ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၁)

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များမှ အချက်ကိုးဖြစ်သည့် “ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး ဆက်လက်စောင့်ကြည့်လော့”ဟူသည်ကို မိတ်သဟာယဖွဲ့ခဲ့သည်။ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းရမည့် တာဝန်ဝတ္တရားများနှင့် ၎င်းတို့ လုပ်ဆောင်ရမည့် အလုပ်အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်များ၏ အပြုအမူ အနည်းငယ်ကိုလည်း စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်တစ်ခုစီကို မည်သို့ အကောင်အထည်ဖော်ရမည်ဟူသည့် အသေးစိတ်အချက်အလက်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယမဖွဲ့ခဲ့သော်လည်း၊ ထိုအစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအတွက် စည်းမျဉ်းများ၏ အသေးစိတ် အချက်အလက်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အရာကိုပါ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ အချက်ကိုးနှင့်ပတ်သက်သည့် ငါတို့၏ မိတ်သဟာယမှတစ်ဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်နှင့်ဆိုင်သည့် ပို၍ တိကျပြီး မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို သင်တို့ ရရှိပြီးပြီလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ ယခု ရှင်းလင်းသွားပြီလော။ ၎င်းတို့အတွက် အဓိကအရာမှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သူ့အိမ်တော်၏ အလုပ်အစီအစဉ်များအတိုင်း အလုပ်ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။ အခြေခံအားဖြင့် ထိုသို့ ဖြစ်သည်။ ယခု ငါတို့အားလုံး ရှင်းလင်းသွားပြီဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ဘုရားအိမ်တော်၌ မည်သည့်အလုပ်ကို လုပ်ဆောင်ရမည်ဟူသည်နှင့် ၎င်းတို့၏ တာဝန်ဝတ္တရားများမှာ အဘယ်အရာဖြစ်သည်ဟူသည်တို့ကို အချက်ကိုးအတွင်း၌ အတော်လေး တိတိကျကျ မိတ်သဟာယဖွဲ့ပြီးဖြစ်သင့်သည်။ ယင်းမှာ အခြေခံအားဖြင့် ပြည့်စုံသည်။ ၎င်းတို့ တာဝန်ဝတ္တရားများ၏ နယ်ပယ်ကို ဘောင်ခတ်ထားပြီးဖြစ်သည့်အပြင်၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်နှင့် မည်သို့လုပ်ဆောင်သင့်သည်ဟူသည်တို့ကိုလည်း ရှင်းလင်းစွာ ဖော်ပြထားသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ယခုအခါ ရှင်းလင်းစွာ ဖော်ပြထားပြီးသဖြင့် လက်တွေ့ကျသော အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိသေးပါက ယင်းမှာ ၎င်းတို့ ညံ့ဖျင်းသော အစွမ်းအစရှိသည့် ပြဿနာဖြစ်သည်။ ၎င်းတို့သည် အလုပ်မလုပ်ဆောင်နိုင်သည့် အယောင်ဆောင်ခေါင်းဆောင်မျိုး ဖြစ်သည်။ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများဖြင့်သာ အလုပ်ကို စီစဉ်ပြီး လူတို့ကို ဖြစ်ကတတ်ဆန်း အသုံးပြုသဖြင့် လုပ်ငန်းဆောင်ရွက်သူများလွန်းသည့် အခြေအနေကို ဖြစ်ပေါ်စေသည့် နောက်ထပ်အယောင်ဆောင်ခေါင်းဆောင်တစ်မျိုးလည်း ရှိသည်။ အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ထားသည်သာမက ရှေ့ဆက်လုပ်ဆောင်ရမည့် နည်းလမ်းမရှိအောင်ဖြစ်စေလျက် လုံးဝ ကမောက်ကမဖြစ်စေကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် စစ်မှန်သော အလုပ်ကို လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ အလုပ်အစီအစဉ်များကို မည်သည့်အခါမျှ အကောင်အထည်ဖော်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့နှစ်သက်သည့် အလုပ်ကိုသာ လုပ်ဆောင်ကြပြီး အထွေထွေကိစ္စရပ်များနှင့်ဆိုင်သည့် အလုပ်ကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့ အလုပ်လုပ်သည့်အခါ အမိန့်များ ထုတ်ပြန်ရန်နှင့် အနှစ်သာရမရှိသော ပေါ်ပင်စကားများနှင့် အယူဝါဒများကို ဟစ်ကြွေးရန်သာ သိကြသည်။ ၎င်းတို့သည် အလုပ်ကို နောက်ဆက်တွဲ လုံးဝ လုပ်ဆောင်ခြင်း မရှိသည့်အပြင်၊ အကျိုးသက်ရောက်မှု ရှိမရှိကိုလည်း ဂရုမစိုက်ကြပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်မျိုး ဖြစ်သည်။ တိုတိုပြောရလျှင် တစ်စုံတစ်ဦးသည် ခေါင်းဆောင်တစ်ဦးအနေဖြင့် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်သည်ဖြစ်စေ၊ စစ်မှန်သော အလုပ်ကို မလုပ်ဆောင်သည်ဖြစ်စေ၊ မည်သို့သောအခြေအနေများပင် ဖြစ်နိုင်ပါစေ၊ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းနိုင်ပါက သို့မဟုတ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့်ဆိုင်သည့် အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ ပြီးလျှင် ဘုရားအိမ်တော်က စီစဉ်သည့် အမျိုးမျိုးသော အလုပ်အပိုင်းများကို အကောင်အထည်ဖော်ရန် မစီမံနိုင်ပါက ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ယခုအခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား ကိုးချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းနှင့် အယောင်ဆောင်ခေါင်းဆောင်များ ပေါ်လွင်ထင်ရှားသည့် အမျိုးမျိုးသော နည်းလမ်းများကို ငါတို့၏ ဖော်ထုတ်ခြင်းမှတစ်ဆင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအား မည်သို့ဖြည့်ဆည်းရမည်ဟူသည့် အခြေခံကျသော အသိပညာနှင့် နားလည်မှုအချို့ကို သင်တို့ ရရှိပြီးပြီလော။ (ရရှိပြီးပါပြီ။) သို့ဆိုလျှင် ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်ရန် လွယ်ကူသည်ဟု သင်တို့ မြင်ကြသလော။ လူအပေါ် သတ်မှတ်ချက်များက မြင့်မားသလော။ ယင်းတို့သည် လွန်ကဲသလော။ (မလွန်ကဲပါ၊ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့ ဖြည့်ဆည်းနိုင်သည့် သတ်မှတ်ချက်များသာ ဖြစ်ပါသည်။) “ဘုရားအိမ်တော်က ကျွန်ုပ်တို့ကို လုပ်ဆောင်ရန် တောင်းဆိုသည့် အလုပ်ကိစ္စများနှင့် အမျိုးအစားများ အလွန်များပြားလှသည်။ ခေါင်းဆောင်တစ်ဦး ရာထူးပိုမြင့်လေ၊ သူ့အလုပ်၏ နယ်ပယ်က ပို၍ကြီးမားလေဖြစ်ပြီး သူတာဝန်ယူရသည့် အလုပ်ကိစ္စများက ပို၍များပြားလေ ဖြစ်သည်။ အထက်၏ သတ်မှတ်ချက်များအတိုင်း ထိုအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး အကောင်အထည်ဖော်သည်ကို မြင်ရရန်အတွက် ကျွန်ုပ်တို့ ပင်ပန်းပြီး သေသွားလိမ့်မည် မဟုတ်လော” ဟု ပြောဆိုသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှိသလော။ လက်ဆုပ်လက်ကိုင်ပြနိုင်သော အလုပ်အားလုံးကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သည့်အတွက်၊ အလုပ်ကိစ္စတိုင်းကို အကောင်အထည်ဖော်သင့်သည့်နေရာတွင် အကောင်အထည်ဖော်ခဲ့သည့်အတွက် အလုပ်ပင်ပန်းလွန်း၍ မေ့လဲသွားသူ တစ်ဦးတလေ ရှိသလော။ (မရှိပါ။) အလုပ်ပင်ပန်းလွန်းခြင်းဖြင့် နာမကျန်းဖြစ်သူ တစ်ဦးတလေ ရှိသလော။ စားချိန်အိပ်ချိန်မရှိအောင် အလုပ်များနေသူ တစ်ဦးတလေ ရှိသလော။ (မရှိပါ။) အချို့က “မရှိဘူးဟုပြောခြင်းက မည်သည့်အရာကို သင်တို့ ဆိုလိုသနည်း။ အချို့လူများသည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရင်း အမှန်ပင် ပင်ပန်းကြသည်၊ အကြောင်းမှာ ၎င်းတို့သည် အချိန်ကြာမြင့်စွာ အချိန်မှန်မှန် အစာမစားနိုင်ဘဲ၊ သို့မဟုတ် အလုပ်နှင့် အနားယူခြင်းကို ထိန်းညှိထားသော နည်းလမ်းတစ်ခုဖြင့် မလုပ်ဘဲ၊ မျှတသော အတိုင်းအတာဖြင့် အလုပ်လုပ်ပြီး အနားယူနိုင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အလုပ်ပင်ပန်းခြင်းကြောင့် ရောဂါများဖြင့် အဆုံးသတ်ကြရသည်” ဟု ပြောကောင်းပြောနိုင်သည်။ ထိုသို့သောအခြေအနေ ဖြစ်ပျက်သည်ကို သင်တို့ ကြားဖူးသလော။ (မကြားဖူးပါ။) အချက်ကိုးကို ကြားသိပြီးနောက် ဘုရားအိမ်တော်ရှိ အမျိုးမျိုးသော အလုပ်ကိစ္စများ၏ တိကျသောအကြောင်းအရာများအပြင် ဤတိကျသောအလုပ်ကို လုပ်ဆောင်ရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သတ်မှတ်ထားသော စံနှုန်းများကို မြင်တွေ့ပြီးနောက် ကြောက်ရွံ့ထိတ်လန့်ခြင်း ခံစားရသူ တစ်ဦးတလေ ရှိသလော။ ၎င်းတို့က “ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရသည်မှာ မလွယ်ကူပါ။ ကျန်းမာသော ခန္ဓာကိုယ်၊ ကောင်းမွန်သော အစွမ်းအစ၊ ကျယ်ပြန့်သော စိတ်နှလုံးအပြင်၊ မဟာလူသား အားအင်နှင့် ခွန်အားတို့မရှိဘဲ မည်သူက ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်နည်း” ဟု ခံစားရသလော။ တစ်ဦတလေက ဤအတွေး ရှိလေပြီလော။ယင်းမှာ ခိုင်လုံသလော။ (မခိုင်လုံပါ။) အဘယ်အရာက ယင်းကို မခိုင်လုံစေသနည်း။ ပထမဦးစွာ၊ ဘုရားအိမ်တော်၏ အလုပ်ကို ထမ်းဆောင်သည့်အခါ၊ ၎င်းတို့၏ အဆင့်အတန်း မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ တာဝန်ဝတ္တရားက ပြည့်စုံသည်ဖြစ်စေ၊ အလုပ်ကိစ္စတစ်ခုတည်းအတွက်ဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အများဆုံးအားဖြင့် နောက်ထပ် အလုပ်ကိစ္စ တစ်ခု သို့မဟုတ် နှစ်ခုနှင့်အတူ အနည်းဆုံးအားဖြင့် ၎င်းတို့၏ အဓိကအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရမည်။ ၎င်းတို့ကို ပြည့်စုံသောအလုပ် တာဝန်ပေးအပ်ထားလျှင်ပင် ယင်းမှာ ၎င်းတို့အနေဖြင့် ပြီးပြည့်စုံသော နောက်ဆက်တွဲလုပ်ဆောင်မှုများ သို့မဟုတ် လမ်းညွှန်မှုများကို ပေးရမည်ဟု မဆိုလိုပေ။ ၎င်းတို့သည် အရေးအကြီးဆုံးသော အလုပ်ကို ကြီးကြပ်ခြင်းအပေါ် အာရုံစိုက်ရမည်၊ သို့မဟုတ် အချို့သော အလုပ်ကိစ္စများရှိ အားနည်းသည့်အပိုင်းများကို တစ်ပြိုင်နက်တည်း ဂရုစိုက်ရမည်။ အချို့လူများသည် အားအင်အပြည့်ရှိကောင်းရှိနိုင်သည်၊ ခိုင်မာသော တာဝန်ယူစိတ်နှင့် အစွမ်းအစကောင်း ရှိကောင်းရှိနိုင်ပြီး၊ ၎င်းတို့သည် ကျယ်ပြန့်သော ဘက်စုံအလုပ်များကို လုပ်ဆောင်နိုင်စွမ်းရှိသော်လည်း၊ ၎င်းတို့၏ အဓိကအလုပ်မှာ အဓိကအားဖြင့် အလုပ်ကိစ္စ တစ်ခု သို့မဟုတ် နှစ်ခုသာ ပါဝင်သည်။ အခြားအလုပ်နှင့်ပတ်သက်၍ မေးမြန်းရန်၊ စုံစမ်းရန်နှင့် နားလည်ဖို့ ကြိုးစားရန်သာ ၎င်းတို့ လိုအပ်ပြီး ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုသာ ဖြေရှင်းရန် လိုအပ်သည်။ ယင်းမှာ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ နောက်တစ်ပိုင်းမှာမူ ၎င်းတို့သည် အလုပ်ကိစ္စအချို့ကို တစ်ပြိုင်နက်တည်း ကိုင်တွယ်နေလျှင်ပင်၊ ထိုအလုပ်ကိစ္စများကို လုပ်ဆောင်ဖို့ အဓိက ကြီးကြပ်ရေးမှူးများကိုသာ အားကိုးရန် လိုအပ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှမှာ အမျိုးမျိုးသော အလုပ်ကိစ္စများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် လမ်းညွှန်ခြင်းသာ ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ရမည့် အဓိကအလုပ်မှာ အလုပ်ကိစ္စတစ်ခုတည်းသာ ဖြစ်နေဆဲဖြစ်သည်။ အလုပ်ကိစ္စတစ်ခုတည်းကို လုပ်ဆောင်ခြင်းဖြင့် တစ်ဦးတစ်ယောက်သည် ပင်ပန်းသွားမည်လော။ (မပင်ပန်းပါ။) အကယ်၍ လူတစ်ဦး၏ အစွမ်းအစက လုံလောက်ပြီး ၎င်း၏စိတ်က ပြောင်းလွယ်ပြင်လွယ်ရှိပါက၊ အချိန်ကို မည်သို့ခွဲဝေသုံးစွဲရပြီး မည်သို့ထိရောက်အောင် လုပ်ဆောင်ရမည်ဟူသည်တို့အရ အလုပ်ကို ကျိုးကြောင်းဆီလျော်စွာ စီစဉ်လိမ့်မည်။ ၎င်းတို့သည် ရှေ့ဆက်ရန် နည်းလမ်းမရှိဘဲ ကစဉ့်ကလျားဖြစ်ကာ ရှုပ်ထွေးနေမည် မဟုတ်ပေ။ ၎င်းတို့သည် အလွန်အလုပ်များပုံ ပေါက်မည်မဟုတ်။ သတ်မှတ်ထားသော လုပ်ရိုးလုပ်စဉ်အတိုင်း အလုပ်လုပ်နေမည်ဖြစ်သော်လည်း အလုပ်မှာ ထိရောက်မှုနည်းမည် မဟုတ်သည့်အပြင် အကျိုးသက်ရောက်မှုလည်း ကောင်းမွန်မည်ဖြစ်သည်။ ယင်းမှာ လူအင်အားနှင့် အချိန်ကို ကျိုးကြောင်းဆီလျော်စွာ မည်သို့ခွဲဝေသုံးစွဲရမည်ကို သိသော အစွမ်းအစရှိသူတစ်ဦး ဖြစ်သည်။ အစွမ်းအစမရှိသောသူ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ကမောက်ကမဖြစ်ကြသည်။ ၎င်းတို့သည် နေ့စဉ် အလွန်အလုပ်များကြသော်လည်း မည်သည့်အရာက ၎င်းတို့အား အလုပ်များစေသည်ကို ၎င်းတို့ကိုယ်တိုင်ပင် သေချာမပြောနိုင်ပေ။ ၎င်းတို့တွင် အချိန်ဇယားမရှိ၊ အချိန်နှင့်ပတ်သက်၍ အယူအဆမရှိပေ။ ၎င်းတို့သည် အတော်လေး စောစောထပြီး အတော်နောက်ကျမှ အိပ်ရာဝင်ကြသည်။ ၎င်းတို့သည် အချိန်မှန်မစားနိုင်ကြပေ။ သို့သော် အလုပ်၏ ထိရောက်မှုကို ထောက်ရှုသော်၊ ၎င်းတို့သည် စစ်မှန်သော အလုပ်ကို လုံးဝမလုပ်ဆောင်ကြပေ။ ဤသည်မှာ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစနှင့်ဆိုင်သည့် ကိစ္စတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် နေ့စဉ် အနားမယူဘဲ လှုပ်ရှားသွားလာနေပုံရသော်လည်း ၎င်းတို့သည် အလုပ်၏ အဓိကအချက်ကို နားမလည်နိုင်သည့်အပြင်၊ မည်သည့်အရာက အရေးကြီးပြီး မည်သည့်အရာက စောင့်ဆိုင်း၍ရသည်ကိုလည်း မခွဲခြားနိုင်ဘဲ ပြဿနာများကို ဖြေရှင်းရာတွင် ထိရောက်မှုမရှိကြပေ။ ဤသည်က အလုပ်ကို နှေးကွေးစေသည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် ပေါက်ကွဲမတတ် စိုးရိမ်ပူပန်ကြပြီး ခံတွင်းအနာများ ဖြစ်ပေါ်လာကြသည်။ သို့သော် ဤအခြေအနေများတွင်ပင် ၎င်းတို့သည် အလုပ်ပင်ပန်း၍ မေ့လဲမသွားကြပေ။ ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူတို့သည် တစ်နေ့လျှင် ရှစ်နာရီထက်ပို၍ အလုပ်လုပ်နိုင်သော်လည်း ၎င်းတို့၏ အလုပ်၏ ထိရောက်မှုမှာ အစွမ်းအစကောင်းသော လူတို့ထက် များစွာ မကောင်းပေ။ သို့ဖြစ်၍ ၎င်းတို့ အလုပ်များရမည် မဟုတ်လော။ ၎င်းတို့ အလုပ်များသင့်သည်၊ ၎င်းတို့ အလုပ်များသည့်အခါတွင်ပင် ရလဒ်များမရနိုင်ကြပေ။ အကယ်၍ ၎င်းတို့ အလုပ်မများပါက အလုပ်က ရပ်တန့်သွားလိမ့်မည်။ ဤသည်မှာ အလုပ်အတွက် အရည်အချင်းမပြည့်မီသည့်၊ ယင်းကို တာဝန်ယူနိုင်စွမ်းလည်း မရှိသည့် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသူတစ်ဦး ဖြစ်သည်။ ထို့အပြင် ဘုရားအိမ်တော်၏ အလုပ်တွင် အလုပ်ကိစ္စများစွာရှိပြီး ဝန်ထမ်းနှင့် အချိန်အရ သတ်မှတ်ချက်များမှာ အတော်အတန် တင်းကျပ်သည်။ လူအများစုနှင့် ပတ်သက်၍ ၎င်းတို့ အနည်းငယ် ပိုအလုပ်များသည့်အခါ၊ ယင်းမှာ ထူးချွန်မှုအတွက် ကြိုးပမ်းရန်နှင့် ရလဒ်ကောင်းများ ရရှိရန်အတွက် ဖြစ်သည်၊ အကြောင်းမှာ ဘုရားအိမ်တော်၏ အလုပ်သည် ဘာသာတရားမရှိသူများ၏ လောကရှိ စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံများ၏ အလုပ်နှင့် ကွဲပြားသောကြောင့် ဖြစ်သည်၊ ထိုအရာများက စီးပွားရေးအကျိုးအမြတ်များကို တောင်းဆိုကြပြီး ငါတို့ကမူ အလုပ်၏ ရလဒ်များကို အလေးပေးသည်။ သို့သော် လူအများစုသည် ညံ့ဖျင်းသော အစွမ်းအစရှိကြသောကြောင့်၊ ၎င်းတို့၏ အလုပ်တွင် စည်းမျဉ်းမဲ့ကာ အလွန်အမင်း ထိရောက်မှုမရှိကြသောကြောင့် ရလဒ်များ ဖြစ်ပေါ်စေဖို့ အချိန်ပိုယူရသည်။ သင်တို့အများစုသည် ယခုအခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ အပျက်သဘောဆောင်သော အတွေးများ မရှိကြတော့ဘူး မဟုတ်လော။ အချက်တစ်ချက်မှာ သေချာသည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအတိုင်း အလုပ်လုပ်ခြင်းဖြင့် အလုပ်ပင်ပန်းလွန်း၍ ပုံလဲကျသွားမည် မဟုတ်ပေ။ ဤအပြင်ပန်း၊ ဓမ္မဓိဋ္ဌာန်ကျသောအချက်များအပြင် သင်တို့ သေချာနိုင်သည့် အခြားအရာတစ်ခုလည်း ရှိသေးသည်၊ အကယ်၍ လူတစ်ဦးတွင် ဝန်တာတစ်ခုရှိပြီး အစွမ်းအစတစ်ခုခု ရှိပါက—ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိသည်ဟူသောအချက်ကို လျစ်လျူမရှုပါက၊ ၎င်းတို့ မတွေးထင်နိုင်သော သို့မဟုတ် မခန့်မှန်းနိုင်သော ပြဿနာအချို့နှင့်ပတ်သက်၍လည်းကောင်း၊ ၎င်းတို့ ယခင်က မဖြတ်သန်းဖူးသည့်အပြင် အတွေ့အကြုံမရှိသော ကိစ္စအချို့နှင့်ပတ်သက်၍လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို အချိန်မရွေး ဉာဏ်အလင်းပေးပြီး ကူညီလျက် အဆက်မပြတ် သတိပေးချက်များ ပေးလိမ့်မည်။ အသင်းတော်၏ အလုပ်သည် လုပ်ဆောင်ပြီးမြောက်ရန် လူ၏ အစွမ်းခွန်အား၊ အားအင်နှင့် ဝန်များအပေါ် လုံးလုံးလျားလျား မှီခိုခြင်းမရှိပေ။ယင်း၏ တစ်စိတ်တစ်ပိုင်းမှာ လူအများစု တွေ့ကြုံခဲ့ပြီးဖြစ်သည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဦးဆောင်မှုအပေါ် မှီခိုရမည်ဖြစ်သည်။ ထိုအရာကို သို့ဖြစ်၍ မည်သည့်နည်းဖြင့် ကြည့်သည်ဖြစ်စေ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး စွမ်းဆောင်သင့်သည့်အရာ ဖြစ်သည်။ ယင်းမှာ ၎င်းတို့အပေါ် အပိုတောင်းဆိုချက်တစ်ခု မဟုတ်ပေ။ ဘာသာတရားမရှိသူများက လောကတွင် အလုပ်လုပ်သည့်အခါ ၎င်းတို့၏ တစ်ကိုယ်ရေ အစွမ်းအစကို အခြေခံ၍ ပြုမူဆောင်ရွက်ကြသည်။ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ခြင်းမှာ ကွဲပြားသည်။ လူတစ်ဦးသည် မိမိ၏ အစွမ်းအစကို အခြေခံ၍သာ လုပ်ဆောင်ခြင်းမဟုတ်ဘဲ ရလဒ်များ စွမ်းဆောင်ရရှိရမည်ဆိုလျှင်၊ ၎င်းတို့၏ သမ္မာတရား စည်းမျဉ်းများဆိုင်ရာ သိနားလည်မှုအပေါ်လည်း မှီခိုရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရမည်ဆိုပါက၊ တစ်ဦးနှင့်တစ်ဦး ကူညီပြီး သဘောညီညွှတ်မှုဖြင့်ပူးပေါင်းဆောင်ရွက်ရမည်လည်း ဖြစ်သည်။ အချို့က “ဘုရားအိမ်တော်၌ အလုပ်လုပ်ခြင်းသည် ကျွန်ုပ်တို့အနေဖြင့် ‘အလုပ်တစ်ခုအတွက် ကိုယ်ကိုညွှတ်ပြီး သေသည့်နေ့တိုင်အောင် အစွမ်းကုန် ကြိုးစားအားထုတ်ရန်’ လိုအပ်သလော။ ‘နွေဦးပေါက် ပိုးကောင်များက သေသည့်တိုင်အောင် ရက်လုပ်ကြသည်’—ကျွန်ုပ်တို့ ယင်းကို စွမ်းဆောင်ရရှိရန် လိုအပ်သလော။ ဘုရားအိမ်တော်သည် ကျွန်ုပ်တို့ အလုပ်ပင်ပန်း၍ သေမှသာ ကျွန်ုပ်တို့နှင့် အပြီးသတ်လိမ့်မည်လော”ဟု မေးကောင်းမေးနိုင်သည်။ ဤသည်မှာ ဘုရားသခင်က လူထံမှ တောင်းဆိုသည့်အရာလော။ (မဟုတ်ပါ။) ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအတွက် သတ်မှတ်ချက်များနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်၏ အလုပ်က စနစ်တကျ၊ ထိရောက်သောနည်းလမ်းဖြင့် ရှေ့ဆက်သွားနိုင်ရန်အလို့ငှာ၊ ပြီးလျှင် သူ၏နှုတ်ကပတ်တော်များနှင့် အလုပ်က သူ၏ ရွေးချယ်ထားသောလူများအပေါ် ပိုမိုကောင်းမွန်သော ရလဒ်များကို စွမ်းဆောင်နိုင်စေရန်အလို့ငှာ၊ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများနှင့် အလုပ်နည်းစနစ်များအတိုင်း ဘုရားသခင်၏ အလုပ်နှင့် မည်သို့ပူးပေါင်းဆောင်ရွက်ရမည်ကို လူတို့အား ရှင်းလင်းစေရန်နှင့် နားလည်စေရန်သာ ရည်ရွယ်သည်။ ယင်း၏ ကဏ္ဍတစ်ခုမှာ အလုပ်ကို တိုးတက်စေခြင်းနှင့် ဖြန့်ဝေခြင်းအကြောင်း ဖြစ်သည်။ အခြားတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်သည် သူ့နောက်လိုက်သောသူများအပေါ် ရှိသင့်သည့် အကျိုးတရားများကို စွမ်းဆောင်ရရှိစေခြင်းအကြောင်း ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများဖြစ်ပြီး ၎င်းတို့၏ အလုပ်တွင် ၎င်းတို့ စွမ်းဆောင်ရရှိရမည့်အရာ ဖြစ်သည်။

အချက် ၁၀- ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုအမျိုးမျိုးတို့ကို (စာအုပ်များ၊ စက်ပစ္စည်းအမျိုးမျိုး၊ ကောက်နှံ အစရှိသည်ဖြင့်) ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းပြီး ချင့်ချင့်ချိန်ချိန် ခွဲဝေဖြန့်ဖြူးလော့၊ ထို့ပြင် ပျက်စီးဆုံးရှုံးမှုနှင့် အလဟဿဖြစ်မှုကို အနည်းဆုံးဖြစ်စေရန် ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သည့်အပြင် ဆိုးယုတ်သောလူများက သိမ်းယူခြင်းမှလည်း ကာကွယ်တားဆီးလော့

ယနေ့ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှ အချက်တစ်ဆယ်ဖြစ်သည့် “ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးတို့ကို (စာအုပ်များ၊ စက်ပစ္စည်းအမျိုးမျိုး၊ ကောက်နှံ အစရှိသည်ဖြင့်) ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းပြီး ကျိုးကြောင်းဆီလျော်စွာ ခွဲဝေဖြန့်ဖြူးလော့၊ ထို့ပြင် ပျက်စီးဆုံးရှုံးမှုနှင့် အလဟဿဖြစ်မှုကို အနည်းဆုံးဖြစ်စေရန် ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သည့်အပြင် ဆိုးယုတ်သောလူများက သိမ်းယူခြင်းမှလည်း ကာကွယ်တားဆီးလော့”ဟူသည့် အကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ အချက်ကိုးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် အတော်အတန် ပြည့်စုံသော သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ အချက်တစ်ဆယ်သည် အလုပ်၏ နောက်ထပ် ကြီးမားသော အပိုင်းတစ်ခုဖြစ်ပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအတွက် နောက်ထပ် တိကျသည့် သတ်မှတ်ချက်တစ်ခု ပါဝင်သည့် အပိုင်းဖြစ်သည်။ ဤအလုပ်၏ အပိုင်းသည် ဘုရားအိမ်တော်ပိုင် ပစ္စည်းများနှင့် သက်ဆိုင်သည်။ ၎င်းတို့ထဲမှ အချို့မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်သော လူတို့၏ ဘဝလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဝယ်ယူထားခြင်းဖြစ်ပြီး၊ အခြားအရာများမှာမူ ဧဝံဂေလိ ဖြန့်ဝေခြင်းအလုပ်အတွက် ဝယ်ယူထားသည့် စက်ပစ္စည်းများ၊ ရုပ်ဝတ္ထုပစ္စည်းများ၊ အစရှိသည်တို့ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်ပြီး ဘုရားအိမ်တော်က ထိန်းသိမ်းထားသင့်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်အချို့နှင့် ထိုသို့သောအရာအချို့လည်း ရှိသေးသည်။ ဤသည်တို့မှာ ဘုရားသခင်ကို လူတို့၏ ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် ကုန်ပစ္စည်းများ ဖြစ်သည်။ စုစုပေါင်း အမျိုးအစားသုံးမျိုးဖြစ်သည်။ ဘဝအတွက် လိုအပ်သော ပစ္စည်းများ၊ အလုပ်အတွက် လိုအပ်သော ပစ္စည်းများနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လိုအပ်သော ပစ္စည်းများဖြစ်သည်။ ဤပစ္စည်းများကို ဘုရားအိမ်တော်က ဝယ်ယူသည်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများက ပူဇော်ဆက်ကပ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှု ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ ယင်းတို့က ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပစ္စည်းများကို စီမံခန့်ခွဲခြင်းနှင့် ခွဲဝေချထားပေးခြင်း ကိစ္စနှင့် သက်ဆိုင်လာသည်။ ဤအလုပ်သည် အသင်းတော်အသက်တာ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ် သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ အလုပ်တို့နှင့် နှိုင်းယှဉ်လျှင် အပြင်ပန်းအားဖြင့် ထိုမျှ အရေးကြီးပုံမပေါ်သော်လည်း၊ လုပ်ငန်းစဉ်ဇယားတွင် ရှိရန်လိုအပ်သည့်အရာတစ်ခု မဟုတ်သော်လည်း၊ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် အရေးကြီးသော အလုပ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးတို့သည် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံး၏ အလုပ်၊ ဘဝ၊ လေ့လာမှုများနှင့် ထိုသို့သောအရာအားလုံးတို့တွင် ပါဝင်ပတ်သက်နေသည်။ သို့ဖြစ်၍ ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် သင့်တင့်လျောက်ပတ်သော ခွဲဝေချထားပေးခြင်းတို့သည် အလွန်အရေးကြီးပြီး လျစ်လျူရှု၍မရပေ။

ကောင်းမွန်သော စောင့်ရှောက်ထိန်းသိမ်းခြင်း

ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်းနှင့် အသင်းတော်အသက်တာကို ကောင်းမွန်အောင် ပြုလုပ်ခြင်းတို့ထက်ပင် ပို၍ အဓိကကျသည်မှာ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်နှင့် ယင်းနှင့်ဆက်စပ်သည့် အမျိုးမျိုးသော အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးတို့ကိုလည်း သင့်လျော်သော စီမံခန့်ခွဲမှု လုပ်ဆောင်သင့်သည်။ ဤအရာများကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းသင့်သည်၊ ၎င်းတို့ကို မှိုတက်ခြင်း သို့မဟုတ် ပိုးကိုက်ခြင်း မဖြစ်စေနှင့်။ ပြီးလျှင် လူတို့အား ယင်းတို့ကို ကိုယ်ပိုင်ပစ္စည်းများဖြစ်သည့်အလား သိမ်းယူခွင့် မပြုနှင့်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအလုပ်ကို ကောင်းမွန်စွာ မည်သို့လုပ်ဆောင်ရမည်ဟူသည်အတွက် တိကျသော သတ်မှတ်ချက်များနှင့် အဆင့်များ ဘုရားအိမ်တော်၌ ရှိသည်။ ၎င်းတို့သည် ဤပစ္စည်းများကို စီမံခန့်ခွဲသည့် လူပုဂ္ဂိုလ်များက သင့်လျော်ခြင်း ရှိမရှိ၊ တာဝန်ယူစိတ်ရှိသူများ ဟုတ်မဟုတ်၊ ယင်းတို့အား မည်သို့စီမံခန့်ခွဲရမည်ကို သိရှိခြင်း ရှိမရှိ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်ကို လုံ့လဝီရိယရှိစွာ ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိ၊ ဤအရာများသည် ၎င်းတို့၏ လက်ထဲတွင် လုံခြုံစွာ ထိန်းသိမ်းထားခြင်း ခံရမည် ဟုတ်မဟုတ်ဟူသည်တို့ကို စစ်ဆေးခြင်းဖြင့် စတင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ကောက်နှံကို ထိန်းသိမ်းရာတွင်၊ ရာသီဥတု စိုထိုင်းပြီး မိုးများသည့်အချိန်ဖြစ်သော မိုးရာသီတွင်၊ ယင်းကို ထားရှိသည့်နေရာသည် စိုစွတ်သလော။ ဤအရာကို စီမံခန့်ခွဲသည့် လူတို့သည် ယင်းကို အချိန်မီ စစ်ဆေးကြသလော။ အကယ်၍ ကောက်နှံ စိုစွတ်သွားပါက၊ ၎င်းတို့ အပြင်ထုတ်၍ အခြောက်လှန်းကြသလော။ ၎င်းတို့သည် ဤအရာများကို မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကဲ့သို့ပင် လုံးဝ စီမံခန့်ခွဲကြသလော။ ၎င်းတို့တွင် ထိုသို့သော လူ့သဘာဝ ရှိသလော။ ထိုသို့သော သစ္စာစောင့်သိမှု ရှိသလော။ ဤအရာများကို စီမံခန့်ခွဲသည့် လူတို့၏ လူ့သဘာဝမှာ မည်သို့ရှိသည်ကိုလည်းကောင်း၊ ထိုသူတို့တွင် အသိစိတ်ရှိပြီး ကောင်းမြတ်ခြင်းရှိမရှိဟူသည်ကိုလည်းကောင်း သိမြင်ရန် ထိုသူတို့ကို စစ်ဆေးခြင်းဖြင့် ၎င်းတို့ စတင်ရမည်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ကောင်းမွန်သော လူ့သဘာဝရှိပြီး ကြင်နာတတ်ပုံရကာ၊ အခြားသူအများစုကလည်း ၎င်းတို့အပေါ် ကောင်းသော သတင်းပို့ချက်များ ပေးသော်လည်း၊ ဘုရားအိမ်တော်၏ ပစ္စည်းများကို စီမံခန့်ခွဲရန် ၎င်းတို့ သင့်တော်ခြင်း ရှိမရှိဟူသည်ကို သင် မသိသေးပါက၊ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဆက်လက်စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို သင် ပြုလုပ်ရမည်။ ထိန်းသိမ်းစောင့်ရှောက်သူက ၎င်း၏ တာဝန်ကို ဖြည့်ဆည်းနေခြင်း ရှိမရှိဟူသည်ကို သိမြင်ရန် သင်သည် အတန်ငယ်ကြာပြီးနောက် အခြေအနေများကို မေးမြန်းရမည်။ ဥပမာအားဖြင့် ကောက်နှံနှင့်ပတ်သက်၍ အကြီးမားဆုံး ပူပန်စရာမှာ စိုထိုင်းဆဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်သူသည် စပါးကျီ စိုထိုင်းခြင်း ရှိမရှိဟူသည်နှင့် ကောက်နှံတွင် ပိုးမွှားများ ရှိနိုင်ခြေ ရှိမရှိဟူသည်တို့ကို စစ်ဆေးသင့်ပြီး၊ ကောက်နှံ မစိုစွတ်စေရန်နှင့် မှိုမတက်စေရန် သို့မဟုတ် ပိုးမွှားများ မကျရောက်စေရန် အာမခံနိုင်မည့် လက်တွေ့လုပ်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးပြီး နားလည်မှုရရှိရန် ထိုသို့သောအရာများအကြောင်း သိသော တစ်စုံတစ်ဦးကို ရှာဖွေသင့်သည်။ ကောက်နှံကို ထားသိုပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အနေဖြင့် စပါးကျီကို မကြာခဏ စစ်ဆေးသင့်သည်၊ သို့မဟုတ် လေဝင်လေထွက်ရှိဖို့အတွက် ပြတင်းပေါက်များကို ဖွင့်ထားသင့်သည်။ ယင်းမှာ ၎င်းတို့၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းခြင်း ဖြစ်ပေမည်။ အကယ်၍ ထိန်းသိမ်းစောင့်ရှောက်သူသည် တိုက်တွန်းရန် သို့မဟုတ် သတိပေးရန် မလိုအပ်ဘဲ ဤအရာများကို အစပြုလုပ်ဆောင်ပါက၊ ထိုသူသည် စိတ်ချရသူဖြစ်ပြီး၊ ယင်းက စိတ်ချလက်ချဖြစ်စေသည်။ သို့ဆိုလျှင် အမျိုးမျိုးသော စက်ပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်းသည့် လူတို့နှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ ၎င်းတို့သည် ထိုအလုပ်အတွက် သင့်တော်သလော။ သင် မသိသေးပေ၊ ၎င်းတို့ကိုလည်း သင် စစ်ဆေးရမည်။ စက်ပစ္စည်းအများစု၊ အီလက်ထရောနစ်ပစ္စည်းများ၊ ပရိဘောဂများ၊ လိုအပ်သည့်အထောက်အပံ့ ပစ္စည်းများ၊ အစရှိသည်တို့ကို ပုံမှန်အသုံးမပြုပါက မည်သို့ စောင့်ရှောက်ထိန်းသိမ်းထားသနည်း။ ထိန်းသိမ်းစောင့်ရှောက်သူသည် ယင်းကို တာဝန်ယူပြီး ထိန်းသိမ်းသလော။ ၎င်းတို့သည် အီလက်ထရောနစ်ပစ္စည်းများကို ပုံမှန်စစ်ဆေးခြင်း၊ ပါဝါဖွင့်ပြီး စက်နှိုးကြည့်ခြင်းတို့ကို ပြုလုပ်ကြသလော။ ဟိုသည် မေးမြန်းစုံစမ်းခြင်းအားဖြင့်၊ ဤအရာများကို ထိန်းသိမ်းစောင့်ရှောက်သူသည် ဤအရာအား ပုံမှန်လုပ်ဆောင်နေသည်ကို သင် သိရှိနိုင်သည်။ ထိုကောက်နှံများက ထိုနေရာတွင် အသုံးမပြုဘဲ ရှိနေနိုင်သော်လည်း၊ ၎င်းတို့အပေါ်တွင် ဖုန်မရှိပေ။ ယင်းမှာ တစ်စုံတစ်ဦးက ၎င်းတို့ကို ဂရုစိုက်ရန် မကြာခဏ လာရောက်သည်ကို ဆိုလိုသည်။ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူသည် တော်ကြောင်း၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေကြောင်း သင် တွေ့မြင်လိမ့်မည်။ ထိုအခါ သင် စိတ်ချနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များလည်း ရှိသေးသည်။ ထိုစာအုပ်တစ်အုပ်စီတိုင်းသည် ရခဲလှသည့်အပြင်၊ ဘုရားနှုတ်ကပတ်တော် စာအုပ်များသည် ဘုရားသခင်ကို ယုံကြည်သူတိုင်းအတွက် အခြားမည်သည့်အရာထက်မဆို၊ ကောက်နှံ၊ အီလက်ထရောနစ်ပစ္စည်းများ သို့မဟုတ် အခြားမည်သည့်ပစ္စည်းထက်မဆို ပို၍အရေးကြီးသည်။ သို့ဖြစ်၍ ဤအရာများနှင့်ပတ်သက်၍၊ စီမံခန့်ခွဲရန် သင့်တော်သောလူနှင့် ယင်းတို့ကို သိုလှောင်ရန် သင့်တော်သောနေရာကို သင် သာ၍ပင် ရှာဖွေသင့်ပေသည်။ သင့်လျော်သော လေဝင်လေထွက်၊ ကြီးကြပ်မှုနှင့် စစ်ဆေးမှုတို့သည်လည်း လိုအပ်သည်။ ၎င်းတို့သည် စာအုပ်များကို စိုစွတ်ခြင်း သို့မဟုတ် ရေစိုခြင်း၊ သို့မဟုတ် ကြွက်ကိုက်ခြင်းတို့ကို ခွင့်ပြု၍မရပေ။ ဤအရာများအားလုံးကို စောင့်ကြည့်ရမည်။ သို့ဆိုလျှင် ထိုသို့သော ပစ္စည်းများကို စီမံခန့်ခွဲသည့် လူတို့သည် ထိုအလုပ်အတွက် သင့်တော်သလော။ သင်သည် ဤအရာကိုလည်း မကြာခဏ စစ်ဆေးရမည်။ အကယ်၍ ထိန်းသိမ်းစောင့်ရှောက်သူများက ပျင်းရိပြီး၊ ပေါ့ဆကာ ဂရုမစိုက်ပါက၊ အချို့သော ပစ္စည်းများသည် စိုထိုင်းဆနှင့် မှိုကြောင့်မဟုတ်လျှင် ပိုးမွှားများကြောင့် ပျက်စီးသွားလိမ့်မည်။ ဤသည်တို့အားလုံးမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များဘက်မှ စောင့်ကြည့်ခြင်းနှင့် စစ်ဆေးခြင်း အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ ဖြစ်သည်။ အကယ်၍ ထိန်းသိမ်းစောင့်ရှောက်သူများသည် ဤပစ္စည်းများကို ကောင်းမွန်စွာ ဂရုစိုက်ပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဤတာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးဖြစ်သည်။ ဤပစ္စည်းများက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ မကြာခဏ အသုံးပြုထားသည်ဖြစ်စေ၊ မပြုထားသည်ဖြစ်စေ၊ ယင်းတို့က ဘုရားအိမ်တော်ပိုင် ပစ္စည်းအမျိုးအစားတွင် ရှိနေသရွေ့၊ ယင်းတို့အား စီမံခန့်ခွဲရန် တစ်စုံတစ်ဦးကို စီစဉ်သင့်သည်။ ပစ္စည်းတစ်ခုသည် မည်သည့်အမျိုးအစားဖြစ်စေ၊ မည်သည့်နေရာတွင် သိုလှောင်ထားသည်ဖြစ်စေ ဘေးကင်းလုံခြုံသင့်ပြီး၊ ယင်းနှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ ဖြစ်ပေါ်မည်မဟုတ်ကြောင်း သေချာစေသင့်သည်။ ယင်းမှာ သစ္စာစောင့်သိခြင်းနှင့် တာဝန်ယူခြင်းဟူသည်အရာ ဖြစ်သည်။ အကယ်၍ ပစ္စည်းများကို စီမံခန့်ခွဲသည့် လူတစ်ဦးသည် မသင့်တော်ကြောင်း တွေ့ရှိပါက၊ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ၎င်းတို့၏ တာဝန်ခန့်အပ်မှုကို ချက်ချင်း ပြုပြင်ရမည်ဖြစ်ပြီး၊ ၎င်းတို့ကို အစားထိုးရန် တစ်စုံတစ်ဦးကို ရှာဖွေရမည်။ ဥပမာအားဖြင့် အချို့လူများသည် အချောင်ခိုသည့် လတ်လျားလတ်လျားနေသူများဖြစ်ကာ အစာစားခြင်းကို နှစ်သက်သော်လည်း အလုပ်လုပ်ခြင်းကို မနှစ်သက်ကြ၊ တာဝန်ယူမှု မရှိကြပေ။ ၎င်းတို့သည် အသင်းတော်၏ ပစ္စည်းများကို အများပြည်သူပိုင် ပစ္စည်းများကဲ့သို့ သာမန်ကာလျှံကာ သဘောထားကြပြီး၊ မပျောက်ပျက်သရွေ့ ကိစ္စမရှိဟု ထင်မှတ်ကြသည်။ ထိုအရာများက မှိုတက်ခြင်း သို့မဟုတ် ပိုးကိုက်ခြင်း ရှိမရှိ၊ သို့မဟုတ် တစ်ခုခု ပျက်စီးခြင်း ရှိမရှိဟူသည်ကိုမူ ၎င်းတို့ ဂရုလည်းမစိုက်သည့်အပြင် မေးမြန်းခြင်းလည်း မရှိကြပေ။ ၎င်းတို့ကို သင် မည်သည့်အချိန်တွင် မေးသည်ဖြစ်စေ၊ ၎င်းတို့က ထိုအရာများကို စစ်ဆေးပြီးဖြစ်ကာ အရာရာ အဆင်ပြေသည်ဟု ပြောဆိုကြသည်။ အမှန်တွင် ၎င်းတို့သည် အချိန်ကြာမြင့်စွာ စစ်ဆေးခြင်း မရှိသေးပေ။ ထို့နောက် ကောက်နှံများ မှိုတက်နေသည်ကိုလည်းကောင်း၊ အချို့သော စက်ပစ္စည်းများရှိ ဝါယာကြိုးများကို ကြွက်များ ကိုက်ဖြတ်ထားသည်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော် စာအုပ်များပင် အလွန်စိုစွတ်နေသဖြင့် ထိုစာအုပ်များထဲက စာအရေးအသားများက ဝါးပြီး မရှင်းလင်းတော့သည်ကိုလည်းကောင်း တစ်စုံတစ်ဦးက ရုတ်တရက် တွေ့ရှိသွားသည့် တစ်နေ့ ရောက်လာသည်။ ထိုအခါမှသာ ဤအရာများကို သိရှိရခြင်းသည် နောက်ကျလွန်းသည် မဟုတ်လော။ (ဟုတ်ပါသည်။ ပျက်စီးဆုံးရှုံးမှု ဖြစ်နှင့်ပြီးဖြစ်သည်။) ယင်းမှာ မလျော်ကန်သော စီမံခန့်ခွဲမှု၏ ရလဒ်ဖြစ်သည်။ သို့ဆိုလျှင် ယင်းတို့ကို စီမံခန့်ခွဲနေသည့် လူသည် သင့်တော်ခြင်းမရှိသည်၊ မဟုတ်လော။ ၎င်းတို့သည် လူ့သဘာဝညံ့ဖျင်းပြီး ကိုယ်ကျင့်တရားမရှိသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဘာသာတရားမရှိသူများက ဤလူစားမျိုးကို ကိုယ်ကျင့်တရားမရှိဟု ခေါ်ဆိုကြမည်ဖြစ်သည်။ ငါတို့က မည်သည့်အရာကို ပြောကြသနည်း။ ဤလူ၏ လူ့သဘာဝက ဆိုးသည်၊ ၎င်းတို့က သစ္စာစောင့်သိခြင်း မရှိဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုတာဝန်ငယ်လေးကိုပင် မဖြည့်ဆည်းနိုင်ပေ၊ အနည်းငယ်မျှသော ဆင်းရဲဒုက္ခကို ခံယူသောသူ၊ အနည်းငယ်မျှသော အသိစိတ်နှင့် လူ့သဘာဝရှိသူတစ်ဦး စွမ်းဆောင်နိုင်သည့်အရာကိုပင် ၎င်းတို့ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်သေးသလော။ ဘာသာတရားမရှိသူများပင်လျှင် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် အမြင်ကို ကိုင်စွဲကြသည်။ ဤလူသည် ဘာသာတရားမရှိသူများ၏ အနိမ့်ဆုံး ကိုယ်ကျင့်တရားစံနှုန်းကိုပင် မပြည့်မီပေ။ သို့ဖြစ်၍ ၎င်းတို့သည် ပစ္စည်းစီမံခန့်ခွဲရေး ဝန်ထမ်းတစ်ဦးအဖြစ် အစေခံရန် မသင့်တော်သည်မှာ ထင်ရှားသည်။ မသင့်တော်သော လူများကို ချက်ချင်း ကိုင်တွယ်ရမည်ဖြစ်ပြီး၊ သင့်လျော်သော လူစားများကို ရှာဖွေရမည်။ အကယ်၍ သင်သည် သင်၏ ပစ္စည်းစီမံခန့်ခွဲရေး ဝန်ထမ်းများကို မယုံကြည်သည့်အပြင်၊ သင်ကိုယ်တိုင်လည်း စစ်ဆေးရန် အချိန်မရှိပါက၊ သို့မဟုတ် အချို့သော လက်ဆုပ်လက်ကိုင်မပြနိုင်သော်လည်း ယုံမှတ်နိုင်လောက်သော အကြောင်းပြချက်ကြောင့် အခြေအနေများကို ဆက်လက်စောင့်ကြည့်ပြီး စစ်ဆေးနိုင်ခြင်း မရှိပါက၊ ထိုအခြေအနေတွင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင့်အနေဖြင့် ၎င်းတို့ စီမံခန့်ခွဲသည့် ပစ္စည်းများတွင် ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ ရှိပါက၊ ၎င်းတို့ လျော်ကြေးပေးရမည် သို့မဟုတ် ဘုရားအိမ်တော်မှ မည်သည့် ပြစ်ဒဏ်မျိုးကိုမဆို လက်ခံရန် ဆန္ဒရှိသည်ဟု ဆိုလျက် ပစ္စည်းများကို စီမံခန့်ခွဲသည့် လူအား အာမခံချက်များ ရေးစေနိုင်သည်။ ယင်းကို စီမံအုပ်ချုပ်ရေးဆိုင်ရာ စနစ်အတိုင်း ဖြေရှင်းရမည်ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ၎င်းတို့၏ အလုပ်ကို ဤအဆင့်အထိ လုပ်ဆောင်နိုင်ပါက၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်း ဖြစ်လိမ့်မည်။

ဘုရားအိမ်တော်၏ မည်သည့်ပစ္စည်းမဆို၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ တန်ဖိုးကြီးသည်ဖြစ်စေ တန်ဖိုးနည်းသည်ဖြစ်စေ၊ သင့်အတွက် အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ၊ အကယ်၍ ယင်းကို စီမံခန့်ခွဲရန် သင့်ကို တာဝန်ပေးထားပါက၊ ယင်းမှာ သင်၏ တာဝန်ဝတ္တရား ဖြစ်သည်။ ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား နယ်ပယ်အတွင်းတွင် ကျရောက်ပေသည်။ သို့ဖြစ်၍ သင်သည် ယင်းကို သင့်တင့်လျောက်ပတ်စွာ စောင့်ရှောက်ထိန်းသိမ်းထားရန်အတွက် သင့်တော်သောလူနှင့် သင့်တော်သောနေရာကို ရှာဖွေသင့်သည်။ ဘုရားအိမ်တော်၏ ပစ္စည်းများကို မပျက်စီးစေနှင့်။ ဥပမာအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ၎င်းတို့အတွက် သင့်လျော်သော ဝန်ထမ်းများကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် အခါအားလျော်စွာ ယင်းအကြောင်းကို မေးမြန်းနေသင့်သည်။ “မကြာသေးမီက စာအုပ်များစွာ ထုတ်ပေးပြီးဖြစ်သည်။ သို့သော် စာအုပ်နည်းနည်းသာ ကျန်တော့သော်လည်း ပေါ့ဆမနေနှင့်။ စာအုပ်များကို ထိန်းသိမ်းရာတွင် အဓိကအချက်မှာ ယင်းတို့ကို စိုစွတ်ခြင်း သို့မဟုတ် နေလောင်ပျက်စီးခြင်း မဖြစ်စေရန်နှင့် ဖိမိပြီး ပုံပျက်သွားခြင်း မဖြစ်စေရန် ဖြစ်သည်”ဟူ၍။ ၎င်းတို့သည် အခါအားလျော်စွာ ယင်းအကြောင်းကို မေးမြန်းစုံစမ်းရမည်။ အကယ်၍ စာအုပ်အသစ်များ ရောက်လာပါက၊ ထိုအုပ်များကို မည်မျှကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းထားသည်ကိုလည်းကောင်း၊ မူလနေရာတွင် အားလုံး ဝင်ဆံ့ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ မဆံ့ပါက အခြားနေရာတစ်ခု ရှာတွေ့ပြီးခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ ထိုနေရာသည် မည်သို့ရှိသည်၊ ဘေးကင်းပြီး ခြောက်သွေ့ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ စာအုပ်များကို ကောင်းမွန်စွာ သိုလှောင်ထားခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ ပြီးလျှင် ကြွက်များနှင့်ပတ်သက်၍ စိုးရိမ်ရပါက ကြောင်တစ်ကောင် မွေးမြူရန် လိုအပ်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း ၎င်းတို့ မေးမြန်းရမည်။ ထိုသို့သောအရာအားလုံးမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အရာဖြစ်ပြီး၊ ဖြည့်ဆည်းရမည့် ၎င်းတို့၏ တာဝန်ဝတ္တရား ဖြစ်သည်။ ဤအလုပ်သည် အတော်အတန် အရေးမပါသည့်ပုံပေါ်နိုင်သော်လည်း၊ ယင်းသည်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ ပုံမှန်လုပ်ဆောင်သင့်သည့် တာဝန်များထဲမှ တစ်ခုဖြစ်သည်။ ယင်းကို ပေါ့ပေါ့ဆဆ သဘောမထားနှင့်၊ အလေးအနက်ထားရမည်။ ထိုအရာများသည် အများပြည်သူပိုင် ပစ္စည်းများဖြစ်ကောင်းဖြစ်နိုင်ပြီး မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်နိုင်သော်လည်း၊ ယင်းတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းရမည်။ အနာဂတ်တွင် သင့်အတွက် အသုံးဝင်မည်ဖြစ်စေ အသုံးမဝင်မည်ဖြစ်စေ၊ ယင်းတို့သည် သင်အသုံးပြုရန်အတွက် ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်းသည် သင်၏ တာဝန်ဝတ္တရား၊ သင်နှင့် သက်ဆိုင်သည့် ကိစ္စရပ်တစ်ခု ဖြစ်ပြီး၊ သင်သည် ယင်းကို လွှဲချပြီး လျစ်လျူရှုရန် မည်သည့်အကြောင်းပြချက် သို့မဟုတ် ဆင်ခြေကိုမျှ မရှာသင့်ပေ။ တစ်စုံတစ်ခုသည် သင်၏ တာဝန်ဝတ္တရားဖြစ်နေသရွေ့၊ ယင်းမှာ သင် စီမံခန့်ခွဲသင့်သည့်အရာ၊ သင် လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ ယင်းအားလုံးနှင့်ပတ်သက်၍ သင်သည် မေးမြန်းစုံစမ်းပြီး အမှုအရာများကို နားလည်ရန် ကြိုးစားသင့်သည်၊ သို့မဟုတ် ယင်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်သင့်သည်။ အကယ်၍ သင်သည် အလုပ်ခွင်သို့ သွားရောက်ပြီး ကိုယ်တိုင်ကြည့်ရှုရန် အချိန်ရှိပါက၊ ယင်းမှာ ပို၍ကောင်းသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အခြေအနေများနှင့် အနေအထားများက ခွင့်မပြုပါက၊ သို့မဟုတ် သင်သည် အလုပ်များလွန်းနေပါက၊ ဘုရားအိမ်တော်၏ ပစ္စည်းများကို မည်သည့်နည်းဖြင့်မဆို ပျက်စီးခြင်း သို့မဟုတ် အလဟဿဖြစ်ခြင်းမှ ကာကွယ်ရန် အားထုတ်သည့်အနေဖြင့် သင်သည် ယင်းအကြောင်းကို အချိန်မီ မေးမြန်းစုံစမ်းမှုများ ပြုလုပ်သင့်နေဆဲ ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းက သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု ဆိုလိုသည်။

သင့်တင့်လျောက်ပတ်သော ခွဲဝေဖြန့်ဖြူးခြင်း

ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများနှင့်ပတ်သက်၍ ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းအပြင် အခြားအရေးကြီးသော အလုပ်တစ်ခု ရှိသေးသည်။ ယင်းမှာ ယင်းတို့ကို သင့်တင့်လျောက်ပတ်စွာခွဲဝေဖြန့်ဖြူးခြင်း ဖြစ်သည်။ ဤပစ္စည်းများအားလုံးသည် လူတို့အသုံးပြုရန်အတွက်ဖြစ်သည်၊ အားလုံးက အသုံးဝင်သောအရာများ ဖြစ်သည်။ ထို့ကြောင့် ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်း၏ အဓိကရည်မှန်းချက်မှာ ယင်းတို့ကို သင့်တင့်လျောက်ပတ်စွာအသုံးပြုနိုင်ရန် ဖြစ်သည်။ ဤပစ္စည်းများကို သင့်တင့်လျောက်ပတ်စွာ အသုံးမပြုမီတွင် သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးရန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ဖြစ်သည်။ သင့်တင့်လျောက်ပတ်သော ခွဲဝေဖြန့်ဖြူးခြင်းဟူသည်မှာ အဘယ်နည်း။ ဤပစ္စည်းများကို မည်သူ့အား အသုံးပြုရန် ပေးသင့်သည်ဟူသည်နှင့်ပတ်သက်၍ ဘုရားအိမ်တော်တွင် စည်းမျဉ်းများနှင့် စည်းကမ်းများ ရှိသည်။ ဤပစ္စည်းများ၏ အဓိကရည်ရွယ်ချက်မှာ ညီအစ်ကိုမောင်နှမများက ပူဇော်ဆက်ကပ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်က ဝယ်ယူသည်ဖြစ်စေ၊ ကယ်ဆယ်ရေးအတွက် သို့မဟုတ် လူမှုဖူလုံရေးအလုပ်အတွက် အလှူဒါနအဖြစ် သိုလှောင်ထားရန် မဟုတ်ဘဲ၊ ယင်းအစား အချိန်ပြည့် တာဝန်ထမ်းဆောင်ကြသည့် ညီအစ်ကိုမောင်နှမများအားလုံး အသုံးပြုရန်အတွက် ဖြစ်သည်။ သို့ဖြစ်၍ ယင်းတို့ကို မည်သို့ခွဲဝေဖြန့်ဖြူးရမည်၊ ယင်းတို့ကို ခွဲဝေဖြန့်ဖြူးခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ဟူသည်မှာ ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို စီမံခန့်ခွဲရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် နောက်ထပ် တာဝန်ဝတ္တရားတစ်ခု ဖြစ်သည်။ ဤနေရာတွင် သင့်တင့်လျောက်ပတ်သော ခွဲဝေဖြန့်ဖြူးခြင်းကို ငါတို့ ဖော်ပြပြီးဖြစ်သည်။ ဤအခြေအနေတွင် “သင့်တင့်လျောက်ပတ်မှု” ရှိခြင်းသည် ဘုရားအိမ်တော်က တောင်းဆိုသည့် စည်းမျဉ်း ဖြစ်သည်။

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်း

ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များဖြင့် ငါတို့ အစပြုမည်။ စာအုပ်အသစ်များကို ထုတ်ဝေသည့်အကြိမ်တိုင်းတွင်၊ ထိုစာအုပ်များကို မည်သူ့အား ထုတ်ဝေပေးသင့်သည်ဟူသည်နှင့်စပ်လျဉ်းသည့် စည်းမျဉ်းများအရ ဘုရားအိမ်တော်တွင် သတ်မှတ်ချက်များနှင့် စည်းမျဉ်းများ ရှိသည်။ အသင်းတော်၌ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသူများနှင့် မဖတ်ရှုသူများ ရှိသည်၊ သမ္မာတရားကို ချစ်မြတ်နိုးသူများနှင့် မချစ်မြတ်နိုးသူများ ရှိသည်၊ တာဝန်ထမ်းဆောင်သူများနှင့် တာဝန်မထမ်းဆောင်သူများ ရှိသည်၊ ဤလူအမျိုးအစားများကြား ခွဲခြားမှုများ ထားရှိသင့်သည်။ သဒ္ဒါ၊ အဘိဓာန်များနှင့် အခြား ထိုသို့သော အထောက်အကူပြု စာအုပ်များဖြစ်သည့် ကျောင်းသုံးစာအုပ်အမျိုးအစားထဲက အထူးစာအုပ်အချို့လည်း ရှိသည်။ ဤအရာအားလုံးကို စည်းမျဉ်းများနှင့် အညီ တိတိကျကျ ဖြန့်ဝေသင့်သည်။ ယင်းတို့ကို လိုအပ်သောသူများအား ပေးရမည်ဖြစ်ပြီး မလိုအပ်သောသူများအား မပေးရပေ။ ထို့နောက်တွင် အတော်အတန် အရေအတွက် နည်းပါးစွာဖြင့် ပုံနှိပ်ထားသော အထောက်အကူပြု စာအုပ်အချို့ ရှိသည်။ ဤစာအုပ်များကို လူတစ်ဦးချင်းအား ထုတ်ပေးပါက ထိုလူတစ်ဦးချင်းအတွက် လိုအပ်ချက်မှာ အဘယ်နည်း။ သင်သည် ထိုစာအုပ်များကို ဖတ်ရှုနိုင်သော်လည်း မပျက်စီးစေနှင့်။ ၎င်းတို့ကို ဟိုနားသည်နား ပစ်မထားနှင့် သို့မဟုတ် ထိုစာအုပ်ထဲမှ စာရွက်များကို မဆင်မခြင် ဆွဲမဖြဲနှင့်။ ပြီးလျှင် သင်ဖတ်ရှုပြီးသည့်အခါ မူလနေရာသို့ ပြန်ထားသင့်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ စာအုပ်များနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် အညီ တိတိကျကျ ဖြန့်ဝေသင့်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကိုလည်း စည်းမျဉ်းများကို နားလည်စေကာ ထိုစည်းမျဉ်းများအတိုင်း လုပ်ဆောင်စေသင့်သည်။

၂။ စက်ပစ္စည်းအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်း

ဆက်လက်၍ ဖော်ပြမည်မှာ စက်ပစ္စည်းအမျိုးမျိုးကို ခွဲဝေဖြန့်ဖြူးရမည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ အတော်အတန် အရေးပါသော အလုပ်တစ်ခု ဖြစ်သည်။ စက်ပစ္စည်းအမျိုးမျိုးကို ခွဲဝေဖြန့်ဖြူးရာတွင် အနည်းငယ် ပို၍ တင်းကျပ်သည်။ ထိုသို့သော စက်ပစ္စည်းများတွင် အီလက်ထရောနစ်ပစ္စည်းများအပြင် အမျိုးမျိုးသော လုပ်ငန်းများအတွက် လိုအပ်သည့် ကိရိယာများလည်း ပါဝင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာများကို ဖြန့်ဝေသည့်အခါတွင်လည်း ယင်းအတွက် စည်းမျဉ်းများ ရှိသင့်သည်။ ၎င်းတို့ကို ထုတ်ပေးခြင်းခံရသူများသည် ထိုသို့သော စက်ပစ္စည်းများကို အကျွမ်းတဝင် ကိုင်တွယ်နိုင်ပြီး မှန်ကန်၍ ချင့်ချိန်တတ်စွာ အသုံးပြုနိုင်သူများ ဖြစ်ရမည်။ အကယ်၍ တစ်စုံတစ်ဦးသည် အတွေ့အကြုံမရှိသူ သို့မဟုတ် ထိုအရာကို မည်သို့အသုံးပြုရမည်ကို လုံးဝမသိသူဖြစ်ပါက ၎င်းအား ထုတ်မပေးရပေ။ ဤသည်မှာ အဆင့်မြင့်ကင်မရာများနှင့် ဈေးကြီးသော ကွန်ပျူတာများကဲ့သို့သော ကောင်းမွန်သည့်၊ အဆင့်မြင့် အီလက်ထရောနစ်ပစ္စည်းများအတွက်သာမက အသံဖမ်းစက်ကိရိယာများ၊ ဓာတ်ပုံရိုက်ကိရိယာများ သို့မဟုတ် ဗီဒီယို နောက်ဆုံးတည်းဖြတ်မှုအတွက် လိုအပ်သော စက်ပစ္စည်းများအတွက်လည်း အထူးသဖြင့် မှန်ကန်သည်။ ပျက်စီးမှုကို တားဆီးရန်အလို့ငှာ ဤကဲ့သို့သော စက်ပစ္စည်းများကို ထိုသို့သောလူအား သာ၍ပင် ထုတ်မပေးရပေ။ ထိုသို့သော စက်ပစ္စည်းများကို အသုံးပြုသူတို့က ပထမဦးစွာ စက်ပစ္စည်းကို တန်ဖိုးထားနိုင်ကြောင်းနှင့် ဒုတိယအနေဖြင့် မှန်ကန်စွာ အသုံးပြုပြီး ထိန်းသိမ်းနိုင်ကြောင်း ခေါင်းဆောင်နှင့် အမှုဆောင်များက သေချာစေရမည်။ ဥပမာအားဖြင့် စက်တစ်ခုခုသည် ယင်း၏ စည်းကမ်းများအရ အသုံးပြုပြီး နှစ်နာရီအကြာတွင် အအေးခံရန် ဆယ်မိနစ်အနားပေးရမည်။ အကယ်၍ စက်က အေးမသွားပါက၊ စက်ကို ပျက်စီးစေလိမ့်မည်ဖြစ်ပြီး အသုံးဝင်သော သက်တမ်းကို တိုစေလိမ့်မည်။ စက်တစ်လုံးကို တန်ဖိုးထားတတ်သူများသည် ထိုစက်ကို ထိန်းသိမ်းခြင်းဆိုင်ရာ ကြိုတင်ကာကွယ်မှုများနှင့်အညီ တိတိကျကျ အသုံးပြုလိမ့်မည်။ သင်က ၎င်းတို့ကို မပြောဘဲနှင့်ပင် ၎င်းတို့ဘာသာ လိုက်နာကြလိမ့်မည်ဖြစ်ပြီး အကယ်၍ သင်က ၎င်းတို့ကို တိုက်တွန်းပါက ပို၍ပင် တင်းကျပ်ကာ တိကျကြလိမ့်မည်။ ထိုသို့သောလူများသည် စက်ပစ္စည်းများကို အသုံးပြုရန် သင့်တော်သည်၊ ၎င်းတို့သည် အဆင့်မြင့်ပစ္စည်းများကို အသုံးပြုရန် သင့်တော်သည်၊ အကြောင်းမှာ ၎င်းတို့သည် စက်ပစ္စည်းအား တန်ဖိုးထားရမည်ကို သိကြပြီး ထိုစက်ကို ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို အလေးအနက်ထားသောကြောင့် ဖြစ်သည်။ စက်ပစ္စည်းကို တန်ဖိုးထားတတ်ပြီး ပုံမှန်အသုံးပြုနိုင်သော ထိုသို့သောလူများသည် အဆင့်မြင့်စက်ပစ္စည်းများကို ခွဲဝေဖြန့်ဖြူးပေးရန် အသင့်တော်ဆုံးသောသူများ ဖြစ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စနှင့်စပ်လျဉ်း၍ သင့်တင့်လျောက်ပတ်သော စိစစ်မှုကို ပြုလုပ်သင့်သည်။ အကယ်၍ အဆင့်မြင့်ကွန်ပြူတာတစ်လုံးရှိပြီး ထိုကွန်ပြူတာကို လိုအပ်ကြောင်း ပြောဆိုပြီး လျှောက်ထားသူ မည်သူ့ကိုမဆို အသုံးပြုရန် ထုတ်ပေးလိုက်ပါက စည်းမျဉ်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သည့်အရာက မမှန်ကန်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ထိုသို့သောအရာများကို ဖြန့်ဝေခြင်းနှင့် ခွဲဝေဖြန့်ဖြူးခြင်း တစ်စိတ်တစ်ပိုင်းသည် အလုပ်ကို တာဝန်ယူထားသူ၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအဆင့်အပေါ် အခြေခံသင့်သည်။ အခြားတစ်စိတ်တစ်ပိုင်းမှာမူ ထိုသူက စက်ပစ္စည်းကို မည်မျှအတိုင်းအတာအထိ မြတ်နိုးတန်ဖိုးထားသည်ကိုလည်းကောင်း၊ ၎င်းတို့တွင် လူ့သဘာဝ ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့ စက်ပစ္စည်းကို အသုံးပြုသည့်အခါ တန်ဖိုးထားခြင်း ရှိမရှိကိုလည်းကောင်း အခြေခံရမည်ဖြစ်သည်။ အကယ်၍ ထိုသူသည် စက်ပစ္စည်းကို ဂရုစိုက်ရန် မသိသည့်အပြင်၊ လုပ်ငန်း၏ ကျွမ်းကျင်မှုများနှင့် အကျွမ်းတဝင်မရှိဘဲ စူးစမ်းလိုစိတ်ကြောင့် စက်နှင့် ကစားချင်ရုံသာဖြစ်ပါက ၎င်းအား အသုံးမပြုရန် ကန့်သတ်တားမြစ်သင့်သည်။ ၎င်းတို့သည် အဆင့်မြင့်စက်ပစ္စည်းများကို အသုံးပြုရန်နှင့် တာဝန်ယူရန် မသင့်တော်ပေ။ သာမန်တာဝန်များကို ထမ်းဆောင်နေသူများအား သာမန်စက်ပစ္စည်းများ ပေးရုံနှင့် လုံလောက်သည်။ လုပ်ငန်းတစ်ခုကို သိကျွမ်းပြီး လူ့သဘာဝကောင်းရှိကာ စက်ပစ္စည်းများကို မည်သို့ အသုံးပြုရမည်၊ ထိန်းသိမ်းရမည်ဟူသည်နှင့် တန်ဖိုးထားရမည်ဟူသည်တို့ကို သိသောသူများသည် အဆင့်မြင့်ပစ္စည်းများကို အသုံးပြုနိုင်သည်။ အကြောင်းမှာ ၎င်းတို့သည် လုပ်ငန်းတစ်ခုတွင် ကျွမ်းကျင်ပြီး အဆင့်မြင့်စက်ပစ္စည်းများကို အသုံးချနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် နားဝေတိမ်တောင်ဖြစ်သောသူ သို့မဟုတ် ကြမ်းတမ်းသောသူတစ်ဦးအား အဆင့်မြင့်ပစ္စည်းတစ်ခုကို အသုံးပြုရန် ပေးလိုက်ပါက ၎င်းတို့သည် ရက်အနည်းငယ်အတွင်း စက်ကို ဖျက်ဆီးပစ်လိမ့်မည်။ အခြားသူများ ထိုစက်ကို အသုံးပြုနိုင်တော့မည် မဟုတ်သည့်အပြင်၊ ပြုပြင်ရန်လည်း လွယ်ကူမည် မဟုတ်ပေ။ ဤအရာက အသင်းတော်၏အလုပ်ကို ကြန့်ကြာစေသည်သာမက ဘုရားအိမ်တော်၏ ပစ္စည်းတစ်ခုကိုလည်း ဖြုန်းတီးရာရောက်သည်။ ဤအရာတွင် သွယ်ဝိုက်သော အဓိပ္ပာယ်မှာ အဘယ်နည်း။ ထိုသို့သောလူများသည် စက်ပစ္စည်းကောင်းများကို အသုံးပြုရန် မသင့်တော်ခြင်းပင် ဖြစ်သည်။ လူ့သဘာဝရှိပြီး မိမိတို့၏လုပ်ငန်းကို ကျွမ်းကျင်သောသူများအား စက်ပစ္စည်းကောင်းများကို အသုံးပြုရန် ပေးရမည်။ လုပ်ငန်းတစ်ခုတွင် ကျွမ်းကျင်မှုမရှိသည့်အပြင် လူ့သဘာဝလည်း မကောင်းသောသူများအတွက်မူ သာမန်အရာများကို အသုံးပြုရုံနှင့်ပင် တော်လှပြီဖြစ်သည်။ ဤကဲ့သို့ ပစ္စည်းများကို ခွဲဝေဖြန့်ဖြူးခြင်းသည် သင့်တင့်လျောက်ပတ်သလော။ (သင့်တင့်လျောက်ပတ်ပါသည်။)

အရာဝတ္ထုပစ္စည်း မျိုးစုံနှင့်ပတ်သက်၍ မတူညီသောလူတို့တွင် ထိုပစ္စည်းများကို သဘောထားပုံများ မတူညီကြပေ။ အချို့သောလူတို့သည် အဆင့်မြင့်ကွန်ပျူတာတစ်လုံးကို ဝယ်ယူပြီး နှစ်နှစ်အသုံးပြုပြီးနောက်တွင် အသစ်အတိုင်းပင် ရှိနေသေးသည်၊ ဖန်သားပြင်ပေါ်တွင် လက်ရာတစ်ခုမျှ မတွေ့ရသည့်အပြင်၊ ကီးဘုတ်သည်လည်း ဖုန်မှုန့်တစ်စက်မျှမရှိဘဲ အမြဲ အလွန်သန့်ရှင်းနေသည်။ ကွန်ပျူတာ Desktopသည်လည်း သပ်ရပ်သန့်ရှင်းပြီး ကွန်ပျူတာထဲတွင် သိမ်းဆည်းထားသောအရာများသည်လည်း အားလုံး အတော်ပင် စနစ်တကျရှိကာ ရှင်းလင်းသည်။ အကယ်၍ တစ်စုံတစ်ဦးက အချိန်ကြာမြင့်စွာ အသုံးပြုပါက ကွန်ပြူတာမျက်နှာပြင်အတွက် မကောင်းကြောင်း ပြောပါက ၎င်းတို့သည် ထိုမျက်နှာပြင်အား အကောင်းဆုံး မည်သို့ကာကွယ်ရမည်ကို ချက်ချင်းမေးမြန်းလိမ့်မည်၊ မည်သည့်နည်းလမ်းမဆိုက အကောင်းဆုံးဖြစ်လျှင် ထိုနည်းလမ်းအတိုင်း ၎င်းတို့ လုပ်ဆောင်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့အား ကွန်ပျူတာသည် အချိန်ကြာမြင့်စွာ အသုံးပြုပြီးနောက် အနားပေးရန် လိုအပ်ကြောင်း၊ အလွန်ပူလာပါက လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာပြီး စက်၏သက်တမ်းကို ထိခိုက်စေကြောင်း ပြောပါက ၎င်းတို့သည် မိမိတို့၏ကွန်ပျူတာကို နှစ်နာရီကျော် အသုံးပြုပြီးဖြစ်ကြောင်းကို သိရှိသည့်အခါ စက်အေးသွားစေရန် ချက်ချင်းရပ်တန့်လိုက်လိမ့်မည်။ ရာသီဥတု အလွန်ပူသောကြောင့် စက်အေးခြင်းက နှေးနေပါက၊ ၎င်းတို့သည် ပန်ကာတစ်ခုဖြင့် မှုတ်ပေးလိမ့်မည်။ ၎င်းတို့သည် စက်ကို မိမိတို့၏ ကလေးတစ်ဦးလောက် အထူးဂရုစိုက်မှုဖြင့် ဆက်ဆံကြသည်။ ထိုစက်ပစ္စည်းကို အိတ်ထဲသို့ ထည့်သည့်အခါ အထူး အာရုံစိုက်ပြီး ဂရုစိုက်ကြသည်။ ပြီးလျှင် စားပွဲပေါ်တွင် တင်သည့်အခါလည်း မျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ပြီး စက်ကို ကောင်းမွန်စွာ ထားရှိရသည်။ ဤသည်မှာ ၎င်းတို့၏ အားသာချက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများသည် မိမိတို့ကိုယ်တိုင် စက်ပစ္စည်းကို နှမြောတန်ဖိုးထားသည်သာမက အခြားသူများက စက်ပစ္စည်းကို ဖျက်ဆီးပြီး ပျက်စီးစေသည်ကို မြင်သည့်အခါ၌ပင် သည်းမခံနိုင်ကြပေ။ ထိုသို့သောလူများသည် စက်ပစ္စည်းကောင်းများကို အသုံးပြုရန် သင့်တော်သည်။ ငွေရှိသော လူအချို့သည်လည်း တန်ဖိုးကြီးကွန်ပျူတာများကို ဝယ်ယူကြသည်။ အိမ်သို့ရောက်သည့်အခါ ထိုကွန်ပြူတာကို လုံးဝတန်ဖိုးမထားကြပေ။ ဖုန်မည်မျှပင် တင်နေပါစေ ၎င်းတို့က သန့်ရှင်းရေးမလုပ်သည့်အပြင်၊ အတော်ပင် ညစ်ပတ်အောင် ထားကြသည်။ အခြားသူများက စက်တစ်လုံးကို နှစ်နှစ်အသုံးပြုပြီး အသစ်အတိုင်း ရှိနေလိမ့်ဦးမည်ဖြစ်သည်။ ဤလူများကမူ စက်တစ်လုံးကို နှစ်လအသုံးပြုပြီး ထိုစက်က ဆယ်နှစ် သုံးထားသကဲ့သို့ ထင်ရသည်။ စက်များကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ၎င်းတို့အား ပြောပါက ၎င်းတို့က “ထိုစက်ကို ထိန်းသိမ်းခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။ စက်ပစ္စည်းများသည် လူတိုကို အစေခံရန်ဖြစ်သည်။ ပျက်သွားလျှင်၊ အသစ်တစ်လုံးသာ ဝယ်လိုက်ပါ”ဟု ပြောလိမ့်မည်။ ရလဒ်အနေဖြင့် မမှန်ကန်သော အသုံးပြုမှုကြောင့် ခြောက်လမပြည့်မီ စက်က ပျက်သွားလေသည်။ ထိုသို့သောလူများကို သင်တို့ မည်သို့ထင်မြင်သနည်း။ ၎င်းတို့သည် အဆင့်မြင့်စက်ပစ္စည်းများ အသုံးပြုရန် သင့်တော်သလော။ (မသင့်တော်ပါ။) ၎င်းတို့ဝယ်ယူသော ကွန်ပျူတာများက မည်မျှပင် ကောင်းမွန်ပါစေ မြတ်နိုးတန်ဖိုးထားရန် ၎င်းတို့က မစဉ်းစားဘဲ ဟိုသည်ပစ်ထားကာ ဂရုမစိုက်ဘဲ ထားကြသည်။ ၎င်းတို့၏ ကွန်ပျူတာအချို့သည် ခြစ်ရာများဖြင့် ပျက်စီးနေသည်။ အချို့မှာ ရေစိုပျက်စီးနေသည်။ အချို့မှာ မြေပေါ်သို့ ပြုတ်ကျပြီး ကွဲအက်သွားသည်။ ၎င်းတို့သည် အတော်ပင် ကြမ်းတမ်းစွာ အသုံးပြုကြသည်။ ထိုသို့သောလူများ၏ လူ့သဘာဝတွင် တစ်စုံတစ်ခု ချို့တဲ့နေသည်။ သင်တို့သည် စက်ပစ္စည်းကောင်းများကို ထိုသို့သောလူများအား အသုံးပြုရန် ခွဲဝေပေးလိုသလော။ (မလိုလားပါ။) အချို့သောလူတို့သည် မျက်မှန်တပ်ကြပြီး မှန်ဘီလူးများကို အမြဲတမ်း သန့်ရှင်းစင်ကြယ်အောင် သုတ်ထားသော်လည်း အခြားသောလူများ၏ မှန်ဘီလူးများမှာမူ ဖုန်မှုန့်များ၊ လက်ဗွေရာများနှင့် အခြားအရာများဖြင့် ညစ်ပတ်သော မျက်နှာပြင်များ ရှိနေသည်။ ၎င်းတို့သည် ထိုသို့ပင် မည်သို့ အသုံးပြုနိုင်မည်နည်း။ မိမိတို့၏ မျက်မှန်ကို ဂရုစိုက်မည့်သူများသည် မျက်မှန်ကို ချထားသည့်အခါ အလွန်ဂရုစိုက်ကြသည်။ ၎င်းတို့သည် မျက်မှန်မှန်ဘီလူးကို စားပွဲမျက်နှာပြင် သို့မဟုတ် မည်သည့်အရာဝတ္ထုနှင့်မျှ ထိတွေ့ခွင့် လုံးဝ ပေးမည်မဟုတ်သည့်အပြင်၊ မျက်မှန်မှန်ဘီလူးကို ခြစ်ရာထင်ခြင်း သို့မဟုတ် ပွန်းပဲ့ခြင်း တစ်ခုတလေ ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။ မျက်မှန်များသည် အထူးသဖြင့် အနီးမှုန်သူများအတွက် အလွန်အရေးကြီးသည်။ သင်သည် မျက်မှန်မှန်ဘီလူးများကို ခြစ်မိပါက မည်သို့အသုံးပြုမည်နည်း။ အချို့သောလူတို့သည် မိမိတို့၏ မျက်မှန်များနှင့်ပတ်သက်၍ ကြမ်းတမ်းကြပြီး အချိန်တိုအတွင်း ဝတ်ဆင်ပြီးနောက် ၎င်းတို့၏ မျက်မှန်မှန်ဘီလူးများက မှုန်ဝါးသွားသည်။ ယင်းတို့ကို တပ်ဆင်ထားသည့်အခါ မည်သည့်အရာကိုမျှ ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ မတပ်ဘဲနေခြင်းကပင် ပိုကောင်းမည်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် မည်သည့်ခြားနားမှုမျှ မဖြစ်စေသည့်အလား ထိုအတိုင်း ဆက်လက်တပ်ဆင်ခြင်းသည် ကောင်းသည်ဟု ထင်ကြသည်။ ဤအရာကို ငါ နားမလည်နိုင်ပေ။ မျက်မှန်တပ်ဆင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အမှုအရာများကို ပို၍ ရှင်းလင်းစွာ မြင်နိုင်ရန် မဟုတ်လော။ ၎င်းတို့၏ မျက်မှန်မှန်ဘီလူးများအားလုံး ပွန်းပဲ့ခြင်းဖြင့် မည်သည့်အရာကို ၎င်းတို့ ရှင်းလင်းစွာ မြင်နိုင်မည်နည်း။ ဤသူတို့သည် ကြမ်းတမ်းသောသူများ မဟုတ်လော။ အမှန်ပင် ကြမ်းတမ်းလှပေသည်။ အလွန်အမင်း ကြမ်းတမ်းသောသူများ၏ လူ့သဘာဝတွင် တစ်စုံတစ်ခု ချို့တဲ့နေသည်။ ၎င်းတို့သည် အမှုအရာများအား မြတ်နိုးတန်ဖိုးထားရန် တွေးဖို့မဆိုထားနှင့်၊ မည်သို့ဂရုစိုက်ရမည်ကို မသိကြပေ။

ဘုရားအိမ်တော်၏ အရေးကြီးသော စက်ပစ္စည်းများ၊ ကိရိယာများနှင့်ပတ်သက်လာသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားမှာ အဘယ်နည်း။ ထိုသို့သော စက်ပစ္စည်းများကို ခွဲဝေဖြန့်ဖြူးသည့်အခါ သင့်တော်သောလူများအား ပေးအပ်ရန် ဖြစ်သည်။ ထိုသို့သော အရေးကြီးသည့်၊ အဆင့်မြင့် စက်ပစ္စည်းများကို အသုံးပြုသူများသည် ပစ္စည်းများအား မည်သို့တန်ဖိုးထားရမည်ကို သိသောသူများ လုံးဝ ဖြစ်ရမည်။ ၎င်းတို့သည် ယင်းကို တန်ဖိုးထားလိမ့်မည်၊ ဂရုစိုက်လိမ့်မည်၊ ထိန်းသိမ်းလိမ့်မည်။ ထိုအရာကို ၎င်းတို့ ပိုင်ဆိုင်သည့်အခါ ခဏတာ ပေါ့ဆမှု သို့မဟုတ် ဘဝပေးအသိပညာအချို့ ကင်းမဲ့မှုကြောင့်မှလွဲ၍ ယင်းကို တမင်တကာ သို့မဟုတ် မိမိတို့၏ လုပ်ဆောင်မှုကြောင့် ၎င်းတို့ မည်သည့်အခါမျှ ဖျက်ဆီးလိမ့်မည် မဟုတ်ကြောင်း၊ သို့မဟုတ် ပျက်စီးစေလိမ့်မည် မဟုတ်ကြောင်း သင်စိတ်ချနိုင်သည်။ ထိုသို့သောလူများသည် ဤစက်ပစ္စည်းကို အသုံးပြုကောင်းပြုနိုင်သည်။ အဆင့်မြင့်သည့်၊ ကောင်းမွန်သော စက်ပစ္စည်းများကို ၎င်းတို့အား ခွဲဝေဖြန့်ဖြူးပေးနိုင်သည်။ ပစ္စည်းများကို အသုံးပြုရာတွင် ပင်ကိုအားဖြင့် ကြမ်းတမ်းသောလူများနှင့်ပတ်သက်၍မူ ၎င်းတို့အား သာမန်ပစ္စည်းများသာ အသုံးပြုရန် ပေးခြင်းမျှက အဆင်ပြေသည်။ ထို့အပြင် ထိုသို့သော စက်ပစ္စည်းများနှင့် ကိရိယာများကို ထိန်းသိမ်းစောင့်ရှောက်သူများသည် ၎င်းတို့၏ အသုံးပြုမှုကို မှတ်တမ်းတင်ရန် တာဝန်ရှိသည်။ မည်သူက မည်သည့်အရာကို ယူသွားပြီး မည်မျှကြာအောင် အသုံးပြုခဲ့သည်၊ သို့မဟုတ် မည်သည့်ပစ္စည်းသည် တစ်စုံတစ်ဦး၏ သီးသန့်အသုံးပြုရန်အတွက်ဖြစ်ပြီး အကယ်၍ ပျက်စီးပါက ၎င်း၏တန်ဖိုးအတိုင်း လျော်ကြေးပေးသင့်သည်။ ဤအရာများနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်လုံးက လက်မှတ်ရေးထိုးရမည်၊ သို့မှသာ လူတိုင်းအတွက် မျှတပြီး သင့်တင့်လျောက်ပတ်မည် ဖြစ်သည်။ စက်များနှင့် စက်ပစ္စည်းများကို ရေတိုအသုံးပြုသည်ဖြစ်စေ၊ ရေရှည်အသုံးပြုသည်ဖြစ်စေ ကောင်းမွန်စွာ ဂရုစိုက်ရမည်ဖြစ်သည်။ အသုံးပြုသူသည် ၎င်းတို့ကို မှန်ကန်စွာ အသုံးပြုရန် သင်ယူရမည်ဖြစ်ပြီး အကယ်၍ ချွတ်ယွင်းမှုဖြစ်ပါက ချက်ချင်း ပြုပြင်သင့်သည်။ ဤအလုပ်ကို ပို၍ စေ့စပ်သေချာစွာ လုပ်ဆောင်လေ၊ ပိုကောင်းလေ ဖြစ်သည်။ အကယ်၍ စာတန်၏အစိုးရက လူများကို ဖမ်းဆီးနေသည့် အခြေအနေတစ်ခု ပေါ်ပေါက်လာပါက ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကအကျဆုံးသော တာဝန်ဝတ္တရားမှာ အရေးကြီးသော စက်ပစ္စည်းများနှင့် ကိရိယာများကို အားကိုးရသော၊ ယုံကြည်စိတ်ချရသောသူများအား ခွဲဝေဖြန့်ဖြူးပေးရန် ဖြစ်သည်။ ၎င်းတို့ ပေးပို့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ထိုသူအား “ဤအရာများသည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အသုံးပြုရန်အတွက် ဘုရားအိမ်တော်မှ အရာများ ဖြစ်သည်။ ၎င်းတို့သည် ကစားစရာများ မဟုတ်ပါ။ သင်သည် ၎င်းတို့ကို ကျိုးကြောင်းဆီလျော်စွာ အသုံးပြုပြီး ကောင်းမွန်စွာ ဂရုစိုက်သင့်သည်။ ၎င်းတို့ကို မပျက်စီးစေနှင့်။ ဤစက်ပစ္စည်းများနှင့် ကိရိယာများသည် တာဝန်ထမ်းဆောင်ရန်အတွက် လိုအပ်သောကြောင့် အကယ်၍ ၎င်းတို့ ပျက်စီးမှုရှိပါက ၎င်းတို့၏ တန်ဖိုးအတိုင်း လျော်ကြေးပေးသင့်သည်။ အကယ်၍ စက်ပစ္စည်းပျက်စီးမှုကြောင့် အလုပ်နှောင့်နှေးပါက ယင်းမှာ ပို၍ပြင်းထန်သော သဘောသဘာဝရှိသည့် ကိစ္စရပ်ဖြစ်ပြီး အနှောင့်အယှက်ပေးခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းအချို့ ရှိသည်ဟု ဆိုလိုသည်။ သို့ဖြစ်၍ သင်သည် တာဝန်များကို ထမ်းဆောင်ရာတွင် စက်ပစ္စည်းများနှင့် ကိရိယာအမျိုးမျိုးကို မှန်ကန်စွာ မည်သို့အသုံးပြုရမည်ကို သိရမည်၊ သင်သည် ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုကို လုံးဝ မပျက်စီးစေရ။ ဤစည်းမျဉ်းများကို မှတ်ထားရန် သေချာစေပါ။ သင့်တင့်လျောက်ပတ်သော အသုံးပြုခြင်းနှင့် ပုံမှန် စစ်ဆေးခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းဟူသည်တို့ဖြစ်သည်။အကယ်၍ တစ်စုံတစ်ရာ ချွတ်ယွင်းမှုဖြစ်ပါက ချက်ချင်း သတင်းပို့ပြီး ပြုပြင်ရန် လျှောက်ထားပါ”ဟုဆိုလျက် အကြံဉာဏ်အချို့ ပေးသင့်သည်။ ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ခွဲဝေဖြန့်ဖြူးခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းများကို သိရမည်။ အခြားတစ်စိတ်တစ်ပိုင်းမှာမူ အသုံးပြုသူများအား ထိန်းသိမ်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းကို မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ အကယ်၍ ချွတ်ယွင်းမှုတစ်ခု ဖြစ်ပေါ်ပါက ပြုပြင်မှုများအား မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း သိရှိစေသင့်သည်။ ဤသည်မှာ စက်ပစ္စည်းများနှင့် ကိရိယာမျိုးစုံကို ဂရုစိုက်ခြင်း၊ အသုံးပြုခြင်းနှင့်ပတ်သက်လာလျှင် လူတို့ နားလည်ပြီး ပိုင်ဆိုင်သင့်သည့် အခြေခံကျသော အသိပညာ ဖြစ်သည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ စက်ပစ္စည်းအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးရမည်။ ဥပမာအားဖြင့် အလုပ်လုပ်သော ဝန်ထမ်းတစ်ဦးသည် အတော်အတန် ပြည့်စုံသော အင်္ဂါရပ်များပါသည့် ကွန်ပြူတာတစ်လုံး လိုအပ်ပါက သင်သည် ၎င်းတို့အား တစ်လုံး ခွဲဝေပေးသင့်သည်။ အကယ်၍ ၎င်းတို့က တစ်လုံးနှင့် မလုံလောက်ဟု ပြောပါက အဘယ်ကြောင့်ဖြစ်သည်ကို သင်မေးမြန်းရမည်ဖြစ်ပြီး သူတို့ပြောသည့်အရာက အမှန်ဟုတ်မဟုတ် သိရန် သင်စုံစမ်းရမည်။ ၎င်းတို့၏ လျှောက်လွှာကိုသာ ကြည့်၍ သူတို့တောင်းသလောက် ကွန်ပျူတာများ ပေးခြင်း၊ တစ်လုံးမလုံလောက်ဟု ပြောပါက နှစ်လုံးပေးခြင်း၊ နှစ်လုံးမလုံလောက်ဟု ပြောပါက သုံးလုံးပေးခြင်းတို့ကို မပြုလုပ်နှင့်။ သို့ဆိုလျှင် သင်သည် ကွန်ပျူတာများကို ကစားစရာများသဖွယ် ဖြန့်ဝေနေခြင်း မဟုတ်လော။ ယင်းသည် လက်လွတ်စပယ် ပြုမူခြင်းဖြစ်မည် မဟုတ်လော။ သင်သည် ဦးစွာ အခြေအနေကို စုံစမ်းပြီး ဘုရားအိမ်တော်၏ စည်းမျဉ်းများကို အခြေခံ၍ ဆုံးဖြတ်ချက်ချသင့်သည်။ အချို့သောလူတို့သည် တာဝန်ထမ်းဆောင်ယောင်ဆောင်လျက် မဆင်မခြင် လျှောက်လွှာတင်နေမည်ကို စိုးရသဖြင့် သင်သည် လျှောက်လွှာမျိုးစုံကို လုံးဝ မဆင်မခြင် အတည်ပြုခြင်း မပြုရ။ ထို့အပြင် အရေးကြီးသော အလုပ်များကို လုပ်ဆောင်နေသည့် အချို့သောလူများသည် အဆင့်မြင့် ကွန်ပျူတာများ လိုအပ်ကောင်းလိုအပ်နိုင်သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ကွန်ပျူတာများမှာမူ အဆင့်နိမ့်သော ဖွဲ့စည်းပုံများ ရှိနေတတ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကိုလည်း ချက်ချင်း စုံစမ်းပြီး စက်ပစ္စည်းများကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးရမည်။ ကွန်ပျူတာများ ပံ့ပိုးပေးခြင်းကို လူတစ်ဦး၏ အလုပ် သဘောသဘာဝနှင့် ကွန်ပျူတာအဆင့်အတွက် လိုအပ်ချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်သင့်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သာမန်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးသာဖြစ်ပြီး ကွန်ပျူတာနည်းပညာ သို့မဟုတ် ဗီဒီယိုထုတ်လုပ်ရေးအလုပ်တွင် မပါဝင်ဘဲ ကွန်ပျူတာများကို အင်တာနက်သုံးခြင်း၊ သတင်းအချက်အလက်များ ရှာဖွေခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းကဲ့သို့သော အရာများအတွက်သာ အသုံးပြုပြီး ၎င်းတို့၏ ကွန်ပျူတာ သတ်မှတ်ချက်များပိုင်းတွင် များစွာမလိုအပ်ပါက ၎င်းတို့အတွက် သာမန်တစ်လုံးကို အသုံးပြုခြင်းက လုံလောက်သည်။ အချို့သော အသက်ကြီးသူများသည် စာရိုက်ခြင်း၊ အွန်လိုင်းတက်ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းကဲ့သို့သော ရိုးရှင်းသည့် လုပ်ဆောင်ချက်များကိုသာ သိကြသော်လည်း ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အလွန်တန်ဖိုးကြီးသော ကွန်ပျူတာများကို ထုတ်ပေးခြင်းခံရသည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သလော။ ၎င်းတို့သည် အထူးအခွင့်အရေးများ ရှာဖွေနေခြင်း မဟုတ်လော။ ၎င်းတို့သည် အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော တန်ဖိုးကြီးသည့်၊ အဆင့်မြင့် စက်ပစ္စည်းများကို မည်သည့်အတွက် အသုံးပြုရမည်နည်း။ ထိုပစ္စည်းများကို သက်ဆိုင်ရာ အလုပ်လုပ်သော ဝန်ထမ်းများနှင့် ကျွမ်းကျင်သော ဝန်ထမ်းများအား အသုံးပြုရန် ပေးအပ်ရမည် ဖြစ်သည်။ ထိုပစ္စည်းများသည် လူတစ်ဦး၏ အဆင့်အတန်းနှင့် ကိုက်ညီရန် မလိုအပ်ပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးနှင့်ပတ်သက်၍ ၎င်းတို့က အခွင့်ထူးခံ အသုံးပြုခွင့်များ ခံစားသင့်သည်ဟု မှားယွင်းစွာ ယုံကြည်ကြသည်။ ယင်းမှာ ဘုရားအိမ်တော်တွင်ရှိသော စည်းမျဉ်းဖြစ်သလော။ မဟုတ်ပေ။ အချို့သောလူတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အား အဆင့်မြင့် ကွန်ပျူတာများ၊ ဆဲလ်ဖုန်းများနှင့် နားကြပ်များကို လျင်မြန်စွာ ထုတ်ပေးကြသည်။ ၎င်းတို့အား အဆင့်မြင့် စက်ပစ္စည်းအမျိုးမျိုးဖြင့် တပ်ဆင်ပေးကြသည်။ ဤအရာ၏ အကျိုးဆက်မှာ အဘယ်နည်း။ ဤအရာကို အလုပ်တွင် ကောင်းမွန်သောရလဒ်များ ရရှိရန် အမှန်တကယ် လုပ်ဆောင်ခြင်းဖြစ်သလော။ ထိုလူတို့သည် ဇာတိပကတိဆိုင်ရာ သာယာမှုကို တပ်မက်နေခြင်း မဟုတ်လော။ ထို့အပြင် သင်သည် အဆင့်မြင့်ကွန်ပျူတာများကို မည်သည့်အတွက် အသုံးပြုနေသနည်း။ အွန်လိုင်းတွင် စုဝေးပွဲများ ကျင်းပပြီး စကားလုံးများနှင့် အယူဝါဒများကို ဟောပြောနေခြင်းသာ ဖြစ်သည် မဟုတ်လော။ သင်သည် ဗီဒီယိုများ မည်သို့တင်ရမည်ကို သိသလော၊ သို့မဟုတ် ဗီဒီယိုများကို ထုတ်လုပ်နိုင်သလော။ သင်သည် ကွန်ရက်လုံခြုံရေးအား မည်သို့ထိန်းသိမ်းရမည်ကို သိသလော၊ သို့မဟုတ် ဝဘ်ဆိုဒ်များ ထောင်နိုင်သလော။ ဤလုပ်ငန်းများကို သင် သိသလော။ အကယ်၍ မသိပါက အဆင့်မြင့်ကွန်ပျူတာတစ်ခုအတွက် သင့်တွင် မည်သည့်အသုံးဝင်မှု ရှိသနည်း။ ဤသည်မှာ လုပ်ဆောင်ရန် ရွံရှာဖွယ်ကောင်းသည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင့်တွင် ကိုယ်ပိုင်ငွေရှိပါက သင် သင်ကွန်ပျူတာ မည်မျှဝယ်သည်ကို မည်သူမျှ ဂရုမစိုက်သည့်အပြင်၊ ထိုကွန်ပျူတာများက မည်မျှပင် အဆင့်မြင့်ပါစေ မည်သူမျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ငါတို့သည် ယခု ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ မည်သို့ခွဲဝေဖြန့်ဖြူးရန် လိုအပ်သည်ကို ပြောဆိုနေခြင်း ဖြစ်သည်။ “သင့်တင့်လျောက်ပတ်စွာ” ဟူသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားအိမ်တော်၏ ဤအဆင့်မြင့်စက်ပစ္စည်းကို အသုံးပြုသည့်အခါ “သင့်တင့်လျောက်ပတ်စွာ” အသုံးပြုသည်ဟု မှတ်ယူ၍ရသလော။ (မရပါ။) ၎င်းတို့သည် လုပ်ငန်းကို မသိကြ သို့မဟုတ် တစ်ခုတလေအား မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ အဆင့်မြင့်ကွန်ပျူတာတစ်လုံး ရှိခြင်းက ၎င်းတို့အား အဆင့်မြင့်စေသလော။ ၎င်းတို့သည် မည်သည့်အရာအတွက် ကြွားဝါနေသနည်း။ ဘုရားအိမ်တော်သည် ၎င်း၏ပစ္စည်းအမျိုးမျိုးကို ခေါင်းဆောင်များနှင့် အမှုဆောင်များအား အခွင့်ထူးခံ အသုံးပြုခွင့်နှင့် ခွဲဝေဖြန့်ဖြူးခွင့် ပေးသည့် စည်းမျဉ်းမရှိပေ။ ၎င်းတို့တွင် ထိုအထူးအခွင့်အရေး မရှိသည့်အပြင်၊ ဤသည်မှာ ဘုရားအိမ်တော်က ပစ္စည်းများကို ခွဲဝေဖြန့်ဖြူးခြင်းအတွက် သင့်တင့်လျောက်ပတ်သော စည်းမျဉ်းတစ်ခု မဟုတ်ပေ။ ယင်းသည် လုံးဝ သင့်တင့်လျောက်ပတ်ခြင်း မရှိပေ။ အကယ်၍ လူတစ်ဦးသည် ဤအရာများကို မိမိဘာသာ ဝယ်ယူနိုင်သည့် အနေအထားရှိပါက ဝယ်ယူနိုင်သည်။ အကယ်၍ မရှိဘဲ ဘုရားအိမ်တော်က ခွဲဝေပေးရန် လိုအပ်ပါက သာမန်ပစ္စည်းများကို အသုံးပြုခြင်းက ၎င်းတို့အတွက် လုံလောက်သည်။ ဤသည်မှာ မျှတပြီး သင့်တင့်လျောက်ပတ်သည်။ ဤအဆင့်မြင့်စက်ပစ္စည်းအား အမှန်တကယ် မည်သို့အသုံးပြုရမည်ကို သိသောသူများသည် ဤအလုပ်တွင် ပါဝင်သည့် ကျွမ်းကျင်သော လူပုဂ္ဂိုလ်များ ဖြစ်ကြသည်၊ ထို့ကြောင့် ဘုရားအိမ်တော်သည် ဤစက်ပစ္စည်းကို ၎င်းတို့အား ခွဲဝေပေးသင့်သည်။ ဤသည်တို့မှာ ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို ခွဲဝေဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ပြီး သဘောပေါက်သင့်သည့် စည်းမျဉ်းအချို့ ဖြစ်သည်။ ဤစည်းမျဉ်းများကို အခြေခံ၍ ဤအရာများကို တစ်နေရာရာတွင် သင့်တင့်လျောက်ပတ်မှုမရှိစွာ ခွဲဝေဖြန့်ဖြူးထားခြင်း ရှိမရှိကို ကြည့်ရန် ထပ်မံစစ်ဆေးလော့။ အကယ်၍ ရှိပါက အမြန်ဆုံး ပြုပြင်လော့။ အချို့သောလူတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်လာပြီးနောက် ဘုရားအိမ်တော်တွင် မည်သူမျှ ၎င်းတို့အား မြှောက်ပင့်ဖားယားလုပ်ခြင်း မရှိသည်ကိုလည်းကောင်း၊ မည်သူမျှ ၎င်းတို့အား အဆင့်မြင့်ပစ္စည်းများ ထုတ်မပေးသည်ကိုလည်းကောင်း၊ ၎င်းတို့သည် မိမိတို့၏ မူလဝတ်စုံအဟောင်းကိုသာ ဝတ်ဆင်နေရဆဲဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့၏ အလွန်သာမန်ဖြစ်သော ကွန်ပျူတာငယ်လေးကိုသာ အသုံးပြုနေရဆဲဖြစ်သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်က ၎င်းတို့အား ကွန်ပျူတာကောင်းတစ်ခု တပ်ဆင်မပေးသည်ကိုလည်းကောင်း မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘဏ္ဍာရေးအဖွဲ့ထံ သွားပြီး ကွန်ပျူတာတစ်လုံး ဝယ်ယူရန် လျှောက်ထားကြသည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သလော။ (မလျောက်ပတ်ပါ။) ၎င်းတို့က “အကယ်၍ သင်က ကျွန်ုပ်ကို ထုတ်မပေးပါက ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်မည်မဟုတ်ပါ၊ ဘုရားအိမ်တော်က ကျွန်ုပ်အား ပို၍အဆင့်မြင့်သော၊ ပိုသစ်သောမော်ဒယ်၊ ပို၍မြန်ဆန်သော ကွန်ပျူတာတစ်လုံး ဝယ်ပေးရန် အခွင့်အရေးတစ်ခု ကျွန်ုပ် ရှာမည်” ဟု ပြောကြသည်။ ၎င်းတို့က အလွန် ရဲတင်းသည်၊ ၎င်းတို့ မလုပ်ဝံ့သည့်အရာ ဘာမျှ မရှိပေ။ ဤလူတို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက် “ဘုရားအိမ်တော်၏ ငွေသည် ငါ့ငွေလည်း ဖြစ်သည်၊ ငါကြိုက်သလို သုံးမည်”ဟု တွေးထင်လျက် ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်အိမ်ကဲ့သို့ သဘောထားကြသည်။ ဤသည်မှာ အန္တိခရစ်တို့ လုပ်ဆောင်နိုင်စွမ်းရှိသည့်အရာပင် ဖြစ်သည်။

၃။ နေ့စဉ်သုံးပစ္စည်းများနှင့် အစားအစာအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်း

အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းနှင့် စက်ပစ္စည်းများကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်းအကြောင်း ပြောဆိုပြီးဖြစ်သည်။ ဆက်လက်၍ ဥပမာအားဖြင့် ကောက်နှံ၊ ဟင်းသီးဟင်းရွက်များနှင့် အစာခြောက်များအပြင်၊ ချက်ပြုတ်ခြင်းအတွက် လိုအပ်သော ပါဝင်ပစ္စည်းများ၊ အမျိုးမျိုးသော ဖြည့်စွက်အစားအစာများ၊ စသည်တို့ဖြစ်သည့် နေ့စဉ်နေထိုင်မှုအတွက် ပစ္စည်းများအကြောင်းကို ဆွေးနွေးကြမည်။ ဤပစ္စည်းများကို သင့်တင့်လျောက်ပတ်စွာ စောင့်ရှောက်ထိန်းသိမ်းရမည်သာမက သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးရမည်လည်း ဖြစ်သည်။ သို့ဆိုလျှင် ဤပစ္စည်းအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ မည်သို့ခွဲဝေဖြန့်ဖြူးရမည်နည်း။ ဘုရားအိမ်တော်သည် ၎င်း၏အစားအစာအတွက် စံနှုန်းများရှိပြီး ထိုသို့သောပစ္စည်းများကို စီမံခန့်ခွဲသူများသည် ထိုစံနှုန်းများကို တင်းကျပ်စွာ လိုက်နာလျက် ကျိုးကြောင်းဆီလျော်စွာ ခွဲဝေဖြန့်ဖြူးသင့်သည်။ ၎င်းတို့သည် မိမိတို့နှင့် ရင်းနှီးသူများအား ကောင်းမွန်သော အစားအစာများကို ပို၍ မပေးသင့်ပေ။ ဥပမာအားဖြင့် အကယ်၍ အရသာရှိသည့်၊ အရည်အသွေးကောင်းသော ဆန်အချို့ကို ဝယ်ယူခဲ့လျှင် သို့မဟုတ် အသီးအနှံ သို့မဟုတ် အသားအချို့ကို ရံဖန်ရံခါသာ ဝယ်ယူခဲ့ရပြီး သင်နှင့် အဆင်ပြေသောသူ မည်သူ့ကိုမဆို သင်က ပို၍ထုတ်ပေးသည် သို့မဟုတ် ကောင်းသော ပစ္စည်းအားလုံးကို ၎င်းတို့အား ထုတ်ပေးပြီး မကောင်းသော ပစ္စည်းများကို အခြားသူများထံ ပေးပို့သည်ဆိုပါက ယင်းကို သင့်တင့်လျောက်ပတ်သော ခွဲဝေဖြန့်ဖြူးခြင်းဟု မှတ်ယူ၍ရသလော။ (မှတ်ယူ၍မရပါ။) သို့ဆိုလျှင် ဤနေရာတွင် “သင့်တင့်လျောက်ပတ်မှု”ကို မည်သို့တိုင်းတာရမည်နည်း။ ပစ္စည်းများကို မည်သို့ခွဲဝေဖြန့်ဖြူးခြင်းက သင့်တင့်လျောက်ပတ်သည်ဟု မှတ်ယူနိုင်မည်နည်း။ စည်းမျဉ်းများ၊ ဘုရားအိမ်တော်က အစားအစာများအတွက် ထုတ်ပြန်သည့် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ညီတူညီမျှ ခွဲဝေခြင်းဖြစ်ပြီး ထုတ်ပေးသင့်သလောက် ထုတ်ပေးခြင်း ဖြစ်သည်။ အကယ်၍ သင်သည် တစ်စုံတစ်ဦးနှင့် ရင်းနှီးသည်ဟု ခံစားရပါက သင်၏ကိုယ်ပိုင်ဝေစုကို ၎င်းတို့အား ပေးနိုင်သည်။ အခြားသူများ၏ ပစ္စည်းများဖြင့် ရက်ရောခြင်းမပြုနှင့်။ ပြီးလျှင် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို အသုံးပြု၍ အခြားသူများကို ရက်ရောမှု မပြနှင့်။ အကယ်၍ သင်ရက်ရောလိုပါက သင်၏ကိုယ်ပိုင်ပစ္စည်းများဖြင့် ရက်ရောလော့။ ရက်ရောခြင်းသည် ဘုရားအိမ်တော်ရှိ စည်းမျဉ်းတစ်ခု မဟုတ်ပေ။ ဘုရားအိမ်တော်၏ စည်းမျဉ်းမှာ သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်း ဖြစ်သည်။ နေ့စဉ်ဘဝ၏ လိုအပ်ချက်များနှင့် အမျိုးမျိုးသော စားသောက်ကုန်များကို ဖြန့်ဝေခြင်းသည် လက်လွတ်စပယ်မဟုတ်ဘဲ ဘုရားအိမ်တော်က သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ လုပ်ဆောင်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောအရာများကို ဖြန့်ဝေရန် တာဝန်ရှိသူများအနေဖြင့် စိတ်နှလုံး မှန်ကန်ခြင်း ရှိမရှိ၊ ၎င်းတို့၏ ဖြန့်ဝေမှုက သင့်တင့်လျောက်ပတ်မှု ရှိမရှိ၊ ဖြန့်ဝေမှုကို ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်း ရှိမရှိ၊ လူအများစုက မည်သို့သတင်းပို့သည်၊ ထိုလူတို့တွင် မကျေနပ်ချက်များ ရှိသလောဟူသည်နှင့် လူတိုင်းကို ဂရုစိုက်ခြင်း ရှိသလောဟူသည်တို့ကို ကြီးကြပ်ပြီး ကြည့်ရှုနိုင်သည်။ တစ်ခါတစ်ရံတွင် ပစ္စည်းများ ရှားပါးပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့ကိုယ်တိုင် စားသုံးရန် သိမ်းထားခြင်းသည် သင့်တော်သလော။ အချို့က “ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမြင့်ဆုံးသော အဆင့်အတန်းနှင့် ဂုဏ်သတင်းရှိပြီး များသောအားဖြင့် ကျွန်ုပ်တို့ကို အများဆုံး စကားပြောသူများဖြစ်ရာ ယင်းက ၎င်းတို့၏ နှုတ်ကို ခြောက်သွေ့စေသည်။ ကောင်းမွန်သည့်အရာ တစ်ခုတလေရှိလျှင် ၎င်းတို့စားဖို့ ချန်ထားကြစို့” ဟု ပြောကောင်းပြောနိုင်သည်။ ဤကဲ့သို့ အရာများကို ခွဲဝေခြင်းသည် သင့်တော်သလော။ (မသင့်တော်ပါ၊ ပစ္စည်းများကို အမှန်တကယ် လိုအပ်သောသူများအတွက် ချန်ထားသင့်ပါသည်။) အကယ်၍ အတော်အတန် ဈေးကြီးသော ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းအချို့ ပြတ်လပ်နေပါက ယင်းတို့ကို မည်သို့ခွဲဝေသင့်သနည်း။ ထိုအရာများကို နှစ်ပေါင်းများစွာ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခဲ့ပြီး ပံ့ပိုးမှုပြုခဲ့သူများထံ ခွဲဝေပေးသင့်သည်။ ဤလူတို့သည် ၎င်းတို့၏ အသက်အရွယ်ကြောင့် ကျန်းမာရေးမကောင်းကြသော်လည်း မိမိတို့၏ တာဝန်များကို တာဝန်သိစွာ ထမ်းဆောင်နေဆဲဖြစ်ပြီး ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ထံမှ အတော် အကျိုးခံစားခဲ့ပြီးဖြစ်သည်။ ဤလူတို့သည် မိမိတို့၏ ခန္ဓာကိုယ်ကို အနည်းငယ် ထိန်းသိမ်းပြီး ဂရုစိုက်ရန် လိုအပ်သည့်အပြင်၊ ထိုကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းများကို စားသုံးခွင့်နှင့် အသုံးပြုခွင့် ပေးခြင်းကသာ မှန်ကန်သည်။ ရှားပါးသော ထောက်ပံ့ရေးပစ္စည်းများအတွက် မည်သူမျှ ရန်မဖြစ်သင့်ပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤပစ္စည်းများအား ခွဲဝေပေးရမည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သလော။ (သင့်တင့်လျောက်ပတ်ပါသည်။) သို့ဆိုလျှင် ထိုသို့သော ခွဲဝေမှုအပေါ် လူအများစုက ကန့်ကွက်မှုများ ရှိမည်လော။ “ကျွန်ုပ်သည် ထိုမျှ အသက်မကြီးသော်လည်း လုပ်စရာအလုပ်များစွာ ရှိသည်။ ကျွန်ုပ်သည် နေ့စဉ် ရှစ်နာရီကျော် အလုပ်လုပ်သည်။ ကျွန်ုပ်၏အလုပ်သည် ထိုမျှ ထိရောက်မှုမရှိနိုင်သည့်အပြင်နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ခြင်းလည်း မရှိနိုင်သော်လည်း ကျွန်ုပ်၏ ကျန်းမာရေးက တစ်ခါတစ်ရံ သိပ်မကောင်းပါ။ အဘယ်ကြောင့် မည်သူမျှ ကျွန်ုပ်ကို ဂရုမစိုက်သနည်း။ ကောင်းသောပစ္စည်းများ ရှိသည့်အခါ ကျွန်ုပ်၏အလှည့် လုံးဝ မရောက်သော်လည်း လုပ်စရာအလုပ်ရှိသည့်အခါတွင်မူ ကျွန်ုပ်ကိုသာ အမြဲရှာသည်” ဟု ပြောသူ တစ်စုံတစ်ဦး ရှိသလော။ ဤကဲ့သို့သောသူအား ဝေစုတစ်ခု ပေးသင့်သလော။ ၎င်းတို့သည် ဤအရာကို တောင်းဆိုရဲသောကြောင့် ၎င်းတို့အတွက် အချို့ချန်ထားလော့။ ယင်းမှာသင့်တင့်လျောက်ပတ်သလော။ သင်တို့သည် ထိုသို့ပြုလုပ်ရန် သဘောတူမည်လော။ (တူမည်မဟုတ်ပါ။) ငါသာဆိုလျှင်၊ သဘောတူမည်။ ထိုသို့သောအရာများနှင့်ပတ်သက်၍ အဘယ်ကြောင့် အလွန် စိတ်အနှောင့်အယှက်ဖြစ်ရမည်နည်း။ လူတို့သည် ပျော်ရွှင်မှုအတွက် မိမိတို့၏ဘဝကို အသက်မရှင်ကြပေ။ ၎င်းတို့သည် စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းအတွက် အသက်မရှင်ကြပေ။ ထိုသို့သောအရာများနှင့်ပတ်သက်၍ အဘယ်ကြောင့် တိုက်ခိုက်ရမည်နည်း။ အကယ်၍ တစ်စုံတစ်ဦးသည် ထိုသို့သော အရာများနှင့်ပတ်သက်၍ အမှန်တကယ် တိုက်ခိုက်လိုပြီး ၎င်းတို့၏ အခြေအနေများက အတော်အတန် သင့်လျော်ပါက ထိုအရာများကို အနည်းငယ် ခံစားခွင့်ပေးလိုက်လော့။ ၎င်းတို့သည် အထူးမျက်နှာသာပေးခြင်းကို ခံရမည်ဖြစ်သော်လည်း သင်သည် ယင်းအတွက် ဆုံးရှုံးသွားမည် မဟုတ်ပေ။ အလွန် စိတ်အနှောင့်အယှက်ဖြစ်ရန် မလိုအပ်ပေ။ သို့ဖြစ်၍ တစ်စုံတစ်ဦးက “အဘယ်ကြောင့် ကျွန်ုပ်ကို အချို့မပေးသနည်း။ ကျွန်ုပ်၏ ကျန်းမာရေးသည်လည်း မကောင်းမွန်ပါ။ အကယ်၍ ကျွန်ုပ်သည် ကောင်းသောအရာတစ်ခုခုကို အမှန်တကယ် စားသုံးရပါက ကျွန်ုပ်၏ ကျန်းမာရေး တိုးတက်လာသဖြင့် ဘုရားအိမ်တော်အတွက် ပို၍အလုပ်လုပ်နိုင်ပြီး ပို၍ဂရုစိုက်နိုင်မည်ဖြစ်ကာ ကျွန်ုပ်၏အလုပ်သည် ပို၍ထိရောက်မှုရှိမည်ဖြစ်သည်” ဟု ပြောသည်ဆိုပါစို့။ ဤတောင်းဆိုမှုကို ၎င်းတို့ ပြုလုပ်ပြီးဖြစ်သည့်အတွက်၊ ထိုတောင်းဆိုချက်ကို ငြင်းပယ်ခြင်းဖြင့် အရှက်မခွဲနှင့်။ အချို့ကို ဖြန့်ဝေပေးလော့။ အခြားသူတို့သည် ဤအရာနှင့်ပတ်သက်၍ အလွန်အမင်း စိတ်အနှောင့်အယှက်မဖြစ်သင့်ပေ။ အနည်းငယ် ပို၍ ရက်ရောလော့။ ထိုအရာများမရှိဘဲ သင်၏ဘဝသည် ယခင်အတိုင်း ဆက်ဖြစ်နေမည် မဟုတ်လော။ ဘုရားသခင်က လူတို့ကို ပေးသောအရာသည် ရှားပါးသည်မဟုတ်။ ယင်းသည် များပြားပြီး အလျှံပယ်ဖြစ်သည်။ ပစ္စည်းများနှင့်ပတ်သက်၍ တိုက်ခိုက်ရန် မလိုအပ်ပေ။ အကယ်၍ အထူးပစ္စည်းတစ်ခုခုရှိပြီး မည်သူမျှ ထိုပစ္စည်းကိုလိုအပ်သည်ဟု သို့မဟုတ် ထိုပစ္စည်း မွေ့လျော်ခံစားရန် လိုအပ်သည်ဟု မခံစားရပါက မည်သည့်လူစားမျိုးအတွက်မဆို အသင့်တော်ဆုံးဖြစ်သည်ဟု နောက်ဆုံးတွင် လူအများစုက သဘောတူလျှင်၊ ထိုလူစားမျိုးအား စားသုံးရန် ပေးသင့်သည်။ ငါတို့သည် လူ့သဘာဝကိုလည်းကောင်း၊ ပစ္စည်းများအား သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်းကိုလည်းကောင်း အလေးထားသည်။ ဤအရာများကို ရရှိသူတို့သည် ယင်းတို့ကို ဘုရားသခင်ထံမှ လက်ခံပြီး သူ၏ကျေးဇူးတော်အတွက် သူ့ကို ကျေးဇူးတင်သင့်သည်။ အခြားသူတို့သည် ထိုအရာများနှင့်ပတ်သက်၍မတိုက်ခိုက်သင့်ပေ။ အကယ်၍ သင်တိုက်ခိုက်ပါက သင်သည် ကျိုးကြောင်းဆီလျော်မှုမရှိ၊ တမင်တကာ ပြဿနာရှာနေခြင်းဖြစ်ပြီး စည်းကျော်နေခြင်း ဖြစ်သည်။ ဤသည်မှာ ထိုသို့သော အထူးအခြေအနေများကို ကိုင်တွယ်ရမည့်ပုံစံ ဖြစ်သည်။ အထူးအခြေအနေများနှင့် သာမန်အခြေအနေများအတွက် အလားတူ စည်းမျဉ်းများ ရှိသည်။ ထိုအခြေအနေများကို လူ့ဆက်ဆံရေးများနှင့်ဆိုင်သည့် သတ်မှတ်ချက်များ၏ အခြေခံအကြောင်းရင်းအပေါ်မူတည်၍ သဘောထားရန် မဆိုထားနှင့်၊ လက်လွတ်စပယ် သဘောထားရမည် မဟုတ်ပေ။ ဤအရာများကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးပြီးသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးဖြစ်ပေသည်။

နေ့စဉ်သုံးပစ္စည်းများနှင့် အစားအစာကို ခွဲဝေရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဖြုန်းတီးမှု သို့မဟုတ် ဆုံးရှုံးမှုများ ဖြစ်ခွင့်မပေးဖို့ ရည်မှန်းချက်ဖြင့်၊ အမှန်တကယ် သင့်တင့်လျောက်ပတ်သည့် နည်းလမ်းဖြင့် ခွဲဝေရန်အလို့ငှာ လက်တွေ့အခြေအနေများ၊ လူဦးရေအမှန်နှင့် လိုအပ်သော ပမာဏအမှန်တို့ကို အခြေခံသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရား ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် တိကျသော အခြေအနေများကို သိနားလည်မှုမရှိသည့်အခါ အခြေခံစည်းမျဉ်းအတိုင်း အချို့အရာများကို ခွဲဝေကောင်းခွဲဝေနိုင်ပြီး နောက်ပိုင်းတွင် လူတိုင်း၏ တုံ့ပြန်ချက်နှင့် နောက်ဆက်တွဲ စောင့်ကြည့်မှုတို့မှတစ်ဆင့် ခွဲဝေမှုသည် သင့်တင့်လျောက်ပတ်မှုမရှိကြောင်း၊ အနည်းငယ် စည်းကမ်းတင်းကျပ်ကြောင်း သိရှိလာကြသည်။ ထိုသို့သောအခြေအနေတွင် ထိုပြဿနာ ထပ်မံဖြစ်ပွားခြင်းကို ရှောင်ရှားရန်နှင့် ဖြုန်းတီးမှုနှင့် ဆုံးရှုံးမှုကို လျှော့ချရန်အတွက် နောက်တစ်ကြိမ်တွင် ၎င်းတို့ တိုးတက်အောင် လုပ်ဆောင်ရမည်။ ယင်းမှာ ၎င်းတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ ပျက်စီးမှုနှင့် ဖြုန်းတီးမှုကို ရှောင်ရှားရန်အတွက် ပစ္စည်းများကို ခွဲဝေသည့်အခါ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၎င်းတို့သည် ပို၍ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရမည်။ စည်းမျဉ်းများကိုလည်း တင်းကျပ်စွာ လိုက်နာရမည်ဖြစ်သည်။ ဤသည်မှာ လိုအပ်သောအရာ ဖြစ်သည်။ အမှန်တကယ် လိုအပ်သောသူများကို မပေးဘဲ၊ သမ္မာတရား လက်တွေ့ကျမှုရှိလျက် မိမိတို့၏ တာဝန်ကို ရိုးသားစွာ ထမ်းဆောင်နေသောသူများကို မပေးဘဲ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိသော မြှောက်ပင့်သူများကို အထူးတလည် ပေးလျက် ပစ္စည်းများကို မဆင်မခြင် မထုတ်ပေးနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် စည်းမျဉ်းများနှင့်အညီ ပြုမူခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ထိုသို့ပြုလုပ်ခြင်းသည် မဆင်မခြင် ထင်ရာစိုင်းပြုမူခြင်း မဟုတ်လော။ စည်းမျဉ်းများနှင့်အညီ မပြုမူခြင်းသည် လူတစ်ဦး၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းခြင်း ဖြစ်သည်။ လူတစ်ဦး၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဝတ်ကျေတမ်းကျေလုပ်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း မဟုတ်သည့်အပြင် သတ်မှတ်ထားသော အဆင့်များအတိုင်း လုပ်ဆောင်ခြင်းဖြင့် ဖြည့်ဆည်းခြင်းလည်း မဟုတ်ပေ။ ထိုအစား ယင်းမှာ ဘုရားအိမ်တော်နှင့်ဆိုင်သည့်အရာ တစ်ခုတလေနှင့်ပတ်သက်၍ ဖြုန်းတီးမှု သို့မဟုတ် ပျက်စီးမှု ဖြစ်ရပ်များ မဖြစ်ပေါ်ကြောင်းကို သေချာစေစဉ်တွင် ဘုရားအိမ်တော်က သတ်မှတ်ထားသော စည်းမျဉ်းများကို အမှန်တကယ် တင်းကျပ်စွာ လိုက်နာကျင့်ကြံခြင်းဖြင့် ပြုမူခြင်း ဖြစ်သည်။ ယင်းမှာ တာဝန်ဝတ္တရားကို အမှန်တကယ် ဖြည့်ဆည်းခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လူငါးဦးကို ကြက်ဥများ ထုတ်ပေးရာတွင် သင်သည် လူတစ်ဦးချင်းစီကို တစ်နေ့လျှင် တစ်လုံးပေးသင့်ပြီး ဆယ်ရက်တစ်ကြိမ် ထုတ်ပေးသင့်သည်။ ထိုသို့ဖြင့် အလုံးငါးဆယ် အတိအကျ သင် ပို့ပေးမည်ဖြစ်သည်။ သင်သည် ဤသို့ ထုတ်ပေးသင့်သည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ယင်းသည် အရေအတွက်နည်းပြီး တာဝန်ယူဖို့ လွယ်ကူသောကြောင့် ဖြစ်သည်။ ထို့အပြင် ယင်းမှာ ၎င်းတို့စားသုံးရန် မှန်ကန်သော ပမာဏလည်း အတိအကျ ဖြစ်သည်။ ဘုရားအိမ်တော်က တောင်းဆိုသော စံနှုန်းများ၊ သတ်မှတ်ချက်များနှင့်အညီ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် အတော်အတန် မှန်ကန်သည်၊ ယင်းမှာ စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ကသီလင်တဖြစ်မည်ကို စိုးရိမ်သဖြင့် ၎င်းတို့ကို တစ်ကြိမ်တည်းဖြင့် ရက်တစ်ရာစာ ကြက်ဥများဖြစ်သည့် ကြက်ဥ အလုံးငါးရာကို ထုတ်ပေးခဲ့ပါက ယင်းမှာ သင့်လျော်မည်လော။ ငါ့ကို ပြောလော့၊ ကြက်ဥ အလုံးငါးဆယ်သည် သယ်ယူပို့ဆောင်ရန်နှင့် ဂရုစိုက်ရန် ပို၍ လွယ်ကူသလော၊ သို့မဟုတ် အလုံးငါးရာက ပို၍ လွယ်ကူသလော။ (အလုံးငါးဆယ်ပါ။) အရေအတွက် နည်းပါက သယ်ယူပို့ဆောင်ရန်နှင့် ဂရုစိုက်ရန် ပို၍ လွယ်ကူသည်။ အချို့လူများသည် ရက်တစ်ရာစာကို ပို့ပေးကြပြီး ရလဒ်အနေဖြင့်အချို့မှာ လမ်းတွင် ကွဲသွားကြပြီး အချို့မှာ ဦးတည်ရာအရပ်၌ သယ်ဆောင်သည့်အခါ ကြေမွသွားကြသည်။ တစ်ခုပြီးတစ်ခု အနည်းငယ် ကွဲသွားခြင်းဖြင့် အစိတ်အပိုင်းတစ်ခုမှာ ပျက်စီးဆုံးရှုံးရသည်။ ဤအရာအပြင် လူတို့က ကြက်ဥများစွာ ထုတ်ပေးသည်ကို မြင်သည့်အခါ ပေါ့ပေါ့ဆဆ ဖြုန်းတီးကြမည်ဖြစ်ရာ နောက်တစ်ကြိမ် ပို့ဆောင်မည့်ရက် မတိုင်မီတွင် စားစရာ ကြက်ဥ ရှိတော့မည် မဟုတ်ပေ။ သို့ဖြစ်၍ ဤကြက်ဥများ ကွဲပြီး ပျက်စီးဆုံးရှုံးသည့်အခါ ယင်းကို ဖြစ်စေသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တမင်တာဝန်ပျက်ကွက်ခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့က နောက်ထပ် တောင်းဆိုပါက သင် ပေးနိုင်သလော။ စည်းမျဉ်းများအရ သတ်မှတ်ထားသော ရက်မတိုင်မီတွင် ၎င်းတို့ကို နောက်ထပ် သင် ပေး၍မရပေ။ သို့သော် ၎င်းတို့တွင် စားစရာ ဘာမျှမရှိသည့်အခါ စိတ်ထိခိုက်ခံစားကြရသည်။ ဤနေရာတွင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ (၎င်းတို့ကို အချိန်မီ၊ မှန်ကန်သော အရေအတွက်အတိုင်း ပေးသင့်ပါသည်။) ၎င်းတို့ကို အချိန်မီ၊ မှန်ကန်သော အရေအတွက်အတိုင်း ထုတ်ပေးခြင်းသည် စည်းမျဉ်းများနှင့်အညီ ကျင့်ကြံပြုမူခြင်း ဖြစ်သည်။ ယင်းမှာ သင့်တင့်လျောက်ပတ်သော ခွဲဝေဖြန့်ဖြူးခြင်း ဖြစ်သည်။ ဤအရာများကို ခွဲဝေသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သင့်တင့်လျောက်ပတ်သော ခွဲဝေခြင်းဟူသည့် စည်းမျဉ်းနှင့် ဘုရားအိမ်တော်က သတ်မှတ်ထားသော စံနှုန်းတို့ကို အကြွင်းမဲ့ လိုက်နာရမည်ဖြစ်ပြီး ၎င်းတို့ကို အချိန်မီနှင့် ပုံမှန် ထုတ်ပေးရမည်။ ထို့အပြင် ဖြုန်းတီးမှု ဖြစ်ရပ်များ ရှိမရှိကိုလည်းကောင်း၊ ဖြုန်းတီးမှုကြောင့် ရှားပါးသွားသော အရာများအတွက် ပြန်လည်လျှောက်ထားခြင်းများ သို့မဟုတ် တောင်းဆိုမှုများ ရှိမရှိကိုလည်းကောင်း၊ လူတို့ မကြိုက်နှစ်သက်သည့် ထုတ်ပေးထားသော အရာများနှင့်ပတ်သက်၍ ဖြုန်းတီးမှု ဖြစ်ရပ်များ ရှိမရှိကိုလည်းကောင်း ၎င်းတို့ ချက်ချင်း နားလည်ထားရမည်။ ဥပမာအားဖြင့် အသားများနှင့် ဟင်းသီးဟင်းရွက်များကို ထုတ်ပေးထားပြီး လူအများစုသည် အသားကို ပို၍ နှစ်သက်ကြသဖြင့် ၎င်းကို သုံးရက် သို့မဟုတ် ငါးရက်အတွင်း စားသုံးလိုက်နိုင်ပြီး ဟင်းသီးဟင်းရွက်များက ကျန်ခဲ့သည်။ ဟင်းသီးဟင်းရွက်များသည် ကောင်းစွာ မခံပေ။ အချို့မှာ အတန်ငယ်ကြာပြီးနောက် ပျက်စီးပုပ်သိုးသွားကြရာ နောက်တစ်သုတ် မထုတ်ပေးမီတွင် ကုန်သွားကြသည်။ ထိုအခါ တစ်စုံတစ်ဦးက ပြန်လည်လျှောက်ထားပြီး နောက်ထပ် တောင်းဆိုကောင်း တောင်းဆိုနိုင်သည်။ ဤသို့သောအခြေအနေတွင် နောက်ထပ် ပေးသင့်သလော။ ၎င်းတို့ကို နောက်ထပ်ပေးခြင်းသည် သင့်တင့်လျောက်ပတ်မှုရှိသလော။ (မရှိပါ။) အခြားလူတို့သည် အသားနှင့် ကြက်ဥများကို ခိုးကြောင်ခိုးဝှက် စားကုန်ကြမည်ဖြစ်ပြီး ၎င်းတို့ ကြိုက်နှစ်သက်သည့် ဟင်းသီးဟင်းရွက်များအားလုံးကို စားသုံးကြစဉ်တွင် ၎င်းတို့ မကြိုက်နှစ်သက်သည့်အရာများကို မစားရန် အကြောင်းပြချက်များနှင့် ဆင်ခြေအမျိုးမျိုးကို ပေးကြမည်ဖြစ်သည်။ ဟင်းသီးဟင်းရွက်များ ဝါပြီး ပုပ်သိုးသွားသည့်အခါ ၎င်းတို့သည် စား၍မရတော့ဟု ပြောဆိုကြပြီး နောက်ဆုံးတွင် ဝက်များနှင့် ကြက်များကို ကျွေးခြင်း သို့မဟုတ် လွှင့်ပစ်လိုက်ခြင်းတို့ကို ပြုကာ နောက်ထပ် တောင်းဆိုကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအခြေအနေမျိုးကို ကြုံတွေ့ရသည့်အခါ မည်သို့ကိုင်တွယ်ရမည်နည်း။ ၎င်းတို့က “မလုံလောက်သည်ကို မြင်ရသည်နှင့်အမျှ နောက်တစ်ကြိမ်တွင် သင်တို့ကို ပိုပေးလိုက်မည်။ သင်တို့ကများစွာ စားကြသည့်အတွက် သင်တို့ကို ပိုမိုထောက်ပံ့ပေးမည်” ဟု ပြောဆိုပါက ယင်းမှာ ကိုင်တွယ်ရန် သင့်လျော်သော နည်းလမ်းဖြစ်သလော။ ဤသည်မှာ ကြောင်းကျိုးမမြင်ခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မည်သို့ဖြစ်၍ ကြောင်းကျိုးမမြင်ကြသနည်း။ (၎င်းတို့သည် အမှန်တကယ် မည်သည့်အရာဖြစ်နေသည်ကို နားမလည်ကြပါ၊ ၎င်းတို့ ထုတ်ပေးခဲ့သော အစားအစာ မလုံလောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဖြုန်းတီးခြင်းခံခဲ့ရသောကြောင့် ဖြစ်ပါသည်။) ၎င်းတို့သည် အမှန်တကယ် မည်သည့်အရာဖြစ်နေသည်ကို နားမလည်ဘဲ အလျင်စလို ကောက်ချက်ချလိုက်ကြသည်။ နေရာအများစုတွင် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ ထုတ်ပေးသော အစားအစာက စားသုံးရန် လုံလောက်သည်။ အဘယ်ကြောင့် ထိုတစ်နေရာတည်းအတွက်သာ လုံးဝ မလောက်မငဖြစ်ရသနည်း။ ယင်းအတွက် တိကျသော စုံစမ်းစစ်ဆေးမှု လိုအပ်သည် မဟုတ်လော။ ၎င်းတို့သည် ဖြစ်ပျက်နေသည့်အရာကို သိမြင်ရန်အတွက် ထိုနေရာသို့ သွားပြီး အခြေအနေနှင့်ပတ်သက်၍ ဂရုတစိုက်နှင့် အသေးစိတ် မေးမြန်းရမည်။ အဆုံးတွင် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုနှင့် သိနားလည်မှုတို့မှတစ်ဆင့် ထိုနေရာရှိ ထမင်းချက်က ဘုရားအိမ်တော်၏ အစားအစာကို တမင်တကာ ဖြုန်းတီးလျက် လူများစားသုံးရန် အစားအစာကို ကြက်များအား ကျွေးမွေးသည့် ဆိုးယုတ်ပြီး အကျင့်ပျက်သောသူတစ်ဦးဖြစ်ကြောင်း ၎င်းတို့ တွေ့ရှိကြသည်။ ၎င်းတို့သည် မိမိတို့စားသည့်အရာနှင့်ပတ်သက်၍ အတော်လေး ဇီဇာကြောင်ပြီး အရသာရှိသော အစားအစာကိုသာ စားသုံးရန် ကြိုက်နှစ်သက်ကြသည်။ အသားမရှိသည့်အခါ ဟင်းသီးဟင်းရွက်များကို မစားကြဘဲ၊ အသားရှိသည့်အခါတွင်မူ တို့ဟူးကိုပင် မစားကြပေ။ ကြက်ဥများ ရရှိသည့်အခါ အနပ်တိုင်းတွင် စားသုံးကြသည်။ ၎င်းတို့သည် အရသာရှိသော အစားအစာကိုသာ သီးသန့်ရွေးချယ်ပြီး သာမန်ဟင်းသီးဟင်းရွက်များကို မစားကြသည့်အပြင် ပုပ်သိုးသွားလျှင်လည်း ဂရုမစိုက်ကြပေ။ ထမင်းချက်က ဆိုးယုတ်သောသူတစ်ဦးဖြစ်ကြောင်း သိနားလည်ရပြီးဖြစ်သည်။ နောက်တစ်ကြိမ် ပစ္စည်းများ ထုတ်ပေးသည့်အခါ ၎င်းတို့ကို စားစရိတ်တိုးမြှင့်ပေးသင့်သလော။ (မပေးသင့်ပါ။) ၎င်းတို့ကို ပိုမပေးရုံမျှသာဖြစ်သလော။ ဤပြဿနာကို တွေ့ရှိပြီးသည်နှင့်တစ်ပြိုင်နက် မည်သို့ကိုင်တွယ်ရမည်နည်း။ ၎င်းတို့ကို ချက်ချင်း အစားထိုးလော့။ တာဝန်ကို ထမ်းဆောင်ရန် လူ့သဘာဝအနည်းငယ်ရှိသော တစ်စုံတစ်ဦးနှင့် လဲလော့။ ပြဿနာကို ချက်ချင်း ရှာဖွေတွေ့ရှိပြီး ဖြေရှင်းလော့၊ ပြီးလျှင် ထိုသို့သော ဆိုးယုတ်သောလူများ၊ အသုံးမကျသည့်လူများကို ဖယ်ရှားရှင်းလင်းလော့။ အချို့က “၎င်းတို့သည် နောက်ထပ် ထမင်းမချက်တော့သည့်အတွက် ၎င်းတို့ကို ကြက်စာကျွေးခိုင်းလျှင် ကောင်းမည် မဟုတ်လော” ဟု မေးကောင်းမေးနိုင်သည်။ (မကောင်းပါ။) ကြက်များကို ၎င်းတို့ အစာကျွေးပါက ကြက်များက ဥဥတော့မည် မဟုတ်ပေ။ ဝက်များကို အစာကျွေးပါက ဝက်များ ပိန်သွားလိမ့်မည်။ ၎င်းတို့ကို မည်သည့်အရာကိုမျှ အစာကျွေးခိုင်း၍ မဖြစ်ပေ။ ထိုသို့သောလူများကို မောင်းထုတ်ပစ်ရမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ တာဝန်တစ်ခု ထမ်းဆောင်ရန် မသင့်တော်ပေ။ ဘုရားအိမ်တော်၏ ပစ္စည်းများကို ခွဲဝေနေစဉ် အခြားပြဿနာတစ်ခုတလေကို တွေ့ရှိပါက ယင်းကိုလည်း ချက်ချင်း ဖြေရှင်းသင့်သည်။ ဤပြဿနာများကို ဖြေရှင်းခြင်း၏ ပန်းတိုင်မှာ အဘယ်နည်း။ ဘုရားအိမ်တော်၏ ပစ္စည်းများနှင့်ပတ်သက်၍ ဖြစ်ပေါ်သည့် ဖြုန်းတီးမှုနှင့် ပုပ်သိုးမှုကို လျော့နည်းစေရန် ဖြစ်သည်။ အချို့က “ထိုပြဿနာများကို ဖြေရှင်းရန် မီးဖိုချောင်သို့ သွား၍ စုံစမ်းစစ်ဆေးရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မီးဖိုချောင်ထဲသို့ ဝင်ခွင့်မပြုဟု ကိုယ်တော်ပြောခဲ့သည် မဟုတ်လော။ အဘယ်ကြောင့် ယခု ဝင်ခွင့်ပြုရသနည်း”ဟု မေးကောင်းမေးနိုင်သည်။ ၎င်းတို့မှာ သီးခြားကိစ္စနှစ်ခု ဖြစ်သည်။ ၎င်းတို့ကို သွားခွင့်မပြုဟု ငါမပြောခဲ့ပေ၊ ယင်းမှာ အလုပ်လုပ်နည်းကို မသိဘဲ၊ အလုပ်မရှိဘဲ လတ်လျားလတ်လျားအချိန်ဖြုန်းကာ၊ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားလျက်၊ စားကောင်းသောက်ဖွယ်များ ရှာရန် မီးဖိုချောင်သို့ အမြဲသွားနေသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း ဖြစ်သည်။ ယခုအခြေအနေတွင် ၎င်းတို့သည် စားကောင်းသောက်ဖွယ်များ ရှာရန်မဟုတ်ဘဲ ပြဿနာများ ဖြေရှင်းရန် မီးဖိုချောင်သို့ သွားနေခြင်း ဖြစ်သည်။ သွားသင့်သည့်အခါ သွားလော့၊ မသွားသင့်သည့်အခါ မသွားနှင့်။ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် လုပ်ဆောင်ရန် အလုပ်များစွာရှိပြီး ဤသည်မှာ ၎င်းတို့၏ တာဝန်များထဲမှ တစ်ခု၊ ယင်း၏ တိကျသော ပြဿနာများကို မီးဖိုချောင်ထဲအထိ ဝင်ရောက်ပြီး အသေးစိတ်ကို နားလည်မှုရရှိခြင်းဖြင့်သာ သိရှိနိုင်မည့် တာဝန်တစ်ခုဖြစ်သည်။ အကယ်၍ ထမင်းချက်တစ်ဦးသည် မသင့်တော်ကြောင်း တွေ့ရှိပါက ၎င်းတို့ကို ချက်ချင်း ဖြုတ်ချပြီး သင့်တော်သော တစ်စုံတစ်ဦးဖြင့် အစားထိုးရမည်။ ထိုသို့ပြုလုပ်ခြင်းက ဘုရားအိမ်တော်မှ ထုတ်ပေးသော ပစ္စည်းများအား ဖြုန်းတီးမှုနှင့် ပုပ်သိုးမှုတို့ မကြုံတွေ့စေဖို့ သေချာစေသည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သတ်မှတ်ချက်မှာ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် ဖြစ်သည်၊ အကယ်၍ ယင်းမှာ သင်စိုးရိမ်ပူပန်ပြီး လုပ်ဆောင်ရမည့်အရာဖြစ်ပါက၊ ထိုအရာကို မလွဲမသွေ စိုးရိမ်ပူပန်ပြီး လုပ်ဆောင်ရမည်။ သင်သည် သင်၏မျက်စိများဖြင့် စောင့်ကြည့်လေ့လာရမည်ဖြစ်ပြီး လူတစ်မျိုးစီက ပြောဆိုသည့်အရာကို သင်၏နားများဖြင့် ဂရုတစိုက် နားထောင်ရမည်။ အမှုအရာမျိုးစုံနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်များ၊ အတွေးများနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းတို့ကိုလည်း ပင်ကိုအားဖြင့် သင်ယူရမည်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ အခြားအရေးကြီးသော အချက်တစ်ခုမှာ ဘုရားအိမ်တော်က လိုက်နာရန် တောင်းဆိုသည့် စည်းမျဉ်းများကို နှလုံးသွင်းခြင်းနှင့် မည်သည့်အချိန်တွင်မျှ ယင်းတို့မှ မပြောင်းလဲခြင်း ဖြစ်သည်။ သင်သည် မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ဘုရားအိမ်တော်က တောင်းဆိုသည့် စည်းမျဉ်းများနှင့် စည်းကမ်းများမှာ အဘယ်အရာဖြစ်သည်ကို သင် ဦးစွာ နားလည်ရမည်။ အလုပ်မစတင်မီတွင် “ဘုရားအိမ်တော်က တောင်းဆိုသည့် စည်းမျဉ်းများကို ကျွန်ုပ် ရှင်းလင်းစွာ သိပါသလား။ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရမည်ဆိုလျှင် ဤအရာကို မည်သို့လုပ်ဆောင်သင့်သနည်း။ အထူးအခြေအနေများတွင် စည်းမျဉ်းများနှင့်အညီ မည်သို့လုပ်ဆောင်သင့်သနည်း။ သာမန်အခြေအနေများတွင် မည်သို့ကိုင်တွယ်ရမည်နည်း” ဟူသကဲ့သို့သော မေးခွန်းများကို သင့်ကိုယ်သင် အကြိမ်အနည်းငယ် ပို၍ မေးမြန်းရမည်။ သင်အလုပ်မစတင်မီတွင် ဤသို့သော မေးခွန်းများနှင့် အခြားမေးခွန်းများကို သင်ကိုယ်တိုင်အား စိတ်ထဲတွင် လုံးဝ ပို၍ မေးမြန်းရမည်ဖြစ်ပြီး ဘုရားသခင်ရှေ့မှောက်တွင် ပို၍ ဆုတောင်းရမည်။ ထိုအရာ၏ တစ်စိတ်တစ်ပိုင်းမှာ မိမိကိုယ်ကို ဆန်းစစ်ခြင်းဖြစ်သည်။ အခြားတစ်စိတ်တစ်ပိုင်းမှာ ဘုရားသခင်၏ စိစစ်မှုကို လက်ခံခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ၎င်းတို့၏ အလုပ်တွင် အမှားနည်းစေရန်နှင့် သွေဖည်မှုနည်းစေရန်၊ ဘုရားအိမ်တော်၏ ပစ္စည်းများ ဖြုန်းတီးမှုကို လျှော့ချရန်နှင့် သူ၏အိမ်တော်တွင် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများကို လျှော့ချရန် အထောက်အကူပြုသည်။ ပို၍ အရေးကြီးသည်မှာ ထိုသို့ပြုလုပ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ထိန်းသိမ်းပြီး ထိုတာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ အမှန်တကယ် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် သတ်မှတ်ချက် ဖြစ်သည်။ ဘုရားအိမ်တော်၏ အမျိုးမျိုးသော ပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ခွဲဝေခြင်းသည် ခက်ခဲရှုပ်ထွေးသော တာဝန်တစ်ခု မဟုတ်ပေ။ တစ်စိတ်တစ်ပိုင်းအားဖြင့် ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက စည်းမျဉ်းများနှင့် ကိုယ်တိုင် အကျွမ်းတဝင်ရှိခြင်းနှင့်ဆိုင်သည်။ အခြားတစ်စိတ်တစ်ပိုင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမျိုးမျိုးသော ပစ္စည်းများကို စီမံခန့်ခွဲရန် တာဝန်ယူထားသည့် လူတို့အား ဤစည်းမျဉ်းများကို ပို၍ မိတ်သဟာယဖွဲ့ရမည်ဖြစ်ကာ အမှုအရာများနှင့်ပတ်သက်၍ နောက်ဆက်တွဲလုပ်ပေးခြင်း၊ ပို၍ နားလည်ရန် ကြိုးစားခြင်းနှင့် စီမံခန့်ခွဲမှု အခြေအနေကို ပို၍ စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်စဉ်တွင်၊ဘုရားအိမ်တော်၏ အမျိုးမျိုးသော ပစ္စည်းများကို ခွဲဝေရန် တာဝန်ခံများနှင့် ပို၍ မိတ်သဟာယဖွဲ့ကာ ဤစည်းမျဉ်းများကို ၎င်းတို့အား ပို၍ စေ့စေ့စပ်စပ် သဘောပေါက်နားလည်စေရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုလူတို့က ပစ္စည်းများကို မည်သို့ခွဲဝေပြီး ထုတ်ပေးနေသည်ကိုလည်းကောင်း၊ အထူးအခြေအနေများ တစ်ခုတလေ ရှိမရှိကိုလည်းကောင်း စဉ်ဆက်မပြတ် စုံစမ်းမေးမြန်းရမည်။ ဥပမာအားဖြင့် တာဝန်ခံများသည် မတူညီသော ရာသီများ၊ မတူညီသော အချိန်များနှင့် လူအမျိုးမျိုးတို့က မတူညီသော လိုအပ်ချက်များ ရှိသည့် အခြေအနေများတွင် ဘုရားအိမ်တော်က တောင်းဆိုသည့် စည်းမျဉ်းများနှင့်အညီ ပစ္စည်းများကို ခွဲဝေခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်း၏ ပန်းတိုင်မှာ ဘုရားအိမ်တော်၏ အမျိုးမျိုးသော ပစ္စည်းများကို ၎င်းတို့၏ လုပ်ငန်းဆောင်တာများအား ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်၊ ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာအထိ သင့်တင့်လျောက်ပတ်စွာ အသုံးပြုနိုင်စေရန်နှင့် အကောင်းဆုံးသော ဂရုစိုက်မှု၊ အကောင်းဆုံးသော ထိန်းသိမ်းမှုတို့ဖြင့် စောင့်ရှောက်ထိန်းသိမ်းနိုင်စေရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား ဖြစ်သည်။

ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူအားလုံး၏ တာဝန်ဝတ္တရား ဖြစ်သည်

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို နားလည်ပြီးသည့်နောက်၊ ညီအစ်ကိုမောင်နှမ တစ်ဦးစီတိုင်းက ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများကို သဘောထားရာတွင် သဘောပေါက်နားလည်သင့်သည့် စည်းမျဉ်းများကိုလည်း သင်တို့ နားလည်ပြီးပြီလော။ သင်တို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဟုတ်ကောင်းမဟုတ်နိုင်သော်လည်း ကြီးကြပ်ကွပ်ကဲခြင်း တာဝန်ဝတ္တရားကိုမူ ဖြည့်ဆည်းသင့်ဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ လုပ်ပိုင်ခွင့် ဖြစ်သည်။ ထို့အပြင် ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများဖြစ်သည့် စာအုပ်များနှင့် ကိရိယာမျိုးစုံ၊ နေ့စဉ် အစားအသောက်နှင့် ပစ္စည်းများ အစရှိသည်တို့နှင့်ပတ်သက်၍ လူတိုင်းသည် မေတ္တာနှင့် ဂရုတစိုက် သဘောထားရမည်။ လူတိုင်းက ၎င်းတို့အသုံးပြုနေသည့် အမျိုးမျိုးသော ပစ္စည်းများကို ပုံမှန် စစ်ဆေးခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကိုလည်း ပြုလုပ်သင့်ပြီး ၎င်းတို့ကို သင့်တင့်လျောက်ပတ်စွာ အသုံးပြုသင့်သည်။ သင်၏ လက်ထဲတွင် ဤအရာများကို ပျက်စီးစေခြင်းနှင့် ဖြုန်းတီးခြင်း မဖြစ်စေနှင့်၊ သို့မဟုတ် ၎င်းတို့ကို မဆင်မခြင် မစွန့်ပစ်နှင့်။ အချို့က “မည်သို့ပင်ဖြစ်စေ ဤပစ္စည်းသည် ကျွန်ုပ်၏ပစ္စည်း မဟုတ်ပါ။ ကျွန်ုပ်၏ ပိုက်ဆံဖြင့် ဝယ်ထားခြင်း မဟုတ်ပါ။ ဘုရားအိမ်တော်က ကျွန်ုပ်ကို ထုတ်ပေးထားခြင်း ဖြစ်သည်၊ ယင်းမှာ အများပိုင် ပစ္စည်း ဖြစ်သည်။ ယင်းကို မည်သည့်အချိန်တွင် ထိန်းသိမ်းပြီး မည်သည့်အချိန်တွင် ပြုပြင်သည်ကိုဖြစ်စေ၊ မည်သည့်နေရာတွင် သိမ်းဆည်းသည်ကိုဖြစ်စေ ကျွန်ုပ် ဂရုစိုက်ရန် မလိုအပ်ပါ။ ကျွန်ုပ်သည် ဤအရာကို မတရားသိမ်းပိုက်ထားသည့်အလား ကျွန်ုပ်နှင့်အတူ ယူဆောင်သွား၍ မရပါ”ဟု ပြောကြသည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သော အတွေးတစ်ခုလော။ အတော်အတန် တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝ ကင်းမဲ့နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများကို အသုံးပြုရာတွင် မည်သည့်စည်းမျဉ်းများကို လိုက်နာသင့်သနည်း။ အကယ်၍ တစ်စုံတစ်ခုကို သင်အသုံးပြုရန်အတွက် ခွဲဝေထားပြီးဖြစ်ပါက ထိုအရာကို သင်အသုံးပြုနေစဉ် ပြုပြင်ရန်နှင့် ဂရုစိုက်ရန်မှာ သင်၏ တာဝန်သာ ဖြစ်သည်။ သင် လုံးဝ တာဝန်ရှိသည်၊ အခြားတစ်ဦးတလေ၏ တိုက်တွန်းနှိုးဆော်မှု သို့မဟုတ် ကြီးကြပ်ကွပ်ကဲမှုမျှမရှိဘဲ သင်သည် ထိုပစ္စည်းကို သင်၏ ကိုယ်ပိုင်ပစ္စည်းဖြစ်သည့်အလား သဘောထားသင့်သည်၊ တန်ဖိုးထားပြီး ကာကွယ်သင့်ပေသည်။ ယင်းကို လူ့သဘာဝရှိခြင်းဟု ခေါ်သည်။ ထိုအရာကို သင့်အား ထုတ်ပေးသည့်အချိန်တွင် မည်သို့သောအခြေအနေ၌ ရှိသည်ဖြစ်စေ သင်အသုံးပြုခွင့် မရှိတော့သည့်အခါ သို့မဟုတ် အသုံးပြုပြီးသည့်အခါတွင် ယင်းကို စောင့်ရှောက်ထိန်းသိမ်းသောသူထံသို့ လုံးဝ မပျက်စီးစေဘဲ မူလအခြေအနေအတိုင်း ပြန်လည်ပေးအပ်သင့်သည်။ ဤသည်ကို ဆင်ခြင်တုံတရားရှိခြင်းဟု ခေါ်သည်၊ ဤသည်မှာ လူ့သဘာဝတွင် ရှိသင့်သည့်အရာတစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ကြောင်း၊ သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြောင်း၊ သင်သည် သမ္မာတရားကို ချစ်ပြီး လိုက်စားကာ ကျိုးနွံနာခံကြောင်း ပြောဆိုသော်လည်း ရုပ်ဝတ္ထုပစ္စည်းတစ်ခုကို သဘောထားရာတွင် ရှိသင့်သည့် အနိမ့်ဆုံးသော လူ့သဘာဝပင် မရှိပါက သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းကိုပင် သင်မည်သို့ ပြောဆိုနိုင်မည်နည်း။ ယင်းမှာ အနည်းငယ် အနှစ်သာရမဲ့လွန်းသည် မဟုတ်လော။ အကယ်၍ သင်သည် ရုပ်ဝတ္ထုပစ္စည်းတစ်ခုကို သဘောထားရာတွင် ရှိသင့်သည့် တာဝန်ဝတ္တရားကိုပင် မဖြည့်ဆည်းနိုင်ပါက သင်၏ လူ့သဘာဝက ကောင်းခြင်းမရှိဟု ဆိုလိုသည်၊ “လူ့သဘာဝကင်းမဲ့ခြင်း” မှာ ယင်းကို ပြောလေ့ရှိသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထို့အပြင် သင်၏ ကိုယ်ပိုင်ပစ္စည်းများကို သင်မည်သို့ပင် အသုံးပြုပါစေ၊ ထိုပစ္စည်းများကို သဘောထားရာတွင် သင် ကြမ်းတမ်းသည်ဖြစ်စေ၊ စေ့စပ်သေချာသည်ဖြစ်စေ ယင်းမှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ မည်သူမျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ သို့သော် ဘုရားအိမ်တော်တွင် ၎င်း၏ ပစ္စည်းများကို အသုံးပြုရန်အတွက် စည်းမျဉ်းများ ရှိသည်။ ဤစည်းမျဉ်းများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ်တွင် အခြေခံထားပြီး ၎င်းတို့သည် သမ္မာတရား၏ အမြင့်သို့ ရောက်ရှိကောင်းမရောက်ရှိနိုင်သော်လည်း အနည်းဆုံးအားဖြင့် လူ့သဘာဝအတွက် စံနှုန်းများနှင့် ကိုက်ညီသည်။ အကယ်၍ သင်သည် လူ့သဘာဝအတွက် ဤစံနှုန်းကိုပင် မပြည့်မီနိုင်ပါက၊ ဘုရားအိမ်တော်က သင့်အား ထုတ်ပေးသော ကိရိယာများနှင့် ပစ္စည်းများကိုပင် မှန်ကန်စွာ သဘောထားပြီး အသုံးမပြုနိုင်ပါက သင့်အနေဖြင့် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိဟူသည်မှာ ပြဿနာတစ်ခုဖြစ်သည်။ ယင်းမှာ မေးခွန်းထုတ်စရာ ဖြစ်သည်။ သို့ဖြစ်၍ ဤပစ္စည်းများကို သင်သဘောထားခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင့်အနေဖြင့် ယင်းတို့ကို အသုံးပြုပိုင်ခွင့်ရှိပြီး ယင်းတို့ကို ပြုပြင်ရန်၊ ထိန်းသိမ်းရန်နှင့် ဂရုစိုက်ရန်လည်း အလိုအလျောက် တာဝန်ရှိပေသည်။ သင်သည် ဤအရာများကို အလေးအနက်ထားရမည်။ အကယ်၍ သင်သည် ဘာသာတရားမရှိသူများကဲ့သို့ “မည်သို့ပင်ဖြစ်စေ ယင်းမှာ ကျွန်ုပ်၏ပစ္စည်း မဟုတ်ပါ။ ကျွန်ုပ်၏ ပိုက်ဆံဖြင့် ဝယ်ထားခြင်း မဟုတ်ပါ။ အများပိုင်ပစ္စည်းတစ်ခု ပျက်စီးသွားပါက ပျက်စီးသွားသည်သာဖြစ်သည်၊ အသစ်တစ်ခု ဝယ်လိုက်ပါ၊ သို့မဟုတ် အဆိုးဆုံးအခြေအနေရောက်မှ ပြင်လိုက်ပါ။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ် ဆုံးရှုံးသွားခြင်း မဟုတ်သကဲ့သို့ပါ” ဟု ပြောဆိုပါက၊ သင်သည် ထိုသို့တွေးပါက ယင်းမှာ ပြဿနာဖြစ်သည်။ သင် အန္တရာယ်ရှိနေသည်။ သင်သည် ဖြောင့်မှန်သည့် အကျင့်စရိုက်မပိုင်ဆိုင်သည့်အပြင် သင်၏ စိတ်နှလုံးက မှန်ကန်ခြင်း မရှိပေ။ မိမိ၏ ကိုယ်ပိုင်ပစ္စည်းများကို ခြိုးခြံချွေတာစွာ အသုံးပြုပြီး ဘုရားအိမ်တော်၏ အရာများကိုမူ အရေးမကြီးသကဲ့သို့ သဘောထားကာ တန်ဖိုးထားရန် ဂရုမစိုက်ခြင်းသည် စိတ်နှလုံး မှန်ကန်ခြင်းမရှိသော တစ်စုံတစ်ဦးဖြစ်သည် မဟုတ်လော။ စိတ်နှလုံး မှန်ကန်ခြင်းမရှိသောလူများကို ဘုရားသခင် နှစ်သက်သလော။ (မနှစ်သက်ပါ။) ငါ့ကို ပြောလော့၊ စိတ်နှလုံး မှန်ကန်ခြင်းမရှိသောလူများကို ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသလော။ (စစ်ဆေးပါသည်။) ဘုရားသခင်သည် စိတ်နလုံး မှန်ကန်သူများနှင့် မမှန်ကန်သောသူများကို ထပ်တူထပ်မျှ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံသည့်အခါ ထိုသို့တွေးတောနေမိကြောင်းကို တွေ့ရှိပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ယင်းကို ဂရုမစိုက်ဘဲ ထားမည်လော။ မစစ်ဆေးဘဲ ထားမည်လော။ ဂရုမစိုက်ဘဲ နေမည်လော။ “ကျွန်ုပ် စဉ်းစားသည့်အရာက ကျွန်ုပ်၏ ကိစ္စဖြစ်သည်။ ယင်းကို ဝင်ရောက်စွက်ဖက်ရန်အတွက် သင် မည်သူနည်း။ အကယ်၍ သင်က ကျွန်ုပ်ကို တစ်စုံတစ်ခု အသုံးပြုခွင့်ပေးပါက ယင်းကို ကျွန်ုပ် အသုံးပြုပိုင်ခွင့်ရှိသည်။ မည်သို့ပင်ဖြစ်စေ စက်ကို မပျက်စီးစေရုံနှင့် အဆင်ပြေမည်ဖြစ်သည်။ အဘယ်ကြောင့် ဤမျှမြင့်မားပြီး များပြားသော တောင်းဆိုချက်များကို ပြုလုပ်နေရသနည်း” ဟူ၍လော။ ဤသည်မှာ ကောင်းသော စဉ်းစားပုံမျိုးဖြစ်သလော။ (မဟုတ်ပါ။) ယင်းကို “လူ့သဘာဝကင်းမဲ့ခြင်း” ဟု ခေါ်သည်။ အကယ်၍ သင့်တွင် ထိုသို့သော အတွေးများရှိပါက ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို သင် လက်ခံရမည်ဖြစ်ပြီး “ဘုရားသခင်၊ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး ကျွန်ုပ်၏ လူ့သဘာဝသည် ညံ့ဖျင်းပါသည်။ ကျွန်ုပ်သည် အတော်လေး မွန်မြတ်ပြီး ဂုဏ်သရေရှိသည်၊ ကျွန်ုပ်တွင် သိက္ခာရှိသည်ဟု ယခင်က တွေးထင်ခဲ့ပါသည်။ ဤသေးငယ်သော ပစ္စည်းလေးတစ်ခုက ကျွန်ုပ်ကို ဖော်ထုတ်လိမ့်မည်ဟု မထင်ထားခဲ့ပါ။ ကျွန်ုပ်တွင် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ ရှိပါသည်၊ ကျွန်ုပ်သည် စိတ်နှလုံး မှန်ကန်ခြင်းမရှိပါ။ ကျွန်ုပ်တွင် ကိုယ်ပိုင် သေးငယ်သော ရည်မှန်းချက်များ ရှိပါသည်။ ကိုယ်တော်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ကိုယ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို လက်ခံရန် ကျွန်ုပ် ဆန္ဒရှိပြီး ကျွန်ုပ်ကိုယ်တိုင် ပြောင်းလဲရန် ဆန္ဒရှိပါသည်”ဟု ပြောဆိုရမည်။ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် ဆုတောင်းပြီး နောင်တရရမည်ဖြစ်ကာ သူ့ကို သင့်အား စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခွင့်ပေးရမည်။ သင်သည် သူ၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံပြီးသည့်အခါ သင့်ကိုယ်သင် မည်သို့ပြောင်းလဲသင့်သနည်း။ သင်က “ကျွန်ုပ် ယခင်က တွေးခဲ့သည့်အတိုင်း တွေးတောခြင်းသည် အကျင့်ပျက်ခြင်း ဖြစ်သည်၊ ယင်းမှာ ဘာသာတရားမရှိသူများ၊ မယုံကြည်သူများ၏ တွေးခေါ်ပုံ ဖြစ်သည်။ ကျွန်ုပ်သည် ထိုသို့ နောက်ထပ် တွေး၍မရတော့ပါ။ ကျွန်ုပ်သည် ထိုလမ်းကို မလိုက်လျှောက်ရပါ။ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်သည်၊ ကျွန်ုပ်သည် လူ့သဘာဝနှင့် သိက္ခာရှိသောသူတစ်ဦး ဖြစ်ရန် လိုအပ်သည်၊ ဘုရားသခင် နှစ်သက်သော အမှုအရာများကို လုပ်ဆောင်ရန် လိုအပ်သည်။ အနာဂတ်တွင် ကိရိယာများနှင့် စက်များကို အသုံးပြုပုံအား ကျွန်ုပ် ပြောင်းလဲရန် လိုအပ်သည်။ ၎င်းတို့ကို အနားပေးသင့်သည့်အခါ အနားပေးရမည်၊ လိုအပ်သည့်အတိုင်း ပြုပြင်ရမည်၊ လိုအပ်သည့်အတိုင်း ထိန်းသိမ်းရမည်။ ၎င်းတို့ကို မကြာခဏ သန့်ရှင်းရေးလုပ်ရမည်ဖြစ်ပြီး ၎င်းတို့၏ ပုံမှန်အသုံးပြုမှုကို သေချာစေရန် ၎င်းတို့၏ အမျိုးမျိုးသော အစိတ်အပိုင်းများကို ပုံမှန် စစ်ဆေးရမည်။ ပြီးလျှင် ၎င်းတို့ကို အသုံးပြုပြီးသည့်အခါ ချက်ချင်း သန့်ရှင်းရေးလုပ်ပြီး သက်ဆိုင်ခြင်းမရှိသောလူများ အလွယ်တကူ ဝင်ထွက်ကိုင်တွယ်ခြင်း မရှိစေရန်အတွက် လုံခြုံစွာ ပြန်လည်သိမ်းဆည်းထားမည်”ဟု ပြောဆိုလိမ့်မည်။ ထို့နောက်တွင် အနာဂတ်၌ သင်သည် စက်ပစ္စည်းများကို နောက်တစ်ကြိမ် အသုံးပြုသည့်အခါ အထူးပင် ဂရုတစိုက်ရှိပြီး အာရုံစိုက်လိမ့်မည်။ သင်၏ အမြင်များသည် အဆက်မပြတ် ပြောင်းလဲနေမည်ဖြစ်ပြီး သင်၏ ယခင် တစ်ကိုယ်ကောင်းဆန်သည့်၊ စက်ဆုပ်ဖွယ်ကောင်းသော အတွေးများနှင့် လုပ်ဆောင်ချက်များမှ တာဝန်ယူစိတ်ရှိခြင်း၊ အမှုအရာများကို ဂရုစိုက်တတ်သည့်စိတ်နှင့် တာဝန်ယူတတ်သည့်စိတ်တို့ဆီသို့ ပြောင်းလဲလျက် သင်၏ နည်းလမ်းများသည် တိုးတက်လိမ့်မည်။ သင်၏ တွေးခေါ်ပုံတွင် ပြောင်းလဲမှုတစ်ခုသည် သင့်ကိုယ်သင် အမှန်တကယ် ပြောင်းလဲခြင်း၏ အစဖြစ်သည်။ သင်၏ တွေးခေါ်ပုံနှင့် အတွေးအခေါ်များကို လက်တွေ့လုပ်ဆောင်မှုအဖြစ် အကောင်အထည်ဖော်သည့်အခါ၊ ယင်းမှာ သင်၏ အပြုအမူတွင် ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။ ဤအဆင့်သို့ ရောက်ရှိသည့်အခါတွင် သင်သည် အမှန်တကယ် ပြောင်းလဲပြီး နောင်တရနေကြောင်းကို ဘုရားသခင် မြင်သည်။ သင်ပြုလုပ်သည့် ဤပြောင်းပြန်လှန်မှုများနှင့် ပြောင်းလဲမှုများကို ဘုရားသခင်က အမှန်တကယ် လက်ခံလိမ့်မည်။ ဤသည်ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဟု ခေါ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အခြေခံအကျဆုံး ပိုင်ဆိုင်ရမည့်အရာမှာ လူတို့ ရှိသင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားပင် ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်သည့်၊စက်ဆုပ်ဖွယ်ကောင်းသောသူတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ (မရှိပါ။) အယူဝါဒအနေဖြင့် သင်သည် ဘုရားအိမ်တော်၏ ပစ္စည်းများကို ဖြစ်သလိုထား၍မရကြောင်း၊ ပျက်စီးစေပြီး ဖြုန်းတီး၍မရကြောင်း၊ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်၍ တာဝန်မဲ့၍မရကြောင်းကို သိကောင်းသိနိုင်သည်၊ သို့သော် သင်၏ စိတ်နှလုံးနှင့် အတွေးအခေါ်များတွင် သင်၏ သဘောထားမှာ အဘယ်နည်း။ “ထိုအရာများကို ဂရုစိုက်ရသည့်အကြောင်းရင်းက အဘယ်နည်း။ ထိုပစ္စည်းသည် ကျွန်ုပ်၏ပစ္စည်းပင် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ထိုသို့သော အတွေးသည် သင်၏ အပြုအမူကို လမ်းညွှန်မည်ဖြစ်ပြီး သင်သိသော အယူဝါဒသည် ထိုအခါတွင် အသုံးဝင်ဦးမည်လော။ အသုံးဝင်လိမ့်မည် မဟုတ်။ ယင်းမှာ လုံးဝ အကျိုးမရှိသော အယူဝါဒတစ်ခုသာ ဖြစ်လိမ့်မည်။ သင်၏ အတွေးနှင့် အမြင်များ ပြောင်းပြန်လှန်ပြီး သင်သည် ဘုရားသခင်ရှေ့မှောက်တွင် အမှန်တကယ် ပြောင်းလဲကာ နောင်တရသည့်အခါမှသာ သင်၏ အပြုအမူနှင့် သင်၏ လက်တွေ့လုပ်ဆောင်ချက်များက စတင်ပြောင်းလဲလာလိမ့်မည်။ ထိုအခါတွင် သင်အသက်ရှင်နေထိုင်သည့်အရာသည် လူ့သဘာဝ စတင်ရှိလာလိမ့်မည်။ ထိုအခါတွင် သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ စတင်ဝင်ရောက်လိမ့်မည်။ ထိုသို့သော သေးငယ်သော ကိစ္စရပ်တစ်ခုသည် လူတစ်ဦး၏ လူ့သဘာဝကို ဖော်ထုတ်သည့်အပြင် ထိုလူသည် သမ္မာတရားကို အမှန်တကယ် ချစ်ခြင်း ရှိမရှိဟူသည်ကိုလည်း ဖော်ထုတ်သည်။

ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးကို စီမံခန့်ခွဲခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားတစ်ခုဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတိုင်းသည် စုပေါင်း၍ ကြီးကြပ်ကွပ်ကဲခြင်း၊ ကူညီခြင်းနှင့် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုသင့်သည်။ ဤသည်မှာ လူတိုင်း၏ တာဝန်ဝတ္တရား ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ပုံသက်သေအဖြစ် အစေခံသင့်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်ဖြင့် အစပြုသင့်သည်။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်တိုင် ကောင်းမွန်စွာ လုပ်ဆောင်မှသာလျှင် အခြားသူများကို ကြီးကြပ်ကွပ်ကဲရန်နှင့် အခြားသူများ လုပ်ဆောင်သည့်အရာက သင့်လျော်မှု ရှိမရှိဟူသည်ကိုလည်းကောင်း၊ စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိမရှိဟူသည်ကိုလည်းကောင်း အကဲဖြတ်ရန် အရည်အချင်းပြည့်မီမည် ဖြစ်သည်။ ဤသည်မှာ လူတိုင်းနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုဖြစ်သည်။ ထိုသေးငယ်သော အရာက လူတို့၏ လူ့သဘာဝကိုလည်းကောင်း၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကိုလည်းကောင်း ထုတ်ဖော်ပြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို ဘုရားအိမ်တော်၏ စည်းမျဉ်းများများအတိုင်း ကောင်းမွန်စွာနှင့် အစွမ်းကုန် ကြိုးစားအားထုတ်မှုဖြင့် လုပ်ဆောင်သင့်ပြီး သာမန်ညီအစ်ကိုမောင်နှမတိုင်းကလည်း ဤကိစ္စရပ်ကို တင်းကျပ်မှုနှင့် သတိဖြင့် သဘောထားသင့်သည်။ မိမိ၏ လူ့သဘာဝနှင့် အတွေးအခေါ်တွင် ပြဿနာများ ရှိမရှိကိုလည်းကောင်း၊ မိမိ၌ မည်သည့် သဘောထားမျိုး ရှိသည်ကိုလည်းကောင်း မိမိကိုယ်ကို မကြာခဏ ဆင်ခြင်သုံးသပ်ရမည်။ သင်၏ သဘောထားနှင့် အတွေးအခေါ်တွင် ပြဿနာတစ်ခု ရှိကြောင်း တွေ့ရှိသည့်အခါ ချက်ချင်း ဆုတောင်းပြီး မိမိကိုယ်ကို ပြုပြင်သင့်သည်။ ပြီးလျှင် ဘုရားအိမ်တော်၏ ပစ္စည်းများကို စီမံခန့်ခွဲသည့်အခါ သို့မဟုတ် အသုံးပြုသည့်အခါ တစ်စိတ်တစ်ပိုင်းအနေဖြင့် မိမိ၏ အသိစိတ်၏ ပြစ်တင်ပြောဆိုခြင်းကို မခံရစေရန်နှင့် ဘုရားသခင်အတွက် စံမမီခြင်းမဖြစ်စေရန်အပြင်၊ တစ်စိတ်တစ်ပိုင်းအနေဖြင့် အခြားသူများက လေးစားအားကျစေရန်နှင့် မိမိလုပ်ဆောင်သည့်အရာကို ၎င်းတို့ သဘောတူစေရန်၊ ပြီးလျှင် လူတိုင်း မျက်မြင်ကိုယ်တွေ့ဖြစ်သည့် လူသားပီသမှု မိမိ၌ရှိသည်ဟု ပြောဆိုစေရန် ကြိုးစားသင့်သည်။ အဓိကအချက်မှာ ဤအရာကို လုပ်ဆောင်သည့်အခါ လူတို့က စည်းမျဉ်းများကို ထိန်းသိမ်းရန် ဖြစ်သည်။ ဤသည်မှာ လူတို့ ဖြည့်ဆည်းသင့်သည့် ဝတ္တရားဖြစ်သည်။ မည်သည့် ဘုရားအိမ်တော်သားမဆို စွမ်းဆောင်ရရှိသင့်သည့်အရာတစ်ခု ဖြစ်သည်။ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားသာ မဟုတ်ပေ။

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအနက် ဒသမအချက်နှင့်ပတ်သက်၍ ယခု သင်တို့ အတော်အတန် ရှင်းလင်းသွားပြီလော။ စည်းမျဉ်းများကို နားလည်ပြီးသည့်နောက်၊ လူတို့သည် ဤအလုပ်ကို လုပ်ဆောင်ရာတွင် ပို၍ အာရုံစိုက်ပြီး စေ့စပ်သေချာသင့်သည်။ ပြီးလျှင် ၎င်းတို့သည် ဤအလုပ်နှင့်ပတ်သက်၍ ပို၍ အားထုတ်သင့်ပြီး မပျင်းရိသင့်ပေ။ ထိုသို့ဆိုလျှင် ၎င်းတို့သည် အခြေခံအားဖြင့် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနှင့် ဖြုန်းတီးမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ဆိုးယုတ်သောလူများ၏ မတရားသိမ်းယူခြင်းမခံရအောင် ကာကွယ်နိုင်မည် ဖြစ်သည်။ ဤအရာကို စွမ်းဆောင်နိုင်သင့်သည်။ အဘယ်ကြောင့် ယင်းကို စွမ်းဆောင်ရန် လွယ်ကူသည်ဟု ငါပြောရသနည်း။ ဤသည်တို့မှာ လူတိုင်း၏ အိမ်တွင်နေရသည့် နေ့စဉ်ဘဝ၌ ကြုံတွေ့ရနိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်အိမ်နှင့်ဆိုင်သော အမှုအရာများကို စီမံခန့်ခွဲရာတွင် အာရုံစိုက်ဖို့ လွယ်ကူသည်၊ သို့ဖြစ်၍ အကယ်၍ လူတစ်ဦးသည် ဘုရားအိမ်တော်၏ ပစ္စည်းများကို သူ့အိမ်တော်၏ သတ်မှတ်ချက်များအတိုင်း မိမိ၏ ကိုယ်ပိုင်ပစ္စည်းများကဲ့သို့ စောင့်ရှောက်ထိန်းသိမ်းမည်ဆိုလျှင်၊ ၎င်းတို့ကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးမည်ဆိုလျှင်၊ ပြီးလျှင် ပျက်စီးဆုံးရှုံးမှုနှင့် ဖြုန်းတီးမှုတို့ကို လျှော့ချနိုင်လာပြီး ဆိုးယုတ်သောလူများ၏ မတရားသိမ်းယူခြင်းကို ခံရခွင့် မပြုဘဲနေမည်ဆိုလျှင် ထိုသူသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းနေခြင်း ဖြစ်ပေမည်။ ဤအလုပ်သည် ၎င်း၏သဘောသဘာဝအရ အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် လုပ်ငန်းဆောင်တာတစ်ခု ဖြစ်ပုံရသည်။ အဘယ်ကြောင့် ယင်းကို အထွေထွေအရေးကိစ္စများနှင့်ဆိုင်သည့် လုပ်ငန်းဆောင်တာတစ်ခုဟု ငါတို့ ခေါ်ရသနည်း။ ယင်းတွင် ရုပ်ဝတ္ထုပစ္စည်းများကို စီမံခန့်ခွဲခြင်း ပါဝင်သည်။ ၎င်းတို့ကို ကောင်းမွန်စွာ စီမံခန့်ခွဲပြီး ခွဲဝေဖြန့်ဖြူးလော့၊ ပြီးလျှင် သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထို့အပြင် ဤအလုပ်၏ မူမှာ အတော်လေး ရိုးရှင်းသည်။ ယင်းတွင် စည်းမျဉ်းတစ်ခုတည်းသာ ပါဝင်ပြီး ခက်ခဲရှုပ်ထွေးသော သမ္မာတရားများ မပါဝင်ပေ။ သို့ဖြစ်၍ လူတစ်ဦး၌ ဝန်တာတစ်ခုရှိပြီး စိတ်ထားမှန်ကန်သရွေ့ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ရန် မလိုအပ်ဘဲ၊ ပြီးလျှင် ၎င်းတို့အား သမ္မာတရားများစွာကို မိတ်သဟာယဖွဲ့ပေးရန် မလိုအပ်ဘဲ ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် ဤအလုပ်သည် တစ်ခုတည်းသော တာဝန်ဖြစ်ပြီး အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် လုပ်ငန်းဆောင်တာတစ်ခု ဖြစ်သည်။ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လုပ်ဆောင်ရန် လွယ်ကူသော အလုပ်ဖြစ်သည်။ သင့်အနေဖြင့် ဝီရိယ အနည်းငယ် ပိုရှိသရွေ့၊ မေးခွန်းများ ပိုမေးသရွေ့၊ စုံစမ်းမေးမြန်းမှုများ ပိုပြုလုပ်သရွေ့၊ ပို၍ အရေးတယူရှိသည့်အပြင် စိတ်ထားမှန်ကန်သရွေ့ ယင်းကို လုပ်ဆောင်နိုင်သည်။ ယင်းမှာ လုံးဝ ခက်ခဲရှုပ်ထွေးခြင်း မရှိပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအနက် ဒသမအချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို အဆုံးသတ်ပြီးပြီဖြစ်သည်။ ယင်းမှာ ထိုမျှ ရိုးရှင်းပေသည်။

ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများနှင့် စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောထားနှင့် သရုပ်သကန်များ

ယခုတွင် သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဤတာဝန်ဝတ္တရားကို နားလည်ပြီးဖြစ်သဖြင့် ယင်းနှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ ဤအလုပ်ကို ထမ်းဆောင်သည့်အခါ ပြသသည့် သရုပ်သကန်များကိုလည်းကောင်း၊ ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်နိုင်စေသည့် မည်သည့်အရာများအား ၎င်းတို့လုပ်ဆောင်သည်ကိုလည်းကောင်း ဆက်လက်၍ စိတ်ဖြာလေ့လာဆွေးနွေးသွားမည် ဖြစ်သည်။ ပထမဦးစွာ အယောင်ဆောင်ခေါင်းဆောင်များက ဤအလုပ်ကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် ပစ္စည်းအမျိုးမျိုးကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းနိုင်စွမ်း မရှိကြပေ။ ပစ္စည်းမျိုးစုံနှင့် ပတ်သက်လာသည့်အခါ စောင့်ရှောက်ထိန်းသိမ်းခြင်းသည် အရေးကြီးသော အလုပ်၏ ပထမဆုံးအချက် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့လုပ်ဆောင်သမျှ အရာတိုင်းတွင် ကမောက်ကမဖြစ်ကြသည်။ သမ္မာတရားနှင့်လည်းကောင်း၊ ယင်းနှင့်သက်ဆိုင်သော စည်းမျဉ်းအမျိုးမျိုးနှင့်လည်းကောင်း ပတ်သက်လာသည့်အခါ၊ ရှုပ်ထွေးနောက်ကျိနေသည့်အပြင်၊ ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ပတ်သက်လာလျှင်လည်း အလားတူ ကမောက်ကမဖြစ်ကြသည်။ ထိုပစ္စည်းများကို စီမံခန့်ခွဲရန် မည်သို့သောလူစားမျိုးကို ရှာဖွေရမည်ကိုဖြစ်စေ၊ ယင်းတို့အား မည်သည့်နည်းလမ်းဖြင့် စောင့်ရှောက်ထိန်းသိမ်းသင့်သည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ ၎င်းတို့တွင် ဤအလုပ်ကို လုပ်ဆောင်ရန် အသေးစိတ်ကျသော အဆင့်များကို မဆိုထားနှင့်၊ တိကျသော ပန်းတိုင်များ မရှိသည့်အပြင် တိကျသော အစီအစဉ်များလည်း မရှိပေ။ အကယ်၍ ဒုက္ခခံလိုသူတစ်စုံတစ်ဦး ရှိပါက ဤပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်း၍ရနိုင်သည်။ မရှိပါက အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ဤပစ္စည်းများကို ပေါ့ပေါ့ဆဆ ဘေးဖယ်ထားခွင့်ပြုလေသည်။ ၎င်းတို့သည် ထိုပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်းခြင်း၏ တိကျသော မူများကို မိတ်သဟာယဖွဲ့ရန် မဆိုထားနှင့်၊စောင့်ရှောက်ထိန်းသိမ်းရန် သင့်တော်သောလူတစ်ဦးကို မရှာဖွေသည့်အပြင်၊ သိုလှောင်ရန် သင့်တော်သောနေရာတစ်ခုကိုလည်း မရှာဖွေကြပေ။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤရုပ်ဝတ္ထုပစ္စည်းများနှင့်ဆိုင်သည့် နောင်အနာဂတ် နေရာချထားမှု၊ ပြုပြင်မှုနှင့် ထိန်းသိမ်းမှုတို့အတွက် မည်သည့်အစီအစဉ်ကိုမျှ မပြုလုပ်ကြပေ။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များဆိုလျှင် ဘုရားအိမ်တော်၌ မည်သည့်ပစ္စည်းများ ရှိသည်ဟူသည်နှင့်ပတ်သက်၍ လုံးဝမသိနားမလည်ဖြစ်ကြသည်။ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ ဂရုမစိုက်သည့်အပြင်၊ မေးမြန်းခြင်းလည်း မရှိကြပေ။ ဥပမာအားဖြင့် ဘုရားအိမ်တော်က ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်အသစ်များကို ပုံနှိပ်ပြီးဖြစ်သည် ဆိုပါစို့။ ဖြန့်ဝေပြီးနောက် စာအုပ်မည်မျှ ကျန်ရှိသည်၊ ၎င်းတို့ကို သိုလှောင်ရန် မည်သူ့ကို စီစဉ်ပေးထားသည်၊ ၎င်းတို့ကို မည်သို့ သိုလှောင်ပြီး မှန်ကန်သောနေရာတွင် သိုလှောင်ခြင်း ရှိမရှိဟူသည့် ဤအရာများထဲမှ တစ်ခုကိုမျှ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက သိမည်မဟုတ်သည့်အပြင်၊ ၎င်းတို့အကြောင်းကို မေးမြန်းခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်းလည်း ပြုလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့် ၎င်းတို့ စုံစမ်းမေးမြန်းခြင်း မပြုသနည်း။ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထု ပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်းခြင်းသည် သေးငယ်သော ကိစ္စရပ်တစ်ခုဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၊ အရေးကြီးသော အရာများကို လုပ်ဆောင်သူ၊ တရားကိုသာ သီးသန့်ဟောသောသူဖြစ်သည်ဟုလည်းကောင်း ၎င်းတို့ ထင်မှတ်ကြသည်။ ၎င်းတို့သည် ဤ “သေးငယ်သော ကိစ္စရပ်များ”ကို လုံးဝ အရေးမစိုက်ဘဲ၊ မည်သည့်အရာကိုမျှ နားမလည်သောလူများ လုပ်ဆောင်ရန် လွှဲအပ်လိုက်ကြပြီး ယင်းတို့ကို ကောင်းမွန်စွာ ထားသလော၊ ဆိုးရွားစွာ လုပ်ထားသလောဟူသည်ကို ဂရုမစိုက်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်းခြင်းအလုပ်အား လုံးဝ အလေးအနက်မထားကြပေ။ ဤသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ အခြားအကြောင်းရင်းမှာ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် နားဝေတိမ်တောင်ဖြစ်ကြသည်၊ ၎င်းတို့၏ စိတ်များက ရှုပ်ထွေးနေသည်။ ၎င်းတို့တွင် ပုံမှန်အတွေးအခေါ် သို့မဟုတ် အမှုအရာများကို စောင့်ရှောက်ထိန်းသိမ်းရန် အသိအမြင် မရှိကြသည့်အပြင် ဘုရားအိမ်တော်၏ ပစ္စည်းများကို မည်သို့ စောင့်ရှောက်ထိန်းသိမ်းရမည်ဟူသည်နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်း သို့မဟုတ် လမ်းကြောင်းလည်း မရှိကြပေ။ သို့ဖြစ်၍ ဤအရာများထဲမှ မည်မျှ ပျက်စီးသွားသည်ကို ၎င်းတို့ မသိသည့်အပြင်၊ ဖြုန်းတီးမှုဖြစ်သည့် သာဓကများ ရှိမရှိဟူသည်ကိုလည်း ၎င်းတို့ မသိကြပေ။ အချို့သောအရာများကို ဆိုးယုတ်သောလူများက ယူသွားသည့်အခါ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက “ ထားလိုက်ပါ၊ မည်သို့ပင်ဖြစ်စေ အရာအားလုံးက ဘုရားသခင်၏ လက်ထဲတွင် ရှိပါသည်”ဟု ပြောကြသည်။ အချို့သောအရေးကြီးသည့် ပစ္စည်းများကို တစ်ဦးတလေ၏ အသိအမှတ်ပြုခြင်းမရှိဘဲ လူပုဂ္ဂိုလ်များက အသုံးပြုကြသည်။ ထိုလူတို့သည် ဤအရာများကို ယူသွားကြပြီး အခြားသူများက ၎င်းတို့၏ အလုပ်တွင် ယင်းတို့ကို အသုံးမပြုနိုင်သည့်အပြင် မည်သူမျှက မတောင်းဝံ့ကြပေ။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက “ကိစ္စမရှိပါ။ အသစ်တစ်ခုသာ ဝယ်လိုက်ပါ။ သူတို့က ထိုပစ္စည်းကို ယူသွားသည်။ ထို့ကြောင့် သူတို့ကို အရင်သုံးခိုင်းလိုက်ပါ။ ယင်းမှာ ပစ္စည်းတစ်ခုသာဖြစ်သည်။ မည်သူ အသုံးပြုသည်ဖြစ်စေ အတူတူပင်ဖြစ်သည်။ သူတို့က ထိုပစ္စည်းကို သင့်တင့်လျောက်ပတ်စွာ အသုံးမပြုလျှင်၊ သူတို့နှင့် ဘုရားသခင်ကြားက ကိစ္စဖြစ်သည်။ ကျွန်ုပ်တို့ ဝင်စွက်ဖက်ဖို့ မလိုအပ်ပါ” ဟု ပြောလေသည်။ ၎င်းတို့သည် ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ပပျောက်စေလျက် ကိစ္စရပ်ကို “ကိုင်တွယ်” ရန်အတွက် ကြီးကျယ်သော အယူဝါဒတစ်ခုအား မည်သို့ ဟောပြောသည်ကို ကြည့်လော့။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ တာဝန်ဝတ္တရားများထဲမှ တစ်ခုကိုမျှ မဖြည့်ဆည်းကြပေ။ ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ ဂရုမစိုက် သို့မဟုတ် မေးမြန်းခြင်းမရှိကြသည့်အပြင်၊ မည်သည့်ပြဿနာကိုမျှ ဖြေရှင်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်း မပြုကြပေ။ အထက်က ၎င်းတို့၏ အလုပ်ကို စုံစမ်းစစ်ဆေးသည့်အခါမှာပင် ၎င်းတို့သည် ဝေ့လည်ကြောင်ပတ်ပြောဆိုပြီး ပြီးစလွယ်လုပ်လိုက်ကြကာ ထိုမျှနှင့် ပြီးသွားလေသည်။

အချို့သော ညီအစ်ကိုမောင်နှမများသည် ဘုရားအိမ်တော်တွင် အသုံးပြုရန် စက်ပစ္စည်းများ၊ အဝတ်အစားများနှင့် ဆေးဝါးများကို ဝယ်ယူကြပြီး အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက ထိုပစ္စည်းများကို မြင်သည့်အခါ ထိုပစ္စည်းများထဲမှ ကောင်းသော အဝတ်အစားများ၊ ဖိနပ်များနှင့် အိတ်များကို မိမိတို့အတွက် ရွေးယူကြကာ ၎င်းတို့ကိုယ်တိုင် မလိုအပ်သော လက်ကျန်ပစ္စည်းများကိုသာ အခြားသူများအား ယူခွင့်ပြုသည်။ ၎င်းတို့ဦးဆောင်သည့် လက်ပါးစေ လူ့ဗာလများက ဤသည်ကို မြင်သည့်အခါ “ကျွန်ုပ်တို့ခေါင်းဆောင်က သူလိုချင်သည့်အရာကို ရွေးပြီးပြီဖြစ်သည်။ ယခု ကျွန်ုပ်တို့အလှည့်ဖြစ်သည်။ ကျွန်ုပ်တို့ပြီးလျှင် ကျန်သည့် တန်ဖိုးမရှိသော ပစ္စည်းများကို ကျွန်ုပ်တို့အောက်က ညီအစ်ကိုမောင်နှမများထံ ပစ်ပေးလိုက်မည်”ဟု ပြောကြသည်။ မည်သူ့လက်ထဲသို့ ဤအရာများ ကျရောက်သည်ဖြစ်စေ ထိုသူကပိုင်ဆိုင်သွားပြီး မည်သူမျှ မကြိုက်သည့် ကျန်ရှိသော ပစ္စည်းများကို ဘေးတွင် ပစ်ထားကာ မည်သူမျှ စောင့်ရှောက်ထိန်းသိမ်းခြင်း မရှိပေ။ သို့ဖြစ်၍ ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးတို့ကို စောင့်ရှောက်ထိန်းသိမ်းရန် အမည်ခံအားဖြင့် နေရာများရှိသော်လည်း အမှန်တကယ်တွင် ယင်းတို့ကို လုံးဝ စောင့်ရှောက်ထိန်းသိမ်းထားခြင်း မရှိပေ။ ထိုနေရာများသည် မည်သူတစ်ဦးတစ်ယောက်မျှ စီမံခန့်ခွဲခြင်း လုံးဝမရှိသော အမှိုက်ပုံများသာ ဖြစ်နေသည်။ ၎င်းတို့သည် ပစ္စည်းများကို နေရာတစ်ခုတွင် ပစ်ထားပြီး ပုံထားခွင့်သာပြုလိုက်ကြသည်။ အဝတ်အစားများ၊ ဖိနပ်များနှင့် ခြေအိတ်များ၊ ဆေးဝါးများနှင့် အီလက်ထရောနစ်ပစ္စည်းများအပြင် နေ့စဉ်သုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ ရှိသည်။ ယင်းမှာ တိုလီမိုလီမျိုးစုံပါဝင်သည့် ရှုပ်ပွနေသည့်အပုံဖြစ်ပြီး လူအတွက် အစားအစာနှင့် ခွေးအတွက် အစာများပင် ရောနှောနေသည်။ အကယ်၍ သင်သည် ဤအရာများကို မည်သူ စီမံခန့်ခွဲနေသည်ကိုလည်းကောင်း၊ ယင်းတို့အား အမျိုးအစားခွဲခြင်း ရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် ဤအရာများအတွက် ညွှန်ကြားချက်များ ရှိမရှိနှင့် ယင်းတို့အား မည်သို့ စောင့်ရှောက်ထိန်းသိမ်းရန် လိုအပ်သည်ကိုလည်းကောင်း၊ သို့မဟုတ် ဤအရာများကို ဘုရားအိမ်တော်၏ အလုပ်အတွက် မလိုအပ်ပါက ညီအစ်ကိုမောင်နှမများ လိုအပ်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း မေးမြန်းပါက အဖြေကို မည်သူမျှ မသိပေ။ ညီအစ်ကိုမောင်နှမများက မသိခြင်းမှာ အတော်လေး ပုံမှန်ဖြစ်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များသည်လည်း ဤမေးခွန်းများထဲမှ မည်သည့်အရာအတွက်မျှ အဖြေမရှိကြပေ။ ၎င်းတို့က “ကျွန်ုပ် မသိပါ” ဟုဖြစ်စေ၊ “တစ်စုံတစ်ယောက်က ဤအရာကို တာဝန်ယူထားပါသည်” ဟုဖြစ်စေ ပြောဆိုလျက် သင့်ကို လွှတ်လိုက်ကာ ဘုရားအိမ်တော်ကို လှည့်စားကြသည်။ ဤအရာက ဤပြဿနာများကို မပြေမလည် ဖြစ်သွားစေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို စီမံခန့်ခွဲရန် သင့်တော်သောလူများကို ရှာဖွေဖို့ မခက်ခဲပေ၊ ဟုတ်ပါသလော။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာများကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းရန်၊ ကောင်းသော မှတ်တမ်းများ ထားရှိရန်နှင့် ၎င်းတို့ကို ကောင်းစွာ အမျိုးအစားခွဲထားရန်အတွက် သစ္စာစောင့်သိသောသူတစ်ဦးကို ရှာဖွေခြင်းဟူသည့် ရိုးရှင်းသော အလုပ်ကိုပင် မလုပ်ဆောင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ညီအစ်ကိုမောင်နှမများက ဘုရားအိမ်တော်သို့ အဝတ်အစားများ သို့မဟုတ် နေ့စဉ်သုံးပစ္စည်းများကို ပူဇော်ဆက်ကပ်ပြီးဖြစ်ကာ အယောင်ဆောင်ခေါင်းဆောင်များက ဤပစ္စည်းများကို မြင်သည့်အခါ အသားကို အတူတကွ ကိုက်ဖြတ်စားသောက်နေသည့် ဆာလောင်နေသော ဝံပုလွေတစ်အုပ်ကဲ့သို့ ထိုပစ္စည်းများအနားတွင် ၎င်းတို့ ဝိုင်းအုံနေကြလေသည်။ ၎င်းတို့သည် မိမိတို့နှင့် လိုက်ဖက်သည့် မည်သည့်အဝတ်အစားကိုမဆို အကြိမ်ကြိမ်အခါခါ စမ်းဝတ်ကြပြီး မိမိတို့အတွက် ပစ္စည်းများကို မပြီးနိုင်မဆုံးနိုင် ရွေးထုတ်နေကြသည်။ ဘုရားအိမ်တော်က အရေးကြီးပြီး ဈေးကြီးသော စက်ပစ္စည်းအမျိုးမျိုးကို ဝယ်ယူသည့်အခါ ၎င်းတို့သည် မိမိတို့အတွက် ကောင်းသော ပစ္စည်းများကို ဦးစွာ ရွေးထုတ်ရန် အလုအယက် ပြေးကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ကောင်းသော ပစ္စည်းများကို ရွေးထုတ်ကြသနည်း။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ဘုရားအိမ်တော်၏ ပစ္စည်းများအပေါ် ဦးစားပေး အသုံးပြုခွင့် ရှိသည်ဟု ၎င်းတို့ ထင်မှတ်ကြသည်။ ဘုရားအိမ်တော်က မည်သည့်ပစ္စည်းကိုမဆို ထုတ်ပေးပါစေ ၎င်းတို့က အကောင်းဆုံးပစ္စည်းများကို ဦးစွာ အမြဲ ရွေးချယ်ကြသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ ပစ္စည်းများကို ၎င်းတို့ သဘောထားပုံ ဖြစ်သည်။ ဤသည်မှာ အလုပ်လုပ်ခြင်းလော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခု မဟုတ်လော။ သက်တမ်းကုန်ဆုံးရက်ရှိသော ပစ္စည်းများနှင့် ပတ်သက်လာသည့်အခါ၊ ဥပမာအားဖြင့် အစားအစာနှင့် ဆေးဝါးများဖြစ်လျှင် အယောင်ဆောင်ခေါင်းဆောင်များက လုံးဝ ဂရုမစိုက်ကြပေ။ ၎င်းတို့ကို စီမံခန့်ခွဲရန် သင့်တော်သော ဝန်ထမ်းများကို ၎င်းတို့ မရှာဖွေသည့်အပြင်၊ ထိုဝန်ထမ်းများကိုလည်း “ဤပစ္စည်းများထဲမှ အချို့တွင် သက်တမ်းကုန်ဆုံးရက်များ ရှိသည်၊ ထို့ကြောင့် ၎င်းတို့ကို ချက်ချင်း မှတ်တမ်းတင်ထားလော့။ ၎င်းတို့ကို သက်တမ်းမကုန်ဆုံးမီ ညီအစ်ကိုမောင်နှမများထံ ခွဲဝေပေးရန် အလျင်အမြန်လုပ်ဆောင်လော့၊ သို့မှသာ ၎င်းတို့ကို သင့်တင့်လျောက်ပတ်စွာ အသုံးပြုနိုင်မည်ဖြစ်သည်၊ သက်တမ်းကုန်ဆုံးသည်အထိ မစောင့်နှင့်၊ ဖြုန်းတီးမှုဖြစ်မသွားစေနှင့်”ဟု မပြောဆိုကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာများကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ တစ်စုံတစ်ခုက သက်တမ်းကုန်ဆုံးသွားသည့်အခါ ၎င်းတို့သည် ယင်းကို ပစ်ရုံပစ်ထားလိုက်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားအိမ်တော်၌ အလုပ်လုပ်သည့်အခါ အတိအကျ ၎င်းတို့သည် ဘုရားအိမ်တော်၏ ဘဏ္ဍာစိုးများ ဖြစ်သင့်သည်။ ၎င်းတို့ လုပ်ဆောင်သင့်သည့် ပထမဆုံးအရာမှာ ဘုရားအိမ်တော်၏ ပစ္စည်းများကို ကောင်းမွန်စွာ သင့်တင့်လျောက်ပတ်စွာ စောင့်ရှောက်ထိန်းသိမ်းရန်၊ ၎င်းတို့အပေါ် စေ့စေ့စပ်စပ် ကြည့်ရှုစောင့်ကြပ်ရန်နှင့် ဤကိစ္စနှင့်ပတ်သက်၍ သင့်တော်သော စိစစ်မှုကို ဆောင်ရွက်ရန် ဖြစ်သည်။ ဤသည်မှာလည်း ဘုရားအိမ်တော်၏ အလုပ်၏ အခြေခံကျသော အချက်တစ်ခု ဖြစ်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များက ဤသို့သော အခြေခံကျသည့် အလုပ်ကိုပင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်ကြသလော၊ ညံ့ဖျင်းသည့် အစွမ်းအစရှိပြီး ဉာဏ်ထိုင်းနေကြသလော။ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံး မှန်ကန်ခြင်း မရှိကြသလော။ အကယ်၍ ၎င်းတို့သည် ဉာဏ်ထိုင်းပြီး နားဝေတိမ်တောင်ဖြစ်နေပါက မိမိတို့ကိုယ်တိုင်အတွက် ကောင်းသော ပစ္စည်းများကို ရွေးထုတ်ရန် မည်သို့သိရှိကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကို လက်မလွှတ်ကြသနည်း၊ သို့မဟုတ် အခြားလူများကို သာမန်ကာလျှံကာ မပေးသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကို မဖျက်ဆီးသနည်း၊ သို့မဟုတ် မပျက်စီးစေသနည်း။ ပြီးလျှင် အဘယ်ကြောင့် ဤသည်မှာ ဘုရားအိမ်တော်၏ ပစ္စည်းများအပေါ် ၎င်းတို့၏ သဘောထား ဖြစ်နေရသနည်း။ သိသာထင်ရှားစွာပင်၊ ၎င်းတို့သည် ကိုယ်ကျင့်တရား ကင်းမဲ့ပြီး ၎င်းတို့၏ ကြံရွယ်ချက် မကောင်းပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များ အဆင့်အတန်း ရရှိပြီး ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သည့် ပိုမိုကျယ်ပြန့်သော နယ်ပယ်ကို ထိတွေ့လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးနှင့် အများပိုင် ပစ္စည်းများကို ဦးစားပေး ရယူခွင့်ရကြပြီး ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့က အသိဆုံးဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့က ထိုအရာများကို လျစ်လျူရှုကြသည်၊ ကောင်းမွန်စွာ မစောင့်ရှောက်ထိန်းသိမ်းကြသည့်အပြင်၊ မည်သူ့ကိုမဆို အသုံးပြုခွင့်နှင့် ယူငင်ခွင့်ပြုကြသည်။ ၎င်းတို့သည် ယင်းတို့ကို ဂရုစိုက်လိုသူ မည်သူ့ကိုမဆို ထိုသို့လုပ်ဆောင်ခွင့်ပြုရုံပြုလိုက်ကြပြီး၊ အကယ်၍ တစ်စုံတစ်ဦးက ဂရုစိုက်လိုခြင်းမရှိသည့်အပြင် တာဝန်မဲ့နေလျှင်၊ ၎င်းတို့က ဂရုမစိုက်သည့်အပြင်၊ တစ်စုံတစ်ဦးတွင် ပြဿနာတစ်ခုရှိသည်ကို ၎င်းတို့ သိရှိလျှင်ပင် မဖြေရှင်းကြပေ။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ ဤအချိန်တွင်၊ အယောင်ဆောင်ခေါင်းဆောင်များသည် အစွမ်းအစညံ့ဖျင်းပြီး ဝန်တစ်ခုကို မထမ်းဆောင်သည့်အပြင် စိတ်နှလုံး မှန်ကန်ခြင်းမရှိ၊ ကိုယ်ကျင့်စရိုက်လည်း ညံ့ဖျင်းကြသည်ဟူ၍ ငါတို့ ကောက်ချက်ချပြီး ဖြစ်သည်။ ဤခေါင်းဆောင်များသည် အစွမ်းအစညံ့ဖျင်းပြီး သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည့်အတွက်၊ သမ္မာတရားနှင့် အသက်ဝင်ရောက်မှု ပါဝင်သော အလုပ်တွင် ညံ့ဖျင်းစွာ လုပ်ဆောင်ခြင်းမှာ နားလည်၍ရနိုင်သည်။ ပြီးလျှင် ၎င်းတို့သည် အစွမ်းအစညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်း မရှိသောကြောင့် စီမံအုပ်ချုပ်ရေးပါဝင်သော အလုပ်တွင် ညံ့ဖျင်းစွာ လုပ်ဆောင်ခြင်းသည်လည်း သည်းခံ၍ရနိုင်သည့်အရာတစ်ခု ဖြစ်သည်။ သို့သော် အနိမ့်ဆုံးဖြစ်ပြီး အရိုးရှင်းဆုံးအလုပ်ဖြစ်သည့် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို စီမံခန့်ခွဲခြင်းပါဝင်သော အလုပ်ကိုပင် မလုပ်ဆောင်နိုင်ခြင်းက တစ်စုံတစ်ခုကို ပို၍ပင် ရှင်းလင်းစွာ ဖော်ပြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များအတွက် ၎င်းတို့၏ ပြဿနာသည် အစွမ်းအစညံ့ဖျင်းပြီး ဝန်တစ်ခုကို မထမ်းဆောင်ခြင်းလောက် ရိုးရှင်းခြင်း မရှိပေ။ ထို့ထက်ပို၍ပင် ၎င်းတို့သည် အထူးသဖြင့် ကိုယ်ကျင့်စရိုက်နိမ့်ကျပြီး လူ့သဘာဝ ညံ့ဖျင်းကြခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဒသမမြောက် တာဝန်ဝတ္တရားအပေါ် ငါတို့၏ မိတ်သဟာယမှတစ်ဆင့် အယောင်ဆောင်ခေါင်းဆောင်များ၏ နောက်ထပ် သရုပ်သကန်တစ်ခု ထုတ်ဖော်ခံရပြီးဖြစ်သည်။ ၎င်းတို့သည် မည်သည့် ဝန်ထုပ်မျှမထမ်းသည့် အစွမ်းအစညံ့ဖျင်းပြီး ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို မွေ့လျော်ခံစားရုံခံစားကြသည် မဟုတ်ပေ။ ၎င်းတို့သည် ကိုယ်ကျင့်စရိုက်လည်း မကောင်းကြသည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးလည်း မှန်ကန်ခြင်း မရှိပေ။ မိမိတို့၏ ပစ္စည်းများမဟုတ်သည့် အရာများကို ၎င်းတို့ စိုးစဉ်းမျှ အရေးမလုပ်ကြပေ၊ ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းပင် မပြုကြပေ။ သင်သည် ဘုရားအိမ်တော်၏ ဘဏ္ဍာစိုးအဖြစ် ခန့်အပ်ခြင်းခံရသော်လည်း ကျွေးသည့်လက်ကို ပြန်ကိုက်ပြီး ဘုရားအိမ်တော်ကို ကပ်စားနေစဉ်တွင် ထိုအိမ်တော်၏အကျိုးစီးပွားများကို ကာကွယ်ခြင်း မရှိပေ။ သင်သည် ဘုရားအိမ်တော်၏ ပစ္စည်းများကို အပြင်လူများ ပိုင်ဆိုင်သည့်အလား ဘေးတွင် သာမန်ကာလျှံကာ ပစ်ထားပြီး စောင့်ရှောက်ထိန်းသိမ်းခြင်း မရှိသည့်အပြင် ယင်းတို့က အရေးမကြီးဟု သင်ထင်သည်။ ဤသည်မှာ သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းမဟုတ်။ သင်၏ လူ့သဘာဝနှင့်ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်သည်၊ ကိုယ်ကျင့်တရား ကြီးစွာ ကင်းမဲ့ခြင်းပင်တည်း။ ၎င်းတို့ စောင့်ရှောက်ထိန်းသိမ်းသင့်သည့် အရာများကို ညံ့ဖျင်းစွာ စောင့်ရှောက်ထိန်းသိမ်းခြင်း သို့မဟုတ် မစောင့်ရှောက်မထိန်းသိမ်းခြင်းက အယောင်ဆောင်ခေါင်းဆောင်များတွင် လူ့သဘာဝမရှိကြောင်းနှင့် ၎င်းတို့၏ စိတ်နှလုံး မှန်ကန်ခြင်းမရှိကြောင်းကို ညွှန်ပြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ပစ္စည်းများကိုပင် ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းနိုင်ခြင်း မရှိကြပေ။ သို့ဖြစ်၍ ထိုအပစ္စည်းများကို ၎င်းတို့အား ခွဲဝေဖြန့်ဖြူးခိုင်းပါက ၎င်းတို့ သင့်တင့်လျောက်ပတ်စွာလုပ်ဆောင်နိုင်မည်လော။ ၎င်းတို့သည် စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်းကို ပို၍ပင် စံမီခြင်း မရှိပေ။ ဘုရားအိမ်တော်၏ ပစ္စည်းများက သာမန်ကာလျှံကာ ပစ်ထားခြင်း၊ ပျက်စီးစေခြင်းနှင့် ဖြုန်းတီးခြင်းတို့ ခံရသည်ကိုလည်းကောင်း၊ ထိုပစ္စည်းများအား စီမံခန့်ခွဲရန် တော်တတ်သောလူတစ်ဦးမျှ မရှိသည်ကိုလည်းကောင်း ၎င်းတို့ မြင်ကြပြီး ထိုသို့လုပ်ဆောင်ခြင်းက မမှန်ကန်ကြောင်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ကောင်းစွာ သိကြသော်လည်း၊ ဤအရာကို ၎င်းတို့ မကိုင်တွယ်ကြပေ။ ယင်းမှာ စိတ်နှလုံး မမှန်ကန်ခြင်း ဖြစ်သည်။ စိတ်နှလုံး မမှန်ကန်သော ထိုလူဖျင်းများသည် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးနိုင်ကြသလော။ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ သာ၍ပင် မတတ်နိုင်ကြပေ။ အကယ်၍ သင်က ၎င်းတို့အား ဤပစ္စည်းများကို ခွဲဝေဖြန့်ဖြူးစေပါက၊ ၎င်းတို့သည် ကိုယ်ကျင့်တရား သာ၍ပင် ကင်းမဲ့သော အရာများကို လုပ်ဆောင်ကြလိမ့်မည်။

ခွေးမွေးသော လယ်တောအသင်းတော်တစ်ခုတွင် ထိုခွေးများကို မွေးမြူရန် တာဝန်ရှိသူသည် မွေးကင်းစ ခွေးကလေးများကို အလွန်ဂရုစိုက်သည်။ ခွေးကလေးများက လိုအပ်သောအာဟာရ မရရှိမည်ကို ၎င်းတို့က စိုးရိမ်သောကြောင့် ခွေးများစားရန်အတွက် သဘာဝမြေသြဇာသုံး ကြက်ဥများကို လျှောက်ထားခဲ့သည်။ ထိုနေရာရှိ အယောင်ဆောင်ခေါင်းဆောင်သည် ထိုတောင်းဆိုချက်ကို ချက်ချင်းပင် လက်မှတ်ထိုးခွင့်ပြုခဲ့သည်။ သဘာဝမြေသြဇာသုံး ကြက်ဥများ မည်မျှရှားပါးသည်ကို ၎င်းတို့ မစဉ်းစားခဲ့ပေ။ လူများစားရန်ပင် မလုံလောက်ပေ။ သို့ဖြစ်၍ အဘယ်ကြောင့် ၎င်းတို့က ခွေးများကို ပေးရမည်နည်း။ ဤသည်မှာ ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် အဓိပ္ပာယ်မရှိသောနည်းလမ်းတစ်ခု မဟုတ်လော။ ထိုအယောင်ဆောင်ခေါင်းဆောင်၏ ဤအပြုအမူနှင့်ဆိုင်သည့် သဘောသဘာဝမှာ အဘယ်အရာဖြစ်သနည်း။ ယင်းကို မည်သို့ သတ်မှတ်ရမည်နည်း။ ထိုအယောင်ဆောင်ခေါင်းဆောင်၏ ဤအလေ့အကျင့်သည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ထိုအယောင်ဆောင်ခေါင်းဆောင်သည် ပါးစပ်ဖွင့်လိုက်တိုင်း အစဉ်သဖြင့် ပြောဆိုသည့်အရာမှာ လူတို့၏ အကြိုက်များနှင့် ကိုက်ညီသော အယူဝါဒများဖြစ်သော်လည်း အမှန်တွင် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို အနည်းငယ်မျှပင် နားမလည်ကြပေ။ သို့ဖြစ်၍ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ယင်းကို လူ၏ စိတ်ကူးများ၊ အကြိုက်များနှင့် ခံစားချက်အရဖြစ်သော ဆန္ဒများအတိုင်း ချဉ်းကပ်ပြီး ကိုင်တွယ်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ခွေးများကို သဘာဝမြေသြဇာသုံး ကြက်ဥများ ကျွေးခြင်းကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသော အရာတစ်ခုကို လုပ်မိကြတော့သည်။ ဤသို့သော ဘုရားအိမ်တော်၏ ပစ္စည်းများကို ထိုအယောင်ဆောင် ခေါင်းဆောင်၏ ခွဲဝေခြင်းအား ချင့်ချိန်တတ်သည်ဟု မှတ်ယူနိုင်သလော။ (မမှတ်ယူနိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့သည် ချင့်ချိန်တတ်သော ခွဲဝေမှုကို မစွမ်းဆောင်မရရှိနိုင်သနည်း။ အပေါ်ယံအားဖြင့် အယောင်ဆောင်ခေါင်းဆောင်သည် ဤအလွန်သေးငယ်သော ကိစ္စရပ်တွင်ပင် ဝင်ရောက်စွက်ဖက်ခြင်း၊ ဂရုစိုက်ခြင်းနှင့် ဆက်လက်စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟုလည်းကောင်း၊ ဤလျှောက်လွှာကို ထောက်ခံရန် ၎င်းတို့တွင် လုံလောက်သော အကြောင်းရင်းနှင့် အကြောင်းပြချက်များ ရှိခဲ့သည်ဟုလည်းကောင်း ထင်ရသည်။ သို့သော် ၎င်းတို့သည် စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နေခဲ့ခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားအိမ်တော်က သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သလော။ မဟုတ်ပေ။ သို့ဖြစ်၍ ၎င်းတို့၏ ဤလုပ်ရပ်နှင့်ဆိုင်သည့် သဘောသဘာဝကို ကြည့်သည့်အခါ၊ ယင်းမှာ ကောင်းမှုလော သို့မဟုတ် ဒုစရိုက်အမှုလော။ ယင်းမှာ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းလော သို့မဟုတ် တမင်တာဝန်ပျက်ကွက်ခြင်းလော။ တာဝန်ပျက်ကွက်ခြင်းဖြစ်ပေသည်၊ ယင်းမှာ စည်းကမ်းမဲ့ခြင်းဖြစ်သည်၊ မကောင်းသည့်အရာများကို မဆင်မခြင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤကိစ္စမှတစ်ဆင့် ဤအယောင်ဆောင်ခေါင်းဆောင်၏ လူ့သဘာဝ အနှစ်သာရက မည်သည့်အရာဖြစ်နိုင်မည်ဟု သင် မြင်သနည်း။ ယင်းမှာ နားလည်မှုလွဲချော်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ အသုံးချခြင်း မဟုတ်လော။ ၎င်းတို့ထွက်သက်ရှိသမျှဖြင့် ပြောဆိုသည့်အရာသည် မှန်ကန်သော အယူဝါဒများဖြစ်ပြီး ယင်း၌ မှားယွင်းသော စကားရပ်တစ်ခုမျှ မပါရှိသည့်အလား ထင်ရသော်လည်း အမှန်တွင်မူ ယင်းမှာ လွဲချော်နေသည်။ ထိုသို့သောလူများသည် ဝိညာဉ်ရေးရာ အယောင်ဆောင်များဖြစ်ပြီး လွဲချော်သော သဘောပေါက်နားလည်မှု ရှိကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော အသုံးမကျသူများ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ လူ့သဘာဝမှာ ၎င်းတို့သည် ကိုယ်ကျင့်စရိုက် နိမ့်ကျပြီး ၎င်းတို့၏ စိတ်နှလုံး မမှန်ကန်ကြောင်းကို ငါတို့ ယခုလေးတင် ဖော်ပြခဲ့သည်။ ဘုရားအိမ်တော်၏ ပစ္စည်းများကို ခွဲဝေရမည့် အချိန်ရောက်လာသည့်အခါ ၎င်းတို့တွင် စည်းမျဉ်းများ ကင်းမဲ့ကြပြီး ကြောင်းကျိုးမမြင်ဘဲ ခွဲဝေကြရာ ယင်းက အယောင်ဆောင်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ သဘောပေါက်နားလည်မှုတွင် လွဲချော်နေကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲကျင့်သုံးကြောင်း၊ ပြီးလျှင် ၎င်းတို့၏ လုပ်ရပ်များတွင် စည်းမျဉ်းမဲ့ကြောင်း၊ ၎င်းတို့သည် ကြောင်းကျိုးမမြင်ဘဲ၊ အလျင်းသင့်သလိုသာ လုပ်ဆောင်ကြကြောင်းကို ဖော်ပြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အပြင်ပန်းတွင် အလွန် စိတ်ကောင်းရှိပြီး ကြင်နာတတ်ပုံရသော်လည်း အမှန်တွင်မူ ဤသည်မှာ အယောင်ဆောင် စေတနာနှင့် အယောင်ဆောင် ကြင်နာမှု ဖြစ်သည်။ ဥပမာအားဖြင့် ခွေးမတစ်ကောင်က ခွေးကလေးများ မွေးသည့်အခါ ခွေးထိန်းက လူများအတွက် ရည်ရွယ်သည့် စောင်အသစ်တစ်ထည်အား ခွေးများကို ပေးသင့်သည်ဟု ၎င်းတို့ ပြောဆိုခဲ့သည်။ ထိုအခါ တစ်စုံတစ်ဦးက “ခွေးများကို စောင်အသစ်တစ်ထည် ပေးခြင်းက နှမြောစရာဖြစ်မည်။ ထိုအစား ညီအစ်ကိုမောင်နှမများအား ပေးပြီး ကျွန်ုပ်တို့ လဲလှယ်လိုက်သည့် စောင်အဟောင်းကို တိရစ္ဆာန်များအား ပေးခြင်းက ပို၍ကောင်းပေမည်”ဟု ပြောဆိုခဲ့သည်။ ဤအကြံပြုချက်ကို သင်မည်သို့ ထင်သနည်း။ အသစ်များကို လူတို့အား ခွဲဝေပေးပြီး အဟောင်းများကို တိရစ္ဆာန်များအား ခွဲဝေပေးခြင်းသည် အတော်လေး သင့်တင့်လျောက်ပတ်သည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သော ခွဲဝေမှု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောအရာများကို ကြုံတွေ့သည့်အခါ မည်သို့ ကိုင်တွယ်သနည်း။ ဤအရာကို ကြားပြီးနောက် ထိုနေရာရှိ အယောင်ဆောင်ခေါင်းဆောင်က ဤသို့ တွေးဆခဲ့သည်- “တိရစ္ဆာန်များက အသစ်များကို သုံးလေ့သုံးထမရှိပါ။ အဟောင်းများ၊ အညစ်အကြေးများကိုပဲ သူတို့အမြဲ သုံးနေရသည်။ ငါတို့လူများကမူ အသစ်များကို အမြဲ သုံးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငါတို့သည် တစ်ခါတစ်ရံတွင် ဝက်များ၊ ခွေးများလောက်ပင် မကောင်းဟု ပြောထားသည်။ ထို့ကြောင့် အရာဝတ္ထုပစ္စည်းများအတွက် ဝက်များ၊ ခွေးများနှင့် မလုကြနှင့်။ ဤသည်မှာ လူ့သဘာဝကင်းမဲ့ခြင်း ဖြစ်သည်” ဟူ၍ ဖြစ်သည်။ သို့ဖြင့် ၎င်းတို့သည် စောင်အသစ်ကို ထိုတိရစ္ဆာန်များအား ပေးလိုက်ကြတော့သည်။ ထိုနေရာရှိ လူများသည် စောင်အဟောင်းတစ်ထည်ကို အသုံးပြုခြင်းဖြင့် ဆုံးရှုံးမှု မရှိနိုင်သော်လည်း ဤအရာကို ကိုင်တွယ်ခဲ့သည့် နည်းလမ်းသည် ပြဿနာကို အလွန်ပင် ထင်ရှားစေသည်။ ဤကိစ္စတွင် အယောင်ဆောင်ခေါင်းဆောင်သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သနည်း။ သာမန်လူများသည် ထိုသို့သောအရာတစ်ခု လုပ်ဆောင်နိုင်မည်ဟု သင်တို့ ပြောမည်လော။ (ပြောမည် မဟုတ်ပါ။) သို့ဆိုလျှင် ဤကိစ္စကို ကိုင်တွယ်စဉ်တွင် အခြေအနေများကို ဤအဆင့်အထိ ရောက်ရှိစေမည့်သူများမှာ မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ (သာမန်လူများ၏ ဆင်ခြင်တုံတရား သို့မဟုတ် တွေးခေါ်မှု ကင်းမဲ့သော အဓိပ္ပာယ်မဲ့သည့် လူစားမျိုးများ ဖြစ်ပါသည်။) ဤအဖြေများအားလုံး မှန်ကန်သည်၊ ထိုလူများသည် ဘာမှမဟုတ်သောသူများ ဖြစ်ကြသည်။ သာမန်လူများသည် ဤကဲ့သို့သော အရာတစ်ခုကို ကြုံတွေ့သည့်အခါ ယင်းကို သင့်တင့်လျောက်ပတ်စွာ မည်သို့ ကိုင်တွယ်ရမည်ကို သိကြသော်လည်း လွဲချော်သော သဘောပေါက်နားလည်မှုရှိသည့် အယောင်ဆောင် ဝိညာဉ်ရေးရာ ခေါင်းဆောင်များမှာမူ ယင်းအား မည်သို့ ကိုင်တွယ်ရမည်ကို မသိကြပေ။ ၎င်းတို့၏ ကိုင်တွယ်ပုံသည်လည်း အခြေခံတစ်ခု ရှိပုံရပြီး ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်လည်း ကိုက်ညီပုံရကာ များပြားသည့်၊ သင့်တင့်လျောက်ပတ်သော ကျိုးကြောင်းပြချက်များဖြင့် ထောက်ခံထားပုံရသော်လည်း လူတို့က ယင်းကို ကြားပြီးနောက်တွင် ရယ်ရအခက် ငိုရအခက် ဖြစ်သွားကြရသည်၊ ယင်းမှာ အလွန်ပင် သဘာဝမကျပေ။ ဤသို့ ရိုးရှင်းပြီး ထင်ရှားသော ဆင်ခြင်တွေးခေါ်မှုစနစ်ကိုပင် ၎င်းတို့ နားမလည်နိုင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ၎င်းတို့သည် ယင်းကို ဤသို့လွဲချော်သောနည်းဖြင့် အဘယ်ကြောင့် ကိုင်တွယ်ကြသနည်း။ ယင်းမှာ စက်ဆုပ်ဖွယ်ကောင်းလှသည်။ အကယ်၍ သင်က ၎င်းတို့ကို ဘဏ္ဍာထိန်းများအဖြစ် ဆောင်ရွက်စေပါက ၎င်းတို့သည် ခွေးများကို ကြွက်ဖမ်းခိုင်းမည်၊ ကြောင်များကို အိမ်စောင့်ခိုင်းမည်၊ ဝက်များကို အိပ်ရာပေါ်တွင် အိပ်ခိုင်းမည်ဖြစ်သည်။ အရာအားလုံးက ကမောက်ကမဖြစ်သွားလိမ့်မည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် ပုံမှန်မဟုတ်သော လူစားမျိုး၊ နားဝေတိမ်တောင်ဖြစ်သောသူများနှင့် အဓိပ္ပာယ်မရှိသော လူစားမျိုးများ ဖြစ်ကြသည်။ အထူးသဖြင့် လွဲချော်သော သဘောပေါက်နားလည်မှုရှိကြပြီး စိတ်နှလုံး မမှန်ကန်သော ထိုအယောင်ဆောင်ခေါင်းဆောင်များအပြင် အယောင်ဆောင်ခေါင်းဆောင်အများစုသည် အစွမ်းအစ အနည်းငယ်ရှိပြီး ၎င်းတို့၏ သဘောပေါက်နားလည်မှုတွင် လွဲချော်ခြင်းမရှိသော်လည်း ဤသို့သောအလုပ်ကို ကမောက်ကမဖြစ်စေပြီး ရှုပ်ထွေးပွေလီအောင် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ ထမ်းဆောင်သင့်သည့် အနိမ့်ဆုံးသော တာဝန်ဝတ္တရားများကိုပင် မဖြည့်ဆည်းနိုင်ကြပေ။ သို့ဖြစ်၍ သင်က ၎င်းတို့ကို ဤအလုပ်အကြောင်း မေးမြန်းသည့်အခါ ၎င်းတို့၏ အဖြေမှာ အမြဲ အတူတူပင်ဖြစ်သည်- “မည်သူမည်ဝါက လုပ်ဆောင်နေပါသည်။ မည်သူမည်ဝါက သိပါသည်။ သင် မေးခွန်းများ တစ်ခုတလေကို မေးလျှင်၊ ကျွန်ုပ်က မည်သူမည်ဝါထံ သွားမေးရပါမည်” ဟူ၍ ဖြစ်သည်။ ပြီးလျှင် ယင်းမှာ သင် နောက်ဆုံး ကြားရလိမ့်မည့်အရာ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက ဤအလုပ်ကို လုပ်ဆောင်သည့်အခါ ပြသသည့် သရုပ်သကန် ဖြစ်သည်။

ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများကို ခွဲဝေခြင်းအလုပ်နှင့် ပတ်သက်လာသည့်အခါ၊ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို ဘုရားအိမ်တော်က သတ်မှတ်ထားသည့် စည်းမျဉ်းများအတိုင်းလုပ်ဆောင်နိုင်စွမ်းမရှိသည်သာမက ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ခံစားချက်များ၊ နှစ်သက်မှုများနှင့် လိုအင်ဆန္ဒများအပြင် ၎င်းတို့၏ ကိုယ်ပိုင်နားလည်မှုများစွာကိုလည်း ဤအရာတွင် ရောနှောခွင့်ပေးကြသည်။ ၎င်းတို့သည် ဤအလုပ်ကို ရှုပ်ထွေးပွေလီသွားစေပြီး ကမောက်ကမဖြစ်စေသည်၊ ပြောစရာ စည်းမျဉ်းဟူ၍ လုံးဝမရှိချေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော ပစ္စည်းများကို စီမံခန့်ခွဲနေသည့်အခါ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မည်သူမျှမသိသည့် အခြေအနေများတွင် ပစ္စည်းများ ပျက်စီးသွားခြင်း၊ အကြောင်းပြချက်မရှိဘဲ ဖြုန်းတီးခြင်း သို့မဟုတ် ပစ္စည်းများ ပျောက်ဆုံးသွားပြီး အရေအတွက် မကိုက်ညီတော့ခြင်းတို့ မကြာခဏ ဖြစ်ပေါ်တတ်သည်။ အခြားပစ္စည်းများကို လူပုဂ္ဂိုလ်တစ်ဦးချင်းစီက စာရင်းသွင်းခြင်း သို့မဟုတ် အကြောင်းကြားခြင်းမရှိဘဲ ၎င်းတို့ ကိုယ်ပိုင်အသုံးပြုဖို့ ယူဆောင်သွားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤသို့ ရိုးရှင်းသော အထွေထွေ အရေးကိစ္စတစ်ခုကိုပင် ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဤအလုပ်ကို ကမောက်ကမဖြစ်အောင် လုပ်ဆောင်ကြသော်လည်း အလုပ်များစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု တွေးထင်လျက် စိတ်အေးလက်အေး ရှိနေကြဆဲဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများကို ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဤပစ္စည်းများကို အနည်းငယ်မျှပင် ဂရုမစိုက်ကြပေ။ သင်က ၎င်းတို့ကို ဤသို့မေးသည်ဆိုပါစို့- “ဤစက်ပစ္စည်းများကို ထိန်းသိမ်းပြုပြင်ဖို့ တာဝန်ယူသောသူ တစ်ယောက်ယောက် ရှိပါသလား။ ယင်းတို့ကို ပြင်ဆင်သည့်အခါ အပိုပစ္စည်းများ ဝယ်ယူရာတွင် ဖြုန်းတီးမှုတစ်စုံတစ်ရာ ရှိခဲ့ပါသလား။ သို့မဟုတ် တစ်စုံတစ်ယောက်က ပိုသုံးခြင်း၊ လိမ်လည်လှည့်ဖြားခံရခြင်းမျိုး ရှိခဲ့ပါသလား။ ထိုဖြစ်ရပ်များ ဖြစ်ပျက်ပြီးနောက်မှာ တစ်ယောက်ယောက်က တာဝန်ခံခြင်း ရှိခဲ့ပါသလား။ တစ်ယောက်တလေက ဒဏ်ရိုက်ခံရခြင်း သို့မဟုတ် သတိပေးခံရခြင်း ရှိခဲ့ပါသလား။” အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာတစ်ခုကိုမျှ သိမည်မဟုတ်သည့်အပြင်၊ ဂရုစိုက်မည်လည်း မဟုတ်ပေ။ ဘုရားအိမ်တော်အတွက် ပစ္စည်းများ ဝယ်ယူသည့်အခါ မတရားသဖြင့် ငွေသုံးစွဲခဲ့ခြင်း ရှိမရှိ၊ ထိုပစ္စည်းများကို ဝယ်ယူပြီးနောက် စီမံခန့်ခွဲရန် တစ်စုံတစ်ဦးကို တာဝန်ပေးအပ်ခဲ့ခြင်း ရှိမရှိ၊ ဝယ်ယူခဲ့သော ပစ္စည်းများသည် သင့်တော်မှု ရှိမရှိဟူသည်နှင့် ယင်းတို့ကိုထိရောက်စွာ အသုံးပြုနိုင်ခြင်း ရှိမရှိ၊ မရှိပါက သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် လဲလှယ်ခြင်း ပြုလုပ်ခဲ့ခြင်း ရှိမရှိ၊ ဤအရာများအနက်မှ တစ်ခုကိုမျှ ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ထိုသို့သော လူနုံလူအများသာ ဖြစ်ကြသည်။ မည်သည့်အရာကိုမျှ ၎င်းတို့ မသိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များ စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့ကို လူတို့ အထင်ကြီးစေရန် စုဝေးပွဲများတွင် အယူဝါဒများကို မည်သို့ဟောပြောရမည်ဟူ၍သာ ဖြစ်သည်၊ ပစ္စည်းများကို စီမံခန့်ခွဲခြင်းဟူသော သတ်သတ်မှတ်မှတ်ဖြစ်သည့်ကိစ္စနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့တွင် အလုပ်လုပ်နိုင်စွမ်း မရှိသည့်အပြင်၊ ဤကိစ္စအပေါ် မည်သည့်သဘောထားမျှလည်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ကြောင်း ၎င်းတို့ မသိကြသည့်အပြင်၊ ဤအလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကိုလည်း မသိကြပေ။ ဘုရားအိမ်တော်၏ ပစ္စည်းများနှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များ ထားရှိသည့်အမြင်မှာ ထိုပစ္စည်းများသည် လူတိုင်းနှင့် သက်ဆိုင်သောကြောင့် တစ်စုံတစ်ခုကို အသုံးပြုလိုသူ မည်သူမဆို အသုံးပြုနိုင်ပြီး တစ်စုံတစ်ခု လိုအပ်သူ မည်သူမဆို ယူနိုင်သည် သို့မဟုတ် အထက်လူကြီးများထံ လျှောက်ထားနိုင်သည်၊ ဤသည်မှာ လူတိုင်း၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး ဘုရားအိမ်တော်၏ ပစ္စည်းများသည် မည်သည့်လူတစ်ဦးတစ်ယောက်၏ စီမံခန့်ခွဲမှု သို့မဟုတ် ထိန်းချုပ်မှုအောက်တွင်မျှ မရှိသင့်ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက စက်တစ်လုံးကို ပျက်စီးစေမိလျှင် သို့မဟုတ် ပျောက်ဆုံးသွားစေလျှင် ၎င်းတို့ ဂရုမစိုက်သည့်အပြင်၊ တစ်စုံတစ်ဦးက တစ်စုံတစ်ခုကို ဝယ်ယူရန် လျှောက်ထားပါကလည်း ဈေးကြီးသည်ဖြစ်စေ၊ ဈေးပေါသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြပေ။ အမှန်တရားမှာ ဘုရားအိမ်တော်တွင် ဤအရာများအတွက် စည်းမျဉ်းများ ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီး ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း သင့်လျော်စွာ စိစစ်နေသမျှကာလပတ်လုံး ထိုသို့သော ဆုံးရှုံးမှုများနှင့် ဖြုန်းတီးမှုအားလုံးကို ရှောင်ရှားနိုင်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဆုံးရှုံးမှုများကို ကာကွယ်နိုင်သည့် ဤအရိုးရှင်းဆုံးသော အလုပ်ကိုပင် မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အစားအစာကို အခမဲ့စားနေခြင်းမျှသာ မဟုတ်လော။ ၎င်းတို့သည် ကပ်ရပ်စားနေခြင်း မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ “အယောင်ဆောင်ခြင်း”နှင့်ဆိုင်သည့် တိကျသော သရုပ်သကန်တစ်ခု မဟုတ်လော။ အကယ်၍ သင်တို့သည် ထိုသို့သော ခေါင်းဆောင်တစ်ဦးကို ကြုံတွေ့ခဲ့ပါက မည်သို့ ကိုင်တွယ်မည်နည်း။ (၎င်းတို့ကို ဖြုတ်ချခြင်းဖြင့် ဖြစ်ပါသည်။) ၎င်းတို့ကို ဖြုတ်ချလိုက်ရုံနှင့် ပြီးသွားသလော။ ၎င်းတို့ကို အမှုအရာ တစ်ခု သို့မဟုတ် နှစ်ခု ပေးရန် သင် မလိုအပ်ဘူးလော။ “ထိုစက်ကို ထိုနေရာ၌ ထားခဲ့သည်မှာ စိုထိုင်းနေပြီဖြစ်သည်။ ရက်ပေါင်းများစွာ မည်သူမျှ လာမစစ်ဆေးပါ။ မီးအားရှိသေးသလား မရှိသေးသလားတောင် မသိပါ။ ကြွက်များက ကြိုးများကို ကိုက်သွားသလားဆိုသည်ကိုလည်း မသိပါ။ သင်သည် အဘယ်ကြောင့် ဤအရာများကို စိတ်မဝင်စားရသနည်း။ ကျွန်ုပ်သုံးသည့် ကွန်ပျူတာက ပျက်နေပြီး ပြင်ဖို့လိုနေပြီဖြစ်သည်။ မပြင်ဘဲထားလျှင် အလုပ်ကို နှောင့်နှေးစေလိမ့်မည်။ သို့သော် ကျွန်ုပ်သည် သင့်ထံ အကြိမ်ပေါင်းများစွာ လျှောက်ထားခဲ့ပြီးဖြစ်သည်၊ သင်သည် အဘယ်ကြောင့် ဂရုမစိုက်ရသနည်း။ တစ်နေ့လုံး ဇယ်စက်သလို အဘယ်အရာများကို ကြောင်းကျိုးမမြင်ဘဲသင် အလုပ်ရှုပ်နေရသနည်း။ သင်တို့ကဲ့သို့ ခေါင်းဆောင်တစ်ယောက်ကို အလုပ်လုပ်ဖို့ အားကိုးရသည့်အခါ သင်က အလုပ်အားလုံးကို နှောင့်နှေးစေပြီး စက်များ၊ ပစ္စည်းများအားလုံး သင့်လက်ထဲတွင် ပျက်စီးသွားရသည်။ သင်က ဘုရားအိမ်တော်၏ အမျိုးမျိုးသော ပစ္စည်းများကို စောင့်ရှောက်ခြင်းမရှိ သို့မဟုတ် မစီမံခန့်ခွဲခြင်း မရှိပါ။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ မထိုက်တန်ပါ။ အမြန်ဆုံး ရာထူးကဆင်းလိုက်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ကို ဤသို့ ဩဝါဒပေးလျှင် သင့်တော်သလော။ (သင့်တော်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဩဝါဒပေးဝံ့သူတစ်ဦးတွင် မည်သည့်အရာ ရှိသနည်း။ ၎င်းတို့သည် ဦးစွာ ရဲရင့်ရမည်ဖြစ်ပြီး တရားမျှတစိတ် ရှိရမည်။ အချို့က “ကျွန်ုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို သင်ခန်းစာမပေးဝံ့ပါ။ သူတို့က အရာရှိများဖြစ်သည်၊ ကျွန်ုပ်က စစ်သားတစ်ဦးသာ ဖြစ်သည်။ ကျွန်ုပ်၏ အဆင့်က သူတို့ထက် အများကြီးနိမ့်သည်။ သူတို့တွင် သမ္မာတရားရှိပြီး တရားဒေသနာများကို ဟောနိုင်ကြသည်။ ကျွန်ုပ်က မည်သည့်နေရာတွင်မျှ မတော်ပါ။ ပြီးလျှင်သူတို့ကို သင်ခန်းစာပေးရမည့် ရာထူးတွင်မရှိပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ လူလိမ်လူညစ်တစ်ဦး၏ ဆင်ခြင်တွေးခေါ်မှုစနစ် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ဤခေါင်းဆောင်မျိုးကို မည်သို့ ဩဝါဒပေးမည်နည်း။ “ဤအလုပ်ကို သင် လုပ်နိုင်လျှင် အကောင်းဆုံးကြိုးစားလုပ်ဆောင်လော့။ ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း လုပ်ဆောင်လော့။ သင်က ကျွန်ုပ်တို့အတွက် လုပ်ဆောင်ရမည့် မည်သည့်အရာကို စီစဉ်ပေးသည်ဖြစ်စေ၊ ကျွန်ုပ်တို့ နာခံပါမည်။ သို့သော် ဤအလုပ်ကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်ခြင်းမရှိလျှင်၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း မလုပ်ဆောင်လျှင်၊ သင်က ကျွန်ုပ်တို့ကို မည်သည့်အခါတွင်မျှ နားထောင်ခိုင်း၍ ရမည်မဟုတ်ပါ။ ထို့အပြင် တကယ့်အလုပ်ကို သင် မလုပ်ဆောင်လျှင်၊ သင့်ကို ရာထူးမှ ကျွန်ုပ်တို့ ဖယ်ရှားပြီး ရှင်းလင်းပစ်ပိုင်ခွင့် ရှိသည်။သင်က တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုလျှင်၊ ကိုယ့်ကိုယ်ကိုယ်သာ ထိခိုက်နစ်နာစေလော့။ ကျွန်ုပ်တို့အားလုံးကို ထိခိုက်နစ်နာစေဖို့ သင် မကြိုးရပါ”ဟူ၍ ဖြစ်သည်။ သင်တို့သည် ၎င်းတို့ကို ဤသို့ ဩဝါဒပေးဝံ့သလော။ (ပေးဝံ့ပါသည်။) ယခုတွင် ထိုသို့ သင်တို့ ပြောသည်။ ထိုအရာကို လုပ်ရမည့်အချိန်ရောက်လာသည့်အခါ၊ အမှန်တကယ် သင် လုပ်ဆောင်မည်လော။ ယေဘုယျအားဖြင့် သမ္မာတရား စည်းမျဉ်းများနှင့်လည်းကောင်း၊ အရေးကြီးသော ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်သည့် အမှုအရာများနှင့်ပတ်သက်၍ သင်တို့သည် အကြောင်းမှာ ထိုးထွင်းသိမြင်မှုမရှိခြင်းနှင့် ရှင်းလင်းစွာ မပြောဆိုနိုင်ခြင်းတို့က သင်တို့အနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဝေဖန်အပြစ်တင်နေပြီး အနှောင့်အယှက်ဖြစ်စေသည်ဟု ဆိုလိုမည်ကို ကြောက်သည့်အတွက် သာမန်ကာလျှံကာ မပြောဝံ့ကြပေ။ သို့သော် သင်တို့သည် ရုပ်ဝတ္ထုပစ္စည်းများအား စီမံခန့်ခွဲခြင်းကိစ္စတွင် ထိုးထွင်းအမြင် ရှိသင့်သည်။ ဤကိစ္စရပ်တွင် သင်သည် ပိုင်းခြားသိမြင်နိုင်စွမ်းကို သင်ယူသင့်ပြီး ယင်း၏ စည်းမျဉ်းများကို သဘောပေါက်နားလည်သင့်သည်။

ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တစ်ခုတွင် အဝတ်အစား တာဝန်ခံအဖြစ် လုပ်ကိုင်သူတစ်ဦး ရှိခဲ့သည်။ သူသည် သူ၏လုပ်ရပ်များတွင် ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ဘုရားအိမ်တော်၏ ပစ္စည်းများကို အမြဲတမ်း ခိုးကြောင်ခိုးဝှက် အလွဲသုံးစားလုပ်ခဲ့သည်။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့မှ သူ ထွက်ခွာသွားသည့်အခါ သူနှင့်အတူ ပစ္စည်းအချို့ကို ယူဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် စာရင်းစစ်ဆေးချက်အရ သူရရှိခဲ့သော ငွေအများအပြားမှာ စာရင်းမကိုက်ညီကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် သူသည် အလုပ်မလုပ်သော်လည်း ငွေရှိခဲ့ပြီး တန်ဖိုးကြီးပစ္စည်းများစွာကိုလည်း ဝယ်ယူခဲ့သည်။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တွင် သူရှိခဲ့စဉ်တွင် လူများစွာတို့က သူ့ကို မြှောက်ပင့်ခဲ့ကြပြီး အားလုံးက သူနှင့် ဆက်ဆံရေးကောင်းမွန်ရန် လိုလားခဲ့ကြသည်။ သို့မှသာ ၎င်းတို့ အဝတ်အစားများ လိုအပ်သည့်အခါ သူ့ကို ပြောလိုက်ရုံဖြင့် သူက အဝတ်အစားအချို့ကို ပေးလိမ့်မည်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် သူနှင့် ဆက်ဆံရေးမကောင်းပါက ထိုသူရသင့်သည့် အဝတ်အစားများကိုပင် သူက ပေးမည်မဟုတ်ပေ။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ယင်းမှာ စီမံခန့်ခွဲရေးဝန်ထမ်းများနှင့်ပတ်သက်သော ပြဿနာတစ်ခု ဖြစ်သည်။ တစ်စိတ်တစ်ပိုင်းမှာ သူကိုယ်တိုင်က ဤအရာများကို အလွဲသုံးစားလုပ်နေခြင်းဖြစ်သည်။ အခြားတစ်စိတ်တစ်ပိုင်းမှာ သူသည် ဘုရားအိမ်တော်၏ ပစ္စည်းများကို စည်းမျဉ်းများနှင့်အညီ ခွဲဝေခြင်းမပြုဘဲ ထိုအစား သူ၏ ခံစားချက်များ၊ သူ၏ ကိုယ်ပိုင်အလိုဆန္ဒနှင့် သူ၏ ဆက်ဆံရေးများအတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စည်းမျဉ်းများအရ ဤလူကို ဖယ်ရှားရှင်းလင်းသင့်သည်။ ဤသည်မှာ သိသာထင်ရှားသော ပြဿနာတစ်ခု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်သည် ထိုသို့မလုပ်ဆောင်ခဲ့သည်သာမက သူ့ကို လူကောင်းတစ်ဦးအဖြစ် မှတ်ယူပြီး သူ၏တာဝန်ကို ထမ်းဆောင်ရန် အခြားတစ်နေရာသို့ သွားဖို့အတွက် စီစဉ်ပေးခဲ့သည်။ ဤသည်မှာ ထပ်ဆင့်အမှား ကျူးလွန်ခြင်း မဟုတ်လော။ ဤအလုပ်ကို မည်သို့လုပ်ဆောင်ခဲ့သည်ဟု သင်တို့ ထင်သနည်း။ ယင်းမှာ စည်းမျဉ်းများနှင့် ကိုက်ညီခဲ့သလော။ ဤခေါင်းဆောင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ထမ်းဆောင်သင့်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခဲ့သလော။ (မဖြည့်ဆည်းခဲ့ပါ။) ထိုလူကို ဤနည်းဖြင့် ကိုင်တွယ်ခြင်းဖြင့် ခေါင်းဆောင်သည် မည်သည့်အကျိုးကျေးဇူးများကို ရရှိနိုင်သည်ကို ခဏ ဘေးဖယ်ထားလျက်၊ ထိုကိစ္စကို ၎င်းတို့ ကိုင်တွယ်ခဲ့ပုံဖြင့်သာ အကဲဖြတ်သည့်အခါ၊ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းမှာ ခံစားချက်များကို အခြေခံ၍ ဆိုးယုတ်သောသူတစ်ဦးကို အကာအကွယ်ပေးခြင်းနှင့် သူ့ကို ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း မကိုင်တွယ်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ ယင်းကို ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ဆိုင်သည့် အချက်တစ်ဆယ်နှင့် ချိတ်ဆက်ကြည့်လျှင် ဤခေါင်းဆောင်နှင့် အမှုဆောင်သည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများကို သဘောထားရာတွင် မည်သည့်အမှားကို ပြုလုပ်သနည်း။ ဤခေါင်းဆောင်သည် သူတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခဲ့သလော။ ၎င်းတို့၏ ကိစ္စကိုင်တွယ်ပုံသည် ဘုရားအိမ်တော်၏ ပစ္စည်းများကို ကာကွယ်ခြင်းအပေါ် အခြေခံခဲ့သလော သေချာပေါက် အခြေမခံခဲ့ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ပစ္စည်းများကို ဆိုးယုတ်သောသူက စိတ်အလိုရှိတိုင်း ဖျက်ဆီးခြင်း သို့မဟုတ် ယူဆောင်သွားခြင်းကို ခွင့်ပြုစဉ်တွင် ကြောင်းကျိုးမမြင်ဘဲ လျစ်လျူရှုခဲ့ကြလျက်၊ အလေးအနက်မထားခဲ့ကြပေ။ အကယ်၍ ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများ ပျက်စီးသွားလျှင် သို့မဟုတ် အခြားသူများ၏ သိမ်းပိုက်ခြင်းကို ခံရလျှင် ၎င်းတို့ ထိုသို့ ကိုင်တွယ်မည်လော။ ကိုင်တွယ်မည်မဟုတ်၊ ထိုအခါ ၎င်းတို့သည် လက်စားချေရန်နှင့် လျော်ကြေးတောင်းရန် စဉ်းစားနေကြပေမည်။ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၏ ပစ္စည်းများကို အဘယ်ကြောင့် ထိုနည်းဖြင့် မကိုင်တွယ်ခဲ့သနည်း။ ၎င်းတို့က “သူအလိုရှိလျှင် ပစ္စည်းအနည်းငယ် ယူသွားနိုင်သည်။ သူက များစွာ ယူသွားခြင်းမဟုတ်ပါ။ သူအလိုရှိလျှင် ဤပစ္စည်းများကို အနည်းငယ် အလွဲသုံးစားလုပ်နိုင်သည်။မည်သူသည် ထိုသို့ပြုလိုသည့်ဆန္ဒ အနည်းငယ်မျှ မရှိဘဲနေမည်နည်း။ သူအလွဲသုံးစားလုပ်သည့် ပမာဏအနည်းငယ်သည် အဘယ်မှာ အရေးကြီးမည်နည်း။ အခြားသူများက အရနည်းသွားခြင်းအလား မဟုတ်ပါ”ဟုပင် ပြောဆိုကြသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုးဖြစ်သနည်း။ ဤသည်မှာ ဘုရားအိမ်တော်၏ ပစ္စည်းများအပေါ် ခေါင်းဆောင်များနှင့် အမှုဆောင်များက ထားရှိသင့်သည့် သဘောထားဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ကျွေးသည့်လက်ကို ကိုက်နေကြခြင်း မဟုတ်လော။ အဆုံးတွင် မည်သည့် ဆင်ခြင်တွေးခေါ်မှုစနစ်ကို ၎င်းတို့ ပေးကြသနည်း။ “ထိုပစ္စည်းများကို သူ့အား အလွဲသုံးစားလုပ်ခွင့်ပေးကြစို့။ ဤငွေစာရင်းများကို သူနှင့် ငါတို့ ရှင်းရန် မလိုအပ်ပါ။ ထိုအနည်းငယ်သော ရန်ပုံငွေနှင့် ပစ္စည်းများသည် အဘယ်မှာ အရေးကြီးမည်နည်း။ အန္တိခရစ်တို့သည် ထိုပမာဏထက် များစွာပို၍ အလွဲသုံးစားလုပ်ကြသည်။ သူ အဲဒီပစ္စည်းတွေကို အလွဲသုံးစားလုပ်ခြင်းက သူနှင့်ဘုရားသခင်ကြားက ကိစ္စဖြစ်သည်။ အချိန်ကျလာသည့်အခါ ဘုရားသခင်ရှေ့မှောက်တွင် သူ မည်သို့ တာဝန်ခံမည်ဟူသည်မှာ သူ့ကိစ္စဖြစ်သည်။ ကျွန်ုပ်တို့နှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ”ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးက ထိုသို့သောစကား ပြောဆိုသည်ကို သင်တို့ ကြားပြီးနောက် မည်သည့် အတွေးများနှင့် ခံစားချက်များကို တွေ့ကြုံခံစားရသနည်း။ တရားမျှတစိတ် အနည်းငယ်ရှိသော၊ အသိစိတ်၏ သတိပြုမိမှု အနည်းငယ်ရှိသောသူ မည်သူမဆိုသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လျှင် မဆိုထားနှင့်၊ သာမန်နောက်လိုက်တစ်ဦးပင် ဖြစ်လင့်ကစား ဤစကားများကို ကြားလျှင် အတွင်းစိတ်ထဲ၌ ငိုကြွေးကြမည်ဖြစ်ပြီး နှလုံးကြေကွဲကာ စိတ်မချမ်းမသာဖြစ်ကြပေမည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်မျိုးသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကွယ်ကာစောင့်ရှောက်မှုများစွာကိုလည်းကောင်း၊ သူ၏ သမ္မာတရားများစွာကိုလည်းကောင်း ခံစားရသော်လည်း သူ၏ အိမ်တော်ပစ္စည်းများအပေါ် ဤသို့သော သွေးအေးသည့် သဘောထားမျိုး ရှိနေဆဲဖြစ်သည်။ ၎င်းတို့တွင် လူ့သဘာဝ ရှိသလော။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ထိုသို့သောလူတစ်ဦး ဖြုတ်ချခံရပြီးသည်နှင့် ၎င်းတို့သည် အနာဂတ်တွင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် အရည်အချင်းပြည့်မီသလော။ (မပြည့်မီပါ၊ ၎င်းတို့၏ လူ့သဘာဝသည် ညံ့ဖျင်းပါသည်။) ၎င်းတို့၏ ညံ့ဖျင်းသော လူ့သဘာဝသည် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ (ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မထိန်းသိမ်းခြင်း၌ ထင်ရှားပါသည်။) ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မထိန်းသိမ်းသည့် ၎င်းတို့၏ တိကျသော လုပ်ရပ်မှာ အဘယ်နည်း။ ဤတိကျသော သရုပ်သကန်၏ အနှစ်သာရမှာ အဘယ်နည်း။ ဤကဲ့သို့သောလူများသည် စိတ်နှလုံး မှန်ကန်ခြင်းမရှိသည့်အပြင်၊ အောက်တန်းကျသော အကျင့်စရိုက်ရှိကြသည်။ ၎င်းတို့သည် အလွန်ကောင်းမွန်စွာ စကားပြောဆိုကြသော်လည်း စစ်မှန်သောအရာ တစ်ခုမျှ မလုပ်ဆောင်ကြပေ။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုံးဝ မဖြစ်ရပေ။ စိတ်နှလုံး မှန်ကန်ခြင်းမရှိသောသူများသည် သမ္မာတရားကို ချစ်သောသူများမဟုတ်ဘဲ မိမိတို့ကိုယ်ပိုင်အကျိုးအတွက်သာ ကြံစည်ကြကြသည်။ စိတ်နှလုံး မှန်ကန်ခြင်းမရှိသူများသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို လုံးဝ ထည့်မစဉ်းစားကြသည့်အပြင်၊ အသင်းတော်အလုပ် သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုလည်း လုံးဝ မထိန်းသိမ်းကြပေ။

ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ပထမဆုံး အခြေခံကျသောအရာမှာ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးကို ကောင်းစွာ စောင့်ရှောက်ရန်၊ ဘုရားအိမ်တော်အတွက် ကောင်းစွာ စိစစ်ပြီး စောင့်ကြပ်ပေးရန်၊ မည်သည့်ပစ္စည်းကိုမျှ ပျက်စီးခြင်း၊ ဖြုန်းတီးခြင်း သို့မဟုတ် ဆိုးယုတ်သောလူများ၏ သိမ်းယူခြင်းကို မခံရစေခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်က သင့်ကို ၎င်း၏ ဘဏ္ဍာစိုးအဖြစ် မှတ်ယူသည်။ သင်သည် စီမံခန့်ခွဲရေးအဆင့်တွင် ရှိသူဖြစ်ပြီး သင်ထမ်းဆောင်ရသော အလုပ်တာဝန်မှာ အခြားသူများထက် ပို၍ ကြီးလေးသည်။ သင်သည် ကြီးမားသော တာဝန်တစ်ခုကို ထမ်းဆောင်ရသည်။ ထို့ကြောင့် သင်၏ သဘောထားတိုင်း၊ သင်၏ လုပ်ဆောင်ချက်တိုင်း၊ ပြဿနာများကို ကိုင်တွယ်ခြင်းအတွက် သင်၏ အစီအစဉ်တိုင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်းအတွက် သင်၏ နည်းလမ်းတိုင်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် သက်ဆိုင်ပေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်ပင်မစဉ်းစားလျှင် သို့မဟုတ် နှလုံးမသွင်းလျှင် သင်သည် သူ့အိမ်တော်၏ ဘဏ္ဍာစိုးတစ်ဦး ဖြစ်ရန် မသင့်တော်ပေ။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ဘဏ္ဍာစိုးတစ်ဦးဖြစ်ရန် အဘယ်ကြောင့် မသင့်တော်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များထဲတွင် အစွမ်းအစညံ့ဖျင်းရုံသာမက ၎င်းတို့၏ အဓိကပြဿနာမှာ ဝန်တာစိတ်မရှိခြင်း ဖြစ်သည့် လူအချို့ရှိသည်။ ၎င်းတို့သည် မည်သို့အလုပ်လုပ်ရမည်ကို မသိသော်လည်း သမ္မာတရားကို မရှာဖွေကြသည့်အပြင်၊ ဘဏ္ဍာစိုးတစ်ဦး ထမ်းဆောင်သင့်သည့် အနိမ့်ဆုံးသော တာဝန်ဝတ္တရားများကိုပင် ဖြည့်ဆည်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံး မှန်ကန်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အောက်တန်းကျသော အကျင့်စရိုက်ရှိပြီး တစ်ကိုယ်ကောင်းဆန်ကာ ယုတ်ညံ့ကြသည်။ အသင်းတော်၏အလုပ်ကို လုံးဝ ထိန်းသိမ်းခြင်းမရှိကြဘဲ အသင်းတော်၏ အကျိုးစီးပွားများကို မကြာခဏ ထိခိုက်စေပြီး သစ္စာဖောက်ကြသည့်အပြင် အသင်းတော်၏ အကျိုးစီးပွားကို အထိအခိုက်ခံလျက် လူတို့ကို မျက်နှာလိုမျက်နှာရလုပ်ကာ အခြားလူများနှင့် ၎င်းတို့၏ ဆက်ဆံရေးများကို ထိန်းသိမ်းကြလေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထု ပစ္စည်းများကို ပျက်စီးခြင်း၊ ဖြုန်းတီးခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ဆိုးယုတ်သောလူများ၏ သိမ်းပိုက်ခြင်းကိုပင် ခံရစေကာ ဤအရာကို လုံးဝ ဂရုမစိုက်သည့်အပြင် အနည်းငယ်မျှသော အကြွေးတင်သည့်စိတ် သို့မဟုတ် အပြစ်ရှိသည့်စိတ် ခံစားရခြင်းလည်း မရှိကြပေ။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူ့သဘာဝ ရှုထောင့်မှ ဤအရာကို ကြည့်လျှင် ၎င်းတို့ ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံးအရာမှာ အဘယ်နည်း။ ၎င်းတို့သည် အသိစိတ်နှင့် တရားမျှတစိတ် ရှိရမည်ဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်က မှန်ကန်ရမည်။ ၎င်းတို့၏ လူ့သဘာဝသည် ဦးစွာ အရည်အချင်းပြည့်မီရမည်။ ၎င်းတို့တွင် အလုပ်လုပ်နိုင်စွမ်း မည်မျှ ပိုင်ဆိုင်သည်ဖြစ်စေ၊ မည်သည့် အစွမ်းအစအဆင့်ကို ပိုင်ဆိုင်သည်ဖြစ်စေ ထိုသို့သောလူစားမျိုးသည် ကြီးကြပ်ရေးမှူးများအဖြစ် အစေခံပါက ဘဏ္ဍာစိုးများအဖြစ် စံနှုန်းပြည့်မီလိမ့်မည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ညီအစ်ကိုမောင်နှမများ၏ ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းနိုင်လိမ့်မည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို လုံးဝ သစ္စာဖောက်မည်မဟုတ်သည့်အပြင်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း သစ္စာဖောက်မည် မဟုတ်ပေ။ ဘုရားအိမ်တော်နှင့် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများ ထိခိုက်နစ်နာတော့မည့်အချိန်တွင်၊ ၎င်းတို့သည် ကြိုတင်စဉ်းစားထားပြီးဖြစ်လိမ့်မည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းက ၎င်းတို့၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးကို ထိခိုက်စေမည်ဆိုလျှင်ပင် သို့မဟုတ် ၎င်းတို့အား အဖိုးအခပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုအပ်စေမည်ဖြစ်လျှင်ပင် ပထမဆုံး ရှေ့ထွက်ပြီး ယင်းတို့ကို ကာကွယ်မည့်သူများ ဖြစ်လိမ့်မည်။ ဤအရာများအားလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတို့ လုပ်ဆောင်နိုင်သည့်အရာများ ဖြစ်ကြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တရာယ်ရှိသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ မိမိတို့ကိုယ်ကို ဖုံးကွယ်ရန် ဘေးကင်းသောနေရာတစ်ခုကို အလျင်အမြန် ရှာဖွေကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ၊ လက်ကိုင်ဖုန်းများ၊ ကွန်ပျူတာများ၊ စသည့် ဘုရားအိမ်တော်၏ အရေးကြီးသော ပစ္စည်းများနှင့်ပတ်သက်၍မူ ၎င်းတို့က ဂရုမစိုက်သည့်အပြင် မေးမြန်းခြင်းလည်း မရှိကြပေ။ အကယ်၍ ၎င်းတို့ အဖမ်းခံရခြင်းက အသင်းတော်အလုပ်၏ ပိုကြီးမားသော အခြေအနေအား မည်သို့ သက်ရောက်မှုရှိမည်ကို ၎င်းတို့ စိုးရိမ်ခဲ့ပါက ဤအရာများကို ကိုင်တွယ်ရန် အခြားသူများကို ၎င်းတို့ စေလွှတ်နိုင်ခဲ့ကြပေမည်။ သို့သော် ဤအယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးအတွက်သာ ပုန်းအောင်းကြသည်။ ၎င်းတို့သည် သေလောက်အောင် ကြောက်လန့်ကြပြီး မိမိတို့၏ ဘေးကင်းလုံခြုံရေးကို သေချာစေရန်အလို့ငှာ ၎င်းတို့ လုပ်နိုင်သည့်အရာကို မလုပ်ဆောင်ကြပေ။ ထို့ကြောင့် အန္တရာယ်ရှိသော အခြေအနေများ ပေါ်ပေါက်လာသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များ၏ ပေါ့ဆမှု၊ မလုပ်ဆောင်မှုနှင့် တာဝန်မဲ့မှုတို့ကြောင့် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးနှင့် ဘုရားသခင်ကိုပေးသည့် အလှူငွေများကို အဆင်းနီသော နဂါးကြီးက လုယက်ပြီး ယူဆောင်သွားကာ ကြီးလေးသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည့် ဖြစ်ရပ်များစွာ ရှိလေသည်။ အသင်းတော်၌ ထိုအခြေအနေများ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပထမဆုံး အတွေးမှာ ဘုရားအိမ်တော်၏ စက်ကိရိယာများနှင့် ပစ္စည်းများကို သင့်တော်သောနေရာများတွင် ထားရှိရန်၊ စီမံခန့်ခွဲရန်အတွက် သင့်တော်သောလူများထံသို့ လွှဲပြောင်းပေးရန် ဖြစ်သင့်သည်၊ အဆင်းနီသော နဂါးကြီးအား ထိုပစ္စည်းများကို ယူဆောင်သွားခွင့် လုံးဝ မပြုရပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောအရာများကို စိတ်ထဲတွင် မည်သည့်အခါမျှ မထားရှိကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ ဦးစားမပေးဘဲ၊ ထိုအစား၎င်းတို့၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးကြသည်။ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် အယောင်ဆောင် ခေါင်းဆောင်များ၏ ပျက်ကွက်ခြင်းသည် ဘုရားအိမ်တော်၏ အရေးကြီးသော ပစ္စည်းအမျိုးမျိုးကို ဆုံးရှုံးမှုများ သို့မဟုတ် ပျက်စီးမှုများ ခံစားရစေလေ့ရှိသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များဘက်မှ ဆိုးရွားသည့် တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ဆိုင်သည့် အချက်တစ်ဆယ်နှင့်စပ်လျဉ်း၍ ငါတို့ ဖော်ထုတ်နေသည့် အယောင်ဆောင်ခေါင်းဆောင်များ၏ အဓိကသရုပ်သကန်မှာ အဘယ်နည်း။ ဘုရားအိမ်တော်၏ ပစ္စည်းများအပေါ် အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောထားမှာ လျစ်လျူရှုခြင်းနှင့် အရေးမထားခြင်း ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းများအတိုင်း မလုပ်ဆောင်ဘဲ မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် နှစ်သက်မှုများကို အခြေခံ၍ ထိုပစ္စည်းများကို ဖြစ်ကတတ်ဆန်း ခွဲဝေပေးကြသည်။ အမှုအရာများကို ၎င်းတို့ စီမံခန့်ခွဲနေစဉ်တွင် ဘုရားအိမ်တော်၏ ပစ္စည်းများသည် မကြာခဏဆိုသလို အနည်းနှင့်အများ ပျက်စီးခြင်းနှင့် ပြုန်းတီးခြင်းတို့ကို ခံရပြီး ယင်းက ဘုရားအိမ်တော်၏ အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်စေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အဓိကသရုပ်သကန် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရိုးရှင်းဆုံးသော၊ တစ်ခုတည်းသော အထွေထွေအလုပ်ကိုပင် မကိုင်တွယ်နိုင်ကြပေ။ ၎င်းတို့သည် ယင်းကိုပင် မလုပ်နိုင် သို့မဟုတ် ကောင်းစွာမလုပ်နိုင်ပေ။ သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်သနည်း။ သို့ဖြစ်၍ ထိုသို့သောလူများက ခေါင်းဆောင်များအဖြစ် ပြုမူနေသည်ကို သင်တို့တွေ့မြင်သည့်အခါ ၎င်းတို့၏အလုပ်ကို သင်တို့ စစ်ဆေးပြီး ကြီးကြပ်နိုင်သည်။ အကယ်၍ ၎င်းတို့သည် ဤတစ်ခုတည်းသော အထွေထွေအလုပ်ကို ကမောက်ကမဖြစ်စေလျှင်၊ ၎င်းတို့တွင် အချိန်မရှိသည့်အခါ ၎င်းတို့ လုပ်နိုင်သည့်အရာကိုပင် မလုပ်ဆောင်သည့်အပြင်၊ ယင်းကိုလုပ်ဆောင်ရန် အခြားသင့်တော်သောလူများကို မရှာဖွေလျှင် ထိုသို့သောခေါင်းဆောင်များကို ချက်ချင်း ဖြုတ်ချပြီး ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားရမည်။ ဘုရားအိမ်တော်သည် ၎င်းတို့ကို မည်သည့်အခါမျှ အသုံးပြုမည် မဟုတ်ပေ။ ဤသည်မှာ သင့်လျော်သလော။ (သင့်လျော်ပါသည်။) အဘယ်ကြောင့်နည်း။ စိတ်နှလုံး မမှန်ကန်သောသူ၊ နားလည်သဘောပေါက်မှု လွဲချော်ပြီး၊ မိမိတို့၏ ခံစားချက်များနှင့် တစ်ကိုယ်ကောင်းဆန်သည့်၊ ယုတ်ညံ့သော ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများအတိုင်းသာ ပြုမူသောလူတစ်ဦးသည် ယုံကြည်စိတ်ချရသူ မဟုတ်ပေ။ ယုံကြည်စိတ်ချမရသောလူတစ်ဦးသည် မည်သည့်အလုပ်ကို ကောင်းစွာလုပ်နိုင်သနည်း။ မည်သည့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သနည်း။ ၎င်းတို့သည် တာဝန်တစ်ခုကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်နိုင်စွမ်း ရှိသလော။ (မရှိပါ။)

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ဆိုင်ရာ အချက်တစ်ဆယ်နှင့်ပတ်သက်သည့် ယနေ့ မိတ်သဟာယမှတစ်ဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် သတ်မှတ်ထားသော အခြားစည်းမျဉ်းများနှင့် စံနှုန်းများကို ငါ ရှင်းလင်းစွာ ချမှတ်ပြီးဖြစ်သည် မဟုတ်လော။ ဤနေရာတွင် ပါဝင်သည့်အရာမှာ အစွမ်းအစနှင့်ဆိုင်သည့် ပြဿနာမဟုတ်သည့်အပြင်၊ အလုပ်လုပ်နိုင်စွမ်းနှင့်ဆိုင်သည့် ပြဿနာလည်း မဟုတ်ဘဲ လူ့သဘာဝနှင့်ဆိုင်သည့် ပြဿနာဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံနေသောလူများ သို့မဟုတ် အသင်းတော်က ပျိုးထောင်နေသောသူများကို စောင့်ကြည့်လေ့လာပြီး ၎င်းတို့ထဲတွင် လူ့သဘာဝညံ့ဖျင်းပြီး မိမိ၏ စိတ်နှလုံး မမှန်ကန်သောသူများ၊ အချက်တစ်ဆယ်တွင် စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့် အယောင်ဆောင်ခေါင်းဆောင်များ၏ လူ့သဘာဝနှင့် တူညီသောသူများ ရှိမရှိဟူသည်ကို ကြည့်ရှုလော့။ အကယ်၍ သင်သည် ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို အမှန်တကယ် တွေ့ရှိပါက ဖြုတ်ချသင့်သည်၊ ပြီးလျှင် ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် မည်သည့်အခါမျှ မရွေးချယ်ရန်နှင့် ထိုသို့သောလူများကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် မည်သည့်အခါမျှ မပျိုးထောင်ရန် သင် မှတ်ထားရမည်။ အကယ်၍ အချို့လူတို့က ထိုလူများ၏ အကျင့်စရိုက်ကို နားမလည်သည့်အပြင် ၎င်းတို့ကို ရွေးချယ်မိပါက ချက်ချင်း တိုင်ကြားလော့။ ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် အခွင့်အရေးမပေးနှင့်။ ထိုလူများသည် လက်တွေ့ကျသော အလုပ်ကိုလုပ်ဆောင်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာကြခြင်းမဟုတ်ဘဲ အသင်းတော်၏အလုပ်ကို ဖျက်ဆီးရန် ဖြစ်လာကြခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့ ခေါင်းဆောင်များ ဖြစ်လာပါက ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးသည် ဤအရာကြောင့် ပျက်စီးရုံသာ ရှိလိမ့်မည်။ သင်တို့သည် ထိုသို့သော အကျိုးဆက်တစ်ခုကို မြင်လိုကြသလော။ (မမြင်လိုပါ။) သို့ဆိုလျှင် ထိုသို့သောလူများကို သင်တို့ မည်သို့ သဘောထားသင့်သနည်း။ အကယ်၍ ၎င်းတို့သည် လက်ရှိတွင် ခေါင်းဆောင်များအဖြစ် အစေခံနေပါက ၎င်းတို့ကို တိုင်ကြားပြီး ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားလော့။ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်များမဟုတ်သေးပါက၊ ရွေးချယ်ခြင်း မခံရသေးပါက လူတိုင်းကို၊ “ဤလူသည် မကောင်းပါ။ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းကို မရွေးချယ်နှင့်။ ယင်းသည် အသင်းတော်အတွက် အဟန့်အတားဖြစ်မည် ဖြစ်သည်”ဟု ပြောလော့။ ပြီးလျှင် အကယ်၍ လူတို့သည် ၎င်းတို့၏ လှည့်ဖြားပြီး အထင်အမြင်မှားစေခြင်းကို ခံရကာ ၎င်းတို့ကို ရွေးချယ်မိပါက သင်သည် လူတိုင်းကို ချက်ချင်း အကြောင်းကြားရမည်- “ယနေ့ ကျွန်ုပ်တို့သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်မိခဲ့ကြသည်။ ကျွန်ုပ်တို့သည် လူ့သဘာဝညံ့ဖျင်းသည့်၊ စိတ်နှလုံးမမှန်ကန်သော သူတစ်ဦးကို ကျွန်ုပ်တို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်မိခဲ့ကြသည်။ ယခု ဤအရာကို ကျွန်ုပ်တို့ လုပ်ဆောင်ပြီးဖြစ်သောကြောင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများသည် ဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာမှုများကို ခံရတော့မည်ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ပစ္စည်းအမျိုးမျိုး ပျက်စီးခြင်းမှ တားဆီးရန်အလို့ငှာ ကျွန်ုပ်တို့သည် ၎င်းတို့ကို ၎င်းတို့၏ ရာထူးမှ ချက်ချင်း ဖယ်ရှားရမည်။ ကျွန်ုပ်တို့သည် ၎င်းတို့၏ အကြံအစည်ကို အောင်မြင်ခွင့် မပြုရပါ။” ဤသည်မှာ လုပ်ဆောင်ရန် သင့်လျော်သောအရာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။)

ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ရွေးချယ်ခံရသူများသည် အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်း ရှိရန် လိုအပ်သည်။ ယခု ၎င်းတို့၏ အကျင့်စရိုက်အတွက်လည်း သတ်မှတ်ချက်များ ရှိသည်။ သင်တို့ မည်သို့ထင်သနည်း။ လူအများစုသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် စံသတ်မှတ်ချက်များကို မပြည့်မီသည်မှာ မှန်သလော။ ဤသုံးခုထဲမှ မည်သည့်အရာက အရေးအကြီးဆုံးဖြစ်သနည်း။ (လူ့သဘာဝ ဖြစ်ပါသည်။) ဒုတိယကရော အဘယ်သို့နည်း။ (အလုပ်လုပ်နိုင်စွမ်း ဖြစ်ပါသည်။) ထို့နောက်တွင်ကော။ (၎င်းတို့တွင် အစွမ်းအစ ရှိမရှိ ဖြစ်ပါသည်။) ထိုအစီအစဉ်မှာ အတော်လေး တိကျမှန်ကန်သည်။ နောင်တွင် သင်တို့ ခေါင်းဆောင်များကို ရွေးချယ်သည့်အခါ ဤအစဉ်လိုက်အတိုင်း အကဲဖြတ်ကြလော့။ အချို့လူများက “ဤအစီအစဉ်နှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသည်။ လူ့သဘာဝက ဦးစားပေးဖြစ်သည်ဆိုပါစို့၊ လူ့သဘာဝကောင်းသော်လည်း အစွမ်းအစ အတော်အတန် ညံ့ဖျင်းသောလူအချို့ ရှိသည်၊ အကယ်၍ ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် ရွေးချယ်ပါက ၎င်းတို့သည် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ လုပ်နိုင်မည်မဟုတ်ပေ၊ သို့ဆိုလျှင် လူတို့၏ လူ့သဘာဝကိုသာ ထည့်သွင်းစဉ်းစားရန် သင့်လျော်သေးသလော”ဟု ပြောကြသည်။ လူတို့၏ လူ့သဘာဝသည် အဓိကအကျဆုံးဖြစ်ပြီး သင်တို့ ပထမဆုံး ကြည့်ရှုသင့်သည့်အရာ ဖြစ်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်သည့်အခါ ထည့်သွင်းစဉ်းစားရမည့် တစ်ခုတည်းသောအရာ မဟုတ်ပေ။ အကယ်၍ လူတစ်ဦး၏ လူ့သဘာဝသည် စံနှုန်းပြည့်မီပါက၊ ဆက်လက်၍ ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းကို ကြည့်လော့။ အကယ်၍ ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်းမရှိသည့်အပြင်၊ မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်နိုင်ပါက ၎င်းတို့၏ လုပ်နိုင်စွမ်းနှင့်ပတ်သက်၍ အလွန်အမင်း ခက်ခဲပင်ပန်းခြင်းမဖြစ်စေသော အလုပ်ကို တာဝန်ယူရန် သင်တို့ တောင်းဆိုနိုင်သည်။ အကယ်၍ ၎င်းတို့သည် လူ့သဘာဝကောင်းမွန်ပြီး အလုပ်ကို ထမ်းဆောင်နိုင်ကာ ကောင်းမွန်စွာ လုပ်ဆောင်ရန် အကောင်းဆုံး ကြိုးစားနိုင်သည့်အပြင်၊ ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်လျှင်၊ ၎င်းတို့ကို အသုံးပြုရာတွင် ဘုရားအိမ်တော်အနေဖြင့် စိုးရိမ်ပူပန်စရာမလိုဘဲ ညီအစ်ကိုမောင်နှမအများစုအတွက် တည်ဆောက်စရာဖြစ်ပြီး၊ အကူအညီဖြစ်စေကာ၊ အကျိုးရှိစေလျှင် ၎င်းတို့ စံနှုန်းပြည့်မီပေသည်။ အကယ်၍ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်းမရှိပါက သို့မဟုတ် ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းသည် သာမန်မျှသာဖြစ်ပါက ၎င်းတို့ကို ရိုးရှင်းသောအလုပ်တစ်ခု သို့မဟုတ် တစ်ခုတည်းသောအလုပ်ကို လုပ်ဆောင်စေလော့။ အကယ်၍ ၎င်းတို့သည် အစွမ်းအစကောင်းပြီး အလုပ်လုပ်နိုင်စွမ်း အားကောင်းပါက အရေးကြီးသောအလုပ်တစ်ခုခု သို့မဟုတ် မတူညီသော အလုပ်အချို့ကို လုပ်ဆောင်နိုင်သည်။ ဤသို့သော စီစဉ်မှုမျိုးကိုပင် သင်တို့ မစီမံနိုင်ကြသလော။ အကယ်၍ ၎င်းတို့သည် လူ့သဘာဝညံ့ဖျင်းပြီး စိတ်နှလုံး မှန်ကန်ခြင်းမရှိပါက၊ ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်း မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ အလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်ကြလိမ့်မည်လော။ (လုပ်နိုင်ကြလိမ့်မည် မဟုတ်ပါ။) ၎င်းတို့သည် ကုမ္ပဏီတစ်ခု၊ သို့မဟုတ် ဝန်ထမ်းအနည်းငယ်ကို စီမံခန့်ခွဲပါက ယင်းမှာ ပြဿနာဖြစ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ၎င်းတို့သည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းမျိုးစုံကို စီမံခန့်ခွဲရန် တောင်းဆိုခြင်းခံရလျှင် မည်သည့်ပြဿနာများ ပေါ်ထွက်လာမည်နည်း။ ဦးဆုံးအနေနှင့် ၎င်းတို့သည် ဘုရားအိမ်တော်က သတ်မှတ်ထားသည့် အခြေခံသဘောတရားများအတိုင်း အမှုကိစ္စများကို လုံးလုံး စီမံခန့်ခွဲမည် မဟုတ်ပေ၊ သို့မဟုတ် ကိုင်တွယ်မည် မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးသည် သင့်တော်သည့်နေရာတွင် မရှိပေ၊ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြ၊ ပြီးလျှင် ၎င်းတို့၏စိတ်နှလုံးထဲ၌ လျှို့ဝှက်ကြံစည်ခြင်းမှတစ်ပါး အခြားမရှိ၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများနှင့် အတွေးများမှလွဲ၍ အခြားမရှိသောကြောင့် ၎င်းတို့ ပြုမူလုပ်ဆောင်တိုင်းတွင် ကိုယ့်အကြိုက်နှင့်ကိုယ် လုပ်ဆောင်ကြကာ ၎င်းတို့၏ကိုယ်တိုင် အကျိုးစီးပွားအရသာ ဖြစ်သည်၊ သမ္မာတရား စည်းမျဉ်းများအရ မဟုတ်သကဲ့သို့ မျှတမှုအရလည်း မဟုတ်ချေ။ ၎င်းတို့က ၎င်းတို့ဆုံးရှုံးရမည့်အရာ၊ သို့မဟုတ် အကျိုးအမြတ်ရရှိရမည့် အရာတို့ကိုသာ ထည့်တွက်ပြီး ဘုရားအိမ်တော်က သတ်မှတ်ထားသည့် အခြေခံသဘောတရားများကို လုံးဝ မစဉ်းစားပေ—။ ထိုသို့ဖြင့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များနှင့် သက်ဆိုင်သော အလုပ်၌ ၎င်းတို့ကျရှုံးရန် သေချာပေ၏။ ဤအရာကို မည်သည့်အရာက အဆုံးအဖြတ်ပေးသနည်း။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ဖြစ်၏။ ယင်းကို ၎င်းတို့၏ အလုပ် လုပ်နိုင်စွမ်းက အဆုံးအဖြတ်ပေးခြင်း မဟုတ်ချေ။ သို့ဆိုလျှင် တစ်စုံတစ်ဦးသည် မြင့်မြတ်၏၊ နိမ့်ကျ၏နှင့် ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ရွေးချယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စံနှုန်းများနှင့် ကိုက်ညီခြင်းရှိ၏၊ မရှိ၏တို့ကို ချိန်ဆအကဲဖြတ်သည့်အခါ ၎င်းတို့၏လူ့သဘာဝကို ဦးစွာ ကြည့်လော။ ၎င်းတို့၏ လူ့သဘာဝက အားကိုးလောက်ပြီး စံနှုန်းပြည့်မီပါက နောက်တစ်ဆင့်တွင် ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်း ရှိပြီး ဝန်တာထားသောစိတ် ရှိမရှိကို ထည့်တွက်စဉ်းစားလော့၊ ထို့နောက် အခြားရှုထောင့်များကို ထည့်တွက်စဉ်းစားလော့။

ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ဆိုင်သည့် ဒသမအချက် ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သည့် အချက်တစ်ဆယ်တွင် အနည်းနှင့်အများ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့်အရာ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များက ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများကို သဘောထားသည့် သဘောထားနှင့် သရုပ်သကန်များတွင် ၎င်းတို့အများစုက အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်း၊ ၎င်းတို့၏ လူ့သဘာဝသည် အလွန်ညံ့ဖျင်းပြီး တာဝန်ယူမှုမရှိကြောင်း မြင်နိုင်သည်။ ၎င်းတို့၏ စိတ်နှလုံး မှန်ကန်ခြင်းမရှိဟု သင် ဆိုနိုင်ပေသည်။ ယခုတွင် ကျွန်ုပ်တို့၌ တစ်စုံတစ်ဦးက အယောင်ဆောင် ခေါင်းဆောင်ဖြစ်ကြောင်း ဆုံးဖြတ်ရန် အသုံးပြုနိုင်သည့် နောက်ထပ်သက်သေတစ်ခု ရှိပြီ မဟုတ်လော။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့်လည်းကောင်း၊ ဝိညာဉ်ရေးရာ မျက်စိကန်းပြီး အမှုအရာများကို ထိုးထွင်းမမြင်နိုင်သောကြောင့်လည်းကောင်း အလုပ်မလုပ်နိုင်ကြပေ။ အချို့မှာမူ ၎င်းတို့၏ စိတ်နှလုံး မမှန်ကန်သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များအတွက်သာ သီးသန့်လုပ်ဆောင်သောကြောင့်လည်းကောင်း လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းသည့်အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဂရုမစိုက်ကြပေ။ ဘုရားအိမ်တော်၏အလုပ် နှောင့်နှေးကြန့်ကြာခြင်းနှင့် သူ၏ ရွေးချယ်ထားသောလူများ ထိခိုက်နစ်နာခြင်းတို့ မရှိစေရန် အယောင်ဆောင်ခေါင်းဆောင်မျိုးစုံကို အမြန်ဆုံး ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းရမည်။

၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်

အရှေ့သို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၆)

နောက်တစ်ခုသို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၂)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger