၆၁။ ကျွန်မအမေအတွက် ကျွန်မ မျက်နှာမလိုက်ခဲ့သင့်ပါ
၂၀၁၂ ခုနှစ်မှာ ကျွန်မ အသင်းတော်တချို့ရဲ့အလုပ်အတွက် တာဝန်ရှိလာခဲ့တယ်။ အသင်းတော်ရွေးကောက်ပွဲကာလအတွင်းမှာ၊ ကျွန်မအမေက ဆိုးယုတ်သူ လီဖန်ရဲ့ လှည့်ဖြားမှုကိုခံရပြီး အသစ်ရွေးကောက်တင်မြှောက်လိုက်တဲ့ အသင်းတော်ခေါင်းဆောင်ကို တိုက်ခိုက်နှိမ့်ချခဲ့တယ်၊ သူက အလုပ်လုပ်နိုင်စွမ်းမရှိဘူး၊ သမ္မာတရားကို နားမလည်ဘူး၊ ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ပြောခဲ့တယ်။ ပြီးတော့ လီဖန်ကို သမ္မာတရားလက်တွေ့ကျမှုရှိတဲ့ အရာရာကိုစွန့်လွှတ်နိုင်ပြီး အလုပ်ကြိုးစားသူ၊ ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်တဲ့သူတစ်ဦးအနေနဲ့ အစွမ်းကုန် ချီးမြှောက်ပြောဆိုခဲ့ပြီး၊ နောက်ဆုံးမှာတော့ ဆိုးယုတ်သူ လီဖန်ကို ခေါင်းဆောင်အဖြစ် မဲပေးရွေးချယ်ခဲ့တယ်။ ကျွန်မအမေက ရေလောင်းပေးသူ သင်းထောက်ကိုလည်း သန့်ရှင်းတဲ့ဝိညာဉ်တော်ရဲ့အလုပ်မရှိသူ၊ တကယ့်အလုပ်ကို မလုပ်နိုင်သူ၊ သူ့ရာထူးကနေ နှုတ်ထွက်သင့်တဲ့သူဆိုပြီး တိုက်ခိုက်ဝေဖန်ခဲ့တယ်။ အဲဒါကြောင့် အဲဒီညီအစ်ကိုက အပျက်သဘောထဲမှာ နေထိုင်ခဲ့ရပြီး ရေလောင်းခြင်းအလုပ်လည်း ထိခိုက်ခဲ့ရတယ်။ ကျွန်မအမေက သူ့ရဲ့ဆိုးယုတ်တဲ့လုပ်ရပ်တွေအပေါ် နည်းနည်းလေးမှ ဆင်ခြင်သုံးသပ်တာမရှိခဲ့ဘူး၊ အသင်းတော်က လီဖန်ကို နှင်ထုတ်ဖို့လုပ်တဲ့အခါမှာ သူက လီဖန်ကို အစွမ်းကုန် ကာကွယ်ခဲ့တယ်၊ သူ့အတွက် ရပ်တည်ပေးခဲ့ပြီး ညီအစ်ကိုမောင်နှမတွေကို လီဖန်ဘက်ကနေရပ်တည်ဖို့တောင် လှုံ့ဆော်လှည့်ဖြားခဲ့တယ်။ သူက ပြောသေးတယ်၊ “ဘယ်နှစ်ခါပဲ ရွေးကောက်ပွဲလုပ်လုပ်၊ ငါကတော့ လီဖန်ကိုပဲ ခေါင်းဆောင်အဖြစ် မဲပေးမှာပဲ”တဲ့။ သူက အတော်လေး အနှောင့်အယှက်ပေးခဲ့လို့ ရွေးကောက်ပွဲကို ပုံမှန်အတိုင်းဆက်လုပ်လို့မရခဲ့ဘဲ ဒါက အသင်းတော်အလုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်တစ်ယောက်က ကျွန်မအမေ့ရဲ့ ဒုစရိုက်အမှုတွေကို စိစစ်ပြီး ဖော်ထုတ်ခဲ့ပေမဲ့ သူက ကိုယ့်ရဲ့ဒုစရိုက်အမှုတွေကို နည်းနည်းလေးမှ အသိအမှတ်မပြုသလို နောင်တလည်းလုံးဝမရခဲ့ဘူး။ သူ့ရဲ့အပြုအမူအရဆိုရင် ကျွန်မအမေဟာ ဖယ်ထုတ်ပစ်ခံရမှာပါ။ သူ ဖယ်ထုတ်ပစ်ခံရမယ်ဆိုတာ သိလိုက်ရတော့ ကျွန်မ စိတ်အရမ်းဆင်းရဲခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မအမေက နှိပ်စက်ညှဉ်းပန်းခံရပြီး ဒုက္ခတော်တော်များများ ခံခဲ့ရတယ်။ သူက ကျွန်မနဲ့ အရင်းနှီးဆုံးဖြစ်ပြီး ကျွန်မကို ပြုစုပျိုးထောင်ခဲ့ဖို့ အများကြီးရုန်းကန်ခဲ့ရတာ၊ ဒါကြောင့် ကျွန်မ သူ့ကို နည်းနည်း သနားမိပြီး သူ ဖယ်ထုတ်ခံရတဲ့အဖြစ်မှန်ကို ရင်မဆိုင်ချင်ခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို အကြိမ်များစွာ ဆုတောင်းရှာဖွေခဲ့တယ်၊ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းရမှုနဲ့ လမ်းပြမှုအောက်မှာ၊ ဆိုးယုတ်သူတစ်ယောက်အနေနဲ့ သူ့ရဲ့အနှစ်သာရကို ကျွန်မ ပိုင်းခြားသိမြင်မှုတချို့ ရလာခဲ့ပြီး အသင်းတော်ကနေ သူ့ကို ဖယ်ထုတ်ပစ်ဖို့ သဘောတူပြီး ကျွန်မနာမည် လက်မှတ်ရေးထိုးခဲ့တယ်။
၂၀၁၈ ခုနှစ်၊ မေလမှာ ကျွန်မ အသင်းတော်ရဲ့ သန့်စင်ခြင်းအလုပ်ကို တာဝန်ယူခဲ့တယ်။ ဘုရားအိမ်တော်ကနေ ထုတ်ပြန်တဲ့ အလုပ်အစီအစဉ်တွေထဲမှာ၊ သန့်စင်ခြင်းခံရပြီးနောက် စစ်မှန်တဲ့နောင်တပြသသူတွေကို အသင်းတော်ထဲ ပြန်ဝင်ဖို့ စဉ်းစားနိုင်တယ်ဆိုတာ ကျွန်မ တွေ့ခဲ့ရတယ်။ ဒီနှစ်တွေအတွင်းမှာ ကျွန်မအမေက အသင်းတော်ကနေ သူဖယ်ထုတ်ခံရတာကို ရံဖန်ရံခါ ပြောတတ်တာကို ကျွန်မ စဉ်းစားမိတယ်၊ သူ့ရဲ့ပင်ကိုသဘာဝက အရမ်းမာနကြီးတယ်၊ သူက ခေါင်းမာတယ်၊ သူဖယ်ထုတ်ခံရတာက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားကို ပြတယ်လို့ သူပြောခဲ့တယ်။ တစ်ခါက အဲဒီအချိန်တုန်းက သူ့ရဲ့ဒုစရိုက်မှုတွေအပေါ် သူ့ရဲ့နားလည်မှုက ဘယ်လိုရှိလဲလို့ ကျွန်မ သူ့ကိုမေးခဲ့တယ်။ အဓိကကတော့ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ လှည့်ဖြားခံခဲ့ရတာကြောင့်လို့ သူပြောခဲ့တယ်။ လီဖန်က ဘုရားသခင်ကို ယုံကြည်တာ အချိန်ကြာပြီဖြစ်ပြီး အမှုအရာတွေကို စွန့်လွှတ်နိုင်တယ်၊ အလုပ်ကြိုးစားလုပ်နိုင်တယ်၊ ဆင်းရဲဒုက္ခခံနိုင်တယ်၊ ခေါင်းဆောင်ရာထူးအတွက် လိုက်ဖက်သူဖြစ်တယ်လို့ သူထင်ခဲ့တယ်၊ ဒါကြောင့် ကိုယ့်အမြင်က မှန်တယ်လို့ ယုံကြည်ပြီး ဘယ်သူ့တားမြစ်မှုကိုမှ နားမထောင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ဒုစရိုက်အမှုတွေရဲ့ အသေးစိတ်တွေအကြောင်း ပြောတဲ့အခါ၊ သူက ကိုယ့်ကိုယ်ကိုယ် ဆင်ခြေတွေနဲ့ကျိုးကြောင်းပြချက်တွေ ပေးပြီး သူအပြစ်ကင်းတယ်လို့ ဆိုနေတုန်းပဲ။ သူလုပ်ခဲ့တဲ့အရာတွေအတွက် ကျိုးကြောင်းဆီလျော်တဲ့အကြောင်းပြချက်တွေရှိသလိုမျိုးပေါ့။ ဒါကြောင့် ကျွန်မက သူ့ရဲ့ပြဿနာတွေနဲ့ လီဖန်ရဲ့အပြုအမူကို ပေါင်းစပ်ပြီး ဆိုးယုတ်သူတွေကို ကာကွယ်လို့ အလုပ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ သဘာဝနဲ့ အကျိုးဆက်တွေအပေါ် သူနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်၊ သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ပြီး နားလည်အောင် လမ်းပြခဲ့တယ်။ ကျွန်မအမေက ခေါင်းညိတ်ပြီး သဘောတူခဲ့တယ်၊ သူက စာတန်ရဲ့အစေခံဖြစ်ခဲ့ပြီး စာတန်အတွက် ကိုယ်စားပြုပြောဆိုသူ ဖြစ်ခဲ့တယ်၊ သူက ဆိုးယုတ်သူတစ်ယောက်ဖြစ်ခဲ့တယ်လို့ ပြောခဲ့တယ်။ ဒါကိုတွေ့ရတော့ ကျွန်မ အရမ်းပျော်သွားတယ်။ ကျွန်မအမေက သမ္မာတရားကို လုံးဝလက်မခံခဲ့တာမဟုတ်ဘဲ၊ နားလည်မှုတချို့ ရှိခဲ့တယ်။ ကျွန်မ တွေးမိသေးတယ်၊ “သူ ဒီနှစ်တွေအားလုံးမှာ ဘုရားသခင်နှုတ်ကပတ်တော်တွေကို စားသောက်နေခဲ့တာ၊ သူက လှူဖွယ်ဝတ္ထုတွေနဲ့ ပရဟိတတွေကို ပေးကမ်းတာတွေကိုလည်း မလျှော့တမ်းလုပ်ခဲ့တယ်၊ လီဖန်အပေါ်မှာလည်း ပိုင်းခြားသိမြင်မှုတချို့ ရှိနေတယ်။ ဖယ်ထုတ်ပစ်ခံရပြီးတဲ့နောက်၊ တစ်ခါ ဧဝံဂေလိတရားဟောနေတုန်း ရဲက သူ့ကိုဖမ်းခဲ့ပေမဲ့ အသင်းတော်ကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘဲ ယုဒတစ်ယောက် မဖြစ်ခဲ့ဘူး။ ပြီးတော့ ငါ အပျက်သဘောဆောင်ပြီး အားနည်းနေတဲ့အခါ၊ သူက ငါ့ကို နှစ်သိမ့်အားပေးခဲ့တယ်။ ရဲကလိုက်ဖမ်းနေလို့ ဒီနှစ်တွေအတွင်းမှာ ငါ အိမ်မပြန်နိုင်ခဲ့ဘူး၊ သူက ငါ့ကလေးကို ကြည့်ပေးပြီး ငါ့တာဝန်ကို ထမ်းဆောင်ဖို့ ထောက်ပံ့ပေးပြီး ငါ့ကိုကူညီပေးခဲ့တာ”လို့ပေါ့။ ဒီအရာတွေကို စဉ်းစားရင်း ကျွန်မအမေက နောင်တရတဲ့လက္ခဏာတွေ ပြနေသလားလို့ ကျွန်မ တွေးမိတယ်။ သူ ဖယ်ထုတ်ပစ်ခံရပြီးတဲ့နောက် အရမ်းစိတ်ဆင်းရဲခဲ့ရပြီး အသင်းတော်ထဲ သူ့ကိုပြန်လက်ခံမယ့်နေ့ကို မျှော်လင့်ခဲ့တာ။ အခု ကျွန်မက တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီအလုပ်ကို တာဝန်ယူနေရပြီ၊ ဒါကြောင့် ကျွန်မအမေကို အသင်းတော်က ပြန်လက်ခံရအောင် “အစွမ်းကုန် ကြိုးစားရမယ်။” အဲဒီအခါကျရင် သူက ညီအစ်ကိုမောင်နှမတွေနဲ့အတူ အသင်းတော်အသက်တာကို နေထိုင်နိုင်တော့မှာ၊ သူ့ကို ပြန်လက်ခံအောင်လုပ်ပေးခဲ့တာ ကျွန်မမှန်း သူသိသွားတဲ့အခါ၊ သူ သေချာပေါက် အပျော်ကြီးပျော်သွားမှာပဲ။
အဲဒီနောက်မှာတော့ ကျွန်မတာဝန်ယူထားတဲ့ အသင်းတော်တချို့ဆီကို စာတွေရေးခဲ့တယ်၊ နှင်ထုတ်ခံရပြီးနောက် စိတ်ရင်းမှန်နဲ့ နောင်တရပြီး လက်ခံနိုင်တဲ့လူတွေ ရှိမရှိ စုံစမ်းစစ်ဆေးဖို့ အသင်းတော်ခေါင်းဆောင်တွေကို တောင်းဆိုခဲ့တယ်။ တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်တွေက နှင်ထုတ်ခံထားရတဲ့ ဆိုးယုတ်သူတွေရေးထားတဲ့ နောင်တစာလေးစောင်ကို ကျွန်မဆီ ပို့ပေးခဲ့တယ်၊ အဲဒီစာတွေထဲမှာ ကျွန်မအမေ့ရဲ့စာလည်း ပါနေခဲ့တယ်။ ကျွန်မ အရမ်းကို ဝမ်းသာသွားတယ်။ တခြားလူသုံးယောက်အကြောင်းကို ကျွန်မ သိပြီးသားပဲ။ သူတို့က နှင်ထုတ်ခံရပြီးတဲ့နောက်မှာ နောင်တရတဲ့လက္ခဏာ ဘာတစ်ခုမှ မပြခဲ့ဘူး။ နှိုင်းယှဉ်ကြည့်ရင် ကျွန်မအမေ အသင်းတော်ထဲကို ပြန်လည်လက်ခံခံရနိုင်ခြေက အများကြီး ပိုမြင့်တယ်။ အသင်းတော်ရဲ့ လူတွေကို ပြန်လည်လက်ခံခြင်းဆိုင်ရာ စည်းမျဉ်းတွေအရဆိုရင်၊ ပြန်လည်လက်ခံခံရမဲ့သူကို ညီအစ်ကိုမောင်နှမအများစုနဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက အကဲဖြတ်ရမယ်လို့ ကျွန်မ တွေးမိတယ်။ လူတစ်ယောက်ရဲ့ နောင်တစာနဲ့ အသင်းတော်ခေါင်းဆောင်တွေရဲ့ အကဲဖြတ်ချက်တစ်ခုတည်းနဲ့တော့ ဘယ်လိုမှ မလုံလောက်ဘူး။ ကျွန်မ ချက်ချင်းပဲ အသင်းတော်ခေါင်းဆောင်တွေဆီကို စာတွေရေးခဲ့တယ်၊ ကျွန်မအမေကို သိတဲ့လူတွေဆီကနေ သူ့အပေါ်အကဲဖြတ်ချက်တွေ ပေးဖို့ သူတို့ကို တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ကျွန်မအမေအတွက် အကဲဖြတ်ချက်တွေ ပေးဖို့ပဲ တောင်းဆိုတာက ကျွန်မကို မျက်နှာလိုက်တယ်လို့ ညီအစ်ကိုမောင်နှမတွေက စွပ်စွဲဖို့ဖြစ်စေမှာကို ကျွန်မ ကြောက်ခဲ့တယ်။ သံသယမဝင်အောင်လို့ ကျွန်မက ခေါင်းဆောင်တွေကို လူလေးယောက်လုံးရဲ့ အကဲဖြတ်ချက်တွေ ပေးဖို့ တောင်းဆိုခဲ့ပြီး၊ မြန်မြန်ရလေ ကောင်းလေပဲလို့ ပြောခဲ့တယ်။ ကျွန်မရဲ့ကိုယ်ပိုင်အကဲဖြတ်ချက်ကလည်း အဓိကကျမယ်လို့ ကျွန်မ ထင်ခဲ့တယ်၊ ဒါကြောင့် ကျွန်မအမေ ဖယ်ထုတ်ခံရပြီးနောက်ပိုင်းက သူ့ရဲ့ “နောင်တရတဲ့” အပြုအမူတွေကို အသေးစိတ်ဖြစ်စဉ်ရေးခဲ့တယ်၊ ဒါပေမဲ့ အဲဒီတုန်းက သူ ဖယ်ထုတ်ခံခဲ့ရတဲ့အကြောင်းရင်းတွေကိုတော့ အပေါ်ယံပဲ ရေးလိုက်တယ်။ ကျွန်မသာ အသေးစိတ်အရမ်းရေးလိုက်ရင် သူ့ရဲ့ပြန်လည်လက်ခံခံရမှုကို ထိခိုက်သွားမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ အရေးအကြီးဆုံးကတော့ ဖယ်ထုတ်ခံရပြီးနောက်ပိုင်းက သူ့ရဲ့ အတော်အသင့်ကောင်းမွန်တဲ့အပြုအမူကို အသားထိုးပြရမယ်၊ ဒီလိုနည်းနဲ့ သူ့ရဲ့အသင်းတော်ထဲကို ပြန်လည်လက်ခံခံရဖို့ အခွင့်အလမ်းက ပိုများလာမှာပဲ။ အဲဒီနောက်မှာတော့ ကျွန်မအမေ့ဆီကို စာရေးခဲ့တယ်၊ အရင်က သူ့ရဲ့ဆိုးယုတ်တဲ့လုပ်ရပ်တွေကို မိတ်သဟာယဖွဲ့ပြီး စိစစ်ခဲ့တယ်၊ အရင်းခံအကြောင်းတရားတွေကို နားလည်အောင် လမ်းပြခဲ့ပြီး၊ သူ့ကို ဒီအခွင့်အရေးကို အရယူပြီး အမြန်နောင်တရဖို့ သတိပေးခဲ့တယ်။ သူ့ဆီ စာရေးနေရင်းနဲ့ ကျွန်မစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ ကျွန်မအမေကို အသင်းတော်ကပြန်လက်ခံစေဖို့ တိတ်တဆိတ် ဒီလောက်တွေးပေးနေတာဟာ၊ ကျွန်မရဲ့စိတ်ခံစားချက်အတိုင်း လုပ်နေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဒါတွေက ခဏတာအတွေးတွေပဲဖြစ်ပြီး၊ ကျွန်မ သမ္မာတရားကိုလည်း မလိုက်စားခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း မဆင်ခြင်မသုံးသပ်ခဲ့ဘူး။ ကျွန်မ စာတွေကို စောင့်နေတုန်းမှာ၊ ကျွန်မအမေ ပြန်လည်လက်ခံခံရခြင်းကို ထိခိုက်စေမယ့် အမှားအယွင်းတစ်ခုခုကို ကျွန်မ ကြောက်ခဲ့တယ်၊ ဒါကြောင့် သုံးလေးရက်ကြာတိုင်း အသင်းတော်ခေါင်းဆောင်တွေဆီကို စာရေးပြီး အကဲဖြတ်ချက်တွေ စုဆောင်းတဲ့တိုးတက်မှုကို အရေးတကြီး မေးမြန်းခဲ့တယ်။
တစ်နေ့မှာ အထက်ခေါင်းဆောင်က ကျွန်မကို ပြုပြင်တဲ့စာတစ်စောင် ရေးပို့ခဲ့တယ်၊ “အသင်းတော်ခေါင်းဆောင်တွေက မကြာသေးခင်က သူတို့အလုပ်တွေကို နှင်ထုတ်ခံထားရတဲ့ လူတချို့အတွက် ပြန်လည်လက်ခံရေးအချက်အလက်တွေ စုဆောင်းတဲ့အပေါ်မှာပဲ အာရုံစိုက်နေပြီး တခြားအလုပ်အားလုံးကို ဘေးဖယ်ထားခဲ့တယ်။ နောင်တရတဲ့လက္ခဏာမပြတဲ့ ဒီလူတွေက အသင်းတော်က ပြန်လည်လက်ခံမဲ့လူတွေ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းက အသင်းတော်တွေကို သူတို့အပေါ် အကဲဖြတ်ချက်တွေ စုဆောင်းခိုင်းခဲ့တယ်။ မင်းက အသင်းတော်အလုပ်ကို အနှောင့်အယှက်ပေးပြီး အဖျက်အမှောင့်လုပ်နေတာပဲ”တဲ့။ ဒီစာကိုဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်ထဲမှာ ကျွန်မအမှုအတွက် အဆက်မပြတ် ငြင်းခုံနေခဲ့တယ်၊ “နောင်တရတဲ့လက္ခဏာမပြတဲ့လူတွေအတွက် အကဲဖြတ်ချက်တွေ စုဆောင်းနေတယ်ဟုတ်လား။ ခေါင်းဆောင်က နားလည်မှုလွဲသွားတာလား။ ကျွန်မအမေက နောင်တရတဲ့လက္ခဏာတွေ ပြနေတာပဲ။ ခေါင်းဆောင်က ဘယ်လိုလုပ်ပြီး ဒီလူတွေထဲက တစ်ယောက်မှ နောင်တရတဲ့လက္ခဏာမပြဘူးလို့ ပြောနိုင်ရတာလဲ၊ နောက်ပြီး အသင်းတော်အလုပ်ကို အနှောင့်အယှက်ပေးပြီး အဖျက်အမှောင့်လုပ်တယ်ဆိုပြီး ငါ့ကိုပြုပြင်နိုင်ရတာလဲ”ပေါ့။ ကျွန်မ စိတ်ထဲမှာ အဆက်မပြတ် အတိုက်အခံလုပ်နေပြီး ဒါကို လုံးဝ လက်မခံနိုင်ခဲ့ဘူး။ ကျွန်မရဲ့အခြေအနေ မှားနေမှန်း ကျွန်မ သတိထားမိလို့၊ ဒူးထောက်ပြီး ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်။ ဒီနေ့ ခေါင်းဆောင်ဆီက ဒီပြုပြင်မှုကို ကျွန်မ လက်မခံနိုင်ပါဘူး။ ကျွန်မအမေ့အပေါ်မှာ ကျွန်မမှာ ပိုင်းခြားသိမြင်မှုမရှိဘူး၊ စစ်မှန်တဲ့ နောင်တဆိုတာ ဘာလဲဆိုတာကိုလည်း နားမလည်ပါဘူး။ ကျေးဇူးပြုပြီး ဒီသမ္မာတရားကို နားလည်အောင် သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မစိတ်ထဲ နည်းနည်း တည်ငြိမ်သွားတယ်။ အဲဒီနောက်မှာတော့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဤ ‘ဆိုးယုတ်သည့်လမ်း’ က ဆိုးယုတ်သည့် လုပ်ရပ်တချို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ထိုအစား လူတို့၏အပြုအမူပေါက်ဖွားလာသည့် ဆိုးယုတ်သည့်အရင်းအမြစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ‘မိမိ၏ ဆိုးယုတ်သည့်လမ်းကို ရှောင်ခြင်း’ ဆိုသည်မှာ ထိုလူတို့သည် ဤလုပ်ရပ်တို့ကို ဘယ်တော့မျှ နောက်ထပ်ကျူးလွန်တော့မည်မဟုတ်ဟု ဆိုလိုသည်။ တစ်နည်းပြောရလျှင် သူတို့သည် ဤဆိုးယုတ်သည့်လမ်းကို ဘယ်တော့မျှ နောက်ထပ်ပြုမူတော့မည် မဟုတ်ပေ။ သူတို့လုပ်ရပ်များ၏ နည်းလမ်း၊ အရင်းအမြစ်၊ ကြံရွယ်ချက်၊ ရည်မှန်းချက်နှင့် အခြေခံမူတို့သည် အားလုံးပြောင်းလဲသွား၏။ သူတို့၏နှလုံးသားတွင် သာယာကြည်နူးမှုနှင့် ပျော်ရွှင်မှုကိုရရှိရန် ဤနည်းလမ်းများနှင့် အခြေခံမူများကို ဘယ်တော့မျှ ထပ်မံအသုံးပြုမည် မဟုတ်တော့ပေ။ ‘မိမိလက်များထဲက အဓမ္မအမှုများကို စွန့်လွှတ်သည်’ ဆိုသည့်အထဲ၌ ‘စွန့်လွှတ်’ ဟူသည်မှာ လွှတ်ချဖို့၊ သို့မဟုတ် ဘေးဖယ်လိုက်ဖို့၊ အတိတ်ကို လုံးဝဖြတ်တောက်လိုက်ပြီး ဘယ်တော့မျှ နောက်ပြန်မလှည့်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ နိနေဝေမြို့သားတို့သည် သူတို့လက်ထဲမှ အဓမ္မအမှုများကို စွန့်လွှတ်ခဲ့သည့်အခါ ဤအချက်က သူတို့၏ စစ်မှန်သည့် နောင်တကို သက်သေပြသကဲ့သို့ ကိုယ်စားလည်းပြုသည်။ ဘုရားသခင်သည် လူတို့၏အပြင်ပန်းနှင့် သူတို့၏နှလုံးသားကိုလည်း လေ့လာကြည့်ရှုသည်။ ဘုရားသခင်သည် နိနေဝေမြို့သားတို့၏ နှလုံးသားထဲရှိ စစ်မှန်သည့် နောင်တကို မေးခွန်းမထုတ်ဘဲနှင့် လေ့လာကြည့်ရှုပြီး သူတို့သည် သူတို့၏ဆိုးယုတ်သည့်လမ်းများကို ထားခဲ့ပြီး သူတို့၏လက်ထဲမှ အဓမ္မအမှုများကို စွန့်ပစ်ခဲ့ကြောင်းကိုလည်း ကြည့်ရှုသိမြင်ပြီးသည့်အခါ သူ၏နှလုံးသားကို သူပြောင်းလဲခဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) “နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပင် ဒေါသထွက်ခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်ကို ဝတ်ဆင်ကာ ပြာထဲထိုင်ပြီးသည်နှင့် သူ၏နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ၏စိတ်ကို သူစတင်ပြောင်းခဲ့၏။ သူတို့၏မြို့ကို သူဖျက်ဆီးမည့်အကြောင်း သူတို့ထံ မကြေညာမီ အခိုက်အတန့်တွင်၊ သူတို့၏အပြစ်များအတွက် သူတို့ မဝန်ခံမီနှင့် နောင်တမရမီ အခိုက်အတန့်တွင် ဘုရားသခင်က သူတို့ကို ဒေါသထွက်နေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်တသီတသန်းကြီးကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ဒေါသသည် သူတို့အတွက် သနားကရုဏာနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ အဖြစ်အပျက်တစ်ခုတည်းတွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ခုကို တစ်ချိန်ထဲ၌ ထုတ်ဖော်ပြခြင်းနှင့်ပတ်သက်၍ မကိုက်ညီမှု တစ်ခုမျှမရှိပေ။ သို့ဖြစ်၍ ဤမကိုက်ညီမှုမရှိခြင်းကို မည်ကဲ့သို့နားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တမရမီနှင့် နောင်တရပြီးတွင် ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ပြခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ပုန်ကန်ပြစ်မှား၍ မရနိုင်မှုကို လူတို့အား မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့အား အောက်ပါအကြောင်းများကိုပြောဖို့ သူ၏သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်းမျိုး၊ သို့မဟုတ် သူတို့အပေါ် သနားကရုဏာ မပြလိုခြင်းမျိုး မဟုတ်ဘဲ စင်စစ်အားဖြင့် လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းသာ ရှားပါးနေခြင်းဖြစ်၏၊ ထို့ပြင် လူတို့က မိမိတို့၏ ဆိုးယုတ်သည့်လမ်းများမှ အမှန်တကယ် ပြန်လှည့်လာပြီး မိမိတို့၏ လက်ရှိပြုနေကြသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်းက ရှားပါးနေခြင်းသာဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်၏။ ပြီးလျှင် လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ထိုကဲ့သို့ဖြစ်လာပါက ထိုအချိန်တွင် သူသည် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ရက်ရက်ရောရော ဆက်လက်၍ ပေးသနားမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ဆိုးယုတ်သည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေသော်လည်း ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့၌ အမှန်တကယ် နောင်တရသူများအပေါ်၊ ထို့ပြင် မိမိတို့၏ဆိုးယုတ်သည့်လမ်းများမှ ပြန်လှည့်ပြီး မိမိတို့လက်ရှိ အဓမ္မအမှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ်၌မူ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပေးသနားသည်။ နိနေဝေမြို့သားများအပေါ် သူ၏ဆက်ဆံမှုတွင် ဘုရားသခင်၏ သဘောထားကို အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ မခဲယဉ်းပေ။ သူလိုအပ်သည့်အရာမှာ စစ်မှန်သည့် နောင်တဖြစ်သည်။ လူတို့အနေဖြင့် မိမိတို့၏ ဆိုးယုတ်သည့်လမ်းများမှ ပြန်လှည့်ပြီး မိမိတို့၏ အဓမ္မအမှုများကို စွန့်လွှတ်သရွေ့ ဘုရားသခင်က သူ၏စိတ်နှလုံးကို ပြောင်းလဲမည်ဖြစ်ပြီး သူတို့အပေါ် သူ၏သဘောထားကို ပြောင်းလဲမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်း၊ နိနေဝေမြို့သားတွေက ဒုစရိုက်အမှုအမျိုးမျိုးကို လုပ်ပြီး ဘုရားသခင်ရဲ့အမျက်ဒေါသကို နိုးကြွစေခဲ့ပေမဲ့၊ သူတို့က သူတို့ရဲ့ဆိုးယုတ်တဲ့လမ်းစဉ်တွေကို စွန့်လွှတ်ပြီး သူတို့ရဲ့ဆိုးယုတ်တဲ့လုပ်ရပ်တွေကို လုံးလုံးလျားလျား စွန့်ပယ်နိုင်ခဲ့လို့၊ သူတို့က သူတို့ရဲ့ဝန်ခံခြင်းနဲ့ နောင်တကို နှုတ်နဲ့ပဲပြောခဲ့တာမဟုတ်သလို အပြင်ပန်းအပြုအမူကိုပဲ ပြောင်းလဲခဲ့တာမဟုတ်ဘဲ၊ အဲဒီအစား သူတို့ရဲ့ဒုစရိုက်အမှုတွေကို ဆင်ခြင်သုံးသပ်ပြီး နားလည်ခဲ့ကြတယ်၊ သူတို့လုပ်ရပ်တွေရဲ့ ရည်ရွယ်ချက်၊ အရင်းအမြစ်နဲ့ ပန်းတိုင်တွေ ပြောင်းလဲသွားခဲ့တယ်၊ စစ်မှန်တဲ့ နောင်တကို သူတို့ရရှိခဲ့ကြတာကြောင့် ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ သည်းခံခွင့်လွှတ်ခြင်းကို သူတို့ ရရှိခဲ့ကြတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဒါပေမဲ့လည်း အဲဒီဆိုးယုတ်သူတွေနဲ့ အန္တိခရစ်တွေကတော့၊ နှင်ထုတ်ခံရပြီးတဲ့နောက်မှာ အပေါ်ယံ အပြုအမူကောင်းတချို့ကိုပဲ ပြကြတယ်၊ သူတို့ရဲ့အတိတ်ကမကောင်းမှုတွေကို ပြင်ဆင်မှုတွေလုပ်ဖို့ မျှော်လင့်ပြီး ဧဝံဂေလိတရားဟောကြတယ်၊ ဒါမှမဟုတ် ကောင်းမှုတချို့လုပ်ကြတယ်။ သူတို့က ဆိုးယုတ်မှုတွေလုပ်ခဲ့တယ်ဆိုတာကို၊ သူတို့လုပ်ခဲ့တဲ့ အသေးစိတ် ဒုစရိုက်အမှုတွေ၊ ဒီလိုအရာတွေလုပ်စေတဲ့ သူတို့ရဲ့ရည်ရွယ်ချက်၊ ပန်းတိုင်နဲ့ စေ့ဆော်မှုတွေနဲ့၊ သူတို့ကို ထိန်းချုပ်ခဲ့တဲ့သဘာဝကို နှုတ်နဲ့တော့ ဝန်ခံကြပေမဲ့၊ ဒီလိုအရင်းခံပြဿနာတွေကို သူတို့က ဘယ်တော့မှ တကယ်နားမလည်သလို မုန်းတီးတာမျိုးလည်း မရှိပါဘူး၊ ဒါကြောင့် သူတို့က တကယ်ကို နောင်တမရနိုင်ဘူး။ သင့်တော်တဲ့အခွင့်အရေးတစ်ခုပေါ်လာရင်၊ သူတို့က ဆက်ပြီး ဆိုးယုတ်မှုတွေလုပ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ကြမှာပဲ၊ ဒီလိုလူစားမျိုးတွေက ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ သည်းခံခွင့်လွှတ်ခြင်းကို မရရှိနိုင်ဘူး။ ကျွန်မအမေ့ရဲ့အပြုအမူနဲ့ နှိုင်းယှဉ်ကြည့်တော့၊ သူက ဆိုးယုတ်မှုတွေ အများကြီးလုပ်ပြီး နောင်တရဖို့ ခေါင်းမာမာနဲ့ငြင်းဆန်ခဲ့လို့ အသင်းတော်က သူ့ကို ဖယ်ထုတ်ပစ်ခဲ့တာ၊ ဒါက ဘုရားသခင်ရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့တာပဲ။ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပဲ။ ဒါပေမဲ့ သူသာ သူ့ရဲ့အတိတ်က ဆိုးယုတ်တဲ့လုပ်ရပ်တွေကို တကယ်နားလည်ပြီး နောင်တရနိုင်ခဲ့မယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်ပြီး၊ ဒီလိုဆိုးယုတ်တဲ့အရာတွေကို နောက်ထပ်မလုပ်တော့ဘူးလို့ အာမခံနိုင်ခဲ့ရင်၊ သူ ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ သည်းခံခွင့်လွှတ်ခြင်းကို ရရှိဖို့ မျှော်လင့်ချက်တချို့ ရှိကောင်းရှိနိုင်တယ်။ ကျွန်မအမေကတော့ လီဖန်ရဲ့လှည့်ဖြားမှုကို ခံခဲ့ရပြီး အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး အနှောင့်အယှက်ပေးခဲ့တယ်လို့ နှုတ်နဲ့ပဲ ဝန်ခံခဲ့တယ်၊ သူက ဆိုးယုတ်သူတစ်ယောက်၊ စာတန်ရဲ့အစေခံတစ်ယောက်ဖြစ်တယ်လို့လည်း ဝန်ခံခဲ့တယ်။ ဒါပေမဲ့ သူက ဆိုးယုတ်သူတစ်ယောက်ကိုယ်စား ဘယ်လိုခုခံပြောဆိုခဲ့တယ်၊ ဒါမှမဟုတ် အသင်းတော်ရွေးကောက်ပွဲကို အဖျက်အမှောင့်လုပ်ပြီး အနှောင့်အယှက်ပေးခဲ့တဲ့ သူ့ရဲ့ ဒုစရိုက်အမှုတွေအပေါ်မှာတော့ သူ့မှာ နားလည်မှုမရှိခဲ့ဘူး။ သူ့ရဲ့ ဒုစရိုက်အမှုတွေ ထပ်ပြီးဖော်ထုတ်ခံရတဲ့အခါ၊ သူက ဓမ္မဓိဋ္ဌာန်ကျတဲ့အကြောင်းပြချက်တွေကိုသုံးပြီး သူ့ကိုယ်စားသူ ငြင်းခုံဖို့ ကြိုးစားခဲ့တုန်းပါပဲ။ ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝ အနှစ်သာရအပေါ်မှာလည်း နားလည်မှုမရှိခဲ့ဘူး။ ဒါကို စစ်မှန်တဲ့ နောင်တလို့ ခေါ်လို့မရဘူး။ သူ ဖယ်ထုတ်ပစ်ခံရပြီးတဲ့နောက်မှာ သူ ဘယ်လောက်စိတ်မကောင်းဖြစ်ခဲ့တာ၊ သူ့ရဲ့ယုံကြည်ခြင်းနဲ့ အစည်းအဝေးပွဲတွေ တက်ရာမှာ ဘယ်လောက်ဇွဲကောင်းခဲ့တာ၊ သူ အဖမ်းခံရတဲ့အခါ ယုဒတစ်ယောက်မဖြစ်ခဲ့တာ၊ သူ အမြဲတမ်း လှူဖွယ်ဝတ္ထုတွေနဲ့ ပရဟိတတွေ လုပ်ပေးခဲ့တာ၊ ကျွန်မ အပျက်သဘောဆောင်ပြီး အားနည်းနေတဲ့အခါ သူက ကျွန်မကို နှစ်သိမ့်အားပေးခဲ့တာတွေကို ကျွန်မမြင်တဲ့အခါ၊ သူက နောင်တရတဲ့လက္ခဏာတွေ ပြနေတယ်လို့ ကျွန်မထင်ခဲ့ပြီး အသင်းတော်က သူ့ကို ပြန်လက်ခံတာကို လိုချင်ခဲ့တယ်။ ကျွန်မ ဒီဘုရားသခင်နှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်။ “လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားသခင်က လူတစ်ယောက် ကောင်းသလား၊ ဆိုးသလားဆိုတာကို၊ သူတို့ရဲ့ အပေါ်ယံအပြုအမူက ကောင်းသလား၊ မကောင်းဘူးလားဆိုတာပေါ်မှာ မဟုတ်ဘဲ၊ သူတို့ရဲ့ အနှစ်သာရ၊ သမ္မာတရားအပေါ် သူတို့ရဲ့သဘောထားနဲ့၊ သူတို့လုပ်ရပ်တွေနောက်ကွယ်က ရည်ရွယ်ချက်တွေနဲ့ စေ့ဆော်မှုတွေက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံဖို့ဟုတ် မဟုတ်ဆိုတာပေါ်မှာ တရားစီရင်ပါတယ်။ လူတစ်ယောက်က အနှစ်သာရအရ သမ္မာတရားကို မုန်းတီးရင်၊ သူတို့ရဲ့ အပေါ်ယံအပြုအမူက ဘယ်လောက်ပဲကောင်းနေပါစေ၊ သူတို့က ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ ဆိုးယုတ်သူတစ်ယောက်ဖြစ်တုန်းပါပဲ။ ကျွန်မ လူတွေကို စည်းမျဉ်းမရှိဘဲ ဆက်ဆံနေခဲ့တယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ သူက အပေါ်ယံအပြုအမူကောင်းတချို့ရှိတာနဲ့ပဲ သူ တကယ်နောင်တရပြီလို့ ကျွန်မ ထင်ခဲ့တယ်၊ ဒါပေမဲ့ သူ့အနှစ်သာရကို ဘယ်လိုပိုင်းခြားသိမြင်ရမလဲဆိုတာ ကျွန်မမသိခဲ့ဘူး၊ သမ္မာတရားအပေါ် သူ့ရဲ့သဘောထားကိုလည်း မကြည့်ခဲ့ဘူး၊ ကျွန်မလိုချင်တာက သူ့ကို အသင်းတော်က ပြန်လက်ခံဖို့တစ်ခုတည်းပါ၊ ဒါက လုံးဝစည်းမျဉ်းမရှိခဲ့ဘူး။ ကျွန်မရဲ့ အမှုအရာတွေအပေါ် အမြင်တွေက အရမ်းကို အဓိပ္ပာယ်မဲ့လိုက်တာ။ နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဘယ်လိုဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကများ ငါ့ကို ဒီလိုပြုမူအောင် ချုပ်ထိန်းပြီး ချည်နှောင်နေခဲ့တာလဲ။ စိတ်ထဲမှာ ဒီမေးခွန်းနဲ့အတူ၊ ကျွန်မ ဘုရားသခင်နှုတ်ကပတ်တော်တွေထဲမှာ အဖြေတွေကို ဆက်ပြီး ရှာဖွေခဲ့တယ်။
ကျွန်မရဲ့ဝတ်ပြုတဲ့အချိန်တွေမှာ ဘုရားသခင်နှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ခဲ့တယ်။ “အနှစ်သာရအရ ခံစားချက်များသည် မည်သည့်အရာနည်း။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။ ခံစားချက်များ၏ သရုပ်သကန်များကို စကားလုံးအချို့ကို အသုံးပြုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ မျက်နှာသာပေးခြင်း၊ အခြားသူများကို စည်းမျဉ်းနှင့်မညီဘဲ ကာကွယ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ ဘက်လိုက်ခြင်း၊ ဤအရာတို့သည် ခံစားချက်များဖြစ်သည်။ လူတို့၏ ခံစားချက်များရှိခြင်းနှင့် ယင်းတို့ဖြင့် အသက်ရှင်ခြင်း၏ ဖြစ်နိုင်သည့် အကျိုးဆက်များမှာ အဘယ်နည်း။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏ ခံစားချက်များကို အစက်ဆုပ်ဆုံး ဖြစ်သနည်း။ လူအချို့သည် မိမိတို့ ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အမြဲခံရကြသည်။ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြသကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံရန် ဆန္ဒရှိကြသော်လည်း ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ ခံစားချက်များအားဖြင့် ၎င်းတို့ အလွန်အမင်း စိတ်ဆင်းရဲကြရသည်။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သည့် လူများစွာရှိသည်။ ဤအရာသည်လည်း ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို ၎င်းတို့ခံရသောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားစစ်မှန်မှု ဆိုသည်မှာ အဘယ်နည်း။) “ဘုရားအိမ်တော်က သင့်ကို အသင်းတော် ရှင်းလင်းရေးအလုပ် လုပ်ဆောင်ရန် စေခိုင်းပြီး မိမိတာဝန်တွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုသော၊ အစဉ်သဖြင့် လျှော့ပေါ့လုပ်ဆောင်ရန် နည်းများကို ရှာဖွေနေသောသူတစ်ယောက်ရှိသည်။ စည်းမျဉ်းအရ ဤလူကို ရှင်းလင်းပစ်သင့်သည်။ သို့သော် သင်သည် ထိုသူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ဤသို့ဆိုလျှင် သင့်၌ မည်သို့သောအတွေးများနှင့် ရည်ရွယ်ချက်များ ဖြစ်ပေါ်မည်နည်း။ သင် မည်သို့ လက်တွေ့လုပ်ဆောင်လိမ့်မည်နည်း။ (ကျွန်ုပ်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည်။) ဤနှစ်သက်မှုများကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဤလူသည် သင့်အပေါ် ကောင်းသောကြောင့်၊ သို့မဟုတ် သင့်အတွက် ကိစ္စများ ဆောင်ရွက်ပေးသောကြောင့် ထိုသူအပေါ်တွင် သင်သည် ကောင်းသောအမြင်တစ်ခုရှိသည်။ ထို့ကြောင့် ဤအချိန်တွင် သင်သည် ထိုသူကို ကာကွယ်ချင်သည်။ ခုခံပေးချင်သည်။ ဤသည်မှာ စိတ်ခံစားချက်များ၏ သက်ရောက်မှုမဟုတ်သလော။ သင်သည် ထိုသူအပေါ် စိတ်ခံစားချက်ဖြစ်သည်။ ထို့ကြောင့် ‘အထက်အာဏာပိုင်များက မူဝါဒများရှိစဉ်တွင် နယ်ခံများက တန်ပြန်သော နည်းလမ်းများရှိသည်’ ဟူသည့် နည်းလမ်းကို သင် အသုံးပြုသည်။ သင်သည် လိမ်ညာလှည့်စားနေခြင်းဖြစ်သည်။ တစ်ဖက်တွင် သင်က ‘ကိစ္စတွေကို လုပ်တဲ့အခါမှာ သင် နည်းနည်းပိုကြိုးစားရမယ်။ ဝတ်ကျေတမ်းကျေလုပ်နေတာကို ရပ်ပါ။ နည်းနည်း ဆင်းရဲဒုက္ခခံရမယ်။ ဒါ ကျွန်တော်တို့တာဝန်ဖြစ်တယ်’ ဟူ၍ ထိုသူကို ပြောသည်။ အခြားတစ်ဖက်တွင် သင်က အထက်ကို ပြန်ပြောပြီး ‘သူက ပိုကောင်းလာပါတယ်။ အခု တာဝန်ထမ်းဆောင်တဲ့အခါမှာ ပိုထိရောက်လာတယ်’ ဟူ၍ ပြောသည်။ သို့သော် သင်၏ စိတ်တွင် အမှန်တကယ်စဉ်းစားနေသည်မှာ ‘ဒါ ငါ သူ့အပေါ် လုပ်ပေးလိုက်လို့ပဲ။ ငါမလုပ်ခဲ့ရင် သူက အရင်လိုပဲ ဖြစ်နေမှာပဲ’ ဟူ၍ ဖြစ်သည်။ သင်၏ စိတ်တွင် ‘သူက ငါ့အပေါ်ကောင်းတယ်။ သူ့ကို ရှင်းလင်းပစ်လို့ မရဘူး’ ဟူ၍ သင်က အစဉ် စဉ်းစားနေသည်။ ဤသို့သောအရာများသည် သင်၏ ရည်ရွယ်ချက်တွင်ရှိသောအခါ ဤသည်မှာ မည်သည့်အခြေအနေ ဖြစ်သနည်း။ ဤသည်မှာ တစ်ကိုယ်ရေ စိတ်ခံစားချက်ဆိုင်ရာ ဆက်ဆံရေးများကို ကာကွယ်ခြင်းအားဖြင့် အသင်းတော်၏ အလုပ်ကို ထိခိုက်နေခြင်းဖြစ်သည်။ ဤသို့ပြုမူဆောင်ရွက်ခြင်းက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ဤအရာကို သင်လုပ်ဆောင်ရာတွင် ကျိုးနွံနာခံခြင်းရှိပါသလော။ (မရှိပါ။) ကျိုးနွံနာခံခြင်းမရှိပေ။ သင့်စိတ်နှလုံးတွင် အာခံခြင်းရှိသည်။ သင်သည် ကိုယ်ပိုင်စိတ်ကူးများရှိပြီး သင့်တွင်ဖြစ်ပျက်သောအရာများနှင့် သင်လုပ်ဆောင်ရမည့်အလုပ်တွင် သင်၏ ကိုယ်ပိုင် စိတ်ကူးများတွင် ခံစားချက်အရဖြစ်သော ဝေဖန်မှုများ ပါရှိနေပြီး ဤတွင် စိတ်ခံစားချက်ဆိုင်ရာ အချက်များ ရောနှောနေသည်။ သင်သည် ခံစားချက်များအရ အမှုအရာများကို လုပ်ဆောင်နေသည်။ သို့တိုင်အောင် သင်သည် မျက်နှာမလိုက်ဘဲ ဆောင်ရွက်နေသည်၊ သင်သည် လူတို့ကို နောင်တရရန် အခွင့်အရေးပေးနေသည်၊ သင်သည် ၎င်းတို့ကို ချစ်ခင်သော အကူအညီပေးနေသည်ဟု ယုံကြည်နေဆဲဖြစ်သည်။ ထို့ကြောင့် သင်က သင်ဆန္ဒရှိသလိုပြုမူသည်၊ ဘုရားသခင်ပြောသည့်အတိုင်း မပြုလုပ်ပေ။ ဤသို့ လုပ်ဆောင်ခြင်းသည် အလုပ်၏ အရည်အသွေးကို လျော့ပါးစေသည်၊ ယင်းသည် ထိရောက်မှုကို လျော့နည်းစေပြီး အသင်းတော်အလုပ်ကို ထိခိုက်သည်။ ထိုအရာအားလုံးသည် ခံစားချက်အတိုင်း ဆောင်ရွက်ခြင်း၏ ရလဒ်ဖြစ်သည်။ သင့်ကိုယ်သင် မဆန်းစစ်လျှင် ဤနေရာတွင် ပြဿနာကို သင် ခွဲခြားဖော်ထုတ်နိုင်မည်လော။ မည်သည့်အခါမျှ ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤနည်းဖြင့် ဆောင်ရွက်ခြင်းသည် မှားယွင်းကြောင်း၊ ဤသည်မှာ ကျိုးနွံနာခံမှုကင်းမဲ့ခြင်းဖြစ်ကြောင်း သင် သိကောင်းသိနိုင်သည်။ သို့သော် သင်သည် ယင်းကို သေချာစဉ်းစားပြီး ‘ငါ သူ့ကို ချစ်ခြင်းနဲ့ ကူညီရမယ်။ သူ့ကို ကူညီပေးပြီး ပိုကောင်းလာပြီးတဲ့နောက်မှာ သူ့ကို ရှင်းပစ်ဖို့ လိုမှာမဟုတ်ဘူး။ ဘုရားသခင်က လူတွေကို နောင်တရဖို့ အခွင့်အရေးမပေးဘူးလား။ ဘုရားက လူတွေကို ချစ်တယ်။ ဒါကြောင့် ငါသူတို့ကို ချစ်ခြင်းနဲ့ ကူညီရမယ်။ ဘုရားသခင် ခိုင်းတဲ့အတိုင်း ငါလုပ်ရမယ်’ ဟု သင့်ကိုယ်သင် ပြောသည်။ ဤအရာများကို စဉ်းစားပြီးနောက် သင်သည် အမှုအရာများကို မိမိသဘောအတိုင်း လုပ်ဆောင်သည်။ ထို့နောက်တွင် သင်၏ စိတ်နှလုံးသည် သက်သာရာရသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ခံစားရသည်။ ဤဖြစ်စဉ်အတောအတွင်းတွင် သင်သည် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခဲ့သလော၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သလော။ သင်၏ လုပ်ဆောင်မှုများသည် လုံးဝ သင်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် ရည်ရွယ်ချက်များနှင့်အညီပင် ဖြစ်သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် သင်သည် ကိစ္စများ ချောမွေ့စေရန်အတွက် သင်၏ ကြင်နာခြင်းနှင့် ချစ်ခြင်းဆိုသောအရာ၊ ခံစားချက်များနှင့် လောကီ ဆက်ဆံရေးအတွက်ဖြစ်သော အတွေးအခေါ်များကို အသုံးပြုသည်။ သင်သည် ကြားနေဖို့ ကြိုးစားသည်။ သင်က ဤလူကို ချစ်ခြင်းနှင့် ကူညီသကဲ့သို့ရှိသည်။ သို့သော် သင်၏ စိတ်နှလုံးတွင် သင်သည် အမှန်တွင် ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို ခံရပြီး အထက်က သိရှိသွားမည်ကို ကြောက်ရွံ့ကာ ထိုသူကို ညှိနှိုင်းပြီး စည်းရုံးရန် ကြိုးစားသည်။ ဤသို့ဖြင့် မည်သူမျှ စိတ်မကျေမနပ်မဖြစ်ဘဲ အလုပ်ပြီးသွားရန်ဖြစ်သည်။ ယင်းမှာ ဘာသာတရားမရှိသူများ ကြားနေရန် ကြိုးစားသည့်အရာနှင့် အတူတူပင်ဖြစ်သည်။ အမှန်တွင် ဘုရားသခင်က ဤအခြေအနေကို မည်သို့ နှိုင်းချင့်သုံးသပ်သနည်း။ သူသည် သင့်ကို သမ္မာတရားကို ကျိုးနွံနာခံခြင်းမရှိသူ၊ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအပေါ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်၊ ပိုင်းခြားစိတ်ဖြာသော သဘောထားကို မကြာခဏ ခံယူသည့်သူတစ်ဦးအဖြစ် အမျိုးအစားသတ်မှတ်လိမ့်မည်။ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဤနည်းလမ်းအသုံးပြုလျက် သင် ချဉ်းကပ်သည့်အခါတွင်လည်းကောင်း၊ သင်၏ တာဝန်များကို ဤသဘောထားဖြင့် ထမ်းဆောင်သည့်အခါ သင်၏ ရည်ရွယ်ချက်က မည်သည့် အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များကို မည်သို့မျှ အလေးထားခြင်း မရှိသကဲ့သို့ သင်၏ ကိုယ်ပိုင် တာဝန်များ သို့မဟုတ် အသင်းတော် အလုပ်အပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှုတစ်ခုမျှ မရှိဘဲ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများ၊ သင်၏ ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် သင်၏ အပြန်အလှန်ဆက်ဆံရေးများကို ကာကွယ်ရန် အသုံးခံလေသည်။ ထိုသို့သော လူတစ်ဦးသည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် လုံးဝ အသက်ရှင်နေခြင်း ဖြစ်သည်။ ၎င်းတို့ ပြောဆိုပြီး လုပ်ဆောင်သမျှတိုင်းသည် မိမိကိုယ်ပိုင် ဂုဏ်သိက္ခာ၊ ခံစားချက်များနှင့် အပြန်အလှန်ဆက်ဆံရေးများကို စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည့်တိုင် ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်အပေါ် စစ်မှန်သည့် ကျိုးနွံနာခံမှု မရှိသကဲ့သို့ ဤပြဿနာများကို ကြေညာရန် သို့မဟုတ် ဝန်ခံရန် ကြိုးပမ်းမှုတစ်ခုမျှ မပြုလုပ်ကြချေ။ ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်စိတ်တစ်စက်မျှ မရှိသကဲ့သို့ ပြဿနာများ၏ သဘောသဘာဝကို လုံးလုံးလျားလျား မသိနားမလည်ဘဲ ရှိနေကြသည်။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ကင်းမဲ့လျှင်၊ ဘုရားသခင်က ၎င်းတို့၏ စိတ်နှလုံးများတွင် နေရာမရှိလျှင် မည်သည့် တာဝန်များကို ၎င်းတို့ ထမ်းဆောင်နေကြသည်ဖြစ်စေ၊ မည်သည့် ပြဿနာများကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းနေကြသည်ဖြစ်စေ စည်းမျဉ်းများကို ၎င်းတို့ မည်သည့်အခါတွင်မျှ ဆောင်ရွက်နိုင်ခြင်း မရှိကြပေ။ မိမိတို့၏ ရည်ရွယ်ချက်များနှင့် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ အတွင်း၌ အသက်ရှင်ကြသည့် လူများသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိကြပေ။ ဤအကြောင်းကြောင့် ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရပြီး မိမိတို့၏ ရည်ရွယ်ချက်များကို မဆန်းစစ်သကဲ့သို့ ၎င်းတို့၏ ရည်ရွယ်ချက်များက မည်သည့်နေရာတွင် မှားယွင်းနေသည်ကို သတိမပြုနိုင်ဘဲ ထိုအစား အလိမ်အညာများနှင့် မိမိတို့ကိုယ်တိုင်အတွက် ဆင်ခြေများ ထွင်ရန် ကျိုးကြောင်းပြချက်မျိုးစုံ အသုံးပြုလျှင် အဆုံးတွင် မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာနှင့် အပြန်အလှန်ဆက်ဆံရေးများအား ကာကွယ်ခြင်းနှင့်ပတ်သက်၍ အတော်လေး တော်ကြသော်လည်း ဘုရားသခင်နှင့် ၎င်းတို့၏ ပုံမှန်ဆက်ဆံရေး ဆုံးရှုံးကြပြီး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်း ကျွန်မ အရမ်းကို နာကျင်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ကိစ္စတွေပေါ်ပေါက်လာတဲ့အခါ ကျွန်မက သမ္မာတရားကို မလိုက်စားခဲ့ဘူး၊ စည်းမျဉ်းတွေအတိုင်း မလုပ်ခဲ့ဘူး၊ အဲဒီအစား ကျွန်မရဲ့မိသားစုကို မျက်နှာသာပေးပြီး ကာကွယ်ခဲ့တယ်၊ ကျွန်မရဲ့ဇာတိပကတိခံစားချက်တွေနဲ့ ကိုယ်ရေးကိုယ်တာအကျိုးစီးပွားတွေကို အရာရာမှာ ထိန်းသိမ်းခဲ့တယ်။ ဒါက ကျွန်မရဲ့စိတ်ခံစားချက်အတိုင်း လုပ်နေတာဖြစ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုပဲ၊ ဒါက ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်။ ကျွန်မက မယုံနိုင်လောက်အောင် စိတ်ခံစားချက်ပြင်းထန်တဲ့လူတစ်ယောက်၊ ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ဖို့ ဒုက္ခဆင်းရဲတွေခံခဲ့ရပြီး ကျွန်မအတွက် အများကြီးအသုံးခံခဲ့တယ်လို့ အမြဲတမ်းတွေးနေခဲ့တယ်၊ ဒီသွေးသားတော်စပ်မှုကြောင့် ကျွန်မက သူ့ကို အမြဲတမ်း ကာကွယ်ချင်ခဲ့ပြီး၊ သူ့ကို လုံးဝစည်းမျဉ်းမရှိတဲ့နည်းနဲ့ ချဉ်းကပ်ခဲ့တယ်။ အသင်းတော်ရဲ့ လူတွေကို ပြန်လည်လက်ခံဖို့ အလုပ်အစီအစဉ်တွေကို ကျွန်မတွေ့တဲ့အခါ၊ ကျွန်မ ပထမဆုံးတွေးမိတာက ကျွန်မအမေကိုပါ။ သူက အသင်းတော်က ဖယ်ထုတ်ပစ်တာခံခဲ့တဲ့ ဆိုးယုတ်သူတစ်ယောက်မှန်း ကျွန်မသိခဲ့ပေမဲ့၊ အပြုအမူကောင်းတချို့ကို သူပြသခဲ့တာနဲ့ပဲ၊ သူ့ကို အသင်းတော်ထဲ ပြန်လက်ခံတာကို လိုချင်ခဲ့တယ်။ ဒါဟာ သူ့ကို ကျေနပ်စေဖို့၊ ပျော်ရွှင်စေဖို့နဲ့၊ သူနဲ့ ကျွန်မရဲ့မိသားစုဆက်ဆံရေးကို ထိန်းသိမ်းဖို့ပေါ့။ အထူးသဖြင့် သူ့ရဲ့အကဲဖြတ်ချက်ကို ကျွန်မရေးတဲ့အခါ၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ တရားမျှတမှု၊ မှန်ကန်မှုနဲ့ အချက်အလက်ကျမှုဆိုတဲ့ စည်းမျဉ်းတွေကို ကျွန်မ ချိုးဖောက်ခဲ့တယ်။ ကျွန်မရဲ့စိတ်ခံစားချက်တွေရဲ့ လွှမ်းမိုးမှုနဲ့ သူ့ကို မျက်နှာသာပေးပြီး ကာကွယ်ခဲ့တယ်၊ ကျွန်မရေးခဲ့တာအများစုက သူ့ရဲ့ကောင်းတဲ့အချက်တွေဖြစ်ပြီး၊ သူ့ကို သမ္မာတရားလိုက်စားတဲ့ အပြုသဘောဆောင်တဲ့ပုဂ္ဂိုလ်တစ်ယောက်လို ထင်ရအောင်လုပ်ခဲ့တယ်၊ နောက်ပြီး သူ့ရဲ့အတိတ်က မကောင်းတဲ့လုပ်ရပ်တွေကိုတော့ နည်းနည်းပဲ ဖော်ပြခဲ့သေးတယ်။ အဲဒီတုန်းက သူ့ရဲ့ဒုစရိုက်အမှုတွေကို သူ့မှာ စစ်မှန်တဲ့နားလည်မှုမရှိမှာကို ကျွန်မ ကြောက်ခဲ့တယ်၊ ဒါကြောင့် သူ့ကို သတိပေးဖို့နဲ့ သူ့ရဲ့ ဒုစရိုက်အမှုတစ်ခုချင်းစီကို ဖော်ထုတ်ဖို့ ကျွန်မ သူ့ဆီကို သီးသန့်စာရေးခဲ့တယ်၊ သူ့ကိုယ်သူ စစ်မှန်တဲ့နားလည်မှုရှိပြီး အမြန်နောင်တရဖို့နဲ့ အသင်းတော်ထဲကို ပြန်လည်လက်ခံခံရဖို့ ကြိုးစားနိုင်အောင်ပေါ့။ သူ့ကိုသိတဲ့လူတွေဆီက အကဲဖြတ်ချက်တွေ စုဆောင်းတဲ့အခါ၊ နှင်ထုတ်ခံရတဲ့ တခြားသုံးယောက်က နောင်တရတဲ့လက္ခဏာမပြဘူးဆိုတာ ကျွန်မသိခဲ့ပေမဲ့၊ ကျွန်မအမေတစ်ယောက်တည်းရဲ့ အကဲဖြတ်ချက်တွေကိုပဲ စုဆောင်းရင် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို စိတ်ခံစားချက်အတိုင်းလုပ်တယ်လို့ ပြောမှာကြောက်လခဲ့တယ်၊ ဒါကြောင့် ကျွန်မက ခေါင်းဆောင်တွေကို လူလေးယောက်လုံးရဲ့ အကဲဖြတ်ချက်တွေပေးဖို့ တောင်းဆိုပြီး အဲဒါကိုဖုံးကွယ်ခဲ့တယ်။ ခဏခဏဆိုသလို ကျွန်မက အသင်းတော်ခေါင်းဆောင်တွေ ဒီအကဲဖြတ်ချက်တွေ စုဆောင်းရာမှာ သူတို့တိုးတက်မှုအကြောင်း အရေးတကြီး မေးမြန်းခဲ့ပြီး၊ ဒီနည်းနဲ့ သူတို့ရဲ့တာဝန်တွေကို နှောင့်ယှက်ခဲ့တယ်။ ဒါဟာ ကျွန်မက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး အနှောင့်အယှက်ပေးနေတာ မဟုတ်ဘူးလား။ ကျွန်မက စိတ်ခံစားချက်အတိုင်း ပြုမူနေခဲ့တယ်၊ ဉာဏ်များပြီး မသမာတဲ့နည်းလမ်းတွေ သုံးနေခဲ့တယ်။ ကျွန်မ အမှားနဲ့အမှန်ကိုတောင် မခွဲခြားနိုင်တော့ဘူး။ ကျွန်မ လုံးဝစည်းမျဉ်းမရှိဘဲ လုပ်ခဲ့ပြီး ကျွန်မရဲ့ဆုံးဖြတ်မှုနဲ့ လူတွေကို ပြန်လက်ခံချင်ခဲ့တယ်။ ကျွန်မဟာ အရမ်းကို တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်းပြီး လူ့သဘာဝကင်းမဲ့ပါတယ်။ ဒီလိုစက်ဆုပ်စရာကောင်းတဲ့နည်းလမ်းတွေကိုသုံးပြီး ကျွန်မအမေ ပြန်လက်ခံခံရပြီး သူနဲ့ ကျွန်မရဲ့စိတ်ခံစားမှုဆိုင်ရာဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့ရင်တောင်၊ ကျွန်မက ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး အတိုက်အခံလုပ်နေတာ၊ မကောင်းမှုကို လုပ်နေတာဖြစ်မှာပါပဲ။ ဒီလိုတွေးမိတော့ ကျွန်မလုပ်ခဲ့တဲ့အရာတွေအတွက် ကြောက်လန့်သွားခဲ့တယ်။
အဲဒီနောက်မှာတော့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီး ကိုယ့်စိတ်ခံစားချက်အတိုင်း ပြုမူခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် အလွန့်အလွန် စိတ်အာရုံခံစားချက် ပြင်းပြကြလေသည်။ နေ့စဉ် ၎င်းတို့ ပြောဆိုသမျှနှင့် အခြားသူများအပေါ် ပြုမူသည့်နည်းလမ်း အားလုံး၌ ၎င်းတို့၏ စိတ်ခံစားချက်များအတိုင်း အသက်ရှင်နေထိုင်နေကြသည်။ ၎င်းတို့သည် ဤလူ၊ ထိုလူအပေါ် ချစ်ခင်မှု ခံစားကြပြီး ၎င်းတို့၏ နေ့ရက်များကို ချစ်ခင်တွယ်တာစိတ်၏ အနုအရွများ လုပ်ဆောင်ရင်း ကုန်ဆုံးကြသည်။ ၎င်းတို့ ကြုံတွေ့သည့်အရာတိုင်း၌ ခံစားချက် နယ်ပယ်ထဲတွင် ၎င်းတို့ အသက်ရှင်ကြလေသည်။ ထိုသို့သော လူတစ်ဦး၏ မယုံကြည်သူ ဆွေမျိုး သေဆုံးသောအခါတွင် သူသည် သုံးရက်ကြာ ငိုကြွေးမည်ဖြစ်ပြီး အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ရန် ခွင့်မပြုပေ။ ၎င်းသည် ကွယ်လွန်သူအတွက် ခံစားချက်များ ရှိနေဆဲ ဖြစ်သည်။ ၎င်း၏ စိတ်ခံစားချက်များသည် အလွန်ပြင်းထန်၏။ စိတ်ခံစားချက်များသည် ဤလူ၏ ဆိုးရွားလွန်းသော ချို့ယွင်းချက် ဖြစ်သည်ဟု ဆိုနိုင်သည်။ သူသည် အရာရာတိုင်းတွင် သူ့စိတ်ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို ခံရသည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် အခြေခံသဘောတရားအတိုင်း ပြုမူနိုင်စွမ်း မရှိပေ။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို မကြာခဏ ဆန့်ကျင်ပုန်ကန်တတ်သည်။ စိတ်ခံစားချက်များသည် ၎င်းတို့၏ အကြီးမားဆုံး အားနည်းချက်၊ ၎င်းတို့၏ ဆိုးရွားလွန်းသော ချို့ယွင်းချက်ဖြစ်သည်။ ၎င်းတို့၏ စိတ်ခံစားချက်များက ၎င်းတို့ကို အတိဒုက္ခရောက်အောင် လုံးလုံး လုပ်နိုင်ပြီး လုံးဝ ဖျက်ဆီးပစ်နိုင်သည်။ အလွန်အကျွံ သံယောဇဉ်တွယ်တာသော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ဇာတိပကတိနှင့် အာရုံများနေကြသည်။ မိုက်မဲပြီး နားဝေတိမ်တောင် ဖြစ်နေကြသည်။ အလွန်အမင်း သံယောဇဉ်တွယ်တာခြင်းသည် ထိုသို့သော လူစား၏ သဘာဝပင် ဖြစ်ပြီး ဤလူစားသည် သူ၏ စိတ်ခံစားချက်များအတိုင်း အသက်ရှင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) “ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်သောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရား၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ဆက်ဆံနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်းပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်းဖြစ်သည် မဟုတ်လော။ အကယ်၍ ယနေ့ကာလတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေရန် မည်သည့်ဆန္ဒမျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ ခံယူနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေသည့် အခြေအနေအထိ ရောက်လာပြီးဖြစ်ပါက ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ တရားမျှတစိတ် ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် ပုန်ကန်သောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အမှန်တကယ်ပင် ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်ခဲ့တာက၊ မိသားစုဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် စိတ်ခံစားချက်ပြင်းထန်လွန်းတဲ့လူတွေက အရေးကြီးတဲ့အချိန်တွေမှာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး သမ္မာတရားကို သစ္စာဖောက်မှာဖြစ်ပြီး၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သစ္စာဖောက်တဲ့အရာတွေ လုပ်ကြမှာပါ။ ဒါကြောင့် ဘုရားသခင်က သူတို့ကို ရွံရှာမုန်းတီးစေမှာပဲ။ ကျွန်မရဲ့အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်တော့၊ “လူသားသည် သက်မဲ့မဟုတ်ပါ။ သူသည် ခံစားမှုများနှင့် မည်သို့ကင်းနိုင်မည်နည်း”နဲ့ နဲ့ “အရေးကြီးတော့ သွေးနီးသည်” ဆိုတဲ့ စာတန်ရဲ့အဆိပ်အတောက်တွေအတိုင်း ကျွန်မ အသက်ရှင်နေခဲ့တယ်၊ မိသားစုအနှောင်အဖွဲ့တွေကို အရေးကြီးဆုံးအဖြစ် သတ်မှတ်ပြီး ကျွန်မအမေ့ကို အသင်းတော်ထဲ ပြန်လက်ခံအောင် နည်းလမ်းတွေရှာဖို့ ကျွန်မရဲ့တာဝန်ကို အခွင့်ကောင်းယူခဲ့တယ်။ ကျွန်မ သမ္မာတရားကို လုံးဝမလိုက်စားခဲ့ဘူး။ ကျွန်မအမေက နောင်တရတယ်လို့ပြောတာနဲ့ သူပြသခဲ့တဲ့ အပြုအမူကောင်းတချို့ကိုပဲ ကြည့်ပြီး သူ့ကို အသင်းတော်ထဲ ပြန်လက်ခံစေချင်ခဲ့တယ်။ သူပြန်လက်ခံရဖို့ အထောက်အထားပေးချင်လို့ လူတွေကို သူ့အတွက် အကဲဖြတ်ချက်တွေရေးခိုင်းခဲ့တယ်၊ သူ့ရဲ့ဒုစရိုက်အမှုတွေကို ဖော်ထုတ်ပြီး သူ့ဆီကို သီးသန့်စာရေးခဲ့တယ်၊ သူ အမြန်နားလည်နောင်တရပြီး မကြာခင်မှာ အသင်းတော်ထဲ ပြန်လက်ခံရဖို့ ကြိုးစားနိုင်အောင်ပေါ့။ ကျွန်မ သန့်စင်ခြင်းအလုပ်ကို စလုပ်ကတည်းက၊ ဖယ်ထုတ်ပစ်ခံရတဲ့လူတွေနဲ့ ပြန်လက်ခံဖို့လျှောက်ထားသူတွေအတွက် ကျွန်မကိုင်တွယ်ခဲ့တဲ့အချက်အလက်တွေ အားလုံးကို စည်းမျဉ်းတွေအတိုင်း စစ်ဆေးခဲ့ပေမဲ့၊ ကျွန်မအမေ့ကိုတော့ အရမ်းကို လျှော့ပေါ့ဆက်ဆံခဲ့ပြီး ဒီအချိန်အတွင်းမှာ သမ္မာတရားစည်းမျဉ်းတွေကို ဘယ်တော့မှ မရှာဖွေခဲ့ဘူး။ အထူးသဖြင့် ကျွန်မအမေအတွက် အကဲဖြတ်ချက်တစ်ခုရေးတဲ့အခါ၊ ကျွန်မ တမင်တကာ လှည့်ဖြားပြီး လိမ်လည်ခဲ့တယ်၊ သူ့ကိုယ်စား ကောင်းတဲ့အရာတွေကိုပဲ ပြောခဲ့တယ်၊ သူ အမြန်နောင်တရအောင်ဆိုပြီး သူ့ကို မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပေမဲ့လည်း၊ ကျွန်မက စည်းမျဉ်းတွေကို ချိုးဖောက်ရာမှာ ခေါင်းမာမာနဲ့ ပြုမူခဲ့တယ်၊ ချွတ်မရတဲ့ ဆိုးယုတ်သူတစ်ယောက်ကို အသင်းတော်ထဲ ပြန်လက်ခံဖို့ လိုလားခဲ့တယ်။ ဘုရားသခင် ရွံရှာမုန်းတီးတဲ့လူတစ်ယောက်ကို ကျွန်မရဲ့စိတ်ခံစားချက်တွေအပေါ်အခြေခံပြီး အသင်းတော်ထဲ ပြန်လက်ခံဖို့ကို နည်းလမ်းတွေရှာဖို့ ကျွန်မ အခိုင်အမာတောင်းဆိုခဲ့တယ်။ ဒါဟာ ကျွန်မက တမင်တကာ ဘုရားသခင်နဲ့ ဆန့်ကျင်ဘက်လုပ်ပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး အနှောင့်အယှက်ပေးနေတာ မဟုတ်ဘူးလား။ ကျွန်မက အဆင်းနီတဲ့ နဂါးကြီးအုပ်စိုးတဲ့နိုင်ငံကလူတွေ ဥပဒေကို ကိုယ့်အကျိုးအတွက် အတင်းအကြပ်လုပ်ကြပုံကို စဉ်းစားမိတယ်။ လူတစ်ယောက်က အရာရှိဖြစ်ပြီး အာဏာကိုင်စွဲတဲ့အခါ၊ သူ့ဆွေမျိုးတွေ၊ သူငယ်ချင်းတွေအားလုံး သူနဲ့အတူ အကျိုးခံစားရတယ်၊ သူတို့ဟာ ကောင်းကောင်း ဆိုးဆိုး ရာထူးတိုးပြီး အရေးကြီးတဲ့နေရာတွေမှာ ခန့်အပ်ခံရနိုင်ပြီး၊ တရားဥပဒေစိုးမိုးမှုကို လုံးဝဂရုမစိုက်ဘူး။ ကျွန်မက ဘုရားသခင်အိမ်တော်ရဲ့စည်းမျဉ်းတွေကို လျစ်လျူရှုခဲ့ပြီး ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံး လုံးဝမရှိခဲ့ဘူး။ ကျွန်မဟာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ကျွန်မအမေကို အသင်းတော်ထဲ ပြန်လက်ခံစေဖို့ ခေါင်းမာမာနဲ့ လိုလားခဲ့တယ်။ ဒါကို သတိမထားမိဘဲနဲ့ ကျွန်မက ဆိုးယုတ်သူတစ်ယောက်အတွက် အကာအကွယ်တစ်ခု ဖြစ်လာခဲ့တယ်၊ ဘုရားသခင် ကျွန်မကို ရွံရှာမုန်းတီးအောင် ကျွန်မ တကယ်လုပ်ခဲ့တာပဲ။ အသင်းတော်ရဲ့ လူတွေကို လက်ခံခြင်းဆိုင်ရာ စည်းမျဉ်းတွေမှာ ဆိုထားပါတယ်၊ လူတချို့က ဆိုးယုတ်မှုအမျိုးမျိုးလုပ်ပြီး မကောင်းမှုတွေကို မဆင်မခြင်ကျူးလွန်တယ်၊ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေတယ်၊ ဒါကြောင့် သူတို့ နှင်ထုတ်ခံရတယ်။ သူတို့ နှင်ထုတ်ခံရပြီးတဲ့နောက်မှာ၊ သူတို့ရဲ့ ဒုစရိုက်အမှုတွေကို အမှန်တကယ် နောင်တရပြီး၊ ဧဝံဂေလိတရားဟောတဲ့အခါမှာ လူတွေ၊ လူကောင်းတွေကို ပိုပြီးရရှိနိုင်ရင်၊ ဒီလိုလူတွေက အသင်းတော်ကို ပြန်ဝင်ဖို့လျှောက်ထားရင် လက်ခံဖို့စဉ်းစားပြီး အခွင့်အရေးပေးနိုင်တယ်၊ အသင်းတော်တစ်ခုကဖယ်ထုတ်ပစ်ခံရတဲ့လူအများစုကို ပြန်လက်ခံရင်၊ အဲဒါက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုးယုတ်သူတစ်ယောက်ရဲ့အနှစ်သာရက ထာဝစဉ် ဆိုးယုတ်သူတစ်ယောက်ရဲ့အနှစ်သာရပဲဖြစ်ပြီး သူတို့အတွက် တကယ်နောင်တရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ လူတွေကို အသင်းတော်ထဲကို ပြန်လက်ခံတဲ့ကိစ္စနဲ့ပတ်သက်ရင် ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံးရှိရပါမယ်၊ သမ္မာတရားကို လိုက်စားပြီး လူတစ်ယောက်ချင်းစီရဲ့ သရုပ်သကန်တွေနဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်ရမယ်၊ လူကောင်းတစ်ယောက်ကို မတရားမစွပ်စွဲမိအောင်၊ လူဆိုး ဒါမှမဟုတ် ဆိုးယုတ်သူတစ်ယောက်ကို ပြန်မလက်ခံမိအောင် ကြိုးစားရမယ်။ ကျွန်မသာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ကျွန်မအမေကို အသင်းတော်ထဲကို ပြန်လက်ခံခဲ့ရင်၊ သူက သူ့ရဲ့ဒုစရိုက်အမှုတွေကို ဘာနားလည်မှုမှမရှိဘဲ တကယ်နောင်တမရရင်၊ သင့်တော်တဲ့အခွင့်အရေးတစ်ခုပေါ်လာတဲ့အခါ၊ သူက သေချာပေါက် ဆိုးယုတ်မှုတွေ ဆက်လုပ်မယ်၊ လူတွေကို ဆက်ပြီးရန်စမယ်၊ ဆက်ပြီးလှုံ့ဆော်မယ်၊ ဆက်ပြီးလှည့်ဖြားမယ်၊ အသင်းတော်အလုပ်ကို အဖျက်အမှောင့်ဆက်လုပ်ပြီး အနှောင့်အယှက်ဆက်ပေးမှာပဲ။ အဲဒီအခါကျရင် ကျွန်မလည်း ဒီဆိုးယုတ်မှုမှာ အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီး စာတန်ရဲ့အစေခံအနေနဲ့ ပါဝင်ရမှာပဲလို့ ကျွန်မ တွေးမိတယ်။ ကျွန်မရဲ့စိတ်ခံစားချက်တွေက ကျွန်မရဲ့ ပဓာနအားနည်းချက်၊ ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာမှာ အဆီးအတားတစ်ခု၊ ခလုတ်ကန်သင်းတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မ စိတ်ခံစားချက်တွေကြောင့် မျက်စိကန်းခဲ့ပြီး အမှုအရာတွေကို ဘုရားသခင်နှုတ်ကပတ်တော်တွေနဲ့အညီ မမြင်နိုင်ခဲ့ဘူး။ ကျွန်မအမေနဲ့ကျွန်မကြားက ခံစားချက်တွေကို ထိန်းသိမ်းဖို့ ကျွန်မတာဝန်မှာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်။ ကျွန်မလုပ်ခဲ့တာအားလုံးက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သစ္စာဖောက်နေတာပဲ၊ အဲဒီလမ်းအတိုင်းဆက်သွားနေခဲ့ရင် အရမ်းကို အန္တရာယ်များမှာပဲ။ ကံကောင်းထောက်မံပြီး ကျွန်မ ပြုပြင်ခံခဲ့ရတယ်၊ ဒါက ကျွန်မရဲ့တိုးပွားလာတဲ့ဆိုးယုတ်မှုကို အချိန်မီ ရပ်တန့်စေခဲ့တယ်။ မဟုတ်ရင် ကျွန်မအမေ့ကို အသင်းတော်ထဲကို ပြန်လက်ခံခဲ့ပြီး အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ခဲ့မိမှာ၊ အဲဒီအခါကျရင် ကျွန်မက ဆိုးယုတ်သူရဲ့ကြံရာပါ ဖြစ်သွားမှာမဟုတ်ဘူးလား။ အကျိုးဆက်တွေက တကယ်ကို မတွေးဝံ့စရာ ဖြစ်ခဲ့မှာပဲ။ ကျွန်မမှာ နောင်တ၊ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ခြင်းနဲ့ ဘုရားသခင်အပေါ် အကြွေးတင်ခြင်းတွေနဲ့ ပြည့်နေခဲ့ပြီး၊ ကျွန်မကို ကာကွယ်ပေးခဲ့တဲ့အတွက် ဘုရားသခင်ကို အရမ်းကျေးဇူးတင်မိတယ်။ ကျွန်မ ဘယ်တော့မှ စိတ်ခံစားချက်အတိုင်း ပြုမူပြီး ဘုရားသခင်ရဲ့စိတ်နှလုံးကို နာကျင်အောင် ထပ်မလုပ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ခဲ့တယ်၊ သမ္မာတရားကို လိုက်စားပြီး စည်းမျဉ်းအတိုင်းပြုမူဖို့ ကျွန်မ ဆန္ဒရှိလာခဲ့တယ်။
နောက်ပိုင်းမှာ သက်ဆိုင်ရာစည်းမျဉ်းတွေကို ကျွန်မ ထပ်မံလိုက်စားခဲ့ပြီး လူလေးယောက်လုံးက သူတို့ရဲ့ ဒုစရိုက်အမှုတွေအပေါ်မှာ စစ်မှန်တဲ့နားလည်မှု ဘာတစ်ခုမှမရှိဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ သူတို့ရဲ့နောင်တစာတွေထဲမှာ၊ တချို့က သွယ်ဝိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုနေတုန်းပဲ၊ လူတွေက သူတို့ရဲ့ဆိုးယုတ်မှုအတွက် ကျိုးကြောင်းဆီလျော်တဲ့အကြောင်းပြချက်တွေရှိခဲ့တယ်လို့ အထင်မှားအောင်ပေါ့။ အသင်းတော်ရဲ့ လူတွေကို ပြန်လည်လက်ခံခြင်းဆိုင်ရာ စည်းမျဉ်းတွေအရ ဒီလူလေးယောက်ထဲက တစ်ယောက်မှ အသင်းတော်ထဲကို ပြန်လက်ခံလို့မရနိုင်ဘူးလို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မ ဒီဘုရားသခင်နှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်။ “လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်လျှင်၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မှန်ကန်သော လမ်းဖြစ်ကြောင်း၊ ကယ်တင်ခြင်းကို ရရှိစေနိုင်ကြောင်းကို ကောင်းစွာသိသည့်တိုင် လက်ခံရန် မလိုလားဆဲဖြစ်လျှင် ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်ပြီး၊ အလွန်အမင်း မနှစ်မြို့သောသူများဖြစ်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အာခံသော၊ ဘုရားသခင်ကို မုန်းတီးသောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို အလိုအလျောက် စက်ဆုပ်ရွံရှာပြီး မုန်းတီးသည်။ ဤသို့သောမိဘများကို သင်စက်ဆုပ်ရွံရှာနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ ပုတ်ခတ်ဝေဖန်သည်။ ဤအခြေအနေတွင် ၎င်းတို့သည် အသေအချာပင် မကောင်းဆိုးဝါးများနှင့် စာတန်များဖြစ်သည်။ သင်သည် ၎င်းတို့ကို မုန်းတီးပြီး ကျိန်ဆဲနိုင်သလော။ ဤအရာအားလုံးက သဘာဝကျသော မေးခွန်းများဖြစ်သည်။ သင်၏ မိဘများက သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းအား တားဆီးလျှင် ၎င်းတို့ကို သင် မည်သို့ ဆက်ဆံသင့်သနည်း။ ဘုရားသခင်က တောင်းဆိုခဲ့သည့်အတိုင်း ဘုရားသခင်ချစ်သောအရာကို ချစ်သင့်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းသင့်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ပြောခဲ့သည်။ ‘ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။’ ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။’ ဟူ၍ဖြစ်သည်။ ဤစကားများသည် ကျေးဇူးတော်ခေတ်တွင် တည်ရှိနှင့်ပြီးဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းလေသည်။ ‘ဘုရားသခင် ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့’ ဤစကားများသည် လိုရင်းကို ထိရောက်သည်။ သို့တိုင်အောင် လူတို့သည် ဤစကားများ၏ အဓိပ္ပာယ်အစစ်အမှန်ကို မကြာခဏဆိုသလို သဘောပေါက်နိုင်ခြင်း မရှိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်း ကျွန်မ နားလည်ခဲ့တယ်၊ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်တဲ့၊ ဘုရားသခင်အိမ်တော်ရဲ့အလုပ်ကို ကာကွယ်နိုင်တဲ့လူတွေသာ စစ်မှန်တဲ့ညီအစ်ကိုမောင်နှမတွေဖြစ်တယ်၊ ဒီလိုလူတွေကို ချစ်ခင်တဲ့စိတ်နှလုံးနဲ့ ကူညီသင့်တယ်။ သမ္မာတရားကို လုံးဝလက်တွေ့မလုပ်ဆောင်ဘဲ သမ္မာတရားကိုတောင် မုန်းတီးတဲ့၊ မကောင်းမှုလုပ်ပြီး အနှောင့်အယှက်ဖြစ်စေပြီးတဲ့နောက်မှာ နောင်တရဖို့ငြင်းဆန်တဲ့ အဲဒီဆိုးယုတ်သူတွေကို ပယ်ရှားသင့်တယ်။ ဒီနည်းနဲ့ လက်တွေ့လုပ်ဆောင်ခြင်းကသာ ဘုရားသခင်ရဲ့ရည်ရွယ်ချက်၊ ဘုရားသခင်ရဲ့တောင်းဆိုချက်နဲ့ ကိုက်ညီတယ်။ ကျွန်မအမေကို ဆက်ဆံဖို့ စည်းမျဉ်းကို ကျွန်မ ရှာတွေ့ခဲ့တယ်၊ အဲဒါကတော့ ဘုရားသခင်ချစ်တဲ့အရာကို ချစ်ပြီး ဘုရားသခင်မုန်းတဲ့အရာကို မုန်းခြင်းပဲ။ သွေးသားတော်စပ်မှုအရ သူက ကျွန်မအမေပဲ၊ ဒါပေမဲ့ သူ့ရဲ့သဘာဝက သမ္မာတရားကို မုန်းတီးပြီး ရွံရှာတယ်၊ သူက သူ့ရဲ့ဒုစရိုက်အမှုတွေကို တကယ်နားမလည်သလို နောင်တလည်းမရဘူး။ ညီအစ်ကိုမောင်နှမတွေပေးတဲ့ အကဲဖြတ်ချက်တွေအရ၊ ကျွန်မအမေ့ရဲ့ အမှုအရာတွေအပေါ် အမြင်တွေက မယုံကြည်သူတွေရဲ့အမြင်တွေအတိုင်းပဲ၊ နောက်ပြီး သူက လောကီခေတ်ရေစီးကြောင်းတွေကို လိုက်စားတယ်၊ မယုံကြည်သူနဲ့ ဆိုးယုတ်သူတစ်ယောက်ရဲ့ သူ့အနှစ်သာရက ဖော်ထုတ်ခံခဲ့ရပြီးပြီ။ ဘုရားသခင်က ဒီလိုလူတွေကို မုန်းတီးပြီး ရွံရှာတယ်၊ ကိုယ်တော်က ဆိုးယုတ်သူတွေကို မကယ်တင်ဘူး၊ ဒါကြောင့် ကျွန်မအမေ့ကို သမ္မာတရားစည်းမျဉ်းတွေအတိုင်း ဆက်ဆံရမယ်၊ ဒါမှသာ ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့ ကိုက်ညီမှာပဲ။ နောက်ဆုံးမှာတော့ အသင်းတော်ရဲ့ လူတွေကို လက်ခံခြင်းဆိုင်ရာ စည်းမျဉ်းတွေနဲ့ အပြုအမူကောင်းနဲ့ စစ်မှန်တဲ့နောင်တကို ပိုင်းခြားသိမြင်ခြင်းနဲ့ဆိုင်တဲ့ သမ္မာတရားတွေနဲ့အညီ၊ ဒီလူတွေကို ကိုင်တွယ်ဖို့ ကျွန်မရဲ့အကြံပြုချက်တွေကို အသင်းတော်ခေါင်းဆောင်တွေဆီ စာတစ်စောင်ရေးပြီး ပေးခဲ့တယ်။ အဲဒီနောက်မှာ အသင်းတော်ခေါင်းဆောင်တွေက စာပြန်ခဲ့တယ်၊ ဒီအချိန်အတောအတွင်း လေ့လာစုံစမ်းပြီးတဲ့နောက်မှာ၊ ကျွန်မအမေက အပြုအမူကောင်းတချို့ကိုပဲ ပြသခဲ့တယ်၊ သူက သူ့ရဲ့ဒုစရိုက်အမှုတွေကို တကယ်နားမလည်ဘူး၊ နောင်တမရဘူး၊ ဒီလူလေးယောက်ထဲက တစ်ယောက်မှ ပြန်လက်ခံဖို့ စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူး၊ အသင်းတော်ထဲကို ပြန်လက်ခံလို့မရနိုင်ဘူးလို့ ပြောခဲ့တယ်။ အဲဒီအခါမှာ ကျွန်မစိတ်ထဲမှာ တည်ငြိမ်သွားပြီး၊ နားလည်တန်ဖိုးထားလာခဲ့တာက၊ စိတ်ခံစားချက်တွေရဲ့ ချုပ်ထိန်းမှုကိုမခံရဘဲ စည်းမျဉ်းအတိုင်းပြုမူမှသာ လူတစ်ယောက်ရဲ့စိတ်နှလုံးက တကယ်လွတ်မြောက်နိုင်တယ်ဆိုတာကိုပါ။ ကျွန်မ ဒီလိုလက်တွေ့လုပ်ဆောင်နိုင်ခဲ့တာဟာ လုံးဝကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုရဲ့ အကျိုးရလဒ်ပဲ။