၃။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်းဖြစ်သည်ကို လူအချို့က အသိအမှတ်ပြုကြသော်လည်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်း ခံရကာ၊ ဘာသာရေး အသိုင်းအဝိုင်း၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ခြိမ်းခြောက်ခြင်းနှင့် ကြိမ်းဝါးခြင်းတို့ ခံရမည်ကို စိုးရွံ့ကြသောကြောင့်၊ ၎င်းတို့သည် မှန်သော လမ်းခရီးကို လက်မခံဝံ့ကြပါ။ ထိုသို့သော လူတို့၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံ့ရှာ ဘွယ်သောသူ၊ လူအသက်ကို သတ်သော သူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ် သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့် နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည် ဟူ၍၎င်း ငါ့အား မိန့်တော်မူ၏။” (ဗျာဒိတ်ကျမ်း ၂၁:၈)
“အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅)
“အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၂-၃၃)
“အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့် မဖြစ် နိုင်ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၂၇)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ကြောက်ရွံ့ရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲသို့ မည်သို့ဝင်ရောက် ရမည်ကို သင်တို့မသိကြသကဲ့သို့၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုနှင့် လူသား၏အထင်အမြင်မှားစေခြင်းတို့ကြား မည်သို့ခွဲခြားရမည်ကို သင်တို့ မသိကြချေ။ သင်၏ အတွေးနှင့် မကိုက်ညီသော ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ နှုတ်ကပတ်တော်တစ်ခုတစ်လေကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ ကျိုးနွံနာခံခြင်းသည် အဘယ်မှာနည်း။ သင်၏သစ္စာစောင့်သိမှုသည် အဘယ်မှာနည်း။ သမ္မာတရား ရှာဖွေသည့် သင်၏ သဘောထားသည် အဘယ်မှာနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်၏ စိတ်နှလုံး အဘယ်မှာနည်း။ နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးမည့် အမျိုးအစားများဖြစ်သည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏ နေမင်း လူသိရှင်ကြား ပေါ်ထွက်လာသည့်အချိန် ဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ခြင်းကို ကြေညာသည့်အချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင် လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည် ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး ပြင်းထန်သည့် တရားစီရင်မှုကို ဖော်ပြကာ အသက်နှင့် စစ်မှန်သော လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်
နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ ယေရှု၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ လျော်ကန်မည် မဟုတ်ပေ။ အကြောင်းမှာ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သောကြောင့်တည်း။ စည်းမျဉ်းစည်းကမ်းများ၊ စကားလုံးများနှင့် သမိုင်း၏ ချုပ်နှောင်မှုအားဖြင့် ထိန်းချုပ်ခြင်းခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ရှိသည့်အရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တွယ်ကပ်နေသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားသည်၊ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခြင်းနှင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းခြင်းတို့ကိုသာ ကြိုးစားသည့်အပြင် ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားသောကြောင့် သင်သည် ဘုရားသခင်ကို အမြဲရန်လိုနေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ ခြေလှမ်းများသည် တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့ ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် စကားလုံးများသာဖြစ်သည်၊ သင့်ကို အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ၊ သင်ဖတ်သည့် ကျမ်းချက်များ၏ စကားလုံးများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ဆင်ခြင်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင်ရှိသော နက်နဲမှုများ သင် သဘောပေါက်အောင် လုပ်ပေးသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့ ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်အားဖြင့် မဟုတ်လျှင် မည်သူမျှ ဘုရား၏စုံလင်စေခြင်းကို မခံရနိုင်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံရမည်ဖြစ်သည်။ သမ္မာတရားနှင့် အသက်၏ ထောက်ပံ့မှုကို လက်မခံနိုင်ဘဲလျက် ကောင်းချီးမင်္ဂလာများ ရရှိရန်ကိုသာ မစဉ်းစားနှင့်။ ခရစ်တော်သည် ကိုယ်တော့်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ကြသူ အပေါင်းတို့အား အသက်ကို ပေးသနားနိုင်ရန်အလို့ငှာ နောက်ဆုံးသောကာလတွင် ကြွလာခြင်း ဖြစ်သည်။ ဤအမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် တည်ရှိခြင်း ဖြစ်ပြီး၊ ဤအမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် ခရစ်တော်ကို အသိအမှတ်မပြုသည့်အပြင် သူ့ကို ပြစ်တင်ရှုတ်ချကာ ပြစ်မှားစော်ကားပါက သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ပါကသင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်၍ဖြစ်သောကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့အတွက် ထိုက်တန်သည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ ဤအရာကိုလည်း ငါပြောမည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ငြင်းပယ်ပါက ဤအရာအတွက် သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးနိုင်မည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်။ ထို့အပြင် ထိုအချိန်မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလိုလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် မြင်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင် အတိုက်အခံလုပ်နေသည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်နေသည်မှာ အရေးမပါသော လူသားတစ်ဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်သည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုနေသည်သာ မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော အပြစ်တစ်ရပ် ကျူးလွန်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားရန်နှင့် ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ရန် ထောက်ကူမပေးနိုင်သည့်အတွက် သမ္မာတရားရှေ့မှောက်တွင် ခြိမ်းခြောက်မှုမပြုရန် သို့မဟုတ် ထင်ရာမြင်ရာ ဝေဖန်သုံးသပ်ချက်များ မပြုရန် လူတိုင်းကို ငါအကြံပြုသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ အကြံပြု၏၊ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်း ခံရရန် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ဆောင်ကြဉ်းခြင်းကို ခံရရန် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ပစ်ပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်ကို ပုန်ကန်သူများဖြစ်သည့်အတွက် ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏အပြစ်များထက် သာ၍ ဆိုးရွားကာ သာလွန်များပြားလေသည်။ အလုပ်လုပ်ပေးခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ထိုသို့သောသူတို့သည် ဝိညာဉ်၊ စိတ်နှင့် ကိုယ်တို့အား ဒဏ်ခတ်ခြင်းတည်းဟူသော လက်တုံ့ပြန်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အတိအကျပင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် အတိအကျပင် ဖြစ်သည် မဟုတ်လော။ တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဒုစရိုက်အမှုမျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ ဘုရားသခင် လွှဲအပ်ပြီး ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင် ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုဆောင်များ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် သင့်တော်သောအချိန်ကျသောအခါတွင် သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ညစ်နွမ်းစေခွင့် ပြုလျက် ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်ပြီး ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်အောင် ပြုလုပ်သည်။ ဘုရားသခင်သည် အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း အဆုံးတိုင် သစ္စာစောင့်သိမြဲ စောင့်သိခြင်း မရှိကြသည့် ထိုကြောင်သူတော်များကို ဆိုးယုတ်သူတို့အထဲတွင် စာရင်းသွင်း၏။ ၎င်းတို့အား ဆိုးယုတ်သူတို့နှင့်အတူ ဒုစရိုက်အမှုထဲတွင် မွေ့လျော်နေထိုင်ပြီး ၎င်းတို့နှင့်အတူ သောင်းပြောင်းထွေလာဖြစ်သော ကိုယ်ကျင့်တရားပျက်သူတစ်သိုက် ဖွဲ့စည်းခွင့်ပေးကာ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကို ရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ ရိုးသားစစ်မှန်မှု မရှိခဲ့ကြဘဲ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရုံမျှလွဲ၍ အခြားရွေးချယ်စရာမရှိသူတို့သည် ဘုရားသခင်၏ လူတို့အတွက် အစေခံသောသူတို့အထဲတွင် စာရင်းသွင်းခြင်း ခံကြရ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်ကာ အများစုမှာမူ စံနှုန်းမပြည့်မီသော အလုပ်လုပ်ပေးသည့် သူများနှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်း ဖြစ်သူများ၊ ဘုရားသခင်၏ လူများနှင့် သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်း ထားပြီးဖြစ်သော သူများအားလုံးကို ဘုရားသခင်သည် ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားအမှု၏ ပုံဆောင်ခဲဖြစ်သည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတလေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ ဘာသာတရားမရှိသူများအထဲတွင် စာရင်းသွင်းလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏အဆုံးသတ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏။ ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားကရုဏာ မထားပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏