သင်းအုပ်နယ်မြေ သို့မဟုတ် နိုင်ငံတိုင်းတွင် အားလုံး ရှိချင်မှရှိမည်။ သို့သော် မည်သည့် နိုင်ငံတွင်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင်၊ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသောသူများအား ကာကွယ်ပေးခြင်းသည် အရေးပါသော အလုပ်တစ်ခု ဖြစ်သည်။ ဤသည်မှာ အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံး အာရုံစိုက်ရမည့် အလုပ်တစ်ခုဖြစ်ပြီး ၎င်းတို့ ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်တစ်ခု ဖြစ်သည်။

အရေးကြီးသော အလုပ်အမှုထမ်းများကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးခြင်း

၁။ ဧည့်ခံမိသားစုများအတွက် လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များ

ယခုတွင် ငါတို့သည် အရေးကြီးသော အလုပ်အမှုထမ်းများက မည်သူတို့ဖြစ်သည်ကို ရှင်းလင်းစေပြီးဖြစ်သောကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို ကြည့်ကြစို့။ တိကျစွာပြောရလျှင်၊ အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးကို ကာကွယ်ခြင်း၊ ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးခြင်းနှင့် ၎င်းတို့ကို လုံခြုံအောင် ထားရှိခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ ထိရောက်စွာ အကာအကွယ်ပေးရန်အတွက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည့်အနေဖြင့် မှတ်ယူခြင်းခံရရန်အတွက် မည်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သနည်း။ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်လာသည့်အခါ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဝေခွဲမရဖြစ်ကြသည်၊ မိမိတို့၏ ခေါင်းများ ကုတ်ကာ စိတ်ပူပန်လျက် မည်သို့ပြုမူရမည်ကို မသေမချာဖြစ်ကြသည်။ ဤအရေးကြီးသော အလုပ်အမှုထမ်းများအတွက် နေရာချထားမှုများကို စီစဉ်ပေးရာတွင် အရေးကြီးသော စည်းမျဉ်းတစ်ခု ရှိသည်။ ၎င်းတို့၏ လုံခြုံရေးကို သေချာစေရန်အတွက် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးရမည်။ အရေးကြီးသော အလုပ်အမှုထမ်းများကို ညီအစ်ကိုမောင်နှမများ၏ နေအိမ်များတွင်ဖြစ်စေ၊ ငှားရမ်းထားသော အိမ်များတွင်ဖြစ်စေ နေရာချထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဓိကအချက်မှာ ၎င်းတို့၏ လုံခြုံရေးကို အာမခံရမည် ဖြစ်သည်။ ၎င်းတို့၏ လုံခြုံရေးကို အာမခံခြင်းသည် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးခြင်းကို ဆိုလိုသည်။ သို့ဆိုလျှင် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ယင်းကအရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသောသူများအတွက် သင့်တော်သော နေရာများတွင် နေရာချထားမှုများ စီစဉ်ပေးခြင်း လိုအပ်သည်။ ဤအရာကို ရှုထောင့်အမြင်နှစ်ခုမှ ကြည့်ကြစို့။ တစ်ခုမှာ ဧည့်ခံသည့်မိသားစု၏ အတွင်း ပတ်ဝန်းကျင်ဖြစ်ပြီး နောက်တစ်ခုမှာ ပြင်ပပတ်ဝန်းကျင် ဖြစ်သည်။ အတွင်း ပတ်ဝန်းကျင်နှင့်ပတ်သက်၍ ပထမဦးစွာ ဧည့်ခံသူသည် စစ်မှန်သော ယုံကြည်သူဖြစ်ရမည်၊ ဧည့်ခံလိုစိတ်ရှိရမည်၊ အကြောင်းအရာများကို လျှို့ဝှက်ထားနိုင်ရမည်၊ သတိဖြင့် ပြုမူရမည်ဖြစ်ပြီး အပြင်လောကနှင့် အမြော်အမြင်ရှိစွာ ဆက်ဆံရမည်ဖြစ်သည်။ အထူးအခြေအနေ တစ်ခုတလေ ပေါ်ပေါက်လာပါက မည်သို့တုံ့ပြန်ရမည်ကို ၎င်းတို့ သိသင့်သည်။ ၎င်းတို့အနေဖြင့် ယင်းကို မလှုပ်မယှက်ဖြစ်နေခြင်းထက် တက်ကြွစွာ ကိုင်တွယ်ဖြေရှင်းနိုင်သင့်သည်။ ထို့အပြင် ၎င်းတို့သည် ဒေသအတွင်းတွင် သင့်တင့်လျောက်ပတ်သော နာမည်ဂုဏ်သတင်း သို့မဟုတ် ဂုဏ်သိက္ခာနှင့် အဆက်အသွယ်အချို့ ရှိသင့်သည်။ ၎င်းတို့တွင် ဩဇာလွှမ်းမိုးမှုမရှိလျှင်ပင် အနည်းဆုံးအားဖြင့် ၎င်းတို့သည် မိမိတို့၏နေရာတွင် ကောင်းစွာနေထိုင်ပြီး သိက္ခာရှိသောဘဝဖြင့် အသက်ရှင်ကြသူများဖြစ်သင့်ကာ ဒုက္ခပြဿနာကို ဘယ်သောအခါမျှ မဖိတ်ခေါ်သင့် သို့မဟုတ် ကလိမ်ကကျစ်ပုဂ္ဂိုလ်များကို မိမိတို့အိမ်သို့ မဆွဲဆောင်သင့်ပေ။ ၎င်းတို့တွင် မာဂျောင်ကစားရန် သို့မဟုတ် အရက်သောက်ရန် စုဝေးသည့် မိတ်ဆွေများ မရှိသင့်ပေ။ ထို့အပြင် အပြင်လောကနှင့်ဖြစ်စေ၊ ၎င်းတို့၏ အိမ်နီးချင်းများနှင့်ဖြစ်စေ ၎င်းတို့၏ ဆက်ဆံရေးက အတော်အတန် ပုံမှန်ဖြစ်သင့်သည်။ ၎င်းတို့သည် အကြွေးနှင့်ပတ်သက်၍ အငြင်းပွားမှုများ တစ်ခုတလေတွင် မပါဝင်သင့်သည့်အပြင် ၎င်းတို့၏ အိမ်နီးချင်းများနှင့်လည်း ပဋိပက္ခ မဖြစ်သင့်ပေ။ တစ်နည်းအားဖြင့် ၎င်းတို့၏ အိမ်ပတ်ဝန်းကျင်သည် အတော်အတန် ဆိတ်ငြိမ်သင့်သည် ဧည့်ခံသူတွင် မရှုပ်ထွေးသော ဆက်ဆံရေးများ ရှိသင့်ပြီး၊ ၎င်းတို့၏အိမ်သို့ အနှောင့်အယှက်များဖြစ်စေရန် လာရောက်သည့် ပြင်ပလူ အလွန်နည်းပါးသင့်သည်၊ စသည်ဖြင့်ဖြစ်သင့်ပေသည်။ ထို့အပြင် ဧည့်ခံသူ၏ ကလေးများ သို့မဟုတ် ဆွေမျိုးများသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းအား ထောက်ခံသင့်သည် သို့မဟုတ် အနည်းဆုံးအားဖြင့် ၎င်းတို့ ညီအစ်ကိုမောင်နှမများကို ဧည့်ခံခြင်းအား မဆန့်ကျင်သင့်သည့်အပြင် ဤအကြောင်းအရာများကို မဆင်မခြင် လျှောက်ပြောခြင်းလည်း သေချာပေါက် မပြုလုပ်သင့်ပေ။ အချို့က “ဤစံသတ်မှတ်ချက်များအားလုံးနှင့် ကိုက်ညီသော ဧည့်ခံသည့်မိသားစုကို ရှာဖွေရန် မလွယ်ကူပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ အတော်အတန် သင့်တော်သော နေရာတစ်ခုကို ရှာဖွေခြင်းအား ရည်ညွှန်းရန် ရည်ရွယ်သည်။ လုံးဝဥဿုံပြည့်စုံခြင်းကို မလိုအပ်ပေ။ အနည်းဆုံးအားဖြင့် နေထိုင်သည့် ပတ်ဝန်းကျင်သည် သင့်တင့်လျောက်ပတ်သင့်သည်၊ ဆိတ်ငြိမ်ပြီး ပြင်ပ ဝင်ရောက်စွက်ဖက်ခြင်းမှ ကင်းလွတ်သင့်သည်။ ယင်းက အရေးကြီးသော အလုပ်အမှုထမ်းများကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးခြင်းဟူသော သတ်မှတ်ချက်ကို ဖြည့်ဆည်းပေးသည်။ အချို့သော ဧည့်ခံမိသားစုများတွင် မိသားစုဝင်တိုင်းက ယုံကြည်သူမဟုတ်သော်လည်း ဧည့်ခံသည့်သူသည် အိမ်ထောင်စုအတွင်း၌ ဩဇာရှိပြီး ဆုံးဖြတ်ချက်များ ချမှတ်သည်။ ၎င်းတို့၏ မယုံကြည်သော ကလေးများ သို့မဟုတ် ဆွေမျိုးများသည် ဘုရားသခင်ကို ၎င်းတို့ယုံကြည်ခြင်းအား သို့မဟုတ် ညီအစ်ကိုမောင်နှမများကို ၎င်းတို့ ဧည့်ခံခြင်းအား ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲကြပေ။ အတွင်းစိတ်၌ သဘောမတူလျှင်ပင် ဤအချက်အလက်ကို မိသားစုပြင်ပရှိလူများထံ မျှဝေရန် မဝံ့ရဲကြပေ။ အကယ်၍ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပွားပါက ၎င်းတို့က အကာအကွယ်ပေးဖို့ပင် ကူညီနိုင်သည်။ ဤနည်းအားဖြင့် ဤဧည့်ခံသည့်နေအိမ်တွင် တည်းခိုသော ညီအစ်ကိုမောင်နှမများသည်လည်း အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ မထိခိုက်ဘဲ နေနိုင်ကြသည်။ အချို့သော အခြေအနေများတွင် ဧည့်ခံသူသည် ၎င်းတို့၏ ကလေးများက ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းကို ဖော်ထုတ်မည်ကိုလည်းကောင်း၊ ၎င်းတို့၏ အိမ်နီးချင်းများက ၎င်းတို့၏ ယုံကြည်ခြင်းအကြောင်း သိရှိပြီး သတင်းပို့မည်ကိုလည်းကောင်း၊ အထူးသဖြင့် အခြေအနေဆိုးသွားပြီး ဖမ်းဆီးခံရမည်ကိုလည်းကောင်း ကြောက်ရွံ့နေတတ်လျက် တွန့်ဆုတ်တတ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို စတင်ဧည့်ခံသည်နှင့်တစ်ပြိုင်နက် နေ့ဘက်တွင် မစားနိုင်၊ ညဘက်တွင် မအိပ်နိုင်ဘဲ တစ်နေ့လုံး စိုးရိမ်ထိတ်လန့်လျက် သူခိုးကဲ့သို့ နေ့တိုင်း ရင်တမမဖြစ်နေတတ်သည်။ အစိုးရက အိမ်ထောင်စုစာရင်း စစ်ဆေးရန် သို့မဟုတ် အစိုးရအမှုထမ်းများက အကြောင်းပြချက်အမျိုးမျိုးဖြင့် ၎င်းတို့အိမ်သို့ တစ်စုံတစ်ခု လာလုပ်ရန် စီစဉ်နေသည်ဟူသကဲ့သို့သော တစ်စုံတစ်ခု ဖြစ်ပျက်နေကြောင်း ကြားသိရသည့်အခါတိုင်း ၎င်းတို့သည် အလွန်အမင်း ကြောက်ရွံ့လာပြီး မိမိတို့ကိုယ်တိုင် မငြိစွန်းမိဖို့အလို့ငှာ ညီအစ်ကိုမောင်နှမများကို စဉ်ဆက်မပြတ် ချက်ချင်း ထွက်ခွာသွားစေလိုကြသည်။ ညီအစ်ကိုမောင်နှမများက ဤအရာကို မြင်တွေ့သည့်အခါ ထိုသို့သောနေရာသည် ဧည့်ခံခြင်းအတွက် မသင့်တော်သည်နှင့်အမျှ ချက်ချင်း ပြောင်းရွှေ့သင့်သည်။ ယင်းကို ရက်အနည်းငယ်အတွက် ယာယီရပ်နားရာနေရာအဖြစ်သာ အသုံးပြုကောင်းပြုနိုင်ပေသည်။ အကယ်၍ ဧည့်ခံမိသားစု၏ ကလေးများ၊ ဆွေမျိုးများ သို့မဟုတ် မိတ်ဆွေများသည် ဧည့်ခံသူက ယုံကြည်သူများကို လက်ခံနေကြောင်း သိရှိသည့်အခါ အနှောင့်အယှက်ပေးရန် လာနိုင်သည့် သို့မဟုတ် ညီအစ်ကိုမောင်နှမများကို ရဲလက်သို့ပင် အပ်နိုင်သည့် ဆိုးယုတ်သောလူများဖြစ်ပါက ဤသည်မှာ အလွန်အန္တရာယ်များလွန်းလှပေသည်။ ထိုသို့သော ဧည့်ခံမိသားစုနှင့်အတူ နေထိုင်ခြင်းက မသင့်တော်ပေ။ အချို့သော မိဘများသည် မိမိတို့၏ ကလေးများရှေ့တွင် ကျွန်များကဲ့သို့ ပြုမူကြသည်။ ၎င်းတို့က “အဆင်ပြေပါသည်၊ ကျွန်ုပ်၏ ကလေးများက ကျွန်ုပ်စကားကို နားထောင်ပါသည်”ဟု ပြောကောင်းပြောနိုင်သော်လည်း လက်တွေ့တွင်မူ ၎င်းတို့၏ ကလေးများ၏ နာခံမှုက အခြေအနေအပေါ် မူတည်သည်။ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် သက်ဆိုင်လာသည့်အခါ ကလေးများက ၎င်းတို့စကားကို နားထောင်ကြမည်မဟုတ်ပေ။ ထိုသို့သောသူသည် ညီအစ်ကိုမောင်နှမများကို သူဧည့်ခံနေခြင်းဖြစ်ကြောင်း သူ၏ ကလေးများကို သိခွင့်ပေးရန် မဝံ့ရဲပေ။ ၎င်းတို့၏ ကလေးများ သို့မဟုတ် ဆွေမျိုးများက သိရှိသွားပါက ညီအစ်ကိုမောင်နှမများကို သေချာပေါက် မောင်းထုတ်ကြမည်ဖြစ်ပြီး ဧည့်ခံသူက ၎င်းတို့ကို တားဆီးနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အိမ်ထောင်စုတွင် အဆုံးအဖြတ်မပေးနိုင်ကြပေ။ ထိုသို့သောသူသည် ဧည့်ခံရန် မသင့်တော်ပေ။ ၎င်းတို့တွင် ဧည့်ခံလိုစိတ် ရှိနိုင်သော်လည်း ဧည့်ခံရန် သတ္တိကင်းမဲ့သည်။ ကြောက်တတ်သောသူတစ်ဦးသည် အမှန်တကယ် ဧည့်ခံရန် ဝံ့ရဲနိုင်မည်လော။ သင်သည် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို အာမမခံနိုင်ပါက ဤတာဝန်အတွက် သင် မသင့်တော်ပေ။ သင်သည် ယင်းအတွက် မိမိသဘောအလျောက် မလုပ်ဆောင်သင့်ပေ၊ ပြီးလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များကိုလည်း အနှစ်မဲ့သော ကတိများမပေးသင့်သည့်အပြင် ဤတာဝန်ကိုလည်း သင် လက်မခံသင့်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများကို ဧည့်ခံရန်အတွက် ထိုသို့သောအိမ်ထောင်စုတစ်ခုတွင် နေရာချထားပေးပါက ယင်းမှာ သင့်တော်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ဤသည်မှာ အလွန့်အလွန် မသင့်တော်ပေ။ ညီအစ်ကိုမောင်နှမများကို အန္တရာယ်တွင်းထဲသို့ မပို့ကြနှင့်။ ညီအစ်ကိုမောင်နှမများသည် အခြားနေရာတွင် နေထိုင်လျက် အတော်အတန် ဘေးကင်းလုံခြုံနေနိုင်သည်။ သင်က ၎င်းတို့ကို ဤလူ၏အိမ်တွင် နေရာချထားပေးပါက ထိုနေရာတွင်ရှိသည့် ကလေးများ သို့မဟုတ် ဆွေမျိုးများက မယုံကြည်သူများဖြစ်ပြီး ယုံကြည်သူများ တည်းခိုနေသည်ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို သတင်းပို့ပြီး ရဲလက်သို့ အပ်နိုင်ကာ ထိုသို့ဖြင့် ၎င်းတို့၏ အသက်ကို အန္တရာယ်ဖြစ်စေနိုင်သည်။ ထိုဧည့်ခံသူအပေါ် အမင်္ဂလာဖြစ်မည် မဟုတ်လော။ အကယ်၍ ဧည့်ခံသူသည် ထိုသို့သောအခြေအနေများတွင် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် မိမိ၏အသက်ကို စွန့်စားလိုစိတ်ရှိပြီး ၎င်းတို့၏ လုံခြုံရေးကို ထိရောက်စွာ အာမခံနိုင်ပါက၊ ပြီးလျှင် ၎င်းတို့သည် ပုံမှန်အားဖြင့် အတော်အတန် အမြော်အမြင်ရှိကြောင်း ပြသပါက ဤဧည့်ခံသည့်မိသားစုသည် သင့်တော်သော ရွေးချယ်မှုတစ်ခု ဖြစ်နေနိုင်သေးသည်။ သို့သော် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် မိမိတို့၏အသက်ကို မစွန့်စားနိုင်သည့်အပြင်၊ ၎င်းတို့၏ မိသားစုရှိ မယုံကြည်သူများက ညီအစ်ကိုမောင်နှမများကို သတင်းပို့ပြီး ရဲလက်သို့ အပ်မည်ဟု ခြိမ်းခြောက်သည့်အခါ ညီအစ်ကိုမောင်နှမများကို မကာကွယ်ဘဲ မယုံကြည်သူများက ၎င်းတို့ကို ရဲလက်သို့ အပ်သည်ကို ခွင့်ပြုလျက် ၎င်းတို့တွင် ဖြေရှင်းချက်မရှိသည့်အပြင် လိပ်ခေါင်းကျုံ့သကဲ့သို့ နောက်တွန့်သွားနိုင်ပါက၊ ဤအိမ်ထောင်စုသည် ဧည့်ခံရန် မသင့်တော်ပေ။ အကယ်၍ ညီအစ်ကိုမောင်နှမများသည် ထိုနေရာတွင် ရက်အနည်းငယ် ယာယီတည်းခိုပြီး သင့်တော်သောနေရာတစ်ခု တွေ့သည်နှင့်တစ်ပြိုင်နက် ချက်ချင်း ပြောင်းရွှေ့ပါက ယင်းမှာ သည်းခံနိုင်ဖွယ်ရှိရုံမျှရှိပေသည်။ ထိုသို့သောအိမ်တွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ရေရှည်တည်းခိုခြင်းသည် မသင့်တော်ပေ။ ဧည့်ခံသူသည် အနည်းဆုံးအနေဖြင့် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ကာကွယ်နိုင်ရမည်၊ ဤသည်မှာ ဧည့်ခံသူတစ်ဦးအတွက် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသောသူများအနေဖြင့် အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းကို ရှောင်ရှားရန်အတွက် တစ်ချက်အနေဖြင့် ၎င်းတို့၏ နေထိုင်သည့် ပတ်ဝန်းကျင်သည် သင့်တော်ရမည်၊ ထို့အပြင် ဧည့်ခံသူ၏ ကိုယ်ပိုင်အရည်အသွေးများသည်လည်း ကဏ္ဍအားလုံးတွင် သင့်တော်ရမည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အရေးကြီးသော အလုပ်အမှုထမ်းများကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးနိုင်ရမည် ဖြစ်သည်။ ဤအရာကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်မှသာလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရေးကြီးသော အလုပ်အမှုထမ်းများကို ၎င်းတို့၏အိမ်တွင် နေရာချထားပေးနိုင်သည်။ အကယ်၍ ဧည့်ခံသူသည် ယုံကြည်ခြင်းအနည်းငယ်သာရှိပြီး အရည်အချင်းမပြည့်မီသည့်အပြင် သတ္တိမရှိပါက၊ မိမိ၏ ကိုယ်ပိုင်အိမ်ထောင်တွင် အဆုံးအဖြတ်မပေးနိုင်သည့်အပြင်၊ သူ၏ မယုံကြည်သူ ကလေး သို့မဟုတ် ဆွေမျိုးတစ်ဦးဦးက ဝင်ရောက်ပြီး သူ့အပေါ် ထိန်းချုပ်နိုင်ပါက ဤသည်မှာ အတော်လေး ဒုက္ခများတတ်သည်။ ထိုသို့သောနေရာသည် ဧည့်ခံရန် ဧကန်မုချ မသင့်တော်ပေ။ အိမ်သည် ကြီးပြီး အခန်းများစွာရှိကာ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်နှင့် အခြားကောင်းမွန်သော အခြေအနေများ ရှိလျှင်ပင် ယင်းသည် ဧည့်ခံရန် မသင့်တော်သေးပေ။ သင့်တော်သော နေထိုင်မှု ပတ်ဝန်းကျင်တစ်ခုတည်းနှင့် မလုံလောက်ပေ။ ဧည့်ခံသူသည်လည်း သင့်တော်ရမည်။ ဤနေရာတွင် အဓိကအချက်မှာ ဧည့်ခံသူသည် ပထမဦးစွာ ၎င်းတို့ ဧည့်ခံထားသည့် တာဝန်ထမ်းဆောင်နေသော အမှုထမ်းများကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးနိုင်ကြောင်း သေချာစေနိုင်ရမည် ဖြစ်သည်။ ထို့နောက်မှသာ နေထိုင်မှု ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားသင့်သည်။ နေရာပိုသေးငယ်ခြင်းဖြစ်စေ၊ အင်တာနက် အကန့်အသတ်ရှိခြင်းဖြစ်စေ၊ ပိုရိုးရှင်းသော အစားအသောက်ဖြစ်စေ သို့မဟုတ် ရေအသုံးပြုရန် ပိုမိုအဆင်မပြေခြင်းဖြစ်စေ၊ အနည်းငယ် သာ၍မကောင်းသော ပတ်ဝန်းကျင်သည်လည်း လက်ခံနိုင်ဖွယ်ရှိနေသေးသည်။ ဧည့်ခံသူသည် သင့်တော်နေသမျှ ကာလပတ်လုံး၊ အန္တရာယ်ပေါ်ပေါက်လာသည့်အခါ တုံ့ပြန်နိုင်စွမ်းရှိနေသမျှ ကာလပတ်လုံး၊ ရှုပ်ထွေးသော အခြေအနေအမျိုးမျိုးကို စီမံခန့်ခွဲနိုင်ပြီး၊ အထူးသဖြင့် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ကာကွယ်ရန် ပေါ်ပေါက်လာနိုင်သည့် အထူးအခြေအနေတစ်ခုတလေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်နေသမျှ ကာလပတ်လုံး ၎င်းတို့သည် ဧည့်ခံသူတစ်ဦးအဖြစ် စံနှုန်းပြည့်မီပေသည်။ ဧည့်ခံမိသားစု၏ နေထိုင်မှု ပတ်ဝန်းကျင်အတွက် ငါတို့၏ သတ်မှတ်ချက်များသည် မမြင့်မားပေ။ အရေးအကြီးဆုံးသောအရာမှာ ယင်းက လုံခြုံရေးကို သေချာစေနိုင်ခြင်း ဖြစ်သည်။ ဤအချက်နှင့်ပတ်သက်၍ အသေးစိတ် ပြောရန် မလိုအပ်ပေ။

၂။ နေထိုင်ရာနေရာ၏ ပတ်ဝန်းကျင်အတွက် သတ်မှတ်ချက်များ

ဧည့်ခံသည့်မိသားစု၏ နေအိမ်ဝန်းကျင် ပြင်ပ အခြေအနေ လုံခြုံမှုရှိမရှိဆိုသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပထမဆုံး ထည့်သွင်းစဉ်းစားရမည့်အရာ ဖြစ်သည်။ ဧည့်ခံသည့်မိသားစု၏ အခြေအနေများ မည်သို့ပင်ဖြစ်စေ၊ နေအိမ်သည် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦး၏ အိမ်ဖြစ်သည်ဖြစ်စေ၊ ငှားရမ်းထားသောအိမ်ဖြစ်သည်ဖြစ်စေ၊ နေအိမ်၏ ပြင်ပပတ်ဝန်းကျင်က လုံခြုံမှုရှိမရှိဟူသည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ဤသည်မှာ အရေးကြီးဆုံးအချက် ဖြစ်သည်။ ပထမဦးစွာ ဤဧည့်ခံသည့်မိသားစု၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူသိမများဘဲ ပြည်သူ့လုံခြုံရေးဗျူရို၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့်ပတ်သက်၍ မည်သည့်မှတ်တမ်းမျှ မရှိမှသာ သင့်တော်သည်။ အကယ်၍ ယခင်က ထိုနေရာတွင် ညီအစ်ကိုမောင်နှမများ စုဝေးသည့်အခါ အိမ်နီးချင်းများက ဤအကြောင်းကို အစိုးရထံ သတင်းပို့လေ့ရှိပြီး ဤမိသားစုတွင် မကြာခဏ သူစိမ်းများနှင့် စုဝေးပွဲများရှိသည်ကို အစိုးရက သိရှိပြီးဖြစ်ပါက ဤနေရာသည် ဧည့်ခံခြင်းအတွက် သင့်တော်ခြင်းမရှိပေ။ အိမ်ငှားမည်ဆိုလျှင်လည်း ထိုသို့သောမိသားစု၏အိမ်ကို ငှားရမ်းရန် မသင့်တော်ပေ။ ဤသည်မှာ ရှုထောင့်တစ်ရပ် ဖြစ်သည်။ ထို့အပြင် အချို့နေရာများတွင် လုယက်မှု၊ လူသတ်မှုနှင့် အခြားအမှုအခင်းအမျိုးမျိုး မကြာခဏ ဖြစ်ပွားလျက် အများပြည်သူလုံခြုံရေးက ညံ့ဖျင်းသည်။ နေထိုင်သူများသည်လည်း နောက်ကြောင်းရာဇဝင် ရှုပ်ထွေးသော ပုဂ္ဂိုလ်များဖြစ်ကြပြီး ရဲများသည် အိမ်ထောင်စုစာရင်းများနှင့် မှတ်ပုံတင်ကတ်များကို စစ်ဆေးရန်၊ ပြစ်မှုဆိုင်ရာ သံသယရှိသူများကို စုံစမ်းစစ်ဆေးရန်နှင့် အခြားအရာများအတွက် ထိုနေရာသို့ မကြာခဏ သွားရောက်လေ့ရှိသည်။ ငါ့ကို ပြောလော့၊ သင်သည် ထိုသို့သောနေရာ၌ နေထိုင်ခဲ့ပါက မကြာခဏ နှောင့်ယှက်ခြင်းကို ခံရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောနေရာများသည်လည်း နေထိုင်ရန် မသင့်တော်ပေ။ ရဲများက အနီးအနားတွင် ခိုးမှု သို့မဟုတ် လူသတ်မှု ဖြစ်ပွားခဲ့သည်ဟုဆိုကာ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုလျက်၊ ပြစ်မှုကျူးလွန်သူကို တွေ့မြင်ပါက ချက်ချင်းသတင်းပို့ရန် လူတို့အား ပြောဆိုလျက် ရက်အနည်းငယ်ကြာတိုင်း တံခါးလာခေါက်တတ်ကြသည်။ ရဲများသည် အမှုအခင်းများကို စုံစမ်းစစ်ဆေးနေသည်ဟု အခိုင်အမာဆိုကာ ဆင်ခြေမျိုးစုံကို အကြောင်းပြချက်အဖြစ် အသုံးပြုလျက် တံခါးများကို အစဉ်လာခေါက်ကြသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် အပြင်လူများနှင့် သူစိမ်းများကို စစ်ဆေးနေခြင်းဖြစ်သည်၊ ပို၍ တိကျစွာဆိုရလျှင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောလူများအား ရှာဖွေနေခြင်း ဖြစ်သည်။ သင်သည် ထိုသို့သော ဧည့်ခံအိမ်၌ နေထိုင်ပါက ဘေးကင်းလုံခြုံသည့် ခံစားချက်တစ်ခုတလေ ခံစားရမည်လော။ (ခံစားရမည် မဟုတ်ပါ။) သင်သည် တစ်နေ့လုံး ရင်တမမဖြင့် နေရလိမ့်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဤပြင်ပရာဇဝတ်မှုများသည် ဧည့်ခံသည့်မိသားစုနှင့် မည်သည့် ပတ်သက်မှုမျှ မရှိသော်လည်း သင်သည် စိတ်အေးလက်အေးဖြစ်မည် မဟုတ်ပေ။ ထိုသို့သော ပတ်ဝန်းကျင်၌ နေထိုင်ခြင်းသည် သင်၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုက ခြိမ်းခြောက်ခံနေရသည်ဟု မကြာခဏ ခံစားရစေသည်။ တစ်နေ့နေ့တွင် ရဲများသည် ညီအစ်ကိုမောင်နှမများကို မြင်တွေ့သည့်အခါ ဤသူစိမ်းများကို စတင်မေးမြန်းပြီး ၎င်းတို့အား ဖမ်းဆီးသွားနိုင်သည်ကို မည်သူသိနိုင်မည်နည်း။ ဤသည်မှာ ကြောက်လန့်စရာကောင်းသည့် အခြေအနေဖြစ်သည်ဟု သင်တို့ ဆိုမည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့အပြင် တရုတ်လူမျိုးအများစုသည် လုံခြုံရေးအသိ ကင်းမဲ့ကြသည်။ တစ်စုံတစ်ဦး တံခါးခေါက်သည်ကို ကြားသည်နှင့်တစ်ပြိုင်နက် တံခါးဖွင့်ပေးကြပြီး ၎င်းတို့သည် ပုံမှန်အားဖြင့်လည်း မိမိတို့၏ တံခါးများကို သော့ခတ်လေ့မရှိကြပေ။ ယင်းက အမှုအခင်းများကို အလွယ်တကူ ဖြစ်ပေါ်စေသည်။ လွတ်လပ်မှုနှင့် ဒီမိုကရေစီရှိသော အနောက်နိုင်ငံများတွင် ကိုယ်ပိုင်နေအိမ်များကို ကိုယ်ပိုင်နယ်မြေများအဖြစ် သတ်မှတ်သည်။ အကယ်၍ အပြင်လူတစ်ဦးသည် ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်နယ်မြေတစ်ခုသို့ ဝင်ရောက်ပါက တရားမဝင်ဟု သတ်မှတ်ပြီး ထိုနေရာတွင် နေထိုင်သောလူများက ရဲကို ခေါ်မည်ဖြစ်သည်။ ထို့နောက် ကျူးကျော်ဝင်ရောက်သူသည် ဥပဒေအရ တာဝန်ခံရသည်။ သို့ဖြစ်၍ သူစိမ်းတစ်ဦးက တံခါးခေါက်ပါက သင်သည် တံခါးဖွင့်ပေးရန်မလိုပေ။ သင် ငြင်းဆိုနိုင်သည်။ တစ်စုံတစ်ဦးသည် သင်နှင့် တွေ့ဆုံရန် ချိန်းထားလျှင်ပင် သင်သည် အဆင်သင့်မဖြစ်သေးပါက သို့မဟုတ် စိတ်ပြောင်းသွားပါက သင်သည် တံခါးဖွင့်ပေးရန်မလိုသေးပေ။ သင်သည် ၎င်းတို့နှင့် ရက်ပြန်ချိန်းနိုင်သည်။ အနောက်နိုင်ငံများရှိ လူတို့တွင် ဤအခွင့်အရေးရှိသည်။ ၎င်းတို့တွင် ဤဥပဒေရေးရာ အသိရှိသည်။ သို့သော် တရုတ်လူမျိုးများတွင် ဤဥပဒေရေးရာ အသိ ကင်းမဲ့သည်။ ၎င်းတို့သည် တံခါးခေါက်သံကြားသည့်အခါတိုင်း အမြန်ဖွင့်ပေးကြသည်။ ဤသည်မှာ နိုးကြားမှုမရှိခြင်း၊ မိမိကိုယ်ကို ကာကွယ်သည့် အသိကင်းမဲ့ခြင်းနှင့် သက်ဆိုင်ရာဥပဒေများကို မရင်းနှီးခြင်းတို့အား ပြသနေသည်။ တရုတ်ပြည်သည် ဥပဒေအထက်၌ တစ်ပါတီအုပ်ချုပ်ရေးကို ထားရှိသည့် အာဏာရှင်နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် ၎င်း၏ ဥပဒေစနစ်သည် အပေါ်ယံ ဟန်ပြတစ်ခုသာ ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် တရုတ်ပြည်၌ ဥပဒေစိုးမိုးရေးကို လုံးဝ အလေးမထားဘဲ ပြုမူလျက်၊ မဆင်မခြင် မတော်မတရားမှုများကို ကျူးလွန်လျက်ရှိပြီး ပြည်သူများက လူ့အခွင့်အရေး ဘာဆိုဘာမျှ မရှိပေ။ တရုတ်လူမျိုးများသည် လူ့အခွင့်အရေးကို အာရုံမစိုက်ကြသည့်အပြင်၊ စည်းကမ်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာခြင်းနှင့် ဥပဒေကို လိုက်နာခြင်းဆိုင်ရာ အသိစိတ်တစ်ခုလည်း မဖြစ်ပေါ်ကြပေ။ အထူးသဖြင့် ၎င်းတို့တွင် မိမိကိုယ်ကို ကာကွယ်သည့် အသိ ကင်းမဲ့ပြီး လူအများစုသည် မိမိတို့ကိုယ်ကို ကာကွယ်ရန် ဥပဒေအား မည်သို့အသုံးပြုရမည်ကို မသိကြပေ။ ရလဒ်အနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် အာမခံချက်မရှိပေ။ အတိုချုပ်အားဖြင့် ပြည်သူ့လုံခြုံရေး ညံ့ဖျင်းသော၊ ရှုပ်ထွေးသော နောက်ခံများနှင့် ပင်ကိုလက္ခဏာများရှိသည့် နေထိုင်သူများရှိသော၊ မကြာခဏ စစ်ဆေးခြင်းများရှိသော သို့မဟုတ် ရာဇဝတ်မှုအမျိုးမျိုး မကြာခဏ ဖြစ်ပွားသော မည်သည့်နေရာတွင်မဆို လူတို့သည် ပြင်ပလောက၏ နှောင့်ယှက်မှုကြောင့် အလွယ်တကူ ထိခိုက်ခံရနိုင်သည်။ ထိုသို့သောနေရာသည် နေထိုင်ရန်အတွက် မသင့်တော်ပေ။ ဤသည်မှာ အရေးကြီးသော အလုပ်အမှုထမ်းများအတွက် က် နေရာထိုင်ခင်းများ စီစဉ်ပေးသည့်အခါ ထည့်သွင်းစဉ်းစားရမည့် ပြည်သူ့လုံခြုံရေးဆိုင်ရာ အချက်တစ်ချက် ဖြစ်သည်။

တာဝန်ထမ်းဆောင်နေသူများအတွက် နေထိုင်ရာပတ်ဝန်းကျင်ကို သေချာစွာရွေးချယ်ရမည်ဖြစ်ပြီး စည်ကားသော မြို့ပြဒေသများနှင့် အန္တရာယ်ရှိသော နေရာများကို ရှောင်ရှားခြင်းသည် အကောင်းဆုံးဖြစ်သည်။ စည်ကားသော မြို့ပြဒေသများဟူ၍ ငါတို့က အဘယ်နေရာများကို ရည်ညွှန်းသနည်း။ ၎င်းတို့တွင် မီးရထားလမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ လမ်းဆုံများနှင့် ဈေးများအနီးရှိ နေရာများကဲ့သို့သော နေရာများ ပါဝင်သည်။ အထူးသဖြင့် နေ့စဉ် မီးရထားအစင်းရေ မရေမတွက်နိုင်အောင် ဖြတ်သန်းသွားလာနေသည့် အဓိကမီးရထားလမ်းများတစ်လျှောက်တွင် အနီးအနားရှိ အိမ်များ၏ ကြမ်းပြင်များသည် ဖြတ်သန်းသွားသော မီးရထားတစ်စင်းစီတိုင်းနှင့်အတူ တုန်ခါနေသည်။ ထိုသို့သော ပတ်ဝန်းကျင်၌ တာဝန်ထမ်းဆောင်နေစဉ် ငြိမ်သက်အေးချမ်းမှု ရှာတွေ့ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့အပြင် နှစ်ပေါင်းများစွာ အိမ်၏အဝေးတွင် တာဝန်ထမ်းဆောင်ခဲ့သော အချို့လူများသည် အစဉ်မပြတ် စိုးရိမ်ပူပန်မှုဖြင့် နေထိုင်ကြရပြီး ၎င်းတို့၏ နှလုံးများက အကောင်းဆုံး အခြေအနေတွင် ရှိမနေသဖြင့် ထိုသို့သောနေရာများတွင် နေထိုင်ရန်မှာ ၎င်းတို့အတွက် သာ၍ပင် မသင့်တော်ပေ။ အကယ်၍ အသံဖမ်းအလုပ် သို့မဟုတ် စာအခြေပြု အလုပ်ကဲ့သို့သော အချို့အလုပ်များသည် တိတ်ဆိတ်သော ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါက အနည်းဆုံး ဆူညံသံ နှောင့်ယှက်မှု မရှိရသည့်အပြင် လုံခြုံရေးကိုလည်း အာမခံချက်ရှိရမည်ဖြစ်သည်။ ဤသည်မှာ အကောင်းဆုံးဖြစ်ပေမည်။ လုံးဝလုံခြုံသောနေရာမရှိပါက အတော်အတန် လုံခြုံသောနေရာကို ရှာဖွေရမည်။ ဤအခြေအနေတွင် ဆူညံသံအနည်းငယ်ရှိခြင်းက လက်ခံ၍ရနိုင်ပြီး ငါတို့သည် သတ်မှတ်ချက်များကို အလွန်မြင့်မားစွာ မထားသင့်ပေ။ နေထိုင်ရာပတ်ဝန်းကျင်သည် လုံခြုံနေသမျှကာလပတ်လုံး လုံလောက်ပေလိမ့်မည်။ ထို့အပြင် အိမ်သည် မီးပွိုင့်များ သို့မဟုတ် လမ်းဆုံတစ်ခုအနီးကဲ့သို့သော အဓိက ယာဉ်ကြောသွားလာရာနေရာတွင် တည်ရှိပါက နေ့စဉ် မရေမတွက်နိုင်သော လူသွားလူလာများနှင့် ယာဉ်များ ဖြတ်သန်းသွားလာနေလိမ့်မည်ဖြစ်သည်။ ထိုသို့သောအိမ်သည် များပြားလှသော ဖြတ်သွားဖြတ်လာများ၏ အမြင်တွင် ပေါ်လွင်နေပြီး ဖြတ်သွားသောလူများသည် သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အိမ်အတွင်းရှိလူများကို အလွယ်တကူ မြင်တွေ့နိုင်သည်။ အထူးသဖြင့် ညဘက် မီးများဖွင့်ထားသည့်အခါ အိမ်ထဲက အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထိုသို့သောအိမ်သည် နေထိုင်ရန်အတွက် လက်ခံနိုင်စရာဖြစ်သေးသည်ဟု သင်ဆိုမည်လော။ ဤပတ်ဝန်းကျင်သည် သင့်တော်သလော။ (မသင့်တော်ပါ။) အမှန်ပင် မသင့်တော်ပေ။ ထိုသို့သောနေရာ၌ နေထိုင်သောလူများသည် မကြာခဏ နှောင့်ယှက်ခြင်းကို ခံရပြီး သူစိမ်းများက ၎င်းတို့အား စောင့်ကြည့်နေသည်ကို မကြာခဏ တွေ့မြင်ရသည်။ သူစိမ်းတစ်ဦးနှင့် မျက်လုံးချင်းဆုံမိသည့်အခါ ၎င်းတို့ လန့်ဖျပ်သွားကြပြီး နေ့စဉ် စိတ်မသက်မသာ ခံစားရကာ စဉ်ဆက်မပြတ် စောင့်ကြည့်ခံနေရသည်ဟု ခံစားနေရသည်။ အမှုအရာများကို ညွှန်ကြားပြီး ထိန်းချုပ်နေသည့် တစ်စုံတစ်ဦးက နောက်ကွယ်တွင်ရှိနေသလောဟူသည်ကို မည်သူသိမည်နည်း။ ထိုသို့သော ပတ်ဝန်းကျင်၌ နေထိုင်ခြင်းက စိတ်သက်သာရာရနိုင်မည်ဟု သင်တို့ ထင်သလော။ ထို့အပြင် အချို့အိမ်များသည် အရည်အသွေးမကောင်းသည့်အပြင်၊ အသံမလုံသဖြင့် အတွင်း၌ အသံကျယ်ကျယ်ဖြင့် စကားပြောသည့်အခါ သို့မဟုတ် ဓမ္မတေးများ ဖွင့်သည့်အခါ အပြင်မှလူများက အရာအားလုံးကို ကြားနိုင်သည်။ ထို့အပြင် အချို့အိမ်များသည် ရပ်ကွက်၏ အမြင့်ဆုံးနေရာတွင် တည်ရှိနေကြသည်၊ ထိုသို့သောအခြေအနေတွင် ၎င်းတို့သည် မိုးကြိုးပစ်ခြင်းကို ခံရတတ်ရုံသာမက ညီအစ်ကိုမောင်နှမများ အပြင်ထွက်သည့်အခါတိုင်း ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများကလည်း မြင်တွေ့နိုင်သည်။ ၎င်းတို့အတွက် လေဝင်လေထွက်ရရန် သို့မဟုတ် အေးမြစေရန်အတွက် ရံဖန်ရံခါ ပြတင်းပေါက်ဖွင့်ရန်ပင် အဆင်မပြေပေ။ ပြတင်းပေါပ်များကို လိုက်ကာများချလျက် တင်းကျပ်စွာ ပိတ်ထားရမည်ဖြစ်ရာ မည်သည့်အလင်းရောင်မျှ ဝင်ရောက်ခြင်းမရှိသည့်အပြင် လှုပ်ရှားသွားလာရန် အပြင်ထွက်ခြင်းမှာ သာ၍ပင် အဆင်မပြေပေ။ အပြင်မှလူများ၏ စောင့်ကြည့်ခြင်းနှင့် သတိပြုမိခြင်းကို ခံရမည်အား အစဉ်မပြတ် စိုးရိမ်ပူပန်နေရသည်။ ညီအစ်ကိုမောင်နှမများသည် တစ်ပြိုင်တည်း ဝင်ထွက်သွားလာခြင်း မရှိကြသော်လည်း တစ်စုံတစ်ဦး ဝင်သည့်အခါ သို့မဟုတ် ထွက်သည့်အခါတိုင်းတွင် အပြင်မှလူများက ရှင်းလင်းစွာ မြင်နိုင်သည်။ အဆုံးတွင် ၎င်းတို့သည် ဤအိမ်၌ သူစိမ်းမည်မျှ နေထိုင်သည်ကို ယေဘုယျအားဖြင့် သိရှိသွားကြလိမ့်မည်။ ဤနေရာတွင် နေထိုင်ပါက လူတို့၏ လုံခြုံရေးကို အာမခံနိုင်သေးသည်ဟု သင်တို့ ဆိုမည်လော။ (မဆိုနိုင်ပါ။) အချို့လူများက “ကျွန်ုပ်တို့သည် အများအားဖြင့် အိမ်တွင်း၌ တာဝန်ထမ်းဆောင်နေကြပြီး အပြင်ထွက်လျှင်ပင် အလှည့်ကျထွက်ကြကာ တစ်ပြိုင်တည်း မထွက်ကြပါ။ ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများသည် မည်သည့်အရာကိုမျှ သိရှိကြမည်မဟုတ်ပါ” ဟု ထင်မှတ်ကြသည်။ သို့သော် သင်သည် အလှည့်ကျထွက်လျှင်ပင် တစ်စုံတစ်ဦးက သင်သည် သူစိမ်းတစ်ဦးဖြစ်ကြောင်း သတိပြုမိပါက ထိုအရာက ဒုက္ခပြဿနာဖြစ်စေလိမ့်ဦးမည်သာ ဖြစ်သည်။ များစွာသော ဘာသာတရားမရှိသူများသည် မိမိတို့ကိုယ်တိုင် ကောင်းမွန်သောဘဝများဖြင့် အသက်မရှင်ကြသော်လည်း အခြားသူများ၏ ကိစ္စရပ်များကို စောင့်ကြည့်လေ့လာခြင်းနှင့် စပ်စုခြင်းတို့၌ အထူးပင် ပျော်မွေ့ကြသည်။ အချို့သည် အတွင်း၌ သင် ဘာလုပ်နေသည်ကို ကြည့်ရှုရန် မှန်ပြောင်းများသုံး၍ပင် သင်တို့ကို ချောင်းမြောင်းကြည့်ရှုကြပေမည်။ ယုံကြည်သူများ စုဝေးနေသည်ကို ၎င်းတို့ တွေ့ရှိပါက ဆုငွေရရန် အစိုးရထံ အလျင်အမြန် သွားရောက်သတင်းပို့ကြသည်။ ထိုသို့သောလူတစ်ဦးက သင်တို့ကို မျက်စိကျသွားသည်နှင့်တစ်ပြိုင်နက် ဤသည်မှာ အန္တရာယ်ရှိသော အခြေအနေတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့က သင့်အပေါ် မျက်စိကျသွားသည်နှင့်တစ်ပြိုင်နက် ထိုအရာမှ ကောင်းကျိုးတစ်စုံတစ်ရာ ထွက်ပေါ်နိုင်သလော။ သင်သည် ဧကန်မုချ ဖမ်းဆီးခြင်းခံသွားရလိမ့်မည် ဖြစ်သည်။ မည်သည့်နိုင်ငံ၊ မည်သည့်ဒေသ၌ပင်ဖြစ်စေ သူတစ်ပါးအရေး ဝင်စွက်ဖက်တတ်သူများ လုံးဝမရှားပါးပေ။ ၎င်းတို့သည် သင်တို့ကို စောင့်ကြည့်ခြင်းအတွက် တစ်ပြားတစ်ချပ်မျှ မရလျှင်ပင် ထိုသို့ပြုလုပ်ရန် လိုလားသည်ထက်ပိုကြသည်။ ၎င်းတို့သည် စောင့်ကြည့်နေရန် အချိန်ပေးဖို့ မိမိတို့၏ ကိုယ်ပိုင်အလုပ်ကိုပင် ရွှေ့ဆိုင်းပြီး ကိုယ့်အိတ်ထဲမှပင် စိုက်ထုတ်ကြပေလိမ့်မည်။ ပြီးလျှင် သင်တို့ကို သတင်းပို့ခြင်းအတွက် ဆုငွေရှိပါက ထိုသို့ပြုလုပ်ရန် သာ၍ပင် စိတ်အားထက်သန်ကြလိမ့်မည်။ အထူးသဖြင့် တရုတ်ပြည်ကဲ့သို့သော အာဏာရှင်နိုင်ငံတစ်နိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်သောသူတို့အား စောင့်ကြည့်နေသောလူများ အလွန်များပြားလှသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ဘုရားသခင်ကို ယုံကြည်သောသူတို့အပေါ် အလွန်အမင်း မနှစ်မြို့ခြင်းအား ခံစားကြရသောကြောင့် ယုံကြည်သူများ အတူတကွ ပေါင်းသင်းဆက်ဆံခြင်း သို့မဟုတ် စုဝေးခြင်းကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် သတင်းပို့ကြသည်။ သတင်းပို့ခြင်းအတွက် ဆုငွေရှိပါက ၎င်းတို့သည် ထိုသို့ပြုလုပ်ရာတွင် မမောနိုင်မပန်းနိုင်ဖြစ်သည့် စိတ်ကျေနပ်မှုကို တွေ့ရှိကြသည်။ ဤသည်မှာ အသင်းတော်အတွက် ဒုက္ခပြဿနာကို အလွယ်တကူ မဆောင်ကြဉ်းပေးသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤနည်းလမ်းဖြင့် နှောင့်ယှက်ခြင်းခံနေရပါက ခေါင်းဆောင်များနှင့် အမှုဆောင်များက နေရာချမှုများကို ကောင်းမွန်စွာ မစီစဉ်ခဲ့သောကြောင့် မဟုတ်လော။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များက အမှုအရာများအား စေ့စေ့စပ်စပ် မစဉ်းစားခဲ့သောကြောင့် အရေးကြီးသော အလုပ်အမှုထမ်းများကို နေရာချထားပေးခြင်းအတွက် တည်နေရာနှင့် ပတ်ဝန်းကျင်သည် မသင့်တော်ပါက ဤသည်တို့မှာ ဖြစ်ပေါ်လာသည့် အကျိုးဆက်များ ဖြစ်ကြသည်။ လူတစ်ဦး နေထိုင်သောနေရာသည် အာရုံစိုက်မှုကို အလွန်ဆွဲဆောင်ပါက အမှုအရာများကို အလွယ်တကူ မှားယွင်းသွားစေနိုင်သည်။ တစ်စုံတစ်ခု မှားယွင်းသွားသည့်အခါမှသာ ဤနေရာသည် နေထိုင်ရန် မသင့်တော်ကြောင်း သင် သဘောပေါက်သည့်အချိန်တွင်မူ အလွန်နောက်ကျနှင့်ပြီးဖြစ်သည်။ သို့ဖြစ်၍ တာဝန်ထမ်းဆောင်နေသူများအတွက် သင့်တော်သော နေထိုင်ရာနေရာကို ရွေးချယ်ခြင်းသည်လည်း အဓိကကျသော တာဝန်တစ်ရပ်ဖြစ်ပြီး ညံ့ဖျင်းသော ရွေးချယ်မှုသည် အန္တရာယ်ကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။

၃။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အမှုထမ်းများအတွက် နေရာချထားပေးခြင်းအလုပ်ကို လုပ်ဆောင်ရမည့်နည်းလမ်း

အရေးကြီးသော အလုပ်အမှုထမ်းများ၏ နေထိုင်ရာပတ်ဝန်းကျင်အတွက်၊ အတွင်းပိုင်းပတ်ဝန်းကျင်နှင့် သက်ဆိုင်သည်ဖြစ်စေ၊ ပြင်ပပတ်ဝန်းကျင်နှင့် သက်ဆိုင်သည်ဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ရှုထောင့်အားလုံးကို စေ့စေ့စပ်စပ် ထည့်သွင်းစဉ်းစားသင့်သည်။ ၎င်းတို့က ပြင်ပလောကနှင့် ငါတို့ ဆက်ဆံခြင်းမရှိလျှင် မည်သည့်အရာမျှ ဖြစ်လာမည်မဟုတ်ဟု အမြဲ ယူဆလျက် မိမိတို့၏ တွေးခေါ်မှုတွင် ရိုးရှင်းမနေသင့်ပေ။ ယနေ့ခေတ် လူ့အဖွဲ့အစည်းသည် အလွန်အမင်း ရှုပ်ထွေးသည်၊ နတ်ဆိုးမျိုးစုံနှင့် ပြည့်နှက်နေကာ မည်သည့်နေရာ၌ပင်ဖြစ်စေ သင်တို့ကို စောင့်ကြည့်နေသော သူတစ်ပါးအရေး ဝင်စွက်ဖက်တတ်သူများ အစဉ်ရှိနေပြီး ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ရှောင်ရှားရန် မဖြစ်နိုင်ပေ။ သင်တို့က “ငါသည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့သည့်အပြင်၊ မည်သည့်အမှားကိုမျှ မလုပ်ဆောင်ခဲ့ပါ။ ငါသည် ငါ့တာဝန်ကို ရိုးရှင်းစွာ ထမ်းဆောင်နေခြင်းသာ ဖြစ်သည်၊ ငါ့အပေါ် မည်သည့်အရာမျှ မဖြစ်သင့်ပါ၊ မှန်ပါသလော”ဟု တွေးကောင်း တွေးပေမည်။ သို့သော် အဖြစ်မှန်များက သင် စိတ်ကူးသလောက် မရိုးရှင်းပေ။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ဆန့်ကျင်ရန်နှင့် ဘုရားသခင်၏ အသင်းတော်ကို နှိပ်ကွပ်ရန် ဤမျှလောက်များပြားသော လူအင်အားနှင့် အရင်းအမြစ်များကို အဘယ်ကြောင့် အသုံးပြုသနည်း။ ဤအရာကို သင်တို့ နားလည်နိုင်သလော။ မည်သည့်အခါမျှ နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ နတ်ဆိုးများနှင့် စာတန်များ၏ သဘာဝကို သင်တို့ မည်မျှ ထွင်းဖောက်မြင်နိုင်သနည်း။ သင်တို့သည် နတ်ဆိုးများနှင့် စာတန်များအကြောင်း အလွန်ပင် နည်းပါးစွာ နားလည်ကြသည်။ ဤလူ့အဖွဲ့အစည်းသည် အလွန့်အလွန် ရှုပ်ထွေးပြီး နတ်ဆိုးများနှင့် စာတန်များသည် ဒုစရိုက်အမှုများကို ကျူးလွန်သော အယုတ်တမာများ ဖြစ်ကြသည်။ ၎င်းတို့ အလိုချင်ဆုံးအရာမှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ဖမ်းဆီးပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်ရန် ဖြစ်သည်။ အကယ်၍ သင်သည် စာတန်များကို သာမန်လူများအဖြစ် အစဉ်ရှုမြင်ပါက သင် အမှန်တကယ် မသိနားမလည်သောသူဖြစ်သည်။ ဤသည်မှာ သင်သည် ဤလူ့အဖွဲ့အစည်း၏ ဆိုးယုတ်မှုကို ထွင်းဖောက်မမြင်သေးသည့်အပြင် နတ်ဆိုးများနှင့် စာတန်များ၏ မုန်းတီးဖွယ်ကောင်းမှုကို ဧကန်မုချ ထွင်းဖောက်မမြင်သေးကြောင်းကို ပြသနေသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အသင်းတော်၏အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသူများ၏ လုံခြုံရေးအား အာမခံရမည်ဖြစ်သည်။ ဤသည်မှာ အဆုံးစွန် အရေးအကြီးဆုံးသောအရာ ဖြစ်သည်။ ယုံကြည်မှု လွတ်လပ်ခွင့်မရှိသော အာဏာရှင်အုပ်ချုပ်မှုအောက်ရှိ နိုင်ငံတစ်နိုင်ငံတွင် မိမိတို့တာဝန်ထမ်းဆောင်နေသူများ၏ လုံခြုံရေးကို အာမခံခြင်းသည် အတော်လေး ခက်ခဲသည်။ သို့သော် မည်မျှပင် ခက်ခဲသည်ဖြစ်စေ သင့်တော်သော နေထိုင်ရာနေရာများကို သေချာစွာ ရွေးချယ်ရမည်ဖြစ်သည်။ ဤအရာနှင့်စပ်လျဉ်း၍ မည်သည့် သတိမမူမိခြင်းမျှ ရှိ၍မရပေ။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များတွင် ဤကိစ္စရပ်များအပေါ် မိတ်သဟာယဖွဲ့ခြင်း ပါဝင်ပြီးဖြစ်သည်။ ညီအစ်ကိုမောင်နှမများအနေဖြင့် နှောင့်ယှက်မှုမှလည်းကောင်း၊ ပြင်ပလောက၏ နှောင့်ယှက်မှုမှလည်းကောင်း ကင်းလွတ်လျက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြောင်းကို ခေါင်းဆောင်နှင့် အမှုဆောင်များက သေချာစေရမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးကို ယင်းထဲသို့ နှစ်ထားသမျှကာလပတ်လုံး ဤအရာကို ပြီးမြောက်အောင်မြင်နိုင်သည်။ တစ်ခုတည်းသော ပူပန်စရာမှာ ၎င်းတို့အနေဖြင့် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို လျစ်လျူရှုလျက် မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးကိုသာ ကြည့်ရှုရင်း ဝတ်ကျေတမ်းကျေနှင့် တာဝန်မဲ့စွာ ပြုမူသည့်အခါတွင် ဖြစ်သည်။ ဤအရာက အသင်းတော်၏အလုပ်အား ကောင်းမွန်စွာ လုပ်ဆောင်ရန် မဖြစ်နိုင်အောင် ဖြစ်စေသည်။ အကယ်၍ သင်၏ သတိမမူမိခြင်း၊ စိတ်ထက်သန်မှု ကင်းမဲ့ခြင်း၊ တာဝန်မဲ့မှု သို့မဟုတ် ပတ်ဝန်းကျင်နှင့် ဒုက္ခကို ကြောက်ရွံ့မှုတို့ကြောင့် ဤအရာများကို လုပ်ဆောင်ရန် သင် ပျက်ကွက်ခဲ့ပြီး အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသည့် အမှုထမ်းများ ဖမ်းဆီးခြင်းခံရကာ ညီအစ်ကိုမောင်နှမများ၏ အသက်များကို ခြိမ်းခြောက်ခံရစေလျက် အသင်းတော်အလုပ်ကို နှောင့်နှေးစေပြီး ညီအစ်ကိုမောင်နှမများကိုလည်း အန္တရာယ်ဖြစ်စေခဲ့ပါက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင် တာဝန်ယူသင့်ပေသည်။ ဤတာဝန်ကို လျော်ကြေးငွေအချို့ သုံးစွဲခြင်းဖြင့် သို့မဟုတ် ဆုတောင်းခြင်းမှတစ်ဆင့် ဝန်ခံခြင်းဖြင့်​ ရိုးရှင်းစွာ ဖြေရှင်း၍မရနိုင်ပေ။ ယင်းမှာ ထိုမျှ မရိုးရှင်းပေ။ သို့ဆိုလျှင် ဤကိစ္စ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းမှာ မည်သည့်အခါမျှ ဖျောက်ဖျက်၍မရသော အစွန်းအထင်းတစ်ခု၊ ထာဝရတည်မြဲသော ပြစ်မှားခြင်းတစ်ခု ဖြစ်သည်။ သင်သည် အပြစ်တစ်ခု မှတ်တမ်းတင်ခံရပြီးဖြစ်သည်။ ဤ“အပြစ်မှတ်တမ်းတင်ခြင်း”သည် သာမန်အမှားတစ်ခုကို မညွှန်းဆိုပေ။ ဘုရားသခင်၏ အမြင်တွင် ယင်းမှာ ပြစ်မှားခြင်းတစ်ခု ဖြစ်သည်။ သင်၏ ပြစ်မှားခြင်းများက အလွန်များပြားပါက၊ အတိတ်တွင် ပြစ်မှားခြင်းများ ကျူးလွန်သည့်နောက်၊ ယနေ့တွင်လည်း ကျူးလွန်နေဆဲဖြစ်ကာ နောင်အနာဂတ်တွင် ထပ်မံကျူးလွန်ဦးမည်ဆိုပါက အဓိကကျသော ပြစ်မှားခြင်းများစွာ ပေါင်းစပ်လိုက်သည့်အခါ သင်သည် ပျက်စီးခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ခံရလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်တော့မည် မဟုတ်သည့်အပြင်၊ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်သွားပြီး ဖြစ်လိမ့်မည်။ သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိလိမ့်မည် မဟုတ်သည်သာမက အပြစ်ဒဏ်ကိုလည်း ရင်ဆိုင်ရလိမ့်မည်။ ထို့ကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏အလုပ်ကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်းက အလွန်အရေးကြီးလှသည်။ ဤအရာကို သင်တို့ အလွတ်ရကြပြီလော။ (အလွတ်ရပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသင့်ပြီး ပတ်ဝန်းကျင်က မည်မျှပင် ဆိုးရွားနိုင်သည်ဖြစ်စေ၊ အန္တရာယ်များနိုင်စေကာမူ ၎င်းတို့သည် အရေးကြီးသော အလုပ် အမှုထမ်းများ၏ လုံခြုံရေးကို ကာကွယ်ရန်နှင့် ၎င်းတို့အတွက် ကောင်းမွန်စွာ နေရာချထားပေးရန် ဒေသဆိုင်ရာ အခြေအနေများအရ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ရမည်။ ရည်မှန်းချက်မှာ အသင်းတော်၏အလုပ်အား ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်သည်ကို သေချာစေရန် ဖြစ်သည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အရေးကြီးသော အလုပ်အမှုထမ်းများအတွက် စီစဉ်ပေးသည့် နေရာများသည် ပြင်ပလောက၏ နှောင့်ယှက်မှုမှ ကင်းလွတ်ကြောင်း သေချာစေရန်အလို့ငှာ နေထိုင်ရာနေရာနှင့် ၎င်း၏ပတ်ဝန်းကျင်အတွက် သတ်မှတ်ချက်များနှင့် စည်းမျဉ်းများ ရှိခြင်းအပြင် ဧည့်ခံသည့်မိသားစု၏ အခြေအနေနှင့်ဆိုင်သည့် ကဏ္ဍအမျိုးမျိုးအတွက်လည်း သတ်မှတ်ချက်များနှင့် စည်းမျဉ်းများ ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဖြစ်နိုင်ခြေရှိသော ဧည့်ခံသည့်မိသားစုတစ်ခုကို ရှာတွေ့သောအခါ ၎င်းတို့သည် ထိုမိသားစု၏ ပတ်ဝန်းကျင်နှင့် အခြေအနေများက မည်သို့ရှိသည်၊ ထိုမိသားစုဝင်များ၏ အခြေအနေ၊ ၎င်းတို့က အခြားသူများနှင့် အငြင်းပွားမှု တစ်ခုတလေ ရှိမရှိ၊ ရန်သူတစ်ဦးတလေ ရှိမရှိ၊ အစိုးရနှင့် တွယ်ငြိပတ်သက်မှုများ တစ်ခုတလေ ရှိမရှိ၊ တရားစွဲဆိုမှုများတွင် မကြာခဏ ပါဝင်ပတ်သက်ခြင်း ရှိမရှိ၊ ရှုပ်ထွေးသော လူမှုရေးဆက်ဆံရေးများ ရှိမရှိ စသည်တို့ကို ဦးစွာ မေးမြန်းသင့်သည်။ ဤအခြေခံကျသော အခြေအနေအားလုံးကို စေ့စေ့စပ်စပ် မေးမြန်းပြီး လေ့လာသိရှိထားသင့်သည်။ အကယ်၍ ဧည့်ခံသည့်သူ သို့မဟုတ် ၎င်းတို့၏ သားသမီးများနှင့် အခြားမိသားစုဝင်များတွင် ရှုပ်ထွေးသော လူမှုရေးဆက်ဆံရေးများ ရှိပြီး မိသားစုက အစဉ်မပြတ် မတည်မငြိမ်ဖြစ်နေပါက၊ ပြဿနာရှာရန် သို့မဟုတ် အကြွေးတောင်းရန် မသမာသူများ မကြာခဏ လာရောက်ပါက သို့မဟုတ် ဓားပြများ သို့မဟုတ် လုယက်သူများထံမှ ခြိမ်းခြောက်စာများအပြင် အစိုးရ သို့မဟုတ် တရားရုံးထံမှ ဆင့်ခေါ်စာများကို လက်ခံရရှိပါက ဤသည်တို့မှာ အလွန် ဒုက္ခများသော ကိစ္စရပ်များချည်းသာ ဖြစ်ကြသည်။ သင်သည် ဤအိမ်ထောင်စု၌ စုဝေးပါက သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်နေပါက၊ ဤသည်တို့မှာ အနှောင့်အယှက်များဖြစ်မည် မဟုတ်လော။ သို့ဖြစ်၍ သင်သည် ဤဧည့်ခံသည့်မိသားစုကို ရှာတွေ့သောအခါ ၎င်းတို့၏ အခြေခံကျသော အခြေအနေနှင့်ပတ်သက်၍ ဦးစွာ မေးခွန်းများ မေးမြန်းပြီး လေ့လာသိရှိသင့်သည်။ ဤပြဿနာများ မရှိပါက အကောင်းဆုံးဖြစ်သည်၊ သို့သော် ရှိနေပြီး သင်သည် လတ်တလောတွင် ပို၍သင့်တော်သောနေရာကို ရှာမတွေ့နိုင်သေးပါက ဧည့်ခံသည့်သူသည် ဤပြဿနာများကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း ရှိမရှိဟူသည်ကို စဉ်းစားလော့။ အကယ်၍ ဧည့်ခံသည့်သူသည် ၎င်းတို့ကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်သည့်အပြင်၊ ဤကမောက်ကမဖြစ်သော ပြဿနာများကို မဖယ်ရှားနိုင်ပါက ဤနေရာတွင် နေထိုင်ခြင်းက ၎င်းတို့အနေဖြင့် ပြင်ပလောကနှင့် ပြင်ပလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ နှောင့်ယှက်မှုကို အချိန်မရွေး ခံရနိုင်သည့်သဘောဖြစ်သည်နှင့်အမျှ ဤအိမ်ထောင်စုသည် ညီအစ်ကိုမောင်နှမများကို ဧည့်ခံရန် မသင့်တော်ပေ။ ဤပတ်ဝန်းကျင်များသည် ဘုရားသခင်ကို ယုံကြည်သောလူများကို တိုက်ရိုက် ပစ်မှတ်ထားခြင်း မဟုတ်ပေ။ သို့သော် ယုံကြည်သူများသည် ဘာသာတရားကို ညှဉ်းပန်းနှိပ်စက်သည့် နိုင်ငံတစ်နိုင်ငံတွင် အထူးသတိထားရမည့် အုပ်စုတစ်စု ဖြစ်ကြသည့်အပြင် ဝါဒဖြန့်ချိရန်၊ ဦးနှောက်ဆေးကြောရန်၊ ကောလာဟလများ လုပ်ကြံဖန်တီးရန်နှင့် အသရေဖျက်ရန် အစိုးရ၏ စေ့စေ့စပ်စပ် ကြိုးပမ်းအားထုတ်မှုများကြောင့် ဘာသာတရားမရှိသူများသည် ဘုရားသခင်ကို ယုံကြည်သောလူများအား နားလည်ရန် ပျက်ကွက်သည်သာမက စီစီပီ၏ လေလုံးကိုပင် ယုံကြည်လာကြပြီး ယုံကြည်သူများအပေါ် အထူးမုန်းတီးခြင်းနှင့် ရန်လိုမုန်းတီးခြင်းတို့ ဖြစ်ပေါ်လာကြသည်။ သို့ဖြစ်၍ အိမ်ထောင်စုတစ်ခုက ယုံကြည်သူများကို ဧည့်ခံနေကြောင်း ၎င်းတို့ သိရှိသွားပါက ဧည့်ခံသည့်မိသားစုအတွက်ရော ညီအစ်ကိုမောင်နှမများအတွက်ပါ အလွန် အန္တရာယ်ရှိလာသည်။ ညီအစ်ကိုမောင်နှမများသည် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်သည့်အခါ နှောင့်ယှက်မှုကို မကြာခဏ ခံရသည်သာမက ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကိုလည်း မသေချာစေနိုင်ပေ။ သို့ဖြစ်လျှင် အဘယ်ကြောင့် ၎င်းတို့ကို ထိုနေရာတွင် ဆက်လက်နေထိုင်စေရမည်နည်း။ ယင်းသည် သိသာထင်ရှားစွာပင် နေထိုင်ရန် မသင့်တော်သော အန္တရာယ်ရှိသည့်နေရာတစ်ခု ဖြစ်သည်။ ၎င်းတို့ကို လျင်မြန်စွာ နေရာပြောင်းရွှေ့ပေးသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများအတွက် နေရာချထားမှုများကို စီစဉ်ပေးပြီးနောက် “၎င်းတို့ စားသောက်ရန်နှင့် အိပ်စက်ရန် နေရာတစ်ခုရှိနေသမျှ၊ လေဒဏ်မိုးဒဏ်မှ ကွယ်ကာခံရနေသမျှ အဆင်ပြေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်နေသမျှ ပြဿနာမရှိပါ။ မည်သို့ပင်ဖြစ်စေ အလွန်များသော သင့်တော်သည့်နေရာများကို ကျွန်ုပ်တို့ အဘယ်မှာ ရှာတွေ့နိုင်မည်နည်း”ဟု တွေးလျက် ခေါင်းမရှောင်သင့်ပေ။ ဤသည်မှာ အလွန် တာဝန်မဲ့ခြင်းပင်တည်း။အကယ်၍ ထိုအချိန်တွင် သင့်တော်သောနေရာ မရှိပါက ၎င်းတို့သည် ထိုနေရာတွင် ယာယီ နေထိုင်နိုင်သည်။ သို့သော် သင်သည် ၎င်းတို့ကို အမြန်ဆုံး နေရာပြောင်းရွှေ့ပေးရန် သင့်တော်သောနေရာတစ်ခုကို ချက်ချင်း ရှာဖွေသင့်သည်၊ ဤနေရာကို ရေရှည်နေထိုင်ရာအဖြစ် သဘောမထားနှင့်။

အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မဆောင်ရွက်ကြပေ။ ၎င်းတို့သည် နေရာတစ်ခုခုတွင် အရေးကြီးသော အလုပ်အမှုထမ်းများကို နေရာချထားပေးပြီး အစားအသောက်နှင့် အနားယူသည့် အခြေအနေများ မည်သို့ရှိသည်ကို မေးမြန်းကာ ဘာသာတရား မရှိသူတစ်ဦးတလေက ၎င်းတို့ကို စောင့်ကြည့်နေခြင်း ရှိမရှိဟူသည်ကို မေးမြန်းကြသည်။ ရက်အနည်းငယ်ကြာ မည်သည့်ထူးခြားမှုမျှ မတွေ့ရကြောင်း ကြားသိရသည်နှင့် ၎င်းတို့သည် ထိုကိစ္စကို လျစ်လျူရှုလိုက်ပြီး ခြောက်လ သို့မဟုတ် ထို့ထက်ပို၍ကြာသည်အထိ ၎င်းတို့ကို နောက်တစ်ကြိမ် သွားရောက်ကြည့်ရှုခြင်း မပြုကြတော့ပေ။ ၎င်းတို့သည် နေရာချထားမှုများကို ကောင်းစွာ စီစဉ်ခဲ့ပြီးဖြစ်ကြောင်းနှင့် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်ကြောင်း ယုံကြည်ကြကာ အရာအားလုံး ပြီးစီး၍ အဆင်ပြေသွားပြီဟု မှတ်ယူကြသည်။ ထိုပတ်ဝန်းကျင်သည် နောင်တွင် နှောင့်ယှက်မှုကို ခံရမည်လော သို့မဟုတ် ဖြစ်နိုင်ခြေရှိသော ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များ တစ်စုံတစ်ရာ ရှိမရှိဟူသည်နှင့်ပတ်သက်၍မူ ၎င်းတို့ နောက်ထပ် အာရုံမစိုက်ကြတော့ပေ။ ဤသည်မှာ သင့်တော်သလော။ (မသင့်တော်ပါ။) အဘယ်ကြောင့် မသင့်တော်သနည်း။ (နေရာချထားမှုများကို စီစဉ်ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် နောက်ဆက်တွဲလုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ အကယ်၍ ၎င်းတို့ မလုပ်ဆောင်ပါက ညီအစ်ကိုမောင်နှမများသည် အန္တရာယ်ရှိသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပြီး နေရာမပြောင်းရွှေ့နိုင်လျှင်၊ အဖမ်းခံရခြင်းဖြင့် အဆုံးသတ်သွားနိုင်ပါသည်။) သို့သော် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “သင်တို့အားလုံးသည် အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်၊ ငါ အမှန်တကယ် နောက်ဆက်တွဲလုပ်ဆောင်ပေးရန် လိုအပ်သလော။ အန္တရာယ်ရှိသလောဟူသည်ကို သင် မမြင်နိုင်သလော။ သင် မမြင်နိုင်ပါက သင်၏ ဦးနှောက်များ အလုပ်မလုပ်ခြင်းပင် ဖြစ်ရမည်။ အန္တရာယ်ကို သတိပြုမိပါက သင်တို့ကိုယ်တိုင် နေရာပြောင်းရွှေ့လိုက်ကြ​လော့၊ ငါ ပြောပြရန် အမှန်တကယ် လိုအပ်သလော”ဟု တွေးကြသည်။ ၎င်းတို့သည် ဤနည်းလမ်းဖြင့် ကျိုးကြောင်းဆင်ခြင်ကြသည်။ ဤကျိုးကြောင်းဆင်ခြင်မှုသည် အဓိပ္ပာယ်ရှိသည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) အဘယ်ကြောင့် မထင်သနည်း။ (အဘယ်ကြောင့်ဆိုသော် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ ဘေးကင်းလုံခြုံမှုကို သေချာစေခြင်းသည် နဂိုမူလကတည်းက ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းသည် ၎င်းတို့ ထမ်းဆောင်သင့်သည့် ၎င်းတို့၏ အခန်းကဏ္ဍတွင် ပါဝင်သော အလုပ်ဖြစ်ပါသည်။) ၎င်းတို့သည် ဤအရာကို ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မမြင်ကြပေ။ ၎င်းတို့သည် ဤသည်မှာ ကောင်းမှုများပြုသည့် လေးဖုန်၏ ပုံသက်သေကို လိုက်လျောက်ခြင်းကဲ့သို့သော ညီအစ်ကိုမောင်နှမများကို ကူညီခြင်းမျှသာဖြစ်သည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် ဤအရာကို အသင်းတော်၏အလုပ်အား ထိန်းသိမ်းကာကွယ်ရန် လုပ်ဆောင်ခြင်းအဖြစ်လည်း မရှုမြင်ကြဘဲ ယင်းအစား အမှုထမ်းများအတွက် နေရာချထားမှုများကို စီစဉ်ပေးခြင်းမျှသာဖြစ်ပြီး အသင်းတော်အလုပ်နှင့် ဆက်စပ်မှုမရှိဟု ရှုမြင်ကြသည်။ ဤသည်မှာ မိုက်မဲသည်ဟု သင်တို့ ဆိုမည် မဟုတ်လော။ မည်သည့် လူစားမျိုးက ဤနည်းလမ်းဖြင့် စဉ်းစားတွေးခေါ်မည်နည်း။ (တာဝန်ယူစိတ်မရှိသော လူတစ်ဦး ဖြစ်ပါသည်။) ထိုပျင်းရိသော၊ သစ္စာမဲ့သော၊ တာဝန်မဲ့သော အယောင်ဆောင် ခေါင်းဆောင်များသည် ဤနည်းလမ်းဖြင့် တွေးခေါ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အလုပ်ကို မထိန်းသိမ်း မကာကွယ်ကြပေ၊ ညီအစ်ကိုမောင်နှမများအတွက် နေရာတစ်ခု စီစဉ်ပေးပြီးနောက် ၎င်းတို့က “ငါသည် သင်တို့ကို ဤမျှကောင်းမွန်သော နေရာတစ်ခုတွင် နေရာချထားပေးခဲ့သည်၊ သင်တို့အတွက် ငါ အလွန်ကြီးမားသော အကူအညီပေးခဲ့သည်တကား” ဟု တွေးကြသည်။ ၎င်းတို့သည် ဤအရာကို အသင်းတော်၏အလုပ်အား ထိန်းသိမ်းကာကွယ်ခြင်းအဖြစ် မမြင်ကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သင်တို့သည် အရေးကြီးသော အလုပ်အမှုထမ်းများအတွက် နေရာချထားမှုများကို ကောင်းစွာ မစီစဉ်ပေးသည့်အပြင် ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကို ထိထိရောက်ရောက် မသေချာစေပါက အန္တရာယ်နှင့် ၎င်းတို့ ကြုံတွေ့ရပြီး မိမိတို့၏ တာဝန်ကို ပုံမှန်အတိုင်း မထမ်းဆောင်နိုင်သည့်အခါ အသင်းတော်၏အလုပ်သည် နှောင့်နှေးသွားမည် မဟုတ်လော။ သင်တို့သည် ၎င်းတို့၏ ဘေးကင်းလုံခြုံမှု သေချာစေရန်အလို့ငှာ ဦးစွာပထမ ၎င်းတို့အတွက် နေရာချထားမှုများကို ကောင်းစွာ စီစဉ်ပေးရမည်ဖြစ်ပြီး ထို့နောက်မှသာ ၎င်းတို့သည် ပုံမှန်အတိုင်း အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့သော် ထိုအယောင်ဆောင် ခေါင်းဆောင်များသည် ထိုသို့ မစဉ်းစားကြပေ။ ၎င်းတို့သည် ဤလူတို့ကို နေရာတစ်ခုတွင် ချထားပြီးနောက် လျစ်လျူရှုလိုက်ကြကာ အချိန်ကြာမြင့်စွာထိ ၎င်းတို့ကို စစ်ဆေးခြင်း မပြုကြပေ။ အန္တရာယ်ရှိသော အခြေအနေတစ်ခု ပေါ်ပေါက်လာပြီး ၎င်းတို့သည် မိမိတို့၏ ခေါင်းဆောင်ထံ ဆက်သွယ်၍မရသည့်အခါ မိမိတို့ဘာသာ နေရာပြောင်းရွှေ့ခြင်းမှလွဲ၍ ၎င်းတို့ အခြားရွေးချယ်စရာ မရှိတော့ပေ။ ၎င်းတို့၏ ခေါင်းဆောင်က သိရှိပြီး နောက်ဆုံးတွင် သွားရောက်စစ်ဆေးသည့်အချိန်တွင် ထိုလူတို့က ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်ပြီး ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ကို ထိုခေါင်းဆောင်က မသိရှိတော့ပေ။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ ဤသည်မှာ မည်သည့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်မျိုး ဖြစ်သနည်း။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးပင် ဖြစ်သည်။ အထူးသဖြင့် အခြားဒေသများမှ ရောက်ရှိလာပြီး ဒေသန္တရပတ်ဝန်းကျင်နှင့် မရင်းနှီးသော ညီအစ်ကိုမောင်နှမများအတွက်မူ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို ပုံမှန် သွားရောက်ကြည့်ရှုပြီး နောက်ဆက်တွဲလုပ်ဆောင်ပေးရန် အထူးပင် လိုအပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့အတွက် နေရာချထားမှုများကို တစ်ကြိမ် စီစဉ်ပေးလိုက်ရုံဖြင့် အရာအားလုံးကို အမြဲတစေ ဖြေရှင်းပြီးဖြစ်သည်ဟု မယူဆသင့်ပေ။ အမှန်တကယ်တွင် ဤအလုပ်သည် ပြီးစီးခြင်းနှင့် အလှမ်းဝေးနေသေးသည်။ ၎င်းတို့သည် ထိုသူတို့ကို မကြာခဏ သွားရောက်ကြည့်ရှုပြီး နောက်ဆက်တွဲလုပ်ဆောင်ပေးရန် လိုအပ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရန် အဆင်မပြေပါက အခြားသူများကို သွားရောက်ကြည့်ရှုရန် တာဝန်ပေးသင့်သည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် ဤအရေးကြီးသော အလုပ်မှုထမ်းများ၏ နေထိုင်ရာပတ်ဝန်းကျင်ကို အကဲဖြတ်ရင်း၊ အန္တရာယ် သို့မဟုတ် ထူးခြားမှု တစ်ခုတလေ ရှိမရှိ သို့မဟုတ် အထူးအခြေအနေများ တစ်ခုတလေ ဖြစ်ပေါ်ခဲ့ခြင်း ရှိမရှိဟူသည်နှင့် နေရာပြောင်းရွှေ့ရန် လိုအပ်ခြင်း ရှိမရှိဟူသည်တို့ကို စစ်ဆေးလျက် ဤအလုပ်ကို နောက်ဆက်တွဲလုပ်ပေးရန် လိုအပ်သည်။ ဤအရာအားလုံးကို လေ့လာသိရှိပြီး နောက်ဆက်တွဲလုပ်ဆောင်ပေးရမည်ဖြစ်သည်။ အကယ်၍ ရေတိုအရ ဤနေရာသည် အသင့်တော်ဆုံးဖြစ်သသည်ဟု ထင်ရပါက ကိစ္စမရှိသော်လည်း၊ အချိန်အတန်ကြာပြီးနောက် ၎င်းတို့သည် ထိုသူတို့၏ ပတ်ဝန်းကျင်နှင့် ဘေးကင်းလုံခြုံရေးအပြင်၊ ၎င်းတို့တွင် လုံလောက်သော အစားအသောက်နှင့် ထောက်ပံ့ရေးပစ္စည်းများ ရှိမရှိဟူသည်တို့ကို သွားရောက်ပြန်လည် စစ်ဆေးသင့်သည်။ ဤအသေးစိတ်အချက်များအားလုံးကို မေးမြန်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရေးကြီးသော အလုပ်အမှုထမ်းများ၏ အလုပ်ကို နားမလည်နိုင်ခြင်းက ဖြစ်နိုင်သည်၊ ထိုသို့သောအခြေအနေတွင် ၎င်းတို့သည် ထိုကဏ္ဍကို ဝင်ရောက်မစွက်ဖက်သင့်သော်လည်း၊ ၎င်းတို့အတွက် နေရာချထားမှုများကို ကောင်းစွာ စီစဉ်ပေးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် ပျက်ကွက်ခြင်းသည် ၎င်းတို့၏ တာဝန်ကို ပျက်ကွက်ခြင်းဖြစ်ပြီး ၎င်းတို့က လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သော အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြောင်း ပြသနေသည်။ အထူးသဖြင့် အခြားဒေသများမှ လာသော ညီအစ်ကိုမောင်နှမများအတွက်မူ ၎င်းတို့သည် အပိုထပ်ဆောင်း၍ သေချာအာရုံစိုက်ပေးမှုကို အထူးပင် လိုအပ်ပြီး ပေါ့ပေါ့ဆဆ ဆက်ဆံခြင်း မခံရသင့်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့တွင် ဖြေရှင်းရန်လိုအပ်သော အခက်အခဲများ တစ်ခုတလေ ရှိမရှိဟူသည်နှင့် ဤအချိန်အတောအတွင်း ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေသည့် ပတ်ဝန်းကျင်တွင် ပြဿနာများ သို့မဟုတ် အထူးအခြေအနေများ တစ်ခုတလေ ရှိမရှိ၊ ဥပမာအားဖြင့် ဒေသန္တရအစိုးရ၊ ရပ်ကွက်ရုံး သို့မဟုတ် ရဲစခန်းနှင့်ပတ်သက်၍ မူမမှန်သော လှုပ်ရှားမှုတစ်ခုတလေ ရှိမရှိဟူသည်တို့ကို သိရှိရန် ၎င်းတို့ကို အခါအားလျော်စွာ သွားရောက်ကြည့်ရှုသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကောင်းစွာသိရှိနေနိုင်ဖို့အလို့ငှာ ဤအရာများကို မေးမြန်းစုံစမ်းသင့်သည်။ ထို့နောက် ဧည့်ခံသည့်သူက ဤစည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို အပြည့်အဝ နားလည်ရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်ထမ်းဆောင်နေသူတို့အား ကောင်းစွာ ဧည့်ခံခြင်းနှင့် ကာကွယ်ခြင်းအတွက် စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို ဧည့်ခံသည့်သူနှင့်အတူ မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ ကိစ္စ၏အဆုံးသတ် မဟုတ်သေးပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧည့်ခံသည့်မိသားစု၏ အခြေအနေကို အခါအားလျော်စွာ သွားရောက်၍ မေးမြန်းစုံစမ်းရမည်ဖြစ်သည်။ ပြဿနာများ မပေါ်ပေါက်သည်ကို သေချာစေဖို့အတွက် ၎င်းတို့ တွေ့ရှိသည့် မည်သည့်ပြဿနာကိုမဆို ချက်ချင်း ဖြေရှင်းသင့်သည်။ သို့မှသာ အလုပ်ကို အမှန်တကယ် ကောင်းစွာ လုပ်ဆောင်ပြီးမြောက်မည်ဖြစ်သည်။ အကယ်၍ ဧည့်ခံသည့်သူသည် ငွေကြေးကန့်သတ်မှုများ သို့မဟုတ် ပေါ်ပေါက်လာသော အခြေအနေများကို တုံ့ပြန်ရန် သို့မဟုတ် ကိုင်တွယ်ရန် မစွမ်းဆောင်နိုင်စေသည့် ဉာဏ်ပညာမရှိခြင်းကဲ့သို့သော ဧည့်ခံခြင်းနှင့်ပတ်သက်သည့် အခက်အခဲများ ကြုံတွေ့ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤပြဿနာများကို ဖြေရှင်းရာတွင် ကူညီပေးရမည်။ ငွေကြေးကန့်သတ်ချက်များကို ဖြေရှင်းရန် လွယ်ကူသည်၊ ဘုရားသခင်၏ အိမ်တော်က ဧည့်ခံခြင်းအတွက် ရန်ပုံငွေများကို ထောက်ပံ့ပေးနိုင်စဉ်တွင်၊ ဧည့်ခံသည့်မိသားစုက လူအင်အားကိုသာ ပံ့ပိုးပေးရန် လိုအပ်သည်။ အကယ်၍ ဧည့်ခံသည့်သူသည် ဉာဏ်ပညာမရှိပါက ဤသည်မှာ အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကဏ္ဍနှင့်ပတ်သက်၍ လိုအပ်သော ဉာဏ်ပညာနှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းအနည်းငယ်ကို ရှင်းလင်းစွာ ရှင်းပြရမည်။ အကယ်၍ ဧည့်ခံသည့်သူသည် စံမမီသေးပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို ကောင်းစွာ ဆောင်ရွက်ရာတွင် ဧည့်ခံသည့်သူနှင့် ပူးပေါင်းဆောင်ရွက်ဖို့အတွက် အနီးအနားရှိ ဉာဏ်ပညာရှိသော ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးကို ရှာဖွေသင့်သည်။ အကယ်၍ ပြဿနာက ကြောက်တတ်ခြင်း သို့မဟုတ် အဖမ်းခံရမည်ကို ကြောက်ရွံ့ခြင်းကဲ့သို့သော ဧည့်ခံသူတို့ကိုယ်တိုင်နှင့်ပတ်သက်ပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထောက်ပံ့ကူညီမှုပေးရန် သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအပြင် ဤတာဝန်ကို ထမ်းဆောင်ခြင်း၏ တန်ဖိုးနှင့် အရေးပါမှုတို့ကိုပါ မိတ်သဟာယဖွဲ့သင့်သည်။ အကယ်၍ ယင်းသည် ပကတိပတ်ဝန်းကျင်နှင့်ဆိုင်သော ပြဿနာဖြစ်ပါက ယင်းကို နှောင့်နှေးခြင်း သို့မဟုတ် လိုက်လျောလိုက်ခြင်းမျှပင် မပြုရသည့်အပြင် ဧကန်မုချ ပေါ့ပေါ့ဆဆ သဘောမထားရပေ။ ယင်းကို ချက်ချင်း ဖြေရှင်းသင့်သည်။ ဥပမာအားဖြင့် အကယ်၍ လူတို့သည် ဤနေရာကို သတိပြုမိပြီးသားဖြစ်ပါက၊ သံသယဖြစ်ဖွယ်ရာ လူစိမ်းများသည် ထိုဧရိယာတွင် မကြာခဏ ဝင်ထွက်သွားလာနေပြီး တစ်စုံတစ်ဦးက ထိုနေရာကို စောင့်ကြည့်နေသည့် ဖြစ်နိုင်ခြေရှိပါက ဤသည်မှာ ကွယ်ဝှက်ထားသော အန္တရာယ်တစ်ခုကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများကို ချက်ချင်း နေရာပြောင်းရွှေ့ပေးလော့၊ တစ်စုံတစ်ရာ မှားယွင်းသွားသည်အထိ စောင့်ဆိုင်းခြင်းက အလွန် နောက်ကျသွားလိမ့်မည်။ အကယ်၍ အခြေအနေသည် ယာယီဖြစ်ပြီး သာမန်၊ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်ပါက ယင်းကို အနိုင်နိုင် ကိုင်တွယ်ဖြေရှင်းနိုင်သေးသည်။ ညီအစ်ကိုမောင်နှမများသည် ယင်းကို ရှောင်ရှားရန် တစ်ရက် သို့မဟုတ် နှစ်ရက် ယာယီထွက်ခွာသွားပြီး နောက်ပိုင်းတွင် ပြန်လာနိုင်သည်။ အကယ်၍ လူတို့သည် သတိပြုမိပြီးဖြစ်ပါက ထိုနေရာတွင် ဆက်လက်နေထိုင်ခြင်းသည် ရွေးချယ်စရာတစ်ခု မဟုတ်တော့သည့်အပြင်၊ မြဲမည့်နေရာပြောင်းရွှေ့ခြင်းက လိုအပ်လာသည်။ ဤသည်တို့မှာ ဤအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် အသေးစိတ်ကျသော ပြဿနာအချို့ ဖြစ်ကြသည်။ ဤအလုပ်သည် လူအနည်းငယ်ကို အစားအသောက်နှင့် အမိုးအကာရှိသော နေရာတစ်ခုတွင် နေရာချထားပြီး ပြီးသွားပြီဟု သတ်မှတ်လိုက်ခြင်းမျိုး လုံးဝမဟုတ်ပေ။ အသေးစိတ်အချက်များစွာ ပါဝင်ပတ်သက်နေသည်။ အထူးသဖြင့် ပတ်ဝန်းကျင်သည် အလွန်ရန်လိုပြီး ဘာသာရေးညှဉ်းပန်းနှိပ်စက်မှု ပြင်းထန်သည့် တရုတ်ပြည်ကဲ့သို့သော နိုင်ငံတစ်နိုင်ငံတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရေးကြီးသော အလုပ်အမှုထမ်းများ၏ နေထိုင်ရာပတ်ဝန်းကျင်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြဿနာများကို သာ၍ပင် အထူးဂရုပြုပြီး သေချာစွာ စောင့်ကြည့်ရမည်ဖြစ်သည်။ ၎င်းတို့ ပေါ့ဆ၍မရပေ။ ဤအရေးကြီးသော အလုပ်အမှုထမ်းများ၏ ဘေးကင်းလုံခြုံမှုကို အာမခံပြီး ၎င်းတို့က စိတ်ချလက်ချဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြောင်း သေချာစေရန် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်၏ ကဏ္ဍအားလုံးကို ကောင်းစွာ လုပ်ဆောင်ရမည်။ ဤနည်းအားဖြင့် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ပြီးမြောက်ပေသည်။ ဤသည်မှာ ဧည့်ခံသည့်မိသားစုများနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အလုပ်ဖြစ်ပြီး ဤနေရာတွင် အတော်အတန်များသော အသေးစိတ်အချက်များ ပါဝင်ပတ်သက်နေသည်။

အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရေးကြီးသော အလုပ်အမှုထမ်းအချို့ကို သင့်တော်သော ဧည့်ခံအိမ်များတွင် နေရာချထားပေးပြီးနောက် ၎င်းတို့ကို လုံးဝလျစ်လျူရှုပြီး ဧည့်ခံသည့်မိသားစုများ၏ အခြေအနေနှင့်ပတ်သက်၍ တစ်သမတ်တည်း နောက်ဆက်တွဲ လုပ်ဆောင်ပေးခြင်း မပြုကြပေ။ ၎င်းတို့က “ကျွန်ုပ်သည် နေ့စဉ် အသင်းတော်အလုပ်နှင့် အလုပ်များနေသည်၊ ဤလူများကို သွားရောက်ကြည့်ရှုရန် အချိန် အဘယ်မှာ ရှိနိုင်မည်နည်း။ ထို့အပြင် အခြားအလုပ်များစွာလည်း ရှိသေးပြီး အတော်လေးလည်း အန္တရာယ်များသည်။ ကျွန်ုပ်တို့၏ အလုပ်ကို လုပ်ဆောင်ရသည်မှာ မလွယ်ကူပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ပကတိ အကြောင်းပြချက်များကို အဆက်မပြတ် အလေးပေးပြောဆိုကြသော်လည်း မိမိတို့၏ ကိုယ်ပိုင် တာဝန်များကို ဖြည့်ဆည်းလိုခြင်း မရှိကြပေ။ သင်တို့ မည်သည့်အရာ စဉ်းစားကြသနည်း၊ ၎င်းတို့၏ ဤပြောဆိုချက်သည် ခိုင်လုံသလော။ (မခိုင်လုံပါ။) အဘယ်ကြောင့် မခိုင်လုံသနည်း။ (အမှန်တကယ်တွင် ဤအလုပ်ကို လုပ်ဆောင်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အချိန်နှင့် အားအင် များစွာမလိုအပ်ပါ။ ၎င်းတို့သည် အပြင်ထွက်နေစဉ်တွင် လမ်းကြုံ၍ သွားရောက်ကြည့်ရှုနိုင်ပါသည်။ အကယ်၍ ၎င်းတို့တွင် အချိန်မရှိပါက အနီးအနားရှိ ညီအစ်ကိုမောင်နှမများကို သွားရောက်ကြည့်ရှုရန်လည်း စီစဉ်ပေးနိုင်ပါသည်။) အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်လိုပါက ၎င်းတို့၏ အဓိကအလုပ်က ၎င်းတို့ကို အနည်းငယ် အလုပ်များစေလျှင်ပင် ဤအလုပ်ကို အာရုံစိုက်ရန် အချိန်ယူကြလိမ့်မည်။ အကယ်၍ ၎င်းတို့ ကိုယ်တိုင်သွားရန် အချိန်မရှိပါက အခြားသူများကို သွားရန် စီစဉ်ပေးနိုင်သည်။ ၎င်းတို့သည် အခြားသူများကို စီစဉ်ပေးသည်ဖြစ်စေ၊ ကိုယ်တိုင်သွားသည်ဖြစ်စေ နောက်ဆုံးတွင် ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ယူမှု နယ်ပယ်အတွင်း ကျရောက်ပေသည်။ ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်ပြီး ယင်းကို လျစ်လျူရှု၍မရပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလွန်အလုပ်များပြီး မိမိတို့ကိုယ်တိုင် အချိန်မရှိသည့်အပြင် အခြားသူများကိုလည်း သွားရန် မစီစဉ်ပါက ဤကိစ္စကို မည်သူမျှ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားပါက ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များဘက်မှ တာဝန်ကို လစ်ဟင်းခြင်း ဖြစ်ပေမည်။ အရေးကြီးသော အလုပ်အမှုထမ်းများအား ပြင်ပလောက၏ နှောင့်ယှက်မှုကို မခံရစေရန် ကာကွယ်တားဆီးဖို့ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်များကို အေးချမ်းမှုဖြင့် ထမ်းဆောင်နိုင်ပြီး လက်ရှိအလုပ်ကို စနစ်ကျသည့်ပုံစံဖြင့် လုပ်ဆောင်နိုင်ကြောင်း ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာအထိ အာမခံလျက် ကိစ္စရပ်များ၏ ကဏ္ဍအားလုံးကို ထည့်သွင်းစဉ်းစားရမည်။ အကယ်၍ အရေးကြီးသော အလုပ်အမှုထမ်းများကို ကောင်းစွာ ကာကွယ်ထားပါက ယင်းမှာ အရေးကြီးသော အလုပ်ကိုယ်၌ကို ကာကွယ်ခြင်းနှင့် ညီမျှသည်။ အရေးကြီးသော အလုပ်အမှုများသည် ပုံမှန်အတိုင်း အလုပ်လုပ်နိုင်သည့်အခါ အရေးကြီးသော အလုပ်သည်လည်း စနစ်ကျသောပုံစံဖြင့် ရှေ့ဆက်နိုင်သည်။ သို့ဖြစ်၍ အမှန်တွင်၊ အရေးကြီးသော အလုပ်အမှုထမ်းများကို ခေါင်းဆောင်နှင့် အမှုဆောင်များက ကာကွယ်ခြင်း၏ ရည်ရွယ်ချက်မှာ အရေးကြီးသော အလုပ်ကဏ္ဍတစ်ခုစီကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ အကယ်၍ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “သင်တို့သည် အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်နေပြီး သင်တို့ကို ကာကွယ်ပေးရန် ကျွန်ုပ်ကို တောင်းဆိုနေသည်၊ သို့သော် ကျွန်ုပ်က ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကျွန်ုပ်ကိုယ်တိုင်လည်း ဘေးကင်းလုံခြုံခြင်းမရှိပါ။ ကျွန်ုပ်၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံမှုကိုပင် အာမမခံနိုင်ပါ၊ သို့ဖြစ်လျှင် သင်တို့ကို ကျွန်ုပ် မည်သို့ ကာကွယ်နိုင်မည်နည်း”ဟု ပြောဆိုပါက ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် မည်သည့် နားလည်သဘောပေါက်နိုင်စွမ်းမျိုး ရှိသနည်း။ (၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းက ညံ့ဖျင်းပါသည်၊ ထိုသို့သောလူများသည် တစ်ကိုယ်ကောင်းဆန်ပြီး လွဲချော်တတ်ကြပါသည်။) ၎င်းတို့သည် လွဲချော်မှုများဖြစ်တတ်သည့် လူပုဂ္ဂိုလ်များ ဖြစ်ကြသည်။ လွဲချော်မှုများဖြစ်တတ်သော လူပုဂ္ဂိုလ်များသည် ဆင်ခြင်တုံတရား ကင်းမဲ့ကြသလော။ (ကင်းမဲ့ပါသည်။) အကယ်၍ ဤညီအစ်ကိုမောင်နှမများသည် ဘုရားသခင်၏ အိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းမဟုတ်ဘဲ ယင်းအစား လောက၌ အလုပ်များလုပ်ကိုင်ပြီး မိမိတို့၏ ဘဝများကို အသက်ရှင်နေထိုင်နေပါက ၎င်းတို့ကို ကာကွယ်ပေးရန် လိုအပ်နေဦးမည်လော။ အတိအကျအားဖြင့် ၎င်းတို့သည် အသင်းတော်အလုပ်နှင့် အရေးကြီးသော တာဝန်များကို ဘုရားသခင်၏ အိမ်တော်၌ ထမ်းဆောင်နေသောကြောင့်လည်းကောင်း၊ ၎င်းတို့ အဖမ်းခံရပါက အသင်းတော်၏အလုပ်ကို ပြင်းထန်စွာ ထိခိုက်လျက် ထောင်ဒဏ်ချမှတ်ခံရနိုင်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရသည်အထိ သို့မဟုတ် မသန်စွမ်းဖြစ်သည်အထိ ရိုက်နှက်ခံရနိုင်ခြင်းကြောင့်လည်းကောင်း အရေးကြီးသော အလုပ်အမှုထမ်းများကို ကောင်းစွာ ကာကွယ်ပေးရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ အသင်းတော်၏အလုပ်သည် စနစ်ကျသော ပုံစံဖြင့် ရှေ့ဆက်နိုင်ပေသည်။ အကယ်၍ ၎င်းတို့သည် ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့်ရှိပြီး ဘုရားသခင်ကို ယုံကြည်သူများက ညှဉ်းပန်းနှိပ်စက်ခြင်းမခံရသော ဒီမိုကရေစီ နိုင်ငံအချို့တွင် ရှိနေပါက ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ရိုးရှင်းသွားသည်။ ၎င်းတို့သည် အခြေခံအားဖြင့် သင့်တော်သော အိမ်တစ်လုံးကို ရှာဖွေရန်၊ ဒေသန္တရဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း တာဝန်ထမ်းဆောင်နေသူတို့အတွက် နေရာချထားမှုများကို ကောင်းစွာ စီစဉ်ပေးရန်သာ လိုအပ်သည်။ အလွန်ဆုံးအားဖြင့် ၎င်းတို့သည် လတ်တလောတွင် ထိုသူတို့၏ နေ့စဉ်အသက်တာနှင့်ပတ်သက်၍ အခြေအနေများ မည်သို့ရှိသည်ဟူသည်နှင့် နေထိုင်ရာပတ်ဝန်းကျင်သည် အစိုးရစည်းမျဉ်းများ တစ်ခုတလေကို ချိုးဖောက်ခြင်း ရှိမရှိဟူသည်ကို မေးမြန်းရန်သာ လိုအပ်သည်။ အကယ်၍ ချိုးဖောက်မှုတစ်ခု ရှိပါက ပြဿနာက အဘယ်အရာဖြစ်သည်ဟူသည့်အပြင်၊ ယင်းကို မည်သို့ ပြင်ဆင်ပြီး ဖြေရှင်းသင့်သည်ဟူသည်ကိုလည်း သိရှိရန် လိုအပ်သည်။ အကယ်၍ ချိုးဖောက်မှုများ တစ်ခုတလေ မရှိသော်လည်း အစိုးရက ဒုက္ခဖြစ်စေပါက သို့မဟုတ် ဆိုးယုတ်သောလူများ သို့မဟုတ် အမည်မသိ ပုဂ္ဂိုလ်များက နှောင့်ယှက်နေပါက ဤကိစ္စရပ်များကို ကောင်းစွာ ကိုင်တွယ်ရန် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးဖို့ လိုအပ်သည်။ အချို့သော လွတ်လပ်သည့် ဒီမိုကရေစီ နိုင်ငံများတွင် အလွန်ဆုံးအားဖြင့် ဤအလုပ်မျိုးသာ လိုအပ်သည်။ သို့သော် ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့်မရှိသော အာဏာရှင် နိုင်ငံများတွင်မူ ဧည့်ခံသည့်မိသားစုများ၏ ပတ်ဝန်းကျင်နှင့် အခြေအနေများအတွက် သတ်မှတ်ချက်များက ပို၍ တင်းကျပ်ရမည်ဖြစ်ပြီး ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်၍ ပိုမိုများပြားသော အလုပ်နှင့် ပိုမိုအသေးစိတ်ကျသော အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သည်။ ထိုသို့သောအလုပ်တွင် ပါဝင်သော အခက်အခဲသည်လည်း ပို၍ ကြီးမားသည်မှာ အမှန်ပင်ဖြစ်သည်။ အရေးကြီးသော အလုပ်အမှုထမ်းများကို ပြင်ပလောကနှင့်ဆိုင်သည့် နှောင့်ယှက်မှုမှ ကာကွယ်သည့်အလုပ်အတွက်မူ အကယ်၍ ပတ်ဝန်းကျင်၏ သွင်ပြင်လက္ခဏာတိုင်းကို စေ့စေ့စပ်စပ် ထည့်သွင်းစဉ်းစားပါက ပတ်ဝန်းကျင်မှ ဖြစ်ပေါ်လာသော နှောင့်ယှက်မှုများသည် အတော်အတန် လျော့နည်းသွားလိမ့်မည်။ အကယ်၍ ပြင်ပပတ်ဝန်းကျင်နှင့် အတွင်းပတ်ဝန်းကျင် နှစ်ခုလုံးကို အပြည့်အဝ ထည့်သွင်းစဉ်းစားပါက လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိနိုင်သည်။ ဤနည်းအားဖြင့် ပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်စေနိုင်ပြီး နှောင့်ယှက်မှုများကို လျှော့ချနိုင်သည်။ ဤလုပ်နည်းကိုင်နည်းက အတော်အတန် သင့်လျော်ပေသည်။

အရေးပါသော အလုပ်အမှုထမ်းများ၏ လုံခြုံရေးကို ထိန်းသိမ်းခြင်း

၁။ ယုံကြည်ခြင်းကို ညှဉ်းပန်းနှိပ်စက်သည့် နိုင်ငံများတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ လုံခြုံရေးကို သေချာစေရမည့် နည်းလမ်း

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်ငါးခုမြောက် တာဝန်မှာ ဦးစွာပထမအနေဖြင့် အရေးပါသော အလုပ်အမှုထမ်းများကို ပြင်ပလောက၏ နှောင့်ယှက်မှုမှ ကွယ်ကာပေးရန် ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤလူတို့ကို လုံခြုံအောင်လည်း ထားရှိရမည်။ ၎င်းတို့ကို လုံခြုံအောင် ထားရှိခြင်းအတွက် သတ်မှတ်ချက်များက သာ၍ပင် တင်းကျပ်သည်။ ဘေးကင်းလုံခြုံရေးတွင် မည်သည့်ကဏ္ဍများ ပါဝင်သည်ကို ဦးစွာ ကြည့်ကြပါစို့၊ လုံခြုံရေးနှင့် သက်ဆိုင်သော မည်သည့်ပြဿနာများကို သင်တို့ စဉ်းစားမိနိုင်သနည်း။ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ လုံခြုံရေးကို အာမခံရန်အတွက် ၎င်းတို့သည် ပြင်ပလောက၏ နှောင့်ယှက်မှုကို မခံရကြောင်းအား ဦးစွာ သေချာစေဖို့ အရေးကြီးသည်။ ဤသည်မှာ အနည်းဆုံး စွမ်းဆောင်ရရှိရမည့်အရာဖြစ်ပြီး ဤအခြေခံအုတ်မြစ်ပေါ်၌သာ ၎င်းတို့၏ လုံခြုံရေးကို နောက်ဆုံးတွင် သေချာစေနိုင်မည်ဖြစ်သည်။ ဤနေရာတွင် ငါတို့ ပြောနေသည့် ဘေးကင်းလုံခြုံရေးဆိုသည်မှာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသူတို့က နှောင့်ယှက်ခြင်းမခံရ သို့မဟုတ် အဖမ်းမခံရသသည့်အပြင် မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ခြင်းကို အာမခံနိုင်ခြင်းအား ဆိုလိုခြင်းသာ ဖြစ်သည်။ ထိုမျှလောက် ရိုးရှင်းပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသူတို့က နှောင့်ယှက်မှုနှင့် အဖမ်းအဆီးတို့မှ ကွယ်ကာခြင်းခံရဖို့အတွက် အာမမခံနိုင်ပါက ၎င်းတို့၏ လုံခြုံရေးကို သေချာစေနိုင်မည့် နည်းလမ်းမရှိပေ။ ထိုအကြောင်းကို စဉ်းစားကြည့်လော့၊ အရေးပါသော အလုပ် အမှုထမ်းများ၏ လုံခြုံရေးကို သေချာစေရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာများကို အာရုံစိုက်သင့်သနည်း။ ပထမဦးစွာ ၎င်းတို့သည် အရေးပါသော အလုပ်အမှုထမ်းများကို သင့်တော်သော နေရာတစ်ခုတွင် နေရာချထားပေးဖို့ စီစဉ်ရမည်။ သင့်တော်သော နေရာဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် အနည်းဆုံး သတ်မှတ်ချက်နှစ်ခုကို ပြည့်မီရမည်။ ပထမအချက်မှာ ဤနေရာသည် ပတ်ဝန်းကျင်မှ မည်သည့်နှောင့်ယှက်မှုဖြင့်မဆို ကင်းလွတ်ရမည်။ ဒုတိယအချက်မှာ ယင်းသည် အာရုံကို မဆွဲဆောင်ရပေ။ ဤမိသားစုက ဘုရားသခင်ကို ယုံကြည်ပြီး အခြားသူများအား ဧည့်ခံသည်ကို ဒေသခံ ညီအစ်ကိုမောင်နှမ အနည်းငယ်သာ သိရှိကာ အခြားမည်သူမျှ မသိရှိပေ။ ထိုသို့သော နေရာတစ်ခုသာလျှင် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့အား ဧည့်ခံရန် သင့်တော်သည်။ ဤအရေးပါသော အလုပ်အမှုထမ်းများ ပြောင်းရွှေ့လာပြီးနောက် လူတစ်ဦးစီ၏ အမည်နှင့် မွေးရပ်မြေကဲ့သို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များအပြင် ၎င်းတို့ ပါဝင်ဆောင်ရွက်သည့် အသင်းတော်အလုပ်အမျိုးအစားနှင့် ယခင်က အဖမ်းခံခဲ့ရဖူးခြင်း ရှိမရှိ သို့မဟုတ် အစိုးရက အလိုရှိနေခြင်း ရှိမရှိဟူသကဲ့သို့သော တိကျသည့် အခြေအနေများကို အခြားသူများထံ သာမန်ကာလျှံကာ ထုတ်ဖော်မပြောသင့်ပေ။ သိသောလူ နည်းလေ ကောင်းလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ပြီး ၎င်းတို့ အဖမ်းခံရကာ ထောင်ချခံရပါက ခိုင်မာစွာ ရပ်တည်နိုင်မည်မှာ မသေချာသောကြောင့် မိမိတို့ကိုယ်ကို နောင်တွင် ဒုက္ခမရောက်စေရန် ရှောင်ရှားဖို့ ညီအစ်ကိုမောင်နှမများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သာမန်ကာလျှံကာ စုံစမ်းမေးမြန်းခြင်းမှ ရှောင်ကြဉ်လျက် မိမိကိုယ်ကို သိသောအသိ ရှိသင့်သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ စည်းမျဉ်းများနှင့် ဉာဏ်ပညာကို လူတိုင်း နားလည်စေရန်အလို့ငှာ မကြာခဏ မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးရှိရုံသာမက လူတစ်ဦးချင်းစီအတွက်လည်း အကျိုးရှိသည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧည့်ခံမိသားစုများမှ ညီအစ်ကိုမောင်နှမများအား ၎င်းတို့၏ နှုတ်ကို စောင့်စည်းရန်နှင့် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အခြားညီအစ်ကိုမောင်နှမများ သို့မဟုတ် ၎င်းတို့၏ မယုံကြည်သူ မိသားစုဝင်များထံ မဖွင့်ဟမိစေရန် ညွှန်ကြားသင့်သည်။ ဤအလုပ်ကို လုပ်ဆောင်ရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ဧည့်ခံမိသားစုများမှ အချို့ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ နှုတ်ကို မစောင့်စည်းနိုင်ကြပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ခေါင်းဆောင်များနှင့် အမှုဆောင်အနည်းငယ်ကို ဧည့်ခံခဲ့ပြီး ဤလူတို့၏ ကိုယ်ရေးကိုယ်တာ အခြေအနေများ၊ မိသားစုနောက်ခံများနှင့် ၎င်းတို့ ထမ်းဆောင်နေသည့် တာဝန်များကို ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ထို့နောက် ၎င်းတို့က မိမိတို့၏ သားသမီးများအား “ကြည့်ပါ၊ သူသည် သင်နှင့် ရွယ်တူပင်ဖြစ်သည်။ သူက ဘုရားသခင်ကို ဆယ်နှစ်ကြာ ယုံကြည်ခဲ့ပြီး သူ့တာဝန်ကို ထမ်းဆောင်ဖို့ သူ့အလုပ်ကိုပင် ထွက်ခဲ့သည်။ သူက အကြင်မည်သောမြို့က အစိုးရဌာနတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးသည်၊ တစ်နှစ်ဝင်ငွေ ယွမ်သောင်းပေါင်းများစွာ ရှိသည်”ဟု ပြောဆိုခဲ့သည်။ သင်တို့ မြင်သည့်အတိုင်း ၎င်းတို့သည် အကြောင်းမဲ့သက်သက် စကားစမြည်ပြောနေသည့်အပြင်၊ ဤအရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ အခြေအနေကို ၎င်းတို့၏ မယုံကြည်သူ မိသားစုဝင်များထံ ဖွင့်ဟပြောဆိုခဲ့သည်။ ယခင်က အဖမ်းခံရပြီး ထောင်ကျခဲ့ဖူးသော ညီအစ်ကိုမောင်နှမများကို ဧည့်ခံသည့်အခါ မိမိတို့၏ မိသားစုဝင်များအား “ကြည့်ပါ၊ သူတို့က ထောင်ထဲမှာ နှစ်ချီနေခဲ့ရပြီး ယုဒ လုံးဝ မဖြစ်ခဲ့ပါ။ လွတ်လာပြီးသည့်နောက်တွင်လည်း သူ့တာဝန်ကို သူဆက်ထမ်းဆောင်သည်။ ယခု အစိုးရက သူတို့ကို ထပ်ဖမ်းချင်နေသဖြင့်၊ သူတို့မိသားစုများနှင့် ပြန်ဆုံစည်းဖို့ အိမ်မပြန်နိုင်ကြပါ၊ သို့သော် သူတို့ အပျက်သဘောမဆောင်ကြပါ။ သူတို့၏ ယုံကြည်ခြင်း မည်မျှကြီးမားသည်ကို ကြည့်ပါ။ အဘယ်သို့ဖြစ်ပြီး သင်တို့က ကောင်းကောင်းမွန်မွန် မယုံကြည်နိုင်ရသနည်း”ဟု ပြောဆိုသောသူအချို့ပင် ရှိသေးသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ဆုံးမသည့်နည်းလမ်းမှတစ်ဆင့် ညီအစ်ကိုမောင်နှမများအကြောင်း အရေးကြီးသော အချက်အလက်များကို သာမန်ကာလျှံကာ ပေါက်ကြားစေခဲ့သည်။ ဤအရာက နောင်တွင် ဒုက္ခပြဿနာများ ဖြစ်စေနိုင်မည်လော။ (ဖြစ်စေနိုင်ပါမည်။) ဤသည်မှာ ပြဿနာတစ်ခုလော။ (ဟုတ်ပါသည်။။) ဤအရာကြောင့် မည်သည့်အရာမျှ မဖြစ်ပွားပါက ကိစ္စမရှိပေ။၊ သို့သော် အဆင်းနီသော နဂါးကြီးက ဖမ်းဆီးမှုများ လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မယုံကြည်သူ မိသားစုဝင်များသည် ထွက်လာပြီး ညီအစ်ကိုမောင်နှမများကို တိုင်ကြားကြသည့် ပထမဆုံးသောသူများ ဖြစ်သည်- “အရာရှိ၊ မည်သူမည်ဝါသည် ခေါင်းဆောင်ဖြစ်သည်၊ သူ့ကိုသာ ဖမ်းလိုက်ပါ” ဟူ၍ ဖြစ်သည်။ သစ္စာဖောက်ခံရသူသည် ထို့နောက်တွင် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြီး သေလုမတတ် ရိုက်နှက်ခြင်းခံရကာ မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်မည်လော သို့မဟုတ် ပုံမှန်အသက်တာကို ရှင်သန်နိုင်မည်လောဟူသည်မှာ မေးခွန်းထုတ်စရာဖြစ်စေခဲ့သည်။ ဤသည်မှာ သစ္စာဖောက်ခြင်း၏ အကျိုးဆက်ဖြစ်သည်။ ဤသည်မှာ ဧည့်ခံသူ၏ သာမန်ကာလျှံကာဖြစ်သော စကားကြောင့် ဖြစ်ပွားရခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အရေးပါသော အလုပ်အမှုထမ်းများသည် ထိုသို့သော လုံခြုံရေး အန္တရာယ်များကို ကြုံတွေ့ရပါက ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ အလုပ်များကို စေ့စေ့စပ်စပ် မလုပ်ဆောင်ခဲ့ကြောင်းကို ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဧည့်ခံသူက “ကျွန်ုပ်တို့၏ မိသားစုဝင်များသည် လူကောင်းများချည်းသာ ဖြစ်သည်၊ ၎င်းတို့က သင်တို့ကို သစ္စာဖောက်မည်မဟုတ်ပါ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်မှုအား ထောက်ခံကြသည်၊ သင်တို့လာသည့်အခါ ဟင်းသီးဟင်းရွက်နှင့် အသားများကိုပင် ဝယ်ပေးကြသည်”ဟု တွေးသည်။ ၎င်းတို့သည် မိမိတို့၏ မယုံကြည်သူ မိသားစုဝင်များကို ညီအစ်ကိုမောင်နှမများဖြစ်သည့်အလား ဆက်ဆံကြပြီး မိမိတို့၏ မိသားစုသည် မည်သည့်အရာအား လုပ်ဆောင်နိုင်စွမ်းရှိသည်ကိုဖြစ်စေ၊ ၎င်းတို့က ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်လိုက်ပါက အကျိုးဆက်များ မည်မျှဆိုးရွားနိုင်သည်ကိုဖြစ်စေ ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေများကိုလည်း အလွန် စပ်စုတတ်ကြပြီး “သင်သည် ဤတာဝန်ကို ထမ်းဆောင်နေသည်မှာ ဘယ်နှစ်နှစ်ရှိပြီနည်း။ သင်သည် အန္တရာယ်ရှိသော တာဝန်တစ်ခုခုကို ထမ်းဆောင်ဖူးသလား။ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ် ဒေသတွင်း၌ လူသိများသလား။ သင် အဖမ်းခံရဖူးသလား” ဟု မေးမြန်းကြသည်။ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အစိုးရက အလိုရှိနေသော သို့မဟုတ် ရဲမှတ်တမ်းရှိသော၊ အခြားဒေသ သို့မဟုတ် နိုင်ငံတွင် ဧဝံဂေလိတရားကို ဟောကြားနေသောသူတို့နှင့် ပတ်သက်လာသည့်အခါ၊ ဧည့်ခံသူသည် ၎င်းတို့၏ အချက်အလက်များကို အစဉ်အမြဲ စုံစမ်းမေးမြန်းပြီး “သင်က အစိုးရက အလိုရှိနေသောသူလား။ ယင်းမှာ ဒေသဆိုင်ရာ ဝရမ်းလော၊ ပြည်နယ်ဆိုင်ရာ ဝရမ်းလော၊ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ ဝရမ်းလော”၊ “သင့်တွင် မှတ်တမ်းရှိသည်။ သင် ဘယ်နှစ်ကြိမ် အဖမ်းခံခဲ့ရပြီးဖြစ်သနည်း။။ သင့်ကို ထောင်ဒဏ် ဘယ်နှစ်နှစ် ချမှတ်ခဲ့သနည်း”ဟူ၍ မေးမြန်းကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များအကြောင်းကို အလွန်အမင်း အသေးစိတ်ကျကျ မေးမြန်းကြသည်။ ၎င်းတို့၏ အိမ်တွင် တည်းခိုနေသော ညီအစ်ကိုမောင်နှမများသည် ၎င်းတို့က ဧည့်ခံရာတွင် အတော်လေး စိတ်အားထက်သန်ပြီး လူဆိုးများမဟုတ်ကြောင်းကို မြင်တွေ့ကြသည်။ ဤအချက်အလက်ကို ၎င်းတို့ မမျှဝေပါက မယဉ်ကျေးရာကျမည်ဟု ခံစားရပြီး ယင်းက ၎င်းတို့ကို ခက်ခဲသော အခြေအနေတစ်ခုတွင် ရှိစေသည်။ အချို့လူများသည် စကားအနည်းငယ် ပြောဆိုရန် လှုံ့ဆော်ခြင်းခံရသည်ဟု ခံစားရပြီး ပြောဆိုပြီးနောက်တွင် ယင်းက တစ်ခါတစ်ရံ ဆိုးရွားသော အကျိုးဆက်များဆီသို့ မလွဲမသွေ ဦးတည်သွားစေသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧည့်ခံသူကို တိုက်ရိုက် ညွှန်ကြားသင့်သည်- “သင်သည် ညီအစ်ကိုမောင်နှမများကို ဧည့်ခံသည့်အခါ လိုက်နာရမည့် စည်းမျဉ်းအနည်းငယ် ရှိသည်။ မဆင်မခြင် စုံစမ်းမေးမြန်းခြင်း သို့မဟုတ် မေးခွန်းများ မေးခြင်း မပြုနှင့်၊ ၎င်းတို့အကြောင်း အလွန်သိရှိလွန်းခြင်းသည် သင့်အတွက် အကျိုးရှိမည်မဟုတ်ပေ။ တစ်စုံတစ်ခု ဖြစ်ပွားပြီး သင်သည် ညှဉ်းပန်းနှိပ်စက်ခြင်း၏ ပြင်းပြသောဝေဒနာကို မခံနိုင်ပါက အဆုံးတွင် ယုဒဖြစ်သွားနိုင်သည်။ ထိုသို့ဖြစ်ပါက သင် သိရှိကာ သဘောပေါက်ထားသော အချက်အလက်များသည် အခြေခံအားဖြင့် သင် ယုဒတစ်ဦး ဖြစ်လာရန်အတွက် လမ်းခင်းပေးလိုက်ခြင်းပင် ဖြစ်သည်။ ထိုသို့ဖြစ်သွားပါက ယင်းသည် သင့်အား တစ်သက်တာ နောင်တရစေမည်ဖြစ်ပြီး နောက်ဆုံးတွင် အပြစ်ဒဏ်ပေးခြင်းကို ရင်ဆိုင်ရလိမ့်မည်။ သင်သည် ဤအသေးစိတ်အချက်အလက်များကို မသိရှိပါက ယုဒတစ်ဦး ဖြစ်လာမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်သည် ဤကိစ္စရပ်များအကြောင်းကို လုံးဝ စုံးစမ်းမေးမြန်းခြင်း မပြုရ၊ သို့မဟုတ် သိရှိရန် မကြိုးစားရပေ။ မသိရှိခြင်းသည် သင့်ကို ကာကွယ်ပေးပြီး သင်၏ ဧည့်ခံခြင်း သို့မဟုတ် ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ သမ္မာတရားအား သင်၏ ရရှိခြင်းကို မထိခိုက်စေပေ။ သင် မသိရှိလျှင်၊ အကောင်းဆုံးဖြစ်သည်။ ဤညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဤနေရာသို့ ရောက်ရှိနေကြခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့သည် လူဆိုးများ သို့မဟုတ် ဆိုးယုတ်သောလူများ မဟုတ်ကြောင်းကို သင် ရှင်းလင်းစွာ သိရှိသည်။ ထို့ကြောင့် နောက်ထပ် မည်သို့မျှ စုံစမ်းမေးမြန်းရန် မလိုအပ်ပေ။ ၎င်းတို့ကို ဧည့်ခံရန် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် အရေးအကြီးဆုံးဖြစ်ပြီး ၎င်းတို့၏ လုံခြုံရေးကို အာမခံပေးခြင်းသည် လုံလောက်ပြီ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်တစ်ရပ် ဖြစ်သည်။ ထို့အပြင် မိမိတို့၏ ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် ကင်းမဲ့ပြီး နာမည်ခံ ယုံကြည်သူများသာဖြစ်သော ဒေသခံယုံကြည်သူများ၊ နှုတ်မစောင့်စည်းသည့်အပြင်၊ စုံစမ်းမေးမြန်းမှုများ ပြုလုပ်လေ့ရှိသောသူများ၊ အစိုးရဝန်ထမ်းများနှင့် ရင်းနှီးသည့် အဆက်အသွယ်ရှိသောသူများနှင့် ဒုက္ခကြုံသည့်အခါ လိပ်များကဲ့သို့ မိမိတို့၏ခေါင်းကို အခွံထဲသို့ ပြန်သွင်းကာ ချက်ချင်း ပုန်းအောင်းနေတတ်သောသူများ၊ အသင်းတော်ကို သစ္စာဖောက်ပြီး ယုဒဖြစ်သွားနိုင်ခြေရှိသောသူများကို ဧည့်ခံသည့်အိမ်များက ညီအစ်ကိုမောင်နှမများအား ၎င်းတို့ ဧည့်ခံကြောင်းကို လုံးဝ သိခွင့်မပြုရပေ။ အရေးပါသော အလုပ်အမှုထမ်းများကို ဧည့်ခံခြင်းအလုပ်နှင့်ပတ်သက်၍ ကူညီရန် အချို့ညီအစ်ကိုမောင်နှမများကို လိုအပ်ပါက ဘုရားသခင်ကို ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်ရှိပြီး ဉာဏ်ပညာ ပိုင်ဆိုင်သောသူတို့ကိုသာ ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်သင့်သည်။ အခြေခံအုတ်မြစ် သို့မဟုတ် ဉာဏ်ပညာမရှိသောသူတို့သည် လုံးဝ မသင့်တော်ပေ။ သို့ဆိုလျှင် အကူအညီကို အတိအကျ မည်သို့ပေးသင့်သနည်း။ ဧည့်ခံမိသားစုများမှ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ အိမ်များတွင် ဧည့်ခံခြင်းကို အာရုံစိုက်စဉ်တွင်၊ ဉာဏ်ပညာနှင့် ယုံကြည်ခြင်းရှိသော ဒေသခံ ညီအစ်ကိုမောင်နှမများသည် ပြင်ပမှ အခြေအနေကို ဖုံးဖိကာကွယ်ပေးပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ခြင်းဖြင့် ကူညီပေးကြသည်။ ၎င်းတို့သည် ဩဇာလွှမ်းမိုးမှုရှိသော လူများနှင့် ပေါင်းသင်းဆက်ဆံသင့်သည်။ အစိုးရမူဝါဒများ၊ လားရာများနှင့် ဖြစ်နိုင်ခြေရှိသော စစ်ဆင်ရေးများအကြောင်းကို နောက်ဆုံးရသတင်းများ သိရှိနေသင့်ကာ ဧည့်ခံမိသားစုများမှ ညီအစ်ကိုမောင်နှမများထံ ချက်ချင်း အကြောင်းကြားသင့်သည်။ ဤနည်းအားဖြင့် အစိုးရသည် ဖမ်းဆီးမှု စစ်ဆင်ရေး တစ်ခုတလေကို စတင်ပါက ကြိုတင်ကာကွယ်သည့် အစီအမံများကို ချက်ချင်း ပြုလုပ်နိုင်မည်ဖြစ်ပြီး မည်သည့်အန္တရာယ်ကိုမဆို ရှောင်ရှားလျက် ရွှေ့ပြောင်းခြင်းနှင့် နေရာပြောင်းခြင်း သို့မဟုတ် ပုန်းအောင်းခြင်းတို့အတွက် အချိန်ရှိနေဦးမည် ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ လုံခြုံရေးကို အခြေခံအားဖြင့် အာမခံနိုင်မည် ဖြစ်သည်။ တိုတိုပြောရလျှင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို ရိုးရှင်းသော စိတ်နေစိတ်ထားဖြင့် ချဉ်းကပ်ခြင်းက အဆင်မပြေပေ။ ဤကိစ္စနှင့်စပ်လျဉ်း၍ ရှုပ်ထွေးစွာ တွေးခေါ်ခြင်းသည် ရိုးရှင်းစွာ တွေးခေါ်ခြင်းထက် အစဉ်သဖြင့် ပိုကောင်းသည်၊ အဘယ်ကြောင့်ဆိုသော် လုံခြုံရေးဆိုင်ရာ ပြဿနာများကို လျစ်လျူရှု၍မရနိုင်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခု မှားယွင်းသွားပါက ယင်းသည် သေးငယ်သော ကိစ္စရပ်တစ်ခု ဖြစ်လိမ့်မည်မဟုတ်ပေ။

အရေးပါသော အလုပ်အမှုထမ်းများ၏ လုံခြုံရေးကို သေချာစေခြင်းအလုပ်တွင် အာရုံစိုက်ရမည့် တိကျသော အခြေအနေများလည်း ရှိသေးသည်။ အချို့လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်များကို သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် အန္တရာယ်ရှိသော နေရာများတွင် အလုပ်ဆိုင်ရာ ညွှန်ကြားချက်များကို ပေးပို့ခြင်း သို့မဟုတ် နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်ဖြေရှင်းခြင်းကဲ့သို့သော ဘေးအန္တရာယ်များသည့် တာဝန်များကို ထမ်းဆောင်ကြသည်။ ထိုသို့သော အန္တရာယ်ရှိသည့် အလုပ်များကို လုပ်ဆောင်နေသူတို့သည် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့နှင့် လုံးဝ အတူမနေရသည့်အပြင် ထိုလူပုဂ္ဂိုလ်များ မည်သည့်နေရာတွင် နေထိုင်သည်ကိုဖြစ်စေ၊ မည်သည့်မိသားစုက ၎င်းတို့ကို ဧည့်ခံသည်ကိုလည်းဖြစ်စေ မသိရှိသင့်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အန္တရာယ်ရှိသော အလုပ်များကို လုပ်ဆောင်နေသူတို့သည် အချိန်မရွေး နောက်ယောင်ခံလိုက်ခြင်းနှင့် အဖမ်းခံရခြင်းအန္တရာယ် ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့ အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပါက အသင်းတော်ကို သစ္စာဖောက်နိုင်သည်။ ယင်းက အပြန်အလှန်အနေဖြင့် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့နှင့် ဧည့်ခံသည့်မိသားစုများကို ငြိစွန်းစေမည် ဖြစ်သည်။ ဤသည်မှာ လုံခြုံရေးပြဿနာနှင့် သက်ဆိုင်သည် မဟုတ်လော။ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသည့် အမှုထမ်းအချို့သည် ကိစ္စရပ်များကို ကိုင်တွယ်ရန် အပြင်ထွက်သွားပြီး သုံးရက်အတွင်း ပြန်လာရန် သဘောတူထားသော်လည်း သုံးရက်ကြာပြီးနောက် ပြန်မလာပါက ဤအခြေအနေသည် အန္တရာယ်ရှိသည်ဟု သင်တို့ ပြောမည်လော။ အခြား မိမိတို့တာဝန်များကို ထမ်းဆောင်နေသော အမှုထမ်းများသည် ရွှေ့ပြောင်းသင့်သလော။ (ပြောင်းရွေ့သင့်ပါသည်။) ထိုသို့သော ကိစ္စများတွင် ချက်ချင်း ရွှေ့ပြောင်းခြင်းက လိုအပ်သည်။ လုံးဝ ကြန့်ကြာမှုမရှိရသည့်အပြင်၊ မည်သည့်စွန့်စားမှုကိုမျှ မပြုလုပ်ရပေ။ ၎င်းတို့သည် ကံကို အားကိုးသည့် စိတ်နေစိတ်ထား ရှိ၍မရပေ။ အချို့လူများသည် ပျင်းရိကြပြီး ယင်းကို အလုပ်ရှုပ်သည်ဟု ခံစားရကာ “နောက်ထပ်တစ်ရက် စောင့်လိုက်ခြင်း မည်သည့် ထိခိုက်နစ်နာစရာ ရှိသနည်း။ သူတို့က အထူးအခြေအနေတစ်ခုခုကြောင့် ကြန့်ကြာနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ပြောဆိုလျက် ရွှေ့ပြောင်းရန် ဆန္ဒမရှိကြပေ။ နောက်တစ်ရက် ထပ်စောင့်ခြင်းသည် အန္တရာယ်ကိုသာ တိုးပွားစေသည်။ သင်သည် ရွှေ့ပြောင်းပြီး မည်သည့်အရာမျှ မဖြစ်ပွားပါက အမြဲပြန်လာနိုင်ပြီး ယင်းမှာ အမှားတစ်ခု ဖြစ်မည်မဟုတ်ပေ။ သို့သော် သင်သည် မရွှေ့ပြောင်းဘဲ နောက်တစ်ရက် ထပ်စောင့်ပါက အဖြစ်အပျက်တစ်ခု ဖြစ်ပွားနိုင်ပြီး ထိုသို့ဖြစ်သည့်အချိန်တွင် နောင်တရရန် နောက်ကျသွားလိမ့်မည်။ သို့ဖြစ်၍ ကိစ္စရပ်များကို ကိုင်တွယ်ရန် အပြင်ထွက်သွားသော ညီအစ်ကိုမောင်နှမများသည် သဘောတူထားသည့်အချိန်အတွင်း ပြန်မလာပါက တစ်စုံတစ်ခု မှားယွင်းသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ မည်သည့် နောက်ဆုံးဖြစ်လာနိုင်ဖွယ် အခြေအနေကိုမဆို ကာကွယ်ရန် သက်ဆိုင်ရာ ညီအစ်ကိုမောင်နှမများသည် ချက်ချင်း ရွှေ့ပြောင်းပြီး အတော်အတန် လုံခြုံသောနေရာသို့ နေရာပြောင်းသင့်သည်။ သင့်တော်သော နေရာတစ်ခုကို ရှာတွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် နောက်မကျလွန်းစေဘဲ မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ပြန်လည်ထမ်းဆောင်နိုင်သည်။ နောက်အခြေအနေတစ်ခုမှာ တာဝန်ထမ်းဆောင်နေသော ညီအစ်ကိုမောင်နှမများအတွက် နေရာချထားပေးခြင်းများကို စီစဉ်ပေးသည့်အလုပ်အား တာဝန်ယူသည့် ဒေသခံအသင်းတော်မှ လူသည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရသည့်အခါ ဖြစ်သည်။ ထိုသို့သော ကိစ္စများတွင် မည်သို့ လုပ်ဆောင်သင့်သနည်း။ (အရေးပါသော အလုပ်အမှုထမ်းများကို ချက်ချင်း နေရာပြောင်းရွှေ့ပေးပါ။) ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ပထမဦးစားပေးမှာ ဤအရေးပါသော အလုပ်အမှုထမ်းများကို အတော်အတန် လုံခြုံသောနေရာသို့ ချက်ချင်း နေရာပြောင်းရွှေ့ပေးရန် ဖြစ်သည်။ အခြားအရာအားလုံးထက် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးကို အာမခံရမည်။ ၎င်းတို့ကို မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့စေသင့်ပေ။ ၎င်းတို့ကို နေရာပြောင်းရွှေ့ပြီးနောက်တွင် နောက်ဆက်တွဲအလုပ်ကို လုပ်ဆောင်နိုင်သည်။ အချို့သော နားဝေတိမ်တောင်ဖြစ်သည့်သူများသည် အစဉ်သဖြင့် ကံကို အားကိုးသည့် စိတ်နေစိတ်ထား ရှိကြသည်- “မည်သူမည်ဝါ အဖမ်းခံခဲ့ရသော်လည်း အဆင်ပြေပါသည်။ သူ၏ ယုံကြည်ခြင်းသည် အတော်လေး အားကောင်းပြီး ခက်ခဲသော အခြေအနေများတွင် သူသည် အထူးပင် အမြဲ သန်မာခဲ့သည်။ သူသည် လုံးဝ သစ္စာဖောက်မည် မဟုတ်ပါ။ ထို့ကြောင့် လုံးဝ အန္တရာယ်မရှိကြောင်း ကျွန်ုပ် အာမခံနိုင်သည်၊ မည်သူမျှ နေရာပြောင်းရွှေ့ရန် မလိုအပ်ပါ” ဟူ၍ ဖြစ်သည်။ ဤစကားများသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) “သူတို့ သစ္စာဖောက်လျှင်ပင် ရွေးပြီး သစ္စာဖောက်လိမ့်မည်၊ အရေးမကြီးသော ကိစ္စရပ်များအကြောင်း သတင်းအချက်အလက်ကိုသာ သစ္စာဖောက်လိမ့်မည်၊ ယင်းက သင်တို့၏ လုံခြုံရေးကို သေချာပေါက် ထိခိုက်မည်မဟုတ်ပါ” ဟု ပြောဆိုသော လူများလည်း ရှိသေးသည်။ ဤစကားများသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤစကားများသည် ခိုင်လုံခြင်း မရှိပေ။ လူတို့သည် အခြားလူများကို ရှင်းလင်းစွာ သိမြင်နိုင်သလော။ မေးခွန်းထုတ်ခံရသူတွင် ဝိညာဉ်ရင့်ကျက်မှု ရှိလျှင်ပင် တစ်စုံတစ်ခု မှားယွင်းသွားပါက မည်သူမျှ အကျိုးဆက်များကို မခံနိုင်သောကြောင့် ငါတို့သည် အလွန်တရာ ယုံကြည်စိတ်ချစွာ စကားပြောခြင်းကို ရှောင်ရှားသင့်သည်။ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသည့် အမှုထမ်းများ၏ လုံခြုံရေးကို ကာကွယ်ရန် အခြားမည်သည့်အလုပ် လိုအပ်သေးသနည်း။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို စတင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဆက်စပ်သည့် သမ္မာတရား စည်းမျဉ်းများအပြင် အခြေအနေများ ပေါ်ပေါက်လာသည့်အခါ မည်သည့်စည်းမျဉ်းများနှင့် ဉာဏ်ပညာအား ကျင့်သုံးရမည်ဟူသည်တို့ကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သင့်သည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် အပြင်ထွက်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် လူမှုရေးအတွေ့အကြုံနှင့် ဉာဏ်ပညာရှိသော လူတစ်ဦး သို့မဟုတ် နှစ်ဦးကို တာဝန်ပေးသင့်သည်။ ဤလုပ်နည်းကိုင်နည်းသာလျှင် ဘေးကင်းလုံခြုံပြီး စိတ်ချရသည်။ တစ်ချက်အနေဖြင့်၊ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးကို ကာကွယ်နိုင်သည်။ နောက်တစ်ချက်အနေဖြင့်၊ ၎င်းတို့ကိုယ်တိုင် မဖြေရှင်းနိုင်သော ပြဿနာအချို့ကို ဖြေရှင်းရာတွင် ၎င်းတို့ကို ကူညီနိုင်သည်။ ဤအရာက အချို့သော ဒုက္ခပြဿနာများကို တားဆီးပေးလိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် အပြင်ထွက်သွားသောသူတို့အား မိမိတို့၏ အလုပ်ကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ကြောင်းကို အာမခံပေးလိမ့်မည် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသူတို့၏ လုံခြုံရေးအား အာမခံခြင်းသည် အလွန်အရေးကြီးသော အလုပ်တစ်ရပ်ဖြစ်ပြီး အထူးသဖြင့် လွတ်လပ်စွာ ယုံကြည်ခွင့်မရှိသော နိုင်ငံများတွင် ဖြစ်သည်။ အသင်းတော်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် ပထမဦးစားပေးမှာ ဒေသတွင်း၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသည်ဖြစ်စေ၊ အပြင်ထွက်၍ ထမ်းဆောင်နေသည်ဖြစ်စေ တာဝန်ထမ်းဆောင်နေသော အမှုထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အာမခံရန် ဖြစ်သည်။ လုံခြုံရေးအလုပ်ကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသာလျှင် ဘုရားသခင်အသုံးပြုရန် သင့်တော်သည်။ ဤအလုပ်ကို မလုပ်ဆောင်နိုင်သောသူတို့သည် လူ့သဘာဝ မရင့်ကျက်သောသူများ၊ ထိုးထွင်းသိမြင်မှုနှင့် ဉာဏ်ပညာ ကင်းမဲ့သောသူများ ဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်အသုံးပြုရန် သင့်တော်လာဖို့ ခက်ခဲလိမ့်မည်။

၂။ ပြည်ပနိုင်ငံအမျိုးမျိုးတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ လုံခြုံရေးကို သေချာစေရမည့် နည်းလမ်း

က။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်း

ပြည်ပနိုင်ငံအမျိုးမျိုးတွင် အသင်းတော်အလုပ်ကို လုပ်ဆောင်ရာ၌ ပထမဦးစားပေးမှာ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်စေရန်အလို့ငှာ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးကို အာမခံပေးလျက်၊ တာဝန်ထမ်းဆောင်နေသော အမှုထမ်းများအတွက် နေရာချထားမှုကို ကောင်းမွန်စွာ စီစဉ်ပေးသင့်ပေသည်။ နောက်ထပ် အရေးကြီးသော ကိစ္စရပ်တစ်ခုမှာ တရားဝင် အဆင့်အတန်း ပြဿနာကို ကိုင်တွယ်ခြင်းဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများ နိုင်ငံသစ်တစ်ခုသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ယင်းကို ဆောင်ရွက်ရမည် ဖြစ်သည်။ တရားဝင် အဆင့်အတန်းမရှိပါက သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်းသည် တရားမဝင်ပါက ၎င်းတို့၏ နေထိုင်မှုပတ်ဝန်းကျင် မည်မျှပင် ကောင်းမွန်စေကာမူ အချိန်မရွေး ပြည်နှင်ဒဏ်ပေးခံရမည့် အန္တရာယ် အမြဲရှိနေသည်။ အဆင့်အတန်း တရားမဝင်သော လူပုဂ္ဂိုလ်များကို တရားမဝင် နေထိုင်သူများအဖြစ် သတ်မှတ်ပြီး ဤလူတို့၏ လုံခြုံရေးက စိုးရိမ်စရာအခြေအနေတွင် ရှိသည်၊ ၎င်းတို့၏ လုံခြုံရေးကို အာမမခံနိုင်ပါက ၎င်းတို့သည် မိမိတို့၏ တာဝန်များကို အချိန်ကြာမြင့်စွာ ထမ်းဆောင်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်းများအတွက် ကောင်းမွန်သော နေရာချထားမှုများကို စီစဉ်ပေးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ပထမဆုံးသော အလုပ်တာဝန်ဖြစ်သည်။ ၎င်းတို့၏ နေရာချထားမှုများကို ကောင်းမွန်စွာ စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက် နောက်တစ်ဆင့်မှာ ၎င်းတို့၏ တရားဝင် အဆင့်အတန်းကို စတင်စီမံဆောင်ရွက်ရန် ၎င်းတို့အတွက် စီစဉ်ပေးခြင်း ဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို အနည်းဆုံးအားဖြင့် တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ရာတွင် ပန်းတိုင်မှာ ညီအစ်ကိုမောင်နှမများက ထိုနေရာတွင် တရားဝင် နေထိုင်နိုင်စေရန် ဖြစ်သင့်သည်။ ဤသည်မှာလည်း အရေးပါသော အလုပ်အမှုထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အာမခံရာတွင် အရေးကြီးသော အလုပ်တစ်ရပ် ဖြစ်သည်။ တရားဝင် နေထိုင်ခွင့် ရရှိရန်အတွက်၊ ပထမဆုံး သတ်မှတ်ချက်မှာ လူတစ်ဦး၏ အဆင့်အတန်းက တရားဝင်ဖြစ်ရမည်ဖြစ်သည်။ ၎င်းတို့သည် တစ်နေရာရာတွင် တရားမဝင် နေထိုင်နေ၍ မရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တရားဝင် နေထိုင်ခွင့်အတွက် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ညီအစ်ကိုမောင်နှမများအတွက် နေရာချထားမှုများကို တတ်နိုင်သမျှ စီစဉ်ပေးသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤနေရာချထားရေးအလုပ်တွင် တိုက်ရိုက် ပါဝင်နိုင်သည် သို့မဟုတ် ယင်းကို နောက်ဆက်တွဲ လုပ်ဆောင်ပေးနိုင်သည်။ ၎င်းတို့ ထိုးထွင်းမမြင်နိုင်သော ကိစ္စရပ်များရှိပါက အထက်အဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များထံမှ ချက်ချင်း ရှာဖွေသင့်သည်။ အထူးအခြေအနေများ မရှိပါက ၎င်းတို့သည် အသင်းတော်၏ ယခင်စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခါအားလျော်စွာ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် လိုအပ်ပြီး တစ်စုံတစ်ဦးတွင် ၎င်းတို့၏ တရားဝင် အဆင့်အတန်းနှင့်ပတ်သက်၍ ပြဿနာများရှိကြောင်း သို့မဟုတ် အထူးအခြေအနေ တစ်ခုတလေ ရှိကြောင်း သိရှိပါက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တရားဝင် အဆင့်အတန်းအတွက် စီမံဆောင်ရွက်ခြင်း ပြဿနာများကို ဖြေရှင်းရန် ပြင်ပရေးရာကိစ္စများကို ကိုင်တွယ်နေသည့် အမှုထမ်းများကို စီစဉ်ပေးသင့်သည်။ ပထမအဆင့်မှာ အဆင့်အတန်း စီမံဆောင်ရွက်ခြင်းကို ကိုင်တွယ်ပေးရန် အထူးပြုရှေ့နေအချို့ကို ရှာဖွေရန်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ရှေ့နေများ ငှားရမ်းရာတွင် လှည့်ဖြားခံရခြင်းမှ ရှောင်ရှားရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်။ ရှေ့နေအတုအယောင်များ သို့မဟုတ် တရားဝင် အဆင့်အတန်းအား စီမံဆောင်ရွက်ခြင်းတွင် မကျွမ်းကျင်သောသူများကို မငှားရမ်းသင့်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တရားဝင် အဆင့်အတန်း စီမံဆောင်ရွက်ခြင်းနှင့် ဆက်စပ်သည့် ဤကဏ္ဍများကို ပထမဦးစွာ ထည့်သွင်းစဉ်းစားသင့်ပြီး ဤကိစ္စရပ်များကို ကောင်းမွန်စွာ စီစဉ်ရမည်ဖြစ်သည်။ ဤအလုပ်သည်လည်း အရေးပါသော အလုပ်အမှုထမ်းများကို ကာကွယ်ခြင်းအပြင်၊ ၎င်းတို့၏ လုံခြုံရေးကို အာမခံခြင်းနှင့် သက်ဆိုင်သောကြောင့် ဤအလုပ်ကို လုပ်ဆောင်သည့်အခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘာမျှမလုပ်ဘဲ ရပ်မနေရပေ။ အချို့လူများက “တာဝန်ထမ်းဆောင်နေသည့် အမှုထမ်းတွေအတွက် နေရာချထားပေးခြင်းက ဘုရားအိမ်တော်၏ အလုပ်ဖြစ်သည်။ အထက်က တိုက်ရိုက် စီစဉ်ပြီးမှသာ ကျွန်ုပ်တို့လုပ်ဆောင်ရန် လိုအပ်သည်။ အထက်က မစီစဉ်လျှင်၊ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဒုက္ခခံစရာ မလိုပါ။ ပြီးလျှင် တစ်စုံတစ်ရာ မှားယွင်းသွားလျှင်ပင်၊ ကျွန်ုပ်တို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိပါ။ ထို့အပြင် နိုင်ငံတိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် တရားဝင် အဆင့်အတန်းတို့နှင့်ပတ်သက်၍ မတူညီသော စည်းမျဉ်းစည်းကမ်းများ ရှိသည်။ ထိုသို့သော ကြီးမားသည့် ပြဿနာကို ကျွန်ုပ်တို့ မကိုင်တွယ်နိုင်ပါ။ လူတိုင်းက မိမိကိုယ်ကိုသာ အားကိုးပြီး အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ရမည်။ နိုင်ငံတစ်ခုတွင် ၎င်းတို့ နေ၍ရလျှင် နေရမည်၊ နေ၍မရလျှင် ပြန်သွားရမည်”ဟု ပြောဆိုကြသည်။ ဤစကားများသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသဘောထားကို သင်တို့ မည်သို့ထင်သနည်း။ (ယင်းမှာ တာဝန်မဲ့ခြင်း ဖြစ်ပါသည်။) တစ်နည်းအားဖြင့်၊ ယင်းမှာ တာဝန်မဲ့ခြင်းဖြစ်သည်၊ နောက်တစ်နည်းအားဖြင့်၊ ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်များက တကယ့်အလုပ်ကို မလုပ်ဆောင်ခြင်းနှင့်၊ တာဝန်လွှဲချခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ပြည်ပရှိ အရေးပါသော အလုပ်အမှုထမ်းများအတွက် နေရာချထားပေးခြင်းသည်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အရေးကြီးသော အလုပ်တစ်ရပ် ဖြစ်သည်။ ၎င်းတို့အတွက် နေရာချထားမှုများကို ကောင်းမွန်စွာ စီစဉ်ပြီး ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းလုပ်ဆောင်ရမည့် နောက်တစ်ဆင့်မှာ ၎င်းတို့၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ရာတွင် ၎င်းတို့ကို လမ်းညွှန်ရန် ပြင်ပရေးရာ အမှုထမ်းများကို စီစဉ်ပေးခြင်း ဖြစ်သည်။ အထူးသဖြင့် စီမံဆောင်ရွက်နေစဉ်အတွင်း ညီအစ်ကိုမောင်နှမများ မကိုင်တွယ်နိုင်သော အထူးအခြေအနေများ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဖြေရှင်းနည်းများကို ရှာဖွေရန် နည်းလမ်းများကို စဉ်းစားသင့်ပြီး ပြဿနာကို လျစ်လျူမရှုသင့်ပေ။ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိပါက ယင်းသည် သေးငယ်သော ကိစ္စရပ်မဟုတ်သည့်အပြင်၊ တတ်နိုင်သမျှ စောစီးစွာနှင့် လျင်မြန်စွာ ကိုင်တွယ်သင့်သည်။ မနှောင့်နှေးနှင့်။ ယနေ့ လုပ်ဆောင်နိုင်သည့်အရာကို နက်ဖြန်အထိ မရွှေ့ဆိုင်းနှင့်။ နက်ဖြန်အထိ ရွှေ့ဆိုင်းခြင်းသည် မတွေးဝံ့စရာ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကိစ္စရပ်ကို အရေးတကြီးလုပ်ဆောင်ရန် ပျက်ကွက်ပြီး တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ရန် အကောင်းဆုံးအချိန်ကို နှောင့်နှေးစေရင်း၊ ထိုသို့ဖြင့် တာဝန်ထမ်းဆောင်နေသော အမှုထမ်းများကို ပုံမှန်အတိုင်း မထမ်းဆောင်နိုင်အောင် ဖြစ်စေလျက် ၎င်းတို့၏ တာဝန်ကို ပေါ့ဆပြီး ပျက်ကွက်ပါက၊ မည်သူ တာဝန်ယူရမည်နည်း။ ဤလူပုဂ္ဂိုလ်များသည် အသင်းတော်ခေါင်းဆောင်များနှင့် စီမံဆောင်ရွက်ပေးနေသော အမှုထမ်းများထံ ၎င်းတို့၏ တောင်းဆိုမှုများကို ပြုလုပ်ခဲ့ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များလည်း သိရှိခဲ့ကြသော်လည်း ၎င်းတို့သည် ကိစ္စရပ်ကို အလေးအနက်မထားခြင်း သို့မဟုတ် ယင်းကို မကိုင်တွယ်ရန်အတွက် ဆင်ခြေများပေးခြင်းတို့ကြောင့် အရေးပါသော အမှုထမ်းအချို့၏ တရားဝင် အဆင့်အတန်း စီမံဆောင်ရွက်ခြင်းက နှောင့်နှေးခဲ့ရပြီး ယင်းက အသင်းတော်၏ အရေးကြီးသော အလုပ်အချို့ကို အတိုင်းအတာတစ်ခုအထိ ထိခိုက်ခဲ့သည်။ သို့ဆိုလျှင် ဤနေရာတွင် မည်သူ တာဝန်ယူသင့်သည်ဟု သင်တို့ ထင်သနည်း။ (ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ပါသည်။) ဘုရားအိမ်တော်သည် ဤကိစ္စရပ်ကို အကြိမ်ကြိမ် အလေးပေးပြောကြားပြီးဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို သတိမပြုမိခြင်း မဟုတ်သည့်အပြင်၊ ၎င်းတို့သည် သတင်းအချက်အလက် မရရှိခြင်း သို့မဟုတ် နားလည်မှုကင်းမဲ့ခြင်းတို့လည်း မဟုတ်ပေ၊ ထို့ထက်၊ ၎င်းတို့သည် ယင်းအကြောင်းကို သိရှိသော်လည်း အလေးအနက်မထားကြခြင်း ဖြစ်သည်။ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စရပ်များနှင့် မသက်ဆိုင်သမျှ ကာလပတ်လုံး၊ အခြားသူတစ်ဦး၏ ပြဿနာများဖြစ်နေသမျှ ကာလပတ်လုံး ၎င်းတို့သည် ဖြစ်နိုင်သည့်အခါတိုင်း ယင်းကို ရွှေ့ဆိုင်းကြပြီး အဆုံးတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းကဲ့သို့သော အရေးပါသည့် ကိစ္စရပ်တစ်ခုအား နှောင့်နှေးစေခဲ့သည်။ အကျိုးဆက်များ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်ခံရမည်ဖြစ်သည်။ ဤတာဝန်သည် စကားသက်သက်မဟုတ်ပေ၊ ယင်းသည် အသင်းတော်၏ အလုပ်၊ အထူးသဖြင့် ဘုရားအိမ်တော်၏ အရေးကြီးသော အလုပ်ကို ထိခိုက်ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များ ထမ်းဆောင်သည့် တာဝန်က သိသာထင်ရှားလာသည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် အပြစ်တစ်ခုအဖြစ် ဘုရားသခင်၏ အပြစ်ပေးခြင်းခံရမည်ဖြစ်ပြီး ယင်းမှာ ပြစ်မှားခြင်းတစ်ခု ဖြစ်လိမ့်မည်၊ ဤသည်မှာ အကျိုးဆက်ဖြစ်သည်။ ယင်းသည် သင် လုပ်ဆောင်ရန် အကျုံးဝင်သည့်အရာတစ်ခုဖြစ်ပါက၊ သင်၏ တာဝန်များ နယ်ပယ်အတွင်းရှိ အရာတစ်ခုဖြစ်ပြီး ယင်းကို သင် မလုပ်ဆောင်ပါက သို့မဟုတ် လျစ်လျူရှုပါက၊ သို့မဟုတ် အချို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ယင်းကို နှောင့်နှေးစေခြင်းတို့ ပြုလုပ်ပါက သင် တာဝန်ခံရမည်ဖြစ်သည်။ အချို့လူများက “ယင်းအား မည်သို့ ဖြေရှင်းရမည်ကို ကျွန်ုပ် မသိခဲ့ပါ၊ ကျွန်ုပ်တွင် ရှေ့ဆက်ရန် မည်သည့်နည်းလမ်းမျှ မရှိခဲ့ပါ”ဟု ပြောဆိုကြသည်။ သို့သော် သင်သည် ယင်းကို အလေးအနက်ထားပြီး ပထမဆုံးရရှိသည့် အခွင့်အရေး၌ အထက်အဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များထံမှ ရှာဖွေခဲ့သလော။ အခြားသူအချို့ကမူ ၎င်းတို့သည် အခြားအလုပ်များနှင့် မအားလပ်သောကြောင့် ယင်းအကြောင်းကို မေ့သွားသည်ဟု ဆိုကြသည်။ ၎င်းတို့သည် မအားလပ်ခြင်းကြောင့် အမှန်တကယ် မေ့သွားလျှင်ပင် တစ်စုံတစ်ဦးက ၎င်းတို့နှင့်ပတ်သက်၍ ပြဿနာကို ထုတ်ဖော်ပြောဆိုပြီး ထပ်တလဲလဲသတိပေးပြီးနောက်တွင် အဘယ်သို့ ဆက်လက်မေ့လျော့နေနိုင်ကြသနည်း။ ဤသည်မှာ မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ (၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်းအား စီမံဆောင်ရွက်ခြင်းကိစ္စကို နှလုံးမသွင်းခဲ့ကြပါ။ ၎င်းတို့တွင် ဝန်ထုပ်ထမ်းလိုစိတ် ဘာဆိုဘာမျှ လုံးဝမရှိပါ။) ထိုသို့သော အရေးကြီးသည့် ကိစ္စရပ်တစ်ခုကို ၎င်းတို့ မေ့လျော့နိုင်သည့်အချက်က ၎င်းတို့တွင် တာဝန်သိစိတ် ကင်းမဲ့ပြီး ယုံကြည်စိတ်ချရသူများ မဟုတ်ကြောင်းကို ပြသနေသည်။ သင်သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းကဲ့သို့သော အရေးပါသည့်အရာတစ်ခုကို မေ့လျော့နိုင်သည်၊ သင်၏ ကိုယ်ပိုင် တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းအား သင် မေ့မည်လော။ သင်သည် သင်၏ ကိုယ်ပိုင်ကိစ္စရပ်များကို မမေ့ဘဲ အခြားသူများ၏ ကိစ္စရပ်များကို မေ့နိုင်ပါက ယင်းက သင်သည် အကျင့်စရိုက် မကောင်းကြောင်း၊ ချစ်ခြင်းမေတ္တာ ကင်းမဲ့ကြောင်းနှင့် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ကြောင်းကို သက်သေပြနေသည်။ သင်သည် သင်၏ ကိုယ်ပိုင် တရားဝင် အဆင့်အတန်းအား စီမံဆောင်ရွက်ခြင်းကို ပြီးစီးပြီးဖြစ်သော်လည်း ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်း စီမံဆောင်ရွက်ခြင်းကို သာမန်၊ မဖြစ်စလောက်ကိစ္စရပ်တစ်ခုအဖြစ် သဘောထားသည်၊ သို့မဟုတ် လုံးဝပင် လျစ်လျူရှုပြီး အဆုံးတွင် ၎င်းတို့၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းတည်းဟူသော ဤအရေးပါသည့် ကိစ္စရပ်ကို နှောင့်နှေးစေခဲ့သည်။ သင်သည် ယင်းကို တာဝန်ယူနိုင်သလော။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့နေသည် မဟုတ်လော။ ၎င်းတို့သည် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လှသည်တကား။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ဂရုစိုက်ပြီး အခြားသူများကို အလေးမထားကြပေ။ ဤအရာက မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ပြဿနာ အနှစ်သာရသည် ထိုသို့ဖြင့် အပြည့်အဝ ဖော်ထုတ်ခြင်းခံရသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်း စီမံဆောင်ရွက်ခြင်းအား တကယ်ကိုပင် အရေးမစိုက်လိုကြပေ။ ၎င်းတို့က ယင်းကို စိတ်အနှောင့်အယှက်ပေးသည်ဟု မြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့က “ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းသည် ငါနှင့် မည်သည့် ပတ်သက်မှုရှိသနည်း”ဟု စဉ်းစားကြသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်း ဆောင်ရွက်ခြင်းကိစ္စကို ၎င်းတို့ သဘောထားသည့် သဘောထားဖြစ်ပြီး အဆုံးတွင် ဤအရေးပါသည့် ကိစ္စရပ်ကို နှောင့်နှေးစေကာ ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်စေပြီး အသင်းတော်၏ အလုပ်ကို ထိခိုက်စေခဲ့သည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အပြစ်ဒဏ်ပေးခြင်းကို ခံထိုက်သည်ဟု သင်တို့ ဆိုမည်လော။ (ဆိုမည်ဖြစ်သည်။) ယင်းမှာ တမင်ရည်ရွယ်ခြင်းဖြစ်သောကြောင့် ၎င်းတို့ တာဝန်ခံသင့်သည်။ ယင်းမှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများကြောင့် မတော်တဆ နှောင့်နှေးခြင်းတစ်ခု သေချာပေါက် မဟုတ်ခဲ့ပေ။ ငလျင်၊ ရေဘေး သို့မဟုတ် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကို ပြတ်တောက်စေသည့် အဓိက နိုင်ငံရေးဖြစ်ရပ်တစ်ခုခုကဲ့သို့သော သဘာဝဘေးအန္တရာယ်တစ်ခု ရှိခဲ့ပြီး ဤကိစ္စရပ်များကို ကိုင်တွယ်ရန် မဖြစ်နိုင်အောင် ဖြစ်စေပါက ယင်းမှာ နားလည်ပေး၍ရနိုင်မည်ဖြစ်သည်။ သို့သော် ဤဖြစ်ရပ်များ တစ်ခုမျှ မဖြစ်ပွားသည့်အပြင်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်း စီမံဆောင်ရွက်ခြင်းကို မေ့လျော့ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းတို့ ဖြစ်နေဆဲဖြစ်ကာ ဤလူပုဂ္ဂိုလ်များ၏ တရားဝင် အဆင့်အတန်းကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်ကို နှောင့်နှေးစေပါက ထိုသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ၎င်းတို့၏ တာဝန်ကို ပျက်ကွက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည်ဖြစ်ပြီး တာဝန်ခံရမည်။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်သည်ကို မြင်ရသဖြင့် လုပ်ဆောင်သင့်သည့်အလုပ်ကို လုပ်ဆောင်ရန် သင် တာဝန်ရှိသည်။ သင်၏ တာဝန် နယ်ပယ်အတွင်းရှိ အရာအားလုံးအတွက် သင်သည် ယင်းကို ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းမွန်စွာ ကိုင်တွယ်ပြီး ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ သို့သော် သင်သည် ယင်းကို လုပ်ဆောင်ခြင်းအား တမင် ရှောင်ရှားပါက၊ သို့မဟုတ် နှောင့်နှေးစေခြင်းတို့ ပြုလုပ်ပါက ဤသည်မှာ သင်၏ တာဝန်ကို ပျက်ကွက်ခြင်းဖြစ်ပြီး ဤပျက်ကွက်ခြင်းသည် ပြစ်မှားခြင်းတစ်ခု ဖြစ်သည်။ သင်သည် ကိစ္စရပ်တစ်ခုကို တမင် နှောင့်နှေးစေပြီး မကိုင်တွယ်ပါက သင်၏ ပျက်ကွက်မှုသည် အဆုံးတွင် ပြစ်မှားခြင်းတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်။ ဤကိစ္စရပ်အတွက် သင် တာဝန်ခံရမည် ဖြစ်သည်။

ပင်လယ်ရပ်ခြား နိုင်ငံများတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တရားဝင် အဆင့်အတန်းနှင့်ပတ်သက်၍ အချို့သော ပြဿနာများရှိလျှင် သို့မဟုတ် ၎င်းတို့၏ အိမ်နီးချင်းများ သို့မဟုတ် သူစိမ်းများက ၎င်းတို့နှင့်ပတ်သက်၍ တိုင်ကြားလျှင် သို့မဟုတ် သတင်းပို့လျှင် ၎င်းတို့သည် ပြည်နှင်ဒဏ်ပေးခြင်းခံရမည့်အန္တရာယ်ကို ရင်ဆိုင်ရနိုင်ပေသည်။ အချို့သော နိုင်ငံများ၏ အစိုးရများက မမှန်မကန် စွဲချက်များဖြင့် ထိန်းသိမ်းပြီး အပြစ်ပေးခြင်း သို့မဟုတ် ဖမ်းဆီးပြီး အကျဉ်းချခြင်းတို့ကို ပင်လယ်ရပ်ခြား နိုင်ငံများရှိ ဘုရားသခင် ရွေးချယ်ထားသောလူအချို့က ခံရခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အခြေအနေ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုအကြောင်းကို သိရှိသည့်အခါ လိပ်တစ်ကောင်ကဲ့သို့ မိမိတို့၏အခွံထဲ၌ ပုန်းနေခြင်း မပြုသင့်ပေ။ ၎င်းတို့အား ဆိုးယုတ်သောလူများ၏ လက်ထဲသို့ မကျရောက်စေဘဲ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို အာမခံခြင်းဟူသည့် နောက်ဆုံးပန်းတိုင်ဖြင့် ဤကိစ္စကို ချက်ချင်း ကိုင်တွယ်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၏အလုပ်ကို စီစဉ်ရန်သာ ဂရုစိုက်ပြီး ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်းကိစ္စကို အာရုံမစိုက်ဘဲနေပါက၊ ၎င်းတို့ တရားဝင် အဆင့်အတန်းမရှိခြင်းကြောင့် ဖမ်းဆီးခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း ခံရပါက ဤသည်တို့မှာ မည်သည့် အကျိုးဆက်များ ဖြစ်သနည်း။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မည့် အခွင့်အရေးကို ဖျက်ဆီးလိုက်ခြင်း မဟုတ်လော။ ဤသည်မှာ အသင်းတော်၏အလုပ်ကို တိုက်ရိုက် သက်ရောက်သည် မဟုတ်လော။ သို့ဆိုလျှင် ဤပြဿနာ၏ သဘောသဘာဝမှာ အတော်လေး ပြင်းထန်လေသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စကို ယခင်က မကိုင်တွယ်ဖူးပါက ညီအစ်ကိုမောင်နှမများကို ကာကွယ်ခြင်းနှင့် အရေးပါသော အလုပ်အမှုထမ်းများ၏ လုံခြုံရေးကို ကာကွယ်ခြင်းဟူသည့် ပန်းတိုင်ကို ရရှိရန် ကြိုးပမ်းလျက် ဤကိစ္စကို ကိုင်တွယ်ရန် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဖို့အတွက် ညီအစ်ကိုမောင်နှမများထဲမှ ပြင်ပရေးရာများကို ကိုင်တွယ်ရာ၌ ကျွမ်းကျင်သောသူတစ်ဦးကို ရှာဖွေနိုင်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ပင်လယ်ရပ်ခြားတွင် လုပ်ဆောင်ရမည့် အရေးကြီးသော အလုပ်တစ်ခုလည်း ဖြစ်သည်။ ဒေသခံ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စကို ဂရုပြုရန် ကနေဦး ခြေလှမ်းလှမ်းရမည်။ ဒေသခံ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ကာကွယ်ခြင်းအပြင် ၎င်းတို့သည် နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို သာ၍ပင် ကာကွယ်ရမည်၊ ဤနည်းအားဖြင့်သာ အသင်းတော်၏အလုပ်အတွက် အာမခံချက်ရှိသည်။ ဤသည်မှာ နိုင်ငံအသီးသီးရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဒေသခံ ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံခြားသား အရေးပါသော အလုပ်အမှုထမ်းများအပေါ် ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်၊ ၎င်းတို့သည် လက်ပိုက်ကြည့်မနေသင့်ပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “သူတို့သည် နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများ ဖြစ်ကြပြီး ကျွန်ုပ်တို့သည် သူတို့နှင့် မရင်းနှီးကြပါ၊ ကျွန်ုပ်တို့ကြားတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးမရှိပါ။ ၎င်းတို့ကို ဤနေရာ၌ ဧဝံဂေလိတရားဟောရန် ဘုရားအိမ်တော်က စေလွှတ်ခဲ့ခြင်းဖြစ်သည်၊ ယင်းက ကျွန်ုပ်တို့နှင့် မည်သည့် ပတ်သက်မှုရှိသနည်း။ ဤပြဿနာသည် သူတို့ဘာသာ ဖြစ်စေသည့်အရာတစ်ခု ဖြစ်သည်၊ သူတို့သည် မလာမီ အခြေအနေကို ရှင်းလင်းစွာ မစုံစမ်းခဲ့ကြသည့်အပြင် ဤကိစ္စရပ်များကိုလည်း ကောင်းစွာ မကိုင်တွယ်ခဲ့ကြပါ။ ဤပြဿနာတွင် ကျွန်ုပ်တို့ ဝင်ရောက်စွက်ဖက်ရန် နည်းလမ်းမရှိပါ၊ အစိုးရက သူတို့အား မည်သို့ပြုလုပ်မည်ကို မည်သူသိနိုင်မည်နည်း”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို ရှောင်လွှဲရန်နှင့် ရှောင်ရှားရန် အမျိုးမျိုးသော ဆင်ခြေများကိုသာ အသုံးပြုကြပြီး ယင်းတို့ကို ဖြေရှင်းရန် ရှေ့ထွက်ဖို့အတွက် နည်းလမ်းများကို ရှာဖွေဖို့ မကြိုးစားကြပေ။ ဤသို့ ပြုမူခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤပြဿနာများကို ဖြေရှင်းရန် ရှေ့မထွက်သည့်အပြင်၊ တစ်ချိန်တည်းတွင် ညီအစ်ကိုမောင်နှမများ၌လည်း ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းမရှိပါက ဒုက္ခပြဿနာ ဧကန်မုချ ပေါ်ပေါက်လာမည် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် ၎င်းတို့၏ တာဝန်ကို မဖြည့်ဆည်းခြင်း ဖြစ်သည်၊ ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း ဖြစ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်သည် ဘုရားအိမ်တော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုစီတိုင်းကို ဖြည့်ဆည်းရန် ဖြစ်သည်။ ဘုရားအိမ်တော်၏ နယ်ပယ်သည် ဒေသတစ်ခု၊ နယ်မြေတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုထိသာ ကန့်သတ်ထားခြင်းမရှိပေ။ ဘုရားအိမ်တော်၌ နိုင်ငံနယ်နိမိတ်များ၊ နယ်မြေဆိုင်ရာ ကန့်သတ်ချက်များ မရှိပေ။ ဘုရားသခင်က လူတို့ကို ရွေးချယ်ခြင်းနှင့် ကယ်တင်ခြင်းတို့၌ လူမျိုးရေးဆိုင်ရာ ကန့်သတ်ချက်များ ရှိသလော။ (မရှိပါ။) နိုင်ငံသား သို့မဟုတ် နယ်မြေဆိုင်ရာ ကန့်သတ်ချက်များ ရှိသလော။ (လည်းမရှိပါ။) တစ်ခုမျှမရှိပေ။ ဤသည်မှာ ဘုရားသခင်က သူ၏အမှုတော်ကို လုပ်ဆောင်သည့် စည်းမျဉ်းဖြစ်သည်၊ သို့ဖြစ်၍ ဤစည်းမျဉ်းသည် သမ္မာတရား ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက မည်သည့်နိုင်ငံမှ ဖြစ်သည်ဖြစ်စေ ၎င်းတို့အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်ကို ယုံကြည်ကြသည်၊ တစ်ပါးတည်းသော ဘုရားသခင်နောက်သို့ လိုက်ကြပြီး တစ်ပါးတည်းသော ဘုရားသခင်ကို မိတ်သဟာယဖွဲ့ကာ ထောက်ပံ့ပေးသည့် သမ္မာတရားကိုလည်း စားသောက်ကြသည်။ ၎င်းတို့သည် တစ်ပါးတည်းသော ဘုရားသခင် ဆောင်ရွက်သည့် အမှုတော်ကို တွေ့ကြုံခံစားကြပြီး တစ်ပါးတည်းသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ အသားအရောင် သို့မဟုတ် လူမျိုး မည်သို့ပင်ဖြစ်စေ ဘုရားအိမ်တော်နှင့် ဘုရားသခင်ရှေ့မှောက်တွင် ၎င်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သည်၊ မိသားစုတစ်စုတည်း ဖြစ်သည်။ ၎င်းတို့သည် မိသားစုတစ်စုတည်း ဖြစ်သည့်အတွက်၊ ၎င်းတို့ကြားတွင် ခွဲခြားမှုများ မရှိသင့်ပေ။ လူမျိုးရေး သို့မဟုတ် နယ်မြေဆိုင်ရာ ကန့်သတ်ချက်များ မရှိသင့်ပေ။ “သင်သည် အာရှတိုက်သားဖြစ်သည်၊ ငါသည် ဥရောပတိုက်သားဖြစ်သည်” သို့မဟုတ် “သင်သည် လူဖြူ၊ ငါသည် အရောင်ရှိသောလူတစ်ဦးဖြစ်သည်” ဟူ၍ ခွဲခြားမှုများ မရှိသင့်ပေ၊ ဤခွဲခြားမှုများ မရှိသင့်ပေ။ သင်သည် ဘုရားအိမ်တော်၌ ဤခွဲခြားမှုများကို ပြုလုပ်နေဆဲဖြစ်ပါက ဘုရားအိမ်တော်ကို ဘုရားအိမ်တော်အဖြစ် မမှတ်ယူသည့်အပြင် သင့်ကိုယ်သင် ဘုရားအိမ်တော်သားတစ်ဦးအဖြစ် မမှတ်ယူသည်မှာ သိသာထင်ရှားပေသည်။ သို့ဖြစ်၍ နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများသည် ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် တရားမဝင် ဖမ်းဆီးခြင်းကဲ့သို့သော ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ မည်သည့်နေရာမှ ၎င်းတို့ လာသည်ဖြစ်စေ၊ မည်သည့်နိုင်ငံသား ဖြစ်သည်ဖြစ်စေ၊ မည်သည့်အသားအရောင် ရှိသည်ဖြစ်စေ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည့်အတွက်၊ ၎င်းတို့ ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ဒေသခံ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ရှေ့ထွက်ပြီး ဤကိစ္စကို တာဝန်ရှိသည့်ပုံစံဖြင့် ကိုင်တွယ်သင့်ကာ လူတို့ကြားတွင် ခွဲခြားမှုများ မပြုလုပ်သင့်ပေ။ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပြည့်အဝ ကိုက်ညီပြီး လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား ဖြစ်သည်။

လတ်တလောတွင်၊ တရုတ်ပြည်မှ ဘုရားသခင် ရွေးချယ်ထားသောလူများစွာတို့သည် ဧဝံဂေလိတရားကို ဟောကြားရန်နှင့် ဘုရားသခင်ကို သက်သေခံရန် ပင်လယ်ရပ်ခြားရှိ နိုင်ငံအမျိုးမျိုးသို့ သွားရောက်နေကြသည်။ ဤနိုင်ငံများတွင် ၎င်းတို့ ရောက်ရှိပြီးနောက် စိတ်အေးချမ်းမှုဖြင့် အလုပ်လုပ်နိုင်မီတွင် ၎င်းတို့ ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ ၎င်းတို့၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ရန် ဖြစ်သည်။ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းသည် ရိုးရှင်းသောကိစ္စမဟုတ်ပေ။ ယင်းသည် ဒေသခံအသင်းတော်မှ လူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်။ နိုင်ငံအမျိုးမျိုးရှိ အသင်းတော်များကို ကြီးကြပ်သူများသည် တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းပြဿနာအား ဖြေရှင်းရာတွင် တရုတ်ပြည်မှ ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ကူညီရန် မိမိတို့နိုင်ငံ၏ မူဝါဒများကို နားလည်ပြီး ဥပဒေများကို သိရှိသော ညီအစ်ကိုမောင်နှမအချို့အား ရှာဖွေသင့်သည်။ ဤပြဿနာကို ဖြေရှင်းခြင်းသည် အလွန်အရေးကြီးသည်။ နိုင်ငံအမျိုးမျိုးမှ အသင်းတော်များ၏ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စကို ရှိသမျှနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သင့်သည်၊ အကြောင်းမှာ လူတို့၏ တရားဝင် အဆင့်အတန်းပြဿနာကို အပြည့်အဝ ဖြေရှင်းပြီးမှသာ အသင်းတော်၏အလုပ်သည် ပုံမှန်အတိုင်း ရှေ့ဆက်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက အသင်းတော်၏အလုပ်သည် ထိခိုက်လိမ့်မည်။ နိုင်ငံအသီးသီးရှိ အသင်းတော်များကို ကြီးကြပ်သူများသည် ထိုသို့သောကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်းရှိသော လူများကို အသင့်ပြင်ဆင်ထားသင့်သည်။ ဤသို့ပြုလုပ်ခြင်းသည် အသင်းတော်၏အလုပ်ကို အကျိုးပြုသည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်း၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “ကျွန်ုပ်တို့သည် ဤကိစ္စမျိုးကို မည်သည့်အခါမျှ မကိုင်တွယ်ခဲ့ဖူးပါ၊ မည်သို့လုပ်ဆောင်ရမည်ကိုလည်း မသိပါ”ဟု ပြောကောင်းပြောနိုင်သည်။ ဤအခြေအနေတွင် ၎င်းတို့သည် ဤအရေးကိစ္စမျိုးများကို နားလည်သောသူများအား ရှာဖွေသင့်သည်။ နိုင်ငံအမျိုးမျိုးတွင်ရှိသည့် ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် ပညာရေးနှင့် အသိပညာရှိသောသူများ ရှိကြသည့်အပြင် နိုင်ငံတော်၏ ဥပဒေများနှင့် မူဝါဒများကို နားလည်သောသူများလည်း ရှိကြသည်။ ၎င်းတို့အတွက် ဤကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းသည် နည်းလမ်းတစ်ခုကို ရှာတွေ့ဖို့ အနည်းငယ် တိုင်ပင်ဆွေးနွေးရုံသာ လိုအပ်သည်၊ ထိုသို့မဟုတ်လော။ ဤကိစ္စမျိုးများကို ကိုင်တွယ်ရာတွင် သင်သည် ဘာသိဘာသာနေပြီး တက်ကြွမှုမရှိဘဲ မနေသင့်ပေ။ သင် တစ်စုံတစ်ခုကို နားမလည်ပါက တိုင်ပင်ဆွေးနွေးရန် ရှေ့နေတစ်ဦးကို ရှာဖွေသင့်သည်။ သက်ဆိုင်ရာ ရှေ့နေအမျိုးအစားကို ရှာတွေ့သရွေ့၊ နည်းလမ်းတစ်ခု အလိုအလျောက် ရှိလာလိမ့်မည်။ ငါတို့သည် ဤကိစ္စကို နားမလည်ကောင်း နားမလည်နိုင်သော်လည်း ရှေ့နေကမူ နားလည်လိမ့်မည်။ ရှာဖွေသော စိတ်နှလုံးရှိခြင်းသည် မှန်ကန်သော သဘောထားဖြစ်သည်၊ ရှာဖွေသော စိတ်နှလုံးရှိခြင်းသည် တာဝန်ယူစိတ်ရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အချို့သော အခက်အခဲများ ပေါ်ပေါက်လာပါက သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းဖြင့် အတူတကွ ဆုတောင်းခြင်း၊ ရှာဖွေခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းတို့ကို ပြုလုပ်သင့်ပြီး ပြဿနာကို ဖြေရှင်းရန် စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှာတွေ့ပြီးနောက် ယင်းကို လုံးဝ ဖြေရှင်းသင့်သည်။ ထိုအခါမှသာ အသင်းတော်၏အလုပ်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်မည်ဖြစ်သည်။ အကယ်၍ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းအကြောင်းကို ချက်ချင်း သိရှိနိုင်လျှင်၊ နောက်ဆက်တွဲလုပ်ဆောင်နိုင်ပြီး ဖြေရှင်းနိုင်လျှင်၊ ၎င်းတို့သည် တာဝန်သိသော ခေါင်းဆောင်များနှင့် အမှုဆောင်များ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်သိစိတ်ရှိရုံသာမက ပြဿနာများကိုလည်း ချက်ချင်း ဖြေရှင်းနိုင်သည်။ ယင်းက ၎င်းတို့အနေဖြင့် စံနှုန်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာရန် မျှော်လင့်ချက်ရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့၏ သမ္မာတရားကို နားလည်မှု အတိမ်အနက် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းခြင်းအပေါ် အာရုံစိုက်ပါက စစ်မှန်သောအလုပ်ကို လုပ်ဆောင်နိုင်ကြသည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် အမှားနည်းအောင် သို့မဟုတ် အမှားမရှိအောင် လုပ်ဆောင်နိုင်သည်။ ပြီးလျှင် ၎င်းတို့ အမှားအချို့ ပြုလုပ်မိလျှင်ပင် အချို့သော ဆုံးရှုံးမှုများကို ပြန်လည်ရယူရန် ယင်းတို့ကို ချက်ချင်း ပြုပြင်နိုင်ပြီး နောက်ဆုံးတွင် ဘုရားအိမ်တော်၏အလုပ်ကို ကာကွယ်စောင့်ရှောက်ခြင်းဟူသည့် ပန်းတိုင်ကို စွမ်းဆောင်ရရှိနိုင်ကြသည်။ သင်တို့သည် ဤတာဝန်ကို ဖြည့်ဆည်းခြင်းက ခက်ခဲသည်ဟု ထင်သလော။ (မထင်ပါ။) အမှန်တကယ်တွင် မခက်ခဲပေ၊ ယင်းသည် လူတို့က မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့၏အလုပ်တွင် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ်တွင် မူတည်သည်။ သင့်အနေဖြင့် အနည်းငယ် စဉ်းစားပြီး အချိန်အနည်းငယ် ပေးကာ အားအင်အချို့ ရင်းနှီးမြှုပ်နှံရန်သာ လိုအပ်သည်။ ယင်းသည် သင်တို့အား ငွေသုံးရန် သို့မဟုတ် အန္တရာယ်တစ်ခုတလေ ခံယူရန် မတောင်းဆိုပေ။ သင်တို့သည် ပြဿနာများကို ကူဖြေရှင်းပေးဖို့နှင့် ကိစ္စရပ်များကို ကောင်းစွာ ကိုင်တွယ်ပေးဖို့ ရှေ့ထွက်ရုံသာ လိုအပ်ပြီး ဤနည်းအားဖြင့် သင်တို့သည် စံနှုန်းပြည့်မီလာနိုင်သည်။ သို့ဖြစ်၍ ဤသည်မှာ ခက်ခဲသောကိစ္စမဟုတ်သည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် စွမ်းဆောင်ရရှိရန် လွယ်ကူသင့်သည်။ သို့သော် ဤမျှလောက် လွယ်ကူသောအရာတစ်ခုကိုပင် မပြီးမြောက်နိုင်သော လူအချို့ရှိပြီး၊ ဤသည်မှာ မလုံလောက်သော အစွမ်းအစ သို့မဟုတ် စွမ်းရည်ကြောင့်ဖြစ်စေ၊ အခြေအနေများ သို့မဟုတ် ပတ်ဝန်းကျင်က ခွင့်မပြုသောကြောင့်ဖြစ်စေ မဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့က လုပ်ဆောင်လိုစိတ်မရှိသောကြောင့် ဖြစ်သည်မှာ အလွန်ရှင်းလင်းပေသည်။ အရေးပါသော အလုပ်အမှုထမ်းများ၏ တရားဝင် အဆင့်အတန်း သို့မဟုတ် နေထိုင်ခွင့်၊ သို့မဟုတ် ၎င်းတို့ကို နေရာချထားမှုနှင့်သက်ဆိုင်သော ကိစ္စရပ်များ ပါဝင်သည့် အထူးအခြေအနေများ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ဤအလုပ်ကို တာဝန်ယူဆောင်ရွက်ရန် တာဝန်ရှိသည်။ သင့်အနေဖြင့် မည်သူ့အတွက် နေရာချထားမှုများ စီစဉ်နေသည်ဖြစ်စေ၊ ၎င်းတို့၏ နိုင်ငံသားဖြစ်ခြင်း သို့မဟုတ် လူမျိုးက မည်သို့ပင်ဖြစ်စေ၊ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ဤအရာကို ဘုရားသခင်ထံမှ လက်ခံဖို့ ဖြစ်သည်။ ဤအလုပ်ကို ဘုရားသခင်က သင့်အား အပ်နှင်းထားခြင်းဖြစ်သည်။ ယင်းသည် သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည့်အပြင် သင်တို့၏ ဘဝပေးတာဝန်လည်း ဖြစ်သည်။ သင် လက်ခံသော ဤအလုပ်သည် လူတစ်ဦးတလေထံမဟုတ်ဘဲ ဘုရားသခင်ထံမှ လာသည်။ သို့ဖြစ်၍ သင် နေရာချထားမှုများ စီစဉ်ပေးနေသော ဤလူတို့မှာ မည်သူဖြစ်သည်ကို သင် စိတ်မဝင်စားသင့်ပေ။အချို့လူများက “ဒေသခံ ညီအစ်ကိုမောင်နှမများကို ကာကွယ်ခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများ ဤနေရာသို့ လာပါက ကျွန်ုပ်တို့နှင့် မသက်ဆိုင်ပါ”ဟု ပြောကောင်းပြောနိုင်သည်။ ဤသို့ပြောဆိုသောလူများတွင် တာဝန်ယူစိတ် သို့မဟုတ် လူ့သဘာဝ ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ဒေသခံ ညီအစ်ကိုမောင်နှမများကို ညီအစ်ကိုမောင်နှမများအဖြစ် မှတ်ယူသော်လည်း နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများကို ညီအစ်ကိုမောင်နှမများအဖြစ် မမှတ်ယူပေ။ ဤသည်မှာ ခိုင်လုံသလော။ (မခိုင်လုံပါ။) ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) အဘယ်ကြောင့် သမ္မာတရားနှင့် မကိုက်ညီသနည်း။ (အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားကြပါ။ နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများကို လျစ်လျူရှုပြီး ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ကိစ္စရပ်များကို ကိုင်တွယ်ရန် ရှေ့မထွက်ကြပါ။ သူတို့သည် ဘုရားအိမ်တော်၏အလုပ်ကို မကာကွယ်ကြပါ။) အယောင်ဆောင် ခေါင်းဆောင်များသည် အမျိုးမျိုးသော ဆင်ခြေများဖြင့် တာဝန်ကို ရှောင်လွှဲပြီး စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် လိုလားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားသည်ဟု ၎င်းတို့၏ နှုတ်ဖြင့် ပြောဆိုကြသော်လည်း အသင်းတော်၏အလုပ်နှင့်ဆိုင်သော အရေးကြီးသည့်ကိစ္စရပ်များနှင့် အမှန်တကယ် ပတ်သက်လာသည့်အခါ ၎င်းတို့ ပုန်းရှောင်ကြသည်။ ဤသည်မှာ တာဝန်မဲ့ခြင်း ဖြစ်သည်။ ပင်လယ်ရပ်ခြားရှိ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ကာကွယ်ခြင်းနှင့်သက်ဆိုင်သော ကိစ္စရပ်အားလုံးအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တာဝန်နှင့် အလုပ်တစ်ခုအဖြစ် သဘောထားလျက် ချက်ချင်း ကိုင်တွယ်ရမည်။ ၎င်းတို့သည် ယင်းကို ရှောင်ရှားရန် ဆင်ခြေများ မပေးသင့်သည့်အပြင်၊ ဤအလုပ်အပေါ် ၎င်းတို့ လျစ်လျူရှုခြင်းကို ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်ကဏ္ဍများ၏ တိုးတက်မှုအား ထိခိုက်ခွင့်မပေးသင့်ပေ။

ခ။ ညီအစ်ကိုမောင်နှမအားလုံးကို အခြေခံ ဥပဒေဆိုင်ရာ အသိပညာ ပေးခြင်း

ပင်လယ်ရပ်ခြားရှိ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးနှင့်ဆက်စပ်သော အလုပ်၏ အခြားမည်သည့်ကဏ္ဍများကို သင်တို့ စဉ်းစားမိသေးသနည်း။ (ပင်လယ်ရပ်ခြား နိုင်ငံများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမအားလုံးအား အခြေခံ ဥပဒေဆိုင်ရာ အသိပညာအချို့ကိုလည်း ပေးရမည်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် ဥပဒေဆိုင်ရာ အသိစိတ် ဖြစ်ပေါ်လာကာ ဥပဒေကို ချိုးဖောက်သည့် လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းကို ရှောင်ကြဉ်နိုင်မည် ဖြစ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမအားလုံးကို အခြေခံ ဥပဒေဆိုင်ရာ အသိပညာနှင့် အမျိုးမျိုးသော အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေသင့်သည်။ ၎င်းတို့သည် လူဝင်မှုကြီးကြပ်ရေး မူဝါဒများနှင့် နေ့စဉ်ဘဝနှင့်သက်ဆိုင်သော မူဝါဒများကဲ့သို့သော ဤနယ်ပယ်များအကြောင်းကို ၎င်းတို့ရောက်ရှိနေသော နိုင်ငံရှိ ဒေသခံ ညီအစ်ကိုမောင်နှမများထံမှ ပိုမိုလေ့လာသင့်ပြီး ထို့နောက် ညီအစ်ကိုမောင်နှမများက နိုင်ငံတော်အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်စွာ လိုက်နာပြီး ဥပဒေကို ချိုးဖောက်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်နိုင်ရန်အလို့ငှာ ဤအရာများကို လေ့လာဖို့အတွက် စီစဉ်ပေးသင့်သည်။ အထူးသဖြင့် နှစ်ပေါင်းများစွာ အာဏာရှင်ဆန်သော အုပ်ချုပ်မှုအောက်တွင် နေထိုင်ခဲ့ရသော တရုတ်ပြည်မှ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဥပဒေဆိုင်ရာ အသိပညာ ကင်းမဲ့ပြီး ဥပဒေ၏ အရေးပါမှုကို နားမလည်ကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် ယဉ်ကျေးမှုမရှိသော လူများကဲ့သို့ သာမန်ကာလျှံကာနှင့် ဂရုမစိုက်ဘဲ ပြုမူကြသည်။ ၎င်းတို့သည် ပင်လယ်ရပ်ခြားသို့ လာရောက်နေထိုင်သည့်အခါ အလွန်မသိနားမလည်သည့်ပုံပေါ်ပြီး စည်းကမ်းများကို နားလည်မှုကင်းမဲ့ခြင်းအား ပြသသည့်အရာများကို မကြာခဏ လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် အချို့သော အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများတွင် လူမှုရေးဆိုင်ရာ တရားဥပဒေစိုးမိုးမှုကို အလွန်ကောင်းမွန်စွာ စီမံခန့်ခွဲထားပြီး ည ၁၀ နာရီမှ နံနက် ၈ နာရီအတွင်း ဆူညံသံများကို တားမြစ်သည့် စည်းမျဉ်းစည်းကမ်းများ ရှိသည်။ ခွေးဟောင်သံများ သို့မဟုတ် ဆောက်လုပ်ရေး စက်ယန္တရားများ၏ တဒုန်းဒုန်းမြည်သံများကဲ့သို့သော အသံများကို ခွင့်မပြုပေ။ တစ်စုံတစ်ဦးသည် ဤစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး တိုင်ကြားခြင်းခံရပါက ရဲက ကိုင်တွယ်ဖြေရှင်းလိမ့်မည်။ တရုတ်ပြည်မကြီးတွင်မူ ဤကိစ္စရပ်များကို မည်သူမျှ စီမံခန့်ခွဲခြင်း မရှိပေ၊ လူများ နေထိုင်သည့်နေရာတိုင်းတွင် ကျယ်လောင်သော တေးဂီတ၊ ကခုန်ခြင်း၊ သောက်စားခြင်းနှင့် ပါတီပွဲများ၏ အသံများဖြင့် လက်လွတ်စပယ် ဆူညံနေပြီး မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ တစ်ဦးတလေက တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ကြိုးစားပါက လက်တုံ့ပြန်ခြင်းကို ရင်ဆိုင်ရနိုင်သောကြောင့် တရုတ်လူမျိုးများတွင် သည်းညည်းခံခြင်းမှလွဲ၍ ရွေးချယ်စရာမရှိပေ။ အနောက်တိုင်း နိုင်ငံများမှာမူ ကွဲပြားသည်။ လူတိုင်းကို ဥပဒေဖြင့် ကာကွယ်ထားသည်။ သင်၏ခွေးသည် ညလယ်ခေါင်တွင် မကြာခဏ ဟောင်ပြီး သင့်အိမ်နီးချင်းများ၏ အနားယူခြင်းကို အနှောင့်အယှက်ပေးပါက ၎င်းတို့က သင့်ကို တိုင်ကြားလိမ့်မည်။ သင်လုပ်ဆောင်နေသည့်အရာသည် အခြားသူများ၏ ပုံမှန်ဘဝများကို ထိခိုက်စေသည်၊ သင်သည် ဥပဒေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်၊ ၎င်းတို့သည် သင့်အား တိုင်ကြားရန် ဥပဒေကို လက်နက်တစ်ခုအဖြစ် အသုံးပြုခြင်းသည် တရားနည်းလမ်းကျပေသည်။ ည ၁၁ နာရီ သို့မဟုတ် ၁၂ နာရီအထိ ဆောက်လုပ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ပြီး ၎င်းတို့ အိမ်နီးချင်းများ၏ အနားယူခြင်းကို ထိခိုက်စေကာ တိုင်ကြားခြင်းကို ခံရသောလူများလည်း ရှိသည်။ ထို့နောက် ရဲက ဒဏ်ကြေးငွေ ပေးဆောင်စေဖို့ ရောက်လာပြီး သတ်မှတ်ထားသော နာရီများအတွင်း ဆူညံသံမပြုလုပ်ရန် သတိပေးသည်။ အချို့လူများမှာမူ ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အသိပင် ကင်းမဲ့ကြပြီး လမ်းများပေါ်တွင် အမှိုက်များ ပြန့်ကျဲနေအောင် ပစ်ကြသည်။ အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများသည် အထူးသဖြင့် စည်းကမ်းရှိသည်။ နေထိုင်သူများတွင် အမှိုက်ပစ်ရန် သတ်မှတ်ထားသော အချိန်များရှိပြီး အမှိုက်သိမ်းကားများက သတ်မှတ်ထားသော နေ့ရက်များတွင် လာရောက်သိမ်းဆည်းသည်။ သိမ်းဆည်းပြီးနောက် လမ်းများက သန့်ရှင်းနေမြဲဖြစ်သည်။ ဤသည်ကို နားမလည်သောသူများသည် အမှိုက်ပစ်ကောင်း ပစ်နိုင်သည်၊ ယင်းကိုလည်း စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းအဖြစ် မှတ်ယူခြင်းခံရသည်။ ဤသည်မှာ အများပြည်သူ သန့်ရှင်းရေးနှင့် မြို့၏အသွင်အပြင်ကို ထိခိုက်စေသောကြောင့် ၎င်းတို့အပေါ် တိုင်ချက်များဖွင့်နိုင်သည်။ စည်းကမ်းများကို မလိုက်နာသော တရုတ်လူမျိုးများသည် နိုင်ငံရပ်ခြားတွင် နေထိုင်သည့်အခါ မကြာခဏ တိုင်ကြားခြင်းခံရသည်။ အကြိမ်များစွာ တိုင်ကြားခံရပြီးနောက် ၎င်းတို့သည် အနောက်တိုင်းသားများအပေါ် အမြင်စောင်းလာပြီး “အနောက်တိုင်းသားတွေက တိုင်ကြားရသည်ကို နှစ်သက်ကြသည်ပင်၊ အသေးအဖွဲကိစ္စလေးတိုင်းကို တိုင်ချက်များဖွင့်ကြသည်”ဟု ပြောဆိုကြသည်။ ထိုအပေါ် ငါက “သူတို့က သင့်ကို ကိစ္စရပ်များစွာနှင့် ပတ်သက်ပြီး တိုင်ချက်များ ဖွင့်ခဲ့ကြပြီး သင်က သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ တိုင်ချက်များဖွင့်သည့်အတွက် သူတို့ကို အပြစ်တင်နေသည်။ သို့ဆိုလျှင်သူတို့ တိုင်ချက်များဖွင့်ခြင်းက မှန်ကန်သလော။ သင်လုပ်ခဲ့သည့်အရာများက မှန်ကန်သလော”ဟု ပြောဆိုသည်။ ၎င်းတို့သည် ထိုတိုင်ချက်များကို ဖွင့်ရန် လုံးဝ မှန်ကန်ခဲ့သည်။ သင်တို့သည် ၎င်းတို့၏ အကျိုးစီးပွားများကို ထိခိုက်စေခဲ့ပြီး ၎င်းတို့၏ ဘဝများကို သက်ရောက်မှုရှိစေခဲ့သည်။ သို့ဖြစ်၍ ၎င်းတို့သည် သင့်အား အဘယ်ကြောင့် တိုင်ချက်များ မဖွင့်ရမည်နည်း။ ဤသည်မှာ လူမှုရေးဆိုင်ရာ တရားဥပဒေစိုးမိုးမှုကို ကာကွယ်စောင့်ရှောက်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ဤနိုင်ငံကို ဥပဒေဖြင့် အုပ်ချုပ်ကြောင်း ပြသသည်။ လူတိုင်းကို ဥပဒေဖြင့် ကာကွယ်ထားပြီး ဤနိုင်ငံရှိ ဥပဒေသည် ဟန်ပြသက်သက်မဟုတ်ပေ။ လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ဥပဒေကို လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။ သင်သည် ဥပဒေကို နားမလည်သည့်အပြင် ဒေသန္တရ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သောကြောင့် ၎င်းတို့က သင့်အား တိုင်ချက်များ ဖွင့်ခြင်း ဖြစ်သည်။ သင်သည် ဦးစွာ ဒေသန္တရ စည်းမျဉ်းစည်းကမ်းများကို လေ့လာသင့်ပြီး ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ပြုမူသင့်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သင့်အား တိုင်ချက်များ ဖွင့်နေဦးမည်ဟု သင်ထင်သလော။ (၎င်းတို့ တိုင်ချက်များ ဖွင့်တော့မည် မဟုတ်ပါ။) သို့ဆိုလျှင် ကိစ္စရပ်က မည်မျှပင် ပြင်းထန်ပါစေ တရုတ်လူမျိုးများသည် အဘယ်ကြောင့် မည်သည့်အခါမျှ မတိုင်ချက်များ မဖွင့်ကြသနည်း။ (၎င်းတို့သည် အစိုးရ၏ ဖိနှိပ်မှုကို အချိန်ကြာမြင့်စွာ ခံခဲ့ရပါသည်။ ၎င်းတို့ တိုင်ချက်မဖွင့်ဝံ့ခဲ့ပါ။ တရုတ်လူမျိုးများတွင် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ခြင်းနှင့်ဆိုင်သည့် အယူအဆလည်း မရှိပါ။) တရုတ်ပြည်သည် ဥပဒေဖြင့် အုပ်ချုပ်သော နိုင်ငံမဟုတ်ပေ။ ယင်းသည် ဥပဒေနှင့်အညီ အုပ်ချုပ်ခြင်းမရှိပေ။ တရုတ်ပြည်၏ ဥပဒေများသည် ဟန်ပြသက်သက်သာဖြစ်ပြီး ထိုနေရာတွင် တိုင်ချက်ဖွင့်ခြင်းက အသုံးမဝင်ပေ။ သင် တိုင်ချက်ဖွင့်ပြီး တစ်ဖက်အဖွဲ့က အာဏာနှင့် ဩဇာလွှမ်းမိုးမှုရှိပါက ၎င်းတို့က သင့်ကို လိုက်ဒုက္ခပေးကောင်း ပေးနိုင်သည်။ သင်၌ ဩဇာလွှမ်းမိုးမှုမရှိပါက တိုင်ချက်ပင် ဖွင့်ဝံ့မည် မဟုတ်ပေ။ တိုင်ချက်ဖွင့်ခြင်းသည် သင့်ကို အလွယ်တကူ ဒုက္ခဖြစ်စေနိုင်သည်။ သို့ဖြစ်၍ တရုတ်လူမျိုးများက ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ကြုံတွေ့ရသည့်အခါ၊ အထူးသဖြင့် တစ်စုံတစ်ဦး အသတ်ခံရသည့် ကိစ္စများတွင် သေဆုံးမှုက မည်မျှပင် မတရားသည်ဖြစ်စေ၊ ကျူးလွန်သူက ငွေအချို့ပေးပါက ကိစ္စရပ်က တိတ်တဆိတ် ကျေအေးသွားသည်။ အဘယ်ကြောင့် ခံရသူ၏ မိသားစုဝင်များက တရားမစွဲကြသနည်း။ ၎င်းတို့သည် လုံးဝ အနိုင်ရမည်မဟုတ်သည်ကို သိကြသည်။ ယင်းသည် ငွေများစွာ ကုန်ကျမည်ဖြစ်သည့်တိုင် တရားမျှတမှုကို ၎င်းတို့ ရရှိမည်မဟုတ်သည့်အပြင် ကျူးလွန်သူကိုလည်း တရားဥပဒေအရ အရေးယူနိုင်မည်မဟုတ်သောကြောင့် ၎င်းတို့သည် တရားဥပဒေအရ ဆက်လက်မလုပ်ဆောင်ရန် ရွေးချယ်ပြီး ယင်းအစား ကျေအေးလိုက်ကြသည်။ တရုတ်ပြည်၏ ဥပဒေများသည် ဟန်ပြသက်သက်သာဖြစ်သည်။ တရုတ်ပြည်သည် တရားမျှတမှုကို ရှာဖွေရမည့် နေရာမရှိဘဲ ဥပဒေဖြင့် အုပ်ချုပ်သော နိုင်ငံမဟုတ်ပေ။ တရားစွဲဆိုခြင်းက အဓိပ္ပာယ်မဲ့သည်။ သို့ဖြစ်၍ တရုတ်လူမျိုးများက မည်သည့် တရားမဝင်သော အခြေအနေများနှင့် ကြုံတွေ့ရသည်ဖြစ်စေ ၎င်းတို့ တိုင်ချက်မဖွင့်ဝံ့ကြပေ။ ဤသည်မှာ ကွန်မြူနစ်ပါတီက မကောင်းမှုများကို ကျူးလွန်ခြင်းမှလွဲ၍ ဘာမျှမလုပ်ဆောင်သောကြောင့်၊ ယုတ္တိမတန်သည့်အပြင် ဥပဒေနှင့်အညီ အုပ်ချုပ်ခြင်းမရှိသောကြောင့် ဖြစ်သည်။ တရုတ်ပြည်တွင် လူတစ်ဦးသည် သာမန်လူတစ်ဦးဖြစ်နေသမျှကာလပတ်လုံး ၎င်းတို့ရင်ဆိုင်ရသော ပြဿနာက မည်မျှပင် ဆိုးရွားသည်ဖြစ်စေ၊ ကွန်မြူနစ်ပါတီ၏ အမြင်တွင်မူ အရေးလုပ်စရာ ကိစ္စတစ်ခုအဖြစ် မှတ်ယူခြင်းမခံရပေ။ မည်သူကမျှ ထိုအရာကို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည် မဟုတ်။ အခြားသူများ၏ အနားယူခြင်းကို ထိခိုက်စေခြင်းကဲ့သို့သော အရာများ သို့မဟုတ် ခိုးမှု၊ လုယက်မှုနှင့် ဖောက်ထွင်းမှုကိစ္စများပင်လျှင် ကွန်မြူနစ်ပါတီက ပြဿနာများအဖြစ် ယတိပြတ် မမှတ်ယူပေ။ အနောက်တိုင်း နိုင်ငံများတွင်မူ ကွဲပြားသည်။ အနောက်တိုင်းတွင် ဒီမိုကရေစီ စနစ်ရှိပြီး တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းဖြစ်သည်၊ တစ်စုံတစ်ဦး၏ အနားယူခြင်းကို ထိခိုက်နေသမျှကာလပတ်လုံး တိုင်ကြားချက်တစ်ခု ဖွင့်ခံရလိမ့်မည်ဖြစ်ပြီး၊ ရဲက ထိုကိစ္စကို စုံစမ်းစစ်ဆေးရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် ရောက်လာလိမ့်မည်။ အနောက်တိုင်းသားများတွင် ဤဥပဒေဆိုင်ရာ အသိစိတ်ရှိပြီး ထိုသို့သော မိုက်မဲသည့်အရာများကို မလုပ်ဆောင်ကြပေ။ ပင်လယ်ရပ်ခြားမှလာပြီး စည်းကမ်းများကို နားမလည်သောသူများသာလျှင် ဤမိုက်မဲသည့်အရာများကို လုပ်ဆောင်ကြသည်။ တရုတ်လူမျိုးများက ပင်လယ်ရပ်ခြားတွင် စတင်နေထိုင်သည့်အခါ မကြာခဏ တိုင်ကြားခြင်းခံရသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ဒေသန္တရ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအကြောင်းကို လေ့လာသိရှိလာပြီး ဥပဒေကို ချိုးဖောက်သည့် သို့မဟုတ် အခြားသူများကို အနှောင့်အယှက်ပေးသည့်အရာများကို မလုပ်ဆောင်ဝံ့ကြတော့ပေ။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများအား ၎င်းတို့ရောက်ရှိနေသော နိုင်ငံ၏ အမျိုးမျိုးသော ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအကြောင်းကို လေ့လာရန် စီစဉ်ပေးသင့်သည်။ ၎င်းတို့ မည်သည့်အရာကိုပင် လုပ်ဆောင်ရန် ရည်ရွယ်သည်ဖြစ်စေ ဥပဒေကို ဦးစွာ တိုင်ပင်ဆွေးနွေးရမည်၊ မိမိတို့၏ ခြံဝင်းထဲတွင် ကြက် သို့မဟုတ် ဝက် မွေးမြူလျှင်ပင် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို ဦးစွာ စစ်ဆေးသင့်သည်။ အချက်အလက်များကို အွန်လိုင်းတွင် ၎င်းတို့ ရှာဖွေနိုင်သည် သို့မဟုတ် ဒေသခံ ညီအစ်ကိုမောင်နှမများနှင့် တိုင်ပင်ဆွေးနွေးနိုင်ပြီး ဤနည်းအားဖြင့် တိကျသောအဖြေများကို ရှာဖွေနိုင်သည်။ အနောက်တိုင်း နိုင်ငံများအမျိုးမျိုးတွင် ကိစ္စရပ်အားလုံးအတွက် အစိုးရ၌ တိကျသော စည်းမျဉ်းစည်းကမ်းများ ရှိသည်။ ဥပမာအားဖြင့် ဆောက်လုပ်ရေးတွင် လျှပ်စစ်ပလပ်ပေါက်များက ကြမ်းပြင်မှ မည်မျှမြင့်ရမည်၊ ပလပ်ပေါက်တစ်ခုစီကြား မည်မျှကွာဝေးရမည်ဟူသည်နှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ရှိသည်။ လှေကားလက်ရန်းများ၏ အထူနှင့် လှေကားလက်ရန်းတိုင်များ၏ အကျယ်အတွက် တိကျသော စံနှုန်းများလည်း ရှိသည်။ ဆောက်လုပ်ရေး၏ အဆင့်တိုင်းကို အစိုးရဝန်ထမ်းများက စစ်ဆေးသောကြောင့် ဆောက်လုပ်ရေး စည်းမျဉ်းများကို ချိုးဖောက်သည့် အဆောက်အအုံများ သို့မဟုတ် စည်းမျဉ်းမထိန်းသိမ်းသည့် ဆောက်လုပ်ရေးက ရှားပါးသည်။ နေထိုင်သူများသည် ၎င်းတို့၏ ခြံဝင်းထဲတွင် အိမ်တစ်လုံး၊ ကိရိယာတန်ဆာပလာတဲတစ်လုံး သို့မဟုတ် သိုလှောင်ရုံငယ်တစ်ခုကို ဆောက်လုပ်လိုပါက အစိုးရ၏ ခွင့်ပြုချက်ကို ရယူရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကြက် သို့မဟုတ် ဘဲ မွေးမြူလိုပါက ခြံစည်းရိုးက ၎င်းတို့၏ အိမ်နီးချင်းများ၏ ပိုင်နက်မှ မည်မျှကွာဝေးရမည်ဟူသည်နှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို နားမလည်လျှင်ပင် အသင်းတော်အလုပ်တွင် ဤကိစ္စရပ်များ ပါဝင်ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုအရာများကို အာရုံစိုက်ရမည်။ ၎င်းတို့သည် ဒေသန္တရ ဥပဒေများနှင့် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို ဦးစွာ တိုင်ပင်ဆွေးနွေးသင့်သည်၊ ဤကိစ္စရပ်များကို ရှင်းလင်းစွာ သိရှိလာခြင်းသည် ငါတို့၏ တာဝန်ထမ်းဆောင်ခြင်းအတွက် အကျိုးရှိသည်။ ဥပဒေရေးရာ ကိစ္စရပ်များသည် အသင်းတော်၏ အတွင်းပိုင်းအလုပ်နှင့် တိုက်ရိုက် ဆက်စပ်မှုမရှိသော်လည်း လူတိုင်းကို အခြေခံ ဥပဒေဆိုင်ရာ အသိပညာပေးခြင်းက အကျိုးရှိနေဆဲဖြစ်သည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် အသိပညာအချို့ကို ရရှိနိုင်သည်၊ စည်းမျဉ်းအချို့ကို နားလည်နိုင်သည်၊ မည်သို့ ကောင်းမွန်စွာ နေထိုင်ရမည်ကို သင်ယူနိုင်ပြီး လူ့သဘာဝ သွင်ပြင်တစ်ခုကို စွမ်းဆောင်ရရှိနိုင်သည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြင်ပရေးရာများအတွက် တာဝန်ရှိသောသူများနှင့် မိတ်သဟာယဖွဲ့သင့်ပြီး ၎င်းတို့အား ဥပဒေဆိုင်ရာ အသိဖြစ်ပေါ်လာစေရန် ကူညီသင့်သည်။ အသေးအဖွဲကိစ္စရပ်များအတွက် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန် မလိုအပ်ပေ။ ၎င်းတို့သည် ဒေသန္တရ စည်းမျဉ်းစည်းကမ်းများကို နားလည်ပြီး ယင်းတို့ကို တင်းကြပ်စွာ လိုက်နာရန်သာ လိုအပ်သည်။ သို့သော် အဓိကကျသော ကိစ္စရပ်များအတွက်မူ ဒေသန္တရ ဥပဒေများကို နားလည်မှုရရှိရန် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ အချုပ်အားဖြင့်ဆိုသော် မည်သည့်အရာကိုပင် လုပ်ဆောင်နေသည်ဖြစ်စေ လုပ်ဆောင်ချက်အားလုံးက ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။ ဤနည်းဖြင့် အချိန်ကာလတစ်ခုကြာ လက်တွေ့လုပ်ဆောင်ခြင်းသည် လူတို့အား ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၏ အရေးပါမှုကို တွေ့ကြုံခံစားစေလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် စည်းမျဉ်းများကို လိုက်နာကြလိမ့်မည်။ ဤသည်မှာ အသင်းတော်၏အလုပ်အတွက်လည်း အကျိုးရှိသည်။

ဂ။ ဧဝံဂေလိတရား ဟောကြားရန် လူများကို စေလွှတ်သည့်အခါ လိုက်နာရမည့် စည်းမျဉ်းများ

အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသောသူများ၏ လုံခြုံရေးကို ကာကွယ်ခြင်းအရ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ အလေးထားရမည့် နောက်ထပ်အလုပ်ကဏ္ဍတစ်ခု ရှိသည်။ ယင်းမှာ အပြင်ထွက်ကာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သော သူများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် ဖြစ်သည်။ လူတို့ကို မိမိတို့၏ တာဝန်ထမ်းဆောင်ရန်အတွက် အပြင်သို့ စေလွှတ်သည့်အခါ မည်သည့်စည်းမျဉ်းများကို လိုက်နာသင့်သနည်း။ ပထမဦးစွာ လူတို့၏ အသက်အရွယ်နှင့် လိင်အပြင် ၎င်းတို့၏ ထိုးထွင်းသိမြင်မှုနှင့် ဘဝအတွေ့အကြုံတို့ကို ထည့်သွင်းစဉ်းစားသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စနှင့်စပ်လျဉ်း၍ နားဝေတိမ်တောင်ဖြစ်ခြင်း သို့မဟုတ် သာမန်ကာလျှံကာ ဖြစ်၍ မရပေ။ ဥပမာအားဖြင့် သင်သည် ဧဝံဂေလိ အမှုဆောင်များကို မရင်းနှီးသောနေရာတစ်ခုသို့ ဧဝံဂေလိတရား ဟောကြားရန် စေလွှတ်နေပါက မည်သည့်လူစားမျိုးကို စေလွှတ်ရန် သင့်တော်မည်နည်း။ (ထိုးထွင်းသိမြင်မှုနှင့် ဉာဏ်ပညာအချို့ရှိသော လူများ ဖြစ်ပါသည်။) အကယ်၍ အသင်းတော်တစ်ခုတွင် သင့်တော်သောလူများစွာမရှိဘဲ အများစုမှာ ဘဝအတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့သော လူငယ်များဖြစ်ပြီး၊ အခြေအနေများ၊ အထူးသဖြင့် စိန်ခေါ်မှုရှိသော ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ မည်သို့ကိုင်တွယ်ရမည်ကို မသိသည့်၊ စည်းမျဉ်းများမရှိဘဲ စကားပြောဆိုပြီး ဉာဏ်ပညာလည်း ကင်းမဲ့သည့် လူငယ်အများစုရှိပါက၊ ၎င်းတို့သည် အလုပ်ကို လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ထိုသို့သောလူများကို စေလွှတ်ပါက ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်သည်သာမက အလုပ်ကိုလည်း ထိခိုက်စေပြီး နှောင့်နှေးစေဖွယ်ရှိသည်။ သို့ဖြစ်၍ အပြင်သို့ထွက်ကာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လူများကို စေလွှတ်သည့်အခါ ရင့်ကျက်သော လူ့သဘာဝနှင့် ဉာဏ်ပညာရှိသောသူများကို ရွေးချယ်ရန် လိုအပ်သည်၊ ထိုသို့သောလူများသာလျှင် သင့်တော်သည်။ သင့်တော်သောလူများ လုံလောက်စွာမရှိပါက လူငယ်များကို လူကြီးများနှင့် ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့၏ တာဝန်အား သွားရောက်ထမ်းဆောင်ခွင့်ပြုလော့။ ဥပမာအားဖြင့် အသက် ၂၅ သို့မဟုတ် ၂၆ နှစ်အရွယ် ညီအစ်မငယ်တစ်ဦးသည် ဘုရားသခင်ကို အချိန်အတော်ကြာ ယုံကြည်ခဲ့ပြီး၊ ယုံကြည်ခြင်းနှင့် ဝိညာဉ်ရင့်ကျက်မှု ပိုင်ဆိုင်ကာ၊ မိမိ၏ တာဝန်ကို အချိန်ကြာမြင့်စွာ ထမ်းဆောင်ခဲ့သော်လည်း မရင်းနှီးသောနေရာတစ်ခုတွင် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် စေလွှတ်ခံရပါက မိမိကိုယ်ကို မည်သို့ ဘေးကင်းအောင် နေရမည်ကို သိမည်မဟုတ်ပေ။ ထိုသို့သောအခြေအနေတွင် တာဝန်ကို ထမ်းဆောင်ရန် သူမနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လူ့အဖွဲ့အစည်းထဲက အတွေ့အကြုံရှိသော ဒေသခံ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးကို ရှာဖွေရန် လိုအပ်မည်ဖြစ်သည်။ တာဝန်ထမ်းဆောင်ရမည့်နေရာသည် ရင်းနှီးသောဒေသ သို့မဟုတ် အသင်းတော်ရှိပြီးသား နေရာတစ်ခုဖြစ်ပါက လူငယ် ညီအစ်ကိုမောင်နှမများက သွားနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် လူများသည် မရင်းနှီးသောနေရာတစ်ခု၊ အထူးသဖြင့် အများပြည်သူ လုံခြုံရေးညံ့ဖျင်းသောနေရာတစ်ခုသို့ ဧဝံဂေလိတရား ဟောကြားရန် သို့မဟုတ် အခြားအလုပ် လုပ်ဆောင်ရန် သွားနေပါက ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ထည့်သွင်းစဉ်းစားရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ၎င်းတို့က မည်သူ့ကို အလုပ်လုပ်ရန် အပြင်သို့ စေလွှတ်နေသည်ဖြစ်စေ လုံခြုံရေးက ပထမဆုံး ထည့်သွင်းစဉ်းစားရမည့်အရာ ဖြစ်သည်။ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများသည် မည်သည့်လူစားမျိုးများဖြစ်သည်ကို မရှင်းလင်းပါက သို့မဟုတ် ဤလူတို့က မသင့်လျော်သောအရာများကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည်ကို မရှင်းလင်းပါက ဧဝံဂေလိတရား ဟောကြားရန် လူများကို စေလွှတ်သည့်အခါ သတိထားသင့်သည်။ ယခင်က အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသက် ၁၈ သို့မဟုတ် ၁၉ နှစ်၊ သို့မဟုတ် ၂၀ ကျော်စအရွယ် ညီအစ်မငယ်များကို မရင်းနှီးသောနေရာများသို့ ဧဝံဂေလိတရား ဟောကြားရန် မကြာခဏ စေလွှတ်လေ့ရှိပြီး ကံအကြောင်းမလှသည့် ဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။ အမှန်တကယ် မည်သည့်အရာပင်ဖြစ်ခဲ့သည်ဖြစ်စေ နောက်ဆုံးတွင် ယင်းသည် အလုပ်လုပ်ဆောင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ထည့်သွင်းစဉ်းစားမှုများ မစေ့စပ်ခြင်းနှင့် ဆက်စပ်နေခဲ့သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏အလုပ်တွင် ဤအချက်များကို ထည့်သွင်းစဉ်းစားသင့်ပြီး အလွန်ငယ်ရွယ်သော ညီအစ်မများ သို့မဟုတ် ညီအစ်ကိုများကို မရင်းနှီးသည့်အပြင်၊ အန္တရာယ်ရှိသောနေရာများသို့ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် သာမန်ကာလျှံကာ တာဝန်မပေးသင့်ပေ။ တစ်ချိန်က အသက် ၁၈ သို့မဟုတ် ၁၉ နှစ်အရွယ် ညီအစ်မနှစ်ဦးကို ဧဝံဂေလိတရား ဟောကြားရန်အတွက် စီစဉ်ခဲ့သော ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ တစ်စုံတစ်ဦးက ၎င်းတို့ အလွန်ငယ်ရွယ်ပြီး ဤအတွက် မသင့်တော်ကြောင်း ပြောဆိုသည့်အခါ ထိုခေါင်းဆောင်က “၁၉ နှစ်က ငယ်လွန်းသည်ဟု သင် ပြောသည်၊ ထို့ကြောင့် ၂၁ နှစ်အရွယ်တစ်ယောက်ကို ကျွန်ုပ် ရှာခဲ့သည်။ ထိုသူက အသက် ပိုကြီးတယ် မဟုတ်လော” ဟု တွေးလျက် အသက် ၂၁ နှစ်အရွယ် ညီအစ်မတစ်ဦးကို ယင်းအစား သွားရန် ရှာဖွေခဲ့သည်။ ဤခေါင်းဆောင်၏ အစွမ်းအစမှာ မည်သို့ရှိသနည်း။ ၎င်းတို့သည် လွဲချော်မှုများ ဖြစ်ပေါ်တတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၁၉ နှစ်ထက် နှစ်နှစ်သာကြီးခြင်းဖြစ်သည်၊ သူမတွင် ဘဝအတွေ့အကြုံ ရှိနိုင်ပြီးဖြစ်မည်လော။ သူမသည် လူ့အဖွဲ့အစည်း၌ အတွေ့အကြုံ ရှိနိုင်မည်လော။ အခက်အခဲများ သို့မဟုတ် အန္တရာယ်ရှိသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သူမ ငိုကြွေးခြင်းဖြင့် အဆုံးသတ်မည် မဟုတ်လော။ သူမသည် အသက်နှစ်နှစ်ပိုကြီးသော်လည်း အသက်အရွယ်အရ သူမသည် အလွန်ငယ်ရွယ်နေဆဲဖြစ်ပြီး ဤအလုပ်ကို တာဝန်ယူနိုင်စွမ်းမရှိပေ။ အနည်းဆုံးအားဖြင့် အသက် ၃၀ သို့မဟုတ် ၄၀၊ သို့မဟုတ် ၅၀ သို့မဟုတ် ၆၀ အရွယ် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးကို ရှာဖွေရန် လိုအပ်သည်။ ၎င်းတို့သည် အသက်ပိုကြီးပြီး လူ့အဖွဲ့အစည်း၌ အတွေ့အကြုံရှိသည်၊ အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့တွင် ယင်းတို့ကို ကိုင်တွယ်ရန် အမြော်အမြင်ရှိပြီး အန္တရာယ်ရှိသော မည်သည့်အခြေအနေများကိုမျှ မဖြစ်ပေါ်အောင် တားဆီးနိုင်သည်။ လူငယ်များသည် အမှုအရာများစွာကို မမြင်ကြ၊ မကြုံကြရသေးသည့်အပြင်၊ ယင်းတို့အား မည်သို့ကိုင်တွယ်ရမည်ကို မသိကြပေ။ အန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် သဘောပင်မပေါက်နိုင်ကြပေ။ ယင်းက ဖြစ်ရပ်များကို အလွယ်တကူ ဖြစ်ပွားစေသည်။ အသက်ကြီးသော လူများမှာ ဤလူ့အဖွဲ့အစည်းနှင့် ဤလူသားမျိုးနွယ်ထဲတွင် ကောက်ကျစ်ဆိုးယုတ်မှုကို ပိုမိုမြင်တွေ့ရပြီးဖြစ်သောကြောင့် လူတို့အပေါ် ပို၍ သတိထားတတ်ကြသည်။ လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ အတွေ့အကြုံနှင့် လက်တွေ့ဘဝမှ အသိပညာတို့ကို အခြေခံ၍ အချို့သော အခြေအနေများတွင် မည်သည့်အန္တရာယ်မျိုး ပေါ်ပေါက်နိုင်သည်၊ အန္တရာယ်အဆင့် မည်မျှမြင့်မားသည်၊ မည်သည့်လူပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများဖြစ်သည်ဟူသည်နှင့်၊ အချို့သော လူများက မည်သည့်အရာမျိုးများ လုပ်ဆောင်နိုင်သည်ဟူသည်တို့ကို ကျိုးကြောင်းဆီလျော်သော သုံးသပ်ချက်အချို့ ပြုလုပ်နိုင်သည်။ အန္တရာယ်ရှိသော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့တွင် အန္တရာယ်မှ လွတ်မြောက်ရန် အမြော်အမြင်လည်း ရှိသည်။ အခြားတစ်ဖက်တွင်မူ လူငယ်များသည် အတွေ့အကြုံ ကင်းမဲ့ကြသည်။ အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ဖြစ်နိုင်ခြေရှိသော အန္တရာယ်ရှိသည့် အကျိုးဆက်များကို မသိမြင်နိုင်ကြပေ။ သို့ဖြစ်၍ လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ လူကြီးများသည် လူငယ်များထက် ၎င်းတို့၏ ထည့်သွင်းစဉ်းစားမှုများတွင် ပို၍ စေ့စပ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူများကို အပြင်ထွက်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စေလွှတ်သည့်အခါ ဒေသန္တရ အခြေအနေများကို ထည့်သွင်းစဉ်းစားသင့်ပြီး အတော်အတန် အသက်ကြီးသော၊ အမြော်အမြင်နှင့် အတွေ့အကြုံအချို့ရှိသောသူများကို လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်စေပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စီစဉ်ပေးသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စရပ်များကို ထည့်သွင်းစဉ်းစားမှုများ၌ စေ့စပ်ရမည်ဖြစ်သည်။

မည်သည့်နိုင်ငံတွင် အသင်းတော်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ တာဝန်ထမ်းဆောင်နေသူတို့၏ လုံခြုံရေးကို သေချာစေခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ သေချာအာရုံစိုက်ရမည့် အလုပ်တစ်ရပ် ဖြစ်သည်။ မည်သည့်အလုပ်ကို လုပ်ဆောင်ရန် မည်သူ့ကို စေလွှတ်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် အလုပ်အတွက် အရည်အချင်းပြည့်မီနိုင်ရန်နှင့် ၎င်းတို့၏ လုံခြုံရေးကို သေချာစေနိုင်ရန်အလို့ငှာ အစွမ်းအစ တစ်ခုခု ပိုင်ဆိုင်ရမည်ဖြစ်ပြီး လုပ်နိုင်စွမ်းတစ်ခုခု ရှိရမည်ဖြစ်သည်။ အထူးသဖြင့် ဤသည်မှာ အများပြည်သူလုံခြုံရေး အားနည်းသော ဒေသများ သို့မဟုတ် နိုင်ငံများတွင် သာ၍ပင် ဖြစ်ပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်ထမ်းဆောင်နေသူတို့၏ လုံခြုံရေးကို အဓိကစဉ်းစားသုံးသပ်ရမည့် အချက်အဖြစ် မှတ်ယူသင့်ပြီး ပေါ့ပေါ့ဆဆ အလေးမထားဘဲမနေသင့်ပေ။ အချို့လူများက “အဆင်ပြေပါသည်။ ကျွန်ုပ်တို့ လုပ်ဆောင်နေသည့်အရာမှာ ဘုရားအိမ်တော်၌ တာဝန်များထမ်းဆောင်နေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့တွင် ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှု ရှိသည်။ ထို့ကြောင့် မည်သူမျှ သေဆုံးမည်မဟုတ်ပါ။ မည်သည့်အရာများ မှားယွင်းဖို့ ဖြစ်နိုင်မည်နည်း”ဟု ပြောဆိုကြသည်။ ၎င်းတို့ ဤသို့ပြောဆိုခြင်းသည် မှန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (ဤသို့ပြောဆိုခြင်းသည် တာဝန်မဲ့ခြင်းဖြစ်ပြီး ဤသဘောထားအမြင်သည်လည်း လက်တွေ့နှင့် အလွန်ကင်းကွာပါသည်။) လူတို့သည် မိမိတို့ ဖြည့်ဆည်းနိုင်သော တာဝန်များကို ဖြည့်ဆည်းရန်နှင့် မိမိတို့ စဉ်းစားနိုင်သည့်အရာကို ဂရုပြုရန် အစွမ်းကုန် လုပ်ဆောင်သင့်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မစမ်းသပ်သင့်ပေ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို လောင်းကြေးမထပ်သင့်ပေ။ ဘုရားသခင်သည် လူတို့ကို ကာကွယ်နိုင်သော်လည်း သင်သည် သင်စဉ်းစားနိုင်သော ပြဿနာများကို မစဉ်းစားသည့်အပြင် ဘုရားသခင်အား စမ်းသပ်ရန်ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို လောင်းကြေးအဖြစ် အသုံးပြုပါက ဘုရားသခင်သည် သင့်ကို ထုတ်ဖော်လိမ့်မည်။ သင်သည် အလွန်မိုက်မဲပြီး အင်မတန် စဉ်းစားဉာဏ်မဲ့သည့်အလုပ်များကို လုပ်ဆောင်နေသည်တကား။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်မဲ့သောအရာများကို လုပ်ဆောင်ရန် ဤသို့သောစကားကို အကြောင်းပြချက်အဖြစ် မသုံးသင့်ပေ၊ တာဝန်ထမ်းဆောင်နေသူတို့၏ လုံခြုံရေးကို သေချာစေခြင်းသည် သင်၏တာဝန်ဖြစ်ပြီး သင်၏ကိုယ်ပိုင်တာဝန်ကို သင် ဖြည့်ဆည်းသင့်သည်။ သင်စဉ်းစားနိုင်ပြီး လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို ဂရုပြုပြီးသည့်နောက်တွင် သင်မစဉ်းစားမိသည့်အရာအတွက်မူ ဘုရားသခင်သည် ထိုကိစ္စနှင့်ပတ်သက်၍ မည်သို့ပြုမူမည်မှာ ဘုရားသခင်၏ ကိုယ်ပိုင်ကိစ္စဖြစ်ပြီး သင်နှင့် မည်သို့မျှမဆိုင်ပေ။ အချို့လူတို့သည် တာဝန်အားလုံးကို ဘုရားသခင်အပေါ်သို့ လက်လွတ်စပယ် တွန်းပို့ကြပြီး “လူတို့၏ လုံခြုံရေးအတွက် ဘုရားသခင် တာဝန်ရှိသည်၊ ကျွန်ုပ်တို့ ကြောက်ရန်မလိုအပ်ပါ၊ ကျွန်ုပ်တို့အလိုရှိသည့် မည်သည့်ပုံစံဖြင့်မဆို ဟောပြောနိုင်ပါသည်။ ဘုရားသခင်နှင့်အတူ အရာအားလုံးသည် လွတ်လပ်ပြီး လွတ်မြောက်သည်။ ထိုအရာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ စိုးရိမ်ရန် မလိုအပ်ပါ”ဟု ပြောဆိုကြသည်။ ဤပြောဆိုချက်မျိုးသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤပြောဆိုချက်မျိုးအရဆိုလျှင် လူတို့သည် အမှုအရာများ ဖြစ်ပျက်သည့်အခါ စည်းမျဉ်းများကို ရှာဖွေရန် မလိုအပ်ပေ။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားသည် မည်သည့်အသုံးဝင်မှုရှိမည်နည်း။ အသုံးဝင်တော့မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် ဘုရားသခင်သည် ဤဆိုးယုတ်သောလောကနှင့် ဤဆိုးယုတ်သော လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီစေရန်အလို့ငှာ မည်သို့ရှင်သန်ရမည်၊ သမ္မာတရားကို မည်သို့လိုက်စားရမည်၊ မိမိတို့ကိုယ်ကို မည်သို့ပြုမူကျင့်ကြံရမည်ကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် လူတို့အား သွန်သင်ရန် စိတ်ရှည်စွာနှင့် အပင်ပန်းခံ၍ သူရွေးချယ်ထားသောလူများအား နှုတ်ကပတ်တော်များစွာကို ပြောကြားခဲ့ပြီးဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို သင် စမ်းသပ်ရန်အတွက် မဟုတ်သကဲ့သို့ စကားလုံးများ၊ အယူဝါဒများနှင့်အညီ စည်းမျဉ်းများမရှိဘဲ မိမိအလိုရှိသလို သင် ပြုမူရန်အတွက်လည်း မဟုတ်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧဝံဂေလိတရားဟောပြောခြင်းအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် ရှေးဦးစွာ လူတို့၏ လုံခြုံရေးကို သေချာစေရမည်။ ထိုသို့ပြုလုပ်ရန် ၎င်းတို့သည် ရှေးဦးစွာ တာဝန်ထမ်းဆောင်နေသူတို့၏ တိကျသော အခြေအနေများကို သိရှိပြီး သဘောပေါက်ရမည်ဖြစ်ကာ သင့်တော်သောလူများကို စေလွှတ်ရမည်ဖြစ်ပြီး လူတို့၏ လုံခြုံရေးကို အာမခံရန် အမျိုးမျိုးသော အခြေအနေများတွင် မည်သို့လုပ်ဆောင်ရမည်ကိုလည်း နားလည်ရမည်ဖြစ်သည်။ နေရာတစ်ခုသည် အထူးသဖြင့် ကမောက်ကမဖြစ်နေပြီး ထိုနေရာတွင် မည်သူမျှ အသိအကျွမ်းမရှိသည့်အပြင်၊ ထိုနေရာသို့ ဧဝံဂေလိတရားဟောပြောရန် သွားသော မည်သူမဆို၏ လုံခြုံရေးကို အာမခံ၍မရနိုင်ပါက ထိုနေရာသို့ လူများကို လောလောဆယ်တွင် မစေလွှတ်နှင့်။ ဤအန္တရာယ်ကို မစွန့်စားနှင့်၊ မလိုအပ်သော စတေးမှုများကို မပြုလုပ်နှင့်။ မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ၊ မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ယင်းသည် လောကထဲသို့ သင်တို့ ထိုးဖောက်ဝင်ရောက်ရန် သို့မဟုတ် သင်တို့၏အသက်ကို စွန့်စားရန် မလိုအပ်သည့်အပြင် သင်တို့၏ လုံခြုံရေး သို့မဟုတ် သင်တို့၏အသက်ကို လောင်းကြေးထပ်ရန်လည်း မလိုအပ်ပေ။ တရုတ်ပြည်၏ ပတ်ဝန်းကျင်တွင် မိမိ၏တာဝန်ကို ထမ်းဆောင်ရန် အန္တရာယ်များကို ရင်ဆိုင်ရခြင်းက ရှောင်လွှဲ၍မရသည်မှာ အမှန်ပင်ဖြစ်သည်။ အစိုးရသည် ဘုရားသခင်ကို ယုံကြည်သောသူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး အန္တရာယ်ရှိသည်ကို ကောင်းစွာသိလျက်နှင့်ပင် သင်သည် ဘုရားသခင်ကို ယုံကြည်ဆဲ၊ ဘုရားသခင်နောက်သို့ လိုက်ဆဲဖြစ်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ထမ်းဆောင်ဆဲဖြစ်ရမည်ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို စွန့်လွှတ်၍မရသည့်အပြင် မည်သည့်အလုပ်ကိုမျှလည်း ရပ်တန့်၍မရပေ။ ပင်လယ်ရပ်ခြားနိုင်ငံများရှိ အခြေအနေများသည် ကွဲပြားသည်ချည်းသာ ဖြစ်သည်။ အချို့မှာ တရုတ်ပြည်နှင့် ဆင်တူသော အာဏာရှင်နိုင်ငံများဖြစ်ပြီး အခြားနိုင်ငံများမှာမူ ဒီမိုကရေစီစနစ်များ ရှိကြသည်။ ဒီမိုကရေစီစနစ်များရှိသော နိုင်ငံများတွင် ဧဝံဂေလိတရားဟောပြောခြင်းအလုပ်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ပြီး အမျိုးမျိုးသော အလုပ်ကဏ္ဍများကိုလည်း ပို၍ ချောမွေ့စွာ လုပ်ဆောင်နိုင်သည်။ သို့သော် အာဏာရှင်စနစ် လက္ခဏာများရှိသော အချို့နိုင်ငံများတွင် လူတို့သည် ရက်စက်ကြမ်းကြုတ်ပြီး ခေတ်နောက်ကျကြသည့်အပြင်၊ ၎င်းတို့အတွက် မှန်သော လမ်းခရီးကို လက်ခံရန် မလွယ်ကူပေ။ ၎င်းတို့ထံ ဧဝံဂေလိတရားကို ဟောပြောသည့်အခါ ၎င်းတို့သည် ယင်းကို မစူးစမ်းရုံသာမက ကြောင်းကျိုးမမြင်ဘဲ ပြစ်တင်ရှုတ်ချနိုင်သည့်အပြင် အခြေအနေကို ရဲထံသို့ပင် တိုင်ကြားကောင်း တိုင်ကြားနိုင်သည်။ ထိုသို့သော ကိစ္စများတွင် ထိုနေရာသို့ ဧဝံဂေလိတရားဟောပြောရန် လူများကို မစေလွှတ်နှင့်။ ထိုအစား အလုပ်ကို လုပ်ဆောင်ရန် လုံခြုံရေးကို သေချာစေနိုင်သော နေရာများကို ရွေးချယ်လော့။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ သေချာစွာ စဉ်းစားသင့်သည့် အရာများချည်းသာ ဖြစ်သည်။ ဥပမာအားဖြင့် မလေးရှား၊ အင်ဒိုနီးရှား သို့မဟုတ် အိန္ဒိယကဲ့သို့သော အလွန်ရှုပ်ထွေးသည့် ဘာသာရေးနောက်ခံများရှိသော နိုင်ငံများတွင် အချို့သော ဘာသာရေးဂိုဏ်းဂဏများသည် ကြီးမားသော ဩဇာလွှမ်းမိုးမှုရှိပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိန်းချုပ်ထားသဖြင့် အစိုးရများပင်လျှင် ဤဘာသာတရားများ၏ ဩဇာလွှမ်းမိုးမှုကို လိုက်လျောရသည်အထိ ဖြစ်သည်။ ထိုသို့သော နိုင်ငံများတွင်မူ ထိုနေရာသို့ ဧဝံဂေလိတရားဟောပြောရန် နောက်ထပ်လူများကို မစေလွှတ်နှင့်၊ ဒေသခံအသင်းတော်များက ဧဝံဂေလိတရားဟောပြောခြင်းက လုံလောက်ပေသည်။ အချို့နိုင်ငံများတွင် မတူညီသော ပြည်နယ်များ သို့မဟုတ် တိုင်းများတစ်လျှောက် အခြေအနေမှာ ကွဲပြားပြီး ဒေသန္တရ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများသည် နိုင်ငံတော် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကွဲပြားသည်။ ဥပမာအားဖြင့် အချို့သောဒေသများတွင် အထူးဘာသာရေးနောက်ခံများရှိပြီး ထိုဒေသများတွင် အသင်းတော်နှင့် နိုင်ငံတော်သည် ပေါင်းစည်းထားသည်။ အချို့သောကိစ္စများတွင် ဘာသာရေးခေါင်းဆောင်များသည် ဒေသခံအစိုးရအရာရှိများထက်ပင် သြဇာအာဏာပိုကြီးမားပြီး နိုင်ငံတော်မူဝါဒအချို့ကို ဗြောင်ကျကျ ချိုးဖောက်နိုင်ကြသည်။ ထိုသို့သောဒေသများတွင် ဧဝံဂေလိတရားကို သင်ဟောပြောပါက ဖြစ်နိုင်ခြေရှိသော လုံခြုံရေးအန္တရာယ်များ ရှိလိမ့်မည်။ ဤဖြစ်နိုင်ခြေရှိသော အန္တရာယ်များသည် သင့်အကြောင်း ကောလာဟလများ လုပ်ကြံဖန်တီးခြင်း သို့မဟုတ် သင့်ကို မောင်းထုတ်ခြင်းအထိသာ ကန့်သတ်ထားသည်မဟုတ်ဘဲ ၎င်းတို့သည် သင့်ကို ဖမ်းဆီးခြင်း၊ တရားမစွဲဘဲ ထောင်ထဲတွင် လှောင်ပိတ်ထားခြင်း၊ သင့်ကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းတို့ကိုပင် ပြုလုပ်နိုင်ပြီး အစိုးရက ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ အမှန်တကယ်တွင် ဘာသာရေးဂိုဏ်းဂဏအများစု၏ ခေါင်းဆောင်များသည် ပြင်ပဘာသာတရားများကို မုန်းတီးကြသည်။ ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုမှာ အလွန်ကြီးမားပြီး ဥပဒေ၏ ကန့်သတ်ချုပ်ချယ်မှုကို ဘာဆိုဘာမျှမခံရသောကြောင့် ဧဝံဂေလိအမှုဆောင်များကို မည်မျှပင် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်သည်ဖြစ်စေ မည်သူမျှ ၎င်းတို့ကို တာဝန်ခံခိုင်းရဲခြင်းမရှိသည့်အပြင် ဒေသခံအစိုးရအရာရှိများပင်လျှင် ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့ မလိုလားကြပေ။ သင်သည် ၎င်းတို့၏ နယ်မြေတွင် ဧဝံဂေလိတရားကို စတင်ဟောပြောသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အလိုရှိသလို သင့်ကို ညှဉ်းပန်းနှိပ်စက်နိုင်သည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တစ်နေရာရာသို့ ဧဝံဂေလိတရားဟောပြောရန် လူများကို စေလွှတ်သည့်အခါ အထူးသတိထားရမည်။ ပထမဦးစွာ ၎င်းတို့သည် ထိုနေရာရှိ အခြေအနေကို စုံစမ်းစစ်ဆေးပြီး လေ့လာသိရှိရမည်ဖြစ်သည်။ ယုံကြည်မှု လွတ်လပ်ခွင့် ရှိမရှိ၊ ဘာသာရေးအင်အားစုများ မည်မျှ အင်အားကြီးမားသည်ဟူသည်နှင့် ထိုနေရာတွင် ဧဝံဂေလိတရားဟောပြောသောလူများ တိုင်ကြားခံရပါက မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်နိုင်သည် စသည်တို့ဖြစ်သည်။ ထိုနေရာသို့ လူများစေလွှတ်သင့်ခြင်း ရှိမရှိဟူသည်ကို မဆုံးဖြတ်မီ ဤကိစ္စရပ်များကို ရှင်းလင်းစွာ နားလည်ထားရမည်။ အကယ်၍ နေရာတစ်ခုခုနှင့်ပတ်သက်၍ လေ့လာပြီးနောက် ဧဝံဂေလိတရားဟောပြောရန် မသင့်တော်ကြောင်း ဆုံးဖြတ်ပြီးပါက မည်သူမျှ ထိုနေရာသို့ တရားဟောရန် လူများကို စေလွှတ်ခွင့်မရှိပေ။ ဤသည်မှာလည်း ဧဝံဂေလိအမှုဆောင်များ၏ လုံခြုံရေးကို သေချာစေရန် လုပ်ဆောင်သင့်သည့် အလုပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် လွဲချော်သော နားလည်သဘောပေါက်မှုရှိကြပြီး “အဆင်ပြေပါသည်၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ကာကွယ်လိမ့်မည်။ အခက်အခဲက ပိုကြီးလေ၊ ကျွန်ုပ်တို့က ပိုပြီး ဆက်လုပ်သင့်လေဖြစ်သည်။ ထိုနေရာတွင် သခင်ဘုရားကို ယုံကြည်သောလူများ အလွန်များပြားနေသည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့ အဘယ်ကြောင့် ထိုနေရာသို့ ဧဝံဂေလိတရား သွားမဟောသင့်ရမည်နည်း”ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “ထိုနေရာတွင် ကိုယ်ပိုင်ထောင်များ ရှိသည်။ အကယ်၍ ကျွန်ုပ်တို့ ထိုနေရာသို့ ဧဝံဂေလိတရားဟောပြောရန် သွားပါက အဖမ်းခံရရုံသာမက ထိုနေရာတွင် သေဆုံးသွားနိုင်သည်။ ကျွန်ုပ်တို့ မသွားနိုင်ပါ”ဟု ပြောသည်။ ထိုမိုက်မဲသော အယောင်ဆောင် ခေါင်းဆောင်များက၊ “အဆင်းနီသော နဂါးကြီးတွင် ထောင်များစွာရှိသော်လည်း ကျွန်ုပ်တို့ မကြောက်ပါ၊ သို့ဖြစ်၍ ထိုနေရာရှိ ကိုယ်ပိုင်ထောင်တစ်ချို့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် ကြောက်ရမည်နည်း။ ထောင်များသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်များကို ချုပ်နှောင်နိုင်သော်လည်း ကျွန်ုပ်တို့၏ စိတ်နှလုံးများကို မချုပ်နှောင်နိုင်ပါ။ မကြောက်ကြနှင့်၊ သွားကြလော့” ဟူ၍ ဤအရာကို အချိန်ယူစဉ်းစားကြလေသည်။ ထို့နောက် ၎င်းတို့သည် လူများကို တစ်သုတ်ပြီးတစ်သုတ် စေလွှတ်ကြရာ အဆုံးတွင် ၎င်းတို့ထဲမှ မည်သူမျှ ပြန်မလာကြပေ။ ၎င်းတို့အားလုံး အဖမ်းခံလိုက်ရသည်။ အယောင်ဆောင် ခေါင်းဆောင်များမှာ ကြက်သေသေသွားကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ (ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် ငတုံးငအများ ဖြစ်ကြပါသည်။) ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် လူယုတ်မာများ ဖြစ်ကြသည်၊ ၎င်းတို့သည် လူတို့ကို ကျားခံတွင်းထဲသို့ စေလွှတ်လျက် တာဝန်မဲ့ကြသည်။ အဘယ်ကြောင့် ၎င်းတို့ကိုယ်တိုင် မသွားကြသနည်း။ အန္တရာယ်ကို ၎င်းတို့ မကြောက်သည့်အတွက် ပထမဆုံး ၎င်းတို့ သွားသင့်သည်။ အကယ်၍ ၎င်းတို့သွားပြီး ဘေးကင်းစွာ ပြန်လာနိုင်ကာ လူများကို ရရှိနိုင်ပါက ၎င်းတို့နောက် အခြားသူများ သွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဧဝံဂေလိတရားဟောပြောရာတွင် လူတို့၏ လုံခြုံရေးကို အာမခံရမည်။ ဧဝံဂေလိတရားဟောပြောရန်အတွက် အန္တရာယ်ရှိပြီး မသင့်တော်သော ဒေသများတွင် လုံးဝ မစွန့်စားနှင့်။ တရုတ်ပြည်မကြီးပြင်ပရှိ မည်သည့်နေရာမဆို ဘေးကင်းသည်ဟု မယူဆနှင့်။ ဤသည်မှာ အမြင်မှားခြင်း၊ လွဲချော်သော နားလည်မှုတစ်ခု ဖြစ်သည်။ မသိနားမလည်သောသူတို့သာ ဤသို့တွေးကြသည်။ ထိုသို့သောလူများသည် ဤလောကအကြောင်း သိနားလည်မှု အလွန်နည်းပါးကြသည်။ အနောက်တိုင်းနိုင်ငံအများစုတွင် ယုံကြည်မှုလွတ်လပ်ခွင့်ရှိပြီး သခင်ဘုရားကို ယုံကြည်သောလူများ အတော်အတန် များပြားသောကြောင့် သင်သည် ဧဝံဂေလိတရားကို ပွင့်လင်းစွာ ဟောပြောနိုင်ပြီး ဘာသာရေးလောကသည် မည်မျှ မှောင်မိုက်ပြီး ဆိုးယုတ်ကြောင်းကို ဖော်ထုတ်သည့် အမျိုးမျိုးသော ပြောဆိုချက်များကို ပွင့်လင်းစွာ ဖော်ပြနိုင်သည်ဟု မယူဆနှင့်။ အကယ်၍ သင်သည် ဤသို့ပြုလုပ်ပါက အကျိုးဆက်များက မတွေးဝံ့စရာ ဖြစ်လိမ့်မည်။ ဘာသာရေးသမားများကိုဖြစ်စေ၊ ဘာသာတရားမရှိသူများကိုဖြစ်စေ ဧဝံဂေလိတရားဟောပြောသည့်အခါ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သော လူသားမျိုးနွယ်ဖြစ်သည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း နားလည်ရမည်။ ဤကိစ္စကို အလွန်ရိုးရှင်းစွာ မတွေးနှင့်။

အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧဝံဂေလိအမှုဆောင်များ၏ လုံခြုံရေးကို အာမခံလိုပါက ၎င်းတို့သည် ကိစ္စရပ်၏ ကဏ္ဍအားလုံးကို စေ့စေ့စပ်စပ် စဉ်းစားရမည်ဖြစ်ပြီး ပြဿနာတစ်ခုတလေ ပေါ်ပေါက်သည့် ဖြစ်ရပ်တွင်၊ ချက်ချင်းကိုင်တွယ်သင့်ကာ၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိရန်၊ ရှေ့ဆက်၍ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ရန် အတွေ့အကြုံများနှင့် သင်ခန်းစာများကို အနှစ်ချုပ်သုံးသပ်သင့်သည်။ ဤသည်မှာလည်း လုပ်ဆောင်ရမည့် အရေးကြီးသော အလုပ်တစ်ရပ် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ယခင်က မစဉ်းစားဖူးသော သို့မဟုတ် မကြုံတွေ့ဖူးသော အချို့ကိစ္စရပ်များ ရှိသည်။ ပြဿနာများ ပေါ်ပေါက်လာပြီးနောက် ၎င်းတို့က “ကျွန်ုပ်တို့သည် ထိုသို့သောနေရာမျိုးကို သွားသင့်သေးသလော။ ဤသို့ လူများကို စေလွှတ်သည့်နည်းလမ်းသည် မှန်ကန်သလော။ ဧဝံဂေလိတရားဟောပြောခြင်း သို့မဟုတ် အခြားအရေးကြီးသော အလုပ်တစ်ခုခုကို လုပ်ဆောင်ခြင်း၏ နောက်တစ်ဆင့်များအတွက် အစီအစဉ်များ၊ ဗျူဟာ သို့မဟုတ် ဦးတည်ရာကို ကျွန်ုပ်တို့ ချိန်ညှိသင့်သလော” ဟူ၍ အကျဉ်းချုပ်သုံးသပ်သင့်သည်။ အဆက်မပြတ် အနှစ်ချုပ်သုံးသပ်ခြင်း လုပ်ငန်းစဉ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ နည်းလမ်းများနှင့် စည်းမျဉ်းများကို တဖြည်းဖြည်း ဆုံးဖြတ်သင့်သည်။ သို့မှသာ ၎င်းတို့သည် အလုပ်ကို ပို၍လုပ်ဆောင်လေ၊ ယင်းသည် ပို၍ တိကျလာလေဖြစ်ပြီး ပို၍ ပြည့်စုံထိရောက်လေဖြစ်ကာ၊ မမျှော်မှန်းထားသော ဖြစ်ရပ်များ နည်းပါးစွာ ဖြစ်ပေါ်ခြင်း၊ သို့မဟုတ် မမျှော်မှန်းထားသော ဖြစ်ရပ်များ လုံးဝ မဖြစ်ပေါ်ခြင်း သို့မဟုတ် အရေးကြီးသော တာဝန်ထမ်းဆောင်နေသူများကို မည်သည့်စွန့်စားမှုမျှ မလုပ်စေဘဲပင် ဖြစ်စေနိုင်မည်ဖြစ်သည်။ ဤရလဒ်ကို ရရှိရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတွေ့အကြုံများကို မကြာခဏ အနှစ်ချုပ်သုံးသပ်သင့်ပြီး ဒေသအသီးသီးတွင် ဧဝံဂေလိတရားဟောပြောသည့်အခါ ရင်ဆိုင်ရသော အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် အခြေအနေများကို နားလည်မှု ရယူသင့်သည်။ ၎င်းတို့ ရရှိသော သတင်းအချက်အလက်များက ပိုများပြီး ပိုမိုတိကျလေလေ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများနှင့် အစီအစဉ်များက ပို၍ တိကျလေလေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ နောက်ဆုံးတွင် လူတို့၏ လုံခြုံရေးကို သေချာစေခြင်းဟူသော ရလဒ်ကို ရရှိစေမည်ဖြစ်သည်။ ဤနည်းအားဖြင့် ဧဝံဂေလိတရားဟောပြောခြင်းအလုပ်ကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားနိုင်ကြောင်း သေချာစေနိုင်သည်။

၃။ ဘေးကင်းလုံခြုံရေးအလုပ်ကို အာရုံမစိုက်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကိုင်တွယ်ဖြေရှင်းရမည့်နည်းလမ်း

အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစွမ်းအစညံ့ဖျင်းပြီး တာဝန်သိစိတ် ကင်းမဲ့ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန်လည်း အလွန်ပျင်းရိကြသည်။ ၎င်းတို့ တာဝန်ယူသော ဒေသများတွင် အရေးကြီးသော တာဝန်များထမ်းဆောင်နေသူတို့သည် လုံခြုံရေးအန္တရာယ်များနှင့် မကြာခဏ ကြုံတွေ့ရပြီး ၎င်းတို့အား ပြောင်းရွှေ့ရန် သို့မဟုတ် နေရာပြောင်းရန် လိုအပ်စေလျက် စိတ်အေးချမ်းစွာဖြင့် မိမိတို့၏ တာဝန်ကို မထမ်းဆောင်နိုင်အောင် ဖြစ်စေသည်။ မဖြစ်သင့်သော ကိစ္စရပ်များပင်လျှင် မကြာခဏ ဖြစ်ပျက်တတ်သည်။ ဥပမာအားဖြင့် အချို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် မြေနိမ့်ပိုင်းတွင် တည်ရှိသော ဧည့်ခံသည့်အိမ်တစ်လုံးကို ရှာတွေ့သည်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမည်ဟု မျှော်လင့်ရသည့်အခါ အိမ်ရေမြုပ်သွားမည်ကို စိုးရိမ်သဖြင့် ထိုနေရာတွင် တည်းခိုနေသော ညီအစ်ကိုမောင်နှမများသည် အလုပ်သုံးပစ္စည်းကိရိယာများ၊ အိုးများ၊ ဒယ်အိုးများနှင့် အခြားအရာအားလုံးကို ယူဆောင်လျက် နှစ်ရက်ဆက်တိုက် ရွှေ့ပြောင်းလျက် ကြိုတင်ပြောင်းရွှေ့ရန် လိုအပ်သည်။ ဤသည်မှာ လူတိုင်းကို အလွန်အမင်း ပင်ပန်းနွမ်းနယ်စေပြီး ၎င်းတို့၏ ဦးခေါင်းများမှာ စိတ်ပျက်အားငယ်မှုဖြင့် ငိုက်စိုက်ကျနေသည်။ ၎င်းတို့က “ကျွန်ုပ်တို့သည် ရက်အနည်းငယ်ကြာတိုင်း ပြောင်းရွှေ့နေရသည်၊ အမြဲတမ်း ပြေးလွှားနေရသည်။ ဤသည်မှာ မည်သည့်အခါတွင်မျှ ပြီးဆုံးမည်နည်း။ ကျွန်ုပ်တို့ ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်နိုင်မည့် ဘေးကင်းပြီး စိတ်ချရတဲ့အိမ်တစ်လုံးကို ရှာ၍မရသလော”ဟု ပြောဆိုကြသည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်အနည်းငယ်ကိုပင် ထမ်းဆောင်နိုင်ခြင်းမရှိပေ၊ ၎င်းတို့လက်အောက်ရှိ ညီအစ်ကိုမောင်နှမများသည် ကောင်းစွာ မစားနိုင်၊ မအိပ်နိုင်သည့်အပြင် လုံလောက်သော နေရာထိုင်ခင်းလည်း မရှိကြပေ။ ၎င်းတို့၏ နေထိုင်မှုအခြေအနေများသည် အမြဲတမ်း ယာယီဖြစ်ပြီး လူတိုင်းက အချိန်မရွေး ဘေးအန္တရာယ်မှ ထွက်ပြေးရန် ပြင်ဆင်ထားကြသည်။ ၎င်းတို့သည် မိမိတို့၏ နေ့စဉ်သုံးပစ္စည်းများကို သုံးပြီးသည်နှင့်တစ်ပြိုင်နက် လျင်မြန်စွာ ပြန်ထုပ်ပိုးကြသည်၊ အကြောင်းမှာ မည်သည့်အချိန်တွင်မဆို အိမ်ထောင်စုစာရင်း စစ်ဆေးခြင်းကို ကြေညာသည့် အခြေအနေ ပေါ်ပေါက်လာနိုင်သောကြောင့် ဖြစ်သည်။ အမှန်တကယ်တွင် ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူတို့အား စစ်ဆေးခြင်းဖြစ်သည်ကို လူတိုင်းသိကြသည်။ ထို့ကြောင့် ၎င်းတို့သည် အချိန်မရွေး နေရာပြောင်းရန် အသင့်ရှိနေရမည်။ အကျိုးဆက်အနေဖြင့် တာဝန်ထမ်းဆောင်နေသူတို့သည် အမြဲတမ်း ကြောက်ရွံ့နေကြပြီး လုံခြုံစိတ်ချမှု မရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု ရလဒ်များကို ထိခိုက်သည် မဟုတ်လော။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်နေသော အလုပ်နှင့် သက်ဆိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအလုပ်နှင့်ပတ်သက်၍ ၎င်းတို့ မည်သို့လုပ်ဆောင်နေကြသနည်း။ (၎င်းတို့သည် မိမိတို့တာဝန်ကို ဖြည့်ဆည်းခြင်းမရှိဘဲ၊ ညံ့ဖျင်းစွာ လုပ်ဆောင်နေကြပါသည်။) အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်မဲ့ပြီး ဆက်ကပ်မှုမရှိကြပေ။ ၎င်းတို့ကိုယ်တိုင် နေထိုင်မှုအခြေအနေများအတွက် မြင့်မားသော စံနှုန်းများ မရှိကြပေ၊ လေနှင့်မိုးဒဏ်မှ ကာကွယ်ရန် နေရာတစ်ခုရှိနေသမျှကာလပတ်လုံး လုံလောက်ပြီဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ နေထိုင်ရန်အတွက် ဘေးကင်းပြီး တည်ငြိမ်သောနေရာတစ်ခုကို ရှာဖွေရန်လည်း အစွမ်းကုန် ကြိုးစားအားထုတ်ခြင်း မရှိကြပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစွမ်းအစညံ့ဖျင်းကြသည်၊ မည်သည့်ပတ်ဝန်းကျင်မျိုးသည် တိတ်ဆိတ်ပြီး နေထိုင်ရန် သင့်တော်သည် သို့မဟုတ် ညီအစ်ကိုမောင်နှမများ တာဝန်ထမ်းဆောင်ရန် သင့်တော်သည်ကို ၎င်းတို့မသိကြပေ။ ၎င်းတို့သည် အခြားမည်သူမျှ မငှားလိုသော မြေနိမ့်ပိုင်းရှိ အိမ်တစ်လုံးကို ငှားရမ်းကြပြီး ညီအစ်ကိုမောင်နှမများ ပြောင်းရွှေ့ဝင်ရောက်ပြီး ရက်အနည်းငယ်အတွင်းတွင် ၎င်းတို့၌ တစ်ကိုယ်လုံးယားယံလျက် နှင်းခူများ ပေါက်လာကြသည်။ မည်သည့်အရာ ဖြစ်နေသနည်း။ အိမ်က ကြမ်းပြင်မှ ရေများစိမ့်ထွက်နေလျက် အလွန်စိုထိုင်းဆများလွန်းသည်။ ထိုသို့သောနေရာတွင် မည်သူ နေထိုင်နိုင်မည်နည်း။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤပြဿနာကိုပင် မဖြေရှင်းနိုင်ကြ၊ တာဝန်ထမ်းဆောင်ရန် သင့်တော်သောအိမ်တစ်လုံးကို မရှာဖွေနိုင်ကြပေ။ ဤသည်မှာ မည်သည့် အစွမ်းအစမျိုးဖြစ်သနည်း။ အချို့သော အခြားခေါင်းဆောင်များနှင့် အမှုဆောင်များမှာမူ အဆက်မပြတ် မိုးယိုပြီး လေတိုးသည့်၊ အသံမလုံသည့် သို့မဟုတ် အင်တာနက်၊ ရေ၊ လျှပ်စစ်မီးမရှိသည့် အိမ်များကို ငှားရမ်းကြသည်။ ထိုနေရာတွင် တစ်ဦးတလေ မည်သို့ နေထိုင်နိုင်မည်နည်း။ ၎င်းတို့သည် ကောင်းမွန်သောအိမ်များကို လျစ်လျူရှုပြီး ဤမပြည့်စုံသော အိမ်များကို မရမက ငှားရမ်းကြသည်။ ဤသည်မှာ ကိစ္စရပ်များကို နှောင့်နှေးစေသည် မဟုတ်လော။ ညီအစ်ကိုမောင်နှမများသည် အပြင်တွင် ခက်ခက်ခဲခဲ မနေထိုင်ကြရသော်လည်း အိမ်၏ အခြေခံအင်္ဂါရပ်များက ပျောက်ဆုံးနေသည်၊ ၎င်းတို့သည် တဲထဲတွင် နေရလျှင်ပင် ပိုကောင်းပေဦးမည်။ ညီအစ်ကိုမောင်နှမအများစုသည် ဆင်းရဲဒုက္ခကို ကျင့်သားရနေကြပြီး ဤအဆင့်၏ ဆင်းရဲဒုက္ခကို ခံစားရခြင်းသည် မည်သို့မျှ ပြင်းထန်ခြင်းမရှိဟု ခံစားရကာ ၎င်းတို့ သည်းခံနိုင်လျှင်ပင် ရက်အနည်းငယ်ကြာတိုင်း ဤသို့ အဆက်မပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရခြင်းက ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်သည် မဟုတ်လော။ သို့ဖြစ်၍ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစွမ်းအစညံ့ဖျင်းပြီး တာဝန်သိစိတ် ကင်းမဲ့ပါက ဤအလုပ်ကို မထမ်းဆောင်နိုင်ပေ။ ၎င်းတို့သည် ချက်ချင်း နုတ်ထွက်သင့်ပြီး ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သောသူတစ်ဦးကို တာဝန်ယူစေရန် ထောက်ခံပေးသင့်သည်။ သို့မှသာ ၎င်းတို့သည် အရေးကြီးသော တာဝန်ထမ်းဆောင်နေသူအများစု၏ အသက်တာများနှင့် တာဝန်ထမ်းဆောင်မှုတို့ကို ထိခိုက်စေမည် မဟုတ်ပေ။ အရေးကြီးသော တာဝန်များထမ်းဆောင်နေသူတို့အတွက် နေရာချထားပေးခြင်းသည် ကဏ္ဍတစ်ခုချင်းစီတိုင်းကို စဉ်းစားရန် မလိုအပ်သော်လည်း အခြေခံနေထိုင်မှု ပတ်ဝန်းကျင်ကိုမူ အနည်းဆုံးအနေဖြင့် သေချာစေရမည်ဖြစ်သည်။ ဤအရာနှင့်စပ်လျဉ်း၍ အာမခံချက်ရှိသည့်အခါမှသာလျှင် အသင်းတော်၏အလုပ်က ထိခိုက်လိမ့်မည်မဟုတ်ပေ။ ဤအလုပ်သည် လုပ်ဆောင်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) လုပ်ဆောင်ရန် လွယ်ကူသည်ဟု ပြောရန်မှာ ရိုးရှင်းသော်လည်း အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များက အစွမ်းအစညံ့ဖျင်းသော နားဝေတိမ်တောင်ဖြစ်သည့် လူများဖြစ်ပြီး တာဝန်သိစိတ်တစ်ခုတလေ ကင်းမဲ့ပါက ၎င်းတို့သည် ယင်းကို လုံးဝ မလုပ်ဆောင်နိုင်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို မလုပ်ဆောင်နိုင်သည့်အခါ သို့မဟုတ် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်သည့်အခါ လူများစွာတို့သည် အကျိုးဆက်များကို ခံစားကြရပြီး နေ့စဉ်နေ့တိုင်း အငတ်ဘေးမှ ထွက်ပြေးနေရသည့်အလား အသက်ရှင်နေထိုင်ကြရသည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရား စည်းမျဉ်းများကို နားမလည်သော်လည်း ထင်ပေါ်ကျော်ကြားလိုကြဆဲဖြစ်သည်။ ၎င်းတို့သည် အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်သော်လည်း မိမိတို့၏ ရာထူးကို တွယ်ကပ်ကာ မထွက်ခွာဘဲ ရာထူးမှဆင်းရန် ငြင်းဆန်ကြလေသည်။ ထိုသို့သော ခေါင်းဆောင်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ (၎င်းတို့ကို ဖြုတ်ချသင့်ပါသည်။) ၎င်းတို့ကို ဖြုတ်ချခြင်းက လွယ်ကူသည်။ ပြဿနာမှာ ၎င်းတို့၏ အလုပ်ကို တာဝန်ယူရန် ပိုကောင်းသောသူတစ်ဦး ရှိမရှိ ဖြစ်သည်။ အကယ်၍ မရှိပါက သင်တို့သည် ဤအလုပ်ကို ထမ်းဆောင်နိုင်သလော။ အရေးကြီးသော အလုပ်အမှုထမ်းများက တည်ငြိမ်သော နေထိုင်မှုပတ်ဝန်းကျင်တစ်ခု ရှိသည်ကို သင်တို့ အာမခံနိုင်သလော။ အကယ်၍ လူတစ်ဦးက မကိုင်တွယ်နိုင်ပါက ဤအလုပ်ကို ထမ်းဆောင်ရန် သင်တို့ သုံးဦး သို့မဟုတ် ငါးဦး ပူးပေါင်းဆောင်ရွက်နိုင်သလော။ အကယ်၍ သင်တို့သည်လည်း ဤအလုပ်ကို မစီမံနိုင်ပါက၊ ဤသို့သော ရိုးရှင်းသည့်အလုပ်ကိုပင် သင်တို့ မလုပ်ဆောင်နိုင်ပါက၊ အခြေခံနေထိုင်မှုပတ်ဝန်းကျင်တစ်ခုကိုပင် အာမမခံနိုင်ပါက သင်တို့သည် နောက်ထပ် ဆင်းရဲဒုက္ခနှင့် ဒုက္ခဝေဒနာ အနည်းငယ်ကို ယာယီ ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် မိမိတို့၏ တာဝန်ကို ဇွဲဖြင့် ထမ်းဆောင်နိုင်ပြီး သင်တို့၏ ဆင်းရဲဒုက္ခခံစားရန် စိတ်ပိုင်းဖြတ်မှုက လုံလောက်စွာ ခိုင်မာသည်ကို ဘုရားသခင် မြင်တွေ့လျက် အမှုအရာများကို စိတ်ချယုံကြည်စွာ ကိုင်တွယ်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သောသူတစ်ဦးကို အလုပ်လုပ်ဆောင်ရန် စေလွှတ်ပါက သင်တို့၏ ဆင်းရဲဒုက္ခခံရသော နေ့ရက်များ ကုန်ဆုံးသွားပြီး သုခချမ်းသာ ကြုံတွေ့ရလိမ့်မည်။ အကယ်၍ ဤပြဿနာများကို ဖြေရှင်းရန် ဤသို့သောသူတစ်ဦးမျှ မလာပါက သင်တို့၏ ကံကြမ္မာကို သင်တို့ လက်ခံရမည်ဖြစ်သည်၊ သင်တို့သည် ဆင်းရဲဒုက္ခခံစားရန် ကံပါလာသည်။ သင်တို့သည် ယင်းကို သည်းညည်းခံရမည်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ စိတ်နှလုံးကို တည်ငြိမ်စေပြီး ယင်းကို သည်းညည်းခံရမည်ဖြစ်သည်။ အမှန်တကယ်တွင် ဤဆင်းရဲဒုက္ခအနည်းငယ်ကို သည်းညည်းခံခြင်းသည် အကျိုးနပ်၏။ ယင်းသည် ထောင်ထဲတွင်ရှိပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစားရခြင်းထက် များစွာ ပိုကောင်းသည်။ အနည်းဆုံးအနေဖြင့်၊ သင်သည် ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် စစ်ကြောမေးမြန်းခြင်းကို မခံရပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနိုင်သေးသည်၊ သင်၏တာဝန်ကို ထမ်းဆောင်နိုင်သေးသည်၊ ညီအစ်ကိုမောင်နှမများနှင့်အတူ အသင်းတော်အသက်တာကို နေထိုင်နိုင်သေးသည်။ အချို့သော ကြောက်လန့်မှုများ၊ အခက်အခဲများနှင့် လမ်းခရီးတွင် အတားအဆီးများ ရှိပြီး သင်သည် မကြာခဏ နေရာပြောင်းရွှေ့ရသော်လည်း ဤသည်မှာ သင်၏အသက်တာတွင် ထူးခြားသော အတွေ့အကြုံတစ်ခုဖြစ်နေဆဲဖြစ်ပြီး ယင်းမှ သင်သည် သင်ခန်းစာများ သင်ယူနိုင်ကာ တစ်စုံတစ်ခုကို ရရှိနိုင်သည်။ ဤသည်မှာ အတော်လေး ကောင်းသည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ဆင်းရဲဒုက္ခခံစားရန် စိတ်ပိုင်းဖြတ်မှုရှိသင့်ပြီး ဘုရားသခင်အား သူ အလိုတော်ရှိသည့်အတိုင်း စီစဉ်ညွှန်ကြားခွင့်ပေးသင့်သည်။ အကယ်၍ သင်သည် ဤဆင်းရဲဒုက္ခကို အမှန်တကယ် သည်းညည်းမခံနိုင်ပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းနိုင်သည်၊ “ဘုရားသခင်၊ ဆင်းရဲဒုက္ခခံစားနေရသော ကျွန်ုပ်တို့ကို ကြည့်ရှုတော်မူပါ၊ ကျွန်ုပ်တို့ သနားစရာဖွယ်ဖြစ်လိုက်လေခြင်းပါတကား။ ကျွန်ုပ်တို့သည် မညည်းညူဘဲ၊ နောင်တမရဘဲ ကိုယ်တော်နောက်လိုက်လျှောက်ကြပါသည်။ ကိုယ်တော်အပေါ် ကျွန်ုပ်တို့၏ မယိမ်းယိုင်သော သစ္စာစောင့်သိမှုကို ထောက်ရှု၍ ဤဆင်းရဲဒုက္ခခံရသည့် အသက်တာကို အဆုံးသတ်ပေးတော်မူပါဟု ကျွန်ုပ်တို့ တောင်းလျှောက်ပါသည်။ ကျွန်ုပ်တို့အတွက် သင့်တော်သောနေရာတစ်ခုကို ရှာဖွေပေးရန် သင့်တော်သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးကို စေလွှတ်ပေးတော်မူပါဟု ကျွန်ုပ်တို့ တောင်းလျှောက်ပါသည်။ ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း နေရာအနှံ့ ပြောင်းရွှေ့လျက် အပြင်တွင် အဆက်မပြတ် ခက်ခက်ခဲခဲ နေထိုင်နေရပြီး ဤအခြေအနေသည် မည်မျှကြာရှည်မည်ကို ကျွန်ုပ်တို့မသိပါ။ ကျွန်ုပ်တို့သည် နေရာရွှေ့ပြောင်းခံရခြင်းကို မလိုလားတော့ပါ၊ ကျွန်ုပ်တို့အတွက် တည်ငြိမ်သော နေထိုင်ရာတစ်ခုကို ရှာဖွေပေးတော်မူပါ”ဟူ၍ ဖြစ်သည်။ ဤနည်းဖြင့် ဆုတောင်းခြင်းသည် သင့်တော်သလော။ သင်သည် ဤနည်းဖြင့် ဆုတောင်းနိုင်သည်။ ပတ်ဝန်းကျင်၏ လိုအပ်ချက်များအပေါ် အခြေခံ၍ သင်သည် ဤနည်းဖြင့် ဆုတောင်းသင့်သည်။

ဆင်းရဲဒုက္ခကို သည်းညည်းခံခြင်းသည် အခြားရှုထောင့်မှကြည့်သည့်အခါ ထိုသို့သော မကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ အချို့သော ဆင်းရဲဒုက္ခကို ခံစားခြင်းသည် သင်၏ စိတ်ဓာတ်ကို သွေးပေးနိုင်သည်။ သင်၏ စိတ်ဓာတ်ကို သွေးပေးသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤဆင်းရဲဒုက္ခကို အဆက်မပြတ် ခံစားခြင်းအားဖြင့် သင်သည် ယင်းကို ထုံထိုင်းသွားပြီး ယင်းကို ဆင်းရဲဒုက္ခအဖြစ် မမှတ်ယူတော့ခြင်းကို ဆိုလိုသည်။ မည်မျှပင် ဆင်းရဲဒုက္ခကို ခံစားရပါစေ နာကျင်သည်ဟု သင် မခံစားရတော့ပေ။ သို့သော် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် သင်ခန်းစာအချို့ကို သင်ယူရမည်၊ ထိုးထွင်းသိမြင်မှုအချို့ကို ရရှိရမည်ဖြစ်ပြီး လူတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်ယူရမည်ဖြစ်သည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးသည် အလွန်အမင်း အစွမ်းအစညံ့ဖျင်းပြီး နေရာချထားပေးခြင်းအလုပ်ကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပါက ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို မည်သို့ ထောက်ပံ့ပြီး ဦးဆောင်နိုင်မည်နည်း။ ထိုသို့သောလူများသည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ရန် မသင့်တော်ပေ။ ဘုရားအိမ်တော်သည် အိမ်များငှားရန် ငွေမရှိခြင်း မဟုတ်သည့်အပြင်၊ ညီအစ်ကိုမောင်နှမများအနေဖြင့် နေထိုင်ဖို့ သတ်မှတ်ထားသည့်နေရာတစ်ခု စဉ်ဆက်မပြတ် မရှိဘဲ​ဖြစ်နေသည်ကို မြင်လိုခြင်းလည်းမရှိပေ။ ဘုရားအိမ်တော်သည် လူတို့အား ဆင်းရဲဒုက္ခကို အမြဲတမ်း ခါးစည်းခံရန် သို့မဟုတ် နေ့စဉ် ခက်ခဲသောဘဝများကို နေထိုင်ရန် အားမပေးပေ။ သို့သော် ဆင်းရဲဒုက္ခတစ်ခုတလေကို ခါးစည်းခံနေရသည့် လူတို့ကိုလည်း ရှောင်ဖယ်ခြင်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် နေရာချထားပေးခြင်းအလုပ်ကိုပင် မကိုင်တွယ်နိုင်ဘဲ သင့်တော်သော မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ၎င်းတို့အတွက် အမှန်တကယ် အခက်အခဲတစ်ခုဖြစ်ပါက ၎င်းတို့အတွက် ဝါကြွားရန် မည်သည့်အရာ ကျန်ရှိသေးသနည်း။ ၎င်းတို့တစ်ဦးစီတိုင်းသည် ကြည့်ပျော်ရှုပျော်ရှိကြသော်လည်း၊ ဒီပလိုမာများရှိပြီး အဆင့်အတန်းရှိသောသူတစ်ဦး ဖြစ်သော်လည်း ဤသေးငယ်သောကိစ္စကို ကိုင်တွယ်ခြင်းသည် ၎င်းတို့အတွက် ထိုသို့သော အခက်အခဲတစ်ခု ဖြစ်နေသည်။ ထိုသို့သောအခြေအနေတွင် လုပ်ဆောင်စရာ ဘာမျှမရှိတော့ပေ၊ ယင်းကို ဘုရားသခင်ထံမှသာ သင် လက်ခံ၍ရနိုင်သည်။ ဤသည်မှာ လူတို့ သည်းညည်းခံသင့်သည့် ဆင်းရဲဒုက္ခဖြစ်သည်။ သင်သည် ဘုရားသခင်အား သူ့အလိုအတိုင်း စီစဉ်ညွှန်ကြားခွင့်ပေးသင့်သည်။ ဤသည်မှာ မှန်ကန်ပေသည်။ တစ်နေ့တွင် ဤဆင်းရဲဒုက္ခနောက်၌ ပိုကောင်းသောနေ့ရက်များ လိုက်လာပြီး ဤဘဝမျိုးက ဆက်ရှိတော့မည်မဟုတ်ပေ။ သင်သည် မည်သည့်ပတ်ဝန်းကျင်မျိုးတွင် ရှိနေသည်ဖြစ်စေ ကျိုးနွံနာခံခြင်းသဘောထားကို သင် ထိန်းသိမ်းထားသင့်ပြီး ညည်းညူခြင်းကို ရှောင်ကြဉ်သင့်သည်။ အကယ်၍ အချို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် အားကိုးမရဘဲ အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ပါက သင်၏ ဘုရားသခင်အပေါ် ရိုးသားမှုနှင့် သစ္စာစောင့်သိမှုကို မထိခိုက်စေနှင့်။ သင်၏ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းသဘောထားကိုလည်း မထိခိုက်စေနှင့်။ ဤနည်းအားဖြင့် သင်သည် ဤကိစ္စတွင် ခိုင်မာစွာ ရပ်တည်ခဲ့ပြီး ဖြစ်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သာမန်လူများသာ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့သည် အစွမ်းအစညံ့ဖျင်းပြီး အလုပ်ကို မလုပ်ဆောင်နိုင်ပါက သို့မဟုတ် မိမိတို့၏ တာဝန်ကို မဖြည့်ဆည်းသော အယောင်ဆောင် ခေါင်းဆောင်များဖြစ်ပါက ယင်းမှာ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးပြဿနာဖြစ်ပြီး ဘုရားအိမ်တော်နှင့် မည်သို့မျှမဆိုင်ပေ။ ၎င်းတို့ကို ဤနည်းဖြင့် ပြုမူရန် ဘုရားအိမ်တော်က ညွှန်ကြားခဲ့ခြင်းမဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်မဲ့မှုကြောင့် ဖော်ထုတ်ခြင်းခံခဲ့ရခြင်းမျှသာ ဖြစ်သည်။ ဘုရားအိမ်တော်က ၎င်းတို့အား ပေးအပ်ခဲ့သော အလုပ်ကို မပြီးမြောက်နိုင်သောကြောင့် ၎င်းတို့အနေဖြင့် ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ ထိုသို့သောအခြေအနေများတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ ဤဆင်းရဲဒုက္ခကို ခံစားရသည့်အခါ ၎င်းတို့သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံရမည်ဖြစ်ပြီး ဘုရားသခင်ကို သူ အလိုရှိသည့်အတိုင်း စီစဉ်ညွှန်ကြားခွင့် ပေးရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့တွင် ပြဿနာတစ်ခုတလေ ရှိသည်ဖြစ်စေကာမူ၊ ဘုရားသခင်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသည့်အချက်မှာမူ ထာဝရမပြောင်းလဲပေ။ ဘုရားသခင်နောက်သို့ သင်လိုက်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းတို့သည် မည်သည့်အခါမျှ မပြောင်းလဲသင့်ပေ။ ဤသည်တို့မှာ ထာဝရ သမ္မာတရားများ ဖြစ်ကြသည်။ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ် မည်သည့် မနှစ်မြို့ဖွယ်ကိစ္စရပ်များ ပေါ်ပေါက်လာသည်ဖြစ်စေ သင်သည် ယင်းတို့ကို ဘုရားသခင်ထံမှ လက်ခံသင့်ပြီး အတွင်းတွင်ရှိသည့် သင်ခန်းစာများကို သင်ယူသင့်သည်။ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် သင့်ကိုယ်သင် တည်ငြိမ်စေပြီး ကိုယ်တော်ထံ ဆုတောင်းသင့်ကာ ပြင်ပလောက၏ ထိခိုက်စေခြင်းအား သင့်ကိုယ်သင် မခံစေသင့်ပေ။ သင်သည် အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် လိုက်လျောညီထွေဖြစ်အောင် သင်ယူရမည်ဖြစ်ပြီး ပတ်ဝန်းကျင်မျိုးစုံတွင် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားတတ်ရန် သင်ယူရမည်။ ဤနည်းဖြင့်သာ သင်သည် အသက် ဝင်ရောက်မှုကို ရရှိနိုင်သည်။ အချို့လူများသည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးကြသည်။ ဆင်းရဲဒုက္ခ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် ညည်းညူပြီး စိုးရိမ်ပူပန်လာကြကာ စိတ်ဆင်းရဲမှုကို ခံစားရပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးသွားသည်။ ဤသည်မှာ အလွန့်အလွန် မိုက်မဲပြီး မသိနားမလည်ခြင်းပင်တည်း။ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံခဲ့ရပြီးဖြစ်သော်လည်း ယင်းသည် သင်နှင့် မည်သည့် ပတ်သက်မှုရှိသနည်း။ ၎င်းတို့က အမှုအရာများကို မသင့်လျော်စွာ စီစဉ်ခဲ့သောကြောင့်သက်သက် သင်သည် အဘယ်ကြောင့် အပျက်သဘောဆောင်ပြီး ဘုရားသခင်နှင့် အလှမ်းဝေးသွားရမည်နည်း။ ဤသည်မှာ လုံးဝ ပုန်ကန်ခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် တစ်စုံတစ်ရာကို မှားယွင်းစွာ လုပ်ဆောင်မိသည့်အခါ သင်သည် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်နိုင်သော်လည်း ဘုရားသခင်ကို မငြင်းပယ်နှင့် သို့မဟုတ် သမ္မာတရားကို မငြင်းပယ်နှင့်။ သမ္မာတရားသည် မမှားပေ၊ ဘုရားသခင်သည် မမှားပေ။ ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ လူတို့အနေဖြင့် ဤသို့သော ဆင်းရဲဒုက္ခကို ခါးစည်းခံရန်မဟုတ်ပေ၊ သို့သော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက်မူ ဆင်းရဲဒုက္ခအချို့ကို ခံစားရခြင်းသည် အမှန်တကယ် လိုအပ်ပေသည်။ ဆင်းရဲဒုက္ခအနည်းငယ်ကို ခံစားရခြင်းသည် သင့်အတွက် အကျိုးရှိသည်။ အကျိုးကျေးဇူးမှာ သင့်အနေဖြင့် သင်ခန်းစာများ သင်ယူပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေတတ်ဖို့ သင်ယူခြင်း ဖြစ်သည်။ သင်သည် အမျိုးမျိုးသော ဆင်းရဲဒုက္ခများကို ခံနိုင်လျှင် ခံနိုင်ရည်အချို့ကို ရရှိပြီး ပတ်ဝန်းကျင်အမျိုးမျိုးတွင် သင်၏သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်လာမည်ဖြစ်သည်။ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်၏စိတ်ပိုင်းဖြတ်မှုကို သွေးပေးသည်။ ဤသည်မှာ ဘုရားသခင်၏ မူလရည်ရွယ်ချက်ဖြစ်ပြီး သင့်အထဲ၌ ဘုရားသခင် မြင်လိုသော ရလဒ်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း ပြုမူကျင့်ကြံနိုင်ပါက၊ သင်သည် မည်သည့်လူစားမျိုး သို့မဟုတ် ပတ်ဝန်းကျင်မျိုးကို ကြုံတွေ့ရသည်ဖြစ်စေ ဘုရားသခင်ကို စွန့်ပယ်ခြင်းမှ ရှောင်ကြဉ်နိုင်ပါက၊ ပြီးလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်ယူနိုင်ပါက၊ ဘုရားသခင်ကို ကျိုးနွံနာခံမှုရှိနိုင်ပါက၊ မှန်ကန်သော နားလည်သဘောပေါက်မှုနှင့် သဘောထားရှိနိုင်ပါက၊ ဘုရားသခင်အပေါ် မပြောင်းလဲသော ယုံကြည်ခြင်းကို ထိန်းသိမ်းထားနိုင်ပြီး သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် ညည်းညူခြင်း သို့မဟုတ် သူနှင့် ခပ်ကင်းကင်းနေခြင်းတို့မှ ရှောင်ကြဉ်နိုင်ပါက၊ သင်၏ဇာတိပကတိက မည်မျှပင် ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ၊ သင်သည် ဝိညာဉ်ရင့်ကျက်မှု ရှိပေသည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရေးကြီးသော တာဝန်များ ထမ်းဆောင်နေသူတို့၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ရမည်ဖြစ်ပြီး ၎င်းတို့ကို အပြင်လောက၏ နှောင့်ယှက်မှုမှ ကာကွယ်ပေးရမည်။ ဤအလုပ်တွင် အသေးစိတ်အချက်အလက်များစွာ ပါဝင်သည်။ တစ်ချက်အနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအသေးစိတ်ကျသော တာဝန်များကို မည်သို့ တိတိကျကျ အကောင်အထည်ဖော်ရမည်ဟူသည်ကို နားလည်သင့်သည်။ ထို့အပြင် အချို့သော အထူးအခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် တိကျသော ဆုံးဖြတ်ချက်များ ချရမည်ဖြစ်ပြီး ထို့နောက် သင့်တော်သော စည်းမျဉ်းများကို ရှာဖွေကာ အခြေအနေများကို ကိုင်တွယ်ခြင်းအတွက် တိကျသော အစီအစဉ်များကို ရေးဆွဲရမည်။ အဆုံးစွန်သော ပန်းတိုင်မှာ အရေးကြီးသော တာဝန်ထမ်းဆောင်နေသူအမျိုးမျိုး၏ ဘေးကင်းလုံခြုံရေးကို သေချာစေရန် ဖြစ်သည်။ ဤနည်းဖြင့်သာ ဧဝံဂေလိတရားဟောပြောခြင်းအလုပ်က စနစ်တကျ ဆက်လက်ဆောင်ရွက်သွားနိုင်ကြောင်းကို အာမခံနိုင်သည်။ ဤစည်းမျဉ်းကို လိုက်နာခြင်းသည် မှန်ကန်သည်။ ဤသည်မှာ ဤအလုပ်ကို လုပ်ဆောင်ရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပန်းတိုင်နှင့် စည်းမျဉ်းဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤပန်းတိုင်နှင့် စည်းမျဉ်းကို တိကျစွာ လိုက်နာပါက ဤအလုပ်ကို လုပ်ဆောင်ရာတွင် အခြေခံအားဖြင့် စံနှုန်းပြည့်မီပေသည်။ ဤအလုပ်တွင် အခြားမည်သည့်ပြဿနာများ ပါဝင်သေးသနည်း။ အချို့လူများက “ကျွန်ုပ်သည် ယခင်က ခေါင်းဆောင် သို့မဟုတ် အမှုဆောင် မလုပ်ဖူးပါ၊ ဤကိစ္စမျိုးများကိုလည်း မကြုံတွေ့ဖူးပါ။ ဤအလုပ်တွင် မည်သည့်အရာ လုပ်သင့်သည်ကို ကျွန်ုပ်မသိသည့်အပြင် မည်သို့ လုပ်ဆောင်သင့်သည်ကို မသိပါ။ ထို့ကြောင့် ထိုအလုပ်ကို ကျွန်ုပ် လုပ်ဆောင်ရန် မလိုပါ။ သင်တို့ ဘေးကင်းခြင်း ရှိမရှိဟူသည်ကို အဘယ်သူ အရေးစိုက်သနည်း။ သင်တို့ဘာသာသင်တို့ ကိုင်တွယ်ကြ”ဟု ပြောဆိုကြသည်။ ကိစ္စရပ်ကို ၎င်းတို့ ခေါင်းရှောင်လိုက်ခြင်းသည် လက်ခံနိုင်ဖွယ်ရှိသလော။ (လက်ခံနိုင်ဖွယ်မရှိပါ။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဖယ်ရှားသင့်သည်။ သင်သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ပါက သင့်ကို မည်သည့်အရာအတွက် အသုံးပြုရမည်နည်း။ သင် ရုပ်ရည်ကြည့်ကောင်းသောကြောင့် သင့်ကို အလှထားသည့် ပန်းအိုးအဖြစ် ထားရမည်လော။ ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းရမည်။ ၎င်းတို့ကို မည်သည့်အလုပ်မျှမလုပ်ဘဲ ရာထူးတစ်ခုကို ရယူထားခွင့် မပြုသင့်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိကြ၊ ရှိကြသလော။ အကယ်၍ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ် ရှိခဲ့ပါက ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ဖြေရှင်းရန် သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေကြမည်နည်း။ မည်သူမျှ အရာအားလုံးကို မွေးရာပါသိရှိကြသည် မဟုတ်။ လူတိုင်းသည် လုပ်ဆောင်ရင်းဖြင့် သင်ယူကြရခြင်း ဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပါက အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် နည်းလမ်းတစ်ခုကို သင်တွေ့လိမ့်မည်။ အကယ်၍ သင်သည် တာဝန်သိစိတ်ရှိပါက အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် နည်းလမ်းတစ်ခုကို သင်စဉ်းစားလိမ့်မည်။ ခေါင်းဆောင်မှုအလုပ်ကို လုပ်ဆောင်ခြင်းသည် အမှန်တကယ်တွင် ခက်ခဲသောအရာမဟုတ်ပေ။ သမ္မာတရားကို ရှာဖွေနိုင်သမျှကာလပတ်လုံး ထိုအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် လွယ်ကူသည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် လုပ်ဖော်ကိုင်ဖက်များ ရှိသည်။ လူနှစ်ဦး သို့မဟုတ် သုံးဦးတို့သည် တစ်စိတ်တစ်ဝမ်းတည်း ရှိနေသရွေ့ မည်သည့်အလုပ်မဆို ပြီးမြောက်ရန် လွယ်ကူသည်။ လတ်တလောတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့သည် လေ့ကျင့်နေကြသည်။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် အမှုအရာအားလုံးတွင် သမ္မာတရားကို ရှာဖွေခြင်းဖြင့် လေ့ကျင့်နေကြသည်။ ဤအချိန်တွင် အနည်းဆုံးအားဖြင့် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ခေါင်းဆောင်မှုအလုပ်တွင် အရည်အချင်းပြည့်မီကြပြီး ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အပြည့်အဝ စွမ်းဆောင်နိုင်ကြသည်၊ မှန်သလော။ (မှန်ပါသည်။) သို့ဆိုလျှင် ယနေ့အတွက် ဤအထိ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်

အရှေ့သို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၇)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger