ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၅)

အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ၎င်းတို့ကို တားဆီးပြီး ချုပ်ချယ်ကန့်သတ်ကာ အခြေအနေများကို ပြောင်းလဲစေလော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ချင့်ချိန်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ လေ့လာသင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၃)

အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ၎င်းတို့ကို တားဆီးပြီး ချုပ်ချယ်ကန့်သတ်ကာ အခြေအနေများကို ပြောင်းလဲစေလော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ချင့်ချိန်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤတာဝန်နှင့်စပ်လျဉ်း၍ ငါတို့သည် အသင်းတော်အသက်တာနှင့် ဆက်စပ်သည့် အမျိုးမျိုးသော ပြဿနာများကို အဓိက မိတ်သဟာယဖွဲ့ခဲ့ကြပြီး ယင်းတို့ကို ပြဿနာ တစ်ဆယ့်တစ်ရပ်အဖြစ် ခွဲခဲ့ကြသည်။ ယင်းတို့ကို ဖတ်ကြည့်လော့။ (ပထမအချက်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း၊ ဒုတိယအချက်၊ လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၊ တတိယအချက်၊ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း၊ စတုတ္ထအချက်၊ အုပ်စုဖွဲ့ခြင်း၊ ပဉ္စမအချက်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဆဋ္ဌမအချက်၊ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း၊ သတ္တမအချက်၊ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းများတွင် ပါဝင်ခြင်း၊ အဋ္ဌမအချက်၊ အယူအဆများကို ဖြန့်ဝေခြင်း၊ နဝမအချက်၊ အပျက်သဘောဆောင်ခြင်းကို ဖွင့်ထုတ်ခြင်း၊ ဒသမအချက်၊ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့် ဆယ့်တစ်ချက်မြောက်မှာ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ ဖြစ်ပါသည်။) ပြီးခဲ့သည့်အကြိမ်က ငါတို့သည် ပဉ္စမမြောက်ပြဿနာဖြစ်သည့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းနှင့် ဆဋ္ဌမမြောက် ပြဿနာဖြစ်သည့် မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်းတို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤပြဿနာအမျိုးအစားနှစ်ခုသည် ယခင်ပြဿနာလေးခုကဲ့သို့ပင် အသင်းတော်အသက်တာနှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်များကို ဖြစ်စေသည်။ ဤပြဿနာအမျိုးအစားနှစ်ခု၏ သဘောသဘာဝ၊ အသင်းတော်အသက်တာကို ၎င်းတို့ ဖြစ်ပေါ်စေသည့် အန္တရာယ်နှင့် လူတို့၏ အသက်ဝင်ရောက်မှုအပေါ် ၎င်းတို့၏ သက်ရောက်မှုတို့ကို ကြည့်ခြင်းအားဖြင့် ထိုနှစ်ခုစလုံးသည် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဖြစ်စေနိုင်ပေသည်။

၇။ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်း

ယနေ့ ငါတို့သည် သတ္တမမြောက်ကိစ္စဖြစ်သည့် အပြန်အလှန်တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းကို မိတ်သဟာယပြုကြမည်။ ထိုသို့သော ပြဿနာများသည် အသင်းတော်အသက်တာတွင် တွေ့နေကျဖြစ်ပြီး လူတိုင်းအတွက် သိသာထင်ရှားသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရန်၊ မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ရန် သို့မဟုတ် အချို့သော လက်တွေ့ကျသည့် ပြဿနာများကို ဆွေးနွေးရန် စုဝေးကြသည့်အခါ ကွဲလွဲသော သဘောထားအမြင်များ သို့မဟုတ် အမှားအမှန်နှင့်ပတ်သက်သည့် ငြင်းခုံမှုများသည် လူတို့ကြားတွင် အငြင်းပွားမှုများနှင့် အငြင်းအခုံများကို မကြာခဏ ဖြစ်ပေါ်စေသည်။ အကယ်၍ လူတို့သည် သဘောထားကွဲလွဲပြီး အမျိုးမျိုးသော သဘောထားအမြင်များရှိသော်လည်း ဤအရာက အသင်းတော်အသက်တာကို မနှောင့်ယှက်ပါက ဤသည်မှာ အပြန်အလှန်တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းဟု သတ်မှတ်နိုင်သလော။ ဤသည်မှာ သတ်မှတ်၍မရပေ။ ယင်းသည် ပုံမှန် မိတ်သဟာယဖွဲ့ခြင်းနှင့် သက်ဆိုင်သည်။ ထို့ကြောင့် အပေါ်ယံအားဖြင့် ပြဿနာများစွာသည် သတ္တမမြောက်ပြဿနာနှင့် ဆက်စပ်ပုံရနိုင်သော်လည်း အမှန်တွင်မူ အခြေအနေများနှင့် သဘောသဘာဝအရ ပို၍ပြင်းထန်ပြီး ထိုသို့ဖြင့် အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်ပေါ်စေသည့်အရာများသာလျှင် ဤကိစ္စနှင့် သက်ဆိုင်ပေသည်။ ယခုတွင် မည်သည့်ပြဿနာများ၏ သဘောသဘာဝက ဤကိစ္စတွင် ပါဝင်ရန်အတွက် ဘောင်ဝင်စေသည်ကို မိတ်သဟာယဖွဲ့ကြစို့။

ပထမဦးစွာ၊ အပြန်အလှန် တိုက်ခိုက်ခြင်း၏ သရုပ်သကန်များကို ကြည့်သည့်အခါ၊ ဤသည်မှာ သမ္မာတရားကို ပုံမှန် မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်း၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအပေါ် အခြေခံ၍ မတူညီသော သိနားလည်မှုများ သို့မဟုတ် ဉာဏ်အလင်းရခြင်းများ ရှိခြင်း၊ သို့မဟုတ် သမ္မာတရားတစ်ခုနှင့်စပ်လျဉ်း၍ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာဖွေလျက် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ဆွေးနွေးခြင်းတို့အကြောင်း သေချာပေါက် မဟုတ်ဘဲ ထိုအစား အမှားအမှန်နှင့်ပတ်သက်၍ အငြင်းပွားခြင်းနှင့် အငြင်းအခုံပြုခြင်းအကြောင်း ဖြစ်သည်။ ဤသည်မှာ အခြေခံအားဖြင့် ပေါ်လွင်ထင်ရှားသည့်ပုံစံ ဖြစ်သည်။ ဤပြဿနာမျိုးသည် အသင်းတော်အသက်တာတွင် တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်သလော။ (ဖြစ်ပေါ်တတ်ပါသည်။) အပြင်ပန်းအသွင်အပြင်များကို အခြေခံရုံမျှဖြင့်၊ အပြန်အလှန် တိုက်ခိုက်ခြင်းကဲ့သို့သော လုပ်ရပ်သည် သမ္မာတရားကို ရှာဖွေခြင်းနှင့် သက်ဆိုင်သည်မှာ သေချာပေါက် မဟုတ်ကြောင်း၊ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုအောက်တွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် သက်ဆိုင်သည်မှာ မဟုတ်ကြောင်း၊ သို့မဟုတ် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သည်မှာ မဟုတ်ကြောင်း သိသာထင်ရှားသည်။ သို့သော် ထိုအစား ယင်းသည် တဇောက်ကန်းဖြစ်ခြင်းတွင် အရင်းခံပြီး ယင်းတွင် အသုံးပြုသော အသုံးအနှုန်းသည် ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း၊ ကျိန်ခြင်းများပင် ပါဝင်သည်။ ဤသရုပ်သကန်မျိုးသည် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု အမှန်ပင် ဖြစ်သည်။ လူတို့သည် အချင်းချင်း တိုက်ခိုက်ကြသည့်အခါ ၎င်းတို့၏ အသုံးအနှုန်းက ထက်မြက်သည်ဖြစ်စေ၊ သွယ်ဝိုက်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ တဇောက်ကန်းဖြစ်ခြင်း၊ မလိုမုန်းထားမှုနှင့် အမုန်းတရားတို့ကို သယ်ဆောင်ပြီး ချစ်ခြင်း၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ ကင်းမဲ့သည့်အပြင်၊ ပင်ကိုအားဖြင့် သဘောညီညွှတ်သော ပူးပေါင်းဆောင်ရွက်ခြင်းတို့ သာ၍ပင် ကင်းမဲ့လေသည်။ အချင်းချင်း တိုက်ခိုက်ရန် လူတို့ အသုံးပြုသည့် နည်းလမ်းများက အမျိုးမျိုးရှိသည်။ ဥပမာအားဖြင့်၊ လူနှစ်ဦးသည် ကိစ္စရပ်တစ်ခုကို ဆွေးနွေးနေသည့်အခါ ပထမလူက ဒုတိယလူကို “အချို့လူများသည် လူ့သဘာဝ မကောင်းသည့်အပြင်၊ မာနထောင်လွှားသည့် စိတ်သဘောထား ရှိသည်။ ၎င်းတို့သည် တစ်စုံတစ်ရာကို အနည်းငယ် လုပ်ဆောင်ပြီးသည့်အခါတိုင်း ကြွားဝါပြီး မည်သူကိုမျှ နားမထောင်ကြပေ။ သူတို့သည် ဘုရားနှုတ်ကပတ်တော်များ သားရဲတိရစ္ဆာန်များကဲ့သို့ အရိုင်းအစိုင်းဆန်ပြီး လူ့သဘာဝ ကင်းမဲ့တဲ့သူများဖြစ်သည်ဟု ပြောသည့်အတိုင်းပင် ဖြစ်သည်”ဟု ပြောသည်။ ဤအရာကို ကြားပြီးနောက်တွင် ဒုတိယလူက “သင် ယခုတင် ပြောသည့်စကားသည် ငါ့ကိုရည်ညွှန်းနေခြင်း မဟုတ်လော။ ငါ့ကို ဖော်ထုတ်ဖို့ ဘုရားနှုတ်ကပတ်တော်များကိုပင် သင် ကိုးကားသေးသည်။ သင်သည် ငါ့အကြောင်း ပြောသည့်အတွက်၊ ငါလည်း ချုပ်တည်းထားမည် မဟုတ်ပါ။ သင်က ငါ့အပေါ် မညှာတာသောကြောင့် ငါလည်း သင့်ကို မတရားဆက်ဆံမည်ဖြစ်သည်”ဟု စဉ်းစားသည်။ သို့ဖြစ်၍ ဒုတိယလူက “အချို့လူများသည် အပြင်ပန်းတွင် အလွန် ဘာသာတရားကိုင်းရှိုင်းပုံရနိုင်သော်လည်း တကယ်တမ်း အတွင်းစိတ်ထဲတွင်တော့ သူတို့သည် မည်သူ့ထက်မဆို ပိုပြီး ကောက်ကျစ်စဉ်းလဲသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပြောထားသည့် ပြည့်တန်ဆာမများ၊ မိန်းမပျက်များကဲ့သိုပင် ဆန့်ကျင်ဘက်လိင်နှင့် မလျော်ကန်သော ဆက်ဆံရေးများကိုပင် လုပ်ကြသေးသည်။ ဘုရားသခင်က ထိုသို့သောလူများကို လုံးဝ စက်ဆုပ်ရွံရှာသည်။ သူသည် သူတို့အပေါ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းပုံပေါက်ခြင်းသည် အဘယ်အသုံးဝင်ခြင်း ရှိသနည်း။ ယင်းမှာ ဟန်ဆောင်မှုချည်းသာ ဖြစ်သည်။ ဘုရားသခင်က ဟန်ဆောင်သူများကို မနှစ်သက်ဆုံး ဖြစ်သည်။ ဟန်ဆောင်သူများအားလုံးက ဖာရိရှဲများဖြစ်သည်”ဟု ပြောသည်။ ဤအရာကို ကြားပြီးနောက်တွင် ပထမလူက “ဤသည်မှာ ငါ့ကို တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်။ ကောင်းပြီ၊ သင်သည် ငါ့အပေါ် မညှာတာသောကြောင့်၊ ငါ မချုပ်တည်းထားသည့်အတွက် ငါ့ကို အပြစ်မတင်နှင့်”ဟု စဉ်းစားသည်။ အပြန်အလှန်ဖြင့် ထိုနှစ်ဦးသည် ရန်ဖြစ်ကြလေတော့သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်းလော။ (မဟုတ်ပါ။) ၎င်းတို့ မည်သည့်အရာကို လုပ်နေကြသနည်း။ (အပြန်အလှန်တိုက်ခိုက်ပြီး ရန်ဖြစ်နေကြခြင်း ဖြစ်သည်။) ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို အခြေခံအဖြစ် ကိုးကားလျက်၊ အခြားသူ၏အမှားအချို့ကိုပင် အမိအရ အသုံးချပြီး ၎င်းတို့၏ တိုက်ခိုက်မှုများအတွက် “အခြေခံ” တစ်ခုကို ရှာဖွေကြလေသည်။ ဤသည်မှာ အပြန်အလှန် တိုက်ခိုက်ခြင်းဖြစ်ပြီး တစ်ချိန်တည်းတွင် စကားစစ်ထိုးခြင်းလည်း ဖြစ်သည်။ ဤမိတ်သဟာယဖွဲ့ခြင်းပုံစံကို အသင်းတော်အသက်တာတွင် တစ်ခါတစ်ရံ တွေ့ရတတ်သလော။ ဤသည်မှာ ပုံမှန် မိတ်သဟာယဖွဲ့ခြင်းလော။ ဤသည်မှာ ပုံမှန်လူ့သဘာဝအတွင်းမှ မိတ်သဟာယဖွဲ့ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤမိတ်သဟာယဖွဲ့ခြင်းပုံစံသည် အသင်းတော်အသက်တာကို အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသလော။ ယင်းသည် မည်သည့် အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသနည်း။ (ပုံမှန် အသင်းတော်အသက်တာက နှောင့်ယှက်ခြင်းခံရသည်။ လူတို့သည် အမှားအမှန်နှင့်ပတ်သက်သည့် အငြင်းပွားမှုများထဲ ကျရောက်သွားပြီး အကျိုးဆက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိတ်ဆိတ်စွာ ဆင်ခြင်သုံးသပ်ကာ မိတ်သဟာယမဖွဲ့နိုင်ကြတော့ပါ။) လူတို့သည် အသင်းတော်အသက်တာအတောအတွင်းတွင် ဤသို့ ရန်ဖြစ်ခြင်းနှင့် အမှားအမှန်နှင့်ပတ်သက်၍ အငြင်းပွားမှုများတွင် ပါဝင်သည့်အခါတွင်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကို ဆောင်ရွက်သည့်အခါတွင်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်နေသေးသလော။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်မလုပ်တော့ပေ။ ဤ မိတ်သဟာယဖွဲ့ခြင်းမျိုးသည် လူတို့၏ စိတ်နှလုံးများကို ကစဉ့်ကလျားဖြစ်သွားစေသည်။ သမ္မာကျမ်းစာထဲတွင် စကားအချို့ရှိသည်၊ သင်တို့ မှတ်မိကြသလော။ (“တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။” (ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀)) ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့သည် ဘုရားသခင်ရှေ့မှောက်တွင် အတူတကွ စုဝေးကြသည့်အခါ ၎င်းတို့သည် စိတ်နှလုံးတစ်လုံးတစ်ဝတည်း ရှိရန်နှင့် ဘုရားသခင်ရှေ့မှောက်တွင် စည်းလုံးရန် လိုအပ်သည်။ လူတို့သည် စိတ်နှလုံးတစ်လုံးတစ်ဝတည်း ရှိမှသာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကောင်းချီးများ ပေးသနားလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်လိမ့်မည်ဖြစ်သည်။ သို့သော် ကျွန်ုပ် ယခုတင်ပြောခဲ့သည့် အငြင်းပွားနေသော လူနှစ်ဦးသည် စိတ်နှလုံးတစ်လုံးတစ်ဝတည်း ရှိခဲ့ကြသလော။ (မရှိခဲ့ကြပါ)။ ၎င်းတို့ မည်သည့်အရာကို လုပ်နေခဲ့ကြသနည်း။ အပြန်အလှန် တိုက်ခိုက်ခြင်း၊ ရန်ဖြစ်ခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများပင် ဖြစ်သည်။ ၎င်းတို့သည် အပေါ်ယံတွင် ညစ်ညမ်းသော ကျိန်ဆဲသည့်စကားများကို အသုံးမပြုခဲ့သော်လည်း သို့မဟုတ် နာမည်များတပ်၍ မပြောခဲ့သော်လည်း ၎င်းတို့၏ စကားများနောက်ကွယ်မှ စေ့ဆော်မှုမှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် သို့မဟုတ် သမ္မာတရားကို ရှာဖွေရန် မဟုတ်ခဲ့သည့်အပြင်၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတွင်း၌ ၎င်းတို့ ပြောဆိုနေခြင်းလည်း မဟုတ်ခဲ့ပေ။ ၎င်းတို့ပြောဆိုခဲ့သည့် စကားလုံးတိုင်းသည် တာဝန်မဲ့ပြီး ရန်လိုမှုနှင့် မလိုမုန်းထားမှုတို့ကို သယ်ဆောင်ခဲ့သည်။ စကားလုံးတစ်ခုစီတိုင်းသည် အချက်အလက်များနှင့် မကိုက်ညီသည့်အပြင် မည်သည့်အခြေခံမျှလည်း မရှိခဲ့ပေ။ စကားလုံးတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ လိုအပ်ချက်များအတိုင်း ကိစ္စရပ်တစ်ခုကို အကဲဖြတ်ခြင်းအကြောင်း မဟုတ်ဘဲ၊ ၎င်းတို့မုန်းတီးပြီး အထင်သေးသောလူတစ်ဦးကို ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် အလိုဆန္ဒများအပေါ် အခြေခံ၍ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများ၊ ဝေဖန်မှုများနှင့် ပြစ်တင်ရှုတ်ချမှုများကို ပြုလုပ်ခြင်းအကြောင်းသာ ဖြစ်သည်။ ဤအရာများထဲမှ တစ်ခုမျှ စိတ်နှလုံးတစ်လုံးတစ်ဝတည်း ရှိခြင်း၏ သရုပ်သကန်များ မဟုတ်ပေ။ ထို့ထက်၊ ဤအရာများသည် တဇောက်ကန်းဖြစ်ခြင်းနှင့် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမှ လာသော စကားလုံးများနှင့် သရုပ်သကန်များဖြစ်ပြီး ဘုရားသခင်အတွက် နှစ်သက်ဖွယ်သောအရာများ မဟုတ်ပေ။ ထို့ကြောင့် ထိုနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မရှိပေ။ ဤသည်မှာ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။

အသင်းတော်အသက်တာတွင် လူတို့ကြား၌ အသေးအဖွဲကိစ္စများ သို့မဟုတ် ကွဲလွဲသော သဘောထားအမြင်များနှင့် အကျိုးစီးပွားများအပေါ် အငြင်းပွားမှုများနှင့် ပဋိပက္ခများ မကြာခဏ ဖြစ်ပေါ်တတ်သည်။ သဟဇာတမဖြစ်သော ပင်ကိုစရိုက်များ၊ ရည်မှန်းချက်များနှင့် နှစ်သက်မှုများကြောင့်လည်း အငြင်းပွားမှုများ မကြာခဏ ဖြစ်ပေါ်တတ်သည်။ လူမှုရေးအဆင့်အတန်းနှင့် ပညာရေးအဆင့်များ ကွာခြားမှုများကြောင့်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝနှင့် သဘာဝအရ ကွာခြားမှုများကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းများထဲမှ စကားပြောဆိုပုံနှင့် ကိစ္စရပ်များကို ကိုင်တွယ်ပုံနည်းလမ်းများ ကွာခြားမှုများကြောင့်ဖြစ်စေ လူတစ်ဦးချင်းစီကြားတွင် အမျိုးမျိုးသော သဘောထားကွဲလွဲမှုများနှင့် သဘောထားမတိုက်ဆိုင်မှုများလည်း ပေါ်ပေါက်လာတတ်သည်။ အကယ်၍ လူတို့သည် ဤပြဿနာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား အသုံးပြု၍ ဖြေရှင်းရန် မကြိုးစားပါက၊ အကယ်၍ အပြန်အလှန် နားလည်မှု၊ သည်းခံမှု၊ အားပေးမှုနှင့် အကူအညီ မရှိပါက၊ ထိုအစား လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မလိုမုန်းထားမှုများနှင့် အမုန်းတရားများကို ထားရှိပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ တဇောက်ကန်းဖြစ်ခြင်းဖြင့် အချင်းချင်း ဆက်ဆံကြပါက၊ ဤသည်မှာ အပြန်အလှန်တိုက်ခိုက်ခြင်းများနှင့် ဝေဖန်ခြင်းများကို ဖြစ်ပေါ်စေဖို့ အလားအလာရှိသည်။ အချို့လူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိပြီး အငြင်းပွားမှုများ ဖြစ်ပေါ်သည့်အခါ ၎င်းတို့သည် စိတ်ရှည်မှုကို ကျင့်သုံးနိုင်သည်၊ ဆင်ခြင်တုံတရားဖြင့် ပြုမူနိုင်သည်၊ ချစ်ခြင်းဖြင့် အခြားတစ်ဖက်ကို ကူညီနိုင်သည်။ သို့ရာတွင် အချို့လူများသည် ဤအရာကို မစွမ်းဆောင်မရရှိနိုင်ပေသည်။ ၎င်းတို့သည် အခြေခံအကျဆုံးသော ခွင့်လွှတ်သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကိုပင် ကင်းမဲ့ကြသည်။ ၎င်းတို့သည် အသေးအဖွဲကိစ္စများ သို့မဟုတ် စကားတစ်ခွန်း သို့မဟုတ် မျက်နှာအမူအရာတစ်ခုကြောင့် အခြားသူများအပေါ် အမျိုးမျိုးသော မလိုမုန်းထားမှုများ၊ မသင်္ကာမှုများနှင့် အထင်အမြင်လွဲမှားမှုများကို မကြာခဏ ဖြစ်ပေါ်စေသည်။ ယင်းက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထိုသူတို့အပေါ် အမျိုးမျိုးသော အတွေးများ၊ သံသယများ၊ ဝေဖန်မှုများနှင့် ရှုတ်ချမှုများ ရှိလာစေသည်။ ဤဖြစ်စဉ်များသည် အသင်းတော်အတွင်း မကြာခဏ ဖြစ်ပေါ်ပြီး လူတစ်ဦးချင်းစီကြားရှိ ပုံမှန်ဆက်ဆံရေးများ၊ ညီအစ်ကိုမောင်နှမများ၏ သဟဇာတဖြစ်သော အပြန်အလှန်ဆက်ဆံရေးများနှင့် ၎င်းတို့၏ ဘုရား နှုတ်ကပတ်တော်များအား မိတ်သဟာယဖွဲ့ခြင်းကိုပင် မကြာခဏ ထိခိုက်စေသည်။ လူတို့သည် အချင်းချင်း ဆက်ဆံသည့်အခါ အငြင်းပွားမှုများ ဖြစ်ပေါ်ခြင်းမှာ မြင်နေကျဖြစ်သော်လည်း၊ ထိုသို့သော ပြဿနာများသည် အသင်းတော်အသက်တာတွင် မကြာခဏ ဖြစ်ပေါ်ပါက ပုံမှန်အသင်းတော်အသက်တာကို ထိခိုက်နိုင်သည်၊ နှောင့်ယှက်နိုင်သည်၊ ဖျက်ဆီးပင်ဖျက်ဆီးနိုင်ပေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် စုဝေးပွဲတစ်ခုတွင် အငြင်းအခုံတစ်ခုကို စတင်ပါက ထိုစုဝေးပွဲသည် နှောင့်ယှက်ခြင်းခံရမည်ဖြစ်ပြီး အသင်းတော်အသက်တာသည် အသီးအပွင့်များ ဖြစ်ထွန်းနိုင်လိမ့်မည် မဟုတ်သည့်အပြင်၊ စုဝေးပွဲတက်ရောက်သူများသည် မည်သည့်အရာမျှ ရရှိကြမည်မဟုတ်ဘဲ အချည်းနှီး စုဝေးကာ အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်။ အကျိုးဆက်အားဖြင့် ဤပြဿနာများသည် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို ထိခိုက်နှင့်ပြီးဖြစ်လိမ့်မည်။

(၁) အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်း၏ သရုပ်သကန်အမျိုးအစားအချို့
က။ အားနည်းချက်များကို အပြန်အလှန် ဖော်ထုတ်ခြင်း

အချို့လူများသည် စုဝေးပွဲများအတောအတွင်းတွင် အိမ်တွင်းရေးရာများနှင့် အရေးမပါသော အကြောင်းအရာများကို အမြဲ တတွတ်တွတ်ပြောဆိုချင်ကြပြီး ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံသည့်အခါတိုင်းတွင် အသေးအဖွဲ အိမ်မှုကိစ္စများအကြောင်း ပြောဆိုကာ ရောက်တတ်ရာရာ စကားပြောဆိုမှုများကို လုပ်ဆောင်ကြသဖြင့် ယင်းက ထိုညီအစ်ကိုမောင်နှမများကို ခိုကိုးရာမဲ့ဖြစ်သွားစေသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ကြားဖြတ်ပြောဆိုရန် ထရပ်ကောင်းထရပ်နိုင်သော်လည်း ထိုအခါ မည်သည့်အရာဖြစ်သနည်း။ အကယ်၍ ၎င်းတို့အနေဖြင့် အဆက်မပြတ် ကြားဖြတ်ပြောဆိုခြင်းခံရပါက မပျော်မရွှင်ဖြစ်လာပြီး ၎င်းတို့ မပျော်မရွှင်ဖြစ်ခြင်းသည် ပြဿနာရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့က “သင်က ငါ့ကို အမြဲတစေ ကြားဖြတ်ပြောပြီး စကားပြောခွင့်မပြုပါ။ကောင်းပြီ၊ သင်စကားပြောသည့်အခါ ငါက သင့်ကို ကြားဖြတ်ပြောမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မိတ်သဟာယဖွဲ့သည့်အခါ၊ ငါက ဘုရားနှုတ်ကပတ်တော်များထဲက နောက်ထပ်ကျမ်းပိုဒ်တစ်ခုနှင့် ဝင်ပြောမည်။ သင်က သင့်ကိုယ်သင် သိရှိခြင်းအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ၊ ငါက လူများကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယဖွဲ့မည်။ သင်က သင်၏ မာနထောင်လွှားသည့် စိတ်သဘောထားကို နားလည်ခြင်းအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ၊ ငါက လူများ၏ အဆုံးသတ်များနှင့် ပန်းတိုင်များအား သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့မည်။ သင်မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ငါက မတူကွဲပြားသည့်အရာတစ်ခုကို ပြောမည်”ဟု စဉ်းစားကြသည်။ ထိုမျှသာမက၊ အကယ်၍ အခြားသူများက ၎င်းတို့ကို ကြားဖြတ်ပြောဆိုရာတွင် ပါဝင်ပါက၊ ဤလူသည် ထရပ်ပြီး ထိုသူတို့ကို တိုက်ခိုက်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ မကျေနပ်မှုနှင့် အမုန်းတရားတို့ကို ထားရှိသောကြောင့် စုဝေးပွဲများအတောအတွင်းတွင် ၎င်းတို့ကို ကြားဖြတ်ပြောဆိုခဲ့သူ၏ အပြစ်အနာအဆာများအား မကြာခဏ ဖော်ထုတ်ကြသည်။ ထိုသူသည် ဘုရားသခင်ကို မယုံကြည်လာမီက စီးပွားရေးတွင် အခြားသူများကို မည်သို့ လှည့်ဖြားခဲ့သည်၊ အခြားသူများနှင့် ဆက်ဆံရာတွင် မည်မျှ မသမာဖြစ်ခဲ့သည် စသည်တို့ကို ပြောဆိုကြသည်။ ထိုသူ စကားပြောသည့်အခါတိုင်းတွင် ၎င်းတို့သည် ဤအရာများကို ပြောဆိုကြသည်။ အစပိုင်းတွင် ထိုသူသည် စိတ်ရှည်မှုကို ကျင့်သုံးနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့က “ငါသည် သင့်ကို အမြဲကူညီသည်။ သင့်အပေါ်မှာ သည်းခံမှုနှင့် စိတ်ရှည်မှုကို အမြဲ ပြသည်။ သို့သော် သင်က ငါ့အပေါ်မှာ မည်သည့်သည်းခံမှုကိုမျှ မပြပါ။ ငါ့ကို သင် ဤသို့ဆက်ဆံလျှင်၊ ငါ မချုပ်တည်းခြင်းအတွက် ငါ့ကို အပြစ်မတင်နှင့်။ ငါတို့သည် ရွာတစ်ရွာတည်းတွင် အချိန်များစွာကြာ နေထိုင်ကြပြီးဖြစ်သည်။ ငါတို့နှစ်ယောက်လုံးက တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိသည်။ သင်က ငါ့ကို တိုက်ခိုက်သည်။ ထို့ကြောင့် ငါလည်း သင့်ကို ပြန်တိုက်ခိုက်မည်။ သင်က ငါ၏ အားနည်းချက်များကို ဖော်ထုတ်သည်။ သို့သော် သင်ကိုယ်တိုင်တွင်လည်းများစွာ ရှိနေသည်ပင် ဖြစ်သည်”ဟု စတင်စဉ်းစားလာသည်။ သို့ဖြစ်၍ ၎င်းတို့က “သင် ငယ်ရွယ်သည့်အချိန်တွင်ပင် ပစ္စည်းများကို ခိုးခဲ့သည်။ သင် လုပ်ဆောင်ခဲ့သည့် ထိုအသေးအဖွဲ ခိုးမှုများက ပို၍ပင် အရှက်ရစရာကောင်းသေးသည်။ အနည်းဆုံးအနေဖြင့် ကျွန်ုပ်လုပ်ဆောင်ခဲ့သည်မှာ စီးပွားရေးဖြစ်သည်။ အသက်မွေးဝမ်းကျောင်းအတွက်ချည်းသာ ဖြစ်သည်။ ဤလောကတွင် မည်သူက အမှားအနည်းငယ် မလုပ်ဖူးသနည်း။ သင်၏ အပြုအမူကကော အဘယ်နည်း။ သင်၏ အပြုအမူသည်သူခိုး၊ ဓားပြတစ်ယောက်၏ အပြုအမူပင် ဖြစ်သည်”ဟု ပြောသည်။ ဤသည်မှာ အပြန်အလှန် တိုက်ခိုက်ခြင်း မဟုတ်လော။ ဤတိုက်ခိုက်မှုများ၏ နည်းလမ်းမှာ အဘယ်နည်း။ ယင်းမှာ အားနည်းချက်များကို အပြန်အလှန် ဖော်ထုတ်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့က၊သင်သည် ငါ၏ အားနည်းချက်များကို ဆက်ပြီး ဖော်ထုတ်နေသည်။ ထိုအကြောင်းများနှင့် ငါ၏ဂုဏ်သိက္ခာမဲ့သော အတိတ်အကြောင်းကို လူတိုင်းအား သိခွင့်ပေးနေသည်။ ထို့ကြောင့် အခြားသူများက ငါ့ကို နောက်ထပ် အထင်ကြီးတော့မည် မဟုတ်ပါ။ ကောင်းပြီ၊ သို့ဆိုလျှင် ငါလည်း ချုပ်တည်းထားမည် မဟုတ်ပါ။ သင့်တွင် အဖော်မည်မျှရှိသည်၊ ဆန့်ကျင်ဘက်လိင် မည်မျှနှင့် တွဲခဲ့သည်ဟူသည့်အရာအားလုံးကို ငါသိသည်။ ဤအချက်အလက်အားလုံး ငါ့လက်ထဲတွင် အဆင်သင့်ရှိနေပြီဖြစ်သည်။ သင်သာ ငါ၏ အားနည်းချက်များကို နောက်တစ်ခါ ဖော်ထုတ်ပြီး ငါ့ကို အလွန်အကျွံ တွန်းပို့လျှင်၊ သင်၏ မကောင်းမှုများအားလုံးကို ငါဖွင့်ချပစ်မည်”ဟု စဉ်းစားကြလေသည်။ အားနည်းချက်များကို အပြန်အလှန် ဖော်ထုတ်ခြင်းသည် အချင်းချင်း ရင်းနှီးကျွမ်းဝင်ပြီး အချင်းချင်း ကောင်းစွာသိသောသူများကြားတွင် အဖြစ်များသော ပြဿနာတစ်ရပ် ဖြစ်သည်။ သဘောထားမတိုက်ဆိုင်မှုတစ်ခုကြောင့် သို့မဟုတ် ၎င်းတို့နှစ်ဦးကြားတွင် ပဋိပက္ခများ သို့မဟုတ် မကျေနပ်ချက်များ ရှိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူနှစ်ဦးသည် စုဝေးပွဲများအတောအတွင်းတွင် အချင်းချင်း တိုက်ခိုက်ရန် လက်နက်များအဖြစ် အသုံးပြုဖို့အတွက် အိုဟောင်းပြီး အသေးအဖွဲဖြစ်သော ကိစ္စရပ်များကို ဆွဲထုတ်ကြသည်။ ဤလူနှစ်ဦးသည် လူတိုင်း၏ ဘုရားနှုတ်ကပတ်တော်အား စားသောက်ရမည့်အချိန်ကို ယူသုံးကာ ပုံမှန်အသင်းတော်အသက်တာကို ထိခိုက်စေလျက် အချင်းချင်း၏ အားနည်းချက်များကို ဖော်ထုတ်ကြပြီး အချင်းချင်း တိုက်ခိုက်ကာ ပြစ်တင်ရှုတ်ချကြသည်။ ထိုသို့သော စုဝေးပွဲများသည် အကျိုးဖြစ်ထွန်းနိုင်သလော။ ၎င်းတို့ အနီးဝန်းကျင်ရှိ လူများသည် စုဝေးချင်စိတ် ရှိကြသေးသလော။ အချို့ညီအစ်ကိုမောင်နှမများက “ဤလူနှစ်ယောက်သည် တကယ်ကို ပြဿနာရှာနေကြသည်။ အတိတ်က ကိစ္စတွေကို ထုတ်ပြောနေရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ယခုတွင် သူတို့နှစ်ယောက်လုံးက ဘုရားသခင်ကို ယုံကြည်နေကြပြီဖြစ်သည်။ ထိုအရာများကို လက်လွှတ်သင့်ပေသည်။ မည်သူတွင် ပြဿနာများ မရှိသနည်း။ သူတို့နှစ်ယောက်လုံးက ယခုတွင် ဘုရားသခင်ရှေ့မှောက်သို့ ရောက်လာကြပြီးဖြစ်သည် မဟုတ်လော။ ဤပြဿနာများအားလုံးကို ဘုရားနှုတ်ကပတ်တော်နှင့် ဖြေရှင်း၍ရပေသည်။ အားနည်းချက်များကို ဖော်ထုတ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပါ။ တစ်ဦး၏အားသာချက်များမှ သင်ယူ၍ အခြားတစ်ဦး၏ အားနည်းချက်များကို ဖြည့်ဆည်းပေးနေခြင်းလည်း မဟုတ်ပါ။ ယင်းမှာ အပြန်အလှန် တိုက်ခိုက်နေခြင်း ဖြစ်သည်၊ စာတန်ဆန်သော အပြုအမူဖြစ်သည်”ဟု စတင်စဉ်းစားလာကြသည်။ ၎င်းတို့၏ အပြန်အလှန် တိုက်ခိုက်မှုများသည် ပုံမှန်အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး ဖျက်ဆီးသည်။ မည်သူမျှ ၎င်းတို့ကို မတားဆီးနိုင်သည့်အပြင် ၎င်းတို့ထံ မည်သူက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ နားထောင်မည်မဟုတ်ပေ။ အချို့လူများက ၎င်းတို့ကို “အချင်းချင်း၏ အားနည်းချက်များကို ဖော်ထုတ်ခြင်းအား ရပ်လိုက်ပါ။ အမှန်တွင်၊ ဤအရာတစ်ခုလုံးက အရေးကြီးသည့်ကိစ္စ မဟုတ်ပါ။ နှုတ်ဖြင့် သဘောထားကွဲလွဲမှု အကျဉ်းတစ်ခုသာ မဟုတ်လော။ သင်တို့နှစ်ယောက်ကြားတွင် နက်ရှိုင်းသည့် အမုန်းတရားမရှိပါ။ သင်တို့နှစ်ယောက်လုံးသာ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်မည်၊ ကိုယ့်ကိုယ်ကိုယ် ချပြနိုင်မည်၊ မိမိ၏ မလိုမုန်းထားမှုများ၊ မကျေနပ်မှုများနှင့် အမုန်းတရားများကို လွှတ်ချပြီး ဘုရားသခင်ရှေ့မှောက်တွင် ဆုတောင်းကာ သမ္မာတရားကို ရှာဖွေနိုင်မည်ဆိုလျှင်၊ ဤပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်ဖြစ်သည်”ဟု အကြံပေးကြသည်။ သို့သော် ထိုလူနှစ်ဦးသည် အကြပ်အတည်းတွင် ရှိနေဆဲဖြစ်သည်။ ၎င်းတို့ထဲမှတစ်ဦးက “သူက ကျွန်ုပ်ကို အရင်တောင်းပန်နိုင်မည်ဆိုလျှင်၊ သူသာ အရင်ပွင့်ပွင့်လင်းလင်းပြောပြီး သူ့ကိုယ်သူ အရင်ချပြလျှင်၊ ကျွန်ုပ်လည်း ထို့အတူ လုပ်ဆောင်မည်။ သို့သော် ယခင်ကဲ့သို့ ကိစ္စများကို သူ လက်မလွှတ်လျှင်၊ ကျွန်ုပ်လည်း သူ့အပေါ် ချုပ်တည်းမည် မဟုတ်ပါ။ ကျွန်ုပ်ကို သမ္မာတရား လက်တွေ့လုပ်ဆောင်ဖို့ သင်တို့တောင်းဆိုသည်။ အဘယ်ကြောင့် သူက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သနည်း။ ကျွန်ုပ်ကို ကိစ္စရပ်များ လွှတ်ချဖို့ သင်တို့တောင်းဆိုသည်။ အဘယ်ကြောင့် သူက အရင်လက်မလွှတ်သနည်း” ဟု ပြောသည်။ ဤသည်မှာ ယုတ္တိမတန်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ယုတ္တိမတန်စွာ စတင်ပြုမူလာကြသည်။ မည်သူ၏အကြံဉာဏ်မျှ ၎င်းတို့အပေါ် အကျိုးသက်ရောက်မှုမရှိသည့်အပြင် ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းကိုလည်း နားမထောင်ကြပေ။ အချင်းချင်း တွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က အငြင်းအခုံပြုကြသည်၊ အချင်းချင်း၏ အားနည်းချက်များကို ဖော်ထုတ်ပြီး တိုက်ခိုက်ကြသည်။ လက်ပါခြင်းမှလွဲ၍ အချင်းချင်းအပေါ် ၎င်းတို့ ပြုလုပ်သည့်အရာတိုင်းတွင် အမုန်းတရားပါဝင်ပြီး ၎င်းတို့ပြောဆိုသည့် စကားလုံးတိုင်းတွင် တိုက်ခိုက်ခြင်းနှင့် ကျိန်ဆဲခြင်း အရိပ်အယောင်များ ပါဝင်သည်။ အကယ်၍ အသင်းတော်အသက်တာတွင် အချင်းချင်းတွေ့သည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်ပြီး စကားစစ်ထိုးကြသည့် ဤသို့သောလူနှစ်ဦးရှိပါက ဤအသင်းတော်အသက်တာသည် အကျိုးဖြစ်ထွန်းနိုင်မည်လော။ လူတို့သည် ယင်းမှ အပြုသဘောဆောင်သည့်အရာ တစ်ခုတလေကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ)။ ထိုသို့သောအခြေအနေများ ပေါ်ပေါက်လာသည့်အခါ လူအများစုသည် စိုးရိမ်လာကြပြီး “ငါတို့ စုဝေးသည့်အခါတိုင်းတွင် ထိုနှစ်ယောက်က အမြဲ ရန်ဖြစ်နေကြသည်။ မည်သူ၏ အကြံဉာဏ်မျှကိုလည်း နားမထောင်ပါ။ မည်သည့်အရာကို ကျွန်ုပ်တို့ လုပ်ဆောင်သင့်သနည်း” ဟု ပြောကြသည်။ ၎င်းတို့ရှိနေသရွေ့ စုဝေးပွဲများသည် အေးချမ်းခြင်းမရှိသည့်အပြင် လူတိုင်းက ၎င်းတို့၏ နှောင့်ယှက်ခြင်းခံရသည်။ ထိုသို့သောအခြေအနေများတွင် အသင်းတော်ခေါင်းဆောင်များသည် ထိုပြဿနာကို ဖြေရှင်းရန် ဝင်ရောက်သင့်သည်။ ၎င်းတို့သည် ထိုသို့သောလူများကို အသင်းတော်အသက်တာအား ဆက်လက်နှောင့်ယှက်ခွင့် မပြုရပေ။ အကယ်၍ ထပ်တလဲလဲအကြံပေးခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် အပြုသဘောဆောင်သော လမ်းညွှန်မှုများ ပြုလုပ်ပြီးနောက်တွင် မည်သည့်ရလဒ်မျှ မရရှိသည့်အပြင်၊ နှစ်ဖက်စလုံးက မိမိတို့၏ မလိုမုန်းထားမှုများကို ဆက်လက်စွဲကိုင်ထားပြီး အချင်းချင်း ခွင့်လွှတ်ရန် ငြင်းဆန်ကာ အချင်းချင်း ဆက်လက်တိုက်ခိုက်ပြီး အသင်းတော်အသက်တာကို ဆက်လက်နှောင့်ယှက်နေပါက ထိုကိစ္စကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရန် လိုအပ်လာသည်။ ၎င်းတို့ကို “သင်တို့နှစ်ဦးသည် ဤအခြေအနေတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီးဖြစ်ကာ ယင်းသည် အသင်းတော်အသက်တာနှင့် ညီအစ်ကိုမောင်နှမများအားလုံးအပေါ် ပြင်းထန်သော နှောင့်ယှက်မှုများကို ဖြစ်စေခဲ့သည်။ လူအများစုသည် သင်တို့၏ ဤအပြုအမူအပေါ် ဒေါသထွက်ကြသော်လည်း ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုရန် ကြောက်ရွံ့နေကြသည်။ သင်တို့၏ လက်ရှိသဘောထားနှင့် သရုပ်သကန်များကို ကြည့်ခြင်းအားဖြင့် အသင်းတော်က စည်းမျဉ်းများနှင့်အညီ သင်တို့၏ အသင်းတော်အသက်တာတွင် ပါဝင်မှုကို ဆိုင်းငံ့ထားပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်အတွက် သင်တို့ကို သီးခြားခွဲထားရမည်။ သင်တို့သည် သဟဇာတဖြစ်စွာ အတူနေထိုင်နိုင်ပြီး ပုံမှန် မိတ်သဟာယဖွဲ့ခြင်းတွင် ပါဝင်နိုင်ကာ ပုံမှန်လူအချင်းချင်း ဆက်ဆံရေးများ ရှိလာသည့်အခါတွင်မှသာ အသင်းတော်အသက်တာသို့ ပြန်လာနိုင်သည်”ဟု ပြောသင့်ပေသည်။ ၎င်းတို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အသင်းတော်က ဤဆုံးဖြတ်ချက်ကို ချမှတ်သင့်သည်။ ဤသည်မှာ ကိစ္စကို စည်းမျဉ်းများအပေါ် အခြေခံ၍ ကိုင်တွယ်ခြင်း ဖြစ်သည်။ ဤကိစ္စရပ်များကို ထိုသို့သောပုံစံဖြင့် ကိုင်တွယ်သင့်သည်။ တစ်ဖက်တွင် ဤသည်မှာ ထိုလူနှစ်ဦးအတွက် အကျိုးရှိပေသည်။ ယင်းက ၎င်းတို့အား မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိလာစေရန် စေ့ဆော်နိုင်သည်။ အခြားတစ်ဖက်တွင်မူ ယင်းသည် ပိုများသော ညီအစ်ကိုမောင်နှမများကို ဆိုးယုတ်သောလူများ၏ နှောင့်ယှက်ခြင်းမှ ကာကွယ်ပေးခြင်း ဖြစ်သည်။ အချို့လူများက “သူတို့သည် မည်သည့်မကောင်းမှုမျှ မလုပ်ခဲ့ပါ။ သူတို့၏ အနှစ်သာရအရ သူတို့သည် ဆိုးယုတ်သောလူများလည်း မဟုတ်ပါ။ သူတို့တွင် လူ့သဘာဝအရ သေးငယ်သည့် ချို့ယွင်းချက်လေးများသာ ရှိခြင်းဖြစ်သည်။ သူတို့က တစ်ဇွတ်ထိုးလုပ်တတ်သည်၊ ယုတ္တိမတန်ဖြစ်တတ်သည်၊ မနာလိုခြင်းနဲ့ အငြင်းပွားမှုများ ဖြစ်တတ်သည်။ ဤအရာကြောင့် ၎င်းတို့ကို အဘယ်ကြောင့် သူတို့ကို သီးခြားခွဲထားရသနည်း” ဟု ပြောကြသည်။ ၎င်းတို့၏ လူ့သဘာဝ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့သည် အသင်းတော်အသက်တာကို နှောင့်ယှက်မှုတစ်ခု ဖြစ်ပေါ်စေသရွေ့ အသင်းတော်ခေါင်းဆောင်များသည် ထိုပြဿနာကို ဝင်ရောက်ကိုင်တွယ်ဖြေရှင်းသင့်သည်။ အကယ်၍ ဤလူနှစ်ဦးသည် ဆိုးယုတ်သောသူများဖြစ်ပါက ဤအရာကို ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် တုံ့ပြန်မှုသည် ၎င်းတို့ကို သီးခြားခွဲထားခြင်းလောက် ရိုးရှင်းမည်မဟုတ်ပေ။ ၎င်းတို့ကို တိုက်ရိုက်ရှင်းလင်းပစ်ရန် ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချမှတ်ရမည်။ အကယ်၍ ၎င်းတို့၏ လုပ်ရပ်များသည် အခြားသူများကို ထိခိုက်နစ်နာစေခြင်းမရှိဘဲ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးစေမည့် အခြားမကောင်းသော အမှုများကို ကျူးလွန်ခြင်းမရှိဘဲ အချင်းချင်း တိုက်ခိုက်ခြင်းနှင့် အမှားအမှန်နှင့်ပတ်သက်၍ အငြင်းပွားခြင်းတို့ထိသာ အကန့်အသတ်ရှိပြီး ၎င်းတို့သည် ဆိုးယုတ်သောသူများ မဟုတ်ပါက ၎င်းတို့ကို ရှင်းလင်းပစ်ရန် မလိုအပ်ပေ။ ထိုအစား ၎င်းတို့၏ အသင်းတော်အသက်တာကို ဆိုင်းငံ့ထားသင့်ပြီး ၎င်းတို့အား မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်အတွက် သီးခြားခွဲထားသင့်သည်။ ဤလုပ်နည်းကိုင်နည်းက အသင့်တော်ဆုံးဖြစ်သည်။ ကိစ္စရပ်ကို ဤနည်းလမ်းဖြင့် ကိုင်တွယ်ခြင်း၏ ရည်ရွယ်ချက်မှာ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို သေချာစေရန်နှင့် အသင်းတော်အလုပ်သည် ပုံမှန်အတိုင်း ရှေ့ဆက်သွားနိုင်ကြောင်း အာမခံရန် ဖြစ်သည်။

၂။ အချင်းချင်း ဖော်ထုတ်ခြင်းနှင့် တိုက်ခိုက်ခြင်းများ

လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရာတွင် နားလည်သဘောပေါက်နိုင်စွမ်း ကင်းမဲ့သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုအား မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိကြပေ။ ၎င်းတို့သည် လူတို့ကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြားသူများနှင့် ဆက်စပ်ရန်သာ သိကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါတိုင်း၊ ၎င်းတို့တွင် ကိုယ်ပိုင်ရည်ရွယ်ချက်များ အစဉ်ရှိသည်။ ၎င်းတို့သည် အခြားသူများကို ဖော်ထုတ်ပြီး တိုက်ခိုက်ရန် အခွင့်အရေးကို အစဉ်အမြဲ ရယူလိုကြရာ၊ ယင်းက အသင်းတော်တွင် မတည်ငြိမ်မှုကို ဖြစ်ပေါ်စေသည်။ အကယ်၍ ဖော်ထုတ်ခြင်းခံရသူတို့သည် ဤအခြေအနေများကို မှန်ကန်စွာ သဘောထားနိုင်ပြီး၊ ၎င်းတို့ကို ဘုရားသခင်ထံမှ လာသည်ဟု နားလည်ကာ၊ ကျိုးနွံနာခံခြင်းနှင့် စိတ်ရှည်ခြင်းကို သင်ယူနိုင်ပါက၊ မည်သည့်အငြင်းပွားမှုမျှ ရှိလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း အခြားသူများက မိမိတို့၏ ပြဿနာများအကြောင်း မိတ်သဟာယဖွဲ့ကာ ဖော်ထုတ်သည်ကို ကြားရသည့်အခါ တစ်စုံတစ်ဦးက ရန်တုံ့လိုမည်မှာ ရှောင်လွှဲ၍မရပေ။ ၎င်းတို့က မိမိတို့ဘာသာ “သင်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင် ယင်းတို့အပေါ် သင်၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုများကို အဘယ်ကြောင့် မမျှဝေဘဲ၊ သို့မဟုတ် သင့်ကိုယ်သင် သိကျွမ်းခြင်းအကြောင်း မပြောဘဲ၊ ထိုအစား ငါ့ကိုသာ သီးသန့် တိုက်ခိုက်ပြီး ပစ်မှတ်ထားရသနည်း။ သင်က ငါ့ကို မနှစ်မြို့ဖွယ်ဖြစ်သည်ဟု မြင်သလော။ ငါ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရှင်းရှင်းလင်းလင်း ပြောနှင့်ပြီးဖြစ်သည်၊ သင် ပြောဖို့ အမှန်တကယ် လိုအပ်သလော။ ငါ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကောင်းရှိမည်၊ သို့သော် သင်၌လည်း ထိုစိတ်သဘောထား မရှိသလော။ သင်သည် ငါ့ကို လှည့်ဖြားတတ်သည်ဟုခေါ်လျက် အမြဲ ပစ်မှတ်ထားသော်လည်း သင်ကိုယ်တိုင်လည်း ကောက်ကျစ်စဉ်းလဲမှု မနည်းပါတကား”ဟု တွေးကြသည်။ နာကြည်းခြင်းနှင့် မကျေနပ်ခြင်းတို့နှင့် ပြည့်လျက် ၎င်းတို့သည် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စိတ်ရှည်မှုကို ကျင့်သုံးကောင်း ကျင့်သုံးမည်ဖြစ်သော်လည်း၊ အချိန်ကုန်လွန်လာပြီး ၎င်းတို့၏ မကျေနပ်ချက်များ စုပုံလာကာ ပေါက်ကွဲထွက်လာသည်။ ပြီးလျှင် ထိုအရာများပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ဒုက္ခရောက်စေသည်။ ၎င်းတို့က “လူအချို့ ပြုမူပြောဆိုသည့်အခါ၊ ၎င်းတို့သည် အပေါ်ယံတွင် အလွန်ရိုးသားပြီး ပွင့်လင်းသယောင် ဟန်ဆောင်ကြသော်လည်း၊ လက်တွေ့တွင်မူ အကြံအစည်အမျိုးမျိုးနှင့် ပြည့်နေကာ၊ အခြားသူများကို အစဉ် ကြံစည်နေကြသည်။ ၎င်းတို့နှင့် စကားပြောသည့်အခါ မည်သူမျှ ၎င်းတို့၏ အတွေးများ သို့မဟုတ် ရည်ရွယ်ချက်များကို နားလည်သဘောပေါက်နိုင်ခြင်းမရှိပါ။ သူတို့သည် လှည့်ဖြားတတ်သော လူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ထိုသို့သောသူများနှင့် ကြုံတွေ့သည့်အခါ၊ သူတို့နှင့် စကားမပြောနိုင် သို့မဟုတ် ပေါင်းသင်းဆက်ဆံ၍မရပါ။ သူတို့သည် အလွန်ကြောက်စရာကောင်းသည်။ သင် သတိမထားပါက၊ သင်သည် သူတို့၏ ထောင်ချောက်ထဲသို့ ကျရောက်ပြီး သူတို့၏ လှည့်စားခြင်းနှင့် အသုံးချခြင်းကို ခံရလိမ့်မည်။ ထိုသို့သောလူများသည် အဆိုးယုတ်ဆုံးဖြစ်ပြီး ဘုရားသခင် အမုန်းဆုံးနှင့် အစက်ဆုပ်ဆုံး အမျိုးအစားဖြစ်သည်။ သူတို့ကို အနက်ဆုံးသောတွင်းထဲ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်သင့်သည်”ဟု ဆိုကြသည်။ ဤသည်ကို ကြားပြီးနောက်၊ အခြားတစ်ယောက်က “သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသော်လည်း အခြားသူများက သင့်အား ဖော်ထုတ်သည်ကို သင် ခွင့်မပြုသလော။ သင်သည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု မှတ်ယူလှသည်၊ ထို့ကြောင့် ငါသည် သင့်ကိုဖော်ထုတ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ရှာဖွေမည်ဖြစ်ပြီး၊ ထိုအခါ သင် အဘယ်အရာ ပြောစရာရှိသည်ကို ကြည့်မည်”ဟု စဉ်းစားလေသည်။ အခြားတစ်ဦးသည် ဖော်ထုတ်ခြင်းခံရပြီးနောက် ပို၍ပင် ဒေါသထွက်လာပြီး “ဒါဖြင့် သင်က ဤအရာကို ဤအတိုင်းထားမည်မဟုတ်ပါ၊ ဟုတ်သလော။ သင်က ဤအရာကို လက်မလွှတ်သေးပါ၊ ဟုတ်သလော။ သင်က ငါ့ကို မနှစ်သက်သည့်အပြင် ငါ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်ဟုသာ ထင်သည်၊ မဟုတ်လော။ ကောင်းပေပြီ၊ သို့ဆိုလျှင် ငါလည်း သင့်ကို ဖော်ထုတ်မည်”ဟု တွေးသည်။ သို့ဖြင့် ၎င်းတို့က “လူအချို့သည် အန္တိခရစ်များသာ ဖြစ်ကြသည်၊ သူတို့သည် အဆင့်အတန်းကို နှစ်သက်ပြီး အခြားသူများ၏ ချီးမွမ်းခြင်းကို နှစ်သက်သည်၊ သူတို့သည် အခြားသူများကို ဆုံးမဩဝါဒပေးခြင်းကို နှစ်သက်ပြီး၊ မိမိတို့ကိုယ်တိုင်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု အခြားသူများအား ထင်မြင်စေလျက် အခြားသူများကို ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူတို့သည် အလွန်ဘဝင်မြင့်ပြီး မိမိတို့ သန့်ရှင်းစင်ကြယ်ပြီဟု ထင်ကြသော်လည်း၊ ညစ်ညမ်းသော နတ်ဆိုးများသာဖြစ်သည် မဟုတ်လော။ သူတို့သည် စာတန်များနှင့် ဝိညာဉ်ဆိုးများသာဖြစ်သည် မဟုတ်လော။ အန္တိခရစ်များဆိုသည်မှာ အဘယ်နည်း။ စာတန်များ ဖြစ်ကြသည်”ဟု ဆိုသည်။ ၎င်းတို့ အကြိမ်မည်မျှ တိုက်ခိုက်ခဲ့ကြပြီနည်း။ အနိုင်ရသူ ရှိသလော။ (မရှိပါ)။ ၎င်းတို့သည် အခြားသူများကို တည်ဆောက်ပေးနိုင်မည့် တစ်စုံတစ်ရာကို ပြောဆိုခဲ့ကြသလော။ (မပြောဆိုခဲ့ကြပါ)။ သို့ဆိုလျှင် ဤစကားများသည် အဘယ်အရာများ ဖြစ်သနည်း။ (ဝေဖန်ခြင်းများ၊ ပြစ်တင်ရှုတ်ချခြင်းများ ဖြစ်ပါသည်။) ထိုအရာများက ဝေဖန်ခြင်းများ ဖြစ်ကြသည်။ ၎င်းတို့သည် အမှန်တကယ်အခြေအနေ သို့မဟုတ် အဖြစ်မှန်များကို ထည့်မစဉ်းစားဘဲ မဆင်မခြင် စကားပြောနေကြပြီး၊ အခြားသူများကို မတရားသဖြင့် ဝေဖန်ကာပြစ်တင်ရှုတ်ချနေကြသည့်အပြင် ၎င်းတို့ကို ကျိန်ဆဲပင် ကျိန်ဆဲနေကြသည်။ အခြားတစ်ယောက်ကို အန္တိခရစ်ဟု ခေါ်ဆိုရန် ၎င်းတို့တွင် အဖြစ်မှန် အခြေခံအကြောင်းရင်း ရှိသလော။ ထိုသူသည် အန္တိခရစ်တစ်ဦး၏ မည်သည့်ဒုစရိုက်အမှုများနှင့် သရုပ်သကန်များကို ပြသခဲ့သနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရအဆင့်သို့ ရောက်ရှိသလော။ ဘုရားသခင် ရွေးချယ်ထားသောလူများက အခြားတစ်ယောက်ကို ထိုသူတို့ ဖော်ထုတ်သည်ကို ကြားရသည့်အခါ၊ ၎င်းတို့က ထိုအရာသည် ဓမ္မဓိဋ္ဌာန်ကျပြီး အမှန်တရားဖြစ်သည်ဟု ထင်ကြလိမ့်မည်လော။ ဤလူနှစ်ဦး ပြောဆိုသော စကားများတွင် ကြင်နာမှု သို့မဟုတ် ကောင်းသောရည်ရွယ်ချက်များ တစ်ခုတလေ ရှိသလော။ (မရှိပါ)။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တစ်ဦးနှင့်တစ်ဦး မိမိတို့ကိုယ်ကို သိရှိစေရန် ကူညီပြီး၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ အမြန်ဆုံး ဝင်ရောက်နိုင်စေရန် ဖြစ်သလော။ (မဟုတ်ပါ)။ သို့ဆိုလျှင် ၎င်းတို့သည် ဤအရာကို အဘယ်အတွက် လုပ်ဆောင်နေကြသနည်း။ ယင်းမှာ မိမိတို့၏ ကိုယ်ရေးကိုယ်တာ အငြိုးအာဃာတကို ထုတ်ဖော်ရန်၊ အခြားတစ်ဖက်ကို တိုက်ခိုက်ပြီး လက်စားချေရန်ဖြစ်ရာ၊ ၎င်းတို့သည် အဖြစ်မှန်များနှင့် လုံးဝမကိုက်ညီသောအရာ တစ်စုံတစ်ခုဖြင့် မတရားစွပ်စွဲကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခြားတစ်ယောက်၏ ထုတ်ဖော်ပြသမှုများနှင့် အနှစ်သာရတို့ကို အခြေခံ၍ အချင်းချင်း တိကျမှန်ကန်စွာ အကဲဖြတ်ပြီး စရိုက်လက္ခဏာကို သရုပ်ဖော်နေခြင်းမဟုတ်ဘဲ၊ ထိုအစား ၎င်းတို့သည် အချင်းချင်းတိုက်ခိုက်ရန်၊ လက်စားချေရန်နှင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်ကို ထုတ်ဖော်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုနေကြခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မိတ်သဟာယဖွဲ့နေခြင်း မဟုတ်ပေ။ ဤသည်မှာ ပြင်းထန်သော ပြဿနာတစ်ရပ် ဖြစ်သည်။ ၎င်းတို့သည် မာနထောင်လွှားသော စိတ်သဘောထားရှိသည့်အတွက် အခြားတစ်ယောက်နှင့်ပတ်သက်သည့် အကြောင်းအရာများကို အစဉ်အမြဲ အမိအရ အသုံးချပြီး တိုက်ခိုက်ကာ ပြစ်တင်ရှုတ်ချကြသည်။ ဤသဘောထားသည် ဆိုးညစ်ပြီး မလိုမုန်းထားခြင်းဖြစ်ကာ၊ ဤသည်မှာ ကောင်းသောရည်ရွယ်ချက်ရှိသည့် ဖော်ထုတ်ခြင်း မဟုတ်သည်မှာ သေချာသည်။ အကျိုးဆက်အားဖြင့် ယင်းသည် အချင်းချင်း ရန်လိုခြင်းနှင့် မုန်းတီးခြင်းဆီသို့သာ ဦးတည်စေသည်။ အကယ်၍ ဖော်ထုတ်ခြင်းကို အခြားသူများအား ချစ်ခြင်းမေတ္တာဖြင့် ကူညီသည့် သဘောထားဖြင့် ဆောင်ရွက်ပါက၊ လူတို့သည် ဤအရာကို ခံစားနိုင်ပြီး မှန်ကန်စွာ သဘောထားနိုင်သည်။ သို့သော် တစ်စုံတစ်ဦးက အခြားတစ်ယောက်၏ မာနထောင်လွှားသော စိတ်သဘောထားကို အမိအရ အသုံးချကာ ပြစ်တင်ရှုတ်ချပြီး တိုက်ခိုက်ပါက၊ ယင်းမှာ ထိုလူကို တိုက်ခိုက်ရန်နှင့် ညှဉ်းဆဲရန်သက်သက်သာ ဖြစ်သည်။ လူတိုင်းတွင် မာနထောင်လွှားသော စိတ်သဘောထားရှိသည်။ သို့ဖြစ်၍ အဘယ်ကြောင့် လူတစ်ယောက်တည်းကို အစဉ် ပစ်မှတ်ထားရသနည်း။ အဘယ်ကြောင့် လူတစ်ယောက်တည်းကို လက်မလွှတ်ဘဲ အစဉ် အာရုံစိုက်နေရသနည်း။ ထိုလူတစ်ယောက်၏ မာနထောင်လွှားသော စိတ်သဘောထားကို စဉ်ဆက်မပြတ် ဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုစိတ်သဘောထားကို ဖယ်ရှားရန် ကူညီပေးဖို့ အမှန်တကယ် ဟုတ်သလော။ (မဟုတ်ပါ)။ သို့ဆိုလျှင် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့က အခြားတစ်ယောက်ကို မနှစ်မြို့ဖွယ်ဖြစ်သည်ဟု မြင်ပြီး၊ သို့ဖြစ်၍ ၎င်းတို့သည် ထိုသူတို့ကို တိုက်ခိုက်ပြီး ၎င်းတို့ကို အစဉ် ညှဉ်းဆဲလိုလျက် လက်တုံ့ပြန်ရန် အခွင့်အရေးများကို ရှာဖွေကြသည်။ ၊ ထို့ကြောင့် ၎င်းတို့က အခြားတစ်ယောက်သည် အန္တိခရစ်တစ်ဦး၊ စာတန်တစ်ဦး၊ နတ်ဆိုးတစ်ဦး၊ လှည့်ဖြားပြီး ဆိုးညစ်သောသူတစ်ဦးဖြစ်သည်ဟု ပြောဆိုသည့်အခါ၊ ယင်းမှာ အဖြစ်မှန်ဖြစ်သလော။ယင်းသည် အချက်အလက်များကို အနည်းငယ် ထည့်သွင်းစဉ်းစားကောင်း စဉ်းစားနိုင်သော်လည်း၊ ဤအရာများကို ပြောဆိုခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခြားတစ်ယောက်ကို ကူညီရန် သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်မဟုတ်ဘဲ မိမိတို့၏ ကိုယ်ရေးကိုယ်တာ အငြိုးကို ထုတ်ဖော်ပြီး လက်စားချေရန် ဖြစ်သည်။ ၎င်းတို့သည် ညှဉ်းဆဲခြင်းခံခဲ့ရပြီးဖြစ်ရာ၊ လက်တုံ့ပြန်လိုကြသည်။ ၎င်းတို့ မည်သို့ လက်တုံ့ပြန်သနည်း။ အခြားလူကို ဖော်ထုတ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ နတ်ဆိုး၊ စာတန်၊ ဝိညာဉ်ဆိုး၊ အန္တိခရစ်ဟု ခေါ်ဆိုခြင်းတို့ဖြင့် ဖြစ်သည်၊ မည်သည့် အဆိုးရွားဆုံး တံဆိပ်ဖြင့်ဖြစ်စေ၊ မည်သည့် အပြင်းထန်ဆုံးသော စွပ်စွဲချက်ဖြင့်ဖြစ်စေ ၎င်းတို့ကို တံဆိပ်ကပ်ကြသည်။ ဤသည်မှာ မတရားသဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း မဟုတ်လော။ ဤအရာများကို ပြောဆိုရာတွင် နှစ်ဖက်စလုံး၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် စေ့ဆော်မှုမှာ ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို နားလည်ရန် ကူညီပေးဖို့ မဆိုထားနှင့်၊ အခြားတစ်ယောက်အား မိမိတို့ကိုယ်ကို သိရှိစေရန်နှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ကူညီပေးဖို့ပင် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် အခြားတစ်ယောက်ကို တိုက်ခိုက်ပြီး ရိုက်နှက်ရန်၊ မိမိတို့၏ ကိုယ်ရေးကိုယ်တာ အငြိုးအတေးကို ထုတ်ဖော်ပြီး လက်စားချေခြင်းဟူသည့် မိမိတို့၏ ရည်မှန်းချက်ကို အောင်မြင်စေဖို့ ၎င်းတို့ကို ဖော်ထုတ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ ဤသည်မှာ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတွင် ပါဝင်နေခြင်း ဖြစ်သည်။ အခြားသူများကို တိုက်ခိုက်သည့် ဤနည်းလမ်းသည် အချင်းချင်း၏ အပြစ်အနာအဆာများကို ဖော်ထုတ်ခြင်းထက် အခြေခံအကြောင်းရင်း ပို၍ရှိပုံရပြီး၊ ယင်းကအခြားတစ်ယောက်ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြောင်းနှင့် ၎င်းတို့သည် နတ်ဆိုးနှင့် စာတန်ဖြစ်ကြောင်း ပြောဆိုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိုသူနှင့် ဆက်စပ်စေခြင်းဖြစ်ကာ၊ အပေါ်ယံအားဖြင့် အတော်အတန် ဝိညာဉ်ရေးရာဆန်ပုံရသော်လည်း၊ ဤနည်းလမ်းနှစ်ခု၏ သဘောသဘာဝက တူညီသည်။ ဤနည်းလမ်းနှစ်ခုလုံးသည် ပုံမှန်လူ့သဘာဝအတွင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအကြောင်း မဟုတ်ဘဲ၊ ထိုအစား အခြားတစ်ယောက်ကို ပုဂ္ဂိုလ်ရေး နှစ်သက်မှုများအပေါ် အခြေခံ၍ တာဝန်မဲ့စွာနှင့် မတရားသဖြင့် ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းဖြစ်ပြီး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများတွင် ပါဝင်ခြင်းအကြောင်း ဖြစ်သည်။ ဤသဘောသဘာဝရှိသော ပြောဆိုဆွေးနွေးမှုများသည်လည်း အသင်းတော်အသက်တာ၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ဝင်ရောက်စွက်ဖက်ကာ ပျက်စီးစေသည်။

သင်တို့သည် အချင်းချင်း၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ခြင်းဖြင့် အပြန်အလှန် တိုက်ခိုက်နေကြသော လူနှစ်ဦးနှင့် ကြုံတွေ့သည့်အခါ မည်သို့လုပ်ဆောင်သင့်သနည်း။ စားပွဲကိုရိုက်ပြီး ၎င်းတို့ကို ဆုံးမဩဝါဒပေးရန် လိုအပ်သလော။ ၎င်းတို့ကို စိတ်အေးသွားစေရန်နှင့် မိမိတို့မမှန်ကန်ကြောင်း သိရှိကာ အချင်းချင်း တောင်းပန်စေရန်အတွက် ၎င်းတို့အပေါ် ရေအေးတစ်ပုံး လောင်းချရန် လိုအပ်သလော။ ဤနည်းလမ်းများက ပြဿနာကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ)။ ဤလူနှစ်ဦးသည် စုဝေးပွဲတိုင်းတွင် အမြဲတမ်း ရန်ဖြစ်ကြပြီး စုဝေးပွဲတစ်ခုပြီးတိုင်း နောက်တစ်ကြိမ်ရန်ပွဲအတွက် ပြင်ဆင်ကြသည်။ အိမ်တွင် ၎င်းတို့သည် မိမိတို့၏တိုက်ခိုက်မှုများတွင် အသုံးပြုဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အခြေခံအကြောင်းရင်းများကို ရှာဖွေကြသည်၊ မူကြမ်းများပင် ရေးကြပြီး၊ အခြားတစ်ဖက်ကို မည်သို့တိုက်ခိုက်ရမည်၊ ၎င်းတို့၏ မည်သည့်သွင်ပြင်လက္ခဏာများကို တိုက်ခိုက်ရမည်၊ ၎င်းတို့ကို မည်သို့ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချရမည်၊ မည်သည့်အသံနေအသံထားကို အသုံးပြုရမည်၊ အယုံကြည်ရဆုံးဖြစ်စေမည့် တိုက်ခိုက်မှုနှင့် ပြစ်တင်ရှုတ်ချမှုကို ပြုလုပ်ရန် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များကို အသုံးပြုရမည်ဟူသည်တို့ကို ကြံစည်ကြသည်။ ၎င်းတို့သည် အခြားတစ်ဖက်ကို အခြေအနေအား မပြောင်းလဲနိုင်အောင် တားဆီးကာ နောက်တစ်ကြိမ်တိုက်ပွဲတွင် ၎င်းတို့ကို အနိုင်ယူပြီး ထပ်မံ၍မထနိုင်စေရန် ကြိုးပမ်းလျက် ၎င်းတို့ကို ပြစ်တင်ရှုတ်ချပြီး တိုက်ခိုက်ရန် အမျိုးမျိုးသော ဝိညာဉ်ရေးရာ ဝေါဟာရများကိုလည်း ရှာဖွေကာ မတူညီသော ဖော်ပြသည့် နည်းလမ်းများကို အသုံးပြုကြသည်။ ဤအပြုအမူများအားလုံးသည် အပြန်အလှန် တိုက်ခိုက်ခြင်း၊ စကားစစ်ထိုးခြင်းတွင် ပါဝင်ခြင်းနှင့် သက်ဆိုင်သည်။ ထိုသို့သောပြဿနာများကို ဖြေရှင်းရန် လွယ်ကူသလော။ လူအများစုထံမှ အကြံဉာဏ်၊ အကူအညီနှင့် သမ္မာတရားဆိုင်ရာ မိတ်သဟာယကို ရရှိပြီးနောက်တွင်ပင် ၎င်းတို့သည် နောင်တမရပါက သို့မဟုတ် မိမိတို့၏လမ်းစဉ်ကို ပြောင်းပြန်မလှန်ပါက၊ ဆိုလိုသည်မှာ ၎င်းတို့သည် တွေ့ဆုံသည့်အခါ အချင်းချင်း ငြင်းခုံပြီး ကျိန်ဆဲကြပါက၊ တစ်ဦးတလေက သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ သို့မဟုတ် ၎င်းတို့ကို ပြုပြင်သည့်အခါ မည်သူ့အကြံဉာဏ်ကိုမျှ နားမထောင်ဘဲ၊ လက်မခံပါက၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤအရာသည် ကိုင်တွယ်ရန် လွယ်ကူပေသည်။ ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်။ ယင်းက ပြဿနာကို ဖြေရှင်းမည် မဟုတ်လော။ ယင်းမှာ လွယ်ကူသည် မဟုတ်လော။ ၎င်းတို့နှင့် ဆက်လက်၍ မိတ်သဟာယဖွဲ့ရန် လိုအပ်သလော။ ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် ဆက်လက်ကူညီရန် လိုအပ်သလော။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများကို ချစ်ခင်စွာ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြသခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ)။ အဘယ်ကြောင့် မသင့်လျော်သနည်း။ (၎င်းတို့သည် သမ္မာတရားကို လက်မခံပါ၊ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ခြင်းသည် အကျိုးမရှိပါ)။ မှန်သည်၊ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ။ စကားစစ်ထိုးခြင်းတွင် ပါဝင်ရန်သာ စုဝေးပွဲများတွင် ပါဝင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် ဘုရားသခင်ကို မယုံကြည်သည့်အပြင်၊ စကားစစ်ထိုးခြင်းတွင် ပါဝင်ရသည်ကိုသာ ကြိုက်နှစ်သက်ကြသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ ထုတ်ဖော်ခြင်းနှင့် သရုပ်သကန်တစ်ခုဖြစ်သလော။ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ရှိသလော။ (မရှိပါ)။ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ကင်းမဲ့သည်။ စုဝေးပွဲများအတောအတွင်းတွင်၊ ဤကဲ့သို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို နားလည်ပြီး ရရှိကာ ထိုသို့ဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာရုံစိုက်ပြီး မှန်ကန်သောပုံစံဖြင့် မဖတ်ရှုကြပေ။ ထိုအစား၊ ၎င်းတို့သည် အခြားသူများ၏ ပြဿနာများကို အစဉ်ဖြေရှင်းလိုကြသည်။ ၎င်းတို့၏ အာရုံစိုက်မှုသည် အခြားသူများအပေါ် အဆက်မပြတ် စူးစိုက်နေပြီး ထိုသူတို့တွင်ရှိသည့် အပြစ်အနာအဆာများကို ရှာဖွေနေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် အခြားသူများ၏ ပြဿနာများကို ရှာဖွေရန် အစဉ် ရည်မှန်းကြသည်။ ၎င်းတို့သည် အခြားသူများကို ဖော်ထုတ်ပြီး တိုက်ခိုက်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း အခွင့်အရေးကို အသုံးပြုကြပြီး၊ အခြားသူများကို ဝေဖန်ရန်၊ သေးသိမ်စေရန်နှင့် ပြစ်တင်ရှုတ်ချရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုကြသည်။ သို့တိုင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သီးခြားအဖြစ် ထားရှိကြသည်။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်ကြသနည်း။ ဤလူများသည် သမ္မာတရားကို လက်ခံသောသူများဖြစ်သလော။ (မဟုတ်ပါ)။ ၎င်းတို့သည် အမှုအရာတစ်ခုတွင် အထူးသဖြင့် တော်ပြီး စိတ်အားထက်သန်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ သူ၏နှုတ်ကပတ်တော်များက ဖော်ထုတ်သည့် အမျိုးမျိုးသော ပြဿနာများ၊ အခြေအနေများနှင့် သရုပ်သကန်များကို အခြားသူများတွင် မကြာခဏ ဖော်ထုတ်ကြသည်။ ဤပြဿနာများကို ၎င်းတို့ ပိုမိုဖော်ထုတ်လေ၊ ၎င်းတို့အနေဖြင့် ဤပြဿနာများကို ဖော်ထုတ်သင့်သည်ဟု တွေးထင်လျက် အရေးပါသည့် တာဝန်တစ်ခုကို ထမ်းဆောင်ရပြီး မိမိတို့ လုပ်ဆောင်နိုင်သည့်အရာ များစွာရှိသည်ဟု ပိုမိုခံစားရလေ ဖြစ်သည်။ ၎င်းတို့သည် ဤပြဿနာများရှိသည့် လူတစ်ဦးတစ်ယောက်ကိုမျှ အလွတ်ပေးမည် မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ထိုသို့သောလူများတွင် ဆင်ခြင်တုံတရား ပိုင်ဆိုင်သလော။ ၎င်းတို့တွင် သမ္မာတရားကို နားလည်နိုင်စွမ်း ရှိသလော။ (မရှိပါ)။ အသင်းတော်တွင်၊ ထိုသို့သောလူများ စကားမပြောပါက သို့မဟုတ် နှောင့်ယှက်မှုများ မဖြစ်စေပါက၊ ၎င်းတို့ကို ကိုင်တွယ်ရန် မလိုအပ်ပေ။ သို့သော်၊ ၎င်းတို့သည် ဤပုံစံဖြင့် တစ်သမတ်တည်း ပြုမူပါက၊ အခြားသူများကို အစဉ် တိုက်ခိုက်ခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများ ပြုလုပ်ပါက၊ အသင်းတော်သည် ၎င်းတို့ကို ရှင်းလင်းပစ်လျက် ကိုင်တွယ်ရန် သက်ဆိုင်ရာလုပ်ဆောင်ချက်ကို လုပ်ဆောင်သင့်သည်။ လူများ၏ ဖော်ထုတ်ခြင်းကို ခံရပြီးနောက်၊ တူညီသောနည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြု၍ ၎င်းတို့ကို တိုက်ခိုက်ခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများ ပြုလုပ်သူများအတွက်မူ၊ အခြေအနေများ ပြင်းထန်ပြီး ၎င်းတို့သည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ခဲ့ပါက၊ ၎င်းတို့ကိုလည်း အလားတူ ရှင်းလင်းပစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများနှင့် သီးခြားခွဲထားသင့်သည်။ ၎င်းတို့ကို မည်သည့် သက်ညှာမှုမျှ ပြ၍မရပေ။

၎င်းတို့အတွက် အချင်းချင်း တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတွင် ပါဝင်ခြင်း၏ မည်သည့်အခြားသော သရုပ်သကန်များသည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း သဘောသဘာဝရှိသည်ဟု သတ်မှတ်သနည်း။ အပြစ်အနာအဆာများကို အချင်းချင်း ဖော်ထုတ်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ အငြိုးအတေးကို ထုတ်ဖော်ရန်အပြင် အချင်းချင်းလက်စားချေရန် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ခြင်းတို့သည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း၏ ထင်ရှားသော သရုပ်သကန်များ ဖြစ်ကြသည်။ ဤသရုပ်သကန်နှစ်ခုအပြင်၊ အခြားသူများကို တမင်တကာ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန်အလို့ငှာ မိမိကိုယ်ကို ဖွင့်ဟပြီး ဖွင့်ချသယောင် ဟန်ဆောင်ခြင်းလည်း ရှိသည်။ ဤတိုက်ခိုက်မှုမျိုးသည်လည်း အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင်၊ လူတစ်ဦးပြောဆိုသည့်အရာသည် ထောက်ပြသောပုံစံဖြင့် ပြောသည်ဖြစ်စေ၊ အလျင်းသင့်၍ သွယ်ဝိုက်သောအားဖြင့် ပြောသည်ဖြစ်စေ၊ ပါးနပ်သောနည်းလမ်းဖြင့် ပြောသည်ဖြစ်စေ၊ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများအကြောင်းမဟုတ်ဘဲ အခြားသူများ၏ ပြဿနာများအကြောင်း ဖြစ်နေသရွေ့ ယင်းသည် တိုက်ခိုက်မှုတစ်ခုဖြစ်သလော။ (မဟုတ်ပါ)။ သို့ဆိုလျှင်၊ မည်သည့်အခြေအနေများက တိုက်ခိုက်မှုများကို ဖြစ်စေသနည်း။ ယင်းမှာ ပြောဆိုသည့်အရာ၏ နောက်ကွယ်တွင်ရှိသည့် ရည်ရွယ်ချက်နှင့် အကြောင်းတို့အပေါ် မူတည်သည်။ လူတို့ကို တိုက်ခိုက်ပြီး လက်စားချေရန် သို့မဟုတ် ကိုယ်ရေးကိုယ်တာ အငြိုးကို ထုတ်ဖော်ရန် တစ်စုံတစ်ခုကို ပြောဆိုပါက၊ ဤသည်မှာ တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ဤသည်မှာ အခြေအနေတစ်ခုဖြစ်သည်။ ထို့အပြင်၊ ကိစ္စရပ်၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို လုံးဝ မကြည့်ဘဲ မသိတတ်စွာ အမြန် ကောက်ချက်ချခြင်းများ ပြုလုပ်လျက်၊ အဖြစ်မှန်များနှင့် မှန်ကန်သောအရာကို ဆန့်ကျင်ခြင်းဖြင့် လူတို့ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချရန် ပြဿနာတစ်ခု၏ အပေါ်ယံသွင်ပြင်လက္ခဏာများကို အလွန်ချဲ့ကားပြောဆိုခြင်း၊ ဤသည်မှာလည်း ကိုယ်ရေးကိုယ်တာ အာဃာတကို ထုတ်ဖော်ခြင်းနှင့် လက်စားချေခြင်းဖြစ်သည်။ ယင်းသည် ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဖြစ်ပြီး၊ ဤအခြေအနေမျိုးသည်လည်း တိုက်ခိုက်မှုတစ်ခု ဖြစ်စေသည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ (လူများအကြောင်း အခြေအမြစ်မရှိသော ကောလာဟလများကို ဖန်တီးခြင်း၊ ယင်းမှာ တစ်ခုဟုတ်ပါသလော။) အခြေအမြစ်မရှိသော ကောလာဟလများကို ဖန်တီးခြင်းသည်လည်း သာ၍ပင် သေချာပေါက် မှတ်ယူ၍ရသည်။ အခြေအနေမည်မျှက တိုက်ခိုက်မှုများကို ဖြစ်စေသနည်း။ (သုံးခုဖြစ်သည်)။ ဤအခြေအနေများကို အနှစ်ချုပ်ပြလော့။ (ပထမတစ်ခုမှာ တိကျသောရည်ရွယ်ချက်ဖြင့် အခြားသူများကို တိုက်ခိုက်ခြင်း ဖြစ်သည်။ ဒုတိယတစ်ခုမှာ အဖြစ်မှန်များနှင့် မှန်ကန်သောအရာကို ဆန့်ကျင်သည့်နည်းလမ်းဖြင့် အခြားသူများကို တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဖြစ်ပြီး၊ ယင်းမှာ အခြားသူများကို မသိတတ်သောပုံစံဖြင့် ထင်ရာမြင်ရာ စရိုက်လက္ခဏာကို သရုပ်ဖော်နေခြင်း ဖြစ်သည်။ တတိယတစ်ခုမှာ လူများအကြောင်း အခြေအမြစ်မရှိသော ကောလာဟလများကို ဖန်တီးခြင်း ဖြစ်သည်။) ဤအခြေအနေသုံးခုမှ တစ်ခုစီတိုင်း၏ သဘောသဘာဝသည် ယင်းတို့ကို လူပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းအဖြစ် သတ်မှတ်သည်။ မည်သည့်အခြေအနေများက ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများအဖြစ် သတ်မှတ်၍ရပြီး မည်သည့်အရာများက သတ်မှတ်၍မရှိသည်ကို ငါတို့ မည်သို့ ပိုင်းခြားနိုင်မည်နည်း။ တိုက်ခိုက်နေသူများနှင့် ပတ်သက်လာလျှင်၊ မည်သည့်လုပ်ရပ်များ သို့မဟုတ် စကားများက တိုက်ခိုက်မှုကို ဖြစ်စေသနည်း။ လူတစ်ဦး၏ စကားများတွင် အနည်းငယ် လမ်းညွှန်သည့် သဘောသဘာဝရှိပြီး အခြားသူများကို လမ်းလွဲစေနိုင်စွမ်းရှိကာ၊ ကောလာဟလ ဖန်တီးခြင်း လက္ခဏာလည်း ရှိသည်ဟု ဆိုကြပါစို့။ ထိုလူသည် မရှိသောအရာကို အရှိလုပ်နေပြီး လူတို့ကို လမ်းလွဲစေကာ အထင်အမြင်မှားစေရန် ကောလာဟလများနှင့် လိမ်ညာမှုများကို ဖန်တီးနေခြင်း ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ ပိုများသောလူတို့ကို ၎င်းတို့ပြောဆိုသည့်အရာ မှန်ကန်ကြောင်း အသိအမှတ်ပြုပြီး ယုံကြည်စေရန်နှင့် ၎င်းတို့ပြောဆိုသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်း သဘောတူစေရန် ဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် အခြားတစ်စုံတစ်ဦးကိုလည်း လက်စားချေလိုသည်၊ ၎င်းတို့ကို အပျက်သဘောဆောင်ကာ အားနည်းစေလိုကြသည်။ ၎င်းတို့က “သင်၌ ထိုသို့သော ယုတ်ညံ့သည့် အကျင့်စရိုက်ရှိသည်။ကျွန်ုပ်သည် သင်၏ တကယ့်အခြေအနေကို ဖော်ထုတ်ရမည်ဖြစ်ပြီး သင်၏မောက်မာမှုကို နှိပ်ကွပ်ရမည်။ ထို့နောက်တွင် သင် မည်သည့်အရာကို ကြွားဝါပြီး ဘဝင်မြင့်ရန်ရှိသည်ကို ငါတို့ မြင်ရလိမ့်မည်။ သင့်ဘေးတွင် ကျွန်ုပ် မည်သို့ ထင်ပေါ်နိုင်မည်နည်း။ သင့်ကို အပျက်သဘောဆောင်အောင် ရိုက်နှက်ပြီး အလဲထိုးလိုက်မှသာ ကျွန်ုပ်၏မုန်းတီးမှု ပြေလျော့မည်။ သင်သည် အပျက်သဘောဆောင်နိုင်ပြီး သင့်တွင်လည်း အားနည်းချက်များရှိကြောင်း လူတိုင်းကို ကျွန်ုပ် ပြသမည်”ဟု စဉ်းစားလေသည်။ အကယ်၍ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်ပါက၊ ၎င်းတို့၏ စကားများက တိုက်ခိုက်မှုကို ဖြစ်စေသည်။ သို့သော် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကိစ္စရပ်တစ်ခုနှင့်စပ်လျဉ်း၍ အဖြစ်မှန်များနှင့် မှန်ကန်သောအရာကို ရှင်းလင်းစေရန် သက်သက်သာဖြစ်သည်ဟု ဆိုကြပါစို့၊ အတွေ့အကြုံကာလတစ်ခုမှတစ်ဆင့် ထိုအရာအပေါ် တိကျသော ထိုးထွင်းအမြင်တစ်ခုရရှိပြီး ပြဿနာ၏အနှစ်သာရကို ရှာဖွေတွေ့ရှိပြီးနောက်၊ ၎င်းတို့သည် အများစုက ထိုအရာကို နားလည်နိုင်ပြီး ဤကိစ္စရပ်နှင့်ပတ်သက်၍ မည်သို့သော နားလည်သဘောပေါက်နိုင်စွမ်းမျိုးက စင်ကြယ်သည်ကို သိရှိရန်အလို့ငှာ ယင်းကို မိတ်သဟာယဖွဲ့သင့်သည်ဟု ခံစားရသည်၊ ဆိုလိုသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဤကိစ္စရပ်နှင့်ပတ်သက်၍ ပိုများသောလူတို့၏ လွဲချော်သော သို့မဟုတ် တစ်ဖက်သတ်အမြင်များကို ပြင်ဆင်ရန်ဖြစ်ကြောင်းကို ဖြစ်သည်။ ဤသည်မှာ တိုက်ခိုက်မှုတစ်ခုဖြစ်သလော။ (မဟုတ်ပါ)။ ၎င်းတို့သည် တစ်စုံတစ်ဦးကို ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြင်အား လက်ခံရန် အတင်းအကျပ် ပြုလုပ်နေခြင်းမဟုတ်သည့်အပြင်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လက်စားချေလိုသည့် မည်သည့်ရည်ရွယ်ချက်ကိုမျှ သာ၍ပင် ထားရှိခြင်းမရှိပေ။ ထိုအစား၊ ၎င်းတို့သည် အဖြစ်မှန်များ၏ အမှန်တရားကို ရှင်းလင်းစေရန်သာ အလိုရှိသည်။ ၎င်းတို့သည် အခြားတစ်ဖက်ကို နားလည်စေရန်နှင့် ဤနားလည်မှုမှတစ်ဆင့် လမ်းလွဲခြင်းမှ တားဆီးရန် ချစ်ခြင်းမေတ္တာကို အသုံးပြုနေခြင်း ဖြစ်သည်။ အခြားတစ်ဖက်က ဤအရာကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနိုင်စွမ်းရှိသည်။ သို့ဖြစ်၍ ဤအပြုအမူ၊ ဤချဉ်းကပ်နည်းသည် တိုက်ခိုက်မှုတစ်ခု မဟုတ်ပေ။ ဤမတူညီသော သရုပ်သကန်နှစ်ခုဖြင့် အသုံးအနှုန်း၊ စကားလုံးရွေးချယ်မှုနှင့် ပြောဆိုသည့်ပုံစံ၊ အသံနေအသံထားနှင့် သဘောထားတို့မှတစ်ဆင့် ထိုလူ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ကအဘယ်အရာဖြစ်သည်ကို လူတစ်ဦးက ပိုင်းခြားသိမြင်နိုင်သည်။ အကယ်၍ လူတစ်ဦးက အခြားတစ်ဖက်ကို တိုက်ခိုက်ရန် ရည်ရွယ်ပါက၊ ၎င်းတို့၏ အသုံးအနှုန်းသည် သေချာပေါက် ပြတ်သားမည်ဖြစ်ပြီး၊ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်သည် ၎င်းတို့၏ ပြောဆိုသည့် အသံနေအသံထား၊ အသံအနိမ့်အမြင့်၊ စကားလုံးရွေးချယ်မှုနှင့် သဘောထားတို့တွင် သိသာထင်ရှားစွာ ပေါ်လွင်နေလိမ့်မည်။ အကယ်၍ ၎င်းတို့သည် အခြားတစ်ဖက်ကို ၎င်းတို့ပြောဆိုသည့်အရာအား လက်ခံရန် အတင်းအကျပ်ပြုလုပ်နေခြင်းမဟုတ်ဘဲ၊ ၎င်းတို့ကို သေချာပေါက် တိုက်ခိုက်နေခြင်းလည်းမဟုတ်ပါက၊ ၎င်းတို့၏ ပြောဆိုမှုသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သရုပ်သကန်များနှင့် သေချာပေါက် ကိုက်ညီလိမ့်မည်။ ထို့အပြင်၊ ၎င်းတို့၏ ပြောဆိုသည့်သဘောထား၊ လေသံနှင့် စကားလုံးရွေးချယ်မှုတို့သည် ပုံမှန်လူ့သဘာဝ၏ နယ်ပယ်အတွင်း၌ အကျုံးဝင်လျက် သေချာပေါက် ဆင်ခြင်တုံတရားရှိလိမ့်မည်။

လူပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းဖြစ်သည့်အရာနှင့် မဖြစ်သည့်အရာကို ပိုင်းခြားသိမြင်ခြင်း စည်းမျဉ်းများအား မိတ်သဟာယဖွဲ့ပြီးနောက်၊ သင်တို့သည် ဤအရာကို ယခု ပိုင်းခြားသိမြင်နိုင်ပြီလော။ ဤအရာကို ယခုထိ သင်တို့ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသေးပါက၊ သင်တို့သည် ပြဿနာ၏အနှစ်သာရကို ထွင်းဖောက်မြင်နိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ဦး၏ မိတ်သဟာယသည် မည်မျှပင် နှစ်လိုဖွယ်ကောင်းနေပါစေ၊ ၎င်းတို့သည် စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နေခြင်းမရှိပါက၊ လူတို့အား သမ္မာတရားကို နားလည်ပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ကူညီပေးဖို့ ၎င်းတို့ ရည်ရွယ်နေခြင်းမဟုတ်ဘဲ၊ ထိုအစား လူများကို မရပ်မနား နှောင့်ယှက်ရန် အကြောင်းအရာများကို ရှာဖွေနေပါက၊ ၎င်းတို့ကို ဝေဖန်ကာ ပြစ်တင်ရှုတ်ချရန် အစွမ်းကုန် လုပ်ဆောင်နေပါက၊ ပြီးလျှင် ၎င်းတို့သည် အပေါ်ယံအားဖြင့် လူတို့ကို ပိုင်းခြားသိမြင်တတ်သည့်အလား ထင်ရသော်လည်း၊ အမှန်တွင် ၎င်းတို့၏ ကြံရွယ်ချက်နှင့် ရည်မှန်းချက်မှာ အခြားသူများကို ပြစ်တင်ရှုတ်ချပြီး တိုက်ခိုက်ရန်ဖြစ်ပါက၊ ဤအခြေအနေသည် လူပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း ပါဝင်လေသည်။ လူအချင်းချင်းအကြား ဖြစ်ပေါ်သည့် အရေးမပါသော အမှုအရာများသည် အလွန်ရိုးရှင်းပြီး သိသာထင်ရှားသည်။ ဤကိစ္စရပ်များနှင့်စပ်လျဉ်း၍ သမ္မာတရားကို မိတ်သဟာယဖွဲ့မည်ဆိုလျှင်၊ စုဝေးပွဲတစ်ကြိမ်ပင် လိုမည်မဟုတ်ပေ။ သို့ဆိုလျှင် စုဝေးပွဲတိုင်းတွင် ထိုအရာများအကြောင်း များစွာပြောဆိုခြင်းဖြင့် ညီအစ်ကိုမောင်နှမများ၏ အချိန်ကို ကုန်လွန်စေရန် လိုအပ်သလော။ မလိုအပ်ပေ။ အကယ်၍ လူတို့သည် အခြားသူများကို မရပ်မနား အမြဲ အနိုင်ကျင့်နေပါက၊ ယင်းသည် လူတို့ကို တိုက်ခိုက်ခြင်းနှင့် နှောင့်ယှက်မှုများကို ဖြစ်စေခြင်း ဖြစ်သည်။ လူတို့သည် ကိစ္စရပ်တစ်ခုတည်းကို ဖက်တွယ်ပြီးမဆုံးနိုင်အောင် ပြောဆိုနေရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ မည်သူကမျှ မိမိတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို လက်လွှတ်လိုစိတ်မရှိခြင်း၊ မည်သူကမျှ မိမိတို့ကိုယ်ကို သိရှိရန် မကြိုးစားခြင်းနှင့် မည်သူကမျှ သမ္မာတရားကို သို့မဟုတ် အဖြစ်မှန်များနှင့် မှန်ကန်သောအရာကို လက်မခံခြင်းတို့ကြောင့်ဖြစ်ပြီး၊ သို့ဖြစ်၍ ၎င်းတို့သည် အခြားသူများကို မရပ်မနား အနိုင်ကျင့်ကြခြင်း ဖြစ်သည်။ အခြားသူများကို မရပ်မနား အနိုင်ကျင့်ခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းမှာ တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ယင်းမှာ အခြားသူများအပေါ် ဆန့်ကျင် အသုံးပြုရန် အမှုအရာများကို ရှာဖွေခြင်း၊ အခြားလူတို့၏ စကားလုံးများ ရွေးချယ်မှုတွင် အပြစ်ရှာခြင်းနှင့် ၎င်းတို့ကို ဆန့်ကျင်ရန် အခြားသူများ၏ အားနည်းချက်များကို အသုံးပြုခြင်း၊ ကိစ္စရပ်တစ်ခုတည်းအပေါ် မဆုံးနိုင်အောင် စဉ်းစားနေပြီး မျက်နှာနီအောင် အငြင်းအခုံပြုခြင်းတို့ ဖြစ်သည်။ အကယ်၍ လူတို့သည် တစ်ဦးကိုတစ်ဦး အားပေးကာ ကူညီလျက် ပုံမှန်လူ့သဘာဝအတွင်းမှ မိတ်သဟာယဖွဲ့နေပါက၊ ဆိုလိုသည်မှာ မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေပါက၊ ၎င်းတို့အကြားရှိ ဆက်ဆံရေးသည် ပိုပိုပြီး ကောင်းမွန်လာလိမ့်မည်။ သို့သော် ၎င်းတို့သည် အပြန်အလှန် တိုက်ခိုက်ခြင်းများနှင့် အငြင်းအခုံများတွင် ပါဝင်နေပါက၊ မိမိတို့၏ ကိုယ်ပိုင်တရားမျှတမှုကို ရှင်းလင်းစွာပြသရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ငြင်းခုံနေကြကာ၊ အစဉ်အမြဲ အသာစီးရလိုပြီး၊ ရှုံးနိမ့်ကြောင်း ဝန်ခံလိုစိတ်မရှိသည့်အပြင် အလျှော့မပေးဘဲ၊ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို လက်မလွှတ်ပါက၊ ၎င်းတို့နှစ်ဦးအကြားရှိ ဆက်ဆံရေးသည် အဆုံးတွင် တိုး၍တင်းမာလာလိမ့်မည်ဖြစ်ပြီး ပိုဆိုးသည်ထက် ဆိုးရွားလာလိမ့်မည်။ ယင်းသည် ပုံမှန်လူအချင်းချင်း ဆက်ဆံရေးတစ်ခု ဖြစ်မည်မဟုတ်သည့်အပြင်၊ ၎င်းတို့ တွေ့ဆုံသည့်အခါတိုင်း မျက်လုံးများ နီသည်အထိပင် ဖြစ်သွားနိုင်သည်။ ထိုအကြောင်းကို စဉ်းစားကြည့်လော့။ ခွေးများ ရန်ဖြစ်သည့်အခါ၊ ကြမ်းတမ်းသောတစ်ကောင်၏ မျက်လုံးများက နီလာတတ်သည်။ ၎င်း၏မျက်လုံးများ နီနေခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းသည် မုန်းတီးခြင်းနှင့် ပြည့်နှက်နေသည် မဟုတ်လော။ ယင်းသည် လူအချင်းချင်း တိုက်ခိုက်ခြင်းနှင့်လည်း အတူတူပင် မဟုတ်လော။ အကယ်၍ လူတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ၊ အချင်းချင်း မတိုက်ခိုက်ဘဲ၊ ထိုအစား တစ်ဦး၏အားသာချက်များကို ယူခြင်းဖြင့် တစ်ဦး၏အားနည်းချက်များကို အပြန်အလှန် ဖြည့်ဆည်းပေးနိုင်ပြီး၊ တစ်ဦးကိုတစ်ဦး အားပေးနိုင်ပါက၊ ၎င်းတို့အကြားရှိ ဆက်ဆံရေးသည် ဆိုးရွားသွားဖို့ ဖြစ်နိုင်မည်လော။ ၎င်းတို့၏ ဆက်ဆံရေးသည် သေချာပေါက် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ လူနှစ်ဦးသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတွင်း၌ စကားပြောခြင်း၊ စကားစမြည်ပြောခြင်း၊ မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် စကားအချေအတင်ပြောခြင်းများပင် ပြုလုပ်သည့်အခါ၊ ၎င်းတို့၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်မည်ဖြစ်ပြီး၊ ၎င်းတို့သည် တွေ့လျှင်တွေ့ချင်း ဒေါသမထွက်မည်မဟုတ်၊ သို့မဟုတ် ရန်ဖြစ်မည်မဟုတ်ပေ။ အကယ်၍ အချင်းချင်းမတွေ့မြင်ရသေးသည့်အခါ၊ အခြားတစ်ဖက်ကို ဖော်ပြရုံမျှသက်သက်ဖြင့် လူတို့တွင် မုန်းတီးခြင်းနှင့် အကြောင်းမဲ့ ဒေါသထွက်ခြင်းတို့ ပေါ်ပေါက်လာပါက၊ ဤသည်မှာ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် ဆင်ခြင်တုံတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်ပေ။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ကြသည်။ ယင်းသည် ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် လုံးဝမသက်ဆိုင်ပေ။ ယင်းမှာ လူတို့သည် သမ္မာတရားကို မချစ်ခင်ခြင်း၊ သမ္မာတရားကို လက်မခံနိုင်ခြင်းနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်သည့်အခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း သို့မဟုတ် စည်းမျဉ်းများအပေါ် အခြေခံ၍ ကိစ္စရပ်များကို မကိုင်တွယ်ခြင်းတို့ကြောင့်သာဖြစ်သည်။ သို့ဖြစ်၍ အသင်းတော်အသက်တာတွင် အချင်းချင်း အားနည်းချက်များကို ဖော်ထုတ်ခြင်း၊ ဝေဖန်ခြင်းများအပြင်၊ အချင်းချင်း တိုက်ခိုက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများက ဖြစ်နေကျဖြစ်သည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကာ ၎င်းတို့သည် မကြာခဏ ဆင်ခြင်တုံတရားကင်းမဲ့သည့် အခြေအနေတွင် ရှိနေပြီး၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အသက်ရှင်နေကြသောကြောင့်၊ သမ္မာတရားအချို့ကို နားလည်လျှင်ပင်၊ ယင်းကို လက်တွေ့လုပ်ဆောင်ရန် ခက်ခဲသည်၊ ၎င်းတို့အကြားတွင် အငြင်းပွားမှုများနှင့် အမျိုးမျိုးသော တိုက်ခိုက်မှုများ အလွယ်တကူ ပေါ်ပေါက်လာလေသည်။ အကယ်၍ ဤတိုက်ခိုက်မှုများသည် ရံဖန်ရံခါ ဖြစ်ပွားပါက၊ ယင်းတို့သည် အသင်းတော်အသက်တာအပေါ် ယာယီသက်ရောက်မှုတစ်ခုသာ ရှိသော်လည်း၊ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်လေ့ရှိသောသူများသည် အသင်းတော်အသက်တာအတွက် ပြင်းထန်သော အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသည့်အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ပြင်းထန်စွာ ထိခိုက်စေပြီး နှောင့်ယှက်ကြသည်။

၃။ စကားစစ်ထိုးခြင်း

အသင်းတော်၌ နောက်ထပ်လူစားမျိုးတစ်ဦးလည်း ရှိသေးသည်။ ဤလူစားမျိုးသည် မိမိကိုယ်ကို အထူးသဖြင့် မှန်ကြောင်းပြချင်သည်။ ဥပမာအားဖြင့်၊ သူသည် မှားယွင်းသော အရာတစ်ခုကို လုပ်ဆောင်မိလျှင် သို့မဟုတ် ပြောဆိုမိလျှင်၊ အခြားသူများက သူ၏အပေါ် မကောင်းသော အမြင်တစ်ခု ရှိသွားမည်ကိုလည်းကောင်း၊ ဤသည်က လူအများစု၏ အမြင်တွင် သူ၏ ပုံရိပ်ကို ထိခိုက်စေမည်ကိုလည်းကောင်း သူစိုးရွံ့သည်။ သို့ဖြစ်၍ သူသည် စုဝေးပွဲများအတွင်းတွင် မိမိကိုယ်ကို မှန်ကန်ကြောင်းပြပြီး ထိုကိစ္စကို ရှင်းပြသည်။ ယင်းကို ရှင်းပြရာတွင် သူ၏ ရည်ရွယ်ချက်မှာ လူတို့အား သူနှင့်ပတ်သက်၍ မကောင်းသော အမြင်တစ်ခု မဖြစ်ပေါ်စေရန် ဖြစ်သည်။ သို့ဖြစ်၍ သူသည် တစ်နေ့လုံး စဉ်းစားတွေးခေါ်လျက် ဤအရာကို များစွာအားထုတ်ပြီး စဉ်းစားလေသည်။ “ဤကိစ္စကို ငါမည်သို့ ရှင်းလင်းအောင် လုပ်နိုင်မည်နည်း။ ထိုလူကို ငါ မည်သို့ ရှင်းလင်းစွာ ရှင်းပြနိုင်မည်နည်း။ ငါနှင့်ပတ်သက်၍ ၎င်းတို့ ဖြစ်ပေါ်ထားသည့် မကောင်းသော အမြင်များကို ငါမည်သို့ ချေပနိုင်မည်နည်း။ ယနေ့၏ စုဝေးပွဲသည် ဤကိစ္စအကြောင်း ပြောဆိုရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်” ဟူ၍ ဖြစ်သည်။ စုဝေးပွဲတွင် သူက၊ “ပြီးခဲ့သည့်တစ်ခေါက်က ကျွန်ုပ်လုပ်ဆောင်ခဲ့သည့်အရာသည် မည်သူ့ကိုမျှ နာကျင်စေရန် သို့မဟုတ် ဖော်ထုတ်ရန် ရည်ရွယ်ခြင်း မဟုတ်ပါ။ ကျွန်ုပ်၏ ရည်ရွယ်ချက်က ကောင်းပါသည်။ လူတို့ကို ကူညီရန် ဖြစ်ပါသည်။ သို့တိုင် အချို့လူများက ကျွန်ုပ်ကို အမြဲ အထင်အမြင်လွဲမှားကြသည်၊ သူတို့က ကျွန်ုပ်ကို အမြဲ ပစ်မှတ်ထားလိုကြပြီး၊ ကျွန်ုပ်က လောဘကြီးကာ ရည်မှန်းချက်ကြီးသည်ဟူ၍လည်းကောင်း၊ ကျွန်ုပ်၏ လူ့သဘာဝက မကောင်းဟူ၍လည်းကောင်း အမြဲ တွေးထင်ကြသည်။ သို့သော် အမှန်တကယ်တွင် ကျွန်ုပ်သည် လုံးဝ ထိုသို့မဟုတ်ပါ၊ ဟုတ်ပါသလော။ ကျွန်ုပ်သည် ထိုသို့သောအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် ပြောဆိုခြင်း မရှိခဲ့ပါ။ တစ်စုံတစ်ဦး မရှိသည့်အခါတွင် သူနှင့်ပတ်သက်၍ ကျွန်ုပ် ပြောဆိုသည့်အခါ၊ ယင်းမှာ ကျွန်ုပ်က ၎င်းတို့အတွက် တမင်တကာ ပြဿနာဖန်တီးနေခြင်းမျိုး မဟုတ်ပါ။ လူတို့က မကောင်းမှုများ ပြုလုပ်ပြီးသည့်အခါ၊ အခြားလူတို့အား ထိုအကြောင်း ပြောဆိုခွင့်မပြုဘဲ မည်သို့ နေနိုင်မည်နည်း” ဟု ပြောဆိုသည်။ သူသည် မိမိကိုယ်ကို မှန်ကန်ကြောင်း ပြခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးလုံးကို များစွာ ပြောဆိုသည့်အပြင်၊ အခြားတစ်ဖက်၏ ပြဿနာအတော်များများကိုလည်း ဖော်ထုတ်သည်၊ ထိုအရာအားလုံးမှာ ထိုကိစ္စမှ မိမိကိုယ်ကို ကင်းကွာစေရန်၊ သူထုတ်ဖော်ခဲ့သည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်ကြောင်း၊ ပြီးလျှင် သူ၌ မလိုမုန်းထားသော ရည်ရွယ်ချက်ရှိဖို့ မဆိုထားနှင့်၊ မကောင်းသော လူ့သဘာဝ သို့မဟုတ် သမ္မာတရားကို မနှစ်သက်မှုပင်မရှိကြောင်း လူတိုင်းကို ယုံကြည်စေရန်အပြင်၊ ထိုအစား သူသည် ရည်ရွယ်ချက်ကောင်းရှိကြောင်း၊ သူ၏ ရည်ရွယ်ချက်ကောင်းများသည် မကြာခဏ အထင်အမြင်လွဲမှားခြင်း ခံရကြောင်းနှင့် အခြားသူများ၏ အထင်အမြင်လွဲမှားမှုများကြောင့် သူ မကြာခဏ ပြစ်တင်ရှုတ်ချခြင်း ခံရကြောင်း ထင်မြင်စေရန် ဖြစ်သည်။ ပွင့်လင်းစွာဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သူ၏ စကားများက နားထောင်သူတို့အား သူသည် အပြစ်ကင်းစင်ကြောင်းနှင့် သူ့ကို မှားယွင်းပြီး မကောင်းပါဟု ထင်မြင်ခဲ့သော လူတို့က ဆိုးယုတ်သောသူများဖြစ်ပြီး သမ္မာတရားကို မချစ်သောသူများဖြစ်ကြောင်း ခံစားရစေသည်။ ဤအရာကို ကြားပြီးနောက်တွင် အခြားတစ်ဖက်က၊ “သင်၏စကားများ၏ ဆိုလိုရင်းမှာ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိကြောင်း ပြောဆိုရန် မဟုတ်လော။ မိမိကိုယ်ကို အထင်ကြီးအောင်လုပ်ရန်သာ မဟုတ်လော။ ဤသည်မှာ မိမိကိုယ်ကို မသိရှိခြင်း၊ သမ္မာတရားကို လက်မခံခြင်း၊ အဖြစ်မှန်များကို လက်မခံခြင်းသာ မဟုတ်လော။ သင်သည် ဤအရာများကို လက်မခံလျှင် ထားလိုက်ပါ။ သို့သော် ကျွန်ုပ်ကို အဘယ်ကြောင့် ပစ်မှတ်ထားသနည်း။ ကျွန်ုပ်သည် သင့်ကို ပစ်မှတ်ထားရန် ရည်ရွယ်ချက်မရှိခဲ့သည့်အပြင် သင့်ကို တိုက်ခိုက်လိုခြင်းလည်း မရှိခဲ့ပါ။ သင်သည် သင်တွေးထင်လိုသည့် မည်သည့်အရာကိုမဆို တွေးထင်နိုင်သည်။ ယင်းက ကျွန်ုပ်နှင့် အဘယ်သို့ သက်ဆိုင်သနည်း” ဟု နားလည်သွားသည်။ သို့ဖြစ်၍ သူသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ၊ “အချို့လူတို့သည် သေးငယ်သော ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အခါ၊ မျှတမှုမရှိသော ဆက်ဆံမှု သို့မဟုတ် နာကျင်မှု အနည်းငယ်ကို ခံစားရသည့်အခါ၊ ၎င်းတို့သည် လက်ခံရန် မလိုလားသည့်အပြင်၊ မိမိတို့ကိုယ်ကို မှန်ကန်ကြောင်း ပြကာ ရှင်းပြလိုကြသည်။ ၎င်းတို့သည် ထိုပြဿနာမှ မိမိတို့ကိုယ်ကို ကင်းကွာစေရန် အမြဲ ကြိုးစားကြသည်၊ ၎င်းတို့သည် မိမိကိုယ်ကို အထင်ကြီးအောင်လုပ်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်ရန် အမြဲ အလိုရှိကြသည်။ ၎င်းတို့သည် ထိုသို့သောလူစားမျိုး မဟုတ်ပေ။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမြင်ကောင်းစေရန်၊ မိမိတို့ကိုယ်ကို စုံလင်သူများဖြစ်စေရန် အဘယ်ကြောင့် ကြိုးစားကြသနည်း။ ထို့အပြင် ကျွန်ုပ်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသာဖြစ်သည်၊ ကျွန်ုပ်သည် မည်သူ့ကိုမျှ ပစ်မှတ်မထားပါ၊ မည်သူ့ကိုမျှ တိုက်ခိုက်ရန် သို့မဟုတ် လက်စားချေရန်လည်း မစဉ်းစားပါ။ လူတို့က ၎င်းတို့အလိုရှိသည့်အတိုင်း တွေးထင်ပါစေ”ဟု ပြောဆိုသည်။ ဤလူနှစ်ဦးသည် သမ္မာတရားကို မိတ်သဟာယဖွဲ့နေခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ တစ်ဖက်က၊ “ကျွန်ုပ်သည် ထိုအရာများကို အသင်းတော်အလုပ်အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သင်မည်သို့ တွေးထင်သည်ကို ကျွန်ုပ် ဂရုမစိုက်ပါ”ဟု ဆိုသည်။ အခြားတစ်ဖက်က၊ “လူပြုမူသောအခါ ကောင်းကင်ဘုံက ကြည့်ရှုနေသည်။ ဘုရားသခင်သည် လူတို့၏ အတွေးများကို သိသည်။ သင့်တွင် ရည်ရွယ်ချက်ကောင်း၊ စွမ်းရည်နှင့် စကားပြောကောင်းခြင်းအချို့ ရှိသည့်အတွက်ကြောင့်လည်းကောင်း၊ သင်က မကောင်းမှုများကို မလုပ်ဆောင်သည့်အတွက်ကြောင့်လည်းကောင်းသက်သက် ဘုရားသခင်က သင့်ကို စိစစ်မည်မဟုတ်ဟု မထင်နှင့်။ သင်၏ အတွေးများကို နက်ရှိုင်းစွာ ဖုံးကွယ်ထားလျှင် ဘုရားသခင်က မြင်နိုင်ခြင်းမရှိဟု မထင်လေနှင့်။ ဘုရားသခင် မဆိုထားနှင့်၊ ညီအစ်ကိုမောင်နှမများအားလုံးက ယင်းတို့ကို မြင်နိုင်သည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံး နက်ရှိုင်းရာကို စိစစ်ကြောင်း သင်မသိသလော”ဟု ဆိုသည်။ ၎င်းတို့နှစ်ဦးသည် အဘယ်အရာနှင့်ပတ်သက်၍ ငြင်းခုံနေကြသနည်း။ တစ်ဖက်က မိမိကိုယ်ကို မှန်ကန်ကြောင်း ပြရန်၊ မိမိကိုယ်ကို အပြစ်မှ ကင်းလွတ်စေရန် အလွန်ကြိုးပမ်းနေပြီး အခြားသူများက သူ၏အပေါ် မကောင်းသော အထင်အမြင်တစ်ခု ရှိသည်ကို မလိုလားပေ။ အခြားတစ်ဖက်ကမူ ထိုလူအား မိမိကိုယ်ကို အကောင်းမြင်ခံရစေဖို့ လုပ်ဆောင်ရန် ခွင့်မပြုဘဲ ထိုအရာကို မရမက လက်လွှတ်ခြင်းမရှိသည့်အပြင်၊ တစ်ချိန်တည်းတွင် ပြစ်တင်ကြိမ်းမောင်းခြင်းများမှတစ်ဆင့် သူ့ကို ဖော်ထုတ်ကာ ပြစ်တင်ရှုတ်ချရန် ရည်ရွယ်လေသည်။ အပေါ်ယံအားဖြင့် ဤနှစ်ဦးသည် အချင်းချင်း တိုက်ရိုက် ကျိန်ဆဲနေကြခြင်း သို့မဟုတ် အချင်းချင်း တိုက်ရိုက် ဖော်ထုတ်နေကြခြင်း မဟုတ်သော်လည်း ၎င်းတို့၏ စကားက ရည်ရွယ်ချက်ရှိသည်။ တစ်ဖက်က အခြားလူအား သူ့ကို အထင်အမြင်မလွဲမှားအောင်တားဆီးရန် ကြိုးစားပြီး သူ၏ နာမည်ကို ရှင်းလင်းပေးရန် တောင်းဆိုစဉ်တွင်၊ အခြားတစ်ဖက်ကမူ ထိုသို့လုပ်ဆောင်ရန် ငြင်းပယ်ပြီး ထိုအစား အခြားသူ၏ အသိအမှတ်ပြုခြင်းကို တောင်းဆိုလျက် မရမက တံဆိပ်တပ်ကာ ပြစ်တင်ရှုတ်ချလေသည်။ ဤစကားစမြည်ပြောဆိုမှုသည် သမ္မာတရားကို ပုံမှန် မိတ်သဟာယဖွဲ့ခြင်းတစ်ခုလော။ (မဟုတ်ပါ။) ယင်းမှာ အသိတရားနှင့် ဆင်ခြင်တုံတရားအပေါ် အခြေခံသည့် စကားပြောဆိုမှုတစ်ခုလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤစကားစမြည်ပြောဆိုမှု၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤစကားစမြည်ပြောဆိုမှုမျိုးသည် အပြန်အလှန် တိုက်ခိုက်ခြင်းတွင် ပါဝင်နေခြင်းလော။ (ဟုတ်ပါသည်။) မိမိကိုယ်ကို မှန်ကန်ကြောင်း ပြနေသူသည် ဘုရားသခင်ထံမှ အမှုအရာများကို သူ မည်သို့ လက်ခံနိုင်ကြောင်း၊ မိမိကိုယ်ကို သိရှိနိုင်ကြောင်းနှင့် လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများကို ရှာဖွေနိုင်ကြောင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့နေခြင်းဖြစ်သလော။ မဟုတ်ပေ။ သူသည် အခြားလူတို့အား မိမိကိုယ်ကို မှန်ကန်ကြောင်း ပြနေခြင်း ဖြစ်သည်။ သူသည် မိမိ၏ အတွေးများ၊ သဘောထားအမြင်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်တို့ကို အခြားသူများအား ရှင်းလင်းအောင် ပြောဆိုလိုသည်။ မိမိကိုယ်ကို အခြားတစ်ဖက်အား ရှင်းပြလိုပြီး အခြားတစ်ဖက်အား သူ၏ နာမည်ကို ရှင်းလင်းပေးစေလိုသည်။ ထို့အပြင်၊ သူသည် သူ့အပေါ် အခြားတစ်ဖက်၏ ဖော်ထုတ်မှုနှင့် ပြစ်တင်ရှုတ်ချမှုကို ငြင်းပယ်လိုပြီး အခြားတစ်ဖက် ပြောဆိုသည့်အရာသည် အဖြစ်မှန်များ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ သူက ယင်းကို အသိအမှတ်မပြုသရွေ့ သို့မဟုတ် လက်ခံရန် မလိုလားသရွေ့၊ အခြားတစ်ဖက် ပြောဆိုသည့်အရာကို မှားယွင်းသည်ဟု သူက ယူဆပြီး ယင်းကို ပြုပြင်လိုသည်။ သို့သော် အခြားတစ်ဖက်ကမူ သူ၏ နာမည်ကို ရှင်းလင်းပေးရန် မလိုလားဘဲ ထိုအစား ၎င်း၏ ပြစ်တင်ရှုတ်ချမှုကို လက်ခံရန် အတင်းအကျပ်ပြုလျက် သူ့ကို ဖော်ထုတ်လေသည်။ တစ်ဦးက လက်ခံရန် မလိုလားဘဲ အခြားတစ်ဦးက သူ့ကို မရမက လက်ခံအောင် လုပ်သည်။ ယင်းက ၎င်းတို့ကြားတွင် တိုက်ခိုက်မှုများဆီသို့ ဦးတည်သွားစေသည်။ ဤသို့သော စကားစစ်ထိုးခြင်း၏ သဘောသဘာဝမှာ အပြန်အလှန် တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤတိုက်ခိုက်မှုမျိုး၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤစကားစမြည်ပြောဆိုမှုသည် အပြန်အလှန်ငြင်းပယ်ခြင်း၊ အပြန်အလှန် မကျေမနပ်ဖြစ်ခြင်းများနှင့် အပြန်အလှန် ပြစ်တင်ရှုတ်ချခြင်းတို့ဖြင့် ထူးခြားသည့် သွင်ပြင်လက္ခဏာကို ဆောင်သည် မဟုတ်လော။ (ဆောင်ပါသည်။) ဤအပြန်အလှန် ဆွေးနွေးခြင်းပုံစံသည် အသင်းတော် အသက်တာတွင်လည်း ဖြစ်ပေါ်သလော။ (ဖြစ်ပေါ်ပါသည်။) ဤစကားစမြည်ပြောဆိုမှုများသည် စကားစစ်ထိုးခြင်းများချည်းသာ ဖြစ်ကြသည်။

ဤအပြန်အလှန်ဆွေးနွေးမှုမျိုးများကို အဘယ်ကြောင့် စကားစစ်ထိုးခြင်းများဟု ခေါ်သနည်း။ (ပါဝင်နေသော လူတို့သည် အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံနေကြသောကြောင့်ဖြစ်သည်။ မည်သူမျှ မိမိတို့ကိုယ်ကို သိရှိရန် မကြိုးစားသည့်အပြင် မည်သူကမျှ မည်သည့်အရာကိုမျှ မရရှိကြပေ။ ၎င်းတို့သည် ထိုကိစ္စနှင့်ပတ်သက်၍င် တစ်စိုက်မတ်မတ် တွေးနေကြပြီး ပြောဆိုဆွေးနွေးခြင်းတို့က အဓိပ္ပာယ်မဲ့လေသည်။) ၎င်းတို့သည် မည်သူက မှန်ကန်သည် သို့မဟုတ် မမှန်ကန်သည်၊ မည်သူက သာလွန်သည် သို့မဟုတ် နိမ့်ကျသည်ဟူသည့်အပေါ် ငြင်းခုံလျက် များစွာ ဆွေးနွေးပြောဆိုပြီး လေကုန်ခံနေကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါမျှ အနိုင်ရသူမရှိဘဲ မရပ်မနား ငြင်းခုံကြပြီး ထို့နောက်တွင် ဆက်လက်၍ ငြင်းခုံကြသည်။ ဤအရာမှ မည်သည့်အရာကို နောက်ဆုံးတွင် ၎င်းတို့ ရရှိကြသနည်း။ ယင်းမှာ သမ္မာတရားကို နားလည်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းလော။ ယင်းမှာ နောင်တရပြီး ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်စွမ်းလော။ ယင်းမှာ ဘုရားသခင်ထံမှ အမှုအရာများကို လက်ခံပြီး မိမိတို့ကိုယ်ကို ပိုမိုသိရှိနိုင်စွမ်းလော။ ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုကိုမျှ မရရှိကြပေ။ ဤအဓိပ္ပာယ်မဲ့သော အငြင်းပွားမှုများနှင့် အမှန်အမှားနှင့်ပတ်သက်သည့် ဤစကားပြောဆိုမှုများသည် စကားစစ်ထိုးမှုများဖြစ်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် စကားစစ်ထိုးခြင်းများဆိုသည်မှာ လုံးဝ အဓိပ္ပာယ်မဲ့သော စကားစမြည်ပြောဆိုမှုများဖြစ်သည်။ ပြောဆိုသည့်အရာတိုင်းမှာ အဓိပ္ပာယ်မရှိသော စကားများသာဖြစ်ကာ၊ စကားတစ်လုံးမျှက အခြားသူများအတွက် တည်ဆောက်စရာမရှိ သို့မဟုတ် အကျိုးမရှိဘဲ၊ ထို့ထက် ပြောဆိုလိုက်သော စကားများအားလုံးသည် နာကျင်စေပြီး လူ့အလိုဆန္ဒ၊ တစ်ဇောက်ကန်းဖြစ်ခြင်း၊ လူတို့၏ စိတ်များနှင့် သာ၍ပင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ထွက်ပေါ်လာခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ပြောဆိုသည့် စကားတိုင်းသည် မိမိကိုယ်ပိုင် အကျိုးစီးပွား၊ မိမိကိုယ်ပိုင် ပုံရိပ်နှင့် ဂုဏ်သတင်းတို့အတွက်သာဖြစ်ပြီး အခြားသူများနှင့်ဆိုင်သည့် တည်ဆောက်ခြင်း သို့မဟုတ် အကူအညီအတွက်မဟုတ်၊ သမ္မာတရား၏ ကဏ္ဍတစ်ခုခုကို မိမိကိုယ်တိုင် နားလည်ခြင်းအတွက် သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းအတွက်လည်း မဟုတ်သည့်အပြင်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ မည်သည့်အရာက ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ထုတ်ခံရသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီခြင်း ရှိမရှိ၊ သို့မဟုတ် မိမိ၏ နားလည်မှု မှန်ကန်ခြင်း ရှိမရှိဟူသည်တို့ကို ဆွေးနွေးခြင်းအတွက်လည်း မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤအဓိပ္ပာယ်မဲ့သော မိမိကိုယ်ကို မှန်ကန်ကြောင်း ပြခြင်းများနှင့် ရှင်းပြချက်များသည် မည်မျှ နှစ်လိုဖွယ်ကောင်းပုံရသည်ဖြစ်စေ၊ ရိုးသားပုံရသည်ဖြစ်စေ သို့မဟုတ် ဘာသာတရားကိုင်းရှိုင်းသည်ဟု ထင်ရသည်ဖြစ်စေ၊ ယင်းတို့အားလုံးသည် စကားစစ်ထိုးခြင်းများဖြစ်ပြီး အပြန်အလှန် တိုက်ခိုက်ခြင်းများနှင့် ဝေဖန်ခြင်းများဖြစ်ကာ အခြားသူများကိုဖြစ်စေ၊ မိမိကိုယ်ကိုဖြစ်စေ အကျိုးမပြုပေ။ ၎င်းတို့သည် အခြားသူများကို နာကျင်စေပြီး လူအချင်းချင်း ပုံမှန်ဆက်ဆံရေးများကို ထိခိုက်စေရုံသာမက မိမိကိုယ်ပိုင် အသက်တာ ကြီးထွားမှုကိုလည်း ဟန့်တားသည်။ တိုတိုပြောရလျှင်၊ အသုံးပြုသည့် ဆင်ခြေများ၊ ရည်ရွယ်ချက်များ၊ သဘောထားများ၊ လေသံများ သို့မဟုတ် အသုံးပြုသည့် နည်းလမ်းများနှင့် နည်းစနစ်များ မည်သို့ပင်ဖြစ်စေ၊ အခြားသူများကို မဆင်မခြင် ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ ပါဝင်နေသရွေ့၊ ဤစကားများ၊ နည်းလမ်းများ စသည်တို့အားလုံးသည် အခြားသူများကို တိုက်ခိုက်ခြင်း အမျိုးအစားအတွင်းတွင် အကျုံးဝင်ပြီး ယင်းတို့အားလုံးသည် စကားစစ်ထိုးခြင်းများ ဖြစ်ကြသည်။ ဤနယ်ပယ်သည် ကျယ်ပြန့်သလော။ (အတော်အတန် ကျယ်ပြန့်ပါသည်။) သို့ဆိုလျှင် သင်တို့သည် လူတို့၏ တိုက်ခိုက်မှုများ၊ ဝေဖန်ခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းများကို ကြုံတွေ့ရသည့်အခါ အခြားသူများကို တိုက်ခိုက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း အပြုအမူများတွင် ပါဝင်ခြင်းမရှိအောင် ရှောင်ကြဉ်နိုင်သလော။ သင်တို့သည် ဤသို့သောအခြေအနေမျိုးများကို ကြုံတွေ့ရသည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်တို့သည် ဆုတောင်းခြင်းမှတစ်ဆင့် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာနေဖို့ လာရမည်။ ထိုအခါ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် အမုန်းတရား ရှိတော့မည်မဟုတ်ပါ။) လူတစ်ဦးသည် နားလည်မှုရှိပြီး ကျိုးကြောင်းဆီလျော်သရွေ့၊ ၎င်းတို့သည် ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို ငြိမ်သက်စေနိုင်ပြီး သူ့ထံ ဆုတောင်းနိုင်ကာ သမ္မာတရားကို လက်ခံနိုင်သရွေ့၊ ၎င်းတို့သည် မိမိတို့၏ ရည်ရွယ်ချက်များနှင့် အလိုဆန္ဒများကို ထိန်းချုပ်နိုင်ပြီး ထို့နောက်တွင် ၎င်းတို့သည် အခြားသူများကို ဝေဖန်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း မပြုသည့် အဆင့်တစ်ခုသို့ ရောက်ရှိနိုင်သည်။ တစ်စုံတစ်ဦး၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်သည် ကိုယ်ရေးကိုယ်တာ အငြိုးကို ဖြေရန် သို့မဟုတ် လက်စားချေရန် မဟုတ်သရွေ့၊ ပြီးလျှင် အခြားတစ်ဖက်ကို တိုက်ခိုက်ရန်မှာ သေချာပေါက် မဟုတ်သည့်အပြင်၊ ထိုအစား ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့် သို့မဟုတ် ယင်းကို အလွန်အပေါ်ယံ နားလည်သောကြောင့် အခြားတစ်ဖက်ကို မရည်ရွယ်ဘဲ နာကျင်စေခြင်းဖြစ်သရွေ့၊ ပြီးလျှင် ၎င်းတို့သည် အတော်အတန် မိုက်မဲပြီး မသိနားမလည်ဖြစ်သောကြောင့် သို့မဟုတ် တစ်ဇွတ်ထိုးလုပ်ခြင်းတို့ကြောင့်ဖြစ်သရွေ့၊ အခြားသူများထံမှ အကူအညီ၊ အားပေးမှုနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ သမ္မာတရားကို နားလည်ပြီးနောက်၊ အခြားသူများအပေါ် ၎င်းတို့၏ ဆန်းစစ်မှုနှင့် အမြင်များကဲ့သို့ပင် ၎င်းတို့၏ စကားသည် ပို၍ မှန်ကန်တိကျလာလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် အခြားလူတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့၏ မမှန်ကန်သော လုပ်ဆောင်ချက်များကို မှန်ကန်စွာ သဘောထားနိုင်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် အခြားသူများအပေါ် ၎င်းတို့၏ တိုက်ခိုက်မှုများနှင့် ဝေဖန်မှုများကို တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်သည်။ သို့သော်လည်း၊ တစ်စုံတစ်ဦးသည် ၎င်းတို့ မနှစ်မြို့သည့်သူ သို့မဟုတ် ၎င်းတို့ကို ယခင်က ပြစ်မှားခဲ့သည့်သူ သို့မဟုတ် ထိခိုက်နစ်နာစေခဲ့သည့်သူ မည်သူ့ကိုမဆို လက်စားချေရန် အခွင့်အရေးများကို ရှာရင်း မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းတွင် အမြဲ အသက်ရှင်နေလျှင်၊ ထိုသို့သော ရည်ရွယ်ချက်များကို အမြဲ ထားရှိပြီး၊ သမ္မာတရားကို လုံးဝမရှာဖွေလျှင် သို့မဟုတ် ဘုရားသခင်ထံ ဆုမတောင်းလျှင် သို့မဟုတ် အားမကိုးလျှင်၊ ၎င်းတို့သည် အခြားသူများကို အချိန်မရွေး၊ နေရာမရွေး တိုက်ခိုက်နိုင်စွမ်းရှိပြီး ဤသည်မှာ ဖြေရှင်းရန် ခက်ခဲပေသည်။ အခြားသူများကို မရည်ရွယ်ဘဲ တိုက်ခိုက်ခြင်းသည် ဖြေရှင်းရန် လွယ်ကူသော်လည်း၊ တမင်တကာနှင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းမှာမူ ဖြေရှင်းရန် မလွယ်ကူပေ။ အကယ်၍ လူတစ်ဦးသည် အခြားသူများကို ရံဖန်ရံခါနှင့် မရည်ရွယ်ဘဲ တိုက်ခိုက်ပြီး ဝေဖန်လျှင်၊ အခြားလူတို့က ၎င်းတို့ကို အားပေးကူညီရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် မိမိတို့၏ လမ်းကြောင်းကို ပြောင်းပြန်လှန်နိုင်မည် ဖြစ်သည်။ သို့သော်လည်း၊ တစ်စုံတစ်ဦးသည် လက်စားချေရန်နှင့် ကိုယ်ရေးကိုယ်တာ အငြိုးကို ထုတ်ဖော်ရန် စဉ်ဆက်မပြတ် ကြိုးစားလျှင်၊ အခြားသူများကို ညှဉ်းဆဲရန် သို့မဟုတ် နှိမ်ရန် အမြဲ အလိုရှိပြီး၊ လူအားလုံး ခံစားနိုင်ကာ မြင်နိုင်သည့် ရည်ရွယ်ချက်များဖြင့် အခြားသူများကို တိုက်ခိုက်လျှင်၊ ထိုသို့သော အပြုအမူသည် အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်လုပ်ခြင်းတစ်ခုနှင့် နှောင့်ယှက်မှုတစ်ခု ဖြစ်လာသည်။ ယင်းသည် တမင်တကာ ပြုလုပ်သော အဖျက်အမှောင့်နှင့် နှောင့်ယှက်မှုကို လုံးဝ ဖြစ်စေသည်။ ထို့ကြောင့်၊ အခြားသူများကို တိုက်ခိုက်ခြင်းနှင့်ဆိုင်သည့် ဤစိတ်သဘောထားရှိခြင်းသည် ပြောင်းလဲရန် ခက်ခဲသည်။

ယခုတွင်၊ အခြားသူများကို တိုက်ခိုက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဟူသည့် ပြဿနာကို မည်သို့ ဖြေရှင်းသင့်သည်ကို သင်တို့ နားလည်ပြီလော။ နည်းလမ်းတစ်ခုတည်းသာ ရှိသည်၊ ဘုရားသခင်ထံ ဆုတောင်းပြီး အားကိုးရမည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့၏ အမုန်းတရားက တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။ အဓိကအားဖြင့် အခြားသူများကို တိုက်ခိုက်နိုင်သည့် လူစားနှစ်မျိုး ရှိသည်။ တစ်မျိုးမှာ မစဉ်းစားဘဲ ပြောဆိုတတ်သူများ၊ ပွင့်ပွင့်လင်းလင်းနှင့် တဲ့တိုးပြောတတ်သူများဖြစ်ပြီး လူတို့ကို မနှစ်မြို့စရာဟု မြင်သည့်အခါတိုင်း နာကျင်စေသော စကားအချို့ကို ပြောဆိုကောင်း ပြောဆိုနိုင်သူများ ဖြစ်သည်။ သို့သော် အချိန်အများစုတွင် ၎င်းတို့သည် လူတို့ကို တမင်တကာ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ မတိုက်ခိုက်ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မချုပ်တည်းနိုင်ခြင်းသာဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထားသာဖြစ်ပြီး ၎င်းတို့သည် အခြားလူတို့အပေါ် အမှုမဲ့အမှတ်မဲ့ တိုက်ခိုက်မှုများကို ပြုလုပ်မိကြသည်။ အကယ်၍ ၎င်းတို့ကို ပြုပြင်လျှင် လက်ခံနိုင်သည်။ သို့ဖြစ်၍ ဤသူတို့သည် ဆိုးယုတ်သောလူများ မဟုတ်ကြသည့်အပြင်၊ ရှင်းလင်းပစ်ခြင်းခံရမည့် ပစ်မှတ်များလည်း မဟုတ်ကြပေ။ သို့သော် ဆိုးယုတ်သောလူများသည် ဆုံးမပဲ့ပြင်ခြင်းကို လက်မခံဘဲ၊ ၎င်းတို့သည် အသင်းတော်အသက်တာကို အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို မကြာခဏ ဖြစ်စေသည်။ ၎င်းတို့သည် အခြားသူများကို မကြာခဏ တိုက်ခိုက်သည်၊ ဝေဖန်သည်၊ ထိုးနှက်တိုက်ခိုက်သည်၊ လက်စားချေပြီး သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံကြပေ။ ၎င်းတို့သည် ဆိုးယုတ်သောလူများဖြစ်ကြပြီး၊ အသင်းတော်က ကိုင်တွယ်ဖြေရှင်းကာ ရှင်းလင်းပစ်ရန် လိုအပ်သည့်သူများ ဖြစ်ကြသည်။ ၎င်းတို့ကို အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းပြီး ရှင်းလင်းပစ်ရန် လိုအပ်သနည်း။ ၎င်းတို့၏ သဘာဝအနှစ်သာရမှ အကဲဖြတ်သည့်အခါ၊ အခြားသူများကို တိုက်ခိုက်သည့် ၎င်းတို့၏ အပြုအမူသည် မရည်ရွယ်ဘဲ ဖြစ်ခြင်းမဟုတ်ဘဲ တမင်တကာ ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့၌ မလိုမုန်းထားသော လူ့သဘာဝရှိသောကြောင့်ဖြစ်သည်။ မည်သူမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် ဝေဖန်ခြင်း မပြုနိုင်ပေ။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့ကို အနည်းငယ် မတော်တဆ နာကျင်စေသည့် တစ်စုံတစ်ရာကို ပြောဆိုမိလျှင် ၎င်းတို့သည် လက်စားချေရန် အခွင့်အရေးများကို ရှာဖွေဖို့ တွေးလိမ့်မည်။ သို့ဖြစ်၍ ထိုသို့သောလူများသည် အခြားသူတို့အပေါ် တိုက်ခိုက်မှုများကို ပြုလုပ်နိုင်စွမ်းရှိသည်။ ဤသည်မှာ အသင်းတော်က ကိုင်တွယ်ဖြေရှင်းပြီး ရှင်းလင်းပစ်ရန် လိုအပ်သည့် လူစားတစ်မျိုး ဖြစ်သည်။ အပြန်အလှန် တိုက်ခိုက်ခြင်းများနှင့် စကားစစ်ထိုးခြင်းများတွင် ပါဝင်သည့် မည်သူမဆို၊ ၎င်းတို့ မည်သည့်ဘက်မှ ဖြစ်စေ၊ တက်ကြွစွာ သို့မဟုတ် မလှုပ်မယှက် တိုက်ခိုက်နေသည်ဖြစ်စေ၊ ၎င်းတို့သည် ဤသို့သော တိုက်ခိုက်မှုမျိုးများတွင် ပါဝင်နေသရွေ့၊ ၎င်းတို့သည် အနည်းငယ်မျှသော စိတ်မကျေနပ်မှုဖြင့်ပင် အခြားသူများကို ဒုက္ခပေးမည့် ဆိုးယုတ်သူတစ်ဦး၊ အန္တရာယ်ပေးတတ်သော ရည်ရွယ်ချက်များရှိသည့် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။ ထိုသို့သောလူများသည် အသင်းတော်အသက်တာကို ဆိုးရွားသော အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသည်။ ၎င်းတို့သည် အသင်းတော်အတွင်းရှိ ဆိုးယုတ်သောလူစားတစ်မျိုး ဖြစ်သည်။ သိပ်မဆိုးရွားသည့် ကိစ္စများကို သီးသန့်ခွဲထားပြီး မိမိကိုယ်ကို ပြန်လည်ဆန်းစစ်စေခြင်းဖြင့် ကိုင်တွယ်ဖြေရှင်း၍ရသည်။ ပိုမိုဆိုးရွားသည့် ကိစ္စများတွင်မူ၊ အဆိုပါလူကို ရှင်းလင်းဖယ်ရှားခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုရမည်။ ဤသည်မှာ ဤကိစ္စကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ရန် လိုအပ်သည့် စည်းမျဉ်းဖြစ်သည်။

ဤမိတ်သဟာယမှတစ်ဆင့်၊ အခြားသူများကို တိုက်ခိုက်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သင်တို့ ယခု နားလည်ပြီလော။ သင်တို့ ထိုအရာကို ပိုင်းခြားသိမြင်နိုင်သလော။ တိုက်ခိုက်ခြင်းက အဘယ်အရာဖြစ်သည်ကို ငါ အဓိပ္ပာယ်ဖွင့်ဆိုပြီးနောက်၊ အချို့လူများက၊ “အခြားသူများကို တိုက်ခိုက်ခြင်းနှင့်ဆိုင်သည့် ဤမျှ ကျယ်ပြန့်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့်၊ နောင်တွင် မည်သူက စကားပြောဝံ့မည်နည်း။ ကျွန်ုပ်တို့ လူသားများထဲမှ မည်သူမျှ သမ္မာတရားကို နားမလည်ကြပါ။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ ပါးစပ်ကို ဟလိုက်ရုံမျှဖြင့် အခြားသူများကို တိုက်ခိုက်မိလိမ့်မည်ဖြစ်သည်။ ယင်းမှာ ဆိုးရွားလှသည်။ နောင်တွင်၊ ကျွန်ုပ်တို့သည် အခြားသူများကို တိုက်ခိုက်မိခြင်းမှ ရှောင်ရှားရန် နံနက်ခင်းတွင် နိုးထသည့်အချိန်မှစ၍ ကျွန်ုပ်တို့၏ ပါးစပ်များကို ပိတ်ထားပြီး မဆင်မခြင် မပြောဆိုဘဲ အစားအစာ စားပြီး ရေသောက်ကာ နှုတ်ဆိတ်နေသင့်သည်။ ယင်းမှာ အလွန် ကောင်းမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ နေ့ရက်များက ပို၍ များစွာ အေးချမ်းပေမည်” ဟု စဉ်းစားကြသည်။ ဤသို့သော တွေးခေါ်ပုံသည် မှန်ကန်သလော။ ပါးစပ်ကို ပိတ်ထားခြင်းသည် ပြဿနာကို မဖြေရှင်းနိုင်ပေ။ အခြားသူများကို တိုက်ခိုက်ခြင်းဟူသည့် ကိစ္စ၏အနှစ်သာရမှာ လူတစ်ဦး၏ စိတ်နှလုံးနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။ ယင်းသည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး၊ လူတစ်ဦး၏ ပါးစပ်နှင့်ဆိုင်သော ပြဿနာမဟုတ်ပေ။ လူတို့ ပါးစပ်ဖြင့် ပြောဆိုသည့်အရာကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့၏ အတွေးများက အုပ်စိုးသည်။ အကယ်၍ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ပြေလည်သွားကာ သမ္မာတရားအချို့ကို ၎င်းတို့ အမှန်တကယ် နားလည်ပြီး၊ ၎င်းတို့၏ စကားသည်လည်း စည်းကမ်းရှိပြီး ချင့်ချင့်ချိန်ချိန် ဖြစ်လာလျှင်၊ ၎င်းတို့ အခြားသူများကို တိုက်ခိုက်ခြင်းဟူသည့် ကိစ္စသည် တစ်စိတ်တစ်ပိုင်း ပြေလည်ပြီးဖြစ်လိမ့်မည်။ အသင်းတော်အသက်တာအတွင်းတွင်၊ လူတို့သည် ပုံမှန် လူအချင်းချင်းဆက်ဆံရေးများ ရှိရန်နှင့် အပြန်အလှန် တိုက်ခိုက်ခြင်းများ သို့မဟုတ် စကားစစ်ထိုးခြင်းများတွင် မပါဝင်ရန်အတွက်၊ ၎င်းတို့သည် ဘုရားသခင်၏ လမ်းညွှန်မှုကို တောင်းလျှောက်လျက် ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းရန် မကြာခဏ လာရောက်ဖို့ လိုအပ်ပြီး၊ တရားမျှတခြင်းကို ဆာလောင်မွတ်သိပ်သော ဘုရားတရား ကိုင်းရှိုင်းသည့် စိတ်နှလုံးများဖြင့် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာနေရန် လိုအပ်သည်။ ထိုနည်းအားဖြင့်၊ တစ်စုံတစ်ဦးက သင့်ကို မထင်မှတ်ဘဲ နာကျင်စေသည့် တစ်စုံတစ်ရာကို ပြောဆိုသည့်အခါ၊ မိမိကိုယ်ကို ခုခံကာကွယ်ပြီး မှန်ကန်ကြောင်း သက်သေပြရန်မှာ မဆိုထားနှင့်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်နိုင်သည်၊ သင်သည် ၎င်းတို့အပေါ် အညှိုးအတေးထားမည်မဟုတ်သည့်အပြင် သင်သည် အခြားလူနှင့် ငြင်းခုံလိုမည်မဟုတ်ပေ။ ထိုအစား သင်သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံမည်၊ သင့်ကိုယ်သင် သိရှိရန် အခွင့်အရေးကောင်းတစ်ခု ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်မည်ဖြစ်ပြီး အခြားသူများ၏ စကားများမှတစ်ဆင့် သင်၌ ထိုသို့သော ပြဿနာ ရှိနေသေးကြောင်းကို သင့်အား သတိပြုမိစေရန် ခွင့်ပြုသည့်အတွက်လည်း သူ့ကို ကျေးဇူးတင်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ သင့်ကိုယ်သင် သိရှိရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ပြီး ဘုရားသခင်ထံမှ သင် လက်ခံသင့်သည်။ သင့်ကို နာကျင်စေခဲ့သူအပေါ် သင် အငြိုးအတေး မထားသင့်ပေ။ သင်၏ အမှားများကို မထင်မှတ်ဘဲ ထုတ်ဖော်ခဲ့သည့် သို့မဟုတ် သင်၏ အားနည်းချက်များကို ဖော်ထုတ်ခဲ့သည့်သူအပေါ် စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းကိုလည်း မခံစားရသင့်ပေ။ ၎င်းတို့ကို တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ရှောင်ကြဉ်ခြင်း သို့မဟုတ် ၎င်းတို့ကို လက်စားချေရန် နည်းလမ်းအမျိုးမျိုး အသုံးပြုခြင်းလည်း မပြုသင့်ပေ။ ဤချဉ်းကပ်နည်းများထဲမှ တစ်ခုမျှ ဘုရားသခင်ကို ကျေနပ်အားရစေခြင်း မရှိ။ ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းရန် မကြာခဏ လာလော့၊ ပြီးလျှင် သင်၏စိတ်နှလုံး ငြိမ်သက်စေပြီးနောက်၊ အခြားလူတို့က သင့်ကို မရည်ရွယ်ဘဲ နာကျင်စေသည့်အခါ သင်သည် ယင်းကို မှန်ကန်စွာ သဘောထားနိုင်လိမ့်မည်။ သင်သည် ၎င်းတို့ကို သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြသနိုင်လိမ့်မည်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက သင့်ကို တမင်တကာ နာကျင်စေလျှင်၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် ယင်းကို မည်သို့ ချဉ်းကပ်မည်နည်း။ တဇောက်ကန်းဖြစ်ခြင်းဖြင့် ၎င်းတို့နှင့် ငြင်းခုံမည်လော သို့မဟုတ် ဘုရားသခင်ရှေ့မှောက်တွင် သင့်ကိုယ်သင် ငြိမ်သက်စေပြီး သမ္မာတရားကို ရှာဖွေမည်လော။ ငါပြောစရာမလိုဘဲ၊ မည်သည့် ဝင်ရောက်ခြင်းနည်းလမ်းက မှန်ကန်သော ရွေးချယ်မှုဖြစ်သည်ကို သင်တို့အားလုံး ရှင်းလင်းစွာ သိကြသည်မှာ အမှန်ပင်ဖြစ်၏။

အသင်းတော်အသက်တာ၌ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့ကို လူ့ခွန်အား၊ လူ၏ မိမိကိုယ်ကိုချုပ်တည်းမှုနှင့် လူ့စိတ်ရှည်မှုတို့ကို အားကိုးခြင်းဖြင့် ရှောင်ရှားရန်မှာ အလွန်ခက်ခဲလှသည်။ သင်၏ လူ့သဘာဝ မည်မျှပင် ကောင်းမွန်နေပါစေ၊ သင်သည် မည်မျှပင် နူးညံ့သိမ်မွေ့ပြီး ကြင်နာပါစေ၊ သို့မဟုတ် မည်မျှပင် စိတ်သဘောထားကြီးမြတ်ပါစေ၊ သင်၏ ဂုဏ်သိက္ခာ၊ တည်ကြည်မှု စသည်တို့ကို ထိခိုက်စေသည့် လူအချို့ သို့မဟုတ် အမှုအရာအချို့ကို သင် ကြုံတွေ့ရမည်မှာ မလွဲဧကန်ဖြစ်သည်။ ဤသို့သောကိစ္စရပ်များကို မည်သို့ကိုင်တွယ်ရန်နှင့် မည်သို့သဘောထားရန် သင်၏စိတ်ထဲတွင် စည်းမျဉ်းတစ်ခု ရှိသင့်သည်။ ဤကိစ္စရပ်များကို သင်သည် တဇောက်ကန်းဖြစ်ခြင်းဖြင့် ချဉ်းကပ်ပါက အလွန်လွယ်ကူသည်။ ၎င်းတို့က သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်စိတစ်လုံးအတွက် မျက်စိတစ်လုံး တုံ့ပြန်လျက်၊ ၎င်းတို့ သင့်အပေါ် ပစ်ပေါက်သည့် မည်သည့်အရာကိုမဆို ထိုနည်းလမ်းများဖြင့်ပင် ၎င်းတို့ထံ ပြန်ပေးလျက်၊ သူက သင့်ကို ကျိန်ဆဲပြီး သင်ကလည်း ၎င်းတို့ကို ကျိန်ဆဲသည်၊ ၎င်းတို့က သင့်ကို တိုက်ခိုက်ပြီး သင်ကလည်း ၎င်းတို့ကို တိုက်ခိုက်ကာ သင်၏ ဂုဏ်၊ တည်ကြည်မှုနှင့် သိက္ခာတို့ကို သင် ကာကွယ်လေသည်။ ဤသည်မှာ စွမ်းဆောင်ရန် အလွန် လွယ်ကူသည်။ သို့သော် ဤနည်းလမ်းသည် သင့်လျော်ခြင်းရှိမရှိ၊ သင်နှင့် အခြားသူများ နှစ်ဦးစလုံးအတွက် အကျိုးရှိမရှိနှင့် ဘုရားသခင်အတွက် နှစ်သက်စရာဖြစ်မဖြစ်ဟူသည်တို့ကို သင်၏ စိတ်နှလုံးထဲ၌ သင် စဉ်းစားချင့်ချိန်ကြည့်သင့်သည်။ လူတို့သည် ဤကိစ္စ၏ အနှစ်သာရကို နားလည်ခြင်းမရှိသေးသည့်အခါတွင် ၎င်းတို့၏ လက်ငင်း အတွေးများမှာ “သူက ငါ့ကို သနားကြင်နာမှု မပြပါ။ သို့ဖြစ်၍ ငါက သူ့ကို အဘယ်ကြောင့် သနားကြင်နာမှု တစ်ခုခု ပြရမည်နည်း။ သူက ငါ့ကို မည်သည့်မေတ္တာမျှ မပြပါ။ သို့ဖြစ်၍ ငါက သူ့ကို မေတ္တာဖြင့် အဘယ်ကြောင့် ဆက်ဆံရမည်နည်း။ သူက ငါ့အပေါ် စိတ်ရှည်ခြင်းမရှိသည့်အပြင် ငါ့ကို မကူညီပါ။ သို့ဖြစ်၍ ငါက သူ့အပေါ် အဘယ်ကြောင့် စိတ်ရှည်ရမည်နည်း၊ သို့မဟုတ် ကူညီရမည်နည်း။ သူက ငါ့အပေါ် မကြင်နာတတ်ပါ။ သို့ဖြစ်၍ ငါက သူ့အပေါ် မတရားလုပ်မည်။ ငါသည် သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်စိတစ်လုံးအတွက် မျက်စိတစ်လုံး အဘယ်ကြောင့် မတုံ့ပြန်နိုင်ရမည်နည်း” ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ လူတို့၏ စိတ်ထဲသို့ ဝင်လာသည့် ပထမဆုံးသော အတွေးများ ဖြစ်သည်။ သို့သော် သင်သည် ထိုသို့သောနည်းလမ်းဖြင့် အမှန်တကယ် ပြုမူသည့်အခါ သင်၏စိတ်ထဲ၌ အေးချမ်းသလော သို့မဟုတ် စိတ်မသက်မသာဖြစ်ပြီး စိတ်ဆင်းရဲခြင်း ရှိသလော။ သင်သည် ဤအရာကို အမှန်တကယ် ရွေးချယ်သည့်အခါ အဘယ်အရာကို သင် အကျိုးရသနည်း။ သင် အဘယ်အရာကို ရရှိသနည်း။ ၎င်းတို့သည် ဤနည်းလမ်းဖြင့် အမှန်တကယ် ပြုမူသည့်အခါ စိတ်ထဲ၌ မသင်မသာဖြစ်သည်ဟု လူများစွာတို့ တွေ့ကြုံခဲ့ပြီးဖြစ်သည်။ လူအများစုအတွက်မူ ဘုရားသခင်ကို အကြွေးတင်နေသည်ဟု ခံစားချက်ကြောင့် ဖြစ်ပေါ်လာသော မသက်မသာဖြစ်ခြင်း မဆိုထားနှင့်၊ ယင်းမှာ လိပ်ပြာမလုံခြင်းကိစ္စ မဟုတ်ပေ။ လူတို့၌ ထိုသို့သော ဝိညာဉ်ရင့်ကျက်မှု မပိုင်ဆိုင်ကြပေ။ ၎င်းတို့ထဲတွင် ဤစိတ်မသက်မသာဖြစ်ခြင်းကို မည်သည့်အရာက ဖြစ်စေသနည်း။ ယင်းမှာ လူတို့၏ မုန်းတီးခြင်း၊ ၎င်းတို့ စော်ကားခံရသည့်အခါ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုအပေါ် စိန်ခေါ်ခြင်းအပြင် ၎င်းတို့ ခံစားရသော နာကျင်မှုနှင့် နှုတ်ဖြင့် ရန်စခံရပြီးနောက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖြစ်ပေါ်လာသော ဒေါသအမျက်၊ မုန်းတီးမှု၊ အာခံလိုစိတ်နှင့် မခံမရပ်နိုင်ဖြစ်ခြင်းတို့မှ အရင်းခံပြီး ဤအရာအားလုံးက လူတို့ကို စိတ်မသက်မသာဖြစ်စေသည်။ ဤစိတ်မသက်မသာဖြစ်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ထိုသို့ခံစားရပြီးနောက် ချက်ချင်းပင်၊ သင်သည် ထိုသူကို ကိုင်တွယ်ရန် အသုံးအနှုန်းအား မည်သို့အသုံးပြုရမည်ကိုလည်းကောင်း၊ ၎င်းတို့ကို ဖြုတ်ချရန် တရားဝင်ပြီး ကျိုးကြောင်းဆီလျော်သော နည်းလမ်းများအား မည်သို့အသုံးပြုရမည်ကိုလည်းကောင်း၊ သင်၌ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုရှိပြီး အနိုင်ကျင့်ရန် မလွယ်ကူကြောင်း ၎င်းတို့အား မည်သို့ပြသရမည်ကိုလည်းကောင်း စတင်စဉ်းစားဆင်ခြင်လိမ့်မည်။ သင် စိတ်မသက်မသာဖြစ်သည့်အခါ၊ သင်၌ မုန်းတီးမှု ဖြစ်ပေါ်လာသည့်အခါ သင်စဉ်းစားသည့်အရာက ထိုသူအပေါ် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းကို ပြသခြင်း၊ သို့မဟုတ် ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံခြင်း သို့မဟုတ် အခြား အပြုသဘောဆောင်သော အရာများအကြောင်းမဟုတ်ဘဲ ထိုအစား မနာလိုခြင်း၊ စက်ဆုပ်ခြင်း၊ ရွံမုန်းခြင်း၊ ရန်ငြိုးထားခြင်း၊ မုန်းတီးခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကဲ့သို့သော အပျက်သဘောဆောင်သည့်အရာများ အားလုံးဖြစ်ပြီး၊ သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့ကို မရေမတွက်နိုင်သော အကြိမ်များစွာ ကျိန်ဆဲသည်အထိ ဖြစ်ကာ၊ မည်သည့်အချိန်တွင်ဖြစ်စေ၊ သင် စားနေစဉ် သို့မဟုတ် အိပ်နေစဉ်တွင်ပင်၊ ၎င်းတို့အား မည်သို့ လက်တုံ့ပြန်ရမည်ကို သင် စဉ်းစားပြီး၊ ၎င်းတို့က သင့်ကို တိုက်ခိုက်လျှင် သို့မဟုတ် ပြစ်တင်ရှုတ်ချလျှင် သင်သည် ၎င်းတို့အား မည်သို့ ကိုင်တွယ်မည်ဟူသည်နှင့် ထိုသို့သော အခြေအနေများကို မည်သို့ ကိုင်တွယ်မည် စသည်တို့ကို စိတ်ကူးလေသည်။ သင်သည် တစ်ဖက်လူကို မည်သို့ ဖြုတ်ချရမည်ကိုလည်းကောင်း၊ သင်၏ နာကြည်းမှုနှင့် မုန်းတီးမှုအား မည်သို့ ထုတ်ဖော်ရမည်ကိုလည်းကောင်း၊ တစ်ဖက်လူကို သင့်အား အလျှော့ပေးစေပြီး ကြောက်ရွံ့စေကာ သင့်ကို နောက်တစ်ကြိမ် မရန်စဝံ့စေရန်ကိုလည်းကောင်း တစ်နေ့လုံး အချိန်ကုန်ခံ၍ သင် စဉ်းစားသုံးသပ်သည်။ တစ်ဖက်လူအား သင်ခန်းစာတစ်ခု မည်သို့ပေးရမည်ကိုလည်းကောင်း၊ သင် မည်မျှ အာဏာရှိကြောင်း ၎င်းတို့အား သိစေရန်ကိုလည်းကောင်း သင် မကြာခဏ စဉ်းစားသည်။ ထိုသို့သော အတွေးများ ဖြစ်ပေါ်လာသည့်အခါ၊ စိတ်ကူးထားသော ဇာတ်လမ်းဇာတ်ကွက်များ သင်၏ စိတ်ထဲတွင် အကြိမ်ကြိမ် ပေါ်လာသည့်အခါ၊ ထိုအရာများက သင့်ကို ဖြစ်စေသည့် အနှောင့်အယှက်နှင့် အကျိုးဆက်များက တိုင်းတာ၍မရနိုင်ပေ။ သင်သည် စကားစစ်ထိုးခြင်းနှင့် အပြန်အလှန် တိုက်ခိုက်ခြင်း အခြေအနေထဲသို့ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် အကျိုးဆက်များမှာ အဘယ်နည်း။ ထိုအခါ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာနေရန် လွယ်ကူသလော။ ယင်းက သင်၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူတစ်ဦးအပေါ် ကိစ္စရပ်များကို ကိုင်တွယ်ရန် မှားယွင်းသော နည်းလမ်းကို ရွေးချယ်ခြင်းခြင်း၏ သက်ရောက်မှု ဖြစ်သည်။ အကယ်၍ သင်သည် မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်ပါက၊ တစ်စုံတစ်ဦးက သင်၏ ပုံရိပ် သို့မဟုတ် မာနကို ထိခိုက်စေသည့်နည်းလမ်းဖြင့် သို့မဟုတ် သင်၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို စော်ကားသည့်နည်းလမ်းဖြင့် ပြောဆိုသည့်အခါ၊ သင်သည် သည်းခံရန် ရွေးချယ်နိုင်သည်။ သင်သည် အသုံးအနှုန်း တစ်ခုတလေကို အသုံးပြုလျက် ၎င်းတို့နှင့် အငြင်းအခုံပြုလုပ်မည်မဟုတ်၊ သို့မဟုတ် သင်ကိုယ်တိုင်၌ မုန်းတီးမှုကို ဖြစ်ပေါ်စေလျက် တမင်တကာ မိမိကိုယ်ကို မှန်ကန်ကြောင်း ပြပြီး တစ်ဖက်သားကို ချေပကာ တိုက်ခိုက်မည်မဟုတ်ပေ။ သည်းခံခြင်း၏ အနှစ်သာရနှင့် အရေးပါမှုမှာ အဘယ်နည်း။ သင်က၊ “သူပြောခဲ့သည့် အရာအချို့က အချက်အလက်များနှင့် မကိုက်ညီသော်လည်း လူတိုင်းက သမ္မာတရားကို နားလည်ကာ ကယ်တင်ခြင်း မရမီတွင် ထိုသို့ပင် ဖြစ်သည်။ ကျွန်ုပ်လည်း တစ်ချိန်က ဤသို့ပင် ဖြစ်သည်။ ယခုတွင် သမ္မာတရားကို ကျွန်ုပ် နားလည်သွားပြီဖြစ်သဖြင့်၊ အမှားအမှန်ကို အငြင်းအခုံလုပ်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းနှင့်ဆိုင်သည့် အတွေးအခေါ်ကို တွေးခြင်းတို့နှင့်ဆိုင်သည့် ဘာသာတရားမရှိသူများ၏ လမ်းကြောင်းကို ကျွန်ုပ် မလိုက်လျှောက်ပါ။ ကျွန်ုပ်က သည်းခံခြင်းနှင့် အခြားသူများအား မေတ္တာဖြင့် ဆက်ဆံခြင်းကို ရွေးချယ်သည်။ သူပြောခဲ့သည့် အရာအချို့သည် အဖြစ်မှန်များနှင့် မကိုက်ညီသော်လည်း ကျွန်ုပ် အာရုံမစိုက်ပါ။ ကျွန်ုပ် အသိအမှတ်ပြုနိုင်ပြီး နားလည်သဘောပေါက်နိုင်သည့်အရာကို ကျွန်ုပ် လက်ခံပါသည်။ ကျွန်ုပ်က ယင်းကို ဘုရားသခင်ထံမှ လက်ခံပြီး ကိုယ်တော်၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် ယူဆောင်လာသည်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတွေကို ထုတ်ဖော်ပြဖို့ ပတ်ဝန်းကျင်များကို ချမှတ်ပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ အနှစ်သာရကို သိခွင့်ပေးပြီး ဤပြဿနာများကို စတင်ကိုင်တွယ်ဖြေရှင်းဖို့၊ တဖြည်းဖြည်းချင်း ကျော်လွှားဖို့နှင့် သမ္မာတရား လက်တွေ့ကျမှုထဲကို ဝင်ရောက်ဖို့ အခွင့်အရေးတစ်ခု ရရှိစေပါသည်။ ကျွန်ုပ်ကို မိမိ၏ စကားများဖြင့် မည်သူက ထိခိုက်စေသနည်း။ သူတို့ပြောသည့် စကားများသည် မှန်သလော၊ မမှန်သလော သို့မဟုတ် သူတို့၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ဟူသည်တို့နှင့် ပတ်သက်၍မူ တစ်ဖက်တွင် ကျွန်ုပ်သည် ပိုင်းခြားသိမြင်မှုကို လက်တွေ့လုပ်ဆောင်ပြီး နောက်တစ်ဖက်တွင် သူတို့ကို သည်းခံပါသည်”ဟု ဆိုသည်။ အကယ်၍ ဤသူသည် သမ္မာတရားကို လက်ခံသောသူတစ်ဦးဖြစ်ပါက သင်သည် အေးချမ်းစွာ သူနှင့် ထိုင်၍ မိတ်သဟာယဖွဲ့နိုင်သည်။ အကယ်၍ သူ ထိုသို့ မဟုတ်ပါက၊ သူသည် ဆိုးယုတ်သောလူတစ်ဦးဖြစ်ပါက သူ့ကို အာရုံမစိုက်နှင့်။ သူ့အနေဖြင့် လုံလောက်သည့်အတိုင်းအတာအထိ သရုပ်ဆောင်ပြီးသည်အထိလည်းကောင်း၊ ညီအစ်ကိုမောင်နှမများအားလုံးက သူ့ကို စေ့စေ့စပ်စပ် ပိုင်းခြားသိမြင်သည်အထိလည်းကောင်း၊ သင်လည်း ပိုင်းခြားသိမြင်သည်အထိလည်းကောင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက သူ့ကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်တော့မည်ဖြစ်သည်အထိလည်းကောင်း စောင့်ဆိုင်းလော့။ ထိုအချိန်သည် ဘုရားသခင်က သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်ကျသည့်အချိန်ဖြစ်ပြီး၊ အမှန်ပင် သင်သည်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်သည်ဟု ခံစားရလိမ့်မည်။ သို့သော် သင်ရွေးချယ်သင့်သည့် လမ်းကြောင်းမှာ ဆိုးယုတ်သောလူများနှင့် စကားစစ်ထိုးပွဲများတွင် ပါဝင်ရန် သို့မဟုတ် ၎င်းတို့နှင့် အငြင်းအခုံပြုလုပ်ပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်း ပြရန် လုံးဝမဟုတ်ပေ။ ထိုအစား တစ်ခုတလေ ဖြစ်ပျက်သည့်အခါတိုင်းတွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ သင့်ကို ထိခိုက်စေခဲ့သောလူများကို ကိုင်တွယ်ခြင်းဖြစ်စေ၊ သင့်ကို မထိခိုက်စေဘဲ သင့်အတွက် အကျိုးရှိသောသူများကို ကိုင်တွယ်ခြင်းဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများက အတူတူပင် ဖြစ်သင့်သည်။ သင်သည် ဤလမ်းကြောင်းကို ရွေးချယ်သည့်အခါ သင်၏စိတ်နှလုံးထဲ၌ မုန်းတီးမှုတစ်ခုတလေ ရှိလိမ့်မည်လော။ အနည်းငယ် မသက်မသာဖြစ်ခြင်း ရှိကောင်းရှိနိုင်သည်။ မိမိတို့၏ ဂုဏ်သိက္ခာ ထိခိုက်သည့်အခါ မည်သူက မသက်မသာ မခံစားရဘဲ နေမည်နည်း။ အကယ်၍ တစ်စုံတစ်ဦးက မသက်မသာ မခံစားရဟု အခိုင်အမာဆိုပါက ယင်းမှာ အလိမ်အညာတစ်ခုဖြစ်မည်၊ လှည့်ဖြားခြင်းဖြစ်မည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် ဤအခက်အခဲကို ခံနိုင်ရည်ရှိပြီး ခံစားနိုင်သည်။ သင်သည် ဤလမ်းကြောင်းကို ရွေးချယ်သည့်အခါ၊ ဘုရားသခင်ရှေ့မှောက်သို့ နောက်တစ်ကြိမ် လာသည့်အခါ လိပ်ပြာလုံလိမ့်မည်။ သင်၏လိပ်ပြာ အဘယ်ကြောင့် လုံမည်နည်း။ အကြောင်းမှာ သင်၏စကားများသည် တဇောက်ကန်းဖြစ်ခြင်းမှ အရင်းမခံကြောင်း၊ သင်သည် သင်၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများအတွက် အခြားသူများနှင့် မျက်နှာရဲသည်ထိ အငြင်းအခုံပြုလုပ်ခြင်း မရှိကြောင်း၊ ထိုအစား သမ္မာတရားကို နားလည်သဘောပေါက်ခြင်း အခြေခံအုတ်မြစ်ကို အခြေခံ၍ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ပြီး သင်၏ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းကြောင်း သင်၏စိတ်နှလုံးထဲ၌ ရှင်းလင်းစွာ သိသောကြောင့် ဖြစ်သည်။ သင်ရွေးချယ်ပြီးသော လမ်းကြောင်းသည် ဘုရားသခင်က ညွှန်ကြားသည့်လမ်းကြောင်း၊ ဘုရားသခင်က တောင်းဆိုသည့်လမ်းကြောင်းဖြစ်သည်ကို သင်၏ စိတ်နှလုံးထဲ၌ လုံးဝ ရှင်းလင်းစွာ သိလိမ့်မည်ဖြစ်ရာ သင်သည် စိတ်ထဲ၌ အထူးသဖြင့် စိတ်အေးချမ်းသည်ဟု ခံစားရလိမ့်မည်။ သင်၌ ထိုသို့သော စိတ်အေးချမ်းခြင်းရှိသည့်အခါ၊ သင်နှင့် အခြားသူများကြားရှိ မုန်းတီးမှုနှင့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးများသည် သင့်ကို နှောင့်ယှက်မည်လော။ (နှောင့်ယှက်မည်မဟုတ်ပါ။) သင်သည် အမှန်တကယ် လက်လွှတ်ပြီး အပြုသဘောဆောင်သော လမ်းကြောင်းကို လိုလိုလားလား ရွေးချယ်သည့်အခါ၊ သင်၏စိတ်နှလုံးသည် ငြိမ်သက်ပြီး အေးချမ်းလိမ့်မည်ဖြစ်ကာ ထိုသို့ဖြင့် နာကြည်းမှု၊ မုန်းတီးမှုနှင့် ထိုမုန်းတီးမှုမှ ဖြစ်ပေါ်လာသော လက်တုံ့ပြန်လိုသည့် စိတ်နေစိတ်ထားနှင့် အကြံအစည်များအပြင် တဇောက်ကန်းဖြစ်ခြင်းနှင့်ဆိုင်သော အခြားအရာများက သင့်ကို နောက်ထပ် နှောင့်ယှက်တော့မည် မဟုတ်ပေ။ သင်ရွေးချယ်ပြီးသော လမ်းကြောင်းက သင့်အား အေးချမ်းမှုနှင့် တည်ငြိမ်သော စိတ်နှလုံးကို ဆောင်ကြဉ်းပေးလိမ့်မည်။ တဇောက်ကန်းဖြစ်ခြင်းနှင့်ဆိုင်သော ထိုအရာများက သင့်ကို နောက်ထပ် နှောင့်ယှက်နိုင်တော့မည် မဟုတ်ပေ။ ထိုအရာများက သင့်ကို နောက်ထပ် မနှောင့်ယှက်နိုင်တော့သည့်အခါ၊ ၎င်းတို့၏ စကားများဖြင့် သင့်ကို ထိခိုက်စေသောသူတို့ကို တိုက်ခိုက်ရန် သို့မဟုတ် ၎င်းတို့နှင့် စကားစစ်ထိုးရန် နည်းလမ်းများကို သင် စဉ်းစားနေဦးမည်လော။ စဉ်းစားတော့မည် မဟုတ်ပေ။ ရံဖန်ရံခါတွင် သင်၏ တဇောက်ကန်းဖြစ်ခြင်း၊ စိတ်လိုက်မာန်ပါဖြစ်ခြင်းနှင့် နာကြည်းမှုတို့သည် သင်၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုကြောင့် သို့မဟုတ် အချို့သော အထူး နောက်ခံအခြေအနေများကြောင့် ဖြစ်ပေါ်လာလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဤအရာများက သင်၏စိတ်နှလုံးကို နှောင့်ယှက်ခြင်းမရှိအောင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်၏ စိတ်ပိုင်းဖြတ်မှု၊ သန္နိဋ္ဌာန်နှင့် ဆန္ဒတို့က တားဆီးပေးလိမ့်မည်။ ဆိုလိုသည်မှာ ဤအရာများက သင့်ကို မနှောင့်ယှက်နိုင်ပေ။ သင့်အနေဖြင့် “သူက ငါ့ကို စဉ်ဆက်မပြတ် အခက်တွေ့အောင် လုပ်နေသည်။ တစ်နေ့နေ့တွင် သူ့ကို ငါ စကားပြောရမည်။ ပြီးလျှင် သူ အဘယ်ကြောင့် ငါ့ကို အမြဲတမ်း ပစ်မှတ်ထားပြီး အမြဲတမ်း အခက်အခဲဖြစ်အောင် လုပ်နေရသနည်းဟူသည်ကို မေးရမည်။ သူသည် အဘယ်ကြောင့် ငါ့ကို အမြဲ အထင်သေးပြီး စော်ကားနေရသည်ကို ငါမေးသင့်သည်”ဟု တွေးခြင်းကဲ့သို့သော တဇောက်ကန်းဖြစ်ခြင်းခြင်းများ ပေါက်ကွဲထွက်နေနိုင်သေးသည်။ သင်သည် တစ်ခါတစ်ရံ ဤသို့သော အတွေးများ ရှိကောင်းရှိနိုင်သည်။ သို့သော် နောက်ထပ် အနည်းငယ် စဉ်းစားပြီးနောက်၊ ၎င်းတို့က မှားယွင်းကြောင်းနှင့် ထိုနည်းလမ်းအတိုင်း ပြုမူခြင်းသည် ဘုရားသခင်ကို နှစ်သက်စေမည်မဟုတ်ကြောင်းကို သင် သဘောပေါက်လိမ့်မည်။ ထိုသို့သော အတွေးများ ဖြစ်ပေါ်လာသည့်အခါ၊ သင်သည် ဤအခြေအနေကို ပြောင်းပြန်လှန်ရန် ဘုရားသခင်ရှေ့မှောက်သို့ လျင်မြန်စွာ ပြန်လာလိမ့်မည်ဖြစ်ရာ ဤမှားယွင်းသော အတွေးများက သင့်ကို လွှမ်းမိုးတော့မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ အချို့သော အပြုသဘောဆောင်သည့်အရာများဖြစ်သည့် မိမိကိုယ်ကို သိခြင်းအပြင် ဘုရားသခင်က သင့်အား ပေးသည့် ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းအချို့ကဲ့သို့သော အရာများက သင်၏အတွင်း၌ စတင်ပေါ်ထွက်လာလိမ့်မည်ဖြစ်ပြီး၊ ယင်းက သင့်အား လူတို့ကို ပိုင်းခြားသိမြင်စေပြီး ကိစ္စရပ်များကို ထွင်းဖောက်မြင်နိုင်စေလိမ့်မည်ဖြစ်ကာ သင် သတိမထားမိလိုက်ဘဲ၊ ဤအပြုသဘောဆောင်သည့်အရာများက သင့်အား ပိုမိုများပြားသော သမ္မာတရားလက်တွေ့ကျမှုကို နားလည်စေကာ ဝင်ရောက်စေလိမ့်မည်။ ဤအချိန်တွင်၊ သင်၏ ခုခံကာကွယ်မှု၊ ဆိုလိုသည်မှာ မုန်းတီးမှု၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ကို ခုခံကာကွယ်ပေးသည့် “ပဋိပစ္စည်းများ” သည် ပို၍ပို၍ အားကောင်းလာလိမ့်မည်ဖြစ်ပြီး၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည်လည်း တစ်နေ့တခြား ကြီးမားလာလိမ့်မည်။ တဇောက်ကန်းဖြစ်ခြင်းနှင့်ဆိုင်သော ထိုအရာများက သင့်ကို နောက်ထပ် ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ သင်သည် ရံဖန်ရံခါ အချို့သော မမှန်ကန်သည့် အတွေးများ၊ စိတ်ကူးများနှင့် စိတ်လိုက်မာန်ပါဖြစ်ခြင်းများ ရှိကောင်းရှိနိုင်သော်လည်း၊ ဤအရာများက လျင်မြန်စွာ ပျောက်ကွယ်သွားလိမ့်မည်။ ၎င်းတို့ကို သင်၏ အတိုက်အခံလုပ်ခြင်းနှင့် ဝိညာဉ်ရင့်ကျက်မှုတို့က ဖယ်ရှားပြီး ပယ်ဖျက်ပေးလိမ့်မည်။ ဤအချိန်တွင်၊ အပြုသဘောဆောင်သည့်အရာများ၊ သမ္မာတရား၏ လက်တွေ့ကျမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏အတွင်း၌ လွှမ်းမိုးလိမ့်မည်။ ဤအပြုသဘောဆောင်သည့်အရာများက လွှမ်းမိုးသည့်အခါ၊ သင်သည် ပြင်ပမှ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ လွှမ်းမိုးမှုကို နောက်ထပ် ခံရတော့မည် မဟုတ်ပေ။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ကြီးထွားလာလိမ့်မည်။ သင်၏ အခြေအနေသည် တိုး၍ပုံမှန်ဖြစ်လာမည်ဖြစ်ပြီး၊ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကာ ရက်စက်သော သံသရာလည်ပတ်မှု လားရာအတိုင်း ဖွံ့ဖြိုးတိုးတက်တော့မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏ ဝိညာဉ်ရင့်ကျက်မှုက အဆက်မပြတ် ကြီးထွားလာလိမ့်မည်။

သင်သည် အသင်းတော်၌ရှိသည့်အခါ သို့မဟုတ် လူတစ်စုကြားတွင် ရှိသည့်အခါ၊ သင်၏ ဂုဏ်သိက္ခာနှင့် သင်၏ တည်ကြည်မှုကို ထိခိုက်စေသည့် တစ်ကိုယ်ရေ တိုက်ခိုက်မှုများကို သင် ကြုံတွေ့ရသည့်အခါ သင်သည် သည်းခံပြီး စိတ်ရှည်ရန်နှင့် မှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်ပါက သင့်အတွက် အကျိုးရှိပေသည်။ သင်သည် ဤအကျိုးကျေးဇူးကို မြင်နိုင်ကောင်း မမြင်နိုင်သော်လည်း၊ သင်သည် ဤသို့သော ဖြစ်ရပ်မျိုးကို တွေ့ကြုံရသည့်အခါ၊ လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် လူတို့အား သူပေးသည့်လမ်းကြောင်းသည် တောက်ပသော လမ်းမတစ်ခုနှင့် စစ်မှန်၍ အသက်ရှင်သော လမ်းခရီးဖြစ်ကြောင်း၊ ယင်းတို့သည် လူတို့ကို သမ္မာတရား ရရှိစေပြီး အကျိုးပြုကြောင်းနှင့် အဓိပ္ပာယ်အရှိဆုံးသော လမ်းခရီးဖြစ်ကြောင်း သင် သတိမထားမိဘဲ ရှာဖွေတွေ့ရှိလိမ့်မည်။ သင်သည် လူတစ်စုကြားတွင် ရှိသည့်အခါ၊ အထူးသဖြင့် သင်သည် အသင်းတော်အသက်တာ၌ ရှိသည့်အခါ၊ အမျိုးမျိုးသော စုံစမ်းသွေးဆောင်ခြင်းများနှင့် မြှူဆွယ်ခြင်းများကို သင် ကျော်လွှားနိုင်သည်။ တစ်စုံတစ်ဦးက သင့်ကို မသမာသောစိတ်ဖြင့် တိုက်ခိုက်ပြီး ထိခိုက်စေသည့်အခါ သို့မဟုတ် သင့်အပေါ် တမင်တကာ လက်စားချေရန်နှင့် သင့်အပေါ် ၎င်းတို့၏ မုန်းတီးမှုကို ထုတ်ဖော်ရန် ကြိုးစားသည့်အခါ၊ သင်သည် ဤအရာကို ချဉ်းကပ်ကာ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ရန်မှာ အလွန်အရေးကြီးသည်။ ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မုန်းတီးသောကြောင့်၊ လူတို့အား သူတို့ကြုံတွေ့ရသည့်အရာများကို တဇောက်ကန်းဖြစ်ခြင်းဖြင့် မချဉ်းကပ်ဘဲ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာနေပြီး သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်နှင့်၊ ထို့နောက်တွင် လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များက အမှန်တကယ် အဘယ်အရာဖြစ်သည်ကို နားလည်လာရန် သူ ပြောသည်။ လူသားစိတ်ရှည်မှုက အကန့်အသတ်ရှိသည်။ သို့သော် လူတစ်ဦးက သမ္မာတရားကို နားလည်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်ရှည်မှုအတွက် စည်းမျဉ်းများ ရှိလိမ့်မည်ဖြစ်ပြီး၊ ယင်းသည် ထိုသူအနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် စေ့ဆော်သော အင်အားစုတစ်ခုနှင့် အထောက်အကူတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ သို့သော် အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို မချစ်မြတ်နိုးလျှင်၊ အမှားအမှန်ကို အငြင်းအခုံပြုလုပ်ခြင်းနှင့် အခြားသူများကို တိုက်ခိုက်ခြင်းအား နှစ်သက်ပြီး၊ ၎င်းတို့၏ တဇောက်ကန်းဖြစ်ခြင်းအတွင်း၌ အသက်ရှင်လေ့ရှိပါက၊ ထိုသူတို့ တိုက်ခိုက်ခံရသည့်အခါ၊ ၎င်းတို့သည် စကားစစ်ထိုးခြင်းနှင့် အပြန်အလှန် တိုက်ခိုက်ခြင်းတို့တွင် ပါဝင်ရန် အလားအလာရှိလိမ့်မည်။ ဤအရာသည် မည်သူ့ကိုမျှ တည်ဆောက်စရာ သို့မဟုတ် အကူအညီ မပေးဘဲ၊ ပါဝင်သူတိုင်းကို ထိခိုက်စေသည်။ မည်သူမဆို အပြန်အလှန်တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သည့်အခါတိုင်း၊ နောက်ပိုင်းတွင် ၎င်းတို့သည် မေးပန်းနွမ်းနယ်သွားကြသည်၊ အလွန့်အလွန် ပင်ပန်းသွားပြီး နှစ်ဖက်လုံးက ထိခိုက်ဒဏ်ရာရကြလေသည်။ ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝ မရရှိနိုင်သည့်အပြင်၊ အဆုံးတွင် မည်သည့်အရာကိုမျှ မရရှိပေ။ ကျန်ရှိသည့်အရာမှာ မုန်းတီးမှုနှင့် အခွင့်အရေးရသည့်အခါ လက်စားချေမည့် ရည်ရွယ်ချက်တို့သာ ဖြစ်သည်။ ဤသည်မှာ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့က လူတို့အပေါ် နောက်ဆုံး၌ ဆောင်ကြဉ်းပေးသည့် မကောင်းသော ရလဒ်ဖြစ်သည်။

ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းဟူသော အကြောင်းအရာအတွက်၊ သင်တို့သည် ယခု ပိုင်းခြားသိမြင်ခြင်း၏ စည်းမျဉ်းများကို နားလည်ကြပြီလော။ မည်သည့်အခြေအနေများက အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့အား ဖြစ်စေသည်ကို သင်တို့ ခွဲခြားနိုင်ပြီလော။ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့သည် လူအုပ်စုများကြားတွင် မကြာခဏ ဖြစ်ပွားပြီး မကြာခဏ တွေ့မြင်နိုင်သည်။ အပြန်အလှန် တိုက်ခိုက်ခြင်းများတွင် လက်စားချေရန်၊ တန်ပြန်တိုက်ခိုက်ရန်၊ ကိုယ်ရေးကိုယ်တာ အငြိုးကို ထုတ်ဖော်ရန် စသည်တို့နှင့်ဆိုင်သည့် ရည်မှန်းချက်နှင့်အတူ၊ အဓိကအားဖြင့် ၎င်းတို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရန်၊ ဝေဖန်ရန်၊ ပြစ်တင်ရှုတ်ချရန်နှင့်၊ ၎င်းတို့ကို ကျိန်ဆဲရန်အတွက် တစ်စုံတစ်ဦး၏ ကိစ္စရပ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း ပါဝင်သည်။ မည်သို့ပင်ဖြစ်စေ၊ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအကြောင်း မဟုတ်သည့်အပြင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းလည်း မဟုတ်ပေ။ ပြီးလျှင် ယင်းတို့သည် သဘောညီညွှတ်သော ပူးပေါင်းဆောင်ရွက်ခြင်း၏ သရုပ်သကန်တစ်ခုလည်း သေချာပေါက် မဟုတ်ပေ။ ထိုအစား တဇောက်ကန်းဖြစ်ခြင်းနှင့် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် လူတို့ကို လက်တုံ့ပြန်ခြင်းနှင့် ထိုးနှက်တိုက်ခိုက်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို နားလည်ရန်အလို့ငှာ အငြင်းအခုံပြုလုပ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရန် လုံးဝမဟုတ်ပေ။ ထို့ထက်၊ ရည်ရွယ်ချက်မှာ မိမိ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ရည်မှန်းချက်များ၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် သွေးသား နှစ်သက်မှုများကို ဖြည့်ဆည်းရန် ဖြစ်သည်။ သိသာထင်ရှားစွာပင်၊ အပြန်အလှန် တိုက်ခိုက်ခြင်းသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအကြောင်း မဟုတ်သည့်အပြင်၊ ယင်းတို့သည် လူတို့ကို မေတ္တာဖြင့် ကူညီခြင်းနှင့် ဆက်ဆံခြင်းအကြောင်းလည်း သေချာပေါက် မဟုတ်ပေ။ ထိုအစား လူတို့ကို ညှဉ်းဆဲရန်၊ ကစားရန်နှင့် လှည့်စားရန်အတွက် စာတန်၏ ဗျူဟာများနှင့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ အသက်ရှင်ပြီး သမ္မာတရားကို နားမလည်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မရွေးချယ်ပါက၊ ထိုသို့သော ထောင်ချောက်များနှင့် စမ်းသပ်ခြင်းများအပြင်၊ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်း တိုက်ပွဲများအတွင်း၌ ကျော့မိရန် အလွန်လွယ်ကူသည်။ ၎င်းတို့သည် အမှုအရာတစ်ခုအပေါ်တွင်သာ နှစ်ဖက်လုံး ရှုံးသည့်အခြေအနေရောက်သည်အထိ၊ အချင်းချင်း သာလွန်ဖို့အတွက် နှစ်ချီ တိုက်ခိုက်ရင်း၊ စကားလုံးတစ်လုံး၊ စကားစုတစ်ခု သို့မဟုတ် အကြည့်တစ်ချက်အတွက် မျက်နှာရဲသည်ထိ ငြင်းခုံကာ အစဉ်အမြဲ ဆက်ကာ၊ ဆက်ကာ ငြင်းခုံကြလေသည်။၎င်းတို့ တွေ့ဆုံသည်နှင့်တစ်ပြိုင်နက်၊ အဆုံးမရှိ အငြင်းအခုံပြုလုပ်ကြပြီး၊ အချို့မှာ ကွန်ပျူတာ စကားပြောအုပ်စုများတွင်ပင် အချင်းချင်း တိုက်ခိုက်၊ ကျိန်ဆဲပြီး ပြစ်တင်ရှုတ်ချကြသည်။ ဤမုန်းတီးမှုသည် ပြင်းထန်လိုက်လေခြင်းပါတကား။ ၎င်းတို့သည် စုဝေးပွဲများအတောအတွင်းတွင် အချင်းချင်း လုံလောက်အောင် မကျိန်ဆဲရသေးပေ။ ၎င်းတို့၏ မုန်းတီးမှုကို မဖြေလျှော့ရသေးပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိခြင်း မရှိသေးသည့်အပြင်၊ အိမ်ပြန်သွားပြီးနောက်၊ ထိုအကြောင်းကို ၎င်းတို့ ပို၍စဉ်းစားလေ၊ ပို၍ဒေါသထွက်လာလေဖြစ်ကာ၊ ထိုနေရာတွင် အချင်းချင်း ဆက်လက်ကျိန်ဆဲကြသည်။ ဤသည်မှာ မည်သည့် စိတ်ဓာတ်မျိုး ဖြစ်သနည်း။ ယင်းသည် မြှင့်တင်ထိုက်သလော၊ အားပေးထောက်ခံထိုက်သလော။ (မထိုက်တန်ပါ။) ဤသည်မှာ မည်သည့် “မကြောက်မရွံ့သော စိတ်ဓာတ်” မျိုးဖြစ်သနည်း။ ဤသည်မှာ မည်သည့်အရာကိုမျှ မကြောက်သော စိတ်ဓာတ်ဖြစ်သည်။ ထင်ရာစိုင်းသော စိတ်ဓာတ်ဖြစ်သည်။ လူကို စာတန်က ဖောက်ပြန်ပျက်စီးစေခြင်း၏ အကျိုးဆက်တစ်ခု ဖြစ်သည်။ ထိုသို့သော အပြုအမူများနှင့် လုပ်ဆောင်ချက်များသည် ဤပုဂ္ဂိုလ်များ၏ အသက်ဝင်ရောက်မှုအတွက် သိသာထင်ရှားသော အနှောင့်အယှက်များနှင့် ဆုံးရှုံးမှုများ ဖြစ်စေပြီး၊ ၎င်းတို့သည် အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်များနှင့် အနှောင့်အယှက်များကိုလည်း ဖြစ်စေသည်။ ထို့ကြောင့်၊ ဤအခြေအနေများကို ရင်ဆိုင်ရသည့်အခါ၊ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူနှစ်ဦးက အပြန်အလှန် တိုက်ခိုက်နေပြီး စကားစစ်ထိုးနေကာ အဆုံးထိ တိုက်ခိုက်ရန် ကျိန်ဆိုနေသည်ကို တွေ့ရှိပါက၊ ၎င်းတို့ကို လျင်မြန်စွာ ဖယ်ထုတ်ပစ်ရမည်ဖြစ်ပြီး၊ ၎င်းတို့ကို သည်းမခံရသည့်အပြင်၊ ၎ သေချာပေါက် အလိုမလိုက်ရပေ။ ၎င်းတို့သည် အခြားညီအစ်ကိုမောင်နှမများကို ကာကွယ်ရမည်ဖြစ်ပြီး ပုံမှန်အသင်းတော်အသက်တာကို ထိန်းသိမ်းရမည်ဖြစ်ကာ၊ စုဝေးပွဲတိုင်းက ရလဒ်များရရှိကြောင်း သေချာစေရမည်ဖြစ်သည့်အပြင်၊ ထိုသို့သော ပုဂ္ဂိုလ်များကို ဘုရားနှုတ်ကပတ်တော်များအား ဖတ်ရှုရန်နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရမည့် ညီအစ်ကို မောင်နှမများ၏ အချိန်ကို သိမ်းပိုက်ခွင့်၊ ပုံမှန်အသင်းတော်အသက်တာကို နှောင့်ယှက်ခွင့် မပြုရပေ။ စုဝေးပွဲများအတွင်း ၎င်းတို့ အပြန်အလှန် တိုက်ခိုက်နေပြီး စကားစစ်ထိုးနေသည်ကို တွေ့ရှိပါက၊ ဤအရာကို ချက်ချင်း တားဆီးပြီး ဖြေရှင်းရမည်။ ယင်းကို ကန့်သတ်၍မရနိုင်ပါက၊ ဤလူတို့ကို စုဝေးပွဲတစ်ခုမှတစ်ဆင့် ချက်ချင်း ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရမည်ဖြစ်ကာ ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်။ အသင်းတော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် နေရာဖြစ်သည်။ ယင်းသည် အပြန်အလှန် တိုက်ခိုက်ရန် သို့မဟုတ် ကိုယ်ရေးကိုယ်တာ အငြိုးကို ထုတ်ဖော်ရန် စကားစစ်ထိုးရသည့် နေရာမဟုတ်ပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်စေလျက် အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်သည့်သူမည်သူမဆိုကို ရှင်းလင်းပစ်ရမည်။ အသင်းတော်သည် ထိုသို့သောလူများကို မကြိုဆိုပေ။ ယင်းသည် နတ်ဆိုးများထံမှ အနှောင့်အယှက်များကိုဖြစ်စေ ဆိုးယုတ်သောလူများ ရှိနေခြင်းကိုဖြစ်စေ ခွင့်မပြုပေ။ ဤလူများကို ရှင်းလင်းပစ်လော့၊ ပြီးလျှင် ပြဿနာ ပြေလည်သွားလိမ့်မည်။

အသင်းတော်၌ အချို့လူများက အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်နေသည်ကို တွေ့ရှိပါက၊ ၎င်းတို့၏ ဆင်ခြေများနှင့် အကြောင်းပြချက်များ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့ ဆွေးနွေးမှု၏ အဓိကအချက်က မည်သို့ပင်ဖြစ်စေ၊ ယင်းသည် လူတိုင်း ဂရုစိုက်သည့်အရာဖြစ်စေ ဂရုမစိုက်သည့်အရာဖြစ်စေ၊ အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်ပေါ်နေသရွေ့၊ ဤကိစ္စရပ်ကို ချက်ချင်း၊ ချုပ်တည်းထားခြင်းမရှိဘဲ ဖြေရှင်းရမည်။ ပါဝင်သူတို့ကို တားဆီးရန် သို့မဟုတ် ကန့်သတ်ရန် မဖြစ်နိုင်ပါက၊ ရှင်းလင်းပစ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုသို့သောအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ အဓိက စည်းမျဉ်းမှာ သင့်အနေဖြင့် ဤလူတို့၏ မကောင်းသော အပြုအမူကို သည်းခံခြင်းဖြင့် အားပေးအားမြှောက်ပြုရန် သို့မဟုတ် ၎င်းတို့ကို အလျှော့ပေးလိုက်လျောရန် မဟုတ်သည့်အပြင်၊ ဤလူတို့အတွက် အမှားအမှန်ကို တရားစီရင်ပေးသည့် “ဖြောင့်မတ်သော အရာရှိ” တစ်ဦးအဖြစ် သင် ပြုမူရန်လည်း မဟုတ်ပေ။ မည်သူက မှန်သည်၊ မည်သူက မှားသည်၊ မည်သူက အမှန်ဘက်တွင်ရှိသည်၊ မည်သူက မရှိသည်ဟူသည်တို့ကို ကြည့်ရှုခြင်း၊ မည်သူက မှားသည်၊ မည်သူက မှန်သည်ကို ရှင်းလင်းစွာ ခွဲခြားပြီးနောက်၊ နှစ်ဖက်စလုံးအတွက် တန်းတူ အပြစ်ဒဏ်ခွဲဝေပေးခြင်း၊ သို့မဟုတ် သင် အပြစ်ရှိသည်ဟု ယူဆသည့်သူကို အပြစ်ပေးပြီး အခြားတစ်ယောက်ကို ဆုချခြင်း၊ ဤသည်မှာ ပြဿနာကို ဖြေရှင်းသည့်နည်းလမ်း မဟုတ်ပေ။ ဤကိစ္စရပ်ကို ကိုင်တွယ်ရာတွင်၊ သင်သည် ယင်းကို ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများနှင့် တိုင်းတာပြီး တရားစီရင်ရန် မဆိုထားနှင့်၊ ဥပဒေနှင့် တိုင်းတာရန်ပင် မဟုတ်ဘဲ၊ ထိုအစား သင်သည် ယင်းကို အသင်းတော်၏ အလုပ်နှင့်ဆိုင်သော စည်းမျဉ်းများနှင့်အညီ တိုင်းတာပြီး ကိုင်တွယ်ရန် ဖြစ်သည်။ အပြန်အလှန် တိုက်ခိုက်မှုတွင် ပါဝင်သည့် နှစ်ဖက်စလုံးနှင့်ပတ်သက်၍၊ ၎င်းတို့သည် အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို ဖြစ်စေသရွေ့၊ အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဖြစ်ပျက်ခဲ့သည့်အရာကို နှစ်ဖက်လုံးက ပြန်ပြောသည်ကို ဂရုတစိုက် နားထောင်ခြင်း၊ ၎င်းတို့၏ အကြောင်းပြချက်များနှင့် ဆင်ခြေတစ်ခုစီတိုင်းအကြောင်း ပြောဆိုသည်ကို နားထောင်ခြင်း၊ တစ်ဖက်လူကို တိုက်ခိုက်ပြီး စကားစစ်ထိုးခြင်းအဖြစ်သို့ ရောက်ရှိခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် အရင်းခံအကြောင်းတရားကို နားထောင်ခြင်းထက်၊ ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန်၊ သို့မဟုတ် ၎င်းတို့ကို သီးသန့်ခွဲထားရန် သို့မဟုတ် ရှင်းလင်းပစ်ရန် ယင်းကို မိမိတို့၏ မလွှဲမရှောင်သာသော တာဝန်အဖြစ် မှတ်ယူသင့်သည်။ ၎င်းတို့သည် ဖြစ်ကြောင်းကုန်စင် နားလည်ရန် မဟုတ်ဘဲ၊ ထိုအစား ပြဿနာကို ဖြေရှင်းရန်၊ အသင်းတော်အသက်တာအတွက် ဤအဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို ဖယ်ရှားရန်နှင့် ၎င်းတို့ကို ဖြစ်စေခဲ့သောသူတို့ကို ကိုင်တွယ်ရန် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အခြေအနေကို ဖြစ်သလို၊ ရောရောယောင်ယောင် လုပ်ပြီး “အလယ်အလတ်လမ်းစဉ်”ကို ကျင့်သုံးသည်၊ အပြန်အလှန် တိုက်ခိုက်မှုတွင် ပါဝင်သည့်လူနှစ်ဦးလုံးအပေါ် ပြေလည်ရေးမူဝါဒကို ချမှတ်သည်၊ ၎င်းတို့ကို အသင်းတော်အသက်တာအား အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို လက်လွတ်စပယ် ဖြစ်စေခွင့်ပြုပြီး ဝင်ရောက်မစွက်ဖက်ဘဲ သို့မဟုတ် မကိုင်တွယ်ဘဲ၊ ဤလူတို့ကို ဆက်လက် အလိုလိုက်နေသည်ဆိုပါစို့။ ၎င်းတို့သည် အကြိမ်တိုင်းတွင် ၎င်းတို့ကို အားပေးတိုက်တွန်းပြီး အကြံပေးရုံပေးကာ ပြဿနာကို စေ့စေ့စပ်စပ် ဖြေရှင်းနိုင်ခြင်း မရှိပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်များတွင် ပျက်ကွက်ခြင်းဖြစ်သည်။ အကယ်၍ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သည့်လူများ၏ ပြဿနာသည် အသင်းတော်အသက်တာအတွက် ပြင်းထန်သော အနှောင့်အယှက်များနှင့် ပျက်စီးမှုများကို ဖြစ်စေကာ၊ ထိုသို့ဖြင့် လူအများစုတွင် နာကြည်းမှုနှင့် စက်ဆုပ်မှုကို ဖြစ်ပေါ်စေလျက် အသင်းတော်၌ ပေါ်ပေါက်လာပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် အသင်းတော်ကို သန့်စင်ခြင်းအတွက် စည်းမျဉ်းများနှင့်အညီ နှစ်ဖက်စလုံးကို အဆက်အသွယ်ဖြတ်ထားခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းဖြင့် လျင်မြန်စွာ ပြုမူရမည်။ ၎င်းတို့သည် ပါဝင်သူတို့အတွက် အမှုကို တရားစီရင်ပေးသည့်၊ ဤကိုယ်ရေးကိုယ်တာ ငြင်းခုံမှုများနှင့်စပ်လျဉ်း၍ တရားစီရင်ချက်များ ချမှတ်ပေးသည့် “ဖြောင့်မတ်သော အရာရှိများ” အဖြစ် မပြုမူသင့်ပေ။ မည်သူ မှန်သည်၊ မည်သူ မှားသည်၊ မည်သူက မှန်ကန်သည်၊ မည်သူက မှန်ကန်ခြင်းမရှိဟူသည်တို့ကို ကြည့်ရှုရန် ဤလူတို့ အော်ဂလီဆန်စရာကောင်းပြီး ရှည်လျားသော အဓိပ္ပာယ်မဲ့စကားများ ပြောသည်ကို ဂရုတစိုက် မနားထောင်သင့်ပေ။ ပြီးလျှင် ဤအရာများကို ဝေဖန်အကဲဖြတ်ပြီးနောက်၊ လူအများစု၏ စိတ်နှလုံးထဲ၌ စက်ဆုပ်မှုနှင့် ရွံမုန်းမှုကို ပိုမိုသိုမှီးထားစေလျက်၊ ဤအရာများအပေါ် ဆွေးနွေးမှုများနှင့် မိတ်သဟာယဖွဲ့ခြင်းများကို လုပ်ဆောင်ရန် လူပိုများလာစေခြင်း မပြုသင့်ပေ။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် မိတ်သဟာယဖွဲ့ရန် လူတို့ အသုံးပြုသင့်သည့်အချိန်ကို ဖြုန်းတီးလိမ့်မည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်မကျေပွန်မှု သာ၍ပင်ဖြစ်ပြီး၊ ဤလက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းက မမှန်ကန်ပေ။ အကယ်၍ ကန့်သတ်ခြင်းခံထားရသည့်သူများက အချိန်တစ်ခုခုတွင် နောင်တရပြီး၊ ၎င်းတို့၏ အပြန်အလှန်တိုက်ခိုက်မှုများနှင့် စကားစစ်ထိုးပွဲများဖြင့် စုဝေးချိန်ကို နောက်ထပ် မယူတော့ပါက၊ ၎င်းတို့အပေါ် ချမှတ်ထားသည့် သီးသန့်ခွဲထားခြင်းကို ရုပ်သိမ်းနိုင်သည်။ အကယ်၍ ၎င်းတို့သည် ဆိုးယုတ်သောလူများအဖြစ် ရှင်းလင်းပစ်ခြင်းခံရပြီး၊ တစ်စုံတစ်ဦးက ၎င်းတို့ ပိုကောင်းလာဖို့အတွက် ပြောင်းလဲသွားပြီဟု အခိုင်အမာဆိုပါက၊ ၎င်းတို့သည် နောင်တတရားနှင့်ဆိုင်သည့် တကယ့် သရုပ်သကန်များကို ပြသခြင်းရှိမရှိ ကြည့်ရှုရန် လိုအပ်ပြီး၊ ထိုကိစ္စအပေါ် လူအများစု၏ ထင်မြင်ချက်ကိုလည်း ရှာဖွေရန် လိုအပ်သည်။ ၎င်းတို့ကို ပြန်လည်လက်ခံလျှင်ပင်၊ အနီးကပ် စောင့်ကြည့်ရမည်ဖြစ်ပြီး၊ ၎င်းတို့၏ စကားပြောချိန်ကို တင်းကြပ်စွာ ကန့်သတ်ရမည်ဖြစ်ကာ၊ နောက်ပိုင်းတွင် ၎င်းတို့၏ သရုပ်သကန်များကို အခြေခံ၍ ၎င်းတို့ကို လိုက်လျောညီထွေစွာ ကိုင်တွယ်သင့်သည်။ ဤသည်တို့မှာ အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ပြီး အာရုံစိုက်သင့်သည့် စည်းမျဉ်းများ ဖြစ်သည်။ ဤကိစ္စရပ်ကို ကိုင်တွယ်ခြင်းသည် ပုဂ္ဂလဓိဋ္ဌာန်ကျသော ယူဆချက်များကို အခြေခံ၍မရသည်မှာ အမှန်ပင် ဖြစ်သည်။ နှစ်ဖက်စလုံး၏ အပြန်အလှန် တိုက်ခိုက်မှုများတွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို ဖြစ်စေသည့် သဘောသဘာဝတစ်ခု ရှိရမည်ဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ဦးက အခြားတစ်ဦးကို ထိခိုက်စေသည့် တစ်စုံတစ်ရာကို ခဏတာ ပြောဆိုခဲ့ပြီး၊ ထိုသူက ၎င်း၏ကိုယ်ပိုင် မှတ်ချက်ဖြင့် လက်တုံ့ပြန်ခဲ့သောကြောင့်သက်သက် လူတို့ကို စကားပြောခြင်းမှ တားမြစ်ပြီး သီးသန့်ခွဲထားခြင်းအား မပြုလုပသင့်ပေ။ လူတို့ကို ထိုနည်းလမ်းဖြင့် ကိုင်တွယ်ခြင်းသည် စည်းမျဉ်းများနှင့် အမှန်တကယ် မကိုက်ညီပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ လုပ်ဆောင်ချက်များသည် မကောင်းသည့်အရာများ လုပ်ဆောင်ရင်း သောင်းကျန်းခြင်း သို့မဟုတ် ကိစ္စ၏ ပြင်းထန်မှုကို ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာအထိ ချဲ့ကားပြောဆိုခြင်းအစား၊ စည်းမျဉ်းများနှင့် ကိုက်ညီသည်ကို လူအများစုက သဘောတူကြောင်း သေချာစေလျက်၊ စည်းမျဉ်းများကို ကောင်းစွာ နားလည်ရမည်ဖြစ်သည်။ ဤအလုပ်၏ ကဏ္ဍနှင့်ပတ်သက်လာလျှင်၊ တစ်နည်းအားဖြင့်၊ လူအများစုက တိုက်ခိုက်မှုတစ်ခုကို ဖြစ်ပေါ်စေသည့်အရာကို ပိုင်းခြားသိမြင်ရန် သင်ယူရမည်ဖြစ်ပြီး၊ နောက်တစ်နည်းအားဖြင့်၊၊ အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များကလည်း ဤအလုပ်ကို ထမ်းဆောင်ရာတွင် နားလည်သဘောပေါက်ရမည့် စည်းမျဉ်းများနှင့် ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို သိရှိရန် လိုအပ်သည်။

၄။ လူများကို ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်း

အပြန်အလှန် တိုက်ခိုက်ခြင်း၏ နောက်ထပ် သရုပ်သကန်တစ်ခု ရှိသေးသည်။ အချို့လူများသည် ဝိညာဉ်ရေးရာ ဝေါဟာရအချို့ကို သိရှိကြပြီး ၎င်းတို့သည် မိမိတို့၏ စကားတွင် “နတ်ဆိုး”၊ “စာတန်”၊ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း”၊ “သမ္မာတရားကို မချစ်ခြင်း”၊ “ဖာရိရှဲ” စသည်တို့ကဲ့သို့သော ဝေါဟာရအချို့ကို အမြဲ အသုံးပြုကြသည်။ ၎င်းတို့သည် အချို့သောလူများကို ထင်ရာမြင်ရာ ဝေဖန်ရန် ဤဝေါဟာရများကို အသုံးပြုကြသည်။ ဤသည်မှာ တိုက်ခိုက်ခြင်း သဘောသဘာဝ အနည်းငယ် ရှိသည် မဟုတ်လော။ ယခင်က ညီအစ်ကိုမောင်နှမများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ မိမိ၏အလိုဆန္ဒအတိုင်း မပြုမူသူ မည်သူ့ကိုမဆို ဆဲဆိုချင်ခဲ့သည့် လူတစ်ဦးရှိခဲ့သည်။ သို့သော် သူက “ယခု ဘုရားသခင်ကို ငါ ယုံကြည်နေပြီဖြစ်၍ လူတို့ကို ဆဲဆိုခြင်းသည် မသင့်တော်ဟု ထင်ရသည်။ ယင်းက ငါ့ကို သူတော်စင်၏ အသွင်အပြင်နှင့်မညီဟု ထင်ရစေသည်။ ငါသည် ဆဲဆို၍ မရ၊ ညစ်ညမ်းသော စကားကို သုံး၍မရသော်လည်း ငါ မဆဲဆိုပါက ငါ နေမထိထိုင်မသာဖြစ်လိမ့်မည်။ ငါ၏ မုန်းတီးမှုကို ဖြေလျှော့နိုင်လိမ့်မည် မဟုတ်။ ငါသည် လူတို့ကို အမြဲတစေ ဆဲဆိုချင်နေလိမ့်မည်။ သို့ဆိုလျှင် သူတို့ကို ငါမည်သို့ ဆဲဆိုသင့်သနည်း”ဟူ၍ သူ့ဘာသာ တွေးမိလေသည်။ ထို့ကြောင့် သူသည် ဝေါဟာရအသစ်တစ်ခုကို ထွင်ခဲ့သည်။ သူ့ကို စိတ်အနှောင့်အယှက်ပေးသူ မည်သူမဆို၊ မိမိတို့၏ လုပ်ရပ်များမှတစ်ဆင့် သူ့ကို နာကျင်စေသူ သို့မဟုတ် သူ့စကားကို နားမထောင်သူ မည်သူမဆိုသည် သူ၏ ဆဲဆိုခြင်းကို အောက်ပါအတိုင်း ခံရပေမည်။ “ဆိုးယုတ်သော နတ်ဆိုး။” “သင်သည် ဆိုးယုတ်သော နတ်ဆိုးတစ်ကောင် ဖြစ်သည်။” “မည်သူမည်ဝါသည် ဆိုးယုတ်သော နတ်ဆိုးတစ်ကောင် ဖြစ်သည်” သူသည် “နတ်ဆိုး” ဟူသော စကားလုံး၏ရှေ့တွင် “ဆိုးယုတ်သော”ဟူသည့် စကားလုံးကို ပေါင်းထည့်လိုက်သည်။ ငါသည် ယခင်က လူတစ်ဦးဦးက ဤစကားစုကို သုံးသည်ကို အမှန်တကယ် မကြားဖူးခဲ့ပေ။ ယင်းမှာ အတော်ပင် ဆန်းသစ်သည် မဟုတ်လော။ “ဆိုးယုတ်သော နတ်ဆိုးများ” အဖြစ် သူ၏ သာမန်ကာလျှံကာ ဆဲဆိုခြင်းကို ညီအစ်ကို မောင်နှမများက ခံခဲ့ကြရသည်။ ယင်းကို ကြားရသည့်အခါ မည်သူက စိတ်သက်သာရာ ရမည်နည်း။ ဥပမာအားဖြင့် အကယ်၍ သူက ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးအား ရေတစ်ခွက် ငှဲ့ခိုင်းပြီး ထိုသူက အလွန်အလုပ်များနေကာ ကိုယ့်ဘာသာငှဲ့ရန် ပြောလိုက်ပါက သူက ၎င်းတို့ကို “သင်၊ ဆိုးယုတ်သော နတ်ဆိုး” ဟု ဆဲဆိုပေမည်။ အကယ်၍ သူက စုဝေးပွဲတစ်ခုမှ ပြန်လာပြီး သူ၏အစားအစာအား အသင့်မပြင်ဆင်ထားသေးသည်ကို မြင်ပါက သူဒေါသထွက်လာပေမည်။ “သင်တို့ ဆိုးယုတ်သော နတ်ဆိုးများ၊ သင်တို့အားလုံး အလွန်ပျင်းရိကြသည်။ ငါက ငါ့တာဝန်ကို ထမ်းဆောင်ဖို့ အပြင်ထွက်သွားပြီး ပြန်လာသည့်အခါတွင် ငါ့အတွက် အသင့်ပြင်ထားသည့် အစားအစာပင် မရှိပါ” ဟူ၍ ဖြစ်သည်။ သူ့နှင့် ပေါင်းသင်းဆက်ဆံသူ မည်သူမဆိုသည် “ဆိုးယုတ်သော နတ်ဆိုး” အဖြစ် ဆဲဆိုခြင်းခံရနိုင်ချေရှိသည်။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ (ဆိုးယုတ်သောသူတစ်ဦး ဖြစ်ပါသည်။) သူသည် မည်သို့ဆိုးယုတ်သနည်း။ သူ၏အမြင်တွင် သူ့ကို စိတ်အနှောင့်အယှက်ပေးသူ သို့မဟုတ် သူ၏အလိုဆန္ဒများနှင့် မကိုက်ညီသူ မည်သူမဆိုသည် ဆိုးယုတ်သော နတ်ဆိုးဖြစ်သည်။ သူကိုယ်တိုင်ကမူ မဟုတ်ဘဲ အခြားလူတိုင်းက ဆိုးယုတ်သော နတ်ဆိုးဖြစ်သည်။ သူသည် ဤအရာကို ပြောဆိုရန် အခြေခံအကြောင်းရင်းတစ်ခုခု ရှိသလော။ လုံးဝမရှိပေ။ သူသည် လူတို့အား ဆဲဆိုရန် သူ၏ အမုန်းတရားကို ဖြေလျှော့ပေးပြီး သူ၏ စိတ်ခံစားချက်များကို ပွင့်အံချနိုင်စေမည့် စကားလုံးတစ်လုံးကို ထင်ရာမြင်ရာ ရွေးချယ်လိုက်ခြင်းသာ ဖြစ်သည်။ သူသည် အကယ်၍ တစ်စုံတစ်ဦးကို အမှန်တကယ် ဆဲဆိုပါက အခြားသူများက သူ့အား ဘုရားသခင်ကို ယုံကြည်သူတစ်ဦးနှင့် မတူဟု ပြောဆိုကြမည်ဟု ယုံကြည်၏၊ သို့သော် သူက တစ်စုံတစ်ဦးကို နတ်ဆိုးဟု ခေါ်ဆိုခြင်းမှာမူ ဆဲဆိုခြင်းမဟုတ်ဘဲ အခြားသူများအဖို့ ကျိုးကြောင်းဆီလျော်သည်ဟု ထင်ရမည်ဖြစ်၍ မိမိ၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကိုလည်း ဖြည့်ဆည်းပြီးသားဖြစ်ကာ အခြားသူများ သူ့အား အပြစ်ရှာစရာ အခွင့်မရှိစေရန်လည်း ဖြစ်သည်ဟု သူက ထင်မှတ်လေသည်။ ဤလူသည် အတော်လေး စဉ်းလဲပြီး အတော်ပင် ဆိုးယုတ်ပေသည်။ သူသည် ၎င်းတို့ကို လက်စားချေရန်နှင့် ပြစ်တင်ရှုတ်ချရန်အလို့ငှာ ခုခံတွန်းလှန်ရန် နည်းလမ်းမရှိသော အသုံးအနှုန်းမျိုးဖြစ်သည့် အလွန်မလိုမုန်းထားသော အသုံးအနှုန်းကို အသုံးပြုသည်။ သို့တိုင် လူတို့က ဆဲဆိုသည်ဟုဖြစ်စေ၊ မတော်တရော် စကားပြောဆိုသည်ဟုဖြစ်စေ သူ့ကို စွပ်စွဲ၍မရပေ။ ထိုသို့သောလူတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ လူအများစုသည် သူ့ကို ရှောင်ကြဉ်မည်လော သို့မဟုတ် သူနှင့် ရင်းရင်းနှီးနှီးနေမည်လော။ (သူ့ကို ရှောင်ကြဉ်ကြမည် ဖြစ်ပါသည်။) အဘယ်ကြောင့်နည်း။ ၎င်းတို့သည် သူ့ကို ရန်စရန် မတတ်နိုင်သောကြောင့် သူ့ထံမှ ရှောင်ဖယ်သွားရုံသာ တတ်နိုင်သည်၊ ဤသည်မှာ ပါးနပ်သောသူများ လုပ်ဆောင်မည့်အရာ ဖြစ်သည်။

လူတစ်ဦးကို ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်း၊ သမုတ်ခြင်းနှင့် ညှဉ်းပန်းခြင်း ဖြစ်စဉ်သည် အသင်းတော်တိုင်းတွင် မကြာခဏ ဖြစ်ပေါ်တတ်သည်။ ဥပမာအားဖြင့် အချို့လူများသည် ခေါင်းဆောင်တစ်ဦးဦး သို့မဟုတ် အမှုဆောင်တစ်ဦးဦးအပေါ် အာဃာတထားကြပြီး လက်စားချေရန်အလို့ငှာ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းတည်းဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့ကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးလျက် ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့အကြောင်းကို မှတ်ချက်များ ပေးကြလေသည်။ ထိုသို့သော လုပ်ရပ်များ၏ နောက်ကွယ်တွင်ရှိသည့် ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်များက မှားယွင်းပေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်အတွက် သက်သေခံရန်နှင့် အခြားသူများကို အကျိုးပြုရန် သမ္မာတရားကို အမှန်တကယ် မိတ်သဟာယဖွဲ့နေခြင်းဖြစ်ပါက ထိုသူသည် မိမိ၏ ကိုယ်ပိုင် စစ်မှန်သော အတွေ့အကြုံများကို မိတ်သဟာယဖွဲ့သင့်ပြီး မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိခြင်းဖြင့် အခြားသူများအတွက် အကျိုးကျေးဇူးဖြစ်စေသင့်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းသည် ပိုကောင်းသောရလဒ်များကို ဖြစ်ထွန်းစေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများက ယင်းကို အသိအမှတ်ပြုကြလိမ့်မည်။ အကယ်၍ တစ်စုံတစ်ဦး၏ မိတ်သဟာယဖွဲ့ခြင်းသည် အခြားသူတစ်ဦးကို ထိုးနှက်တိုက်ခိုက်ရန် သို့မဟုတ် လက်စားချေရန် ကြိုးပမ်းခြင်းဖြင့် ထိုသူကို ဖော်ထုတ်၊ တိုက်ခိုက်ကာ သေးသိမ်စေလျှင် ထိုမိတ်သဟာယဖွဲ့ခြင်း၏ ကြံရွယ်ချက်က မှားယွင်းပေသည်၊ ယင်းသည် တရားနည်းလမ်းမကျ ဖြစ်သည်၊ ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး ညီအစ်ကိုမောင်နှမများအတွက် တည်ဆောက်စရာလည်း မဖြစ်ပေ။ အကယ်၍ တစ်စုံတစ်ဦး၏ ကြံရွယ်ချက်သည် အခြားသူများကို ပြစ်တင်ရှုတ်ချရန် သို့မဟုတ် ညှဉ်းပန်းရန် ဖြစ်ပါက ၎င်းသည် ဆိုးယုတ်သောသူတစ်ဦးဖြစ်ပြီး မကောင်းမှုကို ပြုနေခြင်းဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် ပတ်သက်လာသည့်အခါ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးက ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသင့်သည်။ အကယ်၍ တစ်စုံတစ်ဦးက လူတို့ကို တမင်တကာ ထိုးနှက်တိုက်ခိုက်ခြင်း၊ ဖော်ထုတ်ခြင်း သို့မဟုတ် သေးသိမ်စေခြင်း ပြုပါက ၎င်းတို့ကို မေတ္တာဖြင့် ကူညီသင့်သည်၊ မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် သို့မဟုတ် ပြုပြင်သင့်ပေသည်။ အကယ်၍ ၎င်းသည် သမ္မာတရားကို လက်မခံနိုင်သည့်အပြင် မိမိ၏ နည်းလမ်းများကို ပြုပြင်ရန် ခေါင်းမာစွာ ငြင်းဆန်ပါက ဤသည်မှာ လုံးဝ ကွဲပြားသော ကိစ္စရပ်တစ်ခုဖြစ်သည်။ အခြားသူများကို မကြာခဏ ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်း၊ သမုတ်ခြင်းနှင့် ညှဉ်းပန်းခြင်းတို့ကို ပြုသည့် ဆိုးယုတ်သောလူများနှင့် ပတ်သက်လာသည့်အခါ လူတိုင်းက ၎င်းတို့ကို ပိုင်းခြားသိမြင်ဖို့ သင်ယူနိုင်ကြရန်အလို့ငှာ ၎င်းတို့ကို စေ့စေ့စပ်စပ် ဖော်ထုတ်သင့်ပြီး ထို့နောက်တွင် ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ခြင်း သို့မဟုတ် အသင်းတော်မှ နှင်ထုတ်ခြင်း ပြုသင့်သည်။ ထိုသို့သောလူများသည် အသင်းတော်အသက်တာနှင့် အသင်းတော်အလုပ်ကို နှောင့်ယှက်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး အသင်းတော်အပေါ် ကမောက်ကမ အခြေအနေများ ဖြစ်စေနိုင်ချေ ရှိသောကြောင့်လည်းကောင်း ဤသည်မှာ မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည်။ အထူးသဖြင့် အချို့သော ဆိုးယုတ်သောလူများသည် မိမိတို့ကိုယ်ကို ကြွားဝါပြီး အခြားသူများက ၎င်းတို့ကို အထင်ကြီးစေရန်ဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန်အတွက် သက်သက်ဖြင့် အခြားသူများကို မကြာခဏ တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချကြလေသည်။ ဤဆိုးယုတ်သောလူများသည် အခြားသူများကို သွယ်ဝိုက် ဖော်ထုတ်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ဖိနှိပ်ရန်အတွက် စုဝေးပွဲများတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း အခွင့်အရေးအား မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့သည် ဤအရာကို လူတို့အား ကူညီရန်နှင့် အသင်းတော်တွင် ရှိနေသော ပြဿနာများကို ဖြေရှင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောဆိုခြင်းအားဖြင့် မှန်ကန်ကြောင်း ဆင်ခြေပေးကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန် ဤမူမမှန်သော အကြောင်းပြချက်များကို အကာအကွယ်တစ်ခုအဖြစ် အသုံးပြုကြသည်။ ၎င်းတို့သည် အခြားသူများကို တိုက်ခိုက်ပြီး ညှဉ်းပန်းသည့် လူစားမျိုးဖြစ်ပြီး ဆိုးယုတ်သောလူများချည်းသာ ဖြစ်ကြသည်မှာ သိသာထင်ရှား၏။ သမ္မာတရားကို လိုက်စားသောလူများကို တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချသူအားလုံးသည် အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြပြီး ဘုရားအိမ်တော်၏အလုပ်ကို ကာကွယ်စောင့်ရှောက်ရန် ဆိုးယုတ်သောလူများကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသူများသာလျှင် တရားမျှတစိတ်ရှိကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရသူများဖြစ်သည်။ ဆိုးယုတ်သောလူများသည် မိမိတို့၏ မကောင်းမှုပြုခြင်းတွင် အလွန် စဉ်းလဲကြလေ့ရှိသည်။ ၎င်းတို့အားလုံးသည် မိမိတို့အတွက် ကျိုးကြောင်းပြချက်များ အကြံထုတ်ကာ အခြားသူများကို အထင်အမြင်မှားစေခြင်းဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန်အတွက် အယူဝါဒကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူများက ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသည့်အပြင် ဤဆိုးယုတ်သောလူများကို ချုပ်ချယ်ကန့်သတ်နိုင်ခြင်း မရှိပါက အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်သည် လုံးဝ ဖရိုဖရဲပင်ဖြစ်သွားလိမ့်မည် သို့မဟုတ် ဝရုန်းသုန်းကားပင် ဖြစ်သွားလိမ့်မည်။ ဆိုးယုတ်သောလူများသည် ပြဿနာများ အကြောင်းကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည့်အခါ ၎င်းတို့တွင် ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်တစ်ခု အစဉ်ရှိပြီး ယင်းက တစ်စုံတစ်ဦးကို အစဉ် ပစ်မှတ်ထားသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာနေခြင်း သို့မဟုတ် သိရှိနေခြင်း မဟုတ်သကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန် မိမိတို့ကိုယ်ကို ဖွင့်ဟပြီး ချပြခြင်းလည်း မရှိပေ။ ထို့ထက် ၎င်းတို့သည် အခြားသူများကို ဖော်ထုတ်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် တိုက်ခိုက်ရန် အခွင့်အရေးကို အမိအရ အသုံးချနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ပြစ်တင်ရှုတ်ချရန် ၎င်းတို့၏ မိမိကိုယ်ကိုသိသည့် အသိအား မိတ်သဟာယဖွဲ့ခြင်းကို မကြာခဏ ကောင်းစွာ အသုံးချကြသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် လူတို့ကို ဖော်ထုတ်ခြင်း၊ သေးသိမ်စေခြင်းနှင့် သွားပုပ်လေလွင့် ပြောဆိုခြင်းတို့ကို ပြုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများ၊ အသင်းတော်အလုပ်အတွက် ဝန်တာထားသောသူများနှင့် မိမိတို့၏ တာဝန်များကို မကြာခဏ ထမ်းဆောင်သောသူများအပေါ် အထူးသဖြင့် စက်ဆုပ်ရွံရှာခြင်းနှင့် အမုန်းတရားတို့ကို ခံစားကြရသည်။ ဆိုးယုတ်သောလူများသည် ဤလူတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုကို ထိုးနှက်တိုက်ခိုက်ရန်နှင့် ၎င်းတို့အား အသင်းတော်အလုပ်ကို ဆောင်ရွက်ခြင်းမှ တားဆီးရန် အမျိုးမျိုးသော ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများကို အသုံးပြုကြလိမ့်မည်။ ၎င်းတို့က ထိုသူများအပေါ် ခံစားရသည့်အရာ၏ တစ်စိတ်တစ်ပိုင်းမှာ မနာလိုခြင်းနှင့် အမုန်းတရားတို့ဖြစ်ပြီး အခြားတစ်စိတ်တစ်ပိုင်းမှာမူ ဤလူတို့က အလုပ်လုပ်ရန် ထကြွခြင်းဖြင့် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ထိုသူတို့ကို သတိပေးရန်၊ ဖိနှိပ်ရန်နှင့် ချုပ်ချယ်ကန့်သတ်ရန် ဖြစ်နိုင်သမျှနည်းလမ်းတိုင်းဖြင့် ကြိုးစားဖို့ ဆန္ဒစောလျက်ရှိကြပြီး ထိုသူတို့ကို ပြစ်တင်ရှုတ်ချရန်အလို့ငှာ ထိုသူတို့ကို အမှုဆင်ပြီး အဖြစ်မှန်များကို လွဲချော်စေဖို့အတွက် ပြောကွက်များကို စုဆောင်းသည်အထိပင် ပြုလုပ်ကြသည်။ ဤဆိုးယုတ်သောလူများ၏ စိတ်သဘောထားသည် သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများကို မုန်းတီးသည့် စိတ်သဘောထားတစ်ခုဖြစ်ကြောင်းကို ဤအရာက လုံးဝ ဖော်ထုတ်သည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး အပြုသဘောဆောင်သည့်အရာများကို နှစ်သက်သောသူများနှင့် အတော်အတန် ဟန်ဆောင်မှုကင်းပြီး ရည်မွန်ကာ ဖြောင့်မှန်သောသူတို့အတွက် အထူးအမုန်းတရားကို ထားရှိကြသည်။ ၎င်းတို့သည် ထိုသို့ ပြောကောင်းမပြောနိုင်သော်လည်း ဤသည်မှာ ၎င်းတို့တွင်ရှိသည့် စိတ်နေစိတ်ထားမျိုး ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများနှင့် ရည်မွန်ကာ ဖြောင့်မှန်သောသူတို့ကို ဖော်ထုတ်ရန်၊ သေးသိမ်စေရန်၊ ဖိနှိပ်ရန်နှင့် ဖယ်ကြဉ်ရန် အဘယ်ကြောင့် အထူးသဖြင့် ပစ်မှတ်ထားကြသနည်း။ ဤသည်မှာ သိသာထင်ရှားစွာပင် ၎င်းတို့က အသင်းတော်ကို ထိန်းချုပ်နိုင်ရန်အလို့ငှာ လူကောင်းများနှင့် သမ္မာတရားကို လိုက်စားသောသူများအား ဖြုတ်ချပြီး ထိုးနှက်တိုက်ခိုက်ရန်၊ ထိုသူတို့ကို ခြေဖြင့် နင်းခြေရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ အချို့လူများသည် ဤသို့ဖြစ်သည်ကို မယုံကြည်ကြပေ။ ၎င်းတို့ကို ငါမေးခွန်းတစ်ခု မေးမည်။ ဤဆိုးယုတ်သောလူများသည် သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့သည့်အခါ မိမိတို့ကိုယ်ကို ဖော်ထုတ်ခြင်းမပြုဘဲ သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမပြုဘဲ ထိုအစား အခြားသူများကို အဘယ်ကြောင့် အစဉ် ပစ်မှတ်ထားပြီး ဖော်ထုတ်ကြသနည်း။ ၎င်းတို့က ဖောက်ပြန်ပျက်စီးမှုကို အမှန်တကယ် မထုတ်ဖော်ခြင်းလော သို့မဟုတ် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိခြင်း ဖြစ်နိုင်သလော။ သေချာပေါက် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် အခြားသူများကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန်အတွက် အဘယ်ကြောင့် မလျှော့တမ်း ပစ်မှတ်ထားနေကြသနည်း။ အတိအကျအားဖြင့် မည်သည့်အရာကို စွမ်းဆောင်ရရှိရန် ၎င်းတို့ ကြိုးစားနေကြသနည်း။ ဤမေးခွန်းသည် နက်နက်နဲနဲ တွေးတောရန် လိုအပ်လာသည်။ အကယ်၍ တစ်စုံတစ်ဦးက အသင်းတော်ကို နှောင့်ယှက်သည့် ဆိုးယုတ်သောလူများ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ပါက သူသည် လုပ်ဆောင်သင့်သည့်အတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့သော် ထိုအစား ဤလူတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဟူသော မူမမှန်သည့် အကြောင်းပြချက်အောက်တွင် လူကောင်းများကို ဖော်ထုတ်ပြီး ညှဉ်းပန်းနေကြသည်။ ၎င်းတို့၏ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်က လူကောင်းများအား ကယ်တင်သည်ကို မြင်သောကြောင့် ၎င်းတို့ ဒေါသထွက်နေကြခြင်းလော။ ယင်းမှာ အမှန်တကယ်ပင် ပကတိအခြေအနေ ဖြစ်သည်။ ဘုရားသခင်သည် ဆိုးယုတ်သောလူများကို မကယ်တင်သောကြောင့် ဆိုးယုတ်သောလူများက ဘုရားသခင်နှင့် လူကောင်းများကို မုန်းတီးကြသည်။ ဤအရာအားလုံးက အတော်ပင် သဘာဝကျသည်။ ဆိုးယုတ်သောလူများသည် သမ္မာတရားကို လက်မခံ သို့မဟုတ် မလိုက်စားကြပေ။ ၎င်းတို့ကိုယ်တိုင် ကယ်တင်မခံရနိုင်သည့်တိုင် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းခံရနိုင်သော လူကောင်းများကို ညှဉ်းဆဲကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ အကယ်၍ ဤလူတို့တွင် မိမိတို့ကိုယ်ကို သိသောအသိနှင့် သမ္မာတရားအကြောင်း သိမြင်မှုရှိလျှင် ၎င်းတို့အနေဖြင့် ဖွင့်ဟပြီး မိတ်သဟာယဖွဲ့နိုင်မည်ဖြစ်သော်လည်း ၎င်းတို့သည် အခြားသူများကို အစဉ် ပစ်မှတ်ထားပြီး ရန်စနေကြသည်။ ၎င်းတို့သည် အခြားသူများကို အမြဲ တိုက်ခိုက်တတ်သည့် သဘောရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများကို ၎င်းတို့၏ စိတ်ကူးထားသည့် ရန်သူများအဖြစ် အစဉ် သတ်မှတ်ကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သောလူများ၏ ထူးခြားသော အမှတ်လက္ခဏာများ ဖြစ်ကြသည်။ ထိုသို့သော မကောင်းမှုကို လုပ်ဆောင်နိုင်စွမ်း ရှိသူများသည် ကန့်သတ်ခြင်းခံရသင့်သည့် စစ်မှန်သော နတ်ဆိုးများနှင့် စာတန်များ၊ စံပြုလောက်သော အန္တိခရစ်များဖြစ်ကြပြီး အကယ်၍ ၎င်းတို့သည် မကောင်းမှုများစွာကို ပြုလုပ်ပါက ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်ရမည်ဖြစ်သည်။ ၎င်းတို့ကို အသင်းတော်မှ နှင်ထုတ်လော့။ လူကောင်းများကို ထိုးနှက်တိုက်ခိုက်ပြီး ဖယ်ကြဉ်သူအားလုံးသည် အကျင့်ပျက်သူများ ဖြစ်ကြသည်။ အကျင့်ပျက်သူများဟု ၎င်းတို့ကို ငါအဘယ်ကြောင့် ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသင်းတော်တွင် မလိုအပ်သော အငြင်းပွားမှုများနှင့် ပဋိပက္ခကို ဖြစ်ပွားစေနိုင်ချေရှိပြီး ထိုနေရာရှိ အခြေအနေများကို ပိုဆိုးရွားသည်ထက် ဆိုးရွားလာစေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် တစ်နေ့တွင် လူတစ်ဦးကို ပစ်မှတ်ထားပြီး နောက်တစ်နေ့တွင် နောက်တစ်ဦးကို ပစ်မှတ်ထားကာ အခြားသူများ၊ သမ္မာတရားကို ချစ်ပြီး လိုက်စားသောသူများကို အစဉ် ပစ်မှတ်ထားကြသည်။ ဤသည်မှာ အသင်းတော်အသက်တာကို နှောင့်ယှက်နိုင်ချေရှိပြီး ဘုရားနှုတ်ကပတ်တော်များကို ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန် စားသောက်ခြင်းအပေါ်တွင်လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့၏ ပုံမှန် မိတ်သဟာယဖွဲ့ခြင်းအပေါ်တွင်လည်းကောင်း သက်ရောက်မှုများ ရှိလေသည်။ ဤဆိုးယုတ်သောလူများသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဟူသော အမည်ဖြင့် အခြားသူများကို တိုက်ခိုက်ရန်အတွက် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းအား မကြာခဏ ကောင်းစွာ အသုံးချကြသည်။ ၎င်းတို့ပြောဆိုသမျှတိုင်းတွင် ရန်လိုမှု ပါရှိသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများနှင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသောသူများကို တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချရန် ရန်စသော မှတ်ချက်များကို ပြောဆိုကြသည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ယင်းသည် အသင်းတော်၏အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည် ဖြစ်ကာ လူတို့အား ၎င်းတို့၏ စိတ်နှလုံးထဲတွင် မသက်မသာဖြစ်စေပြီး ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာ မနေနိုင်အောင် ဖြစ်စေလိမ့်မည်။ အထူးသဖြင့် ဤဆိုးယုတ်သောလူများက အခြားသူများကို ပြစ်တင်ရှုတ်ချရန်၊ ထိုးနှက်တိုက်ခိုက်ရန်နှင့် နာကျင်စေရန် ပြောဆိုသည့် မသမာသော အရာများသည် အတိုက်အခံလုပ်ခြင်းကို ဖြစ်ပွားစေနိုင်သည်။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူမပြုပေ။ ဆန့်ကျင်ဘက်အားဖြင့် အသင်းတော်တွင် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းကို လှုံ့ဆော်ပေးပြီး လူတို့အကြား ပေါင်းသင်းဆက်ဆံမှုကို ထိခိုက်စေကာ ၎င်းတို့ကို ခိုက်ရန်ဒေါသဖြစ်စေလျက် ၎င်းတို့ကြား၌ တင်းမာမှု ဖြစ်စေသည်။ ဤလူတို့၏ အပြုအမူသည် အသင်းတော်အသက်တာကို ထိခိုက်မှု ရှိစေရုံသာမက အသင်းတော်တွင် ပဋိပက္ခကိုလည်း ဖြစ်ပေါ်စေသည်။ ယင်းသည် အသင်းတော်၏ အလုပ်တစ်ခုလုံးနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်းကိုပင် သက်ရောက်မှုရှိနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤလူစားမျိုးကို သတိပေးရန် လိုအပ်ပြီး ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ကာ ကိုင်တွယ်ရန်လည်း လိုအပ်သည်။ တစ်နည်းအားဖြင့် အခြားသူများကို မကြာခဏ တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချသည့် ဤဆိုးယုတ်သောလူများအပေါ် ညီအစ်ကို မောင်နှမများက ပြင်းထန်သော ချုပ်ချယ်ကန့်သတ်မှုများ ထားရှိရမည်။ နောက်တစ်နည်းအားဖြင့် အခြားသူများကို ထင်ရာမြင်ရာ ထိုးနှက်တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချသောသူများကို အသင်းတော် ခေါင်းဆောင်များက ချက်ချင်း ဖော်ထုတ်ပြီး တားဆီးသင့်ကာ အကယ်၍ ၎င်းတို့သည် ပြုပြင်၍မရဘဲ ရှိနေပါက ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ စုဝေးပွဲများတွင် ဆိုးယုတ်သောလူများကို အသင်းတော်အသက်တာအား မနှောင့်ယှက်အောင် တားဆီးရမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် နားဝေတိမ်တောင် ဖြစ်သောလူများကို အသင်းတော်အသက်တာအား ထိခိုက်မှုရှိစေမည့် နည်းလမ်းဖြင့် စကားမပြောအောင် ချုပ်ချယ်ကန့်သတ်သင့်သည်။ အကယ်၍ မကောင်းမှုကို ပြုနေသည့် ဆိုးယုတ်သောသူတစ်ဦးကို တွေ့ရှိပါက ထိုသူကို ဖော်ထုတ်ရမည်။ ထိုသူကို ဆန္ဒရှိသည့်အတိုင်း မကောင်းမှုကို ပြုလျက် တစ်ဇွတ်ထိုးပြုမူခွင့် လုံးဝ မပေးရပေ။ ဤသည်မှာ ပုံမှန်အသင်းတော်အသက်တာကို ထိန်းသိမ်းရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအား ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ဖြည့်ဆည်းခွင့်ပေးလျက် ပုံမှန် စုဝေးနိုင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ခြင်းတို့ ရှိသည်ကို သေချာစေရန်အတွက် လိုအပ်ပေသည်။ ထိုအခါမှသာ ဘုရားသခင်၏ အလိုတော်ကို အသင်းတော်တွင် ဆောင်ရွက်နိုင်ပြီး ဤနည်းလမ်းဖြင့်သာ သူ ရွေးချယ်ထားသောလူများက သမ္မာတရားကို နားလည်ကာ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သည့်အပြင် ဘုရားသခင်၏ ကောင်းချီးများကို ရရှိနိုင်မည်ဖြစ်သည်။ သင်တို့သည် အသင်းတော်တွင် ဤဆိုးယုတ်သောလူစားမျိုးများကို ရှာဖွေတွေ့ရှိဖူးကြသလော။ ၎င်းတို့သည် လူကောင်းများအပေါ် မနာလိုသော အမုန်းတရားကို အစဉ် ထားရှိကြပြီး ထိုသူတို့အပေါ် အစဉ် ပစ်မှတ်ထားကြသည်။ ယနေ့တွင် ၎င်းတို့သည် လူကောင်းတစ်ဦးကို မနှစ်သက်ကြ၊ မနက်ဖြန်တွင် နောက်တစ်ဦးကို မနှစ်သက်ကြပေ။ ၎င်းတို့သည် မည်သူ့ကိုမဆို ဆန်းစစ်ဝေဖန်နိုင်ပြီး ထိုသူတို့ထဲတွင် အပြစ်များစွာကို ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိကာ ထို့အပြင် ၎င်းတို့ ပြောဆိုသည့်အရာသည် အလွန်အခြေအမြစ်ရှိကာ ကျိုးကြောင်းဆီလျော်ပုံရပြီး နောက်ဆုံးတွင် ၎င်းတို့သည် အဖွဲ့အတွက် ဘေးဆိုးတစ်ခုဖြစ်လာလျက် ရက်စက်ရမ်းကားမှုကို ပျံ့နှံ့သွားစေသည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများ ဖရိုဖရဲဖြစ်သွားသည့် အတိုင်းအတာအထိ အသင်းတော်ကို နှောင့်ယှက်သည်၊ လူများစွာတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကြသည်၊ စုဝေးပွဲများမှ မည်သည့် အကျိုးကျေးဇူး သို့မဟုတ် တည်ဆောက်စရာကိုမျှ မရရှိကြသည့်အပြင် အချို့ဆိုလျှင် စုဝေးပွဲများ တက်လိုသည့်ဆန္ဒပင် ပျောက်ဆုံးသွားကြသည်။ ထိုသို့သော ဆိုးယုတ်သောလူများသည် အကျင့်ပျက်သူများ မဟုတ်လော။ အကယ်၍ ၎င်းတို့သည် ရှင်းလင်းပစ်သင့်သည့် အဆင့်သို့ မရောက်သေးပါက ၎င်းတို့ကို အဆက်အသွယ်ဖြတ်ထားခြင်း သို့မဟုတ် ချုပ်ချယ်ကန့်သတ်ခြင်း ပြုသင့်သည်။ ဥပမာအားဖြင့် စုဝေးပွဲများအတွင်းတွင် အခြားသူများကို ၎င်းတို့ လွှမ်းမိုးခြင်းမှ တားဆီးရန် ၎င်းတို့အား သီးခြားထိုင်ခုံတစ်ခုဖြင့် ထိုင်ခိုင်းလော့။ အကယ်၍ ၎င်းတို့က စကားပြောဆိုပြီး လူတို့ကို တိုက်ခိုက်ရန် အခွင့်အရေးများ မရမက ရှာဖွေလျှင် ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်သင့်သည်။ အသုံးမဝင်သော အရာများကို ပြောဆိုခြင်း မရှိအောင် တားမြစ်သင့်သည်။ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ရန် မဖြစ်နိုင်တော့လျှင်၊ ၎င်းတို့က ပေါက်ကွဲထွက်လုနီးပါး သို့မဟုတ် အတိုက်အခံလုပ်လုနီးပါး ဖြစ်နေလျှင် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ချုပ်ချယ်ကန့်သတ်ခြင်းကို မခံလိုတော့သည့်အပြင် “မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် ကျွန်ုပ်၏စကားပြောခွင့်ကို ကန့်သတ်သနည်း။ အခြားလူတိုင်းက ငါးမိနစ် စကားပြောခွင့်ရပြီး ကျွန်ုပ်က အဘယ်ကြောင့် တစ်မိနစ်သာ ပြောခွင့်ရသနည်း”ဟု ပြောဆိုသည့်အခါ၊ ဤမေးခွန်းများကို ၎င်းတို့ အဆက်မပြတ် မေးနေသည့်အခါ ယင်းမှာ ၎င်းတို့ အတိုက်အခံလုပ်တော့မည့် သဘောဖြစ်သည်။ ၎င်းတို့ အတိုက်အခံလုပ်တော့မည့်အချိန်တွင် ၎င်းတို့သည် အာခံနေခြင်း မဟုတ်လော။ ၎င်းတို့သည် ပြဿနာဖြစ်စေရန်၊ ဆူပူအုံကြွမှုကို စေ့ဆော်ရန် ကြိုးစားနေကြသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်အသက်တာကို နှောင့်ယှက်တော့မည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ တကယ့်ပကတိအခြေအနေကို ထုတ်ဖော်တော့မည်ဖြစ်သည်။ ၎င်းတို့ကို ကိုင်တွယ်ရမည့် အချိန်ကျရောက်ပြီဖြစ်သည်။ ၎င်းတို့ကို အလျင်အမြန် ဖယ်ရှားရှင်းလင်းပစ်ရမည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သလော။ ကျိုးကြောင်းဆီလျော်ပါသည်။ အမှုအရာများကို ဖျက်ဆီးရန် ကြိုးစားနေသည့် အမျိုးမျိုးသော ဆိုးယုတ်သောလူများ၊ ဝိညာဉ်ဆိုးများ၊ ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် “အထူးပါရမီရှိသူများ”ကြောင့် လူအများစုက ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နိုင်ကြောင်း သေချာစေခြင်းသည် အမှန်တကယ် မလွယ်ကူပေ။ ငါတို့သည် ၎င်းတို့ကို မချုပ်ချယ်ကန့်သတ်ဘဲ နေ၍ ရနိုင်မည်လော။ အချို့သော “အထူးပါရမီရှိသူများ”သည် မိမိတို့ ပါးစပ်ဟလိုက်သည်နှင့် အခြားသူများကို စတင်၍ သေးသိမ်စေပြီး တိုက်ခိုက်ကြသည်။ သင်က မျက်မှန်တပ်လျှင် သို့မဟုတ် ဆံပင်ပါးလျှင် ၎င်းတို့က သင့်ကို တိုက်ခိုက်သည်။ သင်က စုဝေးပွဲများအတွင်း သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေလျှင် သို့မဟုတ် သင်၏တာဝန်များကို ထမ်းဆောင်ရာတွင် တက်ကြွပြီး တာဝန်ယူမှုရှိလျှင် ၎င်းတို့က သင့်ကို တိုက်ခိုက်ပြီး ဝေဖန်သုံးသပ်သည်။ သင်က စမ်းသပ်မှုများအတွင်းတွင် ဘုရားသခင်ကို ယုံကြည်ခြင်းရှိလျှင်၊ သင်က အားနည်းလျှင် သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ သင်သည် ညည်းညူခြင်းမရှိဘဲ သင်၏ယုံကြည်ခြင်းကို အသုံးပြုလျက် မိသားစု အခက်အခဲများကို အောင်မြင်ကျော်လွှားလျှင် ၎င်းတို့က သင့်ကို တိုက်ခိုက်သည်။ ဤနေရာတွင် တိုက်ခိုက်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အခြားသူများက မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ ထိုအရာက ဤလူတို့ကို မည်သည့်အခါမျှ မကျေနပ်စေကြောင်းကို ဆိုလိုသည်။ ၎င်းတို့သည် ထိုအရာကို အစဉ် မနှစ်သက်ကြ၊ အမြဲ အပြစ်မရှိအပြစ်ရှာကြသည်၊ အခြားလူများကို အမှုအရာများဖြင့် စွပ်စွဲရန် အစဉ် ကြိုးစားကြပြီး အခြားလူများ လုပ်ဆောင်သည့် မည်သည့်အရာမျှ ၎င်းတို့၏အမြင်တွင် တစ်ကြိမ်တစ်ခါမျှ မှန်ကန်ခြင်း မရှိပေ။ သင်က သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအတိုင်း ပြဿနာများကို ကိုင်တွယ်ဖြေရှင်းလျှင်ပင် ၎င်းတို့သည် သင် လုပ်ဆောင်မျှတိုင်းတွင် အပြစ်ရှာလျက် သင့်ကို ချစ်တီးခေါင်းသန်းရှာလုပ်လိမ့်မည်ဖြစ်ကာ ဝေဖန်မည်ဖြစ်သည်။ ၎င်းတို့သည် တမင်တကာ ပြဿနာရှာကြပြီး လူတိုင်းက ၎င်းတို့၏ တိုက်ခိုက်မှုများကို ခံရသည်။ ဤသို့သောလူတစ်ဦးက အသင်းတော်တွင် ထွက်ပေါ်လာသည့်အခါတိုင်း ၎င်းတို့ကို သင် ကိုင်တွယ်ရမည်။ ၎င်းတို့ထဲမှ နှစ်ဦးပေါ်လာပါက ၎င်းတို့နှစ်ဦးလုံးကို သင် ကိုင်တွယ်သင့်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က အသင်းတော်အသက်တာကို ဖြစ်စေသည့် အန္တရာယ်သည် သိသာထင်ရှားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေပြီး ဤအရာ၏ အကျိုးဆက်များမှာ ဆိုးရွားလှသည်။

ခ။ အခြားသူများကို မကြာခဏ ထိုးနှက်တိုက်ခိုက်သော လူတို့၏ လူ့သဘာဝနှင့်ဆိုင်သော ထူးခြားသည့်လက္ခဏာရပ်များ

ယနေ့တွင် ငါတို့သည် အပြန်အလှန် တိုက်ခိုက်ခြင်း၊ စကားစစ်ထိုးခြင်းတို့နှင့်ဆိုင်သည့် ပြဿနာနှင့် ဆက်စပ်သော သွင်ပြင်လက္ခဏာအများအပြားကို မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဤသွင်ပြင်လက္ခဏာတစ်ခုချင်းစီအတွင်းရှိ လူအမျိုးအစားအမျိုးမျိုးက ပြသသော သရုပ်သကန်များ၏ သဘောသဘာဝကို သင်တို့ သဘောပေါက်နားလည်ပြီလော။ အခြားသူများကို ထိုးနှက်တိုက်ခိုက်လေ့ရှိသောသူများဖြင့် စလိုက်ကြစို့။ ၎င်းတို့သည် ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ကြပါ။) ၎င်းတို့၏ ဆင်ခြင်တုံတရား ကင်းမဲ့မှုသည် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ၎င်းတို့၏ သဘောထားများနှင့် စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့သည် မည်သည့်နည်းလမ်းများနှင့် သဘောထားများကို ရွေးချယ်ကြသနည်း။ ဥပမာအားဖြင့်၊ အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံရခြင်းကို နှစ်သက်ခြင်းသည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ၎င်းတို့ထားရှိသော သဘောထားများထဲမှ တစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံရခြင်းကို နှစ်သက်ခြင်းဆိုသည်မှာ ကိစ္စရပ်တစ်ခုစီတိုင်းတွင် မည်သည့်အရာက မှန်သည် သို့မဟုတ် မှားသည်ကို ရှင်းလင်းရန် ကြိုးစားခြင်းဖြစ်ပြီး၊ ကိစ္စရပ်ကို ရှင်းလင်းပြီးဖြစ်ကာ မည်သူက မှန်သည်၊ မည်သူက မှားသည်ဟူသည်ကို နားမလည်မချင်း မရပ်တန့်ဘဲ၊ ခေါင်းမာစွာဖြင့် အဓိပ္ပာယ်မရှိသည့်အရာများကို စွဲမြဲငြင်းခုံနေခြင်းအား ဆိုလိုသည်။ ဤသို့ ပြုမူခြင်း၏ အဓိပ္ပာယ်မှာ မည်သည့်အရာသာ ဖြစ်သနည်း။ အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံခြင်းသည် နောက်ဆုံးတွင မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သည့်နေရာတွင် မှားယွင်းသနည်း။ ဤအရာနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအကြားတွင် ဆက်စပ်မှုတစ်ခုတလေ ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် ဆက်စပ်မှုမရှိဟု သင်တို့ဆိုသနည်း။ အမှန်၊ အမှားနှင့်ပတ်သက်၍ ငြင်းခုံခြင်းသည် သမ္မာတရား စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်းမဟုတ်၊ သမ္မာတရား စည်းမျဉ်းများကို ဆွေးနွေးခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း မဟုတ်ပေ။ ထိုအစား လူတို့သည် မည်သူက မှန်သည်၊ မည်သူက မှားသည်၊ မည်သူက မှန်ကန်သည်၊ မည်သူက မှားယွင်းသည်၊ မည်သူက မှန်သည်၊ မည်သူက မမှန်သည်၊ မည်သူ့တွင် အကြောင်းပြချက်ကောင်းရှိသည်၊ မည်သူ့တွင် မရှိသည်၊ မည်သူက ပိုမြင့်သော အယူဝါဒကို ဖော်ပြသည်ဟူသည်တို့ကို အစဉ်အမြဲ ပြောဆိုကြသည်။ ဤသည်မှာ ၎င်းတို့ စူးစမ်းသည့်အရာ ဖြစ်သည်။ ဘုရားသခင်က လူတို့ကို စမ်းသပ်မှုများဖြတ်သန်းစေသည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် အစဉ်အမြဲ အငြင်းအခုံပြုရန် ကြိုးစားကြသည်။ အကြောင်းပြချက်တစ်ခုမဟုတ် တစ်ခုကို ၎င်းတို့ အမြဲ ထုတ်ပြောကြသည်။ ဘုရားသခင်သည် ထိုသို့သောအရာများကို သင်နှင့် ဆွေးနွေးသလော။ ဆက်စပ်အကြောင်းအရာက မည်သည့်အရာဖြစ်သည်ကို ဘုရားသခင်က မေးသလော။ သင်၏ အကြောင်းပြချက်များနှင့် အကြောင်းရင်းများမှာ အဘယ်အရာဖြစ်သည်ကို ဘုရားသခင် မေးသလော။ သူမမေးပေ။ သင့်ကို သူ စမ်းကြောသည့်အခါ သင်၌ ကျိုးနွံနာခံသော သဘောထားရှိသလော သို့မဟုတ် အတိုက်အခံလုပ်သော သဘောထားရှိသလောဟူ၍ ဘုရားသခင်က မေးသည်။ သင့်အနေဖြင့် သမ္မာတရားကို နားလည်ခြင်း ရှိမရှိ၊ ကျိုးနွံနာခံခြင်း ရှိမရှိဟူသည်ကို ဘုရားသခင်က မေးသည်။ ဤသည်မှာ ဘုရားသခင် မေးသမျှဖြစ်ပြီး အခြားမည်သည့်အရာကိုမျှ သူ မမေးပေ။ ဘုရားသခင်က သင်၏ ကျိုးနွံနာခံမှု ကင်းမဲ့ခြင်းအတွက် အကြောင်းပြချက်မှာ အဘယ်အရာဖြစ်သည်ကို သင့်အား မမေးပေ။ သင့်တွင် ကောင်းမွန်သော အကြောင်းပြချက် ရှိမရှိဟူသည်ကို သူ မကြည့်ပေ။ ထိုသို့သောအရာများကို သူ လုံးဝ ထည့်သွင်းစဉ်းစားခြင်း မရှိ။ သင့်အနေဖြင့် ကျိုးနွံနာခံခြင်း ရှိမရှိဟူသည်ကိုသာ ဘုရားသခင် ကြည့်သည်။ သင်၏ နေထိုင်မှုပတ်ဝန်းကျင်နှင့် အခြေအနေက မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ သင်၏စိတ်နှလုံးထဲတွင် ကျိုးနွံနာခံခြင်း ရှိမရှိ၊ သင်၌ ကျိုးနွံနာခံသော သဘောထားရှိမရှိကိုသာ ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်သည် အမှန်နှင့် အမှားကို သင်နှင့် အချေအတင် ပြောဆိုခြင်း မပြုပေ။ သင်၏ အကြောင်းပြချက်များက အဘယ်အရာဖြစ်သည်ကို ဘုရားသခင် ဂရုမစိုက်ပေ။ သင့်အနေဖြင့် အမှန်တကယ် ကျိုးနွံနာခံခြင်း ရှိမရှိဟူသည်ကိုသာ ဘုရားသခင် ဂရုစိုက်သည်။ ဤသည်မှာ ဘုရားသခင်က သင့်အား မေးသမျှ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခု မဟုတ်လော။ အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံရန် နှစ်သက်သော၊ စကားစစ်ထိုးခြင်းတွင် ပါဝင်ရန် နှစ်သက်သော လူစားမျိုးတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရား စည်းမျဉ်းများ ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို အာရုံစိုက်ဖူးသလော။ ၎င်းတို့သည် ထိုအရာများကို လိုက်စားဖူးသလော။ ယင်းတို့ကို ၎င်းတို့ ရှာဖွေဖူးသလော။ ၎င်းတို့သည် ထိုအရာများကို အာရုံစိုက်ဖူးခြင်းမရှိ၊ လိုက်စားခြင်း သို့မဟုတ် ရှာဖွေခြင်း မပြုဖူးသည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထိုအရာများ လုံးဝကင်းမဲ့နေသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် လူ့အယူအဆများအတွင်း၌သာ အသက်ရှင်နိုင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရှိသမျှမှာ အမှန်နှင့်အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း၊ ဆင်ခြေများ၊ အကြောင်းပြချက်များ၊ ကလိမ်ကကျစ် စကားများနှင့် အငြင်းအခုံများသာဖြစ်ကာ၊ ထို့နောက် မကြာမီမှာပင် ၎င်းတို့သည် အချင်းချင်း တိုက်ခိုက်ကြသည်၊ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချကြလေသည်။ ဤကဲ့သို့သော လူတို့၏ စိတ်သဘောထားမှာ ၎င်းတို့သည် အမှန်နှင့်အမှားကို အချေအတင်ပြောဆိုရန်နှင့် လူတို့ကို ဝေဖန်ကာ ပြစ်တင်ရှုတ်ချရန် နှစ်သက်ခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူတို့၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် လက်ခံခြင်း မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်ကာ အငြင်းအခုံပြုတတ်ကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ပင် ဝေဖန်မှုပြုကာ ဘုရားသခင်ကို အာခံကြသည်။ အဆုံးတွင် ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်းခံသွားရကြလိမ့်မည်။

အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံရန် နှစ်သက်သောသူတို့သည် သမ္မာတရားကို ရှာဖွေကြသလော။ ၎င်းတို့သည် အခြေအနေများအတွင်း၌ ကြုံတွေ့ရသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှတစ်ဆင့် ဤအခြေအနေများတွင် လက်တွေ့ကျင့်ကြံသင့်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေကြသလော။ မရှာဖွေကြပေ။ အခြေအနေများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ၎င်းတို့က “ထိုဖြစ်ရပ်က မည်သို့ဖြစ်သည်” သို့မဟုတ် “ထိုလူက မည်သို့ဖြစ်သည်” ကို စောင့်ကြည့်လေ့လာလေ့ရှိကြသည်။ ဤအပြုအမူမှာ အဘယ်နည်း။ ဤသည်မှာ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်းအဖြစ် လူတို့က မကြာခဏ ရည်ညွှန်းလေ့ရှိသည့်အရာ မဟုတ်လော။ ၎င်းတို့သည် လူတို့၏ ကျိုးကြောင်းပြချက်များနှင့် ဖြစ်ရပ်များ၏ ဖြစ်စဉ်အကြောင်းကို အငြင်းအခုံပြုကြသည်။ ၎င်းတို့က ဤအရာများကို မရမက ရှင်းလင်းကြသည်။ သို့သော် ဤရှုပ်ထွေးသော အခြေအနေများနှင့်ဆိုင်သည့် ဖြစ်စဉ်၏ မည်သည့်အပိုင်းတွင် ၎င်းတို့က သမ္မာတရားကို ရှာဖွေခဲ့သည်၊ သမ္မာတရားကို နားလည်ခဲ့သည် သို့မဟုတ် ဉာဏ်အလင်းရခဲ့သည်ဟူသည်တို့ကိုမူ မဖော်ပြကြပေ။ ၎င်းတို့၌ ဤအတွေ့အကြုံများနှင့် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများ ကင်းမဲ့နေသည်။ ၎င်းတို့က “သင်သည် ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်ကို သိသိသာသာ ပစ်မှတ်ထားနေခဲ့သည်။ သင်သည် ကျွန်ုပ်ကို စော်ကားနေခဲ့သည်။ ကျွန်ုပ်က မခွဲခြားနိုင်လောက်အောင် အလွန်တုံးသည်ဟု သင်ထင်နေသလော။ အဘယ်ကြောင့် ကျွန်ုပ်ကို သင်စော်ကားရသနည်း။ ကျွန်ုပ်သည် သင့်ကို စိတ်အနှောင့်အယှက်ပေးခြင်းမရှိပါ။ အဘယ်ကြောင့် သင်က ကျွန်ုပ်ကို ပစ်မှတ်ထားရသနည်း။ သင်က ကျွန်ုပ်ကို ပစ်မှတ်ထားနေသည့်အတွက် ကျွန်ုပ် ချုပ်တည်းမည်မဟုတ်ပါ။ ကျွန်ုပ်သည် သင့်ကို အချိန်ကြာမြင့်စွာ သည်းခံခဲ့ပြီးဖြစ်သော်လည်း ကျွန်ုပ်၏ သည်းခံမှု၌ အကန့်အသတ်များရှိသည်။ ကျွန်ုပ်ကို အလွယ်တကူ ဩဇာပေး၍ရသည်ဟု မထင်နှင့်။ ကျွန်ုပ်သည် သင့်ကို မကြောက်ပါ” ဟုသာ ပြောမြဲပြောနေသည်။ ဤပြဿနာများကို ဖက်တွယ်ထားလျက်၊ ၎င်းတို့သည် ကိစ္စရပ်၏ အမှန်နှင့်အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်းတို့ကို တဝဲလည်လည်တွေးရင်း မိမိတို့၏ ကျိုးကြောင်းပြချက်များကို မရပ်မနား တင်ပြကြသော်လည်း၊ ၎င်းတို့၏ ကျိုးကြောင်းပြချက်များဟု ဆိုသည့်အရာသည် သမ္မာတရားနှင့် လုံးဝမကိုက်ညီသည့်အပြင် ၎င်းတို့၏ စကားတစ်ခွန်းမျှက ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း မရှိပေ။ ၎င်းတို့သည် အခြားသူများ လုံးဝငြီးငွေ့လာပြီး မည်သူကမျှ ၎င်းတို့ကို နားထောင်လိုစိတ်မရှိတော့သည်အထိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို တဝဲလည်လည်ပြောနေကြသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်မူ ဤအရာများအကြောင်း ပြောဆိုခြင်းကို မည်သည့်အခါမျှ မငြီးငွေ့ကြပေ။ ၎င်းတို့သည် အပူးခံရသည့်အလား မိမိတို့သွားသည့် နေရာတိုင်းတွင် ထိုအရာများအကြောင်းကို ပြောဆိုကြသည်။ ဤသည်ကို လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်းနှင့် သမ္မာတရားကို ရှာဖွေရန် ယတိပြတ် ငြင်းပယ်ခြင်းဟု ခေါ်သည်။ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သော လူတို့၏ ဒုတိယ ထူးခြားသည့် လက္ခဏာရပ်မှာ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်းအား အထူး နှစ်သက်ခြင်း ဖြစ်သည်။ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးသောသူတို့သည် သမ္မာတရားကို နှစ်သက်ကြသလော။ (မနှစ်သက်ကြပါ။) ၎င်းတို့သည် သမ္မာတရားကို မနှစ်သက်ကြပေ၊ ဤသည်မှာ သိသာထင်ရှားသည်။ သို့ဆိုလျှင် ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို နားလည်ကြသလော။ ဘုရားသခင်ပြောသည့် သမ္မာတရားဆိုသည်မှာ အမှန်တကယ် အဘယ်အရာဖြစ်သည်ကို ၎င်းတို့ သိကြသလော။ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးသည့် ၎င်းတို့၏ အပြင်ပန်း အပြုအမူကို ကြည့်ခြင်းအားဖြင့်၊ သမ္မာတရားဆိုသည်မှာ အမှန်တကယ် အဘယ်အရာဖြစ်သည်ကို ၎င်းတို့ သိကြသလော။ ၎င်းတို့ မသိကြသည်မှာ သိသာထင်ရှားသည်။ ၎င်းတို့ ရိုသေလေးမြတ်သော စိတ်ကူးမှာ အဘယ်နည်း။ ယင်းမှာ အခိုင်လုံဆုံးဖြစ်သည့် မည်သူမဆို၏ စကားများက မှန်သည်၊ ပွင့်လင်းမြင်သာပြီး အားလုံးမြင်သာအောင် ချပြနိုင်သည့် မည်သူမဆို၏ လုပ်ရပ်များက မှန်သည့်ဘက်တွင်ရှိသည်၊ ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်များ၊ ရိုးရာယဉ်ကျေးမှုတို့နှင့်အညီဖြစ်သည့်၊ လူအများစု၏ အသိအမှတ်ပြုမှုကိုရရှိသည့် မည်သူမဆို၏ လုပ်ဆောင်ချက်များက မှန်သည့်ဘက်တွင်ရှိသည်ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ဤ “မှန်ကန်ခြင်း”သည် သမ္မာတရားကို ကိုယ်စားပြုသောကြောင့် ၎င်းတို့သည် လူများနှင့် အမှုအရာများအပေါ် အလွန် မျက်နှာပြောင်တိုက်စွာ မဆုတ်မနစ် အစွဲအလမ်းကြီးနိုင်ကြပြီး ဤကိစ္စရပ်များအပေါ် တဝဲလည်လည်တွေးခြင်းကို လုံးဝ မရပ်တန့်ကြပေ။ ၎င်းတို့က ခိုင်လုံခြင်းသည် သမ္မာတရားကို ပိုင်ဆိုင်ခြင်းနှင့် ညီမျှသည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အလွန် ပြဿနာရှိသည် မဟုတ်လော။ အချို့လူများက “ကျွန်ုပ်သည် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုခဲ့ပါ။ ကျွန်ုပ်သည် အခြားသူများကို အခွင့်အရေးမယူပါ။ အခြားသူများထံမှ ခိုးယူခြင်းကို ကျွန်ုပ် မနှစ်သက်ပါ။ ပြီးလျှင်ကျွန်ုပ်သည် အနိုင်ကျင့်သူတစ်ဦး မဟုတ်ပါ။ ဆိုးယုတ်သောသူတစ်ဦး မဟုတ်ပါ”ဟု ပြောဆိုကြသည်။ ဤနေရာတွင် သွယ်ဝိုက်ညွှန်းဆိုချက်မှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတစ်ဦး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလိုသလော။ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးသောသူများထဲမှ အများစုသည် ကောလာဟလများကို စိုးရိမ်စရာမလိုသည့် ဖြောင့်မှန်သောသူများအဖြစ် မိမိတို့ကိုယ်ကို ယုံကြည်ကြပြီး၊ အခြားသူများကို မည်သည့်အခါမျှ မြှောက်ပင့်ပြောဆိုမည်မဟုတ်သည့် ဂုဏ်အသရေရှိပြီး ရိုးသားဖြောင့်မတ်သည့် လူများအဖြစ် မိမိတို့ကိုယ်ကို ယူဆကြသည်။ ထို့ကြောင့် အခြေအနေများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ငြင်းခုံပြီး အချေအတင်ပြောဆိုလေ့ရှိကြကာ ဤနည်းလမ်းများမှတစ်ဆင့် မိမိတို့၏ ကျိုးကြောင်းပြချက်က မှန်ကန်ကြောင်း မရမက သက်သေပြကြလေသည်။ အကယ်၍ မိမိတို့၏ ကျိုးကြောင်းပြချက်က ခိုင်မာပြီး၊ ယင်းကို ပွင့်လင်းစွာ တင်ပြ၍ရကာ လူအများစုက ထိုအရာကို သဘောတူညီပါက၊ ၎င်းတို့သည် သမ္မာတရားကို ပိုင်ဆိုင်သောသူတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ “သမ္မာတရား” ဟူသည်မှာ အဘယ်နည်း။ ယင်းကို မည်သည့်စံနှုန်းဖြင့် တိုင်းတာသနည်း။ ထိုသို့သောလူများက သမ္မာတရားကို နားလည်နိုင်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ထို့ကြောင့် ၎င်းတို့သည် လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးကြပြီး ထိုအရာများကို ခေါင်းမာစွာ တဝဲလည်လည်တွေးနေကြသည်။ ဤလူတို့သည် သမ္မာတရားကို နားမလည်ကြသောကြောင့် “ကျွန်ုပ်သည် သင့်ကို စိတ်အနှောင့်အယှက်ပေးခြင်းမရှိပြီ။ အဘယ်ကြောင့် သင်က ကျွန်ုပ်ကို အမြဲ ပစ်မှတ်ထားနေရသနည်း။ သင်က ကျွန်ုပ်ကို ပစ်မှတ်ထားခြင်းက မှားသည်”ဟု အမြဲ ပြောဆိုကြလေသည်။ ၎င်းတို့က “အကယ်၍ ကျွန်ုပ်သည် သင့်ကို စိတ်အနှောင့်အယှက်ပေးခြင်းမရှိလျှင်၊ ကျွန်ုပ်ကို ဤသို့ သင် မဆက်ဆံသင့်ပါ။ သင်က ကျွန်ုပ်ကို ဤသို့ ဆက်ဆံနေသည့်အတွက်၊ ကျွန်ုပ်သည် သင့်ကို လက်တုံ့ပြန်မည်။ ကျွန်ုပ်သည် လက်စားချေမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ လက်စားချေခြင်းက သဘာဝကျသော မိမိကိုယ်ကို ခုခံကာကွယ်ခြင်းဖြစ်သည်။ ယင်းသည် ဥပဒေနှင့် ညီညွတ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းဖြစ်သည်။ ထို့ကြောင့် သင်လုပ်ဆောင်နေသည့်အရာသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသော်လည်း၊ ကျွန်ုပ်လုပ်ဆောင်နေသည့်အရာက ကိုက်ညီသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဤကိစ္စကို အစွဲအလမ်းကြီးမည်၊ ကျွန်ုပ်သည် ဤပြဿနာကို အစဉ်အမြဲ ထုတ်ဖော်ပြောဆိုမည်ဖြစ်ပြီး သင့်အကြောင်းကို အစဉ်အမြဲ ဖော်ပြမည်”ဟု ယုံကြည်ကြသည်။ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်းက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု ၎င်းတို့ ယုံကြည်ကြသော်လည်း၊ ဤသည်မှာ ကြီးမားသော အမှားတစ်ခု မဟုတ်လော။ ယင်းသည် အမှန်ပင် ကြီးမားသော အမှားတစ်ခုဖြစ်ပြီး ၎င်းတို့သည် လမ်းကြောင်းလွဲနေကြခြင်း ဖြစ်သည်။ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်းသည် သမ္မာတရားကို ကျင့်ကြံခြင်းနှင့် လုံးဝ မတူကွဲပြားသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဤသည်မှာ ဤလူတို့၏ လူ့သဘာဝနှင့်ဆိုင်သည့် ဒုတိယ ပြဿနာဖြစ်သည်။ ၎င်းတို့သည် လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးကြသည်။ လူ့သဘာဝ၏ ပြဿနာများသည် မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ယင်းတို့သည် လူတစ်ဦး၏ သဘာဝနှင့် ဆက်စပ်သည် မဟုတ်လော။ ဤလူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သော်လည်း၊ သမ္မာတရားကို နားမလည်ကြသည့်အပြင်၊ ပွင့်လင်းမြင်သာခြင်း၊ ဖြောင့်မှန်ခြင်း၊ ရိုးသားခြင်း၊ ပွင့်လင်းခြင်းနှင့် ဟက်ဟက်ပက်ပက်ရှိခြင်း၊ စသည်တို့ကဲ့သို့သော ၎င်းတို့သိသည့် ဝေါဟာရများသည် မိမိကိုယ်ကို ကျင့်ကြံပြုမူပုံ၏ အခြေခံများဖြစ်သည်ဟု တွေးထင်ကြပြီး၊ ဤအရာများကို သမ္မာတရား စည်းမျဉ်းများအဖြစ် ၎င်းတို့ ယူဆကြသည်။ ဤသည်မှာ အကြီးအကျယ် မှားယွင်းသော သဘောထားအမြင်တစ်ခု ဖြစ်သည်။

အပြန်အလှန် တိုက်ခိုက်ခြင်းများတွင် ပါဝင်သောသူများနှင့် စကားစစ်ထိုးခြင်းများတွင် ပါဝင်လေ့ရှိသောသူများတွင် မူမမှန်သော လူ့သဘာဝရှိသည်။ ဤအရာ၏ ပထမ သွင်ပြင်လက္ခဏာမှာ အမှန်နှင့်ပတ်သက်၍ ငြင်းခုံရန် နှစ်သက်ခြင်းဖြစ်သည်။ ဒုတိယမှာ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်း ဖြစ်သည်။ တတိယ သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားကို လက်ခံရန် ၎င်းတို့ လုံးဝ ငြင်းပယ်ခြင်း ဖြစ်သလော။ ၎င်းတို့သည် မှန်ကန်သော စကားတစ်ခွန်းကိုပင် လက်မခံနိုင်ကြပေ။ ၎င်းတို့က “သင်ပြောသည့်အရာ မှန်ကန်လျှင်ပင်၊ သင်သည် ကျွန်ုပ်၏ သိက္ခာကို ကူအဖတ်ဆယ်ပေးရန် လိုအပ်သေးသည်။ သင်သည် ပါးနပ်စွာ ပြောဆိုရန်လိုပြီး ကျွန်ုပ်ကို မထိခိုက်စေရ။ သင်၏စကားများက စူးရှပြီး ကျွန်ုပ်ကို မျက်နှာပျက်စေနိုင်လျှင်၊ သင်သည် ထိုစကားများကို ကျွန်ုပ်အား သီးသန့်ပြောဆိုရမည်။ သင်သည် ကျွန်ုပ်၏ မာနကို ထည့်မစဉ်းစားဘဲ၊ ဤအရှက်ရဖွယ် အကျပ်အတည်းမှ ထွက်ပေါက်တစ်ခုမပေးဘဲ လူအများရှေ့တွင် ကျွန်ုပ်ကို ထိခိုက်ရမည်မဟုတ်ပါ။ ထို့အပြင် သင်ပြောသည့်အရာက မှားယွင်းသောကြောင့် ကျွန်ုပ် လက်တုံ့ပြန်ရမည်” ဟု စဉ်းစားကြသည်။ ပိုမိုဆိုးရွားသော ကိစ္စများတွင် ဤလူစားမျိုးတို့က “သင်၏စကားများ မည်မျှပင် မှန်ကန်စေကာမူ ကျွန်ုပ် လက်ခံမည်မဟုတ်။ သင်သည် အခြားမည်သူ့မဆိုအကြောင်းကို ပြောဆိုလျှင် အဆင်ပြေသည်၊ သို့သော် ကျွန်ုပ်ကို ပစ်မှတ်ထားခြင်းသည် သင်မှန်ကန်နေလျှင်ပင် အဆင်မပြေပါ”ဟု အတိုက်အခံလုပ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို ပစ်မှတ်ထားနေသည် သို့မဟုတ် ဖော်ထုတ်နေသည်ဟု ၎င်းတို့ ခံစားရပါက၊ ထိုနှုတ်ကပတ်တော်များကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် နားထောင်ရန် မလိုလားကြပေ။ ၎င်းတို့ ရင်ဆိုင်နေရသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သောကြောင့်၊ သူနှင့် အငြင်းအခုံပြုနိုင်ခြင်း မရှိကြပေ။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့၏ ပြဿနာများ ထောက်ပြပါက သို့မဟုတ် မျက်နှာချင်းဆိုင် ဖော်ပြပါက၊ သို့မဟုတ် ၎င်းတို့ကို ပစ်မှတ်ထားရန် ရည်ရွယ်ခြင်းမရှိဘဲ မတော်တဆ ဖော်ပြမိပါက၊ ၎င်းတို့သည် လက်တုံ့ပြန်ကာ စကားစစ်ထိုးခြင်းများကို စတင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ ထိုသို့သော ပုဂ္ဂိုလ်များသည် သမ္မာတရားကို လက်ခံရန် လုံးဝ ငြင်းပယ်ကြသည်ဟု ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရဖြစ်သည်၊ သမ္မာတရားကို လက်ခံရန် လုံးဝ ငြင်းပယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ စကားစစ်ထိုးခြင်းနှင့်ဆိုင်သည့် အကြောင်းအရာ သို့မဟုတ် ထိုစကားစစ်ထိုးမှုများဖြစ်ပွားသည့်နေရာ မည်သို့ပင်ဖြစ်စေ၊ ထိုသို့သော လူတို့၏ လူ့သဘာဝမှာ ရှင်းလင်းလှသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသည့်အပြင်၊ တရားဒေသနာများအတောအတွင်း ပြောဆိုနေသည့်အရာကို ၎င်းတို့ နားလည်လျှင်ပင်၊ သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့သည် အပြန်အလှန် တိုက်ခိုက်ခြင်းတွင် ဆက်လက်ပါဝင်ပြီး စကားစစ်ထိုးခြင်းများတွင် အဆက်မပြတ် ပါဝင်ဆင်နွှဲကြဆဲဖြစ်သည် သို့မဟုတ် အခြားသူများကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ ၎င်းတို့၏ ဤသရုပ်သကန်များဖြင့် အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသူများ ဖြစ်ကြသလော။ ၎င်းတို့သည် သမ္မာတရားကို နားလည်သည့်အခါ လက်တွေ့လုပ်ဆောင်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသလော။ (မဟုတ်ပါ။) ၎င်းတို့သည် ပြဿနာများကို တွေ့ရှိသည့်အခါ ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ကြသလော။ (မရှာဖွေနိုင်ပါ။) ၎င်းတို့သည် အခြားလူများနှင့်စပ်လျဉ်း၍ အယူအဆများ၊ မလိုမုန်းထားမှုများ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ထင်မြင်ချက်များကို ထားရှိသည့်အခါ၊ သမ္မာတရားကို ရှာဖွေရန် ထိုအရာများကို ဘေးဖယ်ထားဖို့ ကနဦးခြေလှမ်းလှန်းနိုင်ကြသလော။ (မလုပ်နိုင်ကြပါ။) ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုကိုမျှ မပြုလုပ်နိုင်ကြပေ။ ၎င်းတို့ မစွမ်းဆောင်နိုင်သည့် ဤအရာအားလုံးကို ကြည့်ခြင်းအားဖြင့်၊ အခြားသူများကို တိုက်ခိုက်လေ့ရှိပြီး စကားစစ်ထိုးခြင်းများတွင် ပါဝင်လေ့ရှိသည့် ပုဂ္ဂိုလ်အားလုံးက မကောင်းမြတ်ကြသည်မှာ သိသာထင်ရှားသည်။ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးကြသည့်အပြင် ရှာဖွေရန်လည်း မလိုလားကြပေ။ သမ္မာတရားပါဝင်ပတ်သက်သော ကိစ္စရပ်များတွင်၊ ၎င်းတို့၌ မည်သည့် ဘက်လိုက်မှုများ သို့မဟုတ် မှားယွင်းသော အမြင်များ ဖြစ်ပေါ်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်နေဆဲဖြစ်ပြီး သမ္မာတရားကို လုံးဝမရှာဖွေကြသည့်အပြင်၊သမ္မာတရားကို ၎င်းတို့ထံ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သည့်အခါတွင်ပင် လက်ခံရန် ငြင်းပယ်ကြကာ လက်တွေ့လုပ်ဆောင်ရန်မှာ သာ၍ပင် မလိုလားကြပေ။ တစ်ချိန်တည်းတွင် ဤပုဂ္ဂိုလ်တို့သည် သာ၍ပင် စက်ဆုပ်ဖွယ်ကောင်းသော သရုပ်သကန်တစ်ခုကို ပြသကြသည်။ အချို့သော စကားလုံးများနှင့် အယူဝါဒများကို သိနားလည်မှု ရရှိပြီးနောက်၊ အခြားသူများအား ထင်ရာမြင်ရာ တိုက်ခိုက်ရန်၊ ဝေဖန်ရန်နှင့် ပြစ်တင်ရှုတ်ချရန်၊ ပြီးလျှင် အခြားသူများကို ဘောင်ခတ်ကာ ထိန်းချုပ်ရန်ပင် မိမိတို့ နားလည်သည့် ဤကြီးကျယ်သည့် အယူဝါဒများကို အသုံးပြုကြလေသည်။ အကယ်၍ ၎င်းတို့သည် သင့်ကို ၎င်းတို့၏ ဝေဖန်အကဲဖြတ်မှုများနှင့် ပြစ်တင်ရှုတ်ချမှုများဖြင့် မချိုးနှိမ်နိုင်ပါက၊ သင့်ကို အနှစ်မဲ့သော သီအိုရီများဖြင့် ဘောင်ခတ်ရန် နည်းလမ်းအမျိုးမျိုးကို ၎င်းတို့ စဉ်းစားကြလိမ့်မည်။ အကယ်၍ သင်က အလျှော့မပေးသေးပါက၊ ၎င်းတို့အား သင် အလျှော့ပေးသည်အထိ၊ သင် အားနည်းပြီး အပျက်သဘောဆောင်လာသည်အထိ၊ သို့မဟုတ် ၎င်းတို့ကို လေးစားလာပြီး ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံလာရသည်အထိ သင့်အား တိုက်ခိုက်ရန် သာ၍ပင် စက်ဆုပ်ဖွယ်ကောင်းပြီး ဆိုးရွားသော နည်းလမ်းများကို အားကိုးအားထားပြုကြလိမ့်မည်။ ထိုအခါ ၎င်းတို့ ကျေနပ်ကြလိမ့်မည်။ သို့ဖြစ်၍ သမ္မာတရားအပေါ် ဤပုဂ္ဂိုလ်တို့၏ အပြုအမူများ၊ သရုပ်သကန်များနှင့် သဘောထားတို့ကို အခြေခံ၍ ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် လုံးဝ ငြင်းပယ်ကြသည်။ ဤသည်မှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ကော မည်သို့နည်း။ ဤပုဂ္ဂိုလ်တို့ထဲမှ အများစုမှာ ဆိုးယုတ်သောသူများ ဖြစ်ကြသည်။ မယုတ်မလွန်ပြောရလျှင် ၎င်းတို့ထဲမှ ၉၀ ရာခိုင်နှုန်းထက်မကသောသူတို့သည် ဆိုးယုတ်သောသူများ ဖြစ်ကြသည်။ ဆိုးယုတ်သောသူများသည် ကိစ္စရပ်တိုင်းတွင် အမှန်အမှန်ကို ရှင်းလင်းရန် ကြိုက်နှစ်သက်ကြသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ထိုကိစ္စကို လက်လွှတ်မည်မဟုတ်သည့်အပြင်၊ ဤသို့သော စိတ်တိမ်းညွှတ်မှုမျိုး အစဉ်အမြဲ ရှိကြသည်။ ထို့အပြင် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ဆိုးယုတ်သော ပုဂ္ဂိုလ်များသည် လူများနှင့် အမှုအရာများအပေါ် တဝဲလည်လည် တွေးကြပြီး မိမိတို့၏ ကိုယ်ပိုင် ကျိုးကြောင်းပြချက်များကို အစဉ်အမြဲ တင်ပြလျက်၊ လူတိုင်းအား မိမိတို့ကို သဘောတူညီကာ ထောက်ခံရန်နှင့် မိမိတို့ မှန်ကန်ကြောင်း ပြောဆိုစေရန် အစဉ်အမြဲ ကြိုးစားကြလျက်၊ ပြီးလျှင် မည်သူ့ကိုမျှ မိမိတို့နှင့်ပတ်သက်၍ မကောင်းသည့်အရာတစ်ခုခု ပြောဆိုခွင့်မပေးဘဲ ထိုအရာများကို မဆုတ်မနစ် အစွဲအလမ်းကြီးကြလေသည်။ ထို့အပြင် ဆိုးယုတ်သောသူများသည် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့ကို ချုပ်နှောင်ရန်နှင့် ထိန်းချုပ်ရန် အခွင့်အလမ်းများကို အစဉ်အမြဲ ရှာဖွေကြသည်။ လူတို့ကို ထိန်းချုပ်ရန် မည်သည့်နည်းလမ်းကို ၎င်းတို့ အသုံးပြုကြသနည်း။ ၎င်းတို့အနေဖြင့် အခြားလူတိုင်းက မိမိတို့သည် ချို့ငဲ့ကြကြောင်း၊ ပြဿနာများနှင့် ချို့ယွင်းချက်များ ရှိကြောင်း၊ ပြီးလျှင် ဤဆိုးယုတ်သောသူများထက် မိမိတို့နိမ့်ကျကြောင်း ယုံကြည်လာစေလျက် လူတိုင်းကို ပြစ်တင်ရှုတ်ချကြသည်။ ထို့နောက်တွင် ဆိုးယုတ်သောသူများသည် ကျေနပ်အားရပြီး ပျော်ရွှင်ကြလေသည်။ ၎င်းတို့သည် မိမိတို့သာ ရပ်ကျန်ရစ်စေလျက် အခြားလူတိုင်းကို အနိုင်ယူပြီးသည့်အခါ၊ ၎င်းတို့အနေဖြင့် လူတိုင်းကို မိမိတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေပြီးဖြစ်သည် မဟုတ်လော။ လူတို့ကို ထိန်းချုပ်ခြင်းဖြင့် ၎င်းတို့ ရရှိသော ရည်ရွယ်ချက်မှာ လူတိုင်းကို ပြစ်တင်ရှုတ်ချပြီး အနိုင်ယူရန်၊ လူတိုင်းက မိမိတို့အနေဖြင့် အရည်အချင်းမရှိဟု ယုံကြည်လာစေရန်၊ အပျက်သဘောဆောင်ပြီး အားနည်းလာစေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် ယုံကြည်ခြင်း ပျောက်ဆုံးစေရန်၊ ပြီးလျှင် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးပြီး လိုက်လျှောက်ရမည့် လမ်းကြောင်း မရှိစေရန် ဖြစ်သည်။ ဤနောက်တွင် ဤဆိုးယုတ်သောသူများသည် ပျော်ရွှင်ပြီး စိတ်ကျေနပ်ကြသည်။ ဤသွင်ပြင်လက္ခဏာများကို ကြည့်သည့်အခါ၊ ဤသို့သော ပုဂ္ဂိုလ်တို့၏ အများစုမှာ ဆိုးယုတ်သောသူများ ဖြစ်ကြသည်မှာ ရှင်းလင်းသည် မဟုတ်လော။ အုပ်စုတစ်ခုတွင် ရှိနေသည့်အခါ မည်သည့်လူစားမျိုးတို့က အခြားသူများကို မျက်နှာချင်းဆိုင်ဖြစ်စေ၊ နောက်ကွယ်တွင်ဖြစ်စေ၊ အခြားသူများကို ထိုးနှက်တိုက်ခိုက်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလျက် အစဉ်အမြဲ ထိုးနှက်တိုက်ခိုက်လေ့ရှိသည်ကို ကြည့်လော့။ ထိုသို့သောလူများသည် ဆိုးယုတ်သောသူများ ဖြစ်ကြသည်။ ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို လုံးဝလက်မခံကြသည့်အပြင် သမ္မာတရားကို မိတ်သဟာယမဖွဲ့ကြပေ။ ၎င်းတို့က မိမိတို့သည် ကောင်းသောသူများဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်သမျှသည် ကျိုးကြောင်းညီညွှတ်ပြီး အခြေအမြစ်ရှိကြောင်း၊ ပြီးလျှင် မိမိတို့သည် ဖြောင့်မှန်ပြီး ပွင့်လင်းမြင်သာသော ပုံစံဖြင့် ပြုမူကျင့်ကြံကြောင်း ကြွားဝါရန် အခြေအနေတစ်ခုကို မကြာခဏ အမိအရ အသုံးချကြသည်။ ၎င်းတို့အနေဖြင့် ရည်မွန်ပြီး ဂုဏ်အသရေရှိသောလူများဖြစ်ကြောင်းနှင့် ရိုးသားဖြောင့်မတ်ကာ တရားမျှတသော ပုဂ္ဂိုလ်များဖြစ်ကြောင်း အမြဲ ကြွားဝါကြသည်။ ဤလူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ သက်သေမခံကြသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း သက်သေမခံကြပေ။ ၎င်းတို့သည် လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးရန်နှင့် မိမိတို့၏ ကိုယ်ပိုင် ကျိုးကြောင်းပြချက်များကို တင်ပြရန်သာ ကြိုက်နှစ်သက်ကြသည်။ ၎င်းတို့၏ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်မှာ ၎င်းတို့အနေဖြင့် ကောင်းသောသူများဖြစ်ကြောင်းနှင့် အရာရာကို နားလည်ကြောင်း လူတို့အား ယုံကြည်စေရန် ဖြစ်သည်။ အသင်းတော်တွင် မကြာခဏ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သောသူများနှင့်စပ်လျဉ်း၍၊ တိုက်ခိုက်မှုကို စတင်သူများဖြစ်စေ၊ တိုက်ခိုက်ခြင်းခံရသူများဖြစ်စေ၊ အသင်းတော်အသက်တာက နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း ခံရပါက၊ လူအများစုသည် ထိုသူတို့ကိုသတိပေးရန်နှင့် ကန့်သတ်ရန် ထရပ်သင့်သည်။ ဤလူတို့အား မကောင်းသောအရာများ ပြုလုပ်လျက် သောင်းကျန်းရန် အချိန်မပေးသင့်သည့်အပြင်၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မလိုမုန်းတီးခြင်းနှင့် ယာယီဒေါသတို့ကြောင့် ဖြစ်ပေါ်လာသော ကိုယ်ရေးကိုယ်တာ အငြိုးအတေးကို ထုတ်ဖော်ခြင်းနှင့် လက်စားချေခြင်း အပြုအမူများဖြင့် အခြားသူများကို ထိခိုက်စေရန်လည်း ခွင့်မပြုသင့်ပေ။ အသင်းတော် ခေါင်းဆောင်များသည်လည်း ဤလူတို့အား အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့မှ ထိရောက်စွာ ကန့်သတ်လျက်၊ ပြီးလျှင် လူအများစုကို နှောင့်ယှက်ခံရခြင်းမှ ကာကွယ်လျက် တာဝန်သိသော ပုံစံဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသင့်သည်။ လူတို့သည် အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သည့်အခါ၊ အသင်းတော် ခေါင်းဆောင်များသည် ၎င်းတို့ကို အချိန်မီ တားဆီးပြီး ကန့်သတ်နိုင်သင့်သည်။ ၎င်းတို့ကို တားဆီးရန်နှင့် ကန့်သတ်ရန် ကြိုးစားခြင်းက ပြဿနာကို မဖြေရှင်းနိုင်သည့်အပြင်၊ ၎င်းတို့အနေဖြင့် ဆက်လက်၍ အချင်းချင်း တိုက်ခိုက်ပြီး စကားစစ်ထိုးခြင်းများ၊ အခြားသူများကို နှောင့်ယှက်ခြင်းတို့တွင် ပါဝင်ပြီး အသင်းတော်အသက်တာကို ဆက်လက် ထိခိုက်နစ်နာစေပါက၊ ထိုသို့သော ပုဂ္ဂိုလ်များသည် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရသင့်သည်။ ဤသည်မှာ အသင်းတော် ခေါင်းဆောင်များ၏ တာဝန်ဖြစ်သည်။

အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သောသူတို့၏ အပြုအမူများနှင့် သရုပ်သကန်များအကြောင်းကို ငါတို့ အတော်အတန် မိတ်သဟာယဖွဲ့ကြပြီးဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝအကြောင်းကိုလည်း ယခုလေးတင် ငါတို့ အကျဉ်းချုံး၍ စိတ်ဖြာလေ့လာဆွေးနွေးပြီး မိတ်သဟာယဖွဲ့ခဲ့သည်။ ယင်းက သင်တို့ကို ၎င်းတို့အပေါ် ပိုမိုပိုင်းခြားသိမြင်မှု ရရှိနိုင်စေလိမ့်မည်ဖြစ်ပြီး ၎င်းတို့ စကားပြောဆိုပြီး ပြုမူဆောင်ရွက်သည့်အခါ သင်တို့အများစုအား မည်သည့်အရာဖြစ်နေသည်ကို နားလည်နိုင်စေကာ ၎င်းတို့ကို အချိန်မီ ပိုင်းခြားသိမြင်နိုင်စေလိမ့်မည်။ ဤလူတို့၏ အနှစ်သာရကို သင်တို့ ပိုမိုနှံ့စပ်စွာ နားလည်ပြီး သိရှိလေ၊ ၎င်းတို့ကို သင်တို့ ပိုမိုလျင်မြန်စွာ ပိုင်းခြားသိမြင်နိုင်လေဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် သင်တို့သည် ၎င်းတို့၏ နှောင့်ယှက်ခြင်းကို ခံရမှု ပို၍ နည်းသည်ထက် နည်းပါးလာလိမ့်မည်။ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သောသူတို့က အသင်းတော်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအပေါ် ဖြစ်စေသော အန္တရာယ်အကြောင်းကို သင်တို့အများစု ရှင်းလင်းစွာ သိရှိသင့်သည်။ ဤလူစားမျိုးတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး တိုက်ခိုက်ခြင်းကို သေချာပေါက် ရပ်တန့်ကြလိမ့်မည် မဟုတ်ပေ။ အကယ်၍ ၎င်းတို့ကို ချက်ချင်းကိုင်တွယ်ဖြေရှင်းပြီး ရှင်းလင်းပစ်ခြင်းမရှိပါက၊ ၎င်းတို့သည် အသင်းတော်အသက်တာကို အဆက်မပြတ် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ထိုသို့သောလူများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ရှင်းလင်းပစ်ခြင်းသည် အသင်းတော် ခေါင်းဆောင်များအတွက် အလွန် အရေးကြီးသော အလုပ်ကိစ္စတစ်ခုဖြစ်ပြီး ယင်းကို လျစ်လျူရှု၍ မဖြစ်ပေ။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်

အရှေ့သို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄)

နောက်တစ်ခုသို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger