ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၆)
ယနေ့ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှ အချက်ခြောက်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအချက်၏ အဓိကအကြောင်းအရာမှာ အဘယ်နည်း။ (အချက်ခြောက်မှာ “သမ္မာတရားကို လိုက်စားသောသူအားလုံးက လေ့ကျင့်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲ အမြန်ဆုံးဝင်ရောက်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို ရာထူးတိုးပေး၍ ပျိုးထောင်ရန်ဖြစ်သည်” ဟူ၍ ဖြစ်ပါသည်။) ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့သည် လူတို့ကို ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများကိုလည်းကောင်း၊ ဘုရားအိမ်တော်က လူတို့ကို အဘယ်ကြောင့် ရာထူးတိုးပေးပြီး ပျိုးထောင်ရသည်ကိုလည်းကောင်း အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပင်ကိုစွမ်းရည်ရှိသော လူစားမျိုးစုံကို ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းနှင့် ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များ၌ တည်ရှိသော ပြဿနာများကိုလည်း ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ သို့ဆိုလျှင် ဤအချက်နှစ်ချက်အတွင်း၌ အယောင်ဆောင်ခေါင်းဆောင်များ၏ အဓိကသရုပ်သကန်များမှာ အဘယ်နည်း။ ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များဟု ငါတို့ အဘယ်ကြောင့် ဆိုသနည်း။ အဓိကအားဖြင့် ကဏ္ဍနှစ်ခု ရှိသည်။ ကဏ္ဍတစ်ခုမှာ အယောင်ဆောင်ခေါင်းဆောင်များသည် လူစားမျိုးစုံကို ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းအတွက် စည်းမျဉ်းများကို နားမလည်သကဲ့သို့ ဤစည်းမျဉ်းများကိုလည်း မရှာဖွေကြခြင်းဖြစ်သည်။ လူတို့အနေဖြင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန်အတွက် ပိုင်ဆိုင်ထားရန် အရေးကြီးသည့် အစွမ်းအစ ကဏ္ဍများမှာ မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ ပြည့်မီရန် အရေးကြီးသည့် စံသတ်မှတ်ချက်များမှာ မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ လူတို့ကို မဆင်မခြင် အသုံးပြုကြသည်။ နောက်ထပ် ဆိုးဝါးသော ပြဿနာတစ်ခုမှာ ဤလူတို့ကို ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့ ပြုပြီးနောက်တွင် ၎င်းတို့သည် ထိုသူတို့၏ အလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုသကဲ့သို့ ၎င်းတို့ မည်မျှ ကောင်းမွန်စွာ လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်စွမ်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်မှာ မည်သို့ရှိသည်ကိုလည်းကောင်း၊ ဤလူတို့ လုပ်ဆောင်နေသည့် တာဝန်များသည် ၎င်းတို့နှင့် သင့်တော်ခြင်း ရှိမရှိကိုလည်းကောင်း သိရှိအောင်မလုပ်ကြပေ။ ပြီးလျှင် ၎င်းတို့ ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်း ပြုသည့်လူများသည် စံနှုန်းပြည့်မီခြင်း ရှိမရှိနှင့် စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်း ၎င်းတို့ ဂရုမစိုက်ကြပေ၊ ဤအရာများကို ၎င်းတို့ မည်သည့်အခါမျှ မစစ်ဆေးကြပေ။ အယောင်ဆောင်ခေါင်းဆောင်များက ဤသည်မှာ လူတို့ကို ရာထူးတိုးပေးခြင်း၊ လူတို့အတွက် အလုပ် စီစဉ်ပေးခြင်းမျှသာဖြစ်ပြီး နောက်ထပ် ဘာမျှမရှိဟုလည်းကောင်း၊ ထို့နောက်တွင် ၎င်းတို့၏ တာဝန်ဝတ္တရားများမှာ ပြီးဆုံးသွားပြီဖြစ်သည်ဟုလည်းကောင်း ထင်မှတ်ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်ပုံစံဖြစ်ပြီး ဤသည်မှာ ၎င်းတို့ အလုပ်လုပ်နေစဉ်အတွင်း ၎င်းတို့၏ သဘောထားနှင့် ရှုမြင်ပုံလည်း ဖြစ်သည်။ သို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်များ၏ ဤအဓိက သရုပ်သကန်နှစ်ခုသည် လူတို့ကို ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းကြောင်းနှင့် မဖြည့်ဆည်းနိုင်ကြောင်း သက်သေပြနိုင်သလော။ (ပြနိုင်ပါသည်။) အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်ကို မစစ်ဆေးကြသကဲ့သို့ လူစားမျိုးစုံကိုလည်း မလေ့လာကြပေ၊ ပြီးလျှင် လူစားမျိုးစုံ၏ သရုပ်သကန်များနှင့် အခြေအနေများကို ၎င်းတို့ နားလည်သည့် သမ္မာတရားများနှင့် ဘုရားအိမ်တော်က သတ်မှတ်သည့် စည်းမျဉ်းများနှင့် နှိုင်းယှဉ်ခြင်းကို ပြုလုပ်လျက် သမ္မာတရားနှင့် စည်းမျဉ်းများနှင့် ပတ်သက်လာလျှင် စေ့စပ်သေချာခြင်း ပို၍ပင် မရှိကြပေ။ လူစားမျိုးစုံ၏ လူ့သဘာဝနှင့် အားသာချက်များသည် လူကိုအသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ လိုအပ်သော စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်း ၎င်းတို့ မပိုင်းခြားနိုင်ကြပေ။ ဤအကြောင်းများကြောင့် လူတို့ကို ရာထူးတိုးပေးခြင်းနှင့် အသုံးပြုခြင်း၊ ၎င်းတို့အတွက် အလုပ် စီစဉ်ပေးခြင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် အထူးပင် နားဝေတိမ်တောင်ဖြစ်ပြီး ဖြစ်ကတတ်ဆန်းနိုင်ကြကာ ၎င်းတို့ လုပ်ဆောင်သမျှမှာ မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းနှင့် အပေါ်ယံအလုပ်ကို လုပ်ဆောင်ခြင်းတို့သာ ဖြစ်သည်။ ဤသို့ဖြစ်နေသောကြောင့် အယောင်ဆောင်ခေါင်းဆောင်များကို လူစားမျိုးစုံ၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ ဆင်ခြင်တုံတရားရှိစွာနှင့် သင့်လျော်စွာ အသုံးပြုရန် တောင်းဆိုပါက ၎င်းတို့ ဤအရာကို လုပ်ဆောင်နိုင်မည်လော။ (မလုပ်နိုင်ပါ။) အယောင်ဆောင်ခေါင်းဆောင်များ၏ အစွမ်းအစမှာ မည်သို့ရှိသည်ကို ယခုလောလောဆယ် ဘေးဖယ်ထားကြစို့။ ၎င်းတို့၏ အလုပ်အပေါ် သဘောထားနှင့် ၎င်းတို့၏ အလုပ်လုပ်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို ကြည့်ရုံမျှဖြင့်လည်းကောင်း၊ ၎င်းတို့သည် မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ဘဲ အထွေထွေကိစ္စများကိုသာ ကိုင်တွယ်ပြီး ၎င်းတို့ကို ထင်ပေါ်ကျော်ကြားစေသည့် အပေါ်ယံအလုပ် အနည်းငယ်ကိုသာ လုပ်ဆောင်သည်ဟူသည့်အချက်ကို ကြည့်ရုံမျှဖြင့်လည်းကောင်း၊ ၎င်းတို့သည် လူတို့ကို သမ္မာတရားဖြင့် ထောက်ပံ့ပေးသည့်အလုပ်ကို လုံးဝမလုပ်ဆောင်ဘဲ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့အသုံးပြုရမည်ကို မသိသည်ဟူသည့်အချက်ကို ကြည့်ရုံမျှဖြင့်လည်းကောင်း၊ ဤအရာအားလုံးသည် အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်၏ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြောင်း သက်သေပြရန် လုံလောက်ပါသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း၊ သို့မဟုတ် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် ညီအစ်ကိုမောင်နှမများကြားထဲသို့ နက်နက်ရှိုင်းရှိုင်း မဝင်ရောက်ဘဲ လုံးဝ အထက်လူကြီးဆန်ဆန် ပြုမူလုပ်ဆောင်ပြီး အမိန့်များ ထုတ်သည်ဟူသည့်အချက်ကို အခြေခံရုံမျှဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်အတွက် လူတို့ကို ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် အသင်းတော်အလုပ်၏ ကဏ္ဍအားလုံးကို ထမ်းဆောင်နိုင်စွမ်းမရှိကြောင်း အတည်ပြုနိုင်သည်။
အချက် ၇- လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ တစ်ဦးစီတိုင်းကို အသင့်တော်ဆုံးနေရာ၌ အသုံးချနိုင်ရန် သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုခြင်း (အပိုင်း ၁)
လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်း
လူစားမျိုးစုံကို မည်သို့ စီစဉ်ပြီး အသုံးပြုရမည်နှင့်ပတ်သက်၍ သင်တို့၏ နားလည်သဘောပေါက်မှုမှာ အဘယ်နည်း။ (ဘုရားအိမ်တော်သည် ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရသော လူစားမျိုးစုံအတွက် မတူညီသော လိုအပ်သည့် စံနှုန်းများ ရှိပြီး လူတို့ကို ရာထူးတိုးပေးခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် စံနှုန်းများအတိုင်း ရာထူးတိုးပေးကာ လူတို့ကို အသုံးပြုသင့်ပါသည်။ အချို့လူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ရန် သင့်တော်ပါက ၎င်းတို့ကို ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်ရေးမှူးများအဖြစ် ပျိုးထောင်သင့်ပါသည်။ အချို့လူများသည် နယ်ပယ်တစ်ခုတွင် အတတ်ပညာဆိုင်ရာ အားသာချက်များ ပိုင်ဆိုင်ထားပါက ၎င်းတို့ ထမ်းဆောင်သည့် တာဝန်ကို ၎င်းတို့၏ အတတ်ပညာဆိုင်ရာ အားသာချက်များအတိုင်း စီစဉ်သင့်သည်၊ သို့မှသာ ၎င်းတို့ကို သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုခြင်း ဖြစ်မည်ဖြစ်ပါသည်။) တစ်စုံတစ်ဦးတွင် ထပ်ဖြည့်စွက်ရန် တစ်ခုခုရှိသလော။ (နောက်တစ်ချက်မှာ လူတို့ကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ တိုင်းတာခြင်း ဖြစ်ပါသည်။ တစ်စုံတစ်ဦး၏ လူ့သဘာဝသည် အတော်အတန် ကောင်းမွန်ပြီး သူသည် သမ္မာတရားကို ချစ်ကာ သဘောပေါက်နားလည်နိုင်စွမ်း ရှိပါက သူသည် ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် သင့်တော်သူတစ်ဦး ဖြစ်ပါသည်။ သူ၏ လူ့သဘာဝသည် သာမန်ဖြစ်သော်လည်း သူ့တွင် အားသာချက်များရှိပြီး ဘုရားအိမ်တော်၌ တာဝန်တစ်ခုကို ထမ်းဆောင်နိုင်ကာ အစေခံနိုင်ပါက ဤလူစားမျိုးကိုလည်း သူ၏ အားသာချက်များအပေါ် အခြေခံ၍ သင့်တော်သော တာဝန်တစ်ခုကို ခန့်အပ်နိုင်သည်၊ သို့မှသာ သူ့ကို အကောင်းဆုံး အသုံးချခြင်း ဖြစ်မည်ဖြစ်ပါသည်။ အကယ်၍ သူသည် အတော်အတန် ဆိုးသော လူ့သဘာဝရှိပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေနိုင်ပါက သူ့ကို တာဝန်တစ်ခု ထမ်းဆောင်စေခြင်းသည် အကျိုးထက် အပြစ်က ပိုများမည်ဖြစ်သောကြောင့် သူ့ကို တာဝန်တစ်ခု ထမ်းဆောင်ရန် စီစဉ်ခြင်းသည် မသင့်လျော်ပါ။) အကယ်၍ လူတို့ကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ ခွဲခြားပါက ၎င်းတို့သည် ဆိုးယုတ်သောသူများ မဟုတ်သရွေ့၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် အနှောင့်အယှက်များ မဖြစ်စေသရွေ့နှင့် တာဝန်တစ်ခုကို ထမ်းဆောင်နိုင်စွမ်း ရှိသရွေ့ ၎င်းတို့သည် လူကိုအသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ မူများနှင့် ကိုက်ညီပါသည်။ ဆိုးယုတ်သောလူများနှင့် ဝိညာဉ်ဆိုးများအပြင် အသုံးမပြုနိုင်သော နောက်တစ်မျိုးမှာ ဉာဏ်ရည်မပြည့်မီသောသူများ ဖြစ်သည်၊ ဆိုလိုသည်မှာ မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်သော၊ မည်သည့်အရာကိုမျှ ပြီးစီးအောင် မလုပ်ဆောင်နိုင်သော၊ အတတ်ပညာတစ်ခုကို သင်ယူနိုင်စွမ်းမရှိသော၊ ရိုးရှင်းသော အထွေထွေကိစ္စများကို မကိုင်တွယ်နိုင်သော၊ ကာယလုပ်အားကိုပင် မလုပ်ဆောင်နိုင်သောသူများ ဖြစ်သည်၊ ဉာဏ်ရည်နှင့် လူ့သဘာဝ မပြည့်မီသောလူများကို အသုံးပြု၍မရနိုင်ပေ။ ဉာဏ်ရည်မပြည့်မီခြင်းဟူသော ဤအမျိုးအစားထဲတွင် မည်သည့်လူများ ပါဝင်သနည်း။ လူ့စကားကို နားမလည်သော၊ မှန်ကန်သော နားလည်သဘောပေါက်မှု ကင်းမဲ့သော၊ အမှုအရာများကို အမြဲတမ်း နားလည်မှုလွဲမှားသော၊ အမှားများ လုပ်မိသော၊ မေးခွန်းများကို မသက်ဆိုင်သော အဖြေများ ပေးသော၊ ဉာဏ်ထိုင်းသူများ သို့မဟုတ် ဉာဏ်ရည်နိမ့်ကျသူများကဲ့သို့ အမျိုးအစားတူဖြစ်သောသူများ ဖြစ်သည်၊ ဤသူအားလုံးသည် ဉာဏ်ရည်မပြည့်မီသောသူများ ဖြစ်ကြသည်။ ထို့နောက် အမှုအရာအမျိုးမျိုးကို ပုံမှန်လူများနှင့် ကွဲပြားစွာ နားလည်သဘောပေါက်သည့် အလွန်အမင်း အဓိပ္ပာယ်မဲ့သော လူများ ရှိသည်၊ ၎င်းတို့တွင်လည်း ဉာဏ်ရည်ပြဿနာ ရှိသည်။ ဉာဏ်ရည်မပြည့်မီခြင်းတွင် မည်သည့်အရာကိုမျှ သင်ယူနိုင်စွမ်းမရှိခြင်း ပါဝင်သလော။ (ပါဝင်ပါသည်။) သို့ဆိုလျှင် စာများ မည်သို့ရေးရမည်ကို သင်ယူနိုင်စွမ်းမရှိခြင်းသည် ဉာဏ်ရည်မပြည့်မီခြင်းဟု သတ်မှတ်သလော။ (မသတ်မှတ်ပါ။) ဤသို့သော လူစားမျိုးကို မသတ်မှတ်ပေ။ ဥပမာအားဖြင့် သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းကို သင်ယူခြင်း၊ ကွန်ပျူတာကျွမ်းကျင်မှုများကို သင်ယူခြင်း သို့မဟုတ် နိုင်ငံခြားဘာသာစကားတစ်ခုကို သင်ယူခြင်းတို့ကို ကြည့်ပါ၊ ဤအရာများကို သင်ယူနိုင်စွမ်းမရှိခြင်းသည် ဉာဏ်ရည်မပြည့်မီခြင်းဟု မသတ်မှတ်ပေ။ သို့ဆိုလျှင် မည်သို့သောအရာမျိုးကို သင်ယူနိုင်စွမ်းမရှိခြင်းက ဉာဏ်ရည်မပြည့်မီကြောင်းကို ညွှန်ပြသနည်း။ ဥပမာအားဖြင့် အချို့လူများသည် အသိပညာ အနည်းငယ်ရှိသော်လည်း အခြားသူများနှင့် စကားစမြည်ပြောဆိုသည့်အခါ မိမိတို့၏ စကားကို မည်သို့ စုစည်းရမည်ကို သင်ယူနိုင်စွမ်းမရှိကြပေ။ သို့ဆိုလျှင် ဤသို့သော လူစားမျိုးသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နိုင်ခြင်း၊ ဆုတောင်းနိုင်ခြင်းနှင့် အခြားသူများနှင့် ပုံမှန်အတိုင်း ဆက်သွယ်ပြောဆိုနိုင်ခြင်းတို့ ရှိနိုင်မည်လော။ (မရှိနိုင်ပါ။) ၎င်းတို့၏ စိတ်ထဲတွင် စိတ်ကူးတစ်ခုရှိသည့်အခါ သို့မဟုတ် ၎င်းတို့သည် အခြေအနေတစ်ခုတွင် ရှိနေသည့်အခါ၊ ပြီးလျှင် ၎င်းတို့သည် ဖွင့်ဟပြီး လူတို့အား ထိုအကြောင်းကို ပြောပြကာ ဖြေရှင်းရန် လမ်းကြောင်းကို ရှာဖွေလိုသည့်အခါ ၎င်းတို့သည် ရက်ပေါင်းများစွာ ဆက်တိုက်ကြံဆကြသော်လည်း မည်သည့်နေရာမှ စရမည်ကို သို့မဟုတ် မိမိတို့ကိုယ်ကို မည်သို့ ဖော်ပြရမည်ကို မသိကြပေ။ ၎င်းတို့ စကားပြောသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စိတ်ရှုပ်ထွေးသွားပြီး ရှုပ်ထွေးသောနည်းလမ်းဖြင့် စကားပြောကြသည်၊ ၎င်းတို့၏ ပါးစပ်များသည် ခိုင်းသည့်အတိုင်း မလုပ်ဆောင်ရန် ငြင်းဆန်ပုံရပြီး ၎င်းတို့၏ အတွေးများသည် နေရာအနှံ့ ဖြစ်နေသည်။ ဥပမာအားဖြင့် သင်က ၎င်းတို့ကို “ယနေ့တွင် ရာသီဥတုက ကောင်းပြီး နေသာသည်” ဟု ပြောလျှင် ၎င်းတို့က “မနေ့က မိုးရွာပြီး ထိုလမ်းမပေါ်တွင် ကားတိုက်မှုတစ်ခု ဖြစ်ခဲ့သည်” ဟု ပြန်ဖြေလိမ့်မည်။ ၎င်းတို့သည် မိမိတို့ စကားပြောဆိုနေသူများနှင့် လမ်းကြောင်းတစ်ခုတည်းပေါ်တွင် မရှိကြပေ။ ဤသို့သော လူစားမျိုးသည် ဉာဏ်ရည်မပြည့်မီသလော။ (မပြည့်မီပါ။) ဥပမာအားဖြင့် ၎င်းတို့ ခေါင်းကိုက်နေပြီး သင်က ၎င်းတို့ကို ဘာဖြစ်သလဲဟု မေးလျှင် ၎င်းတို့က မိမိတို့၏ နှလုံးသည် အနည်းငယ် မသက်မသာဖြစ်သည်ဟု ပြောလိမ့်မည်။ ဤအဖြေသည် မေးခွန်းနှင့် မသက်ဆိုင်ပါ၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဉာဏ်ရည်အလွန်နိမ့်ကျခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူများ အလွန်များပြားလှသည်။ သင်တို့ ဥပမာတစ်ခု ပေးနိုင်သလော။ (အချို့လူများသည် မေးခွန်းများကို ဖြေဆိုသည့်အခါ အမြဲတမ်း အကြောင်းအရာနှင့် လွဲချော်သွားကြသည်၊ အခြားလူများ မေးနေသည့်အရာကို ၎င်းတို့ လုံးဝ နားမလည်နိုင်ကြပါ။) စကားပြောနေစဉ် မကြာခဏ အကြောင်းအရာနှင့် လွဲချော်သွားခြင်းသည် ဉာဏ်ရည်မပြည့်မီခြင်း ဖြစ်သည်။ ထို့နောက် စကားပြောဆိုသည့်အခါ အတွင်းလူနှင့် အပြင်လူကို မခွဲခြားတတ်သော လူများလည်း ရှိသည်၊ တစ်ခါတစ်ရံတွင် ၎င်းတို့ စကားပြောသည့်အခါ မိမိတို့ကိုယ်ကို သစ္စာဖောက်မိသည်ကိုပင် မသိလိုက်ကြပေ၊ ဤသည်မှာလည်း ဉာဏ်ရည်မပြည့်မီခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အချို့ညီအစ်ကိုမောင်နှမများသည် ဘာသာတရားမရှိသော မိသားစုဝင်များနှင့်အတူ နေထိုင်ကြရာ ၎င်းတို့၏ မိသားစုဝင်များက ၎င်းတို့ကို “သင်တို့၏ ဘုရားက သင်တို့ကို ဘာလုပ်ခိုင်းသနည်း” ဟု မေးကြသည်။ ၎င်းတို့က “ကျွန်ုပ်တို့ ယုံကြည်သည့် ဘုရားသခင်က အလွန်ကောင်းပါသည်။ ကိုယ်တော်က ကျွန်ုပ်တို့ကို ရိုးသားတဲ့လူတွေ ဖြစ်ဖို့ သင်ပေးသည်၊ ပြီးလျှင် ကျွန်ုပ်တို့ကို မည်သူ့ကိုမျှ မလိမ်ညာဖို့နှင့် လူတိုင်းကို ရိုးသားစွာ စကားပြောရမည်ဟု သင်ပေးသည်” ဟု ပြန်ဖြေကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သည့် အလုပ်ကို သက်သေခံနေကြသကဲ့သို့လည်းကောင်း၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေနေသကဲ့သို့လည်းကောင်း၊ ၎င်းတို့ကို နားထောင်သူများအား ယုံကြည်သူများအပေါ် ကောင်းသော အထင်အမြင်ရှိစေပြီး ယုံကြည်ကိုးစားစေနေသကဲ့သို့လည်းကောင်း ထင်ရသော်လည်း ဤသည်မှာ အမှန်တကယ် ထိုသို့ ဟုတ်ပါသလော။ ဘာသာတရားမရှိသူများသည် ဤအရာကို ကြားသည့်အခါ မည်သို့ ပြောဆိုကြမည်နည်း။ ၎င်းတို့က “သင်တို့၏ ဘုရားက သင်တို့ကို ရိုးသားတဲ့လူတွေ ဖြစ်ဖို့ တောင်းဆိုခဲ့သည့်အတွက် ငါတို့ကို အမှန်အတိုင်း ပြောပါ၊ သင်တို့၏ အသင်းတော်တွင် ပိုက်ဆံ မည်မျှရှိသနည်း။ မည်သူက အလှူငွေ အများဆုံး ပေးသနည်း။ သင်တို့၏ အသင်းတော်ခေါင်းဆောင်က မည်သူနည်း။ သင်တို့တွင် စုဝေးသည့်နေရာ ဘယ်နှစ်ခု ရှိသနည်း” ဟု ပြောဆိုကြလိမ့်မည်။ သင်သည် ထိုအရာကြောင့် အံ့အားသင့်သွားမည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် ဉာဏ်မမီကြသည် မဟုတ်လော။ သင်သည် နတ်ဆိုးများနှင့် ဘာသာတရားမရှိသူများကို ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းအကြောင်း အဘယ်ကြောင့် ပြောဆိုနေရသနည်း။ တကယ်တမ်းတွင် သင်သည် ဘုရားသခင်ရှေ့မှောက်၌ ထိုမျှ ရိုးသားရန် မလိုအပ်ပေ။ သို့ဆိုလျှင် ဘာသာတရားမရှိသူများနှင့် အလွန် အလေးအနက်ထားခြင်းဖြင့် သင်သည် သင်ကိုယ်တိုင်ကို သစ္စာဖောက်နေခြင်း မဟုတ်လော။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်း မဟုတ်လော။ သင်သည် ဉာဏ်ထိုင်းသူတစ်ဦး မဟုတ်လော။ သင်၏ စိတ်နှလုံးကို ဖွင့်ဟသည့်အခါ သို့မဟုတ် တစ်စုံတစ်ဦးကို ရိုးသားစွာ စကားပြောသည့်အခါ သင်သည် မည်သူ့ကို စကားပြောနေသည်ကို ထည့်သွင်းစဉ်းစားရမည်၊ အကယ်၍ ထိုသူသည် နတ်ဆိုးတစ်ကောင် သို့မဟုတ် စာတန်တစ်ကောင် ဖြစ်ပါက အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို သင် ၎င်းတို့ကို ပြောပြနိုင်မည်လော။ သို့ဖြစ်၍ ဤကဲ့သို့သော လူများနှင့် ပတ်သက်လာလျှင် “မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိခြင်း” ကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်၊ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သွန်သင်ချက် ဖြစ်သည်။ ဉာဏ်ထိုင်းသူများသည် ဤသို့လုပ်ဆောင်ရန် မသိကြပေ။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းရန် သိကြပြီး “ကျွန်ုပ်တို့ ယုံကြည်သူများသည် အလွန်ရိုးသားသည်၊ မည်သူ့ကိုမျှ မလိမ်ညာပါ။ သင်တို့ ဘာသာတရားမရှိသူတွေကို ကြည့်ပါ၊ သင်တို့က လိမ်ညာမှုများနှင့် ပြည့်နေသည်၊ ကျွန်ုပ်တို့အားလုံး ရိုးသားစွာ ပြောဆိုကြသည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုကြသည်။ ပြီးလျှင် ၎င်းတို့ ရိုးသားစွာ ပြောဆိုပြီးနောက် လူတို့သည် ၎င်းတို့အပေါ် အသုံးချရန် အခွင့်အရေး ရသွားကြသည်။ ဤသည်မှာ ၎င်းတို့ အတွင်းလူနှင့် အပြင်လူကို မခွဲခြားတတ်ခြင်း မဟုတ်လော။ ဤသည်မှာ ဦးနှောက်ချို့ယွင်းနေခြင်း မဟုတ်လော။ ၎င်းတို့သည် အယူဝါဒအချို့ကို နားလည်သော်လည်း ယင်းတို့ကို မည်သို့ အသုံးချရမည်ကို မသိကြပေ။ ၎င်းတို့သည် ဆောင်ပုဒ်အချို့ကို ဟစ်ကြွေးပြီးနောက် ၎င်းတို့သည် အမှန်တကယ် ဝိညာဉ်ရေးရာဆန်သည်ဟု ခံစားရကာ သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည်ဟု ထင်မှတ်ကြပြီး နေရာတိုင်းတွင် ကြွားဝါကြသော်လည်း အဆုံးတွင် စာတန်များနှင့် နတ်ဆိုးများသည် ဤအရာကို အခွင့်ကောင်းယူပြီး ၎င်းတို့အပေါ် အသုံးချကြသည်။ ဤသည်မှာ ဉာဏ်ရည်မပြည့်မီခြင်း ဖြစ်သည်။
ငါတို့သည် ဉာဏ်ရည်မပြည့်မီသော လူစားမျိုးစုံအကြောင်းကို ယခုတင် ပြောဆိုခဲ့ကြသည်။ တစ်မျိုးမှာ လူ့စကားကို နားမလည်သော၊ အခြားသူများ၏ စကားများမှ အချက်အချာကျသည့် အဓိကအချက်များကို နားလည်ပြီး သဘောပေါက်ရန် ပျက်ကွက်သောသူများ ဖြစ်သည်။ နောက်တစ်မျိုးမှာ မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်သော၊ မည်သို့ပင် လုပ်ဆောင်ပါစေ စည်းမျဉ်းများ သို့မဟုတ် အဓိကအချက်များကို သဘောမပေါက်နိုင်သော ဉာဏ်ထိုင်းသူများ ဖြစ်သည်။ ထပ်ဆင့်၍ နောက်တစ်မျိုးမှာ အရာရာအပေါ်တွင် အလွန်အမင်း တစ်ယူသန်ပြီး အဓိပ္ပာယ်မရှိသော အမြင်များ ရှိသူများ ဖြစ်သည်။ နောက်ထပ်တစ်မျိုးမှာ မည်သည့်အရာကိုမျှ သင်ယူနိုင်စွမ်းမရှိသော၊ စကားပြောဆိုခြင်း သို့မဟုတ် စကားစမြည်ပြောဆိုခြင်းကိုပင် သင်ယူနိုင်စွမ်းမရှိသော၊ အခြားသူများ နားလည်နိုင်ရန် မိမိတို့၏ အတွေးများနှင့် အမြင်များကို ရှင်းလင်းစွာ ဖော်ပြရမည်ကို သင်ယူနိုင်စွမ်းမရှိသောသူများ ဖြစ်သည်။ ၎င်းတို့သည် အသင့်အတင့် စာတတ်ပေတတ်ဖြစ်သော်လည်း မိမိတို့၏ ခေါင်းထဲတွင် စကားလုံးများကို မစုစည်းနိုင်သကဲ့သို့ ရှင်းလင်းစွာ မပြောဆိုနိုင်သည့်အပြင် မှန်ကန်သော အမြင်များကိုလည်း မဖော်ပြနိုင်ဘဲ မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ဤသူအားလုံးသည် ဉာဏ်ရည်မပြည့်မီသောသူများ ဖြစ်ကြသည်။ မည်သည့်အတတ်ပညာ သို့မဟုတ် ကျွမ်းကျင်မှုကိုပင် သင်ယူပါစေ၊ ၎င်းတို့သည် စည်းမျဉ်းများနှင့် နည်းဥပဒေသများကို သဘောပေါက်ရန် အစဉ်မပြတ် မတတ်နိုင်ကြပေ။ တစ်ခါတစ်ရံ အတတ်ပညာ သို့မဟုတ် ကျွမ်းကျင်မှုတစ်ခုကို ကောင်းစွာ လုပ်ဆောင်နိုင်လျှင်ပင် ယင်းမှာ မတော်တဆသာ ဖြစ်သည်၊ ၎င်းတို့သည် မည်သို့ ကောင်းစွာ လုပ်ဆောင်ခဲ့သည်ကို မသိကြပေ။ နောက်တစ်ကြိမ် ကောင်းစွာ မလုပ်ဆောင်နိုင်သည့်အခါတွင်လည်း အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ သင်ယူနိုင်စွမ်းမရှိသကဲ့သို့ ထိုအရာ၌ ကျွမ်းကျင်လာခြင်းလည်း မရှိပေ။ အကယ်၍ ၎င်းတို့ကို အတတ်ပညာတစ်ခု သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို သင်ယူရန် တောင်းဆိုပါက မည်မျှပင် ကြာရှည်စွာ သင်ယူနေပါစေ ၎င်းတို့သည် သဘောတရားကိုသာ သဘောပေါက်ကြလိမ့်မည်။ ၎င်းတို့သည် တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားကို နားမလည်ကြသေးပေ။ အကယ်၍ ၎င်းတို့ကို ဘုရားအိမ်တော်က မကြာခဏ မိတ်သဟာယဖွဲ့လေ့ရှိသည့် ဤနှုတ်ကပတ်တော်များနှင့် ဤတိကျသော ပြောဆိုချက်များကို ယူ၍စည်းမျဉ်းတစ်ခုနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲရန် တောင်းဆိုပါက ၎င်းတို့သည် မည်သို့ပင် သင်ကြားခံရပါစေ အသေအလဲ ကြိုးစားလုပ်ဆောင်ပါစေ ထိုသို့ပြုလုပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဤသည်က ဤလူများသည် ဉာဏ်ရည်မပြည့်မီကြောင်းကို အတည်ပြုသည်။ အချို့လူများသည် အသက် ၃၀ အရွယ်တွင် တစ်စုံတစ်ခုကို လုပ်ဆောင်ရာ၌ ရရှိသည့် ရလဒ်များနှင့် အသက် ၅၀ သို့မဟုတ် ၆၀ အရွယ်တွင် ထိုအရာကိုပင် လုပ်ဆောင်ရာ၌ ရရှိသည့် ရလဒ်များမှာ လုံးဝ တိုးတက်မှု တစ်စုံတစ်ရာမရှိဘဲ အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တစ်သက်တာတွင် အရာတစ်ခုကိုမျှ အောင်မြင်စွာ မသင်ယူနိုင်ခဲ့ကြပေ။ ၎င်းတို့သည် အချိန်ကို အလဟဿ မဖြုန်းခဲ့ကြ၊ အလွန် အာရုံစိုက်ပြီး ကြိုးစားအားထုတ်ခဲ့ကြသော်လည်း မည်သည့်အရာကိုမျှ အောင်မြင်စွာ မသင်ယူနိုင်ခဲ့ကြပေ၊ ဤသည်က ၎င်းတို့ ဉာဏ်ရည်မပြည့်မီကြောင်းကို ပြသသည်။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို အခြေခံ၍ ဉာဏ်ရည်မပြည့်မီခြင်းဟု မှတ်ယူသည့်အရာ၏ နယ်ပယ်သည် ပို၍ ကျယ်ပြန့်လာသည် မဟုတ်လော။ သင်တို့ကိုယ်တိုင် ဉာဏ်ရည်မပြည့်မီသူများထဲတွင် ပါဝင်သည်ဟု သင်တို့ မှတ်ယူပါသလား။ (မှတ်ယူပါသည်။) အနည်းငယ် အနည်းနှင့်အများ ဖြစ်ပါသည်။ ငါ အဘယ်ကြောင့် ထိုသို့ ပြောရသနည်း။ လူအများစုသည် တရားဒေသနာများကို ငါးနှစ်ကြာ နားထောင်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကို သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များသည် မည်သည့်အရာဖြစ်သည်ကို နားမလည်ကြသေးပေ။ အချို့လူများမှာမူ တရားဒေသနာများကို ၁၀ နှစ်၊ သို့မဟုတ် အနှစ် ၂၀ သို့မဟုတ် ၃၀ ပင် နားထောင်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရား လက်တွေ့ကျမှုသည် မည်သည့်အရာဖြစ်သည်နှင့် စကားလုံးများနှင့် အယူဝါဒများသည် မည်သည့်အရာဖြစ်သည်ကို နားမလည်ကြသေးဘဲ ၎င်းတို့၏ ပါးစပ်များသည် အယူဝါဒများနှင့် ပြည့်နေပြီး ထိုအရာများကို ကျွမ်းကျင်စွာ ရွတ်ဆိုကြသည်၊ ဤသည်မှာ ၎င်းတို့၏ ဉာဏ်ရည်နှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ သမ္မာတရားကို သဘောပေါက်နားလည်ခြင်းကို ယခုလောလောဆယ် ဘေးဖယ်ထားလျက်၊ လူတို့သည် အချို့သော အပြင်ပန်းအရာများနှင့် လူ့အသက်တာရှိ သာမန်အသိတရားဆိုင်ရာ ကိစ္စရပ်များအပေါ် အောက်ပါသရုပ်သကန်များကို ပြသကြသည်ဟု ဆိုကြပါစို့။ မည်မျှပင် နှစ်များစွာ တစ်စုံတစ်ခုကို လုပ်ဆောင်နေပါစေ ၎င်းတို့၏ အခြေအနေ၊ အဖြစ်အပျက်နှင့် သိမြင်နားလည်မှုတို့သည် ၎င်းတို့ စတင်သင်ယူခဲ့စဉ်ကအတိုင်းပင် ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် မည်သို့ပင် လမ်းညွှန်ခြင်း၊ သင်ကြားခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းတို့ကို ခံရပါစေ ၎င်းတို့သည် မည်သည့် တိုးတက်မှုကိုမျှ မရရှိကြသေးပေ။ ဤသည်မှာ ဉာဏ်ရည်မပြည့်မီခြင်း ဖြစ်သည်။
လူတို့တွင် လူ့သဘာဝရှိမရှိကို အခြေခံ၍ ၎င်းတို့ကို ရွေးချယ်ခြင်းနှင့် အသုံးပြုခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသည်။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ လူ့သဘာဝညံ့ဖျင်းသော၊ ဉာဏ်ရည်မပြည့်မီသော သို့မဟုတ် ဝိညာဉ်ဆိုးများ၏ လုပ်ဆောင်ချက်ရှိသော လူတို့ကို ငါတို့ ပျိုးထောင်ပြီး အသုံးပြုသင့်သလော။ ယင်းမှာ လုံးဝ အလုပ်ဖြစ်မည်မဟုတ်။ လူကိုအသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် မကိုက်ညီသော ဤလူအမျိုးအစားအချို့မှလွဲ၍ အခြားလူအများစုကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုနိုင်သည်။ သာမန်လူ့သဘာဝရှိသောသူများအတွက်မူ၊ ယင်းကို ဆိုးသည်ဟုလည်း မဆိုနိုင်၊ ကောင်းသည်ဟုလည်း မဆိုနိုင်ဘဲ၊ ၎င်းတို့သည် သာမန်အဖွဲ့သားများသာ ဖြစ်နိုင်သည်။ အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိသောသူများ၊ အတော်အတန် ဆင်ခြင်တုံတရားရှိပြီး အသိစိတ်ရှိသော၊ အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးသော၊ အထူးပင် ဖြောင့်မတ်သော၊ တရားမျှတစိတ်ရှိသော၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသောသူများအတွက် ဤလူတို့ကို အလေးထား၍ ပျိုးထောင်ပြီး အသုံးပြုနိုင်သည်။ ၎င်းတို့ကို ခေါင်းဆောင်များ သို့မဟုတ် အဖွဲ့ခေါင်းဆောင်များအဖြစ် ပျိုးထောင်ပြီး အသုံးပြုမည်လော၊ သို့မဟုတ် အရေးကြီးသော အလုပ်အချို့ကို လုပ်ဆောင်စေမည်လောဟူသည့်အချက်မှာမူ ၎င်းတို့၏ အစွမ်းအစနှင့် အားသာချက်များအပေါ်တွင် မူတည်သည်။ ဤသည်မှာ လူစားမျိုးစုံကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ မည်သို့ အသုံးပြုရမည်ကို ချိန်ဆခြင်း ဖြစ်သည်။
လူအမျိုးမျိုးကို ၎င်းတို့၏ အားသာချက်များအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်း
လူစားမျိုးစုံကို ၎င်းတို့၏ အားသာချက်များအပေါ် အခြေခံ၍ မည်သို့ အသုံးပြုရမည်ကို ဆက်လက်၍ ပြောဆိုကြပါစို့။ အချို့လူများတွင် အစွမ်းအစအပြင် ၎င်းတို့ ထူးချွန်သည့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုအချို့လည်း ရှိကြသည်။ “အားသာချက်များ” ဟူသော စကားလုံးဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ (ဂီတဖန်တီးနိုင်ခြင်း၊ တူရိယာတီးခတ်နိုင်ခြင်း သို့မဟုတ် ပန်းချီဆွဲနိုင်ခြင်းကဲ့သို့သော အထူးပြုနယ်ပယ်တစ်ခုတွင် ကျွမ်းကျင်မှုရှိခြင်း ဖြစ်ပါသည်။) ဂီတသီအိုရီ၊ အနုပညာ၊ ထို့အပြင် အကနှင့် စာပေတို့ကို နားလည်ခြင်းဟူသည့် ဤအရာအားလုံးသည် အားသာချက်များ ဖြစ်ကြသည်။ သရုပ်ဆောင်ခြင်းနှင့် ဒါရိုက်တာလုပ်ခြင်းတို့သည် ရုပ်ရှင်ထုတ်လုပ်ရေးနှင့် သက်ဆိုင်သော အားသာချက်များဖြစ်သည်၊ ဘာသာပြန်ဆိုခြင်းသည် ဘာသာစကားဆိုင်ရာ အားသာချက်ဖြစ်ပြီး ဗီဒီယိုထုတ်လုပ်ရေးနှင့် အထူးပြုလုပ်ချက်များသည်လည်း သတ်သတ်မှတ်မှတ်ဖြစ်သောနယ်ပယ်များအတွင်းမှ အားသာချက်များ ဖြစ်ကြသည်။ ငါတို့က အားသာချက်များအကြောင်း ပြောဆိုသည့်အခါ အသင်းတော်၏ အဓိကကျသောအလုပ်နှင့် သက်ဆိုင်သည့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ အချို့လူများသည် အခြေခံကျွမ်းကျင်မှုအဆင့်ကို ရရှိပြီးဖြစ်ကာ အချို့လူများသည် ဘုရားအိမ်တော်သို့ ရောက်လာပြီးနောက် ဤအရာများကို လေ့လာကြသည်။ အကယ်၍ လူတစ်ဦးတွင် အခြေခံကျွမ်းကျင်မှု ရှိသော်လည်း ၎င်း၏ လူ့သဘာဝက စံမမီဘဲ ဉာဏ်ရည်မပြည့်မီသောသူ၊ ဆိုးယုတ်သောလူ သို့မဟုတ် ဝိညာဉ်ဆိုးတစ်ဦး ဖြစ်ပါက ၎င်းကို အသုံးမပြုနိုင်ပေ။ အကယ်၍ ထိုသူ၏ လူ့သဘာဝက စံမီပြီး ဘုရားအိမ်တော်က လိုအပ်သော အားသာချက်တစ်ခုကို ပိုင်ဆိုင်ထားပါက ၎င်းကို ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို ပြုနိုင်သည်၊ ၎င်း၏ အားသာချက်များနှင့် ကိုက်ညီသော သို့မဟုတ် ၎င်း ပိုင်ဆိုင်ထားသည့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် သက်ဆိုင်သော အဖွဲ့တစ်ဖွဲ့သို့ ခန့်အပ်ပြီး ချက်ချင်း အလုပ်စတင်စေနိုင်သည်။ အချို့လူများသည် အတတ်ပညာဆိုင်ရာ အားသာချက်တစ်ခုကို မပိုင်ဆိုင်သေးသော်လည်း သင်ယူလိုစိတ်ရှိပြီး အလွန် လျင်မြန်စွာ သင်ယူတတ်မြောက်ကြသည်။ အကယ်၍ ၎င်းတို့၏ လူ့သဘာဝက စံမီပါက ဘုရားအိမ်တော်သည် ၎င်းတို့ကို ပျိုးထောင်နိုင်ပြီး ၎င်းတို့ သင်ယူရန်အတွက် အခြေအနေများကို ဖန်တီးပေးနိုင်သည်၊ ထိုသို့သောလူများကိုလည်း အသုံးပြုနိုင်သည်။ အချုပ်အားဖြင့်ဆိုသော် တာဝန်များ ခန့်အပ်ခြင်းသည် လူတို့၏ အစွမ်းအစနှင့် အားသာချက်များအပေါ် အခြေခံပြီး အားသာချက်အမျိုးမျိုးရှိသော လူတို့ကို ၎င်းတို့၏ အားသာချက်များကို အသုံးချနိုင်ရန်အတွက် မိမိတို့၏ ကျွမ်းကျင်မှုနယ်ပယ်အတွင်း၌ အလုပ်လုပ်ရန် ဖြစ်နိုင်သမျှ စီစဉ်ပေးသင့်သည်။ အကယ်၍ ၎င်းတို့၏ အားသာချက်များကို ဘုရားအိမ်တော်က မလိုအပ်တော့ပါက ၎င်းတို့၏ အစွမ်းအစနှင့် လူ့သဘာဝအပေါ် အခြေခံ၍ ၎င်းတို့ လုပ်ဆောင်နိုင်စွမ်းရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် စီစဉ်ပေးနိုင်သည်၊ ဤသည်ကို လူတို့ကို သင့်လျော်စွာ အသုံးပြုခြင်းဟု ခေါ်သည်။ အကယ်၍ ဘုရားအိမ်တော်သည် ၎င်းတို့၏ အားသာချက်များကို လိုအပ်နေဆဲဖြစ်ပါက ၎င်းတို့ကို ဤနယ်ပယ်တွင် မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့်ပြုသင့်ပြီး မဆင်မခြင် ပြောင်းရွှေ့၍မရနိုင်ပေ၊ သို့သော် ဤအတတ်ပညာဖြင့် အလုပ်လုပ်နေသူများ အလွန်များပြားနေသည့် အခြေအနေမျိုးတွင်မူ ၎င်းတို့၏ အတတ်ပညာတွင် အရည်အချင်း အနည်းဆုံးသူများကို အခြားတာဝန်များသို့ ပြန်လည်ခန့်အပ်ခြင်းဖြင့် လူအရေအတွက်ကို အခြေအနေအရ လျှော့ချသင့်သည်၊ ဤသည်မှာ လူတို့ကို သင့်လျော်စွာ အသုံးပြုခြင်း ဖြစ်သည်။
မည်သည့် အထူးကျွမ်းကျင်မှုများမျှ မရှိသော လူစားမျိုးတစ်မျိုး ရှိသည်၊ ၎င်းတို့သည် စာများကို အနည်းငယ် ရေးနိုင်သည်၊ သီချင်းဆိုသည့်အခါ အသံမှန်အောင် သီဆိုနိုင်သည်၊ မည်သည့်အရာကိုမဆို မည်သို့လုပ်ရမည်ကို သင်ယူနိုင်သော်လည်း ဤအရာများတွင် အတော်ဆုံး မဟုတ်ကြပေ။ ၎င်းတို့ မည်သည့်အရာတွင် အတော်ဆုံးဖြစ်သနည်း။ ၎င်းတို့တွင် အစွမ်းအစ အနည်းငယ်ရှိသည်၊ ၎င်းတို့သည် အတော်အတန် တရားမျှတစိတ်ရှိကြပြီး လူတို့ကို မည်သို့ အကဲဖြတ်ပြီး အသုံးပြုရမည်ကို သိမြင်နိုင်စွမ်း အနည်းငယ် ရှိကြသည်။ ထို့အပြင် ၎င်းတို့တွင် အထူးခြားဆုံးမှာ စီစဉ်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့သောလူတစ်ဦးကို တာဝန်တစ်ခု သို့မဟုတ် အလုပ်တစ်ခု ပေးပါက ၎င်းတို့သည် လူတို့ကို ထိုအရာကို လုပ်ဆောင်ရန် စီစဉ်နိုင်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်၊ ဆိုလိုသည်မှာ အကယ်၍ သင်သည် ၎င်းတို့ကို အလုပ်တစ်ခု ပေးပါက ၎င်းတို့တွင် ထိုအရာကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး ပြီးစီးနိုင်သည့် စွမ်းရည်ရှိသည်။ ၎င်းတို့၏ စိတ်ထဲတွင် အဆင့်များနှင့် ဖွဲ့စည်းပုံပါသော အစီအစဉ်တစ်ခု ရှိသည်။ ၎င်းတို့သည် လူတို့ကို မည်သို့ အသုံးပြုရမည်၊ အချိန်ကို မည်သို့ ခွဲဝေရမည်၊ ဤတာဝန်အတွက် မည်သူ့ကို အသုံးပြုရမည်ကို သိကြသည်။ ပြဿနာတစ်ခု ပေါ်ပေါက်လာပါက ဖြေရှင်းနည်းကို လူတိုင်းနှင့် မည်သို့ ဆွေးနွေးရမည်ကို ၎င်းတို့ သိကြသည်။ ဤအရာအားလုံးကို မည်သို့ ဟန်ချက်ညီအောင်ပြုလုပ်ပြီး ဖြေရှင်းရမည်ကို ၎င်းတို့ သိကြသည်။ ဤကဲ့သို့သော လူတစ်ဦးသည် အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားရုံသာမက အတော်အတန်လည်း စကားပြောကောင်းကြသည်။ ၎င်းတို့၏ စကားများသည် ရှင်းလင်းပြီး စနစ်ကျကာ လူတို့ကို စိတ်မရှုပ်ထွေးစေပေ။ ၎င်းတို့ အလုပ် ခွဲခန့်ပြီးသည့်အခါ လူတိုင်း ရှင်းလင်းစွာ နားလည်ပြီး လူတစ်ဦးစီတိုင်း မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကို သိကြသည်၊ မည်သူမျှ အလုပ်မရှိဘဲ မနေရသကဲ့သို့ အလုပ်တွင်လည်း လစ်ဟာမှုများ မရှိပေ။ အလုပ်၏ အသေးစိတ်အချက်အလက်များကို ၎င်းတို့ ရှင်းပြခြင်းသည်လည်း အတော်အတန် ရှင်းလင်းပြီး စနစ်ကျသည်၊ အထူးသဖြင့် ရှုပ်ထွေးသော ကိစ္စရပ်များအတွက် ကိစ္စရပ်များကို လူတိုင်း နားလည်ပြီး အလုပ်ကို မည်သို့ လုပ်ဆောင်ရမည်၊ မည်သို့ ရှေ့ဆက်ရမည်ကို သိရှိကြရန်အတွက် ၎င်းတို့သည် ဆန်းစစ်ချက်များ၊ မိတ်သဟာယဖွဲ့ခြင်းများနှင့် အသေးစိတ်အချက်အလက်များကို စာရင်းပြုစုခြင်းတို့ကို ပေးသည်၊ ထို့အပြင် မည်သည့်လုပ်ဆောင်ပုံများက အားနည်းချက်ရှိနိုင်သည်၊ မည်သည့်အလုပ်လုပ်နည်းများက ထိရောက်မှုရှိစေမည်၊ မိမိတို့၏ အလုပ်လုပ်နေစဉ်အတွင်း လူတို့ မည်သည့်အရာကို ဂရုပြုသင့်သည် စသည်တို့ကိုလည်း ၎င်းတို့ မိတ်သဟာယဖွဲ့နိုင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အလုပ်မစတင်မီတွင် အခြားသူများထက် ပို၍ တွေးတောကြသည်၊ အခြားသူများထက် ပို၍ အသေးစိတ်ကျကျ၊ ပို၍ လက်တွေ့ကျကျနှင့် ပို၍ ကျယ်ကျယ်ပြန့်ပြန့် တွေးတောကြသည်။ တစ်ဖက်တွင် ၎င်းတို့တွင် ဦးနှောက်ရှိပြီး နောက်တစ်ဖက်တွင် ၎င်းတို့သည် စကားပြောကောင်းကြသည်။ ဦးနှောက်ရှိသည်ဆိုသည်မှာ ၎င်းတို့သည် အမှုအရာများကို စနစ်တကျ၊ အဆင့်ဆင့်လုပ်ဆောင်ပြီး အစီအစဉ်အတိုင်း၊ အလွန် ရှင်းလင်းစွာ လုပ်ဆောင်သည်ကို ဆိုလိုသည်။ စကားပြောကောင်းသည်ဆိုသည်မှာ ၎င်းတို့သည် မိမိတို့၏ စိတ်ထဲရှိ အတွေးများ၊ အစီအစဉ်များနှင့် တွက်ချက်မှုများကို ရှင်းလင်းစွာနှင့် နားလည်လွယ်စွာ ဖော်ပြရန် ဘာသာစကားကို အသုံးပြုနိုင်သည်ကိုလည်းကောင်း၊ ၎င်းတို့ကို နားထောင်သူများ စိတ်မရှုပ်ထွေးစေရန် ရိုးရှင်းစွာနှင့် တိကျစွာ မည်သို့ ပြောဆိုရမည်ကို သိသည်ကိုလည်းကောင်း ဆိုလိုသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထူးပင် ရှင်းလင်းသော၊ တိကျသော၊ မှန်ကန်သောနှင့် လျောက်ပတ်သော ဘာသာစကားဖြင့် ဖော်ပြကြသည်။ ဤသည်မှာ စကားပြောကောင်းခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤကဲ့သို့သော လူများသည် စကားပြောကောင်းကြသည်၊ ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်း၊ စီစဉ်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားကြပြီး ထို့ထက်မက ၎င်းတို့တွင် တာဝန်ယူစိတ်ရှိကာ အတော်အတန် တရားမျှတစိတ်လည်း ရှိကြသည်။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများ သို့မဟုတ် ပြဿနာမဖြစ်လိုသူများ မဟုတ်ကြပေ။ ဆိုးယုတ်သောလူများက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေနေသည်ကို သို့မဟုတ် မိမိတို့၏ သင့်လျော်သော ကိစ္စရပ်များကို ဂရုမစိုက်ဘဲ စိတ်မချရသောပုံစံဖြင့် ပြုမူသော ဉာဏ်ထိုင်းသူများနှင့် လူဖျင်းလူညံ့များကို တွေ့မြင်သည့်အခါ ၎င်းတို့သည် ဒေါသထွက်ပြီး မကျေမနပ်ဖြစ်ကာ ဤပြဿနာများကို ချက်ချင်း ဖြေရှင်းပြီး ကိုင်တွယ်နိုင်သည့်အပြင် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကိုလည်း ကာကွယ်နိုင်သည်။ တာဝန်ယူစိတ်ရှိခြင်းနှင့် တရားမျှတစိတ်ရှိခြင်းဟူသည့် ဤသရုပ်သကန်များသည် ဤသို့သောလူစားမျိုး၏ လူ့သဘာဝ၏ ထင်ရှားသော လက္ခဏာများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော လူများသည် လူမှုဆက်ဆံရေးတွင် မတော်ကောင်း မတော်နိုင်ပေ၊ သို့မဟုတ် မည်သည့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွင်မဆို အလွန် ကျွမ်းကျင်ကောင်း ကျွမ်းကျင်မည် မဟုတ်သော်လည်း အကယ်၍ ၎င်းတို့သည် ငါ ယခု ဖော်ပြခဲ့သည့် လက္ခဏာများကို ပိုင်ဆိုင်ထားပါက ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ပျိုးထောင်နိုင်သည်။ ဤလက္ခဏာများသည်လည်း ၎င်းတို့၏ အားသာချက်များ ဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် စကားပြောကောင်းသည်၊ အလုပ်လုပ်နိုင်စွမ်း၊ စီစဉ်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားပြီး အတော်အတန် တရားမျှတစိတ်လည်း ရှိသည်။ တရားမျှတစိတ်ရှိခြင်းသည် အဓိကကျသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များတွင် တရားမျှတစိတ် ရှိသလော။ (မရှိပါ။) အန္တိခရစ်များတွင် ကောက်ကျစ်ဆိုးယုတ်သော သဘာဝရှိသည်၊ ၎င်းတို့တွင် တရားမျှတစိတ်ရှိရန် မဖြစ်နိုင်ပေ။ နောက်ထပ် အဓိကကျသောအရာတစ်ခုမှာ ဤသို့သော လူစားမျိုးတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုနှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသည်၊ ဤသည်မှာ ၎င်းတို့၏ အစွမ်းအစနှင့် သက်ဆိုင်သည်။ ဤသို့သော လူစားမျိုး၏ အားသာချက်များမှာ ငါ ယခုတင် ဖော်ပြခဲ့သည့် ထိုလူ့သဘာဝ လက္ခဏာများနှင့် အရည်အချင်းများကို ရည်ညွှန်းသည်၊ ထို့အပြင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိခြင်း၊ အသင်းတော်အတွက် ဝန်ထုပ်တစ်ခုကို ထမ်းခြင်းနှင့် အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းဟူသော စံသုံးခုလည်း ပါဝင်သည်။ ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် ပျိုးထောင်နိုင်သည်၊ ထိုအရာနှင့်ပတ်သက်၍ ပြဿနာမရှိပေ။ ဦးနှောက်နှင့် အစွမ်းအစရှိခြင်းအပြင် ခေါင်းဆောင်တစ်ဦးသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး မိမိ၏အလုပ်တွင် စီစဉ်နိုင်စွမ်းနှင့် အလုပ်လုပ်နိုင်စွမ်းအပြင် စကားပြောကောင်းခြင်းလည်း ရှိရမည်။ အချို့လူများသည် အလွန်ကောင်းသော အစွမ်းအစရှိသည်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ပိုင်ဆိုင်ထားသော်လည်း စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့ရန် အချိန်ကျသည့်အခါ ၎င်းတို့ ပြောဆိုရန် ကြိုးစားနေသည့်အရာကို လုံးဝ ရှုပ်ထွေးသွားအောင် လုပ်မိကြသည်၊ ၎င်းတို့တွင် မိမိတို့၏ စကားကို စုစည်းနိုင်စွမ်း လုံးဝကင်းမဲ့ပြီး ၎င်းတို့ ပြောဆိုသည့်အရာသည် လုံးဝ ယုတ္တိကင်းမဲ့နေသည်။ ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် ပျိုးထောင်နိုင်သလော။ (မပျိုးထောင်နိုင်ပါ။) အချို့လူများသည် အလွန်နည်းသော လူအရေအတွက်နှင့် စကားပြောဆိုရန် စီမံနိုင်ကြသည်၊ ၎င်းတို့သည် အချို့သော အခြေအနေများ၊ အမြင်များနှင့် သမ္မာတရားကို နားလည်သဘောပေါက်မှုအကြောင်း မိတ်သဟာယဖွဲ့နိုင်ပြီး အခြားသူများကို ထောက်ပံ့ခြင်း၊ ပံ့ပိုးခြင်းနှင့် ကူညီခြင်းတို့ကို ပြုနိုင်သော်လည်း လူပိုများသော ပတ်ဝန်းကျင်တွင်မူ ၎င်းတို့သည် စကားပြောရန် မဝံ့ရဲဘဲ ကြောက်ရွံ့ကာ မျက်ရည်ကျလုမတတ်ပင် စိတ်လှုပ်ရှားကြသည်။ ထိုသို့သောလူများကို ပျိုးထောင်နိုင်သလော။ အတော်အတန် အားနည်းပြီး ကြောက်တတ်သော လူ့သဘာဝရှိကာ စင်ကြောက်ခြင်း ဖြစ်လေ့ရှိသော လူစားမျိုးအတွက် အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် လူ့သဘာဝ၊ အားသာချက်များနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားပါက ၎င်းတို့ကို အဖွဲ့ခေါင်းဆောင်တစ်ဦး သို့မဟုတ် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် ပျိုးထောင်နိုင်သည်။ ဦးစွာ ၎င်းတို့ကို ပျိုးထောင်ပြီး လေ့ကျင့်ပေးခြင်းကိုသာပြုပါ၊ အချိန်ကာလတစ်ခုကြာ တွေ့ကြုံပြီးနောက် ၎င်းတို့သည် ထိုးထွင်းသိမြင်မှုကို ရရှိပြီး ထိုသို့ဖြင့် အနည်းငယ် ပို၍ ရဲရင့်လာမည်ဖြစ်ကာ စကားပြောရန် ကြောက်ရွံ့ခြင်း သို့မဟုတ် စင်ကြောက်ခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုသော် ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် လူ့သဘာဝ လက္ခဏာများနှင့် အားသာချက်များ ရှိသူများနှင့် ပတ်သက်လာလျှင် ၎င်းတို့၏ လူ့သဘာဝက စံမီသရွေ့၊ ၎င်းတို့ကို ခေါင်းဆောင်များ ဖြစ်လာရန် ပျိုးထောင်နိုင်သည်။ ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့ ပြောဆိုခဲ့သည့်အတိုင်း တစ်စုံတစ်ဦးကို ခေါင်းဆောင်တစ်ဦးအဖြစ် ပျိုးထောင်ရန်အတွက် ၎င်းတို့သည် သမ္မာတရားအားလုံးကို နားလည်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိရန် စသည်တို့ကို မလွဲမသွေ မလိုအပ်ပေ။ ဤစံသတ်မှတ်ချက်များကို ပြည့်မီရန် လုံးဝ လိုအပ်ခြင်း မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် အစွမ်းအစတစ်ခုခုကို ပိုင်ဆိုင်ထားပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကာ သမ္မာတရားကို လက်ခံနိုင်စွမ်းရှိပါက ၎င်းကို ရာထူးတိုးပေးပြီး ပျိုးထောင်နိုင်သည်။ ဤသည်မှာ လူတို့ကို သင့်လျော်စွာ အသုံးပြုခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အရေးအပါဆုံးသော စံသတ်မှတ်ချက်မှာ လူတစ်ယောက်၏ လူ့သဘာဝက စံမီခြင်း ရှိမရှိပင် ဖြစ်သည်။
အချို့လူတို့သည် ငါပြောပြီးသည့်အရာကို နားထောင်ပြီးနောက် မိမိတို့အနေဖြင့် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းအတွက် စံသတ်မှတ်ချက်များကို ပြည့်မီပြီးဖြစ်ကာ ရာထူးတိုးပေးခံရသင့်သည်ဟု ခံစားရကြသည်။ ဤသည်မှာ ၎င်းတို့ဘက်မှ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် ထိုသို့ ရိုးရှင်းသော ကိစ္စရပ်တစ်ခုဖြစ်သလော။ ၎င်းတို့က၊ “ကျွန်ုပ်က အမှန်တကယ် စည်းစနစ်ကျသည်၊ ကျွန်ုပ်တွင် စည်းရုံးရေးကျွမ်းကျင်မှုများရှိပြီး အရှုပ်ထွေးဆုံးသော ကိစ္စရပ်များကိုပင် ရှင်းလင်းစွာ ရှင်းပြနိုင်သဖြင့် စကားပြောကောင်းသူတစ်ဦး ဖြစ်သည်။ သို့ဖြစ်၍ အဘယ်ကြောင့် ဘုရားအိမ်တော်က ကျွန်ုပ်ကို ရာထူးမတိုးပေးသနည်း။ အဘယ်ကြောင့် ညီအစ်ကိုမောင်နှမများက ကျွန်ုပ်ကို ခေါင်းဆောင်အဖြစ် မရွေးချယ်ကြသနည်း။ အဘယ်ကြောင့် အထက်ခေါင်းဆောင်များက ကျွန်ုပ်သည် ပါရမီရှိသူတစ်ဦးဖြစ်ကြောင်း မမြင်နိုင်ကြသနည်း”ဟု စဉ်းစားကြသည်။ စိတ်မပူနှင့်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် စံသတ်မှတ်ချက်များကို အမှန်တကယ် ပြည့်မီပါက၊ အနှေးနှင့်အမြန်သင်သည် ရာထူးတိုးခံရလိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် လေ့ကျင့်ရန် ခွင့်ပြုခြင်းခံလိမ့်ရမည် ဖြစ်သည်။ ယခု အရေးကြီးသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ခြင်းတို့၌ သင့်ကိုယ်သင် များစွာ လေ့ကျင့်ရမည်ဖြစ်ပြီး၊ အခြားသူများကို တက်ကြွစွာ ကူညီကာ ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းပေးရမည် ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်သည် ကောင်းမွန်သော အစွမ်းအစရှိပြီး လက်တွေ့ကျသော ပြဿနာများအား ဖြေရှင်းနိုင်သည်ကို မြင်သောအခါ၊ ၎င်းတို့က သင့်ကို ထောက်ခံပြီး ရွေးကောက်တင်မြှောက်ကြလိမ့်မည်။ အကယ်၍ သင်သည် စစ်မှန်သော အလုပ်အနည်းငယ်ကို စတင်မလုပ်ဆောင်ဘဲ၊ ခေါင်းဆောင်အဖြစ် ရုတ်တရက် ရွေးကောက်တင်မြှောက်ခံရမည့် သို့မဟုတ် အထက်က ခြွင်းချက်အနေဖြင့် ရာထူးတိုးမြှင့်ပေးမည့်နေ့ကိုသာ စောင့်နေမည်ဆိုလျှင်၊ ယင်းက မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ပေ။ သင်သည် လူတိုင်း မြင်နိုင်ရန်အလို့ငှာ လက်တွေ့ကျသော အလုပ်အချို့ကို လုပ်ဆောင်ရမည်။ လူတိုင်းက သင်၏ အားသာချက်များကို ကိုယ်တိုင်မြင်တွေ့ပြီး ရာထူးတိုးမြှင့်ခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်း ခံသင့်သောသူတစ်ဦးဖြစ်သည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့က သင့်ကို အလိုအလျောက် ထောက်ခံပြီး ရွေးကောက်တင်မြှောက်ကြလိမ့်မည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်တော်သည်ဟု ယခုပင် ခံစားနေရသော်လည်း၊ မည်သူကမျှ သင့်ကို ရွေးကောက်တင်မြှောက်ခြင်းမရှိသေးသည့်အပြင်၊ ဘုရားအိမ်တော်က သင့်ကို ရာထူးမတိုးပေးသေးပါက၊ ယင်းမှာ အဘယ်ကြောင့်နည်း။ အချက်တစ်ချက်မှာ သေချာသည်။ သင်သည် ညီအစ်ကိုမောင်နှမများ၏ အမြင်တွင် အသိအမှတ်ပြုခြင်း မခံရသေးပေ။ ယင်းမှာသင်၏ လူ့သဘာဝကြောင့် ဖြစ်နိုင်သည်၊ သင်၏ လိုက်စားမှုကြောင့် ဖြစ်နိုင်သည် သို့မဟုတ် သင်၏ အားသာချက်များ သို့မဟုတ် အစွမ်းအစကြောင့် ဖြစ်နိုင်သည်။ အကယ်၍ ညီအစ်ကိုမောင်နှမများက ဤသွင်ပြင်လက္ခဏာများထဲမှ တစ်ခုကို အသိအမှတ်မပြုလျှင် သို့မဟုတ် အတည်မပြုလျှင်၊ ၎င်းတို့သည် သင့်ကို ရွေးကောက်တင်မြှောက်မည် မဟုတ်သည့်အပြင် ထောက်ခံမည်လည်း မဟုတ်ပေ။ သို့ဖြစ်၍ သင်သည် ဆက်ကြိုးစားလုပ်ဆောင်နေရမည်၊ ဆက်လိုက်စားကာ သင့်ကိုယ်သင် လေ့ကျင့်နေရမည် ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို သင် စစ်မှန်စွာ နားလည်ပြီး ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်သောအခါ၊ လူတို့က သင့်ကို အလိုအလျောက် ထောက်ခံပြီး ရွေးကောက်တင်မြှောက်ကြလိမ့်မည်။ ယင်းမှာ အခြေအနေများ မှန်ကန်သောအခါ အလိုအလျောက် ဖြစ်လာမည့်ကိစ္စပင် ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းအတွက် အစဉ်မပြတ် မျှော်လင့်နေရန် သို့မဟုတ် ယင်းအကြောင်းကို အချိန်ပြည့် တွေးတောနေရန် မလိုအပ်ပေ။ ဤသည်မှာ လွန်ကဲသောလိုအင်ဆန္ဒတစ်ခု ဖြစ်သည်။ သင်သည် သာမန်စိတ်နှလုံးတစ်ခု ရှိသင့်သည်၊ သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်သင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး ကျိုးနွံနာခံတတ်ရန်နှင့် စိတ်ရှည်တတ်ရန် သင်ယူသင့်သည်။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ လိုက်စား၍မရပေ။ ယင်းမှာ ရည်မှန်းချက်တစ်ခုဖြစ်ပြီး မှန်ကန်သည့် လမ်းကြောင်း မဟုတ်ပေ။ သင်သည် ဤရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို အချိန်ပြည့် မရှိသင့်ပေ။ သင့်တွင် အမှန်တကယ် အစွမ်းအစရှိလျှင်ပင်၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အစေခံသည့် အလုပ်တာဝန်နှင့် စံမီခြင်းမရှိနိုင်မီ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်သည်အထိ သင် စောင့်ရမည် ဖြစ်သည်။ သမ္မာတရားကို သင် နားမလည်သည့်အပြင် သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါက၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရလျှင်ပင်၊ မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ကာ၊ ယင်းမှာ မကြာခဏ ဖြစ်ပျက်သည့်အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်တော်သည်၊ ခေါင်းဆောင်မှုအတွက် ပါရမီ၊ အစွမ်းအစနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည်ဟု တွေးထင်သော်လည်း၊ ဘုရားအိမ်တော်က သင့်ကို ရာထူးမတိုးပေးသေးသည့်အပြင် ညီအစ်ကိုမောင်နှမများကလည်း သင့်ကို ရွေးကောက်တင်မြှောက်ခြင်းမပြုသေးပါက၊ ထိုကိစ္စကို သင်မည်သို့ သဘောထားသင့်သနည်း။ ဤနေရာတွင် သင်လိုက်လျှောက်နိုင်သော လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် လမ်းကြောင်းတစ်ခု ရှိသည်။ သင်သည် မိမိကိုယ်ကို လုံးလုံးလျားလျား သိရှိရမည်။ အဓိကအချက်မှာ သင်၏ လူ့သဘာဝတွင် ပြဿနာတစ်ခုခု ရှိခြင်းဖြစ်သလော၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခုခု ထုတ်ဖော်ခြင်းက လူတို့ကို စက်ဆုပ်စေခြင်းလောဟူသည်ကို ကြည့်ရှုလော့။ သို့မဟုတ် သင်သည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်သည့်အပြင် အခြားသူများအတွက် ယုံကြည်လက်ခံနိုင်ဖွယ်မရှိခြင်း ဟုတ်၊ မဟုတ် သို့မဟုတ် သင်၏ တာဝန်ထမ်းဆောင်မှုက စံနှုန်းမမီခြင်း ဟုတ်၊ မဟုတ်ဟူသည်ကို ကြည့်ရှုလော့။ သင်သည် ဤအရာအားလုံးကို ဆင်ခြင်သုံးသပ်ရမည်ဖြစ်ပြီး မည်သည့်နေရာတွင် သင် အတိအကျ စံမမီသည်ကို ကြည့်ရှုရမည်။ သင်သည် အတန်ကြာဆင်ခြင်သုံးသပ်ပြီး သင်၏ ပြဿနာ မည်သည့်နေရာတွင် ရှိသည်ကို တွေ့ရှိပြီးနောက်၊ ယင်းကို ဖြေရှင်းရန် သမ္မာတရားကို ချက်ချင်း ရှာဖွေရမည်ဖြစ်ပြီး၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ကာ၊ ပြောင်းလဲမှုကို ရရှိရန်နှင့် ကြီးထွားရန် ကြိုးစားရမည်။ သို့မှသာ သင့်ပတ်ဝန်းကျင်တွင်ရှိသူများက ယင်းကို မြင်သောအခါ၊ ၎င်းတို့က “ဤရက်များတွင် သူက ယခင်ထက် များစွာ ပိုတော်လာသည်။ သူက အလုပ်ကို ခိုင်ခိုင်မာမာလုပ်ပြီး သူ၏ အလုပ်အကိုင်ကို အလေးအနက်ထားသည်၊ ပြီးလျှင် သူက သမ္မာတရား စည်းမျဉ်းများကို အထူးအာရုံစိုက်သည်။ သူက အလုပ်များကို စိတ်လိုက်မာန်ပါဖြစ်စေ၊ဝတ်ကျေတမ်းကျေဖြစ်စေ မလုပ်ပါ။ ပြီးလျှင် သူ့အလုပ်နှင့်ပတ်သက်ပြီး ပို၍ အသိတရားရှိကာ တာဝန်ယူတတ်သည်။ သူသည် ယခင်ကစကားကြီးစကားကျယ် ပြောရသည်ကို ကြိုက်ပြီး သူ့ကိုယ်သူ အမြဲတမ်း ထုတ်ဖော်ပြသတတ်သည်။ သို့သော် ယခုတွင် သူသည် အများကြီး ပိုပြီး သိုသိုဝှက်ဝှက်နေတတ်ပြီး ဗိုလ်ကျတတ်ခြင်း မရှိတော့ပါ။ အလုပ်အနည်းငယ်ကို လုပ်နိုင်လျှင်ပင် ထိုအကြောင်းကို ဝါမကြွားပါ။ ပြီးလျှင် တစ်ခုခုလုပ်ပြီးသွားသည့်အခါ တစ်စုံတစ်ရာ အမှားလုပ်မိမည်ကို ကြောက်သဖြင့်၊ ထပ်ခါတလဲလဲ ဆင်ခြင်သုံးသပ်သည်။ သူက ယခင်ထက် များစွာ ပိုသတိထားကာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် လုပ်ဆောင်သည်။ အားလုံးထဲတွင်၊ သူက ပြဿနာအနည်းငယ်ကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်သည်။ အမှန်ပင် သူက ကြီးထွားလာခဲ့ပြီဖြစ်သည်”ဟု ပြောဆိုကြလိမ့်မည်။ သင်နှင့် ခဏတာ အတူပေါင်းသင်းဆက်ဆံခဲ့သော သင့်ပတ်ဝန်းကျင်ရှိသူများက သင်သည် သိသာသော ပြောင်းလဲမှုနှင့် ကြီးထွားမှုကို တွေ့ကြုံခဲ့ရသည်ကို တွေ့ရှိကြသည်။ သင်၏ လူ့ဘဝ၊ ကျင့်ကြံပြုမူခြင်းနှင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့တွင်လည်းကောင်း၊ သင်၏ အလုပ်အပေါ်ထားသော သဘောထားတွင်လည်းကောင်း၊ သမ္မာတရား စည်းမျဉ်းများကို သဘောထားပုံတွင်လည်းကောင်း ယခင်ကထက် သင် ပို၍ အသုံးခံပြီး၊ သင်၏ စကားပြောခြင်းနှင့် ပြုမူခြင်းတို့တွင် စေ့စပ်သေချာသည်။ ညီအစ်ကိုမောင်နှမများက ဤအရာအားလုံးကို မြင်ပြီး နှလုံးသွင်းကြသည်။ ထိုအခါ၊ သင်သည် နောက်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကောင်းယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး၊ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံရရန် မျှော်လင့်ချက် ရှိကောင်းရှိလိမ့်မည်။ သင်သည် အရေးကြီးသော တာဝန်အချို့ကို အမှန်တကယ် ထမ်းဆောင်နိုင်လျှင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရရှိလိမ့်မည်။ အကယ်၍ သင်သည် အမှန်တကယ် ဝန်တာတစ်ခုရှိပြီး ထိုသို့သော တာဝန်ယူလိုစိတ်ရှိကာ၊ ဝန်ကို ထမ်းလိုလျှင်၊ အမြန်ဆုံး သင့်ကိုယ်သင် လေ့ကျင့်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ပြီး စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်လာလော့။ သင်သည် ဘဝအတွေ့အကြုံရှိပြီး သက်သေခံချက် ဆောင်းပါးများကို ရေးနိုင်သည်နှင့်တစ်ပြိုင်နက်၊ အမှန်တကယ် ကြီးထွားလာပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနိုင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သေချာပေါက် ရရှိနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ် အလုပ်လုပ်နေလျှင်၊ ယင်းမှာ ဘုရားသခင်က သင့်ကို မျက်နှာသာဖြင့် ကြည့်ရှုသည်ဟု ဆိုလိုပြီး၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို လမ်းပြခင်းဖြင့်၊ သင်၏ အခွင့်အရေးသည် မကြာမီ ဖြစ်ပေါ်လာလိမ့်မည်။ သင်သည် ယခု ဝန်ထုပ်ဝန်ပိုးတစ်ခု ရှိနိုင်သော်လည်း၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် မလုံလောက်သေးသည့်အပြင် သင်၏ ဘဝအတွေ့အကြုံက အလွန်ပေါ့တန်သေးသောကြောင့်၊ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ဆိုလျှင်ပင်၊ ခလုတ်တိုက်လဲနိုင်ခြေရှိသည်။ သင်သည် အသက် ဝင်ရောက်မှုကို လိုက်စားရမည်၊ သင်၏ လွန်ကဲသောလိုအင်ဆန္ဒများကို ဦးစွာ ဖြေရှင်းရမည်၊ နောက်လိုက်တစ်ဦးဖြစ်ဖို့ လိုလိုလားလား ရှိရမည်ဖြစ်ပြီး ဘုရားသခင် စီစဉ်ညွှန်ကြားသည့်၊ သို့မဟုတ် စီစဉ်သည့် မည်သည့်အရာအတွက်မဆို စောဒကတက်သည့်စကားများမရှိဘဲ ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံတတ်လာရမည်။ သင်သည် ဤဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သောအခါ၊ သင်၏ အခွင့်အရေးက ရောက်လာလိမ့်မည်။ သင်သည် လေးလံသောဝန်ကို ခံယူလိုခြင်း၊ သင်၌ ဤဝန်ထုပ်ဝန်ပိုးရှိခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ယင်းက သင်သည် တိုးတက်မှုဖြစ်စေရန် ကြိုးစားသော တက်ကြွသည့်စိတ်နှလုံးတစ်ခုရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားကာ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်လိုကြောင်း ပြသသည်။ ဤသည်မှာ ရည်မှန်းချက်တစ်ခုမဟုတ်၊ စစ်မှန်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လိုက်စားသောသူများ၏ တာဝန်ဖြစ်ပြီး ၎င်းတို့ လိုက်စားမှု ပန်းတိုင်လည်း ဖြစ်သည်။ သင်၌ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိသည့်အပြင် သင်၏ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ၊ ဘုရားသခင်အတွက် သက်သေခံပြီး သူ့ကို ကျေနပ်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း အခံရဆုံးသောအရာဖြစ်ပြီး၊ သူသည် သင့်အတွက် သင့်တော်သော အစီအစဉ်များကို ပြုလုပ်ပေးလိမ့်မည်။ ယခုမူကား၊ သင်သည် အသက် ဝင်ရောက်မှု လိုက်စားခြင်းကိုသာ အာရုံစိုက်လော့၊ သင်၏ တာဝန်ကို ဦးစွာ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းလော့။ ထို့နောက် ဘုရားသခင်ကို သက်သေခံရန် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးအနည်းငယ်ကို ရေးသားလော့။ သင်၏ သက်သေခံချက်များက စစ်မှန်ပြီး လက်တွေ့ကျပါက၊ ယင်းတို့ကို ဖတ်ရှုသောသူများသည် သင့်ကို လေးစားပြီး နှစ်သက်ကြလိမ့်မည်ဖြစ်ကာ၊ သင်နှင့် ပေါင်းသင်းဆက်ဆံလိုပြီး သင့်ကို ထောက်ခံလိုကြလိမ့်မည်။ ထိုသို့ဖြင့် သင်၏ အခွင့်အရေးက ရောက်လာလိမ့်မည်။ ထို့ကြောင့်၊ အခွင့်အရေး မရောက်လာမီ သင်သည် သမ္မာတရားဖြင့် သင့်ကိုယ်သင် သေချာပေါက် ပြင်ဆင်ထားရမည်။ ဦးစွာ လက်တွေ့ကျသော အတွေ့အကြုံရှိလော့။ ထို့နောက် သင်သည် စစ်မှန်သော သက်သေခံချက် အလိုအလျောက် ရှိလာလိမ့်မည်။ သင့် တာဝန်၏ ရလဒ်များသည် ပိုကောင်းသည်ထက် ကောင်းလာလိမ့်မည်။ ထိုအချိန်တွင်၊ သင်သည် ပုန်းကွယ်လိုလျှင်ပင် ပုန်းကွယ်နိုင်လိမ့်မည်မဟုတ်ဘဲ၊ သင့်ပတ်ဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမများက သင့်ကို ထောက်ခံကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သမ္မာတရား လက်တွေ့ကျမှုရှိသော လူများသည် ဘုရားအိမ်တော်အတွက်သာမက ဘုရားသခင် ရွေးချယ်ထားသောလူများအတွက်ပါ လိုအပ်သောကြောင့် ဖြစ်သည်။ လူတိုင်းသည် သမ္မာတရား လက်တွေ့ကျမှုရှိသော လူများနှင့် ပေါင်းသင်းဆက်ဆံလိုကြပြီး၊ သမ္မာတရား လက်တွေ့ကျမှုရှိသော မိတ်ဆွေများနှင့် ပေါင်းသင်းလိုကြသည်။ အကယ်၍ သင်သည် ဤအဆင့်အထိ တွေ့ကြုံခံစားပြီး၊ သင့်တွင် စစ်မှန်သော သက်သေခံချက်ရှိသည်ကို လူတိုင်း မြင်ကာ သင်၌ သမ္မာတရား လက်တွေ့ကျမှုရှိသည်ကို အသိအမှတ်ပြုပါက၊ သင်သည် ခေါင်းဆောင်တစ်ဦး မဖြစ်ချင်လျှင်ပင် ရှောင်လွှဲ၍ရနိုင်မည်မဟုတ်ဘဲ၊ ညီအစ်ကိုမောင်နှမများက သင့်ကို မရမက ရွေးကောက်တင်မြှောက်ကြလိမ့်မည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ ပျောက်သောသားသည် လမ်းမှန်ကို ပြန်တွေ့ပြီး ဘုရားသခင်ထံ ပြန်လာသောအခါ၊ ဘုရားသခင်သည် ကျေနပ်ပျော်ရွှင်ကာ သူ၏စိတ်နှလုံး၌ သက်သာရာရသည်။ သမ္မာတရား လက်တွေ့ကျမှုရှိသော လူတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းကို မခံရဘဲ မည်သို့နေနိုင်မည်နည်း။ ယင်းမှာ မဖြစ်နိုင်သောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် သူ့အတွက် သက်သေခံနိုင်သောလူများကို ပို၍ ရရှိရန်ဖြစ်သည်။ ဤသည်မှာ သူ့ကိုချစ်သောသူအားလုံးကို စုံလင်စေရန်၊ သူနှင့် စိတ်နှလုံးတစ်လုံးတစ်ဝတည်းရှိသော လူတစ်စုကို ပြည့်စုံစေဖို့ အမြန်ဆုံး ပြုလုပ်ရန်အတွက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အိမ်တော်တွင် သမ္မာတရားကို လိုက်စားသူအားလုံးသည် ကြီးမားသော အလားအလာများရှိကြသည်။ ဘုရားသခင်ကို ရိုးသားစွာချစ်သောသူများ၏ အလားအလာသည် အကန့်အသတ်မရှိပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူတိုင်း နားလည်သင့်သည်။ ဤဝန်ထုပ်ဝန်ပိုးကို ရရှိခြင်းသည် အမှန်တကယ်ပင် အပြုသဘောဆောင်သောအရာဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတို့ ပိုင်ဆိုင်သင့်သည့် အရာတစ်ခုဖြစ်သည်။ သို့သော် လေးလံသောဝန်ကို လူတိုင်းက မလွဲမသွေ ခံယူနိုင်လိမ့်မည်မဟုတ်ပေ။ ဤခြားနားချက်က မည်သည့်နေရာမှ လာသနည်း။ သင်၏ အားသာချက်များ၊ သို့မဟုတ် လုပ်ကိုင်နိုင်စွမ်းက မည်သည့်အရာဖြစ်စေ၊ သင်၏ ဉာဏ်ရည်က မည်မျှမြင့်သည်ဖြစ်စေ အရေးပါသည့်အရာမှာ သင်၏ လိုက်စားမှုနှင့် သင်လျှောက်သည့်လမ်းကြောင်း ဖြစ်သည်။ အကယ်၍ သင်၏ လူ့သဘာဝသည် စံနှုန်းပြည့်မီပြီး သင်၌ အစွမ်းအစတစ်ခုခုရှိသော်လည်း၊ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦးမဟုတ်သည့်အပြင် ကောင်းမွန်သော လူ့သဘာဝနှင့် ဝန်တာစိတ်တစ်ခုခုကို ပိုင်ဆိုင်ရုံမျှ ပိုင်ဆိုင်ပါက၊ သင်သည် အသင်းတော်၏ ခေါင်းဆောင်မှုအလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ သင်သည် သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနိုင်သည်ဟု သင် အာမခံသလော။ အကယ်၍ အာမမခံနိုင်ပါက၊ သင်သည် သင်၏ အလုပ်ကို အရည်အချင်းမရှိသေးပေ။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံရလျှင်ပင် သို့မဟုတ် တာဝန်ပေးအပ်ခြင်းခံရလျှင်ပင်၊ သင်သည် အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိလိမ့်ဦးမည် မဟုတ်ပေ။ သို့ဖြစ်လျှင် ယင်းက မည်သည့်အကျိုးရှိမည်နည်း။ ယင်းက သင်၏ ဝင့်ဝါမှုကို ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း၊ ညီအစ်ကိုမောင်နှမများကို ထိခိုက်စေမည်ဖြစ်ကာ အသင်းတော်၏အလုပ်ကို နှောင့်နှေးစေမည်ဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် စံသတ်မှတ်ချက်များနှင့် ပြည့်မီပြီး၊ သမ္မာတရားကို လိုက်စားသောသူတစ်ဦးဖြစ်ကာ၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့လည်း ရှိပါက၊ သင်သည် ဧကန်မုချ ခေါင်းဆောင်မှု အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်၌ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များရှိသောကြောင့် ဖြစ်သည်၊ သင်သည် သမ္မာတရားကို နားလည်သောသူတစ်ဦးဖြစ်ပြီး၊ အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် လေးလံသောဝန်ကို ထမ်းနိုင်သောကြောင့် ဖြစ်သည်။ သင်၏ လူ့သဘာဝသည် စံနှုန်းပြည့်မီပြီး သင်၌ အားသာချက်အချို့လည်း ရှိခြင်းက ဘုရားအိမ်တော်၏ ရာထူးတိုးမြှင့်ခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းခံရရန်အတွက် အခြေခံစံသတ်မှတ်ချက်များမျှသာ ဖြစ်သည်။ သို့သော် သင်သည် ခေါင်းဆောင်မှုအလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိဟူသည်မှာ သင်၌ စစ်မှန်သော အတွေ့အကြုံနှင့် သမ္မာတရား လက်တွေ့ကျမှု ရှိ၊ မရှိဟူသည့်အပေါ်တွင် မူတည်သည်။ ဤသည်မှာ အရေးအကြီးဆုံးအရာ ဖြစ်သည်။ အချို့လူများသည် မှန်ကန်သောလူများဖြစ်ပြီး သမ္မာတရားကို လိုက်စားကြသော်လည်း၊ သုံးနှစ်မှ ငါးနှစ်အထိသာ ယုံကြည်ခဲ့ကြသေးပြီး လက်တွေ့ကျသော အတွေ့အကြုံမရှိကြပေ။ ထိုသို့သောလူများသည် အသင်းတော်၏ ခေါင်းဆောင်မှု အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ ၎င်းတို့အနေဖြင့် အလုပ်တွင် အရည်အချင်းမရှိမည်ကို ငါစိုးရိမ်မိသည်။ ၎င်းတို့သည် မည်သည့်နေရာတွင် စံမမီကြသနည်း။ ၎င်းတို့အနေဖြင့် လက်တွေ့ကျသော အတွေ့အကြုံ ကင်းမဲ့ပြီး သမ္မာတရားကို နားလည်သည့်အဆင့်သို့ မရောက်သေးပေ။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများစွာကို ပြောနိုင်လျှင်ပင်၊ သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းခြင်းသည် ၎င်းတို့အတွက် မဖြစ်နိုင်သေးပေ။ ထို့ကြောင့်၊ ၎င်းတို့သည် ခေါင်းဆောင်မှု အလုပ်အတွက် အရည်အချင်းမရှိသေးသည့်အပြင် သမ္မာတရားကို နားလည်သဘောပေါက်မှု စွမ်းဆောင်ရရှိရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် မိမိတို့ကိုယ်ကို ဆက်လက်လေ့ကျင့်ဖို့ လိုအပ်သည်။ ဥပမာအနေနှင့်၊ မိမိ၏လူ့သဘာဝက စံနှုန်းမီပြီး အတော်အတန် ရိုးသားကာ၊ အလိမ်အညာများ ပြောခဲပြီး လိမ်လည်လှည့်စားခဲသည့်အပြင်၊ အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းမရှိဘဲ မိမိ၏ တာဝန်ကို ထမ်းဆောင်သော်လည်း၊ သမ္မာတရားကို လိုက်စားရာတွင် အားနည်းသောသူတစ်ဦးကို ကြည့်လော့။ ထိုသို့သောလူကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ပျိုးထောင်၍ရနိုင်သလော။ ဤသည်မှာ အလွန်ခက်ခဲပေမည်။ ရာထူးတိုးမြှင့်ခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းခံရရန် စံသတ်မှတ်ချက်များ ပြည့်မီသော်လည်း သမ္မာတရားကို မလိုက်စားသောသူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခံရပါက သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်လာနိုင်စွမ်း ရှိမည်လော။ သူသည် သမ္မာတရားကို စတင်လိုက်စားနိုင်မည်လော။ သူသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အချိန်ကာလတစ်ခုကြာ အလုပ်လုပ်ပြီးနောက် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်မည်လော။ ယင်းမှာ မဖြစ်နိုင်သောအရာတစ်ခု ဖြစ်မည်ဖြစ်သည်။ လူတစ်ဦးက မည်သည့်စံသတ်မှတ်ချက်များနှင့် ပြည့်မီသည်ဖြစ်စေ၊ သူသည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်သရွေ့၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် လုံးဝ ရွေးကောက်တင်မြှောက်ခြင်း သို့မဟုတ် ရာထူးတိုးမြှင့်ခြင်း မခံရနိုင်ပေ။ အကယ်၍ လူတစ်ဦးသည် စံနှုန်းပြည့်မီသော လူ့သဘာဝနှင့် အစွမ်းအစကို ပိုင်ဆိုင်ပြီး၊ သမ္မာတရားကိုလည်း လက်ခံနိုင်ကာ အပြောင်းအလဲအချို့ကို တွေ့ကြုံနိုင်ပါက၊ သူသည် ရာထူးတိုးမြှင့်ခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်း ခံရနိုင်ပြီး၊ အကျိုးဆက်အနေဖြင့်၊ မိမိကိုယ်ကို လေ့ကျင့်ရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်အပြင်၊ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းသို့ လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် အခွင့်အရေးကို ရရှိလိမ့်မည်။ ထို့ကြောင့်၊ ဘုရားအိမ်တော်က ခေါင်းဆောင်၊ အမှုဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးအဖြစ် မည်သူကို ရာထူးတိုးမြှင့်ပေးသည်ဖြစ်စေ၊ ရည်ရွယ်ချက်မှာ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းရန်မဟုတ်သည့်အပြင်၊ သင်၏ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးရန်လည်း မဟုတ်ဘဲ၊ သင့်အနေဖြင့် ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်ရန်နှင့် စုံလင်အောင်ပြုခြင်းခံရသောသူတစ်ဦး ဖြစ်လာနိုင်စေရန် ဖြစ်သည်။
ဉာဏ်ရည်အတော်အတန်မပြည့်ဝသောသူများနှင့် ပတ်သက်၍မူ ၎င်းတို့သည်လည်း မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိုစိတ် ရှိကြပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်လိုကြသော်လည်း ၎င်းတို့တွင် ဉာဏ်ပညာမရှိပေ၊ စည်းမျဉ်းများအတိုင်း မည်သို့လုပ်ဆောင်ရမည်ကို မသိကြသကဲ့သို့ မည်သည့်ကိစ္စကိုမျှ မသိမြင်နိုင်ကြပေ။ အချိန်တစ်ခုတွင် ၎င်းတို့သည် စုံစမ်းသွေးဆောင်ခြင်းကို ကြုံတွေ့ပြီး ယင်းထဲသို့ ကျရောက်ကာ အကျိုးဆက်အနေဖြင့် အသင်းတော်၏ အကျိုးစီးပွားများကို သစ္စာဖောက်သည်၊ ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်သည်၊ ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာစေသည်။ ထိုင်းမှိုင်း၍ ဉာဏ်ရည်မပြည့်ဝသော ဤသို့သောလူစားမျိုးကို ငါတို့ မည်သို့ကိုင်တွယ်ပြီး ဆက်ဆံသင့်သနည်း။ ထိုသို့သော ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး ဉာဏ်ရည်မပြည့်ဝသည့် ထိုင်းမှိုင်းသောသူများနှင့် ပတ်သက်လာလျှင် ၎င်းတို့ထဲမှ တစ်ယောက်မကျန်ကို ဖြုတ်ချသင့်ပြီး ၎င်းတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်သင့်ကာ တစ်ဦးတစ်ယောက်ကိုမျှ အသုံးပြု၍မရနိုင်ပေ။ ထိုသို့သောလူများကို အသုံးပြုပါက ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အတွက် အချိန်မရွေး ဒုက္ခပေးနိုင်သည်၊ ဤကဲ့သို့သော သင်ခန်းစာများ အလွန်များလှပေပြီ။ ယနေ့ခေတ်တွင် အပြင်ပန်း၌ လူသားပုံသဏ္ဌာန်အချို့ရှိသော လူများစွာရှိသော်လည်း ၎င်းတို့သည် မည်သည့် သမ္မာတရား လက်တွေ့ကျမှုကိုမျှ မိတ်သဟာယမဖွဲ့နိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီးဖြစ်သည့်တိုင် ဤအခြေအနေတွင် ရှိနေဆဲဖြစ်သည်။ ဤပြဿနာ၏ ဇာစ်မြစ်ကို ရှင်းလင်းစွာ မြင်တွေ့သင့်သည်၊ ဤသည်မှာ အလွန်ညံ့ဖျင်းသော အစွမ်းအစနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း ပြဿနာ ဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို နှစ်ပေါင်း မည်မျှကြာအောင် ယုံကြည်သည်ဖြစ်စေ ပြောင်းလဲမည်မဟုတ်သည့်အပြင် ၎င်းတို့နားထောင်ခဲ့ပြီးသော တရားဒေသနာများအားလုံးရှိလင့်ကစား သိသာထင်ရှားသော တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြပေ။ ၎င်းတို့ တတ်နိုင်သည့် မည်သည့်နုံချာသောပုံစံဖြင့်မဆို အစေခံရန်အလို့ငှာ ၎င်းတို့ကို ဘေးဖယ်ထားရန်သာ တတ်နိုင်၏။ ဤသည်မှာ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းကောင်းတစ်ခု ဟုတ်သလော၊ မဟုတ်သလော။ (ဟုတ်ပါသည်။) ဉာဏ်ရည်မပြည့်ဝဘဲ စွမ်းရည်မရှိသော အချို့လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှစ်အတန်ကြာ ဖတ်ရှုပြီးသည့်တိုင် လုံးဝနားမလည်နိုင်ကြသည့်အပြင် တရားဒေသနာများကို နှစ်အတန်ကြာ နားထောင်ခဲ့ပြီးဖြစ်သော်လည်း နားမလည်နိုင်ကြပေ။ ထိုသို့သောလူများအား ဘုရားနှုတ်ကပတ်တော် စာအုပ်များ ထုတ်ပေးခြင်းသည် အသုံးဝင်သေးသလော။ (အသုံးမဝင်ပါ။) ဉာဏ်ရည်မပြည့်ဝသောသူများအား ဘုရားနှုတ်ကပတ်တော် စာအုပ်များ မထုတ်ပေးသင့်ပေ၊ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းသည် အချည်းနှီးဖြစ်ပြီး အလဟဿဖြစ်ခြင်းနှင့် ညီမျှသဖြင့် ၎င်းတို့အား ထုတ်ပေးပြီးဖြစ်သည့် မည်သည့်စာအုပ်ကိုမဆို ချက်ချင်း ပြန်လည်သိမ်းဆည်းသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခွင့်အား ၎င်းတို့ထံမှ ပိတ်ပင်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ ဉာဏ်ရည်က မမီသောကြောင့် ဖြစ်သည်။ ထိုသို့သောလူများသည် အသင်းတော်အသက်တာကို နေထိုင်လျှင်ပင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် မဆိုထားနှင့်၊ သမ္မာတရားကိုပင် နားလည်နိုင်မည် မဟုတ်ပေ။ ထိုသို့သောလူများသည် အမှိုက်များဖြစ်ကြသည် မဟုတ်လော။ သင်တို့သည် အမှိုက်ကို မည်သို့ကိုင်တွယ်ရမည်ကို သိသင့်သည်။ အချို့လူများသည် အပြင်ပန်းတွင် အတော်အတန် ဟန်ဆောင်မှုကင်းမဲ့ပုံပေါ်သော်လည်း ၎င်းတို့၏ ဉာဏ်ရည်မှာ အလွန်ဆိုးရွားလှ့်သည်မှာ အလုပ်ကြမ်းတစ်ခုမျှပင် ကောင်းစွာ မလုပ်ဆောင်နိုင်ကြသည့်အပြင် ၎င်းတို့လုပ်ဆောင်သမျှကို ပျက်စီးစေကြသည်။ ၎င်းတို့ကို ဝေယျာဝစ္စအလုပ်တစ်ခု လုပ်ခိုင်းပါက တစ်စုံတစ်ခုကို သေချာပေါက် ပျက်စီးစေမည်ဖြစ်သောကြောင့် ဤကဲ့သို့သောလူများကို အသုံးပြု၍မရနိုင်ပေ။ သင်သည် ၎င်းတို့အား ရေတစ်ပုံး သွားခပ်ခိုင်းလျှင် ၎င်းတို့သည် ဆီတစ်ဘူးကို မှောက်လိုက်မည်။ သင်က ၎င်းတို့အား ပန်းကန်တစ်လုံး ဆေးခိုင်းလျှင် ၎င်းတို့သည် ပန်းကန်တစ်ချပ်ကို ခွဲလိုက်မည်။ သင်က ၎င်းတို့အား ထမင်းချက်ခိုင်းလျှင် ၎င်းတို့သည် အများအပြားဖြစ်စေ၊ အလွန်နည်းပါးစွာဖြစ်စေ ချက်လိမ့်မည်၊ သို့မဟုတ် အလွန်ငန်မည်၊ သို့မဟုတ် အလွန်ပေါ့မည်။ ၎င်းတို့သည် စိတ်နှစ်ပြီးလုပ်ကြသည်မှာ မှန်သော်လည်း မည်သို့ပင် ကြိုးစားပါစေ ကောင်းစွာမလုပ်ဆောင်နိုင်ကြသည့်အပြင် ကာယလုပ်အားဖြင့် ထမ်းဆောင်မှုကိုပင် အလုပ်ကောင်းကောင်း မလုပ်နိုင်ကြပေ။ ထိုသို့သောလူများကို အသုံးပြု၍ရနိုင်သလော။ (အသုံးမပြုနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ကို အသုံးပြု၍မရနိုင်ပါက ၎င်းတို့ကို မည်သည့်အရာ လုပ်ခိုင်းသင့်သနည်း။ ယင်းက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခွင့်မပြုတော့ဟုလည်းကောင်း၊ ဘုရားအိမ်တော်က ၎င်းတို့ကို မလိုချင်တော့ဟုလည်းကောင်း ဆိုလိုသလော။ မဆိုလိုပေ။ ၎င်းတို့ကို တာဝန်တစ်ခုသာ မထမ်းဆောင်စေနှင့်။ ၎င်းတို့သည် နေ့စဉ် သာမန်အသိတရားဆိုင်ရာ အမှုအရာများနှင့် နေ့စဉ်ဘဝ၏ ပုံမှန်ကိစ္စရပ်များ အပါအဝင် ပုံမှန်လူ့အသက်တာ၏ နယ်ပယ်အတွင်းရှိ အမှုအရာများကို ကောင်းစွာမလုပ်ဆောင်လျှင် သို့မဟုတ် ဤအရာများကို လုပ်ဆောင်နိုင်စွမ်းမရှိလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။
အချို့လူများသည် ကောင်းသောလူ့သဘာဝ သို့မဟုတ် မည်သည့်အထူးကျွမ်းကျင်မှုများကိုမျှ မပိုင်ဆိုင်သော်လည်း ခေါင်းဆောင်များအဖြစ် ပျိုးထောင်ခံရရန် မဆိုထားနှင့်၊ ၎င်းတို့သည် အလုပ်ကြမ်းအချို့ကို လုပ်ဆောင်နိုင်ဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ကြက်နှင့်ဘဲစာကျွေးခြင်း၊ ဝက်စာကျွေးခြင်းနှင့် သိုးကျောင်းခြင်းတို့သည် ၎င်းတို့ ကောင်းစွာလုပ်နိုင်သော အလုပ်များဖြစ်သည်။ သင်က ၎င်းတို့အား ရိုးရှင်းသောအလုပ်တစ်ခု ပေးလျှင် ၎င်းတို့ စိတ်နှစ်ပြီးလုပ်သရွေ့ ကောင်းစွာလုပ်နိုင်မည်ဖြစ်ရာ ထိုသို့ဖြင့် ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ တာဝန်တစ်ခုကို ထမ်းဆောင်နိုင်ကြသည်။ ယင်းမှာ တစ်ခုတည်းသော၊ ရိုးရှင်းသော ဝေယျာဝစ္စအလုပ်ဖြစ်သော်လည်း ၎င်းတို့သည် စိတ်နှစ်ပြီးလုပ်နိုင်ကာ တာဝန်တစ်ခုကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း မိမိတို့ကိုယ်ကို တောင်းဆိုနိုင်ကြသည်။ အလုပ်က ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ အားလုံးအနှစ်ချုပ်လိုက်သောအခါတွင် ၎င်းတို့အား ပေးအပ်ထားသည့် တစ်ခုတည်းသောအလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည် ကြက်များကို ပုံမှန်ဥဥစေရန် ကောင်းစွာ ကျွေးမွေးနိုင်သည်သာမက၊ ဝံပုလွေများ ချီမသွားစေရန်လည်း ကာကွယ်ပေးနိုင်သည်။ ဝံပုလွေအူသံကို ကြားပါက ၎င်းတို့သည် မိမိတို့၏ ကြီးကြပ်ရေးမှူးကို ချက်ချင်း သတင်းပို့မည်ဖြစ်ပြီး ဘုရားအိမ်တော်က ၎င်းတို့အား အပ်နှင်းထားသော အလုပ်နှင့် တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်မတော်တဆမှုကိုမဆို ရှောင်ရှားရန် ကြိုးစားလိမ့်မည်။ ၎င်းတို့သည် ဤသို့အလုပ်လုပ်ပါက အတော်အသင့် ဆက်ကပ်အပ်နှံကြသူများဖြစ်ပြီး ဤသည်မှာ မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်းနှင့် အလုပ်တစ်ခုကို ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းဟု သတ်မှတ်နိုင်သည်။ ကျန်ရှိသည့်အရာဖြစ်သော ၎င်းတို့၏ ကိုယ်ပိုင်ဘဝ၊ ကျင့်ကြံပြုမူပုံနှင့် အမှုအရာများကို ကိုင်တွယ်ပုံတို့တွင်မူ အနည်းငယ် အားနည်းချက်ရှိသည်၊ ဥပမာအားဖြင့် ၎င်းတို့သည် အခြားသူများနှင့် မည်သို့ဆက်ဆံစကားပြောရမည်ကို မသိကြ၊ သို့မဟုတ် မိမိတို့၏ အခြေအနေကို အခြားသူများနှင့် မည်သို့မိတ်သဟာယဖွဲ့ရမည်ကို မသိကြသည့်အပြင် တစ်ခါတစ်ရံ စိတ်တိုတတ်ကြသည်။ ဤသည်ကို ပြဿနာတစ်ခုအဖြစ် သတ်မှတ်သလော။ ဤကိစ္စများကြောင့် ၎င်းတို့ကို အသုံးမပြုဘဲနေခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) အချို့လူများသည် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းကြသည်၊ အနည်းဆုံး ဆယ်ရက်ခန့် ခေါင်းမလျှော်ဘဲ အများအားဖြင့် အနံ့ဆိုးထွက်နေတတ်သည်။ အခြားသူများမှာမူ ပတ်ဝန်းကျင်ရှိလူများ အနားယူနေချိန်တွင် အစာစားခြင်း၊ ရေသောက်ခြင်းတို့၌ အသံကျယ်လောင်စွာ ပြုလုပ်တတ်ကြပြီး လမ်းလျှောက်ခြင်း၊ တံခါးပိတ်ခြင်းနှင့် စကားပြောခြင်းကဲ့သို့သော အခြားအချိန်များတွင်လည်း အသံကျယ်ကြသည်၊ ၎င်းတို့သည် ပညာတတ်မဟုတ်ဘဲ ယဉ်ကျေးမှုမရှိကြပေ။ ထိုသို့သောလူများကို မည်သို့ဆက်ဆံသင့်သနည်း။ လူတိုင်းသည် နားလည်မှုရှိရမည်၊ မေတ္တာပါသော စိတ်နှလုံးဖြင့် ၎င်းတို့ကို ကူညီထောက်ပံ့ရမည်၊ ပုံမှန်လူ့သဘာဝဟူသည် အဘယ်အရာဖြစ်ကြောင်း ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရမည်၊ ၎င်းတို့ကို တဖြည်းဖြည်း ပြောင်းလဲခွင့်ပြုရမည်။ သင်တို့အားလုံး အတူတကွရှိနေသည့်အတွက် အပေးအယူတည့်စွာ နေထိုင်တတ်ရမည်။ ထိုသို့သောလူများသည် မိမိတို့၏ အလုပ်ကို ကောင်းစွာလုပ်နိုင်သရွေ့၊ အလုပ်ကို တာဝန်ယူနိုင်သရွေ့၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို မပြုလုပ်သရွေ့ အသုံးပြု၍ရနိုင်သည်။ အချို့လူများသည် ဉာဏ်ကောင်းကြသည်၊ အစွမ်းအစကောင်းရှိသည်၊ လုံ့လဝီရိယဖြင့် အလုပ်လုပ်ကြပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ကာ ၎င်းတို့အား ခန့်အပ်ထားသော အလုပ်များကို ကောင်းစွာ လုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့ကို ပျိုးထောင်ပြီး အသုံးပြုနိုင်သည်။ သို့သော် အချို့လူများသည် အစွမ်းအစ အလွန်ညံ့ဖျင်းသဖြင့် တစ်ခုတည်းသောအလုပ်ကိုပင် ကောင်းစွာမလုပ်နိုင်ကြပေ၊ ကြက်စာကျွေးခြင်းကို နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်ရုံမျှရှိသော်လည်း၊ ဘဲနှင့်ငန်းများကိုပါ ကျွေးရမည်ဆိုလျှင်မူ ၎င်းတို့ မနိုင်မနင်းဖြစ်သွားပြီး မည်သို့လုပ်ရမည်ကို သိတော့မည်မဟုတ်ပေ။ ယင်းမှာ ၎င်းတို့က ကောင်းစွာမလုပ်လိုခြင်းကြောင့်မဟုတ်ဘဲ ၎င်းတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ဦးနှောက်တွင် ကန့်သတ်ချက်များရှိသည်၊ ၎င်းတို့သည် အလုပ်တစ်ခုတည်းကိုသာ လုပ်တတ်ပြီး နောက်ထပ်တစ်ခု ထပ်ပေးလိုက်လျှင် မနိုင်နင်းတော့ပေ။ ၎င်းတို့သည် မည်သို့အစီအစဉ်ချရမည်ကို မသိသောကြောင့် အရာရာကို ကမောက်ကမဖြစ်အောင် လုပ်ကြသည်။ ထိုသို့သောလူများသည် တစ်ကြိမ်လျှင် အလုပ်တစ်ခုတည်း လုပ်ရန်သာ သင့်တော်သည်။ ၎င်းတို့အား အလုပ်များစွာ မပေးနှင့်၊ အကြောင်းမှာ ၎င်းတို့ တာဝန်ယူနိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့က အလုပ်တစ်ခုကို ကောင်းစွာလုပ်နိုင်လျှင် အလုပ်နှစ်ခု သို့မဟုတ် သုံးခုကိုလည်း သေချာပေါက် လုပ်နိုင်မည်ဟု မထင်နှင့်၊ ယင်းမှာ အစဉ်သဖြင့် မလွဲမသွေ မှန်နေခြင်းမျိုး မဟုတ်သည့်အပြင် ၎င်းတို့၏ အစွမ်းအစအပေါ်တွင် မူတည်သည်။ ရှေးဦးစွာ ၎င်းတို့အား ဝေယျာဝစ္စနှစ်ခုကို စမ်းလုပ်ခိုင်းလော့။ ၎င်းတို့ အစွမ်းအစကောင်းပြီး တာဝန်ယူထမ်းဆောင်နိုင်ပါက ၎င်းတို့အတွက် ဤသို့ စီစဉ်ပေးနိုင်သည်။ ၎င်းတို့သည် ဝေယျာဝစ္စနှစ်ခုကို တစ်ပြိုင်နက်တည်း ကောင်းစွာမလုပ်နိုင်ဘဲ ကမောက်ကမဖြစ်အောင် လုပ်ပါက ယင်းမှာ ၎င်းတို့၏ အစွမ်းအစနှင့် မလုပ်ဆောင်နိုင်ခြင်းကို ဆိုလိုသည်၊ ထို့ကြောင့် သင်သည် ၎င်းတို့၏ ဒုတိယဝေယျာဝစ္စကို ချက်ချင်း ရုပ်သိမ်းရမည်။ အကြောင်းမှာ စောင့်ကြည့်လေ့လာခြင်းနှင့် စမ်းသပ်ခြင်းမှတစ်ဆင့် ၎င်းတို့သည် ရှုပ်ထွေးသော အလုပ်များစွာကို လုပ်ဆောင်ခြင်းထက် တစ်ကြိမ်လျှင် အလုပ်တစ်ခုတည်းလုပ်ရန်သာ သင့်တော်ကြောင်းနှင့်၊ ဤအတွက် အစွမ်းအစမရှိကြောင်း သင် ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။ အချို့လူများသည် အတော်အသင့် ဉာဏ်ကောင်းပြီး အစွမ်းအစလည်း အတော်အသင့်ကောင်းကြရာ သင်က ၎င်းတို့အား အလုပ်အချို့ ပေးလျှင်လည်း ကောင်းစွာလုပ်ဆောင်နိုင်ကြသည်။ ဥပမာအားဖြင့် သင်က ၎င်းတို့အား ထမင်းချက်ရန်၊ ကြက်ကလေးများအား အစာကျွေးရန်နှင့် ဟင်းသီးဟင်းရွက်ဥယျာဉ်ကို စီမံခန့်ခွဲရန် ခိုင်းလျှင် ၎င်းတို့သည် နေ့စဉ် အချိန်မှန် ထမင်းချက်နိုင်သည့်အပြင် အားလပ်ချိန်များတွင် ဟင်းသီးဟင်းရွက်ခြံကို ကောင်းစွာစီမံနိုင်သည်၊ အချိန်မီ ရေလောင်း၊ ပေါင်းသင်နိုင်ပြီး ကြက်များကိုလည်း အချိန်မှန် အစာကျွေးနိုင်သည်။ အချို့လူများက “၎င်းတို့တွင် ဤအစွမ်းအစရှိသည့်အတွက် ၎င်းတို့ကို အသင်းတော်အလုပ်ကိုပါ တာဝန်ယူခိုင်းပြီး အသင်းတော်ခေါင်းဆောင်တစ်ယောက် လုပ်ခိုင်းပါ” ဟု ပြောကောင်းပြောနိုင်သည်။ ယင်းသို့ပြုလုပ်ခြင်းသည် သင့်လျော်မည်လော။ ၎င်းတို့သည် အလုပ်ကြမ်းအချို့နှင့် ဝေယျာဝစ္စများကို တာဝန်ယူနိုင်စွမ်း ရှိသော်လည်း အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာရေးနှင့် ပတ်သက်လာလျှင် ယင်းမှာ သီးခြားအကဲဖြတ်မှုတစ်ခု လိုအပ်သည်၊ ၎င်းတို့လုပ်ဆောင်သည့် ဤရိုးရှင်းသော၊ အပြင်ပန်းဝေယျာဝစ္စများကို အခြေခံ၍ တိုင်းတာနိုင်သည့်အရာ မဟုတ်ပေ။ အကြောင်းမှာ အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းသည် အလုပ်ကြမ်းတစ်ခုမဟုတ်၊ ယင်းကို ခေါင်းဆောင်မှုဆိုင်ရာ စည်းမျဉ်းများဖြင့် အကဲဖြတ်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ဤလူသည် အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစနှင့် အရည်အချင်းကို ပိုင်ဆိုင်ပြီး ၎င်း၏ လူ့သဘာဝမှာလည်း အတော်အတန်ကောင်းမွန်ပါက သင်က ၎င်းအား အပြင်ပန်းဝေယျာဝစ္စများကို တာဝန်ပေးအပ်ခြင်းသည် မသင့်လျော်ပေ၊ ယင်းကို လူတို့ကို မသင့်လျော်စွာ အသုံးပြုခြင်းဟု ခေါ်သည်။ အများဆုံးအားဖြင့် အသင်းတော်ခေါင်းဆောင်များသည် နေ့စဉ်ဘဝနှင့် သက်ဆိုင်သော အချိန်ပိုင်းအလုပ် နောက်ထပ်တစ်ခုကို လုပ်ဆောင်နိုင်ပြီး အလုပ်မများသည့်အခါတိုင်း ယင်းကို အနည်းငယ်ပို၍ ဂရုစိုက်နိုင်သည်၊ ဤသည်မှာ ၎င်းတို့ကို ပင်ပန်းနွမ်းနယ်စေမည် မဟုတ်ပေ။ မပြောပလောက်သော၊ ိလုပ်ရိုးလုပ်စဉ်စ္စရပ်များနှင့် ဤအလုပ်ကြမ်းများနှင့် ပတ်သက်လာလျှင် လူတို့သည် တတ်နိုင်သမျှ များများလုပ်ဆောင်နိုင်သည်။ အားလုံးကို တာဝန်ယူနိုင်သူ တစ်ဦးတစ်ယောက် ရှိသလော။ ထိုသို့သော အစွမ်းအစရှိသူ တစ်ဦးတစ်ယောက် ရှိသလော။ (မရှိပါ။) ၎င်းတို့၏ အစွမ်းအစနှင့် စွမ်းရည်မှာ လုံလောက်ကောင်း လုံလောက်နိုင်သော်လည်း လုံလောက်မည်မဟုတ်သည့်အရာတစ်ခု ရှိသည်၊ ယင်းမှာ စွမ်းအင်ဖြစ်သည်။ လူတို့သည် သေမျိုးများဖြစ်ကြသည်၊ ၎င်းတို့၏ စွမ်းအင်မှာ အကန့်အသတ်ရှိပြီး ၎င်းတို့ တာဝန်ယူနိုင်သော အလုပ်အရေအတွက်မှာလည်း အကန့်အသတ်ရှိသည်။ စွမ်းအင်ကောင်းသောသူများသည် တစ်နေ့လျှင် ၁၂ နာရီအထိ အလုပ်လုပ်နိုင်ကောင်း လုပ်နိုင်ပြီး သာမန်စွမ်းအင်ရှိသူများမှာမူ ပုံမှန်အားဖြင့် ရှစ်နာရီ အလုပ်လုပ်နိုင်ကာ စွမ်းအင်နည်းသောသူများမှာမူ လေးနာရီ သို့မဟုတ် ငါးနာရီသာ အလုပ်လုပ်နိုင်သည်။ ထို့ကြောင့် သင်သည် လူတစ်ဦးကို အလုပ်ကြမ်းများလုပ်ဆောင်ရန်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်ပိုင်းအလုပ်ဖြစ်စေ၊ သို့မဟုတ် ကျွမ်းကျင်မှုဆိုင်ရာ အလုပ်များဖြစ်စေ အသုံးပြုသည့်အခါ ၎င်းတို့ အသင့်တော်ဆုံးဖြစ်သည့်အရာကို သင်စဉ်းစားရမည်ဖြစ်ပြီး ၎င်းတို့အား အသင့်တော်ဆုံးအလုပ်ကို ပေးအပ်ပြီးနောက် ၎င်းတို့ မလုပ်နိုင်ပါက အခြားတစ်ခုကို စီစဉ်ပေးရမည်။ အကယ်၍ သင်သည် ၎င်းတို့ အသင့်တော်ဆုံးလုပ်ဆောင်နိုင်သည့်အရာအတိုင်း အလုပ်မခန့်အပ်ပါက ဤသည်မှာ လူတို့ကို သင်အသုံးပြုပုံ၌ အမှားတစ်ခု ဖြစ်သည်။ ရာထူးတိုးမြှင့်ခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့အတွက် ဦးစားပေးမခံရနိုင်သောသူများအတွက်မူ၊ ၎င်းတို့အား အလုပ်ကြမ်းများ လုပ်ဆောင်ခိုင်းလျှင်ပင် ၎င်းတို့၏ အစွမ်းအစနှင့် စွမ်းရည်များကို အခြေခံ၍ ဤဝေယျာဝစ္စများကို ပေးအပ်ရမည်။ ၎င်းတို့၏ သတ်မှတ်ထားသောအလုပ်တစ်ခုကို ကောင်းစွာလုပ်ဆောင်နေစဉ်မှာပင် အခြားအလုပ်များကိုပါ လုပ်ဆောင်နိုင်သေးပါက ၎င်းတို့၏ အဓိကအလုပ်ကို မထိခိုက်သရွေ့ အခြားအလုပ်ကြမ်းအချို့ကို အချိန်ပိုင်းအဖြစ် ထပ်မံလုပ်ဆောင်ရန် ခိုင်းစေနိုင်သည်။ အချို့လူများသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းပြီး ဝေယျာဝစ္စသုံးခုကို တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်ဆောင်နိုင်သည်၊ ဝေယျာဝစ္စတစ်ခု ပြီးသည့်နောက်တွင်လည်း စွမ်းအင်ပိုလျှံနေသေးပြီး အချိန်အများစုတွင် အားလပ်နေတတ်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် မျက်စိကန်းပြီး အလုပ်ကို မည်သို့ခွဲဝေရမည်ကို မသိကြသည့်အပြင် ဤသည်မှာ ပြဿနာတစ်ခုဖြစ်ကြောင်း သတိမပြုမိကြသောကြောင့်၊ ထိုလူများအား ဝေယျာဝစ္စတစ်ခုတည်းသာ တာဝန်ခန့်အပ်ကြသည်၊ ယင်းမှာ အမှားတစ်ခု ဖြစ်သည်။
အထူးကျွမ်းကျင်မှုမရှိဘဲ ကာယလုပ်အားကိုသာ စွမ်းဆောင်နိုင်သည့် ဉာဏ်ရည်မပြည့်ဝသောသူများအကြောင်းကို ငါယခုပြောခဲ့သည်။ ဖျားနာမှုတစ်ခုခုရှိပြီး ကာယလုပ်အားကိုပင် မစွမ်းဆောင်နိုင်သော လူများလည်း ရှိသည်၊ ၎င်းတို့သည် အနည်းငယ်မျှသော ကာယလုပ်အားတစ်ခုခုကို လုပ်ဆောင်သည့်အခါတိုင်း ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း သို့မဟုတ် ခါးနာခြင်းတို့ကို ခံစားရသည်။ အကယ်၍ ဤသို့သောလူစားမျိုးသည် တာဝန်ထမ်းဆောင်ရန် သင့်တော်ပါက ၎င်းတို့အား တာဝန်များခန့်အပ်ခြင်းနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်သင့်သနည်း။ ဘုရားအိမ်တော်၌ ၎င်းတို့ မည်သည့်တာဝန်များကို ထမ်းဆောင်ရန် သင့်တော်သည်ကို သေချာသိရှိရန်အလို့ငှာ ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့် လူ့သဘာဝနှင့် အစွမ်းအစကဲ့သို့သော အမျိုးမျိုးသော ကဏ္ဍများကို ကြည့်ရှုရမည်။ ၎င်းတို့၏ ကျန်းမာရေးက မည်သည့်အလုပ်မျှမလုပ်နိုင်လောက်အောင် အလွန်ဆိုးရွားပြီး ခဏတာအလုပ်လုပ်ပြီးတိုင်း အနားယူရမည်ဖြစ်ကာ ၎င်းတို့ကို ပြုစုစောင့်ရှောက်ရန် တစ်စုံတစ်ဦးကိုပင် လိုအပ်ပါက ၎င်းတို့ကိုယ်တိုင် တာဝန်ကို ကောင်းစွာမထမ်းဆောင်နိုင်သည့်အပြင် ၎င်းတို့ကို စောင့်ရှောက်ရန် လူတစ်ဦးကိုပါ ထပ်မံတာဝန်ပေးရမည်ဆိုလျှင် ထိုသို့ဖြစ်ပါက လုံးဝမတန်ပေ။ ထိုသို့သောလူများသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ၊ ထို့ကြောင့် ၎င်းတို့ကို အိမ်ပြန်၍ အားမွေးစေလော့။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ လေတစ်ချက်တိုက်ရုံဖြင့် လဲကျသွားနိုင်လောက်အောင် အလွန်အမင်း နာမကျန်းဖြစ်နေသူ မည်သူ့ကိုမဆို အသုံးမပြုနှင့်။ အကယ်၍ ၎င်းတို့၏ ကျန်းမာရေးက သိပ်မဆိုးရွားဘဲ အစာမှားလျှင် ဗိုက်အောင့်ခြင်း၊ သို့မဟုတ် ဦးနှောက်အလွန်အကျွံသုံးလျှင် ခေါင်းကိုက်ခြင်းတို့သာဖြစ်သောကြောင့် ပုံမှန်လူတစ်ဦးထက် သုံးနာရီ သို့မဟုတ် လေးနာရီလျော့၍သာ အလုပ်လုပ်နိုင်ခြင်းဖြစ်လျှင်ဖြစ်စေ၊ ပုံမှန်လူတစ်ဦး၏ အလုပ်တစ်ဝက်ကိုသာ လုပ်နိုင်ခြင်းဖြစ်လျှင်ဖြစ်စေ ထိုသို့သောလူများသည် အခြားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီသရွေ့ ၎င်းတို့ကို အသုံးပြုနိုင်ဆဲဖြစ်သည်၊ ၎င်းတို့ကိုယ်တိုင်က “ကျွန်ုပ်၏ ကျန်းမာရေးက ဤဒုက္ခကို ခံနိုင်ရည်မရှိလောက်အောင်ပင် အလွန်ဆိုးရွားပါသည်။ ကျွန်ုပ် အိမ်ပြန်ပြီး ပြန်လည်ကျန်းမာအောင် နေထိုင်လိုပါသည်။ ကျန်းမာလာသည့်အခါ ကျွန်ုပ်ပြန်လာပြီး တာဝန်ထမ်းဆောင်ပါမည်” ဟု ပြောဆိုလာလျှင် ချက်ချင်းသဘောတူပြီး ၎င်းတို့၏ တွေးခေါ်ပုံကို အကြံဉာဏ်ပေးဖို့ မကြိုးစားနှင့်၊ သင်အကြံဉာဏ်ပေးလျှင်ပင် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။ “အတင်းအကျပ်လုပ်သောအရာသည် ကျေနပ်ဖွယ်ရလဒ်များ မဖြစ်ထွန်းနိုင်” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်၊ လူတိုင်း၏ ယုံကြည်ခြင်း၊ စိတ်ပိုင်းဖြတ်မှုနှင့် လိုက်စားမှုတို့သည် မတူညီကြပေ။ အချို့လူများက “၎င်းတို့သည် တစ်ခါတစ်ရံတွင် အနည်းငယ် မအီမသာဖြစ်ပြီး အနည်းငယ်စွမ်းအင်နိမ့်ကျနေခြင်းသာ မဟုတ်လော။ လူတို့သည် အစားမှားလျှင် မအီမသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရက်အနည်းငယ်ကြာပြီးနောက် သက်သာလိမ့်မည်။ ၎င်းတို့အိမ်ပြန်၍ အားမွေးရန် လိုအပ်မှုတစ်ခုခု ရှိသလော။ တစ်ညကို ကောင်းစွာအိပ်ပြီးနောက်တွင် ၎င်းတို့၏ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းသည် ပျောက်သွားမည်မဟုတ်လော။ ထိုအခါတွင် ပုံမှန် အလုပ်မလုပ်နိုင်သလော။ ဤသည်မှာ အလွန်အရေးကြီးသလော” ဟု ပြောကောင်းပြောနိုင်သည်။ ယင်းမှာ သင့်အတွက် ကြီးကျယ်သောကိစ္စ မဟုတ်နိုင်သော်လည်း၊ အချို့လူများသည် မိမိတို့၏ ဇာတိပကတိကို တန်ဖိုးထားသည့် အတိုင်းအတာအရ အခြားသူများနှင့် မတူညီကြသည့်အပြင် အချို့လူများမှာမူ အမှန်တကယ်ပင် ကျန်းမာရေးပြဿနာများ ရှိကြသည်။ ထိုသို့သောအခြေအနေများတွင် ၎င်းတို့က အိမ်ပြန်၍ အနားယူပြီး ပြန်လည်ကျန်းမာအောင် နေထိုင်ရန် တောင်းဆိုလာပါက အသင်းတော်သည် ချက်ချင်းသဘောတူသင့်သည်၊ ၎င်းတို့အပေါ် တောင်းဆိုမှုများ မပြုလုပ်သင့်၊ ၎င်းတို့အတွက် အခက်အခဲ မဖြစ်စေသင့်၊ အထူးသဖြင့် ၎င်းတို့၏ တွေးခေါ်ပုံကို အကြံဉာဏ်ပေးရန် မကြိုးစားနှင့်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောလူများကို “ဘုရားသခင်၏ အမှုတော် ယခုရောက်ရှိခဲ့သည့် အတိုင်းအတာကို ကြည့်ပါ။ ဘေးအန္တရာယ်များသည် ပိုပို၍ ကြီးလာနေသည်။ သွေးရောင်လလေးစင်း ပေါ်ထွန်းပြီးဖြစ်သည်။ ယခုတွင် ကပ်ဘေးက အလွန်ပျံ့နှံ့နေသည်မှာ ဘာသာတရားမရှိသူများတွင် ရှင်သန်စရာ နည်းလမ်းမရှိ။ သင်သည် ဘုရားအိမ်တော်တွင် သင့်တာဝန်များကို ထမ်းဆောင်နေပြီး ဘုရား၏ကျေးဇူးတော်ကို ခံစားနေသည်။ သင့်တွင် အန္တရာယ်ရှိမည်မဟုတ်ဘဲ သမ္မာတရားနှင့် အသက်ကိုလည်း ရနိုင်သည်။ ကြီးမားလိုက်သော ကောင်းချီးပါတကား။ သင့်တွင်ရှိသည့် ဤဒုက္ခအသေးစားသည် မည်သည့်အရာမျှမဟုတ်။ ယင်းကို သင်ကျော်လွှားပြီး ဘုရားသခင်ထံ ဆုတောင်းရမည်။ ဘုရားသခင်က သင့်ကို အသေအချာ ကုသပေးလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကိုသာဖတ်ပါ။ ဓမ္မသီချင်းအနည်းငယ်ပို၍ သင်ယူပါ။ သင့်စိတ်ထဲတွင်မထားလျှင် သင်၏ ဖျားနာမှုက အလိုအလျောက် သက်သာလာလိမ့်မည်။ 'နာမကျန်းမှုကို အစဉ်သဖြင့် စိတ်ထဲထည့်ထားခြင်းသည် မကျန်းမာဖို့ဖြစ်သည်' ဟု ဘုရားနှုတ်ကပတ်တော်က မဆိုသလော။ သင်သည် ယခုတွင် ဖျားနာခြင်း၌ နေနေသည်။ ဖျားနာခြင်းအကြောင်းကို သင်ဆက်လက်တွေးတောနေပါက ဖျားနာခြင်းသည် ဆိုးရွားလာလိမ့်မည်။ ယင်းအကြောင်းကို သင်မစဉ်းစားပါက သင်၏ ဖျားနာမှုသည် ပျောက်ကွယ်သွားမည် မဟုတ်လော။ ဤနည်းအားဖြင့် သင်သည် ယုံကြည်ခြင်း ကြီးထွားမည်ဖြစ်ပြီး အနားယူရန် အိမ်သို့ ပြန်လိုမည်မဟုတ်။ သင်က အနားယူရန် အိမ်ပြန်ခြင်းသည် ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ခြင်းဟု ခေါ်သည်” ဟုပြောဆို၍ အဆက်မပြတ် စည်းရုံးကြသည်။ ၎င်းတို့၏ တွေးခေါ်ပုံကို လမ်းညွှန်ရန် မမကြိုးစားနှင့်၊ ထိုသို့ပြုလုပ်ခြင်းသည် မိုက်မဲရာကျသည်။ ၎င်းတို့သည် ခဏတာ မအီမသာဖြစ်မှုကိုပင် ကြံ့ကြံ့မခံနိုင်ဘဲ အိမ်ပြန်၍ အနားယူလိုကြသည်၊ သေးငယ်သော အခက်အခဲကိုပင် မကျော်လွှားနိုင်ပေ။ ဤသည်မှာ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ရိုးသားစစ်မှန်စွာ မထမ်းဆောင်ကြောင်း သက်သေပြသည်။ အမှန်တကယ်တွင် ဤသို့သောလူစားမျိုးသည် ရေရှည်တွင် တာဝန်ထမ်းဆောင်ရန် ရည်ရွယ်ချက်မရှိပေ၊ ၎င်းတို့သည် မည်သည့်ရိုးသားစစ်မှန်မှုဖြင့်မျှ မလုပ်ဆောင်ပေ၊ အဖိုးအခပေးရန် မလိုလားကြ၊ ယခုအခါတွင်မူ အပြီးတိုင် တိမ်းရှောင်ရန် အခွင့်အရေးနှင့် ဆင်ခြေတစ်ခုကို နောက်ဆုံးတွင် ရှာတွေ့သွားပြီဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ အလွန် ပါးနပ်သည့်အတွက်လည်းကောင်း၊ ဤရောဂါသည် အချိန်ကိုက် ရောက်လာသည့်အတွက်လည်းကောင်း ဝမ်းမြောက်နေကြသည်။ ထို့ကြောင့်မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ကို နေရန် မတိုက်တွန်းနှင့်။ ၎င်းတို့ကို နေရန် တိုက်တွန်းသူ မည်သူ့ကိုမဆို ၎င်းတို့ မုန်းတီးလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ တွေးခေါ်ပုံကို ်လမ်းညွှန်ပေးရန် ကြိုးစားသူ မည်သူ့ကိုမဆို ၎င်းတို့ ကျိန်ဆဲလိမ့်မည်။ ဤအရာကို သင်နားမလည်သလော။ အချို့လူများသည် အမှန်တကယ်ပင် နာမကျန်းဖြစ်ကြပြီး ဖြစ်သည်မှာလည်း အချိန်ကြာမြင့်နေခဲ့ပြီဖြစ်ကာ ထိုက်ဆက်ဖြစ်နေပါက မိမိတို့၏ အသက်အန္တရာယ်ရှိမည်ကို ကြောက်ရွံ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ မည်သည့်ဒုက္ခမျှ မပေးလို၊ သို့မဟုတ် အခြားသူများ၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်စေလိုပေ။ ၎င်းတို့၏ ကျန်းမာရေး ယိုယွင်းသွားသည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမများ၏ စောင့်ရှောက်မှုကို အားကိုးရမည်ဖြစ်ပြီး ဘုရားအိမ်တော်က ၎င်းတို့အား စောင့်ရှောက်အောင် လုပ်ရမည်ကို စိတ်မကောင်း ဖြစ်ကြသောကြောင့် ၎င်းတို့သည် ပညာရှိစွာဖြင့် ၎င်းတို့ကစတင်၍ ခွင့်တောင်းကြသည်။ ဤအခြေအနေကို မည်သို့ကိုင်တွယ်သင့်သနည်း။ ထိုနည်းတူစွာ ၎င်းတို့ကို မဆိုင်းမတွ အိမ်ပြန်၍ အနားယူခိုင်းခြင်းဖြင့် ဖြစ်သည်။ ဘုရားအိမ်တော်သည် ဒုက္ခကို မကြောက်ပေ၊ လူတို့အား ၎င်းတို့၏ ဆန္ဒမပါဘဲ အတင်းအကျပ်မလုပ်လိုခြင်းသာ ဖြစ်သည်။ ထို့အပြင် လူတိုင်းတွင် ကိုယ်ပိုင်နှင့် လက်တွေ့အခက်အခဲအချို့ ရှိကြသည်။ ဇာတိပကတိ၌ အသက်ရှင်သောလူအားလုံး နာမကျန်းဖြစ်ကြပြီး ဇာတိပကတိ၏ နာမကျန်းမှုများသည်လည်း လက်တွေ့တွင် တည်ရှိသော ပြဿနာတစ်ခုဖြစ်သည်၊ ငါတို့သည် အဖြစ်မှန်များကို လေးစားသည်။ အချို့လူများသည် အလွန်အမင်း နာမကျန်းဖြစ်မှုကြောင့် မိမိတို့၏ တာဝန်များကို အမှန်တကယ် မထမ်းဆောင်နိုင်ကြတော့ဘဲ ၎င်းတို့က ဘုရားအိမ်တော်အား အဆင်ပြေမှုများ ပံ့ပိုးပေးရန် လိုအပ်လျှင် သို့မဟုတ် ညီအစ်ကိုမောင်နှမများအား ဆေးနည်းများ သို့မဟုတ် ကုသမှုဆိုင်ရာ အကြံပြုချက်အချို့ ပေးရန် လိုအပ်လျှင် ဘုရားအိမ်တော်သည် ဤအရာများကို ဝမ်းမြောက်စွာ ပံ့ပိုးပေးလိမ့်မည်။ အကယ်၍ ၎င်းတို့က ဘုရားအိမ်တော်ကို အဆင်မပြေမဖြစ်စေလိုဘဲ မိမိတို့၏ရောဂါကို သွားရောက်ကုသရန် မိမိတို့တွင် ငွေ၊ နည်းလမ်းနှင့် သုံးစွဲရန်ငွေကြေးရှိပါက ယင်းမှာလည်း ပြဿနာမရှိပေ။ အချုပ်အားဖြင့် ၎င်းတို့၏ ကျန်းမာရေးက ဘုရားအိမ်တော်၌ တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် သို့မဟုတ် ဘုရားအိမ်တော်၏ ပျိုးထောင်မှုကို ဆက်လက်ခံယူရန် ခွင့်မပြုသောကြောင့်ဖြစ်ပါက ၎င်းတို့သည် ကျိုးကြောင်းခိုင်လုံစွာ တောင်းဆိုမှုတစ်ခု ပြုလုပ်နိုင်ပြီး ဘုရားအိမ်တော်သည် ချက်ချင်းသဘောတူလိမ့်မည်။ မည်သူကမျှ ၎င်းတို့၏ တွေးခေါ်ပုံကို အကြံဉာဏ်မပေးသင့်၊ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်၊ အကြောင်းမှာ ယင်းမှာ မသင့်လျော်ဘဲ ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့် ဖြစ်သည်။ ဤသည်တို့မှာ ဤသို့သောလူစားမျိုးအတွက် ပြုလုပ်ထားသော စီစဉ်မှုများ ဖြစ်သည်။
အထူးပုဂ္ဂိုလ်အမျိုးအစားအချို့အား ဆက်ဆံနည်း
၁။ မိမိတို့၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်သော သူများအား ဆက်ဆံနည်း
အချို့လူများ၌ လူ့သဘာဝ အသင့်အတင့် ရှိကြသည်။ ၎င်းတို့တွင် အားသာချက်များနှင့် ထက်မြက်သောစိတ်ရှိသည်၊ ပုံမှန်စကားပြောဆိုကြသည်၊ အများအားဖြင့် အလွန်အကောင်းမြင်တတ်ကြပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အလွန်တက်ကြွကြသော်လည်း၊ ၎င်းတို့တွင် အပြစ်အနာအဆာတစ်ခုရှိပြီး၊ ယင်းမှာ ၎င်းတို့က အလွန်တွယ်တာတတ်ခြင်း ဖြစ်သည်။ ဘုရားသခင်နောက်သို့လိုက်ပြီး အသင်းတော်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ ၎င်းတို့သည် မိမိတို့၏ မိသားစုနှင့် ဆွေမျိုးများကို စဉ်ဆက်မပြတ် လွမ်းဆွတ်နေကြသည် သို့မဟုတ် မိမိတို့၏ ဇာတိမြို့တွင်ရှိသည့် ကောင်းသောအစားအစာကို စားခြင်းအကြောင်း အဆက်မပြတ် တွေးတောနေကြပြီး၊ ထိုအစားအစာကို မစားနိုင်ခြင်းက ၎င်းတို့ကို စိတ်ဆင်းရဲစေသည်။ ယင်းက ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်လေသည်။ မိမိတို့၏ ကိုယ်ပိုင်သီးသန့်နေရာဖြင့် တစ်နေရာတွင် တစ်ဦးတည်း နေထိုင်လိုသော အခြားလူစားတစ်မျိုးလည်း ရှိသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် အတူရှိသောအခါ၊ အလုပ်၏အရှိန်မှာ အလွန်မြန်သည်ဟု ခံစားရပြီး မိမိတို့၌ ကိုယ်ပိုင်နေထိုင်ရန်နေရာ မရှိဟု ခံစားရသည်။ ၎င်းတို့သည် အဆက်မပြတ် ဖိအားပေးခံနေရသည်ဟု ခံစားရပြီး ညီအစ်ကိုမောင်နှမများနှင့် အတူနေထိုင်ရသည်မှာ စိတ်ကျဉ်းကျပ်ကာ မသက်မသာဖြစ်သည်ဟု အမြဲခံစားရသည်။ ၎င်းတို့သည် မိမိတို့စိတ်တိုင်းကျ လုပ်ဆောင်လိုပြီး စိတ်အလိုလိုက်ဖို့အတွက် လွတ်လပ်လိုကြသည်။ ၎င်းတို့သည် အခြားလူတိုင်းနှင့်အတူ မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုကြဘဲ အိမ်ပြန်ရန် အဆက်မပြတ် တွေးတောနေကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရသည်မှာ မနှစ်မြို့စရာအဖြစ် အမြဲမြင်ကြသည်။ ။ ညီအစ်ကိုမောင်နှမများသည် ပေါင်းသင်းဆက်ဆံရန် လွယ်ကူပြီး ဘုရားအိမ်တော်၌ မည်သူကမျှ ၎င်းတို့ကို အနိုင်မကျင့်သော်လည်း၊ ၎င်းတို့သည် အလုပ်လုပ်ချိန်နှင့် အနားယူချိန်ဇယားကို လိုက်နာရန် အတော်အတန် ရုန်းကန်ရသည်။ မနက်တွင် လူတိုင်း အိပ်ရာထပြီးနောက်၊ ၎င်းတို့က အိပ်ရာထနောက်ကျလိုသော်လည်း ထိုသို့ပြုလုပ်ရန် ရှက်ကြသည်။ ညအချိန်တွင် အခြားလူအားလုံး အနားယူနှင့်ပြီးဖြစ်ချိန်တွင်၊ ၎င်းတို့သည် အိပ်ရာမဝင်လိုသည့်အပြင်၊ မိမိတို့ စိတ်ဝင်စားသည့်အရာတစ်ခုကို အမြဲလုပ်ဆောင်လိုကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့ အမှန်တကယ် စားလိုသော်လည်း၊ စားသောက်ခန်းတွင် မရရှိနိုင်သည့်အရာတစ်ခုရှိကာ တောင်းဆိုရန် အလွန်ရှက်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် လမ်းလျှောက်ထွက်လိုသော်လည်း၊ အခြားမည်သူကမျှ ဤသို့ပြုလုပ်ရန် မတောင်းဆိုသောကြောင့် စိတ်အလိုလိုက်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် အမြဲတစေ ဂရုတစိုက်လုပ်ဆောင်ပြီး သတိထားကာ၊ လှောင်ပြောင်ခံရမည်၊ အထင်သေးခံရမည် သို့မဟုတ် ကလေးဆန်သည်ဟု အခေါ်ခံရမည်ကို ကြောက်ရွံ့ကြသည်။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းစွာမထမ်းဆောင်ပါက၊ တစ်ခါတစ်ရံတွင် ပြုပြင်ခြင်းခံရသည့်အဖြစ်သို့ ရောက်သည်။ ၎င်းတို့သည် နေ့တိုင်း ရင်တမမဖြစ်နေရသည်ဟု ခံစားရပြီး၊ ရေခဲလွှာပါးပေါ် လမ်းလျှောက်နေရသကဲ့သို့ ခံစားရကာ အလွန်စိတ်မချမ်းမြေ့ ဖြစ်နေကြသည်။ ၎င်းတို့က “ကျွန်ုပ် အိမ်တွင်ရှိစဉ်က နတ်သမီးလေးတစ်ဦးကဲ့သို့ လွတ်လပ်ကာ ချုပ်ချယ်မှုကင်းသည့် မိသားစု၏ ကလေးငယ်တစ်ဦး ဖြစ်ခဲ့သည်။ ကျွန်ုပ် ပျော်ရွှင်ခဲ့ရလေခြင်းပါတကား။ ယခု ကျွန်ုပ်သည် ဘုရားအိမ်တော်၌ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေသည်၊ ကျွန်ုပ်၏ ယခင်ပုံစံ အရိပ်ယောင်များ အဘယ်ကြောင့် ပျောက်ကွယ်သွားရသနည်း။ ကျွန်ုပ် လုပ်လေ့ရှိခဲ့သည့်အတိုင်း ကျွန်ုပ်အလိုရှိသမျှကို မလုပ်ဆောင်နိုင်တော့ပါ” ဟု စဉ်းစားကြသဖြင့် ဤဘဝမျိုးတွင် အသက်မရှင်လိုကြပေ။ သို့သော် ၎င်းတို့က ဤအကြောင်းကို မိမိတို့၏ ခေါင်းဆောင်အား ပြောပြရန် မဝံ့ရဲကြသည့်အပြင်၊ ဤအတွေးများကို မိမိတို့ပတ်ဝန်းကျင်ရှိ လူများထံ အဆက်မပြတ် ဖြန့်ဝေကြသည်။ ၎င်းတို့သည် အမြဲတစေ အိမ်ကိုလွမ်းဆွတ်နေကြပြီး ညအချိန်တွင် အိပ်ရာထဲ၌ တိတ်တဆိတ် ငိုကြွေးကြသည်။ ဤလူစားမျိုးနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤအကြောင်းအရာကို သိရှိသူ မည်သူမဆို နှောင့်နှေးခြင်းမရှိဘဲ တိုင်ကြားသင့်သည်၊ ခေါင်းဆောင်က ထိုတိုင်ကြားချက် မှန်ကန်ခြင်း ရှိမရှိဟူသည်ကို ချက်ချင်း သေချာအောင်လုပ်ဆောင်သင့်ပြီး၊ အကယ်၍ မှန်ကန်ပါက၊ ထိုသူကို အိမ်ပြန်ခွင့်ပြုနိုင်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ စားစရာ၊ သောက်စရာနှင့် ဧည့်ဝတ်ကျေပွန်မှုကို ခံစားနေကြရသော်လည်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မလိုမလားဖြစ်နေကြဆဲဖြစ်သည့်အပြင် အမြဲတစေ စိတ်မကြည်မလင်ဖြစ်ကာ၊ စိတ်ထိခိုက်ကာ စိတ်မချမ်းမြေ့ဖြစ်နေကြရသဖြင့်၊ ၎င်းတို့ကို တတ်နိုင်သမျှ အမြန်ဆုံး လွှတ်လိုက်လော့။ ဤလူစားမျိုးသည် ဤစိတ်အခြေအနေများကို ယာယီမျှသာ ရှိခြင်းမဟုတ်သည့်အပြင်၊ ထို့နောက် အမှုအရာများကို အချိန်ယူစဉ်းစားခြင်းဖြင့် ဖြေရှင်းကြခြင်းမဟုတ်။ ၎င်းတို့၏ အခြေအနေမှာ ထိုသို့မဟုတ်ပေ။ အချို့လူများ၏ ခံစားချက်အရဖြစ်သော ဆန္ဒမှာ မိမိတို့၏ တာဝန်ကို ခိုင်မြဲစွာ ထမ်းဆောင်ရန်ဖြစ်ပြီး၊ ၎င်းတို့သည် အိမ်ကို လွမ်းဆွတ်သော်လည်း၊ ဤသည်မှာ မည်သည့် ပြဿနာမျိုးဖြစ်သည်ကို သိရှိကြကာ၊ သမ္မာတရားကို ရှာဖွေပြီး ဖြေရှင်းနိုင်ကြသည်။ ဤလူတို့၏ အခြေအနေတွင်၊ ၎င်းတို့ကို သွားခွင့်ပြုရန် မလိုအပ် သို့မဟုတ် ၎င်းတို့အတွက် စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ ငါတို့ပြောနေသည့် အခြေအနေမှာ အသက် ၃၀ အရွယ် လူတို့က ကြီးပြင်းလာခြင်းမရှိဘဲ ကလေးများကဲ့သို့ ပြုမူနေဆဲဖြစ်ပြီး၊ အမြဲတစေ မတည်ငြိမ်ဘဲ ရှိနေသည့်အခါ ဖြစ်သည်။ ၎င်းတို့သည် ခိုင်းသမျှကိုသာ လုပ်ဆောင်ကြပြီး၊ လုပ်စရာမရှိသည့်အခါတွင် ပျော်ပါးရန်နှင့် မသက်ဆိုင်သော အကြောင်းအရာများကို စကားစမြည်ပြောဆိုရန် တွေးတောကြကာ၊ မိမိတို့၏ သင့်လျော်သော အလုပ်ကို မည်သည့်အခါမျှ အာရုံမစိုက်လိုကြပေ။ ဘာသာတရားမရှိသူများသည် အသက် ၃၀ တွင် အခြေခိုင်ခြင်းအကြောင်း ပြောဆိုကြသည်။ အခြေခိုင်ခြင်းဟူသည်မှာ မိမိ၏ သင့်လျော်သော အလုပ်ကို အာရုံစိုက်ခြင်း၊ အလုပ်တစ်ခုကို တာဝန်ယူနိုင်ပြီး မိမိကိုယ်ကို ထောက်ပံ့နိုင်ခြင်း၊ မိမိ၏ သင့်လျော်သော အလုပ်ကို အာရုံစိုက်ရန် သိရှိခြင်း၊ အပျော်အပါးဖြင့် အချိန်ကုန်ဆုံးမှု လျော့နည်းခြင်းနှင့် မိမိ၏ သင့်လျော်သော အလုပ်ကို မနှောင့်နှေးစေခြင်းတို့အား ဆိုလိုသည်။ “ကလေးများကဲ့သို့ ပြုမူခြင်း” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ မည်သည့် သင့်လျော်သော အလုပ်ကိုမျှ တာဝန်မယူနိုင်ခြင်း၊ အမြဲတစေ စိတ်လေလွင့်လိုခြင်း၊ အဆက်မပြတ် လမ်းလျှောက်ထွက်လိုခြင်း၊ လျှောက်သွားလိုခြင်း၊ လက်လွတ်စပယ်နေလိုခြင်း၊ သရေစာစားလိုခြင်း၊ ဇာတ်လမ်းတွဲများ ကြည့်လိုခြင်း၊ မသက်ဆိုင်သော အရာများကို ပြောဆိုလိုခြင်း၊ ဂိမ်းကစားလိုခြင်းနှင့် ထူးဆန်းသော ဖြစ်ရပ်များနှင့် မူမမှန်သော ဇာတ်လမ်းများအတွက် အင်တာနက်တွင် ပိုက်စိပ်တိုက်ရှာဖွေလိုခြင်းတို့ကို ဆိုလိုသည်။ ယင်းမှာ စုဝေးပွဲများ တက်ရောက်ရန် မည်သည့်အခါမျှ စိတ်မပါခြင်း၊ စုဝေးပွဲများ ကျင်းပသည့်အခါတိုင်း အိပ်လိုခြင်း၊ ငိုက်မျဉ်းလာသည်နှင့်တစ်ပြိုင်နက် အိပ်လိုခြင်း၊ ဆာလောင်လာသည်နှင့်တစ်ပြိုင်နက် စားလိုခြင်း၊ တစ်ဇွတ်ထိုးလုပ်ခြင်းနှင့် မိမိ၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်ခြင်းတို့အား ဆိုလိုသည်။ ဤသို့သောလူများကို မကောင်းသည့် လူ့သဘာဝရှိသည်ဟု မဆိုနိုင်ပေ။ ၎င်းတို့က လုံးဝ ကြီးပြင်းမလာသည့်အပြင် အမြဲတစေ မရင့်ကျက်ဘဲ ရှိနေခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် အသက် ၃၀ တွင် ဤသို့ဖြစ်ပြီး၊ အသက် ၄၀ တွင်လည်း ဤသို့ပင် ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် ပြောင်းလဲနိုင်စွမ်း မရှိကြပေ။ အကယ်၍ ၎င်းတို့သည် ထွက်ခွာရန် တောင်းဆိုပြီး မိမိတို့၏ တာဝန်ကို ဆက်လက်မထမ်းဆောင်လိုတော့ပါက၊ ဤအရာကို မည်သို့ကိုင်တွယ်သင့်သနည်း။ ဘုရားအိမ်တော်သည် ၎င်းတို့ကို နေရန် မတိုက်တွန်းချေ။ သင်သည် ၎င်းတို့ကို ချက်ချင်း တုံ့ပြန်သင့်သည်။ ၎င်းတို့ကို ချက်ချင်း ထွက်ခွာခွင့်ပြုပြီး ဘာသာတရားမရှိသူများထဲသို့ ပြန်သွားစေကာ၊ ဘုရားသခင်ကို ယုံကြည်သည်ဟု လုံးဝမပြောရန် ၎င်းတို့အား မှာကြားရမည်။ မိမိတို့၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်သောသူများသည် သမ္မာတရားကို ရရှိနိုင်သလော။ အကယ်၍ သင်သည် ၎င်းတို့အား ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ခြင်းမှတစ်ဆင့် ၎င်းတို့၏ လူ့သဘာဝအရ ရင့်ကျက်လာပြီး မိမိတို့၏ သင့်လျော်သော အလုပ်ကို ဂရုစိုက်လာရန်၊ အရေးကြီးသော အလုပ်တစ်ခုကို တာဝန်ယူနိုင်စွမ်းရှိလာရန်၊ ထို့နောက် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ကာ လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်ရန် မျှော်လင့်ပါက၊ သင်သည် ယင်းအပေါ် လုံးဝ မမှတ်ယူသင့်ပေ။ သင်သည် ဤသို့သောလူများကို မည်သည့်အုပ်စုတွင်မဆို တွေ့ရှိလိမ့်မည်။ ဘာသာတရားမရှိသူများတွင် ဤသို့သော လူစားမျိုးအတွက် အမည်ပြောင်တစ်ခု ရှိသည်။ “လူကြီးကလေး” ဖြစ်သည်။ ထိုသို့သောလူများသည် မိမိတို့၏ သင့်လျော်သော အလုပ်ကို မည်သည့်အခါမျှ အာရုံမစိုက်ဘဲအသက် ၆၀ သို့ ရောက်ရှိနိုင်သည်။ ၎င်းတို့သည် မလျော်ကန်စွာ ပြောဆိုပြီး ကိုင်တွယ်ကြသည်၊ အမြဲတစေ ရယ်မောကာ ပြောင်လှောင်ပြီး ခုန်ပေါက်နေကြသည်၊ မည်သည့်အရာကိုမျှ အလေးအနက်ထား မလုပ်ဆောင်ကြသည့်အပြင်၊ အထူးသဖြင့် ပျော်ပါးရန် ကြံရွယ်ကြသည်။ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို အသုံးမပြုနိုင်ပေ။
သင်တို့သည် ဤ “လူကြီးကလေးများ” ကို ဆိုးသည်ဟု ထင်သလော။ ၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) ၎င်းတို့ထဲမှ အချို့သည် ဆိုးယုတ်သောလူများ မဟုတ်ကြပေ၊ ၎င်းတို့သည် အတော်ပင် ရိုးရှင်းပြီး မဆိုးကြပေ။ ၎င်းတို့ထဲမှ အချို့သည် အတော်ပင် ကြင်နာတတ်ပြီး အခြားသူများကို ကူညီလိုစိတ်ရှိကြသည်။ သို့သော် ၎င်းတို့အားလုံးတွင် ချို့ယွင်းချက်တစ်ခုရှိသည်။ ယင်းမှာ ၎င်းတို့သည် တစ်ဇွတ်ထိုးလုပ်ကြသည်၊ ပျော်ပါးတတ်ကြပြီး မိမိတို့၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်ကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ အမျိုးသမီးတစ်ဦးက အိမ်ထောင်ကျပြီးနောက်၊ သူမသည် မည်သည့်အိမ်မှုကိစ္စကိုမျှ လုပ်ရန် သင်ယူခြင်းမရှိဟု ဆိုကြပါစို့။ သူမ ပျော်ရွှင်သည့်အခါမှသာ အစားအစာများကို ချက်ပြုတ်သော်လည်း၊ မပျော်သည့်အခါ မချက်ပြုတ်ပေ။ သူမကို အမြဲတစေ ချော့မော့နေရသည်။ အကယ်၍ တစ်စုံတစ်ဦးက သူမအား တစ်စုံတစ်ခု လုပ်စေလိုလျှင်၊ သူသည် သူမနှင့် ညှိနှိုင်းရပြီး၊ သူမကို စောင့်ကြည့်ရမည်ဖြစ်သည်။ သူမသည် ဈေးဝယ်ထွက်ရန်၊ အဝတ်အစားနှင့် အလှကုန်များ ဝယ်ရန်၊ အလှအပအတွက် ပြုပြင်မှုများပြုလုပ်ရန်အတွက် မိမိကိုယ်ကို လှပအောင် အမြဲတစေ ပြင်ဆင်လိုသည်။ အိမ်ပြန်ရောက်သောအခါ၊ သူမသည် အိမ်မှုကိစ္စတစ်ခုမျှ မလုပ်ဘဲ ဖဲရိုက်ခြင်းနှင့် မာဂျောင်ကစားခြင်းကိုသာ လုပ်လိုသည်။ အကယ်၍ သင်သည် သူမအား ဂေါ်ဖီထုပ်တစ်ပေါင် မည်မျှပေးရသည်ကို မေးလျှင်၊ သူမ မသိပေ။ အကယ်၍ သင်သည် သူမအား မနက်ဖြန် ဘာစားမည်ကို မေးလျှင်၊ ထိုအရာကိုလည်း သူမ မသိပေ။ သင်သည် သူမကို တစ်ခုခု ချက်ပြုတ်ခိုင်းလျှင်၊ သူမက သေချာမချက်ပေ။ သို့ဆိုလျှင်၊ သူမသည် မည်သည့်အရာကို အကျွမ်းကျင်ဆုံးဖြစ်သနည်း။ သူမသည် မည်သည့်စားသောက်ဆိုင်က အကောင်းဆုံးအစားအစာကို ကျွေးမွေးသည်၊ မည်သည့်ဆိုင်က အခေတ်မီဆုံးအဝတ်အစားများကို သိုလှောင်ထားသည်၊ မည်သည့်ဆိုင်က ဈေးတန်ပြီး ထိရောက်သော အလှကုန်များကို ရောင်းချသည်ကို သိရှိခြင်းကဲ့သို့သော အရာများတွင် အကျွမ်းကျင်ဆုံးဖြစ်သည်။ သို့သော် မိမိ၏နေ့ရက်တို့ကို မည်သို့ကုန်ဆုံးရမည်၊ သို့မဟုတ် ပုံမှန်လူ့အသက်တာတွင် လိုအပ်သည့် ကျွမ်းကျင်မှုများကဲ့သို့သော အခြားအရာများကို သူမ နားလည်ခြင်း၊ သို့မဟုတ် သင်ယူခြင်းမရှိပေ။ သူမသည် လုံလောက်သော အစွမ်းအစမရှိသောကြောင့် ဤအရာများကို မသင်ယူခြင်းဖြစ်သလော။ ထိုသို့မဟုတ်ပေ။ သူမ ကျွမ်းကျင်သည့်အရာများမှ အကဲဖြတ်ရလျှင်၊ သူမ၌ အစွမ်းအစရှိသော်လည်း၊ မိမိ၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်ခြင်း ဖြစ်သည်။ သူမ၌ သုံးစွဲရန်ငွေ ရှိသရွေ့၊ အပြင်ထွက်၍ စားသောက်ဆိုင်များတွင်စားပြီး မိတ်ကပ်နှင့် အဝတ်အစားများကို ဝယ်လိမ့်မည်။ အကယ်၍ အိမ်တွင် အိုးများနှင့် ဒယ်အိုးများ နည်းပါးနေပြီး သူမအား အချို့ဝယ်ခိုင်းပါက၊ “အပြင်တွင် ရောင်းသည့် အရသာရှိသည့် အစားအစာများ ရှိသည်၊ ထိုအရာအားလုံးကို ကျွန်မ ဘာအတွက် ဝယ်ဖို့လိုသနည်း” ဟု သူမ ပြောလိမ့်မည်။ အကယ်၍ အိမ်တွင်ရှိသည့် ဖုန်စုပ်စက် ပျက်နေပြီး၊ အသစ်တစ်လုံးဝယ်ရန် ပိုက်ဆံစုဖို့အတွက် အဝတ်အစားတစ်ထည် လျှော့ဝယ်ရန် သူမအား ပြောပါက၊ သူမက “ အနာဂတ်တွင် ကျွန်မ ပိုက်ဆံရှာ၍ရသည့်အခါ အိမ်ကို သန့်ရှင်းရန်အတွက် အိမ်ဖော်တစ်ယောက်ကိုသာ ခန့်လိုက်မည်။ ထို့ကြောင့် ဖုန်စုပ်စက်ကို ဝယ်ရန်မလိုပါ”ဟု ပြောလိမ့်မည်။ ပုံမှန်အားဖြင့်၊ သူမသည် ဂိမ်းကစားခြင်း သို့မဟုတ် မာဂျောင်ကစားခြင်း မဟုတ်လျှင်၊ ခေတ်မီအဝတ်အစားများကို ဝယ်နေပြီး၊ အိမ်ကို မည်သည့်အခါမျှ သန့်ရှင်းရေးမလုပ်ပေ။ ဤသည်မှာ မိမိ၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်ခြင်းဖြစ်သည် မဟုတ်လော။ ထို့နောက် ပိုက်ဆံအချို့ ရသည်နှင့်တစ်ပြိုင်နက်၊ ကားတစ်စီးဝယ်သည့် သို့မဟုတ် လောင်းကစားလုပ်ပစ်လိုက်သည့် အမျိုးသားအချို့ရှိသည်။ အိမ်တွင် တစ်စုံတစ်ခု ပျက်စီးပါက၊ ၎င်းတို့ မပြုပြင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို သင့်လျော်သောနည်းလမ်းဖြင့် မကုန်လွန်စေကြပေ။ ၎င်းတို့၏ အိမ်တွင်၊ ၎င်းတို့၏ ရေခဲသေတ္တာသည် အလုပ်မလုပ်သည့်အပြင်၊ အဝတ်လျှော်စက်လည်း အလုပ်မလုပ်ပေ။ ရေမြောင်းများ ပိတ်ဆို့နေပြီး၊ မိုးရွာသည့်အခါ အမိုးက ယိုစိမ့်ကာ၊ ဤအရာများကို အချိန်အလွန်ကြာသည်အထိ ၎င်းတို့ မပြုပြင်ကြပေ။ ထိုသို့သော အမျိုးသားများနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ ၎င်းတို့သည် မိမိတို့၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်ကြပေ။ အမျိုးသားများဖြစ်စေ၊ အမျိုးသမီးများဖြစ်စေ၊ အလွန်အမင်း တစ်ဇွတ်ထိုးလုပ်ဆောင်ပြီး မိမိတို့၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်သည့် လူစားမျိုးတို့ကို ဘုရားအိမ်တော်က အသုံးမပြုနိုင်ပေ။
အချို့လူများသည် မိဘများအဖြစ် မိမိတို့၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်ကြသည့်အပြင်၊ မိမိတို့၏ သားသမီးများကို ကောင်းစွာ ဂရုစိုက်ရန် ပျက်ကွက်ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ သားသမီးများသည် ရေနွေးပူဖြင့် အပူလောင်ခြင်း သို့မဟုတ် ထိခိုက်ရှနာများ ခံစားရခြင်းတို့ ဖြစ်သွားရသည်။ အချို့ကလေးများသည် နှာခေါင်းကျိုးခြင်း၊ အချို့မှာ မီးဖိုပေါ်တွင် တင်ပါးလောင်ခြင်း၊ အချို့မှာ ရေနွေးပူသောက်မိပြီးနောက် လည်ချောင်းအပူလောင်ခြင်းတို့ ဖြစ်ရသည်။ ဤသို့သော လူစားမျိုးတို့သည် မိမိတို့လုပ်ဆောင်သမျှတွင် အာရုံမစိုက်ကြသည့်အပြင်၊ မည်သည့်အရာကိုမျှ ကောင်းစွာလုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်ကြ၊ အပြောင်အပြက်ပြုလုပ်ကြသည်၊ တစ်ဇွတ်ထိုးလုပ်ဆောင်ပြီး အပျော်အပါးမက်ကြကာ၊ လူတစ်ဦး ထမ်းဆောင်သင့်သော တာဝန်များကို ထမ်းရွက်နိုင်စွမ်း မရှိကြပေ။ မိဘများအနေဖြင့်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းနိုင်သည့်အပြင် ဂရုမထားကြပေ။ သို့ဆိုလျှင်၊ ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်သည့်အခါ ပုံမှန်လူများ ထမ်းဆောင်သင့်သော တာဝန်များကို ထမ်းရွက်နိုင်သလော။ လုံးဝမထမ်းရွက်နိုင်ပေ။ မိမိတို့၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်သောသူများကို အသုံးပြု၍မရနိုင်ပေ။ အကယ်၍ ၎င်းတို့က မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုတော့ဟု ပြောဆိုပြီး အိမ်ပြန်ခွင့်တောင်းပါက၊ ၎င်းတို့ကို ချက်ချင်း သွားခွင့်ပြုလိုက်လော့။ မည်သူကမျှ ၎င်းတို့ကို နေရန် ဖိအားပေးခြင်း သို့မဟုတ် တိုက်တွန်းခြင်း မပြုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ၎င်းတို့၏ သဘာဝနှင့်ဆိုင်သော ပြဿနာဖြစ်ပြီး၊ ရံဖန်ရံခါ၊ ယာယီဖြစ်ပေါ်သော သရုပ်သကန်တစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။ ဤလူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာသည့်အခါ ထင်ယောင်ထင်မှားဖြစ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ တာဝန်ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်နောက်သို့လိုက်ခြင်းသည် ဧဒင်ဥယျာဉ်သို့ ရောက်လာခြင်းကဲ့သို့ဖြစ်မည်၊ ကောင်းမွန်သော ခါနာန်ပြည်သို့ ရောက်ရှိနေခြင်းကဲ့သို့ ဖြစ်မည်ဟု ၎င်းတို့ တွေးထင်ခဲ့ကြသည်။ ၎င်းတို့ စိတ်ကူးခဲ့သောဘဝသည် တစ်နေ့လုံး နှစ်သက်ဖွယ်ဖြစ်သော အစားအစာများကို စားသောက်လျက်၊ လွတ်လပ်ပြီး ချုပ်တည်းမှုမရှိ၊ လုပ်ဆောင်ရန် အလုပ် လုံးဝမရှိဘဲ နှစ်သက်ဖွယ်ကောင်းခဲ့သည်။ ၎င်းတို့သည် ပူပန်ခြင်းကင်းသော နားနားနေနေ နေရသည့်ဘဝဖြင့် နေထိုင်လိုခဲ့သော်လည်း၊ ၎င်းတို့ စိတ်ကူးခဲ့သည့်အရာနှင့် လုံးဝကွဲပြားခြားနားနေခဲ့သည်။ ဤလူတို့သည် လုံလောက်စွာ တွေ့ကြုံပြီးဖြစ်ကာ၊ ဤနေရာက ငြီးငွေ့ဖွယ်ကောင်းပြီး ခြောက်ကပ်သည်ဟု ခံစားရသဖြင့် ထွက်ခွာလိုကြသည်၊ ထို့ကြောင့် ၎င်းတို့ကို နှောင့်နှေးခြင်းမရှိဘဲ သွားခွင့်ပြုလိုက်လော့၊ ဘုရားအိမ်တော်က ဤလူတို့ကို နေရန် မတိုက်တွန်းချေ။ ဘုရားအိမ်တော်က လူတို့ကို ဖိအားမပေးပေ။ သင်တို့လည်း ဤသို့မပြုလုပ်သင့်ပေ။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။ သင်တို့သည် သမ္မာတရား စည်းမျဉ်းများနှင့် ညီသော အမှုများကို လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သောသူ၊ အမြော်အမြင်ရှိသောသူ ဖြစ်ရမည်။ နားဝေတိမ်တောင်ဖြစ်သောသူ သို့မဟုတ် နှိုင်းချိန်မှုမရှိသော လူ့အကြိုက်လိုက်သူ မဖြစ်နှင့်။ မိမိတို့၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်သည့် လူစားမျိုးကို ဤနည်းလမ်းဖြင့် ကိုင်တွယ်လော့။ ဤသည်မှာ မချစ်ခင်ခြင်း သို့မဟုတ် လူတို့အား နောင်တရရန် အခွင့်အရေးမပေးခြင်းဟု မှတ်ယူနိုင်သလော။ (မမှတ်ယူနိုင်ပါ။) ဘုရားသခင်သည် လူတိုင်းအပေါ် မျှတပြီး၊ ဘုရားအိမ်တော်သည် သင့်ကို ရာထူးတိုးပေးပိုင်ခွင့်၊ ပျိုးထောင်ပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်ရှိသည်။ အကယ်၍ သင်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် မလိုလားဘဲ၊ အသင်းတော်မှ ထွက်ခွာရန် တောင်းဆိုပါက၊ ယင်းမှာ သင်၏ လွတ်လပ်သော ရွေးချယ်မှုဖြစ်သည်၊ ထို့ကြောင့် အသင်းတော်သည် သင်၏ တောင်းဆိုမှုကို သဘောတူသင့်သည်၊ သင့်ကို လုံးဝ အတင်းအကျပ်ပြုမည် မဟုတ်ပေ။ ဤသည်မှာ ကိုယ်ကျင့်တရားနှင့် ညီသည်၊ လူ့သဘာဝနှင့် ညီပြီး အထူးသဖြင့် သမ္မာတရား စည်းမျဉ်းများနှင့် ညီသည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ အလွန်သင့်လျော်သော ဆောင်ရွက်ပုံနည်းလမ်း ဖြစ်သည်။ အကယ်၍ မည်သူမဆို မိမိ၏ တာဝန်ကို အချိန်ကာလတစ်ခုအထိ ထမ်းဆောင်ပြီးနောက်၊ ပင်ပန်းပြီး ခက်ခဲသည်ဟု တွေ့ရှိကာ၊ ဆက်လက်လုပ်ဆောင်လိုခြင်းမရှိတော့ဘဲ၊ အကျိုးဆက်အနေဖြင့် မိမိ၏ တာဝန်ကို စွန့်လွှတ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းအား ရပ်တန့်လိုပါက၊ ယနေ့တွင် ဤအကြောင်းနှင့်ပတ်သက်၍ သင့်အား တိကျသော တုံ့ပြန်မှုတစ်ခု ငါပေးမည်၊ ယင်းမှာ ဘုရားအိမ်တော်သည် ဤအရာကို သဘောတူမည်ဖြစ်ပြီး၊ သင့်အား နေရန် ဘယ်သောအခါမျှ အတင်းအကျပ်ပြုမည်မဟုတ်၊ သို့မဟုတ် သင့်အား အခက်အခဲဖြစ်စေမည် မဟုတ်ပေ။ ဤအရာအတွက် အကျပ်ရိုက်ခြင်းမရှိသည့်အပြင်၊ သင်သည် အကျပ်ရိုက်နေသည်ဟု ခံစားရန် သို့မဟုတ် မျက်နှာပျက်သည်ဟု ခံစားရန် မလိုအပ်ပေ။ ထိုအရာက ဘုရားအိမ်တော်အတွက် သာ၍ပင် ပြဿနာမဟုတ်သည့်အပြင်၊ ဘုရားအိမ်တော်သည် သင့်အပေါ် မည်သည့်တောင်းဆိုချက်ကိုမျှလည်း မထားရှိပေ။ ထို့အပြင်၊ အကယ်၍ သင်သည် ထွက်ခွာလိုပါက၊ ဘုရားအိမ်တော်က သင့်ကို ပြစ်တင်ရှုတ်ချမည်မဟုတ်၊ သို့မဟုတ် သင့်ကိုတားဆီးမည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သင်ရွေးချယ်ပြီးသော လမ်းကြောင်းဖြစ်ပြီး၊ ဘုရားအိမ်တော်က သင်၏ တောင်းဆိုချက်များကိုသာ ဖြည့်ဆည်းပေးနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သင့်လျော်သော လုပ်ဆောင်မှုလော။ (ဟုတ်ပါသည်။)
လူတို့က မိမိတို့၏ သင့်လျော်သော အလုပ်ကို အာရုံမစိုက်သည့် အခြေအနေအချို့ကို ယခုတင် ငါစာရင်းပြုစုခဲ့သည်။ ဘုရားအိမ်တော်သည် ဤလူတို့ကို ဖိအားပေးမည်မဟုတ်၊ အကယ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မလိုလားလျှင် သို့မဟုတ် ကိုယ်ရေးကိုယ်တာ အခက်အခဲအချို့ရှိပြီး တာဝန်မထမ်းဆောင်တော့ရန် တောင်းဆိုပါက၊ ဘုရားအိမ်တော်က သဘောတူလိမ့်မည်။ ၎င်းတို့ကို နောက်ထပ် အသုံးပြုတော့မည် မဟုတ်သည့်အပြင်၊ တာဝန်ထမ်းဆောင်ခွင့်လည်း ပေးမည်မဟုတ်ပေ။ ဤသည်မှာ ထိုသို့သောလူများကို ကိုင်တွယ်ပုံဖြစ်ပြီး၊ လုံးဝသင့်လျော်သော ဆောင်ရွက်ပုံနည်းလမ်းတစ်ခု ဖြစ်သည်။
၂။ ယုဒများကို ဆက်ဆံနည်း
အလွန့်အလွန်သတ္တိနည်းသော လူအချို့ရှိပြီး၊ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး ဖမ်းဆီးခံရသည်ဟု ၎င်းတို့ ကြားသည့်အခါတိုင်း၊ ၎င်းတို့ကိုယ်တိုင် ဖမ်းဆီးခံရမည်ကို အလွန်အမင်းကြောက်ရွံ့ကြသည်။ အကယ်၍ ၎င်းတို့ ဖမ်းဆီးခံရပါက၊ အသင်းတော်ကို ၎င်းတို့ သစ္စာဖောက်မည့် အန္တရာယ်ရှိသည်မှာ သိသာထင်ရှားသည်။ ထိုသို့သောလူများကို မည်သို့ကိုင်တွယ်သင့်သနည်း။ ဤလူများသည် အရေးကြီးသော တာဝန်အချို့ကို ထမ်းဆောင်ရန် သင့်တော်သလော။ (မသင့်တော်ပါ။) အချို့လူများက “မိမိတို့ကိုယ်တိုင် ယုဒတစ်ဦး ဖြစ်လာမည်မဟုတ်ဟု မည်သူက အာမခံနိုင်သနည်း”ဟု ပြောကောင်းပြောနိုင်သည်။ အကယ်၍ ညှဉ်းပန်းနှိပ်စက်ခြင်းခံရပါက မိမိတို့ကိုယ်တိုင် ယုဒတစ်ဦး ဘယ်သောအခါမျှ ဖြစ်လာမည်မဟုတ်ဟု မည်သူမျှ အာမမခံနိုင်ပေ။ သို့ဆိုလျှင်၊ ဘုရားအိမ်တော်သည် ယုဒများ ဖြစ်လာနိုင်သည့် သတ္တိကြောင်သောလူများကို အဘယ်ကြောင့် အသုံးမပြုသနည်း။ အဘယ်ကြောင့်ဆိုသော် သိသာထင်ရှားစွာ သတ္တိကြောင်သောလူများသည် ဖမ်းဆီးခံရပြီး သစ္စာဖောက်မှုကို အချိန်မရွေး လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ ထိုသို့သောလူများကို အရေးကြီးသော တာဝန်တစ်ခု ထမ်းဆောင်ရန်အတွက် အသုံးပြုပါက၊ အမှုအရာများ မှားယွင်းသွားရန် အလွန့်အလွန် ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ တရုတ်ပြည်မကြီး၏ အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် လူများကို ရွေးချယ်အသုံးပြုသည့်အခါ နားလည်ရမည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ ဤနေရာတွင် အထူးအခြေအနေတစ်ခုရှိသည်၊ ယင်းမှာ အချို့လူများသည် ၎င်းတို့၏ အသက်ကို အန္တရာယ်ဖြစ်စေသည့် ပြင်းထန်ပြီး ကြာရှည်သော ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရပြီး၊ နောက်ဆုံးတွင်၊ ၎င်းတို့သည် အမှန်တကယ် မခံနိုင်တော့သဖြင့်၊ ပျော့ညံ့မှုကြောင့် ယုဒများ ဖြစ်လာခဲ့ပြီး အရေးမပါသော အရာအချို့ကို သစ္စာဖောက်ခဲ့ကြသည်။ မည်သူကမျှ ထိုသို့သောလူများကို ထွင်းဖောက်မမြင်နိုင်သည့်အပြင်၊ ဤလူများကို ဆက်လက်အသုံးပြုနိုင်သေးသည်။ သို့သော် ထို့နောက် ဖမ်းဆီးမခံရမီ မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခုကို ပြင်ဆင်ပြီးဖြစ်သော လူများ ရှိသည်။ ၎င်းတို့သည် မည်သည့်ညှဉ်းပန်းနှိပ်စက်မှုကိုမျှ မခံရဘဲ ဖမ်းဆီးခံရပြီးနောက် ချက်ချင်းလွတ်မြောက်ရေးကို မည်သို့ရယူရမည်ကို အချိန်ကြာမြင့်စွာ ကြိုးစား စဉ်းစားခဲ့ကြသည်။ ပထမဦးစွာ၊ ညှဉ်းပန်းနှိပ်စက်မှုကို ရှောင်ရှားခြင်း၊ ဒုတိယအနေဖြင့်၊ ပြစ်ဒဏ်ချမှတ်ခံရခြင်းကို ရှောင်ရှားခြင်း၊ တတိယအနေဖြင့်၊ ထောင်ကျခြင်းကို ရှောင်ရှားခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ စဉ်းစားပုံဖြစ်သည်။ ၎င်းတို့တွင် ယုဒတစ်ဦး ဖြစ်လာဖို့ထက် ဒုက္ခခံခြင်း သို့မဟုတ် ထောင်ကျခြင်းကို ပို၍နှစ်သက်မည့် စိတ်ပိုင်းဖြတ်ချက် မရှိပေ။ ၎င်းတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်း မခံရဘဲနှင့်ပင် သစ္စာဖောက်မှုကို လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် ဖမ်းဆီးခံရပြီး ထောင်မကျမီကပင် ယုဒများ ဖြစ်နေနှင့်ပြီးဖြစ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤသည်တို့မှာ စစ်မှန်သော ယုဒများ ဖြစ်ကြသည်။ အသင်းတော်သည် ဤလူစားမျိုးကို အသုံးပြုဝံ့သလော။ (အသုံးမပြုဝံ့ပါ။) အကယ်၍ ၎င်းတို့ကို ရိပ်စားမိနိုင်ပါက၊ ၎င်းတို့ကို လုံးဝ ပျိုးထောင်ပြီး အသုံးမပြုရပေ။ ဤလူများသည် ပုံမှန်အားဖြင့် မိမိတို့ကိုယ်ကို မည်သို့ထင်ရှားစေသနည်း။ ၎င်းတို့သည် အလွန့်အလွန် သတ္တိနည်းကြသည်။ တစ်စုံတစ်ခု မှားယွင်းသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် အစောဆုံးရသည့် အခွင့်အရေးတွင် မိမိတို့၏ တာဝန်များကို ရှောင်လွှဲကြပြီး၊ အနည်းငယ်မျှသော စွန့်စားမှုနှင့် ကြုံတွေ့ရသည့်အခါတိုင်း၊ မိမိတို့၏ တာဝန်ကို စွန့်လွှတ်ပြီး ထွက်ပြေးကြသည်။ ပတ်ဝန်းကျင်က အန္တရာယ်များလာသည်ဟု ၎င်းတို့ ကြားသည့်အခါတိုင်း၊ ပုန်းအောင်းရန် လုံခြုံသောနေရာတစ်ခုကို ရှာဖွေကြသည်။ မည်သူကမျှ ၎င်းတို့ကို ရှာမတွေ့နိုင်သည့်အပြင်၊ မည်သူနှင့်မျှ အဆက်အသွယ်မလုပ်ကြပေ။ ပုန်းလျှိုးနေခြင်းသည် ၎င်းတို့ တမူထူးခြားစွာ လုပ်ဆောင်သည့်အလုပ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏အလုပ် ကြုံတွေ့နေရသည့် မည်သို့သောအခက်အခဲများကိုမဆို ဂရုမစိုက်ကြသည့်အပြင်၊ မည်သည့်အလွန်အရေးပါသောအလုပ်ပုံစံကိုမဆို ဘေးဖယ်ထားနိုင်စွမ်းရှိကြသည်။ မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးကို အခြားမည်သည့်အရာထက်မဆို ပို၍အရေးကြီးသည်ဟု ၎င်းတို့ မှတ်ယူကြသည်။ ထို့အပြင်၊ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ၊ တစ်စုံတစ်ခု ဖြစ်ပေါ်လာသည့်အခါတိုင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်နေစဉ်၊ အခြားသူများကို အရဲစွန့်စေပြီး စွန့်စားမှုများ လုပ်ဆောင်စေလိမ့်မည်။ ၎င်းတို့သည် အခြားသူများအတွက် မည်မျှပင် အန္တရာယ်ဖြစ်သည်ဖြစ်စေ၊ မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးအတွက် ဤသို့ပြုလုပ်ခြင်းက ထိုက်တန်ပြီး သင့်လျော်သည်ဟု ခံစားရသည်။ ထို့အပြင်၊ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ အလျင်အမြန် မလာကြသည့်အပြင်၊ အန္တရာယ်ကျရောက်နေနိုင်သည့် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်ပိုင်ပစ္စည်းများကို လွှဲပြောင်းရန် အလျင်အမြန် စီစဉ်ခြင်းလည်း မရှိကြပေ။ ထိုအစား၊ မည်သို့လွတ်မြောက်ရမည်၊ မည်သို့ပုန်းအောင်းရမည်၊ အန္တရာယ်မှ မိမိတို့ကိုယ်ကို မည်သို့ကယ်တင်ရမည်ဟူသည်တို့ကို ဦးစွာ ကြိုးစားစဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့၏ ထွက်ပေါက်အစီအစဉ်ကိုပင် ရေးဆွဲထားကြပြီးဖြစ်သည်။ အကယ်၍ အမှန်တကယ် ဖမ်းဆီးခံရပါက မည်သူ့ကို ဦးစွာ သစ္စာဖောက်ရမည်၊ ညှဉ်းပန်းနှိပ်စက်ခြင်းမခံရစေရန် မည်သို့လုပ်ဆောင်ရမည်၊ ထောင်ဒဏ်ချမှတ်မခံရစေရန် မည်သို့လုပ်ဆောင်ရမည်၊ ဆင်းရဲဒုက္ခကို မည်သို့ရှောင်ကြဉ်ရမည်ဟူသည်တို့ ဖြစ်သည်။ ဆင်းရဲဒုက္ခတစ်မျိုးမျိုးနှင့် ကြုံတွေ့ရသည့်အခါတိုင်း၊ ၎င်းတို့သည် သေမလောက် ကြောက်ရွံ့ပြီး ယုံကြည်ခြင်း တစ်စက်မျှပင် မပိုင်ဆိုင်ကြပေ။ ဤလူစားမျိုးသည် အန္တရာယ်ရှိသည် မဟုတ်လော။ အကယ်၍ အန္တရာယ်ရှိသောအလုပ်ကို တာဝန်ယူရန် ၎င်းတို့အား စေခိုင်းပါက၊ ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ အဆုံးမရှိ မြည်တွန်တောက်တီးကြသည်၊ ကြောက်ရွံ့လာပြီး ထွက်ပြေးရန် အဆက်မပြတ် တွေးတောကာ၊ တာဝန်ယူရန် မလိုလားကြပေ။ ဤလူစားမျိုးသည် ဖမ်းဆီးမခံရမီကပင် ယုဒများဖြစ်မည့် လက္ခဏာများကို ပြသနေနှင့်ပြီးဖြစ်သည်။ ၎င်းတို့ ဖမ်းဆီးခံရသည်နှင့်တစ်ပြိုင်နက်၊ အသင်းတော်ကို သစ္စာဖောက်မည်မှာ ရာနှုန်းပြည့် သေချာသည်။ ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင်၊ ၎င်းတို့သည် မိမိတို့ကို စွန့်စားမှုနှင့် မကြုံတွေ့စေဘဲ ထင်ပေါ်စေမည့် အရာမှန်သမျှတွင် အမှန်တကယ် တက်ကြွကြသည်၊ သို့သော် စွန့်စားမှုများ ပြုလုပ်ရခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် နောက်ဆုတ်သွားကြပြီး၊ အကယ်၍ သင်သည် ၎င်းတို့အား စွန့်စားရမည့်အရာတစ်ခုခုကို လုပ်ဆောင်ရန် တောင်းဆိုပါက၊ ၎င်းတို့က လုပ်ဆောင်မည်မဟုတ်၊ တာဝန်မယူဘဲနေလိုက်မည်သာ ဖြစ်သည်။ တစ်နေရာရာတွင် အန္တရာယ်ရှိသည်ဟု ကြားသည်နှင့်တစ်ပြိုင်နက်၊ ဥပမာအားဖြင့်၊ အဆင်းနီသော နဂါးကြီးက ဖမ်းဆီးမှုများ ပြုလုပ်နေသည် သို့မဟုတ် ယုံကြည်သူအချို့ ဖမ်းဆီးခံရသည်ဟု ကြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ခြင်းကို ရပ်တန့်လိုက်ကြသည်၊ ညီအစ်ကိုမောင်နှမများနှင့် အဆက်အသွယ်ဖြတ်တောက်လိုက်ပြီး၊ မည်သူကမျှ ၎င်းတို့ကို ရှာမတွေ့နိုင်တော့ပေ။ ကောလာဟလများ ငြိမ်သက်သွားပြီး အရာအားလုံး အဆင်ပြေသွားသည့်အခါ ၎င်းတို့ ပြန်ပေါ်လာကြသည်။ ဤလူစားမျိုးသည် ယုံကြည်စိတ်ချရသလော။ ၎င်းတို့သည် ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်နိုင်သလော။ (မထမ်းဆောင်နိုင်ပါ။) အဘယ်ကြောင့် မထမ်းဆောင်နိုင်သနည်း။ ၎င်းတို့တွင် ယုဒများ မဖြစ်လိုသည့် စိတ်ပိုင်းဖြတ်ချက်၊ သို့မဟုတ် ဆန္ဒပင် မရှိပေ၊ ၎င်းတို့သည် သတ္တိနည်းသူများ၊ သူရဲဘောကြောင်သူများနှင့် အသုံးမကျသောသူများသာ ဖြစ်ကြသည်။ ဤလူစားမျိုးတွင် သိသာထင်ရှားသော ထူးခြားသည့်လက္ခဏာတစ်ခုရှိသည်။ ယင်းမှာ ၎င်းတို့က မည်သည့်အားသာချက်များနှင့် စွမ်းရည်များကို ပိုင်ဆိုင်သည်ဖြစ်စေ၊ အကယ်၍ ဘုရားအိမ်တော်က ၎င်းတို့ကို အသုံးပြုပါက၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် မိမိတို့ကိုယ်ကို စိတ်နှလုံးအကြွင်းမဲ့ ဘယ်သောအခါမျှ ဆက်ကပ်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ခြင်းမှာ ထိုသို့ပြုလုပ်ရန် စွမ်းရည်မရှိသောကြောင့်လော။ ထိုသို့မဟုတ်ပေ၊ ၎င်းတို့တွင် ဤစွမ်းရည်ရှိလျှင်ပင်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မည် မဟုတ်ပေ။ ၎င်းတို့သည် ယုဒစစ်စစ်များ ဖြစ်ကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ် ဘာသာတရားမရှိသူများနှင့် ဆက်ဆံရန် လိုအပ်သည့်အခါတိုင်း၊ ၎င်းတို့သည် ထိုသူများနှင့် သဟဇာတဖြစ်သော ဆက်ဆံရေးများကို ထိန်းသိမ်းပြီး ဘာသာတရားမရှိသူများက ၎င်းတို့အပေါ် မြင့်မားသော အလေးထားမှု၊ လေးစားမှုနှင့် တန်ဖိုးထားမှုကို ထိန်းသိမ်းထားရန် သေချာအောင် လုပ်ဆောင်ကြသည်။ သို့ဆိုလျှင်၊ ဤအရာအားလုံးကို ၎င်းတို့ ရရှိဖို့အတွက် ပေးရသည့် အဖိုးအခမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ ပုဂ္ဂိုလ်ရေး ဂုဏ်ကျက်သရေနှင့် အကျိုးစီးပွားများအတွက် အလဲအလှယ်အနေဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်း ဖြစ်သည်။ ဤလူစားမျိုးသည် ဖမ်းဆီးမခံရမီကပင် အထူးသဖြင့် သတ္တိကြောင်ပြီး၊ ဖမ်းဆီးခံရပြီးနောက်တွင် ၎င်းတို့ သစ္စာဖောက်မည်မှာ ရာနှုန်းပြည့် သေချာသည်။ ဘုရားအိမ်တော်သည် ဤယုဒများဖြစ်သည့် ဤကဲ့သို့သောလူများကို လုံးဝအသုံးပြု၍မရသည့်အပြင်၊ ၎င်းတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။
ယုဒများဖြစ်ကြသည့် လူစားမျိုးနှင့်ပတ်သက်၍မူ ၎င်းတို့သည် အပြင်ပန်းအားဖြင့် ဆိုးယုတ်သောသူများ မဟုတ်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် တည်ကြည်မှု အလွန်အမင်း နိမ့်ကျပြီး နတ်ဆိုးဆန်သော စရိုက်ရှိသည့် လူများ ဖြစ်ကြသည်။ ၎င်းတို့သည် တရားဒေသနာများကို မည်မျှပင် နားထောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှပင် ဖတ်ရှုသည်ဖြစ်စေ၊ သမ္မာတရားအား နားကိုမလည်နိုင်ကြသကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေခြင်းသည် ရှက်ဖွယ်အကောင်းဆုံး၊ အဆိုးညစ်ဆုံးနှင့် မလိုမုန်းထားမှု အရှိဆုံးသော အရာဖြစ်သည်ဟုလည်း မခံစားရကြပေ။ ၎င်းတို့သည် မိမိတို့ကို သတိပြုမိစေမည့် အရာများနှင့်ပတ်သက်သည့်အခါ ထလုပ်လိုစိတ် ရှိကြသော်လည်း အန္တရာယ်ရှိသော သို့မဟုတ် ကိုင်တွယ်ရန် ခက်ခဲသော အရာများနှင့်ပတ်သက်သည့်အခါတွင်မူ အခြားသူများကို တာဝန်ယူစေပြီး ကိုင်တွယ်စေသည်။ ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် တည်ကြည်မှု အလွန်အမင်း နိမ့်ကျသည့် လူများ မဟုတ်ကြသလော။ အချို့သောလူများသည် ဘုရားအိမ်တော်အတွက် ပစ္စည်းများကို ဝယ်ယူကြပြီး ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားကာ မျှတပြီး ကျိုးကြောင်းဆီလျော်သင့်သည်။ သို့ရာတွင် ယုဒများဖြစ်ကြသည့် လူစားမျိုးတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ရန် ပျက်ကွက်သည်သာမက ဤအရာနှင့်ပြောင်းပြန်ပင်ဖြစ်ပြီး ၎င်းတို့သည် ဘုရားအိမ်တော်ကို အထိခိုက်ခံလျက် ဘာသာတရားမရှိသူများကို ကူညီကြပြီး ဘာသာတရားမရှိသူများ၏ တောင်းဆိုချက်များကို အခွင့်အရေးရတိုင်း ဖြည့်ဆည်းပေးကြကာ ဘာသာတရားမရှိသူများနှင့် မျက်နှာလိုမျက်နှာရလုပ်ရဖို့အတွက် အထောက်အကူပြုမည်ဆိုလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုပင် အနစ်နာခံလိုက်မည် ဖြစ်သည်။ ဤသည်ကို ထမင်းကျွေးသည့်လက်ကို ပြန်ကိုက်ခြင်းဟု ခေါ်ပြီး သူတော်ကောင်းတရား ကင်းမဲ့ပါသည်တကား။ ဤသည်မှာ စက်ဆုပ်ဖွယ်ကောင်းသော လူ့သဘာဝရှိခြင်း မဟုတ်လော။ ဤသည်မှာ သခင်နှင့် သူ၏မိတ်ဆွေများကို သစ္စာဖောက်ခဲ့သည့် ယုဒထက် များစွာ မသာလွန်ပေ။ ဘုရားအိမ်တော်က ၎င်းတို့ကို မည်သည့်အရာ အပ်နှံသည်ဖြစ်စေ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထည့်မစဉ်းစားကြပေ။ တစ်စုံတစ်ခုကို ဝယ်ယူခိုင်းသည့်အခါ ၎င်းတို့သည် လိမ်လည်ခံရခြင်းမှ ရှောင်ရှားနိုင်ရန်၊ ဘုရားအိမ်တော်အတွက် ငွေအနည်းငယ် ချွေတာပေးနိုင်ရန်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်နစ်နာခြင်းမှ ကာကွယ်ပေးနိုင်ရန်အလို့ငှာ ဈေးမဝယ်မီပစ္စည်းပေးသွင်းသူ အများအပြား၏ ဈေးနှုန်းများ၊ အရည်အသွေးနှင့် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုများကို နှိုင်းယှဉ်ကြည့်ခြင်း၊ ထို့နောက် ရွေးချယ်စရာများကို ဂရုတစိုက် ချိန်ဆခြင်းနှင့် သင့်လျော်သော စိစစ်မှုကို ဆောင်ရွက်ခြင်းတို့ကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဤသို့ မည်သည့်အခါမျှ မလုပ်ဆောင်ပေ။ အကယ်၍ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက ဈေးဝယ်မထွက်မီ စုံစမ်းခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု အကြံပြုပါက ၎င်းတို့က “စုံစမ်းဖို့ မလိုပါ၊ ပစ္စည်းပေးသွင်းသူက သူ၏ပစ္စည်းက အကောင်းဆုံးဟု ပြောသည်” ဟု ဆိုကြသည်။ ထိုညီအစ်ကို သို့မဟုတ် ညီအစ်မက ၎င်းတို့ကို “ဤသို့ဆိုလျှင် သင်က ၎င်းတို့နှင့် ဈေးညှိ၍ မရသလော” ဟု မေးသည့်အခါ ၎င်းတို့က “ အဘယ်ကြောင့် ဈေးညှိရမည်နည်း။ ဈေးနှုန်းက မည်မျှရှိသည်ကို ၎င်းတို့ ပြောပြီးဖြစ်သည်။ ကျွန်ုပ်က ၎င်းတို့ကို စ၍ဈေးဆစ်လျှင် အသေအချာပင် ရှက်ဖွယ်ဖြစ်မည်။ ပြီးလျှင် ကျွန်ုပ်တို့၌ ပိုက်ဆံမရှိသည့် ပုံစံရှိမည်။ ဘုရားအိမ်တော်သည် ချမ်းသာကြွယ်ဝသည်မဟုတ်လော” ဟု ပြန်ဖြေကြသည်။ တစ်စုံတစ်ခုသည် မည်မျှပင် ဈေးကြီးပါစေ သို့မဟုတ် အရည်အသွေး မည်သို့ပင်ဖြစ်ပါစေ ၎င်းတို့က သင့်တော်သည်ဟု မှတ်ယူသရွေ့ ၎င်းတို့က တစ်စုံတစ်ဦးကို ချက်ချင်း ဝယ်ယူခိုင်းမည်ဖြစ်ပြီး ဝယ်ယူမှုကို နှောင့်နှေးစေသည့် မည်သူ့ကိုမဆို ဝေဖန်ခြင်း၊ ပြစ်တင်ကြိမ်းမောင်းခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းပင် ပြုလုပ်ကြလိမ့်မည်။ မည်သူမျှ ၎င်းတို့၏ ရှေ့၌ မငြင်းဆိုဝံ့သကဲ့သို့ မည်သူမျှ မည်သည့်အမြင်ကိုမျှ ထုတ်ဖော်ပြောဆိုဝံ့ခြင်း မရှိပေ။ ၎င်းတို့သည် ဘုရားအိမ်တော်အတွက် အရေးကြီးသော ကိစ္စတစ်ခုကို လုပ်ဆောင်နေသည်ဖြစ်စေ၊ သေးငယ်သော တောက်တိုမည်ရတစ်ခုကို လုပ်ဆောင်ပေးနေသည်ဖြစ်စေ ၎င်းတို့၏ စည်းမျဉ်းများမှာ အဘယ်နည်း။ “ဘုရားအိမ်တော်သည် ငွေပေးချေရန်သာ လိုအပ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ ကျွန်ုပ်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ ဤသည်မှာ အမှုအရာများကို ကျွန်ုပ် လုပ်ဆောင်သည့်ပုံစံသာ ဖြစ်သည်။ ကျွန်ုပ်သည် ဘာသာတရားမရှိသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ရမည်။ ဘာသာတရားမရှိသူများ ပြောဆိုသမျှသည် မှန်ကန်ပြီး ကျွန်ုပ် လိုက်နာမည်ဖြစ်သည်။ ကျွန်ုပ်သည် ကိစ္စရပ်များကို ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ ကိုင်တွယ်မည် မဟုတ်ပါ။ သင်သည် ကျွန်ုပ်ကို အသုံးပြုလိုလျှင် အသုံးပြုပါ။ အသုံးမပြုလိုလျှင်လည်း မသုံးပါနှင့်။ သင့်သဘောသာ ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်၏ ပကတိအခြေအနေပင် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးဆန်သော သဘာဝတစ်ခု မဟုတ်လော။ ထိုသို့သောလူများသည် ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့ကို ဘုရားအိမ်တော်အတွက် ကိစ္စရပ်များကို ကိုင်တွယ်ရန် အသုံးပြုနိုင်သလော။ ဤလူစားမျိုးသည် ပညာအရည်အချင်းတစ်ခုခု၊ အားသာချက်များနှင့် အပြင်ပန်း အရည်အချင်းအချို့ ရှိကြပြီး စကားပြောကောင်းကာ လုပ်ငန်းတစ်ခုခုကို ကိုင်တွယ်နိုင်သည်။ သို့သော် ၎င်းတို့သည် ဘုရားအိမ်တော်အတွက် မည်သည့်ကိစ္စရပ်များကို ကိုင်တွယ်ပါစေ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေလျက် မဆင်မခြင်နှင့် မိမိသဘောအတိုင်း လုပ်ဆောင်ကြသည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ကို ထပ်တလဲလဲ လှည့်စားပြီး အခြေအနေမှန်ကို ဖုံးကွယ်ကြသည့်အပြင် ၎င်းတို့က အမှုအရာများကို ရှုပ်ထွေးအောင် လုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်သည် ၎င်းတို့၏ အရှုပ်အထွေးကို ရှင်းလင်းရန် တစ်စုံတစ်ဦးကို စီစဉ်ပေးရလေသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သစ္စာဖောက်ရန် ပြင်ပလူများနှင့် ပူးပေါင်းကြံစည်ခြင်း၏ ဖြစ်နေကျဥပမာတစ်ခု ဖြစ်သည်။ ဤသည်မှာ သခင်နှင့် သူ၏ မိတ်ဆွေများကို သစ္စာဖောက်ခဲ့သည့် ယုဒနှင့် မည်သို့ ကွာခြားသနည်း။ ဤလူစားမျိုးကို တာဝန်တစ်ခု ထမ်းဆောင်ရန် အသုံးပြုသည့်အခါ ၎င်းတို့သည် ဘုရားအိမ်တော်ကို အစေခံရန် ပျက်ကွက်သည်သာမက အပျင်းခိုသူများနှင့် မကောင်းသောကံကို သယ်ဆောင်လာသူများ ဖြစ်နေကြပေသည်။ ၎င်းတို့သည် အစေခံသူများ ဖြစ်ရန်ပင် အရည်အချင်း မပြည့်မီကြပေ။ ၎င်းတို့သည် စင်စစ် ယုတ်ညံ့သူများပါပေ။ ထိုသို့သောလူများသည် စာတန်၏ အစေခံများနှင့် အဆင်းနီသော နဂါးကြီး၏ သားသမီးများ အတိအကျ ဖြစ်ကြပြီး ၎င်းတို့ ထုတ်ဖော်ခြင်းခံရသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ရှင်းလင်းဖယ်ရှားပစ်သင့်သည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးနှင့် ဘုရားအိမ်တော်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ခုခံကာကွယ်ရန် မိမိတို့၏ တာဝန်ကိုပင် မဖြည့်ဆည်းနိုင်ကြပေ။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသေးသလော။ ၎င်းတို့သည် အိမ်စောင့်ခွေးထက်ပင် ပို၍ ဆိုးရွားလှသည်တကား။
ယုဒများဖြစ်ကြသည့် လူစားမျိုးသည် ၎င်းတို့၏ နဖူးပေါ်တွင် “ယုဒ” ဟူသော စကားလုံးကို ကပ်ထားခြင်း မရှိသော်လည်း ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူတို့သည် ယုဒ၏ သဘာဝနှင့် တစ်ထေရာတည်း တူညီကြပြီး သင်သည် ဤလူစားမျိုးကို မည်သည့်အခါမျှ အသုံးမပြုသင့်ပေ။ “မည်သည့်အခါမျှ အသုံးမပြုနှင့်” ဟု ငါဆိုလိုခြင်းမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ၎င်းတို့ကို အရေးကြီးသော ကိစ္စရပ်များဖြင့် မည်သည့်အခါမျှ လုံးဝ မယုံကြည်ရဟု ဆိုလိုသည်။ အကယ်၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် ပါဝင်ပတ်သက်ခြင်းမရှိသော သေးဖွဲသည့် ကိစ္စရပ်တစ်ခု ဖြစ်ပါက ၎င်းတို့ကို ယာယီအသုံးပြုခြင်းသည် အဆင်ပြေသော်လည်း ဤပုဂ္ဂိုလ်အမျိုးအစားသည် လူတို့ကို အသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် အသေအချာပင် ကိုက်ညီခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မွေးရာပါ ယုဒများဖြစ်ကြပြီး ပင်ကိုအားဖြင့် မကောင်းသောသူများ ဖြစ်သောကြောင့်ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် ဤလူတို့သည် အန္တရာယ်ရှိသော ပုဂ္ဂိုလ်များဖြစ်ကြပြီး လုံးဝ အသုံးမပြုရပေ။ သင်သည် ဤလူစားမျိုးကို ပို၍ကြာကြာ အသုံးပြုလေ၊ ပို၍ စိတ်မသက်မသာ ခံစားရလေဖြစ်ပြီး အနာဂတ်တွင် ဂယက်ရိုက်ခတ်မှုများ ပို၍ ရှိလာလေ ဖြစ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည် ယုဒများဖြစ်ကြသည့် လူစားမျိုးဖြစ်ကြောင်း သင်ရှင်းရှင်းလင်းလင်း သိမြင်ပြီးဖြစ်လျှင် ၎င်းတို့ကို လုံးဝ အသုံးမပြုသင့်ပေ။ ဤအရာအားလုံးသည် အမှန်တရား ဖြစ်သည်။ ၎င်းတို့အပေါ် ဤသို့ပြုမူခြင်းသည် သင့်လျော်ပါသလော။ အချို့သောလူများက “၎င်းတို့အပေါ် ဤသို့ပြုမူခြင်းသည် မေတ္တာမဲ့ရာကျသည်။ ၎င်းတို့သည် မည်သူ့ကိုမျှ သစ္စာဖောက်ခြင်း မရှိသေးဘဲ ယုဒများ မည်သို့ ဖြစ်နိုင်မည်နည်း” ဟု ပြောကောင်းပြောနိုင်သည်။ သင်သည် တစ်စုံတစ်ဦးကို ၎င်းတို့ သစ္စာဖောက်သည်အထိ စောင့်ဆိုင်းရန် လိုအပ်သလော။ ယုဒသည် မိမိကိုယ်ကို မည်သို့ ထင်ရှားစေခဲ့သနည်း။ သူသည် သခင်ကို သစ္စာဖောက်တော့မည်ဟူသော နိမိတ်လက္ခဏာ တစ်စုံတစ်ရာ ရှိခဲ့သလော။ (ရှိပါသည်။ သူသည် သခင်ယေရှု၏ ငွေအိတ်ထဲမှ ငွေကို ခိုးယူသုံးစွဲခဲ့ပါသည်။) ဘုရားအိမ်တော်၏ အကျိုးစီးပွားကို အဆက်မပြတ် သစ္စာဖောကသော လူများသည် ငွေအိတ်ထဲမှ ငွေကို ခိုးယူခဲ့သည့် ယုဒနှင့် တူညီသော သဘာဝရှိကြသည်။ ဤကဲ့သို့သောလူများ အဖမ်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သစ္စာဖောက်ခြင်းတွင် ပါဝင်မည်ဖြစ်ပြီး တစ်စုံတစ်ရာမျှ ချန်မထားဘဲ ၎င်းတို့သိသမျှ အရာအားလုံးကို စာတန်ထံသို့ အပ်နှံကြလိမ့်မည်။ ဤလူစားမျိုး၌ ယုဒ၏ အနှစ်သာရ ရှိသည်။ ၎င်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာ ထုတ်ဖော်ကာ ဖော်ထုတ်နှင့်ပြီးဖြစ်သည်။ သို့တိုင် သင်သည် ၎င်းတို့ကို အသုံးပြုပါက သင်သည် ဒုက္ခကို ဖိတ်ခေါ်နေခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားအိမ်တော်ကို တမင်တကာ ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ အချို့သောလူများက “အကယ်၍ တစ်စုံတစ်ဦးက ကျွန်ုပ်ကို ပြုပြင်လျှင်၊ သို့မဟုတ် တစ်စုံတစ်ဦးက ကျွန်ုပ်၏ အကျိုးစီးပွားကို ထိခိုက်စေသည့် သို့မဟုတ် ကျွန်ုပ် ဤနေရာတွင် ရရှိထားသည့် ကောင်းသောအရာကို ဖျက်ဆီးသည့် အရာတစ်ခုခုကို လုပ်ဆောင်လျှင် သူတို့သည် ခံသွားရလိမ့်မည်” ဟူ၍ ပွင့်လင်းစွာ ပြောဆိုကြသည်။ ဤလူစားမျိုး၌ ယုဒ၏ အနှစ်သာရ ရှိသည်မှာ အထူးသဖြင့် မှန်ကန်သည်။ ယင်းမှာ အလွန် သိသာထင်ရှားလှပေသည်။ ၎င်းတို့ကိုယ်တိုင်က ၎င်းတို့သည် ယုဒဖြစ်ကြောင်း အခြားသူများကို ပြောပြကြသည်ဖြစ်၍ ဤလူစားမျိုးကို အသေအချာပင် အသုံးပြု၍မရနိုင်ပေ။
၃။ အသင်းတော်၏ မိတ်ဆွေများကို ဆက်ဆံနည်း
ကောင်းသောသူ သို့မဟုတ် မကောင်းသောသူဟု သတ်မှတ်၍မရနိုင်သည့်၊ နာမည်ခံ ယုံကြည်သူများသာဖြစ်သည့် အခြားလူစားမျိုးတစ်မျိုး ရှိသည်။ သင်က ၎င်းတို့ကို တစ်စုံတစ်ခု ရံဖန်ရံခါ လုပ်ဆောင်ခိုင်းပါက ၎င်းတို့ လုပ်ဆောင်နိုင်သော်လည်း သင်သည် ၎င်းတို့အတွက် စီစဉ်မပေးပါက ၎င်းတို့၏ တာဝန်ကို အလျင်ဦးအောင် လုပ်ဆောင်ကြမည် မဟုတ်ပေ။ အားလပ်သည့်အခါတိုင်း ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်အချိန်များတွင်မူ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဓမ္မသီချင်းများ သင်ယူခြင်း သို့မဟုတ် ဆုတောင်းခြင်းတို့ကို ပြုလုပ်ခြင်း ရှိမရှိ မသိရပေ။ သို့ရာတွင် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်အပေါ် အတော်အသင့် ဖော်ရွေကြသည်။ အတော်အသင့် ဖော်ရွေသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုပါက ၎င်းတို့ သဘောတူမည်ဖြစ်ကြောင်း ဆိုလိုသည်။ ယုံကြည်သူအချင်းချင်း ဖြစ်ကြသည့်အတွက် ၎င်းတို့သည် မိမိတို့၏ စွမ်းရည်အတိုင်းအတာအတွင်းမှ အမှုအရာအနည်းငယ်ကို ပြီးမြောက်အောင် ကူညီပေးနိုင်သည်။ သို့ရာတွင် ၎င်းတို့ကို ကြီးမားသော ကြိုးစားအားထုတ်မှုကို အသုံးချရန် သို့မဟုတ် တစ်စုံတစ်ရာသော အဖိုးအခကို ပေးဆပ်ရန် တောင်းဆိုခံရပါက ၎င်းတို့သည် လုံးဝ လုပ်ဆောင်ကြမည် မဟုတ်ပေ။ အကယ်၍ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးသည် အခက်အခဲတစ်ခုခု ကြုံတွေ့နေပြီး ၎င်းတို့ကို ကူညီပေးရန် လိုအပ်ပါက၊ ဥပမာအားဖြင့် အိမ်ကို ရံဖန်ရံခါ ကူညီစောင့်ရှောက်ပေးခြင်း၊ အစားအစာ ချက်ပြုတ်ပေးခြင်း သို့မဟုတ် မဆိုစလောက် အိမ်မှုကိစ္စအနည်းငယ်ကို ရံဖန်ရံခါ ကူညီပေးခြင်း၊ သို့မဟုတ် ထိုသူသည် နိုင်ငံခြားဘာသာစကားတစ်ခုကို တတ်ကျွမ်းပြီး ညီအစ်ကိုမောင်နှမများကို စာကူဖတ်ပေးခြင်းကဲ့သို့သော အရာမျိုးတွင် ၎င်းတို့သည် ကူညီနိုင်စွမ်းရှိပြီး အတော်အသင့် ဖော်ရွေကြသည်။ ၎င်းတို့သည် အများအားဖြင့် အခြားသူများနှင့် အတော်အတန် အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံကြပြီး လူတို့အပေါ် တေးမှတ်ထားခြင်းများ မရှိသော်လည်း အရေးကြီးသော သို့မဟုတ် အန္တရာယ်ရှိသော အလုပ်တစ်ခုခုကို တာဝန်ယူရန် မဆိုထားနှင့်၊ စုဝေးပွဲများကိုပင် ပုံမှန် မတက်ရောက်ကြသကဲ့သို့ တာဝန်တစ်ခုကို ထမ်းဆောင်ရန်လည်း မတောင်းဆိုကြပေ။ အကယ်၍ သင်သည် ၎င်းတို့ကို အန္တရာယ်ရှိသော အလုပ်တစ်ခုကို လုပ်ဆောင်ရန် တောင်းဆိုပါက ၎င်းတို့သည် သင့်ကို “ကျွန်ုပ်သည် ငြိမ်သက်ခြင်းကို ရှာဖွေရန်အလို့ငှာ ဘုရားကို ယုံကြည်ခြင်းဖြစ်သည်။ သို့ဖြစ်၍ အန္တရာယ်ရှိသော အလုပ်များကို ကျွန်ုပ် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ယင်းမှာ ဒုက္ခကို မိမိကိုယ်တိုင် ဖိတ်ခေါ်နေခြင်းဖြစ်မည် မဟုတ်လော။ ကျွန်ုပ် လုံးဝ မလုပ်ဆောင်နိုင်ပါ” ဟု ပြောဆိုလျက် သေချာပေါက် ငြင်းပယ်ကြလိမ့်မည်။ သို့သော် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်က ၎င်းတို့ကို မဆိုစလောက်သော တစ်စုံတစ်ရာကို လုပ်ဆောင်ခိုင်းပါက ၎င်းတို့သည် မိတ်ဆွေတစ်ဦးကဲ့သို့ ကူညီနိုင်ပြီး မဆိုစလောက် အားထုတ်ပေးနိုင်သည်။ ဤသို့ မိမိကိုယ်ကို အားထုတ်ခြင်းနှင့် ကူညီခြင်းပုံစံကို တာဝန်ထမ်းဆောင်ခြင်းဟု မခေါ်နိုင်သကဲ့သို့ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူခြင်းဟုလည်း မခေါ်နိုင်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ခေါ်နိုင်ရန်မှာ သာ၍ပင် ဝေးသေးသည်။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများအပေါ် အလေးပေးသော ထင်မြင်ချက်ရှိပြီး ၎င်းတို့အပေါ် အတော်အသင့် ဖော်ရွေကာ တစ်စုံတစ်ဦးက အကူအညီ လိုအပ်ပါက ကူညီပေးနိုင်ခြင်းကိစ္စသာ ဖြစ်သည်။ ဤလူစားမျိုးအတွက် အမည်မှာ အဘယ်နည်း။ ဘုရားအိမ်တော်က ၎င်းတို့ကို အသင်းတော်၏ မိတ်ဆွေများဟု ခေါ်သည်။ အသင်းတော်၏ မိတ်ဆွေများဖြစ်ကြသည့် ထိုလူစားမျိုးကို မည်သို့ ဆက်ဆံသင့်သနည်း။ အကယ်၍ ၎င်းတို့သည် အစွမ်းအစနှင့် အားသာချက်အချို့ကို ပိုင်ဆိုင်ပြီး အသင်းတော်ကို ပြင်ပကိစ္စအချို့ကို ကူညီကိုင်တွယ်နိုင်ပါက ၎င်းတို့သည်လည်း အစေခံသူများဖြစ်ကြပြီး အသင်းတော်၏ မိတ်ဆွေများ ဖြစ်ကြသည်။ အကြောင်းမှာ ဤလူစားမျိုးအား ဘုရားသခင်ကို ယုံကြည်သူများအဖြစ် မသတ်မှတ်ဘဲ ဘုရားအိမ်တော်က ၎င်းတို့ကို အသိအမှတ်မပြုသောကြောင့် ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အသိအမှတ်ပြုခြင်းကို မခံရပါက ဘုရားသခင်သည် ၎င်းတို့ကို ယုံကြည်သူများအဖြစ် အသိအမှတ်ပြုနိုင်သလော။ (မပြုနိုင်ပါ။) ထို့ကြောင့် ဤလူစားမျိုးကို အချိန်ပြည့် တာဝန်ထမ်းဆောင်သောသူများ၏ အဆင့်အတန်းများ၌ ပါဝင်ရန် မည်သည့်အခါမျှ လုံးဝ မတောင်းဆိုနှင့်။ “အချို့သောလူများသည် ပထမဦးဆုံး စတင်ယုံကြည်သည့်အခါ ယုံကြည်ခြင်း အနည်းငယ်သာရှိပြီး အသင်းတော်၏ မိတ်ဆွေများသာ ဖြစ်လိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရာများစွာကို နားမလည်ကြသဖြင့် ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်လိုစိတ် အဘယ်သို့ရှိနိုင်မည်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စိတ်နှလုံးအကြွင်းမဲ့ အသုံးခံလိုစိတ်အဘယ်သို့ ရှိနိုင်မည်နည်း” ဟူ၍ ဆိုသောသူများ ရှိသည်။ ငါတို့သည် ဘုရားသခင်ကို သုံးလမှ ငါးလအထိ သို့မဟုတ် တစ်နှစ်အထိ ယုံကြည်လက်ခံခဲ့ပြီးသော လူများအကြောင်းကို ပြောဆိုနေခြင်းမဟုတ်ဘဲ ဘုရားသခင်ကို သုံးနှစ်ကျော် သို့မဟုတ် ငါးနှစ် သို့မဟုတ် ဆယ်နှစ်အထိပင် နာမည်ခံ ယုံကြည်ခဲ့ကြသော လူများအကြောင်းကို ပြောဆိုနေခြင်း ဖြစ်သည်။ ဤကဲ့သို့သောလူများက ဘုရားသခင်သည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်ကြောင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် စစ်မှန်သော အသင်းတော်ဖြစ်ကြောင်း နှုတ်ဖြင့် မည်မျှပင် အသိအမှတ်ပြုပါစေ ယင်းက ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြောင်း သက်သေမပြပေ။ ဤလူစားမျိုး၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ၎င်းတို့၏ ယုံကြည်ခြင်းပုံစံကို အခြေခံ၍ ငါတို့သည် ၎င်းတို့ကို အသင်းတော်၏ မိတ်ဆွေများဟု ခေါ်သည်။ ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မများအဖြစ် မဆက်ဆံနှင့်။ ၎င်းတို့သည် ညီအစ်ကို သို့မဟုတ် ညီအစ်မများ မဟုတ်ကြပေ။ ထိုသို့သောလူများကို အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်သို့ ဝင်ရောက်ခွင့်မပြုနှင့်။ ၎င်းတို့ကို အချိန်ပြည့် တာဝန်ထမ်းဆောင်သောသူများ၏ အဆင့်အတန်းများ၌ ပါဝင်ခွင့်မပြုနှင့်။ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို အသုံးမပြုပေ။ အချို့က “ကိုယ်တော်သည် ဤလူစားမျိုးအပေါ် အမြင်စောင်းနေသည် မဟုတ်လော။ ၎င်းတို့သည် အပြင်ပန်းတွင် ဟက်ဟက်ပက်ပက် မရှိပုံရသော်လည်း အတွင်းထဲတွင်မူ အမှန်တကယ် အလွန်ပင် စိတ်အားထက်သန်ကြသည်” ဟု ပြောကောင်းပြောနိုင်သည်။ ရိုးသားစစ်မှန်သော ယုံကြည်သူများအနေဖြင့် ဘုရားသခင်ကို ငါးနှစ် သို့မဟုတ် ဆယ်နှစ်ကြာအောင် ယုံကြည်ပြီးသည့်တိုင် ဟက်ဟက်ပက်ပက် မရှိသေးသည်မှာ မဖြစ်နိုင်ပေ။ ဤလူစားမျိုး၏ အပြုအမူက ၎င်းတို့သည် မယုံကြည်သူများ၊ ဘုရားနှုတ်ကပတ်တော်နှင့် ကင်းကွာနေသူများနှင့် ဘာသာတရားမရှိသူများဖြစ်ကြောင်း အပြည့်အဝ ထုတ်ဖော်နှင့်ပြီးဖြစ်သည်။ သင်သည် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်ဆိုနေသေးလျှင်၊ ၎င်းတို့သည် မတရားမျှ ဆက်ဆံခံနေရသည်ဟု ပြောဆိုနေသေးလျှင် ယင်းမှာ သင်၏ အယူအဆနှင့် သင်၏ ခံစားချက်များက စကားပြောနေခြင်း ဖြစ်သည်။
အသင်းတော်၏ မိတ်ဆွေများဖြစ်ကြသည့် လူစားမျိုးကို ငါတို့ မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် နွေးထွေးမှုရှိပြီး ကိစ္စရပ်အနည်းငယ်ကို ကိုင်တွယ်ရာတွင် ကူညီလိုစိတ် ရှိကြသည်။ ၎င်းတို့ကို လိုအပ်ပါက ကိစ္စရပ်အနည်းငယ်ကို ကိုင်တွယ်ရန် ၎င်းတို့အား အခွင့်အရေးတစ်ခု ပေးနိုင်သည်။ အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်လျှင် လုပ်ဆောင်ခွင့်ပြုလော့။ ၎င်းတို့ ကောင်းစွာ မလုပ်ဆောင်နိုင်သည့်၊ ဖျက်ပင် ဖျက်ဆီးနိုင်သည့် အရာများနှင့်ပတ်သက်၍မူ ဒုက္ခဖြစ်ပွားစေခြင်းမှ ရှောင်ရှားရန်အလို့ငှာ ထိုသို့သောအလုပ်များကို ၎င်းတို့ထံတွင် လုံးဝ မအပ်နှံခဲ့လေနှင့်။ သင်သည် ၎င်းတို့၏ စေတနာကောင်းများကြောင့် အကြပ်ရခြင်း မဖြစ်စေရ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ စည်းမျဉ်းများကိုလည်း နားမလည်ကြပေ။ ၎င်းတို့ ကိုင်တွယ်နိုင်သည့် ပြင်ပကိစ္စရပ်များ ရှိပါက ဆက်၍လုပ်ဆောင်ခွင့်ပြုလော့။ သို့သော် အသင်းတော်၏အလုပ်အပေါ် သက်ရောက်မှုရှိသော အရေးကြီးသည့် ကိစ္စရပ်များကို ၎င်းတို့အား မည်သည့်အခါမျှ ကိုင်တွယ်ခွင့် မပြုနှင့်။ ထိုသို့သောအခြေအနေတွင် ၎င်းတို့၏ စေတနာကောင်းများနှင့် စိတ်အားထက်သန်သော အကူအညီကို ငြင်းပယ်သင့်သည်။ သင်သည် ဤလူစားမျိုးကို ကြုံတွေ့သည့်အခါ ၎င်းတို့နှင့် အပေါ်ယံသာ ဆက်ဆံပြီး ထိုမျှနှင့်ပင် ပြီးပါစေ။ ၎င်းတို့ကို အလေးအနက်မထားနှင့်။ ၎င်းတို့ကို အဘယ်ကြောင့် အလေးအနက်မထားသင့်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသင်းတော်၏ မိတ်ဆွေများသာဖြစ်ပြီး ညီအစ်ကို သို့မဟုတ် ညီအစ်မများ လုံးဝမဟုတ်သောကြောင့် ဖြစ်သည်။ ထိုသို့သောလူများသည် လူကိုအသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီပါသလော။ (မကိုက်ညီပါ။) ထို့ကြောင့် အကယ်၍ ဤလူစားမျိုးသည် စုဝေးပွဲများ မတက်ရောက်လျှင်၊ တရားဒေသနာများ နားမထောင်လျှင် သို့မဟုတ် တာဝန်တစ်ခုကို မထမ်းဆောင်လျှင် ၎င်းတို့ကို ဖိတ်ကြားရန် မလိုအပ်ပေ။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်လျှင် သို့မဟုတ် ဆုမတောင်းလျှင်၊ အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါတိုင်း သမ္မာတရားစည်းမျဉ်းများကို မရှာဖွေလျှင်၊ ထို့ပြင် ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ဆက်ဆံလိုစိတ် မရှိလျှင် ၎င်းတို့ကို အားပေးရန် သို့မဟုတ် ကူညီရန် မလိုအပ်ပေ။ အတိုချုပ်အားဖြင့်ဆိုလျှင် ၎င်းတို့ကို အာရုံမစိုက်နှင့်။ အသင်းတော်၏ မိတ်ဆွေများနှင့် မယုံကြည်သူများဖြစ်ကြသည့် လူစားမျိုးများကို အလေးအနက်မထားနှင့်။ ၎င်းတို့ကို အာရုံမစိုက်နှင့်။ ၎င်းတို့အတွက် စိုးရိမ်ပူပန်စရာ မလိုအပ်သကဲ့သို့ ၎င်းတို့အကြောင်း မေးမြန်းစရာလည်း မလိုအပ်ပေ။ အဘယ်ကြောင့် ၎င်းတို့အကြောင်း မေးမြန်းစရာ မလိုအပ်သနည်း။ ငါတို့နှင့် မသက်ဆိုင်သော လူများအကြောင်း မေးမြန်းခြင်းက အဘယ်အကျိုးရှိသနည်း။ ယင်းမှာ မလိုအပ်သည် မဟုတ်လော။ သင်တို့သည် ဤလူစားမျိုးများကို အာရုံစိုက်လိုကြသလော။ သင်တို့သည် သူတစ်ပါးကိစ္စ၌ ဝင်ပါသူဖြစ်ရခြင်းကို နှစ်သက်ပြီး စိုးရိမ်ပူပန်လိုကာ “သူတို့ ယခု အခြေအနေ အဘယ်သို့ရှိသနည်း။ သူတို့ အိမ်ထောင်ကျပြီးပြီလော၊ မကျသေးသလော။ သူတို့ အဆင်ပြေသလော။ ယခု ဘာအလုပ်လုပ်နေသနည်း” ဟု တွေးမိကောင်း တွေးမိနိုင်သည်။ ၎င်းတို့ မည်သို့ပင်ဖြစ်နေပါစေ သင်နှင့် မသက်ဆိုင်ပေ။ ထိုအရာအတွက် မိမိကိုယ်ကိုယ် စိုးရိမ်ပူပန်ခြင်းသည် အဘယ်အကျိုးရှိသနည်း။ ၎င်းတို့ကို အာရုံမစိုက်နှင့်။ ထို့ပြင် ၎င်းတို့အပေါ် မှတ်ချက်များလည်း မပေးနှင့်။ အချို့သောလူများက “သင် မြင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ကောင်းစွာ မယုံကြည်ကြ။ ၎င်းတို့သည် နေ့စဉ် စိတ်ဓာတ်ကျပြီး အားအင်ကုန်ခမ်းသော ဖြစ်တည်မှုဖြင့် အသက်ရှင်ကြပြီးလျှင် အချိန်ပြည့် အလွန်မောပန်းပြီး ပင်ပန်းနွမ်းနယ်သည့်ပုံပေါက်သည်” သို့မဟုတ် “သင် မြင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ကောင်းစွာ မယုံကြည်ကြသောကြောင့် ၎င်းတို့တွင် ငြိမ်သက်ခြင်းမရှိသည့်အပြင် ၎င်းတို့မိသားစု၌ မကောင်းသောအရာတစ်ခု ဖြစ်ပျက်ခဲ့ပြန်ပြီ” အစရှိသည့် မှတ်ချက်များပေးရသည်ကို နှစ်သက်ကြသည်။ ဤအရာအားလုံးသည် အဓိပ္ပာယ်မရှိသော စကားများဖြစ်ပြီး မလိုအပ်ပေ။ ၎င်းတို့သည် မိမိတို့၏ဘဝကို မည်သို့အသက်ရှင်ပြီး မိမိတို့၏လမ်းကြောင်းကို မည်သို့လျှောက်လှမ်းသည်မှာ သင်နှင့် လုံးဝမဆိုင်ပေ။ ၎င်းတို့အကြောင်းကို ဖော်ပင် မဖော်ပြနှင့်။ သင်သည် ၎င်းတို့နှင့် တူညီသော လမ်းကြောင်းပေါ်တွင် မရှိကြပေ။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိကိုယ်ကို အသုံးခံပြီး သင်၏တာဝန်ကို အချိန်ပြည့် ထမ်းဆောင်နေသည်၊ သင်သည် သမ္မာတရားကို ရရှိပြီး ကယ်တင်ခြင်းကို ရရှိရန်သာ လိုက်စားလိုခြင်းဖြစ်ပြီး ဘုရားသခင် မည်သည့်အရာ ပြောဆိုပါစေ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် အကောင်းဆုံး လုပ်ဆောင်လိုသည်။ ထိုလူများ၏ စိတ်နှလုံးထဲတွင်မူ ဤအရာများ မရှိပေ။ သင်သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို မြင်သည့်အခါ ယင်းတို့ကို ရွံရှာစက်ဆုပ်ပြီး ဤလောကတွင် အသက်ရှင်နေထိုင်ရခြင်း၌ ပျော်ရွှင်မှုမရှိဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာ ပျော်ရွှင်မှုကို ရှာတွေ့နိုင်သည်ဟု သင်ခံစားရသည်။ သို့သော် ၎င်းတို့မှာမူ သင်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤသည်က ၎င်းတို့သည် သင်နှင့် တူညီသော လမ်းကြောင်းပေါ်တွင် မရှိကြောင်း သက်သေပြသည်။ ဤလူစားမျိုးကို ကိုင်တွယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းမှာ အကယ်၍ ၎င်းတို့သည် ကူညီလိုစိတ်ရှိပါက ဂယက်ရိုက်ခတ်မှုများ ဖြစ်နိုင်ခြေမရှိသရွေ့ ဘုရားအိမ်တော်က ၎င်းတို့အား အခွင့်အရေးတစ်ခု ပေးနိုင်သည်ဟူ၍ ဖြစ်သည်။ အကယ်၍ ဘုရားအိမ်တော်သည် ၎င်းတို့ကို အသုံးပြုစရာ လုံးဝမရှိဘဲ ၎င်းတို့က ကူညီလိုစိတ် ရှိနေသေးပါက ယဉ်ကျေးစွာ ငြင်းပယ်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။ မိမိကိုယ်ကို ဒုက္ခမရှာနှင့်။ ယုံကြည်သူများသည် နေ့စဉ် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ပြုပြင်ခြင်းကို လက်ခံကြသော်လည်း အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်နိုင်သေးသည်ဖြစ်၍ အသင်းတော်၏ မိတ်ဆွေများသည် အပြန်အလှန်အားဖြင့် မည်သည့်အဖိုးအခမျှ မပါဘဲ ကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည်လော။ (မကိုင်တွယ်နိုင်ပါ။) ဤသည်မှာ လူတို့ကို ပို၍ဆိုးရွားစွာ ထင်မြင်ခြင်းလော၊ ငါ့ကို ပြောလော့။ ဤသည်မှာ လူတို့ကို အလွန်အမင်း အဆိုးမြင်သဘောဖြင့် ရှုမြင်ခြင်းလော။ (မဟုတ်ပါ။) ဤသည်မှာ အဖြစ်မှန်ကို အခြေခံ၍ ပြောဆိုခြင်း၊ လူတို့၏ အနှစ်သာရကို အခြေခံ၍ ပြောဆိုခြင်း ဖြစ်သည်။ မသိနားမလည်ဘဲ မနေနှင့်၊ စဉ်းစားဉာဏ် မမဲ့နှင့်၊ မိုက်မဲသောအရာ တစ်ခုမျှ မလုပ်နှင့်။ ယုံကြည်သူများသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုက ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် တဖြည်းဖြည်း ကိုက်ညီလာနိုင်ခြင်း မရှိမီတွင် ပြုပြင်ခြင်းများ၊ တရားစီရင်မှုများနှင့် ပြစ်တင်ဆုံးမခြင်းများ၊ ပြင်းထန်သော ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ဖြတ်သန်းရန် လိုအပ်နေသေးသည်။ အသင်းတော်၏ မိတ်ဆွေတစ်ဦး သို့မဟုတ် ဘာသာတရားမရှိသူတစ်ဦးသည် မည်သည့်သမ္မာတရားကိုမျှ လုံးဝလက်မခံသည့်အပြင် ၎င်းတို့ တွေးတောသမျှမှာ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ဖြစ်သည်ဆိုလျှင် ဘုရားအိမ်တော်အတွက် သို့မဟုတ် ညီအစ်ကိုမောင်နှမများအတွက် ကိစ္စရပ်များကို ၎င်းတို့ကိုင်တွယ်ခြင်းမှ မည်သည့်အကျိုးကျေးဇူးကောင်း ထွက်ပေါ်လာနိုင်မည်နည်း။ ယင်းမှာ လုံးဝ မဖြစ်နိုင်သည့်အရာ ဖြစ်သည်။ ဤလူစားမျိုးကို အာရုံမစိုက်ခြင်းသည်သာ သင့်လျော်သည် မဟုတ်လော။ (သင့်လျော်ပါသည်။) “၎င်းတို့ကို အာရုံမစိုက်နှင့်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားအိမ်တော်သည် ၎င်းတို့ကို ယုံကြည်သူများအဖြစ် မမှတ်ယူဟု ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့နှစ်သက်သလို ယုံကြည်နိုင်သော်လည်း ဘုရားအိမ်တော်၏ အလုပ်နှင့် ကိစ္စရပ်များသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ၎င်းတို့က ကူညီလိုစိတ်ရှိသော်လည်း ငါတို့သည် ၎င်းတို့ လုပ်ဆောင်ရန် သင့်တော်ခြင်းရှိမရှိ အခြေအနေများကို ချိန်ဆပြီး တိုင်းတာရမည်ဖြစ်ပြီး အကယ်၍ ၎င်းတို့သည် မသင့်တော်ပါက ဤအခွင့်အရေးကို ၎င်းတို့အား ငါတို့ ပေး၍မဖြစ်ပေ။ ဤသို့ပြုမူခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော၊ ငါ့ကို ပြောလော့။ ငါတို့၌ ထိုသို့သောလူများကို ဤကဲ့သို့ ဆက်ဆံခွင့် ရှိသလော။ အလွန်ပင် ရှိလေ၏။
၄။ ဖြုတ်ချခြင်းခံထားရသော လူများကို ဆက်ဆံနည်း
ဖြုတ်ချခြင်းခံထားရသောသူများဖြစ်သည့် အခြားလူစားမျိုးတစ်မျိုး ရှိသည်။ ၎င်းတို့ကို ငါတို့ မည်သို့ ဆက်ဆံသင့်သနည်း။ ဤလူများသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိဘဲ အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်ခံရသောကြောင့် ဖြုတ်ချခြင်းခံရသည်ဖြစ်စေ၊ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ပြီး အန္တိခရစ်များဖြစ်ကြသည့် လူစားမျိုးအဖြစ် သတ်မှတ်ခံရသောကြောင့် ဖြုတ်ချခြင်းခံရသည်ဖြစ်စေ ဤလူများကို အခြားအလုပ်သို့ ကျိုးကြောင်းဆီလျော်စွာ ခွဲဝေချထားပေးရန်နှင့် ၎င်းတို့အတွက် ကျိုးကြောင်းဆီလျော်သော အစီအစဉ်များ ပြုလုပ်ရေးဆွဲပေးရန် လိုအပ်သည်။ အကယ်၍ ၎င်းတို့သည် မကောင်းမှုများစွာကို လုပ်ဆောင်ထားသည့် အန္တိခရစ်များဖြစ်ပါက ၎င်းတို့ကို နှင်ထုတ်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် မကောင်းမှုများစွာကို လုပ်ဆောင်ထားခြင်း မရှိသော်လည်း အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိပြီး အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ခံရပါက အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းတို့ကို မဖြစ်ပွားစေဘဲ နည်းလမ်းလေးတစ်ခုခုဖြင့် အစေခံနိုင်သေးသရွေ့ ၎င်းတို့ကို နှင်ထုတ်ရန် မလိုအပ်ပေ။ ၎င်းတို့ကို ဆက်လက်၍ အစေခံခွင့်ပြုပြီး နောင်တရရန် အခွင့်အရေးတစ်ခု ပေးလော့။ ဖြုတ်ချခြင်းခံရပြီးဖြစ်သော အယောင်ဆောင်ခေါင်းဆောင်များ၏ ကိစ္စတွင်မူ ၎င်းတို့၏ အားသာချက်များနှင့် ၎င်းတို့ လုပ်ဆောင်ရန် သင့်တော်သည့် တာဝန်များကို အခြေခံ၍ မတူညီသော အလုပ်ကို ထမ်းဆောင်ရန် ၎င်းတို့အတွက် စီစဉ်ပေးလော့။ သို့သော် ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များအဖြစ် အစေခံခွင့် မရှိတော့ပေ။ ၎င်းတို့၏ အစွမ်းအစ အလွန်အမင်း ညံ့ဖျင်းပြီး မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိသောကြောင့် ဖြုတ်ချခြင်းခံရသော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အခြေအနေတွင်မူ ၎င်းတို့၏ အားသာချက်များနှင့် ၎င်းတို့ လုပ်ဆောင်ရန် သင့်တော်သည့် တာဝန်များကို အခြေခံ၍ မတူညီသော အလုပ်ကို ထမ်းဆောင်ရန် ၎င်းတို့အတွက် စီစဉ်ပေးလော့။ သို့သော် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခြင်း မခံရနိုင်တော့ပေ။ အဘယ်ကြောင့် ရာထူးတိုးမြှင့်ခြင်း မခံရနိုင်သနည်း။ ၎င်းတို့ကို စမ်းသုံးပြီးဖြစ်သည်။ ၎င်းတို့သည် ထုတ်ဖော်ခြင်းခံခဲ့ရပြီးဖြစ်ကာ ထိုသို့သောလူများ၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းက ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် မသင့်တော်စေကြောင်း ရှင်းရှင်းလင်းလင်း မြင်ရပြီးဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်လာဖို့ မသင့်တော်ပါက အခြားတာဝန်များကို လုပ်ဆောင်နိုင်စွမ်း မရှိကြသလော။ ဤသို့ ဖြစ်ချင်မှ ဖြစ်ပေမည်။ ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစကြောင့် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်လာဖို့ မသင့်တော်သော်လည်း အခြားတာဝန်များကို လုပ်ဆောင်နိုင်သည်။ ထိုသို့သောလူများ ဖြုတ်ချခြင်းခံရပြီးနောက် ၎င်းတို့သည် မိမိတို့လုပ်ဆောင်ရန် သင့်တော်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်း မပြုသင့်ပေ။ အနာဂတ်တွင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာသောအခါ ၎င်းတို့ကို ထပ်မံ၍ အသုံးပြုနိုင်သေးသည်။ အချို့မှာ ငယ်ရွယ်ပြီး မည်သည့်ဘဝအတွေ့အကြုံမျှ မရှိသည့်အပြင် ၊အလုပ်အတွေ့အကြုံလည်း ကင်းမဲ့သောကြောင့် ဖြုတ်ချခြင်းခံရသည်ဖြစ်၍ ၎င်းတို့သည် အလုပ်ကို ထမ်းဆောင်နိုင်စွမ်းမရှိဘဲ နောက်ဆုံးတွင် ဖြုတ်ချခံရခြင်းဖြစ်သည်။ ဤလူစားမျိုးကို ဖြုတ်ချရာတွင် ပြောင်းသာပြင်သာတစ်ခုခု ရှိသည်။ အကယ်၍ ၎င်းတို့၏ လူ့သဘာဝသည် စံနှုန်းပြည့်မီပြီး ၎င်းတို့၏ အစွမ်းအစသည် လုံလောက်ပါက ၎င်းတို့ကို ရာထူးအဆင့် လျှော့ချပြီးနောက် အသုံးပြုနိုင်သည်။ သို့မဟုတ် ၎င်းတို့အတွက် သင့်တော်သော အခြားအလုပ်တွင် ထားရှိနိုင်သည်။ ၎င်းတို့၏ သမ္မာတရားနားလည်မှု သိသာထင်ရှားလာပြီး အသင်းတော်၏အလုပ်နှင့်ပတ်သက်၍ ၎င်းတို့တွင် အနည်းငယ် ထိတွေ့မှုနှင့် အတွေ့အကြုံ ရှိလာသောအခါ ထိုသို့သောလူများကို ၎င်းတို့၏ အစွမ်းအစအပေါ် အခြေခံ၍ နောက်တစ်ဖန် ရာထူးတိုးမြှင့်ပေးပြီး ပြုစုပျိုးထောင်ပေးနိုင်သေးသည်။ အကယ်၍ ၎င်းတို့၏ လူ့သဘာဝမှာ စံနှုန်းပြည့်မီသော်လည်း ၎င်းတို့၏ အစွမ်းအစသည် အလွန်အမင်း ညံ့ဖျင်းနေပါက ၎င်းတို့ကို ပြုစုပျိုးထောင်ရာ၌ မည်သည့်တန်ဖိုးမျှ မရှိသဖြင့် ၎င်းတို့ကို ပြုစုပျိုးထောင်၍ သို့မဟုတ် ဆက်လက်ထားရှိ၍ လုံးဝမရပေ။
ဖြုတ်ချခြင်းခံရပြီးဖြစ်သော သူများထဲတွင် နောက်တစ်ဖန် လုံးဝ ရာထူးတိုးပေးပြီး ပျိုးထောင်၍မရသော လူစားနှစ်မျိုးရှိသည်။ တစ်မျိုးမှာ အန္တိခရစ်ဖြစ်ပြီး နောက်တစ်မျိုးမှာ အစွမ်းအစ အလွန်အမင်းနိမ့်ကျသောသူများ ဖြစ်သည်။ ထို့နောက် အန္တိခရစ်ဟု မသတ်မှတ်သော်လည်း ညံ့ဖျင်းသော လူ့သဘာဝသာရှိပြီး တစ်ကိုယ်ကောင်းဆန်ကာ လှည့်ဖြားတတ်သော လူအချို့ရှိသည်၊ ပြီးလျှင် ဤလူများထဲမှ အချို့သည် ပျင်းရိပြီး ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို တပ်မက်ကာ ဆင်းရဲဒုက္ခကို မခံနိုင်ကြပေ။ ထိုသို့သောလူများသည် အလွန်ကောင်းသော အစွမ်းအစရှိလျှင်ပင် ၎င်းတို့ကို နောက်တစ်ဖန် ရာထူးတိုးပေး၍မရနိုင်ပေ။ ၎င်းတို့တွင် အစွမ်းအစအနည်းငယ် ပိုင်ဆိုင်ပါက သင့်တော်သော စီစဉ်မှုများ ပြုလုပ်ပေးသရွေ့ ၎င်းတို့ လုပ်နိုင်စွမ်းရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခွင့်ပြုလော့၊ အတိုချုပ်ပြောရလျှင် ၎င်းတို့ကို ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အဖြစ် ရာထူးမတိုးပေးနှင့်။ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းရှိသည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို နားလည်ရန်၊ အသင်းတော်အတွက် ဝန်တာရှိရန်၊ ကြိုးစားလုပ်ဆောင်ပြီး ဆင်းရဲဒုက္ခကို ခံနိုင်ရန် လိုအပ်သည့်အပြင် ၎င်းတို့သည် လုံ့လဝီရိယရှိပြီး မပျင်းရိရပေ။ ဤအရာများအပြင် ၎င်းတို့သည် အတော်အတန် ရိုးသားပြီး ဖြောင့်မတ်ရမည်ဖြစ်သည်။ သင်သည် လှည့်ဖြားတတ်သောလူများကို လုံးဝ ရွေးချယ်၍မဖြစ်ပေ။ အလွန်ကလိမ်ကကျစ်ကျပြီး လှည့်ဖြားသောသူများသည် ညီအစ်ကိုမောင်နှမများကိုလည်းကောင်း၊ ၎င်းတို့၏ အထက်လူကြီးများကိုလည်းကောင်း၊ ဘုရားအိမ်တော်ကိုလည်းကောင်း အစဉ်သဖြင့် အကောက်ကြံကြသည်။ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲသော အတွေးများကိုသာ တွေးလျက် မိမိတို့၏ နေ့ရက်များကို ကုန်ဆုံးကြသည်။ ဤသို့သောသူတစ်ဦးနှင့် ဆက်ဆံသည့်အခါ သင်သည် ထိုသူ အမှန်တကယ် တွေးတောနေသည့်အရာကို အစဉ်သဖြင့် ခန့်မှန်းရမည်ဖြစ်ပြီး မကြာသေးမီက အတိအကျ မည်သည့်အရာကို သူလုပ်ဆောင်နေခဲ့သည်ကို ဆက်လက်စုံစမ်းနေရမည်ဖြစ်ကာ ထိုသူကို အစဉ်သဖြင့် မျက်စိဒေါက်ထောက် ကြည့်နေရမည်ဖြစ်သည်။ ၎င်းတို့ကို အသုံးပြုခြင်းသည် အလွန်ပင်ပန်းပြီး အလွန်စိုးရိမ်ပူပန်စရာကောင်းသည်။ ဤသို့သောလူစားမျိုးကို တာဝန်များထမ်းဆောင်ရန် ရာထူးတိုးပေးလိုက်ပါက ၎င်းတို့သည် အယူဝါဒအနည်းငယ်ကို နားလည်လျှင်ပင် လက်တွေ့လုပ်ဆောင်မည် မဟုတ်ဘဲ ၎င်းတို့လုပ်ဆောင်သည့် အလုပ်တိုင်းအတွက် အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များကို မျှော်လင့်ကြလိမ့်မည်။ ထိုသို့သောလူများကို အသုံးပြုခြင်းသည် အလွန်စိုးရိမ်ပူပန်စရာကောင်းပြီး အလွန်ဒုက္ခများသောကြောင့် ထိုသို့သောလူများကို ရာထူးတိုးပေး၍မရနိုင်ပေ။ ထို့ကြောင့် အန္တိခရစ်များ၊ အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသူများ၊ မကောင်းသော လူ့သဘာဝရှိသူများ၊ ပျင်းရိပြီး ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို တပ်မက်ကာ ဆင်းရဲဒုက္ခကို မခံနိုင်သောသူများနှင့် အလွန်ကလိမ်ကကျစ်ကျပြီး လှည့်ဖြားသောသူများဖြစ်သည့် ဤလူစားမျိုးတို့သည် အသုံးပြုခြင်းခံရပြီးနောက် ထုတ်ဖော်ခြင်းနှင့် ဖြုတ်ချခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ဒုတိယအကြိမ် ရာထူးမတိုးပေးနှင့်။ ၎င်းတို့ကို ထိုးထွင်းသိမြင်ပြီးနောက်တွင် မှားယွင်းစွာ ထပ်မံအသုံးမပြုနှင့်။ အချို့က “ဤလူသည် ယခင်က အန္တိခရစ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သူသည် ယခုတွင် အချိန်အတန်ကြာ ကောင်းစွာ ပြုမူနေသည်ကို ကျွန်ုပ်တို့ သတိပြုမိခဲ့ပြီး သူသည် ညီအစ်ကိုမောင်နှမများနှင့် ပုံမှန်ဆက်ဆံနိုင်ကာ အခြားသူများကိုလည်း ဘောင်မခတ်တော့ပေ။ သူ့ကို ရာထူးတိုးပေးနိုင်သလော” ဟု ပြောကောင်းပြောနိုင်သည် ။ ထိုသို့ မလောနှင့်၊ သူ့ကို ရာထူးတိုးပေးပြီး အဆင့်အတန်းရရှိသွားသည်နှင့်တစ်ပြိုင်နက် သူ၏ အန္တိခရစ်သဘာဝသည် ဖော်ထုတ်ခြင်းခံရလိမ့်မည်။ အခြားသူများက “ဤလူ၏ အစွမ်းအစသည် ယခင်က အလွန်ညံ့ဖျင်းခဲ့သည်၊ လူနှစ်ဦး၏ အလုပ်ကို ကြီးကြပ်ရန် သူ့ကို တာဝန်ပေးသည့်အခါ သူသည် အလုပ်များကို မည်သို့ခွဲဝေရမည်ကို မသိခဲ့ပေ၊ ပြီးလျှင် အမှုအရာနှစ်ခု တစ်ချိန်တည်း ဖြစ်ပေါ်လာပါက သူသည် ကျိုးကြောင်းဆီလျော်သော စီစဉ်မှုများကို မည်သို့ပြုလုပ်ရမည်ကို မသိခဲ့ပေ။ ယခု သူအသက်အနည်းငယ် ပိုကြီးလာပြီဖြစ်သောကြောင့် ဤအရာများ၌ ပို၍ တော်လာလိမ့်မည် မဟုတ်လော” ဟု ပြောကောင်းပြောနိုင်သည်။ ဤအဆိုသည် ခိုင်လုံပါသလော။ (မခိုင်လုံပါ။) အမှုအရာနှစ်ခု တစ်ချိန်တည်း ဖြစ်ပေါ်လာသည့်အခါ ထိုလူသည် စိတ်ရှုပ်ထွေးသွားပြီး ယင်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို မသိတော့ပေ။ သူသည် မည်သည့်လူကိုမျှ သို့မဟုတ် မည်သည့်အရာကိုမျှ ထိုးထွင်းမမြင်နိုင်ပေ။ သူ၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသောကြောင့် သူ့တွင် အလုပ်လုပ်နိုင်စွမ်း သို့မဟုတ် သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ။ ထိုသို့သောလူကို ခေါင်းဆောင်အဖြစ် လုံးဝ နောက်တစ်ဖန် ရာထူးတိုးပေး၍မရနိုင်ပေ။ ဤသည်မှာ အသက်အရွယ်နှင့်ဆိုင်သော ကိစ္စမဟုတ်ပေ။ အစွမ်းအစ ညံ့ဖျင်းသောလူများသည် အသက်ရှစ်ဆယ်အရွယ်တွင် အစွမ်းအစ ညံ့ဖျင်းနေဆဲ ဖြစ်လိမ့်မည်။ ယင်းမှာ လူတစ်ဦး အသက်ကြီးလာပြီး အတွေ့အကြုံပိုများလာသည်နှင့်အမျှ အရာရာကို နားလည်နိုင်သည်ဟူသည့် လူတို့ စိတ်ကူးသကဲ့သို့ မဟုတ်ပေ၊ ထိုသို့မဟုတ်ပေ။ ၎င်းတို့သည် အသက်တာ၏ အတွေ့အကြုံအချို့ကိုသာ ရရှိလိမ့်မည်၊ သို့သော် အသက်တာ၏ အတွေ့အကြုံသည် အစွမ်းအစနှင့် မညီမျှပေ။ လူတစ်ဦးသည် အမှုအရာမည်မျှပင် တွေ့ကြုံရသည်ဖြစ်စေ၊ သင်ခန်းစာမည်မျှပင် ရရှိသည်ဖြစ်စေ၊ ၎င်းတို့၏ အစွမ်းအစ တိုးတက်လာမည်ဟု မဆိုလိုပေ။
လူတစ်ဦး၏ လူ့သဘာဝသည် တစ်ကိုယ်ကောင်းဆန်လွန်းပြီး၊ လှည့်ဖြားတတ်လွန်းကာ၊ ဆိုးညစ်လွန်းလျှင်၊ ပြီးလျှင် ၎င်းတို့သည် စဉ်းလဲကောက်ကျစ်သော အကြံအစည်များနှင့် ပြည့်နေကာ မိမိတို့ကိုယ်တိုင်အတွက်သာ တွေးတောလျှင် ဤသို့သောလူစားမျိုးသည် ပြောင်းလဲနိုင်သလော။ ၎င်းတို့သည် ဤအကြောင်းရင်းများကြောင့် ဖြုတ်ချခြင်းခံခဲ့ရသည်၊ ယခု ဆယ်နှစ်ကုန်လွန်သွားပြီး ၎င်းတို့သည် တရားဒေသနာများစွာကို နားထောင်ခဲ့ပြီးဖြစ်သည်၊ ၎င်းတို့၏ လူ့သဘာဝသည် တစ်ကိုယ်ကောင်းဆန်ခြင်း၊ ကလိမ်ကကျစ်ကျခြင်းနှင့် လှည့်ဖြားတတ်ခြင်းတို့ မရှိတော့ပြီလော။ ငါ သင့်ကို ပြောမည်။ ဤသို့သောလူစားမျိုးသည် ပြောင်းလဲမည်မဟုတ်ပေ၊ နောင်အနှစ် ၂၀ ကြာလျှင်လည်း ၎င်းတို့သည် ထိုအရာပင် ဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ သင်သည် ၎င်းတို့ကို အနှစ် ၂၀ ကြာပြီးနောက် ထပ်မံတွေ့ဆုံ၍ ၎င်းတို့သည် ယခင်ကဲ့သို့ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်နေဆဲ ဟုတ်မဟုတ် မေးမြန်းပါက ၎င်းတို့ကိုယ်တိုင်ပင် ဝန်ခံကြလိမ့်မည်။ ညံ့ဖျင်းသော လူ့သဘာဝရှိသူများသည် အဘယ်ကြောင့် မပြောင်းလဲသနည်း။ ၎င်းတို့ ပြောင်းလဲနိုင်သလော။ ၎င်းတို့ ပြောင်းလဲနိုင်သည်ဟု ဆိုပါစို့၊ ထိုသို့ဖြစ်ရန်အတွက် အခြေခံနှင့် အခြေအနေများမှာ အဘယ်အရာ ဖြစ်ရမည်နည်း။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ရမည်ဖြစ်သည်။ ညံ့ဖျင်းသော လူ့သဘာဝရှိသူများသည် သမ္မာတရားကို လက်မခံကြဘဲ စိတ်အတွင်း၌ အပြုသဘောဆောင်သောအရာများကို စက်ဆုပ်ရွံရှာသည်၊ မုန်းတီးသည်၊ ပြက်ရယ်ပြုသည်၊ ရန်လိုကြသည်၊ ၎င်းတို့သည် မပြောင်းလဲနိုင်ခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ နှစ်ပေါင်းမည်မျှပင် ကုန်လွန်သွားပါစေ ၎င်းတို့ကို ရာထူးမတိုးပေးနှင့်၊ အကြောင်းမှာ ၎င်းတို့သည် ပြောင်းလဲနိုင်စွမ်းမရှိသောကြောင့် ဖြစ်သည်။ အနှစ် ၂၀ ကြာပြီးနောက် ၎င်းတို့သည် ပို၍ပင် စိတ်မချရဖြစ်ရန်၊ ကြားကောင်းသောအရာများနှင့် အခြားသူများကို လှည့်ဖြားသောအရာများအား ပြောဆိုရာ၌ ပို၍ပင် တော်လာရန် သင်ယူတတ်မြောက်ပြီးဖြစ်လိမ့်မည်။ သို့သော် အကယ်၍ သင်သည် ဤလူများနှင့် ပေါင်းသင်းပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာပါက ၎င်းတို့သည် လုံးဝမပြောင်းလဲခဲ့ဟူသည့် အမှန်တရားတစ်ခုကို သင်တွေ့ရှိလိမ့်မည်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီး ၎င်းတို့သည် တရားဒေသနာများစွာကို နားထောင်ခဲ့ကာ ဘုရားအိမ်တော်၌ အချိန်ကြာမြင့်စွာ တာဝန်များထမ်းဆောင်ခဲ့ပြီးဖြစ်သောကြောင့် ၎င်းတို့ ပြောင်းလဲသင့်ပြီဟု သင်က ယူဆသည်၊ သင် မှားသည်။ ၎င်းတို့သည် ပြောင်းလဲမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် တရားဒေသနာများစွာကို နားထောင်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုခဲ့သော်လည်း တစ်ကြောင်းကိုမျှ လက်မခံ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပေ၊ ထို့ကြောင့် ၎င်းတို့သည် တစ်စက်မျှ မပြောင်းလဲခဲ့ပေ၊ ၎င်းတို့အတွက် ပြောင်းလဲရန်မှာ မဖြစ်နိုင်ပေ။ ထိုသို့သောလူများသည် ထုတ်ဖော်ခြင်းနှင့် ဖြုတ်ချခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို နောက်တစ်ဖန် အသုံးမပြုနိုင်တော့ပေ၊ အကယ်၍ သင်သည် ၎င်းတို့ကို အသုံးပြုပါက သင်သည် ဘုရားအိမ်တော်နှင့် ညီအစ်ကိုမောင်နှမများကို ထိခိုက်နေခြင်း ဖြစ်သည်။ အကယ်၍ သင်သည် မသေချာပါက ၎င်းတို့ မည်သို့ပြုမူသည်ကို စောင့်ကြည့်လေ့လာပြီး မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိပ်တိုက်တွေ့စေသော အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့က မည်သူ့အကျိုးစီးပွားကို ကာကွယ်သည်ကို ကြည့်လော့၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လုံးဝ စတေးမည်မဟုတ်ဘဲ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားမည်မဟုတ်ပေ။ ဤရှုထောင့်မှ ကြည့်လျှင် ၎င်းတို့သည် ယုံကြည်စိတ်ချထိုက်သူများ မဟုတ်ကြဘဲ ဘုရားအိမ်တော်၏ ရာထူးတိုးပေးခြင်းနှင့် အသုံးပြုခြင်းကို ခံရရန် မထိုက်တန်ကြပေ။ ထိုအကြောင်းကြောင့် ထိုသို့သောလူများသည် အသုံးမပြုခံရရန် ကံကြမ္မာပါလာခြင်း ဖြစ်သည်။ သမ္မာတရားကို လက်မခံသောလူများသည် ပြောင်းလဲနိုင်သေးသလော။ မဖြစ်နိုင်ပေ၊ ယင်းမှာ သူရူး၏ အိပ်မက်သာ ဖြစ်သည်တကား။
ပျင်းရိပြီး ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို တပ်မက်ကာ အနည်းငယ်မျှသော ဆင်းရဲဒုက္ခကိုပင် မခံနိုင်သောသူများအတွက်မူ ၎င်းတို့သည် ပြောင်းလဲနိုင်စွမ်း ပို၍ပင် နည်းပါးသည်။ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ၎င်းတို့သည် မည်သည့်ဆင်းရဲဒုက္ခကိုမျှ မခံစားကြပေ၊ သာမန်ညီအစ်ကိုမောင်နှမများ ခံနိုင်ရည်ရှိသည့် ဆင်းရဲဒုက္ခများကိုပင် ၎င်းတို့က မခံနိုင်ကြပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့သည် စုဝေးပွဲများကျင်းပပြီး အယူဝါဒအချို့ကို ဟောပြောလျက်၊ ထို့နောက် မိမိတို့ကိုယ်ကို ကောင်းစွာဂရုစိုက်ရန် အိပ်ရာဝင်လျက်ဖြင့် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြသည်။ ညဘက်တွင် ၎င်းတို့ အနည်းငယ် နောက်ကျမှ အိပ်ရာဝင်လျှင်ပင် နံနက်ခင်း ညီအစ်ကိုမောင်နှမများ အိပ်ရာထသည့်အချိန်တွင် ၎င်းတို့သည် အိပ်မောကျနေဆဲ ဖြစ်လိမ့်မည်။ ၎င်းတို့သည် အနည်းငယ်မျှ ပင်ပန်းရသည်ကိုဖြစ်စေ၊ အနည်းငယ်မျှ အလုပ်များရသည်ကိုဖြစ်စေ၊ သို့မဟုတ် အနည်းငယ်မျှသော ဆင်းရဲဒုက္ခကို ခံရသည်ကိုဖြစ်စေ မလိုလားကြပေ။ ၎င်းတို့သည် မည်သည့်အဖိုးအခကိုမျှ မပေးဆပ်ဘဲ မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့ မည်သည့်နေရာသို့ပင် သွားပါစေ၊ ကောင်းသောအစားအသောက်ကို မြင်သည်နှင့်တစ်ပြိုင်နက် အခြားအရာအားလုံးကို မေ့သွားသည်အထိ အလွန်ပျော်ရွှင်သွားကြပြီး မည်သည့်နေရာသို့မျှ မသွားတော့ဘဲ ထိုနေရာတွင် စားသောက်ပျော်ပါးလျက် မည်သည့်အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ဘဲ နေကြတော့သည်။ ၎င်းတို့သည် အထက်မှ ပြုပြင်ခြင်းခံရသည့်အခါ နားမထောင်ကြသကဲ့သို့ ညီအစ်ကိုမောင်နှမများထံမှ သတိပေးချက်များနှင့် ဖော်ထုတ်မှုများကိုလည်း လက်မခံကြပေ။ ၎င်းတို့သည် မည်သည့်အဖိုးအခကိုမျှ မပေးဆပ်ဘဲ၊ မိမိတို့၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းဘဲ သို့မဟုတ် မိမိတို့၏ တာဝန်ကို မထမ်းဆောင်ဘဲ ဖြစ်နိုင်သမျှ အသက်သာဆုံးသောနည်းလမ်းဖြင့် အသက်ရှင်ရန် ရွေးချယ်ကြရာ အသုံးမကျသောသူများ ဖြစ်လာကြသည်။ ထိုသို့သောလူများသည် ပြောင်းလဲနိုင်စွမ်းရှိသလော။ ဤသို့သောလူစားမျိုးသည် အလွန်ပျင်းရိပြီး ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို တပ်မက်သည်၊ ၎င်းတို့သည် မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ယခုဤသို့ဖြစ်ပြီး အနာဂတ်တွင်လည်း ဤအတိုင်းပင် ဖြစ်နေမည်ဖြစ်သည်။ အချို့လူများက “ထိုလူသည် ပြောင်းလဲသွားပြီ၊ သူသည် ယခုအချိန်အတန်ကြာ မိမိ၏အလုပ်တွင် များစွာအားထုတ်နေခဲ့သည်” ဟု ပြောကောင်းပြောနိုင်သည်။ ထိုသို့ မလောနှင့်။ အကယ်၍ သင်က ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးလိုက်ပါက ၎င်းတို့သည် နဂိုပုံစံများအတိုင်း ပြန်ဖြစ်ကြလိမ့်မည်၊ ယင်းမှာ ၎င်းတို့၏ ပုံစံပင် ဖြစ်သည်။ ၎င်းတို့သည် ပိုက်ဆံကုန်သွားသောအခါ ငွေချေးငှားရမည်၊ အိမ်ရောင်းရမည်၊ သို့မဟုတ် မိမိတို့၏ ဇနီးနှင့် ကလေးများကိုပင် ရောင်းရမည်ဆိုလျှင်ပင် ဆက်လက်လောင်းကစားလုပ်မည့်၊ လောင်းကစားသမားတစ်ဦးနှင့် တူသည်။ အကယ်၍ ၎င်းတို့သည် မကြာသေးမီက လောင်းကစားမလုပ်တော့ပါက လောင်းကစားရုံ ပိတ်သွားပြီး လောင်းကစားလုပ်ရန် နေရာမရှိတော့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ လောင်းကစားဖော်များအားလုံး အဖမ်းခံရပြီး ၎င်းတို့နှင့် လောင်းကစားလုပ်ရန် မည်သူမျှ မရှိတော့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် ၎င်းတို့ ရောင်းနိုင်သမျှအရာအားလုံးကို ရောင်းချပြီးဖြစ်၍ လောင်းကစားလုပ်ရန် ငွေမကျန်တော့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့၏ လက်ထဲတွင် ငွေရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် နောက်တစ်ဖန် လောင်းကစားပြန်လုပ်ကြမည်ဖြစ်ပြီး ဖြတ်နိုင်မည်မဟုတ်ပေ၊ ထိုသည်မှာ ၎င်းတို့၏ ပုံစံပင် ဖြစ်သည်။ ထိုနည်းတူစွာ ပျင်းရိပြီး ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို တပ်မက်သောသူများသည်လည်း ပြောင်းလဲနိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် အဆင့်အတန်းအချို့ ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မူလပုံစံသို့ ချက်ချင်းပြန်ရောက်သွားမည်ဖြစ်ပြီး ၎င်းတို့၏ သရုပ်မှန်သည် ဖော်ထုတ်ခြင်းခံရလိမ့်မည်။ ၎င်းတို့တွင် အဆင့်အတန်းမရှိသည့်အခါ မည်သူကမျှ ၎င်းတို့ကို အထင်မကြီးသကဲ့သို့ မည်သူကမျှ ၎င်းတို့ကို လုပ်ကျွေးပြုစုခြင်းမရှိပေ၊ အကယ်၍ ၎င်းတို့သည် ဘာမျှမလုပ်ပါက ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်၊ အကြောင်းမှာ အသင်းတော်သည် အချည်းနှီးဖြစ်သောသူများကို မထောက်ပံ့သောကြောင့် ဖြစ်သည်၊ သို့ဖြစ်၍ ၎င်းတို့တွင် အချို့အရာများကို စိတ်မပါစွာဖြင့် လုပ်ဆောင်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ ၎င်းတို့သည် အမှုအရာများကို အခြားသူများနှင့် မတူဘဲ လုပ်ဆောင်ကြသည်။ အခြားသူများက အမှုအရာများကို တက်ကြွစွာ လုပ်ဆောင်ကြသော်လည်း ၎င်းတို့မှာမူ မတက်မကြွ လုပ်ဆောင်ကြသည်။ အပြင်ပန်းတွင် ခြားနားမှုမရှိသော်လည်း အနှစ်သာရအားဖြင့် ခြားနားမှုရှိသည်။ အခြားသူများ အဆင့်အတန်းရှိသည့်အခါ ၎င်းတို့သည် လုပ်သင့်သည့်အရာကို လုပ်ဆောင်ကြပြီး မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်စွမ်းရှိကြသည်၊ ဤလူများ အဆင့်အတန်းရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားရန် အခွင့်အရေးကို အရယူကြပြီး မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်တော့ဘဲ ၎င်းတို့၏ ပျင်းရိခြင်းနှင့် သက်သောင့်သက်သာဖြစ်မှုကို တပ်မက်ခြင်းဟူသော သဘာဝအနှစ်သာရသည် ထိုသို့ဖြင့် ဖော်ထုတ်ခြင်းခံရလေသည်။ ထို့ကြောင့် ဤသို့သောလူစားမျိုးသည် မည်သည့်အခြေအနေအောက်တွင်မျှ ပြောင်းလဲမည်မဟုတ်ဘဲ ၎င်းတို့သည် ထုတ်ဖော်ခြင်းနှင့် ဖြုတ်ချခြင်းခံရသည်နှင့်တစ်ပြိုင်နက် ထိုသို့သောလူများကို မည်သည့်အခါမျှ နောက်တစ်ဖန်ရာထူးတိုးပေးပြီး အသုံးမပြုသင့်ပေ၊ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။
မတူညီသော အခြေအနေများရှိသည့် လူများနှင့်ပတ်သက်လာလျှင် ဤသည်တို့မှာ ၎င်းတို့ကို ရာထူးတိုးပေးခြင်းနှင့် အသုံးပြုခြင်းအတွက် စည်းမျဉ်းများတို့ဖြစ်သည်။ အနိမ့်ဆုံး စံသတ်မှတ်ချက်မှာ ၎င်းတို့သည် အနှောင့်အယှက်မဖြစ်စေဘဲ ဘုရားအိမ်တော်၌ အားထုတ်ပြီး အစေခံနိုင်ရမည်ဖြစ်သည်၊ ထိုသို့သောအခြေအနေတွင် ၎င်းတို့သည် ဘုရားအိမ်တော်၌ တာဝန်တစ်ခုကို ထမ်းဆောင်နိုင်သည်။ အကယ်၍ ၎င်းတို့သည် ဤအနိမ့်ဆုံး စံသတ်မှတ်ချက်ကိုပင် မပြည့်မီနိုင်ပါက ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များက မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ဘဲ ဤသို့သောလူစားမျိုးကို တာဝန်ထမ်းဆောင်သောသူများ၏ အဆင့်များမှ ဖယ်ရှားရှင်းလင်းသင့်သည်။ အကယ်၍ လူတစ်ဦး၏ လူ့သဘာဝသည် မလိုမုန်းထားတတ်ပြီး အန္တိခရစ်တစ်ဦး၏ သဘာဝနှင့် ညီမျှပါက သူသည် အန္တိခရစ်ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်သည် ၎င်းတို့ကို မည်သည့်အခါမျှ အသုံးမပြုသကဲ့သို့ ရာထူးတိုးပေးခြင်း သို့မဟုတ် ပျိုးထောင်ခြင်းလည်း ပြုမည်မဟုတ်ပေ။ အချို့လူများက “၎င်းတို့ကို အစေခံခွင့်ပြုလျှင် အဆင်ပြေမည်လော” ဟု ပြောကောင်းပြောနိုင်သည်။ ယင်းမှာ အခြေအနေပေါ်တွင် မူတည်သည်။ အကယ်၍ ၎င်းတို့၏ အစေခံခြင်းသည် အပျက်သဘောဆောင်သော သက်ရောက်မှုရှိနိုင်ပြီး ဘုရားအိမ်တော်သို့ ဆိုးကျိုးပေးသော အကျိုးဆက်များ သယ်ဆောင်လာနိုင်ပါက ဘုရားအိမ်တော်သည် ၎င်းတို့ကို အစေခံရန် အခွင့်အရေးပင် ပေးမည်မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် နှင်ထုတ်ခြင်းခံထားရသော ဆိုးယုတ်သောသူ သို့မဟုတ် အန္တိခရစ်ဖြစ်ကြောင်း သိရှိသော်လည်း အစေခံလိုစိတ်ရှိပြီး အသင်းတော်က ၎င်းတို့လုပ်ဆောင်ရန်အတွက် မည်သို့စီစဉ်သည်ဖြစ်စေ အမှုအရာများကို လုပ်ဆောင်မည်ဖြစ်ကာ ဘုရားအိမ်တော်၏ မည်သည့်အကျိုးစီးပွားကိုမျှ မထိခိုက်စေဘဲ ကောင်းမွန်စွာပြုမူ၍ အစေခံနိုင်ပါက ထိုသို့သောအခြေအနေတွင် ၎င်းတို့ကို ဆက်လက်ထားရှိနိုင်သည်။ အကယ်၍ ၎င်းတို့သည် ကောင်းမွန်စွာ အစေခံရန်ပင် မတတ်နိုင်ဘဲ ၎င်းတို့၏ အစေခံခြင်းသည် အကျိုးထက် အပြစ်က ပိုများနေပါက ၎င်းတို့သည် အစေခံရန် အခွင့်အရေးပင် ရရှိမည်မဟုတ်ဘဲ ၎င်းတို့ အစေခံလျှင်ပင် ဘုရားအိမ်တော်သည် ၎င်းတို့ကို အသုံးပြုမည်မဟုတ်သေးပေ၊ အကြောင်းမှာ ၎င်းတို့သည် အစေခံရန် အရည်အချင်းပင်မပြည့်မီသောကြောင့်၊ သို့မဟုတ် စံသတ်မှတ်ချက်များနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဤသို့သောလူစားမျိုးသည် ပြန်မလာသင့်ပေ၊ ၎င်းတို့ သွားလိုသည့် မည်သည့်နေရာသို့မဆို သွားပါစေ။ အချို့လူများက “အကယ်၍ ဘုရားအိမ်တော်က ကျွန်ုပ်ကို အသုံးမပြုပါက ကျွန်ုပ်သည် မိမိဘာသာ ဧဝံဂေလိတရားကို ဟောပြောမည်ဖြစ်ပြီး ဧဝံဂေလိတရားကို ဟောပြောခြင်းမှတစ်ဆင့် ကျွန်ုပ်ရရှိသောလူများကို ဘုရားအိမ်တော်သို့ လွှဲပြောင်းပေးမည်” ဟု ပြောကောင်းပြောနိုင်သည်။ ထိုသို့ဆိုလျှင် အဆင်ပြေမည်လော။ (အဆင်ပြေပါမည်။) အချို့က “ကိုယ်တော်သည် ထိုလူကို အစေခံရန်ပင် အသုံးမပြုပေ။ ထို့ကြောင့် ၎င်းတို့ ဧဝံဂေလိတရား ဟောပြောခြင်းဖြင့် ရရှိသောလူများကို ကိုယ်တော့်ထံ မည်သည့်အရာကို အခြေခံ၍ ပေးသင့်သနည်း။ မည်သည့်အရာကို အခြေခံ၍ ၎င်းတို့သည် ကိုယ်တော့်အတွက် ဧဝံဂေလိတရားကို ဟောပြောသင့်သနည်း” ဟု ပြောကောင်းပြောနိုင်သည်။ ဘုရားအိမ်တော်သည် ၎င်းတို့ကို အမျိုးမျိုးသော ကဏ္ဍများကြောင့် အသုံးမပြုခြင်းဖြစ်သည်။ တစ်ချက်မှာ ၎င်းတို့သည် လူကိုအသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် မကိုက်ညီခြင်းဖြစ်သည်။ နောက်တစ်ချက်မှာ ဘုရားအိမ်တော်သည် ဤသို့သောလူစားမျိုးကို အသုံးမပြုဝံ့ခြင်းဖြစ်သည်၊ အကြောင်းမှာ ၎င်းတို့ကို အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် အဆုံးမရှိသော ဒုက္ခများ ရှိလာမည်ဖြစ်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ ဧဝံဂေလိတရားကို ဟောပြောလိုစိတ်ရှိခြင်းဟူသော ဤကိစ္စကို ငါတို့ မည်သို့ရှင်းပြသင့်သနည်း။ ဧဝံဂေလိတရားကို ဟောပြောရာတွင် ၎င်းတို့ သက်သေခံသည့်အရာမှာ ဘုရားသခင်ဖြစ်ပြီး ၎င်းတို့သည် လူတို့ကို ရရှိနိုင်ခြင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အလုပ်ကြောင့်ဖြစ်သည်။ ဤလူများသည် ထိုလူ၏ ဧဝံဂေလိတရား ဟောပြောခြင်းမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သော်လည်း ဤသည်မှာ ၎င်းတို့၏ ကောင်းမှုအဖြစ် မည်သို့မျှ မသတ်မှတ်နိုင်ပေ။ အများဆုံးအနေဖြင့် ယင်းမှာ လူတစ်ဦးအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းမျှသာ ဖြစ်သည်။ သင်သည် အန္တိခရစ်ဖြစ်စေ၊ ဆိုးယုတ်သောသူ ဖြစ်စေ၊ သို့မဟုတ် သင်သည် ရှင်းလင်းပစ်ခြင်းခံရသည်ဖြစ်စေ၊ နှင်ထုတ်ခြင်းခံရသည်ဖြစ်စေ၊ လူတစ်ဦးအနေဖြင့် သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းသည် သင်လုပ်ဆောင်သင့်သည့်အရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် ယင်းမှာ သင်လုပ်ဆောင်သင့်သည့်အရာတစ်ခုဖြစ်သည်ဟု ငါပြောရသနည်း။ သင်သည် ဘုရားသခင်ထံမှ ဤမျှကြီးမားသော သမ္မာတရားများ၏ ထောက်ပံ့မှုကို လက်ခံရရှိခဲ့ပြီး ဤသည်မှာလည်း ဘုရားသခင်၏ ကြီးမားသည့် အဖိုးအခလည်း ဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်ကို နှစ်ပေါင်းများစွာ ရေလောင်းပေးပြီး ထောက်ပံ့ပေးခဲ့သည်၊ သို့သော် ဘုရားသခင်သည် သင့်ထံမှ တစ်စုံတစ်ရာကို တောင်းဆိုသလော။ မတောင်းဆိုပေ။ ဘုရားအိမ်တော်မှ ဖြန့်ဝေသော အမျိုးမျိုးသော စာအုပ်အားလုံးသည် အခမဲ့ဖြစ်ပြီး မည်သူမျှ တစ်ပြားတစ်ချပ်မျှ သုံးစွဲရန်မလိုအပ်ပေ။ ထိုနည်းတူစွာ ဘုရားသခင်က လူတို့အား ပေးသနားသည့် ထာဝရအသက်၏ မှန်သောလမ်းခရီးနှင့် အသက်နှုတ်ကပတ်တော်များသည်လည်း အခမဲ့ဖြစ်ပြီး ဘုရားအိမ်တော်၏ တရားဒေသနာများနှင့် မိတ်သဟာယများသည် လူတို့ နားထောင်ရန်အတွက် အားလုံးအခမဲ့ဖြစ်သည်။ ထို့ကြောင့် သင်သည် သာမန်လူတစ်ဦးဖြစ်စေ၊ အထူးအုပ်စုဝင်တစ်ဦးဖြစ်စေ သင်သည် ဘုရားသခင်ထံမှ များစွာသော သမ္မာတရားများကို အခမဲ့ ရရှိခဲ့ပြီးဖြစ်ရာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ဧဝံဂေလိတရားကို လူတို့အား ဖြန့်ဝေပြီး လူတို့ကို ဘုရားသခင်၏ မျက်မှောက်တော်သို့ ဆောင်ကြဉ်းသင့်သည်မှာ မှန်ကန်သည်ပင် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ထံသို့ သမ္မာတရားအားလုံးကို ပေးသနားခဲ့ပြီးဖြစ်သည်၊ ဤမျှကြီးမားသော မေတ္တာကို မည်သူက ပြန်ဆပ်နိုင်မည်နည်း။ ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အသက်သည် တန်ဖိုးဖြတ်၍မရနိုင်ဘဲ မည်သည့်လူသားမျှ ယင်းတို့ကို ပြန်မဆပ်နိုင်ပေ။ လူ၏အသက်သည် ထိုမျှ တန်ဖိုးရှိပါသလော။ ယင်းသည် သမ္မာတရားလောက် တန်ဖိုးရှိနိုင်ပါသလော။ ထို့ကြောင့် မည်သူမျှ ဘုရားသခင်၏ မေတ္တာနှင့် ကျေးဇူးတော်ကို ပြန်မဆပ်နိုင်ဘဲ ထိုအထဲတွင် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရသောသူများလည်း ပါဝင်သည်၊ ၎င်းတို့သည် ခြွင်းချက်မဟုတ်ပေ။ သင့်တွင် အသိတရား၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝတစ်ခုခု ရှိသရွေ့ ဘုရားအိမ်တော်သည် သင့်ကို မည်သို့ပင် ဆက်ဆံပါစေ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေရန်နှင့် သူ၏အလုပ်ကို သက်သေခံရန် သင်၏ ဝတ္တရားကို ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ လူတို့၏ ရှောင်လွှဲ၍မရသော တာဝန်ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ ဧဝံဂေလိတရားကို လူမည်မျှထံ ဟောပြောသည်ဖြစ်စေ၊ သို့မဟုတ် လူမည်မျှကို ရရှိသည်ဖြစ်စေ ဤသည်မှာ သင့်ကို ချီးကျူးစရာ မည်သည့်အရာမျှ မဟုတ်ပေ။ ဘုရားသခင်သည် များစွာသော သမ္မာတရားများကို ဖော်ပြခဲ့ပြီးဖြစ်သော်လည်း သင်သည် ယင်းတို့ကို နားမထောင် သို့မဟုတ် လက်မခံပေ။ အစေခံမှုအနည်းငယ်ကို ပြုပြီး ဧဝံဂေလိတရားကို အခြားသူများထံ ဟောပြောခြင်းသည် သင်လုပ်ဆောင်သင့်သည့်အရာပင် မဟုတ်လော။ သင်သည် ယနေ့ ဤအခြေအနေအထိ ရောက်ရှိလာပြီးဖြစ်သည်ကိုကြည့်လျှင် သင်နောင်တမရသင့်သလော။ ဘုရားသခင်၏ မေတ္တာကို ပြန်ဆပ်ရန် အခွင့်အရေးများကို သင်မရှာဖွေသင့်သလော။ သင် အမှန်တကယ် ရှာဖွေသင့်သည်။ ဘုရားအိမ်တော်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များရှိပြီး လူတို့ကို ရှင်းလင်းပစ်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းတို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့်အညီ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်သည့်အရာများဖြစ်သည်၊ ဤအရာများကို လုပ်ဆောင်ခြင်းသည် မှန်ကန်သည်။ အချို့လူများက “ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသောသူများ၏ ဧဝံဂေလိတရား ဟောပြောခြင်းမှ ရရှိသောလူများကို အသင်းတော်ထဲသို့ လက်ခံခြင်းသည် အနည်းငယ် ရှက်စရာကောင်းသည်” ဟု ပြောကောင်းပြောနိုင်သည်။ အမှန်တကယ်တွင် ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့် တာဝန်ဖြစ်ပြီး ရှက်စရာ မည်သည့်အရာမျှ မရှိပေ။ လူတို့သည် ဖန်ဆင်းခံများအားလုံး ဖြစ်ကြသည်။ သင်သည် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရလျှင်ပင်၊ ဆိုးယုတ်သောသူ သို့မဟုတ် အန္တိခရစ်အဖြစ် ပြစ်တင်ရှုတ်ချခြင်းခံရလျှင်ပင်၊ သို့မဟုတ် သင်သည် ဖယ်ရှားရှင်းလင်းခြင်းအတွက် ပစ်မှတ်တစ်ခုဖြစ်လျှင်ပင် သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲပင် မဟုတ်လော။ သင်ရှင်းလင်းပစ်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် သင်၏ ဘုရားသခင် မဟုတ်သေးသလော။ ဘုရားသခင်က သင့်အား ပြောဆိုခဲ့သော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်က သင့်အား ထောက်ပံ့ပေးခဲ့သော အရာများသည် တစ်ချက်တည်းနှင့် ပျက်ပြယ်သွားပြီလော။ ၎င်းတို့သည် မတည်ရှိတော့ပြီလော။ ၎င်းတို့သည် တည်ရှိနေဆဲဖြစ်သည်၊ သင်ကသာ ယင်းတို့ကို မမြတ်နိုးခဲ့ခြင်း ဖြစ်သည်။ ပြောင်းလဲလာသောလူအားလုံးသည် မည်သူက ၎င်းတို့ကို ပြောင်းလဲစေခဲ့သည်ဖြစ်စေ ဖန်ဆင်းခံများဖြစ်ကြပြီး ဖန်ဆင်းရှင်၏ ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို ကျိုးနွံနာခံသင့်သည်။ ထို့ကြောင့် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသော ဤလူများသည် ဧဝံဂေလိတရားကို ဟောပြောလိုစိတ်ရှိပါက ငါတို့သည် ၎င်းတို့ကို ကန့်သတ်မည်မဟုတ်ပေ၊ သို့သော် ၎င်းတို့ မည်သို့ပင် ဟောပြောပါစေ လူကိုအသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် ပြောင်းလဲ၍မရနိုင်ဘဲ ဤသည်မှာ မည်သည့်အခါမျှ လုံးဝ ပြောင်းလဲမည်မဟုတ်ပေ။
ဖြုတ်ချခြင်းခံရသော ဤလူစားအမျိုးမျိုးတို့တွင် အများစုမှာ အမှန်တကယ် နောင်တရနိုင်ဖွယ်မရှိသောကြောင့် လုံးဝ နောက်တစ်ဖန် အသုံးမပြုရပေ။ အလုပ်အတွေ့အကြုံမရှိသောကြောင့် ယာယီအားဖြင့် မိမိတို့၏အလုပ်ကို မလုပ်ဆောင်နိုင်၍ ဖြုတ်ချခြင်းခံရသော သို့မဟုတ် ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ခြင်းခံခဲ့ရသော ထိုသူများကိုသာ ရာထူးတိုးပေးပြီး အသုံးပြုရန် နေရာရှိသည်။ ဤသို့သောလူစားမျိုးသည် လုံလောက်သော အစွမ်းအစရှိပြီး ၎င်းတို့၏ လူ့သဘာဝတွင် ကြီးကြီးမားမား ပြဿနာများမရှိပေ၊ ၎င်းတို့တွင် သေးငယ်သော ချို့ယွင်းချက်များ၊ မကောင်းသော အကျင့်များ သို့မဟုတ် မိသားစုမှ အမွေဆက်ခံရရှိသော မကောင်းသည့် အလေ့အကျင့်များသာ ရှိသည်၊ ဤအရာများထဲမှ တစ်ခုမျှသည် ပြဿနာကြီးကြီးမားမားမဟုတ်ပေ။ အကယ်၍ ဘုရားအိမ်တော်က ၎င်းတို့ကို လိုအပ်ပါက သင့်တော်သောအချိန်တွင် ၎င်းတို့ကို နောက်တစ်ဖန် ရာထူးတိုးပေးပြီး အသုံးပြုနိုင်သည်၊ ဤသည်မှာ ကျိုးကြောင်းဆီလျော်သည်၊ အကြောင်းမှာ ၎င်းတို့သည် ဆိုးယုတ်သောလူများမဟုတ်ဘဲ အန္တိခရစ်များ ဖြစ်လာမည်မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစသည် လုံလောက်သည်၊ ၎င်းတို့သည် အချိန်ကြာမြင့်စွာ အလုပ်မလုပ်ဆောင်ခဲ့ရသေးဘဲ အတွေ့အကြုံမရှိသောကြောင့်သာ အလုပ်လုပ်ရန် အရည်အချင်းမပြည့်မီခဲ့ခြင်းဖြစ်ပြီး၊ ယင်းမှာ ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ ၎င်းတို့သည် ဤအကြောင်းရင်းများကြောင့် ဖြုတ်ချခြင်းခံခဲ့ရပါက ၎င်းတို့တွင် အနာဂတ်၌ တိုးတက်ရန် နေရာရှိပြီး ၎င်းတို့သည် ပြောင်းလဲနိုင်သည်။ လူတစ်ဦးတွင် အလုပ်လုပ်နိုင်စွမ်းရှိသရွေ့၊ အစွမ်းအစ ပိုင်ဆိုင်သရွေ့နှင့် ၎င်းတို့၏ လူ့သဘာဝသည် စံနှုန်းပြည့်မီသရွေ့၊ ထို့နောက် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့် ကာလအတွင်း ဤသို့သောလူစားမျိုးသည် တဖြည်းဖြည်း ပြောင်းလဲလာမည်၊ ၎င်းတို့၏ လူ့သဘာဝသည် ပြောင်းလဲလာမည်၊ ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် တိုးတက်မှုရှိလာမည်၊ ၎င်းတို့၏ စိတ်သဘောထားတွင် အလားတူပြောင်းလဲမှုအချို့ ရှိလာမည်ဖြစ်ပြီး သမ္မာတရားကို နားလည်သဘောပေါက်မှုတွင် တိုးတက်မှုအချို့ ရှိလာလိမ့်မည်။ ပတ်ဝန်းကျင်၊ ၎င်းတို့ ထမ်းဆောင်သည့် တာဝန်များနှင့် ၎င်းတို့၏ တစ်ကိုယ်ရေ စိတ်ပိုင်းဖြတ်မှုတို့အပေါ် မူတည်၍ ၎င်းတို့သည် အတိုင်းအတာအမျိုးမျိုးဖြင့် ပြောင်းလဲပြီး တိုးတက်လာကြလိမ့်မည်၊ သို့ဖြစ်၍ ဤသို့သောလူစားမျိုးသည် ရာထူးတိုးပေးပြီး အသုံးပြုရမည့်သူများဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်တို့မှာ ယခင်က ဖြုတ်ချခြင်းခံခဲ့ရသော လူစားအမျိုးမျိုးတို့ကို နောက်တစ်ဖန် ရာထူးတိုးပေးပြီး အသုံးပြုခြင်းအတွက် ယေဘုယျ စည်းမျဉ်းများ ဖြစ်ကြသည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ ခုနစ်ခုမြောက်အချက်မှာ “လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ တစ်ဦးစီတိုင်းကို အသင့်တော်ဆုံးနေရာ၌ အသုံးချနိုင်ရန် သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုလော့။” ငါတို့၏ ယခု မိတ်သဟာယဖွဲ့ခြင်းတွင် လူတို့ကို အကောင်းဆုံးအသုံးချခြင်း၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သည်။ တစ်စုံတစ်ဦးကို ပျိုးထောင်ရာတွင် အနည်းငယ်မျှသော တန်ဖိုးရှိသရွေ့နှင့် သူ၏ လူ့သဘာဝသည် စံနှုန်းပြည့်မီသရွေ့ ဘုရားအိမ်တော်သည် ၎င်းတို့ကို အခွင့်အရေးများ ပေးလိမ့်မည်။ လူတစ်ဦးသည် သမ္မာတရားကို လိုက်စားပြီး အပြုသဘောဆောင်သောအရာများကို ချစ်သရွေ့ ဘုရားအိမ်တော်သည် ထိုသူကို အလွန်ပင်အလွယ်တကူဖြင့် စွန့်လွှတ်ခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ပြုမည်မဟုတ်ပေ။ သင်၏ လူ့သဘာဝနှင့် အစွမ်းအစသည် ငါယခု မိတ်သဟာယဖွဲ့ခဲ့သော စံနှုန်းများနှင့် ကိုက်ညီသရွေ့ ဘုရားအိမ်တော်သည် သင့်အတွက် တာဝန်ထမ်းဆောင်ရန် နေရာတစ်ခုကို သေချာပေါက် ထားရှိမည်ဖြစ်ပြီး သင့်ကို သင့်လျော်စွာ သေချာပေါက် အသုံးပြုမည်ဖြစ်ကာ သင်၏ လုပ်နိုင်စွမ်းကို အသုံးချရန် လုံလောက်သော နေရာကို ပေးလိမ့်မည်။ အတိုချုပ်ပြောရလျှင် သင်သည် အသင်းတော်အလုပ်အတွက် လိုအပ်သော အလုပ်အကိုင်တစ်ခုတွင် အားသာချက်များနှင့် ကျွမ်းကျင်မှုများရှိပါက ဘုရားအိမ်တော်သည် သင့်ကို သင့်တော်သော တာဝန်တစ်ခုကို ထမ်းဆောင်ခွင့် သေချာပေါက် ပေးလိမ့်မည်။ သို့သော် သင်သည် စိတ်ပိုင်းဖြတ်မှု သို့မဟုတ် ဆန္ဒမရှိဘဲ အထက်သို့ဦးတည်၍ ကြိုးစားအားထုတ်လိုခြင်းမရှိပါက သင်လုပ်နိုင်သမျှကိုသာ လုပ်ဆောင်လော့၊ သင်၏ လုပ်နိုင်စွမ်းအတွင်းရှိ တာဝန်အချို့ကို ထမ်းဆောင်လော့၊ ထိုထက်မပိုပေ။ အကယ်၍ သင်သည် စိတ်ပိုင်းဖြတ်မှုရှိပြီး “ကျွန်ုပ်သည် သမ္မာတရားများကို ပိုမိုနားလည်ပြီး ရရှိလိုသည်၊ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ တတ်နိုင်သမျှ အမြန်ဆုံး စတင်လျှောက်လှမ်းလိုပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လိုသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ဝန်ထုပ်ကို အလေးထားလိုသည်၊ ဘုရားအိမ်တော်၌ လေးလံသောဝန်ထုပ်ဝန်ပိုးကို ထမ်းလိုသည်၊ အခြားသူများထက် ပိုမိုသော ဆင်းရဲဒုက္ခကို ခံစားလိုသည်၊ အခြားသူများထက် မိမိကိုယ်ကို ပိုမိုအသုံးခံပြီး ပိုမိုစွန့်လွှတ်လိုသည်” ဟု သင်ပြောဆိုပါက၊ ပြီးလျှင် သင်သည် ကဏ္ဍအားလုံးတွင် သင့်တော်သော်လည်း သင့်ကို မည်သူမျှ ထောက်ခံခြင်းမပြုသေးပါက သင်သည် မိမိကိုယ်ကိုလည်း အဆိုပြုတင်ပြပေးနိုင်သည်။ ယင်းမှာ ကျိုးကြောင်းဆီလျော်သည် မဟုတ်လော။ အချုပ်အားဖြင့်ဆိုသော် ဤသည်တို့မှာ လူအမျိုးမျိုးကို အသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများအားလုံးဖြစ်ပြီး ပန်းတိုင်မှာ လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်စေရန်ထက် မပိုပေ။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ ၎င်းတို့မှာ သမ္မာတရားကို နားလည်ခြင်း၊ အလုပ်ကိစ္စအမျိုးမျိုးကို လုပ်ဆောင်သည့်အခါ သမ္မာတရား စည်းမျဉ်းများကို နားလည်ခြင်းနှင့် နေ့စဉ်အသက်တာတွင် လူ၊ ဖြစ်ရပ်၊ အမှုအရာအမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံသည့်အခါ သက်ဆိုင်ရာ သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းတို့ဖြစ်ပြီး သင့်အပေါ် မည်သည့်အရာမဆို ကျရောက်သည့်အခါတိုင်း စိတ်ရှုပ်ထွေးပြီး လမ်းပျောက်ခြင်းမျိုး မဟုတ်ပေ၊ ဤသည်မှာ ပန်းတိုင်ဖြစ်သည်။ ဤသည်မှာ သတ်မှတ်ပြီးဖြစ်သော ပန်းတိုင်ဖြစ်သောကြောင့် သင်တို့သည် ယင်းကို ဦးတည်၍ လိုက်စားသင့်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ ခုနစ်ခုမြောက်အချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤနေရာတွင် ပြီးဆုံးသည်။ အချို့က “ကိုယ်တော်သည် မိတ်သဟာယဖွဲ့ခြင်းကို မပြီးသေးပါ၊ ဤအချက်နှင့်ပတ်သက်၍ ကိုယ်တော်သည် အယောင်ဆောင်ခေါင်းဆောင်များကို မဖော်ထုတ်ရသေးပါ” ဟု ပြောကောင်းပြောနိုင်သည်။ ငါကမူ ၎င်းတို့ကို ဖော်ထုတ်ရန်မလိုအပ်ဟု ပြန်ဖြေမည်။ တစ်ဖက်တွင် အယောင်ဆောင်ခေါင်းဆောင်များသည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိကြပေ၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သည်၊ ဝန်ထုပ် ထမ်းရွက်ခြင်းမရှိကြ၊ မိမိတို့၏အလုပ်တွင် လုံးဝစိတ်မနှစ်ကြဘဲ ရိုးရှင်းသောအရာအချို့ကိုပင် ကောင်းစွာမလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ရှုပ်ထွေးသောပြဿနာတစ်ခု သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်သော ပြဿနာတစ်ခုကို ကြုံတွေ့သည့်အခါတိုင်း ယင်းကို လုံးဝခွဲခြားသိမြင်နိုင်ခြင်းမရှိဘဲ ပြဿနာ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်စွမ်း ပို၍ပင် နည်းပါးသည်။ သို့ဖြစ်၍ ၎င်းတို့ကို ဖော်ထုတ်ရန် မလိုအပ်ပေ။ ၎င်းတို့ကို ဖော်ထုတ်ခဲ့လျှင်ပင် ၎င်းတို့သည် လက်ခံမည်မဟုတ်ဘဲ လေကုန်ရုံသာ ဖြစ်မည်။ ထို့အပြင် ၎င်းတို့လုပ်ဆောင်ခဲ့သော အမှုအရာများအကြောင်းကို ပြောဆိုခြင်းသည် ရွံရှာဖွယ်ကောင်းပြီး လူတို့ကို စိတ်အတွင်းထဲမှ ဒေါသထွက်စေလိမ့်မည်။ ဤမျှအရေးကြီးသောအလုပ်ကို ဤအယောင်ဆောင်ခေါင်းဆောင်များထံ တာဝန်ပေးခြင်းသည် လူကိုအသုံးပြုရာတွင် အမှားတစ်ခုဖြစ်ခဲ့သည်။ မိမိတို့၏အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိခြင်းကပင် ၎င်းတို့ကို အသုံးမကျဟု ခံစားရစေပြီး အကယ်၍ ၎င်းတို့သည် ဖော်ထုတ်ခြင်းနှင့် စိစစ်ခြင်းခံရပါက ပို၍ပင် စိတ်ဆင်းရဲဒုက္ခ ခံစားရလိမ့်မည်။ သို့ဖြစ်၍ ဤအယောင်ဆောင်ခေါင်းဆောင်များအား မိမိတို့ကိုယ်ကို နှိုင်းယှဉ်သုံးသပ်ပြီး မိမိတို့၏ ပြဿနာများကို တတ်နိုင်သမျှ ဆန်းစစ်ကြပါစေ။ အကယ်၍ သင်သည် သင်၏ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်ပါက အနာဂတ်တွင် တိုးတက်မှုများ ပြုလုပ်နိုင်ခြင်း ရှိမရှိကို ကြည့်လော့၊ သင်သည် ၎င်းတို့ကို ရှာမတွေ့နိုင်ပါက သင်သည် ဆက်လက်ဆန်းစစ်ရန် လိုအပ်ပြီး သင့်ကို ပိုင်းခြားစိတ်ဖြာကာ ဖြေရှင်းပေးရန် သင့်ပတ်ဝန်းကျင်ရှိလူများကိုလည်း တောင်းဆိုနိုင်သည်။ အကယ်၍ အခြားသူများသည် သင်နှင့် မိတ်သဟာယဖွဲ့ခဲ့ပြီး သင်သည် စိတ်နှစ်ထားသော်လည်း သင်၏ကိုယ်ပိုင်ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိသေးဘဲ ၎င်းတို့ကို မည်သို့အသိအမှတ်ပြုရမည် သို့မဟုတ် မည်သို့ဖြေရှင်းရမည်ကို မသိသေးပါက သင်သည် အမှန်တကယ်ပင် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသင့်သည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်