ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)
ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ အချက်ငါးနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အချက်ငါးနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း ဖြစ်စဉ်တွင် ငါတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များနှင့် လုပ်ရပ်အချို့ကို စိတ်ဖြာသုံးသပ်ခဲ့ကြပြီး ဤအချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးခဲ့သည်။ ယခု ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ အချက်ခြောက်နှင့် ခုနစ်တို့ကို မိတ်သဟာယဖွဲ့ကြမည်။ ဤအချက်နှစ်ချက်၏ သတ်သတ်မှတ်မှတ်ဖြစ်သော အကြောင်းအရာမှာ အဘယ်နည်း။ (၆။ သမ္မာတရားကို လိုက်စားသောသူအားလုံးက လေ့ကျင့်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲ အမြန်ဆုံးဝင်ရောက်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို ရာထူးတိုးမြှင့်၍ ပျိုးထောင်လော့။ ၇။ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ တစ်ဦးစီတိုင်းကို အသင့်တော်ဆုံးနေရာ၌ အသုံးချနိုင်ရန် သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုလော့။) သို့ဆိုလျှင် ဤအချက်နှစ်ချက်နှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော လုပ်ရပ်များနှင့် သရုပ်သကန်များကို ငါတို့ စိတ်ဖြာသုံးသပ်ကြစို့။ ဤအချက်နှစ်ချက်သည် အသင်းတော်၏ လူအမျိုးမျိုးတို့ကို အားပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့နှင့် သက်ဆိုင်သည့် အမျိုးအစားတစ်ခုတည်းတွင် ပါဝင်သည်။ သတ်မှတ်ချက်ပြည့်မီသော အရည်အချင်းရှိသူအမျိုးမျိုးကို ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းဆိုင်ရာ ဘုရားအိမ်တော်၏ စည်းမျဉ်းများကို ငါတို့ ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ ထိုသို့ဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို လုပ်ဆောင်သည့်အခါ လိုက်နာသင့်သည့် စည်းမျဉ်းအချို့ကို သင်တို့ အခြေခံအားဖြင့် နားလည်နိုင်ကြမည် မဟုတ်လော။ သင်တို့က “ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ကျွန်ုပ်တို့သည် ဤကိစ္စရပ်များနှင့် မကြာခဏ ထိတွေ့ဆက်ဆံရပါသည်၊ ကျွန်ုပ်တို့သည် ဤအလုပ်နှင့် အကျွမ်းတဝင်ရှိပြီးဖြစ်ကာ အတွေ့အကြုံအချို့လည်း ရှိပါသည်၊ ထို့ကြောင့် ဤအကြောင်းကို ကိုယ်တော်က နောက်ထပ် ဘာမျှမပြောလျှင်ပင် ကျွန်ုပ်တို့ ရှင်းလင်းစွာ သိရှိပြီးဖြစ်ပါသည်၊ ဤအကြောင်းကို နောက်ထပ် အထူးတလည် မိတ်သဟာယဖွဲ့ရန် မလိုအပ်တော့ပါ” ဟု တွေးကောင်းတွေးနိုင်သည်။ သို့ဆိုလျှင် ယင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် မလိုအပ်တော့သလော။ (ကျွန်ုပ်တို့သည် ကိုယ်တော်၏ မိတ်သဟာယဖွဲ့ခြင်းကို လိုအပ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ စည်းမျဉ်းများကို ကျွန်ုပ်တို့ သဘောမပေါက်သေးပါ၊ ပြီးလျှင် ကျွန်ုပ်တို့ ပိုင်းခြားသိမြင်ရန် မသိသေးသည့် အရည်အချင်းရှိသူအချို့လည်း ရှိနေပါသေးသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် ဤအလုပ်ကို မည်သို့လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အလွန်ပင် ရှုပ်ထွေးနေကြဆဲ ဖြစ်ပြီး၊ ယင်းကို စမ်းတဝါးဝါးဖြင့် လုပ်ဆောင်နေသည့် ဖြစ်စဉ်တွင် ရှိနေကြကာ တိကျသော စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ၊ ထို့ကြောင့် ငါတို့သည် အသေးစိတ်အချက်များအကြောင်းကို မိတ်သဟာယဖွဲ့ရန် လိုအပ်နေဆဲ ဖြစ်သည်။
အချက် ၆- သမ္မာတရားကို လိုက်စားသောသူအားလုံးက လေ့ကျင့်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲ အမြန်ဆုံးဝင်ရောက်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို အားပေး၍ ပျိုးထောင်လော့
ဘုရားအိမ်တော်က အရည်အချင်းရှိသူအမျိုးမျိုးကို ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်း၏ အရေးပါမှု
ဘုရားအိမ်တော်သည် အရည်အချင်းရှိသူအမျိုးမျိုးကို အဘယ်ကြောင့် အားပေးပြီး ပျိုးထောင်သနည်း။ အရည်အချင်းရှိသူအမျိုးမျိုးကို အားပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် သိပ္ပံ၊ ပညာရေးနှင့် စာပေတို့တွင် ပါဝင်ဆောင်ရွက်ရန်အလို့ငှာ ဖြစ်သလော။ ဘုရားအိမ်တော်သည် အရည်အချင်းရှိသူအမျိုးမျိုးကို အားပေးပြီး ပျိုးထောင်သည့်အခါ ဤသည်မှာ အဆင့်မြင့်နည်းပညာ ထုတ်ကုန်တစ်မျိုးမျိုးကို ထုတ်လုပ်ရန်နှင့် အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးရန် သို့မဟုတ် လူသားဖွံ့ဖြိုးတိုးတက်မှု သမိုင်းကို သုတေသနပြုလုပ်ရန်အတွက် လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ လူသားမျိုးနွယ်၏ အနာဂတ်အတွက် အစီအစဉ်တစ်မျိုးမျိုးကို ပြုလုပ်ရန်အတွက် ပို၍ပင် မဟုတ်ကြောင်းကို ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး သိရှိပြီးဖြစ်သင့်သည်။ သို့ဆိုလျှင် ဘုရားအိမ်တော်သည် အရည်အချင်းရှိသူအမျိုးမျိုးကို အဘယ်ကြောင့် အားပေးပြီး ပျိုးထောင်သနည်း။ ဤအရာကို သင်တို့ နားလည်သလော၊ နားမလည်သလော။ (နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရန်အတွက် ဖြစ်ပါသည်။) နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရန်အတွက်ဟူသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သမ္မာတရားကို လိုက်စားသောသူတိုင်း လေ့ကျင့်ရန် အခွင့်အရေး ရရှိနိုင်ရန်အတွက် ဖြစ်ပါသည်။) မှန်သည်၊ ဤအဖြေသည် အတော်အတန် ကျိုးကြောင်းဆီလျော်ပြီး အချက်ကျပေသည်။ ယင်းမှာ သမ္မာတရားကို လိုက်စားသောသူများက လေ့ကျင့်ရန် အခွင့်အရေး ပို၍ပင်ရရှိနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ အမြန်ဆုံး ဝင်ရောက်နိုင်ရန်အတွက် ဖြစ်သည်။ သင်တို့ ယခု ပေးခဲ့သည့် အဖြေနှစ်ခုလုံးသည် မှန်ကန်ပြီး တိကျသည်။ ဘုရားအိမ်တော်က အရည်အချင်းရှိသူအမျိုးမျိုးကို အားပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် တစ်ဖက်တွင် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်၏ အလုပ်တို့နှင့် သက်ဆိုင်ပြီး အခြားတစ်ဖက်တွင်မူ တစ်ဦးချင်းစီ၏ လိုက်စားမှုများနှင့် ဝင်ရောက်မှုတို့နှင့် သက်ဆိုင်သည်။ ဤသည်တို့မှာ ဆက်စပ်လွှမ်းခြုံနေသောကဏ္ဍကြီးနှစ်ရပ် ဖြစ်သည်။ တိတိကျကျ ပြောရလျှင် ဘုရားအိမ်တော်က အရည်အချင်းရှိသူအမျိုးမျိုးကို ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ အားပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရသည့် ဤလူတို့က အသင်းတော်၌ တိတိကျကျ မည်သည့်အလုပ်ကို လုပ်ဆောင်ကြသနည်း။ ဘုရားအိမ်တော်က လူတစ်ဦးကို အဖွဲ့ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး သို့မဟုတ် အသင်းတော်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အားပေးပြီး ပျိုးထောင်သည့်အခါ ထိုသူကို အရာရှိတစ်ဦး ဖြစ်လာစေခြင်းလော။ (မဟုတ်ပါ။) ဘုရားအိမ်တော်သည် လူတို့ကို ဧဝံဂေလိအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၊ ရေလောင်းခြင်းအလုပ်အပြင် အချို့သော အထွေထွေကိစ္စရပ်များ စသည်တို့ကဲ့သို့သော အသင်းတော်၏ အမျိုးမျိုးသော အလုပ်များအတွင်းရှိ သတ်သတ်မှတ်မှတ်ဖြစ်သော စီမံကိန်းများ သို့မဟုတ် အလုပ်များအတွက် တာဝန်ယူနိုင်ရန် အားပေးပြီး ပျိုးထောင်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် ဤသတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များကို မည်သို့ ဆောင်ရွက်ကြသနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား စည်းမျဉ်းများနှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်အညီ အသင်းတော်၏ အမျိုးမျိုးသော အလုပ်များကို တာဝန်ယူခြင်းအားဖြင့် ဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကာ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်းအားဖြင့် ဖြစ်သည်။ ဤလူတို့သည် အလုပ်ကို တာဝန်ယူရန် အားပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံရသည်ဟူသည့်အချက်ကို ကြည့်လျှင် ၎င်းတို့ကို မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေသည့်အရာမှာ ရာထူးအမည် သို့မဟုတ် အဆင့်အတန်းရှိခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သောအလုပ်တစ်ခုကို တာဝန်ယူ ထမ်းဆောင်နိုင်ရန်အတွက်၊ ဆိုလိုသည်မှာ ဘုရားသခင်က ၎င်းတို့လုပ်ဆောင်ရန် အပ်နှံပြီးဖြစ်သည့်အရာကို တာဝန်ယူထမ်းဆောင်ရန်၊ သို့မဟုတ် တစ်နည်းအားဖြင့်ဆိုသော် တာဝန်ယူမှုပါသော တာဝန်ဝတ္တရားတစ်ရပ်ကို ထမ်းဆောင်နိုင်ရန်အတွက် အစွမ်းအစတစ်ခုခုကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ အချက်ခြောက်တွင် ဖော်ပြထားသည့်အတိုင်း အရည်အချင်းရှိသူအမျိုးမျိုးကို အားပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ သတ်သတ်မှတ်မှတ်ဖြစ်သော အရေးပါမှုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ထို့ကြောင့် လူတို့ကို အားပေးခြင်းနှင့် ပျိုးထောင်ခြင်း၌ ဘုရားအိမ်တော်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်အညီ အသင်းတော်၏ အမျိုးမျိုးသော အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အရည်အချင်းရှိသူအမျိုးမျိုးကို ပျိုးထောင်ရန် ဖြစ်သည်၊ ယင်းမှာ ဤလူတို့ကို အသင်းတော်၏ အမျိုးမျိုးသော တိကျသည့် တာဝန်များကို တာဝန်ယူ ထမ်းဆောင်နိုင်စေရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားအိမ်တော်သည် ဤလူတို့ကို ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ တွေးတောဆင်ခြင်ရမည်ကိုလည်းကောင်း၊ သမ္မာတရားအကြောင်း မည်သို့ မိတ်သဟာယဖွဲ့ရမည်ကိုလည်းကောင်း၊ စည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကိုလည်းကောင်း သင်ယူစေရန် ပျိုးထောင်ပြီး လေ့ကျင့်ပေးသည်၊ ၎င်းတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဘုရားနှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်နေထိုင်ရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်သည်၊ ပြီးလျှင် ၎င်းတို့ကို စစ်မှန်သော အတွေ့အကြုံများနှင့် သက်သေခံချက်များ ရှိစေရန် ထောက်ကူပေးပြီးနောက် ၎င်းတို့သည် အခြားသူတို့ကို ဦးဆောင်နိုင်၊ ရေလောင်းနိုင်ပြီး ထောက်ပံ့နိုင်ကာ အသင်းတော်၏ အမျိုးမျိုးသော အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြသည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ ဘုရားသခင်အတွက် သက်သေခံရန်နှင့် ဧဝံဂေလိတရားကို ဟောပြောခြင်း တာဝန်ကို ဖြည့်ဆည်းရန် တတ်နိုင်ကြမည်ဖြစ်သည်။ အရည်အချင်းရှိသူအမျိုးမျိုးကို အားပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ တစ်ဖက်တွင် လူတို့ကို ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားရန်၊ မိမိတို့ကိုယ်ကို သိကျွမ်းလာရန်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်ခြင်း ဖြစ်သည်၊ အခြားတစ်ဖက်တွင်မူ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရာတွင်နှင့် ဘုရားသခင်အတွက် ထင်ရှားသော သက်သေခံချက်များ ပေးရာတွင် လူတို့ကို ဦးဆောင်ရန်နှင့် ပျိုးထောင်ရန် မိမိတို့၏ကိုယ်ပိုင် သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုဆိုင်ရာ လက်တွေ့ကျသော အတွေ့အကြုံကို အသုံးပြုရန် ဖြစ်သည်။ အရည်အချင်းရှိသူအမျိုးမျိုးကို ပျိုးထောင်ခြင်းတွင် ဤသည်တို့မှာ အဓိကလက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှစ်ခုပင် ဖြစ်သည်။ ဤသည်မှာ အရည်အချင်းရှိသူအမျိုးမျိုးကို အားပေးခြင်းနှင့် ပျိုးထောင်ခြင်း၌ ပါဝင်သည့် တိကျသောအလုပ်ဖြစ်ပြီး ၎င်းတို့ကို အားပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ စစ်မှန်သော အရေးပါမှုလည်း ဖြစ်သည်။
ဘုရားအိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်သည့် အရည်အချင်းရှိသူအမျိုးမျိုးအတွက် လိုအပ်သော စံသတ်မှတ်ချက်များ
၁။ အလုပ်အမျိုးမျိုး၏ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်ရေးမှူးများအတွက် လိုအပ်သော စံသတ်မှတ်ချက်များ
“အသင်းတော်က အားပေးပြီး ပျိုးထောင်သည့် အရည်အချင်းရှိသူအမျိုးမျိုး” သည် မည်သူတို့ကို ရည်ညွှန်းသနည်း။ ယင်းက မည်သည့်အတိုင်းအတာများကို လွှမ်းခြုံသနည်း။ ပထမတစ်ခုမှာ အလုပ်အမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ ဖြစ်နိုင်သည့် လူအမျိုးအစား ဖြစ်သည်။ အလုပ်အမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများအတွက် လိုအပ်သော စံနှုန်းများမှာ အဘယ်နည်း။ အဓိကအားဖြင့် သုံးခုရှိသည်။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိရမည်။ သမ္မာတရားကို လွဲချော်မှုမရှိဘဲ မှန်ကန်စွာ သဘောပေါက်နားလည်နိုင်ပြီး ဆိုလိုချက်များကို ဆက်စပ်တွေးခေါ်နိုင်သောသူများသာလျှင် အစွမ်းအစကောင်းသူများ ဖြစ်ကြသည်။ အစွမ်းအစကောင်းသူများသည် အနည်းဆုံးအားဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှီအခိုကင်းစွာ စားသောက်နိုင်ရမည်။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်း ဖြစ်စဉ်တွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများ၊ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒ ရောနှောခြင်းအပြင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို အမှီအခိုကင်းစွာ လက်ခံနိုင်ရမည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်ရမည်၊ အကယ်၍ ၎င်းတို့သည် ဤစံနှုန်းသို့ ရောက်ရှိပါက ဘုရားသခင်၏ အလုပ်ကို မည်သို့တွေ့ကြုံခံစားရမည်ကို ၎င်းတို့သိသည်ဟု ဆိုလိုပြီး ဤသည်မှာ အစွမ်းအစကောင်းခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဒုတိယအချက်မှာ ၎င်းတို့သည် အသင်းတော်အလုပ်အတွက် ဝန်ထုပ်ဝန်ပိုးထမ်းရွက်ရမည်။ အမှန်တကယ်ဝန်ထုပ်ဝန်ပိုးထမ်းရွက်သောသူများသည် စိတ်အားထက်သန်မှု ရှိရုံမျှသာမဟုတ်ဘဲ ၎င်းတို့တွင် စစ်မှန်သော အသက်အတွေ့အကြုံရှိသည်၊ သမ္မာတရားအချို့ကို နားလည်ပြီး ပြဿနာအချို့ကို ထိုးထွင်းသိမြင်နိုင်သည်။ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့၌ ဖြေရှင်းရန် လိုအပ်သည့် အခက်အခဲများနှင့် ပြဿနာများစွာ ရှိသည်ကို မြင်ကြသည်။ ၎င်းတို့သည် ဤအရာကို မိမိတို့၏ မျက်စိဖြင့် မြင်ပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် ယင်းအတွက် စိုးရိမ်ကြသည်၊ ဤသည်မှာ အသင်းတော်အလုပ်အတွက် ဝန်ထုပ်ဝန်ပိုးထမ်းရွက်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အစွမ်းအစကောင်းပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိရုံမျှသာဖြစ်သော်လည်း ပျင်းရိလျှင်၊ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုများကို တပ်မက်လျှင်၊ တကယ့်အလုပ်ကို လုပ်ဆောင်လိုစိတ်မရှိဘဲ အထက်က ပြီးဆုံးရန် နောက်ဆုံးရက် သတ်မှတ်ပေးသည့်အခါမှသာ၊ မလုပ်ဘဲ နေ၍မရသည့်အခါမှသာ အလုပ်အနည်းငယ်ကို လုပ်ဆောင်ပါက ဤသည်မှာ ဝန်ထုပ်ဝန်ပိုး ထမ်းရွက်မှုမရှိသောသူတစ်ဦး ဖြစ်သည်။ ဝန်ထုပ်ဝန်ပိုး ထမ်းရွက်မှုမရှိသောသူများသည် သမ္မာတရားကို မလိုက်စားသောသူများ၊ တရားမျှတစိတ်မရှိသောသူများနှင့် တစ်နေ့လုံး အလွန်အမင်းစားသောက်ပြီး မည်သည့်အရာကိုမျှ အလေးအနက်မထားဘဲ ဆန်ကုန်မြေလေးများ ဖြစ်ကြသည်။ တတိယအချက်မှာ ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ရမည်။ “အလုပ်လုပ်နိုင်စွမ်း” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ရိုးရှင်းစွာဆိုသော် ယင်းမှာ ၎င်းတို့သည် အလုပ်ကို ခွဲဝေပေးနိုင်ပြီး လူတို့ကို ညွှန်ကြားချက်များ ပေးနိုင်ရုံသာမက ပြဿနာများကိုလည်း ဖော်ထုတ်ပြီး ဖြေရှင်းနိုင်သည်ကို ဆိုလိုသည်၊ ဤသည်မှာ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် စီစဉ်ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်မှုများလည်း လိုအပ်သည်။ စီစဉ်ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်မှုများရှိသောသူများသည် လူတို့ကို စုစည်းရာတွင်၊ အလုပ်ကို စီစဉ်ပြီး ခွဲခန့်ရာတွင်နှင့် ပြဿနာများကို ဖြေရှင်းရာတွင် အထူးပင် ကျွမ်းကျင်ကြပြီး အလုပ်ကို ခွဲခန့်ကာ ပြဿနာများကို ဖြေရှင်းသည့်အခါ ၎င်းတို့သည် လူတို့ကို လုံးလုံးလျားလျား လက်ခံယုံကြည်စေနိုင်ပြီး နာခံစေနိုင်သည်၊ ဤသည်မှာ စီစဉ်ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်မှုများ ရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အလုပ်လုပ်နိုင်စွမ်း အမှန်တကယ် ရှိသောသူများသည် ဘုရားအိမ်တော်က စီစဉ်ခန့်ခွဲသည့် တိကျသောအလုပ်များကို ဆောင်ရွက်နိုင်ပြီး ပေါ့ပေါ့ဆဆမရှိဘဲ လျင်မြန်ပြတ်သားစွာ ထိုသို့လုပ်ဆောင်နိုင်သည့်အပြင် အမျိုးမျိုးသော အလုပ်များကိုလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပျိုးထောင်ခြင်းအတွက် ဘုရားအိမ်တော်၏ စံနှုန်းသုံးခု ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤစံနှုန်းသုံးခုနှင့် ကိုက်ညီပါက သူသည် ရှားပါးသော၊ အရည်အချင်းရှိသူတစ်ဦးဖြစ်ပြီး ချက်ချင်းပင် ရာထူးတိုးမြှင့်ခြင်း၊ ပျိုးထောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့ကို ခံရသင့်ကာ အချိန်ကာလတစ်ခုကြာ လက်တွေ့လုပ်ဆောင်ပြီးနောက် သူသည် အလုပ်ကို တာဝန်ယူနိုင်မည်ဖြစ်သည်။ အစွမ်းအစရှိသူ၊ ဝန်ထုပ်ဝန်ပိုးထမ်းရွက်သူနှင့် အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သူ မည်သူမဆိုသည် ၎င်းတို့၏ အလုပ်တွင် လူတို့က ၎င်းတို့အတွက် အမြဲတမ်း စိုးရိမ်ပူပန်ပေးရန်နှင့် ကြီးကြပ်ကာ တိုက်တွန်းရန် မလိုအပ်ပေ။ ၎င်းတို့သည် ပြဿနာမဖြစ်ခင် ကြိုတင်ကာကွယ်လုပ်ဆောင်သည်၊ မည်သည့်အလုပ်များကို မည်သည့်အချိန်တွင် လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ မည်သည့်အလုပ်များကို စစ်ဆေးပြီး ကြီးကြပ်သင့်သည်ကိုလည်းကောင်း၊ မည်သည့်အလုပ်များကို စိစစ်ရန် သို့မဟုတ် အနီးကပ် စောင့်ကြည့်ရန် လိုအပ်သည်ကိုလည်းကောင်း ၎င်းတို့ သိကြသည်။ ၎င်းတို့သည် ဤအရာများကို ကောင်းစွာ သတိပြုမိကြသည်။ ထိုသို့သောလူများသည် ၎င်းတို့၏ အလုပ်တွင် အတော်အတန် အားကိုးအားထားပြုနိုင်ပြီး ယုံကြည်စိတ်ချရကာ ကြီးမားသော ပြဿနာများ ဖြစ်ပေါ်မည်မဟုတ်ပေ။ ပြဿနာများ ဖြစ်ပေါ်လျှင်ပင် ယင်းတို့သည် ခြုံငုံကြည့်လျှင် အရေးမပါသော အသေးအဖွဲကိစ္စရပ်များသာ ဖြစ်မည်ဖြစ်ပြီး ဘုရားသခင်သည် ဤလူတို့လုပ်ဆောင်သည့် အလုပ်အတွက် စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ မိမိတို့၏ အလုပ်တွင် မိမိခြေထောက်ပေါ် မိမိ အမှန်တကယ် ရပ်တည်နိုင်သောသူများသာလျှင် အလုပ်လုပ်နိုင်စွမ်းကို အမှန်တကယ် ပိုင်ဆိုင်ကြသည်။ မိမိခြေထောက်ပေါ် မိမိ မရပ်တည်နိုင်ဘဲ အခြားသူတို့ကို ၎င်းတို့အတွက် အမြဲတမ်း စိုးရိမ်ပူပန်စေရန်၊ မျက်ခြေမပြတ် စောင့်ကြည့်စေရန်၊ ကြီးကြပ်စေရန်နှင့် မည်သည့်အရာလုပ်ဆောင်ရမည်ကို လက်ဆွဲ၍ပင် သင်ကြားပေးရန် လိုအပ်သောသူများသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူအမျိုးအစား ဖြစ်ကြသည်။ သာမန်အစွမ်းအစရှိသော လူတို့လုပ်ဆောင်သည့် အလုပ်၏ ရလဒ်များသည် သာမန်သာဖြစ်သည်မှာ သေချာပြီး ဤလူတို့သည် တစ်စုံတစ်ခုကို မလုပ်ဆောင်နိုင်မီတွင် အခြားသူတို့က ၎င်းတို့ကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ကြီးကြပ်ရန် လိုအပ်သည်။ ဆန့်ကျင်ဘက်အားဖြင့် အစွမ်းအစကောင်းသူများသည် အချိန်ကာလတစ်ခုကြာ လေ့ကျင့်ပေးခြင်း ခံရပြီးနောက် မိမိခြေထောက်ပေါ် မိမိ ရပ်တည်နိုင်ကြပြီး အထက်က ၎င်းတို့ကို တာဝန်တစ်ခုအတွက် ညွှန်ကြားချက်များ ပေးကာ စည်းမျဉ်းအချို့ကို မိတ်သဟာယဖွဲ့သည့်အခါတိုင်း ၎င်းတို့သည် စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ပြီး ယင်းတို့နှင့်အညီ အလုပ်ကို အကောင်အထည်ဖော်နိုင်ကာ အခြေခံအားဖြင့် အလွန်ကြီးမားသော လွဲချော်မှုများ သို့မဟုတ် ချို့ယွင်းချက်များမရှိဘဲ မှန်ကန်သော လမ်းကြောင်းကို လိုက်လျှောက်နိုင်သည့်အပြင် ၎င်းတို့ ရရှိသင့်သည့် ရလဒ်များကိုလည်း စွမ်းဆောင်ရရှိနိုင်ကြသည်၊ ဤသည်မှာ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်သည် အသင်းတော်ကို သန့်စင်ရန်နှင့် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့ကို ဖော်ထုတ်ပြီး အသင်းတော်မှ နှင်ထုတ်ရန် တောင်းဆိုပြီး အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သည့် လူအမျိုးအစားသည် ဤတာဝန်ကို ဆောင်ရွက်နေစဉ်တွင် အခြေခံအားဖြင့် လမ်းမလွဲပေ။ အန္တိခရစ်တစ်ဦး ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ထုတ်ဖော်ခြင်းနှင့် ရှင်းလင်းပစ်ခြင်း ခံရရန် အနည်းဆုံး ခြောက်လခန့် ကြာမြင့်သည်။ ဤအချိန်အတွင်းတွင် အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သောသူများသည် ၎င်းတို့ကို ဖော်ထုတ်နိုင်သည်၊ အန္တိခရစ်၏ သရုပ်သကန်များကို စိတ်ဖြာသုံးသပ်ရန် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နိုင်သည်၊ ညီအစ်ကိုမောင်နှမများကို ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေရန်နှင့် အထင်အမြင်မှားစေခြင်း မခံရစေရန် ကူညီနိုင်ပြီး ထိုသို့ဖြင့် ၎င်းတို့ကို အန္တိခရစ်ကို အတူတကွ ထကြွ၍ ဖော်ထုတ်ပြီး နှင်ထုတ်နိုင်စေရန် ထောက်ကူပေးသည်။ အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သောလူများ၏ အလုပ်နယ်ပယ်အတွင်း၌ အန္တိခရစ်များ သို့မဟုတ် ဆိုးယုတ်သောလူများ ပေါ်ပေါက်လာသည့်အခါ အခြေခံအားဖြင့် ညီအစ်ကိုမောင်နှမအများစုသည် အထင်အမြင်မှားစေခြင်း သို့မဟုတ် လွှမ်းမိုးခြင်းကို မခံကြရပေ။ နားဝေတိမ်တောင်ဖြစ်သောသူ အနည်းငယ်နှင့် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသူများသာလျှင် အထင်အမြင်မှားစေခြင်းကို ခံကြရပြီး ဤသည်မှာ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အစွမ်းအစကောင်းပြီး အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သောသူများသည် ၎င်းတို့၏ အလုပ်တွင် ဤရလဒ်များကို စွမ်းဆောင်ရရှိနိုင်ပြီး ထိုသို့သောလူများသည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကြကာ စံနှုန်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ကြသည်။
အခုလေးတင် ကျွန်ုပ်ပြောခဲ့သော အရည်အချင်းရှိသူ အမျိုးမျိုးတို့တွင် ပထမအမျိုးအစားမှာ လုပ်ငန်းအမျိုးမျိုး၏ တာဝန်ခံများ ဖြစ်နိုင်သောသူများ ဖြစ်သည်။ ၎င်းတို့အတွက် ပထမဆုံး တောင်းဆိုချက်မှာ သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် စွမ်းရည်နှင့် အစွမ်းအစ ရှိရန်ဖြစ်သည်။ ဤသည်မှာ အနိမ့်ဆုံး တောင်းဆိုချက် ဖြစ်သည်။ ဒုတိယတောင်းဆိုချက်မှာ ၎င်းတို့တွင် ဝန်တာ ရှိခြင်းဖြစ်သည်။ ဤအရာသည် မရှိမဖြစ်လိုအပ်သည်။ အချို့လူများသည် သာမန်လူများထက် သမ္မာတရားကို ပို၍ လျင်မြန်စွာ သဘောပေါက်နားလည်ကြသည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကြသည်၊ အစွမ်းအစ ကောင်းကြသည်၊ အလုပ်လုပ်နိုင်စွမ်း ရှိကြသည်၊ ပြီးလျှင် အချိန်ကာလတစ်ခု လေ့ကျင့်ပြီးနောက်တွင် မိမိတို့၏ ခြေထောက်ပေါ်တွင် လုံးဝဥဿုံ ရပ်တည်နိုင်ကြသည်။ သို့သော် ဤလူများတွင် ပြင်းထန်သော ပြဿနာတစ်ခု ရှိသည်။ ၎င်းတို့တွင် ဝန်တာထားစိတ် မရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းနှင့် ဟိုဟိုသည်သည် လျှောက်သွားခြင်းတို့ကို နှစ်သက်ကြသည်။ ၎င်းတို့သည် ဤအရာများကို အလွန်စိတ်ဝင်စားကြသည်၊ သို့သော် ဆင်းရဲဒုက္ခခံရန်နှင့် အဖိုးအခပေးရန် လိုအပ်သော၊ မိမိတို့ကိုယ်ကို အနည်းငယ် ချုပ်တည်းရန် လိုအပ်သော သတ်သတ်မှတ်မှတ်ဖြစ်သည့် အလုပ်တစ်ခုခုကို လုပ်ဆောင်ရန် တောင်းဆိုခံခြင်းရပါက ၎င်းတို့သည် စိတ်ပျက်အားလျော့သွားကြပြီး မိမိတို့တွင် နာမကျန်းမှု သို့မဟုတ် ဝေဒနာအချို့ရှိသည်ဟုလည်းကောင်း၊ မိမိတို့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် မအီမလည် ဖြစ်နေသည်ဟုလည်းကောင်း အကြောင်းပြကြသည်။ ၎င်းတို့သည် အထိန်းအကွပ်မရှိကြဘဲ စည်းကမ်းမဲ့ကြသည်၊ လေးလေးနက်နက် မရှိဘဲ တစ်ဇွတ်ထိုးနိုင်ကြကာ အသောက်အစား အပျော်အပါး မွေ့လျော်ကြသည်။ ၎င်းတို့သည် စားချင်သည့်အခါ စားကြသည်၊ အိပ်ချင်သည့်အခါ အိပ်ကြသည်၊ ပျော်ပါးချင်သည့်အခါ ပျော်ပါးကြပြီး စိတ်ကူးပေါက်လာမှသာ အလုပ်အချို့ကို လုပ်ဆောင်ကြသည်။ အလုပ်သည် အနည်းငယ် ခက်ခဲလျှင် သို့မဟုတ် မောပန်းလျှင် ၎င်းတို့သည် စိတ်မဝင်စားတော့ဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိတော့ပေ။ ဤသည်မှာ ဝန်တာစိတ်ရှိခြင်းလော။ (မဟုတ်ပါ။) ပျင်းရိပြီး ဇာတိပကတိ၏ သက်သောင့်သက်သာရှိမှုကို တပ်မက်သော လူများသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်း ခံသင့်သောသူများ မဟုတ်ကြပေ။ ထို့ပြင် အလုပ်တစ်ခုအတွက် အစွမ်းအစသည် လုံလောက်သည်ထက် ပိုသောလူများလည်း ရှိသေးသည်၊ သို့သော် ကံမကောင်းစွာဖြင့် ၎င်းတို့တွင် ဝန်တာထားစိတ် မရှိကြပေ၊ ၎င်းတို့သည် တာဝန်ယူရန် မနှစ်သက်ကြ၊ ပြဿနာကို မနှစ်သက်ကြ၊ စိုးရိမ်ပူပန်ရသည်ကို မနှစ်သက်ကြပေ။ ၎င်းတို့သည် လုပ်ဆောင်ရန် လိုအပ်သော အလုပ်ကို မမြင်ကြပေ၊ ပြီးလျှင် ယင်းကို မြင်နိုင်လျှင်ပင် တာဝန်ယူဆောင်ရွက်လိုစိတ် မရှိကြပေ။ ဤအမျိုးအစား လူများသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းခံရန် သင့်တော်သူများလော။ လုံးဝမဟုတ်ပါ၊ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းခံရန် လူတို့တွင် ဝန်တာတစ်ခုကို သယ်ဆောင်ရမည်ဖြစ်သည်။ ဝန်တာတစ်ခု သယ်ဆောင်ခြင်းကို တာဝန်ယူစိတ်ရှိခြင်းဟုလည်း ဖော်ပြနိုင်သည်။ တာဝန်ယူစိတ်ရှိခြင်းသည် လူ့သဘာဝနှင့် ပို၍သက်ဆိုင်သည်၊ ဝန်တာတစ်ခု သယ်ဆောင်ခြင်းသည် လူများကို အကဲဖြတ်ရန် ဘုရားအိမ်တော် အသုံးပြုသော စံနှုန်းများထဲမှ တစ်ခုနှင့် သက်ဆိုင်သည်။ ဝန်တာတစ်ခု သယ်ဆောင်သည့်အပြင် နောက်ထပ်အရာနှစ်ခုဖြစ်သည့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် စွမ်းရည်နှင့် အစွမ်းအစ၊ နှင့် အလုပ်လုပ်နိုင်စွမ်းတို့ကို ပိုင်ဆိုင်သောသူများသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်း ခံရနိုင်သော လူအမျိုးအစားဖြစ်ပြီး ဤလူအမျိုးအစားသည် လုပ်ငန်းအမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ ဖြစ်နိုင်သည်။ ဤသည်တို့မှာ လူများကို အမျိုးမျိုးသော ကြီးကြပ်ရေးမှူးများ ဖြစ်လာစေရန် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအတွက် လိုအပ်သော စံနှုန်းများဖြစ်ပြီး ဤစံနှုန်းများနှင့် ကိုက်ညီသော လူများသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းခံရရန် သင့်တော်သူများ ဖြစ်ကြသည်။
၂။ အမျိုးမျိုးသော အလုပ်အကိုင်များတွင် အထူးပင်ကိုစွမ်းရည်များ သို့မဟုတ် ဆုကျေးဇူးများ ပိုင်ဆိုင်သည့် အရည်အချင်းရှိသူများအတွက် လိုအပ်သော စံသတ်မှတ်ချက်များ
အလုပ်အမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ ဖြစ်နိုင်သည့် လူအမျိုးအစားအပြင် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်း ခံရနိုင်သည့် အခြားလူအမျိုးအစားမှာ အထူးပင်ကိုစွမ်းရည်များ သို့မဟုတ် ဆုကျေးဇူးများ ပိုင်ဆိုင်သော သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအချို့ကို ကျွမ်းကျင်ပိုင်နိုင်သောသူများ ဖြစ်ကြသည်။ ဤသို့သောလူတို့ကို အဖွဲ့ခေါင်းဆောင်များအဖြစ်သို့ ပျိုးထောင်ရန်အတွက် ဘုရားအိမ်တော်က လိုအပ်သည့် စံနှုန်းမှာ အဘယ်နည်း။ ဦးစွာ ၎င်းတို့၏ လူ့သဘာဝကို ကြည့်လော့၊ ၎င်းတို့သည် အပြုသဘောဆောင်သည့်အရာများကို နှစ်သက်ပြီး ဆိုးယုတ်သောလူများ မဟုတ်သရွေ့ လုံလောက်ပြီဖြစ်သည်။ အချို့လူများက “၎င်းတို့ကို သမ္မာတရားကို လိုက်စားသောသူတစ်ဦးဖြစ်ရန် အဘယ်ကြောင့် မလိုအပ်သနည်း” ဟု မေးကောင်းမေးနိုင်သည်။ အကြောင်းမှာ အဖွဲ့ခေါင်းဆောင်များသည် အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ မဟုတ်သကဲ့သို့ ရေလောင်းသူများလည်း မဟုတ်ဘဲ ၎င်းတို့ကို သမ္မာတရားကို လိုက်စားခြင်း စံနှုန်းနှင့် ကိုက်ညီရန် သတ်မှတ်ခြင်းသည် အလွန်အကျွံ တောင်းဆိုခြင်း ဖြစ်မည်ဖြစ်ပြီး ၎င်းတို့အများစုအတွက် လက်လှမ်းမမီနိုင်ပေ။ ဤသည်မှာ အထွေထွေကိစ္စရပ်များဆိုင်ရာ အလုပ် သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော လုပ်ငန်းဆိုင်ရာ အလုပ်များကို လုပ်ဆောင်သောလူများအတွက် မလိုအပ်ပေ၊ အကယ်၍ လိုအပ်ပါက အရည်အချင်းပြည့်မီသူ အနည်းငယ်သာ ရှိမည်ဖြစ်သောကြောင့် စံနှုန်းများကို လျှော့ချရမည်ဖြစ်သည်။ လူတို့သည် မိမိတို့၏အသက်မွေးဝမ်းကျောင်းပညာကို နားလည်ပြီး အလုပ်ကို တာဝန်ယူ ထမ်းဆောင်နိုင်စွမ်းရှိသရွေ့၊ မကောင်းမှုကို မကျူးလွန်ဘဲ မည်သည့်အနှောင့်အယှက်မျှ မဖြစ်စေသရွေ့ လုံလောက်ပြီဖြစ်သည်။ ကျွမ်းကျင်မှုအချို့နှင့် အသက်မွေးဝမ်းကျောင်းပညာများတွင် ကျွမ်းကျင်မှုရှိပြီး အားသာချက်အချို့ရှိသည့် ဤလူများအတွက် အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၌ ကျွမ်းကျင်မှုနှင့် အကျွမ်းတဝင်ရှိရန် လိုအပ်ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းပညာများနှင့် သက်ဆိုင်သည့် အလုပ်ကို ဆောင်ရွက်မည်ဆိုလျှင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျင့်စရိုက်ပိုင်းတွင် အတော်အသင့် ရိုးသားပြီး ဖြောင့်မတ်ကာ၊ ဆိုးယုတ်ခြင်းမရှိဘဲ၊ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်းမရှိလျှင်၊ ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးလိုစိတ်ရှိလျှင် လုံလောက်ပြီဖြစ်သည်။ သို့ဖြစ်၍ ထိုသို့သောလူတို့ကို အဖွဲ့ခေါင်းဆောင်များအဖြစ် ပျိုးထောင်ရန်အတွက် ပထမဆုံးသော လိုအပ်ချက်မှာ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို အတော်အသင့် နှစ်သက်ရမည်ဖြစ်ပြီး ထို့အပြင် ၎င်းတို့သည် ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးလိုစိတ် ရှိရမည်ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (၎င်းတို့သည် ဖြောင့်မတ်သော ကိုယ်ကျင့်စရိုက်ရှိရမည်ဖြစ်ပြီး ဆိုးယုတ်ခြင်းမရှိရ၊ ၎င်းတို့၏ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်း မရှိရပါ။) ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် အတော်အသင့် ဖြောင့်မတ်ရမည်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဖြစ်ရ၊ ၎င်းတို့၏ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်း မရှိရပေ။ အချို့လူများက “သို့ဆိုလျှင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် ၎င်းတို့၏ စွမ်းရည်ကို မြင့်မားသည်ဟု မှတ်ယူနိုင်သလော။ သမ္မာတရားကို ကြားပြီးနောက် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုကို သတိပြုမိနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သလော” ဟု မေးကောင်းမေးနိုင်သည်။ ဤအရာအားလုံးကို တောင်းဆိုရန် မလိုပေ၊ ထိုသို့သောလူများသည် ၎င်းတို့၏ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်းမရှိရန် တောင်းဆိုရုံနှင့် လုံလောက်သည်။ မိမိတို့၏ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်းမရှိသောလူများ အလုပ်လုပ်ဆောင်သည့်အခါ အကျိုးကျေးဇူးတစ်ခုမှာ ၎င်းတို့သည် အဖျက်အမှောင့်များ ပြုလုပ်ရန် သို့မဟုတ် အဓိပ္ပာယ်မရှိသော မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် အလားအလာမရှိခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်သည် တည်ကြည်ပြီး တင့်တယ်လျောက်ပတ်သင့်ကာ ညစ်နွမ်းသောအရောင်အစား ရောင်စုံဖြစ်သင့်သည့် သရုပ်ဆောင်ဝတ်စုံများ၏ အရောင်နှင့်ပတ်သက်သည့် စည်းမျဉ်းများကို အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ သို့တိုင်အောင် မိမိတို့ကို ပြောသည့်အရာကို နားမလည်နိုင်၊ မိမိတို့ကြားသည့်အရာကို သဘောမပေါက်နိုင်၊ သဘောပေါက်နားလည်နိုင်စွမ်းမရှိဘဲ ဘုရားအိမ်တော်၏ ဤလိုအပ်ချက်များအတွင်းရှိ စည်းမျဉ်းများကို မဖော်ထုတ်နိုင်ဘဲ မီးခိုးရောင်ချည်းသာဖြစ်သည့် ဝတ်စုံများကို အဆုံး၌ ရွေးချယ်သောသူများ ရှိနေဆဲဖြစ်သည်၊ ဤသည်မှာ လွဲချော်သော သဘောပေါက်နားလည်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လွဲချော်သော သဘောပေါက်နားလည်မှုရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အပြုသဘောဆောင်သောအရာများကို အတော်အသင့် နှစ်သက်ခြင်းဆိုသည်မှာ အဓိကအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ (သမ္မာတရားကို လက်ခံနိုင်ခြင်း ဖြစ်ပါသည်။) မှန်သည်။ ယင်းမှာ သမ္မာတရားနှင့် ကိုက်ညီသော စကားလုံးများနှင့် အမှုအရာများကို လက်ခံနိုင်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ ကဏ္ဍအားလုံးကို လက်ခံပြီး ကျိုးနွံနာခံနိုင်ခြင်းကို ဆိုလိုသည်။ ထိုသို့သောလူများသည် ဤအရာများကို လက်တွေ့လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ မလုပ်ဆောင်နိုင်သည်ဖြစ်စေ အနည်းဆုံးအားဖြင့် စိတ်ထဲတွင် ၎င်းတို့သည် ထိုအရာများကို အတိုက်အခံလုပ်ခြင်း သို့မဟုတ် စက်ဆုပ်ရွံရှာခြင်း မရှိရပေ။ ထိုသို့သောလူများသည် လူကောင်းများဖြစ်ကြပြီး သာမန်စကားဖြင့်ဆိုသော် ၎င်းတို့သည် အကျင့်ကောင်းသူများဖြစ်သည်ဟု ဆိုနိုင်သည်။ အကျင့်ကောင်းသူများ၏ လက္ခဏာများမှာ အဘယ်နည်း။ ၎င်းတို့သည် ဘာသာတရားမရှိသူများ ကျူးလွန်ရန် နှစ်သက်သည့် ဆိုးယုတ်သောလုပ်ရပ်များအပြင် ဘာသာတရားမရှိသူများ လိုက်လျှောက်သည့် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများအပေါ် စက်ဆုပ်ရွံရှာခြင်း၊ ရွံမုန်းခြင်းနှင့် မုန်းတီးခြင်းတို့ကို ခံစားရသည်။ ဥပမာအားဖြင့် ဘာသာတရားမရှိသူများ၏ လောက၏ ခေတ်ရေစီးကြောင်းများသည် ဆိုးယုတ်သော အင်အားစုများကို ထောက်ခံအားပေးပြီး အမျိုးသမီးများစွာတို့သည် ချမ်းသာသူတစ်ဦးကို လက်ထပ်ရန် သို့မဟုတ် တစ်စုံတစ်ဦး၏ မယားငယ်ဖြစ်ရန် လိုက်စားကြသည်။ ဤသည်မှာ ဆိုးညစ်ခြင်း မဟုတ်လော။ သမ္မာတရားကို နှစ်သက်သောသူများသည် ဤအရာများကို အထူးပင် ရွံရှာဖွယ်ကောင်းသည်ဟု တွေ့ရှိကြပြီး အချို့က “ကျွန်မ လက်ထပ်ရန် တစ်စုံတစ်ဦးကို ရှာမတွေ့လျှင်ပင်၊ ဆင်းရဲမွဲတေမှုဖြင့် သေဆုံးနေလျှင်ပင် ထိုလူစားမျိုးကဲ့သို့ မည်သည့်အခါမျှ ပြုမူမည်မဟုတ်ပါ” ဟု ဆိုကြသည်၊ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် ထိုသို့သောလူများကို မထီမဲ့မြင်ပြုပြီး အထင်အမြင်သေးကြသည်။ အကျင့်ကောင်းသူများ၏ လက္ခဏာတစ်ခုမှာ ၎င်းတို့သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို ရွံရှာဖွယ်ကောင်းပြီး စက်ဆုပ်ဖွယ်ဖြစ်သည်ဟု တွေ့ရှိကြကာ ထိုသို့သော ခေတ်ရေစီးကြောင်းများ၏ ညွှတ်ကွင်းမိနေသောသူများကို မထီမဲ့မြင်ပြုကြခြင်း ဖြစ်သည်။ ဤလူတို့သည် အတော်အသင့် ဖြောင့်မတ်ကြသည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် လူကောင်းတစ်ဦးဖြစ်ခြင်း၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို ရှောင်ကြဉ်ခြင်းနှင့် ဤလောကရှိ ဆိုးယုတ်သော အပြုအမူအားလုံးကို ရှောင်ကြဉ်ခြင်းတို့အကြောင်း ပြောဆိုသည့်အခါ စိတ်ထဲတွင် ဤသည်မှာ ကောင်းသောအရာတစ်ခုဖြစ်ကြောင်း ၎င်းတို့ ခံစားရသည်။ ၎င်းတို့သည် ဤအရာအားလုံးကို စွမ်းဆောင်ရရှိရန် တက်လှမ်းနိုင်သည်ဖြစ်စေ၊ မတက်လှမ်းနိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ရန်နှင့် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းရန် ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှု မည်မျှကြီးမားသည်ဖြစ်စေ၊ အားလုံးကို ခြုံငုံသုံးသပ်ရလျှင် စိတ်ထဲတွင် ၎င်းတို့သည် အလင်းထဲတွင် အသက်ရှင်ရန် တောင့်တပြီး ဖြောင့်မတ်ခြင်းက အာဏာစိုးမိုးသည့် နေရာတစ်ခုတွင် ရှိနေရန် တောင့်တကြသည်။ ဤကဲ့သို့ ဖြောင့်မတ်သောလူများသည် အပြုသဘောဆောင်သောအရာများကို အတော်အသင့် နှစ်သက်သည့် လူအမျိုးအစား ဖြစ်ကြသည်။ ဘုရားအိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ရမည့်သူများသည် အနည်းဆုံးအားဖြင့် ဖြောင့်မတ်သော လူ့သဘာဝနှင့် အပြုသဘောဆောင်သောအရာများကို နှစ်သက်ခြင်းဟူသည့် ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်ရမည်။ ဤသည်မှာ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အားသာချက်များရှိသည့် အရည်အချင်းရှိသူအမျိုးအစားကို ရာထူးတိုးမြှင့်ခြင်းအတွက် ပထမ စံသတ်မှတ်ချက်လည်း ဖြစ်သည်။ ဒုတိယစံသတ်မှတ်ချက်မှာ ထိုသို့သောလူများသည် ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးနိုင်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ စိတ်အားထက်သန်သည့် အကြောင်းရင်းများ သို့မဟုတ် အလုပ်နှင့်ပတ်သက်လာလျှင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဘေးဖယ်ထားနိုင်သည်၊ ဇာတိပကတိ၏ သာယာမှုများ သို့မဟုတ် သက်သောင့်သက်သာရှိသော နေထိုင်မှုပုံစံကို ဘေးဖယ်ထားနိုင်သည်၊ မိမိတို့၏ ကိုယ်ပိုင်အနာဂတ် အလားအလာများကိုပင် စွန့်လွှတ်နိုင်သည်။ ထို့အပြင် ဒုက္ခဆင်းရဲအနည်းငယ် သို့မဟုတ် အတော်အသင့် မောပန်းသည်ဟု ခံစားရခြင်းသည် ၎င်းတို့အတွက် ကိစ္စကြီးတစ်ခု မဟုတ်ပေ၊ ၎င်းတို့သည် အဓိပ္ပာယ်ရှိပြီး မှန်ကန်သည်ဟု ၎င်းတို့ယုံကြည်သည့် တစ်စုံတစ်ခုကို လုပ်ဆောင်နေသရွေ့ ဇာတိပကတိဆိုင်ရာ သာယာမှုများနှင့် အကျိုးအမြတ်များကို ဝမ်းမြောက်စွာ စွန့်လွှတ်ကြသည်၊ သို့မဟုတ် အနည်းဆုံးအားဖြင့် ထိုသို့ပြုလုပ်ရန် စိတ်ပိုင်းဖြတ်မှုနှင့် ဆန္ဒရှိကြသည်။ အချို့လူများက “တစ်ခါတစ်ရံ ထိုလူသည် ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုများကို တပ်မက်နေဆဲဖြစ်သည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် အိပ်ရာထဲတွင် ဆက်နေချင်သည်၊ သို့မဟုတ် အစားကောင်းများ စားချင်သည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် အပြင်ထွက်၍ လျှောက်သွားချင်သည် သို့မဟုတ် အလေလိုက်ချင်သည်၊ သို့သော် အချိန်အများစုတွင် ၎င်းတို့သည် ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးလိုစိတ်ရှိသည်၊ တစ်ခါတစ်ရံ ၎င်းတို့၏ စိတ်အခြေအနေကသာ ထိုသို့သော အတွေးများဆီသို့ ဦးတည်သွားခြင်းသာ ဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုဟု မှတ်ယူမည်လော” ဟု ဆိုကြသည်။ မှတ်ယူမည်မဟုတ်ပါ။ အထူးအခြေအနေများမှလွဲ၍ ဇာတိပကတိ၏ သာယာမှုများကို လုံးဝ ဘေးဖယ်ထားရန် တောင်းဆိုခြင်းသည် အလွန်အကျွံ တောင်းဆိုခြင်း ဖြစ်ပေမည်။ ယေဘုယျအားဖြင့် သင်သည် ထိုသို့သောလူတို့အား အလုပ်တစ်ခုကို လုပ်ဆောင်ရန် ပေးသည့်အခါ ယင်းသည် ကြီးမားသောအလုပ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့လုပ်ဆောင်ရန် နှစ်သက်သည့်အရာဖြစ်စေ၊ မဖြစ်စေ၊ အလုပ်သည် မည်မျှပင် ခက်ခဲပါစေ၊ သို့မဟုတ် ၎င်းတို့ခံရမည့် ဒုက္ခဆင်းရဲ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် ၎င်းတို့ပေးရမည့် အဖိုးအခ မည်သည့်အရာပင် ဖြစ်ပါစေ သင်သည် ၎င်းတို့အား ထိုအလုပ်ကို တာဝန်ပေးသရွေ့ သင်က ၎င်းတို့ကို မျက်ခြေမပြတ် စောင့်ကြည့်ရန် သို့မဟုတ် ကြီးကြပ်ရန် မလိုအပ်ဘဲ ၎င်းတို့၏ စွမ်းရည်ရှိသမျှ အကောင်းဆုံး လုပ်ဆောင်မည်ဟု အာမခံနိုင်သည်။ ထိုသို့သောလူများသည် ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်ကာ ဤသည်မှာ အကျင့်ကောင်းသူများ၏ နောက်ထပ်သရုပ်သကန်တစ်ခု ဖြစ်သည်။ ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အလုပ် ကောင်းစွာပြီးမြောက်ရေးအတွက် စေ့စပ်သေချာခြင်း၊ အလွန်အမင်း ဆက်ကပ်အာရုံစိုက်ခြင်းနှင့် မည်သည့်ဒုက္ခဆင်းရဲကိုမဆို ခံလိုစိတ်ရှိပြီး မည်သည့်အဖိုးအခကိုမဆို ပေးလိုစိတ်ရှိခြင်းကို ဆိုလိုသည်။ အမှုအရာများကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်လာလျှင် ထိုသို့သောလူများသည် ကတိတည်ကာ အားကိုးအားထားပြုနိုင်သည်။ အစားကြီးပြီး ပျင်းရိသော၊ အားလပ်မှုကိုကြိုက်ပြီး အလုပ်မုန်းသော၊ အရာရာထက် အကျိုးအမြတ်ကို ရှေ့တန်းတင်သောသူများက ထိုသို့မဟုတ်။ ထိုလူတို့သည် ကတိမတည်ဘဲ အခြားသူတို့ကို လှည့်စားရန်နှင့် ချော့မော့ရန် မမှန်သောစကားများကို အဆက်မပြတ် ပြောဆိုကြပြီး ၎င်းတို့၏ ပန်းတိုင်များကို ရရှိရန်အတွက် လိမ်ညာပြီး မဟုတ်မမှန်သော ကျမ်းကျိန်မှုများပြုလုပ်ရန် မတွန့်ဆုတ်ပေ။ ဘုရားသခင်သည် ထိုလူတို့ကို ကယ်တင်မည်မဟုတ်ပေ။ ဘုရားသခင်သည် ရိုးသားသောလူတို့ကို နှစ်သက်သည်။ ရိုးသားသောလူတို့သာလျှင် မိမိတို့၏ စကားကို တည်ကြပြီး မိမိတို့၏ တာဝန်များအပေါ် သစ္စာစောင့်သိကြကာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းရန် ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်မှသာလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်မည်ဖြစ်သည်။ ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်ခြင်းသည် ဘုရားအိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ရန်အတွက် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် ဒုတိယမြောက် လက္ခဏာနှင့် သရုပ်သကန် ဖြစ်သည်။ တတိယစံသတ်မှတ်ချက်မှာ မိမိ၏ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်းမရှိခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီးနောက် ၎င်းတို့သည် အနည်းဆုံးအားဖြင့် နှုတ်ကပတ်တော်များက မည်သည့်အရာကို ရည်ညွှန်းသည်ကို သိနိုင်သည်၊ ဘုရားသခင် ပြောဆိုသည့်အရာကို နားလည်နိုင်ပြီး ၎င်းတို့၏ သဘောပေါက်နားလည်မှုသည် လမ်းလွဲခြင်း သို့မဟုတ် အဓိပ္ပာယ်မဲ့ခြင်း မရှိပေ။ ဥပမာအားဖြင့် သင်သည် အပြာရောင်အကြောင်း ပြောဆိုပါက ၎င်းတို့သည် ယင်းကို အနက်ရောင်အဖြစ် အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူမည်မဟုတ်ဘဲ သင်သည် မီးခိုးရောင်အကြောင်း ပြောဆိုပါက ၎င်းတို့သည် ယင်းကို ခရမ်းရောင်အဖြစ် အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူမည်မဟုတ်ပေ။ ဤသည်မှာ အနိမ့်ဆုံးအဆင့် ဖြစ်သည်။ တစ်ခါတစ်ရံ ၎င်းတို့၏ သဘောပေါက်နားလည်မှု လွဲချော်လျှင်ပင် အခြားသူတို့က ဤအရာကို ထောက်ပြသည့်အခါ ၎င်းတို့သည် လက်ခံနိုင်ပြီး အခြားတစ်စုံတစ်ဦးက မိမိတို့ထက် ပို၍သန့်စင်သော သဘောပေါက်နားလည်မှုရှိသည်ကို ၎င်းတို့တွေ့မြင်ပါက ယင်းကို အလွယ်တကူ လက်ခံနိုင်သည်၊ ဤလူအမျိုးအစားသည် သန့်စင်သော သဘောပေါက်နားလည်မှုရှိသည်။ စတုတ္ထအချက်မှာ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဖြစ်ရပေ။ ဤအရာကို နားလည်ရန် လွယ်ကူသလော။ ဆိုးယုတ်သောလူတစ်ဦး မဖြစ်ခြင်းဆိုသည်မှာ အနည်းဆုံးအားဖြင့် အရာတစ်ခုကို လုပ်ဆောင်ရမည်ဟု ဆိုလိုသည်၊ ယင်းမှာ ဘုရားအိမ်တော်က ၎င်းတို့အား တောင်းဆိုထားသည့်အရာကို စွမ်းဆောင်ရရှိရန် ပျက်ကွက်ပြီးနောက် သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်ပြီး မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ပြီးနောက် ထိုသို့သောလူများသည် အတိုက်အခံလုပ်ခြင်းမရှိဘဲ၊ အပျက်သဘောဆောင်ခြင်း သို့မဟုတ် အယူအဆများကို မဖြန့်ဝေဘဲ ပြုပြင်ခြင်းခံရသည့်အခါ လက်ခံပြီး ကျိုးနွံနာခံနိုင်ရမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့ မည်သည့်အုပ်စုတွင် ရှိနေပါစေ ၎င်းတို့သည် လူအများစုနှင့် သင့်မြတ်နိုင်ပြီး ၎င်းတို့နှင့် သဟဇာတဖြစ်စွာ ပေါင်းသင်းဆက်ဆံနိုင်သည်။ တစ်စုံတစ်ဦးက မနှစ်မြို့ဖွယ်ဖြစ်သော တစ်စုံတစ်ခုကို ပြောဆိုခြင်းဖြင့် ၎င်းတို့ကို ထိခိုက်စေသည့်အခါတွင်ပင် ၎င်းတို့သည် အငြိုးအတေးမထားဘဲ ယင်းကို သည်းခံနိုင်ပြီး မည်သူမဆို ၎င်းတို့ကို အနိုင်ကျင့်ပါက ၎င်းတို့သည် မကောင်းမှုကို မကောင်းမှုဖြင့် မတုံ့ပြန်ဘဲ ထိုအစား အကွာအဝေးတစ်ခုထားရန်နှင့် ရှောင်ရှားရန် ဉာဏ်ပညာရှိသော နည်းလမ်းများကိုသာ ကျင့်သုံးကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ရိုးသားသောလူများအဖြစ်သို့ စံမမီကြသော်လည်း အနည်းဆုံးအားဖြင့် ၎င်းတို့သည် အတော်အသင့် ဟန်ဆောင်မှုမရှိဘဲ မကောင်းမှုကို မကျူးလွန်ကြပေ၊ မည်သူမဆို ၎င်းတို့ကို စိတ်မကျေမနပ်ဖြစ်စေပါက ၎င်းတို့သည် လက်စားချေခြင်း သို့မဟုတ် အခြားသူကို ညှဉ်းပန်းခြင်း မပြုသကဲ့သို့ ဖိနှိပ်ခြင်းလည်း မပြုကြပေ။ ထို့အပြင် ထိုသို့သောလူများသည် မိမိတို့၏ ကိုယ်ပိုင် သီးခြားလွတ်လပ်သော နယ်မြေများကို တည်ထောင်ရန် မကြိုးစားကြ၊ ဘုရားအိမ်တော်ကို ဆန့်ကျင်ဘက်မပြုကြ၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများကို မဖြန့်ဝေကြ၊ သူ့အပေါ် ဝေဖန်အပြစ်တင်ရန် မကြိုးစားကြ၊ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် အနှောင့်အယှက်များ ဖြစ်စေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ အထက်ပါ အချက်လေးချက်သည် အားသာချက်အချို့ရှိပြီး အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအချို့ကို နားလည်သော အရည်အချင်းရှိသူများကို ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအတွက် အခြေခံ စံသတ်မှတ်ချက်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဤစံသတ်မှတ်ချက်လေးချက်ကို ဖြည့်ဆည်းသရွေ့ ၎င်းတို့သည် အခြေခံအားဖြင့် အချို့သော တာဝန်များကို တာဝန်ယူ ထမ်းဆောင်နိုင်ပြီး အချို့သော အလုပ်များကို သင့်လျော်သောနည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည်။
အချို့သောလူများက “အားပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရရန်အတွက် အရည်အချင်းရှိသူများ ပြည့်မီသင့်သည့် စံသတ်မှတ်ချက်များတွင် သမ္မာတရားကို နားလည်ခြင်း၊ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိခြင်းတို့ အဘယ်ကြောင့် မပါဝင်သနည်း။ ဘုရားသခင်ကို သိနိုင်စွမ်းရှိခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းရှိခြင်း၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းနှင့် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ခြင်းတို့ အဘယ်ကြောင့် မပါဝင်သနည်း။ ဤအရာများကို ချန်ထားခဲ့ခြင်းလော။” ဟု မေးကောင်းမေးနိုင်သည်။ ငါ့ကို ပြောလော့၊ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းရှိပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိကာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည့်အပြင် ဘုရားသခင်ကို သိကျွမ်းပြီး သူ့ကို အတိုက်အခံမလုပ်ဘဲ စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်နေလျှင် ထိုသူကို ပျိုးထောင်ရန် လိုအပ်နေသေးသလော။ အကယ်၍ သူသည် ဤအရာအားလုံးကို အမှန်တကယ် စွမ်းဆောင်ရရှိပြီးဖြစ်လျှင် ပျိုးထောင်ခြင်း၏ အကျိုးရလဒ်သည် ပြီးမြောက်ပြီးသား မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့်၊ အားပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရမည့် အရည်အချင်းရှိသူများအတွက် သတ်မှတ်ချက်များတွင် ဤအချက်များ မပါဝင်ပေ။ အကြောင်းမှာ သင့်တော်သူများကို သမ္မာတရားကို နားမလည်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပြည့်နေသော လူသားများထဲမှနေ၍ အားပေးပြီး ပျိုးထောင်ခြင်း ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ဤအားပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရမည့်သူများအတွက် သမ္မာတရား လက်တွေ့ကျမှု ရှိနှင့်ပြီးသားဖြစ်ရန် သို့မဟုတ် ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံနှင့်ပြီးသားဖြစ်ရန် မဖြစ်နိုင်ပေ၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိနှင့်ပြီးသားဖြစ်ရန်မှာမူ ပြောစရာမလိုပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းတို့နှင့် အသေအချာပင် ပို၍ပင် ဝေးကွာနေသေးသည်။ အားပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရရန်အတွက် အရည်အချင်းရှိသူအမျိုးမျိုးတို့ အဓိကအားဖြင့် ပြည့်မီသင့်သည့် စံသတ်မှတ်ချက်များမှာ ငါတို့ ယခု ဖော်ပြခဲ့သည့်အရာများသာ ဖြစ်သည်၊ ဤသည်တို့မှာ အလက်တွေ့ကျဆုံးနှင့် အတိကျဆုံးသော အရာများ ဖြစ်ကြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များက “ဤနေရာတွင် အားပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံရနိုင်သည့် မည်သည့်အရည်အချင်းရှိသူမျှ ကျွန်ုပ်တို့၌ မရှိပါ။ မည်သူမည်ဝါက သမ္မာတရားကို နားမလည်ပါ၊ မည်သူမည်ဝါက ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိဘဲ အမှုအရာများကို လုပ်ဆောင်ပါသည်၊ မည်သူမည်ဝါက ပြုပြင်ခြင်းကို မခံယူနိုင်ပါ၊ မည်သူမည်ဝါက သစ္စာစောင့်သိမှု မရှိပါ” စသည်ဖြင့် အပြစ်အနာအဆာ တစ်ပုံတစ်ပင်ကို ရွေးထုတ်လျက် ပြောကြသည်။ ဤသို့ပြောဆိုခြင်းအားဖြင့် ဤအယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်အရာကို သွယ်ဝိုက်ပြောဆိုနေကြသနည်း။ ထိုလူများသည် သမ္မာတရားကို နားမလည်သောကြောင့်လည်းကောင်း၊ ဘုရားသခင်၏ အလုပ်ကို မတွေ့ကြုံသောကြောင့်လည်းကောင်း၊ သမ္မာတရား လက်တွေ့ကျမှု မရှိသေးသောကြောင့်လည်းကောင်း စသည်တို့ကြောင့် အားပေးခြင်းနှင့် ပျိုးထောင်ခြင်း မခံရနိုင်ဘဲ ခေါင်းဆောင်များ ကိုယ်တိုင်မှာမူ ၎င်းတို့တွင် လက်တွေ့ကျသော အတွေ့အကြုံအချို့ ရှိနှင့်ပြီးဖြစ်ကာ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သောကြောင့် ခေါင်းဆောင်များ ဖြစ်လာနိုင်ခဲ့သည့်အလား ဖြစ်သည်။ ယင်းမှာ ဤအယောင်ဆောင်ခေါင်းဆောင်များ ဆိုလိုသည့်အရာ မဟုတ်လော။ ၎င်းတို့၏ အမြင်တွင် မည်သူမျှ ၎င်းတို့လောက် မကောင်းကြဘဲ ၎င်းတို့ကိုယ်တိုင်မှလွဲ၍ မည်သူမျှ ခေါင်းဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ပေ။ ဤသည်မှာ ဘုရားအိမ်တော်က လူတို့ကို အားပေးခြင်းနှင့် ပျိုးထောင်ခြင်းနှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်နေကြသည့် အယောင်ဆောင်ခေါင်းဆောင်များ၏ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်သည်။
၃။ အထွေထွေအရေးကိစ္စဆိုင်ရာ အလုပ်ဝန်ထမ်းများအတွက် လိုအပ်သော စံသတ်မှတ်ချက်များ
ဘုရားအိမ်တော်က အဓိကထား ပျိုးထောင်သည့် လူနှစ်မျိုးအကြောင်းကို ငါယခု ဖော်ပြခဲ့သည်။ တစ်မျိုးမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်နိုင်သည့် လူများဖြစ်ပြီး နောက်တစ်မျိုးမှာ အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ အလုပ်များကို တာဝန်ယူနိုင်သည့် လူများဖြစ်သည်။ အခြားလူအမျိုးအစားတစ်မျိုးလည်း ရှိသေးသည်။ ၎င်းတို့သည် ထူးခြားသော အားသာချက်များ သို့မဟုတ် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ပိုင်ဆိုင်သည်ဟု မဆိုနိုင်ပေ။ ၎င်းတို့၏ အလုပ်တွင် မည်သည့်အဆင့်မြင့် နည်းပညာမျှ မပါဝင်ပေ၊ ဆိုလိုသည်မှာ ဤလူများသည် အသင်းတော်၌ အထွေထွေအရေးကိစ္စဆိုင်ရာ အလုပ်အချို့ကို လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် အသင်းတော်၏ အနှစ်သာရပိုင်းဆိုင်ရာ အလုပ်နှင့် မသက်ဆိုင်သော အချို့သော ကိစ္စရပ်များကို ကိုင်တွယ်ကြသည်။ ၎င်းတို့သည် အထွေထွေအရေးကိစ္စဆိုင်ရာ အလုပ်ကို ဆောင်ရွက်သည့် လူအမျိုးအစား ဖြစ်ကြသည်။ ထိုသို့သောလူများအတွက် ဘုရားအိမ်တော်၏ အဓိကလိုအပ်ချက်များမှာ အဘယ်နည်း။ အရေးအကြီးဆုံးသော လိုအပ်ချက်မှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ခုခံကာကွယ်နိုင်စွမ်းရှိခြင်း၊ ဘုရားအိမ်တော်ကို နစ်နာစေလျက် အပြင်လူများကို မကူညီခြင်းနှင့် စာတန်ကို မျက်နှာချိုသွေးရန်အတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မရောင်းစားခြင်းတို့ ဖြစ်သည်။ ဤမျှသာဖြစ်သည်။ ၎င်းတို့သည် ပါရမီရှိသော ဆက်သွယ်ပြောဆိုသူတစ်ဦး ဖြစ်သည်ဖြစ်စေ၊ လူ့အသိုင်းအဝိုင်း၏ လူရည်ချွန်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် အထူးအရည်အချင်းရှိသူတစ်ဦး ဖြစ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်အတွက် ပြင်ပကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ခုခံကာကွယ်နိုင်စွမ်း ရှိသင့်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများတွင် အဘယ်အရာ ပါဝင်သနည်း။ ငွေကြေး၊ ပစ္စည်းဥစ္စာများ၊ ဘုရားအိမ်တော်နှင့် အသင်းတော်၏ ဂုဏ်သတင်းများနှင့် ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံရေးတို့ ဖြစ်သည်၊ ဤကဏ္ဍတစ်ခုစီတိုင်းသည် အလွန်အရေးကြီးသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ခုခံကာကွယ်နိုင်စွမ်းရှိသူ မည်သူမဆိုသည် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ပြီး အလုံအလောက် တည်ကြည်ဖြောင့်မတ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိသူတစ်ဦး ဖြစ်သည်။ အချို့လူများတွင် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ “ဆိုးယုတ်သော လူ့သဘာဝရှိသည့် လူတစ်ဦးရှိသည်၊ သို့သော် သူသည် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်နိုင်သည်” ဟု ပြောကြသည်။ ယင်းမှာ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ဆိုးယုတ်သောလူများက ဘုရားအိမ်တော်၏ အလုပ်ကို မည်သို့ ခုခံကာကွယ်နိုင်မည်နည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ ခုခံကာကွယ်နိုင်သည်။ ထို့ကြောင့် အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အမှန်တကယ် ခုခံကာကွယ်နိုင်စွမ်းရှိပါက သူသည် ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် လူ့သဘာဝရှိသူဖြစ်ရန် သေချာသည်၊ ဤသည်မှာ မမှားနိုင်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားအိမ်တော်အတွက် အမှုအရာများကို လုပ်ဆောင်သည့်အခါ ဘုရားအိမ်တော်ကို နစ်နာစေလျက် အပြင်လူများကို ကူညီပြီး ဘုရားအိမ်တော်၏အကျိုးစီးပွားများကို ရောင်းစားကာ ဘုရားအိမ်တော်ကို ကြီးမားသော စီးပွားရေးနှင့် ပစ္စည်းဥစ္စာဆိုင်ရာ ဆုံးရှုံးမှုများ ဖြစ်စေရုံသာမက ဘုရားအိမ်တော်နှင့် အသင်းတော်၏ ဂုဏ်သတင်းများကိုပါ ကြီးမားသော ထိခိုက်မှုများ ဖြစ်စေလျှင် သူသည် လူကောင်းတစ်ဦးလော။ ထိုသို့သောလူများသည် အသေအချာပင် လူကောင်းသူကောင်းများ မဟုတ်ကြပေ။ ဘုရားအိမ်တော်က မည်မျှကြီးမားသော ပစ္စည်းဥစ္စာနှင့် ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုများ ခံစားရသည်ကို ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့အတွက် အရေးအကြီးဆုံးမှာ မိမိတို့ကိုယ်တိုင် အကျိုးအမြတ်ရရှိရေးနှင့် ဘာသာတရားမရှိသူများကို မျက်နှာချိုသွေးရေး ဖြစ်သည်၊ ၎င်းတို့သည် ဘာသာတရားမရှိသူများကို လက်ဆောင်များ ပေးရုံသာမက ညှိနှိုင်းဆွေးနွေးမှုများအတွင်း၌ပင် ၎င်းတို့ကို အဆက်မပြတ် အလျှော့ပေးလိုက်လျောကြသည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက် ကြိုးပမ်းရန် ၎င်းတို့ စိတ်ကူးပင် မရှိခဲ့ကြပေ။ သို့သော်လည်း ၎င်းတို့သည် အလုပ်ကို မည်သို့ပြီးမြောက်အောင်မြင်ခဲ့ကြောင်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သို့ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း ပြောဆိုလျက် ဘုရားအိမ်တော်ကို လိမ်ညာကြသည်၊ အမှန်တကယ်တွင်မူ အသင်းတော်၏အလုပ်သည် ဆုံးရှုံးမှုများ ခံစားခဲ့ရပြီးဖြစ်ကာ ဘုရားအိမ်တော်သည် ဘာသာတရားမရှိသူများ၏ အကြီးအကျယ် အခွင့်ကောင်းယူခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ပြင်ပကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ ကဏ္ဍတိုင်း၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ခုခံကာကွယ်နိုင်စွမ်းရှိပါက ဤလူသည် လူကောင်းတစ်ဦးလော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ ဤသို့သောလူစားမျိုးသည် ဘုရားအိမ်တော်၌ အခြားမည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိဘဲ ဤသို့သော သာမန်အုပ်ချုပ်ရေးဆိုင်ရာ အလုပ်အတွက်သာ သင့်တော်ပါက ၎င်းတို့ကို ဘုရားအိမ်တော်က အားပေးသင့်သလော။ (အားပေးသင့်ပါသည်။) အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သည့်အပြင် မိမိတို့၏အလုပ်ကို ဘုရားအိမ်တော်က သတ်မှတ်သည့် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်စွမ်းရှိသည့်အပြင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း ခုခံကာကွယ်နိုင်စွမ်းရှိသည်၊ သို့ဖြစ်၍ ၎င်းတို့သည် စံနှုန်းပြည့်မီပြီး ထိုသို့သောလူများကို အားပေးသင့်သည်။ တစ်ဖက်တွင်မူ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အဆက်မပြတ် ထိခိုက်နစ်နာစေသူများ၊ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံရေးကို အဆက်မပြတ် အန္တရာယ်ဖြစ်ဖို့အလားအလာရှိစေသူများနှင့် ဘုရားအိမ်တော်နှင့် အသင်းတော်၏ ဂုဏ်သတင်းများအပေါ် ဆိုးရွားသော သက်ရောက်မှုများနှင့် အကျိုးဆက်များကို အဆက်မပြတ် ဖြစ်ပေါ်စေသူများဖြစ်သည့် ထိုသို့သောလူများကို အားပေးခြင်း သို့မဟုတ် ပျိုးထောင်ခြင်း မပြုရ၊ အကယ်၍ ၎င်းတို့ကို အားပေးပြီး အသုံးပြုပါက ၎င်းတို့ကို လျင်မြန်စွာ ဖြုတ်ချရမည်။ မိမိတို့၏အလုပ်များကို လုပ်ဆောင်နေစဉ် အမြဲတမ်း ဒုက္ခရောက်တတ်သော လူအချို့လည်း ရှိသေးသည်၊ ဥပမာအားဖြင့် ကားမောင်းသည့်အခါ မတော်တဆမှုများ ဖြစ်ခြင်း၊ ၎င်းတို့ကိုင်တွယ်သည့် ကိစ္စရပ်များကို ပျက်စီးစေခြင်း၊ သို့မဟုတ် အဆက်မပြတ် တိုင်ကြားမှုများကို ဖြစ်ပေါ်စေသည့် ပဋိပက္ခများ ဖြစ်ပွားစေခြင်းတို့ ဖြစ်ပြီး ချို့ယွင်းချက်တစ်ခုခု ရှိပါကလည်း ၎င်းတို့ မည်သို့ပြုပြင်ရမည်ကို မသိကြပေ။ ထိုသို့သောလူများသည် ဉာဏ်ထိုင်းသောသူများဖြစ်ပြီး ကံဆိုးမိုးမှောင်ကျစေသူများနှင့် ဖြုန်းတီးသူများလည်း ဖြစ်ကြသည်။ အကယ်၍ ဤလူစားမျိုးသည် အဖွဲ့ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး၊ ခေါင်းဆောင် သို့မဟုတ် အမှုဆောင် ဖြစ်လာပါက ၎င်းတို့ကို လျင်မြန်စွာ ဖြုတ်ချရမည်သာမက အသင်းတော်မှလည်း ရှင်းလင်းဖယ်ရှားပစ်ရမည်။ အကြောင်းမှာ ဤသို့သောလူစားမျိုးသည် ဘေးအန္တရာယ်အတွက် အကြောင်းရင်းတစ်ခုဖြစ်ပြီး ကံဆိုးမိုးမှောင်ကျစေသူတစ်ဦး ဖြစ်သောကြောင့်တည်း။ ဤလူများထဲမှ တစ်ဦး သို့မဟုတ် နှစ်ဦး အသင်းတော်၌ ရှိနေသရွေ့ အသင်းတော်၌ ငြိမ်သက်ခြင်း ရှိနိုင်မည်မဟုတ်ပေ။ ထိုသို့သောလူများသည် မိမိတို့အတွင်း၌ နတ်ဆိုးများ ရှိပုံရသည်၊ သို့မဟုတ် ကပ်ရောဂါ ရှိပုံရသည်။ မည်သူမဆို ၎င်းတို့နှင့် ထိတွေ့ပါက ကံဆိုးမိုးမှောင်ကျခြင်းကို ခံစားရလိမ့်မည်၊ ထို့ကြောင့် ဤသို့သောလူစားမျိုးကို မဆိုင်းမတွ အမြစ်ပါမကျန် ဖယ်ရှားပစ်သင့်သည်။ ဤလူများ၏ မျက်နှာသွင်ပြင်များပင်လျှင် လုံးဝမကောင်းပေ၊ စဉ်းလဲကောက်ကျစ်သော သို့မဟုတ် နတ်ဆိုးဆန်သော သွင်ပြင်လက္ခဏာများဖြင့် ပြည့်နေသည် သို့မဟုတ် အကျည်းတန်စွာရုပ်ဆိုးကြပြီး မည်သူမဆို ၎င်းတို့နှင့် ထိတွေ့ပါက မကောင်းသော အရာတစ်ခုခု ဖြစ်တော့မည်ကဲ့သို့ ခံစားရလိမ့်မည်။ ဤအမျိုးအစားဝင် လူများကို ဖြုတ်ချပြီး ရှင်းလင်းဖယ်ရှားပစ်ရမည်၊ သို့မှသာ အသင်းတော်အတွက် အမှုအရာများ ကောင်းမွန်စွာ ဖြစ်မြောက်နိုင်မည်။ အသင်းတော်၌ အမျိုးမျိုးသောလူများကို အားပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် စည်းမျဉ်းများကို လိုက်နာခြင်းနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းကို ကျင့်သုံးရန် လိုအပ်သည်၊ သို့မှသာ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အားပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရသည့် အမျိုးမျိုးသော လူအမျိုးအစားများထဲတွင် အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသူများ၊ အသင်းတော်ရှိ အမျိုးမျိုးသော အတတ်ပညာရပ်များအတွက် တာဝန်ယူသူများနှင့် အသင်းတော်အတွက် အထွေထွေအရေးကိစ္စရပ်များကို ကိုင်တွယ်သူများလည်း ရှိကြသည်။ ဤအရည်အချင်းရှိသူ အမျိုးအစားအသီးသီးက ပြည့်မီသင့်သည့် စံသတ်မှတ်ချက်အမျိုးမျိုးကိုလည်း ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သို့ရွေးကောက်တင်မြှောက်ရမည်နှင့် လူတို့ကို မည်သို့အားပေးပြီး ပျိုးထောင်ရမည်ဟူသော စည်းမျဉ်းများကို သင်တို့ ရှင်းလင်းစွာ သိရှိသည့်အခါ အသင်းတော်၏ အလုပ်အားလုံးသည် လမ်းမှန်ပေါ်သို့ ရောက်ရှိလာလိမ့်မည်။
အချို့သောလူများက “ဘုရားအိမ်တော်က အားပေးပြီး ပျိုးထောင်သည့် ဤလူများကို အဘယ်ကြောင့် အရည်အချင်းရှိသူများဟု ခေါ်သနည်း” ဟု မေးကောင်းမေးနိုင်သည်။ ငါတို့ ပြောဆိုသည့် အရည်အချင်းရှိသူများဆိုသည်မှာ အားပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ရွေးချယ်ခံရသူများကို ရည်ညွှန်းသည်။ မတူညီသော တာဝန်များကို ထမ်းဆောင်နိုင်သည့် လူများအတွက် မတူညီသော လိုအပ်ချက်များ ရှိပြီး ၎င်းတို့သည် အားပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရသည့် ဖြစ်စဉ်ထဲတွင် ရှိနေသောကြောင့် ဤအရည်အချင်းရှိသူဟုခေါ်သောသူများသည် ငါတို့ ယခု ဖော်ပြခဲ့သည့် ထိုစံသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင်အလွန်ပင် လုံလောက်ပြီဖြစ်သည်။ ဤလူများကို သမ္မာတရား လက်တွေ့ကျမှု ရှိနှင့်ပြီးဖြစ်ရန်၊ ကျိုးနွံနာခံပြီး သစ္စာစောင့်သိနှင့်ပြီးဖြစ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့နှင့်ပြီးဖြစ်ရန် မျှော်လင့်ခြင်းသည် လက်တွေ့မကျပေ။ ထို့ကြောင့် ငါတို့ ပြောဆိုသည့် အရည်အချင်းရှိသူများဆိုသည်မှာ ပုံမှန်လူ့သဘာဝရှိသူများ ပိုင်ဆိုင်သင့်သည့် အရည်အသွေးနှင့် တည်ကြည်မှုအချို့ကို ပိုင်ဆိုင်သူများနှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် အစွမ်းအစရှိသူများမျှသာ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့ကို အရည်အချင်းပြည့်မီသည်ဟု မှတ်ယူသည်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီးဖြစ်ကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ကို ဆိုလိုခြင်းမဟုတ်သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီးနောက် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ရရှိပြီးဖြစ်သည်စသည်တို့ကိုလည်း ဆိုလိုခြင်းမဟုတ်ပေ။ “အရည်အချင်းရှိသူများ” ဟူသော ဝေါဟာရသည် တက္ကသိုလ်တက်ခဲ့သူများ သို့မဟုတ် ပါရဂူဘွဲ့ ရရှိထားသူများ၊ သို့မဟုတ် အခွင့်ထူးခံ မိသားစု နောက်ခံများ သို့မဟုတ် မြင့်မားသော လူမှုအဆင့်အတန်းများရှိသူများ၊ သို့မဟုတ် အထူးစွမ်းရည်များ သို့မဟုတ် ဆုကျေးဇူးများရှိသူများကို ရည်ညွှန်းခြင်း မဟုတ်သည်မှာ ပြောစရာမလိုပေ၊ ဤလူများကို ရည်ညွှန်းခြင်းမဟုတ်ပါ။ ၎င်းတို့ကိုအားပေးပြီး ပျိုးထောင်ရမည်ဖြစ်သောကြောင့် အတတ်ပညာဆိုင်ရာ အလုပ်ကို လုပ်ဆောင်မည့် လူအချို့သည် ထိုအတတ်ပညာကို ယခင်က မလုပ်ဆောင်ဖူးခြင်း သို့မဟုတ် မလေ့လာဖူးခြင်း ဖြစ်နိုင်သော်လည်း ၎င်းတို့သည် အားပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ထိုစံသတ်မှတ်ချက်အများအပြားနှင့် ကိုက်ညီသရွေ့၊ ပြီးလျှင် သီးခြားအတတ်ပညာတစ်ခုကို သင်ယူလိုစိတ်ရှိပြီး သင်ယူရာတွင် တော်သရွေ့ ဘုရားအိမ်တော်က ၎င်းတို့ကို အားပေးပြီး ပျိုးထောင်နိုင်သည်။ ဤသို့ပြောခြင်းဖြင့် ငါ ဘာကိုဆိုလိုသနည်း။ လူတစ်ဦးသည် သီးခြားအတတ်ပညာတစ်ခုတွင် ပင်ကိုအားဖြင့် ထူးချွန်မှသာလျှင် အားပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံရနိုင်သည်ဟု ငါဆိုလိုခြင်းမဟုတ်ပေ။ ထိုအစား ၎င်းတို့တွင် သင်ယူလိုစိတ်ရှိပြီး အခြေအနေများနှင့် ကိုက်ညီလျှင်၊ သို့မဟုတ် ဤအတတ်ပညာတွင် အခြေခံအချို့ကို ပိုင်ဆိုင်ရုံမျှဖြင့်ပင် ၎င်းတို့ကို အားပေးပြီး ပျိုးထောင်နိုင်သည်၊ ဤသည်မှာ စည်းမျဉ်းဖြစ်ပေသည်။ ဘုရားအိမ်တော်က အားပေးပြီး ပျိုးထောင်လိုသည့် အမျိုးမျိုးသော အရည်အချင်းရှိသူများ ပြည့်မီသင့်သည့် စံသတ်မှတ်ချက်များနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤတွင်ပြီးဆုံးပါသည်။
အရည်အချင်းရှိသူအမျိုးမျိုးကို အားပေးပျိုးထောင်ခြင်း၌ ဘုရားအိမ်တော်၏ ရည်ရွယ်ချက်များ
ဆက်လက်၍ အရည်အချင်းရှိသူအမျိုးမျိုးကို ဘုရားအိမ်တော်က အဘယ်ကြောင့် အားပေးပြီး ပျိုးထောင်သည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ အချို့လူတို့သည် ဤအရာကို ရှင်းရှင်းလင်းလင်း နားမလည်ကြဘဲ “ဘုရားအိမ်တော်အနေဖြင့် အရည်အချင်းရှိသူအမျိုးမျိုးကို တိုက်ရိုက်အားပေးပြီး အသုံးပြုလိုက်ရုံမျှဖြင့် လုံလောက်မည် မဟုတ်လော။ အဘယ်ကြောင့် ၎င်းတို့ကို အချိန်ကာလတစ်ခုကြာ ပျိုးထောင်ပြီး လေ့ကျင့်ပေးရန် လိုအပ်သနည်း” ဟု တွေးထင်ကြသည်။ သင်တို့သည် ဤအရာကို နားလည်သလော၊ နားမလည်သလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာသည့် လူစားမျိုးအကြောင်းကို ဦးစွာ ပြောကြစို့။ သဘောပေါက်နားလည်နိုင်စွမ်းရှိသူများ၊ အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးထမ်းရွက်သူများနှင့် အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သူများကို ဘုရားအိမ်တော်က အဘယ်ကြောင့် အားပေးပြီး ပျိုးထောင်သနည်း။ အကြောင်းမှာ ၎င်းတို့သည် အရည်အချင်းပိုင်းအရ အရည်အချင်းပြည့်မီပြီး စံနှုန်းများနှင့် ကိုက်ညီသော်လည်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်တတ်ရန်မဆိုထားနှင့်။ ၎င်းတို့တွင် စစ်မှန်သော အတွေ့အကြုံပင် မရှိသေးသကဲ့သို့ သမ္မာတရားကိုလည်း နားမလည်ကြသေးပေ။ ၎င်းတို့ကို အချိန်ကာလတစ်ခုကြာ လေ့ကျင့်ပေးရမည်ဖြစ်ပြီး လမ်းညွှန်မှု ပေးရမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများကို ကျွမ်းကျင်ပြီး စစ်မှန်သော အတွေ့အကြုံ ရှိသည့်အခါမှသာလျှင် ၎င်းတို့ကို တရားဝင် အသုံးပြုနိုင်မည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ တရားဒေသနာများကို နားထောင်ခြင်း၊ အသင်းတော်အသက်တာ၌ အသက်ရှင်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ရာတွင် လေ့ကျင့်ခြင်းတို့ကို ပြုလုပ်ပြီး ၎င်းတို့၏ အသက်တာ ကြီးထွားလာသည့်အခါမှသာ အားပေးခြင်းနှင့် ပျိုးထောင်ခြင်းကို ခံရမည်ဆိုလျှင် ၎င်းတို့၏ တိုးတက်မှုသည် အလွန် နှေးကွေးလွန်းပေမည်။ ထိုသို့ဆိုလျှင် ၎င်းတို့ ဘုရားသခင်အသုံးပြုရန် သင့်တော်သောသူများ ဖြစ်လာရန် နှစ်မည်မျှ ကြာမြင့်မည်နည်း။ ဤသည်က အသင်းတော်၏အလုပ်ကို သက်ရောက်မှုရှိစေမည် မဟုတ်လော။ ထို့ကြောင့် တစ်စုံတစ်ဦးသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသရွေ့၊ အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သရွေ့နှင့် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်လိုစိတ် ရှိသရွေ့ ၎င်းတို့ကို အားပေးပြီး ပျိုးထောင်သင့်ကာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရာတွင် လေ့ကျင့်ရန်တောင်းဆိုသင့်ပြီး ဝန်တစ်ခုကို ပေးသင့်သည်။ တစ်ဖက်တွင် ယင်းက ၎င်းတို့ကို မိမိတို့၏ အားသာချက်များကို အကောင်းဆုံး အသုံးချစေသည်။ အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် အထူးအခြေအနေများကို ကြုံတွေ့ရသည့်အခါ ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းရန်အလို့ငှာ ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရန် လိုအပ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့ကို ပြုပြင်ရမည်ဖြစ်ပြီး လိုအပ်ပါက ၎င်းတို့ကို ဆုံးမပဲ့ပြင်ရမည်ဖြစ်ကာ များစွာသော စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံခံစားရမည်ဖြစ်ပြီး ဆင်းရဲဒုက္ခများစွာကို ခံနိုင်ရည်ရှိရမည်ဖြစ်သည်။ ထိုသို့သော လက်တွေ့ကျသည့် လေ့ကျင့်မှုကို တွေ့ကြုံခံစားခြင်းအားဖြင့်သာလျှင် ၎င်းတို့သည် စစ်မှန်သော တိုးတက်မှုကို ရရှိနိုင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် သမ္မာတရားကို နားလည်ကာ စည်းမျဉ်းများကို ကျွမ်းကျင်နိုင်မည်ဖြစ်ပြီး ထို့နောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို အမြန်ဆုံး ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဤနည်းလမ်းဖြင့် ပျိုးထောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းသည် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး ပို၍ မြန်ဆန်မည်ဖြစ်ကာ ယင်းက ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးရှိပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် ပို၍ အကျိုးရှိသည်။ အကြောင်းမှာ လက်တွေ့ကျသော အတွေ့အကြုံရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို တိုက်ရိုက် ရေလောင်းပေးပြီး ထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်သည်။ ဘုရားအိမ်တော်က တစ်စုံတစ်ဦးကို ခေါင်းဆောင်တစ်ဦးအဖြစ် အားပေးပြီး ပျိုးထောင်ခြင်းသည် ထိုသူကို လေ့ကျင့်ပေးရန်၊ ဘုရားသခင်ကို မှီခိုစေရန်နှင့် သမ္မာတရားဆီသို့ ကြိုးစားအားထုတ်စေရန် ၎င်းတို့အပေါ် ပို၍ကြီးမားသော ဝန်ကို တင်ပေးခြင်း ဖြစ်သည်။ ထိုသို့ပြုမှသာလျှင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အမြန်ဆုံး ကြီးထွားလာမည်ဖြစ်သည်။ ၎င်းတို့အပေါ် ပို၍ကြီးမားသော ဝန်ကို တင်လေလေ၊ ၎င်းတို့အပေါ် ဖိအားပိုများလေလေ ဖြစ်ပြီး၊ သမ္မာတရားကို ရှာဖွေရန်နှင့် ဘုရားသခင်ကို မှီခိုရန် ၎င်းတို့ ပို၍ တွန်းအားပေးခံရလေလေ ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်နိုင်မည်ဖြစ်ကာ ထိုသို့ဖြင့် ကယ်တင်ခြင်းခံရပြီး စုံလင်အောင်ပြုခြင်းခံရသည့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခြေချပြီး ဖြစ်လိမ့်မည်၊ ဤသည်မှာ ဘုရားအိမ်တော်က လူတို့ကို အားပေးပြီး ပျိုးထောင်သည့်အခါ စွမ်းဆောင်ရရှိသည့် အကျိုးသက်ရောက်မှု ဖြစ်သည်။ ဤတိကျသော အလုပ်များကို မလုပ်ဆောင်ဘဲ၊ ၎င်းတို့သည် မိမိတို့၌ မည်သည့်အရာ လိုအပ်နေသည်ကို သိကြမည်မဟုတ်သကဲ့သို့၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို မည်သို့လုပ်ဆောင်ရမည်ကို သိကြမည်မဟုတ်သည့်အပြင် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်း သိကြမည်မဟုတ်ပေ။ သို့ဖြစ်၍ တိကျသော အလုပ်ကို လုပ်ဆောင်ခြင်းက ၎င်းတို့ကို မိမိတို့၏ ချို့ယွင်းချက်များကို ရှာဖွေတွေ့ရှိရန်နှင့် ၎င်းတို့၏ ဆုကျေးဇူးများမှလွဲ၍ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့နေကြောင်းကို မြင်တွေ့ရန် ကူညီပေးသည်။ ယင်းက ၎င်းတို့သည် မည်မျှ ချွတ်ခြုံကျပြီး သနားစရာကောင်းသည်ကို ခံစားရစေရန် ကူညီပေးပြီး အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို မမှီခိုဘဲ သမ္မာတရားကို မရှာဖွေပါက မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း ၎င်းတို့ကို နားလည်သဘောပေါက်စေသည်။ ယင်းက ၎င်းတို့ကို မိမိတို့ကိုယ်ကို အမှန်တကယ် သိကျွမ်းစေပြီး အကယ်၍ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားဘဲ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုများကို မလိုက်စားပါက ဘုရားသခင်အသုံးပြုရန် သင့်တော်သောသူများ ဖြစ်လာရန် မဖြစ်နိုင်ကြောင်း ရှင်းလင်းစွာ မြင်တွေ့စေသည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပျိုးထောင်ပြီး လေ့ကျင့်ပေးသည့်အခါ စွမ်းဆောင်ရရှိရမည့် အကျိုးသက်ရောက်မှုများအားလုံး ဖြစ်ကြသည်။ ဤကဏ္ဍများကို နားလည်ခြင်းအားဖြင့်သာလျှင် လူတို့သည် လက်တွေ့ကျကျ သမ္မာတရားကို လိုက်စားနိုင်မည်ဖြစ်ပြီး မိမိတို့ကိုယ်ကို နှိမ့်ချစွာ ကျင့်ကြံပြုမူနိုင်မည်ဖြစ်သည်။ မိမိတို့၏ အလုပ်ကို လုပ်ဆောင်သည့်အခါ မိမိတို့ကိုယ်ကို ဝါကြွားခြင်း နောက်ထပ် မပြုတော့ရန် အာမခံနိုင်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့ကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်မည်ဖြစ်ကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ဝင်ရောက်နိုင်မည်ဖြစ်သည်။ တစ်စုံတစ်ဦးကို ခေါင်းဆောင်တစ်ဦးအဖြစ် အားပေးပြီး ပျိုးထောင်သည့်အခါ သူသည် မတူညီသော လူတို့၏ အခြေအနေများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်ယူနိုင်ပြီး မတူညီသော လူတို့၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရာတွင် လေ့ကျင့်နိုင်ကာ မတူညီသော လူစားမျိုးတို့ကို ထောက်ပံ့ပေးပြီး ကူညီပေးနိုင်သည့်အပြင် လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်နိုင်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အလုပ်အတွင်း ကြုံတွေ့ရသည့် အမျိုးမျိုးသော ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရာတွင်လည်း လေ့ကျင့်ရမည်ဖြစ်ပြီး အမျိုးမျိုးသော အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို မည်သို့ ပိုင်းခြားသိမြင်ပြီး ကိုင်တွယ်ရမည်ကိုလည်းကောင်း၊ အသင်းတော်ကို သန့်စင်ခြင်းအလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း သင်ယူရမည်ဖြစ်သည်။ ဤနည်းအားဖြင့် အခြားသူများနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့သည် ပို၍များသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကိုလည်းကောင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသည့် ပို၍များသော ပတ်ဝန်းကျင်များကိုလည်းကောင်း တွေ့ကြုံခံစားနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ပို၍ စားသောက်နိုင်ကာ သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ပို၍ပင် ဝင်ရောက်နိုင်ကြသည်။ ဤသည်မှာ မိမိတို့ကိုယ်ကို လေ့ကျင့်ရန် အခွင့်အရေးတစ်ခု မဟုတ်လော။ လေ့ကျင့်ရန် အခွင့်အရေးများ ပိုများလေလေ၊ လူတို့၏ အတွေ့အကြုံများ ပို၍ ကြွယ်ဝလေလေ၊ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုများ ပို၍ ကျယ်ပြန့်လေလေဖြစ်ပြီး ၎င်းတို့ ပို၍ လျင်မြန်စွာ ကြီးထွားလာလေလေ ဖြစ်သည်။ သို့သော်လည်း လူတို့သည် ခေါင်းဆောင်ပိုင်းအလုပ်ကို မလုပ်ဆောင်ပါက ၎င်းတို့သည် တစ်ကိုယ်ရေဖြစ်တည်မှုနှင့် တစ်ကိုယ်ရေအတွေ့အကြုံများကိုသာ ကြုံတွေ့ပြီး တွေ့ကြုံခံစားရမည်ဖြစ်ကာ တစ်ကိုယ်ရေ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမျိုးမျိုးသော တစ်ကိုယ်ရေအခြေအနေများကိုသာ အသိအမှတ်ပြုကြမည်ဖြစ်ပြီး ယင်းတို့အားလုံးသည် မိမိတို့ကိုယ်တိုင်နှင့်သာ သက်ဆိုင်လေသည်။ ၎င်းတို့သည် ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ပို၍များသော လူများ၊ ပို၍များသော ဖြစ်ရပ်များနှင့် ပို၍များသော ပတ်ဝန်းကျင်များကို ကြုံတွေ့ရပြီး ယင်းက ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရောက်ရန် အားပေးလေသည်။ ၎င်းတို့အတွက် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများသည် မသိမသာဖြင့် ဝန်တစ်ခုကို ဖြစ်ပေါ်စေပြီး ကောင်းသောအရာတစ်ခုဖြစ်သည့် ၎င်းတို့၏ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းအတွက် အလွန်အမင်း အခွင့်သာသော အခြေအနေများကိုလည်း သဘာဝကျကျ ဖန်တီးပေးလေသည်။ သို့ဖြစ်၍ အစွမ်းအစတစ်ခုကို ပိုင်ဆိုင်သော၊ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းရွက်ပြီး အလုပ်လုပ်နိုင်စွမ်းရှိသော တစ်စုံတစ်ဦးသည် သာမန်ယုံကြည်သူတစ်ဦးအနေဖြင့် နှေးကွေးစွာ ဝင်ရောက်မည်ဖြစ်ပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့်မူ ပို၍ လျင်မြန်စွာ ဝင်ရောက်မည်ဖြစ်သည်။ လူတို့အတွက် သမ္မာတရား လက်တွေ့ကျမှုထဲသို့ လျင်မြန်စွာ ဝင်ရောက်ခြင်းက ကောင်းကျိုးဖြစ်သလော၊ သို့မဟုတ် နှေးကွေးစွာ ဝင်ရောက်ခြင်းက ကောင်းကျိုးဖြစ်သလော။ (လျင်မြန်စွာ ဝင်ရောက်ခြင်းက ကောင်းကျိုးဖြစ်ပါသည်။) ထို့ကြောင့် အစွမ်းအစတစ်ခုကို ပိုင်ဆိုင်သော၊ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းဆောင်ပြီး အလုပ်လုပ်နိုင်သော လူများနှင့်ပတ်သက်လာလျှင် ဘုရားအိမ်တော်သည် ထိုသို့သောလူများကို အထူးအားပေးသည်၊ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောသူများဖြစ်ပြီး သမ္မာတရားဆီသို့ ကြိုးစားအားထုတ်ခြင်း မရှိပါက ဘုရားအိမ်တော်က ၎င်းတို့ကို အတင်းအကျပ် ပြုမည်မဟုတ်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ် ရှိသရွေ့၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန်အတွက် စံနှုန်းများနှင့် ကိုက်ညီသရွေ့၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏ အသုံးပြုခြင်းကို ခံလိုစိတ် ရှိသရွေ့ ဘုရားအိမ်တော်က ၎င်းတို့ကို အားပေးပြီး ပျိုးထောင်မည်ဖြစ်ကာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် လေ့ကျင့်ရန် အခွင့်အရေးကို ပေးမည်ဖြစ်ပြီး အသင်းတော်၏အလုပ်ကို လုပ်ဆောင်တတ်ရန်၊ လူတို့ကို ပိုင်းခြားသိမြင်တတ်ရန်၊ အသင်းတော်ရှိ အမျိုးမျိုးသော ပြဿနာအားလုံးကို ကိုင်တွယ်တတ်ရန်နှင့် အလုပ်အစီအစဉ်များနှင့်အညီ အမျိုးမျိုးသော အလုပ်များကို ဆောင်ရွက်တတ်ရန် ၎င်းတို့ကို ထောက်ကူပေးမည်မှာ ဧကန်မုချ ဖြစ်သည်။ လေ့ကျင့်ပေးခြင်းခံရသည့် ကာလအတွင်း အကယ်၍ လူတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး ပြုပြင်ခြင်းကို လက်ခံနိုင်လျှင်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်လျှင်၊ အမျိုးမျိုးသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လူစားမျိုးစုံကို ဆက်ဆံတတ်ရန်နှင့် ပိုင်းခြားသိမြင်ပြီး ကိုင်တွယ်တတ်ရန် သင်ယူနိုင်လျှင် ထိုအခါ ၎င်းတို့သည် သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းများကို ကျေညက်စွာသိရှိလာနိုင်ပြီး သမ္မာတရားကို နားလည်ကာ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လာနိုင်သည်၊ ဤသည်တို့မှာ သာမန်ယုံကြည်သူများ မတွေ့ကြုံနိုင်သော သို့မဟုတ် မရရှိနိုင်သော အရာများ ဖြစ်ကြသည်။ သို့ဖြစ်၍ ဤအမြင်ရှုထောင့်မှကြည့်လျှင် ဘုရားအိမ်တော်က တစ်စုံတစ်ဦးကို အားပေးပြီး ပျိုးထောင်ခြင်းသည် ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ ယင်းသည် ၎င်းတို့အတွက် အကျိုးရှိသလော၊ သို့မဟုတ် ၎င်းတို့အပေါ် အတင်းအကျပ် ဖိအားပေးသည့် ဆင်းရဲခက်ခဲမှုတစ်ခုလော။ ယင်းသည် ၎င်းတို့အတွက် အကျိုးရှိသည်။ ပြောစရာမလိုသည်မှာ အချို့လူတို့သည် အားပေးခြင်းခံရသည်မှာ မကြာသေးသည့်အခါ ၎င်းတို့သည် မည်သည့်အလုပ်များကို လုပ်ဆောင်သင့်သည်ကိုဖြစ်စေ၊ ယင်းတို့ကို မည်သို့လုပ်ဆောင်ရမည်ကိုဖြစ်စေ မသိကြဘဲ အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်။ ဤသည်မှာ ပုံမှန်ဖြစ်သည်။ မည်သူသည် အရာအားလုံးကို လုပ်ဆောင်နိုင်လျက် မွေးဖွားလာခဲ့ဖူးသနည်း။ အကယ်၍ သင်သည် အရာအားလုံးကို လုပ်ဆောင်နိုင်ခဲ့ပါက သင်သည် ဧကန်မုချ အလွန်မာနထောင်လွှားပြီး စိတ်ကြီးဝင်သောသူ ဖြစ်လိမ့်မည်ဖြစ်ပြီး မည်သူ့ကိုမျှ အလျှော့ပေးမည် မဟုတ်ပေ၊ ထိုသို့ဆိုလျှင် သင်သည် သမ္မာတရားကို လက်ခံနိုင်သေးမည်လော။ အကယ်၍ သင်သည် အရာအားလုံးကို လုပ်ဆောင်နိုင်ခဲ့ပါက သင်သည် ဘုရားသခင်ကို မှီခိုပြီး သူ့ကို အထင်ကြီးလေးစားနေဦးမည်လော။ သင်သည် သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနေဦးမည်လော။ သင်သည် ဧကန်မုချ ထိုသို့ပြုမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကာ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းလိမ့်မည်၊ သင်သည် အာဏာနှင့် ရာထူးနေရာကို လုယူပြီး မည်သူ့ကိုမျှ အလျှော့ပေးမည် မဟုတ်ဘဲ၊ လူတို့ကို အထင်အမြင်မှားစေပြီး ထောင်ချောက်ဆင်ကာ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည်၊ ထိုသို့ဆိုလျှင် ဘုရားအိမ်တော်က သင့်ကို အသုံးပြုနိုင်သေးမည်လော။ အကယ်၍ သင်၌ ချို့ယွင်းချက်များစွာ ရှိသည်ကို သင်သိပါက သင်သည် နာခံပြီး ကျိုးနွံရန် သင်ယူသင့်ကာ ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့်အညီ အမျိုးမျိုးသော အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်သင့်သည်။ ဤသည်က သင့်အား စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် သင်၏တာဝန်ကို ထမ်းဆောင်နိုင်သည့်အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိစေရန် ခွင့်ပြုလိမ့်မည်။ သို့သော် လူအများစုသည် နာခံခြင်းနှင့် ကျိုးနွံခြင်းကဲ့သို့သော အလွန်ရိုးရှင်းသည့်အရာတစ်ခုကိုပင် မလုပ်ဆောင်နိုင်ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားအိမ်တော်က ၎င်းတို့ကို အားမပေးခြင်းနှင့် မပျိုးထောင်ခြင်းအတွက် အပြစ်မတင်သင့်ပေ။ သင်သည် နာခံနိုင်စွမ်း မရှိသောကြောင့်၊ နာခံခြင်းသည်ပင် သင့်အတွက် မတတ်နိုင်သောအရာ ဖြစ်နေသောကြောင့် ဘုရားအိမ်တော်က သင့်ကို အားပေးပြီး ပျိုးထောင်ဝံ့မည်လော။ (ပျိုးထောင်ဝံ့မည်မဟုတ်ပါ။) အဘယ်ကြောင့် နည်း။ သင့်ကို အသုံးပြုခြင်းသည် အလွန်အန္တရာယ်များလွန်းမည်၊ အလွန်ဒုက္ခများလွန်းမည်၊ အလွန်စိုးရိမ်စရာကောင်းလွန်းမည် ဖြစ်သည်။ အကြောင်းမှာ အကယ်၍ ဘုရားအိမ်တော်က သင့်ကို အသုံးပြုခဲ့ဖူးပါက သင်သည် လူတို့ကို သင်၏ချုပ်ကိုင်မှုအောက်သို့ ရောက်စေပြီး ကောက်ကျစ်ဆိုးယုတ်မှု၏ လမ်းကြောင်းပေါ်သို့ ၎င်းတို့ကို ဦးဆောင်သွားနိုင်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ယင်းမှာ အလွန်အန္တရာယ်များခြင်း ဖြစ်သည်။ အကယ်၍ သင့်ကို အသုံးပြုခဲ့ပါက သင်သည် မကောင်းမှုများကို မဆင်မခြင်ကျူးလွန်ပြီး အလုပ်ကို လုံးဝ ကစဉ့်ကလျားဖြစ်စေနိုင်ကာ ဘုရားအိမ်တော်က သင့်ကို ဖြုတ်ချပြီး သင်၏အရှုပ်တော်ပုံအားလုံးကို သင့်အတွက် ရှင်းလင်းပေးရမည်ဖြစ်သည်၊ ထို့ကြောင့် ယင်းမှာ အလွန်ဒုက္ခများခြင်း ဖြစ်သည်။ ပြီးလျှင် အကယ်၍ သင့်ကို အသုံးပြုခဲ့ပါက သင်သည် မည်သည့်အလုပ်ကိုမျှ မည်သို့လုပ်ဆောင်ရမည်ကို သိမည်မဟုတ်ဘဲ သင်၏အလုပ်နှင့်ပတ်သက်၍ လုံးဝ အကျိုးသက်ရောက်မှု တစ်ခုမျှ ရှိမည်မဟုတ်ပေ။ သင်လုပ်ဆောင်သည့် အလုပ်အားလုံးတွင် အထက်က သင့်ကို တိုက်တွန်းခြင်း၊ ကြီးကြပ်ခြင်းနှင့် ခြေရာခံခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး အထက်သည် အရေးကိစ္စအားလုံးတွင် ဝင်ရောက်စွက်ဖက်ရမည်ဖြစ်သည်၊ သို့ဖြစ်၍ သင့်ကို အဘယ်ကြောင့် အသုံးပြုသင့်သနည်း။ သင်သည် အလွန် စိုးရိမ်စရာကောင်းလှသည်။ ဤလူစားမျိုးကို လုံးဝ အသုံးမပြုနိုင်ပေ။ ၎င်းတို့ကို ပျိုးထောင်ခဲ့လျှင်ပင် အကျိုးမရှိဘဲ ဒုက္ခများစွာကိုပင် ဖြစ်စေမည်ဖြစ်ကာ အခြားသူများကို ပျိုးထောင်ခြင်းအပေါ်တွင်လည်း သက်ရောက်မှုရှိစေမည်ဖြစ်သည်၊ အကျိုးအမြတ်ထက် ဆုံးရှုံးမှုက သာလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။)
အချို့လူတို့သည် ဘုရားအိမ်တော်၏ အားပေးခြင်း သို့မဟုတ် အသုံးပြုခြင်းကို မည်သည့်အခါမျှ မခံရသောကြောင့် စိတ်ထဲတွင် အတွေးများဝင်လာပြီး “အထက်က ကျွန်ုပ်ကို အဘယ်ကြောင့် တစ်ခါမျှ သတိမထားမိသနည်း။ ဘုရားအိမ်တော်က ကျွန်ုပ်ကို အဘယ်ကြောင့် တစ်ခါမျှ အားမပေး၊ မပျိုးထောင်သနည်း။ တရားမမျှတပါ” ဟု ပြောဆိုကြသည်။ ကောင်းပြီ၊ သင်သည် ဦးစွာ နာခံနိုင်ခြင်း ရှိမရှိနှင့် ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိတို့ကို ချိန်ဆကြည့်သင့်သည်။ ဒုတိယအနေဖြင့် သင်သည် ဘုရားအိမ်တော်က လူတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အားပေးပြီး ပျိုးထောင်ရန်အတွက် လိုအပ်သည့် စံသတ်မှတ်ချက်သုံးခုဖြစ်သော သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း၊ ဝန်ထုပ်ဝန်ပိုးထမ်းရွက်ခြင်းနှင့် အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်ခြင်းတို့နှင့် ကိုက်ညီခြင်း ရှိမရှိကို ချိန်ဆကြည့်သင့်သည်။ အကယ်၍ သင်သည် ဤစံသတ်မှတ်ချက်များနှင့် ကိုက်ညီပါက မကြာမီ သို့မဟုတ် နောင်တွင် သင်သည် အားပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းကို ခံရရန် အခွင့်အရေး ရရှိလိမ့်မည်။ ဘုရားအိမ်တော်က သင့်ကို အားပေးရန်အတွက် သင့်ထံမှ တောင်းဆိုထားသည့်အရာများ ရှိသည်။ ပြီးလျှင် ဤအရာများမှာ အဘယ်နည်း။ သင်သည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည်။ သင်သည် သင့်ထံမှ တောင်းဆိုထားသည့်အရာကို တောင်းဆိုထားသည့် နည်းလမ်းအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့ဖြင့် သင့်အား ဦးစွာ စည်းမျဉ်းများနှင့်ကိုက်ညီသောပုံစံဖြင့် လုပ်ဆောင်တတ်ရန်၊ သမ္မာတရားကို ရှာဖွေတတ်ရန်နှင့် သမ္မာတရားကို ကျိုးနွံနာခံတတ်ရန်၊ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်တတ်ရန် သင်ယူစေလျက် ပျိုးထောင်ခြင်း ဖြစ်သည်။ သင်ပျိုးထောင်ခြင်းခံရသည့် အချိန်အတွင်း တစ်ခါတစ်ရံတွင် ဘုရားအိမ်တော်က သင့်ကို ပြုပြင်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင့်ကို ပြင်းထန်စွာ အပြစ်တင်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်၏အလုပ် တိုးတက်မှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် အလုပ်သည် အတိအကျ မည်သို့ဖြစ်နေသည်ကို သင့်အား မေးမြန်းမည်ဖြစ်ပြီး သင်၏အလုပ်ကို စစ်ဆေးမည်ဖြစ်သည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် အချို့သောအရာတစ်ခုအပေါ် သင်၏အမြင်ရှုထောင့်သည် မည်သည့်အရာဖြစ်သည်ကို စမ်းသပ်မည်ဖြစ်သည်။ ဤစမ်းသပ်မှုများ၏ ရည်ရွယ်ချက်မှာ သင့်အတွက် အခက်အခဲဖြစ်စေရန် မဟုတ်ဘဲ ဤအရေးကိစ္စများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သင်ပိုင်ဆိုင်သင့်သည့် သဘောထားနှင့် စည်းမျဉ်းများသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း သင့်အား နားလည်စေရန် ဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်ကို လေ့ကျင့်ပေးရန်နှင့် လက်တွေ့လုပ်ဆောင်စေရန် ဤသို့ပြုလုပ်ခြင်း ဖြစ်သည်။ ပြီးလျှင် လူတို့ကို လေ့ကျင့်ပေးခြင်း၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ကို သမ္မာတရား နားလည်စေရန် ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်ရန်၊ မိမိတို့၏နေရာ၌ တည်ကြည်စွာရပ်တည်နိုင်ပြီး မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ဖြည့်ဆည်းနိုင်ရန်၊ ပြီးလျှင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် မတူညီသော သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို စွမ်းဆောင်ရရှိနိုင်ရန် ဖြစ်သည်။ ဘုရားအိမ်တော်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဤနည်းလမ်းဖြင့် လေ့ကျင့်ပေးသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို နားလည်သရွေ့ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရား နားလည်စေရန် ဦးဆောင်နိုင်မည့် မျှော်လင့်ချက် ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားမည်မျှကို နားလည်သည်ဖြစ်စေ ၎င်းတို့ဦးဆောင်သည့်လူများသည်လည်း ထိုမျှသော သမ္မာတရားကို နားလည်ရန် မျှော်လင့်ချက်ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏အလုပ်တွင် သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်နားလည်သည့်အခါ ၎င်းတို့ဦးဆောင်သည့်သူများသည်လည်း ၎င်းတို့၏အလုပ်တွင် စည်းမျဉ်းများကို သဘောပေါက်နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သည်။ ထို့ကြောင့် လေ့ကျင့်မှုကို တွေ့ကြုံရသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခြားလူများထက် ပိုမိုကောင်းမွန်သော အစွမ်းအစကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းတို့သည် ဦးစွာ သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးစွာ ဝင်ရောက်နိုင်ကြပြီး ထို့နောက်တွင် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရာတွင်နှင့် သမ္မာတရား စည်းမျဉ်းများကို နားလည်ရာတွင် ပို၍များသော လူတို့ကို ဦးဆောင်ကြသည်။ ထိုသို့သော ချဉ်းကပ်နည်းကို သင်မည်သို့ထင်သနည်း။ (ကောင်းပါသည်။) ထိုသို့သောလူများသည် ပညာတတ်များ မဟုတ်နိုင်သကဲ့သို့ အလွန်တရာ စကားပြောကောင်းသူများ သို့မဟုတ် နည်းပညာ သို့မဟုတ် မျက်မှောက်ခေတ် ရေးရာများနှင့် နိုင်ငံရေးအကြောင်း များစွာနားလည်သူများ မဟုတ်နိုင်ပေ။ ၎င်းတို့သည် အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုတွင် ထိုမျှ ကျွမ်းကျင်ခြင်းပင် မရှိနိုင်ပေ။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်စွမ်းရှိပြီး ဘုရားသခင်၏ နှုတ်ကတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားနိုင်စွမ်းရှိကာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေနိုင်စွမ်းရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရာတွင်နှင့် သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်ရာတွင် ပို၍များသော လူတို့ကို ဦးဆောင်နိုင်စွမ်း ရှိကြသည်။ ဤသည်မှာ ခေါင်းဆောင်များအဖြစ် အစေခံရန် အားပေးပြီး ပျိုးထောင်ခြင်းခံရသည့် အရည်အချင်းရှိသူအမျိုးအစားအကြောင်း ငါတို့ပြောဆိုသည့်အခါ ငါတို့ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ အမြင်သဘောထားသက်သက်ဖြစ်သလော။ (မဟုတ်ပါ။) အချို့လူတို့က “သင်က အရည်အချင်းရှိသူများအကြောင်း ပြောဆိုသည်၊ သို့ဆိုလျှင် ၎င်းတို့သည် လူ့အသိုင်းအဝိုင်း၏ ထိပ်သီးများ ဖြစ်ကြသလော။ ၎င်းတို့သည် လူ့အသိုင်းအဝိုင်းထဲတွင် လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ဖူးသူများ သို့မဟုတ် အမှုဆောင်ချုပ် သို့မဟုတ် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဦး ဖြစ်ခဲ့ဖူးရမည်လော။ ၎င်းတို့သည် နိုင်ငံရေးနောက်ခံရှိသော အဓိကရနိုင်ငံရေးသမားများ သို့မဟုတ် စီးပွားရေးပါရမီရှင်များ သို့မဟုတ် အနုပညာနှင့် စာပေနယ်ပယ်မှ ပါရမီရှင်များ ဖြစ်ကြသလော။ ၎င်းတို့သည် ထူးကဲစွာ ပါရမီရှိသူများ ဖြစ်ကြသလော” ဟု မေးကောင်းမေးနိုင်ကြသည်။ ဘုရားအိမ်တော်၌ ပြောဆိုသည့် အရည်အချင်းရှိသူများသည် လောကရှိ ထိုအရည်အချင်းရှိသူများနှင့် ကွဲပြားသည်။ ငါတို့ပြောဆိုသည့် “အရည်အချင်းရှိသူများ” ဟူသော ဤဝေါဟာရက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားကို နားလည်နိုင်စွမ်းရှိခြင်း၊ လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်နိုင်စွမ်းရှိခြင်း၊ လူအမျိုးအစားအမျိုးမျိုးကို ပိုင်းခြားသိမြင်တတ်ခြင်း၊ လူတို့ကြုံတွေ့ရသည့် အမျိုးမျိုးသော အခြေအနေများနှင့် အခက်အခဲများကို ဖြေရှင်းတတ်ခြင်း၊ ပြဿနာများကြုံတွေ့သည့်အခါ မှန်ကန်သော အမြင်ရှုထောင့်များနှင့် သဘောထားများ ရှိခြင်း၊ ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သည့်လူများ ရှိသင့်သည့် အမြင်ရှုထောင့်များနှင့် သဘောထားများကို ပိုင်ဆိုင်ခြင်းတို့ကို ဆိုလိုသည်။ ယင်းမှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူများ သို့မဟုတ် ကြောင်သူတော်ဆန်သောလူများ သို့မဟုတ် ဟိတ်ကြီးဟန်ကြီး စကားများ ပြောဆိုပြီး အပြောသက်သက်သာဖြစ်သော စကားများကို ပြောဆိုသူများကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ထိုအစား၊ ယင်းမှာ သမ္မာတရား လက်တွေ့ကျမှု ရှိသောလူများကို ရည်ညွှန်းသည်။ ဤသည်မှာ “အရည်အချင်းရှိသူများ” ဟူသည်ကို ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ အနှစ်သာရကင်းမဲ့သလော။ (မဟုတ်ပါ။) ဘုရားအိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အားပေးပြီး ပျိုးထောင်သည့် ဤသို့သော အရည်အချင်းရှိသူများထံမှ လိုအပ်သော ဤစံသတ်မှတ်ချက်များသည် အလွန် လက်တွေ့ကျသည် မဟုတ်လော။ (ဟုတ်ပါသည်။) အလွန်ပင် လက်တွေ့ကျလှပါသည်။ ထိုသို့သော ကိုယ်စားလှယ်လောင်းများသည် အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများ ရှိရန် မလိုအပ်သော်လည်း ၎င်းတို့သည် အနည်းဆုံးတော့ သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် အစွမ်းအစ ရှိရမည်ဖြစ်သည်။ အချို့လူတို့က “အကယ်၍ ၎င်းတို့သည် အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများ ရှိရန် မလိုအပ်ပါက ၎င်းတို့ စာမတတ်လျှင် အဆင်ပြေပါသလော” ဟု ပြောကောင်းပြောနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ပညာရေးအနည်းငယ်မရှိဘဲ မဖြစ်နိုင်ပေ။ ၎င်းတို့သည် စာပေကို နားလည်ရန် လိုအပ်သော်လည်း အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများ မလိုအပ်ပေ။ ဘုရားအိမ်တော်၌ အားပေးခြင်းခံရသူများတွင် အထက်တန်းကျောင်းဆင်းများ၊ တက္ကသိုလ်ဘွဲ့ရများနှင့် ပါရဂူဘွဲ့ရများ ပါဝင်သည်၊ သို့ဖြစ်၍ ပညာရေးအဆင့်နှင့်ပတ်သက်၍ ကန့်သတ်ချက်များ မရှိပေ။ ထို့အပြင် လူတစ်ဦး၏ လူမှုအဆင့်အတန်းအပေါ်တွင်လည်း ကန့်သတ်ချက်များ မရှိပေ။ လယ်သမားများနှင့် ပညာတတ်များမှအစ စီးပွားရေးသမားများနှင့် အိမ်ရှင်မများအထိ လူအမျိုးမျိုးတို့ကို လက်ခံသည်။ ပညာရေးအဆင့်နှင့် လူမှုအဆင့်အတန်းအပေါ် ကန့်သတ်ချက်များ မရှိခြင်းမှလွဲ၍ လိုအပ်သော စံသတ်မှတ်ချက်များမှာ ငါပြောခဲ့သည့် အချက်အနည်းငယ် ဖြစ်သည်။ ယင်းမှာ ကျိုးကြောင်းဆီလျော်ပါသလော။ (ဆီလျော်ပါသည်။) အလွန်တရာ ကျိုးကြောင်းဆီလျော်လှပါသည်။ ယခု “ဘုရားအိမ်တော်က အားပေးပြီး ပျိုးထောင်သည့် အရည်အချင်းရှိသူများ” ဟူ၍ ငါဆိုလိုသည့်အရာကို သင်အနည်းငယ် ပို၍ နားလည်ပြီလော။ (နားလည်ပါပြီ။) သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း၊ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းရွက်ခြင်းနှင့် အလုပ်လုပ်နိုင်စွမ်းရှိခြင်းဟူသည့် ဤစံသတ်မှတ်ချက်အနည်းငယ်နှင့် ကိုက်ညီသောလူများသည် ဘုရားအိမ်တော်၏ အားပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့သည် ဤစံသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ၎င်းတို့သည် အရည်အချင်းပြည့်မီသည်။ ပညာရေး၊ မိသားစုနောက်ခံ၊ လူမှုအဆင့်အတန်း၊ လူတစ်ဦး၏ ရုပ်ရည်သွင်ပြင် စသည်တို့ကဲ့သို့သော အခြားအရာများအတွက်မူ လိုအပ်ချက်များသည် ထိုမျှမမြင့်မားပေ။ ဤသည်မှာ လူတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အားပေးပြီး ပျိုးထောင်ခြင်းအကြောင်း ဖြစ်သည်။
ကျွမ်းကျင်မှု၊ သို့မဟုတ် အတတ်ပညာရှိသည့် အရည်အချင်းရှိသူများကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ရန်အတွက် လိုအပ်သည့် စံသတ်မှတ်ချက်အချို့ကို ငါတို့ ယခုလေးတင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်၊ ယင်းတို့မှာ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို နှစ်သက်သင့်ပြီး သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသင့်သည်၊ ၎င်းတို့၏ နားလည်သဘောပေါက်နိုင်စွမ်း၌ လွဲချော်မှုမရှိသင့်၊ မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်သင့်သည်၊ မညည်းညူဘဲ အခက်အခဲကို ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်သင့်သည်၊ အနည်းဆုံးအနေဖြင့် မကောင်းမှုကို မပြုသင့်ဟူ၍ ဖြစ်သည်။ ဤလူတို့နှင့်ပတ်သက်လျှင် ဤစံသတ်မှတ်ချက်အချို့သည် မရှိမဖြစ် ဖြစ်သည်။ သို့ဆိုလျှင် ဤလူတို့ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ထိုနည်းတူစွာပင် ဤလူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်နှင့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို လုပ်ဆောင်စဉ်တွင် ပြဿနာများ ကြုံတွေ့ရသည့်အခါတိုင်း ပြဿနာများကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို ရှာဖွေနိုင်ရန်နှင့် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်ရန် ဖြစ်သည်။ ဝင်ရောက်မှုကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်စဉ်တွင် ၎င်းတို့သည် မသိလိုက်မသိဘာသာ လေ့ကျင့်ပေးခြင်းနှင့် စည်းကမ်းတကျဖြစ်စေခြင်း ခံကြရပြီး မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များကို စွန့်လွှတ်ရန်၊ လောကီလူတို့၏ မှားယွင်းပြီး ယုတ္တိမတန်သော အမြင်များကို ပြုပြင်ရန်၊ ကလေးဆန်သော အတွေးအချို့ကို စွန့်လွှတ်ရန်နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ ကြိုတင်စိတ်စွဲမှတ်ခြင်းများ၊ အယူအဆများနှင့် စိတ်ကူးများ စသည်တို့ကို စွန့်လွှတ်ရန် လက်တွေ့လုပ်ဆောင်ကြသည်။ မည်သို့ပင်ဖြစ်စေ ဤလက်တွေ့လုပ်ဆောင်ခြင်း ဖြစ်စဉ်သည် လူတို့ကို သမ္မာတရားကို တဖြည်းဖြည်း နားလည်စေရန်၊ ကျိုးနွံနာခံတတ်ရန်နှင့် အမျိုးမျိုးသော သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်တတ်စေရန် ထောက်ကူပေးဖို့ ရည်ရွယ်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်ယူခြင်း ဖြစ်စဉ်တွင် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို တဖြည်းဖြည်း ကျွမ်းကျင်လာကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း သိလာကြကာ နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် ထမ်းဆောင်ရန် မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ ယုံကြည်သူတစ်ဦးအနေဖြင့် အမှုအရာများကို မည်သို့လုပ်ဆောင်သင့်သည်ကိုလည်းကောင်း စသည်တို့ကို တဖြည်းဖြည်း နားလည်လာကြသည်၊ ဤသည်တို့မှာ လူတို့သည် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်း ခံရပြီးနောက် တဖြည်းဖြည်း ဝင်ရောက်သည့် အရာအားလုံး ဖြစ်သည်။ လူတို့၏ တဖြည်းဖြည်း ဝင်ရောက်ခြင်း ဖြစ်စဉ်သည် ပျိုးထောင်ခြင်းခံရသည့် ဖြစ်စဉ်ဖြစ်ပြီး ပျိုးထောင်ခြင်းခံရသည့် ဖြစ်စဉ်သည် အမှန်တကယ်တွင် လူတို့က သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်စဉ်ဖြစ်သည်။ သို့သော် အကယ်၍ သင်သည် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်း မခံရဘဲ စုဝေးပွဲများ တက်ရောက်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ဓမ္မတေးများ သင်ယူခြင်းတို့ကို ပြုသည့် သာမန်ယုံကြည်သူတစ်ဦးအဖြစ်သာ ပြုမူပါက ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သင်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို အမှန်တကယ် ကောင်းမွန်စွာ ထမ်းဆောင်နေခြင်း မဟုတ်ပေ၊ သို့ဖြစ်၍ သင်သည် သင်၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် ထမ်းဆောင်ခြင်းနှင့် အလှမ်းဝေးနေသည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရာ၌ မည်သည့်စည်းမျဉ်းများကို သဘောပေါက်နားလည်သင့်သည်ကိုပင် ရှင်းရှင်းလင်းလင်း မသိဘဲ အယူဝါဒများနှင့် ဆောင်ပုဒ်အချို့ကိုသာ ပြောဆိုနိုင်သည်၊ ထို့ကြောင့် သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်သေးဘဲ သင်၏ အသက်ဝင်ရောက်မှုသည် နှေးသည်။ ထိုနည်းတူစွာပင် အတတ်ပညာဆိုင်ရာ တာဝန်များတွင် ပါဝင်ဆောင်ရွက်သည့် ဤလူတို့ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ပို၍ လျင်မြန်စွာ ဝင်ရောက်ရန်နှင့် သမ္မာတရား စည်းမျဉ်းများကို ပို၍ ကောင်းမွန်ပြီး ပို၍ တိကျစွာ သဘောပေါက်နားလည်မှု ရရှိရန် ဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သောသူများမှာ ဘုရားအိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်သည့် အရည်အချင်းရှိသူများ ဖြစ်ကြသည်။ ဤသို့သော အရည်အချင်းရှိသူများက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ အပြုသဘောဆောင်သော အရာများကို နှစ်သက်ခြင်း၊ အခက်အခဲများကို ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်ခြင်း၊ ၎င်းတို့၏ နားလည်သဘောပေါက်နိုင်စွမ်း၌ လွဲချော်မှုမရှိခြင်းနှင့် ဆိုးယုတ်သောလူများ မဟုတ်ခြင်းဟူသည့် အခြေခံပေါ်တွင် သမ္မာတရား စည်းမျဉ်းများကို နားလည်ခြင်းကို ရရှိပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီးဖြစ်သော၊ ဘုရားသခင်နှင့် ဘုရားအိမ်တော်၏ စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတိုင်းအတာတစ်ခုအထိ ရှိသောသူများကို ဆိုလိုသည်။ ဤသည်မှာ ငါပြောဆိုသည့် ဒုတိယအမျိုးအစားဖြစ်သော အရည်အချင်းရှိသူများ ဖြစ်သည်။ ၎င်းတို့အတွက် သတ်မှတ်ချက်များသည်လည်း လက်တွေ့ကျပြီး လုံလောက်စွာ တိကျကာ စိတ်ကူးသက်သက်မဟုတ်ပေ။ သို့ဆိုလျှင် ဤအရည်အချင်းရှိသူ အမျိုးအစားသည် လူ့အသိုင်းအဝိုင်း၏ ထိပ်သီးများ ဖြစ်ရန်၊ လူမှုရေး အတွေ့အကြုံရှိရန်၊ အချို့သော ပညာရေးဆိုင်ရာ အရည်အချင်းများ ရှိရန်နှင့် လူမှုအဆင့်အတန်းတစ်ခုခု ရှိရန် လိုအပ်သလော။ (မလိုအပ်ပါ။) ဘုရားအိမ်တော်သည် လူတို့ကို လူမှုအဆင့်အတန်း၊ ကျော်ကြားမှု၊ ပညာရေးဆိုင်ရာ အရည်အချင်းများ သို့မဟုတ် မြင့်မားသောအသိပညာအဆင့်အတန်း ရှိရန် မည်သည့်အခါမျှ မလိုအပ်ပေ။ ဤအရာများကို မည်သည့်အခါမျှ မတောင်းဆိုပါ။ လူတို့ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်သည့်အခါ ဘုရားအိမ်တော်သည် ၎င်းတို့၏ ရုပ်ရည်အသွင်အပြင်ကို၊ ဆိုလိုသည်မှာ ၎င်းတို့ မည်မျှ ရုပ်ဆိုးသည် သို့မဟုတ် ဆွဲဆောင်မှုရှိသည်ကို မကြည့်ပေ။ ဘာသာတရားမရှိသူများနှင့်တူသော သို့မဟုတ် ရုပ်ရည်အသွင်အပြင်အားဖြင့် စက်ဆုပ်ဖွယ်ကောင်းသော သို့မဟုတ် ဆိုးယုတ်သော လူစားမျိုးကို ရာထူးမတိုးမြှင့်ခြင်းမှလွဲ၍ အခြားစံသတ်မှတ်ချက်များမှာ ငါယခု ဖော်ပြခဲ့သည့်အရာများ ဖြစ်သည်။ ဤသည်တို့မှာ အလွန်လက်တွေ့ကျဆုံး ဖြစ်သည်။ ဘာသာတရားမရှိသူတို့သည် တစ်စုံတစ်ဦးကို ရာထူးတိုးမြှင့်သည့်အခါ ၎င်းတို့သည် ထိုသူ၏ ရုပ်ရည်အသွင်အပြင်ကို ဦးစွာ ကြည့်ကြသည်၊ ယောက်ျားများဆိုလျှင် အရာရှိများကဲ့သို့ ရုပ်ရည်ချောမောသင့်ပြီး မိန်းမများဆိုလျှင် နတ်သမီးများကဲ့သို့ လှပသင့်သည်။ ထို့အပြင် ၎င်းတို့သည် လူတို့၏ ပညာရေးဆိုင်ရာ အရည်အချင်းများ၊ လူမှုအဆင့်အတန်း၊ မိသားစုနောက်ခံနှင့် မာယာများခြင်းတို့ကိုလည်း နှိုင်းယှဉ်ကြသည်။ အကယ်၍ သင်သည် အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများ ရှိသော်လည်း မာယာများခြင်းမရှိပါက ယင်းသည်လည်း အဆင်ပြေမည်မဟုတ်ပေ၊ သင်သည် မည်သည့်အခါမျှ ရာထူးတိုးမြှင့်ခြင်း ခံရမည်မဟုတ်ဘဲ မည်သူကမျှ သင့်ကို အထင်ကြီးမည် မဟုတ်ပေ။ အကယ်၍ သင်သည် အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများနှင့် စစ်မှန်သော အရည်အချင်းများ ရှိသော်လည်း အထူးတလည် ရုပ်မချောဘဲ အရပ်ပုကာ သင်၏ အထက်လူကြီးများကို မည်သို့ မျက်နှာချိုသွေးရမည် သို့မဟုတ် ချဉ်းကပ်ရမည်ကို မသိပါက သင်သည် တစ်သက်လုံး မည်သည့်အခါမျှ ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် ပျိုးထောင်ခြင်း ခံရမည်မဟုတ်ဘဲ မည်သူကမျှ သင့်ကို ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘာသာတရားမရှိသူတို့တွင် “လောက၌ အရည်အချင်းရှိသောသူများစွာ ရှိသော်လည်း၊ ၎င်းတို့ကို အသိအမှတ်ပြုနိုင်သူ နည်းပါးလှသည်။” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။ ဤအရာသည် ဘုရားအိမ်တော်၌ မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် “ပတ္တမြားမှန်လျှင် နွံတွင်နစ်သော်လည်း မညစ်ပေ” ဟူသော အဆိုအမိန့်သည် မှန်ကန်သလော။ ယင်းသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) အတ္တဆန်ပြီး မည်သူ့ကိုမျှ အလျှော့မပေးသော လူတို့သည် ဤသို့ မကြာခဏ ပြောဆိုကြသည်။ အမြဲတမ်း ထွန်းလင်းတောက်ပလိုခြင်းဟူသည်မှာ လူ၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားအိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်သည့် အရည်အချင်းရှိသူ အမျိုးမျိုးတို့သည် ရွှေမဟုတ်ကြဘဲ သာမန်လူများသာ ဖြစ်ကြသည်။ ငါတို့ပြောဆိုသည့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် ပြောဆိုပုံတစ်မျိုးသာဖြစ်သည်၊ အမှန်တကယ်တွင် ဤသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကို ရည်ညွှန်းသည်။ ဖန်ဆင်းခံတစ်ဦးဖြစ်သည့် သင်သည် ဖန်ဆင်းရှင်၏ ရှေ့မှောက်၌ ရွှေဖြစ်သလော။ သင်သည် မြေမှုန့်မျှသာဖြစ်သည်၊ ကြေး၊ သို့မဟုတ် သံပင်မဟုတ်ပေ။ သင်သည် ရွှေမဟုတ်ဘဲ မြေမှုန့်ဖြစ်သည်ဟု ငါအဘယ်ကြောင့် ပြောဆိုရသနည်း။ လူတို့၌ ချီးကျူးဖွယ်ရာ တစ်စုံတစ်ရာ မရှိပေ။ အချို့က “ကိုယ်တော်ပြောသည့်အရာသည် ရှေ့နောက်မညီညွတ်သည် မဟုတ်လော။ အပြုသဘောဆောင်သော အရာများကို နှစ်သက်ခြင်းဟူသည့် စံသတ်မှတ်ချက်နှင့် ကိုက်ညီပါက တစ်စုံတစ်ဦးသည် ရာထူးတိုးမြှင့်ခြင်း ခံရနိုင်သည်ဟု ကိုယ်တော် ယခု ပြောဆိုခဲ့သည် မဟုတ်လော” ဟု မေးကောင်းမေးနိုင်သည်။ လူတစ်ဦးအနေဖြင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သင့်သည် မဟုတ်လော။ သင်သည် အပြုသဘောဆောင်သော အရာအနည်းငယ်ကို နှစ်သက်လျှင် ယင်းက သင့်ကို ရွှေဖြစ်စေသလော။ ယင်းက သင့်ကို ထွန်းလင်းတောက်ပစေသလော။ သင်သည် အပြုသဘောဆောင်သော အရာအနည်းငယ်ကို နှစ်သက်လျှင် ယင်းက သင်၌ သမ္မာတရားရှိသည်ဟု ဆိုလိုသလော။ သမ္မာတရားရှိခြင်းအားဖြင့်သာ လူတစ်ဦးသည် ထွန်းလင်းတောက်ပသည်။ သင်၌ သမ္မာတရားမရှိလျှင် သင်ထွန်းလင်းတောက်ပသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။ အမှန်မှာ ဖန်ဆင်းခံတစ်ဦးသည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ပေ။ လူ့သဘာဝအချို့နှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် အရည်အချင်းနှင့် အစွမ်းအစအချို့ကို ပိုင်ဆိုင်ခြင်းက လူတစ်ဦးသည် သမ္မာတရားကို ပင်ကိုအားဖြင့် ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြပေ၊ ၎င်းတို့၏ လူ့သဘာဝသည် ဖြောင့်မတ်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ ဤအရာများသည် သမ္မာတရားမဟုတ်ဘဲ ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သင့်သည့် အရည်အသွေးများသာ ဖြစ်ကြသည်။ ထို့ကြောင့် ထွန်းလင်းတောက်ပခြင်းအကြောင်းကို မပြောဆိုနှင့်။ သို့ဆိုလျှင် လူတစ်ဦးသည် မည်သည့်အချိန်တွင် အနည်းငယ် ထွန်းလင်းတောက်ပနိုင်သနည်း။ ၎င်းတို့သည် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဟူသော ယောဘ၏ စကားများကို မြွက်ဆိုနိုင်သည့်အချိန်သည် ၎င်းတို့သည် အနည်းငယ် ထွန်းလင်းတောက်ပပြီး အလင်းထဲ၌ အသက်ရှင်သည်ဟု ဆိုနိုင်သည့်အချိန်ဖြစ်သည်။ သင်သည် အခြားသူများကို ထောက်ပံ့ရန်၊ ကူညီရန်နှင့် ဦးဆောင်ရန် သင်ပိုင်ဆိုင်သည့် သမ္မာတရား လက်တွေ့ကျမှုနှင့် သင်နားလည်သည့် သမ္မာတရားကို အသုံးပြုနိုင်သည့်အခါ၊ ထိုသို့ဖြင့် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဆောင်ကြဉ်းနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံစေကာ ကိုးကွယ်စေနိုင်သည့်အခါတွင်မှသာ သင်သည် အနည်းငယ် ထွန်းလင်းတောက်ပနိုင်ပေသည်။
ဘုရားအိမ်တော်က ပျိုးထောင်သည့် အရည်အချင်းရှိသူ အမျိုးမျိုးတို့သည် သဘာဝလွန်သော ပင်ကိုစွမ်းရည်ရှိသူများ မဟုတ်ကြဘဲ သာမန်ဖြစ်သော၊ ဖောက်ပြန်ပျက်စီးသည့် လူများသာ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး ကျိုးနွံနာခံကာ အစွမ်းအစ တစ်ခုခု ပိုင်ဆိုင်သရွေ့ ဘုရားအိမ်တော်က ၎င်းတို့ကို ခြွင်းချက်အနေဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်မည်ဖြစ်သည်။ လူတို့ကို ခြွင်းချက်အနေဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းအကြောင်းကို ငါပြောဆိုသည့်အခါ၊ ဤသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကို ဆိုလိုသည်၊ ဤကာလအတွင်း သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ တတ်နိုင်သမျှ လျင်မြန်စွာ ဝင်ရောက်နိုင်ရန်နှင့် သမ္မာတရား စည်းမျဉ်းများကို တိကျစွာ သဘောပေါက်နားလည်နိုင်ရန်၊ သင်၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် ထမ်းဆောင်ရန်နှင့် လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်ရန်အလို့ငှာ သင့်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံရန်၊ ဘုရားသခင်၏ ပျိုးထောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းကို လက်ခံရန် အခွင့်အရေးပေးခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားအိမ်တော်၌ “အရည်အချင်းရှိသူများ” ဟုဆိုရာ၌ ရည်ညွှန်းသည့်အရာ ဖြစ်သည်။ ထိုသို့သောလူများသည် အနည်းငယ်မျှပင် ကြီးကျယ်ခြင်းလည်းမရှိ၊ အထင်ကြီးစရာလည်းမကောင်းပေ၊ ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းသာဖြစ်ပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကာ မိမိတို့၏ တာဝန်ကို ကျေပွန်စွာ၊ တာဝန်သိစွာ ထမ်းဆောင်နိုင်သည်။ ရိုးသားမှုအနည်းငယ်ရှိကာ အဖိုးအခအနည်းငယ်ကို ပေးဆပ်နိုင်စွမ်းရှိပြီး ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ထင်ရာစိုင်းမပြုမူကြပေ။ ခြွင်းချက်အဖြစ် ဤစံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လူတို့ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်လျက် ၎င်းတို့ကို လေ့ကျင့်ပေးရာ၌ ဘုရားအိမ်တော်အနေဖြင့် ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်သလော။ ယင်းသည် လူတို့အတွက် အကျိုးရှိသလော။ ယင်းသည် လူတို့အတွက် အလွန်တရာ အကျိုးရှိပါသည်။ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသောသူတို့သည် အခြားယုံကြည်သူများနည်းတူ ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ တရားဒေသနာများကို နားထောင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်၊ သို့သော် အခြားယုံကြည်သူများနှင့် နှိုင်းယှဉ်လျှင်မူ ၎င်းတို့သည် ပို၍ လျင်မြန်စွာ ကြီးထွားပြီး ပို၍ ရရှိကြလိမ့်မည်။ သင်တို့သည် ပို၍ ရရှိလိုသလော၊ သို့မဟုတ် အနည်းငယ်သာ ရရှိလိုသလော။ (ပို၍ရရှိလိုပါသည်။) လူအများစုတွင် ဤဆန္ဒရှိကြသည်၊ ယင်းက ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို နှစ်သက်ကြသည်ဟု ဆိုလိုသည်။ တစ်ခါတစ်ရံ ငါသည် အဖွဲ့အချို့နှင့် အသက်ဝင်ရောက်မှုအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ လူအတော်များများက လာရောက်နားထောင်ကြသည်၊ ယင်းက လူအများစုသည် သမ္မာတရားကို တောင့်တသော ဆန္ဒရှိကြပြီး သမ္မာတရားကို ပို၍ နားလည်လိုစိတ်ရှိကြကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့လည်း ဝင်ရောက်လိုစိတ်ရှိကြကြောင်း ပြသသည်။ အစပိုင်းတွင် ငါသည် လူအချို့နှင့် မိတ်သဟာယဖွဲ့ခဲ့ရာ ၎င်းတို့သည် အလွန်ပင် ထုံထိုင်းနေခဲ့ကြသည်။ ငါသည် အချိန်ကြာမြင့်စွာ စကားပြောခဲ့သော်လည်း ၎င်းတို့သည် တုံ့ပြန်ခြင်းမရှိသကဲ့သို့ အပြုံးအရိပ်အယောင် အနည်းငယ်မျှပင် မပြခဲ့ကြပေ။ ငါသည် ၎င်းတို့နှင့် တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာ ထိတွေ့ဆက်ဆံပြီးနောက်တွင် ၎င်းတို့အများစုသည် ၎င်းတို့၏ မျက်နှာအမူအရာများတွင် ပို၍ သဘာဝကျလာပြီး တုံ့ပြန်လာကြကာ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ တုံ့ပြန်မှုများသည် အနည်းငယ် ပို၍ လျင်မြန်လာခဲ့သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် လူသေများအဖြစ်မှ လူရှင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းတို့၏ ဝိညာဉ်များ နိုးထလာခဲ့သည်။ ဤသည်ကို မည်သို့ စွမ်းဆောင်ရရှိခဲ့သနည်း။ အကယ်၍ လူတို့သည် သမ္မာတရားကို နားမလည်ပါက ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို မည်မျှပင် နှစ်သက်ပါစေ၊ သို့မဟုတ် မည်မျှပင် ထက်မြက်ပါစေ၊ ဉာဏ်ကောင်းပါစေ ၎င်းတို့သည် လူသေများသာ ဖြစ်နေဆဲဖြစ်သည်။ အချို့လူများသည် နုံအပြီး ထုံထိုင်းစွာဖြင့် စတင်ကြသည်၊ လောကတွင် မည်သူကမျှ ၎င်းတို့ကို အထင်မကြီးကြဘဲ ၎င်းတို့သည် အလွန် ပညာမတတ်ကြသကဲ့သို့ ၎င်းတို့၏ အမြင်သည်လည်း အလွန်ကျယ်ပြန့်ခြင်းမရှိပေ။ သို့သော် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် သမ္မာတရားများစွာကို နားလည်နိုင်ပြီး အမှုအရာများစွာကို ရှင်းလင်းစွာ မြင်နိုင်ကာ ထို့နောက် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ကြသည်။ ထိုသို့ဖြင့် လူရှင်များ ဖြစ်လာကြသည်။ “လူရှင်များ” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ ရုပ်ခန္ဓာသည် အသက်ရှင်သည် သို့မဟုတ် သေဆုံးသည်ကိုလည်းကောင်း၊ သင်၏ ခန္ဓာကိုယ်သည် လှုပ်ရှားနိုင်သည် သို့မဟုတ် အသက်ရှူနိုင်သည်ကိုလည်းကောင်း ဆိုလိုခြင်းမဟုတ်ဘဲ သင်၏ ဝိညာဉ်သည် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သိမြင်နားလည်ပြီး တုံ့ပြန်မှုရှိမရှိကို ဆိုလိုသည်။ လူရှင်များသည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို တုံ့ပြန်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် ၎င်းတို့၌ သိမြင်စိတ်၊ လမ်းကြောင်းတစ်ခု၊ အစီအစဉ်တစ်ခုနှင့် ပန်းတိုင်တစ်ခု ရှိကြသည်။ လူသေများတွင် ဤသရုပ်သကန်များ မရှိပေ။ သို့ဖြစ်၍ အကယ်၍ ဘုရားအိမ်တော်က တစ်စုံတစ်ဦးကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပါက ဤသူသည် အတော်အတန် ပို၍ ရရှိလိမ့်မည်။ သို့ဆိုလျှင် ဤစံသတ်မှတ်ချက်များနှင့် မကိုက်ညီဘဲ ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် ပျိုးထောင်ခြင်း မခံရသော လူတို့သည် မည်သို့ လုံလောက်စွာ ရရှိနိုင်မည်နည်း။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ လျင်မြန်စွာဝင်ရောက်နိုင်မည်နည်း။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားတတ်ရန်၊ သမ္မာတရားများစွာကို နားလည်မှု ရရှိရန် သင်ယူရမည်ဖြစ်ပြီး လူတို့ကို ပိုင်းခြားသိမြင်ရန်နှင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကိုလည်း အသုံးချနိုင်ရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ပေမည်။
အချို့လူများက “ဘုရားအိမ်တော်သည် အရည်အချင်းရှိသူ အမျိုးမျိုးတို့ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ကာ ၎င်းတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ တတ်နိုင်သမျှ လျင်မြန်စွာ ဝင်ရောက်ခွင့်ပြုသည်ကို ထောက်ရှုလျှင် အရည်အချင်းမရှိသော လူတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်ဟု ဆိုလိုသည် မဟုတ်လော” ဟု ပြောဆိုကြသည်။ ထိုသို့ပြောဆိုခြင်းသည် မှန်ကန်သလော။ (မဟုတ်ပါ၊ မှားယွင်းပါသည်။) သို့ဖြစ်လျှင် ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့ပြီးနောက်၊ ယင်းက အချို့လူတို့ကို စိတ်လှုပ်ရှားစေပြီး အခြားသူတို့ကိုမူ စိတ်ဓာတ်ကျကာ စိတ်ပျက်အားငယ်စေခဲ့သလော။ ဤအရာကို ဤသို့ရှုမြင်သင့်သည်။ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံခဲ့ရသောသူတို့သည် မာနမထောင်လွှားသင့်ပေ။ သင်၌ ဝါကြွားစရာ တစ်စုံတစ်ရာ မရှိ၊ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ဘုရားသခင်က သင့်ကို ပို၍ ပေးသည့်အခါ၊ ကိုယ်တော်သည် သင့်ကိုလည်း သင်ကိုယ်တိုင် ပို၍ ပေးဆပ်ရန် တောင်းဆိုသည်။ အကယ်၍ ဘုရားအိမ်တော်က သင့်ကို ခြွင်းချက်အနေဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပါက၊ ယင်းမှာ သင်သည် ပိုမြင့်သော အဖိုးအခကို ပေးဆပ်ရန် လိုအပ်သည်ဟု ဆိုလိုသည်။ အကယ်၍ သင်သည် ဤအခက်အခဲကို ခံနိုင်လျှင် သင်သည် ပို၍ ရရှိမည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ သင်က “ကျွန်ုပ်သည် ဤအခက်အခဲကို မခံလိုပါ” ဟု ဆိုလျှင် သင်သည် သမ္မာတရားကို ရရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုလည်း ရရှိမည်မဟုတ်ပေ။ အချို့လူများက “ကျွန်ုပ်သည် ထိုအရာများကို ရရှိလိုသော်လည်း မရနိုင်ဟု ထင်ပါသည်၊ အကြောင်းမှာ ဘုရားအိမ်တော်က ကျွန်ုပ်ကို ခြွင်းချက်အနေဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် စံသတ်မှတ်ချက်များနှင့် မကိုက်ညီပါ” ဟု ပြောဆိုကြသည်။ သင်သည် စံသတ်မှတ်ချက်များနှင့် မကိုက်ညီလျှင် အရေးမကြီးပေ။ သင်သည် သမ္မာတရားကို လိုက်စားပြီး ယင်းဆီသို့ ကြိုးစားအားထုတ်နေသရွေ့ ဘုရားသခင်သည် သင့်ကို မတရားဆက်ဆံမည် မဟုတ်ပေ။ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသည့် ဤလူတို့သည် ၎င်းတို့၏ အစွမ်းအစကြောင့်နှင့် ၎င်းတို့၏ အမျိုးမျိုးသော အခြေအနေများကြောင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ စော၍ ဝင်ရောက်နိုင်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဤသို့ စောစီးစွာ ဝင်ရောက်ခြင်းသည် ၎င်းတို့သာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သောသူများဖြစ်သည်ဟု မဆိုလိုပေ။ ယင်းမှာ ၎င်းတို့သည် စော၍ အနည်းငယ် ပိုရနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ အနည်းငယ် စော၍ ဝင်ရောက်နိုင်ခြင်းကိုသာ ဆိုလိုသည်။ ရာထူးတိုးမြှင့်ခြင်း မခံရသောသူတို့သည် ၎င်းတို့၏ နောက်တွင် အနည်းငယ် ကျန်ရစ်လိမ့်မည်၊ သို့သော် ဤသည်မှာ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်ဟု မဆိုလိုပေ။ တစ်စုံတစ်ဦးသည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိသည် ၎င်းတို့၏ လိုက်စားမှုများအပေါ်တွင် မူတည်သည်။ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသည့် ဤလူတို့သည် ပျိုးထောင်ခြင်း ဖြစ်စဉ်အတွင်း သမ္မာတရား စည်းမျဉ်းများကို ပို၍ လျင်မြန်စွာ သဘောပေါက်နားလည်နိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ပို၍ လျင်မြန်စွာ ဝင်ရောက်နိုင်ရာ၊ ယင်းက ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးပြုသည်။ ထို့ကြောင့် ကောင်းမွန်သော အစွမ်းအစရှိပြီး သမ္မာတရားကို နှစ်သက်သည်ဟု တွေ့ရှိရသော လူတို့ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းသည် မှန်ကန်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤလူတို့ကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းတို့အပေါ် မနာလိုဝန်တိုခြင်း သို့မဟုတ် ၎င်းတို့ကို နှိမ့်ချခြင်းမရှိဘဲ ရာထူးတိုးမြှင့်ကာ ပျိုးထောင်နိုင်လျှင်၊ ထိုအစား ၎င်းတို့ကို ဂရုစိုက်မှုပေးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် အကယ်၍ အချို့လူတို့သည် မနာလိုဝန်တိုပြီး ဤလူတို့သည် ၎င်းတို့ထက် ပိုကောင်းကာ ၎င်းတို့ကို ကျော်လွန်သွားမည်ကို စိုးရိမ်သဖြင့် ၎င်းတို့ကို ဖယ်ကြဉ်ပြီး နှိမ့်ချပါက၊ ဤသည်မှာ ရှင်းလင်းသော ဒုစရိုက်အမှုတစ်ခုဖြစ်ပြီး အန္တိခရစ်များ မကြာခဏ လုပ်ဆောင်လေ့ရှိသည့်အရာ ဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသာလျှင် ညီအစ်ကိုမောင်နှမများကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နိုင်ကြသည်။
ဘုရားအိမ်တော်က လူတို့ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းနှင့်ပတ်သက်၍ ရှိသင့်သော နားလည်မှုနှင့် သဘောထား
ငါတို့ ယခု မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ ဘုရားအိမ်တော်က အရည်အချင်းရှိသူ အမျိုးမျိုးတို့ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်များ ဖြစ်ကြသည်။ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ရန် ရွေးချယ်ခံရသောသူတို့ လုပ်ဆောင်သည့် အလုပ်အမျိုးအစားသည် နည်းပညာဆိုင်ရာ အလုပ်ဖြစ်စေ၊ သာမန်အလုပ်ဖြစ်စေ၊ သို့မဟုတ် အသင်းတော်၏ အထွေထွေကိစ္စရပ်များဖြစ်စေ မည်သို့ပင်ဖြစ်ပါစေ၊ အတိုချုပ်အားဖြင့်၊ ယင်းတို့အားလုံးသည် ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေရန်အလို့ငှာ ဖြစ်သည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ ၎င်းတို့၏ တာဝန်ကို တတ်နိုင်သမျှ လျင်မြန်စွာ စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် ထမ်းဆောင်နိုင်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူတို့ထံမှ လိုအပ်သည့်အရာဖြစ်ပြီး၊ ယင်းသည် အသင်းတော်အလုပ်အတွက်လည်း လိုအပ်သည့်အရာ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားအိမ်တော်က အရည်အချင်းရှိသူ အမျိုးမျိုးတို့ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်း၏ အရေးပါမှုကို သင်တို့ ယခု နားလည်ပြီလော။ နားလည်မှုလွဲမှားခြင်းများ ရှိနေသေးသလော။ (မရှိပါ)။ အချို့လူများက “ယခု ဤသူသည် ခေါင်းဆောင်တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပြီး အဆင့်အတန်းရှိလာသောကြောင့် သူသည် သာမန်လူတစ်ဦး မဟုတ်တော့ပေ” ဟု ပြောဆိုကြသည်။ ဤသို့ပြောဆိုခြင်းသည် မှန်သလော၊ မှားသလော။ (မှားယွင်းပါသည်။) အခြားသူများက “ခေါင်းဆောင်ဖြစ်လာသောသူတို့သည် အဆင့်အတန်းရှိကြသည်၊ သို့သော် ထိပ်ဆုံးတွင် တစ်ယောက်တည်း အထီးကျန်လှသည်။ သင် မြင့်မားစွာ တက်လှမ်းလေ၊ ပြုတ်ကျသည့်အခါ ပို၍ ပြင်းထန်လေ ဖြစ်သည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤသို့ပြောဆိုခြင်းသည် မှန်သလော၊ မှားသလော။ ရှင်းလင်းစွာပင် မှားယွင်းပါသည်။ “သင် မြင့်မားစွာ တက်လှမ်းလေ၊ ပြုတ်ကျသည့်အခါ ပို၍ ပြင်းထန်လေ ဖြစ်သည်” ဟူသော ဆိုစကားသည် မည်သည့်လူများကို ရည်ညွှန်းသနည်း။ ယင်းသည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိသော လူတို့ကို ရည်ညွှန်းသည်၊ ယင်းသည် အန္တိခရစ်များကို ရည်ညွှန်းသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ခေါင်းဆောင်များ ဖြစ်လာသည့်အခါ၊ ယင်းသည် မြင့်မားစွာ တက်လှမ်းခြင်းမဟုတ်ပေ။ ယင်းသည် ဘုရားသခင်က ၎င်းတို့ကို ခြွင်းချက်အနေဖြင့် ချီးမြှောက်ခြင်းဖြစ်ပြီး၊ ဤဝန်ကို ၎င်းတို့အပေါ် တင်ထားကာ ၎င်းတို့ကို ခေါင်းဆောင်ပိုင်းအလုပ်ကို လုပ်ဆောင်ခွင့်ပြုသည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ “သင် မြင့်မားစွာ တက်လှမ်းလေ၊ ပြုတ်ကျသည့်အခါ ပို၍ ပြင်းထန်လေ ဖြစ်သည်” ဟူသည်မှာ ဘာသာတရားမရှိသူတို့က ကောက်ချက်ချထားသည့်အရာဖြစ်ပြီး အစိုးရအရာရှိဘဝကို ဘာသာတရားမရှိသူတို့က လိုက်စားခြင်း၏ အကျိုးဆက်များကို ဖော်ပြသည်။ ထိုမယုံကြည်သူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ ဤဆိုစကားကို အပြုသဘောဆောင်သော လူတို့အပေါ် အသုံးပြုကြရာ၊ ယင်းမှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ အခြားသူများက “သူသည် ကျေးလက်ဒေသတွင် မွေးဖွားခဲ့ပြီး၊ ယခု သူသည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။အောက်ခြေမှ အထက်သို့တက်လှမ်းလာသူ ဖြစ်သည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤသို့ပြောဆိုခြင်းသည် မှန်သလော၊ မှားသလော။ ဤသည်တို့မှာ ဘာသာတရားမရှိသူများ၏ နတ်ဆိုးဆန်သော စကားများဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့အပေါ် အသုံးမပြုနိုင်ပေ။ ဘုရားအိမ်တော်၌ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားသောသူများ၊ ရိုးသားသောသူများ၊ ကြင်နာသောစိတ်နှလုံးရှိသူများနှင့် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်သောသူများကို ကောင်းချီးပေးသည်။ ဤလူတို့သည် သမ္မာတရားကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှုအချို့ကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များဖြစ်သောသူတို့ကို အစားထိုးရန်အတွက် ပျိုးထောင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအတွက် ရာထူးတိုးမြှင့်ခြင်းကို အနှေးနှင့်အမြန် ခံကြရလိမ့်မည်။ ဘုရားအိမ်တော်၌ စမ်းသပ်မှုများနှင့် စစ်ကြောမှုများစွာကို ခံရပ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို တစ်သမတ်တည်း ကာကွယ်ခဲ့သော အပြုသဘောဆောင်သည့် လူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရသောသူများဖြစ်ကြပြီး ဘာသာတရားမရှိသူများ၏ နတ်ဆိုးဆန်သော စကားများကို ဤလူတို့ကို ဖော်ပြရန် အသုံးပြုခြင်းသည် မသင့်လျော်ပေ။ ထို့ကြောင့် ဘုရားအိမ်တော်ရှိ ကိစ္စရပ်များကို ဖော်ပြရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြရန် ဘာသာတရားမရှိသူများ၏ နတ်ဆိုးဆန်သော စကားများကို အမြဲအသုံးပြုသောသူတို့သည် သမ္မာတရားကို နားမလည်သောသူများနှင့် အမှုအရာများအပေါ် ယုတ္တိမတန်သော အမြင်များရှိသောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အမှုအရာများအပေါ် အမြင်များသည် လုံးဝမပြောင်းလဲသေဲပေ။ ပြီးလျှင် ဘာသာတရားမရှိသူများ၏ အမြင်များသာ ဖြစ်နေဆဲဖြစ်ကာ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီးဖြစ်သည့်တိုင် မည်သည့်သမ္မာတရားကိုမျှ လုံးဝမရရှိသေးဘဲ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အမှုအရာများကို ရှုမြင်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဤသို့ဆိုလျှင် ဤလူတို့သည် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများ ဖြစ်ကြသည်။ တစ်စုံတစ်ဦးသည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အစေခံဖို့ ရာထူးတိုးခြင်းခံရသည့်အခါ၊ သို့မဟုတ် ၎င်းသည် နည်းပညာဆိုင်ရာ အလုပ်တစ်မျိုးမျိုး၏ ကြီးကြပ်ရေးမှူးဖြစ်လာရန် ပျိုးထောင်ခြင်းခံရသည့်အခါ၊ ဤသည်မှာ ဘုရားအိမ်တော်က သူ့ကို ဝန်ထုပ်တစ်ခု ပေးအပ်ခြင်းထက် မပိုပေ။ ယင်းသည် စေခိုင်းချက်တာဝန်တစ်ခု၊ ဝတ္တရားတစ်ခုဖြစ်ပြီး အထူးတာဝန်တစ်ခု၊ အထူးအခွင့်အရေးတစ်ခုလည်းဖြစ်သည်မှာ မှန်ပေသည်။ ယင်းသည် ထူးခြားသော ချီးမြှောက်ခြင်းဖြစ်ပြီး သူနှင့်ပတ်သက်၍ ချီးမွမ်းဖို့ထိုက်တန်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ တစ်စုံတစ်ယောက်သည် ဘုရားအိမ်တော်၏ ရာထူးတိုးခြင်းခံရပြီး ပျိုးထောင်ခြင်းခံရသောအခါ ထိုသူသည် အထူးဆက်ဆံရေးနှင့် ထောက်ခံမှုကို ခံစားရနိုင်ရန်အလို့ငှာ ဘုရားသခင်၏ အိမ်တော်တွင် အထူးရာထူး၊ သို့မဟုတ် အဆင့်အတန်းရှိသည်ဟု မဆိုလိုပေ။ ထိုအစား ၎င်းတို့သည် ဘုရားအိမ်တော်၏ မြှင့်တင်ခြင်းကို ထူးကဲစွာ ခံရပြီးနောက်တွင် ၎င်းတို့သည် ဘုရားအိမ်တော်မှ လေ့ကျင့်ပေးခြင်းကို လက်ခံရရှိရန်၊ မည်မည်ရရရှိသော အသင်းတော်အလုပ်တစ်ခုခုအား လက်တွေ့လုပ်ဆောင်ရန် အကောင်းဆုံးအခြေအနေများပေးခြင်း ခံရသည်။ ပြီးလျှင် တစ်ချိန်တည်းတွင်ပင် ဘုရားအိမ်တော်သည် ဤသူအတွက် ပို၍မြင့်မားစွာ သတ်မှတ်ထားသည့် စံနှုန်းရှိလိမ့်မည်။ ဤသည်မှာ သူ၏ အသက်ဝင်ရောက်မှုအတွက် အလွန်အကျိုးရှိသည်။ လူတစ်ယောက်သည် ဘုရားသခင်၏ အိမ်တော်တွင် ရာထူးတိုးပြီး ပျိုးထောင်ခြင်းခံရသောအခါ ထိုသူသည် တင်းကျပ်သော သတ်မှတ်ချက်များအောက်တွင် အထားခံရမည်ဖြစ်ပြီး တင်းကျပ်စွာ ကြီးကြပ်ခံရမည်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်၏ အိမ်တော်သည် ၎င်းတို့လုပ်ဆောင်သည့်အလုပ်ကို တင်းကျပ်စွာ စစ်ဆေးပြီး ကြီးကြပ်လိမ့်မည်။ ပြီးလျှင် ရှေ့သို့ တွန်းပို့လိမ့်မည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို နားလည်အောင်ပြုလုပ်ပြီး အရေးစိုက်လိမ့်မည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးပေးပြီး ပျိုးထောင်ပေးခြင်းခံရသောသူတို့သည် အထူးဆက်ဆံရေး၊ အထူးအဆင့်အတန်းနှင့် အထူးရာထူးကို ခံစားရသလော။ လုံးဝ မခံစားရပေ။ အထူးအဆင့်အတန်း တစ်ခုတစ်လေကိုမျှ ပို၍ပင် မခံစားရပေ။ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသောလူတို့အတွက် ၎င်းတို့၏ တာဝန်ကို အတော်အတန် ထိရောက်စွာ ထမ်းဆောင်ခြင်း ရလဒ်အနေဖြင့် ၎င်းတို့သည် အရင်းအနှီးရှိသည်ဟု ခံစားရသောကြောင့် ရပ်တန့်ကာ သမ္မာတရားကို လိုက်စားခြင်းအား ရပ်လျှင် စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ၎င်းတို့ ကြုံတွေ့ရသောအခါ ၎င်းတို့အန္တရာယ်ရှိလိမ့်မည်။ လူတို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်နုနယ်လျှင် ၎င်းတို့သည် ခိုင်မာစွာ ရပ်တည်နိုင်စွမ်း မရှိဖို့ ဖြစ်နိုင်ပေမည်။ အချို့ကပြောသည်။ “လူတစ်ယောက်က ခေါင်းဆောင်အဖြစ် ရာထူးတိုးခံရပြီး ပျိုးထောင်ခံရလျှင် ထိုသူတွင် အဆင့်အတန်းရှိသည်။ ထိုသူသည် သားဦးများထဲမှ တစ်ယောက်မဟုတ်လျှင်ပင် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ လူများထဲမှ တစ်ယောက်ဖြစ်လာရန် မျှော်လင့်ချက်ရှိသည်။ ငါသည် မည်သည့်အခါမျှ ရာထူးတိုးခြင်း၊ သို့မဟုတ် ပျိုးထောင်ခံရခြင်းမရှိဖူးပေ။ ထို့ကြောင့် ငါသည် ဘုရားသခင်၏ လူများထဲမှ တစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ချက်မရှိသလော။” ဤသို့စဉ်းစားသည်မှာ မှားယွင်းသည်။ ဘုရားသခင်၏ လူများထဲမှ တစ်ယောက်ဖြစ်လာရန် သင်သည် ဘဝအတွေ့အကြုံရှိရမည်။ ဘုရားသခင်ကို ကျိုးနွံနာခံသူတစ်ဦး ဖြစ်ရမည်။ သင်သည် ခေါင်းဆောင်ဖြစ်စေ၊ အမှုဆောင်ဖြစ်စေ၊ သာမန်နောက်လိုက်တစ်ယောက်ဖြစ်စေ၊ သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သူမည်သူမဆိုသည် ဘုရားသခင်၏ လူများထဲမှ တစ်ယောက်ဖြစ်သည်။ သင်က ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်လျှင်ပင်၊ သမ္မာတရားစစ်မှန်မှုများ ကင်းမဲ့လျှင် သင်သည် အလုပ်လုပ်ပေးသူတစ်ယောက်ဖြစ်ဆဲဖြစ်သည်။ အမှန်တကယ်တွင်၊ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသောသူများနှင့်ပတ်သက်ပြီး ထူးခြားသောအရာ မည်သည့်အရာမျှ မရှိပေ။ အခြားလူများနှင့် ကွာခြားသော တစ်ခုတည်းသောအရာမှာ ၎င်းတို့တွင် ပို၍ကောင်းသော ပတ်ဝန်းကျင်၊ ပို၍ ကောင်းသော အခွင့်အလမ်းများနှင့် သမ္မာတရားစည်းမျဉ်းများပါဝင်သော တိကျသော အလုပ်ကို လုပ်ဆောင်ရန် ပိုကောင်းသောအခြေအနေများရှိခြင်းဖြစ်သည်။ သင်လုပ်ဆောင်သည့် အလုပ်အများစုသည် သီးခြားအတတ်ပညာတစ်ခုနှင့် သက်ဆိုင်လျှင်ပင်၊ ယင်းကို စည်းကမ်းတကျဖြစ်စေရန်နှင့် စစ်ဆေးရန် သမ္မာတရား စည်းမျဉ်းများ မရှိပါက၊ သင်ထမ်းဆောင်သည့် တာဝန်သည် စည်းမျဉ်းများနှင့် ကိုက်ညီမည်မဟုတ်ဘဲ သင်သည် အလုပ်လုပ်ပေးခြင်းသာဖြစ်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင်ဧကန်မုချ ရရှိမည်မဟုတ်ပေ။ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသည့် အရည်အချင်းရှိသူ အမျိုးမျိုးတို့အတွက် ဘုရားအိမ်တော်၏ လိုအပ်ချက်များမှာ အဘယ်နည်း။ ဘုရားအိမ်တော်၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းကို ခံရရန်အတွက် အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများ၊ သမ္မာတရားကို လက်ခံနိုင်သူများ၊ မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်သူများနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်သူများ ဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ပြုပြင်ခြင်းကို ခံရသည့်အခါ လက်ခံပြီး ကျိုးနွံနာခံနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဘုရားအိမ်တော်၏ ပျိုးထောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းကို ခံရသောလူတို့ ရရှိရမည့်အကျိုးသက်ရောက်မှုမှာ ၎င်းတို့သည် အရာရှိများ သို့မဟုတ် သူဌေးများ ဖြစ်လာနိုင်ခြင်း၊ သို့မဟုတ် ဦးဆောင်သည့်နေရာတွင်ရှိနိုင်ခြင်း မဟုတ်ပေ၊ ၎င်းတို့သည် လူတို့၏ တွေးခေါ်ပုံကို အကြံပေးနိုင်ခြင်းလည်း မဟုတ်ပေ၊ ၎င်းတို့တွင် ပိုကောင်းသော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ သို့မဟုတ် ပိုမြင့်သော ပညာရေးအဆင့်အတန်း၊ သို့မဟုတ် ပိုကြီးမားသော ကျော်ကြားမှုရှိခြင်း၊ သို့မဟုတ် ၎င်းတို့ကို ၎င်းတို့၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ အောင်မြင်မှုများအတွက် လောကတွင် ကျော်ကြားသောသူတို့နှင့် တစ်တန်းတည်းထား၍ ပြောဆိုနိုင်ခြင်းဆိုလျှင်မူ ပို၍ပင် မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအစား ရရှိရမည့်အကျိုးသက်ရောက်မှုမှာ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများ ဖြစ်လာခြင်းဖြစ်သည်။ ၎င်းတို့ လေ့ကျင့်နေစဉ်တွင် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ကာ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အတိအကျ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်နောက်သို့ မည်သို့လိုက်ရမည်ကိုလည်းကောင်း ပို၍ သိလာနိုင်ကြသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတို့အတွက် စုံလင်ခြင်းကို ရရှိရန် အလွန်တရာ အကျိုးရှိသည်။ ဤသည်မှာ ဘုရားအိမ်တော်က အရည်အချင်းရှိသူ အမျိုးမျိုးတို့ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ရာ၌ ရရှိရန် ဆန္ဒရှိသည့် အကျိုးသက်ရောက်မှုနှင့် စံနှုန်းဖြစ်ပြီး ရာထူးတိုးမြှင့်ခြင်းနှင့် အသုံးပြုခြင်းခံရသောသူတို့ ရရှိသည့် အကြီးမားဆုံးသော အကျိုးကျေးဇူးလည်း ဖြစ်သည်။
လူအချို့သည် ၎င်းတို့တာဝန်ကို အတော်အတန် တာဝန်သိတတ်စွာ ထမ်းဆောင်ပြီး ဘုရားသခင်ရွေးချယ်ထားသောသူများက လက်ခံကြသည်။ ထို့ကြောင့် ၎င်းတို့ကို အသင်းတော်က ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်ရန် ပျိုးထောင်ပေးသည်။ ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီးနောက်တွင် လူအများထဲတွင် ၎င်းတို့က ထင်ပေါ်သည်ဟု စတင် ခံစားရပြီး “ဘုရားအိမ်တော်က ဘာလို့ ငါ့ကို ရွေးချယ်တာလဲ။ ငါက မင်းတို့အားလုံးထက် ပိုတော်လို့မဟုတ်ဘူးလား” ဟူ၍ တွေးသည်။ ဤသည်မှာ ကလေးတစ်ယောက်က ပြောသည့်အရာနှင့် မတူသလော။ ဤသည်မှာ မရင့်ကျက်ပေ။ အဓိပ္ပာယ်မရှိပေ။ နုံအသည်။ စင်စစ်အားဖြင့် သင်သည် အခြားလူများထက် စိုးစဉ်းမျှပင် မတော်ပေ။ ဤသည်မှာ သင်က ဘုရားအိမ်တော်က ပျိုးထောင်ပေးခြင်းကို ခံရဖို့ စံသတ်မှတ်ချက်များကို သင်ပြည့်မီခြင်းသာ ဖြစ်သည်။ ဤတာဝန်ကို သင်ထမ်းရွက်နိုင်ခြင်းရှိမရှိ၊ ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း၊ သို့မဟုတ် ဤအပ်နှံမှုကို ပြီးမြောက်စေနိုင်ခြင်းရှိမရှိက အခြားကိစ္စတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးကောက်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ရာထူးနေရာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အသေအချာပင် ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤမည်သည့်အရာကိုမျှ ၎င်းတို့မရရှိထားပေ။ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် ရိုးရှင်းသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ ကြိုတင်သတ်မှတ်ခြင်း၊ အသိအမှတ်ပြုခြင်းတို့ကို ခံနေရခြင်းနှင့် မညီမျှချေ။ ထိုသူ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ပြီးလျှင် ဤပျိုးထောင်ခြင်း၏ အဆုံးသတ်ရလဒ်က ဤလူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနှင့် ၎င်းသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် စံနှုန်းပြည့်ပြီး ကျွမ်းကျင်မှုရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ဦးဆောင်မှု အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤသည်မှာ မမှန်ကန်ပေ။ လူအများစုသည် ဤအရာများကို ရိပ်စားမိနိုင်ခြင်း မရှိကြဘဲ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများအရ ရာထူးတိုးခံရပြီးသည့်သူများကို အထင်ကြီးကြသည်။ ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်ပါစေ ရာထူးတိုးခြင်း ခံရသည့်သူများသည် သမ္မာတရားစစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်သလော။ ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ပေမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သလော။ အကောင်အထည် ဖော်နိုင်ချင်မှ ဖော်နိုင်ပေမည်။ ၎င်းတို့၌ တာဝန်ယူစိတ်တစ်ခု ပိုင်ဆိုင်သလော။ ၎င်းတို့သည် သစ္စာစောင့်သိသလော။ ၎င်းတို့သည် ကျိုးနွံနာခံနိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။ ဤလူများ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ၎င်းတို့၏ ဘုရားသခင်အပေါ် ကြောက်ရွံ့သော စိတ်နှလုံးမှာ မည်မျှကြီးမားသနည်း။ အမှုအရာများကို ဆောင်ရွက်သည့်အခါတွင် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကို လိုက်ခြင်းကို ၎င်းတို့ ရှောင်ကြဉ်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေနိုင်သလော။ ဦးဆောင်မှု အလုပ်ကို ၎င်းတို့ ထမ်းဆောင်သည့်အချိန်ကာလတွင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရောက်နိုင်သလော။ ၎င်းတို့သည် လူတို့အား သမ္မာတရား စစ်မှန်မှုထဲသို့ ဦးဆောင်လမ်းပြနိုင်သလော။ ၎င်းတို့သည် ဤအရာများကို သေချာပေါက်ပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် လေ့ကျင့်ပေးခြင်းမခံထားရသေးဘဲ အတွေ့အကြုံ အလုံအလောက် မရှိသောကြောင့် ဤအရာများကို မစွမ်းဆောင်နိုင်ပေ။ ဤအတွက်ကြောင့် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်သကဲ့သို့ ထိုသူသည် စံနှုန်းပြည့်ဖြစ်သောနည်းလမ်းဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း ရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ချေ။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ ယင်းမှာ ဤလူတစ်ဦးသည် လက်တွေ့လုပ်ဆောင်ရန်နှင့် အထူးရေလောင်းခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ ခံရရန် သီးခြားလူတစ်ဦးအဖြစ် ရာထူးတိုးခံရခြင်းဖြစ်သည်။ ထိုသို့ဖြင့် သမ္မာတရား စည်းမျဉ်းများကိုလည်းကောင်း၊ မတူကွဲပြားသောအရာများကို လုပ်ဆောင်ခြင်းနှင့် မျိုးစုံသော ပြဿနာများကို ဖြေရှင်းခြင်းတို့တွင် စည်းမျဉ်းများ၊ နည်းလမ်းများနှင့် နည်းစနစ်များကိုလည်းကောင်း ၎င်းကြုံတွေ့ရသည့် အမျိုးအစားမျိုးစုံသော ပတ်ဝန်းကျင်များနှင့် လူများကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့်ပုံစံဖြင့် ကိုင်တွယ်ပုံနှင့် ဖြေရှင်းပုံတို့ကိုလည်းကောင်း နားလည်ရန် ၎င်းကို ထောက်ကူပေးသည်။ ဤအချက်များအရ အကဲဖြတ်ရလျှင် ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးထားသော ပါရမီရှိသော လူများသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူ၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသည်ဟု ညွှန်းဆိုသလော။ မညွှန်းဆိုပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် ထုတ်ပယ်ခြင်းကိုပင် တွေ့ကြုံရမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ဤသည်မှာ လေ့ကျင့်ပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းဖြစ်သည်။ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသောသူတို့အပေါ် လူတို့သည် ကြီးမားသော မျှော်လင့်ချက်များ၊ သို့မဟုတ် လက်တွေ့မကျသော တောင်းဆိုမှုများ မထားရှိရပေ။ ဤသည်မှာ ကျိုးကြောင်းသင့်လျော်မှု ရှိမည်မဟုတ်၊ ၎င်းတို့အပေါ် မတရားရာလည်း ကျပေမည်။ သင်တို့သည် ၎င်းတို့၏ အလုပ်ကို ကြီးကြပ်နိုင်သည်။ ၎င်းတို့၏ အလုပ်လမ်းကြောင်းတွင် အခြေခံသဘောတရားများကို ချိုးဖောက်သည့် ပြဿနာများ၊ သို့မဟုတ် အမှုကိစ္စများကို သင် ရှာဖွေတွေ့ရှိလျှင် ဤကိစ္စများကို ဖြေရှင်းရန်အတွက် ပြဿနာကို ထုတ်ဖော်ပြောဆိုပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ သင်မလုပ်သင့်သည့်အရာမှာ ၎င်းတို့ကို အကဲဖြတ်ခြင်း၊ ရှုတ်ချခြင်း၊ တိုက်ခိုက်ခြင်း၊ သို့မဟုတ် ကြဉ်ခြင်းတို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပျိုးထောင်ခြင်းကာလတွင်သာ ရှိနေသောသူများ ဖြစ်နေ၍ ၎င်းတို့ကို စုံလင်ဖြောင့်မတ်သောလူများအဖြစ်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများအဖြစ် ရှုမြင်ရန် မဆိုထားနှင့်၊ စုံလင်အောင် ပြုခြင်းခံရပြီးဖြစ်သောသူများအနေဖြင့်ပင် မရှုမြင်သင့်ပေ။ ၎င်းတို့သည် သင်တို့ကဲ့သို့ပင် လေ့ကျင့်ပေးခြင်း ကာလတစ်ခုတွင် ရှိနေခြင်းသာ ဖြစ်သည်။ ခြားနားချက်မှာ ၎င်းတို့သည် သာမန်လူတို့ထက်ပိုသော အလုပ်နှင့် တာဝန်ဝတ္တရားများကို တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်သည်။ ပိုမိုများပြားသောအလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့တွင် တာဝန်ဝတ္တရားရှိသည်။ ၎င်းတို့သည် ပို၍ကြီးမားသော အဖိုးအခတစ်ခု ပေးရမည်၊ ပိုကြီးမားသော ဆင်းရဲဒုက္ခကို ခံစားရမည်၊ ပို၍များပြားသော စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုကို အသုံးပြုရမည်၊ ပို၍များသော ပြဿနာများကို ဖြေရှင်းရမည်၊ လူများထံမှ ပို၍ ဝေဖန်ပြစ်တင်ခြင်းများကို သည်းခံရမည်ဖြစ်သည်၊ ပြီးလျှင် ပို၍ကြီးမားသော အားထုတ်မှုကိုလည်း ပြုရမည်မှာ ပြောစရာမလိုချေ၊ ထို့ပြင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော သာမန်လူများနှင့် ယှဉ်လိုက်လျှင် ၎င်းတို့သည် ပို၍ နည်းပါးစွာ အိပ်စက်ရမည်၊ ကောင်းမွန်သော အရာများကို ပို၍ နည်းပါးစွာ ပျော်မွေ့ခံစားရမည်ဖြစ်ကာ အတင်းအဖျင်းပြောခြင်းများစွာတွင် ပါဝင်ပတ်သက်၍ မရ။ ဤသည်မှာ ၎င်းတို့နှင့် ပတ်သက်ပြီး ထူးခြားသည့်အရာဖြစ်သည်။ ဤအရာမှလွဲ၍ ၎င်းတို့သည် အခြားလူတိုင်းနှင့် တူညီသည်။ ဤသို့ ငါပြောဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် ရာထူးတိုးပြီး ပျိုးထောင်ခြင်းခံရသော အမျိုးမျိုးသော ပါရမီရှိသောလူများကို မှန်ကန်စွာ ချဉ်းကပ်ရမည်ဖြစ်ကြောင်း၊ ဤသူတို့အပေါ်တွင် ဤတောင်းဆိုမှုများ၌ မပြင်းထန်ရမည်ဖြစ်ကြောင်း၊ ပြီးလျှင် ပြောစရာမလိုသည်မှာ ထိုသူတို့အပေါ် မိမိတို့၏ ထင်မြင်ချက်သည် လက်တွေ့မကျခြင်းလည်း မဖြစ်ရကြောင်း လူတိုင်းကို အသိပေးရန်ဖြစ်သည်။ ထိုသူတို့ကို အလွန်အကျွံ အားကျခြင်း သို့မဟုတ် အထင်ကြီးခြင်းသည် မိုက်မဲသည်။ ထိုလူတို့အပေါ် အလွန်အကျွံ ပြင်းထန်သော တောင်းဆိုမှုများ ထားခြင်းသည် လူမဆန်သကဲ့သို့ လက်တွေ့လည်းမကျပေ။ ဤသို့ဆိုလျှင် ထိုသူတို့အပေါ် အကျိုးအကြောင်း အသင့်လျော်ဆုံး ဆက်ဆံနည်းမှာ အဘယ်နည်း။ ထိုသူတို့ကို သာမန်လူများအဖြစ် မှတ်ယူရန်ဖြစ်ပြီး ပြဿနာတစ်ခုနှင့်ပတ်သက်၍ လူတစ်ဦးကို ရှာဖွေရန် လိုအပ်သည့်အခါတွင် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး တစ်ယောက်၏ အားသာချက်ထံမှ တစ်ယောက်သင်ယူရန်၊ အချင်းချင်း အားဖြည့်ပေးရန်ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်များ၊ အမှုဆောင်များသည် တကယ့်အလုပ်ကို လုပ်ဆောင်ခြင်းရှိမရှိ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်းရှိမရှိကို ကြီးကြပ်ရန်မှာ လူတိုင်း၏ တာဝန်ဖြစ်သည်။ ဤအရာတို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က စံနှုန်းပြည့်ခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရန် စံနှုန်းများ၊ စည်းမျဉ်းများဖြစ်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ အထွေထွေပြဿနာများကို ဖြေရှင်းခြင်းကို စွမ်းဆောင်နိုင်လျှင် ၎င်းတို့သည် အရည်အချင်းရှိသည်။ သို့သော် သာမန်ပြဿနာများကိုပင် ကိုင်တွယ်ပြီး မဖြေရှင်းနိုင်လျှင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်ဖို့ မသင့်တော်သကဲ့သို့ ၎င်း၏ ရာထူးမှ အလျင်အမြန် ဖယ်ရှားရမည်ဖြစ်သည်။ အခြားလူတစ်ယောက်ကို ရွေးချယ်ရမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို မနှောင့်နှေးစေရ။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်နှေးစေခြင်းသည် မိမိကိုယ်ကိုနှင့် သူတစ်ပါးတို့ကို ထိခိုက်စေခြင်းဖြစ်သည်။ မည်သူ့အတွက်မျှ မကောင်းပေ။
လူအချို့သည် အသင်းတော်က မြှင့်တင်ပေးပြီး ပျိုးထောင်ပေခြင်း ခံရကာ လေ့ကျင့်ဖို့ ကောင်းမွန်သည့် အခွင့်အရေးကို လက်ခံရရှိကြသည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ကို ခံခဲ့ရသည်ဟု ပြောနိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို မည်သို့ ထမ်းဆောင်သင့်သနည်း။ ၎င်းတို့ လိုက်နာသင့်သည့် ပထမဆုံး အခြေခံသဘောတရားသည် သမ္မာတရားကို နားလည်ဖို့ဖြစ်သည်၊ ၎င်းတို့က သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မိမိတို့ဘာသာ ရှာဖွေပြီးသည့်နောက်တွင် ၎င်းတို့ နားမလည်သေးပါက အတူတကွ မိတ်သဟာယပြုကာ ရှာဖွေဖို့ သမ္မာတရား နားလည်သူတစ်ဦးကို ၎င်းတို့ ရှာဖွေနိုင်သည်။ ယင်းက ပြဿနာဖြေရှင်းခြင်းကို ပို၍ မြန်ဆန်စေပြီး ပို၍ အချိန်ကိုက်ဖြစ်စေလိမ့်မည်။ သင်သည် သမ္မာတရားကို သိနားလည်မှု ရရှိရန်နှင့် ပြဿနာကို ဖြေရှင်းရန်အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင့်ဘာသာ ဖတ်ရှုခြင်း၌ အချိန်ပိုသုံးဖို့ကိုလည်းကောင်း၊ ဤနှုတ်ကပတ်တော်များကို စဉ်းစားချင့်ချိန်ခြင်းဖြင့် အချိန်ပိုသုံးဖို့ကိုလည်းကောင်း အာရုံစိုက်ပါက၊ ဤသည်မှာ အလွန် နှေးကွေးသည်။ “ဖြည်းဖြည်းချင်း ကုစားမှုသည် အရေးပေါ်လိုအပ်ချက်များကို မဖြေရှင်းနိုင်” ဟူသည့် ဆိုရိုးရှိသည့်အတိုင်းပင် ဖြစ်သည်။ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မြန်မြန်ဆန်ဆန် တိုးတက်လိုပါက၊ အခြားသူများနှင့် သဟဇာတကျကျ ပူးပေါင်းလုပ်ဆောင်ဖို့ နည်းလမ်း၊ ပို၍များသော မေးခွန်းများမေးဖို့ နည်းလမ်းနှင့် ပို၍ ရှာဖွေဖို့နည်းလမ်းတို့ကို သင်ယူလေ့လာရမည်။ သို့မှသာလျှင် မည်သည့်နှောင့်နှေးမှုမျှ မရှိဘဲ၊ သင်၏အသက်တာက လျင်မြန်စွာ ကြီးထွားမည် ဖြစ်ပြီး သင်သည် ပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ရာထူးတိုးခံရစဖြစ်ပြီး အစမ်းခန့်ကာလတွင်သာ ရှိသေးကာ၊ သမ္မာတရားကို အမှန်တကယ် နားမလည်သောကြောင့်၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်သောကြောင့်၊ သင်သည် ဤဝိညာဉ်ရင့်ကျက်မှု မရှိသေးသောကြောင့်၊ သင်၏ ရာထူးတိုးခြင်းက သင်သည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည့်သဘောဖြစ်သည်ဟု မတွေးလေနှင့်။ ဤသည်မှာ မမှန်ကန်ပေ။ သင်သည် အလုပ်အပေါ် ဝန်တာစိတ်ရှိပြီး ခေါင်းဆောင်တစ်ဦး၏ အစွမ်းအစကို ပိုင်ဆိုင်ရုံသက်သက်ကြောင့်၊ သင်သည် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ပေးခြင်းတို့အတွက် ရွေးချယ်ခံရခြင်း ဖြစ်သည်။ သင်၌ ဤဆင်ခြင်တုံတရား ရှိသင့်သည်။ ရာထူးတိုးခံရပြီး ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာပြီးသည့်နောက်တွင် သင်သည် သင်၏ ရာထူးကို အခိုင်အမာစွဲကိုင်ကာ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦးဖြစ်ကြောင်းနှင့် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကြောင်း ယုံကြည်လာလျှင်၊ ညီအစ်ကိုမောင်နှမများ၌ မည်သည့်ပြဿနာများ ရှိပါစေ၊ သင်က နားလည်သယောင်၊ ဝိညာဉ်ရေးဆန်သယောင် ဟန်ဆောင်လျှင် ဤသည်မှာ မိုက်မဲသည့် နည်းလမ်းဖြစ်ပြီး ယင်းက သူတော်ကောင်း အယောင်ဆောင်ဖာရိရှဲများကဲ့သို့ တူညီသောနည်းလမ်းပင် ဖြစ်သည်။ သင်သည် မှန်မှန်ကန်ကန် စကားပြောဆိုပြီး ပြုမူလုပ်ဆောင်ရမည်။ သင် နားမလည်သည့်အခါတွင် အခြားသူများကို မေးနိုင်သည်၊ သို့မဟုတ် အထက်မှ အဖြေများကို ရှာနိုင်သည်၊ အထက်မှ မိတ်သဟာယကို ရှာဖွေနိုင်သည်။ ဤအရာတစ်ခုမျှ ရှက်စရာအကြောင်း မရှိပေ။ သင် မမေးလျှင်ပင်၊ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို အထက်က သိဦးမည် ဖြစ်ပြီး၊ သင်၌ သမ္မာတရား လက်တွေ့ကျမှု မရှိသည်ကို သိလိမ့်မည်။ ရှာဖွေခြင်းနှင့် မိတ်သဟာယပြုခြင်းတို့သည် သင်လုပ်သင့်သည့် အရာဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝတွင် တွေ့ရှိသင့်သည့် ဆင်ခြင်တုံတရား ဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ လိုက်နာသင့်သည် စည်းမျဉ်းဖြစ်သည်။ ယင်းသည် အရှက်ရစရာတစ်ခု မဟုတ်ပေ။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်သည်နှင့် စည်းမျဉ်းများကို နားမလည်ခြင်းဖြစ်စေ၊ အခြားလူများကို သို့မဟုတ် အထက်ကို အစဉ်မပြတ် မေးခွန်းများမေးခြင်းဖြစ်စေ ရှက်စရာကောင်းသည်ဟု ထင်မြင်ပြီး အခြားသူများက သင့်အား အထင်သေးမည်ကို စိုးရွံ့နေလျှင် သင်သည် ရလဒ်အနေဖြင့် အရာရာကို နားလည်သည်၊ အရာရာကို သိမြင်သည်၊ အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသည်၊ မည်သည့်အသင်းတော်အလုပ်ကိုမဆို လုပ်ဆောင်နိုင်သည်၊ သင့်အား သတိပေးရန်ဖြစ်စေ၊ မိတ်သဟာယဖွဲ့ရန်ဖြစ်စေ၊ သင့်အတွက် ထောက်ကူရန်ဖြစ်စေ၊ သင့်ကို ပံ့ပိုးရန်ဖြစ်စေ မည်သူ့ကိုမျှမလိုအပ်ဟု ဟန်ဆောင်လျက် အယောင်ဆောင်လျှင် ဤသည်မှာ အန္တရာယ်ရှိကာ သင်သည် မာနထောင်လွှားလွန်းပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်လွန်းခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းခြင်းဖြစ်သည်။ သင်သည် ကိုယ့်အတိုင်းအဆပင်ကိုယ် မသိပေ။ ဤသည်မှာ သင့်ကို နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦး မဖြစ်စေသလော။ ဤသို့သောလူများသည် ဘုရားအိမ်တော်အားဖြင့် ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ပေးခြင်းအတွက် စံသတ်မှတ်ချက်နှင့် အမှန်တကယ် မကိုက်ညီပေ။ ၎င်းတို့သည် အနှေးနှင့် အမြန်ဆိုသလို ဖြုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ သို့ဖြစ်၍ ရာထူးတိုးမြှင့်ခံရသည်မှာ မကြာသေးသော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တိုင်းသည် ၎င်းတို့၌ သမ္မာတရား လက်တွေ့ကျမှု မရှိကြောင်း ရှင်းလင်းစွာ သိသင့်သည်၊ ၎င်းတို့၌ ဤမိမိကိုယ်ကို သတိပြုမိခြင်း ရှိသင့်သည်။ သင်သည် ယခုအခါ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်နေခြင်းမှာ ဘုရားသခင်က သင့်ကို ခန့်အပ်သောကြောင့် မဟုတ်ဘဲ၊ အခြားခေါင်းဆောင်များနှင့် အမှုဆောင်များက သင့်ကို ရာထူးတိုးမြှင့်သောကြောင့်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများက ရွေးကောက်တင်မြှောက်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သင်၌ သမ္မာတရား လက်တွေ့ကျမှုနှင့် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု မဆိုလိုပေ။ ဤအရာကို သင်နားလည်သောအခါ၊ သင်၌ အနည်းငယ်သော ဆင်ခြင်တုံတရား ရှိလိမ့်မည်ဖြစ်ပြီး ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပိုင်ဆိုင်ရမည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ယခု သင်နားလည်ပြီလော။ (နားလည်ပါပြီ။) သို့ဆိုလျှင် သင်တို့သည် အလုပ်ကို အတိအကျ မည်သို့လုပ်ဆောင်သင့်သနည်း။ သင်တို့သည် မည်သို့ လိုက်ဖက်ညီညီ ပူးပေါင်းဆောင်ရွက်သင့်သနည်း။ သင်တို့သည် ပြဿနာများနှင့် ကြုံတွေ့သည့်အခါတိုင်း ဖြေရှင်းရန် သမ္မာတရားကို မည်သို့ရှာဖွေသင့်သနည်း။ ဤအရာများကို နားလည်ရမည်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ခံရပါက၊ သမ္မာတရားကို ရှာဖွေပြီး ၎င်းတို့ကို အမြန်ဆုံး ဖြေရှင်းလော့။ ၎င်းတို့ကို အချိန်မီ မဖြေရှင်းဘဲ သင်၏အလုပ်အပေါ် သက်ရောက်မှုရှိပါက၊ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ သင်သည် အတတ်ပညာတစ်ခုနှင့် အကျွမ်းတဝင်မရှိပါက၊ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ အမြန် သင်ယူလေ့လာသင့်သည်။ အကြောင်းမှာ အချို့သောတာဝန်များသည် အတတ်ပညာဆိုင်ရာ အသိပညာ ပါဝင်သောကြောင့်ဖြစ်ပြီး၊ သင်သည် မည်သည့် အတတ်ပညာဆိုင်ရာ အသိပညာကိုမျှ မကျွမ်းကျင်ဘဲ သမ္မာတရားကိုသာ နားလည်ပါက၊ ယင်းက သင်၏အလုပ်ရလဒ်များကိုလည်း သက်ရောက်မှုရှိစေမည် ဖြစ်သည်။ အနည်းဆုံးအားဖြင့်၊ သင်သည် လူတို့၏အလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ရာ၌နှင့် လမ်းညွှန်ရာ၌ ထိရောက်မှုရှိစေရန်၊ အခြေခံ အတတ်ပညာဆိုင်ရာ အသိပညာအချို့ကို သဘောပေါက်နားလည်ရမည်။ သင်သည် အတတ်ပညာတစ်ခု၌သာ ကျွမ်းကျင်ပြီး သမ္မာတရားကို နားမလည်ပါက၊ သင်၏အလုပ်၌ ချို့တဲ့မှုများ အလားတူ ရှိနေမည်ဖြစ်ရာ၊ သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အလို့ငှာ သင်သည် သမ္မာတရားကို လိုက်စားရန်နှင့် သမ္မာတရားကို နားလည်သောလူများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်သည်။ သင်သည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ သို့မဟုတ် အသိပညာနယ်ပယ်တစ်ခု၌ ကျွမ်းကျင်မှုရှိရုံမျှဖြင့်၊ သင်သည် အမှုအရာများကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု မဆိုလိုပေ၊ ထို့ကြောင့် သမ္မာတရားကို နားလည်သောလူများနှင့် မိတ်သဟာယဖွဲ့ရန် ကြိုးပမ်းခြင်းမှာ မရှိမဖြစ်လိုအပ်သည်။ ဤသည်မှာ သင်တို့ လိုက်နာသင့်သည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သင် ဟန်မဆောင်ရပေ။ သင်သည် လေ့ကျင့်ခြင်းနှင့် ပျိုးထောင်ခြင်းကာလ၌ ရှိနေပြီး၊ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကာ၊ သင်သည် သမ္မာတရားကို လုံးဝ နားမလည်ပေ။ ငါ့ကို ပြောကြလော့၊ ဘုရားသခင်သည် ဤအရာများအကြောင်းကို သိတော်မူသလော။ (သိတော်မူပါသည်။) သို့ဆိုလျှင် သင် ဟန်ဆောင်လျှင် မိုက်မဲပုံပေါက်မည် မဟုတ်လော။ သင်တို့သည် မိုက်မဲသောလူများ ဖြစ်လိုကြသလော။ (မဖြစ်လိုကြပါ။) သင်တို့သည် မိုက်မဲသောလူများ မဖြစ်လိုပါက၊ မည်သို့သောလူစားမျိုး ဖြစ်သင့်သနည်း။ ဆင်ခြင်တုံတရားရှိသောလူများ၊ သမ္မာတရားကို နှိမ့်ချစွာ ရှာဖွေနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သောလူများ ဖြစ်ကြလော့။ ဟန်မဆောင်နှင့်၊ သူတော်ကောင်း အယောင်ဆောင်ဖာရိရှဲများ မဖြစ်ကြနှင့်။ သင်သိသောအရာမှာ အတတ်ပညာဆိုင်ရာ အသိပညာအချို့သာဖြစ်သည်၊ ယင်းမှာ သမ္မာတရား စည်းမျဉ်းများ မဟုတ်ပေ။ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ခြင်းအပေါ် အခြေခံ၍ သင်၏ အတတ်ပညာဆိုင်ရာ အားသာချက်များကို သင့်လျော်စွာ အသုံးချရန်နှင့် သင်ဆည်းပူးထားသော အသိပညာနှင့် သင်ယူမှုကို အသုံးချရန် နည်းလမ်းတစ်ခု ရှာဖွေရမည်။ ဤသည်မှာ စည်းမျဉ်းတစ်ခု မဟုတ်လော။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းခရီးတစ်ခု မဟုတ်လော။ သင်သည် ဤသို့လုပ်ဆောင်ရန် သင်ယူပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်၌ လိုက်လျှောက်ရန် လမ်းခရီးတစ်ခု ရှိလာမည်ဖြစ်ပြီး သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ခေါင်းမမာနှင့်၊ ဟန်မဆောင်နှင့်။ ခေါင်းမာခြင်းနှင့် ဟန်ဆောင်ခြင်းသည် အမှုအရာများကို လုပ်ဆောင်ရာ၌ ဆင်ခြင်တုံတရားရှိသော နည်းလမ်းမဟုတ်ပေ။ ထိုအစား၊ ယင်းမှာ အမိုက်မဲဆုံးသော နည်းလမ်းဖြစ်သည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်သောလူများသည် အမိုက်မဲဆုံးသောလူများ ဖြစ်ကြသည်။ သမ္မာတရားကို ရှာဖွေပြီး အမှုကိစ္စများကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်သောသူများသာလျှင် အထက်မြက်ဆုံးသောလူများ ဖြစ်ကြသည်။
ဤမိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ ဘုရားအိမ်တော်က အရည်အချင်းရှိသူအမျိုးမျိုးကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းနှင့်ပတ်သက်၍ သင်တို့၌ ယခု မှန်ကန်သော နားလည်မှုနှင့် အမြင် ရှိကြပြီလော။ (ရှိပါသည်။) သင်တို့၌ ဤအပေါ် မှန်ကန်သော အမြင်ရှိပြီးဖြစ်သောကြောင့်၊ သင်တို့သည် ဤလူများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သလော။ ၎င်းတို့၏ အားသာချက်များအပေါ်၌လည်းကောင်း၊ ၎င်းတို့၏ လူ့သဘာဝ၊ အလုပ်၊ အတတ်ပညာနှင့် အခြားအမျိုးမျိုးသော ကဏ္ဍများတွင် ၎င်းတို့၌ရှိသော အားနည်းချက်များနှင့် ချို့တဲ့မှုများအပေါ်၌လည်းကောင်း သင်တို့သည် မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရမည်။ ဤအရာအားလုံးကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရမည်။ ထို့အပြင် သင်တို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်း ခံရသည်ဖြစ်စေ၊ အတတ်ပညာအမျိုးမျိုး၌ အရည်အချင်းရှိသောသူများ ဖြစ်သည်ဖြစ်စေ၊ သင်တို့အားလုံးသည် သာမန်လူများဖြစ်ကြသည်၊ သင်တို့အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးအောင် ပြုလုပ်ခြင်းကို ခံခဲ့ရပြီး သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ သမ္မာတရားကို နားမလည်ကြပေ။ သို့ဖြစ်၍ သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ မိမိတို့ကိုယ်ကို ဟန်ဆောင်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း မပြုသင့်ပေ။ ထိုအစား သင်တို့သည် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ရန် သင်ယူသင့်သည်။ သင်နားမလည်ပါက၊ နားမလည်ကြောင်း ဝန်ခံလော့။ သင်တစ်စုံတစ်ခုကို မည်သို့လုပ်ဆောင်ရမည်ကို မသိပါက၊ မည်သို့လုပ်ဆောင်ရမည်ကို မသိကြောင်း ဝန်ခံလော့။ မည်သို့သော ပြဿနာများ သို့မဟုတ် အခက်အခဲများ ပေါ်ပေါက်ပါစေ၊ လူတိုင်းသည် ဖြေရှင်းချက်တစ်ခုကို ရှာဖွေရန် အတူတကွ မိတ်သဟာယဖွဲ့ပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ သမ္မာတရား၏ ရှေ့မှောက်တွင် လူတိုင်းသည် ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်သည်၊ လူတိုင်းသည် ဆင်းရဲနွမ်းပါးပြီး သနားစရာကောင်းကာ လုံးဝချို့တဲ့နေသည်။ လူတို့လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ သမ္မာတရား၏ ရှေ့မှောက်တွင် ကျိုးနွံနာခံရန်၊ နှိမ့်ချပြီး တောင့်တသော စိတ်နှလုံးရှိရန်နှင့် သမ္မာတရားကို ရှာဖွေကာ လက်ခံရန်၊ ထို့နောက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းကို ရရှိရန် ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် လူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်နှင့် မိမိတို့၏ လက်တွေ့အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သည်။ လူတိုင်းသည် သမ္မာတရား ရှေ့မှောက်တွင် တန်းတူဖြစ်သည်။ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်း ခံရသူများသည် သူတစ်ပါးတို့ထက် များစွာ ပိုတော်ခြင်းမရှိပေ။ လူတိုင်းက ဘုရားသခင်၏ လုပ်ဆောင်မှုကို တစ်ချိန်တည်းနီးပါး တွေ့ကြုံခဲ့ကြသည်။ ရာထူးမတိုးခံရသော၊ သို့မဟုတ် ပျိုးထောင်ခြင်းမခံရသော သူတို့သည်လည်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လိုက်စားသင့်သည်။ မည်သူကမျှ သမ္မာတရားကို လိုက်စားရန် သူတစ်ပါးတို့၏ အခွင့်အရေးကို မပိတ်ပင်နိုင်ပေ။ အချို့လူတို့သည် သမ္မာတရားကို လိုက်စားရာတွင် ပို၍ စိတ်ထက်သန်ပြီး အစွမ်းအစအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏အိမ်တော်သည် လူတို့ကို ရာထူးတိုးပြီး အသုံးပြုခြင်းအတွက် အဘယ်ကြောင့် ထိုသို့သော စည်းမျဉ်းများရှိသနည်း။ လူတို့၏ အစွမ်းအစနှင့် ကိုယ်ကျင့်စရိုက်က ကွာခြားမှုများရှိသောကြောင့်၊ လူအသီးသီးက မတူညီသည့် လမ်းကြောင်းကို ရွေးချယ်ကြသောကြောင့် ဤအရာက ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှုတွင် မတူညီသော ရလဒ်များကို ရရှိစေသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ကယ်တင်ခံရပြီး နိုင်ငံတော်၏ လူများဖြစ်လာကြကာ သမ္မာတရားကို လုံးဝ လက်မခံသူများ၊ မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် သစ္စာစောင့်သိခြင်းမရှိသော သူများကမူ ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ဘုရားသခင်၏ အိမ်တော်သည် လူတို့ကို သမ္မာတရား လိုက်စားခြင်းရှိမရှိနှင့် သူတို့၏တာဝန်ထမ်းဆောင်ခြင်းတွင်သစ္စာစောင့်သိခြင်းရှိမရှိအပေါ်တွင် အခြေခံပြီး ပျိုးထောင်ပေးကာ အသုံးပြုသည်။ ဘုရားသခင်၏ အိမ်တော်တွင် အမျိုးမျိုးသောလူတို့၏ ရာထူးအဆင့်ဆင့်တွင် ကွဲပြားခြင်းရှိသလော။ လက်ရှိအချိန်တွင် အမျိုးမျိုးသောလူတို့၏ ၊ နေရာ၊ တန်ဖိုး၊ ဂုဏ် သို့မဟုတ် အဆင့်အတန်းနှင့်ပတ်သက်ပြီး အထက်အောက်စနစ်မရှိပေ။ အနည်းဆုံး လူတို့ကို ဘုရားသခင်က ကယ်တင်ပြီး လမ်းပြရန် အလုပ်လုပ်သောအခါတွင် အမျိုးမျိုးသောလူတို့၏ အဆင့်များ၊ နေရာများ၊ တန်ဖိုး၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းတွင် ကွဲပြားမှုမရှိပေ။ ကွဲပြားသောအရာများမှာ အလုပ်ခွဲဝေခြင်းနှင့် ထမ်းဆောင်ကြသော တာဝန်ကဏ္ဍများသာ ဖြစ်သည်။ ခြွင်းချက်အဖြစ် ဤအချိန်ကာလအတွင်းတွင် လူအချို့သည် အထူးအလုပ်အချို့ကို ထမ်းဆောင်ရန် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ပေးခြင်းခံရပြီး လူအချို့မှာ ၎င်းတို့၏ အစွမ်းအစ၊ သို့မဟုတ် မိသားစုပတ်ဝန်းကျင်နှင့်ပတ်သက်သော ပြဿနာများကဲ့သို့သော အကြောင်းပြချက်အမျိုးမျိုးကြောင့် ဤသို့သော အခွင့်အလမ်းများကို မရရှိသည်မှာ မှန်ပေသည်။ သို့သော် ထိုသို့သော အခွင့်အလမ်းများကို မရရှိသောသူများကို ဘုရားသခင်က မကယ်တင်သလော။ ဤသို့ မဟုတ်ပေ။ ၎င်းတို့၏ တန်ဖိုးနှင့် နေရာသည် အခြားလူများထက် ပို၍ နိမ့်ကျသလော။ မနိမ့်ကျပေ။ လူတိုင်းက သမ္မာတရားရှေ့တွင် ညီမျှသည်။ လူတိုင်းက သမ္မာတရားကို လိုက်စားပြီး ရရှိရန် အခွင့်အလမ်းရှိပြီး၊ ဘုရားသခင်က လူတိုင်းကို မျှတစွာနှင့် ကျိုးကြောင်းသင့်စွာ ဆက်ဆံသည်။ လူတို့၏ နေရာ၊ တန်ဖိုးနှင့် ဂုဏ်အဆင့်အတန်းတို့တွင် မည်သည့်အချိန်၌ သိသာထင်ရှားသော ခြားနားမှုများ ရှိသနည်း။ ယင်းမှာ လူတို့သည် မိမိတို့၏ လမ်းခရီးအဆုံးသို့ ရောက်ရှိသည့်အခါ၊ ဘုရားသခင်၏အလုပ် ပြီးဆုံးသည့်အခါ၊ ကယ်တင်ခြင်းကို လိုက်စားခြင်းဖြစ်စဉ်နှင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း လူတစ်ဦးစီက ပြသခဲ့သော သဘောထားများနှင့် အမြင်များအပေါ်၌သာမက ဘုရားသခင်အပေါ် ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် သဘောထားများအပေါ်၌ပါ နောက်ဆုံးတွင် ကောက်ချက်တစ်ခု ချမှတ်ပြီးသည့်အခါ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ မှတ်စုစာအုပ်တွင် ပြည့်စုံသော မှတ်တမ်းတစ်ခု ရှိသည့်အခါ ထိုအချိန်တွင် လူတို့၏ အဆုံးသတ်နှင့် ပန်းတိုင်များက မတူညီကြသောကြောင့် ၎င်းတို့၏ တန်ဖိုး၊ နေရာများနှင့် ဂုဏ်အဆင့်အတန်းတို့တွင်လည်း ခြားနားမှုများ ရှိလိမ့်မည်ဖြစ်သည်။ သို့မှသာလျှင် ဤအရာအားလုံးကို အရိပ်အမြွက်တွေ့မြင်နိုင်ပြီး ခန့်မှန်းခြေအားဖြင့် သိရှိနိုင်သည်၊ သို့သော် ယခုမူ လူတိုင်းသည် တူညီကြသည်။ သင်နားလည်ပြီလော။ သင်တို့သည် ထိုနေ့ကို မျှော်လင့်နေကြသလော။ သင်တို့သည် ထိုနေ့ကို တစ်ချိန်တည်းတွင် မျှော်လင့်နေပြီး ကြောက်ရွံ့နေကြသလော။ သင်တို့ မျှော်လင့်သောအရာမှာ ထိုနေ့တွင် နောက်ဆုံး၌ ရလဒ်တစ်ခု ရှိလာမည်ဖြစ်ပြီး၊ အခက်အခဲအားလုံးရှိလင့်ကစား သင်တို့သည် ထိုနေ့သို့ နောက်ဆုံးတွင် ရောက်ရှိခဲ့ပြီဖြစ်ခြင်း ဖြစ်သည်။ သင်တို့ ကြောက်ရွံ့သောအရာမှာ သင်တို့သည် လမ်းခရီးကို ကောင်းစွာ မလျှောက်လှမ်းခဲ့မိခြင်း၊ လမ်းတစ်လျှောက်တွင် သင်တို့ လဲကျပြီး ရှုံးနိမ့်ခဲ့ခြင်း၊ နောက်ဆုံးအဆုံးသတ်သည် စိတ်တိုင်းမကျစရာဖြစ်ပြီး သင်တို့ စိတ်ကူးကာ မျှော်လင့်ထားသည်ထက် ပိုဆိုးနေခြင်း ဖြစ်သည်။ ယင်းမှာ မည်မျှ ဝမ်းနည်းဖွယ်၊ မည်မျှ နာကျင်ဖွယ်ကောင်းပြီး မည်မျှ စိတ်ပျက်ဖွယ်ကောင်းလိုက်မည်နည်း။ အလွန်ကြို၍ မစဉ်းစားနှင့်၊ အလွန်ကြို၍ စဉ်းစားခြင်းသည် လက်တွေ့မကျပေ။ ရှေးဦးစွာ သင်၏ မျက်စိရှေ့မှောက်ရှိအရာကို ကြည့်လော့၊ သင်၏ ခြေဖဝါးအောက်မှ လမ်းခရီးကို ကောင်းစွာ လျှောက်လှမ်းလော့၊ လက်ထဲမှအလုပ်ကို ကောင်းစွာ လုပ်ဆောင်လော့၊ ဘုရားသခင်က သင့်ကို အပ်နှင်းထားသည့် တာဝန်များနှင့် တာဝန်ခံမှုများကို ဖြည့်ဆည်းလော့။ ဤသည်မှာ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးသော အရာဖြစ်သည်။ ယခု လက်ရှိ နားလည်သင့်သည့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် သမ္မာတရားနှင့် စည်းမျဉ်းများကို နားလည်ပြီး၊ ၎င်းတို့အကြောင်းကို ရှင်းလင်းပြတ်သားသွားသည်အထိ မိတ်သဟာယဖွဲ့လော့။ သို့မှသာ သင်သည် ၎င်းတို့ကို နှလုံးသွင်းထားပြီး၊ သင်လုပ်ဆောင်သမျှအရာတိုင်းတွင် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို ရှင်းလင်းတိကျစွာ သိရှိမည်ဖြစ်သည်။ သင်သည် စည်းမျဉ်းများကို မချိုးဖောက်မိကြောင်း၊ ၎င်းတို့မှ သွေဖည်မသွားကြောင်း၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ မဖြစ်စေကြောင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်မိကြောင်း သေချာစေလော့။ ဤအရာအားလုံးမှာ သင်တို့ ယခု လက်ရှိ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ ပို၍ဝေးကွာသောအရာတစ်ခုခုအကြောင်း ငါတို့ ပြောဆိုရန် မလိုအပ်သကဲ့သို့၊ သင်တို့ မေးမြန်းရန် သို့မဟုတ် စဉ်းစားရန်လည်း လုံးဝ မလိုအပ်ပေ။ အလွန်ကြို၍ စဉ်းစားခြင်းသည် အသုံးမဝင်ပေ။ ယင်းမှာ သင် စဉ်းစားသင့်သည့်အရာ မဟုတ်ပေ။ အချို့က “အဘယ်ကြောင့် ကျွန်ုပ်တို့ မစဉ်းစားသင့်သနည်း။ ယခု ဘေးဒုက္ခအခြေအနေက အလွန်ကြီးမားနေပြီ၊ ထိုသို့သောအရာများကို ကျွန်ုပ်တို့ စဉ်းစားရမည့်အချိန် မဟုတ်လော” ဟု မေးကောင်းမေးနိုင်သည်။ အချိန်ကျပြီလော။ ဘေးဒုက္ခကြီးမားသည်ဟူသောအချက်က သင်၏ သမ္မာတရားထဲသို့ ဝင်ရောက်မှုကို ကြီးစွာသော လွှမ်းမိုးမှုရှိသလော။ (မရှိပါ။) ဘေးဒုက္ခအခြေအနေက အလွန်ကြီးမားနေပြီ၊ သို့သော် ငါသည် ဘေးဒုက္ခနှင့်ပတ်သက်၍ အထူးအစည်းအဝေးများ ကျင်းပခြင်း၊ သို့မဟုတ် တရားဒေသနာများ ဟောကြားခြင်းတို့ကို မည်သည့်အခါက ပြုလုပ်ခဲ့ဖူးသလော။ ငါသည် ဘေးဒုက္ခကိစ္စကို မည်သည့်အခါမျှ အာရုံမစိုက်၊ ငါသည် သမ္မာတရားကိုသာ အမြဲပြောဆိုသည်၊ ဤသို့ဖြင့် သမ္မာတရားကို သင်တို့ နားလည်နိုင်ရန်၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ရန်၊ သင်တို့၏တာဝန်ကို မည်သို့ကောင်းစွာ ထမ်းဆောင်ရမည်ကို နားလည်နိုင်ရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ဝင်ရောက်ရမည်ကို နားလည်နိုင်ရန် ဖြစ်သည်။ ယနေ့ခေတ်တွင် အချို့လူများသည် သမ္မာတရား လက်တွေ့ကျမှုဟူသည် အဘယ်အရာဖြစ်သည်၊ အယူဝါဒများဟူသည် အဘယ်အရာဖြစ်သည်ကိုပင် နားမလည်ကြပေ။ ၎င်းတို့သည် နေ့စဉ် ထိုစကားလုံးအနည်းငယ်၊ အယူဝါဒအနည်းငယ်နှင့် အနှစ်မဲ့သော စကားများကိုသာ ပြောဆိုနေကြပြီး ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ခံစားနေကြသေးသည်။ ငါသည် ၎င်းတို့အတွက် စိုးရိမ်မိသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို မစိုးရိမ်ကြပေ။ ၎င်းတို့သည် အနာဂတ်မှ ထိုဝေးကွာသောအရာများအကြောင်းကို စဉ်းစားနေကြဆဲဖြစ်သည်။ ထိုအရာများအကြောင်းကို စဉ်းစားခြင်းသည် လက်တွေ့မကျပေ။
အရည်အချင်းရှိသောလူမျိုးစုံကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို တက်ကြွသောလူများအဖြစ်သို့ ပြောင်းလဲရန်မဟုတ်သကဲ့သို့ ၎င်းတို့အနေဖြင့် အနာဂတ်တွင် အဓိက ဒေါက်တိုင် တစ်မျိုးမျိုးဖြစ်လာဖို့ စီစဉ်ရန်လည်း မဟုတ်ဘဲ၊ အခြားလူများနှင့်နှိုင်းယှဉ်ကြည့်လျှင် သမ္မာတရားကို ပို၍လိုက်စားပြီး ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းအတွက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လူအချို့ကို သင့်တော်သော ပတ်ဝန်းကျင်များနှင့် ပို၍အဆင်ပြေသော အခြေအနေများအောက်တွင် လေ့ကျင့်ဖို့ အခွင့်အရေးပေးရန် ဖြစ်သည်။ အရေးကြီးဆုံးအရာမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ရန်၊ သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ရန် ဖြစ်သည်။ ဤသည်မှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် စွမ်းဆောင်ရရှိသင့်သည့်အရာ မဟုတ်လော။ ဤသည်မှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ရသင့်သည့်အရာ မဟုတ်လော။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်အလို့ငှာ သင်တို့သည် ယခု လက်ရှိ လိုက်စားသင့်သည့် အဓိကအရာမှာ အဘယ်နည်း။ ထိုသို့ပြုလုပ်ရန် သင်တို့၌ အစီအစဉ်များ သို့မဟုတ် အဆင့်များ ရှိသလော။ သင်တို့ကို ရိုးရှင်းလွယ်ကူပြီး လျင်မြန်သော နည်းလမ်းကောင်းတစ်ခု ငါပြောပြမည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းသည် အမှန်တကယ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အလို့ငှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဦးစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် အလျင်မြန်ဆုံးသော အစမှတ်မှာ အဘယ်နည်း။ သင်တို့အတွက် အရိုးရှင်းဆုံး၊ အလျင်မြန်ဆုံးနှင့် ဒုက္ခအနည်းဆုံးနည်းလမ်းမှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေလုပ်ခြင်းဟူသည့် ပြဿနာကို ဦးစွာ ဖြေရှင်းပြီး သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းရန် ဖြစ်သည်။ ယင်းကို ဖြေရှင်းရန် သင်တို့အတွက် အချိန်မည်မျှ ကြာနိုင်သနည်း။ သင်တို့၌ အစီအစဉ်တစ်ခု ရှိသလော။ လူအများစုတွင် အစီအစဉ်မရှိ၊ ၎င်းတို့သည် မည်သည့်အချိန်တွင် အမှန်တကယ် စတင်ရမည်ကို မသိဘဲ ၎င်းတို့၏စိတ်ထဲတွင်သာ ဆက်လက်အဖြေရှာနေကြသည်။ မိမိတို့သည် ဝတ်ကျေတမ်းကျေလုပ်နေကြောင်း သိကြသော်လည်း ၎င်းတို့သည် ယင်းကို ဖြေရှင်းရန် မစတင်ဘဲ တိကျသော မည်သည့်ဖြေရှင်းနည်းမျှ မရှိကြပေ။ မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် ပျင်းရိခြင်း၊ စေ့စပ်မှုမရှိခြင်း၊ တာဝန်မသိခြင်းနှင့် အလေးအနက်မထားခြင်းတို့ဖြစ်သည့် ဤအရာအားလုံးသည် ဝတ်ကျေတမ်းကျေလုပ်ခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ ပထမအဆင့်မှာ ဝတ်ကျေတမ်းကျေလုပ်ခြင်းပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။ ဒုတိယအဆင့်မှာ မိမိ၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ခြင်းပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။ ရံဖန်ရံခါ မရိုးမသားပြောဆိုခြင်း၊ သို့မဟုတ် လှည့်ဖြားတတ်သော သို့မဟုတ် မာနထောင်လွှားသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းကဲ့သို့သော အခြားအရာများအတွက်မူ ယခုလောလောဆယ် ထိုအရာများနှင့်ပတ်သက်၍ သင်တို့ကိုယ်သင်တို့ စိတ်မပူကြနှင့်။ ဝတ်ကျေတမ်းကျေလုပ်ခြင်းနှင့် မိမိ၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ခြင်းကို ဦးစွာ ကိုင်တွယ်ဖြေရှင်းခြင်းသည် ပို၍ လက်တွေ့ကျပြီး ထိရောက်မှုရှိသည် မဟုတ်လော။ ဤပြဿနာနှစ်ခုသည် အလွယ်တကူ သတိပြုမိနိုင်ဆုံးသော အရာများ မဟုတ်လော။ ၎င်းတို့ကို ဖြေရှင်းရန် လွယ်ကူသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဝတ်ကျေတမ်းကျေလုပ်နေသည့်အခါ သတိထားမိသလော။ သင်သည် ပျင်းရိရန် စဉ်းစားနေသည့်အခါ သတိပြုမိသလော။ သင်သည် လှည့်စားရန် သို့မဟုတ် ပူးပေါင်းကြံစည်ပြီး လှည့်ဖြားမှုကို အသုံးချရန် စဉ်းစားနေသည့်အခါ သင်သတိထားမိသလော။ (သတိထားမိပါသည်။) သင်သတိထားမိလျှင် ဖြေရှင်းရန် လွယ်ကူသည်။ သင် အလွယ်တကူ သတိပြုမိနိုင်ပြီး သင်၏စိတ်ထဲတွင် သိရှိနေသော ပြဿနာများကို ဖြေရှင်းခြင်းဖြင့် စတင်လော့။ လူတစ်ဦး၏တာဝန်တွင် ဝတ်ကျေတမ်းကျေလုပ်ခြင်းသည် အလွန်သိသာပြီး အဖြစ်များသော ပြဿနာတစ်ခုဖြစ်သော်လည်း ယင်းမှာ ဖြေရှင်းရန် အမှန်တကယ် ခက်ခဲသည့် ကိုင်တွယ်ပြုပြင်ရခက်သော ပြဿနာတစ်ခုလည်း ဖြစ်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ လူတစ်ဦးသည် တာဝန်ကျေပွန်ရန်၊ စည်းစနစ်တင်းကျပ်ရန်၊ တိကျစေ့စပ်ရန်နှင့် တာဝန်ယူတတ်ရန်၊ မြဲမြံစွာ အခြေခိုင်သောပုံစံဖြင့် လုပ်ဆောင်ရန်၊ ဆိုလိုသည်မှာ တစ်လှမ်းချင်းလျှောက်လှမ်းခြင်းအားဖြင့် လုပ်ဆောင်ရန် သင်ယူရမည်။ လူတစ်ဦးသည် ထိုတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် မိမိထမ်းဆောင်ခဲ့ပြီးသည့်ပုံကို စိတ်ကျေနပ်သည်အထိ မိမိ၏ အစွမ်းရှိသမျှကို အသုံးပြုရမည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက သူသည် စည်းမျဉ်းများကို ရှာဖွေပြီး ထိုစည်းမျဉ်းများနှင့် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူလုပ်ဆောင်သင့်သည်။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ပို၍ အားထုတ်လိုစိတ်ရှိသင့်ပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် မည်သည့်အခါမျှ မလုပ်ဆောင်သင့်ပေ။ ဤအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ လူတစ်ဦးသည် မိမိ၏ အသိစိတ်က မိမိကို အပြစ်တင်ခြင်းမရှိဘဲ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းကို ခံစားရနိုင်သည်။ ဝတ်ကျေတမ်းကျေလုပ်ခြင်းကို ဖြေရှင်းရန် လွယ်ကူသလော။ သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသရွေ့ ယင်းကို ဖြေရှင်းနိုင်သည်။ ပထမဦးစွာ သင်သည် ဘုရားသခင်ထံ “ဘုရားသခင်၊ ကျွန်ုပ်သည် မိမိ၏တာဝန်ကို စတင်နေပါပြီ။ ကျွန်ုပ် ဝတ်ကျေတမ်းကျေလုပ်မိပါက ကိုယ်တော်သည် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပြီး ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ပြစ်တင်ရှုတ်ချတော်မူပါဟု တောင်းလျှောက်ပါသည်။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် ဝတ်ကျေတမ်းကျေ မလုပ်မိရန် ကိုယ်တော်သည် ကျွန်ုပ်ကို ဦးဆောင်တော်မူပါဟုလည်း တောင်းလျှောက်ပါသည်” ဟူ၍ ဆုတောင်းရမည်။ ဤနည်းလမ်းဖြင့် နေ့စဉ် လက်တွေ့လုပ်ဆောင်ပြီး သင်၏ ဝတ်ကျေတမ်းကျေလုပ်ခြင်းပြဿနာ ပြေလည်သွားရန်၊ သင်၏ ဝတ်ကျေတမ်းကျေလုပ်သော အခြေအနေများ လျော့နည်းသွားရန်၊ သင်၏တာဝန်တွင် မသန့်စင်မှုများ နည်းပါးလာရန်အပြင် သင်၏ စစ်မှန်သောရလဒ်များ တိုးတက်လာရန်နှင့် သင်၏ တာဝန်ထမ်းဆောင်ရာတွင် သင်၏ ထိရောက်မှု တိုးတက်လာရန် အချိန်မည်မျှကြာသည်ကို ကြည့်လော့။ သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေလုပ်ခြင်းမရှိဘဲ ထမ်းဆောင်ခြင်းမှာ မိမိကိုယ်ကိုအမှီပြုခြင်းဖြင့် ရရှိနိုင်သည့် အရာလော။ သင်သည် ဝတ်ကျေတမ်းကျေလုပ်နေသည့်အခါ ယင်းကို ထိန်းချုပ်နိုင်သလော။ (မလွယ်ကူပါ။) သို့ဆိုလျှင် ယင်းမှာ သိမ်မွေ့ခက်ခဲသည်။ အကယ်၍ ဤအရာကို ထိန်းချုပ်ရန် သင့်အတွက် အမှန်တကယ် ခက်ခဲပါက သင်တို့၌ ကြီးမားသော ပြဿနာတစ်ခု ရှိနေပြီဖြစ်သည်။ သို့ဆိုလျှင် သင်တို့သည် ဝတ်ကျေတမ်းကျေ လုပ်ခြင်းမရှိဘဲ မည်သည့်အရာများကို လုပ်ဆောင်နိုင်သနည်း။ အချို့လူများသည် မိမိတို့စားသော အစားအစာနှင့်ပတ်သက်၍ အလွန် ဇီဇာကြောင်တတ်ကြသည်။ အစားအစာတစ်နပ်သည် ၎င်းတို့၏စိတ်ကြိုက် မဟုတ်ပါက ၎င်းတို့သည် တစ်နေ့လုံး စိတ်မကြည်မသာ ဖြစ်နေလိမ့်မည်။ အချို့အမျိုးသမီးများသည် အဝတ်အစားဆင်ယင်ခြင်းနှင့် မိတ်ကပ်လိမ်းခြယ်ခြင်းကို နှစ်သက်ကြသည်။ ဆံချည်တစ်မျှင်မျှပင် ၎င်းတို့၏ အာရုံစိုက်မှုမှ မလွတ်မြောက်ပေ။ အချို့လူများသည် စီးပွားရေးလုပ်ရာတွင် ကျွမ်းကျင်ကြသည်။ ၎င်းတို့သည် တစ်ပြားတစ်ချပ်တိုင်းကို ဂရုတစိုက် တွက်ချက်ကြသည်။ သင်တို့သည် ဤသို့ တာဝန်ကျေပွန်သည့် သဘောထားမျိုးဖြင့် လုပ်ဆောင်ပါက ဝတ်ကျေတမ်းကျေလုပ်ခြင်းကို ရှောင်ရှားနိုင်သည်။ ပထမဦးစွာ ဝတ်ကျေတမ်းကျေလုပ်ခြင်း ပြဿနာကို ဖြေရှင်းလော့။ ထို့နောက် သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ခြင်းပြဿနာကို ဖြေရှင်းလော့။ မိမိ၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ခြင်းသည် အဖြစ်များသော ပြဿနာတစ်ခုဖြစ်ပြီး ယင်းမှာ လူတို့အနေဖြင့် မိမိတို့ကိုယ်မိမိတို့၌ အလွယ်တကူ သတိပြုမိနိုင်သည့် အခြားပြဿနာတစ်ခု ဖြစ်သည်။ မိမိကိုယ်ကို အနည်းငယ် ဆင်ခြင်သုံးသပ်ခြင်းဖြင့် လူတစ်ဦးက သူသည် မိမိ၏ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်နေကာ ယင်းမှာ သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း သတိပြုမိနိုင်သည်။ လူတို့ သတိပြုမိနိုင်သော ပြဿနာများကို ဖြေရှင်းရန် လွယ်ကူသည်။ တစ်ခုမှာ ဝတ်ကျေတမ်းကျေလုပ်ခြင်း ပြဿနာနှင့် အခြားတစ်ခုမှာ သင်တို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ခြင်းပြဿနာဟူသည့် ဤပြဿနာနှစ်ခုကို ဖြေရှင်းရန် ဦးစွာ မိမိတို့ကိုယ်ကို စီစဉ်လော့။ သင်တို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို တစ်နှစ်နှစ်နှစ်အတွင်း ရလဒ်များရရှိရန်အတွက် ဝတ်ကျေတမ်းကျေမလုပ်ဖို့၊ သို့မဟုတ် သင်တို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း သို့မဟုတ် သင်တို့၏အလိုဆန္ဒ မသန့်စင်မှုများဖြင့် မလုပ်ဆောင်ဖို့ ကြိုးစားလော့။ ဤပြဿနာနှစ်ခု ပြေလည်သွားသည်နှင့်၊ သင်တို့သည် မိမိတို့၏တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းအတိုင်း ထမ်းဆောင်ခြင်းနှင့် အလှမ်းမဝေးတော့ပေ။ သင်တို့သည် ယင်းတို့ကိုပင် မဖြေရှင်းနိုင်ပါက သင်တို့သည် ဘုရားသခင်ထံ ကျိုးနွံနာခံခြင်း သို့မဟုတ် သူ၏ ရည်ရွယ်ချက်များကို အလေးထားခြင်းနှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ဤအရာ၏ အပေါ်ယံကိုပင် လုံးဝ မဖြေရှင်းရသေးပေ။
အရည်အချင်းပြည့်မီသော လူအမျိုးမျိုးကို ရာထူးတိုးမြှင့်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်းနှင့် ဆိုင်သည့် စံသတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များအကြောင်းကိုလည်းကောင်း၊ အရည်အချင်းရှိသော လူအမျိုးမျိုးအား ဘုရားအိမ်တော်မှ ရာထူးတိုးမြှင့်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်းနှင့် စပ်လျဉ်း၍ လူတစ်ဦး၌ ရှိသင့်သည့် နားလည်သဘောပေါက်မှုနှင့် ရှုထောင့်အမြင်အကြောင်းကိုလည်းကောင်း ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ နောက်ထပ် ကဏ္ဍတစ်ခုမှာ ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းခံရသည့် အရည်အချင်းရှိသောလူမျိုးစုံအပေါ် လူတစ်ဦး၌ ရှိသင့်သည့် သဘောထားနှင့် ကိုင်တွယ်ဖြေရှင်းနည်း ဖြစ်သည်။ ဤသည်တို့မှာ အချက်ခြောက်တွင် မိတ်သဟာယဖွဲ့သင့်သည့် ကိစ္စရပ်အချို့ ဖြစ်သည်။ ထို့ကြောင့် ဆက်လက်ပြီး အချက်ခြောက်နှင့် အတိအကျပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များအနေဖြင့် အရည်အချင်းရှိသော လူအမျိုးမျိုးကို ရာထူးတိုးမြှင့်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်း ဟူသည့်အလုပ်အား မည်သို့လုပ်ဆောင်သည်ကို ငါတို့ ဖော်ထုတ်ပြီး စိစစ်ကြစို့။ ဤသည်မှာ ငါတို့ မိတ်သဟာယဖွဲ့ကြမည့် အဓိကအကြောင်းအရာ ဖြစ်သည်။
အရည်အချင်းရှိသော လူမျိုးစုံကို ရာထူးတိုးမြှင့်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်းနှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောထားများနှင့် သရုပ်သကန်များ
အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ သမ္မာတရားကိုလည်း မရှာဖွေကြပေ။ ထို့ကြောင့် ဘုရားအိမ်တော်၌ အရည်အချင်းရှိသောလူမျိုးစုံကို ရာထူးတိုးမြှင့်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်းဟူသည့် အရေးကြီးသောအလုပ်နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ယင်းကို ကိုးရိုးကားရားလုပ်မိကာ လုံးဝ မွှေနှောက်ကြပြီး ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရန် တကယ်ကို ပျက်ကွက်ကြသည်။ အရည်အချင်းပြည့်မီသော လူအမျိုးမျိုးကို ရာထူးတိုးမြှင့်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်းနှင့်ပတ်သက်၍ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မဆိုထားနှင့်၊ စံသတ်မှတ်ချက်များကိုပင် နားမလည်သောကြောင့်လည်းကောင်း၊ အရည်အချင်းပြည့်မီသော လူအမျိုးမျိုးကို ရာထူးတိုးမြှင့်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်း၏ အရေးပါမှုကိုလည်း နားမလည်သောကြောင့်လည်းကောင်း ၎င်းတို့အနေဖြင့် ဤအလုပ်ကို စံနှုန်းပြည့်မီပြီး စည်းမျဉ်းနှင့်ကိုက်ညီသော နည်းလမ်းဖြင့် လုပ်ဆောင်ရန် အလွန်ခက်ခဲသည်။ အယောင်ဆောင် ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏အလုပ်ကို လုပ်ဆောင်နေစဉ်အတွင်း ပျိုးထောင်ပေးသည့် “အရည်အချင်းရှိသော” လူအမျိုးမျိုးမှာ သေချာစွာပင် အရောရောအနှောနှော ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အရည်အချင်းပြည့်မီသော ပါရမီရှင်များကို ရာထူးတိုးမြှင့်ပေးပြီး ပြုစုပျိုးထောင်ပေးမည့်အစား ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် မည်သည့်နည်းနှင့်မျှ ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်း မခံရသင့်သော လူများကို ရာထူးတိုးမြှင့်ပေးကြကာ ဤလူများအား အသင်းတော်ကို မှီခိုကပ်ရပ်ပြီး ဘုရားသခင်၏ ပူဇော်သက္ကာများကို ဖြုန်းတီးခွင့်ပေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များအားလုံးသည် ဤကဲ့သို့သော အမှုအရာများကို လုပ်ဆောင်လျက် သမ္မာတရားကို လိုက်စားပြီး တရားမျှတစိတ်ရှိသော လူအချို့ကို နင်းခြေခံရစေပြီး ရာထူးတိုးမြှင့်ပေးခြင်းနှင့် အသုံးပြုခြင်း မခံရစေကြပေ။ ထိုအစား အသုံးမကျသောသူများသည် ဤအယောင်ဆောင်ခေါင်းဆောင်များ၏ အမြင်တွင် အရည်အချင်းရှိသည်ဟု ဆိုသူများ ဖြစ်လာကြပြီး ၎င်းတို့၏ ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းကို ခံကြရသည်။ သို့ဆိုလျှင် ဤအလုပ်ကို လုပ်ဆောင်ရာ၌ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များမှာ အဘယ်နည်း။ ဥပမာအနေဖြင့် ၎င်း၏အလုပ်နှင့်ဆိုင်သည့် လိုအပ်ချက်များကြောင့် ဘုရားအိမ်တော်သည် ပြင်ပရေးရာများကို ကိုင်တွယ်မည့် လူအချို့ကို ရှာဖွေရမည်ဟု ယူဆကြပါစို့။ သို့ဆိုလျှင် မည်သည့်လူများကို ရှာဖွေသင့်သနည်း။ အတိအကျဆိုရလျှင် အလုပ်လုပ်နိုင်စွမ်းရှိခြင်း၊ ဘုရားအိမ်တော်မှ သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ မိမိတို့၏တာဝန်များကို လုပ်ဆောင်နိုင်ခြင်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်နိုင်ခြင်းဟူသည့် စံသတ်မှတ်ချက်အချို့ကို ယခုလေးတင် စာရင်းပြုစုခဲ့ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤစည်းမျဉ်းများကို သိကြသလော။ ၎င်းတို့ မသိကြသည်မှာ သိသာထင်ရှားသည်။ သို့ဆိုလျှင် ၎င်းတို့သည် ပြင်ပရေးရာများကို ကိုင်တွယ်ရန် လူများကို မည်သို့ရှာဖွေကြသနည်း။ ၎င်းတို့ မိမိတို့ဘာသာ တွေးကြသည်မှာ “မည်သူသည် ပြင်ပရေးရာများကို ကိုင်တွယ်နိုင်မည်နည်း။ ဉာဏ်ထက်မြက်ပြီး တုံ့ပြန်မှုမြန်သော၊ စကားပြောကောင်းပြီး လူတို့အား မည်သို့ကိုင်တွယ်ရမည်ကို သိသော ညီအစ်မတစ်ဦး ရှိသည်။ သူမ စကားပြောသည့်အခါ သူမ၏ မျက်လုံးများက မြော်မြင်တတ်သည့်ပုံဖြင့် လှုပ်ရှားနေပြီး သာမန်လူတစ်ဦးက သူမကို မခန့်မှန်းနိုင်ပေ။ သူမသည် အသင်းတော်ခေါင်းဆောင် တစ်ဦးအဖြစ် အနည်းငယ် သင့်တော်မည် မဟုတ်သော်လည်း ပြင်ပရေးရာများကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်လိမ့်မည်။ သို့ဖြစ်၍ ကျွန်ုပ် သူမကို ရွေးလိုက်မည်။ သူမ၏ ပညာအရည်အချင်းအဆင့်က အနည်းငယ်နိမ့်ကျနေသဖြင့်၊ ဘာသာတရားမရှိသူများက သူမကို အထင်သေးမည်ကို ကျွန်ုပ်စိုးရိမ်ခြင်းသာဖြစ်သည်၊ ထို့ကြောင့် သူမနှင့် ပူးပေါင်းဆောင်ရွက်ရန် သူမ၏ ကျောင်းသားအဖွဲ့၏ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သူ တက္ကသိုလ်ဘွဲ့ရတစ်ဦး ကို ကျွန်ုပ်ရှာမည်။ ဤသူသည် အတော်အတန် ပါးနပ်သော်လည်း လူ့အဖွဲ့အစည်းတွင် အတွေ့အကြုံ အတော်အသင့် နည်းပြီး လောကအကြောင်း အတော်အသင့် အမြင်နည်းသည်၊ ထို့ကြောင့် သူမသည် သူမ၏တွဲဖက်ထံမှ သင်ယူနိုင်သည်။ ဤလူနှစ်ဦးအနက် တစ်ဦးမှာ ပညာအရည်အချင်းအဆင့် နိမ့်ပြီး အခြားတစ်ဦးမှာ ပညာတတ်ဖြစ်သည်၊ တစ်ဦးမှာ လူ့အဖွဲ့အစည်းတွင် အတွေ့အကြုံရှိပြီး အခြားတစ်ဦးမှာ မရှိပေ။ ၎င်းတို့နှစ်ဦးသည် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သင့်တော်ကြသည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ တစ်ဦးမှာ စကားပြောကောင်းပြီး ရှင်းလင်းစွာပြောဆိုနိုင်သည်၊ ဉာဏ်ထက်မြက်ကာ၊ အမှန်ပင် လူမှုရေးတွင် လျှမ်းလျှမ်းတောက်တစ်ဦးဖြစ်သည်။ သူမသည် ဘာသာတရားမရှိသူများနှင့် ဆက်ဆံသည့်အခါတိုင်း၊ ၎င်းတို့သည် သူမသည် ယုံကြည်သူတစ်ဦးဖြစ်ကြောင်း မပြောနိုင်ကြပေ။ အခြားတစ်ဦးမှာ ပညာတတ်ဖြစ်ပြီး လူမှုအဆင့်အတန်းရှိသည်။ သူမသည် ဘာသာတရားမရှိသူများနှင့် ဆက်ဆံသည့်အခါတိုင်း၊ ၎င်းတို့သည် သူမကို အထင်မသေးကြပေ။ အယောင်ဆောင်ခေါင်းဆောင်များက လူရွေးချယ်သည့် ဤစည်းမျဉ်းနှစ်ခုနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များက တစ်စုံတစ်ဦးသည် စကားအရာ၌ ပါးနပ်ပြီး၊ ဉာဏ်ထက်မြက်ကာ၊ တုံ့ပြန်မှုမြန်သရွေ့၊ ၎င်းတို့သည် ဘုရားအိမ်တော်အတွက် အထွေထွေကိစ္စများကို ကိုင်တွယ်နိုင်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ လူရွေးချယ်ရန် သင့်တော်သော နည်းလမ်းလော။ (မဟုတ်ပါ)။ မည်သို့ မသင့်တော်သနည်း။ (ထိုသို့သောလူများသည် မကြာခဏ အလွန်ပါးနပ်ကြသည်၊ ၎င်းတို့သည် အခြားသူများနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို ကျင့်သုံးနိုင်ပြီး၊ လူတို့ကို မည်သို့ကိုင်တွယ်ရမည်ကို သိသော်လည်း၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်သည်ဟု မဆိုလိုနိုင်ပါ။) မှန်ပေသည်။ အရေးကြီးဆုံးအရာမှာ လူတစ်ဦးသည် ဘုရားအိမ်တော်အတွက် မည်သို့သောကိစ္စရပ်များကို ကိုင်တွယ်ပါစေ၊ အနည်းဆုံးအားဖြင့် ၎င်းတို့သည် စိတ်ထားမှန်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ရမည်ဖြစ်သည်။ အလွန်အပြောကောင်းပြီး စကားကို လှအောင်ပြောတတ်ခြင်းက ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်သည်ဟု ဆိုလိုသလော။ ဉာဏ်ထက်မြက်ပြီး စကားပြောကောင်းခြင်း၊ ရှင်းလင်းစွာပြောဆိုနိုင်ခြင်းက ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ)။ ၎င်းတို့သည် သစ္စာကျိန်ဆိုလျှင်ပင် အသုံးမဝင်သကဲ့သို့၊ သင်သည် ၎င်းတို့အပေါ် တောင်းဆိုချက်များ ချမှတ်လျှင်လည်း အလားတူ အဓိပ္ပာယ်မဲ့သည်။ ၎င်းတို့၌ ထိုကိုယ်ကျင့်စရိုက် ရှိရမည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာများကို မစုံစမ်းကြပေ၊ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် မည်သူက အတွေ့အကြုံရှိသည်၊ မည်သူက ပါးနပ်သည်၊ ဉာဏ်ထက်မြက်သည်၊ စကားပြောကောင်းသည်၊ ရှင်းလင်းစွာပြောဆိုနိုင်သည်၊ အခြေအနေနှင့်ကိုက်ညီအောင် မည်သို့ပြုမူရမည်ကို သိသည်၊ မည်သူက ပုတ်သင်ညိုကဲ့သို့ဖြစ်ပြီး လူမှုရေးတွင် လျှမ်းလျှမ်းတောက်သူတစ်ဦး ဖြစ်သည်ကိုသာ ကြည့်ကြသည်။ ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ အထွေထွေကိစ္စများကို ကိုင်တွယ်နိုင်သည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ မှားယွင်းမှုတစ်ခု မဟုတ်လော။ ဤသည်မှာ လူရွေးချယ်ခြင်းအတွက် စည်းမျဉ်းများနှင့် စံနှုန်းများအရ မှားယွင်းမှုတစ်ခု ဖြစ်သည်။ အမှန်တကယ်တွင် ဤလူစားမျိုးသည် အလွန်အမင်း အပြောကောင်းသည်။ ၎င်းတို့ မည်သူနှင့် ဆက်ဆံနေပါစေ၊ ၎င်းတို့ပြောသမျှသည် လိမ်ညာမှုဖြစ်ပြီး၊ ၎င်းတို့သည် သစ္စာမည်မျှပင် ကျိန်ဆိုပါစေ မပြောင်းလဲနိုင်ပေ။ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ ကာကွယ်ကြပြီး၊ အထူးသဖြင့် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ရှေးဦးစွာ ကာကွယ်ကြပြီး၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တစ်ခါမျှပင် မစဉ်းစားကြပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသရွေ့၊ ၎င်းတို့အတွက် လုံလောက်ပြီဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်ခြင်းရှိမရှိကိုမူ ၎င်းတို့ လုံးဝ ဂရုမစိုက်ကြပေ။ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံရေးသည်လည်း ၎င်းတို့ ထည့်သွင်းစဉ်းစားသည့်အရာ မဟုတ်သကဲ့သို့၊ ဘုရားသခင်၏နာမတော် ဂုဏ်သရေပျက်ခြင်းရှိမရှိကိုလည်း ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ကာကွယ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤလူစားမျိုးကို ထိုးထွင်းမမြင်နိုင်ဘဲ ၎င်းတို့သည် ဘုရားအိမ်တော်အတွက် ပြင်ပရေးရာများကို ကိုင်တွယ်ရန် အသင့်တော်ဆုံးဖြစ်သည်ဟု ထင်ကြသည်။ ဤသည်မှာ မိုက်မဲခြင်း မဟုတ်လော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ရောင်းစားကြသော်လည်း အယောင်ဆောင်ခေါင်းဆောင်များက ထိုအကြောင်းကိုပင် မသိဘဲ ၎င်းတို့ကို အရေးကြီးသော တာဝန်များ ခန့်အပ်ကာ၊ အရာရာတိုင်းအတွက် ၎င်းတို့ကို မှီခိုကြသည်။ ဤသည်မှာ အလွန်မိုက်မဲခြင်း မဟုတ်လော။ စကားပြောကောင်းပြီး ရှင်းလင်းစွာပြောဆိုနိုင်ကာ ဉာဏ်ထက်မြက်သောလူများသည် ဖြောင့်မတ်သည့် ရည်ရွယ်ချက်ရှိသောလူများလော။ သင်သည် ၎င်းတို့နှင့် ဆက်ဆံဖူးခြင်း သို့မဟုတ် ၎င်းတို့ကို ဂရုတစိုက် လေ့လာဖူးခြင်း မရှိပါက၊ သင်သိမည်မဟုတ်ပေ။ သင်သည် ၎င်းတို့နှင့် ဆက်ဆံပြီး အမှုကိစ္စများကို ကိုင်တွယ်သည့်အခါ၊ ၎င်းတို့ပြောသောအရာသည် ၎င်းတို့လုပ်သောအရာနှင့် ကိုက်ညီခြင်းရှိမရှိကိုသာ စောင့်ကြည့်လော့။ ဖြစ်ရပ်တစ်ခုဖြင့် ၎င်းတို့၏ သဘောသဘာဝအမှန်ကို ဖော်ပြရန် လုံလောက်သည်။ ဥပမာအနေဖြင့်၊ သင်သည် ပစ္စည်းများ ရွှေ့ပြောင်းနေသည်ဟု ဆိုကြပါစို့။ ၎င်းတို့သည် ဤအရာကို မြင်သည့်အခါ၊ သင့်ကို ကူညီမည်မဟုတ်ပေ။ သင်သည် အလုပ်ပြီးမှသာ ၎င်းတို့ ရောက်လာပြီး “ဤမျှပင်ပန်းသောအလုပ်ကို သင်တစ်ယောက်တည်း မည်သို့လုပ်နိုင်မည်နည်း။ သင်သာ ပြောလိုက်ပါက ကျွန်ုပ်မည်မျှအလုပ်များနေပါစေ သင့်ကို ကူညီမည်ဖြစ်ပါသည်။ သင် ပင်ပန်းနေပုံရသည်။ ကျွန်ုပ် နောက်မှ သင့်အတွက် ချက်ပြုတ်ပေးမည်၊ ယနေ့ သင်လုပ်စရာမလိုပါ” ဟု ပြောလိမ့်မည်။ ထိုသို့ပြောပြီးနောက် ၎င်းတို့ ပျောက်သွားသည်။ သင်သည် လုံးဝပင်ပန်းနွမ်းနယ်နေသော်လည်း ချက်ပြုတ်နေရဆဲဖြစ်သည်။ ထို့နောက် သင်ချက်ပြုတ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် လာစားပြီး “သင် ချက်ပြုတ်တော့မည့်အချိန်တွင် ကျွန်ုပ်ကို အဘယ်ကြောင့်မခေါ်သနည်း။ သင်သည် လုံးဝပင်ပန်းနေသော်လည်း ကျွန်ုပ်အတွက် အစားအစာ ချက်ပြုတ်ပေးနေခြင်းသည် မည်သို့ မှန်ကန်မည်နည်း။ သင် ချက်ပြုတ်ပြီးပြီဖြစ်သောကြောင့် ကျွန်ုပ် စားလိုက်တော့မည်။ နောက်တစ်နပ်ကို ကျွန်ုပ် ချက်ပါမည်၊ နောင်တွင် လုပ်ဆောင်ရန် မည်သည့်အလုပ်မဆို ရှိပါက ကျွန်ုပ်ကို အသိပေးပါ” ဟုပင် ပြောလိမ့်မည်။ ဤဖြစ်ရပ်တစ်ခုတည်းက ၎င်းတို့၏ သဘောသဘာဝအမှန်ကို ဖော်ပြရန် လုံလောက်သည်။ ၎င်းတို့သည် အလွန် ပါးနပ်လိမ္မာစွာပြောဆိုပြီး၊ ဉာဏ်ထက်မြက်ကာ၊ ဘာပြောရမည်ကို သိကြသည်။ ၎င်းတို့သည် အခြေအနေနှင့်ကိုက်ညီအောင် မည်သို့ပြုမူရမည်ကို သိပြီး၊ ၎င်းတို့လုပ်သမျှမှာ မည်သည့်စစ်မှန်သောအလုပ်ကိုမျှ မလုပ်ဆောင်ဘဲ၊ ကြားကောင်းအောင် ပြောဆိုခြင်းသာ ဖြစ်သည်။ ထိုသို့သောလူများသည် ယုံကြည်စိတ်ချရသလော။ သင်သည် ၎င်းတို့ကို ဘုရားအိမ်တော်၏ အထွေထွေကိစ္စများကို ကိုင်တွယ်ရန် တောင်းဆိုပါက၊ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို ကာကွယ်နိုင်မည်လော။ ၎င်းတို့သည် အသင်းတော်၏ ဂုဏ်သတင်းကို ထိန်းသိမ်းပြီး ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်နိုင်မည်လော။ (မကာကွယ်နိုင်ပါ)။ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာနှင့် ယင်း၏အကျိုးစီးပွားအားလုံးသည် ၎င်းတို့၏ နံပါတ်တစ် ဦးစားပေးလော။ လုံးဝမဟုတ်ပေ။ အယောင်ဆောင်ခေါင်းဆောင်များ၏ မျက်စိများနှင့် စိတ်များသည် ဤသို့ အလွယ်တကူ ထောက်လှမ်းနိုင်သော ပြဿနာများကို မမြင်နိုင်ကြဘဲ ကန်းနေကြသည်၊ ၎င်းတို့သည် ထိုပြဿနာများကို မမြင်နိုင်ခြင်းပင်ဖြစ်သည်။ ထိုအစား၊ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်သည်။ မည်သူသည် ဘုရားသခင်ချစ်သောသူဖြစ်ပြီး မည်သူသည် ဘုရားသခင်မချစ်သောသူဖြစ်သည်၊ မည်သူသည် သမ္မာတရားကို ချစ်ပြီး မည်သူသည် သမ္မာတရားကို မချစ်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်တစ်ခု ပိုင်ဆိုင်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုပြီး မည်သို့သောလူစားမျိုးတွင် အခြေခံအုတ်မြစ်မရှိသည်၊ မည်သို့သောလူစားမျိုးသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိပြီး မည်သို့သောလူစားမျိုးသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိသည်ဟူသည့် ဤအရာများအကြောင်းကို ကျိုးကြောင်းဆီလျော်ပြီး ယုတ္တိရှိသော နည်းလမ်းဖြင့် ၎င်းတို့ပြောဆိုကြပြီး၊ ၎င်းတို့သည် ထိုအရာများကို အမှန်တကယ် နားလည်ပုံရသော်လည်း၊ ယင်းတို့အားလုံးမှာ အနှစ်မဲ့သော စကားနှင့် အယူဝါဒများသာ ဖြစ်သည်။ ၎င်းတို့ကို လူများကို ပိုင်းခြားသိမြင်ရန် တောင်းဆိုသည့်အခါတိုင်း၊ ၎င်းတို့၏ မျက်စိများနှင့် စိတ်များသည် ကန်းနေကြသည်၊ ၎င်းတို့သည် လူကဲခတ် မတတ်ကြခြင်းပင်ဖြစ်သည်။ ဤလူစားမျိုးနှင့် မည်မျှကြာကြာ ဆက်ဆံပါစေ၊ ၎င်းတို့သည် ထိုသူတို့ကို ထိုးထွင်းမမြင်နိုင်သေးဘဲ၊ ၎င်းတို့ကို အရေးကြီးသော တာဝန်များပင် ခန့်အပ်ကြသည်။
အယောင်ဆောင်ခေါင်းဆောင်များအနေဖြင့် မသင့်တော်သောသူကို အသုံးပြုခြင်းသည် အလွန် စက်ဆုပ်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပြီးဖြစ်သော်လည်း ၎င်းတို့သည် သာ၍ပင် စက်ဆုပ်ဖွယ်ကောင်းသော အရာများကို လုပ်ဆောင်ခြင်းဖြင့် ဤမကောင်းမှုကို ထပ်ဆင့်ဖြည့်စွက်ကြသေးသည်။ ဥပမာအနေဖြင့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက မသင့်တော်သောသူကို အသုံးပြုခဲ့သည် ဆိုပါစို့။ ဤလူသည် ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်ရန် လုံးဝမသင့်တော်သကဲ့သို့ ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ဘုရားအိမ်တော်၏ စံသတ်မှတ်ချက်များနှင့်လည်း မကိုက်ညီပေ။ သို့သော်လည်း အယောင်ဆောင်ခေါင်းဆောင်က ၎င်းတို့ကို အသုံးပြုရန် ဆက်လက်အခိုင်အမာပြောဆိုပြီး ဤလူ၏အလုပ်ကို မည်သည့်အခါမျှ မစစ်ဆေးဘဲ “လူကိုသုံးလျှင် မယုံမရှိနှင့်၊ မယုံလျှင် မသုံးနှင့်။ ငါသည် သင့်ကို ရွေးချယ်ပြီး ရာထူးတိုးပေးခဲ့ပြီးဖြစ်သောကြောင့် သင်သည် ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်လိမ့်မည်၊ ထို့ကြောင့် ရှေ့ဆက်ပြီး သင် သင့်တော်သည်ဟု မြင်သည့်အတိုင်း အလုပ်ကို လုပ်ဆောင်လော့။ သင်မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ သင့်ကို ငါထောက်ခံမည်ဖြစ်ပြီး မည်သူမဆို ဤအရာကို ကန့်ကွက်ရန် အကြောင်းမရှိပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မသင့်တော်သည့်သူကို သုံးခဲ့သည့်တိုင် မိမိတို့၏အမှားကိုပင် အဆုံးတိုင် ဆက်လုပ်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိုမျှလောက် ယုံကြည်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များအားလုံးသည် မျက်စိကန်းကြသည်။ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ မမြင်နိုင်ကြပေ၊ မည်သည့်လူများက ဆိုးယုတ်သောလူများဖြစ်သည် သို့မဟုတ် မယုံကြည်သူများဖြစ်သည်ကို ၎င်းတို့ မခွဲခြားနိုင်ကြပေ၊ ပြီးလျှင် မည်သူက အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို တစ်စိုးတစ်စဉ်းမျှ သတိပြုမိခြင်းမရှိဘဲ နားဝေတိမ်တောင်ဖြစ်သော လူများကို အရေးကြီးသော တာဝန်များပင် ခန့်အပ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ ရာထူးတိုးပေးသည့် မည်သူ့ကိုမဆို အလွန်ယုံကြည်ကြပြီး အရေးကြီးသော အလုပ်ကို ၎င်းတို့ထံသို့ ပေါ့ပေါ့ဆဆ အပ်နှံကြသည်။ ရလဒ်အနေဖြင့် ထိုလူတို့သည် အသင်းတော်၏အလုပ်ကို ကမောက်ကမဖြစ်စေကာ ဧဝံဂေလိတရားပျံ့နှံ့မှုကို ကြီးမားစွာ သက်ရောက်မှုရှိစေပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည်။ အယောင်ဆောင်ခေါင်းဆောင်များကမူ ဤအကြောင်းကို တစ်စုံတစ်ရာ မသိသလိုပင် ဟန်ဆောင်ကြသည်။ အထက်က ၎င်းတို့ကို “သင် ရာထူးတိုးပေးခဲ့သောသူသည် သူ၏အလုပ်တွင် မည်သို့လုပ်ဆောင်နေသနည်း။ သူသည် ဤအလုပ်ကို ထမ်းဆောင်ရန် သင့်တော်ပါသလော။ သူသည် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နေပါသလော။ အရေးကြီးသော အခိုက်အတန့်များတွင် သူသည် မိမိကိုယ်ကို ကာကွယ်မည်လော၊ သို့မဟုတ် အသင်းတော်၏အလုပ်ကို ကာကွယ်မည်လော။” ဟု မေးသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များက “သူသည် အသင်းတော်၏အလုပ်ကို ကာကွယ်မည်ဟု သစ္စာဆိုခဲ့ပါသည်။ ထို့အပြင် ၎င်းသည် ဘုရားသခင်ကို နှစ် ၂၀ ကြာ ယုံကြည်ခဲ့ပြီးဖြစ်ပါသည်။ ၎င်းသည် မိမိတို့ကိုယ်ကို ကာကွယ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သို့ သစ္စာဖောက်နိုင်မည်နည်း။ ၎င်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သေချာသလောက်ဖြစ်ပါလိမ့်မည်။” ဟု ပြန်ဖြေသည်။ အထက်က “သင်ပြောသည့်စကားသည် တိကျပါသလော။ သင်သည် ၎င်း၏အလုပ်ကို စစ်ဆေးပြီးပြီလော။” ဟု ပြန်ပြောသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များက “ကျွန်ုပ်သည် ၎င်း၏အလုပ်ကို မစစ်ဆေးရသေးပါ၊ သို့သော် ကျွန်ုပ်သည် ၎င်းအား မိမိ၏ကိုယ်ပိုင်အကျိုးစီးပွားများကို မကာကွယ်ရန်နှင့် အသင်းတော်၏အလုပ်ကို ကာကွယ်ရမည်ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်ကာ ၎င်းကလည်း ထိုသို့ပြုလုပ်မည်ဟု ကျွန်ုပ်ကို ကတိပေးခဲ့ပါသည်။” ဟု ပြန်ဖြေသည်။ ၎င်းက သင့်ကို ကတိပေးခြင်းသည် အဘယ်အသုံးဝင်သနည်း။ ၎င်းသည် ဘုရားသခင်ရှေ့မှောက်တွင် ဆိုခဲ့သော သစ္စာဆိုချက်ကိုပင် မဖြည့်ဆည်းနိုင်ကြပေ။ ၎င်းက သင့်ကို ကတိပေးခဲ့ရုံမျှဖြင့် ၎င်းသည် စိတ်ချရသောသူဖြစ်သည်ဟု သင်ထင်ပါသလော။ ၎င်းသည် ကတိပေးခဲ့သည့်အတိုင်း သေချာပေါက် လုပ်ဆောင်နိုင်မည်လော။ သင်သည် ၎င်း၏အလုပ်ကို မစစ်ဆေးခဲ့ဘဲလျက် ၎င်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်သောသူတစ်ဦး ဟုတ်မဟုတ် သင်မည်သို့ သိနိုင်မည်နည်း။ သင်သည် သင့်ကိုယ်သင် အဘယ်ကြောင့် ဤမျှလောက် ယုံကြည်ရသနည်း။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် လူယုတ်မာများ မဟုတ်လော။ မသင့်တော်သောလူကို အသုံးပြုခြင်း၌ ၎င်းတို့သည် ကြီးမားသောအမှားတစ်ခုကို ကျူးလွန်ပြီးဖြစ်ကာ ထို့နောက် ၎င်းတို့သည် ဤလူ၏အလုပ်အကြောင်းကို မည်သည့်အခါမျှ မေးမြန်းစုံစမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုသည့်အတွက်လည်းကောင်း၊ ယင်းကို ကြီးကြပ်ခြင်း သို့မဟုတ် စောင့်ကြည့်လေ့လာခြင်းမပြုသည့်အတွက်လည်းကောင်း ၎င်းတို့၏ အမှားကို ပို၍ဆိုးစေသည်။ ၎င်းတို့လုပ်ဆောင်သမျှမှာ ဤလူက မဆင်မခြင်ပြုမူကာ မကောင်းမှုများ ကျူးလွန်နေသည်ကို ဆက်လက်၍ သည်းခံနေခြင်းသာ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ပုံ ဖြစ်သည်။ အလုပ်ကိစ္စတစ်ခုခုတွင် လူအင်အားနည်းပါးသည့်အခါတိုင်း အယောင်ဆောင်ခေါင်းဆောင်များသည် တစ်စုံတစ်ဦးကို တာဝန်ယူရန် ပေါ့ပေါ့ဆဆ စီစဉ်လိုက်ပြီးနောက် ထိုမျှနှင့်ပင် ပြီးဆုံးသွားသည်၊ ၎င်းတို့သည် အလုပ်ကို မည်သည့်အခါမျှ မစစ်ဆေးသကဲ့သို့ ထိုလူနှင့် ထိတွေ့ဆက်ဆံရန်၊ ၎င်းကို စောင့်ကြည့်လေ့လာရန်နှင့် ၎င်းအကြောင်း ပိုမိုသိရှိရန် ကြိုးစားရန်အတွက် အလုပ်နေရာသို့ အမှန်တကယ် သွားရောက်ခြင်းလည်း မရှိပေ။ အချို့နေရာများတွင် ပတ်ဝန်းကျင်သည် ထိုလူနှင့် တွေ့ဆုံပြီး အချိန်အတူကုန်ဆုံးရန် အဆင်မပြေသော်လည်း သင်သည် ၎င်း၏အလုပ်အကြောင်းကို မေးမြန်းရမည်ဖြစ်ပြီး သူလုပ်ဆောင်ခဲ့သည့်အရာများနှင့် မည်သို့လုပ်ဆောင်ခဲ့သည်ကို သွယ်ဝိုက်၍ မေးမြန်းစုံစမ်းရမည်၊ သင်သည် ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ သူ့နှင့် ရင်းနှီးသော တစ်စုံတစ်ဦးကိုဖြစ်စေ မေးမြန်းနိုင်သည်။ ဤသည်မှာ လုပ်ဆောင်နိုင်သည် မဟုတ်လော။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် မေးခွန်းတစ်ခုတလေမျှ မေးရန်ပင် စိတ်မဝင်စားကြပေ၊ ၎င်းတို့သည် ထိုမျှလောက် ယုံကြည်မှုရှိကြသည်။ ၎င်းတို့၏အလုပ်တွင် ၎င်းတို့သည် စုဝေးပွဲများ ကျင်းပပြီး အယူဝါဒများ ဟောပြောရုံသာ ပြုကြသည်၊ စုဝေးပွဲများ ပြီးဆုံးပြီး အလုပ်ကို စီစဉ်ပြီးသည့်အခါတွင်မူ ၎င်းတို့သည် အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်တော့ပေ၊ ၎င်းတို့သည် ၎င်းတို့ရွေးချယ်ခဲ့သောသူသည် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ဆက်လက်စောင့်ကြည့်ခြင်း သို့မဟုတ် သိရှိအောင်လုပ်ခြင်းတို့ကို မပြုလုပ်တော့ပေ။ အစပိုင်းတွင် သင်သည် ထိုလူကို နားမလည်ခဲ့သော်လည်း သူ၏အစွမ်းအစနှင့် သူ၏အပေါ်ယံ သရုပ်သကန်များနှင့် စိတ်အားထက်သန်မှုတို့ကို အခြေခံ၍ သူသည် ဤအလုပ်အတွက် သင့်တော်သည်ဟု သင်ခံစားခဲ့ရသောကြောင့် သူ့ကို သင်အသုံးပြုခဲ့သည်၊ ဤအရာ၌ မှားယွင်းသောအရာ မရှိပါ၊ အကြောင်းမှာ လူတို့သည် မည်သို့ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူ့ကို ရာထူးတိုးပေးပြီးနောက်တွင် သူသည် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိ၊ မည်သို့အလုပ်လုပ်သည်၊ သူသည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ စိတ်မချရခြင်း သို့မဟုတ် ပေါ့ဆခြင်းတို့ ရှိမရှိကို သင်သည် ဆက်လက်စောင့်ကြည့်ပြီး စုံစမ်းစစ်ဆေးသင့်သည် မဟုတ်လော။ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် အလုပ်အတိအကျ ဖြစ်သော်လည်း သင်သည် ယင်းကို တစ်စိုးတစ်စဉ်းမျှ မလုပ်ဆောင်ဘဲ မည်သည့်တာဝန်ကိုမျှ မယူပေ။ သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သင့်ကို ဖြုတ်ချကာ ဖယ်ရှားရှင်းလင်းသင့်သည်။
အယောင်ဆောင်ခေါင်းဆောင်များသည် ကြီးလေးသော အမှားတစ်ခုကို ကျူးလွန်ကြသည်၊ ယင်းမှာ ၎င်းတို့သည် လူတို့ကို ရာထူးတိုးပေးပြီးနောက် အလုပ်ကို ၎င်းတို့အား ရှင်းပြသည်၊ ထို့နောက် အယူဝါဒအနည်းငယ် ပြောဆိုပြီး အားပေးတိုက်တွန်းသည့် စကားအနည်းငယ် ပြောဆိုကာ ထိုမျှနှင့်ပင် ပြီးသွားသည်၊ နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ခြင်း သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များတွင် ပါဝင်ခြင်းတို့ကို မည်သည့်အခါမျှ မပြုလုပ်ခြင်း ဖြစ်သည်။ သင်သည် အစွမ်းအစညံ့ဖျင်းပြီး လူကဲခတ် မတတ်ဟု သင်ပြောဆိုလျှင် သင်သည် နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ပြီး သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များ၏ အခြေအနေကို သိရှိနိုင်ကာ အခြေအနေကို အပြည့်အဝ သဘောပေါက်နားလည်နိုင်ပေမည်။ သို့သော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ် မည်သို့ဖြစ်ပျက်နေသည်ကို လုံးဝ နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ခြင်း သို့မဟုတ် သိရှိအောင်လုပ်ခြင်းတို့ကို မပြုလုပ်ကြပေ။ ဥပမာအနေဖြင့် စာအုပ်များပုံနှိပ်ခြင်းကို ကြည့်ကြစို့၊ ယင်းမှာ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တစ်ခုဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ဤအလုပ်ကို တာဝန်ယူရန် တစ်စုံတစ်ဦးကို ခန့်အပ်ခဲ့သော်လည်း ခြောက်လအတွင်း တစ်ကြိမ်မျှပင် ထိုသူကို မစစ်ဆေးခဲ့ပေ။ ရလဒ်အနေဖြင့် ခြောက်လအကြာတွင် ပုံနှိပ်လိုက်သော စာအုပ်များအားလုံးသည် အရည်အသွေးမမီသော ပစ္စည်းများ ဖြစ်နေခဲ့သည်။ လုံးဝ ကမောက်ကမဖြစ်သွားပါသည်တကား။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် မည်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ကြပေ။ သင်သည် စာအုပ်တစ်အုပ် ပုံနှိပ်ရန် စီစဉ်နေပါက မည်သို့လုပ်ဆောင်သင့်သနည်း။ သင်သည် ဦးစွာ သင့်တော်သော ကြီးကြပ်ရေးမှူးတစ်ဦးကို ခန့်အပ်ရမည်၊ ထို့နောက် သူသည် အလုပ်ကို မည်မျှကောင်းစွာ လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ ယင်းကို ကမောက်ကမဖြစ်စေနိုင်ခြင်း ရှိမရှိကိုလည်းကောင်း ကြီးကြပ်ပြီး စစ်ဆေးရမည်။ သင်သည် အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ရမည်ဖြစ်ကာ ပြဿနာတစ်စုံတစ်ရာ တွေ့ရှိပါက တိုက်ရိုက်ဖြေရှင်းရမည်။ ဤသို့ပြုလုပ်ခြင်းကသာ မည်သည့်ပြဿနာမျှ မပေါ်ပေါက်ကြောင်း သေချာစေနိုင်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက ဤသို့မလုပ်ဆောင်ကြပေ။ ၎င်းတို့၏ တာဝန်ဝတ္တရားများမှာ လူတို့အား အယူဝါဒများ ပြောဆိုရန်နှင့် အယူဝါဒများကို နားလည်စေရန်သာဖြစ်ပြီး လူတို့သည် အယူဝါဒများကို နားလည်သရွေ့ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အယူဝါဒများ ပြောဆိုခြင်းနှင့် ဆောင်ပုဒ်များ အော်ဟစ်ခြင်းကိုသာ အာရုံစိုက်ပြီး သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များတွင် မပါဝင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များနှင့် ပတ်သက်လျှင် ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များတွင် ပါဝင်ရန်မှာ ၎င်းတို့၏အလုပ်မဟုတ်ဘဲ ၎င်းတို့၏ လက်အောက်မှ လူများ၏ အလုပ်ဖြစ်သင့်သည်ဟု တွေးထင်ကြသည်။ သို့ဆိုလျှင် ၎င်းတို့ကိုယ်တိုင်က မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် အမြင့်၌နေ၍ အလုံးစုံကို အမိန့်ပေးပြီး အလုပ်မဖြစ်သော အရာရှိများ ဖြစ်လာကြသည်။ မည်သည့်အလုပ်ပင်ဖြစ်စေ ၎င်းတို့သည် ရှိမနေသကဲ့သို့ ပါဝင်ခြင်းလည်း မရှိပေ။ လူတို့အား စည်းမျဉ်းများကို ပြောပြပြီးနောက် အသေးစိတ်ကိစ္စရပ်များ သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော လမ်းကြောင်းများကို မေးမြန်းခံရပါက ၎င်းတို့က “သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်မှာ သင်တို့၏ တာဝန်ဖြစ်သည်၊ ကျွန်ုပ် ဤအရာများကို နားမလည်ပါ” ဟု ပြောဆိုကြလိမ့်မည်။ ထို့ကြောင့် ၎င်းတို့၏ လက်အောက်မှ လူတို့သည် အလုပ်ကို မည်သို့လုပ်ဆောင်ကြသည်ကို ၎င်းတို့ မသိကြပေ။ ကြီးကြပ်ရေးမှူးသည် အရည်အချင်းရှိပြီး အလုပ်ကို ထမ်းဆောင်နိုင်ခြင်း ရှိမရှိကိုဖြစ်စေ၊ သူ၏လူ့သဘာဝသည် မည်သို့ရှိသည်ကိုဖြစ်စေ၊ သူသည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဟုတ်မဟုတ်ကိုဖြစ်စေ၊ သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် တာဝန်ယူမှုရှိမရှိကိုဖြစ်စေ၊ သူသည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း သို့မဟုတ် မကောင်းမှုများပြု၍ သောင်းကျန်းခြင်း ရှိမရှိကိုဖြစ်စေ၊ အလုပ်တွင် နှောင့်နှေးမှုများ ရှိမရှိကိုဖြစ်စေ စသည့်ဤအရာများထဲမှ တစ်ခုကိုမျှ အယောင်ဆောင်ခေါင်းဆောင်များက မသိကြပေ၊ ၎င်းတို့သည် ဘာသာတရားမရှိသူများ၏ လောကမှ စာရေးအလုပ်လုပ်သည့် အရာရှိများကဲ့သို့ လျှောက်သွားနေရုံသာဖြစ်ပြီး မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့အလုပ်လုပ်သည့် အသင်းတော်များတွင် အချို့သော ကြီးကြပ်ရေးမှူးများက အလုပ်ကို ရပ်တန့်သွားစေသည့်အခါတွင်ဖြစ်စေ၊ အချို့သော ကြီးကြပ်ရေးမှူးများက မိမိတို့၏ ကိုယ်ပိုင် သီးခြားနယ်မြေများ တည်ထောင်နေသည့်အခါတွင်ဖြစ်စေ၊ အချို့သော ကြီးကြပ်ရေးမှူးများက မိမိတို့၏ သင့်တော်သော တာဝန်များကို မထမ်းဆောင်ဘဲ စားသောက်ပျော်ပါးလျက် နေ့ရက်များကို ကုန်ဆုံးနေသည့်အခါတွင်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်များက မသိကြပေ၊ ပြီးလျှင် အချို့သော ကြီးကြပ်ရေးမှူးများတွင် အလွန်ညံ့ဖျင်းသော အစွမ်းအစ၊ လွဲချော်သော နားလည်သဘောပေါက်မှုတို့ ရှိပြီး အလုပ်ကို လုံးဝမလုပ်ဆောင်နိုင်သည့်အခါတွင်ပင် ၎င်းတို့သည် မျက်ကွယ်ပြုထားလိမ့်မည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် အနှစ်သာရမရှိသော အခွံသက်သက်သာ ဖြစ်သည်၊ ၎င်းတို့သည် နာမည်ခံခေါင်းဆောင်များသာ ဖြစ်ကြပြီး ခေါင်းဆောင်တစ်ဦး၏ ထိရောက်သောအလုပ် တစ်ခုတလေမျှ မလုပ်ဆောင်ကြပေ။ အပေါ်ယံအားဖြင့် ဤအယောင်ဆောင်ခေါင်းဆောင်များသည် အတော်အတန် အကျင့်ကောင်းပုံရသည်။ ၎င်းတို့သည် အလုပ်ကိစ္စတစ်ခုချင်းစီအတွက် ကြီးကြပ်ရေးမှူးများ ခန့်အပ်သည်၊ ဤလူတို့ကို အခါအားလျော်စွာ စုဝေးပွဲတစ်ခုအတွက် ခေါ်ယူသည်၊ ပြီးလျှင် ကျန်အချိန်များကို တစ်နေရာတည်းတွင် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများ ပြုလုပ်ခြင်း၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ တရားဒေသနာများ နားထောင်ခြင်း၊ ဓမ္မတေးများ သင်ယူခြင်းနှင့် မိမိတို့၏ကိုယ်ပိုင် တရားဒေသနာများကို ရေးသားခြင်းတို့ဖြင့် ကုန်ဆုံးကြသည်။ တစ်ပတ်လုံး မိမိတို့၏ အခန်းများမှပင် မထွက်ခွာသော အယောင်ဆောင်ခေါင်းဆောင်အချို့ ရှိသည်။ အခြေအနေကို နားလည်ရန် အလုပ်နေရာများသို့ မည်သည့်အခါမျှ မသွားဘဲ အွန်လိုင်းစုဝေးပွဲများ ကျင်းပခြင်းမှလွဲ၍ ဘာမျှမလုပ်သော အယောင်ဆောင်ခေါင်းဆောင်များလည်း ရှိသည်။ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို အချိန်အတော်ကြာ လူကိုယ်တိုင် မတွေ့မြင်ရဘဲ အယောင်ဆောင်ခေါင်းဆောင်များ၏ အသက်တာဆိုင်ရာ အတွေ့အကြုံများ သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှုသည် မည်သို့ရှိသည်ကို လုံးဝမသိကြပေ။ စုဝေးပွဲများအတွင်းတွင် အယောင်ဆောင်ခေါင်းဆောင်များသည် အထွေထွေကိစ္စအချို့ကိုသာ ကိုင်တွယ်ကြသည်၊ သို့သော် ကြီးကြပ်ရေးမှူးတစ်ဦးချင်းစီသည် အတိအကျ မည်သည့်အရာကို လုပ်ဆောင်နေသည်ကိုဖြစ်စေ၊ ၎င်းတို့ ရာထူးတိုးပေးပြီး ပျိုးထောင်ခဲ့သောလူများသည် ပေးအပ်ထားသော အလုပ်အတွက် သင့်တော်ခြင်း ရှိမရှိကိုဖြစ်စေ၊ ဤလူတို့၏ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင်ထားရှိသော သဘောထားသည် မည်သို့ရှိသည်ကိုဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏အလုပ်တွင် ဂရုတစိုက်နှင့် စေ့စပ်သေချာမှု ရှိမရှိကိုဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိမရှိကိုဖြစ်စေ၊ ဤလူတို့သည် မှန်ကန်သောလမ်းကြောင်းကို လိုက်လျှောက်နေခြင်း ရှိမရှိကိုဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် မှန်ကန်သောလူများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အယောင်ဆောင်ခေါင်းဆောင်များသည် ဤကိစ္စများထဲမှ တစ်ခုကိုမျှ ဂရုမစိုက်သကဲ့သို့ မေးမြန်းခြင်းလည်းမရှိဘဲ သိလိုစိတ်လည်း မရှိကြပေ။ ဤပြဿနာ၏ သဘောသဘာဝသည် ကြီးလေးသည် မဟုတ်လော။ (ကြီးလေးပါသည်။)
ဘုရားအိမ်တော်သည် အချို့သော အတတ်ပညာနယ်ပယ်များကို နားလည်ပြီး အချို့သော ကျွမ်းကျင်မှုများကို ပိုင်ဆိုင်သည့် ပင်ကိုစွမ်းရည်ရှိသူအချို့ကို လိုအပ်ပြီး ဘုရားအိမ်တော်၌ တာဝန်တစ်ခု ထမ်းဆောင်နိုင်ရန်အတွက် ထိုအတတ်ပညာများကို လေ့လာရန် ဤလူတို့ကို ပျိုးထောင်လိမ့်မည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မည်သို့သောလူစားမျိုးကို ရှာဖွေသည်ဟု သင်တို့ထင်သနည်း။ ၎င်းတို့သည် တက္ကသိုလ်တက်ခဲ့ပြီး ၎င်းတို့၏ မိဘများနောက်လိုက်ကာ ဘုရားသခင်ကို ယုံကြည်ခဲ့သော လူငယ်များအားလုံးကို စုစည်းကြပြီး မည်သူက စကားပြောကောင်းသည်၊ မည်သူက အာရုံစိုက်ခံရခြင်းကို နှစ်သက်သည်ကို ကြည့်ကာ ၎င်းတို့အား “ဘုရားအိမ်တော်သည် သင်တို့ကို ပျိုးထောင်လိုသည်၊ သင်တို့သည် အရံတပ်နှင့် မျိုးဆက်သစ်များ ဖြစ်ကြသည်။” ဟု ပြောဆိုကြသည်။ ထို့နောက် ၎င်းတို့သည် ဤလူတို့ကို တာဝန်တစ်ခု ထမ်းဆောင်ရန် ခန့်အပ်ကြသည်။ အမှန်တကယ်တွင် ဤလူတို့သည် တာဝန်တစ်ခုကို မည်သည့်အခါမျှ မထမ်းဆောင်ဖူးကြပေ၊ ၎င်းတို့တွင် အတွေ့အကြုံအမျိုးမျိုး ကင်းမဲ့နေပြီး သမ္မာတရားကို တစ်စိုးတစ်စဉ်းမျှ နားမလည်ကြပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့ကို မျက်နှာသာပေးပြီး နှစ်သက်ကြသောကြောင့် ၎င်းတို့ကို စတင်ပျိုးထောင်ကြသည်။ ၎င်းတို့သည် ဤလူတို့အား ၎င်းတို့၏ ကျွမ်းကျင်မှုက သင်ယူရန် သင့်တော်စေသည့်အရာကို အခြေခံ၍ တာဝန်များ ခန့်အပ်ကြသည်၊ အချို့ကို စာနှင့်ပတ်သက်သောအလုပ် လုပ်ဆောင်ရန် ခန့်အပ်သည်၊ အချို့ကို ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ခန့်အပ်သည်၊ အချို့ကို ဗီဒီယိုများ ပြုလုပ်ရန် ခန့်အပ်သည်၊ အချို့ကို သရုပ်ဆောင်များအဖြစ် ခန့်အပ်သည်။ အယောင်ဆောင်ခေါင်းဆောင်များအတွက်မူ ဤလူတို့တွင် ထမ်းဆောင်ရန် တာဝန်တစ်ခု ရှိနေသရွေ့ လုံလောက်ပြီဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤလူတို့သည် သမ္မာတရားကို ချစ်ခြင်း ရှိမရှိ သို့မဟုတ် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိကို မစုံစမ်းစစ်ဆေးကြသကဲ့သို့ ဤလူတို့သည် မည်သည့်အရာကို လိုက်စားနေသည် သို့မဟုတ် ၎င်းတို့၏ ပန်းတိုင်များမှာ အဘယ်အရာဖြစ်သည်ကိုလည်း မစုံစမ်းကြပေ။ အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။ ထိုလူများထဲမှ အချို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရသည်။ ဤသည်မှာ ၎င်းတို့သည် အပျော်အပါးလိုက်စားပြီး ချုပ်တည်းမှုကင်းမဲ့သောကြောင့်၊ လောကီရေစီးကြောင်းများကို လိုက်စားသောကြောင့်၊ မိမိတို့ကိုယ်ကို အလှဆင်ခြင်းနှင့် အခြားသူများနှင့် ပေါင်းသင်းခြင်းတို့ဖြင့် နေ့ရက်များကို ကုန်ဆုံးသောကြောင့်၊ မည်သည့်စည်းမျဉ်းကိုမျှ နားမလည်ခြင်း သို့မဟုတ် မည်သည့်အမူအကျင့်ကောင်းမျှ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်စဉ် မိမိတို့၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို မလုပ်ဆောင်ကြဘဲ အရာအားလုံးကို ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်ကြသော်လည်း အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို လုံးဝမမြင်နိုင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် မျက်စိကန်းကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤမျက်စိကန်းခြင်းကို အဘယ်အရာက ဖြစ်စေသနည်း။ ယင်းမှာ အယောင်ဆောင်ခေါင်းဆောင်များ စိတ်ကန်းခြင်းကြောင့် မဟုတ်လော။ မျက်စိကန်းခြင်းနှင့် စိတ်ကန်းခြင်းသည် အယောင်ဆောင်ခေါင်းဆောင်များ၏ လက္ခဏာနှစ်ရပ် ဖြစ်သည်။ ၎င်းတို့၏မျက်လုံးများ ကျယ်ကျယ်ပွင့်နေသော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်အရာကိုမျှ နားမလည်နိုင်သကဲ့သို့ မည်သူ့ကိုမျှ ထိုးထွင်းမမြင်နိုင်ပေ။ ဆိုလိုသည်မှာ ၎င်းတို့၏မျက်လုံးများသည် ကန်းနေခြင်း ဖြစ်သည်။ ၎င်းတို့၏စိတ်ထဲတွင် မည်သူ့အပေါ်၌မဆို သို့မဟုတ် မည်သည့်အရာအပေါ်၌မဆို ပိုင်းခြားသိမြင်နိုင်စွမ်း သို့မဟုတ် အမြင်များ မရှိကြပေ၊ ပြီးလျှင် ၎င်းတို့ မည်သည့်အရာကိုပင် မြင်ပါစေ အမှားနှင့်အမှန်ကို ခွဲခြားနိုင်စွမ်း မရှိကြဘဲ သဘောထားများ၊ ထင်မြင်ချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ မရှိကြပေ။ ဤသည်မှာ စိတ်ကန်းခြင်း၏ ကြီးလေးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များအားလုံးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး တရားဒေသနာများကို မကြာခဏ နားထောင်လေ့ရှိသော လူများဖြစ်ကြသည်၊ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ၎င်းတို့သည် ထိုမယုံကြည်သူများကို မဖော်ထုတ်နိုင်ကြသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြောင်း၊ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြောင်း၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားမည်မျှပင် ကြားရပါစေ အကျိုးမရှိဘဲ ယင်းတို့ကို နားမလည်ကြောင်းကို ထပ်မံသက်သေပြခြင်း ဖြစ်သည်။ ၎င်းတို့သည် မျက်စိကန်းပြီး စိတ်ကန်းကြကာ လူတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝမရှိကြပေ။ ၎င်းတို့သည် အသင်းတော်ရှိ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ရန် မည်သို့ သင့်တော်နိုင်မည်နည်း။ ၎င်းတို့သည် စကားပြောကောင်းသူများသည် ပင်ကိုစွမ်းရည်ရှိသူများဖြစ်သည်ဟုလည်းကောင်း၊ သီချင်းဆိုနိုင်ပြီး ကခုန်နိုင်သောလူများသည်လည်း ပင်ကိုစွမ်းရည်ရှိသူများဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်၊ မျက်မှန်တပ်ထားသောလူများ သို့မဟုတ် တက္ကသိုလ်တက်ခဲ့သောလူများကို တွေ့မြင်သည့်အခါ ၎င်းတို့ကို ပင်ကိုစွမ်းရည်ရှိသူများအဖြစ် တွေးထင်ကြသည်၊ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိသောလူများ၊ ချမ်းသာသောလူများ၊ စီးပွားရေးလုပ်တတ်ပြီး လှည့်ဖြားတတ်သော အလေ့အကျင့်များတွင် ပါဝင်သောလူများနှင့် လူ့အဖွဲ့အစည်းတွင် အရေးကြီးသောအလုပ်တစ်မျိုးမျိုး လုပ်ဆောင်သောလူများကို တွေ့မြင်သည့်အခါ အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့ကို ပင်ကိုစွမ်းရည်ရှိသူများအဖြစ် တွေးထင်ကြသည်။ ဘုရားအိမ်တော်သည် ဤသို့သောလူစားမျိုးကို ပျိုးထောင်သင့်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် ဤလူတို့၏ ကိုယ်ကျင့်စရိုက်ကိုဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ် ရှိမရှိကိုဖြစ်စေ မကြည့်ကြသကဲ့သို့ ဤလူတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို သဘောထားပြုမူသည့် သဘောထားကို သာ၍ပင် မကြည့်ကြချေ။ ၎င်းတို့သည် လူတို့၏ လူမှုအဆင့်အတန်းနှင့် နောက်ခံကိုသာ ကြည့်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များအနေဖြင့် လူနှင့်အမှုအရာများကို ဤနည်းလမ်းဖြင့် ရှုမြင်ခြင်းသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် လူနှင့်အမှုအရာများကို ဘာသာတရားမရှိသူများကဲ့သို့ပင် ရှုမြင်ကြသည်။ ၎င်းတို့၏အမြင်မှာ အမှုအရာများအပေါ် ဘာသာတရားမရှိသူများက ထားရှိသော အမြင်ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို ချစ်ပြီး နားလည်သောလူများ မဟုတ်ကြောင်းနှင့် ၎င်းတို့တွင် မည်သည့် ပိုင်းခြားသိမြင်နိုင်စွမ်းမျှ ကင်းမဲ့နေကြောင်းကို လုံလောက်စွာ သက်သေပြသည်။ ၎င်းတို့သည် အလွန်ပင် အနှစ်မဲ့သည် မဟုတ်လော။ ၎င်းတို့သည် အမှန်တကယ် မျက်ကန်းများဖြစ်သည်။ အလွန်ပင် ကန်းသည်တကား။
တစ်ချိန်က ငါသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်၊ သူနှင့် စကားပြောဆိုသည့်အခါ သူက ရယ်မောပြောဆိုနေတတ်သော်လည်း၊ အလုပ်အကြောင်း မေးလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် ထုံထိုင်း၍ ဉာဏ်ထိုင်းသောပုံစံဖြင့် ဟင်းလင်းပြင်ကိုသာ စိုက်ကြည့်နေပြီး သူ့ကို ငါပြောသည့်မည်သည့်စကားကိုမျှ တုံ့ပြန်ခြင်းမရှိခဲ့ပေ။ ဤလူ၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသောကြောင့် အသုံးမပြုနိုင်ပေ။ သူ့ကို ငါပြောခဲ့သည့် မည်သည့်အရာကိုမျှ သူနားမလည်ခဲ့သကဲ့သို့ ယင်းကို မဆောင်ရွက်နိုင်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။ သူ့ကို ငါမည်သည့်အကြောင်းအရာ ပြောသည်ဖြစ်စေ သူက “ကျွန်ုပ် စုဝေးပွဲတစ်ခု ကျင်းပခဲ့ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က အလုပ်ကို စစ်ဆေးခဲ့ပါသည်” ဟု ဆက်တိုက်ပြောဆိုနေခဲ့သည်။ ငါက “စုဝေးပွဲများ ကျင်းပခြင်းအပြင် သင့်မှာ အခြားမည်သည့်အလုပ်မျှ မရှိသလော။ အသင်းတော်တွင် လုပ်ဆောင်ရန် အလွန်များသည့် အလုပ်များ ရှိနေသည်၊ သင် အခြားတစ်ခုခုကို လုပ်ဆောင်ရန် အဘယ်ကြောင့် မရှာဖွေသနည်း” ဟု ပြောခဲ့သည်။ သူက “ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်ခြင်းဆိုသည်မှာ စုဝေးပွဲများ ကျင်းပခြင်းသက်သက်သာ မဟုတ်သလော။ စုဝေးပွဲများ ကျင်းပခြင်းမှလွဲ၍ လုပ်ဆောင်ရန် အခြားမည်သည့်အရာမျှ မရှိပါ၊ အခြားမည်သည့်အရာကိုမဆို မည်သို့လုပ်ဆောင်ရမည်ကို ကျွန်ုပ်မသိပါ” ဟု ဆိုလေသည်။ ဤသည်က သူသည် ထိုရာထူးကို တာဝန်ယူသောအခါ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် ကံကြမ္မာဖန်လာကြောင်းနှင့် သူ၏ အစွမ်းအစသည် အလွန်အမင်း ညံ့ဖျင်းသောကြောင့် မည်သည့်စစ်မှန်သော အလုပ်ကိုမျှ သူ မလုပ်ဆောင်နိုင်ကြောင်းကို ပြသနေသည်။ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစသည် မျက်စိကန်းခြင်းနှင့် ဉာဏ်မျက်စိကန်းခြင်းကို ဖြစ်စေသည်။ မျက်စိကန်းခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးသည် မည်သည့်အရာကို မြင်သည်ဖြစ်စေ တိကျသော ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိသောကြောင့် ၎င်းတို့၏ မျက်လုံးများသည် မည်သည့်ရည်ရွယ်ချက်အတွက်မျှ အသုံးမဝင်ဟု ဆိုလိုသည်။ ဉာဏ်မျက်စိကန်းခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ လူတစ်ဦးသည် ယင်းထဲရှိ ပြဿနာကို သတိမထားမိဘဲ နားမလည်နိုင်ဖြစ်ကာ ပြဿနာ၏ အနှစ်သာရ မည်သည့်နေရာတွင် တည်ရှိသည်ကို မမြင်နိုင်ဟု ဆိုလိုသည်၊ ဤသည်မှာ ဉာဏ်မျက်စိကန်းခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် ဉာဏ်မျက်စိကန်းလျှင် ထိုသူသည် လုံးဝပင် ဆုံးရှုံးပျက်စီးပြီ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤနည်းလမ်းဖြင့် မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤစကားများကို ကြားသည့်အခါ စိတ်မချမ်းမသာ ဖြစ်သည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့က “ကျွန်ုပ်၏ မျက်လုံးများက အတော်ပင် ကြီးပါလျက်နှင့် ကိုယ်တော်က ကျွန်ုပ်ကို မျက်စိကန်းသည်ဟု ဆိုသည်၊ ပြီးလျှင် ကျွန်ုပ်၏ စိတ်ထဲတွင် ရည်ရွယ်ချက်ကောင်းများ ရှိပါလျက်နှင့် ကိုယ်တော်က ကျွန်ုပ်ကို ဉာဏ်မျက်စိကန်းသည်ဟု ဆိုသည်၊ ကိုယ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အထူးသဖြင့် တိကျမှန်ကန်ခြင်း မရှိသည်မှာ သေချာပါသည် မဟုတ်လော။ ကျွန်ုပ်ကို အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဟုသာ အဘယ်ကြောင့် မခေါ်ဆိုသနည်း။ ကျွန်ုပ်သည် မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းသည်ဟုလည်း အဘယ်ကြောင့် ထပ်ပေါင်းပြောဆိုရသနည်း” ဟု တွေးထင်ကြသည်။ အကယ်၍ ငါသည် ယင်းကို ထိုသို့ စကားမသုံးခဲ့လျှင် အယောင်ဆောင်ခေါင်းဆောင်များ၏ အစွမ်းအစကို အကဲဖြတ်ကြည့်ပါက ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းကြောင်းကို ၎င်းတို့ သဘောပေါက်နိုင်မည်လော။ (မပေါက်နိုင်ပါ။) ဤအယောင်ဆောင်ခေါင်းဆောင်များသည် မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းကြသည်ဟု ဆိုခြင်းက အကြောင်းအရာကို အပြည့်အဝ ရှင်းပြသည် မဟုတ်လော။ ဥပမာအားဖြင့် အန္တိခရစ်တစ်ဦးသည် အသင်းတော်၌ သူ၏ ကိုယ်ပိုင်အမှီအခိုကင်းသော နယ်မြေကို တည်ထောင်နေသည် ဆိုကြပါစို့။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက “ဤလူသည် အလွန် တတ်စွမ်းနိုင်ပါသည်။ သူသည် တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်ခဲ့ဖူးပြီး ရှင်းလင်းစွာ၊ စနစ်တကျ၊ ကောင်းမွန်စွာ စီစဉ်ထားပြီး ရှင်းလင်းပြတ်သားသောပုံစံဖြင့် စကားပြောဆိုပါသည်။ ထို့အပြင် ပရိသတ် မည်မျှပင် များပြားသည်ဖြစ်စေ သူသည် စင်ပေါ်တက်ရမည်ကို မကြောက်ပါ” ဟု ဆိုသည်။ ၎င်းတို့ ပြောဆိုသည့်လူသည် သူ၏ ကိုယ်ပိုင်အမှီအခိုကင်းသော နယ်မြေကို တည်ထောင်နေသည့် ဖာရိရှဲတစ်ဦးဖြစ်သည်မှာ ရှင်းရှင်းလင်းလင်း မြင်သာနေသည့်တိုင် အယောင်ဆောင်ခေါင်းဆောင်များက ထိုသူကို ချီးကျူးနေဆဲ ဖြစ်သည်။ ယင်းမှာ မျက်စိကန်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ တစ်စုံတစ်ဦးက သီချင်းကို သံစဉ်လွဲ၍ ဆိုနေပြီး သင် မကြားမိပါက ယင်းကို မျက်စိကန်းခြင်းဟု မှတ်ယူနိုင်သလော။ (မယူနိုင်ပါ။) ယင်းမှာ အစွမ်းအစနှင့်ဆိုင်သော ကိစ္စရပ်တစ်ခုထက် အတတ်ပညာပိုင်းဆိုင်ရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။ သို့သော် သမ္မာတရားများစွာကို နားထောင်ပြီးသည့်နောက်တွင် အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်တို့ကိုပင် ၎င်းတို့၏ အရှိအတိုင်း မပိုင်းခြားနိုင်ကြသကဲ့သို့ လူတစ်ဦး၏ လူ့သဘာဝ ကောင်းမကောင်းကိုလည်းကောင်း၊ တစ်စုံတစ်ဦးသည် ဘုရားအိမ်တော်၏ ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် သင့်တော်သူလောဟူသည်ကိုလည်းကောင်း၊ တစ်စုံတစ်ဦးသည် မယုံကြည်သူတစ်ဦး ဟုတ်မဟုတ် သို့မဟုတ် ထိုလူသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း ရှိမရှိကိုလည်းကောင်း၊ တစ်စုံတစ်ဦးသည် သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ သစ္စာစောင့်သိမှု ရှိမရှိကိုလည်းကောင်း မခွဲခြားနိုင်ကြပေ၊ သို့ဆိုလျှင် ဤနှစ်များတစ်လျှောက်လုံး တရားဒေသနာများကို နားထောင်ခြင်းမှ ၎င်းတို့ အဘယ်အရာ ရရှိခဲ့ကြသနည်း။ ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ မရရှိခဲ့ကြပေ၊ ယင်းမှာ ၎င်းတို့သည် မျက်ကန်းနေသောအရူးများဖြစ်သည်ဟု ဆိုလိုသည်၊ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ မည်မျှ မျက်စိကန်းကြသည်ကို ပြနေခြင်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး၏ အဓိကအလုပ်မှာ တရားဒေသနာများကို ဟောပြောနိုင်ခြင်း၊ နှစ်နာရီ သို့မဟုတ် သုံးနာရီကြာ ဟောပြောနိုင်ခြင်းဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုနိုင်သရွေ့၊ ကြွေးကြော်သံများကို ဟစ်ကြွေးနိုင်သရွေ့နှင့် လူတို့ကို စိတ်အားထက်သန်လာအောင် လှုံ့ဆော်နိုင်သရွေ့ ၎င်းတို့သည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်များဖြစ်လာပြီး အလုပ်ကို ထမ်းဆောင်နိုင်ကာ၊ သမ္မာတရား လက်တွေ့ကျမှုလည်းရှိ၍ ဘုရားသခင်ကလည်း ၎င်းတို့အပေါ် စိတ်ကျေနပ်မှုရှိသည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ မည်သို့သော တွေးခေါ်မှုစနစ်မျိုး ဖြစ်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို နားမလည်ဘဲ အစွမ်းအစ အလွန်ညံ့ဖျင်းကာ မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းသောကြောင့် လူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝမရှိကြသကဲ့သို့ လူအမျိုးမျိုးတို့ကိုလည်း ထိုးထွင်းမမြင်နိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် လူအမျိုးမျိုးတို့ကို ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် အသုံးပြုနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့တွင် နည်းဗျူဟာတစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ ယခင်က ဆရာများဖြစ်ခဲ့ဖူးသူများကို တရားဒေသနာများ ဟောပြောရန် တာဝန်ပေးသည်၊ ပြည်ပကုန်သွယ်ရေးတွင် ပါဝင်ခဲ့ဖူးသူများကို အထွေထွေကိစ္စများ ကိုင်တွယ်ရန် တာဝန်ပေးသည်၊ အင်္ဂလိပ်စကား ပြောနိုင်သူများကို ဘာသာပြန်များအဖြစ် တာဝန်ပေးသည်၊ စကားပြောကောင်းပြီး အရေထူသောမည်သူမဆိုကို ဧဝံဂေလိတရား ဟောပြောရန် တာဝန်ပေးသည်၊ သတ္တိနည်းသူများကို အိမ်၌ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားရန် တာဝန်ပေးသည်၊ သတ္တိရှိပြီး မိမိကိုယ်ကို ထုတ်ဖော်ပြသလိုသူများကို သရုပ်ဆောင်များအဖြစ် ခန့်အပ်သည်၊ အရာရှိများ ဖြစ်လိုသူများကို ခေါင်းဆောင်များ သို့မဟုတ် ဒါရိုက်တာများအဖြစ် ခန့်အပ်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက လုံးဝ စည်းမျဉ်းစည်းကမ်း တစ်ခုမျှမရှိဘဲ လူတို့ကို အသုံးပြုပုံ ဖြစ်သည်။
အယောင်ဆောင်ခေါင်းဆောင်များ တာဝန်ယူသည့် အလုပ်၏ နယ်ပယ်အတွင်း၌ သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် စံနှုန်းများနှင့် ကိုက်ညီသည့် အချို့သောလူများသည် မကြာခဏဆိုသလို ပိတ်ဆို့တားဆီးခံရသည်။ ဤလူများထဲမှ အချို့သည် ဧဝံဂေလိတရားကို ဟောပြောကြပြီး အချို့မှာမူ ဧည့်ခံခြင်း တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးခြင်း ခံကြရသည်။ အမှန်တကယ်တွင် ၎င်းတို့အားလုံးတွင် အစွမ်းအစရှိကြပြီး သမ္မာတရားအချို့ကို နားလည်ကြကာ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ပျိုးထောင်ခြင်းခံရရန် ထိုက်တန်ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသရန် သို့မဟုတ် အာရုံစိုက်ခံရသူ ဖြစ်ရန် မနှစ်သက်ကြခြင်းသာ ဖြစ်သည်။ သို့တိုင် အယောင်ဆောင်ခေါင်းဆောင်များသည် ဤလူများကို လုံးဝပင် အရေးမစိုက်ကြပေ။ ၎င်းတို့သည် ထိုသူများနှင့် ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်း မပြုကြသကဲ့သို့ ဘုရားအိမ်တော်အတွက် အရည်အချင်းရှိသူများကို မည်သည့်အခါမျှ မပျိုးထောင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ၎င်းတို့ကို မျက်နှာချိုသွေးသောသူများကို သိမ်းသွင်းရန်ကိုသာ အစဉ်အမြဲ အာရုံစိုက်ကြသည်။ ရလဒ်အနေဖြင့် သမ္မာတရားကို အမှန်တကယ် လိုက်စားသော ထိုလူများသည် ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းကို မခံကြရဘဲ၊ အာရုံစိုက်ခံရသူ ဖြစ်ရန် နှစ်သက်သောသူများ၊ စကားပြောကောင်းသောသူများ၊ လူများကို ဖော်လံဖားတတ်သောသူများနှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို နှစ်သက်သောသူများမှာမူ အားလုံး ရာထူးတိုးပေးခြင်း ခံကြရသည်။ လောကလူ့အဖွဲ့အစည်း၌ အရာရှိများ၊ ကုမ္ပဏီ စီအီးအို ဖြစ်ခဲ့ဖူးသူများ သို့မဟုတ် စီးပွားရေးစီမံခန့်ခွဲမှုကို လေ့လာခဲ့ဖူးသူများပင်လျှင် အရေးကြီးသော ရာထူးများတွင် တာဝန်ပေးခြင်း ခံကြရသည်။ ထိုလူများသည် စစ်မှန်သော ယုံကြည်သူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်များ တာဝန်ယူသည့် အလုပ်၏ နယ်ပယ်အတွင်း၌ ရာထူးတိုးပေးခြင်းနှင့် အသုံးပြုခြင်းကို ခံရသောသူများမှာ ထိုသူများသာ ဖြစ်ကြသည်။ ဤသည်မှာ စည်းမျဉ်းများနှင့်အညီ လူတို့ကို အသုံးပြုခြင်းလော။ အယောင်ဆောင်ခေါင်းဆောင်များက ထိုသို့သောလူများကိုသာ ရာထူးတိုးပေးခြင်းသည် ဘာသာတရားမရှိသူများ၏ လူ့အဖွဲ့အစည်းနှင့် အတိအကျပင်တူနေသည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်နေသည့် ကာလအတွင်းတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ လက်တွေ့ကျကျ လုပ်ဆောင်တတ်သူများ၊ တရားမျှတစိတ်ရှိသူများနှင့် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသူများသည် ရာထူးတိုးပေးခြင်း သို့မဟုတ် ပျိုးထောင်ခြင်းကို မခံကြရဘဲ လေ့ကျင့်ရန် အခွင့်အရေးများ ရရှိရန် ခက်ခဲလှသည်။ ထိုအစား အရေးကြီးသော ရာထူးများတွင် တာဝန်ပေးခြင်း ခံရသူများမှာ စကားပြောကောင်းသူများ၊ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသရန် နှစ်သက်သူများနှင့် လူများကို ဖော်လံဖားတတ်သောသူများအပြင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို နှစ်သက်သောသူများသာ ဖြစ်ကြသည်။ ထိုလူများသည် အတော်အတန် ထက်မြက်ပုံရသော်လည်း အမှန်တကယ်တွင် ၎င်းတို့၌ သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ၊ အလွန်ဆိုးရွားသော အစွမ်းအစနှင့် ညံ့ဖျင်းသော လူ့သဘာဝရှိကြသည်၊ ၎င်းတို့၏ တာဝန်များအပေါ် စစ်မှန်သော ဝန်ထုပ်ကို မထမ်းကြသကဲ့သို့ ပျိုးထောင်ခြင်းခံရရန် လုံးဝ မထိုက်တန်ကြပေ။ သို့သော်ငြားလည်း အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ရာထူးနေရာများကို ရယူထားကြသူများမှာ ၎င်းတို့သာ ဖြစ်ကြသည်။ ရလဒ်မှာ အသင်းတော်၏ အလုပ်များစွာသည် ချက်ချင်းလက်ငင်း ချောမွေ့စွာ မစတင်နိုင်ခြင်း သို့မဟုတ် တိုးတက်မှု နှေးကွေးခြင်းတို့ဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် အကောင်အထည်ဖော်ရန် အလွန်ကြာမြင့်နေခြင်း ဖြစ်သည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို မသင့်လျော်စွာ အသုံးပြုခြင်းကြောင့် အသင်းတော်အလုပ်အပေါ် ဖြစ်ပေါ်စေသည့် သက်ရောက်မှုများနှင့် အကျိုးဆက်များ ဖြစ်ကြသည်။
အယောင်ဆောင်ခေါင်းဆောင်အများစုသည် အစွမ်းအစ ညံ့ဖျင်းကြသည်။ ၎င်းတို့သည် စကားပြောကောင်းပုံရသော်လည်း သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝမရှိကြသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြသည့်အထိပင် ဖြစ်သည်။ ၎င်းတို့သည် မမြင်မကန်းဖြစ်ပြီး ဉာဏ်မျက်စိကန်း ကြသည်၊ မည်သည့်အရေးကိစ္စကိုမျှ ထိုးထွင်းမမြင်နိုင်သကဲ့သို့ သမ္မာတရားကိုလည်း လုံးဝနားမလည်ကြပေ၊ ဤသည်ကိုယ်၌က ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့တွင် ပို၍ပင် ပြင်းထန်သော နောက်ထပ်ပြဿနာတစ်ခု ရှိသေးသည်၊ ယင်းမှာ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒအနည်းငယ်ကို နားလည်ပြီး ကျွမ်းကျင်သည့်အခါနှင့် ကြွေးကြော်သံအနည်းငယ်ကို ဟစ်ကြွေးနိုင်သည့်အခါတွင် ၎င်းတို့၌ သမ္မာတရား လက်တွေ့ကျမှု ရှိသည်ဟု ထင်မှတ်ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သူ့ကို အသုံးပြုရန် ရွေးချယ်သည်ဖြစ်စေ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြသကဲ့သို့ အခြားသူများနှင့်လည်း မိတ်သဟာယမဖွဲ့ကြသည့်အပြင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် စည်းမျဉ်းများကို လိုက်နာရန်မှာ သာ၍ပင် ဝေးသေးသည်။ ၎င်းတို့သည် အလွန်ယုံကြည်မှုရှိကြပြီး မိမိတို့၏ စိတ်ကူးများသည် မှန်ကန်သည်ဟု အစဉ်အမြဲ ယုံကြည်ကာ မိမိတို့အလိုရှိသမျှကို လုပ်ဆောင်ကြသည်။ ရလဒ်အနေဖြင့် အခက်အခဲအချို့ သို့မဟုတ် ထူးခြားသောအခြေအနေတစ်ခု ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။ ထို့အပြင် ၎င်းတို့သည် ဘုရားအိမ်တော်၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ထိုနေရာတွင် ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံရာ၌ လုံလောက်သော အတွေ့အကြုံရှိသောကြောင့် အသင်းတော်အလုပ်ကို မည်သို့လည်ပတ်ပြီး တိုးတက်အောင် လုပ်ဆောင်ရမည်ကို သိသည်ဟု မကြာခဏ မှားယွင်းစွာ ယုံကြည်ကြသည်။ ၎င်းတို့သည် ဤအရာများကို နားလည်ပြီးဖြစ်ပုံရသော်လည်း အမှန်တကယ်တွင် မည်သည့်အလုပ်ကိုမျှ မည်သို့လုပ်ဆောင်ရမည်ကို လုံးဝမသိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများ၊ ၎င်းတို့၏ အတွေ့အကြုံနှင့် လုပ်ရိုးလုပ်စဉ်များနှင့် ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာလျက် အသင်းတော်အလုပ်ကို မိမိတို့နှစ်သက်သလို လုပ်ဆောင်ကြသည်။ ဤသည်က အသင်းတော်အလုပ်၏ အမျိုးမျိုးသော အချက်များကို ကမောက်ကမဖြစ်ပြီး ဖရိုဖရဲဖြစ်စေကာ စစ်မှန်သော အကျိုးရလဒ်များ မဖြစ်ပေါ်စေရန် တားဆီးသည်။ အကယ်၍ အဖွဲ့တစ်ဖွဲ့တွင် သမ္မာတရားကို နားလည်ပြီး စစ်မှန်သောအလုပ် အနည်းငယ်ကို လုပ်ဆောင်နိုင်သည့် လူတစ်ယောက်နှစ်ယောက် ရှိပါက ၎င်းတို့သည် ထိုအဖွဲ့၏အလုပ်တွင် ပုံမှန်အခြေအနေကို ထိန်းသိမ်းထားနိုင်သည်။ သို့သော်ငြားလည်း ဤသည်မှာ ၎င်းတို့၏ အယောင်ဆောင်ခေါင်းဆောင်နှင့် လုံးဝပင်မသက်ဆိုင်ပေ။ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည့် အကြောင်းရင်းမှာ အဖွဲ့ထဲတွင် စစ်မှန်သောအလုပ် အနည်းငယ်ကို လုပ်ဆောင်နိုင်ပြီး အလုပ်ကို လမ်းကြောင်းမှန်ပေါ်တွင် ထိန်းသိမ်းထားနိုင်သည့် လူကောင်းအနည်းငယ် ရှိသောကြောင့် ဖြစ်သည်၊ ယင်းမှာ ၎င်းတို့၏ အယောင်ဆောင်ခေါင်းဆောင်က စစ်မှန်သောအလုပ်ကို လုပ်ဆောင်ခဲ့သည်ဟု မဆိုလိုပေ။ တာဝန်ယူထားသည့် ဤသို့သော လူကောင်းအနည်းငယ် မရှိဘဲ မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိရုံသာမက မည်သည့်တာဝန်ကိုမျှလည်း လုံးဝမထမ်းဆောင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်အလုပ်ကို အဘယ်ကြောင့် ကမောက်ကမဖြစ်အောင် လုပ်ဆောင်မည်နည်း။ ပထမအကြောင်းရင်းမှာ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို နားမလည်ကြ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအကြောင်း မိတ်သဟာယမဖွဲ့နိုင်ကြသကဲ့သို့ ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကိုလည်း မရှာဖွေကြသောကြောင့် ပြဿနာများ စုပုံလာပြီး အသင်းတော်အလုပ်ကို ရပ်တန့်သွားစေသည်။ ဒုတိယအချက်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် မျက်စိကန်းကြပြီး အရည်အချင်းရှိသူများကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အဖွဲ့ကြီးကြပ်ရေးမှူး အမှုထမ်းများကို သင့်တော်အောင် နေရာမချထားနိုင်ကြသောကြောင့် အချို့သောအလုပ်များတွင် တာဝန်ယူရန် သင့်တော်သူတစ်ဦးတစ်ယောက်မျှ မရှိဘဲ ရပ်တန့်သွားစေသည်။ တတိယအချက်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် အရာရှိများကဲ့သို့ အလွန်အမင်း ပြုမူကြသည်။ ၎င်းတို့သည် အလုပ်ကို ကြီးကြပ်ခြင်း သို့မဟုတ် လမ်းညွှန်ခြင်း မပြုကြသကဲ့သို့ အလုပ်တွင် အားနည်းသော အပိုင်းတစ်ခု ရှိသည့်နေရာ၌ အလုပ်၏ အသေးစိတ်အချက်များတွင် တက်ကြွစွာ ပါဝင်ခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်း မပြုကြပေ။ ဥပမာအားဖြင့်၊ အလုပ်ကိစ္စတစ်ခုတွင် အလုပ်လုပ်ဆောင်နေသည့် လူအများအပြားသည် အခြေခံအုတ်မြစ်သိပ်မရှိသည့် ယုံကြည်သူအသစ်များ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြ၊ အလုပ်နယ်ပယ်နှင့် များစွာ အကျွမ်းတဝင်မရှိကြသကဲ့သို့ အလုပ်၏ စည်းမျဉ်းများကိုလည်း အတော်အတန် နားမလည်ကြသေးဟု ဆိုပါစို့။ မျက်စိကန်းနေသည့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ဤပြဿနာများကို မမြင်နိုင်ပေ။ တစ်စုံတစ်ဦးက အလုပ်ကို လုပ်ဆောင်နေသရွေ့ အဆင်ပြေသည်ဟု ၎င်းတို့က ယုံကြည်ကြသည်၊ အလုပ်ကို ကောင်းစွာလုပ်သည်ဖြစ်စေ၊ ဆိုးရွားစွာလုပ်သည်ဖြစ်စေ အရေးမကြီးပေ။ အသင်းတော်အလုပ်တွင် အားနည်းသော အပိုင်းတစ်ခု ရှိသည့်နေရာတိုင်း၌ ၎င်းတို့သည် နောက်ဆက်တွဲ လိုက်လံဆောင်ရွက်သင့်ကြောင်း၊ စစ်ဆေးခြင်းများ ပြုလုပ်သင့်ကြောင်းနှင့် လမ်းညွှန်မှုပေးသင့်ကြောင်း၊ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်သင့်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသူများကို ၎င်းတို့ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်ကာ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်သည်အထိ ထောက်ပံ့ပေးသင့်ကြောင်းကို ၎င်းတို့ မသိကြပေ။ ဤအချိန်ရောက်မှသာ ၎င်းတို့သည် များစွာ စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤနည်းလမ်းဖြင့် အလုပ်မလုပ်ကြပေ။ အလုပ်လုပ်ရန် တစ်စုံတစ်ဦး ရှိနေသည်ကို ၎င်းတို့ မြင်သည့်အခါ ယင်းကို နောက်ထပ် အရေးမစိုက်ကြတော့ပေ။ အလုပ် မည်သို့ပင် ဖြစ်နေပါစေ ၎င်းတို့သည် မည်သို့မျှ စုံစမ်းမေးမြန်းခြင်း မပြုကြပေ။ အလုပ်တွင် အားနည်းသော အပိုင်းတစ်ခု ရှိသည့်နေရာ၌ သို့မဟုတ် အစွမ်းအစနိမ့်သော ကြီးကြပ်ရေးမှူးတစ်ဦး ရှိသည့်နေရာ၌ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်မှု မပေးကြသကဲ့သို့ အလုပ်တွင်လည်း မိမိတို့ကိုယ်တိုင် မပါဝင်ကြပေ။ ပြီးလျှင် ကြီးကြပ်ရေးမှူးတစ်ဦးက အလုပ်ကို ထမ်းဆောင်နိုင်သည့်အခါတွင်မူ အယောင်ဆောင်ခေါင်းဆောင်များသည် ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်းကို သာ၍ပင် မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် အေးအေးဆေးဆေး နေကြပြီး တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို တိုင်ကြားလျှင်ပင် ယင်းနှင့်ပတ်သက်၍ မမေးမြန်းကြပေ၊ မလိုအပ်ဟု ၎င်းတို့ ထင်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤတိကျသောအလုပ် တစ်ခုတလေကိုမျှ မလုပ်ဆောင်ကြပေ။ အချုပ်အားဖြင့်ဆိုသော် အယောင်ဆောင်ခေါင်းဆောင်များသည် စစ်မှန်သောအလုပ် တစ်စက်တစ်မျှင်မျှ မလုပ်ဆောင်သည့် ယိုယွင်းပျက်စီးနေသောသူများ ဖြစ်ကြသည်။ မည်သည့်အလုပ်အတွက်မဆို တစ်စုံတစ်ဦးက တာဝန်ယူထားပြီး အလုပ်ကို တာဝန်ယူရန် လူအင်အားအပြည့်အစုံ ရှိနေသရွေ့ အမှုအရာများ ပြီးဆုံးသွားပြီဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က ရံဖန်ရံခါ စုဝေးပွဲတစ်ခု ကျင်းပပြီး ပြဿနာတစ်ခု ပေါ်ပေါက်လာပါက စုံစမ်းမေးမြန်းလိုက်ရုံဖြင့် ပြီးပြီဟု ထင်ကြသည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ဆောင်နေစဉ်တွင် အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေသည်ဟု ယုံကြည်နေဆဲဖြစ်ပြီး မိမိတို့ကိုယ်ကို အတော်အတန် ကျေနပ်နေကြသည်။ ၎င်းတို့က “မည်သည့်အလုပ်ကိစ္စတွင်မဆို ပြဿနာများမရှိပါ။ ဝန်ထမ်းများအားလုံးကို အပြည့်အစုံ စီစဉ်ပြီးသားဖြစ်ပြီး ကြီးကြပ်ရေးမှူးများကလည်း နေရာတကျ ရှိနေသည်။ ကျွန်ုပ်သည် ဤအလုပ်တွင် အလွန်တရာတော်သည်၊ အလွန်တရာအရည်အချင်းရှိသည်” ဟု တွေးထင်ကြသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ ၎င်းတို့သည် လုပ်ဆောင်ရန် မည်သည့်တာဝန်များကိုမျှ မမြင်နိုင်ဘဲ မည်သည့်ပြဿနာများကိုမျှ မတွေ့ရှိနိုင်သည့်အထိ အလွန်ပင် မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းနေကြသည်။ အချို့နေရာများတွင် အလုပ်သည် ရပ်တန့်သွားသည့်တိုင် ၎င်းတို့သည် ထိုနေရာတွင် ကျေနပ်လျက် “ညီအစ်ကိုမောင်နှမများအားလုံးက ငယ်ရွယ်သည်၊ အားလုံးက မျိုးဆက်သစ်များဖြစ်သည်။ သူတို့သည် သူတို့၏ တာဝန်များကို မီးကုန်ယမ်းကုန် ကိုင်တွယ်သည်၊ သူတို့ အလုပ်ကို ကောင်းကောင်းလုပ်နိုင်မှာ သေချာသည်” ဟု တွေးထင်နေကြသည်။ အမှန်တကယ်တွင် ဤလူငယ်များသည် မည်သည့်အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုမျှ နားမလည်သည့် အတွေ့အကြုံမရှိသေးသူများ ဖြစ်ကြသည်။ ၎င်းတို့သည် လုပ်ရင်းသင်ရင်းဖြင့် သင်ယူရမည်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ မည်သို့လုပ်ဆောင်ရမည်ကို မသိကြသေးဟု ဆိုလျှင် သင့်လျော်သည်၊ အချို့မှာ အနည်းငယ် နားလည်ကောင်း နားလည်နိုင်သော်လည်း ၎င်းတို့သည် ကျွမ်းကျင်သူများ မဟုတ်ကြသကဲ့သို့ စည်းမျဉ်းများကိုလည်း နားမလည်ကြပေ၊ ပြီးလျှင် ၎င်းတို့ တာဝန်တစ်ခုကို လုပ်ဆောင်ပြီးသည့်အခါ ထပ်ခါတလဲလဲ ပြင်ဆင်ရန် သို့မဟုတ် မကြာခဏ ပြန်လုပ်ရန်ပင် လိုအပ်သည်။ လေ့ကျင့်ခြင်းမခံရသေးသည့်အပြင် ပြုပြင်ခြင်းကို မခံစားရသေးသည့် လူငယ်အချို့လည်း ရှိသေးသည်။ ၎င်းတို့သည် အလွန်အမင်း အောက်တန်းကျပြီး ပျင်းရိကြကာ သက်သောင့်သက်သာရှိမှုကို တပ်မက်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံကြသကဲ့သို့ အနည်းငယ် ဒုက္ခခံရသည့်အခါ မရပ်မနား ညည်းညူကြသည်။ ၎င်းတို့အများစုသည် သက်သောင့်သက်သာရှိမှုကို တပ်မက်သည့် ဝတ်ကျေတမ်းကျေ ယိုယွင်းပျက်စီးနေသောသူများ ဖြစ်ကြသည်။ ဤသို့သော လူငယ်များနှင့်ပတ်သက်၍ သင်သည် ၎င်းတို့နှင့် သမ္မာတရားအကြောင်း မကြာခဏ မိတ်သဟာယဖွဲ့ရမည်မှာ မလွဲဧကန်ဖြစ်ပြီး ၎င်းတို့ကို ပြုပြင်ရန်မှာ သာ၍ပင် လိုအပ်သေးသည်။ ဤလူငယ်များတွင် တာဝန်ယူပြီး စောင့်ကြည့်ပေးမည့်သူတစ်ဦး ရှိရမည်ဖြစ်သည်။ ၎င်းတို့၏အလုပ်အတွက် ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူရန်နှင့် ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်မှုနှင့် လမ်းညွှန်မှုပေးရန် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ရှိရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့၏အလုပ်သည် အသီးအပွင့်အနည်းငယ် သီးပွင့်ပေမည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် အလုပ်နေရာမှ ထွက်ခွာသွားပြီး အလုပ်ကို ဂရုမစိုက်ဘဲ မေးမြန်းခြင်းမရှိပါက ဤလူများသည် တစ်ပိုင်းတစ်စစီ ဖရိုဖရဲဖြစ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် လုံးဝ အသီးအပွင့် ဖြစ်ထွန်းမည် မဟုတ်ပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို ထိုးထွင်းမမြင်ကြပေ။ ၎င်းတို့သည် လူတိုင်းကို ညီအစ်ကိုမောင်နှမများအဖြစ်၊ နာခံပြီး ကျိုးနွံနာခံသောလူများအဖြစ် မြင်ကြသောကြောင့် ၎င်းတို့အပေါ် အလွန်ယုံကြည်မှုရှိကြပြီး ၎င်းတို့ကို အလုပ်များ တာဝန်ပေးကာ နောက်ထပ် အရေးမစိုက်ကြတော့ပေ၊ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ မျက်စိကန်းခြင်းနှင့် ဉာဏ်မျက်စိကန်းခြင်း၏ အကောင်းဆုံးသော သက်သေပင် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို လုံးဝနားမလည်ကြ၊ အရေးကိစ္စများကို ရှင်းလင်းစွာ မမြင်နိုင်ကြသကဲ့သို့ မည်သည့်ပြဿနာများကိုမျှ ဖော်ထုတ်နိုင်စွမ်း မရှိကြသည့်တိုင် မိမိတို့ကိုယ်ကို ကောင်းကောင်းလုပ်ဆောင်နေသည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် တစ်နေ့လုံး မည်သည့်အရာကို တွေးတောနေကြသနည်း။ ၎င်းတို့သည် အရာရှိတစ်ဦးကဲ့သို့ မည်သို့ပြုမူရမည်နှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို မည်သို့ခံစားရမည်ကို တွေးတောနေကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အသိတရားကင်းမဲ့သောသူများကဲ့သို့ပင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အနည်းငယ်မျှပင် အလေးမထားကြပေ။ ၎င်းတို့သည် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ကြသည့်တိုင် ဘုရားအိမ်တော်က ၎င်းတို့ကို ချီးကျူးပြီး ရာထူးတိုးပေးရန် စောင့်ဆိုင်းနေကြသည်။ အမှန်တကယ်ပင် ၎င်းတို့သည် အရှက်တရားကို မသိကြပေ။
အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ အလုပ်များကို လုပ်ဆောင်ရာတွင် လုံးဝ အသုံးမကျကြသည့်အပြင် ၎င်းတို့၌ ချီးကျူးစရာ တစ်ခုမျှ မရှိပေ။ ၎င်းတို့သည် တိကျသောအသေးစိတ်အလုပ်နှင့် သက်ဆိုင်သည့် စည်းမျဉ်းများကိုမဆိုထားနှင့်။ အလုံးစုံခြုံငုံကြည့်ရှုခြင်းနှင့်ပတ်သက်သည့် စည်းမျဉ်းများကိုပင် သဘောပေါက်နားလည်ရန် မတတ်နိုင်ကြပေ။ ဥပမာအားဖြင့်၊ အချို့လူများတွင် ခိုင်မာသော အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းများ ရှိသော်လည်း အလွန်ညံ့ဖျင်းသော လူ့သဘာဝ ရှိကြသည်၊ သို့သော် အခြားသူများမှာမူ ၎င်းတို့၏ လူ့သဘာဝပိုင်းတွင် ပြဿနာမရှိသော်လည်း အစွမ်းအစ ညံ့ဖျင်းပြီး အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းလည်း ညံ့ဖျင်းကြသည်။ ဤလူတို့ကို ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် မည်သို့ အသုံးပြုသင့်သည်၊ နေရာချထားသင့်သည်ဟူသည့် ကိစ္စနှင့်ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် ဤသို့ ပို၍ တိကျပြီး အသေးစိတ်ကျသော အမှုအရာများကို သာ၍ပင် မသိကြပေ။ ထို့ကြောင့် ပျိုးထောင်၍ရနိုင်သည့် အတော်အတန် ကောင်းမွန်သော အစွမ်းအစရှိသူ တစ်ဦးတစ်ယောက်ကို တွေ့ရှိပြီးပြီလောဟု အယောင်ဆောင်ခေါင်းဆောင်များကို မေးသည့်အခါတိုင်း ၎င်းတို့က မည်သူ့ကိုမျှ မတွေ့သေးကြောင်း ပြောဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန် မျက်စိကန်းကြသည်၊ ၎င်းတို့သည် မည်သူ့ကိုမဆို မည်သို့ ရှာတွေ့နိုင်မည်နည်း။ အကယ်၍ သင်က ညီအစ်မ မည်သူမည်ဝါသည် မည်သို့ရှိသနည်းဟု ၎င်းတို့ကို မေးလျှင် သူမသည် ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို တပ်မက်သည်ဟု ၎င်းတို့က ပြောဆိုကြလိမ့်မည်။ ညီအစ်ကို မည်သူမည်ဝါသည် မည်သို့ရှိသနည်းဟု ၎င်းတို့ကို မေးလျှင် သူသည် မကြာခဏ အပျက်သဘောဆောင်သည်ဟု ၎င်းတို့က ပြောဆိုကြလိမ့်မည်။ အခြားတစ်စုံတစ်ဦးသည် မည်သို့ရှိသနည်းဟု ၎င်းတို့ကို မေးလျှင် ထိုလူသည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ မယုံကြည်သေးဘဲ အခြေခံအုတ်မြစ် ကင်းမဲ့သည်ဟု ၎င်းတို့က သင့်ကို ပြောဆိုကြလိမ့်မည်။ ၎င်းတို့၏ အမြင်တွင် မည်သူမျှ စံမမီပေ။ ၎င်းတို့သည် အခြားလူတို့၏ အမှားများ၊ ချို့ယွင်းချက်များနှင့် ပြစ်မှားခြင်းများကိုသာ ကြည့်ရှုကြသည်၊ လူတစ်ဦးသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းတို့သည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအတွက် သင့်တော်သောသူ ဟုတ်မဟုတ်ကိုဖြစ်စေ ကြည့်ရှုနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် မည်သူက ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအတွက် အမှန်တကယ် သင့်တော်သည်ကို မပြောနိုင်ကြသော်လည်း ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့် စည်းမျဉ်းများနှင့် မကိုက်ညီသောသူများကိုမူ အလွန်စိတ်အားထက်သန်စွာနှင့် လျင်မြန်စွာ ရာထူးတိုးမြှင့်ကြသည်။ ၎င်းတို့သည် အသင်းတော်ရှိ ချမ်းသာသော အမျိုးသမီးများ၊ ကြွယ်ဝသော အမျိုးသားများနှင့် သူဌေးမိသားစုများ၏ သားသမီးများအားလုံးကိုလည်းကောင်း၊ လောကတွင် အရာရှိများအဖြစ် အမှုထမ်းခဲ့ဖူးသူများကိုလည်းကောင်း၊ စကားပြောကောင်းသူများကိုလည်းကောင်း၊ မည်သို့ လိမ်လည်လှည့်ဖြားရမည်ကို သိသူများကိုလည်းကောင်း ရာထူးတိုးမြှင့်ကြသည်၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် လောကတွင် လူသိများပြီး ထင်ရှားကျော်ကြားသည့် မည်သူ့ကိုမဆိုနှင့် အာရုံစိုက်ခံရခြင်းကို နှစ်သက်သည့် မည်သူ့ကိုမဆို ရာထူးတိုးမြှင့်ကြသည်။ ဤလူတို့သည်သာ ပင်ကိုစွမ်းရည်ရှိသူများဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြပြီး အမှန်တကယ် သဘောပေါက်နားလည်နိုင်စွမ်းရှိကာ သမ္မာတရားကို လက်ခံနိုင်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိကြသကဲ့သို့ရာထူးမတိုးမြှင့်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအတွက် ဘုရားအိမ်တော်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူတစ်ဦးတည်းကိုပင် ရှာပေးရန်မှာ လကမ္ဘာပေါ်သို့ တက်ရန်ထက်ပင် ပို၍ ခက်ခဲပေလိမ့်မည်။ ဥပမာအားဖြင့်၊ ဘုရားအိမ်တော်သည် လက်ရှိတွင် စာနှင့်ပတ်သက်သောအလုပ်အတွက် အရည်အချင်းရှိသူများကို လိုအပ်သည်ဆိုပါစို့၊ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး တာဝန်ယူထားသည့် အသင်းတော်တစ်ခုတွင် ဤသို့သော လူတစ်ဦး ရှိနေသော်လည်း ထိုအယောင်ဆောင်ခေါင်းဆောင်သည် ဤလူ၏အမည်ကို အဆိုမပြုပေ။ အယောင်ဆောင်ခေါင်းဆောင်ကို ထိုလူကို အဘယ်ကြောင့် ရာထူးမတိုးမြှင့်ခဲ့သနည်း သို့မဟုတ် မပျိုးထောင်ခဲ့သနည်းဟု မေးသည့်အခါ ၎င်းတို့က “ထိုလူက တက္ကသိုလ်တက်နေစဉ်အတွင်းမှာ မတရားမေထုန်ပြုခြင်းကို နှစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အိမ်ထောင်ကျပြီးသည့်နောက်တွင် ထပ်မလုပ်တော့ပါ။ သူ့ကို ရာထူးတိုးမြှင့်ရန်သင့်၊ မသင့် ကျွန်တော် မသိခဲ့ပါ” ဟု ပြောဆိုသည်။ ဤသည်မှာ မည်သို့သော စကားမျိုး ဖြစ်သနည်း။ သင်ရာထူးတိုးမြှင့်သည့် ချမ်းသာပြီး တန်ခိုးအာဏာရှိသောလူများသည် မတရားမေထုန်ပြုခြင်းကို မည်သည့်အခါကမျှ မပြုလုပ်ခဲ့ကြောင်း သင်အာမခံနိုင်သလော။ ထိုလူတို့သည် ယင်းကို သာ၍ပင် မလုပ်ဆောင်ကြသလော။ သင်သည် ယင်းကို အဘယ်ကြောင့် မမြင်ရသနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် ဝိညာဉ်ရေးရာ အယောင်ဆောင်ကြသည်မှာ အလွန်ပင် ဖြစ်သည်၊ ၎င်းတို့သည် စည်းမျဉ်းအချို့ကို သိရှိသယောင် ပြုကြပြီး ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်း ခံသင့်သောသူများကို ရာထူးမတိုးမြှင့်ခြင်းအတွက် ဆင်ခြေများ ရှာကြသည်။ ၎င်းတို့၏ အမြင်တွင် လူတိုင်းသည် ၎င်းတို့အောက် နိမ့်ကျကြသည်။ အဆုံးတွင် မည်သို့ဖြစ်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များက ရာထူးတိုးမြှင့်ခဲ့သည့် “အထက်တန်းလွှာ” များနှင့် “အရည်အချင်းရှိသူများ” သည် ခိုင်မာစွာ ရပ်တည်ခဲ့ကြပြီလော။ ငါတို့သည် ဤလူတို့မှာ အသေအချာပင် လူကောင်းများ မဟုတ်ဟု ဆိုလိုနေခြင်း မဟုတ်ပါ။ ငါတို့ အဓိက ဖော်ထုတ်နေသည့်အရာမှာ အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို ဆက်ဆံသည့် စည်းမျဉ်းသည် သမ္မာတရားကို အသုံးပြုမည့်အစား လူ့အယူအဆများကို ၎င်းတို့၏ တိုင်းတာမှုအဖြစ် အသုံးပြုခြင်းဖြစ်ကြောင်းနှင့် လူတို့ကို ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းသည် ဘုရားအိမ်တော်၏ လိုအပ်သော စံနှုန်းများကို ၎င်းတို့၏ တိုင်းတာမှုအဖြစ် အသုံးပြုမည့်အစား ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့် နှစ်သက်မှုများအတိုင်း လိုက်လျှောက်ခြင်းဖြစ်ပြီး လုံးလုံးလျားလျား ဘာသာတရားမရှိသူများ၏ အမြင်ရှုထောင့်ဖြစ်ကြောင်းပင်တည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤသို့ အဘယ်ကြောင့် လုပ်ဆောင်နိုင်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောကြောင့် ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့် လုံးဝမကိုက်ညီသောသူများကို ရာထူးတိုးမြှင့်နိုင်ကြပြီး ၎င်းတို့ကို ပျိုးထောင်ရန် အာရုံစိုက်ကာ ဘုရားအိမ်တော်၌ အရေးကြီးသော အလုပ်များကို ထမ်းဆောင်ခွင့်ပြုနိုင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့် အလုပ်ဖြစ်၏။ သင်တို့၏ ပတ်ဝန်းကျင်ရှိ အယောင်ဆောင်ခေါင်းဆောင်များကို ကြည့်လော့၊ ဤသည်မှာ ၎င်းတို့ အလုပ်လုပ်ပုံနှင့် လူတို့ကို ဆက်ဆံပုံပင် မဟုတ်လော။
အယောင်ဆောင်ခေါင်းဆောင်များ၌ မကြာခဏ ထုတ်ဖော်ပြလေ့ရှိသော အမြင်ရှုထောင့်တစ်ခု ရှိသည်၊ ၎င်းတို့က အသိပညာရှိသူများ၊ အဆင့်အတန်းရှိသူများနှင့် အပြင်လောကတွင် အရာရှိများအဖြစ် အမှုထမ်းခဲ့ဖူးသူများသည် ပင်ကိုစွမ်းရည်ရှိသူများဖြစ်ကြပြီး ထိုသို့သောလူများကို ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက် ဘုရားအိမ်တော်က ပျိုးထောင်ပြီး အသုံးပြုသင့်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ထိုလူတို့ကို အမှန်တကယ် လေးစားပြီး ကိုးကွယ်ကြသည်၊ ၎င်းတို့ကို မိမိတို့၏ ကိုယ်ပိုင်ဆွေမျိုးများနှင့် မိသားစုဝင်များကဲ့သို့ပင် ဆက်ဆံကြသည်။ ဤလူတို့ကို အခြားသူများထံ မိတ်ဆက်ပေးသည့်အခါ ၎င်းတို့သည် အပြင်လောကတွင် ကုမ္ပဏီတစ်ခု၏ သူဌေးဖြစ်ခဲ့ပုံကိုဖြစ်စေ၊ အစိုးရဌာနတစ်ခု၏ ခေါင်းဆောင်ဖြစ်ခဲ့ပုံကိုဖြစ်စေ၊ သတင်းစာတစ်ခု၏ အယ်ဒီတာဖြစ်ခဲ့ပုံကိုဖြစ်စေ၊ ပြည်သူ့လုံခြုံရေးဌာနရှိ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်ခဲ့ပုံကိုဖြစ်စေ မကြာခဏ ပြောဆိုကြသည်၊ သို့မဟုတ် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်ဝကြောင်းကို ပြောဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောလူများကို အထူးပင် အထင်ကြီးကြသည်။ သင်တို့ မည်သို့ပြောမည်နည်း၊ အယောင်ဆောင်ခေါင်းဆောင်များတွင် အစွမ်းအစ ရှိသလော။ ၎င်းတို့သည် ဝိညာဉ်ရေးရာ အယောင်ဆောင်ကြပြီး အမှုအရာများကို ထွင်းဖောက်မမြင်နိုင်ကြသည်မှာ အမှန်ပင် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များက ဤလူတို့သည် လူ့အဖွဲ့အစည်းတွင် အရည်အချင်းရှိသူများ ဖြစ်ခဲ့သောကြောင့် ၎င်းတို့ ဤနေရာသို့ လာသည့်အခါ ဘုရားအိမ်တော်သည် ၎င်းတို့ကို ပျိုးထောင်ပြီး အရေးကြီးသော အခန်းကဏ္ဍတစ်ခုကို ပေးသင့်သည်ဟု တွေးထင်ကြသည်။ ဤအမြင်သည် မှန်ကန်သလော။ ယင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ အကယ်၍ ဤလူတို့သည် သမ္မာတရားကို လုံးဝ မချစ်မြတ်နိုးဘဲ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့နေပါက ၎င်းတို့ကို ဘုရားအိမ်တော်က ပျိုးထောင်ပြီး အရေးကြီးသော အခန်းကဏ္ဍတစ်ခုကို ပေးနိုင်မည်လော။ ၎င်းတို့သည် ပျိုးထောင်ခြင်းခံရရန် အရည်အချင်းမပြည့်မီပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများကြားတွင် အရည်အချင်းရှိသူများ ဖြစ်ခဲ့သည်ဟူသောအချက်က ၎င်းတို့သည် ဘုရားအိမ်တော်၌ ပင်ကိုစွမ်းရည်ရှိသူများဖြစ်သည်ဟု မဆိုလိုပေ၊ သို့သော် ဤအယောင်ဆောင်ခေါင်းဆောင်များသည် အရာရှိများဖြစ်ရသည်ကို နှစ်သက်ကြပြီး အရာရှိများဖြစ်ခဲ့သည့် အခြားသူများကို အထူးပင် ကိုးကွယ်ကြသည်။ အပြင်လောကတွင် အရာရှိများဖြစ်ခဲ့ဖူးသူများ သို့မဟုတ် အဆင့်အတန်းရှိခဲ့ဖူးသူများကို တွေ့သည့်အခါတိုင်း ၎င်းတို့သည် သခင်များရှေ့မှ ကျွန်များကဲ့သို့ ဦးညွှတ်ကုန်းကွပြီး အလွန်ပင် အောက်ကျို့ဆက်ဆံကြသည်၊ ၎င်းတို့သည် ထိုလူတို့ကို အမေ သို့မဟုတ် အဖေ၊ သို့မဟုတ် အစ်မ သို့မဟုတ် အစ်ကိုဟု ခေါ်လိုစိတ် ပြင်းပြကြပြီး ဤလူတို့ကို အသင်းတော်ရှိ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် ရာထူးတိုးမြှင့်ပေးရန်လည်း ဆန္ဒရှိကြသည်။ ငါ့ကို ပြောလော့၊ ဤလူတို့သည် သမ္မာတရားကို လိုက်စားသောသူများ ဖြစ်ကြသလော။ ၎င်းတို့ အပြင်လောကတွင် အဆင့်အတန်းအနည်းငယ်ရှိပြီး ကျော်ကြားမှုအချို့ကို နှစ်သက်ခံစားရခြင်းက ၎င်းတို့သည် ဘုရားအိမ်တော်၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အမှုထမ်းရန် သင့်တော်သည်ဟု ဆိုလိုသလော။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဘဲ မာနထောင်လွှားပြီး စိတ်ကြီးဝင်တတ်သော စိတ်သဘောထားများဖြင့် ပြည့်နေပါက ၎င်းတို့သည် ဘုရားအိမ်တော်၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် ထိုက်တန်သလော။ လူတို့ကို ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ကို လျစ်လျူရှုပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် ကျော်ကြားမှုကိုသာ အာရုံစိုက်ခြင်းဖြင့် ရာထူးတိုးမြှင့်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်က မည်သို့သောလူစားမျိုးကို နှစ်သက်သည်ကိုလည်းကောင်း၊ မည်သို့သောလူစားမျိုးကို ကိုယ်တော်က ရာထူးတိုးမြှင့်ပြီး အသုံးပြုသည်ကိုလည်းကောင်း သိကြသလော။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် လူတို့ကို စံနှုန်းသုံးခုအတိုင်း ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ရမည်ဖြစ်ကြောင်း အကြိမ်ကြိမ်အခါခါ အလေးပေးပြောကြားခဲ့သည်၊ ပထမအချက်၊ ၎င်းတို့သည် လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ရမည်၊ ဒုတိယအချက်၊ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူတစ်ဦး ဖြစ်ရမည်၊ တတိယအချက်၊ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ အစွမ်းအစရှိရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ရမည်။ ဤစံနှုန်းသုံးခုနှင့် ကိုက်ညီသောသူများသာလျှင် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်း ခံရနိုင်ပြီး ကိုယ်စားလှယ်လောင်းများဖြစ်ရန်နှင့် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ရန် အရည်အချင်းပြည့်မီသည်။ အစွမ်းအစနှင့် ပင်ကိုစွမ်းရည်ကိုသာ ပိုင်ဆိုင်ရုံမျှဖြင့် လုံးဝမလုံလောက်ပေ။ ကိုယ်ကျင့်စရိုက်သည် ပထမနေရာတွင် လာသည်၊ ဒုတိယအနေဖြင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိရန်မှာ မရှိမဖြစ်လိုအပ်သည်၊ ဤနှစ်ခုမှာ အရေးကြီးဆုံးသော စံနှုန်းများ ဖြစ်ကြသည်။ အကယ်၍ သမ္မာတရားကို မချစ်မြတ်နိုးသော ဆိုးယုတ်သည့်လူများကို ရာထူးတိုးမြှင့်ပါက အကျိုးဆက်များသည် ဆိုးရွားလှပေလိမ့်မည်၊ ထို့ကြောင့် လူ့သဘာဝ ကင်းမဲ့သောသူများကို ရာထူးတိုးမြှင့်ရန် လုံးဝ ခွင့်မပြုပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ လိုအပ်ချက်များကို လျစ်လျူရှုကြသည်။ လူတို့ကို ရွေးချယ်ပြီး အသုံးပြုသည့်အခါ ၎င်းတို့သည် ထိုလူသည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိမရှိ၊ ၎င်းတို့၏ နောက်ခံနှင့် ရာထူးသည် မည်သို့ဖြစ်သည်၊ ၎င်းတို့သည် အဆင့်မြင့်ပညာရေးကို လက်ခံရရှိခဲ့ခြင်း ရှိမရှိနှင့် လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ ဂုဏ်သတင်းသည် မည်မျှ မြင့်မားသည်ကို အမြဲတမ်း အာရုံစိုက်ကြသည်၊ ဤသည်တို့မှာ လူတို့ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်သည့်အခါ ၎င်းတို့ အာရုံစိုက်သည့် ကဏ္ဍများ ဖြစ်ကြသည်။ ဤသည်မှာ ဘုရားအိမ်တော်က သတ်မှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့် ကိုက်ညီသလော။ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိသော ထိုလူတို့သည် မည်သူများ ဖြစ်ကြသနည်း။ ၎င်းတို့အားလုံးသည် မည်သည့်နည်းလမ်းဖြင့်မဆို အာဏာနှင့် အဆင့်အတန်းအတွက် တိုက်ခိုက်ကြသော လူများဖြစ်ကြပြီး စာတန်နှင့်ဆိုင်သောသူများ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၌ အာဏာကိုင်စွဲပါက ဘုရားအိမ်တော်သည် ဘုရားသခင်၏ အသင်းတော် ဖြစ်နေဦးမည်လော။ စာတန်နှင့်ဆိုင်သောလူများကို ခေါင်းဆောင်များဖြစ်လာစေရန် ရာထူးတိုးမြှင့်ရာတွင် အယောင်ဆောင်ခေါင်းဆောင်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသို့ပြုမူခြင်းသည် လူတို့ကို ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ယင်းသည် အသင်းတော်၏အလုပ်ကို ဗြောင်ကျကျ အနှောင့်အယှက်ပေးပြီး ပျက်စီးစေခြင်းပင် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို စည်းမျဉ်းမဲ့ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် အသင်းတော်၏အလုပ်အတွက် အကြီးမားဆုံးသော အဖျက်အမှောင့်လုပ်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်းကို ဖြစ်စေသည့်အရာဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် တရားဒေသနာမည်မျှကို နားထောင်သည်ဖြစ်စေ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်မည်မျှကို ဖတ်ရှုသည်ဖြစ်စေ ၎င်းတို့သည် စင်ကြယ်စွာ သဘောပေါက်နားလည်ခြင်း သို့မဟုတ် သမ္မာတရားကို နားလည်ခြင်း မရှိကြသေးပေ၊ ၎င်းတို့သည် အယူဝါဒများကို နှစ်ပေါင်းမည်မျှ ဟောပြောခဲ့သည်ဖြစ်စေ မိမိတို့ပြောဆိုနေသည့်အရာကို နားမလည်ကြပေ၊ ယင်းတို့အားလုံးသည် လုံးဝ အနှစ်သာရမရှိသောစကားများသာဖြစ်ပြီး၊ ဘာကိုဆိုလိုမှန်း သိနိုင်စရာမရှိပေ။ ၎င်းတို့သည် အယူဝါဒအနည်းငယ်ကို မှတ်မိပြီး ဟောပြောနိုင်သောကြောင့် မိမိတို့တွင် သမ္မာတရား လက်တွေ့ကျမှု ရှိသည်ဟု တွေးထင်ကြသော်လည်း ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာမျှ သမ္မာတရားနှင့် မသက်ဆိုင်ပေ၊ ဤသူတို့သည် သမားရိုးကျ ဖာရိရှဲများ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် လူတို့ကို မကြာခဏ တရားဟောကြပြီး သမ္မာတရားကို နားလည်သကဲ့သို့ ကြားကောင်းအောင် ပြောဆိုကြပုံရသော်လည်း ၎င်းတို့လုပ်ဆောင်သည့်အရာမှာ သမ္မာတရားနှင့် ဆန့်ကျင်ပြီး ကွဲလွဲနေသည်။ ၎င်းတို့သည် မိမိတို့က ဘုရားသခင်ကို အစေခံနေပြီး အသင်းတော်၏အလုပ်ကို လုပ်ဆောင်နေသည်ဟုလည်း အခိုင်အမာဆိုကြသည်၊ သို့သော် အမှန်တကယ်တွင် ၎င်းတို့လုပ်ဆောင်သမျှသည် ဘုရားသခင်ကို လုံးလုံးလျားလျား ရန်လိုခြင်းသာ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်အတွက် အသုံးဝင်သော အရည်အချင်းရှိသူများကို မည်သည့်အခါမျှ ရာထူးမတိုးမြှင့်ကြဘဲ အမှန်တကယ် သမ္မာတရားကို လိုက်စားသည့် အတော်အတန် ရိုးသားသောလူများကို လျစ်လျူရှုပြီး မျက်ကွယ်ပြုကြသည်။ ထိုအစား ၎င်းတို့သည် ဖော်လံဖားသောသူများ၊ စိတ်မချရဖြစ်ပြီး လှည့်ဖြားတတ်သောသူများနှင့် အသင်းတော်၌ အလုပ်တာဝန်ယူရန် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိသူများကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ကြသည်။ ဤအရာအားလုံး၏ ရလဒ်မှာ ထိုလူတို့သည် အလုပ်၌ အချိန်ကာလတစ်ခုကြာ ရှိနေပြီးသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ်၏ ကဏ္ဍအမျိုးမျိုးသည် ရပ်တန့်သွားပြီး လက်တွေ့တွင် တုံ့ဆိုင်းသွားသည့် အခြေအနေသို့ ဝင်ရောက်သည်၊ ဤသို့ဖြင့် အသင်းတော်၏အလုပ်သည် ဤအယောင်ဆောင်ခေါင်းဆောင်များ၏ လက်ထဲတွင် ပျက်စီးသွားရသည်။ အယောင်ဆောင်ခေါင်းဆောင်များဖြစ်သော ဤလူစားမျိုးသည် စက်ဆုပ်ဖွယ် မကောင်းသလော။ ၎င်းတို့ကို ဖြုတ်ချသင့်သလော။ ၎င်းတို့ကို မဖြစ်မနေ ဖြုတ်ချရမည်။ နှောင့်နှေးကြန့်ကြာသည့် တစ်ရက်ချင်းစီတိုင်းသည် အသင်းတော်၏အလုပ်ကို တစ်နေ့လုံး ထိခိုက်စေသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့က စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်ကြောင်း သိရှိကြသော်လည်း မိမိသဘောအလျောက် ရာထူးမှ နုတ်ထွက်ရန် မလိုလားကြဘဲ အဆင့်အတန်း၏ အကျိုးအမြတ်များကို အစဉ်မပြတ် စွဲလမ်းနေကြပြီး အသင်းတော်၏အလုပ်ကို ထိခိုက်နစ်နာစေသည်အထိပင် ပြုလုပ်ကြမည်ဖြစ်သည်။ ဤလူတို့တွင် ဆင်ခြင်တုံတရား အနည်းငယ်မျှပင် ရှိသေးသလော။ အယောင်ဆောင်ခေါင်းဆောင်များတွင် သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် စစ်မှန်သော ပင်ကိုစွမ်းရည်နှင့် အမှန်တကယ် သိကျွမ်းခြင်း တစ်ခုတလေမျှ မရှိပေ၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများ မဟုတ်ကြသည့်အပြင် အဆင့်အတန်း၏ အကျိုးအမြတ်များကိုလည်း တပ်မက်ကြသည်၊ ၎င်းတို့သည် အရှက်မရှိသောလူများ ဖြစ်ကြသည်၊ ထို့ကြောင့် ၎င်းတို့ကို လုံးဝ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်း မပြုရပေ။ အကယ်၍ သင်က သင်၏အစွမ်းအစသည် အလွန်ညံ့ဖျင်းသည်ဟုလည်းကောင်း၊ အမှားနှင့်အမှန်ကို ပိုင်းခြားနိုင်စွမ်းမရှိဟုလည်းကောင်း၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းမရှိဟုလည်းကောင်း တွေးထင်ပါက၊ သင်မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စိတ်အလိုလိုက်ခြင်း မပြုလုပ်နှင့်၊ အသင်းတော်၌ အရာရှိတစ်ဦးဖြစ်လာရန်၊ အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်လာရန် ကြိုးပမ်းဖို့ မစဉ်းစားနှင့်၊ ခေါင်းဆောင်တစ်ဦးဖြစ်ရခြင်းသည် ထိုမျှ မလွယ်ကူပေ။ အကယ်၍ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ဘဲ သမ္မာတရားကို မချစ်မြတ်နိုးပါက သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် အန္တိခရစ် သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မည်။ အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များ နှစ်မျိုးစလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောလူများဖြစ်ကြပြီး မကောင်းမှုကို ပြုလုပ်ကာ အသင်းတော်၏အလုပ်ကို အနှောင့်အယှက်ပေးနိုင်စွမ်းရှိသော လူများဖြစ်ကြသည်။ အန္တိခရစ်များသည် နတ်ဆိုးများနှင့် စာတန်များဖြစ်သည်ဟု ဆိုခြင်းမှာ မှန်ကန်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည်လည်း လူကောင်းများ မဟုတ်ကြပေ၊ အနည်းဆုံးအားဖြင့် ၎င်းတို့သည် မျက်နှာပြောင်တိုက်၍ အရှက်မရှိသော၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောလူများ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဖြုတ်ချခံရခြင်း၌ ဂုဏ်ယူစရာ တစ်ခုခု ရှိသလော။ ယင်းမှာ ရှက်ဖွယ်ဖြစ်သည်၊ အစွန်းအထင်းတစ်ခုဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ လုံးဝ ဂုဏ်ယူစရာ တစ်ခုမျှ မရှိပေ။ သင်သည် အသင်းတော်အလုပ်အပေါ်တွင် တာဝန်ခံယူစိတ်ရှိပြီး ပါဝင်လုပ်ကိုင်လိုလျှင် ဤသည်မှာ ကောင်းသည်။ သို့သော် သင်သည် သမ္မာတရားကို နားလည်ခြင်းရှိမရှိလည်းကောင်း၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ခြင်းရှိမရှိလည်းကောင်း၊ ဘုရားသခင်၏ အလုပ်ကို အမှန်တကယ် နာခံနိုင်ခြင်း ရှိမရှိလည်းကောင်း၊ အလုပ်အစီအစဉ်များနှင့်အညီ အသင်းတော်အလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းရှိမရှိကိုလည်းကောင်း ဆင်ခြင်သုံးသပ်ရမည်။ သင်သည် ဤစံသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ရန် မိမိကိုယ်ကို တင်ပြနိုင်သည်။ ဤအရာကို ပြောရာတွင် ငါဆိုလိုသည်မှာ အနည်းဆုံးအနေဖြင့် လူတို့သည် မိမိကိုယ်ကို သတိထားမိခြင်းကို ပိုင်ဆိုင်ရမည်။ ရှေးဦးစွာ သင်သည် လူတို့ကို ပိုင်းခြားသိမြင်နိုင်သလော၊ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်သလောဆိုသည်ကို ကြည့်လော့။ ဤလိုအပ်ချက်များနှင့် သင်ကိုက်ညီလျှင် သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်ရန် သင့်တော်သည်။ သင်သည် မိမိကိုယ်ကို အကဲဖြတ်ခြင်းကို မစွမ်းဆောင်နိုင်လျှင် သင်နှင့် ရင်းနှီးသည့်၊ သို့မဟုတ် သင်နှင့် နီးစပ်သည့် သင့်အနီးမှလူများကို မေးမြန်းနိုင်သည်။ သင်သည် ခေါင်းဆောင်ဖြစ်ရန် အစွမ်းအစ မလုံလောက်၊ သင်၏ လက်ရှိအလုပ်ကိုသာ လုပ်ဆောင်ခြင်းက ကောင်းနေပြီဖြစ်သည် ဟု ၎င်းတို့အားလုံးက ဆိုလျှင် သင်သည် သင့်ကိုယ်သင် အလျင်အမြန် သိရှိလာသင့်သည်။ သင်သည် အစွမ်းအစနည်းသည့်အတွက် ခေါင်းဆောင်ဖြစ်လိုစိတ်ရှိလျက်ဖြင့် သင်၏ အချိန်အားလုံးကို မကုန်ဆုံးစေနှင့်။ အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်တတ်နိုင်သမျှသာ လုပ်ဆောင်လျက် သင့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်လော့။ ဤသို့ဖြင့် သင်သည် စိတ်ငြိမ်သက်ခြင်းရှိနိုင်သည်။ ဤသည်မှာလည်း ကောင်းသည်။ သင်သည် ခေါင်းဆောင်ဖြစ်နိုင်စွမ်းရှိလျှင်၊ ဤသို့သော အစွမ်းအစနှင့် ပင်ကိုစွမ်းရည်ကို အမှန်တကယ်ပိုင်ဆိုင်လျှင်၊ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်လျှင်၊ တာဝန်ခံယူစိတ်ရှိလျှင် သင်သည် ဘုရားအိမ်တော်တွင် လိုအပ်နေသော ပင်ကိုစွမ်းရည်ရှိသည့်လူအမျိုးအစား အတိအကျပင် ဖြစ်ပြီး ရာထူးတိုးပြီး ပျိုးထောင်ခံရရန် သေချာသည်။ သို့သော် အရာရာတွင် ဘုရားသခင်၏ အချိန်ရှိသည်။ ဤရာထူးတိုးလိုသည့် ဆန္ဒသည် ရည်မှန်းချက်မဟုတ်ပေ။ သို့သော် သင့်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစရှိရမည်ဖြစ်ပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်။ သင်သည် အစွမ်းအစညံ့ဖျင်းသည့်တိုင်အောင် ခေါင်းဆောင်ဖြစ်လိုလျက်၊ သို့မဟုတ် အဘက်ဘက်မှ အလုပ်အားလုံးအတွက် တာဝန်ယူလိုလျက်၊ သို့မဟုတ် အသိအမှတ်ပြုခြင်းခံစေသည့်အရာတစ်ခုကို လုပ်ဆောင်လိုလျက် သင်၏ အချိန်အားလုံးကို ကုန်ဆုံးဆဲဖြစ်လျှင်၊ ဤသည်မှာ ရည်မှန်းချက်ဖြစ်သည်။ ရည်မှန်းချက်ကြီးခြင်းသည် ဘေးဥပဒ်ကို ဆောင်ကြဉ်းပေးနိုင်သည်၊ ထို့ကြောင့် သင်သည် ယင်းကို သတိထားသင့်သည်။ လူအားလုံးသည် တိုးတက်လိုစိတ်ရှိကြပြီး သမ္မာတရားဆီသို့ ကြိုးပမ်းလိုစိတ်ရှိကြရာ ယင်းမှာ ပြဿနာမဟုတ်ပေ။ အချို့လူများတွင် အစွမ်းအစရှိသည်၊ ခေါင်းဆောင်များဖြစ်ရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည်၊ သမ္မာတရားဆီသို့ ကြိုးပမ်းနိုင်စွမ်းရှိသည်၊ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ အခြားသူများမှာမူ အစွမ်းအစကို မပိုင်ဆိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်တာဝန်ကို စွဲကိုင်ထားသင့်ပြီး မိမိတို့ရှေ့မှောက်၌ရှိသော တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ကာ ယင်းကို စည်းမျဉ်းနှင့်အညီ၊ ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်သင့်သည်၊ ၎င်းတို့အတွက်မူ ယင်းမှာ ပိုကောင်းသည်၊ ပိုလုံခြုံသည်၊ ပို၍ လက်တွေ့ကျသည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူများ သို့မဟုတ် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းခံရသူများသည် “ညီအစ်ကိုမောင်နှမများက လူများစွာထဲမှ ကျွန်ုပ်ကို ရွေးချယ်ခဲ့သည်၊ ဘုရားအိမ်တော်က ကျွန်ုပ်ကို ရာထူးတိုးမြှင့်ခဲ့သည်၊ ထို့ကြောင့် ကျွန်ုပ်၌ အမှန်ပင် ပင်ကိုစွမ်းရည်အချို့ရှိပြီး သာမန်လူများထက် သာသည်၊ ရွှေစစ်သည် နောက်ဆုံး၌ အရောင်တောက်ပစမြဲပင်” ဟူ၍ ခံစားခြင်းဖြင့် လိုရာဆွဲတွေးခြင်း မပြုလုပ်သင့်ပေ။ ဤသို့တွေးထင်ခြင်းသည် ကောင်းသလော။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းခံရခြင်းသည် ကောင်းသောအရာတစ်ခုနှင့် ကောင်းသောအခွင့်အရေးတစ်ခု ဖြစ်သော်လည်း သင်သည် ဤလမ်းခရီးကို ကောင်းစွာ လျှောက်လှမ်းနိုင်ခြင်း ရှိမရှိသည် သင်သည် ဤအခွင့်အရေးကို မည်သို့ချဉ်းကပ်သည်နှင့် ယင်းကို တန်ဖိုးထားနိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် သင့်ကို ဤအခွင့်အရေး ပေးခဲ့ပြီးဖြစ်သော်လည်း ယင်းက သင်သည် အခြားမည်သူ့ထက်မဆို အမှန်တကယ် သာသည်ဟု မဆိုလိုပေ၊ သင်၏အစွမ်းအစသည် အခြားသူများထက် အနည်းငယ် ပိုကောင်းခြင်း သို့မဟုတ် သင့်တွင် ဆုကျေးဇူးအချို့ရှိခြင်း ဖြစ်နိုင်သော်လည်း သင်၏အသက်ဝင်ရောက်မှုသည် မည်သို့ရှိသည်နှင့် သင့်တွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိကိုမူ ပြောရန်ခက်သည်၊ အကြောင်းမှာ လူတိုင်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တူညီကြပြီး သင်သည်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို သိရှိနားလည်နိုင်ပါက ဘုရားအိမ်တော်က သင့်ကို ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းကို မှန်ကန်စွာ ချဉ်းကပ်နိုင်လိမ့်မည်။ သင်သည် သင့်ကိုယ်သင် အရည်အချင်းရှိသူတစ်ဦးအဖြစ် မမှတ်ယူသင့်သကဲ့သို့ သင့်တွင် သမ္မာတရား လက်တွေ့ကျမှု ရှိသည်ဟုလည်း မတွေးထင်သင့်ပေ။ သင်၌ အစွမ်းအစအနည်းငယ်ရှိပြီး သမ္မာတရားဆီသို့လည်း ကြိုးပမ်းနိုင်သောကြောင့် သင့်ကိုယ်သင် လေ့ကျင့်ရန် အခွင့်ပေးခြင်းခံရခြင်းသာ ဖြစ်သည်။ ဤသည်မှာ စမ်းသပ်ကာလတစ်ခုဖြစ်ပြီး သင်သည် အမှန်တကယ် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဟုတ်မဟုတ် သို့မဟုတ် သင်သည် ပျိုးထောင်ခြင်းခံရရန် ထိုက်တန်ခြင်း ရှိမရှိကိုမူ မသေချာသေးပေ။ ဤကာလအတွင်း စမ်းသပ်ခန့်ထားခြင်းခံရပြီးနောက် သင်သည် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း ရှိမရှိကို ပြောရန်ခက်သည်။ သင်သည် ဆက်လက်ပျိုးထောင်ခြင်းခံရရန် ထားရှိခြင်းခံရနိုင်သည် သို့မဟုတ် သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်သည်၊ ယင်းအားလုံးသည် သင်မည်မျှ ကြိုးစားအားထုတ်သည်အပေါ်တွင် မူတည်သည်။ လူတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ရာထူးတိုးမြှင့်ခြင်းဆိုသည်မှာ ဤသို့ပင်ဖြစ်ရာ သင်သည် ယင်းကို နားလည်သင့်သည်။ သင်ကိုယ်တိုင်က သင့်ကိုယ်သင် အရည်အချင်းရှိသူတစ်ဦးဟု တွေးထင်နေခြင်းသည် အဓိပ္ပာယ်မရှိပေ။ အကယ်၍ ဘုရားအိမ်တော်က သင့်ကို ရာထူးမတိုးမြှင့်ပါက၊ သင့်ကို မပျိုးထောင်ပါက သင်သည် ဘာမျှမဟုတ်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားအိမ်တော်၏ အသုံးပြုခြင်းကို ခံရန် မလိုလားပါက သင်သည် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပေ။ အကယ်၍ သင်က “ဘုရားအိမ်တော်က ကျွန်ုပ်ကို အသုံးမပြုပါ၊ လူ့အဖွဲ့အစည်းထဲကို ကျွန်ုပ် သွားမည်” ဟု ပြောဆိုပါက၊ ကောင်းပြီ၊ လူ့အဖွဲ့အစည်းထဲသို့ သွားပြီး စမ်းကြည့်လော့၊ မည်သူက သင့်ကို ရာထူးတိုးမြှင့်သည်ကို ကြည့်လော့၊ သင်မည်သည့်အရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်ကို ကြည့်လော့။ ဤသို့ပြောဆိုခြင်းဖြင့် ငါဆိုလိုသည့်အရာမှာ သင်တို့သည် ဘုရားအိမ်တော်က သင်တို့ကို ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအပေါ် မှန်ကန်သော နားလည်မှုနှင့် ချဉ်းကပ်မှု ရှိရမည်ဖြစ်ကြောင်း သင်တို့ကို ပြောပြရန် ဖြစ်သည်။ ညံ့ဖျင်းသော သို့မဟုတ် သာမန်အစွမ်းအစရှိပြီး ဘုရားအိမ်တော်၌ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအတွက် လိုအပ်သော စံနှုန်းနှင့် မကိုက်ညီသောသူများသည် မိမိတို့၏တာဝန်ကို လိုက်လျောညီထွေစွာနှင့် တည်ကြည်စွာ ဖြည့်ဆည်းရန်သာ လိုအပ်သည်။ သင်သည် သင်၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်သရွေ့ ဘုရားသခင်သည် သင့်ကို မျှတမှုမရှိဘဲ ဆက်ဆံမည်မဟုတ်ပေ။ ထို့ကြောင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်း ကိစ္စရပ်များကို မတိုက်ခိုက်ကြနှင့်၊ သို့သော် ယင်းတို့ကို ငြင်းပယ်ခြင်းလည်း မပြုကြနှင့်၊ အရာအားလုံးကို ၎င်း၏သဘာဝအတိုင်း ဖြစ်စေလော့၊ တစ်ဖက်တွင် သင်သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိရမည်၊ ဤသည်မှာ မှန်ကန်သော နည်းလမ်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် ရိုးရှင်းသလော။ (ရိုးရှင်းပါသည်။) အစွမ်းအစ ညံ့ဖျင်းသောလူတစ်ဦး ခေါင်းဆောင်ဖြစ်ခြင်း၌ အကျိုးကျေးဇူးတစ်ခုခု ရှိသလော။ အဆုံးတွင် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အခါ ဤအပေါ် ၎င်းတို့ မည်သို့ခံစားရမည်နည်း။ ယင်းသည် သင်တို့ လိုချင်ခဲ့သည့်အရာ ဖြစ်မည်လော။ (မဟုတ်ပါ။) သင်သည် “အယောင်ဆောင်ခေါင်းဆောင်” ဟူသော ဂုဏ်ပုဒ်ကို သင့်ဦးခေါင်းထက်၌ သယ်ဆောင်သွားရလိမ့်မည်ဖြစ်ပြီး သင်သွားလေရာရာ၌ လူတို့က “ဤလူသည် တစ်ချိန်က အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်” ဟု ပြောဆိုကြလိမ့်မည်။ ယင်းသည် ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ ယင်းသည် ကောင်းသောအရာမဟုတ်သည့်အပြင် ဂုဏ်ယူစရာတစ်ခုလည်း မဟုတ်ပေ။ လူတို့သည် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ခြင်းအပေါ်တွင် မှန်ကန်သော နားလည်မှုနှင့် သဘောထားရှိရမည်။ ဤကိစ္စများတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရမည်။ ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒနောက်လို့ မလိုက်ရပေ၊ သို့မဟုတ် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ မရှိရပေ။ သင်သည် အစွမ်းအစကောင်းသည်ဟု ခံစားရသော်လည်း ဘုရားအိမ်တော်က သင့်အား မည်သည့်အခါမျှ ရာထူတိုးမပေးသကဲ့သို့ သင့်အား ပျိုးထောင်ပေးရန် မည်သည့်နည်းလမ်းမျှ မရှိလျှင် အားမလိုအားမရမဖြစ်နှင့်၊ သို့မဟုတ် စတင်၍ စောဒကမတက်နှင့်။ သမ္မာတရားကို လိုက်စားခြင်းနှင့် ရှေ့သို့ ဦးတည်ကြိုးပမ်းခြင်းကိုသာ အာရုံစိုက်လော့။ သင်သည် ဝိညာဉ်ရင့်ကျက်မှုအချို့ရှိပြီး တကယ့်အလုပ်ကို လုပ်နိုင်လျှင် ဘုရားသခင် ရွေးချယ်ထားသောလူများသည် သင့်အား ခေါင်းဆောင်ဖြစ်ရန် အလိုအလျောက် ရွေးချယ်လိမ့်မည်။ သင်သည် အစွမ်းအစနည်းသည်၊ ရာထူးတိုးရန်၊ သို့မဟုတ် ပျိုးထောင်ပေးခြင်းခံရရန် အခွင့်အလမ်းလုံးဝ မရှိ၊ သင်၏ ရည်မှန်းချက်များ အောင်မြင်ရန် မဖြစ်နိုင်ဟု သင်ခံစားရလျှင် ဤသည်မှာ ကောင်းသည့်အရာတစ်ခုဖြစ်သည် မဟုတ်လော။ ဤအရာသည် သင့်ကို ကာကွယ်ပေးလိမ့်မည်။ သင်သည် အစွမ်းအစနည်းသည့်အတွက် သင့်အား မိမိတို့၏ခေါင်းဆောင်ဖြစ်စေရန် ရွေးချယ်သော မျက်ကန်းသော နားဝေတိမ်တောင်ဖြစ်သည့်လူတစ်စုအား ကြုံတွေ့လျှင် သင်သည် ဆူးခရောင်းလမ်းကို လျှောက်လှမ်းနေရမည်မဟုတ်လော။ သင်သည် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိဘဲ သင်၏ မျက်လုံးနှင့် စိတ်သည် မြင်နိုင်စွမ်းမရှိပေ။ သင်လုပ်သမျှသည် အနှောင့်အယှက်ဖြစ်သည်။ သင်၏ လှုပ်ရှားမှုတိုင်းသည် မကောင်းမှုပြုခြင်းဖြစ်သည်။ သင်၏ လက်ရှိတာဝန်ကို ကောင်းစွာလုပ်ခြင်းက ပို၍ ကောင်းလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင့်ကိုယ်သင် အရှက်ရစေမည်မဟုတ်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်ဖြစ်ခြင်း၊ ကွယ်ရာတွင ဝေဖန်ရန်ပစ်မှတ်ဖြစ်ခြင်းထက် သာ၍ ကောင်းသည်။ လူတစ်ယောက်အနေဖြင့် သင်သည် သင့်ကိုယ်သင် နှိုင်းဆချင့်ချိန်ခြင်းရှိရမည်။ မိမိကိုယ်ကိုယ် အနည်းငယ် သတိထားမိရမည်။ ဤသို့ဆိုလျှင် လမ်းမှားကို လိုက်ခြင်း၊ အရေးကြီးသောအမှားများကို လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်နိုင်လိမ့်မည်။
သင်တို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်လိုသလော၊ သို့မဟုတ် သာမန်နောက်လိုက်တစ်ဦး ဖြစ်လိုသလော။ (သာမန်နောက်လိုက်တစ်ဦး ဖြစ်လိုပါသည်။) အကယ်၍ ညီအစ်ကိုမောင်နှမများက သင့်ကို ရွေးကောက်တင်မြှောက်ပါက စမ်းကြည့်လော့၊ ဖြစ်နိုင်သည်မှာ သင့်အပေါ် ၎င်းတို့၏အမြင်သည် သင့်ကိုယ်သင် ခံစားရသည်ထက် ပို၍ တိကျနိုင်သည်။ အကယ်၍ ညီအစ်ကိုမောင်နှမများက သင်လုပ်နိုင်သည်ဟု တွေးထင်ပါက သင်သည် အစွမ်းကုန် ကြိုးစားသင့်သည်။ အကယ်၍ သင်သည် အမှန်တကယ် အကောင်းဆုံးကြိုးစားသော်လည်း သင်၏အလုပ်၌ ဆက်လက်ရှုံးနိမ့်နေပြီး သင်၏စိတ်နှလုံးသည် စိုးရိမ်ပူပန်မှုဖြင့် မီးကဲ့သို့ ပူလောင်နေသည်မှာ ထမင်းမစားနိုင် အိပ်မပျော်ဖြစ်သည်အထိဖြစ်ကာ ယင်းကို မည်သို့ ကောင်းမွန်စွာလုပ်ဆောင်ရမည်ကို လုံးဝမသိပါက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ်မှ ရပ်တန့်လိုက်လော့၊ ယင်းသည် သင့်အတွက် အလွန်ပင်ပန်းခက်ခဲလွန်းသည်။ အကယ်၍ သင်ဆက်လက်လုပ်ဆောင်ပါက သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ဖွယ်ရှိသည်၊ ထို့ကြောင့် သင်သည် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ရာထူးမှ နုတ်ထွက်စာတစ်စောင်ကို ရေးပြီး “ကျွန်ုပ်သည် အစွမ်းအစ ညံ့ဖျင်းပြီး စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် အကယ်၍ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်လုပ်ဆောင်ပါက မကြာမီပင် ကျွန်ုပ်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ်သို့ မုချရောက်ရှိသွားမည်ဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်သည် ရာထူးမှ နုတ်ထွက်ခွင့်ပြုပါရန် တောင်းဆိုပြီး ရာထူးကို လိုလိုလားလားဖြင့် စွန့်လွှတ်ပါသည်။” ဟု ကြေညာသင့်သည်။ ဤသည်မှာ အသိပညာအရှိဆုံးသော လုပ်ဆောင်မှုဖြစ်ပြီး လုပ်ဆောင်ရန် အသင့်တော်ဆုံးသောအရာ ဖြစ်သည်။ ယင်းသည် ဆင်ခြင်တုံတရားရှိပြီး ရာထူးကို သိမ်းပိုက်ထားကာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်းထက် ပိုကောင်းသည်။ အကယ်၍ သင်သည် သင်၏အစွမ်းအစ ညံ့ဖျင်းပြီး ခေါင်းဆောင်တစ်ဦးဖြစ်ရန် မတတ်နိုင်ကြောင်း ကောင်းကောင်းသိသော်လည်း အဆင့်အတန်းကို စွန့်လွှတ်ရန် မခံရပ်နိုင်ဘဲ "ဤအရာကို အဘယ်ကြောင့် ငါမလုပ်ဆောင်နိုင်သနည်း။ ငါ့ကို မည်သူ တစ်ခုခု ကူညီပေးနိုင်မည်နည်း။ အခြားလူတစ်ယောက်က ငါ့အတွက် အစီအစဉ်များ၊ နည်းဗျူဟာများအားလုံးကို ဖန်တီးပေးပြီး ငါက ခေါင်းဆောင်အဖြစ် ငါ၏ အဆင့်အတန်းကို ထိန်းသိမ်းရလျှင် မည်မျှကောင်းလိမ့်မည်နည်း။ ယခုအချိန်တွင် ငါ၏နေရာကို ယူရန် သင့်တော်သူ မည်သူမျှမရှိ။ ထို့ကြောင့် ငါသည် ဤအလုပ်တွင်ရှိနေသည့် တစ်ရက်ချင်းစီတိုင်းတွင် ဆက်လက်၍ ခေါင်းဆောင်အဖြစ်ရှိပြီး မွေ့လျော်၍သာ နေနိုင်သည်။ ဤအလုပ်ကို ငါမလုပ်နိုင်လျှင်ပင် ငါသည် ခေါင်းဆောင်ဖြစ်နေဆဲဖြစ်ပြီး ခေါင်းဆောင်ဖြစ်ခြင်းသည် သာမန်ညီအစ်ကိုမောင်နှမတစ်ဦးဖြစ်ခြင်းထက် ပိုကောင်းသည်။ ဘုရားအိမ်တော်က ငါ့ကို မထုတ်ဘဲ ညီအစ်ကိုမောင်နှမများ၏ ဖယ်ရှားခြင်းကိုလည်း ငါမခံရလျှင် ငါနုတ်ထွက်မည်မဟုတ်" ဟု သင့်ကိုယ်သင် ပြောဆိုလျှင် ဤသည်မှာ သင့်တော်သလော။ (မသင့်တော်ပါ။) အဘယ်ကြောင့် မသင့်တော်သနည်း။ (ယင်းမှာ ကျိုးကြောင်းဆီလျော်မှုမရှိပါ၊ အကယ်၍ ကျွန်ုပ်သည် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်သည့်တိုင် မနုတ်ထွက်ပါက ဤသည်မှာ အသင်းတော်၏အလုပ်ကို နှောင့်နှေးကြန့်ကြာစေရုံသာ ဖြစ်ပါသည်။) ဤသို့လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်ကို နှောင့်နှေးစေသည်။ သူတစ်ပါးတို့ကို ထိခိုက်နစ်နာစေပြီး သင့်ကိုယ်သင် ထိခိုက်စေသည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ရသည်ကို သင်သိသလော။ သင်သည် များစွာသောလူတို့၏ အသက်ဝင်ရောက်မှုနှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်၊ သင်၏ ခေါင်းဆောင်မှုတွင် ၎င်းတို့ရှေ့တွင်ရှိသော လမ်းကြောင်းကို ၎င်းတို့လျှောက်လှမ်းပုံနှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်ဟု အဓိပ္ပာယ်ရသည်။ သင်က ကောင်းစွာ ဦးဆောင်ပြီး ၎င်းတို့ကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်လျှင် ၎င်းတို့သည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ခြေချနိုင်လိမ့်မည်။ သင်သည် ညံ့ဖျင်းစွာ ဦးဆောင်လျှင်၊ ၎င်းတို့ကို မြောင်းထဲသို့ ခေါ်ဆောင်လျှင် ၎င်းတို့သည် သင်ကဲ့သို့ ဖာရိရှဲဖြစ်လာလိမ့်မည်။ ထိုသို့ဆိုလျှင် သင့်အပြစ်သည် ကြီးမား၏။ ဤကြီးမားသောအပြစ်ကို သင်ကျူးလွန်ပြီးနောက်တွင် ယင်းက အဆုံးသတ်ဖြစ်လိမ့်မည်လော။ ယင်းကို ဘုရားသခင်က မှတ်သားထားလိမ့်မည်။ သင်၏ အစွမ်းအစသည် ညံ့ဖျင်းကြောင်း၊ သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိကြောင်းကို ကောင်းစွာသိသည့်တိုင် သင်သည် သင့်အမှားများကို ဝန်ခံပြီး နုတ်ထွက်ခြင်းမရှိဘဲ သင်၏ ရာထူးကို အရှက်မဲ့စွာ တွယ်ဖက်ထားပြီး အခြားမည်သူ့ကိုမျှ မပေးပေ။ ဤသည်မှာ အပြစ်တစ်ခုဖြစ်ပြီး ဘုရားသခင်က ယင်းကို မှတ်သားထားမည်ဖြစ်သည်။ ဘုရားသခင်က မှတ်သားထားခြင်းသည် နောင်ကာလတွင် သင့်အတွက် ကောင်းလိမ့်မည်လော၊ ဆိုးလိမ့်မည်လော။ သင်ဒုက္ခရောက်လိမ့်မည်။ ငါသင့်ကို အရိုးခံ သမ္မာတရား ပြောပြမည်။ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းအတွက် ထိုကဲ့သို့သောအရာများကို မှတ်သားထားပြီး အချက်အလက်တိုင်းကို ရှင်းလင်းစွာ ရေးချထားသည်။ သင်၏ ကယ်တင်ခြင်းသို့သွားရာ လမ်းကြောင်းတွင် အလွန်ပြင်းထန်သည့်အရာတစ်ခုခု ဖြစ်ပျက်ခဲ့လျှင် သင့်အပေါ် သက်ရောက်မှုသည် ကြီးမားလိမ့်မည်။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ ဤလမ်းကြောင်းကို မလျှောက်နှင့်၊ ဤပုဂ္ဂိုလ်မျိုး မဖြစ်စေနှင့်။
ပါရမီရှိသော လူအမျိုးမျိုးကို အထောက်အကူပေးကာ ပြုစုပျိုးထောင်ပေးခြင်းနှင့် စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များ၏ အချို့သော အလေ့အထများနှင့် သရုပ်သကန်များအပေါ် ငါတို့ အချုပ်အားဖြင့် မိတ်သဟာယပြုပြီးဖြစ်သည်။ တိုတိုပြောရလျှင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်သည့် လူစားမျိုးသည် တကယ့်အလုပ်ကို မလုပ်သကဲ့သို့ တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိပေ။ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းသည်၊ ၎င်းတို့၏ အမြင်များနှင့် စိတ်များက ကြောင်းကျိုးမမြင်ဖြစ်သည်၊ ၎င်းတို့သည် ပြဿနာများကို ရှာတွေ့နိုင်စွမ်း မရှိကြသကဲ့သို့ လူအမျိုးမျိုးကို ရိပ်စားမိနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် ၎င်းတို့သည် ပါရမီရှိသော လူအမျိုးမျိုးကို အထောက်အကူပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းတည်းဟူသော အရေးကြီးသည့် အလုပ်ကို တာဝန်ယူနိုင်ခြင်း မရှိကြချေ။ ထိုသို့ဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ကောင်းစွာ လုပ်ရန် မဖြစ်နိုင်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် အခက်အခဲများစွာ ဖြစ်စေလိမ့်မည် ဖြစ်သည်။ ဤအချက်များကို စဉ်းစားသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်ခေါင်းဆောင်များဖြစ်ရန် မသင့်တော်သည်မှာ သိသာထင်ရှားသည်။ အသင်းတော်၏ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို မလုပ်သကဲ့သို့ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်နှင့်ဆိုင်သည့် ကြီးကြပ်ရေးမှူးများနှင့်လည်း အဆက်အသွယ်မလုပ်သည့် အခြားသော အယောင်ဆောင် ခေါင်းဆောင်များ ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်ပါရမီရှိသော ပုဂ္ဂိုလ်များက မည်သည့်အလုပ်ကို လုပ်နိုင်စွမ်း ရှိသည်ကိုဖြစ်စေ၊ မည်သူတို့က မည်သည့်အလုပ်နှင့် သင့်တော်သည်ကိုဖြစ်စေ၊ ၎င်းတို့၏ အလုပ်လုပ်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိသည် မရှိသည်ကိုဖြစ်စေ မသိကြချေ။ ထိုသို့ဖြင့် ၎င်းတို့သည် ပါရမီရှိသော လူတို့ကို အထောက်အကူပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဆိုလျှင် ထိုသို့သော လူများသည် အသင်းတော်အလုပ်ကို မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်ကြမည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များက တကယ့်အလုပ်ကို မလုပ်နိုင်သည့် အဓိက အကြောင်းရင်းမှာ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်ခြင်း မရှိကြသကဲ့သို့ တကယ့်အလုပ်က မည်သည့်အရာဖြစ်သည်ကို မသိကြချေ။ ဤအရာက အသင်းတော်အလုပ်တွင် မကြာခဏ တန့်သွားသည့် သို့မဟုတ် တုံ့ဆိုင်းသည့် အခြေအနေများ ဖြစ်စေသည်။ ဤသည်တို့မှာ တကယ့်အလုပ်ကို လုပ်ဆောင်ရန် အယောင်ဆောင် ခေါင်းဆောင်များ၏ ပျက်ကွက်ခြင်းနှင့် တိုက်ရိုက် ဆက်စပ်သည်။ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ဖယ်ရှားရမည်ဖြစ်ပြီး အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို ထုတ်ပယ်ရမည်ဖြစ်ကြောင်း ဘုရားအိမ်တော်က လွန်ခဲ့သည့် နှစ်ကာလအချို့ကြာ အကြိမ်ကြိမ် အလေးပေးဖော်ပြပြီးဖြစ်သည်။ အမျိုးမျိုးသော ဆိုးယုတ်သည့် လူများနှင့် မယုံကြည်သူများကို အဘယ်ကြောင့် ဖယ်ရှားရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီးနောက်တွင် ဤလူများသည် သမ္မာတရားကို လုံးဝ လက်မခံကြသေးသည့်အပြင် ကယ်တင်မခံရနိုင်သည့် အခြေအနေထိ ရောက်ရှိပြီးဖြစ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် အားလုံးသော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို အဘယ်ကြောင့် ဖယ်ရှားရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တကယ့်အလုပ်ကို မလုပ်ကြသကဲ့သို့ သမ္မာတရား လိုက်စားသော သူတို့ကို မည်သည့်အခါတွင်မျှ အထောက်အကူပေးခြင်း သို့မဟုတ် ပြုစုပျိုးထောင်ပေးခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ရည်ရွယ်ချက်မဲ့သည့် အားထုတ်မှုများတွင်သာ ပါဝင်လုပ်ဆောင်ကြသည်။ ဤအရာက ရှိရင်းစွဲပြဿနာများ မပြေလည်ဘဲ စွဲကျန်နေစေလျက် အသင်းတော်၏ အလုပ်ကို ပရမ်းပတာအခြေအနေထဲသို့ ရောက်ရှိသွားစေပြီး တုံ့ဆိုင်းသွားစေသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှုကိုလည်း နှေးကွေးသွားစေသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များအားလုံး ထုတ်ပယ်ခံရမည်ဆိုလျှင်၊ အသင်းတော်ကို အဖျက်အမှောင့်လုပ်သည့် ဤဆိုးယုတ်သောလူများနှင့် မယုံကြည်သူများအားလုံး ရှင်းလင်းပစ်ခြင်းခံရမည်ဆိုလျှင် အသင်းတော်အလုပ်သည် အလိုအလျောက် ချောမွေ့စွာ တိုးတက်လာမည်ဖြစ်သည်။ အသင်းတော် အသက်တာသည် အလိုအလျောက် သာ၍ ကောင်းမွန်စွာ ပိုမိုကြီးထွားမည်ဖြစ်ကာ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်သည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းမှန်ပေါ် ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် မြင်လိုသည့်အရာ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်