ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၂)
ပြီးခဲ့သည့်တစ်ကြိမ်တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ချုပ်ကိုင်ခြင်းနှင့် ကြီးစွာ ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်၍ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့” ကို မိတ်သဟာယဖွဲ့ခဲ့သည်။ ယခု ပြန်လည်သုံးသပ်ကြစို့။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်၏ တိကျသော အကြောင်းအရာနှင့်ပတ်သက်၍ မည်သည့် တိကျသော အချက်များကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သနည်း။ (ကျွန်ုပ်တို့သည် ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ချုပ်ချယ်ကန့်သတ်ခြင်းနှင့် စောင့်ကြည့်ခြင်းဟူသည့် အချက်ငါးချက်ကို မိတ်သဟာယဖွဲ့ခဲ့ပါသည်။) ဤအချက်ငါးချက်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဤတာဝန်တွင် ပါဝင်သည့် တိကျသော အလုပ်တာဝန်များ ဖြစ်ကြသည်၊ ဤသည်တို့မှာ အန္တိခရစ်များနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆောင်ရွက်ရန် လိုအပ်သည့် တိကျသော အလုပ်တာဝန်များ ဖြစ်ကြသည်။ သို့ဖြစ်၍ ဤအလုပ်တာဝန်များနှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များတွင် မည်သည့်သရုပ်သကန်များ ရှိကြသနည်း။ ပြီးခဲ့သည့်တစ်ကြိမ်က အသေးစိတ်အချက်အချို့ကိုလည်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည် မဟုတ်လော။ (ဟုတ်ကဲ့၊ ဖွဲ့ခဲ့ပါသည်။) အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပထမအချက်မှာ ၎င်းတို့သည် လူတို့ကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်ရန် ကြောက်ရွံ့ပြီး အန္တိခရစ်တို့ကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် မဝံ့ရဲခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ၎င်းတို့သည် အန္တိခရစ်တို့ကို မပိုင်းခြားနိုင်ခြင်း ဖြစ်သည်။ တတိယအချက်မှာ ၎င်းတို့သည် အန္တိခရစ်တို့အတွက် ကာကွယ်ပေးသည့်ထီးသဖွယ် ပြုမူကြခြင်း ဖြစ်သည်။ စတုတ္ထအချက်မှာ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများအပေါ် တာဝန်မဲ့ခြင်း ဖြစ်သည်။ တာဝန်မဲ့ခြင်းသည် မည်သို့သောပုံစံရှိသနည်း။ အန္တိခရစ်များထံမှ နှောင့်ယှက်ခြင်းများနှင့် အထင်အမြင်မှားစေခြင်းများနှင့် ရင်ဆိုင်ရသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများကို မကာကွယ်နိုင်၊ အန္တိခရစ်တို့၏ ဒုစရိုက်အမှုများကို မဖော်ထုတ်နိုင်၊ စာတန်၏ အကြံအစည်များကို မဖော်ထုတ်နိုင်သည့်အပြင် ညီအစ်ကိုမောင်နှမများကို အန္တိခရစ်တို့အား ပိုင်းခြားသိမြင်စေရန် ကူညီဖို့ သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ပေ၊ ၎င်းတို့သည် ထိုသို့သော အလုပ်ကို မထမ်းဆောင်ကြပေ။ ထို့အပြင် ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းကို ခံရသည့် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူများအတွက် ၎င်းတို့သည် မည်သည့် ပြန်လည်ဆည်ယူခြင်းအလုပ်ကိုမျှ လုပ်ဆောင်ရန် ပျက်ကွက်သည်သာမက “သူတို့နှင့် ထိုက်တန်သည်” ကဲ့သို့သော လူမဆန်သည့် စကားများကိုပင် ပြောဆိုကြသည်။ ဤသည်မှာ တာဝန်မဲ့ခြင်း၏ တိကျသော သရုပ်သကန်တစ်ခုဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်များတွင် အသင်းတော်အလုပ်အတွက် ဝန်တာထားစိတ် မရှိကြောင်းကို ညွှန်ပြနေသည်။ ဤသရုပ်သကန်များသည် အန္တိခရစ်တို့က ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့်အခါတွင် အယောင်ဆောင်ခေါင်းဆောင်များ၏ တိကျသော လုပ်ဆောင်ချက်များနှင့် ချဉ်းကပ်ပုံများ ဖြစ်ကြသည်။ ဤအလုပ်အပေါ် ၎င်းတို့၏ တိကျသော သဘောထားမှာ တာဝန်မဲ့ခြင်းနှင့် သစ္စာစောင့်သိမှုမရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်တို့အတွက် ကာကွယ်ပေးသည့် ထီးသဖွယ် ပြုမူလျက် အန္တိခရစ်တို့ကို ခွင့်ပြုထားရန် အမျိုးမျိုးသော ဆင်ခြေများကို ပေးကြပြီး အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုကြသည့်တိုင် အသင်းတော်အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ပျက်ကွက်ကြသည်။ အကယ်၍ အယောင်ဆောင်ခေါင်းဆောင်များက အန္တိခရစ်တို့၏ ဘုရားသခင် ရွေးချယ်ထားသောလူများကို နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ချုပ်ကိုင်ခြင်းနှင့် ကြီးစွာ ထိခိုက်နစ်နာစေခြင်းကဲ့သို့သော ပြဿနာများကို ချက်ချင်း ဖြေရှင်းနိုင်ပြီး ထို့နောက် အန္တိခရစ်တို့ကို ချုပ်ချယ်ကန့်သတ်ကာ သီးခြားခွဲထားပြီး ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါက ဘုရားသခင် ရွေးချယ်ထားသောလူများသည် အကြီးမားဆုံးသော ကာကွယ်မှုကို လက်ခံရရှိကြမည် ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်များအနေဖြင့် ၎င်းတို့သည် ဤအလုပ်အတွက် အရည်အချင်းမပြည့်မီကြပေ။ ရှုထောင့်တစ်ခုမှကြည့်လျှင် ၎င်းတို့သည် အန္တိခရစ်တို့ကို လျှို့ဝှက်စွာ ကာကွယ်နေပြီး ၎င်းတို့အတွက် လမ်းခင်းပေးနေသဖြင့် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဆက်လက်၍ အထင်အမြင်မှားစေနိုင်ကာ၊ ချုပ်ကိုင်နိုင်ပြီး ကြီးစွာ ထိခိုက်နစ်နာစေနိုင်သည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်အသင်းတော်အသက်တာနှင့် တာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက်နိုင်သည်ဟု ဆိုနိုင်သည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်ကြသည်။
အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၁)
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးသည့်နောက်တွင် ယနေ့ ငါတို့သည် ဆယ့်လေးခုမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြမည်။ ဆယ့်လေးခုမြောက် တာဝန်၏ အကြောင်းအရာသည် ဆယ့်သုံးခုမြောက် တာဝန်နှင့် နည်းလမ်းအချို့အားဖြင့် ဆင်တူသည်။ ဆယ့်လေးခုမြောက် တာဝန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော အလုပ်သည် အန္တိခရစ်တို့နှင့် သက်ဆိုင်သည်သာမက အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့်ပါ ဆက်စပ်နေပြီး ယင်း၏ နယ်ပယ်ကို ဆယ့်သုံးခုမြောက် တာဝန်ထက် ပိုမိုကျယ်ပြန့်စေသည်။ ဆယ့်လေးခုမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယမဖွဲ့မီ ယင်း၏ အကြောင်းအရာကို ဦးစွာ ဖတ်ကြစို့။ (ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန်ဖြစ်သည့် “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြ ဖယ်ရှားရှင်းလင်းလော့ သို့မဟုတ် နှင်ထုတ်လော့”) ဤဝါကျသည် မရှည်လျားသော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော အလုပ်နှင့်ပတ်သက်လာလျှင် ယင်းသည် အပေါ်ယံတွင် မြင်ရသကဲ့သို့ မရိုးရှင်းပေ။ ဤဝါကျတွင် ဖော်ပြထားသော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များမှာ အတိအကျ အဘယ်အရာများ ဖြစ်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များ ထမ်းဆောင်ရန် လိုအပ်သည့် အလုပ်၏ ပစ်မှတ်များမှာ မည်သူတို့ ဖြစ်သနည်း။ (အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ ဖြစ်ပါသည်။) လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော အလုပ်မှာ အဘယ်နည်း။ (၎င်းတို့ကို ချက်ချင်း ပိုင်းခြားသိမြင်ရန် ဖြစ်ပါသည်။ ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီးသည်နှင့် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုလုပ်ရန် ဖြစ်ပါသည်။) အချိန်မဆွဲဘဲ ချက်ချင်း ပိုင်းခြားသိမြင်ခြင်း၊ အရိပ်အယောင်များကို ဖော်ထုတ်ပြီးသည်နှင့် တိကျသော အကဲဖြတ်မှုများနှင့် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းတို့ကို ပြုလုပ်သင့်ပြီး ထို့နောက်တွင် ပါဝင်ပတ်သက်သည့် လူပုဂ္ဂိုလ်များကို ရှင်းလင်းပစ်ခြင်းဖြင့် ကိုင်တွယ်သင့်သည်။ အမှန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော အလုပ်တွင် အလုပ်တာဝန်နှစ်ခု ပါဝင်သည်။ လူတို့ကို ပိုင်းခြားသိမြင်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်း ဖြစ်သည်။ အပေါ်ယံအားဖြင့် ယင်းသည် ဤသို့ ရိုးရှင်းပုံရသည်။ ဦးစွာ ပိုင်းခြားသိမြင်ပြီးနောက် ဘုရားအိမ်တော်က ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် တောင်းဆိုသည့် အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ပစ်မှတ်ထားလျက် ဖြေရှင်းနည်းများနှင့် အစီအမံများကို ချက်ချင်း လုပ်ဆောင်ရမည်ဖြစ်သည်။ ဤရှုထောင့်မှကြည့်လျှင် ဘုရားအိမ်တော်သည် အမျိုးမျိုးသော လူတို့ကို ပိုင်းခြားသိမြင်ခြင်းနှင့် ရှင်းလင်းပစ်ခြင်းဆိုင်ရာ အသေးစိတ်အချက်များအပေါ် ယခင်က ကျယ်ပြန့်သော မိတ်သဟာယဖွဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ များစွာ ပြောဆိုခဲ့ပြီးဖြစ်သောကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်နှင့် ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လွယ်ကူပုံရပြီး အခက်အခဲများစွာ မရှိပေ။ အပေါ်ယံအားဖြင့် ဆယ့်လေးခုမြောက် တာဝန်တွင် ပါဝင်သည့် အလုပ်သည် ယခင်က မိတ်သဟာယဖွဲ့ခဲ့သော ဆယ့်နှစ်ခုမြောက်နှင့် ဆယ့်သုံးခုမြောက် တာဝန်များ၏ တိကျသော အကြောင်းအရာနှင့် နည်းလမ်းအချို့အားဖြင့် ဆင်တူပုံရသော်လည်း ဆယ့်လေးခုမြောက် တာဝန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက လုပ်ဆောင်သည့် အလုပ်၏ ပစ်မှတ်များသည် အန္တိခရစ်တို့သာမက အမျိုးမျိုးသော ဆိုးယုတ်သော လူတို့လည်း ဖြစ်သည်။ ဤအရာက နယ်ပယ်ကို အမျိုးမျိုးသော ဆိုးယုတ်သော လူအမျိုးအစားများ ပါဝင်စေရန် ကျယ်ပြန့်စေပြီး စနစ်ကျကာ တိကျသော မိတ်သဟာယဖွဲ့ခြင်းကို လိုအပ်သည်။ အကြောင်းမှာ ယင်းသည် ဆိုးယုတ်သော လူတစ်မျိုးတည်း၏ သရုပ်သကန်များအကြောင်း မဟုတ်ဘဲ အမျိုးမျိုးသော အမျိုးအစားများအကြောင်း ဖြစ်သောကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သည့်အခါ ငါတို့သည် ဤအလုပ်၏ ပစ်မှတ်များကို သတ်မှတ်ခြင်းအပေါ် အာရုံစိုက်ကြမည်။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ ထို့အပြင် ဤလူတို့ကို အတိအကျ မည်သို့ သဘောထားရမည်၊ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ခြင်း၊ သီးခြားခွဲထားခြင်း၊ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုလုပ်ရမည် ဟုတ်မဟုတ် ဟူသည်မှာ ငါတို့ ဆက်လက်၍ အသေးစိတ် မိတ်သဟာယဖွဲ့မည့်အရာ ဖြစ်သည်။
အသင်းတော်ဆိုသည်မှာ
ဤအလုပ်အကြောင်းကို အသေးစိတ် မိတ်သဟာယမဖွဲ့မီ ဦးစွာ ဆင့်ပွားအကြောင်းအရာတစ်ခုကို မိတ်သဟာယဖွဲ့ကြစို့။ ဤဆင့်ပွားအကြောင်းအရာသည် လူသိများပြီးသားဖြစ်နိုင်သည် သို့မဟုတ် သင်တို့အနေဖြင့် တိကျသော အယူအဆမရှိသည့် အကြောင်းအရာတစ်ခုလည်း ဖြစ်နိုင်သည်။ အကြောင်းအရာမှာ အဘယ်နည်း။ ယင်းမှာ “အသင်းတော်ဆိုသည်မှာ” ဖြစ်သည်။ ဤအကြောင်းအရာသည် မည်သို့ရှိသနည်း။ အချို့လူများက “သင်က ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များအကြောင်းကို မိတ်သဟာယဖွဲ့နေသည်၊ သို့ဖြစ်၍ ထိုအကြောင်းကိုသာ တိတိကျကျ မိတ်သဟာယဖွဲ့လော့။ အသင်းတော်ဆိုသည်မှာ အကြောင်းကို အဘယ်ကြောင့် မိတ်သဟာယဖွဲ့ရသနည်း။ ဤအကြောင်းအရာနှင့် သက်ဆိုင်သလော” ဟု ပြောကောင်းပြောနိုင်သည်။ အပေါ်ယံအားဖြင့် ယင်းသည် မသက်ဆိုင်ဟု ထင်ရနိုင်ပြီး အချို့က “ဤသည်မှာ လုံးဝမသက်ဆိုင်သော အကြောင်းအရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် ယင်းကို မိတ်သဟာယဖွဲ့ရန် တင်ပြရသနည်း” ဟုပင် ပြောကောင်းပြောနိုင်သည်။ သင်တို့ မည်သို့ပင်တွေးပါစေ ဤအတွေးများကို ဘေးဖယ်ထားပြီး အသင်းတော်ဆိုသည်မှာ အကြောင်းကို ဦးစွာ စဉ်းစားဆင်ခြင်လော့။ ဤစကားလုံး၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ “အသင်းတော်” ဟူသော အမည်သညာကို ရှင်းလင်းစွာ မိတ်သဟာယ ဖွဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဤအကြောင်းအရာကို ငါတို့ အဘယ်ကြောင့် မိတ်သဟာယဖွဲ့နေသည်ကို သင်တို့ သိလာကြလိမ့်မည်။
၁။ အသင်းတော်နှင့်ပတ်သက်သည့် နားလည်မှုအချို့
အသင်းတော်ဆိုသည်မှာ အကြောင်းကို မိတ်သဟာယဖွဲ့ခြင်းသည် “အသင်းတော်” ဟူသော အမည်သညာ၏ ရှင်းလင်းပြီး တိကျသော ရှင်းလင်းချက်တစ်ခုကို ပေးရန်ဖြစ်သည်၊ ယင်းသည် “အသင်းတော်” ဟူသော ဝေါဟာရ၏ တိကျပြီး မှန်ကန်သော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆက်သွယ်ပြောကြားရန် ဖြစ်သည်။ ဦးစွာ သင်တို့သည် “အသင်းတော်” ဟူသော ဝေါဟာရကို မည်သို့ သိရှိခံစားပြီး သဘောပေါက်နားလည်သည်ကို ဆွေးနွေးနိုင်သည်။ အသင်းတော်ဆိုသည်မှာ အဘယ်နည်း။ သဘောတရားပိုင်းဆိုင်ရာ ရှင်းလင်းချက်ဖြင့် စလိုက်ကြစို့၊ ထို့နောက် ပိုမိုတိကျပြီး အတော်အတန် လက်တွေ့ကျသော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သို့ ဆက်သွားကြမည်။ (ကျွန်ုပ်၏ နားလည်မှုမှာ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမများက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် စုဝေးသည့်နေရာကို အသင်းတော်ဟု ခေါ်ပါသည်။) ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အသင်းတော်ဆိုသည်မှာ မည်သို့သောနေရာမျိုးဖြစ်သည်ကို ရည်ညွှန်းသည်၊ ယင်းသည် အခြေခံအားဖြင့် ကိုင်တွယ်ထိတွေ့နိုင်သော၊ ရုပ်ပိုင်းဆိုင်ရာ အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ သဘောတရားပိုင်းဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် တိကျမှန်ကန်သလော။ တိကျမှန်ကန်မှုမရှိသည့်အရာများ ရှိသလော။ သဘောတရားပိုင်းအရဆိုလျှင် ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် လက်ခံနိုင်ဖွယ်ရှိသည်။ မည်သူ ထပ်ဖြည့်စွက်နိုင်သေးသနည်း။ (ကျွန်ုပ် အနည်းငယ် ဖြည့်စွက်ပါမည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်အပြင် သူ၏ သမ္မာတရားကို ဖော်ပြခြင်းတို့ကြောင့် ဘုရားသခင်နောက်လိုက်သော လူတစ်စု ရှိလာသည်၊ ၎င်းတို့ ဖွဲ့စည်းသည့် စုပေါင်းအဖွဲ့ကို အသင်းတော်ဟု ခေါ်ပါသည်။) ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အသင်းတော်ဆိုသည်မှာ မည်သို့သော စုပေါင်းအဖွဲ့မျိုးဖြစ်သည်ကို ဖော်ပြသည်။ ဤသည်မှာလည်း နည်းလမ်းတကျဖြစ်သော သဘောတရားပိုင်းဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဖြစ်သည်။ (ဤလူအုပ်စုတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိပြီး ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် စုဝေးသည့်အခါ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်း ရှိကာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အသက်တာတွင် ကြီးထွားတိုးတက်နိုင်ကြသည်ကို ကျွန်ုပ် ထည့်ဖြည့်စွက်ပါမည်။ အသင်းတော်ဆိုသည်မှာ ထိုသို့သောလူများ၏ စုဝေးခြင်း ဖြစ်ပါသည်။) အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သို့ ဤဖြည့်စွက်ချက်သည် ယင်းမှာ မည်သို့သော စုဝေးခြင်းမျိုးဖြစ်သည်ကို ဖော်ပြသည်။ ဤစုဝေးခြင်းအတွက် အထူးပြုပုဒ်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိခြင်းနှင့် အသက်တာတွင် ကြီးထွားတိုးတက်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာလည်း အခြေခံအားဖြင့် အသင်းတော်၏ နည်းလမ်းတကျဖြစ်သော သဘောတရားပိုင်းဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဖြစ်သည်။ နောက်ထပ် ဖြည့်စွက်ချက်များ ရှိသေးသလော။ (ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းအဖြစ် မှတ်ယူပြီး သမ္မာတရားနှင့် ခရစ်တော်က အုပ်စိုးသော လူအုပ်စုတစ်စု ဖြစ်ပါသည်။ ဤအုပ်စုသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံနိုင်သည်၊ သမ္မာတရားကို လက်ခံနိုင်သည်၊ အသက်တာတွင် ကြီးထွားတိုးတက်နိုင်ပြီး ကယ်တင်ခြင်းခံရနိုင်သည်။ ထိုသို့သော အုပ်စုကို အသင်းတော်ဟု ခေါ်ပါသည်။) ဤ “အုပ်စု” သည် ယခုလေးတင် ပြောဆိုခဲ့သော “စုပေါင်းအဖွဲ့” နှင့် ဆင်တူသည်။ နောက်ထပ် ဖြည့်စွက်ချက်များ ရှိသေးသလော။ သင်တို့တွင် နောက်ထပ် ဖြည့်စွက်ချက်များ မရှိပါက အထက်တွင် ဖော်ပြခဲ့သော နားလည်မှုလေးမျိုးကို သင်တို့ ထပ်မံပြောဆိုနိုင်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း အစပြုချိန်မှ ယခုအထိ အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်အဖြစ် သင် အတိအကျ မည်သည့်အရာကို မှတ်ယူခဲ့သည်ကို ထပ်မံပြောဆိုနိုင်ပါသည်။ ယင်းကို သဘောတရားပိုင်းအရ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် လွယ်ကူသင့်သည် မဟုတ်လော။ ဥပမာအားဖြင့် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ပြီး ဝတ်ပြုကိုးကွယ်သော လူတို့၏ စုပေါင်းအဖွဲ့ကို အသင်းတော်ဟု ခေါ်ဆိုနိုင်သည်၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား လိုက်စားကာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော အုပ်စုတစ်စုကို အသင်းတော်ဟု ခေါ်ဆိုနိုင်သည်၊ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ဘုရားသခင်၏ မျက်မှောက်တော်ရှိပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်သော အုပ်စုတစ်စုကို အသင်းတော်ဟု ခေါ်ဆိုနိုင်သည်။ ဤသည်တို့မှာ အသင်းတော်၏ သဘောတရားပိုင်းဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များ မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိ ဤအထူးပြုပုဒ်များ၏ အကြောင်းအရာကို သင်တို့အားလုံး နားလည်ပြီး သိရှိကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယင်းကို ထပ်ပြောလော့။ (အသင်းတော်ဆိုသည်မှာ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး ခရစ်တော်နောက်လိုက်သော လူတို့၏ စုပေါင်းအဖွဲ့ကို ရည်ညွှန်းပါသည်။ စစ်မှန်သော အသင်းတော်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းညွှန်မှု ရှိသည်၊ ယင်းကို ခရစ်တော်နှင့် သမ္မာတရားက အုပ်စိုးသည်၊ ယင်းသည် ဘုရားသခင်၏ နောက်လိုက်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံကာ အသက်ဝင်ရောက်မှု ရှိသည့်နေရာ ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော အသင်းတော် ဖြစ်သည်။ အသင်းတော်သည် ဘာသာရေးအဖွဲ့အစည်းများနှင့် ကွဲပြားသည်။ အသင်းတော်သည် ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများ သို့မဟုတ် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း၏ အပြင်ပန်းပုံစံများတွင် မပါဝင်ပေ။) ဤသည်မှာ အခြေခံအားဖြင့် အသင်းတော်၏ သဘောတရားပိုင်းဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ဥပမာအားဖြင့် အသင်းတော်ကို ဘုရားသခင်က ခေါ်တော်မူသော လူများ စုဝေးသည့်နေရာအဖြစ် အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ သို့မဟုတ် အသင်းတော်ကို ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သော၊ လိုက်လျှောက်သော၊ ကျိုးနွံနာခံသော၊ ဝတ်ပြုကိုးကွယ်သော လူတို့၏ စုပေါင်းအဖွဲ့အဖြစ် အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ သို့မဟုတ် အသင်းတော်ကို ဘုရားသခင်က ခေါ်တော်မူသော လူတို့၏ စုဝေးခြင်းအဖြစ် အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း စသည်ဖြင့် ဤအမည်သညာများသည် ယုံကြည်သူများ၏ အမျိုးမျိုးသော အုပ်စုများက အသင်းတော်နှင့်ပတ်သက်၍ အခြေခံကျသော နားလည်မှုအချို့ သို့မဟုတ် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့ကို ထင်ဟပ်စေသည်။ အမျိုးမျိုးသော ဘာသာတရားများနှင့် ဂိုဏ်းဂဏများက အသင်းတော်ကို အတိအကျ မည်သို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုသည်ကို ငါတို့ မဆွေးနွေးဘဲနေကြစို့။ ဘုရားသခင်နောက်လိုက်သော ငါတို့အတွက် အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ယင်းသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သော၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိသော၊ ဘုရားသခင်၏ လမ်းညွှန်မှုရှိသော၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်သော၊ သမ္မာတရားကို လိုက်စားသော၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား လိုက်စားသော၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော လူအုပ်စုတစ်စုမျှသာ ဖြစ်သည်။ ယင်းကို နေရာတစ်ခု၊ စုပေါင်းအဖွဲ့တစ်ခု၊ စုဝေးခြင်းတစ်ခု၊ အုပ်စုတစ်ခု၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် အခြားမည်သည့်အရာအဖြစ်မဆို အနက်အဓိပ္ပာယ်ဖွင့်ဆိုသည်ဖြစ်စေ၊ မည်သည့်ဝေါဟာရကိုမဆို အသုံးပြုသည်ဖြစ်စေ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အထူးပြုပုဒ်များမှာ အခြေခံအားဖြင့် ဤသည်တို့ပင် ဖြစ်သည်။ လူတို့၏ အသင်းတော်နှင့်ပတ်သက်သည့် အခြေခံနားလည်မှုမှ အကဲဖြတ်ရသော်၊ “အသင်းတော်” ဟူသော အမည်သညာကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် သင်တို့ အသုံးပြုသည့် အထူးပြုပုဒ်များမှ ကြည့်သော် လူတို့သည် ဘုရားသခင်နောက်လိုက်ပြီး သမ္မာတရားအချို့ကို နားလည်သည်နှင့်တစ်ပြိုင်နက် အသင်းတော်နှင့်ပတ်သက်သည့် ၎င်းတို့၏ နားလည်မှုမှာ သာမန်အဖွဲ့အစည်း သို့မဟုတ် အုပ်စုတစ်ခုအဖြစ် မဟုတ်တောပေ။ ထိုအစား ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်နိုင်ခြင်း သို့မဟုတ် အသက်ဝင်ရောက်မှု၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ ဘုရားသခင်အတွက် သက်သေခံခြင်းနှင့် အခြားအရာများ ပါဝင်သည့် ကဏ္ဍများနှင့် သက်ဆိုင်နေတော့သည်။ ဤသို့ကြည့်လျှင် ဘုရားသခင်သည် သူ၏အမှုတော်ကို စတင်လုပ်ဆောင်ပြီးနောက် လူအများစု၏ စိတ်နှလုံးထဲရှိ “အသင်းတော်” ဟူသော အမည်သညာသည် ဘုရားသခင်၏ အသင်းတော်နှင့်ပတ်သက်သည့် စိတ်ကူးနှင့် ပိုမိုနီးကပ်စွာ ကိုက်ညီသော၊ ပိုမိုနက်ရှိုင်းပြီး တိကျသော သိရှိခံစားမှုနှင့် သဘောပေါက်နားလည်မှုတို့ကို ရရှိခဲ့ပြီးဖြစ်သည်။ ယင်းသည် အဆောက်အအုံတစ်ခု၊ လူမှုအဖွဲ့အစည်းတစ်ခု၊ ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် အခြားမည်သည့်အရာကဲ့သို့မျှ ရိုးရှင်းသောအရာတစ်ခု မဟုတ်တော့ပေ၊ ထိုအစား ယင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းကဲ့သို့သော အရာများနှင့် သက်ဆိုင်သည်။
၂။ အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် ယင်းလုပ်ဆောင်သော အလုပ်
အသင်းတော်၏ တိကျသော အယူအဆ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တို့နှင့် ပတ်သက်၍မူ ယခုအချိန်တွင် ငါတို့သည် ကောက်ချက်များကို အလျင်စလို ချမှတ်မည်မဟုတ်ချေ။ “အသင်းတော်” ဟူသော အမည်နာမ သို့မဟုတ် ယင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် သင်တို့တွင် အခြေခံ အယူအဆတစ်ခု ရှိပြီးနောက် အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုး၊ အသင်းတော်တစ်ခု တည်ရှိခြင်းမှ ဖြစ်ပေါ်လာသော အလုပ်နှင့် လူတို့ကြားတွင် အသင်းတော်တစ်ခုက ပါဝင်သည့် အခန်းကဏ္ဍကဲ့သို့သော အရာများကို သင်တို့ ရှင်းလင်းသလော။ ဤရှုထောင့်များ၏ အကြောင်းအရာသည် အသင်းတော်တစ်ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်လည်း သက်ဆိုင်သလော။ ရိုးရိုးရှင်းရှင်း ပြောရလျှင် အသင်းတော်တစ်ခု လုပ်ဆောင်သည့်အရာသည် ယင်းတည်ရှိခြင်း၏ တန်ဖိုးပင်ဖြစ်သည်။ ဥပမာအနေဖြင့် အိမ်တစ်လုံးကို ကြည့်လော့။ ဤအိမ်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းထဲ၌ နေထိုင်ပြီး ယင်းကို အသုံးပြုသော လူတို့အတွက် ယင်း၏ တန်ဖိုးနှင့် အရေးပါမှုမှာ အဘယ်နည်း။ အနည်းဆုံးတော့ ယင်းသည် လေနှင့်မိုးဒဏ်မှ အကာအကွယ် ပေးသည်၊ ယင်းမှာ ယင်း၏ တန်ဖိုးများထဲမှ တစ်ခုဖြစ်သည်၊ နောက်ထပ်တန်ဖိုးတစ်ခုမှာ သင် ပင်ပန်းနွမ်းနယ်ပြီး သွားစရာနေရာမရှိသည့်အခါ အိမ်သည် သင် အနားယူပြီး ငြိမ်သက်ခြင်းနှင့် ရောင့်ရဲခြင်းတို့ဖြင့် နေထိုင်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။ ဤအိမ်ကို နေအိမ်ဟု ခေါ်ဆိုကြသော်လည်း သင့်အတွက် ယင်း၏ အသုံးဝင်ပုံမှာ အဘယ်နည်း။ ယင်းသည် လေနှင့်မိုးဒဏ်မှ အကာအကွယ်ပေးသည်၊ အနားယူခြင်း၊ အပန်းဖြေခြင်း၊ လွတ်လပ်မှုကို ခံစားနိုင်စွမ်း စသည်တို့ကို ပေးသည်၊ ဤလုပ်ဆောင်ချက်များသည် သင့်အတွက် ဤအိမ်၏ တန်ဖိုးပင် ဖြစ်သည်။ ယခု တစ်ဖန် အသင်းတော်တစ်ခု၏ အခန်းကဏ္ဍမှာ အဘယ်နည်း။ ယင်း၏ ဖွဲ့စည်းခြင်းနှင့် တည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှုမှာ အဘယ်နည်း။ ရိုးရိုးရှင်းရှင်း ပြောရလျှင် အသင်းတော်တစ်ခုသည် မည်သည့်အရာကို လုပ်ဆောင်သနည်း၊ မည်သည့်အခန်းကဏ္ဍမှ ပါဝင်သနည်း။ ဤအကြောင်းကို သင်တို့ ရှင်းလင်းသလော။ အသင်းတော်ဟု ခေါ်ဆိုခံရရန်နှင့် ဤအလုပ်သည် စစ်မှန်သော အသင်းတော်တစ်ခု လုပ်ဆောင်သင့်သည့်အရာ ဖြစ်ရန်အတွက် အသင်းတော်တစ်ခုသည် မည်သည့် တိကျသော အလုပ် သို့မဟုတ် မည်သည့်အလုပ်အမျိုးအစားကို လုပ်ဆောင်သင့်သနည်း၊ ပြီးလျှင် ယင်း၏ အလုပ်၏ လုပ်ငန်းခွင်နယ်ပယ်တွင် မည်သည့်အရာများ ပါဝင်ရမည်နည်း။ ဤသည်မှာ အသင်းတော်တစ်ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ မိတ်သဟာယပြုသင့်သော တိကျသည့် အကြောင်းအရာအချို့ ဖြစ်သည်။ ပထမဦးစွာ အသင်းတော်တစ်ခုသည် အတိအကျအားဖြင့် မည်သည့်အလုပ်ကို လုပ်ဆောင်သနည်း။ (အဓိကအားဖြင့် ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိသည်၊ ဘုရားသခင်၏ အမှုတော်ကို သက်သေခံသည်၊ ပြီးလျှင် ဧဝံဂေလိတရားကို ဖြန့်ဝေသည်၊ ဤသို့ဖြင့် ပို၍များပြားသော လူများသည် ဘုရားသခင်ရှေ့မှောက်သို့ ရောက်ရှိလာပြီး ကိုယ်တော်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြစေရန် ဖြစ်ပါသည်။) ဤသည်မှာ တိကျသော တာဝန်တစ်ခုလော။ (ဟုတ်ပါသည်။) ဤသည်မှာ အသင်းတော်တစ်ခု တည်ရှိခြင်း၏ အရေးပါမှုနှင့် ယင်းလုပ်ဆောင်ရန် လိုအပ်သော တိကျသည့် တာဝန်များထဲမှ တစ်ခုဖြစ်သော်လည်း အားလုံးမဟုတ်သေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို သက်သေခံခြင်းသည် တိကျသော တာဝန်တစ်ခု ဖြစ်သည်။ ဤတာဝန်အတွက် မည်သူက တာဝန်ရှိသနည်း။ လက်ရှိ ဧဝံဂေလိအဖွဲ့ ဖြစ်သည်။ အသင်းတော်တစ်ခုသည် အခြား မည်သည့်အလုပ်ကို လုပ်ဆောင်သေးသနည်း။ (ညီအစ်ကိုမောင်နှမများ အတူတကွ စုဝေးရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ရန် စုစည်းပေးပြီး သူတို့ကို သမ္မာတရားကို အစဉ်မပြတ် နားလည်စေကာ သူတို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်နိုင်စေရန် ဖြစ်ပါသည်။) ဤတိကျသော တာဝန်မှာ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ စားသောက်ရန်၊ သမ္မာတရားကို နားလည်ရန်နှင့် သူတို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်ရန် ဦးဆောင်လမ်းပြခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်းသည် အသင်းတော်တစ်ခု၏ အဓိကကျပြီး အရေးကြီးသော တာဝန်တစ်ခု ဖြစ်သည်။ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ စားသောက်ရန်၊ သမ္မာတရားကို နားလည်ရန်နှင့် သူတို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်ရန် ဦးဆောင်လမ်းပြခြင်းသည် အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်ဖြစ်သည်၊ ဤသည်မှာ အတွင်းပိုင်းသို့ ဦးတည်သော အလုပ်ဖြစ်သည်။ ဤတာဝန်နှစ်ခုတွင် တစ်ခုမှာ အပြင်သို့ ဦးတည်ပြီး တစ်ခုမှာ အတွင်းသို့ ဦးတည်သည်၊ ယင်းတို့သည် အသင်းတော်တစ်ခု တည်ရှိခြင်းမှ ဖြစ်ပေါ်လာသော အလုပ်များ ဖြစ်ကြသည်။ ယင်းတို့ကို အသင်းတော်တစ်ခု လုပ်ဆောင်သင့်သော အရေးကြီးသည့် တာဝန်နှစ်ခုဟုလည်း ဆိုနိုင်ပါသည်။ အခြားအရာများ ရှိသေးသလော။ (နောက်ထပ် တာဝန်တစ်ခုမှာ လူတို့ သန့်စင်ခြင်းခံရရန်နှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန်အလို့ငှာ ဘုရားသခင်၏ တရားစီရင်မှုကို တွေ့ကြုံစေဖို့ ဦးဆောင်လမ်းပြခြင်း ဖြစ်ပါသည်။) ဤသည်မှာ အသင်းတော်တစ်ခု၏ တိကျသော အတွင်းပိုင်း တာဝန်တစ်ခု ဖြစ်သည်။ သင်တို့ ဖော်ပြခဲ့သည့် ဤတာဝန်အားလုံးသည် အခြေခံအားဖြင့် ကိုယ်စားပြုသော တာဝန်များ ဖြစ်ကြသည်။ အမျိုးမျိုးသော ပတ်ဝန်းကျင်များကို တွေ့ကြုံခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း စသည်တို့ကို တွေ့ကြုံခြင်းကဲ့သို့သော ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းသည် အဆုံးစွန်၌ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိပြီး ကယ်တင်ခြင်းကို ရရှိစေသည့် တိကျသော တာဝန်တစ်ခု ဖြစ်သည်။ ဤသည်မှာ အသင်းတော်တစ်ခု၏ ဖွဲ့စည်းခြင်းနှင့် တည်ရှိခြင်းက လူတို့အပေါ် သက်ရောက်သည့် အကျိုးသက်ရောက်မှု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းအလုပ်ကို ဧဝံဂေလိအဖွဲ့က ဆောင်ရွက်သည်သာမက ယင်းကို အမျိုးမျိုးသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ၊ ဓမ္မသီချင်းများ၊ အမျိုးမျိုးသော ဗီဒီယိုများနှင့် ရုပ်ရှင်များ စသည်တို့မှတစ်ဆင့်လည်း ပြီးမြောက်အောင်မြင်စေသည်၊ ဤသည်တို့မှာလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်းအလုပ်တွင် ပါဝင်သော တိကျသည့် အကြောင်းအရာများနှင့် စီမံကိန်းများ ဖြစ်ကြသည်။ ထို့အပြင် အသင်းတော်အသက်တာနှင့် သက်ဆိုင်သော တာဝန်များလည်း ရှိသည်။ သမ္မာတရားကို နားလည်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သိကျွမ်းနိုင်ခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိပြီး ကယ်တင်ခြင်းကို ရရှိရန်အလို့ငှာ တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်စဉ်အတွင်း ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်က စီစဉ်ပေးသော အမျိုးမျိုးသော ပတ်ဝန်းကျင်များကို တွေ့ကြုံခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ အသင်းတော်တစ်ခု ဖွဲ့စည်းပြီးနောက် ယင်းတည်ရှိခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် ဖြစ်ပေါ်လာသော လုပ်ငန်းတာဝန်အချို့ ဖြစ်ကြသည်။ ဤအဓိက တာဝန်များအပြင် အဓိကမကျသော အလုပ်များ ရှိသေးသလော။ အဓိကမကျသော အလုပ်များမှာ အဘယ်နည်း။ ၎င်းတို့သည် အရေးမကြီးသော သို့မဟုတ် အထွေထွေအရေးကိစ္စဆိုင်ရာ အလုပ်ကို ရည်ညွှန်းသည်၊ သို့သော်လည်း ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် သမ္မာတရားကို လိုက်စားရာတွင်လည်းကောင်း၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင်လည်းကောင်း အကျိုးကျေးဇူးအချို့ ရှိသည်၊ ဤအလုပ်သည် လူတို့၏ အသက်တာ ကြီးထွားတိုးတက်မှုနှင့် ကိစ္စရပ်များအပေါ် ၎င်းတို့၏ အမြင်များ ပြောင်းလဲခြင်းကို အပြုသဘောဆောင်သည့် အထောက်အကူပြုနိုင်သည်။ အထူးအခြေအနေများတွင် အသင်းတော်အလုပ်မှ ပေါ်ပေါက်လာသည့် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ ရှင်သန်မှုနှင့် သက်ဆိုင်သော အထွေထွေအရေးကိစ္စဆိုင်ရာ အလုပ်သည် အသင်းတော်တစ်ခု၏ မရှိမဖြစ်လိုအပ်သော အလုပ်အဖြစ် သတ်မှတ်ခြင်းခံရသလော။ ဥပမာအားဖြင့် လယ်ယာစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းနှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသောသူများအတွက် လိုအပ်သော အစားအစာအချို့ကို ထောက်ပံ့ပေးသည့် အခြားသော လှုပ်ရှားမှုများဖြစ်သည့် ဤသည်တို့သည် အသင်းတော်၏ အဓိကကျသော အလုပ်အဖြစ် သတ်မှတ်ခြင်းခံရသလော။ (မခံရပါ။) မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသောသူများအတွက် ကွန်ပျူတာများ၊ စက်ပစ္စည်းများနှင့် အခြားအရာများကို ထောက်ပံ့ပေးခြင်းမှာရော အဘယ်နည်း။ ဤသည်တို့သည် အသင်းတော်၏ အနှစ်သာရရှိသော အလုပ်အဖြစ် သတ်မှတ်ခြင်းခံရသလော။ (မခံရပါ။) သို့ဆိုလျှင် အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဤသည်မှာ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သက်ဆိုင်သည်။ အသင်းတော်နှင့်ပတ်သက်သည့် သင်တို့၏ ယခင်က အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် ကောင်းမွန်သည်၊ ငါသည် ယင်းတို့နှင့်ပတ်သက်၍ အတော်အတန် ကျေနပ်ခဲ့သည်၊ အကြောင်းမှာ သင်တို့၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များရှိ အထူးပြုပုဒ်များသည် လူတို့၏ အသက်ဝင်ရောက်မှု၊ ၎င်းတို့၏ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းနှင့် လိုက်လျှောက်ခြင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းကဲ့သို့သော အလွန်ပင် ပိုမိုမြင့်မားသည့် သမ္မာတရားများနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဤအချက်ကို ထောက်ရှု၍ အသင်းတော်တစ်ခု တည်ရှိခြင်းသည် လူတို့ကို နွေးထွေးစွာနှင့် အစာရေစာ ဝလင်စွာ ထားရှိခြင်း၊ ၎င်းတို့ကို ကျန်းမာစွာ ထားရှိခြင်း သို့မဟုတ် ၎င်းတို့၏ အလားအလာများကို ကြည့်ရှုပေးခြင်းကဲ့သို့သော လူတို့၏ ဇာတိပကတိဆိုင်ရာ အသက်တာ၊ အကျိုးစီးပွားတို့နှင့် သက်ဆိုင်သည့်အရာများအတွက် လုံးဝမဟုတ်ပေ။ အသင်းတော်တစ်ခုသည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ ရှင်သန်မှုကို ထောက်ပံ့ရန် သို့မဟုတ် လူတို့ကို ဇာတိပကတိ၏ အသက်တာကို ပိုမိုကောင်းမွန်စွာ မွေ့လျော်ခံစားခွင့်ပြုရန် တည်ရှိခြင်းမဟုတ်ပေ။ အချို့လူများက “ဒါ မမှန်ဘူး။ ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာနှင့် ရှင်သန်မှုအကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ပြထားပြီး ယင်းက ကျွန်ုပ်တို့ကို ခေတ်မီအနုပညာအချို့နှင့် ကျန်းမာစွာနေထိုင်ခြင်းအကြောင်း အသိပညာကို သင်ယူရန် ပြောထားသည်။ ဤအရာများသည် ကျွန်ုပ်တို့၏ ရှင်သန်မှုနှင့် မသက်ဆိုင်ဘူးလား” ဟု ပြောကြသည်။ ဤသည်တို့ကို အသင်းတော်၏ အနှစ်သာရရှိသော အလုပ်အဖြစ် မှတ်ယူသလော။ (မယူပါ။) အသင်းတော်တစ်ခုသည် ဘုရားသခင်ကို ယုံကြည်သူများဖြင့် ဖွဲ့စည်းထားပြီး လူတို့၏ အသက်တာများတွင် အစားအသောက်၊ အဝတ်အစား၊ အမိုးအကာ၊ သယ်ယူပို့ဆောင်ရေးနှင့် နေ့စဉ် လိုအပ်ချက်များမှာ သဘာဝအတိုင်း ပါဝင်သောကြောင့် အသင်းတော်သည် လူတို့အား ဤကိစ္စရပ်များကို တစ်လက်စတည်း ဖြေရှင်းပေးသည်။ ဤအရာများ ဖြေရှင်းပြီးသည့်အခါ လူတို့က “အသင်းတော်က ကျွန်ုပ်တို့၏ နေ့စဉ်လိုအပ်ချက်များအတွက်လည်း တာဝန်ရှိသည်။ ဤသည်မှာ အသင်းတော်၏ ပုံမှန်အလုပ်နှင့် အနှစ်သာရရှိသော အလုပ်ဖြစ်သည်” ဟု ထင်ကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤနားလည်မှုလွဲခြင်းကို အဘယ်အရာက ဖြစ်စေသနည်း။ (၎င်းတို့သည် အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်မှာ အဘယ်အရာဖြစ်သည်ကို ရှင်းလင်းစွာ မသိကြပါ။) အဘယ်ကြောင့် ၎င်းတို့သည် ဤအကြောင်းကို ယခုအချိန်အထိပင် ရှင်းလင်းစွာ မသိကြသေးသနည်း။ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းတွင် ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ၎င်းတို့၏ နားလည်သဘောပေါက်နိုင်စွမ်းတွင် ပြဿနာတစ်ခု ရှိနေရသနည်း။ ဤသည်မှာ အစွမ်းအစနှင့်သက်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ နောက်ဆုံးတွင် ယင်းသည် အစွမ်းအစ ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ပေသည်။
အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်နှင့်ပတ်သက်၍ အချက်သုံးချက်ကို ယခုလေးတင် ဖော်ပြခဲ့သည်။ တစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံခြင်းနှင့် ဖြန့်ချိခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ စားသောက်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် လူတို့ကို ဦးဆောင်လမ်းပြခြင်း၊ ပြီးလျှင် လူတို့ သမ္မာတရားကို နားလည်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန်နှင့် သူတို့၏ တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် ကူညီခြင်း ဖြစ်သည်။ ပြီးလျှင် နောက်ထပ်တစ်ခုမှာ လူတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းအပေါ် အခြေခံလျက် ဘုရားသခင်၏ အမှုတော်ကိုလည်းကောင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကိုလည်းကောင်း တွေ့ကြုံခံစားစေရန်၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီး စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိစေရန် ဦးဆောင်လမ်းပြခြင်း ဖြစ်သည်။ ဤအရာအားလုံးသည် လူတို့ ကယ်တင်ခြင်းကို ရရှိနိုင်စေရန် ပန်းတိုင်သို့ ဦးတည်သည်။ ဤအချက်သုံးချက်ကို ကောင်းစွာ အကျဉ်းချုပ်ထားသည်၊ ယင်းတို့သည် အသင်းတော်တစ်ခု လုပ်ဆောင်ရန် လိုအပ်သော အလုပ်ဖြစ်ပြီး လူသားမျိုးနွယ်အတွက်၊ အသင်းသားများအတွက်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှု ဖြစ်သည်။ သို့သော် ဤသည်မှာ အတော်အတန် ပြည့်စုံခြင်းမရှိသေးပေ။ ဤအနှစ်သာရရှိသော အလုပ်များအပြင် အသင်းတော်များက လုပ်ဆောင်သည့် ဤအလုပ်ကို တွေ့ကြုံခံစားခြင်းမှလွဲ၍ လူတို့သည် အခြား မည်သည့် အနှစ်သာရရှိသော အကျိုးကျေးဇူးများကို ရရှိသည်ကို ထပ်မံစဉ်းစားကြည့်လော့။ (လူတို့သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ရန် သင်ယူကြပါသည်။) အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ခြင်းသည် အတော်အတန် နီးစပ်သည်၊ ယင်းသည် အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်နှင့် သက်ဆိုင်သည်။ ငါတို့သည် အနှစ်သာရရှိသော အလုပ်အကြောင်းကို ပြောဆိုသည့်အခါ ကိုယ်စားပြုသော အလုပ်တာဝန်များအကြောင်းကို ပြောဆိုနေခြင်း ဖြစ်သည်။ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ လူတို့ စွမ်းဆောင်ရရှိသည့် အပြုသဘောဆောင်သော အကျိုးအမြတ်များဖြစ်စေ၊ လူတို့ လုပ်ဆောင်သော သို့မဟုတ် တွေ့ကြုံခံစားသော အသင်းတော်များက ဆောင်ရွက်သည့် အလုပ်အချို့ဖြစ်စေ ဖြစ်သည်။ ဤအနှစ်သာရရှိသော အလုပ်များအပြင် အသင်းတော်တစ်ခု တည်ရှိခြင်း၏ နောက်ထပ်တန်ဖိုးတစ်ခုမှာ လူတို့ကို လူသားမျိုးနွယ်၊ လောကနှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုကို နားလည်စေရန် ကူညီခြင်း ဖြစ်သည်။ ဤသည်မှာ သင်တို့ မိတ်သဟာယဖွဲ့ခဲ့သော အလုပ်သုံးခုအပြင် အသင်းတော်တစ်ခု၏ နောက်ထပ်အနှစ်သာရရှိသော အလုပ်တစ်ခု ဟုတ်သလော။ ဤသည်မှာ တိကျသော အလုပ်တစ်ခုလော။ (ဟုတ်ပါသည်။) ပထမ အလုပ်သုံးခုနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ အဓိကမကျသော အလုပ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့် ယင်းကို အဓိကမကျဟု မှတ်ယူရသနည်း။ အကြောင်းမှာ ယင်းသည် လူတို့က ပထမ အလုပ်သုံးခုကို တွေ့ကြုံခံစားခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိသည့် ရလဒ်တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။ ယင်းကို ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သမ္မာတရားကို နားလည်ခြင်း၊ မိမိကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်းတို့မှတစ်ဆင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ ရလဒ်မှာ လူတို့သည် ဤကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်၊ ဤမှောင်မိုက်သော လောကနှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုကို နားလည်လာကြခြင်း ဖြစ်သည်။ ဤရလဒ်ကို ယခုအခါ တစ်စိတ်တစ်ပိုင်း စွမ်းဆောင်ရရှိပြီးပြီလော။ (ရရှိပြီးပါပြီ။) ဤသည်မှာ အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုး မဟုတ်လော။ ဤသည်မှာ ဘုရားသခင်နောက်လိုက်သောသူများအတွက် အသင်းတော်တစ်ခု တည်ရှိခြင်းက ရှိသင့်သည့် လုပ်ဆောင်ချက်နှင့် အကျိုးသက်ရောက်မှု မဟုတ်လော။ (ဟုတ်ပါသည်။) တစ်ဖက်တွင် ယင်းတွင် ဤဓမ္မဓိဋ္ဌာန်ကျသော အကျိုးသက်ရောက်မှု ရှိသည်၊ ထို့အပြင် အသင်းတော်များသည်လည်း ဤအလုပ်ကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ဆောင်ရွက်နေကြသည်။ ဤအလုပ်တွင် မည်သည့် တိကျသော စီမံကိန်းများ ပါဝင်သနည်း။ ဥပမာအားဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူများက ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို တွေ့ကြုံခံစားရခြင်းအကြောင်း ရုပ်ရှင်များ ဖြစ်သည်။ တစ်ဖက်တွင် ဤသည်တို့မှာ ဘုရားသခင်နောက်လိုက်သောသူများက စာတန်၏ ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရသည့်အခါ ပေးသော သက်သေခံချက်များ ဖြစ်သည်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဤကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်၊ ဤမှောင်မိုက်သော လောကနှင့် အမှောင်၏ ဩဇာလွှမ်းမိုးမှုတို့က ဘုရားသခင်နှင့် သမ္မာတရားကို မည်သို့ အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချသည်ကိုလည်းကောင်း၊ ဘုရားသခင်နောက်လိုက်သောသူများကို ၎င်းတို့ ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက်သည့် အမျိုးမျိုးသော နည်းလမ်းများကိုလည်းကောင်း ဖော်ထုတ်နေခြင်း ဖြစ်သည်။ ဤအရာများကို ဖော်ထုတ်နေစဉ် ရုပ်ရှင်များသည် လူတို့ကို ဤရှုထောင့်မှ လူသားမျိုးနွယ်ကိုလည်းကောင်း၊ လောကကိုလည်းကောင်း၊ အမှောင်၏ ဩဇာလွှမ်းမိုးမှုကိုလည်းကောင်း နားလည်စေရန် ကူညီသည်။ အချို့လူများက “‘လူသားမျိုးနွယ်နှင့် လောကကို နားလည်ခြင်း’ ဖြင့် သင် မည်သည့်အရာကို ဆိုလိုသနည်း” ဟု ပြောကြသည်။ ယင်းက မည်သည့်အရာကို ဆိုလိုသည်ဟု သင်တို့အားလုံး ထင်သနည်း။ (လူသားမျိုးနွယ်နှင့် လောက၏ အမှောင်ထုနှင့် ကောက်ကျစ်ဆိုးယုတ်မှုကို နားလည်ခြင်းအပြင် လူသားမျိုးနွယ်တစ်ရပ်လုံး ဘုရားသခင်၏ ရန်သူများဖြစ်ခြင်း၏ အနှစ်သာရကို နားလည်ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းသည် လူသားမျိုးနွယ်၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် အမှောင်ထုကို နားလည်ခြင်း၊ ဘုရားသခင်၏ ရန်သူများအဖြစ် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာများနှင့် စရိုက်မှန်ကို နားလည်ခြင်းကို ဆိုလိုသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းအကြောင်း ဗီဒီယိုများ သို့မဟုတ် ပုဂ္ဂိုလ်ရေး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များသည် အသင်းတော်များက လုပ်ဆောင်သည့် ဤအလုပ်၏ တိကျသော ဥပမာများ ဖြစ်ကြသည်။ ထို့အပြင် ရိုးရာယဉ်ကျေးမှု၊ လူ့ကိုယ်ကျင့်တရားဆိုင်ရာ အမြင်များ၊ အချို့သော တိုင်းရင်းသားအုပ်စုများ သို့မဟုတ် လူမျိုးများ၏ အတွေးအခေါ်များအပြင် တရုတ်ပြည်ရှိ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ ရိုးရာအယူဝါဒများ၊ သမ္မာတရားအတုအယောင်အချို့နှင့် လူတို့ကို ချည်နှောင်ပြီး ၎င်းတို့၏ အတွေးအခေါ်များကို ဘောင်ခတ်သော မိသားစုစည်းမျဉ်းများနှင့် ပြုစုပျိုးထောင်ခြင်းတို့ကို ဖော်ထုတ်ခြင်းဟူသည့် ဤအရာများကို ဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသည်မှာ မည်သည့်အလုပ်အမျိုးအစားအောက်တွင် ကျရောက်သနည်း။ ကျွန်ုပ် ယခင်က “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသော ပုံပြင်တွင် စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့် အကြောင်းအရာသည် လောက၊ လူသားမျိုးနွယ်နှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုကို နားလည်ခြင်း၏ အစိတ်အပိုင်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဤအလုပ်၏ တိကျသော အကြောင်းအရာ၏ ဥပမာတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ဤအလုပ်သည်လည်း အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့် တိကျသော အလုပ်တစ်ခု ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် အသင်းတော်တစ်ခု၏ အလုပ်မှာ တစ်ဖက်တွင် လူတို့ကို ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိစေရန် ဦးဆောင်လျက် သမ္မာတရားမှတစ်ဆင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ အပြုသဘောဆောင်စွာ လမ်းညွှန်ရန် ဖြစ်သည်။ အခြားတစ်ဖက်တွင် လူတို့သည် ဤကောက်ကျစ်ဆိုးယုတ်သော ခေတ်၏ စစ်မှန်သော သဘာဝနှင့် အနှစ်သာရကို နားလည်နိုင်စေရန်အလို့ငှာ စာတန်ဆန်သော၊ မှောင်မိုက်သော လောကကို ဖော်ထုတ်ရန်၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် စာတန်၏ အမျိုးမျိုးသော ရန်လိုသည့် လုပ်ရပ်များကို ဖော်ထုတ်ရန်၊ လူ့အဖွဲ့အစည်းရှိ ဆိုးယုတ်သော ရေစီးကြောင်းများ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အမျိုးမျိုးသော စိတ်ကူးများနှင့် အယူအဆများအပြင် ၎င်းတို့၏ မိစ္ဆာဒိဋ္ဌိအယူဝါဒများ၊ မှားယွင်းသော အယူအဆများ စသည်တို့ကို ဖော်ထုတ်ရန် ဖြစ်သည်။ ဤသည်မှာ အသင်းတော်၏ အနှစ်သာရရှိသော အလုပ် မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်မှာ သင်တို့သည် အသင်းတော်၏ အလုပ်မှ များစွာ ရရှိပြီးဖြစ်ကာ အနှစ်သာရရှိသော အကျိုးကျေးဇူးများကို ရရှိပြီးဖြစ်သည်။ အသင်းတော်ရှိ လူများနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားသောသူများဖြစ်စေ၊ သမ္မာတရားကို စိတ်မဝင်စားသောသူများဖြစ်စေ ဘုရားသခင်နောက် သုံးနှစ်မှ ငါးနှစ်အထိ လိုက်ပြီးနောက် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရန် စုဝေးခြင်းများမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းမှတစ်ဆင့်၊ ဘာသာတရား မရှိသူများထံမှ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အသရေဖျက်ခြင်း၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ထံမှ နှောင့်ယှက်ခြင်းများနှင့် အခြားအမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို တွေ့ကြုံခံစားခြင်းတို့မှတစ်ဆင့်၊ ၎င်းတို့သည် ဤမှောင်မိုက်သော လောက၊ ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်၊ အုပ်စိုးသူ အာဏာပိုင်များနှင့် တစ်ကမ္ဘာလုံး၏ အမှောင်၏ဩဇာလွှမ်းမိုးမှုတို့အပေါ် ပိုင်းခြားသိမြင်မှုနှင့် သိနားလည်မှုအချို့ အမှုမဲ့အမှတ်မဲ့ ရှိလာကြလိမ့်မည်။ ဤသည်တို့မှာ ၎င်းတို့ စွမ်းဆောင်ရရှိသည့် အကျိုးအမြတ်များ ဖြစ်ကြသည်။ ပြီးလျှင် ဤအကျိုးအမြတ်များမှာ မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းတို့ကို အသင်းတော်များ တည်ရှိခြင်းက ဆောင်ကြဉ်းပေးခြင်းလော။ ၎င်းတို့ကို အသင်းတော်များက လုပ်ဆောင်သည့် အလုပ်က ဆောင်ကြဉ်းပေးခြင်းလော။ (ဟုတ်ပါသည်။) တစ်ဖက်တွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အမှုတော်နှင့် စိတ်သဘောထားတို့အပေါ် အချို့သော နားလည်မှုကို ရရှိခဲ့ကြသည်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် လောက၊ လူသားမျိုးနွယ်နှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုတို့အပေါ် အချို့သော သက်ဆိုင်ရာ အသိတရားနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းကိုလည်း ရရှိခဲ့ကြသည်။ လူတို့အပေါ် ဤအကျိုးအမြတ်နှစ်ခု၏ ရလဒ်များနှင့် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများသည် ၎င်းတို့ ကယ်တင်ခြင်းကို ရရှိရန် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။
အသင်းတော်တစ်ခု၏ အလုပ်ကို အကျဉ်းချုပ်ရလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို ဖြန့်ချိခြင်းနှင့် သက်သေခံခြင်း၊ ပြီးလျှင် လူတို့ သမ္မာတရားကို နားလည်နိုင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ရန်နှင့် ၎င်းတို့၏ တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်လမ်းပြခြင်း ဖြစ်သည်။ ထို့အပြင် သမ္မာတရားကို နားလည်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားနိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားကာ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုကို စွမ်းဆောင်ရရှိနိုင်သည်။ ဤအချက်သုံးချက်အပြင် လူတို့ကို ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်၊ မှောင်မိုက်သော လောကနှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုကို နားလည်စေရန် ကူညီခြင်း ပါဝင်လေသည်။ အသင်းတော်တစ်ခု၏ အလုပ်၏ စီမံကိန်းများသည် များပြားခြင်းမရှိသော်လည်း တိကျသော အကြောင်းအရာမှာ အလွန်ကျယ်ပြန့်သည်။ အကြောင်းအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား၊ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့နှင့် သက်ဆိုင်သည်၊ ယင်းသည် ကယ်တင်ခြင်းခံရခြင်းနှင့် ပို၍ပင် သက်ဆိုင်သည်မှာ ပြောစရာမလိုပေ။ ဤသည်မှာ အသင်းတော်တစ်ခု၏ လုပ်ဆောင်ချက်နှင့် အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုး ဖြစ်သည်။ အသင်းတော်တစ်ခု၏ အလုပ်၏ ရှုထောင့်တိုင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့် နီးကပ်စွာ ဆက်စပ်နေသည်၊ အကြောင်းမှာ ယင်းသည် လူတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ သဘောထားပြုမူသည်နှင့် သက်ဆိုင်သည်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် သက်ဆိုင်သည်၊ ၎င်းတို့၏ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည်၊ ပြီးလျှင် လောက၊ လူသားမျိုးနွယ်နှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုတို့အပေါ် ၎င်းတို့၏ အမြင်များနှင့် သဘောထားများနှင့်လည်း သက်ဆိုင်သောကြောင့် ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော်၊ အသင်းတော်တစ်ခု တည်ရှိခြင်းသည် လူတိုင်းနှင့် နီးကပ်စွာ ဆက်စပ်နေပြီး၊ အသင်းတော်တစ်ခု ပါဝင်လုပ်ဆောင်သည့် အလုပ်အပြင် ယင်းတည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှုသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသော လူတိုင်းနှင့် ခွဲခွာ၍မရသော ဆက်စပ်မှုရှိသည်။
အသင်းတော်တစ်ခု လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော အလုပ်အကြောင်း မိတ်သဟာယဖွဲ့ပြီးနောက် “အသင်းတော်” ဟူသော အမည်သညာနှင့် အသင်းတော်တစ်ခု တည်ရှိခြင်း၏ အရေးပါမှုတို့နှင့်ပတ်သက်၍ လူတို့၌ ရှိသော မသင့်လျော်သည့် အနက်ဖွင့်ဆိုချက်များနှင့် အမြင်များကို ငါတို့ မိတ်သဟာယဖွဲ့ကြစို့။ ပထမဦးစွာ လူတို့သည် အသင်းတော်ကို အတော်အတန် နှစ်သိမ့်မှုပေးသော နေရာတစ်ခု၊ နွေးထွေးမှုနှင့် နေရောင်ခြည်တို့ဖြင့် ပြည့်နေသော နေရာတစ်ခု၊ ပဋိပက္ခ၊ စစ်၊ သတ်ဖြတ်ခြင်း သို့မဟုတ် သွေးချောင်းစီးမှုတို့မှ ကင်းမဲ့သော အတော်အတန် ဖော်ရွေသည့် နေရာတစ်ခု၊ လူတို့၏ စိတ်နှလုံးများက တမ်းတပြီး ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေသော စံပြနေရာတစ်ခုအဖြစ် ထင်မှတ်ကြသည်။ ဤနေရာတွင် မနာလိုဝန်တိုခြင်း သို့မဟုတ် ပဋိပက္ခ၊ ကျိတ်ကြံစည်မှု၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ သို့မဟုတ် ဘာသာတရား မရှိသူများ၏ လောကတွင် တွေ့ရသည့် အခြားမည်သည့် ဖြစ်စဉ်မျှ မရှိပေ။ ယင်းကို လူတို့က မိမိတို့၏ စိတ်နှလုံးများကို ကျောက်ချရပ်နားနိုင်သည့် စံပြဆိပ်ကမ်းတစ်ခုအဖြစ် ရှုမြင်ကြသည်။ “အသင်းတော်” ဟူသော အမည်သညာနှင့်ပတ်သက်၍ လူတို့၏ စိတ်ကူးစိတ်သန်းများ မည်မျှပင် လှပသည်ဖြစ်စေ၊ အချုပ်အားဖြင့် လူတို့သည် အသင်းတော်၌ ဝိညာဉ်ရေးရာ အထောက်အပံ့ ပမာဏတစ်ခုကို ရှာတွေ့ကြသည်။ ဤဝိညာဉ်ရေးရာ အာဟာရသည် လူတို့အတွက် ပို၍ လက်ဆုပ်လက်ကိုင်ပြနိုင်သော လုပ်ဆောင်ချက်တစ်ခု ရှိသည်၊ ၎င်းတို့ အခက်အခဲများ ကြုံတွေ့ရသည့်အခါ မိမိတို့၏ ဒုက္ခများကို ထုတ်ဖော်ပြောဆိုရန် အသင်းတော်ထံ လာနိုင်ပြီး အသင်းတော်က ၎င်းတို့အား စိုးရိမ်ပူပန်မှုများကို သက်သာစေရန်နှင့် ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းပေးရန် ကူညီနိုင်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် အလုပ်၌ဖြစ်စေ၊ ဘဝ၌ဖြစ်စေ အခက်အခဲများ ကြုံတွေ့ရလျှင်၊ ၎င်းတို့၏ သားသမီးများက မနာခံလျှင်၊ ၎င်းတို့၏ ခင်ပွန်း သို့မဟုတ် ဇနီးက ဖောက်ပြန်လျှင်၊ ယောက္ခမနှင့် ချွေးမတို့ကြား ပဋိပက္ခများ ရှိလျှင်၊ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် အိမ်နီးချင်းများနှင့် အငြင်းပွားမှုများ ရှိလျှင်၊ ၎င်းတို့၏ သားသမီးများ အနိုင်ကျင့်ခံရလျှင်၊ ၎င်းတို့၏ လယ်မြေကို ဒေသခံ အနိုင်ကျင့်ဗိုလ်ကျသူတစ်ဦးက သိမ်းပိုက်လျှင် စသည်ဖြင့် ဤအရာများ ဖြစ်ပျက်သည့်အခါ လူတို့သည် အသင်းတော်မှ တစ်စုံတစ်ဦးက ၎င်းတို့အတွက် ရပ်တည်ပေးပြီး ဤကိစ္စရပ်များကို ဖြေရှင်းကာ စီစဉ်ဆောင်ရွက်ပေးရန် ကူညီလိမ့်မည်ဟု မျှော်လင့်ကြသည်။ လူတို့၏ စိတ်ထဲတွင် အသင်းတော်သည် ထိုသို့သော နေရာတစ်ခု ဖြစ်သည်။ သံသယဖြစ်ဖွယ်မရှိဘဲ လူတို့၏ စိတ်ထဲတွင် အသင်းတော်သည် ခိုလှုံရာတစ်ခု၊ စံပြသုခဘုံတစ်ခု၊ စိုးရိမ်ပူပန်မှုများကို သက်သာစေပြီး အခက်အခဲများကို ဖြေရှင်းပေးရန်၊ အကြမ်းဖက်မှုကို ဖယ်ရှားရှင်းလင်းပြီး ကြင်နာတတ်သူများကို ငြိမ်းချမ်းစွာ နေထိုင်ခွင့်ပြုရန်နှင့် တရားမျှတမှုကို ထိန်းသိမ်းရန် နေရာတစ်ခု ဖြစ်သည်။ အသက်တာ ခက်ခဲလာလျှင် အသင်းတော်က ကယ်ဆယ်ရေး ထောက်ပံ့သင့်သည်၊ စားစရာ ဟင်းသီးဟင်းရွက်မရှိဘဲ ချက်စရာ ဆန်မရှိလျှင် အသင်းတော်က ၎င်းတို့ကို ဖြန့်ဝေပေးသင့်သည်၊ အဝတ်အစားမရှိလျှင် အသင်းတော်က ဝယ်ပေးသင့်သည်၊ တစ်စုံတစ်ဦး နာမကျန်းဖြစ်လျှင် အသင်းတော်က ကုသမှုစရိတ်ကို ပေးချေသင့်သည်။ တစ်စုံတစ်ဦး အလုပ်၌ အခက်အခဲများ ကြုံတွေ့ရသည့်အခါ အသင်းတော်မှ ညီအစ်ကိုမောင်နှမများက ကူညီသောလက်တစ်စုံကို ကမ်းလှမ်းသင့်သည်၊ သြဇာအာဏာကိုအသုံးပြုခြင်း၊ အဆက်အသွယ်များကို အသုံးချခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်းတို့ကို ပြုလုပ်သင့်သည်။ လူတစ်ဦး၏ သားသမီးများက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ဖြေဆိုသည့်အခါ ၎င်းတို့၏ သားသမီးများ တက္ကသိုလ်သို့ အောင်မြင်စွာ ဝင်ခွင့်ရရှိရေးကို သေချာစေရန် ကြိုးပမ်းလျက် ၎င်းတို့အတွက် ဆုတောင်းပေးရန် ပို၍များသော လူများကို ရှာဖွေဖို့ အသင်းတော်ကို အားကိုးအားထားပြုကြသည်။ မည်သည့်အခက်အခဲများကို ကြုံတွေ့ရသည်ဖြစ်စေ၊ အသင်းတော်ထံ လာသရွေ့ ဤအခက်အခဲအားလုံးကို ဖြေရှင်းနိုင်ပြီး စီစဉ်ဆောင်ရွက်ပေးနိုင်ပေသည်။ ဆိုးယုတ်သောလူများ၏ လက်ထဲတွင် မတော်မတရား ပြုမူဆက်ဆံခြင်းကို ခံရလျှင်ပင် လူများစွာနှင့် ဩဇာလွှမ်းမိုးမှုကြီးမားသော အသင်းတော်က ကိစ္စရပ်များကို ဖြေရှင်းပေးနိုင်သည်။ လူများစွာ၏ အားပေးမှု၊ ထောက်ခံမှုဖြင့် လူတစ်ဦးသည် လူမိုက်များ၏ အနိုင်ကျင့်ခြင်းကို နောက်ထပ် ကြောက်ရွံ့ခြင်း သို့မဟုတ် စိုးရိမ်ခြင်း ရှိတော့မည် မဟုတ်ပေ။ လူ့အဖွဲ့အစည်းတွင် အနိုင်ကျင့်ခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းရန် နည်းလမ်းမရှိဘဲ အစဉ်မပြတ် ရုန်းကန်နေရသည့်အခါတွင်ပင် လူတစ်ဦးသည် အသင်းတော်ထံမှ အကူအညီနှင့် အကြံဉာဏ်ကောင်းများကို ရှာဖွေနိုင်ပြီး သင့်တော်သော အလုပ်ကို ရှာဖွေနိုင်သည် ဟူ၍ဖြစ်သည်။ ဤအရာအားလုံးနှင့် နောက်ထပ်များစွာတို့သည် လူတို့က အသင်းတော်တစ်ခုက ပါဝင်ဆောင်ရွက်သင့်သည့် အခန်းကဏ္ဍနှင့် လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်ဟု ယုံကြည်ကြသောအရာများ ဖြစ်သည်။ လူတို့၏ အတွေးများနှင့် အယူအဆများမှဖြစ်စေ၊ အသင်းတော်တစ်ခုထံမှ ၎င်းတို့ တောင်းဆိုသည့်အရာမှဖြစ်စေ အကဲဖြတ်ရလျှင် ၎င်းတို့သည် အသင်းတော်ကို လူမှုဖူလုံရေးအဖွဲ့အစည်းတစ်ခု၊ ပရဟိတအဖွဲ့အစည်းတစ်ခု၊ အိမ်ထောင်ရေး အကျိုးဆောင်လုပ်ငန်း သို့မဟုတ် လူသစ်ရှာဖွေရေး အေဂျင်စီတစ်ခု သို့မဟုတ် ကြက်ခြေနီအသင်းတစ်ခုအဖြစ် သံသယဖြစ်ဖွယ်မရှိဘဲ ရှုမြင်ကြသည်မှာ ရှင်းလင်းသည်။ အချို့ကမူ ၎င်းတို့သည် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အကြားတွင် မည်မျှပင် အရည်အချင်းရှိသည်ဖြစ်စေ၊ ၎င်းတို့၏ အဆင့်အတန်း မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် အားကိုးရန် တန်ခိုးသြဇာကြီးမားသည့် အင်အားစုတစ်ခုကို အမြဲလိုအပ်သည်ဟုပင် ထင်မှတ်ကြသည်။ ၎င်းတို့ လူ့အဖွဲ့အစည်းတွင် အခက်အခဲများ ကြုံတွေ့ရသည့်အခါ သို့မဟုတ် အာဏာရှိသူများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့ကို ထောက်ခံရန်၊ ၎င်းတို့အတွက် ပြောဆိုပေးရန်၊ ၎င်းတို့အတွက် ဦးစီးဦးရွက်လုပ်ပေးရန်နှင့် ၎င်းတို့၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများအတွက် တိုက်ခိုက်ပေးရန် အင်အားကြီးသော အင်အားစုတစ်ခုကို လိုအပ်သည်။ ၎င်းတို့၏ အမြင်တွင် အသင်းတော်သည် ဤအခန်းကဏ္ဍကို ဖြည့်ဆည်းပေးနိုင်ပြီး ၎င်းတို့ မျှော်လင့်ထားသော ရည်ရွယ်ချက်ကို အောင်မြင်စေနိုင်သောကြောင့် အသင်းတော်သည် ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်ကို ဆရာများသမဂ္ဂ၊ သယ်ယူပို့ဆောင်ရေးသမဂ္ဂ၊ လယ်သမားများအသင်း၊ အမျိုးသမီးများအသင်း၊ သက်ကြီးရွယ်အိုများအသင်း စသည်ဖြင့် ဤသို့သော လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် အဖွဲ့အစည်းများဖြစ်သည့် လူမှုရေးသမဂ္ဂ သို့မဟုတ် အသင်းအဖွဲ့တစ်ခုအဖြစ် ရှုမြင်ကြသည်မှာ သိသာထင်ရှားပေသည်။ လူတို့၏ အသင်းတော်တစ်ခုနှင့်ပတ်သက်သည့် အနက်ဖွင့်ဆိုချက်များ အမှန်တကယ် မည်သို့ပင်ဖြစ်စေ အသင်းတော်တစ်ခု လုပ်ဆောင်သည့် အလုပ်နှင့် အသင်းတော်တစ်ခု၏ တိကျသော အနက်ဖွင့်ဆိုချက်တို့မှ အကဲဖြတ်ရလျှင် အသင်းတော်အပေါ် လူတို့၏ သဘောထားများနှင့် တောင်းဆိုချက်များသည် မမှန်ကန်သည့်အပြင် မခိုင်လုံဘဲ လူတို့၌ ထိုအရာများ မရှိသင့်သည်မှာ သိသာထင်ရှား၏။ အသင်းတော်သည် လောကကို ကူညီပြီး လူတို့ကို ကယ်တင်ရန် သို့မဟုတ် လူတို့၏ စိုးရိမ်ပူပန်မှုများကို သက်သာစေပြီး အခက်အခဲများကို ဖြေရှင်းပေးရန် နေရာတစ်ခု ဖြစ်ဖို့ မဆိုထားနှင့်၊ “သူဌေးများကို ဓားပြတိုက်၍ ဆင်းရဲသားများကို ကျွေးမွေးခြင်း”၊ အကြမ်းဖက်မှုကို ဖယ်ရှားပြီး ကြင်နာတတ်သူများကို ငြိမ်းချမ်းစွာ နေထိုင်ခွင့်ပြုခြင်း သို့မဟုတ် တရားမျှတမှုကို ထိန်းသိမ်းခြင်းတို့ ပြုလုပ်ရန် နေရာတစ်ခု မဟုတ်ပေ။ အသင်းတော်သည် ပရဟိတအဖွဲ့အစည်းတစ်ခု မဟုတ်၊ လူမှုဖူလုံရေးအဖွဲ့အစည်းတစ်ခု မဟုတ်သည့်အပြင် လောကီမိတ်သဟာယအဖွဲ့တစ်ခုလည်း မဟုတ်ပေ။ အသင်းတော်တစ်ခု၏ တည်ထောင်ခြင်းနှင့် ပေါ်ပေါက်လာခြင်းသည် လူမှုရေးအုပ်စု သို့မဟုတ် အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်ရန် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံပြီး ဖြန့်ချိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ဖို့၊ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားဖို့နှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိရန် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့ လူတို့ကို ဦးဆောင်ခြင်းဟူသည့် အသင်းတော်တစ်ခုက တာဝန်ယူသင့်သည့် အနှစ်သာရရှိသော အလုပ်အနည်းငယ်တို့မှလွဲ၍ အသင်းတော်သည် လူ့အဖွဲ့အစည်း သို့မဟုတ် မည်သည့်လူမျိုးစုကိုမဆို မည်သည့်လုပ်ငန်းဆောင်တာမျှဖြစ်စေ၊ မည်သည့်အကူအညီကိုမျှဖြစ်စေ ပေးအပ်ရန် တာဝန်မရှိပေ။ ထို့အပြင် အသင်းတော်သည် လူတို့၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများအတွက် တိုက်ခိုက်ပေးရန် နေရာတစ်ခု မဟုတ်သည့်အပြင် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာများ၊ လူမှုရေးအဆင့်အတန်း၊ အလုပ်ရာထူးများ၊ လစာများ၊ လူမှုဖူလုံရေး စသည်တို့ကို အာမခံရန် တာဝန်မရှိပေ။ လူတို့၏ အယူအဆများတွင် အသင်းတော်၏ လုပ်ငန်းဆောင်တာများသည် အကြမ်းဖက်မှုကို ဖယ်ရှားပြီး ကြင်နာတတ်သူများကို ငြိမ်းချမ်းစွာ နေထိုင်ခွင့်ပြုရန်၊ တရားမျှတမှုကို ထိန်းသိမ်းရန်၊ လူတို့၏ စိုးရိမ်ပူပန်မှုများကို သက်သာစေပြီး ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းပေးရန်၊ လောကကို ကူညီပြီး လူတို့ကို ကယ်တင်ရန်နှင့် လူတို့၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများအတွက် တိုက်ခိုက်ပေးရန်၊ အခြေခံအားဖြင့် ဤလုပ်ငန်းဆောင်တာများ ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ထို့ကြောင့် လူတို့သည် အသင်းတော်ကို မိမိတို့အတွက် အသင့်ရှိနေသော အကူအညီဟု ယုံကြည်ကြပြီး မည်သည့်အခက်အခဲကိုမဆို အသင်းတော်က ဖြေရှင်းကာ စီစဉ်ဆောင်ရွက်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် အသင်းတော်ကို လူမှုရေးဆိုင်ရာ အသင်းအဖွဲ့၊ အဖွဲ့အစည်း သို့မဟုတ် အုပ်စုတစ်ခုအဖြစ် မှတ်ယူကြသည်။ သို့သော်လည်း အသင်းတော်သည် ထိုသို့သော အဖွဲ့အစည်းတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) အကယ်၍ လူတို့က အသင်းတော်တစ်ခု တည်ရှိသည်ဟု ယုံကြည်သော လုပ်ငန်းဆောင်တာများနှင့် အခန်းကဏ္ဍများသည် အကြမ်းဖက်မှုကို ဖယ်ရှားပြီး ကြင်နာတတ်သူများကို ငြိမ်းချမ်းစွာ နေထိုင်ခွင့်ပြုရန်၊ တရားမျှတမှုကို ထိန်းသိမ်းရန်၊ လူတို့၏ စိုးရိမ်ပူပန်မှုများကို သက်သာစေပြီး အခက်အခဲများကို ဖြေရှင်းပေးရန်၊ လောကကို ကူညီပြီး လူတို့ကို ကယ်တင်ရန်၊ လူတို့၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများအတွက် တိုက်ခိုက်ပေးရန် စသည်တို့ဖြစ်ပါက ဤအသင်းတော်ကို အသင်းတော်ဟု ခေါ်ဆို၍မရနိုင်ပေ၊ အကြောင်းမှာ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် သို့မဟုတ် လူတို့ကို ကယ်တင်သည့် ဘုရားသခင်၏ အလုပ်တို့နှင့် ဆက်စပ်မှုမရှိသောကြောင့် ဖြစ်သည်။ ထိုသို့သော အုပ်စု သို့မဟုတ် အဖွဲ့အစည်းကို အုပ်စု သို့မဟုတ် အဖွဲ့အစည်းဟုသာ ရိုးရှင်းစွာ ခေါ်ဆိုသင့်ပြီး အသင်းတော်တစ်ခုနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိသကဲ့သို့ အသင်းတော်တစ်ခု၏ အလုပ်နှင့်လည်း မည်သည့်ဆက်စပ်မှုမျှ မရှိပေ။ အကယ်၍ အဖွဲ့အစည်းတစ်ခုသည် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော အလံအောက်တွင် ဝတ်ပြုကိုးကွယ်ခြင်းများ တက်ရောက်ခြင်း၊ ဘုရားသခင်ကို ကိုးကွယ်ခြင်း၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်း၊ ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်းနှင့် ချီးမွမ်းခြင်းကဲ့သို့သော လှုပ်ရှားမှုများကို လုပ်ဆောင်လျှင် သို့မဟုတ် ယင်း၌ ပုံမှန်စုဝေးပွဲများနှင့် ဝတ်ပြုကိုးကွယ်ခြင်းများအပြင် အမည်ခံဖြစ်သော သမ္မာကျမ်းစာလေ့လာခြင်း အစည်းအဝေးများ၊ ဆုတောင်းခြင်း အစည်းအဝေးများ၊ အမှုတော်ဆောင်တွဲဖက် အစည်းအဝေးများ၊ အပြန်အလှန်ဆွေးနွေးခြင်း အစည်းအဝေးများ စသည်တို့ ရှိလျှင်ပင် ယင်း၌ မည်သည့်အသင်းသားအမျိုးအစားနှင့် ဖွဲ့စည်းပုံ ရှိသည်ဖြစ်စေ၊ ဤအရာများသည် စစ်မှန်သော အသင်းတော်တစ်ခုနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိပေ။ သို့ဆိုလျှင် စစ်မှန်သော အသင်းတော်တစ်ခုသည် အတိအကျ အဘယ်အရာဖြစ်သနည်း။ ယင်းသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ စစ်မှန်သော အသင်းတော်တစ်ခုသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်း၊ သူ၏ အလုပ်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ သမ္မာတရားကို ဖော်ပြခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည်။ ယင်းသည် လူတို့က ဘုရားသခင်၏ အသံကို ကြားပြီး ဘုရားသခင်ထံ လှည့်ကာ ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံသည့်အခါ ဖြစ်ပေါ်လာသည်။ ဤသည်မှာ စစ်မှန်သော အသင်းတော်တစ်ခု ဖြစ်သည်။ အသင်းတော်တစ်ခုသည် လူတို့က စုစည်းပြီး တည်ထောင်ထားခြင်း မဟုတ်ဘဲ ဘုရားသခင်က ကိုယ်တိုင် တည်ထောင်ထားခြင်းဖြစ်ပြီး ဘုရားသခင်က ကိုယ်တော်တိုင် ဦးဆောင်ကာ ထိန်းကျောင်းခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အသင်းတော်များအတွက် တာဝန်ပေးစေခိုင်းချက်များ ရှိသည်။ အသင်းတော်တစ်ခု၏ သာသနာတော်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိရန်၊ ဘုရားသခင်၏ အလုပ်ကို သက်သေခံရန်နှင့် လူတို့အား ဘုရားသခင်၏ အသံကို ကြားစေရန်၊ ဘုရားသခင်၏ မျက်မှောက်တော်သို့ ပြန်လာစေရန်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံစေရန်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့အတွက် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားစေရန်နှင့် ဘုရားသခင်အတွက် သက်သေခံရန် ကူညီပေးခြင်းဖြစ်သည်၊ ယင်းမှာ ထိုမျှ ရိုးရှင်းပေသည်။ ဤသည်မှာ အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှု ဖြစ်သည်။
၃။ အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်
အသင်းတော်ဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ဟူသော အကြောင်းအရာကို မိတ်သဟာယဖွဲ့ပြီးနောက် သင်တို့သည် ယခုအခါ အသင်းတော်တစ်ခု ဖြစ်ပေါ်လာပုံ၊ အသင်းတော်တစ်ခု လုပ်ဆောင်သည့်အလုပ်နှင့် ယင်းက စွမ်းဆောင်ရရှိသည့် ရလဒ်များအကြောင်း အတိုင်းအတာတစ်ခုအထိ နားလည်မှုရှိလာပြီဖြစ်သည်။ အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှုအချို့ကိုလည်း သင်တို့ နားလည်နိုင်သည်။ သို့ဆိုလျှင် အသင်းတော်တစ်ခုသည် အတိအကျ အဘယ်အရာ ဖြစ်သည်ကို ငါတို့ ယခု တိကျသော အနက်အဓိပ္ပာယ်တစ်ခု ဖွင့်ဆိုနိုင်ပြီလော။ ပထမဦးစွာ အသင်းတော်သည် လူတို့အား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးရန် နေရာတစ်ခု မဟုတ်သကဲ့သို့ လူတို့အား ကောင်းစွာ ကျွေးမွေးပြီး ဝတ်စားဆင်ယင်ပေးရန် သို့မဟုတ် လူတို့အား ခိုလှုံခွင့်ပေးရန် နေရာတစ်ခုလည်း မဟုတ်ပေ။ အသင်းတော်သည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့ ဘဝ၌ ရင်ဆိုင်ရသည့် အခက်အခဲများကို ဖြေရှင်းပေးရန် နေရာတစ်ခု မဟုတ်ပေ။ ယင်းသည် လူတို့၏ ဝိညာဉ်ရေးရာ လစ်ဟာမှုများကို ဖြည့်ဆည်းပေးပြီး ဝိညာဉ်ရေးရာ မှီခိုအားထားရာ ရရှိစေသော နေရာတစ်ခုလည်း မဟုတ်ပေ။ အသင်းတော်များသည် လူတို့က ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတိုင်း ယူဆသည့်အရာများ မဟုတ်သောကြောင့် အသင်းတော်တစ်ခု၏ တိကျသော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အတိအကျ အဘယ်အရာ ဖြစ်သနည်း။ အသင်းတော်တစ်ခုသည် အတိအကျ အဘယ်အရာဖြစ်သနည်း။ သမ္မာကျမ်းစာတွင် သခင်ယေရှုသည် အသင်းတော်ဟူသော အမည်သညာနှင့်ပတ်သက်၍ အခြေခံကျသော ဖော်ပြချက်တစ်ခုကို ပေးခဲ့သည်။ ကိုယ်တော်သည် ယင်းကို အတိအကျ မည်သို့ မိန့်ဆိုခဲ့သနည်း။ (“အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။” (ရှင်မဿဲခရစ်ဝင် ၁၈:၂၀)) ဤနှုတ်ကပတ်တော်များက မည်မျှများသောလူတို့ စည်းဝေးကြသည်ဖြစ်စေ ၎င်းတို့၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိနေသရွေ့၊ ထိုအရပ်၌ ၎င်းတို့အလယ်တွင် ဘုရားသခင်၏ မျက်မှောက်တော်ကို ၎င်းတို့ ခံစားရသရွေ့ ထိုနေရာသည် အသင်းတော်တစ်ခုဖြစ်သည်၊ အတိအကျပင် ထိုသို့ဖြစ်သည်ဟု ဆိုလိုသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အလုပ်လုပ်ပြီး သမ္မာတရားကို ဖော်ပြရန် ပေါ်ထွန်းခဲ့ပြီဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ ဆုတောင်းရင်းဖြင့် ဖတ်ရှုရန်နှင့် မိတ်သဟာယဖွဲ့ရန် အတူတကွ စုဝေးကြသည့်အခါ ဘုရားသခင်သည် ထိုနေရာ၌ ရှိပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ပွင့်ခြင်းလည်း ရှိနေသဖြင့် ယင်းက ဘုရားသခင်သည် ထိုအရာကို အသင်းတော်တစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း ဆိုလိုသည်။ အကယ်၍ လူတို့သည် စည်းဝေးကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားမသောက်လျှင်၊ ၎င်းတို့သည် အနှစ်မဲ့သော ဝိညာဉ်ရေးရာ အယူဝါဒများကိုသာ သံယောင်လိုက်နေပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မခံစားနိုင်ပါက ယင်းသည် အသင်းတော်တစ်ခု မဟုတ်ပေ၊ အကြောင်းမှာ ယင်းကို ဘုရားသခင်က အသိအမှတ်မပြုသောကြောင့်ဖြစ်သဖြင့် ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မရှိပေ။ ဘုရားသခင် မျက်မှောက်တော်ရှိသော စည်းဝေးပွဲများသည် ကိုယ်တော်၏ ကောင်းချီးပေးခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို ခံရပြီး လူတို့သည် ထိုသို့သော စည်းဝေးပွဲများတွင် အတူတကွ စုဝေးကြသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေသည်ဖြစ်စေ၊ သမ္မာတရားကို မိတ်သဟာယဖွဲ့နေသည်ဖြစ်စေ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနေသည်ဖြစ်စေ ဤအရာအားလုံးသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဦးဆောင်မှုတို့နှင့် ဆက်စပ်နေသောကြောင့် ကိုယ်တော်၏ ကောင်းချီးပေးခြင်းကို ခံရသည်။ သို့ဖြစ်၍ စည်းဝေးပွဲတစ်မျိုးမျိုး၌ ဘုရားသခင်၏ လမ်းညွှန်မှု၊ ဦးဆောင်မှုနှင့် မျက်မှောက်တော်တို့ ရှိနေသရွေ့ ယင်းကို အသင်းတော်တစ်ခုဟု ခေါ်ဆိုနိုင်သည်။ ဤသည်မှာ အသင်းတော်တစ်ခု၏ အရိုးရှင်းဆုံး၊ အခြေခံအကျဆုံးသော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပြီး ယင်းသည် ကျေးဇူးတော်ခေတ်အတွင်း အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ခဲ့သည်။ ယင်းသည် ထိုအချိန်က ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော နောက်ခံအခြေအနေမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး ထို့ကြောင့် တိကျသည့်အပြင် မှန်ကန်ခိုင်မာမှုလည်း ရှိသည်။ သို့သော် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအလုပ်၏ ဤအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များ ပိုမိုပြောဆိုခဲ့ပြီး ပို၍ကြီးမြတ်သော အလုပ်ကို လုပ်ဆောင်ခဲ့သောကြောင့် အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကျေးဇူးတော်ခေတ်မှ ထိုအခြေခံကျသော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ထက် ပို၍ နက်ရှိုင်းရမည်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် ရှေ့သို့ ပို၍ တိုးတက်ခဲ့ပြီဖြစ်သည်။ အသင်းတော်တစ်ခုသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ မျက်မှောက်တော်ကိုသာ ရိုးရှင်းစွာ အဓိကထားခြင်း မရှိတော့ပေ။ ယခုအခါ ဘုရားသခင်သည် သူ၏ အသင်းတော်များတွင် ကိုယ်တိုင် အလုပ်လုပ်လျက်၊ ၎င်းတို့ကို လမ်းညွှန်ပြီး ထိန်းကျောင်းလျက်ရှိသည်၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ကိုယ်တော်၏ မျက်မှောက်ခေတ် နှုတ်ကပတ်တော်များကို စားသောက်နိုင်ကြပြီး ခရစ်တော်ကို လိုက်လျှောက်ကာ သက်သေခံနိုင်ကြသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကျေးဇူးတော်ခေတ်ကထက် ပို၍ အဆင့်မြင့်သည်၊ ယင်းသည် ယခင်ကထက် ပို၍ နက်နဲပြီး ပို၍ တိကျမှန်ကန်ကာ ပို၍ အသေးစိတ်ကျသော ဖော်ပြချက်ဖြစ်ပြီး ယင်းသည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ခွဲခွာ၍မရသည်မှာ ပြောစရာမလိုပေ။ သို့ဆိုလျှင် အသင်းတော်တစ်ခုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် အတိကျဆုံးနှင့် အသင့်လျော်ဆုံးသော နည်းလမ်းမှာ အဘယ်နည်း။ ပထမဦးစွာ အခြေခံ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်သော လူတစ်စု ဖြစ်သင့်သည်။ ပို၍ တိတိကျကျဆိုရလျှင် အသင်းတော်ဆိုသည်မှာ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းမှုကို ခံယူကာ သမ္မာတရားကို လိုက်စားသည့်အပြင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခံစားလျက် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်နိုင်ကာ ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်နိုင်ပြီး ကိုယ်တော်၏ ကယ်တင်ခြင်းကို ရယူနိုင်သော လူတစ်စု ဖြစ်သည်။ ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၏ အဓိကအပိုင်းမှာ “လူတစ်စု” ဖြစ်သည်။ အသင်းတော်သည် ယုံကြည်ခြင်းရှိသော လူတို့၏ ရိုးရှင်းသော စည်းဝေးပွဲတစ်ခုမျှသာ ဖြစ်ဖို့ မဆိုထားနှင့်၊ နေရာတစ်ခု သို့မဟုတ် စုပေါင်းအဖွဲ့တစ်ခု သို့မဟုတ် အသိုင်းအဝိုင်းတစ်ခု မဟုတ်ပေ။ ထို “အုပ်စု” သည် လူတစ်ဒါဇင်ခန့်ဖြင့်ဖြစ်စေ၊ လူသုံးဆယ်မှ ငါးဆယ်ဖြင့်ဖြစ်စေ ဖွဲ့စည်းနိုင်သည်၊ သို့မဟုတ် ထို့ထက်ပိုများသော အရေအတွက်ဖြင့်လည်း ဖွဲ့စည်းနိုင်သည်မှာ ပြောစရာမလိုပေ။ ၎င်းတို့သည် အတူတကွ စည်းဝေးနိုင်သည်၊ သို့မဟုတ် စည်းဝေးရန် အုပ်စုငယ်များအဖြစ် ခွဲထွက်နိုင်သည်၊ ဤသည်မှာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပြောင်းလဲနိုင်သည်။ အချုပ်အားဖြင့်ဆိုသော် ဘုရားသခင်၏ ဤနောက်လိုက်များသည် ကိုယ်တော့်ကို ချီးမြှောက်ပြီး သက်သေခံကာ ကိုးကွယ်လျက် ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်သည့်အခါ ၎င်းတို့သည် အသင်းတော်တစ်ခု ဖြစ်သည်။ ၎င်းတို့ထဲမှ မည်မျှများသောသူတို့ အတူတကွ စည်းဝေးသည်ဖြစ်စေ ၎င်းတို့သည် အသင်းတော်တစ်ခုပင် ဖြစ်သည်။ ဥပမာအားဖြင့် လူ ၅၀ ကို အသင်းတော်ငယ်ဟု ခေါ်ပြီး လူ ၁၀၀ ကို အသင်းတော်ကြီးဟု ခေါ်သည်၊ အသင်းတော်၏ အရွယ်အစားကို အသင်းသားဦးရေဖြင့် ဆုံးဖြတ်သည်။ အသင်းတော်ကြီး၊ အသင်းတော်လတ်၊ အသင်းတော်ငယ်ဟူ၍ ရှိပြီး အသင်းတော်တစ်ခုရှိ လူဦးရေသည် ပုံသေမဟုတ်ပေ။ အသင်းတော်တစ်ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နောက်တစ်ကြိမ် ကြည့်ကြပါစို့။ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းမှုကို ခံယူကာ သမ္မာတရားကို လိုက်စားသည့်အပြင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခံစားလျက် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်နိုင်ကာ ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်နိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်သော လူတစ်စု ဖြစ်သည်။ အဘယ်ကြောင့် အသင်းတော်တစ်ခုကို ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က အသင်းတော်များတွင် အလုပ်လုပ်လိုသောကြောင့်ဖြစ်ပြီး ဘုရားသခင်သည် ထိုလူစုကို ကယ်တင်လိုသောကြောင့်ဖြစ်သည်။ ဤလူအုပ်စုမျိုးကိုသာ အသင်းတော်တစ်ခုဟု ခေါ်ဆိုနိုင်သည်။ ဤသို့သော လူအုပ်စုက အတူတကွ စုရုံးမှသာလျှင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို ပုံမှန် စားသောက်နိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် ဘုရားသခင်ကို အမှန်တကယ် ဆုတောင်းနိုင်ကာ ဘုရားသခင်အား ကျိုးနွံနာခံနိုင်ပြီး ကိုးကွယ်နိုင်သည်။ ထိုလူအုပ်စုသည် ဘုရားနှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းနှင့် ဦးဆောင်ခြင်းကို ခံရသည်။ ထို့ကြောင့် ထိုသို့သော လူအုပ်စုမှတစ်ဆင့် အသင်းတော်၏ အနက်အဓိပ္ပာယ် ဖြစ်ပေါ်လာလေသည်။ ဘာသာတရားများတွင် ရှိသောလူတို့သည် သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်၏ အလုပ်ကိုလည်း လက်မခံသောကြောင့်၊ ဘုရားသခင်ကလည်း ၎င်းတို့ကို မကယ်တင်သောကြောင့် ၎င်းတို့သည် အသင်းတော်တစ်ခု မဟုတ်ဘဲ ဘာသာရေးအစုအဝေးတစ်ခု ဖြစ်သည်။ ဤသည်မှာ အသင်းတော်တစ်ခုနှင့် ဘာသာတရားတို့ကြား အရှင်းလင်းဆုံးသော ကွာခြားချက် ဖြစ်သည်။ အသင်းတော်တစ်ခုသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရပြီး ခရစ်တော်က ကိုယ်တိုင် ထိန်းကျောင်းသော အသင်းတော်တစ်ခုသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှု၊ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းတို့ကို ငါတို့ ဖော်ပြရန် လိုအပ်သလော။ (မလိုအပ်ပါ။) ငါ့ကို ပြောလော့၊ မည်သည့်အရာက ပို၍ လက်တွေ့ကျသနည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရခြင်းလော သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိခြင်းလော။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရခြင်းသည် ပို၍ လက်တွေ့ကျပြီး ပို၍ တိကျခိုင်မာသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် လူတို့အား သမ္မာတရားကို နားလည်စေရန် ကူညီဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ရှာတွေ့စေရန် ဦးဆောင်ဖို့ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းအချို့ကိုသာ ပေးအပ်သည်။ စွမ်းဆောင်ရရှိသည့် ရလဒ်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရခြင်း ဖြစ်သည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်ခဲ့လျှင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး စည်းမျဉ်းများကို သဘောပေါက်ခြင်းဖြင့် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သေးမည်လော။ (ဖြည့်ဆည်းနိုင်ပါသည်။) ယခုအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို များစွာ ပြောဆိုခဲ့ပြီးဖြစ်သည်၊ လူတို့သည် တရားဒေသနာများကို မကြာခဏ နားထောင်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မရှိဘဲနှင့်ပင် လူတို့သည် မည်သို့လုပ်ဆောင်ရမည်ကို သိကြသည်။ သမ္မာတရားကို ချစ်သောသူများသည် သမ္မာတရားကို နားလည်သရွေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံနိုင်သည်။ သမ္မာတရားကို မချစ်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားလျှင်ပင် နားလည်မည်မဟုတ်ဘဲ အနည်းငယ် နားလည်လျှင်ပင် လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိမည်မဟုတ်သောကြောင့် ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူတို့ကို ကိုယ်တိုင် ဦးဆောင်ပြီး ထိန်းကျောင်းရန် သမ္မာတရားကို တိုက်ရိုက် ဖော်ပြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် အရန်မျှသာ ဖြစ်သည်။ ယင်းသည် ကလေးတစ်ဦး လမ်းလျှောက်သင်ယူခါစအချိန်နှင့် တူသည်၊ တစ်ခါတစ်ရံတွင် လူကြီးတစ်ဦးက ကူညီရန် လက်တစ်ဖက်ကို ကမ်းပေးလိမ့်မည်။ ကလေးသည် တည်ငြိမ်စွာ လမ်းလျှောက်နိုင်ပြီး ပြေးနိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ထောက်ပံ့ရန် တစ်စုံတစ်ဦး မလိုအပ်တော့ပေ။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် အကြွင်းမဲ့မဟုတ်သကဲ့သို့ အဓိကကျဆုံးလည်း မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး သမ္မာတရားကို နားလည်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ဆိုလိုသည်နှင့် ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသော စည်းမျဉ်းများနှင့် စံနှုန်းများမှာ အဘယ်အရာဖြစ်သည်ကို သိရှိကြပြီး ဤစည်းမျဉ်းများနှင့် စံနှုန်းများကို နားလည်ကာ အသုံးချနိုင်သည်ကို ဆိုလိုသည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးများ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရသည်ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် ဤအရာများအကြောင်းကို လုံလောက်သော ရှင်းလင်းပြတ်သားမှုနှင့် ထင်ရှားပေါ်လွင်မှုတို့ဖြင့် ပြောဆိုခဲ့ပြီးဖြစ်သောကြောင့် ဤနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဖော်ပြရန် မလိုအပ်တော့ပေ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် များစွာသော သမ္မာတရားများကို ဖော်ပြခဲ့ပြီး သမ္မာတရားတစ်ခုစီတိုင်းကို လူတို့အား ရှင်းလင်းပြီး နားလည်နိုင်အောင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် ထိုမျှ အရေးမကြီးဘဲ အရန်မျှသာ ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်ခြင်းမရှိသည့်အခါ သို့မဟုတ် ဘုရားသခင်က ထိုမျှများပြားသော နှုတ်ကပတ်တော်များကို ထိုသို့သော ပြည့်စုံမှုနှင့် ရှင်းလင်းမှုတို့ဖြင့် မပြောဆိုခဲ့သည့်အခါတွင်သာ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ရိုးရှင်းသော အလင်းအချို့ကို ပေးအပ်ပြီး ၎င်းတို့အား အနည်းငယ် တိုက်တွန်းရန် ဆောင်ရွက်သည့် အရန်ဖြစ်သော၊ သတိပေးနှိုးဆော်တတ်သည့် သဘောသဘာဝရှိသည့် အလုပ်အချို့ကို လုပ်ဆောင်ကာ ၎င်းတို့၏ ဘဝများနှင့် အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်ပြီး မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းရန် ကူညီပေးသည်။ ယခုသည် ဘုရားနှုတ်ကပတ်တော်၏ ခေတ်ဖြစ်ပြီး ဘုရားသခင်က လူသားမျိုးနွယ်ကို ဦးဆောင်ရန် ကိုယ်တိုင် စကားပြောကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို ဦးဆောင်လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် အရန်မျှသာ ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်သည့်အခါ ဘုရားသခင်၏ ရည်ရွယ်ချက်များသည် အထမြောက်လေသည်။
အသင်းတော်တစ်ခု၏ အခြေခံအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှ ပထမစကားစုဖြစ်သည့် “ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ခြင်း” ကို ကြည့်ကြစို့။ ဤ “ရိုးသားစစ်မှန်စွာ” ဟူသည်မှာ တိကျသော အဓိပ္ပာယ်တစ်ခု ရှိသည်။ ယင်းသည် အချိန်ဖြုန်းနေရုံမျှသာ ဖြစ်သောသူများ၊ အမည်ခံ စာရင်းဖြည့်နေရုံမျှသာဖြစ်သောသူများ၊ မုန့်ကို အဝစားသောသူများ၊ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ကို မှီခိုသောသူများ၊ သို့မဟုတ် မည်သည့် ကွယ်ဝှက်ထားသော ကြံရွယ်ချက်များနှင့် ပန်းတိုင်များမဆို ရှိသောသူများကို ရည်ညွှန်းခြင်း မဟုတ်ပေ။ သို့ဆိုလျှင် “ရိုးသားစစ်မှန်စွာ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အခြေခံအကျဆုံးနှင့် အရိုးရှင်းဆုံးသော ရှင်းလင်းချက်မှာ ဤသို့ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်၊ သမ္မာတရား သို့မဟုတ် ဖန်ဆင်းရှင်အကြောင်းကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် တောင့်တမှုကို ခံစားရသည်၊ လိုလိုလားလား စွန့်လွှတ်သည်၊ လိုလိုလားလား ဆက်ကပ်သည်၊ လိုလိုလားလား ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံသည်၊ ပြီးလျှင် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာလိုစိတ်ရှိကာ ဘုရားသခင်နောက် လိုက်လျှောက်ရန် အရာရာကို စွန့်လွှတ်လိုစိတ်ရှိခြင်း ဖြစ်သည်။ ၎င်းတို့တွင် စိတ်ရင်းမှန်တစ်ခု ရှိသရွေ့ ယင်းမှာ လုံလောက်ပြီဖြစ်သည်။ အချို့လူများက “အဘယ်ကြောင့် သင်က ဘုရားသခင်နောက် လိုက်လျှောက်သော ယုံကြည်ခြင်းနှင့်ပြည့်သည့် လူတစ်စုဖြစ်သည်ဟု မပြောသနည်း” ဟု ပြောကြသည်။ လူတို့သည် ထိုအဆင့်သို့ မရောက်နိုင်ကြပေ။ ယခု တာဝန်ထမ်းဆောင်နေကြသောသူများထဲတွင် အချို့က ဆယ်နှစ်ခန့် ယုံကြည်ပြီးဖြစ်ကာ အချို့က နှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ယုံကြည်ပြီးဖြစ်သည်။ ဤရိုးသားစစ်မှန်မှု ရှိခြင်းသည် အခြေခံအားဖြင့် လုံလောက်ပြီဖြစ်သည်။ ယုံကြည်ခြင်းနှင့်ပြည့်သည်ဟု အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် တိကျမှုမရှိပေ။ ကျွန်ုပ်တို့၏ အသင်းတော်တစ်ခုနှင့်ပတ်သက်သည့် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် စကားလုံးများကို ဇီဇာကြောင်ခြင်း သို့မဟုတ် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စံသတ်မှတ်ချက်ကို အလွန်မြင့်မားစွာ သတ်မှတ်ခြင်းဖြစ်လျှင် လက်တွေ့မကျမည်ဖြစ်သဖြင့် ထိုသို့ပြုခြင်းမရှိဘဲ အခြေခံကျပြီး တိကျသော အခြေအနေတစ်ခုအပေါ် အခြေခံသည်။ အချို့လူများက “‘ရိုးသားစစ်မှန်စွာ’ နှင့် ‘ယုံကြည်ခြင်းနှင့်ပြည့်သည်’ ဟု ပြောဆိုခြင်းသည် မလုံလောက်ပေ။ ယင်းကို ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော ဖြောင့်မတ်သည့်လူတစ်စုဟု ခေါ်သင့်သည်၊ ယင်းသို့ဆိုလျှင် ကောင်းပေမည်” ဟု ပြောကြသည်။ ဤမျှမြင့်မားသော စံတစ်ခုကို ငါတို့ သတ်မှတ်လိုက်ပါက နောက်ဆက်တွဲ စကားစုများဖြစ်သည့် “သမ္မာတရားကို လိုက်စားသည့်အပြင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခံစားခြင်း” တို့အားလုံးသည် မလိုအပ်တော့ပေ။ အဓိကအချက်မှာ အသင်းတော်၏ အသင်းသားအားလုံးသည် ဘုရားသခင် ကယ်တင်လိုသောသူများ ဖြစ်ကြခြင်းပင်ဖြစ်သည်။ ဤလူအုပ်စုသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပြည့်နေပြီး ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများနှင့် ပြည့်နေသည်။ ပို၍ လက်တွေ့ကျကျ ပြောရလျှင် ၎င်းတို့သည် ပုန်ကန်မှုနှင့် ပြည့်နေသည်၊ ကျိုးနွံနာခံခြင်း ကင်းမဲ့သည်၊ သမ္မာတရားကို နားမလည်ကြ၊ ပြီးလျှင် ဘုရားသခင်နှင့်ပတ်သက်၍ သိနားလည်မှု လုံးဝမရှိကြပေ။ ဤသည်မှာ လက်တွေ့အကျဆုံးသော အခြေအနေဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် အသင်းတော်အသင်းသားများသည် ထိုသို့သော တကယ့်အခြေအနေနှင့် အမှန်တကယ်ဖြစ်သော အဆင့်အတန်းတွင် ရှိကြသည်။ ဘုရားသခင်၏ လူတို့ကို ရွေးချယ်ခြင်းသည် ဤအခြေခံအခြေအနေဖြစ်သည့် ၎င်းတို့သည် ဘုရားသခင် ရိုးသားစစ်မှန်စွာ လိုက်လျှောက်နိုင်ခြင်း ရှိမရှိနှင့် စစ်မှန်စွာ မိမိတို့ကိုယ်ကို အသုံးခံပြီး စွန့်လွှတ်နိုင်ခြင်း ရှိမရှိအပေါ် အခြေခံသည်။ အချို့လူများက “အကယ်၍ ၎င်းတို့သည် ရိုးသားစစ်မှန်ပါက အဘယ်ကြောင့် ၎င်းတို့တွင် အလွန်အကျွံ လိုအင်ဆန္ဒများ ရှိနေသေးသနည်း။ အကယ်၍ ၎င်းတို့သည် ရိုးသားစစ်မှန်ပါက အဘယ်ကြောင့် ကောင်းချီးများကို ရယူလိုနေသေးသနည်း” ဟု ပြောကြသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို တွေ့ကြုံခံစားသည်နှင့်အမျှ ဤအရာများသည် တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မည်။ ယခုတွင် ငါတို့သည် အသင်းတော်တစ်ခု၏ အခြေခံအယူအဆကို အနက်အဓိပ္ပာယ်ဖွင့်ဆိုနေခြင်း ဖြစ်သည်။ ဤအခြေခံအယူအဆသည် လူတို့ကို ဘုရားသခင်၏ ရွေးချယ်ခြင်းအတွက် အနိမ့်ဆုံးသော တောင်းဆိုချက်နှင့် အနိမ့်ဆုံးသော စံနှုန်းဖြစ်သည်။ ဤစံနှုန်းများသည် လုံးဝ အနှစ်မဲ့ခြင်း သို့မဟုတ် ချဲ့ကားထားခြင်းမရှိပေ။ ၎င်းတို့သည် သင်တို့၏ တကယ့်အခြေအနေနှင့် အထူးတလည် ကိုက်ညီမှုရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်က သင်တို့ကို ရွေးချယ်ပြီး သင်တို့ထဲမှ မည်သူ့ကိုမဆို ကယ်တင်ရန် ဆုံးဖြတ်သည့်အခါ ဤသည်တို့မှာ ဘုရားသခင် ကြည့်ရှုသော စံသတ်မှတ်ချက်များ ဖြစ်သည်။ အကယ်၍ သင်သည် ဤတောင်းဆိုချက်များနှင့် ကိုက်ညီပါက သင်သည် ဘုရားအိမ်တော်ထဲသို့ ဘုရားသခင်၏ ဆောင်သွင်းခြင်းကိုခံရပြီး အသင်းတော်၏ အသင်းသားတစ်ဦး ဖြစ်လာသည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေဖြစ်သည်။ ထို့ကြောင့် အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှ ပထမစကားစုမှာ “ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ခြင်း” ဖြစ်သည်၊ ဤသည်မှာ အတော်အတန် တိကျမှန်ကန်လေသည်။ ဤလူအုပ်စုသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းတွင် စံမမီဘဲ ၎င်းတို့သည် အမှောင်၏လွှမ်းမိုးမှုမှ ရုန်းထွက်နိုင်ခြင်းတွင် စံမမီပေ၊ ပြီးလျှင် လောကနှင့် အဆင်းနီသော နဂါးကြီးကို အပြည့်အဝ ပုန်ကန်ခြင်းတွင် စံမမီပေ။ ၎င်းတို့သည် ဤအရာအားလုံးတွင် ချို့တဲ့ကြသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအား လိုက်စားနိုင်ခြင်းကို ဆက်လက်ဖော်ပြသောကြောင့် ဖြစ်သည်။ လိုက်စားခြင်းဖြစ်စဉ်တွင် လူတို့သည် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို တောင့်တသော စိတ်နှလုံးတစ်ခု ရှိသောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားပြီး လက်တွေ့လုပ်ဆောင်နိုင်ကာ အဆုံးစွန်၌ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်သည်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို လက်ခံခြင်းနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံခြင်းတို့ ပါဝင်သည်။ နောက်ဆုံးတွင် ဤလူအုပ်စုသည် ကယ်တင်ခြင်းကို ရရှိနိုင်သော လူတစ်စု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမြင်တွင် အသင်းသားများ၏ အမှန်တကယ်ဖြစ်သော အဆင့်အတန်းဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးသော အခြေအနေ မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများက “သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် သန့်စင်ခြင်းကို ရရှိခြင်းအကြောင်း မဖော်ပြခဲ့ပေ။ အသင်းတော်တစ်ခု၏ ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဤအရာများ မပါဝင်ပါ” ဟု ပြောကြသည်။ ယင်းတို့သည် ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပါဝင်သလော။ (ပါဝင်ပါသည်။) ယင်းတို့သည် မည်သည့်အပိုင်းတွင် ပါဝင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားနိုင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တဖြည်းဖြည်း ဖြေရှင်းခြင်းခံရသည် မဟုတ်လော။ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှား၍ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို ရရှိသည့် ကာလအတွင်းတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တဖြည်းဖြည်း နားလည်ပြီး သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို သင်ဖြေရှင်းသည်နှင့်အမျှ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းတို့ တိုးပွားလာသလော။ ဤအရာများအကြားတွင် ဆက်နွှယ်မှုတစ်ခု ရှိသလော။ (ရှိပါသည်။) သင်သည် ဘုရားသခင်ကို ပို၍ ဝတ်ပြုကိုးကွယ်လေ၊ သင့်တွင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း ပို၍ ရှိလေ ဖြစ်လိမ့်မည်။ ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်း တိုးပွားလာသည်နှင့်အမျှ သင်သည် ကယ်တင်ခြင်းကို ရရှိရန် ပို၍ နီးကပ်လာသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအုပ်စုသည် မည်သို့သောလူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သောသူများ ဖြစ်ကြသည်။ ဤသည်မှာ အသင်းတော်အသင်းသားများ၏ အမှန်တကယ်ဖြစ်သော အခြေအနေဖြစ်သည်။ အချို့က “အသင်းတော်တစ်ခု၏ ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အသင်းတော်အလုပ်၏ လုပ်ဆောင်မှုကို မဖော်ပြပါ” ဟု ပြောကြသည်။ ဤနေရာတွင် အသင်းတော်တစ်ခု လုပ်ဆောင်သည့် အနှစ်သာရရှိသော အလုပ်နှင့် ဆက်စပ်သည့် အပိုင်းတစ်ခုခု ရှိသလော။ (ကယ်တင်ခြင်းကို ရရှိရန် လိုက်စားခြင်း ဖြစ်ပါသည်။) ဤအပိုင်းသည် အနီးကပ် ဆက်စပ်မှုရှိသည်။ အသင်းတော်တစ်ခု လုပ်ဆောင်သည့်အလုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်းဖြစ်စေ၊ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ရန် ဦးဆောင်ခြင်းဖြစ်စေ၊ လူတို့အား မိမိတို့ကိုယ်ကို သိရှိစေပြီး စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် ကူညီခြင်းဖြစ်စေ အဆုံးတွင် လူတို့အား ကယ်တင်ခြင်းကို ရရှိရန် ကူညီဖို့ ရည်ရွယ်သည်။ သို့ဆိုလျှင် အသင်းတော်တစ်ခု၏ ဤအခြေခံအကျဆုံးနှင့် အရိုးရှင်းဆုံးသော အယူအဆကို သင်တို့ ယခု လက်ခံနိုင်ကြသလော။ (လက်ခံနိုင်ပါသည်။) ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ချဲ့ကားထားခြင်း သို့မဟုတ် အနှစ်မဲ့ခြင်းမရှိသည့်အပြင် ဟိတ်ဟန်ကြီးသော ဝေါဟာရများနှင့် စကားစုများကို အသုံးမပြုပေ၊ သို့သော် ယင်းသည် အသင်းတော်တစ်ခု ဖြစ်ပေါ်လာခြင်း သို့မဟုတ် အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းအတွက် အခြေခံအကျဆုံးသော လိုအပ်ချက်များ ပါဝင်သည်။
အသင်းတော်ဟူသည့် အယူအဆ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၏ နောက်ခံအကြောင်းရင်းကို ငါသင်တို့အား ရှင်းပြပြီးသည့်နောက် သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ငါသည် ဤနည်းလမ်းဖြင့် မရှင်းပြခဲ့ပါက အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်နှင့် အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တို့သည် အလွန်နက်နဲသည်ဟု သင်တို့ ထင်မှတ်ကြလိမ့်မည်။ ယခု သင်တို့သည် အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်သောအခါ အသင်းတော်တစ်ခုအပေါ် သင်တို့၏ နားလည်မှုသည် အလွန်အပေါ်ယံဆန်သည်ဟု သင်တို့ ခံစားရသည်။ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းစွာ ပြောပြီးဖြစ်သည်၊ ယင်းမှာ ထိုမျှ လက်တွေ့ကျသည်။ အမှုအရာများက ပို၍ လက်တွေ့ကျလေ၊ လူတို့က ၎င်းတို့သည် အပေါ်ယံဆန်သည်ဟု မကြာခဏ ပို၍ ခံစားရလေ ဖြစ်သည်။ အမှန်တကယ်တွင် သင်သည် အနီးကပ်ကြည့်ရှုပါက ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၏ စကားလုံးတိုင်းသည် လက်တွေ့ကျပြီး တိကျသော အခြေအနေများနှင့် ဆက်စပ်ကာ အနီးကပ်ဆက်နွှယ်နေပြီး လုံးဝ အပေါ်ယံမဆန်ပေ။ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှ ပထမစကားစုမှာ “ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ခြင်း” ဖြစ်သည်။ ဤ “ရိုးသားစစ်မှန်စွာ” သည် ဘုရားသခင် အလိုရှိသောအရာ ဖြစ်သည်။ လူမည်မျှသည် ထိုသို့သော စိတ်ရင်းမှန်ကို ပိုင်ဆိုင်ကြသနည်း။ လူတို့အတွက် ဤစိတ်ရင်းမှန်ရှိရန် လွယ်ကူသလော။ မလွယ်ကူပေ။ “ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းမှုကို ခံယူခြင်း” ကိုမူ သင်သည် စွမ်းဆောင်ရရှိပြီးပြီလော။ သင်သည် ဤစကားစုကို အပေါ်ယံကျပြီး ရရှိရန် လွယ်ကူသည်ဟု ထင်သည်။ အကယ်၍ ဘုရားသခင်က “ထလော့၊ ငါ့နောက်သို့လိုက်လျှောက်ပြီး သင်၏တာဝန်ကို ထမ်းဆောင်လော့” ဟု ပြောဆိုသဖြင့် လူတို့က နာခံပါက ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းခြင်းကို ခံရသည်ဟု ဆိုလိုသလော။ ဤသည်မှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်လိုပြီး ဘုရားသခင်နောက် လိုက်လိုစိတ်ရှိသည်ဟုသာ ဆိုလိုသည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းခြင်းကို ခံယူသည့်အဆင့်သို့ မရောက်သေးပေ၊ ၎င်းတို့သည် ထိုအရာနှင့် အလှမ်းဝေးနေသေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းခြင်းကို ခံရရန်အလို့ငှာ သင်သည် အဘယ်အရာကို ပိုင်ဆိုင်ရန် လိုအပ်သနည်း။ အနိမ့်ဆုံးသော လိုအပ်ချက်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရမည် ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ တောင်းဆိုချက်များက မည်သည့်အရာကို ရည်ညွှန်းနေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လိုအပ်သော စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်၊ ပြီးလျှင် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ အသုံးချရမည်၊ ပြီးလျှင် ဘုရားသခင်ကို ကျေနပ်စေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့လုပ်ဆောင်ခြင်းအဖြစ်သို့ မည်သို့ ပြောင်းလဲရမည်ကို သိရှိရန် လိုအပ်သည်။ ဤသည်မှာ မလွယ်ကူပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းခြင်းကို အတိုင်းအတာတစ်ခုအထိ တဖြည်းဖြည်း ခံလာရရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်ကာလကြာရှည်စွာ စားသောက်ခြင်း၊ ဆုတောင်းရင်းဖြင့်ဖတ်ရှုခြင်း၊ တွေ့ကြုံခံစားခြင်းနှင့် နားလည်ခြင်း၊ ပြီးလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ခြင်းတို့ လိုအပ်သည်။ ထို့ကြောင့် “ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းခြင်းကို ခံယူခြင်း” ဟူသော စကားစုသည် လူအများစုက ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းခြင်းကို ခံရသည့်အလား အပေါ်ယံအားဖြင့် ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် ထိုသို့မဟုတ်ပေ။ လူတို့၏ အမှန်တကယ်ဖြစ်သော အခြေအနေများမှ အကဲဖြတ်ရလျှင် ဤစကားစုသည် ၎င်းတို့ လုံးဝ မရရှိသေးသည့် လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်မျှသာဖြစ်ကြောင်း ရှင်းလင်းသည်။ နောက်စကားစုဖြစ်သည့် “ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားခြင်း” သည် လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းကို မရရှိသေးပေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားနေရုံမျှသာ ဖြစ်သည်။ သင်သည် မည်သို့ လိုက်စားသင့်သနည်း။ သင်သည် အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း လက်တွေ့လုပ်ဆောင်လော့။ လိမ်လည်မပြောနှင့်၊ ရိုးသားသောသူတစ်ဦး ဖြစ်လော့။ သင်သည် ထိုသို့ လုပ်ဆောင်နိုင်သလော။ လုပ်ဆောင်ရန် မလွယ်ကူပေ။ သင်သည် ပြုပြင်ခြင်းခံရသည့်အခါ သင်သည် ကျိုးနွံနာခံပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိရှိနိုင်သင့်သည့်အပြင် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်သင့်သည်။ သင်သည် ဤအရာကို ရရှိနိုင်သလော။ အကယ်၍ ယင်းသည် အားစိုက်ရသည်ဟု ခံစားရလျှင် သို့မဟုတ် သင်၏ ကိုယ်ပိုင်အလိုဆန္ဒက အလွန်အားကြီးလျှင်၊ ပြီးလျှင် သင်သည် သင်၏ တဇောက်ကန်းဖြစ်ခြင်းကို အမြဲ ထွက်ပေါ်စေလိုလျှင် သင်သည် သင်၏ တဇောက်ကန်းဖြစ်ခြင်းကို မဖော်ထုတ်ဘဲ သို့မဟုတ် တစ်ဇွတ်ထိုးဆန်သော၊ ထင်ရာမြင်ရာ နည်းလမ်းဖြင့် ပြုမူခြင်းမရှိဘဲ စည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်ရန် လိုက်စားရမည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဆိုသည့်အတိုင်း လုပ်ဆောင်ရမည်၊ ပြုပြင်ခြင်းကို လက်ခံရမည်၊ သင်၏ ပြစ်မှားခြင်းများကို သိရှိလာရမည်၊ ပြီးလျှင် သင် မည်သည့်နေရာတွင် မှားသွားသည်ကို နားလည်ရမည်။ ဤသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားခြင်းဟု ခေါ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စတင်လက်တွေ့လုပ်ဆောင်ခြင်းသည် လူတစ်ဦး ပြောင်းလဲသွားပြီဟု ဆိုလိုသလော။ ထိုမျှ မရိုးရှင်းပေ။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရပါက သင်သည် တစ်ဇွတ်ထိုးဆန်ပြီး ထင်ရာမြင်ရာပြုမူခြင်းမှ ရှောင်ကြဉ်နိုင်သလော။ မလွယ်ကူပေ၊ ယင်းသည် သင် သမ္မာတရားကို နားလည်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် အချိန်ကာလတစ်ခုကြာ တွေ့ကြုံခံစားခြင်းတို့ လိုအပ်သည်၊ ထိုအခါမှသာ သင်သည် ဤအရာကို ရရှိနိုင်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လိုသည်ဟု ပြောဆိုသော်လည်း ဤနှုတ်ဖြင့် လိုလားပြခြင်းသာရှိပြီး သင်၏စိတ်နှလုံးထဲတွင် စေ့ဆော်မှုမရှိပါက ယင်းမှာ အလုပ်ဖြစ်မည် မဟုတ်ချေ။ သင်၏စိတ်နှလုံးက လိုလားသည့်အခါ၊ ပြီးလျှင် သင်သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်လိုသည့်အခါ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ သင်၏စိတ်နှလုံးထဲတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုလားသည့်အခါ သင်သည် သစ္စာဆိုလျှင်ပင် သို့မဟုတ် အခြားသူများက သင့်ကို အားပေးလျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။ သင်သည် စိတ်ပိုင်းဖြတ်မှု ရှိရမည်၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ပြင်းပြသော တောင့်တမှုရှိသည့် စိတ်နှလုံးတစ်ခု ရှိရမည်။ သင်သည် ဘုရားသခင်က ကိစ္စရပ်တစ်ခုကို မည်သို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုသည်နှင့် ယင်းနှင့်ပတ်သက်၍ သူ အဘယ်အရာကို လိုအပ်သည်ကို သိရှိရန် လိုအပ်သည်၊ ဤကဏ္ဍနှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးကို ရှာဖွေပြီး စုဆောင်းကာ ထို့နောက် ၎င်းတို့ကို ဆုတောင်းရင်းဖြင့်ဖတ်ရှုပြီး နားလည်ရမည်။ ယင်းတို့ကို မှတ်စုစာအုပ်တစ်အုပ်ထဲတွင် ရေးမှတ်ထားလော့ သို့မဟုတ် သင် အလွယ်တကူ မြင်နိုင်သည့်နေရာတွင် ထားလော့။ သင်၏ အလုပ်နားချိန်များအတွင်း ယင်းတို့ကို ကြည့်လော့၊ ဖတ်လော့၊ ပြီးလျှင် အချိန်ကြာလာသည်နှင့်အမျှ သင်သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို အလွတ်ကျက်မှတ်မိပြီး သင်၏စိတ်နှလုံးထဲတွင် ထားရှိလိမ့်မည်။ နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို တွေးတောဆင်ခြင်ပြီး မည်သို့သော ပြောဆိုပြုမူပုံမျိုးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် မှတ်ယူ၍သည်ကို စဉ်းစားချင့်ချိန်လော့။ ဤသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားခြင်းဟု ခေါ်သည်။ ရရှိရန် လွယ်ကူသလော။ မလွယ်ကူပေ၊ ယင်းသည် ညတွင်းချင်း သို့မဟုတ် ပြင်းပြင်းထန်ထန် တစ်ချီမျှ အားထုတ်ရုံဖြင့် ပြီးမြောက်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ အချို့လူများက “ကျွန်ုပ်သည် သွေးသောက်သစ္စာဆိုပါသည်” ဟု ပြောကြသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ သင်က “ကျွန်ုပ်သည် အစာရှောင်ပြီး အစာရေစာမစားဘဲ ဆုတောင်းပါမည်” ဟု ပြောသော်လည်း အသုံးမဝင်ပေ။ သင်က “ကျွန်ုပ်သည် တစ်ညလုံးမအိပ်ဘဲ ဆင်းရဲဒုက္ခခံပါမည်” ဟု ပြောသော်ငြား ယင်းကလည်း အသုံးမဝင်ပေ။ သင်သည် သမ္မာတရားကို လိုက်စားရမည်၊ သင်သည် သမ္မာတရားကို လိုက်စားခြင်း၏ သရုပ်သကန်များကို ပိုင်ဆိုင်ရမည်၊ ပြီးလျှင် သင်သည် သမ္မာတရားကို လိုက်စားရန်အတွက် လမ်းကြောင်းတစ်ခု ရှိရမည်၊ သင်သည် မှန်ကန်သော နည်းလမ်းများနှင့် နည်းစနစ်များ ရှိရမည်။ သင့်တွင် မည်သို့သော နည်းလမ်းများ သို့မဟုတ် နည်းစနစ်များမျိုး ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ခွဲထွက်၍မရပေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အားထုတ်မှု ပြုလုပ်ရမည်၊ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ရမည်၊ အခြေအနေတိုင်းတွင် ပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုရမည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ ထိပ်တန်းဦးစားပေးအဖြစ် ထားရှိရမည်။ ဤသည်ကို သမ္မာတရားကို လိုက်စားခြင်းဟု ခေါ်သည်။ ဥပမာအားဖြင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့်ပတ်သက်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤအကြောင်းကို မည်သို့ဆိုသည်ကို ကြည့်ရှုရန်နှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့် သက်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေရန် လိုအပ်သည်။ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ဤကဏ္ဍနှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ရှာဖွေလော့။ တာဝန်တစ်ခုကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ တာဝန်များကို စံမီသောနည်းလမ်းဖြင့် မည်သို့ထမ်းဆောင်ရမည်နှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေပြီး ဘုရားသခင်၏ အနှစ်သာရရှိသော နှုတ်ကပတ်တော်များကို အလွတ်ကျက်မှတ်ကာ သင်၏စိတ်နှလုံးထဲတွင် ထားရှိလော့။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ အယောင်ဆောင် ခေါင်းဆောင်များတွင် မည်သည့်သရုပ်သကန်များ ရှိသည်၊ ၎င်းတို့တွင် အသိတရားနှင့် ဆင်ခြင်တုံတရား ရှိမရှိ၊ ပြီးလျှင် ဘုရားသခင်က အယောင်ဆောင်ခေါင်းဆောင်များကို မည်သို့ စရိုက်လက္ခဏာ သရုပ်ဖော်သည်တို့ကိုမူ ဘုရားသခင်၏ ဤအဓိကကျသော နှုတ်ကပတ်တော်များကို ရှာဖွေပြီး မှတ်စုစာအုပ်တစ်အုပ်ထဲတွင် ရေးမှတ်ထားလော့၊ ယင်းတို့ကို သင် အလွယ်တကူ မြင်နိုင်သည့်နေရာတွင် ထားလော့၊ ပြီးလျှင် သင့်တွင် အချိန်ရှိသည့်အခါတိုင်း ယင်းတို့ကို ဆုတောင်းရင်းဖတ်ရှုလော့။ သင်၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်တိုင်းအတွက် ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ပြီး အားထုတ်လော့။ ဤသည်ကို သမ္မာတရားကို လိုက်စားခြင်းဟု ခေါ်သည်။ သင်၏ အားထုတ်မှုသည် ဤအဆင့်သို့ မရောက်ပါက ယင်းကို သမ္မာတရားကို လိုက်စားခြင်းဟု မခေါ်ပေ၊ ယင်းကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း၊ အပေါ်ယံသဘောမျှသာ ကြည့်ရှုခြင်းနှင့် သင်၏နေ့ရက်များကို အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားခြင်းဟု ခေါ်သည်။
“ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း” ကို ကြည့်ကြစို့။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းတွင် စစ်မှန်သော ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ လေးစားခြင်းနှင့် ရိုးသားစစ်မှန်ခြင်းတို့ ပါဝင်သည့်အပြင် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံခြင်း၊ မိမိ၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခုထားရှိခြင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသော ပတ်ဝန်းကျင်များနှင့် ဘုရားသခင်ပေးအပ်သော တာဝန်ပေးစေခိုင်းချက်များကို ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်ခြင်း၊ ပြီးလျှင် ဘုရားသခင်ပြောဆိုခဲ့သော နှုတ်ကပတ်တော်တိုင်းကို အလေးအနက်ထားပြီး တာဝန်သိစွာ သဘောထားပြုမူခြင်း စသည်တို့ ပါဝင်သည်။ ဤသရုပ်သကန်အားလုံးကို ဝတ်ပြုကိုးကွယ်ခြင်းဟု ခေါ်သည်။ ယင်းသည် ဘုရားသခင်က သင်နှင့် မျက်နှာချင်းဆိုင် ပြောဆိုသော နှုတ်ကပတ်တော်များဖြစ်စေ၊ သူထုတ်ဖော်ပြောဆိုခဲ့ဖူးသော နှုတ်ကပတ်တော်များ အားလုံးဖြစ်စေ သင်သိရှိပြီး အမှတ်ရနေသရွေ့ ပြီးလျှင် သင်၏စိတ်နှလုံးထဲတွင် ၎င်းတို့ကို နားလည်ပြီး အတည်ပြုနေသရွေ့ သင်၏ ကျင့်ကြံပြုမူခြင်း၊ အသက်ရှင်ပုံ စသည်တို့အတွက် စံသတ်မှတ်ချက်များအဖြစ် ယင်းတို့ကို သဘောထားပြုမူခြင်းသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း၏ သရုပ်သကန်ပင် ဖြစ်သည်။ ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ သင်၏ကိုယ်ပိုင်အကြိုက်များ၊ လိုအင်ဆန္ဒများ သို့မဟုတ် အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ သင်သည် သင်၏စိတ်နှလုံးကို ငြိမ်သက်စေပြီး “ဤအရာကို ဘုရားသခင်က ပြုလုပ်ခဲ့သလော။ ယင်းသည် ဘုရားသခင်ထံမှ အရင်းခံခဲ့သလော။ ဘုရားသခင်သည် အဘယ်ကြောင့် ဤသို့ပြုလုပ်ခဲ့သနည်း။ ဘုရားသခင်သည် ငါ့ထဲတွင် အဘယ်အရာကို စစ်ဆေးလိုသနည်း၊ သူသည် ငါ့ထဲတွင် အဘယ်အရာကို ပြောင်းလဲစေလိုသနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် အတိအကျ အဘယ်အရာဖြစ်သနည်း။ ငါသည် ဘုရားသခင်၏ အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံသင့်သနည်း။ ငါသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မည်သို့ အထမြောက်အောင် လုပ်ဆောင်သင့်သနည်း။ ငါသည် လူသားတစ်ဦးအနေဖြင့် ငါ၏တာဝန်ကို မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သနည်း” ဟု စဉ်းစားသုံးသပ်နိုင်သင့်သည်။ ဤသရုပ်သကန်အားလုံးသည် အခြားထိုသို့သော အရာများအပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ သင်သည် ပို၍များသသော သမ္မာတရားကို နားမလည်လျှင်ပင်၊ သာမန်လူတစ်ဦးအနေဖြင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သောသူတစ်ဦးအနေဖြင့်၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်သောသူ တစ်ဦးအနေဖြင့် ဤသည်မှာ သင်သည် ဘုရားသခင်အပေါ် အနည်းဆုံး ရှိသင့်သည့် သဘောထားဖြစ်သည်။ ဘုရားသခင်နှင့်သက်ဆိုင်သော အရာရာတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်စပ်လျဉ်းသော အရာရာတိုင်း၊ သင့်အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ သင်၏တာဝန်၊ သင်၏ တာဝန်ဝတ္တရားတို့နှင့်ပတ်သက်သော အရာရာတိုင်းကို သင်သည် ဂရုတစိုက်နှင့် သတိဖြင့် သဘောထားပြမူသင့်သည်၊ ပေါ့ဆစွာမပြုဘဲ၊ လစ်လျူရှုခြင်းမရှိဘဲ၊ မထီမဲ့မြင်မပြုဘဲ သဘောထားပြုမူသင့်သည်၊ ဤသည်ကို ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းဟု ခေါ်သည်။ ဘုရားသခင်နှင့်ဆက်စပ်သော အရာရာတိုင်းကို သတိကြီးစွာ၊ ဂရုတစိုက်၊ ဘုရားသခင်ကို ကြောက်ရွံ့သော၊ ဘုရားသခင်ကို ထိတ်လန့်သော စိတ်နှလုံးဖြင့် ကိုင်တွယ်ခြင်း ဤသည်ကို ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းဟု ခေါ်သည်။ ဤအရာကို စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ မလွယ်ကူပေ။ စစ်မှန်သော အတွေ့အကြုံမရှိဘဲ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့်၊ “ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း” ဟူသော စကားလုံးနှစ်လုံးကို နားလည်ရန်ပင် ခက်ခဲသည်။ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၏ နောက်ဆုံးစကားစုမှာ “ကိုယ်တော်၏ကယ်တင်ခြင်းကို ရယူခြင်း” ဖြစ်သည်။ ဤအရာကို မည်သို့ နားလည်သင့်သနည်း။ ကယ်တင်ခြင်းကို ရရှိရန် လမ်းခရီးသည် ရှည်လျားပြီး ဤနေရာတွင် ပို၍ပင် လိုအပ်သည်။ ပထမဦးစွာ သင်လျှောက်လှမ်းသော လမ်းခရီးသည် မှန်ကန်ရမည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားအားလုံးကို လက်ခံနိုင်ရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားကာ ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်ရမည်။ သင်၏အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းခြင်းကို ခံရမည်။ သင်သည် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်ပြုရုံသာမက သမ္မာတရားကို ချစ်ပြီး သမ္မာတရားနှင့်အညီ ပြုမူရမည်၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ကြောက်ရွံ့ခြင်းနှင့် ကျိုးနွံနာခံခြင်း ရှိရမည်၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မကြာခဏ ဆုတောင်းပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းသို့ တဖြည်းဖြည်း ကူးပြောင်းရမည်။ ထိုအခါ သင်သည် သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်သည်၊ သင်သည် ဘုရားသခင် ကယ်တင်လိုသော လူစားမျိုး အတိအကျ ဖြစ်သည်။ ရိုးသားစစ်မှန်စွာ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးသည် မှန်ကန်သောသူတစ်ဦး ဖြစ်ရမည်။ မှန်ကန်သောသူတစ်ဦးဖြစ်ခြင်း၏ အကျိုးကျေးဇူးမှာ အဘယ်နည်း။ အကျိုးကျေးဇူးမှာ ကယ်တင်ခြင်းကို ရယူခြင်းသည် သင့်အတွက် အလွန်အမင်း ခက်ခဲမည်မဟုတ်ခြင်း ဖြစ်သည်၊ သင်သည် ယင်းကို ရရှိရန် မျှော်လင့်ချက် ရှိလိမ့်မည်။ ဤသည်မှာ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်ပတ်သက်၍ တိကျသော အသေးစိတ်အချက်များအပေါ် ငါပြုလုပ်ခဲ့သော မိတ်သဟာယပင် ဖြစ်သည်။
၄။ အသင်းတော်အပေါ် လူတို့ ထားရှိသော အယူအဆများနှင့် အမြင်များ
ယခုလေးတင် ငါတို့သည် အသင်းတော်ဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ အသင်းတော်က လုပ်ဆောင်သည့် အနှစ်သာရရှိသော အလုပ်မှာ အဘယ်အရာဖြစ်သည်၊ လူတို့က မိမိတို့၏ အယူအဆများထဲတွင် အသင်းတော်နှင့်ပတ်သက်၍ အဘယ်အရာကို စိတ်ကူးပုံဖော်ပြီး တောင်းဆိုကြသည်တို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အဆုံးတွင် ငါတို့သည် အသင်းတော်ဟူသည့် သဘောတရားအတွက် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို ပေးခဲ့သည်။ ယခု အနက်အဓိပ္ပာယ်ဖွင့်ဆိုပြီးဖြစ်သည့်အတွက် သင်တို့သည် “အသင်းတော်” ဟူသည့် အမည်သညာအပေါ် တိကျမှန်ကန်သော သိနားလည်မှုတစ်ခု ယခု ရှိသင့်ပေပြီ။ အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့်အလုပ်၊ လူတို့အား သမ္မာတရားကို ရရှိစေပြီး ကယ်တင်ခြင်းကို ရရှိအောင် ကူညီရာတွင် အသင်းတော်တစ်ခုက ပါဝင်သည့် အခန်းကဏ္ဍနှင့် ဘုရားသခင်နောက် လိုက်လျှောက်သည့် လူတိုင်းအတွက် အသင်းတော်တစ်ခု၏ အရေးပါမှုတို့ကို သင်တို့ အခြေခံအားဖြင့် နားလည်သင့်ပေသည်။ လူတို့က မိမိတို့၏ အယူအဆများထဲတွင် အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်ဟု ယုံကြည်သည့်အရာကိုလည်း ငါတို့က သဘောထားထင်ဟပ်သော စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ဖော်ထုတ်ခြင်းတစ်ခုကို အကျဉ်းချုံး လုပ်ဆောင်ခဲ့သည်။ လူတို့က မိမိတို့၏ အယူအဆများထဲတွင် အသင်းတော်များနှင့်ပတ်သက်၍ ထားရှိသော သိနားလည်မှုများနှင့် အနက်ဖွင့်ဆိုချက်များအကြောင်း သင်တို့အနေဖြင့် ထိုးထွင်းမမြင်နိုင်သော သို့မဟုတ် သဘောပေါက်နားလည်နိုင်ခြင်း မရှိသော တစ်စုံတစ်ရာ ရှိသလော။ အချို့လူများက အသင်းတော်တစ်ခုသည် လူ့အဖွဲ့အစည်းတွင် တရားမျှတမှုကို ထိန်းသိမ်းခြင်းကဲ့သို့သော လူမှုရေးလုပ်ငန်းတစ်မျိုးမျိုးတွင် ပါဝင်သင့်သည် သို့မဟုတ် လူ့အဖွဲ့အစည်းတွင် အခန်းကဏ္ဍတစ်မျိုးမျိုး ရှိသင့်သည်ဟု ထင်မှတ်ကြသည်။ လူတို့၏ အယူအဆများတွင် အသင်းတော်သည် အပြုသဘောဆောင်သော ပုံရိပ်ကို ကိုယ်စားပြုသည်၊ သို့ဖြစ်လျှင် အဘယ်ကြောင့် တရားမျှတမှုကို မထိန်းသိမ်းနိုင်ရမည်နည်း။ တရားမျှတမှုကို ထိန်းသိမ်းခြင်းသည် အသင်းတော်၏အလုပ်နှင့်ဖြစ်စေ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ဖြစ်စေ တစ်စုံတစ်ရာ သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) လူတို့ပြောဆိုကြသည့် ဤ “တရားမျှတမှုကို ထိန်းသိမ်းခြင်း” က အဘယ်အရာကို ရည်ညွှန်းသနည်း။ (လူတို့က တရားမျှတမှုကို ထိန်းသိမ်းခြင်းဟု ခေါ်သည့်အရာသည် စစ်မှန်သော တရားမျှတမှု မဟုတ်ပါ။ ယင်းမှာ ဇာတိပကတိ၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းမျှသာဖြစ်ပြီး သမ္မာတရားနှင့် မကိုက်ညီပါ။) ဤတရားမျှတမှုသည် သမ္မာတရားနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ဤသည်မှာ လူသားမျိုးနွယ်က တရားမျှတမှုဟု ခေါ်သည့်အရာ ဖြစ်သည်။ ဥပမာအားဖြင့် ဆိုးယုတ်သော အင်အားစုအချို့ကို နှိမ်နင်းခြင်း၊ တရားမမျှတမှုအချို့နှင့် လူတို့ မှားယွင်းစွာ အပြစ်တင်ခံရပြီး အရှက်ခွဲခံရသည့် ဖြစ်ရပ်များကို ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် ဆိုးယုတ်သောလူများအပေါ် ထိုက်တန်သော အပြစ်ဒဏ်ကို ပေးခြင်းနှင့် အားနည်းသောအုပ်စုများ၏ အကျိုးစီးပွားများကို ပြန်လည်ရရှိစေပြီး ကာကွယ်ပေးခြင်း စသည်တို့ဖြစ်သည်၊ ဤသည်တို့ကို လူတို့က တရားမျှတမှုကို ထိန်းသိမ်းခြင်းဟု ခေါ်ကြသည်။ ဤတရားမျှတမှုကို ထိန်းသိမ်းခြင်း၏ အဓိကရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူတို့ သမ္မာတရားကို လိုက်စားခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ ယင်းသည် လူတို့ ကယ်တင်ခြင်းခံရခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုနှင့် ကျင့်ဝတ်သိက္ခာတို့ကို အခြေခံ၍ ပေါ်ပေါက်လာသော ဆိုရိုးစကားမျှသာ ဖြစ်သည်၊ ယင်းသည် သမ္မာတရားနှင့် လုံးဝမသက်ဆိုင်ပေ။ ယင်းသည် သမ္မာတရား၏ အဆင့်သို့ မတက်လှမ်းနိုင်ဟု ငါတို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ငါတို့ ဆိုနိုင်သလော။ (မဆိုနိုင်ပါ၊ ထိုနှစ်ခုမှာ မသက်ဆိုင်ပါ။) မှန်သည်၊ ယင်းတို့သည် လုံးဝမသက်ဆိုင်ပေ၊ ယင်းတို့သည် ကွဲပြားသော အမှုအရာနှစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်သည် မည်သို့သော တရားမျှတမှုကို ထိန်းသိမ်းသနည်း။ ယင်းမှာ လူမှုအဆင့်အတန်း အနည်းငယ်နိမ့်ကျသော သာမန်လူတစ်ဦးသည် ဆိုးယုတ်သောလူများ၏ ဖိနှိပ်ခြင်းကိုဖြစ်စေ၊ အခွင့်အရေးတစ်ခုတလေ သို့မဟုတ် အကျိုးစီးပွားတစ်ခုတလေ သိမ်းယူသွားခြင်းကိုဖြစ်စေ ခံရပြီးနောက် ဆိုးယုတ်သောလူများသည် ထိုက်တန်စွာ အပြစ်ပေးခြင်းခံရပြီး သာမန် သို့မဟုတ် ရိုးရိုးလူသည် နောက်ထပ် မတော်မတရားပြုခြင်းကို မခံစားရတော့သည့် အမျိုးအစား ဖြစ်သည်။ ယင်းမှာ လူတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများကို ပြန်လည်ရရှိစေပြီး အာမခံပေးခြင်း၊ လူတို့ကြားတွင် တန်းတူညီမျှမှုကို ရရှိစေခြင်း၊ လူမှုအလွှာများကြားရှိ ကွာဟချက်များကို ဖယ်ရှားရှင်းလင်းခြင်း၊ ဆိုးယုတ်သောလူများသည် ၎င်းတို့၏ ဒုစရိုက်အမှုများတွင် အောင်မြင်မှုမရှိစေရန်နှင့် မတရားသဖြင့်ပြုခြင်း ခံရသူများ၏ နစ်နာချက်များကို ပြန်လည်ဖြေရှင်းပေးကြောင်း သေချာစေခြင်းတို့နှင့် သက်ဆိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်က တရားမျှတမှုကို ထိန်းသိမ်းခြင်းဟု ခေါ်သည့်အရာဖြစ်ပြီး ယင်းသည် သမ္မာတရားနှင့် လုံးဝမသက်ဆိုင်ပေ။ ယင်းသည် သမ္မာတရား၏ အဆင့်သို့ မတက်လှမ်းနိုင်ဟု သင်တို့ အဘယ်သို့ ဆိုနိုင်သေးသနည်း။ ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်သလော။ မသက်ဆိုင်ပေ။ ငါ့ကို ပြောလော့၊ နစ်နာချက်များကို ခံစားခဲ့ရသော ထိုသာမန်နှင့် ရိုးရိုးလူများသည် မလွဲမသွေ လူကောင်းများ ဖြစ်ကြသလော။ (ဖြစ်ချင်မှဖြစ်ပါမည်။) ၎င်းတို့အား နစ်နာချက်များကို မခံစားရစေရန် တားဆီးခြင်း ယင်းမှာ တရားမျှတမှုလော။ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ထိုလူများသည် ထိုအခါ ကယ်တင်ခြင်းခံရနိုင်သလော။ ဤသည်တို့မှာ ရှင်းလင်းစွာပင် ကွဲပြားသော အမှုအရာနှစ်ခု ဖြစ်သည်၊ ယင်းတို့ကို အဘယ်သို့ ရောထွေးနိုင်မည်နည်း။ ဤအရာကို သမ္မာတရား၏ အဆင့်နှင့်တူသည်ဟု လုံးဝ သတ်မှတ်၍မရချေ၊ ယင်းသည် သမ္မာတရားနှင့် တူညီသောအရာ လုံးဝမဟုတ်ပေ။ အကယ်၍ သင်တို့သည် ဤကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုအချို့ ရှိပါက သင်တို့ထဲမှ အများစုသည် တရားမျှတမှုကို ထိန်းသိမ်းခြင်းကိစ္စကို ထိုးထွင်းမမြင်နိုင်ဘဲ “ဤအရာသည် အဘယ်သို့ မှားနိုင်မည်နည်း။ ဤအရာသည် အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့်အလုပ် အဘယ်သို့ မဖြစ်နိုင်ရမည်နည်း” ဟု တွေးထင်လျက် ယင်းကို အနည်းငယ် စွဲလမ်းနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ အမှန်တွင် ဤအရာသည် အသင်းတော်၏အလုပ်နှင့် မည်သို့မျှမသက်ဆိုင်ပေ။ အသင်းတော်တစ်ခုသည် ဆိုးယုတ်ခြင်းကို အပြစ်ပေးပြီး ကောင်းမြတ်ခြင်းကို အားပေးသည့်နေရာတစ်ခု ဖြစ်သင့်သည်၊ ယင်းသည် ဤလုပ်ငန်းဆောင်တာကို ဆောင်ရွက်သင့်သည်၊ ကောင်းမြတ်ပြီး အကျင့်သီလကောင်းသောအရာများကို အားပေးနေစဉ်တွင် ဒုစရိုက်အမှုများနှင့် ဆိုးယုတ်ပြီး အမှောင်ဖုံးသော အင်အားစုများကို အပြစ်ပေးသင့်သည်ဟု ထင်မှတ်သော လူအချို့လည်း ရှိသေးသည်။ ဤသည်မှာ မှန်ကန်သလော။ ဆိုးယုတ်ခြင်းကို အပြစ်ပေးခြင်းနှင့် ကောင်းမြတ်ခြင်းကို အားပေးခြင်းသည် သမ္မာတရား၏ အဆင့်သို့ တက်လှမ်းနိုင်သလော။ ဆိုးယုတ်သည့်အရာ၊ ကောင်းမြတ်သည့် အရာတို့နှင့်ပတ်သက်လာလျှင် လူတို့သည် ဤအရာများကြားတွင် ရှင်းလင်းစွာ မခွဲခြားနိုင်ကြပေ။ ဆိုးယုတ်ခြင်းကို အပြစ်ပေးခြင်းနှင့် ကောင်းမြတ်ခြင်းကို အားပေးခြင်းအားဖြင့် လူတို့သည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် ဘုရားသခင်ပြောဆိုသည့် ဆိုးယုတ်ခြင်းကို အပြစ်ပေးခြင်း၊ ကောင်းမြတ်ခြင်းကို ဆုလာဘ်ပေးခြင်းနှင့် အားလုံးကို ၎င်းတို့၏ အမျိုးအစားအညီ ခွဲခြားသတ်မှတ်ခြင်းတို့နှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ယင်းမှာ မသက်ဆိုင်ပေ။ ဆိုးယုတ်ခြင်းနှင့် ကောင်းမြတ်ခြင်းကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် လူသားမျိုးနွယ်၏ စံနှုန်းမှာ အဘယ်နည်း။ တရုတ်လူမျိုးတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုးယုတ်ခြင်းဟူသည် အဘယ်နည်း၊ ပြီးလျှင် ကောင်းမြတ်ခြင်းဟူသည် အဘယ်နည်း။ ဆိုးယုတ်ခြင်းနှင့် ကောင်းမြတ်ခြင်းကို ၎င်းတို့၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အခြေခံမှာ အဘယ်နည်း။ ယင်းမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဖြစ်သည်။ ဗုဒ္ဓဘာသာသည် လောကကို ကူညီခြင်းနှင့် လူတို့ကို ကယ်တင်ခြင်း၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ကဲ့သို့သော အယူအဆများကို ပြောဆိုသည်၊ ဤသည်တို့ကို ကောင်းသည်ဟု မှတ်ယူကြပြီး ကြက်သား၊ ငါး၊ အမဲသား သို့မဟုတ် သိုးသားစားခြင်းကို ဆိုးယုတ်ခြင်းဟု မှတ်ယူကြကာ ထိုသို့ပြုလုပ်သောလူများသည် အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ မည်သည့်အသားကိုမျှ မစားသင့်ပါ၊ ပြီးလျှင် မည်သည့်သက်ရှိသတ္တဝါကိုမျှ မသတ်သင့်ပါ။ သတ်ဖြတ်ခြင်းကို ဆိုးယုတ်ခြင်းဟု မှတ်ယူကြပြီး သတ်ဖြတ်သောသူများသည် ဗုဒ္ဓရှေ့မှောက်တွင် ဝန်ချတောင်းပန်ကာ ခွင့်လွှတ်မှုအတွက် တောင်းပန်သင့်သည် ဟူ၍ဖြစ်လေသည်။ ဤသည်မှာ ဆိုးယုတ်ခြင်းနှင့်ပတ်သက်သည့် ဗုဒ္ဓဘာသာ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်၊ ယင်းသည် ဘုရားသခင်ပြောဆိုသော ဆိုးယုတ်ခြင်းနှင့် တူညီသလော။ (မတူညီပါ။) ယင်းတို့သည် ကွဲပြားသော အမှုအရာနှစ်ခုဖြစ်သည်၊ ထို့ကြောင့် ဆိုးယုတ်ခြင်းနှင့်ပတ်သက်သည့် ထိုအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သမ္မာတရားနှင့် လုံးဝမသက်ဆိုင်သည့်အပြင် သမ္မာတရား၏ အဆင့်သို့ သေချာပေါက် မတက်လှမ်းနိုင်ပေ။ သို့ဆိုလျှင် ဗုဒ္ဓဘာသာသည် ကောင်းမြတ်ခြင်းအားဖြင့် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် သာ၍ပင် အဓိပ္ပာယ်မဲ့ပြီး အပေါ်ယံဆန်ကာ ကြောင်သူတော်ဆန်သည်။ ဗုဒ္ဓဘာသာဝင်များက မည်သည့်သက်ရှိသတ္တဝါကိုမျှ မသတ်ဖြတ်ခြင်းသည် ကောင်းသည်၊ ဖမ်းဆီးခံထားရသော တိရစ္ဆာန်များကို လွှတ်ပေးခြင်းသည် ကောင်းသည်ဟု ယုံကြည်ကြသည်။ ဆိုးယုတ်သောသူတစ်ဦးသည် လူမည်မျှကို သတ်ဖြတ်ခဲ့သည်ဖြစ်စေ၊ အပြစ်မည်မျှကို ကျူးလွန်ခဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် လူသတ်ဓားကို ချထားပါက ၎င်းတို့သည် ချက်ချင်း ဗုဒ္ဓတစ်ဆူ ဖြစ်လာနိုင်သည်၊ ဤသည်ကို ကောင်းသည်ဟု မှတ်ယူကြသည်။ “အသက်တစ်ချောင်းကို ကယ်တင်ခြင်းသည် ခုနစ်ထပ်စေတီတစ်ဆူ တည်ခြင်းထက် သာလွန်သည်” ဟူသော ဆိုရိုးစကားလည်း ရှိသေးသည်၊ ယင်းမှာ လူတို့ကို အကြွင်းမဲ့နှင့် စည်းမျဉ်းများမရှိဘဲ၊ ကြောင်းကျိုးမမြင်ဘဲ ကယ်တင်ခြင်း၊ နတ်ဆိုးများ၊ ဆိုးယုတ်သောလူများ၊ လူမိုက်များ၊ လူရမ်းကားများနှင့် အခြားမည်သူ့ကိုမဆိုပင် ကယ်တင်ခြင်းကို ကောင်းသည်ဟု မှတ်ယူကြသည်ကို ဆိုလိုသည်။ ဤသည်မှာ မည်သို့သော ကောင်းမြတ်ခြင်းမျိုးနည်း။ ထိုသို့သောလူများသည် မည်သည့်ပိုင်းခြားသိမြင်နိုင်စွမ်း၊ ရပ်တည်ချက် သို့မဟုတ် စည်းမျဉ်းတို့မျှ မရှိဘဲ ငတုံးများ ဖြစ်ကြသည်။ မည်သူ့ကိုမဆို ကယ်တင်ခြင်းနှင့် မည်သူ့ကိုမဆို ခွင့်လွှတ်ခြင်း၊ ယင်းကို ကောင်းသည်ဟု မှတ်ယူနိုင်သလော။ ယင်းသည် ထိုစကားလုံးနှင့်ပင် မထိုက်တန်ပေ၊ ဤသည်မှာ စာတန်နှင့် နတ်ဆိုးများက ဟန်ဆောင်ဖန်တီးထားသည့်အရာသာ ဖြစ်သည်။ ၎င်းတို့သည် တိရစ္ဆာန်များကို မသတ်ဖြတ်ကြသော်လည်း မရေမတွက်နိုင်သော ဝိညာဉ်များကို မျိုချခဲ့ကြပြီးဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကောင်းမြတ်ခြင်းဟု ခေါ်သည့်အရာဖြစ်ပြီး အမှန်တကယ်တွင် ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်သည်။ သို့ဆိုလျှင် အသင်းတော်သည် ဆိုးယုတ်ခြင်းကို အပြစ်ပေးပြီး ကောင်းမြတ်ခြင်းကို အားပေးသည့် အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟူသော လူ့အယူအဆသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) မည်သည့်လူမျိုး သို့မဟုတ် ဘာသာရေး၏ ယဉ်ကျေးမှုနောက်ခံဖြစ်စေ ဆိုးယုတ်ခြင်းကို အပြစ်ပေးခြင်းနှင့် ကောင်းမြတ်ခြင်းကို အားပေးခြင်းသည် အသင်းတော်၏အလုပ် သို့မဟုတ် အသင်းတော်၏ သက်သေခံချက်နှင့် မည်သို့မျှမသက်ဆိုင်ပေ။ ဤဝေါဟာရများသည် တရားမျှတပြီး ချီးကျူးထောမနာပြုဖွယ်ဖြစ်သည်ဟု ထင်ရသောကြောင့် ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် သက်ဆိုင်သင့်သည် သို့မဟုတ် ဤသည်မှာ အသင်းတော်တစ်ခုက လူ့အဖွဲ့အစည်းတွင် ပါဝင်သင့်သည့် အခန်းကဏ္ဍဖြစ်သည်ဟု မထင်မှတ်ကြနှင့်။ ဤသည်မှာ လူ့အယူအဆနှင့် စိတ်ကူးပုံဖော်ခြင်းတစ်ခု ဖြစ်သည်။ “တရားမျှတမှုကို ထိန်းသိမ်းခြင်း” နှင့် “ဆိုးယုတ်ခြင်းကို အပြစ်ပေးပြီး ကောင်းမြတ်ခြင်းကို အားပေးခြင်း” တို့အပြင် “လူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများအတွက် တိုက်ပွဲဝင်ခြင်း” နှင့် “စိုးရိမ်ပူပန်မှုများကို လျော့ပါးစေပြီး အခက်အခဲများကို ဖြေရှင်းခြင်း” ကဲ့သို့သော လူ့အယူအဆများအရ အခြားသော ကောင်းသည့်ဝေါဟာရများသည်လည်း အသင်းတော်၏အလုပ် သို့မဟုတ် အသင်းတော်၏ သက်သေခံချက်နှင့် ဆက်စပ်မှုမရှိပေ။ သင်တို့အားလုံး ဤအရာကို နားလည်နိုင်သင့်သည်။ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့်အလုပ်နှင့် အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှုတို့ကို အတော်အတန် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။
အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန်ဝတ္တရားဖြစ်သည့် “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” သို့ ပြန်သွားကြစို့။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ဤအလုပ်သည် ငါယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် အသင်းတော်များနှင့်ပတ်သက်သည့် အသေးစိတ်အချက်တစ်ခုစီနှင့် သက်ဆိုင်ခြင်းရှိမရှိကို ကြည့်ကြစို့။ ငါတို့သည် ဤတိကျသော အသေးစိတ်အချက်များကို အဘယ်ကြောင့် မိတ်သဟာယဖွဲ့ရန် လိုအပ်သနည်း။ ဤအသေးစိတ်အချက်များနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ဤအလုပ်ကြားတွင် မည်သို့သော ဆက်နွှယ်မှု ရှိသနည်း။ (ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် အသင်းသားများ မဟုတ်ကြဘဲ ဖယ်ရှားခြင်း ခံရရန် လိုအပ်ပါသည်။ ထို့အပြင် ၎င်းတို့၏ တည်ရှိမှုသည် အသင်းတော်များ လုပ်ဆောင်သည့်အလုပ်ကို ပိတ်ဆို့ပြီး နှောင့်ယှက်ပါသည်။) သို့ဆိုလျှင် ဆက်နွှယ်မှုတစ်ခု ရှိသည်၊ ဤမိတ်သဟာယဖွဲ့ခြင်းသည် အချည်းနှီးမဟုတ်ပေ။ အသင်းတော်တစ်ခု၏ အမည်သညာ သို့မဟုတ် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်သည့် အသေးစိတ်အချက်တစ်ခုစီကို နားလည်ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော် အသင်းသားများကို မည်သို့ ဆက်ဆံသင့်သည်၊ အသင်းတော်မှ ဖယ်ရှားပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရရန် လိုအပ်သည့် လူအမျိုးမျိုးကို မည်သို့ သဘောထားသင့်သည်၊ ဤအလုပ်ကို ၎င်းတို့ မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့၏ တာဝန်ဝတ္တရားကို မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းပြီး အသင်းတော်၏အလုပ်ကို ထိန်းသိမ်းသင့်သည်တို့ကို ဆန်းစစ်ကြည့်ကြစို့။ ပထမဦးစွာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်အရာဖြစ်သည်၊ အသင်းတော်တစ်ခုသည် အဘယ်ကြောင့် တည်ရှိရန် လိုအပ်သည်နှင့် အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့်အလုပ်မှာ အဘယ်အရာဖြစ်သည်တို့ကို နားလည်ရမည်။ ဤအရာများကို နားလည်ပြီးနောက် ၎င်းတို့သည် အသင်းတော်၏ တည်ရှိခြင်းတန်ဖိုး သို့မဟုတ် အသင်းတော်က လုပ်ဆောင်သည့်အလုပ်နှင့် ပတ်သက်လာလျှင် လက်ရှိ အသင်းသားများထဲမှ မည်သူတို့က အပြုသဘောဆောင်သော အခန်းကဏ္ဍမှ မပါဝင်သည်ကိုဖြစ်စေ၊ အသင်းတော်၏ အနှစ်သာရရှိသော အလုပ်အပေါ် အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် အပျက်သဘောဆောင်သော သက်ရောက်မှုများကို မည်သူက ဖြစ်ပေါ်စေနိုင်သည်ကိုဖြစ်စေ၊ အသင်းတော်၏ ဂုဏ်သတင်းကိုပင် ဆိုးရွားစွာ ထိခိုက်စေပြီး ဘုရားသခင်၏နာမတော်ကို ရှုတ်ချသည်ကိုဖြစ်စေ ကြည့်ရှုသင့်သည်။ ဤလူတို့ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး ချက်ချင်း ဖယ်ရှားပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အလုပ် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရာတွင် အဘယ်အရာ ပါဝင်သနည်း။ ဆိုးယုတ်သောလူစားမျိုးအားလုံးကို ဖယ်ရှားပစ်ပြီး သို့မဟုတ် နှင်ထုတ်ပြီး အသင်းတော်ကို သန့်စင်ရန်နှင့် အသင်းတော်၏ တည်ရှိခြင်းတန်ဖိုးကို ပေါ်လွင်ထင်ရှားစေပြီး အသင်းတော်ကို ယင်းက ဖြည့်ဆည်းသင့်သည့် အခန်းကဏ္ဍအား ဖြည့်ဆည်းစေရန်နှင့် တစ်ချိန်တည်းတွင် အသင်းတော်၏အလုပ်ကို ချောမွေ့စွာ တိုးတက်စေရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်ထဲရှိ မည်သည့်လူများက ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ဖြစ်သည်ကို ဦးစွာ ပိုင်းခြားသိမြင်ရမည်။ ဤသည်မှာ ဤအလုပ်ကို လုပ်ဆောင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဦးစွာ သဘောပေါက်ထားရန် လိုအပ်သည့် သတင်းအချက်အလက် သို့မဟုတ် အမှန်တကယ်ဖြစ်သော အခြေအနေဖြစ်သည်။ ဤအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ရင်ဆိုင်ရသည့် ပထမဆုံးကိစ္စမှာ လူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်း ဖြစ်သည်။ လူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ကို ၎င်းတို့၏ အမျိုးအစားအညီ ခွဲခြားသတ်မှတ်ရန်နှင့် အသင်းတော်၏ စစ်မှန်သော အသင်းသားများဖြစ်ကြသူတို့ကို ကာကွယ်ရန် ဖြစ်သည်။ သို့သော်လည်း ဤလူတို့ကို ကာကွယ်ခြင်းတစ်ခုတည်းက ဆယ့်လေးခုမြောက် တာဝန်ဝတ္တရားတွင် အနှစ်ချုပ်ထားသည့်အလုပ်ကို အောင်မြင်စွာ လုပ်ဆောင်နေသည်ဟု မဆိုလိုပေ။ သို့ဆိုလျှင် ဤအလုပ်ကို အောင်မြင်စွာ လုပ်ဆောင်ခြင်း၏ အရေးကြီးဆုံးသော ကဏ္ဍမှာ အဘယ်နည်း။ ယင်းမှာ အသင်းတော်နှင့်မသက်ဆိုင်သော မယုံကြည်သူများနှင့် ဆိုးယုတ်သောလူစားမျိုးအားလုံးကို ဖယ်ရှားပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ဖြစ်သည်။ ဤလူများသည် ဆိုးယုတ်သောလူများအဖြစ် သို့မဟုတ် အန္တိခရစ်တို့အဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ၎င်းတို့သည် ဖယ်ရှားပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရရန် အခြေအနေများနှင့် ကိုက်ညီပါက ဤအလုပ်အတွက် လိုအပ်ချက်က ပေါ်ပေါက်လာပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် အချိန်ကျရောက်ပြီ ဖြစ်သည်။ လူအမျိုးမျိုးတို့ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။
၁။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၏ ရည်ရွယ်ချက်အပေါ် အခြေခံခြင်း
ငါတို့သည် လူအမျိုးမျိုးတို့ကို မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ပထမ စံသတ်မှတ်ချက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်အတိုင်း ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ ဒုတိယမှာ ၎င်းတို့၏ လူ့သဘာဝအတိုင်း ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ ပြီးလျှင် တတိယမှာ ၎င်းတို့၏ တာဝန်အပေါ်ထားရှိသော သဘောထားအတိုင်း ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ အကယ်၍ ငါတို့သည် ရိုးရှင်းပြီး တိုတောင်းသော ခေါင်းစဉ်ငယ်အချို့ကို အသုံးပြုမည်ဆိုလျှင် ယင်းတို့မှာ ပထမ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်၊ ဒုတိယ ၎င်းတို့၏ လူ့သဘာဝ၊ ပြီးလျှင် တတိယ ၎င်းတို့၏ တာဝန်အပေါ်ထားရှိသော သဘောထားတို့ ဖြစ်ပေမည်။ ယခု ငါတို့တွင် ဤခေါင်းစဉ်ငယ်သုံးခု ရှိပြီဖြစ်သည့်အတွက် ၎င်းတို့တစ်ခုစီအပေါ် သင်တို့၏ သိနားလည်မှုများမှာ အဘယ်နည်း။ လူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်အကြောင်းကို ငါတို့ ယခင်က များစွာ မဆွေးနွေးခဲ့ဖူးပေ။ ငါတို့သည် လူတို့၏ လူ့သဘာဝနှင့် ၎င်းတို့၏ တာဝန်အပေါ်ထားရှိသော သဘောထားအကြောင်းကို ပို၍ ပြောဆိုခဲ့ကြပြီးဖြစ်သောကြောင့် သင်တို့သည် ဤအရာများနှင့် ပို၍ အကျွမ်းတဝင်ရှိကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတို့၏ ရည်ရွယ်ချက်သည် အမှန်တကယ်တွင် သင်တို့အတွက် များစွာ မစိမ်းကားလှပေ၊ အကြောင်းမှာ သင်တို့ကိုယ်တိုင်က ရည်ရွယ်ချက်တစ်ခုဖြင့် ဘုရားသခင်ကို ယုံကြည်ရန် ရောက်လာခဲ့ကြသောကြောင့် ဖြစ်သည်။ အချို့လူများသည် ငရဲသို့ မသွားလိုသောကြောင့် ဘုရားသခင်ကို ယုံကြည်ကြသည်၊ အချို့မှာ ကောင်းကင်ဘုံသို့ သွားလိုသောကြောင့် ဖြစ်သည်၊ အချို့မှာ မသေလိုသောကြောင့် ဖြစ်သည်၊ အချို့မှာ ဘေးအန္တရာယ်များကို ရှောင်ရှားရန် ဖြစ်သည်၊ အချို့မှာ လူကောင်းများ ဖြစ်လိုရုံမျှသာ ဖြစ်သည်၊ အချို့မှာ မတော်မတရားပြုခြင်းကို ရှောင်ရှားလိုသောကြောင့် စသည်တို့ ဖြစ်သည်။ ဤအကြောင်းအရာသည် သင်တို့အတွက် မစိမ်းသင့်ပေ၊ ငါပြောဆိုမည့် အသေးစိတ်အချက်များနှင့်မူ သင်တို့ အနည်းငယ် စိမ်းနေနိုင်သည်၊ သင်တို့သည် ယင်းတို့နှင့်ပတ်သက်၍ မသေမချာ ခံစားရနိုင်ပြီး ငါက ယင်းတို့အကြောင်း အဘယ်အရာကို ပြောဆိုမည်ကို သို့မဟုတ် မည်သည့်နေရာမှ စတင်မည်ကို မသိရှိခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအကြောင်းကို အကျဉ်းချုံး ပြောကြစို့။ ငါ့ကို ပြောလော့၊ ဘုရားသခင်ကို ယုံကြည်ရာတွင် မည်သည့် ရည်ရွယ်ချက်နှင့် ကြံရွယ်ချက် အမျိုးအစားများကို ထားရှိသောလူများသည် ဖယ်ရှားပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသင့်သူများ ဖြစ်ကြသနည်း။ (ကျော်ကြားမှုနှင့် အဆင့်အတန်းကိုသာ လိုက်စားပြီး အာဏာကိုသာ ကိုင်စွဲလိုကာ မိမိတို့၏ အဆင့်အတန်းအတွက် အသင်းတော်ကို မရိုးမဖြောင့် နှောင့်ယှက်မည့်သူများ ဖြစ်ပါသည်။) ဤသည်မှာ လူတစ်မျိုးတစ်စားဖြစ်သည်။ အခြား ရှိသေးသလော။ (ကောင်းချီးများကိုသာ လိုက်စားပြီး မုန့်ကို အဝစားဖို့ ရှာဖွေသည့် မယုံကြည်သူများ ဖြစ်ပါသည်။) မယုံကြည်သူများ၊ ဤသည်မှာ နောက်တစ်မျိုး ဖြစ်သည်။ ထပ်ရှိသေးသလော။ သင်တို့သည် အချို့လူများ၏ သရုပ်သကန်များကို စဉ်းစားနေမိနိုင်သော်လည်း ဤလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်နေခြင်းမျှ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ၎င်းတို့သည် အမှန်တကယ်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ဖယ်ရှားပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသင့်သည့် မစင်ကြယ်သော ရည်ရွယ်ချက်များရှိသည့် လူများဟုတ်မဟုတ်ကိုဖြစ်စေ သင်တို့ ရှင်းလင်းစွာ မပိုင်းခြားနိုင်ပေ။ သင်တို့သည် ဤအရာကို အဖြေရှာမရဘဲ အနည်းငယ် မရှင်းမလင်း ခံစားရသောကြောင့် သင်တို့ ရှင်းလင်းစွာ မပြောနိုင်ပေ။ လူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်ဟူသည့် အကြောင်းအရာသည် အတော်အတန် ကျယ်ပြန့်သည်။ လူတိုင်းသည် ဘုရားသခင်ကို ယုံကြည်ရာတွင် အချို့သော ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များ ရှိကြသည်။ သို့သော်လည်း ငါတို့ ဤနေရာတွင် ပြောဆိုနေသည့် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မစင်ကြယ်သော ရည်ရွယ်ချက်များရှိသည့် လူအမျိုးအစားများသည် ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် သတ်မှတ်ချက်များနှင့် မကိုက်ညီကြပေ။ ၎င်းတို့သည် ကယ်တင်ခြင်းကို မရရှိနိုင်သည့်အပြင် အလုပ်လုပ်ပေးသူတစ်ဦးဖြစ်ခြင်း၏ အနိမ့်ဆုံးစံနှုန်းသို့ပင် မရောက်ရှိနိုင်ကြပေ။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မည်သည့်ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ၊ အခွင့်အရေးပေးသည့်အခါ ရည်ရွယ်ချက်တစ်ခုဖြင့် ဘုရားသခင်ကို ယုံကြည်ရန် ရောက်လာသော ဤလူများသည် ၎င်းတို့၏ ပန်းတိုင်များကို စွမ်းဆောင်ရရှိရန် ကြိုးစားကြမည်ဖြစ်ပြီး အကယ်၍ ၎င်းတို့တွင် အခွင့်အရေးမရှိပါက ၎င်းတို့သည် မကောင်းမှုကို ကျူးလွန်ပြီး နှောင့်ယှက်ကြလိမ့်မည်။ ဤသည်မှာ အသင်းတော်၏အလုပ် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအပေါ် မတွေးဝံ့စရာ အကျိုးဆက်များကို ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး ဤလူများသည် ဖယ်ရှားပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းအတွက် ပစ်မှတ်များ ဖြစ်သင့်သည်။ ဤလူတို့၏ လူ့သဘာဝ သို့မဟုတ် ၎င်းတို့၏ တာဝန်များအပေါ် ထားရှိသော သဘောထားများကို ယခုလောလောဆယ် ဘေးဖယ်ထားလျက် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်အရသာ ပြောဆိုရလျှင် ယင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်ရန်ဖြစ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လက်ခံပြီး ကယ်တင်ခြင်းကို ရရှိရန် လုံးဝမဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းသည် ကယ်တင်ခြင်းကဲ့သို့သော ရလဒ်ကို မဖြစ်ထွန်းစေမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ဤလူတို့ကို အသင်းတော်တွင် နေခွင့်ပြုပြီး ဘုရားသခင် ရွေးချယ်ထားသောလူများဖြစ်သည့် စစ်မှန်သော ညီအစ်ကိုမောင်နှမများကို အဆက်မပြတ် နှောင့်ယှက်စေမည့်အစား ၎င်းတို့ကို တတ်နိုင်သမျှ စောစီးစွာ တိတိကျကျ ပိုင်းခြားသိမြင်ပြီး စရိုက်လက္ခဏာ သရုပ်ဖော်ကာ ထို့နောက် အသင်းတော်မှ ချက်ချင်း ဖယ်ရှားပစ်ခြင်းက ပို၍ကောင်းသည်။ ၎င်းတို့ကို အသင်းတော် အသင်းသားများ သို့မဟုတ် ညီအစ်ကိုမောင်နှမများကဲ့သို့ မဆက်ဆံသင့်ပေ။ သို့ဆိုလျှင် ဤလူအမျိုးအစားများမှာ မည်သူတို့နည်း။ ယခုလေးတင် သင်တို့သည် အယူအဆအချို့အကြောင်းကို ကျယ်ပြန့်စွာ ပြောဆိုခဲ့ကြသည်။ ငါသည် တိကျသော ဥပမာအချို့ကို ပေးမည်၊ ပြီးလျှင် သင်တို့သည် ယင်းတို့ကို ကြားသည်နှင့်တစ်ပြိုင်နက် နားလည်သွားလိမ့်မည်။
က။ အရာရှိတစ်ဦးဖြစ်လိုသည့် မိမိ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်
ဦးစွာ၊ အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံသင့်သည့် ပထမလူစားမျိုးအကြောင်းကို ပြောကြစို့။ အချို့လူများသည် အစဉ်သဖြင့် လူ့အဖွဲ့အစည်းတွင် အရာရှိများဖြစ်လိုပြီး မိမိတို့၏ ဘိုးဘေးများကို အစဉ်သဖြင့် ဂုဏ်ဆောင်ပေးလိုကြသော်လည်း ၎င်းတို့၏ အလုပ်အကိုင်လမ်းကြောင်းများမှာ အောင်မြင်ခြင်းမရှိပေ။ သို့သော်လည်း အရာရှိများဖြစ်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒသည် လုံးဝ လျော့ကျမသွားပေ။ သို့သော် ၎င်းတို့၏ မိသားစု လူမှုအဆင့်အတန်းသည် မမြင့်မားသောကြောင့် ဘဝသည် မျှော်လင့်ချက်ကင်းမဲ့သည်ဟု ၎င်းတို့ ခံစားရပြီး ဤမျှသေးငယ်သော ဆန္ဒလေးပင် မပြည့်ဝနိုင်လောက်အောင် လောကကြီးသည် အလွန်တရားမမျှတဟု မြင်ကြသည်။ ၎င်းတို့တွင် အသိပညာနှင့် အရည်အချင်းအချို့ရှိသည်ဟု ခံစားရသော်လည်း မည်သူကမျှ ၎င်းတို့ကို အသိအမှတ်မပြုပေ။ ၎င်းတို့သည် ကျောထောက်နောက်ခံကို မရှာနိုင်ဘဲ အရာရှိတစ်ဦးဖြစ်လာရန် အလားအလာမှာ ၎င်းတို့အတွက် အလွန်ဝေးကွာပုံရသည်။ ဤသို့သော အကြံအိုက်နေသည့် အခြေအနေတွင် ၎င်းတို့သည် အသင်းတော်ကို တွေ့ရှိခဲ့သည်။ အကယ်၍ ၎င်းတို့သည် အသင်းတော်တွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ပါက ယင်းသည် အရာရှိတစ်ဦးဖြစ်ရသကဲ့သို့ပင်ဖြစ်ပြီး ၎င်းတို့၏ လိုအင်ဆန္ဒလည်း ပြည့်ဝနိုင်မည်ဟု ၎င်းတို့ ခံစားရသည်။ သို့ဖြစ်၍ ၎င်းတို့သည် ကြီးမြတ်မှုကို ရရှိလိုလျက် ဘုရားအိမ်တော်သို့ လာကြသည်။ ၎င်းတို့၏ အရည်အချင်းနှင့် လုပ်နိုင်စွမ်းများသည် ဘုရားအိမ်တော်တွင် အသုံးချခံရရန်အတွက် အတိအကျပင်ဖြစ်သည်ဟု ၎င်းတို့ ထင်ကြပြီး အရာရှိတစ်ဦးနှင့် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ၎င်းတို့၏ မျှော်လင့်ချက်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကာ ဤသို့ဖြင့် တစ်သက်တာဆန္ဒတစ်ခုကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ အမြင်ကို “ပေးဆပ်မှုအတွက် အကျိုးပြန်ရခြင်း”၊ “ပတ္တမြားမှန်လျှင် နွံတွင်နစ်သော်လည်း မညစ်ပေ” နှင့် “ငှက်လိမ္မာသည် နားခိုရာကို အမြော်အမြင်ရှိစွာ ရွေးသည်” ကဲ့သို့သော ဆိုစကားများဖြင့် အကျဉ်းချုပ်ဖော်ပြနိုင်သည်။ ဤသည်မှာ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်ခဲ့သည့် နောက်ခံအခြေအနေမျိုး ဖြစ်သည်။ ဤလူ၏ အနှစ်သာရကို အကဲဖြတ်ကြည့်လျှင် ၎င်းတို့သည် လောကတွင် သမ္မာတရား တည်ရှိခြင်းကို မယုံကြည်ကြောင်း၊ ကယ်တင်ရှင် တည်ရှိခြင်းကို သာ၍ပင် မယုံကြည်ကြောင်း သိသာထင်ရှားပေသည်။ တိုတိုပြောရလျှင် ၎င်းတို့သည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ကို မယုံကြည်သည့်အပြင် ဖန်ဆင်းရှင် တည်ရှိခြင်းကို သာ၍ပင် မယုံကြည်ကြပေ။ သမ္မာကျမ်းစာတွင် ရေးသားထားသည်ဖြစ်စေ၊ ဘာသာရေးလောကတွင် ဟောပြောသည်ဖြစ်စေ ဘုရားသခင်သည် လောကနှင့် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာကိုင်စွဲပြီး ဦးဆောင်ကြောင်း စသည့် ဤဆိုရိုးစကားများအားလုံးသည် ၎င်းတို့အတွက် သမိုင်းဆိုင်ရာ မှတ်တမ်းများမျှသာ ဖြစ်သည်။ မည်သူကမျှ ယင်းတို့ကို မစုံစမ်းသည့်အပြင် မည်သူကမျှလည်း ယင်းတို့ကို အတည်မပြုနိုင်ပေ။ ယင်းတို့သည် ဒဏ္ဍာရီများနှင့် ပုံပြင်များ၊ ဘာသာရေး ယဉ်ကျေးမှုတစ်မျိုးမျှသာ ဖြစ်သည်။ ဤသည်မှာ ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ အခြေခံအကျဆုံးသော နားလည်မှုဖြစ်သည်။ ၎င်းတို့သည် ဤနားလည်မှုဖြင့် ဘုရားသခင်ကို ယုံကြည်ရန် လာကြပြီး မိမိတို့သည် လမ်းမှန်ကို လျှောက်လှမ်းနေကြောင်း၊ အမှောင်ကိုစွန့်၍ အလင်းသို့လာနေကြောင်း၊ မိမိတို့သည် နားခိုရာကို အမြော်အမြင်ရှိစွာ ရွေးသည့် “ငှက်လိမ္မာ” ဖြစ်ကြောင်း တွေးထင်ကြသည်။ ၎င်းတို့၏ အရာရှိတစ်ဦးနှင့် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ရွေးချယ်မှုနှင့် လိုအင်ဆန္ဒကိုမူ စွန့်လွှတ်ခဲ့ခြင်း မရှိသည်မှာ အမှန်ပေ။ ဤလူများစွာဖြင့် ပြည့်နေသော ကျယ်ပြောသည့် လောကကြီးတွင် ၎င်းတို့အတွက် နေရာမရှိဘဲ ဘုရားအိမ်တော်ကသာ ၎င်းတို့ကို မျှော်လင့်ချက် ဆောင်ကြဉ်းပေးနိုင်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အသင်းတော်တွင် နေထိုင်ခြင်းကသာ ၎င်းတို့၏ ပါရမီများကို အသုံးချရန်နှင့် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒကို အကောင်အထည်ဖော်ရန် အခွင့်အရေးတစ်ခု ပေးနိုင်မည်ဖြစ်သည်။ ဤသည်မှာ လက်ရှိအခြေအနေအပေါ် ၎င်းတို့၏ အမြင်တွင် အပြင်လောကသည် တိုး၍ ကောက်ကျစ်ဆိုးယုတ်လာပြီး တိုး၍ မှောင်မိုက်လာသောကြောင့် ဖြစ်သည်။ အသင်းတော်သာလျှင် ဤလောကတွင် စင်ကြယ်သောမြေဖြစ်သည်၊ အသင်းတော်သည် လူတို့အား ဝိညာဉ်ရေးရာ အာဟာရဖြည့်တင်းမှုကို ပေးနိုင်သည့် လောကရှိ တစ်ခုတည်းသော နေရာဖြစ်ပြီး အသင်းတော်သာလျှင် တိုး၍ ရှင်သန်ကြီးထွားလျက်ရှိသည်။ ၎င်းတို့သည် ထိုသို့သော ဆန္ဒများနှင့် ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို ယုံကြည်လာကြသည်။ ယုံကြည်ခြင်းကို ခံယူပြီးနောက် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်း သို့မဟုတ် သမ္မာတရား၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အလုပ်တို့နှင့် သက်ဆိုင်သော ကိစ္စရပ်များအကြောင်းကို မည်သည့်အရာကိုမျှ နားမလည်ကြပေ။ ၎င်းတို့သည် ဤကိစ္စရပ်များကို မလိုက်စားသကဲ့သို့ အာရုံလည်းမစိုက်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အဆင့်အတန်းနှင့် အရာရှိဖြစ်လိုသည့် လိုအင်ဆန္ဒကို လုံးဝ မစွန့်လွှတ်ဘဲ ထိုအစား ဤအယူအဆများနှင့် အမြင်ရှုထောင့်များကို ဆက်လက်စွဲကိုင်ထားလျက် အသင်းတော်တွင် ရောနှောနေထိုင်ကြသည်။ ၎င်းတို့သည် အသင်းတော်ကို လူမှုရေးအဖွဲ့အစည်းတစ်ခု၊ ဘာသာရေးအသိုင်းအဝိုင်းတစ်ခုအဖြစ် ရှုမြင်ပြီး ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်သူတို့၏ အယူသီးသော ယုံကြည်မှုများကြောင့် ဖန်တီးထားသည့် အထင်အမြင်မှားမှုများအဖြစ် မြင်ကြသည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားခြင်းအကြောင်း ပြောသည့်အခါတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အလုပ်အကြောင်း ပြောသည့်အခါတိုင်း ၎င်းတို့သည် စိတ်ထဲတွင် စက်ဆုပ်ရွံရှာပြီး အတိုက်အခံလုပ်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးက တစ်စုံတစ်ခုသည် ဘုရားသခင်၏ ပြုလုပ်မှု၊ ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းဖြစ်သည်ဟု ပြောဆိုပါက ၎င်းတို့သည် စက်ဆုပ်ရွံရှာကြသည်။ သို့သော်လည်း ၎င်းတို့ မည်မျှပင် စက်ဆုပ်ရွံရှာသည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ အသိအမှတ်ပြုသည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ အာဏာအတွက် ၎င်းတို့၏ တပ်မက်ခြင်းကို ဖြည့်ဆည်းရန် အသင်းတော်တွင် အဆင့်အတန်း၏ နေရာတစ်ခု ရရှိလိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒသည် မည်သည့်အခါမျှ လျော့ကျသွားခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း မရှိခဲ့ပေ။ ၎င်းတို့တွင် ထိုသို့သော ရည်မှန်းချက်နှင့် လိုအင်ဆန္ဒရှိသောကြောင့် အမျိုးမျိုးသော သရုပ်သကန်များကို ၎င်းတို့သည် သဘာဝကျကျ ထုတ်ဖော်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် “အရာရာတိုင်းကို ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေမခံနှင့်၊ သို့မဟုတ် အရာရာတိုင်းကို ဘုရားနှုတ်ကပတ်တော်များနှင့်လည်းကောင်း၊ ဘုရားနှင့်လည်းကောင်း မဆက်စပ်နှင့်။ အမှန်တကယ်တွင် လူတို့၏ စိတ်ကူးများနှင့် ဆိုစကားများစွာသည် မှန်ကန်သည်၊ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်ရှုထောင့်များနှင့် ရပ်တည်ချက်များ ရှိသင့်သည်” ဟူသကဲ့သို့သော ဆိုရိုးစကားများကို ပြောဆိုခြင်းဖြင့် လူတို့ကို လှုံ့ဆော်သည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် ဤစကားများကို ဖြန့်ဝေသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် လူတို့၏ သတိပြုမိမှုကို ဆွဲဆောင်ရန်နှင့် ၎င်းတို့၏ အာရုံစိုက်မှုနှင့် မြင့်မားသော အထင်ကြီးမှုကို ရရှိရန် ကြိုးစားလျက် မိမိတို့၏ ပါရမီများ၊ ဆုကျေးဇူးများနှင့် လောကတွင် ၎င်းတို့ ကစားနိုင်သည့် အမျိုးမျိုးသော နည်းဗျူဟာများနှင့် လှည့်ကွက်များကိုလည်း အားတက်သရော ပြသကြသည်။ ၎င်းတို့၏ အားတက်သရော ပြသခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့က ၎င်းတို့ကို အထင်ကြီးပြီး အားကျစေရန် ဖြစ်သည်၊ ယင်းမှာ လူတို့ကြားတွင် အဆင့်အတန်းရှိရန်ဖြစ်ကာ ထိုသို့ဖြင့် အရာရှိတစ်ဦး၏ အလုပ်အကိုင်ကို လိုက်စားပြီး မိမိတို့၏ ဘိုးဘေးများကို ဂုဏ်ဆောင်ပေးလိုသည့် ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းရန် ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ လေးစားခြင်း၊ ချီးမွမ်းခြင်း၊ လိုက်လျှောက်ခြင်း၊ ထောက်ခံခြင်း၊ မြတ်နိုးခြင်းနှင့် အားကျခြင်းတို့ကို ခံရသည့်အခါ၊ မြှောက်ပင့်ခြင်းကို ခံရသည့်အခါတွင်ပင် ကျေနပ်ကြသည်။ ထို့အပြင် ၎င်းတို့သည် ဤအရာများကို မမောမပန်း လိုက်စားပြီး မွေ့လျော်ခံစားကြသည်။ ဘုရားအိမ်တော်သည် အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို အဆက်မပြတ် ဖော်ထုတ်သော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများကို အထင်သေးရလောက်အောင်ပင် မထိုက်တန်ဟု မထီမဲ့မြင်ပြုကာ အထူးသဖြင့် ယင်းတို့အားဖြင့် စက်ဆုပ်ရွံရှာကြသည်။ ၎င်းတို့သည် လောကနှင့် လူ့အဖွဲ့အစည်းတွင် ဖြစ်မြောက်နိုင်ခြင်း မရှိသော ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ အဆင့်အတန်းနှင့် အခြားသူများ၏ အားကျခြင်းနှင့် အထင်ကြီးခြင်းကို ခံရခြင်းတို့ကိုသာ တစ်စိုက်မတ်မတ် လိုက်စားကြသည်။ သို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဤဘဝ၌ အဆတစ်ရာနှင့် နောင်ဘဝ၌ ထာဝရအသက်ကို ရရှိရန် မဟုတ်သည့်အပြင် သမ္မာတရားကို လက်ခံပြီး ကယ်တင်ခြင်းခံရရန်မှာလည်း သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဖန်ဆင်းခံတစ်ဦးအဖြစ် ပြုမူရန်မဟုတ်ဘဲ အရာရှိတစ်ဦးနှင့် သခင်တစ်ဦးဖြစ်ရန်၊ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားရန် ဖြစ်သည်။ အသင်းတော်တွင် ထိုသို့သောလူများ သေချာပေါက် ရှိသည်၊ ဤသူတို့သည် အသင်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော မကောင်းမှုပြုသူများ ဖြစ်ကြသည်။ အသင်းတော်သည် ထိုသို့သောလူများကို ဘုရားသခင် ရွေးချယ်ထားသောလူများကြားတွင် ရောနှောနေထိုင်ရန် လုံးဝ ခွင့်မပြုပေ၊ သို့ဖြစ်၍ ဤလူများသည် ဖယ်ထုတ်ပစ်ခြင်းခံရမည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်ကို ပိုင်းခြားသိမြင်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို အသင်းတော်တွင်းရှိ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ပေါင်းစပ်၍ သုံးသပ်ကြည့်လျှင် ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ (မယုံကြည်သူများ ဖြစ်ကြပါသည်။) ဟုတ်သည်၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ မယုံကြည်သူများ ဖြစ်သည့်အပြင် ၎င်းတို့သည် ဩဇာအာဏာအတွက် ၎င်းတို့၏ တပ်မက်ခြင်းကို ဖြည့်ဆည်းရန် ဘုရားအိမ်တော်တွင် အဆင့်အတန်းနှင့် အလားအလာများကိုလည်း လိုက်စားလိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အရာရှိတစ်ဦး ဖြစ်လာရန် ဖြစ်သည်။ သို့ဆိုလျှင် ဤလူများကို အဘယ်ကြောင့် ဖယ်ထုတ်ပစ်သင့်သနည်း။ တစ်စုံတစ်ဦးက “မယုံကြည်သူများက ဘုရားအိမ်တော်တွင် အလုပ်လုပ်ပေးပြီး အသင်းတော်မိတ်ဆွေများအဖြစ် အနည်းငယ် ကူညီနိုင်ပါက ၎င်းတို့ကို ထားရှိခြင်းသည် အဆင်ပြေသည် မဟုတ်လော” ဟု ပြောကောင်းပြောနိုင်သည်။ ဤစကားသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) အဘယ်ကြောင့် မခိုင်လုံသနည်း။ (အရာရှိများဖြစ်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒသည် အခြားသူများကို နှောင့်ယှက်သည့်အရာများကို လုပ်ဆောင်ရန်၊ ဘုရားအိမ်တော်၏ အလုပ်အတွက် မည်သည့်အကျိုးကျေးဇူးမျှ မထောက်ပံ့ရန်နှင့် ညီအစ်ကိုမောင်နှမများ၏ သမ္မာတရားလိုက်စားမှုကို ထိခိုက်စေရန် သေချာပေါက် ဦးတည်စေမည် ဖြစ်ပါသည်။) သင် မည်သို့ပင် ကြည့်သည်ဖြစ်စေ မယုံကြည်သူများသည် သမ္မာတရားကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို ငြင်းပယ်ကြသောကြောင့် ဘုရားအိမ်တော်သည် ၎င်းတို့ကို မခေါ်ထားနိုင်ပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ပေ။ ၎င်းတို့သည် အရာရှိများဖြစ်ရန် လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ မယုံကြည်သူများအဖြစ် ၎င်းတို့၏ မှတ်ချက်များ၊ သရုပ်သကန်များနှင့် လုပ်ရပ်များသက်သက်ကပင် အနှောင့်အယှက်များကို ဖြစ်စေနိုင်ပြီး အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။ အချို့သော ညီအစ်ကိုမောင်နှမများသည် အချို့သော ပတ်ဝန်းကျင်များကို တွေ့ကြုံသည့်အခါ “ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ကျွန်ုပ်တို့ ကျိုးနွံနာခံရမည်” ဟု ပြောဆိုကြသည်။ မယုံကြည်သူများက ကျိုးနွံနာခံနိုင်သလော။ ၎င်းတို့သည် နှောင့်ယှက်ရန်နှင့် ဆန့်ကျင်ရန် မထကြလျှင်ပင် တော်လှပြီဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က “အရာရာတိုင်းကို ဘုရား၏ အချုပ်အခြာအာဏာဟု မပြောနှင့်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ထင်မြင်ချက်အချို့ ရှိသင့်ပြီး လွတ်လပ်မှုအချို့ ရှိသင့်သည်၊ အရာရာတိုင်းကို ဘုရား၏ အချုပ်အခြာအာဏာကြောင့်ဟု မမှတ်ယူနှင့်” ဟုပင် ပြောဆိုကြလိမ့်မည်။ ၎င်းတို့သည် အခြားသူများကို ဆွဲချသည်သာမက လူတို့ကို အထင်အမြင်မှားစေရန် မပြတ်သားဘဲ ဟုတ်မှန်သယောင် ရှိသော်လည်း စင်စစ်မှားနေပြီး အဓိပ္ပာယ်မဲ့သော အရာများကိုလည်း ပြောဆိုကြသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ သင်သည် မယုံကြည်သူများကြားတွင် ပါးနပ်သော နည်းလမ်းအချို့နှင့် လှည့်ကွက်အချို့ကို သုံးကောင်း သုံးနိုင်လိမ့်မည်။ သို့သော် ဘုရားအိမ်တော်တွင် ဤနည်းလမ်းများနှင့် လှည့်ကွက်များကို သုံးရန် ကြိုးစားခြင်းမှာမူ နေရာမှားနေလေသည်။ ဆေးထိုးရာတွင် မနာကျင်သောကြောင့် လူတိုင်း သွားလိုသည့် ဆေးခန်းများကို အချို့လူများက ဖွင့်ထားသည်။ အဘယ်ကြောင့် ဆေးထိုးခြင်းများက မနာကျင်သနည်း။ ဆေးထိုးအပ်အဖျားကို ထုံဆေးထဲတွင် နှစ်ထားသောကြောင့် ယင်းသည် သေချာပေါက် မနာကျင်ပေ။ ဤသည်မှာ ပညာရှိသော လှည့်ကွက်တစ်ခုလော။ (မဟုတ်ပါ၊ ယင်းမှာ ယုတ်မာသော လှည့်ကွက်တစ်ခု ဖြစ်ပါသည်။) သို့တိုင် ၎င်းတို့သည် ယင်းကို ပညာရှိသော လှည့်ကွက်တစ်ခုအဖြစ် မှတ်ယူပြီး ဝါကြွားကြကာ “သင် လုပ်တတ်သမျှမှာ ဘုရားကို ကျိုးနွံနာခံခြင်း၊ ဘုရား၏ စီစဉ်ညွှန်ကြားခြင်းနှင့် ဘုရား၏ အချုပ်အခြာအာဏာအကြောင်း ပြောဆိုခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တွင်ရှိသည့် ကျွမ်းကျင်မှုများ သင့်ထံတွင် ရှိသလော” ဟု ပြောဆိုလျက် ယင်းက ၎င်းတို့၏ လုပ်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုကို ပြသည်ဟု ထင်ကြသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ထိုသို့သော ပျက်စီးရာ ပျက်စီးကြောင်း လှည့်ကွက်များအကြောင်းကိုပင် ဝါကြွားကြသည်။ အသင်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော မယုံကြည်သူများ၏ ကြံရွယ်ချက်များကို ထားရှိသည့် လူများသည် အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်း ခံရသင့်သည့်သူများ ဖြစ်ကြသည်။ အဘယ်ကြောင့်နည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤလူများသည် သမ္မာတရားကို အတိုက်အခံလုပ်ပြီး ယင်းကို အလွန်အမင်း မနှစ်မြို့ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက် မည်သို့ပင်ဖြစ်စေ၊ ယင်းသည် ၎င်းတို့ ပွင့်လင်းစွာ ဝန်ခံနိုင်သည့်အရာဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ မယုံကြည်သူများအဖြစ် ၎င်းတို့၏ အနှစ်သာရကို အခြေခံ၍ အသင်းတော်သည် ၎င်းတို့ကို ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုသင့်သည်။ ဤမယုံကြည်သူများသည် အသင်းတော်အတွင်း၌ မိမိတို့၏ ပါရမီများကို ပြသလိုခြင်း၊ မိမိတို့၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်လိုခြင်းနှင့် မိမိတို့၏ ဆန္ဒများကို ဖြည့်ဆည်းလိုခြင်းဟူသည့် အချို့သော ရည်ရွယ်ချက်ဖြင့် အသင်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာကြသည်။ ၎င်းတို့သည် အာဏာကိုင်စွဲခြင်း၊ မိမိကိုယ်ကို ကိုယ်ရည်သွေးခြင်းနှင့် လူတို့ကို အထင်အမြင်မှားစေကာ ထိန်းချုပ်ခြင်းဟူသည့် ၎င်းတို့၏ ပန်းတိုင်ကို ရရှိရန် နည်းလမ်းတစ်ခုအဖြစ် အသင်းတော်တည်းဟူသော အဖိုးတန်သည့်နေရာကို အသုံးပြုလိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်ကို သုံးသပ်ကြည့်လျှင် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများနှင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် ဤလူများကို ဘုရားအိမ်တော်မှ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ မယုံကြည်သူ အနှစ်သာရကို ထိုးထွင်းသိမြင်ရမည်။ သင်သည် ၎င်းတို့၏ သရုပ်သကန်များအပေါ် အခြေခံသည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ၎င်းတို့၏ တသမတ်တည်းဖြစ်သော စကားများအပေါ် အခြေခံသည်ဖြစ်စေ သင်သည် အခြေအနေကို သဘောပေါက်ပြီး ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြောင်း ရှင်းလင်းစွာ ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို တွေဝေမနေဘဲ ပြတ်ပြတ်သားသား ငြင်းပယ်သင့်သည်။ သင် မည်သို့သော နည်းလမ်း သို့မဟုတ် ဉာဏ်ပညာကို အသုံးပြုသည်ဖြစ်စေ ၎င်းတို့ကို ဖယ်ထုတ်ပစ်ရန် သင်တတ်နိုင်သမျှ နည်းလမ်းကို ရှာဖွေလော့။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်၊ ၎င်းတို့ ထမ်းဆောင်သင့်သည့် အလုပ်လည်း ဖြစ်သည်။ ဤသည်မှာ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံသင့်သည့် လူစားမျိုးတစ်မျိုး ဖြစ်သည်။
ခ။ လိင်မတူသူကို ရှာဖွေရန်
သို့ဆိုလျှင် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံသင့်သည့် ဒုတိယလူစားမျိုး၏ သရုပ်သကန်များမှာ အဘယ်နည်း။ အချို့လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မည်သည့်အခါကမျှ မပါဝင်ခဲ့ဖူးပေ၊ ၎င်းတို့သည် ယင်းကို ထောက်ခံအားပေးသော ထင်မြင်ချက် ရှိရုံသာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် လူတစ်ဦးသည် မည်သည့်အရာကို လိုက်စားသင့်သည် သို့မဟုတ် ရရှိသင့်သည်ကို သိရှိရန် ၎င်းတို့ စိတ်မဝင်စားကြပေ။ ဘုရားသခင်ကို ယုံကြည်သော လူများသည် အတော်အတန် တာဝန်သိတတ်ပြီး ဟန်ဆောင်မှုကင်းသော သူများဖြစ်သည်ဟု ၎င်းတို့ ကြားဖူးသောကြောင့် အသင်းတော်တွင် အိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေပြီးနောက် အိမ်ထောင်ပြုကာ တည်ငြိမ်သောဘဝဖြင့် နေထိုင်လိုကြသည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တို့ဖြစ်သည်၊ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ စံပြအိမ်ထောင်ဖက်ကို ရှာဖွေရန် အသင်းတော်သို့ လာကြသည်။ ဤမယုံကြည်သူများသည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ စိတ်ဝင်စားမှု တစ်စက်မျှ မရှိပေ၊ ၎င်းတို့သည် ဖန်ဆင်းရှင်၊ သမ္မာတရား၊ ကယ်တင်ခံရခြင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်း၊ တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် ထိုသို့သော ကိစ္စရပ်တစ်ခုတလေကိုမျှ လုံးဝ ဂရုမစိုက်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီး တရားဒေသနာများကို နားထောင်ပြီးနောက် နားလည်နိုင်လျှင်ပင် ၎င်းတို့သည် နှလုံးမသွင်းလိုကြပေ။ ၎င်းတို့သည် စံပြအိမ်ထောင်ဖက်တစ်ဦးကိုသာ ရှာဖွေလိုပြီး အမှန်စင်စစ် လူများနှင့် ပိုမိုတွေ့ဆုံကာ မိမိတို့၏ ကွန်ရက်ကို ချဲ့ထွင်ရန် မျှော်လင့်ကြသည်။ ၎င်းတို့သည် စံပြအိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေခြင်းဟူသော ရည်ရွယ်ချက်ဖြင့် ဘုရားသခင်ကို ယုံကြည်ရန် လာကြသည်။ အချို့လူများက “၎င်းတို့မှာ ဤရည်ရွယ်ချက်ရှိသည်ကို သင်တို့ မည်သို့ သိသနည်း။ ၎င်းတို့က မည်သည့်အရာကိုမျှ မပြောခဲ့သကဲ့သို့ သင်တို့ကိုလည်း မပြောခဲ့ပါ” ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့သည် ယင်းကို မိမိတို့၏ အပြုအမူမှတစ်ဆင့် ပြသသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ သို့မဟုတ် တစ်စုံတစ်ဦးနှင့် အဆက်အသွယ်လုပ်သည့်အခါ လိင်မတူသူကို အမြဲရှာဖွေပုံကို ကြည့်လော့။ တစ်စုံတစ်ဦးကို သဘောကျသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုသူနှင့် ဆက်၍ မိတ်သဟာယဖွဲ့ကာ ထိုသူ့ထံ ချဉ်းကပ်ပြီး ထိုသူ၏ အချက်အလက်များကို အစဉ်သဖြင့် မေးမြန်းကာ ထိုသူကို သိကျွမ်းအောင် လုပ်ဆောင်ကြသည်။ ဤပုံမှန်မဟုတ်သော လုပ်ရပ်များနှင့် သရုပ်သကန်များသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အာရုံစိုက်မှုကို ခံရရန် လုံလောက်သင့်သည်။ ထိုသူ၏ ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်ကြောင်းနှင့် မည်သည့်ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မြင်ရန် သူ ချိန်ရွယ်ထားကြောင်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များက စောင့်ကြည့်လေ့လာသင့်သည်။ သူ့အား မည်သူက ဧဝံဂေလိတရားကို ဟောပြောခဲ့ကြောင်း၊ သူသည် အဘယ်ကြောင့် လိင်မတူသူနှင့် ဆက်သွယ်မှုရရန် အထူးတလည် ကြိုးစားကြောင်း၊ သူသည် လိင်မတူသူနှင့် အဘယ်ကြောင့် အမြဲတမ်း စကားပြောစရာရှိကြောင်းနှင့် လိင်မတူသူအပေါ် သူသည် အဘယ်ကြောင့် အထူးနှစ်သက်နေရကြောင်း၊ အထူးသဖြင့် သူနှစ်သက်သောသူများအပေါ် အဘယ်ကြောင့် အထူးသိချင်စိတ်ပြင်းပြပြီး စိတ်ဝင်စားမှု ပြသနေရကြောင်းတို့ကို သေချာအောင် စုံစမ်းသင့်သည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ဘုရားသခင်ကို ယုံကြည်သောသူများကို သဘောကျနှစ်ခြိုက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ၊ တရားဒေသနာများ နားထောင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ခြင်းနှင့် အခြားထိုသို့သော ကိစ္စရပ်များကို သိပ်ပြီး စိတ်မဝင်စားလျှင်ပင် ၎င်းတို့သည် ယေဘုယျအားဖြင့် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသည့်အရာကို တစ်ခုမျှ မပြောဆိုကြပေ။ ၎င်းတို့သည် ကောင်းမွန်သော ဘဝဖြင့် နေထိုင်ရန် ချစ်ကြည်နူးဖွယ် အိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေခြင်းတစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အိမ်ထောင်ဖက်တစ်ဦးကို တွေ့ရှိပါက ဘုရားသခင်ကို လိုက်ယုံကြည်နိုင်သည်၊ ၎င်းတို့ကိုယ်တိုင် မလိုက်စားလျှင်ပင် မိမိတို့၏ အိမ်ထောင်ဖက်ကို ဘုရားသခင်အား ယုံကြည်ရာတွင် အားပေးနိုင်သည်။ အချို့လူများသည် အတော်အတန် လက်ခံနိုင်ဖွယ်ဖြစ်သော လူ့သဘာဝရှိကြသည်၊ အကူအညီပေးတတ်ကြပြီး ဖော်ရွေကာ ကြင်နာတတ်ရန် အကောင်းဆုံး ကြိုးစားကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် အခြားသူများကို သည်းခံနိုင်သည်၊ အခက်အခဲရှိသူများကို ဖြေရှင်းပေးရန် ၎င်းတို့ တတ်နိုင်သမျှ ကူညီရန် စဉ်းစားပေးသည် သို့မဟုတ် အကြံဉာဏ်အချို့ ပေးသည် စသည်တို့ ဖြစ်သည်။ ၎င်းတို့သည် အခြားသူများအပေါ် အတော်အတန် ကြင်နာတတ်ပြီး မည်သည့် မလိုမုန်းထားစိတ်မျှ မထားရှိကြသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ သိပ်ပြီး ဂုဏ်ယူဖွယ်မကောင်းပေ။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသည့်အပြင် မည်သူက ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည်ဖြစ်စေ သမ္မာတရားကို လက်မခံကြပေ။ ခြောက်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ၊ နှစ်နှစ်ဖြစ်စေ လိုက်လျှောက်ပြီးနောက် ၎င်းတို့တွင် ပြောင်းလဲမှုမရှိပေ။ ၎င်းတို့သည် မယုံကြည်ခြင်းအကြောင်း မည်သည့်အရာကိုမျှ မပြောဆိုသကဲ့သို့ မည်သည့် အနှောင့်အယှက် သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းကိုမျှ မဖြစ်စေသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းကိစ္စရပ်များတွင် မည်သည့်စိတ်ဝင်စားမှုကိုမျှ မဖြစ်ပေါ်ကြပေ။ ထိုသို့သောလူများ အသင်းတော်တွင် နေထိုင်ရန် သင့်လျော်သလော။ (မသင့်လျော်ပါ။) ထိုသို့သောလူများကို ဖယ်ထုတ်ပစ်သင့်သလော။ (၎င်းတို့ကိုလည်း ဖယ်ထုတ်ပစ်သင့်ပါသည်။) အကြောင်းရင်းမှာ အဘယ်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားသည့်အပြင် ကယ်တင်ခြင်းအတွက် ပစ်မှတ်များလည်း မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အိမ်ထောင်ဖက်တစ်ဦးကို အမြဲရှာဖွေလျက် အသင်းတော်တွင် နေထိုင်ပါက အခြားသူများကို နှောင့်ယှက်မည်ဖြစ်ပြီး ထိုသူတို့ကို စုံစမ်းသွေးဆောင်ခြင်းထဲသို့ ပို့ဆောင်လိမ့်မည်၊ ၎င်းတို့သည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ပါ။) ယင်းမှာ ပကတိအခြေအနေ အတိအကျပင် ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် အသားစားခြင်းကို အထူးနှစ်သက်ကြသည်။ ၎င်းတို့ အသားစားသည့်အခါ မိမိတို့၏ အလုပ်ကို မေ့သွားကြသည်။ အသားမရှိပါက ၎င်းတို့သည် သင့်လျော်သော အလုပ်အချို့ကို လုပ်ဆောင်နိုင်ဆဲဖြစ်သော်လည်း အသားရရှိနိုင်သည့်အခါ ၎င်းတို့၏ အလုပ်မှာ နှောင့်နှေးသွားသည်။ အသားသည် ၎င်းတို့အတွက် အဘယ်အရာဖြစ်သနည်း။ (စုံစမ်းသွေးဆောင်ခြင်း ဖြစ်ပါသည်။) အတိအကျပင်၊ ယင်းမှာ စုံစမ်းသွေးဆောင်ခြင်းတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် အိမ်ထောင်ဖက်တစ်ဦးကို အမြဲရှာဖွေနေသောသူများကို စုံစမ်းသွေးဆောင်ခြင်း၏ အရင်းအမြစ်တစ်ခုအဖြစ် မှတ်ယူနိုင်သလော။ (မှတ်ယူနိုင်ပါသည်။) ၎င်းတို့သည် အမှန်ပင် စုံစမ်းသွေးဆောင်ခြင်း၏ အရင်းအမြစ်တစ်ခု ဖြစ်သည်။ ထိုသို့သောလူများအတွက် ၎င်းတို့အား ဤသို့ ရှင်းလင်းစွာ ပြောသင့်သည်။ “သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ်ဖြစ်စေ၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်ဖြစ်စေ ရိုးသားစစ်မှန်ခြင်း မရှိပေ။ သင်သည် အသင်းတော်ထဲသို့ ပေါင်းစည်းဝင်ရောက်နိုင်ခြင်း မရှိသကဲ့သို့ စစ်မှန်သော ယုံကြည်သူတစ်ဦးအဖြစ် မည်သည့်အခါကမျှ မှတ်ယူခြင်းမခံရချေ။ ဤနှစ်နှစ်တာ ဆက်ဆံမှုအတွင်း သင်၏ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ပြီးဖြစ်သည်။ သင်သည် အသင်းတော်တွင် အိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေလိုရုံသာ ဖြစ်သည်။ ဤသည်မှာ ကောင်းသောလူများကို ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ အသင်းတော်ရှိ လူများသည် သင့်အတွက် မသင့်လျော်ပေ။ ဘာသာတရားမရှိသူများကြားတွင် သင့်အတွက် သင့်လျော်သောသူများစွာ ရှိသည်။ ဘာသာတရားမရှိသူများကြားတွင် တစ်စုံတစ်ဦးကို သွားရှာလော့” ဟူ၍ ဖြစ်သည်။ သွယ်ဝိုက်သောဆိုလိုရင်းမှာ ၎င်းတို့အား “ကျွန်ုပ်တို့သည် သင့်ကို ထွင်းဖောက်မြင်ပြီးဖြစ်သည်။ သင်သည် ဘုရားသခင် ရွေးချယ်ထားသောလူများထဲမှ တစ်ဦးမဟုတ်ပေ။ သင်သည် ဘုရားအိမ်တော်၏ လူတစ်ဦးမဟုတ်ပေ။ သင့်ကို ကျွန်ုပ်တို့၏ ညီအစ်ကို သို့မဟုတ် ညီအစ်မအဖြစ် မမှတ်ယူနိုင်ပေ” ဟု ပြောခြင်းဖြစ်သည်။ ထိုသို့သောလူများကို ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း အသင်းတော်မှ ဖယ်ထုတ်ပစ်သင့်သည်။ ဤနည်းအားဖြင့် မဆင်မခြင်ဘဲ အိမ်ထောင်ဖက်ရှာဖွေပြီး အခြားသူများကို သွေးဆောင်ဖြားယောင်းနေသော ဤလူများသည် ဖယ်ထုတ်ခြင်း ခံရလိမ့်မည်။ ထိုသို့သောလူများကို ပိုင်းခြားသိမြင်ရန် မလွယ်ကူသလော။ (လွယ်ကူပါသည်။) ဤလူများသည်လည်း မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် အသင်းတော်၊ ဘာသာရေးယုံကြည်မှုနှင့် ဘုရားသခင်ကို ယုံကြည်သောသူများအပေါ် အနည်းငယ် နှစ်သက်မှုရှိကြသည်။ ၎င်းတို့သည် မိမိတို့နှင့် အတူနေထိုင်ပြီး မိမိတို့အား သစ္စာရှိစွာ အလုပ်အကျွေးပြုဖို့ အိမ်ထောင်ဖက်ကို ယုံကြည်သူများကြားတွင် ရှာဖွေရန် ဘုရားသခင်ကို ယုံကြည်ခြင်းအခွင့်အရေးကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့သောအရာ ဖြစ်နိုင်သလော။ ငါတို့သည် ၎င်းတို့ကို ကျေနပ်စေသင့်သလော။ အသင်းတော်သည် ထိုသို့သော ကိစ္စရပ်များကို စီစဉ်ပေးသင့်သလော။ (စီစဉ်မပေးသင့်ပါ။) အသင်းတော်သည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ နှစ်သက်မှုများကို ဖြည့်ဆည်းပေးရန် တာဝန်မရှိပေ။ ၎င်းတို့သည် ယုံကြည်သူများကို လူကောင်းများဟု မည်မျှပင် ထင်သည်ဖြစ်စေ၊ ဤယုံကြည်သူများနှင့်အတူ မိမိတို့၏ ဘဝကို သင့်လျော်သောပုံစံဖြင့် နေထိုင်နိုင်မည်ဟု မည်မျှပင် ထင်သည်ဖြစ်စေ၊ ယုံကြည်သူများသည် လမ်းမှန်ကို လျှောက်လှမ်းနိုင်သည်ဟု မည်မျှပင် ထင်သည်ဖြစ်စေ အသုံးမဝင်ပေ။ ၎င်းတို့၏ ထင်မြင်ချက်သည် အရေးမပါပေ။ ထိုသို့သော မယုံကြည်သူများကို အသင်းတော်အများစုတွင်လည်း တွေ့ရှိနိုင်သည်။ ဤလူများကို ကိုင်တွယ်ရန် နည်းလမ်းမှာ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သော နည်းလမ်းကို အသုံးပြုရန်ဖြစ်သည်၊ သို့မဟုတ် ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သရွေ့ သင်တို့တွင် ပိုကောင်းသော နည်းစနစ်များရှိပါက ယင်းတို့ကို သင်တို့ အသုံးပြုနိုင်သည်။ ဤမယုံကြည်သူများကို အမျိုးမျိုးသော ဆိုးယုတ်သည့်လူများထဲတွင် အမျိုးအစားခွဲခြားထားခြင်းမှာ လွန်ကဲသလော။ (မလွန်ကဲပါ။) ဤသည်မှာ မယုံကြည်သူများကို ငါတို့ ဆက်ဆံပုံ အတိအကျပင် ဖြစ်သည်။
ဂ။ ဘေးအန္တရာယ်များကို ရှောင်ရှားရန်
အသင်းတော်မှ အခြားမည်သည့်လူစားမျိုးများသည် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံသင့်သနည်း။ (နောက်တစ်မျိုးမှာ ဘေးအန္တရာယ်များကို ရှောင်ရှားရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သောသူများ ဖြစ်ပါသည်။) ဘေးအန္တရာယ်များကို ရှောင်ရှားရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ခြင်းသည်လည်း လူတို့ ယုံကြည်ခြင်းအတွက် ထားရှိသည့် ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောလူ အများစုတွင်လည်း ဤသို့သော ရောနှောပါဝင်မှုမျိုး ရှိသည်မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအကြောင်းကြောင့် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံသင့်သည့်လူများနှင့် ပုံမှန် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်မှုကိုသာ ပြသနေပြီး ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း မခံသင့်သည့်လူများအကြား ငါတို့ မည်သို့ ခွဲခြားသိမြင်သင့်သနည်း။ လူအများစုအတွက်မူ ၎င်းတို့၏ ယုံကြည်ခြင်းသည် ဘေးအန္တရာယ်များကို ရှောင်ရှားရန် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော ကြံရွယ်ချက်နှင့် ရောနှောနေသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဘေးအန္တရာယ်များကို ရှောင်ရှားရန် ဘုရားသခင်ကို ယုံကြည်သောသူများထဲတွင် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော မယုံကြည်သူများကို သင်တို့ ပိုင်းခြားသိမြင်ရမည်။ ဥပမာအားဖြင့် ထိုသို့သောလူများသည် ဘေးအန္တရာယ်များ ပိုမိုဆိုးရွားလာသည်ကို မြင်သည့်အခါ စုဝေးပွဲများကို ပို၍ မကြာခဏ တက်ရောက်လာကြပြီး ၎င်းတို့ ယခင်က အသင်းတော်သို့ ပြန်ပေးထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်များကို အလျင်အမြန် ပြန်ယူကြကာ ယခုအခါ ဘုရားသခင်ကို အလေးအနက် ယုံကြည်လိုသည်ဟု ပြောဆိုကြသည်။ သို့သော်လည်း ဘေးအန္တရာယ်များ လွန်သွားသည် သို့မဟုတ် လျော့ပါးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စီးပွားရေးလုပ်ရန်နှင့် ငွေရှာရန် ပြန်သွားကြပြီး ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို စုဝေးပွဲများအတွက် မရှာဖွေနိုင်ရန် သို့မဟုတ် မဆက်သွယ်နိုင်ရန် အဆက်အသွယ်နည်းလမ်းအားလုံးကို ပိတ်ထားကြသည်။ ဘေးအန္တရာယ်များ ကျရောက်သည့်အခါ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို တက်ကြွစွာ ရှာဖွေကြသော်လည်း ဘေးအန္တရာယ်များ ပြီးဆုံးသွားသည့်အခါ ၎င်းတို့ကို ရှာဖွေရန် ညီအစ်ကိုမောင်နှမများအတွက် အလွန်ခက်ခဲသွားပြီး ၎င်းတို့နှင့် အဆက်အသွယ်လုပ်၍ ရနိုင်သူမှာ အလွန်ရှားပါးသွားသည်။ ဤသရုပ်သကန်များသည် အတော်အတန် သိသာထင်ရှားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘေးအန္တရာယ်မရှိသည့်အခါ ၎င်းတို့က “လူများ၌ သာမန်ဘဝ ရှိရန် လိုအပ်သည်။ ကျွန်ုပ်တို့သည် တစ်နေ့တစ်နေ့ လုပ်စရာကိစ္စများ ရှိကြသည်။ နေ့စဉ်နေ့တိုင်း အိမ်တွင် ချက်ပြုတ်ရပြီး ကလေးများကို ကျောင်းကြိုကျောင်းပို့ လုပ်ရသောကြောင့် တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် စုဝေးပွဲများကို မတက်ရောက်နိုင်ပါ။ ထို့အပြင် စားဝတ်နေရေးသည် ငွေကြေး လိုအပ်သည်။ စားဝတ်နေရေး ကုန်ကျစရိတ်အားလုံးကို ပေးရန် လိုအပ်သည်။ ငွေမရှာဘဲနှင့် ကျွန်ုပ်တို့ မရှင်သန်နိုင်ကြပါ။ ဤကမ္ဘာတွင် မည်သူမျှ ငွေမရှိဘဲ မရှင်သန်နိုင်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လက်တွေ့ကျရန် လိုအပ်သည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ငွေရှာခြင်းနှင့် မိမိတို့၏ တစ်နေ့တာ ကိစ္စများ လုပ်ဆောင်ခြင်းတို့အပေါ်တွင်သာ လုံးလုံး အာရုံစိုက်လျက် ရံဖန်ရံခါသာ စုဝေးပွဲ တက်ရောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်မှာ ရှားလျက် ယုတ္တိရှိရှိ ပြောဆိုပြီး လုံလောက်သော အကြောင်းပြချက်များ ပေးကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ သဘောထားသည် မအေးမပူ၊ ကြက်သီးနွေးကဲ့သို့ ဖြစ်သည်။ ဘေးအန္တရာယ် ကျရောက်သည့်အခါ ၎င်းတို့က “အိုး၊ ကျွန်ုပ် ဘုရားမရှိဘဲ မနေနိုင်ပါ၊ ကျွန်ုပ် ဘုရားကို လိုအပ်သည်၊ ကျွန်ုပ် ဘုရားကို နေ့တိုင်း ဆုတောင်းပြီး သူ့ကို အော်ဟစ်တောင်းလျှောက်ရမည်။ ကျွန်ုပ်က ဘေးအန္တရာယ်များကို ရှောင်ရှားဖို့ ကြိုးစားနေခြင်း မဟုတ်ပါ၊ အဓိကအချက်မှာ ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ဘုရားမရှိဘဲ မနေနိုင်ခြင်းဖြစ်သည်။ ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ဘုရားမရှိဘဲ ကောင်းမွန်သည့်ဘဝကို နေထိုင်ရခြင်းက ဟာတာတာကြီးဖြစ်သည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှုတစ်ခုခုကို ပြသသည့် စကားတစ်ခွန်းမျှ မပြောနိုင်ပေ၊ ၎င်းတို့ ပြောဆိုသမျသည် မိမိတို့၏ လုပ်ရပ်များနှင့် အပြုအမူကို မှန်ကြောင်းရှင်းချက်ထုတ်သည့် စကားများသာ ဖြစ်သည်။ ဘုရားအိမ်တော်က လူတိုင်းကို စာအုပ်မည်မျှ ဖြန့်ဝေသည်ကို ၎င်းတို့မသိ၊ တရားဒေသနာများ မည်သည့်အကြောင်းအရာသို့ ရောက်ရှိနေသည်ကို ၎င်းတို့မသိ၊ အသင်းတော်အသက်တာတွင် လက်ရှိ မည်သည့်သမ္မာတရားများကို မိတ်သဟာယဖွဲ့နေသည်ကို ၎င်းတို့မသိပေ။ ၎င်းတို့သည် ခြောက်လတစ်ကြိမ် သို့မဟုတ် တစ်နှစ်တစ်ကြိမ် စုဝေးပွဲ တက်ရောက်သည်။ ၎င်းတို့ တက်ရောက်သည့်အခါ “ဘာသာတရားမရှိသူများက အလွန်ဆိုးရွားသည်။ လူ့အဖွဲ့အစည်းက တရားမမျှတပါ။ ဤလောကကြီးက ဆိုးယုတ်သည်။ ပိုက်ဆံရှာဖို့ အားထုတ်ရသည်မှာ အလွန်ပင် ခက်ခဲလှသည်။ လူတို့အပေါ် ဘုရား၏ ဝန်ထုပ်သည် ပေါ့ပါး၏...” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် စုဝေးပွဲ၏ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာများနှင့် ပါဝင်အကြောင်းအရာတို့နှင့် တစ်စက်မျှ မသက်ဆိုင်သော ဤအကျိုးမရှိသော စကားများအကြောင်းကို ဆက်ပြောနေကြသည်။ ၎င်းတို့သည် မိမိတို့၏ ဆုတောင်းချက်တွင် အနှစ်မဲ့သော စကားအနည်းငယ်နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း အပေါ်ယံစကားအနည်းငယ်ကို ပြောဆိုပြီးနောက် မိမိတို့ကိုယ်ကို ယုံကြည်သူများအဖြစ် မှတ်ယူကာ မိမိတို့ဘာသာ စိတ်ကျေနပ်ပြီး အေးအေးဆေးဆေး ဖြစ်သွားကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ ဤသို့သောလူတို့သည် မည်သည့်အကောင်ယုတ်မျိုး ဖြစ်ကြသနည်း။ အကယ်၍ သင်က ၎င်းတို့ကို “သင်သည် အဘယ်ကြောင့် စုဝေးပွဲများကို ပုံမှန်မတက်ရောက်သနည်း” ဟု မေးပါက ၎င်းတို့က “ကျွန်ုပ်တွင် အခြေအနေမပေးပါ။ ဤသည်မှာ ဘုရားက ကျွန်ုပ်အတွက် စီစဉ်ဖွဲ့စည်းပေးထားသည့် ပတ်ဝန်းကျင်ဖြစ်ပြီး ကျွန်ုပ်သည် ယင်းကို ကျိုးနွံနာခံရမည်” ဟု ပြောဆိုကြသည်။ ဤစကားများသည် ကြားကောင်းလိုက်လေခြင်းပါတကား။ ၎င်းတို့က “ကြည့်ပါ၊ ဘုရားက ကျွန်ုပ်အတွက် ဤပတ်ဝန်းကျင်ကို စီစဉ်ဖွဲ့စည်းပေးထားသည်။ ကျွန်ုပ်၏ တစ်မိသားစုလုံးက အစားအစာအတွက် ကျွန်ုပ်ကို မှီခိုနေရသောကြောင့် ကျွန်ုပ်မှာ ရှင်သန်ရန် ငွေရှာဖို့ လိုအပ်သည်။ ယခုလောလောဆယ်တွင် ငွေရှာခြင်းမှာ ဘုရားသခင်က ကျွန်ုပ်အတွက် ပေးအပ်ထားသော တာဝန်ဖြစ်သည်” ဟုလည်း ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ပြောဖို့ မဆိုထားနှင့်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအကြောင်းကို ထုတ်ပြောရန် လုံးလုံး ပျက်ကွက်ကြသည့်အပြင် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတို့၏ တာဝန်ဝတ္တရားများအကြောင်းကိုလည်း လုံးဝ မပြောပေ။ ၎င်းတို့သည် ရံဖန်ရံခါ စုဝေးပွဲ တက်ရောက်ပြီး ပူဇော်သက္ကာ ယွမ်အနည်းငယ်ကို ထည့်ဝင်ရုံမျှဖြင့် မိမိတို့သည် ဘုရားအိမ်တော်အတွက် ပါဝင်ဖြည့်ဆည်းပြီးဖြစ်သည်ဟု ထင်ကြသည်။ မိမိတို့၏ သားသမီးများ နေမကောင်းသည့်အခါ ဘုရားသခင်ထံ ဆုတောင်းကြပြီး ရက်အနည်းငယ်ကြာ၍ ၎င်းတို့၏ သားသမီးများ နေကောင်းသွားသည့်အခါတွင် အသင်းတော်သို့ ပူဇော်သက္ကာငွေအချို့ကို အလျင်အမြန် ထည့်ဝင်ပြီးနောက် တစ်ဖန် ပျောက်သွားပြန်သည့် အခြားသူများလည်း ရှိလေသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန် ဆက်ဆံသည့်အခါတိုင်း သမ္မာတရားအကြောင်းကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း မဖတ်ရှုကြပေ။ ဘေးအန္တရာယ်များ သို့မဟုတ် ကပ်ဘေးများ မကျရောက်သည့်အခါ ဘုရားသခင်ထံ မည်သည့်အခါမျှ ဆုမတောင်းကြပေ။ ၎င်းတို့၏ နေ့စဉ်စကားပြောဆိုမှုများသည် အိမ်တွင်းရေးရာ အတင်းအဖျင်းများ၊ အမှားအမှန် ငြင်းခုံမှုများ၊ ဇာတိပကတိဆိုင်ရာ အသက်တာ၊ အမျိုးမျိုးသော လူမှုရေးဖြစ်စဉ်များနှင့် ၎င်းတို့ မြင်တွေ့ကြားသိရသည့် အမျိုးမျိုးသောအရာများသာ အမြဲဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို မိတ်သဟာယပြုသည်မှာ ရှားပါးလှပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် စိတ်ရင်းမှန်သော စကားတစ်ခွန်းကိုမျှ မည်သည့်အခါမျှ မပြောဆိုကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရှာဖွေရန် အသင်းတော်တွင် မိမိတို့၏ နေရာကို ထိန်းသိမ်းထားရုံသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ နည်းလမ်းမျှသာ ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝမလိုက်စားဘဲ ငြိမ်သက်ခြင်းနှင့် ကောင်းချီးများကိုသာ ရှာဖွေကြသည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားမှု တစ်စက်မျှ လုံးဝမရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ အကျိုးကျေးဇူးများ၊ ကျေးဇူးတော်နှင့် ကောင်းချီးများကိုသာ ရရှိလိုကြသည်။ ၎င်းတို့သည် နောင်ဘဝကို မမြင်နိုင်သည့်အပြင် လုံးဝမယုံကြည်သောကြောင့် ယင်းကို ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ဤဘဝတွင် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပြီး ဘေးအန္တရာယ်အားလုံးကို ရှောင်ရှားလိုရုံသာ ဖြစ်သည်။ ဘုရားသခင်နှင့် အသင်းတော်သည် ၎င်းတို့၏ ခိုလှုံရာဖြစ်သောကြောင့် ၎င်းတို့ စုဝေးပွဲများ တက်ရောက်သည့်အခါတိုင်းသည် ၎င်းတို့ အခက်အခဲများနှင့်ဖြစ်စေ၊ ဘေးအန္တရာယ်များနှင့်ဖြစ်စေ ကြုံတွေ့ခဲ့သည့်အခါတွင်ဖြစ်သည်မှာ သေချာသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သူများလော။ (မဟုတ်ပါ။) ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ (အခွင့်အရေးသမားများနှင့် မယုံကြည်သူများ ဖြစ်ကြပါသည်။) ဤသူတို့သည် ဘေးအန္တရာယ်များကို ရှောင်ရှားရန် အသင်းတော်ကို အသုံးပြုလိုသော မယုံကြည်သူများ ဖြစ်ကြသည်။ ထိုသို့သောလူများကို အသင်းတော်တွင် နေထိုင်ခွင့်ပြုသင့်သလော။ (မပြုသင့်ပါ။) ၎င်းတို့ စုဝေးပွဲများသို့ လာသည့်အခါ အခြားသူများကို နှောင့်ယှက်ပြီး စိတ်ထဲတွင် ကသိကအောက်ဖြစ်စေသည်။ လူအများစုသည် အလွန် ယဉ်ကျေးပြီး ၎င်းတို့ကို ထိန်းချုပ်ရန် ကြိုးစားဖို့ အနေရခက်ကြသည်၊ သို့ဖြစ်၍ ၎င်းတို့အား တွေ့ရာမြင်ရာ လျှောက်ပြောစေပြီး ဘုရားနှုတ်ကပတ်တော်များကို လူတိုင်း၏ စားသောက်ခြင်းကို နှောင့်ယှက်စေသည်။ ဤအချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သို့ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ထိုသို့သောလူများကို ကန့်သတ်ခြင်း၊ လူများစု၏ အကျိုးစီးပွားကို ကာကွယ်ခြင်းနှင့် ပုံမှန်အသင်းတော်အသက်တာကို ထိန်းသိမ်းခြင်းဟူသော တာဝန်ကို ထမ်းဆောင်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော်များ စာအုပ်များကို ပြန်ယူနိုင်ပြီး ၎င်းတို့ကို အသင်းတော်မှ ထွက်သွားရန် အကြံပေးနိုင်သည်။ တစ်စုံတစ်ဦးကို အသင်းတော်မှ ထွက်သွားဖို့ ဖျောင်းဖျရန် နည်းလမ်းအမျိုးမျိုးရှိသည်။ သင်တို့ကိုယ်တိုင် အကြံထုတ်နိုင်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် နောက်ထပ် အဆက်အသွယ် လုပ်၍မရနိုင်အောင်ကိုသာ သေချာစေလော့။ တစ်စုံတစ်ဦးက “ဤလူသည် ကောင်းပါသည်။ ၎င်းသည် အသင်းတော်တွင် အိမ်တွင်းရေးရာ အသေးအဖွဲအချို့ကိုသာ ပြောဆိုသည်၊ သို့သော် ၎င်းသည် အသင်းတော်၏အလုပ်ကို မနှောင့်ယှက်ပေ သို့မဟုတ် ကျွန်ုပ်တို့၏ တာဝန်ထမ်းဆောင်မှုကိုလည်း မထိခိုက်ပေ၊ သို့ဖြစ်၍ ကျွန်ုပ်တို့ သည်းခံသင့်ပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကျွန်ုပ်တို့သည် လူအမျိုးမျိုးကို သည်းခံပြီး ခွင့်လွှတ်သင့်သည် မဟုတ်လော။ ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ။” ဟု ပြောသည် ဆိုကြပါစို့။ ထိုအခါ သင်သည် ၎င်းတို့သည် ကယ်တင်ခြင်းအတွက် ပစ်မှတ်ဟုတ်မဟုတ်ကို စဉ်းစားရန် လိုအပ်သည်။ ၎င်းတို့ မဟုတ်ပါက ကျွန်ုပ်တို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများက “ကျွန်ုပ်က ယဉ်ကျေးလွန်းသည်။ သူတို့ကို အသင်းတော်မှ ထွက်သွားဖို့ ဖျောင်းဖျရန် အနေရခက်သည်” ဟု ပြောကြသည်။ ဤပြဿနာသည် ဖြေရှင်းရန် လွယ်ကူသည်။ အကယ်၍ သင်သည် ၎င်းတို့နှင့် အဆက်အသွယ်မလုပ်ရုံမျှဖြင့် သင်သည် ၎င်းတို့၏ နှောင့်ယှက်ခြင်း သို့မဟုတ် ချုပ်ကိုင်ခြယ်လှယ်ခြင်းကို ခံရမည်မဟုတ်ပေ။ သင် ၎င်းတို့နှင့် တွေ့လျှင်ပင် ၎င်းတို့နှင့် ပတ်သက်ရန် မလိုအပ်ပေ။ ၎င်းတို့နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းကိစ္စရပ်များအကြောင်း ပြောဆိုရန် မလိုအပ်ပေ၊ ၎င်းတို့ကို ်ဘာသာတရားမရှိသူများအဖြစ် သဘောထားလိုက်ရုံသာ ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တို့ သူတို့ကို မေတ္တာနှင့် ကူညီပြီး ကျွန်ုပ်တို့ နားလည်သည့် သမ္မာတရားကို သူတို့အား မိတ်သဟာယဖွဲ့ပေး၍ မရဘူးလား” ဟု ပြောကြသည်။ ထိုသို့သော မယုံကြည်သူများအတွက် သင်သည် အမှန်တကယ် မေတ္တာရှိပါက သင် စမ်းကြည့်နိုင်သည်။ သင်သည် ၎င်းတို့ကို အမှန်တကယ် ပြောင်းလဲပေးနိုင်ပါက ၎င်းတို့ကို ဖယ်ထုတ်ပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် မလိုအပ်တော့ပေ။ အချို့လူများက “ကျွန်ုပ်က မိမိ၏ အားထုတ်မှုကို ဖြုန်းတီးမည် မဟုတ်။ ၎င်းတို့ကို ကူညီခြင်းက ဝက်ကို ရေချိုးပေးသကဲ့သို့ပင် မသုံးမဝင်ပါ။ သင်သည် ယင်းကို မည်မျှသန့်စင်နေအောင် ဆေးကြောပေးပါစေ ယင်းသည် ရွှံ့ထဲသို့ သွားလူးဦးမည်သာ ဖြစ်သည်။ ယင်းမှာ ထိုသို့သော သတ္တဝါ အတိအကျပင် ဖြစ်သည်။ ပြောင်းလဲမည်မဟုတ်” ဟု ပြောကြသည်။ သင်သည် ဤအရာကို နားလည်နိုင်ပါက သင်မှန်ကန်ပေသည်။ ထိုသို့သော မယုံကြည်သူများကို ကူညီရန် သင်သည် သမ္မာတရားကို ဆက်၍ မိတ်သဟာယဖွဲ့ဦးမည်လော။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအလုပ်ကို ဆက်၍ လုပ်ဆောင်ဦးမည်လော။ (မလုပ်တော့ပါ။) ဤအချိန်တွင် သင်တို့သည် မိမိတို့ မိုက်မဲခဲ့ကြောင်းနှင့် လူတို့ကို ထိုးထွင်းမမြင်ခဲ့ကြောင်း သိရှိကြသည်။ မယုံကြည်သူများသည် မပြောင်းလဲနိုင်ပေ။ ဤလူများသည်လည်း ဘုရားသခင်ကို ယုံကြည်သောသူများသည် ကောင်းမှုများကို ပြုလုပ်ပြီး မကောင်းမှုများကို ရှောင်ကြဉ်ကြောင်း၊ ၎င်းတို့သည် အခြားသူများကို အနိုင်မကျင့် သို့မဟုတ် မလိမ်လည်ကြောင်းကိုလည်း သိကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောသူများအပေါ် ကောင်းသော အထင်အမြင်ရှိကြသည်၊ သို့ဖြစ်၍ ၎င်းတို့သည် “ဘုရားရှိသည်ဟု ယုံကြည်ခြင်း” နှင့် “ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းသည်” ဟူသော အလံအောက်တွင် မိမိတို့ကိုယ်ကို အယောင်ဆောင်ပြီး လူတို့က ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် ထင်မြင်စေလျက် အသင်းတော်ထဲသို့ တအိအိနှင့် အယုံသွင်း၍ ဝင်ကြသည်။ အချို့လူများသည် အမှန်ပင် ဤအရာ၏ လှည့်စားခြင်းကို ခံရပြီး ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် အမှန်တကယ် မှတ်ယူကာ မကြာခဏ သွားရောက်တွေ့ဆုံပြီး ကူညီကြသည်။ အချိန်ကြာမြင့်ပြီးမှသာ ၎င်းတို့က အမှန်တကယ် သဘောပေါက်လာကြလေသည်။ “ဤလူသည် ဘေးအန္တရာယ်များနှင့်ဖြစ်စေ၊ အခက်အခဲများနှင့်ဖြစ်စေ ရင်ဆိုင်ရသည့်အခါမှသာ အသင်းတော်သို့ လာပြီး အသုံးမဝင်သည့်၊ အဓိပ္ပာယ်မဲ့သော စကားများကို ပြောဆိုသည်။ အခြေအနေများ ချောမွေ့ပြီး ၎င်းအတွက် အရာရာ အဆင်ပြေသည့်အခါ ၎င်း၏ ဘဝ ကောင်းမွန်သည့်အခါ ၎င်းသည် လူတိုင်းကို လျစ်လျူရှုသည်။ ၎င်းသည် ထိုသို့သော ကလိမ်ကကျစ် ဖြစ်မှန်းသာ ကျွန်ုပ်တို့ ကြိုသိခဲ့လျှင် ၎င်းကို ကူညီခဲ့မည်မဟုတ်သကဲ့သို့ များစွာ အားမထုတ်ခဲ့ပေ” ဟူ၍ ဖြစ်၏။ ယခု နောင်တရ၍ အသုံးဝင်သလော။ နောင်တရရန် နောက်ကျသွားပြီဖြစ်သည်။ သင်တို့သည် အချည်းနှီးသော စကားများစွာကို ပြောနှင့်ပြီးဖြစ်သည်။ တိုတိုပြောရလျှင် ထိုသို့သော မယုံကြည်သူများကို တတ်နိုင်သမျှ အစောဆုံး ပိုင်းခြားသိမြင်ရန်၊ ကိုင်တွယ်ဖြေရှင်းရန်နှင့် အသင်းတော်မှ ဖယ်ထုတ်ပစ်ရန် လိုအပ်သည်။ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် မမှတ်ယူနှင့်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ကြပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများသာလျှင် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်၊ ကယ်တင်ခြင်းခံရနိုင်ပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းကို လိုက်စားသောသူများသာလျှင် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ ဘေးအန္တရာယ်များကို ရှောင်ရှားရန်နှင့် သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို လောဘတကြီး မွေ့လျော်ခံစားရန် ဘုရားအိမ်တော်တွင် ကပ်နေသောသူများသည် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ကြသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများလည်း သေချာပေါက် မဟုတ်ကြပေ။ သင် နားလည်သလော။ ထိုသို့သော မယုံကြည်သူများကို စည်းမျဉ်းများအတိုင်း သဘောထားပြုမူရမည်၊ ၎င်းတို့ကို ဖြစ်သင့်သည့်အတိုင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတိုင်း ရှင်းလင်းစွာ သိရှိသင့်သည့် စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်