၆၂။ ကျွန်မ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုတချို့ရရှိခဲ့ပြီ
ဆောင်းနှောင်းပိုင်း နေ့လယ်ခင်းတစ်ခုမှာ နွေးထွေးတဲ့နေရောင်ခြည်တန်းတစ်ခု စတူဒီယိုထဲကို ဖြာကျနေခဲ့တယ်။ ကျန်းနင်၊ ယိချန်နဲ့ လျူဖေးတို့ဟာ၊ သူတို့ရဲ့ ဆန်းသစ်တဲ့ပန်းချီစီမံကိန်းနောက်တစ်ခုအတွက် တက်တက်ကြွကြွ ဆွေးနွေးနေကြတယ်။ ဒီအလုပ်က တော်တော်ခက်ခဲပေမဲ့ သူတို့အားလုံး ယုံကြည်ချက်အပြည့်ရှိကြတယ်၊ အထူးသဖြင့် ကျန်းနင်ပါပဲ၊ သူ့မျက်နှာပေါ်မှာ ယုံကြည်မှုအပြည့်ရှိတဲ့ပုံနဲ့ တွေးတာပေါ့။ “ငါ့မှာ ပန်းချီအခြေခံက ကောင်းပြီးသား၊ အထားအသိုအခင်းအကျင်းနဲ့ အရောင်သီအိုရီအပေါ် နားလည်မှုကလည်း တော်တော်ကောင်းတယ်။ ပြီးတော့ ငါက ဉာဏ်ကောင်းတယ်၊ သင်ယူနိုင်စွမ်းအားကောင်းတယ်၊ အသစ်အဆန်းတွေကိုလည်း မြန်မြန်ဆန်ဆန် လက်ခံနိုင်တယ်၊ နောက်ပြီး သင်ယူလေ့ကျင့်ဖို့ ငါ့မှာ အချိန်များများရှိနေသရွေ့ ငါ ဒီအတတ်ပညာကျွမ်းကျင်မှုတွေကို ပိုင်နိုင်ပြီး ဒီစတိုင်လ်နဲ့ လက်ရာတွေကို ဖန်တီးနိုင်မှာ သေချာတယ်”ပေါ့။ အဲဒီနောက် သူတို့သုံးယောက်က လေ့လာဖို့အတွက် အချက်အလက်အမျိုးမျိုးကို စတင်ရှာဖွေပြီး သူတို့တွေ့ရှိချက်တွေကို အပြန်အလှန် ဖလှယ်ခဲ့ကြတယ်။ သူတို့ရဲ့ကြီးကြပ်ရေးမှူးကလည်း သူတို့နဲ့အတူ လာပြီး ခဏခဏ လေ့လာတတ်တယ်။ ခဏကြာတော့၊ ကျန်းနင်က ဒီပန်းချီစတိုင်လ်အသစ်ကို သူနားလည်လာပြီလို့ ခံစားခဲ့ရတယ်။ ယိချန်နဲ့ လျူဖေးကလည်း ကျန်းနင်က သင်ယူနိုင်စွမ်းအားကောင်းပြီး၊ သူဖန်တီးတဲ့လက်ရာတွေက ကောင်းတယ်၊ နောက်ပိုင်းမှာ ကျန်းနင်အနေနဲ့ သူ့လေ့လာမှုတွေကနေ သူလေ့လာသင်ယူရရှိခဲ့တာတွေကို သူတို့နဲ့ မျှဝေပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။ သူတို့ရဲ့ ချီးကျူးစကားကိုကြားတော့ ကျန်းနင် အရမ်းကို ပျော်သွားပြီး၊ တွေးလိုက်တယ်။ “ငါ့ကျွမ်းကျင်မှုတွေက ငါ့တွဲဖက်တွေထက် ပိုကောင်းတယ်၊ ပန်းချီစိတ်ကူးတွေကို သူတို့နဲ့ ဆွေးနွေးတဲ့အခါ ငါ့မှာ စိတ်ကူးကောင်းတွေ ခဏခဏရတတ်တယ်၊ အဖွဲ့ထဲမှာ ငါက ဦးဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်နေတာပဲ”လို့ပေါ့။ သူ ဒီလိုတွေးလေလေ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေလေဖြစ်လာပြီး၊ မရည်ရွယ်ပဲ သူများထက်သာတယ်ဆိုတဲ့စိတ်နဲ့ သူ့တာဝန်ကို ထမ်းဆောင်စပြုလာခဲ့တယ်။
တစ်နေ့မနက်မှာ ကျန်းနင်၊ ယိချန်နဲ့ လျူဖေးတို့ဟာ ပန်းချီကားတစ်ချပ်ရဲ့ အထားအသိုအခင်းအကျင်းအကြောင်း ဆွေးနွေးနေခဲ့ကြတယ်။ ကိုယ့်အမြင်ကို ပြောပြီးတဲ့နောက်မှာ ကျန်းနင်က သူ့ညီအစ်မတွေရဲ့အမြင်တွေကို သေချာနားထောင်ခဲ့တယ်၊ ဒါပေမဲ့ နားထောင်လေလေ သူ့မျက်မှောင်က ပိုကြုတ်လာလေလေပဲ၊ သူ့မျက်နှာပေါ်မှာ မထီမဲ့မြင်ပြုတဲ့ပုံပေါ်လာတယ်။ သူ တွေးမိတယ်၊ “ငါက နင်တို့နှစ်ယောက်ထက် ပန်းချီမှာ ပိုပြီး ပါရမီပါတယ်။ နည်းစနစ်အသစ်တွေ လေ့လာတဲ့အခါ ငါက နင်တို့ထက် ပိုမြန်မြန်သင်ယူနိုင်တယ်။ ပြီးတော့ စည်းမျဉ်းတွေကိုလည်း ငါ ပိုနားလည်တယ်။ အခု လက်တွေ့အသုံးချတဲ့နေရာမှာ ငါက ဘယ်လိုလုပ် မှားနိုင်မှာလဲ။ နင်တို့နှစ်ယောက် ဘာလို့ ငါ့အမြင်တွေကိုပဲ နားမထောင်ရတာလဲ”ပေါ့။ လျူဖေး စကားမဆုံးခင်မှာပဲ ကျန်းနင်က စိတ်မရှည်ဘဲ စကားဖြတ်ပြောပြီး ထောက်မေးလိုက်တယ်၊ “နင်က ပန်းချီကားမှာ ပြဿနာရှိတယ်လို့ ပြောတယ်နော်။ အတိအကျဘာဆိုတာ နင်ပြောနိုင်လား။ ဘာလိုအပ်နေလို့လဲ။ ဒါကို ဘယ်လိုပြင်သင့်လဲ။ မရေမရာမလုပ်နဲ့လေ၊ နင့်ဆိုလိုရင်းကို ငါ နားမလည်ဘူး”ဆိုပြီးတော့ပါ။ ကျန်းနင်က စကားဖြတ်ပြောလိုက်တော့ လျူဖေး ခဏတော့ ဆွံ့အသွားပြီး မသက်မသာနဲ့ ပြန်ဖြေတယ်၊ “လောလောဆယ်တော့ ငါ့မှာ စိတ်ကူးတစ်ခုပဲ ရှိသေးတယ်၊ အသေးစိတ်ကိုတော့ မစဉ်းစားရသေးဘူး...” လျူဖေး စကားဆုံးအောင် မစောင့်ဘဲ ကျန်းနင်က သူ့အမြင်ကို အတလောတကြီး ထပ်ပြောပြီး၊ လျူဖေး သူ့အမြင်ကို လက်ခံလာဖို့ စိတ်မရှည်ဖြစ်ခဲ့တယ်။ ယိချန်နဲ့ လျူဖေးတို့ သိသိသာသာ အနေရခက်သွားပြီး အခန်းဟာ တိတ်ဆိတ်သွားတယ်။ အခြေအနေက တင်းမာလာတာကိုတွေ့တော့ ကျန်းနင် နည်းနည်း အပြစ်ရှိသလို ခံစားရပြီး၊ “ငါ အရမ်းပဲ ခြယ်လှယ်ပြီး မာနကြီးလွန်းနေသလား”ပေါ့။ ဒါပေမဲ့ နောက်တော့ သူတွေးမိတယ်၊ “ကိစ္စတွေကို ဆွေးနွေးတဲ့အခါ ပဋိပက္ခနည်းနည်းရှိတာက ပုံမှန်ပါပဲ”ဆိုပြီးပေါ့။ သူ့ပြဿနာတွေကိုလည်း သူမဆန်းစစ်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျန်းနင်ဟာ သူ့အမြင်တွေက မှားနေခဲ့ပြီး၊ အလုပ်ကိုလည်း ထိခိုက်ခဲ့တယ်ဆိုတာ ကြီးကြပ်ရေးမှူးဆီကနေ ကြားသိခဲ့ရပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် သူ မဆင်ခြင်မသုံးသပ်ခဲ့ဘူး။ သူ့တာဝန်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ သူ့ညီအစ်မတွေနဲ့ သူ ခဏခဏ ငြင်းခုံတတ်တယ်၊ ကြီးကြပ်ရေးမှူးက သူတို့ကို သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ခြင်းအကြောင်း မိတ်သဟာယဖွဲ့ပြီး ကျန်းနင်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ပတ်သက်လို့ အကြံဉာဏ်တွေနဲ့အကူအညီတချို့ ပေးခဲ့ပေမဲ့ သူက ဒါတွေကို လုံးဝ အလေးမထားခဲ့ဘူး။ သူက သူ့မှာ မာနထောင်လွှားတဲ့ စိတ်သဘောထားတချို့ ထုတ်ဖော်မိပေမဲ့၊ သူ့တာဝန်မှာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နိုင်တယ်၊ များသောအားဖြင့် သူပြောတဲ့အမြင်တွေက မှန်တဲ့အတွက် သူ နည်းနည်းလောက် မာနကြီးရင် ပြဿနာကြီးကြီးမားမား မဟုတ်ဘူးလို့ ခံစားခဲ့တယ်။ ဒါကြောင့် သူ့ညီအစ်မတွေနဲ့ သဘောထားမတိုက်ဆိုင်တဲ့အခါတိုင်း ကျန်းနင်က လျှော့ပေးတာမရှိသလောက်ပါပဲ။ သူက သူ့အမြင်တွေကိုပဲ အထပ်ထပ်အခါခါ ပြောဆိုနေပြီး သူ့ညီအစ်မနှစ်ယောက်ကို သူ့ကို နားထောင်အောင် သိမ်းသွင်းစည်းရုံးဖို့ ကြိုးစားခဲ့တယ်။ သူ့စိတ်နှလုံးထဲမှာ အတွေးတစ်ခုတည်းကိုပဲ စွဲကိုင်ထားတယ်၊ “နင်တို့နှစ်ယောက်လုံး မှားတယ်၊ ငါပြောတာကမှ စည်းမျဉ်းတွေနဲ့ ကိုက်ညီတာ”ဆိုတာပါ။ သူ့ရဲ့ဒီသဘောထားကြောင့် သူ့ညီအစ်မနှစ်ယောက်က ဘယ်လိုမိတ်သဟာယဖွဲ့ရမှန်း မသိခဲ့ဘူး။ တစ်ခါတလေ သူတို့သုံးယောက် ပုံတစ်ပုံကို အတူတူဆွေးနွေးတဲ့အခါ၊ သူတို့ရဲ့ဆွေးနွေးပွဲတွေက တစ်ဝက်တစ်ပျက်မှာပဲ တန့်သွားတတ်ပြီး၊ အလုပ်ကြွေးတွေ ပိုပိုများလာခဲ့တယ်။ ဒီအခြေအနေနဲ့ ရင်ဆိုင်ရတော့ ကျန်းနင်က သူ အရမ်းမာနကြီးနေတယ်၊ အမြဲတမ်း ကိုယ့်အမြင်ကိုပဲ စွဲကိုင်ထားပြီး တိုးတက်မှုကို အကြီးအကျယ် နှောင့်နှေးစေတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ သူ ဒီလိုဆက်ဖြစ်လို့မရဘူးလို့ တွေးခဲ့တယ်။ ဒါပေမဲ့ ညီအစ်မတွေက နောက်တစ်ခါ အကြံပြုချက်တွေ ပေးတဲ့အခါ၊ သူက ကိုယ့်အမြင်ကိုပဲ ဆက်ပြီး စွဲကိုင်ထားပြီး၊ ကိုယ့်စိတ်ကူးအတိုင်းပဲ ပြင်ဆင်ခဲ့တယ်၊ အဲဒါကြောင့် နောက်ပိုင်းမှာ ထပ်ပြီးဆွေးနွေးဖို့ အချိန်ပိုကုန်ပြီး၊ တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ နောက်ဆုံးမှာတော့ ညီအစ်မတွေရဲ့အကြံပြုချက်တွေက မှန်ကန်ပြီး ကျန်းနင်က စည်းမျဉ်းတွေကို တရားသေစွဲကိုင်ထားခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်။ ဒီလိုနည်းနဲ့ သူတို့က အမြဲတမ်း အလုပ်မတွင်ကျယ်ဘဲ သူတို့ရဲ့အလုပ်တိုးတက်မှုကလည်း တိုးတက်မလာနိုင်ခဲ့ဘူး။ ကျန်းနင်က အရမ်းမာနကြီးတယ်၊ အမြဲတမ်း ခေါင်းမာပြီး အကြံဉာဏ်မယူနိုင်တာကြောင့်၊ သူ့ပန်းချီကားတွေမှာ ပြဿနာတွေအများကြီးရှိပြီး ပြန်လုပ်ခဲ့ရတယ်။ သူတို့ရဲ့ကြီးကြပ်ရေးမှူးက ကျန်းနင်ရဲ့ပြဿနာတွေကို သီးသန့်ထောက်ပြပြီး သူ့ကို အလုပ်မှာ ဘာလို့ပြဿနာတွေ ဒီလောက်အရမ်းများနေရတာလဲဆိုတာနဲ့ ဒါက သူ့ရဲ့မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့များ သက်ဆိုင်နေသလားဆိုတာကို ဆင်ခြင်သုံးသပ်ဖို့ လမ်းပြခဲ့တယ်။ ဒါပေမဲ့ ကျန်းနင်က ဒါကို ဒီအတိုင်းလက်မခံနိုင်ဘဲ တွေးမိတယ်၊ “ဘယ်သူကများ ကိုယ့်တာဝန်မှာ အမှားမလုပ်ဘဲ နေလို့လဲ။ ငါက စည်းမျဉ်းတွေနဲ့ နည်းစနစ်တွေကို ကောင်းကောင်းနားလည်ပါတယ်၊ ဒီလမ်းလွဲမှုတွေက ခဏတာ သတိလွတ်တာတွေပါ။ နောက်တစ်ခါ ငါ့နည်းစနစ်တွေကို တိုးတက်အောင် ပိုအားထုတ်ပြီး ပိုဂရုစိုက်လိုက်ရင် ငါ ဒီအမှားတွေလုပ်မိတာကို ရှောင်နိုင်မှာပါ” လို့ပေါ့။ ကျန်းနင်က ကျွမ်းကျင်တဲ့ ပန်းချီဆရာဖြစ်တယ်ဆိုတာ ရှောက်ယိကြားတော့ သူ့ဆီကို ခဏခဏ စာရေးခဲ့ပြီး၊ သူ့ပန်းချီကားတွေအတွက် လမ်းညွှန်မှုတောင်းခဲ့တယ်။ ကျန်းနင်က ဒါဟာ သူနဲ့မတန်ဘူးလို့ တကယ်ကို ခံစားရပြီး တွေးမိတယ်၊ “မင်းရဲ့ပန်းချီကားတွေအများကြီးက သိပ်တန်ဖိုးမရှိဘူး၊ ငါ့လမ်းပြမှုက တကယ်လိုလို့လား။ ပြီးတော့ အခု ပန်းချီကား အလုပ်ကြွေးတွေ ဒီလောက်များနေတာ၊ မင်းကို လမ်းပြဖို့ ငါ ဘယ်လို အချိန်ရှာရမလဲ” လို့ပေါ့။ ဒါကြောင့် သူက ရှောက်ယိရဲ့မေးခွန်းတွေကို ဘေးဖယ်ထားလိုက်တယ်။ သူ့ဆီက နောက်ထပ်စာတချို့ ရောက်လာတဲ့အခါမှာလည်း အဲဒါတွေကို မမြင်ခဲ့သလို ဟန်ဆောင်ခဲ့တယ်။ နောက်ဆုံးတော့ ရှောက်ယိလည်း မမေးတော့ဘူး။
တစ်နေ့မနက်မှာ အပြင်မှာ မိုးဖွဲဖွဲရွာနေတုန်း ကျန်းနင်က မျက်မှောင်ကြုတ်ပြီး ရှုခင်းပန်းချီကားတစ်ချပ်ကို ရေးဆွဲခဲ့တယ်။ ယိချန်နဲ့ လျူဖေးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ မတ်တပ်ထပြီး ကျန်းနင်ဘေးမှာ လာထိုင်ကြတယ်။ ယိချန်က ညင်ညင်သာသာ ပြောတယ်၊ “ကျန်းနင်၊ နင်နဲ့ ငါတို့ စကားပြောလို့ရမလား”လို့ပေါ့။ ကျန်းနင်က ခဏတော့ အတွေးလွန်နေပြီးမှ ပေါ့ပေါ့ပါးပါးပဲ၊ “အင်း၊ ရတာပေါ့”လို့ ပြန်ဖြေတယ်။ ယိချန်က နည်းနည်းလေးနက်တဲ့အမူအရာနဲ့ ပြောတယ်၊ “နောက်ပိုင်း ငါတို့အတူတူ တာဝန်တွေမှာ နင်က အရမ်း ခြယ်လှယ်လွန်းတယ်လို့ ငါတို့ ခံစားရတယ်၊ နင်က ခပ်တန်းတန်းပဲ ပြုမူနေခဲ့ပြီး၊ ပြဿနာတွေ ငါတို့ဆွေးနွေးလို့ နင့်အမြင်က မတူဖြစ်နေရင်၊ နင်က တခြားသူတွေကို မေးခွန်းပြန်ထုတ်ပြီး စစ်ဆေးမေးမြန်းတတ်တယ်လို့ ငါတို့ ခံစားရတယ်။ နင့်အနားမှာနေရတာ တကယ်ကို ဘောင်ခတ်ခံရတာပဲ”ဆိုပြီးတော့ပါ။ ဒီလို ယိချန်ပြောတာကိုကြားတော့ ကျန်းနင်ရဲ့မျက်နှာက မှောင်မည်းသွားပြီး စကားမပြောခင် ချီတုံချတုံဖြစ်နေခဲ့တယ်။ သူက သူ့ရဲ့မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဝန်ခံပေမဲ့ စိတ်ထဲမှာတော့ လက်မခံချင်ဘူး။ “ငါ နောက်ပိုင်း အခြေအနေတွေကို ပြောင်းပြန်လှန်ဖို့ ကြိုးစားနေတာပဲ။ မာနထောင်လွှားတဲ့ စိတ်သဘောထားက တစ်ညတည်းနဲ့ ပြောင်းလို့ရနိုင်တာမှမဟုတ်တာ။ ငါ့ကို အချိန်နည်းနည်းသာ ပေးပါ၊ ဟုတ်ပြီလား”ဆိုပြီး သူ တွေးမိတယ်။ ဒါကို သူ စဉ်းစားလေလေ၊ ပိုပြီး မတရားခံရတယ်လို့ ခံစားရလေလေပဲ။ ယိချန်နဲ့ လျူဖေးတို့က သူ့ရဲ့ဖောက်ပြန်ပျက်စီးမှုကို သူ့အပေါ် နိုင်ချက်တစ်ခုအနေနဲ့မြင်ပြီး၊ သူတို့စကားတွေက သူ့ကို သိသိသာသာ ပစ်မှတ်ထားနေတယ်လို့ သူခံစားခဲ့ရတယ်။ ဒါပေမဲ့ ပြုပြင်ဆုံးမတာ ခံရတဲ့အပေါ် ဆင်ခြင်တုံတရားနည်းနည်းရှိရမယ်ဆိုတာကိုလည်း သူသိနေတော့ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး “နင်တို့ပြောတာကို ငါ လက်သင့်ခံပါ့မယ်” လို့ အံကြိတ် ပြောလိုက်ပြီး ဘာမှဆက်မပြောတော့ဘူး။ ယိချန်နဲ့ လျူဖေးတို့ရဲ့မျက်လုံးတွေမှာ စိုးရိမ်မှုနဲ့ စိတ်ပူပန်မှုတွေ မြင်နေရတယ်။ အပြင်က မိုးဖွဲဖွဲက ရပ်မယ့်လက္ခဏာမပြဘဲ ညီအစ်မတွေရဲ့ တိုတောင်းတဲ့စကားဝိုင်းက အဲဒီမှာပဲ ပြီးဆုံးသွားခဲ့တယ်။
အဲဒီနောက်ကစပြီး၊ သူ့ညီအစ်မတွေက သူ့ကို မာနကြီးတယ်လို့ မပြောအောင် ကျန်းနင်က ဆွေးနွေးပွဲတွေမှာ သူ့အမြင်တွေကို မပြောတော့ဘူး။ တခြားနှစ်ယောက်က သူ့အမြင်တွေကို မေးတဲ့အခါ သူက ခေါင်းမာမာနဲ့ တိတ်တိတ်နေခဲ့လို့၊ အခြေအနေက အရမ်းကို အနေရခက်ခဲ့တယ်။ ပန်းချီကားနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တချို့ကို သေချာမဆွေးနွေးဘဲ အလျင်အမြန်ချမှတ်ခဲ့လို့ နောက်ပိုင်းမှာ ပန်းချီကားတွေကို ပြန်လုပ်ပြီး ပြုပြင်ခဲ့ရတယ်။ ယိချန်နဲ့ လျူဖေးတို့နှစ်ယောက်လုံး သူတို့ညီအစ်မကြောင့် အရမ်းကို ဘောင်ခတ်ခံနေရတယ်လို့ ခံစားခဲ့ရတယ်။ ရက်နည်းနည်းကြာတော့ သူတို့ရဲ့ကြီးကြပ်ရေးမှူးက သူတို့နဲ့တွေ့ဆုံဖို့ ရောက်လာပြီး ကျန်းနင်က အချိန်အကြာကြီး ကိုယ့်ကိုယ်ကိုယ် သိမြင်မှုမရှိခဲ့တာ၊ အကျိုးသင့် အကြောင်းသင့်မရှိဘဲ သူ့ညီအစ်မတွေကို သူဆန့်ကျင်နေတာ၊ အလုပ်ကို အနှောင့်အယှက်ပေးပြီး ဟန့်တားနေတာတွေကို သိသွားခဲ့တယ်။ ကြီးကြပ်ရေးမှူးက သူ့အပြုအမူကို စိစစ်ပြီး သူ့ကို ဖြုတ်ချခဲ့တယ်။ မကြာခင်မှာပဲ ကျန်းနင်က ညီအစ်ကိုမောင်နှမတွေက သူ လူတွေကို ဝေဖန်ပြီး၊ ဘောင်ခတ်မှု ခံစားရစေခဲ့လို့ သူ့ကို တိုင်ကြားခဲ့တာကို သူသိခဲ့ရတယ်။ ညီအစ်မတစ်ယောက်က ဆိုရင်၊ “အခု ကျန်းနင် ဖြုတ်ချခံလိုက်ရပြီ၊ နောက်ဆုံးတော့ သူ့အနားမှာ နေစရာမလိုတော့ဘူး၊ ငါတို့ အသက်ဝဝ ပြန်ရှူနိုင်ပြီ”လို့တောင် ပြောခဲ့သေးတယ်။ ဒီဟာတွေကို ကြားတော့ ကျန်းနင်ရဲ့နှလုံးသားက အပ်နဲ့ထိုးလိုက်သလိုမျိုး နာကျင်ခဲ့ပြီး၊ အဲဒီအခါမှသာ သူ့ပြဿနာတွေ ဘယ်လောက်စိုးရိမ်ရတယ်ဆိုတာကို သူ သဘောပေါက်ခဲ့တယ်။ သူက လတ်တလော တာဝန်ထမ်းဆောင်ရာမှာ တခြားသူတွေကို ဘောင်ခတ်ပြီး ထိခိုက်စေခဲ့တယ်ဆိုတာကို သူ သိလာခဲ့တယ်။ သူက ဆိုးယုတ်သူတစ်ယောက်လို ခံစားရပြီး ရုတ်တရက်ကပ်ဘေးဖြစ်ခါနီး ခံစားချက်နဲ့ ပြည့်နေခဲ့တယ်။ “ဒီတစ်ခါတော့ ငါ သွားပြီ၊ ငါ့တာဝန်မှာ မကောင်းမှုကြီးကို ကျူးလွန်ခဲ့ပြီ”လို့ သူ တွေးမိတယ်။ ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်ရမှန်းလည်း သူ မသိခဲ့ဘူး။ သူ့မျက်လုံးတွေ မျက်ရည်တွေနဲ့ ပြည့်သွားပြီး ဘုရားသခင်ကို သူဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ဘောင်ခတ်ပြီး ထိခိုက်စေခဲ့ပါတယ်၊ အလုပ်ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ ကျွန်မ ချန်ထားခဲ့တာတွေအားလုံးက ဒုစရိုက်အမှုတွေပါပဲ။ ကျွန်မ အရမ်းကို နက်နက်ရှိုင်းရှိုင်း နောင်တရမိပါတယ်၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို အစောကြီးကတည်းက မသိမြင်၊ မဖြေရှင်းခဲ့မိတာကို နောင်တရမိပါတယ်။ အို ဘုရားသခင်၊ ကျွန်မ ရင်ဆိုင်ရတော့မဲ့အရာကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ”လို့ပေါ့။
သူ့ရဲ့ဝိညာဉ်ရေးရာ ဆင်ခြင်သုံးသပ်မှုအတွင်းမှာ ကျန်းနင်က သူ အရင်ကဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရလိုက်တယ်။ “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားကင်းမဲ့လေဖြစ်ကာ သူတို့ ပို၍ အကျိုးအကြောင်းမဆီလျော်လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားဖြင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင် အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မရှိကြချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝ မဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏ အချုပ်အခြာအာဏာနှင့် သူ၏အစီအစဉ်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာနှင့် ထိန်းချုပ်မှုရှိရေးအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် ဆင်ခြင်တုံတရား ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကို ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ သူ့ရဲ့မာနထောင်လွှားတဲ့ စိတ်သဘောထားက အရမ်းကို စိုးရိမ်ရတယ်လို့ သူ ခံစားခဲ့ရတယ်။ သူ အမှားတွေ၊ လမ်းလွဲမှုတွေ ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့၊ သူ ဘာတစ်ခုမှ အမှားလုပ်ခဲ့တယ်လို့ ဘယ်တော့မှ မခံစားခဲ့ရဘူး။ သူ့မှာ သမ္မာတရားကို လက်ခံဖို့ ဒါမှမဟုတ် ရှာဖွေဖို့ သဘောထား လုံးဝမရှိခဲ့ဘဲ၊ လူတိုင်းက သူ့ကို နားထောင်ပြီး နာခံရမယ်လို့ပဲ အခိုင်အမာ ပြောဆိုခဲ့တယ်။ မတူညီတဲ့အမြင်တွေကို ကြုံတွေ့ရတဲ့အခါ၊ သူက သူ့ညီအစ်မတွေကို ဒီဟာမှားတယ်၊ ဟိုဟာမှားတယ်လို့ ပြောပြီး၊ မာနထောင်လွှားပြီး သူတို့ကို ဝေဖန်တယ်၊ သူ့ကို နားထောင်အောင် ဖိအားပေးခဲ့တယ်။ သူ့ရည်မှန်းချက်တွေ မပြည့်မီရင်၊ သူက တဇောက်ကန်းဖြစ်ပြီး သူ့ညီအစ်မတွေကို ရန်လိုတဲ့လေသံနဲ့ စစ်ဆေးမေးမြန်းတတ်တယ်။ တစ်ခါတလေ သူတို့စကားမဆုံးခင်မှာပဲ သူက စကားဖြတ်ပြောပြီး၊ သူတို့ကို ချေပဖို့ ဖိအားပေးတဲ့လေသံကို သုံးပြီး၊ သူတို့ကို အရမ်းကို ဘောင်ခတ်ခံရသလို ခံစားစေခဲ့တယ်။ ဒါပေမဲ့ သူ့မှာ ကိုယ့်ကိုယ်ကိုယ် သိမြင်မှု လုံးဝမရှိခဲ့ဘူး။ သူက သူ့အမြင်တွေကိုပဲ စွဲကိုင်နေတာ၊ ဒါမှမဟုတ် လွတ်လပ်တဲ့အတွေးအခေါ်ကို ပြသနေတာလို့ပဲ ခံစားခဲ့ရတယ်။ တခြားသူတွေနဲ့ ငြင်းခုံနေတဲ့အခါမှာတောင်၊ သူက ခေါင်းမာနေတာမဟုတ်ဘဲ စည်းမျဉ်းတွေကို အလေးအနက် မှတ်ယူနေတာပဲလို့ ထင်ခဲ့တယ်။ ဒီအကြောင်းကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ သူသာ စည်းမျဉ်းတွေကို တကယ်အလေးအနက်မှတ်ယူချင်ခဲ့ရင်၊ သူက သူအမြဲမှန်တယ်ဆိုတဲ့စိတ်ကူးကို ဒီလောက်စွဲကိုင်ထားမှာမဟုတ်ဘူးဆိုတာ သူ သိခဲ့တယ်။ အဲဒီအစား၊ သူက ကိုယ့်အမြင်တွေကို ဘေးဖယ်ထားပြီး တခြားသူတွေရဲ့အကြံပြုချက်တွေက စည်းမျဉ်းတွေနဲ့ ကိုက်ညီရဲ့လား၊ အလုပ်အတွက် အကျိုးရှိရဲ့လားဆိုတာကို စဉ်းစားမှာပဲ။ ဒါက သမ္မာတရားကို ရှာဖွေပြီး လက်ခံတဲ့ သဘောထားဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူက ကိုယ့်အမြင်တွေကို ဘယ်တော့မှ ဘေးဖယ်မထားခဲ့ဘူး၊ အပြင်ပန်းမှာ ညီအစ်မတွေနဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပေမဲ့လည်း သူ့စိတ်ထဲမှာတော့ သူမှန်တယ်လို့ ဆုံးဖြတ်ပြီးသားပဲ။ သူ့မှာ အချိန်ပြည့် ရှာဖွေဖို့ နှိမ့်ချတဲ့စိတ် ကင်းမဲ့ခဲ့တယ်။ သူ တော်တော်ကို ခေါင်းမာခဲ့တာပဲ။ သူ အရမ်းကို ရှက်မိတယ်။ သူက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေခဲ့တယ်၊ သမ္မာတရားကို နားမလည်ခဲ့ဘူး၊ သူ့လုပ်ရပ်တွေမှာလည်း စည်းမျဉ်းတွေ ကင်းမဲ့ခဲ့တယ်။ သူက နည်းစနစ်ပိုင်းဆိုင်ရာအရာတချို့ကို နားလည်ပေမဲ့၊ သူ့မှာ အများကြီးချို့တဲ့နေခဲ့ပြီး သူ့အတွေးအခေါ်ကလည်း ကန့်သတ်ချက်ရှိခဲ့တယ်။ သူက ကိုယ့်ရဲ့စိတ်နဲ့ အတွေ့အကြုံတွေကိုပဲ အားကိုးခဲ့တယ်၊ အဲဒါကြောင့် သူ့တာဝန်ကို ကောင်းကောင်းမထမ်းဆောင်ခဲ့ရုံတင်မကဘဲ လမ်းလွဲမှုတွေအများကြီးကိုလည်း ဖြစ်စေခဲ့ပြီး၊ အလုပ်ကို ထိခိုက်စေခဲ့တယ်။ တစ်ယောက်ရဲ့ချို့ယွင်းချက်တွေကို တစ်ယောက်က ဖြည့်ဆည်းပေးနိုင်အောင် သူဟာ တခြားသူတွေနဲ့ သဟဇာတရှိရှိ အလုပ်လုပ်ဖို့ လိုအပ်တယ်။ သူက စည်းမျဉ်းတစ်ခုကို မရှင်းလင်းဘူး၊ ဒါမှမဟုတ် သဘောတူညီမှုမရနိုင်ဘူးဆိုရင်၊ ကြီးကြပ်ရေးမှူးဆီကနေ လမ်းပြမှု ရှာသင့်တယ်၊ တခြားသူတွေကို သူ့အကြံပြုချက်တွေကို လက်ခံအောင် ဖိအားပေးမဲ့အစားပေါ့။ ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးပြီး သူပြောသမျှအရာအားလုံးက မှန်တယ်၊ သူကိုယ်တိုင်က သမ္မာတရားစည်းမျဉ်းတွေရဲ့ ပင်မအရင်းအမြစ်ဖြစ်နေသလိုမျိုး ထင်ခဲ့တယ်။ သူ ဘယ်လောက်တောင် မာနထောင်လွှားခဲ့ပြီလဲဆိုတာ သူ နောက်ဆုံးမှာ သဘောပေါက်ခဲ့တယ်၊ ပုံမှန်လူ့သဘာဝရှိတဲ့လူတစ်ယောက်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရား ကင်းမဲ့နေခဲ့တာပေါ့။ သူ နားလည်ခဲ့တာက၊ တကယ်တော့ တခြားသူတွေပေးခဲ့တဲ့ အကြံပြုချက်တွေက မကြာခဏဆိုသလို မှန်ကန်ခဲ့တယ်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေး လမ်းပြမှုကြောင့် ဖြစ်နိုင်ပြီး၊ သူ့ရဲ့ချို့ယွင်းချက်တွေနဲ့ မလုံလောက်မှုတွေကို သူ သဘောပေါက်အောင် ကူညီပေးနိုင်ခဲ့တယ်ဆိုတာကိုပါ။ ဒါပေမဲ့ သူက သူ့ညီအစ်မတွေရဲ့အကြံပြုချက်တွေအပေါ် ဥပေက္ခာပြုခဲ့ပြီး သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကိုလည်း မသိမြင်ခဲ့ဘူး။ သူက သူ့အနီးအနားက လူတွေကိုတောင် ထိခိုက်စေခဲ့ပြီး အသင်းတော်အလုပ်ကိုလည်း ဟန့်တားခဲ့တယ်။ ဒါတွေအားလုံးဟာ သူ့ရဲ့မာနထောင်လွှားတဲ့သဘာဝကြောင့်ဖြစ်တယ်ဆိုတာ သူ နားလည်ခဲ့တယ်၊ ဒီလိုမာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေတာက တခြားသူတွေကိုတင်မကဘဲ သမ္မာတရားနဲ့ ဘုရားသခင်ကိုပါ သူ အထင်သေးစေခဲ့တယ်ဆိုတာ သူနားလည်ခဲ့တယ်။ သူသာ ဒီမာနထောင်လွှားတဲ့ စိတ်သဘောထားကို မဖြေရှင်းရင်၊ သမ္မာတရားကို လက်ခံဖို့၊ သူ့တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့၊ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး တခြားသူတွေနဲ့ သဟဇာတရှိရှိ ပူးပေါင်းလုပ်ဆောင်ဖို့ ခက်ခဲလိမ့်မယ်။ ဒီမာနထောင်လွှားတဲ့ စိတ်သဘောထားကို မပြောင်းလဲဘဲထားရင် ဘယ်လောက်တောင် အန္တရာယ်များတယ်ဆိုတာကို ကျန်းနင် နောက်ဆုံးမှာ ခံစားမိခဲ့တယ်။
နောက်ပိုင်းမှာတော့ ကျန်းနင် ဘုရားသခင်နှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်၊ “သင် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့အတွက် စီစဉ်ခြင်းသည် သင့်ကို မြှင့်တင်ကာ လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေး ပေးရုံမျှသာ ဖြစ်သည်။ အခြားသူများထက် စစ်မှန်မှု သင် ပိုမိုပိုင်ဆိုင်သောကြောင့်၊ သို့မဟုတ် အခြားသူများထက် ပိုတော်သောကြောင့် မဟုတ်ပေ။ အမှန်တွင် သင်သည် အခြားလူအယောက်တိုင်းနှင့် အတူတူပင် ဖြစ်သည်။ သင်တို့တစ်ဦးမျှ စစ်မှန်မှု မပိုင်ဆိုင်သကဲ့သို့ တစ်နည်းနည်းဖြင့် သင်သည် အခြားသူများထက်ပင် ပိုမိုဖောက်ပြန်ပျက်စီးကောင်း ပျက်စီးနိုင်ပေသည်။ ထို့ကြောင့် သင်သည် အခြားသူတို့အား အဘယ်ကြောင့် မတန်တဆ ဒုက္ခဖြစ်စေကာ ထင်ရာမြင်ရာ ဩဝါဒပေး၍ ဒေါသဖြင့် ဝေဖန်ပြောဆိုပြီး စိတ်ကျဉ်းကျပ်စေသနည်း။ သင်မှားသည့်အချိန်တွင်ပင် အဘယ်ကြောင့် အခြားသူများကို အတင်းနားထောင်စေသနည်း။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ဤအရာက သင်သည် မှားယွင်းသည့် နေရာတွင်ရှိသည်ကို သက်သေပြ၏။ သင်သည် လူသားတစ်ဦး၏ နေရာမှ အလုပ်လုပ်နေခြင်းမရှိ၊ ဘုရားသခင်၏ နေရာ၊ အခြားသူများ၏ အထက်နေရာမှ သင်၏ အလုပ်ကို သင် လုပ်နေသည်။ သင် ပြောသည့်အရာ မှန်ကန်ပြီး သမ္မာတရားနှင့် ညီပါက အခြားသူများက သင့်ကို နားထောင်၍ရသည်။ ဤကိစ္စတွင် ထိုအရာကို လက်ခံ၍ရသည်။ သို့ရတွင် သင် မှားသည့်အချိန်တွင် အခြားသူများအား သင့်ကို အဘယ်ကြောင့် အတင်းနားထောင်စေသနည်း။ သင်သည် ဩဇာအာဏာရှိသလော။ အထွတ်အမြတ် ဖြစ်သလော။ သမ္မာတရား ဖြစ်သလော။...၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး အခြားသူများအား ၎င်းတို့ ပြောသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် တောင်းဆိုကြသည်။ ၎င်းတို့သည် မိမိ၏ ဩဇာအရှိန်အဝါ ကြီးအောင်လုပ်နေခြင်း မဟုတ်လော။ မိမိတို့ကိုယ်ကို ချီးမြှောက်နေကြခြင်း မဟုတ်လော။ ၎င်းတို့သည် မာနထောင်လွှားကာ စိတ်ကြီးဝင်သော လူများ မဟုတ်လော။ ၎င်းတို့၏ တာဝန်တွင် ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ မိမိတို့ နှစ်သက်ရာများကို ဖြစ်နိုင်သမျှ လုပ်ဆောင်ကြသည်။ ထို့ကြောင့် အခြားသူများကို ၎င်းတို့ ဦးဆောင်သည့်အခါ ၎င်းတို့ ဦးဆောင်သည့်သူများကို သမ္မာတရား လက်တွေ့လုပ်ဆောင်ရန် မစေခိုင်းကြချေ။ ထိုအစား အခြားသူများအား ၎င်းတို့ ပြောသည့်အရာကို နားထောင်ပြီး ၎င်းတို့ နည်းလမ်းများနောက်လိုက်ရန် တောင်းဆိုကြသည်။ ဤသည်မှာ အခြားသူများအား ၎င်းတို့ကို ဘုရားသခင်ကဲ့သို့ သဘောထားပြီး နာခံရန် စေခိုင်းနေခြင်း မဟုတ်လော။ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် သမ္မာတရား ကင်းမဲ့ကြ၏၊ စာတန်၏ စိတ်သဘောထားဖြင့် ပြည့်ကာ ဘီလူးသရဲစီးကြပေသည်။ ထို့ကြောင့် ၎င်းတို့ကို နာခံရန် အခြားသူများအား အဘယ်ကြောင့် စေခိုင်းကြသေးသနည်း။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် မိမိ၏ ဩဇာအရှိန်အဝါ ကြီးအောင်လုပ်နေခြင်း မဟုတ်လော။ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်နေကြခြင်း မဟုတ်လော။ ဤသို့သော လူများသည် လူတို့အား ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်နိုင်သလော။ ၎င်းတို့သည် လူများအား ဘုရားသခင်ကို ကိုးကွယ်အောင် လုပ်ဆောင်နိုင်သလော။ ၎င်းတို့သည် လူများအား မိမိတို့ကို နာခံစေချင်ကြသူများ ဖြစ်သည်။ ၎င်းတို့သည် ဤသို့အလုပ်လုပ်သောအခါ သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ရာတွင် လူတို့ကို ၎င်းတို့ အမှန်တကယ် ဦးဆောင်နေကြသလော။ ၎င်းတို့ကို ဘုရားသခင် အပ်နှံထားသည့် အလုပ်ကို ၎င်းတို့ အမှန်တကယ် လုပ်ဆောင်နေကြသလော။ မဟုတ်ပေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် နိုင်ငံတော်ကို တည်ထောင်ရန် ကြိုးစားနေကြပေသည်။ ၎င်းတို့သည် ဘုရားသခင် ဖြစ်ချင်ကြပြီး လူတို့အား ၎င်းတို့ကို ဘုရားကဲ့သို့ သဘောထားကာ နာခံစေချင်ကြသည်။ ၎င်းတို့သည် အန္တိခရစ်များ မဟုတ်လော။ အန္တိခရစ်တို့၏ ပုံစံသည် ဤပုံစံ အမြဲဖြစ်ပေသည်။ အသင်းတော် အလုပ် နှောင့်နှေးခြင်း၊ အတားအဆီးဖြစ်ခြင်း အတိုင်းအတာက မည်သို့ပင်ဖြစ်ပါစေ ဘုရားရွေးချယ်ထားသူတို့၏ အသက်ဝင်ရောက်မှုအတွက် အန္တရာယ်ရှိလင့်ကစား လူတိုင်းက ၎င်းတို့ကို နာခံကာ နားထောင်ရမည်ဖြစ်သည်။ ဤသည်မှာ မကောင်းဆိုးဝါးများ၏ သဘောသဘာဝ မဟုတ်လော။ စာတန်၏ စိတ်သဘောထား မဟုတ်လော။ ဤကဲ့သို့သောလူများသည် လူ့အရေခွံဖြင့် အသက်ရှင်နေသော မကောင်းဆိုးဝါးများ ဖြစ်သည်။ လူသားမျက်နှာများ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့အတွင်း ရှိသမျှတိုင်းသည် ဘီလူးသရဲစီးနေ၏။ ၎င်းတို့ ပြောဆို၊ လုပ်ဆောင်သမျှတိုင်းသည် ဘီလူးသရဲစီးနေ၏။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ သမ္မာတရားနှင့် မကိုက်ညီပေ။ ထိုအရာတစ်ခုမျှသည် အသိစိတ်ရှိသည့်လူများ လုပ်ဆောင်သည့်အရာ မဟုတ်။ ထို့ကြောင့် ဤသည်တို့မှာ မကောင်းဆိုးဝါးများ၊ စာတန်နှင့် အန္တိခရစ်တို့၏ လုပ်ရပ်များ ဖြစ်သည်မှာ သံသယထား၍မရနိုင်ပေ။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်နိုင်သင့်သည်။ ထို့ကြောင့် အခြားသူများနှင့် သင်တို့ ပြုမူ၊ ပြောဆို၊ ဆက်ဆံကြသည့်အခါ ဘဝတွင် သင်တို့ လုပ်ဆောင်သမျှတိုင်း၌ ဤအမိန့်ကို သင်တို့ စိတ်နှလုံးထဲတွင် ကိုင်စွဲထားသင့်ပေသည်။ ‘လူသားသည် မိမိကိုယ်ကို မကြီးမြတ်စေသင့်သကဲ့သို့ မိမိကိုယ်ကို မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။’ ဤသို့ဖြင့် လူတို့အပေါ် ချုပ်ထိန်းမှုများ ထားရှိခြင်းခံရကာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည်အထိ ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်သည် အရေးပါလှပြီး ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်က မည်သည့်အရာကို ဆိုလိုသည်၊ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အဘယ်ကြောင့် ဤအရာ တောင်းဆိုပြီး မည်သည့်အရာကို စွမ်းဆောင်ရရှိရန် သူ ရည်ရွယ်သည်ဆိုသည်တို့ကို သင်တို့အားလုံး ကောင်းစွာ စဉ်းစားသင့်၏။ ဤအရာကို သေချာစဉ်းစားလော့။ လွယ်လွယ် နားတစ်ဖက်တွင်ဝင်ပြီး တစ်ဖက်တွင် ထွက်သွားခွင့် မပေးလိုက်နှင့်။ ဤအရာသည် သင်တို့အတွက် အမှန်တကယ်အကျိုးပြုလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့်ပတ်သက်၍) ဘုရားသခင်က အမြဲတမ်း တခြားသူတွေကို ကိုယ့်ကို နားထောင်ပြီး နာခံအောင် ဖိအားပေးတာ၊ တခြားသူတွေကို ကိုယ့်အောက်မှာ ထိန်းချုပ်ဖို့ ကြိုးစားတာက ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ခြင်းဖြစ်တယ်၊ ဒါက အန္တိခရစ်ရဲ့လမ်းကြောင်းကို လျှောက်နေတာဖြစ်ပြီး စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တွေကို ချိုးဖောက်ပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာဖြစ်တယ်လို့ ဖော်ထုတ်ထားတယ်။ ကျန်းနင်က သူ လတ်တလော ထုတ်ဖော်ခဲ့တာတွေကို ပြန်စဉ်းစားမိတယ်၊ အမြဲတမ်း သူက နည်းစနစ်ပိုင်းဆိုင်ရာတွေကို နားလည်တယ်၊ စည်းမျဉ်းတွေကို ကောင်းကောင်းနားလည်သဘောပေါက်တယ်၊ သူ့အမြင်တွေနဲ့ အကြံပြုချက်တွေက အမှန်ကန်ဆုံးဖြစ်ပြီး တခြားသူအားလုံးက သူ့အောက်မှာပဲလို့ ထင်ခဲ့တယ်။ သူ့ညီအစ်မတွေက မတူညီတဲ့အမြင်တွေ တင်ပြတဲ့အခါ၊ သူက အဲဒါတွေကို ဘာမှထည့်မစဉ်းစားဘဲ ဘေးပစ်ထားပြီး တခြားသူတွေ သူ့ကိုနားထောင်အောင် အဆက်မပြတ် စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့တယ်။ သူတို့က မယုံကြည်ရင်၊ သူက သူ့ရဲ့တဇောက်ကန်းဖြစ်ခြင်းကို အားကိုးပြီး သူတို့ကို စစ်ဆေးမေးမြန်းတယ်၊ သူတို့ကိုယ်တိုင်ရဲ့ စိတ်ကူးတွေကို စွန့်လွှတ်လိုက်မှပဲ သူက လက်လျှော့ခဲ့တယ်။ ကျန်းနင်က ဘုရားသခင်ရဲ့တောင်းဆိုချက်ကို သတိရလိုက်တယ်။ “လူသားသည် မိမိကိုယ်ကို မကြီးမြတ်စေသင့်သကဲ့သို့ မိမိကိုယ်ကို မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။” ဘယ်နေရာ၊ ဘယ်တာဝန်မှာပဲဖြစ်ဖြစ်၊ ကျွန်မတို့ဟာ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုရမယ်၊ အရာရာမှာ ကိုယ်တော်ရဲ့ရည်ရွယ်ချက်တွေကို ရှာဖွေရမယ်၊ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေရမယ်၊ အထူးသဖြင့် သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားပြီး သမ္မာတရားနဲ့ ကိုက်ညီတဲ့ ဘယ်သူ့အမြင်ပဲဖြစ်ဖြစ် သဘောတူလက်ခံဖို့က ပိုလို့တောင် အရေးကြီးပါတယ်။ ဒါကမှ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိပြီး ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုတဲ့သူတစ်ယောက်ရဲ့ အပြုအမူဖြစ်တယ်။ ဒါပေမဲ့ ကျန်းနင်က စာတန်ရဲ့ အဆိပ်အတောက်တွေအတိုင်း နေထိုင်ခဲ့ပြီး၊ လွန်လွန်ကဲကဲ စိတ်ကြီးဝင်ခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် အကြီးမြတ်ဆုံးဖြစ်တယ်၊ ကိုယ့်အမြင်တွေက သမ္မာတရားစည်းမျဉ်းတွေဖြစ်တယ်ဆိုပြီး သဘောထားခဲ့တယ်။ မတူညီတဲ့အကြံပြုချက်တွေကို ကြားတဲ့အခါတိုင်း၊ ဘယ်သူက တင်ပြတာပဲဖြစ်ဖြစ်၊ အဲဒါတွေက သမ္မာတရားနဲ့ ကိုက်ညီတာဖြစ်ဖြစ်၊ ကိုယ့်အမြင်နဲ့ ကွဲပြားနေသရွေ့ သူက ဘေးပစ်ထားပြီး တခြားသူတွေ သူ့ကိုနာခံအောင်ပဲ ကြိုးစားခဲ့တယ်။ သူ့ရဲ့မာနထောင်လွှားမှုက သူ့ကို ဆင်ခြင်တုံတရား ဆုံးရှုံးစေခဲ့တယ်။ ကျန်းနင်က တရုတ်ကွန်မြူနစ်ပါတီအကြောင်းနဲ့၊ အဲဒါက ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ အဲဒါက ဘယ်သူ့ကိုမှ သူ့ကို ဆန့်ကျင်ခွင့်မပြုခဲ့တာကို စဉ်းစားမိသလို၊ ကွဲလွဲတဲ့အမြင်တစ်ခု ပေါ်လာတာနဲ့ အမျိုးမျိုးသောနည်းလမ်းတွေကိုသုံးပြီး အဲဒါကို နှိမ်နင်းတတ်တယ်ဆိုတာကို စဉ်းစားမိတယ်။ သူ့လုပ်ရပ်တွေမှာ သူထုတ်ဖော်ခဲ့တဲ့ စိတ်သဘောထားက တရုတ်ကွန်မြူနစ်ပါတီနဲ့ အတူတူဖြစ်ပုံကို သူ တွေးမိပြီး ကြောက်ရွံ့မှုနဲ့ ပြည့်သွားခဲ့တယ်။
တစ်နေ့မှာ ဘုရားသခင်နှုတ်ကပတ်တော်တချို့ကို ကျန်းနင် ဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက သူ့ရဲ့မာနထောင်လွှားတဲ့ စိတ်သဘောထားကို ပိုပြီးရှင်းရှင်းလင်းလင်း သိမြင်စေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းသည် လူသား၏ အပေါ်လွင်ဆုံး စာတန်ဆန်သော စိတ်သဘောထားဖြစ်သည်။ လူတို့သည် သမ္မာတရားကို လက်မခံလျှင် ထိုစိတ်သဘောထားကို သန့်စင်စေရန် မဖြစ်နိုင်ပေ။ လူအားလုံးသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားများရှိသည်။ ပြီးလျှင် ၎င်းတို့သည် အစဉ်သဖြင့် စိတ်ကြီးဝင်ကြသည်။ မည်သည့်အရာကို စဉ်းစားပါစေ၊ မည်သည့်အရာကို ပြောဆိုပါစေ၊ အမှုအရာများကို မည်သို့မြင်ပါစေ ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် ကိုယ်ပိုင်သဘောထားများက မှန်ကန်သည်၊ အခြားလူများပြောဆိုသည့်အရာက ၎င်းတို့ပြောဆိုသည့်အရာကဲ့သို့ ကောင်းမွန်ခြင်းမရှိ သို့မဟုတ် မှန်ကန်ခြင်းမရှိဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များကို အစဉ် ဖက်တွယ်ထားကြပြီး မည်သူက စကားပြောသည်ဖြစ်စေ နားထောင်မည်မဟုတ်ပေ။ အခြားတစ်စုံတစ်ဦး ပြောသည့်အရာမှာ မှန်ကန်လျှင်ပင်၊ သို့မဟုတ် သမ္မာတရားနှင့် ညီလျှင်ပင် ၎င်းတို့က လက်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့က နားထောင်နေသည့်ပုံစံရှိမည်ဖြစ်သော်လည်း ထိုအယူအဆကို အမှန်တကယ် ခံယူမည်မဟုတ်ပေ။ လုပ်ဆောင်ရမည့်အချိန်ရောက်လျှင် ၎င်းတို့ပြောသည့်အရာက မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်ဟု အစဉ်ထင်မြင်လျက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများအတိုင်း လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။ သင်ပြောသည့်အရာက အမှန်ပင် မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်မှာ ဖြစ်နိုင်သည် သို့မဟုတ် သင်လုပ်ဆောင်ခဲ့သည့်အရာသည် မှန်ကန်ပြီး အမှားကင်းသည်မှာ ဖြစ်နိုင်သည်။ သို့သော်လည်း မည်သည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသခဲ့သနည်း။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းမဟုတ်လော။ သင်သည် ဤမာနထောင်လွှားသော၊ မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မစွန့်ပစ်လျှင် ထိုအရာက သင်၏ တာဝန်ထမ်းဆောင်မှုအပေါ် သက်ရောက်မည်မဟုတ်လော။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ခြင်းအား ထိခိုက်မည်မဟုတ်လော။ သင်၏ မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မဖြေရှင်းလျှင် အနာဂတ်ကာလတွင် သင့်အား အလွန်ကြီးမားသော အခက်အခဲဖြစ်စေမည်မဟုတ်လော။ သင်သည် အသေအချာပင် အလွန်ကြီးမားသော အခက်အခဲများကို တွေ့ကြုံရမည် ဖြစ်သည်။ ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည် လူသား၏ ဤသို့သော အပြုအမူကို မြင်နိုင်သလော။ ဘုရားသခင်က မြင်နိုင်သည်ထက်ပိုသည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအတွင်းနက်နက်နေရာများကို စိစစ်ရုံမကဘဲ အချိန်တိုင်း၊ နေရာတိုင်းတွင် ၎င်းတို့၏ စကားတိုင်း၊ အလုပ်တိုင်းကိုလည်း လေ့လာစောင့်ကြည့်သည်။ ဘုရားသခင်က သင်၏ ဤအပြုအမူကို မြင်သောအခါ မည်သည့်အရာကို ပြောမည်နည်း။ ဘုရားသခင်က ‘သင်သည် စိတ်နှလုံးခိုင်မာသည်။ သင်က မှားယွင်းသည်ကို မသိသောအခါတွင် သင်၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားနိုင်သည်မှာ နားလည်နိုင်ဖွယ်ရှိသော်လည်း သင်သည် မှားယွင်းသည်ကို ရှင်းလင်းစွာသိပြီး သင်၏ အယူအဆများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ နောင်တမရမီ သေလိုက်မည်ဆိုလျှင် သင်သည် ခေါင်းမာသောသူရူးတစ်ယောက်သာဖြစ်ပြီး သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ မည်သူက အကြံပေးသည်ဖြစ်စေ သင်က ထိုအကြံအပေါ် အပျက်သဘောဆောင်သော၊ အတိုက်အခံပြုသော သဘောထားကို အစဉ်ခံယူလျှင်၊ သမ္မာတရားအနည်းငယ်မျှကိုပင် လက်မခံလျှင်၊ သင်၏ စိတ်နှလုံးက လုံးဝပင် အတိုက်အခံဖြစ်ပြီး ပိတ်ထားကာ အရေးမထားဘဲနေလျှင် သင်သည် အလွန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်ဖွယ်ကောင်းသောသူတစ်ယောက်ဖြစ်သည်။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည်’ ဟု ဆိုလိမ့်မည်။ သင်သည် အဘယ်သို့ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသနည်း။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်မှာ အဘယ်ကြောင့်ဆိုသော် သင် ပြသသည့်အရာသည် မှားယွင်းသောနည်းလမ်း၊ သို့မဟုတ် မှားယွင်းသော အပြုအမူမဟုတ်ဘဲ သင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သောကြောင့်ဖြစ်သည်။ မည်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သနည်း။ သမ္မာတရားကို သင် အလွန်အမင်းမနှစ်မြို့သည့် စိတ်သဘောထား၊ သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) “သင်၏ သဘောထားသည် ခေါင်းမာစွာဖြင့် မရမက သမ္မာတရားကို ငြင်းပယ်ခြင်း၊ အခြားမည်သူမဆို၏ အကြံပြုချက်များကို ငြင်းပယ်ခြင်း၊ သမ္မာတရားကို မရှာဖွေခြင်း၊ သင့်ကိုယ်သင်သာ ယုံကြည်မှုရှိခြင်းနှင့် သင်အလိုရှိသည့်အတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်လျှင်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ၊ သို့မဟုတ် တောင်းဆိုသည့်အရာက မည်သည့်အရာဖြစ်စေ ဤသည်မှာ သင်၏ စိတ်သဘောထားဖြစ်လျှင် ဘုရားသခင်၏ တုံ့ပြန်မှုက အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ သင့်ကို ဘေးဖယ်ထားသည်။ သင်သည် တစ်ဇွတ်ထိုး မဖြစ်သလော။ သင်သည် မာနမထောင်လွှားသလော။ သင်သည် မိမိ မှန်ကန်သည်ဟု အစဉ်အမြဲမထင်သလော။ သင်သည် ကျိုးနွံနာခံခြင်းမရှိလျှင်၊ မည်သည့်အခါမျှ မရှာဖွေလျှင်၊ သင်၏ စိတ်နှလုံးသည် လုံးလုံး ပိတ်ထားပြီး ဘုရားသခင်ကို အာခံလျှင် ဘုရားသခင်က သင့်အား အလေးဂရုမပြုပေ။ အဘယ်ကြောင့် ဘုရားသခင်က သင့်အား အလေးဂရုမပြုသနည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်အတွက် ပိတ်ထားလျှင် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် လက်ခံနိုင်သလော။ ဘုရားသခင်က သင့်ကို အပြစ်တင်သောအခါ သင် ခံစားရနိုင်သလော။ လူတို့သည် ခေါင်းမာသောအခါ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝနှင့် အထိန်းအကွပ်မဲ့ ကြမ်းတမ်းမှုတို့သည် ပွင့်ထွက်လာသည့်အခါ ဘုရားသခင်လုပ်ဆောင်သော မည်သည့်အရာကိုမျှ ၎င်းတို့ မခံစားရပေ။ အားလုံးက သက်ရောက်မှုမရှိပေ။ ထို့ကြောင့် ဘုရားသခင်က အသုံးမဝင်သောအလုပ်ကို မလုပ်ဆောင်ပေ။ သင်သည် ဤသို့သော ခေါင်းမာစွာ ဆန့်ကျင်တတ်သည့် သဘောထားမျိုးရှိလျှင် ဘုရားသခင်လုပ်ဆောင်သမျှမှာ သင့်ထံမှ ပုန်းကွယ်ခြင်းသာဖြစ်သည်။ ဘုရားသခင်က မလိုလားအပ်သောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဒီဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ ကျန်းနင် နားလည်ခဲ့တာက၊ သူ တကယ်ကို ခေါင်းမာပြီး တခြားသူတွေရဲ့အကြံပြုချက်တွေကို လုံးဝလက်မခံချင်ခဲ့ဘူးဆိုတာနဲ့၊ သူက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့၊ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာခြင်းနဲ့ မုန်းတီးခြင်းကို ဖြစ်စေတဲ့ စာတန်ဆန်သော စိတ်သဘောထားကို ထုတ်ဖော်ခဲ့တယ်ဆိုတာကိုပါ။ အခု သူ နားလည်ခဲ့တာက သူ့ညီအစ်မတွေရဲ့ မတူညီတဲ့အကြံပြုချက်တွေကို အရင်ဆုံး လက်ခံခဲ့သင့်ပြီး ပြီးမှ သူတို့နဲ့အတူ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေခဲ့သင့်တယ်ဆိုတာပဲ။ ကိုယ့်ရဲ့ချို့ယွင်းချက်တွေကို ရှာတွေ့ရင် ရှာတွေ့နိုင်ခဲ့မယ်၊ သူ့အလုပ်မှာရှိတဲ့ လမ်းလွဲမှုတွေကို လျှော့ချရင် လျှော့ချနိုင်ခဲ့မှာဖြစ်ပြီး၊ နောက်ဆုံးမှာတော့ သူ့အမြင်တွေက မှန်ကန်တယ်လို့ သက်သေပြကောင်းပြနိုင်ခဲ့မှာပါ။ ဒါပေမဲ့ ဒီဖြစ်စဉ်တစ်လျှောက်လုံးမှာ သမ္မာတရားကို လက်ခံတဲ့သဘောထားကို ထိန်းသိမ်းဖို့က အရေးပါတဲ့အချက်ပဲ၊ ဒါက ဘုရားသခင် တန်ဖိုးထားတဲ့အရာလည်း ဖြစ်တယ်။ ထပ်ပြောရရင် စည်းမျဉ်းတွေကို ရှာဖွေပြီး တစ်သဘောတည်းဖြစ်အောင်လုပ်တာကလည်း အလုပ်အတွက် အကျိုးရှိတယ်။ အခု ကျန်းနင် နားလည်လာခဲ့တာက၊ သူ့ညီအစ်မတွေမှာ မတူညီတဲ့အမြင်တွေ၊ ထင်မြင်ချက်တွေ ရှိတဲ့အခါတိုင်း၊ ဒါက သူ့ကို သမ္မာတရားစည်းမျဉ်းတွေ လိုက်စားဖို့ တိုက်တွန်းတဲ့ ဘုရားသခင်ရဲ့ရည်ရွယ်ချက် ပါဝင်တယ်ဆိုတာရယ်၊ သူ့ညီအစ်မတွေက မတူညီတဲ့အမြင်တွေ ဖွင့်ဟတဲ့အခါ ဒါက အတူတကွ ဆွေးနွေးရှာဖွေဖို့၊ လမ်းလွဲမှုတွေကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ရည်ရွယ်ချက်နဲ့ဖြစ်တယ်ဆိုတာနဲ့၊ ဒါက အသင်းတော်အလုပ်ကို ကာကွယ်ဖို့ လုပ်တာဖြစ်တယ်ဆိုတာရယ်ကိုပါ။ သူက ဒီအရာတွေကို လက်ခံပြီး နာခံသင့်တယ်ဆိုတာ နားလည်ခဲ့တယ်။ ဒါပေမဲ့ သူက သူ့ညီအစ်မတွေရဲ့ သတိပေးချက်တွေကို ဘယ်တော့မှ အလေးမထားခဲ့ဘူး၊ သူတို့မှာ မတူညီတဲ့အမြင်တွေ ရှိရင်တောင် သူတို့က စည်းမျဉ်းတွေ၊ ဒါမှမဟုတ် နည်းစနစ်တွေကို နားလည်မှုမရှိလို့ပဲလို့ ထင်ပြီး၊ သူ့ရဲ့ကိုယ်ပိုင်အမြင်ကို လက်ခံအောင် ဖိအားပေးခဲ့တယ်။ ဒါက သူ့ညီအစ်မတွေကို ဘောင်ခတ်ခံရသလို ခံစားစေခဲ့ရုံတင်မကဘဲ အလုပ်ကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ အပြင်ပန်းမှာတော့ ကျန်းနင်က တခြားသူတွေရဲ့အကြံပြုချက်တွေကို လက်မခံဘဲ သူတို့နဲ့ ငြင်းခုံနေသလိုမျိုး ထင်ရပေမဲ့၊ တကယ်တမ်းမှာတော့ သူက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့ စိတ်သဘောထားနဲ့၊ အပြုသဘောဆောင်တဲ့အရာတွေအပေါ် ရန်လိုမုန်းတီးပြီး အတိုက်အခံလုပ်တဲ့စိတ်ကို ထုတ်ဖော်နေခဲ့တာဖြစ်ပါတယ်။ သမ္မာတရားအပေါ်ထားတဲ့ ဒီသဘောထားကို ဘုရားသခင်က စက်ဆုပ်ရွံရှာတယ်ဆိုတာ၊ ဒီနည်းနဲ့ တာဝန်ထမ်းဆောင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို သူ မရနိုင်ဘူးဆိုတာ၊ သူ့ကိုယ်ပိုင်အခြေအနေကိုတောင် သူ နားမလည်နိုင်ဘူးဆိုတာကို ကျန်းနင် နားလည်ခဲ့တယ်။ သူက အတိုင်းအတာတစ်ခုအထိ ထုံနေခဲ့ပြီ။ သူ့ကို ဖြုတ်ချတာကြောင့်သာ မဟုတ်ရင်၊ သူ နိုးထလာဦးမှာမဟုတ်သလို သမ္မာတရားကို လိုက်စားပြီး သူ့ရဲ့မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဖြေရှင်းနိုင်မှာလည်း မဟုတ်ဘူး။ ဒီအရာတွေကို သဘောပေါက်တော့ ကျန်းနင်က သူ့ကို အချိန်မီ ကယ်တင်ခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်စိတ်နဲ့ ပြည့်နေခဲ့တယ်။
နောက်ပိုင်းမှာ ကျန်းနင်က သူ ဘာလို့ အမြဲတမ်း ဒီလောက်မာနကြီးခဲ့ရသလဲဆိုတာကို ဆင်ခြင်သုံးသပ်ခဲ့တယ်။ တစ်နေ့မှာ သူ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “သင် မည်မျှ ပညာတတ်ပါစေ၊ မည်သည့် ဆုများကို သင် ရရှိပြီးဖြစ်ပါစေ၊ သင် မည်သည့်အရာကို စွမ်းဆောင်ရရှိပြီးဖြစ်ပါစေ၊ သင်၏ အဆင့်အတန်းနှင့် ရာထူးတို့ မည်မျှမြင့်မားနိုင်ပါစေ ဤအရာများအားလုံးကို သင်လက်လွှတ်ရမည်။ သူတစ်ပါးကို အထက်စီးမှ မဆက်ဆံရချေ။ ဤအရာအားလုံးသည် အချည်းနှီးအဖြစ် မှတ်ယူ၍ ရပေသည်။ ဘုရားအိမ်တော်တွင် ဤဂုဏ်အသရေတို့ မည်မျှကြီးမားပါစေ ဤအပေါ်ယံအရာများသည် သမ္မာတရား မဟုတ်သည့်အတွက် သမ္မာတရားထက် မမြင့်မားနိုင်သလို၊ သမ္မာတရား၏နေရာကို မယူနိုင်ချေ။ ဤကိစ္စနှင့်ပတ်သက်၍ သင် ရှင်းလင်းရမည် ဖြစ်သည်။ သင်က ‘ကျွန်ုပ်သည် အလွန် အထုံပါရမီရှိသည်၊ ကျွန်ုပ်၌ အလွန်ထက်မြက်သည့်ဉာဏ် ရှိသည်၊ ကျွန်ုပ်၏ တုံ့ပြန်မှုသည် အလွန်မြန်သည်၊ ကျွန်ုပ်သည် မြန်မြန်ဆန်ဆန် သင်ယူနိုင်သူတစ်ဦး ဖြစ်ပြီး ပြီးလျှင် ကျွန်ုပ်၌ အလွန့်အလွန်ကောင်းသော မှတ်ဉာဏ် ရှိသောကြောင့် အဆုံးသတ် ဆုံးဖြတ်ချက်ချဖို့ ကျွန်ုပ် အရည်အချင်းပြည့်မီသည်’ဟု ပြောလျှင်၊ ဤအရာများကို အရင်းနှီးအဖြစ် သင် အစဉ် အသုံးပြုပြီး ယင်းတို့ကို တန်ဖိုးရှိသော၊ အပြုသဘောဆောင်သော အရာများအဖြစ် မြင်ပါက ဤသည်မှာ ပြဿနာဖြစ်သည်။ သင်၏စိတ်နှလုံးကို ဤအရာများက နေရာယူပါက၊ ယင်းတို့သည် သင်၏စိတ်နှလုံးထဲ အမြစ်တွယ်ပြီး ဖြစ်ပါက သင့်အတွက် သမ္မာတရားကို လက်ခံဖို့ ခက်ခဲလိမ့်မည်ဖြစ်ပြီး ယင်း၏ အကျိုးဆက်များမှာ မတွေးရက်စရာဖြစ်သည်။ ထို့ကြောင့် သင်ချစ်သည့်၊ ကောင်းပုံရသည့်၊ သင့်အတွက် အဖိုးတန်သည့် ထိုအရာများကို ဦးစွာချပြီး ငြင်းပယ်ရမည်။ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ သင့်ကို ပိတ်ဆို့နိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ကျန်နင်း တွေ့ခဲ့တာက၊ လူတစ်ယောက်မှာ ဘယ်လောက်ပဲ ဆုကျေးဇူးတွေ ရှိရှိ၊ အဲဒါတွေက သမ္မာတရားမဟုတ်သလို၊ သမ္မာတရားကို အစားထိုးလို့လည်း မရဘူးလို့ ပြောထားတာကိုပါ။ လူတစ်ယောက်က သူ့ဆုကျေးဇူးတွေကိုပဲ အားကိုးပြီး သမ္မာတရားကို မရှာဖွေရင် ကိုယ့်တာဝန်တွေကို ကောင်းကောင်းမထမ်းဆောင်နိုင်ဘူး၊ လူတစ်ယောက်က သူ့ဆုကျေးဇူးတွေကို အလွန်အကျွံ အရေးကြီးတယ်လို့ သတ်မှတ်ရင်၊ ဒါက တကယ်တော့ သမ္မာတရားကို ရှာဖွေခြင်းနဲ့ လက်ခံခြင်းကို ဟန့်တားနိုင်တယ်။ ကျန်းနင်က သူ့ပြဿနာတွေရဲ့ အရင်းအမြစ်ဟာ၊ အဲဒါက ဉာဏ်ရည်၊ ဆုကျေးဇူးတွေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို အလွန်အကျွံ အရေးကြီးတယ်လို့ သတ်မှတ်ခဲ့တာဖြစ်တယ်လို့ ရှာတွေ့ခဲ့တယ်။ သူ တာဝန်အသစ်တစ်ခုနဲ့ ကြုံတွေ့ရတိုင်း၊ သူက အတတ်ပညာနဲ့ နည်းစနစ်ပိုင်းဆိုင်ရာကဏ္ဍတွေကို မြန်မြန်ဆန်ဆန် နားလည်ခဲ့ပြီး၊ သူက ဉာဏ်ကောင်းတယ်၊ တခြားသူတွေထက် ပိုတော်တယ်လို့ ထင်ခဲ့တယ်၊ ဒီကနေပဲ သူ့တာဝန်မှာ သူများထက်သာတယ်ဆိုတဲ့စိတ်ကို သူ ရရှိခဲ့တာ။ သူနဲ့ သူ့ညီအစ်မတွေ ပန်းချီစတိုင်လ်အသစ်တစ်ခုကို ကြိုးစားခဲ့တုန်းကလိုပေါ့၊ အစပိုင်းမှာ သူတို့အားလုံး ဒါကို ခက်ခဲတယ်လို့ ထင်ခဲ့ပေမဲ့ ကျန်းနင်က မြန်မြန်ဆန်ဆန် ကျွမ်းကျင်သွားပြီး လက်ရာတော်တော်များများကို ဖန်တီးနိုင်ခဲ့တယ်၊ အဲဒါက သူ့ညီအစ်မတွေအပေါ် သူများထက်သာတယ်ဆိုတဲ့စိတ်ကို သူ့ထဲမှာ သွတ်သွင်းပေးခဲ့ပြီး၊ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုတစ်လျှောက်လုံးမှာ သူတို့ကို အထင်သေးစေခဲ့တယ်၊ သူတို့ရဲ့အမြင်တွေနဲ့ အကြံပြုချက်တွေက တန်ဖိုးမရှိသလိုမျိုး ခံစားစေခဲ့ပြီး၊ သူတို့နဲ့ လုံးဝ ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိအောင် လုပ်ခဲ့တယ်။ ဒီရှုံးနိမ့်မှုက ကျန်းနင်ကို သဘောပေါက်စေခဲ့တာက၊ သူ့ရဲ့စူးရှတဲ့ဉာဏ်ရည်က သူ့ကို အတတ်ပညာတစ်ခု ဒါမှမဟုတ် နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို ပိုကောင်းကောင်း၊ ပိုမြန်မြန် သင်ယူနိုင်အောင်ပဲ ကူညီပေးနိုင်တယ်ဆိုတာနဲ့၊ ဒါပေမဲ့ ဘုရားသခင်အိမ်တော်မှာတော့ တာဝန်တိုင်းက သမ္မာတရားနဲ့ ဘုရားသခင်အတွက် သက်သေခံခြင်းတို့ ပါဝင်တယ်ဆိုတာကိုပေါ့။ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ခြင်းဟာ လူတစ်ယောက်မှာ စူးရှတဲ့စိတ် ဒါမှမဟုတ် ဆုကျေးဇူးတွေ ရှိမရှိအပေါ်မှာ မမူတည်ဘူး၊ အတတ်ပညာ ဒါမှမဟုတ် နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေအပေါ်မှာလည်း မမူတည်ဘူး။ အရေးကြီးဆုံးအချက်က လူတစ်ယောက်က သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေနိုင်သလား၊ ဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေနဲ့ တောင်းဆိုချက်တွေနဲ့အညီ ပြုမူနိုင်သလားဆိုတာပဲ။ ဒီအရာတွေက အရေးအကြီးဆုံးပဲ။ ကျန်းနင်က သူ ကျွမ်းကျင်မှုအသစ်တွေကို စတင်သင်ယူခဲ့တဲ့အချိန်ကို ပြန်စဉ်းစားမိတယ်။ သူ နားလည်တာ အရမ်းနည်းတယ်ဆိုတာ သူသိခဲ့တယ်၊ ဒါကြောင့် သူ့တာဝန်မှာ သူက နှိမ့်ချပြီး ရှာဖွေတဲ့စိတ်နှလုံးရှိခဲ့တယ်။ သူက တခြားသူတွေရဲ့အမြင်တွေကို လက်ခံပြီး ရှာဖွေနိုင်ခဲ့တယ်၊ အဲဒီဖြစ်စဉ်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို သူ ရရှိနိုင်ခဲ့ပြီး၊ သူ့တာဝန်ကလည်း အကျိုးရလဒ်တချို့ ရရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ အရာရာကို သင်ယူပြီးပြီလို့ ထင်ပြီး၊ သူက ပိုပိုပြီး မာနကြီးလာပြီး လူတိုင်းကို အထင်သေးခဲ့တယ်။ သူ့ရဲ့ဒီသဘောထားက ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေခဲ့ပြီး သူက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို မရနိုင်ခဲ့ဘူး။ သူ့တာဝန်မှာလည်း လမ်းလွဲမှုတွေ အများကြီးရှိခဲ့တယ်။ လူတစ်ယောက်က တာဝန်တစ်ခုကို ကောင်းကောင်းထမ်းဆောင်နိုင်သလားဆိုတာက သူ့ရဲ့ဉာဏ်ရည်နဲ့ ဆုကျေးဇူးတွေနဲ့ သိပ်မသက်ဆိုင်ဘူးဆိုတာနဲ့၊ ဆုကျေးဇူးတွေက လူတွေ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ ကိရိယာတစ်ခုသက်သက်ပဲဆိုတာကို သူ နောက်ဆုံးမှာ သဘောပေါက်ခဲ့တယ်။ လူတစ်ယောက်မှာ ဆုကျေးဇူးတွေ မရှိရင်တောင်၊ သူက သမ္မာတရားကို ရှာဖွေပြီး တခြားသူတွေနဲ့ သဟဇာတရှိရှိ ပူးပေါင်းလုပ်ဆောင်ဖို့ အာရုံစိုက်နိုင်ရင်၊ သူ့တာဝန်က အကျိုးရလဒ်တချို့ ထွက်ပေါ်လာမှာပဲ။ ကျန်းနင်က သူ အတူတူအလုပ်လုပ်ခဲ့တဲ့ ညီအစ်မနှစ်ယောက်ကို အမြဲတမ်း အထင်သေးခဲ့တယ်၊ ဒါပေမဲ့ အခု သူ တွေ့တာက၊ သူတို့မှာ ကြီးမားတဲ့ဆုကျေးဇူးတွေ မရှိပေမဲ့၊ သူတို့နှစ်ယောက်လုံးက တခြားသူတွေရဲ့အကြံပြုချက်တွေအပေါ် အခြေခံပြီး သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေနိုင်ကြတယ်။ သမ္မာတရားကို လက်ခံပြီး ရှာဖွေတဲ့ ဒီသဘောထားက သူ့ရဲ့ကိုယ်ပိုင်သဘောထားထက် အများကြီး ပိုကောင်းနေခဲ့တယ်။ နောက်ဆုံးမှာတော့၊ တာဝန်တစ်ခုကို ကောင်းကောင်းဖြည့်ဆည်းဖို့အတွက်၊ သမ္မာတရားကို ရှာဖွေပြီး လက်ခံဖို့၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး ခေါင်းမာမှုကင်းမဲ့ဖို့က အရေးကြီးဆုံးပဲဆိုတာကို သူ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့တယ်။
နောက်ပိုင်းမှာ ကျန်းနင်က ထပ်ပြီး ရှာဖွေခဲ့တာက၊ သူ့တာဝန်မှာ တခြားသူတွေနဲ့ ဘယ်လို အတိအကျ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်သင့်သလဲကိုပါ။ သူ ဘုရားသခင်နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “တစ်စုံတစ်ရာ သင့်အပေါ်သို့ ကျရောက်သောအခါ မိမိကိုယ်ကိုအမှန်ဟု မထင်မြင်ရပေ။ သင်သည် ဘုရားရှေ့တွင် မိမိကိုယ်ကို ငြိမ်သက်စေပြီး သင်ခန်းစာယူရမည်။ ပို၍ သင်ယူရန်အတွက် သင့်ကိုယ်သင် စွန့်လွှတ်နိုင်ရမည်။ သင်က ‘ငါသည် ဤနေရာတွင် သင်တို့ထက်ပို၍ ကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် ငါသည် ဦးဆောင်သင့်သည်။ သင်တို့အားလုံးက ငါ့အား နားထောင်သင့်သည်’ ဟု ထင်မြင်လျှင် ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုးဖြစ်သနည်း။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်ပြီး သာမန်လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင်ရှိသော အရာတစ်ခုမဟုတ်ပေ။...ဤသို့ဆိုလျှင် ပြုမူဆောင်ရွက်ရန် မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်နိုင်သနည်း။ သင်၏ အယူအဆများကို ဖွင့်ချပြပြီး ၎င်းတို့တွင် ပြဿနာတစ်ခုခုရှိမရှိကို လူတိုင်းအား မြင်စေခြင်းဖြစ်သည်။ လူတစ်ယောက်က အကြံတစ်ခုပေးလျှင် သင်သည် ရှေးဦးစွာ ထိုအကြံကိုလက်ခံရမည်။ ပြီးနောက်တွင် မှန်ကန်သော လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းကို လူတိုင်းအား အတည်ပြုစေရမည်။ ထိုအရာနှင့်ပတ်သက်၍ မည်သူကမျှ မည်သည့်ပြဿနာမျှမရှိလျှင် အသင့်လျော်ဆုံးနည်းလမ်းကို သင် ဆုံးဖြတ်ပြီး ထိုနည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည်။ ပြဿနာတစ်ခုကို ရှာတွေ့လျှင် လူတိုင်း၏ ထင်မြင်ချက်များကို တောင်းခံရမည်။ သင်တို့အားလုံးသည် သမ္မာတရားကို ရှာဖွေသင့်ပြီး အတူတကွ မိတ်သဟာယပြုသင့်သည်။ ဤနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးက အလင်းပေးခြင်းခံရပြီး၊ ပို၍ ကောင်းမွန်သော လမ်းကြောင်းရှိသောအခါ သင်ရရှိသည့် ရလဒ်များသည် ယခင်ကထက် ပို၍ ကောင်းလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းပြမှုမဟုတ်လော။ ယင်းသည် အလွန်ကောင်းသော အရာပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်ထင်မြင်ခြင်းအား ရှောင်ကြဉ်နိုင်လျှင်၊ သင်၏ စိတ်ကူးထင်မြင်မှုများ၊ အယူအဆများကို လက်လွှတ်နိုင်လျှင်၊ အခြားလူများ၏ မှန်ကန်သော ထင်မြင်ချက်များကို နားထောင်နိုင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် လက်ခံရရှိနိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးသည် အလင်းပေးခြင်းခံရမည်ဖြစ်ပြီး မှန်ကန်သော လမ်းကြောင်းကို ရှာတွေ့နိုင်လိမ့်မည်။ ရှေ့ဆက်ရမည့် လမ်းကြောင်းရှိလိမ့်မည်ဖြစ်ပြီး၊ ထိုအရာကို သင် လက်တွေ့လုပ်ဆောင်သောအခါ သေချာပေါက် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံမှတစ်ဆင့် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလာလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ထိုအလုပ်နယ်ပယ်နှင့်ပတ်သက်ပြီး အသစ်ဖြစ်သောအရာတစ်ခုကို သိလာလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာတစ်ခုမဟုတ်လော။ သင့်ထံ အမှုအရာများ ဖြစ်ပျက်သောအခါ မိမိကိုယ်ကို အမှန်ထင်မြင်မှုမရှိရသကဲ့သို့၊ သမ္မာတရားကို ရှာဖွေရမည်ကိုလည်းကောင်း၊ သင်က မိမိကိုယ်ကို အမှန်ထင်မြင်ပြီး သမ္မာတရားကို လက်မခံလျှင် လူတိုင်းက သင့်အား နှစ်သက်လိမ့်မည်မဟုတ်ဘဲ ဘုရားသခင်ကလည်း သင့်ကို သေချာပေါက် ရွံရှာလိမ့်မည်ကိုလည်းကောင်း ဤအရာမှတစ်ဆင့် သင် သဘောပေါက်လိမ့်မည်။ ဤသည်မှာ ရရှိသော သင်ခန်းစာတစ်ခုမဟုတ်လော။ သင်သည် အစဉ်သဖြင့် ဤသို့ လိုက်စားပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်လျှင် သင်၏တာဝန်တွင် သင်အသုံးပြုသော အတတ်ပညာပိုင်း ကျွမ်းကျင်မှုများကို ပို၍ တိုးတက်စေလျက်ရှိမည်ဖြစ်ပြီး သင်၏တာဝန်တွင် ရလဒ်များ ပိုပို၍ ကောင်းလာလိမ့်မည်။ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး ကောင်းချီးပေးလိမ့်မည်။ သင့်အား ပို၍ပင် အကျိုးရရှိစေလိမ့်မည်။ ဤအရာတို့အပြင် သင်သည် သမ္မာတရားအား လိုက်စားခြင်းအတွက် လမ်းကြောင်းရှိလိမ့်မည်။ သမ္မာတရားအား မည်သို့လိုက်စားရမည်ကို သင်သိသောအခါ စည်းမျဉ်းများကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက်လိမ့်မည်။ မည်သည့်လုပ်ရပ်များက ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို ရရှိစေမည်ကိုလည်းကောင်း၊ မည်သည့်အရာက ဘုရားသခင်၏ စက်ဆုပ်မှုနှင့် အရေးမထားခြင်းကို ရရှိစေမည်ကိုလည်းကောင်း၊ မည်သည့်အရာက ဘုရားသခင်၏ လက်ခံမှုနှင့် ကောင်းချီးများကို ရရှိစေမည်ကိုလည်းကောင်း သင်သိသောအခါတွင် ရှေ့ဆက်ရန် လမ်းကြောင်းတစ်ခုရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ သူက သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ စည်းမျဉ်းတွေကို နားလည်လာခဲ့တယ်။ ကိုယ့်တာဝန်မှာ တခြားသူတွေက မတူညီတဲ့အကြံပြုချက်တွေ တင်ပြလာရင်၊ သူတို့က အတတ်ပညာပိုင်းဆိုင်ရာကိစ္စတွေကို နားလည်တာဖြစ်ဖြစ်၊ နားမလည်တာဖြစ်ဖြစ်၊ လူတစ်ယောက်မှာ သမ္မာတရားကို လက်ခံပြီး ရှာဖွေတဲ့သဘောထားရှိရမယ်၊ သူတို့ရဲ့အကြံပြုချက်တွေကို အရင်ဆုံး လက်ခံခြင်းနဲ့ စတင်ရမယ်၊ အဲဒါတွေကို မျက်စိမှိတ်ပြီး အလွယ်တကူ မလိုက်နာရဘူး။ ပြီးတော့ စည်းမျဉ်းတွေက ဘာပြောထားသလဲဆိုတာကို ကြည့်ပြီး လမ်းကြောင်းကို ဆုံးဖြတ်ဖို့ သမ္မာတရားစည်းမျဉ်းတွေကို အသုံးပြုရမယ်။ နောက်ပိုင်းမှာ ကျန်းနင်က ကံကောင်းထောက်မပြီး သူ့ရဲ့ဒီဇိုင်းတာဝန်ကို ပြန်ရောက်သွားခဲ့တယ်။ သူ ဘုရားသခင်ကို အရမ်းကျေးဇူးတင်ခဲ့ပြီး ဒီတစ်ခါတော့ တခြားသူတွေနဲ့ သဟဇာတရှိရှိ အလုပ်လုပ်ချင်ခဲ့တယ်။
တစ်နေ့မှာ ရှောက်ယိက သူ့ပန်းချီကားကို စစ်ဆေးပြီး သူ့ရဲ့ အထားအသိုအခင်းအကျင်းမှာ ရှိတဲ့ ပြဿနာတချို့ကို ထောက်ပြခဲ့တယ်။ ဒီစကားကိုကြားတော့ ကျန်းနင်က သူ့ညီအစ်မက သူ့ရည်ရွယ်ချက်တွေကို နားမလည်ဘူးလို့ ခံစားခဲ့ရတယ်၊ သူက လက်ရာကောင်းတချို့ကိုလည်း ကိုးကားခဲ့တာဖြစ်လို့ သူ့အထားအသိုအခင်းအကျင်းက သင့်တော်သင့်တယ်လို့ ခံစားမိခဲ့တယ်။ သူ ဒီအကြောင်းကို စဉ်းစားလေလေ၊ ရှောက်ယိက အရမ်းဇီဇာကြောင်ပြီး စည်းမျဉ်းတွေကို တရားသေစွဲလွန်းတယ်လို့ ပိုပြီးခံစားရလေပဲ၊ ဒါကြောင့် သူက သူ့စိတ်ကူးကို နောက်တစ်ခေါက် ထပ်ပြီးပြောခဲ့တယ်။ ဒါပေမဲ့ သူ ဒီလိုပြောပြီးတဲ့နောက်မှာ ရှောက်ယိက ပြောခဲ့တယ်၊ “နင့်စိတ်ကူးကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ ဒီအထားအသိုအခင်းအကျင်းမှာ ပြဿနာတချို့ရှိနေတယ်လို့ ငါ တကယ်ထင်တယ်။ ပိုသင့်တော်တဲ့ ဖြေရှင်းနည်းတစ်ခု ရှိမရှိ နင် စဉ်းစားလို့ရတယ်”ဆိုပြီးတော့ပေါ့။ ရှောက်ယိ ဒီလိုပြောတာကိုကြားတော့ ကျန်းနင်က ရုတ်တရက် သဘောပေါက်သွားတယ်၊ သူ့အမြင်ကို အထပ်ထပ်အခါခါ အလေးပေးပြောနေတာက သူ့ညီအစ်မကို သူမှန်ကြောင်း သက်သေပြဖို့အတွက်ပဲ ဖြစ်နေတယ်ဆိုတာကိုပေါ့။ သူက သူ့ညီအစ်မရဲ့အကြံပြုချက်ကို အလေးအနက်မစဉ်းစားဘဲ သူမှန်တယ်လို့ပဲ ထင်ခဲ့တယ်။ သူက ခေါင်းမာနေသေးတာပဲဖြစ်ပြီး တခြားသူတွေရဲ့အကြံပြုချက်တွေကို လုံးဝလက်မခံဘဲ နေတုန်းပဲ မဟုတ်ဘူးလား။ ကျန်းနင် နည်းနည်း နောင်တရသွားပြီး သူက မာနထောင်လွှားတဲ့ စိတ်သဘောထားကို ထပ်ပြီးထုတ်ဖော်နေမှန်း သဘောပေါက်ခဲ့တယ်။ သူ လက်တွေ့လုပ်ဆောင်ခြင်းစည်းမျဉ်းအကြောင်း တွေးမိတယ်၊ မတူညီတဲ့အမြင်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အရင်ဘေးဖယ်ထားရမယ်၊ တခြားသူတွေရဲ့အမြင်တွေ မှန်ကန်ရဲ့လား၊ စည်းမျဉ်းတွေနဲ့ ကိုက်ညီရဲ့လားဆိုတာကို သေချာစဉ်းစားရမယ် ဆိုတာကိုပေါ့။ သူ စိတ်တည်ငြိမ်ပြီး ကိစ္စတွေကို စဉ်းစားတဲ့အခါ၊ သူ့ရဲ့ အထားအသိုအခင်းအကျင်းမှာ ပြဿနာတချို့ တကယ်ရှိနေမှန်း သူ တွေ့ခဲ့ရတယ်။ အဲဒီနောက်မှာ ကျန်းနင်က သူ မသေချာတဲ့အပိုင်းတွေအကြောင်း သူ့ကြီးကြပ်ရေးမှူးဆီကို သွားတောင်းခံခဲ့တယ်၊ သူ့ကြီးကြပ်ရေးမှူးက သက်ဆိုင်ရာစည်းမျဉ်းတွေကို သူ့ကို မိတ်သဟာယဖွဲ့ပေးခဲ့ပြီး၊ သူ့ရဲ့ပြင်ဆင်မှုတွေကို လုပ်ဆောင်ဖို့ ပိုပြီးရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုကို သူ ရရှိခဲ့တယ်။ ဒီနောက်မှာ သူ အရမ်းဝမ်းသာသွားတယ်။ ဒီတစ်ခါ သူခေါင်းမမာခဲ့တာ တော်သေးတာပေါ့၊ မဟုတ်ရင် လမ်းလွဲမှုတွေ ဖြစ်ခဲ့မှာပဲ။ ဒါက သူ့ကို ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ သမ္မာတရားကို လက်ခံတဲ့သဘောထားက ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာ သိမြင်စေခဲ့တယ်၊ လူတစ်ယောက်က ဘယ်လောက်ပဲ မှန်တယ်၊ သေချာတယ်လို့ ခံစားရပါစေ၊ တခြားသူတွေမှာ မတူညီတဲ့အမြင်တွေ ရှိတဲ့အခါ၊ ကိုယ့်အမြင်တွေကို အရင်ဆုံး ဘေးဖယ်ထားပြီး ကိစ္စတွေကို စဉ်းစား၊ ရှာဖွေရမယ်ဆိုတာကို သိမြင်စေခဲ့တယ်။ ဒါက ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က လူတစ်ယောက်ရဲ့ပြဿနာတွေကို ဖော်ထုတ်ဖို့ လမ်းပြချက်အနေနဲ့ တခြားသူတွေကို အသုံးပြုနေတာ ဖြစ်နိုင်ခြေအရမ်းများလို့ပဲ။ သမ္မာတရားကို လက်ခံတဲ့သဘောထားက လူတစ်ယောက်ကို လမ်းလွဲမှုတွေအများကြီး ရှောင်ရှားနိုင်အောင် ကူညီပေးနိုင်တယ်ဆိုတာ ကျန်းနင် တွေ့ရှိခဲ့တယ်။ ရှေ့ဆက်ပြီး သူ့တာဝန်မှာ ကျန်းနင်က တခြားသူတွေရဲ့အကြံပြုချက်တွေကို သတိရှိရှိ လက်ခံခဲ့တယ်၊ သူ အကျိုးအများကြီး ရရှိခဲ့တယ်လို့ ခံစားခဲ့ရသလို သူ့ညီအစ်ကိုမောင်နှမတွေနဲ့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ခံစားခဲ့ရတယ်။ သူ့ရဲ့စိတ်နှလုံးက ဘုရားသခင်ကို ကျေးဇူးတင်စိတ်နဲ့ ပြည့်နေခဲ့တယ်။