ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၉)
အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၇)
အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ
မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်သူများကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ
ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်စပ်လျဉ်း၍၊ ငါတို့သည် ယင်းတို့ကို စုစုပေါင်း အချက်ဆယ့်တစ်ချက်အဖြစ် ခွဲခြားခဲ့ပြီးဖြစ်သည်။ ယခင်က၊ ငါတို့သည် ဆဋ္ဌမမြောက်အချက်ဖြစ်သည့် မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ခြင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအရာက အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ အခြားသူများကို မဆင်မခြင် သွေးဆောင်ဖြားယောင်းခြင်းနှင့် ရာဂစိတ်ပြင်းထန်သော တပ်မက်မှုဆိုင်ရာ ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ခြင်းတို့ ဖြစ်သည်။ ဤကဏ္ဍနှင့်စပ်လျဉ်း၍ မည်သည့်အရာကို မိတ်သဟာယဖွဲ့ခဲ့သနည်း။ အသင်းတော်တွင် ထိုသို့သောလူများ ပေါ်လာသည့်အခါ ၎င်းတို့ကို မည်သို့ ကိုင်တွယ်သင့်သနည်း။ မည်သည့်ဖြေရှင်းချက်များ ရှိသနည်း။ ငါတို့သည် မသိကျိုးကျွံပြုပြီး ယင်းကို အတားအဆီးမဲ့ဖြစ်စေသင့်သလော သို့မဟုတ် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြဿနာကို ဖြေရှင်းသင့်သလော။ ငါတို့သည် ယင်းကို ရှောင်ရှားသင့်သလော သို့မဟုတ် ပါဝင်ပတ်သက်သူများကို မေတ္တာဖြင့် လွှမ်းမိုးသင့်သလော။ ငါတို့သည် ၎င်းတို့ထံ သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သလော သို့မဟုတ် ၎င်းတို့ကို သတိပေးပြီး ရှင်းလင်းပစ်သင့်သလော။ မည်သည့်နည်းလမ်းမှာ ကိုင်တွယ်ဖြေရှင်းရန် အသင့်တော်ဆုံးဖြစ်သနည်း။ (ပါဝင်ပတ်သက်သူများကို သတိပေးပြီး ချုပ်ချယ်ကန့်သတ်ပါ။ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်၍မရပါက ရှင်းလင်းပစ်ပါ။) ၎င်းတို့ကို မည်သို့ ချုပ်ချယ်ကန့်သတ်သင့်သနည်း။ ဤအရာကို လုပ်ဆောင်ရန် လွယ်ကူသလော။ ထိုသို့သော ကိစ္စရပ်များ ဖြစ်ပွားသည့်အခါ၊ ပါဝင်ပတ်သက်သူများကို ချုပ်ချယ်ကန့်သတ်ရန် ယေဘုယျအားဖြင့် သိပ်မလွယ်ကူပေ။ အချို့လူများသည် ထိုသို့သောအခြေအနေကို သတိပြုမိပြီး သင့်တင့်လျောက်ပတ်ခြင်းမရှိဟု ခံစားရသော်လည်း ဖွင့်ပြောရန် ရှက်ကြောက်နေကြသည်။ အချို့လူများသည် သွယ်ဝိုက်၍ အရိပ်အမြွက်ပြောကောင်းပြောနိုင်သော်လည်း ပါဝင်ပတ်သက်သူများက သေချာပေါက် နားမထောင်ကြပေ။ အခြားသူများကို မဆင်မခြင် သွေးဆောင်ဖြားယောင်းနိုင်သော လူအားလုံး၏ လူ့သဘာဝသည် မည်သို့ရှိသနည်း။ ၎င်းတို့သည် ဂုဏ်သိက္ခာရှိပြီး ဖြောင့်မှန်သောသူများ ဖြစ်ကြသလော။ ၎င်းတို့သည် သန့်ရှင်းသူတို့၏ သင့်တင့်လျောက်ပတ်သော အမူအကျင့်ရှိသူများ ဖြစ်ကြသလော။ ၎င်းတို့သည် ဂုဏ်သိက္ခာနှင့် အရှက်တရားရှိသောသူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) တစ်စုံတစ်ဦးက ၎င်းတို့အား စကားလုံးများဖြင့် သတိပေးရုံမျှသတိပေးလျှင် သို့မဟုတ် သမ္မာတရားကို ပုံမှန်အတိုင်း မိတ်သဟာယဖွဲ့ရုံမျှဖွဲ့လျှင် ထိုအရာက ပြဿနာကို ဖြေရှင်းနိုင်သလော။ မဖြေရှင်းနိုင်ပေ။ ထိုသို့သော ကိစ္စရပ်တစ်ခု ဖြစ်ပွားသည့်အခါ၊ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အချိန်အတော်ကြာ အစပျိုးနေပြီးဖြစ်သည်ကို ဆိုလိုသည်။ ထိုအချိန်တွင် ထိန်းချုပ်ရန် လွယ်ကူသလော။ ကူညီခြင်းနှင့် မေတ္တာဖြင့် ၎င်းတို့ကို လွှမ်းမိုးရန် ကြိုးပမ်းခြင်းက ပြဿနာကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) သို့ဆိုလျှင် အကောင်းဆုံးသော ဖြေရှင်းချက်မှာ အဘယ်နည်း။ ထိုသို့သောလူများကို ရှင်းလင်းပစ်ရန်၊ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောသူများနှင့် ၎င်းတို့ကို သီးခြားခွဲထားရန်နှင့် အခြားသူများကို ဆက်လက်၍ နှောင့်ယှက်ကာ ထိခိုက်နစ်နာစေခွင့် မပြုရန် ဖြစ်သည်။
လက်ရှိတွင် အချို့သော အသင်းတော်များ၌ အမျိုးသားများနှင့် အမျိုးသမီးများ အချင်းချင်း သွေးဆောင်ဖြားယောင်းသည့် ဖြစ်ရပ်များ အမြဲ ပေါ်ပေါက်နေသည်။ ဤလူတို့သည် အခွင့်အရေးရသရွေ့ အထူးသဖြင့် လျှပ်ပေါ်လော်လည်စွာ ပြုမူကာ မည်သည့်ရှက်စိတ်မျှ မရှိဘဲ၊ အချင်းချင်း သွေးဆောင်ဖြားယောင်းကြသည်။ အမျိုးသမီးအများအပြားကို သွေးဆောင်ဖြားယောင်းခဲ့သည့် အမျိုးသားတစ်ဦးအကြောင်း ငါ ကြားခဲ့ရသည်။သူသည် လေးနက်သော ပိုးပန်းခြင်းကို မလုပ်ဆောင်ဘဲ သူတွေ့သည့် မည်သည့်အမျိုးသမီးကိုမဆို မဆင်မခြင် သွေးဆောင်ဖြားယောင်းပြီး တွယ်ကပ်နေခြင်းသာ ဖြစ်သည်။ အချို့လူများက “သူသည် ပုံမှန်အတိုင်း ဆက်ဆံနေခြင်းသာ ဖြစ်သည်။ ဤသည်မှာ သူ၏ ဆက်ဆံပုံဆက်ဆံနည်းသာ ဖြစ်သည်” ဟု ပြောဆိုကြသည်။ လူအများစုက ထိုဆက်ဆံပုံနည်းလမ်းသည် တည်ဆောက်စရာမဖြစ်ဘဲ၊ ရွံရှာဖွယ်ဖြစ်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်ဟု မြင်ကြသည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ ထိုသို့သော ဆက်ဆံရေးများက သင့်တင့်လျောက်ပတ်မှုမရှိကြောင်းကို ဤအရာက သက်သေပြနိုင်သလော။ အကယ်၍ လူနှစ်ဦး ချိန်းတွေ့ခြင်းသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကိုသာမက အခြားသူများ၏ တာဝန်ထမ်းဆောင်မှုကိုပါ ထိခိုက်ပါက ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်သင့်သည်။ ၎င်းတို့အား အသင်းတော်အသက်တာအတွင်း၌၊ အထူးသဖြင့် အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်၌ ချိန်းတွေ့ခွင့်မပြုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် အခြားသူများ၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်ပြီး အသင်းတော်အလုပ်အတွက် အန္တရာယ်ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို အာရုံစိုက်နိုင်သည့်အခါ၊ မိမိတို့တာဝန်များထမ်းဆောင်ရန် အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်သို့ ပြန်လာနိုင်သည်။ အချို့ည် အလေးအနက်ထား ချိန်းတွေ့ခြင်းမရှိဘဲ၊ ထိုအစား မဆင်မခြင် သွေးဆောင်ဖြားယောင်းကာ အခြားသူများကို တွယ်ကပ်ခြင်း၊ ရာဂစိတ်ပြင်းထန်သော တပ်မက်မှုများဖြင့် ကစားခြင်း၊ အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်း၊ လူတို့၏ စိတ်အခြေအနေများကို ထိခိုက်စေခြင်းနှင့် အခြားသူများကို နှောင့်ယှက်ခြင်းတို့ကို ပြုလုပ်ကြသည်။ ဤအခြေအနေသည် အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်းဖြစ်ပြီး စည်းမျဉ်းများအတိုင်း ဖြေရှင်းကာ ကိုင်တွယ်သင့်သည်။ ဤလူတို့ကို အချိန်မီ သီးခြားခွဲထုတ်ပြီး ရှင်းလင်းပစ်သင့်သည်။ ဤပြဿနာသည် ကိုင်တွယ်ရန် လွယ်ကူသလော။ မည်သူ့ကိုမျှ အသင်းတော်အသက်တာနှင့် အသင်းတော်အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ခွင့် မပြုသင့်ပေ။ ပြီးလျှင် ထိုသို့သော ပြဿနာများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်သည်။ အချို့လူများက “အကယ်၍ သူတို့ကို ကိုင်တွယ်ဖြေရှင်းလိုက်ပါက သူတို့၏ တာဝန်များကို ယူမည့်သူ မည်သူမျှ ရှိတော့မည်မဟုတ်သည့် အခြေအနေများတွင် သူတို့ကို ကိုင်တွယ်ဖြေရှင်း၍မရပါ။ သူတို့အား မိမိတို့အလိုရှိသည့်အတိုင်း ဆက်လက်လုပ်ဆောင်ပြီး အခြားသူများကို သွေးဆောင်ဖြားယောင်းခွင့် ပြုသင့်သည်။ သူတို့ မည်သို့ပင် အခြားသူများကို သွေးဆောင်ဖြားယောင်းပါစေ၊ ခွင့်ပြုသင့်သည်” ဟု ပြောဆိုကြသည်။ ဘုရားအိမ်တော်တွင် ထိုသို့သော စည်းမျဉ်းရှိသလော။ ထိုသို့သောလူများကို မည်သို့ကိုင်တွယ်ရမည်နှင့်ပတ်သက်၍ နောက်ဆုံးစုဝေးပွဲ၏ မိတ်သဟာယဖွဲ့ခြင်းတွင် ထိုသို့သော စည်းမျဉ်းတစ်ခု ရှိခဲ့သလော။ (မရှိခဲ့ပါ။) ထိုသို့သောအခြေအနေများကို ကြုံတွေ့ရသည့်အခါ၊ အသင်းတော်ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် စိတ်ရှုပ်ထွေးလာကြပြီး မည်သို့ကိုင်တွယ်ရမည်ကို မသိကြဘဲ၊ ဤလူတို့အား အသင်းတော်ထဲတွင် မဆင်မခြင် သွေးဆောင်ဖြားယောင်းခွင့်ပြုကြသည်။ ယင်းက လူအများစုကို မသက်မသာဖြစ်စေပြီး တည်ဆောက်စရာမဖြစ်သည့်အပြင်၊ မိမိတို့၏ စိတ်နှလုံးထဲတွင် ရွံရှာစက်ဆုပ်နေသော်လည်း ဖွင့်မပြောဝံ့ဘဲ ကြိတ်မှိတ်ခံစားနေရစေသည်။ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် အသင်းတော်အလုပ်နှင့် ဘုရားအိမ်တော်သည် ဤလူများမရှိဘဲ မဖြစ်နိုင်ဟုလည်းကောင်း၊ အကယ်၍ ဤမဆင်မခြင် သွေးဆောင်ဖြားယောင်းသူများကို နှင်ထုတ်ပါက၊အလုပ်လုပ်မည့်သူ နည်းသွားမည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤဆင်ခြင်တွေးခေါ်မှုစနစ်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သို့ မမှန်ကန်သနည်း။ (ဤလူတို့သည် အလုပ်မလုပ်နိုင်ကြပါ။ သူတို့သည် အလုပ်လုပ်လိုစိတ်မရှိပါ။) ဤသည်မှာ ကွက်တိမှန်ပေသည်။ အခြားသူများကို မဆင်မခြင် သွေးဆောင်ဖြားယောင်းနိုင်သောသူများသည် မည်သို့သောလူစားမျိုးဖြစ်သည်ဟု သင်တို့ ထင်သနည်း။ ၎င်းတို့တွင် ချုပ်တည်းမှု ဘာဆိုဘာမျှမရှိပေ။ ၎င်းတို့သည် မယုံကြည်သူများ၊ ဘာသာတရား မရှိသူများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ယုံကြည်ခြင်းအနည်းငယ်သာရှိခြင်း၊ ငယ်ရွယ်ခြင်းနှင့် ပေါ့တန်သော အခြေခံအုတ်မြစ်ရှိခြင်းမျှသာ မဟုတ်ပေ။ ထိုမျှသာ မဟုတ်ပေ။ ဘုရားသခင်ကို မယုံကြည်သော ဘာသာတရားမရှိသူအားလုံးသည် မဆင်မခြင် သွေးဆောင်ဖြားယောင်းနိုင်စွမ်း ရှိကြသလော။ ၎င်းတို့အားလုံးသည် ကာမဂုဏ် လိုက်စားသော အပြုအမူများတွင် ပါဝင်နိုင်စွမ်း ရှိကြသလော။ ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းသာ ပါဝင်နိုင်စွမ်းရှိကြသည်။ အနည်းစုက တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို တန်ဖိုးထားဆဲဖြစ်ပြီး၊ မိမိတို့၏ ဂုဏ်သတင်းကို ဂရုစိုက်ကာ၊ မိမိတို့၏ ပြုမူကျင့်ကြံမှုအတွက် အခြေခံစည်းမျဉ်းတစ်ခု ရှိကြသည်။ ဘုရားသခင်ကို ယုံကြည်သူများဟုခေါ်သော ဤလူတို့သည် ဘာသာတရားမရှိသူများထက် မသာကြပေ။ သို့ဖြစ်၍ ၎င်းတို့ကို ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများဟု ခေါ်ဆိုခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) ဤလူတို့သည် ဘုရားအိမ်တော်၌ အလုပ်အချို့ကို လုပ်ဆောင်နိုင်သော်လည်း၊ ၎င်းတို့၏ သဘာဝအရ၊ ၎င်းတို့သည် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများ ဖြစ်ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မျှ စည်းမျဉ်းများမရှိသည့်အပြင် အခြေခံစည်းမျဉ်းမရှိ၊ ဂုဏ်သိက္ခာမရှိ၊ ရှက်စိတ်မရှိဘဲ ပြုမူကျင့်ကြံကြသည်။ ဘာသာတရားမရှိသူများပင်လျှင် “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဟူသော အယူအဆကို ထောက်ခံကြသည်။ သို့ရာတွင် ဤလူတို့သည် မိမိတို့၏ ဂုဏ်သိက္ခာကိုပင် မထိန်းသိမ်းလိုကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို အလိုရှိနိုင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်စွာ အသုံးခံနိုင်ကြသလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်တွင် စည်းမျဉ်းများအတိုင်း ပြုမူနိုင်ကြသလော။ လုံးဝမပြုမူနိုင်ကြပေ။ ၎င်းတို့သည် အလုပ်လုပ်ပေးခြင်း သက်သက် ဖြစ်သည်။ အလုပ်လုပ်ပေးသောသူများသည် မည်သည့်သမ္မာတရားကိုမျှ မပိုင်ဆိုင်ကြပေ။ ၎င်းတို့၏ အလုပ်က အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်အပြင် တာဝန်ထမ်းဆောင်ခြင်း၏ စံနှုန်းကို မပြည့်မီပေ။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေပုံရသော်လည်း၊ သင်သည် ၎င်းတို့အား စည်းမျဉ်းများကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် တကယ်ကို နားမထောင်ကြပေ။ ၎င်းတို့သည် စည်းမျဉ်းများအတိုင်း မပြုမူဘဲ မိမိတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ ဤလူတို့သည် တရားဒေသနာများကို နားထောင်သည့်အခါ၊ ၎င်းတို့၏ အမူအရာနှင့် မျက်နှာထားတို့က မယုံကြည်သူများအဖြစ် ၎င်းတို့၏ အနှစ်သာရကို ဖော်ထုတ်သည်။ အခြားသူများသည် တည့်မတ်စွာထိုင်ကာ အလေးအနက်နှင့် စူးစိုက်စွာ နားထောင်ကြသော်လည်း၊ ဤလူတို့သည် မည်သို့ နားထောင်ကြသနည်း။ အချို့သည် မကြာခဏ အကြောဆန့်ကာ သမ်းဝေလျက်၊ ကောင်းစွာမထိုင်ဘဲ၊ စားပွဲကိုမှီ၍ လူသားနှင့် မည်သည့်အရာမျှ မတူကြပေ။ လူနှင့် မည်သည့်အရာမျှ မတူသည့် ထိုသူများသည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် လူသားများ လုံးဝ မဟုတ်ကြပေ။ ၎င်းတို့သည် လူသားများ၏ အယောင်ဆောင်သော အဆင်တန်ဆာများကို ဆင်မြန်းထားခြင်းမျှသာ ဖြစ်သည်။ ဤ “တွားသွားသတ္တဝါများ”တစ်စုက တရားဒေသနာများ နားထောင်ရန် လာသည်ကို သင်တို့ မြင်သည့်အခါ မည်သို့ ခံစားရသနည်း။ ယင်းက သင်တို့ကို မသက်မသာဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအုပ်စုသည် စက်ဆုပ်ဖွယ်ကောင်းပုံရပြီး ၎င်းတို့ကို မြင်ရခြင်းက ငါ့ကို စကားမပြောချင်အောင်ဖြစ်စေသည်။ ငါသည် “တွားသွားသတ္တဝါများ”ကို မဟုတ်ဘဲ၊ လူသားများကို စကားပြောခြင်းဖြစ်သည်။ ဤကဲ့သို့ တရားဒေသနာများကို နားထောင်သောလူတို့၏ အခြေအနေများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ တိုးတက်နိုင်သလော။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် ကြီးထွားနိုင်ပြီး ၎င်းတို့၏ တာဝန်ကို ပို၍ထမ်းဆောင်လေ သမ္မာတရားကို ပို၍ ရှင်းလင်းစွာ နားလည်နိုင်ကြသလော။ လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မည်သို့ပင် ထမ်းဆောင်ပါစေ၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ယုံကြည်ခြင်းသည် မကြီးထွားပေ။ ၎င်းတို့သည် အရာရာကို လက်လွတ်စပယ်နှင့်ချုပ်တည်းမှုမရှိဘဲ လုပ်ဆောင်ကြပြီး၊ ဇာတိပကတိ၏ တပ်မက်မှုများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ မည်သည့်သိနားလည်မှုမျှမရှိ၊ မိမိကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် စည်းကမ်းမရှိဘဲ အသက်ရှင်ကြသည်။ ၎င်းတို့သည် လူသားမဟုတ်သူများ ဖြစ်ကြသည်။ ထိုသို့သောလူများအတွက်၊ ၎င်းတို့လုပ်ဆောင်ခဲ့သည့် အခြားမကောင်းသည့်အရာများကိုဖြစ်စေ၊ စည်းမျဉ်းများကို ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေခဲ့သည့် ၎င်းတို့၏ လုပ်ဆောင်ချက်များကိုဖြစ်စေ ထည့်မစဉ်းစားဘဲ၊ မတော်လျော်သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ခြင်းတစ်ခုတည်းကပင် ရှင်းလင်းပစ်ခြင်းခံရဖို့ ၎င်းတို့အတွက် လုံလောက်ပေသည်။ ဤသည်မှာ အလွန်ရိုးရှင်းသော ကိစ္စရပ်တစ်ခုဖြစ်သော်လည်း၊ အသင်းတော်ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် မည်သို့ကိုင်တွယ်ရမည်ကို မသိဘဲ ခေါင်းကုတ်နေကြသည်။ ဤကိစ္စရပ်သည် ကိုင်တွယ်ရန် အလွန်လွယ်ကူသည်။ ယင်းကို ယခင်က မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ယင်းကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်ပြီး၊ ရှင်းလင်းပစ်သင့်သောသူများကို ရှင်းလင်းပစ်သင့်သည်။ ထိုအရာကို အလွန်အကျွံ မစဉ်းစားနှင့်။ ဘုရားအိမ်တော်၏ အလုပ်သည် ၎င်းတို့မရှိဘဲ ကောင်းမွန်စွာ ဆက်လက်လည်ပတ်သွားလိမ့်မည်ဖြစ်သည်။ ငါ့ကို ပြောလော့၊ တစ်စုံတစ်ဦးသည် တစ်နေရာရာတွင် ခွေးချေး သို့မဟုတ် မစင်ကို တွေ့ရှိပါက မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ထိုအရာကို ချက်ချင်း သန့်ရှင်းရေးလုပ်သင့်သည်။ အချိန်မီ မသန့်ရှင်းပါက ယင်ကောင်များနှင့် ခြင်များ ချက်ချင်းရောက်လာမည်ဖြစ်ပြီး၊ ထိုသို့သောနေရာတွင် လူတို့အနေဖြင့် အေးချမ်းမှုရှိနိုင်မည်မဟုတ်ပေ။ ဤအရာအားလုံးဖြင့် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ (အသင်းတော်၌ မတော်လျော်သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ခြင်း ပြဿနာကို ဖြေရှင်းရန်၊ ပထမအဆင့်မှာ ထိုဆိုးယုတ်သော မယုံကြည်သူများကို သန့်စင်ဖယ်ရှားပစ်ရန် ဖြစ်ပါသည်။) ဟုတ်သည်၊ ယင်းမှာငါဆိုလိုသည့်အရာ အတိအကျပင်ဖြစ်သည်။ အကယ်၍ အသင်းတော်၌ “နံစော်သော ခွေးချေး” အမျိုးအစားဝင် လူများရှိပါက၊ ၎င်းတို့သည် “နံစော်သော ယင်ကောင်” အချို့ကို သေချာပေါက် ဆွဲဆောင်လိမ့်မည်။ နံစော်သော ခွေးချေးကို သန့်စင်ဖယ်ရှားခြင်းအားဖြင့်၊ ဤယင်ကောင်များသည် အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်။ ဤသည်မှာ ဖြေရှင်းနည်းတစ်ခု မဟုတ်လော။ ဤဖြေရှင်းနည်းသည် ကျိုးကြောင်းဆီလျော်သလော။ (ကျိုးကြောင်းဆီလျော်ပါသည်။) ထိုသို့သော ပြဿနာများကို ကိုင်တွယ်သည့်အခါ၊ အချို့သော အသင်းတော်ခေါင်းဆောင်များသည် “အကယ်၍ ကျွန်ုပ်တို့သည် မဆင်မခြင် သွေးဆောင်ဖြားယောင်းသူများကို သန့်စင်ဖယ်ရှားလိုက်ပါက၊ အလုပ်လုပ်ရန် လူနည်းသွားမည် မဟုတ်လော” ဟု ဆိုလျက် အမြဲတစေ စိုးရိမ်ပူပန်မှုများ ရှိကြသည်။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်သနည်း။ ဤစိုးရိမ်ပူပန်မှုကို မည်သို့ ဖြေရှင်းသင့်သနည်း။ လူတို့အပေါ် တောင်းဆိုချက်များ အလွန်တင်းကျပ်ပြီး အလုပ်လုပ်နိုင်သောသူများ သန့်စင်ဖယ်ရှားခြင်းခံရမည်ဆိုလျှင်၊ ဤအလုပ်ခွဲတမ်းကို လုပ်ဆောင်ရန် မည်သူမျှ ရှိတော့မည်မဟုတ်ဟု တွေးထင်လျက်၊ ၎င်းတို့၏ စိုးရိမ်ပူပန်မှုက အဓိပ္ပာယ်ရှိလျှင်ပင်၊ ၎င်းတို့ကို အစားထိုးရန် အခြားလုပ်နိုင်စွမ်းရှိသော လူအချို့ကို ရှာဖွေဖို့ လွယ်ကူမည် မဟုတ်လော။ (လွယ်ကူပါသည်။) ပြီးလျှင် အစားထိုးမည့်သူများကို ချက်ချင်း ရှာမတွေ့နိုင်လျှင်ပင်၊ ဘုရားအိမ်တော်၏ အလုပ်ကို မထိခိုက်စေဘဲ သင့်တော်သောလူများကို တွေ့ရှိသည့်နောက်ပိုင်းတွင် အလုပ်ကို လုပ်ဆောင်နိုင်သည်။ ဘုရားအိမ်တော်သည် မှန်ကန်သောအလုပ်ကို မလုပ်ဆောင်သော ဤလူတို့ကို မထောက်ပံ့ပေ။ အကယ်၍ ၎င်းတို့သည် နောင်တရနိုင်ပြီး မည်မည်ရရ အလုပ်တာဝန်များကို ထမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်သည်။ သို့သော် ၎င်းတို့ နောင်တမရပါက၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းကို ပိတ်ပင်သင့်သည်။ ဤသည်မှာ တရားပြီး ကျိုးကြောင်းဆီလျော်သည် မဟုတ်လော။ ဘုရားအိမ်တော်သည် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများကို ထောက်ပံ့ခြင်းထက် အစေခံများကို ထောက်ပံ့လိုသည်။ ဤစည်းမျဉ်းသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) မည်သည့်နည်းလမ်းဖြင့် မှန်ကန်သနည်း။ အလုပ်လုပ်သူတစ်ဦးသည် သမ္မာတရားကို မလိုက်စားလျှင်ပင်၊ သူသည် အလုပ်လုပ်ရန် လိုလားဆဲဖြစ်ပြီး၊ ဘုရားအိမ်တော်၌ ကောင်းမွန်စွာ ပြုမူကာ နာခံသောနည်းလမ်းဖြင့် အားထုတ်နိုင်သည်။ ၎င်းတို့သည် အားထုတ်နေခြင်းသာ ဖြစ်သော်လည်း၊ သစ္စာစောင့်သိကြပြီး၊ အနည်းဆုံးအနေဖြင့်လူဆိုးများ မဟုတ်ကြပေ။ ဤသည်တို့မှာ ဘုရားအိမ်တော်က ထိန်းသိမ်းသည့် လူစားမျိုးများ ဖြစ်ကြသည်။ အကယ်၍ လူတစ်ဦးသည် ဆိုးသွမ်းပြီး ယုတ်မာကာ၊ အမြဲတစေ ကောက်ကျစ်စဉ်းလဲပြီး ယုတ်ညံ့သော အလေ့အကျင့်များတွင် ပါဝင်ပတ်သက်နေပါက၊ ပြီးလျှင် ၎င်းတို့သည် အလုပ်ပင် ကောင်းစွာမလုပ်နိုင်ဘဲ အလုပ်လုပ်သူတစ်ဦးအဖြစ် စံမမီပါက၊ ထိုသို့သောလူများသည် ဘာသာတရားမရှိသူများဖြစ်ကြပြီး၊ ဘုရားအိမ်တော်က ၎င်းတို့ကို မထားရှိပေ။ ထို့ကြောင့်၊ ဘုရားအိမ်တော်က ၎င်းတို့ကို မထားရှိခြင်းမှာ ၎င်းတို့သည် အလုပ်လုပ်သူများဖြစ်သောကြောင့်မဟုတ်ဘဲ၊ ၎င်းတို့၏ အလုပ်လုပ်ခြင်းသည် စံပင်မမီသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ အစေခံခြင်းသည်ပင် အပေးအယူဆန်သောကြောင့် ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမြဲတစေ မကောင်းမှုကို လုပ်ဆောင်လိုပြီး အနှောင့်အယှက်များ ဖြစ်စေလိုသောကြောင့်၊ အသင်းတော်၌ ကောက်ကျစ်စဉ်းလဲပြီး ယုတ်ညံ့သော အလေ့အကျင့်များတွင် ပါဝင်ပတ်သက်ရန် အမြဲကြိုးစားခြင်း၊ အသင်းတော်အလုပ်၏ အစီအစဉ်ကို ကမောက်ကမဖြစ်စေခြင်းနှင့် လူအများစု၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်စေခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ သွင်ပြင်အခြေအနေကို ဖောက်ပြန်ပျက်စီးစေပြီး ဘုရားသခင်၏ နာမကို ဂုဏ်သရေပျက်စေသည်၊ ၎င်းတို့ကို သန့်စင်ဖယ်ရှားခြင်းထက် ပို၍ သင့်တော်သောအရာ မရှိနိုင်ပေ။ “နံစော်သော ခွေးချေး” အမျိုးအစားဝင် လူများရှိသည့် နေရာတိုင်းတွင် ၎င်းတို့ကို ချက်ချင်း သန့်စင်ဖယ်ရှားသင့်သည်။ နားလည်ပြီလော။ (နားလည်ပါပြီ။)
၁၁။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း
ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူစေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ဤဆယ့်နှစ်ခုမြောက် တာဝန်၏ ဆယ့်တစ်ချက်မြောက်အချက်မှာ အဘယ်အရာဖြစ်သနည်း။ (ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်ပါသည်။) ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းအပေါ် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များကို မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့ချိန် ယခင်က အချို့ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များတွင် အသင်းတော် ရွေးကောက်ပွဲများအတွက် စည်းမျဉ်းများ ပါဝင်သည်။ ရွေးကောက်ပွဲများကို တစ်နှစ်တစ်ကြိမ် ကျင်းပနိုင်ပြီး အချို့သော အထူးအခြေအနေများအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲများလည်း ရှိနိုင်သည်။ အသင်းတော်အားလုံးသည် ဘုရားအိမ်တော်မှ သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း အဆင့်အားလုံးတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်သင့်သည်။ ရွေးကောက်ပွဲများအတွက် စည်းမျဉ်းများတွင် ရွေးကောက်ပွဲဆိုင်ရာ မူများ၊ လူများကို ရွေးချယ်ခြင်းအတွက် စံသတ်မှတ်ချက်များ၊ ရွေးကောက်ပွဲများ၏ နည်းလမ်းများနှင့် လုပ်နည်းကိုင်နည်းများအပြင် ရွေးကောက်ပွဲများအတွင်း ညီအစ်ကိုမောင်နှမများ သိရှိရန်လိုအပ်သည့် သတိပြုရန် လိုအပ်သည့်အချက်အမျိုးမျိုးတို့ ပါဝင်သည်။ ရွေးကောက်ပွဲတစ်ခုစီမတိုင်မီ အဆင့်အားလုံးတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ ရှင်းလင်းစွာ နားလည်နိုင်သည်ကို သေချာစေရန်အတွက် ရွေးကောက်ပွဲ စည်းမျဉ်းများ၏ ကဏ္ဍအားလုံးနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သင့်သည်။ ဤနည်းအားဖြင့် ရွေးကောက်ပွဲ၏ ရလဒ်များက ပို၍ကောင်းမွန်လိမ့်မည်။ ယနေ့တွင် ရွေးကောက်ပွဲများ၏ အသေးစိတ်အချက်အလက်များကို ငါတို့ မိတ်သဟာယဖွဲ့မည်မဟုတ်ပေ။ ယနေ့ မိတ်သဟာယ၏ အဓိကအကြောင်းအရာမှာ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ သရုပ်သကန်အချို့ ဖြစ်သည်။
က။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ သရုပ်သကန်များ
အသင်းတော် ရွေးကောက်ပွဲများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ခြင်းအတွက် အသင့်တော်ဆုံးသော ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန် ဘုရားအိမ်တော်မှ ချမှတ်ထားသော ရွေးကောက်ပွဲ စည်းမျဉ်းများကို တင်းကြပ်စွာ လိုက်နာရမည်။ အကယ်၍ ရွေးကောက်ပွဲ စည်းမျဉ်းများကို ချိုးဖောက်ပြီး အခြားရွေးကောက်ပွဲ နည်းလမ်းများကို အသုံးပြုပါက ဤသည်မှာ အတုအယောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့၏ လုပ်ဆောင်ချက်ဖြစ်သည်။ ဘုရားအိမ်တော်သည် ထိုသို့သော ချိုးဖောက်မှုများကို တားမြစ်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခဲ့သည့် အဓိကလူပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးကာ ကိုင်တွယ်ဖြေရှင်းရမည်။ အသင်းတော် ရွေးကောက်ပွဲများအတောအတွင်းတွင် အမျိုးမျိုးသော လူများ ထုတ်ဖော်ခြင်းခံရလိမ့်မည်ဖြစ်ပြီး လူတို့၏ အမျိုးမျိုးသော စိတ်နေစိတ်ထားများလည်း ဖော်ထုတ်ခြင်းခံရလိမ့်မည်ဖြစ်သည်။ အချို့လူများသည် မိမိတို့ကိုယ်တိုင် ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရရန် သို့မဟုတ် မိမိတို့အတွက် အကျိုးရှိသောသူများ ရွေးကောက်တင်မြှောက်ခံရရန် နောက်ကွယ်မှ မသမာသော လှည့်ကွက်များစွာကို ပြုလုပ်ကြသည်။ ဥပမာအားဖြင့် အချို့လူများသည် သမ္မာတရားကို လိုက်စားသောသူများက ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး မိမိတို့၏ အဆင့်အတန်း ခြိမ်းခြောက်ခြင်းခံရလိမ့်မည်ကို ကြောက်ရွံ့ကြသောကြောင့် ၎င်းတို့သည် ဤလူတို့အား ရွေးကောက်ပွဲတွင် ရှုံးနိမ့်စေရန် ကြိုးပမ်းမှုသက်သက်တစ်ခုအနေဖြင့် ထိုသူတို့ကို အန္တိခရစ်၏ စိတ်သဘောထားဖြင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောသူများအဖြစ် ပြစ်တင်ရှုတ်ချလျက် ထိုသူတို့ပြသခဲ့သော အားနည်းချက်များနှင့် ပြုလုပ်ခဲ့သော အမှားများအကြောင်း၊ စသည်တို့ကို နောက်ကွယ်မှနေ၍ ဝေဖန်ရန် တတ်နိုင်သမျှအားထုတ်ကြလေသည်။ အခြားသူများမှာမူ ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရရန်အလို့ငှာ ရွေးကောက်ပွဲကာလအတောအတွင်းတွင် လူများကို လာဘ်ထိုးဖို့ ပစ္စည်းကောင်းများကို ဝယ်ပေးခြင်း သို့မဟုတ် နားကြားကောင်းသောစကားများဖြင့် ကတိများပေးခြင်းတို့ကို ပြုလုပ်ကြသည့်အပြင် မည်သူ့ကို မဲပေးရန် သို့မဟုတ် မဲမပေးရန် အခြားသူများကို သွေးထိုးလှုံ့ဆော်ဖို့အတွက် နည်းလမ်းအမျိုးမျိုးကိုလည်း အသုံးပြုကြသည်။ ၎င်းတို့အနေဖြင့် မည်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုသည်ဖြစ်စေ ယင်းတို့သည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် ရွေးကောက်ပွဲရလဒ်များကို လွှမ်းမိုးရန်အတွက်ချည်းသာ ဖြစ်သည်။ ကောင်းသောလူ့သဘာဝရှိသူများ၊ သမ္မာတရားကို လိုက်စားသူများနှင့် ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ တာဝန်များအား ပုံမှန်ထမ်းဆောင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်ဖတ်ရှုရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်သောသူများကို ရွေးချယ်ခြင်း စသည့် ရွေးကောက်ပွဲများ၏ စည်းမျဉ်းများကို အသင်းတော်က ထပ်ခါတလဲလဲ မိတ်သဟာယဖွဲ့သော်လည်း ဤလူတို့သည် နားမထောင်ဘဲ မသမာသော လှည့်ကွက်များကို ပြုလုပ်လိုကြသည်။ မသမာသော လှည့်ကွက်များကို ပြုလုပ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် အမြဲတစေ လိမ်လည်လှည့်ဖြားလိုကြသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အမြဲတစေ နောက်ကွယ်မှ မသမာသော လှည့်ကွက်များကို ပြုလုပ်ကာ စဉ်းလဲသော အကြံအစည်များနှင့် ပရိယာယ်များတွင် ပါဝင်ပတ်သက်လိုလျက် မည်သူကောင်းသည်၊ မည်သူမကောင်းသည်ကို မည်သည့်အခါမျှ ပွင့်လင်းစွာ အကဲဖြတ်ခြင်းမရှိကြပေ။ ၎င်းတို့သည် လူတိုင်းကို သဘောတူညီမှုတစ်ခု ရရှိစေရန် ကြိုးစားလျက် မည်သူ့ကို ရွေးကောက်သင့်ပြီး မည်သူ့ကို မရွေးကောက်သင့်ဟူသည်နှင့်ပတ်သက်၍ နောက်ကွယ်မှပင် ကြံစည်ကြသည်။ ဤသည်တို့မှာ မသမာသော လှည့်ကွက်များ မဟုတ်လော။ ဤသည်မှာ လိမ်လည်လှည့်ဖြားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရား စည်းမျဉ်းများအတိုင်း ပွင့်လင်းမြင်သာသော နည်းလမ်းဖြင့် ရွေးကောက်ပွဲများကို ကာကွယ်စောင့်ရှောက်ခြင်း ဟုတ်သလော။ မဟုတ်ပေ။ ၎င်းတို့သည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရန် ရဲတင်းသော ကြိုးပမ်းမှုတစ်ခုအနေဖြင့် လူ့အကြံအစည်များနှင့် နည်းလမ်းများကို အသုံးပြုနေကြခြင်း ဖြစ်သည်။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ရွေးကောက်ပွဲရလဒ်များကို ထိန်းချုပ်လိုကြသည်၊ ၎င်းတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်ခံရလိုကြသည်၊ အကယ်၍ ၎င်းတို့ ရွေးကောက်တင်မြှောက်မခံရပါက မည်သူက ရွေးကောက်တင်မြှောက်ခံရမည်ကို ၎င်းတို့ ဆုံးဖြတ်လိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် နောက်ကွယ်မှ မသမာသော လှည့်ကွက်များကို ပြုလုပ်ကြသည်။ အသင်းတော်၏ အလုပ်အတွက် သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက် ၎င်းတို့ ထည့်မစဉ်းစားကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို မစဉ်းစားကြပေ။ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ ၎င်းတို့ ထည့်သွင်းစဉ်းစားကြသည်။ ရွေးကောက်ပွဲများ ကျင်းပသည့်အခါ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများမှာ ၎င်းတို့၏ ထိပ်တန်းဦးစားပေး ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်လိုကြသနည်း။ အကယ်၍ တစ်စုံတစ်ဦးသည် ညီအစ်ကိုမောင်နှမများကို ဘုရားသခင်ရှေ့မှောက်သို့လည်းကောင်း၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့လည်းကောင်း အမှန်တကယ် ခေါ်ဆောင်လိုပါက ၎င်းတို့သည် ဤနည်းအတိုင်း ပြုမူကြမည်လော။ ၎င်းတို့တွင် ထိုသို့သော ရည်မှန်းချက်များ ရှိကြမည်လော။ ထိုသို့သော အပြုအမူကို ၎င်းတို့ ပြသကြမည်လော။ ပြသကြမည် မဟုတ်ပေ။ အသင်းတော်၏ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်လိုသော ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိသူများသာလျှင် ဤနည်းအတိုင်း ပြုမူကြပေမည်။ အသင်းတော်အတွင်း၌ ၎င်းတို့သည် မိမိတို့နှင့် အတော်အတန် အဆင်ပြေသော၊ မိမိတို့၏ အမြင်များကို မျှဝေခံစားပြီး တူညီသော ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များရှိသည့် လူအချို့ကို ဆွဲဆောင်ကြသည့်အပြင် အသင်းတော်၏ ရွေးကောက်ပွဲအလုပ်ကို နှောင့်ယှက်ရန် အင်အားစုတစ်ခု ဖွဲ့စည်းလျက်၊ ပုံမှန်အားဖြင့် အားနည်းသောသူအချို့၊ သမ္မာတရားကို များစွာမလိုက်စားသည့်အပြင်၊ မရေမရာဖြစ်သည့်၊ မသိနားမလည်သည့်အပြင် လွယ်ကူစွာ ယိမ်းယိုင်တတ်ပြီး ကြိုးကိုင်ခြယ်လှယ်ခံရသော လူအချို့ကိုလည်း ထောင်ချောက်ဆင်ဖမ်းကြလေသည်။ အသင်းတော်ကို ဆန့်ကျင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ မိမိတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်ခံရရန်၊ ရွေးကောက်ပွဲရလဒ်များတွင် မိမိတို့ကိုယ်တိုင် အဆုံးအဖြတ်ပေးနိုင်ရန် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ကြိုတင်သတ်မှတ်ထားသောလူများ၊ ၎င်းတို့အတွက် အကျိုးရှိသောသူများကို ရွေးကောက်တင်မြှောက်လိုကြသည်။ အကယ်၍ ဤလူများ ရွေးကောက်တင်မြှောက်ခံရပါက ၎င်းတို့၏ အကြံ အောင်မြင်သွားပြီဖြစ်သည်။ ထိုသို့သော ရွေးကောက်ပွဲ၏ ရလဒ်သည် မှန်ကန်မည်လော သို့မဟုတ် မမှန်ကန်ဘဲဖြစ်မည်လော။ (မှန်ကန်မည်မဟုတ်ပါ။) သေချာပေါက် မှန်ကန်မည် မဟုတ်ပေ။ ဆိုးယုတ်သောလူများက လိမ်လည်လှည့်ဖြားထားသော ရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်တင်မြှောက်ခံရသူများသည် ဆိုးယုတ်သောလူများအတွက် သေချာပေါက် အကျိုးရှိပေမည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤဆိုးယုတ်သောလူများအတွက် အကျိုးရှိမည်နည်း။ အကြောင်းမှာ ဆိုးယုတ်သောလူများသည် မည်သူမျှ ၎င်းတို့ကို ဖော်ထုတ်ရန် သို့မဟုတ် ချုပ်ချယ်ကန့်သတ်ရန် မဝံ့ရဲဘဲ အသင်းတော်၌ မိမိတို့သဘောအတိုင်း တစ်ဇွတ်ထိုးနှင့် မဆင်မခြင် ပြုမူနိုင်ပြီး သောင်းကျန်းနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ရှင်းလင်းပစ်ခြင်းခံရမည်မဟုတ်ဘဲ သမ္မာတရားကို လိုက်စားသောသူများမှာမူ ၎င်းတို့၏ ဖယ်ကြဉ်ခြင်းနှင့် ဖိနှိပ်ခြင်းကို ခံရမည်ဖြစ်ပြီး အသင်းတော်သည် ဆိုးယုတ်သောသူတို့၏ စိုးမိုးရာ ဖြစ်လာပေမည်။ သိသာထင်ရှားစွာပင်၊ ဆိုးယုတ်သောလူများက ကြိုးကိုင်ခြယ်လှယ်သော ရွေးကောက်ပွဲတစ်ခု၏ နောက်ဆုံးရလဒ်သည် သေချာပေါက် မမှန်ကန်ပေ။ ယင်းသည် လူထုအမြင်ကို သေချာပေါက် ဆန့်ကျင်ပြီး စည်းမျဉ်းများကို ချိုးဖောက်သည်။ အသင်းတော်ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများအနေဖြင့် ရွေးကောက်ပွဲများအတောအတွင်း ဤလူတို့၏ အပြုအမူများနှင့် လုပ်ဆောင်ချက်အားလုံးကို သတိပြုမိပြီး သတိဝီရိယရှိသင့်သည်။ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ နားဝေတိမ်တောင် မဖြစ်သင့်ပေ။ ရွေးကောက်ပွဲတစ်ခုကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ အရိပ်အယောင်များကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ပါဝင်ပတ်သက်သူများကို ချုပ်ချယ်ကန့်သတ်ရန် အစီအမံများကို ချက်ချင်းပြုလုပ်သင့်ပြီး အကယ်၍ ဤလူများကို ချုပ်ချယ်ကန့်သတ်၍မရပါက ၎င်းတို့ကို သီးခြားခွဲထုတ်သင့်သည်။ ဤလူတို့သည် အထူးသဖြင့် ရဲတင်းပြီး ထိန်းမနိုင်သိမ်းမရဖြစ်ကာ ထိန်းချုပ်ရန် ခက်ခဲသည်။ ရွေးကောက်ပွဲများကို အဖျက်အမှောင့်လုပ်ပြီး ရလဒ်များကို ကြိုးကိုင်ခြယ်လှယ်ရန် ၎င်းတို့သည် များစွာသောအမှုအရာများကို ပြောဆိုကာ လုပ်ဆောင်လျက် နောက်ကွယ်မှ မသမာသော လှည့်ကွက်များကို သေချာပေါက် ပြုလုပ်ကြလိမ့်မည် ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤကိစ္စရပ်သည် ကိုင်တွယ်ရန် လွယ်ကူသည်။ အကယ်၍ အသင်းတော်ခေါင်းဆောင်များက ပြဿနာကို တွေ့ရှိပါက ညီအစ်ကိုမောင်နှမများအား ဤကိစ္စရပ်၏ ပြင်းထန်မှုနှင့် အကျိုးဆက်များအကြောင်းကိုလည်းကောင်း၊ ထိုသို့သောလုပ်ရပ်များ၏ သဘောသဘာဝမှာ အတိအကျ မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း မိတ်သဟာယဖွဲ့စေလျက် ထိုပြဿနာကို ဖော်ထုတ်ကာ လူသိရှင်ကြား ဖြစ်စေသင့်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် အချို့သော အစီအမံများကို ပြုလုပ်သင့်သည်။ မည်သည့်အစီအမံများကို ပြုလုပ်သင့်သနည်း။ နောက်ကွယ်မှ အမြဲတစေ မသမာသော လှည့်ကွက်များကို ပြုလုပ်ပြီး ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ကာ နှောင့်ယှက်ရန် ကြိုးပမ်းသူ မည်သူ့ကိုမဆို ဟိတ်ဟန်မလုပ်ဘဲကိုင်တွယ်သင့်ပြီး ရွေးကောက်ပွဲများတွင် ပါဝင်ခြင်းမှ ပိတ်ပင်သင့်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့၏ မဲသည် အကျုံးမဝင်ဟု ဆိုလိုသည်။ ရွေးကောက်ပွဲတစ်ခုကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတွင် လူမည်မျှ ပါဝင်သည်ဖြစ်စေ ၎င်းတို့၏ မဲများအားလုံးကို ပယ်ဖျက်သင့်ပြီး ၎င်းတို့အား ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မပြုသင့်ပေ။ အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းခံရသူ မည်သူဖြစ်စေ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်သူများ၏ နည်းလမ်းများအား လိုက်နာပြီး ရွေးကောက်ပွဲကို တမင်တကာ ထိခိုက်နစ်နာစေရန် ဆိုးယုတ်သောလူများနှင့် ပူးပေါင်းကြံစည်သရွေ့ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့ကို ဖော်ထုတ်ရန်နှင့် ရွေးကောက်ပွဲများတွင် ထိုသူတို့၏ပါဝင်ခွင့်ကို ရုပ်သိမ်းရန် ထကြွသင့်သည်။ ဤသည် ကောင်းမွန်သော လုပ်နည်းကိုင်နည်းဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အသင်းတော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် လုံးလုံးလျားလျား လုပ်ဆောင်ထားခြင်းဖြစ်သည်။ သင်သည် ချုပ်ချယ်ကန့်သတ်မှုများကို လက်ခံရန် ငြင်းပယ်သည် မဟုတ်လော။ သင်သည် ဘုရားအိမ်တော်၏ ရွေးကောက်ပွဲ စည်းမျဉ်းများကို လက်ခံရန် ငြင်းပယ်သည် မဟုတ်လော။ သင်သည် အဆုံးအဖြတ်ပေးလိုသည် မဟုတ်လော။ အကယ်၍ သင်သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိပါက စာတန်က အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိနေခြင်း ဖြစ်သည်။ ဘုရားအိမ်တော်နှင့် အသင်းတော်သည် သမ္မာတရား စိုးမိုးသောနေရာများ ဖြစ်သည်။စာတန်ကို အဆုံးအဖြတ်ပေးခွင့်ပြု၍ မရပေ။ သင်သည် မသမာသော လှည့်ကွက်များကို ပြုလုပ်လိုပြီး ဤရွေးကောက်ပွဲကို တမင်တကာ ကြိုးကိုင်ခြယ်လှယ်ကာ အဖျက်အမှောင့်လုပ်လိုသည့်အတွက်၊ ယင်းမှာ ရိုးရှင်းသည်။ သင်၏မဲက ပယ်ဖျက်ခြင်းခံရသည်။ မည်သူ့ကို သင် မဲပေးသည်ဖြစ်စေ အသုံးမဝင်ပေ။ သင်၏ အမြင်များထဲမှ မည်သည့်အရာမျှ ကျိုးကြောင်းညီညွှန်ခြင်းမရှိသည့်အပြင်၊ သင်သည် ရွေးကောက်ပွဲတွင် မရမက ဝင်ရောက်ယှဉ်ပြိုင်လျှင်ပင်၊ အလုပ်ဖြစ်မည်မဟုတ်ပေ။ ဘုရားအိမ်တော်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စည်းမျဉ်းများရှိပြီး ဤရွေးကောက်ပွဲတွင် ပါဝင်ရန် သင်၏အခွင့်အရေးသည် ရုပ်သိမ်းခံရပြီး ပယ်ဖျက်ခြင်းခံလိုက်ရပြီ ဖြစ်သည်။ အကယ်၍ သင်သည် နောက်ရွေးကောက်ပွဲကို အဖျက်အနှောင့်နေသေးလျှင်၊ ရွေးကောက်ပွဲများတွင် ပါဝင်ရန် သင်၏အခွင့်အရေးသည် လုံးလုံးလျားလျား ရုပ်သိမ်းခြင်းခံရမည်ဖြစ်ပြီး သင်သည် လုံးဝ ပါဝင်ခွင့်ရတော့မည်မဟုတ်ပေ။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ကာ အဖျက်အမှောင့်လုပ်ရန် အမြဲတစေ မသမာသော လှည့်ကွက်များကို ပြုလုပ်သောသူများအား ဤသို့ ကိုင်တွယ်သင့်သည်။
အသင်းတော် ရွေးကောက်ပွဲတစ်ခု ရှိသည့်အခါတိုင်း အမြဲတစေ ဂနာမငြိမ်ဖြစ်လာသည့် ဆိုးယုတ်သောလူအချို့ ရှိသည်။ အချို့သည် ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် ကြိုးပမ်းမှုအနေဖြင့် နောက်ကွယ်မှ မသမာသော လှည့်ကွက်များကို ပြုလုပ်ကြစဉ်တွင်အချို့မှာမူ ခေါင်းဆောင်နေရာအတွက် အခြားသူများနှင့် ပွင့်လင်းစွာ ယှဉ်ပြိုင်ရန် စိတ်ထက်သန်နေကြကာ မျက်နှာနီလာသည်အထိ အငြင်းအခုံပြုကြပြီး တဇွတ်ထိုးပြုမူခြင်း၊ အကြမ်းဖက်မှုကို အားကိုးအားထားပြုပြီး ထိုးကြိတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လုနီးပါးအထိပင် ဖြစ်ကာ ညီအစ်ကိုမောင်နှမများအား မည်သူ့စကားကို နားထောင်ရမည် သို့မဟုတ် မည်သူ့ကို ရွေးကောက်ရမည်ကို မသေမချာဖြစ်စေသည်။ ရွေးကောက်ပွဲအတွင်း ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယမဖွဲ့ကြသည့်အပြင် ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရပါက အသင်းတော်အလုပ်ကို မည်သို့လုပ်ဆောင်မည်၊ အလုပ်တွင် မည်သည့် လမ်းကြောင်းများ ရှိမည် သို့မဟုတ် မည်သည့် အလုပ် စိတ်ကူးများနှင့် အစီအစဉ်များအား အဆိုပြုမည်ကိုလည်း မဆွေးနွေးကြပေ။ ထိုအစား ၎င်းတို့သည် အခြားကိုယ်စားလှယ်လောင်းများ၏ အားနည်းချက်များကို ဖော်ထုတ်ပြီး ၎င်းတို့ကို တိုက်ခိုက်ရန် သေချာအောင်လုပ်သည့်တစ်ချိန်တည်းတွင် အသင်းတော်၌ ကွဲပြားစေသော အခြေအနေတစ်ခုကို ဖန်တီးလျက်၊ လူတစ်စုကို ဆွဲဆောင်ကာ အခြားအုပ်စုတစ်ခုနှင့် ဆန့်ကျင်ဘက်ဖြစ်စေကြသည်။ ထိုသို့သော ရွေးကောက်ပွဲသည် မည်သည့်အရာဖြစ်လာသနည်း။ ယင်းသည် အသင်းတော်ကို ကွဲစေသည့်အရာတစ်ခု ဖြစ်လာသည်။ ရွေးကောက်ပွဲရလဒ်များ မထွက်မီမှာပင် အသင်းတော်သည် ကွဲနှင့်နေပြီဖြစ်သည်။ ဤသည်မှာ အသင်းတော် ရွေးကောက်ပွဲတစ်ခုအတွင်း ပေါ်ပေါက်သင့်သော ဖြစ်စဉ်တစ်ခုလော။ ဤသည်မှာ ပုံမှန်ဖြစ်စဉ်တစ်ခုလော။ မဟုတ်ပေ။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်လိုပြီး သင့်တွင် အရည်အချင်းအချို့နှင့် ဝန်တာစိတ်တစ်ခုရှိကာ ဤအလုပ်အတွက် အရည်အချင်းပြည့်မီသည်ဟု ယုံကြည်ပါက သင်သည် ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ရွေးကောက်ပွဲတွင် ပါဝင်နိုင်သည်။ ညီအစ်ကိုမောင်နှမများက အသင်းတော် ခေါင်းဆောင်မှုနှင့်ဆိုင်သည့် အလုပ်ကို တာဝန်ယူရန် သင့်ကို ယုံကြည်လက်ခံပြီး ကိုးစားနိုင်ရန်အလို့ငှာ သင်သည် သင်၏ အားသာချက်များနှင့် အရည်အချင်းများကို ဖော်ပြနိုင်ပြီး သင်၏ နားလည်သဘောပေါက်မှုများနှင့် အတွေ့အကြုံများကိုလည်း မိတ်သဟာယဖွဲ့နိုင်သည်မှာ အမှန်ပင်ဖြစ်၏။ သို့သော်လည်း သင်သည် အခြားသူများကို တိုက်ခိုက်ခြင်းဖြင့် ရွေးကောက်တင်မြှောက်ခံရရန်ဖြစ်သော သင်၏ပန်းတိုင်ကို မစွမ်းဆောင်သင့်ပေ။ အကြောင်းမှာ ဤအရာသည် လူတို့ကို လွယ်ကူစွာ အထင်အမြင်မှားစေပြီး အပျက်သဘောဆောင်သော အကျိုးဆက်များကို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။ ဝိညာဉ်ရင့်ကျက်မှုနုနယ်ပြီး ပိုင်းခြားသိမြင်မှုမရှိသော ညီအစ်ကိုမောင်နှမများသည် သင်၏ အထင်အမြင်မှားစေခြင်းကို လွယ်ကူစွာ ခံရနိုင်ပြီး မည်သူ့အား ရွေးချယ်ရမည်ကို သိမည်မဟုတ်သည့်အပြင် အသင်းတော်သည်လည်း ဖရိုဖရဲဖြစ်ကာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်သည်။ ယင်းမှာ စာတန်အား အခွင့်ကောင်းယူရန် အခွင့်အရေးပေးခြင်းဖြစ်သည် မဟုတ်လော။ တိုတိုပြောရလျှင် စည်းမျဉ်းများကို မလိုက်နာဘဲ ရွေးကောက်ပွဲတစ်ခုတွင် ပါဝင်ခြင်းနှင့် အမြဲတစေ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိပြီး ရွေးကောက်တင်မြှောက်ခံရရန်ဖြစ်သည့် မိမိ၏ပန်းတိုင်ကို စွမ်းဆောင်ရရှိရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးပြုခြင်းတို့အားလုံးသည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ သဘောသဘာဝရှိပြီး မလျော်ကန်သော ရွေးကောက်ပွဲ အပြုအမူများ ဖြစ်ကြသည်။ အချို့လူများတွင် ဤအရာနှင့် ခွဲခြားသိမြင်သင့်သော မှန်ကန်သည့် အပြုအမူများ ရှိကြသည်မှာ အမှန်ပင်ဖြစ်၏။ ဥပမာအားဖြင့် ကိုယ်စားလှယ်လောင်းတစ်ဦးသည် ဧဝံဂေလိအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်နှင့် အထွေထွေကိစ္စရပ်များဆိုင်ရာ အလုပ်ကဲ့သို့သော အသင်းတော်အလုပ်၏ အမျိုးမျိုးသော အချက်အလက်များကို ကောင်းစွာလုပ်ဆောင်နည်း သို့မဟုတ် အသင်းတော်အသက်တာကို တိုးတက်စေနည်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနည်း စသည်တို့ကို မိတ်သဟာယဖွဲ့ပါက ဤအရာအားလုံးက မှန်ကန်ပေသည်။ မိမိ၏ သဘောထားအမြင်များနှင့် နားလည်သဘောပေါက်မှုများကို မှန်ကန်စွာ ဖော်ပြခြင်း၊ အသင်းတော်အလုပ်နှင့်စပ်လျဉ်း၍ မိမိ၏ တွေးခေါ်မှုနှင့် အစီအစဉ်များကို မျှဝေခြင်း စသည်တို့သည် ပုံမှန်စကားနှင့် အပြုအမူ၏ အစိတ်အပိုင်းများဖြစ်ကြပြီး အသင်းတော်မှ ချမှတ်ထားသော ရွေးကောက်ပွဲ စည်းမျဉ်းများနှင့် ကိုက်ညီသည်။ ဤအရာများမှလွဲ၍ ရွေးကောက်ပွဲကာလများအတောအတွင်း ပြသသော အထူးသဖြင့် သိသာသည့် မလျော်ကန်သော အပြုအမူတစ်ခုတလေသည် လူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သင့်သည်။ လူတို့သည် ဤအရာများအပေါ် သတိဝီရိယရှိပြီး ပိုင်းခြားသိမြင်ရန် လိုအပ်သည်၊ ပေါ့ဆခြင်းမရှိနှင့်။
အချို့လူများသည် မိမိတို့၏ တာဝန်များကို မထမ်းဆောင်ခြင်းနှင့် အသင်းတော်အသက်တာတွင် မပါဝင်ခြင်းအတွက် အလုပ်များခြင်း၊ မိမိတို့၏ မိသားစုနှင့်ဆိုင်သော ပြဿနာများစွာ ရှိခြင်း သို့မဟုတ် မသင့်လျော်သော ပတ်ဝန်းကျင်တစ်ခုရှိခြင်းတို့ကို အကြောင်းပြချက်များအဖြစ် မကြာခဏ ဖော်ပြကြသည်။ သို့သော်လည်း အသင်းတော်ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ရန် အချိန်ကျရောက်သောအခါ ဤအခက်အခဲများသည် ရုတ်တရက် မရှိတော့သည့်အပြင် ၎င်းတို့သည် ထိုအခါသမယအတွက် မိမိတို့ကိုယ်ကို စေ့စေ့စပ်စပ် ဝတ်စားဆင်ယင်ကာ ရွေးကောက်ပွဲတွင် ပါဝင်ရန် ရောက်လာကြသည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ ပေါ်မလာခဲ့သော်လည်း အသင်းတော် ရွေးကောက်ပွဲနှင့်ဆိုင်သော သတင်းကောင်းကို ကြားသိရသည်နှင့်တစ်ပြိုင်နက် စိတ်ထက်သန်စွာ အပြေးအလွှားရောက်လာသည်။ ၎င်းတို့သည် အဘယ်အရာအတွက် လာကြသနည်း။ ရွေးကောက်ပွဲအတွက်၊ အသင်းတော်ခေါင်းဆောင် ရာထူးအတွက်၊ ဤ “အရာရှိရာထူး” အတွက် ရောက်လာကြခြင်း ဖြစ်သည်။ ထိုသို့သော လူများသည် ၎င်းတို့၏ လုပ်ရပ်များတွင် အထူးပင် လိမ္မာပါးနပ်ကြသည်။ အခြားသူများက ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာချင်ကြသည်ဟု သံသယဝင်မည်ကို ကြောက်ရွံ့သဖြင့် ၎င်းတို့သည် ရွေးကောက်ပွဲအကြောင်း ဖော်ပြပြောဆိုခြင်းကို ရှောင်ကြဉ်ပြီး လူတို့၏ လေးစားမှုကို ရရှိရန် မိမိတို့၏ သိနားလည်မှုများနှင့် အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ခြင်းအပေါ်တွင်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသိရှင်ကြား စားသောက်ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယဖွဲ့ရန် လူတိုင်းကို ဦးဆောင်ကြပြီး မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေကြသည်။ လက်တွေ့တွင်မူ ၎င်းတို့သည် ယေဘုယျအားဖြင့် အသင်းတော်အသက်တာတွင် ပါဝင်ခဲပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ခဲသည့်အပြင် မည်သည့် အတွေ့အကြုံဆိုင်ရာ သိနားလည်မှုများကိုမျှ မပြောနိုင်ကြပေ။ သို့သော်လည်း ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ၎င်းတို့သည် အလွန် ကွဲပြားလာကြသည်။ ၎င်းတို့သည် အထူးပင် စိတ်အားထက်သန်ပြီး တက်ကြွပုံရကာ ပေါ်ပေါ်လွင်လွင် ထင်ပေါ်လျက် အသင်းတော်အသက်တာတွင် တက်ကြွစွာ ပါဝင်ကြပြီး ဆုတောင်းရန်၊ ဓမ္မတေးများ သီဆိုရန်နှင့် မိတ်သဟာယဖွဲ့ရန် စိတ်အားထက်သန်ကြလေသည်။ စုဝေးပွဲများအပြီးတွင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် မိသားစုအရေးကိစ္စများအကြောင်း စကားစမြည်ပြောဆိုရန်နှင့် အဆက်အသွယ်များ တည်ဆောက်ရန် အခွင့်အလမ်းများကို ရှာဖွေကြသည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးကို တွေ့မြင်သောအခါ ၎င်းတို့က၊ “သင်သည် ယခုရက်ပိုင်းအတွင်း ကြည့်ရသည်မှာ မကောင်းလှပါလား။ ကျွန်ုပ်အိမ်တွင် စွန်ပလွံသီးအချို့ ရှိသည်၊ သင့်အတွက် အချို့ ယူဆောင်လာပေးပါမည်”ဟု ပြောဆိုကြသည်။ ညီအစ်မတစ်ဦးဦးကို တွေ့မြင်သောအခါ ၎င်းတို့က၊ “သင်၏ မိသားစုတွင် ငွေကြေးအခက်အခဲများ ရှိနေသည်ဟု ကျွန်ုပ်ကြားပါသည်။ အကူအညီတစ်ခုခု လိုအပ်ပါသလော။ သင့်အား အဝတ်အစားအချို့ ပေးနိုင်ပါသည်”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ယခင်နှင့် အလွန်ကွာခြားလျက် စုဝေးပွဲတိုင်းတွင် အထူးပင် တက်ကြွကြသည်။ ယခင်က ၎င်းတို့သည် စာရင်းသွင်းရန်သာ ရံဖန်ရံခါ ပေါ်လာတတ်ပြီး စုဝေးပွဲတက်ရန် မည်သူက ခေါ်သည်ဖြစ်စေ အလုပ်များသည်ဟု ခွင့်ပန်လေ့ရှိသည်။ သို့သော် ရွေးကောက်ပွဲကာလအတွင်းတွင် ၎င်းတို့သည် ရုတ်တရက် ထွက်ပေါ်လာပြီး စုဝေးပွဲတိုင်းကို တစ်ကြိမ်မျှမလွတ်ဘဲ ပါဝင်ကြသည်။ စုဝေးပွဲတစ်ခုစီတိုင်းတွင် ညီအစ်ကိုမောင်နှမများသည် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အမှုအရာများနှင့် စည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့ကြပြီး အမှန်ပင် ၎င်းတို့လည်း ပါဝင်ကြသည်။ ဤကာလအတွင်းတွင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ရန် တတ်နိုင်သမျှအားထုတ်ကြပြီး ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းကို စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများရှေ့တွင် အကြိမ်များစွာ အလှူငွေများပင် ပေးကြရာ၊ လူအများစုမှာ အံ့အားသင့်ကာ “သူတို့သည် ဘုရားသခင်ကို အလွန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း သူတို့ အလှူငွေပေးသည်ကို ငါတို့ မည်သည့်အခါကမျှ မမြင်ဖူးခဲ့ပါ။ ဤတစ်ကြိမ်တွင် အဘယ်ကြောင့် ဤမျှ ရက်ရောနေကြသနည်း။ သူတို့သည် အမှန်တကယ် ပိုကောင်းဖို့အတွက် ပြောင်းလဲပြီး မိမိတို့ကိုယ်ကို ပြုပြင်ခဲ့ကြပြီလော” ဟု တွေးထင်ကြလေသည်။ အမှုအရာများကို မပိုင်းခြားနိုင်ကြသည့် မိုက်မဲပြီး မသိနားမလည်သောသူအချို့သည် ဤလူအနေဖြင့် အမှန်တကယ် ပိုကောင်းဖို့အတွက် ပြောင်းလဲခဲ့ပြီးဖြစ်ကြောင်း၊ ဤလူကို ယခင်က ၎င်းတို့ အထင်အမြင်လွဲမှားခဲ့ကြောင်း တွေးထင်ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထိုသူတို့အပေါ် သဘောကျသည့် အထင်အမြင်တစ်ခုကို မသိလိုက်မသိဘာသာ ဖြစ်ပေါ်လာကြကာ၊ “ဤလူ၏ မိသားစုသည် ချမ်းသာကြွယ်ဝသည်၊ ၎င်းတို့တွင် အမှုအရာများကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အဆက်အသွယ်များနှင့် နည်းလမ်းများ ရှိသည်။ ၎င်းတို့သာ အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာပါက အသင်းတော်အတွက် အမှုအရာများစွာကို ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်သည်။ ဤသည်မှာ ဧဝံဂေလိတရားကို ဟောပြောရာတွင်လည်းကောင်း၊ လိုက်လံဖမ်းဆီးခြင်းခံရပြီး အခက်အခဲများရှိသော ညီအစ်ကိုမောင်နှမအချို့ကို ဧည့်ခံရာတွင်လည်းကောင်း ငါတို့၏ အသင်းတော်အတွက် အထောက်အကူ ဖြစ်စေမည် မဟုတ်လော။ ၎င်းတို့သာ ဤသို့ တက်ကြွနေနိုင်မည်ဆိုလျှင် အလွန်ကောင်းပေမည်၊ သို့သော် ၎င်းတို့ ဆက်လက်တက်ကြွနိုင်ခြင်း ရှိ၊ မရှိကိုဖြစ်စေ၊ ငါတို့၏ အသင်းတော်ခေါင်းဆောင် ဖြစ်လိုစိတ်ရှိ၊ မရှိကိုဖြစ်စေ ငါမသေချာပါ”ဟု တွေးကြသည်။ အချို့လူများသည် အထင်အမြင်မှားစေခြင်းနှင့် လှည့်စားခြင်းခံခဲ့ရသည် မဟုတ်လော။ ဤလူ လုပ်ဆောင်နေပြီးဖြစ်သည့် အရာအားလုံးသည် စတင် အကျိုးဖြစ်ထွန်းနေသည် မဟုတ်လော။ ကိစ္စများက နေရာတကျဖြစ်ပြီး မကြာမီ ရလဒ်များ ရလာတော့မည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့ အလိုရှိသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ထို့အပြင် ၎င်းတို့သည် လူတစ်ဦးကို အဝတ်အစားနှစ်စုံ၊ နောက်တစ်ဦးကို ဟင်းသီးဟင်းရွက်တစ်ခြင်းနှင့် နောက်ထပ်တစ်ဦးကို ကျန်းမာရေးဖြည့်စွက်စာအချို့ ပေးကြကာ လူတိုင်း ဂရုစိုက်ခံရကြောင်းကို သေချာစေသည်။ ဤသည်မှာ လူတို့ကို၊ “ဤလူသာ အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာပါက ကြီးမြတ်သော သိုးထိန်းတစ်ဦး ဖြစ်လာမည် မဟုတ်လော။ သူတို့သည် လူအများစု အားကိုးလိုသည့် တစ်စုံတစ်ဦးဖြစ်သည် မဟုတ်လော”ဟု တွေးထင်စေသည်။ ယခုအခါ အချိန်အခါသင့်ပြီ မဟုတ်လော။ ညီအစ်ကိုမောင်နှမများသည် ဤသို့သော တစ်စုံတစ်ဦးကို အလွယ်တကူ ရွေးချယ်ကြမည် မဟုတ်လော။ ဤလူသည် ပညာတတ်ဖြစ်သည်၊ ရှင်းလင်းစွာ စကားပြောနိုင်ပြီးပြီး လူ့အသိုင်းအဝိုင်းတွင် အဆင့်အတန်းတစ်ခုခု ရှိသည်။ အသင်းတော်က ဖမ်းဆီးမှုများနှင့် ရင်ဆိုင်ရပါက ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ပေးနိုင်သည်။ ညီအစ်ကိုမောင်နှမများ၏ မိသားစုများထဲမှ တစ်စုစုတွင် အခက်အခဲများရှိပါက ၎င်းတို့သည် အကူအညီပေးနိုင်ပြီး လူအင်အားလိုအပ်သည့်အခါတွင်လည်း အသင်းတော်အလုပ်ကို ကူညီနိုင်သည်။ သို့သော်လည်း လူအများစု မသေချာသည့် အချက်တစ်ချက် ရှိသည်- “၎င်းတို့သည် ယခင်က သမ္မာတရားကို မလိုက်စားခဲ့သည့်အပြင် အချိန်ကြာမြင့်စွာ စုဝေးပွဲများကို တက်ရောက်ခဲသည်။ သို့သော် ယခု ရွေးကောက်ပွဲအချိန်ကျရောက်သောအခါ ၎င်းတို့သည် စုဝေးပွဲအချို့ကို ကပျာကယာ တက်ရောက်ကြသည်။ ၎င်းတို့သာ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပါက သမ္မာတရားကို နားလည်မည်လော။ ၎င်းတို့သာ သမ္မာတရားကို နားမလည်သည့်အပြင် ဤလူတို့ကို ကာကွယ်ပေးနိုင်ရုံ သို့မဟုတ် ၎င်းတို့အား အကျိုးကျေးဇူးအချို့ ပေးနိုင်ရုံသာဖြစ်လျှင် လူတို့ကို သမ္မာတရား နားလည်အောင် ကူညီနိုင်မည်လော။ ၎င်းတို့သည် လူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ပို့ဆောင်နိုင်မည်လော။ ဤသည်မှာ မေးခွန်းထုတ်စရာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ အချို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သံသယများ ရှိကြစဉ်တွင် အခြားသူများမှာမူ ဤလူ၏ အကျိုးကျေးဇူးများ လွှမ်းမိုးခြင်းနှင့် ဝယ်ယူခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။ ဤအခြေအနေသည် အလွန် အန္တရာယ်များလှသည် မဟုတ်လော။ မဲတစ်မဲတည်းက ၎င်းတို့ ရွေးကောက်တင်မြှောက်ခံရခြင်းတွင် ကွာခြားမှုကို ဖြစ်စေနိုင်သည်။ နောက်ဆုံး ရွေးကောက်ပွဲရလဒ် မည်သို့ပင်ဖြစ်စေ၊ ထိုသို့သော လူတို့၏ လုပ်ရပ်များနှင့် အပြုအမူများသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) အချိန်အခါအသင့်ဆုံးအခိုက်အတန့်များတွင် ၎င်းတို့သည် အလှူဒါနများ ပေးကြသည်၊ အလှူငွေများ ပေးကြပြီး ညီအစ်ကိုမောင်နှမများကို လက်တွေ့အခက်အခဲအချို့အား ဖြေရှင်းရာတွင် ကူညီကြသည်။ အချို့သော ညီအစ်ကိုမောင်နှမများ အိမ်ပြောင်းသည့်အခါ ၎င်းတို့သည် သယ်ယူပို့ဆောင်ရေးကို စီစဉ်ပေးပြီး ညီအစ်ကိုမောင်နှမများ၏ မိသားစုအချို့ ငွေကြေးလိုအပ်သည့်အခါ ၎င်းတို့က ချေးငှားပေးကြသည်။ အချို့က ဖုန်းမရှိသည့်အခါ ၎င်းတို့က တစ်ခု ဝယ်ပေးပြီး အချို့က ကွန်ပျူတာမရှိသည့်အခါ ၎င်းတို့က မိမိတို့ကိုယ်ပိုင် ကွန်ပျူတာကို ပေးကြသည်။ ... ၎င်းတို့သည် ဤအမှုအရာများကို အချိန်အ ခါအသင့်ဆုံး အခိုက်အတန့်များ၊ အရေးကြီးဆုံးသော အချိန်အခါများတွင် လုပ်ဆောင်ကြသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်ဖြင့်၊ မပြောဆိုအပ်သော လျှို့ဝှက်ချက်များနှင့် ရည်ရွယ်ချက်များဖြင့် ဤအမှုအရာများကို လုပ်ဆောင်ခြင်းသည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် စောစောလည်းမလာ၊ နောက်ကျပြီးမှလည်းမလာဘဲ ခေါင်းဆောင်ရွေးကောက်ပွဲ အချိန်တွင် အတိအကျ ပေါ်လာကြသည်။ ၎င်းတို့သည် မပြောဆိုအပ်သော လျှို့ဝှက်ချက်များကို ထားရှိကြသည် မဟုတ်လော။ ဤသည်မှာ အသိသာအထင်ရှားဆုံးဖြစ်သည်၊ ၎င်းတို့သည် မပြောဆိုအပ်သော လျှို့ဝှက်ချက်များကို ထားရှိခြင်း ဖြစ်ရပေမည်။ ၎င်းတို့သည် ရုတ်တရက် အသိစိတ်ဝင်လာပြီး ကောင်းမှုအချို့ကို လုပ်ဆောင်လိုခြင်း မဟုတ်ပေ။ ၎င်းတို့၏ ပန်းတိုင်မှာ အသင်းတော်ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ရန်၊ အသင်းတော်ကို ကြီးကြပ်သောလူဖြစ်လာရန်၊ အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကြိုးကိုင်ခြယ်လှယ်ရန် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤလူတို့ကို အမှန်တကယ် အမှုကိစ္စများ လုပ်ဆောင်ပေးနိုင်ရန်အလို့ငှာ ကြိုးကိုင်ခြယ်လှယ်လိုကြခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်လိုကြသနည်း။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိန်းချုပ်လိုကြသည်၊ အသင်းတော်ကို ထိန်းချုပ်လိုကြပြီး အသင်းတော်၌ အရာရှိတစ်ဦးအဖြစ် ပြုမူကာ ဆုံးဖြတ်ချက်ပေးနိုင်သည့် ရာထူးတစ်ခုကို ရယူလိုကြခြင်း ဖြစ်သည်။ ဤ မူမမှန်သည့် နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများသည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းအဖြစ် မှတ်ယူ၍ရသည် မဟုတ်လော။ (ဟုတ်ပါသည်။)
အသင်းတော် ရွေးကောက်ပွဲများအတွင်းတွင် မဲအလုံအလောက် မရရှိမည်ကို စိုးရိမ်သော အချို့လူများသည် မိမိတို့ကိုယ်ကို မဲပေးကြသည်။ ဤသည်မှာ ရယ်ဖွယ်ကောင်းပြီး ထူးဆန်းသည်ဟု မထင်ရသလော။ တစ်စုံတစ်ဦးက မိမိကိုယ်ကို မဲပေးခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းသည် ယုံကြည်စိတ်ချမှုကင်းမဲ့ခြင်း၊ အရှက်မရှိခြင်း သို့မဟုတ် လွန်ကဲသော ရည်မှန်းချက်တို့နှင့်ဆိုင်သည့် သရုပ်သကန်တစ်ခုဖြစ်သလော။ ဤအရာအားလုံးပင် ဖြစ်သည်။ ၎င်းတို့သည် ရွေးကောက်တင်မြှောက်ခြင်း မခံရမည်ကို စိုးရိမ်သဖြင့် မိမိတို့ကိုယ်ကို မဲပေးခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိကြပေ။ ဤသည်မှာ ယုံကြည်စိတ်ချမှုကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့တွင် လိုအပ်သည့် အရည်အချင်းမရှိဘဲနှင့် ခေါင်းဆောင်တစ်ဦး ဖြစ်ချင်နေသေးသည်။ အခြားသူများက ၎င်းတို့အား မဲမပေးမည်ကို စိုးရိမ်သဖြင့် မိမိတို့ကိုယ်ကို ၎င်းတို့ မဲပေးကြသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ ထို့အပြင် ၎င်းတို့၏ လွန်ကဲသော ရည်မှန်းချက်ကြောင့် ၎င်းတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှင်းမလင်းဖြစ်သွားသည်မှာ မာနကိုပင် ဂရုမစိုက်တော့ဘဲ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ကင်းမဲ့သွားသည်အထိ ဖြစ်သည်- “သင်က ကျွန်ုပ်ကို မဲမပေးလျှင် ကျွန်ုပ် လက်ခံမည်မဟုတ်၊ ကျွန်ုပ်သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်ရမည်။ ကျွန်ုပ်သာ ခေါင်းဆောင်တစ်ဦး မဖြစ်နိုင်ပါက ဘုရားကို နောက်ထပ် ယုံကြည်တော့မည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန်၊ အရာရှိတစ်ဦးအဖြစ် ပြုမူရန် မရမက လုပ်ဆောင်ကြပြီး အဆင့်အတန်းရှိမှသာ ဘဝတွင် စိတ်အေးလက်အေးဖြစ်ပြီး ကျေနပ်ကြသည်။ ၎င်းတို့တွင်ရှိသည့် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက ကြီးမားလိုက်လေခြင်းပါတကား။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်လာရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်လျက် အဆင့်အတန်းကို အလွန်အမင်း တန်ဖိုးထားကြသည်။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် အဘယ်မှာ ထူးမြတ်နေသနည်း။ သင်သည် အဆင့်အတန်း၏ အကျိုးအမြတ်များကို တန်ဖိုးမထားသည့်အပြင်၊ ထိုအဆင့်အတန်းက ဆောင်ကြဉ်းပေးသည့် အထူးအခွင့်အရေးပေးသော ဆက်ဆံမှုအားလုံးကို မမွေ့လျော်ပါက ဤရာထူးကို တပ်မက်နေဦးမည်လော။ သင့်ကိုယ်သင် မဲပေးနေဦးမည်လော။ သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် အလွန်ကြီးမားနေဦးမည်လော။ သင်သည် အဆင့်အတန်းကို အလွန်တန်ဖိုးထားနေဦးမည်လော။ ထားတော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် မည်သည့် မသမာသော လုပ်ရပ်များကိုမဆို အားကိုးအားထားပြုလျက် ရွေးကောက်ပွဲများကို ဝင်ရောက်စွက်ဖက်ရန်နှင့် အားထုတ်ကြိုးပမ်းရန် အမြဲတစေ အလိုရှိကြသည်။ ထိုသို့သော နည်းလမ်းဖြင့် ပြုမူခြင်းသည် ဂုဏ်သိက္ခာမဲ့ကြောင်း၊ ပွင့်လင်းမြင်သာမှုမရှိကြောင်းနှင့် အတော်အတန်အဆင့်အတန်းနိမ့်ကျကြောင်း ၎င်းတို့ကိုယ်တိုင် ခံစားရသော်လည်း အတန်ငယ် စဉ်းစားပြီးနောက် ၎င်းတို့က၊ “မည်သို့ပင်ဖြစ်စေ၊ အရေးကြီးသည်မှာ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းပင် ဖြစ်သည်” ဟု တွေးကြသည်။ ဤသည်မှာ အရှက်မရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် ဒီမိုကရေစီနိုင်ငံများ၏ ရွေးကောက်ပွဲများတွင် အသုံးပြုသည့် စကားအချေအတင်ပြောဆိုသည့် နည်းလမ်းများကိုပင် အတုယူလိုကြသည်။ ထိုနည်းလမ်းတွင် ကိုယ်စားလှယ်လောင်းများသည် တစ်ဦး၏ အားနည်းချက်များကို တစ်ဦး ဖော်ထုတ်ကြသည်၊ တစ်ဦးကိုတစ်ဦး ဝေဖန်ပိုင်းခြားပြီး တိုက်ခိုက်ကြကာ စကားစစ်ထိုးပွဲများတွင် ပါဝင်ကြပြီး ဤနည်းဗျူဟာများကို အသင်းတော်၏ ရွေးကောက်ပွဲများတွင် အသုံးချကြသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု မဟုတ်လော။ ဤသည်မှာ ထိုသို့သော နည်းဗျူဟာများအတွက် မှားယွင်းသော နေရာတစ်ခု မဟုတ်လော။ သင်သည် ဤမသမာသည့်နည်းလမ်းများတွင် ပါဝင်ရန်နှင့် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ကာ အဖျက်အမှောင့်လုပ်ရန် ကြိုးစားဖို့ အသင်းတော်သို့ လာပါက ငါ သင့်ကိုပြောမည်၊ သင်သည် ထိုသို့ လုပ်ဆောင်ဖို့ မှားယွင်းသောနေရာကို ရွေးချယ်မိပြီဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်ဖြစ်သည်၊ လူ့အဖွဲ့အစည်း မဟုတ်ပေ၊ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သောသူ မည်သူမဆို တစ်ယောက်မကျန် ပြစ်တင်ရှုတ်ချခြင်းခံရလိမ့်မည်။ အသင်းတော်၌ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် ကြိုးပမ်းရာတွင် မည်သည့် အကြောင်းပြချက်များ၊ ဆင်ခြေများ သို့မဟုတ် နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ ယင်းတို့သည် လက်မခံနိုင်ဖွယ်ဖြစ်ပြီး ဤသည်မှာ ဒုစရိုက်အမှုတစ်ခု ဖြစ်သည်။ ထာဝရ ဒုစရိုက်အမှုတစ်ခု ဖြစ်သည်။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် ကြိုးပမ်းသောသူအားလုံးသည် ပြစ်တင်ရှုတ်ချခြင်းကို ခံရသည်။ ထိုသို့သော လူများသည် ဘုရားအိမ်တော်သားများအဖြစ် သို့မဟုတ် ညီအစ်ကိုမောင်နှမများအဖြစ် အသိအမှတ်ပြုခြင်း မခံရသည့်အပြင် ထိုအစား စာတန်၏ အစေခံများအဖြစ် သရုပ်ဖော်ခြင်းခံရသည်။ စာတန်၏ အစေခံများသည် မည်သည့်အရာမျိုးများကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ရာတွင် အထူးကျွမ်းကျင်ကြသည်။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သော သူတို့သည် စာတန်၏ အစေခံများ လုပ်ဆောင်သည့်အရာများကို လုပ်ဆောင်လျက် ဤအပျက်သဘောဆောင်သော အခန်းကဏ္ဍများတွင် ပါဝင်နေကြခြင်း ဖြစ်သည်။ အသင်းတော်က မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ဤလူတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် စည်းမျဉ်းများကို လျစ်လျူရှုလျက်၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို လျစ်လျူရှုလျက်၊ သာ၍ပင် ဘုရားသခင်ကို လျစ်လျူရှုလျက် ယင်းကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးရန် ထကြွကြသည်။ ၎င်းတို့သည် အသင်းတော်ဆိုင်ရာ အရေးကိစ္စအမျိုးမျိုးကို ကြိုးကိုင်ခြယ်လှယ်လျက်၊ ထို့ထက်ပင်ပို၍ အသင်းတော်အဖွဲ့ဝင်များကို ကြိုးကိုင်ခြယ်လှယ်လျက်၊ အသင်းတော် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သည်အထိပင် လုပ်ဆောင်လျက် အသင်းတော်တွင် ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် အသင်းတော်ဝန်ထမ်းများကို မည်သည့်နည်းလမ်းများဖြင့် ကြိုးကိုင်ခြယ်လှယ်ရန် ကြိုးပမ်းကြသနည်း။ ၎င်းတို့သည် အသင်းတော် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် အခွင့်အလမ်းများကို ရှာဖွေကြသည်။ ရွေးကောက်ပွဲတစ်ခုသည် ဤစာတန်၏ အစေခံများ၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကို ခံရသည်နှင့်တစ်ပြိုင်နက် ထိုရွေးကောက်ပွဲက ကျရှုံးသွားလေသည်။ ဤစာတန်၏ အစေခံများသည် မိမိတို့အလိုရှိသည့်အတိုင်း လုပ်ဆောင်ပြီး အသင်းတော်ခေါင်းဆောင်များ ဖြစ်လာပါက ထိုရွေးကောက်ပွဲရလဒ်သည် မှန်ကန်သလော သို့မဟုတ် မမှန်ကန်သလော။ အမှန်ပင် ယင်းမှာ မှန်ကန်ခြင်းမရှိပေ။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် သင်ယူခဲ့သော သင်ခန်းစာများကို အကျဉ်းချုပ်ခြင်းတို့မှတစ်ဆင့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပသင့်သည်။
ခ။ အသင်းတော် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်သော ဆိုးယုတ်သည့်လူများကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ
ဆိုးယုတ်သောလူများက ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်သည့် ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာသည့်အခါ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပရန် လိုအပ်သည်။ ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်သင့်ပြီး အခြားရွေးကောက်ပွဲတစ်ခုကို ကျင်းပသင့်ပါသည်။) ဤသည်မှာ နည်းလမ်းတစ်ခု ဖြစ်သည်။ လူတိုင်းက ရွေးကောက်ပွဲဖြစ်စဉ်သည် မည်သို့ဖြစ်ခဲ့ကြောင်းနှင့် ရလဒ်များ မည်သို့ ထွက်ပေါ်လာခဲ့ကြောင်းကို သိရှိနိုင်ရန်အလို့ငှာ ဤရွေးကောက်ပွဲကို ဆိုးယုတ်သောလူများက မည်သို့ ကြိုးကိုင်ခြယ်လှယ်ခဲ့သည်နှင့်ပတ်သက်သည့် အတွင်းသတင်းအချက်အလက်ကို ဖွင့်ပြောကာ လူသိရှင်ကြား ထုတ်ပြန်သင့်သည်။ ဤအတွင်းသတင်းအချက်အလက်များကို သိရှိလာရပြီးနောက်တွင် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်သင့်ပြီး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပသင့်သည်။ ထိုသို့သော ရွေးကောက်ပွဲကို ဘုရားသခင် ရွေးချယ်ထားသောလူများ အများစုက အသိအမှတ်ပြုခြင်း မပြုရ၊ မည်သူ ရွေးကောက်တင်မြှောက်ခံရသည်ဖြစ်စေ အရေးမကြီးပေ—ထိုရလဒ်များကို လက်ခံ၍မရပေ။ ပုံမှန်အခြေအနေများအောက်တွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် အတွင်းသတင်းအချက်အလက်များကို ဖော်ထုတ်ခြင်းတို့မှတစ်ဆင့် ရွေးကောက်ပွဲရလဒ်များကို ငြင်းပယ်နိုင်ပြီး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပနိုင်သည်။ သို့သော် တစ်ခါတစ်ရံတွင် အချို့သော အထူးအခြေအနေများ၌ လူနည်းစုတစ်စုက ရွေးကောက်ပွဲရလဒ်များကို စာတန်၏ အစေခံများက ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်းနှင့် ရွေးကောက်တင်မြှောက်ခံရသူသည် အလုပ်ကို လုံးဝမလုပ်ဆောင်နိုင်ဘဲ ရုပ်သေးရုပ်တစ်ခုသာဖြစ်ကြောင်း သိရှိသွားလျှင်ပင်၊ လူနည်းစုသာလျှင် အချို့သော ပိုင်းခြားသိမြင်မှုရှိပြီး အတွင်းသတင်းအချက်အလက်များကို သိရှိနေစဉ် အသင်းတော်ရှိ လူအများစုသည် ဆိုးယုတ်သောလူများ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး စာတန်၏ အစေခံများဘက်တွင် ရပ်တည်နေဆဲဖြစ်ကြသောကြောင့်၊ ဤလူနည်းစုကို မည်သူမျှ မယုံကြည်သကဲ့သို့ ၎င်းတို့ ထုတ်ဖော်ပြောဆိုသည့်အခါတွင်လည်း မည်သူမျှ နားမထောင်သောကြောင့်၊ ၎င်းတို့သည် အထီးကျန်ပြီး အာဏာမဲ့ကာ အခြေအနေကို ပြောင်းပြန်လှန်ရန် အခြေခံအားဖြင့် အစွမ်းခွန်အား ကင်းမဲ့နေသည်။ ထိုသို့သော အခြေအနေများတွင် သင်သည် ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့်ပတ်သက်သည့် အတွင်းသတင်းအချက်အလက်များကို ဖော်ထုတ်လိုကောင်း ဖော်ထုတ်လိုပေမည်၊ သို့သော် အခြေအနေကို ရှင်းလင်းစွာ နားလည်ရန် မလွယ်ကူပေ။ ထိုသို့သောအခြေအနေတွင် အထက်အဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို တိုင်ကြားခြင်းအပြင် အခြားမည်သည့်အရာကို သင်တို့ လုပ်ဆောင်နိုင်သေးသနည်း။ သင်သည် အသင်းတော်အသက်တာကို ဆက်လက်အသက်ရှင်နေထိုင်ပါက ဖယ်ကြဉ်ခြင်းခံရလိမ့်မည်။ လူတို့သည် သူစိမ်းတစ်ဦးကို ကြုံရာကျပန်း ဧည့်ခံနိုင်မည်မဟုတ်သည်နှင့်အမျှ အခြားအသင်းတော်တစ်ခုရှိ စုဝေးပွဲများကို တက်ရောက်ခြင်းသည်လည်း မသင့်လျော်ဟု ထင်ရသည်။ အကြောင်းမှာ ဤသည်မှာ သင့်ကို အမှန်တကယ်ပင် အကျပ်အတည်းဖြစ်စေသည်။ ရွေးကောက်တင်မြှောက်ခံရသော အသင်းတော်ခေါင်းဆောင်တွင် မကောင်းသော လူ့သဘာဝရှိကြောင်း၊ နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်းနှင့် ရွေးကောက်တင်မြှောက်ခြင်း ခံရသင့်သူတစ်ဦး မဟုတ်ကြောင်းတို့ကို သင်မြင်တွေ့ရသဖြင့် ၎င်းတို့ကို မြင်ရုံမျှဖြင့် သင် ဒေါသထွက်လေသည်။ စုဝေးပွဲများသို့ သွားခြင်းသည် သင့်ကို မသက်မသာဖြစ်စေသော်လည်း မသွားဘဲနေ၍လည်း မရနိုင်ပေ။ သင်သာ မသွားဘဲ အသင်းတော်နှင့် သင်၏ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပါက သင်၏ အသင်းတော်အသက်တာကို ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။ ယင်းမှာ သင်လုပ်ဆောင်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ သို့ဆိုလျှင် ဤပြဿနာအတွက် ကောင်းမွန်သော ဖြေရှင်းချက်တစ်ခု ရှိသလော။ ဤအရာက ဉာဏ်ပညာ လိုအပ်သည်။ သင်သည် ၎င်းတို့ကို မဆင်မခြင် ဖော်ထုတ်ပါက အကျိုးဆက်မှာ အဘယ်အရာ ဖြစ်မည်နည်း။ ထိုလူများသည် သင့်ကို ဖိနှိပ်ရန်၊ သင့်ကို မောင်းထုတ်ရန် အတူတကွ ပူးပေါင်းကောင်း ပူးပေါင်းပေမည်၊ သို့မဟုတ် အခြေအနေများ အမှန်တကယ် အဆင်မပြေပါက ၎င်းတို့သည် သင့်ကို မတရားခံရသူတစ်ဦး ဖြစ်စေလျက် ရှင်းလင်းဖယ်ရှားသည်အထိပင် ပြုကောင်းပြုပေမည်။ ဤသည်မှာ ဖြစ်နိုင်ခြေအရှိဆုံးသော အကျိုးဆက် ဖြစ်သည်။ သို့ဆိုလျှင် အကောင်းဆုံးသော ဖြေရှင်းချက်မှာ အဘယ်နည်း။ (ပိုင်းခြားသိမြင်မှုရှိသော ညီအစ်ကိုမောင်နှမအချို့နှင့် ပူးပေါင်းပြီး ဤလူတို့၏ ရွေးကောက်ပွဲကို လျှို့ဝှက်စွာ ကြိုးကိုင်ခြယ်လှယ်သည့် ဒုစရိုက်အမှုများနှင့်ဆိုင်သော သက်သေအထောက်အထားအားလုံးကို စုဆောင်းပါ။ ယင်းကို အထက်အဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များထံ တိုင်ကြားပြီး အထင်အမြင်မှားစေခြင်းခံရသော ညီအစ်ကိုမောင်နှမများကို ပြန်လည်ခေါ်ဆောင်လာရန်လည်း သမ္မာတရားကို အလျင်အမြန် မိတ်သဟာယဖွဲ့ပါ။) ဤအရာကို ကောင်းမွန်သော ဖြေရှင်းနည်းတစ်ခုအဖြစ် မှတ်ယူ၍ရသလော။ ထိုသို့သောအမှုအရာများကို အလျင်စလို လုပ်ဆောင်ရန် အဆင်ပြေသလော။ အလျင်စလိုဖြစ်ခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ (ယင်းက ရန်သူကို သတိပေးလိုက်သလို ဖြစ်လွယ်စေပါသည်။) ဤသို့သော ကိစ္စရပ်များနှင့် သင်တို့ ကြုံတွေ့ရသည့်အခါ သင်တို့ ကြောက်ရွံ့သလော သို့မဟုတ် စိတ်လှုပ်ရှားသလော။ သင်တို့ ကြောက်ရွံ့သင့်သလော၊ သို့မဟုတ် စိတ်လှုပ်ရှားသင့်သလော။ (မဖြစ်သင့်ပါ။) သဘောတရားအရ၊ သင်တို့ မကြောက်ရွံ့သင့်ပေ။ ဤသည်မှာ သင်၏ ဆင်ခြင်တုံတရားက သင့်ကို ပြောပြသည့်အရာ ဖြစ်သည်။ သို့သော် လက်တွေ့တွင် လူတို့အတွက် မည်သို့ရှိသနည်း။ အရေးကြီးဆုံးမှာ လူတို့က သမ္မာတရားကို နားလည်ခြင်း ရှိ၊ မရှိပင် ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အပြင်၊ ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုသာ ရှိပါက ၎င်းတို့သည် စိတ်ထဲတွင် ကြောက်ရွံ့နေဆဲ ဖြစ်လိမ့်မည်။ သင့်အနေဖြင့် ကြောက်ရွံ့နေသည့်အခါ မည်သည့်အရာကို သင် လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သို့လုပ်ဆောင်သည်ဖြစ်စေ ရလဒ်များ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ (မလွယ်ကူပါ။) သင် ကြောက်ရွံ့နေသည့်အခါ သင်သည် မည်သည့် အခြေအနေမျိုးတွင် ရှိနေသနည်း။ သင်သည် ဤလူတို့၏ အာဏာစက်ကို ကြောက်ရွံ့သည်၊ ၎င်းတို့ကို သင် ပိုင်းခြားသိမြင်ကြောင်းနှင့် ၎င်းတို့အပေါ် သတိဖြင့် ခုခံကာကွယ်နေကြောင်း ၎င်းတို့ သိရှိသွားမည်ကို သင် ကြောက်ရွံ့ပြီး ၎င်းတို့ဘက်တွင် သင် မရှိသည်ကို ၎င်းတို့ မြင်တွေ့သည့်အခါ သင့်ကို ဖိနှိပ်ပြီး ဖယ်ကြဉ်ကာ နောက်ဆုံးတွင် အသင်းတော်မှ သင့်ကို ရှင်းလင်းဖယ်ရှားမည်ကို ကြောက်ရွံ့သည်။ သင်၏ စိတ်နှလုံးထဲတွင် ဤစိုးရိမ်ပူပန်မှုများ ရှိလိမ့်မည်။ သင့်တွင် ထိုသို့သော စိုးရိမ်ပူပန်မှုများ ရှိသည့်အခါ သင်သည် ဤလူတို့နှင့် အပြန်အလှန်ဆက်ဆံရန်၊ ၎င်းတို့ ဖြစ်ပေါ်စေခဲ့သော ပြဿနာများကို ဖြေရှင်းရန် သို့မဟုတ် ညီအစ်ကိုမောင်နှမများက ပိုင်းခြားသိမြင်မှုရှိပြီး အထင်အမြင်မှားစေခြင်း မခံရစေရန်အလို့ငှာ ၎င်းတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရန် ဉာဏ်ပညာ၊ သတ္တိနှင့် နည်းလမ်းများ ရှိနိုင်သလော။ ပြုမူရန် အသင့်တော်ဆုံးသော နည်းလမ်းမှာ အဘယ်နည်း။ သင် ကြောက်ရွံ့နေသည့်အခါ သင်သည် အားနည်းသော အခြေအနေတွင် ရှိနေသည် မဟုတ်လော။ ပထမဦးစွာ သင်သည် အားနည်းပြီး မလှုပ်မယှက်ဖြစ်နေသည်။ တစ်ချက်အနေဖြင့်၊ သင်သည် ဘုရားသခင်အပေါ် ခိုင်မာသော ယုံကြည်ခြင်း ကင်းမဲ့နေပြီး နောက်တစ်ချက်အနေဖြင့်၊ သင်က၊ “သို့ဆိုလျှင် ဤဆိုးယုတ်သောလူများ အောင်မြင်သွားပြီဖြစ်သည်။ ယခု ဤကိစ္စရပ်ကို ပိုင်းခြားသိမြင်သူမှာ ငါတစ်ဦးတည်းသာ အဘယ်ကြောင့် ဖြစ်နေရသနည်း။ အခြားသူများတွင် ပိုင်းခြားသိမြင်မှု တစ်ခုခု ရှိပါသလော။ အခြေအနေမှန်အကြောင်းကို အခြားသူများအား ငါပြောပြပါက ၎င်းတို့ ငါ့ကို ယုံကြည်ကြလိမ့်မည်လော။ ငါ့ကို ၎င်းတို့ မယုံကြည်ပါက ငါ့ကို ဖော်ထုတ်ကြလိမ့်မည်လော။ ၎င်းတို့အားလုံး ငါ့ကို ကိုင်တွယ်ရန် ပူးပေါင်းကြပြီး ငါတစ်ဦးတည်းဖြစ်ကာ အာဏာမရှိဖြစ်နေပါက ထိုဆိုးယုတ်သောလူများသည် ငါ့ကို ရှင်းလင်းဖယ်ရှားရန် အကြောင်းပြချက်မျိုးစုံ ရှာတွေ့ကြမည်လော”ဟု စဉ်းစားလေသည်။ သင့်တွင် ထိုသို့သော စိုးရိမ်ပူပန်မှုများ ရှိလိမ့်မည် မဟုတ်လော။ သင့်တွင် ဤစိုးရိမ်ပူပန်မှုများ ရှိသည့်အခါ ထိုလူများကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ အသင့်တော်ဆုံးနှင့် အလိမ္မာဆုံးသော နည်းလမ်းဖြင့် ၎င်းတို့နှင့် သင် မည်သို့ အပြန်အလှန်ဆက်ဆံနိုင်မည်နည်း။ ဤအချိန်တွင် သင် လိုက်လျှောက်ရန် ဦးတည်ချက် သို့မဟုတ် လမ်းခရီး မရှိဖြစ်နေသည် မဟုတ်လော။ တိတိကျကျဆိုရလျှင် သင်သည် အကြောက်ရွံ့ဆုံးနှင့် အားအနည်းဆုံးဖြစ်နေသည့်အချိန်တွင် ၎င်းတို့နှင့် ယှဉ်ပြိုင်ရင်ဆိုင်ရန် သို့မဟုတ် ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံပြီး ၎င်းတို့ ဖြစ်ပေါ်စေခဲ့သော ပြဿနာများကို ကိုင်တွယ်ရန် သင် လုံးဝ မတတ်နိုင်ပေ။ သို့ဆိုလျှင် ဤအချိန်တွင် သင့်အတွက် အကောင်းဆုံးသော လုပ်နည်းကိုင်နည်းမှာ အဘယ်နည်း။ ယင်းမှာ မိမိကိုယ်ကို ကာကွယ်ရန် ၎င်းတို့နှင့် ရင်ဆိုင်ပြီး ၎င်းတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်လျက် မိမိဘက်မှ စတင်၍ ဦးစွာ တိုက်ခိုက်ခြင်းလော။ ဤနည်းလမ်းသည် သင့်လျော်ပါသလော။ (မသင့်လျော်ပါ။) အဘယ်ကြောင့် မသင့်လျော်သနည်း။ သင့်အနေဖြင့် မည်သို့ ပြုမူရမည်ကို သေချာမစဉ်းစားရသေးသောကြောင့်၊ အထင်အမြင်မှားစေခြင်းခံရသောသူတို့က သမ္မာတရားကို လက်ခံပြီး လမ်းကြောင်းပြောင်းနိုင်ခြင်း ရှိ၊ မရှိဟူသည်ကို မဆိုထားနှင့်၊ သင်သည် ၎င်းတို့၏ အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်သည့်အပြင် ၎င်းတို့အား မည်သို့ ဖော်ထုတ်ရမည်ကို သင် မသိပေ။ ဤအမျိုးမျိုးသော အမှုအရာများထဲမှ တစ်ခုကိုမျှ သင် မသိသည့်အပြင်၊ သင့်အတွက် အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးသော ဖြေရှင်းနည်းမှာ အဘယ်အရာဖြစ်သည်ကို သင် မရှင်းလင်းပေ။ သင်သည် အပျက်သဘောဆောင်ခြင်း အဆင့်တစ်ခုသို့ မရောက်သေးသော်လည်း သင်၏ လက်ရှိအနေအထားသည် အနည်းဆုံးအနေဖြင့် အားနည်းခြင်းနှင့် ကြောက်ရွံ့ခြင်း အခြေအနေတစ်ခုဖြစ်ပြီး စိတ်ထဲတွင် သင့်၌ စိုးရိမ်ပူပန်မှုများစွာ ရှိနေသည်။ ဤစိုးရိမ်ပူပန်မှုများသည် တရားနည်းလမ်းကျသည်ဖြစ်စေ သို့မဟုတ် သင်၏ အားနည်းခြင်းနှင့် ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပေါ်လာသည်ဖြစ်စေ တိုတိုပြောရလျှင် ဤသည်တို့မှာ အဖြစ်မှန်များ ဖြစ်သည်။ ဤအဖြစ်မှန်များ ဖြစ်ပေါ်လာသည့်အခါ အကောင်းဆုံးသော ဖြေရှင်းနည်းမှာ စောင့်ဆိုင်းပြီး ဘာမျှမလုပ်ဘဲနေရန် သင်ယူခြင်း ဖြစ်သည်။ ဘာမျှမလုပ်ဘဲနေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ လှည့်စားခြင်းခံခဲ့ရသောသူတို့ထံ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အခြေအနေမှန်ကို ဖော်ထုတ်ရန် အလျင်စလိုမလုပ်ခြင်းနှင့် အသစ်ရွေးကောက်တင်မြှောက်ခံရသော အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်ခဲ့သော လူအုပ်စုကို ဆန့်ကျင်ရန် အလျင်စလိုမလုပ်ခြင်းကို ဆိုလိုသည်။ ၎င်းတို့ကို မဖော်ထုတ်နှင့်။ ဤအချိန်တွင် သင်သည် စောင့်ဆိုင်းတတ်ရန် သင်ယူရမည်။ အချို့လူများက၊ “စောင့်ဆိုင်းခြင်းသည် အလွန် မလှုပ်မယှက်နိုင်လွန်းသည်၊ ကျွန်ုပ် မည်မျှကြာအောင် စောင့်ဆိုင်းရမည်နည်း”ဟု ပြောဆိုကြသည်။ အလွန်ကြာမြင့်စွာ စောင့်ဆိုင်းရန် မလိုအပ်ပေ။ သင် စောင့်ဆိုင်းနေစဉ်တွင် ဆုတောင်းရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်နှင့် သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ လာလော့။ ထိုသို့သော အခြေအနေများတွင် သင် အကြောက်ရွံ့ဆုံးနှင့် အားအနည်းဆုံးဖြစ်နေသည့်အခါ သင်၏ ဆုတောင်းချက်များသည် အစစ်မှန်ဆုံးနှင့် အရိုးသားဆုံး ဖြစ်သည်။ သင်သည် သင့်ကို လမ်းညွှန်ရန်နှင့် ကာကွယ်ရန် ဘုရားသခင်ကို လိုအပ်သည်။ သင်သည် ဘုရားသခင်ကို အားကိုးရန် လိုအပ်သည်။ သင် ဆုတောင်းသည်နှင့်အမျှ သင်၏ ကြောက်ရွံ့ခြင်းက မရှိတော့သည်အထိ တဖြည်းဖြည်း လျော့နည်းသွားလိမ့်မည်။ သင်၏ ကြောက်ရွံ့ခြင်း မရှိတော့သည့်အခါ သင်သည် အားနည်းခြင်းလည်း လျော့နည်းသွားမည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ စိုးရိမ်ပူပန်မှုများသည်လည်း တဖြည်းဖြည်း နည်းပါးသွားလိမ့်မည်။ ဤကြောက်ရွံ့ခြင်းများ၊ အားနည်းခြင်းများနှင့် စိုးရိမ်ပူပန်မှုများသည် အကြောင်းမဲ့ ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ ထို့ထက် ဤပြောင်းလဲမှုဖြစ်စဉ်အတွင်းတွင် သင်သည် အချို့သော အမှုအရာများကို တဖြည်းဖြည်း နားလည်လာလိမ့်မည်။ မည်သည့်အမှုအရာများကို သင် နားလည်လာမည်နည်း။ တစ်ချက်အနေဖြင့်၊ သင်သည် ဤလူတို့အား မည်သို့ ကိုင်တွယ်ရမည်၊ မည်သူ့ကို ဦးစွာ ဖော်ထုတ်ရမည်ဟူသည်နှင့် ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးပြုသည့် နည်းလမ်းဖြင့် မည်သို့ ပြောဆိုပြုမူရမည်ဟူသည်တို့ကို သိရှိလာလိမ့်မည်။ ထို့အပြင် သင်သည် ဤလူတို့၏ အပြုအမူနှင့်ဆိုင်သည့် သဘောသဘာဝကို သိရှိလာလိမ့်မည်။ သင်သည် ဤအရာများကို မည်သို့ နားလည်လာသနည်း။ သင့်အနေဖြင့် တဖြည်းဖြည်း နားလည်လာခြင်းမှာ သင်၏ စောင့်ဆိုင်းခြင်းဖြစ်စဉ်အတွင်းတွင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဖြစ်သည်။ သင်သည် ဤအရာကို ရှင်းလင်းစွာ မြင်တွေ့သည့်အခါ ဉာဏ်ပညာကို မည်သို့ သင် အသုံးချသင့်သည်၊ မည်သူနှင့် စကားပြောရန် သင့်လျော်သည်ဟူသည်နှင့် ၎င်းတို့အား တို့ထိသည့် နည်းလမ်းတစ်ခု၊ ဆိုးယုတ်သောလူများ ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့်ပတ်သက်သည့် အဖြစ်မှန်များကို ၎င်းတို့အား သိရှိစေသည့် နည်းလမ်းတစ်ခုဖြင့်လည်းကောင်း၊ ၎င်းတို့အား လမ်းကြောင်းပြောင်းစေနိုင်သည့်၊ ရွေးကောက်ပွဲကို ထိန်းချုပ်ခြယ်လှယ်ပြီး နှောင့်ယှက်ခဲ့သောသူတို့၏ စရိုက်မှန်များကို ပိုင်းခြားသိမြင်စေကာ ရွေးကောက်တင်မြှောက်ခံရသည့် ခေါင်းဆောင်များဟု ခေါ်သောသူများသည် အမှန်တကယ်တွင် မည်သည့် လူစားမျိုးဖြစ်သည်ကို ပိုင်းခြားသိမြင်စေသည့် နည်းလမ်းတစ်ခုဖြင့်လည်းကောင်း မည်သို့ ပြောဆိုရမည်ဟူသည်တို့ကို အလိုအလျောက် သင် တွေးဆလိမ့်မည်။ သင်သည် ဤဉာဏ်ပညာမျိုး ရှိလိမ့်မည်ဖြစ်ပြီး သင်၏ လုပ်ဆောင်ချက်များသည်လည်း စနစ်တကျ ဖြစ်လာလိမ့်မည်။ သို့ဆိုလျှင် ဤအပြုသဘောဆောင်သော အကျိုးကျေးဇူးများသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းတို့အားလုံးကို သင်၏ စောင့်ဆိုင်းခြင်းဖြစ်စဉ်အတွင်းတွင် ဘုရားသခင်က သင့်အား ပေးသနားခဲ့ခြင်း ဖြစ်သည်။ ယင်းတို့ထဲမှ အချို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဉာဏ်အလင်းပေးခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အချို့မှာ ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များထဲတွင် သင့်အား မြင်တွေ့စေကာ နားလည်စေသည့်အရာများ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြင်ဆင်မှုမရှိသည့် စစ်ပွဲကို မတိုက်ရန် ပြောဆိုသည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် စာတန်ကို တိုက်ခိုက်နေသည်ဖြစ်စေ သို့မဟုတ် စာတန်၏ အစေခံများနှင့်ဆိုင်သည့် ဒုစရိုက်အမှုများကို ဖော်ထုတ်နေသည်ဖြစ်စေ၊ သင်သည် စာတန်နှင့် မည်သို့ပင် စစ်တိုက်သည်ဖြစ်စေ သင်ကိုယ်တိုင် ခိုင်ခံ့စေရမည်၊ သမ္မာတရား စည်းမျဉ်းများကို နားလည်ရမည်ဖြစ်ပြီး စာတန်နှင့် ဆိုးယုတ်သောလူများ၏ အနှစ်သာရနှင့် ဒုစရိုက်အမှုများကို ထွင်းဖောက်မြင်နိုင်ကာ ထို့နောက်တွင် ၎င်းတို့ကို ဖော်ထုတ်နိုင်ရမည်ဟူသည်ကို ဆိုလိုသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် အဆုံးတွင် ကောင်းမွန်သော ရလဒ်များကို စွမ်းဆောင်ရရှိလိမ့်မည်။ ဤအမှုအရာများကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် သင်၏ ကြောက်ရွံ့ခြင်းများ၊ အားနည်းခြင်းများနှင့် စိုးရိမ်ပူပန်မှုများသည် ပြင်းထန်မှု လျော့နည်းသွားမည်ဖြစ်ပြီး သိသာထင်ရှားမှု လျော့နည်းသွားမည် မဟုတ်လော။ သင်သည် အလွန်ကြောက်ရွံ့တော့မည်မဟုတ်ပေ။ သင်ခံစားရသည့် ဤအရာများက တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မည်။ အခြေအနေ စတင်ဖြစ်ပေါ်ခဲ့စဉ်ကလောက် သင် အားမနည်းတော့ကြောင်းကို သင်တွေ့ရှိလိမ့်မည်။ ထိုအစား သင်သည် ယခင်ကထက် အတော်အတန် အားကောင်းပြီး မိမိကိုယ်ကိုမိမိယုံကြည်လာသည်ဟု ခံစားရလိမ့်မည်ဖြစ်ကာ သင် ဘာလုပ်ရမည်ကို သိရှိလာလိမ့်မည်။ ဤအချိန်တွင် ဘုရားသခင်ထံ နောက်တစ်ကြိမ် ဆုတောင်းပြီး သင့်လျော်သော အခွင့်အရေးကို ပြင်ဆင်ပေးရန် သူ့အား တောင်းလျှောက်လော့။ ထို့နောက် အရေးယူဆောင်ရွက်လော့။ အခြေအနေကို အထက်အဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များထံ တိုင်ကြားသည့်တစ်ချိန်တည်းတွင် ဆိုးယုတ်သောလူများက ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့်ပတ်သက်သည့် အတွင်းသတင်းအချက်အလက်များကို ၎င်းတို့ထံ ဖော်ထုတ်ပြောဆိုလျက်၊ လူ့သဘာဝကောင်းရှိပြီး ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော်လည်း သမ္မာတရားကို နားမလည်သောကြောင့် လှည့်စားခြင်းနှင့် အထင်အမြင်မှားစေခြင်းကို ခံခဲ့ရသောသူတို့နှင့်လည်း မိတ်သဟာယဖွဲ့လော့။ သင်သည် ဤလူတို့ထဲမှ တစ်ဦး သို့မဟုတ် နှစ်ဦးကို စည်းရုံးသိမ်းသွင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်၏ ကြောက်ရွံ့ခြင်းသည် အခြေခံအားဖြင့် ပျောက်ကွယ်သွားလိမ့်မည်။ ဤအရာအားလုံးကို စိတ်မြန်လက်မြန်ဖြစ်ခြင်းဖြင့် လုပ်ဆောင်ရန် မဆိုထားနှင့်၊ လူ့အစွမ်းခွန်အားကို အားကိုးခြင်းဖြင့် လုပ်ဆောင်၍မရနိုင်ကြောင်းကို သင် သဘောပေါက်လိမ့်မည်။ သင်သည် ခဏတာ စိတ်လိုက်မာန်ပါဖြစ်ခြင်းကိုဖြစ်စေ၊ ဒေါသကိုဖြစ်စေ၊ ယာယီ တရားမျှတစိတ်ဟုခေါ်သည့်အရာကိုဖြစ်စေ အားကိုး၍မရနိုင်ပေ။ ဤအရာအားလုံးက အချည်းနှီးဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် သင့်လျော်သော အချိန်ကို ပြင်ဆင်ပေးလိမ့်မည်ဖြစ်ပြီး သင်ပြောရမည့်အရာကို သင့်အား ဉာဏ်အလင်းပေးလိမ့်မည်ဖြစ်ကာ သင်နားလည်သည့်အရာကို အခြေခံ၍ သူသည် သင့်အား လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခုကို ပေးလျက် တစ်ဆင့်ပြီးတစ်ဆင့် ဦးဆောင်လမ်းပြလိမ့်မည်။ အစပိုင်းတွင် အားနည်းပြီး ကြောက်ရွံ့ခြင်းမှ စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှာဖွေပြီး နားလည်ခြင်းအထိ၊ ဤကာလအတွင်းတွင် သင်သည် ဤဆိုးယုတ်သောလူများနှင့် ပုံမှန်အတိုင်း အပြန်အလှန်ဆက်ဆံနိုင်နေဆဲ ဖြစ်သည်။ ပုံမှန် အပြန်အလှန်ဆက်ဆံမှုများအတွင်းတွင် လူတိုင်း၏ စိတ်များက ငေးငိုင်နေခြင်း မရှိပေ။ ၎င်းတို့တွင် ကိုယ်ပိုင်အတွေးများ ရှိကြသည်။ သင်သည် ရှာဖွေပြီး ဆုတောင်းနေစဉ်တွင် ဤလူတို့ကို သင် စောင့်ကြည့်လေ့လာသည်။ အဘယ်အရာကို သင် စောင့်ကြည့်လေ့လာသနည်း။ ၎င်းတို့အနေဖြင့် မည်သည့် လမ်းကြောင်းမျိုးကိုသာ လျှောက်လှမ်းနေသည်ဟူသည်နှင့် ၎င်းတို့၏ အနှစ်သာရက အမှန်တကယ်တွင် အဘယ်အရာဖြစ်သည်ဟူသည်တို့ကို သင် ကြည့်ရှုသည်။ ၎င်းတို့ ပြောဆိုသည့်အရာသည် မှန်ကန်ပြီး အသင်းတော်အလုပ်၏ စည်းမျဉ်းများနှင့် ကိုက်ညီပါက သင်သည် ၎င်းတို့ကို နားထောင်နိုင်သည်။ ၎င်းတို့ ပြောဆိုသည့်အရာသည် အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ပါက သင့်အနေဖြင့် နားမထောင်ရန် သို့မဟုတ် အချိန်ဆွဲရန် အကြောင်းပြချက်တစ်ခုကို ရှာဖွေနိုင်ပြီး ၎င်းတို့ကို သတိမပေးဘဲ ၎င်းတို့နှင့် “ခင်ခင်မင်မင်” ပေါင်းသင်းဆက်ဆံရန် ဉာဏ်ပညာရှိသော နည်းလမ်းတစ်ခုကို အသုံးပြုနိုင်သည်။ ၎င်းတို့နှင့် “ခင်ခင်မင်မင်” ပေါင်းသင်းဆက်ဆံနေစဉ်တွင် သင်သည် ၎င်းတို့၏ ဒုစရိုက်အမှုများနှင့်ဆိုင်သော သက်သေအထောက်အထားများကို စုဆောင်းသည်၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် ၎င်းတို့၏ အမျိုးမျိုးသော လုပ်ရပ်များနှင့် မှားယွင်းသော အယူအဆများကို အခြေခံ၍ ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ဤလူများသည် စာတန်၏ အစေခံများဖြစ်ကြောင်းကို ပိုမို၍ အတည်ပြုသည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်အား ၎င်းတို့၏ ဘောင်ခတ်ခြင်းကို မခံရစေသည့်အပြင် သင်၏ တာဝန်ဝတ္တရားကိုလည်း ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ဤသည်မှာ အမြော်အမြင်ရှိသောလူတစ်ဦး လုပ်ဆောင်သည့်အရာ ဖြစ်သည်။ လူ့သဘာဝ၊ ဉာဏ်ပညာနှင့် သမ္မာတရားကို ချစ်မြတ်နိုးမှုရှိသောသူတို့သာလျှင် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်သည်။ မဆင်မခြင်နှင့် ရမ်းကားစွာ ပြုမူသော ဉာဏ်ပညာမရှိသည့် လူများအတွက်မူ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သို့သော အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဖြစ်စေ အမြဲတစေ စိတ်မြန်လက်မြန်ဖြစ်ခြင်းနှင့် စိတ်လိုက်မာန်ပါဖြစ်ခြင်းကို အားကိုးအားထားပြုသဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် မကြာခဏဆိုသလို ညံ့ဖျင်းသော ရလဒ်များဆီသို့ ဦးတည်လေ့ရှိသည်။ ထိုသို့သော လူများသည် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်သာမက မိမိတို့ကိုယ်တိုင်အပေါ်တွင်လည်း မလိုအပ်သော ဒုက္ခများနှင့် စိတ်အနှောင့်အယှက်များစွာကို ဖြစ်စေသည်။ ထိုစဉ်အတောအတွင်းတွင်ဉာဏ်ပညာရှိသော လူများမှာမူ ကွဲပြားသည်။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ စောင့်ဆိုင်းသည်၊ စောင့်ကြည့်လေ့လာသည်၊ ရှာဖွေသည်၊ သင့်လျော်သော အချိန်၊ ဘုရားသခင်၏ စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားခြင်းကို စောင့်ဆိုင်းသည်။ စောင့်ဆိုင်းခြင်းကာလအတွင်းတွင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရည်ရွယ်ချက်ဖြင့် စားသောက်နိုင်သည်၊ သမ္မာတရား စည်းမျဉ်းများကို ပိုမိုတိကျစွာ သဘောပေါက်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း ပြုမူနိုင်သည်။ ၎င်းတို့သည် စိတ်မြန်လက်မြန်ဖြစ်ခြင်းဖြင့် လူတို့နှင့် တိုက်ခိုက်ခြင်း သို့မဟုတ် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်ခြင်းထက် ကောင်းသော တိုက်လှန်ခြင်းကို ပြုရန်နှင့် ဘုရားသခင်အတွက် သက်သေခံရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အသုံးပြုကြလေသည်။
ဆိုးယုတ်သောသူများက ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းကဲ့သို့သော အမှုအရာများနှင့် ကြုံတွေ့လာရသည့်အခါ အရေးကြီးဆုံးအရာမှာ ဤလူတို့ကို သင် ထွင်းဖောက်မြင်နိုင်ခြင်း ရှိ၊ မရှိ သို့မဟုတ် ၎င်းတို့ကို မည်သို့ ဖော်ထုတ်ရန် သင် စီစဉ်သည်ဟူသည်တို့ မဟုတ်ပေ။ ယင်းမှာ အခြေအနေကို အထက်သို့ အချိန်မီ သတင်းပို့ရန် ဖြစ်သည်။ သင်သည် ၎င်းတို့နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရန် ဉာဏ်ပညာကို အသုံးပြုသင့်သည်၊ ဘုရားသခင်၏ အချိန်အခါကို စောင့်ဆိုင်းသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေသင့်ပြီး၊ သင်၏ တာဝန်ကို မကြန့်ကြာစေဘဲ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသင့်သည်။ ဤသို့ပြုခြင်း၏ အဆုံးစွန်ရလဒ်မှာ အဘယ်နည်း။ သင်သည် သင်၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ အခြေအနေကို အထက်သို့ သတင်းပို့ပြီး ဖြေရှင်းချက်တစ်ခုကို ရှာဖွေခြင်းအားဖြင့် ပြဿနာကို ဖြေရှင်းနိုင်ရုံသာမက သင်သည် ထိုးထွင်းသိမြင်ခြင်းကိုလည်း ရရှိသည်၊ သင်၏ ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် ဉာဏ်ပညာကို တိုးပွားစေသည်၊ ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားလာပြီး ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို အားကောင်းစေသည်။ လူတို့သည် စာတန်နှင့် ထိပ်တိုက်ရင်ဆိုင်မှုကို တွေ့ကြုံခံစားခြင်းမှ အကျိုးများစွာရရှိကြပြီး ယင်းသည် ၎င်းတို့အတွက် အလွန် အကျိုးရှိပေသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ သင်သည် ဤလူတို့နှင့် ပြင်းထန်သော ရန်ပွဲဖြစ်ကာ ၎င်းတို့နှင့် မျက်နှာချင်းဆိုင် အငြင်းအခုံပြုလျက်၊ “သင်တို့သည် ရွေးကောက်ပွဲကို ထိန်းချုပ်ခြယ်လှယ်ပြီး နှောင့်ယှက်နေခြင်း ဖြစ်သည်။ သင်တို့သည် ကြီးမားသော တန်ခိုးအာဏာကို ကိုင်စွဲထားသော်လည်း ကျွန်ုပ်သည် သင်တို့ကို အလျှော့ပေးမည်မဟုတ်၊ သင်တို့ကို မကြောက်ပါ” ဟု ပြောဆိုလျက် စိတ်မြန်လက်မြန်နှင့် စိတ်လိုက်မာန်ပါ ပြုမူသည် ဆိုပါစို့။ ဤလုပ်နည်းကိုင်နည်း၏ ရလဒ်မှာ အသင်းတော်မှ နှင်ထုတ်ခြင်းခံရခြင်းဖြစ်ပြီး၊ လပေါင်းများစွာ အိမ်တွင် သင့်ကို ငိုကြွေးစေကာ ဒုက္ခခံစားရင်း ကျန်ရစ်စေခြင်း ဖြစ်သည်။ သို့သော်လည်း သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သေးပေ။ “အဘယ်ကြောင့် ကျွန်ုပ်သည် ဤသို့သော အခြေအနေဆိုးသို့ ကျရောက်ခဲ့ရသနည်း။ ကိုယ်တော်၊ ကိုယ်တော်သည် ကျွန်ုပ်ကို အလိုမရှိသလော။ ကိုယ်တော်သည် ကျွန်ုပ်ကို ဂရုမစိုက်သလော”ဟု ဆိုနေဆဲ ဖြစ်သည်။ လပေါင်းများစွာ သင်သည် တရားဒေသနာအသစ်များနှင့် ဓမ္မတေးသီချင်းများကို လွတ်သွားသည်။ အသင်းတော်က မည်သည့်အလုပ်အား လုပ်ဆောင်နေသည်ကို မသိရှိပေ။ သင်သည် သင်၏ တာဝန်များကို မထမ်းဆောင်နိုင်ဘဲ လုံးဝ အထီးကျန်ဖြစ်လာကာ လုံးလုံးလျားလျား အမှောင်ထုထဲသို့ ကျရောက်သွားသည်။ နေ့စဉ်နေ့တိုင်း ငိုကြွေးခြင်းအပြင်၊ သင်လုပ်သမျှမှာ စိုးရိမ်ပူပန်ခြင်းသာ ဖြစ်သည်။ သင်သည် ဤပတ်ဝန်းကျင်တွင် ရှုပ်ထွေးသော အခြေအနေများတွင် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် သင်ယူဖို့မဆိုထားနှင့်၊ ဘုရားသခင်ထံ ဆုတောင်းရန် သို့မဟုတ် သူ၏ ဆီလျော်မှုရှိသော နှုတ်ကပတ်တော်များကို စားသောက်ရန် မသင်ယူပေ။ သင်သည် ဉာဏ်ပညာ၌ လုံးဝ ကြီးထွားလာခြင်း မရှိပေ။ လအနည်းငယ်ကြာ ငိုကြွေးပြီးနောက်၊ နောက်ဆုံးတွင် တစ်နေ့၌ တစ်စုံတစ်ဦးက သင့်ကို အသင်းတော်သို့ ပြန်ခေါ်လာပြီး ဤကာလအတောအတွင်း သင်၏ အတွေ့အကြုံကို မျှဝေရန် သင့်အား တောင်းဆိုသော်လည်း၊ သင်သည် မျက်ရည်ကျလျက် “ကျွန်ုပ် အလွန် မတရားခံခဲ့ရပါသည်တကား။ ကျွန်ုပ်သည် အသင်းတော်ကို မနှောင့်ယှက်ခဲ့ပါ။ ကျွန်ုပ်သည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်ပါ။ ကျွန်ုပ်သည် ဆိုးယုတ်သောသူများ၏ အမှုဆင်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပါသည်”ဟု ညည်းတွားရုံသာ ပြုသည်။ “ဤအချိန်အတွင်းတွင် သင်သည် မည်သည့်သင်ခန်းစာများကို သင်ယူခဲ့သနည်း။ သင် တစ်စုံတစ်ရာ ရရှိခဲ့သလော”ဟု မေးမြန်းခံရသည့်အခါ သင်က “ကျွန်ုပ် ဘာရနိုင်မည်နည်း။ သူတို့က ကျွန်ုပ်ကို သီးခြားခွဲထုတ်ထားခဲ့သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များနှင့် ဓမ္မတေးစာအုပ်များကို ယူသွားခဲ့ကြပြီး၊ တရားဒေသနာ တစ်ခုတလေကိုမျှ ကျွန်ုပ် နားမထောင်နိုင်ခဲ့ပါ။ ကျွန်ုပ်လုပ်နိုင်သမျှမှာ ယုံကြည်ခြင်းအကြောင်း ပြောဆိုပြီး ရံဖန်ရံခါ ကျွန်ုပ်မှတ်မိသော ဓမ္မတေးအနည်းငယ်ကို သီဆိုခြင်းသာ ဖြစ်သည်။ ကျွန်ုပ် မည်သည့်အရာမျှ မရရှိခဲ့ပါ။ ကျေးဇူးတင်စရာမှာ၊ ဘုရားသခင်သည် ကျွန်ုပ်ကို ပြန်ခေါ်ဆောင်ရန် အချိန်တစ်ခုကို ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက၊ မည်သို့ပင်ဖြစ်စေ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိတော့သောကြောင့် ကျွန်ုပ်သည် စီးပွားရေးလုပ်ငန်းလုပ်ကာ ငွေရှာရန် အပြင်ထွက်ဖို့ စီစဉ်နေခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို မလိုချင်တော့သည့်အပြင်၊ ကျွန်ုပ်သည် ဆက်လက်၍ မယုံကြည်နိုင်တော့ပါ။ ကျွန်ုပ်၏ စိတ်နှလုံးသည် လုံးဝ အမှောင်ကျသွားခဲ့သည်”ဟု ပြန်ဖြေသည်။ အဆုံးတွင် သင်က “ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို မည်သည့်အခါမျှ ခံရလိမ့်မည်မဟုတ်”ဟု ဖြည့်စွက်ကာ ဤကောက်ချက်ကို ချလေသည်။ ဤမျှ အရေးပါပြီး ထူးခြားသော ဖြစ်ရပ်တစ်ခုကို တွေ့ကြုံခံစားရကာ အလွန်နည်းပါးစွာသာ ရရှိခြင်းသည် အနည်းငယ် သနားစဖွယ်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သင့်တင့်လျောက်ပတ်ခြင်းမရှိသည် မဟုတ်လော။ ဤမျှ ကြီးမားသော အခြေအနေနှင့် ရင်ဆိုင်ရသော်လည်း သင်သည် မည်သည့်သင်ခန်းစာကိုမျှ မသင်ယူခဲ့သည့်အပြင် သင်၏ ဉာဏ်ပညာ သို့မဟုတ် ယုံကြည်ခြင်းကိုလည်း မတိုးပွားစေခဲ့ပေ။ သင်သည် သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်နေဆဲဖြစ်သော်လည်း၊ ယုံကြည်ခြင်းကို ရပ်တန့်လုနီးပါးဖြစ်သည့်အထိ စာတန်များ၊ နတ်ဆိုးများနှင့် အန္တိခရစ်များ၏ ညှဉ်းဆဲခြင်းကို ခံခဲ့ရသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနိုင်သေးသလော။ သင်သည် အသုံးမကျသော သူရဲဘောကြောင်သူတစ်ဦး မဟုတ်လော။ အိမ်တွင် ငိုနေခြင်းက အဘယ်အသုံးဝင်သနည်း။ သင် မျက်စိကွယ်သည်အထိ ငိုလျှင်ပင် အထောက်အကူဖြစ်မည်လော။ ယင်းက အန္တိခရစ်များနှင့်ပတ်သက်သော ပြဿနာကို ဖြေရှင်းနိုင်သလော။ ဆိုးယုတ်သောသူများ အောင်မြင်သွားခဲ့ပြီး၊ အဆုံးတွင် သင်ရရှိသမျှမှာ အခြားမည်သည့်အရာကိုမျှ မရရှိဘဲ “ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို မည်သည့်အခါမျှ ခံရမည်မဟုတ်” ဟူသော ဆိုရိုးစကားသာ ဖြစ်သည်။ သင့်တွင် ဉာဏ်ပညာမရှိ၊ ဆောင်ရွက်ပုံနည်းလမ်းမရှိသည့်အပြင်၊ ဘုရားသခင် ပေးသော လမ်းကြောင်းအတိုင်း ဘုရားသခင်ကို ရှာဖွေရန်၊ စာတန်ကို တိုက်ခိုက်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ခံယူရန်၊ ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ဖို့ သင်မသိပေ။ သင် ပုံမှန်အားဖြင့် တတွတ်တွတ် ပြောဆိုလေ့ရှိသော အယူဝါဒအနည်းငယ်သည် သင့်အတွက် အကျိုးမပြုပေ။ ထိုသို့သော ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ၊ ငိုကြွေးခြင်းအပြင်၊သင်လုပ်သမျှမှာ မတရားခံရသည်ဟု ခံစားရပြီး ညည်းတွားခြင်းသာ ဖြစ်သည်။ ဤသည်မှာ အသုံးမကျသူတစ်ဦး ဖြစ်သည်။ အသုံးမကျသော သူရဲဘောကြောင်သူများတွင် ၎င်းတို့၏ အဓိကကျသော စရိုက်လက္ခဏာများလည်းဖြစ်သည့် သရုပ်သကန်အချို့ ရှိတတ်သည်မှာ။ ပထမအချက်မှာ ၎င်းတို့ ငိုကြွေးခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ၎င်းတို့ မတရားခံရသည်ဟု ခံစားရခြင်း ဖြစ်သည်။ တတိယအချက်မှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ညည်းတွားခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က “ဘုရားသခင်၊ ကိုယ်တော် အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် ကိုယ်တော်သည် ကျွန်ုပ်ကို ဂရုမစိုက်သနည်း။ ကျွန်ုပ်သည် စာတန်၏ ဆိုးရွားစွာ ထိခိုက်စေခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ ကျွန်ုပ် ဆက်လက်အသက်မရှင်နိုင်တော့ပါ။ ကျေးဇူးပြု၍ ကျွန်ုပ်ကို အမြန်ကယ်တင်တော်မူပါ”ဟုလည်း ပြောဆိုကြသည်။ ဘုရားသခင်က “သင်သည် အသုံးမကျသူတစ်ဦး၊ လူ့အရေခွံခြုံထားသော အမှိုက်သရိုက်တစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ အဘယ်အရာကို ကြောက်ရွံ့သနည်း။ စာတန်နှင့်ပတ်သက်၍ ကြောက်ရွံ့စရာ အဘယ်အရာရှိသနည်း” ဟု ပြောသည်။ စာတန်သည် သူ၏အကြံအစည်များနှင့် လှည့်ဖြားမှုများ မည်သို့ပင် အသုံးပြု၍ ပြုမူသည်ဖြစ်စေ၊ ငါတို့ မကြောက်ရွံ့ပေ။ ငါတို့တွင် ဘုရားသခင်ရှိသည်၊ ငါတို့တွင် သမ္မာတရားရှိသည်။ ဘုရားသခင်သည် ငါတို့ကို ဉာဏ်ပညာ ပေးသနားလိမ့်မည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးသည်၊ အရာခပ်သိမ်းသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် ရှိသည်။ သင်သည် အဘယ်အရာကို ကြောက်ရွံ့သနည်း။ သင် ငိုခြင်းသည် သင် ကြောက်တတ်ပြီး အရည်အချင်းမရှိကြောင်း ပြသသည်။ သင်သည် အမှိုက်တစ်စ၊ လေကိုဖြုန်းတီးသူတစ်ဦး ဖြစ်သည်။ ငိုခြင်းက သင်သည် စာတန်ကို အလျှော့ပေးခြင်းနှင့် စာတန်ထံမှ သနားကရုဏာကို တောင်းခံခြင်းအား ဆိုလိုသည်။ ဘုရားသခင်သည် ထိုသို့သော အသုံးမကျသူများကို နှစ်သက်သလော။ (မနှစ်သက်ပါ။) ဘုရားသခင်သည် သင့်ကို သက်သေခံချက်မရှိ၊ ဉာဏ်ပညာလုံးဝမရှိသည့် အသုံးမကျသူတစ်ဦး၊ လူအတစ်ဦး၊ အမှိုက်တစ်စအဖြစ် မြင်သည်။ သင်နားလည်ခဲ့သော သမ္မာတရားမှ အဘယ်အရာ ဖြစ်လာသနည်း။ ဘုရားသခင် ဖော်ထုတ်သော အန္တိခရစ်များနှင့် စာတန်၏ သရုပ်သကန်များအကြောင်းကို သင် လုံလောက်စွာ မကြားဖူးသေးသလော။ သင်သည် ဤအရာများကို နားမလည်သလော သို့မဟုတ် ထွင်းဖောက်မမြင်သလော။ ၎င်းတို့သည် စာတန်များဖြစ်ကြောင်း သင်မသိသလော။ ၎င်းတို့သည် စာတန်များဖြစ်ကြောင်း သင်သိပါက၊ သင်သည် အဘယ်အရာကို ကြောက်ရွံ့သနည်း။ အဘယ်ကြောင့် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ကြောက်လန့်ခြင်း မရှိသနည်း။ သင်သည် စာတန်ကို ကြောက်ရွံ့ခြင်းဖြင့် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိမည်ကို မကြောက်ရွံ့သလော။ ယင်းသည် ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် လုပ်ရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အခြေအနေများ ဖြစ်ပေါ်လာသည့်အခါ၊ သင်သည် ကြောက်ရွံ့ပြီး ဖြေရှင်းချက်မရှိ၊ ဉာဏ်ပညာ သို့မဟုတ် တန်ပြန်ဖြေရှင်းနည်းများ လုံးဝမရှိပေ။ ဤနှစ်များတစ်လျှောက်လုံး တရားဒေသနာများကို နားထောင်ခြင်းမှ သင် အဘယ်အရာ ရရှိလေပြီနည်း။ အားလုံး အချည်းနှီးဖြစ်သွားပြီလော။ ထိုသို့သော အသုံးမကျသည့် သူရဲဘောကြောင်သူများသည် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သလော။ (မရပ်တည်နိုင်ပါ။) စာတန်များနှင့် ဆိုးယုတ်သောသူများက ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သည့် အခြေအနေများနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် တစ်ယောက်တည်းဖြစ်ပြီး တန်ခိုးအာဏာမဲ့နေသည်ဖြစ်စေ သို့မဟုတ် သင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော ညီအစ်ကိုမောင်နှမ အနည်းငယ် အမှန်တကယ် ရှိသည်ဖြစ်စေ၊ အလျင်စလို မလုပ်ဆောင်နှင့်။ ပထမဦးစွာ၊ စောင့်ဆိုင်းရန် သင်ယူလော့။ ဒုတိယအနေဖြင့်၊ ရှာဖွေရန် သင်ယူလော့။ စောင့်ဆိုင်းခြင်းနှင့် ရှာဖွေခြင်း ကာလအတောအတွင်းတွင်၊ သင်၏ တာဝန်ကို မစွန့်လွှတ်နှင့်။ စောင့်ဆိုင်းခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်က မှန်ကန်သော အချိန်နှင့် အခွင့်အရေးကို ပြင်ဆင်ပေးရန် စောင့်ဆိုင်းခြင်းကို ဆိုလိုသည်။ ပြီးလျှင် သင်သည် အဘယ်အရာကို ရှာဖွေသင့်သနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်လိုက်ခြင်း၌ သင် လက်တွေ့လုပ်ဆောင်သင့်သော စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှာဖွေလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီစေရန် မည်သို့ ပြုမူရမည်ဟူသည်ကိုလည်းကောင်း၊ စာတန်နှင့် အန္တိခရစ်များ၏ အင်အားစုများကို တိုက်ခိုက်ရန်၊ နောက်ဆုံးတွင် အောင်မြင်သောသူတစ်ဦး ဖြစ်လာရန် စာတန်၏ အင်အားစုများကို အောင်နိုင်ရန် မည်သို့ ပြုမူရမည်ကိုလည်းကောင်း ရှာဖွေလော့။ သင်သည် တစ်ယောက်တည်းဖြစ်ပါက၊ သင်သည် ဘုရားသခင်ထံ ပို၍ ဆုတောင်းရမည်၊ စောင့်ဆိုင်းကာ ရှာဖွေရမည်။ သင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော အခြားသူနှစ်ဦး သို့မဟုတ် သုံးဦးရှိပါက၊ သင်တို့သည် အတူတကွ မိတ်သဟာယဖွဲ့နိုင်သည်၊ ဆုတောင်းနိုင်သည်၊ စောင့်ဆိုင်းပြီး ရှာဖွေနိုင်သည်။ ဘုရားသခင်က သင့်လျော်သော အချိန်တစ်ခုကို ပြင်ဆင်ပေးသည့်အခါ၊ သင်လုပ်ဆောင်သမျှနှင့် သင်ပြောဆိုသည့် စကားလုံးတိုင်း သင့်လျော်စေရန်အလို့ငှာ ဘုရားသခင်ထံမှ ခွန်အားနှင့် ဉာဏ်ပညာကို တောင်းခံလော့။ ထိုသို့ပြုခြင်းဖြင့်၊ တစ်ချက်အနေဖြင့် သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ဖြည့်ဆည်းပြီး၊ နောက်တစ်ချက်အနေဖြင့် သင်သည် စာတန်၏ အစေခံများနှင့် အန္တိခရစ်များ၏ အကြံအစည်များကို လုံးလုံးလျားလျား ဖော်ထုတ်ပြီး တားဆီးလျက် စာတန်ကို အားကောင်းစွာနှင့် ထိရောက်စွာ ဖော်ထုတ်နိုင်သည်။ ဤသည်မှာ သင့်လျော်သလော။ ဤနည်းလမ်းများ၊ နည်းစနစ်များ၊ လမ်းကြောင်းများနှင့် စည်းမျဉ်းများကို သင်တို့အား ပြောပြပြီးဖြစ်သည်။ ထို့ကြောင့် ယင်းတို့ကို မည်သို့ အသုံးချသည်မှာ သင်တို့အပေါ်တွင် မူတည်သည်။ ဤလမ်းကြောင်းသည် လုံလောက်အောင် ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) သို့ဆိုလျှင်၊ သင်တို့သည် ထိုသို့သော ကိစ္စရပ်များနှင့် ကြုံတွေ့ရသည့်အခါ၊ ဤစည်းမျဉ်းအတိုင်း လက်တွေ့လုပ်ဆောင်လော့။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသည်။
အသင်းတော် ရွေးကောက်ပွဲတစ်ခုစီတိုင်းတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများပါ ရွေးကောက်ပွဲအလုပ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်နှင့် ဝတ္တရားရှိကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားနှင့် ရွေးကောက်ပွဲ စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ခြင်းအလုပ်အား တာဝန်ယူရမည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့တွင်ရှိသော မည်သည့်ပြဿနာမဆိုကို တင်ပြသင့်ပြီး၊ ထို့နောက်တွင် ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သည်။ ဤနည်းလမ်းဖြင့်သာ ရွေးကောက်ပွဲ ချောမွေ့စွာဖြစ်မည်ကို သေချာစေနိုင်သည်။ တစ်ချက်အနေဖြင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ ရွေးကောက်ပွဲ စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာသင့်ပြီး ဤစည်းမျဉ်းများကို အခြေခံ၍ ဘုရားအိမ်တော်ရှိ ရွေးကောက်ပွဲတစ်ခုစီ၏ အလုပ်ကို လုပ်ဆောင်သင့်သည်။ နောက်တစ်ချက်အနေဖြင့်၊ ၎င်းတို့သည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သည့် ဆိုးယုတ်သောသူများနှင့် အန္တိခရစ်များကိုလည်း ကာကွယ်ရမည်။ ဤပုဂ္ဂိုလ်များသည် စာတန်၏ အစေခံများဖြစ်သည်၊ စာတန်၏ အပေါင်းအပါများ ဖြစ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို တင်းကျပ်စွာ တားဆီးကာကွယ်ရမည်ဖြစ်ပြီး၊ ၎င်းတို့နှင့်ပတ်သက်၍ သတိထားရမည်ဖြစ်ကာ၊ ရွေးကောက်ပွဲများအတွင်း မသမာသည့်နည်းလမ်းများသုံး၍ နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်ရန်နှင့် လုပ်ငန်းစဉ်ကို မသမာသောနည်းဖြင့် လျှို့ဝှက်ကြိုးကိုင်ရန် ၎င်းတို့၏ ကြိုးပမ်းမှုများအပေါ်တွင် နိုးနိုးကြားကြားရှိနေရမည်။ အကယ်၍ ရွေးကောက်ပွဲသည် ဆိုးယုတ်သောသူများ၏ အမှန်တကယ် ကြိုးကိုင်ခြယ်လှယ်ခြင်း ခံခဲ့ရပြီး၊ ထိုက်တန်သော ရွေးချယ်ခံရသူကို ဖယ်ထုတ်ခြင်းနှင့် လူအများစုကို အထင်အမြင်မှားစေခြင်းတို့ ဖြစ်ပေါ်ကာ၊ ရာထူးနှင့်မသင့်တော်သော မှားယွင်းသည့် ပုဂ္ဂိုလ်တစ်ဦးက ရွေးကောက်တင်မြောက်ခံရသည့် ခေါင်းဆောင်ဖြစ်ခဲ့ပါက၊ ထိုသို့သော အခြေအနေမျိုး ဖြစ်ပေါ်လာလျှင် ဖြေရှင်းချက်တစ်ခု ရှိနေသေးသည်။ ရွေးကောက်ခံရသူ၏ စစ်မှန်သော အခြေအနေကို ဖော်ထုတ်သင့်သည်။ လူအများစု သဘောတူပါက ရွေးကောက်ပွဲကို ပြန်လည်ကျင်းပနိုင်သည်။ စာတန်နှင့် ဆိုးယုတ်သောသူများ၏ ထိန်းချုပ်ခြယ်လှယ်ခြင်းကို ခံရသော ရွေးကောက်ပွဲသည် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ အသင်းတော်က ပုံမှန်ပြုလုပ်သော ရွေးကောက်ပွဲ၏ ရလဒ်မဟုတ်ပေ။ ဤသည်မှာ အပြုသဘောဆောင်သော အရာမဟုတ်သည့်အပြင်၊ အနှေးနှင့်အမြန် ယင်းသည် ဖော်ထုတ်ခြင်း၊ ထုတ်ဖော်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို ခံရလိမ့်မည်။ ဤအရာကို ယုံကြည်လျက်၊ သင်သည် ထိုသို့သော အခြေအနေများနှင့် ကြုံတွေ့ရပါက၊ မည်သို့ ပြုမူသင့်သနည်း။ သင်သည် ရပ်ကြည့်မနေဘဲ၊ အချိန်မရွေး နေရာမရွေး စာတန်ကို တိုက်ခိုက်ရန် အသင့်ရှိနေသင့်သည်။ သင်သည် သူရဲဘောကြောင်သူတစ်ဦး၊ နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦး သို့မဟုတ် အသုံးမကျသော သူရဲဘောကြောင်သူတစ်ဦး ဖြစ်ပါက၊ ၎င်းတို့နှင့် အပေးအယူလုပ်ပြီး ပူးပေါင်းကောင်း ပူးပေါင်းနိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ ရိုက်နှက်ခြင်းကို အလွန်ခံရသဖြင့် အပျက်သဘောဆောင်ပြီး ပြန်လည်နာလန်မထူနိုင်အောင် ဖြစ်သွားနိုင်သည်။ အချို့လူများက “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် အသင်းတော်ခေါင်းဆောင်တစ်ဦး မဖြစ်နိုင်ပါ။ မည်သူ အစေခံသည်ဖြစ်စေ အတူတူပင် ဖြစ်သည်။ အရည်အချင်းရှိသူ မည်သူမဆို ရှေ့ဆက်ပြီး အစေခံနိုင်သည်။ အန္တိခရစ်တစ်ဦးက အစေခံလိုလျှင်လည်း၊ ယင်းသည် ကျွန်ုပ်နှင့် မည်သို့မျှမဆိုင်ပါ။ သူတို့က ကျွန်ုပ်ကို မရှင်းလင်းသရွေ့ အဆင်ပြေသည်”ဟု ဆိုလျက် လက်ပိုက်ကြည့်နေရုံသာ နေကြသည်။ ဤသို့ပြောဆိုသူများသည် ဘာမျှမကောင်းကြပေ။ အန္တိခရစ်တစ်ဦးက ခေါင်းဆောင်အဖြစ် အစေခံပါက မည်သည့် အကျိုးဆက်များ ဖြစ်လာမည်ကိုလည်းကောင်း၊ ယင်းက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ၎င်းတို့၏ ကယ်တင်ခြင်းအပေါ် မည်သို့သော သက်ရောက်မှု ရှိမည်ကိုလည်းကောင်း ၎င်းတို့ မစဉ်းစားနိုင်ကြပေ။ သမ္မာတရားကို နားလည်သောလူများသာလျှင် ဤအရာကို အရှိအတိုင်း မြင်နိုင်သည်။ ၎င်းတို့က “အန္တိခရစ်တစ်ဦးသည် အသင်းတော်ခေါင်းဆောင် ဖြစ်လာပါက၊ ဒုက္ခခံစားရမည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ ဖြစ်သည်။ အထူးသဖြင့်၊ သမ္မာတရားကို လိုက်စားသောသူများ၊ တရားမျှတစိတ်ရှိသောသူများနှင့် မိမိတို့၏ တာဝန်ကို လိုလိုလားလား ထမ်းဆောင်သောသူများအားလုံးသည် ဖိနှိပ်ခံရပြီး ဖယ်ထုတ်ခြင်းခံရလိမ့်မည်။ ထိုနားဝေတိမ်တောင်ဖြစ်သောသူများနှင့် လူ့အကြိုက်လိုက်သူများသာ မျက်နှာသာပေးခြင်းခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် လှောင်ပိတ်ခံရပြီး အန္တိခရစ်၏ တန်ခိုးအာဏာအောက်တွင် ထားရှိခြင်း ခံကြရလိမ့်မည်”ဟု ပြောဆိုကြလိမ့်မည်။ သို့သော် သမ္မာတရားကို မလိုက်စားသောသူများသည် ဤအရာများကို မည်သည့်အခါမျှ မစဉ်းစားကြပေ။ ၎င်းတို့က “လူတစ်ဦးသည် ကယ်တင်ခြင်းခံရရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်သည်။ လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းကြသည်။ အန္တိခရစ်တစ်ဦး ခေါင်းဆောင်ဖြစ်လာလျှင်ပင်၊ ယင်းသည် ကျွန်ုပ်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပါ။ မကောင်းမှုများကို ကျွန်ုပ်မလုပ်သရွေ့၊ သူတို့သည် ကျွန်ုပ်ကို မဖိနှိပ်နိုင်ပါ သို့မဟုတ် မဖယ်ထုတ်နိုင်ပါ သို့မဟုတ် အသင်းတော်မှ ကျွန်ုပ်ကို မရှင်းလင်းနိုင်ပါ”ဟု တွေးထင်ကြသည်။ ဤအမြင်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဘုရားသခင် ရွေးချယ်ထားသောလူများထဲမှ တစ်ဦးတစ်ယောက်မျှ အသင်းတော် ရွေးကောက်ပွဲများကို အလေးမထားပါက၊ ၎င်းတို့က အန္တိခရစ်တစ်ဦးကို အာဏာရယူခွင့်ပြုသည်နှင့်တစ်ပြိုင်နက်၊ အကျိုးဆက်များက အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ယင်းသည် လူတို့ စိတ်ကူးသလောက် အမှန်တကယ် ရိုးရှင်းလိမ့်မည်လော။ အသင်းတော်အသက်တာသည် မည်သည့် ပြောင်းလဲမှုများကို ကြုံတွေ့ရလိမ့်မည်နည်း။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက် ဝင်ရောက်မှုနှင့် တိုက်ရိုက်ဆက်စပ်သည်။ အကယ်၍ အန္တိခရစ်တစ်ဦးသည် အသင်းတော်တစ်ခုတွင် အာဏာစွဲကိုင်ထားပါက၊ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ထိုအသင်းတော်တွင် သမ္မာတရားသည် တန်ခိုးအာဏာ ရှိတော့မည်မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များလည်း တန်ခိုးအာဏာ ရှိတော့မည်မဟုတ်ပေ။ ထိုအစား၊ မယုံကြည်သူများနှင့် စာတန်တို့သည် ထိုနေရာတွင် အာဏာစွဲကိုင်ကြလိမ့်မည်။ စုဝေးပွဲများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနိုင်သေးသော်လည်း၊ အန္တိခရစ်က ပြောဆိုပိုင်ခွင့်ကို ထိန်းချုပ်ထားသည်။ အန္တိခရစ်သည် သမ္မာတရားအကြောင်းကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်သလော။ အန္တိခရစ်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သမ္မာတရားအကြောင်း လွတ်လပ်စွာနှင့် ချုပ်တည်းမှုမရှိဘဲ မိတ်သဟာယဖွဲ့ခွင့်ပြုနိုင်သလော။ ယင်းမှာ မဖြစ်နိုင်ပေ။ အန္တိခရစ်တစ်ဦးက အာဏာစွဲကိုင်သည်နှင့်တစ်ပြိုင်နက်၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ပို၍ပို၍ များပြားလာလိမ့်မည်။ အသင်းတော်အသက်တာ၏ ရလဒ်များက တိုး၍ လျော့နည်းလာလိမ့်မည်ဖြစ်ကာ၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် စုဝေးသည့်အခါ များစွာ အကျိုးဖြစ်ထွန်းလိမ့်မည် မဟုတ်။ ယင်းက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက် ဝင်ရောက်မှုအတွက် အခက်အခဲများကို ဖြစ်စေလိမ့်မည်။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပြဿနာများသည်လည်း များပြားလာပြီး ပြေလည်သွားလိမ့်မည်မဟုတ်သည့်အပြင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော အချို့သည်လည်း ရတက်မအေးဖြစ်ရကြလိမ့်မည်။ အသင်းတော်အသက်တာ၏ အခြေအနေသည် နေကို ဖုံးအုပ်ရန် တိမ်မည်းများ ရောက်လာသည့်အလား လုံးဝ ပြောင်းလဲသွားလိမ့်မည်။ ထိုအခါ အသင်းတော်အသက်တာတွင် ပျော်ရွှင်မှု ရှိနေလိမ့်ဦးမည်လော။ ယင်းသည် ဧကန်မုချ ကြီးမားစွာ ထိခိုက်နစ်နာလိမ့်မည်။ အသင်းတော်တွင်၊ သမ္မာတရားကို လိုက်စားသောသူများသည် လူနည်းစုဖြစ်သည်။ ဤလူနည်းစုသည် ဖိနှိပ်ပြီး ဖယ်ထုတ်ခြင်းခံရပါက၊ အသင်းတော်အသက်တာ ရှိလိမ့်မည် မဟုတ်တော့ဟုဆိုနိုင်သည်။ လူတို့သည် ဤအကျိုးဆက်ကို ထွင်းဖောက်မမြင်နိုင်ပါက၊ ၎င်းတို့သည် ရွေးကောက်ပွဲများကို အာရုံစိုက်မည်မဟုတ် သို့မဟုတ် ဂရုစိုက်မည်မဟုတ်ပေ။ လူအများစုသည် ရွေးကောက်ပွဲများကို အလေးအနက်မထားပါက၊ စည်းမျဉ်းများကို မလိုက်နာပါက၊ ရွေးကောက်ပွဲများကို အလွန်အပျက်သဘောဆောင်စွာ ဆက်ဆံပြီး အတုအယောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များထံမှ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရှုလုပ်ဆောင်ပါက၊ ဆိုးယုတ်သောသူများ သို့မဟုတ် သမ္မာတရားကို မချစ်သောသူများအနေဖြင့် အသင်းတော်ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင် ရွေးချယ်ထားသောလူများအများစုသည် ၎င်းတို့၏ အသက် ဝင်ရောက်မှုတွင် ဆုံးရှုံးမှုများကို ခံစားရလိမ့်မည်။ သို့ဖြစ်၍၊ အသင်းတော် ရွေးကောက်ပွဲများ၏ ရလဒ်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်တာ ကြီးထွားမှုနှင့် အသင်းတော်၏ အနာဂတ်ကို တိုက်ရိုက် သက်ရောက်မှုရှိသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဤအရာကို ရှင်းလင်းစွာ သိမြင်သင့်ပြီး အပျက်သဘောဆောင်သော သဘောထားကို လုံးဝ မခံယူရပေ။ အချို့သော ရေရာပြတ်သားမှုမရှိသူများသည် ဤကိစ္စရပ်ကို ထွင်းဖောက်မမြင်နိုင်ပေ။ ၎င်းတို့သည် “အသင်းတော်ရှိ လူတိုင်းက စစ်မှန်သော ယုံကြည်သူများဖြစ်သည်၊ ထို့ကြောင့် မည်သူ့ကိုမဆို ရွေးကောက်တင်မြှောက်နိုင်သည်။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဖြစ်သရွေ့ မည်သူမဆို ခေါင်းဆောင်ဖြစ်နိုင်သည်”ဟု တွေးထင်လျက် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများကို အမြဲ အားကိုးကြသည်။ ၎င်းတို့သည် အသင်းတော် ရွေးကောက်ပွဲများကို အလွန် ရိုးရှင်းစွာ ရှုမြင်ကြသောကြောင့် အလွန်များစွာသော အပျက်သဘောဆောင်သည့်၊ မှားယွင်းသည့် စိတ်ကူးများနှင့် သဘောထားအမြင်များ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ အတုအယောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အမှန်တကယ် ရွေးကောက်တင်မြှောက်ခဲ့ပါက၊ အသင်းတော်၏ အလုပ်သည် ပျက်စီးသွားမည်ဖြစ်ပြီး၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက် ဝင်ရောက်မှုသည် မလွဲမသွေ ထိခိုက်နစ်နာလိမ့်မည်။ ထိုအချိန်တွင်၊ လူတို့သည် စည်းမျဉ်းများအတိုင်း ရွေးကောက်ပွဲများ ကျင်းပခြင်းက မည်မျှ အရေးကြီးသည်ကို သဘောပေါက်နားလည်လာကြလိမ့်မည်။
အသင်းတော်တိုင်းတွင် လူ့အကြိုက်လိုက်သူအချို့ ရှိသည်။ ဤလူ့အကြိုက်လိုက်သူများသည် ဆိုးယုတ်သောလူများက ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်ရှိလျှင်ပင် ၎င်းတို့က လျစ်လျူရှုကြသည်။ အသင်းတော်ရွေးကောက်ပွဲများတွင် ဖြစ်ပေါ်သည့် မည်သည့်ပြဿနာများမဆိုအပေါ် ၎င်းတို့၏ သဘောထားမှာ “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ”ဟူ၍ ဖြစ်သည်။ မည်သူခေါင်းဆောင်ဖြစ်လာသည်မှာ အရေးမကြီးကြောင်း၊ ယင်းမှာ ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှမရှိကြောင်း ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် နေ့စဉ်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်သရွေ့ အဆင်ပြေနေပေသည်။ ဤကဲ့သို့သော လူများနှင့်ပတ်သက်၍ သင်အဘယ်အရာကို စဉ်းစားမိသနည်း။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ဤသူတို့သည် လူ့အကြိုက်လိုက်သူများဖြစ်ကြပြီး ၎င်းတို့ကို မယုံကြည်သူများဟုလည်း ခေါ်ဆိုနိုင်သည်။ ဤလူတို့သည် သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့သည် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုကို တပ်မက်လျက် လွယ်ကူသောဘဝကို အသက်ရှင်ရန်သာ ကြိုးစားကြသည်။ ၎င်းတို့သည် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး အလွန်ပါးနပ်လွန်းကြသည်။ လူ့အဖွဲ့အစည်းတွင် ထိုသို့သောလူများ များစွာရှိသလော။ မည်သည့်နိုင်ငံရေးပါတီက အာဏာရှိသည်ဖြစ်စေ၊ မည်သူက ရာထူးလက်ကိုင်ရှိသည်ဖြစ်စေ ၎င်းတို့သည် လူချစ်လူခင်ပေါများကြသည်၊ မိမိတို့၏ လူမှုရေးဆက်ဆံမှုများကို အလွန်အောင်မြင်စွာ ၎င်းတို့ ကိုင်တွယ်နိုင်ကြပြီး သက်သောင့်သက်သာ အသက်ရှင်နေထိုင်ကြသည်။ မည်သည့်နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေါ်သည်ဖြစ်စေ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိကြပေ။ ဤသူတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် “ကိုင်တွယ်ရခက်သော ငါးရှဉ့်များ” နှင့် “မြွေအိုများ”အဖြစ် သိကြသည့် အလှည့်စားတတ်ဆုံးသော၊ အပါးနပ်ဆုံးသော လူများဖြစ်ကြသည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်း တစ်စက်မျှမရှိဘဲ စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြသည်။ မည်သူပင် အာဏာရှိပါစေ ၎င်းတို့က ထိုသူတို့ကို ဖြည့်ဆည်းပေးသည်၊ မြှောက်ပင့်ကြသည်၊ ၎င်းတို့၏ ကောင်းကွက်များကို ချီးမွမ်းသီဆိုကြသည်။ ၎င်းတို့သည် မိမိတို့၏ အထက်လူကြီးများကို ကာကွယ်ပေးခြင်းမှလွဲ၍ ဘာမျှမလုပ်သည့်အပြင် ၎င်းတို့ကို မည်သည့်အခါမျှ စိတ်အနှောင့်အယှက်မပေးကြပေ။ ၎င်းတို့၏ အထက်လူကြီးများက မည်မျှပင် ဆိုးယုတ်မှုကို ပြုသည်ဖြစ်စေ ၎င်းတို့သည် ထိုအရာကို ဆန့်ကျင်ခြင်း သို့မဟုတ် ထောက်ခံခြင်း မပြုဘဲ မိမိတို့၏ အတွေးများကို စိတ်ထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားကြသည်။ မည်သူပင် အာဏာရှိသည်ဖြစ်စေ ၎င်းတို့သည် လူချစ်လူခင်ပေါများကြသည်။ စာတန်နှင့် နတ်ဆိုးဘုရင်များသည် ဤလူစားမျိုးကို နှစ်သက်ကြသည်။ နတ်ဆိုးဘုရင်များသည် ဤလူစားမျိုးကို အဘယ်ကြောင့် နှစ်သက်ကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် နတ်ဆိုးဘုရင်များ၏ အမှုကိစ္စများကို မဖျက်ဆီးကြသည့်အပြင် သူ့အပေါ် မည်သည့်ခြိမ်းခြောက်မှုမျှ မပြုသောကြောင့် ဖြစ်သည်။ ဤ လူစားမျိုးသည် စည်းကမ်းမဲ့ပြီး ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံစည်းမျဉ်းမရှိသည့်အပြင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ကင်းမဲ့ကြသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ ရေပန်းစားမှုများနောက်သို့သာ လိုက်ကာ နတ်ဆိုးဘုရင်များ၏ ရှေ့မှောက်တွင် ဦးညွှတ်လျက် သူတို့၏ အကြိုက်များနှင့် လိုက်လျောညီထွေဖြစ်အောင် နေကြသည်။ အသင်းတော်၌လည်း ထိုသို့သောလူများ ရှိသည်မဟုတ်လော။ ထိုသို့သောလူများသည် အောင်မြင်သောသူများ ဖြစ်နိုင်ကြသလော။ ၎င်းတို့သည် ခရစ်တော်၏ စစ်သူရဲကောင်းများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံများ ဖြစ်ကြသလော။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် ထကြွပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်သည့်အခါ ထိုသို့သောလူများသည် ၎င်းတို့ကို ဆန့်ကျင်၍ စစ်ဖြစ်ရန်၊ ၎င်းတို့ကို ဖော်ထုတ်ရန်၊ ပိုင်းခြားသိမြင်ရန်နှင့် စွန့်ပယ်ရန်၊ ၎င်းတို့၏ ဒုစရိုက်အမှုများကို အဆုံးသတ်စေကာ ဘုရားသခင်အတွက် သက်သေခံရန် ထရပ်နိုင်ကြသလော။ လုံးဝ မပြုလုပ်နိုင်ကြပေ။ ဤကိုင်တွယ်ရခက်သော ငါးရှဉ့်များသည် ဘုရားသခင် စုံလင်အောင်ပြုမည့်သူများလည်းမဟုတ်၊ သူကယ်တင်မည့်သူများလည်း မဟုတ်ကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့်အခါမျှ သက်သေမခံကြသကဲ့သို့ သူ့အိမ်တော်၏ အကျိုးစီးပွားများကိုလည်း မထိန်းသိမ်းကြပေ။ ၎င်းတို့ကို ဘုရားသခင် ရှုမြင်သည့်အတိုင်းဆိုရလျှင်၊ ဤလူတို့သည် သူ့နောက်သို့လိုက်သောသူများ သို့မဟုတ် သူ့ကို ကျိုးနွံနာခံသောသူများမဟုတ်ဘဲ ကြောင်းကျိုးမမြင်ဘဲ ပြဿနာကို လှုံ့ဆော်သောသူများ၊ စာတန်၏ ဂိုဏ်းဝင်များ ဖြစ်ကြသည်။ သူ၏အမှုတော် ပြီးဆုံးသည့်အခါ သူဖယ်ရှားရှင်းလင်းမည့်သူများမှာ ၎င်းတို့ပင် ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော အသုံးမကျသူများကို တန်ဖိုးမထားပေ။ ၎င်းတို့၌ သမ္မာတရား သို့မဟုတ် အသက် မရှိပေ။ ၎င်းတို့သည် တိရစ္ဆာန်များနှင့် နတ်ဆိုးများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် မထိုက်တန်သည့်အပြင် သူ၏ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန်လည်း မထိုက်တန်ပေ။ သို့ဖြစ်၍ ဘုရားသခင်သည် ထိုသို့သောလူများကို လွယ်ကူစွာ စွန့်ပစ်ပြီး ဖယ်ရှားရှင်းလင်းကာ အသင်းတော်သည်လည်း ၎င်းတို့ကို မယုံကြည်သူများအဖြစ် ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့၌ ဘုရားသခင်အတွက် စစ်မှန်သော စိတ်နှလုံးမရှိသောကြောင့် ဘုရားသခင်သည် ၎င်းတို့အား စစ်မှန်သော ထောက်ပံ့မှုကို ပေးလိမ့်မည်လော။ သူသည် ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး ကူညီလိမ့်မည်လော။ ကူညီလိမ့်မည်မဟုတ်ပေ။ အသင်းတော်ရွေးကောက်ပွဲများအတွင်းတွင် ကြားဝင်နှောင့်ယှက်မှုများနှင့် နှောင့်ယှက်မှုများ ဖြစ်ပေါ်ပြီး ရွေးကောက်ပွဲရလဒ်များကို ဆိုးယုတ်သောလူများက ထိန်းချုပ်ကာလွှမ်းမိုးသည့်အခါတွင် ဤလူတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ဘုရားသခင်၏ ဘက်တွင် လုံးဝ ရပ်တည်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ကို တိုက်ခိုက်ရန်လည်းကောင်း၊ စာတန်၏ အင်အားစုများကို အဆုံးတိုင် တိုက်ခိုက်ရန်လည်းကောင်း သမ္မာတရား စည်းမျဉ်းများကို လုံးဝ လိုက်နာကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤအရာကို လုံးဝ လုပ်ဆောင်ကြလိမ့်မည်မဟုတ်။ ၎င်းတို့ သတ္တိ ကင်းမဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူတို့သည် ဤလူတို့ကို ပိုင်းခြားသိမြင်သင့်ပြီး ၎င်းတို့ နားလည်သော သမ္မာတရားများကိုဖြစ်စေ၊ စာတန်အပေါ် ၎င်းတို့၏ ပိုင်းခြားသိမြင်မှုကိုဖြစ်စေ ဤလူတို့နှင့် မိတ်သဟာယမဖွဲ့သင့်ပေ။ သင်သည် ဤအရာများကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့လျှင်ပင် အသုံးဝင်လိမ့်မည်မဟုတ်။ ၎င်းတို့သည် သမ္မာတရား၏ ဘက်တွင် ရပ်တည်ကြလိမ့်မည်မဟုတ်ပေ။ လုပ်ဖော်ဆောင်ဖက်များနှင့် တွဲဖက်များကို ရွေးချယ်သည့်အခါ သင်သည် ထိုသို့သောလူများကို ချန်လှပ်ထားသင့်ပြီး မရွေးချယ်သင့်ပေ။ ၎င်းတို့ကို အဘယ်ကြောင့် မရွေးချယ်သင့်သနည်း။ အကြောင်းမှာ ၎င်းတို့သည် ကိုင်တွယ်ရခက်သော ငါးရှဉ့်များ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ဘက်တွင် ရပ်တည်လိမ့်မည်မဟုတ်၊ သမ္မာတရား၏ ဘက်တွင် ရပ်တည်လိမ့်မည်မဟုတ်သည့်အပြင် စာတန်ကို တိုက်ခိုက်ရန် သင်နှင့် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးကြလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ စိတ်ရင်းမှန်သော စကားများကို ၎င်းတို့အား ဖွင့်ဟပြောဆိုလျှင် သင်သည် မိုက်မဲပြီး စာတန်အတွက် ဟားတိုက်စရာ ဖြစ်လာလိမ့်မည်။ ထိုသို့သောလူတို့အား သမ္မာတရားကို မိတ်သဟာယမဖွဲ့နှင့် သို့မဟုတ် တိုက်တွန်းအားပေးခြင်းများ မပြုနှင့်။ ပြီးလျှင် ၎င်းတို့အပေါ် မည်သည့်မျှော်လင့်ချက်မျှ မထားနှင့်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဤလူတို့ကို လုံးဝ မကယ်တင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော လူများမဟုတ်ကြပေ။ ၎င်းတို့သည် အဝေးမှနေ၍ တိုက်ပွဲပြင်းထန်နေသည်ကို ကြည့်ရှုနေသော ပွဲကြည့်ပရိသတ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ကိုင်တွယ်ရခက်သော ငါးရှဉ့်များ ဖြစ်ကြသည်။ ဤလူစားမျိုးများသည် စိတ်လှုပ်ရှားဖွယ်ရာကို ကြည့်ရှုရန်နှင့် ကြောင်းကျိုးမမြင်ဘဲ ပြဿနာကို လှုံ့ဆော်ရန်သာ ဘုရားအိမ်တော်ထဲသို့ စိမ့်ဝင်ကြသည်။ ၎င်းတို့၌ တရားမျှတစိတ်နှင့် တာဝန်သိစိတ် မရှိကြပေ။ ဆိုးယုတ်သောလူများ၏ ထိခိုက်နစ်နာစေခြင်းကို ခံရသော လူကောင်းများအပေါ်၌ပင် ၎င်းတို့ စာနာမှု မရှိကြပေ။ ထိုသို့သောလူများကို နတ်ဆိုးများနှင့် စာတန်များဟု ခေါ်ဆိုခြင်းသည် အသင့်တော်ဆုံး ဖြစ်သည်။ တရားမျှတစိတ်ရှိသူတစ်ဦးက ဆိုးယုတ်သောလူများကို ဖော်ထုတ်လျှင် ၎င်းတို့သည် ထိုသူကို အားပေးခြင်း သို့မဟုတ် ထောက်ခံခြင်းပင် ပြုကြလိမ့်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဤလူတို့ကို မည်သည့်အခါမျှ မယုံကြည်နှင့်။ ၎င်းတို့သည် ကိုင်တွယ်ရခက်သော ငါးရှဉ့်များ၊ ပုတ်သင်ညိုများ၊ မြွေအိုများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများမဟုတ်ဘဲ စာတန်၏ အစေခံများ ဖြစ်ကြသည်။ ဤလူတို့သည် မည်သည့်အခါမျှ ကယ်တင်ခြင်းမခံရနိုင်သည့်အပြင်၊ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိပေ။ ဤသည်မှာ ဘုရားသခင်၏ ရှင်းလင်းသော အလိုဆန္ဒ ဖြစ်သည်။ အသင်းတော်အများစုတွင် ထိုသို့သောလူများ ရှိကောင်းရှိနိုင်သည်။ သင်၏ အသင်းတော်တွင် ထိုသူတို့က မည်သူများဖြစ်သည်ကို လှည့်ပတ်ကြည့်ရှုလော့။ အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့နှင့် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့နှင့်၊ သင်နှင့်ပတ်သက်၍ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို ၎င်းတို့အား သိခွင့်မပေးနှင့်။ ထိုသို့သောလူများကို သတိထားပြီး ၎င်းတို့နှင့် မပတ်သက်နှင့်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး တရားမျှတစိတ်ရှိသောသူတို့ကို ရှာဖွေလော့။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နစ်နာနေသည်ကိုလည်းကောင်း၊ အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာ၏ အစီအစဉ်တို့ နှောင့်ယှက်ခြင်း သို့မဟုတ် ကြိုးကိုင်ခြယ်လှယ်ခြင်း ခံနေရသည်ကိုလည်းကောင်း မြင်သည့်အခါ ၎င်းတို့သည် စိုးရိမ်ပူပန်ပြီး ဒေါသထွက်ကြသည်။ ၎င်းတို့သည် အသင်းတော်ကို နှောင့်ယှက်သော ဤဆိုးယုတ်သည့်လူများကို အလွန်မုန်းတီးကြသည်။ ၎င်းတို့သည် ထရပ်ပြီး ဆိုးယုတ်သောလူများကို ဖော်ထုတ်လိုကြကာ ဆိုးယုတ်သော နတ်ဆိုးများကို တိုက်ခိုက်ရန် ပေါင်းစည်းဖို့အတွက် သမ္မာတရားကို နားလည်သောလူများကို ရှာဖွေရန် စိတ်အားထက်သန်ကြသည်။ ထိုသို့သောလူများနှင့် မိတ်သဟာယဖွဲ့ပြီး စာတန်ကို တိုက်ခိုက်ရန် ၎င်းတို့နှင့် လက်တွဲလော့။ ဤလူတို့သည် အောင်မြင်သောသူများ၊ ခရစ်တော်၏ စစ်သူရဲကောင်းများ ဖြစ်ကြသည်။ ဤလူတို့သာလျှင် ခရစ်တော်၏ နိုင်ငံတော်၌ ဝေစုတစ်စု ရှိကြသည်။ လူ့အကြိုက်လိုက်သူများ၊ မြွေအိုများ၊ ပုတ်သင်ညိုများနှင့် ထုံထိုင်းပြီး ဉာဏ်ထိုင်းသော သူတို့အားလုံးသည် ထုတ်ဖော်ခြင်းခံရပြီး ဖြစ်သည်။ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရမည့် သူများ ဖြစ်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ကြ၊ ဘုရားအိမ်တော်သားများ မဟုတ်ကြဘဲ မယုံကြည်သူများနှင့် ယုံကြည်ကိုးစားထိုက်ခြင်းမရှိသည့် အခွင့်အရေးသမားများ ဖြစ်ကြသည်။ ဤသည်မှာ ဤလူတို့ကို ကိုင်တွယ်ရန် နည်းလမ်းဖြစ်သည်။ ၎င်းတို့က မကောင်းမှုကို ပြုလုပ်နိုင်လျှင် ၎င်းတို့ကို ရှင်းလင်းဖယ်ရှားလော့။ ၎င်းတို့သည် ဆိုးယုတ်သော လူများမဟုတ်သည့်အပြင် အသင်းတော်ကို နှောင့်ယှက်ရန် ဆိုးယုတ်သောလူများနောက်သို့ မလိုက်လျှင် ၎င်းတို့၏ နောင်တကို သင်စောင့်ဆိုင်းနေစဉ်တွင် ၎င်းတို့အနေဖြင့် အသင်းတော်၌ လောလောဆယ် နေ၍ရသည်။ နေ တစ်ချက်အနေဖြင့်၊ ထိုသို့သောလူတို့၏ အနှစ်သာရကို ရှာဖွေဖော်ထုတ်လျက်၊ ဤလူတို့၏ စိတ်သဘောထားများ၊ လူ့သဘာဝနှင့် အမျိုးမျိုးသော ကိစ္စရပ်များအပေါ် ၎င်းတို့၏ အမြင်များနှင့် သဘောထားများကို စောင့်ကြည့်လေ့လာပြီး သဘောပေါက်ကာ ပိုင်းခြားသိမြင်မှုကို ကျင့်သုံးလော့။ တစ်ချိန်တည်းတွင် ဆိုးယုတ်သောလူများက ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သည့်အခါ၊ ဤလူ့အကြိုက်လိုက်သူများက ဆိုးယုတ်သောလူများ၏ ဘက်တွင် ရပ်တည်ကာ ၎င်းတို့၏ လက်ပါးစေများနှင့် ကြံရာပါများအဖြစ် ဆောင်ရွက်ခြင်းကို သတိဝီရိယရှိလော့။ တိုတိုပြောရလျှင် ဆိုးယုတ်သောလူများက ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သည့် မလျော်ကန်သော အပြုအမူအားလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပိုင်းခြားသိမြင်မှုကို ကျင့်သုံးရန် လိုအပ်သည်။ ၎င်းတို့၏ အနှစ်သာရကို သင်ရှင်းလင်းစွာ မြင်သည့်အခါ ၎င်းတို့ကို စည်းမျဉ်းများနှင့်အညီ သင့်တင့်လျောက်ပတ်စွာ မည်သို့ကိုင်တွယ်ရမည်ကို သင်သိလိမ့်မည်။
ယခုလေးတင်၊ ငါတို့သည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ အချို့သော ဖြစ်စဉ်များနှင့် အချို့လူတို့၏ လုပ်ဆောင်ချက်များအကြောင်း မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ကဏ္ဍတိုင်းကို ခြုံငုံခြင်းမရှိသော်လည်း၊ ဤပြဿနာများကို ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများကို အခြေခံအားဖြင့် မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ သင်တို့သည် အသင်းတော်အတွင်း၌ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သောလူများကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ထရပ်ပြီး ၎င်းတို့ကို ကန့်သတ်သင့်သည်။ လိုက်လျောသူ မဖြစ်ကြနှင့်၊ လူ့အကြိုက်လိုက်သူများကဲ့သို့ မပြုမူကြနှင့်။ တစ်ဦးတလေက ရွေးကောက်ပွဲများကို အမြဲတစေ ကြိုးကိုင်ခြယ်လှယ်ရန်နှင့် အဖျက်အမှောင့်လုပ်ရန်ကြိုးစားပါက၊ ဤအခြေအနေမျိုး ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို တားဆီးရန်နှင့် ဖော်ထုတ်ရန် စုပေါင်း၍ ထရပ်သင့်သည်။ ၎င်းတို့အနေဖြင့် ဤအရာက ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းဖြစ်သည်ကို မသိဘဲ ရှုပ်ထွေးစွာဖြင့် လုပ်ဆောင်နေပါက၊ သင်တို့က၊“သင်လုပ်ဆောင်နေသည့်အရာမှာ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်သည်။ စာတန်၏ အစေခံအခန်းကဏ္ဍကို မဆောင်ရွက်နှင့်။ ဤသည်မှာ အသင်းတော်ခေါင်းဆောင်များ ရွေးကောက်ပွဲဖြစ်သည်၊ မြို့တော်ဝန်များ သို့မဟုတ် မြို့နယ်သူကြီးများ ရွေးကောက်ပွဲမဟုတ်ပါ။ ဤအလုပ်ကို လုပ်ဆောင်ခြင်းအတွက် ဘုရားအိမ်တော်၌ ၎င်း၏ကိုယ်ပိုင် စည်းမျဉ်းများရှိပြီး ၎င်း၏ စည်းမျဉ်းများ ရှိသည်။ လူ့ရည်ရွယ်ချက်များ ရောနှောခြင်းမရှိသင့်ပေ။ ကျွန်ုပ်တို့သည် ဤအလုပ်အတွက် သမ္မာတရား စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာသင့်သည်။ သင်၏ အစွမ်းအစ ညံ့ဖျင်းပြီး သမ္မာတရား စည်းမျဉ်းများကို နားမလည်နိုင်လျှင်၊ သို့မဟုတ် သင်သည် ရွေးကောက်ပွဲများတွင် ပါဝင်ရန် လိုအပ်သော ဉာဏ်ရည်ဉာဏ်သွေး ကင်းမဲ့လျက်၊ အသက်ကြီးပြီး မရေမရာဖြစ်နေလျှင်၊ သင်သည် မဲမပေးဘဲနေ၍ရပြီး ရလဒ်ကို ရိုးရှင်းစွာ စောင့်ဆိုင်းနိုင်သည်။ သို့သော် မည်သည့်နည်းနှင့်မျှ သင်သည် ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း၊ သို့မဟုတ် ကြားဝင်စွက်ဖက်ပြီး နှောင့်ယှက်မှုများ ဖြစ်စေခြင်းတို့ကို မပြုလုပ်သင့်ပေ။ ဤအရာများသည် ဒုစရိုက်အမှုများဖြစ်ပြီး ဘုရားသခင်က ယင်းကို စက်ဆုပ်ရွံရှာတော်မူသည်။ ထိုသို့သော ဒုစရိုက်အမှုများသည် ထာဝရ ပြစ်တင်ရှုတ်ချခြင်းခံရသည်။ မည်သည့်အခါတွင်မျှ ထိုသို့သောလူစားမျိုး မဖြစ်စေနှင့် သို့မဟုတ် ဤလမ်းကြောင်းကို မလိုက်နှင့်။ သင်သည် အကယ်စင်စစ် လူသားတစ်ဦးဖြစ်ပါက၊ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့တွင် မပါဝင်နှင့်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အဖြစ်မှန်တစ်ခု ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ သင်သည် စာတန်၏ အစေခံအဖြစ် သတ်မှတ်ခြင်းခံရလိမ့်မည်ဖြစ်ပြီး အသင်းတော်မှ ရှင်းလင်းပစ်ခြင်းခံရလိမ့်မည်ဖြစ်သည်”ဟု ၎င်းကို ရှင်းပြနိုင်သည်။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သောလူများကို တွေ့ရှိခဲ့လျှင်၊ ၎င်းတို့အထဲမှ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အရာကို နားမလည်သော အစွမ်းအစ ညံ့ဖျင်းသည့် သူတို့အား မေတ္တာဖြင့် မိတ်သဟာယဖွဲ့ခြင်း၊ အားပေးခြင်း၊ ပံ့ပိုးခြင်းနှင့် ကူညီခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။ သို့သော် သမ္မာတရား စည်းမျဉ်းများကို အပြည့်အဝ သိရှိလင့်ကစား၊ ဤအရာကို ဆန့်ကျင်သည့် သတိပေးချက်များကိုပင် လျစ်လျူရှုလျက် တမင်တကာ ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်နေဆဲဖြစ်သော ထိုသူတို့နှင့်ပတ်သက်၍မူ အဘယ်သို့နည်း။ ၎င်းတို့အတွက်လည်း ဖြေရှင်းချက်တစ်ခု ရှိသည်။ ၎င်းတို့အား ရွေးကောက်ပွဲများတွင် နောက်ထပ် ပါဝင်ခွင့်မပြုတော့ပေ။ ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို ရုပ်သိမ်းလော့။ တိုတိုပြောရလျှင်၊ အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ လုပ်ရပ်အားလုံးကို တစ်ညီတစ်ညွတ်တည်း ပိုင်းခြားသိမြင်ခြင်း၊ တားဆီးခြင်း၊ ကန့်သတ်ခြင်းတို့ ပြုလုပ်ရမည်။ မှားယွင်းသော ရွေးကောက်ပွဲရလဒ်များကိုလည်းကောင်း၊ အသင်းတော်အလုပ်အား နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်းကိုလည်းကောင်း တားဆီးကာကွယ်ရန် ထိုသို့သော အပြုအမူများနှင့် လုပ်ဆောင်ချက်များကို အသင်းတော်၌ ရှိခွင့် မပြုရပေ။
အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အကျဉ်းချုပ်
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်တွင် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပါဝင်သည်။ ငါတို့သည် ဤအရာများကို မိတ်သဟာယဖွဲ့ရန်အတွက် ပြဿနာ ဆယ့်တစ်ချက်အဖြစ် ခွဲခြားခဲ့ပြီး ဖြစ်သည်။ ကိစ္စတစ်ခုစီတွင် စာရင်းပြုစုထားသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများဆိုင်ရာ ပြဿနာများ သို့မဟုတ် ဖြစ်ရပ်များတွင် လူတို့၏ တာဝန်ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းတို့ ပါဝင်သည်။ ၎င်းတို့ကို အဘယ်ကြောင့် အလွန် အသေးစိတ်ကျကျ ခွဲခြားထားသနည်း။ အဘယ်ကြောင့် ငါသည် အကြောင်းအရာတစ်ခုစီကို မိတ်သဟာယဖွဲ့ရန်နှင့် စိတ်ဖြာလေ့လာဆွေးနွေးရန်အတွက် တင်ပြရသနည်း။ အကြောင်းအရာတစ်ခုစီ၏ ခေါင်းစဉ်မှ အကဲဖြတ်ရလျှင် ဤအမှုအရာများကို လုပ်ဆောင်သောလူတို့၏ လူ့သဘာဝသည် မကောင်းပေ။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ မကြာခဏ အကြောင်းအရာမှ သွေဖည်သွားခြင်းတည်းဟူသော ပြင်းထန်သည်ဟု မယူဆသည့် ပထမပြဿနာမှလွဲ၍ ကျန်ရှိသော အခြားအရာအားလုံးသည် သဘာဝအနေဖြင့် အတော်ပင် ပြင်းထန်သည်။ ဤသရုပ်သကန်အားလုံးတွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သဘာဝတစ်ခုရှိပြီး ယင်းတို့အားလုံးသည် အသင်းတော်အလုပ်အပေါ် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်သည်။ ထို့ကြောင့် ငါတို့သည် ထိုအရာများကို တစ်ခုပြီးတစ်ခု မိတ်သဟာယဖွဲ့ရန်နှင့် စိတ်ဖြာလေ့လာဆွေးနွေးရန် တင်ပြရခြင်းဖြစ်သည်။ ဤပြဿနာများသည် အသင်းတော်အသက်တာတွင် သို့မဟုတ် လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် ပေါ်ပေါက်လာသည့်အခါ လူတို့သည် အထူးသဖြင့် သတိရှိသင့်ပြီး ယင်းတို့ကို ပိုင်းခြားသိမြင်ကာ ထွင်းဖောက်မြင်သင့်သည်။ အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းကို ဖြစ်စေသည့် ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပေါ်သည်ကို လူတို့ မြင်သည့်အခါ တားဆီးရန်နှင့် ကန့်သတ်ရန် ထရပ်သင့်သည်။ “သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ မကြာခဏ အကြောင်းအရာမှ သွေဖည်သွားခြင်း” တည်းဟူသော ပထမပြဿနာနှင့်စပ်လျဉ်း၍ လူတို့သည် တစ်ခါတစ်ရံ ဤအရာကို မရည်ရွယ်ဘဲ လုပ်ဆောင်မိကြပြီး ပါဝင်သည့် အခြေအနေများနှင့် ၎င်း၏ သဘာဝသည် အလွန်မပြင်းထန်ပေ။ သို့သော် ၎င်းတို့သည် နားထောင်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး ထိုသို့ဖြင့် အသင်းတော်အသက်တာတွင် ကောင်းသောရလဒ်များ မရရှိစေနိုင်ဘဲလျက် မကြာခဏ အကြောင်းအရာမှ သွေဖည်သွားပြီး ရှေ့နောက်မညီဘဲ ပြောဆိုပါက ဤသည်မှာ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း၏ အကျိုးဆက်များသို့ ဦးတည်ပေသည်။ ကျန်ရှိသော ပြဿနာများကို ပြောရန်ပင် မလိုအပ်တော့ပေ။ ၎င်းတို့ထဲမှ တစ်ခုတလေသည် အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာ၏ အစီအစဉ်အပေါ် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေရန် လုံလောက်သည်။ ထို့ကြောင့် ဤပြဿနာတစ်ခုစီတိုင်းကို အသေးစိတ် မိတ်သဟာယဖွဲ့ခြင်း၊ သုံးသပ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းပြုရန် လိုအပ်သည်။ မလိုမုန်းထားသော ဖြစ်ရပ်များ ဖြစ်ပေါ်သည့်အခါ သင်သည် အသင်းတော်ကို နှောင့်ယှက်သော ဒုစရိုက်အမှုများကို ပိုင်းခြားသိမြင်မှုနှင့် အသိရှိပါက ယင်းတို့ကို တားဆီးရန်နှင့် ကန့်သတ်ရန် ထရပ်သင့်သည်။ ပိုမိုကျယ်ပြန့်သောအဓိပ္ပာယ်အနေဖြင့်၊ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပြီး ပိုမိုကျဉ်းမြောင်းသောအဓိပ္ပာယ်အနေဖြင့်၊ ဤသည်မှာ အနည်းဆုံးအနေဖြင့် အသင်းသားတစ်ဦး၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်တို့ လုပ်ဆောင်နိုင်သင့်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် ဤအရာကို မလုပ်ဆောင်နိုင်လျှင် အကျိုးဆက်များမှာ အဘယ်နည်း။ ဤအရာကို သင်တို့ မလုပ်ဆောင်နိုင်ခြင်းအား ငါတို့အနေဖြင့် မည်သို့ သတ်မှတ်သင့်သနည်း။ အနည်းဆုံးအနေဖြင့်၊ သင်တို့သည် မရေရာမပြတ်သားသောသူတစ်ဦး ဖြစ်သည်ဟု ဆိုလိုသည်။ ထို့အပြင်၊ သင်သည် စာတန်ကို ကြောက်သော အသုံးမကျသည့် သူရဲဘောကြောင်သူတစ်ဦး ဖြစ်သည်။ ထို့အပြင်၊ စာတန်များနှင့် နတ်ဆိုးများက ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်ရန် ပေါ်လာသည့်အခါ သင်သည် လျစ်လျူရှုပြီး အစွမ်းမဲ့နေသည်။ မည်သည့်တုံ့ပြန်မှုမျှ မပြသည့်အပြင်၊ စာတန်ကို ဆန့်ကျင်တိုက်ခိုက်ရန်နှင့် ဘုရားသခင်အတွက် သက်သေခံရန် ထရပ်ဖို့ ယုံကြည်ခြင်းနှင့် သတ္တိ ကင်းမဲ့နေသည်။ ထိုသို့ဆိုလျှင်၊ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးမဖြစ်ထိုက်သည့်၊ အသုံးမကျသော လူတစ်ဦး ဖြစ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်တွင် ဘုရားသခင်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အသင်းတော်ထဲက အဖြစ်အပျက် အမျိုးမျိုးကို စာရင်းပြုစုထားသည်။ အဖြစ်အပျက်တစ်ခုစီတွင် ဘုရားသခင်အပေါ် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် သာမန်ညီအစ်ကိုမောင်နှမများ၏ သဘောထားများ ပါဝင်သည်။ ယင်းတွင် တာဝန်နှင့် တာဝန်ဝတ္တရားများအပေါ် လူတစ်ဦးစီ၏သဘောထားအပြင်၊ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်သည့် ဤအပျက်သဘောဆောင်သော ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ၎င်းတို့၏ ရပ်တည်ချက်နှင့် သဘောထားအမြင်တို့လည်း ပါဝင်သည်။ ဤအပျက်သဘောဆောင်သော ဖြစ်ရပ်များနှင့် အမှုအရာများ ပေါ်ပေါက်လာသည့်အခါ ဘုရားသခင်ကို ယုံကြည်ပြီး နှစ်ပေါင်းများစွာ တရားဒေသနာများကို ကြားနာခဲ့သော လူတစ်ဦးတွင် စာတန်ကို တိုက်လှန်ရန်နှင့် ဘုရားသခင်အတွက် သက်သေခံရန် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှုနှင့် ယုံကြည်ခြင်း ရှိမရှိဟူသည့်အရာလည်း ပါဝင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာက အဓိကကျသော ပြဿနာများကို ထည့်သွင်းစဉ်းစားသလော။ ယင်းသည် လူတစ်ဦး၏ ရပ်တည်ချက်နှင့် ၎င်းလျှောက်လှမ်းသော လမ်းကြောင်းအပြင်၊ ဘုရားသခင်အပေါ်၊ သမ္မာတရားအပေါ်နှင့် မိမိ၏ တာဝန်အပေါ် ၎င်း၏ သဘောထားတို့ကိုလည်း ထည့်သွင်းစဉ်းစားသည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင်၊ ဤအရာများမှာ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များဖြစ်ကြောင်း သင်တို့ နားလည်သင့်သည်။ ယင်းတို့ကို လိုက်နာဆောင်ရွက်ရန်နှင့် အကောင်အထည်ဖော်ရန် အယူဝါဒများ၊ စည်းမျဉ်းများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများအဖြစ် သဘောမထားဘဲ၊ ထို့ထက် သမ္မာတရားကို နားလည်ရန် ယင်းတို့ကို ပို၍ ချင့်ချိန်တွေးတောလော့။ ထို့နောက်တွင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ကာ ထိုသို့ဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီစေလော့။ ဆိုးယုတ်သောလူများက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော်လည်း အကြောင်းမဲ့သက်သက် ရပ်မနေနှင့်၊ သင့်အနေဖြင့် ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ရသေးကြောင်း၊ ဝိညာဉ်ရင့်ကျက်မှု နည်းပါးကြောင်း သို့မဟုတ် ငယ်ရွယ်သေးကြောင်း စသည်တို့ကို ပြောဆိုလျက်၊ အမျိုးမျိုးသော ဆင်ခြေများဖြင့် သင်၏ တာဝန်ဝတ္တရားများကို မရှောင်လွှဲနှင့်။ ဘုရားသခင်က အလုပ်ကို ဆန်းစစ်သည့်အခါ၊ သင်၏ သဘောထားကို သိမြင်ရန် သူက ပတ်ဝန်းကျင်များကို ပြင်ဆင်ပေးသည့်အခါ၊ သူသည် သင်၏ အသက်ကိုလည်းကောင်း၊ သူ့ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်သည်ကိုလည်းကောင်း၊ သို့မဟုတ် တစ်ချိန်က မည်သည့်အဖိုးအခကို သင် ပေးဆပ်ခဲ့ပြီး မည်သည့် ကောင်းကျိုးများ စွမ်းဆောင်ရရှိပြီးဖြစ်သည်ကိုလည်းကောင်း မကြည့်ပေ။ ဘုရားသခင်သည် ထိုအခိုက်အတန့်တွင် သင်၏ သဘောထားကို အလိုရှိသည်။ အကယ်၍ သင်သည် ဤကိစ္စရပ်များနှင့်ပတ်သက်၍ ပုံမှန်အားဖြင့် မည်သည့်အခါမျှ မတွေးဆခဲ့ သို့မဟုတ် မရှာဖွေခဲ့သည့်အပြင်၊ မည်သည့်အရာကိုမျှ မှတ်သားခြင်းမရှိဘဲ၊ သမ္မာတရားကို ရှာဖွေခြင်း မရှိဘဲ၊ သင်၏ သင်ခန်းစာကို သင်ယူခြင်းမရှိဘဲ သို့မဟုတ် ဘုရားသခင် ပြင်ဆင်ပေးသည့် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို အလေးအနက်မထားဘဲ ကိစ္စရပ်တိုင်းကို နားဝေတိမ်တောင်ဖြစ်သော အခြေအနေဖြင့် ဖြတ်သန်းသွားပါက၊ ဆိုးယုတ်သောလူများက နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသည်ကို သင်မြင်သည့်အခါ ထွက်ပြေးသွားပြီး၊ ဤအရာကို ဘုရားအိမ်တော်ထံသို့ မည်သည့်အခါမျှ မတိုင်ကြားလျှင် သို့မဟုတ် သင်၏သဘောထားကို မပြလျှင်၊ သင်သည် ဒုစရိုက်မှုတွင် မပါဝင်ခဲ့သော်လည်း ဤကိစ္စရပ်တွင် သင်၏ အပြုအမူသည် သင်၏ ရပ်တည်ချက်နှင့် သဘောထားအမြင်တို့ကို ဖော်ထုတ်နှင့်ပြီးဖြစ်သည်။ သင်သည် စာတန်အတွက် ရပ်တည်ပေးသည့်ဘေးမှ ရပ်ကြည့်သူတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး သင်သည် သူ့ကို လှည့်ဖြား၍မရနိုင်ပေ။ ထို့ကြောင့် ဤအပျက်သဘောဆောင်သော ကိစ္စရပ်များ ဖြစ်ပွားသည့်အခါ၊ အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင်တွေ့ရှိသည့်အခါ၊ ယင်းက ဘုရားသခင်အပေါ် သင်၏ သဘောထားကို သိသာထင်ရှားစွာထုတ်ဖော်သည်။ သင့်အနေဖြင့် ဘုရားသခင်ကို ယုံကြည်သည်မှာ မကြာသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သင်သည် အတော်အတန် ငယ်ရွယ်ပြီး သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုက နည်းပါးခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ဤအမှုအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ရပ်တည်ကာကွယ်ရန် သင်တို့၏ ကိုယ်ပိုင်လုံခြုံရေးကို လျစ်လျူရှုပြီး စွန့်စားမှုများ ပြုလုပ်လျက် စည်းမျဉ်းများအတိုင်း ပြုမူပြီး၊ ဆိုးယုတ်သောလူများကို တားဆီးရန်၊ ကန့်သတ်ရန် သို့မဟုတ် ဖော်ထုတ်ရန်ပင် ကြိုးစားလျှင်၊ သင့်တွင် ဤစိတ်နှလုံးရှိပါက၊ ဘုရားသခင်အပေါ် သင်၏ သဘောထားအပြင် ဘုရားသခင်အတွက် သက်သေခံရန်နှင့် စာတန်ကို တိုက်လှန်ရန် သင်၏ စိတ်ပိုင်းဖြတ်ချက်သည် လူများနှင့် ဘုရားသခင် မြင်တွေ့သော သက်သေခံချက်တစ်ခု ဖြစ်လာလိမ့်မည်။ လူတို့၏ ဒုစရိုက်အမှုများ၊ ဘုရားသခင်ထံမှ ၎င်းတို့၏ လှည့်စားခြင်းနှင့် ဖုံးကွယ်ခြင်း၊ မိမိတို့၏တာဝန်ဝတ္တရားများကို ရှောင်လွှဲခြင်း၊ စာတန်က မကောင်းမှုပြုသည့်အခါ သူ့ကို အလျှော့ပေးခြင်းနှင့် အပေးအယူလုပ်ခြင်းတို့ကို ဘုရားသခင် မြင်တွေ့လိမ့်မည်ဖြစ်ပြီး၊ ဤဒုစရိုက်အမှုများသည် တစ်နေ့တွင် စာရင်းရှင်းခံရမည်ဖြစ်ကာ အဆုံးအဖြတ်တစ်ခု ရှိလိမ့်မည်ဖြစ်သည်။ သို့သော် အလားတူပင်၊ လူတို့သည် ဘုရားအိမ်တော်အတွက်လည်းကောင်း၊ ညီအစ်ကိုမောင်နှမများအတွက်လည်းကောင်း စကားပြောဆိုရန် စာတန်၏ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဆန့်ကျင်၍ ရပ်တည်သည့်အခါ၊ ဘုရားသခင်အတွက် သက်သေခံရန် စိတ်ပိုင်းဖြတ်ချက်ဖြင့် သမ္မာတရားကို ရှာဖွေလျက်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် စာတန်ကို တိုက်လှန်သည့်အခါ၊ တစ်ခါတစ်ရံ ၎င်းတို့သည် ဉာဏ်ပညာ ကင်းမဲ့လျက်၊ သမ္မာတရားကို ပေါ့တန်သော သိနားလည်မှုသာ ရှိလျက် သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့လိုသော်လည်း မိမိတို့ကိုယ်ကို ရှင်းလင်းစွာ မဖော်ပြနိုင်ဘဲလျက်၊ အချို့အား ၎င်းတို့ကို လှောင်ပြောင်ပြီး အထင်သေးစေသည်အထိ ဖြစ်လျက်၊ အင်အားမရှိသည့်အပြင် တစ်ကိုယ်တည်းဖြစ်သည်ဟု ခံစားရလျှင်ပင်၊ ဘုရားသခင်၏ အမြင်တွင်မူ သူသည် ၎င်းတို့၏ ရိုးသားစစ်မှန်မှုကို မြင်ပြီး၊ ဤလုပ်ဆောင်ချက်များနှင့် အပြုအမူများကို ကောင်းမှုများအဖြစ် သူ မှတ်ယူသည်။ ဒုစရိုက်အမှုများသည် တစ်နေ့တွင် ဘုရားသခင်ရှေ့မှောက်၌ စီရင်ချက်တစ်ခု ရရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ နိဂုံးအဆုံးသတ် ရှိလိမ့်မည်ဖြစ်ကာ ကောင်းမှုများသည်လည်း ထိုသို့ပင်ဖြစ်လိမ့်မည်။ သို့သော် ဤအပြုအမူအမျိုးအစား နှစ်ခုစီအတွက် နောက်ဆုံး အဆုံးသတ်နိဂုံးမှာ လုံးဝ ကွဲပြားခြားနားလိမ့်မည်။ ဒုစရိုက်အမှုများသည် ထိုက်တန်သော အပြစ်ဒဏ်ကို ရရှိလိမ့်မည်ဖြစ်ပြီး၊ ကောင်းမှုများမှာ ကောင်းသောဆက်ဆံခြင်းများဖြင့် ပြန်ဆပ်ခံရလိမ့်မည်။ ဘုရားသခင်သည် လူတိုင်းအတွက် ဤအရာကို အချိန်ကြာမြင့်စွာကတည်းက ဆုံးဖြတ်ထားပြီးဖြစ်သည်။ ကောင်းမှုကို ဆုချပြီး မကောင်းမှုကို အပြစ်မပေးမီ ဘုရားသခင်၏ အမှုတော်ကာလအတွင်း လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များက အတည်ပြုပြီးဖြစ်သော အဖြစ်မှန်များ ဖြစ်လာရန်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်တွင် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်စပ်လျဉ်း၍ ပြဿနာဆယ့်တစ်ချက်ကို စာရင်းပြုစုထားသည်။ ဤပြဿနာဆယ့်တစ်ချက်သည် အရေးကြီးသလော။ ယင်းတို့သည် လူတို့ကို ရှင်းလင်းစွာ ဖော်ထုတ်သလော။ သင်တို့သည် ပြဿနာတစ်ခုစီတိုင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သည့်အခါ၊ သမ္မာတရားကို ရှင်းလင်းစွာ နားလည်နိုင်ရန်အလို့ငှာ ယင်းတို့ကို ပို၍ အားထုတ်သင့်သည်။ ဤသည်မှာ လူတို့သည် တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာများကို ထိန်းသိမ်းပုံနှင့် ဘုရားသခင်၏ သက်သေခံချက်ကို ထိန်းသိမ်းပုံတို့ ပါဝင်သည်။ ယင်းတွင် လူတို့အနေဖြင့် စာတန်ကို တိုက်လှန်ရန်၊ စာတန်၏ စရိုက်မှန်ကို ဖော်ထုတ်ပြီး ဖွင့်ချရန်နှင့် စာတန်၏ ဒုစရိုက်အမှုများကို တားဆီးကာ ကန့်သတ်ရန် ရပ်တည်ကြပုံလည်း ပါဝင်သည်။ ဤသည်တို့မှာ ပါဝင်သော ကဏ္ဍနှစ်ခု ဖြစ်သည်။ စာတန်က အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်အခါ၊ သင်သည် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပါသလော။ မည်သည့်အခန်းကဏ္ဍမှ သင် ပါဝင်သနည်း။ ဘုရားသခင်က သင့်အပေါ် တောင်းဆိုသည့်အရာကို သင် လုပ်ဆောင်ပြီးပြီလော။ ဘုရားသခင်၏ နောက်လိုက်တစ်ဦးက ဖြည့်ဆည်းသင့်သော ဝတ္တရားများနှင့် တာဝန်ဝတ္တရားများကို သင်ဖြည့်ဆည်းပြီးပြီလော။ ဤပြဿနာများ ပေါ်ပေါက်လာသည့်အခါ၊ သင်သည် လူ့အကြိုက်လိုက်သူတစ်ဦးအဖြစ် အလျှော့ပေးလိုက်လျောခြင်း၊ အမှုအရာများကို ရင်ကြားစေ့ပေးပြီး ကြားနေလမ်းစဉ်ကို လိုက်ခြင်းတို့ ပြုသလော၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ပို၍ စစ်မှန်သော ညီအစ်ကိုမောင်နှမများနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြင့် လုပ်ဆောင်လျက် စာတန်၏ ဒုစရိုက်အမှုများကို တားဆီးကာ ကန့်သတ်ရန် ရပ်တည်သလော။ မည်သည့်အရာကို သင် ကာကွယ်သနည်း။ သင်သည် ဆိုးယုတ်သောလူများ၏ အကျိုးစီးပွားများ၊ စာတန်၏ အကျိုးစီးပွားများကို ကာကွယ်သလော၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်သလော။ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်သောအရာ သို့မဟုတ် နှောင့်ယှက်သောအရာ တစ်ခုတလေ ဖြစ်ပျက်ပြီး သင်သည် လူ့ကြိုက်လိုက်သူတစ်ဦးအဖြစ်သာ ပြုမူကာ မိမိကိုယ်ကို ထိန်းသိမ်းလျက်၊ သင်၏ လူအချင်းချင်း ဆက်ဆံရေးများကို အောင်မြင်စွာ ကိုင်တွယ်နိုင်ပြီး သင် မထိမခိုက်ဘဲရဖို့ သေချာအောင်လုပ်ဆောင်လျက်၊ အသင်းတော်အလုပ် နှောင့်ယှက်ခံရခြင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် သောကရောက်ခြင်းမရှိဘဲ၊ ဆိုးယုတ်သောလူများ၏ ဒုစရိုက်အမှုများအပေါ် မည်သည့် မုန်းတီးခြင်း သို့မဟုတ် ဒေါသထွက်ခြင်းမျှမရှိဘဲ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ညီအစ်ကိုမောင်နှမများအားလုံးအတွက် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှမရှိဘဲ၊ ဘုရားသခင်အပေါ် မည်သည့် အကြွေးတင်သော စိတ်မျှမရှိဘဲနှင့် မိမိကိုယ်ကို အပြစ်တင်ခြင်း တစ်ခုတလေမျှ မခံစားရဘဲ၊ မည်သည့်အရာကိုမျှ မလုပ်ဆောင်လျှင်၊ သင် အန္တရာယ်ရှိနေပေသည်။ ဘုရားသခင်၏ အမြင်တွင်၊ သင်သည် မည်သည့်အရာပင်ဖြစ်စေ လက်ပိုက်ကြည့်နေပြီး ရှောင်တိမ်းကာ၊ သင်၏ တာဝန် သို့မဟုတ် ဝတ္တရားများ တစ်ခုတစ်လေကိုမျှ လုံးဝမဖြည့်ဆည်းဘဲလျက် လုံးလုံးလျားလျား လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ပါက၊ သင်သည် အမှန်တကယ် အန္တရာယ်ရှိနေပြီး ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရဖွယ်ရှိသည်။ ဘုရားသခင်တွင် သင်တို့ကို အလုပ်လုပ်ပေးခွင့်ပြုရန် ရည်ရွယ်ချက်ပင်မရှိတော့သည့် အတွေးတစ်ခုရှိပြီး၊ သူသည် သင့်ကို စိတ်ကုန်လျှင်၊ ဤအချိန်တွင် သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရရန် ကံကြမ္မာပါလာပေသည်။ ယင်းမှာ အလွန်ပင် အန္တရာယ်ကြီးလှသည်တကား။ သင်ကဲ့သို့သော လူများကို ဘုရားသခင်က နောက်ထပ် မမြင်လိုတော့ကြောင်းနှင့် သင်ကဲ့သို့သော လူများက ဘုရားအိမ်တော်တွင် တာဝန်တစ်ခုတလေ ထမ်းဆောင်ခြင်း သို့မဟုတ် အလုပ်လုပ်ပေးခြင်းကို သူ တန်ဖိုးမထားတော့ကြောင်း ပြောဆိုသည့်အခါ၊ တစ်နေ့၊ မဝေးတော့သောအနာဂတ် တစ်ခဏတွင် သင်သည် အသင်းတော်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရနိုင်ပြီး၊ ယင်းက သင်၏ ကံကြမ္မာကို ပြောင်းလဲစေလိမ့်မည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်မဟုတ်တော့သောကြောင့်ဖြစ်သည် သို့မဟုတ် သင်သည် ဘုရားသခင်နှင့် အလှမ်းဝေးသွားပြီး သူ့ကို သစ္စာဖောက်ပြီးဖြစ်သောကြာင့် ဤအရာက အကျိုးဆက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။ သင်သည် ဤအဖြစ်မှန်ကို မြင်နိုင်သလော။ ဤအဖြစ်မှန်ကို သင် နားလည်သဘောပေါက်သည့်အခါ၊ ယင်းကို သင် လက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ၊ သင်၏စိတ်နှလုံးထဲက လှပသော မျှော်လင့်ချက်အားလုံးသည် တစ်ခဏချင်းတွင် ပျောက်ကွယ်သွားလိမ့်မည်။
လူတို့သည် ဘုရားသခင်ကို ပထမဆုံး ယုံကြည်သည့်အခါ၊ ၎င်းတို့အားလုံးတွင် ထက်သန်သောစိတ်နှလုံးတစ်ခု ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ အနာဂတ် ပန်းတိုင် သို့မဟုတ် အလားအလာများကို မမြင်နိုင်ကြသော်လည်း၊ ဘုရားသခင်အပေါ် မှီခိုအားထားခြင်းတစ်မျိုးကို အမြဲ ခံစားရသည်။ ၎င်းတို့သည် လှပပြီး အပြုသဘောဆောင်သော အရာများကို အမြဲ ဆန္ဒပြင်းပြကြသည်။ ဤအစွမ်းခွန်အားသည် အဘယ်မှ လာသနည်း။ လူတို့ မသိကြပေ။ ထိုအရာကို၎င်းတို့ နားမလည်နိုင်ကြပေ။ “လူအားလုံးက အတူတူပင်၊ အားလုံးက တူညီသောလေထုထဲတွင်လည်းကောင်း၊ တူညီသောနေရောင်အောက်တွင်လည်းကောင်း အသက်ရှင်နေကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဘာသာတရား မရှိသူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဤအရာများ ကင်းမဲ့နေပြီး ကျွန်ုပ်တို့တွင်မူ ရှိနေရသနည်း”ဟူ၍ ဖြစ်သည်။ ဤသည်မှာ နက်နဲသောအရာတစ်ခု မဟုတ်လော။ ဤအစွမ်းခွန်အားက ဘုရားသခင်ထံမှ လာသည်။ ယင်းသည် အလွန်ပင် အဖိုးတန်သော အရာတစ်ခုဖြစ်သည်။ ယင်းမှာ လူတို့ မွေးရာပါပါလာသည့်အရာတစ်ခု မဟုတ်ပေ။ လူတိုင်းသာ မွေးကတည်းက ထိုအရာကိုပိုင်ဆိုင်ပါက၊ ၎င်းတို့သည် အတူတူပင် ဖြစ်ကြလိမ့်မည်။ လူသားမျိုးနွယ်အကြားတွင် အမြင့်အနိမ့်၊ မြင့်မြတ်သောသူ သို့မဟုတ် ယုတ်ညံ့သောသူနှင့်ဆိုင်သည့် ကွဲပြားမှုများ ရှိမည်မဟုတ်သည့်အပြင် ဘုရားသခင်ကို ယုံကြည်သောသူများနှင့် မယုံကြည်သောသူများအကြား ခြားနားချက် ရှိမည်မဟုတ်ပေ။ ၎င်းတို့ မပိုင်ဆိုင်သည့်အရာကို သင် ပိုင်ဆိုင်နိုင်သည်။ လူသားမျိုးနွယ်အကြား တည်ရှိသော အဖိုးတန်ဆုံးအရာကို သင်ပိုင်ဆိုင်နိုင်သည်။ ယင်းကို အဖိုးတန်ဆုံးအရာဟု အဘယ်ကြောင့် ခေါ်သနည်း။ ဤမျှော်လင့်ချက်နှင့် မျှော်မှန်းချက်ကြောင့် အတိအကျပင်၊ သင်သည် ဘုရားအိမ်တော်၌ သင်၏ တာဝန်များကို ထမ်းဆောင်ရန် သင်၏ စိတ်ကို စွဲမြဲစွာ ထားရှိနိုင်ခြင်းဖြစ်သည်။ ဤသည်မှာ လူတစ်ဦးက ကယ်တင်ခြင်း ရရှိနိုင်ရန်အတွက် အခြေခံအကျဆုံးသော အခြေအနေ ဖြစ်သည်။ ဤမျှော်မှန်းချက်ကြောင့်ပင် သင့်တွင် အခွင့်အရေးတစ်ခု ရှိပြီး၊ ဘုရားသခင်အတွက် အသုံးခံရန်၊ ဖန်ဆင်းခံတစ်ဦးအဖြစ် သင်တို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ကောင်းသောလူတစ်ဦး၊ ကယ်တင်ခြင်းခံရသော လူတစ်ဦး ဖြစ်ရန် အနည်းငယ်သော စိတ်ပိုင်းဖြတ်ချက် ရှိခြင်းဖြစ်သည်။ ဤအရာက ဆောင်ကြဉ်းပေးသော အကျိုးကျေးဇူးများက အလွန်ကြီးမားလှသည်။ သို့ဆိုလျှင် ဤအရာသည် အဘယ်မှ လာသနည်း။ ဘုရားသခင်ထံမှ လာသည်၊ ဘုရားသခင်က ပေးထားခြင်း ဖြစ်သည်။ သို့သော်လည်း၊ ဘုရားသခင်က တစ်စုံတစ်ဦးကို နောက်ထပ် အလိုမရှိတော့သည့်အခါ၊ ဤအရာသည် ရုပ်သိမ်းခြင်းခံရသည်။ ၎င်းတို့သည် လှပသော အရာများကို နောက်ထပ် မတောင့်တ သို့မဟုတ် မမျှော်လင့်ကြတော့ပေ။ ၎င်းတို့သည် မိမိတို့၏ မျှော်လင့်ချက်များကို ယင်းတို့အပေါ် နောက်ထပ် မထားရှိကြတော့ပေ။ ၎င်းတို့၏ စိတ်နှလုံးသည် မှောင်မိုက်သွားပြီး စတင်ကျဆင်းလာသည်။ ၎င်းတို့သည် မည်သည့် လှပသောအရာကိုမဆို သို့မဟုတ် အပြုသဘောဆောင်သော အရာကိုမဆို လိုက်စားရန် စိတ်အားထက်သန်မှုအပြင် ဘုရားသခင်၏ ကတိတော်များကို ဆုံးရှုံးသွားကြသည်။ ၎င်းတို့သည် ဘာသာတရား မရှိသူတစ်ဦးကဲ့သို့ပင် ဖြစ်လာကြသည်။ ဤအရာကို ဆုံးရှုံးသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘုရားအိမ်တော်၌ နေပြီး ဘုရားသခင်ကို ဆက်လက်ယုံကြည်ကာ သူ့နောက်သို့ လိုက်နိုင်ကြသေးသလော။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ လမ်းကြောင်းက အဆုံးသို့ ရောက်လာပြီ မဟုတ်လော။ လိုက်စားရန် စိတ်ပိုင်းဖြတ်ချက်ရှိခြင်းဟူသော ဤကြိုတင်လိုအပ်ချက်ကို သင်တို့ ဆုံးရှုံးသည့်အခါ၊ သင်တို့သည် လမ်းလျှောက်နေသော အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ “လမ်းလျှောက်နေသော အလောင်းကောင်” ဖြစ်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နောက်ထပ်နားမလည်နိုင်တော့ဟု ဆိုလိုသည်။ သင့်တွင်ဤကြိုတင်လိုအပ်ချက် ရှိသည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်သည်၊ မျှော်လင့်ချက်ရှိသည်၊ သင်၏ ယုံကြည်ခြင်းက လှုံ့ဆော်ခံရနိုင်ပြီး၊ ဤကြိုတင်လိုအပ်ချက်က သင့်ကိုသမ္မာတရား လိုက်စားရန် တွန်းအားပေးနိုင်သည်။ သို့သော်လည်း၊ သင်သည်ဤအခြေခံကျသော ကြိုတင်လိုအပ်ချက်ကို ဆုံးရှုံးသည့်အခါ၊ ဤလှုံ့ဆော်မှုက ပျောက်ကွယ်သွားသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ရာတွင် စိတ်အားထက်သန်မှု သို့မဟုတ် စိတ်ဝင်စားမှု မရှိပေ။ ကတိတော်များနှင့် မျှော်လင့်ချက်များသည် သင့်ကို နောက်ထပ် စိတ်ဝင်စားစေခြင်း သို့မဟုတ် လှုံ့ဆော်ပေးခြင်း မရှိတော့ပေ။ သင့်အတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဆင့်မြင့်သော သီအိုရီတစ်ခု ဖြစ်လာသည်။ သင်သည် ယင်းတို့အတွက် မကြိုးပမ်းတော့သည့်အပြင် ဘုရားသခင်က သင့်ကို နောက်ထပ် ဉာဏ်အလင်းပေးတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မည်သည့်သမ္မာတရားကိုမျှ သင် မရရှိနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် ဤလမ်းကြောင်းသည် သင့်အတွက် အဆုံးသို့ ရောက်လာပြီ မဟုတ်လော။ ဤအဆင့်သို့ ရောက်သည့်အခါ၊ ဘုရားသခင်သည် သင့်ကို ပစ်ပယ်ပြီးဖြစ်သည်။ သင်သည် ဘုရားသခင်အား သူ၏စိတ်ကို ပြောင်းလဲစေနိုင်သေးသလော။ လွယ်ကူမည် မဟုတ်ပေ။ ဘုရားသခင်က လူတစ်ဦးကို နောက်ထပ် အလိုမရှိတော့ကြောင်း ဆုံးဖြတ်ပြီးသည့်အခါ၊ ဤသည်မှာ ၎င်းတို့ စိတ်ထဲတွင် ခံစားရသည့်အရာ ဖြစ်သည်။ ဤအရာကို ဖယ်ရှားခြင်းခံရသည့်အခါ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ကယ်တင်ခြင်းခံရခြင်းကဲ့သို့သော အမျိုးမျိုးသော ကိစ္စရပ်များအပေါ် သင်၏သဘောထားက ယခင်နှင့် လုံးဝ ကွဲပြားခြားနားသွားလိမ့်မည်။ တစ်ချိန်က ပြင်းပြခဲ့သော သင်၏ လိုက်စားမှုကို ပြန်လည်သုံးသပ်သည့်အခါ၊ ယင်းကို ရှင်းပြမရနိုင်၊ နားမလည်နိုင်၊ မယုံနိုင်စရာအဖြစ် သင် မြင်ရလိမ့်မည်။ ယင်းကို မယုံနိုင်စရာအဖြစ် သင် မြင်သည့်အခါ၊ ယခု သင် ဖြစ်နေသည့်ပုံနှင့်သင်၏ ယခင်ပုံစံကို နှိုင်းယှဉ်သည့်အခါ၊ သင်၏ အတွင်းပိုင်းအခြေအနေသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ပြီးဖြစ်လိမ့်မည်။ သင်သည် လုံးဝ ကွဲပြားခြားနားသော လူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ယခင်ကဲ ဖြစ်ခဲ့သည့်အတိုင်းတူညီသော လူတစ်ဦး ဖြစ်မည်မဟုတ်ပေ။ အဘယ်ကြောင့် ဤသို့ ဖြစ်လိမ့်မည်နည်း။ ယင်းမှာ ပတ်ဝန်းကျင် ပြောင်းလဲသွားသောကြောင့် မဟုတ်ပေ။ သင် အသက်ကြီးလာပြီး ပို၍ အကြံအစည်များလာသောကြောင့် မဟုတ်ပေ။ သင်က အတွေ့အကြုံများနှင့် ဘဝထိုးထွင်းသိမြင်မှုများ ပိုမိုရရှိကာ သင်တို့၏ အတွေးများနှင့် သဘောထားအမြင်များကို ပြောင်းလဲစေသောကြောင့် မဟုတ်ပေ။ ထိုအစား၊ ယင်းမှာ ဘုရားသခင်က သူ၏စိတ် ပြောင်းလဲပြီးဖြစ်သောကြောင့်၊ သူ၏ အတွေးများ ပြောင်းလဲသွားသောကြောင့်နှင့် သင့်အပေါ် သူ၏ သဘောထားနှင့် မျှော်လင့်ချက်များ ပြောင်းလဲသွားသောကြောင့် ဖြစ်လိမ့်မည်။ သို့ဖြစ်၍ သင်သည် မရည်ရွယ်ဘဲနှင့်ကွဲပြားခြားနားသော လူတစ်ဦး ဖြစ်လာပြီးဖြစ်သည်။ ထိုအရာကို ယခု ကြည့်သည့်အခါ၊ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်က ၎င်းအား ပေးသော်လည်း အသေးငယ်ဆုံး၊ အရေးမပါဆုံးသောအရာအဖြစ် ၎င်းက မှတ်ယူသည့်အရာကို ဆုံးရှုံးပါက၊ ဤအချိန်တွင် ထိုလူသည် ပြောစရာ ပျော်ရွှင်မှုမရှိဘဲ ဆင်းရဲဒုက္ခထဲတွင် ပိတ်မိနေလိမ့်မည်။ သို့ဖြစ်၍ ထိုအဆင့်သို့ မည်သည့်အခါတွင်မျှ မရောက်စေနှင့်။ ရောက်သွားပါက၊ သင်၏ ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ချလိုက်ရသည့်အလား၊ လွတ်မြောက်သွားသည့်အလား၊ သက်သောင့်သက်သာဖြစ်သွားသည့်အလား၊ ဘုရားသခင်ကို ယုံကြည်ရန် သို့မဟုတ် တာဝန်များကို ထမ်းဆောင်ရန် မလိုအပ်တော့သည့်အလား၊ ပြီးလျှင် ဘာသာတရား မရှိသူများကဲ့သို့၊ လှောင်အိမ်ထဲမှ ငှက်တစ်ကောင်ကဲ့သို့ လွတ်လပ်စွာနှင့် အကျင့်ပျက်စွာ သင် နေ၍ရသည့်အလား ခံစားရနိုင်ပေသည်။ သို့သော် ယင်းမှာ ယာယီ သက်သာမှု၊ ဝမ်းမြောက်ခြင်းနှင့် စိတ်အလိုလိုက်ခြင်းမျှသာ ဖြစ်သည်။ သင် ရှေ့ဆက်သွားသည့်အခါ၊ ရှေ့ကလမ်းကို ကြည့်လော့။ သင်သည် ဤမျှ ပျော်ရွှင်နေလိမ့်ဦးမည်လော။ ပျော်ရွှင်မည် မဟုတ်ပေ။ ခက်ခဲသော အချိန်များက သင့်ကို ရှေ့တွင် စောင့်ကြိုနေသည်။ သင်သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သည့်အခါ၊ ဖန်ဆင်းရှင်က အမှုအရာများကို သင့်အတွက် မည်သို့ စီစဉ်ညွှန်ကြားသည်ဖြစ်စေ၊ သူသည် သင့်အတွက် မည်သည့်အရာ လုပ်ဆောင်ပြီး မည်သို့ လုပ်ဆောင်သည်ဖြစ်စေ၊ စမ်းသပ်မှုများနှင့် အတိဒုက္ခများကို သူ မည်မျှ ဆောင်ကြဉ်းပေးသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခ မည်မျှ သင် ခါးစည်းခံရသည်ဖြစ်စေ၊ သို့မဟုတ် နားလည်သဘောပေါက်မှုမရှိခြင်း၊ အထင်လွဲမှားမှုများနှင့် အခြားအရာများ ပေါ်ပေါက်လာလျှင်ပင်၊ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်၏ လက်ထဲတွင် ရှိနေကြောင်း၊ ဘုရားသခင်သည် သင်၏ မှီခိုအားထားရာဖြစ်ပြီး၊ သင်၏ စိတ်နှလုံးသည် ငြိမ်သက်နေကြောင်း သင် ခံစားရလိမ့်မည်။ သို့သော် ဘုရားသခင်က သင့်ကို နောက်ထပ် အလိုမရှိတော့သည့်အခါ၊ ဘုရားသခင်က သင့်အား ဆက်ဆံပုံကို သင် နောက်ထပ် မခံစားနိုင်တော့သည့်အခါ၊ ဤမှီခိုအားထားရာကို သင် ဆုံးရှုံးသွားသည့်အခါ၊ ယင်းမှာ လောကကြီးတစ်ခုလုံးက ပြိုကျလာသကဲ့သို့ ဖြစ်လေသည်။ ယင်းမှာ သင် ကလေးငယ်တစ်ဦးဖြစ်ခဲ့ပြီး၊ “အမေက အချစ်ခင်ဆုံး၊ အမေက ကျွန်ုပ်ကို ဂရုအစိုက်ဆုံးနှင့် အချစ်ဆုံး၊ အမေ မသေနိုင်ပါ” ဟုသာ တွေးခဲ့သည့်အချိန်ကဲ့သို့ ဖြစ်သည်။ သင်၏ မိခင် နေမကောင်းဖြစ်သည်ဟု သင် ကြားသည့်အခါ မခံမရပ်နိုင်ဖြစ်ခဲ့သည်။ သင်၏ မိခင် အမှန်တကယ် သေဆုံးသွားပါက၊ ကောင်းကင်သည် ပြိုကျလိမ့်မည်ဖြစ်ပြီး၊ သင့်တွင် ဆက်လက်အသက်ရှင်ရန် နည်းလမ်းမရှိတော့ဟု သင် တွေးခဲ့သည်။ တူညီသော တွေးခေါ်မြော်မြင်မှုကိုပင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ကျင့်သုံးပေသည်။ လူတစ်ဦး၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အကြီးမားဆုံးသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် ဘုရားသခင်အပေါ် မှီခိုအားထားခြင်း၊ လူတစ်ဦး၏ ကံကြမ္မာက ဖန်ဆင်းရှင်၏ လက်ထဲတွင် ရှိသည်ဟု ယုံကြည်ခြင်းမှ လာပေသည်။ လူတစ်ဦး၏ တည်ငြိမ်မှုအသိစိတ်သည် ဤစစ်မှန်သော ယုံကြည်ကိုးစားခြင်းနှင့် မှီခိုအားထားမှု ရှိခြင်းမှ လာသည်။ ဤယုံကြည်ကိုးစားခြင်းနှင့် မှီခိုအားထားခြင်း မရှိတော့ဟု သင် ခံစားရပြီး၊ သင်၏ စိတ်နှလုံးက လောလောလတ်လတ် တူထားသော တွင်းတစ်တွင်းကဲ့သို့ ဟာလာဟင်းလင်းဖြစ်သည်ဟု ခံစားရသည့်အခါ၊ သင်၏ ကောင်းကင်သည် ပြိုကျသွားပြီ မဟုတ်လော။ သင်၏ မှီခိုအားထားရာကို ဆုံးရှုံးသည့်အခါ ဆက်လက်အသက်ရှင်ရန် သင် ခွန်အားရှိသေးသလော။ ထိုသို့သောလူများသည် မိမိတို့၏ အဆုံးသတ်ကို စောင့်ဆိုင်းနေစဉ် မျိုသာဆို့နေသည့် လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့ ဖြစ်သည်။
ယခုတွင် အချို့လူများသည် ညံ့ဖျင်းသော အပြုအမူကို တစ်သမတ်တည်း ပြသကြပြီး၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အဆက်မပြတ် မကောင်းမှု ပြုကာ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်သည်၊ နှောင့်ယှက်သည်၊ ပျက်စီးစေသည်မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက် ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်စေသည်အထိပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း တစ်ခုတလေကို ပြရန် မဆိုထားနှင့်၊ ရိုးသားစစ်မှန်မှု သို့မဟုတ် သစ္စာစောင့်သိခြင်းကို မည်သည့်အခါမျှ မပြသခဲ့ကြပေ။ သို့ဖြစ်၍ ဘုရားသခင်သည် ၎င်းတို့ကို မည်သည့်အခါမျှ အသိအမှတ်မပြုခဲ့ပေ။ ၎င်းတို့သည် ကောင်းချီးများရရှိရန် ကြံရွယ်ချက်ဖြင့် ဘုရားအိမ်တော်ထဲသို့ စိမ့်ဝင်လာခဲ့သော ဆိုးယုတ်သည့်လူများ ဖြစ်ကြသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်ခန်းစာများ သင်ယူနိုင်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းတွင် ကြီးထွားလာနိုင်ရန်အလို့ငှာ ဘုရားသခင်က ၎င်းတို့ကို ဝင်ရောက်ခွင့်ပြုခြင်း ဖြစ်သည်။ ၎င်းတို့သည် ခေါ်ခြင်းခံရသောသူများတွင် ပါဝင်သော်လည်း၊ ၎င်းတို့ တစ်သမတ်တည်း ပြသသော အပြုအမူကြောင့် ရွေးချယ်ခြင်းမခံခဲ့ရပေ။ ၎င်းတို့၏ အခြေအနေသည် မည်သို့ရှိသနည်း။ သင်တို့ စုံစမ်းမေးမြန်းနိုင်သည်။ ၎င်းတို့၏ ဘဝများထဲမှ တစ်ခုမျှ အဆင်မပြေပေ။ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်အပေါ် မှီခိုအားထားပြီး သူ၏ ထောက်ပံ့မှုကို လက်ခံရရှိသောသူများအတွက် ဘဝအဆင့်အတန်းသည် ဘုရားသခင်၏ ထောက်ပံ့မှုနှင့် အကူအညီကို မရရှိသည့်အပြင် အခြေအနေများကို ရင်ဆိုင်ရသည့်အခါ အမြဲတစေ အနက်ဆုံးသောတွင်းထဲသို့ ကျရောက်သောသူများနှင့် လုံးဝကွဲပြားခြားနားလေသည်။ ဘုရားသခင်၏ ထောက်ပံ့မှုကို မရရှိသောသူတို့တွင် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိပေ။ တစ်နေ့လုံး ၎င်းတို့သည် ကြောက်ရွံ့ခြင်း၊ မသက်မသာဖြစ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ကို တွေ့ကြုံခံစားရသည်။ ၎င်းတို့သည် မည်သည့် နေ့ရက်ကာလမျိုးများကို ကုန်ဆုံးကြရသနည်း။ အနက်ဆုံးသောတွင်းထဲတွင် မိမိ၏ နေ့ရက်ကာလများကို ကုန်ဆုံးရခြင်းက လွယ်ကူသလော။ မလွယ်ကူပေ။ ဤအနက်ဆုံးသောတွင်းကို ဘေးဖယ်ထားလျှင်ပင်၊ သင်သည် အပျက်သဘောဆောင်ခြင်းဖြင့် ရက်အနည်းငယ်ကို ဆက်တိုက် ကုန်ဆုံးပါက၊ အလွန်အမင်း ဒုက္ခခံစားရလိမ့်မည်။ ထို့ကြောင့် ပစ္စုပ္ပန်အချိန်ကို တန်ဖိုးထားပြီး၊ ဤကြီးမြတ်သော အခွင့်အရေးကို လက်လွတ်မခံနှင့်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အမှုတွင် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ခြင်းသည် ဂုဏ်ယူစရာတစ်ခု ဖြစ်သည်။ ဤသည်မှာ လူတိုင်းအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်သည်။ ယင်းမှာ အရှက်ရသည့်ကိစ္စတစ်ခု မဟုတ်ပေ။ အဓိကအချက်မှာ ဘုရားသခင်ထံမှ သင်ရရှိခဲ့သော ဤဂုဏ်ယူစရာကို မည်သို့ သဘောထားပြီး ပြန်လည်ပေးဆပ်သည်ဟူသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ချီးမြှောက်ပြီးဖြစ်သည်၊ သူ၏ ကြင်နာမှုကို တန်ဖိုးထားရန် မပျက်ကွက်နှင့်။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ပြန်လည်ပေးဆပ်ရန် သိသင့်သည်။ ယင်းကို မည်သို့ သင် ပြန်လည်ပေးဆပ်သင့်သနည်း။ ဘုရားသခင်သည် သင်၏ ငွေ သို့မဟုတ် သင်၏ အသက်ကို အလိုမရှိသည့်အပြင်၊ သင်၏ မိသားစုမှတစ်ဆင့် လက်ဆင့်ကမ်းလာသော အမွေဆက်ခံသည့် မည်သည့်ရတနာများကိုမျှ သူ အလိုမရှိပေ။ ဘုရားသခင်သည် မည်သည့်အရာကို အလိုရှိသနည်း။ ဘုရားသခင်သည် သင်၏ ရိုးသားစစ်မှန်မှုနှင့် သစ္စာစောင့်သိခြင်းကို အလိုရှိသည်။ ဤရိုးသားစစ်မှန်မှုနှင့် သစ္စာစောင့်သိခြင်းသည် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ ထိုအရာ ပေါ်လွင်ထင်ရှားသည့် နည်းလမ်းမှာ ဘုရားသခင် မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ သင့်အနေဖြင့်ရိုးသားသောစိတ်နှလုံးကို ထုတ်ဖော်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူရန် အစွမ်းကုန် ကြိုးစားသင့်သည်ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကား အဘယ်နည်း။ ယင်းတို့သည် သမ္မာတရား ဖြစ်သည်။ သင်သည် သမ္မာတရားကို အသိအမှတ်ပြုပြီး လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို မည်သို့ ကျင့်သုံးသင့်သနည်း။ သမ္မာတရား စည်းမျဉ်းများအတိုင်း သင် လက်တွေ့လုပ်ဆောင်သင့်သည်။ ဘုရားသခင် ပြောဆိုသည့်အတိုင်း အတိအကျ လုပ်ဆောင်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်ဟု နှုတ်ဖြင့်သာ ဝန်ခံပြီးနောက် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူကာ၊ နောက်ပိုင်းတွင် ဆင်ခြေများပေးပြီး ဖုံးကွယ်သောစကားများနှင့် လှည့်ဖြားတတ်သော စကားများကို ပြောဆိုခြင်းမပြုနှင့်။ ဤသည်မှာ ရိုးသားစစ်မှန်မှုနှင့် သစ္စာစောင့်သိမှု ကင်းမဲ့ခြင်းဖြစ်ပြီး၊ ဘုရားသခင်သည် ဤအရာကို မမြင်လိုပေ။လူတစ်ဦးတွင် အဖိုးတန်ဆုံးအရာမှာ ရိုးသားစစ်မှန်မှု ဖြစ်သည်။ ရိုးသားစစ်မှန်မှုရှိသော လူတစ်ဦးသည် မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်စိုက်မတ်မတ် လိုက်လျှောက်လျက်ဘုရားသခင် တောင်းဆိုသည့်အတိုင်း အတိအကျ သင် လုပ်ဆောင်သင့်သည်။ သင်သည် ထိုအရာကို အလွန်အကျွံလုပ်ပြီး စည်းမျဉ်းများကို လိုက်နာသည့်အလား ပြုမူလျှင်ပင်၊ အခြားသူများက ဤအရာကို မြင်သည့်အခါ သင့်ကို အနည်းငယ် မိုက်မဲသည်ဟု မှတ်ယူလျှင်ပင် သင်သည် ဂရုမစိုက်ဘဲ ဘုရားသခင်ပြောဆိုသည့်အတိုင်း ဆက်လက်ပြုမူသည်၊ ဤသည်မှာ ဘုရားသခင်က လူတို့ထံမှ အလိုရှိသော ရိုးသားစစ်မှန်မှု ဖြစ်သည်။ သင်သည် အမြဲတစေ ကြံစည်ပြီး စိတ်မချရဖြစ်ကာ အခြားသူများ၏ အမြင်တွင် လူမိုက်တစ်ဦးအဖြစ် မြင်ခံရရန်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများ အနည်းငယ်မျှ ဆုံးရှုံးမှုကို ခံစားရရန် မည်သည့်အခါမျှ မလိုလားပါက၊ သင့်အနေဖြင့်ရိုးသားစစ်မှန်မှု ကင်းမဲ့သောကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ရိုးသားစစ်မှန်မှု ကင်းမဲ့ပြီး လှည့်ဖြားတတ်သော လှည့်ကွက်များကို ကြိုးစားအသုံးချဆဲဖြစ်သော လူတို့သည် အလွန်ပါးနပ်လွန်းပြီး၊ ဘုရားသခင်က ၎င်းတို့ကို မနှစ်သက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သည့်အခါ၊ ၎င်းတို့အား အကျိုးပြုသည့်အရာကိုသာ လုပ်ဆောင်ပြီး အကျိုးမပြုသည့်အရာကို ရှောင်ရှားလျက် ဇီဇာကြောင်ကြသည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် နှစ်လိုဖွယ်ဖြစ်အောင် ပြောဆိုကြပြီး၊ အနှစ်မရှိသော စကားလုံးကြီးကြီးကျယ်ကျယ်များကိုသာ ပြောဆိုကြသော်လည်း၊ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ၊ အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားလျက် ပုန်းကွယ်ကြပြီး အခြားသူများက ပြဿနာများကို ဖြေရှင်းပြီးသည့်အခါမှသာ ပြန်ပေါ်လာကြသည်။ ထိုသို့သောလူတစ်ဦးသည် အဘယ်သည့် အယုတ်တမာမျိုး ဖြစ်သနည်း။ တစ်စုံတစ်ခုက ၎င်းတို့အတွက် အကျိုးပြုသည့်အခါ၊ ၎င်းတို့သည် အစပြုလုပ်ဆောင်ပြီး ရှေ့ဆက်ကြသည်။ ၎င်းတို့သည် အခြားမည်သူမဆိုထက် ပို၍ တက်ကြွကြသည်။ သို့သော်လည်း၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးစီးပွားများ အန္တရာယ်ရှိသည့်အခါ၊ ၎င်းတို့သည် နောက်ဆုတ်ပြီး အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ နှစ်လိုဖွယ်ဖြစ်သော စကားများ၊ မိမိတို့၏ ရပ်တည်ချက်နှင့် သဘောထားအမြင်များအားလုံးကို ဆုံးရှုံးသွားကြသည်။ ဘုရားသခင်သည် ဤလူစားမျိုးကို မနှစ်သက်ပေ။ သူသည် ဤကဲ့သို့ စဉ်းလဲသောသူတစ်ဦးထက် အခြားသူများ၏ အမြင်တွင် မိုက်မဲပုံရသောသူတစ်ဦးကို ပို၍ အလိုရှိမည်ဖြစ်သည်။
၁၂။ နိုင်ငံရေးကို ဆွေးနွေးခြင်း
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်တွင်ပါရှိသော အချက်ဆယ့်တစ်ချက်ကို ငါတို့ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ အချက်ဆယ့်တစ်ချက်အပြင်၊ နောက်တစ်ခုကို ဖြည့်စွက်ကြစို့။ ထိုအချက်ကို အသင်းတော်အသက်တာတွင် တွေ့မြင်နေကျမဟုတ်သော်လည်း၊ ဤနေရာတွင် ဖော်ပြရန် လိုအပ်ပြီး ယင်းမှာ ဆယ့်နှစ်ခုမြောက်အချက်ဖြစ်သည့် နိုင်ငံရေးကို ဆွေးနွေးခြင်း ဖြစ်သည်။ အသင်းတော်အသက်တာတွင် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) အသင်းတော်အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဘုရားသခင်အပေါ် လူတစ်ဦး၏ သိနားလည်မှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များဆိုင်ရာ တွေ့ကြုံသိမြင်မှုတို့ကို မျှဝေခြင်းအတွက် ဖြစ်သည်။ သို့သော်လည်း ဤအချိန်အတောအတွင်းတွင် အချို့လူများသည် နိုင်ငံရေးအခြေအနေများ၊ နိုင်ငံရေး ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအခင်းအကျင်း၊ နိုင်ငံရေး သဘောထားအမြင်များနှင့် နိုင်ငံရေးရပ်တည်ချက်များကဲ့သို့သော နိုင်ငံရေးအကြောင်းကို အကျယ်တဝင့် ပြောဆိုကြသည်။ ဤသည်မှာ သင့်လျော်သလော။ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင် အချုပ်အခြာအာဏာစွဲကိုင်ခြင်းနှင့်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးသည့်အခါ အချို့လူများသည် အချို့သော နိုင်ငံရေးပုဂ္ဂိုလ်များကလည်း ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ကြကြောင်း၊ ဝိညာဉ်ရေးရာ မှတ်စုများနှင့် အခြားအရာများကိုပင် ရေးသားကြကြောင်း ပြောဆိုလျက် နိုင်ငံရေးပုဂ္ဂိုလ်များသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟူသော အတွေးအခေါ်ကို စက်ရုပ်ဆန်ဆန် ကျင့်သုံးကြသည်။ ဤသည်မှာ အခြားသူများကို စိတ်ရှုပ်ထွေးစေခြင်း မဟုတ်လော။ “ကျွန်ုပ်တို့ ခရစ်ယာန်များသည် ဤနိုင်ငံရေးသမားကို ထောက်ခံသင့်သည်။ အကြောင်းမှာ သူတို့သည် ယုံကြည်သူတစ်ဦးဖြစ်သည်သာမက ကျွန်ုပ်တို့ ယုံကြည်သူများ၏ အကျိုးစီးပွားကိုလည်း ကာကွယ်ပေးသောကြောင့် ဖြစ်သည်။ သတို့သည် ကျွန်ုပ်တို့နှင့် တစ်သဘောတည်းဖြစ်ပြီး ကျွန်ုပ်တို့သည် သူတို့ကို ထောက်ခံကာ မဲပေးသင့်သည်” ဟု ပြောဆိုသော လူအချို့ပင် ရှိသေးသည်။ အသင်းတော်အသက်တာတွင် ၎င်းတို့သည် ဤနိုင်ငံရေးပုဂ္ဂိုလ်ကို အကျယ်တဝင့်ပင် မြှင့်တင်ကြသည်။ ဤသည်မှာ သင့်လျော်သလော။ ခရစ်ယာန်များသည် နိုင်ငံရေးတွင် ပါဝင်ကြသလော။ (မပါဝင်ကြပါ။) ပါဝင်ခြင်းကို ရှောင်ရှားရန်အလို့ငှာ သင်တို့ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ပထမဆုံးအနေဖြင့် မည်သည့်ပါတီကို သင် ထောက်ခံသည်ဖြစ်စေ၊ သင်၏ နိုင်ငံရေးအမြင်များက မည်သည့်အရာပင်ဖြစ်စေ၊ ယင်းတို့ကို အသင်းတော်အသက်တာထဲသို့ ဆွေးနွေးရန် ယူဆောင်မလာနှင့်။ မတူညီသော နိုင်ငံရေးအမြင်များရှိသည့် လူများအကြားတွင် အငြင်းအခုံများသည်လည်း အသင်းတော်အသက်တာတွင် မပေါ်ပေါက်သင့်ခြင်းက ပို၍ပင် အရေးကြီးသည်မှာ အမှန်ပင်ဖြစ်သည်။ ဥပမာအားဖြင့် သင်နှင့် အခြားတစ်စုံတစ်ဦးသည် မတူညီသော အမြင်များရှိပြီး မတူညီသော နိုင်ငံရေးပုဂ္ဂိုလ်များကို ထောက်ခံပါက၊ သင်တို့ အချင်းချင်း တွေ့ဆုံသည့်အခါ ယင်းကို ဆွေးနွေးလိုကောင်း ဆွေးနွေးနိုင်ပေသည်။ ယင်းကို ခွင့်ပြု၍ရသော်လည်း စုဝေးပွဲများတွင်မူ ထိုသို့ လုံးဝ မပြုလုပ်ရပေ။ သင်တို့နှစ်ဦးသည် သီးသန့်စာများ ပေးပို့နိုင်သည်၊ တွေ့ဆုံပြီး စကားပြောနိုင်သည် သို့မဟုတ် မျက်နှာများ နီမြန်းလာသည်အထိပင် အငြင်းအခုံပြုနိုင်ပြီး မည်သူမျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ဤသည်မှာ ဒီမိုကရေစီစနစ်အောက်တွင်ရှိသည့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေး ဖြစ်သည်။ သို့သော် အသင်းတော်အသက်တာအတွင်းတွင် သင်သည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားတစ်ဦးမျှသာ မဟုတ်ပေ။ ပို၍အရေးကြီးသည်မှာ သင်သည်အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားတစ်ဦး ဖြစ်သည်။ ဤနေရာတွင် ယင်းမှာ သင်၏ပင်ကိုလက္ခဏာ ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ သို့မဟုတ် နိုင်ငံရေးပုဂ္ဂိုလ်များနှင့် သက်ဆိုင်သော အကြောင်းအရာများကို အသင်းတော်ထဲသို့ ယူဆောင်မလာနှင့်။ သင် ဆွေးနွေးသည့်အရာသည် အသင်းတော်ကို ကိုယ်စားမပြုဘဲ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရပ်တည်ချက်နှင့် အမြင်များကိုသာ ကိုယ်စားပြုသည်။ အသင်းတော်သည် နိုင်ငံရေးကို စိတ်မဝင်စားသည့်အပြင်၊ မည်သည့် နိုင်ငံရေးစနစ်များ၊ ပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ သို့မဟုတ် အုပ်စုများကိုမျှ စိတ်မဝင်စားပေ။ အကြောင်းမှာ ဤအရေးကိစ္စများသည် သမ္မာတရားနှင့် မသက်ဆိုင်သည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်လည်း မသက်ဆိုင်သောကြောင့် ဖြစ်သည်။ နိုင်ငံရေးနှင့် စပ်လျဉ်းသည့်မည်သည့်အကြောင်းအရာကိုမဆို အသင်းတော်အသက်တာတွင် မဆွေးနွေးသင့်ပေ။ အချို့က “သို့ဆိုလျှင် အသင်းတော်အသက်တာပြင်ပတွင် လူတိုင်း တွေ့ဆုံပြီး ဤအကြောင်းကို ဆွေးနွေးရန် သင့်လျော်ပါသလော” ဟု ပြောဆိုကြသည်။ မဆွေးနွေးခြင်းသည် အကောင်းဆုံး ဖြစ်သည်။ အကယ်၍ သင်သည် မတူညီသော နိုင်ငံရေးအမြင်များရှိသည့် ဘာသာတရားမရှိသူများအကြားတွင်ရှိသော ဆွေးနွေးမှုတစ်ခုတွင် ပါဝင်လိုပါက ယင်းမှာ သင်၏သဘောအတိုင်း ဖြစ်သည်။ ယင်းမှာ သင်၏ လွတ်လပ်ခွင့်ဖြစ်ပြီး ဘုရားအိမ်တော်က ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ သို့သော် အသင်းသားများ အတူတကွ စုဝေးသရွေ့ သို့မဟုတ် တရားဝင် စုဝေးချိန်များအတွင်းတွင် ဤနိုင်ငံရေးအမြင်များ သို့မဟုတ် အငြင်းအခုံများကို အဓိကအကြောင်းအရာများအဖြစ် မတင်ပြနှင့်။ သင်၏ နိုင်ငံရေးအမြင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာတို့နှင့် ပတ်သက်မှု တစ်ခုတလေရှိသည်ဟု မမှန်မကန် ဟန်မဆောင်နှင့်။ သင်၏ နိုင်ငံရေးအမြင်များသည် သမ္မာတရားနှင့် လုံးလုံး ဆက်စပ်မှုမရှိပေ။ ယင်းတို့ကြားတွင် ဆက်စပ်မှု တစ်စက်မျှမရှိသောကြောင့် ထိုသို့ ဟန်မဆောင်နှင့်။
အချို့လူများသည် နိုင်ငံရေးအကြောင်း ပြောဆိုလိုသော်လည်း အိမ်တွင် ဤအကြောင်းအရာကို ဆွေးနွေးပေးမည့် မည်သူမျှမရှိသဖြင့် ထိုစကားဝိုင်းသည် မည်သည့်အခါမျှ မဖြစ်နိုင်ပေ။ ညီအစ်ကိုမောင်နှမများအားလုံးက အရွယ်ရောက်သောသူများချည်းသာ ဖြစ်သည်ကို မြင်သောအခါ ၎င်းတို့အနေဖြင့် နိုင်ငံရေးကို ဆွေးနွေးရန်နှင့် ၎င်းတို့၏ နိုင်ငံရေးအမြင်များကို ထုတ်ဖော်ရန် ထွက်ပေါက်တစ်ခုကို တွေ့ရှိပြီဟု ယုံကြည်ကြသည်။ ၎င်းတို့သည် နိုင်ငံရေးအမြင်များ၊ လက်ရှိဖြစ်ရပ်များနှင့် နိုင်ငံတကာအခြေအနေတို့အကြောင်းကို ပြောဆိုလိုကြလျက် ဤအခွင့်အရေးကောင်းကို တွေ့ရှိသည့်အတွက် စိတ်လှုပ်ရှားကြလေသည်။ ဤအကြောင်းအရာများကို ဆွေးနွေးသည့်အခါ ၎င်းတို့က “ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်။ လူသားမျိုးနွယ်၏ နိုင်ငံရေးနှင့် ဤနိုင်ငံရေးသမားများသည်လည်း ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်။ သူတို့သည် ဘုရားသခင် ခန့်အပ်ထားသောသူများ ဖြစ်သည်” ဟူ၍ အစပြုပြောဆိုကြသည်။ ဤနိဒါန်းစကားကို ပြောပြီးနောက် ၎င်းတို့သည် နိုင်ငံရေးနှင့် လက်ရှိဖြစ်ရပ်များကို အကျယ်တဝင့် စတင်ဆွေးနွေးကြပြီး “နိုင်ငံရေးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပါ။ ယင်းအားလုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများ ရှိသည်” ဟူ၍ နိဂုံးချုပ်ကြသည်။ အကယ်၍ လူတို့သည် ဤအရေးကိစ္စများကို ထွင်းဖောက်မမြင်နိုင်လျှင်၊ ယင်းတို့အပေါ် သတိလက်လွတ် မပြောဆိုသင့်ပေ။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေး သို့မဟုတ် နိုင်ငံရေးပုဂ္ဂိုလ်များအကြောင်းကို မဆွေးနွေးနှင့်။ နိုင်ငံရေးကို ဆွေးနွေးခြင်းသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမဟုတ်။ လူတို့ကို အထင်အမြင်မှားစေခြင်း ဖြစ်သည်။ အကယ်၍ သင်သည် နိုင်ငံရေးအကြောင်း ပြောဆိုလိုပါက နိုင်ငံရေးကို ချစ်မြတ်နိုးသော လူတစ်စုကို ရှာဖွေပြီး သင်ကိုယ်တိုင် ၎င်းတို့နှင့် သွားဆွေးနွေးပြောဆိုလော့။ သင်သည် မိမိစိတ်တိုင်းကျ ပြောဆိုနိုင်ပေလိမ့်မည်။ အသင်းတော်တွင် ဤအကြောင်းအရာများကို အမြဲ ပြောဆိုခြင်းဖြင့် သင်သည် မည်သည့်အရာကို ရည်မှန်းနေသနည်း။ လူတို့က သင့်ကို လေးစားအားကျစေရန်နှင့် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်စေရန် တမင်တကာ သင် ကြိုးစားနေခြင်းဖြစ်သလော။ ဤသည်မှာ မသမာသော ရည်ရွယ်ချက်များ ရှိခြင်းပါတကား။ နိုင်ငံရေးအကြောင်း ပြောဆိုခြင်းကို နှစ်သက်သောလူများသည် မိမိတို့၏ သင့်လျော်သော အလုပ်များကို မလုပ်ဆောင်သောသူများဖြစ်ပြီး သမ္မာတရားကို သေချာပေါက် လိုက်စားခြင်း မရှိကြပေ။ အသင်းတော်စုဝေးပွဲများတွင် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများကို မည်သည့်အခါမျှ မဆွေးနွေးနှင့်။ အချို့လူများက “လွတ်လပ်သော နိုင်ငံများ၏ ဒီမိုကရေစီ ရွေးကောက်ပွဲများ၊ နိုင်ငံရေးစနစ်များနှင့် မူဝါဒများအကြောင်းကို ကျွန်ုပ်တို့ ပြော၍မရလျှင်၊ အကျင့်ပျက်အရာရှိတစ်ဦးက ရွှေမည်မျှ ယူထားကြောင်း၊ မယားငယ်မည်မျှ ထားရှိကြောင်း ဟူသကဲ့သို့သော အဆင်းနီသော နဂါးကြီးနိုင်ငံမှ နိုင်ငံရေးနှင့် အထက်တန်းအရာရှိများ၏ အရှုပ်တော်ပုံများအကြောင်းကိုကော အဘယ်သို့နည်း။ ဤအရာများကို ကျွန်ုပ်တို့ ဆွေးနွေး၍ရသလော”ဟု ပြောဆိုကြသည်။ ဤအကြောင်းအရာများသည် သင့်ကို စက်ဆုပ်ရွံရှာစေသည် မဟုတ်လော။ သင်သည် ဤရွံရှာဖွယ်ကောင်းသော အမှုအရာများကို အဘယ်ကြောင့် အလွန် ဂရုစိုက်သနည်း။ ဤအရေးကိစ္စများကို ဂရုစိုက်ခြင်းနှင့် ဖတ်ရှုခြင်းသည် ရွံရှာဖွယ်ကောင်းသည်ဟု ငါ အဘယ်ကြောင့် ခံစားရသနည်း။ အချို့လူများသည် ဤအမှုအရာများကို အထူးစိတ်ဝင်စားကြပြီး ယင်းတို့ကို လုံးဝ ရွံရှာဖွယ်ကောင်းသည်ဟု မထင်ကြပေ။ ၎င်းတို့သည် အချိန်ရသည့်အခါတိုင်း ဤအမှုအရာများကို အွန်လိုင်းပေါ်တွင် ဖတ်ရှုရန် လိုလားကြသည်။ ဤအမှုအရာများကို ဖတ်ရှုသည့်အခါ ၎င်းတို့၏ စိတ်နှလုံးများသည် သက်သောင့်သက်သာရှိသည်၊ လုံခြုံစိတ်ချရပြီး ပြည့်ဝသည်ဟု ခံစားရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသည့်အခါ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ ပြည့်ဝသည်ဟု မခံစားရသနည်း။ ဤသည်မှာ အနည်းငယ် မသတီစရာဖြစ်သည် မဟုတ်လော။ ဤသည်မှာ သင့်လျော်သော အလုပ်များကို လျစ်လျူရှုခြင်း မဟုတ်လော။ ထိုသို့သော တန်ဖိုးရှိသည့်အချိန်များတွင် ခြံထဲ၌ လမ်းလျှောက်ခြင်း၊ လေကောင်းလေသန့်ရှူခြင်းနှင့် ရှုခင်းကို ရှုစားခြင်းကပင် သင်တို့၏ စိတ်ကို ကြည်လင်စေပေမည်။ သို့သော် အချို့က ဤအရာများကို လုပ်ဆောင်ရန် ငြင်းပယ်ကြသည်။ ထိုအစား အားလပ်ချိန် အနည်းငယ်ရသည့်အခါတိုင်း ၎င်းတို့သည် သတင်းများကို စစ်ဆေးလျက်၊ မည်သည့်အကျင့်ပျက်အရာရှိက မယားငယ်မည်မျှ ထားရှိကြောင်းကို တွေ့ရှိခဲ့သည်၊ မည်သည့်အကျင့်ပျက်အရာရှိ၏ ပိုင်ဆိုင်မှုမည်မျှကို ၎င်းတို့၏အိမ်မှ သိမ်းဆည်းခဲ့သည်၊ အဆင်းနီသော နဂါးကြီး၏ အထက်လူကြီးများထဲမှ မည်သူက မည်သူ့ကို ဖြုတ်ချခဲ့သည် သို့မဟုတ် မည်သူက မည်သူ့ကို လုပ်ကြံခဲ့သည်ဟူသော အတင်းအဖျင်းများကို စုဆောင်းလျက် ကွန်ပြူတာကိုသာ ငေးစိုက်ကြည့်ကြလေသည်။ ဤအရာများမှာ ၎င်းတို့ ပုံမှန်အားဖြင့် စိတ်ဝင်စားကြသည့် ဖြစ်သည်။ ၎င်းတို့သည် ဤအချက်အလက်များကို စုဆောင်းပြီးနောက် အသိပညာပြည့်ဝသည်ဟု ခံစားရပြီး စုဝေးပွဲများတွင် လူတိုင်းကို ထုတ်ဖော်ပြောဆိုကြသည်။ ဤသည်မှာ အဆိပ်ကို ဖြန့်ဝေခြင်း မဟုတ်လော။ ထိုဆိုးယုတ်သော နတ်ဆိုးများအတွက် ဒုစရိုက်မှုများ ကျူးလွန်ခြင်းသည် အလွန်ပင် သာမန်ဖြစ်သည် မဟုတ်လော။ အချို့လူများက “၎င်းတို့အတွက် ဒုစရိုက်မှုများ ကျူးလွန်ခြင်းသည် သာမန်ဖြစ်သော်လည်း ၎င်းတို့လုပ်ဆောင်သည့် ဆိုးရွားသော အမှုအရာအချို့ကို သင်တို့ စိတ်ကူးပင် စိတ်ကူးနိုင်မည်မဟုတ်ပါ”ဟု ပြောဆိုကြသည်။ ယင်းတို့ကို စိတ်ကူးကြည့်ခြင်းက အဘယ်အသုံးဝင်သနည်း။ ၎င်းတို့လုပ်ဆောင်သည့် ဆိုးယုတ်သော အမှုအရာများကို သင်စိတ်ကူးကြည့်နိုင်ရန်အလို့ငှာ သင့်ကို ဦးနှောက်ကို ပေးထားခြင်းဖြစ်သလော။ ဤသည်မှာ သင်တို့၏ သင့်လျော်သော အလုပ်များကို လျစ်လျူရှုခြင်း မဟုတ်လော။ စိတ်ကူးကြည့်၍မရနိုင်သော ဆိုးယုတ်မှုအချို့ကို သိရှိခြင်းက သင့်ကို သာလွန်စေသည်ဟု သင်ထင်သလော။ ဤအရာမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ ယင်းက သင့်ကို ပို၍ပင် ရွံရှာစေမည် မဟုတ်လော။ မိမိတို့၏ သင့်လျော်သော အလုပ်များကို လျစ်လျူရှုသော ဤလူများသည် နိုင်ငံရေးအခင်းအကျင်း၏ ဤညစ်ပတ်၊ ယုတ်ညံ့သည့် အရာများကိုသာ အမြဲ ဂရုစိုက်ကြသည်။ ၎င်းတို့သည် နုံသောသူများဖြစ်သည် မဟုတ်လော။ သင်၏ကိုယ်ပိုင်ဘဝကို အသက်ရှင်မည့်အစား၊ အဘယ်ကြောင့် ၎င်းတို့၏ အရေးကိစ္စများကို အမြဲ စိုးရိမ်နေသနည်း။ ဤသည်မှာ မိုက်မဲခြင်း မဟုတ်လော။ ဤသည်မှာ လုပ်ဆောင်ရန် ပိုကောင်းသည့်အရာ မည်သည့်အရာမျှမရှိခြင်း မဟုတ်လော။ အချို့လူများက “ယုံကြည်သူများသည် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည်။ သူတို့သည် အဆင်းနီသော နဂါးကြီးကို မုန်းတီးရမည်။ ယုံကြည်သူများသည် အဆင်းနီသော နဂါးကြီး၏ အထက်တန်းအရာရှိများနှင့်ဆိုင်သည့် အရှုပ်တော်ပုံများ၊ အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားပြုမှုနှင့် ကာမဂုဏ်လိုက်စားမှုတို့အပြင် သူတို့ စီစဉ်သည့် မသမာသော အမှုအရာများကို စိတ်ဝင်စားကြမည်မှာ သေချာသည်။ ဤအရှုပ်တော်ပုံများ ဖော်ထုတ်ခံရသည့်အခါ ယုံကြည်သူများသည် လက်ခုပ်တီးပြီး ဝမ်းမြောက်သင့်သည် မဟုတ်လော”ဟု ပြောဆိုကြသည်။ သင်သည် ဤအရာများကို ရရှိရန် ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်သလော။ အသင်းတော်တွင် နိုင်ငံရေးဆိုင်ရာ အရေးကိစ္စများ၊ အထူးသဖြင့် အဆင်းနီသော နဂါးကြီး၏ အထက်တန်းအရာရှိများနှင့်ဆိုင်သည့် ဖော်ထုတ်ခံရသော အရှုပ်တော်ပုံများအကြောင်း ပြောဆိုခြင်းသည် စက်ဆုပ်ဖွယ်အကောင်းဆုံး ဖြစ်သည်။ သင်သည် ယင်းကို လုံးဝ မဆွေးနွေးရပေ။ ပြီးလျှင် ထိုအကြောင်းကို ငါ့အားလည်း မပြောနှင့်။ ယင်းက ငါ့ကို စက်ဆုပ်စေသည်။ ငါ သင့်ကို ပြောသည်၊ ထိုအကြောင်းကို မပြောနှင့်၊ ထိုအကြောင်းကို ဖတ်ပင်မဖတ်နှင့်၊ သို့မဟုတ်ပါက ထိုအရာများကို ဖတ်ရှုခဲ့သည့်အတွက် သင် နောင်တရမည့်နေ့တစ်နေ့ အနှေးနှင့်အမြန် ရောက်လာလိမ့်မည်။ သင် နောင်တရသည့်အခါ မည်သို့ခံစားရသည်ကို သင် သိလိမ့်မည်။ ဤအရာများသည် မည်မျှ ရွံရှာဖွယ်ကောင်းနိုင်သည်မှာ အဆုံးမရှိပေ။ ဤအရာများအကြောင်းကို အလွန်အကျွံ ကြားခြင်းနှင့် ဖတ်ရှုခြင်းသည် မည်သည့်အကျိုးကျေးဇူးကိုမျှ မဆောင်ကြဉ်းပေ။ အဘယ်ကြောင့် မည်သည့်အကျိုးကျေးဇူးကိုမျှ မဆောင်ကြဉ်းဟု ငါ ပြောရသနည်း။ အကြောင်းမှာ သင်တို့၏စိတ်ကို ဤရွံရှာဖွယ်ကောင်းသော အရေးကိစ္စများဖြင့် လွှမ်းမိုးစေခြင်းသည် သင်တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကြားလိုသည့်ဆန္ဒ မရှိဘဲရှိနေစေမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဤအကြောင်းအရာများသည် နိုင်ငံရေးနှင့် ပတ်သက်သော်လည်း ထိုအရေးကိစ္စများသည် သာ၍ပင် ရွံရှာဖွယ်ကောင်းသည်။ အကယ်၍ သင်သည် ဤအရာများအကြောင်းကို ပြောဆိုလိုပါက ဘာသာတရားမရှိသူအချို့ထံ သွားရောက်ပြီး စိတ်ကြိုက် ပြောဆိုလော့၊ သင်ပြောလိုသည့် မည်သည့်အရာကိုမဆို ၎င်းတို့အား ပြောဆိုလော့။ သို့သော် မည်သို့ပင်ဖြစ်စေ အသင်းတော်အသက်တာတွင် သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြားတွင် ထိုအကြောင်းကို မပြောနှင့်။ အချို့လူများက “အဆင်းနီသော နဂါးကြီး၏ အထက်တန်းအရာရှိများ၏ ညစ်ညမ်းပြီး ဆိုးယုတ်သော လုပ်ရပ်များအကြောင်း ပြောဆိုခြင်းသည် ညီအစ်ကိုမောင်နှမများကို ပိုင်းခြားသိမြင်မှု၌ ကြီးထွားစေပြီး သူတို့၏ ဒေါသကို ဖြေဖျောက်စေသည်”ဟု ပြောဆိုကြသည်။ ဒေါသကို ဖြေဖျောက်ခြင်းက အဘယ်အသုံးဝင်သနည်း။ ဒေါသကို ဖြေဖျောက်ခြင်းသည် သက်သေခံခြင်းဖြစ်သလော။ ယင်းမှာ သင်၏ ဝတ္တရား သို့မဟုတ် တာဝန်ဖြစ်သလော။ ထိုအရာများအကြောင်း ပြောဆိုခြင်းသည် လုံးဝ တန်ဖိုးမရှိဘဲ အသုံးမဝင်ပေ။ အဆင်းနီသော နဂါးကြီး၏ ဆိုးယုတ်သော လုပ်ရပ်များကို သင် မည်မျှပင် ဖော်ထုတ်သည်ဖြစ်စေ ဘုရားသခင်က ယင်းကို အမှတ်ရမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ အကယ်၍ သင်သည် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုကို မည်သို့ တွေ့ကြုံခံစားခဲ့ရသည်၊ ၎င်း၏ ခြိမ်းခြောက်အကြပ်ကိုင်မှုနှင့် ခြိမ်းခြောက်မှုများမှ မည်သို့ လွတ်မြောက်ပြီး ကျော်လွှားအောင်မြင်ခဲ့သည်၊ ပြီးလျှင် ထိုသို့သော ပတ်ဝန်းကျင်တွင် ဘုရားသခင်ကို မည်သို့ အားကိုးပြီး သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ခဲ့သည်ဟူသည်တို့ကို ပြောဆိုပါက ဘုရားသခင်သည် ဤအရာကို လက်ခံပေသည်။ သို့သော် နိုင်ငံရေးအကြောင်း ပြောဆိုခြင်းသည် အသက်ဝင်ရောက်မှုနှင့် မည်သည့် ပတ်သက်မှုမျှ မရှိသည့်အပြင်၊ ဘုရားသခင်က လက်မခံပေ။ အချို့လူများက “အဆင်းနီသော နဂါးကြီး၏ အရာရှိများ၏ အကျင့်ပျက်ခြစားမှု၊ တစ်နပ်စာအတွက် ယွမ်ငွေ သောင်းနှင့်ချီ၍ သူတို့ မည်သို့ သုံးစွဲသည် သို့မဟုတ် ဇိမ်ခံဟိုတယ်များတွင် မည်မျှ သုံးစွဲသည်ဟူသည်တို့ကို ကျွန်ုပ် ဖော်ထုတ်သည်။ ဤသည်မှာ သင့်လျော်ပါသလော” ဟု ပြောဆိုကြသည်။ ယင်းက သင်နှင့် ပတ်သက်မှု တစ်ခုတလေ ရှိနိုင်သလော။ ယင်းမှာ ဤလောကနှင့် ဤလူ့အဖွဲ့အစည်း ဖြစ်သည့်ပုံစံသာ ဖြစ်သည် မဟုတ်လော။ သင်သည် မည်သူ့အတွက် ရပ်တည်ပေးနေသနည်း။ ဤသည်မှာ ဘုရားသခင်အတွက် သက်သေခံခြင်းမဟုတ်သည့်အပြင်၊ အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို ဖော်ထုတ်ခြင်းလည်းမဟုတ်၊ အဆင်းနီသော နဂါးကြီးကို ပုန်ကန်ခြင်း၏ သရုပ်သကန်တစ်ခုလည်း မဟုတ်ပေ။ လူတို့ကို ရှုပ်ထွေးအောင် မလုပ်နှင့်၊ သူတော်ကောင်းမယောင်ဆောင်နှင့်။ ဤအရာတစ်ခုမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ။ အကျင့်ပျက်အရာရှိများနှင့် နိုင်ငံရေးသမားများ၏ အကျင့်ပျက်ခြစားမှုသည် ငါတို့နှင့် မသက်ဆိုင်သည့်အပြင်၊ ငါတို့ ဖော်ထုတ်ရန် လိုအပ်သည့်အရာလည်း မဟုတ်ပေ။ ဤအရေးကိစ္စများကို စိတ်မဝင်စားနှင့်။ ဤအရာများသည် စာတန်၏ အစိုးရစနစ်တွင် သမိုင်းတစ်လျှောက် တည်ရှိခဲ့ပြီး ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏အမှုတော်ကို ငါတို့ တွေ့ကြုံခံစားခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်းနှင့် ပတ်သက်သည့်အရာ ဘာဆိုဘာမျှ မရှိပေ။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ ထိုအကြောင်းအရာများကို “အဆင်းနီသော နဂါးကြီးအား ပုန်ကန်ခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံရန် ယင်းကို ဖော်ထုတ်ခြင်း”တည်းဟူသော အကြောင်းအရာထဲသို့ မရောနှောနှင့်၊ ပြီးလျှင် ဤထူးဆန်းသော၊ ရွံရှာဖွယ်ကောင်းသော၊ ကောက်ကျစ်ဆိုးယုတ်သော အရေးကိစ္စများကို အသင်းတော်အသက်တာထဲသို့ သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြားသို့ ဆွေးနွေးရန် မယူဆောင်လာနှင့်။ နိုင်ငံရေးကို သင် အမှန်တကယ် ဆွေးနွေးလိုပါက ဘာသာတရားမရှိသူများနှင့် ဆွေးနွေးလော့။ ထိုသို့သော ဝါသနာများ၊ စိတ်ဝင်စားမှုများရှိသူများနှင့် သင် မည်သို့ပင် ကိုယ်ပိုင်သီးသန့် ဆွေးနွေးသည်ဖြစ်စေ အဆင်ပြေသည်။ ယင်းမှာ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝါသနာနှင့် စိတ်ဝင်စားမှု ဖြစ်သည်။ ယင်းမှာ သင်၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးဖြစ်ပြီး မည်သူမျှ ဝင်ရောက်မစွက်ဖက်ပေ။ သို့သော် စုဝေးချိန်များအတွင်းနှင့် ညီအစ်ကိုမောင်နှမများရှေ့တွင် ဤအရေးကိစ္စများကို မဆွေးနွေးနှင့်။ ယင်းက အသင်းတော်အသက်တာကို ထိခိုက်စေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ သမ္မာတရားကို နားလည်သဘောပေါက်မှုကိုလည်း ထိခိုက်စေသည်နှင့်အမျှ၊ တစ်စုံတစ်ဦးက နားထောင်ရန် လိုလားလျှင်ပင် ထိုအကြောင်းကို မပြောနှင့်။
နိုင်ငံရေးနှင့် သက်ဆိုင်သည်ဖြစ်စေ၊ နိုင်ငံရေးသမားများ၏ ကိုယ်ပိုင်ဘဝ အရှုပ်တော်ပုံများနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ဤအကြောင်းအရာများကို အသင်းတော်အသက်တာထဲသို့ ဆွေးနွေးရန် မယူဆောင်လာနှင့်။ အကယ်၍ တစ်စုံတစ်ဦးသည် အသင်းတော်အသက်တာရှိ စုဝေးပွဲများ၏ အကြောင်းအရာကို စိတ်မဝင်စားသည့်အပြင်၊ စုဝေးပွဲတိုင်းတွင် ပြောဆိုလျက် ဤအရေးကိစ္စများကို အမြဲ ဆွေးနွေးခြင်းအား နှစ်သက်ပါက၊ ညီအစ်ကိုမောင်နှမများက မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့က၊ “ဤသည်မှာ စုဝေးချိန်ဖြစ်သည်၊ အမှိုက်သရိုက်ကဲ့သို့သော အရာများအကြောင်း မပြောနှင့်။ အကယ်၍ ထိုအကြောင်းကို သင် ပြောလိုလျှင် အိမ်ပြန်ပြီး ပြောလော့”ဟု ပြောဆိုလျက် ထိုသို့သောလူတို့ကို ကန့်သတ်သင့်သည်။ အကယ်၍ ၎င်းတို့ကို ကန့်သတ်၍မရသည့်အပြင် ထိုအကြောင်းကို ၎င်းတို့ ဆက်လက်ပြောဆိုနေလျှင်ကော၊ အဘယ်သို့နည်း။ ၎င်းတို့ကို မောင်းထုတ်လိုက်လော့၊ ပြီးလျှင် ၎င်းတို့ ရပ်သွားသည့်အခါမှ ပြန်လာရန် ပြောလော့။ သာ၍ပင် ထိရောက်သော အခြားနည်းလမ်းတစ်ခုလည်း ရှိသေးသည်။ နိုင်ငံရေးအကြောင်း ပြောရန် ၎င်းတို့ ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမများသည် မတ်တပ်ရပ်ပြီး အခြားအခန်းသို့ သွားကာ ၎င်းတို့ကို တစ်ယောက်တည်း ပြောဆိုရန် ထားခဲ့လော့။ တိုတိုပြောရလျှင် နိုင်ငံရေးအကြောင်း ပြောဆိုခြင်းကို နှစ်သက်သောလူများက သေချာပေါက် ရှိပေသည်။ ထိုသို့သောလူများသည် သင့်လျော်သော အလုပ်များကို လျစ်လျူရှုသည်၊ သမ္မာတရားကို မလိုက်စားပေ၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်သို့ထမ်းဆောင်ရမည်ကို မစဉ်းစားကြပေ။ မည်သည့် ပြဿနာများက အသင်းတော်၏အလုပ်တွင် ရှိနေသည် သို့မဟုတ် ညီအစ်ကိုမောင်နှမများ ရင်ဆိုင်နေရသည်ဟူသည်ကို မစဉ်းစားကြသည့်အပြင်၊ ဖြေရှင်းချက်လိုအပ်သော မိမိတို့၏ ကိုယ်ပိုင် စစ်မှန်သော ပြဿနာများအကြောင်းကိုလည်း မစဉ်းစားကြပေ။ ၎င်းတို့သည် ဤသင့်လျော်သော အရေးကိစ္စများကို မစဉ်းစားကြပေ။ ထိုအစား ၎င်းတို့သည် ထိုယုတ်ညံ့၊ ကောက်ကျစ်သော အရေးကိစ္စများကိုသာ စဉ်းစားကြပြီး ယင်းတို့နှင့်ပတ်သက်၍ အထူးစိတ်အားထက်သန်ကြသည်။ အထူးသဖြင့် ယခုအခါတွင် သတင်းအချက်အလက်များက ပျံ့နှံ့နေပြီးနည်းလမ်းမျိုးစုံမှ ရရှိနိုင်သည်နှင့်အညီ ဤအရာက ဤလူတို့အား ၎င်းတို့၏ ဝါသနာများနှင့် စိတ်ဝင်စားမှုများကို ဖြည့်ဆည်းခွင့်ပြုသည်။ ငါတို့သည် ၎င်းတို့၏ ဝါသနာများနှင့် စိတ်ဝင်စားမှုများကို ဝင်ရောက်မစွက်ဖက်သော်လည်း စုဝေးပွဲများတွင် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခြင်းသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခြင်းဟူသော ပြဿနာအောက်တွင် ထည့်သွင်းသတ်မှတ်သည်ဟူသည့် စည်းမျဉ်းတစ်ခု အသင်းတော်တွင်ရှိသည်။ သို့ဖြစ်၍ ဤအကြောင်းအရာများကို အသင်းတော်အသက်တာအတွင်းနှင့် ညီအစ်ကိုမောင်နှမများ အတူတကွ စုဝေးသည့်အခါတွင် တင်းကျပ်စွာ တားမြစ်ထားသည်။ အချို့လူများက “ဤအကြောင်းအရာများကို တားမြစ်ထားသော်လည်း ကျွန်ုပ်တို့၏ အမျိုးမျိုးသော နိုင်ငံရေးအမြင်များ၊ ကျွန်ုပ်တို့ ကြိုက်သောပါတီ သို့မဟုတ် မကြိုက်သော ပါတီ၊ ကျွန်ုပ်တို့ မဲပေးသောသူတို့ သို့မဟုတ် မဲမပေးသောသူတို့အကြောင်းကိုကော အသင်းတော်က ဝင်ရောက်စွက်ဖက်ပါသလော”ဟု ပြောဆိုကြသည်။ ရှင်းအောင် ပြောကြစို့။ သင် ကြိုက်နှစ်သက်သော မည်သူ့ကိုမဆို မဲပေးလော့၊ သင် ကြိုက်နှစ်သက်လိုသော မည်သူ့ကိုမဆို ကြိုက်နှစ်သက်လော့။ အသင်းတော်သည် ဤအရေးကိစ္စများကို ဝင်ရောက်မစွက်ဖက်ပေ။ ယင်းမှာ သင်တို့၏ လွတ်လပ်ခွင့် ဖြစ်သည်။ ဤသို့ ဝင်မစွက်ဖက်ခြင်းသည် အတော်လေး သက်ညှာပြီးသားဖြစ်သည် မဟုတ်လော။ သင်သည် နိုင်ငံသားတစ်ဦးအနေဖြင့် သင်၏ တာဝန်ဝတ္တရားများနှင့် လူ့အခွင့်အရေးများကို အပြည့်အဝ မွေ့လျော်ခံစားပြီး ဖြစ်သည်။ ယင်းမှာ လုံလောက်သော လေးစားမှု မဟုတ်လော။ ဤသည်မှာ လုံလောက်အောင် ကောင်းမွန်နေပြီး ဖြစ်သည်၊ သို့တိုင် သင်သည် အသင်းတော်တွင် လွတ်လပ်စွာနှင့် စိတ်တိုင်းကျ ပြောဆိုလိုသေးသလော။ ယင်းမှာ စည်းမျဉ်းကို ဆန့်ကျင်ပေသည်။ အကယ်၍ သင်သည် ထိုသို့သောလူများနှင့် ကြုံတွေ့ပါက ၎င်းတို့ကို ကန့်သတ်ရန် နည်းလမ်းတစ်ခုကို ရှာလော့။ ပထမဦးစွာ “သင်သည် ယုံကြည်ခြင်းနှင့် စိမ်းနေသေးသလော။ ဤသည်မှာ စုဝေးပွဲသို့ ပထမဆုံးအကြိမ် သင် လာရောက်ခြင်းဖြစ်ပြီး ဘုရားအိမ်တော်၏ စည်းမျဉ်းများကို မသိခြင်းဖြစ်သလော။ သို့ဆိုလျှင် ကျွန်ုပ် သင့်ကို ပြောရမည်။ ဤနေရာသည် စုဝေးရာနေရာဖြစ်ပြီး ဤအချိန်သည် စုဝေးချိန် ဖြစ်သည်။ သင့်တွင် မည်သို့သော နိုင်ငံရေးအမြင်များ သို့မဟုတ် အတွေးအခေါ်များ ရှိသည်ဖြစ်စေ၊ သင်သည် ယင်းတို့ကို အသင်းတော်တွင် လုံးဝ မဖြန့်ဝေရသည့်အပြင် စုဝေးပွဲများတွင်လည်း မဆွေးနွေးရပါ။ ယင်းကို ကျွန်ုပ်တို့ မကြားလိုသည့်အပြင်၊ ဤအရာများအကြောင်း သင် ပြောဆိုသည်ကို နားထောင်ရမည့် တာဝန်လည်း မရှိပါ။ သင် နေရာရွေးမှားသည်။ စုဝေးပွဲပြီးနောက် ဤနေရာမှ သင် ထွက်ခွာသည့်အခါ သင် ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောနိုင်သည်။ မည်သူမျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပါ။ ယင်းမှာ သင်၏ လွတ်လပ်ခွင့် ဖြစ်သည်”ဟု ပြောဆိုလျက် ၎င်းတို့နှင့်အတူ ရှင်းလင်းစွာ မိတ်သဟာယပြုလော့။ အကယ်၍ သင် ပြောသည့်အရာကို ၎င်းတို့ နားလည်ပြီး သတိရကာ နောက်တစ်ကြိမ်တွင် ထိုအကြောင်းကို မပြောဆိုပါက၊ ယင်းမှာ အဆင်ပြေပြီး ၎င်းတို့တွင် ဆင်ခြင်တုံတရားအချို့ရှိကြောင်း ၎င်းတို့ ပြသပြီးဖြစ်သည်။ သို့သော် မိတ်သဟာယဖွဲ့ပြီးနောက် ၎င်းတို့သည် စုဝေးပွဲတိုင်းတွင် နိုင်ငံရေးအမြင်များကို အမြဲ မျှဝေလျက် ဤသို့ ဆက်လက်ပြောဆိုနေလျှင်၊ ၎င်းတို့ကို စကားပြောခြင်းမှ ကန့်သတ်သင့်သလော။ (ကန့်သတ်သင့်ပါသည်။) နိုင်ငံရေးတွင် ၎င်းတို့ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ၊ တစ်စုံတစ်ဦးက နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများကို ပြောဆိုသရွေ့၊ ဤအရာကို ဂိုဏ်းဂဏဖွဲ့ခြင်း၊ ရာထူးအဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်းနှင့် ဘုရားအိမ်တော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကဲ့သို့သော အခြားအပြုအမူများနှင့်အတူ အမျိုးအစားခွဲခြားသင့်သည်။ ထိုသို့သောလူများကို မည်သည့် ယဉ်ကျေးမှုမျှ ပေး၍မရပေ။ ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရမည်။ နိုင်ငံရေးအကြောင်း ပြောဆိုသောလူများသည် သေချာပေါက် မကောင်းသောသူများဖြစ်စေ၊ ကောင်းသောသူများဖြစ်စေ မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် ဤအချက်များနှင့် အကြောင်းအရာများကို ရိုးရှင်းစွာ နှစ်သက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဤလူများသည် သမ္မာတရားကို အမှန်တကယ် မလိုက်စားကြောင်း ငါတို့ သေချာပြောနိုင်သည်။ တိုတိုပြောရလျှင် ဤလူများကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးသား ဖြစ်သည်။ ဘုရားအိမ်တော်၏ စည်းမျဉ်းများကို ၎င်းတို့အား ပြောပြလော့။ အကယ်၍ ၎င်းတို့အား ရှင်းလင်းစွာ ရှင်းပြပြီးနောက် ၎င်းတို့သည် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများကို ဆက်လက်ပြောဆိုပြီး သတိပေးချက်များကို အလေးဂရုမပြုပါက ၎င်းတို့ကို သီးခြားခွဲထားလော့။ နောင်တရပြီးမှသာ အသင်းတော်အသက်တာကို ၎င်းတို့ ဆက်လက် အသက်ရှင်နေထိုင်နိုင်သည်။ အကယ်၍ ၎င်းတို့ မည်သည့်အခါမျှ နောင်တမရပါက စုဝေးပွဲများသို့ လာခွင့်မပေးနှင့်။ ဤအရေးကိစ္စကို ကိုင်တွယ်ခြင်းသည် ထိုမျှ ရိုးရှင်းသင့်သည်။ ရိုးရှင်းသောကိစ္စကို ရှုပ်ထွေးအောင် မလုပ်နှင့်၊ ဤသည်မှာ မည်သူ့ကိုမျှ အကျိုးမပြုပေ။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်