ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၈)
အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးပြီး ချုပ်ချယ်ကန့်သတ်ကာ အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၆)
အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ
၁၀။ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့်
ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အသင်းတော်အသက်တာတွင် ပေါ်ပေါက်သည့် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်ပတ်သက်၍၊ ငါတို့သည် ဤအရာများကို အချက်ဆယ့်တစ်ချက်အဖြစ် ခွဲခြားခဲ့သည်။ ၎င်းတို့ကို တစ်ဖန် ပြန်ဖတ်ကြည့်ကြစို့။ (ပထမအချက်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း၊ ဒုတိယအချက်၊ လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၊ တတိယအချက်၊ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း၊ စတုတ္ထအချက်၊ အုပ်စုဖွဲ့ခြင်း၊ ပဉ္စမအချက်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဆဋ္ဌမအချက်၊ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း၊ သတ္တမအချက်၊ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်း၊ အဋ္ဌမအချက်၊ အယူအဆများကို ဖြန့်ဝေခြင်း၊ နဝမအချက်၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း၊ ဒသမအချက်၊ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့် ဆယ့်တစ်ချက်မြောက် ဆယ့်တစ်ချက်မြောက် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ ဖြစ်ပါသည်။) ပြီးခဲ့သည့်အကြိမ်က ငါတို့သည် နဝမအချက်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင် ဒသမအချက်ဖြစ်သည့် အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။
က။ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့်ဆိုင်သော သရုပ်သကန်များ
အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေသည့် အဖြစ်အပျက်များသည် အသင်းတော်တွင် ဖြစ်ပွားပြီးဖြစ်သည်။ အချို့လူများသည် သမ္မာတရားကို မချစ်ကြသည့်အပြင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အာရုံမစိုက်ကြပေ။ သမ္မာတရား စည်းမျဉ်းများနှင့် ဆက်စပ်သောကိစ္စရပ်များတွင်ဖြစ်စေ၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုက်စားမှုများတွင်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်းအား အာရုံမစိုက်ကြပေ။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် နေရာမရှိပေ။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌၊ ၎င်းတို့သည် အတင်းအဖျင်းများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအကြောင်း စုံစမ်းမေးမြန်းရန်နှင့် ထူးဆန်းပြီး မူမမှန်သော ဇာတ်လမ်းများကို စုဆောင်းရန်သာ နှစ်သက်ကြသည်။ ၎င်းတို့ ပို၍ စိတ်အားထက်သန်သည့်အရာမှာ ဘုရားသခင်နှင့်လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်နှင့်လည်းကောင်း ဆက်စပ်သော ကိစ္စရပ်များအပြင်၊ ဘုရားအိမ်တော်နှင့်လည်းကောင်း၊ အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့်လည်းကောင်း ဆက်စပ်သော ကိစ္စရပ်များကို စပ်စုခြင်းဖြစ်သည်မှာ အမှန်ပင် ဖြစ်၏။ တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် မိမိတို့ကြားပြီးသည့် သို့မဟုတ် စိတ်ကူးထားသည့် လုံးဝမမှန်ကန်သောအရာများကို ဖြန့်ဝေလျက် အခြေအမြစ်မရှိစွာ အတင်းအဖျင်းများကို ဖြန့်ဝေရန် နှစ်သက်ကြသည့်အပြင်၊ ထိုသို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား မနှစ်သက်ကြပေ။ ၎င်းတို့သည် ဆုတောင်းခဲပြီး စုဝေးပွဲများအတွင်းတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း မရှိသလောက်ပင်ဖြစ်ကာ မိမိတို့၏ ကိုယ်ပိုင်အခြေအနေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုက်စားမှုများနှင့် ဝင်ရောက်မှု သို့မဟုတ် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော မိမိတို့၏ နားလည်သဘောပေါက်မှု စသည်တို့ကို ပြောခဲဆိုခဲသည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောသူများ သို့မဟုတ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မိတ်သဟာယဖွဲ့သောသူများကိုလည်းကောင်း၊ ဤကိစ္စရပ်များကိုလည်းကောင်း စိတ်မဝင်စားကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း၊ ဘုရားသခင်၏အမှုတော်က မည်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တစ်စုံတစ်ဦး ပြောဆိုသည်ကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ကပ်ဘေးများ၊ လူတို့၏ ပန်းတိုင်များ၊ ဘုရားသခင်က သူ၏ပုံသဏ္ဌာန်ကို ပြောင်းလဲခြင်း စသည်တို့နှင့်ပတ်သက်သည့် အကြောင်းအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် တွေ့မြင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ မျက်လုံးများ ရုတ်တရက် လင်းလက်လာပြီး ၎င်းတို့ အထူးပင် အာရုံစိုက်လာကြသည်။ ဤနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ကြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်ဝင်စားမှုက ချက်ချင်း နှိုးဆွခြင်းခံရသည်။ ဤလူတို့၏ သရုပ်သကန်များမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက်သို့လိုက်ရန် ဘုရားသခင်ကို ယုံကြည်ခြင်းမဟုတ်သည့်အပြင်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်ရန်လည်း သေချာပေါက် မဟုတ်ကြောင်း သိသာထင်ရှားပေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့လာပြီး တာဝန်တစ်ခုတလေကို ထမ်းဆောင်ရန် မစဉ်းစားကြပေ။ ၎င်းတို့သည် အတင်းအဖျင်းအချို့ကို စပ်စုပြီး စုဆောင်းရန် သို့မဟုတ် ကောလာဟလအချို့ကို ဖြန့်ဝေရန်သာ အလိုရှိကြသည်။ ၎င်းတို့သည် ဤလုပ်ဆောင်မှုများတွင် ပျော်မွေ့ကြပြီး ဘုရားအိမ်တော်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ၊ ဓမ္မတေးများနှင့် ရုပ်ရှင်များကို လုံးဝ စိတ်ဝင်စားမှုမရှိကြပေ။ ၎င်းတို့သည် ဘာသာရေးလောကရှိ အန္တိခရစ် အင်အားစုများက ဘုရားအိမ်တော်၊ အသင်းတော်၏အလုပ်နှင့် လူ့ဇာတိခံယူသော ဘုရားသခင်တို့အကြောင်း ပြုလုပ်ထားကြသည့် ဖော်ပြချက်များနှင့် အကဲဖြတ်ချက်များကို စုစည်းရန် အွန်လိုင်းတက်ရသည်ကိုသာ နှစ်သက်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်မှ ဗီဒီယိုများကို ရံဖန်ရံခါ ကြည့်လျှင်ပင်၊ ယင်းမှာ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေလိုသည့် အတွင်းစိတ်တောင့်တမှုကြောင့် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို ကြည့်ကြသနည်း။ ၎င်းတို့သည် ဗီဒီယိုများအောက်ရှိ မှတ်ချက်များကို ကြည့်ကြပြီး မိမိတို့ဖတ်ရှုသည့်အရာကို စိစိစစ်စစ်ကြသည်။ ၎င်းတို့သည် အသင်းတော်မှ ညီအစ်ကိုမောင်နှမများ၏ မှတ်ချက်များကို ကျော်သွားကြသော်လည်း ဘာသာရေးလောကနှင့် ဘာသာတရားမရှိသူများထံမှ မှတ်ချက်များကိုမူ အထူးစိတ်ဝင်စားကြသည်။ အချို့အရာများကို ရှာဖွေတွေ့ရှိရန် ကြိုးစားလျက် အဆင်းနီသော နဂါးကြီးထံမှ မှတ်ချက်များနှင့် ဖော်ပြချက်များကိုပင် ၎င်းတို့က သီးသန့်ကြည့်ရှုကြသည်။ ဤအပျက်သဘောဆောင်သော ဝါဒဖြန့်မှုများ၊ ဖော်ပြချက်များနှင့် လုပ်ကြံဖန်တီးထားသော ကောလာဟလများကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသည့်အပြင် ယင်းတို့ကို ပိုင်းခြားခြင်း မရှိကြပေ။ ထိုအစား၊ ၎င်းတို့သည် ဤအပျက်သဘောဆောင်သော မှတ်ချက်များနှင့် ဖော်ပြချက်အချို့ကို လက်ခံပင်လက်ခံနိုင်ပြီး၊ အဖြစ်မှန်များအဖြစ် မှတ်ယူကြသည်။ အပြုသဘောဆောင်သော မှတ်ချက်များ မည်မျှပင်ရှိပါစေ၊ ၎င်းတို့သည် ဖတ်ရှုရန် မလိုလားကြသည့်အပြင် မှန်သည်ဟုလည်း မယုံကြည်ကြပေ။ ထိုအပျက်သဘောဆောင်သော မှတ်ချက်များ သို့မဟုတ် ကောလာဟလများသာ ၎င်းတို့၏ အာရုံကို ဆွဲဆောင်ပြီး ၎င်းတို့၏ အာသီသကို လှုံ့ဆော်ပေးသည်။ ဤအပျက်သဘောဆောင်သော မှတ်ချက်များကို ၎င်းတို့ မြင်သည့်အခါတိုင်း၊ ၎င်းတို့သည် စိတ်ထဲတွင် အလွန် အားရကျေနပ်ပြီး နှစ်သိမ့်မှုရသည်ဟု ခံစားရသည်။ ၎င်းတို့သည် လောကတွင်၊ ဘာသာရေးလောကတွင် သို့မဟုတ် အွန်လိုင်းတွင် ပျံ့နှံ့နေသည့် လုံးလုံးလျားလျား မမှန်ကန်သော ကောလာဟလများနှင့် ဝေဖန်ချက်များ၊ ဘုရားသခင်ကို တိုက်ခိုက်ခြင်းများနှင့် အသရေဖျက်ခြင်းများကိုပင် အထူးစိတ်ဝင်စားကြပြီး၊ ဤအရာများကို အမြဲတစေ လုံ့လဝီရိယရှိစွာ လေ့လာကာ စုဆောင်းကြသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တရားဒေသနာများနှင့် မိတ်သဟာယများ၊ ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များနှင့် အခြားထိုသို့သောအရာများကို လုံးဝ စိတ်ဝင်စားမှုမရှိကြပေ။ သို့ဖြစ်၍၊ အခြားသူများက စုဝေးပွဲများအတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေသည့်အခါတွင်၊ ၎င်းတို့သည် အလွန်အမင်း မနှစ်မြို့မှုကို ခံစားရပြီး၊ ဤအရာများကို အနှောင့်အယှက်ပေးသောအရာများနှင့် မလိုလားအပ်သော အများဖြစ်သည်ဟု ရှုမြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် မိမိကိုယ်ကို သိရှိခြင်းအကြောင်း ပြောဆိုခြင်းကို အထူးပင် မနှစ်မြို့ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို ကြားလိုကြသနည်း။ ၎င်းတို့သည် ဝိညာဉ်ရေးရာနယ်ပယ်မှ နက်နဲသောအရာများဖြစ်စေ၊ ဘာသာရေးလောကမှ ပျံ့နှံ့နေသော ကောလာဟလများ သို့မဟုတ် အတင်းအဖျင်းများဖြစ်စေ၊ ထူးဆန်းပြီး ယုတ္တိနှင့်မညီသောအရာများကိုသာ ကြားလိုကြသည်။ ၎င်းတို့သည် ဤအရာများကို နားထောင်ရန်သာ လိုလားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဤအပျက်သဘောဆောင်သော အရာများဖြင့် ပြည့်နှက်ပြီး နေရာယူထားကာ မည်သူကမျှ ဤအပျက်သဘောဆောင်သော အရာများကို ၎င်းတို့ထံမှ ယူဆောင်သွားနိုင်ခြင်း သို့မဟုတ် ဖယ်ရှားနိုင်ခြင်း မရှိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ထိုအရာများကို အလွန် စိတ်ဝင်စားပြီး နှစ်သက်လွန်းကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအကြားတွင် ရှိသည့်အခါ၊ အထူးသဖြင့် စုဝေးပွဲများအတောအတွင်းတွင်၊ ၎င်းတို့သည် အခြေအမြစ်မရှိသော အတင်းအဖျင်းအချို့ကို ပြောဆိုရန်နှင့် အွန်လိုင်းတွင် ၎င်းတို့တွေ့ရှိသည့် ဘုရားအိမ်တော်နှင့် အသင်းတော်နှင့်ပတ်သက်သော အပျက်သဘောဆောင်သည့် မှတ်ချက်အချို့ကိုပင် ဖြန့်ဝေရန် နှစ်သက်ကြသည်။ ဤလူများသည် ဤကောလာဟလများကို အလွန်အမင်း စိတ်ဝင်စားကြသည်။ ဤအရာများကို ဖြန့်ဝေခြင်းသည် အခြားသူများအတွက် အကျိုးမရှိကြောင်း ၎င်းတို့ ရှင်းလင်းစွာ သိရှိသော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်သည့်အပြင်၊ ထိုအရာများကို မရမက ဖြန့်ဝေကြသည်။ ဤကောလာဟလများနှင့် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုများကို ဖြန့်ဝေရန် အခွင့်အရေးများကို ၎င်းတို့ ရှာဖွေဖို့ လိုအပ်လျှင်ပင် သို့မဟုတ် ထိုသို့သောအရာများကို စုဆောင်းရင်း အချိန်ကုန်ခံရန် လိုအပ်လျှင်ပင် သို့မဟုတ် ထိုသို့သောအရာများကို လုပ်ကြံဖန်တီးရန် မိမိတို့၏ဉာဏ်ကို အသုံးပြုဖို့ လိုအပ်လျှင်ပင်၊ ၎င်းတို့သည် ဤတွက် မမောမပန်းနိုင် စိတ်အားထက်သန်နေဆဲ ဖြစ်သည်။ အကယ်၍၊ အသင်းတော်တစ်ခုတွင်၊ အသင်းတော်ခေါင်းဆောင်များသည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်လျှင် သို့မဟုတ် လူတို့ကို မပိုင်းခြားနိုင်လျှင်၊ ကောလာဟလများနှင့် မှားယွင်းသော အယူအဆများကို ဖြန့်ဝေသည့်လူများ ရှိသည်နှင့်တစ်ပြိုင်နက်၊ အသင်းတော်အသက်တာသည် နှောင့်ယှက်ခံရပြီး ထိခိုက်ခံရလိမ့်မည်ဖြစ်ကာ အချို့လူများသည် ဤပုဂ္ဂိုလ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် ခံရလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် အခြားသူများ၏ နှောင့်ယှက်ခြင်းနှင့် အထင်အမြင်မှားစေခြင်းကို မကြာခဏ ခံရနိုင်သနည်း။ အကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အပြင် ဘုရားအိမ်တော်ကို အသရေဖျက်သည့် ကောလာဟလများနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်မှု မရှိသောကြောင့် ဖြစ်သည်။ နောက်တစ်ခုမှာ ယုံကြည်သည်မှာ မကြာသေးသည့် ညီအစ်ကိုမောင်နှမအချို့သည် ဝိညာဉ်ရင့်ကျက်မှု နုနယ်ကြပြီး၊ ရူပါရုံဆိုင်ရာ သမ္မာတရားကို နားမလည်ကြသည့်အပြင်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၊ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်နှင့် လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်တို့နှင့်ပတ်သက်၍ မသဲမကွဲဖြစ်နေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို ရှင်းလင်းစွာ မသိမြင်နိုင်ကြသည့်အပြင်၊ ဤအမှုတော်အဆင့်သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဟုတ်မဟုတ်ဟူသည်ကို မသေချာကြပေ။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်းမရှိသည့်အပြင် ဘုရားသခင်နောက်သို့ ၎င်းတို့ မည်မျှကြာအောင် လိုက်နိုင်မည်ကိုပင် မသိကြပေ။ အလိုလိုဖြင့်၊ ၎င်းတို့သည် ကောလာဟလများကို ဖြန့်ဝေသောသူတို့၏ အထင်အမြင်မှားစေခြင်း၊ လွှမ်းမိုးခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကိုလည်း အလွန် လွယ်ကူစွာ ခံရလေသည်။
ခ။ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်း၏ အနှစ်သာရမှာ စာတန်၏ အစေခံတစ်ဦးအဖြစ် ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်
အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေသည့် ဤလူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်သည်သာမက၊ အမှားနှင့်အမှန်ကိုလည်း မပိုင်းခြားနိုင်ကြပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အမြဲတစေ သံသယဝင်တတ်ပြီး ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများကို လွယ်ကူစွာ လက်ခံယုံကြည်တတ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်သည်ဟု အခိုင်အမာဆိုကြသော်လည်း၊ ဘုရားသခင်နှင့် အသင်းတော်ကို အသရေဖျက်သည့် ကောလာဟလများကို ဖြန့်ဝေနေကြဆဲဖြစ်ပြီး၊ ၎င်းတို့ စုဆောင်းထားသည့် အမျိုးမျိုးသော ကောလာဟလများကို ညီအစ်ကိုမောင်နှမများထံ ဖြန့်ဝေကာ၊ ယင်းတို့ကို နေရာတိုင်းတွင် လက်လွတ်စပယ်နှင့် ထပ်ခါတလဲလဲ ဖြန့်ဝေပြီး လူသိရှင်ကြား ကြေညာသည်အထိပင် ပြုလုပ်ကြသည်။ ဤအချက်မှနေ၍ ဤလူတို့သည် သမ္မာတရားကို မချစ်ကြသည့်အပြင် ဘာသာတရားမရှိသူများ၏ နတ်ဆိုးဆန်သော စကားများကိုသာ ယုံကြည်ကြကြောင်း သိသာထင်ရှားပေသည်။ တင်းတင်းကျပ်ကျပ်ဆိုရလျှင် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ လုံးဝမဟုတ်ကြသည့်အပြင် ဘုရားအိမ်တော်၏ အဖွဲ့ဝင်များ မဟုတ်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာများ ဖြစ်ကြသနည်း။ တိတိကျကျဆိုရလျှင်၊ ဤလူများသည် မယုံကြည်သူများဖြစ်ကြသည်၊ စာတန်၏ အစေခံများ ဖြစ်ကြသည်။ အချို့လူများက “စာတန်၏ အစေခံများသည် စီစီပီက စေလွှတ်ထားသော သူလျှိုများဖြစ်ကြသလော။ သူတို့သည် ဘုရားအိမ်တော်သို့ စိမ့်ဝင်နေသော အေးဂျင့်များဖြစ်ကြသလော” ဟု ပြောဆိုကြသည်။ သေချာပေါက် မဟုတ်ပေ။ ထိုအေးဂျင့်များနှင့် သူလျှိုများကို ပိုင်းခြားရန် လွယ်ကူသော်လည်း၊ ကောလာဟလများကို ဖြန့်ဝေသည့် ဤလူတို့သည် အပေါ်ယံအားဖြင့် စစ်မှန်သော ယုံကြည်သူများဖြစ်သည့်ပုံပေါ်ကြသည်။ သို့သော်လည်း၊ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသည့်အပြင် မကြာခဏ စာတန်၏ နှုတ်သံများအဖြစ် ဆောင်ရွက်ကာ၊ စာတန်၏ကိုယ်စား ဘုရားသခင်ကို အသရေဖျက်ပြီး တိုက်ခိုက်သည့် စကားများကို ဖြန့်ဝေလျက်၊ အသင်းတော်နှင့် ဘုရားအိမ်တော်အကြောင်း ၎င်းလုပ်ကြံဖန်တီးသည့် ကောလာဟလများကို ဖြန့်ဝေကြသည်။ ဤအချက်ကို အခြေခံ၍ အကဲဖြတ်သည့်အခါ၊ ၎င်းတို့ကို မည်သူက စေလွှတ်သည်ဖြစ်စေ၊ ဤလူများသည် စာတန်၏ အစေခံများဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကောလာဟလများကို ၎င်းတို့က တက်ကြွစွာ စုဆောင်းခဲ့သည်ဖြစ်စေ သို့မဟုတ် မထုံတက်သေးကြားခဲ့ရသည်ဖြစ်စေ၊ ဤလူတို့သည် သမ္မာတရားကို ရှာဖွေခြင်းနှင့် ယင်းတို့ကို ပိုင်းခြားခြင်းအကြောင်းအား မစဉ်းစားဘဲ၊ ထိုအစား ယင်းတို့ကို အဖြစ်မှန်များအဖြစ် ယုံကြည်ကြလေသည်။ ၎င်းတို့သည် မရိုးဖြောင့်စွာနှင့် သိမ်းမနိုင်သိမ်းမရဖြစ်စွာ ယင်းတို့ကို ဖြန့်ဝေကာ ပျံ့နှံ့စေပြီး ထိုသို့လုပ်ဆောင်သည်မှာ တစ်နေရာတည်းတွင် မဟုတ်၊ အခါသမယတစ်မျိုးတည်းတွင် မဟုတ်ပေ။ ဤကောလာဟလများကို ဖြန့်ဝေရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပိုများသောလူတို့ကို ထိုအရာများအား သိရှိလာစေရန်၊ အားနည်းသူများကို သာ၍ပင် အားနည်းသွားစေရန်နှင့် အားကြီးပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိသူများကို ကောလာဟလများကြောင့် ဘုရားသခင်နှင့် သူ၏အမှုတော်ကို သံသယဝင်လာစေရန် ဖြစ်သည်။ ယင်းမှာ လူတိုင်းကို သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ဘုရားသခင်၏ အမှုတော်နှင့် ကယ်တင်ခြင်းခံရခြင်းတို့ကို စိတ်မဝင်စားတော့စေရန်ဖြစ်ပြီး၊ ထိုအစား လူတို့ စုဝေးသည့်အခါတိုင်း၊ ဤအပျက်သဘောဆောင်သော အရာများအကြောင်းကို ပြောဆိုကြရန် အလို့ငှာ၊ ဤပုဂ္ဂိုလ်များ ကိုယ်တိုင်ကဲ့သို့ပင်၊ အမျိုးမျိုးသော ကောလာဟလများနှင့် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုများကို စိတ်ဝင်စားလာစေရန် ဖြစ်သည်။ ပုံမှန်လူများသည်လည်းကောင်း၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသော လူတို့သည်လည်းကောင်း ထိုသို့သောအရာများကို လုပ်ဆောင်ကြမည်လော။ လူအများစုသည် ကောလာဟလများ သို့မဟုတ် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် ဝါဒဖြန့်မှုများကို ကြားသည့်အခါ၊ ကောလာဟလများက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မသိလျှင်ပင်၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ၎င်းတို့၌ရှိသော ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအနည်းငယ်ကြောင့်၊ ၎င်းတို့သည် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ လာကြလိမ့်မည်။ ၎င်းတို့သည် ကောလာဟလများ၏ လွှမ်းမိုးခြင်းကို ခံရပြီး အနည်းငယ် အားနည်းကာ သံသယဝင်လျှင်ပင်၊ ယင်းသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် ၎င်းတို့၏ ဘုရားသခင်နောက်သို့လိုက်ခြင်းအား ထိခိုက်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ လျှာများကို စောင့်စည်းရန်နှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သော သို့မဟုတ် ပုန်ကန်ပြစ်မှားသော အမှုများကို လုပ်ဆောင်ခြင်းအား ရှောင်ရှားရန် မိမိတို့ကိုယ်ကိုပင် သတိပေးကြလိမ့်မည်။ ဤသို့သော လုပ်နည်းကိုင်နည်းမျိုးသည် ညီအစ်ကိုမောင်နှမအများစု စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခု ဖြစ်သည်။ လူတို့၌ လူ့သဘာဝအချို့၊ စစ်မှန်သော ယုံကြည်ခြင်းအနည်းငယ်နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအနည်းငယ် ရှိသရွေ့၊ ဤအရာကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည်။ လူတို့သည် ဘုရားသခင် တည်ရှိသည်ကို ယုံကြည်သည့်အတွက်၊ ဘုရားသခင် လုပ်ဆောင်သမျှ မှန်ကန်သည်ကို ၎င်းတို့ ယုံကြည်သင့်သည်။ ယင်းကို ဘုရားသခင်က လုပ်ဆောင်ထားသည့်အတွက်၊ လူတို့သည် ယင်းနှင့်ပတ်သက်၍ မည်သည့်အကဲဖြတ်မှုကိုမျှ မပြုလုပ်သင့်ပေ။ ၎င်းတို့သည် “အသင်းတော်ပြင်ပမှ ကောလာဟလများက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ ကျွန်ုပ်သည် ယင်းတို့ကို ယုံကြည်၍မရသည့်အပြင်၊ ယင်းတို့ကို သေချာပေါက် ဖြန်ဝေ၍မရပါ။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် အနည်းငယ် အားနည်းပြီး တုန်လှုပ်သည်ဟု ခံစားရလျှင်ပင်၊ ဘုရားသခင်၏ တည်ရှိမှုကို ကျွန်ုပ် မငြင်းပယ်ရပါ” ဟု သေချာနေသင့်သည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်လျှင်၊ ဘုရားသခင် လုပ်ဆောင်သမျှ မှန်ကန်သည်ကို ယုံကြည်သင့်သည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်လျှင်၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်နှလုံးရှိသင့်သည်။ ဤသည်မှာ လုံးဝမှန်ကန်သည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောကြောင့်၊ မည်သည့်ကောလာဟလများကို ၎င်းတို့ ကြားသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ နုတ်များကို စောင့်စည်းကြလိမ့်မည်၊ ကောလာဟလများကို ဖြန့်ဝေသူများ ဖြစ်လာမည်မဟုတ်၊ စာတန်၏ ပရိယာယ်များကြောင့် သိမ်းသွင်းခြင်းမခံရသည့်အပြင် စာတန်၏ အကြံအစည်များအတွက် လှည့်စားခြင်းခံရမည် မဟုတ်ပေ။ ဤသည်မှာ လူအများစု လွယ်ကူစွာ စွမ်းဆောင်နိုင်သည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ပုံမှန် စဉ်းစားတွေးခေါ်မှုနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောကြောင့် ကောလာဟလများကို သင် ကြားသည့်အခါ၊ ယင်းတို့ကို ဖြန့်ဝေခြင်း ရှိမရှိဟူသည်မှာ သင်၏အပေါ်တွင်သာ လုံးလုံးမူတည်သည်။ အခြားတစ်ဦးတလေက သင့်ကို ထိန်းချုပ်နေသလော။ (မထိန်းချုပ်ပါ။) သို့ဆိုလျှင်၊ ဤကောလာဟလများကို ကြားပြီးနောက်၊ လူတို့သည် ယင်းတို့ကို မည်သို့ကိုင်တွယ်သင့်သည်၊ စည်းမျဉ်းများ၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီရန်အလို့ငှာ ယင်းတို့ကို မည်သို့သဘောထားပြီး လက်တွေ့လုပ်ဆောင်သင့်သည်ဟူသည်တို့ကို ရှင်းလင်းနေသင့်သည် မဟုတ်လော။ လူတိုင်းသည် ဤပိုင်းခြားနိုင်စွမ်း အနည်းငယ် ရှိသင့်ပြီး အခြားသူများ၏ သင်ကြားပေးခြင်း မလိုအပ်ဘဲ ဤကျင့်သုံးနည်းနှင့် ကျင့်သုံးရာလမ်းကြောင်းကို နားလည်သင့်သည်။ ကလေးများပင်လျှင် အတင်းအဖျင်း မဖြန့်ဝေရသည်ကိုလည်းကောင်း၊ ယင်းမှာ ရိုသေမှုမရှိခြင်း၊ ကိုယ်ကျင့်တရားမရှိခြင်းနှင့် သွေးခွဲခြင်းဖြစ်သည့်အပြင်၊ လူတစ်ဦးသည် ဤသို့သောလူစားမျိုး မဖြစ်သင့်သည်ကိုလည်းကောင်း သိကြသည်။ ဤသည်တို့မှာ ပုံမှန် ဆင်ခြင်တုံတရားရှိသော လူတို့ ပိုင်ဆိုင်သင့်သည့် အတွေးအခေါ်များနှင့် အပြုအမူ ဖြစ်သည်။ သို့သော်လည်း၊ ထိုသို့သော ဆင်ခြင်တုံတရား ကင်းမဲ့သည့်အပြင်၊ သာ၍ပင် ကြီးမားသော အတိုင်းအတာအထိ ထိုသို့သော လူ့သဘာဝ ကင်းမဲ့သည့် လူစားတစ်မျိုး ရှိသည်။ ဤအရာက ၎င်းတို့အား ဤအရာများကို ကြားပြီးနောက် မိမိတို့နှင့် ရင်းနှီးသူများထံ ကောလာဟလများနှင့် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုများကို တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေလိုစေသည်၊ သို့မှသာ လူတိုင်းက ယင်းတို့ကို အတူတကွ စိစစ်၊ ဝေဖန်ပြီး စိတ်ဝင်စားအောင် တန်ဆာဆင်နိုင်မည်ဖြစ်ကာ၊ ထို့နောက် ဤကောလာဟလများကို ပိုမိုကျယ်ပြန့်သော ပရိသတ်ထံ ဖြန့်ဝေနိုင်မည် ဖြစ်သည်။ ၎င်းတို့က “ဤသည်မှာ အလွန်ကောင်းသည် မဟုတ်လော။ ဤသည်မှာ အသက်ဝင်သည် မဟုတ်လော။ အသင်းတော်အသက်တာသည်သာ ဤအကြောင်းအရာနှင့် ပြည့်နေမည်ဆိုလျှင်၊ စိုပြည်ဆန်းစုံလိုက်မည့် ဖြစ်ခြင်းပါတကား။ လူတို့သည် အလွန်များသော အသိပညာကို ရရှိကြလိမ့်မည်ပါတကား”ဟု တွေးထင်ကြသည်။ ဤသည်တို့မှာ မည်သည့် အတွေးများနှင့် သဘောထားအမြင်များ ဖြစ်ကြသနည်း။ ဤသည်တို့မှာ လူဆိုးတစ်ဦး၏ အတွေးများနှင့် သဘောထားအမြင်များ မဟုတ်လော။ ဤသည်မှာ မည်သည့် ဆင်ခြင်တွေးခေါ်မှုစနစ်မျိုး ဖြစ်သနည်း။ ၎င်းတို့သည် ပရမ်းပတာအခြေအနေဖြစ်ဖို့အတွက် အရူးအမူးလိုချင်သောသူများ မဟုတ်လော။ ၎င်းတို့သည် အခြားသူများ အဆင်ပြေသည်ကို မမြင်လိုကြသည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကိုပင် လှောင်ပြောင်ကြသည်- “အသင်လူမိုက်များတို့၊ ကောလာဟလများက အသင်းတော်ပြင်ပတွင် နေရာအနှံ့ ပျံ့နှံ့နေသည်။ ဘုရားအိမ်တော်အပေါ်၊ အထူးသဖြင့် ခရစ်တော်နှင့် ဘုရားသခင်၏ အမှုတော်အပေါ် ဆန့်ကျင်သည့် အပျက်သဘောဆောင်သော အကဲဖြတ်ချက်များ၊ တိုက်ခိုက်မှုများနှင့် အသရေဖျက်မှုများက နေရာတကာတွင် ရှိနေသည်။ ဘာသာရေးလောက၏ ဘုရားကျောင်းများတွင်၊ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် ဝါဒဖြန့်ချိရေး စာရွက်စာတမ်းများကို ချိတ်ဆွဲထားသည်။ ထိုနေရာတွင်ရှိသည့် လူတို့က ‘အရှေ့အရပ်မှ လျှပ်ပြက်ခြင်း’ အကြောင်း ကြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ပြစ်တင်ရှုတ်ချမှုများကို အသံကုန်ဟစ်ပြီး ခပ်ကင်းကင်းနေကြသည်။ လူတိုင်းက သင်တို့ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချနေကြသည့်တိုင်၊ အသင်လူမိုက်များက ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားလျက် ဤနေရာတွင် ရှိနေကြဆဲပါတကား”ဟူ၍ ဖြစ်သည်။ ဤလူတို့သည် ဘုရားသခင်နောက်သို့ ထိုသို့သော ခိုင်မာသည့် ယုံကြည်ခြင်းဖြင့် လိုက်သည်ကို မြင်ရခြင်းက ၎င်းတို့အား မသက်မသာဖြစ်စေသည့်အပြင် အလွန်လည်း စက်ဆုပ်ရွံရှာစေသည်။ အထူးသဖြင့်၊ တစ်စုံတစ်ဦး၏ သမ္မာတရားနှင့်ပတ်သက်သော မိတ်သဟာယဖွဲ့ခြင်းက စစ်မှန်သော နားလည်သဘောပေါက်မှုနှင့် စိတ်သဘောထား ပြောင်းလဲခြင်းအား ပြသသည်ကိုလည်းကောင်း၊ လူတိုင်းက ၎င်းတို့အား လေးစားအားကျသည်ကိုလည်းကောင်း ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် ထိုလူကို မုန်းတီးကြသည်။ အကယ်၍ တစ်စုံတစ်ဦးက ဘုရားအိမ်တော်၌ မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် စည်းမျဉ်းများကို ထိန်းသိမ်းခြင်း၊ ရလဒ်များ ရရှိခြင်းနှင့် သစ္စာစောင့်သိခြင်းကို ပြသခြင်းတို့အား ၎င်းတို့ မြင်ပါက၊ ဒေါသထွက်ပြီး “သင်သည် အသင်းတော်ပြင်ပမှ ကောလာဟလများ သို့မဟုတ် ဝါဒဖြန့်မှုများကို အဘယ်ကြောင့် နားမထောင်သနည်း။ သင်သည် အဘယ်ကြောင့် ဤမျှ မိုက်မဲပြီး စစ်မှန်ရိုးသားရသနည်း။ ငါ မည်မျှ လိမ္မာပါးနပ်သည်ကို ကြည့်ပါလော့။ ငါသည် လှေနံနှစ်ဖက်နင်းသည်။ ငါသည် ဘုရားအိမ်တော်၏ အသင်းတော်အသက်တာတွင် ပါဝင်ပြီး ဘုရားကို မယုံကြည်ဟု ငါမပြောသည့်အပြင်၊ ငါ့ကို တာဝန်တစ်ခု ထမ်းဆောင်ခွင့်မပြုလျှင်၊ ငါသည် ထိုတာဝန်ကို သဘောတူမည်မဟုတ်ဘဲ၊ အသင်းတော်ပြင်ပမှ သတင်းများကိုလည်း ငါ စပ်စုသည်။ ငါသည် ဘာသာရေးလောက၊ ဘာသာတရားမရှိသော လောကနှင့် အင်တာနက်မှ အပျက်သဘောဆောင်သော ဝါဒဖြန့်မှုများနှင့် မှတ်ချက်များကို ဆက်လက်၍ အာရုံစိုက်နေသည်”ဟု ပြောဆိုကြသည်။ ၎င်းတို့တွင် အမြဲတစေ မလျော်ကန်သော သဘောထားအမြင်တစ်ခု ရှိသည်။ ညီအစ်ကိုမောင်နှမများက သမ္မာတရားကို လိုက်စားပြီး မိမိတို့၏ တာဝန်များအား ထမ်းဆောင်နေသည်ကို မြင်ရခြင်းက ၎င်းတို့ကို စိတ်ထဲတွင် မကျေမနပ်ဖြစ်စေသည်။ ၎င်းတို့သည် ထိုလူများထဲမှ တစ်ဦး သို့မဟုတ် နှစ်ဦးကို အထင်အမြင်မှားစေပြီး ဆွဲခေါ်သွားလိုကြသည့်အပြင်၊ ၎င်းတို့ထဲမှ အချို့ကို စဉ်ဆက်မပြတ် နှောင့်ယှက်ကာ လွှမ်းမိုးလိုကြသည်အထိပင် ဖြစ်သည်။ ၎င်းတို့သည် ကောလာဟလများကို ဖြန့်ဝေခြင်းအားဖြင့် အချို့လူများကို “နိုးထစေရန်”လည်း စဉ်ဆက်မပြတ် ဆန္ဒရှိကြသည်။ သို့မှသာ ထိုသူတို့သည် ကောလာဟလများကို ယုံကြည်ပြီး အထင်အမြင်မှားစေခြင်းကို ခံရမည် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ မည်သို့သော လူစားမျိုး အတိအကျဖြစ်သနည်း။ ထိုသို့သောလူများကို ဘုရားအိမ်တော်၏ တစ်စိတ်တစ်ပိုင်းအဖြစ်လည်းကောင်း၊ ညီအစ်ကိုမောင်နှမများအဖြစ်လည်းကောင်း မှတ်ယူခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) သို့ဆိုလျှင် ၎င်းတို့ကို မှတ်ယူရန် အသင့်လျော်ဆုံးသော နည်းလမ်းမှာ အဘယ်နည်း။ ၎င်းတို့ကို မယုံကြည်သူများအဖြစ်၊ စာတန်၏ အစေခံများအဖြစ် မှတ်ယူခြင်းက အသင့်လျော်ဆုံး ဖြစ်သည်။ ဤသည်မှာ အခြေအမြစ်မရှိသော ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ၎င်းတို့ကို မတရားဆက်ဆံခြင်း မဟုတ်ပေ။ ယင်းမှာ အဖြစ်မှန်တစ်ခု ဖြစ်သည်။
အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေသည့် ဤလူတို့နှင့်ပတ်သက်၍ စက်ဆုပ်ဖွယ်ဖြစ်သည့်အရာမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်လမ်းကြောင်းမှ အပျက်သဘောဆောင်သော ဝါဒဖြန့်မှုကို ကြားသည်ဖြစ်စေ၊ ထိုအရာက အချက်အလက်ဆိုင်ရာ အခြေအမြစ်မရှိသော ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများ ဖြစ်သည်ကို ရှင်းလင်းစွာ သိသည့်အခါတွင်ပင်၊ ၎င်းတို့သည် မမောနိုင်မပန်းနိုင်သော စိတ်အားထက်သန်မှုဖြင့် အခြားသူများထံသို့ ထိုအရာများကို ဖြန့်ဝေနေဆဲ ဖြစ်သည်။ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသူတစ်ဦးသည် ကောလာဟလများကို ကြားသည့်အခါ ရွံရှာစက်ဆုပ်သည်ဟု ခံစားရလိမ့်မည်။ အထူးသဖြင့် ဘုရားသခင်ကို တိုက်ခိုက်ပြီး စော်ကားသည့် စကားများနှင့်ပတ်သက်လာသည့်အခါ၊ မိမိတို့၏ ပါးစပ်ကို မညစ်ညူးစေရန်အလို့ငှာ ၎င်းတို့သည် ထိုစကားများကို လုံးဝ ဖော်ပြလိမ့်မည်မဟုတ်ပေ။ ယင်းက ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြောင်း သက်သေပြသည်။ ၎င်းတို့က “အခြားသူများက ဘုရားသခင်ကို ဝေဖန်ခြင်းနှင့် အသရေဖျက်ခြင်း၊ အသင်းတော်ကို တိုက်ခိုက်ခြင်းနှင့် သိက္ခာချခြင်းတို့သည် ၎င်းတို့၏ အရေးကိစ္စသာ ဖြစ်သည်။ ၎င်းတို့၏ အပြစ်များတွင် ကျွန်ုပ် မပါဝင်သင့်ပါ။ ဘုရားသခင်ကို ၎င်းတို့၏ အသရေဖျက်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိသော ပုန်ကန်မှုတစ်ခုနှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်တစ်ခု ဖြစ်နှင့်ပြီး ဖြစ်သည်။ ဤစကားများကို ကျွန်ုပ်၏ ကိုယ်ပိုင်ပါးစပ်ဖြင့် ကျွန်ုပ် မပြောဆိုနိုင်ပါ။ ၎င်းတို့ကဲ့သို့ အလားတူအရာများကို ကျွန်ုပ် မပြောဆိုရပါ။ ဤအရာကို ကျွန်ုပ် လုံးဝ လုပ်ဆောင်လိမ့်မည်မဟုတ်ပါ” ဟု ပြောဆိုကြသည်။ သို့သော်လည်း စာတန်၏ အစေခံများဖြစ်ကြသူတို့သည် ၎င်းတို့ကြားရသည့် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုနှင့် ကောလာဟလများကို တစ်လုံးမကျန် အသေးစိတ် ပြန်ပြောပြနိုင်ကြပြီး ၎င်းတို့သည် ထပ်ခါတလဲလဲနှင့် မည်သည့်စိုးရိမ်ပူပန်မှုမျှမရှိဘဲ ထိုသို့ပြုကြကာ နေရာတကာတွင်ပင် ဖြန့်ဝေကြသည်။ ဤလူတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်မျှပင် ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ မကြောက်ရွံ့ကြပါ။ အပေါ်ယံအားဖြင့် ၎င်းတို့သည်လည်း ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ကြသော်လည်း ယုံကြည်ခြင်းသည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည့် ဖန်ဆင်းရှင်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းနှင့် မညီမျှပေ။ စာတန်သည်လည်း လောက၊ စကြဝဠာနှင့် အရာခပ်သိမ်းတို့တွင် ဘုရားသခင် ရှိသည်ကို ယုံကြည်သည်။ သို့သော် ဘုရားသခင်က သူ့ကို စကားပြောသည့်အခါ သူက ဘုရားသခင်ကို မည်သို့ဆက်ဆံသနည်း။ သူသည် ဘုရားသခင်နှင့် မည်သို့ စကားစမြည်ပြောဆိုသနည်း။ သူ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသလော။ သူသည် ဘုရားသခင်ကို ဘုရားအဖြစ် ဆက်ဆံသလော။ မဆက်ဆံပေ။ သူသည် ဘုရားသခင်နှင့် စကားစမြည်ပြောဆိုရန် မည်သည့်နည်းလမ်းကို အသုံးပြုသနည်း။ သူသည် ကစားနောက်ပြောင်နေသည့်အလား ဘုရားသခင်ကို စမ်းသပ်သည်၊ လှည့်စားသည်၊ လှောင်ပြောင်သည်။ ဘုရားသခင်က “အသင် အဘယ်အရပ်က လာသနည်း” ဟု မေးသောအခါ စာတန်က မည်သို့ ပြန်ဖြေခဲ့သနည်း။ (“မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်။” (ယောဘ ဝတ္ထု ၁:၇)) ဤသည်တို့မှာ လူ့စကားများ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ စာတန်သည် အဘယ်ကြောင့် ဤပုံစံဖြင့် ပြောဆိုခဲ့သနည်း။ မည်သည့် သဘောထားမျိုးက ထိုသို့သော စကားများကို ဖြစ်ပေါ်စေသနည်း။ ယင်းမှာ လှောင်ပြောင်ခြင်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လှောင်ပြောင်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ တစ်စုံတစ်ဦးကို ထိကပါးရိကပါးလုပ်ခြင်း ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ “ငါ အဘယ်မှလာသည်ကို သင့်အား ငါပြောမည်မဟုတ်။ သင် ယင်းနှင့်ပတ်သက်၍ အဘယ်အရာ လုပ်နိုင်သနည်း”ဟူ၍ ဖြစ်သည်။ စကားများကို သင့်အား ပြောဆိုပြီးဖြစ်သော်လည်း အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို သင့်အား သိစေရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ စကားပြောသူက သင့်အား ထိုအရာကို ပြောပြရန် ငြင်းဆန်ပြီး သင့်ကို ထိကပါးရိကပါး လုပ်နေခြင်းသာ ဖြစ်သည်။ ဤသည်မှာ လှောင်ပြောင်ခြင်း ဖြစ်သည်။ ဤသဘောထားသည် ဘုရားသခင်ကို ဘုရားအဖြစ် ဆက်ဆံသည့် အသိစိတ်တစ်ခုတလေကို ပြသသလော။ ယင်းတွင် ဘုရားသခင်ကို ရိုသေလေးစားခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အဓိပ္ပာယ်တစ်ခုတလေရှိသလော။ လုံးဝမရှိပေ။ ဤသည်မှာ စာတန်၏ သဘောသဘာဝအမှန် ဖြစ်သည်။ ကောလာဟလများကို ဖြန့်ဝေသောသူတို့သည် ညီအစ်ကိုမောင်နှမများအကြားတွင် ထိုကောလာဟလများကို သာမန်ကာလျှံကာဖြန့်ဝေနိုင်သည်။ ဤကောလာဟလများသည် အဖြစ်မှန်မဟုတ်ကြောင်း ၎င်းတို့ ကောင်းစွာသိသော်လည်း ထိုသို့ပြုလုပ်ရန် အခွင့်အရေးနှင့် အခါအခွင့်မျိုးစုံကို ရှာဖွေလျက် ဖြန့်ဝေရန် အစွမ်းကုန် ကြိုးစားကြသည်။ ဤသည်မှာ စာတန်၏ အပြုအမူနှင့် လုပ်နည်းကိုင်နည်း မဟုတ်လော။ ဤသည်မှာ စာတန် ပြုမူပုံဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်ပြုပြီး ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိသော်လည်း သူ့ကို အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။ ဤသည်မှာ စာတန်၏ သဘောသဘာဝ အမှန်ဖြစ်သည်။ စာတန်၏ သဘာဝအနှစ်သာရ ဖြစ်သည်။ အချို့ညီအစ်ကိုမောင်နှမများက “ဤလူသည် သမ္မာတရားကို မလိုက်စားသော်လည်း ဘုရားသခင်ကို သူ၏ ယုံကြည်ခြင်းသည် ရိုးသားစစ်မှန်ပါသည်။ အသင်းတော်က သူ့ကို သီးခြားခွဲထားမည် သို့မဟုတ် ဖယ်ထုတ်ပစ်မည်ဟု သူကြားသောအခါ သူသည် အလွန်စိုးရိမ်သောကရောက်ကာ ငိုကြွေးပြီး အလွန်ပင် စိတ်ပူပန်ခဲ့သည်။ ပါးစပ်အနာများပင် သူ ပေါက်ခဲ့သည်။ သူသည် ဘုရားအိမ်တော်မှ ထွက်ခွာရန် မလိုလားပါ၊ သူသည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သည်။ သို့ဖြစ်၍ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် သူ့ကို ညီအစ်ကိုတစ်ဦးအဖြစ် ဆက်ဆံသင့်ပြီး သူ့ကို ချစ်ခြင်းမေတ္တာနှင့် သည်းခံမှုပေးသင့်သည်။ သူက ကောလာဟလများကို ဖြန့်ဝေသည့်အခါတွင်ပင် သူ့ကို ကူညီရန်နှင့် အားပေးရန် ချစ်ခြင်းမေတ္တာဖြင့် ကျွန်ုပ်တို့ ဆက်ဆံသင့်နေဆဲဖြစ်သည်”ဟု ပြောကောင်းပြောနိုင်သည်။ ဤစကားများသည် မှန်ကန်သလော။ ယင်းတို့သည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုပြီးဖြစ်သော်လည်း ဤလူတို့သည် ထိုနှုတ်ကပတ်တော်များကို ယုံကြည်ခြင်း မရှိကြသေးပေ။ သို့တိုင် နတ်ဆိုးများနှင့် စာတန်များက မည်မျှများသော ကောလာဟလများကို ပြောဆိုသည်ဖြစ်စေ ဤလူတို့သည် ထိုအရာအားလုံးကို ယုံကြည်ကြပြီး ဘုရားသခင်ကို တိုက်ခိုက်ရန်နှင့် အသရေဖျက်ရန် ဤကောလာဟလများကို အရှက်မရှိ ဖြန့်ဝေကြသည်။ ဤအချက်ကို အခြေခံရုံမျှဖြင့် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများဟု ခေါ်ဆိုခြင်းကို မခံထိုက်ပေ။ ဤသည်မှာ မှန်ကန်သလော။ (မှန်ပါသည်။) ၎င်းတို့သည် ကောလာဟလများကို အရှက်မရှိ ဖြန့်ဝေနိုင်သောကြောင့်၊ ဘုရားသခင်ကို အသရေဖျက်နိုင်သောကြောင့်၊ ဘုရားသခင်ကို တိုက်ခိုက်နိုင်သောကြောင့်၊ ဘုရားအိမ်တော်နှင့် အသင်းတော်ကို အသရေဖျက်နိုင်သောကြောင့် ၎င်းတို့ကို စာတန်၏ အစေခံများအဖြစ်၊ စာတန်များအဖြစ် မှတ်ယူရန် ငါတို့တွင် အကြောင်းပြချက်ကောင်း ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး၏ ရန်သူများ ဖြစ်ကြသည်။ သို့ဆိုလျှင် ငါတို့၏ ရန်သူများကို မည်သို့ ဆက်ဆံသင့်သနည်း။ (သူတို့ကို ပစ်ပယ်ပါ။) မှန်ပေသည်၊ ငါတို့သည် ၎င်းတို့ကို ပစ်ပယ်သင့်သည်။
အချို့လူတို့သည် သမ္မာတရားကို မချစ်ကြပေ။ ကောလာဟလများကို ကြားပြီးနောက်တွင်၊ ၎င်းတို့သည် အသင်းတော်၌ ပွင့်လင်းစွာ မဖြန့်ဝေကြသော်လည်း၊ ၎င်းတို့နှင့် ရင်းနှီးသူတို့ထံသို့ မမြင်ကွယ်ရာတွင် ဖြန့်ဝေကြသည်။ ပိုင်းခြားသိမြင်မှုမရှိသော လူအချို့သည် ဤကောလာဟလများကို ကြားရသည့်အခါ အပျက်သဘောဆောင်ပြီး အားနည်းလာကြသည်။ အချို့သည် စုဝေးပွဲများ တက်ရောက်ခြင်းကို ရပ်တန့်ကြပြီး အချို့က အသင်းတော်မှ နုတ်ထွက်သွားကြသည်။ သို့တိုင် ကောလာဟလဖြန့်ဝေသူက ဤသည်မှာ ၎င်းတို့၏ ကောလာဟလဖြန့်ဝေခြင်းကြောင့် ဖြစ်သည်ကို ဝန်ခံခြင်းမရှိသေးပေ။ ထပ်ခါတလဲလဲ ဆုံးမခြင်းများနှင့် မိတ်သဟာယဖွဲ့ခြင်းများရှိလင့်ကစား၊ ၎င်းတို့သည် ထိုသို့သောကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ ဤသို့ ဆက်လက်လုပ်ဆောင်ကြပြီး၊ မိမိတို့ကိုယ်ကို ဖော်ထုတ်ခြင်းခံရမည်ကို၊ ညီအစ်ကိုမောင်နှမများ၏ စွန့်ပယ်ခြင်းကို ခံရမည်ကို ကြောက်ရွံ့သည့်အတွက် သို့မဟုတ် အသင်းတော်၏ ဖယ်ထုတ်ပစ်ခြင်းကို ခံရမည်ကို ကြောက်ရွံ့သည့်အတွက် စုဝေးပွဲများအတွင်း သို့မဟုတ် လူအများရှေ့တွင် ပွင့်လင်းစွာနှင့် ဗြောင်ကျကျ ကောလာဟလများ ဖြန့်ဝေခြင်းကိုသာ ရှောင်ကြဉ်ကြပြီး၊ ထိုအစား အခြားသူများထံ စာတိုများပို့ခြင်းဖြင့် သို့မဟုတ် လူတို့နှင့် ဆက်သွယ်ခြင်းမှတစ်ဆင့် အချို့သော ကောလာဟလများကို တိတ်တဆိတ် ဖြန့်ဝေရန် ရွေးချယ်ကြသည်။ သို့ဆိုလျှင် ထိုသို့သောလူတို့သည် ဆိုးယုတ်သူများဖြစ်သည် မဟုတ်လော။ အမှန်စင်စစ်၊ ၎င်းတို့သည် ပို၍ပင် ယုတ်မာကြသည်။ ၎င်းတို့ မည်မျှ တိတ်တဆိတ် ပြုမူသည်ဖြစ်စေ၊ ၎င်းတို့၏ ကြံရွယ်ချက်များသည်လည်းကောင်း၊ ၎င်းတို့ လုပ်ရပ်များ၏ သဘောသဘာဝသည်လည်းကောင်း စာတန်၏ အစေခံများ၏ ကြံရွယ်ချက်များ၊ သဘောသဘာဝနှင့် တူညီပေသည်။ ကောလာဟလများကို ဖြန့်ဝေခြင်းရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက်ရန်၊ လူတို့ကို အပျက်သဘောဆောင်စေပြီး အားနည်းစေရန်၊ လူတို့ကို ဘုရားသခင်အား ငြင်းပယ်စေရန်၊ ဘုရားသခင်နှင့် ခပ်ကင်းကင်းနေစေရန်နှင့် ၎င်းတို့၏ တာဝန်များကို စွန့်ပစ်စေရန် ဖြစ်သည်။ “ကောလာဟလများကို ဖြန့်ဝေရာတွင် ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ လူတို့၏ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက်ရန် သို့မဟုတ် ၎င်းတို့၏ ကိုယ်စွမ်းကိုယ်စ လျော့ပါးစေရန်မဟုတ်ဘဲ၊ ၎င်းတို့အား ပိုင်းခြားသိမြင်မှု တိုးပွားလာစေရန်နှင့် ၎င်းတို့၏ ခံနိုင်ရည်ကို တိုးမြှင့်ပေးရန်ဖြစ်ပြီး၊ သို့မှသာ ၎င်းတို့အနေဖြင့် ကောလာဟလများကို ကြားသည့်အခါ ယင်းတို့ကို ခံနိုင်ရည်ရှိလိမ့်မည်။ ယုံကြည်လိမ့်မည်မဟုတ်။ သမ္မာတရားကို ကောင်းစွာ လိုက်စားနိုင်ပြီး၊ ငြိမ်သက်ခြင်းဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်မည် ဖြစ်သည်” ဟု တစ်ဦးတလေက ဆိုဖူးသလော။ တစ်ဦးတလေက ဤရည်ရွယ်ချက်ဖြင့် ကောလာဟလများကို ဖြန့်ဝေဖူးသလော။ (မဖြန့်ဝေဖူးပါ။) ဤပြောဆိုချက်သည် ခိုင်လုံသလော။ အမှန်တွင်၊ ယင်းသည် မခိုင်လုံပေ။ ၎င်းတို့သည် ကောလာဟလများကို ဖြန့်ဝေနိုင်သရွေ့၊ အထူးသဖြင့် ဘုရားသခင်ကို တိုက်ခိုက်၊ အသရေဖျက်ပြီး ပြစ်မှားစော်ကားသည့် ကောလာဟလများဖြစ်သည့် ဤအရာများကို ပါးစပ်ဖွင့်လိုက်တိုင်း သာမန်ကာလျှံကာ ပြောဆိုပြီး နေရာတိုင်းတွင် အရှက်မဲ့စွာ ဖြန့်ဝေသည်။ ၎င်းတို့ ကောလာဟလ မည်မျှ ဖြန့်ဝေသည်ဖြစ်စေ၊ ကောလာဟလများကို ပွင့်လင်းစွာ ဖြန့်ဝေသည်ဖြစ်စေ သို့မဟုတ် မမြင်ကွယ်ရာတွင် ဖြန့်ဝေသည်ဖြစ်စေ၊ လူတို့အပေါ် သက်ရောက်မှု မည်သို့ပင်ရှိစေကာမူ၊ တိုတိုပြောရလျှင်၊ ကောလာဟလများကို ဖြန့်ဝေရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရားနားလည်ပြီး ပိုင်းခြားသိမြင်မှု တိုးပွားလာစေရန် ကူညီဖို့မဟုတ်ဘဲ၊ လူတို့ကို နှောင့်ယှက်ရန်နှင့် အထင်အမြင်မှားစေရန်ဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်အား သံသယဝင်စေရန်နှင့် ခပ်ကင်းကင်းနေစေရန် ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်နေသည့်အရာမှာ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပြီး ဖြိုဖျက်ရန် ဖြစ်သည်။ ဤရှုထောင့်အမြင်မှကြည့်လျှင်၊ ကောလာဟလများ ဖြန့်ဝေသည့် အကြောင်းရင်း သို့မဟုတ် အခြေအနေ မည်သို့ပင်ဖြစ်စေ၊ ကောလာဟလများ ဖြန့်ဝေသည့်လူတို့၏ အနှစ်သာရသည် စာတန်၏ အစေခံများနှင့်ဆိုင်သည့် အနှစ်သာရ ဧကန် ဖြစ်ပေသည်။ ဘုရားသခင်ကို အသရေဖျက်၊ တိုက်ခိုက်ပြီး ပြစ်မှားစော်ကားသည့် ကောလာဟလများကို ပြောဆိုသူ မည်သူမဆိုသည် ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်းဖြစ်ပြီး ဘုရားသခင်၏ ရန်သူဖြစ်သည်။ ဤသည်မှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) သင်သည် ကောလာဟလများကို အစပြုသူမဟုတ်သော်လည်း၊ ယင်းတို့ကို သင် ဖြန့်ဝေနိုင်သည့်အချက်က သင်သည် ကောလာဟလများ မှန်ကန်သည်ဟု ယုံကြည်ကြောင်း သို့မဟုတ် စိတ်ထဲတွင် ၎င်းတို့ကို ယုံကြည်ရန် အလွန်လိုလားကြောင်း သက်သေပြသည်။ “ကောလာဟလများသာ မှန်ခဲ့လျှင်၊ ဘုရားကို ငါ ယုံကြည်ရန် လိုမည်မဟုတ်ပါ။ ဘုရားက ဘုရားဖြစ်မည် မဟုတ်သည့်အပြင်၊ ဘုရား၏ လူ့ဇာတိခံယူခြင်းဟူသည့် အချက်လည်း ရှိမည်မဟုတ်ပါ။ သူသည် လူတစ်ဦးသာ ဖြစ်မည်ဖြစ်ပြီး ငါသည် သူ့အကြောင်း ကောလာဟလများကို လွတ်လပ်စွာ ဖန်တီးနိုင်မည်၊ သူ့ကို သိက္ခာချနိုင်မည်ဖြစ်ပြီး သူ့ကို တိုက်ခိုက်ကာ အသရေဖျက်နိုင်မည်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ယင်းမှာ ပန်းတိုင် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အမြဲတစေ ထင်ရာမြင်ရာ ပြောဆိုကာ ပြုမူလိုပါက၊ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်လိုခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများက “ဤသည်မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းမရှိခြင်းလော”ဟု ပြောဆိုကြသည်။ ဤအရာ၏ သဘောသဘာဝက များစွာ ပို၍ ဆိုးရွားသည်။ ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရန်သူများသာလျှင် ဤနည်းဖြင့် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်ကြသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်းကြောင့်လည်းကောင်း၊ သမ္မာတရားကို သိနားလည်မှုနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း ကင်းမဲ့ခြင်းတို့ကြောင့်လည်းကောင်း ဘုရားသခင်ကို ပုန်ကန်နိုင်သည်။ သို့သော်လည်း စာတန်သည် ဘုရားသခင်ကို ပုန်ကန်ရုံမျှထက်မက လုပ်ဆောင်သည်။ ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်သည်။ ဤအရာက ၎င်းကို ဘုရားသခင်၏ ရန်သူဖြစ်စေသည်။ ဘုရားသခင်၏ ရန်သူများနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် ဆန့်ကျင်ဘက်ဖြစ်ခြင်းတစ်ခု ဖြစ်သည်။ ဆန့်ကျင်ဘက်ဖြစ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ မသင့်မြတ်နိုင်ခြင်းကို ဆိုလိုသည်။ အခြေအနေ သို့မဟုတ် ပတ်ဝန်းကျင် မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်အပေါ် စာတန်၏ ဆန့်ကျင်ခြင်းသည် အချိန် သို့မဟုတ် ပထဝီဝင်အနေအထားအရ ပြောင်းလဲခြင်းမရှိပေ။ စာတန်၏ အနှစ်သာရသည် ဘုရားသခင်ကို ဆန့်ကျင်ရန်ဖြစ်ပြီး ဤသည်မှာ မပြောင်းပေ။ စာတန်သည် ဘုရားသခင်၏ ရန်သူသာ ဖြစ်သည်။ ဘုရားသခင်ကို စာတန်၏ အတိုက်အခံလုပ်ခြင်းနှင့် သူနှင့် ပြန်လည်သင့်မြတ်၍မရနိုင်ခြင်းသည် တစ်ရက်တာ သို့မဟုတ် နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်အနည်းငယ် ကြာရှည်ခဲ့ခြင်းမဟုတ်ပေ။၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်သည့်အချိန်မှစ၍ ဘုရားသခင်ကို စတင်ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤဆန့်ကျင်မှုသည် မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း။ စာတန်သည် ဘုရားသခင်၏ တို့ထိခြင်းနှင့် ပြုပြင်ပြောင်းလဲပေးခြင်းကို ခံရလိမ့်မည်လော။ ဘုရားသခင်ကို သူ၏ ဆန့်ကျင်ခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့နည်းသွားလိမ့်မည်လော။ လျော့နည်းသွားလိမ့်မည်မဟုတ်။ ၎င်းသည် ဘုရားသခင်ကို ဆက်လက်၍ ဆန့်ကျင်သွားလိမ့်မည် ဖြစ်သည်။ ဤဆန့်ကျင်မှုသည် မည်သည့်အချိန်တွင် မရှိတော့မည်နည်း။ ဘုရားသခင်၏ အမှုတော် ပြီးဆုံးသွားကာ စာတန်က သူ၏ အစေခံမှုပေးခြင်းကို ပြီးစီးသွားပြီး မည်သည့်အသုံးဝင်ခြင်းမျှ မရှိတော့ဘဲ ဘုရားသခင်က ၎င်းကို ဖျက်ဆီးလိုက်သည့်အခါ၊ ထိုအချိန်တွင် ဆန့်ကျင်မှုက ရပ်စဲသွားလိမ့်မည်။ စာတန်၏ အစေခံများဖြစ်ကြသည့် ထိုသူတို့နှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ ၎င်းတို့သည် အသင်းတော်၌ ရှိနေသရွေ့၊ အသင်းတော်၊ ဘုရားအိမ်တော်နှင့် ဘုရားသခင်ကို ဆက်လက်၍ ဆန့်ကျင်နေကြလိမ့်မည် ဖြစ်သည်။ အချို့လူများက “၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည်၊ တစ်ခါတစ်ရံ အလှူငွေများ ထည့်ဝင်ကြသည်၊ စွန့်ကြဲပေးကမ်းကြသည်၊ ညီအစ်ကိုမောင်နှမများကိုပင် ဧည့်ခံကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ဆန့်ကျင်နေကြသနည်း။ သူ့ကို ၎င်းတို့ ဆန့်ကျင်နေခြင်းမဟုတ်ပါ၊ ၎င်းတို့သည် ကောင်းမှုအချို့ကိုပင် ပြုကြသည်” ဟု ပြောဆိုကြသည်။ ဤစကားများသည် မှန်ကန်သလော။ ညီအစ်ကိုမောင်နှမများကို ဧည့်ခံခြင်းနှင့် ဆင်းရဲသော ညီအစ်ကိုမောင်နှမများအား ငွေအနည်းငယ် ပေးကမ်းခြင်းက ၎င်းတို့၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအား ပယ်ဖျက်ပေးနိုင်သလော။ ယင်းက ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် သဟဇာတဖြစ်ကြောင်း သက်သေပြနိုင်သလော။ (မပြနိုင်ပါ။) သို့ဆိုလျှင် ဤဆန့်ကျင်မှုသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ (ယင်းကို ၎င်းတို့၏ သဘာဝအနှစ်သာရက ဆုံးဖြတ်ပါသည်။) မှန်ပေသည်၊ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ရန်ဘက်ပြုရန် ဖြစ်သည်။ ထိုသို့သောလူတို့အတွက်၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် လိုအပ်သည်။ မည်သူသည် အမျိုးမျိုးသော လမ်းကြောင်းများမှ အပျက်သဘောဆောင်သော ဝါဒဖြန့်မှု သို့မဟုတ် ဘုရားအိမ်တော်နှင့် အသင်းတော်ကို တိုက်ခိုက်ပြီး အသရေဖျက်သည့် ကောလာဟလများကို စုဆောင်းရန် နှစ်သက်သည်ကိုလည်းကောင်း၊ မည်သူသည် ဤအပျက်သဘောဆောင်သော အရာများကို စိတ်ဝင်စားပြီး ဤကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများကို ယုံကြည်ရန် လိုလားသည်ကိုလည်းကောင်း ကြည့်ရှုလော့။ ဤအရာက ဤမယုံကြည်သူများ၏ သဘောသဘာဝအမှန်များကို သင်တို့အား မြင်တွေ့ခွင့်ပေးလိမ့်မည်။ ဤလူတို့သည် ပုံမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ကြပေ၊ ညီအစ်ကိုမောင်နှမများက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ကို နားထောင်သည့်အခါ စိတ်အားထက်သန်မှုမရှိကြသည့်အပြင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဟက်ဟက်ပက်ပက် မရှိကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် စိတ်ဝင်စားစရာမကောင်းဟု ၎င်းတို့ အမြဲတစေ ခံစားရသည်။ ဘုရားအိမ်တော်၏ ဗီဒီယိုများနှင့် အစီအစဉ်များကို ကြည့်ရှုသည့်အခါ ၎င်းတို့သည် မည်သည့်အရာကို အာရုံစိုက်ကြသနည်း။ ဘာသာရေးသမားများ ချန်ထားသည့် အပြုသဘောဆောင်သော မှတ်ချက်များကို တွေ့မြင်သည့်အခါ၊ ၎င်းတို့သည် ကသိကအောက်ဖြစ်ကြပြီး ထိုအရာများကို ကျော်သွားကြသည်။ သို့သော် ဘာသာရေးသမားများနှင့် မယုံကြည်သူများက အဆင်းနီသော နဂါးကြီးနှင့်အတူ ရပ်တည်ခြင်း၊ အသင်းတော်ကို စော်ကားခြင်း၊ ဘုရားအိမ်တော်ကို စော်ကားခြင်းနှင့် ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ နတ်ဆိုးဆန်သော စကားများဖြင့် စော်ကားခြင်းတို့ကို တွေ့မြင်သည့်အခါ၊ ၎င်းတို့သည် အထူးပင် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားကြသည်။ ဤအပျက်သဘောဆောင်သော ဝါဒဖြန့်မှုနှင့် ကောလာဟလများကို ကြားရသည့်အခါတိုင်းတွင်၊ ၎င်းတို့သည် သွေးကြောထဲ အားဆေးထိုးခံလိုက်ရသကဲ့သို့ စိတ်လှုပ်ရှားကြပြီး၊ ခြေလှမ်းများပင် ပေါ့ပါးသွက်လက်လာကာ အိပ်ရာမှပင် ပျော်ရွှင်စွာ နိုးထလာကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ဤလူစားမျိုးတွင် မည်သူပါဝင်သည်ကို သိရှိရန် သင့်ပတ်ဝန်းကျင်ရှိသူများကို စောင့်ကြည့်လေ့လာလော့။ ၎င်းတို့တွင် သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို မုန်းတီးသည့် စိတ်သဘောထား ရှိမရှိဟူသည်ကို ကြည့်ရှုလော့။ အကယ်၍ သင်သည် ထိုသို့သောလူတစ်ဦးကို အမှန်တကယ် တွေ့ရှိပါက၊ သင်သည် အထူးသဖြင့် သတိထားပြီး ၎င်းတို့ကို ပိုင်းခြားသိမြင်သင့်သည်။ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် ပြောဆိုပြုမူပုံကို စောင့်ကြည့်လေ့လာလော့။ ၎င်းတို့သည် ဆိုးယုတ်သောလူတစ်ဦး၊ စာတန်၏ အစေခံတစ်ဦးဖြစ်ကြောင်း သင် အတည်ပြုသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ၎င်းတို့ကို ပစ်ပယ်သင့်ပြီး ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် မဆက်ဆံသင့်ပေ။ ထိုသို့သောလူတို့ကို အသင်းတော်မှ တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ထုတ်ပစ်သင့်သည်။ အချို့လူများက “ဤလူတို့ကို အဘယ်ကြောင့် ကျွန်ုပ်တို့ ဖယ်ထုတ်ပစ်သင့်သနည်း။ ဘုရားအိမ်တော်၌ လူတစ်ဦးပိုရှိခြင်းသည် အလုပ်လုပ်ရန်အတွက် ခွန်အားအရင်းအမြစ် ပိုရှိသည့် သဘောဖြစ်သည်။ လူတစ်ဦးပိုရှိခြင်းက အနည်းငယ် ပို၍ သက်ဝင်လှုပ်ရှားစေသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ကြပြီးဖြစ်ကာ သမ္မာတရားကို မချစ် သို့မဟုတ် လက်တွေ့မလုပ်ဆောင်ကြသော်လည်း၊ ကောင်းကင်က အဘိုးအိုကို ယုံကြည်လျက်၊ ငယ်စဉ်ကတည်းက ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခဲ့ကြသည်။ သင့်အထက် သုံးပေအကွာတွင် နတ်တစ်ပါး ရှိသည်ကိုလည်း ၎င်းတို့ ယုံကြည်ကြပြီး၊ ကောင်းမှုနှင့် မကောင်းမှုတို့တွင် ယင်းတို့၏ဆိုင်ရာ အကျိုးအပြစ်ရှိသည်ကို သာ၍ပင် ယုံကြည်ကြသည်။ ၎င်းတို့သည် ယေဘုယျအားဖြင့် သိသာထင်ရှားသော မကောင်းမှုများကို မကျူးလွန်ဝံ့ကြသည့်အပြင်၊ အခြားသူများကို ကူညီရန် လိုလားကြသည်။ ၎င်းတို့တွင် ဤသေးငယ်သော ဝါသနာတစ်ခု ရှိခြင်းသာဖြစ်သည်။ ၎င်းတို့သည် ကောလာဟလများနှင့် အတင်းအဖျင်းများကို ဖြန့်ဝေခြင်းအား နှစ်သက်ကြသည်။ အထူးသဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အသရေဖျက်သည့် အဆင်းနီသော နဂါးကြီးထံမှလာသော ကောလာဟလများကို ဖြန့်ဝေကြပြီး၊ ဤအရာများကို များစွာမစဉ်းစားဘဲ ထပ်ခါတလဲလဲ ပြောဆိုကြသည်။ ၎င်းတို့သည် မသိနားမလည်သည့်အပြင် မသိနိုင်သောကြောင့် ဖြစ်နိုင်သည်”ဟု ပြောဆိုကြသည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများကဲ့သို့ မထင်ရသည့်အပြင်၊ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မရှိခဲ့သော်လည်း၊ ၎င်းတို့သည် ကောလာဟလများကို ဖြန့်ဝေရာတွင် အထူးသဖြင့် တက်ကြွပြီး ယင်းတို့ကို ဦးစွာပထမ ဖြန့်ဝေချင်ကြသည်။ လူတို့သည် ထိုသို့သော ပုဂ္ဂိုလ်များအပေါ် သတိရှိသင့်သည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်သည် မဟုတ်လော။ ထိုသို့သောလူတို့၏ အနှစ်သာရသည် သိသာထင်ရှားလွန်းလှသည်တကား။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားကို မည်သည့်အခါမျှ စိတ်မဝင်စားကြသည့်အပြင်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ သမ္မာတရား စည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေကြပေ။ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို၊ ၎င်းတို့သည် လေးနက်တည်ကြည်မှုကို မပြသကြ၊ မိမိတို့၏ စိတ်နှလုံးကို အသုံးမပြုကြသည့်အပြင်၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် လိုလားခြင်းမရှိကြပေ။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ ပြုမူပြီး စဉ်ဆက်မပြတ် နောက်ပြောင်လျက် ဖြစ်သလိုလုပ်ဆောင်ကြသည်။ ၎င်းတို့၏ စကားနှင့် လုပ်ရပ်များတွင် ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်မဆိုးစေသည့်အပြင်၊ အခြားသူများကို ဖော်ရွေပုံရလျက် လူတိုင်းနှင့် အဆင်ပြေအောင် ပေါင်းသင်းနိုင်သည်။—၎င်းတို့သည် ကောလာဟလများကို စုဆောင်းပြီး ဖြန့်ဝေရန်သာ နှစ်သက်ကြသည်။ ဤလုပ်ရပ်များမှနေ၍ ဤလူတို့ကို စာတန်၏ အစေခံများအဖြစ် ငါတို့ သတ်မှတ်နိုင်သလော။ (သတ်မှတ်နိုင်ပါသည်။) အဘယ်ကြောင့် ငါတို့ သတ်မှတ်နိုင်သနည်း။ ဤသည်မှာ အမှုအရာများကို အလွန်အကျွံပြောဆိုခြင်းဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် သမ္မာတရားကို လိုက်စားရာတွင် လုံးဝ စိတ်ဝင်စားမှုမရှိကြပေ။ တရားဒေသနာတစ်ခုကို နားထောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ငိုက်မျဉ်းလာကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ရွံရှာစက်ဆုပ်ပြီး ဂနာမငြိမ်ဖြစ်ကြသည်။ ရေသောက်ရန် သို့မဟုတ် အိမ်သာသွားရန် အဆက်မပြတ် ထသွားကြပြီး၊ စိတ်ထဲတွင် အမြဲတစေ မသက်မသာ ခံစားရသည်။ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ခြင်းက ၎င်းတို့အတွက် ညှဉ်းဆဲကို ကြုံနေရသကဲ့သို့ အလွန့်အလွန် ခက်ခဲပုံရသည်။ သို့သော်လည်း စာတန်၏ ကောလာဟလများ သို့မဟုတ် မယုံကြည်သူများ၏ နတ်ဆိုးဆန်သော စကားများကို ကြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်ဝင်စားမှုက မြင့်တက်လာသည်။ ၎င်းတို့သည် လန်းဆန်းလာပြီး ဤကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများကို အလွန် စိတ်အားထက်သန်မှုဖြင့် စတင်ဖြန့်ဝေကြသည်။ ထိုသို့သောလူတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသလော။ မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အရိုးတွင်းခြင်ဆီထဲမှ အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် စက်ဆုပ်ကြသည်။ ဘုရားသခင်၊ သူ၏အမှုတော်နှင့် ဆက်စပ်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ၊ ဘုရားသခင်၏ အဆင့်အတန်း၊ ဘုရားသခင်၏ ဂုဏ်သိက္ခာဖြစ်စေ၊ ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိဖြစ်စေ၊ ၎င်းတို့သည် ဤအရာများကို မိမိတို့၏ စိတ်နှလုံးထဲတွင် မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝကင်းမဲ့ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်နှင့် သူ၏အမှုတော်အပေါ် အမြဲတစေ အယူအဆများ ထားရှိကြသည်။ စာတန်၏ ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားအမျိုးမျိုးကို အလွယ်တကူ ၎င်းတို့ ထပ်ခါတလဲလဲ ပြောဆိုနိုင်ကြပြီး၊ ထိုသို့ဖြင့် အသိစိတ်၏ စွဲချက်တစ်ခုတလေမျှမရှိဘဲ ထိုအရာများကို ဖြန့်ဝေခြင်းဟူသော ၎င်းတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိကြသည်။ ဤသည်မှာ မည်သည့် အယုတ်တမာမျိုး ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) ဤသည်တို့မှာ ဘုရားသခင်ကို နှုတ်ဖြင့် အသိအမှတ်ပြုပြီး ဘုရားသခင်နောက်လိုက်သည်ဟု အခိုင်အမာဆိုသူများ၊ ကောင်းကင်တွင် အဘိုးအိုတစ်ဦးရှိသည်ဟု ယုံကြည်သူများ၊ သင့်အထက် သုံးပေအကွာတွင် ဘုရားတစ်ဆူ ရှိသည်ကို ယုံကြည်သူများနှင့် ကောင်းမှုနှင့် မကောင်းမှုတို့တွင် ယင်းတို့၏ဆိုင်ရာ အကျိုးအပြစ်ရှိသည်ဟု ယုံကြည်သူများ၏ လုပ်ဆောင်ချက်များ ဖြစ်ကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထား ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့၏ မိဘများကို စော်ကားလျှင် သို့မဟုတ် ၎င်းတို့၏ မိဘများအကြောင်း ကောလာဟလများကို နောက်ကွယ်တွင် လုပ်ကြံဖန်တီးလျှင်၊ ၎င်းတို့သည် သေသည်အထိ ဧကန်မုချ တိုက်ခိုက်ကြမည်ဖြစ်သည်။ သို့သော်လည်း တစ်စုံတစ်ဦးက ဘုရားသခင်ကို စော်ကားသည့်အခါ၊ ဘုရားသခင်ကို တိုက်ခိုက်သည့်အခါ သို့မဟုတ် ဘုရားသခင်ကို အသရေဖျက်သည့်အခါ၊ ၎င်းတို့သည် စိတ်မဆိုးရုံသာမက၊ ယင်းကို ဟာသတစ်ခုကဲ့သို့ ထပ်ခါတလဲလဲ ပြောဆိုနိုင်ပြီး နေရာတကာတွင်ပင် ဖြန့်ဝေနိုင်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ နောက်လိုက်တစ်ဦးက လုပ်ဆောင်သင့်သည့်အရာလော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူများစွာတို့က ဤမယုံကြည်သူများကို ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) ထို့ကြောင့်၊ ထိုသို့သောလူတို့ကို စာတန်၏ အစေခံများဖြစ်သည်ဟု သံသယရှိသည့်အခါ၊ အခြားသူများက သတိထားသင့်သည်။ လူတိုင်းက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများအား ဤလူတို့ကို သတိထားရန် ချက်ချင်း အကြောင်းကြားရမည်ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ အစေခံများ၊ နတ်ဆိုးများဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက်၊ လူတိုင်းသည် စုပေါင်း၍ ၎င်းတို့ကို ပစ်ပယ်ကာ အသင်းတော်မှ ဖယ်ထုတ်ပစ်သင့်သည်။ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) သို့ဆိုလျှင် ဤသည်မှာ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။
ဂ။ ဘုရားသခင်ကို အသရေဖျက်ပြီး တိုက်ခိုက်သည့် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေးလောက၏ အခြေအမြစ်မရှိသော ကောလာဟလများကို သဘောထားရမည့် နည်းလမ်း
တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေးလောကသည် ညီအစ်ကိုမောင်နှမများက ဧဝံဂေလိတရားကို လက်ခံရန် လူတို့ကို အတင်းအကျပ်ခိုင်းသည်၊ စသည်ဖြင့် မှားယွင်းစွာ အခိုင်အမာဆိုလျက် ဘုရားအိမ်တော်နှင့်ပတ်သက်၍ အခြေအမြစ်မရှိသော ကောလာဟလများစွာကို လုပ်ကြံဖန်တီးခဲ့ကြသည်။ ဤကောလာဟလများကို ကြားပြီးနောက် သင်တို့သည် မည်သို့ ခံစားရသနည်း။ (ဒေါသထွက်သည်၊ မခံမရပ်နိုင်ဖြစ်ပါသည်။) ဤသည်တို့မှာ သင်တို့နှင့်ပတ်သက်သော ကောလာဟလများဖြစ်ပြီး သင်တို့ မခံမရပ်နိုင်ဖြစ်ကြသည်။ သင်တို့ မည်သည့်အတိုင်းအတာအထိ မခံမရပ်နိုင်ဖြစ်ကြသနည်း။ ကောလာဟလများကို လုပ်ကြံဖန်တီးသူများအား ရှာဖွေပြီး ၎င်းတို့နှင့် အငြင်းအခုံပြုရန်၊ ၎င်းတို့ကို သင်ခန်းစာပေးရန်ပင် သင်တို့ အလိုရှိကြသလော။ (အလိုရှိပါသည်။) ဤကောလာဟလများသည် အပေါ်ယံအားဖြင့် အသင်းတော်ကို ပစ်မှတ်ထားသော်လည်း အမှန်တွင် အသင်းတော်၏ အသင်းသားတိုင်းနှင့် အသင်းသားတစ်ဦးစီ၏ ဂုဏ်သတင်း၊ တည်ကြည်မှုတို့နှင့် ပါဝင်ပတ်သက်ပေသည်။ ယင်းတို့ကို ကြားပြီးနောက် သင်တို့က၊ “ကျွန်ုပ်တို့ ထိုသို့ မလုပ်ခဲ့ပါ။ ကျွန်ုပ်တို့သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ဧဝံဂေလိတရားကို ဟောပြောပါသည်။ ဘုရားသခင်ကို မယုံကြည်လိုသောသူများအတွက်မူ ၎င်းတို့ကို ကျွန်ုပ်တို့ အတင်းအကျပ် လုံးဝ မလုပ်ပါ။ ယုံကြည်ခြင်းသည် မိမိသဘောဆန္ဒအလျောက် ဖြစ်ပါသည်။ မည်သူ့ကိုမျှ ကျွန်ုပ်တို့ အကျပ်မကိုင်သည့်အပြင်၊ လူတို့ကို ထိခိုက်နစ်နာစေခြင်း သို့မဟုတ် လက်တုံ့ပြန်ခြင်းတို့ကို သာ၍ပင် မပြုလုပ်ပါ။ ဆန့်ကျင်ဘက်အားဖြင့် ဧဝံဂေလိတရားကို ဟောပြောသော ကျွန်ုပ်တို့သည် ဘာသာရေးသမားများ၏ ရက်စက်စွာ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ၎င်းတို့၏ ရဲတိုင်ခြင်းကို ခံခဲ့ရသည်။ ညှဉ်းဆဲခြင်းခံရရန် အဆင်းနီသော နဂါးကြီးထံသို့ လွှဲအပ်ခြင်းခံခဲ့ရပါသည်။ ကျွန်ုပ်တို့ထဲမှ များလှစွာသောသူတို့သည် အကျဉ်းချခံခဲ့ရပြီး အတော်များများမှာ ဘာသာရေးသမားများ တည်ထောင်ထားသည့် ကိုယ်ပိုင်အကျဉ်းထောင်များတွင်ပင် ချုပ်နှောင်ခြင်းခံခဲ့ရပါသည်။ ကျွန်ုပ်တို့သည် မတရားဆက်ခံခြင်းခံရသူများ ဖြစ်ပါသည်တကား”ဟု ဆိုလျက် မခံမရပ်နိုင်ဖြစ်ကြသည်။ ဤကောလာဟလများကို ကြားပြီးနောက် သင်တို့သည် မခံမရပ်နိုင်ဖြစ်ကြပြီး ၎င်းတို့နှင့် အမြဲတစေ အငြင်းအခုံပြုလိုကြသည်။ ဤကောလာဟလများသည် အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို တိုက်ရိုက်တိုက်ခိုက်ပြီး အသရေဖျက်သောကြောင့် သင်တို့တွင် ဤတုံ့ပြန်မှုရှိခြင်း ဖြစ်သည်။ ဘုရားသခင်ကို သိက္ခာချပြီး ဝေဖန်သည့် ကောလာဟလများကို ကြားရသည့်အခါ သင်တို့ မည်သို့ ခံစားရသနည်း။ ဤအရာများသည် သင်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးစီးပွားများ သို့မဟုတ် သင်တို့၏ တည်ကြည်မှု၊ ဂုဏ်သိက္ခာတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ။ ယင်းတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သော ကောလာဟလများ ဖြစ်ကြသည်။ ဥပမာအားဖြင့် သင်သည် ယခင်က ယေရှုကို ယုံကြည်ခဲ့ချိန်တွင် ယေရှုသည် အပျိုစင်တစ်ဦးမှ မွေးဖွားခဲ့ပြီး ဖခင်မရှိဟု လူအချို့က ပြောဆိုခဲ့ကြသည်။ ထိုအရာကို သင်ကြားရသည့်အခါ မည်သို့ ခံစားခဲ့ရသနည်း။ သင်သည် ၎င်းတို့နှင့် အငြင်းအခုံပြုလိုခဲ့သလော။ “ငါတို့ ယုံကြည်သည်မှာ ဘုရားသခင်ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ထို့နောက် သင်က ထိုအရာကို အချိန်ယူစဉ်းစားခဲ့သည်- “မာရိသည် အပျိုစင်တစ်ဦးဖြစ်ပြီး သခင်ယေရှုသည် အပျိုစင်တစ်ဦးမှ မွေးဖွားခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူခဲ့သည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သော်လည်း မယုံကြည်သူများက ဤအကြောင်းကို ရိုင်းစိုင်းစွာ ပြောဆိုကြပြီး ထိုအရာကို ငါနားမထောင်လိုပါ”ဟူ၍ ဖြစ်သည်။ သင်သည် အလွန်ဆုံးအနေဖြင့် ထိုသို့သော ခံစားချက်များ ရှိကောင်းရှိမည်ဖြစ်သော်လည်း၊ သင်၏စိတ်နှလုံးထဲတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူခြင်းသည် လူ့အယူအဆများနှင့် အလွန်ပင် ဆန့်ကျင်နေသည်ဟု သင်ခံစားနေဆဲ ဖြစ်သည်။ သင်သည် သိပ္ပံပညာကို ယုံကြည်သောကြောင့် ဤကိစ္စရပ်ကို မယုံကြည်နိုင်ခဲ့ပေ။ သင်သည် သင်၏စိတ်နှလုံးထဲမှနေ၍ ဘုရားသခင်၏ အနန္တတန်ခိုးကို မယုံကြည်သည့်အပြင်၊ ဘုရားသခင်ပြောဆိုပြီး လုပ်ဆောင်သမျှတိုင်းက သမ္မာတရားဖြစ်သည်ကိုလည်း မယုံကြည်ပေ။ ထို့နောက် သင်သည် မယုံကြည်သူများ၏ နတ်ဆိုးဆန်သော စကားများကို သွားချေပမည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သည့်အပြင် သမ္မာတရားကို နားမလည်သောကြောင့် အလွန်ဆုံးအနေဖြင့် ဤကောလာဟလများသည် သင်၏ ဂုဏ်သတင်းနှင့် သက်ဆိုင်သောကြောင့် လူတို့ပြောဆိုသည့် ကောလာဟလများကို သင်ကြားရသည်မှာ မနှစ်မြို့ဖွယ်ဖြစ်သည်ဟု သင်မြင်ပြီး လူတို့သည် ထိုသို့ မပြောဆိုသင့်ဟု တွေးလေသည်။ သင်က “မယုံကြည်သူများသည် အလွန် ရွံရှာဖွယ်ကောင်းပြီး ယုတ်ညံ့လှပါသည်တကား။ ၎င်းတို့သည် မည်သည့် ညစ်ညမ်းသော စကားလုံးများကိုမဆို အသုံးပြုရန် သတ္တိရှိကြသည်တကား။ ၎င်းတို့သည် အမှန်ပင် မယုံကြည်သူများ ဖြစ်ကြသည်။ အမှန်ပင် နတ်ဆိုးများ ဖြစ်ကြသည်” ဟု စဉ်းစားပေမည်။ ထိုမျှသာဖြစ်ပြီး ယင်းမှာ အလွန်ဆုံး သင်စွမ်းဆောင်နိုင်သည့် အရာဖြစ်၏။ ထိုသို့သော ကောလာဟလများအား ၎င်းတို့ပြောဆိုသည်ကို ကြားပြီးနောက် သင်သည် အဘယ်ကြောင့် ထိခိုက်ခံစားရပြီး မယုံကြည်သူများကို ယုတ်ညံ့ကာ ရွံရှာဖွယ်ကောင်းသည်ဟု မြင်သနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သင်၏ ဂုဏ်သတင်းနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဤကောလာဟလများက သင့်အား ဂုဏ်သိက္ခာကျဆင်းသည်ဟု ခံစားရစေလျက် သင်၏ စိတ်နှလုံးကို လှုံ့ဆော်သောကြောင့် သင်၏ ဒေါသကို နှိုးဆွပေးပြီး သင်သည် ချေပသည့်အနေဖြင့် အပြုသဘောဆောင်သော စကားအချို့ကို ထပြောလေသည်။ ထိုသို့သော ချေပမှုသည် ဘုရားသခင်၏ ဘက်တွင် လုံးလုံးလျားလျား ရပ်တည်နေခြင်း ဖြစ်သလော။ ယင်းသည် ဘုရားသခင်၏ သက်သေခံချက်ကို ကာကွယ်ရန်ဖြစ်သလော။ မဟုတ်ပေ။ သင်၏ သိက္ခာနှင့် တည်ကြည်မှုကို လုံးလုံးလျားလျား ကာကွယ်ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ပြဿနာ၏ အနှစ်သာရကို ထွင်းဖောက်၍ မမြင်သေးသောကြောင့် ဖြစ်သည်။ ထို့ထက်ပင်ပို၍ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ဘုရားသခင်က သင့်ထံမှ တောင်းဆိုသည့်အရာကို နားမလည်ပေ။ သင်နားလည်ပြီး ခံစားရသည့်အရာသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီပေ။ ယင်းသည် လူ၏ စိတ်လိုက်မာန်ပါဖြစ်ခြင်းနှင့် လူ၏ ကောင်းသောအပြုအမူမျှသာ ဖြစ်သည်။ လူ၏ ကောင်းသောအပြုအမူသည် ဘုရားသခင်အတွက် သင်ခံသော သက်သေခံချက်ကို ကိုယ်စားမပြုပေ။ သင်သည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်လေပြီ။ သင်သည် သင်၏ သိက္ခာနှင့် တည်ကြည်မှုကို ကာကွယ်နေခြင်းမျှသာ ဖြစ်သည်။ သင်သည် သင်၏ သိစိတ်ကို အနည်းငယ် သက်သာစေရန်အလို့ငှာ ကောလာဟလများကို ချေပနေခြင်း ဖြစ်သည်။ သင်သည် သူ့အတွက် စကားပြောဆိုရန် ဘုရားသခင်၏ ဘက်တွင် ရပ်တည်နေခြင်း မဟုတ်သည့်အပြင် ကောလာဟလများကို ချေပရန်နှင့် ဘုရားသခင်အတွက် သက်သေခံရန် သမ္မာတရား သို့မဟုတ် အဖြစ်မှန်များကို အသုံးပြုနေခြင်းလည်း မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် စကားပြောဆိုနေခြင်း မဟုတ်သည့်အပြင် သင်ပြောဆိုသည့်အရာသည် သမ္မာတရားနှင့် သေချာပေါက် မကိုက်ညီပေ။ ယင်းသည် သင်၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများနှင့်သာ ကိုက်ညီသည်။ ယင်းမှာ သင်၏စိတ်နှလုံး ဝမ်းနည်းခြင်းကို အနည်းငယ် သက်သာစေဖို့နှင့် သခင်ယေရှုကို ယုံကြည်ခြင်းသည် ရှက်ဖွယ်ဖြစ်သည်ဟု သင်မခံစားရစေရန်အတွက်သာ ဖြစ်သည်။ ထိုမျှသာ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် တစ်စုံတစ်ဦးက ဘုရားသခင်ကို တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချသည်ကို ကြားသည့်အခါ၊ ဘုရားအိမ်တော်ကို အသရေဖျက်ပြီး ဝေဖန်သည်ကို ကြားသည့်အခါ သို့မဟုတ် သင်တို့ကိုပင် ပြစ်တင်ရှုတ်ချသည်ကို ကြားရသည့်အခါ သင်တို့သည် အထူးသဖြင့် မခံမရပ်နိုင်ဖြစ်ကြပြီး သင်တို့၏ ဂုဏ်သတင်းကို ပြန်လည်ရရှိရန်နှင့် ဤကိစ္စရပ်များကို ရှင်းလင်းသွားစေရန် ၎င်းတို့နှင့် အငြင်းအခုံပြုပြီး စကားအခြေအတင်ပြောလိုကြသည်။ သို့သော် ဤသည်မှာ သင်တို့သည် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ပြီးဖြစ်သည်ဟု ဆိုလိုသလော။ ယင်းသည် ထိုစံကို မမီပေ။ သမ္မာတရားကို နားလည်ခြင်းမရှိဘဲနှင့်၊ သက်သေခံချက်ဟူ၍ မရှိပေ။
သင်တို့သည် အပြင်လောကတွင် ပျံ့နှံ့နေသည့် ဘုရားသခင်ကို အသရေဖျက်ပြီး တိုက်ခိုက်သော ကောလာဟလများကို ကြားရသည့်အခါ၊ ယင်းတို့က ကောင်းကင်ဘုံရှိ ဘုရားသခင်ကို တိုက်ခိုက်သည်ဖြစ်စေ၊ မြေကြီးပေါ်ရှိ လူ့ဇာတိခံ ဘုရားသခင်ကို တိုက်ခိုက်သည်ဖြစ်စေ၊ သင်တို့ မည်သို့ ခံစားရသနည်း။ သင်တို့သည် ဂရုမစိုက်ဘဲနေသလော၊ သို့မဟုတ် နာကျင်မှု အနည်းငယ် ခံစားရသလော။ သင်တို့သည် ယင်းကို မခံနိုင်ဖြစ်ပြီး လက်မခံနိုင်ဖြစ်သလော၊ သို့မဟုတ် သင်သည် ကူကယ်ရာမဲ့ဖြစ်နေသလော။ အချို့လူများသည် ဤကောလာဟလများကို ကြားပြီးနောက်၊ “ဘုရားသခင်သည် အပြစ်ကင်းစင်သည်၊ ဤအရာများကို ဘုရားသခင် မလုပ်ဆောင်ခဲ့ပါ။ အဘယ်ကြောင့် သူသည် လောကနှင့် ဘာသာရေးလောက၏ ဤသို့ တိုက်ခိုက်ခြင်းနှင့် အသရေဖျက်ခြင်းကို ခံနေရသနည်း။ ကျွန်ုပ်တို့သည် လုံ့လဝီရိယရှိစွာ မိမိတို့ကိုယ်ကို အသုံးခံပြီး တာဝန်များကို ထမ်းဆောင်ကာ ဘုရားသခင်၏ နာမတော်ကို ကာကွယ်ရမည်။ ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့်အခါ၊ အရာရာတိုင်း၏ အမှန်တရားက ပေါ်ထွက်လာလိမ့်မည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ ယုံကြည်သော လူ့ဇာတိခံ ဘုရားသခင်သည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ဖြစ်ကြောင်းနှင့် ဤသည်မှာ လုံးဝမှားယွင်းခြင်းမရှိကြောင်းကို လောကလူမျိုးအားလုံး မြင်တွေ့ကြလိမ့်မည်”ဟု စဉ်းစားကြသည်။ အခြားသူများကမူ၊ “ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်ကာ၊ ဤဘာသာမဲ့ ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အပြည့်အဝ သိကြသည့်တိုင် ဘုရားသခင်ကို အသရေဖျက်ပြီး တိုက်ခိုက်နေဆဲ ဖြစ်သည်။ ဘုရားသခင်သည် မည်မျှကြာကြာ ဒုက္ခခံရမည်နည်း”ဟု တွေးကြသည်။ အခြားသူများကမူ “လူတို့အနေဖြင့် မိမိတို့အလိုရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုနိုင်သည်။ ကျွန်ုပ်တို့က ၎င်းတို့ကို အရေးမလုပ်ပါ။ ဘုရားသခင်သည် သူ့အပေါ် အသရေဖျက်သည့် ကောလာဟလများကို မည်သည့်အခါမျှ မချေပခဲ့ပါ။ သူသည် ၎င်းတို့ကို တုံ့ပြန်ခြင်းမရှိပါ။ သို့ဆိုလျှင် မပြောပလောက်သော လူသားများဖြစ်သည့် ကျွန်ုပ်တို့သည် မည်သည့်အရာကို လုပ်ဆောင်နိုင်မည်နည်း။ ဘုရားသခင်သည် ဤကဲ့သို့ပင် လူသားမျိုးနွယ်၏ အထင်အမြင်လွဲမှားခြင်း၊ တိုက်ခိုက်ခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် ပစ်ပယ်ခြင်းတို့ကို အစဉ်သဖြင့် ခံခဲ့ရသည် မဟုတ်လော။ ဘုရားသခင်တွင် မည်သည့် မကျေနပ်ချက်မျှ အလျှင်းမရှိသည့်အပြင်၊ သူသည် လူတို့ကို ကယ်တင်နေဆဲ ဖြစ်သည်။ အရာရာတိုင်းကို အချိန်က ထုတ်ဖော်ပါစေ။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်သက်သေခံချက်ကို သက်သေခံလိမ့်မည်” ဟု ဆိုကြသည်။ သင်တို့၏ သဘောထားအမြင်မှာ အဘယ်နည်း။ ယခုတင် ငါပြောခဲ့သည့် အလျော့မပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ လက်မခံနိုင်ခြင်း၊ ကူကယ်ရာမဲ့ဖြစ်ခြင်းတို့တွင် သင်တို့သည် မည်သည့်တစ်ခုကို ခံစားရသနည်း။ မည်သည့် ခံစားချက်သည် အမှန်ကန်ဆုံးဖြစ်သနည်း။ ဤကိစ္စရပ်များကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်သို့ သဘောထားသင့်သနည်း။ ဤကောလာဟလများကို ကြားရသည့်အခါ သင်တို့ မည်သို့ ခံစားရသနည်း။ (မခံမရပ်နိုင်ဖြစ်ပါသည်။) မခံမရပ်နိုင်ဖြစ်ပြီး ထို့နောက်တွင် သင်တို့သည် ဤကောလာဟလ လုပ်ကြံဖန်တီးသူများ၊ ဤဘာသာရေး လိမ်လည်မှုများနှင့် ဘာသာရေး၏ ဆိုးယုတ်သောလူများကို ကြိမ်းမောင်းသည့် စာတစ်စောင်ကို ရေးသားလိုကြသည်။ သင်တို့တွင် ထိုသို့သော အတွေးများ ရှိသလော။ ဒေါသဖြင့် လက်သီးဆုပ်ရုံမျှက လုံလောက်သည်ဟု သင်တို့ ခံစားရမည် မဟုတ်ပေ၊ မှန်သလော။ သင်တို့သည် ထိုအကြောင်းနှင့်ပတ်သက်၍ တစ်စုံတစ်ခု လုပ်ဆောင်ရန် စိတ်အားထက်သန်မှုကို ခံစားရသလော။ သို့မဟုတ် ယင်းသည် အနှစ်မဲ့သော မကျေမချမ်းဖြစ်ခြင်းမျှသာလော။ (အမုန်းတရားနှင့် ငြင်းပယ်ခြင်းလည်း ရှိပါသည်။) မကျေမချမ်းဖြစ်ခြင်း၊ အမုန်းတရား၊ ငြင်းပယ်ခြင်း၊ ဤသည်တို့မှာ တိကျသော စကားလုံးများ၊ အပြုအမူများ သို့မဟုတ် လုပ်ဆောင်ချက်များမရှိဘဲ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော စိတ်ခံစားမှုများ ဖြစ်သည်။ ယင်းတို့သည် စိတ်ခံစားမှုများမျှသာဖြစ်ပြီး၊ အချို့သော သဘောထားများကိုလည်း ကိုယ်စားပြုသည်မှာ အမှန်ဖြစ်၏။ (မကျေမချမ်းဖြစ်ခြင်းအပြင်၊ တစ်ခါတစ်ရံတွင် အဖြစ်မှန်များကို ရှင်းလင်းသွားစေရန်နှင့် ၎င်းတို့ လုပ်ဆောင်ချက်များ၏ အနှစ်သာရက သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းတီးခြင်းဖြစ်ကြောင်း ဖော်ထုတ်ရန် ဆောင်းပါးများ ရေးသားခြင်း သို့မဟုတ် အစီအစဉ်များ ဖန်တီးခြင်းတို့ကို ကျွန်ုပ်တို့ ပြုလုပ်ပါသည်။ သို့မှသာ လူတို့သည် စစ်မှန်သော အဖြစ်မှန်များကို မြင်နိုင်မည် ဖြစ်ပါသည်။) ထိုလူတို့သည် မှန်ကန်သော အဖြစ်မှန်များကို မြင်ပြီးနောက် ယင်းကို လက်ခံကြလိမ့်မည်လော။ သင်တို့ပြောဆိုသည့်အရာ မှန်ကန်ကြောင်းကို ၎င်းတို့ လက်ခံပြီးနောက်၊ “သင်တို့၏ ယုံကြည်ခြင်းသည် မှန်ကန်သည်၊ ဆက်လက်ယုံကြည်ကြပါ၊ ကျွန်ုပ်တို့ သင်တို့ကို ထောက်ခံပါသည်” ဟုဆိုလျက် မျှတသော မှတ်ချက်တစ်ခုကို ပေးကာ၊ ဘာသာရေး လိမ်လည်သူများက အရှက်ရပြီး “တောင်းပန်ပါသည်၊ ကျွန်ုပ်တို့ မှားသွားပါသည်၊ ကျွန်ုပ်တို့ ပြောဆိုခဲ့သည့်အရာသည် အချက်အလက်နှင့် မညီပါ၊ ယခုမှစ၍ သင်တို့သည် သင်တို့၏ လမ်းခရီးကို ယုံကြည်ကြပါ၊ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ လမ်းစဥ်ကို ယုံကြည်ပါမည်”ဟု ပြောဆိုလျှင်ပင်၊ ထိုအရာက သင်တို့ကို စိတ်သက်သာရာရစေမည်လော။ ဤသည်မှာ သင်တို့ ရည်မှန်းနေသည့် တစ်ခုတည်းသော ပန်းတိုင်လော။ (ကျွန်ုပ်တို့သည် မှန်သော လမ်းခရီးကို စူးစမ်းရှာဖွေနေသောသူများနှင့် သမ္မာတရားကို ဆာငတ်သောသူတို့အနေဖြင့် အမှားနှင့်အမှန်ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ပြီး မှန်သော လမ်းခရီးကို လက်ခံနိုင်ရန် ဘုရားသခင်အတွက်လည်း သက်သေခံလိုပါသည်။) ဤသည်မှာ လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဤသည်မှာ အပြုသဘောဆောင်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းတစ်ခုဖြစ်သည်။ ဒေါသထွက်ခြင်းနှင့် မုန်းတီးခြင်းမျှသာ အသုံးဝင်သလော။ သင်တို့၏ ဒေါသနှင့် အမုန်းတရားအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့် ဒေါသထွက်ပြီး မုန်းတီးရသနည်း။ (ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် လူ့ဇာတိခံယူခဲ့သည်၊ ယင်းမှာ တရားအမျှတဆုံးသော အမှုအရာဖြစ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို ဝေဖန်ရန်နှင့် အသရေဖျက်ရန် ကောလာဟလများကို ဖြန့်ဝေကြသည်။ ၎င်းတို့သည် အမှန်တကယ်ပင် အဖြူကိုအမည်း၊ အမည်းကိုအဖြူအဖြစ် ပြောင်းပြန်လှန်ပြီး အဓိပ္ပာယ်မဲ့သော စကားများ ပြောဆိုနေသည်ဟု စဉ်းစားရင်း ကျွန်ုပ်တို့ အလွန် မခံမရပ်နိုင်ဖြစ်ကြပါသည်။) ဘုရားသခင်အပေါ် လူသားမျိုးနွယ်နှင့် လောက၏ ပစ်ပယ်ခြင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားသည် ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်း ကာလအတွင်း၌သာ ဤသို့ဖြစ်သည်ဟု သင်တို့ တွေးထင်ကြသလော။ ဘုရားသခင်အပေါ် လူသားမျိုးနွယ်နှင့် လောက၏ သဘောထားသည် အစမှအဆုံးတိုင် အစဉ်သဖြင့် တူညီခဲ့သည်။အစဉ်သဖြင့် ပြစ်တင်ရှုတ်ချခြင်း၊ အသရေဖျက်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ ဖြစ်ခဲ့သည်။ ဘုရားသခင်သည် သူ၏အမှုတော်ကို စတင်ခဲ့သည့်အချိန်မှ ယခုအချိန်အထိ၊ ဘုရားသခင်လုပ်ဆောင်ခဲ့သမျှ အရာရာတိုင်းအပေါ်တွင်လည်းကောင်း၊ လူ့ဇာတိခံ ဘုရားသခင်အပေါ်တွင်လည်းကောင်း လူသားမျိုးနွယ်၏ သဘောထားက မပြောင်းလဲခဲ့ပေ။ ဘုရားသခင်၏ ပထမအကြိမ် လူ့ဇာတိခံယူခြင်းနောက်ပိုင်းမှသာ လူသားမျိုးနွယ်သည် ဘုရားသခင်ကို စတင် တိုက်ခိုက်ပြီး ပြစ်မှားစော်ကားကာ လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်သည့် အမျိုးမျိုးသော ကောလာဟလများကို လုပ်ကြံဖန်တီးခဲ့ခြင်း မဟုတ်ပေ။ဤအရာအားလုံးသည် ဘုရားသခင်က သူ၏အမှုတော်ကို စတင်ခဲ့သည့်အချိန်မှစ၍လည်းကောင်း၊ လူသားမျိုးနွယ်က ဘုရားသခင်နှင့် သူ၏အမှုတော်ကို ပထမဆုံးအကြိမ် ထိတွေ့ခဲ့သည့်အချိန်မှစ၍လည်းကောင်း ဖြစ်ပျက်နေခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ဆက်လက်ဖြစ်ပျက်နေပေသည်။ ပြီးလျှင် ဘုရားသခင်နောက်သို့ လိုက်သောသူတို့သည် ဘုရားသခင်နှင့် အသင်းတော်ကို ဆန့်ကျင်သည့် စာတန်၏ အစိုးရစနစ်များနှင့် ဘာသာရေး အန္တိခရစ် အင်အားစုများထံမှ အသရေဖျက်ခြင်း၊ တိုက်ခိုက်ခြင်း၊ ဝေဖန်ခြင်းများ၊ ပြစ်မှားစော်ကားခြင်း၊ အမျိုးမျိုးသော ကောလာဟလများနှင့် နောက်ထပ်အမှုအရာများကို အစဉ်သဖြင့် ခံခဲ့ကြရသည်။ ဘုရားသခင်နောက်သို့ လိုက်သောသူတို့အနေဖြင့် ဤအမှုအရာများကို ခါးစည်းခံရမည့်သဘော ဖြစ်နိုင်မည်လော။ အချို့က “၎င်းတို့သည် အဖြစ်မှန်များကို လုံးလုံးလျားလျား မလိမ့်တစ်ပတ်လုပ်ပြီး အဖြူကိုအမည်း၊ အမည်းကိုအဖြူ ပြောင်းပြန်လှန်သောကြောင့် ကျွန်ုပ်တို့သည် ဤကောလာဟလများကို အလွန် စက်ဆုပ်ရွံရှာပါသည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ကြားသည်နှင့်တစ်ပြိုင်နက် ဒေါသူပုန်ထကြပြီး၊ ကောလာဟလများကို လုပ်ကြံဖန်တီးပြီး ဖြန့်ဝေသောသူတို့ကို ကျွန်ုပ်တို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှ မုန်းတီးကြသည်။ ဤကောလာဟလများသည် ဘာသာရေးလောကမှ လာသည်ဖြစ်စေ၊ နတ်ဆိုးဆန်သော တရုတ်ကွန်မြူနစ်အစိုးရထံမှ လာသည်ဖြစ်စေ၊ ကျွန်ုပ်တို့တွင် သဘောထားတစ်ခုတည်းသာ ရှိပြီး၊ ယင်းမှာ အမုန်းတရားနှင့် ဒေါသဖြစ်သည်။ ထို့နောက် ကျွန်ုပ်တို့သည် ၎င်းတို့ကို ချေပပြီး အရာရာကို ရှင်းလင်းလိုကြသည်”ဟု ဆိုကြသည်။ အချို့ကပင်၊ “ကျွန်ုပ်တို့သည် စာတန်ကို အရှက်ရစေပြီး အရှက်တကွဲဖြစ်စေနိုင်ဖို့အလို့ငှာ ဤဆိုးယုတ်သော နတ်ဆိုးများ၊ အန္တိခရစ်များနှင့် စကားအချေအတင်ပြောလိုပါသည်” ဟု ဆိုကြသည်။ ဤသည်မှာ လူအများစု၏ သဘောထားအမြင်လော။ ဤသဘောထားအမြင်သည် မှန်ကန်သလော။ ပုံမှန် လူ့သဘာဝ၏ ရှုထောင့်အမြင်မှ ကြည့်လျှင်၊ ယင်းမှာ ကျိုးကြောင်းဆီလျော်ပေသည်။ လူတို့တွင် အချို့သော တည်ကြည်ဖြောင့်မှန်ခြင်းနှင့် ပုံမှန် စိတ်ခံစားမှု အကုန်အစဉ်ရှိသင့်သည်။ ၎င်းတို့သည် ချစ်သင့်သည့်အရာကို ချစ်ပြီး မုန်းသင့်သည့်အရာကို မုန်းလျက် ရှင်းလင်းစွာ ချစ်သင့်ပြီး မုန်းသင့်သည်။ ပုံမှန် လူ့သဘာဝရှိသော လူတို့သည် ဤအရည်အသွေးများကို ပိုင်ဆိုင်သင့်သည်။ သို့သော်၊ ပုံမှန် လူ့သဘာဝ၏ ရှုထောင့်အမြင်မှ ရပ်တည်ရုံမျှသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီရန် လုံလောက်သလော။ ပို၍ ရှင်းလင်းစွာ ပြောရလျှင်၊ ဤလုပ်နည်းကိုင်နည်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ သို့တည်းမဟုတ်၊ ထို့ထက် ဤသည်မှာ ဘုရားသခင် နှစ်သက်သည့် သဘောထားနှင့် လုပ်နည်းကိုင်နည်းတစ်ခုလော။ ဤသို့ငါပြောဆိုသည့်အခါ၊ လူအများစုက၊ “ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ ရှုထောင့်အမြင်မှ အမှုအရာများကို ရှုမြင်ခြင်းမျှသာဖြစ်သည်ဟု သင် ပြောဆိုခဲ့သည်။ သင်ပြောဆိုခဲ့သည့်အရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်များမှ အကဲဖြတ်ရလျှင်၊ ဤလုပ်နည်းကိုင်နည်းသည် လူ၏ တဇောက်ကန်းဖြစ်ခြင်းတစ်ခုဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသည့်အပြင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း မကိုက်ညီကြောင်း ထင်ရှားပါသည်” ဟု တွေးလျက်၊ တစ်စုံတစ်ရာကို သဘောပေါက်ကောင်း သဘောပေါက်ပေမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်က လူတို့အား ဤနည်းအတိုင်း ပြုမူရန် အလိုမရှိကြောင်းကို ဆိုလိုသည်။ ဘုရားသခင်၏ အလိုဆန္ဒများနှင့် လူတို့အတွက် သူ၏ တောင်းဆိုထားသော စံနှုန်းများသည် ဤသို့မဟုတ်ပေ။ သင်သည် ဤနည်းအတိုင်း ပြုမူလျှင်၊ ဘုရားသခင်က ထိုအရာကို ပြစ်တင်ရှုတ်ချခြင်းမပြုသော်လည်း၊ သူ၏ ရှုထောင့်အမြင်မှကြည့်လျှင်၊ ယင်းမှာ သင်သည် သူ၏အလိုတော်ကို လိုက်လျှောက်နေသည်ဟု မဆိုလိုသည့်အပြင်၊ ထိုအရာကို သူ အသိအမှတ်ပြုခြင်းလည်း မဟုတ်ပေ။ အပေါ်ယံအားဖြင့်၊ သင်သည် အမုန်းတရားနှင့် ချစ်ခြင်း နှစ်မျိုးလုံးရှိလျက်၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင်ဖြစ်ကြောင်းနှင့် လူတိုင်းသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသင့်ကြောင်းကို တစ်ကမ္ဘာလုံးက သိရှိစေရန်အလို့ငှာ ဘုရားသခင်အတွက် ဤအဖြစ်မှန်များကို ရှင်းလင်းလိုပုံရလျက် ဤအမှုအရာများကို လုပ်ဆောင်ရာတွင် ဆင်ခြင်တုံတရားဖြင့် ပြုမူနေပုံရသည်။ အပေါ်ယံအားဖြင့်၊ သင်လုပ်ဆောင်နေသည့်အရာသည် အပြစ်ဆိုဖွယ်မရှိသော၊ ကျိုးကြောင်းဆီလျော်သော၊ ပညတ်တရား၊ လူ့သဘာဝ၊ ကိုယ်ကျင့်တရားတို့နှင့် ကိုက်ညီပြီး၊ ထို့ထက်ပင်ပို၍ လူအားလုံး၏ အကြိုက်များနှင့် ကိုက်ညီပုံရသည်။ သို့သော် သင်သည် ဤအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်ကို မေးမြန်းပြီးပြီလော။ သင်သည် ဘုရားသခင်ကို ရှာဖွေပြီးပြီလော။ သူ၏နှုတ်ကပတ်တော်များမှ ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသည့် လုပ်ဆောင်ချက်များနှင့်ဆိုင်သောစည်းမျဉ်းများကို သင်ရှာတွေ့ပြီးပြီလော။ ဘုရားသခင်၏ ရည်ရွယ်ချက်များသည် အတိအကျ အဘယ်အရာများ ဖြစ်သနည်း။ အချို့လူများက “ဘုရားသခင်၏ နှုတ်ကပတ်တော်များ အလွန်များပြားလှသည်။ ကိစ္စရပ်တိုင်းတွင် လူတို့အတွက် ဘုရားသခင်၏ တိကျသော သတ်မှတ်ချက်များကို ရှာဖွေရန် မလွယ်ကူပါ”ဟု ဆိုကြသည်။ သင်သည် ဘုရားသခင်၏ တိကျပြတ်သားသော နှုတ်ကပတ်တော်များကို မတွေ့ရှိသေးသောကြောင့်၊ သင်သည် ဤ ကောလာဟလ အမျိုးအစားများအပေါ် ဘုရားသခင်၏ သဘောထားမှ အရိပ်အမြွက်များကို ရှာဖွေနိုင်သည်။ သို့ဆိုလျှင် ဤကိစ္စရပ်အပေါ် ဘုရားသခင်၏ သဘောထားကို အခြေခံ၍ ဤကိစ္စရပ်အပေါ် လူတို့၏ သဘောထားက မည်သို့ဖြစ်သင့်သည်ဟူသည်နှင့် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများက အဘယ်အရာများဖြစ်သည်ဟူသည်တို့ကို သင်ဆုံးဖြတ်နိုင်သည် မဟုတ်လော။ (ဆုံးဖြတ်နိုင်ပါသည်။) ထို့ကြောင့်၊ ဤကိစ္စရပ်အပေါ် ဘုရားသခင်၏ သဘောထားက အတိအကျ အဘယ်အရာဖြစ်သည်ကို ကြည့်ကြစို့။
လူသားမျိုးနွယ်က ဘုရားသခင်၏အမှုတော်နှင့် စတင်တွေ့ကြုံသည့်အချိန်မှစ၍ လူတို့သည် ဘုရားသခင်အပေါ် အခြားစကားများထဲမှ မယုံသင်္ကာဖြစ်ခြင်း၊ သံသယနှင့် ငြင်းပယ်ခြင်းတို့ဖြစ်သည့် စက်ဆုပ်ဖွယ်ရာ စကားများစွာကိုပင် တိတ်တဆိတ် ပြောဆိုလျက် ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်ခဲ့ကြပြီး စိတ်မကျေမနပ်ဖြစ်ခဲ့ကြသည်။ အဖြစ်မှန်များနှင့် လုံးဝမကိုက်ညီသကဲ့သို့ သမ္မာတရားနှင့်လည်း မကိုက်ညီသည့် အုပ်ချုပ်သူပါတီနှင့် ဘာသာရေးလောကမှ အမျိုးမျိုးသော ကောလာဟလများလည်း ရှိသေးသည်။ ဤစကားများသည် ဘုရားသခင်အတွက် အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့သည် သံသယများဖြစ်စေ၊ အထင်အမြင်လွဲမှားမှုများဖြစ်စေ သို့မဟုတ် မကျေမနပ်ချက်များဖြစ်စေ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် တိုက်ခိုက်ခြင်းများ၊ အသရေဖျက်ခြင်းများနှင့် ပြစ်မှားစော်ကားခြင်းတို့ဖြင့် ပြည့်နှက်နေပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှပင် မထင်ဟပ်ပေ။ အစကတည်းက ဤအတိုင်းပင် ဖြစ်ခဲ့သည်။ အသင်းတော်ထဲတွင် သမ္မာတရားကို မနှစ်သက်သောသူ အချို့ အမြဲ ရှိသည်။ ဤသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သံသယဝင်ကြပြီး ဘုရားသခင်အပေါ် ထိုသို့သော သဘောထားကို ပြသကြသည့် မယုံကြည်သူများ ဖြစ်ကြသည်။ ဘာသာတရားမရှိသူများနှင့် ဘုရားမဲ့ဝါဒီ အာဏာရ ပါတီများ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူများအတွက်မူ သာ၍ပင် ဆိုးသေးသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ ရှင်းပြရန်မလိုအပ်ပေ။ ၎င်းတို့သည် မိမိတို့အလိုရှိသည့် မည်သည့်အရာကို ပြောဆိုလျက် မရိုးမဖြောင့် တိုက်ခိုက်ကာ ပြစ်တင်ဝေဖန်ကြသည်။ အထူးသဖြင့် ဘာသာရေးလောကရှိ ထိုဖာရိရှဲများသည် လက်လွတ်စပယ် ဝေဖန်ကာ ပြစ်တင်ရှုတ်ချကြရန် သာ၍ပင် အခွင့်အရေးယူကြသည်။ ဤမှတ်ချက်အားလုံးသည် အပြုသဘောမဆောင်သည့်အပြင် ဓမ္မဓိဋ္ဌာန်ကျပြီး တိကျမှန်ကန်မှုလည်း သေချာပေါက် မရှိပေ။ သို့ဆိုလျှင် ဤမှတ်ချက်များ၏ အနှစ်သာရမှာ အဘယ်နည်း။ ဘုရားသခင်အတွက်၊ ဤစကားလုံးများသည် ဖော်ပြချက်များ သို့မဟုတ် သဘောထားအမြင်များမျှသာ မဟုတ်ဘဲ၊ ထို့ထက် သူ့အပေါ် ကဲ့ရဲ့ခြင်းများ၊ တိုက်ခိုက်ခြင်းများ၊ အသရေဖျက်ခြင်းများနှင့် ပြစ်မှားစော်ကားခြင်းများ ဖြစ်ကြသည်။ အဘယ်ကြောင့် ငါက “ဘုရားသခင်၏ ရှုထောင့်အမြင်မှ” ဟု ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဤအရာအားလုံးကို အတိကျဆုံး တိုင်းတာသောကြောင့် ငါတို့သည် ရှေ့တွင် အထူးပြုစကားရပ်တစ်ခုကိုသာ ပေါင်းထည့်နိုင်ခြင်း ဖြစ်သည်။ သမိုင်းတစ်လျှောက်လုံးတွင် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ သဘောထားသည် ဤကဲ့သို့ ဖြစ်ခဲ့သည်။ ကောင်းစွာ ရည်ရွယ်ထားသည့် စကားတစ်လုံးမျှမရှိဘဲ ဘုရားသခင်ကို တိုက်ခိုက်ပြီး စော်ကားသည့် လူတို့၏ စကားများသည် အလွန်ပင် များပြားလွန်းခဲ့သည်။ ယနေ့တွင်ပင် သင်တို့၏ နားများက ကြားရသည့်အရာနှင့် သင်တို့၏ မျက်စိများက မြင်ရသည့်အရာသည် အတူတူပင် ဖြစ်သည်။ အစကတည်းမှစ၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုရားသခင်အပေါ် သဘောထားသည် မပြောင်းလဲခဲ့ပေ။ ဘုရားသခင်သည် ဤကိစ္စရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ ဘုရားသခင်သည် မိမိကိုယ်ကို ခုခံကာကွယ်ရန်၊ သူ၏အမှုတော်နှင့်ဆိုင်သည့် တကယ့်အဖြစ်မှန်များကို ရှင်းလင်းရန်၊ လူသားမျိုးနွယ်ထံ မိမိကိုယ်ကို မှန်ကန်ကြောင်းပြရန် ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးညီလာခံတစ်ခုကို ခေါ်ယူကျင်းပရန် အခြေအနေများ သို့မဟုတ် တတ်နိုင်စွမ်း ရှိသလော။ ဘုရားသခင်သည် ဤအရာကို လုပ်ဆောင်ပြီးပြီလော။ မလုပ်ဆောင်ခဲ့ပေ။ ဘုရားသခင်သည် တိတ်ဆိတ်စွာ နေမြဲနေသည်။ အခြေအနေတစ်ခုလုံးကို သူက မရှင်းလင်းသည့်အပြင် မိမိကိုယ်ကို တစ်ကြိမ်တစ်ခါမျှ ခုခံကာကွယ်ခြင်း သို့မဟုတ် မှန်ကန်ကြောင်းပြခြင်းလည်း မပြုပေ။ သို့ရာတွင် ဘုရားသခင်ကို အထူးသဖြင့် ယုတ်ညံ့သောပုံစံဖြင့် တိုက်ခိုက်သောသူတို့အတွက်မူ ဘုရားသခင်သည် အချို့သော အဖြစ်မှန်များ ၎င်းတို့အပေါ် ကျရောက်စေလျက် အပြစ်ဒဏ်အချို့ကို စီရင်ပြီးဖြစ်သည်။ လူသိရှင်ကြား တိုက်ခိုက်မှုများ၊ အသရေဖျက်မှုများနှင့် ပြစ်မှားစော်ကားမှုများနှင့်ပတ်သက်၍မူ ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ဤအရာကို မည်သို့ ကိုင်တွယ်သနည်း။ သူသည် ယင်းကို လျစ်လျူရှုသည်။ သူသည် ရွေးချယ်သင့်သည့်သူကို ရွေးချယ်ပြီး လမ်းညွှန်သင့်သည့်သူကို လမ်းညွှန်လျက်၊ လုပ်ဆောင်ရန် လိုအပ်သည့်အရာကို လုပ်ဆောင်သည်၊ လုပ်ဆောင်သင့်သည့် နည်းလမ်းအတိုင်း လုပ်ဆောင်လေသည်။၊ တစ်လောကလုံးသည် ဘုရားသခင်၏ လက်ထဲတွင် စနစ်တကျရှိသည်။ သူသည် လူသား၏ တိုက်ခိုက်မှုများ၊ အသရေဖျက်မှုများ သို့မဟုတ် ပြစ်မှားစော်ကားမှုများကြောင့် သူ၏ အစီအစဉ်များကို မည်သည့်အခါမျှ အဖျက်အမှောင့်မလုပ်ခဲ့ သို့မဟုတ် မပြောင်းလဲခဲ့ပေ။ စာတန်၏ ဆိုးယုတ်သော အင်အားစုများက ဘုရားသခင် ရွေးချယ်ထားသောလူများကို ဖိနှိပ်ပြီး ဖမ်းဆီးသည့်အခါ မည်မျှပင် သွေးရူးသွေးတန်းဖြစ်စေကာမူ ဘုရားသခင်သည် သူ၏ အစီအစဉ်များ သို့မဟုတ် သူ၏စိတ်ကို မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ သူ၏ အတွေးအခေါ်များနှင့် စိတ်ကူးများသည် လုံးလုံးလျားလျား မပြောင်းလဲဘဲ ရှိနေသည်။ သူသည် မိမိ၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် မိမိလုပ်ဆောင်ရန် ရည်ရွယ်သည့်အလုပ်ကို အမြဲ ဆောင်ရွက်သည့်အတိုင်း ဆက်လက်ဆောင်ရွက်သည်။ ဘုရားသခင်အတွက်မူ ဤတိုက်ခိုက်မှုများ၊ အသရေဖျက်မှုများနှင့် ပြစ်မှားစော်ကားမှုများသည် မည်သည့်ကြားဖြတ်နှောင့်ယှက်မှုကိုမျှ လုံးဝ မဖြစ်စေခဲ့ပေ။ ဘုရားသခင်သည် ယင်းတို့ကို အရေးမစိုက်ပေ။ အဘယ်ကြောင့် ဘုရားသခင်သည် မိမိကိုယ်ကို မှန်ကန်ကြောင်းမပြသနည်း သို့မဟုတ် ခုခံကာကွယ်ခြင်း မပြုသနည်း။ ဘုရားသခင်အတွက်မူ ဤအရာများသည် လုံးဝ ပုံမှန်ဖြစ်ပေသည်။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်ဖြစ်ပြီး စာတန်သည် စာတန်ဖြစ်သည်။ သမ္မာတရား သို့မဟုတ် တကယ့်အဖြစ်မှန်များကို နားမလည်သော လူသားများအဖို့ ထိုသို့သောအရာများကို လုပ်ဆောင်ခြင်းသည် အလွန် ပုံမှန်ဖြစ်ပေသည်။ ဤအရာသည် ဘုရားသခင်၏အမှုတော် အဆင့်များကို ထိခိုက်သလော။ မထိခိုက်ပေ။ဘုရားသခင်သည် ကြီးမားသော တန်ခိုးကို ပိုင်ဆိုင်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို ကိုင်စွဲထားသည်။ အရာခပ်သိမ်းနှင့် အရာရာတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌၊ ဘုရားသခင်၏ အတွေးများအတွင်း၌လည်းကောင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်လည်းကောင်း စနစ်တကျ အလုပ်လုပ်သည်။ လူသားမျိုးနွယ်က မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းက ဘုရားသခင်၏အမှုတော်ကို မည်သည့်နည်းနှင့်မျှ မသက်ရောက်နိုင်ပေ။ ဤသည်မှာ ဘုရားအဖြစ်တော်နှင့်ဆိုင်သော အနှစ်သာရရှိသည့် ဘုရားသခင်တစ်ပါးက လုပ်ဆောင်နိုင်စွမ်းရှိသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အစီအစဉ်များကို အနည်းငယ်မျှ ကွဲလွဲမှုမရှိဘဲ ဖြည့်ဆည်းလျက် အချိန်တန်သည့်အခါ အမှုပြုပြီး မည်သူမျှ ဤအရာတစ်ခုတလေကို မပြောင်းလဲနိုင်ပေ။ လူသား၏ မှတ်ချက်များနှင့် ဘုရားသခင်အပေါ် လူသား၏ တိုက်ခိုက်မှုများ သို့မဟုတ် အသရေဖျက်မှုများ တစ်ခုတလေသည် ဘုရားသခင်၏အမှုတော်ကို ပိတ်ဆို့ကာ ဖျက်ဆီးရန် တမင်တကာ ကြိုးပမ်းခြင်းများဖြစ်စေ၊ ဘုရားသခင်၏အမှုတော်ကို မရည်ရွယ်ဘဲ နှောင့်ယှက်ခြင်းများနှင့် ဖျက်ဆီးခြင်းများဖြစ်စေ၊ ၎င်းတို့၏ ရည်ရွယ်ထားသော ပန်းတိုင်များကို မည်သည့်အခါမျှ မအောင်မြင်ခဲ့ပေ။ အဘယ်ကြောင့်နည်း။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာဖြစ်၏။ ဤအရာက ဘုရားသခင်၏ ဩဇာအာဏာသည် မည်သည့်အင်အားစုကမျှ အစားမထိုးနိုင်သည့်အပြင် မည်သည့်အင်အားစုကမျှ မကျော်လွန်နိုင်သည့် တစ်မူထူးခြားသောအရာဖြစ်ကြောင်း အတည်ပြုလေသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဘုရားသခင်တွင် ဤဩဇာအာဏာနှင့် ဤတန်ခိုးရှိသည်၊ ဘုရားသခင်တွင် သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာရှိပြီး မည်သည့်အင်အားစုကမျှ မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ပေ။ သို့ဖြစ်၍ ဘုရားသခင်သည် လူတို့၏ မဖြစ်စလောက်သောတိုက်ခိုက်မှုများနှင့် အသရေဖျက်မှုများကို အဘယ်ကြောင့် အရေးစိုက်ရမည်နည်း။ ဘုရားသခင်အတွက်မူ လူသားမျိုးနွယ်ထဲက အရေးပါသော ပုဂ္ဂိုလ်မည်မျှက သို့မဟုတ် တန်ခိုးကြီးသော အင်အားစု မည်မျှက သူ့ကို ကြားဖြတ်နှောင့်ယှက်ရန်၊ အသရေဖျက်ရန်၊ တိုက်ခိုက်ရန် သို့မဟုတ် ပြစ်မှားစော်ကားရန် ကြိုးစားသည်ဖြစ်စေ၊ ယင်းသည် ဘုရားသခင်၏အမှုတော်ကို အနည်းငယ်မျှပင် မနှောင့်ယှက်နိုင်ပေ။ ထို့ထက် ဤလုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် အနန္တတန်ခိုးကိုသာ မီးမောင်းထိုးရန် ဆောင်ရွက်ပေးသည်။ စာတန်၏ ဆိုးယုတ်သော အင်အားစုများ၏ နှောင့်ယှက်မှုများသည် လူ့သမိုင်းတစ်လျှောက်တွင် သေးငယ်သော ဖြစ်ရပ်တစ်ခုမျှသာ ဖြစ်သည်။ လူသားမျိုးနွယ်အားလုံးအပေါ် အချုပ်အခြာအာဏာကိုင်စွဲနိုင်သည့်အရာ၊ လူသားမျိုးနွယ်အားလုံးကို လွှမ်းမိုးနိုင်သည့်အရာနှင့် လူသားမျိုးနွယ်အားလုံးကို ပြောင်းလဲစေနိုင်သည့်အရာသည် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ အစီအစဉ်အပြင်၊ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာတို့ ဖြစ်ကြသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ပြောင်းပြန်အားဖြင့်၊ ဘုရားသခင်သည် သူ့အပေါ် လူတို့၏ ဝေဖန်ရှုတ်ချခြင်းများ၊ တိုက်ခိုက်ခြင်းများ၊ အသရေဖျက်ခြင်းများနှင့် ပြစ်မှားစော်ကားခြင်းတို့ကို အရေးစိုက်ရန် လိုအပ်သလော။ မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်တွင် ဩဇာအာဏာရှိသောကြောင့်၊ ဘုရားသခင်အတွက်မူ “ငါပြောသည့်အရာကို ငါအမှန်တကယ် ရည်ရွယ်သည်၊ ငါ ပြောဆိုသည့်အရာကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ငါလုပ်ဆောင်သည့်အရာက ထာဝရတည်တံ့ရမည်” ဟူသော သူ၏ ပြောဆိုချက်သည် အစဉ်သဖြင့် အမှန်တကယ် ဖြစ်လာလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် နေ့စဉ်နေ့တိုင်း အမှန်တကယ် ဖြစ်လာနေပြီး ပြည့်စုံလာနေသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာ ဖြစ်သည်။ အချို့လူများက “ဤသည်မှာ ဘုရားသခင်၏ ယုံကြည်စိတ်ချမှု၊ သူ၏ ယုံကြည်ခြင်းဖြစ်သလော”ဟု မေးကြသည်။ သင် မှားပေသည်။ လူသားများတွင် ယုံကြည်စိတ်ချမှုရှိသည်၊ လူသားများက ယုံကြည်ခြင်းလိုအပ်သော်လည်း ဘုရားသခင်က မလိုအပ်ပေ။ အဘယ်ကြောင့်နည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်တွင် ဩဇာအာဏာနှင့် တန်ခိုးရှိပြီး လူသားမျိုးနွယ်က သူ့ကို မည်သို့ပင် အသရေဖျက်သည်ဖြစ်စေ၊ ပြစ်တင်ရှုတ်ချသည်ဖြစ်စေ၊ စာတန်၏ ရန်လိုသော အင်အားစုများက မည်သို့ပင် နှောင့်ယှက်ကာ ဖျက်ဆီးသည်ဖြစ်စေ၊ မည်သည့်အရာမျှ ပြောင်းလဲလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏အမှုတော်ကို မဆောင်ရွက်မီတွင် သူ့ကို တိုက်ခိုက်၊ အသရေဖျက်ပြီး ပြစ်မှားစော်ကားသည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲက ရန်လိုသော အင်အားစုများကို ဖယ်ရှားရန် မလိုအပ်ပေ။ ဘုရားသခင်သည် မည်သည့်အခြေအနေများအောက်တွင် အမှုပြုသနည်း။ သူသည် မည်သည့်အခြေအနေများအောက်တွင် အောင်ပွဲကို စွမ်းဆောင်ရရှိသနည်း။ မည်သည့်အခြေအနေများအောက်တွင် သူ၏အမှုတော်ကို သူ ပြီးမြောက်စေသနည်း။ ယင်းကို လူသားမျိုးနွယ်အားလုံးနှင့် ရန်လိုသော အင်အားစုအားလုံး၏ တိုက်ခိုက်မှုများ၊ အသရေဖျက်မှုများနှင့် ပြစ်မှားစော်ကားမှုများ၏ ဆူညံသံများအလယ်တွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ သူ၏အမှုတော်ကို သူ ပြီးမြောက်စေသည်မှာ ထိုသို့သော ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေတွင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုး ထင်ရှားခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤအမှန်တရားကို မည်သူ ငြင်းပယ်နိုင်သနည်း။ ဤသည်မှာ အမှန်တရားဖြစ်ကြောင်းကို သင် အသိအမှတ်မပြုဘဲ နေဝံ့သလော။
သမိုင်းတစ်လျှောက်တွင် လူသားမျိုးနွယ်သည် ဘုရားသခင်ကို အဆက်မပြတ် အသရေဖျက်ပြီး ပြစ်မှားစော်ကားခဲ့ကြကာ နောက်ဆုံးသောကာလတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လူသားမျိုးနွယ်အားလုံးထဲက အင်အားစုများသည် ဘုရားသခင်ကို အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချသည့် အသံများ ပိုမိုများပြားလာလျက် သာ၍ပင် အားကောင်းလာခဲ့ကြသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို အသရေဖျက်ရန်နှင့် တိုက်ခိုက်ရန် သတင်းစာများ၊ ရုပ်မြင်သံကြား၊ အင်တာနက်နှင့် အခြားမီဒီယာများမှတစ်ဆင့် နည်းလမ်းအမျိုးမျိုးကို အသုံးချကြသည်။ သို့သော် ငါတို့၏ စုဝေးပွဲများအားလုံးတွင် ဤကောလာဟလများကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ဖူးသလော။ (မဆွေးနွေးဖူးပါ။) အဘယ်ကြောင့် မဆွေးနွေးသနည်း။ အချို့လူများက “အပြစ်ကင်းသောသူသည် အပြစ်ကင်းမြဲကင်းနေပြီး ကောလာဟလများက အမြော်အမြင်ရှိသူထံသို့ ရောက်သည့်အခါ ပျောက်ကွယ်သွားသောကြောင့်လော”ဟု ပြောဆိုကြသည်။ ထိုအကြောင်းကြောင့်လော။ (ဤကောလာဟလများသည် ဘုရားသခင်၏အမှုတော်ကို အခြေခံအားဖြင့် မထိခိုက်နိုင်ပါ။ စာတန်က မည်သို့ပင် နှောင့်ယှက်စေကာမူ၊ ယင်းသည် ဘုရားသခင်၏အမှုတော်နှင့် အစီအစဉ်၏ တိုးတက်မှုကို မဖျက်ဆီးနိုင် သို့မဟုတ် မပိတ်ဆို့နိုင်ပါ။) စာတန်သည် ထိုသို့သောအရာတစ်ခုသာ ဖြစ်သည်။ ဘုရားသခင် ပြုမူဆောင်ရွက်သရွေ့၊ ဘုရားသခင် အမှုပြုသရွေ့၊ ၎င်းက နှောင့်ယှက်ရန် ရောက်လာသည်။ ဤသည်မှာ ၎င်းက ပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍ အတိအကျ ဖြစ်သည်။ ၎င်းကို အသုံးတော်ခံခြင်းမှ သင် တားဆီးရန် သင့်လျော်သလော။ သင်သည် ၎င်းကို သရုပ်ဆောင်ရန် လုံလောက်သော နေရာ၊ လုံလောက်သော စင်မြင့်၊ လုံလောက်သော အခွင့်အရေးကို ပေးရမည်ဖြစ်သည်။ ၎င်းကလုံလောက်စွာ အသုံးတော်ခံပြီးသည့်အခါ၊ ၎င်း၏ ဝရုန်းသုန်းကား အခြေအနေကြောင့် မောပန်းနွမ်းနယ်သည့်အခါနှင့် လုံလောက်သော မကောင်းမှုကို ပြုပြီးသည့်အခါ၊ ၎င်း၏ နေ့ရက်ကာလများသည် ကုန်ဆုံးသွားပြီဖြစ်သည်။ ငါတို့သည် ဤကောလာဟလများကို ဖော်ထုတ်ချေပရန် ၎င်း၏အမျိုးမျိုးသော ကောလာဟလများနှင့် ဒုစရိုက်အမှုများကို စိတ်ဖြာလေ့လာဆွေးနွေးကာ စိစစ်ရင်း အဖိုးတန်သောအချိန်ကို ဖြုန်းတီးရန် မလိုအပ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် အသုံးမဝင်သည့်အပြင် တန်ဖိုးမဲ့ပေသည်။ ထိုအရာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် အဘယ်အသုံးဝင်သနည်း။ ယင်းသည် သမ္မာတရားကို လူတို့ နားလည်ခြင်းအား ကိုယ်စားပြုနိုင်သလော။ လူတို့ နားလည်သင့်သည့် သမ္မာတရားများ အလွန်များပြားလှသည်။ ၎င်းတို့သည် ဤကောလာဟလများကို ဖော်ထုတ်ချေပရန် မဆိုထားနှင့်၊ ဤသမ္မာတရားများအားလုံးကိုပင် နားမထောင်နိုင်ကြပေ။ လူတို့တွင် ထိုသို့သော အချိန်ပိုရှိသလော။ ရိုးရိုးသားသား ပြောရလျှင်၊ ငါသည် ထိုကိစ္စရပ်များကို အမှန်တကယ် စိတ်မဝင်စားသည့်အပြင်၊ ယင်းတို့ကို ဖော်ပြရန် သို့မဟုတ် အာရုံစိုက်ရန်လည်း ငါ လိုလားခြင်းမရှိပေ။ အချို့လူများက “ဤနှစ်များတွင် ကိုယ်တော်သည် မည်သည့်နေရာကိုမျှ မသွားဝံ့သောကြောင့်လော။ ကိုယ်တော် သွားသည့်နေရာတိုင်းတွင် အစဉ်သဖြင့် စိုးရိမ်ထိတ်လန့်နေသည်မှာ ပျံ့နှံ့နေသော ကောလာဟလများ အလွန်များသောကြောင့်လော”ဟု ပြောဆိုကြသည်။ ငါ လုံးဝဘာမျှမခံစားရဟု ငါပြောသည်။ အချို့လူများက “ကိုယ်တော် မလုပ်ဆောင်ခဲ့သည့်အရာများအပေါ် ကိုယ်တော်သည် မိမိကိုယ်ကို ခုခံကာကွယ်လိုခြင်း မရှိသလော”ဟု ပြောဆိုကြသည်။ ခုခံကာကွယ်ရမည့်အရာ အဘယ်အရာ ရှိသနည်း။ ငါ၏ သင့်လျော်သော အလုပ်ကိုပင် ငါ အမီမလိုက်နိုင်ပေ။ ငါသည် လူများ၊ ဖန်ဆင်းခံများနှင့် စကားပြောဆိုသည်၊ နတ်ဆိုးများနှင့် စကားမပြောပေ။ အချို့လူများက “ဤကောလာဟလများကို ကြားရခြင်းက ကိုယ်တော့်ကို အမျက်မထွက်စေသလော” ဟု မေးကြသည်။ ငါသည် ၎င်းတို့အပေါ် ဘာမျှမခံစားရ၊ ၎င်းတို့သည် ငါ့ကို ဘာမျှခံစားစေခြင်းမရှိဟု ငါပြောသည်။ ငါသည် ဤကိစ္စရပ်များကို အဖက်မလုပ်ပေ။ အချို့လူများက “ကိုယ်တော်အနေဖြင့် မတရားခံရသည်ဟု မခံစားရသလော”ဟု မေးကြသည်။ ငါသည် မတရားခံရသည်ဟု မခံစားရပေ။ မတရားခံရသည်ဟု ခံစားရရန် အဘယ်အရာ ရှိသနည်းဟု ငါပြောသည်။ ငါလုပ်နိုင်သည့်အရာကို လုပ်ဆောင်သည်၊ ငါလုပ်သင့်သည့်အရာကို လုပ်ဆောင်သည်၊ ငါလုပ်နိုင်သည့်အရာနှင့် လုပ်သင့်သည့်အရာကို ကောင်းစွာလုပ်ဆောင်သည်။ ငါ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသည်။ ဤသည်မှာ အကောင်းဆုံးအရာဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသည်။ ငါသည် ထိုအဓိပ္ပာယ်မရှိသော၊ တန်ဖိုးမရှိသော အရာများကြောင့် အာရုံပျက်ခံမည်မဟုတ် သို့မဟုတ် အချိန်ကုန်မည်မဟုတ်ပေ။ ထိုကိစ္စရပ်များကို အရေးစိုက်ရန် ငါ့တွင် အချိန်မရှိပေ။ အချို့လူများက “ကိုယ်တော် အားလပ်ချိန်ရှိသည့်အခါတွင်ကော၊ ထိုအခါတွင် ထိုအရာများကို အရေးစိုက်မည်လော”ဟု ပြောဆိုကြသည်။ မဟုတ်ပေ၊ ငါအားလပ်ချိန်ရှိသည့်အခါတွင်ပင် အရေးစိုက်မည်မဟုတ်ပေ။ ငါသည် နတ်ဆိုးများနှင့် စကားစမြည်ပြောဆိုခြင်းထက် ငါ၏ခွေးကို စကားပြောဆိုလိုက်မည်။ ယင်းသည် နတ်ဆိုးတစ်ဦးက ၎င်းင်း၏ နတ်ဆိုးဆန်သော စကားပြောခြင်းဖြစ်ကြောင်းကို သင် ရှင်းလင်းစွာ သိပါက၊ အဘယ်ကြောင့် ယင်းကို အရေးစိုက်မည်နည်း။ သင်သည် လုံးဝ အရေးမစိုက်သင့်ပေ။ နတ်ဆိုးကို လုံးလုံးလျားလျား အရှက်ရစေခြင်းသည် လုပ်ဆောင်ရန် မှန်ကန်သည့်အရာ ဖြစ်သည်။ တိုတိုပြောရလျှင်၊ ဤကောလာဟလများအပေါ် ဘုရားသခင်၏ သဘောထားမှာ အောက်ပါအတိုင်း ဖြစ်သည်- မည်သည့်အရာကိုမဆို လုပ်ဆောင်ရာတွင် သို့မဟုတ် ဝါကျတစ်ခုစီကို ပြောဆိုရာတွင်၊ ဘုရားသခင်သည် မိမိကိုယ်ကို မှန်ကန်ကြောင်းပြနေခြင်းမဟုတ်၊ လူသားမျိုးနွယ်ထံ မိမိကိုယ်ကို သက်သေပြနေခြင်းမဟုတ်သည့်အပြင်၊ မိမိသည် စင်ကြယ်ပြီး အပြစ်ကင်းကြောင်းနှင့် အပြစ်မရှိကြောင်း ပြောဆိုလျက် သူ၏ရန်သူဖြစ်သော စာတန်ထံ မိမိကိုယ်ကို မှန်ကန်ကြောင်းပြနေခြင်းလည်း သေချာပေါက် မဟုတ်ပေ။ ဘုရားသခင် လုပ်ဆောင်သမျှသည် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူကယ်တင်ရန် ရည်ရွယ်သည့် လူသားများကို ကယ်တင်ရန်အတွက် ဖြစ်သည်။ သူ၏ စီမံခန့်ခွဲမှုအစီအစဉ်အတိုင်း သူသည် တစ်ဆင့်ပြီးတစ်ဆင့် လိုက်နာလုပ်ဆောင်နေခြင်းဖြစ်သည်။ မည်သူ့ကိုမျှ မည်သည့်အရာကိုမျှ ဖော်ပြရန်အတွက် သို့မဟုတ် သူ၏ ပင်ကိုလက္ခဏာကို အတည်ပြုရန်အတွက် လုပ်ဆောင်နေခြင်း မဟုတ်ပေ။ လူ့အသုံးအနှုန်းဖြင့် ပြောရလျှင်၊ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် မည်သည့်မရိုးသားမှု သို့မဟုတ် တွန်းအားပေးခံရမှုမရှိဘဲ အလိုအလျောက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်က ဤအလုပ်တာဝန်အားလုံးကို ပင်ကိုသဘာဝအတိုင်း ဆောင်ရွက်ခြင်းသည် သူ၏ ပင်ကိုလက္ခဏာနှင့် သူ၏ အနှစ်သာရကို အတည်ပြုလေသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အစီအစဉ်ကို မပြောင်းလဲနိုင်သည့်အပြင်၊ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးကိုလည်း မကျော်လွန်နိုင်ပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်အတွင်းတွင် မည်သည့်ဘက်ကမဆို သူ့ကို တိုက်ခိုက်ပြီး အသရေဖျက်သည့် ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများကို လျစ်လျူရှုလေသည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်အဖို့ လောကရှိ ဘုရားမဲ့ဝါဒီ အုပ်ချုပ်သူပါတီများနှင့် ဘာသာရေးလောက၏ ဘုရားသခင်အပေါ် တိုက်ခိုက်မှုများနှင့် ဆန့်ကျင်မှုများကို ပြင်းထန်စွာ ဝေဖန်ပြောဆိုရန်အတွက် နှုတ်ကပတ်တော် အခန်းကြီးတစ်ခန်းကို မိန့်မြွက်ရန် သို့မဟုတ် ပြစ်တင်ရှုတ်ချသည့် စာတစ်စောင်ကို ရေးသားရန်မှာ အလွန်လွယ်ကူမည် မဟုတ်လော။ သို့သော် ဘုရားသခင်သည် စာတန်အပေါ် ဤနည်းအတိုင်း ပြုမူဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်သည်။ ဘုရားသခင်က စာတန်၏ ဆိုးယုတ်သော အင်အားစုများကို ဖျက်ဆီးခြင်းနှင့်ပတ်သက်လာသည့်အခါ သူ၏ ကိုယ်ပိုင်အချိန်အခါ ရှိသည်။ ဘုရားသခင်အတွက်၊ အမှုဆောင်ရွက်ခြင်းက အလွန်လွယ်ကူသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ အံ့ဖွယ်လုပ်ဆောင်ချက်အချို့ကို ပြုလုပ်နိုင်ပြီး ရုတ်တရက် ကောင်းကင်သည် “ငါသည် သင်တို့ အသရေဖျက်၊ တိုက်ခိုက်ပြီး ပြစ်မှားစော်ကားသည့် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်သည်၊ ငါသည် သင်တို့ လက်ရှိ အသရေဖျက်ပြီး ပြစ်မှားစော်ကားနေသည့် အနန္တတန်ခိုးရှင် ဖြစ်သည်” ဟု ဆိုသော အသံတစ်ခုဖြင့် ကွဲအက်သွားပေမည်။ ဤအရာကို ကြားသည့်အခါ လူသားမျိုးနွယ်သည် ချက်ချင်း မှင်တက်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်ကြပေမည်။ မြေပေါ်တွင် ပျပ်ဝပ်လျက် ငိုကြွေးမြည်တမ်းပြီး အံသွားခဲကြိတ်ခြင်းကိုသာ ပြုလုပ်နိုင်ကြပေမည်။ ဤဝါကျတစ်ကြောင်းသည် အရာရာတိုင်းကို ဖြေရှင်းပေမည်၊ အရာရာတိုင်းကို သက်သေပြပေမည်။ ထိုအခါ တစ်ဦးတလေက ဘုရားသခင်ကို စော်ကားဝံ့မည်လော။ ဘာသာရေးလောကရှိ ထိုနတ်ဆိုးများသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်အထိ ကြောက်လန့်ကြမည် မဟုတ်လော။ စာတန်သည် ဘုရားသခင်နှင့်ပတ်သက်၍ ကောလာဟလများကို လုပ်ကြံဖန်တီးသည်၊ ယင်းသည် ဘုရားသခင်ကို အသရေဖျက်ပြီး တိုက်ခိုက်ကာ၊ ဘုရားသခင်ကို ယုံကြည်သောသူတို့ကို အမျက်ထွက်စေပြီး မုန်းတီးစေလျက်၊ အစားမစားနိုင်၊ အိပ်မပျော်နိုင်ဖြစ်စေကာ၊ ဘုရားသခင်က ရိုးရှင်းစွာ ပြုမူဆောင်ရွက်နေစဉ်တွင် ၎င်းတို့အား ထိုအရာကို ချေပရန် ဆောင်းပါးများရေးသားပြီး အစီအစဉ်များ ထုတ်လုပ်လိုစေသည်။ ဘုရားသခင်သည် စကားအနည်းငယ်ကိုသာ ပြောဆိုနိုင်မည်ဖြစ်ပြီး လူသားမျိုးနွယ်အားလုံးသည် သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် သို့မဟုတ် ပြစ်မှားစော်ကားရန် မဝံ့တော့ဘဲ လုံးလုံး ကျိုးနွံနာခံကြပေမည်။ ပေါလုသည် နာခံတတ်ဖို့အတွက် မည်သို့ ပြုခြင်းခံခဲ့ရသနည်း။ (ဘုရားသခင်သည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် သူ့ထံ ပေါ်ထွန်းခဲ့ပါသည်။) ဘုရားသခင်သည် သူ့ထံ ပေါ်ထွန်းခဲ့သည်။ အမှန်တွင် သူသည် ဘာမျှမမြင်ခဲ့ပေ။ ပေါလုကို အလွန်ကြောက်လန့်စေသည့် အလင်းတစ်ခုသာ ရှိခဲ့ပြီး သူသည် မြေပေါ်တွင် ပျပ်ဝပ်လဲကျကာ ယေရှုကို နောက်တစ်ကြိမ် ညှဉ်းပန်းနှိပ်စက်ရန် မဝံ့ရဲတော့ပေ။ စာတန်ကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ထိုမျှ ရိုးရှင်းသည်။ အမှန်တွင်၊ ယင်းသည် ဘုရားသခင်အတွက် အလွန်လွယ်ကူသည်။ ဘုရားသခင်သည် ထိုအရာကို စကားတစ်ခွန်းတည်းဖြင့် ဖြေရှင်းနိုင်ခဲ့သည်။ ဤအရာကို လုပ်ဆောင်ခြင်းသည် သင်တို့နှင့် ဆယ်စုနှစ်ချီ စကားပြောဆိုခြင်းနှင့် သင်တို့အပေါ် ဤကြိုးပမ်းအားထုတ်မှုအားလုံးကို ထားရှိခြင်းထက် များစွာ ပိုမိုလွယ်ကူပေမည်။ သို့သော် ဘုရားသခင်သည် ဤနည်းအတိုင်း ပြုမူဆောင်ရွက်ခြင်းမရှိပေ။ အဘယ်ကြောင့်နည်း။ ငါ သင်တို့ကို ပြောပြရမည့် လျှို့ဝှက်ချက်တစ်ခု ရှိသည်။ ဘုရားသခင် ကယ်တင်သည်မှာ လူသားများ၊ဆိုလိုသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများဖြစ်သည်။ ဘုရားသခင် ရွေးချယ်ခြင်းမရှိသည့် ကျန်လူတို့ကို လူသားများဟု ယူဆခြင်းမရှိဘဲ ဘုရားသခင်၏ အသံတော်ကို ကြားရန်၊ ဘုရားသခင်၏ မျက်နှာကို မြင်ရန် သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမဆို သိရှိရန် သာ၍ပင် မထိုက်တန်သည့် သားရဲတိရစ္ဆာန်များ၊ နတ်ဆိုးများအဖြစ် ယူဆခြင်းခံရသည်။ ထို့ကြောင့် ဘုရားသခင်သည် ဤနည်းအတိုင်း ပြုမူဆော်ရွက်ခြင်းမရှိပေ။ ဘုရားသခင်၏ ပင်ကိုလက္ခဏာသည် ဂုဏ်အသရေရှိသည်။ သူ့ကို မြင်လိုသောသူ မည်သူမဆိုက ထိုသို့မမြင်နိုင်သည့်အပြင်၊ တစ်စုံတစ်ဦးသည် ကောင်းကင်ရှိ နေရာတစ်ခုခုကို အစဉ်သဖြင့် စူးစိုက်စွာ၊ စိတ်အားထက်သန်စွာနှင့် စိတ်နှလုံးအကြွင်းမဲ့ ကြည့်ရှုနေသောကြောင့် သူသည် ထိုသူထံ ပေါ်ထွန်းလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို မြင်လိုသောသူ မည်သူမဆိုက သူ့ကို မြင်၍ရသည်ဟု သင်ထင်သလော။ ဘုရားသခင်တွင် ဂုဏ်သိက္ခာရှိသည်။ ဘုရားသခင်သည် သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူတို့ထံ ပေါ်ထွန်းသည်။ သူသည် သန့်ရှင်းသော နေရာများတွင် ပေါ်ထွန်းပြီး ညစ်ညမ်းသော နေရာများမှ ပုန်းရှောင်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ညစ်ညမ်းခြင်းရှိမရှိ သို့မဟုတ် သန့်ရှင်းခြင်းရှိမရှိဟူသည်ကို ဆွေးနွေးရန် မလိုအပ်ပေ။ ဤလူသားမျိုးနွယ်သည် ဘုရားသခင်ကို မြင်ရန် မထိုက်တန်ပေ။ ဘုရားသခင်တစ်ပါး ရှိသည်ကို ၎င်းတို့ အသိအမှတ်မပြုကြပေ။ သို့ဖြစ်၍ ဘုရားသခင်သည် ၎င်းတို့ထံ အဘယ်ကြောင့် ပေါ်ထွန်းမည်နည်း။ ၎င်းတို့သည် မထိုက်တန်ကြပေ။ ဘုရားသခင်သည် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသော်လည်း မလုပ်ဆောင်ပေ။ ဤသည်မှာ ဘုရားသခင်၏ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းအပြင်၊ သူ၏ ပင်ကိုလက္ခဏာနှင့်ဆိုင်သည့် ဂုဏ်အသရေရှိခြင်းကို အတည်ပြုလေသည်။ ငါ့ကို ပြောလော့၊ စာတန်သာ ထိုအရာများကို လုပ်ဆောင်နိုင်မည်ဆိုလျှင်၊ တစ်နေ့လျှင် အကြိမ်မည်မျှ လုပ်ဆောင်မည်နည်း၊ မည်မျှ ကြွားဝါမည်နည်း။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသော လူသားများသည် အသေးအဖွဲဖြစ်သော ရာထူးတစ်ခုကို ရယူပြီး တန်ခိုးအနည်းငယ်ကို ကိုင်စွဲသည့်အခါ၊ ဤတန်ခိုးကို ၎င်းတို့ မည်သည့်အတိုင်းအတာအထိ ကြွားဝါမည်ကို မည်သူသိမည်နည်း၊ မိမိပိုင်ဆိုင်သည့် မည်သည့်တန်ခိုးအနည်းငယ်ကိုမဆို မတွေးတတ်အောင်ကြီးမားသည့် နည်းလမ်းများဖြင့် အလွဲသုံးစားလုပ်ပြီး ကြွားဝါမည့် စာတန်အကြောင်းကို ပြောစရာမလိုပေ။ ဘုရားသခင်သည် ဤနည်းအတိုင်း အမှုမပြုပေ။ ဘုရားသခင်ကို စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်ဖြင့် မတိုင်းတာနှင့်၊ ယင်းသည် ကြီးလေးသော အမှားတစ်ခု ဖြစ်ပေမည်။ ဘုရားသခင် လုပ်ဆောင်နိုင်သည့်အရာနှင့်ပတ်သက်၍မူ၊ ယင်းကို သူလုပ်ဆောင်လိုခြင်း ရှိမရှိမှာ ဘုရားသခင်အပေါ်တွင် မူတည်သည်။ ဘုရားသခင် ဆန္ဒရှိပါက၊ ယင်းကို တစ်ခဏအတွင်း လုပ်ဆောင်နိုင်ပြီး၊ သူ လုပ်ဆောင်ရန် ဆန္ဒမရှိပါက၊ မည်သူမျှ သူ့ကို အတင်းအကျပ်မပြုနိုင်ပေ။ ကောလာဟလများအပေါ် ဘုရားသခင်၏ သဘောထားသည် ဤအတိုင်းပင်ဖြစ်သည်။ ထိုအရာများကို သူ လျစ်လျူရှုသည်။ ဘုရားသခင်သည် သူ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေဆဲ ဖြစ်သည်။ မည်သည့်လူ၊ မည်သည့်အင်အားစုကမျှ သူ၏ အစီအစဉ်ကို မဖျက်ဆီးနိုင် သို့မဟုတ် မပြောင်းလဲနိုင်ပေ။ ဘုရားသခင်ကို တိုက်ခိုက်၊ အသရေဖျက်ပြီး ရှုတ်ချဝေဖန်သည့် ဤကောလာဟလများသည် မည်သည့်အရာကိုမျှ မပြောင်းလဲစေပေ။ ကောလာဟလများသည် နောက်ဆုံးတွင် ကောလာဟလများသာဖြစ်ပြီး မည်သည့်အခါတွင်မျှ အမှန်တရားများ ဖြစ်မလာနိုင်ပေ။ ယင်းတို့သည် လူ့အတွေးအခေါ်၊ သိပ္ပံ၊ ကိုယ်ကျင့်တရား၊ သီအိုရီ စသည်တို့နှင့် ကိုက်ညီလျှင်ပင်၊ လူသားမျိုးနွယ်အားလုံးက ဘုရားသခင်ကို တိုက်ခိုက်ရန် ထကြွလျှင်ပင်၊ သမ္မာတရားသည် လူသားမျိုးနွယ်နှင့်အတူ ရပ်တည်လိမ့်မည်မဟုတ်သည့်အပြင် လူသားမျိုးနွယ်သည်လည်း သမ္မာတရားကို ပိုင်ဆိုင်သူ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ထာဝရ ဘုရားသခင် ဖြစ်သည်။ သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ထို့ကြောင့် စာတန်က မည်သို့ပင် နှောင့်ယက်စေကာမူ၊ ဘုရားသခင်၏အမှုတော်သည် စနစ်ကျသော ပုံစံဖြင့် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဘုရားသခင်၏အမှုတော် ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသာ လူ့အမှုဖြစ်ခဲ့မည်ဆိုလျှင်၊ စာတန်၏ အစိုးရစနစ်က ထိုသို့သော နှောင့်ယှက်မှုများကို ဖြစ်စေခြင်းနှင့် အမျိုးမျိုးသော လူ့အဖွဲ့အစည်းဆိုင်ရာ အင်အားစုများက ထိုသို့သော တိုက်ခိုက်မှုများနှင့် အသရေဖျက်မှုများကို ပြုလုပ်ခြင်းတို့က ယင်းကို ပြိုလဲစေပြီး တည်ရှိမှု ရပ်စဲသွားစေနှင့်ပြီးဖြစ်ပေမည်။ ဘုရားသခင်က ပြောဆိုပြီး အလုပ်လုပ်သည့်အခါတွင်သာ၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့်အခါတွင်သာ အသင်းတော်သည် ပို၍ပို၍ ကြီးပွားစည်ပင်လာသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ သင်တို့သည် ဤအမှန်တရားကို မြင်ကြပြီလော။ (မြင်ကြပါပြီ။) အဘယ်အရာကို သင်တို့ မြင်ကြလေပြီနည်း။ (နိုင်ငံတော် ဧဝံဂေလိတရားသည် ဒါဇင်ချီသော နိုင်ငံများဆီသို့ ပျံ့နှံ့ပြီးဖြစ်ကာ၊ စာတန်က လုပ်ကြံဖန်တီးပြီး ဖြန့်ဝေခဲ့သည့် ထိုကောလာဟလများသည် သမ္မာတရားကို နှစ်သက်သောသူတို့အား ဘုရားသခင်ထံသို့ လှည့်ပြန်လာခြင်းမှ လုံးဝ မတားဆီးခဲ့ပါ။) ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏အမှုတော်က ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်သည်၊ ဤသည်မှာ စာတန်၏ မျှော်လင့်ချက်များထက် ကျော်လွန်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုသို့သော ကြီးမားလှသည့် တန်ခိုးရှိသည်။ ဧဝံဂေလိတရားသည် အရှိန်အဟုန်ကောင်းဖြင့် ပျံ့နှံ့နေပြီး အရာရာတိုင်းသည် မည်သည့်ကွဲလွဲမှုမျှမရှိဘဲ ဘုရားသခင်၏ အစီအစဉ်အတိုင်း စနစ်တကျ ဆက်လက်ဖြစ်နေသည်။ ဘုရားသခင်၏အမှုတော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကြာမြင့်စွာကတည်းက ကြိုတင်သတ်မှတ်ထားသည့်အတိုင်း ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် ပျံ့နှံ့နေသည်။ ဧဝံဂေလိတရားကို ဟောပြောခြင်းမှ ရရှိသောလူအရေအတွက်နှင့် မှန်သောလမ်းခရီးကို စူးစမ်းလေ့လာနေသော လူအရေအတွက်သည် တစ်လပြီးတစ်လ တိုးပွားလျက်ရှိသည်။ ဤအရာက ဧဝံဂေလိအမှုတော် ပျံ့နှံ့သွားပုံကို မပြသလော။ ယင်းသာ ဘုရားသခင်၏အမှုတော် မဟုတ်ခဲ့ပါက၊ လူမည်မျှက မည်မျှကြီးမားသော အဖိုးအခ ပေးသည်ဖြစ်စေ၊ ဤအကျိုးတရားကို ၎င်းတို့ မစွမ်းဆောင်မရရှိနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အစွမ်းတန်ခိုးဖြစ်သည်၊ ဘုရားနှုတ်ကပတ်တော်များ၏ တန်ခိုးဖြင့် စွမ်းဆောင်ရရှိသော အကျိုးတရား ဖြစ်သည်။
အမျိုးမျိုးသော ကောလာဟလများကို လူတို့ မည်သို့ သဘောထားသည်ကို ပြန်လည်ဆွေးနွေးကြစို့။ လူတို့သည် အမျိုးမျိုးသော ကောလာဟလများအပေါ် ဘုရားသခင်ကဲ့သို့ တူညီသော သဘောထားကို မရရှိနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြသည့်အပြင်၊ ကောလာဟလများကို ကြားသည့်အခါ၊ “တစ်စုံတစ်ရာကို ကျွန်ုပ် မလုပ်ဆောင်လျှင် ကျွန်ုပ်၏ အသိစိတ်ကို လစ်လျူရှုရာကျမည်။ ကောလာဟလများကို လုပ်ကြံဖန်တီးသည့်လူများ အနိုင်ရသွားပါက ကျွန်ုပ်သည် စိတ်ကမောက်ကမဖြစ်လျက် မသက်မသာခံစားရလိမ့်မည်၊ မကျေမနပ်ဖြစ်လိမ့်မည်၊ မခံမရပ်နိုင်ဖြစ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့ကို ငါ ချေပရမည်။ ကောလာဟလများကို ရှင်းလင်းရန် ဗီဒီယိုတစ်ခု ပြုလုပ်ရမည် သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ရေးရမည်”ဟု အစဉ်သဖြင့် ခံစားကြရသည်။ ထိုသို့သော စိတ်နေစိတ်ထားအောက်တွင် အမှုအရာများကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်း ရှိမရှိ၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်မှာ ပြန်လည်ဆင်ခြင်သုံးသပ်ထိုက်ပေသည်။ အကယ်၍ သင်တို့၏ အသင်းတော်အလုပ်ကို လုပ်ဆောင်ခြင်းနှင့် သင်တို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့၌ သင်တို့၏ ရည်ရွယ်ချက်နှင့် စေ့ဆော်မှုသည် ကောလာဟလများကို ရှင်းလင်းရန်၊ သင်တို့ယုံကြည်သော ဘုရားက စစ်မှန်သော ဘုရားသခင်ဖြစ်ကြောင်း၊ သင်တို့သည် ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်၌ ရှိနေကြောင်း၊ ပြီးလျှင် ဧဝံဂေလိတရားကို ဟောပြောရန်နှင့် ဘုရားသခင်ကို သက်သေခံရန် သင်တို့လုပ်ဆောင်ခဲ့သမျှသည် တရားမျှတခဲ့ကြောင်းတို့ကို ရှင်းလင်းစွာ ရှင်းပြရန်သက်သက်သာဖြစ်ပြီး၊ ထိုသို့ဖြင့် လောကသည် ဤအဖြစ်မှန်အားလုံး၏ သမ္မာတရားကို မသိနားမလည်သောကြောင့်သာ သင်တို့ကို အခြေအမြစ်မရှိသော ပြစ်မှုများစွာဖြင့် စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်း အရာရာကို ရှင်းလင်းပြီးသည့်အခါတွင် လောကက သင်တို့ကို အပြစ်ကင်းသူများအဖြစ် အသိအမှတ်ပြုလိမ့်မည်ဟူ၍လည်းကောင်း၊ လောကရှိ အဖွဲ့အစည်းအားလုံးက ‘သင်တို့ ယုံကြည်သော ဘုရားသည် စစ်မှန်သော ဘုရားသခင်ဖြစ်သည်၊ သင်တို့သည် ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်၌ ရှိနေပြီး ဘုရားသခင်က သင်တို့ကို လုပ်ဆောင်ရန် တောင်းဆိုခဲ့သမျှ အရာရာတိုင်းသည် မှန်ကန်ပြီး တရားမျှတသော အကြောင်းတရားတစ်ခုဖြစ်သည်’ဟု နေရာတကာ အသိအမှတ်ပြုကြလိမ့်မည်ဟူ၍လည်းကောင်း မျှော်လင့်နေမည်ဆိုလျှင်၊ အဘယ်သို့နည်း။ သို့ဆိုလျှင် သင်တို့သည် သင်တို့၏ ယုံကြည်ခြင်း၌ စိတ်အေးလက်အေးဖြစ်ပြီး ခိုင်လုံသည်ဟု ခံစားရလိမ့်မည်လော။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ လမ်းကြောင်းမှန်ပေါ်သို့ စတင်ရောက်ရှိပြီး ဖြစ်လိမ့်မည်လော။ သင်တို့သည် မည်သည့် ပြင်ပနှောင့်ယှက်မှုမျှမရှိဘဲ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိပြီး ဖြစ်လိမ့်မည်လော။ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြစ်ပေါ်ပြီး ဖြစ်လိမ့်မည်လော။ သို့ဆိုလျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်မည်လော။ သို့ဆိုလျှင် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) လူတို့သည် သင့်အပေါ် အထင်အမြင်လွဲမှားမှုများ မရှိဘဲ သင့်ကို ချီးမွမ်းပြီး ရိုသေလေးမြတ်ခြင်းသာ ရှိပြီးနောက်တွင် သင်သည် ကြည်လင်သော အသိစိတ်ဖြင့် ဘုရားသခင်ကို ယုံကြည်နိုင်ရန် ဖြစ်နိုင်မည်လော။ လုံးဝ မဖြစ်နိုင်ပေ။ လူတို့သည် ကောလာဟလများအပေါ် ဘုရားသခင်ကဲ့သို့ တူညီသော သဘောထားကို မရရှိနိုင်ကြသော်လည်း၊ လူတစ်ဦးက၊ “ဤကောလာဟလများသည် အမှန်ပင် မုန်းတီးဖွယ်ကောင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းပါသည်။ ဤကောလာဟလများမှနေ၍ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် အမှန်ပင် ဘုရားသခင်၏ ရန်သူဖြစ်သည်ကို မြင်နိုင်သည်။ ဤသည်မှာ လုံးဝမှန်ကန်ပေသည်။ ဘုရားသခင်၏အမှုတော်က စစ်မှန်ခြင်း ရှိမရှိဟူသည်ကို စာတန်၏ ကောလာဟလများကို အခြေခံ၍ ကျွန်ုပ် ဝေဖန်ရမည်မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့်လည်းကောင်း၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် အတွေ့အကြုံများမှတစ်ဆင့်လည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးက သမ္မာတရားဖြစ်ကြောင်းနှင့် သူလုပ်ဆောင်သမျှသည် လူတို့ကို ကယ်တင်ခြင်းခံရစေနိုင်ကြောင်း ကျွန်ုပ် အတည်ပြုပါသည်။ ယနေ့တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာသည့်နောက်တွင်၊ ကျွန်ုပ်သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့က ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာနိုင်ရန်၊ သူ၏အသံတော်ကို ကြားနိုင်ရန်နှင့် သူ့ထံမှ နှုတ်ကပတ်တော်များနှင့် အသက်၏ ထောက်ပံ့မှုကို အမြန်ဆုံး လက်ခံရရှိနိုင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိရန်၊ သူ၏နာမတော်ကို ကြွေးကြော်ရန်နှင့် ဘုရားသခင်၏အမှုတော်နှင့် သူ၏ ရည်ရွယ်ချက်များကို သက်သေခံရန် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သင့်ပြီး၊ ကျွန်ုပ်၏ တာဝန်ဝတ္တရားများနှင့် တာဝန်များကို ဖြည့်ဆည်းသင့်ပါသည်။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ဝတ္တရား၊ ကျွန်ုပ်၏ တာဝန် ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သော်လည်း၊ ကျွန်ုပ် လိုက်လျှောက်သော လမ်းကြောင်းက လမ်းကြောင်းမှန်တစ်ခုဖြစ်ကြောင်း သို့မဟုတ် ကျွန်ုပ် လုပ်ဆောင်သော အကြောင်းတရားက တရားမျှတကြောင်းကို သက်သေပြရန်အတွက် မဟုတ်ပါ။ ဤအရာများအတွက် မဟုတ်ပါ။ ကျွန်ုပ်သည် ဘုရားသခင်အပေါ် စာတန်၏ တိုက်ခိုက်ခြင်းများနှင့် အသရေဖျက်ခြင်းများကို လက်တုံ့ပြန်ရန် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ပါ။ ထို့ထက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်၏ အမှုတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကျွန်ုပ်၏ ကိုယ်ပိုင် ဝတ္တရားများနှင့် တာဝန်များကို ဖြည့်ဆည်းနေခြင်း ဖြစ်သည့်အပြင်၊ ကျွန်ုပ်၏ ကိုယ်ပိုင် သစ္စာစောင့်သိမှုကိုလည်း ဖြည့်ဆည်းနေခြင်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်”ဟု ပြောဆိုလျက် မှန်ကန်သော ရှုထောင့်အမြင်တစ်ခု၊ မှန်ကန်တိကျသော သဘောထားနှင့် ရပ်တည်ချက်တစ်ခု ရှိသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော ရှုထောင့်အမြင်ဖြစ်သလော။ ဤသည်မှာ လူတို့ ရှိသင့်သော ရှုထောင့်အမြင်ဖြစ်သလော။ (ဟုတ်ပါသည်။) ဤရှုထောင့်မှကြည့်လျှင်၊ ဓမ္မတေးများ သီဆိုခြင်း၊ ကခုန်ခြင်း၊ ရုပ်ရှင်များ ပြုလုပ်ခြင်း သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များနှင့်ပတ်သက်၍ ပြဇာတ်များ ထုတ်လုပ်ခြင်းဖြစ်စေ၊ အမျိုးမျိုးသော အစီအစဉ်များကို ဖန်တီးသည့်အခါ၊ လူတို့၏ ရပ်တည်ချက်၊ ၎င်းတို့ ရပ်တည်သည့် ရှုထောင့်နှင့် ၎င်းတို့ပြောဆိုသည့် အချို့သော တိကျသည့် ဖော်ပြချက်များသည် အပြောင်းအလဲအချို့ကို ကြုံတွေ့သင့်သည် မဟုတ်လော။ (ကြုံတွေ့သင့်ပါသည်။) သို့သော်လည်း လူအများစုသည် ဤအလုပ်တာဝန်အားလုံးကို ထမ်းဆောင်နေစဉ်တွင် တဇောက်ကန်းဖြစ်ခြင်းနှင့် မုန်းတီးခြင်းတို့ဖြင့်လည်းကောင်း လုပ်ဆောင်ပြီး လူ့စိတ်ခံစားမှုများနှင့် ရောနှောစေမိကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်ပါးအမျိုးသားများ၊ အုပ်ချုပ်သူပါတီနှင့် ဘာသာရေးလောကတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအကြောင်းကို အလွန်အကျွံ ပေါ်လွင်စေခဲ့ကြပြီး ထိုသို့သော အစီအစဉ်များကို ကြည့်ရှုပြီးနောက် အခြားသူများအပေါ် အနည်းငယ် အပျက်သဘောဆောင်သော သက်ရောက်မှုတစ်ခုကို ချန်ထားလျက် ၎င်းတို့၏ စကားလုံးများက အလွန်ကြမ်းတမ်းခဲ့သည်။ အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ လူတို့သည် ဤလုပ်ဆောင်မှုအားလုံးကို စိတ်ခံစားမှုတစ်ခုခုဖြင့် အတော်အတန် မမှန်ကန်သော ရှုထောင့်မှနေ၍၊ ဆောင်ရွက်ကြလေသည်။ ပြီးလျှင် လူတို့က၊ “၎င်းတို့က ကျွန်ုပ်တို့ကို တိုက်ခိုက်သည်၊ ကဲ့ရဲ့သည်၊ ကျွန်ုပ်တို့အကြောင်း ကောလာဟလများကို လုပ်ကြံဖန်တီးသည်၊ ၎င်းတို့ကို ဖော်ထုတ်ရာတွင် အဘယ်အရာ မှားသနည်း။ ဤသည်မှာ တရားဝင်သော မိမိကိုယ်ကို ခုခံကာကွယ်ခြင်း ဖြစ်သည်။ မိမိကိုယ်ကို တရားဝင် ခုခံကာကွယ်ခြင်းသည် တရားမဝင်ခြင်း မဟုတ်သည့်အပြင် ကျွန်ုပ်တို့သည် အမှုအရာများကို လုပ်ကြံဖန်တီးနေခြင်းလည်း မဟုတ်ပါ။ ကျွန်ုပ်တို့အားလုံးသည် အဖြစ်မှန်များကို အခြေခံ၍ အမှုအရာများကို စိတ်ဖြာလေ့လာဆွေးနွေးနေခြင်း ဖြစ်သည်။ ၎င်းတို့က ဘာမဟုတ်သည့်အရာမှနေ၍ ကျွန်ုပ်တို့အကြောင်း ကောလာဟလများကို လုပ်ကြံဖန်တီးသည်။ ၎င်းတို့ကို ကျွန်ုပ်တို့ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် မှားသလော။ ကျွန်ုပ်တို့ လက်တုံ့မပြန်နိုင်ဘူးလော”ဟု ပြောဆိုလျက် ဤသည်မှာ အတော်အတန် တရားမျှတသည်ဟု ခံစားနေကြဆဲဖြစ်သည်။ လက်တုံ့ပြန်ခြင်းသည် အဘယ်အသုံးဝင်သနည်း။ နတ်ဆိုးများသည် လိမ်ညာမှုများဖြင့် ပြည့်နေပြီး မှန်ကန်သော စကားတစ်ခွန်းကိုမျှ မည်သည့်အခါမျှ မပြောဆိုပေ။ ၎င်းတို့ပြောဆိုသည့်အရာသည် လိမ်ညာမှုများဖြစ်ကြောင်း ၎င်းတို့ကို အသိအမှတ်ပြုစေရန်နှင့် လိမ်ညာကြောင်း ဝန်ခံပြီးနောက် ၎င်းတို့ နောက်တစ်ဖန် လိမ်ညာခြင်း မရှိတော့စေရန် ၎င်းတို့၏ လိမ်ညာမှုများကို အဆက်မပြတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် တန်ဖိုးတစ်ခုတလေ ရှိသလော။ ၎င်းတို့သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ထိုလုပ်နည်းကိုင်နည်းသည် မိုက်မဲပြီး မသိနားမလည်သော လုပ်နည်းကိုင်နည်း မဟုတ်လော။ ငါတို့၏ အဓိကအလုပ်တာဝန်မှာ ဘုရားသခင်၏အမှုတော်ကို သက်သေခံရန်၊ သူ၏အမှုတော်ဖြင့် စွမ်းဆောင်ရရှိခဲ့သော အကျိုးသက်ရောက်မှုများ၊ သူ၏နှုတ်ကပတ်တော်များနှင့် လူတို့အပေါ် သူ့နှုတ်ကပတ်တော်များ၏ အကျိုးသက်ရောက်မှုများကို သက်သေခံရန်ဖြစ်ကြောင်းနှင့် အာဏာရ ပါတီ၏ ဖိနှိပ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဘာသာရေးလောက၏ အတိုက်အခံပြုခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့နှင့်စပ်လျဉ်း၍ ပါဝင်ပတ်သက်နေသော နောက်ခံအချို့ကို အကျဉ်းချုံး ဖော်ပြရုံမျှဖြင့် လုံလောက်ပေကြောင်းကို ငါ ပြောခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် လူတို့သည် ဤအရာကို မည်သို့ပင် ကြားသည်ဖြစ်စေ နားမလည်နိုင်ကြပေ။ ၎င်းတို့သည် ဤပြဿနာများကို တဇောက်ကန်းဖြစ်ခြင်းဖြင့် အမြဲဆက်ဆံပြီး အငြင်းအခုံပြုလိုကြသည်။ ပြီးလျှင် ရလဒ်မှာ အဘယ်နည်း။ စာတန်၏ ဆိုးယုတ်သော အင်အားစုများသည် အကျိုးသင့်အကြောင်းသင့် ပြော၍မရနိုင်သည့်အတွက် ယင်းသည် မည်သည့်အကျိုးတရားမျှ လုံးဝ မဖြစ်ထွန်းပေ။ ဤသည်မှာ လူတို့၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း ဖြစ်သည် မဟုတ်လော။
အချို့လူများသည် ဧဝံဂေလိတရားကို ဟောပြောသည်၊ အချို့သော နည်းပညာဆိုင်ရာ အလုပ်အကိုင်တစ်ခုခုကို သင်ယူသည်၊ သို့မဟုတ် ကောလာဟလများကို ရှင်းလင်းရန်နှင့် လူတို့အား မှန်ကန်သည့်အရာကို ရှင်းပြရန်၊ မှောင်မိုက်သောလောကနှင့် ဘုရားသခင်ကို ဆန့်ကျင်သော ဆိုးယုတ်သည့် လူသားများအပေါ် စစ်ကြေညာရန်ဟူသည့် တစ်ခုတည်းသော စေ့ဆော်မှုဖြင့် တာဝန်တစ်မျိုးမျိုးကို ထမ်းဆောင်ကြသည်။ ဤသည်မှာ တရားမျှတသော လုပ်ရပ်တစ်ခုလော။ ဤအရာကို လုပ်ဆောင်ရာတွင် သင်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်နားလည်ရန် လိုအပ်သည်မှာ- ဘုရားသခင်သည် သူ့ကို ရန်လိုသော ကောက်ကျစ်ဆိုးယုတ်သည့် သူများကို ကယ်တင်နိုင်သလော။ ဤအရာကို သင်လုပ်ဆောင်ရာတွင် တန်ဖိုးတစ်ခုတလေ ရှိသလော။ အကယ်၍ သင်သည် ဘုရားသခင်က မည်သည့် လူစားမျိုးအား ကယ်တင်သည်ကို နားမလည်သည့်အပြင်၊ မှန်ကန်ပုံရသော်လည်း အမှန်တကယ်တွင် မှားယွင်းသော ရှုထောင့်အမြင်အချို့ကို အစဉ်သဖြင့် ဖော်ပြနေမည်ဆိုလျှင်၊ ဤသည်မှာ သင်၏ ကိုယ်ပိုင်ကယ်တင်ခြင်းကို တားဆီးနေခြင်းဖြစ်သည် မဟုတ်လော။ အချို့လူများသည် ဘုရားသခင်ကို ဆန့်ကျင်သော ဆိုးယုတ်သည့် အင်အားစုများကို တိုက်ခိုက်ရန်နှင့် လောကီ ရေပန်းစားမှုများကို ဆန့်ကျင်ရန်သာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်။ “၎င်းတို့က ကျွန်ုပ်တို့အနေဖြင့် မိမိတို့၏ မိသားစုများကို လစ်လျူရှုပြီး ပုံမှန်ဘဝများကို အသက်ရှင်ခြင်း မရှိဟု ပြောကြသည်။ ထို့ကြောင့် ကျွန်ုပ်၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကျွန်ုပ် သက်သေပြလိုပါသည်။ အနာဂတ်တွင် ကျွန်ုပ် ကောင်းကင်ဘုံသို့ သွားပြီး နိုင်ငံတော်သို့ ဝင်ရောက်ကာ ၎င်းတို့ တရားစီရင်ခြင်းခံရသည့်အခါ၊ ကျွန်ုပ် မှန်ကန်ကြောင်း ၎င်းတို့ မြင်တွေ့ကြလိမ့်မည်”ဟူ၍ ဖြစ်သည်။ ထိုသို့ မိမိကိုယ်ကိုယ် သက်သေပြခြင်းသည် အဘယ်အသုံးဝင်သနည်း။ သင်သည် မိမိကိုယ်ကိုယ် သက်သေပြပြီးဖြစ်လျှင်ပင်၊ ယင်းက အဘယ်အကျိုးကျေးဇူးကို ပြုနိုင်သနည်း။ ယင်းက အဘယ်အရာကို ကိုယ်စားပြုသနည်း။ ယင်း၏ တန်ဖိုးမှာ အဘယ်နည်း။ အကယ်၍ ထိုအရာက သင့်အား နိုင်ငံတော်သို့ ဝင်ရောက်ခွင့်နှင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို အမှန်တကယ် ရရှိခွင့်ပေးနိုင်မည်ဆိုလျှင်၊ ယင်းသည် ထိုက်တန်မည်ဖြစ်ပြီး သင်၏ လမ်းကြောင်းက မှန်ကန်မည်ဖြစ်သည်။ သို့သော် ကံအကြောင်းမလှစွာပင်၊ ဤလမ်းကြောင်းသည် မဖြစ်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်က လူတို့အတွက် ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းမဟုတ်သည့်အပြင်၊ ဘုရားသခင်က လူတို့ကို ဤနည်းဖြင့် ပြုမူရန် မတောင်းဆိုပေ။ လူတို့သည် မိမိတို့က သမ္မာတရားဘက်တွင် ရပ်တည်ကာ သမ္မာတရားရှိသောကြောင့် ဤဆိုးယုတ်သော လောကနှင့် ကောလာဟလများကို လုပ်ကြံဖန်တီးသူအားလုံးအပေါ် စစ်ကြေညာလျက် တရားမျှတသော အကြောင်းတရားများကို လုပ်ဆောင်ရမည်ဟု စဉ်းစားရင်း အစဉ်သဖြင့် မိုက်မဲကြသည်။ “ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်သည်၊ ကျွန်ုပ်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည်၊ မည်သူက လမ်းကြောင်းမှန်ပေါ်၌ ရှိသည်ကို သင်တို့အား ကျွန်ုပ်တို့ ပြမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ တဇောက်ကန်းဖြစ်ခြင်း မဟုတ်လော။ ဤအရာများအပေါ် ငြင်းခုံရာတွင် အသုံးဝင်ခြင်းတစ်ခုတလေ ရှိသလော။ ယင်း၌ တန်ဖိုး လုံးဝမရှိပေ။ အကယ်၍ သင်၌ အချိန်နှင့် အားအင် အမှန်တကယ်ရှိလျှင်၊ အလုပ်အကိုင်တစ်ခုအကြောင်း အနည်းငယ်ပို၍ သင်ယူခြင်း၊ အလုပ်အကိုင်တစ်ခုနှင့် ဆက်စပ်သော အသိပညာနှင့် သာမန်အသိပညာအချို့ကို ပို၍လေ့လာခြင်းက ပိုကောင်းပေမည်။ ဤသည်မှာ သင်၏ တာဝန်ထမ်းဆောင်မှုအတွက် အကျိုးရှိပြီး အထောက်အကူပြုသည်။ သင်သည် အဘယ်ကြောင့် လောက၏ ဆိုးယုတ်သော အင်အားစုများနှင့် အစဉ်သဖြင့် ပြိုင်ဆိုင်နေရသနည်း။ အဘယ်ကြောင့် ကောလာဟလများနှင့်ပတ်သက်၍ အစဉ်သဖြင့် ပြိုင်ဆိုင်နေရသနည်း။ ဤသည်မှာ မလိုအပ်သည့်အချိန်တွင် အားထုတ်မှုကို ဖြုန်းတီးနေခြင်း မဟုတ်လော။ အခြားသူတို့က သင့်ကို မည်သို့ပင် တိုက်ခိုက်သည်ဖြစ်စေ၊ ၎င်းတို့ကို အရေးစိုက်ရန် မလိုအပ်ပေ။ ၎င်းတို့သည် နတ်ဆိုးသဘာဝရှိကြပြီး သားရဲတိရစ္ဆာန်များဖြစ်ကြသည်၊ ၎င်းတို့သည် ထိုသို့သောအရာမျိုးသာ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်၊ မပြောင်းလဲစေသည့်အပြင် ၎င်းတို့အား စကားမပြောဆိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို လျစ်လျူရှုသည်၊ သို့ဖြစ်၍ သင်သည် ၎င်းတို့ကို အရေးစိုက်ရန် လိုအပ်သလော။ အကယ်၍ လူတို့သည် ဘုရားသခင် မလုပ်ဆောင်သည့်အရာကို ခေါင်းမာစွာ မရမက လုပ်ဆောင်လျှင်၊ ဤသည်မှာ အနည်းငယ် မိုက်မဲပြီး မသိနားမလည်ခြင်း မဟုတ်လော။ အနည်းဆုံးအားဖြင့် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးမရှိသူဖြစ်ပြီး၊ ဘုရားသခင် ချစ်သောအရာကို သင်မချစ်၊ သို့မဟုတ် ဘုရားသခင် မုန်းသောအရာကို သင်မမုန်းပေ။ ဤအမှုအရာများအပေါ် ဘုရားသခင်၏ သဘောထားက အဘယ်အရာဖြစ်သည်ကို သင်မမြင်ပေ။ ဘုရားသခင်သည် ၎င်းတို့ကို လျစ်လျူရှုသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်သည်ကို သင် သဘောပင်မပေါက်ပေ။ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်၏ တစ်ခုစီတွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးဖြစ်သည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား များစွာသော စကားပြောဆိုမှုများရှိပြီး၊ ဤစကားပြောဆိုမှုများမှနေ၍ လူတစ်ဦးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို မြင်တွေ့နိုင်သည်။ သို့သော်လည်း ဘုရားသခင်သည် အချို့သော တိကျသည့် ကိစ္စရပ်များတွင် စာတန်နှင့် သူမည်သို့ ပြောဆိုသည်ကို မည်သည့်အခါမျှ မပြောဆိုပေ။ ထိုသို့ဖြင့် လူသားမျိုးနွယ်အား စာတန်၏ စစ်မှန်သော သဘောသဘာဝကို ရှင်းလင်းစွာ မြင်စေပြီး၊ စာတန်က ဘုရားသခင်ကို မည်သို့ဆက်ဆံသည်ကို ရှင်းလင်းစွာ မြင်စေလျက် စာတန်ကို ဖော်ထုတ်လေသည်။ ထိုသို့သော ကိစ္စရပ်များ အလွန်များပြားသော်လည်း ဘုရားသခင်သည် ယင်းတို့ကို မဖော်ပြပေ။ ဘုရားသခင်သည် အဘယ်ကြောင့် ယင်းတို့ကို မဖော်ပြသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာများအကြောင်း ပြောဆိုခြင်းသည် သင့်အတွက် အကျိုးမရှိသောကြောင့် ဖြစ်သည်။ သင့်အတွက် အကျိုးအရှိဆုံးသောအရာမှာ ဘုရားသခင်၏ အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များ ဖြစ်သည်။ သင့်အား ဘုရားသခင်ရှေ့မှောက်သို့ ရောက်ရှိလာစေနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်လာစေနိုင်သည့် ဤနှုတ်ကပတ်တော်များသည် သင့်အတွက် အကျိုးအရှိဆုံး ဖြစ်သည်။ ဘုရားသခင်သည် သင့်အား မည်သို့အသက်ရှင်ရမည်၊ မည်သို့စကားပြောရမည်ဟူသည်နှင့် အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် အခြေအနေများတွင် လူများနှင့် ကိစ္စရပ်များကို ပိုင်းခြားသိမြင်ရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်တတ်ရန်အပြင်၊ ပညာရှိရန် သင်ယူတတ်ဖို့တို့ကို ပြောပြသည်၊ ဤအရာအားလုံးသည် သင့်အတွက် အကျိုးရှိ၏။ ဘုရားသခင်သည် သင့်အတွက် အကျိုးရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုပြီး လုပ်ဆောင်သည်။ ဘုရားသခင်သည် သင့်အတွက် အကျိုးမရှိသော စကားတစ်ခွန်းကို မပြောဆိုပေ။ ဘုရားသခင်အတွက် ထိုစကားများကို ပြောဆိုရန် အလွန်လွယ်ကူမည် မဟုတ်လော။ သို့ဆိုလျှင် သူသည် အဘယ်ကြောင့် ထိုစကားများကို မပြောဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ထိုစကားများကို မလိုအပ်သောကြောင့် ဖြစ်သည်။ ဤကောလာဟလများသည် နတ်ဆိုးများနှင့် စာတန်၏ စကားများနှင့် ညီမျှပြီး၊ ဘုရားသခင်သည် ယင်းတို့ကို လျစ်လျူရှုသည်။ ထို့ကြောင့် သင်သည်လည်း ယင်းတို့နှင့်ပတ်သက်၍ မပြိုင်ဆိုင်သင့်ပေ။ နားလည်သလော။ (နားလည်ပါသည်။) သင်နားလည်သည်နှင့်တစ်ပြိုင်နက်၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်သိသည် မဟုတ်လော။ ကောလာဟလများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ကောလာဟလများကို ချေပခြင်း၊ ကောလာဟလများ၏ ရင်းမြစ်များကို ရှာဖွေခြင်း စသည်တို့အပေါ် အားမစိုက်နှင့်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေခံရန် စိတ်နှလုံး အမှန်တကယ်ရှိပြီး သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိလိုလျှင်၊ သင်ပြော၍ရသည့် စကားများစွာရှိပြီး သင်လုပ်ဆောင်နိုင်သော အမှုအရာများစွာ ရှိပါသည်။ ဘုရားသခင်က လူတို့အား ထောက်ပံ့ပေးသော နှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် နောက်ဆုံးတွင် သင်၏ ကိုယ်ပိုင် အသက်ဖြစ်လာလျက် သင်၏ ကိုယ်ပိုင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လမ်းကြောင်းများ ဖြစ်လာရန်အလို့ငှာ သင် တွေးဆရန်နှင့် တွေ့ကြုံခံစားရန် လိုအပ်သည်။ ဤအရာကို အကောင်အထည်ဖော်ရန် သင်သည် အချိန်နှင့်ခွန်အားကို အသုံးပြုရန် လိုအပ်သည်။ အကယ်၍ သင်သည် မိုက်မဲပြီး မသိနားမလည်လျှင်၊ ကောလာဟလများအပေါ် အစဉ်သဖြင့် အားစိုက်နေလျှင်၊ လောကထံ သင်၏နာမည်ကို ရှင်းလင်းစေရန်နှင့် သင့်ကိုယ်သင် ရှင်းလင်းစေရန် အစဉ်သဖြင့် အလိုရှိနေမည်ဆိုလျှင်၊ ယင်းက ပြဿနာဖြစ်စေသည်။ သင်သည် သမ္မာတရားကို ရရှိမည်မဟုတ်သည့်အပြင်၊ ဤလောကီကောလာဟလများက သင့်ကို လုံးလုံးလျားလျား ရစ်ပတ်နှောင်ဖွဲ့ပြီး ပင်ပန်းနွမ်းနယ်စေလိမ့်မည်။ အဆုံးတွင် သင်သည် အမှုအရာများကို ရှင်းလင်းစွာ ရှင်းပြနိုင်လိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့် သင်သည် ယင်းတို့ကို ရှင်းလင်းစွာ ရှင်းပြနိုင်လိမ့်မည်မဟုတ်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် နတ်ဆိုးကို ရင်ဆိုင်နေရပြီး၊ ၎င်းက အရှက်မရှိဗြောင်ကျသော အလိမ်အညာများကို ပြောသောကြောင့်ဖြစ်သည်။ ယခုတွင် နတ်ဆိုးက အဘယ်အရာကို ပြောဆိုသနည်း။ အဆင်းနီသော နဂါးကြီးက “တရုတ်နိုင်ငံသည် ကမ္ဘာလောက၏ ဖွဲ့စည်းပုံစနစ်ကို ကာကွယ်သူ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်သူဖြစ်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံစနစ်ကို ထိန်းသိမ်းရာတွင် ၎င်း၏ အခန်းကဏ္ဍက အလွန်အရေးကြီးသည်”ဟု ပြောဆိုသည်။ ၎င်းပြောဆိုသည့် မည်သည့်စကားက အဖြစ်မှန် ဖြစ်သနည်း။ ဤစကားများသည် အဖြစ်မှန်များဖြစ်သလော။ သင်သည် ဤစကားကို ကြားသည့်အခါ၊ ဒေါသမထွက်သလော။ ဤအရာကို ကြားပြီးနောက်၊ စာတန်သည် ထိုသို့သောအရာများကိုပင် ပြောဆိုရန် အလွန် အရှက်မဲ့သည်ဟု သင်တွေးသည်။ သင်သည် အဘယ်ကြောင့် ထိုအရာနှင့်ပတ်သက်၍ သင် ငြင်းခုံမည်နည်း။သင်သည် မိုက်မဲနေခြင်း မဟုတ်လော။ ဤသည်မှာ ထိုအမှုအရာမျိုးသာ ဖြစ်သည်။ ဘုရားသခင်က ယင်းကို အစေခံမှုပေးရန်သာ အသုံးပြုသည်။ သူသည် ထိုအရာကို ကယ်တင်ရန် သို့မဟုတ် ပြောင်းလဲရန် လုံးဝ မရည်ရွယ်ပေ။ ထိုအရာနှင့်ပတ်သက်၍ ငြင်းခုံခြင်းက မိုက်မဲသည် မဟုတ်လော။ ထိုသို့သော မိုက်မဲသည့်အရာများကို မပြုနှင့်။ အမြော်အမြင်ရှိသောလူတို့သည် ဤကောလာဟလများကို နားမထောင်သည့်အပြင် ယင်းတို့၏ ချုပ်ချယ်ကန့်သတ်မှုကိုလည်း မခံရကြပေ။ အချို့လူများက “ကောလာဟလများကို ကြားပြီးနောက်၊ ကျွန်ုပ် အနှောင့်အယှက်ဖြစ်ရသည်”ဟု ပြောဆိုကြသည်။ သို့ဆိုလျှင် သင်၏ စိတ်နှလုံးထဲတွင် သင် ဆုတောင်းသင့်သည်၊ ပိုင်းခြားသိမြင်ရန် သမ္မာတရားကို အသုံးပြုသင့်ပြီး၊ ထို့နောက်တွင် ထိုနတ်ဆိုးများနှင့် စာတန်ကို ကျိန်ဆဲသင့်ကာ ဤကောလာဟလများသည် သင်၏ စိတ်နှလုံးအပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိတော့မည်မဟုတ်ပေ။ နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးသည်- သင်သည် အနှစ်သာရကို ထိုးထွင်းသိမြင်ရမည်။ သင်က “ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီသည့်အပြင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ပစ်ပယ်ခြင်းကို ခံရလျှင်ပင်၊ သူသည် သမ္မာတရားဖြစ်ပြီး၊ နတ်ဆိုးများနှင့် စာတန်သည် သမ္မာတရားမရှိသည်ကို ကျွန်ုပ် မြင်တွေ့ပါသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ဘုရားသခင်သာလျှင် ကျွန်ုပ်ကို ကယ်တင်နိုင်သည်။ သူ၌ ဘုရားသခင်၏ အနှစ်သာရရှိသည်၊ သူသည် ဘုရားသခင်ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ နတ်ဆိုးများနှင့် စာတန်က ဘုရားသခင်ကို မည်မျှပင် ဆန့်ကျင်သည်ဖြစ်စေ၊ ၎င်းတို့၌ သမ္မာတရားမရှိသည့်အပြင်၊ နတ်ဆိုးများနှင့် စာတန်၏ စကားများကို ကျွန်ုပ် မယုံကြည်ပါ”ဟု ပြောဆိုရမည်။ သင့်၌ ဤယုံကြည်ခြင်း ရှိသလော။ (ရှိပါသည်။။) သင့်၌ ဤယုံကြည်ခြင်း ရှိလျှင်၊ သင်သည် မည်သည့်လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာများကြောင့်မျှ စိတ်အနှောင့်အယှက်မဖြစ်သင့်သည့်အပြင်၊ စာတန်၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းကို သာ၍ပင် မခံရသင့်ပေ။ သို့ဆိုလျှင် အဘယ်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ၎င်းကို လျစ်လျူရှုလော့။ သမ္မာတရားကို လိုက်စားခြင်းနှင့် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းတို့ကိုသာ အာရုံစိုက်လော့။ ပြီးလျှင် စာတန်သည် အရှက်ရလိမ့်မည်။
ယခုလေးတင်၊ ငါတို့သည် အသင်းတော်အတွင်း၌ ကောလာဟလများ ဖြန့်ဝေခြင်းနှင့် ဆက်စပ်သော ပြဿနာအချို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ လူအများစုသည် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေးလောကထံမှ ကောလာဟလအချို့ကို ကြားကြရပြီးဖြစ်သည်။ ဤကောလာဟလများကို မည်သို့ သဘောထားပြီး ကိုင်တွယ်ရမည်ကိုလည်း ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ လူတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ကောလာဟလများ၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို ခံရလိမ့်မည် မဟုတ်တော့ပေ။ အသင်းတော်တွင် ကောလာဟလများကို ဖြန့်ဝေသောသူတစ်ဦး ပေါ်လာသည့်အခါ၊ ၎င်းတို့အနေဖြင့် မည်သည့် ကောလာဟလမျိုးကိုမဆို မည်သည့်ပုံစံ သို့မဟုတ် မည်သည့်လေသံဖြင့် ဖြန့်ဝေသည်ဖြစ်စေ၊ ငါတို့သည် ယင်းကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ငါတို့သည် ကြားဝင်မစွက်ဖက်ဘဲ ဖြစ်ခွင့်ပေးသင့်သလော၊ သို့မဟုတ် ထိုလူကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာဆွေးနွေးပြီး ကိုင်တွယ်ဖြေရှင်းသင့်သလော။ မည်သည့်နည်းလမ်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသနည်း။ “လွတ်လပ်စွာ ပြောဆိုခွင့် မရှိဘူးလော။ အဘယ်ကြောင့် ထိုလူကို စကားပြောခွင့်မပေးရသနည်း။ ၎င်းတို့ကို ပြောခွင့်ပေးလိုက်ပါ။ ကောလာဟလများကို နားထောင်ပြီးနောက်၊ လူတိုင်းက ၎င်းတို့၏ အဖြစ်မှန်ကို ပိုင်းခြားသိမြင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဤနတ်ဆိုးဆန်သော စကားများကို ယုံကြည်ကြလိမ့်မည် မဟုတ်တော့သည့်အပြင်၊ ကောလာဟလများက အလိုအလျောက် ပျက်ပြယ်သွားလိမ့်မည်”ဟု ပြောဆိုသူအချို့ ရှိသည်။ အခြားသူများကမူ “၎င်းတို့က ကောလာဟလများကို ဖြန့်ဝေပြီး ဘုရားသခင်ကို အသရေဖျက်ခြင်းသည် လက်မခံနိုင်စရာဖြစ်ပါသည်။ ဘုရားသခင်အား အသရေဖျက်သည့်အရာများကို ၎င်းတို့အား ငါတို့ လုပ်ဆောင်ခွင့်ပေး၍မရပါ။ ၎င်းတို့ကို နိုးကြားလာစေရန် ငါတို့ သင်ခန်းစာတစ်ခု ပေးသင့်ပါသည်။ ဘုရားသခင်သည် ငါတို့ကို ကယ်တင်ရန် စကားပြောဆိုပြီး အမှုပြုဖို့ အလွန်များစွာသော ဆင်းရဲဒုက္ခကို ခံခဲ့ရသည့်တိုင်၊ ၎င်းတို့က ကောလာဟလများကို ဖြန့်ဝေနေကြသည်။ ၎င်းတို့၌ အသိစိတ်မရှိပါ။ ၎င်းတို့ကို ကျိန်ဆဲခြင်းအားဖြင့်သာ ငါတို့၏ မုန်းတီးမှုကို ငါတို့ သက်သာစေနိုင်သည်။ အကယ်၍ ငါတို့က ၎င်းတို့ကို မကိုင်တွယ်လျှင်၊ ဘုရားသခင်ကို ငါတို့ စိတ်ပျက်စေမည်ဖြစ်သည်”ဟု ပြောဆိုကြသည်။ မည်သည့်နည်းလမ်းက ကောင်းမွန်သနည်း။ ဤလုပ်နည်းကိုင်နည်းများအားလုံးသည် မကောင်းပေ။ အစောပိုင်းတွင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အတိုင်း၊ ကောလာဟလများကို ဖြန့်ဝေသောသူတို့သည် မည်သည့်အရာမျှ မကောင်းသည်မှာ သေချာပြီး၊ ထိုသို့သော လူပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်ရန် လိုအပ်သည်။ အကယ်၍ ၎င်းတို့သည် ရံဖန်ရံခါသာ ကောလာဟလများကို ဖြန့်ဝေလျှင်၊ ၎င်းတို့ကို သတိပေးသင့်သည်။ အကယ်၍ ၎င်းတို့အနေဖြင့် တစ်စိုက်မတ်မတ် ကောလာဟလများကို ဖြန့်ဝေလျှင်၊ ၎င်းတို့ကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာဆွေးနွေးရမည်ဖြစ်ပြီး၊ ထို့နောက် လူတို့ကို နောက်ထပ် အထင်အမြင်မှားစေခြင်း သို့မဟုတ် အန္တရာယ်မပေးနိုင်တော့ရန် အသင်းတော်မှ ရှင်းလင်းပစ်ရမည်။ ဤကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသလော။ သင်တို့သည် ဤနည်းအတိုင်း ကိုင်တွယ်မည်လော၊ သို့မဟုတ် အသင်းတော်ခေါင်းဆောင်များက အမိန့်များပေးသည်ကို သင်တို့ စောင့်ဆိုင်းမည်လော။ တစ်စုံတစ်ဦးသည် တစ်စိုက်မတ်မတ် ကောလာဟလများ ဖြန့်ဝေနေကြောင်း၊ စုဝေးပွဲသို့ ရောက်လာတိုင်း ဤအရာများအကြောင်းကို ပြောဆိုပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ရှုကြောင်း၊ မည်သည့်အခါမျှ ဆုမတောင်းကြောင်း၊ ဓမ္မတေးများကို မသင်ယူကြောင်း၊ ထို့ထက်ပင်ပို၍၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကို မမျှဝေကြောင်း၊ တစ်ဦးတလေကဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယဖွဲ့ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေသည့်အခါတိုင်း၊ ၎င်းတို့သည် ထိုအရာကို စက်ဆုပ်ရွံရှာပြီး အလွန်အမင်း မနှစ်မြို့သော်လည်း၊ ဘာသာတရားမရှိသူများ၏ ကောလာဟလများအပေါ် ထိုသို့သော အလွန်အမင်း မနှစ်မြို့ခြင်းကို မခံစားရသည့်အပြင်၊ ၎င်းတို့နှင့်ပတ်သက်၍ အလွန် စိတ်လှုပ်ရှားနေကြောင်း၊ ဤအရာအားလုံးကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ထိုသို့သောလူတစ်ဦးကို အဘယ်ကြောင့် လောကဝတ်တစ်ခုခု ပြသနေသနည်း။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဘုရားသခင်နောက်မလိုက်အောင် နှောင့်ယှက်ဖျက်ဆီးရန် အသင်းတော်ထဲသို့ စိမ့်ဝင်လာသော စာတန်၏ အစေခံဖြစ်သည်မှာ သိသာထင်ရှားပေသည်။ သင်သည် ၎င်းတို့၏ နှောင့်ယှက်မှုကို ခွင့်ပြုသလော။ (ခွင့်မပြုပါ။) အကယ်၍ သင်သည် ခွင့်မပြုလျှင်၊ ထ၍ “မည်သူမည်ဝါသည် အသင်းတော်သို့ လာပြီး အစဉ်သဖြင့် ကောလာဟလများကို ဖြန့်ဝေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်း၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကိုလည်း မမျှဝေပါ။ ၎င်းတို့သည် မယုံကြည်သူဖြစ်ပြီး အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ကန့်ကွက်ချက်တစ်ခုတလေ ရှိသောသူ တစ်ဦးတလေ ရှိသလော” ဟု ပြောဆိုလော့။ လူတိုင်းက ၎င်းတို့တွင် ကန့်ကွက်စရာမရှိဟု ပြောဆိုပြီး သဘောတူညီကြောင်း လက်ထောင်ပြလျှင်၊ ထိုလူကို ဖယ်ထုတ်ပစ်သင့်သည်။ ကောလာဟလဖြန့်သူတစ်ဦးကို ဤနည်းဖြင့် ကိုင်တွယ်ခြင်းသည် အားရကျေနပ်စရာကောင်းသည် မဟုတ်လော။ (ကောင်းပါသည်။) ဤသည်မှာ ထိုသို့သောလူများကို ကိုင်တွယ်သင့်သည့် နည်းလမ်း ဖြစ်သည်။
ဃ။ ဘုရားနှုတ်ကပတ်တော်များကို အဓိပ္ပာယ်ကောက်လွဲကာ ဘုရားသခင်၏အမှုကို ဝေဖန်သော အခြေအမြစ်မရှိသည့် ကောလာဟလအမျိုးမျိုးကို ပိုင်းခြားသိမြင်ခြင်း
ငါတို့ ယခုလေးတင် ပြောခဲ့သော ကောလာဟလအမျိုးအစားများသည် မည်သည့်နေရာမှလာသနည်း။ ယင်းတို့သည် အဆင်းနီသော နဂါးကြီးထံမှလည်းကောင်း၊ ဘာသာရေးလောကမှလည်းကောင်း၊ ဘာသာတရား မရှိသူများထံမှလည်းကောင်း လာသည်။ အပြင်လောကမှ ကောလာဟလများအပြင်၊ အသင်းတော်အတွင်းပိုင်းနှင့်ပတ်သက်သော ပြောဆိုချက်အချို့နှင့် အတင်းအဖျင်းစကားလည်း ရှိသေးသည်။ ဘုရားသခင်၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ နေ့ရက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့အပြင်၊ ဘုရားသခင်နှင့် သူ၏အမှုတော်တို့ပါဝင်သော နက်နဲမှုအချို့နှင့်ပတ်သက်၍ လူတို့က ၎င်းတို့၏ စိတ်ကူးများနှင့် အယူအဆများကို အခြေခံ၍ဖြစ်စေ၊ မှားယွင်းသော သတင်းအချက်အလက်ကို အဆက်မပြတ် လက်ဆင့်ကမ်းခြင်းနှင့် အခြေအမြစ်မရှိသော မှန်းဆချက်တို့ကို အခြေခံ၍ဖြစ်စေ ဖန်တီးသည့် လုံးဝမမှန်ကန်သော အဆိုများပင် ရှိသေးသည်။ ပြီးလျှင် လူတို့က ထိုသို့သော ပြောဆိုချက်များ၊ အတင်းအဖျင်းများနှင့် အဆိုများကို စိတ်ဝင်စားအောင် တန်ဆာဆင်ကြသောကြောင့် ဤကောလာဟလများ ဖြစ်ပေါ်လာပေသည်။ ကောလာဟလများ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောလာဟလများကို နှစ်ခြိုက်မှုရှိသော အချို့လူတို့သည် ကောလာဟလများကို စစ်မှန်သောအရာအဖြစ် သဘောထားကာ နေရာတိုင်း ဖြန့်ဝေလျက်၊ ၎င်းတို့ကို ဖြန့်ဝေခြင်းကိစ္စကို စိတ်အားထက်သန်လာကြသည်။ ယင်းတို့ကို အလွန် ကွက်ကွက်ကွင်းကွင်းနှင့် အကုန်အစင် ဖော်ပြကြသည်မှာ အရေးကိစ္စများ၏ အခြေအနေမှန်ကို မသိသည့်အပြင်၊ သမ္မာတရားကို နားမလည်သည့်၊ မိုက်မဲပြီး အသိဉာဏ်မဲ့သော အချို့လူတို့သည် ဤကောလာဟလများ၏ အမှန်တကယ် အထင်အမြင်မှားစေခြင်းကို ခံကြရလေသည်။ အထင်အမြင်မှားစေခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိခိုက်ပြီး နှောင့်ယှက်ခြင်းခံရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ အသင်းတော်၌ ဖြစ်ပေါ်တတ်သော မြင်နေကျ ပြဿနာများလည်း ဖြစ်ကြသည်။ ဤကောလာဟလများသည် ဘုရားသခင်နှင့် ဘုရားအိမ်တော်ကို အသရေဖျက်ပြီး တိုက်ခိုက်သော ကောလာဟလများနှင့် နှိုင်းယှဉ်လျှင် သေးနုတ်သော်လည်း၊ ယင်းတို့သည် ဘုရားသခင်ကို အသရေဖျက်ခြင်း သို့မဟုတ် ပြစ်မှားစော်ကားခြင်း မပြုသည့်အပြင်၊ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်မှုများ တစ်ခုတလေ သို့မဟုတ် ထိခိုက်နစ်နာမှု တစ်ခုတလေကို မဖြစ်စေသော်လည်း၊ အချို့လူတို့၏ အသက် ဝင်ရောက်မှုကို မည်သို့ပင်ဖြစ်စေ ထိခိုက်စေပြီး ယင်းတို့ကို တားဆီးသင့်ပေသည်။ ဥပမာအားဖြင့်၊ အချို့လူတို့သည် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသော မှတ်ချက်စကားအချို့ကို ကြားသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ယုံကြည်ကြပြီး မိမိတို့နှင့် ရင်းနှီးသော ပတ်ဝန်းကျင်ရှိသူတို့ထံ လျင်မြန်စွာ ဖြန့်ဝေကြသည်။ ကောလာဟလများ ပျံ့နှံ့သည်နှင့်အမျှ အသေးစိတ်အချက်အလက်များက ပို၍ များပြားကာ ပြည့်စုံလာပြီး၊ နောက်ဆုံးတွင် ကောလာဟလများသည် စစ်မှန်သော ဖြစ်ရပ်များကဲ့သို့ ဖြစ်လာသည်။ အချိန်၊ နေရာနှင့် ဇာတ်ကောင်များကဲ့သို့သော အချက်များအားလုံးက နေရာတကျဖြစ်နေသည်။ ထိုသို့သော ကောလာဟလများသည် လူသိရှင်ကြား ဖြန့်ဝေနိုင်သည့် သတ်မှတ်ချက်များကို ပြည့်မီသည် မဟုတ်လော။ မည်သည့် သတင်းအချက်အလက်ကို ဖြန့်ဝေနေခြင်းဖြစ်သနည်း။ ကောလာဟလဖြန့်သူက “ယနေ့နှင့်ပတ်သက်၍ ပြောရမည့် အရေးကြီးသည့်အရာတစ်ခုရှိသည်။ ကျွန်ုပ်မပြောလျှင် စိတ်ထဲတွင် မသက်မသာ ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းကိုပင် အာရုံစိုက်နိုင်မည် မဟုတ်ပါ။ ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ် အလွန် စိတ်လှုပ်ရှားမိပါသည်။ ယခု ဘုရားသခင်ကို ယုံကြည်သော ကျွန်ုပ်တို့သည် နောက်ဆုံးတွင် မျှော်လင့်ချက် ရှိပြီဖြစ်သည်”ဟု ပြောဆိုကြသည်။ မျှော်လင့်ချက်ရှိသည်ဟု လူတိုင်းကြားသည့်အခါ၊ ၎င်းတို့သည် စိတ်ဝင်စားလာကြပြီး စိတ်အားထက်သန်လာကြသည်၊ ဤအကြောင်းအရာက အလွန် စိတ်ဝင်စားဖွယ်ကောင်းပေသည်။ ၎င်းတို့က “ဘုရားသခင်၏ အမှုတော်သည် မကြာမီ ပြီးဆုံးတော့မည်။ သူ၏အမှုတော် အဆုံးသတ်ခြင်းနှင့်ပတ်သက်၍ ယခင်က ဘုရားသခင် ပရောဖက်ပြုခဲ့သော နိမိတ်လက္ခဏာအချို့ ဖြစ်ပေါ်နှင့်ပြီးဖြစ်သည်။ ဥပမာအားဖြင့်၊ လနှင့် နေ၏ အခြေအနေ၊ အရှေ့နှင့် အနောက်တိုင်းက အခြေအနေ၊ နိုင်ငံတစ်ခုစီရှိ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အရေအတွက်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်သော လူမည်မျှရှိသည် စသည်တို့ဖြစ်သည်။ ဘုရားသခင်၏ အမှုတော် ပြီးဆုံးခြင်းနှင့်ဆိုင်သော ဤနိမိတ်လက္ခဏာများသည် ယခုတွင် ကျွန်ုပ်တို့၏ ရှေ့မှောက်၌ ရှိနေပြီ။ ကျွန်ုပ်တို့ အမြန် ပြင်ဆင်ရန် လိုအပ်သည်”ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “ကျွန်ုပ်တို့ မည်သည့်အရာ ပြင်ဆင်သင့်သနည်း” ဟု မေးသည်။ ကောလာဟလဖြန့်သူက “ကျွန်ုပ်တို့သည် ကောင်းမှုများကို ပြင်ဆင်သင့်ပြီး အစားအစာကို ပြင်ဆင်သင့်သည်။ ပြီးလျှင် ကျွန်ုပ်တို့၏ စုဆောင်းငွေအားလုံးကို ဘုရားသခင်ထံ အလှူငွေအဖြစ် အမြန်ပေးသင့်သည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သည် ကောင်းသော ပန်းတိုင်တစ်ခုကို ရရှိနိုင်မည်” ဟု ပြောဆိုသည်။ ၎င်းတို့က “ ထိုထိုသော နှစ်နှင့်လ၊ ထိုထိုသော ရက်စွဲနှင့် ထိုထိုသော အချိန်တစ်ခုတွင် ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားရန် ဘုရားသခင် စောင့်ဆိုင်းနေမည့် သတ်မှတ်ထားသော နေရာတစ်ခု၌ ကျွန်ုပ်တို့ စုဝေးရန် လိုအပ်သည်။ ဘုရားသခင်က ‘သင်သည် အရာရာကို မစွန့်လွှတ်လျှင်၊ ငါ၏ တပည့်တစ်ဦးဖြစ်ရန် မထိုက်တန်၊ ငါ၏ နောက်လိုက်တစ်ဦးဖြစ်ရန် မထိုက်တန်’ဟု မိန့်တော်မူခဲ့သည်။ ယခုတွင် ဘုရားသခင်၏ နေ့ရက်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပြီဖြစ်သည်။ ကျွန်ုပ်တို့သည် လောကီအရာအားလုံးကို လက်လွှတ်ရမည်၊ ကျွန်ုပ်တို့၏ အလားအလာများနှင့် အသက်မွေးဝမ်းကျောင်းများကိုသာမက၊ ကျွန်ုပ်တို့၏ မိသားစုများ၊ ဆွေမျိုးများနှင့် ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကိုပါ လက်လွှတ်ရမည်။ ကျွန်ုပ်တို့သည် လောကီယှက်နွှယ်မှုများအားလုံးကို စွန့်လွှတ်ရမည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့တွေ့ဆုံကြတော့မည်”ဟုလည်း ပြောဆိုကြသည်။ လူအများစုက “ဤအရာသည် မှန်သလော”ဟု မေးကြသည်။ ကောလာဟလဖြန့်သူက “ဟုတ်ပါသည်။ ကျွန်ုပ်၏ အိမ်နှင့် ကားကို ရောင်းပြီးဖြစ်ကာ ကျွန်ုပ်၏ စုဆောင်းငွေများကိုလည်း ထုတ်ယူပြီးဖြစ်သည်။ ကျွန်ုပ်ကို သင် မယုံကြည်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့်ရှုလော့။ အခန်းကြီးတစ်ခန်းတွင်၊ ဝါကျတစ်ကြောင်းကို အနက်ကောက်ခြင်းက လိပ်စာတစ်ခုကို ထုတ်ဖော်ပြသည်၊ ပြီးလျှင် အခြားအခန်းကြီးတစ်ခန်းတွင်၊ ကျမ်းပိုဒ်တစ်ပိုဒ်ကို အဓိပ္ပာယ်ဖော်ခြင်းက နှစ်နှင့် လကို ထုတ်ဖော်ပြသည်”ဟု ပြောဆိုသည်။ ဤအရာကို ကြားသည့်အခါ၊ စိတ်လှုံ့ဆော်ခြင်းမခံရသူ တစ်ဦးတလေ ရှိသလော။ ဤစကားများကို ပိုင်းခြားသိမြင်နိုင်သူ တစ်ဦးတလေ ရှိသလော။ ဤအရာများသည် လူတို့ အလွန်အရေးထားကြသည့်အရာများ မဟုတ်လော။ ဤအရာများသည် လူတို့ အချိန်ကြာမြင့်စွာ မျှော်လင့်ခဲ့ကြသည့်အရာများ မဟုတ်လော။ အချို့လူတို့သည် ဤအရာကို ကြားပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့်ရှုကာ အမှန်တကယ် ကိုက်ညီသည်ဟု တွေးထင်ပြီးနောက် အရန်အစီအစဉ်တစ်ခုကို စတင်စဉ်းစားကြသည်။ အချို့လူတို့သည် စိတ်ထဲတွင် သံသယရှိသော်လည်း၊ “ဖော်ပြထားသော နှစ်နှင့် နေ့ရက်သည် အနည်းငယ် လှမ်းသေးသော်လည်း၊ အနည်းဆုံးအနေဖြင့် တိကျသော နေ့စွဲနှင့် အချိန်တစ်ခု ရှိသည်၊ ထို့ကြောင့် ကျွန်ုပ်တို့၌ မျှော်လင့်ချက် ရှိသည်”ဟု တွေးလျက် ယင်းမှာ အမှန်ဖြစ်သည်ဟု မျှော်လင့်နေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ယင်းကို အမှန်တကယ် မယုံကြည်သော်လည်း၊ အတိုင်းအတာတစ်ခုအထိ အာရုံစိုက်နေကြဆဲ ဖြစ်သည်။ ဤအာရုံစိုက်မှုက မည်သည့်အရာကို ညွှန်ပြသနည်း။ လူတို့သည် ဤအရာများ၏ လွယ်ကူစွာ လွှမ်းမိုးခြင်းနှင့် စိတ်အနှောင့်အယှက်ပေးခြင်းကို ခံရကြောင်း ယင်းက ပြသသည်။ ဤကောလာဟလအမျိုးအစားသည် အသင်းတော်၌ ကျယ်ပြန့်စွာ စတင်ပျံ့နှံ့သည်နှင့်တစ်ပြိုင်နက်၊ လူ ၈၀ မှ ၉၀ ရာခိုင်နှုန်းသည် အလွန်အမင်း စိတ်လှုပ်ရှားကြပြီး၊ “ငါတို့ မျှော်လင့်နေခဲ့သောနေ့ရက်သည် နောက်ဆုံးတွင် ရောက်လာတော့မည်။ ဘုရားသခင်သည် ငါတို့၏ ဆုတောင်းချက်များကို ကြားရလေပြီ။ ဘုရားသခင်သည် ငါတို့ကို ချစ်ပြီး ငါတို့ကို စွန့်ပစ်ခြင်းမရှိလေပြီ”ဟု တွေးလျက် စိတ်ခံစားမှုများ တဟုန်ထိုး တက်လာကြသည်။ စုဝေးပွဲများအတွင်းတွင် ထိုသို့သော အကြောင်းအရာများကို ဖြန့်ဝေခြင်း၏ အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ ယင်းသည် လူတိုင်း၏ စိတ်ခံစားမှုများကို ထိခိုက်စေမည်လော။ လူတို့သည် ငြင်းပယ်လိုလျှင်ပင် ငြင်းပယ်နိုင်မည် မဟုတ်ပေ။ ကောလာဟလ၏ ဝါကျတိုင်းသည် မယုံကြည်ဖို့ မဖြစ်နိုင်အောင်ဖြစ်စေလျက် ၎င်းတို့၏ စိတ်နှလုံးများကို ထိမှန်မည်ဖြစ်သည်။ လူတို့သည် ဤစကားများကို ယုံကြည်ရန် အလားအလာ အများဆုံးဖြစ်သည်၊ ၎င်းတို့အနေဖြင့် ရာနှုန်းပြည့် မသေချာလျှင်ပင်၊ “ဘုရားသခင်နောက်လိုက်ရင်း ကျွန်ုပ်တို့ ဆင်းရဲဒုက္ခ မည်မျှခါးစည်းခံရပြီဖြစ်သည်ကို ဆင်ခြင်သုံးသပ်သည့်အခါ၊ လောက၏ ငြင်းပယ်ခြင်းကို ခံရခြင်း၊ အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရခြင်း၊ ဘာသာရေးလောက၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရခြင်း၊ အသက်ပင် မရှူနိုင်လုမတတ်ဖြစ်ခြင်း၊ အစဉ်သဖြင့် ကြောက်ရွံ့မှုဖြင့် အသက်ရှင်နေရခြင်းဟူသည့် ဤနေ့ရက်များသည် မည်သည့်အချိန်တွင် ကုန်ဆုံးမည်နည်း။ ယခု ဘုရားသခင်၏ နေ့ရက်သည် နောက်ဆုံးတွင် ရောက်ရှိလာပေပြီ” ဟု တွေးလျက် ယင်းကို အမှန်ဖြစ်ဖို့ ဆန္ဒရှိနေကြဆဲ ဖြစ်သည်။ ဤအတွေးများသည် သင်၏ စိတ်နှလုံးကို အုံကြွစေသည်- “ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အလွန်များစွာ အသုံးခံပြီးဖြစ်သည်။ ဘုရားသခင်နောက်လိုက်ရာတွင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အလွန်ခိုင်မာပြတ်သားသည်။ ကျွန်ုပ်တို့ ကြားနေရသည့်အရာသည် အမှန်ဖြစ်ရမည်။ ကျွန်ုပ်တို့သည် ဤလောက၌ လှည့်လည်သွားလာပြီး ဆင်းရဲဒုက္ခ မခံစားသင့်တော့ပါ။ ထိုသို့မခံစားရဖို့ ကျွန်ုပ်တို့ ထိုက်တန်ပါသည်” ဟူ၍ ဖြစ်သည်။ သင်၌ ဤအတွေးရှိသည့်အခါ၊ ပြီးလျှင် သင်သည် ဤကောလာဟလနှင့်ပတ်သက်၍ အလွန်ယုံကြည်စိတ်ချပြီး စိတ်ပြင်းပြနေသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလိုသေးသလော။ ဤအချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် မည်သည့်ကျမ်းပိုဒ်ကိုမဆို ဖတ်ရှုခြင်းက မလိုလားအပ်ဟု ထင်ရသည် မဟုတ်လော။ သင်က၊ “အဘယ်ကြောင့် ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကို မျှဝေခြင်းသည် အလွန်မလိုအပ်ဟု ထင်ရသနည်း။ ဘုရားသခင်ထံ ဆုတောင်းရန် မလိုအပ်တော့ပါ၊ မှန်သလော။ ဘုရားသခင်၏ နေ့ရက်သည် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ငါတို့သည် မကြာမီ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံကြတော့မည်၊ သို့ဖြစ်၍ ယခု ဘုရားသခင်ထံ ဆုတောင်းခြင်းသည် ငါတို့က ဘုရားသခင်ကို မလေးစားသည့်သဘောဖြစ်မည် မဟုတ်လော။ ဇာတိပကတိဖြင့် အသက်ရှင်ချိန်၊ ဘုရားသခင်နှင့် အလှမ်းဝေးကွာနေချိန်တွင်၊ ငါတို့၏ တမ်းတမှုကို သက်သာစေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ လိုအပ်ခဲ့သည်။ ယခု၊ ငါတို့သည် ဤလောကကို ကျော်လွန်ပြီး မကြာမီ ဘုရားသခင်နှင့် လူကိုယ်တိုင် တွေ့ဆုံကြတော့မည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် မလိုအပ်တော့ပါ။ ငါတို့ ယခုလုပ်ဆောင်နေသည့် မည်သည့်အရာကမျှ ထိုသတ်မှတ်ထားသော နှစ်၊ လ၊ ရက်၊ အချိန်တွင် ဘုရားသခင်နှင့် တွေ့ဆုံခြင်းလောက် အနှစ်သာရ မရှိပါ။ ယင်းသည် မည်မျှ အံ့ဖွယ်ကောင်းသော အရာဖြစ်လိမ့်မည်နည်း။ ထိုနေ့၊ ထိုနေရာတွင် ဘုရားသခင်နှင့် တွေ့ဆုံခြင်းနှင့် နှိုင်းယှဉ်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် အလွန်အရေးမပါဟု ထင်ရသည်”ဟု ခံစားရသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ နောက်ထပ် အာရုံမစိုက်နိုင်တော့ပေ။ သင်၏ စိတ်နှလုံးသည် ထိုနေ့ရက် ချက်ချင်းရောက်ရှိလာရန် တမ်းတရင်း ဂနာမငြိမ်ဖြစ်လာသည်။ ဤစိတ်အခြေအနေကို ဖော်ပြရန် ခက်ခဲသည် မဟုတ်လော။ ထိုသို့သော ကောလာဟလများသည် လူအများ၏ အကြိုက်များနှင့် အလွန်ကိုက်ညီပြီး အသင်းတော်အတွင်း၌ အလွန်လွယ်ကူစွာ ပျံ့နှံ့နိုင်သည်။ လူတစ်ဦးက နှစ်ဦးထံ ဖြန့်ဝေသည်၊ နှစ်ဦးက ဆယ်ဦးထံ ပြောပြသည်၊ ပြီးလျှင် ကောလာဟလများက အသင်းတော်တစ်ပါးမှ နှစ်ပါးသို့၊ နှစ်ပါးမှ ငါးပါးသို့ ပို၍ ပိုကျယ်ပြန့်သည်ထက် ကျယ်ပြန့်စွာ ပျံ့နှံ့လျက် ပိုပိုပြီး ပျံ့နှံ့လာသည်။ အကျိုးဆက်များမှာ အဘယ်နည်း။ ဤကောလာဟလများသည် လူတို့အား ဘုရားသခင်ကို သံသယဝင်စေသည်၊ ဘုရားသခင်နှင့် ခပ်ကင်းကင်းနေစေသည်၊ လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို မေ့လျော့စေသည်၊ ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်ကို မေ့လျော့စေပြီး ၎င်းတို့ လိုက်လျှောက်သင့်သော လမ်းခရီးကို မေ့လျော့စေသည်။ ထိုအစား၊ ၎င်းတို့သည် ဘုရားသခင်၏ နေ့ရက် ရောက်ရှိလာသည်ကို မြင်တွေ့ရန်နှင့် ၎င်းတို့ ကောင်းချီးမင်္ဂလာများ ရရှိနိုင်ခြင်း ရှိ၊ မရှိဟူသည်ကို မြင်တွေ့ရန် စွဲစွဲမြဲမြဲ လိုက်စားကြသည်။ ထိုနေ့ရက် အမှန်တကယ် ရောက်ရှိလာပြီး မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါမှသာ၊ ကောလာဟလများကို ယုံကြည်ခြင်းသည် ၎င်းတို့၏ အသက်တာကို နစ်နာဆုံးရှုံးစေခဲ့ကြောင်း လူတို့ နားလည်ကြသည်။ ထိုအခါ သင်သည် လိမ္မာသော ပုံစံဖြင့် ကျင့်ကြံပြုမူလျက်၊ သင်၏ တာဝန်ကို စွဲကိုင်လျက်၊ လက်တွေ့ကျကျ သမ္မာတရားကို လိုက်စားလျက်၊ အမှုအရာအားလုံး၌ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ကျင့်ကြံပြုမူပြီး သင်၏ တာဝန်ကို ထမ်းဆောင်လျက် ယခင်ကကဲ့သို့ ပြန်ဖြစ်နိုင်သေးသလော။ အချိန်သည် ကုန်လွန်နှင့်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ပြန်လည်ရယူနိုင်ခြင်း မရှိပေ။ ဤအတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း။ သမ္မာတရားကို လိုက်စားသူတစ်ဦး မည်သည့်အခါကမျှ မဟုတ်ခဲ့သည့်အတွက် သင့်ကိုယ်သင် အပြစ်တင်လော့။ သင်သည် လေထဲတွင် တိုက်အိမ်ဆောက်တတ်သူဖြစ်ပြီး အကျိုးဆက်အနေဖြင့် ကောလာဟလများ၏ လှည့်ဖြားခြင်းကို ခံခဲ့ရပေသည်။
ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို နားမလည်သောသူတို့အတွက်မူ၊ ကောလာဟလတစ်ခုတည်းက ၎င်းတို့ကို အတိုင်းအဆမရှိသော ချောက်နက်ကြီးထဲသို့ ပို့ဆောင်နိုင်ပြီး ပျက်စီးစေနိုင်သည်။ အတိုင်းအဆမရှိသော ချောက်နက်ကြီးဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ မူလက၊ သင်သည် ဘုရားသခင်ကို ပုံမှန်ယုံကြည်ခြင်း ရှိခဲ့ပြီး ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက်ရှိခဲ့သော်လည်း၊ ကောလာဟလတစ်ခုတည်းက သင့်ကို လမ်းလွဲသွားစေခဲ့သည်။ ထိုအရာကို မသိလိုက်ဘဲ၊ သင်သည် စာတန်၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရသည်၊ သင်သည် စာတန်ပြောသော နတ်ဆိုးဆန်သည့် စကားများကို ယုံကြည်ခဲ့ပြီး ၎င်းနောက်သို့ လိုက်ခဲ့ပြီဖြစ်သည်။ သင်သည် စာတန်က သင့်အတွက် ချမှတ်ပေးသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းပြီး လိုက်စားကာ သင် ရှေ့ဆက်သွားလေ၊ သင်၏ စိတ်နှလုံးက ပို၍ မှောင်မိုက်လေဖြစ်လာပြီး သင်သည် ဘုရားသခင်ထံမှ ပို၍ လမ်းလွဲလေ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို လုံးဝ စွန့်ခွာပြီး ငြင်းပယ်ပြီးဖြစ်သည့်အခါ၊ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ ရှိရုံသာမက၊ ပို၍ ဆိုးရွားသည်မှာ၊ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မကျေနပ်ချက်များနှင့် ဘုရားသခင်ကို ငြင်းပယ်ခြင်းတို့ ဖြစ်ပေါ်လာသည်။ သင်သည် ဤအဆင့်သို့ ရောက်သည့်အခါ၊ သင့်အတွက် လမ်းဆုံးဖြစ်သည် မဟုတ်လော။ ဤသည်မှာ အတိုင်းအဆမရှိသော ချောက်နက်ကြီး မဟုတ်လော။ ဤသည်မှာ သင် မြင်လိုသည့်အရာတစ်ခုလော။ သင်သည် ဤအဆင့်သို့ ရောက်သည့်အခါ၊ ကယ်တင်ခြင်းကို ရရှိနိုင်သေးသလော။ မရရှိနိုင်တော့သည့်အပြင်၊ ပြန်လှည့်ရန် အလွန်ခက်ခဲသွားသည်။ အဘယ်ကြောင့်နည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အလုပ်လုပ်ခြင်းကို ရပ်တန့်လိုက်ပြီးဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်ခြင်းကို ရပ်တန့်ပြီးဖြစ်ကာ သင်သည် အမှောင်ထုဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။ သင်နှင့် ဘုရားသခင်အကြားတွင် မြင့်မားသော တံတိုင်းတစ်ခုကို ထူထောင်ထားပြီးဖြစ်သည်။ ဤတံတိုင်းကား အဘယ်နည်း။ ယင်းမှာ စာတန်က သင့်ထဲသို့ သွတ်သွင်းခဲ့သော အယူအဆများ၊ စိတ်ကူးများနှင့် ကောလာဟလများအပြင်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရ၊ အဆင့်အတန်း စသည်တို့ကဲ့သို့သော အပြုသဘောဆောင်သည့် အရာများနှင့်ပတ်သက်၍ သင်၏ အသိပညာသည် ရုတ်တရက် ဝါးလာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အထိပင် ဖြစ်သည်။ ဤသည်မှာ အလွန် ကြောက်လန့်ဖွယ်ကောင်းသည်။ ဤသည်မှာ အတိုင်းအဆမရှိသော ချောက်နက်ကြီးထဲသို့ ကျရောက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤအခြေအနေသို့ သင် ကျရောက်သည့်အခါ၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး အဖိုးအခကို ပေးနိုင်သေးသလော။ ကယ်တင်ခြင်းကို ရရှိရန် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် သင် လျှောက်လှမ်းနိုင်သေးသလော။ သင့်ကို ငါ ပြောမည်၊ ပြန်လှည့်ရန် အလွန်ခက်ခဲပေသည်။ ဤသည်မှာ လမ်းလွဲစေခြင်းကို ခံရခြင်းဖြစ်သည်။ ကောလာဟလတစ်ခုတည်းသာ၊ သင်သည် ခဏတာ သတိမထားဘဲ အထင်အမြင်မှားစေခြင်းကို ခံရလျှင်၊ မတွေးဝံ့စရာ ရလဒ်များ ရှိနိုင်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သည့် ထိုသို့သော ကောလာဟလများ အသင်းတော်၌ ပေါ်ပေါက်လာသည့်အခါ၊ ယင်းတို့ကို ချက်ချင်း တားဆီးပြီး ကန့်သတ်သင့်သည်။ လူတစ်ဦးသည် မရှိသည့်အရာကို အရှိလုပ်၍ လုပ်ကြံဖန်တီးခြင်းမပြုရသည့်အပြင်၊ လူတို့ကို အထင်အမြင်မှားစေပြီး လမ်းကြောင်းမှန်မှ သွေးဆောင်ဖယ်ရှားရန်အလို့ငှာ လူတို့ ကြားလိုသည့် အလိမ်အညာအမျိုးမျိုးကို မဖန်တီးရပေ။ လူတို့သည် ဤအကြောင်းအရာများကို နှစ်သက်လျှင်ပင်၊ မိမိ၏ စိတ်နှလုံးထဲတွင် ထိုအရာများကို အာရုံစိုက်ပြီး ဖြန့်ဝေခြင်းက အဘယ်အကျိုးရှိသနည်း။ ထိုအရာက မည်သည့် အကျိုးကျေးဇူးကို ရရှိနိုင်မည်နည်း။ အချို့လူများက “သူ၏ နှုတ်ဖြစ်သည့် သူအလိုရှိသမျှကို ထိုလူပြောနိုင်သည်။ သို့ဖြစ်၍ သူဆန္ဒရှိသည့်အတိုင်း ပြောပါစေ”ဟု ဆိုကြသည်။ ယင်းမှာ မည်သည့်အရာ ပြောဆိုလျက်ရှိသည်ဟူသည့်အပေါ် မူတည်သည်။ အကယ်၍ ယင်းသည် လူတို့ကို တည်ဆောက်ပေးသည့်အရာတစ်ခုဖြစ်ပါက၊ ပြော၍ရပြီး ဖြန့်ဝေ၍ရသည်။ မည်သည့်နည်းလမ်းဖြင့်မဆို ဖြန့်ဝေနိုင်သည်။ သို့သော် ဤကောလာဟလများသည် လူတို့ကို အနည်းငယ်မျှပင် တည်ဆောက်ပေးခြင်း မရှိပေ။ ယင်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ အာရုံကို လွှဲသွားစေသည်။ ၎င်းတို့၏ လိုက်စားမှုကို နှောင့်ယှက်ပြီး လမ်းကြောင်းမှန်မှ လမ်းလွဲစေသည်။ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ထိခိုက်စေသည်၊ ၎င်းတို့၏ တာဝန်ကို ပုံမှန်ထမ်းဆောင်ခြင်းအား ထိခိုက်စေပြီးအသင်းတော်အလုပ်၏ ပုံမှန် အစီအစဉ်ကို ထိခိုက်စေသည်။ လူတို့သည် ဤကောလာဟလများကို လက်ခံသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ ၎င်းတို့ မလွတ်မြောက်နိုင်သော ဝင်္ကပါထဲတွင် ပိတ်မိနေသကဲ့သို့ ဖြစ်သည်။ သို့ဖြစ်၍၊ ဤကောလာဟလများကို သင် ကြားသည့်အခါ၊ တစ်စုံတစ်ဦးက သင့်ကို တစ်ဦးတည်း ပြောလျှင်၊ ယင်းတို့ကို သင်ငြင်းပယ်သင့်သည်။ အကယ်၍ သူသည် ထိုအရာများကိုအခြားသူများအကြားတွင် ပြောဆိုလျှင်၊ သင်သည် ယင်းတို့ကို ငြင်းပယ်ရုံသာမက ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည်။ ပိုများသောလူတို့အား အထင်အမြင်မှားစေခြင်းကို မခံစေနှင့်။ အထူးသဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ်၊ သို့မဟုတ် နှစ်နှစ် သို့မဟုတ် သုံးနှစ်သာ ယုံကြည်သူဖြစ်သေးသည့် သူတို့၏ အခြေအနေတွင်၊ ၎င်းတို့သည် ပန်းတိုင်၊ ဘုရားသခင်နှင့် တွေ့ဆုံခြင်းနှင့် ချီဆောင်ခြင်း ကိစ္စရပ်များကို ထိုးထွင်းမသိမြင်နိုင်သေးပေ။ ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားမှု မဖြစ်ပေါ်သေးသည့်အပြင်၊ ၎င်းတို့၏ ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းနှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားခြင်းအတွက် လမ်းကြောင်းမရှိကြပေ။ ထိုသို့သော အခြေအနေများတွင်၊ ၎င်းတို့သည် ဤကောလာဟလများ၏ အလွယ်ကူဆုံး အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ခံရပြီး၊ ၎င်းတို့ အထင်အမြင်မှားစေခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ အကျိုးဆက်များမှာ မတွေးဝံ့စရာ ဖြစ်သည်။ ယင်းမှာ အဆိပ်ကို စားသုံးခြင်းနှင့်တူသည်။ ဖြေဆေးရှိလျှင်ပင်၊ သင်၏ ခန္ဓာကိုယ်ကို ပျက်စီးစေပြီး ဖြစ်ဆဲပင် မဟုတ်လော။ သင် အသက်ရှင်လျှင်ပင်၊ သင်၏ ခန္ဓာကိုယ်က ခံစားရသော ဆင်းရဲဒုက္ခနှင့် ပျက်စီးစေခြင်းတို့ကို လျစ်လျူရှု၍ရနိုင်သလော။ ထို့ကြောင့်၊ ဤကောလာဟလများနှင့် ရင်ဆိုင်ရသည့်အခါ၊ သင်သည် ယင်းတို့ကို ပုံပြင်များအဖြစ်ဖြစ်စေ၊ စစ်မှန်သောဖြစ်ရပ်များအဖြစ်ဖြစ်စေ သဘောမထားဘဲ၊ ပိုင်းခြားသိမြင်ပြီး ငြင်းပယ်ရမည်။ အချို့လူတို့သည် ဤကောလာဟလများကို သမ္မာတရားဖြစ်သည့်အလား မျှဝေလျက် အထူးစိတ်ဝင်စားကြပြီး နေရာတိုင်းတွင် ဖြန့်ဖြူးကာ ဖြန့်ဝေကြသည်။ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤသည်မှာ စာတန်၏ အစေခံများအဖြစ် ပြုမူဆောင်ရွက်ခြင်း မဟုတ်လော။ ထိုသို့သော လူတို့ကို ပြုပြင်ပြီး သတိပေးသင့်သည်။ အကယ်၍ ၎င်းတို့ နောင်တမရလျှင်၊ ရှင်းလင်းပစ်သင့်သည်။ တစ်ချိန်ချိန်တွင် ၎င်းတို့ အသိဝင်လာပြီး “ကောလာဟလများကို ဖြန့်ဝေခြင်းသည် မှားယွင်းခဲ့သည်။ ကျွန်ုပ်သည် စာတန်၏ အစေခံတစ်ဦးအဖြစ် ပြုမူဆောင်ရွက်နေမိခဲ့ပြီး ယင်းတို့ကို တစ်ဖန် လုံးဝ ဖြန့်ဝေတော့မည်မဟုတ်ပါ”ဟု ဆိုလျှင်၊ ၎င်းတို့ကို စောင့်ကြည့်လေ့လာနိုင်သည်။ အကယ်၍ ၎င်းတို့သည် နောင်တရပြီး ကောင်းသော အပြုအမူကို ပြသလျှင်၊ ၎င်းတို့ကို အသင်းတော်ထဲသို့ လောလောဆယ် ပြန်လည်လက်ခံ၍ရသည်။ အကယ်၍ ၎င်းတို့ အကျင့်ဟောင်းပြန်ပေါ်လာလျှင် ၎င်းတို့ကို ရှင်းလင်းပစ်သင့်ပေသည်။
ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော ကောလာဟလများသည် ဤအရာများနှင့်သာ ကန့်သတ်မထားပါ။ လူတို့သည် စိတ်ဖြာလေ့လာပြီး စိစစ်သုံးသပ်ရန် မိမိတို့၏ စိတ်ကူးများနှင့် အယူအဆများအပြင်၊ မိမိတို့၏ စိတ်များကို အသုံးပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လွတ်လပ်စွာ မှတ်ချက်ပေးရန် မိမိတို့၏ အိပ်မက်များကိုပင် မှီခိုအားကိုးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပရောဖက်ပြုချက်အမျိုးမျိုးတို့အပြင်၊ လူ့အဖွဲ့အစည်းနှင့် လောကထဲက အမျိုးမျိုးသော ကပ်ဘေးများ၊ နိမိတ်လက္ခဏာများနှင့် ဖြစ်ရပ်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ၎င်းတို့သည် ကောလာဟလများစွာကို လုပ်ကြံပြောဆိုကြသည်။ လူများစွာတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် စည်းမျဉ်းများကို ရှာဖွေခြင်း၌ ပုံမှန် ကြိုးစားအားထုတ်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်ဖတ်ရှုခြင်းမရှိ သို့မဟုတ် သမ္မာတရား၌ ပုံမှန် ကြိုးစားအားထုတ်ခြင်း မရှိကြပေ။ ထိုအစား၊ ၎င်းတို့သည် “ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် မည်သို့ အစပြုခဲ့သနည်း။ မည်သူက အားလုံးကို အစပြုခဲ့သနည်း။ လူတို့သည် မည်သည့်အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ခဲ့ကြသနည်း။ မည်သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သနည်း” ဟူသကဲ့သို့သော မေးခွန်းများကို တွေးဆကြသည်။ ၎င်းတို့သည် ဤအပြင်ပန်းဖြစ်စဉ်များနှင့် အသင်းတော်၏ စီမံအုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းပုံ၊ ဝန်ထမ်းရေးရာ စသည်တို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ဤသို့သာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက်၊ ၎င်းတို့သည် ထိုအရာအားလုံးကို အကျဉ်းချုပ်ပြီး စည်းမျဉ်းများ သို့မဟုတ် ဖြစ်စဉ်များဟုဆိုသော အရာအချို့ကို စိတ်ကူးရပြီး ထိုအရာများကို သမ္မာတရားဖြစ်သည့်အလား အသင်းတော်၌ ဖြန့်ဝေကြသည်။ ၎င်းတို့ကို ဖြန့်ဝေသည့်အခါ၊ ၎င်းတို့သည် အထင်းသားပြီး စေ့စပ်သေချာသော ပုံစံဖြင့် ဖော်ပြကြကာ ပိုင်းခြားသိမြင်မှုမရှိသောသူတို့သည် ၎င်းတို့က ဘုရားသခင်၏ အမှုတော်ကို ဆွေးနွေးနေကြသည်ဟုပင် ထင်ကောင်းထင်ကြပေမည်။ သို့သော်လည်း၊ ပိုင်းခြားသိမြင်မှုရှိသောသူတို့ကမူ၊ “သင်သည် အဓိပ္ပာယ်မရှိသောအရာကို လေရှည်နေပြီး မိစ္ဆာအယူဝါဒများနှင့် မှားယွင်းသော အဆိုများကို ထုတ်လွှင့်နေခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏ အမှုတော်ကို ဝေဖန်နေခြင်း မဟုတ်လော။ ဤသည်မှာ သိနားလည်မှုနှင့် အတွေ့အကြုံများကို မျှဝေနေခြင်းမဟုတ်။ ယင်းမှာ သမ္မာတရားနှင့် ဆက်စပ်ခြင်းမရှိပေ။ ဤသည်မှာ ကောလာဟလများကို လုပ်ကြံဖန်တီးနေခြင်းဖြစ်ပြီး ချက်ချင်း တားဆီးရမည်။ သို့မဟုတ်ပါက အချို့လူတို့သည် အထင်အမြင်မှားစေခြင်းကို ခံကြရလိမ့်မည်”ဟု တွေးကြသည်။ ကောလာဟလများအဖြစ် သတ်မှတ်ချက်ပြည့်မီသည့် ဤမှားယွင်းသော အဆိုများနှင့် မိစ္ဆာအယူဝါဒများသည် သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် လူတို့၏ သမ္မာတရားကို သိနားလည်မှုအား နှောင့်ယှက်သည်။ ကောလာဟလများကို ဖြန့်ဝေခြင်း လုပ်ရပ်က အသင်းတော်၌ ပေါ်ပေါက်လာသည့်အခါ၊ ချက်ချင်း တားဆီးသင့်သည်။
ဘုရားသခင်၏ အမှုတော်ကို ဝေဖန်သည့် နတ်ဆိုးဆန်သော စကားများဖြစ်သည့် ကောလာဟလအချို့လည်း ရှိသည်။ ဥပမာအားဖြင့်၊ ဘုရားသခင် မည်သူ့ကို ချစ်သည်၊ မည်သူ့ကို ကယ်တင်သည်၊ မည်သူ့ကို စုံလင်အောင်ပြုသည်ဟူသည်တို့နှင့်စပ်လျဉ်း၍၊ အချို့လူတို့သည် မိမိတို့၏ မဖြစ်စလောက်သော ပါးနပ်မှုကို အသုံးချလျက်၊ “လောက၌ တတ်စွမ်းသောသူများ၊ အရာရှိများအဖြစ် အမှုထမ်းပြီးသောသူများနှင့် လုပ်ငန်းများတွင် ဌာနမှူးများ သို့မဟုတ် စီအီးအိုများ ဖြစ်ခဲ့သောသူတို့သည် ဘုရားအိမ်တော်သို့ ရောက်လာသည့်အခါ၊ ခေါင်းဆောင်များ တိုက်ရိုက် ဖြစ်လာကြသည် သို့မဟုတ် ချက်ချင်းပင် အထွေထွေ အရေးကိစ္စများနှင့် ဘဏ္ဍာရေးရာများကို တာဝန်ယူကြသည်။ ဤလူတို့သည် ဘုရားက စုံလင်အောင်ပြုသောသူများ ဖြစ်သည်”ဟု ပြောဆိုလျက် စောင့်ကြည့်လေ့လာပြီး အကျဉ်းချုပ်ကြသည်။ ဤသည်မှာ ကောလာဟလများကို လုပ်ကြံဖန်တီးနေခြင်း မဟုတ်လော။ ဤသည်မှာ အမှန်ပင် ကောလာဟလများကို လုပ်ကြံဖန်တီးနေခြင်း ဖြစ်သည်။ ကောလာဟလဟူသည် အဘယ်နည်း။ ယင်းမှာ အဖြစ်မှန်များနှင့် မကိုက်ညီသော နည်းလမ်းဖြင့် တာဝန်မဲ့စွာ ပြောဆိုခြင်း၊ ကြောင်းကျိုးမမြင်သော ဝေဖန်ခြင်းများနှင့် အခြေအမြစ်မရှိသော ကောက်ချက်များကို ချခြင်းတို့ ဖြစ်သည်။ ဤစကားများအားလုံးသည် ကောလာဟလများချည်းသာ ဖြစ်ကြသည်။ အခြားလူများက “မည်သူမည်ဝါက ယွမ်သောင်းချီ အလှူငွေထည့်ခဲ့သည်။ သူ၏ ယုံကြည်ခြင်းသည် ကြီးမားသည်၊ သူသည် နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သည်”ဟု ပြောဆိုကြသည်။ ဤအရာသည် ငွေမရှိသောသူတို့ကို အပျက်သဘောဆောင်စေပြီး စိတ်ဆင်းရဲစေသည်။ ၎င်းတို့က “ကျွန်ုပ်သည်လည်း အတော်များများ အလှူငွေထည့်ခဲ့သော်လည်း၊ သူတို့ တစ်ကြိမ်တည်း ထည့်ဝင်ခဲ့သလောက် ပမာဏကို မမီပါ။ ဤသည်မှာ ကျွန်ုပ်သည် ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခြင်းကို မခံရနိုင်ဟု ဆိုလိုသလော။ ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သောသူတစ်ဦးကို မအလိုရှိသလော” ဟု ဆိုကြသည်။ ထို့နောက် ကောလာဟလများကို လုပ်ကြံဖန်တီးသော အခြားသူများက “ငွေချမ်းသာသောသူတို့သည် နိုင်ငံတော်ထဲသို့ မဝင်ရောက်နိုင်၊ ဘုရားသခင်သည် ဆင်းရဲသောသူတို့ကို အလိုရှိသည်” ဟု ဆိုကြသည်။ ထိုအခါ ထိုဆင်းရဲသောသူတို့သည် ပျော်ရွှင်လာကြသည်။ “ကျွန်ုပ်သည် ငွေများများ မလှူဒါန်းခဲ့သော်လည်း၊ ချမ်းသာသောသူများ ချန်ထားခံရစဉ်တွင် နိုင်ငံတော်ထဲသို့ ကျွန်ုပ် ဝင်ရောက်နိုင်သေးသည်” ဟူ၍ ဖြစ်သည်။ ကောလာဟလများကို လုပ်ကြံဖန်တီးသောသူတို့က မည်သည့်အရာကို ပြောဆိုစေကာမူ၊ ထိုအရာက ဆင်းရဲသောသူတို့ကို တစ်နည်းမဟုတ်တစ်နည်းဖြင့် လွှမ်းမိုးသည်။ ၎င်းတို့သည် ထိုအရာအားလုံးမှာ ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများသာဖြစ်သည်ဟူသည့်အချက်ကို ထိုးထွင်းမမြင်နိုင်ကြပေ။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အပြင် ပိုင်းခြားသိမြင်မှု ကင်းမဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် စဉ်ဆက်မပြတ် အထင်အမြင်မှားစေခြင်းကို ခံကြရသည်။ ကောလာဟလများကို လုပ်ကြံဖန်တီးသောသူများနှင့် ဖြန့်ဝေသောသူများ နှစ်ဦးလုံးသည် နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့ မည်မျှပင် ပြောဆိုစေကာမူ၊ မည်သည့်စကားများက အမှန်ဖြစ်ပြီး မည်သည့်စကားများက အမှားဖြစ်သည်ကိုလည်းကောင်း၊ ဤစကားများသည် အတိအကျ အဘယ်မှ လာသည်ကိုလည်းကောင်း၊ ဤစကားများကို ဖြန့်ဝေရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များက အတိအကျ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်ပန်းတိုင်များကို စွမ်းဆောင်ရရှိရန် ၎င်းတို့ မျှော်လင့်သည်ကိုလည်းကောင်း သင် မသိပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဤအရာများကို ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ ကောလာဟလများကို ကြောင်းကျိုးမမြင်ဘဲ လက်ခံပြီး ဖြန့်ဝေလျှင်၊ ယင်းက ၎င်းတို့ကို လူမိုက်တစ်ဦး ဖြစ်စေသည် မဟုတ်လော။ လူမိုက်တစ်ဦးကို လူလိမ်လူညစ်ဟုလည်း ခေါ်သည် မဟုတ်လော။ ဤစကားလုံးသည် မယဉ်ကျေးသော်လည်း၊ အတော်လေး သင့်လျော်သည်ဟု ငါ မြင်သည်။ အဘယ်ကြောင့် သင့်လျော်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူတို့သည် တာဝန်မဲ့စွာ ပြောဆိုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အချို့သော ဖြစ်စဉ်များကို အခြေခံ၍ မဆင်မခြင် ကောက်ချက်များချပြီး ကောလာဟလများကို လုပ်ကြံဖန်တီးကာ၊ ထို့နောက် ဤကောလာဟလများကို ပေါ့ပေါ့ဆဆ ဖြန့်ဝေပြီး ၎င်းတို့ကို အမှန်တကယ် ဖြစ်ရပ်များကဲ့သို့ ယုံကြည်ဖွယ်ရာ ဖော်ပြကြလျက် ကောလာဟလများကို သာမန်ကာလျှံကာ ဖြန့်ဝေကြလေသည်။ ရလဒ်အနေဖြင့် ယင်းသည် အချို့လူတို့ကို ထိခိုက်စေပြီး နှောင့်ယှက်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုကြ သို့မဟုတ် သမ္မာတရားကို နားမလည်ကြပေ။ ၎င်းတို့သည် အသင်းတော်၌ ကောလာဟလများကို ဖြန့်ဝေပြီး အဓိပ္ပာယ်မရှိသောစကားကို ပြောဆိုခြင်းဖြင့် ၎င်းတို့၏ နေ့ရက်များကို ကုန်ဆုံးကြသည်။ ယနေ့၊ ၎င်းတို့သည် တစ်စုံတစ်ဦးက အလှူငွေများစွာ ထည့်ဝင်သည်ကို မြင်ပြီး ထိုလူ ကယ်တင်ခြင်းခံရနိုင်သည်ဟု ဆိုကြသည်။ နက်ဖြန်၊ ထောင်ကျခဲ့ပြီး ယုဒတစ်ဦး ဖြစ်မလာခဲ့သော တစ်စုံတစ်ဦးကို ၎င်းတို့က မြင်ပြီး၊ “ထိုလူသည် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သည်။ သူသည် နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ပြီး ကောင်းသော ပန်းတိုင်တစ်ခု ရှိသည်။ အနာဂတ်တွင်၊ သူသည် ဘုရားအိမ်တော်၌ မြို့နှစ်ဆယ်ကို အုပ်စိုးလိမ့်မည်။ ကျွန်ုပ်တို့သည် သူနှင့် မယှဉ်သာသော ခြေကျင်တပ်သားများသာ ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ နတ်ဆိုးဆန်သော စကား မဟုတ်လော။ ဤသည်တို့မှာ ကောလာဟလများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤစကားများကို ပြောဆိုသောလူတို့၏ ကြံရွယ်ချက်များနှင့် ပန်းတိုင်များ မည်သို့ပင်ဖြစ်စေ၊ ထိုသို့သော စကားများသည် အချို့လူတို့ကို ထိခိုက်စေပြီး နှောင့်ယှက်မည် မဟုတ်လော။ အချို့လူတို့သည် ယုံကြည်ခြင်း အနည်းငယ်သာ ရှိခဲ့ပြီး၊ ဤကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများကို ကြားသည့်အခါ၊ ၎င်းတို့က “ငါ ကယ်တင်ခြင်းခံရနိုင်သလော။ ဘုရားသခင်သည် ငါ့ကို နှစ်သက်တော်မူသလော”ဟု စတင်တွေးဆကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများနှင့်ပတ်သက်၍ ချီတုံချတုံဖြစ်ပြီး စိုးရိမ်ပူပန်လျက် တစ်နေ့လုံး တွေးတောကြသည်။ ကောလာဟလများကို လုပ်ကြံဖန်တီးသောသူတို့၏ အခြေအမြစ်မရှိသော အဓိပ္ပာယ်မဲ့စကားများကြောင့်၊ ၎င်းတို့သည် မိမိတို့၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိဟု ခံစားရသဖြင့်၊ ဘုရားသခင်ရှေ့မှောက်သို့ လာပြီး၊ “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်ကို မချစ်ဘူးလော။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် အလွန်များစွာ စွန့်လွှတ်ခဲ့ပါသည်။ မည်သည့်အချိန်တွင် ကျွန်ုပ်သည် ကိုယ်တော့်ကို ကျေနပ်စေနိုင်မည်နည်း”ဟု ဆုတောင်းကြသည်။ ၎င်းတို့သည် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည်။ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့ပေ။ သို့ဖြစ်လျှင် ဤမကျေနပ်ချက်များသည် အဘယ်မှ လာသနည်း။ ယင်းတို့သည် ထိုကောလာဟလများကြောင့် ဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် အဆိပ်ခပ်ခံရပြီး ပြိုလဲသွားကြပြီဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ထုတ်ဖော်သည့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက်မဆို သို့မဟုတ် မိမိတို့ ကျူးလွန်မိပြီးဖြစ်သည့် မည်သည့် ပြစ်မှားခြင်းများအတွက်မဆို နောင်တတစ်ခုတလေ သို့မဟုတ် အပြစ်ရှိသည့်စိတ် တစ်ခုတလေ မခံစားရသော်လည်း၊ ဤအတွက်ကြောင့် မည်သည့်အခါမျှ မငိုကြွေးသော်လည်း၊ မျက်ရည်တစ်စက်မျှပင် မကျသော်လည်း၊ ကောလာဟလများကို လုပ်ကြံဖန်တီးသောသူတို့က ၎င်းတို့ကဲ့သို့သောလူတို့၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိဟု ပြောဆိုသည်ကို ကြားသည့်အခါ၊ ၎င်းတို့သည် ချက်ချင်း စိတ်သောကရောက်သွားကြသည်။ ၎င်းတို့ ထိခိုက်ခံရလေပြီ မဟုတ်လော။ ၎င်းတို့သည် ထိခိုက်ကာ နှောင့်ယှက်ခြင်းကို ခံရပြီးဖြစ်သည်။ဤလူတို့သည် ဝိညာဉ်ရင့်ကျက်မှု၌ နုနယ်ကြသည်။ သမ္မာတရားကို နားမလည်ကြသည့်အပြင်၊ အလွန်မိုက်မဲကြသည်။ ကောလာဟလများကို လုပ်ကြံဖန်တီးသောသူတို့သည် ထိုသို့သောလူတို့ကို လွယ်လွယ် ကစား၍ရသောသူအဖြစ် မြင်ပြီး ၎င်းတို့ကို အရူးလုပ်ရန် ကောလာဟလအချို့ကို လုပ်ကြံဖန်တီးကြသည်။ ယနေ့တွင်၊ ၎င်းတို့က သင်၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်ဟု ဆိုပြီး၊ သင် ပျော်ရွှင်သည်၊ မနက်ဖြန်တွင် ၎င်းတို့က သင်၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိဟု ဆိုကာ သင် ငိုကြွေးပြီး စိတ်သောကရောက်သည်။ အဘယ်ကြောင့် သင်သည် ၎င်းတို့၏ စကားကို နားထောင်သနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့၏ ဘောင်ခတ်ခြင်းကို အမြဲခံရသနည်း။ ၎င်းတို့က အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိသလော။ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့သည် လူပြက်များသာ ဖြစ်သည်။ ၎င်းတို့၏ ကံကြမ္မာပင်လျှင် ဘုရားသခင်၏ လက်ထဲ၌ ရှိသည်၊ သို့ဖြစ်လျှင် အခြားသူများကို အကဲဖြတ်ရန် ၎င်းတို့၌ မည်သည့် အရည်အချင်းများ ရှိသနည်း။ မည်သူက ကယ်တင်ခြင်းခံရနိုင်ပြီး မည်သူက မခံရနိုင်သည်၊ သို့မဟုတ် မည်သို့သောလူစားမျိုးက စုံလင်အောင်ပြုခြင်းခံရနိုင်ပြီး မည်သို့သောလူစားမျိုးက မခံရနိုင်သည်ဟူသည်တို့ကို ပြောဆိုရန် ၎င်းတို့၌ မည်သည့် အရည်အချင်းများ ရှိသနည်း။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြသလော။ ၎င်းတို့၏ မည်သည့်စကားလုံးက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်လည်းကောင်း ကိုက်ညီသနည်း။ ၎င်းတို့၏ စကားလုံးတစ်လုံးကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မကိုက်ညီပေ။ သို့ဖြစ်လျှင် အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ယုံကြည်သနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့၏ နှောင့်ယှက်ခြင်းကို ခံရသနည်း။ ဤသည်မှာ မိုက်မဲခြင်းကြောင့် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်းကြောင့်ဖြစ်သည်ဖြစ်စေ သို့မဟုတ် သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်ပြီး သင်သည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ၊ အသင်းတော်၌ ကောလာဟလများကို ဖြန့်ဝေသောသူတို့သည် စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံး ဖြစ်သည်။ ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်သင့်သည်၊ ထို့နောက် ကန့်သတ်သင့်သည် သို့မဟုတ် ရှင်းလင်းပစ်သင့်ပေသည်။
အချို့လူများက “မည်သူမည်ဝါကို ကြည့်လော့၊ သူ၏ ရုပ်ရည်ရူပကာ ပြေပြစ်သဖြင့်၊ သူသည် အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ မည်သူမည်ဝါသည် လူမှုအသိုင်းအဝိုင်းတွင် အောင်မြင်ကြီးပွားသည်၊ သူ့ကို မြင်သူတိုင်းက နှစ်သက်သည်၊ သူသည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်၊ ညီအစ်ကိုမောင်နှမများသည်လည်း သူ့ကို နှစ်သက်ကြပြီး၊ ဘုရားသခင်သည်လည်း သူ့ကို နှစ်သက်တော်မူသည်” ဟု ဆိုကြသည်။ ဤစကားများတွင် မှန်ကန်သော ပြောဆိုချက်တစ်ခုတလေ ရှိသလော။ (မရှိပါ။) အဘယ်ကြောင့်နည်း။ (ယင်းတို့သည် သမ္မာတရားနှင့် မကိုက်ညီပါ။) မှန်သည်၊ ဤစကားများသည် သမ္မာတရားနှင့် မကိုက်ညီပေ။ ၎င်းတို့အားလုံးသည် နတ်ဆိုးဆန်သော စကားများ ဖြစ်ကြသည်။ အချို့က “မည်သူမည်ဝါ၏ မိသားစုသည် ချမ်းသာသည်၊ ကောင်းမွန်သော အသက်ရှင်နေထိုင်မှုအခြေအနေများ ရှိသည်။ ပြီးလျှင် ၎င်းတို့သည် အသိနှံ့စပ်သည်။ သို့ဖြစ်၍၊ ဘုရားအိမ်တော်၌၊ ၎င်းတို့သည် ဘဏ္ဍာရေးနှင့် အထွေထွေကိစ္စရပ်များကို ကိုင်တွယ်ကြသည်။ ၎င်းတို့သည် အသုံးဝင်ပြီး ဤတာဝန်ကို တာဝန်ယူနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြိုတင်သတ်မှတ်ချက် ဖြစ်သည်”ဟု ဆိုကြသည်။ “ဘုရားသခင်၏ ကြိုတင်သတ်မှတ်ချက်” ဟူသည်ကို ထည့်သွင်းခြင်းက ဤပြောဆိုချက်ကို သမ္မာတရားနှင့် ကိုက်ညီစေသလော။ ဤသည်မှာ နတ်ဆိုးဆန်သော စကား မဟုတ်လော။ ထိုသို့သော နတ်ဆိုးဆန်သော စကားကို စုပေါင်း၍ ကောလာဟလများဟု ခေါ်သည်။ အဖြစ်မှန်များနှင့် မကိုက်ညီသော၊ ဘုရားသခင် ပြဋ္ဌာန်းထားသော အဖြစ်မှန်များနှင့် ဆန့်ကျင်သော တာဝန်မဲ့ပြောဆိုချက် တစ်ခုတလေသည် အဆင်ခြင်မဲ့ စကားများနှင့် ထင်ရာမြင်ရာ ကောက်ချက်များ ဖြစ်ကြသည်။ ထိုသို့သော ပြောဆိုချက်များအားလုံးသည် ကောလာဟလများ ဖြစ်ကြသည်။ အဘယ်ကြောင့် ၎င်းတို့ကို ကောလာဟလများအဖြစ် သတ်မှတ်သနည်း။ အကြောင်းမှာ ဤပြောဆိုချက်များသည် ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက်၊ အချို့လူတို့၏ ပုံမှန်စိတ်နေစိတ်ထားနှင့် လိုက်စားမှုပန်းတိုင်များကို နှောင့်ယှက်ပြီး ပျက်စီးစေမည်ဖြစ်သောကြောင့်၊ ယင်းတို့ကို ကောလာဟလများအဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ၊ ဘုရားသခင်သည် လူတို့၏ မွေးဖွားရာအရပ်၊ မိသားစုနောက်ခံ၊ ရုပ်ရည်၊ ပညာရေးအဆင့် စသည်တို့ကို ဘုရားသခင်က ပြဋ္ဌာန်းထားကြောင်းသာ ပြောဆိုည်။ မည်သည့်လူအမျိုးအစား၏ ရုပ်ရည်၊ လူမှုနောက်ခံ သို့မဟုတ် ပင်ကိုအရည်အချင်းများသည် ကောင်းချီးခံစားရခြင်းအတွက် သတ်မှတ်ချက်များဖြစ်သည်ဟု လူတို့အား သူသည် မည်သည့်အခါမျှ မပြောခဲ့ပေ။ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသည့် တစ်ခုတည်းသော စံနှုန်းမှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်ရန် ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တစ်စုံတစ်ခုကို ပြတ်ပြတ်သားသား မဖော်ပြထားဘဲ၊ ယင်းမှာ လူတို့၏ ခံစားချက်အရဖြစ်သော စိတ်ကူးများ သို့မဟုတ် ၎င်းတို့၏ မှန်းဆချက်များနှင့်ဆိုင်သည့် ရလဒ်သက်သက်သာဖြစ်ပါက၊ ထိုသို့သော ပြောဆိုချက်များကိုလည်း ကောလာဟလများအဖြစ် မှတ်ယူသည်။ လူတို့သည် တစ်စုံတစ်ဦး ကောင်းချီးခံစားရနိုင်ခြင်း ရှိ၊ မရှိဟူသည်ကို ၎င်းတို့၏ စောင့်ကြည့်လေ့လာမှုများနှင့် နားလည်မှုတို့မှတစ်ဆင့်၊ ပြီးလျှင် ထပ်လောင်း၍ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ အမြဲတစေ ဝေဖန်လိုကြသည်။ ထို့နောက်၊ ၎င်းတို့သည် မည်သူက ကယ်တင်ခြင်းခံရနိုင်ပြီး မည်သူက မခံရနိုင်သည်၊ မည်သူက ဘုရားသခင်၏ လူများဖြစ်ပြီး မည်သူက အစေခံသူများဖြစ်သည်ဟူသည်ကို ထင်ရာမြင်ရာ ဆုံးဖြတ်လျက်၊ အခြားသူတို့၏ သမ္မာတရားကို လိုက်စားခြင်းအပေါ် လွှမ်းမိုးရန် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများကို ထုတ်ပြန်သည်။ ဤသည်တို့အားလုံးသည် ကောလာဟလများ ဖြစ်ကြသည်။ ကောလာဟလများနှင့်စပ်လျဉ်း၍၊ ယင်းတို့ကို နတ်ဆိုးဆန်သော စကားများဟုလည်း ကျွန်ုပ်တို့ ခေါ်ဆိုနိုင်သည်။ မည်သည့် ကောလာဟလမျိုးများ သို့မဟုတ် နတ်ဆိုးဆန်သော စကားမျိုးများ ပေါ်ပေါက်လာသည်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်များသည် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန် ချက်ချင်း ရှေ့ထွက်သင့်သည်။ ညီအစ်ကို မောင်နှမ တစ်ဦးတလေက ပိုင်းခြားသိမြင်မှုရှိလျှင်၊ ၎င်းတို့သည်လည်း ကောလာဟလများ အဘယ်မှ လာသည်ဟူသည်နှင့် ယင်းတို့၏ သဘောသဘာဝက အဘယ်အရာဖြစ်သည်ဟူသည်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်ရန် ရှေ့ထွက်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤညီအစ်ကိုမောင်နှမများသည် ဤအရာများအပေါ် သိနားလည်မှု ရရှိသည့်အခါ၊ ဤကောလာဟလများကို ချေပပြီး အငြင်းပွားရန်၊ ပြီးလျှင် ကောလာဟလများကို ဖြန့်ဝေသောသူတို့ကို ကန့်သတ်ရန်၊ စုပေါင်း၍ ၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်ရန် မတ်တပ်ရပ်နိုင်သည်။ ၎င်းတို့သည် ဤအရာကို မည်သို့ လုပ်ဆောင်သင့်သနည်း။ ထိုလူတို့ကို လူတိုင်း၏ရှေ့တွင် ပွင့်လင်းစွာ ပြစ်တင်ရှုတ်ချခြင်းအားဖြင့် ဖြစ်သည်။ “သင် ပြောဆိုနေသည့်အရာသည် ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများသာ ဖြစ်သည်၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မကိုက်ညီသည့်အပြင်၊ ကျွန်ုပ်တို့၏ လိုအပ်ချက်များနှင့်လည်း မကိုက်ညီပါ။ အကယ်၍ သင်သည် ဆုံးမစကားများရှိလင့်ကစား ကောလာဟလများကို ဆက်လက်ဖြန့်ဝေမည်ဆိုလျှင်၊ ကျွန်ုပ်တို့သည် သင့်ကို ဖယ်ထုတ်ပစ်မည်ဖြစ်ပြီး၊ အသင်းတော်၌ ကောလာဟလများကို လုပ်ကြံဖန်တီးပြီး နှောင့်ယှက်မှုများ ဖြစ်စေရန် သင့်အတွက် အခွင့်အရေးတစ်စုံတစ်ရာ ရှိစေတော့မည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် မည်သို့နည်း။ (ကောင်းပါသည်။) ဤကဲ့သို့ လုပ်ဆောင်ခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်။ အကယ်၍ သင်သည် လူတို့ကို တည်ဆောက်ပေးသည့်အရာများအား ပြောဆိုလျက်၊ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုများကို မိတ်သဟာယဖွဲ့မည်ဆိုလျှင်၊ သင် မည်သို့ပင် ပြောဆိုသည်ဖြစ်စေ အဆင်ပြေသည်။ သမားရိုးကျဆန်သော စကားဖြစ်စေ၊ အရပ်သုံးစကားဖြစ်စေ၊ သင်နှစ်သက်သည့် မည်သည့်စကားလုံးကိုမဆို အသုံးပြုနိုင်သည်။ အားလုံးကို ခွင့်ပြု၍ရသည်။ သင် မလုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ကောလာဟလများကို ဖြန့်ဝေခြင်း ဖြစ်သည်။
င။ အခြေအမြစ်မရှိသော ကောလာဟလများက ဖြစ်စေသည့် အန္တရာယ်
အသင်းတော်အတွင်း၌ ဖြန့်ဝေခြင်းခံရသော ကောလာဟလများသည် ဘုရားသခင်ကို ငြင်းပယ်ခြင်း သို့မဟုတ် ဘုရားသခင်၏ အမှုကို ဝေဖန်အပြစ်တင်ခြင်းတို့နှင့်ပတ်သက်၍သာ မဟုတ်ပေ၊ အခြားသော ကောလာဟလ အမျိုးအစားများလည်း ရှိသေးသည်။ ဤကောလာဟလများကို ပိုင်းခြားသိမြင်ပြီး စိစစ်ရန် လိုအပ်သည့်အပြင်၊ ၎င်းတို့ကို တားဆီးပြီး ကန့်သတ်သင့်သည်လည်း ဖြစ်သည်။ အတိုချုပ်အားဖြင့်၊ ကောလာဟလများသည် မည်သည့်အရာမျှ ကောင်းကျိုးမပြုသည်မှာ သေချာသည်။ ၎င်းတို့သည် လူတို့အား မည်သည့် အကျိုးကျေးဇူးမျှ မဆောင်ကြဉ်းပေးပေ။ အချို့သောသူများက “ကောလာဟလများသည် အတိအကျ အဘယ်အရာကို ပြောဆိုနေကြသည်ကို သိရှိရန်၊ ၎င်းတို့ထံမှ ပိုင်းခြားသိမြင်မှုနှင့် ဉာဏ်ပညာကို ရယူရန် ကျွန်ုပ် နားထောင်လိုပါသည်” ဟု ဆိုကြသည်။ အကယ်၍ သင်သည် အမှန်တကယ် အချို့သော ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပြီး ကောလာဟလများ၏ နှောင့်ယှက်ခြင်းကို ခံရမည်ကို မစိုးရိမ်ပါက၊ သင် နားထောင်နိုင်သည်၊ သို့သော် အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ အကယ်၍ သင်သည် စိတ်ရှုပ်ထွေးလာပြီး ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို သံသယဝင်လာပါက၊ ၎င်းမှာ အန္တရာယ်ရှိသည်။ ၎င်းမှာ သင်သည် အထင်အမြင်မှားစေခြင်း ခံခဲ့ရသည်ဟု ဆိုလိုသည်။ အကယ်၍ သင်သည် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိဘဲ ထိုအစား အထင်အမြင်မှားစေခြင်းကို ခံရပါက၊ ၎င်းသည် ဒုက္ခဖြစ်စေသည် မဟုတ်လော။ သင်၌ ထိုဝိညာဉ်ရင့်ကျက်မှု ရှိပါသလော။ သင်၌ ယုံကြည်ခြင်း ရှိသည်ဟု သင် ထင်သည။ သို့သော် သင်သည် သမ္မာတရားကို နားလည်ပါသလော။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက၊ သင်၏ ယုံကြည်ခြင်းသည် စစ်မှန်သည် မဟုတ်ဘဲ၊ သင်သည် အထင်အမြင်မှားစေခြင်းကို ခံရဆဲ ဖြစ်ပေမည်။ အကယ်၍ သင်သည် အချို့သော သမ္မာတရားကို နားလည်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သော စစ်မှန်သည့် အသိပညာအချို့ ရှိကာ၊ ဤကောလာဟလများကို ပိုင်းခြားသိမြင်ပြီး ခုခံတွန်းလှန်နိုင်ပါက၊ သင်သည် ၎င်းတို့ကို နားထောင်ခြင်းမှ ဉာဏ်ပညာကို ရယူနိုင်ပါသည်။ အကယ်၍ သင်သည် သင့်၌ ယုံကြည်ခြင်း ရှိသည်ဟုသာ ထင်မှတ်သော်လည်း၊ အမှန်တကယ်တွင်၊ ဤယုံကြည်ခြင်းသည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မဟုတ်သေးဘဲ၊ သင်သည် သမ္မာတရားကို နားမလည်သေးပါက၊ ကောလာဟလများမှ ပိုင်းခြားသိမြင်မှုနှင့် ဉာဏ်ပညာကို အမှန်တကယ် ရရှိရန်မှာ သင့်အတွက် အလွန် ခက်ခဲလိမ့်မည်ဟု ငါ ဆိုသည်။ ကောလာဟလများသည် အဘယ်မှ လာသနည်း။ ၎င်းတို့သည် စာတန်ထံမှ လာသည်။ စာတန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အသုံးပြုသော စကားစုများကို အပြစ်ရှာရန် နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ခုတုံးဖြစ် အသုံးပြုနိုင်သော တစ်စုံတစ်ရာကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေအနေနှင့်မကိုက်ညီဘဲ ထုတ်နှုတ်ကိုးကားရန် ဟာကွက်တိုင်းကို အသုံးချပြီး အခွင့်အရေးတိုင်းကို ဆုပ်ကိုင်သည်။ ၎င်းသည် အခြေခံအကြောင်းရင်းတစ်ခု ရှိပုံရသော်လည်း၊ အမှန်တကယ်တွင်၊ ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေရန် အခြေအနေနှင့်မကိုက်ညီဘဲ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤကောလာဟလများကို ကြားပြီးသည့်နောက်၊ သမ္မာတရားကို နားမလည်သောသူတို့သည် “သူတို့ ဆိုသောစကား၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံအကြောင်းရင်း ရှိသည်။ ၎င်းသည် မှန်ကန်သင့်သည်။ ၎င်းသည် ကောလာဟလတစ်ခု မဟုတ်နိုင်ပါ၊ ဟုတ်သည် မဟုတ်လော” ဟု သူတို့ဘာသာ တွေးထင်ကြသည်။ ရလဒ်အနေဖြင့်၊ သူတို့သည် အထင်အမြင်မှားစေခြင်းကို ခံကြရသည်။ အချို့သော ကောလာဟလများသည် ထင်ရှားပြီး ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ သို့သော်လည်း၊ အချို့သော ကောလာဟလများသည် ပိုင်းခြားသိမြင်ရန် ခက်ခဲသည်၊ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် အဖြစ်မှန်များနှင့် ကိုက်ညီပုံရသော်လည်း၊ ၎င်းတို့၏ အနှစ်သာရမှာ ထိုသို့ မဟုတ်ပေ။ ဤကောလာဟလများသည် အပေါ်ယံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်နှင့် ကိုက်ညီသောကြောင့်သက်သက်ဖြင့် ၎င်းတို့ မှန်ကန်သည်ဟု မထင်မှတ်နှင့်။ အမှန်တကယ်တွင်၊ ဤပြောဆိုချက်များစွာတို့သည် အနှစ်မဲ့ သီအိုရီများ ဖြစ်ကြသည်၊ ၎င်းတို့သည် ထောင်ချောက်များ ဖြစ်ကြပြီး၊ ၎င်းတို့သည် လူတို့အား မည်သည့် တည်ဆောက်စရာ သို့မဟုတ် အကျိုးကျေးဇူးမျှ မဆောင်ကြဉ်းပေးပေ။ ဤပြောဆိုချက်အားလုံးကို ပယ်ချသင့်သည်။ အကြောင်းမှာ လူတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သည့် အတိုင်းအတာသည် ကွဲပြားခြားနားပြီး၊ ဘုရားသခင် စကားပြောဆိုသည့် အခြေအနေများသည်လည်း ကွဲပြားခြားနားသောကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မျက်စိမှိတ် အသုံးချခြင်းနှင့် အနက်ဖွင့်ဆိုခြင်းသည် အမှားများကို ဖြစ်စေနိုင်ဖွယ် အရှိဆုံးသော အရာ ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေအနေနှင့်မကိုက်ညီဘဲ ထုတ်နှုတ်ကိုးကားပြီး ၎င်းတို့ကို မှားယွင်းစွာ အနက်ဖွင့်ဆိုခြင်းအားဖြင့် လူတို့ကို မကြာခဏ အထင်အမြင်မှားစေသည်။ သမ္မာကျမ်းစာ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ဘုရားသခင်၏ အမှုကို မည်သည့် ပြစ်တင်ရှုတ်ချခြင်းများမဆိုသည် စာတန်၏ လှည့်ဖြားခြင်းဖြစ်ပြီး၊ လူတို့ကို အထင်အမြင်မှားစေသည့် ၎င်း၏ နည်းလမ်းများ ဖြစ်ကြသည်၊ ၎င်းတို့သည် ထောင်ချောက်များ ဖြစ်ကြပြီး၊ ထိုသို့သော ပြောဆိုချက်အားလုံးကို ပယ်ချသင့်သည်။ အပေါ်ယံအားဖြင့်၊ ကောလာဟလများသည် မှတ်ချက တစ်ခု သို့မဟုတ် နှစ်ခု၊ သို့မဟုတ် မှတ်ချက် အနည်းငယ်မျှသာ ဖြစ်ကြသည်၊ ၎င်းတကို ကြောက်ရွံ့ရန် မလုံလောက်ဘဲ၊ ကြောက်ရွံ့စရာမရှိပေ။ ကြောက်ရွံ့ရန်အရာမှာ အခြေအနေနှင့်မကိုက်ညီဘဲ ထုတ်နှုတ်ကိုးကားထားသော သမ္မာကျမ်းစာ သို့မဟုတ် သမ္မာတရားအပေါ် အခြေခံ၍ ကောက်ချက်ဆွဲသော ကောလာဟလများ ဖြစ်သည်။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေရန် အတတ်နိုင်ဆုံးသော အရာ ဖြစ်သည်၊ ၎င်းမှာ လူတို့၏ စိတ်ကို အများဆုံး နှောင့်ယှက်သောအရာ ဖြစ်သည်။ ၎င်းသည် ပိုင်းခြားသိမြင်မှု မရှိသော လူတို့ကို ခလုတ်တိုက်လဲကျစေမည်။ သမ္မာတရားကို နားလည်သောသူတို့သာလျှင် ထိုသို့သော အထင်အမြင်မှားစေသည့် နတ်ဆိုးဆန်သော စကားကို ပိုင်းခြားသိမြင်နိုင်သည်။ ဥပမာအားဖြင့်၊ အချို့သောသူတို့သည် ဘုရားသခင်သည် ဤလူအမျိုးအစားကို ချစ်တော်မူပြီး ထိုအမျိုးအစားကို မချစ်၊ ဘုရားသခင်သည် ဤလူအမျိုးအစားကို ကယ်တင်တော်မူပြီး ထိုအမျိုးအစားကို မကယ်တင်၊ ဤလူအမျိုးအစားသည် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီး၊ ထိုအမျိုးအစားသည် ဘုရားသခင်အတွက် ဘာမျှ အဓိပ္ပာယ်မရှိ စသည်ဖြင့် ပြောဆိုရန် အခြေခံအဖြစ် အသုံးပြုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ရှာဖွေကြသည်။ ဤပြောဆိုချက်များသည် ကောက်ချက်များ မဟုတ်ကြပါလော။ ဤကောက်ချက်များသည် အမှန်စင်စစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မကိုက်ညီကြပေ။ သူတို့ ရှာဖွေသော အခြေခံအချက်များသည် အမှန်တကယ်တွင် အခြေအနေနှင့်မကိုက်ညီဘဲ ထုတ်နှုတ်ကိုးကားထားခြင်း ဖြစ်သည်၊ ၎င်းတို့သည် ကွဲပြားသော အခြေအနေများနှင့် သက်ဆိုင်ပြီး ၎င်းတို့သည် ကွဲပြားသော ပြောဆိုချက်များ ဖြစ်ကြသည်။ ဤသည်မှာ လုံးဝ မှားယွင်းသော အနက်ဖွင့်ဆိုခြင်း ဖြစ်သည်။ သူတို့သည် အနှစ်သာရကို ထွင်းဖောက်မမြင်ကြဘဲ၊ စည်းမျဉ်းများကို စိတ်ကူးပေါက်သလိုအသုံးချကြသည်။ သို့သော် ပိုင်းခြားသိမြင်မှု မရှိသောသူတို့သည် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုများကို ကြားပြီးနောက် အဆိပ်သင့်ပြီး အထင်အမြင်မှားစေခြင်းကို ခံကြရကာ၊ သူတို့၏ စိတ်နှလုံးထဲ၌ အပျက်သဘောဆောင်လာကြပြီး၊ ပြောဆိုခဲ့သောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံသောကြောင့်၊ ၎င်းသည် တိကျရမည်ဟု ထင်မှတ်ကြသည်။ သူတို့သည် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုများထဲမှ ချို့ယွင်းချက်များကို ရှာဖွေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နောက်ပိုင်းတွင် ဂရုတစိုက် မဖတ်ရှုကြဘဲ၊ ထိုအစား ၎င်းတို့သည် မှန်ကန်သည်ဟု အပြည့်အဝ ယုံကြည်ကြသည်။ သူတို့သည် အထင်အမြင်မှားစေခြင်းကို ခံနေကြရသည် မဟုတ်လော။ အကယ်၍ သမ္မာတရားကို နားလည်သော မည်သူမျှ သူတို့နှင့် မိတ်သဟာယမဖွဲ့ပါက၊ ၎င်းသည် အလွန် အန္တရာယ်ရှိသည်။ အနည်းဆုံးအားဖြင့်၊ ဤလူများသည် ခြောက်လမှ တစ်နှစ်အထိ အပျက်သဘောဆောင်နိုင်သည်၊ ၎င်းသည် သူတို့၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးကြန့်ကြာစေရုံသာမက၊ အကယ်၍ သူတို့သည် ဆုတ်ခွာပြီး ယုံကြည်ခြင်းကို စွန့်လွှတ်ပါက၊ သူတို့သည် လုံးဝ ပျက်စီးသွားမည်ဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လုံးလုံး ဆုံးရှုံးသွားပေမည်။ ထို့ကြောင့်၊ သမ္မာတရားကို နားမလည်သော ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည့် လူတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်းကို ခံရမည့် ကြီးမားသော အန္တရာယ်၌ ရှိနေကြသည်။ သမ္မာတရားကို နားလည်သောသူတို့သာလျှင် ဘေးကင်းပြီး တည်ငြိမ်ကြသည်။ အကယ်၍ တစ်နေ့တွင် သင်သည် လူတို့ကို အထင်အမြင်မှားစေရန် ကောလာဟလများ ဖြန့်ဝေနေသော တစ်စုံတစ်ဦးနှင့် အမှန်တကယ် ကြုံတွေ့ပါက၊ အထိရောက်ဆုံးသော နည်းလမ်းမှာ မိတ်သဟာယဖွဲ့ရန် သမ္မာတရားကို နားလည်သော တစ်စုံတစ်ဦးကို လျင်မြန်စွာ ရှာဖွေရန် ဖြစ်သည်။ ထိုသို့မှသာ သင်သည် ဤအခြေအနေမှ ကယ်တင်ခံရနိုင်မည် ဖြစ်သည်။ စည်းမျဉ်းများကို မျက်စိမှိတ် အသုံးချသော ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူတို့ထံမှ အကူအညီကို ရှာဖွေခြင်းသည် ပြဿနာကို ဖြေရှင်းရန် ပျက်ကွက်ရုံသာမက သင့်ကို ပို၍ အထင်အမြင်မှားစေလိမ့်မည်။ သို့ဖြစ်၍၊ အထင်အမြင်မှားစေခြင်းကို ခံရခြင်းသည် ဘာသာတရား၌သာ ဖြစ်ပျက်သော တစ်စုံတစ်ရာ မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော် အသက်တာကို အသက်ရှင်လျှင်ပင်၊ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားပါက၊ သင်သည် အထင်အမြင်မှားစေခြင်းကို အလွယ်တကူ ခံရဆဲ ဖြစ်နိုင်ပါသည်။ သင်သည် သုံးနှစ်မှ ငါးနှစ်၊ သို့မဟုတ် ခုနစ်နှစ်မှ ရှစ်နှစ်အထိ ယုံကြည်ခဲ့ပြီးလျှင်ပင်၊ အကယ်၍ သင်သည် သမ္မာတရားကို မရရှိသေးပါက၊ သင်သည် အထင်အမြင်မှားစေခြင်းကို ခံရမည့် အန္တရာယ်၌ ရှိနေဆဲ ဖြစ်သည်၊ အထူးသဖြင့်၊ အယူအဆများ မကြာခဏ ရှိတတ်ပြီး မကြာခဏ အပျက်သဘောဆောင်တတ်သောသူတို့သည် အထင်အမြင်မှားစေခြင်းကို ခံရရန် အဖြစ်နိုင်ဆုံး ဖြစ်ကြပြီး မည်သည့်အချိန်၌မဆို ဘုရားသခင်ကို သစ္စာဖောက်နိုင်ကြသည်။ အကြောင်းမှာ စာတန်သည် မျိုချရန် လူတို့ကို ရှာဖွေလျက်၊ ဟောက်သော ခြင်္သေ့ကဲ့သို့ မြေကြီးပေါ် လှည့်လည်သောကြောင့် ဖြစ်သည်၊ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဤစာတန်ကား မည်သူနည်း။ ၎င်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပြီး သမ္မာတရားကို မုန်းတီးသောသူအားလုံး ဖြစ်သည်၊ အန္တိခရစ်များ၊ အယောင်ဆောင်ခေါင်းဆောငများ၊ ထအဓိပ္ပာယ်ရှိသောသူများနှင့် အခြားသူတို့ကို အထင်အမြင်မှားစေသောသူများ အပါအဝင် ဖြစ်သည်၊ သူတို့အားလုံးသည် စာတန်များ ဖြစ်ကြသည်။ ဤလူများသည် နေရာတိုင်း၌ လှည့်လည်ကြပြီး၊ သူတို့ သွားလေရာရာ၌ ဘုရားသခင် ရွေးချယ်ထားသောသူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ကြသည်၊ သို့ဖြစ်၍ သူတို့အားလုံးသည် ဘုရားသခင်ကို အတိုက်အခံပြုသော နတ်ဆိုးများ ဖြစ်ကြသည်။ ဘုရားသခင် ရွေးချယ်ထားသောသူများသည် သူတို့ အထင်အမြင်မှားစေခြင်းကို မခံရဘဲ ခိုင်မာစွာ ရပ်တည်နိုင်ကြဖို့ သေချာစေရန် အထူးသဖြင့် သတိဝီရိယရှိသင့်သည်။
အသင်းတော်၌ အချို့သော ယုံကြည်သူအသစ်များ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်းမရှိသည့် အစွမ်းအစ အလွန်ညံ့ဖျင်းသူများသည် အမျိုးမျိုးသော ကောလာဟလများ၏ အထင်အမြင်မှားစေခြင်း၊ လွှမ်းမိုးခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို မကြာခဏ ခံကြရသည်မှာ ငြင်းမရနိုင်ပေ။ ကောလာဟလများကို လုပ်ကြံဖန်တီးသူများသည် သာမန်ကာလျှံကာ ကောက်ချက်တစ်ခုဖြင့် လူတစ်စုကို အလွယ်တကူ ဆွဲချနိုင်သည်။ ၎င်းတို့ မဆင်မခြင် ရှေ့နောက်မစဉ်းစားဘဲ ပြောဆိုလိုက်သည့် စကားလုံးများနှင့် ပြောဆိုချက်များသည် အချို့လူတို့ကို အပျက်သဘောဆောင်စေကာ အားနည်းစေပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိဖြစ်စေနိုင်ပေ။ ဘုရားအိမ်တော်က ခေါ်သည့်အခါ ဤလူတို့သည် ငြင်းပယ်ရန်နှင့် ရှောင်လွှဲရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေလျက် ကြောက်ရွံ့မှုများဖြင့် ပြည့်နေကြသည်။ သိသာထင်ရှားစွာပင် အသင်းတော်၌ ကောလာဟလများကို လုပ်ကြံဖန်တီးသူတို့သည် မည်သည့်အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် သေချာပေါက် စာတန်၏ အစေခံများအဖြစ် ပြုမူကြပေသည်။ ဥပမာအားဖြင့် အချို့လူများက “သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ အရန်အစီအစဉ်တစ်ခု ရှိရန် လိုအပ်သည်။ ဘုရားအိမ်တော်က သင့်ကို တာဝန်တစ်ခု ထမ်းဆောင်ရန် ခေါ်ပြီး သင်က ကောင်းစွာမထမ်းဆောင်လျှင် ဘုရားအိမ်တော်က သင့်ကို အချိန်မရွေး အသုံးမပြုတော့ဘဲ နေနိုင်သည်။ ထိုအချိန်တွင် သင်အိမ်ပြန်သွားပါက သင်သည် အဆင်ပြေဖို့ ခက်ခဲလိမ့်မည်။ ထိုအခါ သင့်ကို မည်သူကမျှ ထောက်ပံ့မည် မဟုတ်ပါ”ဟု ပြောဆိုကြသည်။ ဤစကားသည် “ကြည်နူးအားရဖွယ်”ဖြစ်ပုံရသည် မဟုတ်လော။ ယင်းသည် လူ့ခံစားချက်များနှင့် ကိုက်ညီပြီး အတော်ပင် ချစ်ခင်ကာ စာနာတတ်ပုံရသော်လည်း ဤစကားများထဲတွင် ဘုရားသခင်၏ စိတ်နှလုံးကို ထောက်ထားခြင်း တစ်ခုတလေကို သင်တွေ့ရှိသလော။ ယင်းတို့သည် လူတို့အား အားပေးမှု၊ ထောက်ပံ့ပေးခြင်း၊ အကူအညီ သို့မဟုတ် ခွန်အားပေးခြင်း တစ်ခုတလေကို ပေးသလော။ (မပေးပါ။) လူတို့အား အရန်အစီအစဉ်တစ်ခု ပြင်ဆင်ရန် ပြောခြင်းသည် ထိုလူတို့ကို ထိန်းချုပ်ထားခြင်းဖြစ်သည် မဟုတ်လော။ ဤအရာအားဖြင့် ၎င်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ “သင်သည် သတိရှိရမည်၊ ဘုရားသခင်က မျက်နှာလွှဲခဲပစ် လုပ်ကောင်း လုပ်နိုင်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က လူတို့ထဲတွင် စိုက်ပျိုးသည့် အဆိပ်အတောက် ဖြစ်သည်။ ဤအရာကို ကြားပြီးနောက် လူတို့က “မှန်ပေသည်၊ ကျွန်ုပ်သည် အဘယ်သို့ဖြစ်ပြီး ဤမျှ မိုက်မဲနိုင်ရသနည်း။ ကျွန်ုပ်၏အိမ်ကို ကျွန်ုပ် ရောင်းလုနီးပါးဖြစ်ခဲ့သည်။ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာမထမ်းဆောင်သည့်အပြင် ဖြုတ်ချခံရလျှင် ပြန်သွားရန် အိမ်တစ်လုံးပင် ရှိတော့မည် မဟုတ်ပါ။ ကံကောင်းထောက်မ၍ သူတို့က ကျွန်ုပ်ကို သတိပေးခဲ့သည်။ မဟုတ်လျှင် မိုက်မဲသောအရာတစ်ခုကို ကျွန်ုပ် လုပ်မိပေမည်”ဟု စဉ်းစားကြသည်။ အလွန် “ကြင်နာသော” သတိပေးချက်ပါတကား။ သို့သော် ယင်းထဲတွင် အဆိပ်အတောက် အတော်များများရှိပြီး ယင်းသည် နက်ရှိုင်းလှသည်တကား။ သင်တို့သည် ထိုသို့သော ကောလာဟလများကို ကြားဖူးသလော။ ၎င်းတို့သည် အင်မတန် ကြီးမားသော “ချစ်ခြင်းမေတ္တာ”ဖြင့် လူတို့အပေါ် အလွန်ကောင်းပုံရသည်၊ အလွန်ထောက်ထားတတ်ပုံရသည်၊ ဤလူတို့သည် ၎င်းတို့ စကားပြောဆိုသည့်သူများနှင့် ဆွေမျိုးများလည်း မဟုတ်သကဲ့သို့ မိတ်ဆွေများလည်း မဟုတ်ပေ။ ၎င်းတို့အကြားတွင် မည်သည့်သွေးသားတော်စပ်မှုမျှ မရှိပေ။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ယုံကြည်သောကြောင့်သာ ဤလူတို့သည် ၎င်းတို့ စကားပြောဆိုသည့်သူများအပေါ် ထိုမျှကြီးမားသော “ချစ်ခြင်းမေတ္တာ” ရှိနိုင်ခြင်း ဖြစ်သည်။ လူတို့က “ဤသည်မှာ အမှန်ပင် ဘုရားသခင်၏ ကွယ်ကာခြင်း ဖြစ်သည်တကား။ သို့ဆိုလျှင် ကျွန်ုပ်သည် အမှုအရာများကို ဦးစွာ သေချာစဉ်းစားခြင်းက ပိုကောင်းမည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို သွားထမ်းဆောင်သည့်အခါ အမြဲတစေ ဝတ်ကျေတမ်းကျေဖြစ်နေလျှင်၊ ကျွန်ုပ် နှင်ထုတ်ခံရလျှင် မည်သည့်အရာ လုပ်ရမည်နည်း။ သို့ဖြစ်၍ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ကျွန်ုပ် သတိထားရန် လိုအပ်သည်။ ကျွန်ုပ်ကို အမြင်ကောင်းစေမည့် အလုပ်ကို ပို၍လုပ်ဆောင်သင့်သည်၊ အမှားများလုပ်မိခြင်းကို ရှောင်ရှားသင့်ပြီး အမှားများလုပ်မိလျှင်ပင် အခြားသူများကို သိခွင့်ပေး၍မရပါ။ ထိုနည်းအားဖြင့် ကျွန်ုပ်သည် နှင်ထုတ်ခံရမည်မဟုတ်၊ မှန်သလော။ ကျွန်ုပ် နှင်ထုတ်ခံရလျှင်ပင် ကိစ္စမရှိပါ။ ကျွန်ုပ်တွင် အရန်အစီအစဉ်တစ်ခု ရှိသည်၊ စုဆောင်းငွေများရှိပြီး ကျွန်ုပ်၏အိမ် ရှိနေသေးသည်။ ဘုရားသခင်သည် လူတို့၏ ခံစားချက်များကို မထောက်ထားသည့်အပြင် ဇာတိပကတိဆိုင်ရာ ခံစားချက်များဖြင့် မလုပ်ဆောင်ခြင်းသာ ဖြစ်သည် မဟုတ်လော။ မည်သို့ပင်ဖြစ်စေ ကြောက်ရွံ့စရာ အဘယ်အရာရှိသနည်း။ လူတို့သည် မိမိတို့၏ ခံစားချက်များအတိုင်း လုပ်ဆောင်ကြသည်၊ လူ့လောကတွင် နေရာတိုင်း၌ ချစ်ခြင်းမေတ္တာ ရှိသည်တကား”ဟု တွေးထင်ကြသည်။ ဤ“ကြည်နူးအာရဖွယ်” ပြောဆိုချက်တစ်ခုသည် လူတို့အကြားတွင် “ခင်မင်ရင်းနှီးမှု”ကို ဖန်တီးပေးသော်လည်း ယင်းက ဘုရားသခင်ကို မည်သည့်နေရာတွင် ထားသနည်း။ ယင်းက ဘုရားသခင်ကို တတိယဦးစားပေး သို့မဟုတ် စတုတ္ထဦးစားပေး ဖြစ်စေသည်၊ ဘုရားသခင်သည် မယုံကြည်ထိုက်သူဖြစ်ပြီး လူတို့သာလျှင် ယုံကြည်ထိုက်သူများဖြစ်သည့်အလား၊ လူတို့သာလျှင် အခြားသူများကို ထောက်ထားတတ်သည့်အလား ဘုရားသခင်ကို အပြင်လူတစ်ဦး ဖြစ်စေသည်။ ဤပြောဆိုချက်တစ်ခုသည် ထိုသို့သော သိသာထင်ရှားသည့် အကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေသည်၊ ယင်းမှာ အလွန် “အချိန်ကိုက်” ဖြစ်သည်တကား။ သင်တို့သည် ထိုသို့သော စကားများကို ကြားရခြင်းအား နှစ်သက်သလော။ ၎င်းတို့၏ စကားများထဲတွင် မလိုမုန်းထားမှု ဖုံးကွယ်ထားသည်ကို သင်တို့သိသော်လည်း တစ်စုံတစ်ဦးက သင့်ကို အရိပ်အမြွက်ပြနိုင်ရန်၊ သင့်ကို ကူညီနိုင်ရန်၊ ရှေ့တွင် မည်သည့်အရာရှိသည်ကို သင်မသိသည့်အခါ ထိုနေရာသို့ ရောက်ဖူးသောသူတစ်ဦးထံမှ သတိပေးစကားတစ်ခုကို သင့်အား ပေးနိုင်ရန်၊ သင့်အား ရင်ထဲမှစကားတစ်ခွန်း ပြောနိုင်ရန် သင်တို့ မျှော်လင့်နေဆဲဖြစ်သည်။ ဤပြောချက်သည် အလွန် “အရေးပါ” လှသည်၊ အလွန် “အရေးကြီး” လှသည်တကား။ ဤသည်မှာ ၎င်းတို့၏ စကားများကို လုံးလုံးလျားလျား ယုံကြည်လက်ခံနေခြင်း မဟုတ်လော။ ဤကောလာဟလကို လုပ်ကြံဖန်တီးသူ၏ “မဆင်မခြင်” ပြောသော စကားများသည် လူများကို စည်းရုံးသိမ်းသွင်းပြီး ဘုရားသခင်ကို သစ္စာဖောက်ပြီးဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် မည်သို့ရှိသနည်း။ ယင်းမှာ လျောက်ပတ်သလော။ (မလျောက်ပတ်ပါ။) ဤသူသည် မည်သည့် လူစားမျိုးဖြစ်သည်ဟု သင်တို့ ပြောမည်နည်း။ လူတို့၏ အမြင်တွင် ၎င်းသည် လူကောင်းတစ်ဦး၊ ကြင်နာတတ်သူတစ်ဦး ဖြစ်သော်လည်း သမ္မာတရားကို နားလည်သောသူတို့၏ အမြင်တွင် ဤသူသည် နားဝေတိမ်တောင်ဖြစ်သူတစ်ဦး ဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများမှ အကဲဖြတ်ရသော် ၎င်းတို့သည် စာတန်၏ အစေခံတစ်ဦးအဖြစ် လုံးလုံးလျားလျား ပြုမူကြသည်၊ ၎င်းတို့သည် အစစ်အမှန် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ဤသို့ပြောခြင်းသည် တိကျမှန်ကန်သလော။ (တိကျမှန်ကန်ပါသည်။) အလွန် တိကျမှန်ကန်သည်တကား။ ယင်းမှာ အနည်းငယ်မျှပင် မလွဲချော်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို သတိထားရှောင်ရန်၊ ဘုရားသခင်ကို ဆန့်ကျင်ရန် လူတိုင်းကို စည်းရုံးပြီး လူတို့ကို တည်ဆောက်ပေးနိုင်သည့် စကားတစ်ခွန်းကိုမျှ မပြောဆိုကြပေ။ အဘယ်ကြောင့် ၎င်းတို့ မပြောဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်အပေါ် ရန်လိုမှုနှင့် အမုန်းတရားတို့ဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်၊ ၎င်းတို့၏ သဘာဝအနှစ်သာရသည် စာတန်၏ သဘာဝအနှစ်သာရဖြစ်ပြီး ၎င်းတို့သည် ပင်ကိုအားဖြင့် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ဆန့်ကျင်ဘက်တွင် ရပ်တည်ကြသည်။ အချို့လူများက “သူတို့သည် ပင်ကိုအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ဘက်တွင် ရပ်တည်ကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် ဘုရားသခင်နောက် လိုက်နေကြသေးသနည်း”ဟု ပြောဆိုကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန် ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်မှ ကောင်းချီးပေးခြင်းခံရသည့် ရလဒ်ကို အချောင်ရယူလိုကြသော်လည်း မည်သည့်အဖိုးအခကိုမျှ ပေးလိုခြင်း သို့မဟုတ် သမ္မာတရားကို လိုက်စားလိုခြင်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို အရိုအသေတန်လိုသည်၊ ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို နှောင့်ယှက်လိုပြီး ထိုသူတို့ကို ဘုရားသခင်နှင့် ခပ်ကင်းကင်းနေစေကာ ဘုရားသခင်ကို သစ္စာဖောက်စေလိုကြသည်။ ထိုသို့သောလူသည် ဧကန် အစစ်အမှန် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သို့သော် အချို့သော မိုက်မဲသည့်လူများသည် ထိုသို့သောလူတို့၏ နတ်ဆိုးဆန်သော မျက်နှာများကို အမြဲတစေ ထိုးထွင်းမမြင်နိုင်ကြသည့်အပြင် သတိမမူနိုင်ကြပေ။ ဤလူတို့ပြောဆိုသည့် လူ့အယူအဆများနှင့်လည်းကောင်း၊ ဇာတိပကတိဆိုင်ရာ ခံစားချက်များ၏ လိုအပ်ချက်များနှင့်လည်းကောင်း ကိုက်ညီသော နတ်ဆိုးဆန်သော စကားများအားလုံးကို ၎င်းတို့ လက်ခံနိုင်သည်။ ဤလူတို့၏ အထင်အမြင်မှားစေခြင်းအောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို အချိန်မရွေး သစ္စာဖောက်ပြီး ငြင်းပယ်နိုင်သည်။ ၎င်းတို့သည် သူ့ကို မငြင်းပယ်လိုလျှင်ပင် ယင်းမှာ ၎င်းတို့၏ ထိန်းချုပ်မှုထက် ကျော်လွန်နေသည်။ စာတန်၊ နတ်ဆိုးများနှင့် စာတန်၏ အစေခံများသည် အလွန်ပင် မသိမသာဒုက္ခပေးတတ်ပြီး လှည့်ဖြားတတ်ကြသည်တကား။ ၎င်းတို့ကိုယ်တိုင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သူ့ကို ဆန့်ကျင်လျက် ရပ်တည်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ပြီး လက်မခံကြသည့်အပြင် ပိုများသောလူတို့အား ဘုရားသခင်နောက်လိုက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့မှပင် တားဆီးလိုကြသည်။ ဘုရားအိမ်တော်၌ ဤလူတို့သည် စာတန်အတွက် စကားပြောဆိုကာ ပြုမူလျက် စာတန်၏ တန်ဆာပလာဖြစ်ခြင်းဟူသည့် အခန်းကဏ္ဍမှ ပါဝင်ကြသည်။ ၎င်းတို့သည် လူတို့အား ပိုင်းခြားသိမြင်နိုင်စွမ်း၌ ကြီးထွားလာစေရန် အထူးအသုံးပြုခံရသည့် အဖြည့်ခံများအဖြစ် အစေခံကြသည်။ သို့ဖြစ်၍ ၎င်းတို့ပြောဆိုသည့် အမှုအရာများစွာသည် အပေါ်ယံအားဖြင့် အလွန်အမင်း ပြဿနာရှိပုံမရပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သက်သေအထောက်အထားအချို့နှင့် ဆိုရိုးစကားအချို့ကို ရှာဖွေလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ကိုးကားကြပြီး ထို့နောက်တွင် ၎င်းတို့ပြောဆိုသည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလွန်ကိုက်ညီပုံပေါက်စေလျက် အချို့သော တန်ဆာဆင်မှုများကို ဖြည့်စွက်ကြသည်။ သို့သော် အချက်တစ်ချက်မှာ သေချာသည်။ ၎င်းတို့ပြောဆိုသည့်အရာသည် သမ္မာတရားနှင့် ဆန့်ကျင်နေသည်။ သင်သည် ၎င်းတို့ပြောဆိုသည့်အရာကို ကြားသည့်အခါ မှန်ကန်သည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သေချာနှိုင်းယှဉ်ကြည့်လျှင် ယင်းသည် အခြေခံအားဖြင့် သမ္မာတရားနှင့် မကိုက်ညီကြောင်းကို သင် ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့ပြောဆိုသည့် ထိုဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသော စကားများအားလုံးသည် စာတန်ထံမှ လာပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်နေကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ နိုင်ကွက်ရရန် ကြိုးစားနေကြသည်၊ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို အထင်အမြင်မှားစေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တလွဲအဓိပ္ပာယ်ကောက်ကာ ထိုလူတို့ကို ဘုရားသခင်နှင့်ပတ်သက်၍ ထင်ကြေးပေးစေခြင်း၊ အထင်လွဲမှားစေခြင်း၊ သစ္စာဖောက်စေခြင်းနှင့် ငြင်းပယ်စေခြင်း စသည်တို့ကို ဖြစ်စေသည်။ ထို့ကြောင့် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများအပြင် အခြားသူများကို အထင်အမြင်မှားစေရန် ကောလာဟလများကို လုပ်ကြံဖန်တီးသူများသည်လည်း အသင်းတော်၌ ပိုင်းခြားသိမြင်သင့်သည့်၊ သတိထားကာ ဖယ်ထုတ်သင့်သည့် လူအမျိုးအစားတစ်ရပ် ဖြစ်သည်။
စ။ အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေသူတို့ကို ပိုင်းခြားသိမြင်ခြင်းနှင့် ၎င်းတို့ကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ
အခြားသူတို့ကို အထင်အမြင်မှားစေရန် ကောလာဟလများ ဖန်တီးသော အသင်းတော်အတွင်းရှိ ထိုသူတို့ကို ငါတို့ မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ပထမဦးစွာ၊ ကောလာဟလများ ဖန်တီးသောသူတို့သည် သမ္မာတရားကို လုံးဝ မလိုက်စားကြပေ၊ သူတို့သည် ၎င်းကို အလွန်အမင်း မနှစ်မြို့ကြပေ။ ထို့အပြင်၊ သူတို့သည် နတ်ဆိုးဆန်သော စကားအမျိုးမျိုးနှင့် အဓိပ္ပာယ်မဲ့သော ပြောဆိုချက်များကို မကြာခဏ ဖန်တီးကြပြီး၊ ဝိညာဉ်ရင့်ကျက်မှု နည်းပါးသော၊ တိမ်သောအခြေခအုတ်မြစ်ရှိသော၊ သမ္မာတရားကို နားမလည်သော ညီအစ်ကိုမောင်နှမအချို့ကို အထင်အမြင်မှားစေရန်နှင့် ဆွဲဆောင်ရန် ၎င်းတို့ကို အသုံးပြုကြသည်။ သူတို့ ရရှိသော အကျိုးသက်ရောက်မှုမှာ အသင်းတော် အသက်တာ၏ ပုံမှန် အစီအစဉ်ကို နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်း၊ လူတို့၏ ပုံမှန် လိုက်စားမှုကို နှောင့်ယှက်ပြီး သူတို့ကို မှန်ကန်သော လမ်းခရီးမှ လမ်းလွဲစေခြင်း၊ လူတို့ကို အပျက်သဘောဆောင်ပြီး အားနည်းစေခြင်း၊ သူတို့၏ တာဝန်များကို စွန့်လွှတ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းကို စွန့်ပယ်သည်အထိပင် ဖြစ်စေခြင်း ဖြစ်သည်၊ ဤသည်က သူတို့ကို သာ၍ပင် ပျော်ရွှင်စေသည်။ ထို့ကြောင့်၊ ကောလာဟလများ ဖန်တီးသောသူတို့ကို စာတန်၏ အစေခံများဟု ခေါ်ဆိုခြင်းသည် လုံးဝ တိကျသော ဖော်ပြချက် ဖြစ်သည်၊ ဤသည်မှာ ထိုသို့သော လူတို့၏ စစ်မှန်သော မျက်နှာနှင့် အနှစ်သာရ ဖြစ်ပြီး၊ ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ အချို့သောသူတို့၌ အနည်းငယ် ဆင်ခြင်တုံတရား ရှိသည်၊ သူတို့သည် သမ္မာတရားကို ကိုယ်တိုင် မချစ်မြတ်နိုးသော်လည်း၊ သူတို့သည် အခြားသူတို့ သမ္မာတရားကို မည်သို့ လိုက်စားသည်ကို ထင်မြင်ယူဆချက်များ မပေး သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ။ ဤလူတို့ကို လျစ်လျူရှုနိုင်သည်။ သို့သော် အချို့သောသူတို့သည် သမ္မာတရားကို လိုက်စားသောသူတို့ကို မနာလိုဖြစ်ပြီး မုန်းတီးကြသည်၊ သူတို့သည် အချို့သော ရည်ရွယ်ချက်များကို သိုထားလျက် သူတို့ကို အစဉ်သဖြင့် တရားစီရင်ပြီး တိုက်ခိုက်ကြသည်၊ သူတို့ကို ပြစ်တင်ရှုတ်ချရန် ်ခုတုံးပင်လုပ်ကြသည်။ ထိုသို့သော လူတို့ကို သတိထားသင့်သည်။ ဤလူတို့ ဆိုသောစကားသည် အလွန်ပင် မှန်ကန်သည်၊ ကျိုးကြောင်းဆီလျော်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်နှင့် ကိုက်ညီသည်ဟု ထင်ရနိုင်သော်လည်း၊ စေ့စပ်သော ပိုင်းခြားသိမြင်မှု ပြုလျှင်၊ ၎င်းသည် များသောအားဖြင့် လိမ်လည်မှုများနှင့် ကောလာဟလများ၊ လုံးဝ အဓိပ္ပာယ်မဲ့သော စကားများ ဖြစ်သည်။ ဤအပေါ်ယံကြည့်ကောင်းသော ကောလာဟလများနှင့် လိမ်လည်မှုများကို ပိုင်းခြားသိမြင်သင့်သည်။ အချို့သောသူများက “ကျွန်ုပ်သည် ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ်သာ ဖတ်ရှုခဲ့သည်၊ သမ္မာတရားကိုလည်း နားမလည်ပါ။ ကောလာဟလများနှင့် လိမ်လည်မှုများကို ကျွန်ုပ် မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း” ဟု ဆိုကြသည်။ တစ်ခုတည်းသော နည်းလမ်းမှာ၊ ယနေ့မှစ၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပေါ် ပို၍ အာရုံစိုက်ရန် နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ပို၍ ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စိတ်နှလုံးထဲ၌ အမြစ်စွဲစေရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုဖြင့် နှင့် သမ္မာတရားအတိုင်း ကိစ္စရပ်များကို ရှုမြင်ခြင်းဖြင့်၊ သင်၌ ပိုင်းခြားသိမြင်မှု ရှိလိမ့်မည်။ ဤလူများ ဖြန့်ဝေသော ကောလာဟလများသည် သင့်အပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိတော့မည် မဟုတ်ဘဲ သင်၏ ပုံမှန် လိုက်စားမှုကို နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။ သူတို့ မည်သည့် ကောလာဟလများကို ဆွေးနွေးသည်ဖြစ်စေ သို့မဟုတ် မည်သို့သော အဓိပ္ပာယ်မဲ့သော စကားများကို ပြောဆိုသည်ဖြစ်စေ မသက်ဆိုင်ဘဲ၊ သင်သည် ၎င်းကို ကြားပြီးနောက် တုန်လှုပ်ခြင်း ရှမည် မဟုတ်သကဲ့သို့၊ သင်သည် အပျက်သဘောဆောင်ပြီး အားနည်းသွားမည်လည်း မဟုတ်ပေ၊ သို့မဟုတ် ထို့ထက်ပို၍ ဘုရားသခင်အပေါ် မည်သည့် နားလည်မှုလွဲမှားခြင်းများမျှ ရှိတော့မည် မဟုတ်ပေ၊ သင်သည် မှန်ကန်သော လားရာ၌ လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ပေမည်။ ဤသည်မှာ သင့်၌ ခုခံနိုင်စွမ်း ရှိသည်ဟု ဆိုလိုသည်။ ထိုသို့သော စာတန်၏ အစေခံများသည် အသင်းတော်အတွင်း၌ မည်သည့် အကျိုးသက်ရောက်မှုမျှ ရှိတော့မည် မဟုတ်ပေ။ ကောလာဟလများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်ယူရန် ဖြတ်လမ်းမရှိပေ။ တစ်ခုတည်းသော နည်းလမ်းမှာ တရားဒေသနာများကို ပို၍ နားထောင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုရန်နှင့် သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့ရန် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်မှု ရရှိသောအခါ၊ သင်၌ ပိုင်းခြားသိမြင်မှု သဘာဝအတိုင်း ရှိလာပေမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် သမ္မာတရားကို နားလည်ရန် နှင့် ထိုကောလာဟလများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုများကို ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ အကယ်၍ ထိုကောလာဟလများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်ပြီး ကွဲလွဲသည်ကို၊ သမ္မာတရားနှင့် လုံးဝ ဆန့်ကျင်ကွဲလွဲနေသည်ကို သင် မြင်တွေ့ပါက၊ ထိုကောလာဟလများသည် သူ့အလိုလို ပြိုကျသွားပေမည်။ အချို့သောသူများက “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် ကြိုးပမ်းအားထုတ်ခြင်း မရှိခဲ့ပါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားမှာ အတိအကျ အဘယ်အရာဖြစ်သည်ကိုလည်း နားမလည်ပါ။ ကျွန်ုပ်သည် အချက်တစ်ချက်ကိုသာ မှတ်မိသည်။ ကျင့်ကြံပြုမူခြင်း ရှုထောင့်မှကြည့်လျှင်၊ ကျွန်ုပ်သည် လူအုပ်နောက် လိုက်ရမည်။ လူအများစု ပယ်ချသော မည်သည့်အရာကိုမဆို၊ ကျွန်ုပ်လည်း ပယ်ချသည်။ လူအများစု လက်ခံသော မည်သည့်အရာကိုမဆို၊ ကျွန်ုပ်လည်း လက်ခံသည်။ ကျွန်ုပ်သည် လူအုပ်နောက်ကိုသာ လိုက်သည်” ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်ပါသလော။ (မမှန်ကန်ပါ။) တစ်ခါတစ်ရံ လူအုပ်သည်လည်း မှားယွင်းတတ်ပြီး၊ လူအုပ်နောက် လိုက်ခြင်းသည် သူတို့နှင့်အတူ အမှားများ ပြုလုပ်ခြင်းဟု ဆိုလိုသည်။ သမ္မာတရားကိုနားလည်သူတို့နောက်သို့လိုက်ရန် သင် သင်ယူရမည်။ ဤသည်ကသာ ကောင်းသောနည်းလမ်းတစ်ခုဖြစ်သည်။
အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်းသည် အသင်းတော်၌ မကြာခဏ ဖြစ်ပျက်သော အရာတစ်ခု ဖြစ်သည်။ ဤပြဿနာသည် အဓိက ပြဿနာတစ်ရပ် မဟုတ်သော်ငြားလည်း၊ ဘုရားသခင် ရွေးချယ်ထားသောသူများအပေါ် ၎င်း၏ အနှောင့်အယှက်နှင့် အန္တရာယ်မှာ မသေးငယ်ပေ။ အနည်းဆုံးအားဖြင့်၊ ၎င်းသည် လူတို့ကို အပျက်သဘောဆောင်ပြီး အားနည်းစေနိုင်သည်။ အဆိုးဆုံးအားဖြင့်၊ ၎င်းသည် လူတို့ကို ဘုရားသခင်ထံမှ ဝေးကွာသွားစေပြီး ကိုယ်တော့်ကို သစ္စာဖောက်စေသည်အထိပင် ဖြစ်စေနိုင်သည်။ ထို့ကြောင့်၊ ကောလာဟလများ ဖြန့်ဝေခြင်းကို လျစ်လျူရှု၍ မရနိုင်ပေ။ ၎င်းသည် အသင်းတော်၌ ဖြစ်ပွားသည်နှင့်တပြိုင်နက်၊ ၎င်းကို ချက်ချင်း တားဆီးပြီး ကန့်သတ်သင့်သည်။ အကယ်၍ အသင်းတော် ခေါင်းဆောင်များသည် ထုံထိုင်းပြီး ဉာဏ်ထိုင်းကာ၊ တကယ့်အလုပ်ကို မလုပ်နိုင်ဘဲ၊ ဤပြဿနာကို မတွေ့ရှိနိုင်ပါက၊ သို့သော် အရည်အချင်းကောင်း ရှိသော အချို့သောသူတို့၊ သမ္မာတရားကို လိုက်စားပြီး နားလည်သောသူတို့သည် ၎င်းကို ရှာဖွေတွေ့ရှိပါက၊ ထိုအခါ ဒုတိယ အုပ်စုသည် ဤပြဿနာကို ဖြေရှင်းရန် ရှေ့တက်လာသင့်သည်။ သဘောတူညီမှုတစ်ခုသို့ ရောက်ရှိရန် နှင့် အတည်ပြုချက်ကို ရယူရန် လူများစွာတို့နှင့်အတူ ရှာဖွေခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ကောလာဟလများ ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း ဆုံးဖြတ်ပြီးသည်နှင့်တပြိုင်နက်၊ လူတို့သည် ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။ အကယ်၍ မှတ်ချက်စကားတစ်ခုခုသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုတစ်ခု ဖြစ်ကြောင်း ရှင်းလင်းခြင်း မရှိပါက၊ ၎င်းကို မျက်စိမှိတ်၍ စရိုက်လက္ခဏာကို သရုပ်မဖော်နှင့်။ ထင်ရှားပြီး မှားစရာမရှိသော၊ ကောလာဟလများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုများအဖြစ် လွယ်ကူစွာ ပိုင်းခြားသိမြင်နိုင်သော မှတ်ချက်စကားများအတွက်မူ၊ လူတိုင်း ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ ၎င်းတို့ကို ချက်ချင်း ဖော်ထုတ်ပြီး စိစစ်သင့်သည်။ အကယ်၍ သင်သည် တစ်စုံတစ်ဦး ပြောဆိုသောအရာမှာ ကောလာဟလတစ်ခု သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုတစ်ခု ဟုတ်မဟုတ်ကို ထိုသူက ဝါကျ တစ်ကြောင်း သို့မဟုတ် နှစ်ကြောင်း ပြောဆိုသည်ကို ကြားပြီးနောက် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက၊ သင်သည် ၎င်းကို သတိဖြင့် ကိုင်တွယ်သင့်ပြီး ကောက်ချက်များကို မျက်စိမှိတ် မဆွဲသင့်ပေ။ ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရန် ထိုသစကားပြောဆိုပြီးသည်အထိ စောင့်ဆိုင်းလော့။ ၎င်းသည် ကောလာဟလတစ်ခု သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုတစ်ခု ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့်တပြိုင်နက်၊ ဤပုဂ္ဂိုလ်ကို ချက်ချင်း တားဆီးပြီး ကန့်သတ်သင့်သည်။ အကယ်၍ ထပ်ခါတလဲလဲ သတိပေးဆုံးမခြင်းများနှင့် ကန့်သတ်ချက်များသည် သူတို့ကို မကန့်သတ်နိုင်ဘဲ၊ သူတို့သည် ကောလာဟလများကို ဆက်လက်၍ ဆက်တိုက်ဖြန့်ဝေနေပါက၊ သူတို့ကို အသင်းတော်မှ ရှင်းလင်းဖယ်ထုတ်သင့်သည်။ အသင်းတော်၌ ကောလာဟလများ ဖြန့်ဝေနေသော တစ်စုံတစ်ဦးကို ရှာဖွေတွေ့ရှိသည့်အခါ အဘယ်အရာ လုပ်ဆောင်ရမည် နှင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်အပေါ် စည်းမျဉ်းနှင့် လမ်းကြောင်းသည် ရှင်းလင်းပါသလော။ (ရှင်းပါသည်။)
ကောလာဟလများ၏ အကြောင်းအရာသည် ငါဖော်ပြခဲ့သည့် အဓိကပြဿနာများသာ ပါဝင်သည်မဟုတ်ပေ။ ပြုပြင်ခြင်းနှင့်ပတ်သက်သည့် မှတ်ချက်များ သို့မဟုတ် ဘုရားအိမ်တော်က မည်သူ့ကို အသုံးပြုပြီး မည်သူ့ကို ဖယ်ရှားရှင်းလင်းသည်ဟူသည့်အကြောင်းနှင့် အခြား မမှန်ကန်သည့် ပြောဆိုချက်များကဲ့သို့သော တိုလီမုတ်စ အချက်များသာဖြစ်သည့် ကောလာဟလအချို့လည်း ရှိသေးသည်။ အသင်းတော်ကို လုံးလုံးလျားလျား သန့်စင်ခြင်းမပြုမီတွင် အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များ၊ အမျိုးမျိုးသော ဆိုးယုတ်သောလူများ၊ နားဝေတိမ်တောင်ဖြစ်သောလူများ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသည့် ဉာဏ်မရှိသူများ ရှိကြသည်။ ယင်းထဲတွင် လူမျိုးစုံရှိသည်။ လိမ်ညာသူများနှင့် ကောလာဟလများကို လုပ်ကြံဖန်တီးသူများသည် မြင်နေကျ မြင်ကွင်းတစ်ခုဖြစ်ပြီး လူတို့အကြားတွင် ကောလာဟလမျိုးစုံနှင့် နတ်ဆိုးဆန်သော စကားမျိုးစုံ ရှိသည်။ တစ်ဖက်တွင် ဤကောလာဟလများနှင့်ပတ်သက်၍ လူတို့သည် ယင်းတို့ကို ဝေဖန်သုံးသပ်ရန် ပုံမှန်ဆင်ခြင်တုံတရား ရှိဖို့ လိုအပ်သည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၊ ဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအပြင် အခြားကိစ္စရပ်များပါဝင်သည့် ပို၍ဆိုးရွားသော ကောလာဟလများအတွက်မူ လူတို့သည် ဤအရာများကို ပိုင်းခြားသိမြင်ရန် သမ္မာတရားရှိဖို့ လိုအပ်သည်။ အပြင်ပိုင်းကိစ္စရပ်များအတွက် လူတို့သည် ယင်းတို့ကိုဝေဖန်သုံးသပ်ရန် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ရှိဖို့ လိုအပ်သည်။ ဘုရားသခင်၏အမှုတော်နှင့် သမ္မာတရားတို့ ပါဝင်သည့် ကိစ္စရပ်များအတွက်မူ လူတို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်ရန်အတွက် သမ္မာတရား လက်တွေ့ကျမှုနှင့် ဝိညာဉ်ရင့်ကျက်မှု ရှိရန် လိုအပ်သည်။ တိုတိုပြောရလျှင် ကောလာဟလအမျိုးအစား မည်သို့ပင်ဖြစ်စေ လူတို့သည် ယင်းတို့ကို လက်မခံသင့်သည့်အပြင် ပိုင်းခြားသိမြင်ကာ ငြင်းပယ်သင့်သည်။ အချို့လူတို့သည် သမ္မာတရားကို မလိုက်စားသည့်အပြင် ဤကောလာဟလများဖြင့် အသက်ရှင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့တွင် တစ်စုံတစ်ဦးက ဆိုရိုးစကားတစ်ခုကို ဖြန့်ဝေပြီး လမ်းလွဲစေသောအခါ ဤလူတို့သည် ထိုနောက်သို့ လိုက်လုပ်ကြသည်။ နက်ဖြန်တွင် အခြားဆိုရိုးစကားတစ်ခုက နောက်ထပ် လမ်းလွဲစေသောအခါ ၎င်းတို့သည် ထိုနောက်သို့ လိုက်လုပ်ကြပြန်သည်။ ဥပမာအားဖြင့် အချို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်က သက်သေခံချက်ဆောင်းပါးများကို ရေးသားနိုင်သောသူများသည် စုံလင်အောင်ပြုခြင်းကို ခံရနိုင်သည်ဟု ပြောဆိုသောကြောင့် ၎င်းတို့က ဆောင်းပါးများရေးသားခြင်းကို လေ့ကျင့်ကြသည်၊ စာပေကို လေ့လာပြီး အရင်းအမြစ်များကို ရှာဖွေကြသည်။ နောက်တစ်နေ့တွင် အခြားခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောသူများသည် ကယ်တင်ခြင်းကို ခံရနိုင်သည်ဟု ပြောဆိုသောကြောင့် ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းဖြင့် မိမိတို့ကိုယ်ကို အလုပ်များစေတော့သည်။ သို့သော် ၎င်းတို့ မည်မျှ အလုပ်များသည်ဖြစ်စေ အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်သည့် သမ္မာတရားနှင့် အသက်ဝင်ရောက်မှုတို့ကို လိုက်စားခြင်းနှင့်ပတ်သက်၍ ၎င်းတို့သည် မည်သည့်အခါမျှ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် စိတ်ဝင်စားခြင်း မရှိကြပေ။ အသင်းတော်ရှိ မတူညီသော အုပ်စုများကြား ဖွဲ့စည်းဖြစ်ပေါ်သည့် အမျိုးမျိုးသော ကောက်ကျစ်ဆိုးယုတ်သည့် ရေပန်းစားမှုများသည် အချို့လူတို့ကို အမြဲတစေ တစ်ပါတည်းဆွဲဆောင်သွားသည်။ အသင်းသားများအကြားတွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော ကောလာဟလများသည် အချို့လူတို့ကို အမြဲတစေ အထင်အမြင်မှားစေပြီး လွှမ်းမိုးသည်။ သို့သော်လည်း ၎င်းတို့ကြားရသည့် ဤကောလာဟလများကို စိတ်မဝင်စားသည့်အပြင် အာရုံမစိုက်သည့် အချို့လူများလည်း ရှိသေးသည်။ ၎င်းတို့သည် ဘုရားအိမ်တော် လုပ်ဆောင်နေသည့် မည်သည့်အလုပ်ကိုမျှ အရေးမစိုက်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအား စိတ်မဝင်စားကြသည့်အပြင် စစ်မှန်သော ယုံကြည်သူများလည်း မဟုတ်ကြပေ။ ဤလူတို့သည် အမည်ခံ ယုံကြည်သူများ ဖြစ်ကြသည်။ အတော်အတန် ပိုမိုကောင်းမွန်သည့် အခြားလူတစ်စုလည်း ရှိသေးသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သောကြောင့် ဤအပျက်သဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော လူတို့၏ ထိခိုက်စေခြင်းကို မခံကြရပေ။ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး အခြေခံအုတ်မြစ်မရှိသည့်အပြင် သမ္မာတရားကို လုံးဝမလိုက်စားသောသူတို့သာလျှင် မတူညီသော ဆိုရိုးစကားများနှင့် မှတ်ချက်များ၏ ဩဇာလွှမ်းမိုးခြင်းကို အမြဲခံကြရသည်။ ဤလူတို့သည် အမြဲတစေ လိုက်လုပ်ကြသောကြောင့်၊ ပြဿနာလှုံ့ဆော်ဖို့အတွက် အမျိုးမျိုးသော ကောလာဟလများကို လုပ်ကြံဖန်တီးသည့် လူအချို့ အမြဲရှိနေသည်။ ဤအရာကသာ ဘုရားသခင်ကို ယုံကြည်ခြင်းအား သက်ဝင်လှုပ်ရှားစေပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်စေကာ ငြီးငွေ့ဖွယ်မဖြစ်စေကြောင်းနှင့် ၎င်းတို့ အရေးပါသည်ဟု ခံစားရစေရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ၎င်းတို့က ခံစားကြရသည်။ ဤအရာများသည် ယုံကြည်သူအသစ်များအကြားတွင် မကြာခဏ ဖြစ်ပေါ်တတ်သည်။ အသင်းတော်တစ်ခုသည် ကောလာဟလများ ဖြန့်ဝေခြင်းနှင့် လူတို့ အထင်အမြင်မှားစေခြင်းတို့ဖြင့် ပြည့်နှက်နေပါက ထိုအသင်းတော်၌ သမ္မာတရားကို နားလည်သောသူ အလွန်နည်းပါးသည်မှာ သေချာသည်ဟု ဆိုလိုသည်။ အသင်းတော်၌ အထက်တွင်ဖော်ပြခဲ့သော လူတို့သည် မသမာသော ကြံရွယ်ချက်များရှိသူတို့ ဖန်တီးသည့် မည်သည့်ကောလာဟလများနှင့် မည်သည့်သွေးထိုးလှုံ့ဆော်မှုများကိုမဆို လိုက်နာကြသည်။ ယင်းမှာ အလွန် ပြဿနာဖြစ်စေတတ်သည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ညံ့ဖျင်းသော အစွမ်းအစကြောင့်ဖြစ်ပြီး သမ္မာတရားကို နားမလည်ခြင်းနှင့်ဆိုင်သည့် စစ်မှန်သော သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ သမ္မာတရားကို နားမလည်သောသူ မည်သူမဆို ပြောဆိုသည့်အရာအများစုသည် လက်တွေ့မကျသည့်အပြင် မသန့်စင်မှုများဖြင့် ရောနှောနေသည်။ တိတိကျကျ ပြောရလျှင် ထိုအရာအားလုံးသည် လိမ်ညာမှုများသာ ဖြစ်သည်။ အကယ်၍ ယင်းက ကြံရွယ်ချက်များနှင့် ရည်ရွယ်ချက်များကို သယ်ဆောင်ထားပါက ယင်းသည် လိမ်ညာမှုတစ်ခုသာမက သာ၍ပင် စာတန်၏ အကြံအစည်တစ်ခုနှင့် ဆိုးယုတ်သောလူတို့၏ ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားမရှိသော လူတို့ပြောဆိုသည့်အရာ အများစုသည် နတ်ဆိုးဆန်သော စကားဖြစ်ပြီး ယုံကြည်ရမည့်အရာ မဟုတ်ပေ။
ကောလာဟလများကို ဖြန့်ဝေခြင်းဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းက ဤတွင် ပြီးဆုံးသည်။ ကောလာဟလများကို ဖြန့်ဝေခြင်းဟူသည့် ဤကိစ္စရပ်သည် လူတို့ကို အထုတ်ဖော်ဆုံးဖြစ်ပြီး မတူညီသော လူတို့၏ အပြုအမူများကို ရှင်းလင်းစွာ မြင်တွေ့ခွင့်ပေးသည်။ ကောလာဟလများနှင့် ထိုကောလာဟလများကို ဖြန့်ဝေသောသူတို့အပေါ် မည်သည့် သဘောထားမျိုးထားရှိသင့်သည်ကိုလည်းကောင်း၊ ၎င်းတို့ကို ကိုင်တွယ်ရန် မည်သည့် နည်းလမ်းများအား အသုံးပြုသင့်သည်ကိုလည်းကောင်း သင်တို့ ယခု နားလည်သင့်ပေပြီ၊ မှန်သလော။ (မှန်ပါသည်။) သင်တို့ နားလည်သည်နှင့်တစ်ပြိုင်နက် ထိုသို့သော ကိစ္စရပ်များကို တစ်ဖန် ကြုံတွေ့ရသည့်အခါ သင်တို့သည် ယင်းတို့ကို ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းနှင့် နှိုင်းယှဉ်သင့်ပြီး ဤပြဿနာများကို ဖြေရှင်းရန် အမှန်ကန်ဆုံးသော နည်းလမ်းများကို အသုံးပြုသင့်သည်။ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်