ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀)
အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၈)
ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို ပြီးစီးခဲ့သည်။သင်တို့သည် ဤမိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာနှင့် မိမိတို့ကိုယ်ကို တိုက်ဆိုင်စစ်ဆေးပြီးပြီလော။ သင်တို့သည် ဤမိတ်သဟာယဖွဲ့ခြင်းကို တွေးဆနေပြီးပြီလော။ ငါ၏ မိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးသည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို ချစ်သောသူများ၊ တရားမျှတစိတ်နှင့် လူ့သဘာဝအချို့ရှိသောသူတို့သည် သမ္မာတရားအချို့ကို နားလည်ပြီးနောက် လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ပထမဦးစွာ၊ ၎င်းတို့သည် မိမိတို့နားလည်သော သမ္မာတရားများကို မိမိတို့၏ အခြေအနေနှင့် တိုက်ဆိုင်စစ်ဆေးနိုင်သည်၊ သမ္မာတရားနှင့် မိမိတို့ကိုယ်ကို ဆန်းစစ်နိုင်သည်။ မိမိတို့၏ ပြဿနာများကို ဖော်ထုတ်နိုင်သည်။ ထို့နောက် ဤပြဿနာများကို ဖြေရှင်းရန် လက်တွေ့ဘဝနှင့် တာဝန်များထမ်းဆောင်ရာတွင် အမှုအရာအချို့နှင့် ပတ်ဝန်းကျင်အချို့ကို အသုံးပြုနိုင်သည်။ တဖြည်းဖြည်းဖြင့်၊ ၎င်းတို့နားလည်သော သမ္မာတရားများနှင့်စပ်လျဉ်း၍၊ လူတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး လိုက်နာသင့်သော စည်းမျဉ်းများကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ တစ်ချက်အနေဖြင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်ပြီး သိရှိလာကြကာ၊ နောက်တစ်ချက်အနေဖြင့်၊ သမ္မာတရားက အမှန်တကယ် မည်သည့်အရာကို ဆိုလိုပြီး မည်သည့်အရာများ ပါဝင်သည်ကို ပို၍ လက်တွေ့ကျကျနှင့် တိတိကျကျ နားလည်လာကြသည်။ သို့သော်လည်း၊ သမ္မာတရားကို မချစ်သောသူများနှင့် အလွန်အမင်း မနှစ်မြို့သောသူတို့မူကား၊ မည်မျှပင် သမ္မာတရားကို ကြားရသည်ဖြစ်စေ၊ အသိရှိခြင်း သို့မဟုတ် ပြောင်းလဲမှု မရှိကြပေ။ ၎င်းတို့၏ အခြေအနေ၊ တာဝန်ထမ်းဆောင်သည့်အခါ သဘောထား၊ လိုက်စားသော ပန်းတိုင်များ၊ ဘဝနေထိုင်မှုပုံစံနှင့် ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများသည် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့အလိုရှိသည့်အတိုင်း ဆက်လက်လုပ်ဆောင်ကြပြီး မိမိတို့နှစ်သက်သည့်အတိုင်း နေထိုင်ကြသည်။ ဤသမ္မာတရားများသည် ၎င်းတို့အပေါ် သက်ရောက်မှုမရှိသည့်အပြင်၊ မိမိတို့ကိုယ်ကို မုန်းတီးသည့်အဆင့်အထိ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိနိုင်ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မုန်းတီးသည့်အဆင့်သို့ မရောက်နိုင်လျှင်၊ စစ်မှန်သော နောင်တကို သေချာပေါက် မရရှိနိုင်ပေ။ စစ်မှန်သော နောင်တမရှိဘဲ၊ စစ်မှန်သော ဝင်ရောက်မှုမရှိပေ။ စစ်မှန်သော ဝင်ရောက်မှုမရှိဘဲ၊ စိတ်သဘောထား ပြောင်းလဲခြင်းလည်း သေချာပေါက် မရှိပေ။ ထို့ကြောင့်၊ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ပြီးသည့် လူများစွာတို့သည် စုဝေးပွဲများတက်ခြင်း၊ တာဝန်များထမ်းဆောင်ခြင်း၊ နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ခြင်းနှင့် ညီအစ်ကိုမောင်နှမများနှင့် မကြာခဏ ထိတွေ့ဆက်ဆံခြင်းတို့ ပြုလုပ်ကြသော်လည်း၊ မိမိတို့ကိုယ်ကို သိနားလည်မှု တစ်ခုတလေမျှမရှိ၊ မည်သည့် ပြောင်းလဲမှုမျှ မပြသည့်အပြင်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် လုံးဝ တိုးပွားလာခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့၏ ကနဦး အယူအဆများနှင့် စိတ်ကူးများဖြင့်လည်းကောင်း၊ ကောင်းချီးများကို ရရှိလိုသော ရည်ရွယ်ချက်နှင့် ဆန္ဒဖြင့်လည်းကောင်း ဘုရားသခင်နောက်သို့ လိုက်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာအောင် ယုံကြည်ပြီးသည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သော ၎င်းတို့၏ သဘောထားအမြင်များ၊ အမှုအရာများနှင့်ပတ်သက်သော ၎င်းတို့၏ အမြင်များ၊ ၎င်းတို့၏ လိုက်စားမှုနည်းလမ်းများနှင့် လိုက်စားသော ပန်းတိုင်များအပြင်၊ တာဝန်များထမ်းဆောင်သည့်အခါ ၎င်းတို့၏ သဘောထားများသည် လုံးဝ ပြောင်းလဲခြင်းမရှိခဲ့ပေ။ ၎င်းတို့၏ လက်ရှိ ထုတ်ဖော်ပြသမှုများနှင့် ၎င်းတို့ အသက်ရှင်နေထိုင်သည့် သရုပ်သကန်များသည် သမ္မာတရားကို မလိုက်စားခြင်း၏ ရလဒ်ဖြစ်သည်။ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ဆယ့်နှစ်ခုကို မိတ်သဟာယဖွဲ့ခဲ့သော်လည်း၊ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အပြုအမူသည် လုံးဝ မပြောင်းလဲသေးပေ။ တာဝန်များထမ်းဆောင်သည့်အခါ ၎င်းတို့၏ သဘောထားများနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအပေါ်ထားသည့် သဘောထားများသည် လုံးဝ ပြောင်းလဲခြင်းမရှိခဲ့ပေ။ မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာသည် သမ္မာတရားကို အတော်အတန် လိုက်စားသောသူများ၊ လူ့သဘာဝအချို့ရှိပြီး အသိစိတ်က အနည်းငယ် အသိရှိသောသူများအပေါ် သတိပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း၊ ပို၍ နှလုံးခိုင်မာသော၊ စဉ်းလဲပြီး သမ္မာတရားကို လုံးဝလက်မခံသော အချို့သူများအပေါ်တွင်မူ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤလူတို့၏ သမ္မာတရားအပေါ် သဘောထားသည် အတိုက်အခံလုပ်ခြင်းနှင့် စက်ဆုပ်ရွံရှာခြင်းတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ မည်မျှပင် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့၏ သဘောထားသည် အတူတူပင် ဖြစ်သည်။ “မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေပြီး ဘုရားသခင်နောက်သို့ လိုက်နေခြင်းဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်အတွက် စစ်မှန်စွာ အသုံးခံနေခြင်း ဖြစ်သည်။ ကျွန်ုပ် မည်သို့ပင် ပြုမူသည်ဖြစ်စေ၊ အဆုံးတိုင်အောင် ကျွန်ုပ် မဆုတ်မနစ်ကြိုးပမ်းသရွေ့ ကောင်းချီးများကို ရနိုင်သည်” ဟူ၍ ဖြစ်သည်။ ဤအတွေးအခေါ်မျိုးတွင် ဆင်ခြင်တုံတရား တစ်ခုတလေ ရှိသလော။ ၎င်းတို့သည် လုံးဝ ပြုပြင်၍မရနိုင်သည့်အပြင် အရှက်တရား ခေါင်းပါးကြသည် မဟုတ်လော။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ ခေါင်းမာကာ နောင်တရရန် ငြင်းပယ်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်မှာ “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့” ဟူ၍ ဖြစ်သည်။ ယခင်က၊ ငါတို့သည် ဤတာဝန်နှင့်ပတ်သက်သော ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို အချက်ဆယ့်နှစ်ချက်အဖြစ် ခွဲခြားခဲ့သည်။ ဤအချက်ဆယ့်နှစ်ချက်၏ အကြောင်းအရာသည် အသင်းတော်၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပေါ်ပေါက်လာသည့်အခါ၊ ဘုရားအိမ်တော်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ကာကွယ်စောင့်ရှောက်ခြင်း၏ အကျိုးတရားကို စွမ်းဆောင်ရရှိရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ဤပြဿနာများအား မည်သို့ကိုင်တွယ်ဖြေရှင်းသင့်ပြီး ထိုသို့ဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့ ပါဝင်သင့်သော အခန်းကဏ္ဍများနှင့် မိမိတို့ ထမ်းဆောင်သင့်သော တာဝန်များကို ဖြည့်ဆည်းနိုင်မည်ဟူသည်ကို အဓိက ရည်ညွှန်းပြောဆိုထားသည်။ ငါတို့သည် အချက်တိုင်း၏ တိကျသော သရုပ်သကန်အချို့ကို မိတ်သဟာယဖွဲ့ခဲ့ပြီး၊ တိကျသော ဥပမာအချို့ကိုလည်း ကိုးကားလျက် ဤတာဝန်အတွင်းရှိ အချက်တစ်ခုချင်းစီနှင့်ပတ်သက်၍ အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ စည်းမျဉ်းများအရ၊ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သော အကြောင်းအရာသည် အတော်အတန် လက်တွေ့ကျသည်။ ပေးခဲ့သော ဥပမာများသည် အရာအားလုံးကို ခြုံငုံကောင်းခြုံငုံနိုင်ခြင်း မရှိသော်လည်း၊ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အနှစ်သာရပိုင်းဆိုင်ရာ ပြဿနာများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ အထူးသဖြင့်၊ သင်တို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အသင်းတော်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရား၏ ဤကဏ္ဍကို နားလည်သင့်သည်။ ပထမဆုံးအနေဖြင့်၊ သင်တို့သည် မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာမှ ပြဿနာများ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးသည့် နှုတ်ကပတ်တော်များကို ရှာဖွေရန်လိုအပ်ပြီး ယင်းတို့ကို ပြဿနာများနှင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်သည်။ ပြဿနာများ၏ အနှစ်သာရကို နားလည်ခြင်းက လိုက်လျောညီထွေသော ဖြေရှင်းနည်းများကို ရှာဖွေရန်နှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြဿနာများကို ဖြေရှင်းရန် ပိုမိုလွယ်ကူစေသည်။ ပြဿနာတစ်ခုကို မဖြေရှင်းမီတွင် ထိုပြဿနာ၏ အနှစ်သာရကို နားလည်ခြင်းက အလွန်အရေးကြီးသည်။ ပြဿနာ၏ အနှစ်သာရကို သင်နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဤပြဿနာကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများကိုလည်း သင်နားလည်ပြီး သဘောပေါက်သင့်သည်။ ကဏ္ဍနှစ်ခုစလုံးသည် မရှိမဖြစ် လိုအပ်သည်။ တစ်ခုမှာ ပြဿနာ၏ အနှစ်သာရဖြစ်ပြီး၊ နောက်တစ်ခုမှာ ထိုသို့သော ပြဿနာများကို ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများ ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှင်းလင်းနေသင့်သော အရာများဖြစ်သည်။ ဤစည်းမျဉ်းနှစ်ခုကို နားလည်သဘောပေါက်ခြင်းအားဖြင့်သာ သင်တို့သည် စည်းမျဉ်းများကို ကျင့်သုံးခြင်းနှင့် ကိစ္စရပ်များကို အတိုင်းထက်အလွန် ချဲ့ကားပြောဆိုခြင်းထက်၊ ပြဿနာအားလုံးကို တိကျစွာ ဖြေရှင်းနိုင်ပြီး အမျိုးမျိုးသော ကိစ္စရပ်များတွင် ပါဝင်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မှန်ကန်စွာ ကိုင်တွယ်နိုင်ပေသည်။ လက်ရှိတွင်၊ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အချို့သော ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ၊ တစ်စိတ်တစ်ပိုင်းအားဖြင့်၊ ၎င်းတို့သည် စည်းမျဉ်းများကိုသာ လိုက်နာကြပြီး၊ တစ်စိတ်တစ်ပိုင်းအားဖြင့် ကိစ္စရပ်များ၏ အနှစ်သာရကို သဘောမပေါက်နိုင်ကြဘဲ၊ လူများကို အလွယ်တကူ မတရားဆက်ဆံကာ သွေဖည်မှုများ ဖြစ်စေကြသည်။ ဤသည်မှာ ကိစ္စရပ်များ၏ အသေးစိတ်အချက်အလက်များ၊ တိကျသော အခြေအနေများနှင့် နောက်ခံအကြောင်းအရာများကို ရှင်းလင်းစွာ နားလည်ရန် လိုအပ်သည်။ ထို့အပြင်၊ လူတစ်ဦးသည် မည်သည့်အမျိုးအစားနှင့် သက်ဆိုင်သည်ကို ဆုံးဖြတ်ရန် ထိုသူ၏ တစ်သမတ်တည်းဖြစ်သော အပြုအမူကို ကြည့်ရှုရန် အရေးကြီးသည်။ ဤကဏ္ဍများကို ကျွမ်းကျင်မှသာ ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်၍ရနိုင်ပေသည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်သည့်အခါ၊ ပြဿနာများအပေါ် စည်းမျဉ်းများကိုသာ ကျင့်သုံးကြပြီး ကိစ္စရပ်များကို အတိုင်းထက်အလွန် ချဲ့ကားပြောဆိုကြစဉ်တွင်၊ ပါဝင်ပတ်သက်နေသော လူတို့က လူကောင်းများလော သို့မဟုတ် လူဆိုးများလော၊ ၎င်းတို့၏ အပြုအမူသည် လုပ်လေ့လုပ်ထရှိသောအရာလောသို့မဟုတ် ရံဖန်ရံခါ ပြစ်မှားခြင်းမျှသာလောဟူ၍ ၎င်းတို့၏ တကယ့်အနှစ်သာရကိုမူ ၎င်းတို့ မရိပ်စားမိနိုင်ကြပေ။ ၎င်းတို့သည် ဤကဏ္ဍများကို မပိုင်းခြားနိုင်ကြသောကြောင့် အမှားများ ပြုလုပ်ရန် အလွန်အလားအလာရှိသည်။ ထိုသို့သော အခြေအနေများတွင်၊ အသင်းတော်က မဲခွဲဆုံးဖြတ်နိုင်လျှင်၊ အမှားအချို့ကို ထိရောက်စွာ ရှောင်ရှားနိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်တွင် ဤသွေဖည်မှုများနှင့် အမှားများ ရှိနေခြင်းက ၎င်းတို့တွင် ပိုင်းခြားသိမြင်မှု ရှိမရှိနှင့် ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ခြင်း ရှိမရှိဟူသည်ကို အရှင်းလင်းဆုံး ထုတ်ဖော်နိုင်သည်။ ယင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိကိုလည်း ထုတ်ဖော်သည်။ အကယ်၍ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သည့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဤလက်တွေ့ကျသော ပြဿနာများကို မကိုင်တွယ်နိုင်လျှင် ဤခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များ ထမ်းဆောင်သင့်သော တာဝန်များ၊ ၎င်းတို့ လိုက်နာသင့်သော စည်းမျဉ်းများနှင့် ၎င်းတို့ အလုပ်၏ အတိုင်းအတာကို နားလည်ပြီးနောက်၊ ငါတို့သည် ဤမိတ်သဟာယဖွဲ့ခြင်းအဆင့်၏ အဓိကအကြောင်းအရာဖြစ်သည့် အတုအယောင် ခေါင်းဆောင်များကို ဖော်ထုတ်ခြင်းသို့ ပြန်သွားသင့်သည်။ ဤသည်မှာ အဓိကအကြောင်းအရာ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်နှင့်စပ်လျဉ်း၍၊ ယနေ့ ငါတို့ မိတ်သဟာယဖွဲ့မည့် အကြောင်းအရာမှာ အတုအယောင် ခေါင်းဆောင်များက မိမိတို့၏ တာဝန်များတွင် တမင်ပျက်ကွက်သည့် ကဏ္ဍများနှင့် ၎င်းတို့၏ လက်တွေ့အလုပ် မလုပ်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်များ ဖြစ်သည်။ ပထမဆုံးအနဖြင့်၊ ဆယ့်နှစ်ခုမြောက် တာဝန်၏ အကြောင်းအရာကို ဖတ်ကြစို့။ (အချက် ၁၂ - ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့။) ဆယ့်နှစ်ခုမြောက် တာဝန်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်သင့်သော အလုပ်၏ ကဏ္ဍသုံးရပ်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ဤသည်မှာ အတုအယောင် ခေါင်းဆောင်များကို ဖော်ထုတ်ခြင်းနှင့် မည်သို့ ဆက်စပ်သနည်း။ (ပထမဆုံးအနေဖြင့်၊ ငါတို့သည် ဤအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်အချို့ကို နားလည်ရမည်။ ထို့နောက်၊ အတုအယောင် ခေါင်းဆောင်များက ဤတာဝန်များကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိနှင့် အတုအယောင် ခေါင်းဆောင်များ၏ သရုပ်သကန်များက အဘယ်အရာဖြစ်သည်ကို မြင်ရန်အတွက် နှိုင်းယှဉ်ရမည်။ ဤစံနှုန်းအတိုင်း ၎င်းတို့ကို တိုင်းတာခြင်းသည် အတော်အတန် တိကျပါသည်။) မှန်ပေသည်။ လူတစ်ယောက်သည် အယောင်ဆောင်ခေါင်းဆောင်ဟုတ်မဟုတ်ကို ပိုင်းခြားသိမြင်ခြင်းသည် ထိုသူ၏ မျက်နှာကိုကြည့်ပြီး မျက်နှာအသွင်အပြင်တို့က ကောင်းမွန်သည်၊ ဆိုးယုတ်သည်ကိုကြည့်ရှုရန် မိမိမျက်လုံးများကို အသုံးပြုပြီး လုပ်ဆောင်ရခြင်းမဟုတ်သကဲ့သို့၊ အပြင်ပန်းတွင် ထိုသူသည် မည်မျှ ဒုက္ခခံသည့်ပုံစံရှိသည်၊ သို့မဟုတ် မည်မျှ လှည့်လည်သွားလာပြီးဖြစ်သည်တို့ကို ကြည့်ခြင်းအားဖြင့် လုပ်ဆောင်ခြင်းလည်းမဟုတ်ပေ။ ထိုအစား ၎င်းတို့သည် မိမိတို့တာဝန်များကို ခေါင်းဆောင်အနေဖြင့် ဖြည့်ဆည်းခြင်းရှိမရှိ၊ လက်တွေ့ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်းရှိမရှိတို့ကို သင်ကြည့်ရမည်။ ဤသည်မှာ ထိုကိစ္စကို အကဲဖြတ်ရန် တစ်ခုတည်းသော တိကျမှန်ကန်သည့် စံနှုန်းဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်သည် အယောင်ဆောင်ခေါင်းဆောင်ဟုတ်မဟုတ်ကို စိစစ်သည့်၊ ပိုင်းခြားသိမြင်သည့်၊ ဆုံးဖြတ်သည့်စည်းမျဉ်းဖြစ်သည်။ ဤနည်းအားဖြင့်သာ အကဲဖြတ်ခြင်းသည် တရားမျှတနိုင်သည်။ စည်းမျဉ်းများနှင့် ကိုက်ညီနိုင်သည်။ သမ္မာတရားနှင့် ညီပြီး လူတိုင်းအပေါ် မျှတနိုင်သည်။ လူတစ်ယောက်ကို အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင်အဖြစ် စရိုက်လက္ခဏာဖော်ပြခြင်းကို လုံလောက်သည့် အချက်အလက်များအပေါ်တွင် အခြေခံရမည်။ ယာယီဖောက်ပြန်ပျက်စီးမှုကို အခြေပြုချက်အဖြစ် အသုံးပြုနိုင်ဖို့ မဆိုထားနှင့်၊ ဖြစ်ရပ်၊ သို့မဟုတ် ပြစ်မှားမှုတစ်ခု၊ နှစ်ခုအပေါ်တွင်ပင် အခြေမခံရပေ။ လူတစ်ယောက်ကို စရိုက်လက္ခဏာဖော်ပြရန် တစ်ခုတည်းသော တိကျမှန်ကန်သည့်စံနှုန်းများမှာ ထိုသူသည် လက်တွေ့အလုပ်ကို လုပ်ဆောင်နိုင်ပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်းရှိမရှိ၊ ထို့အပြင် ထိုသူသည် မှန်ကန်သောသူ ဟုတ်မဟုတ်၊ သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို နာခံနိုင်သောသူဟုတ်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုကို ပိုင်ဆိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤအချက်အလက်များကို အခြေခံခြင်းအားဖြင့်သာ လူတစ်ယောက်ကို အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင်အဖြစ် မှန်ကန်စွာ စရိုက်လက္ခဏာဖော်ပြနိုင်သည်။ ဤအချက်အလက်များသည် လူတစ်ယောက်က အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင် ဟုတ်မဟုတ်ကို အကဲဖြတ်ပြီး ဆုံးဖြတ်ခြင်းအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များက ဆယ့်နှစ်ခုမြောက် တာဝန်အတွင်း ထမ်းဆောင်သင့်သော အလုပ်သုံးခု
၁။ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်ခြင်း
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်တွင် အလုပ်သုံးခု သို့မဟုတ် အဆင့်သုံးဆင့် ပါဝင်သည်။ ဤအလုပ်ကို ပြီးမြောက်ရန် ဤအဆင့်သုံးဆင့်ကို လိုက်နာခြင်းအားဖြင့်၊ ဤအလုပ်၏ စည်းမျဉ်းများကို ထိန်းသိမ်းခြင်းဖြစ်ကာ ဤအလုပ်၏ တာဝန်များကိုလည်း ဖြည့်ဆည်းခြင်း ဖြစ်သည်။ ဤအလုပ်သုံးခုမှာ အဘယ်နည်း။ (ပထမအနေဖြင့်၊ ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်လော့။ ဒုတိယအနေဖြင့်၊ ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ တတိယအနေဖြင့်၊ ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့။) ဤအလုပ်သုံးခုသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဆယ့်နှစ်ခုမြောက် တာဝန်တွင်ရှိသည့် သတ်မှတ်ချက်များ ဖြစ်သည်။ အစပြုသူများအတွက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ပထမဆုံး သတ်မှတ်ချက်မှာ ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်ရန် ဖြစ်သည်။ ယင်းမှာ နှေးကွေးလေးကန်စွာနှင့် မခံစားတတ်ဘဲ တုံ့ပြန်ရန်မဟုတ်သည့်အပြင်၊ ကြောင်းကျိုးမမြင်သည့်၊ မဆင်မခြင် သတ်မှတ်ချက်များ ပြုလုပ်ရန် မဟုတ်ဘဲ၊ ချက်ချင်း တိကျစွာ ဖော်ထုတ်ရန် ဖြစ်သည်။ မဆင်မခြင် သတ်မှတ်ခြင်းများမှာ လက်မနိုင်စရာမရှိပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစနှင့် မပြတ်သားမှုတို့ကြောင့်၊ အသေးအဖွဲကိစ္စများအပေါ် လူတို့ကို မဆင်မခြင် ပြုပြင်ပြီး ဩဝါဒပေးကြကာ၊ စည်းမျဉ်းများကို မလိုက်နာဘဲ ထင်ရာမြင်ရာ သတ်မှတ်ခြင်းများပြုလုပ်ပြီး ကြောင်းကျိုးမမြင်ဘဲ အမှုအရာများကို အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဤနည်းဖြင့် အလုပ်လုပ်ခြင်းသည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည်။ ထို့ကြောင့်၊ ဘုရားအိမ်တော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အနည်းဆုံးအနေဖြင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်ရမည်။ ပိုင်းခြားသိမြင်ခြင်းဖြင့်သာ ၎င်းတို့သည် အသင်းတော်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်နိုင်မည် ဖြစ်သည်။ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိရန်၊ ပထမဆုံး သတ်မှတ်ချက်မှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့်၊ မတူကွဲပြားသော လူအမျိုးအစားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်က အမျိုးမျိုးသော လူများနှင့် ၎င်းတို့တွင် ဖြစ်ပေါ်လာသော မတူညီသည့် အခြေအနေများအား မည်သို့ သတ်မှတ်သည်ကိုလည်းကောင်း နားလည်ရန် လိုအပ်သည်။ ထို့အပြင်၊ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် အခြေအနေများ မည်သို့ ပေါ်ပေါက်လာသည်ဟူသည်နှင့် ၎င်းတို့၏ ဇာစ်မြစ်များက အဘယ်အရာဖြစ်သည်ဟူသည်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးရန် အရေးကြီးသည်။ ထို့အပြင်၊ လူတစ်ဦးသည် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်အပေါ် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ သက်ရောက်မှုကို နားလည်ရမည်။ ဤသတ်မှတ်ချက်များကို ပြည့်မီခြင်းအတွက် အခြေခံမှာ အဘယ်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပထမဦးစွာ မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သနည်း။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဗျူကရက်အရာရှိကဲ့သို့ ဟန်လုပ်ပြီး ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ဆက်ဆံခြင်းမရှိဘဲ၊ ညီအစ်ကိုမောင်နှမများ၏ အမျိုးမျိုးသော အခြေအနေများကို သဘောမပေါက်ဘဲ၊ မတူညီသော လူအမျိုးအစားများနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံမှုမရှိသည့်အပြင်၊ ၎င်းတို့အပေါ် အသေးစိတ်လေ့လာမှုနှင့် နက်ရှိုင်းသော သိနားလည်မှု ကင်းမဲ့လျက်၊ အစဉ်သဖြင့် ဟိတ်ကြီးဟန်ကြီးဖြင့် အဖက်မလုပ်ဘဲနေလျှင်၊ဤသည်မှာ လက်ခံနိုင်ဖွယ်ရှိသလော။ ဤသည်မှာ သေချာပေါက် လက်ခံနိုင်ဖွယ်မရှိပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၏ အလုပ်ကို လျစ်လျူရှုရန်နှင့် သဘောမပေါက်ရန်အတွက် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းနှင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းကို ဆင်ခြေများအဖြစ် အသုံးပြုလျက် မိမိတို့၏ အခန်းများတွင် မကြာခဏ ပုန်းအောင်းနေကြသည်။ အပေါ်ယံတွင်၊ ၎င်းတို့သည် မိမိတို့ အခန်းများတွင် ပုန်းအောင်းနေရင်း အသင်းတော်ကိစ္စရပ်များကို လုပ်ဆောင်နေပုံရသော်လည်း၊ အမှန်တွင်၊ ၎င်းတို့သည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများထံမှ မိမိတို့ကိုယ်ကို သီးခြားခွဲထုတ်ပြီးဖြစ်သည်။ ဤအလုပ်လုပ်နည်းသည် အသင်းတော်အလုပ်၏ အမျိုးမျိုးသော ကိစ္စများတွင် တည်ရှိနေသော ပြဿနာများကို ဖြေရှင်းနိုင်သလော။ ယင်းက ဘုရားသခင် ရွေးချယ်ထားသောလူများအား မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ကူညီနိုင်သလော။ ၎င်းတို့သည် သက်သေခံချက် ဆောင်းပါးများ ရေးသားရန် မိမိတို့၏ အခန်းများ၌ ပုန်းအောင်းနေချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားနေခြင်းလော။ ထို့ကြောင့်၊ ဤလုပ်နည်းကိုင်နည်းသည် မသင့်လျော်ပေ။ ဆယ့်နှစ်ခုမြောက် တာဝန်အရ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပထမဆုံးအလုပ်မှာ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ချက်ချင်း ဖော်ထုတ်ရန် ဖြစ်သည်။ အချို့လူများက “ခေါင်းဆောင်များနှင့် အမှုဆောင်များကို အသင်းတော်အသက်တာတွင် အလွန်အမင်း ပါဝင်စေခြင်းသည် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်နိုင်ရန်အတွက်သာ ဖြစ်သလော”ဟု မေးကြသည်။ ဤနားလည်သဘောပေါက်မှုသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသည်မှာ လွဲချော်သော နားလည်သဘောပေါက်မှု ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ အလုပ်အတွက် မှန်ကန်သော သဘောထားနှင့် လုပ်နည်းကိုင်နည်း ရှိရမည်ဖြစ်ပြီး အောက်ခြေထိလည်း ဆင်းလုပ်ရမည်။ ဤနည်းအားဖြင့်သာ ၎င်းတို့သည် ပြဿနာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်ပြီး ဖြေရှင်းနိုင်ပေသည်။ အကယ်၍ ၎င်းတို့သည် အောက်ခြေတွင် မိမိတို့ကိုယ်ကို မြှုပ်နှံခြင်းမရှိဘဲ ဘုရားသခင် ရွေးချယ်ထားသောလူများနှင့်အတူ မနေထိုင်လျှင်၊ အသင်းတော်၏ အလုပ်ရှိ ပြဿနာအားလုံးကို ဖော်ထုတ်ရန် အလွန်ခက်ခဲပေလိမ့်မည်။ အကယ်၍ လူတို့က အစီရင်ခံစာများ တင်သွင်းပြီး ဖြေရှင်းနည်းများ ရှာဖွေပြီးမှသာ ပြဿနာအနည်းငယ်ကို ၎င်းတို့ဖြေရှင်းနိုင်လျှင်၊ ဤအလုပ်၏ အကျိုးတရားက အလွန်အကန့်အသတ်ရှိပေလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အလုပ်လုပ်ရန် အမှားယွင်းဆုံးသော နည်းလမ်းမှာ ပြင်ပကိစ္စများကို လုံးဝဂရုမစိုက်ဘဲ ပညာရှိတို့၏ စာပေများကို လေ့လာရန်သာ လုံးလုံးလျားလျား အာရုံစိုက်ခဲ့ကြသော ရှေးခေတ်ပညာရှင်များကဲ့သို့ တသီးတသန့်နေကာ မမြင်ကွယ်ရာတွင် အလုပ်လုပ်ခြင်း ဖြစ်သည်။ ဤသဘောထားနှင့် ဘဝနေထိုင်မှုပုံစံသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လက်မခံနိုင်စရာ ဖြစ်သည်။ သင်သည် တရားဒေသနာများကို နားထောင်ရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရင်း၊ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းဆိုင်ရာ မှတ်စုများ ရေးသားကာ တရားဒေသနာများ ရေးသားရင်း သင့်အခန်းထဲတွင် တစ်ဦးတည်းနေသော်လည်း အယူဝါဒအချို့နှင့် စကားလုံးအချို့ကို ဆည်းပူးရရှိခြင်းက သင်သည် သမ္မာတရားကို နားလည်သည်ဟု ဆိုလိုသလော။ ယင်းက သမ္မာတရားက ဖော်ထုတ်ထားသော လူတို့၏ တကယ့် အနေအထားများနှင့် စစ်မှန်သော အခြေအနေများကို သင်နားလည်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) သို့ဖြစ်၍၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်တွင် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းဆိုင်ရာ အသက်တာသည် မရှိမဖြစ် လိုအပ်သော်လည်း၊ အရေးကြီးဆုံးအရာမှာ မှန်ကန်သော အလုပ်လုပ်နည်းများနှင့် ဘဝနေထိုင်မှုပုံစံ ရှိရန် ဖြစ်သည်။
၂။ ဆိုးယုတ်သောလူများကို ချက်ချင်း တားဆီးက ကန့်သတ်ခြင်း
ဆယ့်နှစ်ခုမြောက် တာဝန်တွင် ဖော်ပြထားသော ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဒုတိယမြောက် သတ်မှတ်ချက်မှာ၊ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဖော်ထုတ်သည့်အခါ၊ ချက်ချင်းတိကျစွာ ဆုံးဖြတ်ချက်များ ချနိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် အမျိုးမျိုးသော လူများနှင့် ဖြစ်ရပ်များ၏ သဘောသဘာဝကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရန် လိုအပ်ပြီး၊ ယင်းတို့က အသင်းတော်အသက်တာအား မည်သို့ သက်ရောက်မှုရှိသည်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အခြေအနေများ၊ အသက်ဝင်ရောက်မှုနှင့် တာဝန်ထမ်းဆောင်ခြင်းတို့အား ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ရှိမရှိဟူသည်နှင့် လူတို့၏ တာဝန်ထမ်းဆောင်ခြင်း ရလဒ်များကို သက်ရောက်မှု ရှိမရှိဟူသည်တို့ကို နားလည်ရန် လိုအပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စရပ်များကို ချက်ချင်း တိကျစွာ အကဲဖြတ်ပြီး ဆန်းစစ်ရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ အကယ်၍ ၎င်းတို့တွင် ဤအတွက် စဉ်းစားဉာဏ်မရှိသည့်အပြင် မှန်ကန်သော အစွမ်းအစလည်း မရှိလျှင်၊ အသင်းတော်၏ အလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ပြတ်သားသော တုံ့ပြန်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရန် လိုအပ်သည်။ ဥပမာအားဖြင့်၊ အသင်းတော်၌ အငြင်းပွားမှုများ ပေါ်ပေါက်ပြီး အမျိုးမျိုးသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်ပေါ်သည့်အခါ၊ သင်သည် ပြဿနာကို ဖော်ထုတ်နိုင်ဘဲ ယင်းကို အရေးမပါဟု တွေးထင်လျှင်၊ ယင်းက များစွာသောလူများ ထိခိုက်ခံရပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ မထမ်းဆောင်နိုင်သည့် ရလဒ်ကို ဖြစ်ပေါ်စေသည်။ ထိုသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ထုံထိုင်းပြီး ကြောင်းကျိုးမမြင်ဖြစ်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်ပတ်သက်သည့် ပြဿနာပင် ဖြစ်သည်။ တစ်စုံတစ်ဦးက အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေသည်ကို သင်တွေ့ရှိသည့်အခါ သင်မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဆုံးအနေဖြင့်၊ သင်သည် ကိစ္စရပ်၏ လေးနက်မှုကို သေချာအောင် လေ့လာစိစစ်ရန်နှင့် ထိုသို့သောလူများ၏ အနှစ်သာရကိုလည်းကောင်း၊အသင်းတော်၏ အလုပ်နှင့် အသင်းတော်အသက်တာအပေါ် ထိုသို့သောအရာများ၏ သက်ရောက်မှုနှင့် အကျိုးဆက်များကိုလည်းကောင်း ဆန်းစစ်ပြီး အကဲဖြတ်ရန် လိုအပ်သည်။ ထိုသို့သော အကဲဖြတ်ခြင်းအတွက် အခြေခံမှာ အဘယ်အရာဖြစ်သင့်သနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေခံသင့်သည်။ အချို့လူများက “သင်က ထိုအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အဘယ်သို့ အခြေခံသနည်း။ ကျွန်ုပ်ကတော့ ဤအရာကို အနှစ်မဲ့သော စကားအဖြစ် မြင်သည်” ဟု ပြောကြသည်။ အမှန်တကယ်တွင်၊ ယင်းမှာ အနှစ်မဲ့သော စကားမဟုတ်ပေ။ ငါအဘယ်ကြောင့် ဤသို့ပြောရသနည်း။ သင်သည် ထိုသို့သောအရာများကို ကြုံတွေ့သည့်အခါ သို့မဟုတ် ယင်းတို့အကြောင်းကို မြင်သည့်အခါ သို့မဟုတ် ကြားသည့်အခါ၊ သင်သည် ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်ထားသည့် ကိစ္စရပ်များနှင့် နှိုင်းယှဉ်ကြည့်ရန်သာ လိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုသို့သော လူများနှင့် ကိစ္စရပ်များအား မည်သို့ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည်ကိုလည်းကောင်း၊ အတုအယောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအား သူမည်သို့ ဖော်ထုတ်သည် သို့မဟုတ် အမျိုးမျိုးသော လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သူမည်သို့ ဖော်ထုတ်သည်စသည့် ဤကိစ္စရပ်များအား သူမည်သို့ သတ်မှတ်သည်ကိုလည်းကောင်း ကြည့်ရှုလော့။ ထို့နောက်၊ သင်သည် ဤကိစ္စရပ်များကို ထိုနှုတ်ကပတ်တော်များအတိုင်း နှိုင်းယှဉ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးကာ၊ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့ခြင်းအပြင် သင်၏ ကိုယ်ပိုင်လေ့လာတွေ့ရှိချက်များမှတစ်ဆင့်၊ သင်မြင်ရသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် တိကျသော အကဲဖြတ်ချက်နှင့် သတ်မှတ်ချက်တစ်ခု နောက်ဆုံးတွင် ပြုလုပ်နိုင်ပြီး၊ လိုက်လျောညီထွေသောဖြေရှင်းချက်များကို ဖော်ထုတ်နိုင်သည်။ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများထဲတွင် ပါဝင်သောသူများအဖြစ် သတ်မှတ်ခံရသူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ လူတို့အား ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်အောင် ကူညီဖို့ ၎င်းတို့ကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည်သာမက၊ ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ရမည်ဖြစ်ပြီး၊ ထပ်တလဲလဲ ဆိုဆုံးမမှုများရှိလင့်ကစား ပြုပြင်မရသူများကိုမူ ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ရန်အတွက် နည်းလမ်းများနှင့် တိကျသော လုပ်နည်းကိုင်နည်းများမှာ အဘယ်နည်း။ (၎င်းတို့ကို ပြုပြင်ပြီး သတိပေးပါ။) ပြုပြင်ခြင်းသည် ကောင်းသော နည်းလမ်းတစ်ခုလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဖော်ထုတ်ခြင်း၊ ၎င်းတို့၏ အဆိုးရွားဆုံးသော ပြဿနာများကို ထောက်ပြခြင်း၊ ၎င်းတို့၏ အနှစ်သာရကို စိတ်ဖြာလေ့လာခြင်းနှင့် သတိပေးချက်များ ပေးခြင်း၊ဤသည်တို့အားလုံးမှာ ဖြစ်နိုင်ခြေရှိသော နည်းလမ်းများ မဟုတ်လော။ အရေးကြီးဆုံးအရာမှာ ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြရန်နှင့် ၎င်းတို့ကို ဖျောင်းဖျပြီး စိတ်ဖြာလေ့လာဆွေးနွေးပေးရန် အခြေခံအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်မခံဘဲ မိမိတို့၏ အမှားများကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းပယ်လျှင် ပိုမိုပြင်းထန်သော စီမံချက်များ လိုအပ်သည်။ ပထမဦးစွာ၊ ၎င်းတို့အား သတိပေးချက်တစ်ခု ပေးလော့၊ ထို့နောက် ၎င်းတို့ကို မဆင်မခြင် မကောင်းမှုများ ကျူးလွန်ပြီး ညီအစ်ကို မောင်နှမများအား နှောင့်ယှက်ခွင့် မပြုဘဲ၊ ချုပ်ချယ်ကန့်သတ်ရန် အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အသုံးပြုလော့။ ၎င်းတို့ကိုလည်း ပြုပြင်ပြီးနောက် ကြီးကြပ်သင့်သည်။ ဤနည်းလမ်းများသည် ၎င်းတို့အား မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဦးဆောင်လမ်းပြရင်း အသင်းတော်၏ အလုပ်အား ကောင်းမွန်စွာ ပြီးမြောက်စေရန်နှင့် လူတို့ကို ကယ်တင်ရန် သေချာစေဖို့အတွက်သာ လိုအပ်ပေသည်။ ဤနည်းလမ်းများကို အသုံးပြုခြင်းသည် ကောင်းသော ရလဒ်များကို သေချာပေါက် ရရှိစေလိမ့်မည်။ တစ်ဖက်တွင်၊ လူတို့နားလည်သော သမ္မာတရားကို အသုံးပြု၍ ၎င်းတို့ကို ဖျောင်းဖျပြီး ဖော်ထုတ်ကာ၊ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးပြီး၊ ၎င်းတို့ လုပ်ဆောင်ချက်များ၏ သဘောသဘာဝနှင့် ၎င်းတို့ကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသည့် အကျိုးဆက်များကို ဖော်ထုတ်လော့။ ဤသည်မှာ လူတို့ အနည်းဆုံး လုပ်ဆောင်နိုင်သည့်အရာ ဖြစ်သည်။ နောက်တစ်ဆင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ၎င်းတို့ကို စိတ်ဖြာလေ့လာပြီး ပိုင်းခြားသိမြင်ကာ၊ သင့်တော်သလို ၎င်းတို့ကို သတ်မှတ်ရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အကြံဉာဏ်ကို အလေးဂရုပြုပြီး၊ လက်ခံကာ၊ နောင်တရလျှင်၊ ယင်းက အကောင်းဆုံး ဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း၊ ၎င်းတို့သည် ထိုအရာကို လက်မခံဘဲ အသင်းတော်၏ အလုပ်ကို ဆက်လက်နှောင့်ယှက်နေလျှင်၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုအခြေအနေတွင်၊ ယဉ်ကျေးနေရန် မလိုအပ်တော့ပေ။ ဘုရားအိမ်တော်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ရှိပြီး၊ ဤအချိန်တွင်၊ ထိုလူကို ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအတိုင်း တားဆီးပြီးချုပ်ချယ်ကန့်သတ်သင့်သည်။ အကယ်၍ ထိုလူသည် သမ္မာတရားကို နားမလည်သော သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော ယုံကြည်သူအသစ်ဖြစ်လျှင်၊ ၎င်းတို့ကို မေတ္တာဖြင့် ကူညီနိုင်သည်။ သင်သည် ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိလာစေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်သည်။ သမ္မာတရားကို လက်ခံပြီး နောင်တရနိုင်သောသူများအတွက်၊ ၎င်းတို့ကို တားဆီးရန်၊ ချုပ်ချယ်ကန့်သတ်ရန် သို့မဟုတ် ပြုပြင်ရန် မလိုအပ်ပေ။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်မခံလျှင်၊ ယင်းမှာ အခြေခံအုတ်မြစ် တိမ်ခြင်း သို့မဟုတ် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုရှိပြီး သမ္မာတရားကို နားမလည်ခြင်းနှင့် မသက်ဆိုင်ပေ။ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝတွင် ရှိသော ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့သောလူများအတွက်၊ ၎င်းတို့ကို တားဆီးပြီး ချုပ်ချယ်ကန့်သတ်ရန် စီမံအုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အပြစ်ဒဏ်ကို အသုံးပြုသင့်သည်။ ရရှိလာသော အဆုံးစွန်အကျိုးတရားမှာ အသင်းတော်၏ အလုပ်နှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို ထိန်းသိမ်းခြင်းဖြစ်ပြီး၊ အသင်းတော်အသက်တာကို စနစ်ကျသည့်ပုံစဖြင့် ရှေ့ဆက်ခွင့်ပြုခြင်း ဖြစ်သည်။ ဤသည်ကို အခြေအနေများအား ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ခြင်းဟု ခေါ်ပြီး၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ မိမိတို့၏ အလုပ်တွင် ရရှိသင့်သော အကျိုးတရား ဖြစ်သည်။ ဤအကျိုးတရားကို ရရှိမှသာ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပေါ်ပေါက်လာသော မည်သည့်ပြဿနာကိုမဆို လျစ်လျူရှုပြီး၊ စကားလုံးအချို့နှင့် အယူဝါဒအချို့ဖြင့် ဝတ်ကျေတမ်းကျေ တုံ့ပြန်ရုံမျှသာ သို့မဟုတ် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူတို့အား စကားအနည်းငယ်မျှဖြင့်သာ ရိုးရှင်းသောပုံစံဖြင့် ပြစ်တင်ကြိမ်းမောင်းပြီး ပြုပြင်ရုံမျှသာ ပြုလုပ်လျှင်၊ ဤအရာက ပြဿနာကို ဖြေရှင်းနိုင်သလော။ ဤအရာက ပြဿနာကို မဖြေရှင်းနိုင်သည်သာမက၊ အသင်းတော်၌ ပိုမိုကြီးမားသော ပရမ်းပတာအခြေအနေကိုလည်း ဖြစ်စေသည်။ လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် စိတ်ဆန္ဒ ပျောက်ဆုံးသွားပြီး မတူကွဲပြားသော အတိုင်းအတာများဖြင့် နှောင့်ယှက်ခြင်းခံရကာ၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်စေသည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းပြီးပြီလော။ (မဖြည့်ဆည်းသေးပါ။) ဤအရာက ဤခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် မိမိတို့အလုပ်တွင် အရည်အချင်းမပြည့်မီသည်ကို ပြပေသည်။
၃။ ဘုရားသခင် ရွေးချယ်ထားသော လူတို့က ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး သင်ခန်းစာများ သင်ယူနိုင်ရန်အလို့ငှာ ဆိုးယုတ်သောလူတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ခြင်း
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်၏ တတိယမြောက် သတ်မှတ်ချက်မှာ ဆိုးယုတ်သော လူတို့ဖြစ်စေသည့် အနှောင့်အယှက်များနှင့် အဖျက်အမှောင့် လုပ်ခြင်းများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ သိရှိရန်နှင့် စစ်မှန်သော အပြောင်းအလဲရှိရန်အတွက် ဘုရားသခင် ရွေးချယ်ထားသော လူတို့နှင့်အတူ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သင့်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်နှင့် ဘုရားသခင်နောက်လိုက်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့အား စွမ်းဆောင်ရရှိရန် ဦးဆောင်လမ်းပြနိုင်သင့်ပေသည်။ ဤအလုပ်မျိုးသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်။ တစ်နည်းအားဖြင့် ဤသို့အလုပ်လုပ်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို ဖြေရှင်းနိုင်ကြပြီး အလုပ်လုပ်နေစဉ် သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်နိုင်ကြသည်။ ထို့အပြင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယပြုခြင်းမှတစ်ဆင့် ၎င်းတို့သည် ညီအစ်ကို မောင်နှမများအား သမ္မာတရားကို နားလည်ရန်၊ မိမိတို့ကိုယ်ကို မည်သို့ ပြန်လည်သုံးသပ်ကာ သိကျွမ်းရမည်ဆိုသည်ကို သိရှိရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်၊ လူတို့ကို မည်သို့ ပိုင်းခြားသိမြင်ကာ သဘောထားရမည်ဆိုသည်ကို သိရှိရန်၊ ဘုရားသခင်နောက်လိုက်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိရန်၊ အခြားသူများ၏ ဘောင်ခတ်ခြင်းမခံရရန်နှင့် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ရန် ကူညီကြလေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ အသင်းတော်၏ အလုပ်ကို ဆောင်ရွက်နေစဉ် ပြဿနာများကို ဖြေရှင်းခြင်းအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များက လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းဖြစ်သည်။ အသင်းတော်တွင် မည်သည့် ပြဿနာများ ထွက်ပေါ်သည်ဖြစ်စေ ဦးစွာပထမဆိုသလို ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို ရှာဖွေသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်သင့်ပြီး ဘုရားသခင်၏ လမ်းပြမှုကို အတူတကွ ရှာဖွေသင့်ကြပေသည်။ ထို့နောက်တွင် ၎င်းတို့သည် ရှိရင်းစွဲပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေသင့်သည်။ ပြဿနာများကို ဖြေရှင်းသည့် ဖြစ်စဉ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကို မောင်နှမများနှင့်အတူ ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ပိုမို မိတ်သဟာယပြုသင့်ပြီး ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ ပြဿနာများ၏ အနှစ်သာရကို နားလည်သင့်ပေသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား ဤပြဿနာများကို ပိုင်းခြားသိမြင်စေရန် ထိုသူတို့၏ ကိုယ်ပိုင်သိနားလည်မှုကိုလည်း မိတ်သဟာယပြုခိုင်းသင့်သည်။ အများစုက တူညီသည့် သိနားလည်မှုရှိကာ အများသဘောတူညီမှုကို ရရှိနိုင်သည်နှင့်တစ်ပြိုင်နက် ပြဿနာများက ဖြေရှင်းရန် ပိုမိုလွယ်ကူလာလေသည်။ ပြဿနာများကို ဖြေရှင်းရာတွင် အဖြစ်အပျက်များကို အစဉ်သဖြင့် ထပ်တလဲလဲ အသေးစိတ် ပြန်မပြောပြနှင့်၊ သို့မဟုတ် အရေးမပါသော အသေးစိတ်အချက်များကို ရရှိအောင် အားမထုတ်နှင့် သို့မဟုတ် ပြဿနာများတွင် ပါဝင်ပတ်သက်သည့် လူတစ်ဦးချင်းစီကို အပြစ်မတင်နှင့်။ ပထမဆုံးအနေဖြင့် အသေးအဖွဲ ကိစ္စများကို အာရုံမစိုက်နှင့်။ ထိုအစား ပြဿနာများ၏ သဘောသဘာဝကို ဤအရာက ထုတ်ဖော်ပြလိမ့်မည် ဖြစ်သည်နှင့်အမျှ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယပြုလော့။ ဤလုပ်နည်းကိုင်နည်းကသာ ဘုရားသခင် ရွေးချယ်ထားသောလူတို့အား ဘုရားနှုတ်ကပတ်တော်ပေါ် အခြေခံ၍ ကိစ္စရပ်များကို ပိုင်းခြားသိမြင်ရန် သင်ယူဖို့၊ ဖြစ်ပေါ်လာသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ ပိုင်းခြားသိမြင်မှု ရရှိရန်နှင့် ယင်းတို့မှ လက်တွေ့ကျသော သင်ခန်းစာများကို သင်ယူရန် ကူညီလိမ့်မည် ဖြစ်သည်။ ထိုအရာက ၎င်းတို့အား သမ္မာတရားကို အမှန်တကယ် သိနားလည်ရန် ထောက်ကူပေးလျက် ၎င်းတို့ နားလည်နေကျ စကားများနှင့် အယူဝါဒများကို လက်တွေ့ဘဝနှင့် နှိုင်းယှဉ်ခွင့်လည်း ပေးသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အရာ မဟုတ်လော။ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ခြင်းသည် အဓိကအားဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အယူအဆများ၊ စိတ်ကူးများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုခြင်း ပါဝင်သည်။ ဤလုပ်နည်းကိုင်နည်းက အကောင်းဆုံးသော ရလဒ်များကို ဖြစ်ထွန်းစေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ပို၍ အသုံးပြုနိုင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့က သမ္မာတရားကို ပို၍ လွယ်ကူစွာ နားလည်နိုင်လေလေ ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် လက်တွေ့ဘဝတွင် ဘုရားနှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီး ကျင့်သုံးရမည်ကို သိရှိလာကြလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို လက်တွေ့ကျသော ပြဿနာများ ဖြေရှင်းရန် မကြာခဏ ဦးဆောင်ပါက ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ခေါ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ထိုသူတို့၏ နေ့စဉ်အသက်တာများထဲတွင်လည်း ဘုရားနှုတ်ကပတ်တော်ကို တစ်သားတည်း ဖြစ်အောင်လုပ်နိုင်လိမ့်မည်ဖြစ်သည်။ အချို့လူများက “ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဤတောင်းဆိုချက်က အလွန်မညှာမတာ ဖြစ်လွန်းသည် မဟုတ်လော။ ကျွန်ုပ်တို့သည် ထိုမျှများသော သိနားလည်မှုကို မည်သို့ ရနိုင်မည်နည်း” ဟု ပြောဆိုကြသည်။ သင်သည် ယခင်က ထိုအရာကို မရှိခဲ့ကောင်း မရှိခဲ့နိုင်သော်လည်း ဤရလဒ်ကို စွမ်းဆောင်ရရှိရန် သင် လေ့လာပြီး လက်တွေ့လုပ်ဆောင်၍ မရနိုင်သလော။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်က ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် လေ့ကျင့်ပေးသည့် နည်းလမ်း ဖြစ်သည်။ သင် မည်သို့လုပ်ဆောင်ရမည်ကို မသိလျှင် သင် လေ့လာပြီး လက်တွေ့လုပ်ဆောင်နိုင်သည်။ မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ သင်သည် ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်နှင့် သိရှိရန် သင်ယူရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လုပ်ငန်းစဉ် ဖြစ်သည်။ အကြိမ်အနည်းငယ် လက်တွေ့လုပ်ဆောင်ပြီး ရလဒ်များ စွမ်းဆောင်ရရှိပြီးနောက်တွင် သင်သည် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိလာလိမ့်မည်။ ဘုရားသခင်သည် အမှုပြုရန် ကြွလာသောအခါ လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် သင်ယူစေဖို့ သူ ဦးဆောင်သည်မှာ ဤနည်းလမ်းဖြင့် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများနှင့် မကြာခဏ ဆက်သွယ်ပြောဆိုသင့်သည်၊ ပြဿနာများကို အတူတကွ ရင်ဆိုင်သင့်သည်၊ ပြဿနာများကို အတူတကွ ဖြေရှင်းသင့်ပြီး အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်သင့်သည်။ အသင်းတော် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို မည်သို့ ဦးဆောင်သင့်သနည်း။ အဓိက နည်းလမ်းမှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရုံမျှမက အပျက်သဘောဆောင်သည့် အရာများနှင့် အပျက်သဘောဆောင်သည့် လူများဖြစ်သော အယောင်ဆောင်ခေါင်းဆောင်များ၊ အယောင်ဆောင် အမှုဆောင်များ၊ ဆိုးယုတ်သော လူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များကိုလည်း ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ လက်တွေ့ဘဝတွင်ရှိသည့် ပြဿနာများကို ပိုင်းခြားသိမြင်ကာ ဖြေရှင်းရန်၊ လက်တွေ့ဘဝတွင် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံရန် ၎င်းတို့အား ဦးဆောင်ခြင်း ဖြစ်သည်။ လူအမျိုးမျိုးကို ပိုင်းခြားသိမြင်ခြင်း၏ ရည်ရွယ်ချက်မှာ ပြဿနာများကို ဖြေရှင်းရန် ဖြစ်သည်။ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များက ဖြစ်စေသည့် အဖျက်အမှောင့်လုပ်ခြင်းများကို အကုန်အစင် ဖြေရှင်းခြင်းအားဖြင့်သာ အသင်းတော်၏ အလုပ်သည် ချောမောစွာ တိုးတက်နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အသင်းတော်တွင် ဆောင်ရွက်ခြင်း ရှိလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ဆိုးယုတ်သော လူတို့ကို ကိုင်တွယ်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ကိုယ်တိုင် စွမ်းဆောင်ရရှိစေရန် ထောက်ကူပေးလျက် အမှားများ ပြုလုပ်ခြင်း သို့မဟုတ် မကောင်းမှု လုပ်ဆောင်ခြင်းအား ရှောင်ရှားဖို့ သတိပေးချက်တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေသည်။ ဤနည်းဖြင့် သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းသည့်အပြင် အသက်ဝင်ရောက်မှုကို ရရှိသည်သာမက သမ္မာတရားကိုလည်း နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လေသည်။ ဤသည်မှာ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ခြင်း မဟုတ်လော။ သမ္မာတရားကို သင် နားလည်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သည့်အခါ ဤအရာက သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ဖို့ အစွမ်းအစ ပိုင်ဆိုင်ကာ ဘုရားအိမ်တော်တွင် ပျိုးထောင်ခြင်းခံရဖို့အတွက် သတ်မှတ်ချက်များ ပြည့်မီကြောင်း သက်သေပြသည်။ ထို့ကြောင့် သင်သည် လက်တွေ့ဘဝတွင်ရှိသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ရန် သင်ယူရာတွင် ညီအစ်ကို မောင်နှမများကို ဦးဆောင်ပြီး လမ်းပြသင့်သည်။ သမ္မာတရား သိနားလည်မှုကို စွမ်းဆောင်ရရှိသင့်သည်။ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် လူမျိုးစုံအား မည်သို့ ဆက်ဆံရမည်ကို သိရှိသင့်သည်၊ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိသင့်သည်၊ အမျိုးမျိုးသော လူတို့ကို စည်းမျဉ်းများအတိုင်း ဆက်ဆံပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယပြုသင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်သည်။ သင်သည် ကိစ္စရပ်များကို သင်၏ ကိုင်တွယ်ပုံ၊ လူတို့ကို ဆက်ဆံပုံနှင့် သင်၏ တာဝန်များကို ထမ်းဆောင်ပုံတို့တွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ ရှိလျက် လက်တွေ့ဘဝတွင် သင်ကြုံရသည့် ကိစ္စရပ်တိုင်း၌ သင်ခန်းစားများကို သင်ယူလိမ့်မည်၊ ပိုင်းခြားသိမြင်နိုင်စွမ်းကို ရရှိကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လိမ့်မည်။ ဤနည်းဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်မှာ ထိုသို့သော ရလဒ်များကို စွမ်းဆောင်ရရှိရန် ဖြစ်သည်။ ထို့ကြောင့် မည်သည့်ကိစ္စများဖြစ်ပေါ်ပါစေ သင်သည် အစဉ်သဖြင့် သင်ခန်းစာယူရမည်ဖြစ်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရမည်။ ယင်းတို့ကို လက်လွှတ်ဆုံးရှုံး၍ မရသကဲ့သို့ သင်ခန်းစာယူဖို့နှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိဖို့ မည်သည့်အခွင့်အရေးကိုမျှ လွဲချော်၍လည်း မရပေ။ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း မှန်ကန်သည့်အတွက် ကျွန်ုပ်တို့သည် ယင်းကို အပျက်သဘောဆောင်၊ စောဒကတက်သော သဘောထားဖြင့် မချဉ်းကပ်ရပေ။ ထိုအစား အပြုသဘောဆောင်သော သဘောထားဖြင့် ထိုအရာကို ရင်ဆိုင်သင့်သည်။ ယင်းကို မည်သို့ ပြုလုပ်ရသနည်း။ ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာခြင်းအားဖြင့် ဖြစ်သည်။ လူအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး ၎င်းတို့၏ လူ့သဘာဝသည် ကောင်းသည်ဖြစ်စေ၊ ဆိုးယုတ်သည်ဖြစ်စေ ရှိနိုင်သည်၊ ထို့ကြောင့် လူတို့ စုဝေးသောအခါ ပြဿနာများသည် မည်သို့ မပေါ်ဘဲနေနိုင်မည်နည်း။ ဘုရားသခင်သည် သင့်အတွက် ဤပတ်ဝန်းကျင်ကို စီစဉ်ဖွဲ့စည်းပေးခဲ့ကြောင်း၊ သင့်အနီးတွင် ဖြစ်ပေါ်သည့်အနေဖြင့် ဤသို့သောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ဘုရားသခင်က သင့်အား ပြကြောင်းကို ထောက်ဆသော် သင်၏ သဘောထားသည် မည်သို့ ဖြစ်သင့်သနည်း။ သင့်ရှေ့တွင် ဤအမျိုးမျိုးသော ပြဿနာများကို ချပေးခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်လော့။ ဘုရားသခင်သည် သင့်အား လက်တွေ့လုပ်ဆောင်ပြီး သင်ခန်းစာများ ယူရန်နှင့် သမ္မာတရား စစ်မှန်မှုထဲ ဝင်ရောက်ရန် အခွင့်အရေးပေးနေခြင်းဖြစ်သည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် ထိုသို့သော အခွင့်အရေးကို ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးလည်း တင်သင့်သည်။ မည်သည့်ပြဿနာများကို သင် ကြုံတွေ့ရသည်ဖြစ်စေ ညီအစ်ကိုမောင်နှမများကို သင်နှင့်အတူ ပိုင်းခြားသိမြင်ရန်၊ သင်ခန်းစာများ ရယူရန်နှင့် ထိုးထွင်းသိမြင်မှုများ ရရှိရန် ဦးဆောင်ရမည်။ ထို့အပြင် ပြဿနာနှင့်စပ်လျဉ်း၍ လူတို့၌ မည်သည့်အယူအဆများနှင့် စိတ်ကူးများရှိသည်၊ မည်သည့်လွဲချော်သော အမြင်များ ဖြစ်တည်သည်၊ ဤကိစ္စရပ်ကို ကြုံတွေ့ခြင်းမှ မည်သည့်သင်ခန်းစာများ သင်ယူပြီးဖြစ်သည်၊ မည်သည့်မှားယွင်းသော အယူအဆများနှင့် အမြင်များကို ဖြေရှင်းပြီးဖြစ်သည်ဟူသည်နှင့် နောက်ဆုံးတွင် မည်သည့်သမ္မာတရားများကို နားလည်သဘောပေါက်ပြီး ဖြစ်သည်ဟူသည်တို့ကို သင်နှင့်အတူ ်ဆင်ခြင်သုံးသပ်ပြီး နားလည်ရန် ၎င်းတို့ကို သင်ဦးဆောင်ရမည်။ ဤသည်မှာ ကိစ္စတစ်ခုတလေကိုမျှ မလွတ်စေဘဲ လူတစ်ဦးက ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသင့်သည့်ပုံစံ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို နှစ်အတန်ကြာ တွေ့ကြုံခဲ့ပြီး ပြဿနာများစွာကို ဖြေရှင်းခဲ့ပြီးဖြစ်ပါက ဘုရားနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ပြီး လူတို့ကို လုံးဝသန့်စင်ပေးနိုင်ကာ စာတန်၏ စွမ်းအားမှ ကယ်တင်နိုင်သည်ကို သင်မြင်တွေ့ရလိမ့်မည်။ လူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိသောအခါ ဘုရားနှုတ်ကပတ်တော်များက လုံးဝ ဖြစ်မြောက်အောင်မြင်ပြီး ပြီးမြောက်သည်ကို ၎င်းတို့ မြင်တွေ့ရလိမ့်မည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်သောအခါ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့ဘဝများထဲသို့ တစ်သားတည်းဖြစ်အောင် လုပ်နိုင်လိမ့်မည်။ လူများနှင့် ကိစ္စရပ်များကို ရှုမြင်ရန် ဘုရားနှုတ်ကပတ်တော်ကို မှန်ကန်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းတို့မြင်တွေ့သည့်အရာ သို့မဟုတ် ၎င်းတို့၏ ခံစားချက်များအပေါ် အားကိုးခြင်း၊ အယူအဆများနှင့် စိတ်ကူးများအပေါ် သေချာပေါက် အားကိုးခြင်းတို့ထက် လူများနှင့် ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံးကို ဘုရားနှုတ်ကပတ်တော်ဖြင့် တိုင်းတာနိုင်လိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဤသင်ခန်းစာများကို သင်ယူပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အတွက် ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ရန် ပိုမိုလွယ်ကူလာပြီး ဘုရားသခင်၏ မျက်မှောက်တော်တွင် မကြာခဏ အသက်ရှင်နိုင်ကြသည်။ ဤနည်းအားဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် လုံးဝ စံနှုန်းပြည့်မီပြီး ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းစွာ ဖြည့်ဆည်းပြီးဖြစ်လေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ အလုပ်ကို စေ့စေ့စပ်စပ် လုပ်ဆောင်သည့်အခါမှသာ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဤအကျိုးကျေးဇူးများကို စွမ်းဆောင်ရရှိနိုင်ကြပေသည်။ သင်ကြုံတွေ့ရသည့် အခြေအနေများစွာတွင် သင်သည် ညီအစ်ကိုမောင်နှမများအား သင်ခန်းစာများ သင်ယူရန် မည်သို့ဦးဆောင်ရမည်ကို မသိသည့်အပြင် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မပိုင်းခြားနိုင်ပါက သင်သည် ဝိညာဉ်မျက်စိကန်းသူ၊ တုံးအပြီး ဉာဏ်ထိုင်းသော နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦး ဖြစ်သည်။ ထိုသို့သောအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် ထိုအရာများကို မည်သို့ကိုင်တွယ်ရမည်ကို မသိသည့်အပြင်၊ ဤအလုပ်အတွက် အရည်အချင်းမပြည့်မီဘဲ အလွန်အမင်း စိတ်ရှုပ်ထွေးနေလိမ်မည်ဖြစ်သည်သာမက ယင်းသည် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်ဆိုင်သည့် ညီအစ်ကိုမောင်နှမများ၏ တွေ့ကြုံမှုကိုလည်း ထိခိုက်စေလိမ့်မည်။ သင်သည် အမှုအရာများကို မမှန်မကန်ကိုင်တွယ်လျှင်၊ မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်လျှင်၊ သင်မိတ်သဟာယဖွဲ့သင့်သည့် သမ္မာတရားကို တစ်လုံးတစ်ပါဒမျှ မပြောဆိုသည့်အပြင် အခြားသူများအတွက် အကျိုးရှိသော သို့မဟုတ် တည်ဆောက်စရာဖြစ်သော မည်သည့်အရာကိုမျှ မပြောနိုင်လျှင် လူများစွာတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရင်ဆိုင်ရသောအခါ ဤကိစ္စရပ်များကို ဘုရားသခင်ထံမှ ခံယူရန်၊ ယင်းတို့ကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ သဘောထားပြုမူရန်နှင့် ယင်းတို့ထံမှ သင်ခန်းစာများ သင်ယူရန် ပျက်ကွက်လိမ့်မည်သာမက ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများနှင့် သတိထားရှောင်ကြဉ်မှုသည် သာ၍ပင် ဆိုးရွားလာလိမ့်မည်ဖြစ်ပြီး သူ့အပေါ် ၎င်းတို့၏ မယုံကြည်မှုနှင့် သင်္ကာမကင်းဖြစ်ခြင်းတို့သည်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်ခြင်း၏ အကျိုးဆက် မဟုတ်လော။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်သည့် လက္ခဏာတစ်ရပ် မဟုတ်လော။ သင်သည် အသင်းတော်အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ပေ၊ ဘုရားသခင်က သင့်အား ပေးအပ်ခဲ့သည့် တာဝန်ပေးစေခိုင်းချက်ကို မပြီးမြောက်ခဲ့ပေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့သည့်အပြင်၊ ညီအစ်ကိုမောင်နှမများကို စာတန်၏ အာဏာအောက်မှ ဦးဆောင်ခေါ်ထုတ်ခဲ့ခြင်းမရှိပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများအတွင်းတွင် အသက်ရှင်နေကြဆဲဖြစ်သည်။ သင်သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးနေစေသည် မဟုတ်လော။ သင်သည် လူတို့ကို အလွန်အမင်း နစ်နာစေခြင်းပင်တည်း။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် ညီအစ်ကိုမောင်နှမများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သမ္မာတရားကို နားလည်သဘောပေါက်မှု စွမ်းဆောင်ရရှိရန်နှင့် ၎င်းတို့၏ တာဝန်များကို စည်းမျဉ်းများဖြင့် ထမ်းဆောင်ရန်အတွက် ဘုရားနှုတ်ကပတ်တော်များကို စားသောက်စေကာ ထိုသို့ဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းကို တိုးပွားစေရန် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သင် လက်ခံသင့်သည်။ သင်သည် ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်သာမက ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို ထိခိုက်နစ်နာစေလျက် ဆိုးယုတ်သောလူတို့ ဖြစ်စေသည့် နှောင့်ယှက်ခြင်းများကိုလည်း ချုပ်ချယ်ကန့်သတ်ခြင်း သို့မဟုတ် ဖြေရှင်းခြင်း မရှိခဲ့ပေ။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက် ၎င်းတို့သည် တိုးတက်မှု မဖြစ်စေခဲ့သည့်အပြင် သမ္မာတရားကို နားမလည်ခြင်း သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ သိကျွမ်းခြင်း မရရှိခဲ့သည်သာမက စစ်မှန်သည့် ကျိုးနွံနာခံခြင်း တစ်စက်မျှ မရှိဘဲ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများစွာကိုပင် ဖြစ်ပေါ်ခဲ့သည်။ သို့ဆိုလျှင် သင်လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် အမှန်တကယ်တွင် ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေခြင်း မဟုတ်လော။ သင်သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ခြင်းမရှိခဲ့သည်သာမက သို့မဟုတ် ၎င်းတို့ကို ကာကွယ်ခြင်း မရှိခဲ့သည်သာမက ထိုအစား ၎င်းတို့အား ဆိုးယုတ်သောလူတို့၏ နှောင့်ယှက်ခြင်းကို ခံရစေပြီး အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရစေခဲ့သည်။ သင်သည် သင်၏လူတို့ကို ထိခိုက်နစ်နာစေပြီး ရန်သူကို ကျေနပ်အားရစေသည့်အရာများအား လုပ်ဆောင်ခဲ့သည် မဟုတ်လော။ သင်သည် မကောင်းမှုကို ကူညီကာ အားပေးအားမြှောက်ပြုနေသည် မဟုတ်လော။ သင်သည် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခဲ့သော်လည်း အပြုသဘောဆောင်သော ရလဒ်များကို စွမ်းဆောင်ရရှိရန် ပျက်ကွက်ခဲ့သည်သာမက ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်အကြား အလှမ်းဝေးမှုကို သာ၍ပင် ကြီးမားစေခဲ့ပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သမ္မာတရားကို နားလည်ခြင်းမရှိဘဲ သို့မဟုတ် ဆိုးယုတ်သောလူတို့၏ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မည်သို့ပိုင်းခြားသိမြင်ရမည်ကို မသိဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်စေကာ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤသည်မှာ မကောင်းမှုများစွာကို ကျူးလွန်နေခြင်း မဟုတ်လော။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ မဆောင်ရွက်နိုင်သည့်အပြင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီး ပြဿနာများကို မဖြေရှင်းနိုင်လျှင် ၎င်းတို့၏ အကျိုးသက်ရောက်မှုသည် ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ အနည်းငယ်သော လူမျှသာဖြစ်စေ မဟုတ်ဘဲ ထိုထက် ကျော်လွန်လိမ့်မည်။ ယင်းသည် အသင်းတော်၏ အလုပ်၊ အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသော လူအားလုံး၏ အသက်ဝင်ရောက်မှု၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့က မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ ရလဒ်များ၊ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ ရလဒ်များနှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့က ကယ်တင်ခြင်းခံရပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းခံရနိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ်ကိုပင် သက်ရောက်မှုရှိနိုင်သည်။ ဤသည်တို့မှာ ယင်းက သက်ရောက်မှုရှိနိုင်သည့် နယ်ပယ်အားလုံး ဖြစ်သည်။ အချို့လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့နောက် လိုက်ကြရာ ရလဒ်အနေဖြင့် ၎င်းတို့၏ ပျက်စီးခြင်း ဖြစ်ပေါ်လေသည်။ ယင်းမှာ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့၏ အထင်အမြင်မှားသွားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံကြရပြီး အကျိုးဆက်အနေဖြင့် ဘုရားသခင် ပြန်ကြွလာသည့်အခါ သူ့ကို ကြိုဆိုရန် ပျက်ကွက်ကာ ကပ်ဘေးထဲသို့ ကျရောက်သွားကြသည့် ဘာသာတရားထဲက လူများကဲ့သို့ပင် ဖြစ်သည်။ ဤသည်တို့အားလုံးမှာ လက်တွေ့ပြနိုင်သည့် မှန်သောအရာ ဖြစ်သည်။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ကို ပိုင်းခြားသိမြင်နိုင်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုအတွက် အလွန်အမင်း အကျိုးရှိပေသည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်က ၎င်းတို့ကို အရေးအကြီးဆုံးသော အလုပ်သုံးခုကို လုပ်ဆောင်ရန် တောင်းဆိုသည်။ ပထမဆုံးအနေဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်တွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရှာဖွေဖော်ထုတ်ရမည်။ ဒုတိယအနေဖြင့် ယင်းတို့ကို ပိုင်းခြားသိမြင်ကာ စရိုက်လက္ခဏာ သရုပ်ဖော်ပြီးနောက် ၎င်းတို့သည် ဆိုးယုတ်သောလူတို့ကို ချက်ချင်း တားဆီးပြီး ချုပ်ချယ်ကန့်သတ်ရမည်။ ဤသည်မှာ ဒုတိယအဆင့် ဖြစ်သည်။ တတိယအနေဖြင့် ဆိုးယုတ်သောလူတို့ကို တားဆီးပြီး ချုပ်ချယ်ကန့်သတ်ကာ အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နေစဉ် ၎င်းတို့သည် ဆိုးယုတ်သောလူတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရန် ညီအစ်ကိုမောင်နှမများနှင့်အတူ ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ မိတ်သဟာယပြုရမည်ဖြစ်ပြီး ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ ညီအစ်ကိုမောင်နှမများ၏ တုံ့ပြန်မှုများနှင့် သိနားလည်မှုများကို အနီးကပ်စောင့်ကြည့်ကာ ၎င်းတို့၌ရှိသော မည်သည့်မမှန်ကန်သည့် အမြင်များကိုမဆို ချက်ချင်း ပြုပြင်ပေးရမည်။ သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမအချို့တွင် ထိုးထွင်းသိမြင်မှုများ ရှိပါက ၎င်းတို့ကို ပိုမိုမိတ်သဟာယပြုရန် အားပေးသင့်သည်မှာ ပြောစရာမလိုပေ။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အားနည်းသူများ သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှု နုနယ်သူများကိုလည်း ကူညီသင့်ပြီး စကားပိုမိုပြောဆိုရန် ၎င်းတို့ကို အားပေးသင့်သည်။ လူများနှင့် ကိစ္စရပ်များကို ပိုင်းခြားသိမြင်ရန် သင်ယူလျက် ရည်ရွယ်ထားသည့် ရလဒ်မှာ ဖြစ်ပွားသည့် ဖြစ်ရပ်များမှ ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိရန်နှင့် သင်ခန်းစာများ ယူရန်အတွက် ညီအစ်ကိုမောင်နှမများကို ကူညီရန် ဖြစ်သည်။ လူများနှင့် ကိစ္စရပ်များကို ပိုင်းခြားသိမြင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား လူအမျိုးအစားအမျိုးမျိုးကို တိကျမှန်ကန်စွာ နားလည်စေရန်နှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မှန်ကန်သော နည်းလမ်းများကို အသုံးပြု၍ ထိုလူတို့အား ဆက်ဆံစေရန်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိမိတို့ကိုယ်တိုင်လည်း သင်ခန်းစာများ ယူစေရန် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်သင်ခန်းစာများကို ယူသင့်သနည်း။ ဘုရားသခင်က ၎င်းတို့၏ အခြေအနေများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ဖော်ထုတ်သောအခါ ဤလူတို့အပေါ် သူ၏ သဘောထားက အဘယ်အရာဖြစ်သည်ကို ၎င်းတို့ စောင့်ကြည့်လေ့လာသင့်သည်။ ဤလူတို့အပေါ် ဘုရားသခင်၏ သဘောထားကို သိရှိခြင်းက လူတစ်ဦးအနေဖြင့် မည်သည့်လူစားမျိုး ဖြစ်သင့်သည်၊ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းသင့်သည် ဟူသည်တို့ကို ပိုမိုရှင်းလင်းစေသည် မဟုတ်လော။ (ဟုတ်ပါသည်။) တိုတိုပြောရလျှင် စွမ်းဆောင်ရရှိရမည့် နောက်ဆုံးရလဒ်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် လက်တွေ့ဘဝ ပတ်ဝန်းကျင်များတွင် သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်၊ ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ရန်နှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ဖြစ်သည်။ ဤနည်းအားဖြင့် အသင်းတော်အလုပ်နှင့်ဆိုင်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စွမ်းဆောင်ရည်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီလိမ့်မည်။ ဤအလုပ်ကို ဆောင်ရွက်ခြင်း၏ အဆင့်သုံးဆင့်မှ အကဲဖြတ်ရလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ခက်ခဲသလော။ (မခက်ခဲပါ။) လူ၏ ကြင်နာမှုနှင့် အစွမ်းအစကို အားကိုးပါက ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အနည်းငယ် ခက်ခဲပင်ပန်းနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင် တောင်းဆိုသည့် ရလဒ်ကို စွမ်းဆောင်ရရှိလိမ့်မည် မဟုတ်သည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စစ်မှန်သော တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူ့စိတ်သဘောထားများကို အားကိုးလျှင် ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) တိတိကျကျပြောရလျှင် ဤအလုပ်ကို လုပ်ဆောင်ရန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မှီခိုအားကိုးခြင်းသည် သင်၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်း ပြုမူခြင်းကို ဆိုလိုသည်။ ဤအရာက မည်သည့်အရာကို ဖြစ်ပေါ်စေမည်နည်း။ (အသင်းတော်တွင် ပရမ်းပတာအခြေအနေကို ဖြစ်စေပါလိမ့်မည်။) ဤသည်မှာ အကျိုးဆက်တစ်ခုဖြစ်သည်။ သင်အလုပ်လုပ်လေ အမှုအရာများ ပိုမိုပရမ်းပတာဖြစ်လာလေ ဖြစ်လာခြင်းဖြစ်သည်။ ပရမ်းပတာအခြေအနေဟူသည် အဘယ်နည်း။ ပရမ်းပတာအခြေအနေ၏ တိကျသော အခြေအနေများမှာ အဘယ်နည်း။ ယင်းမှာ စုဝေးပွဲများအတွင်းတွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း မစားသောက်နိုင်ခြင်း သို့မဟုတ် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ခြင်း ဖြစ်သည်။ အနှောင့်အယှက်များကို ဖြစ်စေသည့် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများ အစဉ်သဖြင့် ရှိနေသည်၊ သို့မဟုတ် လူတိုင်းက မိမိတို့၏ ကိုယ်ပိုင်အမြင်များကို ဖက်တွယ်ထားပြီး အုပ်စုဖွဲ့ကာ ဂိုဏ်းဂဏများနှင့် အုပ်စုများဖွဲ့လျက် အဆက်မပြတ် အငြင်းပွားမှုများ ရှိနေသည်၊ ညီအစ်ကိုမောင်နှမများတွင် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး မည်သည့်အရာလုပ်ဆောင်ရမည်ကို မသိဖြစ်နေကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပြီး သမ္မာတရားကို ချစ်သောသူများလည်း နှောင့်ယှက်ခြင်းခံရကာ ၎င်းတို့၏ အသက်တာ ကြီးထွားခြင်းမရှိပေ။ ထိုသို့သော အသင်းတော်တစ်ခုတွင် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများက လုံးဝ အာဏာစွဲကိုင်ပြီး သန့်ရှင်းသောဝိညာဉ်တော် အလုပ်မလုပ်ပေ။ ထိုသို့သော အသင်းတော်တစ်ခုတွင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ လူတို့သည် မှန်ကန်သော အမြင်ရှုထောင့်များ ပြောဆိုခြင်း မရှိသလောက်နီးပါးဖြင့် အမျိုးမျိုးသော အမြင်များကို ဖော်ပြလျက် အားလုံးက တစ်ပြိုင်နက်တည်း ပြောဆိုနေကြသည်။ အသင်းတော်သည် ဂိုဏ်းများစွာအဖြစ်သို့ လျင်မြန်စွာ ကွဲထွက်သွားသည်၊ လူတို့အကြားတွင် စည်းလုံးညီညွတ်မှု မရှိ၊ ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် သို့မဟုတ် လမ်းပြမှု၏ လက္ခဏာတစ်ရပ်မျှ မရှိပေ။ လူတို့သည် တစ်ဦးကိုတစ်ဦး သတိထားရှောင်ကြပြီး သံသယဖြင့် ရှုမြင်ကြသည်၊ အုပ်စုနှစ်စု သို့မဟုတ် သုံးစုက အာဏာနှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ကြသည်။ လူတိုင်းက ကိုယ့်မဟာမိတ်ကိုယ်ရှာဖွေကြပြီး သဘောထားကွဲလွဲသူတို့ကို တိုက်ခိုက်ကာ ဖယ်ကြဉ်ကြသည်။ ပြီးလျှင် ဒုစရိုက်အမှုမျိုးစုံကို ကျူးလွန်ကောင်း ကျူးလွန်နိုင်သည်။ ဤသည်မှာ ပရမ်းပတာဖြစ်သော အခြေအနေပင် ဖြစ်သည်။ ဤအခြေအနေသည် မည်သို့ ဖြစ်ပေါ်လာရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် မဟုတ်လော။ (ဟုတ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့်အညီ အလုပ်လုပ်ခြင်းသည် ဤအကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ မိမိ၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်း အလုပ်လုပ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားကို နားမလည်ခြင်း၊ စည်းမျဉ်းများ ကင်းမဲ့ခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူ့အယူအဆများ၊ စိတ်ကူးများကို အခြေခံ၍ ကြောင်းကျိုးမမြင်ဘဲ ပြုမူခြင်းကို ဆိုလိုပြီး အသင်းတော်တွင် သာ၍ပင် ပရမ်းပတာဖြစ်သော အခြေအနေသို့ ဦးတည်စေသည်။ အချို့လူများက “အသင်းတော်ထဲတွင် ဆိုးယုတ်သောလူများက အဘယ်သို့ဖြစ်ပြီး နှောင့်ယှက်မှုများကို ဖြစ်စေနိုင်ရသနည်း။ မည်သူမှန်သည်၊ မည်သူမှားသည်၊ မည်သည့်ဘက်တွင် ရပ်တည်ရမည်ကို ကျွန်ုပ်မသိပါ” ဟု ပြောကောင်းပြောနိုင်သည်။ အခြားသူများက “အသင်းတော်သည် ဂိုဏ်းများစွာ ကွဲနေသည်။ ကျွန်ုပ်တို့သည် အသင်းတော်အသက်တာကို မည်သို့ အသက်ရှင်ရမည်နည်း။ စုဝေးပွဲတိုင်းက အကျိုးမဖြစ်ထွန်းသည့်အပြင် အချိန်ဖြုန်းခြင်း ဖြစ်သည်။ ဤသို့ ဆက်လက် ယုံကြည်ခြင်းက မည်သည့်ရလဒ်မျှ ဖြစ်ထွန်းစေမည် မဟုတ်ပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့က အသင်းတော်အသက်တာကို အသက်မရှင်နိုင်လောက်အောင် အသင်းတော်တစ်ခုသည် ပရမ်းပတာဖြစ်လာသောအခါ ယင်းသည် ဘုရားသခင်၏ လုံးဝ ပစ်ပယ်ခြင်းကို ခံရသည်။ ဤအရာက ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများက အာဏာစွဲကိုင်သရွေ့ အသင်းတော်ကို ၎င်းတို့ ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း သိသာထင်ရှားစွာ ပြသသည်။ အသင်းတော်သည် လူကောင်းများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများက ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် မရှိဘဲ မလည်ပတ်နိုင်ပေ။ ၎င်းတို့မရှိလျှင် အမှုအရာများကို ထိန်းချုပ်ထားရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ချုပ်ချယ်ကန့်သတ်ခြင်း မရှိပါက အသင်းတော်အသက်တာ ရှိလိမ့်မည်မဟုတ်သည့်အပြင် အသင်းတော်၏ ပုံမှန်အစီအစဉ်သည် ကမောက်ကမအခြေအနေအဖြစ်သို့ ပြောင်းလဲလျက် လုံးဝ ပျက်စီးသွားလိမ့်မည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ အလုပ်များကို ကောင်းမွန်စွာ မလုပ်ဆောင်သည့်အခါ ဖြစ်ပေါ်သည့် ရလဒ် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက သမ္မာတရားကို လက်မခံနိုင်လျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားနိုင်လျှင်၊ သို့မဟုတ် ဘုရားသခင်ကို အားမကိုးနိုင်လျှင် အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်တွင် ပေါ်ပေါက်သည့် မည်သည့်ပြဿနာများကိုမဆို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူတို့ ရင်ဆိုင်ရသည့် မည်သည့်အခက်အခဲများကိုမဆို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အာဏာစွဲကိုင်ပါက ကောင်းသော ရလဒ်များကို ဖြစ်ပေါ်စေနိုင်သလော။ ယင်းတို့သည် အသင်းတော်သို့ ပရမ်းပတာအခြေအနေကိုသာ ယူဆောင်လာနိုင်သည်။ နောက်ဆုံးတွင် ဤသည်မှာ ပေါ်ပေါက်လာသည့် အခြေအနေမျိုး ဖြစ်သည်။ ထို့နောက်တွင် ဤအသင်းတော်သည် ပျက်စီးခြောက်ကပ်သည့်၊ စာတန်က အာဏာစွဲကိုင်သည့် နေရာတစ်ခု ဖြစ်လာသည်။ ယင်းသည် အခြားအရာတစ်ခုအဖြစ်သို့ ယိုယွင်းပျက်စီးသွားသည်။ ဘုရားသခင်သည် ဤအသင်းတော်ကို အသိအမှတ်ပြုလိမ့်မည်မဟုတ်သည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း ဤအသင်းတော်ထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်ပေ။ ထိုသို့သော အသင်းတော်သည် နာမည်ခံမျှသာဖြစ်ပြီး ပိတ်သိမ်းခံရသင့်သည်။
ဆယ့်နှစ်ခုမြောက် တာဝန်နှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
၁။ အယောင်ဆောင် ခေါင်းဆောင်များသည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ၏ ပြဿနာများကို မဖော်ထုတ်နိုင်ကြပေ
ဤသည်တို့မှာ ဆယ့်နှစ်ခုမြောက် တာဝန်တွင် ဖော်ပြထားသည့်အတိုင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်များ ဖြစ်သည်။ ယခုတွင် ငါတို့သည် တိကျသော နောက်ထပ် ဥပမာတစ်ခုတလေကို မိတ်သဟာယဖွဲ့မည် မဟုတ်။ ယနေ့ မိတ်သဟာယ၏ အဓိကအကြောင်းအရာမှာ အယောင်ဆောင် ခေါင်းဆောင်များက ဤအလုပ်များကို ဆောင်ရွက်နေစဉ် ၎င်းတို့၏ တိကျသော သရုပ်သကန်များကို ဖော်ထုတ်ရန်နှင့် မည်သည့်အပြုအမူများက အယောင်ဆောင် ခေါင်းဆောင်များ၏ အနှစ်သာရကို ထင်ဟပ်စေပြီး လူတစ်ဦးကို ထိုသို့သောသူအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ဖို့ အသုံးပြု၍ရသည်ကို ဖော်ထုတ်ရန် ဖြစ်သည်။ ဤသည်မှာ ယနေ့ မိတ်သဟာယ၏ အဓိကအကြောင်းအရာ ဖြစ်သည်။ ပထမဆုံးအနေဖြင့် ဤအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် တောင်းဆိုချက်မှာ ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း ရှာဖွေဖော်ထုတ်ရန် ဖြစ်သည်။ ချက်ချင်း ရှာဖွေဖော်ထုတ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လိုအပ်သော စံသတ်မှတ်ချက်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ရာ ဖြစ်ပေါ်သည့်အခါတိုင်း ဆိုးယုတ်သော လူများ စတင်၍ ပရိယာယ်များခြင်း သို့မဟုတ် တစ်စုံတစ်ဦးက ပြဿနာရှာသည့် လက္ခဏာများ ပြလာခြင်းကဲ့သို့သော မကောင်းမှု၏ အရိပ်အယောင်တစ်ခုမျှ စတင်ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို ခံစားသိရှိပြီး နိုးကြားသင့်သည်။ ၎င်းတို့သည် တုံးအပြီး ဉာဏ်ထိုင်းနေပါက ယင်းသည် ပြဿနာဖြစ်စေလိမ့်မည်။ အထူးသဖြင့် ဆိုးယုတ်သောလူများက နှောင့်ယှက်မှုများ ဖြစ်စေသည့် အခြေအနေများတွင် ဤပြဿနာ စတင်ပေါ်ပေါက်လာပြီး ဤလူတို့က အတိအကျ မည်သည့်အရာကို လုပ်ဆောင်ရန် ရည်ရွယ်သည် သို့မဟုတ် အခြေအနေက မည်သို့ဖြစ်ပေါ်မည်ကို မရှင်းလင်းသေးသည်နှင့်တစ်ပြိုင်နက် ဆိုလိုသည်မှာ ဤကိစ္စကို ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုးထွင်းမမြင်နိုင်သေးသည့်အခါ ထင်မြင်ယူဆချက်လွဲခြင်းကို ရှောင်ရှားရန်အလို့ငှာ ၎င်းတို့သည် ကြောင်းကျိုးမမြင်ဘဲ ပြုမူခြင်းကို သို့မဟုတ် ဤလူတို့ကို အချိန်မတိုင်မီ သတိပေးနှိုးဆော်ခြင်းကို မပြုသင့်ပေ။ သို့သော်လည်း ဤသည်မှာ အခြေအနေကို သတိမပြုမိခြင်းနှင့် မသိရှိခြင်းကို မဆိုလိုပေ။ ထိုအစား ယင်းမှာ အမှုအရာများ မည်သို့ဖြစ်ပေါ်သည်ဟူသည်နှင့် ဤလူတို့၏ ရည်ရွယ်ချက်များ၊ ပန်းတိုင်များနှင့် စေ့ဆော်မှုများက အဘယ်အရာဖြစ်သည်ကို မြင်တွေ့ရန် စောင့်ဆိုင်းပြီး စောင့်ကြည့်လေ့လာခြင်းကို ဆိုလိုသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အလုပ် ဖြစ်သည်။ အခြေအနေသည် အတိုင်းအတာတစ်ခုအထိ တိုးတက်ပြောင်းလဲလာပြီး ဤလူတို့က အပျက်သဘောဆောင်ခြင်းကို ပွင့်အံချကာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ဖြန့်ဝေလျက် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား နှောင့်ယှက်မှုများ ဖြစ်စေသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များက ချက်ချင်း အရေးတယူ ဆောင်ရွက်သင့်သည်။ ၎င်းတို့သည် ဤပုဂ္ဂိုလ်များ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ချုပ်ချယ်ကန့်သတ်ရန်၊ အခြားသူများကို သင်ခန်းစာများ ယူစေပြီး ဆိုးယုတ်သောလူတို့ကို ပိုင်းခြားသိမြင်ကာ ထိုးထွင်းမြင်စေရန် ကူညီဖို့ မဆိုင်းမတွ ထရပ်သင့်သည်။ ဤသည်မှာ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျမှန်ကန်စွာ ရှာဖွေဖော်ထုတ်ခြင်း၏ ဖြစ်စဉ် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအလုပ်ကို လုပ်ဆောင်နေခြင်းအတွက် ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအလုပ်၏ အဓိကပန်းတိုင်မှာ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရှာဖွေဖော်ထုတ်ရန်၊ ထို့နောက် ယင်းတို့ကို ချက်ချင်း ဖြေရှင်းရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် ဤအလုပ်တွင် အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များမှာ အဘယ်နည်း။ ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များကို မည်သို့ စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်နိုင်သနည်း။ သိသာထင်ရှားစွာပင် အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်၏ အလုပ်အပေါ် ဆိုးယုတ်သောလူတို့ ဖြစ်စေသည့် နှောင့်ယှက်ခြင်းများကို ချက်ချင်း တိကျမှန်ကန်စွာ မဖော်ထုတ်နိုင်ကြပေ။ ဤသည်မှာ အသင်းတော်အလုပ်ကို အယောင်ဆောင် ခေါင်းဆောင်များ ဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် အထင်ရှားဆုံးသော ပြဿနာ ဖြစ်သည်။ ၎င်းတို့တွင် အသင်းတော်၏ အလုပ်အပေါ် ဆိုးယုတ်သောလူတို့ ဖြစ်စေသည့် နှောင့်ယှက်ခြင်းများနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ပြဿနာများကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိ သို့မဟုတ် ပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းမြင်နိုင်ခြင်းမရှိဟု အဘယ်ကြောင့် ဆိုရသနည်း။ အချို့လူတို့၏ လုပ်ရပ်များသည် အသင်းတော်၏ အလုပ်အတွက် သိသာထင်ရှားစွာပင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်သော်လည်း အယောင်ဆောင် ခေါင်းဆောင်များသည် ပြဿနာများကို မပိုင်းခြားနိုင် သို့မဟုတ် မသိမြင်နိုင်ပေ။ ၎င်းတို့သည် ကြောင်းကျိုးမမြင်ကြပေ။ အချို့လူများသည် အသင်းတော်တွင် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အခြားသူတို့ကို အထင်အမြင်မှားစေကာ နှောင့်ယှက်ကြသည်။ အခြားသူများမှာ လျှို့ဝှက်စွာ မသမာသော လုပ်ရပ်များတွင် ပါဝင်လျက်၊ အချို့သော ပုဂ္ဂိုလ်များကို ၎င်းတို့၏ နောက်ကွယ်တွင် မကြာခဏ ဝေဖန်ကြလျက် အုပ်စုများဖွဲ့ကြသည်။ အချို့မှာမူ အချင်းချင်း မဆင်မခြင် သွေးဆောင်ဖြားယောင်းပြီး ပရောပရည်လုပ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာများကို မမြင်ယောင်ဟန်ဆောင်ကြသည်။ ၎င်းတို့သည် ဤပြဿနာများ၏ ဆိုးရွားမှုကိုလည်းကောင်း၊ ဤပြဿနာများ မဖြေရှင်းဘဲရှိပါက လူမည်မျှတို့၏ သမ္မာတရား လိုက်စားခြင်းနှင့် တာဝန် ထမ်းဆောင်ခြင်းတို့သည် ထိခိုက်မည်ကိုလည်းကောင်း၊ မည်သည့်အကျိုးဆက်များ ဖြစ်စေမည်ကိုလည်းကောင်း မသိကြသဖြင့် ယင်းတို့ကို လျစ်လျူရှုထားကြသည်။ အချို့လူများက ပြဿနာများကို သတိပြုမိပြီး အယောင်ဆောင် ခေါင်းဆောင်တစ်ဦးထံ တိုင်ကြားသောအခါ ထိုအယောင်ဆောင် ခေါင်းဆောင်က “သူတို့အားလုံးသည် ညီအစ်ကိုမောင်နှမများချည်းသာ ဖြစ်သည်။ မည်သူက ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကို မထုတ်ဖော်ဘဲ နေသနည်း။ မည်သူက စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများ မရှိဘဲ နေသနည်း။ တခြားသူများကို ပေါ့ပေါ့ဆဆ မဝေဖန်နှင့်၊ ပြစ်တင်ရှုတ်ချမနေနှင့်” ဟု ပြောကောင်းပြောနိုင်သည်။ အသင်းတော်တွင် တစ်စုံတစ်ခုသည် မည်မျှပင် အဓိပ္ပာယ်မရှိသည်ဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ သို့မဟုတ် သမ္မာတရားနှင့် ဆန့်ကျင်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များက ယင်းကို တကယ်ပင် မမြင်ကြပေ။ အချို့လူများသည် စုဝေးပွဲများအတွင်းတွင် “ဘုရားသခင်၏နေ့ရက် နီးပြီဟု သူတို့ ပြောမြဲပြောနေကြသည်။ မည်သည့်အချိန်တွင် အမှန်တကယ် ရောက်လာမည်နည်း” ဟူသကဲ့သို့သော အရာများကို ပြောဆိုလျက်၊ အမြဲတစေ အပျက်သဘောဆောင်စွာ ပြောဆိုကြသည်။ အချို့ညီအစ်ကိုမောင်နှမများသည် မသိလိုက်ဘဲ ဤအရာ၏ သက်ရောက်မှုကို ခံရသော်လည်း အယောင်ဆောင် ခေါင်းဆောင်၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် ယင်းကို ပုံမှန်အားနည်းခြင်းဟု မှတ်ယူပြီး ယင်းမှာ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် အခြားသူတို့ကို နှောင့်ယှက်ခြင်းဖြစ်သည်ဟု မမြင်နိုင်ကြပေ။ အချို့ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သိသာထင်ရှားစွာပင် ထိခိုက်ခြင်းခံရသည်။ ၎င်းတို့သည် ဧဝံဂေလိတရားဟောလိုခြင်း မရှိတော့သည့်အပြင် စုဝေးပွဲများကို အပြုသဘောဆောင်စွာ သို့မဟုတ် တက်ကြွစွာ မပါဝင်တော့ပေ။ စုဝေးပွဲတစ်ခု ရှိသည့်အခါတိုင်း ၎င်းတို့ကို တက်ရောက်ရန် ဆင့်ခေါ်ရသည်။ သို့တိုင် အယောင်ဆောင် ခေါင်းဆောင်က ဤသည်ကို ပြဿနာတစ်ခုအဖြစ် မမြင်ပေ။ ဤပြဿနာ ပေါ်ပေါက်လာသောအခါ အသင်းတော်ရှိ လူတိုင်းအကြားတွင် မည်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်သည်ကို ၎င်းတို့ သတိမပြုမိကြပေ။ ၎င်းတို့သည် နောက်ကွယ်တွင် မည်သည့်အရာဖြစ်နေသည်၊ လူတို့၏ အခြေအနေများတွင်ရှိသည့် အပြောင်းအလဲများ၊ လူတို့၌ မည်သည့် ပြဿနာများရှိသည်၊ မည်သူက ထိုပြဿနာများကို ဖြစ်စေခဲ့သည်၊ ပြဿနာ၏ လက်သည်က မည်သူဖြစ်သည်၊ ပြဿနာများက မည်သူ့ထံမှ အစပြုခဲ့သည်၊ ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများမှာ အတိအကျ အဘယ်အရာဖြစ်သည်ဟူသည်တို့ကို သတိမမူမိဘဲ လုပ်ရိုးလုပ်စဉ်တစ်ခုအနေဖြင့် စုဝေးပွဲများကို အလိုအလျောက် ကျင်းပရုံသာ ကျင်းပသည်။ ဤအရာများထဲမှ တစ်ခုကိုမျှ ၎င်းတို့ မသိမြင်နိုင်ပေ။ ၎င်းတို့သည် ဤအရာများကို မသိမြင်နိုင်ခြင်းမှာ ကြောင်းကျိုးမမြင်သောကြောင့်ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် အမြင်အား မချို့တဲ့သည့်အတွက် အသင်းတော်အတွင်း၌ ထိုသို့သော ဆိုးရွားသည့် အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် သိသာထင်ရှားသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အရာများ ပေါ်ပေါက်လာသောအခါ ၎င်းတို့သည် အဘယ်ကြောင့် ယင်းတို့ကို မမြင်နိုင် သို့မဟုတ် မဖော်ထုတ်နိုင်ကြသနည်း။ သိသာထင်ရှားစွာပင် ဤခေါင်းဆောင်သည် ကြောင်းကျိုးမမြင်ဖြစ်ပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ အချို့လူများက “၎င်းတို့သည် ဤပြဿနာများကို မဖော်ထုတ်နိုင်သော်လည်း စုဝေးပွဲများအတွင်းတွင် လူတို့ထံ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြနိုင်သည်။ ၎င်းတို့၏ ဖတ်ရှုခြင်းအပေါ် လူတို့၏ သိနားလည်မှုက မည်သို့ဖြစ်စေ၊ ရလဒ် တစ်စုံတစ်ရာ ဖြစ်ပေါ်စေသည်ဖြစ်စေ၊ မဖြစ်ပေါ်စေသည်ဖြစ်စေ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို တစ်စိုက်မတ်မတ် ဖတ်ရှုကြသည်။ ဤအကြောင်းပြချက်တစ်ခုတည်းအတွက်ပင်၊ ၎င်းတို့ကို ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် မှတ်ယူနိုင်သည်”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းကိုသာ အာရုံစိုက်ကြသည်။ အကယ်၍ ဤအရာက မည်သည့်ရလဒ်ကိုမျှ မဖြစ်စေပါက ဤသည်မှာ ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည် မဟုတ်လော။ အကယ်၍ ၎င်းတို့သည် ပြဿနာများကို မဖြေရှင်းနိုင်ပါက လူတို့သည် စုဝေးပွဲများမှ မည်သည့်အကျိုးကျေးဇူးကို ရရှိနိုင်သနည်း။ သို့ဆိုလျှင် ဤခေါင်းဆောင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်သလော။ (ဟုတ်ပါသည်။) ဤအလုပ်ကို ဆောင်ရွက်သည့်အခါ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန်တစ်ခုမှာ ကြောင်းကျိုးမမြင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ကြောင်းကျိုးမမြင်ကြချေ။ ပြဿနာက ၎င်းတို့၏ မျက်စိရှေ့တည့်တည့်တွင် သို့မဟုတ် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် မည်မျှပင် သိသာထင်ရှားနေသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို မမြင်နိုင် သို့မဟုတ် မဖော်ထုတ်နိုင်ပေ။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် သာမန်လူတစ်ဦးထက် ဘုရားနှုတ်ကပတ်တော်များကို ပိုမို အမြတ်တနိုးတန်ဖိုးထားပုံရသော်လည်း၊ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာဖြစ်သည်၊ မည်သည့်လူတို့ကို ရည်ညွှန်းသည်၊ သို့မဟုတ် မည်သည့်အခြေအနေများကို ဖြေရှင်းသည်ဟူသည်တို့ကို ၎င်းတို့ နားလည်ကြပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့ဘဝနှင့် မဆက်စပ်နိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့ မိတ်သဟာယဖွဲ့သည့် သိနားလည်မှုမှာ အဘယ်နည်း။ ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသလော။ လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) ၎င်းတို့ တရားဟောသောအခါ ၎င်းတို့တွင် သမ္မာတရားနှင့်ဆိုင်သည့် ကြီးမားသော သိနားလည်မှုရှိသည့်အလား၊ အနှစ်မဲ့သော စကားများကို ပြောကြသော်လည်း အသင်းတော်တွင် ဆိုးယုတ်သောလူတို့ ဖြစ်စေသည့် သိသာထင်ရှားသော နှောင့်ယှက်ခြင်းများကို မဖော်ထုတ်နိုင်ဘဲ ထိုအစား မည်သည့်အရာမျှ မဖြစ်ပွားခဲ့သည့်အလား ပြုမူကြသည်။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြောင်း ပြသသလော။ ၎င်းတို့တွင် ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှု ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ပုံမှန် ဖတ်ရှုနိုင်ပါက ပြဿနာများကို ရှုမြင်ရန်နှင့် ဖြေရှင်းရန် အဘယ်ကြောင့် ယင်းတို့ကို အသုံးမပြုနိုင်ကြသနည်း။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ၎င်းတို့၏ စိတ်သည် အဘယ်ကြောင့် လုံးဝ မပွင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ၎င်းတို့သည် အဘယ်ကြောင့် ထက်သန်သော စိတ်နှလုံး မရှိကြသနည်း။ ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ ၎င်းတို့ အဘယ်ကြောင့် ကြောင်းကျိုးမမြင်ကြသနည်း။ ၎င်းတို့ကြောင်းကျိုးမမြင်ခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ (ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ပြီး အစွမ်းအစ အလွန်ညံ့ဖျင်းသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းမှာ ၎င်းတို့၏ မျက်စိများက ကန်းနေခြင်းမဟုတ်ဘဲ ၎င်းတို့၏ စိတ်နှလုံးက ကြောင်းကျိုးမမြင်ခြင်းဖြစ်သည်။ ကြောင်းကျိုးမမြင်သော စိတ်နှလုံးရှိခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစရှိပြီး ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ခြင်းကို ဆိုလိုသည်။ ဘုရားနှုတ်ကပတ်တော်များ မည်မျှကို ၎င်းတို့ ဖတ်ရှုသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို အပေါ်ယံအဆင့်သာ နားလည်ကြသည်။ ၎င်းတို့သည် ယင်းကို အသင်းတော်တွင် ပေါ်ပေါက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် အခြေအနေများနှင့် မဆက်စပ်နိုင်သည့်အပြင် အမျိုးမျိုးသော ပြဿနာများကို သမ္မာတရား စည်းမျဉ်းများအတိုင်း သဘောထားပြုမူခြင်း၊ ကိုင်တွယ်ခြင်းနှင့် ဖြေရှင်းခြင်းတို့ကိုလည်း မပြုလုပ်နိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏ ကြောင်းကျိုးမမြင်ခြင်း အရင်းအမြစ် ဖြစ်သည်။ ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး ဤအလုပ်ကို စွမ်းဆောင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် မည်မျှပင် လုံ့လဝီရိယရှိစွာ လေ့လာပြီး တင်းကျပ်စွာ လေ့ကျင့်သည်ဖြစ်စေ၊ မိမိတို့၏ အစွမ်းအစကင်းမဲ့မှုကို ဖြည့်ဆည်းရန် မည်မျှပင် ကြိုးစားလုပ်ဆောင်သည်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ကြသလော။ မဖြည့်ဆည်းနိုင်ပေ။ ဤလူများသည် အတော်ပင် သနားစဖွယ်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စကားလုံးများနှင့် အယူဝါဒများဖြင့် မည်မျှပင် ပြင်ဆင်သည်ဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြ သို့မဟုတ် ဤအလုပ်ကို မဆောင်ရွက်နိုင်ကြပေ။
ယခုလေးတင် ငါတို့သည် ဤအယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယင်းမှာ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့၏ လုပ်ဆောင်ချက်များက အသင်းတော်ကို နှောင့်ယှက်မှုများ ဖြစ်စေသည်ကို ၎င်းတို့ မမြင်နိုင်ခြင်းဖြစ်သည့်အပြင်၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့၏ အနှစ်သာရကိုလည်း ထိုးထွင်းမမြင်နိုင်ကြခြင်း ဖြစ်သည်။ ဆိုးယုတ်သောလူများက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် ကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ၊ တစ်ခါတစ်ရံတွင် ၎င်းတို့သည် သဲလွန်စအနည်းငယ်ကို သတိပြုမိကောင်းပြုမိမည်၊ သို့မဟုတ် ၎င်းတို့၏ အတွေ့အကြုံမှတစ်ဆင့်ဖြစ်စေ၊ ခံစားချက်မှတစ်ဆင့်ဖြစ်စေ သို့မဟုတ် ပင်ကိုအသိဉာဏ်မှတစ်ဆင့်ဖြစ်စေ၊ တစ်စုံတစ်ရာ မမှန်ကြောင်း၊ ဤလူ၏ အမူအရာ၊ မျက်လုံးများထဲမှအကြည့်နှင့် ၎င်း၏ စကားများသည် အနည်းငယ် မူမမှန်ဖြစ်နေကြောင်း ခံစားရရုံမျှ ခံစားနိုင်သည်။ ၎င်းတို့တွင် ခံစားချက်အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း၊ အမှုအရာများစွာကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင် ပြဿနာအများစုကိုလည်း ဖော်ထုတ်နိုင်ကြပေ။ ပြဿနာများ၏ အနှစ်သာရကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်ရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ နောက်ထပ်ပြဿနာတစ်ခုနှင့် ပတ်သက်နေသေးသည်။ ၎င်းတို့သည် တရားဒေသနာများရေးရင်း၊ မိမိတို့၏ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများနှင့်ပတ်သက်၍ မှတ်စုများ ပြုလုပ်ရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော မိမိတို့၏ နားလည်သဘောပေါက်မှုများနှင့် အတွေ့အကြုံများကို ရေးမှတ်ရင်း၊ ဓမ္မတေးများ သင်ယူရင်း၊ နေ့စဉ် ဆုတောင်းရမည့်အကြိမ်အရေအတွက်၊ ဖတ်ရှုရမည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ပမာဏနှင့် နားထောင်ရမည့် တရားဒေသနာအရေအတွက်တို့အတွက် ပန်းတိုင်များ ချမှတ်ရင်း၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတစ်ပုဒ် ရေးသားရမည့် အချိန်ပမာဏအတွက် ပန်းတိုင်များ ချမှတ်ရင်း တစ်နေကုန် အခန်းများထဲတွင် နေလျက် အလွန်လုံ့လဝီရိယရှိကြသည်။ ၎င်းတို့သည် ဤအလုပ်အားလုံးကို ပြီးမြောက်ကြသည်။ သို့ဖြစ်လျှင် အမှုအရာများ ဖြစ်ပျက်လာသည့်အခါ ၎င်းတို့သည် အဘယ်ကြောင့် ထိုးထွင်းမမြင်နိုင်ကြသေးသနည်း။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြပေ။ စကားလုံးများနှင့် အယူဝါဒများကိုသာ ၎င်းတို့ ပြောနိုင်ပြီး လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ကြပေ။ အချို့လူများသည် အခြားသူများကို အထင်အမြင်မှားစေရန် စကားလုံးများနှင့် အယူဝါဒများကို အမြဲပြောဆိုကြပြီး အယောင်ဆောင် ခေါင်းဆောင်များက ဤအရာကို ထိုးထွင်းမမြင်နိုင်ကြပေ။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း၊ ပြဿနာတစ်ခု ရှိနိုင်ကြောင်း ၎င်းတို့ ခံစားရသော်လည်း၊ ထိုလူတို့က ဆိုးယုတ်ပုံမပေါ်သည်ကို မြင်ရသဖြင့်၊ မည်သို့ပင်ဖြစ်စေ ထိုကိစ္စကို နားဝေတိမ်တောင်ဖြစ်သည့်နည်းလမ်းဖြင့် ကျော်လွန်သွားစေကြသည်။ ၎င်းတို့သည် ထိုသို့သော ပြဿနာများကို ပိုင်းခြားရန် သမ္မာတရား စည်းမျဉ်းများကို မရှာဖွေနိုင်ကြသည့်အပြင်၊ ထိုသို့သောလူများ၏ အခြေအနေများနှင့် အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးလျှင်ပင်၊ ယင်းတို့အား ဤအခြေအနေများနှင့် မည်သို့ဆက်စပ်ရမည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့၏ စိတ်များသည် မှုန်ဝါးဝါးဖြစ်နေပြီး ဤအရာများကို ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့ ရှာဖွေလိုသည့်အခါတွင် မည်သို့ ရှင်းလင်းစွာပြောဆိုရမည်ကို မသိကြပေ။ ၎င်းတို့သည် ပြဿနာ၏ အနှစ်သာရကို မရှင်းပြဘဲ၊ ပြီးလျှင်ထိုသို့သောလူများ၏ ယေဘုယျ သရုပ်သကန်များက မည်သို့ရှိသည်၊ ၎င်းတို့၏ လူ့သဘာဝ၊ လိုက်စားမှု၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် စိတ်ပိုင်းဖြတ်မှုတို့က မည်သို့ရှိသည် သို့မဟုတ် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားက မည်သို့ရှိသည်ဟူသည်နှင့် ၎င်းတို့က သမ္မာတရားကို လက်ခံသောလူများ ဟုတ်မဟုတ်ဟူသည်တို့ကို ရှင်းလင်းစွာ မဖော်ပြဘဲ အချိန်ကြာမြင့်စွာ စကားပြောကြသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ဤကိစ္စရပ်များကို ထိုးထွင်းမမြင်နိုင်ကြ သို့မဟုတ် ရှင်းလင်းစွာလည်း မရှင်းပြနိုင်ကြပေ။ ပြဿနာတစ်ခုရှိသည်ဟု ၎င်းတို့ ခံစားရလျှင်ပင်၊ ၎င်းတို့သည် မိမိတို့၏ ဆိုလိုရင်းကို ရှင်းလင်းအောင် မလုပ်ဆောင်ဘဲ အမှုအရာများစွာကို ပြောဆိုလျက် အဓိပ္ပာယ်မရှိဘဲ တတွတ်တွတ်ပြောဆိုကြသည်။ ၎င်းတို့၏ စကားကို နားထောင်သူများက ၎င်းတို့ မေးမြန်းနေသည့် မေးခွန်းများ၊ ၎င်းတို့ ဖော်ပြနေသည့် လူ၏ ယေဘုယျအခြေအနေကို သိရှိရန်နှင့် ထိုလူက ဆိုးယုတ်သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ သမ္မာတရားကို လိုက်စားသောသူတစ်ဦးဖြစ်စေ သို့မဟုတ် အလုပ်လုပ်ပေးသူတစ်ဦးမျှသာဖြစ်စေ နောက်ဆုံးတွင် ထိုလူ၏ အနှစ်သာရကို သရုပ်ဖော်နိုင်ရန်အလို့ငှာ ပိုင်းခြားနိုင်ရန်၊ အဓိကအချက်များကို ထုတ်နုတ်နိုင်ရန်နှင့် ၎င်းတို့၏ စကားများကို စိစစ်နိုင်ရန် လိုအပ်သည်။ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအား ပြဿနာတစ်ခုကို ဖော်ပြရန် သို့မဟုတ် မေးခွန်းတစ်ခု မေးမြန်းရန် တောင်းဆိုသည့်အခါ၊ ၎င်းသည် ပြဿနာ၏ အရင်းအမြစ်နှင့် အနှစ်သာရ သို့မဟုတ် ယင်း၏ အခရာကို မည်သည့်အခါမျှ ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။ တိုတိုပြောရလျှင်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ ထိုးထွင်းမမြင်နိုင်သော ပြဿနာများအပေါ် မည်သည့်သီးခြားသဘောထားမျှ မရှိကြသည့်အပြင်၊ သဲလွန်စအချို့ကို ၎င်းတို့ သတိပြုမိနိုင်သည့် ကိစ္စရပ်များအတွက်လည်း၊ ဤပြဿနာများ၏ အနှစ်သာရကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြသေးပေ။ အချို့လူများက အသင်းတော်အသက်တာအပေါ် ဆိုးရွားသော သက်ရောက်မှုတစ်ခုကို ဖြစ်စေလျက် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အယူအဆများကို ဖြန့်ဝေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ဤအရာကို ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခု၏ အနှစ်သာရကို ယင်း၏ အပေါ်ယံမှ သို့မဟုတ် ယင်း၏ အစပျိုးသည့်အဆင့်မှ ထိုးထွင်းမမြင်နိုင် သို့မဟုတ် မသရုပ်ဖော်နိုင်ကြပေ။ ပြဿနာတစ်ခု၏ အနှစ်သာရကို ထိုးထွင်းမြင်နိုင်ခြင်းသည် ရိုးရှင်းသောကိစ္စရပ်တစ်ခု မဟုတ်သည်မှာ အမှန်ပင်ဖြစ်၏။ အသင်းတော်အလုပ်တွင် အရေးကြီးဆုံးအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ အမျိုးမျိုးသောလူများ၏ အနှစ်သာရကို ထိုးထွင်းမြင်နိုင်ရန် ဖြစ်သည်။ သမ္မာတရားကို နားလည်သောသူတို့သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်သော်လည်း၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များသည် မစွမ်းဆောင်နိုင်ကြပေ။ အန္တိခရစ်များက အသင်းတော်၏အလုပ်ကို နှောင့်ယှက်နေသည်ကို ၎င်းတို့ မြင်သောအခါ၊ ပြဿနာ၏ အနှစ်သာရကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ “သူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ထုတ်ဖော်နေခြင်းသာဖြစ်ပြီး အနည်းငယ် မာနထောင်လွှားကာ၊ တစ်ဇွတ်ထိုးနှင့် ထင်ရာမြင်ရာလုပ်နေခြင်း ဖြစ်ပါသည်။ သူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း ဆင်းရဲဒုက္ခကို ခံနိုင်ပါသေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သူတို့ကို မဝေဖန် မရှုတ်ချသင့်ပါ၊ ကျွန်ုပ်တို့ ပုံကြီးမချဲ့သင့်ပါ”ဟုပင် ပြောဆိုလျက်၊ ကာကွယ်ပြောဆိုပေးကြသည်။ အခြားသူများက “အကယ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း ဆင်းရဲဒုက္ခကို ခံနိုင်လျှင်၊ သမ္မာတရားကို လိုက်စားသောလူများ ဖြစ်ကြပါသလော။ ၎င်းတို့သည် နောက်ကွယ်တွင် အခြားသူများကို လှုံ့ဆော်ခြင်း၊ အထင်အမြင်မှားစေခြင်း သို့မဟုတ် ဆွဲဆောင်ခြင်းများ ပြုလုပ်ခဲ့ပါသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံခဲ့ကြပါသလော”ဟု မေးမြန်းကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤကိစ္စရပ်များကို ထိုးထွင်းမမြင်နိုင်ကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်းဟူသော အောင်လံအောက်တွင်၊ မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ပြောဆိုရင်း ဘုရားသခင်ကို တမင်တကာ အသရေဖျက်ကာ ပြစ်မှားစော်ကားပြီး အခြေအမြစ်မရှိသော ကောလာဟလများကို တမင်တကာ ဖြန့်ဝေသည့် လူအချို့ပင် ရှိသေးသည်။ ၎င်းတို့ ဤသို့လုပ်ဆောင်သည်ကို ကြားပြီးနောက်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ပြောဆိုသည့်အရာက အနည်းငယ် မှားယွင်းနေသည်ဟု ခံစားရနိုင်သော်လည်း၊ ဤစကားများက ဆောင်ကြဉ်းလာသည့် အပျက်သဘောဆောင်သော သက်ရောက်မှုနှင့် ဆိုးရွားသော အကျိုးဆက်များကို မြင်နိုင်ရန် မဆိုထားနှင့်၊ ပြဿနာ၏ ဆိုးရွားမှုကိုပင် ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြပေ။ ထို့ကြောင့်၊ အယောင်ဆောင် ခေါင်းဆောင်များ၏ မျက်စိအောက်တွင် ဖြစ်ပွားသည့် အမျိုးမျိုးသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ၎င်းတို့ လုံးဝသတိမထားမိခြင်း မရှိကြပေ၊ သို့မဟုတ် ၎င်းတို့ သတိပြုမိလျှင်ပင်၊ ထိုအရာများကိုမည်သို့ သရုပ်ဖော်ရမည် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဤအခြေအနေများအကြား မည်သို့ဆက်စပ်ရမည်ကို ၎င်းတို့ မသိကြပေ။ ဤအလွန်ရှင်းလင်းသော ကိစ္စရပ်များသည် ၎င်းတို့အတွက် ရှုပ်ထွေးပွေလီသော ကိစ္စတစ်ခု ဖြစ်လာသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ငတုံးငအများ ဖြစ်ကြသည်။ အသင်းတော်တွင်၊ မည်သည့်လူများက သမ္မာတရားကို လိုက်စားနေကြသည်၊ မည်သည့်လူများက သမ္မာတရားကို လက်ခံနိုင်သည့် စစ်မှန်သော ယုံကြည်သူများဖြစ်ကြသည်ဟူသည်တို့ကို ၎င်းတို့ မပိုင်းခြားနိုင်ကြပေ။ မည်သည့်လူများက သမ္မာတရားကို မလိုက်စားသော်လည်း အလုပ်လုပ်ပေးနိုင်ဆဲဖြစ်ပြီး၊ ရံဖန်ရံခါ အပျက်သဘောဆောင်သော စကားအချို့ကို ပြောဆိုလင့်ကစား၊ အများအားဖြင့် အဖိုးအခပေးလိုစိတ်ရှိပြီး စည်းမျဉ်းများအတိုင်း ပြုမူလိုစိတ်ရှိကာ၊ အတော်အတန် နာခံပြီး ကျိုးနွံနာခံတတ်သည်ကို ၎င်းတို့ မပိုင်းခြားနိုင်ကြပေ။ မည်သည့်လူများက အပျက်သဘောဆောင်သော အခန်းကဏ္ဍများတွင်သာ သီးသန့်ပါဝင်ခြင်း၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းနှင့် အခြားသူများကို ဝေဖန်ခြင်းတို့ ပြုလုပ်သည့်အပြင်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအားလုံးနှင့်ပတ်သက်၍လည်းကောင်း၊ ဘုရားအိမ်တော်ရှိ အလုပ်၏ ကိစ္စများအားလုံးနှင့်စပ်လျဉ်းသည့် စည်းမျဉ်းများ၊ လိုအပ်ချက်များနှင့်ပတ်သက်၍လည်းကောင်း အမြဲတစေ အယူအဆများရှိကာ၊ လက်ခံခြင်းထက် အတိုက်အခံလုပ်သည့် သဘောထားကို ထားရှိပြီး၊ ဤအရာများအပေါ် အထူးသဖြင့် ရိုသေမှုကင်းမဲ့ကာ၊ ယင်းတို့ကို ဝေဖန်သည်အထိပင် ပြုလုပ်သည်ကိုလည်း ၎င်းတို့ မပိုင်းခြားနိုင်ကြပေ။ တိုတိုပြောရလျှင်၊ အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်လူစားမျိုးကိုမျှ ထိုးထွင်းမမြင်နိုင်ကြပေ။ သာ၍ဆိုးသည်မှာ၊ အသင်းတော်တွင်၊ အယူအဆများကို မကြာခဏ ဖြန့်ဝေသည့်၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး စုဝေးပွဲများအတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် မဖတ်ရှုသည့် လူအချို့ ရှိကြသည်။ ၎င်းတို့သည် မနာလိုဝန်တိုမှုနှင့် သဘောထားကွဲလွဲမှုတို့တွင် ပါဝင်လျက်၊ အမြဲတစေ အုပ်စုဖွဲ့ကြသည်။ အချို့လူများသည် အမြဲတစေ ခေါင်းဆောင်များ ဖြစ်လိုကြသည်၊ အမြဲတစေ အသင်းတော်ကို မှီခိုကပ်ရပ်လိုကြပြီး၊ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အမြဲတစေ အမိအရ အသုံးချလိုကြသည်။ အပြင်ပန်းတွင် ကောင်းသော အပြုအမူအချို့ ရှိပုံပေါ်သော်လည်း မိမိတို့၏ တာဝန်များတွင် မည်သည့်အပြုသဘောဆောင်သော အခန်းကဏ္ဍတွင်မျှ မပါဝင်သည့် လူအချို့လည်း ရှိကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအပျက်သဘောဆောင်သော စရိုက်လက္ခဏာများကို ထိုးထွင်းမမြင်နိုင်သည့်အပြင် ယင်းတို့ကို အမျိုးအစားလည်း မခွဲခြားနိုင်ကြပေ။ ဤလူတို့က မည်သည့်လမ်းကြောင်းအား အတိအကျ လျှောက်လှမ်းနေကြသည်၊ ၎င်းတို့၏ အနှစ်သာရက အဘယ်အရာဖြစ်သည်ဟူသည်နှင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံသောလူများ ဟုတ်မဟုတ်ဟူသည်တို့ကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အစွမ်းအစနှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်လော။ ဤခေါင်းဆောင်တုများသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်မည်သည့်အရာမဆိုက လုံးဝ ကမောက်ကမဖြစ်ပြီး ၎င်းတို့ ဆောင်ရွက်သည့် မည်သည့်အလုပ်မဆို လုံးဝ ဖရိုဖရဲအခြေအနေဖြင့် အဆုံးသတ်လေသည်။
အချို့လူများသည် ဘုရားအိမ်တော်အတွက် ပစ္စည်းများ ဝယ်ယူသည့်အခါ ခွင့်ပြုချက်မရဘဲ ဝယ်ယူရင်း စည်းမျဉ်းများမရှိဘဲ အလှူငွေများကို သုံးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာကို မြင်သောအခါ၊ “သူတို့သည် ပိုက်ဆံအနည်းငယ် ပိုသုံးခဲ့သော်လည်း၊ ၎င်းတို့၏ ရည်ရွယ်ချက်များက ကောင်းမွန်ပါသည်။ ဘုရားအိမ်တော်အတွက် ပစ္စည်းများ ဝယ်ယူသည့်အခါ၊ ကျွန်ုပ်တို့သည် အကောင်းဆုံးကို ဝယ်သင့်ပါသည်၊ ဤသည်မှာ ပိုက်ဆံဖြုန်းတီးခြင်း မဟုတ်ပါ။ အလှူငွေများကို ဤသို့ပင် သုံးစွဲရမည် မဟုတ်လော”ဟုပင် ပြောဆိုကြသည်။ ၎င်းတို့၏ စကားများတွင် စည်းမျဉ်းများ ရှိသလော။ (မရှိပါ။) သို့ဆိုလျှင်၊ ဤသည်တို့မှာ မည်သည့် စကားမျိုးများ ဖြစ်ကြသနည်း။ မရေရာမပြတ်သားသောစကားများ မဟုတ်လော။ စည်းမျဉ်းမရှိသော စကားများသည် မရေရာမပြတ်သားသော စကားများဖြစ်ပြီး၊ အခြေအမြစ်မရှိသော စကားများသည်လည်း မရေရာမပြတ်သားသောစကားများ ဖြစ်ကြသည်။ အချို့လူများသည် အသင်းတော်အသက်တာအတွင်းတွင် စကားလုံးများနှင့် အယူဝါဒများကို မကြာခဏ ပြောဆိုကြသည်၊ ၎င်းတို့သည် အထူးသဖြင့် စကားပြောကောင်းကြပြီး၊ အတော်လေး စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသည့်ပုံစံဖြင့် ပြောဆိုကြကာ၊ အလွန်ကောင်းမွန်သော စကားပြောစွမ်းရည်များကို ပိုင်ဆိုင်ကြသည်။ ထိုသို့သောလူများနှင့်ပတ်သက်၍ အယောင်ဆောင် ခေါင်းဆောင်များက မည်သည့်အရာကို ပြောဆိုကြသနည်း။ “ကျွန်ုပ်တို့၏ အသင်းတော်အသက်တာသည် မည်သူမည်ဝါအပေါ် လုံးလုံးလျားလျား မှီခိုနေပါသည်။ သူတို့သည် စကားအပြောကောင်းဆုံးဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြီးမားဆုံး နားလည်သဘောပေါက်ကြပါသည်။ ၎င်းတို့မရှိလျှင်၊ ကျွန်ုပ်တို့၏ အသင်းတော်အသက်တာသည် မယုံနိုင်လောက်အောင် ခြောက်သွေ့ပြီး စိတ်ဝင်စားစရာမကောင်းဘဲ ဖြစ်နေမည်”ဟူ၍ ဖြစ်သည်။ ဤလူတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနေကြသည်ကို ၎င်းတို့ လုံးဝ မသိကြပေ။ လူတစ်ဦးသည် ထိုသူတို့ကို မည်မျှပင် နားထောင်သည်ဖြစ်စေ၊ ၎င်းတို့သည် မည်သည့်တည်ဆောက်မှုကိုမျှ ရရှိမည်မဟုတ်၊ သမ္မာတရားကို နားလည်မည်မဟုတ်၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အခြေအနေကို နားလည်ပြီး မိမိတို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိမိတို့ကိုယ်တိုင်နှင့် မည်သို့ဆက်စပ်ရမည်ကို သိရှိမည် မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များ၏ မြှောက်ပင့်မှုနှင့် လှုံ့ဆော်မှုအောက်တွင်၊ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသောလူများ၊ လူအများအာရုံစိုက်ခံရခြင်းကို နှစ်သက်သောလူများနှင့် ၎င်းတို့၏ စကားများတွင်အကြောင်းအရာမှ မကြာခဏ သွေဖည်သွားတတ်သောလူများ၊ စုဝေးပွဲတစ်ခုစီတွင် လွန်ကဲသည့်၊အဓိပ္ပာယ်မရှိသည့်အပြင် ကျယ်ပြန့်သော အကြောင်းအရာများအကြောင်း လေလုံးမိုးလုံးထွားကာ ပြောဆိုသောလူများအားလုံးကို မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသရန် နေရာပေးထားသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကို မပိုင်းခြားနိုင်ကြသည့်အပြင်၊ “သင်တို့သည် အလွန်ကောင်းစွာ ပြောဆိုကြပါသည်၊ အဘယ်ကြောင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးများ မရေးကြသနည်း။ ဝမ်းနည်းဖွယ်ကောင်းလိုက်လေခြင်းပါတကား”ဟု ပြောဆိုခြင်းဖြင့် ၎င်းတို့ကို မြှောက်ပင့်လျက်၊ ၎င်းတို့ကို ပါရမီရှိသူများအဖြစ်ပင် မှတ်ယူကြသည်။ အသင်းတော်တွင်၊ ထိုတက္ကသိုလ်ကျောင်းသားများ၊ ပါမောက္ခများနှင့် ပညာတတ်များကို အယောင်ဆောင် ခေါင်းဆောင်များက ရတနာများအဖြစ် မှတ်ယူကြသည်။ ၎င်းတို့က “ဤပညာတတ်များနှင့် ပါမောက္ခများသည် အစွမ်းအစရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ သူတို့သည် လူ့အဖွဲ့အစည်းတွင် ကြီးမားသော အတွေ့အကြုံနှင့် ကျော်ကြားမှုကို ပိုင်ဆိုင်ကြပါသည်။ အကယ်၍ သူတို့သည် အသင်းတော်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာပါက၊ အလုပ်ပိုမိုပြီးမြောက်နိုင်ပြီး၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ပိုမိုအကျိုးခံစားရပြီး ပိုမိုရရှိနိုင်ကြမည် ဖြစ်သည်။ အနာဂတ်တွင်၊ အသင်းတော်၏အလုပ်သည် သူတို့အပေါ် လုံးလုံးလျားလျား မူတည်နေမည် ဖြစ်သည်။ ဤပညာတတ်များက ကျွန်ုပ်တို့ကို ဦးဆောင်ခြင်းဖြင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်းက ကောင်းချီးများ ဆောင်ကြဉ်းပေးလိမ့်မည်မှာ သေချာသည်”ဟု ပြောဆိုကြသည်။ ထို့ကြောင့်၊ အယောင်ဆောင် ခေါင်းဆောင်များ ရှိနေသည့် အသင်းတော်များတွင်၊ လူ့အဖွဲ့အစည်း၌ အဆင့်အတန်း ပိုင်ဆိုင်သောသူများ၊ အသိပညာကြွယ်ဝသောသူများ၊ စကားပြောကောင်းသောသူများ၊ စကားလုံးများနှင့် အယူဝါဒများအကြောင်း အနှစ်သာရမဲ့သည့်နည်းလမ်းဖြင့် ပြောဆိုသောသူများ၊ ဂုဏ်သိက္ခာအချို့ ပိုင်ဆိုင်သောသူများ စသည့်၊ မည်သည့် သမ္မာတရား လက်တွေ့ကျမှုမျှ လုံးဝမရှိသော ဤလူအားလုံးသည် အသင်းတော်တွင် အဓိကဖြစ်သော ရာထူးများ ရယူထားကြပြီး အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို အဓိကအင်အားစုများနှင့် အသင်းတော်၏ တိုင်များဟုခေါ်သောသူများအဖြစ်ပင် သဘောထားကြသည်။ အသင်းတော်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များက “မည်သူမည်ဝါကို သွားမေးပါ၊ သူက ကုမ္ပဏီတစ်ခု၏ စီအီးအို ဖြစ်ခဲ့သည်” သို့မဟုတ် “မည်သူမည်ဝါကို သွားမေးပါ၊ သူက မည်သည့်တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ဖြစ်ခဲ့သည်” သို့မဟုတ် “မည်သူမည်ဝါကို သွားမေးပါ၊ သူက ဥပဒေအကျိုးဆောင်လုပ်ငန်းတစ်ခုမှ ထိပ်တန်းရှေ့နေတစ်ဦး ဖြစ်ခဲ့သည်”ဟု ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤလူတို့ကို အသင်းတော်၏ တိုင်များနှင့် အဓိကအင်အားစုများအဖြစ် ဆက်ဆံကြသည်။ ထိုသို့သောအခြေအနေများအောက်တွင် အသင်းတော်အသက်တာသည် ကောင်းမွန်နိုင်သလော။ (မကောင်းမွန်နိုင်ပါ။) သို့ဆိုလျှင်၊ ရလဒ်မှာ အဘယ်နည်း။ ဤအဓိကအင်အားစုများနှင့် တိုင်များဟု သမုတ်ကြကုန်သောသူတို့သည် လျှို့ဝှက်စွာ သို့မဟုတ် ပေါ်ပေါ်တင်တင်ပင် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ကြပြီး အုပ်စုများဖွဲ့ကြကာ၊ အယူအဆများကို မကြာခဏ ဖြန့်ဝေပြီး အခြေအမြစ်မရှိသော ကောလာဟလများကို ပျံ့နှံ့စေကြသည်။ စစ်မှန်သော ယုံကြည်သူများဖြစ်ကြသည့်၊ သမ္မာတရားကို ချစ်မြတ်နိုးကြသည့်၊ သမ္မာတရားကို လက်ခံနိုင်ကြသည့်နှင့် သမ္မာတရားနှင့်ပတ်သက်၍ စင်ကြယ်သော သဘောပေါက်နားလည်မှုရှိကြသည့် အသင်းတော်ထဲက ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ ဖယ်ကြဉ်ခြင်းနှင့် ဖိနှိပ်ခြင်းကို မကြာခဏ ခံရကြသည်။ ဤကျော်ကြားသော လူမှုရေးပုဂ္ဂိုလ်များဟုခေါ်သောသူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ မည်သည့်အလုပ်ကိုမဆို တာဝန်ယူဆောင်ရွက်ရာတွင်ဖြစ်စေ၊ သစ္စာစောင့်သိခြင်း မရှိကြသည့်အပြင် သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မပြုမူကြပေ။ ၎င်းတို့သည် ဘာသာတရားမရှိသော လူ့အဖွဲ့အစည်း၏ နည်းလမ်းများကို လုံးလုံးလျားလျား လိုက်နာကြသည်။ ထို့ကြောင့်၊ ထိုသို့သောအသင်းတော်တစ်ခုတွင်၊ သမ္မာတရားကို အမှန်တကယ် လိုက်စားသောသူများ၊ စင်ကြယ်သော သိနားလည်မှုရှိသောသူများနှင့် လူ့သဘာဝတစ်ခုခု ပိုင်ဆိုင်ပြီး တရားမျှတစိတ်ရှိသောသူများသည် စကားပြောဆိုရန် နေရာမရှိ၊ စကားပြောဆိုပိုင်ခွင့်မရှိသည့်အပြင်၊ ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်လည်း သေချာပေါက် မရှိကြပေ။ အသင်းတော်တွင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်သူများသည် အမြဲတစေ ဤအဓိကအဖွဲ့ဝင်များဟုခေါ်သော အဖွဲ့သာ ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤလူတို့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်ပြီး ကြောင်းကျိုးမမြင်ဘဲ ယုံကြည်ကြသောကြောင့်၊ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း ဖြေရှင်းချက်များအတွက် ၎င်းတို့အပေါ် နောက်ဆုံး မှီခိုအားထားကြသည်။ အကယ်၍ ဤလူတို့သည် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူခဲ့လျှင်၊ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်ပေမည်။ သို့သော်လည်း၊ ဤလူအများစုသည် သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့သည် အသိပညာနှင့် ပညာရေးအချို့ ပိုင်ဆိုင်ကြသည်၊ လူမှုရေးအဆင့်အတန်း ရှိကြပြီး၊ ထို့အပြင်၊ ၎င်းတို့တွင် လှည့်ဖြားတတ်ကာ အန္တရာယ်ပေးတတ်သော လူ့သဘာဝရှိပြီး၊ ကျလောက်အောင် အပြောကောင်းကြသည့်အပြင် အခြားသူများကို အထင်အမြင်မှားစေရာ၌ ကျွမ်းကျင်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ အတိအကျပင် ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များက ဤလူတို့အပေါ် မှီခိုအားထားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ အစီအစဉ်ကို လုံးဝ ကမောက်ကမဖြစ်စေကြသည့်အပြင်၊ အသင်းတော်အား ၎င်း၏ သက်သေခံချက်ကို လုံးဝ ဆုံးရှုံးစေလျက်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ဖျက်ဆီးကြသည်။ အချို့အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်တွင် နိုင်ငံရေးနှင့် မျက်မှောက်ရေးရာများကို နားလည်သော ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိရန် မျှော်လင့်ကြလျက်၊ “အကယ်၍ အသင်းတော်၏ အတိုင်းအတာကို ချဲ့ထွင်ရန်၊ အသင်းတော်၏ ဩဇာလွှမ်းမိုးမှုကို အားဖြည့်ရန်နှင့် အသင်းတော်၏ ဂုဏ်သတင်းကို မြှင့်တင်ရန် ထိုသို့သောလူတစ်ဦး ရှိခဲ့မည်ဆိုလျှင်၊ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်က မျှော်လင့်ချက် ရှိမည် ဖြစ်သည်။ ယင်းမှာ အမှန်တကယ်ပင် အောင်ပွဲခံစရာ အကြောင်းရင်းတစ်ခု ဖြစ်ပေမည်” ဟု တွေးထင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ထိန်းချုပ်ထားသော အသင်းတော်များတွင်၊ အသင်းတော်အသက်တာအတွင်း၌ အချို့လူများသည် နိုင်ငံရေး၊ မျက်မှောက်ရေးရာများ၊ နိုင်ငံတကာအခြေအနေနှင့် ပြည်တွင်းရေးရာများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြသည်။ ၎င်းတို့သည် အဆင့်မြင့် နိုင်ငံရေးပုဂ္ဂိုလ်များ၏ ကိုယ်ရေးကိုယ်တာ ဘဝများကို ဆွေးနွေးကြသည့်အပြင် ဤနိုင်ငံရေးပုဂ္ဂိုလ်များ၏ ပူးပေါင်းကြံစည်မှုများနှင့် ပေါ်တင်ကြံစည်မှုများကိုပင် သိသာထင်ရှားပြီး ကျိုးကြောင်းညီညွတ်သော နည်းလမ်းဖြင့် စိစစ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အလွန်ပင်အားကျလျက်၊ “နောက်ဆုံးတွင်တော့၊ ကျွန်ုပ်တို့၏ အသင်းတော်တွင် မျက်နှာပန်းလှအောင် လုပ်ပေးမည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိလာပြီ။ ကျွန်ုပ်တို့၏ အသင်းတော်တွင် ဤပုဂ္ဂိုလ်ကြီးမျိုး မရှိသောကြောင့် ကျွန်ုပ်သည် အမြဲတစေ စိတ်ဓာတ်ကျခဲ့သည်၊ စိတ်ပျက်ခဲ့ရပြီး ခေါင်းမော့ဝင့်ကြွားနိုင်ခြင်း မရှိခဲ့ပါ။ သို့သော် ယခု ကျွန်ုပ်တို့၏ အသင်းတော်တွင် ထိုသို့သောလူတစ်ဦး ရှိနေပြီ။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ဤလူကို သူအလိုရှိသမျှ လုပ်ဆောင်ခွင့်ပြုသင့်ပြီး သူအလိုရှိသမျှ ပြောဆိုခွင့်ပြုသင့်ကာ၊ သူ့ကိုလွတ်လပ်ခွင့် ပေးသင့်သည်။ ဘုရားအိမ်တော်သည် လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ကျင့်သုံးသည် မဟုတ်လော။ နိုင်ငံတော်ခေတ်သည် လူ့အခွင့်အရေးများကို အလေးပေးသည် မဟုတ်လော”ဟု ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် နိုင်ငံရေးအကြောင်း ပြောဆိုရန်နှင့် လူအများကြားတွင် ကြီးကျယ်ခမ်းနားပြီး အနှစ်သာရမရှိသော အတွေးအခေါ်များအကြောင်း မကြာခဏ တောင်ရောက်မြောက်ရောက် ပြောဆိုသောသူများဖြစ်သည့် ကျော်ကြားသူများအကြောင်း မှတ်ချက်ပေးရန် နှစ်သက်သောသူများကို ရှားပါးသော ရတနာများအဖြစ် ဆက်ဆံပြီး ၎င်းတို့ကို အသင်းတော်၏ တိုင်များနှင့် အဓိကအင်အားစုများအဖြစ် ပျိုးထောင်လိုကြသည်။ ထို့ကြောင့်၊ ထိုသူတို့အနေဖြင့်အပျက်သဘောဆောင်လာပါက အသင်းတော်၏အလုပ်ကို ထိခိုက်မည်ကို ကြောက်ရွံ့သဖြင့် ၎င်းတို့ကို မကြာခဏ အားပေးပြီး ချီးမွမ်းကြသည်။ တိုတိုပြောရလျှင်၊ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ထုံထိုင်းပြီး ကြောင်းကျိုးမမြင်ကြပေ။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော လူအမျိုးမျိုးကို ချက်ချင်း မဖော်ထုတ်နိုင်ကြပေ။ ၎င်းတို့ ဖော်ထုတ်လျှင်ပင်၊ ဆိုးယုတ်သောလူများ၏ အနှစ်သာရကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြပေ။ အုပ်စုဖွဲ့ပြီး သီးခြားနယ်မြေများ တည်ထောင်သောသူများကဲ့သို့သော အန္တိခရစ်များ၏ အမျိုးအစားအောက်တွင် ကျရောက်သည့် သိသာထင်ရှားသော ဆိုးယုတ်သည့်လူများကိုပင် ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြပေ။ အန္တိခရစ်များက အုပ်စုဖွဲ့ခြင်း၊ မိမိတို့ကိုယ်ကို ထင်ပေါ်အောင်လုပ်ခြင်းနှင့် ၎င်းတို့ ပိုင်ဆိုင်သော ကြီးမားသည့်အာဏာဖြင့် မိမိတို့အလိုရှိသလို လုပ်ဆောင်နေခြင်းကို ၎င်းတို့ မြင်သောအခါ၊ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို မည်သို့ အကဲဖြတ်ကြသနည်း။ “ဤလူသည် ထူးခြားသည်။ သူသည်အမှန်ပင် အံ့ချီးလောက်ဖွယ်ဖြစ်သည်တကား။ ဤအစွမ်းအစကို ကျွန်ုပ် ယခင်က သတိမထားမိခဲ့ပါ၊ သူသည် ကျွန်ုပ်ထက် များစွာ သာလွန်ကောင်းမွန်ပြီး၊ ကျွန်ုပ်ကို အမှန်တကယ်ပင် အရှက်ရစေပါသည်။ သူ၏စွမ်းရည်များကို ကြည့်ပါလော့၊ သူသည်အရာများကို တာဝန်ယူနိုင်ပြီး လက်လွှတ်နိုင်သည်၊ အဆင့်အတန်းရှိစွာ ပြောဆိုနိုင်ပြီး စကားတည်သည်။ ကျွန်ုပ်မှာမူ မကောင်းပါ၊ ကျွန်ုပ်သည် ကြောက်တတ်သော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်များကို အလွန်လေးစားအားကျကြပြီး၊ ၎င်းတို့ထံ ဦးညွှတ်ကာ၊ ၎င်းတို့၏ နောက်လိုက်များ ဖြစ်လာရန် လိုလိုလားလား ရှိကြသည်။ အယောင်ဆောင် ခေါင်းဆောင်များ၏ ဤသရုပ်သကန်နှင့်ဆိုင်သည့် စရိုက်လက္ခဏာတစ်ခုမှာ ဝိညာဉ်ရေးရာမျက်စိကန်းခြင်းဖြစ်ပြီး၊ နောက်တစ်ခုမှာ ထုံထိုင်းခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့်၊ အယောင်ဆောင် ခေါင်းဆောင်များနှင့်ဆိုင်သော ဤပြဿနာ၏ အနှစ်သာရမှာ ညံ့ဖျင်းသော အစွမ်းအစ ဖြစ်သည်။
လူတို့တွင် အမှုအရာများကို မြင်နိုင်ရန်အလို့ငှာ မျက်စိများ ရှိကြသည်။ လူတစ်ဦးသည် တစ်စုံတစ်ခုကို မြင်ပြီးနောက်၊ ၎င်း၏စိတ်က တုံ့ပြန်ပြီး အကဲဖြတ်ချက်များ ပြုလုပ်ကာ အကဲဖြတ်ချက်တစ်ခုကို ပုံဖော်ပြီးနောက် ၎င်းသည် သဘောထားအမြင်တစ်ခုကို တိုးတက်ဖြစ်ပေါ်စေပြီး လက်တွေ့လုပ်ဆောင်ရာလမ်းကြောင်းတစ်ခုကို ရရှိမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ကြောင်းကျိုးမမြင်သောသူများ မဟုတ်ကြောင်း သက်သေပြသည်၊ မည်သည့်အရာကို မြင်သည်ဖြစ်စေ၊ ၎င်းတို့တွင် ပုံမှန်တုံ့ပြန်မှုတစ်ခုရှိပြီး ယင်းကို မည်သို့ရင်ဆိုင်၍ ကိုင်တွယ်ရမည်ကို သိရှိကြသည်။ ဤသည်မှာ ပုံမှန်စဉ်းစားတွေးခေါ်မှုရှိသော လူတစ်ဦးဖြစ်သည်။ လူတို့တွင် ၎င်းတို့မြင်သည့်အရာကို တုံ့ပြန်သည့် ဖြစ်စဉ်တစ်ခု ရှိသည်၊ ၎င်းတို့သည် ယင်းကို ပိုကြီးမားသည့်အတိုင်းအတာထိဖြစ်စေ၊ ပိုသေးငယ်သည့် အတိုင်းအတာတစ်ခုအထိဖြစ်စေ စဉ်းစားဆင်ခြင်ပြီး တွေးတောကြလိမ့်မည်။ ၎င်းတို့၏ အတွေးများ ပေါ်ပေါက်လာသည်နှင့်အမျှ၊ ထိုအရာ၏ ပုံရိပ်တစ်ခုသည် ၎င်းတို့၏ စိတ်ထဲတွင် တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်သဘောထားအမြင်များ၊ သဘောထားများနှင့် လုပ်နည်းကိုင်နည်းများ ဖြစ်ပေါ်ကြသည်။ သို့ဆိုလျှင်၊ ဤအရာများကို ဖြစ်ပေါ်စေခြင်းအတွက် ကြိုတင်သတ်မှတ်ချက်မှာ အဘယ်နည်း။ လူတစ်ဦး၏ မျက်စိများသည် အမှုအရာများကို မြင်နိုင်ရမည်၊ ထို့နောက် စဉ်းစားဆင်ခြင်ရန်အတွက် စုဆောင်းထားသော အချက်အလက်များကို ၎င်းတို့၏ ဦးနှောက်နှင့် စိတ်သို့ လွှဲပြောင်းပေးရမည်။ အကယ်၍ လူတစ်ဦးသည် မိမိတို့၏ မျက်စိများဖြင့် အမှုအရာများကို မြင်နိုင်လျှင်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ မျက်စိကန်သောသူများ မဟုတ်ကြသည့်အပြင်၊ ထို့နောက်တွင် ၎င်းတို့သည် တွေးတောပြီး စဉ်းစားဆင်ခြင်နိုင်သည်၊ အသိရှိခြင်း၊ သဘောထားများနှင့် သဘောထားအမြင်များ ရှိနိုင်ပြီး၊ နောက်ဆုံးတွင် မှန်ကန်သော ကောက်ချက်များကို ချနိုင်ကြသည်။ ဤကောက်ချက်များကို ရရှိရန် အချိန်အနည်းငယ် လိုအပ်သည်။ ဤကောက်ချက်များကို မရရှိမီ အသိရှိခြင်း၊ သဘောထားအမြင်များနှင့် သဘောထားများ ရှိခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦး၏စိတ်သည် ထုံထိုင်းမနေဘဲ တက်ကြွနေသည်ကို ဆိုလိုပြီး၊ ဤလူသည် မသေဘဲ အသက်ရှိနေကြောင်း သက်သေပြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ မည်သည့်နည်းလမ်းများဖြင့် ညံ့ဖျင်းသနည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရည်အသွေးနှစ်ခုလုံး ကင်းမဲ့ကြသည်။ ၎င်းတို့၏ မျက်စိများသည် ပွင့်နေသော်လည်း ဖြစ်ပျက်နေသည့် သို့မဟုတ် ပေါ်ပေါက်နေသည့် အမှုအရာများကို မမြင်နိုင်ကြပေ။ ဤသည်မှာ ကြောင်းကျိုးမမြင်ခြင်း ဖြစ်သည်။ ထို့အပြင်၊ အမှုအရာများကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့၏ စိတ်များတွင် တုံ့ပြန်မှုမရှိ၊ မည်သည့်သဘောထားအမြင်များ သို့မဟုတ် အတွေးများကိုမျှ မဖြစ်ပေါ်စေသည့်အပြင်၊ အကဲဖြတ်ရန်နှင့် ထိုသို့ဖြင့် ကောက်ချက်များ ချမှတ်ရန် နည်းလမ်းများ သို့မဟုတ် မှန်ကန်သော နည်းဟန်များ မရှိကြပေ။ ဤသည်မှာ စိတ်ဝိညာဉ်တွင် ထုံထိုင်းခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်တွင် ထုံထိုင်းသောလူများသည် မည်သည့်အရာကိုမျှ မပိုင်းခြားနိုင်ကြ၊ မှန်ကန်သော ဆန်းစစ်ချက်များ သို့မဟုတ် တိကျသော အကဲဖြတ်ချက်များကို မပိုင်ဆိုင်ကြသည့်အပြင်၊ နောက်ဆုံးတွင်၊ မှန်ကန်သော ကောက်ချက်များကို မချမှတ်နိုင်ကြဘဲ၊ လက်ရှိ ကိစ္စရပ်များကို မည်သို့သဘောထားရမည်၊ ကိုင်တွယ်ရမည် သို့မဟုတ် ဖြေရှင်းရမည်ကို မသိကြပေ။ ဤသည်မှာ ထုံထိုင်းပြီး ဉာဏ်ထိုင်းခြင်း ဖြစ်သည်။ လူတစ်ဦးသည် ၎င်း၏ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ လုံးဝ တုံ့ပြန်မှုမရှိသည့်အဆင့်အထိ မိမိ၏ စိတ်ဝိညာဉ်တွင် ထုံထိုင်းပြီး ဉာဏ်ထိုင်းသည့်အခါ၊ ဤသည်မှာ လူသေဖြစ်ခြင်း ဖြစ်သည်၊ ဤသည်မှာ အဆိုပါကိစ္စရပ်ကို ထိထိမိမိ ဖော်ပြခြင်းဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အမှန်တကယ် သေဆုံးခြင်း ရှိမရှိဟူသည်ကို ယခုအချိန်တွင် ဘေးဖယ်ထားပြီး၊ ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိသည်ဟုသာ ဆိုကြပါစို့။ မည်မျှသာ ညံ့ဖျင်းသနည်း။ မည်မျှပင် သိသာထင်ရှားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားသည်ဖြစ်စေ၊ ၎င်းတို့သည် ယင်းကို မမြင်နိုင်သည့်အပြင်၊ ၎င်းတို့ မြင်လျှင်ပင်၊ ထိုးထွင်းမမြင်နိုင်ကြပေ။ ဥပမာအားဖြင့်၊ အယောင်ဆောင် ခေါင်းဆောင်များသည် မည်မျှကြာအောင် အလုပ်လုပ်သည်ဖြစ်စေ၊ ကိစ္စရပ်တစ်ခု၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်၊ ယင်းကို မည်သို့အမျိုးအစားခွဲခြားရမည်၊ မည်သို့သရုပ်ဖော်ရမည် သို့မဟုတ် သရုပ်ဖော်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သည်ဟူသည်တို့အပေါ် ကောက်ချက်များ မချမှတ်နိုင်ကြပေ။ ၎င်းတို့သည် ဤအရာများအား မည်သို့ဆန်းစစ်ရမည်ကို မသိကြသည့်အပြင်၊ ယင်းတို့ကို ဆန်းစစ်ခြင်းအတွက် စံနှုန်းများ သို့မဟုတ် စည်းမျဉ်းများ မရှိကြပေ။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော နားဝေတိမ်တောင်ဖြစ်သည့်လူများ ဖြစ်ကြသည်။ ဤသည်မှာ ပထမအလုပ်တာဝန်တွင် အယောင်ဆောင် ခေါင်းဆောင်များ၏ အဓိက သရုပ်သကန် ဖြစ်သည်။ ၎င်းတို့သည် ကြောင်းကျိုးမမြင်ဖြစ်သည်၊ မိုက်မဲသည်၊ အသိဉာဏ်မဲ့ပြီး ထုံထိုင်းကြသည့်တိုင်၊ ခေါင်းဆောင်များ ဖြစ်လိုကြသေးသည်။ ဤသည်မှာ အမှုအရာများကို နှောင့်နှေးစေခြင်း မဟုတ်လော။ ဤသည်မှာ အလွန် ဒုက္ခများခြင်း မဟုတ်လော။ အကယ်၍ တစ်စုံတစ်ဦးသည် ယခင်က ခေါင်းဆောင်အဖြစ် မထမ်းဆောင်ခဲ့ဖူးလျှင်၊ ပြီးလျှင် ၎င်းတို့သည် တစ်စုံတစ်ခုကို ပထမဆုံးအကြိမ် ကြုံတွေ့နေရုံသာဖြစ်ပြီး၊ ဤကိစ္စရပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ပြထားခြင်းမရှိသည့်အပြင် လူအများကြားတွင်လည်း မကြားဖူးလျှင်၊ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ အတွေ့အကြုံ သို့မဟုတ် အသိပညာမရှိလျှင်၊ ထိုသို့သောအခြေအနေများအောက်တွင် ထိုလူအတွက် မှန်ကန်သော ထိုးထွင်းသိမြင်မှုများ၊ သဘောထားများနှင့် သဘောထားအမြင်များ ဖြစ်ပေါ်ရန် အချိန်ကြာလိမ့်မည် ဖြစ်သည်။ သို့သော် အဘယ်ကြောင့် အယောင်ဆောင် ခေါင်းဆောင်များကို ထုံထိုင်းပြီး ကြောင်းကျိုးမမြင်ဖြစ်သည်ဟု ဆိုရသနည်း။ အကြောင်းမှာ ငါသည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးဖြစ်သော်လည်း၊ အမှုအရာများကို မည်မျှပင် ငါ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည်ဖြစ်စေ၊ သို့မဟုတ် ဥပမာမည်မျှပင် ပေးသည်ဖြစ်စေ၊ အယောင်ဆောင် ခေါင်းဆောင်များသည် ငါ၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ကိစ္စရပ်များအကြောင်းကို သိရှိရုံမျှသိရှိကြသော်လည်း၊ ယင်းတို့ထံမှ သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသောကြောင့် ဖြစ်သည်။ ထို့အပြင်၊ ငါ စကားပြောလေ၊ ၎င်းတို့ ပို၍ ရှုပ်ထွေးလာလေ ဖြစ်သည်။ ၎င်းတို့က “ကိစ္စရပ်များစွာ၊ နှုတ်ကပတ်တော်များစွာ၊ ဇာတ်လမ်းများစွာဖြင့်၊ မည်သူက ယင်းတို့အားလုံးကို မှတ်မိပြီး လက်တွေ့ဘဝနှင့် ဆက်စပ်မှုများ ဖန်တီးနိုင်မည်နည်း။ များများမပြောပါနှင့်၊ ကျွန်ုပ်သည် အားလုံးကို လက်ခံရန်နှင့် နားလည်ရန် အနည်းငယ် အခက်အခဲရှိနေပါသည်။ ဤလူကို မည်သို့ကိုင်တွယ်ရမည်ကိုသာ ကျွန်ုပ်ကို ပြောပါ၊ ၎င်းတို့ကို နှင်ထုတ်သင့်သလော သို့မဟုတ် ထားရှိသင့်သလော” ဟု ပြောဆိုကြသည်။ ဤသည်မှာ ထုံထိုင်းခြင်း မဟုတ်လော။ ဤသည်မှာ အလွန်အမင်း ထုံထိုင်းခြင်း ဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့သည် ထုံထိုင်းသည်ဟု ပြောဆိုခြင်းသည် ဤလူသည် ငယ်ရွယ်ကောင်း ငယ်ရွယ်နိုင်သဖြင့်၊ သို့မဟုတ် ပညာမတတ် ဖြစ်ကောင်း ဖြစ်နိုင်သဖြင့်၊ သို့မဟုတ် အလွန်အသက်ကြီးပြီး အနည်းငယ် မရေမရာ ဖြစ်ကောင်းဖြစ်နေနိုင်သဖြင့် ထိုအရာကို ပြောခြင်းသည် ၎င်းတို့ မာနမထိခိုက်အောင် ပြောသည့်နည်းလမ်း ဖြစ်သည်။ သို့သော် အမှန်တွင်၊ ယင်းသည် ညံ့ဖျင်းသော အစွမ်းအစနှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိခြင်း ဖြစ်သည်။ ဤရှင်းပြချက်က ယင်းကို ရှင်းလင်းစေသည်။
အကယ်၍ အသင်းတော်တွင် ဆိုးရွားသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်ပွားပြီး အယောင်ဆောင် ခေါင်းဆောင်များက ဤပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်လျှင်၊ ၎င်းတို့သည် ခေါင်းဆောင်မှုအလုပ်အတွက် အရည်အချင်းပြည့်မီကြသလော။ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ ဦးဆောင်မှုအောက်တွင် ကာကွယ်ခြင်းခံရနိုင်သလော။ အသင်းတော်၏အလုပ်၊ ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် ပတ်ဝန်းကျင်နှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်တို့သည် ကာကွယ်ထိန်းသိမ်းခြင်း ခံရနိုင်သလော။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက စွမ်းဆောင်ရရှိသင့်သည့် အခြေခံအကျဆုံးအရာများ ဖြစ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာများကို စွမ်းဆောင်ရရှိနိုင်ကြသလော။ မရရှိနိုင်ကြပေ။ ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကိုပင် မဖော်ထုတ်နိုင် သို့မဟုတ် ထိုးထွင်းမမြင်နိုင်ကြပေ၊ သို့ဖြစ်လျှင် ၎င်းတို့၏ အလုပ်၏ နောက်တစ်ဆင့်များကို မည်သို့ ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။ လူကောင်းဟူသည်မှာ အဘယ်အရာဖြစ်သည်၊ လူဆိုးဟူသည်မှာ အဘယ်အရာဖြစ်သည်၊ လှည့်ဖြားတတ်သောလူဆိုသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် ဟန်ဆောင်သူဆိုသည်မှာ အဘယ်အရာဖြစ်သည်ဟူသကဲ့သို့သော အခြေခံအကျဆုံးအရာများကိုပင် ၎င်းတို့ မပိုင်းခြားနိုင်ကြပေ၊ အသင်းတော်အလုပ်ကို ၎င်းတို့ မည်သို့ ကိုင်တွယ်နိုင်မည်နည်း။ ၎င်းတို့သည် ဤအရာကို စွမ်းဆောင်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် လက်တွေ့အလုပ်ကို တမင် မလုပ်ဆောင်ခြင်းမဟုတ်၊ သို့မဟုတ် ပျင်းရိပြီး အဆင့်အတန်း၏ အကျိုးအမြတ်များတွင် စိတ်အလိုလိုက်နေခြင်း မဟုတ်ပေ။ ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အလုပ်ကို မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရ ဖြစ်သည်။ အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသောလူများသည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောနိုင်ပြီး၊ စည်းမျဉ်းများကို လိုက်နာနိုင်သည်။ စုဝေးပွဲများအတွင်းတွင်၊ ၎င်းတို့သည် “ဘုရားသခင်ကို ကောင်းစွာ ယုံကြည်ကြပါ။ ဤသို့သောအချိန်မျိုးတွင် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာဖြစ်မှုတွင် အဘယ်သို့ဖြစ်ပြီး သင်တို့ စိတ်အလိုလိုက်နိုင်ရသနည်း။ သင်တို့သည် ပိုက်ဆံနှင့် လောကီအရာများကို အဘယ်သို့ဖြစ်ပြီး တပ်မက်နေနိုင်သေးသနည်း။ ဘုရားသခင်သည် အလွန်ပင် စိတ်နှလုံးကြေကွဲရပေမည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုလျက် အခြားသူများကို ဖျောင်းဖျပြီး တိုက်တွန်းအားပေးခြင်းသာ လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် ဤတရားဒေသနာ အမျိုးအစားများကိုသာ ဟောပြောနိုင်သည်။ အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းကဲ့သို့သော အမျိုးမျိုးသော ဒုစရိုက်အမှုများ ဖြစ်ပွားသည့်အခါ၊ ၎င်းတို့သည် ယင်းတို့ကို မမြင်နိုင် သို့မဟုတ် မဖော်ထုတ်နိုင်ကြပေ။ ညီအစ်ကိုမောင်နှမများသည် ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်လိုကြသော်လည်း မစွမ်းဆောင်နိုင်ကြသည့်အပြင်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခုကို ရရှိလိုကြသော်လည်း မရရှိနိုင်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာများကို မဖြေရှင်းနိုင်ကြပေ၊ သို့ဖြစ်လျှင် ၎င်းတို့သည် အဘယ်အသုံးဝင်သနည်း။ ညီအစ်ကိုမောင်နှမများသည် အသင်းတော်အသက်တာကို အသက်ရှင်လိုကြသည်၊ သမ္မာတရားကို နားလည်ပြီး မိမိတို့၏ အခက်အခဲများနှင့် အပျက်သဘောဆောင်သော အခြေအနေများကို ဖြေရှင်းလိုကြသည်။ ၎င်းတို့သည် ဤလက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် ခေါင်းဆောင်များနှင့် အမှုဆောင်များက သမ္မာတရားကို ရှင်းလင်းစွာနှင့် စေ့စေ့စပ်စပ် မိတ်သဟာယဖွဲ့နိုင်မည်ကို စိတ်အားထက်သန်စွာ မျှော်လင့်ကြသည်။ အကယ်၍ အသင်းတော်တစ်ခုသည် အယောင်ဆောင် ခေါင်းဆောင်များက အာဏာရယူထားသည့် အသင်းတော်တစ်ခုဖြစ်လျှင်၊ ဤလက်တွေ့ကျသော ပြဿနာများသည် ပြေလည်သွားနိုင်သလော။ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ စိတ်နှလုံးများကို နားမလည်ကြသည့်အပြင်၊ ၎င်းတို့၏ အခက်အခဲများကိုလည်း မမြင်နိုင်ကြပေ။ ထိုအစား၊ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ဆက်လက်ပြောဆိုပြီး ကြီးကျယ်ခမ်းနားကာ အနှစ်သာရမရှိသော အတွေးအခေါ်များအကြောင်း ငြီးငွေ့ဖွယ်အသံဖြင့် ဆက်လက် ပြောဆိုကြသည်။ ဤသည်က ဘုရားသခင် ရွေးချယ်ထားသောလူများကို ကြီးစွာသော စိတ်ပျက်မှုကို ဖြစ်စေသည်။ မည်သူက စုဝေးပွဲများကို ပုံမှန် တက်ရောက်လိုဦးမည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားပြီး၊ ထိုဆိုးယုတ်သောလူများ၊ မယုံကြည်သူများ၊ အခွင့်အရေးသမားများနှင့် ကောက်ကျစ်ဆိုးယုတ်ပြီး လောကီအရာများကို ချစ်မြတ်နိုးသော ကာမဂုဏ်လိုက်စားသူများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လိုအပ်ချက်များအတိုင်း အသင်းတော်မှ သန့်စင်ဖယ်ရှားကာ၊ ၎င်းတို့အား ဘုရားသခင် ရွေးချယ်ထားသောလူများကို ကြားဝင်နှောင့်ယှက်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့မရှိအောင် တားဆီးလျက်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ပုံမှန်အသင်းတော်အသက်တာအား အသက်ရှင်နိုင်စေရန် လုပ်ဆောင်နိုင်သလော။ အယောင်ဆောင် ခေါင်းဆောင်များက ဤအရာကို စွမ်းဆောင်ရရှိနိုင်သလော။ မစွမ်းဆောင်နိုင်ပေ။ တစ်စုံတစ်ဦးက ထိုသို့သော တောင်းဆိုမှုတစ်ခု ပြုလုပ်သည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အရာကို ပြောဆိုကြသနည်း။ “သင်သည် အလွန် ဇီဇာကြောင်သည်။ သင်သည် ဘုရားသခင်ကို ချစ်ပြီး တာဝန်တစ်ခုကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိလိုသည့် တစ်ဦးတည်းသောသူဟု သင်ထင်သလော။ မည်သူက သစ္စာမစောင့်သိချင်ဘဲ နေမည်နည်း။ ၎င်းတို့သည်လည်း ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်က ရွေးချယ်ထားသူများ ဖြစ်ကြသည်။ ၎င်းတို့တွင် ပြဿနာအချို့ ရှိသော်လည်း၊ ကျွန်ုပ်တို့သည် ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံသင့်သည်။ အခြားသူများ၏ အမှားကို အမြဲတစေ မရှာဖွေနှင့်။ သင့်ကိုယ်သင် ပိုမိုဆင်ခြင်သုံးသပ်ပြီး သိရှိရန် အခွင့်အရေးကို ယူပါ၊ သင်သည် သည်းခံတတ်ပြီး စိတ်ရှည်တတ်ရန် သင်ယူရမည်”ဟူ၍ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မရေမရာဖြစ်ပြီး ကြောင်းကျိုးမမြင်ကြသည့်အပြင် မတူညီသော လူစားမျိုးများကို ဆက်ဆံရာတွင် စည်းမျဉ်းများ မရှိကြပေ။ ၎င်းတို့သည် ချုပ်ချယ်ကန့်သတ်သင့်သောသူများ သို့မဟုတ် ရှင်းလင်းပစ်သင့်သောသူများကို ထိုးထွင်းမမြင်နိုင်ကြဘဲ၊ ထိုအစား ၎င်းတို့ကို လုပ်ဆောင်ခွင့်များစွာပေးလျက်၊ ဤလူတို့က အသင်းတော်တွင် မိမိတို့အလိုရှိသမျှ လုပ်ဆောင်ကာ ဒေသခံ အာဏာရှင်များကဲ့သို့ ပြုမူနေကြသည်ကို ခွင့်လွှတ်ပေးကြသည်၊ ဤသည်က အချို့အသင်းတော်များရှိ အမျိုးမျိုးကွဲပြားခြင်းကို စကားစုတစ်ခုဖြင့် ဖော်ပြနိုင်သည့်အဆင့်အထိ အသင်းတော်ကို ကမောက်ကမဖြစ်စေသည်။ ထိုစကားစုမှာ ၎င်းတို့သည် အမျိုးစုံသော လူမျိုးစု ဖြစ်လာသည်ဟူ၍ ဖြစ်သည်။ ဆိုးယုတ်သောလူများ၊ မယုံကြည်သူများ၊ လိင်မှုကိစ္စလိုက်စားသူများ၊ ဒေသခံ အာဏာရှင်များနှင့် အန္တရာယ်အနည်းငယ်မျှ ကြုံတွေ့ရသည့်အခါ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်မည့် အချို့သူများပင်လျှင် ဤအသင်းတော်များတွင် အတူတကွ ရောနှောနေကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤလူတို့ကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင်၊ ကိုင်တွယ်ခြင်း သို့မဟုတ် ဖြေရှင်းခြင်းလည်း မရှိကြပေ။ ထို့ကြောင့်၊ ထိုသို့သော ကြောင်းကျိုးမမြင်ဖြစ်ပြီး ထုံထိုင်းသော အယောင်ဆောင် ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ကာကွယ်ခြင်းမခံရနိုင်သည့်အပြင်၊ အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်သည်လည်း သေချာပေါက် ထိန်းသိမ်းခြင်းမခံရနိုင်ပေ။ ထိုသို့သော ရောနှောနေသည့် အသင်းတော်အသက်တာတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်ခံလိုစိတ်ရှိသောသူများသည် သမ္မာတရားကို မည်သို့ နားလည်ပြီး ရရှိနိုင်မည်နည်း။ ထိုလူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နာကျင်မှုကို ခံစားရမည် မဟုတ်လော။ အကယ်၍ အသင်းတော်ခေါင်းဆောင်တစ်ဦးသည် အသင်းတော်၏အလုပ်၊ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ် သို့မဟုတ် ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်မည့် ပတ်ဝန်းကျင်များကို ကောင်းစွာ မထိန်းသိမ်းနိုင်လျှင်၊ သို့မဟုတ် ဤအရာများ၏ လုံခြုံရေးကို မသေချာစေနိုင်လျှင်၊ ဤခေါင်းဆောင်သည် ဧကန်မုချ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်ဟူသော အမည်နာမကိုအဘယ်ကြောင့် ပေးရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ကြောင်းကျိုးမမြင်ဖြစ်ပြီး ထုံထိုင်းကြသောကြောင့် ဖြစ်သည်။ ယင်းက အသင်းတော်၏အလုပ်ကို ဆိုးယုတ်သောလူများ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ဖြစ်ရပ်များအား ထပ်ခါတလဲလဲ ဖြစ်ပွားစေသည်။ ထို့အပြင်၊ ဤအရာက အကျိုးဆက်များ ရှိနှင့်ပြီးသည့်အခါတွင်ပင်၊ ၎င်းတို့သည် ပြဿနာများကို ချက်ချင်းနှင့် တိကျစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးသည့်အပြင်၊ အသင်းတော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသင်းတော်အသက်တာကို ကောင်းစွာ ထိန်းသိမ်းနိုင်ခြင်းလည်း မရှိသေးပေ။ နူးညံ့သိမ်မွေ့စွာဆိုရလျှင်၊ ထိုသို့သောခေါင်းဆောင်များသည် မိမိတို့၏ အလုပ်တွင် အရည်အချင်းမပြည့်မီကြပေ။ တိကျစွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများတွင် ဆိုးရွားစွာ ပျက်ကွက်နေကြခြင်း ဖြစ်သည်။ ခေါင်းဆောင်များအဖြစ် ထမ်းဆောင်ကြသော်လည်း၊ ၎င်းတို့သည် ဆိုးယုတ်သောလူများ၏ အကျိုးစီးပွားများနှင့် စာတန်၏ အစေခံများ၏ အကျိုးစီးပွားများကို ကာကွယ်ပေးစဉ်တွင် အသင်းတော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုမူ အလေးမထားကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ထိခိုက်နစ်နာစေလျက် ထိုဆိုးယုတ်သောလူများက အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခြင်းကို ကာကွယ်ပြောဆိုပေးပြီး ခွင့်လွှတ်ပေးကြသည်။ ၎င်းတို့၏ အစွမ်းအစနှင့် သရုပ်သကန်များမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး မိမိတို့၏ အလုပ်တွင် အရည်အချင်းပြည့်မီခြင်း မရှိရုံမျှသာဖြစ်ကာ၊ အန္တိခရစ်များအဖြစ် သရုပ်ဖော်၍မရနိုင်သော်လည်း၊ အသင်းတော်၏အလုပ်အပေါ် ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ အကျိုးဆက်များမှာ ပြင်းထန်သည်။ ၎င်းတို့ လုပ်ဆောင်ချက်များ၏ သဘောသဘာဝသည် သီးခြားနယ်မြေများ တည်ထောင်ပြီး ညီအစ်ကိုမောင်နှမများကို ဖိနှိပ်သည့် အန္တိခရစ်များ၏ သဘောသဘာဝနှင့် တူညီသည်။ နှစ်ဦးစလုံးသည် ဆိုးယုတ်သောလူများကို ကာကွယ်ပြီး ခွင့်လွှတ်ပေးကြကာ၊ စာတန်၏ အစေခံများက အသင်းတော်တွင် မိမိတို့အလိုရှိသလို ပြုမူခြင်းကို အလွတ်ပေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက အန္တိခရစ်များကဲ့သို့ ဆိုးသွမ်းမှုကို ပေါ်ပေါ်တင်တင်နှင့် ဗြောင်ကျကျ မပြုလုပ်သည့်အပြင်၊ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခြင်း မရှိရုံမျှသာ ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို မိမိတို့ထံ တမင်တကာ မဆွဲဆောင်သည့်အပြင်၊ ၎င်းတို့ကို နာခံစေခြင်း မရှိသော်လည်း၊ နောက်ဆုံးရလဒ်မှာ သီးခြား နယ်မြေများ တည်ထောင်သည့် အန္တိခရစ်များ၏ ရလဒ်နှင့် တူညီသည်။ နှစ်ဦးစလုံးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်သော ညီအစ်ကိုမောင်နှမများအား ထိခိုက်နစ်နာစေပြီး ပျက်စီးစေကာ၊ အသက်ရှင်ရန် နည်းလမ်းမရှိသည့်အထိ ဖြစ်စေသည်။ ထိုသို့သော ပတ်ဝန်းကျင်နှင့် အသင်းတော်အသက်တာတွင်၊ မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်သော ညီအစ်ကိုမောင်နှမများအတွက် အသက်တာတွင် တိုးတက်မှုရှိရန် အလွန်ခက်ခဲပြီး၊ ၎င်းတို့အတွက် မိမိတို့၏ တာဝန်များကို ပုံမှန်ထမ်းဆောင်ရန် အလွန်ခက်ခဲသည်။ အလိုအလျောက်ပင်၊ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်နှင့် အမျိုးမျိုးသော အသင်းတော်အလုပ်များသည်လည်း ကြီးမားစွာ ဟန့်တားခြင်းခံရပြီး ပုံမှန် တိုးတက်နိုင်ခြင်းမရှိပေ။ ဤသည်မှာ ဆယ့်နှစ်ခုမြောက် အချက်နှင့်ပတ်သက်၍ ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးနေသည့် အယောင်ဆောင် ခေါင်းဆောင်များ၏ ပထမဆုံး သရုပ်သကန်ဖြစ်သည်။ ၎င်းတို့ ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သတိမပြုမိခြင်းနှင့် ထိုးထွင်းမမြင်နိုင်ခြင်း ဖြစ်သည်။ ဤသရုပ်သကန်သည် ထိုသို့သောလူများကို အယောင်ဆောင် ခေါင်းဆောင်များအဖြစ် သရုပ်ဖော်ရန် လုံလောက်သည်။
၂။ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများကို စည်းမျဉ်းများအတိုင်း မကိုင်တွယ်ကြပေ
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်တွင် အကြမ်းဖျင်းဖော်ပြထားသည့် ဒုတိယအလုပ်နှင့်စပ်လျဉ်း၍၊ ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ ဒုတိယအလုပ်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို ဖော်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက် ဖြေရှင်းရန် သမ္မာတရား စည်းမျဉ်းများကို ချက်ချင်း အသုံးပြုသင့်သည်ဟူ၍ ဖြစ်သည်။ သို့သော်လည်း အယောင်ဆောင် ခေါင်းဆောင်များသည် ဤအလုပ်တွင်လည်း အရည်အချင်းမပြည့်မီကြပေ။ ထို့ကြောင့် ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးကြမည့် အယောင်ဆောင် ခေါင်းဆောင်များ၏ ဒုတိယသရုပ်သကန်မှာ ၎င်းတို့သည် ဘုရားသခင်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်ရန် စည်းမျဉ်းများကို မသိကြခြင်း ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်အသက်တာတွင် ပါဝင်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုကြသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာ ဆိုလိုသည်ကို လုံးဝ နားမလည်ကြပေ။ ဘုရားသခင် ပြောဆိုသမျှ၏ စည်းမျဉ်းများကို လုံးဝသဘောမပေါက်ကြသည့်အပြင် အမျိုးမျိုးသော ကိစ္စရပ်များအတွက် ဘုရားသခင် သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့် စံနှုန်းများကိုလည်း မသိကြပေ။ ဤသည်က အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြပြီး အလွန်ပင် ညံ့ဖျင်းသော အစွမ်းအစရှိကြသည်ကို ပို၍ပင် သက်သေပြပေသည်။ အချို့လူများက “ကိုယ်တော်က သူတို့၏ အစွမ်းအစ ညံ့ဖျင်းသည်ဟု မည်သို့ ပြောနိုင်သနည်း။ သူတို့သည် အလွန်ကောင်းမွန်စွာ ချက်ပြုတ်တတ်ကြသည်၊ စတိုင်ကျကျ ဝတ်စားဆင်ယင်ကြပြီး အခြားသူများနှင့် ပြောဆိုဆက်ဆံသည့်အခါတွင် နှစ်လိုဖွယ်ကောင်းအောင် ပြောဆိုကြသည်။ လူတိုင်းက သူတို့စကားကို နားထောင်ရန် နှစ်သက်ကြသည်”ဟု ပြောဆိုကြသည်။ လူတစ်ဦး၏ အသွင်အပြင်သည် ၎င်း၏ အနှစ်သာရကို ကိုယ်စားပြုနိုင်သလော။ အပြင်ပန်း အမှုအရာအချို့ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းက ၎င်းတို့တွင် ကောင်းမွန်သော အစွမ်းအစရှိသည်ဟု ဆိုလိုသလော။ မည်သည့်အရာကိုမဆို အကဲဖြတ်ရန်၊ တိုင်းတာရန်နှင့် သတ်မှတ်ရန်အတွက် တိကျသော စံနှုန်းတစ်ခု အမြဲရှိရမည်ဖြစ်သည်။ လူတစ်ဦး၏ အစွမ်းအစကို တိုင်းတာရန်အတွက် စံနှုန်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ သဘောပေါက်နားလည်မှုက စင်ကြယ်ခြင်း ရှိမရှိ ဖြစ်သည်။ ဤလူတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိသည်ဟု ပြောဆိုခြင်းမှာ အဓိကအားဖြင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ခြင်းကို ရည်ညွှန်းသည်။ ငါတို့သည် လူတစ်ဦး၏ အစွမ်းအစကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သဘောပေါက်နားလည်နိုင်စွမ်းအပေါ် အခြေခံ၍ တိုင်းတာသည်။ ဤသည်မှာ အလွန်ပင် ဓမ္မဓိဋ္ဌာန်ကျပြီး မျှတသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်လျှင် သင်၌ မည်သည့်အစွမ်းအစ ရှိသနည်း။ သင်၌ အသုံးဝင်သော အသိဉာဏ် ရှိသလော။ ထိုသို့သောလူတစ်ဦးသည် လူသား၏ အစွမ်းအစကင်းမဲ့၏။ ၎င်းတို့၏ အစွမ်းအစသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် နားမလည်နိုင်သည့် အတိုင်းအတာအထိ အလွန် ညံ့ဖျင်းလှသည်။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သမ္မာတရားကို ရရှိနိုင်သလော။
ယခု ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ ဒုတိယ သရုပ်သကန်ကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများအား မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို မသိကြသည့်အပြင် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မပိုင်းခြားနိုင်ကြပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များက ညံ့ဖျင်းသော အစွမ်းအစရှိကြောင်း၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် အစွမ်းအစမရှိကြောင်းကို ပြသရန် လုံလောက်ပေသည်။ ဥပမာ၊ တစ်စုံတစ်ဦးသည် ခေါင်းဆောင်ဖြစ်သည့် မည်သူ့အပေါ်မဆို အမြဲတစေ အာခံတတ်၏။ အယောင်ဆောင် ခေါင်းဆောင်များသည်လည်း ဤလူ၌ ပြဿနာများရှိသည်ကို သတိပြုမိနိုင်ပြီး ၎င်းသည် ဆိုးယုတ်သောသူတစ်ဦးနှင့် အန္တိခရစ်တစ်ဦးကဲ့သို့ ဖြစ်ပုံရသည်ဟု ခံစားမိနိုင်သည်။ ၎င်းတို့သည် အမှုအရာများနှင့်ပတ်သက်၍ သဲလွန်စအချို့ကို သိရှိနိုင်သည်၊ ဤသည်မှာ သိပ်မဆိုးလှပေ။ သို့သော် သင်က ၎င်းတို့ကို “ သူသည် အန္တိခရစ်တစ်ဦးနှင့် ဆိုးယုတ်သောသူတစ်ဦးဖြစ်ပုံရသည်ဟု အဘယ်အရာကို အခြေခံ၍ သင် ပြောဆိုသနည်း။ သက်သေအဖြစ် တိကျသော သရုပ်သကန်များ ရှိသလော။ သူသည် ခေါင်းဆောင်ဖြစ်သည့် မည်သူအပေါ်သို့မဆို အမြဲတစေ အာခံတတ်သည့်အတွက်ကြောင့်သာ အန္တိခရစ်တစ်ဦးနှင့် ဆိုးယုတ်သောသူတစ်ဦးအဖြစ် ကိုယ်တော် သတ်မှတ်နိုင်သလော။ ဤတစ်ချက်တည်းဖြင့် သူ့ကို ဤသို့ သတ်မှတ်ရန် မလုံလောက်ပါ။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ကိစ္စတစ်ခု၊ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယူမှတ်မှုဆိုင်ရာ ပြဿနာတစ်ခုသာ ဖြစ်သည်။ သူ့တွင် အန္တိခရစ်၏ သဘာဝ ရှိသလော။ သူသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် သမ္မာတရားကို မုန်းတီးသောသူတစ်ဦး ဟုတ်သလော။ သူသည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီးပြီလော။ သူသည်ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးကို အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအဖြစ် ပြစ်တင်ရှုတ်ချပြီးပြီလော။ ဤအရာများထဲမှ တစ်ခုခုကို ၎င်း လုပ်ဆောင်ပြီးပြီလော”ဟု မေးမြန်းလျှင်၊ ၎င်းတို့က “ရှိပုံရပါသည်” ဟု တုံ့ပြန်သည်။ ထို့နောက် သင်က“သို့ဆိုလျှင် သူတို့ကို မည်သို့ သတ်မှတ်ပြီး ကိုင်တွယ်သင့်သနည်း” ဟု မေးမြန်းလျှင်၊ သူတို့က မသိဟု ပြောဆိုသည်။ သင်က “ဤလူစားမျိုးအတွက်၊ ညီအစ်ကိုမောင်နှမများ ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိလာစေရန် ကူညီဖို့ သူတို့ကို ကျွန်ုပ်တို့ သတိပေးသင့်ပြီး ဖော်ထုတ်သင့်သလော” ဟု မေးမြန်းလျှင်၊ ၎င်းတို့က မသိသေးဟုပင် ဆိုသည်။ ဤသည်မှာ မည်သည့်အရာမျှ မသိနားမလည်သည့်အပြင် မည်သည့်အရာကိုမျှ ထိုးထွင်းမမြင်နိုင်သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် သဲလွန်စအချို့ကို သတိပြုမိနိုင်သော်လည်း ထိုသို့သောလူများကို စည်းမျဉ်းများအတိုင်း မည်သို့ သတ်မှတ်ရမည် သို့မဟုတ် ကိုင်တွယ်ရမည်ကို မသိကြပေ။ ၎င်းတို့သည် တကယ့်ပြဿနာများကို ဖြေရှင်းနိုင်သလော။ ဘုရားသခင် ရွေးချယ်ထားသောလူများကို သင်ခန်းစာများ သင်ယူရန် ၎င်းတို့ ကူညီနိုင်သလော။ ထိုသို့သော ပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များဖြစ်သည့်အတွက်၊ ၎င်းတို့သည် အနှေးနှင့်အမြန် နှင်ထုတ်ခြင်းခံရမည် ဖြစ်သည်။ သို့သော်လည်း၊ ၎င်းတို့သည် ဒုစရိုက်အမှုအချို့ကို အမှန်တကယ် မကျူးလွန်မီတွင် သင်က ၎င်းတို့ကို ရှင်းလင်းပစ်လျှင် သို့မဟုတ် သီးခြားခွဲထားလျှင်၊ ၎င်းတို့သည် အာခံကြမည်ဖြစ်ပြီး၊ ညီအစ်ကိုမောင်နှမများသည် သင်အဘယ်ကြောင့် ထိုသို့လုပ်ဆောင်ခဲ့သည်ကို နားလည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့ကို အချိန်ကာလတစ်ခုအထိ သရုပ်ဆောင်ခွင့်ပြုရန် လိုအပ်သည်။ ၎င်းတို့၏ ဒုစရိုက်အမှုများသည် တိုး၍ သိသာထင်ရှားလာပြီး၊ ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေရန်နှင့် သိမ်းသွင်းစည်းရုံးရန် မှားယွင်းသော အယူအဆများနှင့် အခြေအမြစ်မရှိသော ကောလာဟလများကို စတင်ဖြန့်ဝေကာ၊ အာဏာနှင့်ဩဇာအတွက် ပြိုင်ဆိုင်လျက်၊ သီးခြားနယ်မြေတစ်ခုကို တည်ထောင်ပြီး၊ အသင်းတော်၏အလုပ်ကို တစ်စစီဖြစ်စေရန် ကြိုးပမ်းသည့်အခါ၊ လူအများစုသည် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ရှင်းလင်းစွာ ခွဲခြားနိုင်မည်ဖြစ်ပြီး၊ ၎င်းတို့ကို ဖော်ထုတ်ရန်၊ ပိုင်းခြားရန်နှင့် ငြင်းပယ်ရန် အလိုအလျောက် ထရပ်နိုင်ကြလိမ့်မည်။ ထို့နောက်တွင် သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း ၎င်းတို့ကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်သည်။ ဤသို့ အလုပ်လုပ်ခြင်းကသာ ညီအစ်ကိုမောင်နှမများကို ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်လာရန် ကူညီလိမ့်မည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ပြဿနာများကို ဤနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သလော။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအစွမ်းအစနှင့် ဉာဏ်ပညာ ကင်းမဲ့ကြသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ချက်ချင်း ကိုင်တွယ်နိုင်သည့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးတလေကို သင် မြင်ဖူးသလော။ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများကို ဆိုးယုတ်သောလူများ၏ နှောင့်ယှက်မှုများနှင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းတို့မှ လုံးဝ ကာကွယ်ပေးမည် မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်အများစုသည် ဖြုတ်ချခြင်းခံရပြီးနောက် မိမိတို့ကိုယ်ကို သိရှိရန် ပျက်ကွက်သည်သာမက၊ “ကြိတ်ဆုံကြိတ်ပြီးသောအခါ မြည်းကို သတ်သကဲ့သို့ ဖြစ်သည်” ဟု ပြောဆိုလျက် ဘုရားအိမ်တော်က ၎င်းတို့အပေါ် မတရားဟု ညည်းညူလျက် အလွန်လည်း စောဒကတက်ကြသည်။ ၎င်းတို့သည် အားထုတ်ခဲ့သော်လည်း အသိအမှတ်ပြုခြင်း မခံရသည့်အပြင် မတရားဆက်ဆံခံခဲ့ရသည်ဟု အခိုင်အမာဆိုကြသည်။ သင်က ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်များအဖြစ် ဖော်ထုတ်လျှင်၊ ၎င်းတို့သည်၊ “ငါသည် ခေါင်းဆောင်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ အစေခံခဲ့သည်။ အောင်မြင်မှုများ မရှိခဲ့လျှင်ပင်၊ အနည်းဆုံးအနေဖြင့် ဆင်းရဲဒုက္ခကို ခံခဲ့ရသည်။ အဘယ်ကြောင့် ငါ ဖြုတ်ချခံခဲ့ရသနည်း။ ဤသည်မှာ ကြိတ်ဆုံကြိတ်ပြီးသောအခါ မြည်းကို သတ်သကဲ့သို့ ဖြစ်သည်တကား”ဟု တွေးလျက် အာခံနေကြဆဲဖြစ်သည်။ သင်က ၎င်းတို့ကို မည်သို့ပင် ဖော်ထုတ်ပါစေ၊ ၎င်းတို့သည် အာခံနေဆဲ ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ်သည် အန္တိခရစ်တစ်ဦးကို ရှာဖွေတွေ့ရှိသည့်အခါ၊ ကျွန်ုပ်သည် အလွန်စိုးရိမ်သောကရောက်သည့်အတွက် ပါးစပ်တွင် အပူဖုများ မကြာခဏ ပေါက်ပြီး ကောင်းစွာ မအိပ်စက်နိုင်ခဲ့ပါ။ ကျွန်ုပ်သာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့လျှင် ထိုသို့သောဝန်တာကို မည်သို့ ထမ်းနိုင်မည်နည်း” ဟုပင် ပြောဆိုကြသည်။ ၎င်းတို့သည် လိုအပ်သော အလုပ်တစ်ခုတလေကိုမျှ မလုပ်ဆောင်ခဲ့ပေ၊ ထိုအရာ တစ်ခုတလေကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့သည့်အပြင်၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကိုပင် မသိခဲ့သော်လည်း၊ မိမိတို့ကိုယ်ကို အထင်ကြီးနိုင်နေဆဲ ဖြစ်သည်။ ဤသည်မှာ ပြဿနာဖြစ်စေသည် မဟုတ်လော။ ယင်းမှာ မည်မျှ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်သနည်း။
အသင်းတော်တွင် ပေါ်ပေါက်သည့် အမျိုးမျိုးသော ပြဿနာများနှင့်စပ်လျဉ်း၍၊ အယောင်ဆောင် ခေါင်းဆောင်များသည် ထိုအရာကက အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း သဘောသဘာဝရှိသည်ကို ရှင်းလင်းစွာ သိကြသော်လည်း၊ လျစ်လျူရှုကြသည်။ သိသာထင်ရှားသော ပြဿနာများကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေသာ ပြုကြပြီး ပြဿနာများ၏ အရေးပါသော အနှစ်သာရကို ဖော်ထုတ်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် ပြဿနာများကို မယ်မယ်ရရ ဖြေရှင်းခြင်းမရှိဘဲ အယူဝါဒကို ဟောပြောခြင်းဖြင့် စောင်းပါးရိပ်ခြည်ပြောဆိုခြင်းအချို့ ပြုလုပ်ကာ တိုက်တွန်းမှုအချို့ ပေးရုံသာဖြစ်ပြီး၊ ထိုမျှသာ ဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို တွေ့ကြုံသည့်အခါ၊ ၎င်းတို့သည် မိမိတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလား၊ လျစ်လျူရှုသော သဘောထားကို ခံယူလျက် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ၎င်းတို့သည် ဤပြဿနာများအား ကိုင်တွယ်ရန် အသင့်လျော်ဆုံးသော နည်းလမ်းကို မသိကြပေ၊ ပြဿနာများကို ဖြေရှင်းရန် မည်သည့်အရာအား ပြောဆိုရမည်ကို မသိကြပေ၊ ညီအစ်ကိုမောင်နှမများအား မည်သို့ ကာကွယ်ရမည်ကို မသိကြသည့်အပြင် မည်သည့်ဝန်တာမျှလည်း မရှိကြပေ။ ၎င်းတို့၌ ရှိသမျှမှာ စေတနာကောင်း အနည်းငယ်သာ ဖြစ်သည်- “သင်သည် ဆိုးယုတ်သောသူတစ်ဦးဖြစ်သည်ကို ကျွန်ုပ်သိသည်။ ညီအစ်ကိုမောင်နှမများကို သင် နှောင့်ယှက်ပြီး အန္တရာယ်ပြုသည်ကို ကျွန်ုပ် ခွင့်ပြုမည်မဟုတ်။ ကျွန်ုပ် ဤရာထူးတွင် ရှိနေသရွေ့၊ ညီအစ်ကိုမောင်နှမများကို ကာကွယ်ရမည်ဖြစ်ပြီး အဆုံးတိုင် ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းရမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့်အသုံးဝင်မှု ရှိသနည်း။ သင်သည် ပြဿနာကို ဖြေရှင်းပြီးပြီလော။ သင်သည် စိုးရိမ်သောကရောက်နေစဉ်တွင်၊ အန္တိခရစ်များက မလှုပ်မယှက် နေကြမည်လော။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခြင်းအား ရပ်တန့်ကြမည်လော။ သင်သည် ဉာဏ်ပညာမရှိသည့်အပြင်၊ အလုပ်လုပ်နိုင်စွမ်းလည်း သေချာပေါက်မရှိသော အသုံးမကျသည့်၊ သတ္တိမရှိသော ခေါင်းဆောင်တစ်ဦး၊ လေဖြုန်းနေသူတစ်ဦး ဖြစ်သည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် သင့်ကို လုံးဝ အလေးအနက်ထားမည် မဟုတ်ပေ။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူအများစုသည် အထူးပင် စဉ်းလဲပြီး မသိမသာအန္တရာယ်ပေးတတ်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ကြသော်လည်း၊ ၎င်းတို့ကို တားဆီးရန် သို့မဟုတ် ချုပ်ချယ်ကန့်သတ်ရန် သင့်တွင် နည်းလမ်းမရှိပေ။ ပြဿနာများကို ဖြေရှင်းရန် မည်သူ့ထံမှ အကူအညီ ရှာရမည်ကိုလည်း သင်မသိပေ။ သင်သည် ဆုတောင်းနေစဉ်တွင် ငိုကြွေးလျက် စိုးရိမ်သောကရောက်ပြီး စိတ်လှုပ်ရှားနေရုံသာဖြစ်သည်။သင်သည် အလွန် သနားစရာကောင်းပုံရသည်၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလွန် အလေးထားပြီး ညီအစ်ကိုမောင်နှမများကို အလွန် ဂရုစိုက်ပုံရသည်။ အန္တိခရစ်များကဲ့သို့သော သိသာထင်ရှားသည့် ဆိုးယုတ်သောလူများကိုပင် သင် မကိုင်တွယ်နိုင်ပေ။ သင်သည် အန္တိခရစ်များ၏ လုပ်ရပ်များနှင့် အပြုအမူများကို သမ္မာတရားအတိုင်း စိတ်ဖြာလေ့လာဆွေးနွေးနိုင်စွမ်း မရှိသည့်အပြင်၊ ညီအစ်ကိုမောင်နှမများအနေဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်လာစေရန် ကူညီဖို့ အန္တိခရစ်များ၏ ရည်ရွယ်ချက်များ၊ ကြံစည်မှုများနှင့် အပြုအမူများကို လူအများရှေ့တွင် ဖော်ထုတ်နိုင်စွမ်းလည်း မရှိပေ။ ဤအရာများထဲမှ တစ်ခုတလေကိုမျှ သင် မလုပ်ဆောင်နိုင်ပေ။ အချို့ အယောင်ဆောင် ခေါင်းဆောင်များက “မည်သူမျှ အန္တိခရစ်များကို မဖော်ထုတ်သင့်ပါ။ ၎င်းတို့ အန္တိခရစ်များဖြစ်သည်ကို သိရှိပြီး ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ရှောင်ရှားလျှင်၊ အန္တိခရစ်များသည် လက်စားချေလိမ့်မည်”ဟုပင် ပြောဆိုကြသည်။ ဤသည်မှာ အသုံးမကျသော သတ္တိမရှိသူတစ်ဦး ဖြစ်ခြင်း မဟုတ်လော။ ထိုသို့သောလူများသည် အသင်းတော်အလုပ်ကို ကိုင်တွယ်နိုင်ကြသလော။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ပုံမှန်အသင်းတော်အသက်တာတစ်ခု ရှင်သန်နိုင်စေရန် ကာကွယ်ပေးနိုင်ကြသလော။ ဤသည်မှာ မည်သည့် ပြဿနာဖြေရှင်းနည်းမျိုး ဖြစ်သနည်း။ မည်သည့်အရာမျှ ဖြစ်ပျက်ခြင်းမရှိသည့်အခါ၊ ၎င်းတို့သည် အယူဝါဒများကို အဆုံးမရှိ ဟောပြောနိုင်သော်လည်း၊ တစ်စုံတစ်ခု ဖြစ်ပေါ်သည့်အခါ၊ ၎င်းတို့သည် စိတ်ရှုပ်ထွေးပြီး မရေမရာဖြစ်ကာ ငိုကြွေးရုံသာ တတ်နိုင်သည်။ ၎င်းတို့သည် အသုံးမကျသော သတ္တိမရှိသူများ မဟုတ်လော။ ညီအစ်ကိုမောင်နှမများအနေဖြင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ဆိုးယုတ်သောလူများ၏ နှောင့်ယှက်ခြင်းကို ခံရသည်ကို ကြည့်နေရင်း၊ ၎င်းတို့သည် တုံ့ပြန်ရမည့် နည်းလမ်းမရှိဘဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ၎င်းတို့သည် အတော်အတန် တရားမျှတစိတ်ရှိပြီး၊ လူ့သဘာဝ ပိုင်ဆိုင်ကာ၊ သမ္မာတရားကို လက်ခံနိုင်သည့် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်း၍ အတူတကွ မိတ်သဟာယဖွဲ့ရန်၊ ဤပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုရန်နှင့် အန္တိခရစ်များကို ဖော်ထုတ်ပြီး ပိုင်းခြားရန်ဟူသည့် အခြေခံအကျဆုံးသော အရာကိုပင် မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ ထိုသို့သောလူတစ်ဦးသည် အသုံးမကျသူတစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်အချို့သည် အလွန်အကျွံ သတိထားတတ်ကြပြီး၊ သတ္တိမရှိကြသည့်အပြင် အသုံးမကျကြပေ။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ သတ္တိမရှိဖြစ်ကာ အသုံးမကျကြသနည်း။ ဆိုးယုတ်သောလူများက အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန် ထွက်ပေါ်လာ၍၊ အထူးပင် ကြမ်းတမ်းစွာနှင့် မထီမဲ့မြင်ပြုစွာ ပြောဆိုသည့်အခါ၊ ၎င်းတို့သည် အလွန်ကြောက်လန့်သဖြင့်၊ “သူတို့ကို ကျွန်ုပ် မကိုင်တွယ်မဖြေရှင်းဝံ့ပါ။ သူတို့သည် အန္တရာယ်များသည်။ သူတို့သည် လောကတွင် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။ အကယ်၍ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် သူတို့ကို ဖော်ထုတ်လျှင်၊ သူတို့သည် ကျွန်ုပ်ကို အပြစ်ရှာပြီး လက်စားချေမည်မှာ သေချာသည်။ သို့ဆိုလျှင် ကျွန်ုပ် ခေါင်းဆောင်တစ်ဦးအဖြစ် မည်သို့ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။ သူတို့သည် ကျွန်ုပ် နေထိုင်သည့်နေရာကို သိသည်။ ကျွန်ုပ်၏ မိသားစုကို သူတို့ အန္တရာယ်ပြုလိမ့်မည်လော။ ဘုရားသခင်ကို ယုံကြည်သည့်အတွက် ကျွန်ုပ်ကို သူတို့ တိုင်ကြားလိမ့်မည်လော”ဟု တွေးလျက်၊ တုန်လှုပ်နေကြသည်။ ထိုသို့သော အယောငဆောင် ခေါင်းဆောင်များသည် အသင်းတော်အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်ခြင်း မရှိပေ။ ၎င်းတို့၏ လွန်ကဲသော ကြောက်ရွံ့ခြင်းက ၎င်းတို့ကို ဘာကိုမျှမလုပ်ခြင်းဖြင့် နွံနစ်နေစေသည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်အလုပ်ကို တာဝန်မယူနိုင်ကြပေ။ ပင်ကိုအားဖြင့်၊ ၎င်းတို့သည် ထိုသို့သော ပြဿနာများနှင့် ထိုသို့သောလူများကို ကိုင်တွယ်ရန် စည်းမျဉ်းများကို နားမလည်နိုင်ကြပေ။ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်သူနှင့် နှောင့်ယှက်သူအဖြစ် သတ်မှတ်ခံရသည့် မည်သူမဆိုသည် ရံဖန်ရံခါ အမှားလုပ်မိသူတစ်ဦး မဟုတ်ပေ။ ထို့ထက်၊ ၎င်းတို့၏ လူ့သဘာဝသည် အလွန် ဆိုးယုတ်သဖြင့်၊ ၎င်းတို့သည် အမြဲတစေ မဆင်မခြင်ပြုသော ဒုစရိုက်မှုများကို ကျူးလွန်ပြီး အလွန်များသော ဒုစရိုက်အမှုများကို ကျူးလွန်ကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များတွင် ဆိုးယုတ်သောလူများ၏ အနှစ်သာရ ရှိသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဆိုးယုတ်သောလူများကို ကိုင်တွယ်ခြင်းသည်လည်း အမြော်အမြင်ရှိသောနည်းလမ်းအချို့ လိုအပ်သည်။ သင်သည် နောက်ခံအခြေအနေနှင့် ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး ဆိုးယုတ်သောလူများက ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် မည်သည့်လုပ်ရပ်များ လုပ်ဆောင်နိုင်သည်ကိုလည်းကောင်း၊ ဤသည်က အသင်းတော်အတွက် ပြဿနာ ဖြစ်စေနိုင်ခြင်း ရှိမရှိကိုလည်းကောင်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ဤသွင်ပြင်လက္ခဏာများကို သေချာစွာ ထည့်သွင်းစဉ်းစားခြင်းဖြင့်သာ သင်သည် ကိစ္စရပ်ကို သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပြီး ဉာဏ်ပညာကို အသုံးပြုသည့် နည်းလမ်းဖြင့် သင့်လျော်စွာ ကိုင်တွယ်နိုင်ပေသည်။ သမ္မာတရားကို နားလည်သောသူများသည် ထိုသို့သော ပြဿနာများကို ကိုင်တွယ်နေစဉ်တွင် စည်းမျဉ်းများကို အလိုအလျောက် သဘောပေါက်သွားလိမ့်မည်။ ၎င်းတို့သည် ဤအလုပ်ကို လုပ်ဆောင်သည်နှင့်အမျှ၊ အမျိုးမျိုးသောလူများအား မည်သို့ ဆက်ဆံရမည်ကို တဖြည်းဖြည်း နားလည်လာမည်ဖြစ်ပြီး၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နည်းလမ်းများနှင့် နည်းစနစ်များ ဖြစ်ပေါ်လာကာ၊ ဉာဏ်ပညာ ရှိလာလိမ့်မည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ဤနည်းလမ်းများ၊ နည်းစနစ်များနှင့် ဉာဏ်ပညာတို့ လုံးဝ ကင်းမဲ့ကြသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားသောကြောင့် ဖြစ်သည်။ ၎င်းတို့က ဘုရားအိမ်တော်၏အလုပ် ထိခိုက်ခြင်း ရှိမရှိ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တရာယ်နှင့် ရင်ဆိုင်ရခြင်းရှိမရှိဟူသည်ကို မစဉ်းစားကြပေ။ ၎င်းတို့သည် ဤအရာများကို မစဉ်းစားသည့်အတွက်၊ ကိစ္စရပ်များကို စည်းမျဉ်းများမရှိဘဲ ကိုင်တွယ်ကြပြီး သာ၍ပင် ဉာဏ်ပညာမရှိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာများကို မကိုင်တွယ်နိုင်သည့်အပြင် ယင်းတို့မှ သင်ခန်းစာများကိုလည်း မသင်ယူကြပေ။ ဤအရာက ၎င်းတို့၌ သင်ယူလိုစိတ်မရှိခြင်း၊ အရည်အချင်းမရှိခြင်းနှင့် တော်လျော်သော တာဝန်များကို လျစ်လျူရှုခြင်းတို့ ရှိကြောင်းနှင့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ကြောင်း သက်သေပြသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များက ဒုစရိုက်မှုပြုပြီး နှောင့်ယှက်မှုများ ဖြစ်စေသည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် ဤလူတို့ကို ဖော်ထုတ်ခြင်းလည်း မရှိ၊ ပြဿနာများကို ဖြေရှင်းခြင်းလည်း မရှိပေ။ ၎င်းတို့သည် အသင်းတော်၏အလုပ် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို မည်သည့် အလေးထားမှုမျှမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်သာ စဉ်းစားကြသည်။ အယောင်ဆောင် ခေါင်းဆောင်အချို့သည် မိမိတို့ကိုယ်တိုင်ထက် အာဏာရှိသောသူများကို ကြောက်ရွံ့စဉ် တစ်ချိန်တည်းတွင် အားနည်းသူကို အနိုင်ကျင့်ကြသည်။ ၎င်းတို့သည် အတော်အတန် နူးညံ့သိမ်မွေ့သောသူများကို မရပ်မနား အနိုင်ကျင့်ပြီး မိမိတို့၏ ဩဇာအာဏာကို ထုတ်ဖော်ပြသကြသော်လည်း၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို တွေ့ကြုံသည့်အခါ မျက်နှာချိုသွေးပြီး မြှောက်ပင့်ပြောဆိုကြသည်။ စည်းမျဉ်းများမရှိသော ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို ဘုရားသခင် နှစ်သက်နိုင်သလော။ လုံးဝ မနှစ်သက်နိုင်ပေ။ ဘုရားအိမ်တော်သည် အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့ကာ၊ တရားမျှတစိတ်မရှိသော လူများကို ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် ပျိုးထောင်ပေးနိုင်သလော။ လုံးဝ ပျိုးထောင်ပေး၍မရပေ။ ဤလူများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိသည့်အပြင် သမ္မာတရားကို လုံးဝလက်မခံသော မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများချည်းသာဖြစ်ပြီး ဘုရားအိမ်တော်သည် ၎င်းတို့ကို အလိုမရှိပေ။
အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၏ အလုပ်တွင် ပြဿနာများဖြစ်ပေါ်သည့်အခါ သူ၏ တုံ့ပြန်မှုသည် အစဉ်သဖြင့် တာဝန်ကို ရှောင်ရန်ဖြစ်သည်။ ၎င်းတို့၏ အသုံးအများဆုံး ပြောဆိုမှုတစ်ခုမှာ “သူတို့နှင့် ငါမိတ်သဟာယဖွဲ့ပြီးဖြစ်သည်။” ဟူ၍ ဖြစ်သည်။ ဤနေရာတွင် ဆိုလိုသည်မှာ “ငါပြောဖို့ လိုအပ်သည့်အရာတိုင်းကို ပြောပြီးဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ခု လွဲမှားလျှင် သူတို့၏ တာဝန်ဖြစ်သည်။ ငါနှင့် လုံးဝ မသက်ဆိုင်ပေ။” ဟူ၍ ဖြစ်သည်။ ဤအတွက်ကြောင့် “သူတို့နှင့် ငါမိတ်သဟာယဖွဲ့ပြီးဖြစ်သည်။” ဆိုသည့် ဝါကျသည် အယောင်ဆောင်ခေါင်းဆောင်များအတွက် အဆောင်နှင့် ဆောင်ပုဒ်ဖြစ်သည်။ အန္တိခရစ်တစ်ယောက်သည် ထင်ရာစိုင်းနေကြောင်း၊ လက်လွတ်စပယ်ပြုမူနေကြောင်း၊ အသင်းတော်ကို အနှောင့်အယှက်ဖြစ်စေကြောင်းတို့ကို အယောင်ဆောင်ခေါင်းဆောင်က မြင်လျှင် မိတ်သဟာယပြုခြင်းနှင့် ကူညီပံ့ပိုးခြင်း နည်းလမ်းကိုလည်း အသုံးပြုသည်။ တွန်းအားပေးပြီး သတိပေးသည့်စကားအနည်းငယ် ပြောပြီးနောက်တွင် အန္တိခရစ်များသည် နာခံပြီး ကျိုးနွံနာခံလိမ့်မည်၊ လူတို့အား အထင်အမြင်မှားစေတော့မည်မဟုတ်၊ သို့မဟုတ် အသင်းတော်အသက်တာကို နှောင့်ယှက်တော့မည်မဟုတ်ဟု ၎င်းတို့က ယူဆကြသည်။ ဤသည်မှာ မိုက်မဲသော ယူဆချက်ဖြစ်သည် မဟုတ်လော။ အန္တိခရစ်များ၏ အနှောင့်အယှက်များကို ကန့်သတ်ရန် ဤသို့သော မိုက်မဲသည့်နည်းလမ်းကို အသုံးပြုခြင်းသည် အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ပြုလုပ်သည့် ပုံစံဖြစ်သည်။ ယင်းသည် အမှန်တကယ်ကို လုံးလုံး မိုက်မဲလှသည်။ အယောင်ဆောင်ခေါင်းဆောင်သည် မည်သည့်အရာမျှ မလုပ်သည့်အပြင် ကျိုးကြောင်းမမြင်ဘဲ အလုပ်ရှုပ်နေသည်။ အခြေခံကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိစဉ်တွင် အထွေထွေကိစ္စများဖြင့်သာ အချိန်ဖြုန်းနေသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသောသူတို့ကို ရေမလောင်းပေ။ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူတို့ကို မကန့်သတ်ပေ။ ပြီးလျှင် အထပ်ထပ်အခါအခါ သတိပေးသော်ငြားလည်း မကောင်းမှုများ မဆင်မခြင် ကျူးလွန်ပြီး ပြောင်းလဲရန် ငြင်းဆန်သောသူတို့ကို ရှင်းလင်းမပစ်ပေ။ အန္တိခရစ်များက မည်သို့ မကောင်းမှုပြုပြီး အနှောင့်အယှက်များ ဖြစ်စေသည်ကို အထူးသဖြင့် ၎င်းတို့က အာရုံမစိုက်ပေ။ ၎င်းတို့သည် အန္တိခရစ်များကို ဖော်ထုတ်ခြင်း သို့မဟုတ် ပိုင်းခြားသိမြင်ခြင်း မရှိသည့်အပြင် အန္တိခရစ်များကို မကောင်းမှုပြုရန်နှင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ရန် ခွင့်ပြုထားလျက် ရှင်းလင်းခြင်း သို့မဟုတ် နှင်ထုတ်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် လုံးဝဂရုမစိုက်သည့်အပြင် အန္တိခရစ်များ၏ ဒုစရိုက်အမှုများသည် ၎င်းတို့နှင့် ဘာမျှပတ်သက်ခြင်းမရှိဟု တွေးထင်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏အလုပ်တွင် ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြနိုင်ကြသည်။ ၎င်းတို့သည် အထွေထွေအရေးကိစ္စ အလုပ်အနည်းငယ်ကို လုပ်ဆောင်ပြီးနောက် လက်တွေ့အလုပ်ကို လုပ်ဆောင်ပြီးဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့က ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံချိန်မီသည်ဟုလည်းကောင်း တွေးထင်ကြသည်။ အသင်းတော်၏အလုပ်ကို မည်သူက အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်သည်ဖြစ်စေ၊ ၎င်းတို့သည် ထိုသူတို့အား အယူဝါဒအချို့ကိုသာ ရွတ်ပြကြသည်။ တိုက်တွန်းမှုနှင့် သတိပေးမှုအနည်းငယ် ပေးကာ ပြဿနာကို ဖြေရှင်းပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် နေ့စဉ် အလုပ်ရှုပ်နေကြပြီး ကိစ္စ ကြီးငယ်နှစ်ခုလုံးကို အာရုံစိုက်လုပ်ဆောင်လျက်၊ မိမိတို့ကိုယ်ကို အလုပ်ကောင်းကောင်း လုပ်ဆောင်နေသည်ဟု မှတ်ယူကြသည်။ ၎င်းတို့က “ကျွန်ုပ်တို့၏ အသင်းတော်ကို ကြည့်ပါ။ လူတိုင်းကို ကောင်းစွာ အသုံးပြုထားသည်။ ဧဝံဂေလိတရားကို ဟောပြောနိုင်သူများက ဧဝံဂေလိတရားကို ဟောပြောနေကြသည်၊ ဗီဒီယိုများ ဖန်တီးနိုင်သူများက ဗီဒီယိုများ ဖန်တီးနေကြသည်၊ သီချင်းဆိုနိုင်သူများက ဓမ္မတေးများကို အသံသွင်းနေကြသည်၊ ကျွန်ုပ်တို့၏ အသင်းတော်အသက်တာသည် ကြီးပွားတိုးတက်သည်တကား”ဟု ပြောလျက် ကြွားပင်ကြွားဝါကြသည်။ သို့သော်လည်း၊ ၎င်းတို့သည် အသင်းတော်ထဲက ကွယ်ဝှက်ထားသော ပြဿနာများစွာကို လုံးဝ မမြင်ကြပေ။ အသင်းတော်အသက်တာကို အစဉ်တစိုက် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော ထိုဆိုးယုတ်သည့်လူများနှင့် မယုံကြည်သူများကို ကိုင်တွယ်ရန် ၎င်းတို့ မဝံ့သောကြောင့်၊ ထိုသူတို့ကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် မိမိတို့သဘောအတိုင်း ပြုမူလုပ်ဆောင်ကြသည့် အန္တိခရစ်များကို မသိကျိုးကျွန်ပြုကြသည်၊ တစ်ဦးချင်းစီက လူတို့ကို ဆွဲဆောင်ရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အုပ်စုငယ်များကို ဖွဲ့စည်းရန် ကြိုးစားနေကြသည်။ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်မွတ်သိပ်သော ယုံကြည်သူအသစ်များ မေးမြန်းသည့် မေးခွန်းများစွာကို ၎င်းတို့က မဖြေရှင်းနိုင်ကြပေ။ ဤလက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေမည့်အစား၊ အယောင်ဆောင်ခေါင်းဆောင်များက“အသင်းတော်အသက်တာသည် ကြီးပွားတိုးတက်သည်တကား”ဟု အခိုင်အမာဆိုနေသေးရင်း၊ ထိုပြဿနာများကို အမြဲတစေ ရှောင်ရှားရန် ကြိုးစားကြသည်။ ဤသည်မှာ ဟန်ဆောင်ခြင်းနှင့် လိမ်လည်ခြင်းတွင် ပါဝင်နေခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ရှင်းလင်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းမရှိဘဲ အသင်းတော်ထဲတွင် ထားရှိကာ၊ ၎င်းတို့ကို မဆင်မခြင် မကောင်းမှုများ ကျူးလွန်စေပြီး အသင်းတော်အသက်တာကို လုံးဝ ကမောက်ကမ အခြေအနေတစ်ခုအဖြစ်သို့ရောက်သွားခွင့်ပေးလျက်၊ တချိန်လုံး မမြင်ချင်ယောင်ဆောင်နေကြသည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း ကြောင်းကျိုးမမြင်ကြသည်တကား။ ၎င်းတို့သည် မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအတွက် အကာအကွယ်ပေးသူအဖြစ် ပြုမူကြသည့်အပြင်၊ ဤသို့ အကျင့်ပျက်နေသူများကို မရှင်းလင်းပစ်ခြင်းသည် ချစ်ခင်တတ်ခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ခြင်းဖြစ်သည်ဟု တွေးထင်လျက်၊ ဤအရာမှ ဂုဏ်ယူဝင့်ကြွားမှုကိုပင် ရယူကြသည်။ ဤသည်မှာ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်ပြီး သူ့ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို လုံးဝ သတိမမူမိကြပေ။ အကယ်၍ သင်က ဤလက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းပြီးရှိမရှိ ၎င်းတို့ကို မေးမြန်းပါက၊ ၎င်းတို့က “ငါသည် ၎င်းတို့ကို ပြုပြင်ပြီးဖြစ်သည်၊ သူတို့နှင့် ငါမိတ်သဟာယဖွဲ့ပြီးဖြစ်သည်” ဟု ပြောဆိုကြပြီး၊ ပြဿနာများ ဖြေရှင်းပြီးဖြစ်ကာ ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိတော့ကြောင်း သွယ်ဝိုက်ပြောဆိုကြသည်။ ဤသည်မှာ ခေါင်းရှောင်ခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအတွက်၊ လက်မခံနိုင်သော အပြုအမူတစ်ခုတလေကို တစ်ဦးတလေက ကျူးလွန်သည့်အခါတိုင်း၊ ၎င်းတို့က ပြစ်မှုကျူးလွန်သူကို ဝတ်ကျေတမ်းကျေ ပြုပြင်ပြီး သတိပေးချက်နှင့် တိုက်တွန်းမှုအချို့ ပေးသရွေ့၊ ၎င်းတို့၏အလုပ် ပြီးဆုံးသွားပြီး၊ ပြဿနာကို ဖြေရှင်းပြီးသည့်အလား ဖြစ်သည်။ ဤသည်မှာ လှည့်ဖြားခြင်းတွင် ပါဝင်နေခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ချက်ချင်း ရှင်းလင်းပစ်ရန် သိသိသာသာ ပျက်ကွက်ပြီးနောက်၊ “ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့နှင့်အတူ မိတ်သဟာယဖွဲ့ခဲ့သည်။ သူတို့အားလုံးက မိမိတို့လုပ်ဆောင်ခဲ့သည့်အရာကို အသိအမှတ်ပြုပြီး နောင်တရကြကာ၊ အားလုံး ငိုကြွေးသည့်အပြင်၊ သေချာပေါက် နောင်တရမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ ကိုယ်ပိုင် သီးခြား နိုင်ငံတော်ကို တည်ထောင်ရန် နောက်ထပ် ကြိုးစားတော့မည် မဟုတ်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်” ဟုဆိုလျက် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသော ဆင်ခြေများကို ပြောဆိုကြသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် အိမ်မှုကိစ္စလုပ်တမ်း ကစားသော ကလေးများကဲ့သို့ မိမိတို့ကိုယ်ကို လှည့်ဖြားနေကြခြင်းသာဖြစ်သည် မဟုတ်လော။ ဤမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူကမျှ သမ္မာတရားကို လုံးဝလက်မခံကြသည့်အပြင်၊ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ကြပေ။ ထို့ထက်၊ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားပြီး ၎င်းတို့ကို ချစ်ခင်စွာ ကူညီကြသည်။ ဤနေရာတွင် ပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤလူတို့ကို ရှင်းလင်းစွာ မမြင်နိုင်အောင် တားဆီးထားသည်မှာ မိုက်မဲခြင်းနှင့် အသိဉာဏ်မဲ့ခြင်းလော၊ သို့မဟုတ် ထိုသူတို့အားစိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်သဖြင့် ထိုသူတို့ နှစ်သက်အောင် ၎င်းတို့ ကြိုးစားနေခြင်းလော။ အကြောင်းရင်းက မည်သည့်အရာပင်ဖြစ်စေ၊ အရေးအကြီးဆုံးမှာ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့အလုပ်ကို မလုပ်ဆောင်သည့်အပြင်၊ ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါတွင် သမ္မာတရားကို လက်မခံခြင်း သို့မဟုတ် မိမိတို့၏ အမှားများကို ဝန်မခံခြင်း ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များအနေဖြင့် သမ္မာတရား လက်တွေ့ကျမှု လုံးဝ မပိုင်ဆိုင်ကြောင်း ပြသရန် လုံလောက်ပေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအတိုင်း အလုပ်မလုပ်ကြသည့်အပြင်၊ အထူးသဖြင့် အသင်းတော်ကို သန့်စင်ခြင်းအလုပ်နှင့်ပတ်သက်သည့်နေရာတွင်၊ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူကြသည်။ ၎င်းတို့သည် သိသာထင်ရှားသော ဆိုးယုတ်သည့်လူအနည်းငယ်ကို သန့်စင်ဖယ်ရှားခြင်းဖြင့် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြသည်။ ဖော်ထုတ်ပြီး ပြုပြင်ခြင်းခံရသည့်အခါ၊ ၎င်းတို့သည် တာဝန်ကို ခေါင်းရှောင်ရန်နှင့် မိမိတို့ကိုယ်အတွက် စောဒကတက်ရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများကိုပင် ရှာဖွေကြသည်။ ထို့ကြောင့်၊ လက်တွေ့အလုပ်မလုပ်သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းမရှိအောင် တားဆီးသည့် ခလုတ်တံသင်းတစ်ခု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် တန်ဖိုး ဘာဆိုဘာမျှမရှိသည့် အပေါ်ယံ၊ အထွေထွေအရေးကိစ္စ အလုပ်အနည်းငယ်ကိုသာ ကိုင်တွယ်ကြသည်။ ၎င်းတို့သည် အသင်းတော်တွင် ပေါ်ပေါက်သည့် အမျိုးမျိုးသော ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းကြပေ။ ယင်းတို့ကို ဤအတိုင်း ရှောင်ရှားလိုက်ကြသည်။ ဤသည်မှာ အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို နှောင့်နှေးစေသည်သာမက၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ထိခိုက်စေသည်။ သေချာပြော၍ရသည်မှာ၊ အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ဖျက်ဆီးပြီး မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအတွက် အကာအကွယ်ပေးသူများအဖြစ် ပြုမူကြသည်။ ဝိညာဉ်ရေးရာတိုက်ပွဲ၏ အရေးကြီးသောအချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး လှည့်ဖြားရန် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များဘက်တွင် ရပ်တည်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များ၏ အမြင်များနှင့် အပြုအမူများမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများ တကယ်ကို မဟုတ်ကြကြောင်း၊ သမ္မာတရားကို ၎င်းတို့ လုံးဝနားမလည်ကြသည့်အပြင်၊ ခေါင်းဆောင်မှုအလုပ်ကို လုံးဝ မလုပ်ဆောင်နိုင်ကြကြောင်း သိသာထင်ရှားပေသည်။
အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ဆက်ဆံခြင်းမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအတိုင်း ဆက်ဆံကြသည်။ ၎င်းတို့သည် မိမိတို့အလိုရှိသမျှကို လုပ်ဆောင်လျက်၊ မည်သည့်စည်းမျဉ်းမျှမရှိဘဲ ပြုမူကြသည်။ အန္တိခရစ်များက အသင်းတော်အား နှောင့်ယှက်နေသည်ကို မြင်သောအခါ၊ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ကို မမုန်းတီးကြပေ။ အန္တိခရစ်များအား ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ဖတ်ပြခြင်းက ၎င်းတို့၏ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများအား ကန့်သတ်နိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အန္တိခရစ်များသည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်၊ စာတန်များ ဖြစ်ကြသည်။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ၊ အန္တိခရစ်များသည် သမ္မာတရားကို လုံးဝလက်မခံသည့်အပြင် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်နိုင်သည်။ ၎င်းတို့သည် လက်တွေ့ဘဝထဲက နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များအား ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်အနည်းငယ်ကို ဖတ်ပြခြင်းဖြင့် ၎င်းတို့ကို နောင်တရစေပြီး စိတ်များပြောင်းလဲစေရန် မျှော်လင့်ကြသည်။ ဤသည်မှာ အလွန်အမင်း မိုက်မဲလှသည် မဟုတ်လော။ အန္တိခရစ်များကဲ့သို့သော လူများသည် သမ္မာတရားကို လုံးဝလက်မခံကြပေ။ ဒုစရိုက်အမှု မည်မျှကို ၎င်းတို့ ကျူးလွန်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သိရှိခြင်း ရှိလိမ့်မည်မဟုတ်သည့်အပြင်၊ အမှားမည်မျှ ၎င်းတို့ ပြုလုပ်မိသည်ဖြစ်စေ၊ မိမိတို့၏ အမှားများကို ဝန်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ငရဲသို့ သွားရန် ကံကြမ္မာပါလာသော ယုတ်ညံ့သည့်သတ္တဝါများ ဖြစ်ကြသည့်တိုင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်အနည်းငယ်ကို ဖတ်ပြခြင်းနှင့် တိုက်တွန်းသည့် စကားအချို့ကို ပြောပေးခြင်းတို့က ၎င်းတို့ကို ပြောင်းလဲစေနိုင်သည်ဟု သင်ထင်သည်။ ဤသည်မှာ မဖြစ်နိုင်သည့်အရာကို တောင့်တခြင်း မဟုတ်လော။ အကယ်၍ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က သမ္မာတရားကို ဤမျှ လွယ်ကူစွာ လက်ခံနိုင်မည်ဆိုလျှင်၊ ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို ဆောင်ရွက်ရန် လိုအပ်မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အမှုတော်တွင် အဘယ်ကြောင့် အလွန်များသော နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီး အလွန်များသော သမ္မာတရားများကို ဖော်ပြသသနည်း။ အကြောင်းမှာ လူတို့ကို ကယ်တင်ခြင်းသည် မလွယ်ကူသောကြောင့်ဖြစ်သည်၊ လူတို့၏ အခက်အခဲများက အလွန်များပြားပြီး ၎င်းတို့၏ ပုန်ကန်မှုက အလွန်ကြီးမားသောကြောင့် ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာလျှင် ကယ်တင်ခြင်းခံရနိုင်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင်၊ မုန်းတီးသောသူများသည် ကယ်တင်ခြင်းမခံရနိုင်ပေ။ သို့သော်လည်း၊ ပြင်းထန်သော စကားအချို့ကို မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များထံ ပြောဆိုပါက၊ ဤပုဂ္ဂိုလ်များသည် နောင်တရပြီး မိမိတို့ကိုယ်ကို သိရှိလာကြမည်ဖြစ်ကြောင်းနှင့်၊ ထို့နောက် ၎င်းတို့အား တိုက်တွန်းပြီး နှစ်သိမ့်သည့် စကားအချို့ကို ပြောဆိုပါက၊ ၎င်းတို့သည် နောင်တရကြမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အာရုံစိုက်နိုင်မည်ဖြစ်ကာ၊ သစ္စာစောင့်သိလာပြီး၊ စိတ်သဘောထား ပြောင်းလဲခြင်းကို ကြုံရမည်ဖြစ်ကာ အန္တိခရစ်များကို ကျိုးနွံနာခံသော သိုးများအဖြစ်သို့ ပြောင်းလဲစေမည်ဟု အယောင်ဆောင် ခေါင်းဆောင်များက ယုံကြည်ကြသည်။ ဤသည်မှာ မိုက်မဲသော စိတ်ကူးတစ်ခု မဟုတ်လော။ ဤစိတ်ကူးသည် အလွန်အမင်း မိုက်မဲလှသည်။ ဤသည်မှာ အရူးတစ်ယောက်၏ ကယောင်ချောက်ချား ပြောသောစကားနှင့် တူသည်။ အမှုအရာများက အဘယ်သို့ဖြစ်ပြီး ထိုမျှ ရိုးရှင်းနိုင်မည်နည်း။ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုတော်ကို နှစ်ပေါင်းသုံးဆယ်ကျော် ဆောင်ရွက်နေခဲ့ပြီးဖြစ်ရာ၊ လူတို့သည် မိမိကိုယ်ကို မည်မျှသိရှိပြီး မည်မျှပြောင်းလဲမှုကို စွမ်းဆောင်ရရှိပြီးပြီနည်း။ လူနည်းစုသာလျှင် ရလဒ်အချို့ကို စွမ်းဆောင်ရရှိကြပြီးဖြစ်သည်။ သမ္မာတရားကို မချစ်သောသူများသည် မည်မျှများသော တရားဒေသနာများကို နားထောင်သည်ဖြစ်စေ၊ အလွန်ဆုံးအနေဖြင့် အယူဝါဒအချို့ကို နားလည်ကြသည်။ ၎င်းတို့၏ အသက်စိတ်သဘောထားသည် လုံးဝမပြောင်းလဲသည့်အပြင်၊ ကောင်းသော အပြုအမူများနှင့် ကောင်းမှုများကိုပင် ၎င်းတို့ထံမှ မြင်ရခဲသည်။ ဤသူများသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် မုန့်ကို အဝစားသောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရန်သာ အာရုံစိုက်ပြီး ကောင်းချီးများကိုသာ လိုက်စားကြသည်၊ ၎င်းတို့သည် အဝတ်ဆင်မြန်ထားသော သားရဲတိရစ္ဆာန်များသာ ဖြစ်ကြသည်။ လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရသည်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပြည့်နေပြီး၊ ၎င်းတို့၏ အရိုးများနှင့် သွေးက စာတန်၏ အဆိပ်အတောက်များဖြင့် ပြည့်နေသည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင် သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်မခံနိုင်လျှင်၊ ဘုရားသခင်ကို မည်သို့ အမှန်တကယ် ကျိုးနွံနာခံနိုင်မည်နည်း။ မိမိတို့၏ တာဝန်များကို မည်သို့ သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်မည်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို မည်သို့ ရှောင်ကြဉ်နိုင်မည်နည်း။ ကယ်တင်ခြင်းကို ရရှိခြင်းသည် လူတို့ စိတ်ကူးသလောက် ရိုးရှင်းနိုင်သလော။ စာတန်သည် လူတို့ကို နတ်ဆိုးများဖြစ်လာသည်အထိ နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်။ ယခု ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်ရန် ကြွလာခဲ့ပြီး၊ သူသည် မည်မျှများသော နှုတ်ကပတ်တော်များကို မိန့်မြွက်သည်ဖြစ်စေ၊ နတ်ဆိုးများဖြစ်လာသော လူတို့ကို စစ်မှန်သော လူသားများအဖြစ်သို့ ပြောင်းလဲပေးခြင်းသည် အလွန့်အလွန် ခက်ခဲသောတာဝန်တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် များစွာသော သမ္မာတရားများကို ဖော်ပြရန် လိုအပ်သည်သာမက၊ လူတို့သည်လည်း သမ္မာတရားကို လိုက်စားခြင်း၊ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရန် အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။ သို့မှသာ ၎င်းတို့သည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ပေသည်။ ဘုရားသခင်သည် တစ်ချိန်က “ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏” ဟု မိန့်မြွက်ခဲ့သည်။ လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အမှန်တကယ် တွေ့ကြုံခံစားပြီး၊ သူ၏အမှုတော်ကို အပြည့်အဝ ကျိုးနွံနာခံသောသူများသာလျှင် သန့်စင်ခြင်းခံရပြီး စုံလင်အောင်ပြုခြင်းခံရနိုင်သည်။ သမ္မာတရားကို တစ်စိုးတစ်စဉ်းမျှ လက်မခံသော ထိုမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် မိမိတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ အမှုတော်အားဖြင့် ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်၏ အမှုတော်ကို သိနားလည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်ကို ထိုသို့သော ရိုးရှင်းသည့်ဝေါဟာရများဖြင့် စဉ်းစားကြပြီး၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအား ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ဖတ်ပြခြင်းနှင့် ပြင်းထန်သော ပြုပြင်ခြင်းစကားအချို့ကို ပြောဆိုခြင်းဖြင့်၊ ၎င်းတို့နောင်တရပြီး ပြောင်းလဲကာ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိလာမည်ဟု ယုံကြည်ကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သမ္မာတရားကို မလိုက်စားခြင်းနှင့် သမ္မာတရားကို နားမလည်ခြင်းအပြင်၊ အယောင်ဆောင်ခေါင်းဆောင်များတွင် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသောကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်က လူတို့ကို ကယ်တင်ပုံနှင့်ပတ်သက်လာလျှင် ၎င်းတို့တွင် လုံးဝနားလည်သဘောပေါက်မှုမရှိပေ။ လူတစ်ဦး၏ အနှစ်သာရက အဘယ်အရာဖြစ်သည်၊ ၎င်းတို့၌ သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဟူသည်နှင့် ၎င်းတို့အား မည်သို့ဆက်ဆံသင့်သည်ဟူသည်တို့ကို သိမြင်ရန်၊ ၎င်းတို့၏ အစွမ်းအစနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်သဘောပေါက်မှုက မည်သို့ရှိသည်ဟူသည်နှင့် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဟူသည်တို့ကို သင် စောင့်ကြည့်ရမည်။ သို့ဆိုလျှင်၊ လူတစ်ဦးသည် သမ္မာတရားကို နားလည်သဘောပေါက်နိုင်ခြင်း ရှိမရှိဟူသည်ကို တိုင်းတာရန် အခြေခံမှာ အဘယ်နည်း။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့၏ အစွမ်းအစ အရည်အသွေးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ နားလည်သဘောပေါက်မှုက စင်ကြယ်ခြင်း ရှိမရှိဟူသည်တို့အပေါ် မူတည်သည်။ အချို့လူများသည် အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အထိ နေထိုင်ကြပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရနှင့် လက်တွေ့အရှိတရားကို ထိုးထွင်းမမြင်နိုင်ကြသေးပေ။ ၎င်းတို့သည် လူ့အဖွဲ့အစည်းကို လှပသောအရာဖြစ်သည်ဟု စိတ်ကူးနေကြဆဲဖြစ်ပြီး အခြားသူများနှင့် ငြိမ်းချမ်းစွာနှင့် သဟဇာတဖြစ်စွာ နေထိုင်လိုကြဆဲဖြစ်သည်။ ဤသည်မှာ အလွန်အမင်း မိုက်မဲပြီး နုံအသည် မဟုတ်လော။ အကယ်၍ ဘုရားသခင်ကို ယုံကြည်ခြင်းက လူတိုင်းကို လူကောင်းများအဖြစ်သို့ ပြောင်းလဲပေးနိုင်မည်ဆိုလျှင်၊ လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတော်ကို လိုအပ်ချက် ရှိမည်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် အမျိုးမျိုးသော လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ သတ်မှတ်ခြင်းမရှိဘဲ၊ ၎င်းတို့၏ အပြင်ပန်းအပြုအမူနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ထင်မြင်ချက်များအပေါ်တွင်သာ အခြေခံကြသည်။ ၎င်းတို့လုပ်ဆောင်သည့်အလုပ်သည်လည်း ကလေးများက အိမ်မှုကိစ္စလုပ်တမ်းကစားနေသကဲ့သို့ အလွန်အပေါ်ယံဆန်သည်။ ၎င်းတို့သည် တစ်ခါတစ်ရံတွင် အခြေအနေတစ်ခုခုအတွက် အသုံးချရန် ဘုရားသခင်၏ မှန်ကန်သော နှုတ်ကပတ်တော်များကို ရှာဖွေနိုင်သည်ဟုလည်းကောင်း၊ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ဖတ်ပြရုံမျှဖြင့် ၎င်းတို့ကို ပြောင်းလဲစေမည်ဟုလည်းကောင်း တွေးထင်ကြသည်။ “ကြည့်ပါလော့၊ ကျွန်ုပ်၏ ခေါင်းဆောင်မှုနှင့် တိုက်တွန်းမှုအောက်တွင်၊ ကျွန်ုပ်၏ ချစ်ခင်သော အကူအညီဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အပေါ် အကျိုးသက်ရောက်ခဲ့ပြီ။ ၎င်းတို့သည် အန္တိခရစ်များ မဖြစ်လိုကြတော့သည့်အပြင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ မိမိတို့၏ အမြင်များကို ပြောင်းလဲရန် လိုလားကြသည်။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် နောက်ထပ် ပြိုင်ဆိုင်ကြမည်မဟုတ်သည့်အပြင်၊ သီးခြား နိုင်ငံတော်များကို တည်ထောင်ကြမည်မဟုတ်ပေ၊ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို နောက်ထပ် အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ကြတော့မည်မဟုတ်သည့်အပြင်၊ ညီအစ်ကိုမောင်နှမများကို နောက်ထပ် အထင်အမြင်မှားစေခြင်း သို့မဟုတ် ဆွဲဆောင်ခြင်း ပြုကြမည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ သင်သည် ၎င်းတို့ကို ကန့်သတ်နိုင်သလော။ အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသော အမှန်တကယ် ဆိုးယုတ်သည့်လူများကို သင်သည် မည်သည့်အခါမျှ ကန့်သတ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့တွင် ဆိုးယုတ်သောလူများ၏ အနှစ်သာရရှိသောကြောင့်၊ ၎င်းတို့သည် နေ့၊ည အချိန်မရွေး ဒုစရိုက်အမှုများကို ကျူးလွန်ကြသည်။ အခွင့်အရေးရသည့်အခါတိုင်း၊ ၎င်းတို့သည် မကောင်းမှုကို ပြုကြသည်။ ၎င်းတို့ကို အသင်းတော်မှ မရှင်းလင်းဘဲ နေခြင်းက သင့်အတွက် အဆင်ပြေမည်လော။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုများကို ဆန္ဒအလျောက် ရပ်တန့်ကြမည်လော။ ၎င်းတို့သည် လူသားများမဟုတ်ကြ၊ နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ နတ်ဆိုးများနှင့် စာတန်သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ အတိုက်အခံလုပ်ခဲ့ပြီးပြီနည်း။ ၎င်းတို့သည် ယနေ့တိုင် ဘုရားသခင်ကို အတိုက်အခံလုပ်နေဆဲဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အန္တိခရစ်များနှင့် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများသည် လက်တွေ့ဘဝထဲက နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ ၎င်းတို့သည် လက်တွေ့ဘဝထဲ ရန်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် သင်၏ စကားအနည်းငယ်ကြောင့် သို့မဟုတ် သင်၏ ချစ်ခင်သော စိတ်နှလုံးကြောင့် မိမိတို့၏ အနှစ်သာရကို ပြောင်းလဲနိုင်သလော။ သင်သည် အလွန်မိုက်မဲလှသည်တကား။ သင်သည် အယူဝါဒအနည်းငယ်ကို နားလည်သောကြောင့် လူတို့ကို အပြစ်တရားမှ ကယ်တင်နိုင်သည်ဟု သင်ထင်သလော။ ၎င်းတို့ကို သင် ကယ်တင်နိုင်သလော။ ၎င်းတို့သည် ငရဲသို့ သွားရန် ကံကြမ္မာပါပြီးဖြစ်ကာ ကောင်းသောစကားအနည်းငယ်က ၎င်းတို့ကို ပြောင်းလဲစေနိုင်သည်ဟု သင်ထင်သည်။ ထိုမျှ လွယ်ကူသလော။ အကယ်၍ လူတို့ကို ကယ်တင်ရန် အလွန်လွယ်ကူမည်ဆိုလျှင်၊ ဘုရားသခင်သည် အလွန်များသောနှုတ်ကပတ်တော်များကို မိန့်မြွက်ရန် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတော်ကို ဆောင်ရွက်ရန် လိုအပ်မည်မဟုတ်ပေ။ သူသည် လူတို့ကို ကယ်တင်ရန် အလွန်များသော အချိန်နှင့် သူ၏ နှလုံးသွေးများစွာကို ကုန်ဆုံးရန် လိုအပ်မည်လော။
ယခု၊ အသင်းတော်တွင်၊ အမျိုးမျိုးသော လူတို့သည် ဖော်ထုတ်ခြင်းခံရပြီး ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းခံရပြီးဖြစ်သည်။ လူတိုင်းကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားသင့်ပြီး၊ မတူညီသော လူအမျိုးအစားများအား မည်သို့ဆက်ဆံပြီး ကိုင်တွယ်ရမည်ဟူသည်ကို ထိန်းညှိသည့် စည်းမျဉ်းများနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များက ဘုရားအိမ်တော်တွင် ရှိသည်။ ဘုရားသခင်၌ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း၊ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်အပြင်၊ ဖြောင့်မတ်သော စိတ်သဘောထားတို့ ရှိသည်။ သို့သော် ဘုရားသခင်၌ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့လည်း ရှိသည်ကို မမေ့နှင့်။ အချို့လူများက “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ” ဟု ပြောဆိုကြသည်။ ဤသည်မှာ မှန်သည်၊ သို့သော် ဘုရားသခင်သည် အရာတိုင်း သို့မဟုတ် နတ်ဆိုးတိုင်းကို မဟုတ်ဘဲ၊ “လူအယောက်တိုင်း” ကို ကယ်တင်ခြင်းခံရစေလိုခြင်း ဖြစ်သည်။ လူတို့သည် ထာဝရပြစ်ဒဏ်ကို ခံစားရသောအခါ၊ ဘုရားသခင်က ဝမ်းနည်းပူဆွေးခြင်းကို ခံစားရသည်။ နတ်ဆိုးများက ထာဝရပြစ်ဒဏ်ကို ခံစားရသောအခါ၊ ယင်းမှာ ၎င်းတို့၏ ထိုက်တန်သော အဆုံးသတ်နှင့် ထိုက်တန်သော အပြစ်ဒဏ်ဖြစ်သည်၊ ဘုရားသခင်သည် ၎င်းတို့အတွက် ဝမ်းနည်းပူဆွေးခြင်းမရှိပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် လူတို့ကို ဆက်ဆံရာတွင် သူ၏စည်းမျဉ်း ဖြစ်သည်။ လူတို့သည် ထိုမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည်လည်း လူသားများဖြစ်သည်ဟု တွေးထင်လျက်၊ ဘုရားသခင်ကို အမြဲတစေ ဆန့်ကျင်လိုကြသည်။ အသင်းတော်၏အလုပ်ကို အစဉ်တစိုက် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သူများသည်လည်း လူသားများဖြစ်သည်ဟုလည်းကောင်း၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ပြီး သီးခြားနိုင်ငံတော်များကို တည်ထောင်သောသူများသည်လည်း လူသားများဖြစ်သည်ဟုလည်းကောင်း၊ အစဉ်တစိုက် လင်မှုကိစ္စတွင်ပျော်ပါးသောသူတို့သည်လည်း လူသားများဖြစ်သည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် နတ်ဆိုးအမျိုးအစားဝင်ဖြစ်သည့် ဤပုဂ္ဂိုလ်များအားလုံးကို ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် စာရင်းသွင်းကြသည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် အလိုရှိသည့်အရာကို ဆန့်ကျင်နေခြင်း မဟုတ်လော။ အကြောင်းမှာ ကိစ္စရပ်များအပေါ် ၎င်းတို့၏ သဘောထားအမြင်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လုံးဝဆန့်ကျင်သောကြောင့်၊ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် ပုဂ္ဂိုလ်များ၊ နတ်ဆိုးများနှင့် စာတန်များအပေါ် ၎င်းတို့၏ ထင်မြင်ချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလွန် ကွဲပြားခြားနားလျက် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရားသခင်သည် စာတန်နောက်သို့လိုက်သော နတ်ဆိုးများကို လူသားများအဖြစ် မည်သည့်အခါမျှ သဘောမထားခဲ့ပေ။ ဘုရားသခင်သည် ဤလူတို့ကို မည်သို့ သတ်မှတ်သနည်း။ ၎င်းတို့သည် နတ်ဆိုးစာတန်၏ အစေခံများ ဖြစ်ကြသည်၊ ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ စေတနာကောင်းများနှင့် မရေရာသော မေတ္တာတို့ဖြင့်လည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင် ဖြစ်ချင်သော အတွေး၏ တွန်းအားပေးမှုကြောင့်လည်းကောင်း၊ ဤမယုံကြည်သူများ၊ နတ်ဆိုးများနှင့် စာတန်၏ အစေခံများကို ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားကြသည်။ ထို့ကြောင့်၊ ၎င်းတို့သည် ထိုသူတို့အား ကြီးမားသော မေတ္တာနှင့် ကြင်နာမှုကို ပြသပြီး၊ အစဉ်မပြတ် ကူညီကာ ထောက်ပံ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုလူတို့အား ၎င်းတို့၏ ထောက်ပံ့မှု၊ အကူအညီနှင့် ခေါင်းဆောင်မှုကို ပေးသောကြောင့်၊ စစ်မှန်သော ညီအစ်ကိုမောင်နှမများ၊ ဘုရားသခင် ကယ်တင်လိုသောသူများသည် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ကြရသည်။ အသင်းတော်အသက်တာက လမ်းမှန်ပေါ်သို့ မည်သည့်အခါမျှ မရောက်နိုင်သည့်အပြင်၊ ညီအစ်ကိုမောင်နှမများသည် ဆိုးယုတ်သောလူများထံမှ မည်သည့်နှောင့်ယှက်မှုမျှမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ခြင်း မရှိကြပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ “အောင်မြင်မှု” မဟုတ်လော။ ၎င်းတို့၏ “အောင်မြင်မှု” သည် အတော်ပင် သိသာထင်ရှားပေသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် ပျက်ကွက်သည်သာမက၊ ထိုဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအား အကြောင်းမဲ့ လေးစားမှုနှင့် အကာအကွယ်ကိုလည်း ပေးကြသည်။ ဤသည်မှာ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း မဟုတ်လော။ ဤသို့လုပ်ဆောင်နေသည့် အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောသဘာဝမှာ အဖျက်အမှောင့်လုပ်ခြင်းဖြစ်သည့်တိုင်၊ ၎င်းတို့က အသင်းတော်၏အလုပ်ကို ထိန်းသိမ်းနေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို ကူညီကာ ထောက်ပံ့နေသည်ဟု တွေးထင်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ ဤလုပ်ဆောင်ချက်များကို ဘုရားသခင် မည်သို့ ရှုမြင်သနည်း။ ဘုရားသခင်က ၎င်းတို့ကို စက်ဆုပ်ရွံရှာသည်၊ အထူးပင် စက်ဆုပ်ရွံရှာသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့အလုပ်ကို မလုပ်ဆောင်ဘဲ ဆိုးယုတ်သောလူများကို ကာကွယ်စောင့်ရှောက်ခြင်း၊ စာတန်၏ အစေခံများအဖြစ် ပြုမူခြင်းကို အာရုံစိုက်ကြသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများဖြစ်သည့် သမ္မာတရားကို ချစ်သောသူများက အသင်းတော်အသက်တာကို နေထိုင်နေသော်လည်း အသင်းတော်၏ ထောက်ပံ့မှုနှင့် အားပေးမှုကို မရရှိနိုင်ခြင်းသို့လည်းကောင်း၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်လိုသော်လည်း မိမိတို့၏ လုံခြုံရေးကိုအာမခံချက်မရနိုင်ခြင်းသို့လည်းကောင်း ဆိုက်ရောက်စေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤကိစ္စရပ်များကို လုံးဝ သတိမမူကြသည့်အပြင်၊ “ငါသည် လူတိုင်းကို တန်းတူဆက်ဆံသည်၊ သို့ဖြစ်၍ သင်တို့ အဘယ်ကြောင့် စောဒကတက်နေကြသနည်း။ သင်တို့ကို ကျေနပ်စေရန် မည်သည့်အရာကိုသာ ငါ လုပ်ပေးရမည်နည်။ ဤသည်မှာ လူတို့ကို မျှတစွာဆက်ဆံခြင်းဟု ဆိုလိုသည့်အရာဖြစ်သည်။သင်တို့သည် အပြစ်ရှာပြီး စိတ်ကျေနပ်အောင်လုပ်ဖို့ ခက်နေခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ငါသည် ဘုရားသခင်အတွက် တာဝန်ရှိသည်။ ငါသည် အရာအားလုံးကို ဘုရားသခင်ရှေ့မှောက်၌ လုပ်ဆောင်နေခြင်း ဖြစ်သည်”ဟု တွေးထင်ကြသည်။ ထိုသို့သော စကားလုံးကြီးကျယ်များကို ပြောဆိုနိုင်သည့်အတွက် ၎င်းတို့သည် အကြောင်းအကျိုးမသိသောသူများ မဟုတ်လော။ ၎င်းတို့သည် အဆုံးစွန်ထိ မိုက်မဲကြသည် မဟုတ်လော။ ၎င်းတို့သည် အမှန်ပင် အကြောင်းအကျိုးမသိသောသူများဖြစ်ပြီး အဆုံးစွန်ထိ မိုက်မဲကြသည်။ ဘုရားအိမ်တော်သည် ဘုရားသခင်က လူသားမျိုးနွယ်ကို မည်သို့ကယ်တင်ကြောင်းကို နေ့စဉ် ပြောဆိုသော်လည်း၊ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ နားမလည်ကြပေ။ ၎င်းတို့က လူသည် မည်သူဖြစ်စေ၊ ၎င်း၏ အနှစ်သာရမှာ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့ ယခင်က မည်မျှဆိုးယုတ်သောအရာများကို လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝမှာ မည်မျှပင် မလိုမုန်းထားစိတ်ရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ လမ်းညွှန်မှုအောက်တွင်လည်းကောင်း၊ လူတို့၏ ချစ်ခင်သော ထောက်ပံ့မှု၏ အကူအညီဖြင့်လည်းကောင်း၊ ၎င်းတို့သည် နောက်ဆုံးတွင် နောင်တရပြီး ပြန်လှည့်လာမည်ဟု တွေးထင်ကြသည်။ ဤသဘောထားအမြင်သည် လုံးဝမှားယွင်းနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွန်အမင်း မှားယွင်းစွာ နားလည်သဘောပေါက်ခြင်းအပြင်၊ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သယောင် ဟန်ဆောင်ကြပြီး၊ တစ်ဖက်သတ်နည်းလမ်းဖြင့် တွေးခေါ်ကာ မိမိတို့၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများဖြင့် လုပ်ဆောင်လျက်၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအား ကြင်နာမှုနှင့် မေတ္တာကို ပြသကြသည်။ ပြီးလျှင် ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ကာကွယ်ပေးမိကြသည်၊ ၎င်းတို့၏ ကြံရာပါများ ဖြစ်လာကြပြီး၊ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ရန် ၎င်းတို့အတွက် အခွင့်အရေးများနှင့် ပျိုးထောင်ရာနေရာကို ပံ့ပိုးပေးကြသည်။ ဤအတောအတွင်းတွင်၊ အမှန်တကယ် ကွယ်ကာမှုလိုအပ်သော ညီအစ်ကိုမောင်နှမများကိုမူ အယောင်ဆောင်ခေါင်းဆောင်များက လျစ်လျူရှုကြပြီး၊ ၎င်းတို့ကို “အသင်းတော်တွင်ရှိသည့် ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အယူအဆများကို ဖြန့်ဝေသောသူများ ရှိနေခြင်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ခံစားရသနည်း။ ၎င်းတို့ကို အသင်းတော်တွင် ထားရှိရန် သင်တို့ သဘောတူပါသလော။ သင်တို့သည် ၎င်းတို့နှင့်အတူ တာဝန်များကို ထမ်းဆောင်ပြီး အသင်းတော်အသက်တာကို အတူတကွ နေထိုင်ရန် လိုလားပါသလော”ဟု မည်သည့်အခါမျှ မမေးကြပေ။ ညီအစ်ကိုမောင်နှမများက ဤအရာတစ်ခုတလေနှင့်ပတ်သက်၍ မည်သို့ခံစားရသည်ကို ၎င်းတို့က မည်သည့်အခါမျှ မမေးကြပေ။ သင်တို့ မည်သို့ထင်သနည်း၊ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတော်ပင် စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ခြင်းဟူသော အလံအောက်တွင် လှုပ်ရှားကြပြီး၊ ထိုသို့သော ဘွဲ့ထူးများကို ဆင်မြန်းထားကြသော်လည်း၊ ၎င်းတို့သည် အမှန်တကယ်တွင် စာတန်နှင့် စာတန်၏ အစေခံများကို ကာကွယ်စောင့်ရှောက်သည့်အလုပ်အား လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ အမှန်ပင် ဝမ်းနည်းဖွယ်ကောင်းလှသည်တကား။ အကယ်၍ သင်က ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး လက်တွေ့အလုပ်ကို မလုပ်ဆောင်ဟု ပြောဆိုပါက၊ ၎င်းတို့သည် လက်ခံယုံကြည်မည်မဟုတ်ပေ။ ၎င်းတို့သည် နေ့စဉ် အလုပ်ရှုပ်နေပြီး အားအားယားယားဖြစ်နေခြင်းမရှိသောကြောင့် မိမိတို့ လက်တွေ့အလုပ်ကို မလုပ်ဆောင်ဟု မည်သို့ဖြစ်နိုင်မည်နည်းဟုတွေးထင်လျက် မတရားဆက်ဆံခံရသည်ဟု ခံစားရလိမ့်မည်။ သို့သော် ၎င်းတို့၏ သရုပ်သကန်များဖြစ်သည့် လူအုပ်စုနှစ်စုလုံးသည် အရေးကြီးသည်ဟု ခံစားရခြင်း၊ နှစ်ဖက်စလုံးကို တန်းတူဆက်ဆံရမည်ဟု တွေးထင်ခြင်း၊ ဆိုးယုတ်သောလူများနှင့် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများကို အသင်းတော်တွင် ဗိုလ်ကျစိုးမိုးခွင့်ပြုရန်နှင့် အမျိုးမျိုးသော ဒုစရိုက်အမှုများကို အသင်းတော်တွင် ဆက်လက်တည်ရှိခွင့်ပြုရန် မျှတသောဆက်ဆံမှုကို အကြောင်းပြချက်အဖြစ် အသုံးပြုခြင်းတို့အပေါ် အခြေခံသည့်အခါ၊ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် အဘယ်အရာများ ဖြစ်ကြသနည်း။ ၎င်းတို့၏ သရုပ်သကန်များ၊ ၎င်းတို့၏ အလုပ်လုပ်ပုံနည်းလမ်း၊ စည်းမျဉ်းများနှင့် အလုပ်လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် အခြေခံ၍၊ ၎င်းတို့သည် သိသိသာသာပင် အယောင်ဆောင်ခေါင်းဆောင်များနှင့် နားဝေတိမ်တောင်ဖြစ်ကြသည့် လူမိုက်များ ဖြစ်ကြသည်။ ဤသို့ပြောဆိုခြင်းသည် တိကျမှန်ကန်သလော။ (မှန်ကန်ပါသည်။)
လူ့အဖွဲ့အစည်းတွင် မည်သည့်လူအုပ်စု သို့မဟုတ် လူတန်းစားဖြစ်စေ၊ ၎င်းတို့အနေဖြင့် စာတန်က လူတို့အား မည်သို့ ဖောက်ပြန်ပျက်စီးစေကြောင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရက အဘယ်အရာဖြစ်ကြောင်းကို ဆွေးနွေးရန် မဆိုထားနှင့်၊ ဆိုးယုတ်သောလူများနှင့် ကောင်းသောလူများအကြား ခွဲခြားခြင်းမရှိကြပေ။ ၎င်းတို့သည် အကောင်းနှင့်အဆိုးကိုပင် မခွဲခြားကြပေ။ သို့သော် ဘုရားအိမ်တော်တွင်မူ အရာရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံသည်။ သမ္မာတရားသည် မည်သည့်အခါမျှ မပြောင်းလဲသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာရာကို ပြီးမြောက်စေသည်။ အသင်းတော်တွင် လူအမျိုးမျိုးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ထုတ်ဖော်ခြင်းခံရပြီး ၎င်းတို့၏ အမျိုးအစားအလိုက် အလိုအလျောက် ခွဲခြားသတ်မှတ်ခြင်း ခံရသည်။ လူအမျိုးမျိုးတို့ကို ၎င်းတို့၏ လူ့သဘာဝ၊ လိုက်စားမှုများနှင့် အနှစ်သာရတို့ကို အခြေခံ၍ အကောင်းဆုံး အသုံးပြုသင့်သည်။ ဤသည်မှာ လူတို့ကို အဆင့်အတန်းအလိုက် ခွဲခြားခြင်းဖြစ်သလော။ လူတို့ကို အဆင့်အတန်းအလိုက် ခွဲခြားခြင်းမဟုတ်ဘဲ၊ အမျိုးအစားသတ်မှတ်ခြင်း ဖြစ်သည်။ လူတစ်ဦးချင်းစီကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်သင့်သည်၊ ၎င်းတို့ သက်ဆိုင်သည့်နေရာတွင် ၎င်းတို့ကို ထားရှိသင့်သည်။ အတူတကွ ရောနှောနေခြင်းကို လက်ခံ၍မရပေ။ ရောနှောခြင်းသည် ယာယီဖြစ်ပြီး သတ်မှတ်ထားသော အချိန်ကာလတစ်ခု ရှိသည်။ ဥပမာအားဖြင့်၊ တောမျိုးစေ့များနှင့် ဂျုံစပါးတို့ အတူတကွ ရောနှောနေသည့်အခါ၊ တောမျိုးစေ့များကို နှုတ်ခြင်းက ဂျုံစပါးကို ထိခိုက်ပြီး ဂျုံစပါးကို သေစေနိုင်လျှင်၊ တောမျိုးစေ့များကို မနှုတ်သင့်သေးပေ။ သို့သော် ၎င်းတို့ကို မနှုတ်ခြင်းက ၎င်းတို့ကို အမျိုးအစားခွဲခြားခြင်း မရှိဟု မဆိုလိုပေ။ သို့ဆိုလျှင် ၎င်းတို့ကို မည်သည့်အချိန်တွင် နှုတ်သင့်သနည်း။ သင့်လျော်သောအချိန်တွင် ဖြစ်သည်။ ဘုရားသခင်က အချိန်ကို ပြင်ဆင်လိမ့်မည်။ ယခုသည် တစ်ဦးချင်းစီကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ရမည့်အချိန် ဖြစ်သည်။ လူမျိုးစုံကို အမျိုးအစားခွဲခြားရမည်။ ဤသည်မှာ လိုအပ်သည်။ ဤအလုပ်ကို အဘယ်ကြောင့် လုပ်ဆောင်ရမည်နည်း။ သဘောတရားဆိုင်ရာ ရှုထောင့်အမြင်မှကြည့်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဟူသည့် အခြေခံအကြောင်းတရား ရှိသည်။ လက်တွေ့အခြေအနေ၏ ရှုထောင့်အမြင်မှကြည့်လျှင်၊ ဤအရာကို လုပ်ဆောင်ရန် လိုအပ်သည်။ ယင်း၌ လက်တွေ့ကျသော တန်ဖိုးရှိပြီး ထိုသို့လုပ်ဆောင်ရန်မှာ မရှိမဖြစ်လိုအပ်သည်။ တောမျိုးစေ့များကို နှုတ်ခြင်းက ဂျုံစပါးကို မထိခိုက်သည့်အခါ၊ တောမျိုးစေ့များကို နှုတ်ပစ်ပြီး ဂျုံစပါးနှင့် ခွဲထုတ်ပစ်ရမည်။ တောမျိုးစေ့များဖြစ်ကြသည့် မယုံကြည်သူများနှင့် ဆိုးယုတ်သောလူများကို ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားလျှင်၊ ယင်းမှာ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိတို့ကိုယ်ကို အသုံးခံကြသည့် ညီအစ်ကိုမောင်နှမများအားလုံးအတွက် အလွန် မတရားလွန်းလှပေ။ တစ်ချက်မှာ၊ ဤလူတို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ဆိုးယုတ်သောလူများ၏ နှောင့်ယှက်ခြင်း၊ လွှမ်းမိုးခြင်းနှင့် ထိခိုက်နစ်နာစေခြင်းတို့ကို မကြာခဏ ခံရလိမ့်မည်။ နောက်တစ်ချက်မှာ၊ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုရှိသည့် အချို့လူတို့သည် သမ္မာတရားကို နားမလည်ကြသည့်အပြင် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ဆိုးယုတ်သောလူများနှင့် ထိတွေ့ဆက်ဆံရသည့်အခါ ဘောင်ခတ်ခြင်းခံရမည်ဖြစ်ကာ၊ အပျက်သဘောဆောင်ပြီး အားနည်းလာမည် သို့မဟုတ် ခလုတ်ပင်တိုက်မိကြလိမ့်မည်ဖြစ်သည်။ ထို့အပြင်၊ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူတို့ လုပ်ဆောင်သည့်အရာတိုင်းနှင့် ၎င်းတို့ပြောဆိုသည့် စကားလုံးတိုင်းက ပရမ်းပတာဖြစ်ခြင်း၊ ကမောက်ကမအခြေအနေနှင့် စည်းကမ်းမဲ့သော အခြေအနေများကို ဖြစ်ပေါ်စေသည်။ အလက်တွေ့ကျဆုံးသော အခြေအနေမှာ ၎င်းတို့က တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ သို့မဟုတ် အလုပ်အချို့ကို လုပ်ဆောင်သည့်အခါ၊ ဒုစရိုက်မှုများကို မဆင်မခြင် ကျူးလွန်ပြီး စည်းမျဉ်းများကို မလိုက်နာသဖြင့်၊ မည်သည့်ရလဒ်မျှ မရရှိဘဲ လူအင်အား၊ ပစ္စည်းအရင်းအမြစ်များနှင့် ငွေကြေးအရင်းအမြစ်များကို များစွာဖြုန်းတီးခြင်းသို့ ဦးတည်စေသည်။ အဆုံးတွင် မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့ကို ဖြုတ်ချသည့်အခါ၊ လူတိုင်းက ၎င်းတို့၏ ဒုစရိုက်မှုများအတွက် ပေးဆပ်ရသည်။ အလုပ်ကို ပြန်လုပ်ရန် လိုအပ်ပြီး၊ ထိုပုဂ္ဂိုလ်များကို မဖြုတ်ချမီက အသုံးခံခဲ့ရသည့် လူအင်အား၊ ပစ္စည်းအရင်းအမြစ်များ၊ အချိန်နှင့် လူတိုင်း၏ အဖိုးတန်ဆုံးသော အားအင်တို့သည် ၎င်းတို့၏ မဆင်မခြင် ဒုစရိုက်မှုများကြောင့် ဖြုန်းတီးခြင်းခံရပြီး ပြန်လည်ဖြည့်ဆည်း၍မရနိုင်ပေ။ ဤအလုပ်အပေါ် ၎င်းတို့ ဖြစ်စေခဲ့သည့် အပျက်သဘောဆောင်သော သက်ရောက်မှုမှာ အလွန်ကြီးမားလှပါသည်တကား။ မည်သူမျှ ဤတာဝန်ကို မထမ်းနိုင်ပေ။ နောက်ပိုင်းတွင် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်လျှင်ပင်၊ ယခင်ဆုံးရှုံးမှုများကို မည်သူကမျှ လျော်ကြေးပေး၍မရနိုင်ပေ။ အချို့လူများက ၎င်းတို့ကို လျော်ကြေးငွေပေးရန် ပြောဆိုကြသည်။ ဤသည်မှာလည်း လုပ်ဆောင်သင့်သောအရာဖြစ်သော်လည်း၊ ငွေက အချိန်ကို ဝယ်နိုင်သလော။ ငွေက ညီအစ်ကိုမောင်နှမများ၏ အချိန်နှင့် အားအင်ကို သို့မဟုတ် ၎င်းတို့ပေးဆပ်ခဲ့သည့် ရိုးသားစစ်မှန်သော အဖိုးအခကို ဝယ်နိုင်သလော။ မဝယ်နိုင်ပေ၊ ထိုအရာများမှာ အဖိုးမဖြတ်နိုင်ပေ။ အသင်းတော်တွင် လူမည်မျှက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည်ဖြစ်စေ၊ အကျိုးဆက်များမှာ အတိုင်းမသိဖြစ်သည်။ များစွာသော ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုသည် ထိခိုက်ခံရလိမ့်မည်။ ဆုံးရှုံးမှုမှာ သိသာထင်ရှားပြီး လျော်ကြေးပေး၍မရနိုင်ပေ။ ညီအစ်ကိုမောင်နှမများ၏ အသက်တာအပေါ် ဆုံးရှုံးမှုကို လျော်ကြေးပေး၍ရနိုင်သလော။ ဤဆုံးရှုံးမှုအတွက် မည်သူက အဖိုးအခပေးမည်နည်း။ သို့ဖြစ်၍၊ ဤဆိုးယုတ်သောလူများကို ရှင်းလင်းပစ်ရမည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသည့် ညီအစ်ကိုမောင်နှမများနှင့် အမျိုးအစားမတူကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ နှောင့်ယှက်ရန်နှင့် ဖျက်ဆီးရန် ရောက်လာကြသည့် နတ်ဆိုးများနှင့် စာတန်တို့၏ စိတ်သူကိုယ်သူလူသိုက်နှင့် သက်ဆိုင်သည်။ အကယ်၍ ဤဆိုးယုတ်သောလူများကို အသင်းတော်မှ မရှင်းလင်းပစ်လျှင်၊ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ စည်းစနစ်ကို မည်သည့်အခါမျှ အာမခံ၍ရနိုင်မည်မဟုတ်ပေ။ အုပ်စုတစ်ခုခုတွင် လူမည်မျှပင် ပါဝင်စေကာမူ၊ ၎င်းတို့အကြားတွင် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေသည့် လူတစ်ဦးရှိနေသရွေ့၊ မဆင်မခြင် ဒုစရိုက်မှုများကို ကျူးလွန်သူ၊ ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မကိုင်တွယ်သူ၊ အပြုသဘောဆောင်သောအရာများ သို့မဟုတ် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံသူ၊ မည်သူ့စကားကိုမျှ နားမထောင်သူ၊ မည်သည့်အဆင့်အတန်း သို့မဟုတ် အာဏာရှိသည်ဖြစ်စေ မိမိသဘောအတိုင်း တစ်ဇွတ်ထိုး ထင်ရာမြင်ရာလုပ်ခြင်းဖြင့် ပြုမူသူနှင့် အခြေခံအားဖြင့် အသက်ရှင်နေသော စာတန်တစ်ကောင်ဖြစ်သူ၊ ထိုသို့သောလူသည် အသင်းတော်တွင် ရှိနေသရွေ့၊ အနှေးနှင့်အမြန် အသင်းတော်၏အလုပ်အပေါ် ကြီးမားသော နှောင့်ယှက်မှုနှင့် ဖျက်ဆီးမှုကို သက်ရောက်စေလိမ့်မည်။ ၎င်းတို့ကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်ရမည့်နေ့ ရောက်လာသည့်အခါ၊ ၎င်းတို့ ဖြစ်ပေါ်စေခဲ့သည့် ဆိုးကျိုးများနှင့် စည်းကမ်းမဲ့သောအခြေအနေများကို လူမည်မျှက ရှင်းလင်းရလိမ့်မည်နည်း။ သို့ဖြစ်၍၊ ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်ပြီး ပေါ့ဆ၍မရသည့် အရေးကြီးသော တာဝန်တစ်ရပ် ဖြစ်သည်။ သို့သော်လည်း၊ အယောင်ဆောင်ခေါင်းဆောင်များသည် ရှင်းလင်းပစ်သင့်သောသူများ သို့မဟုတ် နှင်ထုတ်သင့်သောသူများအပေါ် ကြင်နာမှုနှင့် မေတ္တာကို ပြသကြပြီး၊ ၎င်းတို့၏ ဒုစရိုက်မှုများကို မသိကျိုးကျွံပြုကြသည်၊ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် သည်းခံပြီး လိုက်လျောကြသည့်အပြင်၊ ၎င်းတို့အတွက် အသုံးဝင်သောသူတို့ကို ပါရမီရှိသောလူများအဖြစ် မှတ်ယူကာ ပျိုးထောင်ပြီး အသုံးပြုသည်အထိပင် ပြုလုပ်ကြသည်။ ၎င်းတို့ မည်သည့်မကောင်းမှုများကို လုပ်ဆောင်သည်ဖြစ်စေ၊ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ကို အပြစ်မှလွှတ်ရန် ဆင်ခြေများကို ရှာဖွေပေးပြီး၊ ၎င်းတို့အား ချစ်ခင်သော အကူအညီနှင့် ထောက်ပံ့မှုတို့ကိုပင် ပေးကြသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဤသည်မှာ တမင် အဖျက်အမှောင့်လုပ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများ၊ မိမိတို့၏ ကိုယ်ပိုင်ကြင်နာမှုနှင့် စိတ်အားထက်သန်မှုတို့အတိုင်း ပြုမူကြပြီး၊ နောက်ဆုံးတွင် အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် ကြီးမားသော ဒုက္ခကို ဖြစ်စေသည်တကား။ အကယ်၍ ဤဆိုးယုတ်သောလူများက အာဏာကို ကိုင်စွဲထားလျှင်၊ အသင်းတော်အပေါ် ၎င်းတို့ ဖြစ်စေသည့် ဘေးဒုက္ခများနှင့် အကျိုးဆက်များမှာ ရေတွက်၍မရနိုင်ပေ။
လတ်တလောတွင် မည်သူက ဒုစရိုက်မှုများကို ကျူးလွန်သည်ဖြစ်စေ၊ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုဖြစ်စေသရွေ့ ထိုဆုံးရှုံးမှုအတွက် ၎င်းတို့ လျော်ကြေးပေးရမည်ဟူသော စည်းမျဉ်းစည်းကမ်းတစ်ခု ဘုရားအိမ်တော်တွင် ရှိသည်။ အကယ်၍ ဆုံးရှုံးမှုက အလွန်ကြီးမားပြီး အကျိုးဆက်များက ပြင်းထန်လျှင်၊ ငွေဖြင့် လျော်ကြေးပေးရုံမျှဖြင့် ပြဿနာ ပြေလည်သွားနိုင်သလော။ အချို့သော ဆုံးရှုံးမှုများကို မည်သည့်ငွေကြေးလျော်ကြေးပမာဏနှင့်မျှ အစားထိုးပေး၍ မရနိုင်ပေ။ ယင်းတို့သည် အစားထိုး၍မရနိုင်သော၊ ပြန်လည်ရယူ၍မရနိုင်သော အရာများဖြစ်သည်။ ယခုအခါ နေ့ရက်တိုင်းသည် အလွန်တန်ဖိုးရှိပြီး အရေးကြီးသည်။ နေ့တစ်နေ့ ကုန်လွန်သွားသည်နှင့်တစ်ပြိုင်နက်၊ ထိုအချိန်ကို ပြန်လည်ရယူနိုင်သလော။ ယင်းကိုလည်း ပြန်လည်ရယူ၍မရနိုင်ပေ။ အချို့သောအရာများကို လွဲချော်ခြင်းသည် တစ်သက်တာနောင်တဖြစ်သည်ဟု အဘယ်ကြောင့် ငါတို့ ပြောဆိုကြသနည်း။ အတိအကျဆိုသော် အချိန်ကို ပြန်လည်ရယူ၍မရနိုင်သောကြောင့် ဖြစ်သည်။ ဤသို့ပြောဆိုခြင်းဖြင့် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ ပြဿနာများ ဖြစ်ပွားပြီးနောက်မှ ဖြေရှင်းရန် ငွေကုန်ခြင်းထက်၊ ပြဿနာများ မဖြစ်ပွားမီကပင် တားဆီးခြင်းက အကောင်းဆုံးဖြစ်သည်။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ “နွားပျောက်မှ တင်းကုပ်ပြင်ခြင်း”သည် မတတ်သာသည့်အဆုံး အားကိုးရသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အမှုအရာများ မဖြစ်ပွားမီ ကြိုတင်ကာကွယ်သည့်အလုပ်ကို လုပ်ဆောင်ခြင်းက အကောင်းဆုံးဖြစ်သည်။ ဤသည်မှာမည်သည့်အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ မဖြစ်ပွားမီ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်ရှိ လူအမျိုးမျိုးတို့ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး စေ့စေ့စပ်စပ် နားလည်ထားရမည်ဖြစ်ကာ၊ ညီအစ်ကိုမောင်နှမများအားလုံး ပုံမှန်အသင်းတော်အသက်တာနှင့် မိမိတို့၏ တာဝန်ထမ်းဆောင်ရန် ပတ်ဝန်းကျင်တစ်ခု ရှိသည်ကို သေချာစေဖို့အလို့ငှာ လူအမျိုးမျိုးတို့၏ အခြေအနေများ၊ စိတ်သဘောထားများနှင့် လိုက်စားမှုများအပြင် တာဝန်ထမ်းဆောင်စဉ် ၎င်းတို့၏ သဘောထားများနှင့် သဘောထားအမြင်များကို သေချာစွာ စောင့်ကြည့်လေ့လာပြီး ချက်ချင်း သဘောပေါက်ထားရမည်ဟု ဆိုလိုပေသည်။ ဤနည်းဖြင့် အသင်းတော်၏အလုပ်သည် စနစ်တကျ တိုးတက်နိုင်ပေသည်။။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်အတွက် စံမမီကြသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သော မိုက်မဲသူများနှင့် အသုံးမကျသောလူများ ဖြစ်ကြသည်။ ယခု ၎င်းတို့တွင် “စည်းမျဉ်းများကို မလိုက်နာသည့်အပြင်၊ အလုပ်ကို တလွဲတချော်ပြုလုပ်သည့် မည်သူမဆို ဒဏ်ငွေဆောင်ရမည်။ အန္တိခရစ်တစ်ဦးက တစ်စုံတစ်ခု တလွဲလုပ်ဆောင်လျှင်၊ ၎င်းတို့ ဒဏ်ငွေဆောင်ရမည်” ဟူသော ပါးနပ်သည့် အကြံတစ်ခု ရှိသည်။ ဒဏ်ငွေတပ်ခြင်းသည် အကောင်းဆုံးဖြေရှင်းနည်းနှင့် အကောင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ အကယ်၍ ပြဿနာအားလုံးကို ဒဏ်ငွေတပ်ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဆိုလျှင်၊ သမ္မာတရားကို လိုက်စားခြင်းက အဘယ်အသုံးဝင်မှု ရှိသနည်း။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကို အဘယ်ကြောင့် အယောင်ဆောင်ဟု ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်ပြီး၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်းကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ၎င်းတို့မှတ်ယူကာ ၎င်းတို့နားလည်သည့် စကားလုံးများနှင့် အယူဝါဒများကို သမ္မာတရားအဖြစ် မှတ်ယူသောကြောင့် ဖြစ်သည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် မှန်ကန်သော စည်းမျဉ်းများ သို့မဟုတ် ဦးတည်ချက်ကို လုံးဝ မရှာတွေ့နိုင်သည့်အပြင် ပြဿနာများကို အရင်းအမြစ်မှ မဖြေရှင်းနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သည့်အပြင် ဘုရားသခင် ဆိုလိုသည့်အရာကို လုံးဝသဘောမပေါက်ဘဲ၊ အလုပ်လုပ်လိုဆဲဖြစ်ပြီး ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်လိုဆဲဖြစ်သည်။ မိုက်မဲလိုက်လေခြင်းတကား။ ဤကိစ္စနှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အဓိကသရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် လူအမျိုးမျိုးတို့၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်ကြပေ။ ထိုသူတိုကိုအမျိုးအစားမခွဲခြားနိုင်ကြသည့်အပြင်၊ စည်းမျဉ်းများအတိုင်း သဘောထားပြီး သေချာပေါက် မကိုင်တွယ်နိုင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ စိတ်ထဲတွင်၊ ဤအရာအားလုံးသည် ရှုပ်ထွေးနေသော ကမောက်ကမအခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်အားထက်သန်မှု၊ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူဆိုလိုသည့်အရာကို မှန်းဆကြသည်။ တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီကြောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီကြောင်းနှင့် ဘုရားသခင် အလိုရှိသည့်အရာကို ကိုယ်စားပြုနိုင်ကြောင်း ယုံကြည်လျက်၊ မိမိတို့၏ ကြင်နာမှု၊ စိတ်အားထက်သန်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ကူးများနှင့် အယူအဆများကို ဘုရားသခင်အပေါ် သွတ်သွင်းကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် အလုပ်လုပ်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဦးဆောင်ရန် ဤအရာများအပေါ် မှီခိုကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အဓိကသရုပ်သကန် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ ဒုတိယသရုပ်သကန်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်မည်။
၃။ အယောင်ဆောင်ခေါင်းဆောင်များသည် ဆိုးယုတ်သောလူများကို မဖော်ထုတ်၊ မတားဆီးကြပေ
ဆက်လက်၍ ငါတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ တတိယသရုပ်သကန်နှင့်ပတ်သက်ပြီး မိတ်သဟာယဖွဲ့ကြမည်။ ယင်းမှာ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောလူများကို လျစ်လျူရှုခြင်းနှင့် စုံစမ်းမေးမြန်းခြင်းမပြုခြင်း ဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် အန္တိခ-ရစ်တို့က အသင်းတော်၏အလုပ်ကို နှောင့်ယှက်နေသည်ကို ၎င်းတို့ တွေ့ရှိသည့်အခါတွင်ပင် ၎င်းတို့သည် ထိုအရာကို အာရုံမစိုက်ပေ။ ဤသည်မှာ ပထမသရုပ်သကန်နှစ်ခုထက် သဘောသဘာဝအားဖြင့် ပို၍ဆိုးရွားသည်။ အဘယ်ကြောင့် ပို၍ဆိုးရွားသည်ဟု ဆိုရသနည်း။ ပထမသရုပ်သကန်နှစ်ခုသည် အယောင်ဆောင်ခေါင်းဆောင်များ၏ အစွမ်းအစနှင့် ပတ်သက်သော်လည်း၊ ဤသရုပ်သကန်မှာမူ အယောင်ဆောင်ခေါင်းဆောင်များ၏ လူ့သဘာဝနှင့် သက်ဆိုင်သည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း၏ သဘောသဘာဝကို ထိုးထွင်းမမြင်နိုင်လောက်အောင် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်သော်လည်း၊ ကံမကောင်းစွာဖြင့် ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အပြင် ဤပြဿနာများကို မကိုင်တွယ်၊ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် “ငါက အသင်းတော်၏အလုပ်ကို လုပ်နေသရွေ့ အဆင်ပြေသည်။ မည်သူကအဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်ဟူသည်အတွက်မူ၊ ယင်းမှာ သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပြီး ငါနှင့် ဘာမျှပတ်သက်ခြင်း မရှိပါ” ဟု တွေးထင်လျက်၊ မိမိတို့လုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်ရင်း မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် စိတ်အားထက်သန်မှုတို့အတိုင်း အမြဲတစေ ပြုမူကြသည်။ အနည်းငယ် အစွမ်းအစရှိပြီး အလုပ်အနည်းငယ် လုပ်ဆောင်နိုင်သည့်အပြင်၊ လူအမျိုးမျိုးကို ကိုင်တွယ်ရန် စည်းမျဉ်းများနှင့်ပတ်သက်၍ အနည်းငယ်သိသော အယောင်ဆောင်ခေါင်းဆောင်အချို့လည်း ရှိသေးသည်။ သို့သော်လည်း ၎င်းတို့သည် လူတို့အား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်သောကြောင့်၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေသည်ကို တွေ့ရှိသည့်အခါ၊ ၎င်းတို့ကို ဖော်ထုတ်ရန်၊ တားဆီးရန် သို့မဟုတ် ချုပ်ချယ်ကန့်သတ်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြပြီး၊ ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှမရှိဟု ၎င်းတို့ခံစားရသော ကိစ္စရပ်များကို မသိကျိုးကျွန်ပြုကြသည်။ အသင်းတော်အလုပ်၏ ရလဒ်များက မည်သို့ဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုက မည်မျှထိခိုက်ခံရသည်ကိုဖြစ်စေ ၎င်းတို့ လုံးဝ ဂရုမစိုက်ကြပေ။ ထိုသို့သောအရာများသည် ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှမရှိဟု ၎င်းတို့က တွေးထင်ကြသည်။ သို့ဖြစ်၍၊ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ တာဝန်ထမ်းဆောင်သည့် သက်တမ်းအတောအတွင်းတွင်၊ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်သည် ပုံမှန် ထိန်းသိမ်းခြင်းမခံရသည့်အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တာဝန်များနှင့် အသက်ဝင်ရောက်မှုသည်လည်း ကာကွယ်ခြင်းမခံရပေ။ဤပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤအယောင်ဆောင်ခေါင်းဆောင်များက၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့် အလုပ်မလုပ်နိုင်ခြင်း မဟုတ်ပေ။ ၎င်းတို့၏ လူ့သဘာဝ ညံ့ဖျင်းပြီး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့် ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်နည်းလမ်းဖြင့် အယောင်ဆောင်ဖြစ်ကြသနည်း။ ၎င်းတို့သည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ထို့ကြောင့်၊ ခေါင်းဆောင်များအဖြစ် ၎င်းတို့ အလုပ်လုပ်နေစဉ်ကာလအတောအတွင်းတွင်၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်ကိစ္စက လုံးဝ ဖြေရှင်းခြင်းမခံရပေ။ အချို့သော ညီအစ်ကိုမောင်နှမများသည် ကြီးစွာထိခိုက်ခံရပြီး၊ အသင်းတော်၏အလုပ်သည်လည်း ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရသည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ပြဿနာတစ်ခုကို သတိပြုမိသည့်အခါ၊ ဆိုးယုတ်သောလူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးက အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ဖြစ်စေသည်ကို ၎င်းတို့ မြင်သည့်အခါ၊ မိမိတို့၏ တာဝန်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့ မည်သည့်အရာကို လုပ်ဆောင်သင့်ပြီး မည်သို့လုပ်ဆောင်သင့်သည်ကိုလည်းကောင်း သိကြသော်လည်း၊ မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြသည့်အပြင်၊ မသိချင်ယောင်ဆောင်ကြသည်။ လုံးဝ လျစ်လျူရှုပြီး၊ ထိုကိစ္စကို အထက်လူကြီးများထံသို့ တိုင်ကြားခြင်းမရှိပေ။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ကို အသင်းတော်၏အလုပ်အား အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန် ခွင့်ပြုလျက်၊ မည်သည့်အရာမျှ မသိသည့်အပြင်၊ မည်သည့်အရာမျှ မမြင်သယောင် ဟန်ဆောင်ကြသည်။ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့နှင့် တစ်ဂိုဏ်းတည်း မဟုတ်လော။ ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်စည်းမျဉ်းကို ၎င်းတို့ ခံယူကျင့်သုံးကြသနည်း။ “ငါ့ကြောင့် အနှောင့်အယှက်၊ အဖျက်အဆီးတွေ မဖြစ်ဘူး။ ဒါပေမဲ့ စိတ်မကျေမနပ်ဖြစ်စေတဲ့ အရာ၊ သူများတွေရဲ့ ဂုဏ်သိက္ခာကို တိုက်ခိုက်တဲ့အရာ ဘာကိုမှ လုပ်မှာမဟုတ်ဘူး။ ငါ့ကို အယောင်ဆောင်ခေါင်းဆောင်လို့ သတ်မှတ်လိုက်။ စိတ်မကျေမနပ်ဖြစ်စေမယ့်အရာ ဘာကိုမှ ငါ လုပ်ဦးမှာမဟုတ်ဘူး။ ငါ့အတွက် လွတ်လမ်းတစ်ခုကို ငါချန်ထားဖို့လိုတယ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သို့သော တွေးခေါ်မှုစနစ် ဖြစ်သနည်း။ ဤသည်မှာ စာတန်၏ တွေးခေါ်မှုစနစ် ဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ အလွန်ပင် ခေါင်းရှောင်ပြီး လှည့်စားတတ်သည် မဟုတ်လော။ ဤသို့သောသူသည် ဘုရားသခင်၏ စေခိုင်းချက်အပေါ် သူ၏ သဘောထားတွင် အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ဉာဏ်များပြီး မယုံကြည်ရပေ။ မနှစ်မြို့ဖွယ် မျှော်ကိုးမှုများစွာရှိပြီး၊ အရာရာတွင် မိမိတို့ကိုယ်ကိုအတွက် စဉ်းစားကြသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အနည်းငယ်မျှပင် မစဉ်းစားဘဲ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားလုံးဝ မရှိပေ။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံရန် အခြေခံအားဖြင့် မထိုက်တန်ပေ။ ထိုသို့သောလူများသည် အသင်းတော်၏အလုပ် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် ဝန်တာ အနည်းငယ်မျှ မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ပျော်ရွှင်မှုကိုသာ ဂရုစိုက်ကြသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက မည်သို့သောအခြေအနေတွင် ရှိသည်ကို မည်သည့်ပူပန်မှုမျှမရှိဘဲ၊ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းအပေါ်တွင်သာ အဓိကအာရုံစိုက်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းအဆန်ဆုံးနှင့် စက်ဆုပ်ဖွယ် အကောင်းဆုံးသောလူ မဟုတ်လော။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အသင်းတော်၏အလုပ်အား နှောင့်ယှက်နေသည်ကို ၎င်းတို့ တွေ့ရှိသည့်အခါတွင်ပင်၊ ဤကိစ္စရပ်များသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ဘိသည့်အလား၊ အာရုံမစိုက်ကြပေ။ ယင်းမှာ ဝံပုလွေက သိုးအားစားနေသည်ကို မြင်သော်လည်း မည်သည့်အရာမျှမလုပ်ဘဲ၊ မိမိတို့၏ ကိုယ်ပိုင်အသက်ကို ကာကွယ်ရန်သာ ဂရုစိုက်သည့် သိုးထိန်းတစ်ဦးနှင့် တူသည်။ ထိုသို့သောလူသည် သိုးထိန်းတစ်ဦးဖြစ်ရန် အရည်အချင်းမပြည့်မီပေ။ ဤခေါင်းဆောင်မျိုးက လုပ်ဆောင်သမျှသည် မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း၊ အဆင့်အတန်း၊ အာဏာနှင့် ၎င်းတို့ လက်ရှိခံစားနေရသည့် အမျိုးမျိုးသော အကျိုးအမြတ်များကို အတတ်နိုင်ဆုံး ကာကွယ်ရန်သာ ဖြစ်သည်။ ၎င်းတို့၏ တာဝန်များနှင့် ဝတ္တရားများဖြစ်သည့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ အသင်းတော်၏အလုပ် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဝန်တာမရှိပေ။ ၎င်းတို့သည် ဤအရာများကို မည်သည့်အခါမျှ မစဉ်းစားကြပေ။ ၎င်းတို့က “အဘယ်ကြောင့် ခေါင်းဆောင်တစ်ဦးက ဤတာဝန်များကို လုပ်ဆောင်ရမည်နည်း။ ဤတာဝန်များကို မလုပ်ဆောင်ခြင်းက အဘယ်ကြောင့် ပြုပြင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းခံရပြီး ညီအစ်ကိုမောင်နှမများ၏ ပယ်ချခြင်းကို ခံရခြင်းကို ဖြစ်စေသနည်း” ဟု စဉ်းစားကြသည်။ ၎င်းတို့ နားမလည်သည့်အပြင် လုံးဝ ဂရုမစိုက်ကြပေ။ ငါ၏ စိတ်နှလုံးတွင် ထိုသို့သောသူမျိုးသည် မည်မျှ အားထားရသည့်ပုံစံရှိပါစေ၊ သို့မဟုတ် မည်မျှ စည်းကမ်းထိန်းသိမ်းသည့်၊ သို့မဟုတ် စကားနည်းသည့်၊ သို့မဟုတ် အလုပ်ကြိုးစားပြီး အရည်အချင်းရှိသည့် ပုံစံရှိပါစေ ၎င်းတို့က စည်းမျဉ်းမရှိဘဲ ဆောင်ရွက်ပြီး အသင်းတော်အလုပ်ကို တာဝန်ယူမှုမရှိသည့်အချက်က ငါ့အား ၎င်းတို့ကို အရှိအတိုင်း “အသစ်သော သိနားလည်မှုဖြင့် သိမြင်ဖို့” ကူညီဆောင်ရွက်ပေးသည်။ အပြီးသတ်ဖို့ရန်အတွက် ဤလူမျိုးကို ငါ အဓိပ္ပာယ်သတ်မှတ်မည်။ ၎င်းတို့က ကြီးမားသောအမှားတစ်ခုခုကို လုပ်ကောင်းလုပ်မည်မဟုတ်သော်လည်း၊ အလွန်ပင် ခေါင်းရှောင်ပြီး လှည့်စားတတ်သည်။ မည်သည့်တာဝန်ကိုမျှ လုံးဝ မယူသကဲ့သို့ အသင်းတော်အလုပ်ကိုလည်း လုံးဝ မထိန်းသိမ်းပေ။ ၎င်းတို့သည် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် တိရစ္ဆာန်အမျိုးအစားတစ်ခုဖြစ်နေသကဲ့သို့ ငါ ခံစားရသည်။ ကောက်ကျစ်စဉ်းလဲရာတွင် ၎င်းတို့သည် မြေခွေးကဲ့သို့ အနည်းငယ် ဆင်တူသည်။ မြေခွေးများသည် ကောက်ကျစ်စဉ်းလဲသည်ဟု လူတို့ ဆိုကြသော်လည်း၊ အမှန်တကယ်တွင် ဤလူတို့သည် မြေခွေးများထက်ပင် ပို၍ ကောက်ကျစ်စဉ်းလဲကြသည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်ခဲ့သကဲ့သို့ ထင်ရသော်လည်း၊ အမှန်တကယ်တွင် ၎င်းတို့ပြောဆိုလုပ်ဆောင်သမျှသည် မိမိတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက်သာ ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သမျှသည် မိမိတို့ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝမစဉ်းစားကြပေ။ ၎င်းတို့သည် အသင်းတော်၏အလုပ်တွင် ပေါ်ပေါက်သည့် ပြဿနာများကို အနည်းငယ်မျှပင် မဖြေရှင်းသည့်အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့် စပ်လျဉ်းသည့် လက်တွေ့ကျသော ကိစ္စရပ်များကိုလည်း မကိုင်တွယ်ကြပေ။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့လုပ်ဆောင်သမျှ၏ ရည်ရွယ်ချက်မှာ အဘယ်အရာသာဖြစ်သနည်း။ လူတို့ကို နှစ်သက်စေပြီး အခြားသူများက ၎င်းတို့ကို အထင်ကြီးစေရန်သာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဘဲလူတိုင်းက ၎င်းတို့အပေါ် အကောင်းမြင်စေရန် ကြိုးစားကြပြီး၊ သို့ဖြင့် မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားကြသည်။ ၎င်းတို့နှင့်ပတ်သက်၍ အမုန်းတရားကို လှုံ့ဆော်သည့်အရာမှာ ၎င်းတို့၏ လုပ်ဆောင်ချက်အားလုံးက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် မည်သည့်အကျိုးကျေးဇူးကိုမျှ မဖြစ်စေဘဲ၊ထိုအစား လူတို့ကို အထင်အမြင်မှားစေကာ၊ အခြားသူများအား ၎င်းတို့အပေါ်လေးစားအားကျပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်စေလေသည်။ ဤလူတို့သည် မြေခွေးများထက်ပင် ပို၍ကောက်ကျစ်စဉ်းလဲကြသည် မဟုတ်လော။ ၎င်းတို့သည် စံပြ၊ စစ်မှန်သော အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ ၎င်းတို့တွင် ခေါင်းဆောင်၏အဆင့်အတန်းရှိပြီး ဤရာထူးကို စွဲကိုင်သော်လည်း၊ မြင်သာသော၊ အပေါ်ယံ ယေဘုယျရေးရာအချို့ကိုသာ ဂုဏ်စိုက်လျက် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်ကြ သို့မဟုတ် အထူးသဖြင့် အထက်က တာဝန်ပေးအပ်သည့်အလုပ်ကို အင်တင်တင်ဖြင့် အနည်းငယ်သာ လုပ်ဆောင်ကြသည်။ အကယ်၍ အထက်မှ အထူးတာဝန်ပေးအပ်ခြင်းမရှိလျှင်၊ ၎င်းတို့သည် အသင်းတော်၏ မရှိမဖြစ်လိုအပ်သောအလုပ်ကို မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ အစီအစဉ်ကို ထိန်းသိမ်းခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍၊ ၎င်းတို့သည် လူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကိုကြောက်သည့်အပြင် စည်းမျဉ်းများကို ထိန်းသိမ်းရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် အသင်းတော်၏အလုပ်တွင် စုပုံနေသော ပြဿနာတစ်ခုတလေကိုမျှ မဖြေရှင်းသည့်အပြင်၊ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုများအား အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများက ဖြုန်းတီးနေသည်ကို မြင်သည့်အခါတွင်ပင်၊ တားဆီးရန် သို့မဟုတ် ချုပ်ချယ်ကန့်သတ်ရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ ဤလူတို့သည် မကောင်းမှုကိုပြုလုပ်နေပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေကြောင်း ရှင်းလင်းစွာ သိကြသော်လည်း၊ စကားတစ်ခွန်းမျှမပြောဘဲ မသိချင်ယောင်ဆောင်ကြသည်။ ဤသည်တို့မှာ ကောက်ကျစ်စဉ်းလဲပြီး လှည့်ဖြားတတ်သောလူများ ဖြစ်ကြသည်။ ဤလူတို့သည် မြေခွေးများထက် ပို၍ကောက်ကျစ်စဉ်းလဲကြသည် မဟုတ်လော။ ၎င်းတို့သည် လူတိုင်းအပေါ် အပြင်ပန်းအားဖြင့် ဖော်ရွေကြပြီး မည်သူ့ကိုမျှ ထိခိုက်စေသည့်အရာများကို မလုပ်ဆောင်ကြသော်လည်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှု၊ အသင်းတော်၏အလုပ်နှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်တည်းဟူသော အဓိကကိစ္စရပ်ကြီးကို နှောင့်နှေးစေသည်။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် ထိုက်တန်ကြသလော။ ၎င်းတို့သည် စာတန်၏ အစေခံများ မဟုတ်လော။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများ မဟုတ်လော။ အပေါ်ယံတွင် ၎င်းတို့သည် မည်သည့်သိသာထင်ရှားသော မကောင်းမှုကိုမျှ မကျူးလွန်ခဲ့သော်လည်း၊ ၎င်းတို့ ဤသို့အလုပ်လုပ်ခြင်း၏ အကျိုးဆက်များသည် မကောင်းမှုကိုကျူးလွန်ခြင်းထက်ပင် ပို၍ဆိုးရွားသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းအား ဟန့်တားသည်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး၊ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက်ကိုပင် ဖျက်ဆီးနိုင်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ မကောင်းမှုကိုကျူးလွန်ခြင်း မဟုတ်လော။ ဤသည်မှာ စည်းမျဉ်းများကို လုံးဝမထိန်းသိမ်းသော လူ့အကြိုက်လိုက်သူတစ်ဦး လုပ်ဆောင်သည့်အရာ အတိအကျပင် ဖြစ်သည်။ သမ္မာတရားကို နားမလည်သောလူတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဤသို့အလုပ်လုပ်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များကို အကုန်အစင် ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များက အဘယ်အရာဖြစ်သည်ကိုလည်း သဘောမပေါက်နိုင်ကြပေ။ သင်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှန်တကယ် မည်သည့်အရာ လုပ်ဆောင်လိုသည်ကို မည်သည့်အခါမျှ နားလည်သဘောပေါက်လိမ့်မည် မဟုတ်ပေ။ ထိုသို့သောလူများသည် အလွန်စဉ်းလဲလှပါသည်တကား။ တင်စားသောအားဖြင့်ဆိုရသော်၊ ၎င်းတို့သည် စဉ်းလဲသော မြေခွေးများဖြစ်ကြသည်။ တိတိကျကျဆိုသော်၊ ၎င်းတို့သည် အသက်ရှင်နေသော နတ်ဆိုးများ၊ လူတို့အကြားတွင် အသက်ရှင်နေသော နတ်ဆိုးများ ဖြစ်ကြသည်။
ဤအယောင်ဆောင်ခေါင်းဆောင်များကို မည်သို့သတ်မှတ်သင့်သည်နှင့်ပတ်သက်လာသည့်အခါ၊ ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရအား အခြေခံ၍၊ ၎င်းတို့ကို ဆိုးယုတ်သောလူများ၊ အန္တိခရစ်များ၊ သူတော်ကောင်းယောင်ဆောင်သောသူများနှင့် အခြားအမျိုးအစားများထဲသို့ ထင်ရာမြင်ရာ ထားရှိ၍မရနိုင်ပေ။ သို့သော်လည်း၊ ၎င်းတို့ လူ့သဘာဝ၏ သရုပ်သကန်များနှင့် အသင်းတော်၏အလုပ်အပေါ် ၎င်းတို့၏ သဘောထားကဲ့သို့သော ၎င်းတို့ဖော်ပြသည့်အရာအပြင်၊ ၎င်းတို့တွေ့ရှိသည့် ပြဿနာများကို မကိုင်တွယ်ခြင်းတို့မှ အကဲဖြတ်ရလျှင်၊ ၎င်းတို့သည် အယုတ်ညံ့ဆုံးသော အယောင်ဆောင်ခေါင်းဆောင်အမျိုးအစား ဖြစ်ကြသည်။ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များအားဖြင့် အကဲဖြတ်ရလျှင်၊ ၎င်းတို့သည် တက်ကြွစွာ အုပ်စုဖွဲ့ခြင်း သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင် သီးခြား နယ်မြေများကို တည်ထောင်ခြင်းမပြုသည့်အပြင်၊ မိမိတို့ကိုယ်ကို သက်သေခံခဲကြသော်လည်း၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများနှင့် အဆင်ပြေနိုင်ပြီး၊ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိပြီး၊ အဖိုးအခပေးကာ၊ အလှူငွေများကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပြီး၊ အထူးအခွင့်အရေးများ ရှာဖွေခြင်းမှ မိမိတို့ကိုယ်ကို တင်းကြပ်စွာ ချုပ်တည်းသည်အထိပင် ပြုလုပ်သော်လည်း၊ မည်သို့ပင်ဖြစ်စေ၊ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ သို့မဟုတ် အ လှူငွေများကို ဖြုန်းတီးပြီး ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ပျက်စီးစေသည့် အမျိုးမျိုးသောလူများနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် မတားဆီး သို့မဟုတ် မကိုင်တွယ်ကြပေ။ ၎င်းတို့သည် မည်သည့်စကားမျှမပြော သို့မဟုတ် မည်သည့်အလုပ်မျှမလုပ်ပေ။ ထိုသို့သောလူများသည် ကြောက်မက်ဖွယ်ကောင်းလှသည်တကား။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များထဲမှ စက်ဆုပ်ဖွယ်အကောင်းဆုံးသော အမျိုးအစား ဖြစ်ကြသည်။ ၎င်းတို့ကို ကယ်တင်၍မရနိုင်ပေ။ အဘယ်ကြောင့် ၎င်းတို့သည် ကယ်တင်၍မရနိုင်ဟု ငါဆိုရသနည်း။ ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မသဘောပေါက်နိုင်ခြင်းကြောင့် မဟုတ်ပေ။ ၎င်းတို့တွင် သဘောပေါက်နားလည်နိုင်စွမ်းနှင့် အလုပ်လုပ်နိုင်စွမ်း တစ်ခုခု ရှိကြသော်လည်း၊ တစ်စုံတစ်ဦးက အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေသည်ကို တွေ့ရှိသည့်အခါ၊ ၎င်းတို့ကမကိုင်တွယ် သို့မဟုတ် မဖြေရှင်းကြပေ။ ၎င်းတို့ အထက်ခေါင်းဆောင်များ၏ တင်းကြပ်သော ကြီးကြပ်မှု၊ မကြာခဏ စုံစမ်းမေးမြန်းမှုများနှင့် ကြုံတွေ့ရသည့်အခါ သို့မဟုတ် ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါတွင်သာ ဤအလုပ်ကို အင်တင်တင်ဖြင့် အနည်းငယ်လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဤအလုပ်ကို လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းသည် ၎င်းတို့၏ ထိပ်တန်းဦးစားပေး ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို လုံးဝမဖြည့်ဆည်းကြပေ။ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းနှင့် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ထိန်းသိမ်းခြင်းမှလွဲ၍၊ ၎င်းတို့သည် ပဓာနကျသော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်သည့်အပြင်၊ လုပ်ရုံမှလွဲ၍ ရွေးချယ်စရာမရှိသည့် အပေါ်ယံအလုပ်အနည်းငယ်ကိုသာ လုပ်ဆောင်ကြသည်။ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းထက်ပို၍၊ ၎င်းတို့သည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် မြေခွေးတစ်ကောင်ထက် ပို၍ကောက်ကျစ်စဉ်းလဲကြသည် မဟုတ်လော။ အချို့လူများက “တိရစ္ဆာန်ငယ်များကို စားခြင်းသည် မြေခွေးတစ်ကောင်၏ ပင်ကိုအသိစိတ်ဖြစ်သည်၊ သို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်များက မိမိတို့ကိုယ်ကို ကာကွယ်ခြင်းသည်လည်း ပင်ကိုအသိစိတ် မဟုတ်လော” ဟု ဆိုကြသည်။ ဤသည်မှာ ပင်ကိုအသိစိတ်လော။ ဤသည်မှာ ၎င်းတို့၏ သဘာဝဖြစ်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေခြင်းနှင့် အသင်းတော်၏အလုပ်ကို ပျက်စီးစေခြင်းတို့အား ဖြစ်စေလျက်၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် သိက္ခာကို ကာကွယ်ကြပြီး၊ လူများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းကာ၊ တစ်ဦးတလေကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းအား ရှောင်ကြဉ်ကြသည်။ ၎င်းတို့သည် ဝန်ထမ်းများကို ဖြုတ်ချခြင်း သို့မဟုတ် နေရာပြောင်းရွှေ့ခြင်းကိုပင် ကိုယ်တိုင်မကိုင်တွယ်ဘဲ၊ ထိုအစား ၎င်းတို့အတွက် လုပ်ဆောင်ပေးရန် အခြားသူများကို တာဝန်ပေးကြသည်။ ၎င်းတို့က “အကယ်၍ ထိုလူက လက်စားချေရန် ကြိုးစားလျှင်၊ သူက ကျွန်ုပ်နောက်သို့ လိုက်လာမည်မဟုတ်။ ကျွန်ုပ်ကြုံတွေ့ရသည့် မည်သည့်အခြေအနေတွင်မဆို ကျွန်ုပ်သည် ဦးစွာ မိမိကိုယ်ကို ကာကွယ်ရန် လိုအပ်သည်” ဟု စဉ်းစားကြသည်။ ဤလူတို့သည် အလွန်ပင် စဉ်းလဲလှသည်တကား။ ခေါင်းဆောင်တစ်ဦးအနေဖြင့်၊ သင်သည် ဤတာဝန်ကိုပင် မထမ်းဆောင်နိုင်ပေ။ ထို့ကြောင့် သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် ထိုက်တန်သလော။ သင်သည် အသုံးမကျသော သူရဲဘောကြောင်သူတစ်ဦးသာ ဖြစ်သည်။ ဤအနည်းငယ်မျှသော သတ္တိမရှိဘဲ၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်နေသေးသလော။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ခေါင်းရှောင်ရန် လှည့်ဖြားမှုကို အသုံးပြုသောလူများသည် ဘုရားသခင်၏ နောက်လိုက်များဖြစ်သလော။ ဘုရားသခင်သည် ထိုသို့သောလူများကို အလိုမရှိပေ။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် မြေခွေးများလောက် စဉ်းလဲပြီး ဉာဏ်များကြသည်။ တစ်စုံတစ်ဦးက အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ဖြစ်စေသည်ကို ၎င်းတို့ မြင်သည့်အခါ၊ ၎င်းတို့က ကိုင်တွယ်ခြင်း သို့မဟုတ် ဖြေရှင်းခြင်း မပြုကြပေ။ ၎င်းတို့သည် လက်တွေ့အလုပ်ကို တကယ်ပင် မလုပ်ဆောင်ကြပေ။ မည်သို့ပင် ၎င်းတို့ ဖော်ထုတ်ခံရပြီး ပြုပြင်ခြင်းခံရသည်ဖြစ်စေ၊ ၎င်းတို့သည် ပြုမူဆောင်ရွက်ခြင်းမရှိကြပေ။ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို မဖြည့်ဆည်းသည့်အတွက်၊ အဘယ်ကြောင့် ထိုရာထူးကို ရယူထားသနည်း။ သင်က အလှဆင်ပစ္စည်းတစ်ခု၏ အစိတ်အပိုင်းဖြစ်နိုင်ရန်အလို့ငှာ ဖြစ်သလော။ သင်က အဆင့်အတန်း၏ အကျိုးခံစားမှုများကို မွေ့လျော်ခံစားရန်ဖြစ်သလော။ သင်သည် ယင်းအတွက် အရည်အချင်းမပြည့်မီပေ။ လက်တွေ့အလုပ်ကို မလုပ်ဆောင်ဘဲ ညီအစ်ကိုမောင်နှမများက သင့်ကို ရိုသေပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်စေလိုခြင်း၊ ဤသည်မှာ နတ်ဆိုးတစ်ကောင်၏ စိတ်နေစိတ်ထား မဟုတ်လော။ အရှက်မဲ့လိုက်လေခြင်းပါတကား။ အချို့လူများက ခေါင်းဆောင်တစ်ဦး လုံးဝမဖြစ်လိုဟု ဆိုကြသည်။ သို့ဆိုလျှင် သင်သည် သင်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အဘယ်ကြောင့် ထိန်းသိမ်းသနည်း။ လူတို့ကို အထင်အမြင်မှားစေရာတွင် သင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်သည် ခေါင်းဆောင်တစ်ဦး မဖြစ်လိုလျှင်၊ တက်ကြွစွာ နုတ်ထွက်နိုင်သည်။ အဘယ်ကြောင့် သင် နုတ်မထွက်သနည်း။ အဘယ်ကြောင့် ထိုရာထူးကို ရယူထားပြီး ဆင်းမပေးသနည်း။ သင် နုတ်ထွက်ရန် မလိုလားလျှင်၊ တာဝန်သိစွာ လက်တွေ့အလုပ်အချို့ကို လုပ်ဆောင်ရမည်။ အခြားရွေးချယ်စရာမရှိပေ။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ သင်သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်လျှင်၊ တာဝန်ယူပြီး နုတ်ထွက်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ အသင်းတော်၏အလုပ်ကို သင် မနှောင့်နှေးစေသင့် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများကို သင် မထိခိုက်မနစ်နာစေသင့်ပေ။ သင်၌ ဤအနည်းငယ်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားပင် ကင်းမဲ့လျှင်၊ သင်၌ လူ့သဘာဝ တစ်ခုတလေ ရှိသေးသလော။ သင်သည် လူဟုအခေါ်မခံထိုက်ပေ။ ၎င်းတို့သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်သောလူများသည် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိမှသာ လူဟု အခေါ်ခံထိုက်ပေသည်။
ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန်၊ လူတစ်ဦးသည် အစွမ်းအစ အဆင့်တစ်ခုခုကို ပိုင်ဆိုင်ရန် လိုအပ်သည်။ လူတစ်ဦး၏ အစွမ်းအစသည် ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းနှင့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ သဘောပေါက်သည့် အတိုင်းအတာအား အဆုံးအဖြတ်ပေးသည်။ သင်၏ အစွမ်းအစသည် အတော်အတန် ချို့တဲ့ပြီး သင်သည် သမ္မာတရားကို လုံလောက်အောင် နက်နက်နဲနဲ သဘောပေါက်နားလည်မှုမရှိသော်လည်း၊ သင် နားလည်နိုင်သလောက် လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ သင် နားလည်သည့်အရာကို လက်တွေ့အသုံးချနိုင်ကာ၊ သင်၏ စိတ်နှလုံးထဲတွင် ဖြူစင်ရိုးသားသည့်အပြင်၊ သင်ကိုယ်တိုင်ကို ကိုယ်စားပြု၍ မည်သည့်အရာအတွက်မျှ အကြံအစည်မထုတ်ဘဲ သို့မဟုတ် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို မလိုက်စားဘဲ၊ ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို သင် လက်ခံနိုင်လျှင်၊ သင်သည် မှန်ကန်သောသူတစ်ဦး ဖြစ်သည်။ သို့သော်လည်း၊ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရည်အသွေးများကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် အသင်းတော်တွင် ပေါ်ပေါက်သည့် အမျိုးမျိုးသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်း ပြဿနာများကို စိတ်မဝင်စားကြပေ။ ဤပြဿနာများကို ၎င်းတို့ သတိပြုမိလျှင်ပင်၊ အရေးမစိုက်ကြပေ။ အခြေအနေကို ၎င်းတို့ သတိပြုမိခြင်း ရှိမရှိ မေးမြန်းခံရလျှင်၊ ၎င်းတို့က “ကျွန်ုပ် ထိုအကြောင်းကို အနည်းငယ် သိသော်လည်း အရာရာကို မသိဟု ထင်ပါသည်”ဟု ဆိုကြသည်။ ဤအရာသည် သင်၏ မျက်စိအောက်တွင်ပင် ဖြစ်ပျက်ခဲ့သည်။ သင်သည် ထိုအကြောင်းကို မသိဟု အဘယ်ကြောင့် ဆိုရသနည်း။ သင်သည် လူတို့ကို လှည့်စားရန် ကြိုးစားနေသည် မဟုတ်လော။ သင်သည် ထိုအကြောင်းကို သိသည့်အတွက်၊ ထိုအရာကို မည်သို့ကိုင်တွယ်ရမည်ကို သင် စဉ်းစားပြီးပြီလော။ အလုပ်တစ်ခုတလေကို သင် လုပ်ဆောင်ပြီးပြီလော။ ဖြေရှင်းချက် တစ်ခုတလေကို စိတ်ကူးရဖို့ သင် ကြိုးစားပြီးပြီလော။ ၎င်းတို့က “ထိုလူ၏ အစွမ်းအစသည် ကျွန်ုပ်ထက် ပိုကောင်းပြီး၊ ၎င်းတို့သည် စကားပြောကောင်းကာ စကားပြောရာတွင် ပြေပြစ်ကြသည်။ ကျွန်ုပ်သည် သူတို့ကို ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲပါ။ အကယ်၍ ကျွန်ုပ်က အမှန်တကယ် ပြဿနာမဟုတ်သည့်အရာတစ်ခုကို ကိုင်တွယ်ပြီး ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေလျှင် မည်သို့လုပ်မည်နည်း။ ယင်းက နောက်ပိုင်းတွင် ကျွန်ုပ်၏အလုပ်ကို ခက်ခဲစေမည်ဖြစ်သည်”ဟု ပြန်ဖြေကြသည်။ သင် မဝံ့ရဲသည့်အတွက်၊ သင်သည် အသုံးမကျသော သူရဲဘောကြောင်သူတစ်ဦးဖြစ်ပြီး သင်၏ တာဝန်ဝတ္တရားများကို တမင်ပျက်ကွက်ကာ ခေါင်းဆောင်တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။ ဤသို့သောအခြေအနေမျိုးနှင့် သင် ကြုံတွေ့ရသည့်အခါ၊ မည်သို့ကိုင်တွယ်ရမည်ကို သင် သိသလော။ ၎င်းတို့က “မည်သို့ကိုင်တွယ်ရမည်ကို ကျွန်ုပ် သိသော်လည်း၊ ကျွန်ုပ် မဝံ့ရဲပါ။ ထိုအရာအတွက် အထက်ရှိနေသည် မဟုတ်လော။ ပြီးလျှင် ဆုံးဖြတ်ချက်ချသည့်အဖွဲ့လည်း ရှိသေးသည်။ ကျွန်ုပ်က အဘယ်သို့ဖြစ်ပြီး ဤတာဝန်ကို ယူရမည့်သူ ဖြစ်နိုင်မည်နည်း”ဟု ဆိုကြသည်။ သင်သည် ထိုအရာကို မြင်ပြီး ထိုအကြောင်းကို သိသည့်အတွက်၊ ဤအခြေအနေကို ကိုင်တွယ်သင့်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်ပြီး ဤပြဿနာကို မကိုင်တွယ်နိုင်လျှင်၊ သင်၏ အထက်လူကြီးများထံ ပြဿနာအကြောင်းကို သင် ပြောပြပြီးပြီလော။ သင်သည် ထိုအကြောင်းကို တိုင်ကြားပြီးပြီလော။ သင်၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်း ကျရောက်သည့်အရာနှင့် သင့်အပေါ် ကျရောက်သည့်အလုပ်ကို သင် လုပ်ဆောင်ပြီးပြီလော။ သင်သည် သင်၏ တာဝန်ဝတ္တရား တစ်ခုလေကို လုံးဝ ဖြည့်ဆည်းပြီးပြီလော။ လုံးဝမဖြည့်ဆည်းရသေးပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ ကောင်းစွာသိကြသည်- “ကျွန်ုပ်သည် ဤပြဿနာအကြောင်းကို သိခဲ့သော်လည်း၊ ကျွန်ုပ် အရေးယူဆောင်ရွက်ခြင်းမပြုခဲ့ပါ။ ကျွန်ုပ် အပြစ်ရှိသည်ဟု ခံစားရသည်။ ထိုကိစ္စကို ကျွန်ုပ် တိုင်ကြားသင့်ခဲ့သော်လည်း မတိုင်ကြားခဲ့ပါ။ သို့သော် အခြားလူများကလည်း ထိုအရာကို မလုပ်ဆောင်ခဲ့ကြပါ၊ ထိုအရာက ကျွန်ုပ်နှင့် မည်သို့ပတ်သက်သနည်း”ဟူ၍ ဖြစ်သည်။ အခြားလူများသည်လည်း ခေါင်းဆောင်များဖြစ်သလော။ အခြားလူများက ထိုအရာကို လုပ်ဆောင်ခြင်း ရှိမရှိဟူသည်မှာ ထိုလူတို့၏ ကိစ္စဖြစ်သည်၊ သင်သည် အဘယ်ကြောင့် ထိုအရာကို မလုပ်ဆောင်ခဲ့သနည်း။ အခြားလူများက ထိုအရာကို မလုပ်ဆောင်လျှင်၊ သင်က ထိုအရာကို လုပ်ဆောင်ရန်မလိုအပ်ဟု ဆိုလိုသလော။ ဤသည်မှာ သမ္မာတရားဖြစ်သလော။ အခြားလူများက ထိုအရာကို လုပ်ဆောင်ခဲ့လျှင်ပင်၊ ထိုအရာက သင် လုပ်ဆောင်ခြင်းအတွက် အစားထိုးတစ်ခု ဖြစ်နိုင်မည်လော။ သင် လုပ်ဆောင်သည့်အရာမှာ သင်၏ ကိစ္စဖြစ်သည်။ သင်သည် သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းပြီးပြီလော။ မဖြည့်ဆည်းရသေးလျှင်၊ သင်၏ တာဝန်ဝတ္တရားများကို သင် တမင်ပျက်ကွက်နေခြင်းဖြစ်သည်၊ ခေါင်းဆောင်တစ်ဦးဖြစ်ရန် အရည်အချင်းမမီသည့်အပြင်၊ သင်သည် တာဝန်ယူပြီး နုတ်ထွက်သင့်သည်။ သင်မည်သို့ချီးမြှောက်ခြင်းခံခဲ့ရသည်ကို သင် တန်ဖိုးမထားပေ၊ ညီအစ်ကိုမောင်နှမများ၏ ယုံကြည်မှုနှင့် သင် ထိုက်တန်ခြင်းမရှိ၊ ဘုရားအိမ်တော်၏ ယုံကြည်မှုနှင့် ထိုက်တန်ခြင်း မရှိသည့်အပြင်၊ သင်သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် သာ၍ပင် ထိုက်တန်ခြင်း မရှိပေ။ သင်သည် နှလုံးသားမရှိသော အောက်တန်းကျသူ ဖြစ်သည်။ တတိယအမျိုးအစားဖြစ်သည့် အယောင်ဆောင်ခေါင်းဆောင်သည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသည်။ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုက်စားမှုများနှင့် အသက်ဝင်ရောက်မှုတို့ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်သည့် သက်တမ်းကာလအတွင်း လက်တွေ့အလုပ်ကို မလုပ်ဆောင်ခြင်း၊ အသင်းတော်အတွက် မည်သည့်ဆုံးရှုံးမှုကိုမျှ ပြန်လည်မရယူပေးခြင်းနှင့် ဆိုးယုတ်သောလူများ၏ ဒုစရိုက်မှုများကို ချက်ချင်း သေချာပေါက် တားဆီး သို့မဟုတ် ကိုင်တွယ်နိုင်ခြင်း မရှိခြင်းတည်းဟူသော အချက်မှ အကဲဖြတ်ရုံမျှဖြင့်၊ ဤလူစားမျိုးတွင် ညံ့ဖျင်းသော အစွမ်းအစနှင့်ပတ်သက်သည့် ပြဿနာနှင့် လက်တွေ့အလုပ်ကို မလုပ်ဆောင်သည့် ပြဿနာတစ်ခု ရှိသည်သာမက၊ အရေးအကြီးဆုံးမှာ၊ ၎င်းတို့တွင် လူ့သဘာဝမရှိပေ။ ၎င်းတို့၏ အသိစိတ်သည် လုံးဝ အသုံးမဝင်သည့်အပြင်၊၊ ၎င်းတို့တွင် ဆင်ခြင်တုံတရား ဘာဆိုဘာမျှ မရှိပေ။ သာမန်စကားဖြင့်ဆိုရသော်၊ ၎င်းတို့သည် ကိုယ်ကျင့်တရားအားဖြင့် ပျက်ယွင်းနေကြသည်။ ၎င်းတို့သည် အဆုံးစွန်ထိတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည့်အပြင်၊ ယုံကြည်စိတ်ချရသူများ မဟုတ်ကြပေ။ ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့် လူသုံးမျိုးအနက်၊ ဤအမျိုးအစား၏ လူ့သဘာဝက အဆိုးဆုံးဖြစ်သည်။ ပထမလူနှစ်မျိုးသည် ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ ၎င်းတို့သည် အလုပ်မလုပ်နိုင်သည့်အပြင်၊ လူတို့ကို ပျိုးထောင်ခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် စံနှုန်းများကို မပြည့်မီသောကြောင့်၊ ၎င်းတို့ကို ပျိုးထောင်ပေး၍မရ သို့မဟုတ် အသုံးပြု၍မရပေ။ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး၊ ၎င်းတို့သည် ကြောင်းကျိုးမမြင်ဖြစ်ကာ ထုံထိုင်းနေကြသည့်အပြင်၊ ၎င်းတို့သည် လက်တွေ့အားဖြင့် လူသေများဖြစ်ကြသည်။ ၎င်းတို့သည် ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မခံထိုက်ကြပေ။ တတိယလူစားမျိုးမှာ အဆုံးယုတ်ဆုံး ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝအရ အလွန့်အလွန် စက်ဆုပ်ဖွယ်ရာဖြစ်ပြီး ငါတို့သည် ဤအမျိုးအစားကို စဉ်းလဲပြီး ဉာဏ်များသည်ဟု သတ်မှတ်သည်။ ဤလူတို့သည် မြေခွေးများထက်ပင် ပို၍ကောက်ကျစ်စဉ်းလဲကြသည်။ ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်ဘဲ ဆင်ခြေများစွာရှိကာ လုံးဝကို စိတ်အေးလက်အေး ဖြစ်နေကြသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အသင်းတော်၏အလုပ်ကို မည်သို့ပင် နှောင့်ယှက်သည်ဖြစ်စေ၊ ၎င်းတို့က ထိုအရာနှင့်ပတ်သက်၍ ပူပန်သောကရောက်ခြင်း သို့မဟုတ် စိတ်ပူခြင်းမရှိဘဲ ခေါင်းဆောင်များအဖြစ် ဆက်လက်လုပ်ဆောင်လိုနေဆဲ ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့သည် အာဏာကို ဤမျှစွဲလမ်းကြသနည်း။ ဤခေါင်းဆောင်များက “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။ လူတိုင်းက အာဏာကို ချစ်ကြသည်”ဟု ဆိုကြသည်။ ၎င်းတို့သည် မည်သည့်လက်တွေ့အလုပ်ကိုမျှ လုပ်ဆောင်လိုခြင်းမရှိသော်လည်း ၎င်းတို့၏ ရာထူးကို ဆက်လက်ဖက်တွယ်ပြီး ၎င်းတို့ အဆင့်အတန်း၏ အကျိုးခံစားမှုများကို ခံစားရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ ဤသည်မှာ မည်သည့် အယုတ်တမာမျိုး ဖြစ်သနည်း။ ၎င်းတို့သည် စာတန်၏ အမျိုးအစား စစ်စစ်ဖြစ်ပြီး၊ ကောင်းမြတ်သည့်အရာ မည်သည့်အရာမျှ မဟုတ်ကြပေ။
ယနေ့ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်နှင့်ပတ်သက်သည့် အချက်သုံးချက်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဆယ့်နှစ်ခုမြောက် တာဝန်တွင် ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့် အယောင်ဆောင်ခေါင်းဆောင်များသည် ယခင်က ငါတို့ ဖော်ထုတ်ခဲ့သည့် အယောင်ဆောင်ခေါင်းဆောင်များနှင့် အခြေခံအားဖြင့် တူညီကြသည်။ ငါတို့သည် အချက်သုံးချက်ကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့သော်လည်း၊ ယင်းတို့က အဓိကအားဖြင့် ပြဿနာနှစ်ခုကို ခြုံငုံသည်။ တစ်ချက်မှာ ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ အခြားတစ်ချက်မှာ ၎င်းတို့၏ လူ့သဘာဝသည် ဆိုးယုတ်သည်၊ ယုတ်ညံ့ကာ၊ ကောက်ကျစ်စဉ်းလဲသည့်အပြင်၊ လက်တွေ့အလုပ်ကို ၎င်းတို့ မလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အခြေခံကျသော၊ ပဓာနကျသော ပြဿနာများ ဖြစ်ကြသည်။ တစ်စုံတစ်ဦးတွင် ဤပြဿနာနှစ်ခုထဲမှ တစ်ခုရှိနေသရွေ့၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဤသည်မှာ သံသယရှိစရာမလိုပေ။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်