ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃)
အချက် ၃- တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၂)
ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဒုတိယတာဝန်အတွက် အပိုဆောင်းမိတ်သဟာယဖွဲ့ခြင်းကို ပြုလုပ်ခဲ့ပြီး အသက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲများက မည်သည့်အရာများ ဖြစ်သည်ကို ပြောဆိုကာ အယောင်ဆောင်ခေါင်းဆောင်များ၏ အချို့သော လုပ်ရပ်များနှင့် သရုပ်သကန်များကို ဖော်ထုတ်ခဲ့သည်။ ထို့နောက် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တတိယတာဝန်ဖြစ်သည့် “တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ခြင်း” ဟူသည့်အချက်နှင့်ပတ်သက်၍ အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြပြီး ဤကိစ္စများအပေါ် အယောင်ဆောင် ခေါင်းဆောင်များ၏ သဘောထားများ၊ အလေ့အထများနှင့် သရုပ်သကန်များမှတစ်ဆင့် အယောင်ဆောင်ခေါင်းဆောင်များ၏ “အယောင်ဆောင်ခြင်း” သည် မည်သည့်နေရာတွင် ပေါ်လွင်ထင်ရှားသည်ကို ဖော်ထုတ်၍ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်၊ တစ်နည်းအားဖြင့်ဆိုသော် အယောင်ဆောင်ခေါင်းဆောင်များသည် ခေါင်းဆောင်တစ်ဦး၏ တာဝန်များကို ပျက်ကွက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ဤကိစ္စများကို စာရင်းပြုစုပေးပါ။ (ယင်းတို့ထဲမှ တစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်များကို ပုံနှိပ်ခြင်းအကြောင်း ဖြစ်ပါသည်။ ထိုအယောင်ဆောင်ခေါင်းဆောင်သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခဲ့ဘဲ အယူဝါဒများကို အနှစ်မဲ့သော နည်းလမ်းဖြင့်သာ ပြောဆိုခဲ့ပါသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအကြောင်းကိုလည်း တိတိကျကျ မိတ်သဟာယ မဖွဲ့ခဲ့သကဲ့သို့ စစ်မှန်သော အလုပ်ကို စိုးစဉ်းမျှပင် မလုပ်ဆောင်ခဲ့ပါ။) ဤကိစ္စတွင် ထိုအယောင်ဆောင်ခေါင်းဆောင်သည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်ခဲ့ပေ၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးနှင့် အမှုဆောင်တစ်ဦးအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပြီး အလုပ်တွင် ပါဝင်ပတ်သက်သည့် အတတ်ပညာဆိုင်ရာ သတ်မှတ်ချက်များ၊ တိကျသော စည်းမျဉ်းများနှင့် မှတ်သားရန်အချက်များကို ရှင်းလင်းစွာ မိတ်သဟာယမဖွဲ့ခဲ့ပေ။ ၎င်းတို့သည် ကြွေးကြော်သံအချို့ကို ဟစ်ကြွေးပြီး အနှစ်သာရမရှိသော စကားအချို့ကို ပြောဆိုရုံမျှသာ ပြုခဲ့ပြီးနောက် ၎င်းတို့ အလုပ်ကောင်းကောင်း လုပ်ခဲ့သည်ဟု ထင်မှတ်ခဲ့ကြသည်။ ငါတို့ အခြားမည်သည့်အရာကို ဆွေးနွေးခဲ့ကြသေးသနည်း။ (ဘုရားသခင်အတွက် ငှက်မွေးအနွေးထည်တစ်ထည် ဝယ်ယူသည့် ဖြစ်စဉ်လည်း ရှိခဲ့ပါသည်။) ဤဖြစ်စဉ်သည် အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်၍ မည်သည့်ပြဿနာကို ဖော်ထုတ်ခဲ့သနည်း။ (ယင်းက အယောင်ဆောင်ခေါင်းဆောင်များသည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်ကြောင်းနှင့် ၎င်းတို့တွင် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့ကြောင်းကို ဖော်ထုတ်ခဲ့ပါသည်။) တစ်စုံတစ်ဦးက ငါ့ကို အဝတ်အထည်တစ်စုံ ဝယ်ပေးသည့်အခါ ထိုခေါင်းဆောင်များက ယင်းကို စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကူညီခဲ့သည်၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်၏ အစိတ်အပိုင်းတစ်ခုလော။ (မဟုတ်ပါ။) ၎င်းတို့သည် မလုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ဆောင်ခဲ့ကြသည်၊ ဤအရာနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ (၎င်းတို့သည် မိမိတို့လုပ်ဆောင်သင့်သည့် အလုပ်ကို ဂရုမစိုက်နေခဲ့ကြပါ။) ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ပထမဦးစွာ ယင်းက အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့လုပ်ဆောင်သင့်သည့် အလုပ်ကို ဂရုမစိုက်ကြောင်း ဖော်ထုတ်ခဲ့ပြီး ဒုတိယအနေဖြင့် ၎င်းတို့သည် ဆင်ခြင်တုံတရားကင်းမဲ့ပြီး ဆင်ခြင်တုံတရားနှင့် လူ့သဘာဝ ကင်းမဲ့သည့် စက်ဆုပ်ဖွယ်ကောင်းသော အရာများကိုသာ လုပ်ဆောင်ကြောင်း ဖော်ထုတ်ခဲ့သည်။ သင်တို့သည် ဥပမာများကိုသာ မှတ်မိကြသည်၊ သို့သော် ဤဥပမာများက သရုပ်ဖော်ရန် ရည်ရွယ်သည့် ကိစ္စရပ်များကိုဖြစ်စေ၊ ယင်းတို့က စိတ်ဖြာလေ့လာဆွေးနွေးရန် ရည်ရွယ်သည့် ဤကိစ္စရပ်များ၏ အနှစ်သာရကိုဖြစ်စေ သင်တို့ ထိုးထွင်းမမြင်ကြသေးပေ။ အယောင်ဆောင်ခေါင်းဆောင်များ မိမိတို့လုပ်ဆောင်သင့်သည့် အလုပ်ကို ဂရုမစိုက်ခြင်းနှင့်ပတ်သက်၍ ငါ အခြားမည်သည့်ဥပမာများကို ပေးခဲ့သေးသနည်း။ (ဘုရားသခင်အတွက် မုန့်များကို အဆက်မပြတ် ပြုလုပ်ပေးခဲ့သည့် မုန့်ဖုတ်သမားတစ်ဦး ရှိခဲ့ပါသည်။ ဘုရားသခင်က သူ့ကို မပြုလုပ်ရန် ပြောခဲ့သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များက သူ့ကို ဆက်လက်ပြုလုပ်ခွင့်ပေးခဲ့ပြီး မုန့်များကို ၎င်းတို့ကိုယ်တိုင်ပင် မြည်းစမ်းခဲ့ကြပါသည်။) ဤဥပမာသည် အယောင်ဆောင် ခေါင်းဆောင်များ၏ မည်သည့်ပြဿနာများကို ဖော်ထုတ်ခဲ့သနည်း။ (၎င်းတို့သည် မိမိတို့လုပ်ဆောင်သင့်သည့် အလုပ်ကို ဂရုမစိုက်ကြောင်း၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်ကို မလုပ်ဆောင်ဘဲ မလုပ်ဆောင်သင့်သည့် အလုပ်ကို မရမက လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်ခဲ့ပါသည်။) အဓိကအားဖြင့် ယင်းက အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့လုပ်ဆောင်သင့်သည့် အလုပ်ကို ဂရုမစိုက်ကြောင်းနှင့် ၎င်းတို့၏ အလုပ်၏ အဓိကအချက်နှင့် အချက်အချာကို သဘောပေါက်ရန် ပျက်ကွက်ကြောင်း ဖော်ထုတ်ခဲ့သည်။ ထို့အပြင် အယောင်ဆောင်ခေါင်းဆောင်များတွင် ဆိုးရွားသော ပြဿနာတစ်ခု ရှိသည်။ ယင်းမှာ အဘယ်နည်း။ (၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံကြသကဲ့သို့ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ အလုပ်ကို အကောင်အထည်မဖော်ကြပါ။) အခြားတစ်စုံတစ်ဦး ဖြည့်စွက်ပြောလိုသေးသလော။ (၎င်းတို့သည် ဝိညာဉ်ရေးရာဆန်သယောင် ဟန်ဆောင်ပြီး ဘုရားသခင်၏ ဝန်တာကို အလေးထားဟန်ဆောင်ကြသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် မကောင်းမှုများ ပြုလုပ်လျက် သောင်းကျန်းနေကြခြင်းသာ ဖြစ်ပါသည်။) ယင်းမှာ ၎င်းတို့၏ ပြဿနာများထဲမှ နောက်တစ်ခု ဖြစ်သည်။ အခြားတစ်စုံတစ်ဦး ရှိသေးသလော။ (၎င်းတို့ မပြုမူမီတွင် ဘုရားသခင်၏ တောင်းဆိုချက်များကို နားလည်ရန် မကြိုးစားကြပေ၊ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ လိုအင်ဆန္ဒများကို အစားထိုးရန် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများကို အသုံးပြုကြပါသည်။) ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းဟူသည့် အမျိုးအစားအောက်တွင် ကျရောက်သည်။ အခြားတစ်စုံတစ်ဦး ရှိသေးသလော။ (အယောင်ဆောင် ခေါင်းဆောင်များက တစ်စုံတစ်ဦး ဘုရားသခင်အတွက် အဝတ်တစ်ထည် ဝယ်ယူသည့်ကိစ္စကို ချဉ်းကပ်သည့်နည်းလမ်းက ၎င်းတို့၏ ပုံမှန်လူ့သဘာဝ ကင်းမဲ့ခြင်းကို ထုတ်ဖော်ခဲ့ပါသည်။) ပုံမှန်လူ့သဘာဝ၏ မည်သည့်ကဏ္ဍကို ၎င်းတို့ ကင်းမဲ့ကြသနည်း။ ၎င်းတို့သည် မည်သို့ပြုမူရမည်ဟူသော စည်းမျဉ်းများကို နားမလည်ကြသကဲ့သို့ ယဉ်ကျေးမှုလည်း မရှိကြပေ။ ထိုသို့ပင် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်တကယ်တွင် သင်တို့ဖော်ပြခဲ့သည့် ဤအရာများသည် သာမညသာ ဖြစ်သည်၊ အဓိကပြဿနာမှာ အဘယ်နည်း။ ဤလူများသည် ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ အဆင့်အတန်းနှင့် အခွင့်ထူး၏ အကျိုးအမြတ်များကို ခံစားလိုကြပြီး သာယာမှုကို တပ်မက်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် မုန့်အနည်းငယ် စားလိုကြပြီး တစ်စုံတစ်ဦးက မုန့်ဖုတ်ရာတွင် တော်သည်ကို တွေ့သည့်အခါ မိမိတို့၏ တပ်မက်မှုကို ဖြည့်ဆည်းရန် ထိုသူ၏ အစားအစာအချို့ကို မြည်းစမ်းကြည့်ရန် စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အလုပ်ကို ဂရုမစိုက်ခြင်းနှင့် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ခြင်းသည်ပင် အလွန်ရွံရှာစရာကောင်းနေပြီဖြစ်သော်လည်း ထို့အပြင် ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုနှင့် အစားကြီးခြင်း၏ သာယာမှုများကို တပ်မက်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အစားကြီးသည့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ဘုရားသခင်အတွက် မြည်းစမ်းခြင်းများနှင့် စစ်ဆေးခြင်းများကို ပြုလုပ်သည်ဟူသည့် မူမမှန်သော အကြောင်းပြချက်ကို အသုံးပြုလျက် မိမိတို့၏ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားကြသည်။ ဤသည်တို့အားလုံးသည် အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဤသရုပ်သကန်များသည် အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့် နှိုင်းယှဉ်သည့်အခါ ရက်စက်ကြမ်းကြုတ်သည်ဟုဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်သည်ဟုဖြစ်စေ မခေါ်ဆိုနိုင်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များ၏ လူ့သဘာဝသည် လူတို့ စက်ဆုပ်ရလောက်အောင်ပင် ဖြစ်လေသည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်၍ ပြောရလျှင် ၎င်းတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရား ရှိခြင်းတွင် လိုအပ်ချက်များရှိသည်၊ ၎င်းတို့၏ လူ့သဘာဝသည် အတော်အတန် ယုတ်ညံ့ပြီး ညစ်ညမ်းကာ ၎င်းတို့သည် နိမ့်ကျသော တည်ကြည်မှု ရှိ၏။ ဤဥပမာများမှ အယောင်ဆောင်ခေါင်းဆောင်များသည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ကြောင်း တွေ့မြင်နိုင်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။
အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်ကို ထမ်းဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းများကို မိတ်သဟာယမဖွဲ့နိုင်ကြ
ယနေ့တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို အခြေခံ၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါတို့ ဆက်လက် ဖော်ထုတ်မည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အခြေခံအားဖြင့် အသင်းတော်၏ အနှစ်သာရရှိသော၊ အရေးပါသည့် အလုပ်ကို ဆောင်ရွက်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ရိုးရှင်းသော၊ ယေဘုယျကျ အရေးကိစ္စအချို့ကိုသာ ကိုင်တွယ်ဖြေရှင်းကြသည်။ ၎င်းတို့၏ အလုပ်သည် အသင်းတော်၏ အလုပ်၏ အဘက်ဘက်တွင် အရေးပါသော သို့မဟုတ် အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍတစ်ခုကို ပါဝင်လုပ်ဆောင်ခြင်း မရှိသကဲ့သို့ စစ်မှန်သည့် ရလဒ်များလည်း မထွက်ပေါ်စေပေ။ ၎င်းတို့၏ မိတ်သဟာယသည် အခြေခံအားဖြင့် သုံးဖန်များ၍ ရိုးအီနေပြီဖြစ်ကာ မဆန်းတော့သည့် အကြောင်းအရာ အနည်းငယ်ကိုသာ ခြုံငုံပြီး ထပ်ကာတလဲလဲ ပြောဆိုထားသည့် စကားများနှင့် အယူဝါဒများချည်းသာ ဖြစ်သည့်အပြင် အလွန်ပင် အနှစ်မဲ့ကာ ကျယ်ပြန့်ပြီး အသေးစိတ်အချက်များ ကင်းမဲ့နေသည်။ ၎င်းတို့၏ မိတ်သဟာယသည် လူတို့က တစ်စုံတစ်ခုကို အရှိအတိုင်း ဖတ်ရှုခြင်းဖြင့် နားလည်နိုင်သော အရာများသာ ပါဝင်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုတွင် ရှိသည့် စစ်မှန်သော ပြဿနာများကို လုံးဝ ဖြေရှင်းပေးနိုင်စွမ်းမရှိကြပေ။ အထူးသဖြင့် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ခြင်းများကို သာ၍ပင် ဖြေရှင်းပေးနိုင်စွမ်း မရှိကြပေ။ အဓိကအရာမှာ အယောင်ဆောင် ခေါင်းဆောင်များသည် ဧဝံဂေလိအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် သို့မဟုတ် စာနှင့်ပတ်သက်သော အလုပ်ကဲ့သို့သော ဘုရားအိမ်တော်က စီစဉ်ပေးသည့် မရှိမဖြစ်လိုအပ်သော အလုပ်ကို တကယ် တာဝန်ယူထမ်းရွက်နိုင်ခြင်း မရှိကြပေ။ အထူးသဖြင့် အတတ်ပညာဆိုင်ရာ အသိပညာပါဝင်သည့် အလုပ်နှင့် ပတ်သက်လာသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့အနေဖြင့် ဤနယ်ပယ်များတွင် လူပြိန်းများသာဖြစ်သည်ကို အတော်လေး ရှင်းလင်းစွာ သိရှိကောင်းသိရှိနိုင်သော်လည်း ယင်းတို့ကို ၎င်းတို့ မလေ့လာသကဲ့သို့ သုတေသနပြုခြင်းလည်း မရှိသည့်အပြင် အခြားလူတို့အား တိကျသည့် လမ်းညွှန်ချက် သာ၍ပင် မပေးနိုင်ကြပေ၊ သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်သည့် မည်သည့် ပြဿနာများကိုမျှ သာ၍ပင် မဖြေရှင်းနိုင်ကြပေ။ သို့တိုင် ၎င်းတို့သည် အနှစ်မဲ့သည့် သဘောတရားများအကြောင်းကို အတောမသတ် ဆွေးနွေးပြောဆိုကာ စကားများနှင့် အယူဝါဒများကို ပြောဆိုလျက် စုဝေးပွဲများကို အရှက်မဲ့စွာ ပြုလုပ်နေကြဆဲဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအလုပ်မျိုးအား မလုပ်ဆောင်နိုင်သည်ကို အယောင်ဆောင် ခေါင်းဆောင်များက ကောင်းစွာ သိရှိကြသည့်တိုင် ကျွမ်းကျင်သူများအဖြစ် ဟန်ဆောင်ကြသည်၊ စိတ်ကြီးဝင်လျက် ပြုမူကာ အခြားသူများကို အပြစ်ဆိုဝေဖန်ရန် ကြီးကျယ်ခမ်းနားသည့် အယူဝါဒများကို အမြဲ အသုံးပြုကြလေသည်။ ၎င်းတို့သည် မည်သူ၏ မေးခွန်းများကိုမျှ မဖြေနိုင်သည့်တိုင် ထိုသူတို့အနေဖြင့် အဘယ်ကြောင့် ထိုအတတ်ပညာကို သင်ယူခြင်း မရှိကြကြောင်း၊ သမ္မာတရားကို အဘယ်ကြောင့် မရှာကြကြောင်းနှင့် အဘယ်ကြောင့် ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်ကြကြောင်းတို့ကို မေးမြန်းလျက် အခြားသူများကို အပြစ်ဆိုဝေဖန်ရန် အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာကြလေသည်။ ဤနယ်ပယ်များတွင် လူပြိန်းများဖြစ်ကြပြီး မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြသည့် ဤအယောင်ဆောင် ခေါင်းဆောင်များသည် အခြားသူများကို အထက်စီးမှနေ၍ ဩဝါဒပေးနေကြဆဲ ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့အနေဖြင့် အလုပ်များစွာ လုပ်နိုင်ပြီး အလွန် တတ်စွမ်းနိုင်သည့်အလား အခြားလူတို့အဖို့ ၎င်းတို့က အလွန် အလုပ်များသည့်ပုံပေါ်သော်လည်း အမှန်တွင် ၎င်းတို့က မည်သည့်အရာမျှ မဟုတ်ချေ။ အယောင်ဆောင် ခေါင်းဆောင်များသည် သိသာထင်ရှားစွာပင် စစ်မှန်သည့်အလုပ်ကို မလုပ်နိုင်ကြသည့်တိုင် ၎င်းတို့သည် မိမိတို့ဘာသာ စိတ်ထက်သန်စွာ အလုပ်များကြလျက် စစ်မှန်သည့် ပြဿနာတစ်ခုကိုမျှ ဖြေရှင်းနိုင်ခြင်းမရှိဘဲ စုဝေးပွဲများ၌ မပြောင်းလဲသည့် အသုံးများလွန်း၍ ရိုးအီနေပြီဖြစ်သော အသုံးအနှုန်းများကို အကြိမ်ကြိမ်အဖန်ဖန် ထပ်တလဲလဲ ရေရွတ်လျက် အမြဲတစေ ပြောဆိုကြလေသည်။ လူတို့သည် ဤအရာကို အလွန် စိတ်ကုန်သွားကြပြီး ယင်းမှ တည်ဆောက်စရာတစ်ခုတလေမျှ လုံးဝ မရရှိနိုင်ကြပေ။ ဤအလုပ်မျိုးသည် အလွန် ထိရောက်မှုနည်းပြီး ရလဒ်များ မဖြစ်ထွန်းပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံဖြစ်ပြီး ထိုအရာကြောင့် အသင်းတော်၏ အလုပ် နှောင့်နှေးသွားရသည်။ သို့တိုင် အယောင်ဆောင် ခေါင်းဆောင်များသည် လက်တွေ့တွင် အသင်းတော်အလုပ်၏ ကဏ္ဍတစ်ခုကိုမျှ ကောင်းစွာ လုပ်ဆောင်ပြီးစီးခြင်း မရှိချိန်တွင် ၎င်းတို့က ကြီးမားသော အလုပ်ကို လုပ်ဆောင်နေသည်ဟူ၍လည်းကောင်း၊ ၎င်းတို့ အလွန် တတ်စွမ်းနိုင်သည်ဟူ၍လည်းကောင်း ခံစားကြရဆဲဖြစ်သည်။ ၎င်းတို့ တာဝန်နယ်ပယ်တွင် အကျုံးဝင်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များက စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ မသိကြသကဲ့သို့ အဖွဲ့ အမျိုးမျိုး၏ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများက မိမိတို့၏ အလုပ်ကို တာဝန်ယူနိုင်ကြခြင်း ရှိမရှိဟူသည်ကိုလည်း မသိကြပေ။ ပြီးလျှင် ညီအစ်ကို မောင်နှမများ၏ တာဝန်များကို ထမ်းဆောင်မှုတွင် ပြဿနာများ ပေါ်ပေါက်ခြင်း ရှိမရှိဟူသည်ကို ၎င်းတို့က ဂရုမစိုက်သည့်အပြင် မေးမြန်းခြင်းလည်း မရှိကြပေ။ တိုတိုပြောရလျှင် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏အလုပ်တွင်ရှိသည့် ပြဿနာများကို တစ်ခုမျှ မဖြေရှင်းနိုင်ကြသည့်တိုင် အားသွန်ခွန်စိုက် အလုပ်များမြဲ များနေကြလေသည်။ အခြားလူတို့၏ ရှုထောင့်အမြင်မှကြည့်လျှင် အယောင်ဆောင် ခေါင်းဆောင်များသည် အဖိုးအခပေးရန် လိုလားလျက် ဆင်းရဲဒုက္ခကို ကြုံတွေ့နိုင်ကြပြီး နေ့စဉ် အလုပ်များရင်း အချိန်ကုန်ဆုံးကြလေသည်။ စားဖို့ အချိန်ရောက်သည့်အခါ ၎င်းတို့ကို ထမင်းစားပွဲသို့ ခေါ်ရန် လိုအပ်ပြီး ညအတော်မိုးချုပ်မှ အိပ်ရာဝင်ကြသည်။ သို့သော် ၎င်းတို့ အလုပ်၏ ရလဒ်များမှာ တကယ့်ကို ကောင်းမွန်ခြင်း မရှိပေ။ သင်သည် သေချာစွာမကြည့်လျှင် အပေါ်ယံတွင် အလုပ်ကိစ္စအားလုံးက ပြီးစီးနေပြီး လူတိုင်းက မိမိတို့တာဝန်များကို ထမ်းဆောင်ရင်း အလုပ်များနေသည်ဟု ထင်ရသော်လည်း အလုပ်ကို သေချာစွာ စောင့်ကြည့်လေ့လာပြီး ခရေစေ့တွင်းကျ လိုက်သည့်အပြင် လေးလေးနက်နက် စစ်ဆေးလျှင် စစ်မှန်သော အခြေအနေက ထုတ်ဖော်ခြင်းခံရမည် ဖြစ်သည်။ ၎င်းတို့၏ တာဝန် နယ်ပယ်အတွင်းတွင် ကျရောက်သည့် အလုပ်ကိစ္စတိုင်းမှာ ကမောက်ကမအခြေအနေတစ်ခု ဖြစ်နေသည်။ ဖွဲ့စည်းတည်ဆောက်ပုံ သို့မဟုတ် အစီအစဉ် လုံးဝ မရှိပေ။ အလုပ်ကိစ္စတစ်ခုစီတွင် ပြဿနာများရှိနေသည် သို့မဟုတ် ဟာကွက်များပင် ရှိသည်။ ဤပြဿနာများ ဖြစ်ပေါ်ခြင်းသည် အယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရား စည်းမျဉ်းများကို နားမလည်ခြင်းနှင့်လည်းကောင်း၊ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် စိတ်ထက်သန်မှုတို့ပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ခြင်းနှင့်လည်းကောင်း ဆက်စပ်နေသည်။ အယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရား စည်းမျဉ်းများအကြောင်းကို လုံးဝ မိတ်သဟာယမပြုကြသကဲ့သို့ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို တစ်ကြိမ်တစ်ခါမျှ မရှာဖွေကြပေ။ ၎င်းတို့သည် သိသာထင်ရှားစွာပင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သကဲ့သို့ စကားများနှင့် အယူဝါဒများကိုသာ တတွတ်တွတ် ပြောနိုင်ကြကာ သမ္မာတရားကို လုံးဝ နားမလည်ကြပေ။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ နားမလည်သည့်အရာများကို နားလည်သယောင် ဟန်ဆောင်ကြပြီး ကျွမ်းကျင်သူများအဖြစ် မိမိတို့ကိုယ်ကို ပုံမှားရိုက်ဖို့ ကြိုးစားကြသည်။ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်မှာ ဟန်ဆောင်လုပ်ပြခြင်းသာ ဖြစ်သည်။ ပြဿနာ ပေါ်ပေါက်သည့်အခါ ၎င်းတို့သည် ထိုအတွက် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးကြသည်။ ၎င်းတို့သည် ဦးတည်ချက်ဖြစ်စေ၊ ရည်ရွယ်ချက်ဖြစ်စေ မရှိဘဲ အလုပ်ရှုပ်၍ ဆူညံပွက်လောရိုက်ကာ စစ်မှန်သော ရလဒ်တစ်ခုမျှ မရရှိပေ။ ဤအယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသကဲ့သို့ စကားများနှင့် အယူဝါဒများကိုသာ တတွတ်တွတ်ပြောကာ အခြားသူတို့အား စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းဖို့ အကြံပြုကြသောကြောင့် အသင်းတော် အလုပ်နှင့်ဆိုင်သည့် ကိစ္စတစ်ခုစီ၏ တိုးတက်မှုက နှေးကွေးပြီး သိသာထင်ရှားသည့် ရလဒ်များကို မရရှိပေ။ အလုပ်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး အချိန်အတန်ကြာ ရှိခြင်း၏ အသိသာဆုံးသော အကျိုးဆက်မှာ လူအများစုက သမ္မာတရားကို နားမလည်နိုင်ကြခြင်း၊ တစ်ဦးတစ်ယောက်က ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည့်အခါတိုင်း သို့မဟုတ် အယူအဆများ ဖြစ်ပေါ်သည့်အခါတိုင်း မည်သို့ ပိုင်းခြားသိမြင်ရမည်ကို မသိကြသည့်အပြင် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ထိန်းသိမ်းသင့်သည့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ ဧကန်မုချ နားမလည်ကြခြင်း ဖြစ်သည်။ မိမိတို့ တာဝန်များကို ထမ်းဆောင်သူများနှင့် မထမ်းဆောင်သူများသည် အားလုံး နှေးကွေးလေးကန်ကြ၏၊ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး စည်းကမ်းမဲ့ကြကာ ပြန့်ကျဲနေသည့် သဲများကဲ့သို့ ဖရိုဖရဲဖြစ်ကြလေသည်။ ၎င်းတို့ထဲမှ အများစုသည် အနည်းငယ်သော စကားများနှင့် အယူဝါဒများကို ပြောကောင်းပြောနိုင်ကြသော်လည်း မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် စည်းမျဉ်းစည်းကမ်းများကိုသာ ၎င်းတို့ လိုက်နာကြသည်။ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို ၎င်းတို့ မသိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များ ကိုယ်တိုင်က ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို မသိကြသည့်အတွက် အခြားသူတို့အား ထိုသို့လုပ်ဆောင်ရန် မည်သို့ ဦးဆောင်နိုင်ကြမည်နည်း။ အခြားသူများထံ မည်သည့်အရာ ကျရောက်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များက “ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ အလေးထားရမည်”၊ “ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ကျွန်ုပ်တို့ သစ္စာစောင့်သိရမည်”၊ “ကျွန်ုပ်တို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မည်သို့ ဆုတောင်းရမည်ကို ကျွန်ုပ်တို့ သိရမည်ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများကို ကျွန်ုပ်တို့ ရှာဖွေရမည်”ဟု ဆိုလျက် တိုက်တွန်းရုံသာ တိုက်တွန်းနိုင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ဤဆောင်ပုဒ်များနှင့် အယူဝါဒများကို မကြာခဏ ဟစ်ကြွေးကြပြီး ထိုအရာက မည်သည့် ရလဒ်မျှ လုံးဝ မဖြစ်ထွန်းပေ။ ယင်းတို့ကို လူတို့က ကြားပြီးနောက်တွင် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ နားမလည်ကြသေးသည့်အပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကင်းမဲ့ကြသည်။ အပေါ်ယံအားဖြင့် လူတို့သည် အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ဆုတောင်းကြပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိရန် ဆန္ဒရှိကြသည်၊ သို့သော် သစ္စာစောင့်သိရန်အလို့ငှာ မည်သည့်အရာကို လုပ်ဆောင်သင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် မည်သို့ဆုတောင်းသင့်သည်နှင့် သမ္မာတရား စည်းမျဉ်းများကို နားလည်သဘောပေါက်မှု ရရှိရန်အတွက် ပြဿနာတစ်ခု ကြုံတွေ့သည့်အခါ မည်သို့ရှာဖွေသင့်သည်ဟူသည့် ကိစ္စရပ်များကို ၎င်းတို့အားလုံး နားလည်မှုကင်းမဲ့ကြသည်။ လူတို့က အယောင်ဆောင်ခေါင်းဆောင်များကို မေးသည့်အခါ ၎င်းတို့က “သင်တို့အပေါ် တစ်စုံတစ်ခု ကျရောက်လာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုဖတ်ပါ၊ ပို၍ဆုတောင်းပြီး သမ္မာတရားအကြောင်း ပို၍မိတ်သဟာယဖွဲ့ပါ” ဟု ပြောဆိုကြသည်။ လူတို့က ၎င်းတို့ကို “ဤအလုပ်တွင် မည်သည့်စည်းမျဉ်းများ ပါဝင်သနည်း” ဟု မေးကြပြီး ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များက အတတ်ပညာဆိုင်ရာ အလုပ်ကိစ္စများအကြောင်း တစ်စုံတစ်ရာ မိန့်တော်မမူပါ၊ ပြီးလျှင် ထိုအလုပ်နယ်ပယ်ကို ကျွန်ုပ်လည်း နားမလည်ပါ။ သင်တို့ နားလည်လိုလျှင် ကိုယ့်ဘာသာ သုတေသနလုပ်ကြပါ၊ ကျွန်ုပ်ကို မမေးကြပါနှင့်။ ကျွန်ုပ်သည် သင်တို့ကို သမ္မာတရား နားလည်အောင် ဦးဆောင်နေခြင်းဖြစ်သည်၊ အတတ်ပညာဆိုင်ရာ အလုပ်ကိစ္စများတွင် ဦးဆောင်နေခြင်း မဟုတ်ပါ” ဟု ပြောဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မေးခွန်းများကို ရှောင်လွှဲရန် ဤသို့သော စကားလုံးများကို အသုံးပြုကြသည်။ ရလဒ်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် အလွန် စိတ်ပြင်းပြမှု ရှိကြသော်လည်း သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ မည်သို့ပြုမူရမည်ကို မသိကြသကဲ့သို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် စည်းမျဉ်းများကို မည်သို့လိုက်နာရမည်ကိုလည်း မသိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်နယ်ပယ်အတွင်းရှိ အလုပ်ကိစ္စတစ်ခုစီ၏ ရလဒ်များကို ကြည့်လျှင် လူအများစုသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် မိမိတို့၏ အသိပညာ၊ ပညာနှင့် ဆုကျေးဇူးများကို အားကိုးနေကြပြီး ဘုရားသခင်၏ တိကျသော တောင်းဆိုချက်များမှာ အဘယ်အရာဖြစ်သည်၊ တာဝန်ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်အတွက် သက်သေခံခြင်း၏ ရလဒ်ကို ရရှိရန် မည်သို့ပြုမူရမည်နှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသူအားလုံး သူ၏အသံကို ကြား၍ မှန်သော လမ်းခရီးကို စူးစမ်းစစ်ဆေးကာ ဘုရားသခင်ထံ အမြန်ဆုံး ပြန်လာနိုင်စေရန် ဧဝံဂေလိတရားကို ပို၍ ထိရောက်စွာ မည်သို့ဖြန့်ချိရမည်ဟူသည့် ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မသိနားမလည်ဖြစ်ကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများကို မသိနားမလည်ဖြစ်ကြသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ စစ်မှန်သောအလုပ်ကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။ ဤအရာ၏ အဓိကအကြောင်းရင်းမှာ အယောင်ဆောင်ခေါင်းဆောင်များ ကိုယ်တိုင်က သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ လူတို့ နားလည်ပြီး လိုက်နာသင့်သည့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ မသိကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းများမရှိဘဲ ပြုမူဆောင်ရွက်ကြပြီး မိမိတို့၏ တာဝန်များတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ရှာဖွေရန် လူတို့ကို မည်သည့်အခါမျှ မဦးဆောင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ပြဿနာတစ်ခုကို တွေ့ရှိသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ယင်းကို မဖြေရှင်းနိုင်သကဲ့သို့ အခြားသူများနှင့်လည်း မိတ်သဟာယဖွဲ့၍ မရှာဖွေကြပေ။ ထို့ကြောင့် အလုပ်ကိစ္စတစ်ခုစီအတွင်းရှိ အလုပ်များကို မကြာခဏ ပြန်လုပ်ရန် လိုအပ်လာသည်။ ဤသည်မှာ ဘဏ္ဍာရေးနှင့် ပစ္စည်းဆိုင်ရာ အရင်းအမြစ်များကို ဖြုန်းတီးခြင်းသာမက လူတို့၏ စွမ်းအင်နှင့် အချိန်ကိုလည်း ဖြုန်းတီးခြင်း ဖြစ်သည်။ ထိုသို့သော အကျိုးဆက်များသည် အယောင်ဆောင်ခေါင်းဆောင်များ၏ အလွန်ညံ့ဖျင်းသော အစွမ်းအစ၊ တာဝန်မဲ့မှုတို့နှင့် တိုက်ရိုက် သက်ဆိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် တမင်တကာ မကောင်းမှုပြုပြီး အနှောင့်အယှက်များ ဖြစ်စေသည်ဟု မဆိုနိုင်သော်လည်း ၎င်းတို့သည် မိမိတို့၏ အလုပ်တွင် သမ္မာတရား စည်းမျဉ်းများကို လုံးဝမရှာဖွေဘဲ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအပေါ် အခြေခံ၍ အမြဲတစေ ပြုမူဆောင်ရွက်ကြသည်ဟု ဆိုနိုင်သည်။ ဤသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသကဲ့သို့ အခြားသူများကိုလည်း ၎င်းတို့အကြောင်း ရှင်းလင်းစွာ မိတ်သဟာယမဖွဲ့နိုင်ကြပေ၊ ထိုအစား ၎င်းတို့သည် လူတို့အား မိမိတို့စိတ်တိုင်းကျ ပြုလုပ်ရန် လွှတ်ထားခြင်းသာ ဖြစ်သည်။ ဤသည်မှာ အချို့သော အလုပ်ကို တာဝန်ယူထားသည့် အချို့သောလူတို့ကို အမှုမဲ့အမှတ်မဲ့ဆိုသလို ထင်ရာမြင်ရာနှင့် တစ်ဇွတ်ထိုး ပြုမူဆောင်ရွက်စေကာ ၎င်းတို့လိုချင်သလို ပြုမူပြီး ၎င်းတို့ကြိုက်နှစ်သက်သမျှကို လုပ်ဆောင်စေသည်။ ရလဒ်အနေဖြင့် စစ်မှန်သော ရလဒ် အနည်းငယ်သာ ရှိသည်သာမက အသင်းတော်၏ အလုပ်ကိုလည်း ကမောက်ကမ ဖြစ်စေသည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြုတ်ချခံရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သိကျွမ်းခြင်း မရှိသည်သာမက ကလိမ်ကျသော စကားကို သုံးပြီး မိမိတို့ မှန်ကြောင်းရှင်းချက်ထုတ်ကာ သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံဘဲ နောင်တရရန် လုံးဝ ရည်ရွယ်ချက်မရှိကြပေ။ ၎င်းတို့သည် အလုပ်ကို ကောင်းစွာ သေချာပေါက် လုပ်ဆောင်နိုင်သည်ဟု ဆိုလျက် ဘုရားအိမ်တော်အား ၎င်းတို့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးရန်ပင် တောင်းဆိုကောင်း တောင်းဆိုနိုင်သည်။ သင်တို့သည် ၎င်းတို့ကို ယုံကြည်သလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝမသိကြသကဲ့သို့ သမ္မာတရားကိုလည်း လက်မခံကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏ နည်းလမ်းများကို ပြောင်းလဲနိုင်မည်လော။ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု မရှိပေ၊ သို့ဆိုလျှင် ၎င်းတို့ အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ ယင်းမှာ ဖြစ်နိုင်ချေရှိသလော။ ၎င်းတို့သည် ဤတစ်ကြိမ် အလုပ်ကို ကောင်းစွာ မလုပ်ဆောင်ခဲ့ပေ၊ နောက်တစ်ကြိမ် အခွင့်အရေးပေးခံရလျှင် ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ ယင်းမှာ ဖြစ်နိုင်ချေမရှိပေ။ အယောင်ဆောင်ခေါင်းဆောင်များတွင် အလုပ်လုပ်နိုင်စွမ်း မရှိကြောင်း သေချာပေါက် ပြောနိုင်သည်၊ တစ်ခါတစ်ရံတွင် ၎င်းတို့သည် များစွာ အားသွန်ခွန်စိုက်လုပ်ပြီး အတော်လေး အလုပ်များနိုင်သော်လည်း ယင်းမှာ ကျိုးကြောင်းမဲ့ အလုပ်ရှုပ်ခြင်းဖြစ်ပြီး အသီးအပွင့် မဖြစ်ထွန်းပေ။ ဤသည်က အယောင်ဆောင်ခေါင်းဆောင်များတွင် အလွန်ညံ့ဖျင်းသော အစွမ်းအစ ရှိကြောင်း၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝနားမလည်ကြောင်းနှင့် ၎င်းတို့သည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ကြောင်းကို ပြသရန် လုံလောက်သည်။ ဤသည်က အလုပ်တွင် ပြဿနာများစွာကို ပေါ်ပေါက်စေသော်လည်း ၎င်းတို့သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းဖြင့် ယင်းတို့ကို မဖြေရှင်းနိုင်ကြဘဲ လူတို့ကို စည်းမျဉ်းစည်းကမ်းများ ပုံသေစောင့်ထိန်းရန် တိုက်တွန်းနှိုးဆော်ဖို့အတွက် အနှစ်မဲ့သော အယူဝါဒအနည်းငယ်ကိုသာ အသုံးပြုကြရာ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အလုပ်ကို ကမောက်ကမဖြစ်စေပြီး ဖရိုဖရဲအခြေအနေ ဖြစ်သွားစေခဲ့သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်ပုံစံနှင့် ယင်းက ဖြစ်ပေါ်စေသည့် အကျိုးဆက်များ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် ဤအရာကို သတိပေးချက်အနေဖြင့် မှတ်ယူသင့်သည်။
အသင်းတော်အတွင်း၌ ပေါ်ပေါက်သည့် အမျိုးမျိုးသော မကျေနပ်ဖွယ်ရာ ကိစ္စရပ်များသည် အယောင်ဆောင်ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆက်စပ်နေသည်၊ ဤသည်မှာ ရှောင်လွှဲ၍မရသော ပြဿနာတစ်ခု ဖြစ်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြသည့်တိုင် ၎င်းတို့သည် အရာအားလုံးကို နားလည်ပြီး သဘောပေါက်သည်ဟု ထင်မှတ်ကြကာ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် အယူအဆများအပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ကြသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကိုဖြစ်စေ၊ ဘုရားသခင်တောင်းဆိုသည့် စံနှုန်းများကိုဖြစ်စေ နားလည်မှုကင်းမဲ့ခြင်းကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြပေ။ ငါသည် ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး ၎င်းတို့နှင့် မကြာခဏ တွေ့ဆုံသည်။ ငါတို့တွေ့ဆုံသည့်အခါ ငါက ၎င်းတို့ကို “သင်တို့တွင် ပြဿနာတစ်ခုခု ရှိသလော။ အလုပ်တွင် တည်ရှိနေသော ပြဿနာများကို သင်တို့ မှတ်တမ်းတင်ထားပြီးပြီလော။ သင်တို့ကိုယ်တိုင် မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခုခု ရှိသလော” ဟု မေးသည်။ ငါမေးပြီးသည့်အခါ ၎င်းတို့သည် ကြောင်၍ စိုက်ကြည့်နေကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် သံသယများ ရှိကြသည်။ “ငါတို့သည် ခေါင်းဆောင်များ ဖြစ်သည်၊ ငါတို့တွင် ပြဿနာတစ်ခုခု ရှိနိုင်မည်လော။ ရှိခဲ့လျှင် အသင်းတော်၏အလုပ်သည် လွန်ခဲ့သော အချိန်များစွာကတည်းက ရပ်ဆိုင်းသွားပြီးဖြစ်မည် မဟုတ်လော။ ဤသည်မှာ မည်သို့သော မေးခွန်းမျိုးဖြစ်သနည်း။ ငါတို့သည် တရားဒေသနာများကို နားထောင်ပြီး မိတ်သဟာယဖွဲ့ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါတို့၏ လက်ထဲတွင် ကိုင်ဆောင်ထားကြသည်။ အသင်းတော်တွင် ငါတို့ထဲမှ များစွာသောသူတို့က ဦးဆောင်နေသည်၊ သင်သည် အဘယ်သို့လျှင် စိုးရိမ်နေနိုင်သေးသနည်း။ ဤမေးခွန်းကို မေးခြင်းအားဖြင့် သင်သည် ငါတို့ကို သိသိသာသာ လျှော့တွက်နေခြင်း ဖြစ်သည်။ ငါတို့တွင် ပြဿနာများ မည်သို့ရှိနိုင်မည်နည်း။ ငါတို့တွင် ပြဿနာများရှိခဲ့လျှင် ငါတို့သည် ခေါင်းဆောင်များ ဖြစ်ကြမည်မဟုတ်ပေ။ သင်၏မေးခွန်းသည် အလွန်မသင့်လျော်ပါတကား” ဟူ၍ ဖြစ်သည်။ ငါက ၎င်းတို့ကို ပြဿနာတစ်ခုခု ရှိမရှိ မေးသည့်အခါတိုင်း ဤသည်မှာ ၎င်းတို့ရှိနေသည့် အခြေအနေမျိုးဖြစ်သည်၊ ၎င်းတို့တစ်ဦးစီတိုင်းသည် ထုံထိုင်းပြီး တုံးအသော ပုံရိပ်တစ်ခု ဖြစ်နေသည်။ အသင်းတော်အလုပ်၏ အမျိုးမျိုးသော အကြောင်းအရာများတွင် ပြဿနာများစွာ ရှိနေသော်လည်း ဤလူများသည် ယင်းတို့ကို မမြင်နိုင် သို့မဟုတ် မတွေ့ရှိနိုင်ကြပေ။ ၎င်းတို့သည် တစ်ကိုယ်ရေ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများ ပါဝင်သည့် အလုပ်တွင် တည်ရှိနေသော ကိစ္စရပ်များကိုဖြစ်စေ မတင်ပြနိုင်ကြပေ။ ၎င်းတို့သည် ဤကိစ္စရပ်များကို မတင်ပြနိုင်သောကြောင့် ငါက ၎င်းတို့ကို “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘာသာပြန်ဆိုခြင်းအလုပ် မည်သည့်အခြေအနေ ရှိနေသနည်း။ ယခု ဘာသာစကားမည်မျှ ဘာသာပြန်ဆိုသင့်သည်ကို သင်တို့သိသလော။ မည်သည့်ဘာသာစကားများကို ဦးစွာ ဘာသာပြန်ဆိုသင့်ပြီး မည်သည့်ဘာသာစကားများကို နောက်မှ ဘာသာပြန်ဆိုသင့်သနည်း။ အချို့သော ဘာသာစကားများအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အုပ်ရေမည်မျှ ပုံနှိပ်သင့်သနည်း” ဟု မေးသည်။ ၎င်းတို့က “ဪ၊ ယင်းတို့ကို ဘာသာပြန်ဆိုနေဆဲ ဖြစ်ပါသည်” ဟု ပြန်ဖြေကြသည်။ ငါက ၎င်းတို့ကို “ဘာသာပြန်ဆိုခြင်း မည်သည့်အခြေအနေရှိပြီနည်း။ ပြဿနာတစ်ခုခု ရှိသလော” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်မသိပါ၊ သွားမေးရန် လိုအပ်ပါသည်” ဟု ပြန်ဖြေကြသည်။ ငါက ၎င်းတို့ကို ဤအရာများအကြောင်း မေးရပြီး ၎င်းတို့သည် အဖြေများကို မသိကြသေးပေ။ သို့ဆိုလျှင် ဤအချိန်တစ်လျှောက်လုံး ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်နေခဲ့ကြသနည်း။ ငါက ၎င်းတို့ကို “ပြီးခဲ့သည့်တစ်ကြိမ်က ညီအစ်ကိုမောင်နှမများ မေးခဲ့သည့် ကိစ္စရပ်များကို သင် ဖြေရှင်းပေးခဲ့ပြီးပြီလော” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်သည် ၎င်းတို့နှင့်အတူ စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်၊ ရက်လုံးပြည့် စုဝေးပွဲတစ်ခု ဖြစ်ပါသည်” ဟု ပြန်ဖြေသည်။ ငါက ၎င်းတို့ကို “စုဝေးပွဲအပြီးတွင် ကိစ္စရပ်များ ဖြေရှင်းပြီးသွားပြီလော” ဟု မေးသည်။ ၎င်းတို့က “အကယ်၍ ပြဿနာများ ရှိနေသေးလျှင် ကျွန်ုပ်တို့ နောက်ထပ် စုဝေးပွဲတစ်ခု ပြုလုပ်သင့်သည်ဟု သင်ဆိုလိုပါသလော” ဟု ပြန်ဖြေသည်။ ငါက “သင် စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ခြင်း ရှိမရှိကို ငါမေးနေခြင်း မဟုတ်ပါ။ အတတ်ပညာဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းပြီးပြီလောဟု ငါမေးနေခြင်း ဖြစ်သည်။ ဤလူများသည် စည်းမျဉ်းများကို နားလည်ကြသလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် စည်းမျဉ်းတစ်ခုခုကို ချိုးဖောက်ခဲ့ကြသလော။ သင် ပြဿနာတစ်ခုခု တွေ့ရှိခဲ့သလော” ဟု ပြောသည်။ ၎င်းတို့က “ဪ၊ ပြဿနာများလော။ ကျွန်ုပ် ဖြေရှင်းပြီးပါပြီ။ ညီအစ်ကိုမောင်နှမများအတွက် စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်” ဟု ပြန်ဖြေသည်။ ဤစကားဝိုင်းကို ဆက်နိုင်ဦးမည်လော။ (မဆက်နိုင်ပါ။) ဤစကားဝိုင်းကို နားထောင်ခြင်းက သင်တို့ကို ဒေါသထွက်စေသည် မဟုတ်လော။ (ဒေါသထွက်စေပါသည်။) ဤခေါင်းဆောင်များသည် မည်သို့ဖြစ်နေကြသနည်း။ ဤသူများသည် ဝိညာဉ်ရေးရာ အယောင်ဆောင်သော ငတုံးများသာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အစွမ်းအစ ကင်းမဲ့နေသည်၊ ၎င်းတို့သည် မျက်စိကန်းနေကြပြီး အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကို နားမလည်ကြသကဲ့သို့ မေးခွန်းတိုင်းကို “ကျွန်ုပ်မသိပါ” ဟု ဖြေကြကာ သင်က ၎င်းတို့ကို မေးခွန်းများ ဆက်တိုက်မေးသည့်အခါ ၎င်းတို့က “မည်သို့ပင်ဖြစ်စေ ကျွန်ုပ် စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီးပြီ၊ ဤအတိုင်းသာ ထားလိုက်ပါ” ဟု ပြန်ဖြေကြသည်။ ဤခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခဲ့ကြပြီးပြီလော။ ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် စံနှုန်းပြည့်မီကြသလော။ (မမီပါ။) ဤသူများသည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ သင်တို့သည် ဤသို့သော ခေါင်းဆောင်မျိုးကို နှစ်သက်ကြသလော။ အကယ်၍ သင်တို့သည် ထိုသို့သော ခေါင်းဆောင်များကို ကြုံတွေ့လျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အချို့သော ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံသည့်အခါ “ယနေ့ သင်တို့တွင် မည်သည့်ပြဿနာများပင် ရှိနေပါစေ၊ တာဝန်များကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကို ဦးစွာ မိတ်သဟာယဖွဲ့ကြစို့” ဟု ပြောဆိုကြသည်။ ထို့နောက် အချို့သောလူများက “ကျွန်ုပ်တို့သည် မိမိတို့၏ တာဝန်များတွင် အတတ်ပညာဆိုင်ရာ နည်းစနစ်များနှင့်ပတ်သက်၍ ပြဿနာတစ်ခု ကြုံတွေ့ခဲ့ရပါသည်။ ဘာသာတရားမရှိသူများအကြား ရေပန်းစားသော အတတ်ပညာဆိုင်ရာ နည်းစနစ်များကို ကျွန်ုပ်တို့ အသုံးပြုသင့်ပါသလော” ဟု ပြောဆိုကြသည်။ ဤသည်မှာ ခေါင်းဆောင်များ ဖြေရှင်းရန် လိုအပ်သည့် ပြဿနာတစ်ခု မဟုတ်လော။ အကယ်၍ အချို့သော ပြဿနာများကို ညီအစ်ကိုမောင်နှမများအကြား မိတ်သဟာယဖွဲ့ခြင်းဖြင့် မဖြေရှင်းနိုင်ပါက ခေါင်းဆောင်များက ဝင်ရောက်ဖြေရှင်းသင့်သည်၊ ဤသည်မှာ ခေါင်းဆောင်များ၏ တာဝန်ဝတ္တရားများနှင့် သက်ဆိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤပြဿနာများကို ကြုံတွေ့သည့်အခါ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့က “ဤသည်မှာ အတတ်ပညာဆိုင်ရာ ကိစ္စရပ်တစ်ခုဖြစ်သည်၊ ယင်းမှာ သင်တို့၏ ပြဿနာဖြစ်သည်၊ ကျွန်ုပ်နှင့် ဘာဆိုင်သနည်း။ ဤကိစ္စရပ်အကြောင်း သင်တို့ကိုယ်တိုင် မိတ်သဟာယဖွဲ့ကြပါ၊ သို့သော် ဦးစွာ ကျွန်ုပ်သည် သင်တို့အတွက် စုဝေးပွဲတစ်ခု ပြုလုပ်ပေးမည်။ ယနေ့စုဝေးပွဲတွင် ကျွန်ုပ်တို့သည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုအကြောင်း မိတ်သဟာယဖွဲ့ကြမည်။ သင်တို့ ယခုလေးတင် မေးခဲ့သည့် မေးခွန်းသည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်သည်။ သင်တို့သည် အမှုအရာများကို ဆွေးနွေးပြီး အတူတကွ မိတ်သဟာယဖွဲ့နိုင်သင့်သည်၊ ပြီးလျှင် ပို၍ သုတေသနလုပ်သင့်သည်၊ မည်သူမျှ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း မပြုသင့်ဘဲ လူတိုင်းသည် လူများစု ထောက်ခံသည့် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို လက်ခံသင့်သည်၊ ဤသည်မှာ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုနှင့်ဆိုင်သော ကိစ္စတစ်ခု မဟုတ်လော။ ကြည့်ရသည်မှာ သင်တို့သည် သဟဇာတဖြစ်စွာ မည်သို့ပူးပေါင်းဆောင်ရွက်ရမည်ကိုဖြစ်စေ၊ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ မည်သို့ဆွေးနွေးရမည်ကိုဖြစ်စေ မသိကြပေ။ သင်တို့သည် ပြဿနာတိုင်းကို ကျွန်ုပ်အား မေးကြသည်။ သင်တို့ ကျွန်ုပ်ကို မည်သည့်အရာအတွက် မေးနေကြသနည်း။ ကျွန်ုပ်သည် ဤအရာများကို နားလည်ပါသလော။ ကျွန်ုပ်နားလည်ခဲ့လျှင် သင်တို့ လုပ်စရာတစ်ခုမျှ မရှိဘဲနေမည် မဟုတ်လော။ သင်တို့သည် အရာရာတိုင်းကို ကျွန်ုပ်အား မေးကြသည်။ ဤသည်မှာ ကျွန်ုပ်ကိုင်တွယ်သင့်သည့် ပြဿနာလော။ ကျွန်ုပ်သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရန်သာ တာဝန်ရှိသည်၊ အတတ်ပညာဆိုင်ရာ ကိစ္စရပ်များကို သင်တို့ဘာသာ ဖြေရှင်းကြပါ။ ယင်းတို့သည် ကျွန်ုပ်နှင့် ဘာဆိုင်သနည်း။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် သင်တို့နှင့် မိတ်သဟာယဖွဲ့ပြီးဖြစ်ပြီး သင်တို့ကို သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပြောခဲ့ပြီးပြီ၊ ယင်းကို သင်တို့ မလုပ်ဆောင်နိုင်လျှင် ဤတာဝန်ကို မထမ်းဆောင်ကြနှင့်။ ကျွန်ုပ်၏ မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးပြီ၊ ပြဿနာကို သင်တို့ဘာသာ သွား၍ ဖြေရှင်းကြပါ” ဟု ပြောဆိုကြသည်။ ဤခေါင်းဆောင်များသည် ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို သိကြသလော။ (မသိကြပါ။) ဤအရာကို မည်သို့လုပ်ဆောင်ရမည်ကို မသိသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်တရားမျှတသည်ဟု ထင်မှတ်ကြပြီး တာဝန်လွှဲချရာတွင် ကျွမ်းကျင်ကြသည်။ အပြင်ပန်းအရသာဆိုလျှင် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်၊ စစ်ဆေးမှုများ ပြုလုပ်ရန် အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ ပေါ့ဆနေခြင်းလည်း မရှိပေ။ သို့သော် ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင် သို့မဟုတ် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ပေ၊ ယင်းက ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များဖြစ်ကြောင်း ဆိုလိုသည်။ သင်တို့သည် ဤသို့သော အယောင်ဆောင်ခေါင်းဆောင်မျိုးကို ပိုင်းခြားသိမြင်နိုင်သလော။ မည်သည့်ပြဿနာနှင့်မဆို ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် သက်ဆိုင်ရာ သမ္မာတရားများအကြောင်း မိတ်သဟာယမဖွဲ့နိုင်ပေ။ ၎င်းတို့သည် အလွန်မြင့်မြတ်ပြီး နက်နဲသယောင်ရှိသည့် အနှစ်မဲ့သော အယူဝါဒများနှင့် သဘောတရားအချို့ကိုသာ ပြောဆိုကြပြီး လူတို့သည် ယင်းတို့ကို ကြားပြီးနောက်တွင် သမ္မာတရားကို နားမလည်သည်သာမက စိတ်ရှုပ်ထွေးပြီး ဦးတည်ရာပျောက်သွားသည်ဟုလည်း ခံစားကြရသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့် အလုပ်ဖြစ်သည်။
“တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ခြင်း” ဟူသည့် အလုပ်က အယောင်ဆောင်ခေါင်းဆောင်များကို လုံးဝ ထုတ်ဖော်လိုက်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအကြောင်းကိုလည်း မိတ်သဟာယမဖွဲ့နိုင်၊ လူတို့ကို မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သမ္မာတရား စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းပြီး လက်တွေ့လုပ်ဆောင်ရန် ဦးဆောင်ခြင်းလည်းမပြုနိုင်၊ သို့မဟုတ် ထိုလူတို့ သမ္မာတရား လက်တွေ့ကျမှုကို နားလည်ပြီး ဝင်ရောက်ရန် ဦးဆောင်ခြင်း မပြုနိုင်ပေ၊ ၎င်းတို့သည် ခေါင်းဆောင်များ ထမ်းဆောင်သင့်သည့် တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြချေ။ ထိုမျှသာမက ၎င်းတို့သည် အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် အမှုထမ်းများ၏ အခြေအနေအရပ်ရပ်ကို အချိန်နှင့်တစ်ပြေးညီ သိအောင်လုပ်နိုင်စွမ်း မရှိကြဘဲ ဤအရာကို အနည်းငယ် သဘောပေါက်နားလည်လျှင်ပင် ယင်းမှာ တိကျမှန်ကန်မှုမရှိပေ။ ဤသည်က အမျိုးမျိုးသော အလုပ်ကိစ္စများအပေါ် ကြီးမားသော အနှောင့်အယှက်များနှင့် ထိခိုက်နစ်နာမှုတို့ကို ဖြစ်ပေါ်စေသည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စတုတ္ထတာဝန်နှင့်ပတ်သက်၍ ယနေ့ ငါတို့ ဖော်ထုတ်မည့် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်ကြသည်။
အချက် ၄- မသင့်တော်သောလူများကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ကာကွယ်ရန် သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်၏ ထိရောက်မှုရှိခြင်းနှင့် ချောမွေ့စွာ တိုးတက်မှုကို အာမခံရန်အလို့ငှာ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်သလို ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ချက်ချင်း ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်း ပြုလုပ်လော့
ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများ၏ အခြေအနေအရပ်ရပ်ကို သိရှိနားလည်ထားရမည်
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စတုတ္ထတာဝန်မှာ အဘယ်နည်း။ (“မသင့်တော်သောလူများကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ကာကွယ်ရန် သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်၏ ထိရောက်မှုရှိခြင်းနှင့် ချောမွေ့စွာ တိုးတက်မှုကို အာမခံရန်အလို့ငှာ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်သလို ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ချက်ချင်း ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်း ပြုလုပ်လော့။”) မှန်သည်၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်ဆောင်နေစဉ်တွင် ပြည့်မီနိုင်သင့်သည့် အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ ဤစတုတ္ထအချက်နှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကတာဝန်ဝတ္တရားများကို သင်တို့အားလုံး ရှင်းလင်းစွာ သိကြပြီလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများကို ရှင်းလင်းစွာ နားလည်ထားရမည်။ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အခြေအနေအရပ်ရပ်ကို သဘောပေါက်နားလည်ရန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ နယ်ပယ်အတွင်း၌ ရှိသည်။ သို့ဆိုလျှင် ဤဝန်ထမ်းများမှာ မည်သူတို့နည်း။ အဓိကအားဖြင့် အသင်းတော်ခေါင်းဆောင်များ ရှိသည်၊ ထို့နောက်တွင် အဖွဲ့လိုက် ကြီးကြပ်ရေးမှူးများနှင့် အဖွဲ့အမျိုးမျိုး၏ ခေါင်းဆောင်များ ရှိသည်။ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများသည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ခြင်း ရှိမရှိ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် စည်းမျဉ်းရှိမရှိနှင့် အသင်းတော်၏အလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း ရှိမရှိကဲ့သို့သော အခြေအနေအရပ်ရပ်ကို နားလည်ပြီး သဘောပေါက်ရန်မှာ အရေးပါပြီး အလွန်အရေးကြီးသည် မဟုတ်လော။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အမျိုးမျိုး၏ အဓိကကြီးကြပ်ရေးမှူးများ၏ အခြေအနေအရပ်ရပ်ကို စေ့စေ့စပ်စပ် သဘောပေါက်နားလည်ပြီး ဝန်ထမ်းများကို သင့်လျော်စွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပါက ယင်းမှာ ၎င်းတို့သည် အလုပ်ကိစ္စတစ်ခုစီအတွက် သင့်လျော်သော စိစစ်မှုကို ဆောင်ရွက်ခြင်းနှင့် တူညီပြီး ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းနှင့် ညီမျှသည်။ ဤအမှုထမ်းများနှင့်ပတ်သက်၍ မှန်ကန်သော ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ဘဲ ပြဿနာတစ်ခု ပေါ်ပေါက်လာပါက အသင်းတော်၏ အလုပ်သည် ကြီးမားစွာ ထိခိုက်နစ်နာလိမ့်မည်။ အကယ်၍ ဤအမှုထမ်းများသည် ကောင်းသောလူ့သဘာဝရှိပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်တစ်ခု ပိုင်ဆိုင်ကာ ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် တာဝန်ယူတတ်ပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိပါက ၎င်းတို့ကို အလုပ်တာဝန်ခံအဖြစ် ထားရှိခြင်းသည် ဒုက္ခများစွာကို သက်သာစေမည်ဖြစ်ပြီး အရေးအကြီးဆုံးမှာ အလုပ်ကို ချောမွေ့စွာ တိုးတက်စေရန် ခွင့်ပြုလိမ့်မည်။ သို့သော် အကယ်၍ အဖွဲ့အမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများသည် အားကိုးမရဘဲ ညံ့ဖျင်းသော လူ့သဘာဝရှိကာ ကောင်းမွန်စွာ ကျင့်ကြံပြုမူခြင်း မရှိ၍ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ထို့ထက်မက အချို့သော အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို ဖြစ်စေနိုင်ချေရှိပါက ဤသည်က ၎င်းတို့တာဝန်ယူသည့် အလုပ်အပေါ်တွင်လည်းကောင်း၊ ၎င်းတို့ဦးဆောင်သည့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအပေါ်တွင်လည်းကောင်း သက်ရောက်မှုရှိလိမ့်မည်။ အမှန်ပင် ထိုသက်ရောက်မှုသည် ကြီးနိုင်သည် သို့မဟုတ် ငယ်နိုင်သည်။ ကြီးကြပ်ရေးမှူးများသည် မိမိတို့၏ တာဝန်များ၌ ပေါ့ဆရုံမျှသာဖြစ်ပြီး မိမိတို့လုပ်ဆောင်သင့်သည့်အလုပ်ကို မလုပ်ဆောင်ပါက ဤသည်မှာ အလုပ်တွင် အချို့သော ကြန့်ကြာမှုများကို ဖြစ်စေနိုင်သည်၊ တိုးတက်မှုသည် အနည်းငယ် ပိုနှေးသွားမည်ဖြစ်ပြီး အလုပ်သည် အနည်းငယ် ပို၍ ထိရောက်မှုနည်းသွားမည်။ သို့သော် ၎င်းတို့သည် အန္တိခရစ်များဖြစ်ပါက ပြဿနာသည် ပြင်းထန်လိမ့်မည်။ ဤသည်မှာ အလုပ်က အနည်းငယ် ပို၍ ထိရောက်မှုနည်းခြင်း သို့မဟုတ် အကျိုးသက်ရောက်မှုနည်းခြင်း၏ ကိစ္စရပ်တစ်ခု ဖြစ်လိမ့်မည်မဟုတ်ပေ၊ ၎င်းတို့သည် မိမိတို့တာဝန်ယူသည့် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ပျက်စီးစေကာ ဆိုးရွားသော ထိခိုက်နစ်နာမှုကို ဖြစ်ပေါ်စေလိမ့်မည်။ သို့ဖြစ်၍ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အခြေအနေအရပ်ရပ်ကို အချိန်နှင့်တစ်ပြေးညီ သိရှိခြင်းနှင့် တစ်စုံတစ်ဦးသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြောင်း တွေ့ရှိသည့်အခါ အချိန်နှင့်တစ်ပြေးညီ ပြုပြင်ပြောင်းလဲမှုများ သို့မဟုတ် ဖြုတ်ချမှုများ ပြုလုပ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှောင်လွှဲနိုင်သော တာဝန်တစ်ခုမဟုတ်ပေ၊ ယင်းမှာ အလွန်ဆိုးရွားပြီး အလွန်အရေးကြီးသော အလုပ်ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ ကိုယ်ကျင့်စရိုက်ကိုလည်းကောင်း၊ သမ္မာတရားနှင့် မိမိတို့၏ တာဝန်များအပေါ် ၎င်းတို့၏ သဘောထားကိုလည်းကောင်း၊ ကာလတစ်ခုစီနှင့် အဆင့်တစ်ခုစီတိုင်းအတွင်း ၎င်းတို့၏ အခြေအနေများနှင့် စွမ်းဆောင်ရည်ကိုလည်းကောင်း ချက်ချင်းသိရှိအောင်လုပ်နိုင်ပြီး ထိုလူတို့ကို အခြေအနေများအရ ချက်ချင်း ပြုပြင်ပြောင်းလဲ၍ ကိုင်တွယ်နိုင်ပါက အလုပ်သည် တည်ငြိမ်စွာ ရှေ့ဆက်နိုင်မည်ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ထိုလူများသည် အသင်းတော်၌ မကောင်းမှုများ ပြုလုပ်လျက် သောင်းကျန်းပြီး စစ်မှန်သော အလုပ်ကို မလုပ်ဆောင်သည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာကို ချက်ချင်းမဖော်ထုတ်နိုင်ဘဲ၊ အချိန်နှင့်တစ်ပြေးညီ ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်နိုင်ဘဲ အမျိုးမျိုးသော ဆိုးရွားသည့် ပြဿနာများ ပေါ်ပေါက်လာသည်အထိ စောင့်ဆိုင်းနေပြီး အသင်းတော်၏အလုပ်ကို များစွာသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီးမှ ၎င်းတို့ကို သာမန်ကာလျှံကာ ကိုင်တွယ်ရန်၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် အခြေအနေကို ပြုပြင်၍ အဖတ်ဆယ်ရန် ကြိုးစားပါက ထိုခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသုံးမကျသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းရမည့် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်များ ဖြစ်ကြသည်။
အလုပ်အမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ၏ စစ်မှန်သော အခြေအနေ၊ ၎င်းတို့၏ အလုပ် ထိရောက်မှုတို့နှင့်ပတ်သက်၍ နားလည်ခြင်းနှင့် သဘောပေါက်မှုရှိခြင်းတို့၏ အရေးပါမှုအကြောင်းကိုလည်းကောင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိကို အကဲဖြတ်ရန် ဤစစ်မှန်သော အခြေအနေများကို အသုံးပြုခြင်းကိုလည်းကောင်း၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များဖြစ်ကြောင်း သက်သေပြသည့် မည်သည့်သရုပ်သကန်များကို ၎င်းတို့ ပြသသည်ကို ဖော်ထုတ်ကာ ထိုသို့ဖြင့် အယောင်ဆောင်ခေါင်းဆောင်များ၏ အနှစ်သာရကို စိစစ်ခြင်းကိုလည်းကောင်း ယခုလေးတင် ငါတို့ အကြမ်းဖျင်းအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အသင်းတော်၏အလုပ်တွင် ပြင်းထန်သော ပြဿနာများ ပေါ်ပေါက်လာသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို အချိန်မီ ကိုင်တွယ်ဖြေရှင်းရန်ကို မဆိုထားနှင့်၊ ချက်ချင်း ရှာဖွေတွေ့ရှိနိုင်ခြင်းပင် မရှိကြပေ။ ဤသည်က ကိစ္စရပ်များကို ကြာရှည်သွားစေပြီး ယင်းက အသင်းတော်၏အလုပ်ကို ကြန့်ကြာစေကာ ထိခိုက်နစ်နာစေသည့်အပြင် အသင်းတော်၏အလုပ်ကို ရပ်တန့်သွားစေခြင်း သို့မဟုတ် ဖရိုဖရဲဖြစ်သွားစေခြင်းကိုပင် ဖြစ်စေနိုင်သည်။ ဤသို့ဖြစ်ပျက်လာမှသာလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်အလုပ်၏ အခင်းဖြစ်ပွားရာသို့ စိတ်မပါ့တပါဖြင့် သွားရောက်လေ့လာကြသော်လည်း ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် ကိုက်ညီသော သို့မဟုတ် သင့်လျော်သော ဖြေရှင်းနည်းများကို ခွဲခြားသတ်မှတ်နိုင်ခြင်း မရှိကြသေးဘဲ နောက်ဆုံးတွင် ထိုကိစ္စကို ဖြေရှင်းခြင်းမရှိဘဲ ပစ်ထားလိုက်ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အဓိက သရုပ်သကန် ဖြစ်သည်။
အလုပ်အမျိုးမျိုးဆိုင်ရာ ကြီးကြပ်ရေးမှူးများ ရွေးချယ်ခြင်းအတွက် စံနှုန်းများ
အလုပ်အမျိုးမျိုးဆိုင်ရာ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများကို ရွေးချယ်ခြင်းအတွက် စံနှုန်းများနှင့်ပတ်သက်၍ လူအများစုသည် အနည်းနှင့်အများ ရှင်းလင်းပြတ်သားကြသလော။ ဥပမာအားဖြင့် အနုပညာအလုပ်၏ ကြီးကြပ်ရေးမှူးသည် အဓိကအားဖြင့် မည်သည့်အရာ ရှိသင့်သနည်း။ (၎င်းတို့သည် ဤနယ်ပယ်တွင် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ရှိသင့်ပြီး အလုပ်ကို ထမ်းဆောင်နိုင်စွမ်း ရှိသင့်ပါသည်။) အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ရှိခြင်းသည် ကဏ္ဍတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ဤအတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများက အတိအကျ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဤအရာကို ငါတို့ ရှင်းပြကြစို့။ အကယ်၍ တစ်စုံတစ်ဦးသည် ပုံဆွဲခြင်းကို နှစ်သက်ပြီး အနုပညာဖန်တီးခြင်းကို စိတ်ဝင်စားသော်လည်း ယင်းမှာ သူ၏ အသက်မွေးဝမ်းကျောင်း မဟုတ်ဘဲ ဤနယ်ပယ်တွင် အသိပညာ ကင်းမဲ့ကာ ယင်းကို နှစ်သက်ရုံမျှသာ ဖြစ်ပါက ထိုသို့သောလူတစ်ဦးကို အနုပညာအဖွဲ့၏ ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ရန် သင့်တော်သလော။ (မသင့်တော်ပါ။) အချို့က “အကယ်၍ ၎င်းတို့သည် အနုပညာဖန်တီးခြင်းကို နှစ်သက်ပါက ၎င်းတို့သည် အလုပ်ကို လုပ်ဆောင်နိုင်ပြီး တဖြည်းဖြည်း လေ့လာနိုင်သည်” ဟု ပြောကြသည်။ ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤအရာအတွက် ခြွင်းချက်တစ်ခု ရှိသည်၊ ယင်းမှာ အနုပညာအဖွဲ့ရှိ အခြားလူတိုင်းသည်လည်း အတတ်ပညာနှင့် အကျွမ်းတဝင်မရှိဘဲ ဤလူက အခြားသူများထက် အနည်းငယ် ပိုသိပြီး ပို၍ လျင်မြန်စွာ သင်ယူနိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ၎င်းကို ရွေးချယ်ခြင်းသည် အတော်အသင့် သင့်တော်မည်လော။ (သင့်တော်ပါမည်။) ဤအခြေအနေမှလွဲ၍ အနုပညာဖန်တီးခြင်းတွင် ပါဝင်သူအားလုံးအနက် ဤလူတစ်ဦးတည်းသာ အတတ်ပညာကို မသိသော်လည်း သူသည် သမ္မာတရားကို နားလည်ပြီး အနုပညာဖန်တီးခြင်းကို နှစ်သက်သောကြောင့် ရွေးချယ်ခြင်းခံရသည် ဆိုပါစို့၊ ယင်းမှာ သင့်တော်သလော။ (မသင့်တော်ပါ။) အဘယ်ကြောင့် မသင့်တော်သနည်း။ အကြောင်းမှာ သူသည် ပထမဆုံးသော သို့မဟုတ် တစ်ဦးတည်းသော ရွေးချယ်မှု မဟုတ်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ဤသို့သော ကြီးကြပ်ရေးမှူးမျိုးကို မည်သို့ ရွေးချယ်သင့်သနည်း။ ၎င်းတို့ကို အတတ်ပညာတွင် အကျွမ်းကျင်ဆုံးနှင့် အတွေ့အကြုံ အရှိဆုံးသောသူများထဲမှ ရွေးချယ်သင့်သည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမည်ဖြစ်ပြီး အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အလုပ်လုပ်နိုင်စွမ်း နှစ်မျိုးလုံးကို ပိုင်ဆိုင်ရမည်ဖြစ်သည်၊ လူပြိန်းတစ်ဦးကို မရွေးချယ်နှင့်။ ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ဝန်ထုပ်တစ်ခုကို ထမ်းရမည်ဖြစ်ပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိရမည်ဖြစ်ကာ သမ္မာတရားကို နားလည်နိုင်ရမည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အနည်းဆုံး အခြေခံအုတ်မြစ်တစ်ခုလည်း ရှိရမည်ဖြစ်သည်။ အဓိက စည်းမျဉ်းများမှာ ပထမအချက်အနေဖြင့် ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်း ရှိရမည်၊ ဒုတိယအချက်အနေဖြင့် ၎င်းတို့သည် အတတ်ပညာကို နားလည်ရမည်၊ တတိယအချက်အနေဖြင့် ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိရမည်ဖြစ်ပြီး သမ္မာတရားကို နားလည်နိုင်ရမည် ဟူ၍ ဖြစ်သည်။ အလုပ်အမျိုးမျိုးအတွက် ကြီးကြပ်ရေးမှူးများကို ရွေးချယ်ရန် ဤစံသတ်မှတ်ချက်သုံးခုကို အသုံးပြုလော့။
အလုပ်အမျိုးမျိုးဆိုင်ရာ ကြီးကြပ်ရေးမှူးများနှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များ
အမျိုးမျိုးသော တိကျသည့် အလုပ်ကိစ္စများအတွက် ကြီးကြပ်ရေးမှူးများကို ရွေးချယ်ပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘေးတွင်ရပ်ပြီး မည်သည့်အရာမျှ မလုပ်ဘဲ မနေသင့်ချေ။ ၎င်းတို့ရွေးချယ်ခဲ့သည့် လူပုဂ္ဂိုလ်များက အလုပ်ကို အမှန်တကယ် တာဝန်ယူထမ်းဆောင်နိုင်ပြီး လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိစေခြင်း ရှိမရှိကို ကြည့်ရှုရန် ဤကြီးကြပ်ရေးမှူးများကို အချိန်ကာလတစ်ခုအထိ လေ့ကျင့်ပေးပြီး ပျိုးထောင်ပေးရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဟူသည့် အဓိပ္ပာယ် ဖြစ်သည်။ ရွေးချယ်သည့်အချိန်တွင် သင်ရွေးချယ်လိုက်သည့် လူသည် သူ၏ အတတ်ပညာကို နားလည်ကြောင်း၊ အလုပ်လုပ်နိုင်စွမ်း ရှိကြောင်း၊ ဝန်အနည်းငယ်ကို ထမ်းကြောင်း၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုနှင့် သမ္မာတရားကို နားလည်နိုင်စွမ်း ရှိကြောင်း သင်မြင်ရသည် ဆိုပါစို့၊ ပြီးလျှင် သူသည် ဤကိစ္စရပ်များတွင် အရည်အချင်းပြည့်မီသောကြောင့် အရာအားလုံး အဆင်ပြေသွားမည်ဟု သင်ထင်မှတ်ကာ “သင်တို့ အလုပ်စတင်နိုင်ပြီ၊ စည်းမျဉ်းအားလုံးကို ကျွန်ုပ် သင်တို့ကို ပြောပြပြီးပြီ။ ယခုမှစ၍ ဘုရားအိမ်တော်က သင်တို့ကို ခိုင်းသည့်အရာကို သင်တို့ဘာသာ လုပ်ဆောင်ရုံသာ ဖြစ်သည်” ဟု ပြောဆိုသည်။ ဤသည်မှာ အလုပ်ကို ဆောင်ရွက်ရန် လက်ခံနိုင်ဖွယ်ဖြစ်သော နည်းလမ်းတစ်ခုလော။ ကြီးကြပ်ရေးမှူးများကို သင် စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းမှာ သင်သည် ထိုမျှနှင့်သာ ရပ်ထားနိုင်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ခေါင်းဆောင်တစ်ဦးသည် ကြီးကြပ်ရေးမှူးများနှင့် တစ်ပတ်လျှင် နှစ်ကြိမ် စုဝေးပြီး ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ကာ ထိုမျှနှင့်သာ ပြီးဆုံးသွားသည် ဆိုပါစို့၊ ထိုကြီးကြပ်ရေးမှူးများအားလုံးသည် တက်ကြွပြီး အားကိုးလောက်ကာ အခြားလူများ ပြောဆိုသည့်အရာကို နားလည်နိုင်စွမ်းရှိသောကြောင့် ၎င်းတို့သည် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သည်ဟု ယုံကြည်သည်။ ဤခေါင်းဆောင်သည် ဤကြီးကြပ်ရေးမှူးများက ၎င်းတို့၏ အလုပ်ကို အတိအကျ မည်သို့လုပ်ဆောင်သည်ကိုလည်းကောင်း၊ အခြားသူများနှင့် သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ခြင်း ရှိမရှိကိုလည်းကောင်း၊ ဤအချိန်ကာလအတွင်းတွင် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သဘောပေါက်နားလည်ပြီးခြင်း ရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် ဘုရားအိမ်တော်က ၎င်းတို့ကို ပေးအပ်ထားသည့် အလုပ်ကို မည်မျှ ပြီးစီးအောင် လုပ်ဆောင်ပြီးဖြစ်သည်ကိုလည်းကောင်း စုံစမ်းရန် သို့မဟုတ် ဆက်လက်စောင့်ကြည့်ရန် မလိုအပ်ဟု ထင်မှတ်သည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦးနှင့် အမှုဆောင်တစ်ဦးက အလုပ်ကို ကိုင်တွယ်သင့်သည့် နည်းလမ်းလော။ (မဟုတ်ပါ။) ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ဆောင်ပုံ ဖြစ်သည်။ ၎င်းတို့သည် အလုပ်အားလုံးကို တစ်ခါတည်းနှင့် ပြီးပြတ်အောင် လုပ်ဆောင်ရန် ကြိုးစားသည်၊ ၎င်းတို့သည် ကြီးကြပ်ရေးမှူးများကို စီစဉ်ပေးပြီး အဖွဲ့ဝင်အနည်းငယ်ဖြင့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းကာ ထို့နောက် “အလုပ်ကို စတင်လော့။ သင်တို့ မည်သည့်စက်ပစ္စည်းမဆို လိုအပ်ပါက ကျွန်ုပ်ကို အသိပေးပါ၊ ဘုရားအိမ်တော်က သင်တို့အတွက် ဝယ်ယူပေးလိမ့်မည်။ သင်တို့၏ နေ့စဉ်အသက်တာများတွင် မည်သည့်အခက်အခဲများ သို့မဟုတ် မည်သည့်ပြဿနာများကိုမဆို ကြုံတွေ့ရပါက ယင်းတို့ကို ထုတ်ဖော်ပြောဆိုရန် အားမနာပါနှင့်၊ ဘုရားအိမ်တော်က သင်တို့အတွက် ထိုအရာများကို အစဉ်သဖြင့် ဖြေရှင်းပေးလိမ့်မည်။ သင်တို့တွင် မည်သည့်အခက်အခဲမျှ မရှိပါက သင်တို့၏ အလုပ်ကို အာရုံစိုက်လော့။ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် အနှောင့်အယှက်များကို မဖြစ်စေနှင့်၊ မည်သည့် ဟိတ်ဟန်ပါသော အတွေးအခေါ်များကိုမျှ မပြောဆိုနှင့်” ဟု ပြောဆိုသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤလူတို့ကို အတူတကွ အလုပ်လုပ်ရန် စီစဉ်ပေးပြီး ၎င်းတို့တွင် စားစရာ၊ သောက်စရာနှင့် နေစရာ ရှိသရွေ့ လုံလောက်ပြီဖြစ်ကာ ၎င်းတို့ကို အရေးစိုက်ရန် မလိုအပ်ဟု ထင်မှတ်ကြသည်။ အထက်က “ဤအလုပ်အတွက် ကြီးကြပ်ရေးမှူးများကို ရွေးချယ်ပြီးသည်မှာ အချိန်မည်မျှ ကြာပြီနည်း။ အလုပ် မည်သို့ အခြေအနေရှိသနည်း” ဟု မေးသည့်အခါ ၎င်းတို့က “ခြောက်လရှိပါပြီ။ ကျွန်ုပ်တို့သည် ၎င်းတို့အတွက် စုဝေးပွဲ ဆယ်ကြိမ်ခန့် ကျင်းပပေးခဲ့ပြီးဖြစ်ကာ ၎င်းတို့၏ စိတ်ဓာတ်အခြေအနေ ကောင်းမွန်ပုံရပြီး အလုပ်လည်း လုပ်ဆောင်လျက် ရှိပါသည်” ဟု တုံ့ပြန်သည်။ အထက်က “သို့ဆိုလျှင် ကြီးကြပ်ရေးမှူးများ၏ အလုပ်လုပ်နိုင်စွမ်းသည် မည်သို့ရှိသနည်း” ဟု မေးသည့်အခါ ၎င်းတို့က “အဆင်ပြေပါသည်၊ ကျွန်ုပ်တို့ ၎င်းတို့ကို ရွေးချယ်သည့်အခါ ၎င်းတို့သည် အကောင်းဆုံးသောသူများ ဖြစ်ကြပါသည်” ဟု ပြောဆိုသည်။ အထက်က ၎င်းတို့ကို “၎င်းတို့ ယခု မည်သို့လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်သလော” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်သည် ၎င်းတို့အတွက် စုဝေးပွဲတစ်ခု ကျင်းပပေးခဲ့ပါသည်” ဟု ပြန်ဖြေလေသည်။ အထက်က “သင် စုဝေးပွဲ ကျင်းပပေးခဲ့ခြင်း ရှိမရှိကို ကျွန်ုပ်မေးနေခြင်း မဟုတ်ပါ၊ ၎င်းတို့၏ အလုပ် မည်သို့ဖြစ်နေသည်ကို ကျွန်ုပ်မေးနေခြင်း ဖြစ်သည်” ဟု ပြန်ပြောသည်။ ၎င်းတို့က “ကောင်းလောက်ပါသည်၊ ၎င်းတို့အကြောင်း မကောင်းသည့် အစီရင်ခံချက် တစ်ခုမျှ မရရှိပါ” ဟု ပြောဆိုကြသည်။ အထက်က “၎င်းတို့အကြောင်း မကောင်းသည့် အစီရင်ခံချက် တစ်ခုမျှ မရရှိခြင်းသည် စံတစ်ခု မဟုတ်ပါ။ သင်သည် ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းနှင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ မည်သို့ရှိသည်ကို ကြည့်ရှုရန် လိုအပ်ပြီး ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိနှင့် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိကို ကြည့်ရှုရန် လိုအပ်သည်” ဟု တုံ့ပြန်သည်။ ၎င်းတို့က “ရွေးချယ်သည့်အချိန်တွင် ၎င်းတို့ အဆင်ပြေပုံရပါသည်။ ဤအသေးစိတ်အချက်များကို ကျွန်ုပ် မစုံစမ်းမေးမြန်းဖြစ်သည်မှာ အတန်ကြာပါပြီ။ အကယ်၍ သင် သိရှိလိုပါက ကျွန်ုပ် နောက်တစ်ကြိမ် မေးမြန်းပါမည်” ဟု ပြန်ဖြေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ဆောင်ပုံ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ လက်အောက်ရှိသူများနှင့် အဆုံးမရှိ စုဝေးပွဲများ ကျင်းပပြီး မိတ်သဟာယ ဖွဲ့နေကြသော်လည်း အထက်နှင့်ပတ်သက်လာလျှင်မူ ဝေ့လည်ကြောင်ပတ်နှင့် ဝတ်ကျေတမ်းကျေ တုံ့ပြန်မှုကိုသာ ပေးကြသည်။ ၎င်းတို့၏ အကောင်းဆုံးသော ဝတ်ကျေတမ်းကျေ တုံ့ပြန်မှုမှာ “ကျွန်ုပ်သည် ၎င်းတို့အတွက် စုဝေးပွဲတစ်ခု ကျင်းပပေးခဲ့ပါသည်။ လွန်ခဲ့သောတစ်ကြိမ်က အလုပ်အကြောင်းကို အတော်အတန် အသေးစိတ်ကျကျ ကျွန်ုပ် မေးမြန်းခဲ့ပါသည်” ဟု ပြောဆိုခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အထက်ကို တုံ့ပြန်ပုံ ဖြစ်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေကြသလော။ ၎င်းတို့သည် စစ်မှန်သော ကိစ္စရပ်များကို ဖော်ထုတ်ပြီးပြီလော။ ၎င်းတို့သည် ထိုကိစ္စရပ်များကို ဖြေရှင်းပြီးပြီလော။ ကြီးကြပ်ရေးမှူးများကို စီစဉ်ပေးပြီးနောက်တွင် ကြီးကြပ်ရေးမှူးများက မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိကိုဖြစ်စေ၊ သစ္စာစောင့်သိခြင်း ရှိမရှိကိုဖြစ်စေ၊ အလုပ်ကို မည်သို့လုပ်ဆောင်နေသည်ကိုဖြစ်စေ၊ ရလဒ်များ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့အကြောင်း မည်သို့ ပြန်လည်အစီရင်ခံနေသည်ကိုဖြစ်စေ၊ ထိုအလုပ်အတွက် ပို၍ သင့်တော်သော လူပုဂ္ဂိုလ်များ ရှိမရှိကိုဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်များသည် လုံးဝ မသိနားမလည်ကြပေ။ ၎င်းတို့သည် ဤအရာများကို အဘယ်ကြောင့် မသိနားမလည်ကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဤလက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ဘဲ အသုံးမဝင်သော အရာများဖြင့်သာ မိမိတို့ကိုယ်ကို အလုပ်ရှုပ်နေစေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အလုပ်ကို ဤကဲ့သို့ အဆက်မပြတ် ကြီးကြပ်ရန်နှင့် စစ်ဆေးရန် မလိုအပ်ဟု ထင်မှတ်ကြသည်၊ ယင်းက ထိုကြီးကြပ်ရေးမှူးများကို ၎င်းတို့ မယုံကြည်ကြောင်း ဆိုလိုမည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့၏ စိတ်ထဲတွင် စုဝေးပွဲများ ကျင်းပခြင်းသည် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းနှင့် သစ္စာစောင့်သိမှုကို ပြသခြင်း ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း၏ အဓိက သရုပ်သကန် ဖြစ်သည်။
၁။ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့် ကြီးကြပ်ရေးမှူးများကို အယောင်ဆောင်ခေါင်းဆောင်များ ဆက်ဆံပုံ
အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်ရှိ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများ၏ အမျိုးမျိုးသော အခြေအနေများကို မျက်စိမှိတ်လျစ်လျူရှုကြသည်၊ ၎င်းတို့သည် ဤအခြေအနေများကို သဘောပေါက်နားလည်ခြင်း မရှိ သို့မဟုတ် ယင်းတို့ကို စုံစမ်းခြင်းဖြစ်စေ၊ ကိုင်တွယ်ခြင်းဖြစ်စေ၊ ဖြေရှင်းခြင်းဖြစ်စေ မရှိကြပေ။ ကြီးကြပ်ရေးမှူးများ၏ တိကျသော အခြေအနေများမှာ အဘယ်နည်း။ ပထမအခြေအနေမှာ ကြီးကြပ်ရေးမှူးများသည် ဝန်တာထားသည့်စိတ်မရှိဘဲ စားသောက်ပြီး ဖျော်ဖြေရေးကို ရှာဖွေကာ မိမိတို့လုပ်ဆောင်သင့်သည့်အလုပ်ကို မလုပ်ဆောင်သည့်အချိန်နှင့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့်အချိန် ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများသည် အလုပ်လုပ်နိုင်စွမ်း ရှိကြသည်၊ အတတ်ပညာတစ်ခုတွင် ကျွမ်းကျင်ကြပြီး အကောင်းဆုံးသောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် စကားပြောကောင်းပြီး ဉာဏ်ကောင်းကြကာ ညွှန်ကြားချက်များကို ပြန်လည်ရွတ်ဆိုခိုင်းပါက စကားလုံးတစ်လုံးမျှ မကျန်ဘဲ ရွတ်ဆိုပြနိုင်ကြသည်၊ ၎င်းတို့သည် အတော်အတန် ထက်မြက်ကြသည်၊ ၎င်းတို့သည် လူတိုင်းထံမှ အတော်အတန် ကောင်းမွန်သော အကဲဖြတ်ချက်များကို လက်ခံရရှိကြပြီး အတော်အတန်ကြာသည်အထိ ယုံကြည်သူများ ဖြစ်ခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ကြီးကြပ်ရေးမှူးများအဖြစ် ရွေးချယ်ခြင်းခံကြရသည်။ သို့ရာတွင် ဤလူတို့သည် လက်တွေ့ကျခြင်း ရှိမရှိ၊ အဖိုးအခပေးနိုင်ခြင်း ရှိမရှိ သို့မဟုတ် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်း ရှိမရှိကို မည်သူမျှ မသိပေ။ လူတို့က ၎င်းတို့ကို ရွေးချယ်ခဲ့သောကြောင့် ၎င်းတို့သည် ကနဦးတွင် ပျိုးထောင်ပေးရန်နှင့် စမ်းသပ်ကာလအနေဖြင့် အသုံးပြုရန် ရာထူးတိုးမြှင့်ခြင်း ခံကြရသည်။ သို့ရာတွင် အတန်ကြာ အလုပ်လုပ်ပြီးနောက် ၎င်းတို့၏ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အတွေ့အကြုံများ ရှိသော်လည်း ၎င်းတို့သည် အစားကြီးပြီး ပျင်းရိကာ အဖိုးအခပေးရန် မလိုလားကြောင်း တွေ့ရှိရသည်။ အလုပ်က အနည်းငယ် ပင်ပန်းလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အလုပ်လုပ်ခြင်းကို ရပ်လိုက်ကြပြီး ၎င်းတို့၏ လမ်းညွှန်မှုကို လိုအပ်သည့် ပြဿနာများ သို့မဟုတ် အခက်အခဲများရှိသော မည်သူ့ကိုမျှ အာရုံစိုက်လိုခြင်း မရှိကြပေ။ နံနက်တွင် မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က “ယနေ့ ကျွန်ုပ် မည်သည့်အရာကို စားရမည်နည်။ မီးဖိုချောင်တွင် ဝက်သားနီချက် မချက်သည်မှာ ရက်ပေါင်းများစွာ ရှိခဲ့ပြီ” ဟု တွေးကြသည်။ ပုံမှန်အားဖြင့် ၎င်းတို့သည် အခြားသူများကို အမြဲတမ်း ဤသို့ပြောဆိုကြသည်၊ “ကျွန်ုပ်၏ ဇာတိမြို့မှ သရေစာများသည် အလွန်ပင် အရသာရှိလှပါသည်၊ ပွဲတော်အခါသမယတိုင်းတွင် ကျွန်ုပ်တို့သည် အပြင်ထွက်၍ စားသုံးလေ့ရှိကြပါသည်။ ကျောင်းသားဘဝ၌မူ စနေ၊ တနင်္ဂနွေနေ့များတွင် နေဖင်ထိုးသည်အထိ အိပ်စက်လေ့ရှိပြီး ထို့နောက် အလုပ်ရှုပ်ခံ၍ မျက်နှာသစ်ခြင်း၊ ဆံပင်ဖီးခြင်းပင် မရှိဘဲ အစာသွားစားလေ့ရှိပါသည်။ နေ့လယ်ခင်းများတွင်မူ အိမ်ထဲ၌ ညအိပ်ဝတ်စုံနှင့်ပင် ဗီဒီယိုဂိမ်း ကစားလေ့ရှိရာ တစ်ခါတစ်ရံ နောက်တစ်နေ့ မနက် ၅ နာရီထိုးသွား၏။ ယခုမူကား ဘုရားသခင်၏ အိမ်တော်ရှိ အလုပ်က ကျွန်ုပ်အား ဤအခြေအနေသို့ ရောက်အောင် တွန်းပို့ခဲ့ပြီဖြစ်ပြီး ကြီးကြပ်ရေးမှူးတစ်ဦးအနေနှင့် ကျွန်ုပ်သည် အချို့သောအရာများကို လုပ်ဆောင်ရန် လိုအပ်ပေသည်။ သင်တို့အားလုံး မည်မျှ ကောင်းစားသည်ကို ကြည့်ပါ။ သင်တို့သည် ဤအဖိုးအခကို ပေးဆပ်ရန် မလိုအပ်ပေ။ ကြီးကြပ်ရေးမှူးတစ်ဦးအနေနှင့်မူ ကျွန်ုပ်သည် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ရပေမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို ပြောဆိုကြသော်လည်း ဇာတိပကတိကို ပုန်ကန်ကြသလော။ ၎င်းတို့သည် အဖိုးအခပေးကြသလော။ ၎င်းတို့သည် စောဒကတက်မှုများနှင့် ပြည့်နေပြီး မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ လုပ်ဆောင်လိုစိတ် မရှိကြပေ။ ၎င်းတို့သည် တွန်းမှသာ လှုပ်ကြပြီး ကြီးကြပ်မှုမရှိဘဲ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့သည် ပေါ့ပေါ့ပါးပါးနှင့် စည်းကမ်းမဲ့ကြသည်၊ ၎င်းတို့သည် မကြာခဏ စဉ်းလဲပြီး ခိုကပ်ကြကာ အနည်းငယ်မျှပင် တာဝန်ယူစိတ် မရှိကြပေ။ ၎င်းတို့ သတိပြုမိသည့် အတတ်ပညာပိုင်းဆိုင်ရာ ပြဿနာများနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် အခြားလူများအတွက် ယင်းတို့ကို မပြုပြင်ပေးကြဘဲ အခြားလူတိုင်းက ၎င်းတို့ကဲ့သို့ ဝတ်ကျေတမ်းကျေ ပြုမူသည့်အခါ ပျော်ရွှင်ကြသည်။ ၎င်းတို့သည် မည်သူ့ကိုမျှ အလုပ်ကို အလေးအနက်ထားစေလိုခြင်း မရှိပေ။ အချို့သော ကြီးကြပ်ရေးမှူးများသည် ၎င်းတို့လက်ထဲရှိ တာဝန်အနည်းငယ်ကို သာမန်ကာလျှံကာနှင့် ဝတ်ကျေတမ်းကျေ ပြီးစီးအောင် လုပ်ဆောင်ပြီးနောက် ရုပ်သံဇာတ်လမ်းတွဲများကို စတင်၍ အဆုံးမရှိ ဆက်တိုက် ကြည့်ရှုကြတော့သည်။ ဇာတ်လမ်းတွဲများကို ဆက်တိုက်ကြည့်ရှုခြင်းအတွက် ၎င်းတို့၏ အကြောင်းပြချက်မှာ အဘယ်နည်း။ “ကျွန်ုပ်၏တာဝန်များကို ကျွန်ုပ် ပြီးစီးအောင် လုပ်ဆောင်ပြီးပါပြီ၊ ကျွန်ုပ်သည် ဘုရားအိမ်တော်ကို မှီခိုကပ်ရပ်စားသောက်နေခြင်း မဟုတ်ပါ။ ကျွန်ုပ်သည် စိတ်ကို လန်းဆန်းစေရန် အပန်းဖြေနေခြင်းမျှသာ ဖြစ်ပါသည်။ သို့မဟုတ်လျှင် ကျွန်ုပ် အလွန်ပင်ပန်းပြီး ကျွန်ုပ်၏ အလုပ်တွင်ကျယ်မှု ကျဆင်းသွားပါလိမ့်မည်။ ကျွန်ုပ်၏ အလုပ်တွင်ကျယ်မှုကို ပိုမိုကောင်းမွန်စေရန်အတွက် ကျွန်ုပ်ကို ခဏတာ အပန်းဖြေခွင့်ပြုပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ညဉ့်နက်သန်းခေါင် ၂ နာရီ သို့မဟုတ် ၃ နာရီအထိ ဇာတ်လမ်းတွဲများကို ဆက်လက်ကြည့်ရှုကြသည်။ နောက်တစ်နေ့ မနက် ၈ နာရီတွင် လူတိုင်း မနက်စာစားပြီး၍ မိမိတို့၏ တာဝန်များကို စတင်ထမ်းဆောင်သည့်အခါ ဤကြီးကြပ်ရေးမှူးများသည် အိပ်ပျော်နေဆဲဖြစ်ပြီး နေမြင့်သည့်တိုင်အောင် အိပ်ရာမှ မထကြပေ။ နောက်ပိုင်းတွင် ၎င်းတို့သည် မိမိတို့၏ ပျင်းရိသော ဇာတိပကတိဖြင့် လေးကန်အချိန်ဆွဲကာ သမ်းဝေကာ အကြောဆန့်လျက် မထချင်ထချင်ဖြင့် ထကြပြီး အခြားလူတိုင်း အလုပ်စတင်နေသည်ကို မြင်သည့်အခါ အခြားသူများက ၎င်းတို့၏ ပျင်းရိမှုကို သတိပြုမိမည်ကို ကြောက်ရွံ့သဖြင့် စတင်၍ ဆင်ခြေများ ရှာကြသည်၊ “ပြီးခဲ့သည့်ညက လုပ်စရာများစွာ ရှိသဖြင့် အလွန်ပင်ညဉ့်နက်သွားခဲ့သည်။ အလုပ်ပမာဏက အလွန်ပင် များပြားလှသည်။ ကျွန်ုပ်သည် အနည်းငယ် ပင်ပန်းနွမ်းနယ်လျက် ရှိပါသည်။ မနေ့ညက အလုပ်ကိစ္စတစ်ခုတွင် ပြဿနာတစ်စုံတစ်ရာ ရှိနေသည်ဟု အိပ်မက်ပင်မက်ခဲ့ပါသည်။ ယနေ့နံနက် အိပ်ရာမှ နိုးထလာသောအခါ ကျွန်ုပ်၏ လက်များသည် ကွန်ပျူတာ လက်နှိပ်စက် ရိုက်နေသည့်ဟန်ဖြင့် ရှိနေခဲ့ပါသည်။ စိတ်တို့သည် အလွန်ပင် ရှုပ်ထွေးနောက်ကျိနေပြီး ယနေ့နေ့လယ်တွင် တစ်ရေးတစ်မော အိပ်စက်ရန် လိုအပ်နေပါသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အလွန်နောက်ကျမှ အိပ်ရာထပြီး နေ့လယ်တွင်လည်း တစ်ရေးအိပ်ရန် လိုအပ်သည်၊ ၎င်းတို့သည် ဝက်များပင် ဖြစ်လာကြသည် မဟုတ်လော။ ၎င်းတို့သည် ခိုကပ်နေကြသည်မှာ သိသာထင်ရှားသည့်တိုင် မိမိတို့ကိုယ်ကို မှန်ကြောင်းရှင်းချက်ထုတ်ပြီး ခုခံကာကွယ်ရန် ဆင်ခြေများပေးကြကာ ညဉ့်နက်သည်အထိ တာဝန်ထမ်းဆောင်နေခဲ့သောကြောင့် ပင်ပန်းသည်ဟု အခိုင်အမာဆိုကြသည်။ ၎င်းတို့သည် ဇာတ်လမ်းတွဲများကို ဆက်တိုက်ကြည့်ရှုရင်း ဇာတိပကတိဆိုင်ရာ ကိုယ်စိတ်ချမ်းသာမှုကို မွေ့လျော်ခံစားရင်းနှင့် မိမိကိုယ်ကို အလိုလိုက်သော အခြေအနေတွင် အသက်ရှင်နေထိုင်နေသည်မှာ သိသာထင်ရှားသည့်တိုင် နောက်ဆုံးတွင် အခြားသူများကို လှည့်စားရန် ကြားကောင်းအောင် ဆင်ခြေတစ်ခုကိုပင် ရှာကြသည်။ ဤသည်မှာ မိမိတို့လုပ်ဆောင်သင့်သည့်အလုပ်ကို မလုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော လူများသည် အလုပ်လုပ်နိုင်စွမ်းနှင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ရှိနိုင်သော်လည်း ၎င်းတို့သည် ကြီးကြပ်ရေးမှူးများအဖြစ် စံနှုန်းပြည့်မီသလော။ မပြည့်မီသည်မှာ သိသာထင်ရှားပါသည်။ ၎င်းတို့သည် ကြီးကြပ်ရေးမှူးများဖြစ်ရန် မသင့်တော်ပေ၊ အကြောင်းမှာ ၎င်းတို့သည် အလွန်ပျင်းရိသောကြောင့်ဖြစ်သည်၊ ၎င်းတို့သည် ဇာတိပကတိဆိုင်ရာ ကိုယ်စိတ်ချမ်းသာမှုကို မွေ့လျော်ခံစားကြသည်၊ ၎င်းတို့သည် အစားအသောက်၊ အိပ်စက်ခြင်းနှင့် ဖျော်ဖြေရေးတို့အတွက် လောဘကြီးကြပြီး ကြီးကြပ်ရေးမှူးတစ်ဦး၏ တာဝန်ဝတ္တရားများကို မထမ်းဆောင်နိုင် သို့မဟုတ် ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။
အချို့သော အမျိုးသမီးများသည် အွန်လိုင်းပေါ်တွင် အဝတ်အစား၊ ဖိနပ်၊ အလှကုန်နှင့် အစားအသောက်များကို မကြာခဏ ကြည့်ရှုကြပြီး ကြည့်ရှုပြီးသည့်အခါ ဇာတ်လမ်းတွဲများကို ဆက်တိုက်ကြည့်ရှုကြတော့သည်။ လူတို့က “သင်၏အလုပ်ကို မပြီးသေးဘဲ အဘယ်ကြောင့် ဇာတ်လမ်းတွဲများကို ဆက်တိုက်ကြည့်ရှုနေသနည်း။ ထို့အပြင် အခြားလူများတွင်လည်း ပြဿနာများစွာ ရှိနေသေးသည်။ ကြီးကြပ်ရေးမှူးတစ်ဦးအနေဖြင့် သင်သည် ၎င်းတို့ကို လမ်းပြမှုပေးသင့်သည်။ အဘယ်ကြောင့် သင်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းသနည်း” ဟု ပြောဆိုကြသည်။ ဤအမျိုးသမီးများက “ဇာတ်လမ်းတွဲများကို ဆက်တိုက်ကြည့်ရှုခြင်းသည်လည်း ကျွန်ုပ်အလုပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ဘုရားအိမ်တော်၏ ဗီဒီယိုများနှင့် ရုပ်ရှင်များကို တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်ပြီး ကျွန်ုပ်သည် ဤဇာတ်လမ်းတွဲများထဲတွင် ဉာဏ်ကွန့်မြူးမှုကို ရှာဖွေရပါမည်” ဟု ပြောဆိုကြသည်။ ယင်းမှာ လှည့်ဖြားသော စကားတစ်ခွန်း မဟုတ်လော။ အကယ်၍ သင်သည် ဤအတတ်ပညာတွင် ပါဝင်ပတ်သက်နေပါက ဉာဏ်ကွန့်မြူးမှုအတွက် ရံဖန်ရံခါ ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း နေ့ရောညပါ ဇာတ်လမ်းတွဲများကို ဆက်တိုက်ကြည့်ရှုခြင်းသည် ဉာဏ်ကွန့်မြူးမှု ရှာဖွေခြင်းလော။ ယင်းမှာ လှည့်ဖြားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်အရာ ဖြစ်ပျက်နေသည်ကို လူတိုင်းသိကြသည်၊ ထို့ကြောင့် ထိုသို့သောစကားများ ပြောဆိုခြင်းသည် သင်၏ သိက္ခာနှင့် တည်ကြည်မှုကို စွန့်လွှတ်ခြင်း ဖြစ်သည်။ အချို့လူများတွင် ဗီဒီယိုဂိမ်းများ ကစားသည့်အကျင့် ရှိနှင့်ပြီးဖြစ်ကာ ယင်းမှာ ၎င်းတို့၏ အသက်တာ၏ ပုံမှန်အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ သို့ရာတွင် ကြီးကြပ်ရေးမှူးများအဖြစ် ရွေးချယ်ခြင်းခံရပြီးနောက် ၎င်းတို့သည် ဤအကျင့်ဆိုးများနှင့် မကောင်းမှုများကို ပြောင်းလဲသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ယင်းတို့ကို မပုန်ကန်နိုင်ပါက ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခြင်းခံရသည့်အခါ “ကျွန်ုပ်သည် ဤအလုပ်ကို မထမ်းဆောင်နိုင်ပါ။ ကျွန်ုပ်သည် ဗီဒီယိုဂိမ်း ကစားခြင်းကို စွဲလမ်းပါသည်။ ဂိမ်းကစားသည့်အခါ ကျွန်ုပ်သည် မိမိကိုယ်ကို မေ့လျော့သွားသည့် အခြေအနေသို့ ရောက်ရှိပြီး မည်သူမျှ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပါ၊ သို့မဟုတ် မည်သူမျှ ဖျောင်းဖျ၍မရနိုင်ပါ။ အကယ်၍ သင်တို့သည် ကျွန်ုပ်ကို ရွေးချယ်ပါက အလုပ်ကို သေချာပေါက် နှောင့်နှေးစေပါလိမ့်မည်။ ထို့ကြောင့် လျင်မြန်စွာ ဆောင်ရွက်ပြီး ကျွန်ုပ်ကို ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်ခွင့်မပြုပါနှင့်” ဟု သင်ပြောဆိုသင့်သည်။ သင်သည် ဤအရာကို ကြိုတင်မကြေညာဘဲ သင်ရွေးချယ်ခြင်း ခံရသည့်အခါ နှစ်သက်ကျေနပ်ပြီး ဂုဏ်ယူကာ ဤအဆင့်အတန်းကို တန်ဖိုးထားသော်လည်း သင်သည် ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်သည့်အခါ ယခင်ကကဲ့သို့ မိမိအလိုရှိသလို ဗီဒီယိုဂိမ်းများကို ဆက်လက်ကစားနေပါက ဤသည်မှာ မသင့်လျော်ဘဲ အလုပ်ကို သေချာပေါက် နှောင့်နှေးစေလိမ့်မည်။
အချို့သော ကြီးကြပ်ရေးမှူးများတွင် အကျင့်ဆိုးအချို့ ရှိကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ရွေးချယ်သည့်အခါ အချို့သည် ၎င်းတို့၏ အခြေအနေကို နားမလည်ကြသကဲ့သို့ အခြားသူများကမူ ဤလူပုဂ္ဂိုလ်များသည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အချိန်ပြည့် အသုံးခံနိုင်သည်ဟု ယုံကြည်ကြပြီး လူငယ်များ၏ အကျင့်ဆိုးများနှင့် မကောင်းမှုများသည် အသက်အရွယ် ကြီးလာသည်နှင့်အမျှ၊ သမ္မာတရားကို ဆက်လက်၍ နားလည်လာသည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲသွားနိုင်သည်ဟု ထင်မှတ်ကြသည်။ လူများစွာတို့သည် ဤလူပုဂ္ဂိုလ်များကို ကြီးကြပ်ရေးမှူးများအဖြစ် ရွေးချယ်သည့်အခါ ဤသို့သော သဘောထားနှင့် အမြင်ရှုထောင့်တို့ကို ထားရှိကြသည်။ ဤလူပုဂ္ဂိုလ်များ ရွေးချယ်ခြင်းခံရပြီးနောက် ၎င်းတို့သည် အလုပ်အချို့ကို လုပ်ဆောင်ကြသော်လည်း မကြာမီပင် အပျက်သဘောဆောင်လာပြီး ဤသို့တွေးတောလာကြသည်။ “ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်ရခြင်းသည် မလွယ်ကူပါ။ ကျွန်ုပ်သည် စောစောထပြီး နောက်ကျမှအိပ်ရသည်၊ အချိန်တိုင်း အခြားလူများထက် ပို၍ လုပ်ဆောင်ပြီး ပို၍ စောင့်ကြည့်လေ့လာရမည်။ ကျွန်ုပ်သည် ပို၍လည်း စိုးရိမ်ပူပန်ရပြီး ကျွန်ုပ်၏အချိန်နှင့် စွမ်းအင်ကို ပို၍ သုံးစွဲရသည်။ ဤအလုပ်သည် ခက်ခဲသည်၊ အလွန်ပင်ပန်းလှသည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သူသည် တာဝန်ပစ်ချရန် စဉ်းစားလေသည်။ သင်သည် ဝန်တာမထမ်းပါက ကြီးကြပ်ရေးမှူးတစ်ဦး၏ အလုပ်ကို သင်မလုပ်ဆောင်နိုင်ပေ။ သင်သည် သင်၏စိတ်နှလုံးထဲတွင် ဝန်ထမ်းပါက သင်သည် အလုပ်အတွက် စိုးရိမ်ပူပန်လိုစိတ် ရှိမည်ဖြစ်ပြီး အခြားသူများထက် အနည်းငယ် ပို၍ ပင်ပန်းလျှင်ပင် ဒုက္ခခံစားနေရသည်ဟု သင်ခံစားရမည် မဟုတ်ပေ။ အနားယူချိန်ရောက်သည့်အခါတွင်ပင် သင်သည် “ယနေ့အလုပ် မည်သို့များပြီးသွားသနည်း” ဟု တွေးတောနေဦးမည် ဖြစ်သည်။ မဖြေရှင်းရသေးသည့် ကိစ္စရပ်တစ်ခု ကျန်ရှိနေသေးသည်ကို သင်ရုတ်တရက် သတိရပါက သင်သည် အိပ်ပျော်နိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် သင်၏စိတ်နှလုံးထဲတွင် ဝန်တာထမ်းပါက သင်သည် အလုပ်အကြောင်းကို အမြဲတမ်း တွေးတောနေမည်ဖြစ်ပြီး သင်သည် မည်မျှ ကောင်းမွန်စွာ စားသောက်နေရသည် သို့မဟုတ် အနားယူနေရသည်ကိုပင် ဂရုစိုက်မည် မဟုတ်ပေ။ အကယ်၍ လူတို့သည် ကြီးကြပ်ရေးမှူးများအဖြစ် ဝန်တာအနည်းငယ်မျှသာ ထမ်းပါက ၎င်းတို့၏ စိတ်အားထက်သန်မှု အနည်းငယ်သည် ရက်အနည်းငယ်မျှသာ ကြာရှည်ခံနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ထဲမှ အချို့သည် မခံနိုင်ကြတော့ပေ။ ၎င်းတို့က “ဤအလုပ်သည် အလွန်ပင်ပန်းလှသည်။ မိမိကိုယ်ကို ဖျော်ဖြေရန်နှင့် အနည်းငယ် အပန်းဖြေရန် နည်းလမ်းမှာ အဘယ်နည်း။ ငါ ဗီဒီယိုဂိမ်း အနည်းငယ် ကစားလိုက်မည်” ဟု တွေးကြသည်။ ၎င်းတို့သည် ခဏတာ ကောင်းမွန်စွာ လုပ်ဆောင်ကြသော်လည်း ရုတ်တရက် ဗီဒီယိုဂိမ်း ကစားချင်စိတ် ပြင်းပြလာသည်။ ၎င်းတို့ စတင်လိုက်သည်နှင့်တစ်ပြိုင်နက် မရပ်တန့်နိုင်ကြတော့ပေ၊ ၎င်းတို့ တစ်ချိန်က ထမ်းခဲ့သည့် ဝန်တာအနည်းငယ်သည် ၎င်းတို့ ဂိမ်းကစားခြင်းဖြင့် တိုက်စားသွားမည်ဖြစ်သကဲ့သို့ မိမိတို့ကိုယ်ကို အသုံးခံရန် ၎င်းတို့၏ စိတ်အားထက်သန်သော တွန်းအား၊ ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုနှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ အပြုသဘောဆောင်သော သဘောထားတို့လည်း တိုက်စားသွားမည်ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို တစ်စုံတစ်ခု မေးသည့်အခါ ၎င်းတို့သည် စိတ်မရှည်ကြတော့ပေ။ ၎င်းတို့သည် လူတို့ကို ပြုပြင်ခြင်း၊ သို့မဟုတ် ၎င်းတို့ကို ဩဝါဒခြွေပြီး ထေ့ငေါ့ပြောဆိုခြင်း၊ သို့မဟုတ် အမှုအရာများကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်ပြီး မိမိတို့၏ အလုပ်ကို စွန့်ပစ်ခြင်းတို့ကို ပြုလုပ်ကြသည်။ ဤကြီးကြပ်ရေးမှူးများနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) နေ့အချိန်တွင် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို စိတ်မကြည်မလင် အိုးနက်းခွက်နင်းဖြင့် ပြီးအောင် လုပ်ဆောင်ကြပြီး ညအချိန်တွင် မည်သူမျှ မကြည့်ရှုသည့်အခါ ၎င်းတို့သည် တစ်ညလုံး တစ်မှေးမျှမအိပ်ဘဲ ဗီဒီယိုဂိမ်းများကို တိတ်တဆိတ် ကစားကြသည်။ အစပိုင်းတွင် ၎င်းတို့သည် ထိုအကြောင်းနှင့်ပတ်သက်၍ စိတ်သက်သာရာရကြပြီး ဤသို့တွေးတောကြသည်၊ “ငါသည် နေ့အခါ၌ အလုပ်တာဝန်များကို ဆိုင်းငံ့ထားခြင်းမရှိပါ။ လုပ်ဆောင်ရန် တာဝန်ရှိသည့် အလုပ်ဟူသမျှကိုလည်း ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါသည်။ အခြားသူများက ငါ့ကို မေးမြန်းခဲ့သော ပြဿနာအားလုံးကိုလည်း ဖြေရှင်းပေးခဲ့ပြီး ဖြစ်ပါသည်။ ညအခါ၌ ဗီဒီယိုဂိမ်းကစားဖို့ အချိန်ရစေရန်အတွက် မအိပ်စက်ခဲ့လျှင်ပင် ဤအရာအားလုံးသည် ငါ သစ္စာစောင့်သိခြင်း မမည်ပါလော” ဟူ၍ ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဗီဒီယိုဂိမ်းများ စတင်ကစားသည်နှင့်တစ်ပြိုင်နက် မရပ်တန့်နိုင်ကြတော့ဘဲ မည်သူ့စကားကိုမျှ နားမထောင်ကြတော့ပေ။ ယင်းက အခြားလူများ၏ အနားယူခြင်း သို့မဟုတ် အလုပ်ပတ်ဝန်းကျင်ကို မထိခိုက်စေသော်လည်း ထိုသို့သော ကြီးကြပ်ရေးမှူးများသည် ၎င်းတို့၏ အလုပ်ကို ထမ်းဆောင်နိုင်ပါဦးမည်လော။ ၎င်းတို့သည် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါဦးမည်လော။ (မလုပ်ဆောင်နိုင်ပါ။) အဘယ်ကြောင့် မလုပ်ဆောင်နိုင်သနည်း။ ၎င်းတို့သည် ညလုံးပေါက် မအိပ်ဘဲ ဗီဒီယိုဂိမ်းများကို မကြာခဏ ကစားကြပြီး နေ့အချိန်တွင် အလုပ်လုပ်ရသည်၊ လူတစ်ဦးတွင် စွမ်းအင်မည်မျှ ရှိနိုင်မည်နည်း။ ၎င်းတို့သည် ဤကဲ့သို့ ဗီဒီယိုဂိမ်းများကို စွဲစွဲမြဲမြဲကစားပါက ၎င်းတို့၏ အလုပ်တွင်ကျယ်မှုသည် မြင့်မားမည်လော။ သေချာပေါက် မြင့်မားမည် မဟုတ်ပေ။ ထို့ကြောင့် ထိုသို့သော ကြီးကြပ်ရေးမှူးများသည် မိမိတို့၏ တာဝန်များကို လုံးဝ ကောင်းမွန်စွာ မဖြည့်ဆည်းနိုင် သို့မဟုတ် မိမိတို့၏ အလုပ်ကို လုံးဝ မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့တွင် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အစွမ်းအစအချို့ ရှိသော်လည်း ၎င်းတို့သည် ကစားခြင်းကို နှစ်သက်ပြီး မိမိတို့လုပ်ဆောင်သင့်သည့်အလုပ်ကို မလုပ်ဆောင်ကြပေ။ ဤကြီးကြပ်ရေးမှူးများကို ဖြုတ်ချသင့်သည် မဟုတ်လော။ ၎င်းတို့ကို မဖြုတ်ချပါက အလုပ်သည် နှောင့်နှေးသွားလိမ့်မည်။ အချို့လူများက “၎င်းတို့ကို ဖြုတ်ချလိုက်ပါက ၎င်းတို့ကဲ့သို့ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများရှိသည့် အခြားမည်သူ့ကိုမျှ ကျွန်ုပ်တို့ ရှာတွေ့နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ဤအလုပ်ကို လုပ်ဆောင်ခွင့်ပေးရမည်၊ ၎င်းတို့သည် ဗီဒီယိုဂိမ်းများ ကစားလျှင်ပင် အလုပ်ကို ထမ်းဆောင်နိုင်ဆဲဖြစ်သည်” ဟု ပြောဆိုကြသည်။ ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) လူတစ်ဦးသည် အမှုအရာနှစ်ခုကို တစ်ပြိုင်နက်တည်း အာရုံမစိုက်နိုင်ပါ၊ လူသားများတွင် အကန့်အသတ်ရှိသော စွမ်းအင် ရှိသည်။ သင်သည် သင်၏စွမ်းအင်အများစုကို ကစားခြင်းအပေါ် အာရုံစိုက်ပါက သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းအပေါ် သင်၏ ဆက်ကပ်အပ်နှံမှုသည် ထိခိုက်သွားမည်ဖြစ်ပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရာတွင် သင်၏ အကျိုးသက်ရောက်မှုသည် အလွန်အမင်း ထိခိုက်သွားလိမ့်မည်။ ဤသည်မှာ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအပေါ် တာဝန်မဲ့သော သဘောထားတစ်ခု ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးအကြွင်းမဲ့နှင့် မိမိ၏ စွမ်းအင်အားလုံးကို မိမိ၏ တာဝန်များအပေါ် ထားရှိလျှင်ပင် ရလဒ်များသည် ရာနှုန်းပြည့် စံနှုန်းပြည့်မီရန် မလွဲမသွေ မဖြစ်နိုင်ပေ။ အကယ်၍ သင်သည် သင်၏စိတ်နှလုံးနှင့် သင်၏စွမ်းအင်အများစုကို ကစားခြင်းအပေါ် အာရုံစိုက်ပါက သာ၍ပင် ဆိုးရွားလိမ့်မည်၊ သင်၏ တာဝန်များကို ထမ်းဆောင်ရာတွင် အသုံးပြုရန် စွမ်းအင်နှင့် အတွေးအခေါ် များများစားစား ကျန်ရှိတော့မည် မဟုတ်ဘဲ သင်၏ တာဝန်များကို ထမ်းဆောင်ရာတွင် သင်၏ အကျိုးသက်ရောက်မှုသည် ထိခိုက်သွားလိမ့်မည်။ ယင်းက ထိခိုက်သွားလိမ့်မည်ဟု ဆိုခြင်းသည် မယုတ်မလွန်နည်းလမ်းဖြင့် ပြောခြင်းဖြစ်သည်။ လက်တွေ့တွင်မူ သင်၏ တာဝန်များကို ထမ်းဆောင်ရာတွင် သင်၏ အကျိုးသက်ရောက်မှုသည် ဆိုးရွားစွာ ပျက်စီးသွားလိမ့်မည်။ အကယ်၍ ထိုသို့သော ကြီးကြပ်ရေးမှူးများကို ရွေးထုတ်မိပါက ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ချက်ချင်း ပြုပြင်သင့်ပြီး ၎င်းတို့ကို ဖြုတ်ချသင့်သည်၊ အကြောင်းမှာ ၎င်းတို့သည် အသုံးမဝင်တော့ဟု သတ်မှတ်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် စံနှုန်းပြည့်မီခြင်း မရှိတော့သည်သာမက ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိကြတော့ဘဲ မိမိတို့၏ အလုပ်အပေါ် မည်သည့် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုကိုမျှ မဖြစ်စေနိုင်တော့ပေ။ ထို့ကြောင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ အနည်းငယ် လျော့နည်းသော်လည်း စိတ်အားထက်သန်ပြီး တာဝန်ယူစိတ်ရှိသော တစ်စုံတစ်ဦးကို ၎င်းတို့၏ အလုပ်ကို တာဝန်ယူရန် ရှာဖွေခြင်းသည် ၎င်းတို့ထက် ပိုမိုကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
ယခုတင် ငါသည် အစားအသောက်၊ အိပ်စက်ခြင်းနှင့် ဖျော်ဖြေရေးတို့အတွက် လောဘကြီးသော လူအမျိုးမျိုးအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။ အခြားလူစားမျိုးတစ်မျိုး ရှိသေးသည်။ ကနဦးတွင် ကြီးကြပ်ရေးမှူးများကို ရွေးချယ်သည့်အခါ ဤလူစားမျိုးသည် ထိုရာထူးအတွက် နည်းလမ်းမျိုးစုံဖြင့် သင့်တော်သည်ဟု ရှုမြင်ခံရပြီး ညီအစ်ကိုမောင်နှမများအားလုံးက ၎င်းတို့ကို ရွေးချယ်လိုကြသည်။ ဤလူသည် လူ့သဘာဝ ကောင်းမွန်သည်ဟုလည်းကောင်း၊ စိတ်အားထက်သန်သည်ဟုလည်းကောင်း၊ မိမိ၏ အတတ်ပညာပိုင်းတွင် ကျွမ်းကျင်သည်ဟုလည်းကောင်း၊ ထို့အပြင် ကဏ္ဍတိုင်းတွင် အဖွဲ့ထဲ၌ အကောင်းဆုံးနှင့် အထက်မြက်ဆုံးဖြစ်ကာ ကြီးကြပ်ရေးမှူး ရာထူးအတွက် ထင်ရှားသော ရွေးချယ်မှုဖြစ်စေသည်ဟုလည်းကောင်း ထင်မှတ်ကြသည်။ သို့ရာတွင် ရွေးချယ်ခြင်းခံရပြီး အတန်ကြာသော် ဤလူသည် စုဝေးပွဲများအတွင်းမှာပင် မကြာခဏ ငိုက်မျဉ်းလာသည်။ အခြားသူများက ၎င်းနှင့် စကားပြောသည့်အခါ ၎င်းသည် အမြဲတမ်း စိတ်ရှုပ်ထွေးပြီး မေးခွန်းများကို မသက်ဆိုင်သော အဖြေများ ပေးသည်။ ၎င်းသည် ယခင်က ဤကဲ့သို့ မဟုတ်ခဲ့သဖြင့် အဘယ်ကြောင့် ရုတ်တရက် လူသစ်တစ်ယောက်ကဲ့သို့ ပြောင်းလဲသွားရသနည်း။ နောက်ပိုင်းတွင် တစ်စုံတစ်ဦးက ဤကြီးကြပ်ရေးမှူးသည် လူတစ်ဦးနှင့် စကားဝိုင်းဖွဲ့ပြောနေရာ ၎င်းတို့နှစ်ဦးသည် ချစ်ကြိုက်နေကြသူများဟု ထင်ရပုံပေါက်သည်ကို မထင်မှတ်ဘဲ တွေ့ရှိသွားပြီး ၎င်းတို့သည် အမှန်တကယ် ချစ်ကြိုက်နေခြင်း ရှိမရှိနှင့်ပတ်သက်၍ ထင်ကြေးပေးမှုများ ပေါ်ပေါက်လာသည်။ ဤကိစ္စရပ်သည် ပို၍ ထင်ရှားလာသည်နှင့်အမျှ ဤကြီးကြပ်ရေးမှူးသည် ပို၍ပို၍ နားဝေတိမ်တောင် ဖြစ်လာသည်။ ၎င်းကို မေးခွန်းများမေးသည့်အခါတိုင်း သို့မဟုတ် တစ်စုံတစ်ခုအကြောင်း ပြောဆိုသည့်အခါတိုင်း ၎င်း၏ တုံ့ပြန်မှုများသည် ယခင်ကဲ့သို့ လျင်မြန်ခြင်းမရှိတော့ဘဲ တစ်ချိန်ကကဲ့သို့ ရှင်းလင်းပြီး နားလည်နိုင်ဖွယ်ဖြစ်ပုံ မရှိတော့ချေ။ ၎င်းသည် ကြီးကြပ်ရေးမှူးတစ်ဦး လုပ်ဆောင်သင့်သည့် အလုပ်ကို လျော့၍လျော့၍ လုပ်ဆောင်လာပြီး မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်အားထက်သန်မှု လျော့သည်ထက် လျော့နည်းလာသည်။ ယင်းမှာ ၎င်းသည် လူသစ်တစ်ဦး ဖြစ်သွားသည့်အလားပင် ဖြစ်၏။ ၎င်းသည် ယခင်ကထက် မိမိ၏ အဝတ်အစားနှင့် မိမိကိုယ်ကို ပြင်ဆင်ခြင်းကို ပို၍ စိတ်ဝင်စားသည်။ ဤနေရာတွင် ပြဿနာတစ်ခု ရှိနေသည်။ ယခင်က အလုပ်များသော ကာလများအတွင်း ၎င်းသည် ရေချိုးသည်မှာ ရှားလှသော်လည်း ယခုမူ တစ်နေ့လျှင် မျက်နှာနှစ်ကြိမ်သစ်ပြီး အခွင့်အရေးရတိုင်း ခေါင်းဖီးကာ မှန်ကြည့်ကြ၍ အခြားသူများကို အဆက်မပြတ် ဤသို့မေးသည်၊ “ကျွန်ုပ်၏အသားအရေသည် ယခုရက်ပိုင်းတွင် ပို၍ဖြူလာသည် သို့မဟုတ် ပို၍မည်းသွားသည်ဟု သင် ထင်သလော။ အဘယ်ကြောင့် ကျွန်ုပ် မည်းသွားပုံပေါက်နေရသနည်း” ဟူ၍ဖြစ်သည်။ လူတို့က “ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်သည့် သင့်အနေဖြင့် ဤအရာများအကြောင်း ပြောဆိုခြင်းသည် အလွန် ပေါ့ပျက်ပျက်နိုင်ပါသည်၊ ဖြူလာခြင်း သို့မဟုတ် မည်းသွားခြင်းက မည်သည့်အရာကို ထိခိုက်စေနိုင်မည်နည်း” ဟု တုံ့ပြန်ကြသည်။ ၎င်းတို့သည် ဤအရေးမပါသော အကြောင်းအရာများကို တစိုက်မတ်မတ် ပြောဆိုကြပြီး မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် စိတ်မပါတော့ပေ။ အခွင့်အရေး ရသည့်အခါတိုင်း ၎င်းတို့သည် အဝတ်အစား၊ အမျိုးသမီး၊ အမျိုးသား၊ အချစ်နှင့် လူတို့သည် မည်သို့သော အိမ်ထောင်ဖက်မျိုးကို ရွေးချယ်မည်ကို ဆွေးနွေးကြသော်လည်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအတွင်း မည်သည့်ပြဿနာများ တည်ရှိသည်ကို သို့မဟုတ် ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ကို မည်သည့်အခါမျှ မဆွေးနွေးကြပေ။ ဤနေရာတွင် ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ ၎င်းတို့သည် အလုပ်ကို ဆက်လက် လုပ်ဆောင်နိုင်ပါဦးမည်လော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့၏စိတ်ဓာတ် ပြောင်းလဲသွားပြီဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်း ကိစ္စရပ်များသည် ၎င်းတို့၏ အတွေးများထဲတွင် မရှိတော့ပေ။ ထိုအစား ၎င်းတို့၏စိတ်သည် ချစ်ကြိုက်သော ဆက်ဆံရေးများတွင် မည်သို့ပါဝင်ရမည်၊ မိမိတို့ကိုယ်ကို မည်သို့ဝတ်စားဆင်ယင်ရမည်နှင့် ဆန့်ကျင်ဘက်လိင်ကို မည်သို့ဆွဲဆောင်ရမည်ဟူသော အတွေးများဖြင့် တစ်နေ့လုံး စိုးမိုးခံနေရသည်။ ဘာသာတရားမရှိသူများကြားတွင် စကားတစ်ခွန်း ရှိသည်၊ “မေတ္တာသက်ဝင်ခြင်း” ဟူ၍ ဖြစ်သည်။ ယင်းမှာ အချစ်လော။ မဟုတ်ပါ၊ ယင်းမှာ နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခု ဖြစ်သည်။ သင် ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းထဲမှ ပြန်ထွက်နိုင်တော့မည် မဟုတ်ပေ။ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကြားတွင် ဤကဲ့သို့သောလူများ ရှိသလော။ (ရှိပါသည်။) ဘုရားအိမ်တော်သည် လူတို့ အိမ်ထောင်ဖက်ရှာခြင်းကို ဝင်ရောက်မစွက်ဖက်သော်လည်း ၎င်းတို့သည် ထိုသို့ပြုလုပ်ရာတွင် အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အသင်းတော်၏အလုပ်ကို ထိခိုက်စေပါက ထိုလူတို့ကို ရှင်းလင်းပစ်ရန် လိုအပ်သည်။ ထိုစုံတွဲများသည် မိမိတို့ဘာသာ သွားရောက်ချိန်းတွေ့သင့်ပြီး အခြားလူများကို မထိခိုက်စေသင့်ပေ။ သင်သည် မိမိ၏ တစ်သက်တာလုံးကို ဘုရားသခင်အတွက် အသုံးခံရန် မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားသူတစ်ဦးဖြစ်ပြီး သင်သည် ချစ်ကြိုက်သော ဆက်ဆံရေးများတွင် မပါဝင်ရန် ဆုံးဖြတ်ထားပါက ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံခြင်းကို အာရုံစိုက်လော့။ အကယ်၍ သင်သည် ချစ်ကြိုက်သော ဆက်ဆံရေးတစ်ခုတွင် ပတ်သက်လိုက်ပြီး သင်၏အလုပ်ကို လုပ်ဆောင်ရန် စိတ်မပါတော့ပါက သင်သည် ကြီးကြပ်ရေးမှူးတစ်ဦး၏ တာဝန်ကို မထမ်းဆောင်သင့်ဘဲ ဘုရားအိမ်တော်သည် ထိုရာထူးအတွက် အခြားလူတစ်ဦးကို ရွေးချယ်လိမ့်မည်။ ဘုရားအိမ်တော်၏ အလုပ်သည် သင်၏ ချစ်ကြိုက်သော ဆက်ဆံရေးကြောင့် နှောင့်နှေးခြင်း မဖြစ်ရပါ၊ သို့မဟုတ် ထိခိုက်ခြင်း မဖြစ်ရပါ။ အလုပ်သည် ဆက်လုပ်ရမည်။ မည်သို့ ဆက်လက် လုပ်ဆောင်နိုင်မည်နည်း။ သင်၏ အလုပ်ကို လွှဲပြောင်းပေးရန်အတွက် ချစ်ကြိုက်သော ဆက်ဆံရေးတွင် မပါဝင်ဘဲ ခိုင်မာသော အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများရှိပြီး အလုပ်ကို တာဝန်ယူ ထမ်းဆောင်နိုင်သည့် အခြားကြီးကြပ်ရေးမှူးတစ်ဦးကို ရွေးချယ်ခြင်းဖြင့် ဖြစ်သည်။ ဘုရားအိမ်တော်သည် ဤနည်းလမ်းဖြင့် အမြဲတမ်း လုပ်ဆောင်ပြီး ဤစည်းမျဉ်းသည် မပြောင်းလဲဘဲ ရှိနေသည်။ အချို့သော ကြီးကြပ်ရေးမှူးများက “ကျွန်ုပ်၏ ချစ်ကြိုက်သော ဆက်ဆံရေးသည် ကျွန်ုပ်၏အလုပ်ကို မထိခိုက်ပါ၊ ကျွန်ုပ်ကို တာဝန်ဆက်လက်ယူခွင့်ပြုပါ” ဟု ပြောဆိုကြသည်။ ငါတို့သည် ဤစကားကို ယုံကြည်နိုင်သလော။ (မယုံကြည်နိုင်ပါ။) အဘယ်ကြောင့် ကျွန်ုပ်တို့ မယုံကြည်နိုင်သနည်း။ အကြောင်းမှာ အဖြစ်မှန်များသည် အားလုံးမြင်နိုင်ရန် ထိုနေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။ လူတစ်ဦးသည် ချစ်ကြိုက်သော ဆက်ဆံရေးတစ်ခုတွင် ရှိနေသည့်အခါ ၎င်းတို့တွေးတောသမျှသည် ၎င်းတို့၏ ချစ်သူရည်းစား အကြောင်းဖြစ်ပြီး ၎င်းတို့၏စိတ်နှလုံးသည် ဤကိစ္စရပ်များဖြင့် စိုးမိုးခံနေရသောကြောင့် ၎င်းတို့သည် စုဝေးပွဲများအတွင်း မကြာခဏ ငိုက်မျဉ်းပြီး မိမိတို့၏ တာဝန်များကို မထမ်းဆောင်နိုင်ကြပေ။ ထို့ကြောင့် ဘုရားအိမ်တော်က ထိုသို့သော လူပုဂ္ဂိုလ်များကို ကိုင်တွယ်သည့်နည်းလမ်းသည် သင့်လျော်ပြီး စည်းမျဉ်းများနှင့် ကိုက်ညီသည်။ ဘုရားအိမ်တော်သည် သင့်ကို ချိန်းတွေ့ခြင်းမှ မတားဆီးသကဲ့သို့ သင်၏ ချိန်းတွေ့ရန် လွတ်လပ်ခွင့်ကိုလည်း မချိုးဖောက်ပေ။ သင်သည် တစ်စုံတစ်ဦးနှင့် သင်၏စိတ်တိုင်းကျ ချိန်းတွေ့နိုင်သည်၊ ယင်းမှာ သင်၏ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြစ်သည်၊ သင်နောင်တမရသရွေ့နှင့် နောက်ပိုင်းတွင် ထိုအကြောင်းနှင့်ပတ်သက်၍ မျက်ရည်ကျပူဆွေးခြင်းမရှိသရွေ့ ဖြစ်သည်။ အချို့သော ကြီးကြပ်ရေးမှူးများသည် ချစ်ကြိုက်သော ဆက်ဆံရေးတစ်ခုကြောင့် ဖြုတ်ချခြင်းခံခဲ့ရသည်။ အချို့လူများက “လူတစ်ဦးသည် ချစ်ကြိုက်သော ဆက်ဆံရေးတစ်ခုတွင် ရှိနေသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ယုံကြည်ခွင့်မရှိတော့ဘူးလား” ဟု မေးကြသည်။ ဘုရားအိမ်တော်သည် ထိုသို့ မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ ဘုရားအိမ်တော်သည် ချစ်ကြိုက်သော ဆက်ဆံရေးများတွင် ပါဝင်နေသူအားလုံးကို ငြင်းပယ်သည် သို့မဟုတ် နှင်ထုတ်သည်မှာ အမှန်ပင်လော။ (မဟုတ်ပါ။) သင်သည် ချစ်ကြိုက်သော ဆက်ဆံရေးတစ်ခုတွင် ရှိနေပါက သင်သည် ကြီးကြပ်ရေးမှူးတစ်ဦး သို့မဟုတ် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး မဖြစ်နိုင်တော့ဘဲ သင်သည် သင်၏ တာဝန်များကို ထမ်းဆောင်ရန် မဆက်ကပ်ထားပါက အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်မှ ထွက်ခွာသင့်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခွင့်မရှိတော့ကြောင်း သို့မဟုတ် သင်သည် နှင်ထုတ်ခြင်းခံရမည် ဖြစ်ကြောင်း တစ်ဦးတလေက ပြောဆိုခဲ့သလော။ သင်သည် ကယ်တင်ခြင်း မခံနိုင်ကြောင်း သို့မဟုတ် သင်သည် ကျိန်ခြင်း ခံရမည်ဖြစ်ကြောင်း တစ်ဦးတလေက အတိအကျ သတ်မှတ်ခဲ့သလော။ (မသတ်မှတ်ခဲ့ပါ။) ဘုရားအိမ်တော်သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ ဘုရားအိမ်တော်သည် သင်၏ ပုဂ္ဂိုလ်ရေးရာ ရွေးချယ်မှုများနှင့် လွတ်လပ်ခွင့်ကို လုံးဝ ဝင်ရောက်မစွက်ဖက်၊ ယင်းသည် သင်ထံမှ မည်သည့်လွတ်လပ်ခွင့်ကိုမျှ လုံးဝ မဖယ်ရှားပေ၊ ယင်းသည် သင့်ကို လွတ်လပ်ခွင့် ပေးသည်။ သို့ရာတွင် ဤသို့သော ကြီးကြပ်ရေးမှူးမျိုးနှင့်ပတ်သက်လာလျှင် ၎င်းတို့ကို ကိုင်တွယ်ရန် ဘုရားအိမ်တော်၏ စည်းမျဉ်းမှာ ၎င်းတို့ကို ဖြုတ်ချပြီး ၎င်းတို့၏နေရာတွင် အစားထိုးရန် သင့်တော်သော လူတစ်ဦးကို ရှာဖွေဖို့ ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် တာဝန်တစ်ခုကို ဆက်လက်ထမ်းဆောင်ရန် သင့်တော်ပါက ၎င်းတို့ကို ဆက်လက်ထားရှိနိုင်သည်။ မဟုတ်ပါက ၎င်းတို့ကို အဝေးသို့ စေလွှတ်လိုက်မည်ဖြစ်သည်။ မည်သည့် ရိုက်နှက်ခြင်း သို့မဟုတ် နှုတ်ဖြင့် ဆဲဆိုခြင်း သို့မဟုတ် အရှက်ခွဲခြင်းမျှ ရှိမည်မဟုတ်ပေ။ ယင်းမှာ ရှက်ဖွယ်ဖြစ်သော ကိစ္စရပ်တစ်ခု မဟုတ်ပေ၊ ယင်းမှာ အလွန်ပုံမှန်ဖြစ်၏။ သို့ဖြစ်၍ အချို့လူများသည် ၎င်းတို့၏ ချစ်ကြိုက်သော ဆက်ဆံရေးများကြောင့် ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားခံရသည့်အခါ သို့မဟုတ် သာမန်အသင်းတော်များသို့ စေလွှတ်ခံရသည့်အခါ ဤသည်မှာ ရှက်စရာကောင်းသလော။ ယင်းက ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိမှု ကင်းမဲ့ကြောင်း၊ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြောင်းနှင့် မိမိတို့၏ကိုယ်ပိုင် အသက်ဝင်ရောက်မှုအတွက် မည်သည့်ဝန်တာကိုမျှ လုံးဝမထမ်းကြောင်းကိုသာ ညွှန်ပြနိုင်သည်။ ဤသို့သော ကြီးကြပ်ရေးမှူးမျိုးသည် မိမိတို့လုပ်ဆောင်သင့်သည့်အလုပ်ကို မလုပ်ဆောင်ဘဲ ချစ်ကြိုက်သော ဆက်ဆံရေးများကိုသာ အာရုံစိုက်သည်၊ ယင်းက အသင်းတော်၏အလုပ်ကို နှောင့်နှေးစေပြီး အသင်းတော်၏ အလုပ်တိုးတက်မှုကို ထိခိုက်စေပြီးဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤသို့သော ကြီးကြပ်ရေးမှူးမျိုးသည် ဆက်လက် ထားရှိရန် မသင့်တော်ဘဲ ၎င်းတို့၏ ရာထူးမှ ဖယ်ရှားခြင်းခံရသင့်သည်။ အချို့က “၎င်းတို့ကို ဖယ်ရှားခြင်းသည် အနည်းငယ် အလျင်စလိုနိုင်လွန်းသည် မဟုတ်လော” ဟု ပြောဆိုကြသည်။ အကယ်၍ ၎င်းတို့၏ ချစ်ကြိုက်သော ဆက်ဆံရေးအစမှ ၎င်းတို့ကို ဖယ်ရှားသည့်အချိန်အထိ တစ်ရက် သို့မဟုတ် နှစ်ရက်သာ ကြာမြင့်ခဲ့ပါက ယင်းကို အလျင်စလိုဟု မှတ်ယူနိုင်ပါသည်။ သို့သော် သုံးလမှ ငါးလအထိ ကြာမြင့်ခဲ့ပါက ယင်းကို အလျင်စလိုဟု ဆက်လက်မှတ်ယူနိုင်ပါဦးမည်လော။ (မမှတ်ယူနိုင်ပါ။) ထိုလုပ်ဆောင်ချက်ကို အတော်အတန် နှေးကွေးစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်၊ အလုပ်သည် အလွန်အမင်း နှောင့်နှေးနေခဲ့ပြီးဖြစ်သည်ကို သင်က အဘယ်ကြောင့် စိတ်မပူနိုင်ရသနည်း။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။)
အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်နေသော၊ သို့မဟုတ် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို ဂရုမစိုက်နေသော ကြီးကြပ်သူများနှင့်ပတ်သက်၍ မည်သည့်အခါမျှ စုံစမ်းမေးမြန်းခြင်း မရှိကြပေ။ ၎င်းတို့သည် ကြီးကြပ်သူတစ်ယောက် ရွေးချယ်ရန်သာလိုအပ်ပြီး ယင်းမှာ ထိုကိစ္စ၏ အဆုံးသတ်ဖြစ်သည်ဟုလည်းကောင်း၊ နောက်ပိုင်းတွင် ကြီးကြပ်သူက အလုပ်ကိစ္စအားလုံးကို သူကိုယ်တိုင် ကိုင်တွယ်နိုင်သည်ဟုလည်းကောင်း ထင်မြင်ကြသည်။ ထို့ကြောင့် အယောင်ဆောင်ခေါင်းဆောင်များသည် စုဝေးပွဲများကို မကြာခဏ ပြုလုပ်ပြီး အလုပ်ကို ကြီးကြပ်ခြင်းဖြစ်စေ၊ အလုပ်၏ အခြေအနေကို မေးမြန်းခြင်းဖြစ်စေ မရှိဘဲ လက်ရှောင်နေသော အထက်လူကြီးများကဲ့သို့ ပြုမူကြလေသည်။ ကြီးကြပ်သူတစ်ယောက်နှင့်ပတ်သက်သည့် ပြဿနာတစ်ခုကို လူတစ်ယောက်က တိုင်ကြားလျှင် အယောင်ဆောင်ခေါင်းဆောင်က “အသေးအဖွဲပြဿနာတစ်ခုသာ ဖြစ်သည်။ ယင်းက အဆင်ပြေပါသည်။ သင်တို့ဘာသာ ကိုင်တွယ်နိုင်သည်။ ငါ့ကို မမေးနှင့်” ဟူ၍ ပြောလိမ့်မည်။ ပြဿနာကို တိုင်ကြားသောသူက “ထိုကြီးကြပ်သူသည် ပျင်းရိသော အစားကြီးသူဖြစ်သည်။ စားသောက်ခြင်းနှင့် ဖျော်ဖြေမှုတို့ကိုသာ အာရုံစိုက်၏။ သူသည် အလွန်အမင်း ပျင်းရိသည်။ သူ၏ တာဝန်တွင် အနည်းငယ်မျှပင် ဒုက္ခမခံလိုပေ။ ပြီးလျှင် သူ၏ အလုပ်ကို ခေါင်းရှောင်ရန်နှင့် တာဝန်များကို ရှောင်ကြဉ်ရန် အစဉ်သဖြင့် ကလိန်ဉာဏ်ဆင်ကာ ခိုကပ်ပြီး ဆင်ခြေများပေးသည်။ သူသည် ကြီးကြပ်သူတစ်ယောက်ဖြစ်ရန် မသင့်တော်ပါ” ဟု ပြောသည်။ အယောင်ဆောင်ခေါင်းဆောင်က ဖြေလိမ့်မည်။ “ထိုသူသည် ကြီးကြပ်သူအဖြစ် ရွေးချယ်ခံရစဉ်က အလွန်ကောင်းခဲ့သည်။ သင်ပြောသည့်အရာက မမှန်ကန်ပေ၊ သို့မဟုတ် မှန်ကန်လျှင်ပင် ယင်းမှာ ယာယီသရုပ်သကန်တစ်ခုသာဖြစ်သည်” ဟူ၍ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်သည် ကြီးကြပ်သူ၏ အခြေအနေကို ပိုမိုသိရှိအောင် ကြိုးစားရမည့်အစား ထိုကြီးကြပ်သူအပေါ် ၎င်း၏ ယခင်က အမြင်များအပေါ်တွင် အခြေခံပြီး အမှုကိစ္စကို အကဲဖြတ်ပြီး ဆုံးဖြတ်မည်ဖြစ်သည်။ ကြီးကြပ်သူနှင့်ပတ်သက်သော ပြဿနာများကို မည်သူက တိုင်ကြားသည်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်က ယင်းတို့ကို လျစ်လျူရှုပေမည်။ ကြီးကြပ်ရေးမှူးသည် တကယ့်အလုပ်ကို လုပ်ဆောင်နေခြင်း မဟုတ်ဘဲ အသင်းတော်အလုပ်သည် လုံးဝဥဿုံရပ်လုနီးနီးဖြစ်ပြီး ဖြစ်သော်လည်း အယောင်ဆောင်ခေါင်းဆောင်သည် ဂရုမစိုက်ပေ။ ယင်းမှာ သူသည် ပါဝင်ပတ်သက်ခြင်း မရှိသကဲ့သို့ပင် ဖြစ်၏။ လူတစ်ယောက်က ကြီးကြပ်ရေးမှူး၏ ပြဿနာများကို တိုင်သည့်အခါ ၎င်းက လျစ်လျူရှုသည်မှာ အတော်အတန် အော်ဂလီဆန်ဖွယ်ဖြစ်၏။ သို့သော် စက်ဆုပ်ဖွယ်အကောင်းဆုံးမှာ အဘယ်နည်း။ ကြီးကြပ်သူနှင့်ပတ်သက်သည့် တကယ့် ဆိုးရွားသော ပြဿနာများအကြောင်းကို လူများက ၎င်းတို့ကို တိုင်ကြားသည့်အခါ ၎င်းတို့သည် ဤအရာများကို ကြိုးစားပြီး ဖြေရှင်းမည်မဟုတ်ဘဲ ဆင်ခြေမျိုးစုံပင် ပြောကြမည့်အရေးပင် ဖြစ်သည်။ “ဤကြီးကြပ်ရေးမှုးကို ကျွန်ုပ်သိသည်။ ၎င်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်။ ၎င်းတွင် ပြဿနာတစ်ခုမျှ လုံးလုံး ရှိမည်မဟုတ်။ သေးငယ်သော ပြဿနာတစ်ခု ရှိခဲ့လျှင်ပင် ဘုရားသခင်က ၎င်းကို ကာကွယ်ပြီး ဆုံးမပဲ့ပြင်မည်ဖြစ်သည်။ ၎င်းက အမှားတစ်ခုတလေ ပြုသည့်အခါ ယင်းမှာ သူနှင့် ဘုရားသခင်ကြားတွင် ဖြစ်သည်။ ကျွန်ုပ်တို့ စိုးရိမ်စရာ မလိုပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း ဤနည်းဖြင့် အလုပ်လုပ်ပုံဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို နားလည်ချင်ယောင်၊ ယုံကြည်ခြင်းရှိယောင် ဟန်ဆောင်ကြသည်။ သို့သော် အသင်းတော်အလုပ်တွင် ရှုပ်ထွေးမှုများ လုပ်ခြင်းသာဖြစ်သည်။ အသင်းတော်အလုပ်သည် လုံးဝဥဿံဒရပ်တန့်လုနီးပါးပင် ဖြစ်သွားနိုင်သော်လည်း ၎င်းတို့က ဤအရာကို မသိနားမလည်ယောင် ဟန်ဆောင်နေဦးမည် ဖြစ်သည်။ ၎င်းတို့သည် အလွန့်အလွန်ပင် ဗျူရိုကရက်များကဲ့သို့ ပြုမူနေခြင်းသာ ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိသကဲ့သို့ အဖွဲ့ခေါင်းဆောင်များနှင့် ကြီးကြပ်သူများ၏ အလုပ်နှင့်စပ်လျဉ်း၍လည်း စေ့စပ်တိကျခြင်း မရှိချေ။ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ နောက်ဆက်တွဲလုပ်ခြင်းဖြစ်စေ၊ စုံစမ်းမေးမြန်းခြင်းဖြစ်စေ မရှိကြချေ။ လူများအပေါ် ၎င်းတို့၏အမြင်သည် ၎င်းတို့၏ ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးများအပေါ်တွင်သာ အခြေခံလေသည်။ တစ်စုံတစ်ယောက်သည် အချိန်တစ်ခုကြာ ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သည်ကို မြင်သည့်အခါတွင် ဤသူသည် အစဉ်ထာဝရ ကောင်းမွန်လိမ့်မည်ဟုလည်းကောင်း၊ သူသည် ပြောင်းလဲမည် မဟုတ်ဟုလည်းကောင်း ၎င်းတို့ ထင်ကြသည်။ ဤလူနှင့်ပတ်သက်၍ ပြဿနာရှိကြောင်း ပြောသည့်သူမည်သူ့ကိုမဆို ၎င်းတို့ မယုံကြည်ပေ။ ပြီးလျှင် ထိုလူနှင့်ပတ်သက်၍ လူတစ်ဦးက ၎င်းတို့ကို သတိပေးသည့်အခါတွင် ၎င်းတို့က လျစ်လျူရှုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိုက်မဲသည်ဟု သင်တို့ထင်သလော။ ၎င်းတို့သည် မိုက်မဲပြီး စဉ်းစားဉာဏ်မဲ့ကြ၏။ မည်သည့်အရာက ၎င်းတို့ကို မိုက်မဲစေသနည်း။ ၎င်းတို့သည် လူတစ်ဦးအပေါ် ပေါ့ပေါ့တန်တန် ယုံကြည်ကိုးစားကြသည်။ ဤလူ ရွေးချယ်ခံရသည့်အချိန်တွင် ဤလူသည် ကျမ်းကျိန်ခဲ့ပြီး သန္နိဋ္ဌာန်ချခဲ့ကာ သူ၏မျက်နှာတွင် မျက်ရည်များစီးကျလျက် ဆုတောင်းခဲ့သောကြောင့် ယင်းမှာ ထိုသူသည် အားကိုး၍ ရနိုင်သည့်သဘောဖြစ်သည်၊ ထိုသူက အလုပ်ကို ကြီးကြပ်ခြင်းနှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ လုံးဝ ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့၏ သဘာဝများအပေါ် သိနားလည်မှုမရှိပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တကယ့်အခြေအနေကို မသိနားမလည်ကြပေ။ ၎င်းတို့က “လူတစ်ယောက်သည် ကြီးကြပ်သူတစ်ယောက်အဖြစ် ရွေးချယ်ခံရပြီးသည့်အခါတွင် မည်သို့များ ပို၍ဆိုးသွားနိုင်သနည်း။ အလွန်လေးနက်ပြီး စိတ်ချယုံကြည်ရသည့်ပုံစံ ရှိသောသူတစ်ယောက်သည် အလုပ်ကို မည်သို့များ ခေါင်းရှောင်နိုင်သနည်း။ ၎င်းတို့ ခေါင်းရှောင်မည်မဟုတ်၊ ရှောင်မည်လော။ ၎င်းတို့ များစွာ တည်ကြည်မှုရှိကြသည်” ဟု ဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ခံစားချက်များအပေါ် အလွန်အမင်း ယုံကြည်မှုထားသောကြောင့် ဤအရာက အဆုံး၌ ၎င်းတို့ကို အသင်းတော်အလုပ်တွင် ပေါ်ပေါက်သည့် ပြဿနာများစွာကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်စွမ်းမရှိဖြစ်စေကာ ပါဝင်ပတ်သက်သည့် ကြီးကြပ်သူကို ချက်ချင်း ဖြုတ်ချပြီး ၎င်း၏ တာဝန်ခန့်အပ်ခြင်းကို ပြုပြင်ခြင်းမှ ဟန့်တားလေသည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်များ ဖြစ်ပေသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ မိမိတို့၏အလုပ်ပေါ် အယောင်ဆောင်ခေါင်းဆောင်များ၏ ကိုင်တွယ်ဖြေရှင်းပုံသည် ဝတ်ကျေတမ်းကျေပြုခြင်းနှင့် သက်ဆိုင်သလော။ တစ်ဖက်တွင် အဆင်းနီသော နဂါးကြီးသည် ဘုရားသခင် ရွေးချယ်ထားသောလူများအပေါ် သွေးရူးသွေးတန်း ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ကို ၎င်းတို့မြင်သောကြောင့် မိမိတို့ကိုယ်ကို လုံခြုံစေဖို့ရာ အလုပ်ကို ကြီးကြပ်ရန် တစ်ယောက်ယောက်ကို ကြုံသလို ရွေးလိုက်ပြီး ဤသည်မှာ ပြဿနာကို ဖြေရှင်းလိမ့်မည်ဖြစ်ကြောင်းနှင့် လုံးဝ အာရုံထပ်စိုက်ရန် မလိုကြောင်း ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့ မည်သည့်အရာကို စဉ်းစားနေကြသနည်း။ “ဤသည်မှာ အလွန်ရန်လိုသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ကျွန်ုပ် ခဏတာ ပုန်းကွယ်သင့်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ဖြစ်ခြင်းအတွက် တက်မက်ခြင်းဖြစ်သည် မဟုတ်လော။ အခြားတစ်ဖက်တွင် အယောင်ဆောင် ခေါင်းဆောင်များ၌ ဆိုးဆိုးရွားရွား အားနည်းချက် ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအပေါ်တွင် အခြေခံ၍ လူတို့ကို ယုံကြည်လွယ်ကြသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်းကြောင့်ဖြစ်သည်မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို မည်သို့ ထုတ်ဖော်သနည်း။ ဘုရားသခင်က မယုံကြည်ချိန်တွင် ၎င်းတို့သည် အဘယ်ကြောင့် လူတို့ကို ယုံကြည်သင့်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်ပင် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြသည် မဟုတ်လော။ ၎င်းတို့ စဉ်းစားသည်မှာ “ဤလူအပေါ် ငါ ထင်မြင်မှုလွဲခဲ့ခြင်း မဖြစ်နိုင်ပေ။ ငါက သင့်တော်သည်ဟု အကဲဖြတ်ခဲ့သည့် ဤလူနှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ မရှိသင့်ပေ။ ထိုသူသည် အစားအသောက်နှင့် ဖျော်ဖြေရေးများတွင် ပျော်မွေ့ခံစားသည့်သူတစ်ဦး သို့မဟုတ် သက်သာမှုကို နှစ်သက်ပြီး ခက်ခဲပင်ပန်းသော အလုပ်ကို မုန်းတီးသည့်သူတစ်ဦး လုံးဝ မဟုတ်။ ထိုသူသည် လုံးဝ အားကိုးရပြီး ယုံကြည်ထိုက်သည်။ ထိုသူသည် ပြောင်းလဲလိမ့်မည်မဟုတ်။ ပြောင်းလဲခဲ့လျှင် သူနှင့်ပတ်သက်ပြီး ငါမှားယွင်းသည်ဆိုသည့် သဘောဖြစ်မည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော ဆင်ခြင်တွေးခေါ်မှုစနစ်မျိုးနည်း။ သင်သည် ကျွမ်းကျင်သူတစ်မျိုးမျိုး ဖြစ်သလော။ သင်သည် အရာဝတ္ထုများကို ထိုးဖောက်မြင်နိုင်သည့် အမြင်အာရုံရှိသလော။ သင်သည် ထိုသို့သောအထူးကျွမ်းကျင်မှု ရှိသလော။ သင်သည် ဤလူနှင့် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် နေထိုင်နိုင်သော်လည်း ၎င်းတို့၏ သဘာဝအနှစ်သာရကို လုံးလုံး ဖွင့်ချပြရန် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုမရှိဘဲ ၎င်းတို့အမှန်တကယ် မည်သူမည်ဝါဖြစ်သည်ကို သင်မြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ ထုတ်ဖော်ခြင်းကို မခံရလျှင် သင်သည် ၎င်းတို့နှင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ပင် အတူယှဉ်တွဲနေထိုင်နိုင်ပြီး ၎င်းတို့က မည်သည့်သဘာဝ အနှစ်သာရအမျိုးအစားရှိသည်ကို မြင်ရန် အပြင်းအထန်ကြိုးစားနေဦးမည်ဖြစ်သည်။ ပြီးလျှင် သင်သည် ၎င်းတို့ကို သိပ်မတွေ့ရသောအခါ၊ ၎င်းတို့နှင့်အတူ သိပ်မရှိသောအခါ ဤသည်မှာ မည်မျှပင်ပို၍ မှန်ကန်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည်ခဏတာအမြင်၊ သို့မဟုတ် လူတစ်ဦးအပေါ် အခြားလူတစ်ယောက်၏ အပြုသဘောဆောင်သော သုံးသပ်ချက်အပေါ် အခြေခံ၍ ထိုသူကို မစဉ်းမစားယုံကြည်ပြီး ထိုသို့သောလူကို အသင်းတော်အလုပ်အား အပ်နှံရဲသည်။ ဤတွင် ၎င်းတို့သည် အလွန်အမင်း ကျိုးကြောင်းမမြင်ဖြစ်နေသည်မဟုတ်လော။ မဆင်မခြင် ပြုလုပ်နေခြင်းမဟုတ်သလော။ ပြီးလျှင် ၎င်းတို့အနေဖြင့် ဤသို့ အလုပ်လုပ်သောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း တာဝန်မသိတတ်ခြင်း မဟုတ်လော။ အထက်ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို “ထိုကြီးကြပ်ရေးမှူး၏ အလုပ်ကို သင် စစ်ဆေးပြီးပြီလော။ သူ၏ ကိုယ်ကျင့်စရိုက်နှင့် အစွမ်းအစသည် မည်သို့ရှိသနည်း။ သူသည် သူ၏အလုပ်တွင် တာဝန်ယူတတ်သလော။ သူသည် အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်သလော” ဟု မေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက “သူ သေချာပေါက် တတ်နိုင်ပါသည်၊ သူ ရွေးချယ်ခံရသည့်အချိန်တွင် သစ္စာဆိုခဲ့ပြီး သန္နိဋ္ဌာန်ချခဲ့သည်။ သူ၏ ကျမ်းသစ္စာဆိုလွှာ ကျွန်ုပ်ထံတွင် ရှိနေသေးသည်။ သူသည် အလုပ်ကို တာဝန်ထမ်းဆောင်နိုင်လောက်သည်” ဟု ပြန်ဖြေကြသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ စကားများကို သင်တို့ မည်သို့ထင်သနည်း။ ဤလူသည် သူ၏ ကတိကဝတ်ကို ဖော်ပြရန် သစ္စာဆိုခဲ့သောကြောင့် သူသည် ယင်းအတိုင်း သေချာပေါက် လိုက်နာလုပ်ဆောင်နိုင်လိမ့်မည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤစကားသည် မှန်သလော။ ယနေ့ခေတ်တွင် လူမည်မျှသည် မိမိတို့၏ သစ္စာဆိုချက်များအတိုင်း အမှန်တကယ် လိုက်နာလုပ်ဆောင်နိုင်ကြသနည်း။ မိမိတို့၏ သန္နိဋ္ဌာန်များအတိုင်း အမှုအရာများကို လုပ်ဆောင်သည့် ရိုးသားသောလူ မည်မျှရှိသနည်း။ လူတစ်ဦးက သစ္စာဆိုရုံမျှဖြင့် သူသည် ယင်းအတိုင်း အမှန်တကယ် လိုက်နာလုပ်ဆောင်နိုင်မည်ဟု မဆိုလိုပေ။ သင်က ၎င်းတို့ကို “ထိုကြီးကြပ်ရေးမှူး ပြောင်းလဲမည်မဟုတ်ကြောင်း သင် အာမခံနိုင်သလော။ သူ၏ တစ်သက်တာ သစ္စာစောင့်သိမှုကို သင် အာမခံနိုင်သလော။ ဘုရားသခင်သည် လူတို့ကို ထုတ်ဖော်လိုသည့်အခါ ၎င်းတို့ကို စစ်ကြောရန် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို သူ စီစဉ်ဖွဲ့စည်းရသည်။ သူသည် အားကိုးထိုက်သူဖြစ်ကြောင်း သင်သည် မည်သည့်အခြေခံဖြင့် ပြောဆိုသနည်း။ သင်သည် သူ့အကြောင်းကို စုံစမ်းပြီးပြီလော” ဟု မေးသည်ဆိုပါစို့။ အယောင်ဆောင်ခေါင်းဆောင်များက “စုံစမ်းရန် မလိုအပ်ပါ။ ညီအစ်ကိုမောင်နှမများအားလုံးက သူသည် အားကိုးထိုက်သူဖြစ်ကြောင်း အစီရင်ခံကြသည်” ဟု ပြန်ပြောကြသည်။ ဤစကားသည်လည်း မမှန်ကန်ပေ။ ညီအစ်ကိုမောင်နှမများက သူသည် ကောင်းသည်ဟု အစီရင်ခံရုံမျှဖြင့် လူတစ်ဦးသည် အမှန်တကယ် ကောင်းသလော။ ညီအစ်ကိုမောင်နှမများအားလုံးသည် သမ္မာတရားကို ပိုင်ဆိုင်ကြသလော။ ၎င်းတို့အားလုံးသည် အမှုအရာများကို ထွင်းဖောက်မြင်နိုင်ကြသလော။ ညီအစ်ကိုမောင်နှမများအားလုံးသည် ဤလူနှင့် အကျွမ်းတဝင်ရှိကြသလော။ ဤစကားသည် သာ၍ပင် ရွံရှာဖွယ်ကောင်းသေးသည်။ အမှန်တွင် ထိုလူသည် ထုတ်ဖော်ခြင်းခံရပြီးဖြစ်သည်မှာ ကြာပြီဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးခဲ့ပြီးဖြစ်ကာ သက်သောင့်သက်သာဖြစ်ခြင်းကို နှစ်သက်ပြီး ပင်ပန်းသောအလုပ်ကို မုန်းတီးခြင်း၊ အစားကြီးပြီး ပျင်းရိခြင်းနှင့် မိမိ၏ လုပ်သင့်သော အလုပ်ကို ဂရုမစိုက်ခြင်းတည်းဟူသော သူ၏ ယုတ်ညံ့သည့် စရိုက်လက္ခဏာများသည် ဖော်ထုတ်ခြင်းခံခဲ့ရပြီးဖြစ်သည်။ လုံးဝ သတိမမူမိသေးသော အယောင်ဆောင်ခေါင်းဆောင်များမှလွဲ၍ လူတိုင်းသည် သူ့ကို အစောကြီးကတည်းက ထွင်းဖောက်မြင်ခဲ့ကြပြီးဖြစ်သည်၊ အယောင်ဆောင်ခေါင်းဆောင်များသာလျှင် သူ့ကို ဤမျှလောက် ယုံကြည်နေကြဆဲ ဖြစ်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် အဘယ်အသုံးကျသနည်း။ ၎င်းတို့သည် အသုံးမကျသူများ ဖြစ်သည်မဟုတ်လော။ အချို့သော ကြီးကြပ်ရေးမှူးများ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို အထက်က ကွင်းဆင်းစုံစမ်းစစ်ဆေးကာ မေးမြန်းခြင်းအားဖြင့် သိရှိခဲ့သည့်တိုင် ထိုခေါင်းဆောင်များက လုံးဝ မသိကြဆဲဖြစ်သည့် အခြေအနေအချို့ပင် ရှိသေးသည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ ဤခေါင်းဆောင်များသည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် တကယ့်အလုပ်ကို မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် ရုံးစာရေးများသာဖြစ်ကြပြီး လက်ရှောင်နေသော အထက်လူကြီးများကဲ့သို့ပင် အလုပ်အနည်းငယ်လုပ်ပြီးနောက် ယင်းကို အမှီပြု၍ အသက်ရှင်ကြကာ မိမိတို့ကိုယ်ကို ပျော်ရွှင်စွာနေပိုင်ခွင့်ရှိသည်ဟု ထင်မှတ်ကြလျက် အဆင်မပြေမှုများ ဖြစ်သည့်အခါတွင် ဆီပုလင်းလဲကျလျှင်ပင် မကောက်ပေးဘဲ နေကြသည်။ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားရန် အဘယ်အခွင့်အရေး ရှိသနည်း။ အမှန်ပင် အရှက်မရှိပါတကား။ အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်လုပ်သည့်အခါ မည်သည့်အလုပ်ကိုမျှ မည်သည့်အခါမျှ မစစ်ဆေးကြပေ၊ အလုပ်၏ တိုးတက်မှုအခြေအနေအကြောင်းကို စုံစမ်းမေးမြန်းခြင်း မရှိကြသကဲ့သို့ အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများ၏ အခြေအနေများကိုလည်း လုံးဝ စုံစမ်းခြင်း မရှိကြပေ။ ၎င်းတို့သည် အလုပ်ကို တာဝန်ခန့်အပ်ပေးပြီး ကြီးကြပ်ရေးမှူးများကို စီစဉ်ပေးလိုက်ရုံသာ ရှိကြပြီးနောက် ၎င်းတို့ လက်စသတ်လိုက်ပြီဖြစ်ကြောင်း၊ ၎င်းတို့၏ အလုပ်သည် အပြီးတိုင် ပြီးဆုံးသွားပြီဖြစ်ကြောင်း ထင်မှတ်ကြသည်။ ၎င်းတို့က “တစ်စုံတစ်ယောက်က ဤအလုပ်ကို တာဝန်ယူဆောင်ရွက်နေသည်၊ ထို့ကြောင့် ဤသည်မှာ ငါ့ကိစ္စမဟုတ်တော့ပေ။ ငါပျော်ရွှင်စွာ နေနိုင်သည်” ဟု ယုံကြည်ကြသည်။ ဤသည်မှာ အလုပ်လုပ်ခြင်းလော။ ဤသို့ အလုပ်လုပ်သည့် မည်သူမဆိုသည် အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ထိခိုက်နစ်နာစေသည့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။
အယောင်ဆောင်ခေါင်းဆောင်များသည် အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများ၏ အလုပ်အခြေအနေများကို မည်သည့်အခါမျှ မေးမြန်းခြင်း သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့သည် မတူညီသော အဖွဲ့များမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အသက်ဝင်ရောက်မှုကိုလည်းကောင်း၊ အသင်းတော်အလုပ်နှင့် မိမိတို့၏ တာဝန်များအပေါ် ထားရှိသည့် ၎င်းတို့၏ သဘောထားများကိုလည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားနှင့် ဘုရားသခင်ကိုယ်တော်တိုင်အပေါ် ထားရှိသည့် သဘောထားများကိုလည်းကောင်း မေးမြန်းခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် နားလည်ထားခြင်းတို့လည်း မရှိကြပေ။ ဤလူများသည် အသွင်ပြောင်းလဲခြင်း သို့မဟုတ် ကြီးထွားတိုးတက်မှု တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ပြီးခြင်း ရှိမရှိကို ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့၏ အလုပ်တွင် တည်ရှိနိုင်သည့် အမျိုးမျိုးသော ပြဿနာများအကြောင်းကိုလည်း ၎င်းတို့ မသိကြပေ။ အထူးသဖြင့် အလုပ်၏ အဆင့်အမျိုးမျိုးတွင် ဖြစ်ပေါ်သည့် အမှားများနှင့် လွဲချော်မှုများက အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအပေါ် ရှိသော သက်ရောက်မှုများအပြင် ဤအမှားများနှင့် လွဲချော်မှုများ ပြင်ဆင်ပြီးခြင်း ရှိမရှိကိုလည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဤအရာအားလုံးနှင့်ပတ်သက်၍ လုံးဝ မသိနားမလည်ကြပေ။ အကယ်၍ ၎င်းတို့သည် ဤအသေးစိတ်အခြေအနေများအကြောင်းကို ဘာမျှမသိပါက ပြဿနာများ ပေါ်ပေါက်လာသည့်အခါတိုင်း ၎င်းတို့သည် ဘာသိဘာသာ ဖြစ်သွားကြသည်။ သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်နေစဉ်တွင် ဤအသေးစိတ်ပြဿနာများကို လုံးဝ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် အမျိုးမျိုးသော အဖွဲ့ခေါင်းဆောင်များကို စီစဉ်ပေးပြီး အလုပ်တာဝန်များ ချမှတ်ပြီးနောက်တွင် မိမိတို့၏ အလုပ်သည် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ယင်းမှာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်းနှင့် အခြားပြဿနာများ ပေါ်ပေါက်လာပါက ၎င်းတို့နှင့် မသက်ဆိုင်တော့ကြောင်း ယုံကြည်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများကို ကြီးကြပ်ရန်၊ လမ်းညွှန်ရန်နှင့် နောက်ဆက်တွဲလုပ်ဆောင်ရန် ပျက်ကွက်သောကြောင့်လည်းကောင်း၊ ဤနယ်ပယ်များတွင် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းသောကြောင့်လည်းကောင်း ဤသည်က အသင်းတော်၏ အလုပ်ကို ရှုပ်ထွေးသွားစေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ပေါ့လျော့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူ့စိတ်နှလုံး၏ နက်ရှိုင်းရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်၊ ဤသည်မှာ လူသားများ၌ ကင်းမဲ့သော လုပ်နိုင်စွမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် အလုပ်လုပ်သည့်အခါ လူတို့သည် ပို၍ လုံ့လဝီရိယရှိရန်နှင့် အာရုံစိုက်ရန် လိုအပ်ပြီး အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို သေချာစေရန်အတွက် အလုပ်နေရာသို့ ပုံမှန်သွားရောက်၍ နောက်ဆက်တွဲလုပ်ဆောင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်တွင် လုံးဝ တာဝန်မဲ့ကြပြီး အမျိုးမျိုးသော အလုပ်များကို မည်သည့်အခါမျှ ကြီးကြပ်ခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် လမ်းညွှန်ခြင်း မရှိကြသည်မှာ သိသာထင်ရှားပေသည်။ ရလဒ်အနေဖြင့် အချို့သော ကြီးကြပ်ရေးမှူးများသည် အလုပ်တွင် ပေါ်ပေါက်လာသည့် အမျိုးမျိုးသော ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို မသိကြဘဲ အလုပ်ကို လုပ်ဆောင်ရန် လုံလောက်သော အရည်အချင်း မရှိသလောက်ဖြစ်နေသည့်တိုင် ကြီးကြပ်ရေးမှူးများအဖြစ် မိမိတို့၏ အခန်းကဏ္ဍတွင် ဆက်လက်ရှိနေကြသည်။ အဆုံးတွင် အလုပ်သည် အကြိမ်ကြိမ်အခါခါ နှောင့်နှေးကြန့်ကြာပြီး ၎င်းတို့သည် အလုပ်ကို လုံးဝ ကမောက်ကမ ဖြစ်သွားစေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက ကြီးကြပ်ရေးမှူးများ၏ အခြေအနေများကို မေးမြန်းခြင်း၊ ကြီးကြပ်ခြင်း သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ခြင်း မရှိခြင်း၏ အကျိုးဆက်ဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်ပေါ့လျော့ခြင်းကြောင့် လုံးလုံးဖြစ်ပေါ်လာသည့် ရလဒ်တစ်ခု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်ကို မစစ်ဆေးခြင်း၊ နောက်ဆက်တွဲ မလုပ်ဆောင်ခြင်း သို့မဟုတ် မေးမြန်းခြင်း မရှိသောကြောင့်လည်းကောင်း၊ အခြေအနေကို ချက်ချင်း သဘောမပေါက်နိုင်သောကြောင့်လည်းကောင်း ၎င်းတို့သည် ကြီးကြပ်ရေးမှူးများ တကယ့်အလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိ၊ အလုပ် မည်သို့တိုးတက်နေသည်နှင့် လက်တွေ့ကျသော ရလဒ်များ ထွက်ပေါ်ခြင်း ရှိမရှိကဲ့သို့သော အရာများနှင့်ပတ်သက်၍ လုံးဝမသိရှိဘဲ နေကြသည်။ ကြီးကြပ်ရေးမှူးများ မည်သည့်အရာနှင့် အလုပ်ရှုပ်နေသည် သို့မဟုတ် မည်သည့် တိကျသော အလုပ်များကို ကိုင်တွယ်နေသည်ကို မေးမြန်းသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များက “ကျွန်ုပ် မသိပါ၊ သို့သော် ၎င်းတို့သည် စုဝေးပွဲတိုင်းကို တက်ရောက်ပြီး အလုပ်နှင့်ပတ်သက်၍ ၎င်းတို့နှင့် ကျွန်ုပ် ဆက်သွယ်ပြောဆိုသည့်အခါတိုင်း မည်သည့်ပြဿနာမျှဖြစ်စေ၊ မည်သည့်အခက်အခဲကိုမျှဖြစ်စေ မည်သည့်အခါမျှ မပြောကြပါ” ဟု တုံ့ပြန်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ကြီးကြပ်ရေးမှူးများက မိမိတို့၏ အလုပ်ကို မစွန့်ပစ်သရွေ့နှင့် ၎င်းတို့ ရှာဖွေသည့်အခါတိုင်း အနီးအနားတွင် အမြဲရှိနေသရွေ့ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ လုံးဝမရှိဟု ယုံကြည်ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ပုံဖြစ်သည်။ ဤသည်မှာ “အယောင်ဆောင်ခြင်း” ၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ဤသည်မှာ မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း မဟုတ်လော။ ဤသည်မှာ ဆိုးရွားသော တာဝန်ပေါ့လျော့ခြင်း ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်တွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်ပြီး လက်တွေ့ကျသော ရလဒ်များကို မရှာဖွေကြပေ။ အပေါ်ယံအားဖြင့် ၎င်းတို့သည် သာမန်လူတစ်ဦးထက် ပို၍ အလုပ်များပုံပေါ်လျက် စုဝေးပွဲများကို မကြာခဏ ပြုလုပ်ကြသည်။ သို့ရာတွင် ၎င်းတို့ အမှန်တကယ် ဖြေရှင်းခဲ့သည့် ပြဿနာများ၊ ၎င်းတို့ ကောင်းမွန်စွာ ကိုင်တွယ်ခဲ့သည့် တိကျသော အလုပ်များနှင့် ၎င်းတို့ စွမ်းဆောင်ရရှိခဲ့သည့် ရလဒ်များသည် မည်သည့်အရာဖြစ်သည်ကိုမူ မသိရှိရပေ။ အယောင်ဆောင်ခေါင်းဆောင်များ ကိုယ်တိုင်အပါအဝင် မည်သူကမျှ ဤအရာများနှင့်ပတ်သက်၍ ရှင်းလင်းသော အဖြေတစ်ခုကို မပေးနိုင်ပေ။ သို့သော် အချက်တစ်ချက်မှာ သေချာထားနိုင်သည်၊ အလုပ်နေရာတွင် လူတို့ မည်သည့်ပြဿနာများ ရှိပါစေ ဤအယောင်ဆောင်ခေါင်းဆောင်များကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ၊ ၎င်းတို့က အလုပ်နေရာတွင် လူတို့၏ ပြဿနာများကို ဖြေရှင်းပေးနေသည်ကို မည်သူမျှ မည်သည့်အခါမျှ မမြင်ဖူးပေ။ သို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် တစ်နေ့လုံး အဘယ်အလုပ်ကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့၏ စုဝေးပွဲများက အဘယ်ပြဿနာများကို ဖြေရှင်းပေးသနည်း။ မည်သူမျှ သေချာမသိပေ၊ ပြီးလျှင် ၎င်းတို့၏ အလုပ်ကို စစ်ဆေးသည့်အခါတွင်မှသာ စုပုံနေပြီး မဖြေရှင်းရသေးသော ပြဿနာတစ်ပုံတစ်ပင်ကို အဆုံး၌ ရှာဖွေတွေ့ရှိကြသည်။ အပေါ်ယံအားဖြင့် အယောင်ဆောင်ခေါင်းဆောင်များသည် အမှန်ပင် အတော်အတန် အလုပ်များပုံရသည်၊ ၎င်းတို့သည် “တစ်နေ့တစ်နေ့ မအားမလပ်အောင်” ဟူသကဲ့သို့ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ အလုပ်၏ ရလဒ်များကို ဆန်းစစ်သည့်အခါ ယင်းသည် လုံးဝ ရှုပ်ထွေးနေသည်၊ ကမောက်ကမဖြစ်နေပြီး ယင်း၌ တန်ဖိုးရှိသောအရာ တစ်ခုမျှ လုံးဝမရှိပေ၊ ပြီးလျှင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ် တစ်စိုးတစ်စိမျှ မလုပ်ဆောင်ခဲ့သည်မှာ ထင်ရှားလေသည်။ ၎င်းတို့ မဖြေရှင်းဘဲ ထားခဲ့သည့် များပြားလှသော တကယ့်ပြဿနာများ ရှိနေသော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် အသိစိတ်၏ ခံစားချက်မရှိသကဲ့သို့ စိတ်ထဲတွင် မိမိကိုယ်ကို အပြစ်တင်ခြင်း လုံးဝ မခံစားရဟု ထင်ရသည်။ ထို့အပြင် ၎င်းတို့သည် မိမိကိုယ်ကို အလွန် ကျေနပ်ပြီး မိမိတို့သည် အတော်အတန် ကောင်းသည်ဟု ထင်မှတ်ကြသည်၊ ၎င်းတို့သည် အမှန်ပင် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့ကြသည်။ ဤသို့သောလူများသည် အသင်းတော်၌ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်ရန် မထိုက်တန်ပေ။
ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် ကြီးကြပ်ရေးမှူးအမျိုးအစားသည် မိမိတို့၏ လုပ်ငန်းပိုင်းဆိုင်ရာကို နားလည်ပြီး အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သော်လည်း ဝန်တာမထားဘဲ၊ မိမိတို့၏ လုပ်သင့်သော အလုပ်ကို ဂရုမစိုက်ဘဲ သို့မဟုတ် တကယ့်အလုပ် တစ်စုံတစ်ရာကိုမျှ မလုပ်ဆောင်ဘဲ စားသောက်ခြင်းနှင့် ဖျော်ဖြေရေးများတွင်သာ တစ်နေ့လုံး ပျော်မွေ့နေကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤကြီးကြပ်ရေးမှူးအမျိုးအစား၏ တာဝန်ခန့်အပ်မှုကို ချက်ချင်း ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် ၎င်းတို့ကို ဖြုတ်ချခြင်း မပြုနိုင်ဘဲ ဤသည်က အလုပ်ကို ချောမွေ့စွာ တိုးတက်ခြင်းမှ တားဆီးလျက် နှောင့်ယှက်လေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များကြောင့် ဖြစ်သည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအတွက် တိုက်ရိုက်တာဝန်မရှိသော်လည်း ၎င်းတို့၏ တာဝန်ပေါ့လျော့ခြင်း၊ ကြီးကြပ်ကွပ်ကဲသူများအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းတို့က ၎င်းတို့ကို အလုပ်အပေါ် ဖြစ်ပေါ်စေသည့် ဆုံးရှုံးမှုများအတွက် သွယ်ဝိုက်သောအားဖြင့် တာဝန်ရှိသူများ ဖြစ်သွားစေသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် ကြီးကြပ်ကွပ်ကဲသူများအဖြစ် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းဘဲ တာဝန်ဝတ္တရားများ ပျက်ကွက်သောကြောင့် အဆုံးတွင် အသင်းတော်၏ အလုပ်ကို ဆုံးရှုံးမှုများ ခံစားရစေသည်။ တာဝန်ယူရန်၊ စိစစ်ရန်နှင့် အလုပ်ကို ရှေ့ဆက်ရန် ကြီးကြပ်ပြီး တွန်းအားပေးရန် သင့်တော်သော ကြီးကြပ်ရေးမှူးတစ်ဦး မရှိခြင်းကြောင့် အချို့သော အလုပ်များသည် ရပ်တန့်သွားပြီး ဖရိုဖရဲ ဖြစ်ကျန်ရစ်သည်အထိပင် ဖြစ်သည်။ ဝန်ထမ်းများကို မသင့်လျော်စွာ အသုံးပြုခြင်းသည် အလုပ်အပေါ် ဤသို့သော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလိမ့်မည်။ ဤကြီးကြပ်ရေးမှူးအမျိုးအစားသည် အစွမ်းအစ အနည်းငယ်ရှိပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အနည်းငယ် နားလည်သော်လည်း ၎င်းတို့သည် မိမိတို့၏ လုပ်သင့်သော အလုပ်ကို ဂရုမစိုက်ဘဲ မကြာခဏ မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း သွားကြကာ မှန်ကန်သော လမ်းကြောင်းကို မလိုက်လျှောက်ကြပေ။ ဤကြီးကြပ်ရေးမှူး အမျိုးအစားနှင့်ပတ်သက်၍ ပြဿနာတစ်ခုကို တစ်စုံတစ်ဦးက တိုင်ကြားသည်ကို အယောင်ဆောင်ခေါင်းဆောင်များ ကြားလျှင်ပင် ၎င်းတို့သည် ယင်းကို ချက်ချင်း စုံစမ်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်း မပြုကြဘဲ ဤသည်က အဆုံးတွင် အသင်းတော်အလုပ်ကို ဆိုင်းငံ့သွားစေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်မဲ့မှုကြောင့် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ကြီးကြပ်ရေးမှူး၏ အခြေအနေကို နားမလည်ခဲ့ကြောင်း၊ ၎င်းတို့သည် မိုက်မဲပြီး မသိနားမလည်ခဲ့ကြောင်း အခိုင်အမာဆိုလျက် ဤသို့ပြောခြင်းက ထိုကိစ္စ၏ အဆုံးသတ်ဖြစ်လိမ့်မည်ဟုလည်းကောင်း၊ ၎င်းတို့ တာဝန်ယူရန် လိုအပ်မည်မဟုတ်ဟုလည်းကောင်း ထင်မှတ်လျက် တာဝန်ကိုပင် ခေါင်းရှောင်ရန် ကြိုးစားကြသည်။ မိမိတို့၏ အလုပ်တွင် အယောင်ဆောင်ခေါင်းဆောင်များသည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူကြသည်။ လူတို့က ပြဿနာများကို တိုင်ကြားသည့်အခါပင် ၎င်းတို့သည် ယင်းတို့ကို မေးမြန်းခြင်းဖြစ်စေ၊ ကိုင်တွယ်ခြင်းဖြစ်စေ မပြုကြဘဲ အဆင်မပြေမှုများ ဖြစ်သည့်အခါတွင် တာဝန်ကို ခေါင်းရှောင်ရန် ကြိုးစားကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။
၂။ အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်းမရှိသော ကြီးကြပ်ရေးမှူးများကို အယောင်ဆောင်ခေါင်းဆောင်များ ဆက်ဆံပုံ
အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်နေသည့်အခါ ၎င်းတို့ကြုံတွေ့ရသည့် ပြဿနာများသည် ဤအခြေအနေတစ်ခုတည်းတွင်သာ ကန့်သတ်မနေပေ၊ ကြီးကြပ်ရေးမှူးများက အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်းမရှိကာ အလုပ်ကို တာဝန်ယူ ထမ်းဆောင်နိုင်ခြင်း မရှိသည့် နောက်ထပ်အခြေအနေတစ်ခုလည်း ရှိသေးသည်။ ထိုသို့သောအခြေအနေများတွင် အယောင်ဆောင် ခေါင်းဆောင်များသည် ထိုပြဿနာကို ချက်ချင်း မေးမြန်းရန်နှင့် ကိုင်တွယ်ရန်လည်း ပျက်ကွက်ကြသည်။ အဘယ်ကြောင့်နည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်လုပ်နိုင်စွမ်းမရှိ၊ ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြပေ။ ၎င်းတို့သည် အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများ၏ အစွမ်းအစ၊ အလုပ်ကို ထမ်းဆောင်နိုင်စွမ်း သို့မဟုတ် ၎င်းတို့၏ အလုပ်အခြေအနေများကို မည်သည့်အခါမျှ ဂရုမစိုက်သကဲ့သို့ အလျင်ဦးအောင် တက်ကြွစွာ မေးမြန်းခြင်းလည်း မရှိကြပေ။ အစွမ်းအစ ညံ့ဖျင်းပြီး မိမိတို့၏ အလုပ်ကို မထမ်းဆောင်နိုင်သည့် ကြီးကြပ်ရေးမှူးများကို ၎င်းတို့ ထွင်းဖောက်မမြင်နိုင်သကဲ့သို့ ဤအရာများကိုလည်း မသိကြချေ။ ၎င်းတို့၏ စိတ်ထဲတွင် မည်သည့်လူမဆို ကြီးကြပ်ရေးမှူး၏ အခန်းကဏ္ဍကို တာဝန်ယူလိုက်သည်နှင့်တစ်ပြိုင်နက် ထိုသူသည် မကောင်းမှုများစွာကို ကျူးလွန်ပြီး လူအများ၏ ဒေါသကို ဆွကာ ညီအစ်ကိုမောင်နှမများ၏ ဖယ်ရှားခြင်းကို ခံရခြင်း၊ သို့မဟုတ် တစ်စုံတစ်ဦးက သူ၏ ပြဿနာများကို အထက်သို့ တိုင်ကြားပြီး အထက်က သူ့ကို တိုက်ရိုက်ဖြုတ်ချသည်ကို ခံရခြင်းတို့မဖြစ်ပါက သူ၏ရာထူးတွင် အချိန်ကြာမြင့်စွာ ရှိနေမည်ဖြစ်သည်။ သို့တည်းမဟုတ်ပါက အယောင်ဆောင်ခေါင်းဆောင်များသည် ထိုလူကို မည်သည့်အခါမျှ ဖြုတ်ချမည်မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများက ထိုလူသည် ကောင်းသည်ဟု ပြောဆိုပြီး သူ့ကို ရွေးကောက်တင်မြှောက်ခဲ့သောကြောင့် ထိုလူသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်ရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် တစ်စုံတစ်ဦး အလုပ်လုပ်နိုင်ခြင်း ရှိမရှိနှင့် ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ရန် သင့်တော်ခြင်း ရှိမရှိကို ဆုံးဖြတ်ရန် စိတ်ကူးများနှင့် အကဲဖြတ်မှုများအပေါ် အစဉ်သဖြင့် အားကိုးကြသည်။ ဥပမာအားဖြင့် အကအဖွဲ့တစ်ခု၏ ကြီးကြပ်ရေးမှူးတစ်ဦးရှိခဲ့ပြီး သူသည် မကခုန်တတ်သကဲ့သို့ အကများကို ရွေးချယ်ခြင်း၏ စည်းမျဉ်းများကိုလည်း နားမလည်ခဲ့ပေ။ ကကွက်တစ်ခုကို တီထွင်ဖန်တီးနေစဉ်တွင် သူသည် ခေတ်ပြိုင်အကကို ရွေးချယ်ရမည်လော သို့မဟုတ် ရှေးရိုးအကကို ရွေးချယ်ရမည်လောကို မသိခဲ့ပေ။ အတိအကျပြောရလျှင် သူသည် အကနှင့်ပတ်သက်၍ ဗဟုသုတ မရှိခဲ့ပေ။ သို့ရာတွင် အယောင်ဆောင်ခေါင်းဆောင်သည် ဤအရာကို မမြင်နိုင်ခဲ့ချေ။ ထိုလူသည် စိတ်အားထက်သန်ပြီး ထင်ပေါ်ကျော်ကြားရန် လိုလားသောကြောင့် သူ့ကို ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခဲ့ပြီး သူသည် အရာအားလုံးကို နားလည်သည်ဟု ယူဆကာ ညီအစ်ကိုမောင်နှမများကို လမ်းညွှန်ခွင့်ပြုခဲ့သည်။ နောက်ပိုင်းတွင် အယောင်ဆောင်ခေါင်းဆောင်သည် နောက်ဆက်တွဲ လုပ်ဆောင်ခြင်း၊ သူ၏အလုပ်ကို စောင့်ကြည့်လေ့လာခြင်း သို့မဟုတ် သူသည် ညီအစ်ကိုမောင်နှမများကို မည်မျှကောင်းမွန်စွာ လမ်းညွှန်နေသည်ကိုဖြစ်စေ၊ သူသည် ကျွမ်းကျင်သူဖြစ်သည်ဖြစ်စေ၊ လူပြိန်းတစ်ဦးဖြစ်သည်ကိုဖြစ်စေ၊ သူသင်ကြားသည့်အရာသည် သင့်တော်ခြင်း ရှိမရှိကိုဖြစ်စေ၊ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း ရှိမရှိကိုဖြစ်စေ မကြည့်ရှုခဲ့ပေ။ သူသည် ဤအရာများကို မပြောနိုင်ခဲ့သကဲ့သို့ ၎င်းတို့အကြောင်းကို သွားရောက်မေးမြန်းခြင်းလည်း မရှိခဲ့ပေ။ ရလဒ်အနေဖြင့် လူတိုင်းသည် အချိန်ကာလကြာရှည်စွာ အလုပ်လုပ်ခဲ့သော်လည်း မည်သည့်ရလဒ်မျှ မထွက်ပေါ်ခဲ့ဘဲ အဆုံးတွင် အယောင်ဆောင်ခေါင်းဆောင် ရွေးချယ်ခဲ့သည့် ကြီးကြပ်ရေးမှူးသည် လုံးဝ မကတတ်သည့်တိုင် ကျွမ်းကျင်သူတစ်ဦးအဖြစ် ဟန်ဆောင်ကာ အခြားသူများကို လမ်းညွှန်နေခဲ့သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤသည်မှာ အလုပ်ကို နှောင့်နှေးစေခဲ့သည် မဟုတ်လော။ သို့သော် အယောင်ဆောင်ခေါင်းဆောင်သည် ဤပြဿနာကို မဖော်ထုတ်နိုင်ခဲ့ဘဲ ထိုသူသည် ကောင်းမွန်စွာ လုပ်ဆောင်နေသည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ စိတ်ထဲတွင် တစ်စုံတစ်ဦးသည် မည်သူပင်ဖြစ်စေ ၎င်းတွင် သတ္တိရှိပြီး စကားပြောရဲ၊ ပြုမူရဲကာ အလုပ်ကို တာဝန်ယူရဲသရွေ့ ဤသည်က ၎င်းတွင် အစွမ်းအစရှိပြီး ယင်းကို တာဝန်ယူ ထမ်းဆောင်နိုင်ကြောင်း သက်သေပြသည်၊ သို့သော်လည်း ၎င်းတို့သည် ထိုအရာများကို မလုပ်ရဲပါက ၎င်းတို့၏ အစွမ်းအစသည် ထိုအလုပ်ကို တာဝန်ယူထမ်းဆောင်ရန် မလုံလောက်ကြောင်း သက်သေပြသည်ဟု ယူဆကြသည်။ အချို့လူများသည် ရူးပေါပေါလူများ သို့မဟုတ် မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲလောက်အောင် ရဲတင်းကြသည့် မဆင်ခြင်သော ကမူးရှူးထိုးသမားများ ဖြစ်ကြသည်။ ဤလူများသည် မိမိတို့တွင် သင့်တော်သော အစွမ်းအစ ရှိမရှိကိုဖြစ်စေ၊ အလုပ်ကို ထမ်းဆောင်နိုင်ခြင်း ရှိမရှိကိုဖြစ်စေ မသိကြသော်လည်း ကြီးကြပ်ရေးမှူးများ ဖြစ်လာရန် သတ္တိရှိနေဆဲ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့ တာဝန်ယူပြီးနောက်တွင် ဖြစ်ချင်တော့ အလုပ်တစ်ခုမျှ တိုးတက်ခြင်းမရှိဘဲ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့တွင် ရှင်းလင်းသော ဦးတည်ချက်အသိ၊ သို့မဟုတ် အဆင့်များ၊ သို့မဟုတ် မှန်ကန်သော စိတ်ကူးများ မရှိကြချေ။ မည်သူမဆို မည်သည့်ထင်မြင်ချက်ကိုမဆို ပေးနိုင်ပြီး ၎င်းတို့သည် ယင်းမှာ မှန်သည် သို့မဟုတ် မှားသည်ကို သိမည်မဟုတ်ပေ။ လူတစ်ဦးက အမှုအရာများကို နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ရန် ပြောဆိုပါက ၎င်းတို့က အဆင်ပြေသည်ဟု ပြောဆိုကြပြီး အခြားလူတစ်ဦးက အမှုအရာများကို အခြားနည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ရန် ပြောဆိုပါကလည်း ၎င်းတို့က အဆင်ပြေသည်ဟု ပြောဆိုကြသည်။ ပြီးလျှင် အမှန်တကယ် မည်သည့်လုပ်နည်းကိုင်နည်းကို ကျင့်သုံးရမည်နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် လူတိုင်းကို ဆုံးဖြတ်ခွင့်ပြုကြပြီး မည်သူ၏အသံက အကျယ်ဆုံးဖြစ်သည်ဖြစ်စေ ထိုသူ၏ စိတ်ကူးများကို အကောင်အထည်ဖော်ကြသည်။ ဤသို့သောလူစားမျိုးများတွင် မည်သည့်အစွမ်းအစမျှ လုံးဝမရှိဘဲ မည်သည့်အရာကိုမျှ ထွင်းဖောက်မမြင်နိုင်ကြကာ မိမိတို့၏ အလုပ်ကို ရှုပ်ထွေးသွားစေရုံသာ ဖြစ်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် ဤသို့သော ကြီးကြပ်ရေးမှူးများကို ထွင်းဖောက်မမြင်နိုင်ကြသေးပေ။ အချို့လူများက “ထိုကြီးကြပ်ရေးမှူးသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည်၊ သူ့ကို ချက်ချင်း ဖြုတ်ချရန် လိုအပ်သည်” ဟု ပြောဆိုကြသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက “ကျွန်ုပ် သူနှင့် စကားပြောပြီးပြီ၊ ပြီးလျှင် သူက မိမိ၏ အပိုင်းကို လုပ်ဆောင်လိုစိတ်ရှိကြောင်း ပြောဆိုခဲ့သည်။ သူ့ကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးကြပါစို့” ဟု ပြန်ဖြေကြသည်။ ဤစကားနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ ဤသည်မှာ လူမိုက်တစ်ဦး ပြောဆိုမည့်အရာတစ်ခု မဟုတ်လော။ ဤစကားတွင် အဘယ်အရာ မှားယွင်းနေသနည်း။ (ဤသည်မှာ ၎င်းတို့ မိမိတို့၏ အပိုင်းကို လုပ်ဆောင်လိုစိတ်ရှိခြင်း ရှိမရှိဟူသော ကိစ္စမဟုတ်ပါ၊ ၎င်းတို့တွင် အစွမ်းအစမရှိဘဲ အလုပ်ကို လုံးဝ တာဝန်ယူ ထမ်းဆောင်နိုင်မှု မရှိခြင်းသာ ဖြစ်ပါသည်။) မှန်ပေသည်၊ ဤသည်မှာ ၎င်းတို့ ယင်းကို လုပ်ဆောင်လိုစိတ်ရှိခြင်း ရှိမရှိဟူသော ပြဿနာမဟုတ်ပေ၊ ဤသည်မှာ ၎င်းတို့တွင် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိပြီး ယင်းကို မည်သို့လုပ်ဆောင်ရမည်ကို မသိခြင်းနှင့်ပတ်သက်သည်၊ ဤသည်မှာ ပြဿနာ၏ အခရာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ခေါင်းဆောင်များသည် ဦးနှောက် အနည်းအကျဉ်း ပိုင်ဆိုင်ရန်နှင့် လူတို့ကို အကဲဖြတ်နိုင်ရန်၊ ဤကြီးကြပ်ရေးမှူးများတွင် လိုအပ်သော အစွမ်းအစ ပိုင်ဆိုင်ခြင်း ရှိမရှိကို ကြည့်ရှုရန် လိုအပ်သည်။ ဤခေါင်းဆောင်များသည် ၎င်းတို့၏ စကားပြောဆိုမှုနှင့် မိတ်သဟာယဖွဲ့မှုအပေါ် အခြေခံ၍လည်းကောင်း၊ ၎င်းတို့သည် ပုံမှန်အားဖြင့် သင့်လျော်သော မူဘောင်တစ်ခုနှင့် စနစ်ကျသော နည်းလမ်းများနှင့် အဆင့်များဖြင့် ပြုမူခြင်း ရှိမရှိကို စောင့်ကြည့်လေ့လာခြင်းအပေါ် အခြေခံ၍လည်းကောင်း၊ ညီအစ်ကိုမောင်နှမများထံမှ တုံ့ပြန်ချက်အပေါ် အခြေခံ၍လည်းကောင်း ၎င်းတို့နှင့်ပတ်သက်၍ ဘက်စုံအကဲဖြတ်မှုတစ်ခုကို လုပ်ဆောင်ရန် လိုအပ်သည်။ အကယ်၍ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး လိုအပ်သော အလုပ်လုပ်နိုင်စွမ်းမရှိပါက၊ ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံးကို ရှုပ်ထွေးသွားစေပါက၊ ၎င်းတို့သည် အသုံးမကျသူများဖြစ်ပါက ဤကြီးကြပ်ရေးမှူးများကို ချက်ချင်း ဖြုတ်ချရန် လိုအပ်သည်။
လယ်ယာလုပ်ငန်းကို ရှုပ်ထွေးသွားစေခဲ့သည့် လယ်ယာမြေတစ်ခု၏ ကြီးကြပ်ရေးမှူးတစ်ဦး ရှိခဲ့သည်။ သူသည် မည်သည့်မြေကွက်တွင် မည်သည့်သီးနှံများကို စိုက်ပျိုးသင့်သည်ကိုဖြစ်စေ၊ မည်သည့်မြေကွက်သည် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် သင့်တော်သည်ကိုဖြစ်စေ မသိခဲ့သကဲ့သို့ လူတိုင်းနှင့်အတူ ရှာဖွေပြီး မိတ်သဟာယဖွဲ့ခြင်းလည်း မရှိခဲ့ပေ၊ သူသည် ဤအရာများအကြောင်းကို မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိသောကြောင့် ယင်းကို မလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ သူသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများကို သူ့စိတ်ထဲမှ ဖယ်ထုတ်လျက် မိမိအလိုရှိသည့်အတိုင်း သီးနှံများကို စိုက်ပျိုးခဲ့သည်။ ရလဒ်အနေဖြင့် သူသည် လယ်ယာမြေကွက်တစ်ခုစီကို ပရမ်းပတာပုံစံဖြင့် စိုက်ပျိုးခဲ့ပြီး အနည်းငယ်သာ စိုက်ပျိုးသင့်သည့် သီးနှံများကို အများအပြား စိုက်ပျိုးခဲ့ကာ အများအပြား စိုက်ပျိုးသင့်သည့် သီးနှံများကိုမူ အနည်းငယ်သာ စိုက်ပျိုးခဲ့သည်။ အထက်က သူ့ကို ပြုပြင်သည့်အခါ သူသည် အာခံနေဆဲဖြစ်ပြီး ဤနည်းလမ်းဖြင့် သီးနှံများကို စိုက်ပျိုးခြင်း၌ မှားယွင်းသောအရာ တစ်ခုမျှမရှိဟု ခံစားခဲ့ရသည်။ ငါ့ကို ပြောလော့၊ ဤသို့သော ကြီးကြပ်ရေးမှူးမျိုးတို့သည် ကိုင်တွယ်ရအလွန်ခက်ခဲသည် မဟုတ်လော။ သူသည် ဘုရားအိမ်တော်က ချမှတ်ထားသော စည်းမျဉ်းများကို အခြေခံ၍ အမှုအရာများကို မည်သို့ကိုင်တွယ်ရမည်ကို မသိခဲ့ပေ၊ သို့မဟုတ် အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်၌ တာဝန်ထမ်းဆောင်နေသည့် လူအရေအတွက်ကို အခြေခံ၍ ကောက်ပဲသီးနှံ လယ်ကွင်းမည်မျှနှင့် ဟင်းသီးဟင်းရွက် လယ်ကွင်းမည်မျှ စိုက်ပျိုးသင့်သည်ကို ဆုံးဖြတ်သင့်ကြောင်းလည်း မသိခဲ့ပေ။ ထိုအစား သူသည် မိမိ၏ ကိုယ်ပိုင်နှစ်သက်မှုများကို အခြေခံ၍ အချို့သော သီးနှံများကို များများစိုက်ပျိုးရန်နှင့် အချို့ကို နည်းနည်းစိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ပြီး ဤသို့ပြုလုပ်ခြင်းသည် လုံးဝသင့်တော်သည်ဟု သူယုံကြည်ခဲ့သည်။ အဆုံးတွင် သူသည် သီးနှံများကို ဖြစ်ကတတ်ဆန်းပုံစံဖြင့် စိုက်ပျိုးခဲ့သည်။ နောက်ပိုင်းတွင် ပျိုးပင်များ ပေါက်လာခဲ့သည်။ အချို့မှာ အဝါရောင်ပြောင်းသွားပြီး မြေသြဇာလိုအပ်ခဲ့သော်လည်း သူသည် မည်မျှထည့်ရမည်ကိုဖြစ်စေ၊ မည်သည့်အချိန်တွင် ထည့်ရမည်ကိုဖြစ်စေ မသိခဲ့ပေ။ အချို့သော သီးနှံများမှာ ပိုးမွှားများ ကျရောက်ခဲ့ပြီး ၎င်းတို့အပေါ် ပိုးသတ်ဆေးများ သုံးသင့်သည်၊ သို့မဟုတ် မသုံးသင့်သည်ကို သူ မသိခဲ့ပေ။ အချို့လူများက သုံးရန် ထောက်ခံခဲ့ပြီး အချို့ကမူ မသုံးရန် ထောက်ခံခဲ့ရာ သူသည် ရောထွေးသွားပြီး ပိုးသတ်ဆေးများနှင့်ပတ်သက်၍ ဘာလုပ်ရမည်ကို မသိခဲ့ပေ။ ဤနည်းဖြင့် သူသည် အိုးနင်းခွက်နင်းဖြင့် ရိတ်သိမ်းသည့်ရာသီသို့ ရောက်လာခဲ့သည်။ သူသည် သီးနှံတစ်ခုစီ၏ စိုက်ပျိုးရာသီသည် မည်မျှကြာရှည်သည်ကိုဖြစ်စေ၊ သီးနှံတစ်ခုစီသည် မည်သည့်အချိန်တွင် ရင့်မှည့်မည်ကိုဖြစ်စေ သူ လုံးဝမသိခဲ့ပေ။ ရလဒ်အနေဖြင့် စောစီးစွာ ရိတ်သိမ်းခဲ့သော ကောက်ပဲသီးနှံများသည် အနည်းငယ် စိမ်းနေဆဲဖြစ်ပြီး နောက်ကျမှ ရိတ်သိမ်းခဲ့သော အရာများမှာမူ မြေပေါ်သို့ ကြွေကျကုန်သည်။ အဆုံးတွင် မည်သို့ပင်ဖြစ်စေ သီးနှံများကို ရိတ်သိမ်းခဲ့ပြီး ကောက်ပဲသီးနှံများကို နောက်ဆုံးတွင် သိုလှောင်ခဲ့ကာ ထိုနှစ်အတွက် လယ်ယာလုပ်ငန်းဆောင်တာများသည် အနည်းနှင့်အများဆိုသလို ပြီးဆုံးသွားခဲ့သည်။ လယ်ယာကြီးကြပ်ရေးမှူးသည် သူ၏အလုပ်ကို မည်သို့လုပ်ဆောင်ခဲ့သနည်း။ (သူသည် အလုပ်ကို ကမောက်ကမ ဖြစ်သွားစေခဲ့ပါသည်။) အဘယ်ကြောင့် ဤမျှ ကမောက်ကမ ဖြစ်ခဲ့ရသနည်း။ ဤပြဿနာ၏ အရင်းခံအကြောင်းရင်းကို ရှာဖွေလော့။ (သူ၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းခြင်း ဖြစ်ပါသည်။) ဤကြီးကြပ်ရေးမှူးသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည်။ အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ သူသည် တိကျသော အကဲဖြတ်မှုများ မပြုလုပ်ခဲ့ဘဲ စည်းမျဉ်းများကို ရှာမတွေ့နိုင်ခဲ့သည့်အပြင် အမှုအရာများကို ကိုင်တွယ်ရန် နည်းလမ်း သို့မဟုတ် နည်းစနစ်လည်း မရှိခဲ့ပေ။ ယင်းကြောင့် သူသည် သီးနှံစိုက်ပျိုးခြင်းကဲ့သို့သော ရိုးရှင်းသည့်အလုပ်တစ်ခုကိုပင် မယုံနိုင်လောက်အောင် ပရမ်းပတာ ပုံစံဖြင့် ကိုင်တွယ်ခဲ့ပြီး ဤအလုပ်ကို အကြီးအကျယ် ကမောက်ကမ ဖြစ်သွားစေခဲ့သည်။ ညံ့ဖျင်းသော အစွမ်းအစ၏ အဓိကသရုပ်သကန်များမှာ အဘယ်နည်း။ (တိကျသော အကဲဖြတ်မှုများ မရှိခြင်းနှင့် စည်းမျဉ်းများကို ရှာမတွေ့နိုင်ခြင်း ဖြစ်ပါသည်။) ဤစကားများသည် အရေးမပါလော။ သင်တို့ ယင်းတို့ကို မှတ်မိကြမည်လော။ လူတစ်ဦးသည် အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ တိကျသော အကဲဖြတ်မှုများ မရှိခြင်းနှင့် စည်းမျဉ်းများကို ရှာမတွေ့နိုင်ခြင်းသည် အလွန်ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြသည်။ အခြားလူများက အကြံပြုချက်များနှင့် အရိပ်အမြွက်များ ပိုမိုပေးလေ ဤကြီးကြပ်ရေးမှူးသည် ပို၍ စိတ်ရှုပ်ထွေးလာလေ ဖြစ်သည်။ အကြံပြုချက်တစ်ခုတည်းသာ ရှိပါက အလွန်ကောင်းမည်ဟု သူထင်ခဲ့သည်၊ ထိုအခါ သူသည် ယင်းကို စည်းမျဉ်းစည်းကမ်းတစ်ခုကဲ့သို့ သဘောထားပြုမူပြီး ပုံသေစောင့်ထိန်းနိုင်မည်ဖြစ်ကာ ယင်းက အမှုအရာများကို အလွန်ရိုးရှင်းစေပြီး သူသည် စဉ်းစားရန် သို့မဟုတ် အကဲဖြတ်ရန် မလိုအပ်တော့ဟု ဆိုလိုမည်ဖြစ်သည်။ လူများစွာက အကြံပြုချက်များ ပေးမည်ကို သူကြောက်ရွံ့ခဲ့သည်၊ အကြောင်းမှာ ယင်းတို့ကို ကြားသည့်အခါ သူသည် မည်သို့ကိုင်တွယ်ရမည်ကို မသိသောကြောင့် ဖြစ်သည်။ အမှန်တွင် ဦးနှောက်ရှိပြီး အစွမ်းအစကောင်းသော လူများသည် အခြားလူများ အကြံပြုချက်များ ပေးမည်ကို မကြောက်ရွံ့ကြပေ။ ၎င်းတို့သည် လူများစွာက အကြံပြုချက်များ ပေးသည့်အခါ ၎င်းတို့၏ အကဲဖြတ်မှုသည် ပို၍ တိကျလာပြီး အမှားအယွင်း ဖြစ်နိုင်ချေသည် ပို၍ နည်းပါးသွားသည်ဟု ထင်ကြသည်။ ဦးနှောက်မရှိသော သို့မဟုတ် အစွမ်းအစမရှိသော လူများသည် လူများစွာထံမှ အမျိုးမျိုးသော ထင်မြင်ချက်များနှင့် အကြံပြုချက်များကို ကြောက်ရွံ့ကြသည်၊ ရင်းမြစ်များစွာမှ အကြံဉာဏ်များနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် စိတ်ရှုပ်ထွေးသွားကြသည်။ ငါ ယခုလေးတင် ပြောခဲ့သည့် လယ်ယာကြီးကြပ်ရေးမှူးသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိခဲ့သည် မဟုတ်လော၊ သူသည် ဤအလုပ်ကို ထမ်းဆောင်ရန် မလုံလောက်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့က “ဖြစ်နိုင်သည်မှာ သူသည် ယခင်က လယ်မလုပ်ဖူးခြင်း ဖြစ်နိုင်သည်။ သင်က သူ့ကို လယ်လုပ်ခိုင်းရန် မရမကတိုက်တွန်းခဲ့သည်၊ ဤသည်မှာ ငါးကို ကုန်းပေါ်တွင် အသက်ရှင်နေထိုင်ခိုင်းသကဲ့သို့ မဟုတ်လော” ဟု ငြင်းခုံကြသည်။ ယခင်က လယ်ယာလုပ်ငန်းအတွေ့အကြုံ မရှိခြင်းက လူတစ်ဦးသည် လယ်မလုပ်နိုင်ဟု ဆိုလိုသလော။ မည်သူသည် လယ်လုပ်ရန် ပင်ကိုယ်စွမ်းရည် ပါလာသနည်း။ လယ်သမားများသည် ဤစွမ်းရည်ဖြင့် မွေးဖွားလာနိုင်သလော။ (မွေးမလာနိုင်ပါ။) အတွေ့အကြုံမရှိဘဲ လယ်မလုပ်တတ်သောကြောင့် ပထမဆုံးအကြိမ် သီးနှံစိုက်ပျိုးသည့်အခါ ရိတ်သိမ်းစရာမရှိဘဲ စားစရာကောက်ပဲသီးနှံမရှိကာ တစ်နှစ်လုံး ငတ်မွတ်ခေါင်းပါးခြင်းသို့ ရောက်သွားသည့် လယ်သမားများ ရှိခဲ့ဖူးသလော။ ဤသို့သောအရာမျိုး ဖြစ်တတ်သလော။ (မဖြစ်တတ်ပါ။) အကယ်၍ ထိုသို့ အမှန်တကယ်ဖြစ်ခဲ့ပါက ယင်းမှာ လူ၏လုပ်ဆောင်ချက်များကြောင့်မဟုတ်ဘဲ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပေမည်။ ထိုသို့သောအခြေအနေများသည် အလွန်ရှားပါးသည်။ လယ်သမားများသည် လယ်လုပ်ခြင်းဖြင့် အသက်မွေးကြပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ် လယ်လုပ်ဖူးသူများပင် လယ်လုပ်တတ်ရန် သင်ယူကြရသည်။ အစွမ်းအစကောင်းသော လူများသည် မြေယာကို စိုက်ပျိုးခြင်းမှ အနည်းငယ်ပို၍ အထွက်တိုးနိုင်ပြီး အစွမ်းအစ ညံ့ဖျင်းသူများမှာမူ အထွက်နှုန်းနည်းပါးနိုင်သည်။ ထို့အပြင် လက်ရှိ သတင်းအချက်အလက် တိုးတက်မှု၊ ပေါများမှုတို့နှင့်အတူ လူတစ်ဦးတွင် အစွမ်းအစရှိပါက ဤသတင်းအချက်အလက်သည် တိကျမှန်ကန်သော အကဲဖြတ်မှုများနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် မှီငြမ်းချက်အဖြစ် ဆောင်ရွက်ရန် လုံလောက်သည်။ သတင်းအချက်အလက် ပိုမိုကျယ်ပြန့်ပြီး တိကျမှန်ကန်လေ ၎င်းတို့၏ အကဲဖြတ်မှုများနှင့် ဆုံးဖြတ်ချက်များသည် ပိုမိုတိကျလာလေဖြစ်ပြီး ၎င်းတို့သည် အမှားအယွင်းနည်းပါးလေ ဖြစ်သည်။ သို့ရာတွင် အစွမ်းအစ ညံ့ဖျင်းသူများသည် ဆန့်ကျင်ဘက်ဖြစ်သည်၊ သတင်းအချက်အလက် ပိုများလေ ၎င်းတို့သည် ပို၍ စိတ်ရှုပ်ထွေးလာလေ ဖြစ်သည်။ အဆုံးတွင် ခြေလှမ်းတိုင်းသည် ရုန်းကန်မှုတစ်ခုဖြစ်လာပြီး ၎င်းတို့အတွက် အလွန်ခက်ခဲလာသည်။ လယ်ယာလုပ်ငန်းသည် အချိန်လု၍ လုပ်နေရခြင်းဖြစ်သည်၊ သင်သည် အလွန်စောလွန်းလျှင် သို့မဟုတ် အလွန်နောက်ကျလွန်းလျှင် အလုပ်ဖြစ်မည်မဟုတ်ပေ။ သင်သည် နောက်ကျပြီး အချိန်မှန်ကို လွဲချော်သွားပါက နောက်ဆုံးရိတ်သိမ်းမှုသည် ထိခိုက်သွားလိမ့်မည်။ လယ်ယာလုပ်ငန်းကို လုပ်ဆောင်နေစဉ်တစ်လျှောက်လုံး ဤကြီးကြပ်ရေးမှူးသည် ခေါင်းမီးတောက်နေခဲ့ပြီး အချိန်လု၍ ခြေလှမ်းတိုင်းကို အတင်းတက်သုတ်ရိုက် လုပ်ဆောင်ခဲ့ရသည်။ သူသည် ခြေလှမ်းတိုင်းကို လှမ်းနိုင်ခဲ့သော်လည်း သူ့အတွက် အလွန်ခက်ခဲခဲ့ပြီး အဆုံးတွင် သူသည် အလုပ်ကို ကမောက်ကမ ဖြစ်သွားစေခဲ့သည်။ ထိုသို့သောလူများသည် အလွန်တရာမှ ညံ့ဖျင်းသော အစွမ်းအစရှိကြလေသည်။
အလွန်အမင်း အစွမ်းအစ ညံ့ဖျင်းသော လူများသည် တစ်ခုတည်းသော အလုပ်တစ်ခုကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ယင်းကို ဖရိုဖရဲဖြစ်အောင် လုပ်ကြသည်။ ဤကြီးကြပ်ရေးမှူးများ၏ ခေါင်းဆောင်များက အစွမ်းအစ ကောင်းမွန်ပြီး မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်စွမ်းရှိပါက ဤအရာများကို ၎င်းတို့ မြင်နိုင်သင့်သည်။ ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းသော ကြီးကြပ်ရေးမှူးများကို လမ်းညွှန်မှု၊ စံနှုန်းသတ်မှတ်ခြင်းနှင့် စိစစ်ခြင်းတို့ဖြင့် ကူညီသင့်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို လုပ်ဆောင်ရန် ပျက်ကွက်ကြသည်။ ကြီးကြပ်ရေးမှူးများ မလုပ်ဆောင်နိုင်သည့်အရာများကိုလည်း ၎င်းတို့ မလုပ်ဆောင်နိုင်ကြသကဲ့သို့ ကြီးကြပ်ရေးမှူးများက မိမိတို့၏အလုပ်ကို ခက်ခဲသည်ဟု မြင်သည့်အခါ သို့မဟုတ် မိမိတို့၏အလုပ်၌ မသေမချာဖြစ်ပြီး တွေဝေနေသည်ဟု ခံစားရသည့်အခါတွင် အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့နှင့်အတူ တွေဝေကြသည်။ ကြီးကြပ်ရေးမှူးများက မိမိတို့၏အလုပ်၌ မည်သို့လုပ်ဆောင်နေသည်ကိုဖြစ်စေ၊ ၎င်းတို့ မည်သည့်အဆင့် ရောက်နေပြီဖြစ်သည်ကိုဖြစ်စေ၊ မည်သည့်အခက်အခဲများ ပေါ်ပေါက်လာသည်ကိုဖြစ်စေ၊ ၎င်းတို့ မည်သို့သော ရှုပ်ထွေးမှုများ ရှိနေသည်ကိုဖြစ်စေ ၎င်းတို့ သတိပင်မမူမိကြပေ။ တစ်စုံတစ်ဦးက ထိုခေါင်းဆောင်ကို စိုက်ပျိုးရေးအကြောင်း မေးမြန်းသည့်အခါ သူက “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးဖြစ်သည်၊ ကျွန်ုပ်သည် စိုက်ပျိုးရေးကို မကြီးကြပ်ပါ” ဟု ပြောခဲ့သည်။ ၎င်းတို့က “သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သည်၊ သို့ဖြစ်၍ သင့်ကို စိုက်ပျိုးရေးအကြောင်း မေးခြင်းက ဘာများမှားသနည်း။ ဤအလုပ်သည် သင်၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်း ကျရောက်ပါသည်” ဟု ပြန်ပြောခဲ့သည်။ သူက “သင့်အတွက် ကျွန်ုပ် မေးကြည့်ပေးပါမည်” ဟု ပြောခဲ့သည်။ မေးပြီးနောက် သူက “ကျွန်ုပ်တို့သည် လက်ရှိတွင် အာလူးများ စိုက်ပျိုးနေပါသည်” ဟု ပြန်ဖြေခဲ့သည်။ ၎င်းတို့က “သင် အာလူး မည်မျှ စိုက်ပျိုးနေသနည်း” ဟု မေးခဲ့သည်။ သူက “ထိုအကြောင်းကို ကျွန်ုပ် မမေးခဲ့ပါ၊ သင့်အတွက် ကျွန်ုပ် သွား၍ စစ်ဆေးပေးပါမည်” ဟု ပြန်ဖြေခဲ့သည်။ နောက်တစ်ကြိမ် မေးပြီးနောက် သူက “ကျွန်ုပ်တို့သည် နှစ်ဧက စိုက်ပျိုးခဲ့ပါသည်” ဟု ပြန်ဖြေခဲ့သည်။ ၎င်းတို့က “သင် မည်သည့်အမျိုးအစားကို စိုက်ပျိုးခဲ့သနည်း။ ထိုမြေကွက်သည် အာလူးစိုက်ပျိုးရန် သင့်တော်ပါသလော။ သင် အာလူးများ စိုက်ပျိုးသည့်အခါ မြေသြဇာကျွေးခဲ့သလော။ အာလူးစေ့များကို မည်မျှနက်သည်အထိ စိုက်ပျိုးခဲ့သနည်း” ဟု မေးခဲ့ကြသည်။ ဤအရာတစ်ခုကိုမျှ သူ မသိခဲ့ပေ။ သင်သည် ဤအရာများကို မသိသော်လည်း ယင်းတို့အကြောင်းကို သင်မစုံစမ်းသကဲ့သို့ ယင်းတို့အကြောင်း မေးမြန်းရန် တစ်စုံတစ်ဦးကိုလည်း မရှာဖွေပေ။ ဤသည်က အမှုအရာများကို နှောင့်နှေးစေသည် မဟုတ်လော။ သင်သည် ခေါင်းဆောင်တစ်ဦးပင် ဟုတ်ပါသလော။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် မည်သည့်အလုပ်ကို လုပ်ဆောင်နေသနည်း။ သင်သည် ဤအပြင်ပန်းအလုပ် အနည်းငယ်ကို လုပ်ဆောင်ရန် လူတို့ကို ဦးဆောင်ခြင်းပင် မပြုနိုင်ပါက သင် ခေါင်းဆောင်တစ်ဦး ဖြစ်ရခြင်းက မည်သည့် အသုံးတည့်မှုရှိသနည်း။ ကြီးကြပ်ရေးမှူး၏ အစွမ်းအစသည် ဤမျှ ညံ့ဖျင်းသော်ငြားလည်း ဤအယောင်ဆောင်ခေါင်းဆောင်သည် ယင်းကို သိရှိရန် ပျက်ကွက်ခဲ့ပြီး ကြီးကြပ်ရေးမှူး၏ အစွမ်းအစ မည်သို့ရှိသည်ကိုလည်းကောင်း၊ သီးနှံများ မည်သို့ဖြစ်နေသည်ကိုလည်းကောင်း၊ ရိတ်သိမ်းရမည်မှာ သေချာခြင်း ရှိမရှိကိုလည်းကောင်း သူ့ကို မေးမြန်းသည့်အခါတွင် သူက “သင် ဤအရာများကို စုံစမ်းမေးမြန်းရန် မလိုအပ်ပါ၊ စိုက်ပျိုးရေးသည် အလွန်တရာ ရိုးရှင်းသည့် အလုပ်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့ လယ်ကွင်းထဲတွင် သီးနှံများ စိုက်ပျိုးပြီးဖြစ်သည် မဟုတ်လော။ မည်သို့ဖြစ်၍ သီးနှံ ရိတ်သိမ်းစရာ မရှိဘဲ နေရမည်နည်း” ဟု ယုံကြည်ခဲ့သည်။ သူသည် မည်သည့်အရာကိုမျှ ထည့်မစဉ်းစားခဲ့ပေ၊ မည်သည့်အရာကိုမျှ မစုံစမ်းခဲ့ပေ၊ ပြီးလျှင် သူ၌ ဦးနှောက် လုံးဝမရှိခဲ့ပေ။ ဤသည်မှာ မည်သို့သော ခေါင်းဆောင်မျိုး ဖြစ်သနည်း။ (အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။) သူသည် မည်သည့်အရာကိုမဆို ရင်ဆိုင်ရသည့်အခါတိုင်း ကြီးကြပ်ရေးမှူးသည် မျောက်မီးခဲကိုင်မိသကဲ့သို့ မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိဘဲ လုံးလုံးလျားလျား အကြံအိုက်နေခဲ့သည်။ မည်သူ့ကို မေးရမည်ကိုဖြစ်စေ၊ သတင်းအချက်အလက်ကို မည်သို့ ရှာရမည်ကိုဖြစ်စေ၊ သတင်းအချက်အလက်၏ မတူညီသော အရင်းအမြစ်များက များစွာသော မတူညီသည့် စိတ်ကူးများကို တင်ပြသည့်အခါ မည်သည့်ဘက်ကို ရွေးချယ်ရမည်ကိုဖြစ်စေ သူ မသိခဲ့ပေ။ ဤခေါင်းဆောင်သည် ဤအခြေအနေများကို မစုံစမ်းခဲ့ပေ။ အလုပ်ကို ဤလူထံ လွှဲပြောင်းပေးပြီးဖြစ်သည်ဟု တွေးထင်ခဲ့သောကြောင့် သူသည် ယင်းနှင့်ပတ်သက်၍ လုံးဝပင် အရေးမလုပ်ခဲ့ချေ။ ဤသို့ အစွမ်းအစ ညံ့ဖျင်းသော ကြီးကြပ်ရေးမှူးတစ်ဦး ရှိခြင်းသည် အလုပ်၏ ရလဒ်များအပေါ် သက်ရောက်မှုရှိမည်ဟု သင်တို့ ထင်သလော။ (သက်ရောက်မှုရှိပါသည်။) သို့ဆိုလျှင် ဤပြဿနာကို ဖြေရှင်းရန် ခေါင်းဆောင်သည် မည်သို့လုပ်ဆောင်ခဲ့သင့်သနည်း။ ဤအရာကို စုံစမ်းခြင်းနှင့် သွယ်ဝိုက်သောအားဖြင့် မေးမြန်းခြင်းများ ပြုလုပ်ခြင်းမှတစ်ဆင့်၊ သူ၏ ပတ်ဝန်းကျင်၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှတစ်ဆင့်၊ ပြီးလျှင် ထိုရာသီ၏ သီးနှံကို စိုက်ပျိုးခြင်းမှတစ်ဆင့် ကြီးကြပ်ရေးမှူးသည် အလွန်အမင်း အစွမ်းအစ ညံ့ဖျင်းကြောင်း၊ သူသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြောင်းကို သူ ရှာဖွေတွေ့ရှိခဲ့သင့်သည်။ သူသည် နှစ်ပေါင်းများစွာ စိုက်ပျိုးရေးလုပ်ပြီးသည့်တိုင် မည်သည့်အတွေ့အကြုံကိုမျှ ပေါင်းရုံးသုံးသပ်နိုင်ခဲ့ခြင်း မရှိချေ။ ထိုအချိန်တွင် သီးနှံများကို မည်သို့စိုက်ပျိုးရမည်ကိုပင် သူ မသေချာတော့ပေ။ သူသည် အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်အတွက် အရည်အချင်းမမီကြောင်းကို သူ ရှင်းရှင်းလင်းလင်း သိခဲ့သင့်ပြီး ထိုသို့သောလူကို ဖြုတ်ချခဲ့သင့်သည်။ သူသည် ကြီးကြပ်ရေးမှူးဖြစ်ရန် မည်သူက သင့်တော်သည်ကိုလည်းကောင်း၊ ဤအလုပ်ကို မည်သူက ထမ်းဆောင်နိုင်ပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ကိုလည်းကောင်း စုံစမ်းမေးမြန်းခဲ့သင့်ပြီး ထိုသို့ဖြင့် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာမှု မရှိစေရန် သေချာစေခဲ့သင့်သည်။ အယောင်ဆောင်ခေါင်းဆောင်၌ ဤစိတ်ဓာတ် ရှိခဲ့သလော။ သူသည် ဤပြဿနာများကို မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ခဲ့ပါ။) သူ၏ စိတ်နှလုံးနှင့် မျက်စိတို့သည် ကန်းနေခဲ့သည်၊ သူသည် လုံးလုံးလျားလျားပင် အကန်းဖြစ်နေခဲ့သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသော လူများနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ၎င်းတို့၏အလုပ်၌ ၎င်းတို့ကို မည်သို့လမ်းညွှန်ရမည်ကို မသိကြပေ၊ စိစစ်ခြင်းကို ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့ကို မည်သို့ကူညီရမည်ကို သို့မဟုတ် ၎င်းတို့၏ အခက်အခဲများကို ချက်ချင်း မည်သို့ဖြေရှင်းရမည်ကို မသိကြပေ၊ ပြီးလျှင် အစွမ်းအစ ညံ့ဖျင်းသော တစ်စုံတစ်ဦးသည် အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်ခြင်း မရှိသဖြင့် သင့်တော်သောလူတစ်ဦးဖြင့် ထိုသူကို လျင်မြန်စွာ အစားထိုးသင့်သည်ကိုလည်း ၎င်းတို့ သေချာပေါက် မသိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်တစ်ခုကိုမျှ မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် အရည်အချင်းမမီသကဲ့သို့ ဤအရာတစ်ခုကိုမျှ မမြင်နိုင်ကြပေ။ ဤသူတို့သည် မျက်စိကန်းသောလူများ မဟုတ်လော။ အချို့လူများက “ဖြစ်နိုင်သည်မှာ ၎င်းတို့သည် အခြားအလုပ်များနှင့် အလုပ်များနေကြပါသည်။ သင်သည် ဤအရေးမပါသော အလုပ်အသေးအဖွဲများကို ဂရုစိုက်ရန် ၎င်းတို့ကို အဘယ်ကြောင့် အဆက်မပြတ် တောင်းဆိုနေရသနည်း” ဟု ပြောကြသည်။ ဤသည်တို့မှာ ခေါင်းဆောင်များ လုပ်ဆောင်ရမည့် အလုပ်များဖြစ်သည်၊ ယင်းတို့ကို အရေးမပါသော အလုပ်အသေးအဖွဲများအဖြစ် မည်သို့ သတ်မှတ်နိုင်မည်နည်း။ ဤကိစ္စရပ်များသည် ခေါင်းဆောင်များ၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်း၌ ရှိသည်၊ ၎င်းတို့က ယင်းတို့ကို လျစ်လျူရှုပါက အဆင်ပြေမည်လော။ အကယ်၍ ၎င်းတို့ လျစ်လျူရှုခဲ့ပါက ယင်းသည် တာဝန်ပျက်ကွက်ခြင်း ဖြစ်ပေမည်။ ၎င်းတို့၏အလုပ်၌ရှိသော အခက်အခဲများနှင့် ပြဿနာများသည် နေ့စဉ် ခေါင်းဆောင်များ၏ မျက်စိရှေ့မှောက်၌ပင် ပေါ်ပေါက်လာပြီး လူတို့က ၎င်းတို့ကို နေ့စဉ် တင်ပြကြသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များ၏ မျက်စိရော စိတ်ပါ ကန်းနေကြသည်။ ဤသည်တို့မှာ ပြဿနာများ ဖြစ်သည်ကို ၎င်းတို့ မမြင်နိုင်၊ မခံစားနိုင် သို့မဟုတ် မသိမြင်နိုင်ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် ယင်းတို့ကို မဖြေရှင်းနိုင်ကြသည်မှာ ပြောစရာပေ။ ထိုအယောင်ဆောင်ခေါင်းဆောင်သည် ကြီးကြပ်ရေးမှူး၏ အစွမ်းအစ အလွန်အမင်း ညံ့ဖျင်းသည်ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိခဲ့ပေ။ သူ၏အလုပ်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကိုလည်း သူ မဖော်ထုတ်နိုင်ခဲ့ပေ။ ဤကြီးကြပ်ရေးမှူးသည် ပြဿနာများကို မကိုင်တွယ်နိုင်ခဲ့ဘဲ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် သူသည် စည်းမျဉ်းများ ကင်းမဲ့လျက် ယောက်ယက်ခတ်ကာ ပြုမူခဲ့ပြီး အလုပ်ကို ဖရိုဖရဲဖြစ်စေခဲ့ကာ ထိုအယောင်ဆောင်ခေါင်းဆောင်သည် ဤအရာတစ်ခုကိုမျှ မမြင်နိုင်ခဲ့ပေ သို့မဟုတ် မတွေ့ရှိနိုင်ခဲ့ပေ။ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ပုံအတွက် စည်းမျဉ်းတစ်ခု ရှိသည်။ ၎င်းတို့သည် အလုပ်တစ်ခုစီအတွက် တာဝန်ယူရန် တစ်စုံတစ်ဦးကို စီစဉ်ပြီးသမျှ ကာလပတ်လုံး ယင်းကို ပြီးမြောက်သည်ဟု ၎င်းတို့က မှတ်ယူကြပြီး ကြီးကြပ်ရေးမှူး၏ အစွမ်းအစ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ၎င်းတို့ အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ မလုပ်ဆောင်နိုင်သည်ဖြစ်စေ၊ အလုပ်၌ ပြဿနာမည်မျှ ပေါ်ပေါက်လာသည်ဖြစ်စေ ယင်းသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ဟု ၎င်းတို့ ခံစားကြရသည်။ ထိုသို့သော ခေါင်းဆောင်တစ်ဦးသည် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သေးသလော။ ၎င်းတို့သည် မည်သို့အလုပ်လုပ်ရမည်ကို နားလည်ကြသလော။ (နားမလည်ကြပါ။) သင်သည် မည်သို့အလုပ်လုပ်ရမည်ကို နားမလည်ပါက သင်သည် အဘယ်ကြောင့် ခေါင်းဆောင်တစ်ဦးအဖြစ် ပြုမူနေသနည်း။ ဤသို့ဖြစ်နေသော်ငြားလည်း သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံပါက သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အစွမ်းအစ ညံ့ဖျင်းသော လူများ၏ အမျိုးမျိုးသော သရုပ်သကန်များကိုဖြစ်စေ၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကိုဖြစ်စေ မမြင်နိုင်ကြ သို့မဟုတ် မတွေ့ရှိနိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အလွန်အမင်း ထုံထိုင်းနေသည်။ ၎င်းတို့၏ မျက်စိရော စိတ်ပါ နှစ်မျိုးလုံး ကန်းနေသည် မဟုတ်လော။ အချို့က “၎င်းတို့သည် မျက်မမြင်များ မဟုတ်ပါ။ သင်သည် ၎င်းတို့ကို အစဉ်သဖြင့် အသရေဖျက်ပြီး အပုပ်ချနေသည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤစိုက်ပျိုးရေး ကြီးကြပ်ရေးမှူး၏ ပြဿနာများမှာ အလွန်ဆိုးရွားနေသည်။ ထိုအယောင်ဆောင်ခေါင်းဆောင်သည် သူ့နှင့်အတူ နေ့စဉ် နေထိုင်ပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကြားရပြီး မြငရသည်။ သို့ဆိုလျှင် သူသည် ဤသည်တို့မှာ ပြဿနာများဖြစ်သည်ကို မည်သို့ဖြစ်၍များ ရှာဖွေတွေ့ရှိနိုင်စွမ်း သို့မဟုတ် သဘောပေါက်နိုင်စွမ်း မရှိခဲ့သနည်း။ သူသည် ဤပြဿနာများကို အဘယ်ကြောင့် မကိုင်တွယ်ခဲ့သနည်း သို့မဟုတ် မဖြေရှင်းခဲ့သနည်း။ သူ၏ မျက်စိရော စိတ်ပါ ကန်းနေခဲ့သည် မဟုတ်လော။ ဤပြဿနာသည် ဆိုးရွားခဲ့သလော။ (ဟုတ်ပါသည်၊ ဆိုးရွားခဲ့ပါသည်။) ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည်၊ စိတ်ရော မျက်စိပါ ကန်းနေခြင်း ဖြစ်ပေသည်။
သင်သည် အစွမ်းအစ ညံ့ဖျင်းသော တစ်စုံတစ်ဦးကို အလုပ်တစ်ခု ခန့်အပ်သည့်အခါ ၎င်းတို့၏ ပုံမှန်စကားပြောပုံ၊ အလုပ်ကို ဆွေးနွေးသည့်အချိန် ၎င်းတို့၏ သဘောထား၊ အမြင်ရှုထောင့်များနှင့် အလုပ်များကို ကိုင်တွယ်ပုံတို့မှ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းကြောင်း၊ ၎င်းတို့၏ အတွေးအခေါ်သည် ဖရိုဖရဲဖြစ်ကြောင်းနှင့် ၎င်းတို့သည် အရာရာတိုင်းကို အနည်းငယ်သော မျက်စိကန်းခြင်းနှင့် မိုက်ရူးရဲနိုင်ခြင်းတို့ဖြင့် ချဉ်းကပ်ကာ ပန်းတိုင်တစ်ခုမျှ မရှိကြောင်းကို သင် ပိုင်းခြားသိမြင်နိုင်သည်။ ဤလူသည် အလွန်အမင်း အစွမ်းအစ ညံ့ဖျင်းကြောင်းကို ၎င်းတို့၏ အလုပ်လုပ်ပုံကို ကြည့်ရုံမျှဖြင့် သင် ဆုံးဖြတ်နိုင်သည်၊ သို့ဖြစ်၍ ၎င်းတို့ကို ထိုမျှ အချိန်ကြာမြင့်စွာ စောင့်ကြည့်ရန်ပင် လိုအပ်သလော။ မလိုအပ်ပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များ၌ သေစေနိုင်လောက်သည့် အားနည်းချက်တစ်ခု ရှိသည်၊ ယင်းမှာ လူတစ်ဦးသည် အလုပ်မှထွက်ခြင်းမရှိဘဲ ဤအချိန်တစ်လျှောက်လုံး အလုပ်လုပ်နေခဲ့သောကြောင့်လည်းကောင်း၊ ၎င်းတို့က မည်သူမျှ ထိုသူကို မကောင်းမှုတစ်ခုခု လုပ်ဆောင်ခြင်းအတွက်ဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်းအတွက်ဖြစ်စေ၊ အပျက်သဘောဆောင်ခြင်း သို့မဟုတ် ပျင်းရိခြင်းအတွက်ဖြစ်စေ တိုင်ကြားသည်ကို မကြားခဲ့ရသောကြောင့်လည်းကောင်း ဤလူသည် အလုပ်ကို လုပ်ဆောင်နိုင်ဆဲဖြစ်သည်ဟု ဆိုလိုကြောင်း ၎င်းတို့က ယုံကြည်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် လူတစ်ဦး၏ စကားအပြောအဆို၊ ကိစ္စရပ်များအပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်ရှုထောင့် သို့မဟုတ် ၎င်းတို့ အမှုအရာများကို လုပ်ဆောင်ပုံတို့ကို အခြေခံ၍ လူတစ်ဦး၏ အစွမ်းအစ သို့မဟုတ် အလုပ်ကောင်းကောင်း လုပ်နိုင်စွမ်းကို မည်သို့အကဲဖြတ်ရမှန်း မသိကြပေ။ ၎င်းတို့တွင် ဤသိနားလည်မှု မရှိပေ၊ ၎င်းတို့သည် ဤကိစ္စနှင့်ပတ်သက်၍ ထုံထိုင်းနေပြီး သိမြင်မှုတစ်ခုမျှ မရှိချေ။ ၎င်းတို့တွင် အမြင်ရှုထောင့်တစ်ခု ရှိသည်။ လူတစ်ဦးသည် အလဟဿ မနေသရွေ့ အရာအားလုံး အဆင်ပြေပြီး အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်သည် ဟူ၍ ဖြစ်သည်။ ဤသို့သော အမြင်ရှုထောင့်မျိုးကို စွဲကိုင်ထားသော ခေါင်းဆောင်တစ်ဦးသည် ကောင်းမွန်စွာ အလုပ်လုပ်နိုင်မည်ဟု သင်တို့ ထင်သလော။ ၎င်းတို့သည် အလုပ်အတွက် အရည်အချင်းမီသလော။ (မမီပါ။) ထိုသို့သောလူတစ်ဦးကို ခေါင်းဆောင်တစ်ဦး ဖြစ်ခွင့်ပြုခြင်းသည် အလုပ်ကို ပျက်စီးစေလိမ့်မည် မဟုတ်လော။ လူတစ်ဦးသည် စားခြင်း၊ သောက်ခြင်းနှင့် ဖျော်ဖြေရေးတို့၌ မွေ့လျော်ပြီး မိမိတို့၏ တာဝန်များကို လျစ်လျူရှုသည့်အခါတွင် အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာကို ဒုက္ခခံ၍ စုံစမ်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်း မရှိကြဘဲ ၎င်းတို့သည် လူတစ်ဦးနှင့် အချိန်မည်မျှကြာအောင် ထိတွေ့ဆက်ဆံခဲ့သည်ဖြစ်စေ ထိုလူ၏ အစွမ်းအစ သို့မဟုတ် ကိုယ်ကျင့်စရိုက်သည် ကောင်းသည်ကိုဖြစ်စေ၊ ဆိုးသည်ကိုဖြစ်စေ မမြင်နိုင်ကြပေ။ ဤခေါင်းဆောင်များသည် ခေါင်းဆောင်တစ်ဦး၏ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ပါ။) ဤသူတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတစ်ဦးတွင် ကောင်းမွန်သော အစွမ်းအစ ရှိမရှိကို မပိုင်းခြားနိုင်ကြဘဲ ဤတိကျသော အလုပ်များကို လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ဤသည်မှာ ၎င်းတို့အလုပ်၏ အစိတ်အပိုင်းတစ်ခု မဟုတ်ဟု ထင်မှတ်ကြသည်။ ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ သင်တို့ မည်သို့ထင်သနည်း၊ အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးက အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်သလော၊ သို့မဟုတ် အစွမ်းအစ အနည်းငယ်ရှိသော လူတစ်ဦးက ထမ်းဆောင်နိုင်သလော။ (အစွမ်းအစ အနည်းငယ်ရှိသော လူတစ်ဦး ဖြစ်ပါသည်။) ထို့ကြောင့် လူတစ်ဦး၏ အစွမ်းအစနှင့် အလုပ်အတွက် ၎င်းတို့၏ အရည်အချင်းကို အကဲဖြတ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဂရုစိုက်သင့်ပြီး သဘောပေါက်ထားသင့်သော ပြဿနာတစ်ရပ် ဖြစ်သည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ထမ်းဆောင်သင့်သော အလုပ်တစ်ခုလည်း ဖြစ်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက ဤသည်မှာ ၎င်းတို့အလုပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို နားမလည်ကြဘဲ ဤသိနားလည်မှု ကင်းမဲ့ကာ ၎င်းတို့၏ တာဝန်ဝတ္တရားများ၏ ဤအပိုင်းကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ မိမိတို့၏ တာဝန်၌ ပေါ့လျော့သည့်နေရာဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်များ အလုပ်အတွက် အရည်အချင်းမမီခြင်း၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ ဤသည်မှာ ဒုတိယအခြေအနေ အမျိုးအစားဖြစ်သည်။ ကြီးကြပ်ရေးမှူးများက အစွမ်းအစ ညံ့ဖျင်းခြင်း၊ အလုပ်လုပ်နိုင်စွမ်းမရှိခြင်းနှင့် မိမိတို့၏အလုပ်ကို မထမ်းဆောင်နိုင်ခြင်းဖြစ်ကာ ယင်းမှာ အစွမ်းအစပိုင်းဆိုင်ရာ ပြဿနာတစ်ရပ်ပင် ဖြစ်သည်။ ဤအခြေအနေတွင် အယောင်ဆောင် ခေါင်းဆောင်များသည် အလားတူပင် ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍကို ပါဝင်သရုပ်ဆောင်ရန် ပျက်ကွက်ကြပြီး အစွမ်းအစ ညံ့ဖျင်းသော ကြီးကြပ်ရေးမှူးများကို ချက်ချင်း ဖြုတ်ချနိုင်စွမ်း မရှိကြပေ။
၃။ အခြားသူများကို ညှဉ်းနပန်းပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်သော ကြီးကြပ်ရေးမှူးများကို အယောင်ဆောင်ခေါင်းဆောင်များက ဆက်ဆံပုံ
တတိယအခြေအနေအမျိုးအစားတွင် အခြားသူများကို ညှဉ်းပန်းပြီး ဘောင်ခတ်ကာ အသင်းတော်၏အလုပ်ကို နှောင့်ယှက်သော ကြီးကြပ်ရေးမှူးများ ပါဝင်သည်။ ငါတို့ အစောပိုင်းက ပြောဆိုခဲ့သည့် ပထမအခြေအနေမှာ အချို့သော ကြီးကြပ်ရေးမှူးများသည် အတော်အတန် ကောင်းမွန်သော အစွမ်းအစရှိပြီး ၎င်းတို့၏အလုပ်ကို ထမ်းဆောင်နိုင်သော်ငြားလည်း အလုပ်ကို အလေးအနက်မထားဘဲ ဝတ်ကျေတမ်းကျေ ပြုမူကြစဉ်တွင် အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို မသိရှိဘဲ ၎င်းတို့ကို ချက်ချင်း မဖြုတ်ချခြင်း ဖြစ်သည်။ ဒုတိယအခြေအနေတွင် အချို့သော ကြီးကြပ်ရေးမှူးများက အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်ခြင်း မရှိသော်လည်း အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို သတိပြုမိရန် ပျက်ကွက်ခြင်း သို့မဟုတ် ၎င်းတို့ကို ချက်ချင်း အစားမထိုးခြင်းတို့ ပါဝင်သည်။ ဤတတိယအခြေအနေမှာ မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မိမိတို့ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကိုမလုပ်ဘဲ အခြားသူများကို ညှဉ်းပန်းပြီး ဘောင်ခတ်ကာ အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည် ကြီးကြပ်ရေးမှူးများအကြောင်း ဖြစ်သည်။ ၎င်းတို့ ကြီးကြပ်ရေးမှူးများအဖြစ် ရွေးချယ်ခံရသည့်အချိန်မှစ၍ ၎င်းတို့၏နယ်ပယ်အကြောင်း လေ့လာရန် သို့မဟုတ် သင်ယူရန် မကြိုးစားကြသကဲ့သို့ သမ္မာတရား စည်းမျဉ်းများကိုလည်း မရှာဖွေကြဘဲ အခြားသူများကို ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သေချာပေါက် လမ်းညွှန်ခြင်းမရှိကြပေ။ ထိုအစား အခွင့်အရေးရတိုင်း ၎င်းတို့သည် တစ်စုံတစ်ဦးကို အပြစ်ရှာပြီး အခြားတစ်စုံတစ်ဦးကို လှောင်ပြောင်ကာ ပြက်ရယ်ပြုကြသည်၊ အခွင့်အရေးရသမျှ ကာလပတ်လုံး ၎င်းတို့သည် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ကြပြီး မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အခါမျှ အသိတရားရှိကာ လက်တွေ့ကျသော စိတ်နေစိတ်ထား မရှိကြပေ။ တစ်နေ့တွင် ၎င်းတို့သည် လူတို့ကို တစ်နည်းဖြင့် လုပ်ဆောင်ရန် ပြောပြီး နောက်တစ်နေ့တွင် အခြားတစ်နည်းဖြင့် လုပ်ဆောင်ရန် ပြောကြသည်၊ ၎င်းတို့သည် အစဉ်သဖြင့် ထင်ပေါ်လိုလျက် လှည့်ကွက်အသစ်များသာ အကြံထုတ်ကြသည်။ ဤအရာအားလုံးက လူတို့ကို စိုးရိမ်သောကရောက်သည့် အခြေအနေသို့ ရောက်စေသည်။ ၎င်းတို့ စကားပြောသည့်အခါတိုင်း အချို့လူများက ၎င်းတို့၏ စိတ်နှလုံးများ တုန်လှုပ်သည်ဟု ခံစားကြရသည်။ ၎င်းတို့သည် လူတိုင်းကို နှိပ်ကွပ်ပြီး လူတိုင်းကို ၎င်းတို့အား ကြောက်ရွံ့ကာ နာခံစေပြီးသည့်အခါတွင် ၎င်းတို့သည် ပီတိဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်သည်ဖြစ်စေ၊ အန္တိခရစ်များ ဖြစ်သည်ဖြစ်စေ၊ ၎င်းတို့ အာဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤလူစားမျိုးများသည် အသင်းတော်၏ ငြိမ်သက်ခြင်းကို ပျက်စီးစေသည်။ ၎င်းတို့သည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ပုံမှန် မထမ်းဆောင်နိုင်ခြင်းတို့သာမက လူတို့အကြား ရန်တိုက်ပေးကာ အချင်းချင်း ပဋိပက္ခ ဖြစ်စေကာ အသင်းတော်အသက်တာကို နှောင့်ယှက်ကြသည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား နားလည်စေရန် မကူညီနိုင်ရုံသာမက လူတို့ကို မကြာခဏ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချကာ အရာရာ၌ ၎င်းတို့ကို နာခံစေပြီး သင့်တော်စွာ မည်သို့ပြုမူရမည်ကို မသိသည့်အထိ ထိုသူတို့ကို ချုပ်ချယ်ကြသည်။ အထူးသဖြင့် ၎င်းတို့ နေထိုင်ပုံနှင့်ပတ်သက်၍ လူတို့သည် အနည်းငယ် စော၍ သို့မဟုတ် နောက်ကျ၍ မအိပ်နိုင်ကြပေ။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဤလူများ၏ မျက်နှာအမူအရာကို ကြည့်ရသည်၊ ယင်းက အသက်တာကို အလွန်အမင်း ပင်ပန်းစေသည်။ ဤကဲ့သို့သောလူများ ကြီးကြပ်ရေးမှူးများ ဖြစ်လာပါက အခြားလူတိုင်း ဒုက္ခရောက်ကြလိမ့်မည်။ သင်က ၎င်းတို့ကို ရိုးသားစွာ ပြောဆိုပြီး ၎င်းတို့၏ ပြဿနာများကို ဖော်ထုတ်ပါက သင်သည် ၎င်းတို့ကို တမင်တကာ ပစ်မှတ်ထား ဖော်ထုတ်နေသည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်က ၎င်းတို့၏ ပြဿနာများအကြောင်း ၎င်းတို့ကို မပြောပါက သင်သည် ၎င်းတို့ကို အထင်သေးနေသည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်က အလုပ်နှင့်ပတ်သက်၍ အလေးအနက်ထားပြီး တာဝန်ယူကာ ၎င်းတို့ကို အကြံဉာဏ်အချို့ ပေးပါက ၎င်းတို့သည် အာခံကြမည်ဖြစ်ပြီး သင်သည် ၎င်းတို့ကို တိုက်ခိုက်နေသည်ဟု ပြောကာ သင့်ကို မာနထောင်လွှားသည်ဟု ခေါ်ဆိုကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သင် မည်သည့်အရာကို လုပ်ဆောင်ပါစေ ၎င်းတို့သည် ယင်းကို မနှစ်မြို့ဟု မြင်ကြလိမ့်မည်။ ၎င်းတို့သည် လူတို့ကို ညှဉ်းပန်းရန် အမြဲတမ်း စဉ်းစားနေကြပြီး လူတို့ကို မလွတ်မလပ်ဖြစ်အောင် ဘောင်ခတ်ကြကာ ထိုသူတို့ လုပ်ဆောင်သမျှ မည်သည့်အရာမျှ မမှန်ကန်ဟု ခံစားရသည်အထိ ဖြစ်စေသည်။ ထိုသို့သော ကြီးကြပ်ရေးမှူးများသည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ကြသည်။
အယောင်ဆောင်ခေါင်းဆောင်များသည် အပေါ်ယံအလုပ်၌ တော်ကြသော်လည်း လက်တွေ့ကျသော အလုပ်ကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အမျိုးမျိုးသော အတတ်ပညာပိုင်းဆိုင်ရာ အလုပ်များကို သွားရောက်၍ မစစ်ဆေး၊ မကြီးကြပ် သို့မဟုတ် မညွှန်ကြားကြ၊ သို့မဟုတ် မတူညီသောအဖွဲ့များတွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို အချိန်နှင့်တစ်ပြေးညီ သိရှိအောင် မလုပ်ကြဘဲ အလုပ်သည် မည်သို့အခြေအနေရှိနေသည်ကိုလည်းကောင်း၊ မည်သည့်ပြဿနာများ ရှိနေသည်ကိုလည်းကောင်း၊ အဖွဲ့ကြီးကြပ်ရေးမှူးများသည် ၎င်းတို့၏အလုပ်၌ အရည်အချင်းမီခြင်း ရှိမရှိကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများက ကြီးကြပ်ရေးမှူးများနှင့်ပတ်သက်၍ မည်သို့ပြန်လည်အစီရင်ခံသည် သို့မဟုတ် အကဲဖြတ်သည်ကိုလည်းကောင်း မစစ်ဆေးကြပေ။ ၎င်းတို့က တစ်ဦးတလေသ် အဖွဲ့ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများ၏ ဘောင်ခတ်ခြင်းကို ခံနေရခြင်း ရှိမရှိကိုလည်းကောင်း၊ လူတို့ပြုလုပ်သော မှန်ကန်သည့် အကြံပြုချက်များကို လက်ခံကျင့်သုံးခြင်း ရှိမရှိကိုလည်းကောင်း၊ အရည်အချင်းရှိသော သို့မဟုတ် သမ္မာတရားကို လိုက်စားသော မည်သူမဆို ဖိနှိပ်ခံနေရခြင်း သို့မဟုတ် ဖယ်ကြဉ်ခံနေရခြင်း ရှိမရှိကိုလည်းကောင်း၊ ဟန်ဆောင်မှုကင်းသောလူများ အနိုင်ကျင့်ခံနေရခြင်း ရှိမရှိကိုလည်းကောင်း၊ အယောင်ဆောင်ခေါင်းဆောင်များကို ဖော်ထုတ်ပြီး တိုင်ကြားသောလူများ တိုက်ခိုက်ခံရခြင်း၊ လက်စားချေခံရခြင်း၊ ရှင်းလင်းပစ်ခံရခြင်း သို့မဟုတ် နှင်ထုတ်ခံရခြင်း ရှိမရှိကိုလည်းကောင်း၊ အဖွဲ့ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများသည် ဆိုးယုတ်သောလူများ ဟုတ်မဟုတ်ကိုလည်းကောင်း၊ တစ်ဦးတလေသည် ညှဉ်းပန်းခံနေရခြင်း ရှိမရှိကိုလည်းကောင်း တွေ့ရအောင် မစစ်ဆေးကြပေ။ အယောင်ဆောင်ခေါင်းဆောင်များက ဤလက်တွေ့ကျသော အလုပ်တစ်ခုတလေကိုမျှ မလုပ်ဆောင်ပါက ၎င်းတို့ကို ဖြုတ်ချသင့်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အယောင်ဆောင် ခေါင်းဆောင်တစ်ဦးထံ လူတို့ကို မကြာခဏ ဘောင်ခတ်ပြီး ဖိနှိပ်သော ကြီးကြပ်ရေးမှူးတစ်ဦး ရှိကြောင်း တိုင်ကြားသည် ဆိုပါစို့။ ကြီးကြပ်ရေးမှူးသည် မှားယွင်းသောအရာအချို့ကို လုပ်ဆောင်ခဲ့သော်လည်း ညီအစ်ကိုမောင်နှမများကို မည်သည့်အကြံပြုချက်မျှ ပေးခွင့်ပြုမည်မဟုတ်သည့်အပြင် မိမိတို့၏အမှားများကို မည်သည့်အခါမျှ ဝန်မခံဘဲ မိမိတို့ကိုယ်ကို သင်္ကာရှင်းရန်နှင့် ခုခံကာကွယ်ရန် ဆင်ခြေများကိုပင် ရှာဖွေကြသည်။ ထိုသို့သော ကြီးကြပ်ရေးမှူးကို ချက်ချင်း ဖြုတ်ချသင့်သည် မဟုတ်လော။ ဤသည်တို့မှာ ခေါင်းဆောင်များက အချိန်မီ ဖြေရှင်းသင့်သော ပြဿနာများ ဖြစ်ကြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ ခန့်အပ်ထားသော ကြီးကြပ်ရေးမှူးများကို ၎င်းတို့၏အလုပ်၌ မည်သို့သော ပြဿနာများ ပေါ်ပေါက်လာသည်ဖြစ်စေ ဖော်ထုတ်ခွင့်မပြုဘဲ အထက်လူကြီးများထံ တိုင်ကြားခွင့်ကိုလည်း သေချာပေါက် ခွင့်မပြုပေ၊ ၎င်းတို့သည် လူတို့ကို ကျိုးနွံနာခံတတ်ရန်ပင် ပြောဆိုကြသည်။ တစ်စုံတစ်ဦးက ကြီးကြပ်ရေးမှူးတစ်ဦးနှင့်ဆိုင်သော ပြဿနာများကို ဖော်ထုတ်ပါက ဤအယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ကို ကာကွယ်ရန် သို့မဟုတ် စစ်မှန်သောအချက်အလက်များကို ဖုံးကွယ်ရန် ကြိုးစားကြပြီး ဤသို့ပြောဆိုကြသည်။ “ဤသည်မှာ ကြီးကြပ်ရေးမှူး၏ အသက်ဝင်ရောက်မှုနှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်း၌ မာနထောင်လွှားသော စိတ်သဘောထားရှိခြင်းသည် ပုံမှန်ပင်ဖြစ်သည်၊ အစွမ်းအစ အနည်းငယ်ရှိသော လူတိုင်းသည် မာနထောင်လွှားကြသည်။ ယင်းမှာ အရေးကြီးသည့်အရာ မဟုတ်ပါ၊ ကျွန်ုပ်သည် ၎င်းနှင့် အနည်းငယ် မိတ်သဟာယဖွဲ့ရန်သာ လိုအပ်ပါသည်” ဟူ၍ ဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ကြီးကြပ်ရေးမှူးက ၎င်းတို့၏ ရပ်တည်ချက်ကို ဖော်ပြလျက် ဤသို့ပြောဆိုသည်။ “ကျွန်ုပ် မာနထောင်လွှားကြောင်း ဝန်ခံပါသည်။ ကျွန်ုပ်၏ ကိုယ်ပိုင်ဂုဏ်ပကာသန၊ မာနနှင့် အဆင့်အတန်းတို့ကို အလေးထားပြီး အခြားလူများ၏ အကြံပြုချက်များကို လက်မခံသည့်အချိန်များ ရှိကြောင်း ကျွန်ုပ် ဝန်ခံပါသည်။ သို့သော် အခြားလူများသည် ဤအတတ်ပညာ၌ မတော်ကြပါ၊ ၎င်းတို့သည် တန်ဖိုးမရှိသော အကြံပြုချက်များကို မကြာခဏ အကြံထုတ်ကြသည်၊ ထို့ကြောင့် ကျွန်ုပ် ၎င်းတို့ကို နားမထောင်ရသည့် အကြောင်းပြချက်ရှိပါသည်” ဟူ၍ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အခြေအနေကို စေ့စေ့စပ်စပ် နားလည်ရန် မကြိုးစားကြပေ၊ ၎င်းတို့သည် ကြီးကြပ်ရေးမှူး၏ လူ့သဘာဝ၊ စိတ်သဘောထားနှင့် လိုက်စားမှုတို့သည် မည်သို့ဖြစ်သည်ကို မဆိုထားနှင့်၊ ၎င်း၏ အလုပ်ရလဒ်များကိုပင် မကြည့်ကြချေ။ ၎င်းတို့လုပ်သမျှမှာ “ဤအကြောင်းကို ကျွန်ုပ်ထံ တိုင်ကြားထားသောကြောင့် သင့်ကို ကျွန်ုပ် စောင့်ကြည့်နေပါသည်။ သင့်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါမည်” ဟု ပြောဆိုလျက် ဖော့ပြောခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ စကားပြောဆိုမှုအပြီးတွင် ကြီးကြပ်ရေးမှူးက နောင်တရလိုစိတ်ရှိသည်ဟု ပြောသော်လည်း သူသည် နောက်ပိုင်းတွင် အမှန်တကယ် နောင်တရသည်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားရုံသာဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို အရေးမလုပ်ကြပေ။ တစ်စုံတစ်ဦးက ဤကိစ္စနှင့်ပတ်သက်၍ မေးခွန်းများ ထုတ်ပါက အယောင်ဆောင်ခေါင်းဆောင်များက “ကျွန်ုပ်သည် ၎င်းတို့နှင့် စကားပြောပြီးဖြစ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အပိုဒ်များစွာကိုပင် ၎င်းတို့အား မိတ်သဟာယဖွဲ့ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့သည် နောင်တရလိုစိတ်ရှိပြီး ပြဿနာကို ဖြေရှင်းပြီးဖြစ်သည်” ဟု ပြောဆိုကြသည်။ ထိုလူက “ထိုကြီးကြပ်ရေးမှူး၏ လူ့သဘာဝသည် မည်သို့ရှိသနည်း။ သူသည် သမ္မာတရားကို လက်ခံသောလူတစ်ဦး ဟုတ်ပါသလော။ သင်သည် သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးဖြစ်သည်၊ သို့သော် သူသည် စစ်မှန်စွာ နောင်တရပြီး ပြောင်းလဲနိုင်မည်လော” ဟု မေးသည့်အခါတွင် အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို ထွင်းဖောက်မမြင်နိုင်ဘဲ “ကျွန်ုပ်သည် ၎င်းတို့ကို စောင့်ကြည့်လေ့လာနေဆဲ ဖြစ်သည်” ဟု ပြန်ဖြေကြသည်။ ထိုလူက “သင် ၎င်းတို့ကို မည်မျှကြာအောင် စောင့်ကြည့်နေခဲ့ပြီနည်း။ သင် ကောက်ချက်တစ်ခုခု ရရှိခဲ့ပြီလော” ဟု ပြန်မေးသည်။ အယောင်ဆောင် ခေါင်းဆောင်များက “ခြောက်လကျော်ပြီ၊ ကျွန်ုပ် ကောက်ချက်တစ်ခုခု မရရှိသေးပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ခြောက်လကျော်ကြာ စောင့်ကြည့်လေ့လာပြီးနောက်တွင် မည်သည့်ရလဒ်မျှ မရရှိခဲ့ပါက ယင်းမှာ မည်သည့် အလုပ်ထိရောက်မှုမျိုး ဖြစ်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များက ကြီးကြပ်ရေးမှူးနှင့် တစ်ကြိမ် စကားပြောဆိုခြင်းသည် ထိရောက်ပြီး ပြဿနာကို ဖြေရှင်းသည်ဟု ယုံကြည်ကြသည်။ ဤစိတ်ကူးသည် ခိုင်လုံသလော။ ၎င်းတို့သည် တစ်စုံတစ်ဦးနှင့် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ထိုလူသည် ပြောင်းလဲနိုင်မည်ဖြစ်သည်ဟု ထင်မှတ်ကြသည်၊ ပြီးလျှင် တစ်စုံတစ်ဦးက နောက်တစ်ကြိမ် ထပ်မလုပ်တော့ရန် မိမိ၏ စိတ်ပိုင်းဖြတ်ချက်ကို ဖော်ပြပါက ၎င်းတို့သည် နောက်ထပ် စုံစမ်းမေးမြန်းခြင်း သို့မဟုတ် အခြေအနေကို ထပ်မံစုံစမ်းခြင်းမရှိဘဲ ထိုလူကို အပြည့်အဝ ယုံကြည်ကြလေသည်။ မည်သူမျှ ထိုကိစ္စကို မလိုက်ပါက ၎င်းတို့သည် ခြောက်လကြာသည်အထိ ဒုက္ခခံ၍ အလုပ်ကို စုံစမ်းခြင်း သို့မဟုတ် ဆက်လက်စောင့်ကြည့်ခြင်း မလုပ်ဘဲ နေကောင်းနေနိုင်သည်။ ထိုကြီးကြပ်ရေးမှူးက အလုပ်ကို ဖရိုဖရဲဖြစ်အောင် လုပ်သည့်အခါတွင်ပင် အယောင်ဆောင်ခေါင်းဆောင်များက မသိရှိဘဲ နေကြသည်။ ကြီးကြပ်ရေးမှူးက ၎င်းတို့ကို မည်သို့လှည့်စားပြီး ကစားနေသည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ သာ၍ပင် မုန်းတီးစရာကောင်းသည်မှာ တစ်စုံတစ်ဦးက ကြီးကြပ်ရေးမှူး၏ ပြဿနာများကို တိုင်ကြားသည့်အခါတွင် အယောင်ဆောင် ခေါင်းဆောင်များက ၎င်းကို လျစ်လျူရှုပြီး ပြဿနာများ တည်ရှိခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းတို့ တိုင်ကြားသည့် ပြဿနာများသည် မှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ အမှန်တကယ် မစုံစမ်းကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤပြဿနာများကို ထည့်မစဉ်းစားကြပေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း ယုံကြည်ကြသည်။ အသင်းတော်၏အလုပ်၌ မည်သို့သောအခြေအနေများ ပေါ်ပေါက်လာသည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များသည် ယင်းတို့ကို အလျင်စလို မဖြေရှင်းကြပေ၊ မည်သို့ပင်ဖြစ်စေ ယင်းသည် ၎င်းတို့နှင့်မဆိုင်ဟု ၎င်းတို့က ထင်မှတ်ကြသည်။ ဤပြဿနာများအပေါ် အယောင်ဆောင် ခေါင်းဆောင်များ၏ တုံ့ပြန်မှုသည် အလွန်အမင်း နှေးကွေးသည်၊ ၎င်းတို့သည် အစီအမံများကို ချမှတ်ပြီး အလွန်ဖြည်းညင်းစွာ လှုပ်ရှားကြသည်၊ ၎င်းတို့သည် အဆက်မပြတ် မလိမ့်တပတ်လုပ်ကြပြီး လူတို့ကို နောင်တရရန် နောက်တစ်ကြိမ် အခွင့်အရေးကို အဆက်မပြတ် ပေးကြသည်၊ ယင်းမှာ ၎င်းတို့က လူတို့ကို ပေးသည့် အခွင့်အရေးများသည် အလွန်တန်ဖိုးရှိပြီး အရေးကြီးသည့်အလား၊ ၎င်းတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့်အလား ဖြစ်နေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတစ်ဦး၌ ထင်ရှားပေါ်လွင်သည့်အရာမှတစ်ဆင့် သူ၏ သဘာဝအနှစ်သာရကို မည်သို့မြင်ရမည်ကိုဖြစ်စေ၊ လူတစ်ဦး၏ သဘာဝအနှစ်သာရကို အခြေခံ၍ သူ လျှောက်လှမ်းသည့်လမ်းကြောင်းကို မည်သို့အကဲဖြတ်ရမည်ကိုဖြစ်စေ၊ သူ လျှောက်လှမ်းသည့်လမ်းကြောင်းကို အခြေခံ၍ လူတစ်ဦးသည် ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်ရန် သို့မဟုတ် ခေါင်းဆောင်ပိုင်းအလုပ်ကို လုပ်ဆောင်ရန် သင့်တော်ခြင်း ရှိမရှိကို မည်သို့မြင်ရမည်ကိုဖြစ်စေ မသိကြပေ။ ၎င်းတို့သည် အမှုအရာများကို ထိုနည်းလမ်းဖြင့် မြင်နိုင်စွမ်း မရှိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏အလုပ်၌ အရာနှစ်ခုကိုသာ လုပ်ဆောင်နိုင်စွမ်းရှိသည်။ တစ်ခုမှာ လူတို့ကို စကားစမြည်ပြောဆိုရန် ခေါ်ပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းဖြစ်သည်။ နောက်တစ်ခုမှာ လူတို့ကို အခွင့်အရေးများပေးခြင်း၊ အခြားသူများကို စိတ်ကျေနပ်စေခြင်းနှင့် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မပေးခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေကြသလော။ မလုပ်ဆောင်ကြသည်မှာ သိသာထင်ရှားပေသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက တစ်စုံတစ်ဦးကို စကားစမြည်ပြောဆိုရန် ခေါ်ခြင်းသည် လက်တွေ့ကျသော အလုပ်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဤစကားပြောဆိုမှုများကို အလွန်တန်ဖိုးရှိပြီး အရေးကြီးသည်ဟု မှတ်ယူကြကာ ၎င်းတို့ ပြောဆိုသည့် အနှစ်မဲ့သော စကားလုံးများနှင့် အယူဝါဒများကို မယုံနိုင်လောက်အောင် အရေးပါသည်ဟု ရှုမြင်ကြသည်။ ၎င်းတို့သည် ဤစကားပြောဆိုမှုများမှတစ်ဆင့် အဓိကပြဿနာများကို ဖြေရှင်းပြီးဖြစ်ကာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်သည်ဟု ထင်မှတ်ကြသည်။ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ပြီး ပြစ်တင်ဆုံးမသည်ကိုဖြစ်စေ၊ ပြုပြင်သည်ကိုဖြစ်စေ၊ လူတို့ကို စစ်ကြောပြီး စစ်ဆေးသည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသာလျှင် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်သည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏အလုပ်နှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းကို အလွန်ပင် လျှော့တွက်ကြသည်။ အနည်းငယ်သော စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းသည် ဘုရားသခင်၏ အလုပ်အတွက် အစားထိုးတစ်ခုဖြစ်ပြီး ယင်းက လူ၏ ဖောက်ပြန်ပျက်စီးခြင်း ပြဿနာကို ဖြေရှင်းနိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ မိုက်မဲခြင်းနှင့် အသိဉာဏ်မဲ့ခြင်း မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များ၌ သမ္မာတရား လက်တွေ့ကျမှု အနည်းငယ်မျှပင် မရှိပေ၊ သို့ဖြစ်၍ ၎င်းတို့သည် အဘယ်ကြောင့် ဤမျှ ယုံကြည်မှုရှိနေကြသနည်း။ အယူဝါဒအနည်းငယ်ကို တတွတ်တွတ် ပြောဆိုခြင်းက လူတို့ကို မိမိတို့ကိုယ်ကို သိရှိစေမည်လော။ ယင်းက ၎င်းတို့ကို မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်စေမည်လော။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် မည်သို့ဖြစ်၍ ဤမျှ အသိဉာဏ်မဲ့ပြီး နုံအနိုင်ကြသနည်း။ လူတစ်ဦး၏ မှားယွင်းသော အလေ့အကျင့်များနှင့် ဖောက်ပြန်ပျက်စီးသော အပြုအမူကို ဖြေရှင်းခြင်းသည် အမှန်တကယ် ထိုမျှ ရိုးရှင်းပါသလော။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပြဿနာသည် ဖြေရှင်းရန် ထိုမျှ လွယ်ကူပါသလော။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်မိုက်မဲပြီး အပေါ်ယံဆန်လှသည်။ ဘုရားသခင်သည် လူ၏ ဖောက်ပြန်ပျက်စီးခြင်း ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုတည်းမျှကိုသာ အသုံးမပြုပေ။ သူသည် လူတို့ကို ဖော်ထုတ်ရန်၊ သန့်စင်ရန်နှင့် စုံလင်စေရန်အလို့ငှာ နည်းလမ်းများစွာကို အသုံးပြုပြီး မတူညီသော ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးသည်။ ဆန့်ကျင်ဘက်အားဖြင့် အယောင်ဆောင် ခေါင်းဆောင်များသည် အလွန်အမင်း ငြီးငွေ့ဖွယ်ကောင်းပြီး အပေါ်ယံဆန်သော နည်းလမ်းဖြင့် အလုပ်ကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် လူတို့ကို စကားစမြည်ပြောဆိုရန် ခေါ်ပြီး ထိုလူတို့၏ တွေးခေါ်ပုံများနှင့်ပတ်သက်၍ လူတို့ကို အကြံပေးသည့်အလုပ် အနည်းငယ်ကို လုပ်ဆောင်ကာ လူတို့ကို အနည်းငယ် တိုက်တွန်းနှိုးဆော်ပြီး ဤသည်မှာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အပေါ်ယံဆန်သည် မဟုတ်လော။ ပြီးလျှင် ဤအပေါ်ယံဆန်မှု၏ နောက်ကွယ်တွင် မည်သည့်ပြဿနာက ကွယ်ဝှက်ထားသနည်း။ ယင်းမှာ နုံအခြင်း မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များသည် အလွန်အမင်း နုံအကြပြီး လူများနှင့် အမှုအရာများကိုလည်း မယုံနိုင်လောက်အောင် နုံအသော နည်းလမ်းဖြင့် ရှုမြင်ကြသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထက် ဖြေရှင်းရန် ပိုခက်ခဲသောအရာ မရှိပေ၊ ကျားသစ်သည် ယင်း၏ အစက်အပြောက်များကို မပြောင်းနိုင်ချေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤပြဿနာကို လုံးဝ ထွင်းဖောက်မမြင်နိုင်ကြပေ။ ထို့ကြောင့် အသင်းတော်၌ အဆက်မပြတ် အနှောင့်အယှက်များ ဖြစ်စေသော၊ လူတို့ကို အမြဲ ဘောင်ခတ်ပြီး ညှဉ်းပန်းသော ကြီးကြပ်ရေးမှူးအမျိုးအစားနှင့် ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့နှင့် စကားပြောဆိုခြင်း၊ စကားအနည်းငယ်ဖြင့် ၎င်းတို့ကို ပြုပြင်ခြင်းမှလွဲ၍ ဘာမျှမလုပ်ဘဲ ထိုမျှနှင့်ပင် ပြီးဆုံးသွားသည်။ ၎င်းတို့သည် ထိုလူတို့၏ တာဝန်ခန့်အပ်မှုများကို ချက်ချင်း မပြုပြင်ကြသကဲ့သို့ ထိုလူတို့ကို မဖြုတ်ချကြပေ။ အယောင်ဆောင်ခေါင်းဆောင်များ၏ ဤလုပ်နည်းကိုင်နည်းသည် အသင်းတော်၏အလုပ်ကို ကြီးမားသော ပျက်စီးမှုကို ဖြစ်စေပြီး အချို့သော ဆိုးယုတ်သည့်လူများ၏ အနှောင့်အယှက်များကြောင့် အသင်းတော်အလုပ်ကို မကြာခဏ ရပ်တန့်စေခြင်း၊ နှောင့်နှေးစေခြင်း၊ ပျက်စီးစေခြင်းနှင့် ပုံမှန်အတိုင်း ချောမွေ့စွာနှင့် ထိရောက်စွာ တိုးတက်ခြင်းမှ ဟန့်တားခြင်းတို့ကို ဖြစ်စေသည်၊ ဤအရာအားလုံးသည် အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့၏ ခံစားချက်များကို အခြေခံ၍ ပြုမူခြင်း၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်းနှင့် မှားယွင်းသောလူများကို အသုံးပြုခြင်းတို့၏ ဆိုးရွားသော အကျိုးဆက်တစ်ခု ဖြစ်သည်။ အပြင်ပန်းအသွင်အပြင်အရ အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များ လုပ်ဆောင်သကဲ့သို့ မရေမတွက်နိုင်သော မကောင်းမှုများကို တမင်တကာ ကျူးလွန်နေခြင်း သို့မဟုတ် အမှုအရာများကို မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် လုပ်ဆောင်ပြီး မိမိတို့၏ ကိုယ်ပိုင်လွတ်လပ်သော နယ်မြေများကို တည်ထောင်ခြင်းတို့ကို မပြုလုပ်ကြပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကို ချက်ချင်း မဖြေရှင်းနိုင်ကြဘဲ အဖွဲ့အမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ၌ ပြဿနာများ ပေါ်ပေါက်သည့်အခါတွင်လည်းကောင်း၊ ထိုကြီးကြပ်ရေးမှူးများက ၎င်းတို့၏အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်ခြင်း မရှိသည့်အခါတွင်လည်းကောင်း အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ချက်ချင်း မပြုပြင်နိုင်ကြ သို့မဟုတ် ထိုလူတို့ကို မဖြုတ်ချနိုင်ကြဘဲ အသင်းတော်အလုပ်ကို ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေသည်။ ပြီးလျှင် ဤအရာအားလုံးသည် အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်ပျက်ကွက်ခြင်းကြောင့် ဖြစ်ရသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။)
၄။ အလုပ်အစီအစဉ်များကို ဆန့်ကျင်ပြီး မိမိတို့ သဘောအတိုင်း လုပ်ဆောင်သော ကြီးကြပ်ရေးမှူးများကို အယောင်ဆောင်ခေါင်းဆောင်များ ဆက်ဆံပုံ
ကြီးကြပ်ရေးမှူးများက အခြားသူများကို ညှဉ်းပန်းခြင်း၊ ဘောင်ခတ်ခြင်းနှင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခြင်းကဲ့သို့သော အသင်းတော်၌ ဖြစ်ပေါ်သည့် ဒုစရိုက်အမှုများကို အယောင်ဆောင်ခေါင်းဆောင်များသည် ချက်ချင်း မကိုင်တွယ်နိုင်ကြပေ။ အလားတူပင် အချို့သော ကြီးကြပ်ရေးမှူးများက ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ဆန့်ကျင်ပြီး ကိုယ့်သဘောအတိုင်း လုပ်ဆောင်ကြသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များသည် ဤပြဿနာများကို ချက်ချင်းဖြေရှင်းရန် သင့်လျော်သော ဖြေရှင်းချက်များကို မဖော်ထုတ်နိုင်ကြပေ။ ဤသည်မှာ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာနှင့် ငွေကြေးဆိုင်ရာ အရင်းအမြစ်များကို ဆုံးရှုံးမှုများ ဖြစ်စေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် နုံအပြီး အပေါ်ယံဆန်ကာ သမ္မာတရား စည်းမျဉ်းများကို နားမလည်နိုင်ကြသကဲ့သို့ အထူးသဖြင့် လူတို့၏ သဘာဝအနှစ်သာရများကို ထွင်းဖောက်မြင်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏အလုပ်ကို အပေါ်ယံနည်းလမ်းဖြင့် မကြာခဏ လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းကာ ကြွေးကြော်သံများကို ဟစ်ကြွေးကြသော်လည်း အလုပ်ကို စစ်ဆေးရန်၊ ကြီးကြပ်ရေးမှူးတစ်ဦးစီတိုင်းကို စောင့်ကြည့်လေ့လာပြီး မေးမြန်းရန်အတွက် အလုပ်နေရာသို့ သွားရောက်ရန် ပျက်ကွက်ကြသည်၊ သို့မဟုတ် ဤကြီးကြပ်ရေးမှူးများ မည်သည့်အရာများ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို လမ်းညွှန်သည့် စည်းမျဉ်းများသည် မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း အချိန်နှင့်တစ်ပြေးညီ မေးမြန်းရန် ပျက်ကွက်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့ အသုံးပြုနေသောလူများသည် အမှန်တကယ် မည်သူဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့ မည်သည့်အရာများ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း လုံးဝ မသိရှိကြပေ။ ထို့ကြောင့် ဤကြီးကြပ်ရေးမှူးများက ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို တိတ်တဆိတ် ဆန့်ကျင်ပြီး ကိုယ့်သဘောအတိုင်း လုပ်ဆောင်ကြသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအကြောင်းကို မသိရှိကြသည်သာမက ကြီးကြပ်ရေးမှူးများကို ကာကွယ်ရန်ပင် ကြိုးစားကြသည်။ ဤအကြောင်းကို ၎င်းတို့ ကြားသိလျှင်ပင် ယင်းကို ချက်ချင်း စုံစမ်းခြင်းနှင့် ကိုင်တွယ်ခြင်းတို့ မရှိကြချေ။ အယောင်ဆောင် ခေါင်းဆောင်များသည် တစ်ဖက်တွင် မိမိတို့၏အလုပ်၌ အရည်အချင်းမပြည့်မီကြသကဲ့သို့ အခြားတစ်ဖက်တွင်မူ မိမိတို့၏ တာဝန်များ၌ ပေါ့ဆကြသည်။ ဥပမာတစ်ခု ပေးကြစို့။ ခေါင်းဆောင်တစ်ဦးသည် အခြားအဖွဲ့မှ ဖယ်ရှားရှင်းလင်းခြင်းခံရသောသူတစ်ဦးကို စိုက်ပျိုးရေးပညာရှင်အဖြစ် ရွေးချယ်ခဲ့သည်။ သူသည် ဤလူ၌ သက်ဆိုင်ရာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှု ရှိမရှိကိုဖြစ်စေ၊ သူမသည် အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုဖြစ်စေ၊ သူမ၌ အလေးအနက်ထားပြီး တာဝန်ယူတတ်သော သဘောထား ရှိမရှိကိုဖြစ်စေ မစစ်ဆေးခဲ့ဘဲ သူမကို ထိုရာထူး၌ ခန့်အပ်ပြီးနောက်တွင် လုံးဝ မစစ်ဆေးဘဲ ပစ်ထားခဲ့ကာ ဤသို့ပြောဆိုခဲ့သည်။ “ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးလိုက်ပါ။ မျိုးစေ့များကို သင်ရွေးချယ်နိုင်သည်၊ ပြီးလျှင် သင်သုံးသည့် မည်သည့်ပမာဏကိုမဆို ကျွန်ုပ် အတည်ပြုပေးမည်။ ဤအလုပ်ကို သင့်အနေဖြင့် သင့်တော်သည်ဟု ထင်သည့်အတိုင်းသာ လုပ်ဆောင်ပါ” ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်က ဤသို့ပြောဆိုခဲ့သဖြင့် ဤကြီးကြပ်ရေးမှူးသည် သူမ သင့်တော်သည်ဟု ထင်သည့်အတိုင်း အလုပ်ကို စတင်လုပ်ဆောင်ခဲ့သည်။ သူမ၏ ပထမဆုံးသော တာဝန်မှာ မျိုးစေ့များကို ရွေးချယ်ရန် ဖြစ်သည်။ သူမသည် အွန်လိုင်းတွင် စစ်ဆေးကြည့်သည့်အခါ ဤသို့တွေ့ရှိခဲ့သည်။ “ဟင်းသီးဟင်းရွက် မျိုးကွဲများမှာ အလွန်ပင် များပြားလှသည်၊ ဤကျယ်ပြောသော လောကကြီးသည် ထူးခြားဆန်းကြယ်သည့်အရာများဖြင့် ပြည့်နှက်နေပါတကား။ မျိုးစေ့များ ရွေးချယ်ရခြင်းမှာ အတော်ပင် ပျော်စရာကောင်းလှသည်။ ဤအလုပ်ကို အရင်က တစ်ခါမျှ ငါ မလုပ်ဆောင်ဖူးပေ၊ ထို့ပြင် ဤအလုပ်ကို ငါ ဤမျှလောက် စိတ်ဝင်စားလိမ့်မည်မှန်းလည်း မသိခဲ့ပေ။ ငါ ဤမျှစိတ်ဝင်စားနေသည့်အတွက် အစွမ်းကုန် လုပ်ဆောင်မည်” ဟူ၍ ဖြစ်သည်။ သူမသည် ဦးစွာ ခရမ်းချဉ်သီးမျိုးစေ့များ ကဏ္ဍကို ဖွင့်ကြည့်ရာ အလွန်ပင် အံ့အားသင့်သွားခဲ့သည်။ အမျိုးမျိုးသော မျိုးကွဲများနှင့် အရွယ်အစားအမျိုးမျိုး ရှိကြပြီး အရောင်အားဖြင့်လည်း အနီရောင်၊ အဝါရောင်နှင့် အစိမ်းရောင်များ ရှိကြသည်။ အမျိုးအစားတစ်မျိုးမှာ အရောင်စုံပင် ဖြစ်သည်၊ သူမသည် ထိုသို့သောအရာကို တစ်ခါမျှ မမြင်ဖူးခဲ့ဘဲ ဤအရာက သူမ၏ မျက်စိပွင့်နားပွင့် ဖြစ်သွားစေခဲ့သည်။ သို့သော် သူမသည် သင့်တော်သော မျိုးစေ့များကို မည်သို့ ရွေးချယ်မည်နည်း။ သူမသည် မျိုးကွဲတိုင်းမှ အနည်းငယ်စီ စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့သည်၊ အထူးသဖြင့် အလွန်ထူးခြားပုံရသော အရောင်များစွာရှိသည့် အမျိုးအစားကို စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့သည်။ ကြီးကြပ်ရေးမှူးသည် အရွယ်အစား၊ အရောင်နှင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ခရမ်းချဉ်သီးမျိုးကွဲ ၁၀ မျိုးကျော်ကို ရွေးချယ်ခဲ့သည်။ ခရမ်းချဉ်သီးမျိုးစေ့များ ရွေးချယ်ပြီးနောက် ခရမ်းသီးအတွက် အလားတူလုပ်ဆောင်ရန် အချိန်ကျရောက်ခဲ့သည်။ ပုံမှန်အားဖြင့် လူတို့စားသုံးသည့် ခရမ်းသီးအမျိုးအစားများမှာ ရှည်လျားပြီး ခရမ်းရောင်ရှိသော ခရမ်းသီးများ သို့မဟုတ် ခရမ်းသီးအဖြူများ ဖြစ်ကြသော်လည်း သူမက ဤသို့တွေးခဲ့သည်။ “ခရမ်းသီးများသည် ဤနှစ်မျိုးတည်း ရှိခြင်းမဟုတ်ပါ။ အစိမ်းရောင်၊ အစင်းကျား၊ အရှည်၊ အလုံးနှင့် ဘဲဥပုံ မျိုးကွဲများ ရှိတယ်။ အားလုံး မျက်စိပွင့်နားပွင့်ဖြစ်သွားစေပြီး မတူညီသည့် ခရမ်းသီးအမျိုးမျိုးကို စားသုံးနိုင်အောင် အမျိုးအစားတစ်ခုစီမှနေ၍ နည်းနည်းစီ ရွေးချယ်မည်။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေဖြင့် မျိုးစေ့များ ရွေးချယ်ရာတွင် ကျွန်ုပ်သည် မည်မျှ ကျွမ်းကျင်ပြီး ရဲတင်းလိုက်ကြောင်း၊ အားလုံး၏ အရသာကို ဖြည့်ဆည်းပေးလျက် ညီအစ်ကိုမောင်နှမတွေအပေါ် မည်မျှအလေးထားကြောင်းကို ကြည့်စမ်းပါ” ဟူ၍ ဖြစ်သည်။ ထို့နောက် သူမသည် ကြက်သွန်နီမျိုးစေ့များကို ရွေးချယ်ခဲ့သည်။ ဒေသတွင်း၌ ကြက်သွန်နီမျိုးကွဲ စုစုပေါင်း ၁၄ မျိုးရှိရာ သူမသည် ယင်းတို့အားလုံးကို ရွေးချယ်ခဲ့ပြီး ပြီးစီးသွားသည့်အခါတွင် အလွန်ပင် ကျေနပ်နေခဲ့သည်။ ဤကြီးကြပ်ရေးမှူးသည် “ရဲတင်း” သလော။ မျိုးကွဲပေါင်းများစွာကို မည်သူက ရွေးချယ်ဝံ့မည်နည်း။ နောက်ပိုင်းတွင် ကျွန်ုပ်သည် ဤကိစ္စကို ဆက်လက်၍ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ရာ တစ်စုံတစ်ဦးက “ဒေသတွင်း၌ မျိုးကွဲ ၁၄ မျိုးသာ ရှိခြင်း မဟုတ်ပါ၊ သူမ မရွေးချယ်ခဲ့သည့် နောက်ထပ်မျိုးအနည်းငယ် ရှိပါသေးသည်” ဟုပင် ပြောဆိုခဲ့သည်။ ၎င်းတို့ ဆိုလိုသည်မှာ မျိုးကွဲ ၁၄ မျိုးသည် ထိုမျှမများပြားကြောင်းနှင့် ကြီးကြပ်ရေးမှူး မရွေးချယ်ခဲ့သော အခြားမျိုးကွဲများ ရှိနေသေးသဖြင့် သူမသည် မည်သည့်အမှားမျှ မလုပ်ဆောင်ခဲ့ကြောင်း ဖြစ်သည်။ ဤသို့ပြောသောသူသည် ဉာဏ်ထိုင်းသောသူတစ်ဦး မဟုတ်လော။ ဤသည်မှာ ဉာဏ်ထိုင်းခြင်း၊ လူစကားကို နားမလည်ခြင်းနှင့် ကျွန်ုပ်သည် အဘယ်ကြောင့် ထိုကိစ္စကို စိတ်ဖြာလေ့လာဆွေးနွေးနေသည်ကို မသိနားမလည်ခြင်း ဖြစ်သည်။ ကြက်သွန်နီမျိုးစေ့များ ရွေးချယ်ပြီးနောက် ကြီးကြပ်ရေးမှူးသည် အာလူးမျိုးကွဲ အနည်းဆုံး ရှစ်မျိုးကိုလည်း ရွေးချယ်ခဲ့သည်။ မျိုးကွဲပေါင်းများစွာ ရွေးချယ်ရာတွင် သူမ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အားလုံး မျက်စိပွင့်နားပွင့်ဖြစ်စေရန်နှင့် အရသာအမျိုးမျိုးကို မြည်းစမ်းစေရန် ဖြစ်သည်။ ကြီးကြပ်ရေးမှူးက မျိုးစေ့ရွေးချယ်ခြင်းကို ညီအစ်ကိုမောင်နှမများကို အကျိုးပြုခြင်းဟူသော စည်းမျဉ်းအပေါ် အခြေခံသင့်သည်ဟု ယုံကြည်ခဲ့သည်။ သူမ၏ ကြံရွယ်ချက်နှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ အားလုံးကိုယ်စား စဉ်းစားပေးခြင်းနှင့် အားလုံးကို အစေခံခြင်းဟူသော သဘောထားအပေါ် အခြေခံ၍ ပြုမူခြင်းသည် ဘုရားအိမ်တော်က သတ်မှတ်သော စည်းမျဉ်းဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မျိုးစေ့ရွေးချယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းမှာ အဘယ်နည်း။ ကျွန်ုပ်တို့ သာမန်အားဖြင့် မစားသုံးသော ထူးဆန်းပြီး ရှားပါးသည့် မျိုးကွဲအချို့ကို မစိုက်ပျိုးနှင့်။ သာမန်အားဖြင့် စားသုံးသော မျိုးကွဲများအတွက်မူ ကျွန်ုပ်တို့သည် ယခင်က ၎င်းတို့ကို မစိုက်ပျိုးဖူးဘဲ ဒေသခံမြေနှင့် ရာသီဥတုအတွက် သင့်တော်ခြင်း ရှိမရှိ မသိပါက မျိုးကွဲတစ်မျိုး သို့မဟုတ် နှစ်မျိုး၊ အများဆုံး သုံးမျိုး သို့မဟုတ် လေးမျိုးကို ရွေးချယ်လော့။ ပထမဦးစွာ ယင်းတို့သည် ဒေသခံမြေနှင့် ရာသီဥတုအတွက် သင့်တော်ရမည်၊ ဒုတိယအချက်မှာ ယင်းတို့သည် စိုက်ပျိုးရလွယ်ကူပြီး ရောဂါနှင့် ပိုးမွှားများ ကျရောက်လွယ်ခြင်း မရှိရ၊ တတိယအချက်မှာ ယင်းတို့သည် နောက်နှစ်အတွက် မျိုးစေ့များ ထုတ်ပေးသင့်သည်၊ နောက်ဆုံးအချက်မှာ ယင်းတို့သည် ကောင်းသောရိတ်သိမ်းမှုကို ဖြစ်ထွန်းစေသင့်သည်။ ယင်းတို့သည် အရသာရှိသော်လည်း ဖြစ်ထွန်းသော ရိတ်သိမ်းမှုမှာ ညံ့ဖျင်းပါက ယင်းတို့သည် မသင့်တော်ပေ။ မျိုးစေ့ရွေးချယ်ခြင်း ကိစ္စကို အကဲဖြတ်ရသော် ဤကြီးကြပ်ရေးမှူးသည် စည်းမျဉ်းများနှင့်အညီ ပြုမူခဲ့သလော။ သူမသည် ရှာဖွေခဲ့သလော။ သူမသည် ကျိုးနွံနာခံခဲ့သလော။ သူမသည် ဘုရားအိမ်တော်အတွက် အလေးထားမှု ပြခဲ့သလော။ သူမသည် တာဝန်တစ်ခုကို ထမ်းဆောင်ရာတွင် ပိုင်ဆိုင်သင့်သော သဘောထားဖြင့် ပြုမူခဲ့သလော။ (မဟုတ်ပါ။) ရှင်းရှင်းလင်းလင်းပင် သူမသည် မကောင်းမှုများ ပြုလုပ်လျက် ထင်ရာစိုင်းပြုမူကာ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ပြီး ကိုယ့်သဘောအတိုင်း လုပ်ဆောင်နေခဲ့သည်။ သူမသည် သူမ၏ ကိုယ်ပိုင်စူးစမ်းလိုစိတ်နှင့် ပျော်ရွှင်မှုအတွက် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန် ဘုရားသခင်၏ ပူဇော်သက္ကာများကို ဤနည်းဖြင့် ဖြုန်းတီးခဲ့ပြီး ထိုသို့သောအရေးကြီးသည့် တာဝန်ကို ကစားပွဲတစ်ခုအဖြစ် သဘောထားပြုမူခဲ့သော်လည်း သူမ၏ အယောင်ဆောင်ခေါင်းဆောင်ကမူ မေးမြန်းခြင်း သို့မဟုတ် ကြားဝင်စွက်ဖက်ခြင်း မရှိဘဲ သူမကို ကြိုက်သလို လုပ်ဆောင်ခွင့်ပေးခဲ့သည်။ သူ့ကို “သင်ရွေးချယ်ခဲ့သည့် ကြီးကြပ်ရေးမှူးသည် စင်စစအားဖြင့် အလုပ်တစ်ခုတလေကို လုပ်ဆောင်ခဲ့သလော။ ရလဒ်များမှာ အဘယ်နည်း။ မျိုးစေ့ရွေးချယ်မှုနှင့် ပတ်သက်လာသည့်အခါတွင် စိစစ်မှုကို လုပ်ဆောင်ပေးခြင်းအားဖြင့် သူမကို သင် ကူညီခဲ့သလား” ဟု မေးမြန်းသည့်အခါ သူသည် ဤကိစ္စများကို အာရုံမစိုက်ဘဲ “မျိုးစေ့များကို စိုက်ပြီးပါပြီ၊ စိုက်ပျိုးနေချိန်အတွင်းတွင် ကျွန်ုပ်တို့ အလုပ်နေရာကို သွားကြည့်ခဲ့ပါသည်” ဟုသာ ပြောဆိုခဲ့သည်။ သူသည် အခြားမည်သည့်ပြဿနာကိုမျှ ဂရုမစိုက်ခဲ့ပေ။ အဆုံးတွင် ဤကြီးကြပ်ရေးမှူး၏ ပြဿနာကို မည်သို့ ရှာဖွေတွေ့ရှိခဲ့သနည်း။ သူမသည် စတော်ဘယ်ရီအချို့ကို စိုက်ပျိုးခဲ့သည်၊ ပြီးလျှင် သက်ဆိုင်ရာ နည်းပညာဆိုင်ရာ သတ်မှတ်ချက်များအရဆိုလျှင် စတော်ဘယ်ရီပင်များကို ပထမနှစ်တွင် ဖုံးအုပ်ခြင်း သို့မဟုတ် အသီးသီးခွင့်ပေးခြင်း မပြုသင့်ဘဲ ပန်းပွင့်အားလုံးကို ဖယ်ရှားပစ်သင့်သည်၊ သို့တည်းမဟုတ်ပါက ဒုတိယနှစ်တွင် အသီးများ သီးတော့မည်မဟုတ်ဘဲ ပထမနှစ်တွင် အသီးသီးလျှင်ပင် အလွန်သေးငယ်လိမ့်မည်ဟူ၍ ဖြစ်သည်။ ကျွမ်းကျင်သူများက ကြီးကြပ်ရေးမှူးကို ဤသို့ပြောကြားခဲ့သော်လည်း သူမသည် နားမထောင်ခဲ့ပေ။ သူမ၏ တွေးခေါ်မြော်မြင်မှုမှာ စတော်ဘယ်ရီပင်များကို ပထမနှစ်တွင် ပလတ်စတစ်ဖလင်ဖြင့် ဖုံးအုပ်ပြီး အသီးသီးခွင့်ပေးခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်ကြောင်း ဖော်ပြထားသည့် အွန်လိုင်းမှ အချက်အလက်များကို အခြေခံခဲ့သည်။ ဤအရာ၏ ရလဒ်မှာ ယင်းတို့သည် မျိုးစေ့များဖြင့် ဖုံးလွှမ်းနေသော ပုံပျက်ပန်းပျက် စတော်ဘယ်ရီသီးငယ်အမျိုးမျိုးကို သီးခဲ့ခြင်း ဖြစ်သည်၊ အချို့မှာ ချဉ်သည်၊ အချို့မှာ ချိုသည်၊ အချို့မှာ အရသာမရှိဘဲ အမျိုးအစား အမျိုးမျိုး ရှိကြသည်။ ပြဿနာသည် ထိုမျှလောက် ဆိုးရွားလာခဲ့သည့်တိုင် ထိုနေရာရှိ အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းကို လုံးဝ လျစ်လျူရှုခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် ထိုစတော်ဘယ်ရီသီးများကို မည်သို့ပင်ဖြစ်စေ စားရမည်မဟုတ်ဟု ထင်သောကြောင့် ပြဿနာကို လျစ်လျူရှုရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ တစ်စုံတစ်ခုကို မစားရခြင်းက ၎င်းတို့သည် ထိုအရာကို ဂရုမစိုက်သင့်ဟု ဆိုလိုသလော။ ၎င်းတို့ စားရမည့် အာလူးနှင့် ကြက်သွန်နီများကော အဘယ်သို့နည်း၊ ယင်းတို့ကို ၎င်းတို့ ဂရုစိုက်ခဲ့ကြသလော။ ဤအယောင်ဆောင်ခေါင်းဆောင်များထဲမှ တစ်ဦးတစ်ယောက်မျှ ဂရုမစိုက်ခဲ့ပေ၊ ၎င်းတို့သည် ကြီးကြပ်ရေးမှူး စိတ်တိုင်းကျ လုပ်ဆောင်နေသည်ကို ကြည့်နေရုံသာ ကြည့်နေခဲ့ကြသည်။ တစ်နေ့တွင် ငါသည် ၎င်းတို့ထံ သွားရောက်ခဲ့ရာ တစ်စုံတစ်ဦးက ဆလတ်ရွက်များမှာ ရင့်နေပြီဖြစ်ကြောင်းနှင့် ယင်းတို့ကို မကြာမီ မရိတ်သိမ်းပါက မည်သူမျှ စား၍ရတော့မည် မဟုတ်ဘဲ အလဟဿ ဖြစ်သွားမည်ဖြစ်ကြောင်း သတင်းပို့ခဲ့သည်။ သို့သော် ကြီးကြပ်ရေးမှူးသည် ယင်းကို လွှတ်ထားရန် မရမက ပြောဆိုခဲ့ပြီး ယင်းတို့ကို ရိတ်သိမ်းပါက အခြားဟင်းသီးဟင်းရွက်များ စိုက်ပျိုးရမည်ဖြစ်ရာ သူမအတွက် အလုပ်ရှုပ်သည်ဟု ဆိုခဲ့သည်။ ဤအကြောင်းကို သိရှိနေသော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်အရာမျှ မလုပ်ဆောင်ခဲ့ကြပေ။ နောက်ဆုံးတွင် အထက်က ၎င်းတို့ကို ဆလတ်ရွက်များ အမြန်ရိတ်သိမ်းပြီး အခြေအနေကို ကိုင်တွယ်ရန် အမိန့်ပေးခဲ့ရသည်၊ သို့တည်းမဟုတ်ပါက ဆလတ်ရွက်များသည် မြေနေရာကို ယူထားပြီး နွေရာသီ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းကို တားဆီးလိမ့်မည် ဖြစ်သည်။ အလုပ်တွင် ထိုသို့သော သိသာထင်ရှားသည့် ပြဿနာတစ်ရပ် ပေါ်ပေါက်နေသော်ငြားလည်း အယောင်ဆောင်ခေါင်းဆောင်များထဲမှ တစ်ဦးတစ်ယောက်မျှ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မလုပ်ဆောင်ခဲ့ကြဘဲ ၎င်းတို့သည် လူတို့ကို စိတ်အနှောင့်အယှက် ပေးမိမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့ကြသည်။ အကြောင်းမှာ ကြီးကြပ်ရေးမှူးသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ ရာထူးတိုးပေးခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်ပြီး သူသည် သူမကို ရာထူးတိုးပေးပြီးနောက် သူမ၏အလုပ်ကို မည်သည့်အခါမျှ မစစ်ဆေးခဲ့ဘဲ သူမကို လွတ်လပ်စွာ ပြုမူခွင့်ပေးခဲ့ကာ သူမကို ထောက်ပံ့ပြီး ကူညီပံ့ပိုးပေးခဲ့သည်၊ ပြီးလျှင် အခြားခေါင်းဆောင်များကလည်း ကြားဝင်စွက်ဖက်ရန် မဝံ့ရဲခဲ့ကြဘဲ ၎င်းတို့နှင့် အလိုတူအလိုပါ ဖြစ်ကြရာ နောက်ဆုံးတွင် ဒုက္ခများစွာ ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ ခေါင်းဆောင်များ လုပ်ဆောင်ခဲ့သည့် အလုပ်ဖြစ်သည်။ ၎င်းတို့ကို ခေါင်းဆောင်များဟု ခေါ်ဆိုနိုင်သေးသလော။ ၎င်းတို့၏ မျက်စိရှေ့တွင်ပင် ထိုသို့သော ဆိုးရွားသည့် ပြဿနာတစ်ရပ် ဖြစ်ပွားနေသော်လည်း ၎င်းတို့သည် ယင်းကို ပြဿနာတစ်ခုအဖြစ် အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ကြသည်၊ ဖြေရှင်းရန်မှာမူ ပြောစရာမလိုပေ။ ဤသူတို့သည် အယောင်ဆောင်ခေါင်းဆောင်များ မဟုတ်လော။ (ဟုတ်ပါသည်။) တစ်ဖက်တွင် ၎င်းတို့သည် လူ့အကြိုက်လိုက်သူများဖြစ်ကြပြီး အခြားသူများကို စိတ်အနှောင့်အယှက် ပေးမိမည်ကို ကြောက်ရွံ့ခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် ပြဿနာ မည်မျှဆိုးရွားသည်ကို မသိခဲ့ကြဘဲ တိကျမှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့ကာ ယင်းကို ပြဿနာတစ်ခုဖြစ်မှန်း မသိခဲ့ကြသကဲ့သို့ ဤအလုပ်သည် ၎င်းတို့၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်း၌ ကျရောက်သည်ကိုလည်း သတိမပြုမိခဲ့ကြပေ။ ၎င်းတို့သည် အသုံးမကျသောသူများနှင့် အပျင်းခိုသူများ ဖြစ်ကြသည် မဟုတ်လော။ ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စတုတ္ထအခြေအနေဖြစ်သည်၊ ကြီးကြပ်ရေးမှူးများသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ဆန့်ကျင်ပြီး ကိုယ့်သဘောအတိုင်း လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ငါတို့သည် ဤကိစ္စတွင် အယောင်ဆောင် ခေါင်းဆောင်များ၏ တာဝန်ပျက်ကွက်ခြင်း သရုပ်သကန်ကို ဖော်ထုတ်ပြီး အယောင်ဆောင်ခေါင်းဆောင်များ၏ သဘာဝအနှစ်သာရကို ပေါ်လွင်စေသည့် ဥပမာတစ်ခုကို တင်ပြခဲ့ပြီးဖြစ်သည်။
၅။ အန္တိခရစ်များဖြစ်ပြီး အမှီအခိုကင်းသော နယ်မြေများကို တည်ထောင်သည့် ကြီးကြပ်ရေးမှူးများကို အယောင်ဆောင်ခေါင်းဆောင်များက ဆက်ဆံပုံ
နောက်ထပ်အခြေအနေတစ်ခုမှာ ကြီးကြပ်ရေးမှူးများသည် မိမိတို့၏ အထက်လူကြီးများကို ပုန်ကန်ပြီး အမှီအခိုကင်းသော နယ်မြေများ တည်ထောင်ကြခြင်းဖြစ်သည်၊ ဤကြီးကြပ်ရေးမှူးများသည် အန္တိခရစ်များ ဖြစ်ကြသည်။ ကြီးကြပ်ရေးမှူးများက အစွမ်းအစ ညံ့ဖျင်းခြင်း၊ လူ့သဘာဝ ညံ့ဖျင်းခြင်း သို့မဟုတ် မကောင်းမှုများ ပြုလျက် ထင်ရာစိုင်းပြုမူခြင်းကဲ့သို့သော ပြဿနာများနှင့်ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် ကြီးကြပ်သူများ၏ အခန်းကဏ္ဍမှ မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ဤသို့သော ကြီးကြပ်ရေးမှူးမျိုး၏ သင့်တော်မှုကို ဆုံးဖြတ်ရန်အလို့ငှာ ၎င်းတို့ လုပ်ဆောင်နေသည့်အလုပ်နှင့် ၎င်းတို့၏ ပြဿနာများကို ချက်ချင်း စစ်ဆေးပြီး မေးမြန်းရန်လည်း ပျက်ကွက်ကြသည်။ အလားတူပင် အယောင်ဆောင်ခေါင်းဆောင်များသည် စဉ်းလဲကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်သောလူများဖြစ်သည့် အန္တိခရစ်တို့၏ သဘာဝအနှစ်သာရကို ထွင်းဖောက်မြင်နိုင်စွမ်း သာ၍ပင် မရှိကြပေ။ ၎င်းတို့သည် ဤအရာကို ထွင်းဖောက်မြင်နိုင်စွမ်း မရှိသည်သာမက တစ်ချိန်တည်းမှာပင် ဤလူတို့ကို အနည်းငယ် ကြောက်ရွံ့ကြပြီး အနည်းငယ် ကူကယ်ရာမဲ့ကာ အစွမ်းမရှိကြသည်မှာ မကြာခဏဆိုသလို ၎င်းတို့သည် အန္တိခရစ်တို့ ကြိုးဆွဲရာ ကကြရသည်အထိပင် ဖြစ်သည်။ ဤအရာသည် မည်မျှ ဆိုးရွားနိုင်သနည်း။ အန္တိခရစ်တို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်နယ်ပယ်များအတွင်း၌ မိမိတို့၏ ကိုယ်ပိုင်အင်အားစုများကို ဆွဲသွင်းပြီး အမှီအခိုကင်းသော နယ်မြေများ တည်ထောင်လျက် ဂိုဏ်းဂဏများ ဖွဲ့စည်းကောင်း ဖွဲ့စည်းနိုင်ပြီး နောက်ဆုံးတွင် ၎င်းတို့သည် အာဏာလွှဲပြောင်းရယူကာ အရာရာကို စီမံခန့်ခွဲပြီး အယောင်ဆောင်ခေါင်းဆောင်များကို ရုပ်သေးရုပ်များသဖွယ် ဖြစ်သွားစေနိုင်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်တို့ ဆုံးဖြတ်ပြီး သိရှိသည့်အရာများကို မည်သို့ဖြစ်စေ သတိမမူမြဲရှိကာ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိဘဲ ရှိနေကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး တစ်စုံတစ်ဦးက ၎င်းတို့ထံ သတင်းပို့ပြီးနောက်တွင်မှ ဤအရာများကို သိရှိလာကြသော်လည်း ထိုအချိန်တွင်မူ နောက်ကျသွားပြီ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်တို့ကို အဘယ်ကြောင့် ၎င်းတို့အား အသိမပေးခဲ့သည်ကိုပင် မေးမြန်းကြရာ ထိုသူတို့၏ တုံ့ပြန်မှုမှာ “သင့်ကို ပြောရခြင်းက အဘယ်အကျိုးရှိမည်နည်း။ သင်သည် မည်သည့်အရာကိုမျှ ဆုံးဖြတ်ချက်မချနိုင်ပေ၊ ထို့ကြောင့် ဤအရာကို သင်နှင့် ဆွေးနွေးရန် မလိုအပ်ခဲ့ပါ၊ ကျွန်ုပ်တို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့သည်။ ကျွန်ုပ်တို့ သင့်ကို အသိပေးခဲ့လျှင်ပင် သင်သည် သေချာပေါက် သဘောတူမည်သာ ဖြစ်သည်။ သင်၌ မည်သို့သော ထင်မြင်ချက် ရှိနိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောကိစ္စများတွင် ကူကယ်ရာမဲ့နေကြသည်။ သင်သည် ဤအန္တိခရစ်တို့ကို ပိုင်းခြားသိမြင်နိုင်ခြင်းဖြစ်စေ၊ ဖြေရှင်းနိုင်ခြင်းဖြစ်စေ၊ ကိုင်တွယ်နိုင်ခြင်းဖြစ်စေ မရှိပါက ၎င်းတို့ကို အထက်သို့ သတင်းပို့သင့်သော်လည်း သင်သည် ထိုသို့ပြုလုပ်ရန်ပင် မဝံ့ရဲပေ၊ သင်သည် အသုံးမကျသူတစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောကိစ္စများနှင့် ရင်ဆိုင်ရသည့်အခါ ဤအသုံးမကျသည့် အကောင်ကြီးများသည် “ယင်းမှာ ကျွန်ုပ်အမှား မဟုတ်ပါ၊ ကျွန်ုပ် ထိုဆုံးဖြတ်ချက်ကို မချခဲ့ပါ။ ၎င်းတို့ ချခဲ့သော ဆုံးဖြတ်ချက်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျွန်ုပ်နှင့် မည်သည့်အရာမျှ မဆိုင်ပါ၊ အကြောင်းမှာ သူတို့ ထိုအရာကို လုပ်ဆောင်လိုက်သည့်အခါတွင် ကျွန်ုပ်ကို အသိမပေးခဲ့သောကြောင့် သို့မဟုတ် မပြောခဲ့သောကြောင့် ဖြစ်ပါသည်” ဟု မြည်တမ်းလျက် မျက်ရည်များဖြင့် တိုင်တန်းရန် ငါ့ထံသို့ လာကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် အဘယ်အရာကို ဆိုလိုသနည်း။ (၎င်းတို့သည် တာဝန်ကို ခေါင်းရှောင်ချနေခြင်း ဖြစ်ပါသည်။) ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် ဤကိစ္စများကို သိရှိပြီး နားလည်သဘောပေါက်ထားသင့်သည်၊ အန္တိခရစ်တို့က သင့်ကို အကြောင်းအရာများ အသိမပေးပါက သင်ကိုယ်တိုင် အဘယ်ကြောင့် အလျင်ဦးအောင် သွား၍ မမေးမြန်းသနည်း။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် ကိစ္စရပ်တိုင်းကို စုစည်းခြင်း၊ ဦးဆောင်ခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ကို ပြုလုပ်သင့်သည်၊ ၎င်းတို့သည် သင့်ကို မည်သည့်အရာမျှ အသိမပေးဘဲ မိမိတို့ဘာသာ ဆုံးဖြတ်ချက်များ ချမှတ်ကာ နောက်ပိုင်းတွင် သင့်အား လက်မှတ်ထိုးရန်အတွက် ငွေတောင်းခံလွှာများ ပေးပို့ပါက ၎င်းတို့သည် သင်၏ သြဇာအာဏာကို လုယူနေခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်အလုပ်ကို နှောင့်ယှက်နေသော အန္တိခရစ်တို့နှင့် ကြုံတွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အံ့ဩမှင်တက်သွားကြသည်၊ ၎င်းတို့သည် ဝံပုလွေနှင့် ရင်ဆိုင်တွေ့ရသော လူမိုက်များကဲ့သို့ ကူကယ်ရာမဲ့နေကြပြီး ရုပ်သေးရုပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး မိမိတို့၏ သြဇာအာဏာ လုယူခြင်းခံရချိန်တွင် အစွမ်းမရှိဘဲ လက်ပိုက်ကြည့်နေကြသည်။ ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ တစ်ခုတလေမျှ မလုပ်ဆောင်နိုင်ကြပေ၊ အသုံးမကျသည့် သူဖျင်းများပင်တည်း။ ၎င်းတို့သည် ပြဿနာများကို မဖြေရှင်းနိုင်၊ အန္တိခရစ်တို့ကို မပိုင်းခြားနိုင် သို့မဟုတ် မဖော်ထုတ်နိုင်သကဲ့သို့ မည်သည့်ဒုစရိုက်အမှုများကိုမဆို ကျူးလွန်ခြင်းမှ ၎င်းတို့ကို သေချာပေါက် ကန့်သတ်ချုပ်ချယ်နိုင်ခြင်း မရှိကြပေ။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤပြဿနာများကို အထက်သို့ သတင်းမပို့ကြပေ။ ဤသူတို့သည် အသုံးမကျသူများ မဟုတ်လော။ သင့်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ရခြင်း၏ အကျိုးမှာ အဘယ်နည်း။ အန္တိခရစ်တို့သည် မကောင်းမှုများ ပြုလျက် ထင်ရာစိုင်းကြသည်၊ ပူဇော်သက္ကာများကို ပေါ်ပေါ်ထင်ထင် ဖြုန်းတီးကြပြီး ၎င်းတို့ ဦးဆောင်သည့် အင်အားစုများကို ဖွဲ့စည်းကာ အသင်းတော်အတွင်း၌ အမှီအခိုကင်းသော နယ်မြေများ တည်ထောင်ကြသည်၊ ဤအတောအတွင်း သင်သည် ၎င်းတို့ကို ကြီးကြပ်ရန်၊ ဖော်ထုတ်ရန်၊ ကန့်သတ်ရန် သို့မဟုတ် ကိုင်တွယ်ရန် လုံးဝ ပျက်ကွက်သည့်တိုင် ငါ့ထံသို့ လာ၍ တိုင်တန်းနေသေးသည်။ သင်သည် မည်သို့သော ခေါင်းဆောင်မျိုးဖြစ်သနည်း။ သင်သည် အမှန်ပင် အသုံးမကျသူတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ အန္တိခရစ်တို့ ဦးဆောင်သော ဤအုပ်စုများသည် မိမိတို့အချင်းချင်း တိတ်တဆိတ် ဆွေးနွေးတိုင်ပင်ကြပြီးနောက် ခွင့်ပြုချက်မရှိဘဲ ဆုံးဖြတ်ချက်များ ချမှတ်ကြသည်။ ၎င်းတို့သည် ခေါင်းဆောင်များကို ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့် ပေးရန်မဆိုထားနှင့်၊ ဖြစ်ပျက်နေသည့်အရာကို သိရှိပိုင်ခွင့်ပင် မပေးကြပေ။ ၎င်းတို့သည် ခေါင်းဆောင်များကို တိုက်ရိုက် ပယ်ချပြီး အာဏာအားလုံးကို မိမိတို့ဘာသာ ချုပ်ကိုင်ကာ မိမိတို့သာ ဆုံးဖြတ်ချက်ချကြသည်။ ဤအရာအားလုံး၏ အလယ်တွင် ၎င်းတို့ကို စီမံခန့်ခွဲရန် တာဝန်ပေးခြင်းခံရသော ခေါင်းဆောင်များသည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် ဤအလုပ်နှင့်ပတ်သက်၍ စစ်ဆေးရန်၊ ကြီးကြပ်ရန်၊ စီမံခန့်ခွဲရန် သို့မဟုတ် ဆုံးဖြတ်ချက်များ ချမှတ်ရန် လုံးဝ ပျက်ကွက်ကြသည်။ အဆုံးတွင် ၎င်းတို့သည် အန္တိခရစ်တို့ကို အာဏာလွှဲပြောင်းရယူခွင့်ပေးပြီး အထက်မှနေ၍ ၎င်းတို့ကို စီမံခန့်ခွဲခွင့် ပေးလိုကကြသည်။ ဤပြဿနာသည် အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်မှ ပေါ်ပေါက်လာခြင်း မဟုတ်လော။ ဤပြဿနာ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းသည် အဘယ်မှ မြစ်ဖျားခံသနည်း။ ယင်းသည် အယောင်ဆောင်ခေါင်းဆောင်များက အစွမ်းအစ ညံ့ဖျင်းခြင်း၊ အလုပ်လုပ်နိုင်စွမ်းမရှိခြင်းနှင့် အန္တိခရစ်တို့က ၎င်းတို့ကို လုံးဝ အလေးမထားခြင်းတို့မှ မြစ်ဖျားခံသည်။ အန္တိခရစ်တို့က “သင်တို့ ခေါင်းဆောင်များအနေဖြင့် မည်သည့်အရာကို လုပ်နိုင်မည်နည်း။ ငါသည် သင့်စကား နားထောင်ဦးမည်ကို မဟုတ်ဘဲ သင့်ကို ကျော်လွှားပြီး အမှုအရာများကို ဆက်လက်လုပ်ဆောင်မည်။ အကယ်၍ သင်သည် ဤအကြောင်းကို အထက်သို့ တိုင်ကြားပါက ငါတို့သည် သင့်ကို ညှဉ်းပန်းမည်” ဟု စဉ်းစားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောကိစ္စများကို တိုင်ကြားရန် မဝံ့ရဲကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်လုပ်နိုင်စွမ်း မရှိသည်သာမက စည်းမျဉ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် သတ္တိလည်းမရှိကြဘဲ လူတို့ကို စိတ်အနှောင့်အယှက်ပေးမိမည်ကို ကြောက်ရွံ့ကြကာ သစ္စာစောင့်သိမှု လုံးဝမရှိကြပေ၊ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်လော။ အကယ်၍ ၎င်းတို့တွင် အမှန်တကယ် အစွမ်းအစအချို့ရှိပြီး သမ္မာတရားကို နားလည်ပါက ဤသူများသည် မကောင်းကြောင်း မြင်တွေ့သည့်အခါ ဤသို့ပြောဆိုကြမည် ဖြစ်သည်။ “ကျွန်ုပ်သည် ၎င်းတို့ကို တစ်ဦးတည်း မဖော်ထုတ်ဝံ့ပါ၊ ထို့ကြောင့် ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို လိုက်စားပြီး ပို၍ နားလည်သော ညီအစ်ကိုမောင်နှမအချို့နှင့် မိတ်သဟာယဖွဲ့မည်။ အကယ်၍ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီးနောက်တွင်ပင် ကျွန်ုပ်တို့သည် အန္တိခရစ်တို့ကို မကိုင်တွယ်နိုင်သေးပါက ကျွန်ုပ်သည် ပြဿနာကို အထက်သို့ တိုင်ကြားပြီး ၎င်းတို့ကို ဖြေရှင်းခိုင်းမည်။ ကျွန်ုပ်သည် အခြားမည်သည့်အရာမျှ မလုပ်ဆောင်နိုင်သော်လည်း ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရမည်၊ ကျွန်ုပ် ထွင်းဖောက်မြင်တွေ့ပြီးဖြစ်သည့် ကိစ္စရပ်များနှင့် ကျွန်ုပ် ရှာဖွေတွေ့ရှိခဲ့သည့် ပြဿနာများကို လုံးဝ ဆက်လက်ကြီးထွားခွင့် မပြုရ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတစ်ခု မဟုတ်လော။ ယင်းကို မိမိ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအဖြစ်လည်း မှတ်ယူနိုင်သည် မဟုတ်လော။ အကယ်၍ သင်သည် ဤသို့ပြုလုပ်နိုင်ခဲ့ပါက အထက်က သင်သည် အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်းမရှိဟု ပြောဆိုမည် မဟုတ်ပေ။ သို့သော် သင်သည် ပြဿနာများကို အထက်သို့ သတင်းပို့ခြင်းကိုပင် မလုပ်ဆောင်နိုင်သောကြောင့် သင်သည် အသုံးမကျသူတစ်ဦးနှင့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသည်။ သင်သည် အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်းမရှိသည်သာမက အန္တိခရစ်တို့ကို ဖော်ထုတ်ပြီး တိုက်ခိုက်ရန် ဘုရားသခင်အပေါ် မှီခိုဖို့ ယုံကြည်ခြင်းနှင့် သတ္တိပင် မရှိပေ။ သင်သည် အသုံးမကျသူတစ်ဦး မဟုတ်လော။ အန္တိခရစ်တို့၏ အာဏာလုယူခြင်းကို ခံခဲ့ရသောသူများသည် သနားစရာကောင်းသလော။ ၎င်းတို့သည် သနားစရာကောင်းပုံရသည်၊ ၎င်းတို့သည် မည်သည့်မကောင်းမှုမျှ မလုပ်ဆောင်ခဲ့ကြဘဲ မိမိတို့၏အလုပ်တွင် အလွန်သတိထားကြကာ အမှားများ လုပ်မိမည်ကိုလည်းကောင်း၊ ပြုပြင်ခြင်း ခံရမည်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများ၏ မထီမဲ့မြင်ပြုခြင်းကို ခံရမည်ကိုလည်းကောင်း အလွန်ကြောက်ရွံ့ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့၏ မျက်စိရှေ့တွင်ပင် အန္တိခရစ်တို့၏ လုံးဝ အာဏာလုယူခြင်းကို ခံကြရပြီး ၎င်းတို့ပြောဆိုသည့် မည်သည့်အရာမျှ အကျိုးသက်ရောက်မှုမရှိတော့ဘဲ ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမပါတော့ပေ။ ၎င်းတို့သည် အပေါ်ယံတွင် သနားစရာကောင်းပုံရသော်လည်း အမှန်တကယ်တွင်မူ အတော်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ ငါ့ကို ပြောလော့၊ လူတို့ မဖြေရှင်းနိုင်သော ပြဿနာများကို ဘုရားအိမ်တော်က ဖြေရှင်းနိုင်သလော။ လူတို့သည် ပြဿနာများကို အထက်သို့ သတင်းပို့သင့်သလော။ (သတင်းပို့သင့်ပါသည်။) ဘုရားအိမ်တော်၌ မဖြေရှင်းနိုင်သော ပြဿနာများ မရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်သည်။ သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ သင်သည် ဤအနည်းငယ်မျှသော ယုံကြည်ခြင်းပင် မရှိပါက သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် မည်သို့ အရည်အချင်းပြည့်မီမည်နည်း။ သင်သည် အသုံးမကျသည့် သူဖျင်းတစ်ဦး မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းမျှသာ မဟုတ်ပေ၊ သင်သည် ဘုရားသခင်ကို အခြေခံအကျဆုံးသော ယုံကြည်ခြင်းပင် ကင်းမဲ့နေသည်။ သင်သည် မယုံကြည်သူဖြစ်ပြီး ခေါင်းဆောင်တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စတုတ္ထမြောက် တာဝန်ဝတ္တရားနှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်ကိစ္စအမျိုးမျိုးနှင့် ကြီးကြပ်ရေးမှူးများကို မည်သို့ချဉ်းကပ်သည်ကို ဖော်ထုတ်ရန် ငါတို့သည် အခြေအနေငါးရပ်ကို စာရင်းပြုစုခဲ့သည်။ ဤအခြေအနေငါးရပ်ကို အခြေခံ၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစ၊ အရည်အချင်းမပြည့်မီခြင်းနှင့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ခြင်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ဤနည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် အယောင်ဆောင်ခေါင်းဆောင်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့ အနည်းငယ် ပို၍ ရှင်းလင်းသွားပြီလော။ (ရှင်းလင်းသွားပါသည်။) ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်