ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)
အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အမှုအရာများကို ပြောင်းလဲစေလော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သော အမှုအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန်အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၄)
အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ
၈။ အယူအဆများကို ဖြန့်ဝေခြင်း
က။ အယူအဆများကို ဖြန့်ဝေခြင်း၏ သရုပ်သကန်များ
ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အမှုအရာများကို ပြောင်းလဲစေလော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ အသင်းတော်အသက်တာတွင် ဖြစ်ပေါ်သည့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများဆိုင်ရာ အမျိုးမျိုးသော ပြဿနာများနှင့်ပတ်သက်၍ ငါတို့သည် ဆယ့်တစ်ချက်ကို စာရင်းပြုစုခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က ငါတို့သည် သတ္တမမြောက်ပြဿနာဖြစ်သည့် အပြန်အလှန်တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင် အဋ္ဌမမြောက်ပြဿနာဖြစ်သည့် အယူအဆများကို ဖြန့်ဝေခြင်းအား ငါတို့ မိတ်သဟာယဖွဲ့မည်ဖြစ်သည်။ အယူအဆများကို ဖြန့်ဝေခြင်းသည်လည်း အသင်းတော်အသက်တာတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ သမ္မာတရားကို လုံးဝလက်မခံသော အချို့လူများသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ဘုရားသခင်ကို ယုံကြည်ကြပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ရန် အယူအဆအချို့ကို မကြာခဏ ဖြန့်ဝေကြသည်။ အသင်းတော်သည် ဤအပြုအမူကို ကန့်သတ်ရမည်ဖြစ်ပြီး အသင်းတော်အသက်တာတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ယင်းကို ဖြေရှင်းရမည်ဖြစ်သည်။ တိုက်ရိုက် ရှုထောင့်အမြင်မှကြည့်လျှင်၊ အယူအဆများကို ဖြန့်ဝေခြင်းသည် မှန်ကန်သော အပြုအမူမဟုတ်ကြောင်း၊ ယင်းသည် အပြုသဘောဆောင်သည့်အရာမဟုတ်ဘဲ အပျက်သဘောဆောင်သည့်အရာဖြစ်ကြောင်း မည်သူမဆို မြင်နိုင်သည်။ ထို့ကြောင့် ယင်းကို အသင်းတော်အသက်တာတွင် တားဆီးကာ ကန့်သတ်သင့်သည်။ မည်သည့် လူစားမျိုးက အယူအဆများကို ဖြန့်ဝေသည်ဖြစ်စေ၊ ၎င်းတို့၏ ကြံရွယ်ချက်များ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် အယူအဆများကို တမင်တကာ ဖြန့်ဝေသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြန့်ဝေသည်ဖြစ်စေ ထိုအယူအဆများကို ၎င်းတို့ ဖြန့်ဝေနေသရွေ့၊ ယင်းသည် အသင်းတော်အသက်တာကို ထိခိုက်နစ်နာစေသော သက်ရောက်မှုများ ဖြစ်စေလျက် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည်။ ထို့ကြောင့် ဤကိစ္စရပ်ကို ရာနှုန်းပြည့် ကန့်သတ်ရမည်ဖြစ်သည်။ မည်သည့်ရှုထောင့်အမြင်မှကြည့်သည်ဖြစ်စေ အယူအဆများကို ဖြန့်ဝေခြင်းသည် လူတို့၏ သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်းအား လိုက်စားခြင်း သို့မဟုတ် ၎င်းတို့၏ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းတို့တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်နိုင်ခြေမရှိပေ။ ယင်းသည် ဤအရာများကို နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်း အကျိုးသက်ရောက်မှုသာ ရှိနိုင်သည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက အသင်းတော်အသက်တာတွင် အယူအဆများကို ဖြန့်ဝေသည့်အခါ လူတိုင်းဖြစ်သည့် ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများက ထပ်တူထပ်မျှ ဤကိစ္စရပ်ကို ပိုင်းခြားသိမြင်သင့်ပြီး ထိုလူကို အထင်အမြင်မှားစေရန်နှင့် နှောင့်ယှက်ရန် အယူအဆများကို ဖြန့်ဝေခြင်း၌ ကြောင်းကျိုးမမြင်လဘဲ လိုက်လျောခြင်းထက် တားဆီးကာ ကန့်သတ်ရန် ချက်ချင်း ရှေ့ထွက်သင့်သည်။ မည်သည့် စကားအမျိုးအစားက အယူအဆများအား ဖြန့်ဝေခြင်း ဖြစ်သည်ကို ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ ဤပိုင်းခြားသိမြင်မှုဖြင့် လူတို့သည် အယူအဆများကို ဖြန့်ဝေခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ယင်းကို လျစ်လျူရှုကာ ဥပေက္ခာပြုခြင်းဖြင့် သဘောထားမည့်အစား တိကျစွာ တားဆီးကာ ကန့်သတ်နိုင်ပေမည်။
၁။ ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို ဖြန့်ဝေခြင်း
ဖြန့်ဝေခြင်းခံရသည့် အယူအဆများက ပစ်မှတ်ထားခြင်းခံရသည်။ ပထမဆုံးအနေဖြင့်၊ ငါတို့သည် ၎င်းတို့က မည်သူ့ကို ဦးတည်သည်ကိုလည်းကောင်း၊ မည်သည့်အယူအဆများကို ဖြန့်ဝေထားသည်ကိုလည်းကောင်း မြင်ရန် လိုအပ်သည်။ ဤအရာများကို နားလည်ခြင်းက လူတို့ပြောဆိုသည့် မည်သည့်ထွက်ဆိုချက်များနှင့် လူတို့ဖြန့်ဝေသည့် မည်သည့် သဘောထားအမြင်များက အယူအဆများဖြစ်သည်ကို သိရှိရန် သင့်ကို ကူညီလိမ့်မည်။ မည်သည့်စကားလုံးများက လူတို့၏ အယူအဆများဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်လုပ်ဆောင်ချက်များက အယူအဆများကို ဖြန့်ဝေခြင်း ဖြစ်သည်ကိုလည်းကောင်း သိရှိခြင်းက လူတို့အား အယူအဆများ ဖြန့်ဝေခြင်းကို ပို၍ တိကျစွာနှင့် ပို၍ ဆီလျော်မှုရှိစွာဖြင့် ကန့်သတ်နိုင်စေလိမ့်မည်။ ပထမဦးစွာ အပြင်းထန်ဆုံးသော အယူအဆများကို ဖြန့်ဝေခြင်းတွင် ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ စိတ်ကူးများနှင့် အထင်အမြင်လွဲမှားမှုများ ပါဝင်သည်။ ဤသည်မှာ အဓိက အမျိုးအစားတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရ၊ စိတ်သဘောထား၊ နှုတ်ကပတ်တော်များ၊ အမှုတော်၊ တည်ရှိခြင်းတို့နှင့်ပတ်သက်၍ အချက်အလက်နှင့်မညီသော သဘောထားအမြင်များနှင့် ဖော်ပြချက်များကို ဖြန့်ဝေခြင်းသည် အယူအဆများကို ဖြန့်ဝေခြင်းပင် ဖြစ်သည်။ ဤသည်မှာ ယေဘုယျ ဖော်ပြချက်ဖြစ်သည်။ တိတိကျကျအားဖြင့် မည်သည့် ဖော်ပြချက်အမျိုးအစားက အယူအဆများကို ဖြန့်ဝေခြင်း ဖြစ်သနည်း။ ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှားမှုများကို ဖြန့်ဝေခြင်း၊ ဘုရားသခင်ကို ဝေဖန်ခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းများ၊ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းများပင်လျှင် အယူအဆများကို ဖြန့်ဝေခြင်းချည်းသာ ဖြစ်သည်။ ရိုးရှင်းစွာဆိုရလျှင် လက်တွေ့အရှိတရားနှင့် မကိုက်ညီသော ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှုများကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့် မကိုက်ညီသော ဖော်ပြချက်များအပြင် အဓိပ္ပာယ်ကောက်လွဲမှားခြင်းများကို ဖြန့်ဝေခြင်းအားလုံးသည် အယူအဆများကို ဖြန့်ဝေခြင်းဖြစ်သည်။ ဥပမာအားဖြင့် အသင်းတော်အသက်တာတွင် အချို့လူများသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရအကြောင်းကို မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရအပေါ် စစ်မှန်သော သိနားလည်မှု မရှိကြပေ။ ၎င်းတို့သည် အခြားအရာများထဲတွင် ဘုရားသခင်က ၎င်းတို့အတွက် စီစဉ်ပေးသော နေထိုင်မှုပတ်ဝန်းကျင်နှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအတွက်ဖြစ်သော ပတ်ဝန်းကျင်တို့ကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြဘဲလျက် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မကြာခဏ သံသယဝင်ပြီး အထင်လွဲမှားကြသည်။ ထို့နောက် ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မိမိတို့၏ အထင်လွဲမှားမှုများနှင့် ဘုရားသခင်ကို နားမလည်ခြင်းနှင့်ပတ်သက်သည့် မိမိတို့၏ စိတ်ကူးများကို ဖြန့်ဝေကြသည်။ တိုတိုပြောရလျှင်၊ ဤစိတ်ကူးများသည် ဖန်ဆင်းခံလူသားတစ်ဦး၏ ရှုထောင့်အမြင်မှနေ၍ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းအကြောင်း မဟုတ်ဘဲ၊ ထိုအစား ပုဂ္ဂိုလ်ရေးဆိုင်ရာ မလိုမုန်းထားမှုများ၊ အထင်လွဲမှားမှုများအပြင်၊ ဝေဖန်ခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းများဖြင့်ပင် ပြည့်နေသည်။ ဤအရာများကို ကြားပြီးနောက် အခြားလူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှားမှုများနှင့် သူ့အပေါ် သတိထားမှု ဖြစ်လာကြသည်။ ထိုသို့ဖြင့် စစ်မှန်သော ကျိုးနွံနာခံခြင်းရှိရန် မဆိုထားနှင့်၊ ဘုရားသခင်၌ ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းကို ဆုံးရှုံးကြလေသည်။
ဘုရားသခင်ကို ယုံကြည်ခြင်းက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးသင့်သည်ဟုလည်းကောင်း၊ အခြေအနေများနှင့် ကြုံတွေ့ရပါက ဘုရားသခင်ထံ ဆုတောင်းရန်သာ လိုအပ်ပြီး ဘုရားသခင်က နားညောင်းလိမ့်မည်ဖြစ်ကာ ၎င်းတို့အား ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနားလိမ့်မည်ဖြစ်သည့်အပြင် ၎င်းတို့အတွက် အရာရာတိုင်း အေးချမ်းစွာနှင့် ချောမွေ့စွာ ဖြစ်သွားသည်ကို သေချာစေလိမ့်မည်ဟုလည်းကောင်း လူအချို့က တွေးထင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကျေးဇူးတော်ကို ရှာဖွေရန်၊ ကောင်းချီးမင်္ဂလာများ ရရှိရန်နှင့် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် ဖြစ်သည်။ ဤအမြင်များကြောင့်ပင် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် မိမိတို့၏ မိသားစုများကို စွန့်လွှတ် သို့မဟုတ် မိမိတို့၏ အလုပ်များကို နုတ်ထွက်ကြကာ ဆင်းရဲဒုက္ခကို ခံနိုင်ပြီး အဖိုးအခပေးနိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ထူးကဲသော အပြုအမူကို ပြသလျက် အမှုအရာများကို စွန့်လွှတ်သရွေ့၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသရွေ့၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး လုံ့လဝီရိယဖြင့် အလုပ်လုပ်သရွေ့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် မျက်နှာသာပေးမှုကို ရရှိကြလိမ့်မည်ဟုလည်းကောင်း၊ မည်သည့် အခက်အခဲများကို ကြုံတွေ့ရသည်ဖြစ်စေ ဘုရားသခင်ထံ ဆုတောင်းသရွေ့ သူက ၎င်းတို့ကို ဖြေရှင်းပေးပြီး အရာရာ၌ ၎င်းတို့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိမ့်မည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော လူအများစုက စွဲကိုင်ထားသည့် သဘောထားအမြင်ဖြစ်သည်။ ဤသဘောထားအမြင်က တရားနည်းလမ်းကျပြီး မှန်ကန်သည်ဟု လူတို့က ခံစားကြရသည်။ မိမိတို့၏ ယုံကြည်ခြင်းကို မစွန့်လွှတ်ဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်၌ မိမိတို့၏ ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းထားဖို့ လူများစွာ၏ တတ်စွမ်းနိုင်ခြင်းသည် ဤသဘောထားအမြင်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားသခင်အတွက် အလွန်များစွာ အသုံးခံပြီးဖြစ်သည်။ ကျွန်ုပ်၏ အပြုအမူသည် အလွန်ကောင်းမွန်ခဲ့ပြီးဖြစ်သည်။ မည်သည့် ဒုစရိုက်အမှုများကိုမျှ ကျွန်ုပ် မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်သည် ကျွန်ုပ်ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်။ အလုပ်တာဝန်တိုင်းအတွက် ကျွန်ုပ်သည် ဆင်းရဲများစွာ ခံခဲ့ရပြီး ကြီးမားသော အဖိုးအခကို ပေးခဲ့ကာ၊ မည်သည့်အမှားမျှ မလုပ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်း အရာရာကို လုပ်ဆောင်ခဲ့သောကြောင့် ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးပေးသင့်သည်။ ကိုယ်တော်သည် ကျွန်ုပ်အတွက် အရာရာတိုင်း ချောမွေ့စွာ ဖြစ်သွားရန် သေချာစေသင့်ပြီး၊ ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မကြာခဏ ရှိကာ ဘုရားသခင်၏ မျက်မှောက်တော်ကို မွေ့လျော်ခံစားသင့်သည်”ဟု တွေးထင်ကြသည်။ ဤသည်မှာ လူ့အယူအဆနှင့် စိတ်ကူးစိတ်သန်းတစ်ခု မဟုတ်လော။ လူသား ရှုထောင့်အမြင်မှကြည့်လျှင် လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပြီး အကျိုးကျေးဇူးများကို လက်ခံရရှိကြသည်။ သို့ဖြစ်၍ ဤအတွက် ဆင်းရဲဒုက္ခ အနည်းငယ်ခံရခြင်းသည် အဓိပ္ပာယ်ရှိပြီး၊ ဤဆင်းရဲဒုက္ခကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအတွက် လဲလှယ်ခြင်းက အကျိုးနပ်ပေသည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်သော စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ သို့သော်လည်း သမ္မာတရား၏ ရှုထောင့်အမြင်နှင့် ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် ဤအရာသည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော စည်းမျဉ်းများနှင့် အခြေခံအားဖြင့် မကိုက်ညီသည့်အပြင် ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသော စံနှုန်းများလည်း မဟုတ်ပေ။ ယင်းသည် ဖြစ်လိုသော အတွေး၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူ့အယူအဆနှင့် စိတ်ကူးတစ်ခုသက်သက်သာ လုံးလုံးလျားလျား ဖြစ်ပေသည်။ ယင်းတွင် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်း သို့မဟုတ် တစ်စုံတစ်ရာကို ဘုရားသခင်ထံမှ တောင်းဆိုခြင်းတို့ ပါဝင်သည်ဖြစ်စေ၊ သို့မဟုတ် လူ့အယူအဆများနှင့် စိတ်ကူးများ ပါဝင်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ယင်းတို့ထဲမှ တစ်ခုမျှသည် ဘုရားသခင်၏ လိုအပ်ချက်များနှင့် မကိုက်ညီသည့်အပြင်၊ လူတို့ကို ကောင်းချီးပေးခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းများ၊ စံနှုန်းများကိုလည်း မပြည့်မီပေ။ အထူးသဖြင့်၊ ဤအပေးအယူဆန်သော အတွေးနှင့် သဘောထားအမြင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသော်လည်း လူတို့က ထိုအရာကို သတိမပြုမိကြပေ။ ဘုရားသခင် လုပ်ဆောင်သည့်အရာက လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သူနှင့်ပတ်သက်၍ မကျေနပ်ချက်များနှင့် အထင်လွဲမှားမှုများ လျင်မြန်စွာ ဖြစ်ပေါ်လာကြသည်။ ၎င်းတို့သည် မတရားခံရသည်ဟုပင် ခံစားရပြီးနောက် ဘုရားသခင်နှင့် စတင်၍ အငြင်းအခုံပြုကြကာ သူ့ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသည်အထိပင် ပြုနိုင်ကြလေသည်။ လူတို့က မည်သည့် အယူအဆများနှင့် အထင်လွဲမှားမှုများကို ဖြစ်ပေါ်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် သူသည် လူ့အယူအဆများ သို့မဟုတ် ဆန္ဒများအတိုင်း မည်သည့်အခါမျှ ပြုမူခြင်း သို့မဟုတ် မည်သူ့ကိုမျှ ဆက်ဆံခြင်း မပြုပေ။ ဘုရားသခင်သည် မိမိအလိုဆန္ဒရှိသည့်အရာကို မိမိ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်းလည်းကောင်း၊ မိမိ၏ ကိုယ်ပိုင် စိတ်သဘောထား အနှစ်သာရကို အခြေခံ၍လည်းကောင်း အမြဲတစေ လုပ်ဆောင်သည်။ ဘုရားသခင်သည် လူတိုင်းကို ဆက်ဆံပုံတွင် စည်းမျဉ်းများ ရှိသည်။ လူတစ်ဦးစီတိုင်းကိုသူလုပ်ဆောင်သည့် မည်သည့်အရာကမျှ လူ့အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် နှစ်သက်မှုများကို အခြေမခံပေ။ ဤသည်မှာ လူ့အယူအဆများနှင့် အဆန့်ကျင်အကွဲလွဲဆုံးသော ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ကဏ္ဍဖြစ်သည်။ လူတို့အတွက် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို လုံးဝ ဆန့်ကျင်သော ပတ်ဝန်းကျင်တစ်ခုကို ဘုရားသခင် ပြင်ဆင်ပေးသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆန့်ကျင်၍ အယူအဆများ၊ ဝေဖန်မှုများနှင့် ပြစ်တင်ရှုတ်ချခြင်းများကို ဖြစ်ပေါ်လာကြပြီး သူ့ကို ငြင်းပင်ငြင်းပယ်နိုင်သည်။ ထိုအခါ ဘုရားသခင်က ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သလော။ လုံးဝ မဖြည့်ဆည်းပေးနိုင်ပေ။ ဘုရားသခင်သည် မိမိ၏ အမှုပြုပုံနည်းလမ်းနှင့် မိမိ၏ အလိုဆန္ဒများကို လူ့အယူအဆများအတိုင်း မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် ပြောင်းလဲရန် လိုအပ်သူမှာ မည်သူနည်း။ လူများပင် ဖြစ်သည်။ လူတို့သည် မိမိတို့၏ အယူအဆများကို စွန့်လွှတ်ရန်၊ ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်များကို လက်ခံရန်၊ ကျိုးနွံနာခံရန်နှင့် တွေ့ကြုံခံစားရန် လိုအပ်ပြီး၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ မှန်ကန်ခြင်း ရှိမရှိဟူသည်ကို ကြည့်ရှုရန် မိမိတို့၏ အယူအဆများနှင့် တိုင်းတာခြင်းအစား မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့ လိုအပ်သည်။ လူတို့သည် မိမိတို့၏ အယူအဆများကို မရမက စွဲကိုင်ထားသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အတိုက်အခံဖြစ်ခြင်း ဖြစ်ပေါ်လာကြသည်။ ဤအရာက အလိုအလျောက် ဖြစ်ပေါ်သည်။ အတိုက်အခံပြုခြင်း၏ အရင်းအမြစ်သည် မည်သည့်နေရာတွင်ရှိသနည်း။ ထိုအရာသည် လူတို့က မိမိတို့၏ စိတ်နှလုံးထဲတွင် ပုံမှန် ပိုင်ဆိုင်သောအရာသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြစ်သည်မှာ သေချာပြီး သမ္မာတရား မဟုတ်သည့်အချက်တွင် ရှိပေသည်။ ထို့ကြောင့် လူ့အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ အမှုနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ဘုရားသခင်ကို အာခံနိုင်ပြီး သူအပေါ် ဝေဖန်မှုများ ပြုလုပ်နိုင်ကြသည်။ ဤအရာက လူတို့သည် အခြေခံအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ကင်းမဲ့ကြောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်ခြင်းခံရခြင်းနှင့် များစွာ အလှမ်းဝေးနေပြီး ၎င်းတို့သည် အခြေခံအားဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း အသက်ရှင်နေကြကြောင်းကို သက်သေပြသည်။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိခြင်းနှင့် အလွန့်အလွန် အလှမ်းဝေးကြနေဆဲ ဖြစ်သည်။
လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် သူ့အပေါ် အတိုက်အခံဖြစ်ခြင်းတို့ ဖြစ်ပေါ်လာသည့်အခါ၊ အသိစိတ်အချို့ရှိသောသူများသည် ဘုရားသခင် လုပ်ဆောင်သည့်အရာကို စိတ်မပါ့တပါဖြင့် လက်ခံကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်ထဲသို့ ပေါင်းစည်းရန် ကြိုးစားလိမ့်မည်ဖြစ်ကာ လူတို့အပေါ် သူ၏ အချုပ်အခြာအာဏာကို လက်ခံကြလိမ့်မည်ဖြစ်သည်။ လူတို့သည် အယူအဆမည်မျှကို လက်လွှတ်နိုင်ပြီး မည်သည့်အတိုင်းအတာအထိ လက်လွှတ်နိုင်သည်ဟူသည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့၏ အစွမ်းအစအပေါ် မူတည်ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့က သမ္မာတရားကို လက်ခံခြင်း ရှိမရှိဟူသည်နှင့် သမ္မာတရားကို ချစ်သောလူများ ဟုတ်မဟုတ်ဟူသည်တို့အပေါ် မူတည်သည်။ အချို့လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ရှာဖွေခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် တွေးဆခြင်းတို့အားဖြင့် ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်များကို တက်ကြွစွာ ရင်ဆိုင်ကြသည်။ ၎င်းတို့သည် အရာရာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ပတ်သက်၍ အချို့သော သိနားလည်မှုကို တဖြည်းဖြည်း ရရှိကြပြီး ထိုသို့ဖြင့် ၎င်းတို့၏ ကျိုးနွံနာခံခြင်းနှင့် ယုံကြည်ခြင်းကိုလည်း တိုးပွားစေကြသည်။ သို့သော်လည်း အချို့လူများသည် မိမိတို့ကြုံတွေ့ရသည့် ပတ်ဝန်းကျင် မည်သို့ပင်ဖြစ်စေ သမ္မာတရားကို မရှာဖွေကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်အားလုံးကို ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများပေါ် အခြေခံ၍လည်းကောင်း၊ ယင်းက ၎င်းတို့ကို အကျိုးပြုခြင်း ရှိမရှိဟူသည့်အပေါ် အခြေခံ၍လည်းကောင်း ဆန်းစစ်ကြသည်။ ၎င်းတို့၏ စဉ်းစားဆင်ခြင်မှုများသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ဗဟိုပြုသည်။ ၎င်းတို့သည် မည်မျှကြီးမားသော အကျိုးကျေးဇူးကို ရရှိနိုင်သည်၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေးနှင့် ဇာတိပကတိဆိုင်ရာ မွေ့လျော်ခံစားမှုများအရ၊ ၎င်းတို့၏ အကျိုးစီးပွားများက မည်မျှ ဖြည့်ဆည်းခြင်းခံရနိုင်သည်ဟူသည်ကို အမြဲတစေ ဂရုစိုက်ကြသည်။ ပြီးလျှင် ၎င်းတို့သည် ဤအချက်များကို အခြေခံ၍ အမြဲတစေ ဆုံးဖြတ်ချက်များချပြီး ဘုရားသခင် စီစဉ်သည့် အရာရာတိုင်းကို သဘောထားကြသည်။ ပြီးလျှင် နောက်ဆုံးတွင်၊ ဦးနှောက်ခြောက်အောင် စဉ်းစားပြီးနောက် ၎င်းတို့သည် ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်ကို ကျိုးနွံနာခံခြင်းမရှိဘဲ ထိုသို့သောပတ်ဝန်းကျင်ကို ရုန်းထွက်ရန်နှင့် ရှောင်ရှားရန် ရွေးချယ်ကြသည်။ ၎င်းတို့၏ အတိုက်အခံပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် ရှောင်ရှားခြင်းတို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ခပ်ကင်းကင်းနေကြသည်၊ မိမိတို့၏ စိတ်နှလုံးများကို နာကျင်မှုနှင့် ပြင်းစွာသောဝေဒနာဖြစ်စေလျက် ဘဝအတွေ့အကြုံကို လက်လွတ်ဆုံးရှုံးကာ ဆုံးရှုံးမှုများကို ခံစားကြရလေသည်။ ၎င်းတို့သည် ထိုသို့သော ပတ်ဝန်းကျင်များကို ပို၍ ဆန့်ကျင်လေ၊ ၎င်းတို့ ကြံ့ကြံ့ခံရသည့် ဆင်းရဲဒုက္ခက ပို၍ များပြားကာ ကြီးမားလေ ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည့်အခါ ဘုရားသခင်၌ ၎င်းတို့ရှိသော သေးငယ်သည့်ယုံကြည်ခြင်းသည် နောက်ဆုံးတွင် ဖျက်ဆီးခြင်းခံရသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့၏ စိတ်နှလုံးများကို စိုးမိုးထားသည့် အယူအဆများအားလုံးက တစ်ပြိုင်နက်တည်း ထိုးထွက်လာကြသည်။ “ကျွန်ုပ်သည် ဘုရားအတွက် အလွန်ကြာမြင့်စွာ အသုံးခံပြီးဖြစ်သည်။ သို့သော် ဘုရားက ကျွန်ုပ်ကို ဤနည်းအတိုင်း ဆက်ဆံလိမ့်မည်ဟု ကျွန်ုပ် မမျှော်လင့်ခဲ့ပါ။ ဘုရားသည် မမျှတပါ၊ သူသည် လူတို့ကို မချစ်ပါတကား။ သူ့အတွက် ရိုးသားစွာ မိမိတို့ကိုယ်ကို အသုံးခံသောသူများကို မုချ လွန်စွာ ကောင်းချီးခံစားရလိမ့်မည်ဟု ဘုရားက ပြောခဲ့သည်။ ကျွန်ုပ်သည် ဘုရားအတွက် မိမိကိုယ်ကို စစ်မှန်ရိုးသားစွာ အသုံးခံခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်၊ ဆင်းရဲဒုက္ခများကို ခါးစည်းခံပြီး ကြိုးစားအလုပ်လုပ်ပြီးဖြစ်သည်။ အဘယ်ကြောင့် ဘုရားက ကျွန်ုပ်ကို အလွန်ကောင်းချီးမပေးသေးသနည်း။ ဘုရား၏ ကောင်းချီးမင်္ဂလာများက အဘယ်မှာနည်း။ အဘယ်ကြောင့် ထိုအရာများကို ကျွန်ုပ် မခံစားရ သို့မဟုတ် မမြင်နိုင်ရသနည်း။ အဘယ်ကြောင့် ဘုရားက လူတို့ကို မမျှမတဆက်ဆံသနည်း။ အဘယ်ကြောင့် ဘုရားက သူ၏ စကားအတိုင်း မတည်သနည်း။ ဘုရားက သစ္စာရှိသည်ဟု လူတို့ ပြောကြသည်၊ သို့သော် အဘယ်ကြောင့် ကျွန်ုပ် ထိုသို့ မခံစားရသနည်း။ အခြားအရာအားလုံးကို ဘေးဖယ်ထားလျှင်၊ ဤပတ်ဝန်းကျင်၌ပင် ဘုရားက သစ္စာရှိသည်ဟု ကျွန်ုပ် လုံးဝ မခံစားရသေးပါတကား”ဟူ၍ ဖြစ်သည်။ လူတို့၌ အယူအဆများ ရှိသောကြောင့် ထိုအယူအဆများ၏ လွယ်ကူစွာ လှည့်စားခြင်းနှင့် အထင်အမြင်မှားစေခြင်းကို ခံရသည်။ ဘုရားသခင်က လူတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းအတွက်လည်းကောင်း၊ ၎င်းတို့၏ အသက်တာ ကြီးထွားမှုအတွက်လည်းကောင်း ပတ်ဝန်းကျင်များကို ပြင်ဆင်ပေးသည့်အခါတွင်ပင် ၎င်းတို့သည် ထိုအရာကို လက်ခံရန် အခက်တွေ့ကြပြီး ဘုရားသခင်ကို အထင်လွဲမှားကြသည်။ ဤအရာက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ မဟုတ်ကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို မနှစ်သက်ကြောင်း ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်အတွက် စစ်မှန်ရိုးသားစွာ အသုံးခံပြီးဖြစ်သော်လည်း ဘုရားသခင်က သူ၏ ကတိများကို မဖြည့်ဆည်းသေးကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ သမ္မာတရားကို မလိုက်စားသော ဤလူများသည် အချို့သော သာမညပတ်ဝန်းကျင်တစ်ခု၏ တစ်ခုတည်းသော စမ်းသပ်မှုမှတစ်ဆင့် ဤသို့ လွယ်ကူစွာ ထုတ်ဖော်ခြင်းခံရသည်။ ၎င်းတို့ ထုတ်ဖော်ခြင်းခံရသည့်အခါ ၎င်းတို့ အပြောချင်ဆုံးဖြစ်ခဲ့သည့်အရာကို အဆုံးတွင် ပြောဆိုကြသည်။ “ဘုရားသည် မဖြောင့်မတ်ပါ။ ဘုရားသည် သစ္စာရှိသော ဘုရားတစ်ပါး မဟုတ်ပါ။ ဘုရား၏ နှုတ်ကပတ်တော်များက ပြည့်စုံခဲသည်။ ဘုရားက ‘သူပြောဆိုသည့်အရာသည် အတည်ပြောဆိုခြင်းဖြစ်ပြီး သူပြောဆိုသည့်အရာက ပြီးမြောက်လိမ့်မည်ဖြစ်ကာ သူလုပ်ဆောင်သည့်အရာသည် ထာဝရတည်တံ့မည်’ ဟု ပြောခဲ့သည်။ ဤနှုတ်ကပတ်တော်များ၏ ပြည့်စုံခြင်းသည် အဘယ်မှာနည်း။ အဘယ်ကြောင့် ထိုအရာကို ကျွန်ုပ် မမြင်နိုင် သို့မဟုတ် မခံစားနိုင်ရသနည်း။ မည်သူမည်ဝါကို ကြည့်ပါ- ဘုရားကို ယုံကြည်သည့်အချိန်မှစ၍ သူသည် ကျွန်ုပ်လောက် ဘုရားအတွက် စွန့်လွှတ်ခြင်း သို့မဟုတ် အသုံးခံခြင်း မရှိခဲ့သည့်အပြင် ကျွန်ုပ်လောက် ပူဇော်ခြင်းလည်း မရှိခဲ့ပါ။ သို့သော် သူ၏ သားသမီးများသည် ဂုဏ်သတင်းကြီးသော တက္ကသိုလ်များသို့ တက်ခွင့်ရခဲ့ကြသည်၊ သူ၏ ခင်ပွန်းက ရာထူးတိုးခဲ့သည်၊ သူတို့၏ စီးပွားရေးက ကြီးပွားတိုးတက်နေပြီး သူတို့၏ သီးနှံများပင်လျှင် အခြားသူများထက် ပို၍ အထွက်တိုးသည်။ ပြီးလျှင် ကျွန်ုပ်ကော ဘာရခဲ့သနည်း။ ကျွန်ုပ်သည် ဘုရားကို နောက်တစ်ကြိမ် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤစကားများသည် ဤလူတို့၏ စစ်မှန်သော အတွေးများ၊ ၎င်းတို့၏ ဆောင်ပုဒ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဤအယူအဆများဖြင့် ပြည့်နေသည်၊ ဤအဓိပ္ပာယ်မဲ့သော အတွေးများနှင့် သဘောထားအမြင်များဖြင့် ပြည့်နေပြီး၊ အကျိုးကျေးဇူးများနှင့် အပေးအယူများဆိုင်ရာ စဉ်းစားဆင်ခြင်မှုများဖြင့် ပြည့်နေသည်။ ဤသည်မှာ ၎င်းတို့က ဘုရားသခင်၏ အမှုတော်နှင့် သူ၏ အပင်ပန်းခံထားသော ရည်ရွယ်ချက်များကို သိနားလည်ပြီး သဘောပေါက်သည့်ပုံစံဖြစ်သည်၊ ဤသည်မှာ ၎င်းတို့က ဤအရာများကို သဘောထားသည့်ပုံစံ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က အပင်ပန်းခံ၍ အကြိမ်ကြိမ် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်များတွင် ၎င်းတို့သည် မိမိတို့၏ အယူအဆများဖြင့် ဘုရားသခင်ကို ထပ်ခါတလဲလဲ တိုင်းတာပြီး အထင်အမြင်လွဲမှားကြကာ အဆက်မပြတ် ကျရှုံးပြီး ထိမိ၍လဲကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ အယူအဆများ မှန်ကန်ကြောင်းကို အတည်ပြုရန် အဆက်မပြတ် ကြိုးစားကြသည်။ ဤအယူအဆများကို အတည်ပြုပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ထင်ရာမြင်ရာ အကဲဖြတ်ရန်၊ ဝေဖန်ရန်နှင့် ပြစ်တင်ရှုတ်ချရန် ၎င်းတို့အတွက် လုံလောက်သော သက်သေအထောက်အထားဖြစ်ကြောင်းတို့ကို ၎င်းတို့ ယုံကြည်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများဖြင့် ပြည့်နေသောကြောင့် ၎င်းတို့သည် အယူအဆများကို စတင်ဖြန့်ဝေကြလေသည်။ ဤအယူအဆများထဲသို့ မည်သည့်အရာက ရောနှောနေသနည်း။ ယင်းမှာ စောဒကတက်မှုများ၊ မကျေနပ်မှုနှင့် နာကြည်းချက်များ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများဖြင့် ပြည့်နေသည့်အခါ ဖွင့်ချရန် အခွင့်အရေးများကို ရှာဖွေကြသည်။ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် “မတရားမှုများ” ကို နားထောင်မည့် လူအုပ်တစ်အုပ်ကို ရှာတွေ့ဖို့ ၎င်းတို့ မျှော်လင့်သည်။ ၎င်းတို့သည် ဤအရာများကို ဤလူတို့ထံ ဖွင့်ချလိုပြီး ၎င်းတို့ “ခံစားခဲ့ရသည့်” မတရားသော ဆက်ဆံမှုဟုခေါ်သည့်အရာကို ၎င်းတို့အား ပြန်ပြောပြလိုကြသည်။ ဤသည်မှာ ဤလူတို့ဖြန့်ဝေသော အယူအဆများက အသင်းတော်အသက်တာတွင် ဖြစ်ပေါ်လာပုံဖြစ်သည်၊ ထိုသို့သော အယူအဆများ ဖြစ်လာပုံ ဖြစ်သည်။ ဤလူတို့၏ စိတ်နှလုံးများသည် နာကြည်းချက်များ၊ အာခံခြင်းနှင့် စိတ်မကျေနပ်မှုတို့ဖြင့် ပြည့်နေသည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သော အထင်အမြင်လွဲမှားမှုများနှင့် မကျေနပ်ချက်များ၊ ပြီးလျှင် ဘုရားသခင်ကို ဝေဖန်ခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းများဖြင့်ပင် ပြည့်နေသည်။ ယင်းက နောက်ဆုံးတွင် ၎င်းတို့၏ စိတ်နှလုံးများကို ပြစ်မှားစော်ကားခြင်းဖြင့် ပြည့်သွားစေသည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ မရရှိမည်ကို ကြောက်ရွံ့ပြီး ထို့သို့ဖြင့် ထွက်ခွာရန် မလိုလားဘဲ၊ လူတို့အကြားတွင် ဘုရားသခင်နှင့်ပတ်သက်၍ မိမိတို့၏ အထင်အမြင်လွဲမှားမှုများနှင့် သူ့အပေါ် မိမိတို့၏ စိတ်မကျေနပ်မှုကို ဖြန့်ဝေကြကာ ဘုရားသခင်အပေါ် မိမိတို့၏ ဝေဖန်ခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းများအပြင် သူ့အပေါ် မိမိတို့၏ ပြစ်မှားစော်ကားခြင်းများကို သာ၍ပင် ဖြန့်ဝေကြလေသည်။ ၎င်းတို့သည် မည်သည့်အရာကို ပြစ်မှားစော်ကားသနည်း။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အပေါ် မမျှတကြောင်းနှင့် ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာအတွက် သင့်လျော်ပြီး တူညီသော အကျိုးတုံ့ပြန်မှုများကို မပေးကြောင်း ပြောဆိုလျက်ဘုရားသခင်ကို ပြစ်မှားစော်ကားကြခြင်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ပူဇော်ဆက်ကပ်မှုများနှင့် စွန့်လွှတ်အနစ်နာခံမှုများနောက် ကျေးဇူးတော်နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို မပေးသနားသည့်အတွက် ဘုရားသခင်ကို ဝေဖန်ကြသည်။ ၎င်းတို့သည် မိမိတို့ ရရှိရန် မျှော်လင့်ခဲ့သော ထိုဇာတိပကတိဆိုင်ရာ လိုအပ်ချက်များဖြစ်သည့် ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေး စသည်တို့ကို ဘုရားသခင်ထံမှ မရရှိခဲ့ကြသဖြင့် မိမိတို့၏ စိတ်နှလုံးများကို မကျေနပ်ချက်များနှင့် နာကြည်းချက်များဖြင့် ပြည့်စေကြသည်။ အယူအဆများကို ဖြန့်ဝေခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တစ်ဖက်တွင် ဖွင့်ချပြီး လက်စားချေရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှု အသိစိတ်တစ်ခုကို ရရှိရန်ဖြစ်ကာအခြားတစ်ဖက်တွင် ဘုရားသခင်နှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများနှင့် အယူအဆများကို ဖြစ်ပေါ်စေရန်အတွက် ပိုများသောလူတို့ကို လှုံ့ဆော်ရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဤလူတို့အား ၎င်းတို့ပြုသည့်အတိုင်းပင် ဘုရားသခင်အပေါ်သတိထားစေရန် ဖြစ်သည်။ အကယ်၍ ပိုများသောလူတို့က “ကျွန်ုပ်တို့သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟု ပြောဆိုပါက ၎င်းတို့သည် စိတ်ထဲတွင် ကျေနပ်မှုခံစားရလိမ့်မည်။ ဤသည်မှာ ၎င်းတို့ အယူအဆများကို ဖြန့်ဝေခြင်း၏ နောက်ကွယ်တွင်ရှိသည့် ရည်ရွယ်ချက်နှင့် အရင်းခံအကြောင်းရင်း ဖြစ်သည်။
အယူအဆများကို ဖြန့်ဝေသောလူတို့၏ ဆောင်ပုဒ်မှာ အဘယ်နည်း။ ၎င်းတို့ မကြာခဏ ထပ်ခါတလဲလဲ ပြောဆိုသည့် ဆိုရိုးစကားမှာ အဘယ်နည်း။ အချို့သော အမှုအရာများကို တွေ့ကြုံပြီး ၎င်းတို့ လိုချင်သော အကျိုးကျေးဇူးများကို မရရှိသည့်နောက်တွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို၊ “ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ” ဟူ၍ မရပ်မနား ပြောဆိုကြသည်။ ဤသို့ပြောဆိုပြီးသည့်နောက်တွင်ပင် ၎င်းတို့သည် မိမိတို့၏ အမုန်းတရားကို ဖြေဖျောက်ပြီးဖြစ်သည် သို့မဟုတ် မိမိတို့၏ ပန်းတိုင်ကို အောင်မြင်ပြီးဖြစ်သည်ဟု မခံစားရပေ။ စုဝေးပွဲများကို ၎င်းတို့ တက်ရောက်သည့်အခါ အခြားသူများက မည်သည့်အရာအကြောင်းကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ မခံယူနိုင်ကြပေ။ ၎င်းတို့သည် ဤစကားရပ်ကို အကြိမ်များစွာ၊ ဆယ်ကြိမ်ထက်မကပင် ထပ်ခါတလဲလဲ ပြောဆိုရပေမည်။ “ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟူ၍ဖြစ်သည်။ ဤစကားရပ်သည် အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည် မဟုတ်လော။ ထိုအရာ၏နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ် ရှိသည်။ ၎င်းတို့၏ “ယုံကြည်မှု”မှာ အဘယ်နည်း။ ၎င်းတို့သည် ယခင်က ဘုရားသခင်ကို ယုံကြည်ခဲ့ကြသလော။ ၎င်းတို့၏ ယခင်ယုံကြည်ခြင်းသည် စစ်မှန်သော သက်ဝင်ယုံကြည်ခြင်း ဖြစ်ခဲ့သလော။ ယင်းတွင် ဖန်ဆင်းခံတစ်ဦး၌ ရှိသင့်သော ကျိုးနွံနာခံခြင်း ပါဝင်ခဲ့သလော။ (မပါဝင်ခဲ့ပါ။) လုံးဝမပါဝင်ခဲ့ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်နေသည်။ ပို၍အရေးကြီးသည်မှာ ၎င်းတို့သည် ကျိုးနွံနာခံခြင်းတစ်ခုတလေမျှမရှိဘဲ ဘုရားသခင်ထံမှ တောင်းဆိုမှုများနှင့် တောင်းခံမှုများဖြင့် ပြည့်နေခြင်း ဖြစ်သည်။ ၎င်းတို့၏ “ယုံကြည်မှု”သည် မည်သည့်အရာကို ဆိုလိုသနည်း။ “ဘုရားသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာပိုင်သောသူဖြစ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ဘုရားသည် ကျွန်ုပ်ကို အခြားသူများ၏ အနိုင်ကျင့်ခြင်းမှ ကာကွယ်ပေးနိုင်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ဘုရားသည် ကျွန်ုပ်ကို ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုကို မွေ့လျော်ခံစားစေနိုင်သည်၊ ကောင်းမွန်သည့်၊ သာယာဝပြောသော ဘဝကို အသက်ရှင်စေနိုင်ပြီး ကျွန်ုပ်အတွက် အရာရာတိုင်းကို အေးချမ်းစွာနှင့် အားရကျေနပ်ဖွယ်ရာဖြစ်သွားစေနိုင်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ဘုရားသည် ကျွန်ုပ်ကို ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ပေးပြီး ကြီးမားသော ကောင်းချီးမင်္ဂလာများကို လက်ခံရရှိစေနိုင်သည်၊ ဤဘဝတွင် အဆတစ်ရာ ရရှိပြီး၊ နောင်ဘဝတွင် ထာဝရအသက်ရရှိစေနိုင်သည်ဟု ကျွန်ုပ် ယုံကြည်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ယုံကြည်မှုဖြစ်သလော။ ဤ “ယုံကြည်မှုများ”တွင် ကျိုးနွံနာခံခြင်း စိုးစဉ်းမျှမရှိသည့်အပြင်၊ ယင်းတို့ထဲမှ တစ်ခုကမျှ လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် မကိုက်ညီပေ။ ဤယုံကြည်မှုများသည် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်၏ ရှုထောင့်အမြင်မှ သက်သက် ပေါက်ဖွားလာခြင်းဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူတို့အပေါ် အမှုပြုသည်။ သူက လူတို့ကို ပျော်ရွှင်သောဘဝ အသက်ရှင်စေမည်၊ အခြားသူများအထက်တွင် အသက်ရှင်စေမည်၊ သို့မဟုတ် အကန့်အသတ်မဲ့သော အလားအလာများဖြင့် သာယာဝပြောပြီး အောင်မြင်စေမည်ဟု မည်သည့်အခါက ပြောခဲ့ဖူးသနည်း။ (မည်သည့်အခါကမျှ မပြောခဲ့ဖူးပါ)။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် “ယုံကြည်မှု”ကို အလွန်အဖိုးတန်သည်ဟု မှတ်ယူကြသနည်း။ ဘုရားသခင်ကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ဟုပင် ၎င်းတို့က ပြောဆိုကြသည်။ ၎င်းတို့၏ ယုံကြည်ခြင်းသည် တန်ဖိုးတစ်ခုတလေ ရှိသလော။ ဘုရားသခင်က ယင်းကို လက်ခံသလော။ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု အရိပ်အယောင်မရှိ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း အရိပ်အယောင်မရှိဘဲ၊ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများ၊ အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များကိုသာ ရရှိလိုကြပြီး ၎င်းတို့က ဤအရာကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဤသို့သော လူစားမျိုးများသည် အယူအဆများဖြင့် ပြည့်နေပြီး ကောင်းချီးမင်္ဂလာများရရှိခြင်းနှင့်ဆိုင်သည့် ကြံရွယ်ချက်၏ စိုးမိုးခြင်းခံနေရသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လုံးဝမတွေ့ကြုံမခံစားသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့လုပ်ဆောင်သည့် အရာရာတိုင်း၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်မှာ ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ၏ အကျိုးအတွက် လုံးလုံး ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟုတ်လှပြီဟု ထင်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းဟုခေါ်သည့်အရာကို အထူးအဖိုးတန်သောအရာအဖြစ် မှတ်ယူကြသည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းက အလွန်အဖိုးတန်ပြီး မြင့်မြတ်ပါက၊ ဘုရားသခင်က သင့်အတွက် သေးငယ်သော ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးသည့်အခါ၊ သင်သည် ထိုအရာမှနေ၍ သမ္မာတရားကို အဘယ်ကြောင့် နားမလည်နိုင်ရသနည်း သို့မဟုတ် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်ရသနည်း။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဘုရားသခင်က သင်၏ ယုံကြည်ခြင်းကို စစ်ဆေးသည့်အခါ၊ သင်သည် ဘုရားသခင်ကို မည်သည့်အရာ ပြန်ပေးသနည်း။ ဘုရားသခင်ကို သင် ပြန်ပေးသည့် အထင်အမြင်လွဲမှားမှုများ၊ မကျေနပ်ချက်များနှင့် အတိုက်အခံပြုခြင်းတို့သည် သူအလိုရှိသည့်အရာ ဖြစ်နိုင်သလော။ ဤအရာများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ သိသာထင်ရှားစွာပင်၊ မကိုက်ညီပေ။ ထို့ကြောင့်၊ ဤလူတို့သည် အသင်းတော်တွင် အယူအဆများကို ပွင့်လင်းစွာ ဖြန့်ဝေနိုင်သည်ဟူသောအချက်က အချက်တစ်ချက်ကို သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင်၊ ဘုရားသခင်က အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာရှိသည်ကို သာ၍ပင် မယုံကြည်ကြပေ။ ၎င်းတို့ ယုံကြည်သော ဘုရားသည် အမှန်တကယ်တွင် မတည်ရှိပေ။ ဤလူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန်၊ ပြစ်တင်ရှုတ်ချရန်နှင့် ပြစ်မှားစော်ကားရန် ၎င်းတို့နှင့် ပူးပေါင်းဖို့ ပိုများသောလူတို့ကို အထင်အမြင်မှားစေပြီး ဆွဲဆောင်ရန် အယူအဆများကို ပွင့်လင်းစွာ ဖြန့်ဝေသည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်၏ နောက်လိုက်များ မဟုတ်တော့ကြောင်း၊ ယုံကြည်သူများ မဟုတ်တော့ကြောင်းနှင့် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်မှ ဖန်ဆင်းခံများ မဟုတ်တော့ကြောင်း မရည်ရွယ်ဘဲ လူသိရှင်ကြား ကြေညာနေခြင်း ဖြစ်သည်။ ၎င်းတို့ ဖြန့်ဝေသော အယူအဆများသည် ရိုးရှင်းသော စိတ်ကူးများ သို့မဟုတ် ဖော်ပြချက်များ မဟုတ်ပေ။ ထို့ထက်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆန့်ကျင်၍ ချိုးဖောက်မရနိုင်သည့် အတားအဆီးတစ်ခုကို တည်ဆောက်ပြီးဖြစ်ကာ၊ ဘုရားသခင်ကို ဆက်ဆံရန်၊ ဘုရားသခင်နှင့် မိမိတို့၏ ဆက်ဆံရေးကို ကိုင်တွယ်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အမှုတော်တို့ကို ဆက်ဆံရန် လူ့အယူအဆများနှင့် စိတ်ကူးများကို အသုံးပြုခြင်းသည် မှန်ကန်ပြီး ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်သည်ဟု စိတ်ပိုင်းဖြတ်ပြီး ဖြစ်နေသည်။ ထိုသို့သောလူတို့သည် အသင်းတော်အသက်တာတွင် အယူအဆများကို ပွင့်လင်းစွာ ဖြန့်ဝေသည့်အခါ ၎င်းတို့ကို ကန့်သတ်သင့်သလော။ သို့မဟုတ် ၎င်းတို့၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် ပေါ့တန်သော အခြေခံအုတ်မြစ်တို့အရ၊ ၎င်းတို့၏ အမြင်များကို လွတ်လပ်စွာ ဖော်ပြခွင့်နှင့် နောင်တရရန် လုံလောက်သော အချိန်နှင့် နေရာကို ၎င်းတို့အား ပေးသင့်သလော။ သင့်လျော်သော ဆောင်ရွက်ပုံနည်းလမ်းမှာ အဘယ်နည်း။ (၎င်းတို့ကို တားဆီးပြီး ကန့်သတ်ခြင်းသည် သင့်လျော်ပါသည်။) အဘယ်ကြောင့် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ခြင်းက သင့်လျော်သနည်း။ အချို့လူများက “သင်က ၎င်းတို့ကို ကန့်သတ်ပြီး လွတ်လပ်စွာ စကားပြောခွင့်မပေးသည့်အပြင်၊ ၎င်းတို့က ယုံကြည်ခြင်းကို ရပ်တန့်ပြီး စုဝေးပွဲများ တက်ရောက်ခြင်းကို ရပ်တန့်ပါက၊ ယင်းသည် ၎င်းတို့ကို ထိခိုက်နစ်နာစေမည် မဟုတ်လော။ ယင်းမှာ အလွန်ပင် ဝမ်းနည်းစရာကောင်းပေမည်။ ဘုရားသခင်သည် လူတစ်ဦးတစ်ယောက်က ပျက်စီးခြင်းကို ခံစားရစေခြင်းထက် လူအားလုံးကို ကယ်တင်မည် မဟုတ်လော။ ပျောက်သောသိုးတစ်ကောင်ကိုပင် ပြန်လည်ရှာဖွေရမည်ဖြစ်သည်။ ပျောက်သောသိုးတစ်ကောင်ကို ပြန်လည်ရှာဖွေရန် ကြိုးစားအားထုတ်မှုအားလုံး ပြုပြီးနောက်၊ သူသည် ထိုသိုးကို တစ်ဖန် ပျောက်ဆုံးခွင့်ပြုဦးမည်လော”ဟု ပြောဆိုကြသည်။ ဤစကားများသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ မယုံကြည်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက်ဖြင့်သာ ဘုရားသခင်ကို ယုံကြည်ကြပြီး၊ ၎င်းတို့၏ ယုံကြည်မှုသည် မသန့်စင်မှုများဖြင့် ရောနေသည်။) ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှု၌ မသန့်စင်မှုအချို့ ရောနှောနေခြင်း မရှိသူ မည်သူရှိသနည်း။ သင့်တွင် အချို့မရှိလေသလော။ ဤသည်မှာ ခိုင်လုံသော အကြောင်းပြချက်တစ်ခုလော။ ထိုသို့သောလူတို့ထံမှ ဖော်ပြချက်ကို သုံးသပ်ကြည့်လော့။ “ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ မည်သည့် စကားအမျိုးအစားများ ဖြစ်သနည်း။ ဤအရာနှင့် ဘာသာတရားမရှိသူများ၊ နတ်ဆိုးများနှင့် စာတန်တို့၏ ပြစ်မှားစော်ကားခြင်းတို့အကြား ကွာခြားချက်တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဤဖော်ပြချက်၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာအဘယ်နည်း။ “ကျွန်ုပ်သည် ဘုရားအပေါ် ယုံကြည်ခြင်း မရှိတော့ပါ။ အတိတ်တွင် ကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ဘုရားကို ယုံကြည်ပြီး နောက်သို့လိုက်ခဲ့သော်လည်း ဘုရားက ကျွန်ုပ်ကို ကောင်းချီးမပေးခဲ့ပါ။ ထိုအစား သူက ကျွန်ုပ်အတွက် အခက်အခဲဖြစ်စေရန်နှင့် ကျွန်ုပ်ကို ထိမိလဲစေရန် ထိုသို့သော ပတ်ဝန်းကျင်များကို ပြင်ဆင်ပေးခဲ့သည်။ ဘုရားပြောဆိုသည့်အရာသည် သူလုပ်ဆောင်သည့်အရာနှင့် လုံးဝမကိုက်ညီပါ၊ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားကို နောက်တစ်ကြိမ် မယုံကြည်ဝံ့တော့ပါ။ ကျွန်ုပ်သည် ယခင်က အလွန်မိုက်မဲခဲ့ပါသည်။ ကျွန်ုပ်သည် ဘုရားအတွက် မိမိကိုယ်ကို စွန့်လွှတ်ခဲ့သည်၊ အသုံးခံခဲ့သည်၊ ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့သော်လည်း၊ အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည့်အခါ ဘုရားထံမှ ကာကွယ်မှုကို မမြင်ခဲ့ရပါ။ ကျွန်ုပ်၏ မိသားစုစီးပွားရေးသည်လည်း အခြားသူများလောက် မကောင်းခဲ့ပါ၊ ကျွန်ုပ်သည် အခြားသူများလောက် ငွေမရှာနိုင်ခဲ့ပါ၊ ကျွန်ုပ်၏ မိဘများသည်လည်း နာမကျန်းဖြစ်နေဆဲ ဖြစ်သည်။ ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ဘုရားကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိခဲ့ပါ။ ဘုရားက လူတို့ကို ကြီးစွာ ကောင်းချီးပေးမည်ဟု သူ မပြောခဲ့ဘူးလော။ ဘုရားထံမှ မည်သည့် ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် ရရှိခဲ့သနည်း။ ဘုရား နှုတ်ကပတ်တော်များက ပြည့်စုံလာခြင်းမရှိပါ၊ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝယုံကြည်တော့မည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟူသော ဖော်ပြချက်တွင် များစွာပါဝင်သည်။ ယင်းသည် ဘုရားသခင်အပေါ် စောဒကတက်မှုများ၊ မကျေနပ်မှုနှင့် အထင်အမြင်လွဲမှားမှုတို့ဖြင့် ပြည့်နေသည်။ တိုတိုပြောရလျှင် ၎င်းတို့သည် ဖြစ်ချင်သည့်အတွေးရှိသည့် စိတ်နေစိတ်ထားဖြင့် ဆင်းရဲဒုက္ခကို ခံနိုင်ပြီး အသုံးခံပြီးနောက်၊ ဘုရားသခင်က ၎င်းတို့၏ တောင်းဆိုမှုများအတိုင်း ကောင်းချီးမင်္ဂလာများကို မပေးသနားခဲ့သည့်အပြင်၊၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း အဖိုးအခ သို့မဟုတ် ဆုလာဘ်ကို မပေးခဲ့သောကြောင့် ၎င်းတို့သည် မကျေမနပ်ဖြစ်လာပြီး ဘုရားသခင်အပေါ် မကျေချမ်းမှုဖြင့် ပြည့်လာကာ၊ ဤသို့သော အခြေအနေများအောက်တွင် ၎င်းတို့က ဤဝါကျကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဤဝါကျသည် မည်သည့်နေရာကမျှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ၎င်းတို့ ယင်းကို ပြောဆိုသည့်အချိန်တွင် အပြုအမူများနှင့် သရုပ်သကန်များစွာကို ၎င်းတို့ ပြသခဲ့ပြီးဖြစ်ကာ ထုတ်ဖော်ခြင်းခံခဲ့ရပြီး ဖြစ်သည်။ ထိုသို့သောလူတို့၏ ဘုရားသခင်နှင့် ဆက်ဆံရေးတွင် မည်သည့်ပြဿနာ ရှိသနည်း။ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးတွင် အကြီးမားဆုံးသော ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် လုံးဝမမှတ်ယူခဲ့သည့်အပြင်၊ ဝတ်ပြုကိုးကွယ်ရန် ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် အနည်းငယ်မျှပင် မမှတ်ယူခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်မှုအစပြုခဲ့သည့်အချိန်မှစ၍ ၎င်းတို့သည် ဘုရားသခင်ကို ငွေပင်တစ်ပင်၊ ရတနာသိုက်တစ်ခုအဖြစ် ဆက်ဆံခဲ့ကြသည်။ ၎င်းတို့သည် သူ့ကို ဆင်းရဲဒုက္ခနှင့် ဘေးအန္တရာယ်မှ ကယ်တင်မည့် ဘုရားလောင်းတစ်ဆူအဖြစ် မှတ်ယူခဲ့ပြီး၊ မိမိတို့ကိုယ်ကို ဤဘုရားလောင်း၊ ဤရုပ်တု၏ နောက်လိုက်တစ်ဦးအဖြစ် မှတ်ယူခဲ့ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သက်သတ်လွတ်စားခြင်း၊ ကျမ်းစာများ ရွတ်ဖတ်ခြင်းနှင့် မကြာခဏ အမွှေးတိုင်များ ထွန်းညှိခြင်းအပြင် ဦးခိုက်ရှိခိုးခြင်းတို့အားဖြင့် မိမိတို့ လိုချင်သည့်အရာကို ရရှိနိုင်သည့် ဗုဒ္ဓကို ယုံကြည်ခြင်းကဲ့သို့ ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီးနောက် ဖြစ်ပေါ်လာသော ဖြစ်ရပ်အားလုံးသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ နယ်ပယ်အတွင်း၌ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ထံမှ သမ္မာတရားကို လက်ခံသည့် ဖန်ဆင်းခံတစ်ဦး၏ သရုပ်သကန်များကို တစ်ခုမျှ မပြသခဲ့သကဲ့သို့၊ ဖန်ဆင်းရှင်အပေါ် ဖန်ဆင်းခံတစ်ဦးက ရှိသင့်သော ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှလည်း မပြသခဲ့ပေ။ အဆက်မပြတ် တောင်းဆိုခြင်း၊ အဆက်မပြတ် တွက်ချက်ခြင်းနှင့် မရပ်မနား တောင်းခံခြင်းတို့သာ ရှိခဲ့သည်။ ဤအရာအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပျက်ပြားသွားစေခဲ့သည်။ ဤဆက်ဆံရေးမျိုးသည် အပေးအယူဆန်ပြီး မည်သည့်အခါမျှ ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ထိုသို့သောလူတို့ ထုတ်ဖော်ခြင်းခံရရန်မှာ အချိန်ကာလတစ်ခုသာလိုသည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင် ပါဝင်ပြီး၊ အယူအဆများကို မဖြန့်ဝေဘဲ၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့ ဦးဆောင်ခဲ့သည်၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့ ကောင်းချီးပေးခဲ့သည်၊ ၎င်းတို့ မည်သည့်အရာကို မွေ့လျော်ခံစားခဲ့ရသည် စသည်တို့ကို ရံဖန်ရံခါ မိတ်သဟာယဖွဲ့လျှင်ပင်၊ ၎င်းတို့ ပြောဆိုသည့်အရာအများစုမှာ ဘုရားသခင်ထံမှ ၎င်းတို့ လက်ခံရရှိခဲ့သော ကျေးဇူးတော်၊ မွေ့လျော်ခံစားမှုနှင့် ဇာတိပကတိဆိုင်ရာ အကျိုးကျေးဇူးများ ပါဝင်သည်။ ဤဆွေးနွေးမှုများသည် သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်လည်းကောင်း လုံးဝမသက်ဆိုင်သည့်အပြင်၊ သမ္မာတရားလက်တွေ့ကျမှု တစ်ခုမျှလည်း လုံးဝမရှိပေ။ အခြေအနေများ ကောင်းသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သူ့အပေါ် ချစ်ခြင်း၊ အခြားလူတို့အပေါ် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြသကြသည်၊ အားလုံးမှာ ပန်းတိုင်တစ်ခုကို စွမ်းဆောင်ရရှိရန်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအားလုံးကို ရရှိရန် ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ မွေ့လျော်ခံစားခဲ့သော ကျေးဇူးတော်၊ အကျိုးကျေးဇူးများနှင့် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်များကို ယူဆောင်သွားသည့်အခါ ၎င်းတို့၏ အယူအဆများက ထုတ်ဖော်ခြင်းခံရသည်။ ကိုယ်ကျိုးစီးပွားဖြင့် စေ့ဆော်ခြင်းခံရပြီးကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို ဦးစားပေးသော ဤလူများသည် ၎င်းတို့ လိုချင်သည့်အရာကို မရရှိသည်နှင့်တစ်ပြိုင်နက် ဒေါသထွက်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ မကျေနပ်မှုကို ဖွင့်ချရန် အယူအဆများကို စတင်ဖြန့်ဝေကြသည့်တစ်ချိန်တည်းတွင်၊ ၎င်းတို့ကို စာနာပြီး ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများကို လက်ခံရန် ပိုများသောလူတို့ကို ဆွဲဆောင်ရန်လည်း ကြိုးစားကြလေသည်။ ထိုသို့သောလူတို့ကို တားဆီးပြီး ကန့်သတ်သင့်သလော။ (ကန့်သတ်သင့်ပါသည်။) ၎င်းတို့ မိတ်သဟာယဖွဲ့သော အကြောင်းအရာများ၊ အတွေးများနှင့် သဘောထားအမြင်များသည် သမ္မာတရားကို ဖြူစင်သော နားလည်သဘောပေါက်မှုအား မထင်ဟပ်စေသကဲ့သို့၊ လူတို့ကို ဘုရားသခင်အား ကျိုးနွံနာခံရန်နှင့် သူ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိရန်လည်း မကူညီပေ။ ထိုအစား ၎င်းတို့သည် လူတို့ကို ဘုရားသခင်ထံမှ အဝေးသို့ ပို့ဆောင်သည်၊ အထင်အမြင်လွဲမှားမှုများ၊ သတိထားကာကွယ်မှုများနှင့် ဘုရားသခင်ကို ငြင်းပယ်ခြင်းကိုပင် ဖြစ်စေသည်။ ပြီးလျှင် ဤလူတို့ ဖြန့်ဝေသော အယူအဆများကို နားထောင်သောသူတို့အား ၎င်းတို့ကဲ့သို့ပင် “ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟု မိမိတို့ကိုယ်ကို တိတ်တဆိတ် သတိပေးစေသည်။ ဤသည်မှာ ထိုသို့သောလူတို့ ဖြန့်ဝေသော အယူအဆများက အခြားသူတို့အပေါ် ဖြစ်စေသည့် အနှောင့်အယှက် ဖြစ်သည်။
၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အကြောင်း အယူအဆများကို ဖြန့်ဝေခြင်း
အယူအဆများကို ဖြန့်ဝေသည့် ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းတာရန်၊ သူ၏အမှုတော်ကို တိုင်းတာရန်နှင့် သူ၏အနှစ်သာရနှင့် သူ၏စိတ်သဘောထားတို့ကို တိုင်းတာရန်လည်း ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို အသုံးပြုကြသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများအတွင်း၌ ဘုရားသခင်ကို ယုံကြည်ကြသည်၊ မိမိတို့၏ အယူအဆများအတွင်းတွင် ဘုရားသခင်ကို ရှုမြင်ပြီး ဘုရားသခင်ပြောဆိုသည့် စကားလုံးတိုင်း၊ သူလုပ်ဆောင်သည့် အမှုနှင့်ဆိုင်သော အချက်တိုင်းနှင့် သူပြင်ဆင်ထားသည့် ပတ်ဝန်းကျင်တိုင်းကို မိမိတို့ အယူအဆများအတွင်းတွင် စောင့်ကြည့်လေ့လာကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာက ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင် ဖြောင့်မတ်သည်၊ ဘုရားသခင် သစ္စာရှိသည်၊ ဘုရားသခင် သန့်ရှင်းသည်ဟု ပြောဆိုလျက် ဘုရားသခင်ကို ကျယ်လောင်စွာ ချီးမွမ်းကြသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာက ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ၊ ၎င်းတို့၏ အကျိုးစီးပွားများက ပြင်းထန်သော ဆုံးရှုံးမှုများကို ခံစားရပြီး ကြီးမားသော နာကျင်မှုကို ၎င်းတို့ ခါးစည်းခံရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်များနှင့် သူလုပ်ဆောင်သည့်အမှုကို ငြင်းပယ်ရန် ထွက်ပေါ်လာကြသည်။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော်များကို သိပ်အလွယ်တကူ မယုံကြည်နှင့်၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကိုလည်း အလွယ်တကူ လက်တွေ့မလုပ်ဆောင်နှင့်။ သို့မဟုတ်ပါက သင်သည် အသုံးချခံရပြီး ဆုံးရှုံးမှုများ ခံစားရလျှင် မည်သူကမျှ ယင်းအတွက် တာဝန်ယူမည် မဟုတ်ပါ” စသည်ဖြင့် ပြောဆိုလျက်၊ ပိုများသော လူတို့ကို ဘုရားသခင်အား အထင်လွဲမှားစေရန်နှင့် သတိဖြင့် ခုခံကာကွယ်စေရန် သွေးထိုးလှုံ့ဆော်ဖို့ အယူအဆများကိုပင် ဖြန့်ဝေကြလေသည်။ ဥပမာအားဖြင့်၊ ဘုရားသခင်က “ငါ့အတွက် စစ်မှန်စွာ အသုံးခံသော သင်တို့၊ ငါသည် သင်တို့ကို ဧကန်မုချ အလွန် ကောင်းချီးပေးမည်”ဟု ပြောသည်။ ဤစကားများသည် သမ္မာတရား မဟုတ်လော။ ဤစကားများသည် ရာနှုန်းပြည့် သမ္မာတရား ဖြစ်သည်။ ယင်းတို့တွင် စိတ်လိုက်မာန်ပါဖြစ်ခြင်း သို့မဟုတ် လှည့်စားခြင်း မပါဝင်ပေ။ ယင်းတို့သည် ဝိညာဉ်ရေးရာ သီအိုရီတစ်မျိုးမျိုး ဖြစ်ရန် မဆိုထားနှင့်၊ လိမ်ညာမှုများ သို့မဟုတ် ကြီးကျယ်ပုံရသော စိတ်ကူးများ မဟုတ်ပေ။ ယင်းတို့သည် သမ္မာတရား ဖြစ်သည်။ ဤသမ္မာတရား နှုတ်ကပတ်တော်များ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံသည့်အခါ စစ်မှန်ရမည်ဟူ၍ ဖြစ်သည်။ “စစ်မှန်သော” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ လိုလားခြင်းနှင့် မသန့်စင်မှုများ မရှိခြင်း ဖြစ်သည်။ ငွေ သို့မဟုတ် ကျော်ကြားမှု၏ လှုံ့ဆော်ခြင်းကို မခံရသည့်အပြင်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ လိုအင်ဆန္ဒများနှင့် ပန်းတိုင်များအတွက်လည်း သေချာပေါက် မဟုတ်ပေ။ သင်သည် အတင်းအကျပ်ပြုခြင်းခံရသောကြောင့် သို့မဟုတ် သွေးထိုးလှုံ့ဆော်ခံရခြင်း၊ ချော့မော့ခံရခြင်း သို့မဟုတ် ဆွဲခေါ်ခံရခြင်းတို့ကြောင့် အသုံးခံခြင်းမဟုတ်ဘဲ၊ ထို့ထက်ယင်းမှာ သင်၏အတွင်းမှ လိုလိုလားလား ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ဤသည်မှာ စစ်မှန်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန် လိုလားမှုအရ၊ ဤသည်မှာ စစ်မှန်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံသည့်အခါ စစ်မှန်ခြင်းသည် လက်တွေ့တွင် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ သင်သည် မုသား သို့မဟုတ် လိမ်လည်ခြင်းတို့တွင် မပါဝင်ပေ၊ အလုပ်ကို ရှောင်ရှားရန် လှည့်ကွက်ကို အားကိုးအားထားပြုခြင်းမရှိသည့်အပြင်၊ အမှုအရာများကို ဝတ်ကျေတမ်းကျေ မလုပ်ဆောင်ပေ။ သင်သည် တတ်နိုင်သမျှလုပ်ဆောင်ရင်း၊ သင်၏ စိတ်နှလုံးအကြွင်းမဲ့နှင့် ဆက်ကပ်သည် စသည်တို့ဖြစ်သည်။ ဤနေရာတွင် ဖော်ပြရန် အသေးစိတ်အချက်များ အလွန်များလှသည်တကား။ တိုတိုပြောရလျှင်၊ စစ်မှန်ခြင်းတွင် သမ္မာတရား စည်းမျဉ်းများ ပါဝင်သည်။ လူအတွက် ဘုရားသခင်၏ တောင်းဆိုချက်များ နောက်ကွယ်တွင် စံနှုန်းတစ်ခုနှင့် စည်းမျဉ်းတစ်ခု ရှိသည်။ အချို့လူများက “ကျွန်ုပ်သည် ဘုရားကို ယုံကြည်ရာတွင် ကျွန်ုပ်၏ စစ်မှန်မှုကို ပူဇော်ဆက်ကပ်ပြီးကျွန်ုပ်၏ နည်းပါးသော စုဆောင်းငွေအားလုံးကို ပူဇော်ပါက၊ ကျွန်ုပ် ပို၍ ရရှိလိမ့်မည်လော။ ကျွန်ုပ် ပို၍ ရရှိနိုင်မည်ဆိုလျှင်၊ အရာအားလုံးကို ပေးဆက်ရကျိုးနပ်သည်တကား”ဟု ပြောဆိုကြသည်။ ပူဇော်ဆက်ကပ်ပြီးနောက်တွင်၊ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးမပေးသည်ကို ၎င်းတို့ မြင်တွေ့ပြီး “ကျွန်ုပ် ပူဇော်ဆက်ကပ်ခဲ့သည်မှာ မလုံလောက်သေးသောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ် ထပ်၍ ပူဇော်ဆက်ကပ်ဦးမည်။ ကျွန်ုပ် အပြင်ထွက်ပြီး ဧဝံဂေလိတရားကို ဟောပြောမည်”ဟု တွေးလျက် ထိုအရာနှင့်ပတ်သက်၍ တွေးဆကြလေသည်။ ဧဝံဂေလိတရားကို ဟောပြောနေစဉ် အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါ၊ ၎င်းတို့ ဆုတောင်းကြသည်။ တစ်ခါတစ်ရံ၊ အစားအစာလွတ်သွားပြီး ကောင်းစွာ မအိပ်စက်ရသည့်အခါ၊ ၎င်းတို့ ဆက်လက်၍ ဆုတောင်းနေဆဲ ဖြစ်သည်။ ၎င်းတို့က “ဘုရားသခင်အတွက် စစ်မှန်စွာ အသုံးခံသောသူတို့သည် ဘုရားသခင်၏ ကြီးမားစွာ ကောင်းချီးပေးခြင်းကို ဧကန်မုချ ခံရလိမ့်မည်ဟု ပြောခဲ့သည်။ ကျွန်ုပ်၏ စစ်မှန်မှုသည် မလုံလောက်သေးသောကြောင့် ဖြစ်နိုင်သည်၊ ထို့ကြောင့် ကျွန်ုပ် ထပ်၍ ဆုတောင်းဦးမည်”ဟု တွေးကြသည်။ ဆုတောင်းခြင်းမှတစ်ဆင့် ၎င်းတို့သည် ယုံကြည်ခြင်းကို ရရှိပြီး ဆင်းရဲဒုက္ခအနည်းငယ်ကို ခါးစည်းခံရဖို့ စိတ်မပူကြပေ။ ၎င်းတို့သည် ဧဝံဂေလိတရားကို ဟောပြောခြင်းမှ အကျိုးရလဒ်အချို့ကို အမှန်တကယ် စတင်မြင်တွေ့လာရပြီး၊ “ယခု ငါ၌ စစ်မှန်မှုအချို့ ရှိပြီ။ ငါ၏မိသားစုဘဝ တိုးတက်လာခြင်း ရှိမရှိ၊ ငါ့ကလေး၏ရောဂါ သက်သာလာခြင်း ရှိမရှိ၊ မိသားစုစီးပွားရေး ချောမွေ့စွာ လည်ပတ်နေခြင်းရှိမရှိ၊ ဘုရားသခင်ထံမှ ကောင်းချီးများ ရှိမရှိဟူသည်တို့ကို ကြည့်ရှုရန် အိမ်သို့ ငါ အမြန်ပြန်မည်”ဟု စဉ်းစားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်စွာ အသုံးခံခြင်းလော။ (မဟုတ်ပါ။) ဤသည်မှာ အဘယ်အရာနည်း။ (အပေးအယူလုပ်ခြင်း ဖြစ်ပါသည်။) ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အလိုရှိသည့်အရာကို လုပ်ဆောင်ရန်နှင့် မိမိတို့ ဆန္ဒရှိသည့်အရာကို ရရှိရန် မိမိတို့၏ အယူအဆများကို အခြေခံ၍ မိမိတို့ ကိုယ်ပိုင် နည်းလမ်းများနှင့် “စစ်မှန်ခြင်း” ဟု ယူဆသည့်အရာကို အသုံးပြုနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုခဲ့သော ဤနှုတ်ကပတ်တော်များကို အတည်ပြုရန် မိမိတို့နားလည်သည့် “စစ်မှန်ခြင်း” ကို အဆက်မပြတ် အသုံးပြုကြပြီး၊ ဘုရားသခင်က အတိအကျ မည်သည့်အရာကို လုပ်ဆောင်ရန် ရည်ရွယ်သည်၊ သူမည်သည့်အရာကို သူ လုပ်ဆောင်ပြီးဖြစ်ကာ မည်သည့်အရာအား မလုပ်ဆောင်ရသေးသည်ဟူသည်တို့ကို အစဉ်မပြတ် စူးစမ်းထောက်လှမ်းလျက်၊ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးပေးမည်၊ မပေးမည်ဟူသည်နှင့် သူက ၎င်းတို့ကို အလွန် ကောင်းချီးပေးရန် ရည်ရွယ်ခြင်း ရှိ၊ မရှိဟူသည်တို့ကို အစဉ်မပြတ် တွေးကြံမှန်းဆနေကြသည်။ ၎င်းတို့သည် မိမိတို့ ပူဇော်ဆက်ကပ်ပြီးသည့်အရာနှင့် ၎င်းတို့ မည်မျှ ရသင့်သည်ဟူသည်တို့ကိုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့အား ထိုအရာကို ပေးခဲ့ခြင်း ရှိ၊ မရှိဟူသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြည့်စုံခဲ့ခြင်း ရှိ၊ မရှိဟူသည်တို့ကိုလည်းကောင်း အဆက်မပြတ် တွက်ချက်နေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဤပြောဆိုချက်ကို စမ်းသပ်နိုင်မည့် အဖြစ်မှန်များကို အဆက်မပြတ် ရှာဖွေနေကြသည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံနေသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်ခြင်း ရှိ၊ မရှိဟူသည်ကို အမြဲ အတည်ပြုလိုကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင်အတွက် အသုံးခံခြင်းက ၎င်းတို့အား ဘုရားသခင်၏ ကောင်းချီးများကို ရရှိစေနိုင်ခြင်း ရှိ၊ မရှိဟူသည်ကို ကြည့်ရှုရန် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အဆက်မပြတ် စမ်းသပ်နေကြသည်။ သူ၏နှုတ်ကပတ်တော်များကို အတည်ပြုနိုင်ရန်အလို့ငှာ မိမိတို့အပေါ် ဘုရားသခင်၏ ကောင်းချီးများကို အမြဲ မြင်တွေ့လိုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ စိတ်ကူးထားသလောက် အလွယ်တကူ မပြည့်စုံကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များ၏ မှန်ကန်မှုကို အတည်ပြုရန် ခက်ခဲကြောင်း တွေ့ရှိသောအခါ၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများသည် သာ၍ပင် ဆိုးရွားလာသည်။ တစ်ချိန်တည်းတွင်၊ ဘုရားသခင်ပြောဆိုသည့် စကားလုံးတိုင်းသည် သေချာပေါက် သမ္မာတရား မဟုတ်ကြောင်းကို ၎င်းတို့ စတင်၍ ခိုင်ခိုင်မာမာ ယုံကြည်လာကြသည်။ ဤအရာကို မိမိတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားလျက်၊ ၎င်းတို့သည် ဘုရားသခင်ကို သံသယဝင်ပြီး မေးခွန်းထုတ်လာကာ၊ သူ့အပေါ် အယူအဆများကို မကြာခဏ ဖြစ်ပေါ်ကြသည်။ အခါအားလျော်စွာ၊ စိတ်နှလုံးထဲတွင် အယူအဆများဖြင့် ပြည့်နေသည့် ဤလူတို့သည် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ပြီး ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန်ဆက်ဆံနေစဉ်တွင် ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆအချို့ကို ထုတ်ဖော်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ပြီး ဘုရားသခင်၏အမှုတော်ကို တိုင်းတာရန်လည်း ၎င်းတို့၏ အယူအဆများကို အသုံးပြုကြသည်။ ဘုရားသခင်၏အမှုတော်က ၎င်းတို့၏ အယူအဆများနှင့် တစ်သမတ်တည်း မကိုက်ညီသည့်အပြင် ၎င်းတို့၏ မျှော်လင့်ချက်များနှင့် လုံးဝ ဆန့်ကျင်နေသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် မိမိတို့၏ မကျေနပ်မှုကို ထုတ်ဖော်ရန် ၎င်းတို့၏ အယူအဆများကို ဖြန့်ဝေကြသည်။ ဥပမာအားဖြင့်၊ ဘုရားသခင်က သူ၏အမှုတော်သည် အဆုံးသတ်သို့ ရောက်လုနီးကြောင်းနှင့် လူတို့သည် ဘုရားသခင်နောက်လိုက်ပြီး သူ့အတွက် အသုံးခံရန်၊ ဘုရားသခင်၏အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် အရာရာကို စွန့်လွှတ်သင့်ပြီး လောကီဆိုင်ရာ အလားအလာများ၊ သဘောညီညွှတ်သော အိမ်ထောင်စုနှင့် အခြားထိုသို့သောအရာများကို နောက်ထပ် မလိုက်စားသင့်တော့ကြောင်း ပြောဆိုသည်။ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို ပြောဆိုပြီးနောက်၊ ဘုရားသခင်သည် အမှုများစွာကို ဆက်လက်လုပ်ဆောင်သည်။ သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ် ကုန်လွန်သွားပြီး အချို့လူများက ဘုရားသခင်၏အမှုတော်က အဆုံးသတ်သည့်လက္ခဏာများ သို့မဟုတ် ကြီးမားသော ကပ်ဘေးများ ကျရောက်တော့မည်ဖြစ်ပြီး ယုံကြည်သူအားလုံး ခိုလှုံရာရနှင့်ပြီဟူသော လက္ခဏာများမရှိဘဲ တည်တည်ငြိမ်ငြိမ် ဆက်လက်ဖြစ်နေဆဲဖြစ်သည်ကို တွေ့မြင်ကြသည်။ ဘုရားသခင်၏အမှုတော်ကို မိမိတို့၏ အယူအဆများဖြင့် တိုင်းတာသောသူတို့သည် ယုံကြည်သူများက ဘုရားသခင်၏ အံ့ဖွယ်ကောင်းချီးများကို အတူတကွ ခံစားနိုင်ရန် ဘုရားသခင်၏အမှုတော် အမြန်ပြီးဆုံးသွားဖို့ မစောင့်နိုင်အောင်ဖြစ်ကြသည်။ သို့သော် ဘုရားသခင်သည် ဤနည်းအတိုင်း ပြုမူဆောင်ရွက်ခြင်းမရှိ။ သူသည် ဤကိစ္စကို လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတိုင်း မပြီးမြောက်စေပေ။ မစောင့်နိုင်သောသူတို့သည် ဂနာမငြိမ်ဖြစ်လာပြီး “ဘုရားအမှုတော်က အဆုံးသတ်ကို ရောက်လုနီးနေပြီ မဟုတ်လော။ မကြာခင်တွင် အဆုံးသတ်သင့်ပြီ မဟုတ်လော။ ကြီးမားသည့် ကပ်ဘေးများ ကျရောက်တော့မည်ဟု ဘုရားက ပြောခဲ့သည် မဟုတ်လော။ ဘုရားအိမ်တော်သည် အလွန်များသည့် အလုပ်ကို လုပ်နေသေးသနည်း။ ဘုရားအမှုတော်သည် အတိအကျ မည်သည့်အချိန်တွင် ပြီးဆုံးလိမ့်မည်နည်း။ မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း”ဟု ဆိုလျက် သံသယများ ရှိလာကြသည်။ ဤလူတို့သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များကို အနည်းငယ်မျှ စိတ်မဝင်စားကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိရန် စာတန်၏ စွမ်းအားမှ လွတ်မြောက်ခြင်းတို့ကို စိတ်ဝင်စားမှုမရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏အမှုတော် မည်သည့်အချိန်တွင် ပြီးဆုံးမည်၊ ၎င်းတို့၏ အဆုံးသတ်က အသက်ရှင်ခြင်းဖြစ်လိမ့်မည်လော သို့မဟုတ် သေခြင်းဖြစ်လိမ့်မည်လော၊ နိုင်ငံတော်ထဲသို့ ကောင်းချီးများကို မွေ့လျော်ခံစားရန် ၎င်းတို့ မည်သည့်အချိန်တွင် ဝင်ရောက်နိုင်မည်ဟူသည်နှင့် နိုင်ငံတော်၏ လှပသောမြင်ကွင်းများက မည်သို့ဖြစ်မည်ဟူသည်တို့ကိုသာ အထူးသဖြင့် စိတ်ဝင်စားကြသည်။ ဤအရာများမှာ ၎င်းတို့၏ အကြီးမားဆုံးသော အမှုထားစရာကိစ္စများ ဖြစ်ကြသည်။ ထို့ကြောင့်၊ အချိန်ကာလတစ်ခုကြာ ကြံ့ကြံ့ခံပြီးနောက် ကောင်းကင်နှင့်မြေကြီး မပြောင်းလဲဘဲရှိနေဆဲဖြစ်သည်ကိုလည်းကောင်း၊ လောက၏ နိုင်ငံများသည် ပုံမှန်အတိုင်း ဆက်လက်ရှိနေသည်ကိုလည်းကောင်း မြင်သောအခါ၊ ၎င်းတို့က “ဘုရား၏ ဤစကားများက မည်သည့်အချိန်တွင် အမှန်တကယ် ဖြစ်လာလိမ့်မည်နည်း။ ကျွန်ုပ် နှစ်ပေါင်းအချို့ကြာ စောင့်ဆိုင်းနေခဲ့ပြီးဖြစ်သည်။ အဘယ်ကြောင့် ထိုအရာများက အမှန်တကယ် မဖြစ်သေးသနည်း။ ဘုရား၏ စကားများသည် အမှန်ပင် တကယ်ဖြစ်လာနိုင်သလော။ ဘုရားက သူ့စကားအတိုင်း တည်သလော၊ မတည်သလော” ဟု ပြောဆိုကြသည်။ သို့ဖြင့် ဤလူတို့သည် စိတ်ရှည်ခြင်း မရှိတော့ပေ၊ ဂနာမငြိမ်ဖြစ်လာကြပြီး မိမိတို့၏ ကိုယ်ပိုင်ဘဝများကို အသက်ရှင်နေထိုင်ရန် လောကသို့ပြန်ရမည့် အခွင့်အရေးများကို ရှာဖွေချင်လာကြလေသည်။
ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများသည် လူ၏ စိတ်ကူးစိတ်သန်းများကို အမြဲကျော်လွန်ပြီး လူ့အယူအဆများထက် အမြဲသာလွန်သည်။ လူတို့ မည်သို့ပင် ကြိုးစားပါစေ၊ ယင်းတို့ကို ၎င်းတို့က နားမလည်နိုင် သို့မဟုတ် တိုင်းတာနိုင်ခြင်းမရှိပေ။ ၎င်းတို့သည် ဘုရားအမှုတော်၏ နည်းလမ်းများက အတိအကျ မည်သည့်အရာဖြစ်သည် သို့မဟုတ် ယင်းက မည်သည့်ပန်းတိုင်များအား စွမ်းဆောင်ရရှိရန် ရည်ရွယ်သည်ကို မသိကြပေ။ သို့ဖြစ်၍ နောက်ဆုံးတွင် အချို့လူများက “ဘုရားသည် တကယ်တည်ရှိပါသလော။ ဘုရားက အတိအကျ အဘယ်မှာရှိသနည်း။ ဘုရားက သမ္မာတရားတွေကို ဆက်ပြီး ဖော်ပြနေသော်လည်း၊ သူသည် အလွန်များစွာ ဖော်ပြသည် မဟုတ်လော။ သူက ငါတို့ကို သူ့နိုင်ငံတော်ထဲသို့ ခေါ်ဆောင်သွားမည်ဟု ပြောခဲ့သည် မဟုတ်လော။ မည်သည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်ထဲကို ငါတို့ ဝင်ရောက်နိုင်မည်နည်း။ ဤအရာများသည် အဘယ်ကြောင့် ယခုထိ အမှန်တကယ် ဖြစ်မလာသေးသနည်း သို့မဟုတ် မပြည့်စုံသေးသနည်း။ အမှန်မဖြစ်သေးတာ၊ နောက်ထပ် နှစ်ပေါင်းမည်မျှ အတိအကျ ကြာဦးမည်နည်း။ ဘုရား၏နေ့ရက်က နီးနေပြီဟု အမြဲပြောသည်။ သို့သော် ယခုတွင် ဤ‘နီးနေပြီ’ ဟူသည်ကို နှစ်ပေါင်းများစွာ ပြောပြီးဖြစ်သည်။ အဘယ်ကြောင့် ထိုအရာသည် အလွန် အလှမ်းဝေးပြီး အဆုံးမရှိပုံပေါက်နေရသနည်း”ဟု စတင် သံသယဝင်လာကြသည်။ ၎င်းတို့သည် ဤနည်းအတိုင်း တွေးရုံသာမက၊ ဤသံသယများကိုလည်း နေရာတိုင်းတွင် ဖြန့်ဝေကြသည်။ ဤအရာက မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ တရားဒေသနာများစွာကို နားထောင်ပြီးနောက်၊ ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို လုံးဝ နားမလည်သေးသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်၏အမှုတော်ကို ဘောင်ခတ်ရန် လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အမြဲအသုံးပြုကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဤအမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ မကြည့်ရှုနိုင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို အတည်ပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ကယ်တင်ခြင်းလမ်းကြောင်းတစ်ခုကို ပိုင်းဖြတ်နိုင်သလော။ ဘုရားသခင်ပြောဆိုသည့် ဤနှုတ်ကပတ်တော်များအားလုံးနှင့် သူလုပ်ဆောင်သည့် အရာအားလုံးသည် လူတို့ကို ကယ်တင်ရန်အလို့ငှာဖြစ်ကြောင်းကို ၎င်းတို့ နားလည်ကြသလော။ သမ္မာတရားကိုရရှိပြီး ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိခြင်းအားဖြင့်သာ ဘုရားသခင်က လူသားမျိုးနွယ်အား ကတိပေးထားသည့် ကောင်းချီးများအားလုံးကို လူတို့ရရှိနိုင်ကြောင်း ၎င်းတို့ နားလည်ကြသလော။ ၎င်းတို့ပြောဆိုသည့်အရာနှင့် ၎င်းတို့ဖြန့်ဝေသည့် အယူအဆများမှနေ၍၊ ၎င်းတို့သည် ဘုရားသခင် မည်သည့်အရာကိုသာ လုပ်ဆောင်နေသည် သို့မဟုတ် ဘုရားသခင်က ဤအလုပ်အားလုံးကို လုပ်ဆောင်ပြီး ဤနှုတ်ကပတ်တော်များအားလုံးကို ပြောဆိုရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်အရာသာဖြစ်သည်ဟူသည်ကို အခြေခံကျကျ နားမလည်ကြောင်း သိသာထင်ရှားသည်။ ၎င်းတို့သည် တကယ်ကို မယုံကြည်သူများသာ ဖြစ်ကြသည်။ နှစ်ပေါင်းများစွာကြာ တရားဒေသနာများကို နားထောင်ပြီး၊ ဘုရားအိမ်တော်တွင် နှစ်ပေါင်းများစွာကြာ တော်စွလျော်စွာ ကြုံရာကျပန်း နေခဲ့ပြီးနောက်၊ ၎င်းတို့ မည်သည့်အရာကို ရရှိကြပြီနည်း။ ဘုရားသခင် တည်ရှိခြင်း ရှိ၊ မရှိကိုပင် ၎င်းတို့ အတည်မပြုရသေးပေ၊ ဤအရာအတွက် ၎င်းတို့တွင် တိကျသော အဖြေမရှိပေ။ အသင်းတော်တွင် ၎င်းတို့သည် မည်သည့်အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ကြသနည်း။ ကောင်းချီးများမရရှိဘဲ အချိန်အတန်ကြာ ကြိုးစားအလုပ်လုပ်ပြီးနောက် ၎င်းတို့သည် အခြားသူများကို အထင်အမြင်မှားစေရန်နှင့် နှောင့်ယှက်ရန် အယူအဆများကို မရိုးမဖြောင့် ဖြန့်ဝေကြသည်။ ၎င်းတို့ ကြုံရာကျပန်း ပြောဆိုသည့်အရာများသည် ဘုရားသခင်နှင့် သူ၏အမှုတော်အပေါ် ဝေဖန်ချက်များ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ အချို့က “ဘုရားအမှုတော်က သုံးနှစ်၊ ငါးနှစ်အတွင်း ပြီးစီးမည်ဟု ကျွန်ုပ် တွေးထင်လေ့ရှိခဲ့သည်။ ယခုတွင် ဆယ်နှစ်ကြာသွားသည့်အချိန် ထိုအမှုတော် ပြီးစီးဦးမည်မဟုတ်သည်ကို ကျွန်ုပ် မမျှော်လင့်ခဲ့ပါ။ ဤအမှုတော်သည် မည်သည့်အချိန်တွင် ပြီးမြောက်လိမ့်မည်နည်း။ သက်သေခံချက်ဆောင်းပါးများကို အဆက်မပြတ် ရေးသားနေကြသည်။ ဓမ္မတေးဖျော်ဖြေမှု ဗီဒီယိုများနှင့် ရုပ်ရှင်များကို ဆက်တိုက် ထုတ်လုပ်နေသည်။ ဧဝံဂေလိတရားကို ဆက်လက် ဟောပြောလျက်ရှိသည်။ထိုအရာသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်နည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အခြားသူများကိုပင် “သင်တို့လည်း ထိုသို့ပင် မထင်သလော။ ကောင်းပြီ၊ မည်သည့်အရာကို သင်တို့ စဉ်းစားသည်ဖြစ်စေ၊ ယင်းမှာ ကျွန်ုပ်တို့ တွေးထင်သည့်အရာ ဖြစ်သည်။ ကျွန်ုပ်က ရိုးသားသော လူတစ်ဦးဖြစ်သည်။ မိမိစိတ်ထဲတွင် ရှိသည့်အရာကို မပြောသည့်အပြင် အားလုံးကို ဖုံးကွယ်ထားသည့် အခြားလူများနှင့်မတူဘဲ စိတ်ထဲရှိသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် ပြောသည်။” ဟု မေးခွန်းထုတ်ကြသည်။ မည်သည့်အရာကိုမဆို ပြောဝံ့သည်မှာ “ရိုးသား” လွန်းစွတကား။ သာ၍ပင် ဆိုးသည်မှာ၊ ၎င်းတို့က “ဘုရားအမှုတော်က မကြာခင် အဆုံးမသတ်လျှင်၊ ကျွန်ုပ် အလုပ်တစ်ခုကိုသာ သွားရှာမည်၊ ပိုက်ဆံရှာပြီး ကျွန်ုပ်ဘဝကို အသက်ရှင်နေထိုင်လိုက်တော့မည်။ ဘုရားကို ယုံကြည်သည့် ဤနှစ်ကာလများတစ်လျှောက်လုံးအတွက်၊ အလွန်များသည့် အစားအသောက်ကောင်းများ၊ အလွန်များသည့် ပျော်မွေ့စရာ နေရာများ၊ အလွန်များသည့် ရုပ်ဝတ္ထုဆိုင်ရာ ပျော်ရွှင်မှုမျးနှင့် လွဲချော်ခဲ့ရသည်။ ကျွန်ုပ်သာ ဘုရားကို မယုံကြည်ခဲ့လျှင်၊ ဤလွန်ခဲ့သည့်နှစ်ကာလများအတွင်းတွင် အိမ်ကြီးအိမ်ကောင်းတွင် နေရပြီးဖြစ်မည်၊ ကားတစ်စီး ပိုင်ကာ ကမ္ဘာကိုပင် အကြိမ်ပေါင်းများစွာ ပတ်ခဲ့ပြီးဖြစ်မည်။ ပြန်စဉ်းစားကြည့်သည့်အခါ၊ ဘုရားကို မယုံကြည်ဘဲ နေခဲ့သည့်ဘဝက အတော်ကောာင်းပေသည်။ ကျွန်ုပ် အတော် ပျော်ရွှင်ခဲ့သည်။ အနည်းငယ် အနှစ်မဲ့သော်လည်း၊ ဇာတိပကတိဆိုင်ရာ သာယာမှုများကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်ခဲ့သည်၊ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်နိုင်ခဲ့ပြီး၊ မည်သည့် ချုပ်တည်းမှုမျှမရှိဘဲ ကျွန်ုပ်လုပ်ချင်တာမှန်သမျှကို လုပ်နိုင်ခဲ့သည်။ ဘုရားကို ယုံကြည်သည့် ဤနှစ်ကာလများအတွင်းတွင်၊ ကျွန်ုပ် အလွန်များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရပြီး၊ ကိုယ့်ကိုယ်ကိုယ် အလွန် နစ်နာစေခဲ့သည်။ ကျွန်ုပ် သမ္မာတရားနည်းနည်းရပြီး စိတ်နှလုံးထဲမှာ နည်းနည်း ပိုပြီး လုံခြုံသည်ဟု ခံစားရသော်လည်း၊ ဤသမ္မာတရားများက ထိုဇာတိပကတိဆိုင်ရာ သာယာမှုများကို အစားမထိုးနိုင်ပါ။ ဒါ့အပြင်၊ ဘုရားအမှုတော်က လုံးဝ မပြီးဆုံးသည့်အပြင်၊ ဘုရားက လူများထံ လုံးဝ မပေါ်ထွန်းပါ။ ထို့ကြောင့် ကျွန်ုပ် လုံးဝ လုံခြုံသည်ဟု မခံစားရပါ။ သမ္မာတရားကို နားလည်ပြီး ရရှိခြင်းက ငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းကို ဆောင်ကြဉ်းပေးသည်ဟု သူတို့ပြောကြသည်။ သို့သော် ငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းရှိသည်မှာ အဘယ်ကောင်းကျိုးရှိသနည်း။ ကျွန်ုပ်တွင် ဇာတိပကတိဆိုင်ရာ သာယာမှု မရှိသေးပါ”ဟု ပြောဆိုကြသည်။ ဤအတွေးများကို ၎င်းတို့၏စိတ်ထဲတွင် အကြိမ်မရေမတွက်နိုင်အောင် တွေးနေခဲ့ကြပြီး ၎င်းတို့သည် မိမိတို့ကိုယ်ကို အကြိမ်များစွာ ထိုအရာများကို မိမိတို့ဘာသာ ထပ်ခါတလဲလဲ တွေးနေမိခဲ့ကြသည်။ မိမိတို့၏ အယူအဆများသည် ခိုင်မာစွာ ရပ်တည်ရန် လုံလောက်သော ကျိုးကြောင်းပြချက်ရှိသည်ဟု ၎င်းတို့ ယုံကြည်ကာ အချိန်အခါသင့်ပြီဖြစ်ပြီး ဘုရားသခင်၏အမှုတော်ကို ချစ်တီးခေါင်းသန်းရှာလုပ်ရန် လုံလောက်စွာ အရည်အချင်းပြည့်မီသည်ဟု ၎င်းတို့ ခံစားရသောအခါ၊ အထက်တွင် ကိုးကားထားသော မှတ်ချက်များနှင့် အယူအဆများကို ၎င်းတို့ မဖြန့်ဝေဘဲမနေနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် သူ၏အမှုတော်ကို ပိုမို၍ များပြားသောလူတို့က အထင်အမြင်မှားစေရန် ကြိုးစားလျက်၊ ဘုရားသခင်နှင့်ပတ်သက်သည့် မိမိတို့၏ မကျေနပ်မှုကိုလည်းကောင်း၊ ဘုရားသခင်၏အမှုတော်အပေါ် မိမိတို့၏ အယူအဆများနှင့် အထင်လွဲမှားမှုများကိုလည်းကောင်း ဖြန့်ဝေကြသည်။ ပိုမို၍များပြားသောလူတို့အား ဘုရားသခင်အတွက် အသုံးခံခြင်းမရှိအောင် တားဆီးလိုပြီး၊ ၎င်းတို့၏ လက်ရှိတာဝန်များကို စွန့်လွှတ်ကာ ဘုရားသခင်ကို ငြင်းပယ်စေလိုသည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိသူအချို့လည်း ရှိပေသည်။ အသင်းတော်ကိုသာ ဖျက်သိမ်းလိုက်မည်ဆိုလျှင်၊ ၎င်းတို့အတွက် အကောင်းဆုံးအရာ ဖြစ်ပေမည်။ ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ “ငါ ကောင်းချီးများ မရနိုင်လျှင်၊ သင်တို့ထဲမှ မည်သူမျှကလည်း ရဖို့ မမျှော်လင့်သင့်ပေ။ သမ္မာတရားကိုဖြစ်စေ၊ ဘုရားကတိပေးထားသည့် ကောင်းချီးများကိုဖြစ်စေ ရရှိဖို့အတွက် သင်တို့ထဲမှ မည်သူမျှ မမျှော်လင့်နိုင်အောင် အမှုအရာများကို ငါ ကမောက်ကမဖြစ်စေမည်”ဟူ၍ ဖြစ်သည်။ ကောင်းချီးများရရှိရန် မျှော်လင့်ချက်ရှိသည်ကို မြင်သည့်အခါ၊ ၎င်းတို့သည် နောက်ထပ် စောင့်ဆိုင်းရန် စိတ်ရှည်ခြင်း ပျောက်ဆုံးသွားကြသည်။၎င်းတို့ကိုယ်တိုင် ကောင်းချီးများမရရှိသည့်အပြင်၊ အခြားသူများကိုလည်း မရရှိစေလိုကြပေ။ ထို့ကြောင့်၊ ၎င်းတို့သည် အယူအဆများကို ဖြန့်ဝေသည့်အခါ၊ တစ်နည်းအားဖြင့် မိမိတို့၏ မကျေနပ်မှုကို ထုတ်ဖော်နေခြင်း၊ ဘုရားသခင်၏အမှုတော်နှင့်ပတ်သက်၍ မည်သည့်အရာကမျှ လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် မကိုက်ညီကြောင်းနှင့် ဘုရားသခင်၏ အမှုပြုခြင်းနည်းလမ်းသည် လူတို့၏ ခံစားချက်များအပေါ် မငဲ့ကွက်ကြောင်း ညည်းညူနေခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် ပိုများသောလူတို့အား ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြစ်ပေါ်ကာ ယုံကြည်ခြင်းဆုံးရှုံးလျက် ဘုရားသခင်အကြောင်း အထင်လွဲခြင်းနှင့် စောဒကတက်ခြင်းအဖြစ်သို့ ရောက်ရှိစေရန် အလိုရှိကြသည်။ ၎င်းတို့သည် ပိုများသော လူတို့အား ၎င်းတို့တွင် ရှိသည့်အတိုင်းပင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် မိမိတို့၏ အထင်လွဲမှုများနှင့် အယူအဆများကြောင့် ဘုရားသခင်ကို စွန့်လွှတ်စေရန် အလိုရှိကြသည်။
ခ။ အယူအဆများ ဖြန့်ဝေသည့်လူများကို ဆက်ဆံရမည့် နည်းလမ်း
အသင်းတော်၌ တစ်စုံတစ်ဦးက ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် မကျေနပ်ချက်များကို ဖြန့်ဝေသည့်အခါ မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာသနည်း။ ယင်းက အသင်းတော်အသက်တာ၏ ရလဒ်များကို တိုက်ရိုက် ထိခိုက်စေသလော။ ယင်းက ပုံမှန်အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်သလော။ (နှောင့်ယှက်ပါသည်။) ဤသည်မှာ လူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် သက်ရောက်မှုရှိပြီး ၎င်းတို့၏ တာဝန်များ ပုံမှန်ထမ်းဆောင်နိုင်စွမ်းကိုလည်း ထိခိုက်စေသည်။ ထို့ကြောင့် အယူအဆများ ဖြန့်ဝေသည့် သူတို့ကို ကန့်သတ်ရမည်။ ၎င်းတို့က ထိုသို့သောအရာများကို ရံဖန်ရံခါမျှသာ ဖော်ပြပြောဆိုလျှင်ပင် ၎င်းတို့ကို ကန့်သတ်ပြီး ပိုင်းခြားသိမြင်ရန် လိုအပ်သည်။ ၎င်းတို့တွင် မည်သည့် လူ့သဘာဝမျိုးရှိသည်ကိုလည်းကောင်း၊ ၎င်းတို့၏ အယူအဆများ ဖြန့်ဝေခြင်းသည် ယာယီ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းကြောင့် ဟုတ်မဟုတ် သို့မဟုတ် ယင်းက ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့်ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်သလော၊ ၎င်းတို့သည် သမ္မာတရားကို တစ်စိုက်မတ်မတ် မလိုက်စားသည့်အပြင် ပိုများသောလူတို့ကို အထင်အမြင်မှားစေရန်နှင့် အသင်းတော်အသက်တာကို နှောင့်ယှက်ကာ ပျက်စီးစေရန် အယူအဆများကို တမင်တကာ ဖြန့်ဝေနေခြင်းဖြစ်သလောဟူသည်တို့ကို ကြည့်လော့။ ၎င်းတို့၏ အကယ်၍ ယင်းမှာ ရံဖန်ရံခါဖြစ်သော အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းမျှသာဖြစ်ပါက ၎င်းတို့ကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အားပေးကာ ကူညီခြင်းက လုံလောက်ပေသည်။ အကယ်၍ ၎င်းတို့သည် အခြားသူများကို အပျက်သဘောပင်ဆောင်စေပြီး အားနည်းလာစေရင်း၊ ၎င်းတို့၏ တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်စွမ်းအား ထိခိုက်စေလျက်၊ အကြံဉာဏ်ကို အလေးဂရုမပြုသည့်အပြင် အယူအဆများကို ဆက်လက်ဖြန့်ဝေကာ အသင်းတော်အသက်တာကို နှောင့်ယှက်နေလျှင်၊ ယင်းမှာ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ကြောင်း ဆိုလိုပြီး စည်းမျဉ်းများနှင့်အညီ ရှင်းလင်းပစ်သင့်သည်။ အဘယ်ကြောင့် ၎င်းတို့ကို နောက်ထပ်အခွင့်အရေးတစ်ခု မပေးရသနည်း။ ထိုသို့သောလူများသည် မယုံကြည်သူများဖြစ်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ၎င်းတို့၏ လူ့သဘာဝက မည်သို့ပင်ဖြစ်စေ၊ ထိုသို့သောလူများသည် မယုံကြည်သူများ ဖြစ်ကြသည်။ မယုံကြည်သူများသည် ဂျုံစပါးပင်များထဲမှ တောပင်များနှင့် တူသည်။ ၎င်းတို့ကို နှုတ်ပစ်သင့်သည်။ အကယ်၍ ၎င်းတို့သည် မယုံကြည်သူများ၏ သရုပ်သကန်အချို့ကိုသာ ပြသပြီး အသင်းတော်အသက်တာတွင် နှောင့်ယှက်မှုများကို မဖြစ်စေသေးသည့်အပြင်၊ အသင်းတော်၏ မိတ်ဆွေများအဖြစ် အစေခံနိုင်ကာ အစေခံမှုပေးနိုင်သေးပါက၊ ၎င်းတို့ကို လျစ်လျူရှုထား၍ရသည်။ သို့သော် အယူအဆများကို အစဉ်အမြဲ ဖြန့်ဝေသောသူတို့သည် မယုံကြည်သူများ၏ အမြင်ရှုထောင့်များနှင့် မှတ်ချက်များကို အစဉ်အမြဲ ဖော်ပြကြသည်။ ၎င်းတို့သည် အမှုအရာများကို ကြုံရာကျပန်း ပြောဆိုနေခြင်းမဟုတ်ပေ။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပိုများသောလူတို့ကို ဘုရားသခင်နှင့် အလှမ်းဝေးသွားစေဖို့ လှုံ့ဆော်ရန်၊ အထင်အမြင်မှားစေရန်နှင့် ဆွဲဆောင်ရန် ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ “ငါ ကောင်းချီးများ မရနိုင်လျှင် ယုံကြည်တော့မည်မဟုတ်ပါ။ သင်တို့တစ်ယောက်မျှ ကောင်းချီးများရရန် မမျှော်လင့်သည့်အပြင် ယုံလည်းမယုံကြည်သင့်ပါ။ သင်တို့ ဆက်လက်ယုံကြည်နေလျှင်၊ သင်တို့ မလျှော့တမ်းလုပ်ပြီး တစ်နေ့တွင် နောက်ဆုံး၌ ကောင်းချီးများ ရရှိသွားလျှင်ကော၊ ယင်းက ငါ့ကို အခက်တွေ့စေမည် မဟုတ်လော။ ထိုအခါ ငါသည် စိတ်ထဲတွင် မည်သို့ တည်ငြိမ်နေနိုင်မည်နည်း။ ယင်းက အဆင်ပြေမည်မဟုတ်ပါ။ နောင်တွင် နောင်တရခြင်းကို ရှောင်ရှားရန်အတွက်၊ ငါသည် သင်တို့ကို နှောင့်ယှက်ပြီး သင်တို့၏ ယုံကြည်ခြင်းကို လှုပ်ခတ်စေမည်။ သင်တို့ကို ဘုရားနှင့် အလှမ်းဝေးစေမည်၊ ဘုရားကို သစ္စာဖောက်စေမည်၊ ငါနှင့်အတူ အသင်းတော်မှ ထွက်ခွာစေမည်၊ ယင်းမှာ အကောင်းဆုံးဖြစ်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ ထိုသို့သော မယုံကြည်သူများကို ရှင်းလင်းပစ်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်။ အချို့မယုံကြည်သူများသည် ယုံကြည်ခြင်းကို ရပ်လိုက်လျှင် အသင်းတော်သည် ၎င်းတို့၏ ဘုရား နှုတ်ကပတ်တော် စာအုပ်များကို ယတိပြတ် ပြန်ယူပြီး ၎င်းတို့ကို စာရင်းမှ ပယ်ဖျက်လိုက်မည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ယုံကြည်သူများအပေါ် အပြုသဘောဆောင်သော ခံစားချက်အချို့ရှိသည့် အခြားမယုံကြည်သူများ ရှိသေးသည်။ ၎င်းတို့သည် အသင်းတော်တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ခြင်းမရှိပေ။ ၎င်းတို့သည် အသင်းတော်၏ မိတ်ဆွေများအဖြစ် ရံဖန်ရံခါ ကူညီရုံသာ ကူညီကြသည်။ ထိုသို့သောလူများသည် သမ္မာတရားကို မလိုက်စားသော်လည်း သို့မဟုတ် သမ္မာတရားကို မိတ်သဟာယမဖွဲ့သော်လည်း၊ အယူအဆများကို မဖြန့်ဝေပေ သို့မဟုတ် အသင်းတော်အသက်တာကို မနှောင့်ယှက်ပေ။ ၎င်းတို့သည် အစေခံမှု အနည်းငယ်မျှ ပေးနိုင်သရွေ့ ၎င်းတို့ကို အသင်းတော်တွင် နေထိုင်ခွင့်ပြုသင့်ပြီး ရှင်းလင်းပစ်ရန် မလိုအပ်ပေ။ သို့ရာတွင် အယူအဆများကို စဉ်ဆက်မပြတ် ဖြန့်ဝေသော ထိုမယုံကြည်သူများအတွက်မူ ၎င်းတို့ကို မည်သည့်သနားညှာတာမှုမျှ မပြသင့်ပေ။ ၎င်းတို့သည် အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေလျက် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများနှင့် အထင်အမြင်လွဲမှားမှုများကို ဖြန့်ဝေကြသည်။ ဤမယုံကြည်သူများသည် စာတန်၏ အစေခံများ ဖြစ်ကြသည်။ ၎င်းတို့တွင် အယူအဆများ ရှိသည်၊ သို့ရာတွင် ၎င်းတို့သည် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေရုံသာမက ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေရန် ၎င်းတို့၏ အယူအဆများကိုပင် ဖြန့်ဝေကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး အခြားသူများအနည်းငယ်ကိုလည်း ၎င်းတို့နှင့်အတူ ပျက်စီးခြင်းသို့ ဆွဲခေါ်သွားလိုကြသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ဤသို့သော ရည်ရွယ်ချက်မျိုးများဖြင့် နှောင့်ယှက်ခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ခွင့်လွှတ်နိုင်သလော။ မလွှတ်နိုင်ပေ၊ ၎င်းတို့ကို ချမ်းသာမပေးရ။ ဤသည်မှာ ၎င်းတို့ကို ကန့်သတ်ရန် သို့မဟုတ် သီးခြားခွဲထားရန် လိုအပ်သည့် ကိစ္စရပ်တစ်ခု မဟုတ်။ ၎င်းတို့ကို လုံးဝ သက်ညှာမှုမပြဘဲ သန့်စင်ရမည်ဖြစ်ပြီး အသင်းတော်မှ ထာဝစဉ် ထုတ်ပယ်ရမည်။
အသင်းတော်၌ လူအချို့သည် သမ္မာတရားကို လုံးဝ မလိုက်စားကြသည့်အပြင်၊ ဘုရားသခင်က လူတို့ကို ကယ်တင်ရန် မည်သို့အလုပ်လုပ်သည်ကိုလည်း လုံးဝ နားမလည်ကြပေ။ အချို့အရာများကို တွေ့ကြုံပြီးနောက် ၎င်းတို့သည် ဘုရားသခင်အပေါ် အထင်လွဲမှားမှုများ၊ အတိုက်အခံလုပ်ခြင်းများနှင့် မကျေနပ်ချက်များ ဖြစ်ပေါ်လာကြသည်။ ၎င်းတို့ပြောဆိုလုပ်ဆောင်သည့် အရာအချို့သည် အယူအဆများကို ဖြန့်ဝေခြင်းအဖြစ် အလုပ်လုပ်သည်။ ၎င်းတို့ဖြန့်ဝေသည့် အယူအဆများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို နားလည်သဘောပေါက်ရာတွင် သွေဖည်မှုများ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်သည့် အထင်လွဲမှားမှုများမျှသာ မဟုတ်ပေ။ အချို့မှာ ပို၍ဆိုးရွားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကို တိုက်ရိုက်ငြင်းပယ်ခြင်းဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးလုံးလျားလျား ဝေဖန်ပြီး ပြစ်တင်ရှုတ်ချကြသည်။ ပြီးလျှင် ၎င်းတို့ဖြန့်ဝေသည့် အခြားအယူအဆများသည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်းပင် တိုက်ခိုက်ပြီး ပြစ်မှားစော်ကားလေသည်။ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး သို့မဟုတ် ဘုရားသခင်၏ နောက်လိုက်တစ်ဦး၏ အမြင်ရှုထောင့်မှ ရပ်တည်လျက် ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးနေခြင်း သို့မဟုတ် သိရှိရန် ကြိုးစားနေခြင်း မဟုတ်သည့်အပြင်၊ သမ္မာတရားကို လက်ခံပြီး ဘုရားသခင်၏ အမှုတော်အပေါ် ၎င်းတို့၏ သိနားလည်မှုနှင့် သူ၏ရည်ရွယ်ချက်များအပေါ် ၎င်းတို့၏ သဘောပေါက်နားလည်မှုကို မိတ်သဟာယဖွဲ့ခြင်းလည်း မဟုတ်ပေ။ ၎င်းတို့ဖော်ပြသည့် အယူအဆများသည် ဤအပြုသဘောဆောင်သော သိနားလည်မှုများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ အခြားသူများက ၎င်းတို့၏ အယူအဆများကို ကြားသည့်အခါ ဘုရားသခင်အပေါ် သိနားလည်မှုတစ်ခု မရရှိကြသည့်အပြင်၊ စစ်မှန်သော ယုံကြည်ခြင်းလည်း မဖြစ်ပေါ်ကြဘဲ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည်လည်း မကြီးထွားသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအစား၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းက မရေရာဖြစ်လာသည်၊ လျော့နည်းသွားသည် သို့မဟုတ် လုံးလုံး ပျောက်ဆုံးသွားသည်အထိပင် ဖြစ်သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ရူပါရုံသည် ၎င်းတို့အတွက် မရှင်းမလင်းဖြစ်လာသည်။ လူတို့သည် ၎င်းတို့ဖြန့်ဝေသည့် အယူအဆများကို နားထောင်လေလေ၊ ဘုရားသခင်ကို ၎င်းတို့ အဘယ်ကြောင့် ယုံကြည်သင့်သည်ဟူသည်မှာ မရှင်းမလင်းဖြစ်သည်အထိပင် ထိုသူတို့၏ စိတ်နှလုံးများ ပို၍မရေမရာဖြစ်လာလေဖြစ်ပြီး ဘုရားသခင် တည်ရှိခြင်း ရှိမရှိကိုပင် သံသယဝင်လာကြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား ဟုတ်မဟုတ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က လူတို့ကို သန့်စင်ပြီး ကယ်တင်နိုင်ခြင်း ရှိမရှိဟူသည်နှင့် အခြားထိုသို့သော ကိစ္စရပ်များ၊ ဤအရာအားလုံးသည် ၎င်းတို့အတွက် မရှင်းမလင်းဖြစ်လာပြီး သံသယဖြစ်ဖွယ်ဖြစ်လာသည်။ လူတို့သည် ထိုသို့သော ပုဂ္ဂိုလ်များက ဖြန့်ဝေသည့် အယူအဆများနှင့် အထင်လွဲမှားမှုများကို ကြားသည့်အခါ ဘုရားသခင်ကို သံသယဝင်ပြီး သတိထားလာကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို စတင် ဘောင်ခတ်လာကြပြီး ဘုရားသခင်အပေါ် အထင်လွဲမှားမှုများနှင့် မကျေနပ်ချက်များ ဖြစ်ပေါ်လာကာ စိတ်ထဲတွင် ဘုရားသခင်နှင့် ခပ်ကင်းကင်းပင် နေလာကြလေသည်။ ဤသည်မှာ အလွန်ပြဿနာဖြစ်ပေသည်။ ၎င်းတို့တွင် ဤအပျက်သဘောဆောင်သော အတွေးများ၊ အမြင်များ၊ အစီအစဉ်များနှင့် ကြံစည်မှုများရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့လက်ခံပြီးဖြစ်သည့် အချက်အလက်နှင့် မှတ်ချက်များသည် သမ္မာတရားနှင့် ကိုက်ညီဖို့ မဆိုထားနှင့်၊ ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များနှင့်ပင် မကိုက်ညီကြောင်း သိသာထင်ရှားလာသည်။ ယင်းတို့သည်စာတန်ထံမှလာကြောင်း ရာနှုန်းပြည့် သေချာပေသည်။ အယူအဆများ ဖြန့်ဝေသူတို့၏ ရည်ရွယ်ချက်များ သို့မဟုတ် စေ့ဆော်မှုများက မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် မှားယွင်းသော အယူအဆများနှင့် အခြေအမြစ်မရှိသော ကောလာဟလများကို တမင်တကာ ဖြန့်ဝေသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြန့်ဝေသည်ဖြစ်စေ၊ ၎င်းတို့သည် အသင်းတော်၌ ထိခိုက်နစ်နာစေသောသက်ရောက်မှုတစ်ခု ဖြစ်စေသရွေ့ ၎င်းတို့ကို ကန့်သတ်သင့်သည်။ အကယ်၍ ထိုသို့သောလူများကို အသင်းတော်အသက်တာပြင်ပ၌ ရှာဖွေတွေ့ရှိပြီး ပိုင်းခြားသိမြင်ခဲ့ပါက ၎င်းတို့ကိုလည်း ချက်ချင်းတားဆီးပြီး ကန့်သတ်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ သမ္မာတရားကို နားလည်သူတစ်ဦးက ညီအစ်ကိုမောင်နှမများအား ထိုသို့သောအရာများ ဖြန့်ဝေသူတို့ကို ပိုင်းခြားသိမြင်စေရန် ကူညီလျက် ထိုသူတို့အားချေပပြီး ဖော်ထုတ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် သိနားလည်မှုကို အသုံးပြုနိုင်လျှင် ဤသည်မှာ သာ၍ပင် ကောင်းပေသည်။ ဤသည်မှာ စာတန်ကို တိုက်ခိုက်ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ပါက ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ရှောင်ရှားရန် သင်ယူသင့်သည်။ အကယ်၍ သင်သည် ဝိညာဉ်ရင့်ကျက်မှု ရှိပါက ၎င်းတို့ကို ဖော်ထုတ်သင့်သည်။ ဤအရာကို သင် သင်တို့ လုပ်ဆောင်ဝံ့သလော။ ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ဟူသည်ကို သင်တို့ သိကြသလော။ ဤအရာက တစ်စုံတစ်ဦးတွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဟူသည်ကို အထုတ်ဖော်ဆုံးဖြစ်သည်။ အချို့ယုံကြည်သူအသစ်များသည် ဘုရားသခင်နှင့်ပတ်သက်၍ ထိုသို့သောလူများ ဖြန့်ဝေသည့် အယူအဆများနှင့် အထင်လွဲမှားမှုများကို ကြားသည့်အခါ တုန်လှုပ်သွားပြီး “ဘုရားသခင်ကို ယုံကြည်သူတစ်ဦးက မည်သို့ဖြစ်ပြီး ဤကဲ့သို့ စကားပြောနိုင်ရသနည်း” ဟု ပြောဆိုကြသည်။ အကယ်၍ အခြေခံအုတ်မြစ်မရှိသော လူတို့သည် ဤအယူအဆများနှင့် မှားယွင်းသော အယူအဆများကို ကြားလျှင် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကြလိမ့်မည်လော။ ဤမှားယွင်းသော အယူအဆများကို ၎င်းတို့ လက်ခံကြလိမ့်မည်လော။ ၎င်းတို့သည် အထင်အမြင်မှားစေခြင်းခံရပြီး အသင်းတော်ကို စွန့်ခွာကြလိမ့်မည်လော။ ဤသည်တို့မှာ ဖြစ်နိုင်သည်ချည်းသာဖြစ်သည်။ အယူအဆများ ဖြန့်ဝေသူတစ်ဦးက “ကျွန်ုပ်သည် ဘုရားသခင်ကိုတစ်ဖန် လုံးဝ ယုံကြည်မည်မဟုတ်ပါ”ဟု ပြောဆိုသည့်အခါ ဤစကားကို ပြောချိန်တွင် မည်သည့် အခြေအနေမျိုး၌ ၎င်းတို့ရှိသည်ဖြစ်စေ၊ ယင်းက ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း လုံးဝပျောက်ဆုံးသွားပြီး မယုံကြည်သူတစ်ဦးဖြစ်ကြောင်း ညွှန်ပြသည်။ ထိုသို့သောစကားများကို ဖြန့်ဝေခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်စေ၊ ယင်းတို့ကို ကြားရခြင်းမှ သင်သည် တည်ဆောက်မှု တစ်ခုတလေကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ)။ သင်သည် အားနည်းပြီး ဤစကားများကို ကြားသည့်အခါ “ဤလူက ငါ၏ နာကျင်မှုကို မျှဝေခံစားပေးသည်။ သူက သူ၏ အယူအဆတွေအကြောင်း ပြောချိန်တွင်၊ ငါ၏ အတွင်းကျကျ အတွေးများကို ဖွင့်ပြောပေးနေသကဲ့သို့ ဖြစ်သည်”ဟု သင်ခံစားကောင်းခံစားရနိုင်သည်။ သို့ရာတွင် ယုံကြည်ခြင်းရှိသူတစ်ဦးက ဤစကားများကို ကြားလျှင် “ဤသည်မှာ လုံးဝ မတန်တဆ ပုန်ကန်မှုပင်ဖြစ်သည်။ ထိုသို့သောစကားမျိုးကို မည်သို့ဖြစ်ပြီး ပြောနိုင်ရသနည်း။ ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဘုရားသခင်၏ စိတ်သဘောထားကို ပြစ်မှားသောကြောင့် ထိုသို့သောအရာများကို ငါ ပြောဝံ့မည်မဟုတ်ပါ”ဟု ၎င်းတို့ စဉ်းစားပေမည်။ ၎င်းတို့က ဤအယူအဆများကို ဖြန့်ဝေနိုင်သည့်အချက်က ဤစိတ်ကူးများသည် အချိန်ကြာမြင့်စွာက ဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်ပြီးဖြစ်ကြောင်းကို ညွှန်ပြသည်။ အကယ်၍ ထိုသို့သော စိတ်ကူးများသည် ယခုတင် ဖြစ်ပေါ်ပြီး အစပျိုးသည့်အဆင့်တွင်သာ ရှိနေသေးကာ အယူအဆများအဖြစ်သို့ အပြည့်အဝ မဖြစ်ပေါ်သေးပါက၊ လူတစ်ဦးက ယင်းတို့ကို နှုတ်ဖြင့်မပြောသရွေ့၊ ပြီးလျှင် အခြားသူများကို အထင်အမြင်မှားစေခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုသရွေ့၊ ဤအရာက ၎င်းတို့တွင် ဆင်ခြင်တုံတရား အနည်းငယ်ရှိကြောင်း ပြသည်။ ၎င်းတို့သည် မိမိတို့၏ လျှာကို စောင့်ထိန်းနိုင်ပြီး ထိုသို့ဖြင့် ရှင်းလင်းပစ်ခြင်း၏ အကျိုးဆက်ကို ရှောင်ရှားနိုင်သည်။ သို့သော် ၎င်းတို့က ထုတ်ပြောပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ပါက ၎င်းတို့ကို နောက်ထပ် လောကဝတ်ပြု၍ မရတော့ပေ။ ၎င်းတို့ကို ဖော်ထုတ်ပြီး ရှင်းလင်းပစ်သင့်သည်။ သမ္မာတရားကို မချစ်မြတ်နိုးသည့်အပြင်၊ သမ္မာတရားကို နားလည်သဘောပေါက်နိုင်စွမ်း ကင်းမဲ့သောလူများသည် အယူအဆများကို မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုပြီး နားလည်သဘောပေါက်နိုင်စွမ်းရှိသူတို့သည် အယူအဆများ ဖြစ်ပေါ်လာလျှင်ပင် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေကြလိမ့်မည်။ အယူအဆများကို မကြာခဏ ဖြန့်ဝေသူတို့သည် ဘုရားသခင်၏အမှုတော်အားဖြင့် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံကြရသည်။ ၎င်းတို့သည် သမ္မာတရားကို ဘာဆိုဘာမျှ မချစ်မြတ်နိုးသူများနှင့် သမ္မာတရားကို လက်မခံနိုင်သူများဖြစ်သည်။ ၎င်းတို့အားလုံးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင်၊သမ္မာတရားကို မုန်းတီးကြသည်။ ဤသည်မှာ လုံးဝ သံသယဖြစ်ဖွယ်မရှိပေ။
အမျိုးမျိုးသော နိုင်ငံများနှင့် နေရာများ အနှံ့ရှိ အသင်းတော်အသက်တာတွင် သမ္မာတရားကို မချစ်မြတ်နိုးသောလူများသည် နေရာအနှံ့တွင် ရှိနေသောကြောင့် အယူအဆများ ဖြန့်ဝေခြင်းဟူသည့် ပြဿနာက သေချာပေါက် တည်ရှိနေသည်။ သမ္မာတရားကို မလိုက်စားသူများ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူများ၊ ဇာတိပကတိဆိုင်ရာ သာယာမှုကို ရှာဖွေသူများအပြင် မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အခြားသူများသည် သမ္မာတရားကို မလိုက်စားကြသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံယူသော ဘုရားသခင်နှင့်ပတ်သက်၍ အစဉ်အမြဲ အယူအဆများ ထားရှိကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် အယူအဆများဖြင့် ပြည့်နေသည်၊ ဘုရားသခင်နှင့်ပတ်သက်သည့် စိတ်ကူးစိတ်သန်းများနှင့် သူ့အပေါ် တောင်းဆိုချက်များဖြင့် ပြည့်နေပြီး ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်တိုင်းကို ၎င်းတို့သည် ဖြူစင်စွာ သဘောပေါက်ပြီး နားလည်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အယူအဆများ၊ နှစ်သက်မှုများနှင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များ၊ ဆုံးရှုံးမှုများကိုပင် အခြေခံ၍သာ ယင်းတို့ကို နားလည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သည့် အမျိုးမျိုးသော အထင်လွဲမှားမှုများနှင့် ဝေဖန်မှုများစသည်တို့နှင့်အတူ ဘုရားသခင်အပေါ် အမျိုးမျိုးသော အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် မလျော်ကန်သော တောင်းဆိုချက်များဖြင့် ပြည့်နေသည်။ ထို့ကြောင့် ဤလူများအတွက် အယူအဆများ ဖြန့်ဝေခြင်းက သဘာဝဖြစ်သည်။ ဤသည်မှာ ဘာမျှ အသစ်အဆန်းမဟုတ်ပေ။ ထိုသို့သောလူများ တည်ရှိနေသရွေ့ အယူအဆများ ဖြန့်ဝေခြင်းက အခါအားလျော်စွာ ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး အချိန်မရွေး ဖြစ်ပျက်နိုင်သည်။ ဘုရားသခင်ပြောဆိုသည့် သို့မဟုတ် လုပ်ဆောင်သည့်အရာ တစ်စုံတစ်ခုသည် ၎င်းတို့၏ အယူအဆများ၊ ဆန္ဒများနှင့် မကိုက်ညီသည့်အခါတွင်လည်းကောင်း၊ ယင်းက ၎င်းတို့၏ အကျိုးစီးပွားများကို ထိခိုက်သည့်အခါတွင်လည်းကောင်း ၎င်းတို့သည် ဒေါသပေါက်ကွဲပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် စတင်ပြောဆိုကာ ဘုရားသခင်နှင့် သူ၏အမှုတော်ကို ထိပ်တိုက်ရင်ဆိုင်ကြသည်။ ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အမှုတော်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလျက် သမ္မာတရားနှင့် ဘုရားသခင်ကို အမြဲ ဆန့်ကျင်ရပ်တည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်၏ မှန်ကန်မှုကို အဆက်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ကြသည့်အပြင် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်လည်းကောင်း၊ အဆင့်အတန်းနှင့်လည်းကောင်း ကိုက်ညီခြင်း ရှိမရှိဟူသည်ကိုလည်း စစ်ဆေးအတည်ပြုလိုကြသည်။ ၎င်းတို့၏ စစ်ဆေးအတည်ပြုခြင်း ဖြစ်စဉ်အတောအတွင်းတွင် တိကျသော အဖြေများရရှိရန် အလွန်ခက်ခဲကြသည်ကို ၎င်းတို့ တွေ့ရှိရသည်။ ၎င်းတို့၏ အမြင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာကာ အမှန်တကယ်ဖြစ်လာရန်ပင်လျှင် အလွန်ခက်ခဲလှသည်။ ထို့ကြောင့် ၎င်းတို့သည် အယူအဆများ ဖြန့်ဝေသည့်အခါ ပြောစရာများစွာ ရှိကြသည်။ ၎င်းတို့သည် အချိန်၊ နေရာ သို့မဟုတ် အခြေအနေကို ထည့်မစဉ်းစားဘဲ ၎င်းတို့၏ အယူအဆများကို ဖြန့်ဝေကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် မည်သည့်နည်းနှင့်မဆို မကျေမနပ်ဖြစ်သည့်အခါတိုင်း ၎င်းတို့၏ အယူအဆများကို အသုံးပြုလျက် အမှုအရာများကို တိုင်းတာကြသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီပါက ၎င်းတို့၏ အယူအဆများကို အလျင်အမြန် ဖော်ပြကြသည်။ ဤဖော်ပြခြင်းမျိုးကို ဖြန့်ဝေခြင်းအဖြစ် စရိုက်လက္ခဏာကို ငါတို့ သရုပ်ဖော်သည်။ အဘယ်ကြောင့် “ဖြန့်ဝေခြင်း”ဟု ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ဖော်ပြသည့်အရာများသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၊ အသင်းတော်အသက်တာ သို့မဟုတ် ဘုရားအိမ်တော်၏အလုပ်အပေါ် အပြုသဘောဆောင်သော သက်ရောက်မှု မရှိသောကြောင့် ဖြစ်သည်။ ထိုအစား ၎င်းတို့သည် နှောင့်ယှက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် ထိခိုက်နစ်နာစေခြင်းတို့ကိုသာ ဖြစ်စေသည်။ ထို့ကြောင့် ထိုသို့သော မှတ်ချက်များနှင့်ဆိုင်သည့် ဆိုရိုးစကားကို “ဖြန့်ဝေခြင်း”အဖြစ် ရည်ညွှန်းခြင်းသည် တိကျမှန်ကန်ပေသည်။
သင်သည် အယူအဆများ ဖြန့်ဝေခြင်းဟူသည့် ကိစ္စရပ်နှင့် ပတ်သက်၍ အခြေခံ ပိုင်းခြားသိမြင်မှုအချို့ ရရှိပြီးနောက်၊ သင်သည် လူတို့၏ အမျိုးမျိုးသော မှားယွင်းသည့် အယူအဆများနှင့် မှတ်ချက်များကို သမ္မာတရားအပေါ် အခြေခံ၍ စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်သင့်ကာ၊ ထို့နောက်တွင် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ထိုသို့သော ကိစ္စရပ်များကို ဖြေရှင်းခြင်းအတွက် ရှောင်လွှဲ၍မရသော တာဝန်တစ်ခုရှိသည်မှာ အမှန်ပင် ဖြစ်သည်။တစ်ချိန်တည်းတွင် ဘုရားသခင် ရွေးချယ်ထားသောလူအားလုံးသည် ဤမိတ်သဟာယကို နားထောင်ပြီးနောက် အယူအဆများ ဖြန့်ဝေသည့်လူများနှင့် ၎င်းတို့၏ စကားများ၊ အပြုအမူများကို ဖော်ထုတ်ရန်နှင့် စိတ်ဖြာလေ့လာဆွေးနွေးရန် ဝတ္တရားနှင့် တာဝန်လည်း ရှိပေသည်။ အကယ်၍ သင်သည် ၎င်းတို့ကို တားဆီးရန် သို့မဟုတ် ကန့်သတ်ရန် သတ္တိမရှိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သင်နားလည်သည့် သမ္မာတရားအပေါ် အခြေခံ၍ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး ဝေဖန်ဆွေးနွေးနိုင်သည်။ ထိုသို့ ဝေဖန်ဆွေးနွေးငြင်းခုံခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဝိညာဉ်ရင့်ကျက်မှုသေးငယ်ပြီး သမ္မာတရားကို သိနားလည်မှုမရှိသူတို့အား အချို့လူတို့ ဖြန့်ဝေသည့် အယူအဆများနှင့် မှားယွင်းသော အယူအဆများ၏ ရှုပ်ထွေးစွာ အထင်အမြင်မှားစေခြင်းကို ခံရမည့်အစား၊ ဆွေးနွေးငြင်းခုံမှုကို ၎င်းတို့ နားထောင်ပြီးနောက် မည်သူ၏စကားများက သမ္မာတရားနှင့် ကိုက်ညီသည်ကို သိရှိနားလည်နိုင်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများနှင့် အသင်းတော်အသက်တာအတွက် အကျိုးရှိသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားနှင့် မကိုက်ညီသော စကားများ ပြောဆိုနေသည်ကို တွေ့ရှိရသည့်အခါ၊ ယင်းတို့က လူ့အယူအဆများဖြစ်စေ၊ မှားယွင်းသော အယူအဆများဖြစ်စေ၊ ဝေဖန်ဆွေးနွေးမှုတစ်ခု ရှိသင့်ပေသည်။ ထိုသို့သော ဝေဖန်ဆွေးနွေးမှုများသည် လူတို့ကို တည်ဆောက်ပေးသည်။ အနည်းဆုံးအားဖြင့် ဤဝေဖန်ဆွေးနွေးမှုများကို နားထောင်ပြီးနောက် ပွဲကြည့်ပရိသတ်များသည်အယူအဆများ ဖြန့်ဝေသူတို့၏ စကားများက အမှန်တွင် အယူအဆများဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နိုင်ပြီး၊ ဤအယူအဆများ၏ မည်သည့်သွင်ပြင်လက္ခဏာများက သမ္မာတရားနှင့် မကိုက်ညီသည်ကိုလည်းကောင်း၊ အယူအဆများ၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ အဘယ်ကြောင့် ယင်းတို့က သမ္မာတရားနှင့် မကိုက်ညီသည်ကိုလည်းကောင်း၊ အဘယ်ကြောင့် ယင်းတို့ကို အယူအဆများအဖြစ် သတ်မှတ်သည်ကိုလည်းကောင်း၊ ယင်းတို့ကို ဖြန့်ဝေသူများအား အဘယ်ကြောင့် ကန့်သတ်သင့်သည်ကိုလည်းကောင်း စသည်တို့ကို နားလည်နိုင်ပေသည်။ ၎င်းတို့သည် မရှင်းမလင်းသောပုံစံဖြင့် အထင်အမြင်မှားစေခြင်းနှင့် ကစားစရာကဲ့သို့ အသုံးချခံရခြင်းကို ခံရမည့်အစား ဤကိစ္စရပ်များကို တိကျသော ထိုးထွင်းသိမြင်မှုတစ်ခု ရှိနိုင်ကြသည်။ လူတို့က ဖြန့်ဝေသည့် အယူအဆများသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်အသက်တာကို အချို့သော နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်းတို့ကို ဖြစ်စေနိုင်သော်လည်း ဤအရာများကို တွေ့ကြုံခြင်းသည် လူတို့အတွက် အမှန်တွင် မကောင်းသောအရာတစ်ခု မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် ယင်းက ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်စွမ်းတွင် ကြီးထွားခွင့်ပေးသည်၊ အယူအဆများ ဖြန့်ဝေသူတို့၏ စရိုက်အမှန်မှာ အဘယ်အရာဖြစ်သည်ကို မြင်ခွင့်ပေးသည်၊ အယူအဆများ ဖြန့်ဝေသည့်အခါ ၎င်းတို့ထုတ်ဖော်သည့် စိတ်သဘောထားများက အဘယ်အရာဖြစ်သည်ကို မြင်ခွင့်ပြီး ၎င်းတို့ဖြန့်ဝေသည့် အယူအဆများနှင့် သမ္မာတရားတို့ကြား ခြားနားချက်ကို မြင်ခွင့်သည်။ တစ်နည်းအားဖြင့် လူတို့သည် ဤမှတ်ချက်များကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ပြီး ထိုအရာများကို ခံနိုင်ရည်တစ်ခု ရှိလာနိုင်လိမ့်မည်။ နောက်တစ်နည်းအားဖြင့်၊ ၎င်းတို့သည် ထိုသို့သောလူများအပေါ် ပိုင်းခြားသိမြင်မှုတစ်ခုခုလည်း ရှိလိမ့်မည်ဖြစ်ပြီး မယုံကြည်သူများ၊ သမ္မာတရားကို လုံးဝမပိုင်ဆိုင်ဘဲ ဘုရားသခင်အပေါ် အယူအဆများကို မကြာခဏ ထားရှိသူများက မည်သည့်စကားမျိုး ပြောဆိုသည်ကို သိရှိလာမည်ဖြစ်ကာ ထိုသူတို့၏ ယုံကြည်ခြင်းက စစ်မှန်ခြင်းမရှိသည်ကို သိရှိလာမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် လူတို့သည် ဤပိုင်းခြားသိမြင်မှုမျိုးကို ရရှိနိုင်သည်။ အကယ်၍ သင်သည် ဤကိစ္စရပ်များကို မကြုံတွေ့သေးပါက “အို ဘုရားသခင်၊ လူတို့ဖြန့်ဝေသည့် အယူအဆများက မည်သည့်အရာ ဆိုလိုသည်ကို ကျွန်ုပ်မြင်နိုင်ရန်အတွက် ကျွန်ုပ်အတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ပေးပါ”ဟု ပြောဆိုလျက် မဆင်မခြင် ဆုမတောင်းနှင့်။ အယူအဆများ ဖြန့်ဝေခြင်းကို မျက်မြင်တွေ့ရှိခြင်းသည် ကစားပွဲတစ်ခုမဟုတ်သည့်အပြင်၊ သင့်အား အလွယ်တကူ အထင်အမြင်မှားစေနိုင်သည်။ ပြီးလျှင် ဤအရာများ အမှန်တကယ် ဖြစ်ပျက်သည့်အခါ သင်သည် ယင်းတို့ကိုမှန်ကန်စွာ ကိုင်တွယ်သင့်သည်။ ၎င်းတို့ကို လွတ်သွားခွင့် မပြုနှင့် သို့မဟုတ် ရှောင်ရှားခြင်း မပြုနှင့်။ ယင်းတို့ကို မှန်ကန်စွာ ရင်ဆိုင်လော့။ ပြီးလျှင် ဘုရားသခင်က သင့်အတွက် စီစဉ်ပေးထားသည့် ပတ်ဝန်းကျင်တစ်ခုစီတိုင်းကို လေးနက်ပြီး ပြင်းထန်သောသဘောထားဖြင့် ချဉ်းကပ်လော့။ ဤသည်မှာ သမ္မာတရားကို ရရှိရန်အလို့ငှာ သမ္မာတရားကို လိုက်စားသူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သည်။ တစ်စုံတစ်ဦးက အယူအဆများ ဖြန့်ဝေသည်ကို သင် ကြုံတွေ့သည့်အခါ ဘုရားသခင်ထံ “အို ဘုရားသခင်၊ ဤစကားများနှင့် ဤလူအမျိုးအစားကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ ကျေးဇူးပြု၍ ကျွန်ုပ်နှင့်အတူ ရှိတော်မူပါ။ ကျွန်ုပ်အား ဉာဏ်ပွင့်စေပါ၊ လမ်းပြတော်မူပါ၊ ကျွန်ုပ်အတွင်း၌ ဤလူတို့၏ အယူအဆများ တစ်ခုခုရှိမရှိဟူသည်ကိုလည်း အသိအမှတ်ပြုနိုင်စေတော်မူပါ”ဟု ဆုတောင်းတတ်ရန် သင်ယူသင့်သည်။ ထို့နောက် ဆုတောင်းပြီးလျှင် ဤကိစ္စကို သွား၍ တွေ့ကြုံလော့။ ဤသည်မှာ သင့်အနေဖြင့် သမ္မာတရားကို အမှန်တကယ် မည်မျှနားလည်သည်ဟူသည်နှင့် သင်၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားသည်ဟူသည်တို့ကို သင်စမ်းသပ်ခံရမည့်အချိန်လည်း ဖြစ်လိမ့်မည်မှာ အမှန်ပင် ဖြစ်သည်။ တစ်စုံတစ်ဦးက အယူအဆများ ဖြန့်ဝေနေသည့်အခါ သင်သည် ၎င်းတို့ကို ကြားပြီး စိတ်ထဲတွင် မည်သည့်တုံ့ပြန်မှုမျှ သို့မဟုတ် မည်သည့်အတွေးမျှမရှိဘဲ ထိုအစား ရေဒီယိုတစ်လုံးကဲ့သို့ပင်၊ မည်သည့်အတိုက်အခံလုပ်ခြင်းမျှမရှိဘဲ သို့မဟုတ် ငြင်းပယ်နိုင်စွမ်းမရှိဘဲ၊ ထို့ထက်ပင်ပို၍ ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲလျက် ၎င်းတို့ဖော်ပြပြီး ဖြန့်ဝေသည့် မည်သည့်အယူအဆများကိုမဆို လက်ခံနေမည်ဆိုလျှင် ဤသည်မှာ ပြဿနာကြီးတစ်ခုပင်ဖြစ်သည်။ အချို့လူများသည် တစ်စုံတစ်ဦးက အယူအဆများ ဖော်ပြနေသည်ကို ကြားသည့်အခါ ပြောဆိုနေသည့်အရာမှာ မှားသည်ဟု ၎င်းတို့၏ စိတ်နှလုံးထဲတွင် ခံစားရပြီး ထိုလူနှင့် မိတ်သဟာယဖွဲ့ကာ ဝေဖန်ဆွေးနွေးလိုကြသော်လည်း မိမိတို့ကိုယ်ကို မည်သို့ သင့်တင့်လျောက်ပတ်စွာ ဖော်ပြရမည်ကိုဖြစ်စေ၊ သ ထိုလူကို မည်သို့ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည်ကိုဖြစ်စေ မသိကြပေ။ ၎င်းတို့သည် ထိထိရောက်ရောက် ပြန်လည်ငြင်းခုံရန် ပျက်ကွက်ပါက မျက်နှာနှင့် နားရွက်များပင် နီမြန်းလာမည်ကိုလည်းကောင်း၊ ထို့နောက် နောက်ဆုံးတွင် ရှုံးနိမ့်သည့်အခါ သိက္ခာဆုံးရှုံးပြီး အကျပ်ရိုက်သည့် အခြေအနေတွင် ပိတ်မိနေမည်ကိုလည်းကောင်း ကြောက်ရွံ့ကြသည်။ သို့ရာတွင် ၎င်းတို့က၊ “တရားဒေသနာများစွာကို ငါ နားထောင်ပြီးဖြစ်ကာ အတော်များများကို နားလည်သည်။ ထို့ကြောင့် သူတို့ကို ချေပဖို့ ငါ့တွင် စကားလုံးများ အဘယ်ကြောင့် မရှိရသနည်း။ ငါသည် ဘုရားသခင်အပေါ် အယူအဆများ မရှိပါ။ ငါ့မှာ ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်း ရှိသည်။ ထို့ကြောင့်သူတို့၏ မှားယွင်းသော အယူအဆများကို ချေပရမည့်အချိန်ရောက်သည့်အခါ အဘယ်ကြောင့် အမှုအရာများကို ငါ ရှင်းရှင်းလင်းလင်း မပြောပြနိုင်ရသနည်း”ဟု တွေးတောလျက် ဝေဖန်ဆွေးနွေးခြင်းမရှိဘဲ ယင်းကို လက်လွှတ်ခွင့်ပေးဖို့ကိုလည်း လိုလားခြင်း မရှိကြပေ။ ၎င်းတို့သည် အယူအဆများ ဖြန့်ဝေသူက ပို၍ပို၍ ပြောဆိုလာသည်ကို ကြည့်နေကြသည်၊ သူ၏စကားများမှာ ပို၍ပင် တရားလွန်ဖြစ်လာပြီး စက်ဆုပ်ဖွယ်ဖြစ်လာသော်လည်း ၎င်းတို့သည် ထိုသူတို့ကို ချေပခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မပြုနိုင်သည့်အပြင် တားဆီးနိုင်ဖို့ မဆိုထားနှင့်၊ ထရပ်ပြီး ထိုသူတို့ကို ဖော်ထုတ်နိုင်ခြင်းမရှိပေ။ ယင်းက ၎င်းတို့ကို စိတ်ထဲတွင် အလွန့်အလွန် ပူပန်သောကဖြစ်ပြီး စိုးရိမ်စေခဲ့သည်။ ဤအခိုက်အတန့်တွင်မှ ၎င်းတို့သည် မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်ငယ်သေးသည်ကို သိရှိနားလည်လာပြီး သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှုက ပြည့်စုံကာ မှန်ကန်သော သဘောထားအမြင်တစ်ခုအဖြစ်သို့ မဖြစ်ပေါ်သေးကြောင်း၊ ယင်းသည် အပိုင်းအစ စကားစုများ၊ ပြန့်ကျဲနေသော နားလည်မှုများနှင့် စိတ်ကူးအချို့မျှသာဖြစ်ပြီး သမ္မာတရား၏ စစ်မှန်သော အသိပညာ လုံးဝမဟုတ်ကြောင်းကို မြင်တွေ့ကြလေသည်။ ဤလူသည် အယူအဆများ ဖြန့်ဝေပြီး လူတို့ကို အထင်အမြင်မှားစေနေကြောင်းနှင့် သူသည် မယုံကြည်သူတစ်ဦးဖြစ်ကြောင်းတို့ကို ၎င်းတို့က ကောင်းကောင်းသိကြပြီး ထိုသူကို ဖော်ထုတ်ကာ သူ၏ အမြင်များကို ချေပလိုကြသည်။ ၎င်းတို့အနေဖြင့် ထိုသို့ပြုလုပ်ရန် သင့်လျော်ပြီး အားကောင်းသော အသုံးအနှုန်း မရှိခြင်းသာ ဖြစ်သည်။ ၎င်းတို့က “ဘုရားသခင် လုပ်ဆောင်သမျှက ကောင်းမြတ်သည်။ သင် လက်ခံရမည်။ ဘုရားသခင်သည် သန့်ရှင်းပြီး စုံလင်သည်။ သူသည် သင်ပြောသကဲ့သို့ လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး လူတို့သည် ဖန်ဆင်းခံများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်။ လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြင့် ဆုံးရှုံးခြင်းမရှိပါ” ဟုသာ ပြောဆိုနိုင်သည်။ ၎င်းတို့သည် အဓိကကျသော အချက်များကို လုံးဝ မထိသည့် ဤအပေါ်ယံ သဘောတရားများကိုသာ ထုတ်ဖော်ပြောဆိုနိုင်ကြသည်။ ဤအထူးဖြစ်ရပ်ကို တွေ့ကြုံပြီးနောက် ၎င်းတို့သည် မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်ငယ်သေးသည်ကို သိရှိနားလည်လာပြီး “ငါသည် အဘယ်ကြောင့် အလွန် မတတ်စွမ်းနိုင်သနည်း။ ပုံမှန်အားဖြင့်၊ ငါသည် ကြီးကျယ်သည့် အယူဝါဒများအကြောင်းကို အတော်ပင် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုလျက်၊ ပြောပြီးရင်းပြောနိုင်သည်။ စုဝေးပွဲတစ်ခုတွင် မည်သည့်ပြဿနာမျှမရှိဘဲ တစ်နာရီကြာ ငါ စကားပြောနိုင်ပြီး၊ ဤအရာနှင့်စပ်လျဉ်း၍ အလွန်ယုံကြည်စိတ်ချလျက် မျက်တောင်မခတ်ဘဲ တရားဒေသနာ မှတ်စုများကို သုံးမျက်နှာမှ ငါးမျက်နှာအထိ ရေးနိုင်သည်။ သို့သော် ဤကဲ့သို့ ဘုရားသခင်ကို ဝေဖန်ကာ ပြစ်မှားစော်ကားလျက် ဤကဲ့သို့သော အယူအဆများ ဖြန့်ဝေနေသည့် တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ငါသည် အဘယ်ကြောင့် နိုးကြားမှု၊ တုံ့ပြန်မှု မရှိရသနည်း။ ငါသည် အဘယ်ကြောင့် အားကောင်းသည့် ဖော်ထုတ်ခြင်းနှင့် ချေပချက်ကို မပေးနိုင်ရသနည်း”ဟု တွေးတောကြသည်။ ဤအရာမှနေ၍ မည်သည့်အရာကို ၎င်းတို့ ရှာဖွေတွေ့ရှိသနည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်း သဘောပေါက်နားလည်လာခြင်းဖြစ်သည် မဟုတ်လော။ ဤသဘောပေါက်နားလည်မှုသည် ကောင်းသောအရာတစ်ခုလော သို့မဟုတ် မကောင်းသောအရာတစ်ခုလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို ရှာဖွေတွေ့ရှိကြသည်။ အကယ်၍ ၎င်းတို့သည် အယူအဆများ ဖြန့်ဝေသည့် တစ်စုံတစ်ဦးကို မကြုံတွေ့ခဲ့ပါက ၎င်းတို့တွင် ဝိညာဉ်ရင့်ကျက်မှုရှိသည်၊ သမ္မာတရားကို ၎င်းတို့ နားလည်သည်၊ ၎င်းတို့ ပိုင်းခြားသိမြင်မှုရှိသည်၊ အရာရာတိုင်းကို ထိုးထွင်းသိမြင်နိုင်သည်၊ အမျိုးမျိုးသော ဝိညာဉ်ရေးရာ အယူဝါဒများကို ဟောပြောနိုင်ပြီး၊ သမ္မာတရားတိုင်းကို အလွန်ရင်းနှီးကျွမ်းဝင်မှုဖြင့် အနည်းငယ် မိတ်သဟာယဖွဲ့နိုင်သည်ဟု ၎င်းတို့ တွေးထင်နေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် အယူအဆများ ဖြန့်ဝေသည့် တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ယင်းမှာ မှားယွင်းကြောင်း ၎င်းတို့ သိသော်လည်း မိမိတို့ကိုယ်ကို အကူအညီမဲ့သည်ကို တွေ့ရှိရပြီး မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သည့်အပြင် နောက်ဆုံးတွင် ရှုံးနိမ့်သွားကြသည်။ ဤသည်မှာ အရှက်ရစရာဖြစ်သလော။ ဂုဏ်ကျက်သရေရှိသော ကိစ္စရပ်တစ်ခုလော။ (မဟုတ်ပါ)။ သို့ဆိုလျှင် ဤအရာကို မည်သို့ ဖြေရှင်းသင့်သနည်း။ အကယ်၍ သင်သည် ၎င်းတို့နှင့် ငြင်းခုံရန် မှန်ကန်သော စကားလုံးများ မရှိသည့်အပြင် အရှက်ရခြင်းကိုလည်း ရှောင်ရှားလိုပြီး စာတန်ကို လုံးဝ အရှက်ရစေကာ ရှုံးနိမ့်စေရန် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်လိုပါက သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိရောက်သော နည်းလမ်းတစ်ခုကို သင်တို့အား ငါပြောပြမည်။ ၎င်းတို့က အယူအဆများကို အတောမသတ် ဖြန့်ဝေနေကာ လူအများစုက ပိုင်းခြားသိမြင်မှု ကင်းမဲ့ပြီး ၎င်းတို့၏ လွှမ်းမိုးမှုကို ခံနေသည်ကို သင် မြင်သော်လည်း၊ သင်က ၎င်းတို့ကို ငြင်းခုံ၍ မနိုင်ပါက ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမည့်အချိန် ဖြစ်သည်။ စားပွဲကိုရိုက်ပြီး “ပါးစပ်ပိတ်ထား။ မည်သည့်အရာကို သင် ပြောနေသနည်း။ ကျွန်ုပ်က သင့်ကို ငြင်းခုံ၍မနိုင်သော်လည်း၊ သင်မယုံကြည်သူတစ်ဦးဖြစ်သည်ကို ငါသိသည်။ မင်းပြောနေသည့်အရာကို ကြည့်ပါ။ သမ္မာတရားနှင့် ကိုက်ညီသည့် စကားတစ်ခွန်း ရှိသလော။ ဘုရားသခင်၏ ကျေးဇူးတော်ကို နှစ်ပေါင်းများစွာ မွေ့လျော်ခံစားပြီးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် ချီးမွမ်းခြင်း သို့မဟုတ် သက်သေခံခြင်း စကားတစ်ခွန်း ပြောဖူးသလော။ သင်သည်ဘုရားသခင်အပေါ် မကျေနပ်ချက်များ ရှိသည်။ သင့်တွင် လိုအပ်သည့်အရာရှိလျှင်၊ တတိယကောင်းကင်ဘုံသို့ တန်းသွားပြီး ဘုရားသခင်ကို တိုက်ရိုက်ပြောလော့။ ဤနေရာတွင် နှောင့်ယှက်မှုများ ဖြစ်စေခြင်းကို ရပ်လော့။ ယခု သင့်ကို ထွက်သွားဖို့ ငါ တရားဝင် အမိန့်ပေးသည်” ဟု ပြောလော့။ သင်တို့သည် ဤအရာကို ပြောဝံ့ကြသလော။ ဤသည်မှာ တဇောက်ကန်းဖြစ်ခြင်းလော။ (မဟုတ်ပါ)။ ဤသည်မှာ စာတန်ထံ ကြေညာချက်တစ်ခု ထုတ်ပြန်ခြင်း ဖြစ်သည်။ ဤအရာကိုသာ လုပ်ဆောင်လော့။ ၎င်းတို့ကို “အသင်၊ မယုံကြည်သူများ၊ ယခုထွက်သွားလော့။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်များစွာကို အချည်းနှီး မွေ့လျော်ခံစားရပြီးဖြစ်သည်။ အသင် အသိတရားကင်းမဲ့သည့် အကောင်ယုတ်များ။ သင်တို့သည် လူသာမဖြစ်ထိုက်ကြပါ”ဟု ပြောလော့။“ထွက်သွားပါ”ဟူသည့် စကားသုံးလုံးသာ ဖြစ်သည်။ ယင်းမှာ မည်သို့ထင်ရသနည်း။ အားကောင်းသည်၊ သို့သော် ယင်းကို မဆင်မခြင် အသုံးပြု၍ မရပေ။ သင်သည် ဤစကားကို ယုံကြည်ခြင်းသို့ ရောက်လာကာစဖြစ်ပြီး သမ္မာတရားကို နားမလည်သေးသော ညီအစ်ကိုမောင်နှမအသစ်များအား မပြောဆိုသင့်ပေ။ သို့သော် မယုံကြည်သူများနှင့် စာတန်၏ အစေခံများအား ထိုသို့သော အမိန့်များကို သနားညှာတာမှုကင်းမဲ့စွာ သင် ပေးနိုင်သည်။ “ဤသည်မှာ ဘုရားအိမ်တော်၊ စစ်မှန်သော ညီအစ်ကိုမောင်နှမများ၏ အိမ်၊ ဘုရားသခင်နောက်လိုက်သူတို့၏ အိမ် ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးများနှင့် စာတန်များ၏ အိမ်မဟုတ်။ နတ်ဆိုးများနှင့် စာတန်များကို ဤနေရာတွင် မလိုအပ်။ သင်သည်နတ်ဆိုးတစ်ဦးနှင့် စာတန်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ယခုထွက်သွားလော့”။ ဤသည်မှာ သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤသည်မှာ အကောင်းဆုံးနည်းလမ်းမဟုတ်ပေ။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု ငယ်သောကြောင့်၊ သင်တို့တွင် စာတန်နှင့် တိုက်ခိုက်ရန် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှု မရှိသောကြောင့်သာ ဤနည်းလမ်းကို သင်တို့အား ငါ သင်ပေးနေခြင်း ဖြစ်သည်။ အမှန်တကယ်တွင် ယင်းမှာ အကောင်းဆုံး မဟုတ်ပေ။ အကောင်းဆုံး နည်းလမ်းမှာ သမ္မာတရားများစွာကို သင်တို့ နားလည်ပြီး ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော အသိပညာရှိပါက ၎င်းတို့ကို သင် ချေပနိုင်ပြီး ၎င်းတို့ လုံးဝ အရှက်ရသည်အထိ လုံးလုံးလျားလျား ချေပနိုင်သည်။ သို့မှသာ နောက်ဆုံးတွင် ၎င်းတို့က၊ “ကျွန်ုပ်ယုံကြည်ခြင်းကို ကျွန်ုပ် မထိန်းသိမ်းနိုင်ပါ။ သင်တို့အားလုံးကို ရင်ဆိုင်ဖို့ ကျွန်ုပ် အလွန်ရှက်မိပါသည်။ ကျွန်ုပ်က နတ်ဆိုးတစ်ဦးနှင့် စာတန်တစ်ဦးပင် ဖြစ်သည်။ကျွန်ုပ်ဘာသာ အသင်းတော်ကို စွန့်ခွာပါမည်” ဟု ပြောဆိုကြလိမ့်မည်။ ယခု သင်တို့တွင် ဤအစွမ်းအစ မရှိသည့်အတွက်၊ အယူအဆများကို မကြာခဏ ဖြန့်ဝေသူတို့အား ငါသင်ပေးခဲ့သော နည်းလမ်းအတိုင်း သင်တို့ ဆက်ဆံသင့်သည်။
အသင်းတော်၌ အယူအဆများကို မကြာခဏ ဖြန့်ဝေသူတို့အား မည်သို့ကိုင်တွယ်ရမည်ကို ယခု သင်တို့ သိကြပြီလော။ လူတို့ကို အထင်အမြင်မှားစေရန် အယူအဆများ ဖြန့်ဝေသူတို့ကို သင်တို့ ယခု ပိုင်းခြားသိမြင်နိုင်ကြပြီလော။ (ပိုင်းခြားသိမြင်နိုင်ကြပါပြီ။) အယူအဆများ ဖြန့်ဝေသည့် အဓိက စကားအမျိုးအစားများမှာ အဘယ်အရာများ ဖြစ်သနည်း။ တစ်မျိုးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်မှတ်ထားသည်၊ နောက်တစ်မျိုးမှာ ဘုရားသခင်၏ အမှုတော်ကို ပစ်မှတ်ထားပြီး၊ နောက်ထပ်တစ်မျိုးမှာမူ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို ပစ်မှတ်ထားသည်။ ဤစကားအမျိုးအစားများသည် ဘုရားသခင်နှင့်ဆိုင်သည့် စိတ်ကူးစိတ်သန်းများနှင့် အဓိပ္ပာယ်ကောက်လွဲမှားမှုများဖြစ်သည့် မပြင်းထန်သောအမျိုးအစားမှသည် ဘုရားသခင်ကို ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းတည်းဟူသော ပြင်းထန်သည့်အရာများအထိပါဝင်သည်။ ဤအရာများအပြင်၊ ဘုရားသခင်အပေါ် မိမိတို့၏ မကျေနပ်ချက်များ၊ အာခံခြင်းနှင့် စိတ်တိုင်းမကျမှုများကဲ့သို့သော အရာများကို ဖော်ပြလျက် လူတို့၏ အပျက်သဘောဆောင်ပြီး အတိုက်အခံပြုသော မှတ်ချက်များလည်း ရှိသေးသည်။ အချုပ်ဆိုရလျှင်၊ အယူအဆများ ဖြန့်ဝေသည့် စကားများသည် ဘုရားသခင်ကို အာခံခြင်း၊ ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်း သဘောသဘာဝရှိကြပြီး ထိုအရာများကဖြစ်စေသည့် အကျိုးဆက်မှာ လူတို့အား ဘုရားသခင်အပေါ် သံသယဝင်ပြီး သတိထားလာစေခြင်း၊ အထင်လွဲမှားစေပြီး သူနှင့် ခပ်ကင်းကင်းနေစေခြင်းအပြင်၊ သူ့ကို ငြင်းပယ်စေခြင်းပင် ဖြစ်သည်။ ဤအရာများကို ပိုင်းခြားသိမြင်ရန် လွယ်ကူသင့်ပေသည်။
ဂ။ အယူအဆများကို ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများနှင့် လမ်းကြောင်းများ
အယူအဆများ ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် လိုအပ်သည့် အမှုအရာအချို့ ရှိနေသေးသည်။ အချို့လူများက “အယူအဆများ ဖြန့်ဝေခြင်းနှင့်ပတ်သက်လာသည့်အခါ ကျွန်ုပ်တို့သည် အသင်းတော်အသက်တာအတွင်းတွင် ဖော်ထုတ်ခြင်းနှင့် စိစစ်ခြင်းကို လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး ချုပ်ချယ်ကန့်သတ်ရမည်ဖြစ်သည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းအတောအတွင်းတွင် ကျွန်ုပ်တို့သည် အမျိုးမျိုးသော အယူအဆများ ဖြစ်ပေါ်တတ်သည်။ ဤသည်မှာ ကျွန်ုပ်တို့၏ ထိန်းချုပ်မှုထက် ကျော်လွန်သော တစ်စုံတစ်ရာ ဖြစ်သည်။ သို့ဖြစ်၍ အယူအဆများနှင့်ပတ်သက်လာသည့်အခါ ကျွန်ုပ်တို့အနေဖြင့် အသင်းတော်အသက်တာအတွင်းတွင် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို မဖြစ်ပေါ်စေဘဲ၊ အခြားသူများကို ထိခိုက်နစ်နာအောင် သက်ရောက်မှုမရှိစေဘဲ သို့မဟုတ် အခြားသူတို့၏ အသက်တာကို မထိခိုက်နစ်နာစေဘဲ တိကျမှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်ရန်အလို့ငှာ မည်သို့သော လက်တွေ့လုပ်ဆောင်ခြင်း လမ်းခရီးမျိုးကို လိုက်လျှောက်သင့်သနည်း။ ပြုမူရန် သင့်လျော်သော နည်းလမ်းမှာ အဘယ်နည်း”ဟု ပြောဆိုကြသည်။ လူတို့တွင် အယူအဆများရှိသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ ယင်းမှာ ရှောင်လွှဲ၍မရနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများက “သမ္မာတရားကို မလိုက်စားသောသူများသာလျှင် အယူအဆများ ဖြစ်ပေါ်လိမ့်မည်” ဟု ပြောဆိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ တစ်စိတ်တစ်ပိုင်းသာ မှန်ကန်သည်။ သမ္မာတရားကို လိုက်စားသောသူများသည်လည်း အထူးအခြေအနေများကို ကြုံတွေ့ရသည့်အခါ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရံဖန်ရံခါ ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်မီတွင်လည်းကောင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်းမရှိမီတွင်လည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်နှင့်ပတ်သက်၍ အယူအဆအချို့ ဖြစ်ပေါ်လိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ဤအယူအဆများသည် သမ္မာတရားနှင့် မကိုက်ညီသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် လူ့စိတ်ကူးအချို့ ဖြစ်ကြသည်။ အချို့အယူအဆများသည် ကိုယ်ကျင့်တရား၊ အတွေးအခေါ်၊ ရိုးရာယဉ်ကျေးမှု၊ ကျင့်ဝတ်ဆိုင်ရာ သီအိုရီများစသည်တို့နှင့် ကိုက်ညီကောင်း ကိုက်ညီနိုင်ပြီး အပေါ်ယံအားဖြင့် ဤစိတ်ကူးများသည် မှန်ကန်ပုံရကောင်းရနိုင်သည်။ သို့သော်လည်း ထိုအရာများသည် သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် ယင်းနှင့် ဆန့်ကျင်ကွဲလွဲနေသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ လူတို့သည် ဤအယူအဆများကို မည်သို့ ရင်ဆိုင်သင့်သနည်း။ လူတို့သည် သမ္မာတရားကို မလိုက်စားမီတွင် ၎င်းတို့သည် အယူအဆများစွာကို မိမိတို့နှင့်အတူ သယ်ဆောင်နှင့်ပြီးဖြစ်သည်။ ဤသည်တို့မှာ ပင်ကိုအယူအဆများ ဖြစ်ကြသည်။ လူတို့ သမ္မာတရားကို လိုက်စားခြင်းဖြစ်စဉ်အတွင်းတွင် ပတ်ဝန်းကျင်များနှင့် အမျိုးမျိုးသော အခြေအနေများ ပြောင်းလဲမှုကြောင့် အယူအဆအသစ် အတော်များများ ၎င်းတို့ထဲတွင် ဖြစ်ပေါ်လိမ့်မည်။ ဤသည်တို့မှာ ဆည်းပူးရရှိသော အယူအဆများ ဖြစ်ကြသည်။ အယူအဆ အမျိုးအစားနှစ်မျိုးလုံးသည် ဘုရားသခင်ကို ယုံကြည်ခြင်းခရီးစဉ်တွင် လူတို့ ရင်ဆိုင်ရန် လိုအပ်သည့်အရာများ ဖြစ်ကြသည်။ သို့ဆိုလျှင် အယူအဆများကို ဖြေရှင်းရန်အတွက် ဖြေရှင်းချက်တစ်ခု ရှိသလော။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ရှိသလော။ အချို့က “ဤအရာကို ကိုင်တွယ်ရန် လွယ်ကူပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပင်ကို အယူအဆများကို ဆန့်ကျင်ပုန်ကန်နိုင်သည်။ ယင်းတို့ကို ကျွန်ုပ်တို့ အလေးဂရုပြုရန် မလိုအပ်ပါ။ သမ္မာတရားကို လိုက်စားခြင်းဖြစ်စဉ်တွင် ကျွန်ုပ်တို့ သမ္မာတရားကို နားလည်သည်နှင့်အမျှ ဤအယူအဆများသည် တဖြည်းဖြည်း ပြေလည်ကာ ဖယ်ရှားခြင်းခံရမည်မှာ သေချာပါသည်။ ဆည်းပူးရရှိသော အယူအဆများနှင့်ပတ်သက်၍မူ ကျွန်ုပ်တို့သည် ယင်းတို့ကို ဖြေရှင်းရန် ဘုရားသခင်အပေါ် မှီခိုပြီး ယင်းတို့၏ ကန့်သတ်ချုပ်ချယ်မှုကိုလည်း ကျွန်ုပ်တို့ မခံရပါ။ ထို့ကြောင့် ယနေ့အထိ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ပြစ်မှားစော်ကားခြင်းကဲ့သို့သော အရာများဆီသို့ ဆိုက်ရောက်စေနိုင်သည့် အယူအဆများကို မဖြစ်ပေါ်စေခဲ့ပါ”ဟု ပြောဆိုကြသည်။ ဤလက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်း၊ အယူအဆများကို ရင်ဆိုင်ပြီး ကိုင်တွယ်ခြင်း၏ ဤနည်းလမ်းသည် မည်သို့ရှိသနည်း။ ယင်းက အယူအဆများကို ဖြေရှင်းနိုင်သလော။ ယင်းတွင် အားနည်းချက်များ ရှိသလော။ အယူအဆများအပေါ် ဤသဘောထားသည် တက်ကြွပြီး အပြုသဘောဆောင်သလော။ (မဆောင်ပါ)။ ဤသဘောထားသည် လူတို့အပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှု တစ်ခုတလေ ရှိသလော။ သင်သည် ဤအယူအဆများကို လျစ်လျူရှုသည့် အပျက်သဘောဆောင်သော နည်းလမ်းတစ်ခုကို အသုံးပြု၍ သင့် စိတ်နှလုံး၏ အကွယ်ဝှက်ဆုံးသော နေရာများတွင် သိမ်းဆည်းထားကာ ယင်းတို့ ထွက်ပေါ်လာသည့်အခါတိုင်း ဖိနှိပ်ပြီး ဆုတောင်းပြီး၊ ထို့နောက် ပြေလည်ပြီးဖြစ်သည်ဟု မှတ်ယူလျက်၊ ယင်းတို့ပြန်ပေါ်လာသည့်အခါတိုင်း တူညီသောနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းပြီး နောက်ပိုင်းတွင် ယင်းတို့အကြောင်းကို မစဉ်းစားဘဲ ပြဿနာမဟုတ်သကဲ့သို့ ပြုမူကာ “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်ယုံကြည်သော ဘုရားသခင်သည် ကျွန်ုပ်၏ ဘုရားသခင်သာ ဖြစ်နေဆဲဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးသာ ဖြစ်နေဆဲဖြစ်ပြီး ဘုရားသခင်သည် ကျွန်ုပ်၏ ဖန်ဆင်းရှင်သာ ဖြစ်နေဆဲဖြစ်သည်၊ ဤအရာက မပြောင်းလဲပါ” ဟု ယုံကြည်နေပါက၊ ဤသည်မှာ အယူအဆများကို ဖြေရှင်းရန် အထိရောက်ဆုံးသော နည်းလမ်းဖြစ်သလော။ ဤအရာက အပြုသဘောဆောင်သော ရလဒ်တစ်ခုကို စွမ်းဆောင်ရရှိစေသလော။ ဤသို့သော လက်တွေ့လုပ်ဆောင်ခြင်းမျိုးသည် အယူအဆများကို အရင်းအမြစ်မှ အကုန်အစင် ဖြေရှင်းပေးသလော။ သိသာထင်ရှားစွာပင် မဖြေရှင်းပေးပေ။ ဤအယူအဆများသည် မည်မျှ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သို့မဟုတ် မည်မျှ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ယင်းတို့က လူတို့၏ စိတ်နှလုံးထဲတွင် တည်ရှိနေသရွေ့ ယင်းတို့သည် ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးအပေါ် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေလျက် အပျက်သဘောဆောင်သော သက်ရောက်မှုအချို့ ရှိလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် လူတို့ အားနည်းသည့်အခါ၊ ၎င်းတို့ မကျော်လွှားနိုင်သော ပတ်ဝန်းကျင်တစ်ခုကို ကြုံတွေ့ရသည့်အခါ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားမလည်သည့်အခါ၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမရှိသည့်အပြင် ဘုရားသခင်ကို မည်သို့ စိတ်ကျေနပ်စေရမည်ကို မသိသည့်အခါ၊ ပြီးလျှင် ၎င်းတို့တွင် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိဟု ခံစားရသည့်အခါ၊ ဤအယူအဆများသည် ၎င်းတို့အတွင်း၌ လျင်မြန်စွာ ပေါ်ထွက်လာလိမ့်မည်၊ ၎င်းတို့၏ အတွေးများကို စိုးမိုးလိမ့်မည်၊ ၎င်းတို့၏ စိတ်နှလုံးများကို နေရာယူလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ နေခြင်း သို့မဟုတ် ထွက်ခွာခြင်းကိုပင် သက်ရောက်မှုရှိကောင်းရှိနိုင်ကာ ၎င်းတို့ရွေးချယ်သည့် လမ်းကြောင်းကို လွှမ်းမိုးကောင်းလွှမ်းမိုးနိုင်သည်။ သင် လုံးဝ ဂရုမစိုက်ခဲ့သည့်အပြင် သင့်ကို လုံးဝ သက်ရောက်မှုမရှိခဲ့သော သို့မဟုတ် သင့်ကို လုံးဝ မလဲပြိုစေခဲ့သော အယူအဆတစ်ခု ရှိကောင်းရှိနိုင်သည်။ သင်သည် ယင်း၏ သခင်ဖြစ်သည်၊ ယင်းကို သင် ထိန်းချုပ်နိုင်မည်ဟု အမြဲယုံကြည်ခဲ့သည်။ သို့သော် ရှုံးနိမ့်မှုတစ်ခုတစ်ခုခု၊ ဖြုတ်ချခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းတစ်ခုခုကို တွေ့ကြုံပြီးနောက် သို့မဟုတ် ဘုရားသခင်ထံမှ ပြင်းထန်သော ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းကို တွေ့ကြုံပြီးနောက် သို့မဟုတ် သင်သည် အနက်ဆုံးသောတွင်းထဲသို့ ကျရောက်သွားသည့်အလား ခံစားရသည့်အခါတွင်ပင်၊ ထိုအချိန်၌ ထိုအယူအဆသည် သင်၏ အသုံးပြုသောတစ်ခုမျှသာ မဟုတ်တော့ပေ။ သင်က ထိုအရာကို လျစ်လျူရှုလျှင်ပင် ထိုအရာက သင်၏ အတွေးများကို နှောင့်ယှက်ပြီး အထင်အမြင်မှားစေနိုင်သည်၊ သင်၏ အတွေးများနှင့် သဘောထားများ၊ ဘုရားသခင်အပေါ် သင်၏ သဘောထားနှင့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကိုပင် စိုးမိုးနိုင်သည်။ အကယ်၍ သင်သည် ဤအယူအဆများကို ကိုင်တွယ်ဖြေရှင်းရန် သင့်တင့်လျောက်ပတ်သော လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်း သို့မဟုတ် စည်းမျဉ်းတစ်ခု မရှိပါက သို့မဟုတ် သင်သည် ယင်းတို့အပေါ် ရှင်းလင်းသော သိနားလည်မှုတစ်ခု မရှိပါက ဤအယူအဆများသည် သင်၏ အသက်ဝင်ရောက်မှု သို့မဟုတ် သင်၏ လက်ငင်းရွေးချယ်မှုများကို အခါအားလျော်စွာ ထိခိုက်လိမ့်မည်။ ယင်းတို့သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားကိုပင် လွှမ်းမိုးနိုင်သည်။ သို့ဖြစ်၍ မည်သည့်အခြေအနေတွင်မဆို ပေါ်ပေါက်လာသော အမျိုးမျိုးသော အယူအဆများနှင့် ရင်ဆိုင်ရသည့်အခါ အန္တရာယ်ကို ရှောင်ရှားပြီး အပြုသဘောဆောင်သော ရလဒ်တစ်ခုကို ရရှိရန်အလို့ငှာ လူတို့သည် ယင်းတို့ကို ရင်ဆိုင်ပြီး ကိုင်တွယ်ရန် မည်သည့် သဘောထားနှင့် နည်းလမ်းမျိုးကို ခံယူသင့်သနည်း။ ဤသည်မှာ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သင့်သည့် မေးခွန်းတစ်ခု ဖြစ်သည်။
ဇာတိပကတိ၌ အသက်ရှင်သော လူတို့တွင် လွတ်လပ်သော ဆန္ဒနှင့် လွတ်လပ်သော အတွေးအခေါ်များ ရှိကြသည်။ ၎င်းတို့ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ ၎င်းတို့၏ အစွမ်းအစ မည်သို့ရှိသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ လိင်မှာ မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ လူတို့တွင် အတွေးများ ရှိနေသရွေ့ ၎င်းတို့က အယူအဆများကို ဖြစ်ပေါ်စေလိမ့်မည်။ အကယ်၍ အယူအဆတစ်ခုက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စိုးမိုးပါက သင်သည် ဤအယူအဆကြောင့် ဘုရားသခင်ကို အာခံလိမ့်မည်။ ထို့ကြောင့် လူတို့တွင် အယူအဆများ ရှိခြင်းဟူသည့် ဤပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်။ အယူအဆများကို ဖြစ်ပေါ်စေသူများမှာ အယူအဆများကို ဖြန့်ဝေသောသူများသာ မဟုတ်ပေ။ ၎င်းတို့သည် အလေးမထားဘဲ ဘုရားသခင်ကို ဆန့်ကျင်ဘက်၌ ရပ်တည်ပြီး ဘုရားနှင့်ပတ်သက်၍ အမျိုးမျိုးသော အမြင်များနှင့် ဝေဖန်မှုများကို ဖြန့်ဝေလျက် မိမိတို့၏ အယူအဆများကို ဖြန့်ဝေခြင်းသာ ဖြစ်သည်။ သို့သော် အယူအဆများကို မဖြန့်ဝေသောသူများတွင် အယူအဆတစ်ခုမျှမရှိဟု ဆိုလိုသလော။ လူတိုင်းတွင် အယူအဆများ ရှိကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ခြားနားချက်မှာ အယူအဆများကို တမင်တကာ ဖြန့်ဝေသောသူများတွင် ပင်ကိုအားဖြင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော သဘာဝအနှစ်သာရတစ်ခု ရှိခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံသည့်အပြင် မိမိတို့၏ အယူအဆများက မှန်ကန်ပြီး သမ္မာတရားနှင့် လုံးဝကိုက်ညီသည်ဟုပင် ယုံကြည်သောကြောင့်၊ ၎င်းတို့၏ အယူအဆများက သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲပါက၊ ၎င်းတို့သည် သမ္မာတရားထက် မိမိတို့၏ အယူအဆများကို လက်ခံရန် ရွေးချယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့ ကျရှုံးသည့်နေရာနှင့် ၎င်းတို့ ကန့်သတ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း ခံရသည့်အကြောင်းရင်း ဖြစ်သည်။ သို့ဆိုလျှင် သာမန်ဖြစ်သော၊ ပုံမှန်လူများသည် အယူအဆများ ဖြစ်ပေါ်သည့်အခါ အဘယ်ကြောင့် ပြစ်တင်ရှုတ်ချခြင်း မခံရသနည်း။ ဤသည်မှာ ၎င်းတို့အများစုသည် ဆင်ခြင်တုံတရားဖြင့် ပြောဆိုပြီး ပြုမူကြသည့်အပြင် လူ့အယူအဆများက သမ္မာတရားနှင့် မကိုက်ညီဘဲ မမှန်ကန်ကြောင်းကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် သိရှိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများကို ချက်ချင်း မဖြေရှင်းနိုင်သော်လည်း ယင်းတို့ကို စွန့်ပစ်ရန် လိုလားလျက်ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် ရွေးချယ်သည့်အခါ ၎င်းတို့၏ အတွင်းပိုင်း အယူအဆများသည် ထိုသို့ဖြင့် သမ္မာတရား၏ အစားထိုးခြင်းနှင့် ဖြေရှင်းခြင်းခံရသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများကို လက်လွှတ်လိုက်ပြီး ယင်းတို့၏ လွှမ်းမိုးမှု၊ ချုပ်ချယ်ကန့်သတ်မှု သို့မဟုတ် စိုးမိုးမှုကို နောက်ထပ် မခံရတော့ပေ။ သို့ဖြစ်၍ ဤလူများသည် အယူအဆများ ရှိသော်လည်း မဖြန့်ဝေကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်သေးသည်၊ ဘုရားသခင်နောက်ကို ပုံမှန်အတိုင်း လိုက်နိုင်သေးသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အမှုတော်ကို လက်ခံနိုင်ဆဲဖြစ်သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျိုးနွံနာခံနိုင်ဆဲဖြစ်သည်။ ၎င်းတို့သည် မိမိတို့က ဖန်ဆင်းခံများဖြစ်ပြီး ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ကြောင်း အမြဲအသိအမှတ်ပြုကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့် အယူအဆများ ထားရှိသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းနိုင်သည်။ ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားမှ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်သည်။ မိမိတို့၏ တာဝန်များ စွန့်လွှတ်ခြင်းကို လွဲရှောင်နိုင်သည်၊ ဘုရားသခင်၏ နာမတော်ကို စွန့်လွှတ်ခြင်းကို ရှောင်ရှားနိုင်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းက မပြောင်းမလဲရှိနေသည်။ ဤသို့ဖြစ်သော်လည်း အကယ်၍ အယူအဆများသည် မည်သည့်အခါမျှ ပြေလည်သွားခြင်းမရှိပါက၊ ယင်းတို့က လူတို့ကို ဖျက်ဆီးပြီး ၎င်းတို့၏ ပျက်စီးခြင်းသို့ ဦးတည်စေနိုင်သေးသည်။ ထို့ကြောင့် အယူအဆများကို မည်သို့ အကောင်းဆုံး ရင်ဆိုင်ပြီး ဖြေရှင်းရမည်ဟူသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ရန် လိုအပ်နေဆဲဖြစ်သည်။
မည်သည့်အရာက ဖြေရှင်းရန် ပိုလွယ်ကူသည်ဟု သင်တို့ ထင်သနည်း။ ဘုရားသခင်ကို လူတို့ မယုံကြည်မီကရှိသော ပင်ကို အယူအဆများလော သို့မဟုတ် လူတို့ ဘုရားသခင်ကို ယုံကြည်လာပြီးနောက် အထူးပတ်ဝန်းကျင်များနှင့် အခြေအနေများတွင် ဖြစ်ပေါ်လာသော အယူအဆများလော။ (ပင်ကို အယူအဆများက ဖြေရှင်းရန် ပိုလွယ်ကူပါသည်။) လူတို့က ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါ သူနှင့်ပတ်သက်၍ ရှိသော စိတ်ကူးများနှင့် အယူအဆများမှာ ဖြေရှင်းရန် ပိုလွယ်ကူသည်။ သို့သော် သူ့ကို ယုံကြည်လာပြီးနောက် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားနေစဉ် ၎င်းတို့ ဖြစ်ပေါ်လာသော အယူအဆများမှာ ဖြေရှင်းရန် ထိုမျှမလွယ်ကူပေ။ ဤသည်မှာ သဘောတရားအရ ပြောဆိုခြင်းဖြစ်သော်လည်း အဆုံးတွင် အချက်အလက်များနှင့် မကိုက်ညီပေ။ “သဘောတရားအရ” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤသို့သော ကောက်ချက်မျိုးများကို လူတို့က အတွေးအခေါ်နှင့် ကျိုးကြောင်းဆင်ခြင်မှုအပေါ် အခြေခံ၍ ကောက်ချက်ချခြင်းဖြစ်သည်ဟု ဆိုလိုသည်။ လူတို့ ဘုရားသခင်ကို စတင်ယုံကြည်ပြီး ရူပါရုံများနှင့်ပတ်သက်သည့် သမ္မာတရားကို နားလည်ပြီးနောက် ၎င်းတို့၏ အယူအဆအချို့မှာ စွန့်ပစ်ခြင်းခံရပြီး ပြေလည်သွားရသည်။ အမှန်တကယ်တွင် ဤဖြေရှင်းခြင်းကို အယူဝါဒပိုင်းဆိုင်ရာ အဆင့်တွင်သာ စွမ်းဆောင်ရရှိခြင်းဖြစ်သည်။ ဤအယူအဆများက ပြေလည်သွားပြီးဖြစ်သည့်အလား ထင်ရသော်လည်း ဘုရားသခင်နောက်လိုက်နေစဉ် လူတို့ဖြစ်ပေါ်လာသော အယူအဆများစွာသည် ၎င်းတို့၏ ပင်ကို အယူအဆများနှင့် ဆက်စပ်နေသည်။ သဘောတရားအရအားဖြင့်၊ ဤအယူအဆ အမျိုးအစားနှစ်ခုအနက် ပင်ကို အယူအဆများမှာ ဖြေရှင်းရန် ပိုလွယ်ကူသည်။ သို့သော် အမှန်တွင် လူတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး အပြုသဘောဆောင်သော အရာများကို ချစ်သရွေ့၊ ၎င်းတို့သည် သမ္မာတရားကို နားလည်မှုတစ်ခုသို့ ရောက်ရှိသရွေ့ အယူအဆ နှစ်မျိုးလုံးကို ဖြေရှင်းရန် လွယ်ကူသည်။ ဥပမာအားဖြင့် သင်တို့အထဲမှ အချို့က ပင်ကို အယူအဆများမှာ ဖြေရှင်းရန် ပိုလွယ်ကူသည်ဟု ပြောကြသော်လည်း အလွန်ခေါင်းမာပြီး အရေးမပါသော အသေးစိတ်အချက်အလက်များအပေါ် အစွဲအလမ်းကြီးကာ သမ္မာကျမ်းစာ၊ ဝိညာဉ်ရေးရာ ဂန္ထဝင်ကျမ်းများနှင့် သမ္မာကျမ်းစာ ဖွင့်ဆိုသူများ၏ အနက်ဖွင့်ဆိုချက်များကို စစ်ဆေးသည့် လွဲမှားသော နားလည်သဘောပေါက်နိုင်စွမ်းရှိသည့် လူအချို့ကို သင် ကြုံတွေ့ရနိုင်သည်။ ဤလူများသည် ၎င်းတို့တွေ့ရှိသည့်အရာများကို သင့်အား ထပ်ခါတလဲလဲ ပြောဆိုကြပြီး သင်သည် သမ္မာတရားနှင့်ပတ်သက်၍ မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့က လက်မခံကြပေ။ ၎င်းတို့သည် ဖြူစင်သော ဒေသနာများ၊ သမ္မာတရား သို့မဟုတ် မှန်ကန်သော စကားများကို လက်မခံနိုင်ကြပေ။ ၎င်းတို့က ဤအရာများကို နားထောင်သည့်အခါ မခံယူကြပေ။ တစ်ချက်အနေဖြင့် ၎င်းတို့၏ နားလည်သဘောပေါက်နိုင်စွမ်းတွင် ပြဿနာတစ်ခု ရှိသည်၊ နောက်တစ်ချက်အနေဖြင့် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများ သို့မဟုတ် သမ္မာတရားကို မချစ်ကြဘဲ၊ ထိုအစား ခေါင်းမာပြီး အရေးမပါသော အသေးစိတ်အချက်အလက်များအပေါ် စွဲစွဲလန်းလန်းရှိခြင်းကို နှစ်သက်ကြသည့်အပြင် အသုံးအနှုန်း လှည့်ပတ်သုံးနှုန်းခြင်းကို နှစ်သက်ကြပြီး သီအိုရီများနှင့် ဓမ္မပညာကို နှစ်သက်ကြသည်။ ထိုသို့သောလူများသည် မိမိတို့၏ အယူအဆများကို လက်လွှတ်နိုင်သလော။ (လက်မလွှတ်နိုင်ပါ)။ အချက်အလက်များ၊ ထိုသို့သောလူများ၏ စိတ်သဘောထားနှင့် နှစ်သက်မှုများမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်ကြပေ။ လူတို့၏ ကနဦးအယူအဆများသည် အမှန်တကယ်တွင် အလွန်ပေါ့တန်ပြီး အပေါ်ယံသာဖြစ်သည်။ ယင်းတို့သည် ဖြေရှင်းရန် အလွန်လွယ်ကူသည်။ လူတစ်ဦးသည် ပုံမှန်တွေးခေါ်မှုနှင့် ပုံမှန်နားလည်သဘောပေါက်နိုင်စွမ်းရှိပါက သင်သည် ရူပါရုံများနှင့်စပ်လျဉ်းသည့် သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့ နားလည်သရွေ့ ၎င်းတို့၏ အယူအဆများကို အလွယ်တကူ လက်လွှတ်နိုင်ကြသည်။ သို့သော် ပုံမှန်တွေးခေါ်မှုမရှိသော၊ သမ္မာတရားကို မခံယူနိုင်သော၊ သမ္မာတရားကို သဘောမပေါက်နိုင်သည့်အပြင် လက်မခံသော လူတစ်မျိုး ရှိသည်။ ထိုသို့သောလူများသည် မိမိတို့၏ အယူအဆများကို လက်လွှတ်နိုင်သလော။ (လက်မလွှတ်နိုင်ပါ)။ ထို့ကြောင့် ထိုသို့သောလူများ၏ အယူအဆများက ဖြေရှင်းရန် ခက်ခဲသည်။ အကယ်၍ လူတစ်ဦးတွင် ပုံမှန်ဆင်ခြင်တုံတရားရှိပြီး သမ္မာတရားကို လက်ခံနိုင်ပါက၊ ဘုရားသခင်ကို ယုံကြည်ပြီးနောက် သူနှင့်ပတ်သက်၍ မည်သည့် အယူအဆများ ဖြစ်ပေါ်သည်ဖြစ်စေ၊ ဤအယူအဆများက မည်သည့်ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေတွင် ပေါ်ပေါက်လာသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်နှင့် အငြင်းမပွားကြပေ။ ၎င်းတို့က “ကျွန်ုပ်က လူဖြစ်သည်၊ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်၊ ကျွန်ုပ်၏ တွေးခေါ်မှုနှင့် လုပ်ဆောင်ချက်များမှာ မှားနိုင်ပါသည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်၊ ဘုရားသခင်သည် မည်သည့်အခါမျှ မမှားပါ။ ကျွန်ုပ်၏ အတွေးများသည် မည်မျှပင် ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ယင်းတို့သည် လူ့အတွေးများသာ ဖြစ်နေဆဲဖြစ်သည်၊ ယင်းတို့သည် လူ့ထံမှလာပြီး သမ္မာတရားမဟုတ်ပါ။ အကယ်၍ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့် ဆန့်ကျင်ပါက ဤအတွေးများသည် မည်မျှပင် ကျိုးကြောင်းဆီလျော်စေကာမူ မှားယွင်းပါသည်” ဟု ပြောဆိုကြသည်။ ဤအယူအဆများက အဘယ်နေရာ၌ အတိအကျ မှားယွင်းနေသည်ကို ယခု ၎င်းတို့ မသိနိုင်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ကြသနည်း။ ၎င်းတို့က ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ကြသည်၊ အရေးမပါသည့်အရာများအပေါ် အစွဲအလမ်းမထားဘဲ ထိုကိစ္စကို လက်လွှတ်လိုက်ကြပြီး တစ်နေ့တွင် ဘုရားသခင်က ယင်းကို ထုတ်ဖော်ပြလိမ့်မည်ဟု ယုံကြည်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို “ဘုရားသခင်က မထုတ်ဖော်ပြလျှင်ကော” ဟု မေးသည်။ ၎င်းတို့က “သို့ဆိုလျှင် ကျွန်ုပ် အစဉ်အမြဲ ကျိုးနွံနာခံမည်။ ဘုရားသခင်သည် မည်သည့်အခါမျှ မမှားပါ၊ ဘုရားသခင် လုပ်ဆောင်သည့်အရာသည်လည်း မည်သည့်အခါမျှ မမှားပါ။ အကယ်၍ ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လူ့အယူအဆများနှင့် မကိုက်ညီပါက ဘုရားသခင် မှားသည်ဟု မဆိုလိုဘဲ လူသားများက သဘောမပေါက်နိုင်ခြင်း သို့မဟုတ် နားမလည်နိုင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လူတို့ အလုပ်ဆောင်သင့်ဆုံးသောအရာမှာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမဟုတ်၊ ၎င်းတို့၏ အယူအဆများအပေါ် တဝဲလည်လည် တွေးနေရန်မဟုတ်သည့်အပြင်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိရန်နှင့် သူ့ကို အာခံရန် အကြောင်းပြချက်နှင့် ဆင်ခြေအဖြစ် ၎င်းတို့၏ အယူအဆများကို အသုံးပြုလျက် ဘုရားသခင်နှင့်ပတ်သက်၍ အမှားကိုရှာဖို့အတွက် ၎င်းတို့၏ အယူအဆများကို အသုံးမပြုရန် ဖြစ်သည်”ဟု ပြန်ဖြေကြသည်။ ဤသည်မှာ ၎င်းတို့သည် မိမိတို့၏ အယူအဆများကို သဘောထားပုံ ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်ခြင်းမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သလော။ ဤသည်မှာ အမှန်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် အယူအဆများ ဖြစ်ပေါ်လာသည့်အခါ ဘုရားသခင် စစ်မှန်ခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ၊ ကိုယ်တော် တည်ရှိခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ အတည်ပြုရန် သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးဖို့အတွက် ဘုရားသခင်ကို ထိုအယူအဆများနှင့် နှိုင်းယှဉ်ခြင်းမရှိ သို့မဟုတ် ထိုအယူအဆများကို အသုံးပြုခြင်း မရှိပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ အယူအဆများကို လက်လွှတ်ပြီး သမ္မာတရားကို လက်ခံရန်နှင့် ဘုရားသခင်ကို သိရှိရန် ကြိုးစားကြသည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်ကို သိရှိရန် အစွမ်းကုန် ကြိုးစားသော်လည်း သူ့ကို သိရှိနိုင်ခြင်း မရှိသေးပေ။ ထိုအခါ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ကျိုးနွံနာခံနေဆဲဖြစ်သည်။ ၎င်းတို့က “ဘုရားသခင်သည် မည်သည့်အခါမျှ မမှားပါ။ ဘုရားသခင်သည် အစဉ်သဖြင့် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြသည့်အရှင် ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရား၏ မူလအစ ဖြစ်သည်”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဤအယူအဆများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ဘုရားသခင်ကို ဘုရားသခင်၏နေရာ၌ ဦးစွာထားရှိပြီး မိမိတို့ကိုယ်ကို ဖန်ဆင်းခံများ၏နေရာ၌ ထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အယူအဆများကို ဘေးဖယ်မထားသေးလျှင်ပင် သို့မဟုတ် ဖြေရှင်းခြင်း မရှိသေးလျှင်ပင် ဘုရားသခင်အပေါ် ၎င်းတို့၏ ကျိုးနွံနာခံသော သဘောထားက မပြောင်းလဲပေ။ ဤသဘောထားသည် ၎င်းတို့ကို ဘုရား၏ရှေ့မှောက်တွင် သူအသိအမှတ်ပြုသော ဖန်ဆင်းခံများအဖြစ် ရှိနေခွင့်ပေးလျက်၊ ၎င်းတို့ကို ကာကွယ်ပေးသည်။ သို့ဆိုလျှင် ထိုသို့သောလူများ၏ အယူအဆများသည် ဖြေရှင်းရန် လွယ်ကူသလော။ (လွယ်ကူပါသည်)။ ဤအရာကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့အနေဖြင့် အချို့အခြေအနေကို ကြုံတွေ့သည့်အခါ ဤနည်းအတိုင်း ပြောဆိုသည်ဟု ဆိုကြပါစို့- “ဘုရား လုပ်ဆောင်သမျှသည် သမ္မာတရားဖြစ်ပြီး မှန်ကန်သည်၊ ဘုရားသည် အနန္တတန်ခိုးရှင်ဖြစ်ပြီး အမှားများ မလုပ်နိုင်ဟု ပြောဆိုခြင်းသည် မမှားပါသလော။ ဘုရားသည် အမှားများ မလုပ်နိုင်ဟု ဆိုထားသော်လည်း ဤသည်မှာ သဘောတရားအရ ပြောဆိုခြင်းတစ်ခုသာ ဖြစ်သည်။ အမှန်တကယ်တွင် ဘုရား လုပ်ဆောင်သည့်အရာအချို့မှာ လူ့ခံစားချက်များကို မထောက်ထားသည့်အပြင် ထိုခံစားချက်များနှင့် မကိုက်ညီပါ။ ဤကိစ္စသည် သိပ်မမှန်ကန်ဟု ကျွန်ုပ်ထင်သည်။ သိပ်မမှန်ကန်သည့်အရာများအတွက် ယင်းတို့ကို ကျွန်ုပ် ကျိုးနွံနာခံရန် သို့မဟုတ် လက်ခံရန် မလိုအပ်ပါ။မှန်သလော။ ကျွန်ုပ်သည် ဘုရား၏နာမတော် သို့မဟုတ် သူ၏ပင်ကိုလက္ခဏာကို မငြင်းပယ်သော်လည်း ယခု ကျွန်ုပ် ဖြစ်ပေါ်လာသော အယူအဆများက ကျွန်ုပ်အား ပိုမိုထိုးထွင်းသိမြင်စေပြီး ဘုရားကို ပိုသိနားလည်စေသည်။ ဘုရားသည်လည်း အချို့အရာများကို အမှားလုပ်ဆောင်ပြီး သူအမှားများလုပ်သည့်အချိန်များ ရှိသည်။ သို့ဖြစ်၍ ယခုမှစ၍ လူတို့က ဘုရား ဖြောင့်မတ်သည်၊ စုံလင်သည်၊ သန့်ရှင်းသည်ဟု ပြောသည့်အခါ ကျွန်ုပ် ယုံကြည်မည်မဟုတ်။ ဤပြောဆိုချက်များနှင့်ပတ်သက်၍ ကျွန်ုပ် သံသယအနည်းငယ်တော့ ထားရှိမည်။ ဘုရားသည် ဖန်ဆင်းရှင်ဖြစ်ပြီး သူ၏အချုပ်အခြာအာဏာကို ကျွန်ုပ် လက်ခံနိုင်သော်လည်း အနာဂတ်တွင် ကျွန်ုပ်သည် စိစိစစ်စစ် လက်ခံရန် လိုအပ်ပြီး မရှင်းမလင်းနှင့် ကြောင်းကျိုးမမြင်ဘဲ ကျိုးနွံနာခံ၍မရပါ။ အကယ်၍ ကျွန်ုပ် မှားယွင်းစွာ ကျိုးနွံနာခံမိလျှင်ကော အဘယ်သို့နည်း။ ကျွန်ုပ် ဆုံးရှုံးမှု ခံစားရမည် မဟုတ်လော။ ကျွန်ုပ်သည် မိုက်မဲစွာ ကျိုးနွံနာခံသောလူတစ်ဦးဖြစ်၍မရပါ”ဟူ၍ ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အယူအဆများနှင့် ဘုရားသခင်ကို ဤသဘောထားဖြင့် သဘောထားပါက ၎င်းတို့၏ အယူအဆများကို အလွယ်တကူ လက်လွှတ်နိုင်ကြသလော။ ဤ လက်တွေ့လုပ်ဆောင်ခြင်းမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သလော။ (မဟုတ်ပါ)။ ၎င်းတို့နှင့် ဘုရားသခင်ကြားမှ ဆက်ဆံရေးသည် ပြဿနာရှိလာပြီ မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို စဉ်ဆက်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြသည် မဟုတ်လော။ ဘုရားသခင်သည် ၎င်းတို့၏ ကံကြမ္မာကို အုပ်စိုးသော အချုပ်အခြာအာဏာရှိသောသူထက် ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခံရသည့်သူဖြစ်လာသည်။ ၎င်းတို့သည် မိမိတို့က ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင်ရှိသည့် ဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုသော်လည်း ၎င်းတို့ လုပ်ဆောင်နေသည့်အရာမှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များနှင့် ဝတ္တရားများကို ထမ်းဆောင်နေခြင်း မဟုတ်ပေ။ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတို့၏ မူလနေရာမှ ဘုရားသခင်ကို ဆက်ဆံနေခြင်းမဟုတ်ဘဲ ထိုအစား ဖန်ဆင်းရှင်ကို ဆန့်ကျင်ဘက်၌ ရပ်တည်နေခြင်း၊ ဖန်ဆင်းရှင်အား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များနှင့် အပြုအမူကို ဆန်းစစ်ကာ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပေါ် အခြေခံ၍ ကျိုးနွံနာခံရန်နှင့် လက်ခံရန် ရွေးချယ်နေခြင်း ဖြစ်သည်။ ဤသဘောထားနှင့် လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းသည် သမ္မာတရားကို လက်ခံသောသူတစ်ဦးတွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သလော။ ၎င်းတို့၏ အယူအဆများကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ)။ ယင်းတို့ကိုမည်သည့်အခါမျှ ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် မူမမှန်ဖြစ်နေသောကြောင့် ဖြစ်သည်။ ယင်းသည် ပုံမှန်ဆက်ဆံရေးတစ်ခုမဟုတ်၊ ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားက ဆက်ဆံရေး မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရသည့် အရာတစ်ခုအဖြစ် သဘောထားကာ သူ့ကို အစဉ်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသည်။ ၎င်းတို့က မှန်ကန်ပြီး ကောင်းသည်ဟု ထင်သည့်အရာကို ၎င်းတို့ လက်ခံကြသော်လည်း လူ့အယူအဆများနှင့် စိတ်ကူးများ သို့မဟုတ် လူ့နှစ်သက်မှုများနှင့် မကိုက်ညီသည့်အရာပေါ်တွင်မူ စိတ်ထဲတွင် အတိုက်အခံလုပ်ပြီး ဘုရားသခင်နှင့် ယှဉ်ပြိုင်ကာ ဘုရားသခင်နှင့် ခပ်တန်းတန်းဖြစ်သွားကြသည်။ ထိုသို့သောလူတစ်ဦးသည် သမ္မာတရားကို လက်ခံသောသူတစ်ဦးဖြစ်သလော။ အပေါ်ယံအားဖြင့် မည်သည့်အဖြစ်အပျက်မှ မရှိသည့်အခါနှင့် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကို ကျိုးနွံနာခံနိုင်သည်။ သို့သော် ၎င်းတို့က အယူအဆများ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ကျိုးနွံနာခံခြင်းက ပျောက်ကွယ်သွားသည်။ ယင်းကို မည်သည့်နေရာတွင်မျှ မမြင်ရတော့ဘဲ လက်တွေ့လုပ်ဆောင်ထားနိုင်ခြင်း မရှိပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောလူများ မဟုတ်သည်မှာ သိသာထင်ရှားသည်။ ၎င်းတို့သည် ဘုရားသခင်ကို သမ္မာတရား၏ အရင်းအမြစ်အဖြစ် သို့မဟုတ် သမ္မာတရားကိုယ်တိုင်အဖြစ် လက်မခံကြပေ။ သမ္မာတရားကို လက်မခံသောလူများအတွက် ၎င်းတို့၏ အယူအဆများက မည်သည့်အချိန်တွင် ပေါ်ပေါက်သည်ဖြစ်စေ ယင်းတို့ကို လက်လွှတ်ရန် သို့မဟုတ် ဖြေရှင်းရန် ခက်ခဲလေသည်။
အထက်ပါ မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာမှ အကဲဖြတ်သည့်အခါ၊ မည်သည့်အယူအဆအမျိုးအစားက ဖြေရှင်းရန် ပိုလွယ်ကူသည်ဟု သင်တို့ ထင်သနည်း။ ယင်းမှာ အခြေအနေအပေါ် မူတည်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများ၊ ဆင်ခြင်တုံတရားရှိပြီး မှန်ကန်သောသူများအတွက်မူ ၎င်းတို့၏ အယူအဆများသည် မည်သည့်အချိန်တွင် ပေါ်ပေါက်လာသည်ဖြစ်စေ ဖြေရှင်းရန် လွယ်ကူသည်။ သမ္မာတရားကို လက်မခံနိုင်သောသူများအတွက်မူ ၎င်းတို့၏ အယူအဆများသည် မည်သည့်အချိန်တွင် ပေါ်ပေါက်သည်ဖြစ်စေ ဖြေရှင်းရန် ခက်ခဲသည်။ အချို့လူများသည် ဘုရားသခင်ကို နှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကြာ ယုံကြည်ပြီးဖြစ်သော်လည်း ယခုအချိန်တွင်ပင် ၎င်းတို့ပြောဆိုသည့် မည်သည့်အရာကမျှ သမ္မာတရားနှင့် မကိုက်ညီပေ။ ယင်းမှာ စကားလုံးများနှင့် အယူဝါဒများ၊ လူ့အယူအဆများချည်းသာ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝနားမလည်ကြပေ။ ၎င်းတို့၏ အယူအဆများ ပေါ်ပေါက်လာသည့်အခါ ယင်းတို့ကို ၎င်းတို့ လက်လွှတ်နိုင်ကြသလော။ ဤသည်မှာ ပြောရန်ခက်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်မခံလျှင် ၎င်းတို့၏ အယူအဆများကို လက်လွှတ်နိုင်မည်မဟုတ်ပေ။ လူတို့တွင် အယူအဆများ ရှိခြင်းမှာ ရှောင်လွှဲ၍မရပေ။ လူတိုင်း၏စိတ်သည် ပင်ကိုဖြစ်စေ၊ ဆည်းပူးရရှိသည်ဖြစ်စေ အမျိုးမျိုးသော အယူအဆများကို အချိန်မရွေး ဖြစ်ပေါ်စေနိုင်သည်။ လူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ လူတိုင်း၏ စိတ်နှလုံးထဲတွင် အယူအဆများ ရှိကြသည်။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤပြဿနာသည် ဖြေရှင်း၍မရနိုင်သော ပြဿနာတစ်ခုသာဖြစ်သလော။ ဖြေရှင်း၍ရနိုင်သည်၊ အောက်မေ့သတိရရန်စည်းမျဉ်းအနည်းငယ် ရှိသည်။ ဤစည်းမျဉ်းများသည် အလွန်အရေးကြီး၏။ သင်သည် ထိုသို့သောအခြေအနေများကို ကြုံတွေ့သည့်အခါ ဤစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်လော့။ အချိန်အတန်ကြာ လက်တွေ့လုပ်ဆောင်ပြီးနောက် သင်သည် ရလဒ်များကို မြင်တွေ့လိမ့်မည်ဖြစ်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လိမ့်မည်။ အယူအဆများ ပေါ်ပေါက်လာသည့်အခါ မည်သည့်အယူအဆဖြစ်စေ ဤတွေးခေါ်မှုက မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သင်၏စိတ်နှလုံးထဲတွင် ဦးစွာ စဉ်းစားဆင်ခြင်ပြီး စိစစ်လော့။ အကယ်၍ ဤတွေးခေါ်မှုသည် မမှန်ကန်ဘဲ လွဲချော်နေကြောင်းနှင့် ယင်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားကြောင်း သင် ရှင်းလင်းစွာ ခံစားရပါက ချက်ချင်းဆုတောင်းပြီး ဤပြဿနာ၏ အနှစ်သာရကို အသိအမှတ်ပြုရန် သင့်အား ဉာဏ်အလင်းပေးပြီး လမ်းပြပေးဖို့အတွက် ဘုရားသခင်ထံ တောင်းလျှောက်လော့။ ထို့နောက်တွင် စုဝေးပွဲတစ်ခုအတောအတွင်းတွင် သင်၏သိနားလည်မှုကို ဆွေးနွေးလော့။ သိနားလည်မှုရရှိပြီး အမှုအရာများကို တွေ့ကြုံခံစားနေသော်လည်း၊ သင်၏ အယူအဆများ ဖြေရှင်းခြင်းအပေါ် အာရုံစိုက်လော့။ အကယ်၍ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက သိသာထင်ရှားသော ရလဒ်များကို မရရှိပါက အခြားသူများထံမှ အကူအညီနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဖြေရှင်းချက်များကို ရရှိရန် ကြိုးပမ်းလျက် သင်သည် သမ္မာတရား၏ ဤကဏ္ဍနှင့်ပတ်သက်၍ သမ္မာတရားကို နားလည်သောသူတစ်ဦးနှင့် မိတ်သဟာယဖွဲ့သင့်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်လည်းကောင်း၊ သင်၏ အတွေ့အကြုံများမှတစ်ဆင့်လည်းကောင်း သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်ကြောင်းကို တဖြည်းဖြည်း အတည်ပြုလိမ့်မည်ဖြစ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို ဖြေရှင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ကြီးမားသော ရလဒ်များကို သင်သိရှိနားလည်လိမ့်မည်။ ဘုရားသခင်ထံမှ ထိုသို့သော နှုတ်ကပတ်တော်များနှင့် အမှုတော်ကို လက်ခံပြီး တွေ့ကြုံခံစားခြင်းအားဖြင့် သင်၏ အယူအဆများကို လက်လွှတ်ပြီး ဖြေရှင်းနိုင်စေလျက် သင်သည် နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သည့် အသိပညာတစ်ခုခု ရှိလိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နောက်ထပ် အထင်လွဲမှားခြင်း သို့မဟုတ် သတိထားခြင်း ပြုတော့မည်မဟုတ်သည့်အပြင်၊ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများကိုလည်း ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ လွယ်ကူစွာ ဖြေရှင်းနိုင်သော အယူအဆများအတွက် ဖြစ်သည်။ သို့သော် လူတို့ နားလည်ရန်နှင့် ဖြေရှင်းရန် ခက်ခဲသော အခြားအယူအဆတစ်မျိုး ရှိသေးသည်။ ဖြေရှင်းရန် ခက်ခဲသော အယူအဆများအတွက် သင်စွဲကိုင်ရန် လိုအပ်သည့် စည်းမျဉ်းတစ်ခု ရှိသည်။ ယင်းတို့ကို မဖော်ပြနှင့်၊ မဖြန့်ဝေနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အယူအဆများကို ဖော်ပြခြင်းသည် အခြားသူများအတွက် ကောင်းကျိုးမရှိသောကြောင့် ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို အာခံခြင်းဟူသည့် အမှန်တရားတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် အယူအဆများ ဖြန့်ဝေခြင်း၏ သဘောသဘာဝနှင့် အကျိုးဆက်များကို နားလည်ပါက မိမိဘာသာ ရှင်းလင်းစွာ ချင့်ချိန်ပြီး မဆင်မခြင် စကားပြောဆိုခြင်းကို ရှောင်ကြဉ်ခြင်းက အကောင်းဆုံး ဖြစ်ပေမည်။ အကယ်၍ သင်က “အသင်းတော်ထဲတွင် ကျွန်ုပ်၏စကားများကို ထိန်းသိမ်းရခြင်းက ဆိုးရွားသည်။ ကျွန်ုပ်ပွင့်ထက်တော့မလို ခံစားရသည်”ဟု ပြောဆိုပါက ဤအယူအဆများကို ဖြန့်ဝေခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် အမှန်တကယ် အကျိုးရှိမရှိဟူသည်ကို သင်စဉ်းစားသင့်နေဆဲဖြစ်သည်။ အကယ်၍ ယင်းသည် အကျိုးမရှိသည့်အပြင်၊ အခြားသူများကို ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိစေနိုင်လျှင် သို့မဟုတ် ဘုရားသခင်ကို အာခံပြီး ဝေဖန်စေနိုင်လျှင်ပင် သင်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ သင်သည် လူတို့ကို ထိခိုက်နစ်နာစေခြင်းဖြစ်သည်၊ ယင်းသည် ကပ်ရောဂါတစ်ခု ဖြန့်ဝေခြင်းနှင့် ခြားနားခြင်းမရှိပေ။ အကယ်၍ သင်သည် အမှန်တကယ် ဆင်ခြင်တုံတရားရှိပါက သင်သည် အယူအဆများကို ဖြန့်ဝေပြီး အခြားသူများကို ထိခိုက်နစ်နာစေခြင်းထက် နာကျင်မှုကို သင့်ဘာသာ သည်းညည်းခံချင်မည် ဖြစ်သည်။ သို့သော် သင်၏စကားများကို ထိန်းထားခြင်းက အလွန်ပင်ပန်းဆင်းရဲသည်ဟု သင် မြင်ပါက၊ ဘုရားသခင်ထံ သင် ဆုတောင်းသင့်သည်။ အကယ်၍ ပြဿနာ ပြေလည်သွားပါက ယင်းသည် ကောင်းသောအရာတစ်ခု မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ထံဆုတောင်းသည့်အခါတွင်ပင် သင်၏ အယူအဆများဖြင့် ဘုရားသခင်ကို ဝေဖန်ပြီး အထင်အမြင်လွဲမှားပါက သင်သည် ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်းသာ ဖြစ်သည်။ သင်သည် ဘုရားသခင်ထံ ဤသို့ ဆုတောင်းသင့်သည်- “ဘုရားသခင်၊ ကျွန်ုပ်တွင် ဤအတွေးများ ရှိပြီး လက်လွှတ်လိုသော်လည်း လက်မလွှတ်နိုင်ပါ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပါ၊ အမျိုးမျိုးသော ပတ်ဝန်းကျင်များမှတစ်ဆင့် ကျွန်ုပ်ကို ထုတ်ဖော်ပြပြီး ကျွန်ုပ်၏ အယူအဆများ မှားယွင်းကြောင်းကို အသိအမှတ်ပြုခွင့်ပေးပါ။ ကျွန်ုပ်ကို ကိုယ်တော် မည်သို့ပင် ဆုံးမပဲ့ပြင်ပါစေ ကျွန်ုပ် လက်ခံလိုစိတ်ရှိပါသည်”ဟူ၍။ ဤစိတ်နေစိတ်ထားသည် မှန်ကန်သည်။ ဤစိတ်နေစိတ်ထားဖြင့် ဘုရားသခင်ထံ ဆုတောင်းပြီးနောက် သင်သည် ချုပ်တည်းခံထားရသည်ဟု သိပ်မခံစားရတော့သည် မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းကို လက်ခံရရှိလျက် ဆက်လက်ဆုတောင်းပြီး ရှာဖွေလျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်ပြီး သင်၏စိတ်နှလုံးက အားတက်လာပါက၊ သင်သည် မွန်းကျပ်တော့မည် မဟုတ်ပေ။ ထိုအခါ ပြဿနာ ပြေလည်သွားမည် မဟုတ်လော။ ဘုရားသခင်အပေါ် သင်၏ အယူအဆများ၊ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့သည် ပျောက်ကွယ်လုနီးပါး ဖြစ်သွားလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် ယင်းတို့ကို ဖော်ပြရန် လိုအပ်သည်ဟု ခံစားရတော့မည်မဟုတ်ပေ။ အကယ်၍ ထိုအရာက အလုပ်မဖြစ်သေးဘဲ ပြဿနာက လုံးဝ ပြေလည်သွားခြင်းမရှိသေးပါက၊ သင်၏ အယူအဆများကို ကူဖြေရှင်းပေးရန် အတွေ့အကြုံရှိသူတစ်ဦးကို ရှာလော့။ သင့်တွင်ရှိသော အယူအဆများကို ဖြေရှင်းခြင်းနှင့်ဆက်စပ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်အနည်းငယ်ကို ၎င်းတို့အား ရှာဖွေစေပြီး အကြိမ် ဒါဇင်ချီ ပေါင်းများစွာ သို့မဟုတ် အကြိမ်ရာချီ ဖတ်ရှုစေလော့။ သင်၏ အယူအဆများက လုံးလုံးလျားလျား ပြေလည်ကောင်းပြေလည်သွားနိုင်သည်။ အချို့က “အကယ်၍ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများနှင့် စုဝေးပွဲတစ်ခုအတွင်း အယူအဆများကို ဖော်ပြပါက ယင်းသည် အယူအဆများကို ဖြန့်ဝေခြင်းဖြစ်မည်၊ သို့ဖြစ်၍ ကျွန်ုပ် ထိုသို့မလုပ်နိုင်ပါ။ သို့သော် ယင်းတို့ကို ချုပ်တည်းထားရသည်မှာ အလွန်ဆိုးသည်။ ကျွန်ုပ်၏ မိသားစုနှင့် ထိုအကြောင်းများကို ပြောဆို၍ရနိုင်သလော”ဟု ပြောကောင်းပြောနိုင်သည်။ အကယ်၍ သင်၏ မိသားစုဝင်များသည်လည်း ယုံကြည်ခြင်းရှိသော ညီအစ်ကိုမောင်နှမများဖြစ်ပါက ၎င်းတို့အနီးတွင် ဤအယူအဆများကို ဖော်ပြခြင်းသည် ၎င်းတို့ကိုလည်း နှောင့်ယှက်မည်ဖြစ်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သလော။ (သင့်တင့်လျောက်ပတ်ခြင်းမရှိပါ)။ အကယ်၍ သင်ပြောဆိုသည့်အရာသည် ထိခိုက်နစ်နာစေကာ အထင်အမြင်မှားစေလျက် အခြားသူများအပေါ် အကျိုးပျက်ပြားစေသော သက်ရောက်မှု ရှိမည်ဆိုလျှင် သင်သည် ယင်းကို လုံးဝ မပြောဆိုရပေ။ ထိုအစား ပြဿနာကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းလော့။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော စိတ်နှလုံး၊ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ပြီး မွတ်သိပ်သော စိတ်နှလုံးဖြင့် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေသရွေ့ သင်၏ အယူအဆများကို ဖြေရှင်း၍ရနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပြည့်စုံသော သမ္မာတရား ပါရှိသည်။ ယင်းတို့က မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်သည်။ ယင်းမှာ သင်သည် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လိုခြင်း ရှိမရှိ၊ သင်၏ကိုယ်ပိုင် အယူအဆများကို လက်လွှတ်နိုင်ခြင်း ရှိမရှိတို့ဟူသည်တို့အပေါ်တွင်သာ မူတည်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပြည့်စုံသော သမ္မာတရား ပါရှိသည်ဟု သင် ယုံကြည်ပါက ပြဿနာများ ပေါ်ပေါက်လာသည့်အခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကာ ဖြေရှင်းသင့်သည်။ အကယ်၍ အချိန်အတန်ကြာ ဆုတောင်းပြီးနောက် သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ခံစားရခြင်း မရှိသေးဘဲ မည်သည့်အရာလုပ်ဆောင်ရမည့်အပေါ် ဘုရားသခင်ထံမှ ရှင်းလင်းသော နှုတ်ကပတ်တော်များကို လက်ခံရရှိခြင်း မရှိသေးသော်လည်း မသိလိုက်ဘဲ သင်၏ အယူအဆများက သင့်ကို စိတ်ထဲတွင် နောက်ထပ် ထိခိုက်စေခြင်းမရှိရှိတော့သည့်အပြင်၊ သင်၏အသက်တာကို မနှောင့်ယှက်တော့ပါက၊ ယင်းသည် တဖြည်းဖြည်း မှေးမှိန်သွားပါက၊ ဘုရားသခင်နှင့် သင်၏ ပုံမှန်ဆက်ဆံရေးကို သက်ရောက်မှုမရှိတော့သည့်အပြင် သင်၏ တာဝန်ထမ်းဆောင်မှုကိုလည်း သက်ရောက်မှုမရှိတော့သည်မှာ အမှန်ပင်ဖြစ်ပါက၊ ဤအယူအဆသည် အခြေခံအားဖြင့် ပြေလည်သွားပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်)။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်း ဖြစ်သည်။
သမ္မာတရားကို နားမလည်သောသူတို့သည် ပထမဆုံးသတိရရမည်မှာ၊ ၎င်းတို့၌ အယူအဆများရှိသည့်အခါ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုအယူအဆများကို လုံးဝ မဖြန့်ဝေသင့်ပေ၊ သို့မဟုတ် “ကျွန်ုပ်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်။ တကယ်တော့ ကျွန်ုပ်၏ ကိုယ်ပိုင် ပါးစပ်ဖြစ်သည်။ ကျွန်ုပ်ပြောချင်သည့်အရာကို ပြောချင်သောသူအား ပြောချင်သည့် မည်သည့်နေရာတွင်မဆို ပြော၍ရသည်”ဟုလည်း မပြောသင့်ပေ။ ဤသို့ ပြောဆိုခြင်းသည် မှားယွင်းသည်။ ကောင်းသော သို့မဟုတ် မှန်ကန်သော စကားအချို့ကို ပြောဆိုသည့်အခါ အခြားသူများကို အကျိုးပြုချင်မှ ပြုမည်ဖြစ်သော်လည်း အယူအဆများဖြစ်သည့် စကားများ သို့မဟုတ် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများဖြစ်သည့် စကားများသည် ပြောဆိုသည့်အခါ တိုင်းတာ၍မရနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။ ဤအကျိုးဆက်များကို အခြေခံ၍ သင်သည် မရမက ဖော်ပြပြောဆိုနေသည့် အယူအဆတစ်ခုရှိပြီး ထိုသို့ပြောဆိုခြင်းက ကောင်းသည်ဟု ခံစားရကာ သင့်ကို ပျော်ရွှင်စေသည်ဟု ခံစားရပါက သင်၏လုပ်ရပ်များကို ဒုစရိုက်အမှုများအဖြစ် သတ်မှတ်ရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ယင်းတို့ကို သင့်ကိုဆန့်ကျင်လျက် မှတ်တမ်းတင်လိမ့်မည်။ အဘယ်ကြောင့် ယင်းတို့အား သင့်ကိုဆန့်ကျင်လျက်မှတ်တမ်းတင်ထားမည်နည်း။ သင့်ကို အပြုသဘောဆောင်သော နည်းလမ်းများ၊ လမ်းကြောင်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများစွာကို ပြောပြပြီးဖြစ်သော်လည်း သင်က ယင်းတို့ကို မရွေးချယ်ခဲ့ပေ။ ထိုအစား သင်သည် လူတို့ကို ထိခိုက်နစ်နာစေသည့် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့သည်။ ဤသည်မှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်၏လုပ်ရပ်များကို ဒုစရိုက်အမှုများဟု ခေါ်ဆိုခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) အခြားသူတို့ကို နှောင့်ယှက်ရန်နှင့် အထင်အမြင်မှားစေရန် သင်၏ အယူအဆများကို ထုတ်ဖော်ခြင်းထက် ဤပြဿနာကို တွေ့ကြုံမှုမှတစ်ဆင့်လည်းကောင်း၊ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းတို့မှတစ်ဆင့်လည်းကောင်း သင်ကိုယ်တိုင် ဖြေရှင်းရန် လုံးဝ ရွေးချယ်နိုင်သည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦး ရွေးချယ်သင့်သည့် နည်းလမ်းဖြစ်သည်။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ဤနည်းလမ်းကို မရွေးချယ်သနည်း။ အခြားသူတို့ကို ထိခိုက်နစ်နာစေပြီး နာကျင်စေသည့် နည်းလမ်းကို အဘယ်ကြောင့် ရွေးချယ်သနည်း။ ဤသည်မှာ စာတန်လုပ်ဆောင်မည့်အရာ မဟုတ်လော။ ဆိုးယုတ်သောလူများသည် အခြားသူများနှင့် မိမိတို့ကိုယ်ကို ထိခိုက်နစ်နာစေသည့်အရာများကို လုပ်ဆောင်ကြသည်။ သင်သည်လည်း ထိုသို့သောအရာများကို လုပ်ဆောင်ပါက ဘုရားသခင်က ထိုအရာကို မုန်းတီးသလော။ (မုန်းတီးပါသည်။) ဘုရားသခင်က သင်၏အယူအဆများကို ပြစ်တင်ရှုတ်ချခြင်းမပြုလျှင်ပင် သင်၏အယူအဆများကို ဖြေရှင်းရန် သင်ကိုယ်တိုင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု သင့်၌ ရှိရမည်။ အကယ်၍ သင်၏ အယူအဆများကို ကိုင်တွယ်သည့်နည်းလမ်းသည် အသင်းတော်အသက်တာကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုနှင့် ပုံမှန်အခြေအနေများကိုလည်းကောင်း နှောင့်ယှက်လျက် အခြားသူတို့ကို ရည်ရွယ်ချက်ရှိရှိ အထင်အမြင်မှားစေရန်နှင့် အန္တရာယ်ဖြစ်စေရန် ယင်းတို့ကို ဖြန့်ဝေခြင်းဖြစ်ပါက သင်၏လုပ်ရပ်များသည် ဒုစရိုက်အမှုများ ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခုကို ကြုံတွေ့ရသည့်အခါ မည်သည့်ရွေးချယ်မှုကို ပြုလုပ်သင့်သနည်း။ သမ္မာတရားကို လိုက်စားသည့် လူ့သဘာဝရှိသော လူတစ်ဦးသည် အခြားသူတို့ကို အထင်အမြင်မှားစေပြီး ထိခိုက်နစ်နာစေသည့် နည်းလမ်းတစ်ခုကို ရွေးချယ်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် တက်ကြွပြီး အပြုသဘောဆောင်သော စည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ရန်နှင့် လိုက်နာစောင့်ထိန်းရန် ရွေးချယ်မည်ဖြစ်ပြီး ဆုတောင်းကာ သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့လာမည်ဖြစ်ကာ ထိုပြဿနာကို ဖြေရှင်းရာတွင် ကူညီပေးရန် ဘုရားသခင်ကို တောင်းလျှောက်မည်ဖြစ်သည်။ အချို့က “ဘုရားသခင်ကို ကျွန်ုပ်အား ကူညီရန် တောင်းလျှောက်သည့်အခါ သူ၏ အကူအညီသည် လက်ဆုပ်လက်ကိုင်ပြ၍မရသည့်အပြင် မြင်၍မရနိုင်ဟု ကျွန်ုပ် အမြဲခံစားရသည်။ ထိုအစား လူတို့ထံမှ အကူအညီကို ရှာဖွေရန် ကျွန်ုပ် ရွေးချယ်၍ရနိုင်သလော” ဟု ပြောကြသည်။ ရနိုင်သည်၊ သင်သည် သင့်ထက် သမ္မာတရားကို ပိုနားလည်ပြီး ဝိညာဉ်ရင့်ကျက်မှု ပိုရှိသောသူတစ်ဦး၊ အားနည်းလာဖို့အတွက် သင့်အယူအဆများ၏ နှောင့်ယှက်ခြင်းနှင့် လွှမ်းမိုးခြင်းကို မခံရဘဲ သင်၏ပြဿနာကို ဖြေရှင်းပေးနိုင်သည်ဟု သင်ယုံကြည်သောသူတစ်ဦး၊ အလားတူသော ပြဿနာများကို တွေ့ကြုံဖူးပြီး ယင်းတို့အား မည်သို့ဖြေရှင်းရမည်ကို သင့်အား ပြောပြနိုင်သောသူတစ်ဦးကို သင် ရွေးချယ်နိုင်သည်။ ဤလမ်းကြောင်းသည်လည်း သင့်လျော်ပေသည်။ အကယ်၍ သင်သည် ပုံမှန်အားဖြင့် အတော်အတန် မရေမရာဖြစ်ပြီး မည်သည့်အရာကိုမျှ ထွင်းဖောက်မမြင်နိုင်သောသူတစ်ဦးကို ရွေးချယ်လျှင်၊ ဤကိစ္စအကြောင်း ကြားသည့်အခါ ၎င်းတို့သည် ချက်ချင်း ပွက်လောရိုက်သွားလျှင်၊ ထိုအယူအဆများကို နေရာတိုင်းသို့ ဖြန့်ဝေပြီး အနှောင့်အယှက်များ ဖြစ်စေလိုကာ ယုံကြည်ခြင်းကို ရပ်တန့်လိုလျှင်၊ သင်၏လုပ်ရပ်များသည် အသင်းတော်အသက်တာကို မရည်ရွယ်ဘဲ နှောင့်ယှက်ပြီးဖြစ်လိမ့်မည်။ ထိုအခါ သင်၏လုပ်ရပ်များကို ဒုစရိုက်အမှုများအဖြစ် သတ်မှတ်ခြင်းခံရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အယူအဆများကို မည်သို့ကိုင်တွယ်သင့်သည်ဟူသည်နှင့် ပတ်သက်လာသည့်အခါ သင်သည် ဂရုစိုက်ပြီး သတိထားရမည်၊ သင်သည် မရေမရာဖြစ်သည့် သို့မဟုတ် စိတ်လိုက်မာန်ပါဖြစ်သည့် ပုံစံဖြင့် မပြုမူရသည့်အပြင် အယူအဆများကို သမ္မာတရားအဖြစ် လုံးဝ သဘောမထားရပေ။ လူ့အတွေးအခေါ်များ မည်သို့ပင် မှန်ကန်နေပါစေ ယင်းတို့သည် သမ္မာတရား မဟုတ်ပေ။ ဤနည်းအားဖြင့် သင်သည် များစွာ ပို၍တည်ငြိမ်သည်ဟု ခံစားရလိမ့်မည်ဖြစ်ပြီး သင်၏အယူအဆများသည် မည်သည့်ဒုက္ခပြဿနာကိုမျှ ဖြစ်စေနိုင်လိမ့်မည် မဟုတ်ပေ။ အယူအဆများရှိခြင်းသည် ကြောက်ရွံ့ရမည့်အရာ မဟုတ်ပေ။ သမ္မာတရားကို သင် ရှာဖွေသရွေ့ ယင်းတို့သည် နောက်ဆုံးတွင် ပြေလည်သွားလိမ့်မည်ဖြစ်သည်။ အချို့လူများက “သို့သော် အယူအဆများသည် ဖြေရှင်းရန် မလွယ်ကူပါ”ဟု ပြောကြသည်။ အချို့အယူအဆများသည် အမှန်ပင် ဖြေရှင်းရန် ခက်ခဲသည်၊ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ယင်းမှာ ရိုးရှင်းပေသည်။ အချို့အယူအဆများသည် အချို့လူတို့၏ အတွေးများနှင့် စိတ်ထဲတွင် မည်သည့်အခါမျှ ပြေလည်သွားခြင်းမရှိပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်နှင့်ပြီးဖြစ်သော်လည်း အယူအဆတစ်ခုက မည်သို့ပင် ဖြေရှင်းရန် ခက်ခဲပါစေ ယင်းသည် သမ္မာတရား မဟုတ်သေးပေ။ သင်သည် ဤအချက်ကို နားလည်သရွေ့ ပြဿနာကို ကိုင်တွယ်ရန် လွယ်ကူသည်။ ဤနေရာတွင် ငါသည် သင်တို့ကို ပြောပြရမည့် အမှန်တရားတစ်ခု ရှိသည်၊ ဘုရားသခင်သည် လူတိုင်းကို သူလုပ်ဆောင်သည့်အရာတိုင်းအား အပြည့်အဝနားလည်ရန် သို့မဟုတ် ရှင်းလင်းစွာ သဘောပေါက်ရန် မတောင်းဆိုပေ။ သူသည် ထိုအရာအတွင်းရှိ သမ္မာတရားမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ အဘယ်ကြောင့် ထိုသို့သောနည်းလမ်းဖြင့် သူ ပြုမူသည်ကို သိရန် လူတိုင်းအား မတောင်းဆိုပေ။ ဤသည်မှာ ဘုရားသခင် အလိုဆန္ဒရှိသည့်အရာ မဟုတ်ပေ။ သူသည် လူတို့အပေါ် ဤစံနှုန်းများကို မတောင်းဆိုပေ။ သင်၏အစွမ်းအစက လုံလောက်အောင် ကောင်းမွန်ပါက သင်စွမ်းဆောင်ရရှိသည့် မည်သည့်နားလည်မှုအဆင့်မဆို ကောင်းပေသည်။ အကောင်းဆုံးသာ လုပ်ဆောင်လော့။ သင်နားမလည်နိုင်ပါက သင်အသက်ကြီးလာသည်နှင့်အမျှ၊ သင်၏ အတွေ့အကြုံများက အဆက်မပြတ် ပို၍နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည်နှင့်အမျှ၊ အတွေ့အကြုံကို သင် ပိုမိုစုဆောင်းမိသည်နှင့်အမျှ သမ္မာတရားအပေါ် သင်၏ သိနားလည်မှုသည်လည်း တဖြည်းဖြည်း နက်ရှိုင်းလာလိမ့်မည်ဖြစ်ပြီး သင်၏အယူအဆများက လျော့နည်းသွားလိမ့်မည်။ သို့သော် လူအများစုသည် အချို့သော အထူးကိစ္စရပ်များကို နားလည်သဘောပေါက်နိုင်စွမ်းမရှိကြသည့်အပြင်၊ ယင်းတို့ကို မည်သည့်အခါမျှ နားမလည်ကြပေ။ ဘုရားသခင်သည် ဤကိစ္စရပ်များကို နားလည်ရန် ၎င်းတို့ကို အတင်းအကျပ်ပြုသလော။ သူ အတင်းအကျပ်မပြုပေ။ ဘုရားသခင်သည် သိနားလည်မှုကို ၎င်းတို့ထဲသို့ အတင်းအကျပ် မသွတ်သွင်းပေ။ ဥပမာအားဖြင့်၊ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်းတို့တွင် လူတို့ သိလိုသော်လည်း မသိနိုင်သည့် နက်နဲသောအရာများစွာ ရှိသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တွင် သူသည် လူတို့ကို သန့်စင်ရန်နှင့် ကယ်တင်ရန် သမ္မာတရားကို ဖော်ပြခြင်းအပေါ်၌သာ အာရုံစိုက်သည်။ သူသည် အခြားကိစ္စရပ်များကို ဖော်ပြခဲပြီး၊ ရံဖန်ရံခါ ဖော်ပြသည့်အခါတွင်ပင်၊ အကျဉ်းချုပ်ပုံစံဖြင့်သာ ဖြစ်သည်။ ဘုရားသခင်သည် ဤကိစ္စရပ်များကို လူတို့အား အကျယ်တဝင့် မည်သည့်အခါမျှ မရှင်းပြပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဤအရာများကို နားလည်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။ ရှုထောင့်တစ်ခုအနေဖြင့်၊ လူတို့အပေါ် ဘုရားသခင်ပြုသော အမှုတွင် သူသည် သူ၏စိတ်သဘောထား အနှစ်သာရကို ထုတ်ဖော်ပြသည်။ နောက်ထပ်ရှုထောင့်တစ်ခုအနေဖြင့်၊ ဘုရားသခင်၌ သူ၏ အတွေးများ၊ အကြံအစည်များ၊ သူ လုပ်ဆောင်သည့်အရာများအတွက် ရင်းမြစ်များနှင့် ပန်းတိုင်များ၊ လူအမျိုးမျိုးအပေါ် အမှုပြုရန် သူအသုံးပြုသည့် နည်းလမ်းများ၊ အရာခပ်သိမ်းအပေါ် သူ အချုပ်အခြာအာဏာကိုင်စွဲပုံ နည်းလမ်းများ စသည်တို့ရှိသည်။ ဘုရားသခင်သည် လူတို့အနေဖြင့် ကယ်တင်ခြင်းခံရသည်ဟု မှတ်ယူခံရရန်အလို့ငှာ သမ္မာတရားအားလုံးကို နားလည်ပြီး ဝင်ရောက်ရမည်ဟု မည်သည့်အခါမျှ မပြောခဲ့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အနန္တတန်ခိုးရှိလွန်းသောကြောင့် ဖြစ်သည်။ သူ၏ ပြုမူခြင်း၊ ပြောဆိုခြင်း၊ အလုပ်လုပ်ခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်း နည်းလမ်းများသည် သူ၏ စိတ်သဘောထား၊ အနှစ်သာရ၊ ပင်ကိုလက္ခဏာ စသည်တို့ကို အလိုအလျောက် ထုတ်ဖော်ပြသည်။ ဘုရားသခင်သည် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတည်းဟူသော ဤအရာများကို အလိုအလျောက် ထုတ်ဖော်ပြသော်လည်း၊ ယင်းတို့အားလုံးကို လူတို့နားလည်ရန် သို့မဟုတ် သဘောပေါက်ရန် သူ မတောင်းဆိုပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်နေလိမ့်မည် ဖြစ်ပြီး၊ သူသည် အနန္တတန်ခိုးရှင်ဖြစ်စဉ်တွင်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်မှာမူ အလွန်သေးငယ်ပြီး တန်ခိုးအာဏာ လုံးဝ ကင်းမဲ့သောကြောင့် ဖြစ်သည်။ လူနှင့် ဘုရားသခင်ကြားတွင် ကွာဟမှု ချောက်ကြီးတစ်ခု ရှိသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အချို့သော အယူအဆများနှင့် စိတ်ကူးများ ဖြစ်ပေါ်လာခြင်းက အလွန် ပုံမှန်ဖြစ်သည်။ ဘုရားသခင်သည် ဤအရာကို မမှတ်ယူသော်လည်း၊ သင်သည် ယင်းကို အမြဲ အလွန်အလေးအနက်ထားပြီး ယင်းအပေါ် ခေါင်းမာစွာ အစွဲအလမ်းထားသည်။ ဤလုပ်နည်းကိုင်နည်းက အလုပ်ဖြစ်လိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို လိုက်စားပြီး မြင့်မားသော အစွမ်းအစကို ပိုင်ဆိုင်သောသူတစ်ဦးဖြစ်ပါက၊ သမ္မာတရားကို သင် နားလည်ပြီး ဘုရားသခင်အပေါ် စစ်မှန်သော အသိပညာရှိသရွေ့၊ ဤအယူအဆများနှင့် စိတ်ကူးများသည် အလိုအလျောက်ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားသည့်အပြင်၊ မည်သူက သင့်နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့ပါစေ၊ သင်သည် လက်မခံဘဲ သင်၏အယူအဆများကို အမြဲဖက်တွယ်ထားပါက၊ ဤအရာ၏ အကျိုးဆက်မှာ အဘယ်အရာဖြစ်လိမ့်မည်နည်း။ အကျိုးဆက်မှာ သင့်အနေဖြင့် သင်၏အသက်တာ အဆုံးသို့ရောက်သည့်တိုင် သို့မဟုတ် ဘုရားသခင်၏အမှုတော် လုံးဝပြီးဆုံးသည့်အချိန်သို့ ရောက်သည့်တိုင်၊ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်မည်မဟုတ်ဘဲ သင်၏အယူအဆများနှင့် စိတ်ကူးများကြောင့် သေခြင်းသို့ ပို့ဆောင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ ဝိညာဉ်ခန္ဓာ ပေါ်ထွန်းသည်ကို မြင်ရလျှင်ပင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အယူအဆများနှင့် စိတ်ကူးများကို သင် ဖြေရှင်းနိုင်ဦးမည် မဟုတ်ပေ။ သင်သည် ဤအယူအဆများကို မဖြေရှင်းနိုင်သောကြောင့် ဘုရားသခင်က သင့်အား အချက်အလက်အားလုံးနှင့် မှန်ကန်သည့်အရာကို ပြောပြမည်လော။ တစ်နည်းအားဖြင့်၊ ထိုသို့ပြုလုပ်ရန် သူအတွက် မလိုအပ်ပေ။ နောက်တစ်နည်းအားဖြင့်၊ လူ့ဦးနှောက်နှင့် ဉာဏ်သည် ဤအရာများကို လက်ခံရန် လိုအပ်သော ထူးကဲသည့်တတ်စွမ်းနိုင်မှုမရှိဟူသည့် အမှန်တရားတစ်ခု ရှိနေသည်။ ဘုရားသခင် လုပ်ဆောင်သည့်အမှုသည် လူ့စိတ်ကူးထက် ကျော်လွန်ပြီး အရာခပ်သိမ်းထက် ကျော်လွန်သည်။ အရာခပ်သိမ်းနှင့် နှိုင်းယှဉ်လျှင်၊ လူသားများသည် ကမ်းခြေပေါ်ရှိ သဲတစ်ပွင့်နှင့် တူသည်။ ဤဖော်ပြချက်သည် အချက်အလက်များနှင့် နီးစပ်ပြီး သင့်တင့်လျောက်ပတ်သည်ဟု မှတ်ယူနိုင်သည်။ ဘုရားသခင်က သင့်အား အရာအားလုံးကို ပြောပြလိုလျှင်ပင်၊ ထိုအရာအားလုံးကို ခံယူရန် သင် တတ်စွမ်းနိုင်မှု ရှိသလော။ အချို့လူများက “အဘယ်ကြောင့် ထိုအရာအားလုံးကို ကျွန်ုပ် မခံယူနိုင်သနည်း။ ဘုရားသခင်က နောက်ထပ် ပြောဆိုလျှင်၊ ကျွန်ုပ် ပိုနားလည်နိုင်ပြီး ပိုရရှိနိုင်မည်ဖြစ်သည်။ ထိုသို့ဖြင့် ကျွန်ုပ် မျက်နှာသာပေးခံရမည် ဖြစ်သည်” ဟု ပြောကြသည်။ ယင်းမှာ မရနိုင်သည့် မျှော်လင့်ချက်ဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်တတ်စွမ်းနိုင်မှုကို အထင်ကြီးလွန်းနေခြင်း ဖြစ်သည်။ ဤသည်မှာ အမှုအရာများ အမှန်တကယ် ဖြစ်သည့်ပုံစံမဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင်၊ သင့်ကို သူပြောပြသည့်အရာများသည် အလွန်ရိုးရှင်းပြီး သိသာထင်ရှားသည်၊ ယင်းတို့သည် လူတို့ နားလည်သဘောပေါက်နိုင်သည့်အရာများ ဖြစ်သည်။ အမှန်တွင်၊ လူတို့ နားလည်သဘောပေါက်နိုင်ခြင်းမရှိသောကြောင့် ဘုရားသခင် မပြောဆိုခဲ့သည့် အရာများစွာ ရှိသည်။ ထို့ကြောင့်၊ သင်၏အယူအဆအချို့သည် အဆုံးတွင် ပြေလည်မသွားခြင်းက အလွန် ပုံမှန်ကျသည်။ ဘုရားသခင်က သင့်အား နားလည်စေရန် လိုအပ်ပြီး ပြောပြလိုသည့်အရာများ၊ သို့မဟုတ် သင် ခံနိုင်ရည်ရှိပြီး နားလည်နိုင်သည့်အရာများကို သင် နားလည်လိမ့်မည်။ သင် ခံနိုင်ရည်မရှိနိုင်သောအရာများ သို့မဟုတ် နားလည်သဘောပေါက်နိုင်ခြင်းမရှိသောအရာများ၊ သင်၏ဇာတိမျက်စိများဖြင့် မမြင်နိုင်သော အရာများကိုမူ၊ ဘုရားသခင်က သင့်အား ပြောပြလျှင်ပင်၊ အချည်းနှီးဖြစ်မည်ဖြစ်ပြီး အားထုတ်မှု အလဟဿဖြစ်ပေမည်။ ထို့ကြောင့်၊ ဘုရားသခင်က သင့်အား ဤအရာများကို မပြောပြပေ။ ထိုသို့သောအယူအဆများနှင့်စပ်လျဉ်း၍၊ သင်သေဆုံးသည့်အချိန် သို့မဟုတ် ဘုရားသခင်၏အမှုတော် ပြီးဆုံးသည့်အချိန်တွင်ပင် သင် နားမလည်သေးလျှင်၊ ဤအရာက မည်သည့်အရာကို ထိခိုက်သနည်း။ ယင်းက ဘုရားသခင်အပေါ် သင်၏ကျိုးနွံနာခံမှုကို ထိခိုက်သလော။ ယင်းက ဖန်ဆင်းခံတစ်ဦး၏ အခန်းကဏ္ဍကို သင်ခံယူခြင်းအပေါ် ထိခိုက်သလော။ ယင်းက ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သင်သိရှိခြင်းအပေါ် ထိခိုက်သလော။ သင်သည် ဤနည်းလမ်းများထဲမှ တစ်ခုတစ်လေဖြင့်မျှ ထိခိုက်ခြင်းမခံရပါက၊ သင်သည် ကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ သို့ဆိုလျှင် ဤအယူအဆမျိုးကို ဖြေရှင်းရန် လိုအပ်သေးသလော။ မလိုအပ်ပေ။ ဤသည်မှာ နောက်ဆုံးအမျိုးအစားဖြစ်သည့် အယူအဆ၊ သေခါနီးအချိန်တွင်ပင် မဖြေရှင်းနိုင်သည့် အမျိုးအစား ဖြစ်သည်။ အချို့လူများက “အို ဘုရားသခင်၊ ကိုယ်တော်လုပ်ဆောင်ခဲ့သော ဤအမှု၊ ကိုယ်တော်ပြောခဲ့သော ဤနှုတ်ကပတ်တော်များနှင့် ကိုယ်တော်ပြင်ဆင်ပေးခဲ့သော ဤပတ်ဝန်းကျင်ကို ကျွန်ုပ် နားမလည်သေးပါ။ ကျွန်ုပ် အေးချမ်းစွာ သေနိုင်ရန် ကျွန်ုပ်မသေမီ ကိုယ်တော် ကျွန်ုပ်ကို ပြောပြနိုင်မည်လော”ဟု ပြောကြသည်။ ဘုရားသခင်က ထိုသို့သော တောင်းဆိုမှုများကို လျစ်လျူရှုသည်။ သင်သည် အေးချမ်းစွာသွားနိုင်သည်။ ဝိညာဉ်ရေးရာ နယ်ပယ်တွင် အရာအားလုံးကို သင် နားလည်လိမ့်မည်။
ဘုရားသခင်၌ လူတို့ကို ကယ်တင်ရန် သူ၏ကိုယ်ပိုင်စံနှုန်း ရှိသည်။ ထိုစံနှုန်းမှာ သင်၏အယူအဆများကို သင် မည်မျှကောင်းစွာ ဖြေရှင်းပြီးဖြစ်သည်၊ သို့မဟုတ် ယင်းတို့ထဲမှ မည်မျှကို သင်စွန့်လွှတ်ပြီးဖြစ်သည်ဟူသည်တို့အပေါ် အခြေမခံပေ။ ထိုအစား ယင်းသည် ဘုရားသခင်ကို သင် မည်မျှကြောက်ရွံ့သည်၊ သူ့ကို သင်မည်မျှကျိုးနွံနာခံသည်၊ သူ့ကို သင်အမှန်တကယ် ကြောက်ရွံ့ပြီး ကျိုးနွံနာခံခြင်း ရှိမရှိဟူသည်တို့အပေါ် အခြေခံသည်။ ဘုရားသခင်လုပ်ဆောင်သည့်အရာတိုင်းတွင် အဓိပ္ပာယ်ရှိပြီး၊ ယင်းသည် သင်လက်ခံရန် လွယ်ကူသည်ဖြစ်စေ၊ သင်လက်ခံရန် ခက်ခဲပြီး သင့်၌ အယူအဆများ ဖြစ်ပေါ်စေနိုင်ခြေရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာက မပြောင်းလဲပေ။ သူသည် ဖန်ဆင်းရှင် အမြဲဖြစ်နေမည်ဖြစ်ပြီး၊ သင်သည် ဖန်ဆင်းခံတစ်ဦး အမြဲဖြစ်နေမည်ဖြစ်သည်။ အကယ်၍ သင်သည် အယူအဆတစ်ခုတလေ၏ ကန့်သတ်ခြင်းကိုမျှ မခံရသည့်အပြင်ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်၏ ဆက်ဆံရေးကို သင်သည် ဘုရားသခင်နှင့် ဆက်လက်၍ ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ အကယ်၍ သင်သည် အယူအဆတစ်ခုတလေ၏ လွှမ်းမိုးခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို မခံရဘဲနေနိုင်လျှင်၊ သင်၏စိတ်နှလုံး အတွင်းနက်နက်နေရာများမှ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံနိုင်စွမ်းရှိပြီး၊ သင်၏ သမ္မာတရား သိနားလည်မှုက နက်နဲသည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ၊ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း၊ ဘုရားသခင်သည် ထာဝစဉ်အမြဲ ဘုရားသခင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ဘုရားသခင် လုပ်ဆောင်သည့်အရာသည် မည်သည့်အခါမျှ မမှားယွင်းကြောင်း ယုံကြည်လျက် အယူအဆများကို သင် ဘေးဖယ်ထားနိုင်ပြီး၊ ယင်းတို့၏ ဘောင်ခတ်ခြင်းကို မခံရလျှင်၊ သင်သည် ကယ်တင်ခြင်းခံရနိုင်ပေသည်။ အမှန်တွင်၊ လူတိုင်း၏ ဝိညာဉ်ရင့်ကျက်မှုက အကန့်အသတ်ရှိသည်။ လူတို့၏ဦးနှောက်ထဲတွင် အမှုအရာ မည်မျှ ထည့်၍ရနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို နားလည်နိုင်သလော။ ယင်းမှာ အလွန်ဆိုးရွားသော တွေခေါ်မှုဖြစ်သည်တကား။ မမေ့နှင့်။ လူတို့သည် ဘုရားသခင်ရှေ့မှောက်တွင် အမြဲပင် ကလေးသူငယ်များ ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သင်ကိုယ်သင် လိမ္မာပါးနပ်သည်ဟု ထင်လျှင်၊ သင်သည် အမြဲတစေ လူလည်ကျရန် ကြိုးစားပြီး၊ “ထိုအရာကို ငါ နားမလည်နိုင်လျှင်၊ သင်သည် ငါ၏ဘုရားဖြစ်ကြောင်း ငါ အသိအမှတ်မပြုနိုင်၊ သင်သည် ငါ၏ဘုရားဖြစ်ကြောင်း ငါ လက်မခံနိုင်၊ သင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း ငါ အသိအမှတ်မပြုနိုင်ပါ။ သင်သည် ငါ၏အယူအဆများကို မဖြေရှင်းပေးလျှင်၊ သင် ဘုရားဖြစ်ကြောင်းကို ငါအသိအမှတ်ပြုလိမ့်မည်၊ သင်၏အချုပ်အခြာအာဏာကို ငါလက်ခံလိမ့်မည်၊ သင့်ကို ငါကျိုးနွံနာခံလိမ့်မည်ဟု သင်ထင်နေလျှင် သင်အိပ်မက်မက်နေခြင်းသာ ဖြစ်သည်”ဟု စဉ်းစားလျက် အရာရာကို နားလည်သဘောပေါက်ရန် ကြိုးစားပါက၊ ဤသည်မှာ ပြဿနာဖြစ်စေသည်။ မည်သို့ပြဿနာဖြစ်စေသနည်း။ ဘုရားသခင်သည် ထိုသို့သောအရာများနှင့်ပတ်သက်၍ သင်နှင့်အတူ အငြင်းမပွားပေ။ လူသားအပေါ် သူသည် အစဉ်သဖြင့် အောက်ပါအတိုင်း ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သင်၏ဘုရားအဖြစ် လက်မခံပါက၊ သူသည် သင့်ကို သူ၏ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ် လက်ခံမည်မဟုတ်။ ဘုရားသခင်က သင့်ကို သူ၏ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ် လက်မခံသည့်အခါ၊ သူအပေါ် သင်၏သဘောထား၏ အကျိုးဆက်အဖြစ် သင်နှင့် ဘုရားသခင်ကြားရှိ သင်၏ဆက်ဆံရေးတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမရှိသည့်အပြင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုလည်းကောင်း၊ ဘုရားသခင် လုပ်ဆောင်သမျှကိုလည်းကောင်း လက်ခံနိုင်ခြင်းမရှိပါက၊ သင်၏ပင်ကိုလက္ခဏာတွင် အပြောင်းအလဲတစ်ခု ရှိလိမ့်မည်။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်သလော။ ဘုရားသခင်က သင့်ကို အသိအမှတ်မပြုပေ။ အငြင်းပွားရန် အကြောင်းမရှိပေ။ ပြီးလျှင် သင်သည် ဖန်ဆင်းခံတစ်ဦး မဟုတ်သည့်အပြင်၊ ဘုရားသခင်က သင့်ကို အလိုမရှိပါက၊ သင့်တွင် ကယ်တင်ခြင်းမျှော်လင့်ချက် ရှိသေးသလော။ (မရှိပါ။) ဘုရားသခင်သည် အဘယ်ကြောင့် သင့်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် မမှတ်ယူသနည်း။ သင်သည် ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်များနှင့် ဝတ္တရားများကို မဖြည့်ဆည်းနိုင်သည့်အပြင်၊ သင်သည် ဖန်ဆင်းရှင်ကို ဖန်ဆင်းခံတစ်ဦး၏နေရာမှ ဆက်ဆံခြင်း မရှိပေ။ သို့ဆိုလျှင် ဘုရားသခင်က သင့်ကို မည်သို့ဆက်ဆံမည်နည်း။ သူက သင့်ကို မည်သို့ရှုမြင်မည်နည်း။ ဘုရားသခင်သည် သင့်ကို စံနှုန်းမီသော ဖန်ဆင်းခံတစ်ဦးအဖြစ် မရှုမြင်ဘဲ၊ ဆုတ်ယုတ်ကျဆင်းသောသူတစ်ဦး၊ နတ်ဆိုးတစ်ဦးနှင့် စာတန်တစ်ဦးအဖြစ် ရှုမြင်လိမ့်မည်။ သင်သည် သင်ကိုယ်သင် လိမ္မာပါးနပ်သည်ဟု တွေးထင်ခဲ့သည် မဟုတ်လော။ သင့်ကိုယ်သင် နတ်ဆိုးတစ်ဦးနှင့် စာတန်တစ်ဦးအဖြစ် မည်သို့ ဖြစ်သွားစေခဲ့သနည်း။ ဤသည်မှာ လိမ္မာပါးနပ်ခြင်းမဟုတ်၊ မိုက်မဲခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက လူတို့အား မည်သည့်အရာကို နားလည်စေသနည်း။ လူတို့သည် ဘုရားသခင်ရှေ့မှောက်တွင် စည်းကမ်းတကျနေရမည်ဟူ၍ ဖြစ်သည်။ သင်၏အယူအဆများအတွက် အကြောင်းပြချက်တစ်ခု သင့်၌ ရှိလျှင်ပင်၊ သမ္မာတရားကို သင် ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ ဘုရားသခင်ကို ကန့်ကွက်ပြောဆိုရန်နှင့် သူ့ကို ဘောင်ခတ်ရန် အရင်းအနှီး သင့်၌ ရှိသည်ဟုလည်းကောင်း မထင်မှတ်နှင့်။ သင် မည်သည့်အရာကိုလုပ်ဆောင်သည်ဖြစ်စေ၊ ထိုသို့မဖြစ်နှင့်။ ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ပင်ကိုလက္ခဏာကို သင် ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဤသည်မှာ ရယ်စရာမဟုတ်ပေ။ ရလဒ်များက လုံးဝကွဲပြားခြားနားခြင်းမှာ လူတို့၌ အယူအဆများရှိသည့်အခါ၊ ၎င်းတို့သည် မတူညီသော ချဉ်းကပ်နည်းများကို သုံးပြီး၊ မတူညီသော ဖြေရှင်းနည်းများကို လက်ခံကျင့်သုံးကြသောကြောင့် အတိအကျ ဖြစ်သည်။
အယူအဆများနှင့်စပ်လျဉ်း၍ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဟူသည်အတွက် သင်တို့တွင် စည်းမျဉ်းများ ရှိသလော။ သင်တို့အနေဖြင့် ဖန်ဆင်းခံများအဖြစ် ကောင်းမွန်စွာ ကျင့်ကြံပြုမူနိုင်ရန်အလို့ငှာ ဤစည်းမျဉ်းများက သင်တို့ကို ကာကွယ်ပေးသလော။ ဤလမ်းကြောင်းသည် ကောင်းမွန်သလော။ (ကောင်းမွန်ပါသည်။) သို့ဆိုလျှင် ယင်းကို အကျဉ်းချုပ်လော့။ (အကယ်၍ ယင်းသည် အတော်အတန် ဖြေရှင်းရန်လွယ်ကူသော အယူအဆတစ်ခုဖြစ်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဤအယူအဆမျိုးကို စိတ်ဖြာလေ့လာဆွေးနွေးသည့် သမ္မာတရားအား ရှာဖွေလျက် ကျွန်ုပ်တို့သည် ဆုတောင်းပြီး ရှာဖွေရမည်ဖြစ်ပြီး၊ သမ္မာတရားကို နားလည်သော ညီအစ်ကိုမောင်နှမများနှင့်လည်း မိတ်သဟာယဖွဲ့နိုင်သည်။ ဤနည်းအားဖြင့်၊ ကျွန်ုပ်တို့သည် ထိုအယူအဆ၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော သွင်ပြင်လက္ခဏာများကို ထွင်းဖောက်မြင်နိုင်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ယင်းကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဖြေရှင်းရန်မလွယ်ကူသော အယူအဆအချို့လည်း ရှိသော်လည်း၊ ယင်းတို့ကို ကျွန်ုပ်တို့ မဖက်တွယ်ရပေ။ ကျွန်ုပ်တို့သည် ဖန်ဆင်းခံများဖြစ်ကြောင်းနှင့် ဘုရားသခင်လုပ်ဆောင်သည့်အရာသည် သေချာပေါက် မှန်ကန်ကြောင်းနှင့် ဤအရာကို ကျွန်ုပ်တို့ နားမလည်ကြသေးခြင်းသာဖြစ်ကြောင်း သိရှိလျက် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ကို ကျိုးနွံနာခံသည့် သဘောထားတစ်ခု ရှိရန်လိုအပ်သည်။ ကျွန်ုပ်တို့ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အယူအဆများကို ဖြန့်ဝေ၍မဖြစ်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းပြီး ရှာဖွေရန် သင်ယူသင့်ပြီး၊ တဖြည်းဖြည်းဖြင့် ဤအယူအဆများသည်လည်း ပြေလည်သွားနိုင်ပေသည်။ တတိယအခြေအနေမှာ အချို့အယူအဆများသည် အဆုံးတွင် မပြေလည်ဘဲ ရှိကောင်းရှိနေနိုင်သည်။ ထိုသို့သောအခြေအနေများတွင်၊ ကျွန်ုပ်တို့သည် ဤအယူအဆများ၏ ဘောင်ခတ်ခြင်းကို မခံရသည့်အပြင်၊ယင်းတို့ကို မဖြန့်ဝေသရွေ့၊ ယင်းမှာ ကိစ္စမရှိပေ။ ။ ဤအယူအဆများသည် အဆုံးတွင် မပြေလည်ဘဲရှိနေလျှင်ပင်၊ ယင်းတို့ကို ကျွန်ုပ်တို့ မဖက်တွယ်ဘဲ ယင်းတို့ကြောင့် မကောင်းမှုကို မကျူးလွန်သရွေ့၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ပြစ်တင်ရှုတ်ချလိမ့်မည် မဟုတ်သည့်အပြင်၊ ယင်းသည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကို ထိခိုက်လိမ့်မည် မဟုတ်ပါ။) စုစုပေါင်း စည်းမျဉ်း မည်မျှရှိသနည်း။ (သုံးခုရှိပါသည်။) စုစုပေါင်း စည်းမျဉ်းသုံးခု ရှိသည်။ အားလုံးကို သင်တို့ မှတ်သားပြီးဖြစ်သည် မဟုတ်လော။ သမ္မာတရားကို သင် နားလည်ပြီး စည်းမျဉ်းများကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ သင်၏အယူအဆများသည် အလိုအလျောက် ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ သင်သည် အယူအဆများကို သင့်အား ဟန့်တားခွင့်မပြုရ သို့မဟုတ် ခလုတ်တိုက်ခွင့်မပြုရပေ။ ဖြေရှင်းနိုင်သော အယူအဆများကို သင်တတ်နိုင်သမျှ အကောင်းဆုံး ဖြေရှင်းလော့။ ပြီးလျှင် ယာယီအားဖြင့် ဖြေရှင်း၍မရနိုင်သော အယူအဆများအတွက်မူ၊ အနည်းဆုံး ယင်းတို့ကို သင့်အား ထိခိုက်ခွင့်မပေးနှင့်။ ယင်းတို့သည် သင်၏ တာဝန်ထမ်းဆောင်ခြင်းကို မတားဆီးသင့်သည့်အပြင်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကိုလည်း မထိခိုက်သင့်ပေ။ သင်၏ အဓိကအချက်မှာ အနည်းဆုံးအနေဖြင့် အယူအဆများကို မဖြန့်ဝေရန်၊ မကောင်းမှုကိုမကျူးလွန်ရန်၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို မဖြစ်စေရန်နှင့် စာတန်၏ အစေခံတစ်ဦး သို့မဟုတ် စာတန်အတွက် တန်ဆာပလာတစ်ခုအဖြစ် မပြုမူရန် ဖြစ်သည်။ သင် မည်မျှပင် အားထုတ်မှုကို သုံးသည်ဖြစ်စေ၊ အချို့အယူအဆများကို အပေါ်ယံမျှသာ ဖြေရှင်း၍ရနိုင်ပြီး စေ့စေ့စပ်စပ် ဖြေရှင်း၍မရနိုင်ပါက၊ ယင်းတို့ကို ယတိပြတ် လျစ်လျူရှုလိုက်လော့။ အယူအဆများကို သင်၏ သမ္မာတရားလိုက်စားခြင်း သို့မဟုတ် သင်၏ အသက်ဝင်ရောက်မှုအား ထိခိုက်ခွင့်မပေးနှင့်။ ဤစည်းမျဉ်းများကို ကျွမ်းကျင်အောင်လုပ်လော့။ ပြီးလျှင်ပုံမှန်အခြေအနေများအောက်တွင် သင်သည် ကာကွယ်ခြင်းခံရလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်ခံသောသူ၊ အပြုသဘောဆောင်သည့်အရာများကို ချစ်သောသူ၊ ဆိုးယုတ်သောသူတစ်ဦး မဟုတ်သူ၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို ဖြစ်စေရန် မလိုလားသည့်အပြင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ မဖြစ်စေသူဖြစ်ပါက၊ သင်သည် ထုံးစံအတိုင်း အယူအဆများ ပေါ်ပေါက်လာသည့် ပြဿနာကို ကြုံတွေ့ရသည့်အခါ၊ ယေဘုယျအားဖြင့် ကာကွယ်ခြင်းခံရလိမ့်မည်။ အခြေခံမျှသာ အဖြစ်ဆုံးသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းမှာ ဤသို့ဖြစ်သည်။ အကယ်၍ ဖြေရှင်းရန်ခက်ခဲသော အယူအဆတစ်ခု ပေါ်ပေါက်လာပါက၊ ထိုအယူအဆအပေါ် အလျင်စလို မတုံ့ပြန်နှင့်။ ပထမဆုံးအနေဖြင့်၊ ဘုရားသခင်လုပ်ဆောင်သည့်အရာ မမှားယွင်းနိုင်သည်ကို ယုံကြည်လျက်၊ ထိုအယူအဆကို ဖြေရှင်းရန် စောင့်ဆိုင်းပြီး သမ္မာတရားကို ရှာဖွေလော့။ ဤစည်းမျဉ်းကို သတိရလော့။ ထို့အပြင်၊ သင်၏တာဝန်ကို ဘေးဖယ်မထားနှင့် သို့မဟုတ် အယူအဆကို သင်၏ တာဝန်ထမ်းဆောင်ခြင်းအား မထိခိုက်စေနှင့်။ သင့်တွင် အယူအဆများရှိပြီး၊ “ဤတာဝန်ကို ငါ ဖြစ်သလိုသာ လုပ်လိုက်မည်။ ငါ စိတ်မကြည်ပါ။ ထို့ကြောင့် သင့်အတွက် ကောင်းစွာ လုပ်ပေးမည် မဟုတ်ပါ” ဟု စဉ်းစားပါက၊ ဤသည်မှာ မကောင်းပေ။ သင်၏သဘောထားက အပျက်သဘောဆောင်ပြီး ဝတ်ကျေတမ်းကျေဖြစ်သွားသည်နှင့်တစ်ပြိုင်နက်၊ ပြဿနာဖြစ်စေသောအရာဖြစ်လာသည်။ ဤသည်မှာ သင့်အတွင်း၌ အယူအဆများ ထကြွနေခြင်း ဖြစ်သည်။ အယူအဆများက သင့်အတွင်း၌ ထကြွပြီး သင်၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်သည့်အခါ၊ ယင်းမှာ ဤအချိန်တွင် သင်နှင့် ဘုရားသခင်ကြားရှိ သင်၏ဆက်ဆံရေးက အမှန်တကယ် ပြောင်းလဲမှုတစ်ခုကို ကြုံရနှင့်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ အချို့အယူအဆများသည် သင်၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်နိုင်သည်။ ယင်းမှာ ပြင်းထန်သော ပြဿနာတစ်ခုဖြစ်ကာ၊ ချက်ချင်း ဖြေရှင်းရမည်ဖြစ်သည်။ အခြားအယူအဆများသည် သင်၏ တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ထိခိုက်မှုမရှိပေ။ ထို့ကြောင့် ယင်းတို့သည် ကြီးမားသော ပြဿနာများ မဟုတ်ပေ။ အကယ်၍ သင်ဖြစ်ပေါ်လာသော အယူအဆများသည် သင့်အား ဘုရားသခင်ကို သံသယဝင်စေလျက်၊ သင်၏ တာဝန်ကို လုံ့လဝီရိယရှိစွာ မလုပ်ဆောင်စေဘဲ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်နိုင်ပြီး သင်၏တာဝန်ကို မထမ်းဆောင်ခြင်းအတွက် အကျိုးဆက်များ ရှိမည်မဟုတ်ဟုပင် ခံစားရစေကာ၊ မည်သည့် ကြောက်ရွံ့ခြင်းမျှမရှိစေပါက သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိစေပါက၊ ဤသည်မှာ အန္တရာယ်ရှိပေသည်။ ဤသည်မှာ သင်သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်လိမ့်မည်ဖြစ်ပြီး၊ စာတန်၏ လှည့်စားခြင်းနှင့် ဖမ်းဆီးခြင်းကို ခံရလိမ့်မည်ဟု ဆိုလိုသည်။ သင်၏အယူအဆများအပေါ် သင်၏သဘောထားနှင့် သင်ပြုလုပ်သော ရွေးချယ်မှုများက အလွန်အရေးကြီးသည်။ အယူအဆများကို ဖြေရှင်း၍ရသည်ဖြစ်စေ၊ ဖြေရှင်း၍မရသည်ဖြစ်စေ၊ ယင်းတို့ကို မည်သည့်အတိုင်းအတာအထိ ဖြေရှင်း၍ရသည်ဖြစ်စေ၊ သင်နှင့် ဘုရားသခင်ကြားရှိ ပုံမှန်ဆက်ဆံရေးသည် မပြောင်းလဲရပေ။ အချက်တစ်ခုအနေဖြင့်၊ သင်သည် ဘုရားသခင်စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်အားလုံးကို ကျိုးနွံနာခံနိုင်သင့်ပြီး၊ ဘုရားသခင်လုပ်ဆောင်သမျှသည် မှန်ကန်ပြီး အဓိပ္ပာယ်ရှိကြောင်း အတည်ပြုသင့်ကာ၊ သမ္မာတရားနှင့်ဆိုင်သည့် ဤအသိပညာနှင့် ဤသွင်ပြင်လက္ခဏာသည် သင့်အတွက် မည်သည့်အခါမျှ မပြောင်းလဲသင့်ပေ။ နောက်တစ်ချက်အနေဖြင့်၊ သင့်ကိုဘုရားသခင် ပေးအပ်ထားသည့် တာဝန်ကို သင် ဘေးဖယ်မထားရ။ သင်သည် ဤဝန်ကို သင့်ဘာသာ ဖယ်ရှားပစ်ခြင်း မပြုရပေ။ အကယ်၍ အတွင်းအားဖြင့်ဖြစ်စေ၊ အပြင်ပန်းအားဖြင့်ဖြစ်စေ၊ သင်သည် ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်း၊ ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း မရှိပါက၊ ဘုရားသခင်သည် သင်၏ကျိုးနွံနာခံမှုနှင့် သင် စောင့်ဆိုင်းနေသည်ကိုသာ မြင်လိမ့်မည်ဖြစ်သည်။ သင့်၌ အယူအဆများ ရှိနေနိုင်သေးသော်လည်း၊ ဘုရားသခင်သည် သင်၏ပုန်ကန်မှုကို မမြင်ပေ။ သင့်တွင် ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း မရှိသည်နှင့်အမျှ၊ ဘုရားသခင်သည် သင့်ကို သူ၏ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ် မှတ်ယူနေဆဲဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ သင်၏စိတ်နှလုံးသည် စောဒကတက်ခြင်းများနှင့် မကျေနပ်မှုများဖြင့် ပြည့်နေပါက၊ သင်သည် လက်တုံ့ပြန်ရန် အခွင့်အရေးကို ရှာဖွေနေပြီး၊ သင်၏တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိဘဲ၊ ထိုအစား ယင်းဝန်ကို သင့်ဘာသာ ပစ်ပယ်လိုပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် အမျိုးမျိုးသော မကျေနပ်ချက်များ ရှိနေသည်အထိပင်ဖြစ်ပြီး၊ သင်၏တာဝန်ကို ထမ်းဆောင်စဉ်အတွင်း မကျေနပ်မှုနှင့် နာကြည်းမှု၏ အချို့သော သရုပ်သကန်များ ထုတ်ဖော်ပြသပါက၊ ဤအချိန်တွင်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံနှင့်ပြီးဖြစ်သည်။ သင်သည် သင်၏ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သော နေရာမှ ပြောင်းနှင့်ပြီးဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦး မဟုတ်တော့ဘဲ၊ နတ်ဆိုးများနှင့် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာပြီဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်ကို မည်သည့်သနားကြင်နာမှုကိုမျှ ပြလိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ဦးသည် ဤအဆင့်သို့ ရောက်သည့်အခါ၊ ၎င်းတို့သည် အန္တရာယ်ရှိသော နယ်မြေသို့ ချဉ်းကပ်နေခြင်းဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာမျှ မလုပ်ဆောင်လျှင်ပင်၊ ၎င်းတို့သည် အသင်းတော်၌ ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်။ ထို့ကြောင့်၊ ၎င်းတို့ လုပ်ဆောင်သည့် အရာရာတွင်၊ အထူးသဖြင့် အယူအဆများကို ဖြေရှင်းခြင်းကဲ့သို့သော ပြဿနာများ ပါဝင်သည့်အခါ၊ လူတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့်အရာများ၊ သို့မဟုတ် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသည့်အရာများ၊ သို့မဟုတ် အခြားသူတို့ကို နာကျင်စေသည့် သို့မဟုတ် ထိခိုက်နစ်နာစေသည့် အရာများကို ရှောင်ရှားရန် ဂရုစိုက်ရမည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။
ဘုရားသခင်နှင့်ပတ်သက်၍ လူတို့တွင် အယူအဆများရှိခြင်းနှင့်ဆိုင်သော ပြဿနာသည် သေးငယ်သောကိစ္စတစ်ခု မဟုတ်ပေ။ လူတို့အတွက် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းရန် အလွန်အရေးကြီးသော်လည်း၊ ဤဆက်ဆံရေးကို အထိခိုက်ဆုံးသောအရာမှာ လူတို့၏ အယူအဆများ ဖြစ်သည်။ ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏အယူအဆများ ဖြေရှင်းပြီးမှသာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်း၍ရနိုင်သည်။ လက်ရှိတွင်၊ လူများစွာ၌ ပြင်းထန်သော ပြဿနာတစ်ခု ရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်သော်လည်း၊ ၎င်းတို့၏ အယူအဆများကို တောက်လျှောက် လုံးဝ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဤအရာက ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးကို ပြင်းထန်စွာ ထိခိုက်စေပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ချစ်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ကျိုးနွံနာခံမှုကို တိုက်ရိုက် သက်ရောက်မှုရှိသည်။ ထို့ကြောင့်၊ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အယူအဆများ ဖြစ်ပေါ်သည်ဖြစ်စေ၊ ယင်းသည် လျစ်လျူမရှုရမည့် ပြင်းထန်သောကိစ္စရပ်တစ်ခု ဖြစ်သည်။ အယူအဆများသည် နံရံတစ်ခုကဲ့သို့ ဖြစ်သည်။ ယင်းတို့က လူတို့ကို ဘုရားသခင်၏ ကယ်တင်ခြင်းအမှုနှင့် သက်ဆိုင်မှုမရှိစေရန်အတွက် လူတို့၏ ဘုရားသခင်နှင့် ဆက်ဆံရေးများကို ဖြတ်တောက်လေသည်။ သို့ဖြစ်၍၊ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများရှိခြင်းသည် လျစ်လျူရှု၍မရသည့် အလွန်ပြင်းထန်သော ပြဿနာတစ်ရပ် ဖြစ်သည်။ အကယ်၍ လူတို့၌ အယူအဆများရှိပြီး ယင်းတို့ကို သမ္မာတရားကို ရှာဖွေ၍ ချက်ချင်း မဖြေရှင်းနိုင်ပါက၊ ဤသည်မှာ အပျက်သဘောဆောင်ခြင်း၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၊ သူ့အပေါ် ရန်လိုမုန်းတီးမှုတို့ကိုပင် အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။ ထိုအခါ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သေးသလော။ ၎င်းတို့၏ အသက်ဝင်ရောက်မှုသည် ရပ်တန့်သွားလိမ့်မည်။ ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းလမ်းကြောင်းသည် မညီညာသည့်အပြင် ကြမ်းတမ်းသည်။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်၊ ၎င်းတို့သည် လမ်းလွှဲများစွာကို လျှောက်လှမ်းနိုင်ပြီး၊ မည်သည့်အခြေအနေတွင်မဆို အယူအဆများ အလွယ်တကူ ဖြစ်ပေါ်လာတတ်ကြလေသည်။ ဤအယူအဆများကို သမ္မာတရား ရှာဖွေခြင်းဖြင့် မဖြေရှင်းလျှင်၊ လူတို့သည် ဘုရားသခင်ကို ပုန်ကန်နိုင်ပြီး သူ့အပေါ် ရန်လိုသည့်လမ်းကြောင်းကို လျှောက်လျက် သူ့ကို အာခံနိုင်သည်။ လူတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အတွက် ကယ်တင်ခြင်းအခွင့်အရေး ကျန်ရှိသေးသည်ဟု သင်တို့ ထင်သလော။ ထိုအခြေအနေတွင် ကိုင်တွယ်ရန် မလွယ်ကူသည့်အပြင်၊ မည်သည့်အခွင့်အရေးမျှ ကျန်ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်က သင့်ကို သူ၏ဖန်ဆင်းခံတစ်ဦးအဖြစ် မငြင်းပယ်မီ၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး မည်သို့ဖြစ်ရမည်ကို သင်ယူသင့်သည်။ ဖန်ဆင်းရှင်ကို စေ့စေ့စပ်စပ်စစ်ဆေးရန် မကြိုးစားနှင့် သို့မဟုတ် သင်ယုံကြည်သော ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း မည်သို့သက်သေပြပြီး အတည်ပြုရမည်ကို သိရှိရန် မကြိုးစားနှင့်။ ဤသည်မှာ သင်၏တာဝန် သို့မဟုတ် ဝတ္တရား မဟုတ်ပေ။ နေ့စဉ် သင်၏စိတ်နှလုံးထဲ၌ တွေးတောပြီး ဆင်ခြင်သုံးသပ်သင့်သည့်အရာမှာ၊ ဘုရားသခင်သည် ဖန်ဆင်းရှင်ဟုတ်မဟုတ်၊ သူသည် အမှန်တကယ် ဘုရားဟုတ်မဟုတ်ဟူသည်ကို သက်သေပြရမည်ဟူသည့်မစား၊ သို့မဟုတ် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အရာနှင့် သူ၏လုပ်ရပ်များက မှန်ကန်ခြင်း ရှိမရှိဟူသည်ကို စေ့စေ့စပ်စပ်စစ်ဆေးခြင်းအစား၊သင်၏တာဝန်များကို မည်သို့ဖြည့်ဆည်းပြီး စံနှုန်းမီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရမည်ဟူ၍သာဖြစ်သည်။ ဤသည်တို့မှာ သင် စေ့စေ့စပ်စပ်စစ်ဆေးသင့်သည့်အရာများ မဟုတ်ပေ။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်