ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)
ပြီးခဲ့သည့် စုဝေးပွဲမှ ငါတို့၏ မိတ်သဟာယ၏ အဓိကအကြောင်းအရာကို ဦးစွာ ပြန်လည်သုံးသပ်ကြစို့။ (ပြီးခဲ့သည့်တစ်ကြိမ်တွင် ကိုယ်တော်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ ဆယ့်ငါးချက်ကို စာရင်းပြုစုခဲ့ပြီး အဓိကအားဖြင့် ပထမနှစ်ချက်ကို မိတ်သဟာယဖွဲ့ခဲ့သည်၊ ပထမမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ယင်းတို့ကို နားလည်သဘောပေါက်ဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ဖို့အတွက် လူတို့ကို ဦးဆောင်ခြင်း။ ဒုတိယမှာ လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ၎င်းတို့၏ လက်တွေ့ဘဝများတွင် ကြုံတွေ့ရသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးခြင်း။ ဤအချက်နှစ်ချက်ကို အခြေခံ၍ ကိုယ်တော်သည် အယောင်ဆောင် ခေါင်းဆောင်များ၏ သက်ဆိုင်ရာ သရုပ်သကန်များကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့ပါသည်။) အကယ်၍ သင်တို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါက ဤတာဝန်ဝတ္တရားနှစ်ခုအနက် မည်သည့်အရာကို သင်တို့ လုပ်ဆောင်နိုင်မည်ကို သင်တို့ တွေးတောဆင်ခြင်ဖူးသလော။ လူများစွာတို့သည် မိမိတို့တွင် အစွမ်းအစ၊ ဉာဏ်ရည်နှင့် ဝန်တာစိတ် ရှိသည်ဟု အစဉ်သဖြင့် ခံစားရကြပြီး အကျိုးဆက်အနေဖြင့် ခေါင်းဆောင်များ ဖြစ်လာရန် ယှဉ်ပြိုင်လိုကြကာ သာမန်နောက်လိုက်များ မဖြစ်လိုကြပေ။ သို့ဖြစ်၍ သင်သည် ဤတာဝန်ဝတ္တရားနှစ်ခုကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ မည်သည့်အရာကို သင် ပို၍ လုပ်ဆောင်နိုင်စွမ်းရှိပြီး တာဝန်ယူနိုင်သည်ကိုလည်းကောင်း ဦးစွာ ကြည့်လော့။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် အစွမ်းအစ ရှိမရှိ၊ သို့မဟုတ် ဤအလုပ်လုပ်နိုင်စွမ်း သို့မဟုတ် ဝန်တာတစ်ခုကို ပိုင်ဆိုင်ခြင်း ရှိမရှိကို ယခုလောလောဆယ် မပြောဘဲ သင်သည် ဤတာဝန်ဝတ္တရားနှစ်ခုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ဦးစွာ ကြည့်ကြစို့။ သင်တို့သည် ဤမေးခွန်းကို တွေးတောဆင်ခြင်ဖူးသလော။ အချို့က “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် အစီအစဉ်မရှိပါ၊ သို့ဖြစ်၍ အဘယ်ကြောင့် တွေးတောဆင်ခြင်ရမည်နည်း။ ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ပိုင်အလုပ်ကိုသာ ကောင်းမွန်စွာ လုပ်ဆောင်ရန် လိုအပ်သည်၊ ဤမေးခွန်းသည် ကျွန်ုပ်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ ဤဘဝတစ်သက်တာတွင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး မည်သည့်အခါမျှ မဖြစ်လိုပါ၊ ပြီးလျှင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကိုလည်း မည်သည့်အခါမျှ မထမ်းဆောင်လိုပါ၊ ထို့ကြောင့် ထိုသို့သော မေးခွန်းများကို မည်သည့်အခါမျှ တွေးတောဆင်ခြင်ရန် မလိုအပ်ပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သင်သည် ခေါင်းဆောင်တစ်ဦး မဖြစ်လိုလျှင်ပင် သင့်ကို ဦးဆောင်နေသည့်သူသည် ဤတာဝန်ဝတ္တရားနှစ်ခုကို မည်မျှ ကောင်းမွန်စွာ ဆောင်ရွက်နေသည်ကိုလည်းကောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့တွင် လိုအပ်သော အစွမ်းအစ၊ လုပ်နိုင်စွမ်းများနှင့် ဝန်တစ်ခု ရှိမရှိကိုလည်းကောင်း၊ ဤလိုအပ်ချက်နှစ်ခုနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်းကောင်း သင် သိရှိရန် လိုအပ်နေဆဲ မဟုတ်လော။ အကယ်၍ သင်သည် ဤအရာများကို နားမလည်လျှင် သို့မဟုတ် ထိုးထွင်းမမြင်နိုင်လျှင်၊ ပြီးလျှင် ၎င်းတို့က သင့်ကို တွင်းထဲသို့ ဆွဲခေါ်သွားလျှင် သင် သတိပြုမိမည်လော။ အကယ်၍ သင်သည် ၎င်းတို့နောက်သို့ တွေဝေစွာဖြင့်သာ လိုက်သွားပြီး တုံးအနေပါက၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်ကိုဖြစ်စေ၊ ၎င်းတို့သည် သင့်ကို လမ်းလွဲအောင် ဦးဆောင်နေသည်ကိုဖြစ်စေ၊ ၎င်းတို့ သင့်ကို မည်သည့်နေရာသို့ ခေါ်ဆောင်နေသည်ကိုဖြစ်စေ သင်မသိပါက သင်သည် အန္တရာယ်ကျရောက်လိမ့်မည်။ အကြောင်းမှာ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများဆိုင်ရာ နယ်ပယ်ကို နားမလည်သကဲ့သို့ အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောကြောင့် သင်သည် ၎င်းတို့နောက်သို့ တွေဝေစွာဖြင့် လိုက်မည်ဖြစ်ပြီး ၎င်းတို့ သင့်ကို မိတ်သဟာယဖွဲ့သည့်အရာသည် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိကိုဖြစ်စေ၊ လက်တွေ့ကျမှု ဟုတ်မဟုတ်ကိုဖြစ်စေ မသိဘဲ ၎င်းတို့ သင့်ကို ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လိမ့်မည်။ သင်သည် ၎င်းတို့က စိတ်အားထက်သန်သောကြောင့်လည်းကောင်း၊ ၎င်းတို့က မိုးလင်းမှ မိုးချုပ်အထိ အလုပ်များပြီး အလုပ်ကြိုးစားသောကြောင့်လည်းကောင်း၊ အဖိုးအခကို ပေးဆပ်နိုင်စွမ်း ရှိသောကြောင့်လည်းကောင်း၊ တစ်စုံတစ်ဦး အခက်အခဲကြုံသည့်အခါ ၎င်းတို့က ကူညီရန် လက်ကမ်းပြီး လျစ်လျူမရှုသောကြောင့်လည်းကောင်း ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီသည်ဟု ထင်မှတ်လိမ့်မည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်း၊ ၎င်းတို့ မည်မျှကြာအောင် အလုပ်လုပ်ပါစေ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ တောင်းဆိုချက်များမှာ အဘယ်အရာ ဖြစ်သည်ကို သိမည်မဟုတ်ကြောင်း၊ ၎င်းတို့သည် အယူဝါဒများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရား လက်တွေ့ကျမှုများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ပိုင်းခြားသိမြင်နိုင်မည်ပင် မဟုတ်ကြောင်း၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို စစ်မှန်သောနည်းလမ်းဖြင့် မည်သို့ သဘောပေါက်နားလည်ရမည်ကို သိမည်မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကိုလည်း သိမည်မဟုတ်ကြောင်းကို သင် မသိချေ။ ဤသည်က ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များဖြစ်ကြောင်း ထင်ရှားစေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့လုပ်ဆောင်သည့် အလုပ်တွင် မည်သည့်ရလဒ်ကိုမျှ မရရှိကြပေ။ ၎င်းတို့သည် သင်နှင့် မိတ်သဟာယဖွဲ့ပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်သွားမည်၊ သို့သော် သင်သည် မည်သို့သော အခြေအနေ၌ ရှိသည်ကိုလည်းကောင်း၊ မည်သည့်အခက်အခဲများကို ရင်ဆိုင်နေရသည်ကိုလည်းကောင်း၊ ယင်းတို့ အမှန်တကယ် ဖြေရှင်းပြီးခြင်း ရှိမရှိကိုလည်းကောင်း ၎င်းတို့ ရှင်းလင်းစွာ သိမည်မဟုတ်သကဲ့သို့ သင်ကိုယ်တိုင်လည်း ဤအရာများကို သိမည်မဟုတ်ပေ။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သင်နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပြီး ဖြစ်လိမ့်မည်၊ သို့သော် သင်သည် မည်သို့သော ပြောင်းလဲမှုမျှမရှိဘဲ မှားယွင်းသော အခြေအနေတစ်ခု၌ ဆက်လက်အသက်ရှင်နေဆဲ ဖြစ်လိမ့်မည်။ သင်သည် မည်သို့သော အခက်အခဲများကိုပင် ကြုံတွေ့ပါစေ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ပုံ ပေါက်လိမ့်မည်၊ သို့သော် ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်ဖြစ်စေ၊ အကူအညီမှတစ်ဆင့်ဖြစ်စေ သင်၏ အခက်အခဲတစ်ခုတလေမျှ ပြေလည်သွားမည် မဟုတ်ဘဲ ပြဿနာများသည် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ ဤသို့သော ခေါင်းဆောင်မျိုးသည် စံနှုန်းပြည့်မီသလော။ (မပြည့်မီပါ။) သို့ဆိုလျှင် ဤအရေးကိစ္စများကို ပိုင်းခြားသိမြင်နိုင်ရန်အတွက် သင်သည် မည်သည့်သမ္မာတရားများကို နားလည်ရန် လိုအပ်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်တိုင်းကို လုပ်ဆောင်ပြီး ပြဿနာတိုင်းကို ဘုရားနှုတ်ကပတ်တော်များ၏ တောင်းဆိုချက်များနှင့်အညီ ကိုင်တွယ်ဖြေရှင်းခြင်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့ပြောဆိုသည့် စကားလုံးတိုင်းသည် လက်တွေ့ကျပြီး ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်းကောင်း သင် နားလည်ရန် လိုအပ်သည်။ ထို့အပြင် သင်သည် အမျိုးမျိုးသော အခက်အခဲများကို ရင်ဆိုင်ရသည့်အခါ ပြဿနာများကို ဖြေရှင်းရန် ၎င်းတို့၏ လုပ်နည်းကိုင်နည်းသည် သင့်ကို ဘုရားနှုတ်ကပတ်တော်များအား နားလည်စေပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရရှိစေသလော၊ သို့မဟုတ် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒအချို့ကိုသာ ပြောဆိုခြင်း၊ ဆောင်ပုဒ်များ ဟစ်ကြွေးခြင်း သို့မဟုတ် သင့်ကို ဆုံးမစကားပြောခြင်းမျှသာ ပြုသလောဟူသည်ကို သင်နားလည်ရန် လိုအပ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတို့ကို တိုက်တွန်းနှိုးဆော်ခြင်းမှတစ်ဆင့် ကူညီလိုကြသည်၊ အချို့က လှုံ့ဆော်မှုမှတစ်ဆင့် ကူညီလိုကြပြီး အခြားသူများကမူ ဖော်ထုတ်ခြင်း၊ စွပ်စွဲခြင်းနှင့် ပြုပြင်ခြင်းတို့မှတစ်ဆင့် ကူညီလိုကြသည်။ ၎င်းတို့ အသုံးပြုသည့် နည်းလမ်း မည်သို့ပင်ဖြစ်စေ အကယ်၍ ယင်းက သင့်ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ အမှန်တကယ် ဝင်ရောက်စေနိုင်လျှင်၊ သင်၏ တကယ့်အခက်အခဲများကို ဖြေရှင်းပေးနိုင်လျှင်၊ သင့်ကို ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်သည်ကို နားလည်စေပြီး ထိုသို့ဖြင့် သင့်ကိုယ်သင် သိကျွမ်းစေကာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိစေနိုင်လျှင် အနာဂတ်တွင် အလားတူအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သင် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိလာလိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် စံနှုန်းပြည့်မီခြင်း ရှိမရှိကို အကဲဖြတ်ရန်အတွက် အခြေခံအကျဆုံးသော စံနှုန်းမှာ ၎င်းတို့သည် လူတို့၏ ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်း ရှိမရှိ၊ လူတို့ကို သမ္မာတရားကို နားလည်စေပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရရှိစေနိုင်ခြင်း ရှိမရှိ ဖြစ်သည်။
ပြီးခဲ့သည့်တစ်ကြိမ်တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပထမနှင့် ဒုတိယ တာဝန်ဝတ္တရားများအကြောင်းကို အနည်းနှင့်အများ မိတ်သဟာယဖွဲ့ခဲ့ပြီး ဤတာဝန်ဝတ္တရားနှစ်ခုနှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များ၏ အချို့သော သရုပ်သကန်များကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ၎င်းတို့၏ အဓိက သရုပ်သကန်များမှာ ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်မှုမှာ ပေါ့တန်ပြီး အပေါ်ယံဆန်ခြင်းနှင့် သမ္မာတရားကို နားလည်ရန် ပျက်ကွက်ခြင်းတို့ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အခြားသူတို့ကို ဘုရားနှုတ်ကပတ်တော်များအား နားလည်စေရန်နှင့် ကိုယ်တော်၏ ရည်ရွယ်ချက်များကို သဘောပေါက်စေရန် ဦးဆောင်နိုင်ခြင်း မရှိသည်မှာ ထင်ရှားပေသည်။ လူများ အခက်အခဲများဖြင့် ရင်ဆိုင်ရသည့်အခါတွင် ထိုသူများ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခုရှိဖို့အလို့ငှာ ထိုလူတို့ သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်ဖို့ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ သိမြင်မှုကို အသုံးမချနိုင်သကဲ့သို့ အခက်အခဲမျိုးစုံကြားတွင် ထိုသူများ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိမြင်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသည့်အပြင် တစ်ချိန်တည်းမှာပင် ဤအခက်အခဲများကိုလည်း မဖြေရှင်းနိုင်ပေ။ သို့ဖြစ်၍ ယနေ့ ငါတို့သည် အသက်ဝင်ရောက်မှု၏ အခက်အခဲများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ လူတို့ မိမိတို့၏ နေ့စဉ်အသက်တာများတွင် မကြာခဏ ကြုံတွေ့ရလေ့ရှိသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အမျိုးမျိုးသော သာမန်အခက်အခဲများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ ဤအရာများကို တိကျစွာ အကျဉ်းချုပ်ဖော်ပြကြစို့။ ဤအကြောင်းကို မိတ်သဟာယဖွဲ့ရန် လိုအပ်သလော။ (လိုအပ်ပါသည်။) သင်တို့သည် ယခုအခါ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော ဤအကြောင်းအရာများကို အတော်အတန် စိတ်ဝင်စားကြသည် မဟုတ်လော။ ငါသည် သင်တို့နှင့် ပထမဆုံး အပြန်အလှန်ဆက်ဆံပြီး သင်တို့အား စကားပြောသည့်အခါ မည်သည့်အရာကိုပင် ပြောပါစေ သင်တို့သည် ထုံထိုင်းပြီး တုံးအကာ နှေးကွေးလေးကန်ပြီး တုံ့ပြန်မှုနှေးနေခဲ့သည်။ သင်တို့သည် မည်သည့်အရာကိုမျှ နားမလည်သကဲ့သို့ အသက်ဝင်ရောက်မှု မဆိုထားနှင့်၊ မည်သည့် ဝိညာဉ်ရင့်ကျက်မှုကိုမျှ မပိုင်ဆိုင်ဟု ထင်ရသည်။ ယခု ငါတို့သည် လူတစ်ဦး၏ အသက်စိတ်သဘောထားကို ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည့် အရေးကိစ္စများအကြောင်း ပြောဆိုသည့်အခါ သင်တို့အများစုသည် ဤအကြောင်းအရာကို အတော်အသင့် စိတ်ဝင်စားကြပြီး ယင်းအပေါ် တုံ့ပြန်မှုအချို့ ရှိကြသည်။ ဤသည်မှာ အပြုသဘောဆောင်သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အကယ်၍ သင်တို့သည် မိမိတို့၏ တာဝန်များကို မထမ်းဆောင်နေခဲ့ပါက ဤအရာများကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်၊ ဤအရာအားလုံးသည် ကိုယ်တော်၏ မျက်နှာသာပေးခြင်းကြောင့်သာ ဖြစ်၏။
အချက် ၂- လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ၎င်းတို့၏ လက်တွေ့ဘဝများတွင် ကြုံတွေ့ရသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးလော့ (အပိုင်း ၂)
အသက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲ အမျိုးအစား ရှစ်မျိုး
၁။ တာဝန်ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော အခက်အခဲများ
အသက်ဝင်ရောက်မှု၏ အခက်အခဲများနှင့် ပတ်သက်၍ ဦးစွာ တာဝန်ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော အခက်အခဲများကို ခြုံငုံ၍ ကြည့်ကြစို့။ သင်သည် သင်၏ တာဝန်များကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည့် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် အမှုအရာများကို စည်းမျဉ်းများနှင့်အညီ မကိုင်တွယ်နိုင်ပါက၊ ဤသည်မှာ အသက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ရှင်းရှင်းလင်းလင်း ပြောရလျှင် ယင်းမှာ လူတစ်ဦး၏ တာဝန်ထမ်းဆောင်သည့်အခါ ဖြစ်ပေါ်လာသည့် အမျိုးမျိုးသော အခြေအနေများ၊ အတွေးအခေါ်များ၊ ရှုမြင်ပုံများနှင့် အချို့သော မှားယွင်းသည့် တွေးခေါ်ပုံနည်းလမ်းများ ဖြစ်သည်။ သို့ဆိုလျှင် ဤကိစ္စနှင့်ပတ်သက်၍ မည်သည့် တိကျသော အခက်အခဲများ ရှိသနည်း။ ဥပမာအားဖြင့် တာဝန်ထမ်းဆောင်သည့်အခါ ဝတ်ကျေတမ်းကျေလုပ်ရန်၊ ကလိမ်ကျစ်ကျရန်နှင့် ခိုကပ်ရန် အစဉ်သဖြင့် ကြိုးစားခြင်းသည် တာဝန်ထမ်းဆောင်စဉ်အတွင်း သာမန်အားဖြင့် ပေါ်လွင်ထင်ရှားပြီး ထုတ်ဖော်ပြသည့် အနေအထားတစ်ခု မဟုတ်လော။ ထို့အပြင် မိမိ၏ မူလအလုပ်ကို အာရုံမစိုက်ခြင်း၊ တာဝန်ထမ်းဆောင်စဉ် မိမိကိုယ်ကို အခြားသူများနှင့် အစဉ်မပြတ် နှိုင်းယှဉ်ခြင်း၊ မိမိတာဝန်ထမ်းဆောင်သည့် နေရာကို ကစားကွင်း သို့မဟုတ် စစ်မြေပြင်အဖြစ် သဘောထားပြုမူခြင်း၊ မိမိ၏ တာဝန်ထမ်းဆောင်သည့်အခါတိုင်း “စံတစ်ခု” ကို ရှာဖွေရန် စဉ်းစားလျက် စိတ်ထဲ၌ ဤသို့ ပြောဆိုခြင်းလည်း ရှိသည်၊ “မည်သူက ကျွန်ုပ်ထက် ပိုတော်သည်ကိုလည်းကောင်း၊ မည်သူက ကျွန်ုပ်၏ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ပေးနိုင်သည်ကိုလည်းကောင်း ကျွန်ုပ် ကြည့်မည်၊ ထို့နောက် မည်သူက မိမိ၏ တာဝန်ထမ်းဆောင်မှုတွင် ပိုကောင်းသော ရလဒ်များနှင့် ပိုမြင့်သော ထိရောက်မှုကို ရရှိသည်ကိုလည်းကောင်း၊ မည်သူက လူတို့၏ စိတ်နှလုံးကို သိမ်းသွင်းစည်းရုံးရာ၌ ပိုတော်သည်ကိုလည်းကောင်း သိမြင်ရန်အလို့ငှာ ၎င်းတို့နှင့် ယှဉ်ပြိုင်မည်၊ ၎င်းတို့နှင့် ပြိုင်ဆိုင်မည်၊ ပြီးလျှင် ကျွန်ုပ်ကိုယ်တိုင်ကို ၎င်းတို့နှင့် နှိုင်းယှဉ်မည်” ဟူ၍ဖြစ်လေသည်။ ထို့နောက် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအတွက် စည်းမျဉ်းများကို နားလည်သော်လည်း ယင်းတို့ကို စောင့်ထိန်းလိုက်နာရန် မလိုလားခြင်း၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားနှင့်အညီ သို့မဟုတ် ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့်အညီ ပြုမူရန် မလိုလားခြင်း၊ “ကျွန်ုပ်သည် ဤသို့လုပ်ရသည်ကို ကြိုက်သည်၊ ကျွန်ုပ်သည် ထိုသို့လုပ်ရသည်ကို ကြိုက်သည်၊ ကျွန်ုပ်သည် ဤသို့လုပ်ရန် ဆန္ဒရှိသည်၊ ကျွန်ုပ်သည် ထိုသို့လုပ်လိုသည်” ဟု ပြောဆိုလျက် မိမိ၏ တာဝန်ထမ်းဆောင်မှုကို တစ်ကိုယ်ရေ နှစ်သက်မှုများဖြင့် ရောနှောရန် အစဉ်သဖြင့် ပို၍နှစ်သက်ခြင်းတို့ ရှိသည်။ ဤသည်မှာ တစ်ဇွတ်ထိုးဆန်ခြင်း၊ မိမိသဘောအတိုင်း အစဉ်သဖြင့် ပြုမူလိုခြင်းဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်နှစ်သက်မှုများအတိုင်း မိမိအလိုရှိသလို ပြုမူလျက် ဘုရားအိမ်တော်၏ တောင်းဆိုချက်အားလုံးကို ဂရုမစိုက်ဘဲ လမ်းကြောင်းမှန်မှ သွေဖည်ရန် ပို၍နှစ်သက်ခြင်း ဖြစ်သည်။ ဤသည်တို့မှာ လူအများစုက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ပြသသည့် စစ်မှန်သော သရုပ်သကန်များ မဟုတ်လော။ ဤပြဿနာအားလုံးသည် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ အခက်အခဲများနှင့် သက်ဆိုင်သည်မှာ သိသာထင်ရှားပေသည်။ ဤအရာများတွင် ဖြည့်စွက်ပြောကြလော့။ (မိမိ၏ တာဝန်ထမ်းဆောင်သည့်အခါ အခြားသူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ပြီး အစဉ်သဖြင့် ထင်ရာစိုင်းခြင်း ဖြစ်သည်။) ဤသည်မှာလည်း အခက်အခဲတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ မိမိ၏ တာဝန်ထမ်းဆောင်သည့်အခါ အခြားသူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ပြီး အစဉ်သဖြင့် ထင်ရာစိုင်းလိုကာ ဆုံးဖြတ်ပိုင်ခွင့်ရှိလိုခြင်း၊ ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ အကြံဉာဏ်တောင်းရန်နှင့် အခြားသူတို့၏ ထင်မြင်ချက်များကို နားထောင်ရန် မိမိကိုယ်ကို နှိမ့်ချလိုသော်လည်း ဤအရာကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ မိမိကြိုးစား၍ လက်တွေ့လုပ်ဆောင်သည့်အခါ စိတ်ထဲ၌ မသက်မသာ ခံစားရခြင်း ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ (တာဝန်ထမ်းဆောင်သည့်အခါ မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို အစဉ်သဖြင့် ကာကွယ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ခြင်း၊ ပြဿနာတစ်ခု ဖြစ်ပေါ်လာသည့်အခါ အမှန်တကယ်တွင် မည်သို့ဖြေရှင်းရမည်ကို သိသော်လည်း ယင်းမှာ မိမိနှင့် မသက်ဆိုင်ဟု စိတ်ထဲ၌ ခံစားရခြင်း၊ မှားသွားပါက တာဝန်ယူရမည်ကို ကြောက်သဖြင့် ရှေ့ထွက်ရန် မဝံ့ရဲခြင်းတို့ ဖြစ်ပါသည်။) ပြဿနာတစ်ခုကို မြင်သည့်အခါ မဖြေရှင်းဘဲ၊ မိမိနှင့်မဆိုင်သလို သဘောထားပြီး လျစ်လျူရှုခြင်း ဟူသည့် ဤသည်မှာလည်း သစ္စာစောင့်သိမှုမရှိဘဲ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအဖြစ် သတ်မှတ်သည်။ သင်သည် အလုပ်တစ်ခုအတွက် တာဝန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကယ်၍ သင်သည် ပြဿနာတစ်ခုကို ထိုးထွင်းမြင်ပြီး ဖြေရှင်းနိုင်ပါက ဤတာဝန်ကို သင် ထမ်းဆောင်သင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်ပြီး သင်၏အပေါ် ကျရောက်သည့် အလုပ်ဖြစ်သည်။ အကယ်၍ ကြီးကြပ်ရေးမှူးက ဖြေရှင်းနိုင်ပါက သင်သည် လွှတ်ထားနိုင်သည်၊ သို့သော် ကြီးကြပ်ရေးမှူးက မဖြေရှင်းနိုင်ပါက သင်သည် ရှေ့ထွက်ပြီး ဖြေရှင်းသင့်သည်။ ကိစ္စရပ်များကို မည်သူ၏ တာဝန်ယူမှုနယ်ပယ်အောက်တွင် ကျရောက်သည်ကို အခြေခံ၍ မခွဲခြားလင့်၊ ဤသို့ ခွဲခြားခြင်းသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုမရှိခြင်း ဖြစ်သည်။ အခြား ရှိသေးသလော။ (မိမိ၏ တာဝန်ထမ်းဆောင်စဉ် မိမိ၏ ဉာဏ်ရည်နှင့် ဆုကျေးဇူးများကို အားကိုးပြီး အလုပ်လုပ်ကာ သမ္မာတရားကို မရှာဖွေခြင်း ဖြစ်ပါသည်။) ဤသို့သော လူများစွာ ရှိသည်။ ၎င်းတို့သည် မိမိတို့၌ ဉာဏ်ရည်နှင့် အစွမ်းအစ ရှိသည်ဟု အစဉ်သဖြင့် ထင်မှတ်ကြပြီး ၎င်းတို့အပေါ် ကျရောက်သည့် အရာအားလုံးကို အရေးမစိုက်ကြပေ၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝမရှာဖွေဘဲ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်းသာ ပြုမူကြရာ အကျိုးဆက်အနေဖြင့် မည်သည့်တာဝန်ကိုမျှ ကောင်းမွန်စွာ မထမ်းဆောင်နိုင်ကြပေ။ ဤသည်တို့အားလုံးမှာ လူတို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ရင်ဆိုင်ရသည့် အခက်အခဲများ ဖြစ်ကြသည်။
၂။ မိမိတို့၏ အလားအလာနှင့် ကံကြမ္မာကို သဘောထားပြုမူပုံနှင့် သက်ဆိုင်သော ပြဿနာများ
လူတစ်ဦးသည် မိမိ၏ အလားအလာနှင့် ကံကြမ္မာကို သဘောထားပြုမူပုံသည်လည်း အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်သည်။ အချို့လူတို့သည် မိမိတို့ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်ဟု ယုံကြည်ပါက အဖိုးအခ ပေးဆပ်လိုကြပြီး မျှော်လင့်ချက်မရှိဟု ထင်ပါက အပျက်သဘောဆောင်လာကြသည်။ အကယ်၍ ဘုရားအိမ်တော်က ၎င်းတို့ကို ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းတို့ မရှိပါက ၎င်းတို့သည် အဖိုးအခ ပေးဆပ်ရန် မလိုလားကြဘဲ တာဝန်မယူဘဲ မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြသည်။ ၎င်းတို့ မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ မိမိတို့၏ အလားအလာနှင့် ကံကြမ္မာကို အစဉ်သဖြင့် ထည့်သွင်းစဉ်းစားကြပြီး မိမိတို့ကိုယ်ကို “ကျွန်ုပ် အမှန်တကယ် ကောင်းသော ပန်းတိုင်တစ်ခု ရရှိမည်လော။ ဘုရားသခင်၏ ကတိတော်များက ကျွန်ုပ်ကဲ့သို့သော လူတစ်ဦး၏ အလားအလာနှင့် ပန်းတိုင်သည် မည်သို့ဖြစ်မည်ကို ဖော်ပြထားပြီးပြီလော” ဟု မေးမြန်းကြသည်။ ၎င်းတို့သည် တိကျသော အဖြေတစ်ခုကို မတွေ့ရှိပါက မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် စိတ်အားထက်သန်မှု ကင်းမဲ့ကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၏ ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းကို ခံရပါက စွမ်းအင်အပြည့် ဖြစ်လာကြပြီး ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းတွင် အထူးပင် တက်ကြွကြသည်။ သို့သော် အကယ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ပျက်ကွက်ပြီး ဖြုတ်ချခံရပါက ချက်ချင်းပင် အပျက်သဘောဆောင်လာကြပြီး မျှော်လင့်ချက်အားလုံးကို စွန့်ပစ်လျက် မိမိတို့၏ တာဝန်ကို စွန့်လွှတ်၏။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့က “ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်တော့ဘူးလား။ သို့ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်၏ လောကီကို လိုက်စားမှုကို အဟန့်အတား မဖြစ်စေဘဲ အစောကြီးကတည်းက ပြောသင့်သည်” ဟု တွေးတောကြသည်။ ၎င်းတို့ ဖြုတ်ချခံရပါက “၎င်းတို့က ကျွန်ုပ်ကို အထင်သေးနေကြသည် မဟုတ်လော။ ကျွန်ုပ်အကြောင်း ဘယ်သူ တိုင်လိုက်သနည်း။ ကျွန်ုပ် ဖယ်ရှားရှင်းလင်းခြင်း ခံနေရသလော။ သို့ဆိုလျှင် ၎င်းတို့ အစောကြီးကတည်းက ပြောသင့်သည်” ဟု စဉ်းစားကြသည်။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် အရောင်းအဝယ်လုပ်ခြင်းများ၊ တောင်းဆိုမှုများနှင့် ကျိုးကြောင်းမညီညွတ်သော တောင်းဆိုချက်များဖြင့် ပြည့်နေသည်။ အသင်းတော်က ၎င်းတို့ကို မည်သည့်အရာလုပ်ဆောင်ရန် စီစဉ်ပါစေ ၎င်းတို့သည် ကောင်းသော အလားအလာနှင့် ကောင်းသော ကံကြမ္မာရှိခြင်းအပြင် ဘုရားသခင်၏ ကောင်းချီးများ၊ ယင်းကို လုပ်ဆောင်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်များအဖြစ် မှတ်ယူကြသည်။ အနည်းဆုံးအားဖြင့် ကောင်းသော အမူအရာနှင့် သဘောထားဖြင့် ဆက်ဆံခံရခြင်းနှင့် အသိအမှတ်ပြုခံရခြင်းတို့သည် ၎င်းတို့အတွက် လက်ခံပြီး ကျိုးနွံနာခံရန် မရှိမဖြစ် လိုအပ်ချက်များ ဖြစ်ကြသည်။ ဤသည်တို့မှာ ၎င်းတို့၏ အလားအလာနှင့် ကံကြမ္မာကို သဘောထားပြုမူပုံ၏ သရုပ်သကန်များ မဟုတ်လော။ ဤအရာများတွင် ဖြည့်စွက်ပြောကြလော့။ (မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် လွဲချော်မှုများ သို့မဟုတ် ပြဿနာများ ဖြစ်ပေါ်ပြီး ၎င်းတို့ ပြုပြင်ခြင်းခံရပါက ၎င်းတို့သည် ဘုရားသခင်အပေါ် စောဒကတက်ကာ ကိုယ်တော်အား သတိထားရှောင်ကြဉ်ကြသည်၊ ၎င်းတို့သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို ကြောက်ရွံ့ကြပြီး မိမိတို့အတွက် ထွက်ပေါက်တစ်ခု အစဉ်သဖြင့် ချန်ထားကြပါသည်။) ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းနှင့် မိမိတို့အတွက် ထွက်ပေါက်တစ်ခု အစဉ်သဖြင့် ချန်ထားခြင်း၊ ဤသည်တို့မှာလည်း ၎င်းတို့၏ အလားအလာနှင့် ကံကြမ္မာကို သဘောထားပြုမူပုံ၏ သရုပ်သကန်များ ဖြစ်ကြသည်။ (ဘုရားသခင်၏ ဖော်ထုတ်ခြင်းနှင့် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များက ၎င်းတို့နှင့် ကိုက်ညီသည်ကို တစ်စုံတစ်ဦးက တွေ့မြင်သည့်အခါ၊ သို့မဟုတ် ၎င်းတို့ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရပြီး အရှက်ရသည်ဟု ခံစားရသည့်အခါ ၎င်းတို့သည် မိမိတို့မှာ နားဝေတိမ်တောင်ဖြစ်သောသူ၊ နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ပြီး သမ္မာတရားကို လက်မခံနိုင်သူဖြစ်သည်ဟု ကောက်ချက်ချကြသည်။ ၎င်းတို့သည် မိမိတို့၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိဟု သတ်မှတ်ပြီး အပျက်သဘောဆောင်လာကြပါသည်။) မိမိတို့၏ အလားအလာ၊ ကံကြမ္မာတို့နှင့် ပတ်သက်လာလျှင် လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများကို အပြည့်အဝ မစွန့်လွှတ်နိုင်ကြပေ။ ၎င်းတို့သည် ယင်းတို့ကို အရေးကြီးဆုံးသောအရာများအဖြစ် အစဉ်တစိုက် သဘောထားပြီး ထိုအတိုင်း လိုက်စားကြကာ ၎င်းတို့ကို မိမိတို့ လိုက်စားသည့် အရာအားလုံးအတွက် တွန်းအားနှင့် မရှိမဖြစ် လိုအပ်ချက်အဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းတို့နှင့် ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် အန္တရာယ်ရှိသော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ချက်ချင်းပင် ဤသို့ တွေးထင်ကြသည်၊ “ဘုရားသခင်က ကျွန်ုပ်ကို မလိုချင်တော့ဘူးလား။ ကိုယ်တော်က ကျွန်ုပ်ကို ပစ်ပယ်နေသလော။ ကိုယ်တော် ကျွန်ုပ်ကို ပြောဆိုသည့် လေသံက အလွန်ပြင်းထန်လှသည်၊ ကိုယ်တော် ကျွန်ုပ်ကို မကယ်တင်လိုဘူးလား။ ကိုယ်တော် ကျွန်ုပ်ကို ဖယ်ရှားရှင်းလင်းလိုသလော။ အကယ်၍ ကိုယ်တော် ကျွန်ုပ်ကို ဖယ်ရှားရှင်းလင်းလိုလျှင် ကျွန်ုပ်၏ လောကီကို လိုက်စားမှုကို အဟန့်အတား မဖြစ်စေရန် ကျွန်ုပ် ငယ်ရွယ်နေသေးစဉ်မှာပင် အမြန်ဆုံး ပြောသင့်သည်” ဟူ၍ ဖြစ်သည်။ ဤသည်က ၎င်းတို့၌ အပျက်သဘောဆောင်ခြင်း၊ အတိုက်အခံလုပ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ခိုကပ်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဤသည်တို့မှာ လူတို့ မိမိတို့၏ အလားအလာနှင့် ကံကြမ္မာကို သဘောထားပြုမူပုံနှင့် သက်ဆိုင်သည့် အချို့သော အခြေအနေများနှင့် သရုပ်သကန်များ ဖြစ်ကြသည်။ ဤသည်မှာ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် အရေးကြီးသော အခက်အခဲတစ်ခု ဖြစ်သည်။
၃။ လူလူချင်း ဆက်ဆံရေးများနှင့် သက်ဆိုင်သော အခက်အခဲများ
နောက်ထပ် ကဏ္ဍတစ်ခုဖြစ်သည့် လူလူချင်း ဆက်ဆံရေးများကို ကြည့်ကြစို့။ ဤသည်မှာလည်း အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် အရေးကြီးသော အခက်အခဲတစ်ခု ဖြစ်သည်။ သင်မနှစ်သက်သော လူများ၊ သင်နှင့် ထင်မြင်ချက် မတူညီသော လူများ၊ သင်နှင့် ရင်းနှီးသော လူများ၊ သင်နှင့် မိသားစုတော်စပ်သော သို့မဟုတ် သင့်ကို ကူညီခဲ့ဖူးသော လူများနှင့် သင့်ကို အစဉ်သဖြင့် ချက်ချင်း သတိပေးချက်များ ပေးပြီး သင့်ကို မှန်သောစကားများ ပြောကာ သင့်ကို ကူညီသော လူများကို သင်မည်သို့ ဆက်ဆံသည်၊ လူတစ်ဦးစီတိုင်းကို သင် မျှတစွာ ဆက်ဆံနိုင်ခြင်း ရှိမရှိ၊ ထို့အပြင် အခြားလူများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လာသည့်အခါ သင်မည်သို့ လက်တွေ့လုပ်ဆောင်သည်ဟူသည့်အပြင် သင်တို့အကြားတွင် မနာလိုမှုများနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာခြင်း၊ သင်သည် သဟဇာတဖြစ်စွာ မဆက်ဆံနိုင်ခြင်း၊ သို့မဟုတ် သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းပင် မရှိခြင်း၊ ဤသည်တို့မှာ လူလူချင်း ဆက်ဆံရေးနှင့် သက်ဆိုင်သည့် အချို့သော အခြေအနေများနှင့် သရုပ်သကန်များ ဖြစ်ကြသည်။ အခြား ရှိသေးသလော။ (လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ပြီး အခြားသူတစ်ဦး၏ ပြဿနာများကို တွေ့ရှိသည့်အခါ ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရွံ့သည့်အတွက် ထုတ်မပြောဝံ့ခြင်း ဖြစ်ပါသည်။) ဤသည်မှာ လူတစ်ဦးသည် အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရွံ့သည့်အခါ ဖြစ်ပေါ်လာသည့် အခြေအနေတစ်ခု ဖြစ်သည်။ (ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ အာဏာနှင့် အဆင့်အတန်းရှိသူများကို ဆက်ဆံပုံဖြစ်ပါသည်။) သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် အာဏာနှင့် အဆင့်အတန်းရှိသော လူများကို မည်သို့ဆက်ဆံသည်၊ မျက်နှာချိုသွေးခြင်းနှင့် ဖားယားမြှောက်ပင့်ခြင်းဖြင့်ဖြစ်စေ၊ ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံခြင်းဖြင့်ဖြစ်စေ ဤသည်မှာ အာဏာနှင့် သြဇာအာဏာရှိသူတို့ကို သင်ဆက်ဆံပုံ၏ တိကျသော သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤသည်တို့မှာ အနည်းနှင့်အများဆိုသလို လူလူချင်း ဆက်ဆံရေး၏ အခက်အခဲများ ဖြစ်ကြသည်။
၄။ လူ့ခံစားချက်များနှင့် သက်ဆိုင်သော ပြဿနာများ
လူသား ခံစားချက်များအကြောင်းကို အနည်းငယ် ပြောဆိုဆွေးနွေးကြစို့။ ခံစားချက်များနှင့် မည်သည့် ပြဿနာများ ဆက်စပ်သနည်း။ ပထမဆုံးမှာ သင်၏ မိသားစုဝင် အရင်းအချာများကို သင် အကဲဖြတ်ပုံနှင့် ၎င်းတို့ လုပ်ဆောင်သည့်အရာများကို သင် ချဉ်းကပ်ပုံဖြစ်သည်။ ဤနေရာ၌ “၎င်းတို့ လုပ်ဆောင်သည့်အရာများ”တွင် ပင်ကိုအားဖြင့် အသင်းတော်အလုပ်ကို ၎င်းတို့ နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်ကြသည့်အချိန်၊ လူတို့အပေါ် ထိုသူတို့၏နောက်ကွယ်တွင် ဝေဖန်ကြချိန်၊ မယုံကြည်သူများ၏ အလေ့အကျင့်အချို့ကို ပါဝင်လုပ်ဆောင်ကြချိန် စသည်တို့ ပါဝင်သည်။ သင်သည် ဤအရာများကို သမာသမတ်ကျစွာ ချဉ်းကပ်နိုင်သလော။ သင့်အနေဖြင့် မိမိ၏ မိသားစုဝင်များနှင့်ဆိုင်သည့် အကဲဖြတ်ချက်တစ်ခုကို ရေးဖို့ လိုအပ်သည့်အခါ သင်၏ ကိုယ်ပိုင် စိတ်ခံစားချက်များကို ဘေးဖယ်ထားလျက် ဓမ္မဓိဋ္ဌာန်ကျကျနှင့် သမာသမတ်ကျစွာ သင် လုပ်ဆောင်နိုင်သလော။ ဤအရာက သင်၏ မိသားစုဝင်များကို သင် ချဉ်းကပ်ပုံနှင့် ဆက်စပ်ပေသည်။ ထို့အပြင် သင်နှင့် အဆင်ပြေသည့်သူများ သို့မဟုတ် ယခင်က သင့်ကို ကူညီခဲ့သူများအပေါ် ခံစားချက်များ သင် ထားရှိသလော။ ၎င်းတို့၏ လုပ်ရပ်များနှင့် ကျင့်ကြံပြုမူမှုများကို ဓမ္မဓိဋ္ဌာန်ကျသည့်၊ သမာသမတ်ကျသကဲ့သို့ တိကျမှန်သည့် နည်းလမ်းတစ်ခုဖြင့် သင် ရှုမြင်နိုင်သလော။ ၎င်းတို့က အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်လျှင် ထိုအကြောင်းကို သင် သိရှိပြီးသည့်နောက်တွင် ၎င်းတို့အား ချက်ချင်း တိုင်ကြားနိုင်မည်လော သို့မဟုတ် ဖော်ထုတ်နိုင်လိမ့်မည်လော။ ထို့အပြင် သင်နှင့် အတော်အတန် ရင်းနှီးသည့်သူများ သို့မဟုတ် စိတ်ဝင်စားမှု တူညီသူများအပေါ် သင် ခံစားချက်များ ထားရှိသလော။ ၎င်းတို့၏ လုပ်ရပ်များ၊ အပြုအမူတို့နှင့်ပတ်သက်၍ သမာသမတ်ကျသကဲ့သို့ ဓမ္မဓိဋ္ဌာန်ကျသော အကဲဖြတ်ချက်၊ သတ်မှတ်ချက်နှင့် ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု သင် ပိုင်ဆိုင်သလော။ သင်နှင့် တွယ်တာသော ဆက်ဆံရေးတစ်ခုရှိသည့် ဤလူများကို အသင်းတော်က စည်းမျဉ်းများအတိုင်း ကိုင်တွယ်ပြီး ဤအရာ၏ အဆုံးသတ်က သင်၏ ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီဟု ဆိုပါစို့။ ဤအရာကို သင် မည်သို့ ချဉ်းကပ်မည်နည်း။ သင် နာခံနိုင်မည်လော။ သင်သည် ၎င်းတို့နှင့် လျှို့ဝှက်စွာ ဆက်လက်၍ ရှုပ်ရှုပ်ထွေးထွေး ပတ်သက်နေမည်လော၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံပြီး ၎င်းတို့အတွက် ဆင်ခြေများပေးရန်၊ ကျိုးကြောင်းပြရန်နှင့် ခုခံကာကွယ်ပေးရန် ၎င်းတို့၏ လှုံ့ဆော်ခြင်းကိုပင် ခံမည်လော။ သင်သည် သမ္မာတရား စည်းမျဉ်းများကို မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လျစ်လျူရှုလျက် သင့်ကို ကူညီခဲ့ဖူးသူများအတွက် ကူညီကာ အသက်စွန့်မည်လော။ ဤသည်တို့မှာ ခံစားမှုများနှင့် သက်ဆိုင်သည့် အမျိုးမျိုးသော ပြဿနာများ မဟုတ်လော။ အချို့လူများက “ခံစားချက်များက ဆွေမျိုးများ၊ မိသားစုဝင်များနှင့်သာ သက်ဆိုင်သည် မဟုတ်လော။ ခံစားချက်များ၏ နယ်ပယ်သည် မိမိ၏ မိဘများ၊ မောင်နှမများနှင့် အခြားမိသားစုဝင်များသာ မဟုတ်လော” ဟု ပြောကြသည်။ မဟုတ်ပေ၊ ခံစားချက်များတွင် လူတို့၏ နယ်ပယ်ကျယ်ပြန့်စွာ ပါဝင်သည်။ ကိုယ့်မိသားစုဝင်များကိုယ် မျှတစွာ အကဲဖြတ်ရန် မဆိုထားနှင့်၊ အချို့လူများသည် မိမိတို့၏ အခင်ဆုံးသူငယ်ချင်းများနှင့် မိတ်ဆွေများကိုပင် မျှတစွာ အကဲဖြတ်နိုင်စွမ်းမရှိဘဲ ဤလူများအကြောင်း ပြောဆိုသည့်အခါ အဖြစ်မှန်ကို လွဲမှားအောင် ပြောဆိုကြသည်။ ဥပမာအားဖြင့် အကယ်၍ ၎င်းတို့၏ မိတ်ဆွေသည် မိမိ၏ သင့်တော်သော အလုပ်ကို ဂရုမစိုက်ဘဲ မိမိ၏ တာဝန်တွင် မသမာသောနည်းလမ်းများကို အစဉ်သဖြင့် ကျင့်သုံးပါက ၎င်းတို့သည် သူ့ကို အတော်အတန် ကစားမက်သူအဖြစ် ဖော်ပြမည်ဖြစ်ပြီး သူ၏ လူ့သဘာဝသည် မရင့်ကျက်သေးဘဲ တည်ငြိမ်မှုမရှိသေးဟု ပြောဆိုကြလိမ့်မည်။ ဤစကားများထဲတွင် ခံစားချက်များ မပါဝင်သလော။ ဤသည်မှာ ခံစားချက်များ ပါဝင်သော စကားများကို ပြောဆိုခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့နှင့် မည်သို့မျှ မပတ်သက်သော တစ်စုံတစ်ဦးသည် မိမိ၏ သင့်တော်သော အလုပ်ကို ဂရုမစိုက်ဘဲ မရိုးဖြောင့်သည့်အပြင် ကောက်ကျစ်ဆိုးယုတ်သော လုပ်ဆောင်မှုများကို ကျင့်သုံးပါက ၎င်းတို့သည် ထိုသူအကြောင်း ပို၍ပြင်းထန်သော စကားများကို ပြောဆိုကြမည်ဖြစ်ပြီး ထိုသူကို ပြစ်တင်ရှုတ်ချခြင်းပင် ပြုကောင်းပြုနိုင်သည်။ ဤသည်မှာ ခံစားချက်များကို အခြေခံ၍ ပြောဆိုခြင်းနှင့် ပြုမူခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ မိမိတို့၏ ခံစားချက်များအတိုင်း အသက်ရှင်သော လူတို့သည် မျှတမှု ရှိသလော။ ၎င်းတို့သည် ဖြောင့်မှန်သလော။ (မဖြောင့်မှတ်ပါ။) မိမိတို့၏ ခံစားချက်များအတိုင်း ပြောဆိုသော လူတို့တွင် မည်သည့်အရာ မှားယွင်းနေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် အခြားသူတို့ကို မျှတစွာ မဆက်ဆံနိုင်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ မပြောဆိုနိုင်ကြသနည်း။ လျှာနှစ်ခွရှိပြီး မိမိတို့၏ စကားများကို အဖြစ်မှန်များပေါ်တွင် မည်သည့်အခါမျှ အခြေမခံသော လူတို့သည် ကောက်ကျစ်ဆိုးယုတ်ကြသည်။ စကားပြောသည့်အခါ မျှတမှုမရှိခြင်း၊ အစဉ်သဖြင့် မိမိ၏ ခံစားချက်များအတိုင်းနှင့် မိမိကိုယ်ကျိုးအတွက် ပြောဆိုခြင်းနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း မပြောဆိုခြင်း၊ ဘုရားအိမ်တော်၏ အလုပ်အတွက် မစဉ်းစားခြင်း၊ မိမိ၏ ပုဂ္ဂိုလ်ရေး ခံစားချက်များ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ ကာကွယ်ခြင်း၊ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ ပြောဆိုပုံ ဖြစ်သည်၊ ၎င်းတို့ပြောဆိုသည့် အရာတိုင်းသည် ကောက်ကျစ်ဆိုးယုတ်ပြီး အနှောင့်အယှက်ပေးကာ အဖျက်အမှောင့်လုပ်သည်။ ဇာတိပကတိ၏ နှစ်သက်မှုများနှင့် အကျိုးစီးပွားများအလယ်တွင် အသက်ရှင်သော လူတို့သည် မိမိတို့၏ ခံစားချက်များအလယ်တွင် အသက်ရှင်ကြသည်။ မိမိတို့၏ ခံစားချက်များအတိုင်း အသက်ရှင်သော လူတို့သည် သမ္မာတရားကို လုံးဝလက်မခံသော သို့မဟုတ် လုံးဝ လက်တွေ့မလုပ်ဆောင်သော သူများ ဖြစ်ကြသည်။ မိမိတို့၏ ခံစားချက်များကို အခြေခံ၍ ပြောဆိုပြီး ပြုမူသော သူတို့တွင် သမ္မာတရား လက်တွေ့ကျမှု လုံးဝမရှိပေ။ ထိုသို့သော လူတို့သည် ခေါင်းဆောင်များ ဖြစ်လာပါက ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်များ ဧကန်မုချ ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် စစ်မှန်သော အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိသည်သာမက အမျိုးမျိုးသော ဒုစရိုက်အမှုများကိုလည်း ပြုကောင်းပြုနိုင်သည်။ ၎င်းတို့သည် ဧကန်မုချ ဖယ်ရှားရှင်းလင်းပြီး အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။
၅။ ဇာတိပကတိ၏ သက်သာမှုများကို တပ်မက်ခြင်းနှင့် သက်ဆိုင်သော ပြဿနာများ
ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ခြင်းသည်လည်း ဆိုးရွားသော ပြဿနာတစ်ရပ်ဖြစ်သည်။ ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်အချို့မှာ မည်သည့်အရာ ဖြစ်သည်ဟု သင်တို့ ထင်မြင်ကြသနည်း။ သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံများတွင် မြင်ရပြီးဖြစ်သည့်အရာမှ မည်သည့်ဥပမာများကို သင်တို့ ပေးနိုင်သနည်း။ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားခြင်းသည် ပါဝင်သလော။ (ပါဝင်ပါသည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (မိမိတာဝန်များကို ထမ်းဆောင်သည့်အခါတွင် ခက်ခဲသော လုပ်ငန်းဆောင်တာများထက် လွယ်ကူသော လုပ်ငန်းဆောင်တာများကို ပိုမိုနှစ်သက်ခြင်းနှင့် ပေါ့ပါးသောအလုပ်ကို အစဉ်သဖြင့် ရွေးချယ်လိုခြင်းတို့ ဖြစ်သည်။) တာဝန်တစ်ခုထမ်းဆောင်သောအခါတွင် လူတို့သည် ပေါ့ပါးသောအလုပ်၊ ပင်ပန်းခြင်း မရှိသောအလုပ်နှင့် အပြင်တွင် ရာသီဥတုဒဏ်ခံရခြင်း မပါဝင်သောအလုပ်ကို အစဉ် ရွေးချယ်ကြသည်။ ဤသည်မှာ လွယ်ကူသော အလုပ်များကို ရွေးခြင်းနှင့် ခက်ခဲသော အလုပ်များကို ခေါင်းရှောင်ခြင်း ဖြစ်ပြီး ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့၏ တာဝန်က အနည်းငယ် ခက်ခဲသောအခါ၊ အနည်းငယ် ပင်ပန်းသောအခါ၊ အဖိုးအခပေးဆပ်ခြင်း ပါဝင်သောအခါ အစဉ်သဖြင့် ညည်းညူခြင်း ဖြစ်ပါသည်။) (အစားအစာနှင့် အဝတ်အစားအပြင် ဇာတိပကတိ၏ သာယာမှုများကို စိတ်ရောက်နေခြင်း ဖြစ်ပါသည်။) ဤအရာအားလုံးသည် ဇာတိပကတိ သက်သာမှုကို တပ်မက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အလုပ်တာဝန်တစ်ခုက ပင်ပန်းခက်ခဲလွန်းသည်၊ သို့မဟုတ် အန္တရာယ်များသည်ဟု မြင်သည့်အခါ အခြားလူတစ်ဦးအပေါ် လွှဲပေးလိုက်သည်။ ၎င်းတို့ကိုယ်တိုင်ကမူ အေးအေးဆေးဆေး အလုပ်ကိုသာ လုပ်ပြီး ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ အလုပ် လုပ်နိုင်စွမ်း ကင်းမဲ့ကြောင်းနှင့် ဤအလုပ်တာဝန်ကို တာဝန်ယူထမ်းရွက်နိုင်ခြင်း မရှိကြောင်း ပြောဆိုလျက် ဆင်ခြင်များပေးကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုများကို မက်မောသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဆင်းရဲဒုက္ခခံလိုစိတ် မရှိကြပေ။ ၎င်းတို့အနေဖြင့် အလုပ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ဝက်သားနှပ် စားရမည်ဟု ပြောလိုက်လျှင် အလုပ်ကို အလွန်လျင်မြန်စွာနှင့် ထိရောက်စွာ လုပ်ဆောင်ကြပြီး ၎င်းတို့ကို နှိုးဆော်ရန်မလို၊ တွန်းအားပေးရန်မလို၊ သို့မဟုတ် စောင့်ကြည့်နေရန် မလိုပေ။ သို့သော် ၎င်းတို့ စားစရာ ဝက်သားနှပ် မရှိသကဲ့သို့ ၎င်းတို့၏ တာဝန်ကို အချိန်ပို ထမ်းဆောင်ရမည်ဆိုလျှင် အချိန်ဆွဲကြပြီး ရွှေ့ဆိုင်းရန် အကြောင်းပြချက်နှင့် ဆင်ခြေမျိုးစုံ ရှာကြသည့်အပြင် အတန်ကြာ ထိုသို့ လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့က “ကျွန်ုပ် ခေါင်းမူးနေပြီ၊ ခြေထောက်များ ထုံနေပြီ၊ ပင်ပန်းလွန်းနေပြီ။ ကိုယ်ခန္ဓာတစ်ခုလုံး နာကျင်နေပြီး အတန်ငယ် အနားယူ၍ ရနိုင်သလော”ဟု ပြောကြသည်။ ဤနေရာတွင် ပြဿနာကား အဘယ်နည်း။ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ကြခြင်း ဖြစ်သည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်စဉ်တွင် လူတို့သည် အခက်အခဲများအကြောင်း အစဉ် ညည်းညူသောအချိန်၊ ၎င်းတို့ မည်သည့်ကြိုးစားအားထုတ်မှုမျှ မပြုလိုသည့်အချိန်၊ ၎င်းတို့၌ အလုပ်အားလပ်သည့်အချိန် အနည်းငယ် ရှိသည်နှင့်တစ်ပြိုင်နက် အနားယူကာ အလဟဿ ရောက်တတ်ရာရာပြောခြင်း၊ သို့မဟုတ် အေးဆေးစွာ အနားယူခြင်း၊ ဖြေဖျော်မှုများ ခံစားခြင်းတို့ကို လုပ်ဆောင်သည့်အချိန်များလည်း ရှိသည်။ ပြီးလျှင် အလုပ်များလာပြီး ၎င်းတို့ဘဝများ၏ ပုံမှန်လှုပ်ရှားမှုနှင့် လုပ်ရိုးလုပ်စဉ်တို့ ပျက်သည့်အခါ ၎င်းတို့က ယင်းနှင့်ပတ်သက်၍ မပျော်မရွှင်ဖြစ်ပြီး ကျေနပ်မှုမရှိကြပေ။ ၎င်းတို့က ညည်းညူပြီး စောဒကတက်ကြကာ မိမိတို့၏တာဝန် ထမ်းဆောင်ခြင်းတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်။ ဤသည်မှာ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်ခြင်းကို အငမ်းမရဖြစ်ခြင်း မဟုတ်သလော။ ဥပမာအနေဖြင့် အချို့သောအမျိုးသမီးများသည် မိမိတို့၏ ပုံပန်းကို ထိန်းသိမ်းရန်အလို့ငှာ နေ့စဉ် သတ်မှတ်ထားသည့် အချိန်များတွင် လေ့ကျင့်ခန်းများ ပြုလုပ်ကြပြီး အိပ်ရေးဝဝ အိပ်ကြသည်။ သို့သော် အလုပ်များပြားလာပြီး ထိုနေ့စဉ်လုပ်ရိုးလုပ်စဉ်များ ထိခိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က “ဤသည်မှာ မကောင်းပါ။ ဤအလုပ်ကို လုပ်ဆောင်ခြင်းက အမှုအရာများကို လွန်စွာနှောင့်နှေးစေသည်။ ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ငါ ထိခိုက်ခွင့်မပေးနိုင်ပါ။ ကျွန်ုပ်ကို လောဆော်ရန် ကြိုးစားသူ မည်သူ့ကိုမျှ ကျွန်ုပ် အာရုံစိုက်မည် မဟုတ်ပါ။ ကျွန်ုပ်၏ ကိုယ်ပိုင်အရှိန်ဖြင့် ကျွန်ုပ် လုပ်မြဲလုပ်ဆောင်မည်။ ယောဂလုပ်ချိန်ရောက်လျှင် ယောဂလုပ်မည်။ အိပ်ရေးဝဝ အိပ်ချိန်ရောက်လျှင် အိပ်ရေးဝဝအိပ်မည်။ ကျွန်ုပ် ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း ဤအရာများကို ကျွန်ုပ် ဆက်လက်၍ လုပ်ဆောင်သွားမည်။ ကျွန်ုပ်သည် သင်တို့အားလုံးလောက် မိုက်မဲခြင်းနှင့် အလုပ်ကြိုးစားခြင်း မရှိပါ။ နှစ်အနည်းငယ်အတွင်းတွင် သင်တို့အားလုံးသည် အသက်ကြီးသည့်၊ သာမန်အသွင်ရှိသော အမျိုးသမီးများအဖြစ်သို့ ပြောင်းလဲသွားကြလိမ့်မည်။ သင်တို့၏ ခန္ဓာကိုယ်များ ယိုယွင်းလာကာ ကျစ်လျစ်သွယ်လျတော့မည် မဟုတ်ပေ။ မည်သူကမျှ သင်တို့ကို ကြည့်ရှုလိုလိမ့်မည် မဟုတ်သကဲ့သို့ ဘဝတွင် ယုံကြည်မှုစိတ်ချမှုတစ်ခုမျှ ရှိမည်မဟုတ်ပါ”ဟု ဆိုလျက် စိတ်မချမ်းမသာ ဖြစ်လာကြသည်။ ၎င်းတို့၏ သွေးသား ပျော်ရွှင်မှုကို ဖြည့်ဆည်းခြင်းအတွက်၊ အလှအပ၊ အခြားသူများ နှစ်သက်ခြင်းနှင့် ပိုမို ယုံကြည်စိတ်ချမှုဖြင့် အသက်ရှင်ရန်အတွက်၊ ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် မည်မျှပင် အလုပ်များနေစေကာမူ မိမိတို့ ဇာတိပကတိ၏ ပျော်ရွှင်မှုများနှင့် နှစ်သက်မှုများကို စွန့်လွှတ်ရန် ငြင်းဆန်ကြသည်။ ဤသည်မှာ ဇာတိပကတိ၏ သက်သာမှုများကို မွေ့လျော်ခြင်းပင် ဖြစ်သည်။ အချို့က “ဘုရားသခင် စိုးရိမ်သောကရောက်နေပြီး ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်သည်”ဟု ဆိုကြသည်။ သို့သော် ဤအမျိုးသမီးများကမူ “ဘုရားသခင် စိုးရိမ်သောက ရောက်သည်ကို ကျွန်ုပ် မမြင်ဖူးပါ။ ကျွန်ုပ် စိုးရိမ်သောက မရောက်သရွေ့ အဆင်ပြေပါသည်။ အကယ်၍ ကျွန်ုပ်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် အလေးထားမှု ပြရမည်ဆိုပါက ကျွန်ုပ်၏ ရည်ရွယ်ချက်များကို မည်သူက အလေးထားမှုပြမည်နည်း”ဟု ပြောဆိုကြသည်။ ထိုသို့သော အမျိုးသမီးများတွင် လူ့သဘာဝ ရှိသလော။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့၏ အလုပ်က မည်မျှ များပြားပြီး ဖိစီးနေသည်ဖြစ်စေ၊ ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံနှင့် ဝတ်ဆင်သည့်အရာကို ထိခိုက်ခွင့်ပေးကြမည် မဟုတ်သည့် လူအချို့လည်း ရှိသည်။ ၎င်းတို့သည် နေ့စဉ် မိတ်ကပ်လိမ်းခြင်းအတွက် နာရီပေါင်းများစွာ ကုန်ဆုံးကြပြီး တစ်ရက်ချင်းစီတွင် ဖိနပ်အစုံများနှင့်လိုက်ဖက်မည့် မည်သည့်အဝတ်အစားများ ဝတ်ရမည်ဆိုသည်နှင့် အလှအပ ထိန်းသိမ်းမှုများနှင့် နှိပ်နယ်ခြင်းများ လုပ်ဆောင်ရမည့်အချိန်ကို မိမိတို့၏ ကိုယ်ပိုင်လိပ်စာကဲ့သို့ ရှင်းလင်းစွာ မှတ်မိကြကာ ဤအရာများနှင့်ပတ်သက်၍ ရောထွေးခြင်း မရှိကြချေ။ သို့သော် သမ္မာတရား မည်မျှ ၎င်းတို့နားလည်ကြသည်၊ မည်သည့်သမ္မာတရားများကို ၎င်းတို့ နားမလည်သေးသည်၊ သို့မဟုတ် မဝင်ရောက်ရသေးသည်၊ မည်သည့်အရာများကို ဝတ်ကျေတမ်းကျေ ပုံစံနှင့် သစ္စာစောင့်သိမှုမရှိဘဲ ကိုင်တွယ်နေကြသေးသည်၊ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်ပြီးဖြစ်သည်ဆိုသည်နှင့် အသက်ဝင်ရောက်မှု ပါဝင်သည့် သမ္မာတရားနှင့်ဆက်စပ်သော ထိုသို့သော အခြားကိစ္စရပ်များကိုမူ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ လုံးဝကို တစ်ခုမျှ မသိကြပေ။ ထိုအရာများအကြောင်းကို မေးမြန်းခြင်းခံရသည့်အခါ၊ ၎င်းတို့ လုံးဝ မသိနားမလည်ဖြစ်ကြသည်။ သို့တိုင်အောင် ဇာတိပကတိ၏ ပျော်ရွှင်မှုများဖြစ်သည့် စားခြင်း၊ သောက်ခြင်းနှင့် ဖျော်ဖြေမှုတို့နှင့်ဆက်စပ်သည့် အကြောင်းအရာများနှင့် ပတ်သက်လာသည့်အခါ မပြီးနိုင်မဆုံးနိုင်အောင် တတွတ်တွတ် ပြောနိုင်ကြသည်။ ၎င်းတို့ကို တားဖို့ မဖြစ်နိုင်ပေ။ အသင်းတော်အလုပ်က မည်မျှရှုပ်နေပါစေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များက မည်မျှအလုပ်ရှုပ်ပါစေ ၎င်းတို့ဘဝများ၏ လုပ်ရိုးလုပ်စဉ်များနှင့် သာမန်အခြေအနေတို့က မည်သည့်အခါမျှ အနှောင့်အယှက်မဖြစ်ပေ။ ၎င်းတို့သည် ဇာတိပကတိ အသက်တာ၏ မည်သည့်အသေးစိတ်အချက်ကိုမဆို လုံးဝ ပေါ့ဆခြင်းမရှိဘဲ အပြည့်အဝ ထိန်းချုပ်ထားကာ အလွန်ပင် တိကျပြီး အလေးအနက်ထားသည်။ သို့သော် ဘုရားအိမ်တော်၏ အလုပ်ကို ကိုင်တွယ်ဖြေရှင်းသောအခါတွင် ကိစ္စသည် မည်မျှ ကြီးပါစေ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းရေး ပါဝင်ကောင်း ပါဝင်နိုင်လျှင်ပင် ၎င်းတို့က ပေါ့ဆစွာ ကိုင်တွယ်ဖြေရှင်းသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ပါဝင်သော ထိုအရာများကိုပင်၊ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်ကိုပင် ဂရုမစိုက်ပေ။ ၎င်းတို့သည် တာဝန်ယူခြင်းမရှိပေ။ ဤသည်မှာ ဇာတိပကတိ သက်သာမှုများကို ပျော်မွေ့ခံစားခြင်း မဟုတ်လော။ ဇာတိပကတိ သက်သာမှုကို ပျော်မွေ့ခံစားသော လူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ လူတစ်ဦးက မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကို ထုတ်ပြောလျှင်ပြောချင်း သို့မဟုတ် အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလျှင်ပြောချင်း ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ အခက်အခဲများစွာ ရှိသည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြပြီး အပျက်သဘောဆောင်ခြင်းနှင့် ပြည့်နေကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီသဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။ ဇာတိပကတိ၏ သက်သာမှုများကို တပ်မက်ခြင်း အကြောင်းနှင့်ပတ်သက်ပြီး ဤတွင် အပြီးသတ်မည်။
၆။ မိမိကိုယ်ကို သိကျွမ်းခြင်းနှင့် သက်ဆိုင်သော အခက်အခဲများ
မိမိကိုယ်ကို သိကျွမ်းခြင်းသည် အသက်ဝင်ရောက်မှု၏ အရေးအပါဆုံးသော ကဏ္ဍဖြစ်သည်။ သို့သော် လူအများစုအတွက်မူ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့် သို့မဟုတ် မလိုက်စားသောကြောင့် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းသည် ၎င်းတို့၏ အကြီးမားဆုံးသော အခက်အခဲ ဖြစ်လာသည်။ ထို့ကြောင့် သမ္မာတရားကို မချစ်သောသူတို့သည် မိမိတို့ကိုယ်ကို စစ်မှန်စွာ မသိကျွမ်းနိုင်သည်မှာ သေချာသည်။ မိမိကိုယ်ကို သိကျွမ်းခြင်းတွင် မည်သည့်ကဏ္ဍများ ရှိသနည်း။ ပထမအချက်မှာ လူတစ်ဦး၏ စကားနှင့် အပြုအမူများတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ထုတ်ဖော်ပြသည်ကို သိခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ယင်းမှာ မာနထောင်လွှားခြင်းဖြစ်ကာ အခြားအချိန်များတွင် လှည့်ဖြားတတ်ခြင်း၊ သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်ခြင်း၊ မာကျောခြင်း၊ သို့မဟုတ် သစ္စာဖောက်ခြင်း စသည်တို့ ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ခု လူတစ်ဦးအပေါ် ကျရောက်သည့်အခါ ၎င်းတို့တွင် သမ္မာတရားနှင့် မကိုက်ညီသော မည်သည့်ရည်ရွယ်ချက်များ သို့မဟုတ် စေ့ဆော်မှုများ ရှိမရှိကို သိရန် မိမိတို့ကိုယ်ကို ဆန်းစစ်သင့်သည်။ ၎င်းတို့၏ စကား သို့မဟုတ် အပြုအမူများတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သော သို့မဟုတ် ပုန်ကန်သော တစ်စုံတစ်ရာ ရှိမရှိကိုလည်း ဆန်းစစ်သင့်သည်။ အထူးသဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်နှင့်ပတ်သက်လာလျှင် ဝန်တာထားစိတ် ရှိမရှိနှင့် သစ္စာစောင့်သိခြင်း ရှိမရှိ၊ ဘုရားသခင်အတွက် ရိုးသားစွာ အသုံးခံခြင်း ရှိမရှိ၊ အရောင်းအဝယ်လုပ်ခြင်း သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိမရှိကို ဆန်းစစ်သင့်သည်။ မိမိကိုယ်ကို သိကျွမ်းခြင်းဆိုသည်မှာ လူတစ်ဦးတွင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ၊ အလွန်အကျွံ တောင်းဆိုမှုများ၊ သို့မဟုတ် နားလည်မှုလွဲမှားခြင်းများနှင့် မကျေနပ်ချက်များ ရှိမရှိနှင့် ကျိုးနွံနာခံလိုစိတ် ရှိမရှိကို သိခြင်းဖြစ်သည်။ ယင်းမှာ ကိုယ်တော် စီစဉ်ညွှန်ကြားသည့် အခြေအနေများ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချဉ်းကပ်သည့်အခါ သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ ဘုရားသခင်ထံမှ ခံယူနိုင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိခြင်းတို့ ရှိမရှိကို သိခြင်းတို့ကို ဆိုလိုသည်။ ယင်းမှာ လူတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိနှင့် သမ္မာတရားကို ချစ်မြတ်နိုးသူ ဟုတ်မဟုတ်ကို သိခြင်းကို ဆိုလိုသည်။ ယင်းမှာ အမှုအရာများ မိမိအပေါ် ကျရောက်သည့်အခါ ကျိုးနွံနာခံခြင်း သို့မဟုတ် အငြင်းအခုံလုပ်ရန် ကြိုးစားခြင်း ရှိမရှိနှင့် ဤအရေးကိစ္စများအပေါ် ၎င်း၏ ချဉ်းကပ်မှုတွင် အယူအဆများနှင့် စိတ်ကူးများအပေါ်ဖြစ်စေ၊ သမ္မာတရားကို ရှာဖွေခြင်းအပေါ်ဖြစ်စေ မှီခိုခြင်း ရှိမရှိကို သိခြင်းကို ဆိုလိုသည်။ ဤအရာအားလုံးသည် မိမိကိုယ်ကို သိကျွမ်းခြင်း၏ နယ်ပယ်ဖြစ်သည်။ လူတစ်ဦးသည် အမျိုးမျိုးသော အခြေအနေများနှင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မိမိတို့၏ သဘောထားအရ မိမိတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိမရှိနှင့် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိမရှိကို ဆင်ခြင်သုံးသပ်သင့်သည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိကျွမ်းလာနိုင်ပြီး ဘုရားသခင်အပေါ် မိမိ၏ ပုန်ကန်မှု မည်မျှကြီးမားသည်ကို မြင်နိုင်ပါက ထိုသူသည် ကြီးထွားရင့်ကျက်လာပြီ ဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို မိမိ၏ဆက်ဆံခြင်းတွင် ပါဝင်သည့် အရေးကိစ္စများနှင့် ပတ်သက်လာလျှင် လူတစ်ဦးသည် ဘုရားသခင်၏ နာမတော်နှင့် လူ့ဇာတိခံယူခြင်းကို သဘောထားပြုမူရာတွင် အယူအဆများ၊ ကြောက်ရွံ့ခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်းတို့ ရှိမရှိ၊ အထူးသဖြင့် သမ္မာတရားနှင့်ပတ်သက်၍ မိမိ၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကို ဆင်ခြင်သုံးသပ်သင့်သည်။ လူတစ်ဦးသည် မိမိ၏ ချို့တဲ့မှုများ၊ မိမိ၏ ဝိညာဉ်ရင့်ကျက်မှုနှင့် မိမိတွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိကိုလည်းကောင်း၊ မိမိ၏ လိုက်စားမှုနှင့် မိမိလျှောက်လှမ်းသည့် လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိမရှိနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်းကောင်း သိသင့်သည်။ ဤသည်တို့အားလုံးမှာ လူတို့ သိသင့်သည့် အရာများ ဖြစ်ကြသည်။ အချုပ်အားဖြင့်ဆိုသော် မိမိကိုယ်ကို သိကျွမ်းခြင်း၏ အမျိုးမျိုးသော ကဏ္ဍများတွင် အနှစ်သာရအားဖြင့် အောက်ပါတို့ ပါဝင်သည်။ မိမိ၏ အစွမ်းအစ မြင့်မားခြင်း သို့မဟုတ် နိမ့်ကျခြင်း ရှိမရှိကို သိခြင်း၊ မိမိ၏ သဘာဝကို သိခြင်း၊ မိမိ၏ အပြုအမူများတွင်ရှိသော ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို သိခြင်း၊ မိမိထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သဘာဝ အနှစ်သာရကို သိခြင်း၊ မိမိ၏ နှစ်သက်မှုများနှင့် လိုက်စားမှုကို သိခြင်း၊ မိမိလျှောက်လှမ်းသည့် လမ်းကြောင်းကို သိခြင်း၊ အမှုအရာများအပေါ် မိမိ၏ ရှုမြင်ပုံများကို သိခြင်း၊ မိမိ၏ ဘဝအပေါ် ရှုမြင်ပုံနှင့် တန်ဖိုးထားမှုများကို သိခြင်း၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် မိမိ၏ သဘောထားကို သိခြင်းတို့ ဖြစ်သည်။ မိမိကိုယ်ကို သိကျွမ်းခြင်းတွင် အဓိကအားဖြင့် ဤကဏ္ဍများ ပါဝင်သည်။
၇။ ဘုရားသခင်ကို ဆက်ဆံရာတွင် လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များ
အသက်ဝင်ရောက်မှုနှင့်ပတ်သက်သည့် နောက်အကြောင်းအရာတစ်ခုမှာ ဘုရားသခင်ကို ဆက်ဆံရာတွင် လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် သက်ဆိုင်သည်။ ဥပမာအားဖြင့် ဘုရားသခင်အပေါ် အယူအဆများ ရှိခြင်း၊ ကိုယ်တော်အပေါ် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်လာပြီး ကိုယ်တော်အပေါ် သတိထားရှောင်ကြဉ်ခြင်း၊ ကိုယ်တော်ထံမှ ကျိုးကြောင်းမညီညွတ်သော တောင်းဆိုမှုများ ပြုလုပ်ခြင်း၊ ကိုယ်တော်ကို အစဉ်သဖြင့် ရှောင်ရှားလိုခြင်း၊ ကိုယ်တော်ပြောဆိုသည့် နှုတ်ကပတ်တော်များကို မနှစ်သက်ခြင်းနှင့် ကိုယ်တော်ကို အစဉ်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် ကြိုးစားခြင်းတို့ ရှိသည်။ ထို့အပြင် ဘုရားသခင်၏ အနန္တတန်ခိုးကို ထိုးထွင်းမမြင်နိုင်ခြင်း သို့မဟုတ် အသိအမှတ်မပြုနိုင်ခြင်းအပြင် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုများနှင့် သြဇာအာဏာတို့အပေါ် သံသယသဘောထားကို အစဉ်သဖြင့် ထားရှိခြင်းနှင့် ဤအရာများနှင့်ပတ်သက်၍ သိမြင်မှု လုံးဝကင်းမဲ့ခြင်းတို့လည်း ရှိသည်။ ထို့အပြင် ဘာသာတရားမရှိသူများနှင့် လောကီက ဘုရားသခင်အပေါ် ဆောင်ကြဉ်းလာသည့် အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းကို ရှောင်ရှားရန် သို့မဟုတ် ငြင်းပယ်ရန် ပျက်ကွက်သည်သာမက ဆန့်ကျင်ဘက်အနေဖြင့် ယင်းမှာ မှန်ကန်ခြင်း သို့မဟုတ် အဖြစ်မှန် ဟုတ်မဟုတ်ကို မေးမြန်းလိုခြင်းလည်း ရှိသည်။ ဤသည်မှာ ဘုရားသခင်ကို သံသယဖြစ်ခြင်း မဟုတ်လော။ ဤသရုပ်သကန်များအပြင် အခြားမည်သည့်အရာများ ရှိသေးသနည်း။ (ဘုရားသခင်ကို သံသယဖြစ်ခြင်းနှင့် ဘုရားသခင်ကို စမ်းသပ်ခြင်းတို့ ဖြစ်ပါသည်။) (ဘုရားသခင်ကို မျက်နှာချိုသွေးရန် ကြိုးစားခြင်း ဖြစ်ပါသည်။) (ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်မခံလိုခြင်း ဖြစ်ပါသည်။) ဘုရားသခင်သည် လူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်ကို သံသယဖြစ်လျက် တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်မခံလိုခြင်းလည်း ရှိသည်။ (ဘုရားသခင်ကို ဆန့်ကျင်ခြင်းလည်း ရှိပါသည်။) ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ကိုယ်တော်အား ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းဟူသည့် သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ ဘုရားသခင်ကို ဆက်ဆံရန်၊ ကိုယ်တော်နှင့် စကားပြောရန်နှင့် ကိုယ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် မလေးမခန့်နှင့် မထီမဲ့မြင်ပြုသော သဘောထားကို အသုံးပြုခြင်းလည်း ရှိသည်။ အခြားရှိသေးသလော။ (ဘုရားသခင်အပေါ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် ကိုယ်တော်ကို လှည့်ဖြားခြင်း ဖြစ်ပါသည်။) (ဘုရားသခင်အပေါ် စောဒကတက်ခြင်း ဖြစ်ပါသည်။) အရေးကိစ္စများနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်အခါမျှ ကျိုးနွံနာခံခြင်း သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်းမရှိဘဲ မိမိဘက်မှ အကြောင်းပြချက်ပေးကာ အစဉ်သဖြင့် စောဒကတက်ခြင်းလည်း ရှိသည်။ (ဘုရားသခင်ကို ဝေဖန်ပိုင်းခြားခြင်းနှင့် ပြစ်မှားစော်ကားခြင်းလည်း ရှိပါသည်။) (အဆင့်အတန်းအတွက် ဘုရားသခင်ကို ယှဉ်ပြိုင်ခြင်း ရှိပါသည်။) (ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းနှင့် အမြတ်ထုတ်ခြင်း ရှိပါသည်။) (ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ ပစ်ပယ်ခြင်းနှင့် သစ္စာဖောက်ခြင်း ရှိပါသည်။) ဤသည်တို့အားလုံးမှာ အနှစ်သာရပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆက်ဆံရာတွင် လူတို့၌ ဖြစ်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ကြသည်။ ဤသည်တို့မှာ အခြေခံအားဖြင့် လူတို့ ဘုရားသခင်ကို ဆက်ဆံပုံ၏ အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်ကြသည်။
၈။ သမ္မာတရားကို လူတို့၏ သဘောထားပြုမူခြင်း၌ ၎င်းတို့၏ သဘောထားများနှင့် အမျိုးမျိုးသော သရုပ်သကန်များ
အသက် ဝင်ရောက်မှုနှင့်ဆိုင်သော အကြောင်းအရာ၏ နောက်ထပ် ကဏ္ဍတစ်ခုမှာ လူတို့ သမ္မာတရားကို သဘောထားပြုမူပုံ ဖြစ်သည်။ ဤကဏ္ဍတွင် မည်သည့် သရုပ်သကန်များ ရှိသနည်း။ သမ္မာတရားကို သဘောတရားတစ်ခုအဖြစ် သို့မဟုတ် ဆောင်ပုဒ်တစ်ခုအဖြစ်ဖြစ်စေ၊ စည်းမျဉ်းစည်းကမ်းတစ်ခုအဖြစ်ဖြစ်စေ၊ အသင်းတော်ကို ကပ်စားပြီး အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားရန်အတွက် အရင်းအနှီးအဖြစ်ဖြစ်စေ သဘောထားပြုမူခြင်း ရှိသည်။ ဤအရာကို ထပ်၍ ဖြည့်စွက်လော့။ (သမ္မာတရားကို ဝိညာဉ်ရေးရာ အာဟာရဖြည့်တင်းမှုတစ်ခုအဖြစ် သဘောထားပြုမူခြင်း ဖြစ်ပါသည်။) လူတစ်ဦး၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် သမ္မာတရားကို ဝိညာဉ်ရေးရာ အာဟာရဖြည့်တင်းမှုတစ်ခုအဖြစ် သဘောထားပြုမူခြင်း ရှိသည်။ (သမ္မာတရားကို လက်မခံဘဲ ယင်းအပေါ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်ပါသည်။) ဤသည်မှာ သမ္မာတရားအပေါ် ထားရှိသော သဘောထားတစ်ခု ဖြစ်သည်။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အခြားသူများကို ဖော်ထုတ်ရန် ရည်ရွယ်သည်ဟုလည်းကောင်း၊ မိမိတို့နှင့် မသက်ဆိုင်ဟုလည်းကောင်း တွေးထင်ပြီး မိမိတို့ကိုယ်ကို သမ္မာတရား၏ သခင်များအဖြစ် မှတ်ယူခြင်း ဖြစ်ပါသည်။) သင်သည် ဤသရုပ်သကန်ကို အတော်အတန် သင့်လျော်စွာ သရုပ်ဖော်ခဲ့သည်။ ဤသရုပ်သကန်ရှိသော လူတို့သည် ဘုရားသခင် မိန့်ကြားသော သမ္မာတရားအားလုံးကို ၎င်းတို့ နားလည်သည်ဟုလည်းကောင်း၊ ကိုယ်တော် ဖော်ထုတ်သည့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အနှစ်သာရများသည် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူတို့ကို ရည်ညွှန်းသည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရား၏ သခင်များအဖြစ် ရှုမြင်ကြပြီး မိမိတို့ကိုယ်တိုင်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ကင်းမဲ့နေသည့်အလား၊ သမ္မာတရား၏ ပြယုဂ်နှင့် သမ္မာတရား၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နှင့်ပြီးသည့်အလား အခြားသူများကို ဩဝါဒခြွေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့သည် မည်သို့သော အသုံးမကျသည့်အရာစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ် ဖြစ်လိုကြသည်၊ ၎င်းတို့သည် ပေါလုကဲ့သို့ပင် မဟုတ်လော။ ပေါလုသည် သခင်ယေရှုက ခရစ်တော်နှင့် ဘုရားသခင်ဖြစ်သည်ကို ငြင်းပယ်ခဲ့သည်၊ သူကိုယ်တိုင်က ခရစ်တော်နှင့် ဘုရားသခင်၏ သားတော် ဖြစ်လိုခဲ့သည်။ ဤလူတို့သည် ပေါလုနှင့် တူကြသည်၊ ၎င်းတို့သည် သူနှင့် အမျိုးအစားတူဖြစ်ပြီး အန္တိခရစ်များ ဖြစ်ကြသည်။ အခြား ရှိသေးသလော။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာမန်လူတစ်ဦး၏ နှုတ်ကပတ်တော်များအဖြစ် သဘောထားပြုမူခြင်း၊ လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားအဖြစ် သဘောထားပြုမူမှု မရှိခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များအပေါ် ပယ်ချပြီး ဖြစ်ကတတ်ဆန်းနိုင်သော သဘောထားရှိခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားအဖြစ် သဘောထားပြုမူခြင်း မရှိဘဲ လူ့စကားများအဖြစ် သဘောထားပြုမူခြင်း၊ ဤသည်မှာ တစ်ခုဖြစ်သည်။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘာသာတရားမရှိသူများ၏ အတွေးအခေါ်များ၊ သီအိုရီများနှင့် ဆက်စပ်ခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတွေးအခေါ်များနှင့် ဆက်စပ်ခြင်း၊ နာမည်ကြီးပြီး ကြီးမြတ်သောလူများ၏ လူသိများသော ဆိုရိုးစကားများကို သမ္မာတရားအဖြစ် မှတ်ယူစဉ်တွင် ဘုရားနှုတ်ကပတ်တော်များကို အလှဆင်ပစ္စည်းများ သို့မဟုတ် အနှစ်သာရမရှိသော စကားများအဖြစ် သဘောထားပြုမူခြင်း၊ အသိပညာ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို သမ္မာတရားအဖြစ် သဘောထားပြုမူပြီး ဘုရားနှုတ်ကပတ်တော်များနေရာတွင် ယင်းတို့ဖြင့် အစားထိုးခြင်းတို့ ရှိသည်။ ဤသရုပ်သကန်ကို ပြသသောလူများသည် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို သက်သေခံပြီး ဖြန့်ချိလိုခြင်းအကြောင်း မရပ်မနား ပြောဆိုကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင်မူ လောကီမှ ထိုနာမည်ကြီးပြီး ကြီးမြတ်သောလူများကို အထင်ကြီးလေးစားကြသည့်အပြင် ရှေးခေတ် စုန့်မင်းဆက်မှ ပေါင်ကုန်းကိုပင်လျှင် “သူသည် အမှန်တကယ်ပင် စည်းကမ်းတင်းကျပ်ပြီး မျှတသော တရားသူကြီးတစ်ဦး ဖြစ်ခဲ့သည်။ သူသည် မတရားသော စီရင်ချက်ကို မည်သည့်အခါကမျှ မချမှတ်ခဲ့ပေ၊ သူ၏လက်ထဲတွင် တရားစီရင်မှု မှားယွင်းခြင်းများ မည်သည့်အခါကမျှ မရှိခဲ့သကဲ့သို့ သူ၏ သေဒဏ်ပေးသောဓားသွားအောက်တွင် မတရားခံရသော ဝိညာဉ်များလည်း မရှိခဲ့ပေ” ဟု ပြောဆိုလျက် မျက်နှာလိုမျက်နှာရ ချီးကျူးကြသည်။ ဤသည်မှာ နာမည်ကြီးသော ပုဂ္ဂိုလ်တစ်ဦးနှင့် ပညာရှိတစ်ဦးကို မျက်နှာလိုမျက်နှာရ ချီးကျူးခြင်းနှင့် အထင်ကြီးလေးစားခြင်း ဖြစ်သည် မဟုတ်လော။ နာမည်ကြီးသူများ၏ စကားများနှင့် လုပ်ရပ်များကို သမ္မာတရားအဖြစ် ပုံမှားရိုက်ရန် ကြိုးစားခြင်းသည် သမ္မာတရားကို အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ အသင်းတော်၌ ဤကဲ့သို့သောလူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ဖြန့်ချိလိုခြင်းအကြောင်း များစွာ ပြောဆိုကြသော်လည်း ၎င်းတို့၏ စိတ်ထဲတွင် တွေးထင်သည့်အရာနှင့် ပုံမှန်အားဖြင့် ပြောဆိုသည့်အရာမှာမူ ရိုးရာစကားပုံများနှင့် ဆိုရိုးစကားများသာဖြစ်ပြီး ယင်းတို့ကို အလွန် လေ့ကျင့်ထားပြီး ကျွမ်းကျင်သောပုံစံဖြင့် ဖော်ပြကြသည်။ ဤအရာများသည် ၎င်းတို့၏ နှုတ်ဖျားတွင် အမြဲရှိနေပြီး လွယ်ကူစွာ ပြောထွက်ကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအပေါ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုနှင့်ပတ်သက်၍ စကားတစ်ခွန်းမျှ မပြောခဲ့ဖူးသကဲ့သို့ မည်သည့် ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် စံသတ်မှတ်ချက် သို့မဟုတ် အခြေခံဖြစ်သည်ကို မည်သည့်အခါမျှ သာ၍ပင် မပြောခဲ့ဖူးချေ။ ၎င်းတို့ ပြောဆိုသမျှမှာ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ”၊ “သနားစရာကောင်းသော လူများတွင် စက်ဆုပ်ဖွယ်ရာ တစ်စုံတစ်ခု အစဉ်သဖြင့် ရှိသည်”၊ “သင့်ကိုယ်သင် လူးသာလွန့်သာ ဖြစ်အောင် အမြဲတမ်း နေရာချန်ထားပါ”၊ “ကျွန်ုပ်တွင် မည်သည့်အောင်မြင်မှုမျှ မရှိခဲ့လျှင်ပင် ဒုက္ခဆင်းရဲကို ခံခဲ့ရသည်၊ ဒုက္ခဆင်းရဲ မဟုတ်လျှင်ပင် ပင်ပန်းနွမ်းနယ်မှုကို ခံခဲ့ရသည်။”၊ “မြစ်ကိုဖြတ်ပြီးနောက် တံတားကို မမီးရှို့နှင့်၊ ကြိတ်ဆုံကို ချပြီးနောက် မြည်းကို မသတ်နှင့်”၊ “အခြားသူများအတွက် စံနမူနာတစ်ခု ချမှတ်ရန် လူတို့ကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးခြင်း” နှင့် “အခြားသူတို့အတွက် လူတို့ကို သတိပေးချက်တစ်ခု ဖြစ်စေခြင်း”၊ “အရာရှိသစ်များက အထင်ကြီးအောင်လုပ်ဖို့ စိတ်ထက်သန်ကြသည်” အစရှိသည့် မှားယွင်းသော အယူအဆများသာဖြစ်ပြီး ၎င်းတို့ ပြောဆိုသည့်အရာ တစ်ခုမျှ သမ္မာတရား မဟုတ်ပေ။ အချို့လူများသည် ခေတ်ပြိုင်ကဗျာဆရာများ၏ စကားများကို အလွတ်ကျက်မှတ်ပြီး ဘုရားအိမ်တော်၏ ဗီဒီယိုများ၏ မှတ်ချက်ကဏ္ဍတွင်ပင် တင်ကြလိမ့်မည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ထိုစကားများသည် သမ္မာတရား ဟုတ်သလော။ ယင်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်သလော။ အချို့လူများသည် “သင့်အထက် သုံးပေအကွာတွင် ဘုရားတစ်ဆူ ရှိသည်။” နှင့် “ကောင်းမှုနှင့် မကောင်းမှုသည် အဆုံး၌ အကျိုးပေးလိမ့်မည်၊ ယင်းမှာ အနှေးနှင့်အမြန်သာ ဖြစ်၏” ကဲ့သို့သော အရာများကို မကြာခဏ ပြောဆိုကြသည်။ ဤစကားများသည် သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းတို့သည် အဘယ်မှ လာသနည်း။ ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များထဲတွင် တွေ့ရသလော။ ယင်းတို့သည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုမှ လာပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဤသို့ဖြစ်လင့်ကစား လူတို့သည် ယင်းတို့ကို သမ္မာတရား၏ အဆင့်သို့ ဆွဲတင်ရန် မကြာခဏ ကြိုးစားကြသည်၊ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အချို့လူများသည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် စိတ်ပိုင်းဖြတ်မှု အနည်းငယ်ရှိပြီး ၎င်းတို့က “ဘုရားအိမ်တော်က ကျွန်ုပ်ကို ရာထူးတိုးပေးခဲ့သည်၊ ဘုရားသခင်က ကျွန်ုပ်ကို ချီးမြှောက်ခဲ့သည်၊ ထို့ကြောင့် ‘ဂုဏ်သရေရှိအမျိုးသားတစ်ဦးသည် သူ့ကို နားလည်သည့်သူများအတွက် သူ၏အသက်ကို စတေးလိမ့်မည်’ ဟူသော ဆိုရိုးစကားအတိုင်း ကျွန်ုပ် အသက်ရှင်ရမည်” ဟု ပြောဆိုကြသည်။ သင်သည် ဂုဏ်သရေရှိအမျိုးသားတစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင်ကလည်း သင့်အသက်ကို စတေးရန် မတောင်းဆိုခဲ့ပေ။ တာဝန်များ ထမ်းဆောင်သည့်အခါ ထိုသို့သော မြင့်မားသည့် သူရဲကောင်းစိတ်ဓာတ် ရှိရန် လိုအပ်သလော။ သင်သည် ယခုအချိန် အသက်ရှင်နေစဉ်တွင်ပင် သင်၏ တာဝန်များကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ပါ၊ သင်သေဆုံးသွားပါက ထိုသို့ပြုလုပ်ရန် မျှော်လင့်ချက် တစ်စုံတစ်ရာ ရှိပါဦးမည်လော။ သို့ဆိုလျှင် သင်၏ တာဝန်များကို သင်မည်သို့ ထမ်းဆောင်မည်နည်း။ အခြားသူများက “ကျွန်ုပ်သည် ပင်ကိုအားဖြင့် သစ္စာစောင့်သိသူဖြစ်သည်၊ ကျွန်ုပ်သည် ရဲရင့်ပြီး စိတ်ဓာတ်ပြင်းပြင်သူတစ်ဦး ဖြစ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိတ်ဆွေများအတွက် အရာရာကို စွန့်လွှတ်ရသည်ကို နှစ်သက်သည်။ ဘုရားသခင်နှင့်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို ရွေးချယ်၊ ရာထူးတိုးပေးပြီး ချီးမြှောက်ခဲ့သောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ကျွန်ုပ် ပြန်ဆပ်ရမည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အသက်ကိုပင် စတေးလျက် ဘုရားသခင်အတွက် အရာရာကို သေချာပေါက် စွန့်လွှတ်မည်” ဟု ပြောဆိုကြသည်။ ဤသည်မှာ သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို မိန့်ကြားခဲ့ပြီးဖြစ်သည်၊ အဘယ်ကြောင့် ၎င်းတို့သည် တစ်ခွန်းတစ်လေမျှ မမှတ်မိကြသနည်း။ အချိန်တိုင်းတွင် ၎င်းတို့ မိတ်သဟာယဖွဲ့သည့်အရာမှာ “အခြားမည်သည့်အရာကိုမျှ ပြောရန်မလိုအပ်ပါ။ ဂုဏ်သရေရှိအမျိုးသားတစ်ဦးသည် သူ့ကို နားလည်သည့်သူများအတွက် သူ၏အသက်ကို စတေးလိမ့်မည်၊ ပြီးလျှင် လူတစ်ဦးသည် မိမိ၏ မိတ်ဆွေများအတွက် အရာရာကို စွန့်လွှတ်ပြီး သစ္စာစောင့်သိရမည်” ဟူ၍သာ ဖြစ်သည်။ ၎င်းတို့သည် “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ခြင်း” ဟူသော စကားရပ်ကိုပင် မပြောဆိုနိုင်ကြပေ။ နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရား တစ်ခုတလေမျှ မသိကြသကဲ့သို့ ဝိညာဉ်ရေးရာ အသုံးအနှုန်း အနည်းငယ်ကိုပင် မပြောဆိုနိုင်ကြပေ၊ ဤသည်မှာ သမ္မာတရားအပေါ် ၎င်းတို့၏ အတွင်းပိုင်း နားလည်သဘောပေါက်မှုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ သနားစရာကောင်းသည် မဟုတ်လော။ ဤသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ တရားဒေသနာများစွာကို နားထောင်ပြီးသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကိုလည်း မသိကြပေ၊ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို အစားထိုးရန် ထိုနတ်ဆိုးဆန်သော၊ အဓိပ္ပာယ်မဲ့သော၊ အလွန်တရာ ရယ်ဖွယ်ကောင်းသော စကားများကို မျက်နှာပြောင်တိုက်၍ အသုံးပြုကြသည်။ ၎င်းတို့၏ အတွင်းအတွေးအခေါ်နှင့် သဘောပေါက်နားလည်မှုသည် ဤကဲ့သို့ ဖြစ်သည်သာမက ၎င်းတို့သည် ဤအရာကို အခြားသူများထံ အဆက်မပြတ် ဖြန့်ဝေပြီး သင်ကြားပေးလျက် အခြားသူများကိုလည်း ၎င်းတို့နှင့် တူညီသော သဘောပေါက်နားလည်မှု ရှိစေသည်။ ဤသည်မှာ အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ဖြစ်စေသည့် သဘာဝကို အနည်းငယ် ဆောင်သည် မဟုတ်လော။ သမ္မာတရားကို နားမလည်ဘဲ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော ဤလူတို့သည် အန္တရာယ်ရှိပုံရသည်၊ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေနိုင်ပြီး ရယ်ဖွယ်ကောင်းကာ အဓိပ္ပာယ်မရှိသော အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ လူတို့ သမ္မာတရားကို သဘောထားပြုမူပုံနှင့်ပတ်သက်၍ အခြားမည်သည့် သရုပ်သကန်များ ရှိသေးသနည်း။ (သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်း၊ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီသည့်အရာကိုသာ လက်ခံပြီး မကိုက်ညီသည့်အရာကို ငြင်းပယ်ကာ လက်တွေ့လုပ်ဆောင်ရန် ငြင်းဆန်ခြင်း ဖြစ်ပါသည်။) မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီသည့်အရာကိုသာ လက်ခံပြီး လက်တွေ့လုပ်ဆောင်ကာ မကိုက်ညီသည့်အရာကို တစ်သမတ်တည်း အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချခြင်း၊ ဤသည်မှာ သဘောထားတစ်ခု ဖြစ်သည်။ (သမ္မာတရားသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်သည် သို့မဟုတ် မိမိတို့ကိုယ်ကို ပြောင်းလဲစေနိုင်သည်ဟု မယုံကြည်ခြင်း ဖြစ်ပါသည်။) သမ္မာတရားကို အသိအမှတ်မပြုခြင်း သို့မဟုတ် မယုံကြည်ခြင်းသည်လည်း သဘောထားတစ်ခု ဖြစ်သည်။ နောက်ထပ် သရုပ်သကန်တစ်ခုမှာ သမ္မာတရားအပေါ် လူတစ်ဦး၏ သဘောထားနှင့် ရှုမြင်ပုံသည် ထိုသူ၏ စိတ်အခြေအနေ၊ ပတ်ဝန်းကျင်နှင့် စိတ်ခံစားချက်များအလိုက် ပြောင်းလဲခြင်း ဖြစ်သည်။ ဤလူများအတွက် ၎င်းတို့ တစ်နေ့တွင် စိတ်ချမ်းသာပြီး စိတ်ဓာတ်တက်ကြွနေသည့်အခါ ၎င်းတို့က “သမ္မာတရားသည် အလွန်ကောင်းသည်တကား။ သမ္မာတရားသည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုဖြစ်ပြီး လူသားများအတွက် လက်တွေ့လုပ်ဆောင်ရန်နှင့် ဖြန့်ချိရန် အထိုက်တန်ဆုံးသော အရာဖြစ်သည်” ဟု တွေးထင်ကြသည်။ ၎င်းတို့၏ စိတ်မကြည်သည့်အခါတွင်မူ ၎င်းတို့က “သမ္မာတရားဆိုတာ မည်သည့်အရာဖြစ်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှာ မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ ယင်းက သင့်အား ငွေရှာပေးနိုင်သလော။ သမ္မာတရားသည် မည်သည့်အရာကို ပြောင်းလဲနိုင်သနည်း။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်လျှင် မည်သည့်အရာ ဖြစ်ပျက်နိုင်သနည်း။ ယင်းကို ငါ လက်တွေ့လုပ်ဆောင်မည် မဟုတ်။ ယင်းမှာ မည်သည့်အရာများ ထူးခြားသွားသနည်း” ဟု တွေးလေသည်။ ၎င်းတို့၏ မကောင်းဆိုးဝါး သဘာဝ ပေါ်ထွက်လာသည်။ ဤသရုပ်သကန်များသည် လူတို့ သမ္မာတရားကို သဘောထားပြုမူပုံ၌ ထုတ်ဖော်သည့် စိတ်သဘောထားများနှင့် အမျိုးမျိုးသော အခြေအနေများ ဖြစ်ကြသည်။ အခြားမည်သည့် တိကျသော သရုပ်သကန်များ ရှိသေးသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရား သို့မဟုတ် အသက်အဖြစ် သဘောမထားဘဲ ယင်းတို့ကို ဆန်းစစ်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါသည်။) လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထား တစ်စက်မျှ မရှိဘဲ မိမိတို့၏ သိမြင်မှုကို အခြေခံ၍ သမ္မာတရားကို အမြဲတမ်း ဆန်းစစ်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလျက် ပညာရှင်တစ်ဦး၏ သဘောထားဖြင့် ဘုရားနှုတ်ကပတ်တော်များကို ချဉ်းကပ်ခြင်း ရှိသည်။ ဤအရာများသည် အနည်းနှင့်အများဆိုသလို သမ္မာတရားအပေါ် လူတို့၏ သဘောထားပြုမူခြင်း၌ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကာ အကျဉ်းချုပ် ခေါင်းစဉ်များအဖြစ် ပြုလုပ်နိုင်သည့် အခက်အခဲများဖြစ်၏။
အသက် ဝင်ရောက်မှု၏ အခက်အခဲများနှင့်ဆိုင်သော ငါတို့၏ အကြောင်းအရာတွင် စုစုပေါင်း ကဏ္ဍရှစ်ခုရှိပြီး ၎င်းတို့သည် အသက် ဝင်ရောက်မှုနှင့်လည်းကောင်း၊ ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိခြင်းနှင့်လည်းကောင်း ဆက်စပ်နေသည့် အဓိကအခက်အခဲများ ဖြစ်ကြသည်။ ဤကဏ္ဍရှစ်ခုအတွင်း လူတို့ ထုတ်ဖော်သည့် အခြေအနေများနှင့် စိတ်သဘောထားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဖော်ထုတ်ထားပြီးဖြစ်သည်၊ ဘုရားသခင်သည် လူတို့အတွက် သတ်မှတ်ချက်များ ချမှတ်ထားပြီးဖြစ်ကာ ၎င်းတို့အတွက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ညွှန်ပြထားပြီးဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကြိုးစားအားထုတ်နိုင်ပါက၊ လေးနက်သော သဘောထားတစ်ခု၊ တောင့်တသော သဘောထားတစ်ခုကို ခံယူနိုင်ပါက၊ ပြီးလျှင် မိမိတို့၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှုအတွက် ဝန်တာတစ်ခုကို ထမ်းနိုင်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဤပြဿနာအမျိုးအစား ရှစ်ခုကို ဖြေရှင်းရန် သက်ဆိုင်ရာ သမ္မာတရားများကို ၎င်းတို့ ရှာတွေ့နိုင်ပြီး ယင်းတို့ တစ်ခုစီတိုင်းအတွက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများလည်း ရှိသည်။ ယင်းတို့ထဲမှ တစ်ခုမျှသည် မဖြေရှင်းနိုင်သော စိန်ခေါ်မှုများ သို့မဟုတ် မည်သည့် လျှို့ဝှက်ဆန်းကြယ်မှုမျိုးမျှ မဟုတ်ပေ။ သို့ရာတွင် အကယ်၍ လူတစ်ဦးသည် သူ၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှုအတွက် မည်သည့်ဝန်တာကိုမျှ လုံးဝမထမ်းဘဲ၊ သမ္မာတရားကိုဖြစ်စေ၊ သူ၏ စိတ်သဘောထားကို ပြောင်းလဲခြင်းကိုဖြစ်စေ လုံးဝ စိတ်မဝင်စားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များ မည်မျှပင် ရှင်းလင်းပြီး တိကျပါစေ၊ ၎င်းတို့သည် ထိုသူအတွက် စာသားများနှင့် အယူဝါဒများမျှသာ ဖြစ်နေလိမ့်မည်။ အကယ်၍ ထိုသူသည် သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပါက သူ၌ မည်သည့်ပြဿနာများပင် ရှိပါစေ သူသည် ဖြေရှင်းချက်တစ်ခုကို ရှာတွေ့နိုင်မည် မဟုတ်ဘဲ ယင်းက သူ့အတွက် ကယ်တင်ခြင်းကို ရရှိရန် အလွန်ခက်ခဲစေလိမ့်မည်။ ဖြစ်နိုင်သည်မှာ သူသည် အလုပ်လုပ်ပေးသူတစ်ဦးဖြစ်ခြင်း၏ အဆင့်တွင် ထာဝစဉ် တည်ရှိနေလိမ့်မည်၊ သို့မဟုတ် သူသည် ကယ်တင်ခြင်းကို မရရှိနိုင်ဘဲ ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရသည့်အဆင့်တွင် ထာဝရ တည်ရှိနေလိမ့်မည်။
အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်၏ ဆိုးကျိုးများနှင့် အကျိုးဆက်များ
လူတို့သည် မိမိတို့၏ အသက် ဝင်ရောက်မှုတွင် ကြုံတွေ့ရသည့် အခက်အခဲအားလုံးနှင့် ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် မည်သို့လုပ်ဆောင်ကြသနည်း။ ဤအခက်အခဲအမျိုးအစား ရှစ်မျိုးထဲမှ တစ်ခုခုတွင်ပါဝင်သော မည်သည့်အခြေအနေမျိုးကိုမဆို လူတို့ ရင်ဆိုင်ရသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို ခွဲခြားဖော်ထုတ်နိုင်ပြီး ဤလူတို့၏ ပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ သိမြင်မှုကို အသုံးပြုနိုင်သလော။ ကံမကောင်းစွာပင် လူတို့ အခက်အခဲများ ကြုံတွေ့ရသည့်အခါ ဤအယောင်ဆောင်ခေါင်းဆောင်များသည် အပေါ်ယံ ကြိုးပမ်းမှုများကိုသာ လုပ်ဆောင်ကြပြီး ၎င်းတို့၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၎င်းတို့၏ စိတ်သဘောထားများနှင့် တကယ့်အခက်အခဲများနှင့် မည်သို့မျှမဆိုင်သော အပေါ်ယံဆန်သော၊ တိကျမှန်ကန်မှု မရှိသော၊ မသက်ဆိုင်သော မှတ်ချက်စကားအချို့ကိုသာ ပြောဆိုပေးကြသည်။ ဥပမာအားဖြင့် အယောင်ဆောင်ခေါင်းဆောင်များက “သင်သည် သမ္မာတရားကို မချစ်ခြင်းသာ ဖြစ်သည်” ဟု မကြာခဏ ပြောဆိုကြသည်။ ဤသည်မှာ ၎င်းတို့သည် လူတို့၏ တကယ့်အခက်အခဲများကို ဖြေရှင်းရန်နှင့် ၎င်းတို့၏ အနှစ်သာရများကို စရိုက်လက္ခဏာ သရုပ်ဖော်ရန် ကြိုးပမ်းပုံ ဖြစ်သည်။ ၎င်းတို့သည် သေးငယ်သော ပြဿနာ သို့မဟုတ် အခြေအနေတစ်ခုအတွက်ပင်လျှင် ဘုရားနှုတ်ကပတ်တော်များထဲတွင် အဖြေများရှာတွေ့ရန် လူတို့ကို မကူညီနိုင်သကဲ့သို့ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့်လည်း ယင်းကို မဖြေရှင်းနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် အယူဝါဒဆိုင်ရာနှင့် မသက်ဆိုင်သော မှတ်ချက်စကားအချို့ကို ပြောဆိုကြသည်၊ သို့မဟုတ် ၎င်းတို့သည် ပြဿနာကို အခွင့်ကောင်းယူပြီး လူတို့အား နောင်တရရန် အခွင့်အရေးမပေးဘဲ လုံးဝ ပယ်ချရန် ပြဿနာကို တစ်ဆိတ်ကိုတစ်အိတ် လုပ်ကြလေသည်။ အမှန်တကယ်တွင် အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ပိုင်ဆိုင်ပါက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲတွင် ဤအခြေအနေကဏ္ဍ ရှစ်မျိုးနှင့်ပတ်သက်၍ ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို ရှာတွေ့နိုင်မည်ဖြစ်ရာ ယင်းမှာ မခက်ခဲပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၊ ညံ့ဖျင်းသော အစွမ်းအစရှိခြင်းနှင့် သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ခြင်းတို့ကြောင့် ၎င်းတို့ထဲမှ အချို့သည် စိတ်အားထက်သန်ကာ လုပ်ဆောင်ရန်လည်း စိတ်ပြင်းပြ၍ ကြောင်သူတော်ဆန်ပြီး ဝိညာဉ်ရေးရာ လူများအဖြစ် ဟန်ဆောင်နေကြသူများ ဖြစ်သည်ဟူသောအချက်နှင့် ပေါင်းစပ်လိုက်သည့်အခါ ၎င်းတို့သည် အခြားသူများ၏ ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်ကြပေ။ လူတို့ကြုံတွေ့ရသည့် အမျိုးမျိုးသော ပြဿနာများနှင့် ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ကို “ဘုရားသခင်၏အလုပ်သည် ဤမျှလောက် တိုးတက်နေပြီ၊ သင်သည် အဘယ်ကြောင့် မနာလိုဖြစ်ပြီး အခြားသူများနှင့် အငြင်းအခုံ ပြုနေရသေးသနည်း။ သင်၌ ထိုသို့လုပ်ရန် အချိန်ရှိသလော။ ထိုအရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် အဘယ်အကျိုးရှိသနည်း။ ထိုအရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း မပြုဘဲ သင် မနေနိုင်သလော”၊ “ဘုရားသခင်၏အလုပ်သည် ဤအခြေအနေသို့ ရောက်နေပြီ၊ သို့သော် သင်သည် အလွန် တွယ်တာနေဆဲဖြစ်ပြီး လက်မလွှတ်နိုင်သေးပေ။ အနှေးနှင့်အမြန်ဆိုသလို ဤခံစားချက်များက သင့်ကို အဆုံးစီရင်လိမ့်မည်”၊ “ဘုရားသခင်၏အလုပ်သည် ဤအခြေအနေသို့ ရောက်နေပြီ၊ သို့ဖြစ်၍ သင်သည် အစားအသောက်နှင့် အဝတ်အစားအတွက် အဘယ်ကြောင့် ဤမျှ စိုးရိမ်နေရသေးသနည်း။ သင်သည် ဝတ်စုံတစ်ထည် မဝတ်ဘဲ မနေနိုင်သလော။ သင်သည် သားရေဖိနပ်တစ်ရန် မဝယ်ဘဲ မနေနိုင်သလော။ သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် သင်၏ တာဝန်အပေါ် ပို၍ အာရုံစိုက်သင့်သည်”၊ “သင့်အပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါ ဘုရားသခင်ထံ ပို၍ ဆုတောင်းလော့။ သင့်အပေါ် မည်သည့်အရာပင် ကျရောက်ပါစေ သင်ခန်းစာတစ်ခု ရှိသည်၊ ယင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံရန်နှင့် ကိုယ်တော်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို နားလည်ရန် သင်ယူခြင်း ဖြစ်သည်” ဟု ပြောဆိုလျက် အကြံပေးကြလိမ့်မည်။ ဤအကြံဉာဏ်သည် တကယ့်ပြဿနာများကို ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းနိုင်ပေ။ သို့မဟုတ်လျှင် ၎င်းတို့က “လူတို့သည် စာတန်၏ ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရပြီ။ တွယ်တာခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို ပုန်ကန်နေခြင်း မဟုတ်လော။ သင့်ကိုယ်သင် မသိခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို ပုန်ကန်နေခြင်း မဟုတ်လော” ဟု ပြောဆိုကြသည်။ လက်ရှိတွင် မည်သည့်ပြဿနာပင်ရှိပါစေ အယောင်ဆောင်ခေါင်းဆောင်များသည် လူတစ်ဦး၏ အနှစ်သာရ သို့မဟုတ် အခြေအနေကို စိတ်ဖြာလေ့လာဆွေးနွေးရန်အလို့ငှာ သမ္မာတရားကို မည်သို့မိတ်သဟာယဖွဲ့ရမည်ကို မသိကြပေ၊ ၎င်းတို့သည် လူတို့၏ အခြေအနေများ မည်သို့ ဖြစ်ပေါ်လာသည်ကို ထိုးထွင်းမမြင်နိုင်ကြဘဲ ထို့နောက် ၎င်းတို့၏ အခြေအနေများကို အခြေခံ၍ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ကာ သင့်တော်သော အကူအညီနှင့် ထောက်ပံ့မှုကို ပေးခြင်းတို့ကို မလုပ်ဆောင်နိုင်ကြပေ။ ထိုအစား ၎င်းတို့သည် “ဘုရားသခင်ကို ချစ်လော့။ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ကြိုးစားလုပ်ဆောင်လော့၊ သင်သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိရမည်၊ ပြဿနာများ ကြုံတွေ့ရသည့်အခါ ပို၍ ဆုတောင်းလော့”၊ “အရာရာတိုင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အတွင်း၌ ရှိသည်။ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်”၊ “အကယ်၍ သင်သည် သမ္မာတရားကို မရှာဖွေပါက အဆင်ပြေမည်မဟုတ်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုရမည်။ ဘုရားနှုတ်ကပတ်တော်များက အရာရာတိုင်းကို ရှင်းလင်းစေသည်၊ သို့သော် လူတို့သည် သမ္မာတရားကို မနှစ်သက်ကြခြင်းသာ ဖြစ်သည်”၊ “ကပ်ဘေးများသည် ဖြစ်အံ့ဆဲဆဲဖြစ်၏၊ အရာခပ်သိမ်း၏ အဆုံးသတ်သည် နီးနေပြီ၊ ပြီးလျှင် ဘုရားသခင်၏အလုပ်သည်လည်း အဆုံးသို့ ရောက်နေပြီ၊ သို့သော် သင်သည် စိုးရိမ်ပူပန်ခြင်း မရှိပေ။ လူ၌ နေ့ရက်မည်မျှ ကျန်တော့သနည်း။ ဘုရားသခင်၏ နိုင်ငံတော်သည် ရောက်ရှိလာခဲ့ပြီ” ဟူသည့် တစ်ပုံစံတည်းသော အရာများကို အမြဲတမ်း ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အမျိုးမျိုးသော ပြဿနာများကို တိတိကျကျ ဆန်းစစ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးခြင်း သို့မဟုတ် လူတို့ကို တကယ့်ထောက်ပံ့မှု သို့မဟုတ် အကူအညီကို ပေးခြင်းတို့ကို မည်သည့်အခါမျှ မလုပ်ဆောင်ဘဲ တိကျမှန်ကန်မှုမရှိသော ဤဆိုရိုးစကားများကိုသာ ပြောဆိုကြသည်။ ၎င်းတို့သည် ယင်းတို့ကို ဖြေရှင်းရန် လူတို့ ဖတ်ရှုဖို့ ဘုရားနှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်အနည်းငယ်ကို ရှာပေးသည် သို့မဟုတ် မသက်ဆိုင်သော အကြံဉာဏ်စကားအချို့ကို ပြောဆိုပေးသည်။ အဆုံးတွင် မည်သည့်အရာ ဖြစ်သွားသနည်း။ အယောင်ဆောင် ခေါင်းဆောင်များ၏ ဒုက္ခပေးမှုအောက်တွင် လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မသိကြသည်သာမက မိမိတို့၏ ကိုယ်ပိုင်ကိုယ်ကျင့်စရိုက်သည် မည်သို့ဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့သည် မည်သို့သောလူစားမျိုးဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့ ပိုင်ဆိုင်သော သဘာဝအနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း မသိကြပေ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစသည် မည်သို့ဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့တွင် သဘောပေါက်နားလည်နိုင်စွမ်း ရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် မည်သည့်လမ်းကြောင်းပေါ်တွင် မိမိတို့ လျှောက်လှမ်းနေသည်ကိုလည်းကောင်း မရှင်းလင်းကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ခုံမင်ပြီး တန်ဖိုးထားသည့် လောကီဆန်ပြီး ခေတ်မီသော အရာများကို ဆက်လက်ဆုပ်ကိုင်ထားကြဆဲဖြစ်ပြီး မည်သူကမျှ ၎င်းတို့ကို ဤအရာများကို နားလည်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ဆန်းစစ်ရန် မကူညီပေ။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်၏ အကျိုးဆက်များ ဖြစ်သည်။ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် လူတို့ကို ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်းနှင့် တလွဲစွပ်စွဲခြင်းများ ပြုလုပ်လျက် ဒေါသတကြီး ရမ်းလေသည်၊ သို့မဟုတ် ၎င်းတို့သည် လူတို့အား တိကျမှန်ကန်ခြင်း မရှိသော အကြံဉာဏ်နှင့် သင်ခန်းစာများကို ပေးသည်၊ သို့မဟုတ် ၎င်းတို့သည် အတင်းအကျပ်ဖြစ်သော၊ မတိကျသော နှိုင်းယှဉ်ချိန်ဆမှုများ ပြုလုပ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုကြသည်။ ၎င်းတို့ကို နားထောင်သောသူတို့က “ငါ နားလည်သလိုလို ခံစားရပြီး နားမလည်သလိုလိုလည်း ခံစားရသည်၊ ၎င်းတို့ပြောခဲ့သည့်အရာကို ငါ သဘောပေါက်ကောင်း သဘောပေါက်သွားနိုင်သော်လည်း သဘောမပေါက်ဘဲလည်း ရှိနိုင်သည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ခေါင်းဆောင်ပြောသမျှ အရာအားလုံးသည် မှန်ကန်သည်၊ သို့သော် အဘယ်ကြောင့် ကျွန်ုပ်၏ စိတ်နှလုံးထဲမှ ဤပြဿနာကို မဖယ်ရှားနိုင်ရသနည်း။ အဘယ်ကြောင့် ဤအခက်အခဲအတွက် ဖြေရှင်းချက်တစ်ခုကို ကျွန်ုပ် မရှာတွေ့နိုင်ရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် ဤနည်းလမ်းအတိုင်း ဆက်လက်တွေးတောပြီး ဤအရာများကို လုပ်ဆောင်လိုနေရသေးသနည်း။ ပြဿနာ၏ အနှစ်သာရနှင့် အရင်းအမြစ်သည် မည်သည့်နေရာတွင် တည်ရှိသည်ကို အဘယ်ကြောင့် ကျွန်ုပ် နားမလည်နိုင်ရသနည်း။ ခေါင်းဆောင်က ကျွန်ုပ်သည် သမ္မာတရားကို မနှစ်သက်ဟု ပြောပြီး ကျွန်ုပ်လည်း မနှစ်သက်ကြောင်း ဝန်ခံသည်၊ သို့သော် အဘယ်ကြောင့် ဤအခြေအနေမှ ကျွန်ုပ် မထွက်နိုင်ရသနည်း” ဟု စဉ်းစားကြသည်။ ဤခေါင်းဆောင်များသည် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိခဲ့သလော။ ၎င်းတို့သည် စကားပြောပြီး အလုပ်လုပ်ခဲ့သော်လည်း ယင်းမှာ ရှုပ်ထွေးမှုတစ်ခုသာဖြစ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် အကျိုးသက်ရောက်မှုမျိုး မရှိခဲ့ပေ။ ၎င်းတို့သည် လူတို့ကို ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စေရန်၊ မိမိတို့ကိုယ်ကို ဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆနိုင်စေရန်၊ မိမိတို့၏ အခြေအနေများကို တိကျစွာ နားလည်နိုင်စေရန် သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အခက်အခဲများကို ဖြေရှင်းနိုင်စေရန် မထောက်ကူနိုင်ခဲ့ကြပေ။ သမ္မာတရားကို လုံးဝလက်မခံသော၊ ခွေးမြီးကောက် ကျည်တောက်စွပ်သကဲ့သို့သော၊ အရှက်မရှိသော လူများနှင့် ပတ်သက်၍မူ ဤခေါင်းဆောင်များက ၎င်းတို့ကို အလေးအနက် စိတ်ရှည်စွာ ဆုံးမစကားပြောသည်ကို ကြားရသည့်အခါ ၎င်းတို့သည် အလွန်တရာ စိတ်ပျက်သွားကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ထိုခေါင်းဆောင်များ ပြောဆိုသည့် စကားများကို သံယောင်လိုက် ပြောဆိုကြသည်၊ ခေါင်းဆောင်များက ပထမပိုင်းကို ပြောပြီးသည့်နောက် ဤလူတို့သည် နောက်တစ်ပိုင်းကို ဆက်ပြောနိုင်ကြပြီး ၎င်းတို့သည် လျင်မြန်စွာ စိတ်မရှည်ဖြစ်လာကာ “ဆက်မပြောနှင့်။ သင်ပြောနေသည့်အရာနှင့် ပတ်သက်၍ ကျွန်ုပ် နားလည်ပြီးသားဖြစ်သည်။ သင် ဆက်ပြောလျှင် ကျွန်ုပ် အော်ဂလီဆန်လာပြီး အန်ချင်လာလိမ့်မည်” ဟု ပြောဆိုကြသည်။ ခေါင်းဆောင်များက “သင်က သမ္မာတရားအား ချစ်ကိုမချစ်ခြင်း ဖြစ်သည်။ သမ္မာတရားကို သင် ချစ်ခဲ့လျှင် ကျွန်ုပ် ပြောနေသည့်အရာအားလုံးကို သင်နားလည်မည်ဖြစ်သည်” ဟု ဆက်လက် ပြောဆိုကြသည်။ ၎င်းတို့က “ကျွန်ုပ် သမ္မာတရားကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ သင်က ဤစကားများကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြောဆိုပြီးဖြစ်သည်၊ ယင်း၌ အသစ်အဆန်း တစ်ခုမျှ မပါ၊ ယင်းတို့ကို ကြားရသည်မှာ ကျွန်ုပ် ငြီးငွေ့လာပြီ” ဟု ပြန်လည်ချေပကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤနည်းလမ်းဖြင့် အလုပ်လုပ်ကြပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းကြကာ အချို့သော စကားစုများကိုသာ အသေဆုပ်ကိုင်ထားလျက် လူတို့၏ တကယ့်အခက်အခဲများကို ဖြေရှင်းရန် လုံးဝ ပျက်ကွက်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် အယူအဆများ ရှိပါက အယောင်ဆောင်ခေါင်းဆောင်များက ထိုသူသည် မိမိကိုယ်ကို မသိဟု ပြောဆိုကြသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ညံ့ဖျင်းသော လူ့သဘာဝရှိပြီး လူအများနှင့် မပေါင်းသင်းနိုင်ဘဲ ပုံမှန်လူအချင်းချင်း ဆက်ဆံရေးများ ကင်းမဲ့နေပါက အယောင်ဆောင် ခေါင်းဆောင်များက ၎င်းနှင့် အခြားပါဝင်ပတ်သက်သူ နှစ်ဦးစလုံးတွင် အပြစ်ရှိသည်ဟု ပြောဆိုကာ နှစ်ဦးစလုံးကို ဩဝါဒခြွေပြီး နှစ်ဦးစလုံးအပေါ် အပြစ်တင်လျက် “ကောင်းပြီ၊ သင်တို့နှစ်ယောက် ယခုအခါတွင် သရေဖြစ်သွားပြီ။ ကျွန်ုပ်တို့သည် မိမိတို့၏ လုပ်ရပ်များတွင် တရားမျှတပြီး ကျိုးကြောင်းဆီလျော်မှု ရှိရမည်၊ လူတိုင်းကို မျက်နှာမလိုက်ဘဲ မျှမျှတတ ဆက်ဆံရမည်။ ဆင်ခြင်တုံတရားဖြင့် စကားပြောဆိုသူ မည်သူမဆိုသည် သမ္မာတရားကို ချစ်သည်၊ သို့သော် ဆင်ခြင်တုံတရားမဲ့စွာ စကားပြောသည့်သူသည် ပါးစပ်ပိတ်ထားသင့်သည်၊ အနာဂတ်တွင် စကားကို လျှော့ပြောပြီး အလုပ်ပိုလုပ်သင့်သည်။ မှန်ကန်သည့်အရာကို ပြောဆိုသည့်မည်သူ့ကိုမဆို ပို၍ နားထောင်သင့်သည်” ဟု ပြောဆိုကြသည်။ ဤသည်မှာ ပြဿနာကို ဖြေရှင်းနေခြင်းလော။ ဤသည်မှာ အလုပ်လုပ်နေခြင်းလော။ ဤသည်မှာ ကလေးများကို ချော့မြှူပြီး လူများကို အရူးလုပ်နေခြင်းနှင့် တူနေသည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်များနေပုံရသော်လည်း ၎င်းတို့သည် မည်သူတစ်ဦးတစ်ယောက်၏ ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့၏ အလုပ်သည် မည်မျှ ထိရောက်မှုရှိသနည်း။ တန်ဖိုးမရှိဘဲ အဓိပ္ပာယ်မဲ့ပေသည်။ ဤသည်တို့မှာ ဘာသာတရားမရှိသူများ၏ လုပ်ဆောင်ချက်များ ဖြစ်သည်။
လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အတွေ့အကြုံတစ်လျှောက်တွင် အချို့သောအခက်အခဲများကို မကြာခဏ ကြုံတွေ့ရပြီး အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းတို့ထဲမှ တစ်ခုကိုမျှ မဖြေရှင်းနိုင်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် စကားအနည်းငယ်မျှဖြင့် ဖြေရှင်းနိုင်သည့် အချို့သော သိသာထင်ရှားသည့် အခက်အခဲများကိုပင် မဖြေရှင်းနိုင်သည့်အပြင် ၎င်းတို့သည် ထိုအရာများကို တစ်ဆိတ်ကိုတစ်အိတ်လုပ်ပြီး ငယ်သောကိစ္စတိုင်းကို ကြီးသောကိစ္စအဖြစ် ပြောင်းလဲကြသည်။ အချို့လူများသည် ဆိုးယုတ်သောသူများ မဟုတ်ကြ၊ ၎င်းတို့၏ လူ့သဘာဝပိုင်းအရ ယဉ်ကျေးဖွယ်ရာမှု မရှိဘဲ အခြေခံလောကဝတ်များကို နားမလည်ကာ အနည်းငယ် သိမ်ဖျင်းခြင်းသာ ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤသေးငယ်သော ပြဿနာများကို ယူပြီး တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ ညီအစ်ကိုမောင်နှမများကို ထိုအရာများကို ဆွေးနွေးစေခြင်း၊ ဝေဖန်သုံးသပ်စေခြင်းနှင့် ပြစ်တင်ရှုတ်ချစေခြင်းတို့ကို ပြုလုပ်ကြသည်၊ ဤသို့ပြုလုပ်ခြင်းအားလုံးမှာ ထိုလူများအပေါ်တွင် တာရှည်ခံသော စွဲမှတ်မှုတစ်ခု ချန်ထားခဲ့ရန်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် ထိုနည်းလမ်းအတိုင်း ဆက်လက်ပြုမူရန် မဝံ့ရဲတော့ပေ။ ဤသည်မှာ လိုအပ်သလော။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းသည့် နည်းလမ်းတစ်ခုလော။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနေခြင်းလော။ (မဟုတ်ပါ။) လူတစ်ဦး၏ လူ့သဘာဝတွင် ကြီးမားသော ပြဿနာများ မရှိသရွေ့၊ ထိုသူသည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်ဘဲ စိတ်ရင်းမှန်ဖြင့် မိမိကိုယ်ကို အသုံးခံနိုင်သရွေ့ ၎င်းတို့ လက်ခံနိုင်သည့် အခြေအနေများအောက်တွင် ၎င်းတို့အပေါ် ဆက်လက်အလုပ်လုပ်ရန်၊ ၎င်းတို့ကို သတိပေးချက်များ၊ အကူအညီ၊ မိတ်သဟာယနှင့် အားပေးကူညီမှုတို့ကို ပေးရန် လုံလောက်ပြီဖြစ်သည်။ အကယ်၍ လူတို့သည် ဤနည်းလမ်းအတိုင်း တစ်သမတ်တည်း ပြုမူပါက ၎င်းတို့တွင် သဘာဝ သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာတစ်ခု ရှိနေပြီဖြစ်ပြီး တင်းကျပ်သော ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့သည် လိုအပ်ပေသည်။ အကယ်၍ ၎င်းတို့သည် ဤအရာကို လက်ခံရန် ငြင်းဆန်ပါက ၎င်းတို့၏ တာဝန်ကို ဆိုင်းငံ့ထားသင့်သည် သို့မဟုတ် ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာကို ထိုးထွင်းမမြင်နိုင်ကြသကဲ့သို့ ဤနည်းလမ်းအတိုင်းလည်း ပြုမူကြမည်မဟုတ်ပေ၊ ၎င်းတို့သည် ထိုသို့သော ဆိုးယုတ်သောလူများကို ကြုံတွေ့ရသည့်အခါ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားပြုမူကာ အကူအညီနှင့် အားပေးကူညီမှုတို့ကို ပေးကြသည်။ ဤသည်မှာ အလုပ်လုပ်နေခြင်းလော။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနေခြင်းလော။ (မဟုတ်ပါ။) အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်သည် အဓိပ္ပာယ်မဲ့ပြီး ကလေးဆန်ကာ ရယ်ဖွယ်ကောင်းလှသည်၊ ပြီးလျှင် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီပေ။ ၎င်းတို့လုပ်ဆောင်သမျှ အရာတိုင်းတွင် ၎င်းတို့သည် လူပြိန်းများဖြစ်ကြောင်း၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြောင်းနှင့် စည်းမျဉ်းများမရှိဘဲ မဆင်မခြင် ပြုမူကြောင်း သင်တွေ့မြင်နိုင်သည်။ ထိုနည်းတူစွာ ၎င်းတို့သည် လူတို့ မိမိတို့၏ အသက် ဝင်ရောက်မှုတွင် ကြုံတွေ့ရသည့် အမျိုးမျိုးသော အခက်အခဲများကို ထိုးထွင်းမမြင်နိုင် သို့မဟုတ် တိကျစွာ မသဘောပေါက်နိုင်ကြပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ ဖြေရှင်းရန် ကြိုးပမ်းမှုများသည် အလွန်တရာ ကိုးရိုးကားရားနိုင်ကာ မိုက်မဲပြီး လူပြိန်းတစ်ဦး၏ လုပ်ဆောင်ပုံနှင့် တူနေပုံရသည်။ ၎င်းတို့၏ အကူအညီကို လက်ခံသောသူတို့သည်လည်း အနေရခက်ပြီး ဖိနှိပ်ခံရသည်ဟု ခံစားရသည်။ အချိန်ကြာလာသည်နှင့်အမျှ အချို့သည် ယုံကြည်ခြင်းပင် ပျောက်ဆုံးသွားကာ “ခေါင်းဆောင်က ကျွန်ုပ်နှင့် အကြိမ်ပေါင်းများစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးပြီ၊ သို့ဖြစ်၍ အဘယ်ကြောင့် ကျွန်ုပ် မပြောင်းလဲသေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် အကျင့်ဟောင်းကို အကြိမ်ကြိမ် ပြန်လုပ်နေရသနည်း။ ကျွန်ုပ်၏ လူ့သဘာဝသည် အထူးသဖြင့် ညံ့ဖျင်းပြီး ကျွန်ုပ်သည် ကယ်တင်ခြင်းကို ခံရနိုင်စွမ်း မရှိခြင်းများလား” ဟု ပြောဆိုကြသည်။ အချို့သည် “ကျွန်ုပ်၏ ဝိညာဉ်တွင် တစ်ခုခု မှားယွင်းနေသလော။ ကျွန်ုပ်၌ ဆိုးယုတ်သော ဝိညာဉ်များ အလုပ်လုပ်နေသလော။ ဘုရားသခင်က ကျွန်ုပ်ကို ကယ်တင်မည် မဟုတ်လော။ ယင်းမှာ ကျွန်ုပ် မျှော်လင့်ချက်ကင်းမဲ့နေပြီဟု ဆိုလိုသည် မဟုတ်လော” ဟု ပြောဆိုလျက် သံသယများပင် ထားရှိကြသည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်၏ အကျိုးဆက်များ ဖြစ်သည်။ ၎င်းတို့၏ အလုပ်တွင် ၎င်းတို့သည် အမှုအရာများကို ရောနှောရှုပ်ထွေးပစ်ကာ ရယ်ဖွယ်ကောင်းသော၊ အဓိပ္ပာယ်မဲ့သော၊ မိုက်မဲသော၊ သိမ်ဖျင်းသော နည်းလမ်းဖြင့် ပြုမူကြရာ ယင်းက နောက်ဆုံးတွင် သမ္မာတရားကို စစ်မှန်စွာ လိုက်စားသော အချို့လူများ ရင်ဆိုင်ရသည့် အမျိုးမျိုးသော အခက်အခဲများကို အချိန်မီ မပြေလည်ဘဲ ဖြစ်စေသည်။ ဤသည်က ရလဒ်အနေဖြင့် ထိုလူများထဲတွင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းကို ဖြစ်ပေါ်စေသည့်အပြင် ဘုရားသခင်နှင့် ကိုယ်တော်၏ အလုပ်အပေါ် အချို့သော အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများကိုလည်း ဖြစ်ပေါ်စေသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ရှုခဲ့ပြီးပြီ၊ သို့ဖြစ်၍ အဘယ်ကြောင့် ကျွန်ုပ်၏ ပြဿနာကို မဖြေရှင်းနိုင်ရသေးသနည်း။ ဘုရားနှုတ်ကပတ်တော်များသည် လူတို့ကို အမှန်တကယ် ကယ်တင်ပြီး ပြောင်းလဲစေနိုင်သလော” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် သံသယကို ဖြစ်ပေါ်စေပြီး ၎င်းတို့သည် ရှုပ်ထွေးမှုထဲတွင် ပိတ်မိနေကြသည်။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်သည့်အခါ ၎င်းတို့သည် အပြုသဘောဆောင်သော ရလဒ်များစွာကို မဖြစ်ပေါ်စေဘဲ အပျက်သဘောဆောင်သော အရာများစွာကိုမူ ဖြစ်ပေါ်စေသည်။ ၎င်းတို့၏ အလုပ်သည် လူတို့၏ ဘုရားသခင်အပေါ်ထားရှိသော အယူအဆများ၊ သံသယများနှင့် ဝေဖန်သုံးသပ်မှုများကို ဖယ်ရှားရန် ပျက်ကွက်သည်သာမက ဆန့်ကျင်ဘက်အားဖြင့် ယင်းက ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုလွဲမှားခြင်းများနှင့် သတိထားရှောင်ကြဉ်မှုများကို တိုးပွားစေသည်။ နှစ်ပေါင်းများစွာ ယုံကြည်ခြင်းရှိပြီးသည့်နောက်မှာပင် ဤလူတို့၏ ပြဿနာများသည် မပြေလည်ဘဲ ကျန်ရှိနေသည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ အထင်အမြင်မှားစေပြီး လမ်းလွဲစေခြင်းကို ခံနေရစဉ်တွင် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုလွဲမှားခြင်းများနှင့် သတိထားရှောင်ကြဉ်မှုများသည် ပိုမိုပြင်းထန်လာသည်။ ဤသို့ဖြစ်နေလျှင် ၎င်းတို့သည် အသက် ဝင်ရောက်မှုကို ရရှိနိုင်မည်လော။
သမ္မာတရားနှင့် လူ၏ စိတ်သဘောထား ပြောင်းလဲခြင်းကဲ့သို့သော အပြုသဘောဆောင်သည့်အရာများနှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များ၏ နားလည်သဘောပေါက်မှုသည် လူများစွာတို့၏ အပြုသဘောဆောင်သည့်အရာများအပေါ်ထားရှိသော အမြင်ရှုထောင့်များနှင့် သဘောထားများကို လွှမ်းမိုးနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်တစ်ခုမျှ မလုပ်သည့်အခါတွင် ပြဿနာမရှိပေ၊ ၎င်းတို့ အလုပ်စလုပ်သည်နှင့်တစ်ပြိုင်နက် လမ်းလွဲမှုများ ပေါ်ပေါက်လာပြီး ဆိုးကျိုးများ ဖြစ်ပေါ်လာသည်။ ဤအသင်းတော်များတွင် မသင့်လျော်သော အငွေ့အသက်တစ်ခု ဖြစ်ပေါ်လာသည်၊ ဆိုလိုသည်မှာ အချို့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ဆိုရိုးများသည် မကြာခဏ ဖြစ်ပေါ်လာပြီး ထိုနေရာရှိလူတို့သည် ဘုရားနှုတ်ကပတ်တော်များထဲတွင် မကြာခဏ ဖော်ပြလေ့ရှိသော ဝိညာဉ်ရေးရာ အသုံးအနှုန်းများကို နားမလည်ကြပေ သို့မဟုတ် ယင်းတို့ကို မည်သို့အသုံးချရမည်ကိုလည်း မသိကြပေ၊ တစ်ချိန်တည်းမှာပင် ဤအယောင်ဆောင်ခေါင်းဆောင်များ မကြာခဏ ပြောဆိုလေ့ရှိသည့် အမည်ခံ ဝိညာဉ်ရေးရာ အသုံးအနှုန်းများနှင့် ဆိုရိုးများမှာမူ ဤအသင်းတော်များတစ်လျှောက်တွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်။ ဤအရာများက လူတို့အပေါ် သက်ရောက်မှုမှာ မသေးငယ်ပေ။ ယင်းတို့သည် လူတို့ကို ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် ပို၍ လက်တွေ့ကျပြီး တိကျသော သိမြင်မှုတစ်ခု ရရှိစေရန် မကူညီနိုင်သည်သာမက၊ သို့မဟုတ် ကိုယ်တော်၏ နှုတ်ကပတ်တော်များထဲတွင် တိကျသော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့ရန် ထောက်ကူပေးနိုင်ခြင်း မရှိသည်သာမက ဆန့်ကျင်ဘက်အားဖြင့် ယင်းတို့သည် လူတို့ကို သမ္မာတရားအပေါ် ပို၍ လွဲချော်သော၊ သဘောတရားဆန်သော၊ အယူဝါဒဆန်သော သိမြင်မှုတစ်ခု ရှိစေပြီး တစ်ချိန်တည်းမှာပင် ယင်းတို့သည် လူတို့ကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှင့်ပတ်သက်၍ ပို၍ မရှင်းမလင်း ဖြစ်စေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့၏ အမြင်ကို နှောင့်ယှက်ပြီး သမ္မာတရားအပေါ် ၎င်းတို့၏ စင်ကြယ်သော သဘောပေါက်နားလည်မှုကို ထိခိုက်စေသည်။ ဤအရာများကို လုပ်ဆောင်ရာတွင် အယောင်ဆောင်ခေါင်းဆောင်များသည် မည်သို့သော အကျိုးသက်ရောက်မှုကို ဖြစ်စေသနည်း။ ၎င်းတို့သည် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သနည်း။ ၎င်းတို့ကို နှောင့်ယှက်သူများနှင့် အဖျက်အမှောင့်လုပ်သူများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းသည် အနည်းငယ် လွန်ကဲကောင်း လွန်ကဲနိုင်သော်လည်း ၎င်းတို့ကို နေရာအနှံ့ ပြေးလွှားနေသော လူပြက်များဟု ခေါ်ဆိုခြင်းသည် လုံးဝ လွန်ကဲသော ပြောဆိုချက်တစ်ခု မဟုတ်ပေ။ ငါသည် ဤအမှုအဆင့်ကို စတင်ခါစတွင် လူအချို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့ စကားပြောနေသည်ကို နားထောင်နေစဉ်တွင် ၎င်းတို့ထဲမှ တစ်ဦးက လူတစ်ဦး၏ အခြေအနေအကြောင်းကို မေးမြန်းရာ တစ်စုံတစ်ဦးက “သူတို့ ပြာကျသွားပြီ” ဟူသော စကားများကို ရုတ်တရက် ထုတ်ပြောလိုက်သည်။ ငါက “ပြာကျသွားပြီလော။ ယင်းမှာ မည်သည့်အဓိပ္ပာယ်နည်း” ဟု မေးသောအခါ ၎င်းတို့က “ပြာကျသွားခြင်းဆိုသည်မှာ တစ်စုံတစ်ဦးသည် ဖြုတ်ချခံရပြီး ယုံကြည်ခြင်းကို ရပ်တန့်သွားခြင်း ဖြစ်နိုင်သည်ဟု ဆိုလိုပါသည်” ဟု ပြန်ဖြေကြသည်။ ငါက “ဤသည်မှာ အတော်လေး ရက်စက်သော အသုံးအနှုန်းဖြစ်သည်၊ ယင်းက ထိုသူကို လူးသာလွန့်သာခွင့် တစ်စက်မျှ မပေးပေ။ ငါသည် ထိုသို့သောစကားကို ပြောခဲ့ဖူးသလော။ ဤအသုံးအနှုန်းအကြောင်းကို ငါ မည်သို့ဖြစ်၍များ မသိဘဲနေရသနည်း။ ငါသည် မည်သူ့ကိုမျှ ဤနည်းလမ်းဖြင့် မည်သည့်အခါကမျှ စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းမပြုခဲ့ဖူးပေ သို့မဟုတ် တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ ရပ်တန့်သွားလျှင်ဖြစ်စေ၊ ဘုရားသခင်ထံမှ ထွက်ခွာသွားလျှင်ဖြစ်စေ ၎င်းတို့သည် ‘ပြာကျသွားပြီ’ ဟုလည်း မပြောဆိုခဲ့ဖူးပေ။ ဤအသုံးအနှုန်းသည် မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း” ဟု ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် ဤစကားစုသည် သက်ကြီးရွယ်အို ယုံကြည်သူတစ်ဦး၊ တတ်ယောင်ကား လုပ်သော လူကြီးတစ်ဦးထံမှ အစပြုခဲ့ကြောင်း ငါသိရှိခဲ့ရသည်။ သူသည် အလွန် နှံ့စပ်ပြီး ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ကာ ဝါရင့်သူတစ်ဦး ဖြစ်သည်။ သူက ဤစကားစုကို ပြောဆိုသောအခါ နားဝေတိမ်တောင်ဖြစ်သော ထိုလူအုပ်စုသည် ပိုင်းခြားသိမြင်နိုင်စွမ်းကို မကျင့်သုံးဘဲ သူ့ထံမှ သင်ယူခဲ့ကြပြီး ယင်းမှာ ရေပန်းစားသော စကားစုတစ်ခု ဖြစ်လာခဲ့သည်။ သင်တို့သည် ဤစကားစုကို မှန်ကန်သည်ဟု ထင်သလော။ ယင်း၌ အခြေခံအကြောင်းရင်း ရှိသလော။ ယင်းသည် တိကျမှန်ကန်သလော။ (မဟုတ်ပါ၊ တိကျမှန်ကန်မှုမရှိပါ။) ယင်းကို ကျွန်ုပ်တို့ မည်သို့ သဘောထားပြုမူသင့်သနည်း။ ယင်းကို အသင်းတော်အတွင်း၌ ဆက်လက်တည်ရှိခွင့် ပေးသင့်သလော။ (မပေးသင့်ပါ။) ယင်းကို ဖော်ထုတ်ပြီး ဝေဖန်ကာ ၎င်း၏ အရင်းအမြစ်မှ ဖြေရှင်းသင့်သည်။ ထို့နောက်တွင် ဝေဖန်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့မှတစ်ဆင့် နားဝေတိမ်တောင်ဖြစ်သော ဤလူတို့သည် ယင်းကို ဆက်လက်ပြောဆိုရန် မဝံ့ရဲတော့ပေ၊ သို့သော် အသိတရားခေါင်းပါးသော လူအနည်းငယ်မှာမူ ယင်းကို သီးသန့်အနေဖြင့် လျှို့ဝှက်စွာ အသုံးပြုနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုလူတို့သည် ယင်းကို “နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦး” ထံမှ အစပြုသည့် အလွန် ဝိညာဉ်ရေးရာဆန်သော စကားစုတစ်ခုဖြစ်သည်ဟု ထင်ကောင်းထင်နိုင်ပြီး ယင်းကို ဆက်လက် အသုံးပြုသင့်သည်ဟု ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ သင်တို့၏ ခေါင်းဆောင်များသည် အလားတူသော အလေ့အကျင့်များကို လုပ်ဆောင်ခဲ့ဖူးသလော။ ၎င်းတို့သည် သင်တို့၏ အသက် ဝင်ရောက်မှု၊ စိတ်သဘောထား ပြောင်းလဲမှု သို့မဟုတ် သင်တို့ လျှောက်လှမ်းနေသော လမ်းကြောင်းကို အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်စေခဲ့သလော။ (အတိတ်က ဧဝံဂေလိ တရားဟောသည့်အခါ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက “ဘုရားသခင်သည် ကျွန်ုပ်တို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် သိမ်းပိုက်တော်မူသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘာသာရေးသမားများကို ဧဝံဂေလိတရားဟောသည့်အခါ ၎င်းတို့ကို ပြင်းထန်သောလေသံဖြင့် ပြောဆိုပြီး ဩဝါဒခြွေရန် လိုအပ်သည်၊ သို့မှသာ ၎င်းတို့ကို သိမ်းပိုက်နိုင်မည် ဖြစ်သည်” ဟု တစ်ခါက ပြောဆိုခဲ့ပါသည်။) ဤဖော်ပြချက်သည် ကျိုးကြောင်းဆီလျော်ပုံရသော်လည်း ယင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ဘုရားသခင်သည် လူတို့ကို ဤသို့ပြုလုပ်ရန် ညွှန်ကြားခဲ့သလော။ ဘုရားနှုတ်ကပတ်တော်က “ကျယ်ပြန့်စွာ ဧဝံဂေလိတရားဟောသည့်အခါ သင်သည် ထကြွပြီး လူတို့ကို သံလှံတံဖြင့် အုပ်စိုးရမည်၊ ကျယ်ပြန့်စွာ ဧဝံဂေလိတရားဟောရန် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုရမည်” ဟု ပြောဆိုထားသလော။ (မပြောဆိုထားပါ။) သို့ဆိုလျှင် ဤစကားသည် အဘယ်မှ လာခဲ့သနည်း။ ယင်းသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ ဦးနှောက်ထဲမှ စိတ်ကူးယဉ်ဖန်တီးလိုက်သော သဘောတရားတစ်ခု ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ အပေါ်ယံအားဖြင့် ဤစကားသည် ပြဿနာမရှိဟု ထင်ရနိုင်သည်။ “လူသားမျိုးနွယ်တစ်ရပ်လုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ယင်းကို ဘုရားနှုတ်ကပတ်တော်များမှ တိုက်ရိုက် မခံယူနိုင်ပါက သွယ်ဝိုက်သောနည်းဖြင့် ခံယူ၍ မရနိုင်သလော။ မည်သို့ပင်ဖြစ်စေ ယင်းမှာ ဘုရားနှုတ်ကပတ်တော်များက စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုဖြစ်သည်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို သိမ်းပိုက်ရန် ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို နောက်ကျမှ ခံယူခြင်းထက် စောစောစီးစီး ခံယူခြင်းက ပို၍ ကောင်းမည် မဟုတ်လော။ ဘုရားသခင် ပြုမူဆောင်ရွက်ခြင်း မရှိမီ ကျွန်ုပ်တို့သည် ဤကာကွယ်သည့် အစီအမံကို ပြုလုပ်မည်၊ ထိုသို့ဖြင့် လူတို့သည် ခုခံအားတစ်မျိုးကို တိုးပွားစေနိုင်သည်။ ထို့နောက် ဘုရားသခင်သည် ၎င်းတို့ကို အမှန်တကယ် တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့်အခါ ထိုလူတို့သည် ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဆန့်ကျင်ခြင်း သို့မဟုတ် သစ္စာဖောက်ခြင်းတို့ကို ပြုလုပ်ကြမည် မဟုတ်ပေ။ ဤသည်က ဘုရားသခင်၏ စိတ်နှလုံးကို မထိခိုက်အောင် တားဆီးပေးလိမ့်မည်။ ယင်းမှာ ကောင်းသောအရာတစ်ခု မဟုတ်လော” ဟူ၍ ဖြစ်သည်။ အပေါ်ယံအားဖြင့် ဝါကျတိုင်းသည် မှန်ကန်ပုံရပြီး အယူဝါဒအရ ပြောရလျှင် ယင်းသည် ယုတ္တိရှိပုံရသည်။ သို့သော် ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခုလော။ ဧဝံဂေလိတရားဟောခြင်းကိစ္စအတွက် ဘုရားအိမ်တော်တွင် မည်သို့သော ပြဋ္ဌာန်းချက်များ ရှိသနည်း။ ယင်းက လူတို့ကို ဤသို့ပြုလုပ်ရန် လိုအပ်သလော။ (မလိုအပ်ပါ။) ထို့ကြောင့် ဤသဘောတရားသည် ခိုင်လုံမှုမရှိဘဲ ယင်းကို အဆိုပြုခဲ့သူသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် လမ်းလွဲစေရန်အတွက် ဝိညာဉ်ရေးရာဆန်သည်ဟု မကြာခဏ ဟန်ဆောင်ပြီး အပေါ်ယံမှန်ကန်ပုံရသော်လည်း အမှန်တကယ်တွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာအချို့ကို ပြောဆိုကြသည်။ ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်အရာများသည် အပေါ်ယံအားဖြင့် ပြဿနာမရှိဟု ထင်ရသော်လည်း လူတို့၏ အသက်ဝင်ရောက်မှုအပေါ် ထိခိုက်နစ်နာစေသော သြဇာလွှမ်းမိုးမှုရှိပြီး လူတို့အား သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းမှ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် တားဆီးခြင်းတို့ကို ပြုသည်။ ဤဝိညာဉ်ရေးရာ အယောင်ဆောင်စကားများကြောင့် အချို့လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သံသယများနှင့် အတိုက်အခံလုပ်ခြင်းတို့ ဖြစ်ပေါ်လာကြပြီး ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ၊ နားလည်မှုလွဲမှားခြင်းများပင် ဖြစ်ပေါ်ကာ ဘုရားသခင်အပေါ် သတိထားရှောင်ခြင်း ရှိလာပြီး ထို့နောက်တွင် ကိုယ်တော်နှင့် တဖြည်းဖြည်း အလှမ်းဝေးသွားကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ ဝိညာဉ်ရေးရာ အယောင်ဆောင်ဆိုရိုးများ၏ လူတို့အပေါ် သက်ရောက်မှု ဖြစ်သည်။ အသင်းတော်တစ်ခု၏ အသင်းသားများသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ခံနေရစဉ်တွင် ထိုအသင်းတော်သည် လူတို့က လူ၏ဆိုရိုးများနှင့် သွန်သင်ချက်များကိုသာ လိုက်နာစောင့်ထိန်းကြသည့် ခရစ်ယာန်ဘာသာ သို့မဟုတ် ကက်သလစ်ဘာသာကဲ့သို့ပင် ဘာသာရေးတစ်ခု ဖြစ်လာသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်မည့်အစား၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များအစား ပေါလု၏စကားများကို အသုံးပြုသည်အထိပင် ပေါလု၏ သွန်သင်ချက်များကို ကိုးကွယ်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့အားလုံးသည် ကြောင်သူတော်ဆန်သော ဖာရိရှဲများနှင့် အန္တိခရစ်များ ဖြစ်လာကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ ကျိန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရသည်။ ပေါလုကဲ့သို့ပင် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံကြကာ လူတို့ကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ကြသည်။ ၎င်းတို့သည် လူတို့ကို လမ်းမှားစေပြီး ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများထဲသို့ ပို့ဆောင်ကြကာ ဤလူတို့ ဘုရားသခင်ကို ယုံကြည်သည့်နည်းလမ်းသည် ဘာသာရေးသမားများနှင့် တစ်ထေရာတည်း ဖြစ်လာ၍ ယင်းက ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ၎င်းတို့၏ ဝင်ရောက်ခြင်းကို နှောင့်နှေးစေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို အဆက်မပြတ် အထင်အမြင်မှားစေပြီး နှောင့်ယှက်ကြသဖြင့် ထိုလူတို့သည် ဝိညာဉ်ရေးရာ အယောင်ဆောင် သဘောတရားများနှင့် ဆိုရိုးများစွာကို ဖန်တီးကြသည်။ ဤသဘောတရားများ၊ ဆိုရိုးများနှင့် အလေ့အထများသည် သမ္မာတရားနှင့် လုံးဝပင် ဆန့်ကျင်ဘက်ဖြစ်ပြီး ယင်းနှင့် လုံးဝပင် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို အထင်အမြင်မှားစေပြီး လမ်းလွဲစေစဉ်တွင် ၎င်းတို့သည် ဤအရာများကို အပြုသဘောဆောင်သောအရာများအဖြစ်၊ သမ္မာတရားအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ဤအရာများကို သမ္မာတရားဖြစ်သည်ဟု တလွဲယုံကြည်ကြပြီး ဤအရာများကို မိမိတို့၏ စိတ်နှလုံးထဲ၌ ယုံကြည်သရွေ့၊ ယင်းတို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သရွေ့၊ ပြီးလျှင် ထိုအရာများကို လူတိုင်းက ထောက်ခံသရွေ့ ၎င်းတို့သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ထင်မှတ်ကြသည်။ ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ လမ်းလွဲစေခြင်းကို ခံရသဖြင့် လူတို့သည် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိသည်သာမက သမ္မာတရား လက်တွေ့ကျမှုကို ဝင်ရောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် သို့မဟုတ် တွေ့ကြုံခံစားရန် မတတ်နိုင်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပို၍ပင် အလှမ်းဝေးလာကြပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့် သာ၍ပင် အလှမ်းဝေးလာကြသည်။ အပေါ်ယံအားဖြင့်မူ အယောင်ဆောင်ခေါင်းဆောင်များ ပြောဆိုသည့် စကားလုံးများနှင့် ၎င်းတို့ ဟစ်ကြွေးသည့် ဆောင်ပုဒ်တို့၌ မှားယွင်းသောအရာ မရှိပေ၊ ယင်းတို့အားလုံးသည် မှန်ကန်သည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် မည်သည့်အရာမျှ စွမ်းဆောင်ရရှိခြင်း မရှိရသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ သိမြင်ခံစားပြီး သဘောပေါက်နားလည်သည့်အရာသည် အလွန်တရာ အပေါ်ယံဆန်လွန်းသောကြောင့် ဖြစ်သည်။ ယင်းသည် ဘုရားနှုတ်ကပတ်တော်များထဲရှိ သမ္မာတရား လက်တွေ့ကျမှု၊ ဘုရားသခင်၏ တောင်းဆိုချက်များ သို့မဟုတ် သူ၏ ရည်ရွယ်ချက်များနှင့် မသက်ဆိုင်သည့် အယူဝါဒနှင့်ဆိုင်သော အရာများသာ ဖြစ်သည်။ အမှန်တကယ်တွင် အယောင်ဆောင်ခေါင်းဆောင်များ တရားဟောသည့် အယူဝါဒအားလုံးသည် သမ္မာတရား လက်တွေ့ကျမှုနှင့် များစွာ ကွာခြားသည်၊ တိတိကျကျဆိုရလျှင် ယင်းတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်လည်း မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များသည် ဤစကားလုံးများနှင့် အယူဝါဒများကို မကြာခဏ တတွတ်တွတ် ပြောဆိုသည့်အခါ ယင်းသည် မည်သည့်အရာနှင့် ဆက်စပ်နေသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အစဉ်သဖြင့် စွမ်းဆောင်နိုင်ခြင်း မရှိကြသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အစွမ်းအစနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အစွမ်းအစ ညံ့ဖျင်းပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည်မှာ လုံးဝ သေချာပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်ပါစေ သမ္မာတရားကို နားလည်မည်မဟုတ်သကဲ့သို့ အသက်ဝင်ရောက်မှုလည်း ရှိမည်မဟုတ်ပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်ပါစေ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်ဟုလည်း ဆိုနိုင်ပေသည်။ အကယ်၍ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို မဖြုတ်ချဘဲ ၎င်း၏ရာထူး၌ ဆက်လက်ထားရှိခွင့်ပြုပါက မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာမည်နည်း။ ၎င်းတို့၏ ခေါင်းဆောင်ပိုင်းသည် သာ၍များသော လူတို့ကို ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများနှင့် စည်းမျဉ်းစည်းကမ်းများထဲသို့လည်းကောင်း၊ စကားလုံးများနှင့် အယူဝါဒများထဲသို့လည်းကောင်း၊ မရေရာသော အယူအဆများနှင့် စိတ်ကူးများထဲသို့လည်းကောင်း ပို့ဆောင်သွားလိမ့်မည်။ အန္တိခရစ်များနှင့် မတူသည့်အချက်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို ၎င်းတို့၏ရှေ့မှောက်သို့ဖြစ်စေ၊ စာတန်၏ရှေ့မှောက်သို့ဖြစ်စေ လာရောက်ရန် ဦးဆောင်ခြင်း မပြုသော်လည်း အကယ်၍ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဦးဆောင်နိုင်ပါက ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ကိုယ်တော်၏ ကယ်တင်ခြင်းကို ရရှိနိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရနိုင်မည်လော။ လုံးဝ မခံရနိုင်ပေ။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်ပါက ၎င်းတို့သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေကြဆဲ မဟုတ်လော။ ၎င်းတို့သည် စာတန်၏ အာဏာအောက်တွင် ချုပ်နှောင်ခံထားရသည့် ဖောက်ပြန်ပျက်စီးသူများ ဖြစ်နေကြဆဲ မဟုတ်လော။ ဤသည်မှာ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ လက်ထဲတွင် ပျက်စီးခြင်းသို့ ရောက်ရှိသွားမည်ဟု ဆိုလိုခြင်း မဟုတ်လော။ ထိုအကြောင်းကြောင့် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့၏ အလုပ်၏ အကျိုးဆက်များသည် အခြေခံအားဖြင့် တူညီခြင်း ဖြစ်သည်။ နှစ်ဦးစလုံးသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရားကို နားလည်စေရန်၊ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေရန်နှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိစေရန် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့နှစ်ဦးစလုံးသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ထိခိုက်နစ်နာစေပြီး ပျက်စီးခြင်းသို့ ရောက်စေသည်။ အကျိုးဆက်များသည် အတိအကျ တူညီပေသည်။
အယောင်ဆောင်ခေါင်းဆောင်များ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆအချို့မှာ အဘယ်အရာများ ဖြစ်သနည်း။ နောက်ပိုင်းတွင် သင်တို့ကိုယ်တိုင် ယင်းတို့ကို အကျဉ်းချုပ်ဖော်ပြလော့။ သင်တို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း ရှိမရှိ သိမြင်ရန် ဤတာဝန်ကို ငါ သင်တို့အား ချန်ထားခဲ့သည်။ သင်တို့၏ ပတ်ဝန်းကျင်ရှိ ခေါင်းဆောင်များသည် ဝိညာဉ်ရေးရာဆန်သော သို့မဟုတ် လူ့ခံယူချက်များနှင့် ကိုက်ညီသော၊ ပြီးလျှင် အပေါ်ယံအားဖြင့် မှန်ကန်ပြီး သမ္မာတရားနှင့် ညီသည်ဟု ထင်ရသော်လည်း သင်၏ အသက်ဝင်ရောက်မှုအတွက် မထောက်ပံ့နိုင်ဘဲ သင်၏ အမှန်တကယ်ဖြစ်သော ပြဿနာများကို မဖြေရှင်းပေးနိုင်သည့် စကားအချို့ကို ပြောဆိုခဲ့ဖူးသလော။ အကယ်၍ သင်သည် ဤစကားများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ ယင်းတို့ကို တန်ဖိုးထားပြီး နှလုံးသွင်းကြကာ သင့်ကို အစဉ်သဖြင့် ကြီးစိုးပြီး သင့်အား ဦးဆောင်စေရန်နှင့် သင်၏ အတွေးအခေါ်များနှင့် အပြုအမူကို အချိန်ပြည့် စိုးမိုးခြယ်လှယ်စေရန် ခွင့်ပြုပါက ဤအရာ၏ အကျိုးဆက်များသည် အတော်အတန် ဆိုးရွားသည် မဟုတ်လော။ (ဆိုးရွားပါသည်။) သို့ဆိုလျှင် လူတို့အား ဘုရားသခင်ကို ယုံကြည်ခြင်းက ဘာသာရေးယုံကြည်မှုအဖြစ်သို့ ပြောင်းလဲသွားသည်အထိ အဆင့်နိမ့်ကျသွားစေသော၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရသည့် ရလဒ်ကို ဖြစ်စေနိုင်သည့် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများဖြစ်သော အရာများကို ရှာဖွေရန် ဤကိစ္စရပ်များ၏ အရင်းအမြစ်ကို သင်တို့ တူးဆွရန်မှာ အလွန်အရေးကြီးပေသည်။ ဥပမာအားဖြင့် လူတစ်ဦးက “ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် မကြိုးစားနှင့်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက်တွင် သင် ဖြုတ်ချခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရလျှင် သင့်တွင် သာမန် ယုံကြည်သူတစ်ဦး ဖြစ်ရန်ပင် အခွင့်အရေး ရှိမည်မဟုတ်” ဟု ပြောသည်ဆိုပါစို့။ ဤသို့သော စကားမျိုးသည် အယောင်ဆောင်ခေါင်းဆောင်များ၏ မိစ္ဆာဒိဋ္ဌိအယူနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆတစ်ခု ဟုတ်ပါသလော။ (ဟုတ်ပါသည်။) ဟုတ်သလော။ အယောင်ဆောင်ခေါင်းဆောင်များ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို အန္တိခရစ်များ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများမှ ခွဲခြားရမည်ဖြစ်သည်၊ ယင်းတို့ကို ရောထွေးမပစ်လိုက်နှင့် ဟူ၍ဖြစ်သည်။ ထိုသို့သော အရာများကို ပြောဆိုခြင်းအားဖြင့် ထိုလူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤစကားများထဲတွင် မည်သို့သော ရည်ရွယ်ချက်များ ပုန်းကွယ်နေသနည်း။ ယင်းတို့ထဲတွင် မသမာသောအရာ တစ်စုံတစ်ရာ ရှိပါသလော။ ၎င်းတို့တွင် လူတို့ကို အထင်အမြင်မှားစေရန် ရည်ရွယ်သည့် လှည့်ကွက်တစ်ခု ပါဝင်သည်မှာ ရှင်းနေသည်၊ ၎င်းတို့ ဆိုလိုသည်မှာ အခြားလူတို့သည် ခေါင်းဆောင်များဖြစ်ရန် ကြိုးစားခြင်းကို ရှောင်သင့်သည်၊ ထိုသို့ပြုလုပ်ခြင်းသည် အဆုံးသတ်ကောင်းမည်မဟုတ်ဟူ၍ ဖြစ်သည်။ ဤအရာကို ပြောဆိုရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့ကို ခေါင်းဆောင်တစ်ဦးဖြစ်လာရန် စိတ်ကူးကို စွန့်လွှတ်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် မည်သူမျှ ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် ၎င်းတို့နှင့် ယှဉ်ပြိုင်ကြမည် မဟုတ်သဖြင့် ၎င်းတို့ကို ထာဝစဉ် ခေါင်းဆောင်တစ်ဦးအဖြစ် စိတ်သက်သာစွာ ခံစားနိုင်စေရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် လူတို့ကို “ဤသည်မှာ ဘုရားအိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဆက်ဆံသည့်ပုံစံဖြစ်သည်၊ သင့်အား လိုအပ်သည့်အခါတွင် သင့်ကို ရာထူးတိုးပေးပြီး သင့်ကို မလိုအပ်သည့်အခါတွင် သင့်အား အောက်ဆုံးအဆင့်အထိ ကန်ချလိုက်သည်၊ သင့်အား သာမန်ယုံကြည်သူတစ်ဦး ဖြစ်ခွင့်ပင် မပေးတော့ပါ” ဟု ပြောနေခြင်း ဖြစ်သည်။ ဤစကားများ၏ သဘောသဘာဝမှာ အဘယ်နည်း။ (ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း ဖြစ်ပါသည်။) မည်သို့သော လူစားမျိုးက ဘုရားသခင်ကို ပြစ်မှားစော်ကားသော စကားများကို ပြောဆိုသနည်း။ (အန္တိခရစ်တစ်ဦး ဖြစ်ပါသည်။) ဤစကားများထဲတွင် အကျိုးဆက်နှစ်ခုကို ဖြစ်ပေါ်စေနိုင်သည့် ဆိုးယုတ်သော ရည်ရွယ်ချက်နှစ်ခု ရှိသည်၊ တစ်ခုမှာ အခြားသူများကို အဆင့်အတန်းအတွက် လုံးဝ မယှဉ်ပြိုင်ရန် ပြောခြင်းဖြစ်ပြီး ယင်းက ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်း လုံခြုံနေမြဲဖြစ်ကြောင်း သေချာစေသည်၊ အခြားတစ်ခုမှာ သင့်ကို ဘုရားသခင်အပေါ် နားလည်မှုလွဲမှားစေခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ ရပ်တန့်စေခြင်းနှင့် ဘုရားသခင်ကို ယုံကြည်မည့်အစား ၎င်းတို့ကို ယုံကြည်လာစေရန် ဖြစ်သည်။ ဤသည်မှာ ဗြောင်အကျဆုံးသော အန္တိခရစ်မျိုးပင် ဖြစ်သည်။ သင်တို့သည် သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ပုံရသည်၊ ဤအရာနှင့်ပတ်သက်သော ဥပမာများအကြောင်းကို ငါ ယခင်က ပြောဆိုခဲ့ဖူးသည်။ သင်တို့သည် ပေါ့ဆပြီး မှတ်ဉာဏ်ညံ့ဖျင်းသည်သာမက သင်တို့၏ သဘောပေါက်နားလည်နိုင်စွမ်းသည်လည်း ကင်းမဲ့နေသည်။ သင်တို့သည် ဤသို့သော သိသာထင်ရှားသည့် အန္တိခရစ်တစ်ဦးကိုပင် မပိုင်းခြားနိုင်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ထိုသို့သောအရာများကို ပြောဆိုမည်လော။ ၎င်းတို့သည် လူတို့ကို သိလျက်နှင့် ပွင့်ပွင့်လင်းလင်း အထင်အမြင်မှားစေပြီး ဘုရားသခင်ကို အတိုက်အခံလုပ်မည်လော။ (လုပ်မည် မဟုတ်ပါ။) အယောင်ဆောင်ခေါင်းဆောင်များ ပြောဆိုပြီး လုပ်ဆောင်သည့်အရာများသည် အပေါ်ယံအားဖြင့် ပြဿနာမရှိဟု ထင်ရသော်လည်း ၎င်းတို့၏ အလုပ်သည် စည်းမျဉ်းများ ကင်းမဲ့ပြီး ရလဒ်များကို မပြီးမြောက်စေနိုင်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့၏ ပြဿနာတစ်ခုတလေကိုမျှ မဖြေရှင်းနိုင်သကဲ့သို့ ၎င်းတို့ကို ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ မပို့ဆောင်နိုင်၊ သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်သို့ မဦးဆောင်နိုင်ပေ။ ၎င်းတို့ ပြောဆိုသမျှ အရာအားလုံးသည် မှန်ကန်သည်၊ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို လုံးဝ လျှော့မလုပ်ကြပေ၊ ၎င်းတို့တွင် ဇွဲလုံ့လနှင့် စိတ်အားထက်သန်မှု ရှိကြပြီး အပေါ်ယံအားဖြင့် ၎င်းတို့သည် ယုံကြည်ခြင်းရှိပုံပေါက်သည်၊ စိတ်ပိုင်းဖြတ်မှုရှိပုံပေါက်သည်၊ ပြီးလျှင် ဆင်းရဲဒုက္ခကို ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်လိုစိတ်ရှိပုံပေါက်သည်။ ထို့အပြင် ၎င်းတို့သည် မယုံနိုင်လောက်သော ခံနိုင်ရည်ရှိပြီး ပင်ပန်းနွမ်းနယ်မှုနှင့် အခက်အခဲအမျိုးမျိုးကို ဖြတ်သန်း၍ ဇွဲရှိနိုင်ပုံပေါက်သည်။ ၎င်းတို့၏ အစွမ်းအစနှင့် သဘောပေါက်နားလည်နိုင်စွမ်းသည် ညံ့ဖျင်းပြီး ၎င်းတို့တွင် သမ္မာတရားကို တိကျစွာ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ခြင်းသာ ဖြစ်သည်။ ဤသဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဤပြဿနာကို ဖြေရှင်းရန် စည်းမျဉ်းစည်းကမ်းများနှင့် အယူဝါဒများအပြင် ၎င်းတို့ မကြာခဏ ပြောဆိုလေ့ရှိသည့် ဝိညာဉ်ရေးရာ သဘောတရားများကို အသုံးပြုကြသည်။ ၎င်းတို့၏ ခေါင်းဆောင်ပိုင်းအောက်တွင် နှစ်အနည်းငယ်ကြာပြီးနောက် လူတို့ကြားတွင် အယူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အပြင်ပန်း အလေ့အထ အမျိုးမျိုးတို့ ပေါ်ပေါက်လာသည်။ လူတို့သည် ဤအယူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အလေ့အထများကို လိုက်နာစောင့်ထိန်းကြပြီး ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နေသည်ဟု ယုံကြည်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုနှင့် အလွန်တရာ ကွာဝေးနေဆဲ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများသည် ဤအရာများဖြင့် ပြည့်နှက်သွားပြီး ယင်းတို့၏ လွှမ်းမိုးချုပ်ကိုင်ကာ ဦးဆောင်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဖြေရှင်းရန်မှာ ဒုက္ခများလှပေသည်။ လူတို့ နားလည်စေရန်အတွက် တစ်ခုချင်းစီကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ဆန်းစစ်ရမည်ဖြစ်သည်။ ထို့နောက်တွင် လူတို့ကို သမ္မာတရား၊ အယူဝါဒများ၊ ကြွေးကြော်သံများနှင့် စည်းမျဉ်းစည်းကမ်းများဟူသည် အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားကို မှန်ကန်စွာ သဘောပေါက်နားလည်ခြင်း၊ တိကျမှန်ကန်သော ဆိုရိုးများနှင့် သမ္မာတရား စည်းမျဉ်းများဟူသည် အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း ပြောပြရမည်ဖြစ်သည်။ ဤအရာအားလုံးကို တစ်ခုချင်းစီ ဖြေရှင်းရန် လိုအပ်သည်၊ သို့တည်းမဟုတ်ပါက အတော်အတန် ကောင်းကောင်းမွန်မွန် ပြုမူပြီး စည်းကမ်းလိုက်နာကာ ဝိညာဉ်ရေးရာကို လိုက်စားသောသူတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ပျက်စီးသွားကြလိမ့်မည်။ ဤလူတို့သည် ဘာသာတရားကိုင်းရှိုင်းပုံရပြီး ဆင်းရဲဒုက္ခကို ခံနိုင်ကာ အဖိုးအခကို ပေးဆပ်နိုင်စွမ်းရှိသည့်အပြင် အမှုအရာများ သူတို့အပေါ် ကျရောက်သည့်အခါ ဆုတောင်းနိုင်ကြသည်။ သို့သော်လည်း ဘာသာရေးသမားများကဲ့သို့ပင် ဘုရားသခင် ပြန်ကြွလာသည့်အခါ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ကိုယ်တော့်ကို မမှတ်မိကြပေ၊ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်သည် အမှုသစ်ကို တစ်ဖန်ပြုလုပ်နေသည်ဟု အသိအမှတ်မပြုကြဘဲ သူတို့အားလုံးသည် ကိုယ်တော့်ကို အတိုက်အခံလုပ်ကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့သည် ထိုသူတို့ကို အထင်အမြင်မှားစေခဲ့သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ရိုးသားစစ်မှန်သော ဘုရားသခင်ကို ယုံကြည်သူများစွာတို့ကို ဒုက္ခပေးပြီး ပျက်စီးစေခဲ့သည်။
အယောင်ဆောင်ခေါင်းဆောင်များသည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုကြသည်၊ ၎င်းတို့က လူတို့ကို နားလည်စေသည့်အရာမှာ အယူဝါဒသာဖြစ်ပြီး သမ္မာတရားမဟုတ်ပေ၊ ပြီးလျှင် ၎င်းတို့က လူတို့ကို မြင်စေသည့်အရာမှာ အယောင်ဆောင် ဝိညာဉ်ရေးရာပြည့်ဝခြင်းသာ ဖြစ်သည်။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ အယောင်ဆောင် ဝိညာဉ်ရေးရာပြည့်ဝခြင်း၊ မှားယွင်းသော နားလည်ခြင်း၊ မှားယွင်းသော အသိပညာ၊ မှားယွင်းသော လက်တွေ့လုပ်ဆောင်ခြင်းနှင့် မှားယွင်းသော လိုက်နာစောင့်ထိန်းခြင်းတို့ ဖြစ်သည်၊ ယင်းအားလုံးသည် အတုအယောင်များသာ ဖြစ်သည်။ ဤ “အတုအယောင်” သည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရားကို လွဲချော်သော၊ တစ်ဖက်စောင်းနင်းဖြစ်သော၊ အပေါ်ယံဆန်သော သဘောပေါက်နားလည်မှုရှိခြင်းနှင့် သမ္မာတရား၏ အနှစ်သာရကို သဘောပေါက်နားလည်ရန် လုံးဝ ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ထံသို့ စည်းကမ်းများ၊ စကားလုံးများနှင့် အယူဝါဒများစွာကို ကြွေးကြော်သံများနှင့် သဘောတရားအချို့နှင့်အတူ ယူဆောင်လာကြသည်။ ထိုလူတို့သည် ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်များကို လုံးဝနားမလည်ကြဘဲ ရှုပ်ထွေးသော အခြေအနေအမျိုးမျိုးကို ကြုံတွေ့ရသည့်အခါ ယင်းတို့ကို မည်သို့ကိုင်တွယ်ပြီး ချဉ်းကပ်ရမည်ကိုဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်နားလည်ရမည်ကိုဖြစ်စေ မသိကြပေ။ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်နိုင်ကြမည်လော။ ကိုယ်တော့်ကို လက်ခံပြီး ကိုယ်တော့်ကို အတိုက်အခံလုပ်ခြင်းမှ ရပ်တန့်နိုင်ကြမည်လော။ မတတ်နိုင်ကြပါ၊ ၎င်းတို့ မတတ်နိုင်ကြပေ။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို သင်တို့ အကျဉ်းချုပ်ဖော်ပြပြီး ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိရန်မှာ အလွန်အရေးကြီးပြီး လိုအပ်ပေသည်။ အကျဉ်းချုပ်ဖော်ပြသည့်အခါ ယင်းတို့အား အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေရန် အသုံးပြုသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် ခွဲခြားရန်မှာ အလွန်အရေးကြီးသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဒုတိယမြောက် တာဝန်ဝတ္တရားဖြစ်သည့် “လူအမျိုးအစား တစ်မျိုးစီ၏ အခြေအနေများနှင့် အကျွမ်းတဝင်ရှိပြီး သူတို့၏ တကယ့်အသက်တာထဲ၌ ကြုံတွေ့ရသော အသက်ဝင်ရောက်မှုနှင့် စပ်ဆိုင်သည့် အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးခြင်း” ဟူသည့်အချက်နှင့် စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော ကျင့်ကြံပြုမူမှုများကိုလည်းကောင်း၊ အယောင်ဆောင်ခေါင်းဆောင်များနှင့်ဆိုင်သော ကိစ္စရပ်များ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးသည့် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်ကြမည်။
အချက် ၃- တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၁)
အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို အားပေးတိုက်တွန်းရန် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ကြသည်
ကျွန်ုပ်တို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တတိယမြောက် တာဝန်ဝတ္တရားဖြစ်သည့် တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ခြင်းအကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အရေးကြီးပြီး အခြေခံကျသော အလုပ်ဖြစ်သည်၊ ပြီးလျှင် ငါတို့သည် ဤတာဝန်ဝတ္တရားကို အခြေခံ၍ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်စွမ်းသည် ၎င်းအနေဖြင့် သမ္မာတရား လက်တွေ့ကျမှု ပိုင်ဆိုင်ခြင်း ရှိမရှိ၏ အကောင်းဆုံးသော ညွှန်ပြချက်ဖြစ်ပြီး ၎င်းသည် လက်တွေ့ကျသော အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို အဆုံးအဖြတ်ပေးရန် အဓိကသော့ချက်လည်း ဖြစ်သည်။ ယခု အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်ကို မည်သို့ကိုင်တွယ်သည်ကို ကြည့်ကြစို့။ အယောင်ဆောင် ခေါင်းဆောင်များ၏ ထူးခြားသော ပင်ကိုလက္ခဏာတစ်ခုမှာ သမ္မာတရား စည်းမျဉ်းများပါဝင်သည့် မည်သည့် ကိစ္စကိုမဆို ၎င်းတို့၏ အကုန်အစင် ရှင်းပြနိုင်စွမ်းမရှိခြင်း သို့မဟုတ် ရှင်းလင်အောင်လုပ်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် ၎င်းတို့ထံမှ ရှာဖွေလျှင် အနှစ်မဲ့သော စကားများနှင့် အယူဝါဒအချို့ကိုသာ ၎င်းတို့က ပြောနိုင်ကြသည်။ ဆုံးဖြတ်ချက်လိုအပ်သည့် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့က “သင်တို့အားလုံးသည် ဤတာဝန်ကို ထမ်းဆောင်ရာတွင် ကျွမ်းကျင်သူများဖြစ်သည်။ သင်တို့တွင် ပြဿနာများရှိလျှင် သင်တို့ဘာသာ ယင်းတို့ကို အဖြေရှာသင့်သည်။ ကျွန်ုပ်ကို မမေးပါနှင့်။ ကျွန်ုပ်သည် ကျွမ်းကျင်သူ မဟုတ်သကဲ့သို့ နားလည်းမလည်ပါ။ ထိုအရာကို သင်တို့ဘာသာ ကိုင်တွယ်ပါ”ဟူသကဲ့သို့သော စကားတစ်ခွန်းဖြင့် မကြာခဏ တုံ့ပြန်ကြသည်။ အချို့လူတို့က “ကျွန်ုပ်တို့သည် ပြဿနာကို မဖြေရှင်းနိုင်သောကြောင့် သင့်ကို မေးမြန်းနေခြင်း ဖြစ်သည်၊ ကျွန်ုပ်တို့ ဖြေရှင်းနိုင်လျှင် သင့်ကို မေးမည်မဟုတ်ပါ။ သမ္မာတရား စည်းမျဉ်းများ ပါဝင်ပတ်သက်သည့် ဤပြဿနာကို ကျွန်ုပ်တို့ နားမလည်ပါ” ဟု ချပေပြောဆိုကောင်း ပြောဆိုနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များက “စည်းမျဉ်းများကို ကျွန်ုပ် သင်တို့ကို ပြောပြီးသား မဟုတ်လော။ မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ကြလော့၊ ပြီးလျှင် အနှောင့်အယှက်များ၊ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများကို မဖန်တီးကြနှင့်။ သင်တို့ မည်သည့်အရာကို မေးနေသေးသနည်း။ သင့်တော်သလို ကိုင်တွယ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြောပြီးသားဖြစ်သည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ဦးစားပေးလော့” ဟု ပြန်ပြောကြသည်။ ထိုလူတို့က “ဤသည်မှာ ပြဿနာအတွက် ဖြေရှင်းချက်တစ်ခု မဟုတ်ပါတကား” ဟု စဉ်းစားလျက် လုံးဝ ရှုပ်ထွေးသွားကြသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်ကို သဘောထားပြုမူပုံဖြစ်သည်၊ ၎င်းတို့သည် အလုပ်ကို စစ်ဆေးရုံသာ စစ်ဆေးပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကာ ပြဿနာများကို မည်သည့်အခါမျှ မကိုင်တွယ်ကြပေ။ လူတို့ မည်သို့သော ကိစ္စရပ်များကို တင်ပြပါစေ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို မိမိတို့ဘာသာ သမ္မာတရားကို ရှာဖွေရန် ပြောဆိုကြသည်။ ၎င်းတို့သည် လူတို့ကို “သင်တို့တွင် ပြဿနာ တစ်စုံတစ်ရာ ရှိသလား။ သင်တို့၏ အသက်ဝင်ရောက်မှု မည်သည့်အခြေအနေ ရှိသနည်း။ သင်တို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံနှင့် လုပ်ဆောင်နေသလော” ဟု မကြာခဏ မေးမြန်းကြသည်။ ထိုလူတို့က “တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေ အခြေအနေ၌ မြင်ရတတ်ပြီး ဆုတောင်းခြင်းအားဖြင့် ယင်းကို ဖြေရှင်းကာ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲလိုက်ပါသည်၊ သို့သော် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ သမ္မာတရား စည်းမျဉ်းများကိုမူ ကျွန်ုပ် နားမလည်သေးပါ” ဟု ပြန်လည်ဖြေကြားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များက “တိကျသည့် စည်းမျဉ်းများကို နောက်ဆုံး စုဝေးပွဲတုန်းက သင်နှင့် ကျွန်ုပ် မိတ်သဟာယ မဖွဲ့ပေးခဲ့ဘူးလား။ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်အချို့ကိုပင် ကျွန်ုပ် သင့်ကို ပေးခဲ့သေးသည်။ ယခုအချိန်လောက်ဆို သင် နားလည်သင့်ပြီ မဟုတ်ဘူးလား” ဟု ပြောဆိုကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် အယူဝါဒအားလုံးကို နားလည်ကြသော်လည်း မိမိတို့၏ ပြဿနာများကိုမူ ဖြေရှင်းနိုင်စွမ်း မရှိကြသေးပေ။ အယောင်ဆောင်ခေါင်းဆောင်များက “သင် အဘယ်ကြောင့် မဖြေရှင်းနိုင်ရသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံလောက်အောင် စေ့စေ့စပ်စပ် မဖတ်ရှုရသေးသောကြောင့်သာ ဖြစ်သည်။ သင် ပိုပြီး ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုပြီး ဖတ်ရှုလျှင် သင့်၏ ပြဿနာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ သင်တို့သည် အတူတကွ ဆွေးနွေးပြီး နည်းလမ်းရှာဖို့ သင်ယူရန် လိုအပ်သည်၊ ထိုအခါတွင် သင်တို့၏ ပြဿနာများသည် နောက်ဆုံး၌ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ အတတ်ပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက်တော့ ကျွန်ုပ်ကို မမေးပါနှင့်၊ ကျွန်ုပ်၏ တာဝန်ဝတ္တရားက အလုပ်ကို စစ်ဆေးရန်သာ ဖြစ်သည်။ ကျွန်ုပ်က ကျွန်ုပ်၏ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးပြီ၊ ကျန်သည့်အရာများက ကျွန်ုပ် နားမလည်သော အတတ်ပညာပိုင်းဆိုင်ရာ ကိစ္စရပ်များသာ ဖြစ်သည်” ဟု ဟိတ်ကြီးဟန်ကြီး စကားများကိုပင် ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက လူတို့ကို နှပ်ချပြီး မေးခွန်းများကို ရှောင်ရှားရန် “ကျွန်ုပ် နားမလည်ပါ၊ ထိုအရာကို ကျွန်ုပ် လုံးဝ မသင်ယူခဲ့ရပါ၊ ကျွန်ုပ် ကျွမ်းကျင်သူ မဟုတ်ပါ”ဟူသကဲ့သို့သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို မကြာခဏ သုံးကြသည်။ ၎င်းတို့အနေဖြင့် အတော်နှိမ့်ချကြပုံ ပေါ်ကောင်းပေါ်နိုင်သည်။ သို့သော် ဤအရာက အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်သည့် ဆိုးရွားသော ပြဿနာတစ်ခုကို ဖော်ထုတ်သည်။ ၎င်းတို့သည် အချို့သော အလုပ်တာဝန်များတွင် အတတ်ပညာဆိုင်ရာ အသိပါဝင်ပတ်သက်သည့် ပြဿနာများအပေါ် မည်သည့် သိနားလည်မှုမျှ မရှိပေ။ ၎င်းတို့သည် အစွမ်းမဲ့ကာ အလွန့်အလွန် အနေခက်ပြီး ကသိကအောက်ဖြစ်ပုံ ပေါ်ကြသည်။ ထို့နောက်တွင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် စုဝေးပွဲများအတောအတွင်းတွင် လူတို့ကို တိုက်တွန်းရန် အယူဝါဒအချို့အကြောင်းကို ပြောဆိုရင်း လူတိုင်းနှင့် မိတ်သဟာယပြုရန် ဘုရားနှုတ်ကပတ်တော် စာပိုဒ်အချို့ကိုသာ စုစည်းနိုင်ကြသည်။ ကြင်နာမှုအနည်းငယ်ရှိသည့် ခေါင်းဆောင်များက လူတို့အတွက် ပူပန်မှုကို ပြကောင်းပြနိုင်ကာ ၎င်းတို့ကို “သင့်ဘဝတွင် လတ်တလော၌ အခက်အခဲတစ်ခုတလေ ရင်ဆိုင်ရသလော။ သင့်ထံတွင် ဝတ်ရမည့် အဝတ်အစား လုံလုံလောက်လောက် ရှိသလော။ သင်တို့ထဲတွင် မလျော်မကန် ပြုမူနေသည့် တစ်ဦးတစ်ယောက် ရှိခဲ့သလော”ဟု မကြာခဏ မေးကောင်းမေးကြပေမည်။ လူတိုင်းက ၎င်းတို့တွင် ထိုပြဿနာများ မရှိဟု ပြောလျှင် ၎င်းတို့က “သို့ဆိုလျှင် ပြဿနာမရှိပါ။ သင်တို့၏ အလုပ်ကို ဆက်လုပ်ကြပါ။ ကျွန်ုပ်တွင် အာရုံစိုက်ရမည့် အခြားကိစ္စများ ရှိသည်”ဟု ပြန်ဖြေကြပြီး တစ်စုံတစ်ဦးက ၎င်းတို့ကို အနေခက်သည့် အခြေအနေတစ်ခုသို့ ရောက်စေရင်း မေးခွန်းများ တင်ပြကာ ယင်းတို့ကို ကိုင်တွယ်ရန် တောင်းဆိုကောင်း တောင်းဆိုနိုင်သည်ကို ကြောက်လျက် အမြန်ထွက်သွားကြလေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံ ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သည့် မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ အသင်းတော်၏ အလုပ်ကို ၎င်းတို့က အဘယ်သို့ ထိရောက်စွာ ဆောင်ရွက်နိုင်မည်နည်း။ အကျိုးဆက်အနေဖြင့် မဖြေရှင်းရသေးသည့် ပြဿနာများ စုပုံလာခြင်းက နောက်ဆုံးတွင် အသင်းတော်၏ အလုပ်ကို ဟန့်တားလေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံနှင့်သက်ဆိုင်သော ပေါ်လွင်သော ပင်ကိုလက္ခဏာနှင့် သရုပ်သကန်တစ်ခု ဖြစ်သည်။
၎င်းတို့၏ အလုပ်တွင် အယောင်ဆောင် ခေါင်းဆောင်များသည် တရားဟောခြင်းကိုသာ စိတ်အားထက်သန်ကြပြီး ၎င်းတို့သည် လူတို့ကို တိုက်တွန်းနှိုးဆော်ရန်နှင့် နှစ်သိမ့်ရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရသည်ကို အနှစ်သက်ဆုံးဖြစ်ကာ လူတို့ကို မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် စိတ်အားတက်ကြွပြီး အလုပ်များစေသရွေ့ ယင်းမှာ ၎င်းတို့ အလုပ်ကောင်းကောင်း လုပ်ဆောင်ပြီးခြင်းနှင့် တူညီသည်ဟု ထင်မှတ်ကြသည်။ ထို့အပြင် အယောင်ဆောင် ခေါင်းဆောင်များသည် လူတိုင်း၏ နေ့စဉ်အသက်တာ အခြေအနေကို ဂရုစိုက်ရာ၌ စိတ်အားထက်သန်ကြသည်။ ၎င်းတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်အခက်အခဲများကိုမဆို ကြုံတွေ့နေရခြင်း ရှိမရှိ လူတို့ကို မကြာခဏ မေးမြန်းကြပြီး အကယ်၍ တစ်စုံတစ်ဦးက အမှန်တကယ် ကြုံတွေ့နေရပါက ဤအခက်အခဲများကို ကူညီဖြေရှင်းရန် ၎င်းတို့က လိုလားကြသည်။ ၎င်းတို့သည် ဤအထွေထွေကိစ္စများဖြင့် မိမိတို့ကိုယ်ကို အမှန်တကယ် အလုပ်များစေပြီး တစ်ခါတစ်ရံ အစာစားချိန်ကိုပင် ရွှေ့ဆိုင်းကာ မကြာခဏ ညဉ့်နက်မှအိပ်ပြီး မနက်စောစောထကြသည်။ ၎င်းတို့၏ အလုပ်များမှုနှင့် ကြိုးစားလုပ်ဆောင်မှုကို ထောက်ရှုလျှင် အသင်းတော်၏ အလုပ်တွင်ရှိသော ပြဿနာများနှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲများသည် အဘယ်ကြောင့် မဖြေရှင်းရဘဲ ရှိမြဲရှိနေရသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် တာဝန်များထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရား စည်းမျဉ်းများကို မည်သည့်အခါမျှ ရှင်းလင်းစွာ မရှင်းပြနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့ ပြောဆိုသည့် စကားလုံးများနှင့် အယူဝါဒများ၊ တိုက်တွန်းနှိုးဆော်ချက်များသည် လုံးဝ အကျိုးသက်ရောက်မှုမရှိဘဲ စစ်မှန်သော ကိစ္စရပ်များကို လုံးဝ မဖြေရှင်းနိုင်ပေ။ ၎င်းတို့ မည်မျှပင် ပြောဆိုပါစေ၊ မည်မျှပင်အလုပ်များပါစေ၊ မည်မျှပင်ပန်းနွမ်းနယ်နေပါစေ အသင်းတော်၏ အလုပ်သည် မည်သည့်အခါမျှ တိုးတက်ခြင်းမရှိပေ။ အပြင်ပန်းတွင် လူတိုင်းသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေပုံရသော်လည်း ၎င်းတို့သည် လက်တွေ့ကျသော ရလဒ်များစွာကို မပြီးမြောက်စေကြပေ၊ အကြောင်းမှာ အယောင်ဆောင်ခေါင်းဆောင်များသည် တာဝန်များထမ်းဆောင်ခြင်းနှင့် ဆက်စပ်သော သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယမဖွဲ့နိုင်သောကြောင့် သို့မဟုတ် လက်တွေ့ကျသော ကိစ္စရပ်များကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်ရာတွင် တည်ရှိနေသော ကိစ္စရပ်များစွာကို မဖြေရှင်းနိုင်ကြပေ။ ဥပမာအားဖြင့် တစ်ချိန်က ဘုရားအိမ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ရိုက်နှိပ်ရန် လိုအပ်ခဲ့ပြီး ခေါင်းဆောင်တစ်ဦးသည် ဤတာဝန်ကို တာဝန်ယူရန် လူနှစ်ဦးကို ရွေးချယ်ခဲ့ရသည်။ လူရွေးချယ်ခြင်းအတွက် စံနှုန်းများမှာ အဘယ်နည်း။ ၎င်းတို့၏ လူ့သဘာဝသည် အတော်အတန် ကောင်းမွန်သင့်သည်၊ ၎င်းတို့သည် ယုံကြည်စိတ်ချရသင့်ပြီး အန္တရာယ်များကို ရင်ဆိုင်နိုင်စွမ်း ရှိသင့်သည်။ လူပုဂ္ဂိုလ်များကို ရွေးချယ်ပြီးနောက် ဤခေါင်းဆောင်က ၎င်းတို့အား “ယနေ့ ကျွန်ုပ် သင်တို့နှစ်ယောက်ကို ကိစ္စတစ်ခု အပ်နှံဖို့ ခေါ်လိုက်သည်၊ ဘုရားအိမ်တော်တွင် ပုံနှိပ်ဖို့လိုသည့် စာအုပ်တစ်အုပ်ရှိသည်၊ ပြီးလျှင် သင်တို့နှစ်ယောက်က ပုံနှိပ်စက်ရုံတစ်ရုံ ရှာဖို့လိုသည်၊ ပြီးလျှင် အုပ်ရေအားလုံး ရိုက်နှိပ်ပြီးသည့်အခါ လူတို့အနေဖြင့် နှောင့်နှေးမှုမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ဖို့အတွက် သင်တို့က ဘုရားသခင် ရွေးချယ်ထားသောလူများ၏ လက်ထဲသို့ အချိန်မီ ဖြန့်ဝေပေးရမည်။ သင်တို့ ဤတာဝန်ကို ထမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားသလား။ ဤဝန်ထုပ်ဝန်ပိုးနှင့် ဤအန္တရာယ်ကို တာဝန်ယူလိုစိတ် ရှိသလား” ဟု ပြောဆိုခဲ့သည်။ ထိုလူနှစ်ဦးက ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ချီးမြှောက်ခြင်းဖြစ်သည်ဟု ယုံကြည်သောကြောင့် ဟုတ်ကဲ့ဟု ပြောခဲ့ကြသည်။ ထို့နောက် ခေါင်းဆောင်က ၎င်းတို့ကို “သင်တို့တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့ စိတ်ပိုင်းဖြတ်ချက် ရှိသလား။ ကျမ်းသစ္စာဆိုလိုစိတ် ရှိသလား” ဟု မေးမြန်းခဲ့သည်။ ထို့နောက် ထိုလူနှစ်ဦးက “အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ဘဲ ဤတာဝန်ကို ကမောက်ကမစေကာ ဘုရားအိမ်တော်၏ အလုပ်ကို ဆုံးရှုံးမှုများ ခံစားရစေပါက ကျွန်ုပ်တို့သည် ကောင်းကင်မှ မိုးကြိုးလျှပ်စီးများဖြင့် အပစ်ခံရပါစေ။ အာမင်” ဟု ပြောဆိုလျက် ကျမ်းသစ္စာဆိုခဲ့ကြသည်။ ခေါင်းဆောင်က “ထို့အပြင် ကျွန်ုပ်တို့ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ဖို့ လိုအပ်သည်။ ယခု ဤအလုပ်ကို လုပ်ဆောင်ရာတွင် သင်တို့ စီးပွားရေးလုပ်နေခြင်း ဖြစ်သလော။ သင်တို့ကို အလုပ်သမားတစ်ယောက်အနေနှင့် အလုပ်လုပ်ခိုင်းနေခြင်း ဖြစ်သလော” ဟု ဆို၏။ ထိုလူနှစ်ဦးက “မဟုတ်ပါ၊ ဤအရာက ကျွန်ုပ်တို့၏ တာဝန်ပါ” ဟု ပြန်လည်ဖြေကြားခဲ့ကြသည်။ ခေါင်းဆောင်က “ဤအရာက သင်တို့၏ တာဝန်ဖြစ်သည့်အတွက် သင်တို့က ဘုရားသခင်၏ မေတ္တာကို ပြန်ဆပ်ရမည်။ သင်တို့ ဘုရားသခင်ကို စိတ်မကောင်းမဖြစ်စေရ၊ သို့မဟုတ် ကိုယ်တော့်ကို စိုးရိမ်ပူပန်အောင် မလုပ်ရ။ အန္တရာယ်များကို ရင်ဆိုင်လိုစိတ်ရှိရုံနှင့် မလုံလောက်ပါ၊ သင်တို့၏ တာဝန်ကို သစ္စာစောင့်သိမှုနှင့် လုပ်ဆောင်ဖို့ လိုအပ်သည်။ ပြဿနာများ ကြုံတွေ့ရသည့်အခါ သင်တို့ ပိုပြီး ဆုတောင်းပြီး အချင်းချင်း တိုင်ပင်သင့်သည်။ တစ်ဇွတ်ထိုး မလုပ်နှင့်၊ ကိုယ့်အစီအစဉ်နှင့်ကိုယ် မလုပ်ဆောင်နှင့်။ ကျွန်ုပ်သည် သင်တို့နှစ်ယောက်ကို အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်ခိုင်းခဲ့သနည်း။ ကိစ္စများ ပေါ်လာသည့်အခါ ဆွေးနွေးနိုင်ဖို့ဖြစ်သည်၊ ထိုသို့ဖြင့် သင်တို့ ဆောင်ရွက်ရသည်မှာ လွယ်ကူစေရန် ဖြစ်သည်။ သဘောတူညီချက် မရနိုင်လျှင် ဆုတောင်းကြ။ လူတစ်ယောက်ချင်းစီက မိမိ၏ ထင်မြင်ချက်များကို စွန့်လွှတ်သင့်ပြီး အများသဘောတူညီမှု ရရှိမှသာ လုပ်ဆောင်သင့်သည်။ သင်တို့နှစ်ယောက် ဤအလုပ်ကို အောင်မြင်စွာ ပြီးမြောက်နိုင်လိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်သည်” ဟု ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် ဤခေါင်းဆောင်သည် မိမိ၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နည်းလမ်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ရှာဖွေခဲ့ပြီး ၎င်းတို့သုံးဦးသည် ယင်းကို အကြိမ်အနည်းငယ် ဆုတောင်းရင်းဖြင့် ဖတ်ရှုခဲ့ကြသည်။ ထိုသို့ဖြင့် ထိုကိစ္စသည် ၎င်းတို့အား အပ်နှံပြီးဖြစ်သည်ဟု မှတ်ယူခဲ့ပြီး ခေါင်းဆောင်၏ တာဝန်ဝတ္တရားသည်လည်း ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီးဖြစ်သည်ဟု မှတ်ယူခဲ့သည်။ ခေါင်းဆောင်၏ ဤအလုပ်ကို လုပ်ဆောင်မှုသည် မည်သို့ရှိခဲ့သနည်း။ ခေါင်းဆောင်သည် အတော်အတန် ကျေနပ်သည်ဟု ခံစားခဲ့ရသကဲ့သို့ ထိုလူနှစ်ဦးလည်း ကျေနပ်ခဲ့ကြသည်။ ဘေးမှကြည့်ရှုသူများက “ဤခေါင်းဆောင်သည် အလုပ်ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး အမှုအရာအနည်းငယ်ကို အမှန်တကယ်ပင် သိရှိလေသည်။ သူ၏ ပြောဆိုပုံမှာ ကောင်းစွာ စနစ်တကျရှိပြီး ခိုင်မာသော တွေးခေါ်မြော်မြင်မှုရှိသည်၊ ပြီးလျှင် သူက အရာရာကို အဆင့်ဆင့် လုပ်ဆောင်သည်။ ပထမဦးစွာ သူက ထိုနှစ်ယောက်ကို တာဝန်ခန့်အပ်သည်၊ ပြီးလျှင် သူက အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ ပါဝင်သည့် သူတို့၏ ပြဿနာများကို ဖြေရှင်းပေးသည်၊ နောက်ဆုံးမှာ သူက သူတို့ကို ကျမ်းသစ္စာဆိုပြီး ကတိပြုစေလျက် ပြင်းထန်သည့် စကားအချို့ကို ပြောဆိုခဲ့သည်။ သူက ဤအလုပ်ကို စနစ်ကျသည့်ပုံစံနှင့် အမှန်တကယ် လုပ်ဆောင်ခဲ့ပြီး သူက ခေါင်းဆောင်ဟူသော ဘွဲ့ထူးနှင့် တကယ်ပဲ ထိုက်တန်ပါသည်၊ သူက အတွေ့အကြုံရှိပြီး ဝန်တာကိုလည်း ထမ်းပါသည်” ဟု မှတ်ချက်ပေးခဲ့ကြသည်။ အဆုံးတွင် ခေါင်းဆောင်က ၎င်းတို့အား “ဤအရာကို မှတ်ထားကြ၊ စာအုပ်များ ပုံနှိပ်ခြင်းသည် လွယ်ကူသည့် တာဝန်တစ်ခု မဟုတ်၊ ယင်းမှာ သာမန်လူတစ်ယောက် တာဝန်ယူဆောင်ရွက်နိုင်သည့် အရာတစ်ခု မဟုတ်။ ဤအလုပ်ကို သင်တို့ကို ကျွန်ုပ် သို့မဟုတ် ဘုရားအိမ်တော်က အပ်နှံခဲ့ခြင်း မဟုတ်ပါ၊ ယင်းသည် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ သင်တို့ သူ့ကို စိတ်ပျက်အောင် မလုပ်ရ။ သင်တို့ ဤအလုပ်ကို ကောင်းမွန်စွာ ပြီးမြောက်အောင် လုပ်ဆောင်သရွေ့ သင်တို့၏ အသက်တာ တိုးတက်လာလိမ့်မည်၊ ပြီးလျှင် သင်တို့တွင် လက်တွေ့ကျမှု ရှိလာလိမ့်မည်” ဟု ပြောဆိုခဲ့သည်။ သဘောတရားအရ ဤစကားများ၌ စည်းမျဉ်းပိုင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပေ၊ ယင်းတို့ကို အတော်အတန် မှန်ကန်သည်ဟု မှတ်ယူနိုင်ပေသည်။ သို့ဖြစ်၍ ဤကိစ္စကို ဆန်းစစ်ပြီး ဤအယောင်ဆောင်ခေါင်းဆောင်၌ “အယောင်ဆောင်ခြင်း” သည် မည်သည့်နေရာတွင် ပေါ်လွင်ထင်ရှားခဲ့သည်ကို ကြည့်ကြစို့။ ခေါင်းဆောင်သည် ဤတာဝန်နှင့် သက်ဆိုင်သော အတတ်ပညာပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍများကဲ့သို့ အမျိုးမျိုးသော အသေးစိတ်ကိစ္စရပ်များအပေါ် ညွှန်ကြားချက်တစ်စုံတစ်ရာ ပေးခဲ့ပါသလော။ သူသည် တိကျသော သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် သတ်မှတ်ထားသော စံနှုန်းများ တစ်စုံတစ်ရာကို မိတ်သဟာယဖွဲ့ခဲ့သလော။ (မဖွဲ့ခဲ့ပါ။) သူသည် အနှစ်သာရမရှိသကဲ့သို့ အဓိပ္ပာယ်မဲ့သော စကားများ၊ လူအများစု မကြာခဏ ပြောဆိုလေ့ရှိသည့် စကားများ၊ မည်သည့်အရေးပါမှုမျှ မရှိသော စကားများကိုသာ ပြောဆိုခဲ့သည်။ ခေါင်းဆောင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောဆိုပြီး ညွှန်ကြားချက်များ ပေးနေသောကြောင့် လူတို့သည် ဤစကားများကို ပုံမှန်ထက် ပို၍ အရေးပါသည်ဟု ထင်မြင်ခဲ့ကြသော်လည်း အမှန်တကယ်တွင် ယင်းတို့သည် သက်ဆိုင်ခြင်းမရှိသော စကားအချို့ဖြစ်ပြီး စာအုပ်များ ပုံနှိပ်ခြင်းနှင့် သက်ဆိုင်သော အမှန်တကယ်ဖြစ်သည့် ကိစ္စရပ်တစ်ခုတလေကိုမျှ ဖြေရှင်းရာတွင် လုံးဝ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ သို့ဆိုလျှင် စာအုပ်ပုံနှိပ်ခြင်းတွင် ပါဝင်သော တိကျသည့် ကိစ္စရပ်အချို့မှာ အဘယ်နည်း။ ငါတို့သည် ယင်းတို့ကို ဆွေးနွေးသင့်ပြီး ဤခေါင်းဆောင် လုပ်ဆောင်ခဲ့သည့် အလုပ်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အလုပ်ဟုတ်မဟုတ်ကို ကြည့်ရှုသင့်သည်။
ပထမဦးစွာ စာအုပ်များပုံနှိပ်ခြင်းတွင် စာစီခြင်း ပါဝင်ပြီး ထို့နောက် စာမူကြမ်းပြင်ဆင်ခြင်း၊ မာတိကာနှင့် စာကိုယ်ကို ပုံစံချခြင်းအပြင် စက္ကူအလေးချိန်၊ အရောင်နှင့် အရည်အသွေးတို့လည်း ရှိသည်။ အဖုံးအတွက် ပစ္စည်း၊ ပျော့သင့်သည် သို့မဟုတ် မာသင့်သည်၊ ပြီးလျှင် အဖုံးအတွက် ဒီဇိုင်း၊ အရောင်၊ ပုံစံနှင့် စာလုံးအမျိုးအစားတို့လည်း ရှိသည်။ နောက်ဆုံးတွင် စာအုပ်ချုပ်ခြင်း၊ ကော်ကပ်စနစ် သို့မဟုတ် ချည်ချုပ်စနစ်ကို အသုံးပြုသင့်သည်ဟူ၍ ရှိသည်။ ဤအရာအားလုံးသည် စာအုပ်ပုံနှိပ်ခြင်း၏ နယ်ပယ်အတွင်း ကျရောက်သော ကိစ္စရပ်များ ဖြစ်သည်။ ခေါင်းဆောင်သည် ဤအရာများထဲမှ တစ်ခုခုကို ဆွေးနွေးခဲ့ပါသလော။ (မဆွေးနွေးခဲ့ပါ။) နောက်ထပ်ကိစ္စတစ်ခုမှာ ပုံနှိပ်စက်ရုံ ရှာဖွေခြင်းဖြစ်သည်၊ ပုံနှိပ်စက်များနှင့် စာအုပ်ချုပ်စက်များသည် နောက်ဆုံးပေါ် ဟုတ်မဟုတ်၊ ပုံနှိပ်ခြင်းနှင့် စာအုပ်ချုပ်ခြင်း၏ အရည်အသွေးသည် မည်သို့ရှိသည်၊ ပြီးလျှင် ဈေးနှုန်း၊ ဤအရာအားလုံးအတွက် ညွှန်ကြားချက်များအပြင် စည်းမျဉ်းများနှင့် အတိုင်းအတာများကိုပါ ၎င်းတို့ ပေးခဲ့သင့်သည် မဟုတ်လော။ အကယ်၍ ခေါင်းဆောင်က “ကျွန်ုပ် ဤအရာများကို နားမလည်ဘူး၊ ကြိုက်တာသာ ရှာလိုက်” ဟု ပြောခဲ့ပါက သူသည် အသုံးဝင်သော ခေါင်းဆောင်တစ်ဦး ဖြစ်မည်လော။ သူပြောဆိုခဲ့သည့် သက်ဆိုင်ခြင်းမရှိသော စကားများသည် စာအုပ်ပုံနှိပ်ခြင်းတွင် ပါဝင်သည့် အမျိုးမျိုးသော အသေးစိတ်ကိစ္စရပ်များကို အစားထိုးနိုင်သလော။ (အစားမထိုးနိုင်ပါ။) သို့တိုင်အောင် ဤအယောင်ဆောင်ခေါင်းဆောင်သည် ၎င်းတို့ အစားထိုးနိုင်သည်ဟု ယုံကြည်ခဲ့သည်။ ၎င်းတို့က “ငါ သမ္မာတရားများ အများကြီးကို မိတ်သဟာယဖွဲ့ပြီးပြီ၊ ပြီးလျှင် စည်းမျဉ်းအားလုံးကိုလည်း သူတို့ကို ပြောပြီးပြီ။ သူတို့ ဤအရာများကို နားလည်သင့်သည်” ဟု ထင်မှတ်ခဲ့သည်။ ဤ “သင့်သည်” ဆိုသည်မှာ ဤအယောင်ဆောင်ခေါင်းဆောင်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် ပြဿနာဖြေရှင်းနည်း ဖြစ်သည်။ အဆုံးတွင် စာအုပ်များ ပုံနှိပ်ပြီးသည့်အခါ စက္ကူသည် အစွမ်းအစ အလွန်ညံ့ဖျင်းပြီး အလွန်ပါးလွှာသောကြောင့် စာသားသည် နှစ်ဖက်စလုံးတွင် မြင်နိုင်နေပြီး ယင်းက သက်ကြီးရွယ်အိုများနှင့် အမြင်အာရုံမကောင်းသူများအတွက် စာအုပ်များဖတ်ရှုရန် အလွန်အားစိုက်ရပြီး ခက်ခဲစေသည်။ နောက်ဆုံးအဆင့်ဖြစ်သည့် စာအုပ်ချုပ်ခြင်းလုပ်ငန်းစဉ်၏ ပြဿနာလည်း ရှိခဲ့သည်၊ စာအုပ်ချုပ်ခြင်းသည် စံနှုန်းမီခြင်း ရှိမရှိသည် စာအုပ်တစ်အုပ်လုံး၏ အရည်အသွေးနှင့် သက်တမ်းကို သက်ရောက်မှုရှိသည်။ ခေါင်းဆောင်က ညွှန်ကြားချက်များ မပေးခဲ့သောကြောင့်လည်းကောင်း၊ ဤအလုပ်ကို ဆောင်ရွက်ခဲ့သူတို့သည် စည်းမျဉ်းများနှင့် အတွေ့အကြုံ ကင်းမဲ့သောကြောင့်လည်းကောင်း၊ တာဝန်မဲ့စွာ ဈေးဆစ်ခြင်းကို လုပ်ဆောင်ခဲ့သောကြောင့်လည်းကောင်း ပုံနှိပ်စက်ရုံသည် အရင်းကျေရုံသာဖြစ်စေရန် အလုပ်ကို ဖြစ်ကတတ်ဆန်းလုပ်ပြီး အရည်အသွေးနိမ့်သော ပစ္စည်းများကို အသုံးပြုခဲ့သည်၊ နောက်ဆုံးတွင် စာအုပ်များကို ညီအစ်ကိုမောင်နှမများထံ ဖြန့်ဝေပေးသည့်အခါ ၎င်းတို့သည် နှစ်လအတွင်း ပြုတ်ထွက်စပြုလာခဲ့သည်။ အဖုံးများနှင့် စာမျက်နှာများ ပြုတ်ထွက်ခဲ့ပြီး ပုံနှိပ်သည့်အလုပ် တစ်ခုလုံးသည် အလဟဿ ဖြစ်ခဲ့သည်။ ဤသည်မှာ မည်သူ၏ တာဝန်ဝတ္တရား ဖြစ်သနည်း။ အကယ်၍ တစ်စုံတစ်ဦးကို တာဝန်ခံခိုင်းမည်ဆိုပါက တိုက်ရိုက်တာဝန်ဝတ္တရားသည် စာအုပ်များပုံနှိပ်ခြင်းကို တာဝန်ယူသည့် လူနှစ်ဦးအပေါ် ကျရောက်မည်ဖြစ်ပြီး သွယ်ဝိုက်သော တာဝန်ဝတ္တရားသည် အယောင်ဆောင်ခေါင်းဆောင်အပေါ် ကျရောက်မည် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်က “ဤအလုပ် မှားယွင်းသွားသည့်အတွက် သင်ကျွန်ုပ်ကို အပြစ်တင်၍မရပါ၊ ကျွန်ုပ်လည်း ဤအရာကို နားမလည်ပါ။ ကျွန်ုပ် မည်သည့်အခါကမျှ စာအုပ် ပုံမနှိပ်ဖူးပါ၊ ပြီးလျှင် ကျွန်ုပ်သည် ပုံနှိပ်စက်ရုံ ပိုင်ရှင်လည်း မဟုတ်ပါ။ ဤအရာများအကြောင်း ကျွန်ုပ်က မည်သို့ သိနိုင်မည်နည်း” ဟု ပြောဆိုလျက် ဆင်ခြေတစ်ခုပင် ပေးခဲ့သေးသည်။ ဤဆင်ခြေသည် ခိုင်လုံသလော။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဤအလုပ်သည် သင်၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်း ကျရောက်သည်။ ယင်းသည် အတတ်ပညာ၊ ကျွမ်းကျင်မှု၊ အသိပညာတစ်မျိုးမျိုး သို့မဟုတ် သမ္မာတရားနှင့် သက်ဆိုင်သော အလုပ်ဖြစ်သည်ဖြစ်စေ သင်သည် ယင်း၏ အစိတ်အပိုင်းတိုင်းကို နားလည်ရန် မလိုအပ်ပေ၊ သို့သော် သင်မသိသောအရာနှင့်ပတ်သက်၍ သင်ယူရန် သင် ကြိုးစားအားထုတ်ခဲ့သလော။ သင်၏ တာဝန်ဝတ္တရားများကို အလေးအနက်ထားပြီး သတိရှိစွာဖြင့် သင် ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့သလော။ အချို့လူတို့က “ကျွန်ုပ်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းလိုပါသည်၊ သို့သော် ကျွန်ုပ်လည်း ဤအရာကို နားမလည်ပါ။ ကျွန်ုပ် မည်မျှပင် ကြိုးစားသင်ယူပါစေ၊ ကျွန်ုပ် နားမလည်နိုင်ပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် စံနှုန်းမပြည့်မီကြောင်းကို ဆိုလိုသည်၊ သင်သည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်တစ်ဦး ဖြစ်သည်။ ညီအစ်ကိုမောင်နှမများသည် စာအုပ်များ၏ အရည်အသွေး ညံ့ဖျင်းမှုကြောင့် အတော်အတန် မကျေမချမ်းဖြစ်ကြပြီး “ဤစာအုပ်များမှာ ကျွန်ုပ်တို့ကို ပိုက်ဆံမကုန်ကျစေသော်လည်း အရည်အသွေးမှာ အလွန်ညံ့ဖျင်းလှသည်။ ဤခေါင်းဆောင်သည် သူ၏အလုပ်ကို မည်သို့လုပ်ခဲ့သနည်း။ သူသည် ဤအလုပ်ကို မည်သို့ ဆောင်ရွက်ခဲ့သနည်း” ဟု ပြောဆိုခဲ့ကြသည်။ ခေါင်းဆောင်က ဤသည်ကို ကြားသည့်အခါ “သင်တို့ ထိုအတွက် ကျွန်ုပ်ကို အပြစ်တင်နိုင်မည်လော။ ကျွန်ုပ်သည် ပုံနှိပ်စက်ရုံ ပိုင်ရှင် မဟုတ်ပါ၊ ပြီးလျှင် ကျွန်ုပ်မှာ အဆုံးအဖြတ်ပေးပိုင်ခွင့် မရှိပါ။ ဒါ့အပြင် ဤသည်မှာ ဘုရားအိမ်တော်အတွက် ပိုက်ဆံချွေတာနေခြင်း မဟုတ်ပါလော။ ဘုရားအိမ်တော်အတွက် ပိုက်ဆံချွေတာခြင်းက မှားပါသလော” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ခေါင်းဆောင်၏ စကားများသည် မှန်ကန်သည်၊ ယင်းတို့မှာ မမှားပေ၊ ခေါင်းဆောင်သည် တရားဝင် တာဝန်ယူရန် မလိုအပ်ခဲ့ပေ။ သို့သော် ပြဿနာတစ်ခုရှိခဲ့သည်၊ ယင်းမှာ စာအုပ်များရိုက်နှိပ်ခြင်းအတွက် သုံးစွဲခဲ့သော ပိုက်ဆံသည် အလဟဿ ဖြစ်သွားခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများထံ ဖြန့်ဝေပေးခဲ့သော စာအုပ်များသည် နှစ်လအတွင်း ပြုတ်ထွက်ပြီး စာမျက်နှာများ ကျွတ်ထွက်စပြုလာခဲ့သည်။ မည်သူက အကျိုးဆက်များကို ခံသင့်သနည်း။ ဤသည်မှာ ခေါင်းဆောင်၏ တာဝန်ဝတ္တရား မဟုတ်ခဲ့လော။ ဤသည်မှာ သင် ခေါင်းဆောင်အဖြစ် အစေခံခဲ့သည့်အချိန်အတွင်း သင်၏ အလုပ်နယ်ပယ်အတွင်း၌ ဖြစ်ပွားခဲ့သည်၊ သို့ဖြစ်၍ သင် တာဝန်မယူသင့်လော။ သင်သည် ဤတာဝန်အတွက် အပြစ်တင်ခံရခြင်းမှ ကင်းလွတ်ခွင့်မရှိပါ၊ သင်၏ တာဝန်ကို သင် မငြင်းပယ်နိုင်ပါ။ အချို့လူတို့က “ကျွန်ုပ် ဤအလုပ်ကို အရင်က တစ်ခါမျှ မလုပ်ဖူးပါ။ ကျွန်ုပ် တစ်ခါမျှ မလုပ်ဖူးသည့် အလုပ်တစ်ခုတွင် အမှားများလုပ်ဖို့ ကျွန်ုပ်ကို ခွင့်မပြုဘူးလား” ဟု ဆင်ခြင်တုံတရားမရှိသော နည်းလမ်းဖြင့်ပင် ပြောဆိုကောင်း ပြောဆိုနိုင်သည်။ ဤစကားကို အခြေခံရုံမျှဖြင့် သင်သည် သင်၏ အလုပ်နှင့် မထိုက်တန်ဘဲ သင့်ကို ဖြုတ်ချသင့်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် မထိုက်တန်ချေ၊ သင်သည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်တစ်ဦး ဖြစ်သည်။ နှစ်လိုဖွယ်ကောင်းသော စကားလုံးပေါင်းများစွာကို ပြောဆိုခြင်း၊ သို့သော် လက်တွေ့ကျသော အလုပ်တစ်ခုတလေမျှ မလုပ်ဆောင်ခြင်း၊ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အထင်ရှားဆုံးသော သရုပ်သကန် ဖြစ်သည်။
အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်တစ်ခုစီတိုင်းကို ကောင်းမွန်စွာနှင့် ခိုင်မာစွာ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် အထွေထွေကိစ္စအချို့ကိုသာ ကိုင်တွယ်နိုင်ကြပြီး ထို့နောက်တွင် ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် စံနှုန်းပြည့်မီသည်ဟုလည်းကောင်း၊ ၎င်းတို့သည် အံ့ဩဖွယ်ကောင်းသည်ဟုလည်းကောင်း ယုံကြည်ကြကာ ၎င်းတို့သည် “ကျွန်ုပ်က အသင်းတော်မှာ အရာရာတိုင်းအတွက် စိုးရိမ်ပူပန်ရသည်၊ ပြီးလျှင် ပြဿနာတိုင်းကို ကိုင်တွယ်ရသည်။ အသင်းတော်က ကျွန်ုပ်မရှိဘဲ ဖြစ်နိုင်ပါ့မလား။ ကျွန်ုပ်သာ သင်တို့အတွက် စုဝေးပွဲများ မကျင်းပခဲ့လျှင် သင်တို့ ဖရိုဖရဲဖြစ်နေသော သဲတစ်ပုံကဲ့သို့ ဖြစ်သွားမည် မဟုတ်ဘူးလား။ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို ကျွန်ုပ်သာ စောင့်ကြည့်ပြီး ထိန်းသိမ်းကူညီခြင်း မရှိခဲ့လျှင် ယင်းကို အဆက်မပြတ် နှောင့်ယှက်နေသည့်လူများ ရှိမည်မဟုတ်ဘူးလား။ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်က ချောချောမွေ့မွေ့ ရှေ့ဆက်နိုင်ပါ့မလား။ ဓမ္မတေးအလုပ်တွင် ကျွန်ုပ်က လူပြိန်းတစ်ယောက် ဖြစ်လျှင်ပင်၊ ကျွန်ုပ်သာ သင်တို့၏အလုပ်ကို မကြာခဏ လာမစစ်ဆေးလျှင်၊ သင်တို့အတွက် ထိန်းကွပ်မပေးလျှင်၊ ပြီးလျှင် သင်တို့အတွက် စုဝေးပွဲများ မစီစဉ်ပေးလျှင် သင်တို့ ထိုဓမ္မတေးများကို ထုတ်လုပ်နိုင်ပါ့မလား။ သင်တို့အနေဖြင့် အမှုအရာများကို နားလည်ဖို့ အချိန်မည်မျှ ကြာမည်နည်း” ဟု ပြောဆိုလျက် မကြာခဏ ဝါကြွားကြသည်။ ဤစကားများသည် ကျိုးကြောင်းဆီလျော်ပြီး မှန်ကန်သည်ဟု ထင်ရနိုင်သော်လည်း အကယ်၍ သင်သည် သေချာကြည့်ရှုပါက ဤအယောင်ဆောင်ခေါင်းဆောင်များ ကြီးကြပ်သော အတတ်ပညာပိုင်းဆိုင်ရာ အလုပ်အမျိုးမျိုးသည် မည်သို့ တိုးတက်နေသနည်း။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်သလော။ (မဖွဲ့နိုင်ပါ။) တစ်ချိန်က ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့သည် ဝတ်စုံအရောင်များ ကိစ္စနှင့်ပတ်သက်၍ ရှာဖွေခဲ့သည်။ ၎င်းတို့သည် ဓာတ်ပုံအနည်းငယ် ရိုက်ကူးခဲ့ပြီး ဓာတ်ပုံများထဲရှိ နောက်ခံများနှင့် လူများသည် ကွဲပြားကြသော်လည်း ဝတ်စုံအရောင်များသည် အခြေခံအားဖြင့် အရောင်အသွေးတစ်မျိုးတည်းသာ ရှိနေသည်၊ ယင်းတို့အားလုံးသည် မြေကြီးရောင် မီးခိုးရောင်များနှင့် အဝါရောင်များ ဖြစ်ကြသည်။ ငါက “ဘာဖြစ်နေသနည်း။ သူတို့ အဘယ်ကြောင့် ဤအရောင်များကို ဝတ်ထားကြသနည်း” ဟု မေးမြန်းခဲ့သည်။ ၎င်းတို့က ဤအရောင်များကို တမင်တကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ကြီးစွာ အားသွန်ခွန်စိုက်ပြုပြီး ကြိုးစား၍ ဈေးထဲမှ ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ငါက “သင်တို့ အဘယ်ကြောင့် ဤအရောင်များကို ရွေးချယ်ခဲ့သနည်း။ အထက်က ထိုကိစ္စနှင့်ပတ်သက်၍ သင်တို့ကို ညွှန်ကြားချက်များ ပေးခဲ့သလား။ အထက်က သင်တို့ကို အရောင်အမျိုးမျိုး သုံးဖို့၊ ပြီးလျှင် အရောင်များက ဂုဏ်သိက္ခာရှိပြီး တင့်တယ်လျောက်ပတ်ဖို့ ညွှန်ကြားခဲ့ခြင်း မဟုတ်ဘူးလား။ ဤရလဒ်က မည်သို့ဖြစ်လာရသနည်း” ဟု ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် စုံစမ်းမေးမြန်းပြီးနောက် အချို့လူတို့က “တခြားအရောင်များက လုံလောက်အောင် ဂုဏ်သိက္ခာရှိပြီး တင့်တယ်လျောက်ပတ်ပုံ မပေါ်ပါ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သူများ သို့မဟုတ် သူတော်စင်များ ဝတ်ဆင်သည့်အဝတ်အစားများနှင့် မတူပါ။ ဤအရောင်အသွေးကသာ ယုံကြည်သူများ ဝတ်ဆင်သင့်သည့်အရာနှင့် ပိုတူသည်။ ဒါကြောင့် လူတိုင်းက ဤအရောင်မျိုးများနှင့် အဝတ်အစားများ ဝတ်ဆင်ခြင်းက ဘုရားသခင်အဖို့ ဘုန်းအထင်ရှားဆုံး ဖြစ်စေပြီး ဘုရားအိမ်တော်၏ ပုံရိပ်ကို အကောင်းဆုံး ကိုယ်စားပြုသည်ဆိုသည့် အမြင်ကို မျှဝေခဲ့ကြသည်” ဟု ပြောဆိုခဲ့ကြသည်။ ငါက “ငါ သင်တို့အားလုံးကို ဤအရောင်များဖြင့် အဝတ်အစားများ ဝတ်ဆင်ဖို့ မည်သည့်အခါကမျှ မပြောခဲ့ပါ။ ဂုဏ်သိက္ခာရှိပြီး တင့်တယ်လျောက်ပတ်သည့် အရောင်များ များစွာရှိသည်။ လူသားမျိုးနွယ်နှင့် သူ၏ ပဋိညာဉ်၏ နိမိတ်လက္ခဏာတစ်ခုအဖြစ် ဘုရားသခင်က ဖန်တီးခဲ့သည့် သက်တံက မည်မျှလှပသည်ကို စဉ်းစားကြည့်လော့။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းရောင်များ ရှိသည်၊ သင်တို့ ဝတ်ထားသည့်အရောင်များမှလွဲ၍ အရောင်တိုင်း ကိုယ်စားပြုပါဝင်သည်။ သင်တို့ အဘယ်ကြောင့် ထိုအရောင်များကို ရွေးချယ်ခဲ့သနည်း” ဟု ပြောဆိုခဲ့သည်။ ၎င်းတို့၏ ခေါင်းဆောင်သည် ဤကိစ္စရပ်များနှင့်ပတ်သက်၍ စိစစ်အတည်ပြုသည့် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခဲ့ပါသလော။ ၎င်းတို့ လုံးဝ မလုပ်ဆောင်ခဲ့ဟု ငါ ပြောရဲသည်။ အကယ်၍ ခေါင်းဆောင်သည် စင်ကြယ်သော သဘောပေါက်နားလည်မှု ပိုင်ဆိုင်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို အမှန်တကယ် နားလည်ခဲ့ပါက ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့၏ အဖွဲ့ဝင်များသည် ထိုသို့သော ဝတ်စုံများကို ရွေးချယ်ပြီး ၎င်းတို့အကြောင်းကို အထက်သို့ တိုင်ပင်မည် မဟုတ်ပေ။ ဝတ်စုံများ၏ ကိစ္စကို အောက်အဆင့်တွင် ဖြေရှင်းနိုင်ခဲ့မည် ဖြစ်သော်လည်း အယောင်ဆောင်ခေါင်းဆောင်သည် ယင်းကို ကိုင်တွယ်ရန် အရည်အချင်းမရှိခဲ့ပေ။ ထိုအစား ၎င်းတို့သည် အရှက်မရှိဘဲ အထက်သို့ ယင်းအကြောင်းကို မေးမြန်းခဲ့သည်။ ဤသို့သော လူတစ်ဦးကို ပြုပြင်ခြင်း မပြုသင့်လော။ ဤအယောင်ဆောင်ခေါင်းဆောင်သည် ဤအရိုးရှင်းဆုံးသော ပြဿနာကိုပင် မဖြေရှင်းနိုင်ခဲ့ပေ၊ ၎င်းသည် အဘယ်အသုံးဝင်သနည်း။ သင်သည် အမှိုက်တစ်စပင် ဖြစ်သည်။ သင့်ကို ဘုရားသခင်အား ဘုန်းထင်ရှားစေရန်နှင့် ကိုယ်တော်အား သက်သေခံရန် တောင်းဆိုခဲ့သော်လည်း အဆုံးတွင် သင်သည် ဘုရားသခင်ကို ဂုဏ်သရေပျက်စေခဲ့သည်။ သင်သည် များစွာ နားလည်သည် မဟုတ်လော။ သင်သည် ကြွယ်ဝသော သိမြင်မှုနှင့် အယူဝါဒများစွာကို ရှင်းလင်းစွာ မပြောဆိုနိုင်သလော။ သို့ဆိုလျှင် အဘယ်ကြောင့် ထိုအယူဝါဒအားလုံးနှင့် ထိုသိမြင်မှုအားလုံးတို့သည် ဤအခြေအနေတွင် အကျိုးသက်ရောက်မှု မရှိခဲ့သနည်း။ ဝတ်စုံများ၏ ကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းရန်နှင့် စိစစ်အတည်ပြုရန် သင် မည်သို့များ ပျက်ကွက်နိုင်ခဲ့သနည်း။ သင်သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် ရှိသင့်သည့် အကျိုးသက်ရောက်မှု ရှိခဲ့သလော။ သင်သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့သလော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန် ဖြစ်သည်။ မည်သည့် တိကျသော တာဝန်တွင်မဆို အယောင်ဆောင်ခေါင်းဆောင်များသည် စည်းမျဉ်းများကို နားလည်မှု ကင်းမဲ့ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လွဲချော်စွာ သဘောပေါက်နားလည်ခြင်း၏ ကိစ္စရပ်တစ်ခုတလေကိုမျှ အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ခြင်းနှင့် ဖြေရှင်းခြင်းကို မပေးစွမ်းနိုင်ပေ၊ ပြီးလျှင် ဤမှတစ်ဆင့် လူတို့ကို လမ်းညွှန်မှုနှင့် လမ်းကြောင်းတစ်ခု ရှာဖွေတွေ့ရှိစေရန် ထောက်ကူပေးနိုင်စွမ်း မရှိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုပြီး ကြွေးကြော်သံများကို ဟစ်ကြွေးရုံသာ တတ်နိုင်သည်၊ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်တစ်ခုတလေကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။
အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်ဆောင် သို့မဟုတ် မိမိတို့၏ သင့်တင့်လျောက်ပတ်သော တာဝန်ကို ဂရုမစိုက်
အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်တကယ့်အလုပ်ကိုမျှ လုပ်နိုင်စွမ်း မရှိကြသော်လည်း အရေးမပါသော အထွေထွေကိစ္စအချို့ကို ကိုင်တွယ်ကြပြီး ဤသည်မှာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်းဖြစ်သည်၊ ၎င်းတို့၏ တာဝန်ဝတ္တရားများ၏ နယ်ပယ်အတွင်း ကျရောက်သည်ဟု ထင်မှတ်ကြသည်။ ထို့အပြင် ၎င်းတို့သည် ဤကိစ္စရပ်များကို အလွန်အလေးအနက်ထားသော ပုံစံဖြင့် ကိုင်တွယ်ကြပြီး အမှန်တကယ်ပင် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ကာ အလွန်သင့်တင့်လျောက်ပတ်သော ပုံစံဖြင့် ဆောင်ရွက်ကြသည်။ ဥပမာအားဖြင့် အသင်းတော်၌ ယခင်က မုန့်ဖုတ်ဆရာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးသော လူတစ်ဦး ရှိခဲ့သည်။ တစ်နေ့တွင် သူသည် မေတ္တာစိတ်ကြီးမားစွာဖြင့် ငါ့အတွက် မုန့်ဖုတ်ကို ဖုတ်ပေးရမည် ဆုံးဖြတ်ခဲ့ပြီး ဤအကြောင်းကို ငါ့အား အသိမပေးဘဲ ထိုသို့ပြုလုပ်ရန် ပြင်ဆင်ခဲ့သည်။ သူက သူ၏ခေါင်းဆောင်များကို ယင်းသို့ လုပ်ခွင့် ရှိမရှိ မေးမြန်းခဲ့ရာ ၎င်းတို့က “လုပ်သာလုပ်ပါ။ အရသာကောင်းလျှင် ကျွန်ုပ်တို့ ဘုရားသခင်ကို ဆက်ကပ်မည်။ မကောင်းလျှင် ကျွန်ုပ်တို့အားလုံး စားကြမည်” ဟု ပြောဆိုခဲ့သည်။ သူသည် ခေါင်းဆောင်များ၏ ခွင့်ပြုချက်ကို ရရှိခဲ့ရာ ဤအလုပ်ကို တရားဝင်ပြီး သင့်လျော်သော အလုပ်ဖြစ်သွားစေခဲ့သည်၊ သို့ဖြစ်၍ သူသည် ပါဝင်ပစ္စည်းများကို အမြန်စုဆောင်းပြီး တစ်သုတ်ကို ဖုတ်ကာ ဤသို့ပြောဆိုခဲ့သည်။ “အရသာကောင်းမကောင်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်း ရှိမရှိ၊ ကိုယ်တော်၏ အရသာနှင့် ကိုက်ညီခြင်း ရှိမရှိကို ကျွန်ုပ်မသိပါဘူး” ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်များက “ထိုအရာမှာ လွယ်ကူပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ အချိန်အနည်းငယ်နှင့် ကျန်းမာရေးတို့ကို စွန်လွှတ်အနစ်နာခံပြီး ဘုရားသခင်အတွက် စွန့်စားကြည့်ကြမည်။ ကျွန်ုပ်တို့ အရင်မြည်းစမ်းပြီး ဘုရားသခင်အတွက် စစ်ဆေးပေးပါ့မည်။ အရသာမကောင်းဘဲ ဘုရားသခင်ကို စားခိုင်းလျှင် ကိုယ်တော် စိတ်အနှောင့်အယှက်ဖြစ်ပြီး ကျွန်ုပ်တို့အပေါ် အလွန်စိတ်ပျက်သွားပါလိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင်များအနေဖြင့် ဤကိစ္စနှင့်စပ်လျဉ်း၍ စစ်ဆေးပေးရန် ကျွန်ုပ်တို့တွင် တာဝန်နှင့် ဝတ္တရားတို့ ရှိသည်။ ဤသည်မှာ တကယ့်အလုပ်ကို လုပ်ဆောင်ခြင်း ဖြစ်ပါသည်” ဟု ပြန်ပြောခဲ့သည်။ ထို့နောက်တွင် “တာဝန်သိစိတ်” အနည်းငယ်ရှိသော အဖွဲ့ခေါင်းဆောင်တိုင်းသည် မုန့်များကို မြည်းစမ်းခဲ့ကြသည်။ မြည်းစမ်းပြီးနောက် ၎င်းတို့က “ဤတစ်သုတ်အတွက် မုန့်ဖုတ်စက်မှာ မီးပြင်းသွားသည်၊ အပူချိန်အလွန်ပြင်းပြီး ယင်းတို့သည် ဝမ်းထဲတွင် အပူများစေနိုင်သည်။ ယင်းတို့သည် အနည်းငယ်လည်း ခါးသက်သည်။ ယင်းမှာ မကောင်းပါ။ ကျွန်ုပ်တိုတွင် တာဝန်ယူလိုသည့် သဘောထားရှိဖို့လိုပြီး နောက်တစ်သုတ်ဖုတ်၍ ထပ်မြည်းစမ်းကြည့်ရမည်” ဟု သုံးသပ်ပြောဆိုခဲ့ကြသည်။ ဤတစ်သုတ်ကို မြည်းစမ်းပြီးနောက် ၎င်းတို့က “ဤတစ်သုတ်တွင် အဆင်ပြေသွားသည်။ ယင်းတွင် ထောပတ်အနံ့၊ ကြက်ဥအရာသာနှင့် နှမ်းစေ့များပင် ပါသည်။ ယင်းမှာ မုန့်ဖုတ်ဆရာတစ်ဦး၏ လက်ရာအမှန်ပင် ဖြစ်သည်။ များလွန်းပြီး ဘုရားသခင်က တစ်ဦးတည်း ကုန်အောင် မစားနိုင်သည့်အတွက် ၁၀ခု သို့မဟုတ် အခု၂၀ ကို ပုလင်းလေးများထဲတွင်ထည့်ကာ ဘုရားသခင်ကို အမြည်းအနေဖြင့် စားရန် ပူဇော်ဆက်ကပ်ကြစို့။ ဘုရားသခင်က ယင်းတို့ကို အရသာရှိသည်ဟု မြင်လျှင် ပိုကြီးမားသော အသုတ်များကို ကျွန်ုပ်တို့ ဆက်ဖုတ်နိုင်သည်” ဟု ပြောဆိုခဲ့ကြသည်။ ၎င်းတို့သည် ငါ့အား ပုလင်းတစ်လုံးကို ပေးခဲ့ပြီး ငါသည် နှစ်ခုကို မြည်းစမ်းကြည့်ခဲ့သည်။ ငါသည် ယင်းတို့ကို အသင့်အတင့် အသစ်အဆန်း ဖြစ်သော်လည်း အဓိကအစားအစာအဖြစ် မသင့်တော်ဟု တွေးထင်ခဲ့သဖြင့် စားသုံးခြင်းကို ရပ်တန့်ခဲ့သည်။ အချို့လူများကမူ ၎င်းတို့သည် ဘုရားအိမ်တော်၏ အသင်းသားတစ်ဦး၏ အိမ်ချက်လက်ရာ ဖြစ်ကြောင်း၊ မေတ္တာ၊ သစ္စာစောင့်သိမှုနှင့် ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်နေကြောင်းနှင့် အရသာမှာ သာမန်မျှသာ ဖြစ်သော်လည်း အဓိပ္ပာယ်များစွာ ဆောင်ကြောင်းကိုပင် တွေးထင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ငါသည် မုန့်ပုလင်းကို ပြန်ပေးခဲ့သည်။ ငါသည် ထိုသို့သောအရာများကို စိတ်မဝင်စားသကဲ့သို့ ယင်းတို့ကို စားချင်စိတ်လည်း မရှိပေ။ ထို့အပြင် ငါသည် မုန့်စားချင်စိတ် အာသာပြင်းပြနေပါက ဈေးထဲတွင် အရသာအမျိုးမျိုးနှင့် နိုင်ငံအသီးသီးမှ မုန့်များကို ငွေများစွာမသုံးဘဲ ဝယ်ယူနိုင်သည်။ ထို့နောက်တွင် ငါသည် ၎င်းတို့ကို “စေတနာကို ငါအသိအမှတ်ပြုပါသည်၊ သို့သော် ငါ့အတွက် နောက်ထပ် မလုပ်ကြပါနှင့်။ ငါစားမည်မဟုတ်ပါ၊ အကယ်၍ ငါစားချင်လျှင် ငါကိုယ်တိုင် ဝယ်ပါမည်။ လိုအပ်ချက် ပေါ်ပေါက်လာပါက သင်တို့ကို ငါခိုင်းသည့်အခါမှသာ လုပ်ဆောင်လော့၊ အကယ်၍ ငါသင်တို့ကို လုပ်ဆောင်ရန် မပြောပါက နောက်တစ်ကြိမ် ထပ်ဖုတ်ရန် မလိုအပ်တော့ပါ” ဟု ပြောခဲ့သည်။ ဤသည်မှာ အတော်အတန် နားလည်ရန် လွယ်ကူသည် မဟုတ်လော။ အကယ်၍ ၎င်းတို့သည် ကောင်းကောင်းမွန်မွန်ဖြင့် ပြုမူပြီး နာခံတတ်ပါက ငါ၏နှုတ်ကပတ်တော်များကို အမှတ်ရပြီး နောက်တစ်ကြိမ် ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ကြပေမည်။ ဘုရားသခင် စကားပြောသည့်အခါ ဟုတ်သည်ဆိုလျှင် ဟုတ်သည်၊ မဟုတ်ဘူးဆိုလျှင် မဟုတ်ဘူးဖြစ်ပြီး “တစ်ခုမျှ မလုပ်နှင့်” ဆိုသည်မှာ “တစ်ခုမျှ မလုပ်နှင့်” ဟု အဓိပ္ပာယ်ရသည်။ သို့သော် အချိန်အနည်းငယ် ကြာပြီးနောက် ၎င်းတို့သည် ငါ့ထံသို့ နောက်ထပ် မုန့်နှစ်ပုလင်းကို ပို့ပေးခဲ့သည်။ ငါသည် ၎င်းတို့ကို “သင်တို့ကို နောက်ထပ် မလုပ်ကြတော့ရန် ငါမပြောခဲ့ဘူးလား” ဟု ပြောလိုက်သည်။ ၎င်းတို့က “ဤသည်တို့မှာ ပြီးခဲ့သည့်အခေါက်နှင့် မတူပါ” ဟု ပြန်ပြောလေသည်။ ငါက “မတူလျှင်ပင် ယင်းတို့သည် မုန်းများသာ ဖြစ်သည်။ မည်သည့်မုန့်ကိုမျှ ဖုန့်စရာ လုံးဝ မလိုအပ်ပါ။ ငါသည် ယဉ်ယဉ်ကျေးကျေး ပြောနေခြင်း မဟုတ်။ ငါ အနည်းငယ် စားလိုလျှင် သင်တို့အား ငါအသိပေးမည်။ လူ့စကားကို သင်နားမလည်နိုင်သလော။ နောက်ထပ် မလုပ်တော့နှင့်” ဟု တုံ့ပြန်ခဲ့သည်။ ဤစကားများသည် သဘောပေါက်နားလည်နိုင်ဖွယ် ရှိသလော။ (ရှိပါသည်။) သို့တိုင်အောင် ယင်းတို့ကို ဖုတ်သည့်သူသည် အဘယ်ကြောင့် အမြဲတမ်း မေ့လျော့နေပုံရသနည်း။ အကယ်၍ သူ၏ခေါင်းဆောင်များသည် သူ့ကို စစ်ဆေးနိုင်ပြီး ဤအရာကိုလုပ်ဆောင်ရန် သူနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် သူ့ကို အားပေးခြင်းမပြုဘဲ သူ့ကို ချက်ချင်း ကန့်သတ်နိုင်ခဲ့ပါက မုန့်များကို လုပ်သူသည် ထပ်လုပ်ဝံ့ဦးမည်လော။ အနည်းဆုံးအနေဖြင့် သူသည် ဤမျှ ရဲတင်းစွာနှင့် မရိုးမဖြောင့် လုပ်ဆောင်မည် မဟုတ်ပေ။ သို့ဆိုလျှင် ထိုခေါင်းဆောင်တို့သည် ဤအခြေအနေတွင် မည်သို့သော အကျိုးသက်ရောက်မှု ရှိခဲ့သနည်း။ ၎င်းတို့သည် အသေးအဖွဲကိစ္စကအစ အသေးစိတ် လိုက်လံစီမံခန့်ခွဲကြသည်၊ အရာရာတိုင်းတွင် ဝင်ရောက်စွက်ဖက်ကြပြီး ငါ့ကိုယ်စား စစ်ဆေးမှုများ ပြုလုပ်ရန် တာဝန်ယူခဲ့ကြသည်။ ၎င်းတို့သည် အလွန် “မေတ္တာကြီးကြသည်”မှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင်ပင် ဖြစ်၏။ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်လော။ ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သော စည်းမျဉ်းများအတွင်း ဤသို့လုပ်ဆောင်ရန် ညွှန်ကြားချက်များ မရှိခဲ့သကဲ့သို့ ငါသည် ၎င်းတို့ကို ဤတာဝန်ကို အပ်နှင်းခဲ့ခြင်းလည်း မရှိပေ၊ ယင်းကို လူတို့က စတင်ခဲ့ခြင်းဖြစ်ပြီး ငါတောင်းဆိုခဲ့ခြင်း မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် ဤခေါင်းဆောင်များသည် ဤတာဝန်ကို ဤမျှ တက်ကြွစွာ ထမ်းဆောင်ခဲ့ကြသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခုဖြစ်သည်၊ ၎င်းတို့၏ သင့်လျော်သော အလုပ်ကို ဂရုမစိုက်ခြင်းပင် ဖြစ်သည်။ အသင်းတော်၌ ၎င်းတို့ လိုက်လံဆောင်ရွက်ရန်၊ စစ်ဆေးရန်နှင့် တိုက်တွန်းရန် လိုအပ်သော တာဝန်များစွာ ရှိခဲ့ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့် ၎င်းတို့ ဖြေရှင်းပေးရန် လိုအပ်သော လက်တွေ့ကျသည့် ပြဿနာများစွာ ရှိခဲ့သော်လည်း ၎င်းတို့သည် ထိုအလုပ်များထဲမှ တစ်ခုကိုမျှ မလုပ်ဆောင်ခဲ့ကြပေ။ ထိုအစား ၎င်းတို့သည် မီးဖိုချောင်ထဲတွင် ငါ့အတွက် မုန့်မြည်းစမ်းပေးရန် အတော်အတန် အလဟဿနေခဲ့ကြသည်။ ဤကိစ္စတွင် ၎င်းတို့သည် အတော်အတန် အလေးအနက်ထားပြီး ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာ မဟုတ်လော။ ဤသည်မှာ အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းနေပြီ မဟုတ်လော။ အချိန်အနည်းငယ် ကြာပြီးနောက် ဤကိစ္စသည် ပြန်လည်ပေါ်ပေါက်လာမည်ဟု ငါ မည်သည့်အခါကမျှ မမျှော်လင့်ခဲ့ပေ။ မုန့်များကို ဖုတ်ခဲ့သူသည် ငါ့အတွက် နောက်တစ်ကြိမ် စတင် ပြုလုပ်ပေးလိုခဲ့သည်။ ငါသည် ခေါင်းဆောင်တစ်ဦးကို အတိအကျ ပြောဆိုခဲ့သည်မှာ “သင်သွားပြီး ဤအရာကို ဖြေရှင်းလော့။ သင်သည် ဤအရာကို သူ့အား အသေအချာ ရှင်းပြရန် လိုအပ်သည်။ အကယ်၍ သူထပ်လုပ်ပါက ငါသည် သင့်ကို တာဝန်ခံခိုင်းမည်” ဟူ၍ ဖြစ်သည်။ အသင်းတော်၌ လုပ်ဆောင်ရန် အလုပ်များစွာရှိရာ မည်သည့်တာဝန်မဆို ၎င်းတို့ကို အချိန်အတန်ကြာ အလုပ်များစေမည်ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤမျှလောက် အလဟဿနေနေကြသနည်း။ ၎င်းတို့သည် ဤနေရာသို့ လာသည်မှာ ၎င်းတို့ ဝဖြိုးအောင် လုပ်ရန်ဖြစ်သလော သို့မဟုတ် အကျိုးမဲ့ စကားပြောဆိုရန်ဖြစ်သလော။ ဤနေရာမှာ ထိုအရာများအတွက် နေရာမဟုတ်ပေ။ ထို့နောက်တွင် ဤကိစ္စနှင့်ပတ်သက်၍ နောက်ဆက်တွဲ သတင်းမကြားရတော့ပေ။ ငါသည် ထိုညွှန်ကြားချက်ကို ပေးပြီးသည်နှင့် ခေါင်းဆောင်သည် မည်သည့်အစီရင်ခံစာကိုမျှ မပေးခဲ့ပေ။ မည်သို့ပင်ဖြစ်စေ မည်သူမျှ ငါ့ထံသို့ ထိုမုန့်ငယ်များကို ထပ်မပို့တော့ရာ အတော်အတန် စိတ်သက်သာရာရခဲ့သည်။ ဤအဖြစ်အပျက်ကို အကဲဖြတ်ကြည့်လျှင် ဤခေါင်းဆောင်များသည် ၎င်းတို့၏ သင့်လျော်သော အလုပ်ကို ဂရုမစိုက်နေခဲ့ကြဟု ငါတို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤကိစ္စသည် ထိုမျှလောက်ပင် ဆိုးရွားခြင်းမရှိသေးပါ၊ ပို၍ ဆိုးရွားသော ကိစ္စများ ရှိသေးသည်။
ငါသည် အသင်းတော်အချို့သို့ လှည့်ပတ်ကြည့်ရှုရန်၊ ခေါင်းဆောင်များနှင့် တွေ့ဆုံရန်၊ အလုပ်အချို့အတွက် ညွှန်ကြားချက်များပေးရန်နှင့် ပြဿနာအချို့ကို ဖြေရှင်းရန် မကြာခဏ သွားရောက်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် ငါသည် ဤအသင်းတော်များတွင် နေ့လယ်စာ စားသုံးရသဖြင့် မည်သူက အစားအသောက်ကို ပြင်ဆင်မည်ဟူသော မေးခွန်း ပေါ်ပေါက်လာသည်။ ထိုခေါင်းဆောင်များသည် အလွန် တာဝန်သိတတ်ကြသဖြင့် စားဖိုမှူးတစ်ဦးဖြစ်သည်ဟု ဆိုသူတစ်ဦးကို ရွေးချယ်ခဲ့ကြသည်။ ငါက “သူစားဖိုမှူး ဟုတ်မဟုတ်က အရေးမကြီးပါ၊ အရေးကြီးသည်မှာ ငါသည် ရိုးရှင်းသော အစားအစာကို ပိုနှစ်သက်ခြင်း ဖြစ်သည်။ ငါသည် ပါဝင်ပစ္စည်းများ၏ မူလအရသာကို မြည်းစမ်းလိုသည်။ အစားအစာသည် အလွန်ငန်ခြင်း၊ ဆီများခြင်း သို့မဟုတ် အရသာစူးရှခြင်း မဖြစ်သင့်ပေ။ ဆောင်းရာသီတွင် ငါသည် ပူနွေးသောအရာတစ်ခုခုကို စားသုံးရန် လိုအပ်သည်။ ထို့အပြင် အစားအစာသည် ကျက်အောင် ချက်ထားရမည်၊ မကျက်တကျက် မဖြစ်စေရ၊ ပြီးလျှင် အစာကြေလွယ်ရမည်” ဟု ပြောဆိုခဲ့သည်။ ဤစည်းမျဉ်းများကို ငါရှင်းလင်းစွာ ဆွေးနွေးပြောကြားခဲ့သည် မဟုတ်လော။ ယင်းတို့သည် လုပ်ဆောင်ရန် လွယ်ကူခဲ့သလော။ ယင်းတို့သည် မှတ်မိရန်ရော လုပ်ဆောင်ရန်ပါ လွယ်ကူခဲ့သည်။ သုံးနှစ်မှ ငါးနှစ်အထိ ချက်ပြုတ်ခဲ့သော အိမ်ရှင်မတစ်ဦးသည် ဤစည်းမျဉ်းများကို သဘောပေါက်ပြီး လုပ်ဆောင်နိုင်ပေမည်။ ထို့ကြောင့် ငါ၏အစားအစာကို ချက်ပြုတ်ရန် စားဖိုမှူးတစ်ဦးကို မရမက ရှာဖွေဖို့ မလိုအပ်ခဲ့ပေ၊ အိမ်ချက်ဟင်းလျာများကို ချက်ပြုတ်နိုင်သူတစ်ဦးသည် လုံလောက်မည်ဖြစ်သည်။ သို့သော် ဤခေါင်းဆောင်များသည် အလွန် “မေတ္တာကြီးကြသဖြင့်” ၎င်းတို့ ငါ့ကို ဧည့်ခံသည့်အခါ အစားအသောက်ပြင်ဆင်ရန် “စားဖိုမှူး” တစ်ဦးကို မရမက ရှာဖွေခဲ့ကြသည်။ စားဖိုမှူးက ငါ့အတွက် တရားဝင် မချက်ပြုတ်မီတွင် ခေါင်းဆောင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။ ၎င်းတို့ မည်သို့များ ဤအရာကို ပြုလုပ်ခဲ့ကြသနည်း။ ၎င်းတို့သည် စားဖိုမှူးအား ဖက်ထုပ်တစ်ဗန်းစာနှင့် ဟင်းအနှစ်ဖြင့်နယ်စားသော ခေါက်ဆွဲတစ်ပွဲ ချက်ပြုတ်စေခဲ့ပြီး အကြော်အလှော် ဟင်းပွဲအချို့ကို ချက်စေခဲ့သည်။ ခေါင်းဆောင်များနှင့် အဖွဲ့အမျိုးမျိုး၏ အကြီးအကဲများအားလုံးသည် ယင်းတို့ကို မြည်းစမ်းခဲ့ကြပြီး ဟင်းလျာအားလုံးသည် အတော်အတန် ကောင်းမွန်သည်ကို တွေ့ရှိခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် စားဖိုမှူးအား ငါ့အတွက် ချက်ပြုတ်ပေးသည့်အလုပ်ကို တာဝန်ယူရန် တောင်းဆိုခဲ့ကြသည်။ ခေါင်းဆောင်များ၏ အရသာမြည်းစမ်းမှု ရလဒ်များနှင့် ပါဝင်သောကိစ္စရပ်များ၏ သဘောသဘာဝကို ဘေးဖယ်ထားလျက် ဤစားဖိုမှူး ပြင်ဆင်ခဲ့သော အစားအသောက်အကြောင်းကို ဦးစွာ ပြောကြစို့။ ငါပထမအကြိမ် သွားရောက်ခဲ့စဉ်က စားဖိုမှူးသည် အကြော်အလှော် ဟင်းပွဲအနည်းငယ်ကို ချက်ခဲ့ပြီး လူတိုင်း အတော်အတန် ကျေနပ်ခဲ့ကြသည်။ ဒုတိယအကြိမ်တွင် စားဖိုမှူးသည် ဖက်ထုပ်တစ်ဗန်းစာကို ပြုလုပ်ခဲ့သည်။ ပထမတစ်ခုကို စားပြီးနောက် တစ်ခုခုမှားနေသည်ကို ငါခံစားမိခဲ့သည်၊ အနည်းငယ် စပ်နေခဲ့သည်။ ငါ့ဘေးရှိ အခြားသူများကလည်း ဖက်ထုပ်များသည် အနည်းငယ် စပ်သည်ဟု ပြောဆိုခဲ့ကြပြီး ၎င်းတို့၏ လျှာများသည် စတင်ထူပူလာသကဲ့သို့ ခံစားခဲ့ကြရသည်။ သို့သော် ဖက်ထုပ်များသည် တစ်ခုတည်းသော အဓိကဟင်းဖြစ်သောကြောင့် စပ်သော်လည်း ငါသည် ၎င်းတို့ကို အကုန်စားခဲ့ရသည်။ သွပ်ထားသည့်အစာထဲတွင် ငရုတ်သီးကို မမြင်ရသောကြောင့် မည်သည့်အရာက စပ်အောင်လုပ်သည်ဖြစ်စေ ငါသည် လျစ်လျူရှုပြီး အစားအစာကို ကုန်အောင်စားခဲ့သည်။ ရလဒ်အနေဖြင့် ထိုညနေတွင် ငါ၏ခန္ဓာကိုယ်သည် ဓာတ်မတည့်မှု စတင်ဖြစ်ပေါ်ခဲ့သည်။ ငါ၏ခန္ဓာကိုယ်အနှံ့ နေရာများစွာတို့သည် အဆက်မပြတ် ယားယံလာခဲ့ပြီး ငါသည် တရစပ် ကုတ်ခြစ်နေခဲ့ရသည်၊ အယားပြေရန် သွေးထွက်သည်အထိ ကုတ်ခြစ်ခဲ့ရသည်။ ခံစားချက်သည် တဖြည်းဖြည်း မသက်သာမီအထိ သုံးရက်ကြာ ယားယံနေခဲ့သည်။ ဤဓာတ်မတည့်မှု ဖြစ်ပြီးနောက် ဖက်ထုပ်များထဲတွင် ပန်းငရုတ်ကို သေချာပေါက် ထည့်ထားကြောင်း ငါသဘောပေါက်ခဲ့သည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ဤမျှ စပ်ခဲ့မည်မဟုတ်ပေ။ ငါသည် ပန်းငရုတ်ကဲ့သို့ စပ်သောပါဝင်ပစ္စည်းများကို မခံနိုင်သောကြောင့် မထည့်ရန် ၎င်းတို့ကို အသိပေးခဲ့ပြီးဖြစ်သည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ အကြိုက်ကို ဖြည့်ဆည်းရန်အတွက် ပုံမှန်ပမာဏထက် ကျော်လွန်သည့် ပမာဏတော်တော်များများကို ထည့်ခဲ့ကြသည်၊ ထိုဖက်ထုပ်များကို စားသုံးရာတွင် စပ်သောခံစားမှုတစ်ခု ရှိခဲ့သည်။ ထိုစားဖိုမှူးသည် သူ၏ချက်ပြုတ်မှုတွင် အချိုးအစားကိုပင် ကောင်းစွာ မချိန်ဆနိုင်ခဲ့ပေ၊ သူသည် တစ်စုံတစ်ဦးကို ဓာတ်မတည့်မှုဖြစ်စေသည့် အတော်အတန်များသော ပန်းငရုတ်ကို ထည့်ခဲ့သည်။ နောက်ပိုင်းတွင် ငါသည် သူ့ကို “ထိုစပ်သော အမျိုးအမည်များကို နောက်နောင် မည်သည့်အခါမျှ မထည့်နှင့်။ ယင်းတို့ကို ငါ ခံနိုင်ရည်မရှိ။ သင်၌ လူ့သဘာဝ တစ်စက်မျှ အမှန်တကယ် ရှိပါက နောက်တစ်ကြိမ် ထပ်မလုပ်နှင့်။ သင့်အတွက်သင် ချက်ပြုတ်လျှင် သင်စားသည့်အရာကို ငါ ဝင်စွက်ဖက်မည် မဟုတ်။ သို့သော် ငါ့အတွက် သင်ချက်ပြုတ်နေသောအခါတွင် တစ်ခုမျှ မထည့်နှင့်။ ငါတောင်းဆိုသည့် စံနှုန်းများကို လိုက်နာလော့” ဟု ပြောလိုက်သည်။ သူထိုသို့ လုပ်ဆောင်နိုင်ခဲ့သလော။ ခေါင်းဆောင်များသည် ဤအလုပ်ကို ကိုင်တွယ်သင့်သည် မဟုတ်လော။ ကံမကောင်းစွာဖြင့် မည်သူမျှ ယင်းကို အရေးမစိုက်ခဲ့ကြသည့်အပြင် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်ထဲမှ တစ်ခုကိုမျှလည်း မလုပ်ဆောင်ခဲ့ကြပေ။ တစ်ကြိမ်တွင် စားဖိုမှူးသည် နောက်တစ်ကြိမ် ချက်ပြုတ်တော့မည့်ဆဲဆဲ၌ ဟင်းထဲသို့ထည့်ရန် ပန်းငရုတ်အချို့ကို ကောက်ကိုင်လိုက်ရာတွင် အနီးအနားမှ တစ်စုံတစ်ဦးက မြင်၍ သူ့ကို တားဆီးခဲ့သည်။ ၎င်းတို့ကို တင်းကျပ်စွာ ကြီးကြပ်မှုအောက်တွင် သူသည် ယင်းကို ထည့်ရန် အခွင့်အရေး မရခဲ့ပေ။ ဤမျှ သေးငယ်သော ပြဿနာလေးကို ခေါင်းဆောင်များသည် မဖြေရှင်းနိုင်ခဲ့ကြပေ၊ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ စားဖိုမှူး ချက်ပြုတ်နေသည့်အခါ ၎င်းတို့သည် မြည်းစမ်းရန် အလွန်တက်ကြွကြသည်။ လူအများအပြားသည် အရသာမြည်းစမ်းရန် သွားခဲ့ကြသည်။ ယင်းမှာ သာမန်အိမ်ချက်ဟင်းလျာတစ်ခုသာ ဖြစ်သည်၊ ယင်းနှင့်ပတ်သက်၍ မြည်းစမ်းစရာ အဘယ်အရာ ရှိသနည်း။ သင်တို့အားလုံးသည် အချက်အပြုတ်ဆိုင်ရာ ပညာရှင်များလော။ သင်တို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက် ရုတ်တရက် အရာရာကို နားလည်သွားကြသလော။ သင်တို့သည် ကျန်းမာရေး စည်းမျဉ်းများကို နားလည်ကြသလော။ ဤသို့ပြုလုပ်ရန် ဘုရားအိမ်တော်က သင်တို့ကို စီစဉ်ခဲ့သလော။ ငါ့ကိုယ်စား အစားအစာကို မြည်းစမ်းရန် သင်တို့ကို ငါသည် မည်သည့်အချိန်က အပ်နှင်းခဲ့သနည်း၊ သို့မဟုတ် တာဝန်ပေးစေခိုင်းခဲ့သနည်း။ သင်တို့သည် အလွန်ပင် ဆင်ခြင်တုံတရား ကင်းမဲ့လှသည်၊ အရှက်တရားဟူ၍ တစ်စက်မျှပင် မရှိပေ။ အရှက်တရား အနည်းငယ်ရှိသော မည်သူမဆိုသည် အလွန်ဗြောင်ကျသော၊ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး၊ အလွန်ဆင်ခြင်တုံတရား ကင်းမဲ့သော အရာတစ်ခုကို လုပ်ဆောင်မည်မဟုတ်ပေ။ ၎င်းတို့သည် ငါ့အတွက် အစားအစာကို မြည်းစမ်းခဲ့ကြသည်မှာ ယင်းက ဤလူများသည် အရှက်တရား လုံးဝမရှိကြောင်းကို ပြသလေသည်။ သင်တို့ကို ငါပြောခဲ့သော စည်းမျဉ်းများထဲမှ တစ်ခုကိုမျှ သင်တို့ လိုက်နာခြင်း သို့မဟုတ် ဖြည့်ဆည်းခြင်း မရှိပေ။ သင်တို့အတွက် အရသာကောင်းပြီး သင်တို့၏ လျှာအရသာနှင့် ကိုက်ညီသော မည်သည့်အရာကိုမဆို သင်တို့သည် စားဖိုမှူးအား ချက်ပြုတ်ခိုင်းသည်။ ယင်းသည် ငါ့အတွက် ချက်ပြုတ်ခြင်းလော။ ယင်းမှာ သင်တို့ကိုယ်တိုင်အတွက် ချက်ပြုတ်ခြင်း မဟုတ်လော။ ဤသည်မှာ သင်တို့ ခေါင်းဆောင်များအဖြစ် ပြုမူသည့်ပုံစံ ဖြစ်သလော။ အခွင့်အရေးယူရန်၊ ဟာကွက်များကို အမြတ်ထုတ်ရန်နှင့် ငါ့အား မျက်နှာလုပ်ရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ကြသည်၊ သင်တို့သည် ငါ့အား မျက်နှာလုပ်လိုပါက ငါ့ကို အန္တရာယ်မပေးနှင့်။ ဤသည်မှာ သူတော်ကောင်းတရာ ကင်းမဲ့သည် မဟုတ်လော။ ဤသည်မှာ မမှန်ကန်သော ရည်ရွယ်ချက်များ ထားရှိခြင်း မဟုတ်လော။ ၎င်းတို့သည် အရှက်မရှိကြဘဲ မလျော်ကန်သော ရည်ရွယ်ချက်များ ထားရှိကြသည့်တိုင် ၎င်းတို့သည် အလွန်သစ္စာစောင့်သိသည်ဟု ထင်မှတ်နေကြဆဲ ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်ခဲ့သော ဤအရာများထဲမှ တစ်ခုခုသည် ခေါင်းဆောင်များ အမှန်တကယ် လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပါသလော။ ( မဟုတ်ပါ။ ) ၎င်းတို့လုပ်ဆောင်ခဲ့သော မည်သည့်အရာမျှ စံနှုန်းများ မရှိခဲ့ပေ။ မည်သည့်အစားအစာက ကျန်းမာရေးနှင့်ညီညွတ်ပြီး မည်သည့်အစားအစာက မညီညွတ်သည်ကိုပင် ၎င်းတို့မသိကြသည့်တိုင်အောင် ဤနေရာသို့လာ၍ ငါ့အတွက် ကျန်းမာရေးနှင့် အစားအသောက် ကျွမ်းကျင်သူများအဖြစ် ပါဝင်ဆောင်ရွက်နိုင်သည်ဟု ထင်မှတ်ခဲ့ကြသည်။ ငါ့အတွက် ချက်ပြုတ်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင်တို့သည် စစ်ဆေးမှုများ ပြုလုပ်ရမည်ဟု မည်သူက ပြဋ္ဌာန်းခဲ့သနည်း။ အသင်းတော်တွင် ဤပြဋ္ဌာန်းချက် ရှိသလော။ ဘုရားအိမ်တော်က ဤအစီအစဉ်ကို ပြုလုပ်ခဲ့သလော။ အသင်းတော်အလုပ်၏ ကဏ္ဍအသီးသီးတွင် ဟာကွက်များစွာ ပေါ်ပေါက်ခဲ့သည်၊ လူများစွာတို့သည် ဘုရားသခင်အပေါ် အထင်လွဲမှားမှုများ ရှိခဲ့ကြပြီး သမ္မာတရားကို လုံးဝ နားမလည်ခဲ့ကြသည့်တိုင် သင်တို့သည် ထိုအရာများကို မဖြေရှင်းခဲ့ကြပေ။ ထိုအစား သင်တို့သည် သင်တို့၏ “တာဝန်” ကို ကောင်းမွန်စွာ ဖြည့်ဆည်းလျက် မီးဖိုချောင်ကဲ့သို့သော ဤမျှသေးငယ်သော နေရာတစ်ခုတွင် သင်တို့၏ ကြိုးစားအားထုတ်မှုကို ထည့်သွင်းခဲ့ကြသည်။ သင်တို့သည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်များ၊ ကြောင်သူတော်များသာ ဖြစ်ကြသည်။ သင်တို့သည် ငါ့ရှေ့တည့်တည့်တွင် အမှုအရာများကို စစ်ဆေးနေခဲ့သည်၊ သင်တို့သည် အဘယ်အရာကို နားလည်ခဲ့ကြသနည်း။ သင်တို့သည် ငါ့ကို တိုင်ပင်ခဲ့ကြသလော။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်စိတ်ကူးကို ဖော်ပြနေခြင်းလော သို့မဟုတ် ငါ၏စိတ်ကူးကို ဖော်ပြနေခြင်းလော။ အကယ်၍ သင်တို့သည် ငါ၏စိတ်ကူးကို ဖော်ပြနေပြီး ငါက သင်တို့ကို ယင်းကို ပြောကြားရန် တောင်းဆိုခဲ့ပါက သင်တို့လုပ်ဆောင်နေသည့်အရာသည် မှန်ကန်ပေမည်။ ယင်းသည် သင်တို့၏ တာဝန်ဝတ္တရား ဖြစ်ပေမည်။ အကယ်၍ သင်တို့သည် ငါ၏စိတ်ကူးမဟုတ်ဘဲ သင်တို့၏ ကိုယ်ပိုင်စိတ်ကူးကို ဖော်ပြနေပြီး အခြားသူများကို နားထောင်ရန်နှင့် လက်ခံရန် အတင်းအကျပ် မလျှော့တမ်း ဖိအားပေးခဲ့ပါက ဤအရာ၏ သဘောသဘာဝသည် အဘယ်အရာဖြစ်သနည်း။ ငါ့ကို ပြောလော့၊ ငါသည် ဤအရာကို စက်ဆုပ်ရွံရှာမည် မဟုတ်လော။ ငါသည် ထိုနေရာတွင် ရှိနေခဲ့ပြီး ၎င်းတို့သည် ငါစားသုံးသည့်အရာများ သို့မဟုတ် ငါ၏လိုအပ်ချက်များသည် အဘယ်အရာဖြစ်သည်ကို ငါ့အား အချိန်ကုန်ခံ၍ စကားတစ်ခွန်းမျှပင် မမေးမြန်းခဲ့ကြပေ၊ ၎င်းတို့သည် ငါ၏ခွင့်ပြုချက်မရှိဘဲ ဆုံးဖြတ်ချက်များချခဲ့ကြပြီး ငါ့ကွယ်ရာတွင် ထင်ရာမြင်ရာ အမိန့်များပေးခဲ့ကြသည်။ ၎င်းတို့သည် ငါ့ကို ကိုယ်စားပြုရန် ကြိုးစားနေခြင်းလော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက မကောင်းမှုများ ပြုလုပ်လျက် သောင်းကျန်းနေခြင်း၊ ဝိညာဉ်ရေးရာဆန်သည်ဟု ဟန်ဆောင်ခြင်း၊ ဘုရားသခင်၏ ဝန်ကို အလေးထားသည်ဟု ဟန်ဆောင်ခြင်းနှင့် သမ္မာတရားကို နားလည်သည်ဟု ဟန်ဆောင်ခြင်းဖြစ်ပြီး ကြောင်သူတော်ဆန်သော အမှုအရာများကိုသာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အတော်ပင် လွန်လွန်းနေပြီ မဟုတ်လော။ ဤသည်မှာ အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ရွံမုန်းဖွယ်ကောင်းနေပြီ မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် ထိုးထွင်းသိမြင်မှု တစ်ခုတလေ ရရှိခဲ့သလော။ သင်တို့သည် ဤအရာမှ သင်ခန်းစာ တစ်စုံတစ်ရာ ရရှိခဲ့ကြသလော။ ဤကိစ္စရပ်တစ်ခုစီတိုင်းသည် တစ်ခုပြီးတစ်ခု ပိုပို၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းလာပြီး သာ၍ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော နောက်တစ်ခု ရှိသေးသည်။
ဤဆောင်းရာသီတွင် စေတနာရှိသူတစ်ဦးက ငါ့အတွက် “လှပသော” ငှက်မွေးကုတ်အင်္ကျီတစ်ထည်ကို ဝယ်ပေးခဲ့သည်။ ယင်း၏အလှသည် ကုတ်အင်္ကျီ၏အရောင် သို့မဟုတ် ပုံစံတွင်မရှိဘဲ ယင်း၏မြင့်မားသောစျေးနှုန်းနှင့် အဆင့်မြင့်အရည်အသွေးတွင် ရှိသည်၊ ယင်းသည် တန်ဖိုးရှိသောပစ္စည်းတစ်ခု ဖြစ်ခဲ့သည်။ ဘာသာတရားမရှိသူများကြားတွင် “မိုင်တစ်ထောင်အဝေးမှ ပို့လိုက်သော ငန်းမွေးတစ်ခု၊ ထိုလက်ဆောင်သည် သေးငယ်ကောင်း သေးငယ်နိုင်သော်လည်း ခံစားချက်သည် နက်ရှိုင်းသည်” ဟူသော ဆိုစကားတစ်ခု ရှိသည်။ ဤကုတ်အင်္ကျီသည် ခံစားချက်ပါရှိရုံသာမက အမှန်တကယ်ပင် အလွန်စျေးကြီးခဲ့သည်။ ကုတ်အင်္ကျီကို မမြင်မီကပင် ယင်းသည် ကြည့်ကောင်းပြီး အနီရောင်ဖြစ်ကာ ဒီဇိုင်းကောင်းမွန်ပြီး အသားကောင်းသည်ဟု ငါကြားသိခဲ့ပြီးဖြစ်သည်။ ငါသည် ယင်းအကြောင်းကို ကြားသိခဲ့ခြင်းဖြစ်ရာ အချို့လူများသည် အမှန်တကယ်ပစ္စည်းကို မြင်တွေ့ခဲ့ပြီးဖြစ်သည်မှာ မလွဲဧကန်ပင်၊ ဆိုလိုသည်မှာ လူအတော်များများက ယင်းကို မြင်တွေ့ခဲ့ပြီးဖြစ်ကာ အကြမ်းဖျင်းတိုင်းတာပြီး အနီးကပ်စစ်ဆေးလျက် “ဤအမှတ်တံဆိပ်ကို ကျွန်ုပ်သိသည်၊” “အရောင်အသွေး ကောင်းသည်၊ ယင်းက လှလိုက်လေခြင်း၊” “သင်ကြည့်ပြီးသွားသည့်နောက် ကျွန်ုပ်ကြည့်ဖို့ ယူလာပေးပါ” ကဲ့သို့သော စကားများကို ပြောဆိုခဲ့ကြပြီး ထိုသို့ဖြင့် သတင်းသည် ပျံ့နှံ့သွားခဲ့သည်။ ဤသတင်းသည် ငါ့နားသို့ ရောက်ရှိရန်နှင့် ယင်းအကြောင်းကို ငါအနည်းငယ် သိရှိရန် အချိန်မည်မျှကြာခဲ့သည်ကို ငါမသိပေ။ ဤနေရာတွင် ပြဿနာကို သင်တို့ မြင်နိုင်သလော။ ငါသည် ကုတ်အင်္ကျီကို မမြင်ရသေးဘဲ ၎င်းကို အခြားလူများစွာတို့က မြင်တွေ့၊ လက်ဆင့်ကမ်းပြီး ပြသခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ လူတို့သည် ငါ၏ဥစ္စာပစ္စည်းများကို ပေါ့ပေါ့ဆဆ ကြည့်ရှုခြင်း၊ ထိတွေ့ခြင်းနှင့် ပြသခြင်းတို့ကို ပြုလုပ်၍ရနိုင်သလော။ (ပြုလုပ်၍မရနိုင်ပါ။) မည်သူ၏ ဥစ္စာပစ္စည်းများကို လူတို့က ပေါ့ပေါ့ဆဆ ထိတွေ့ပြီး ကြည့်ရှုနိုင်သနည်း။ (မည်သူမျှ ဤသို့ဖြစ်ပျက်သည်ကို အလိုရှိမည်မဟုတ်ဘဲ မည်သူမျှ ဤသို့မပြုလုပ်သင့်ပါ။) သို့ဆိုလျှင် ငါ၏ဥစ္စာပစ္စည်းများသည် ပို၍ပင် ထိ၍မရ ဖြစ်သင့်သည် မဟုတ်လော။ အချို့လူများက “အဘယ်ကြောင့် ယင်းတို့သည် ထိ၍မရ ဖြစ်သင့်သနည်း။ သင်သည် လူအများသိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ကျော်ကြားသူများနှင့် ကြယ်ပွင့်များ၏ ကိုယ်ပိုင်ဘဝများသည် အမြဲတမ်း ဖော်ထုတ်ခံရသည် မဟုတ်လော။ ၎င်းတို့ အားကစားလုပ်သည့်နေရာ၊ အလှအပဆိုင်ရာ ကုထုံးများခံယူသည့်နေရာ၊ ပေါင်းသင်းဆက်ဆံသည့်သူ၊ ဝတ်ဆင်သည့်တံဆိပ်များ၊ ဤအရာအားလုံးသည် ဖော်ထုတ်ခံရသည် မဟုတ်လော။ သင်၏အရာများသည် အဘယ်ကြောင့် ဖော်ထုတ်မခံရသင့်သနည်း” ဟု ပြောဆိုကြသည်။ ငါသည် ကျော်ကြားသူတစ်ဦးလော။ ငါသည် ကျော်ကြားသူတစ်ဦးမဟုတ်သကဲ့သို့ သင်သည်လည်း ငါ၏ ပရိတ်သတ်မဟုတ်ပေ။ သင်သည် မည်သူနည်း။ သင်သည် သာမန်လူတစ်ဦး၊ ဖန်ဆင်းခံတစ်ဦးနှင့် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်သည်။ ငါသည် မည်သူနည်း။ (ဘုရားသခင် ဖြစ်ပါသည်။) ငါသည် နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပေ၊ ငါသည် အရာရာတိုင်းကို သင့်ထံ ဖော်ထုတ်ရန်၊ အရာရာတိုင်းကို သင့်ထံ အစီရင်ခံရန် သို့မဟုတ် အရာရာတိုင်းနှင့်ပတ်သက်၍ သင့်ကို အသိပေးရန် တာဝန်မရှိပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် ငါနှင့်ဆိုင်သော အရာတစ်ခုကို ထိတွေ့ရသနည်း။ ထိုသို့ပြုလုပ်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ ငါနှင့်ဆိုင်သော ဤပစ္စည်းကို ကြည့်ရှုပြီး စစ်ဆေးမှုများပြုလုပ်ရန် သင့်ကို ငါတာဝန်ပေးစေခိုင်းခဲ့သလော။ မခိုင်းခဲ့ပေ။ သို့တိုင်အောင် အချို့လူများသည် ယင်းကိုယူ၍ ဤသို့ဗြောင်ကျသောပုံစံဖြင့် ပေါ့ပေါ့ဆဆ ကြည့်ရှုဝံ့ကြပြီး လက်ဆင့်ပင် ကမ်းဝံ့ကြသည်။ ယင်းကို လက်ဆင့်ကမ်းရန် သင့်ကို မည်သူက အခွင့်ပေးခဲ့သနည်း။ ဤသည်မှာ သင်၏တာဝန်ဝတ္တရားလော။ အကယ်၍ သင်သည် ဘုရားသခင်ကို မယုံကြည်ပါက ငါတို့သည် တစ်ဦးနှင့်တစ်ဦး သူစိမ်းများ ဖြစ်ကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်သာ သင်မည်သူဖြစ်သည်ကို ငါသိခြင်းဖြစ်သော်လည်း သင်၏မိသားစု၊ နေ့စဉ်ဘဝ သို့မဟုတ် ငွေကြေးအခြေအနေများသည် မည်သို့ရှိသည်ကို ငါမသိသကဲ့သို့ သိရန်လည်း ဂရုမစိုက်ပေ။ ငါတို့သည် ရင်းနှီးကြသလော။ ငါသည် သင်၏ အရင်းနှီးဆုံး မိတ်ဆွေ၊ မိတ်ဆွေကောင်း သို့မဟုတ် ရဲဘော်ရဲဘက်လည်း မဟုတ်ပေ။ ငါတို့သည် မရင်းနှီးကြသကဲ့သို့ ငါ၏အရာအားလုံးကို သင်ကြည့်ရှုရန် ဖွင့်ပြထားသင့်သည့်အဆင့်သို့လည်း မရောက်သေးပေ။ သင်၏ဥစ္စာပစ္စည်းများအားလုံးကို ငါကြည့်ရှုခွင့်ပေးပြီး လူတိုင်းမြင်တွေ့၍ ထိတွေ့ရန် ပြသခွင့်ပေးမည်လော။ သင်သည် ဈေးမှ အိမ်သို့ တစ်စုံတစ်ခုကို ယူဆောင်လာသည့်အခါပင် ပိုးသတ်ရန် အကြိမ်အနည်းငယ် ဆေးကြောဖို့ လိုအပ်သည်။ အခြားလူများ ပေါ့ပေါ့ဆဆ ထိတွေ့ခဲ့သော အရာများသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ သင်သည် သင့်ကိုယ်သင် အပြင်လူတစ်ဦးအဖြစ် သဘောထားပြုမူရန် ပျက်ကွက်ပြီ မဟုတ်လော။ ငါ၏ကုတ်အင်္ကျီကို စစ်ဆေးရန် သင့်ကို မည်သူက တာဝန်ပေးစေခိုင်းခဲ့သနည်း။ ငါသည် သင့်ကို ယုံကြည်သလော။ ငါ၏ကုတ်အင်္ကျီကို မဆင်မခြင် ထိတွေ့ခြင်းမပြုမီ သင်၏လက်များကို သန့်ရှင်းအောင် ဆေးကြောခဲ့ပြီးပြီလော။ ငါသည် သင့်ကို စက်ဆုပ်ရွံရှာမည် မဟုတ်လော။ သင်သည် ဤအရာကို မိမိကိုယ်တိုင်ပင် မသိရှိလေသလော။ အဘယ်ကြောင့် သင်သည် ဤမျှ အရှက်မရှိရသနည်း။ သင်သည် အလွန် ဆင်ခြင်တုံတရား ကင်းမဲ့လှသည်။ သင်သည် ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်ခဲ့ပြီး တရားဒေသနာများစွာကို ကြားခဲ့ပြီးဖြစ်သည်၊ အဘယ်ကြောင့် သင်သည် ဆင်ခြင်တုံတရား အနည်းငယ်မျှပင် ကင်းမဲ့ရသနည်း။ ဘုရားသခင်နှင့်ဆိုင်သော ပူဇော်သက္ကာများကို ပေါ့ပေါ့ဆဆ ဖွင့်ခြင်း၊ သူ၏အဝတ်အစားများ၊ သူနှင့်ဆိုင်သော အရာများကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ခြင်း၊ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ ဤပစ္စည်းများ၏ ထုပ်ပိုးမှုများကို ဖွင့်ပြီး လွှင့်ပစ်ထားသည်ကို ငါမြင်သည့်အခါ ငါသည် အဘယ်သို့လျှင် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ငါသည် ဤအရာများကို စက်ဆုပ်ရွံရှာပြီး ဤလူများကိုလည်း စက်ဆုပ်ရွံရှာတော်မူသည်။ ငါသည် ၎င်းတို့ကို နောက်တစ်ကြိမ် မမြင်လိုတော့သကဲ့သို့ ဝက်များနှင့် ခွေးများထက် ဆိုးသော ဤလူများနှင့် ပေါင်းသင်းဆက်ဆံလိုခြင်းလည်း သေချာပေါက် မရှိပေ။ လူတိုင်းတွင် ကိုယ်သိက္ခာနှင့်ကိုယ် ရှိပြီး ငါ၌ ပို၍ပင် ရှိသည်ကို အမှတ်ရလော့။ ငါနှင့်ဆိုင်သော အရာများနှင့် မပတ်သက်နှင့်၊ သို့တည်းမဟုတ်ပါက ငါသည် သင့်ကို စက်ဆုပ်ရွံရှာပြီး ရွံမုန်းမည်။
အပေါ်ယံအားဖြင့် အယောင်ဆောင် ခေါင်းဆောင်များသည် ကြီးမားသော မကောင်းမှုများကို မကျူးလွန်ကြ သို့မဟုတ် ဗြောင်ကျကျ သစ္စာဖောက်သော လူယုတ်မာများလည်း မဟုတ်ကြပေ။ သို့သော် ၎င်းတို့နှင့်ပတ်သက်၍ စက်ဆုပ်ဖွယ်အကောင်းဆုံးသော အရာမှာ ၎င်းတို့သည် တကယ့်အလုပ် လုပ်ဆောင်ရန် ရှိသည်ကို မြင်နိုင်သော်လည်း မလုပ်ဆောင်ခြင်း၊ ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း ကောင်းစွာသိသော်လည်း သမ္မာတရားကို မရှာဖွေခြင်း၊ ဆိုးယုတ်သောလူများက အနှောင့်အယှက်များ ဖြစ်စေနေသည်ကို မြင်သော်လည်း ၎င်းတို့ကို မကိုင်တွယ်ခြင်းတို့ဖြစ်ပြီး ထိုအစား ၎င်းတို့သည် အပြင်ပန်း အထွေထွေကိစ္စများကိုသာ ဂရုစိုက်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် သာမညကိစ္စများနှင့် အသေးအဖွဲကိစ္စများကို အနီးကပ်မျက်ခြေမပြတ် စောင့်ကြည့်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ကြသော်လည်း ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အလုပ်ထဲမှ တစ်ခုကိုမျှ မလုပ်ဆောင်ကြ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်သော အမျိုးမျိုးသော ကိစ္စရပ်များကိုလည်း ဂရုမစိုက်ကြပေ။ ထိုအစား ၎င်းတို့သည် သမ္မာတရားနှင့် မသက်ဆိုင်သော အလုပ်ကိုသာ လုပ်ဆောင်ကြသည်။ ဤသူများသည် အယောင်ဆောင် ခေါင်းဆောင်စစ်စစ်များ ဖြစ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်အလုပ်၏ ကဏ္ဍအသီးသီးတွင် ပါဝင်သော သမ္မာတရား စည်းမျဉ်းများကို လုံးဝမသိနားမလည်ကြပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စည်းမျဉ်းများနှင့် စံနှုန်းများဖြင့် တိုင်းတာမည်ဆိုပါက အယောင်ဆောင်ခေါင်းဆောင်များသည် လူမိုက်များနှင့် ငတုံးများ ဖြစ်ကြသည်။ အသင်းတော်၏ အလုပ်တွင် ပေါ်ပေါက်လာသော ပြဿနာများ မည်မျှပင် ဆိုးရွားပါစေ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ မျက်စိအောက်တွင်ပင် ဖြစ်ပျက်နေသော်လည်း ထိုပြဿနာများကို မမြင်နိုင် သို့မဟုတ် မဖြေရှင်းနိုင်ကြဘဲ အထက်က လာရောက်၍ ထိုပြဿနာများကို ကိုယ်တိုင် ဖြေရှင်းပေးရသည်။ ဤလူများသည် အယောင်ဆောင်ခေါင်းဆောင်များ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အမှန်ပင် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ ဥပမာအားဖြင့် အသင်းတော်၏ စာနှင့်ပတ်သက်သောအလုပ်တွင် မည်သည့်စာအုပ်များကို စာမူကြမ်းစစ်ဆေးသင့်သည်၊ မည်သည့်စာအုပ်များကို ဘာသာပြန်သင့်သည်၊ ဤသည်တို့မှာ အသင်းတော်အတွက် အရေးပါသော တာဝန်များ ဖြစ်ကြသည်။ စာအုပ်များကို မည်သို့ စာမူကြမ်းစစ်ဆေးပြီး ဘာသာပြန်ရမည်နှင့်ပတ်သက်၍ စည်းမျဉ်းများ ရှိသလော။ ဤအလုပ်တွင် စည်းမျဉ်းများ လုံးဝရှိသည်၊ ယင်းသည် စည်းမျဉ်းကို အလွန်အခြေခံပြီး အမှန်တကယ်ပင် တိတိကျကျ မိတ်သဟာယဖွဲ့ရန်နှင့် လမ်းညွှန်ရန် လိုအပ်သည်၊ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မိမိတို့၏ တာဝန်များနှင့် အလုပ်ရှုပ်နေသည်ကို မြင်သည့်အခါ “စာနှင့်ပတ်သက်သည့်အလုပ်နှင့် ဘာသာပြန်သည့် အလုပ်တို့သည် အထူးသဖြင့် အရေးကြီးသည်။ ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်ရန် သင်တို့စိတ်နှစ်ထားသင့်ပြီး သင်တို့တွင် ရှိသည့် မည်သည့်ပြဿနာကိုမဆို ကျွန်ုပ်ဖြေရှင်းပေးမည်” ဟု ဟန်ဆောင်ပြောဆိုကြသည်။ တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို အမှန်တကယ် ထုတ်ဖော်ပြောဆိုသည့်အခါ ဤအယောင်ဆောင်ခေါင်းဆောင်များက “ဤကိစ္စကို ကျွန်ုပ် နားမလည်ပါ။ နိုင်ငံခြားဘာသာစကားများကို ဘာသာပြန်ဆိုရာတွင် ကျွန်ုပ်သည် လူပြိန်းတစ်ဦးသာ ဖြစ်သည်။ ဘုရားသခင်ထံ ဆုတောင်းပြီး ရှာဖွေလော့” ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “အချို့ဘာသာစကားများကို ဘာသာပြန်ဆိုရန် သင့်တော်သည့်လူများကို ကျွန်ုပ်တို့ မရှာနိုင်ပါ၊ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း” ဟု မေးမြန်းလျက် နောက်ထပ်ပြဿနာတစ်ခုကို ထုတ်ဖော်ပြောဆိုသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များက “ဤကိစ္စတွင် ကျွန်ုပ်သည် လူပြိန်းတစ်ဦးသာ ဖြစ်သည်။ ယင်းကို သင်တို့ဘာသာ ကိုင်တွယ်ကြပါ” ဟု တုံ့ပြန်ကြသည်။ ဤသို့ပြောဆိုခြင်းက ပြဿနာကို ဖြေရှင်းနိုင်သလော။ ၎င်းတို့သည် “ကျွန်ုပ်က လူပြိန်းတစ်ဦးဖြစ်သည်။ ဤလုပ်ငန်းကို ကျွန်ုပ် နားမလည်ပါ” ဟု ပြောဆိုလျက် ဆင်ခြေတစ်ခုကို ရှာဖွေပြီး ၎င်းတို့အလုပ်မလုပ်ဆောင်နေသည့် အဖြစ်မှန်ကို ဖုံးကွယ်ကာ ထိုသို့ဖြင့် ၎င်းတို့ဖြေရှင်းသင့်သော ပြဿနာကို ရှောင်လွှဲကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ပုံဖြစ်သည်။ တစ်စုံတစ်ဦးက မေးခွန်းတစ်ခု မေးမြန်းသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များက “ဘုရားသခင်ထံ ဆုတောင်းပြီး ကိုယ်တော့်ထံမှ ရှာဖွေကြပါ၊ ကျွန်ုပ်က ဤလုပ်ငန်းကို နားမလည်ဘူး၊ သို့သော်လည်း သင်တို့က နားလည်ကြသည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့ မစွမ်းဆောင်နိုင်ကြောင်းနှင့် ထိုလုပ်ငန်းကို နားမလည်ကြောင်း ဝန်ခံနေသဖြင့် ဤသည်မှာ နှိမ့်ချပုံရနိုင်သော်လည်း လက်တွေ့တွင် ၎င်းတို့သည် ခေါင်းဆောင်ပိုင်းအလုပ်ကို လုံးဝ မထမ်းဆောင်နိုင်ကြပေ။ ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းဟူသည်မှာ အလုပ်အကိုင်မျိုးစုံကို ၎င်းတို့ နားလည်ရန် လိုအပ်သည်ဟု မလွဲမသွေ ဆိုလိုခြင်းမျိုး မဟုတ်သော်လည်း ၎င်းတို့အနေဖြင့် ပြဿနာများကို ဖြေရှင်းရန် ထိုပြဿနာများက မည်သည့် အလုပ်အကိုင်အမျိုးအစားနှင့် ဆက်စပ်သည်ဖြစ်စေ လိုအပ်သည့် သမ္မာတရား စည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယပြုသင့်ကြပေသည်။ လူတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သရွေ့ ပြဿနာများကို သင့်တော်သလို ဖြေရှင်း၍ရနိုင်သည်။ အယောင်ဆောင် ခေါင်းဆောင်များက “ဤအရာတွင် ကျွန်ုပ်သည် လူပြိန်းတစ်ယောက်ဖြစ်သည်။ ဤအလုပ်အကိုင်ကို ကျွန်ုပ် နားမလည်ပါ”ဟူသည်ကို ပြဿနာများ ဖြေရှင်းခြင်းအတွက် သမ္မာတရား စည်းမျဉ်းများအား မိတ်သဟာယပြုခြင်းကို ရှောင်ရှားရန် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုကြသည်။ ဤသည်မှာ စစ်မှန်သောအလုပ်ကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ အယောင်ဆောင်ခေါင်းဆောင်များက “ဤအရာတွင် ကျွန်ုပ်သည် လူပြိန်းတစ်ယောက်ဖြစ်သည်။ ဤအလုပ်အကိုင်ကို ကျွန်ုပ် နားမလည်ပါ”ဟူသည်ကို ပြဿနာများ ဖြေရှင်းခြင်းအား ရှောင်ရှားရန် အကြောင်းပြချက်တစ်ခုအဖြစ် တစ်စိုက်မတ်မတ် အသုံးပြုလျှင် ခေါင်းဆောင်မှု အလုပ်အတွက် ၎င်းတို့ မသင့်တော်ပေ။ ၎င်းတို့ လုပ်ဆောင်သင့်သည့် အကောင်းဆုံးသောအရာမှာ နုတ်ထွက်ကာ ၎င်းတို့၏နေရာကို အခြားတစ်စုံတစ်ဦးအား ယူခွင့်ပေးရန် ဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ဤအသိစိတ်မျိုး ပိုင်ဆိုင်ကြသလော။ ၎င်းတို့ နုတ်ထွက်နိုင်လိမ့်မည်လော။ နုတ်ထွက်မည် မဟုတ်။ ၎င်းတို့က “မည်သည့်အလုပ်ကိုမျှ ငါ လုပ်ဆောင်နေခြင်းမရှိဟု သူတို့ အဘယ်ကြောင့် ပြောကြသနည်း။ နေ့တိုင်း စုဝေးပွဲများကို ငါ ကျင်းပပြီး အချိန်မှန်မှန် အစာမစားနိုင်အောင်ပင် ငါ အလွန်အလုပ်များသည့်အပြင် အိပ်ရေးဝဝ မအိပ်ရပါ။ ပြဿနာများ ပြေလည်သွားခြင်းမရှိဟု အဘယ်သူ ပြောသနည်း။ ငါသည် စုဝေးပွဲများကို ကျင်းပပြီး သူတို့နှင့် မိတ်သဟာယပြုကာ သူတို့အတွက် ဘုရားနှုတ်ကပတ်တော်များကို ရှာသည်”ဟုပင် တွေးကြလေသည်။ သင်က ၎င်းတို့ကို “တစ်စုံတစ်ယောက်က အချို့ဘာသာစကားများအတွက် သင့်တော်တဲ့ ဘာသာပြန်များကို ရှာမတွေ့ဟု ပြောသည်။ ဤသီးခြားပြဿနာကို သင်မည်သို့ ဖြေရှင်းခဲ့သနည်း” ဟု မေးသည်ဆိုပါစို့။ ၎င်းတို့က “ကျွန်ုပ်က ထိုလုပ်ငန်းကို နားမလည်ကြောင်း သူတို့ကိုပြောခဲ့ပြီး သူတို့အချင်းချင်း ဆွေးနွေးပြီး ကိုင်တွယ်စေခဲ့သည်” ဟု ပြောဆိုကြလိမ့်မည်။ ထို့နောက် သင်က ၎င်းတို့ကို “ဤပြဿနာက ပူဇော်သက္ကာများ၏ အသုံးစရိတ်၊ အသင်းတော်အလုပ်၏ တိုးတက်မှုတို့နှင့် သက်ဆိုင်သည်။ သူတို့ဘာသာ ဆုံးဖြတ်ချက်များ မချနိုင်ပါ၊ သူတို့က ်ဆုံးဖြတ်ချက်ချပေးဖို့ကိုလည်းကောင်း၊ ယင်းကို ဖြေရှင်းဖို့ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေပေးရန်လည်းကောင်း သင့်ကို လိုအပ်သည်။ ဤအရာကို သင်လုပ်ခဲ့သလော” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်သည် မည်သို့လျှင် မလုပ်ဆောင်ခဲ့ဘဲ ရှိမည်နည်း။ ကျွန်ုပ် မည်သည့်အလုပ်ကိုမျှ နှောင့်နှေးစေခဲ့ခြင်းမရှိပါ။ အကယ်၍ ထိုဘာသာစကားကို ဘာသာပြန်ရန် မည်သူမျှမရှိပါက ၎င်းတို့သည် အခြားဘာသာစကားတစ်ခုကို ဘာသာပြန်လိုက်ရုံသာ ဖြစ်သည်” ဟု တုံ့ပြန်ကြလိမ့်မည်။ သင်တို့ မြင်ကြသလော၊ အယောင်ဆောင် ခေါင်းဆောင်များက စစ်မှန်သော အလုပ်မလုပ်နိုင်ကြသည့်တိုင် ဆင်ခြေတစ်ပြုံကြီး ပေးနေကြဆဲ ဖြစ်သည်။ ယင်းမှာ တကယ်ကို အရှက်မဲ့ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်တကား။ သင်၏ အစွမ်းအစသည် အလွန် ညံ့ဖျင်းသည်။ သင်သည် မည်သည့် အလုပ်အကိုင်ကိုမျှ နားမလည်သကဲ့သို့ အတတ်ပညာဆိုင်ရာ အလုပ်နှင့်ဆိုင်သည့် ကိစ္စတိုင်းတွင် ပါဝင်သည့် သမ္မာတရား စည်းမျဉ်းများအပေါ် သဘောပေါက်နားလည်နိုင်စွမ်း မဲ့ကြသည်။ သင့်ကို ခေါင်းဆောင်တစ်ဦးအဖြစ် ရရှိခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ သင်သည် တကယ်ကို မိုက်မဲသူတစ်ဦးနှင့် အသုံးမကျသူတစ်ဦးဖြစ်သည်။ သင့်အနေဖြင့် စစ်မှန်သော အလုပ်တစ်ခုကိုမျှ မလုပ်ဆောင်နိုင်ကြသည့်အတွက် အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် အဘယ်ကြောင့် အစေခံနေသေးသနည်း။ သင်သည် တကယ်ကို ဆင်ခြင်တုံတရား ကင်းမဲ့သည်။ သင့်အနေဖြင့် မိမိကိုယ်ကို သိသည့်အသိ ကင်းမဲ့သည့်အတွက် ဘုရားသခင် ရွေးချယ်ထားသော လူတို့ထံမှ တုံ့ပြန်ချက်ကို သင် နားထောင်သင့်ပြီး ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းအတွက် စံနှုန်းများကို သင် ပြည့်မီခြင်းရှိမရှိဟူသည်ကို အကဲဖြတ်သင့်သည်။ သို့တိုင်အောင် အယောင်ဆောင် ခေါင်းဆောင်များက ဤအရာများကို လုံးဝ မစဉ်းစားကြပေ။ အသင်းတော်အလုပ်က မည်မျှ နှောင့်နှေးပြီးဖြစ်ကာ ခေါင်းဆောင်များအဖြစ် ၎င်းတို့ အစေခံသည့် နှစ်ကာလများစွာအတွင်းတွင် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအပေါ် ဆုံးရှုံးမှု မည်မျှ ဖြစ်စေပြီးသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြချေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်စစ်စစ်များ၏ အကျည်းတန်သော မျက်နှာထား ဖြစ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏အလုပ်ကို မည်သို့ကိုင်တွယ်သည်ကို စဉ်းစားကြည့်လော့၊ ၎င်းသည် ငါယခုပင် သင်တို့ကို ပြောပြခဲ့သည့်အရာနှင့် ကိုက်ညီသလော။ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သူများ ရှိပါသလော၊ ပြီးလျှင် သင်သည် ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် ပိုင်းခြားသိမြင်နိုင်သလော။ အကယ်၍ သင်သည် ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် ပိုင်းခြားသိမြင်ပါက ယနေ့မှစ၍ သင်သည် ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် မဆက်ဆံသင့်တော့ပေ၊ သင်သည် ၎င်းတို့ကို အခြားမည်သည့်လူပုဂ္ဂိုလ်ကဲ့သို့မဆို ဆက်ဆံသင့်သည်။ ဤသည်မှာ တိကျမှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်း ဖြစ်သည်။ အချို့က “ဤသည်မှာ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်သောကြောင့် ၎င်းတို့ကို ခွဲခြားဆက်ဆံခြင်း၊ အထင်သေးခြင်း သို့မဟုတ် ဖယ်ကြဉ်ခြင်းကို ဆိုလိုသလော” ဟု တွေးတောမိနိုင်သည်။ မဟုတ်ပါ၊ ထိုသို့မဆိုလိုပေ။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြဘဲ သင့်ကို မလိမ့်ပတ်လုပ်ပြီး နှပ်ချရန် စကားလုံးအချို့နှင့် အယူဝါဒအချို့၊ အနှစ်သာရမရှိသော စကားအချို့ကိုသာ ပြောနိုင်ကြသည်။ ဤသည်က ၎င်းတို့သည် သင်၏ခေါင်းဆောင်များ မဟုတ်ကြောင်းဟူသည့် အချက်တစ်ခုကို သင့်အား ပြောပြနေခြင်းဖြစ်သည်။ သင်၏အလုပ်တွင် သင်ကြုံတွေ့ရသော မည်သည့်ပြဿနာ သို့မဟုတ် အခက်အခဲအတွက်မဆို ၎င်းတို့၏ ညွှန်ကြားချက်များကို သင်တောင်းခံရန် မလိုအပ်ပေ။ လိုအပ်ပါက သင်တို့သည် ၎င်းတို့ကို ကျော်လွှား၍ အထက်သို့ သတင်းပို့ပြီး ယင်းကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အထက်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ ငါသည် သင်တို့ကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို သင်ကြားပေးခဲ့ပြီးဖြစ်သည်၊ သို့သော် သင်တို့ မည်သို့ပြုမူမည်မှာ သင်တို့အပေါ်တွင် မူတည်သည်။ ခေါင်းဆောင်အားလုံးသည် ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်သားထားကြောင်း၊ သင်သည် ၎င်းတို့ကို နားထောင်ပြီး နာခံရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သင်ပိုင်းခြားသိမြင်လျှင်ပင် ၎င်းတို့ကို နားထောင်ရမည်ဖြစ်ကြောင်း ငါသည် မည်သည့်အခါမျှ မပြောခဲ့ပေ။ ငါသည် သင့်ကို ထိုသို့ မည်သည့်အခါမျှ မပြောခဲ့ပေ။ ငါယခု မိတ်သဟာယဖွဲ့နေသည့်အရာမှာ အယောင်ဆောင်ခေါင်းဆောင်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်ဖြစ်ကြောင်း ဖြစ်သည်။ သင်သည် တစ်စုံတစ်ဦးကို အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် ပိုင်းခြားသိမြင်သည့်အခါ ၎င်းတို့ပြောဆိုသည့်အရာသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီပါက သင်သည် လက်ခံပြီး နာခံနိုင်သည်။ သို့သော် အကယ်၍ ၎င်းတို့သည် ပြဿနာတစ်ခုကို မဖြေရှင်းနိုင်ဘဲ သင့်ကို မလိမ့်တပတ် ပြောဆိုကာ နှပ်ချ၍ အလုပ်၏တိုးတက်မှုကို ထိခိုက်စေပါက သင်သည် ၎င်းတို့၏ ခေါင်းဆောင်မှုကို လက်ခံရန် မလိုအပ်ပေ။ သင်တို့သည် စည်းမျဉ်းများကို မိမိတို့ဘာသာ သဘောပေါက်နားလည်နိုင်ပါက သင်တို့သည် ၎င်းတို့နှင့်အညီ ပြုမူသင့်သည်။ သင်တို့သည် စည်းမျဉ်းများကို သဘောမပေါက်နိုင်ပါက၊ မသေချာပါက သို့မဟုတ် မပိုင်နိုင်ပါက သင်တို့သည် သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို ကိုင်တွယ်ရန် အချင်းချင်း ဆွေးနွေးသင့်သည်။ အကယ်၍ သင်တို့သည် ဆွေးနွေးပြီးသည့်တိုင် ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်သေးပါက ပြဿနာကို အထက်သို့ သတင်းပို့ပြီး ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးလော့။ ဤသည်တို့မှာ ပြဿနာများကို ဖြေရှင်းရန် ကောင်းမွန်သော နည်းလမ်းများအားလုံး ဖြစ်သည်၊ ဖြေရှင်း၍မရနိုင်သော အခက်အခဲများ မရှိပေ။
ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤမျှဖြင့် အဆုံးသတ်ကြပါစို့။ နှုတ်ဆက်ပါသည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်