ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)

အချက် ၅- အလုပ်ကိစ္စတစ်ခုချင်းစီ၏ လက်ရှိအခြေအနေနှင့် တိုးတက်မှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်ပြီး ထိုအလုပ်က ချောမွေ့စွာ တိုးတက်ရန်အတွက် ပြဿနာများအား ဖြေရှင်းခြင်း၊ လွဲချော်မှုများအား ပြင်ဆင်ခြင်းနှင့် လစ်ဟာမှုများအား ကုစားခြင်းကို ချက်ချင်း ပြုလုပ်နိုင်ရမည်

ယနေ့ မိတ်သဟာယဖွဲ့ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပဉ္စမမြောက် တာဝန်ဖြစ်သည့် “အလုပ်ကိစ္စတစ်ခုချင်းစီ၏ လက်ရှိအခြေအနေနှင့် တိုးတက်မှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်ပြီး ထိုအလုပ်က ချောမွေ့စွာ တိုးတက်ရန်အတွက် ပြဿနာများအား ဖြေရှင်းခြင်း၊ လွဲချော်မှုများအား ပြင်ဆင်ခြင်းနှင့် လစ်ဟာမှုများကို ကုစားခြင်းတို့ကို ချက်ချင်း ပြုလုပ်နိုင်ရမည်” ဟူသည့်အပေါ်တွင် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်တွင် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ရှိမရှိနှင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို စွဲကိုင်ထားပြီး အလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်း ရှိမရှိကို ကြည့်ရှုရန်၊ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို စိစစ်ဖို့ ငါတို့သည် ဤတာဝန်အပေါ် အာရုံစိုက်ကြမည်။

အယောင်ဆောင်ခေါင်းဆောင်များသည် အေးအေးသက်သာနေခြင်းကို မွေ့လျော်ခံစားပြီး အလုပ်ကို နားလည်အောင် အောက်ခြေအထိ နက်နက်ရှိုင်းရှိုင်း ပါဝင်ဆောင်ရွက်ခြင်း မပြုကြပေ

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပဉ္စမမြောက် တာဝန်တွင် “အလုပ်ကိစ္စတစ်ခုချင်းစီ၏ လက်ရှိအခြေအနေနှင့် တိုးတက်မှုအပေါ် အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်ခြင်း” ကို ဦးစွာ ဖော်ပြထားသည်။ “အလုပ်ကိစ္စတစ်ခုချင်းစီ၏ လက်ရှိအခြေအနေ” ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ အလုပ်ကိစ္စတစ်ခု၏ လက်ရှိအနေအထား မည်သို့ရှိသည်ကို ရည်ညွှန်းသည်။ ဤနေရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို နားလည်သင့်သနည်း။ ဥပမာအားဖြင့် အလုပ်လုပ်သူများသည် မည်သည့် တိကျသော အလုပ်များကို လုပ်ဆောင်နေသနည်း၊ ၎င်းတို့သည် မည်သည့်လုပ်ငန်းဆောင်တာများဖြင့် အလုပ်များနေသည်၊ ဤလုပ်ငန်းဆောင်တာများသည် လိုအပ်ခြင်း ရှိမရှိ၊ ယင်းတို့သည် အဓိကကျပြီး အရေးကြီးသော အလုပ်များ ဟုတ်မဟုတ်၊ ဤဝန်ထမ်းများသည် မည်မျှ ထိရောက်မှုရှိသည်၊ အလုပ်သည် ချောမွေ့စွာ တိုးတက်နေခြင်း ရှိမရှိ၊ အလုပ်လုပ်သူအရေအတွက်သည် အလုပ်ပမာဏနှင့် ကိုက်ညီမှု ရှိမရှိ၊ လူတိုင်းတွင် လုံလောက်သော အလုပ်များ ရှိမရှိ၊ အလုပ်တစ်ခုအတွက် အလုပ်လုပ်သူများ များလွန်းသည့် ကိစ္စများ ရှိမရှိ၊ အလုပ်နည်းနည်းအတွက် ဝန်ထမ်းများလွန်းပြီး အများစုမှာ အလုပ်မရှိဘဲ ထိုင်နေသည့် အခြေအနေမျိုး ရှိမရှိ၊ သို့မဟုတ် အလုပ်ပမာဏက အလွန်များသော်လည်း အလုပ်လုပ်သူ အလွန်နည်းပြီး ကြီးကြပ်ရေးမှူးက ထိရောက်စွာ မညွှန်ကြားနိုင်သဖြင့် အလုပ်ထိရောက်မှုနည်းပြီး တိုးတက်မှုနှေးကွေးသည့် ကိစ္စများ ရှိမရှိ ဟူ၍ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ထားသင့်သည့် အခြေအနေများအားလုံး ဖြစ်ကြသည်။ ထို့အပြင် အလုပ်ကိစ္စတစ်ခုချင်းစီကို ဆောင်ရွက်နေစဉ်တွင် တစ်စုံတစ်ဦးက အနှောင့်အယှက်ပေးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်း ရှိမရှိ၊ တစ်စုံတစ်ဦးက တိုးတက်မှုကို ဟန့်တားခြင်း သို့မဟုတ် ပျက်စီးအောင်လုပ်ဆောင်ခြင်း ရှိမရှိ၊ ကြားဝင်နှောင့်ယှက်မှုမျိုးဖြစ်စေ၊ ဝတ်ကျေတမ်းကျေလုပ်ခြင်းမျိုးဖြစ်စေ တစ်ခုတလေ ရှိမရှိ ဟူသည့် ဤသည်တို့မှာလည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ထားသင့်သည့် အရာများ ဖြစ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ဤကိစ္စရပ်များကို မည်သို့ နားလည်အောင် လုပ်ဆောင်ကြသနည်း။ အချို့သော ခေါင်းဆောင်များက “သင်တို့ အခု အလုပ်များနေကြသလား” ဟု မေးရန် ရံဖန်ရံခါ ဖုန်းခေါ်ကောင်း ခေါ်နိုင်သည်။ တစ်ဖက်လူက အလွန်အလုပ်များကြောင်း ပြောသည်ကို ကြားသည့်အခါ ၎င်းတို့က “ကောင်းပါသည်၊ သင်တို့ အလုပ်များနေသရွေ့ ကျွန်ုပ် စိတ်အေးရပါသည်” ဟု တုံ့ပြန်ကောင်း တုံ့ပြန်နိုင်သည်။ ဤအလုပ်လုပ်ပုံနည်းလမ်းကို သင်တို့ မည်သို့ထင်သနည်း။ ဤမေးခွန်းကို သင်တို့ မည်သို့ထင်သနည်း။ ဤသည်မှာ အရေးပါပြီး လိုအပ်သော မေးစရာ မေးခွန်းတစ်ခုလော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ခြင်း၏ ထူးခြားသော လက္ခဏာဖြစ်ပြီး ၎င်းတို့သည် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အနည်းငယ် လိပ်ပြာလုံစေရန် အပေါ်ယံအလုပ်အနည်းငယ် လုပ်ဆောင်ခြင်းဖြင့် ကျေနပ်နေကြသော်လည်း အလုပ်၏ လက်ရှိအခြေအနေကို နားလည်ရန် အောက်ခြေအထိ၊ အဖွဲ့တစ်ခုချင်းစီအထိ ဆင်းဖို့ မဆိုထားနှင့်၊ တကယ့် အလုပ်ကို လုပ်ဆောင်ရန် အာရုံမစိုက်ကြ။ ဥပမာအားဖြင့် အလုပ်လုပ်သူများအား ခန့်ခွဲမှုများ သင့်လျော်ခြင်း ရှိမရှိ၊ အလုပ်ကို မည်သို့လုပ်ဆောင်နေသည်၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်း ရှိမရှိဟူ၍ ဤစစ်မှန်သော ကိစ္စရပ်များကို အယောင်ဆောင်ခေါင်းဆောင်များက မေးမြန်းခြင်းမရှိဘဲ ထိုအစား လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့မခံရဘဲ စားသောက်ပြီး ပျော်ပါးရန် မည်သူမျှ သတိမထားမိသည့် နေရာတစ်ခုကို ရှာဖွေကြသည်။ ၎င်းတို့သည် ရံဖန်ရံခါ စာများပို့ခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို ၎င်းတို့ကိုယ်စား မေးမြန်းခိုင်းခြင်းမျှသာ ပြုလုပ်ပြီး ဤသည်မှာ မိမိတို့၏ အလုပ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထင်မှတ်ကြသည်။ ထိုထက်ပို၍ပင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို ဆယ်ရက် သို့မဟုတ် တစ်ဆယ့်ငါးရက်ကြာသည်အထိ မတွေ့မြင်ရသည်များ ရှိနိုင်သည်။ ညီအစ်ကိုမောင်နှမများကို “သင်တို့၏ ခေါင်းဆောင်သည် မည်သည့်အရာဖြင့် အလုပ်များနေသနည်း။ သူသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေသလော။ သူသည် သင်တို့ကို လမ်းညွှန်မှုပေးပြီး ပြဿနာများကို ဖြေရှင်းပေးနေသလော” ဟု မေးသည့်အခါ ၎င်းတို့က “ပြောမနေပါနှင့်၊ ကျွန်ုပ်တို့ ခေါင်းဆောင်ကို မတွေ့ရသည်မှာ တစ်လရှိပါပြီ။ သူ ကျွန်ုပ်တို့အတွက် နောက်ဆုံးတစ်ကြိမ် စုဝေးပွဲလုပ်ပေးပြီးကတည်းက မည်သည့်အခါမျှ ထပ်မလာတော့ပါ၊ ပြီးလျှင် ယခုအခါ ကျွန်ုပ်တို့တွင် မည်သူမျှ ကူညီဖြေရှင်းပေးခြင်း မရှိသည့် ပြဿနာများစွာ ရှိပါသည်။ အခြားနည်းလမ်းလည်း မရှိတော့ပါ။ ကျွန်ုပ်တို့၏ အဖွဲ့မှ ကြီးကြပ်ရေးမှူးနှင့် ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများသည် ဆုတောင်းပြီး စည်းမျဉ်းများ ရှာဖွေရန်၊ အလုပ်နှင့်ပတ်သက်၍ ဆွေးနွေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အတူတကွ စုဝေးကြသည်။ ခေါင်းဆောင်သည် ဤနေရာတွင် ထိရောက်မှုမရှိ။ ကျွန်ုပ်တို့သည် ယခုအခါတွင် ခေါင်းဆောင်မရှိပါ” ဟု ပြန်ပြောကြသည်။ ဤခေါင်းဆောင်သည် သူ၏အလုပ်ကို မည်မျှ ကောင်းမွန်စွာ လုပ်ဆောင်နေသနည်း။ အထက်က ဤခေါင်းဆောင်ကို “နောက်ဆုံးရုပ်ရှင် ရိုက်ကူးပြီးသည့်နောက်တွင် ဇာတ်ညွှန်းအသစ်များ လက်ခံရရှိသေးသလား။ ယခု မည်သည့်အရာ ရိုက်ကူးနေသနည်း။ အလုပ်၏ အခြေအနေ မည်သို့ရှိသနည်း” ဟု မေးသည်။ ခေါင်းဆောင်က ပြန်လည်ဖြေကြားသည်၊ “ကျွန်ုပ် မသိပါ။ နောက်ဆုံးရုပ်ရှင်ပြီးသည့်နောက် ကျွန်ုပ်သည် သူတို့နှင့် တစ်ကြိမ် စုဝေးခဲ့ပါသည်၊ ထို့နောက် သူတို့အားလုံး စိတ်အားထက်သန်ခဲ့ကြပြီး အပျက်သဘောမဆောင်ကြဘဲ အခက်အခဲ တစ်စုံတစ်ရာ မရှိခဲ့ကြပါ။ ထိုအချိန်မှစ၍ ကျွန်ုပ်တို့ မတွေ့ဆုံဖြစ်ကြတော့ပါ။ သင်သည် သူတို့၏ လက်ရှိအခြေအနေကို သိရှိလိုပါက ကျွန်ုပ်သည် သင့်အတွက် ဖုန်းခေါ်၍ မေးမြန်းပေးနိုင်ပါသည်”ဟူ၍ဖြစ်သည်။ “အခြေအနေကို နားလည်ရန် အဘယ်ကြောင့် သင် စောစောက ဖုန်းမခေါ်ခဲ့သနည်း” “အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် နေရာတိုင်း၌ စုဝေးပွဲများ တက်ရောက်နေရ၍ အလွန်အလုပ်များနေသောကြောင့် ဖြစ်ပါသည်။ သူတို့အလှည့် မရောက်သေးပါ။ နောက်တစ်ကြိမ် သူတို့နှင့် စုဝေးသည့်အခါမှသာ အခြေအနေကို နားလည်နိုင်မည် ဖြစ်ပါသည်”ဟူ၍ ဆိုလေသည်။ ဤသည်မှာ အသင်းတော်အလုပ်အပေါ် သူတို့၏ သဘောထား ဖြစ်သည်။ ထို့နောက် အထက်လူကြီးက ဤသို့ဆိုသည်၊ “သင်သည် လက်ရှိအခြေအနေ သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၌ တည်ရှိသော ပြဿနာများကို သတိမမူမိ၊ သို့ဆိုလျှင် ဧဝံဂေလိအလုပ်၏ တိုးတက်မှုအခြေအနေသည် မည်သို့ရှိသနည်း။ မည်သည့်နိုင်ငံ၏ ဧဝံဂေလိအလုပ်သည် အကောင်းဆုံး၊ အစံနမူနာအဖြစ်ဆုံး ဖြန့်ဝေခဲ့သနည်း။ မည်သည့်နိုင်ငံ၏ လူတို့သည် အတော်အသင့် အရည်အသွေးကောင်းမွန်ပြီး လျင်မြန်စွာ သဘောပေါက်နားလည်ကြသနည်း။ မည်သည့်နိုင်ငံ၌ ပို၍ကောင်းမွန်သော အသင်းတော်အသက်တာ ရှိသနည်း”ဟူ၍ဖြစ်၏။ “အာ၊ ကျွန်ုပ်သည် စုဝေးပွဲများကိုသာ အာရုံစိုက်ခဲ့မိပြီး ဤအရာများကို မေးမြန်းရန် မေ့လျော့သွားခဲ့ပါသည်” “သို့ဆိုလျှင် ဧဝံဂေလိအဖွဲ့ထဲ၌ လူမည်မျှသည် သက်သေခံနိုင်ကြသနည်း။ သက်သေခံရန် လူမည်မျှ ပျိုးထောင်ပေးခြင်းခံနေရသနည်း။ မည်သည့်နိုင်ငံ၌ရှိသော အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာကို မည်သူက တာဝန်ယူ၍ ဆက်လက်လုပ်ဆောင်သနည်း။ မည်သူက ရေလောင်းပေး၍ ထိန်းကျောင်းသနည်း။ နိုင်ငံအသီးသီးမှ အသင်းတော်သားသစ်များသည် အသင်းတော်အသက်တာကို စတင်၍ အသက်ရှင်နေထိုင်ကြပြီလော။ သူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသည် လုံးဝ ဖြေရှင်းပြီးပြီလော။ လူမည်မျှသည် ဘာသာရေးသမားများ၏ လမ်းလွဲစေခြင်းကို မခံရတော့ဘဲ မှန်သောလမ်းခရီးတွင် အခိုင်အမာ အမြစ်စွဲခဲ့ကြပြီနည်း။ ဘုရားသခင်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ် ယုံကြည်ပြီးနောက် လူမည်မျှသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ကြသနည်း။ သင်သည် ဤအရေးကိစ္စများကို သိနားလည်ပြီး သဘောပေါက်သလော။ အလုပ်၌ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ မည်သူက ယင်းတို့ကို ဖြေရှင်းနိုင်သနည်း။ ဧဝံဂေလိအဖွဲ့ထဲ၌ မည်သည့်အုပ်စု သို့မဟုတ် တစ်ဦးတစ်ယောက်ချင်းစီသည် မိမိ၏ အလုပ်အတွက် တာဝန်ယူပြီး လက်တွေ့ကျသော ရလဒ်များ ရှိသည်ကို သင် သိသလော” “ကျွန်ုပ် မသိပါ။ သင် သိလိုပါက သင့်အတွက် ကျွန်ုပ် မေးမြန်းပေးနိုင်ပါသည်။ သင် အလျင်မလိုပါက ကျွန်ုပ် အချိန်ရသည့်အခါ မေးမြန်းပါမည်။ ကျွန်ုပ် အလုပ်များနေဆဲ ဖြစ်ပါသည်”ဟူ၍တည်း။ ဤခေါင်းဆောင်သည် လက်တွေ့ကျသော အလုပ်တစ်ခုခု လုပ်ဆောင်ခဲ့သလော။ (မလုပ်ဆောင်ခဲ့ပါ။) ၎င်းတို့သည် အရာအားလုံးကို “ကျွန်ုပ် မသိပါ” ဟု ပြောသည်၊ ၎င်းတို့သည် မေးခွန်းမေးခံရသည့် အခိုက်အတန့်တွင်မှသာ အမှုအရာများအကြောင်းကို မေးမြန်းသည်၊ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာဖြင့် အလုပ်များနေသနည်း။ စုဝေးပွဲများအတွက်ဖြစ်စေ၊ အလုပ်ကို စစ်ဆေးရန်ဖြစ်စေ မည်သည့်အဖွဲ့သို့ ၎င်းတို့ သွားပါစေ ၎င်းတို့သည် အလုပ်ထဲရှိ ပြဿနာများကို ဖော်ထုတ်ရန် ပျက်ကွက်ပြီး ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ကို မသိကြပေ။ သင်သည် လူအမျိုးမျိုးတို့၏ အခြေအနေများနှင့် ကိုယ်ကျင့်စရိုက်ကို ချက်ချင်း မရိပ်စားမိနိုင်လျှင်ပင် အလုပ်တွင် ရှိနေသော ကိစ္စရပ်များ၊ လက်ရှိတွင် လုပ်ဆောင်နေသည့်အလုပ်နှင့် မည်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်ကို အနည်းဆုံးအနေဖြင့် ဆက်လက်စောင့်ကြည့်ခြင်း၊ နားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ကို ပြုလုပ်သင့်သည် မဟုတ်လော။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့သည် မျက်စိကန်းနေကြသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်အတွင်းရှိ အမျိုးမျိုးသော အဖွဲ့များသို့ အလုပ်ကို ဆက်လက်စောင့်ကြည့်ရန်နှင့် စစ်ဆေးရန် သွားလျှင်ပင် ၎င်းတို့သည် အမှန်တကယ်ဖြစ်သော အခြေအနေကို လုံးဝ နားမလည်ကြသကဲ့သို့ အဓိကကျသော ပြဿနာများကို မဖော်ထုတ်နိုင်ကြသည့်အပြင် အချို့သော ပြဿနာများကို တွေ့မြင်လျှင်ပင် ၎င်းတို့ မဖြေရှင်းနိုင်ကြပေ။

ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့သည် ၎င်းတို့ ယခင်က တစ်ခါမျှ မကြိုးစားဖူးသည့် အမျိုးအစားဖြစ်သော အလွန်စိန်ခေါ်မှုများသည့် ရုပ်ရှင်တစ်ကားကို ရိုက်ကူးရန် ပြင်ဆင်နေခဲ့သည်။ ၎င်းတို့သည် ဤရုပ်ရှင်ဇာတ်ညွှန်းကို လက်ခံရန် သင့်တော်ခြင်း ရှိမရှိ၊ ဒါရိုက်တာနှင့် အဖွဲ့သားတစ်ဖွဲ့လုံးသည် ဤအလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိမရှိဟူ၍ ၎င်းတို့၏ ခေါင်းဆောင်သည် ဤအခြေအနေများကို မသိရှိခဲ့ပေ။ သူသည် ဤသို့မျှသာ ဆိုလေသည်။ “သင်တို့သည် ဇာတ်ညွှန်းအသစ်တစ်ခုကို တာဝန်ယူထားကြပြီဖြစ်၍ ဆက်သာရိုက်ကူးကြပါ။ ကျွန်ုပ်သည် သင်တို့ကို ပံ့ပိုးပြီး သင်တို့နှင့်အတူ ဆက်လက်လုပ်ဆောင်ပါမည်။ သင်တို့ အစွမ်းကုန် ကြိုးစားကြပါ။ အခက်အခဲများ ပေါ်ပေါက်လာသည့်အခါ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ယင်းတို့ကို ဖြေရှင်းကြပါ” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် သူထွက်သွားခဲ့သည်။ ဤခေါင်းဆောင်သည် ရှိနှင့်ပြီးသား အခက်အခဲတစ်ခုတလေကိုမျှ မမြင်နိုင်၊ မဖော်ထုတ်နိုင်ခဲ့ပေ၊ ဤသို့ဖြင့် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်လော။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့သည် ဤဇာတ်ညွှန်းကို လက်ခံရရှိပြီးနောက် ဒါရိုက်တာနှင့် အဖွဲ့သားများသည် ဇာတ်လမ်းကို မကြာခဏ ဆန်းစစ်ကြပြီး ဝတ်စုံများနှင့် ကင်မရာဘောင်ဝင်မှုတို့ကို ဆွေးနွေးကြသော်လည်း ရုပ်ရှင်ကို မည်သို့ရိုက်ကူးရမည်ကို စိတ်ကူး တစ်စက်မျှ မရှိခဲ့ကြပေ၊ ၎င်းတို့သည် တရားဝင် ထုတ်လုပ်မှုကို မစတင်နိုင်ခဲ့ကြပေ။ ဤသည်မှာ လက်ရှိအခြေအနေ မဟုတ်လော။ ဤသည်တို့မှာ ရှိနှင့်ပြီးသား ပြဿနာများ မဟုတ်လော။ ဤသည်တို့မှာ ခေါင်းဆောင်က ဖြေရှင်းသင့်သည့် ကိစ္စရပ်များ မဟုတ်လော။ ခေါင်းဆောင်သည် နေ့စဉ်နေ့တိုင်း စုဝေးပွဲများတွင် အချိန်ကုန်ခဲ့သည်၊ ရက်ပေါင်းများစွာ စုဝေးပွဲများ လုပ်ပြီးသည့်တိုင် စစ်မှန်သော ပြဿနာတစ်ခုမျှ မဖြေရှင်းနိုင်ခဲ့ဘဲ ရိုက်ကူးရေးသည်လည်း ပုံမှန်အတိုင်း ရှေ့ဆက်မလုပ်ဆောင်နိုင်သေးပေ။ ခေါင်းဆောင်သည် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိခဲ့သလော။ (မရှိခဲ့ပါ။) သူသည် စိတ်ဓာတ်တက်ကြွစေရန် ကြွေးကြော်သံများကိုသာ ဟစ်ကြွေးခဲ့သည်။ “ကျွန်ုပ်တို့သည် အချည်းနှီးထိုင်နေ၍ မဖြစ်သကဲ့သို့ ဘုရားသခင်၏ အိမ်တော်ကို မှီခိုကပ်ရပ်၍လည်း မရပေ” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို “သင်တို့၌ အသိစိတ်မရှိကြပေ၊ တစ်စုံတစ်ရာသော ခံစားချက် တစ်စက်မျှမရှိဘဲ ဘုရားသခင်၏ အိမ်တော်ကို မှီခိုကပ်ရပ်စားသောက်ကြသည်၊ သင်တို့၌ အရှက်မရှိကြသလော”ဟူ၍ပင် ဩဝါဒခြွေကြသည်။ သူတို့ ဤသို့ဆိုပြီးနောက် လူတိုင်း၏ အသိစိတ်သည် အနည်းငယ် လိပ်ပြာမလုံတော့ပေ။ “ဟုတ်ပေသည်၊ အလုပ်၏ တိုးတက်မှုသည် အလွန်နှေးကွေးပြီး ဤသို့ဖြစ်နေလျက်နှင့် ကျွန်ုပ်တို့သည် တစ်နေ့သုံးနပ် စားနေရဆဲဖြစ်သည်၊ ဤသည်မှာ မှီခိုကပ်ရပ်စားသောက်ခြင်း မဟုတ်လော။ ကျွန်ုပ်တို့သည် မည်သည့်အလုပ်ကိုမျှ အမှန်တကယ် မလုပ်ဆောင်ခဲ့ကြပေ။ သို့ဖြစ်လျှင် အလုပ်တွင် ပေါ်ပေါက်လာသော ဤပြဿနာများကို မည်သူက ဖြေရှင်းမည်နည်း။ ကျွန်ုပ်တို့သည် ၎င်းတို့ကို မဖြေရှင်းနိုင်ကြသောကြောင့် ခေါင်းဆောင်ကို မေးမြန်းကြသော်လည်း ခေါင်းဆောင်က ဤပြဿနာများကို မည်သို့ ဖြေရှင်းသင့်သည်ကို မိတ်သဟာယဖွဲ့ခြင်းမရှိဘဲ ဇွဲဖြင့် ဆုတောင်းရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်နှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန်သာ ပြောဆိုသည်” ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်သည် နေရာတွင် နေ့စဉ်နေ့တိုင်း စုဝေးပွဲများ ကျင်းပခဲ့သော်လည်း ဤပြဿနာများကိုမူ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ အချို့သောလူတို့၏ ယုံကြည်ခြင်းသည် အေးစက်လာခဲ့ပြီး ရှေ့ဆက်ရန် လမ်းမမြင်သဖြင့်လည်းကောင်း၊ ရိုက်ကူးရေးကို မည်သို့ဆက်လုပ်ရမည်ကို မသိသဖြင့်လည်းကောင်း ၎င်းတို့၏ အခြေအနေများသည် စိတ်မချမ်းမသာဖြစ်လာခဲ့သည်။ ၎င်းတို့သည် မိမိတို့၏ နောက်ဆုံးမျှော်လင့်ချက်ကို ခေါင်းဆောင်အပေါ်၌ ထားရှိခဲ့ကြပြီး သူက လက်တွေ့ကျသော ပြဿနာအချို့ကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ဝမ်းနည်းစရာမှာ ဤခေါင်းဆောင်သည် အတတ်ပညာကို သင်ယူခြင်းလည်းမရှိ၊ ယင်းကို နားလည်သူများနှင့် မိတ်သဟာယဖွဲ့ခြင်း၊ ဆွေးနွေးခြင်း သို့မဟုတ် ရှာဖွေခြင်းလည်းမရှိဘဲ မျက်စိကန်းနေသူတစ်ဦးကဲ့သို့ပင် ဖြစ်နေခဲ့သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်တစ်အုပ်ကို မကြာခဏ ကိုင်ထားပြီး “ကျွန်ုပ်သည် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေခြင်းဖြစ်သည်။ မိမိကိုယ်ကို သမ္မာတရားဖြင့် ကျွန်ုပ် ပြင်ဆင်နေသည်။ မည်သူမျှ ကျွန်ုပ်ကို မနှောင့်ယှက်ပါနှင့်၊ ကျွန်ုပ် အလုပ်များနေသည်” ဟု ပြောဆိုသည်။ နောက်ဆုံးတွင် ပြဿနာများ ပို၍ပို၍ စုပုံလာပြီး အလုပ်သည် တစ်ပိုင်းသေနေသော အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည့်တိုင် အယောင်ဆောင်ခေါင်းဆောင်သည် သူ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေသည်ဟု ထင်မှတ်နေဆဲပင်။ အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ သူသည် စုဝေးပွဲများ ကျင်းပခဲ့ပြီးဖြစ်သောကြောင့်၊ အလုပ်အခြေအနေကို မေးမြန်းခဲ့ပြီးဖြစ်သောကြောင့်၊ ပြဿနာများကို ဖော်ထုတ်ခဲ့ပြီးဖြစ်သောကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မျှဝေခဲ့ပြီးဖြစ်သောကြောင့်၊ လူတို့၏ အခြေအနေများကို ထောက်ပြခဲ့ပြီးဖြစ်သောကြောင့်၊ လူတိုင်းသည် ဤအခြေအနေများနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ခဲ့ကြပြီး မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သန္နိဋ္ဌာန်ချခဲ့ကြပြီးဖြစ်သောကြောင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏တာဝန်သည် ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီဖြစ်ပြီး သူ့ထံမှ မျှော်လင့်နိုင်သမျှ အားလုံးကို သူလုပ်ဆောင်ပြီးဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍများနှင့် သက်ဆိုင်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များကို ကောင်းမွန်စွာ မစီမံခန့်ခွဲနိုင်ပါက ယင်းမှာ ခေါင်းဆောင်၏ အရေးကိစ္စမဟုတ်တော့ပေ။ ဤသည်မှာ မည်သို့သော ခေါင်းဆောင်မျိုးနည်း။ အသင်းတော်အလုပ်သည် ရပ်လုရပ်ခင် အခြေအနေသို့ ကျရောက်နေခဲ့သည့်တိုင် သူသည် လုံးဝ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် စိတ်သောကရောက်ခြင်း မရှိခဲ့ပေ။ အထက်က မမေးမြန်းလျှင် သို့မဟုတ် မတိုက်တွန်းလျှင် သူသည် မိမိ၏လက်အောက်တွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို တစ်ခွန်းမျှ မပြောဘဲ၊ ပြဿနာတစ်ခုမျှ မဖြေရှင်းဘဲ ဆက်လက်၍ အချိန်ဆွဲနေမည်သာ ဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်သည် သူ၏ ခေါင်းဆောင်မှုဆိုင်ရာ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့သလော။ (မဖြည့်ဆည်းခဲ့ပါ။) သို့ဆိုလျှင် သူသည် စုဝေးပွဲများတွင် တစ်နေကုန် မည်သည့်အရာကို ပြောဆိုခဲ့သနည်း။ သူသည် အယူဝါဒများကို တရားဟောခြင်းနှင့် ကြွေးကြော်သံများကို ဟစ်ကြွေးခြင်းမျှသာ ပြုလုပ်လျက် အနှစ်သာရမရှိသော စကားများကိုသာ ပြောဆိုခဲ့သည်။ ခေါင်းဆောင်သည် အလုပ်ထဲရှိ စစ်မှန်သော ပြဿနာများကို မဖြေရှင်းခဲ့ပေ၊ လူတို့၏ ဝတ်ကျေတမ်းကျေနှင့် အပျက်သဘောဆောင်သော အခြေအနေများကို မဖြေရှင်းခဲ့ပေ၊ လူတို့၏ အလုပ်ထဲရှိ ကိစ္စရပ်များကို သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သို့ဖြေရှင်းရမည်ကို မသိခဲ့ပေ။ ရလဒ်အနေဖြင့် စီမံကိန်းတစ်ခုလုံး ရပ်တန့်သွားခဲ့ပြီး အချိန်ကာလကြာရှည်စွာ မည်သည့်တိုးတက်မှုကိုမျှ မမြင်တွေ့ခဲ့ရပေ။ သို့တိုင် ခေါင်းဆောင်သည် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ဤအယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်၏ အနှစ်သာရမှာ အဘယ်နည်း။ ဤသည်မှာ တာဝန်ကို ကြီးလေးစွာ ပျက်ကွက်ခြင်း မဟုတ်လော။ မိမိ၏အလုပ်တွင် ကြီးလေးစွာ ပျက်ကွက်ခြင်း၊ မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းမှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာ အတိအကျ ဖြစ်သည်။ သင်သည် နေရာတွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ရန်အတွက်သာ နေထိုင်ပြီး စစ်မှန်သော ပြဿနာများကို မဖြေရှင်းပေ။ သင်သည် နေရာတွင် လူတို့ကို လှည့်စားရန်အတွက်သာ နေထိုင်သည်၊ မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ သင်သည် ထိုနေရာတွင် အချိန်ပြည့် နေထိုင်ခဲ့လျှင်ပင် မည်သည့်အရာကိုမျှ ပြီးမြောက်အောင်မြင်စေမည် မဟုတ်ပေ။ အလုပ်တွင်လည်းကောင်း၊ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍများအကြားတွင်လည်းကောင်း အမျိုးမျိုးသော ပြဿနာများ ပေါ်ပေါက်လာသည်၊ အချို့ကို သင် ဖြေရှင်းနိုင်သော်လည်း မဖြေရှင်းပေ။ ဤသည်မှာ တာဝန်ကို ကြီးလေးစွာ ပျက်ကွက်ခြင်း ဖြစ်နေပြီးဖြစ်သည်။ ထို့အပြင် သင်သည် မျက်စိတွင်ရော စိတ်ထဲတွင်ပါ ကန်းနေသည်။ တစ်ခါတစ်ရံ သင် ပြဿနာများကို တွေ့ရှိသည့်အခါ ယင်းတို့၏ အနှစ်သာရကို သင် မရိပ်စားမိနိုင်ပေ။ သင်သည် ယင်းတို့ကို မဖြေရှင်းနိုင်သော်လည်း ကိုင်တွယ်နိုင်သည်ဟု ဟန်ဆောင်ကာ သမ္မာတရားကို အမှန်တကယ် နားလည်သူများနှင့် မိတ်သဟာယဖွဲ့ရန် သို့မဟုတ် တိုင်ပင်ရန် လုံးဝငြင်းဆန်လျက်၊ အထက်သို့လည်း သတင်းပို့ခြင်း သို့မဟုတ် ရှာဖွေခြင်း မပြုဘဲ မနည်းထိန်းထားသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် ပြုပြင်ခြင်းခံရမည်ကို ကြောက်သလော။ အထက်က သင်နှင့်ပတ်သက်သည့် အမှန်တရားကို သိရှိပြီး သင့်ကို ဖြုတ်ချမည်ကို ကြောက်သလော။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်ကို အနည်းငယ်မျှပင် မထိန်းသိမ်းဘဲ အဆင့်အတန်းကိုသာ အာရုံစိုက်နေခြင်း မဟုတ်လော။ ဤသို့သော စိတ်ဓာတ်ဖြင့် သင်သည် သင်၏တာဝန်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်နည်း။

ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် မည်သည့်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ ဤအလုပ်၏ သဘောသဘာဝက မည်သည့်အရာဖြစ်စေ ၎င်းတို့၏ ပထမဦးစားပေးမှာ အလုပ်က မည်သို့သောအခြေအနေရှိနေသည်ကိုနားလည်ပြီး သဘောပေါက်ရန် ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို ဆက်လက်စစ်ဆေးပြီး မေးခွန်းများမေးကာ သတင်းအချက်အလက်များကို ကိုယ်တိုင်ရယူရန်အတွက် ထိုနေရာတွင် ရှိနေရပေမည်။ ၎င်းတို့သည် ကောလာဟလကိုသာ ယတိပြတ် အမှီပြု၍ မရပေ၊ သို့မဟုတ် အခြားလူတို့၏ အစီရင်ခံချက်များကိုသာ နားထောင်ခြင်း မပြုလုပ်ရပေ။ ထိုအစား ၎င်းတို့သည် ဝန်ထမ်းများ၏ အခြေအနေကိုလည်းကောင်း အလုပ်က မည်သို့ တိုးတက်နေသည်ကိုလည်းကောင်း မိမိတို့ကိုယ်တိုင် ကြည့်ရှုလေ့လာရမည်။ ပြီးလျှင် မည်သည့်အခက်အခဲများရှိသည်ကိုဖြစ်စေ၊ အထက်၏ တောင်းဆိုမှုများနှင့် မကိုက်ညီသည့် ကဏ္ဍတစ်ခုတလေ ရှိမရှိကိုဖြစ်စေ၊ စည်းမျဉ်းများ ချိုးဖောက်ခြင်း ရှိမရှိကိုဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် အနှောင့်အယှက်များ တစ်ခုတလေ ရှိမရှိကိုဖြစ်စေ၊ အတတ်ပညာပိုင်းဆိုင်ရာအလုပ်နှင့် စပ်လျဉ်း၍ ပစ္စည်းကိရိယာ လိုအပ်မှုရှိမရှိကိုဖြစ်စေ၊ ဆီလျော်သော သင်ကြားပို့ချမှုဆိုင်ရာ ပစ္စည်းများ လိုအပ်မှု ရှိမရှိကိုဖြစ်စေ နားလည်ရမည်။ ၎င်းတို့သည် ဤအရာအားလုံးကို နိုင်နိုင်နင်းနင်းဖြစ်ရမည် ဖြစ်သည်။ မည်မျှ များပြားသော အစီရင်ခံချက်များကို ၎င်းတို့ နားထောင်သည်ဖြစ်စေ၊ ကောလာဟလမှ ၎င်းတို့ မည်မျှ ကောက်ယူသည်ဖြစ်စေ ဤအရာတို့သည် ကိုယ်တိုင်သွားရောက်ကြည့်ရှုခြင်းလောက် မကောင်းပေ။ ၎င်းတို့အနေဖြင့် ကိုယ့်မျက်လုံးများဖြင့် အမှုအရာများကို တပ်အပ်မြင်ခြင်းသည် ပိုမို တိကျမှုရှိပြီး ယုံကြည်စိတ်ချရသည်။ ၎င်းတို့သည် အခြေအနေ၏ ကဏ္ဍအားလုံးကို အကျွမ်းဝင်သွားသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာဖြစ်ပျက်နေသည်ကို ကောင်းစွာ သိရှိလိမ့်မည်။ သူတို့သည် အစွမ်းအစကောင်းပြီး ပျိုးထောင်ရန် ထိုက်တန်သောသူသည် မည်သူဖြစ်သည်ကို အထူးသဖြင့် ရှင်းလင်းပြီး တိကျမှန်ကန်စွာ သိရှိနားလည်ထားရမည်။ ဤအရာကသာ သူတို့အား လူတို့ကို တိကျမှန်ကန်စွာ ပျိုးထောင်၍ အသုံးပြုနိုင်စေမည်ဖြစ်သဖြင့် ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် အလွန်အရေးကြီးပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၌ အစွမ်းအစကောင်းသော လူတို့ကို ပျိုးထောင်ပြီး လေ့ကျင့်ပေးရန်အတွက် လမ်းကြောင်းနှင့် စည်းမျဉ်းများ ရှိသင့်သည်။ ထို့အပြင် သူတို့သည် အသင်းတော် အလုပ်တွင် ရှိသော အမျိုးမျိုးသော ပြဿနာများနှင့် အခက်အခဲများကို သိရှိနားလည်ထားပြီး ယင်းတို့ကို မည်သို့ ဖြေရှင်းရမည်ကို သိသင့်သည်။ ပြီးလျှင် အလုပ်ကို မည်သို့ တိုးတက်အောင် လုပ်ဆောင်ရမည် သို့မဟုတ် ၎င်း၏ အနာဂတ် အလားအလာများနှင့် ပတ်သက်၍ မိမိတို့၏ ကိုယ်ပိုင် အတွေးအမြင်များနှင့် အကြံပြုချက်များလည်း ရှိသင့်ပေသည်။သူတို့သည် ထိုသို့သောအရာများကို မျက်စိမှိတ်၍ပင် သံသယ သို့မဟုတ် မဝံ့မရဲဖြစ်ခြင်း တစ်စုံတစ်ရာမရှိဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုနိုင်ပါက အလုပ်ကို လုပ်ဆောင်ရန် များစွာ ပို၍ လွယ်ကူလာပေလိမ့်မည်။ ပြီးလျှင် ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းအားဖြင့် ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနေမည်ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ ၎င်းတို့သည် အထက်တွင်ဖော်ပြခဲ့သော အလုပ်ထဲရှိ ကိစ္စရပ်များကို မည်သို့ဖြေရှင်းရမည်ကို ကောင်းစွာ သိရှိရမည်ဖြစ်ပြီး ဤအရာများကို မကြာခဏ တွေးတောဆင်ခြင်ရမည်ဖြစ်သည်။ ၎င်းတို့ အခက်အခဲများ ကြုံတွေ့သည့်အခါ ကိစ္စရပ်များကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို ရှာဖွေလျက် ဤအရာများကို လူတိုင်းနှင့် မိတ်သဟာယဖွဲ့ကာ ဆွေးနွေးရမည်ဖြစ်သည်။ ဤသို့ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် စစ်မှန်သော အလုပ်ကို လုပ်ဆောင်ခြင်းအားဖြင့် ဖြေရှင်း၍မရနိုင်သော အခက်အခဲများ ရှိမည်မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤသို့လုပ်ဆောင်သလော။ (မလုပ်ဆောင်ပါ။) အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့ နားမလည်သည့်အရာများကို နားလည်သကဲ့သို့ ပြုမူလျက် လူတို့အပေါ် ဟန်ဆောင်၍ လှည့်စားရန်သာ သိကြသည်၊ မည်သည့်လက်တွေ့ကျသော ပြဿနာကိုမျှ မဖြေရှင်းနိုင်ဘဲ အသုံးမဝင်သော ကိစ္စများဖြင့်သာ မိမိတို့ကိုယ်ကို အလုပ်များစေကြသည်။ မည်သည့်အရာဖြင့် အလုပ်များနေခဲ့သည်ကို မေးသည့်အခါ ၎င်းတို့က “ကျွန်ုပ်တို့ နေထိုင်သည့်နေရာတွင် ထိုင်ခုံအနည်းငယ် လိုအပ်နေပြီး ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကလည်း ဝတ်စုံများအတွက် ပိတ်စတစ်စ လိုအပ်နေသောကြောင့် ကျွန်ုပ် အနည်းငယ် သွားဝယ်ခဲ့သည်။ နောက်တစ်ခါ မီးဖိုချောင်တွင် ဟင်းချက်စရာများ ကုန်သွားပြီး ထမင်းချက်ကလည်း မသွားနိုင်သောကြောင့် ကျွန်ုပ် အပြင်ထွက်၍ အနည်းငယ် ဝယ်ခဲ့ရသည်၊ လမ်းတွင် ဂျုံမှုန့် သုံးလေးထုပ်လည်း ဝယ်ယူလာခဲ့သည်။ ဤအရာအားလုံးကို ကျွန်ုပ်ကိုယ်တိုင် လုပ်ခဲ့ရသည်” ဟု ပြောကြသည်။ ၎င်းတို့သည် အမှန်တကယ်ပင် အတော်လေး အလုပ်များနေခဲ့သည်။ ဤသည်မှာ မိမိတို့၏ လုပ်သင့်လုပ်ထိုက်သော တာဝန်ကို လျစ်လျူရှုခြင်းပင် မဟုတ်လော။ ၎င်းတို့သည် ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရား နယ်ပယ်အတွင်း ကျရောက်သည့် အလုပ်နှင့်ပတ်သက်လာလျှင် လုံးဝ ဂရုမစိုက် သို့မဟုတ် ဝန်တာထမ်းသည့်စိတ် လုံးဝ မရှိဘဲ အိုးနင်းခွက်နင်းဖြင့်သာ ပြီးသွားရန် ကြိုးပမ်းကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစမှာ အတော်အတန် ညံ့ဖျင်းပြီး မျက်စိတွင်ရော စိတ်ထဲတွင်ပါ ကန်းနေသည့် ပြဿနာသည် အတော်အတန်ပင် ဆိုးရွားနေသည့်တိုင် ၎င်းတို့သည် ဝန်တာထမ်းသည့်စိတ်လည်း မရှိဘဲ ကိုယ်စိတ်ချမ်းသာခြင်း၌ မွေ့လျော်ကာ သက်သောင့်သက်သာရှိသော နေရာတစ်ခုခုတွင် ရက်အနည်းငယ် မကြာခဏ အချိန်ကုန်ဆုံးကြသည်။ တစ်စုံတစ်ဦးက ပြဿနာတစ်ခုရှိပြီး ဖြေရှင်းချက်အတွက် ၎င်းတို့ကို လာရှာသည့်အခါ ၎င်းတို့ကို မည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်ဘဲ ၎င်းတို့ အမှန်တကယ် မည်သည့်အရာ လုပ်ဆောင်နေသည်ကို မည်သူမျှ မသိပေ။ ၎င်းတို့သည် ကိုယ့်အချိန်ကိုယ် စီမံခန့်ခွဲကြသည်။ ဤအပတ်တွင် ၎င်းတို့သည် အဖွဲ့တစ်ဖွဲ့အတွက် နံနက်ခင်းတစ်ခုတွင် စုဝေးပွဲတစ်ခု ကျင်းပသည်၊ နေ့လယ်တွင် အနားယူသည်၊ ပြီးလျှင် ညနေပိုင်းတွင် ကိစ္စရပ်များကို ဆွေးနွေးရန် အထွေထွေကိစ္စများကို ကြီးကြပ်သူများအား စုဝေးလေသည်။ နောက်သီတင်းပတ်တွင် ၎င်းတို့သည် ပြင်ပရေးရာများကို တာဝန်ယူထားသူများအတွက် စုဝေးပွဲတစ်ခု ကျင်းပပြီး “အခက်အခဲ တစ်စုံတစ်ရာ ရှိပါသလော။ ဤကာလအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခဲ့ကြပါသလော။ ဘာသာတရား မရှိသူများနှင့် ထိတွေ့ဆက်ဆံရာတွင် ဘောင်ခတ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ခံခဲ့ရပါသလော” ဟု သာမန်ကာလျှံကာ မေးမြန်းသည်။ ပြီးလျှင် ဤမေးခွန်းအနည်းငယ်ကို မေးပြီးနောက် ပြီးဆုံးသည်ဟု သတ်မှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် တစ်လကုန်ဆုံးသွားသည်။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သနည်း။ ၎င်းတို့သည် အဖွဲ့တစ်ခုချင်းစီအတွက် အလှည့်ကျ စုဝေးပွဲများ ကျင်းပခဲ့သော်လည်း မည်သည့်အဖွဲ့၏ အလုပ်အခြေအနေကိုမျှ ၎င်းတို့ မသိခဲ့သကဲ့သို့ ယင်းအကြောင်းကို လေ့လာခြင်း သို့မဟုတ် မေးမြန်းခြင်းလည်း မရှိခဲ့ပေ၊ သို့မဟုတ် အဖွဲ့တစ်ခုချင်းစီ၌ အလုပ်တွင် ပါဝင်ရန် သို့မဟုတ် လမ်းညွှန်ရန်မှာမူ သာ၍ပင် မရှိခဲ့ပေ။ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ ပါဝင်ခြင်း၊ ဆက်လက်စောင့်ကြည့်ခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်းတို့ကို မလုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့ အချိန်မှန် လုပ်ဆောင်ခဲ့သည့် အရာအနည်းငယ်ရှိသည်။ အချိန်မှန်စားခြင်း၊ အချိန်မှန်အိပ်ခြင်းနှင့် အချိန်မှန် စုဝေးပွဲများ ကျင်းပခြင်းတို့ ဖြစ်သည်။ ၎င်းတို့၏ ဘဝသည် အတော်အတန် ပုံမှန်ဖြစ်သည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း ဂရုစိုက်နေကြသော်လည်း ၎င်းတို့၏ အလုပ်စွမ်းဆောင်ရည်မှာမူ စံမမီလှပေ။

အချို့သောခေါင်းဆောင်များသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို လုံးဝ မဖြည့်ဆည်းကြဘဲ အသင်းတော်၏ အနှစ်သာရရှိသော အလုပ်ကို လုပ်ဆောင်ရမည့်အစား အရေးမပါသော အထွေထွေကိစ္စအချို့ကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် မီးဖိုချောင်ကို စီမံခန့်ခွဲရာတွင် အထူးကျွမ်းကျင်ကြပြီး “ယနေ့ ကျွန်ုပ်တို့ မည်သည့်အရာကို စားသုံးကြမည်နည်း။ ကြက်ဥ ရှိသေးသလော။ အသား မည်မျှ ကျန်ရှိပါသေးသနည်း။ ကုန်သွားလျှင် ကျွန်ုပ် သွားဝယ်ယူပါမည်” ဟု အမြဲမေးမြန်းကြသည်။ ၎င်းတို့သည် မီးဖိုချောင်အလုပ်ကို အလွန်အမင်း အရေးကြီးသည်ဟု မှတ်ယူကြပြီး အကြောင်းပြချက်မရှိဘဲ မီးဖိုချောင်ထဲသို့ လျှောက်သွားကာ ငါးပိုစားရန်၊ အသားပိုစားရန်၊ ပိုမိုမွေ့လျော်ခံစားရန်၊ စိတ်ထဲတွင် မည်သည့်လိပ်ပြာမသန့်ခြင်းမျှ မရှိဘဲ အစားအစာစားရန်ကို အမြဲတမ်း တွေးတောနေကြသည်။ အဖွဲ့တစ်ခုချင်းစီရှိ လူများသည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် အာရုံစိုက်လျက် အလုပ်များနေကြစဉ်တွင် ဤခေါင်းဆောင်များသည် ကောင်းကောင်းစားရန်ကိုသာ အာရုံစိုက်ပြီး အတော်အတန် သက်သောင့်သက်သာရှိသော ဘဝဖြင့် နေထိုင်ကြသည်။ ခေါင်းဆောင်များ ဖြစ်လာကတည်းက ၎င်းတို့သည် အသင်းတော်၏အလုပ်ကို စိတ်မဝင်စားဘဲ မည်သည့်ကြိုးစားအားထုတ်မှုကိုမဆို ရှောင်ရှားခဲ့သည်သာမက မိမိတို့ကိုယ်ကို ဝဖြိုးပြီး မျက်နှာဝင်းပနေအောင်လည်း ဂရုစိုက်ခဲ့ကြသည်။ ၎င်းတို့ နေ့စဉ် မည်သည့်အရာကို လုပ်ကြသနည်း။ ၎င်းတို့သည် အထွေထွေကိစ္စအချို့၊ အသေးအဖွဲကိစ္စအချို့ဖြင့် အလုပ်များနေကြပြီး မည်သည့်စစ်မှန်သောအလုပ်ကိုမျှ ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့သကဲ့သို့ မည်သည့်စစ်မှန်သော ပြဿနာကိုမျှ မဖြေရှင်းခဲ့ပေ။ သို့တိုင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နောင်တရခြင်း မခံစားရပေ။ အယောင်ဆောင် ခေါင်းဆောင်အားလုံးသည် အသင်းတော်၏ အဓိကကျသော အလုပ်ကို မလုပ်ဆောင်ကြသကဲ့သို့ မည်သည့်စစ်မှန်သော ပြဿနာကိုမျှလည်း မဖြေရှင်းကြပေ။ ၎င်းတို့ ခေါင်းဆောင်များ ဖြစ်လာပြီးနောက် ၎င်းတို့က “ကျွန်ုပ်သည် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို လုပ်ဆောင်ရန် လူအနည်းငယ်ကို ရှာလိုက်ရုံသာဖြစ်သည်၊ သို့ဖြစ်လျှင် ကျွန်ုပ်ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်တော့ပါ” ဟု ်စဉ်းစားကြသည်။ အလုပ်တစ်ခုချင်းစီအတွက် ကြီးကြပ်ရေးမှူးများကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်တိုင် လုပ်စရာတစ်ခုမျှ မကျန်တော့ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ ခေါင်းဆောင်ပိုင်းအလုပ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ထို့နောက် ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားရန် အခွင့်အရေးရှိသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့်စစ်မှန်သောအလုပ်တွင်မျှ မပါဝင်ကြ၊ ဆက်လက်စောင့်ကြည့်ခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်း မပြုကြ၊ ပြဿနာများကို ဖြေရှင်းရန် စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် သုတေသနပြုခြင်းတို့ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသလော။ ဤနည်းလမ်းဖြင့် အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်လော။ အထက်က ၎င်းတို့ကို အလုပ် မည်သို့ဖြစ်နေသည်ကို မေးသည့်အခါ ၎င်းတို့က “အသင်းတော်အလုပ်အားလုံး ပုံမှန်သာဖြစ်သည်။ အလုပ်တစ်ခုချင်းစီတွင် ကိုင်တွယ်ဖို့ ကြီးကြပ်ရေးမှူးတစ်ယောက်စီ ရှိပါသည်” ဟု ပြောကြသည်။ အလုပ်တွင် ပြဿနာတစ်စုံတစ်ရာ ရှိမရှိကို ထပ်မံမေးမြန်းပါက ၎င်းတို့က “ကျွန်ုပ် မသိပါ။ ပြဿနာများ ရှိမည်မဟုတ်ပါ” ဟု တုံ့ပြန်ကြသည်။ ဤသည်မှာ အလုပ်အပေါ်ထားရှိသော အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောထားဖြစ်သည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် သင့်အား တာဝန်ပေးအပ်ထားသော အလုပ်အတွက် လုံးဝတာဝန်မဲ့မှုကို ပြသသည်၊ အရာအားလုံးကို အခြားသူများထံ လွှဲအပ်ထားပြီး သင့်ဘက်မှ ဆက်လက်စောင့်ကြည့်ခြင်း၊ မေးမြန်းခြင်း သို့မဟုတ် ပြဿနာဖြေရှင်းရာတွင် ကူညီခြင်းမရှိဘဲ သင်သည် လက်ပိုက်အမိန့်ပေးသူတစ်ဦးကဲ့သို့ ထိုင်နေရုံသာ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို တမင်ပျက်ကွက်နေခြင်း မဟုတ်လော။ သင်သည် အရာရှိတစ်ဦးကဲ့သို့ ပြုမူနေခြင်း မဟုတ်လော။ သတ်သတ်မှတ်မှတ်ဖြစ်သော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ခြင်း၊ အလုပ်ကို ဆက်လက်မစောင့်ကြည့်ခြင်း၊ စစ်မှန်သော ပြဿနာများကို မဖြေရှင်းခြင်းဟူသည်မှာ ထိုသို့သော ခေါင်းဆောင်များသည် အလှဆင်ထားသော အရာများမျှသာ မဟုတ်လော။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ စံပြပုံစံဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အလုပ်မှာ အလုပ်တွင် အမှန်တကယ် ပါဝင်ခြင်း သို့မဟုတ် ဆက်လက်စောင့်ကြည့်ခြင်းမရှိဘဲ အလုပ်အတွင်းရှိ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်းမရှိဘဲ ပါးစပ်လှုပ်၍ အမိန့်များ ထုတ်ပြန်ခြင်းမျှသာ ဖြစ်သည်။ ပြဿနာများကို ဖော်ထုတ်မိသည့်အခါပင် ၎င်းတို့သည် မဖြေရှင်းကြပေ။ ၎င်းတို့သည် ဤသည်မှာ အလုပ်လုပ်ခြင်းဖြစ်သည်ဟု ထင်မှတ်လျက် လက်ပိုက်အမိန့်ပေးသူတစ်ဦးကဲ့သို့သာ ပြုမူကြသည်။ သို့တိုင် ဤသို့ခေါင်းဆောင်ခြင်းသည် ၎င်းတို့၏ စိတ်ငြိမ်းချမ်းမှုကို မည်သို့မျှ မနှောင့်ယှက်ပေ၊ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း သက်သောင့်သက်သာ နေထိုင်ကြပြီး အချိန်တိုင်း ရွှင်လန်းပျော်မြူးနေကြသည်။ ၎င်းတို့သည် မည်သို့ဖြစ်၍ အပြုံးမပျက်နိုင်သေးသနည်း။ ငါ အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသို့သောလူများသည် လုံးဝ အရှက်မရှိကြပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ လူအနည်းငယ်ကို အလုပ်များလုပ်ရန် စီစဉ်ပေးပြီး ပြီးပြီဟု မှတ်ယူလိုက်သည်။ သင်သည် ၎င်းတို့ကို အလုပ်ခွင်တွင် မည်သည့်အခါမျှ မတွေ့ရပေ၊ ၎င်းတို့သည် အသင်းတော်အလုပ်၏ တိုးတက်မှု သို့မဟုတ် ရလဒ်များအကြောင်း တစ်စက်မျှ မသိသည့်တိုင် မိမိတို့ကိုယ်ကို ခေါင်းဆောင်တစ်ဦးအဖြစ် အရည်အချင်းရှိပြီး စံမီသည်ဟု ထင်နေဆဲဖြစ်သည်။ ဤသည်မှာ မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်သည့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ စံပြပုံစံဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်အလုပ်အတွက် ဝန်ထုပ်ဝန်ပိုးမရှိကြ၊ မည်မျှပင် ပြဿနာများ ပေါ်ပေါက်ပါစေ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ကြောင့်ကြခြင်း မရှိကြပေ၊ ၎င်းတို့သည် အထွေထွေကိစ္စအချို့ကို လုပ်ဆောင်ရုံမျှဖြင့် ကျေနပ်နေကြပြီး ထို့နောက် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်သည်ဟု ထင်မှတ်ကြသည်။ အထက်က အယောင်ဆောင်ခေါင်းဆောင်များကို မည်သို့ပင် ဖော်ထုတ်ပါစေ ၎င်းတို့သည် စိတ်မကောင်းဖြစ်ခြင်းလည်း မရှိသကဲ့သို့ ဖော်ထုတ်မှုသည် မိမိတို့နှင့်သက်ဆိုင်သည်ဟုလည်း မမြင်ကြပေ၊ ၎င်းတို့တွင် မည်သည့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် နောင်တမျှ မရှိပေ။ ထိုသို့သောလူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့နေကြသည် မဟုတ်လော။ အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ် ရှိသူတစ်ဦးသည် အသင်းတော်အလုပ်ကို ဤသို့ သဘောထားနိုင်မည်လော။ လုံးဝမဖြစ်နိုင်ပေ။

ယေဘုယျအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ပင်ရှိသော လူများသည် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များအား ဖော်ထုတ်ခြင်းကို ကြားရသည့်အခါတွင်လည်းကောင်း၊ ဤဖော်ပြချက်များနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်သည့်အခါတွင်လည်းကောင်း ဤဖော်ပြချက်များတွင် မိမိတို့နှင့် သက်ဆိုင်သောအရာ တစ်စုံတစ်ရာရှိသည်ကို အနည်းနှင့်အများဆိုသလို မြင်နိုင်ကြလိမ့်မည်။ ၎င်းတို့၏ မျက်နှာများသည် နီမြန်းလာမည်၊ ၎င်းတို့သည် နေမထိထိုင်မသာ ဖြစ်ကြပြီး ၎င်းတို့၏ စိတ်နှလုံးများသည် မသက်မသာဖြစ်လာကာ ဘုရားသခင်ကို အကြွေးတင်နေသည်ဟု ခံစားရလျက် တိတ်တဆိတ် သန္နိဋ္ဌာန်ချကြလိမ့်မည်။ “ယခင်က ကျွန်ုပ်သည် ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုတွင် မွေ့လျော်ခဲ့ပါသည်၊ ကျွန်ုပ်၏အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ပါ၊ ကျွန်ုပ်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့ပါ၊ လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ခဲ့ပါ၊ မေးခွန်းမေးခံရသည့်အခါ မသိနားမလည်ခဲ့ပါ၊ အမြဲတမ်း ခေါင်းရှောင်လိုခဲ့ပြီး တခြားသူများက ကျွန်ုပ်၏ အခြေအနေမှန်ကို သိရှိသွားသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ပျောက်ဆုံးသွားမည်ကိုလည်းကောင်း၊ ကျွန်ုပ်ရရှိထားသော ခေါင်းဆောင်ရာထူးကို မထိန်းသိမ်းနိုင်တော့မည်ကို ကြောက်ရွံ့၍ အစဉ်သဖြင့် ဟန်ဆောင်ခဲ့ပါသည်။ ယခုမှသာ ထိုသို့ပြုမူခြင်းသည် ရှက်ဖွယ်ကောင်းပြီး ဆက်၍မရနိုင်တော့ကြောင်း ကျွန်ုပ်မြင်သည်။ ကျွန်ုပ်သည် အလေးအနက်ထား လုပ်ဆောင်ရမည်၊ ကြိုးစားအားထုတ်ရမည်။ ကျွန်ုပ်သာ ကောင်းမွန်စွာ လုပ်ဆောင်ရန် ဆက်လက်၍ ပျက်ကွက်ပါက ယင်းသည် ခွင့်လွှတ်၍မရနိုင်သော အရာဖြစ်ပေမည်။ ကျွန်ုပ်သည်လည်း လိပ်ပြာမလုံဘဲ ဖြစ်ရပါမည်” ဟူ၍ ဖြစ်သည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် လူ့သဘာဝနှင့် အသိစိတ်အချို့ကို ပိုင်ဆိုင်နေဆဲဖြစ်သည်၊ အနည်းဆုံးအနေဖြင့် ၎င်းတို့၏ အသိစိတ်သည် သတိရှိနေသေးသည်။ ငါ၏ ဖော်ထုတ်မှုကို ကြားပြီးနောက် ၎င်းတို့သည် ဤနှုတ်ကပတ်တော်များတွင် မိမိတို့ကိုယ်ကို မြင်ကြပြီး စိတ်အနှောင့်အယှက်ဖြစ်ကြသည်၊ ၎င်းတို့က “ကျွန်ုပ်သည် အမှန်တကယ်ပင် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ပါ၊ သို့မဟုတ် မည်သည့်လက်တွေ့ကျသော ပြဿနာကိုမျှ မဖြေရှင်းခဲ့ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် သို့မဟုတ် ခေါင်းဆောင်ဟူသော ဘွဲ့ထူးနှင့် မထိုက်တန်ပါ။ သို့ဆိုလျှင် ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ကျွန်ုပ် ပြေရာပြေကြောင်း လုပ်ဆောင်ရမည်။ ယခုမှစ၍ ကျွန်ုပ်သည် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန်နှင့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တိုင်းတွင် ပါဝင်ရန် မနားမနေ ကြိုးစားရမည်၊ ခေါင်းရှောင်ခြင်းကို ရှောင်ကြဉ်ရမည်၊ ဟန်ဆောင်ခြင်းကို ရှောင်ကြဉ်ရမည်၊ ကျွန်ုပ်၏ စွမ်းဆောင်နိုင်မှု အပြည့်အဝဖြင့် အရာများကို လုပ်ဆောင်ရမည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးများနှင့် အတွင်းကျကျ အတွေးများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်၊ ဘုရားသခင်သည် လူတိုင်း၏ စစ်မှန်သော အတိုင်းအတာကို သိသည်။ ကျွန်ုပ် အမှုအရာများကို ကောင်းမွန်စွာ လုပ်ဆောင်သည်ဖြစ်စေ၊ ညံ့ဖျင်းစွာ လုပ်ဆောင်သည်ဖြစ်စေ စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ ကျွန်ုပ်သည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်ပါက လူဟု ခေါ်ဆိုခြင်းကို ခံရနိုင်ပါဦးမည်လော” ဟူ၍ ဆင်ခြင်သုံးသပ်ကြသည်။ ဤနည်းလမ်းဖြင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ခြင်းကို အသိစိတ်ရှိခြင်းဟု ခေါ်သည်။ အသိစိတ်မရှိသော လူများသည် သင် မည်သို့ပင် ဖော်ထုတ်ပါစေ မျက်နှာမနီရဲကြပေ၊ သို့မဟုတ် စိတ်လှုပ်ရှားခြင်းလည်း မခံစားရပေ၊ ၎င်းတို့သည် မိမိတို့ လိုချင်သမျှကိုသာ ဆက်လက်လုပ်ဆောင်ကြသည်။ ဘုရားသခင် ဖော်ထုတ်ခဲ့သည့်အရာတွင် မိမိတို့ကိုယ်ကို မြင်လျှင်ပင် ၎င်းတို့သည် ဂရုမစိုက်ဟု ခံစားရသည်။ “ကျွန်ုပ်အား နာမည်တပ်၍ ပြောဆိုခဲ့ခြင်းမဟုတ်ပေ” ဟု ၎င်းတို့ တွေးထင်ကြသည်။ “ကျွန်ုပ် အဘယ်ကြောင့် ကြောက်ရမည်နည်း။ ကျွန်ုပ်၏ အစွမ်းအစသည် ကောင်းမွန်ပြီး ပင်ကိုစွမ်းရည်လည်းရှိသည်၊ ဘုရားအိမ်တော်သည် ကျွန်ုပ်မရှိလျှင် မဖြစ်နိုင်ပါ။ သို့ဖြစ်၍ ကျွန်ုပ် လက်တွေ့ကျသောအလုပ် မလုပ်ဆောင်တော့ရော အဘယ်သို့ဖြစ်သနည်း။ ကျွန်ုပ်ကိုယ်တိုင် မလုပ်ဆောင်သော်လည်း အခြားတစ်ဦးကို ကျွန်ုပ် လုပ်ဆောင်ခိုင်းသည်၊ သို့ဖြစ်၍ အလုပ်သည် မည်သို့ပင်ဖြစ်စေ ပြီးမြောက်သည်ပင် မဟုတ်လော။ မည်သို့ပင်ဖြစ်စေ သင် ကျွန်ုပ်ကို လုပ်ဆောင်ရန် တောင်းဆိုသည့် အလုပ်တိုင်းကို လုပ်ဆောင်ရန် ကျွန်ုပ် မည်သူ့ကို စီစဉ်ပေး၍ ခိုင်းစေသည်ဖြစ်စေ သင့်အတွက် ပြီးမြောက်အောင် လုပ်ဆောင်ပေးသည်။ ကျွန်ုပ်၏ အစွမ်းအစသည် ကောင်းမွန်သောကြောင့် လိမ္မာပါးနပ်စွာ အလုပ်လုပ်သည်။ နောင်တွင် ကျွန်ုပ်သည် ဆက်လက်၍ ဝတ်ကျေတမ်းကျေ လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျွန်ုပ်နှစ်သက်သည့်အတိုင်း ဘဝကို ပျော်မွေ့သွားမည်” ဟူ၍ ဖြစ်လေသည်။ ငါသည် အယောင်ဆောင်ခေါင်းဆောင်များကို လက်တွေ့ကျသော အလုပ်မလုပ်သည့်အတွက် မည်သို့ပင် စိတ်ဖြာလေ့လာဆွေးနွေးသည်ဖြစ်စေ၊ ဖော်ထုတ်သည်ဖြစ်စေ ထိုလူများသည် လုံးဝ မသိကျိုးကျွန်ပြုလျက် ယခင်အတိုင်းပင် နေမြဲနေကြသည်။ “အခြားသူများက တွေးချင်ရာတွေးပါစေ၊ မြင်ချင်သလိုမြင်ကြပါစေ ကျွန်ုပ် လုပ်ဆောင်မည်ကို မဟုတ်ပါ” ဟူ၍ ဖြစ်လေသည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များတွင် အသိစိတ် ရှိသလော။ (မရှိပါ။) ဤသည်မှာ ငါတို့ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ဖော်ထုတ်ခြင်းအကြောင်း မိတ်သဟာယဖွဲ့သည်မှာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ငါ ထိုသို့သော လူပုဂ္ဂိုလ်များကို ဖော်ထုတ်သည့်အခါတိုင်း အသိစိတ်အနည်းငယ်ရှိသူများသည် မိမိတို့၏အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်သည့်အတွက် လိပ်ပြာမလုံဖြစ်ကာ နေမထိထိုင်မသာ ဖြစ်ကြပြီး အမြန်နောင်တရကာ ပြောင်းလဲရန် တိတ်တဆိတ် သန္နိဋ္ဌာန်ချကြသည်။ တစ်ချိန်တည်းမှာပင် အသိစိတ်မရှိသူများသည် အလွန်အမင်း အရှက်မရှိကြပေ၊ ၎င်းတို့သည် လုံးဝဘာမျှမခံစားရပေ။ ငါ မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် မိမိတို့နှစ်သက်သည့်အတိုင်း ဘဝကို ပျော်မွေ့လျက် မိမိတို့၏ နေ့ရက်များကို ပုံမှန်အတိုင်း ဆက်လက်နေထိုင်ကြသည်။ သင်က ၎င်းတို့ကို “လူအချို့မှာ ဧဝံဂေလိအလုပ်၊ အချို့မှာ ဘာသာပြန်အလုပ်နှင့် အခြားသူများမှာ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်တို့အတွက် တာဝန်ရှိကြသည်။ သင်တို့သည် အဘယ် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို တာဝန်ခံကြသနည်း” ဟု မေးမြန်းသောအခါ ၎င်းတို့က ဤသို့ ဆိုကြသည်။ “ကျွန်ုပ်သည် မည်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့သော်လည်း အရာအားလုံးကို ကြီးကြပ်ပါသည်။ သူတို့အတွက် စုဝေးပွဲများ ကျင်းပပေးပါသည်” ဟူ၍ ဖြစ်သည်။ ထို့နောက် သင်က သူတို့ကို “သင်တို့သည် တစ်လတွင် စုဝေးပွဲ မည်မျှ ကျင်းပကြသနည်း” ဟု မေးမြန်းပါက သူတို့က “အနည်းဆုံးအနေဖြင့် တစ်လလျှင် စုဝေးပွဲကြီး တစ်ကြိမ်နှင့် နှစ်ပတ်လျှင် စုဝေးပွဲငယ် တစ်ကြိမ် ကျင်းပပါသည်”ဟု ဖြေလိမ့်မည်။ ထို့နောက်တွင် သင်တို့က ၎င်းတို့ကို “စုဝေးပွဲများ ကျင်းပခြင်းအပြင် သင်တို့သည် အဘယ် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို လုပ်ဆောင်ခဲ့ကြပါသနည်း” ဟု မေးမြန်းသောအခါ သူတို့က “စုဝေးပွဲများဖြင့် ကျွန်ုပ်သည် အလွန် အလုပ်များနေသောကြောင့် အဘယ် တိကျသော အလုပ်ကို လုပ်နိုင်မည်နည်း။ ထို့အပြင် ကျွန်ုပ် စီမံခန့်ခွဲရသော နယ်ပယ်သည် အလွန် ကျယ်ပြန့်လှသောကြောင့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်အတွက် အချိန်မရှိပေ” ဟု ပြန်ဖြေလိမ့်မည်။ ဤအယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့ အပြည့်အဝ မှန်သည်ဟု ခံစားကြရသည်။ ၎င်းတို့က အလွန် တည်ငြိမ်ပြီး မူမှန်သော ခေါင်းဆောင်များကို ဖန်တီးကြသည်။ ၎င်းတို့ကို မည်သို့ပင် ဖော်ထုတ်ပြီး ပြုပြင်ပါစေ ၎င်းတို့သည် အနည်းငယ်မျှပင် စိတ်မဆိုးကြပေ။ ငါ့ကို လူငါးယောက်အတွက် ချက်ပြုတ်ခြင်းကဲ့သို့သော သတ်သတ်မှတ်မှတ်ဖြစ်သည့် အလုပ်တစ်ခုကို လုပ်ခိုင်းပြီး ငါက လေးယောက်စာအတွက်သာ လုံလောက်အောင် ချက်ပြုတ်ခဲ့မည်ဆိုလျှင် လုံလောက်အောင် မလုပ်ခဲ့သည့်အတွက် ငါ စိတ်မကောင်းဖြစ်မိမည်ဖြစ်ပြီး လူတိုင်းကို ကောင်းစွာ မကျွေးမွေးနိုင်သည့်အတွက် အပြစ်ရှိသည်ဟု ခံစားရမိမည်။ ထို့နောက် ငါသည် ယင်းကို မည်သို့ အစားပြန်ပေးရမည်ကို စဉ်းစားမည်ဖြစ်ပြီး နောက်တစ်ကြိမ် လူတိုင်း စားသုံးရန် လုံလုံလောက်လောက် ရဖို့ရန် သေချာစွာ တွက်ချက်မည်ဖြစ်သည်။ တစ်စုံတစ်ဦးက အစားအစာ ငန်လွန်းသည်ဟု ပြောလျှင်လည်း ငါ စိတ်မကောင်းဖြစ်မိမည်။ မည်သည့်ဟင်းက ငန်လွန်းသည်ကို ငါမေးမည်၊ ထို့နောက် အခြားသူများကို အရသာ အဆင်ပြေမပြေ မေးမြန်းမည်။ လူတိုင်းကို ကျေနပ်အောင် လုပ်ရန် ခက်ခဲသော်လည်း ငါ့အပိုင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို ငါ ကြိုးစားရမည်သာ ဖြစ်သည်။ ဤသည်ကို မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဟု ခေါ်သည်၊ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားဖြစ်သည်။ သင်သည် သင်၏ တာဝန်ဝတ္တရားများကို အစဉ်သဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်းရမည်၊ မည်သည့်အလုပ်ပင်ဖြစ်စေ သင်ကိုယ်တိုင် ပါဝင်လုပ်ဆောင်ရမည်။ မည်သူမဆိုသည် ၎င်းတို့ မည်သူပင်ဖြစ်စေ မတူညီသော အမြင်တစ်ခုကို ပေးပြီး သင်သည် မှားယွင်းနေကြောင်း သိရှိကာ ယင်းကို ကြားပြီးနောက် စိတ်မကောင်းဖြစ်လျှင် သင်သည် ပြုပြင်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး အနာဂတ်တွင် သင်လုပ်ဆောင်သည့်အရာ၌ သင်၏စိတ်နှလုံးကို ထည့်သွင်းရမည်၊ အနည်းငယ်သော ဒုက္ခကို ကြံ့ကြံ့ခံရလျှင်ပင် ကောင်းမွန်စွာ လုပ်ဆောင်ရမည်။ အယောင်ဆောင်ခေါင်းဆောင်များတွင် ဤခံစားချက်မရှိပေ၊ ထို့ကြောင့် ၎င်းတို့သည် မည်သည့်ဒုက္ခကိုမျှ လုံးဝ ကြံ့ကြံ့မခံပေ။ အယောင်ဆောင်ခေါင်းဆောင်များကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်သည့် ဤအချက်အလက်များကို ကြားပြီးနောက် ၎င်းတို့သည် လုံးဝ မည်သည့်အရာကိုမျှ မခံစားရဘဲ မိမိတို့၏ အစားအစာကို ဆက်လက်မွေ့လျော်ခံစားခြင်း၊ နှစ်ခြိုက်စွာ အိပ်စက်ခြင်းနှင့် ပျော်ပါးစွာ နေထိုင်ခြင်းတို့ကို ပြုလုပ်ကြပြီး နေ့စဉ်နေ့တိုင်း တူညီသော ပျော်ရွှင်သည့် စိတ်ခံစားမှုဖြင့်၊ မိမိတို့၏ ပခုံးပေါ်တွင် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသည့် ခံစားချက် သို့မဟုတ် မိမိတို့၏ စိတ်နှလုံးထဲတွင် အပြစ်ရှိသည်ဟူသော ခံစားချက်မရှိဘဲ နေထိုင်ကြသည်။ ဤသည်တို့မှာ မည်သို့သော လူစားမျိုးများနည်း။ ထိုသို့သောလူများတွင် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်၍ ပြဿနာရှိသည်။ ၎င်းတို့သည် အသိစိတ် ကင်းမဲ့သည်၊ ဆင်ခြင်တုံတရား ကင်းမဲ့သည်၊ ၎င်းတို့သည် အကျင့်စာရိတ္တ နိမ့်ကျသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို အပြုသဘောဆောင်သော ရှုထောင့်မှ ထောက်ပံ့ခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း၊ အပျက်သဘောဆောင်သော ရှုထောင့်မှ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း နှစ်မျိုးလုံးဖြင့် အချိန်ကြာမြင့်စွာ ဖော်ထုတ်ခဲ့သော်လည်း အယောင်ဆောင်ခေါင်းဆောင်များ၏ တစ်စုသည် ကိုယ့်ပြဿနာကိုယ် မသိရှိနိုင်သေးသကဲ့သို့ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ရန်နှင့် နောင်တရရန်လည်း မည်သည့်အခါမျှ ရည်ရွယ်ခြင်းမရှိပေ။ အထက်မှ ကြီးကြပ်မှုနှင့် တိုက်တွန်းမှုများ မရှိခဲ့ပါက ၎င်းတို့သည် လမ်းကြောင်း လုံးဝမပြောင်းလဲဘဲ မိမိတို့၏အလုပ်ကို တတ်နိုင်သမျှ ဝတ်ကျေတမ်းကျေ ဆက်လက်လုပ်ဆောင်နေမည်သာ ဖြစ်သည်။ ငါ ၎င်းတို့ကို မည်သို့ပင် ဖော်ထုတ်ပါစေ ၎င်းတို့သည် မတုန်မလှုပ် လုံးဝ မသိကျိုးကျွန်ပြုလျက် ထိုင်နေဆဲဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း အရှက်မဲ့ကြလွန်းသည် မဟုတ်လော။ ဤလူစားမျိုးတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ရန် မသင့်တော်ပေ၊ ၎င်းတို့သည် အရှက်တရားကိုပင် မသိသည့် အလွန်နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိကြသည်။ သာမန်လူများအတွက်မူ တိတိကျကျ ဖော်ထုတ်ခံရခြင်းကို မဆိုထားနှင့်၊ မိမိတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များ သို့မဟုတ် မိမိတို့လုပ်ဆောင်ခဲ့သည့်အရာနှင့်ပတ်သက်၍ မသင့်လျော်သော သို့မဟုတ် စည်းမျဉ်းများကို ဆန့်ကျင်သည့်အရာတစ်ခုခုကို တစ်စုံတစ်ဦးက ပြောဆိုသည်ကို ကြားရုံမျှဖြင့်ပင် ၎င်းတို့အတွက် ခံနိုင်ရခက်ခဲမည်ဖြစ်ပြီး စိတ်မကောင်းဖြစ်ကာ အရှက်ရသည်ဟု ခံစားရကာ မိမိတို့ကိုယ်ကို မည်သို့ပြောင်းလဲရမည်၊ မည်သို့ပြုပြင်ရမည်ကို စဉ်းစားမိကြလိမ့်မည်။ တစ်ချိန်တည်းမှာပင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏အလုပ်ကို လုံးဝ ကမောက်ကမ ဖြစ်စေပြီးသည့်တိုင် လိပ်ပြာသန့်ကြပြီး စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ကြောင့်ကြခြင်းမရှိဘဲ ၎င်းတို့ကို မည်သို့ပင် ဖော်ထုတ်ပါစေ လုံးဝ မသိကျိုးကျွန်ပြုမြဲ ရှိနေကြသည်။ ၎င်းတို့သည် ပုန်းကွယ်ရန်နှင့် အားလပ်ချိန်ကို ရှာဖွေရန် နေရာများကိုပင် ရှာတွေ့ကြပြီး အမြဲတမ်း မည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်ပေ။ ၎င်းတို့သည် အမှန်တကယ်ပင် အရှက်ကင်းမဲ့ကြလေသည်။

အသင်းတော်ခေါင်းဆောင်တစ်ဦးသည် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိရမည်ဖြစ်ပြီး သမ္မာတရားအချို့ကိုလည်း နားလည်ရမည်။ သို့မှသာ ၎င်းတို့သည် ဝန်တာထားစိတ်ကို ခံစားနိုင်မည်ဖြစ်သည်။ ဝန်တာထားစိတ်ကို ခံစားရခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ အချို့လူများ အပျက်သဘောဆောင်နေသည်ကိုလည်းကောင်း၊ အချို့လူများ လွဲချော်သော သဘောပေါက်နားလည်မှု ရှိသည်ကိုလည်းကောင်း၊ အချို့လူများ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုများကို ဖြုန်းတီးနေသည်ကိုလည်းကောင်း၊ အချို့လူများ မိမိတို့၏အလုပ်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ အချို့လူများ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို ဂရုမစိုက်သည်ကိုလည်းကောင်း၊ အချို့လူများ အစဉ်သဖြင့် စကားကြီးစကားကျယ်များကို တတွတ်တွတ် ပြောဆိုသော်လည်း လက်တွေ့အလုပ်ကို မလုပ်ဆောင်သည်ကိုလည်းကောင်း ၎င်းတို့ မြင်တွေ့ပါက...၊ အသင်းတော်အတွင်း၌ အလွန်များပြားသော ပြဿနာများ တည်ရှိနေပြီး ဖြေရှင်းရန် လိုအပ်ကြောင်း တွေ့ရှိခြင်း၊ မပြီးမြောက်သေးသော အလုပ်များစွာကို မြင်တွေ့ခြင်းတို့က ၎င်းတို့၌ ဝန်တာစိတ်ကို ဖြစ်ပေါ်စေသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့်အချိန်မှစ၍ ၎င်းတို့အတွင်း၌ မီးတစ်စင်း အဆက်မပြတ် လောင်ကျွမ်းနေသကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိပြီး မဖြေရှင်းနိုင်ပါက စိုးရိမ်ပြီး ပူပန်လာကာ အိပ်မပျော် စားမဝင် ဖြစ်လာသည်။ စုဝေးပွဲများအတွင်းတွင် အချို့လူများက ၎င်းတို့၏အလုပ်ထဲရှိ ပြဿနာများကို တင်ပြလာသည့်အခါ ခေါင်းဆောင်က ချက်ချင်း ထိုးထွင်းမြင်နိုင်ခြင်း မရှိသကဲ့သို့ မဖြေရှင်းနိုင်သော်လည်း ထိုခေါင်းဆောင်သည် လက်မလျှော့ပေ။ ဤပြဿနာကို ဖြေရှင်းရမည်ဟု ၎င်းတို့ ခံစားရသည်။ ဆုတောင်းပြီး ရှာဖွေကာ နှစ်ရက်ကြာ စဉ်းစားဆင်ခြင်ပြီးနောက် မည်သို့ဖြေရှင်းရမည်ကို သိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုကိစ္စကို အလျင်အမြန် ဖြေရှင်းသည်။ ထိုကိစ္စကို ဖြေရှင်းပြီးနောက် ၎င်းတို့သည် အခြားအလုပ်များကို ချက်ချင်း စစ်ဆေးပြီး အလုပ်လုပ်သူအင်အား လျှော့ချရန်လိုအပ်သော အလုပ်တစ်ခုတွင် လူအများအပြား ပါဝင်နေသည့် နောက်ထပ်ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသည်။ ထို့နောက် ၎င်းတို့သည် အလျင်အမြန် စုဝေးပွဲတစ်ခုကို ခေါ်ယူကာ အခြေအနေကို ရှင်းလင်းစွာ သိရှိပြီးနောက် အလုပ်လုပ်သူအင်အားကို လျှော့ချကာ ကျိုးကြောင်းဆီလျော်သော အစီအစဉ်များကို ရေးဆွဲသည်၊ သို့ဖြင့် ထိုပြဿနာကို ဖြေရှင်းပြီးဖြစ်သည်။ ဝန်ထုပ်ဝန်ပိုးထမ်းရွက်သော ခေါင်းဆောင်များသည် မည်သည့်အလုပ်ကို စစ်ဆေးသည်ဖြစ်စေ ပြဿနာများကို အစဉ်သဖြင့် ခွဲခြားဖော်ထုတ်နိုင်လိမ့်မည်။ အတတ်ပညာဆိုင်ရာ အသိပညာနှင့်သက်ဆိုင်သော သို့မဟုတ် စည်းမျဉ်းများနှင့်ဆန့်ကျင်သော မည်သည့်ပြဿနာအတွက်မဆို ၎င်းတို့သည် ယင်းတို့ကို ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ကာ ယင်းတို့နှင့် ပတ်သက်၍ မေးမြန်းနိုင်မည်ဖြစ်ပြီး ယင်းတို့အပေါ် နားလည်မှု ရရှိမည်ဖြစ်သည်၊ ထို့အပြင် ပြဿနာတစ်ခုကို ၎င်းတို့ တွေ့သောအခါ ၎င်းတို့က ချက်ချင်းဖြေရှင်းကြသည်။ အသိဉာဏ်ထက်မြက်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အလုပ်၊ အတတ်ပညာဆိုင်ရာအသိ၊ သမ္မာတရားစည်းမျဉ်းများနှင့် သက်ဆိုင်သော ပြဿနာများကိုသာ ဖြေရှင်းသည်။ ၎င်းတို့သည် နေ့စဉ်အသက်တာတွင်ရှိသော အသေးအဖွဲကိစ္စများကို လုံးဝ အရေးမစိုက်ပေ။ ဘုရားသခင်စေခိုင်းသည့် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်၏ ရှုထောင့်တိုင်းကို ကြည့်ရှုစောင့်ရှောက်ကြသည်။ ၎င်းတို့ သတိထားမိနိုင်သော၊ သို့မဟုတ် ရှာဖွေတွေ့ရှိနိုင်သော မည်သည့်ပြဿနာကိုမဆို ၎င်းတို့ မေးမြန်းပြီး စစ်ဆေးကြသည်။ ၎င်းတို့သည် လတ်တလောတွင် ပြဿနာများကို ၎င်းတို့ကိုယ်တိုင်မဖြေရှင်းနိုင်လျှင် အခြားခေါင်းဆောင်များ၊ အမှုဆောင်များနှင့် စုဝေးကြသည်။ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး သမ္မာတရားစည်းမျဉ်းများကို ရှာကြသည်။ ဖြေရှင်းရန် နည်းလမ်းများ စဉ်းစားကြသည်။ ၎င်းတို့ အမှန်တကယ် မဖြေရှင်းနိုင်သော ကြီးမားသောပြဿနာတစ်ခုကို ကြုံရလျှင် အထက်ကို ချက်ချင်းရှာဖွေကြသည်။ အထက်သို့ တင်ပြသည်။ ဤသို့သော ခေါင်းဆောင်များ၊ အမှုဆောင်များသည် ၎င်းတို့၏ လုပ်ရပ်များတွင် စည်းမျဉ်းရှိသောသူများဖြစ်သည်။ မည်သည့်ပြဿနာများ ရှိသည်ဖြစ်စေ၊ ၎င်းတို့ မြင်တွေ့ပြီးဖြစ်သရွေ့ ထိုပြဿနာများကို လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤပြဿနာများကို အပြည့်အဝ နားလည်အောင် မလျှော့တမ်း လုပ်ဆောင်ပြီးမှ တစ်ခုပြီးတစ်ခု ဖြေရှင်းကြသည်။ ပြဿနာများကို အကုန်အစင် မဖြေရှင်းနိုင်လျှင်ပင် ဤပြဿနာများ နောက်တစ်ကြိမ် ပေါ်ပေါက်လာမည်မဟုတ်ကြောင်း အာမခံနိုင်သည်။ ဤသည်မှာ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှတို့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပြီး မိမိ၏တာဝန်ဝတ္တရားများကို အပြည့်အဝ ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းပင် ဖြစ်သည်။ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သော သို့မဟုတ် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် အာရုံမစိုက်သော ထိုအယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အမြင်တွင် ပြဿနာများကို မတွေ့ရှိနိုင်သည့်အပြင် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သည်ကိုလည်း မသိကြပေ။ ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း အလုပ်များနေသည်ကို ၎င်းတို့ မြင်နေသရွေ့ ဤသည်မှာ ၎င်းတို့၏ လက်တွေ့အလုပ်၏ ရလဒ်ဖြစ်သည်ဟု ခံစားလျက် အပြည့်အဝ အားရကျေနပ်နေကြသည်။ ၎င်းတို့သည် အလုပ်၏ ကဏ္ဍအားလုံးမှာ အတော်အတန် ကောင်းမွန်သည်ဟုလည်းကောင်း၊ မိမိတို့ ကိုယ်တိုင်လုပ်ဆောင်ရန် များများစားစား မရှိဟုလည်းကောင်း၊ မိမိတို့ ဖြေရှင်းရန် ပြဿနာတစ်စုံတစ်ရာမရှိဟုလည်းကောင်း တွေးထင်ကြသဖြင့် ထို့နောက်တွင် ၎င်းတို့သည် မိမိတို့၏ ရာထူး၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားရန် အာရုံစိုက်ကြတော့သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအကြားတွင် မိမိတို့ကိုယ်ကို အစဉ်သဖြင့် ထုတ်ဖော်ပြသလိုပြီး ဝါကြွားလိုကြသည်။ ညီအစ်ကိုမောင်နှမများကို တွေ့သည့်အခါတိုင်း ၎င်းတို့က “ယုံကြည်သူကောင်းတစ်ဦး ဖြစ်ပါ။ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပါ။ ဝတ်ကျေတမ်းကျေ မလုပ်ဆောင်နှင့်။ သင်က ဆိုးလျှင် သို့မဟုတ် ပြဿနာရှာလျှင် ကျွန်ုပ်သည် သင့်ကို ဖြုတ်ချမည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့၏ ရာထူးကို အခိုင်အမာပြသရန်နှင့် လူတို့ကို ဩဝါဒခြွေရန်သာ သိကြသည်။ စုဝေးပွဲများအတွင်းတွင် ၎င်းတို့သည် အလုပ်၌ မည်သည့်ပြဿနာများ ရှိသည်ကို အစဉ်သဖြင့် မေးမြန်းပြီး မိမိတို့၏ လက်အောက်ငယ်သားများ၌ အခက်အခဲတစ်စုံတစ်ရာ ရှိမရှိကို မေးမြန်းကြသော်လည်း အခြားသူများက မိမိတို့၏ ပြဿနာများနှင့် အခက်အခဲများကို ထုတ်ဖော်ပြောဆိုသည့်အခါတွင်မူ ၎င်းတို့သည် ယင်းတို့ကို မဖြေရှင်းနိုင်ကြပေ။ ဤသို့ဖြစ်သော်လည်း ၎င်းတို့သည် ပျော်ရွှင်နေဆဲဖြစ်ပြီး လိပ်ပြာသန့်စွာ နေထိုင်သွားကြဆဲ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက မည်သည့်အခက်အခဲ သို့မဟုတ် ပြဿနာကိုမျှ မတင်ပြပါက ၎င်းတို့သည် မိမိတို့၏အလုပ်ကို အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေသည်ဟု ခံစားရပြီး မိမိကိုယ်ကို အားရကျေနပ်လာကြသည်။ ၎င်းတို့က အလုပ်အကြောင်း မေးမြန်းခြင်းသည် မိမိတို့အား တာဝန်ခန့်အပ်ထားသော အလုပ်ဖြစ်သည်ဟု တွေးထင်ကြပြီး ပြဿနာများ ပေါ်ပေါက်လာကာ အထက်က တာဝန်ရှိသူကို ဇာစ်မြစ်လိုက်သောအခါတွင်မူ ၎င်းတို့သည် အကြောင်သားဖြစ်သွားကြသည်။ အခြားသူများက အလုပ်၏ အခက်အခဲများနှင့် ပြဿနာများကို ၎င်းတို့၏ရှေ့တွင် ချပြကြသည့်တိုင် ထိုသူတို့သည် အဘယ်ကြောင့် သမ္မာတရားကို ရှာဖွေ၍ မဖြေရှင်းကြသနည်းဟု ညည်းညူနေကြဆဲ ဖြစ်သည်။ လက်တွေ့ကျသော ပြဿနာများကို ကိုယ်တိုင်မဖြေရှင်းဘဲ ၎င်းတို့သည် အောက်ခြေရှိ ကြီးကြပ်ရေးမှူးများထံ တာဝန်လွှဲချကြပြီး သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များကို လုပ်ဆောင်သူများအား ပြင်းထန်စွာ ပြစ်တင်ဆုံးမကြသည်။ ဤပြစ်တင်ဆုံးမခြင်းက ၎င်းတို့၏ ဒေါသကို ပြေလျော့စေပြီး ၎င်းတို့သည် လက်တွေ့အလုပ်ကို လုပ်ဆောင်နေသည်ဟု လိပ်ပြာသန့်သန့်ဖြင့် ယုံကြည်ကြသည်။ ၎င်းတို့သည် ပြဿနာများကို မတွေ့ရှိနိုင်ခြင်း သို့မဟုတ် မဖြေရှင်းနိုင်ခြင်းအတွက် မည်သည့်အခါမျှ စိုးရိမ်ပူပန်ခြင်းဖြစ်စေ၊ ကြောင့်ကြမှုဖြစ်စေ မရှိခဲ့သကဲ့သို့ ဤအရာကြောင့် အိပ်မပျော် စားမဝင် ဖြစ်ခြင်းလည်း မရှိခဲ့ပေ။ ဤသို့သော ဆင်းရဲဒုက္ခမျိုးကို ၎င်းတို့ မည်သည့်အခါမျှ မခံစားခဲ့ဖူးပေ။

ငါသည် လယ်တောအသင်းတော်သို့ သွားရောက်သည့်အခါတိုင်း ပြဿနာအချို့ကို ဖြေရှင်းပေးသည်။ ငါသွားသည့် အခါတိုင်းသည် ဖြေရှင်းရန် တိကျသော ပြဿနာတစ်စုံတစ်ရာကို တွေ့ရှိသောကြောင့် မဟုတ်ပေ။ အသင်းတော်ရှိ အဖွဲ့အမျိုးမျိုး၏ အလုပ် မည်သို့ရှိသည်ကိုလည်းကောင်း၊ အဖွဲ့တစ်ခုချင်းစီရှိ လူတို့၏ အခြေအနေများ မည်သို့ရှိသည်ကိုလည်းကောင်း လှည့်လည်ကြည့်ရှုရန် အားလပ်ချိန်အနည်းငယ် ရှိသောကြောင့်သာ ဖြစ်သည်။ ငါသည် ကြီးကြပ်ရေးမှူးများကို စကားပြောရန် စုဝေးစေပြီး ဤကာလအတောအတွင်း ၎င်းတို့ မည်သည့်အလုပ်များ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ မည်သည့်ပြဿနာများ ရှိသည်ကိုလည်းကောင်း မေးမြန်းကာ ၎င်းတို့အား ပြဿနာအချို့ကို တင်ပြစေပြီးနောက် ဤအရာများကို မည်သို့ဖြေရှင်းရမည်နှင့်ပတ်သက်၍ ၎င်းတို့နှင့် ငါ မိတ်သဟာယဖွဲ့သည်။ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည့်အခါ ငါသည် ပြဿနာအသစ်အချို့ကိုလည်း ရှာဖွေတွေ့ရှိနိုင်သည်။ ပြဿနာတစ်မျိုးမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ မိမိတို့၏ အလုပ်လုပ်ဆောင်ပုံနှင့် သက်ဆိုင်ကာ နောက်တစ်မျိုးမှာ ၎င်းတို့၏ တာဝန်များ၏ ဘောင်အတွင်းရှိ အလုပ်၌ဖြစ်သော ပြဿနာများ ဖြစ်သည်။ ထို့အပြင် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို မည်သို့လုပ်ဆောင်ရမည်၊ အလုပ်ကို မည်သို့အကောင်အထည်ဖော်ရမည်၊ မည်သည့်အလုပ်ကို လုပ်ဆောင်ရမည်တို့နှင့်ပတ်သက်၍လည်း ငါသည် ၎င်းတို့အား ကူညီပြီး လမ်းညွှန်ပေးကာ ထို့နောက် နောက်တစ်ကြိမ်တွင် လိုက်လံစစ်ဆေးပြီး ပြီးခဲ့သည့်အကြိမ်က တာဝန်ပေးခဲ့သော အလုပ် မည်သို့ပြီးစီးသွားသည်ကို ၎င်းတို့အား မေးမြန်းသည်။ ထိုသို့သော ကြီးကြပ်မှု၊ တိုက်တွန်းမှုနှင့် လိုက်လံစစ်ဆေးမှုတို့သည် လိုအပ်သည်။ ဤသည်ကို မည်သည့်ကြေညာချက်ကိုမဆို ပြုလုပ်ရန် အသံချဲ့စက်များသုံး၍ အကြီးအကျယ် ပွဲလမ်းသဘင်ဖြင့်လည်းကောင်း၊ အော်ဟစ်ခြင်းဖြင့်လည်းကောင်း လုပ်ဆောင်ခြင်း မဟုတ်သော်လည်း ဤသတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များနှင့် တာဝန်များကို လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်အချို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုပြီး အကောင်အထည်ဖော်သည်။ ထိုသို့ဖြင့် အဖွဲ့တစ်ခုချင်းစီ၏ အလုပ်သည် စနစ်တကျဖြစ်လာပြီး တိုးတက်လာသည်၊ အလုပ်၏ ထိရောက်မှု တိုးတက်လာပြီး ရလဒ်များလည်း ပိုကောင်းလာသည်။ အဆုံးတွင် အဖွဲ့တစ်ခုချင်းစီရှိ လူတိုင်းသည် မိမိတို့ မည်သည့်အရာကိုလုပ်သင့်သည်၊ မည်သို့လုပ်သင့်သည်ကို သိရှိလျက် ကိုယ့်တာဝန်ကိုယ် စွဲကိုင်ထားနိုင်သည်။ အနည်းဆုံးအနေဖြင့် လူတိုင်းသည် မိမိတို့ ထမ်းဆောင်သင့်သော တာဝန်ကို ထမ်းဆောင်နေကြသည်၊ ၎င်းတို့အားလုံး၌ လက်ထဲတွင် အလုပ်တာဝန်များ ရှိကြပြီး ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကာ စည်းမျဉ်းများနှင့်အညီလည်း လုပ်ဆောင်နိုင်ကြသည်။ ဤသည်မှာ အသီးအပွင့်အချို့ ရရှိခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤနည်းလမ်းဖြင့် အလုပ်လုပ်ဆောင်တတ်ကြသလော။ အယောင်ဆောင်ခေါင်းဆောင်များက “သို့ဆိုလျှင်၊ ဤသည်မှာ အထက်က အလုပ်လုပ်ဆောင်ပုံဖြစ်သည်။ လူအချို့ကို စကားစမြည်ပြောရန် အတူတကွခေါ်သည်၊ လူတိုင်းက စာအုပ်ငယ်တစ်အုပ်ထဲတွင် မှတ်စုများ မှတ်ကြသည်၊ မှတ်စုများ မှတ်ပြီးနောက် အထက်၏ အလုပ် ပြီးဆုံးသွားသည်။ ဤသည်မှာ အထက်က အလုပ်လုပ်ဆောင်ပုံဖြစ်လျှင် ငါတို့လည်း ထိုနည်းအတိုင်း လုပ်ဆောင်မည်” ဟု စဉ်းစားကြလိမ့်မည်။ သို့ဖြင့် အယောင်ဆောင်ခေါင်းဆောင်များသည် ဤပုံစံဖြင့် အတုခိုးကြသည်။ ၎င်းတို့သည် အပေါ်ယံကို အတုခိုးကြသော်လည်း အဆုံးတွင်မူ မည်သည့်လက်တွေ့အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ဘဲ၊ ၎င်းတို့အား လုပ်ဆောင်ရန် တောင်းဆိုခဲ့သော တာဝန်တစ်ခုကိုမျှ အကောင်အထည်မဖော်ဘဲ အရေးမပါသည့်အရာများကို ပြောဆိုရင်း အချိန်ဖြုန်းနေကြသည်။ တစ်ခါတစ်ရံ ငါသည် ပျိုးပင်များ မည်သို့ကြီးထွားနေသည်ကို ကြည့်ရှုရန် သို့မဟုတ် ဆောင်းရာသီတွင် ဖန်လုံအိမ်၌ သီးနှံဘယ်နှကြိမ် စိုက်ပျိုးနိုင်သည်နှင့် ရေအကြိမ်ရေမည်မျှ လောင်းရသည်တို့ကို သိရှိအောင်လုပ်ရန် ဟင်းသီးဟင်းရွက်ခင်းများနှင့် ဖန်လုံအိမ်များသို့လည်း သွားရောက်သည်။ ဤအလုပ်များသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အားလုံးသည် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းနှင့် သက်ဆိုင်သော နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်ပြီး ယင်းတို့ကို လုံ့လဝီရိယဖြင့် လုပ်ဆောင်သရွေ့ ယင်းတို့ကို ပြီးမြောက်အောင်မြင်နိုင်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏ အယောင်ဆောင်ဖြစ်ခြင်းကို အဓိကအားဖြင့် မည်သည့်နေရာတွင် ပြသသနည်း။ အထင်ရှားဆုံးမှာ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကောင်းမွန်ပုံပေါ်စေသော အလုပ်အချို့ကိုသာ လုပ်ဆောင်ပြီးနောက် ပြီးပြီဟု မှတ်ယူကာ ထို့နောက် ၎င်းတို့၏ ရာထူး၏ အကျိုးကျေးဇူးများကို စတင်၍ မွေ့လျော်ခံစားကြတော့သည်။ ဤသို့သောအလုပ်မျိုးကို ၎င်းတို့ မည်မျှပင်လုပ်ဆောင်ပါစေ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေသည်ဟု ဆိုလိုသလော။ အယောင်ဆောင် ခေါင်းဆောင်အများစုသည် သမ္မာတရားကို မစင်ကြယ်စွာ နားလည်သဘောပေါက်ကြပြီး စကားလုံးများနှင့် အယူဝါဒအချို့ကိုသာ နားလည်ကြသဖြင့် လက်တွေ့ကျသော အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အလွန်ခက်ခဲစေသည်။ အယောင်ဆောင် ခေါင်းဆောင်များထဲမှ တစ်စုသည် အထွေထွေကိစ္စရပ်များနှင့် သက်ဆိုင်သော ပြဿနာများကိုပင် မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့ အစွမ်းအစ ညံ့ဖျင်းပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့ကို ပျိုးထောင်ပေးရန် လုံးဝ တန်ဖိုးမရှိပေ။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များ၌ အစွမ်းအစ အနည်းငယ် အမှန်တကယ် ရှိကြသော်လည်း တကယ့်အလုပ်ကို မလုပ်ဆောင်သကဲ့သို့ ဇာတိပကတိဆိုင်ရာ ကိုယ်စိတ်ချမ်းသာမှုကို မွေ့လျော်ခံစားကြသည်။ ဇာတိပကတိဆိုင်ရာ ကိုယ်စိတ်ချမ်းသာမှုကို မွေ့လျော်ခံစားကြသည့် လူများသည် ဝက်များနှင့် များစွာ မခြားနားပေ။ ဝက်များသည် ယင်းတို့၏တစ်နေ့တာကို စားလိုက်၊ အိပ်လိုက် အချိန်ကုန်ကြသည်။ မည်သည့်အရာမျှ မလုပ်ကြပေ။ သို့ရာတွင် ပင်ပန်းစွာအလုပ်လုပ်လျက် ယင်းတို့အား တစ်နှစ်တာ အစာ ဆက်ကျွေးထားပြီးနောက်တွင် တစ်မိသားစုလုံးက နှစ်ကုန်ချိန်တွင် ယင်းတို့၏အသားများ စားရသည့်အခါ ယင်းတို့သည် အထောက်အကူပြုသည်ဟု ဆိုကောင်းဆိုနိုင်သည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ဝက်တစ်ကောင်ကဲ့သို့ ထိန်းသိမ်းထားလျှင် တစ်ရက် သုံးကြိမ် စားသောက်ရင်း ဝဖြိုးကာ ကြံ့ခိုင်သော်လည်း ၎င်းတို့သည် မည်သည့် တကယ့်အလုပ်မျှ မလုပ်ဘဲ အလကားဖြုန်းတီးသူများ ဖြစ်ကြသည်။ ၎င်းတို့ကို ထိန်းသိမ်းထားခြင်းသည် အချည်းနှီးဖြစ်ခဲ့ပြီ မဟုတ်လော။ အသုံးတည့်မှု တစ်ခုတလေ ရှိခဲ့သလော။ ၎င်းတို့သည် အဖြည့်ခံတစ်ဦးအနေဖြင့်သာ အစေခံနိုင်ကြပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။ အမှန်တကယ်ပင် ဝက်တစ်ကောင်ကို ထိန်းသိမ်းထားခြင်းသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကို ထိန်းသိမ်းခြင်းထက် ပိုကောင်းပေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် “ခေါင်းဆောင်” ဟူသည့် ဂုဏ်ပုဒ် ရှိကောင်းရှိနိုင်သည်။ ၎င်းသည် ဤရာထူးကို ရထားကောင်း ရထားနိုင်သည်၊ ပြီးလျှင် တစ်နေ့လျှင် သုံးကြိမ် ကောင်းကောင်းစားပြီး ဘုရားသခင်၏ ကျေးဇူးတော်များစွာကို ပျော်မွေ့ခံစားနိုင်ကြကာ နှစ်ကုန်သောအခါတွင် ထိုစားသောက်ခြင်းများအားလုံးမှနေ၍ ၎င်းတို့သည် ဝဖြိုးပြီး နီရဲလာသော်လည်း အလုပ်မှာ အဘယ်အခြေအနေ ရှိသနည်း။ ဤနှစ်၌ သင့်အလုပ်တွင် ပြီးမြောက်ခဲ့သည့် အရာများအားလုံးကို ကြည့်လော့။ ဤနှစ်တွင် အလုပ်၏ ကဏ္ဍတစ်ခုတလေ၌ ရလဒ်များကို ရခဲ့ပြီးဖြစ်သလော။ သင်သည် မည်သည့်လက်တွေ့အလုပ်ကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်၏အိမ်‌တော်က သင့်အား အလုပ်တိုင်းကို ပြီးပြည့်စုံစွာ လုပ်ဆောင်ဖို့ မတောင်းဆိုသော်လည်း အဓိကကျသော အလုပ်ကို သင် ကောင်းစွာ လုပ်ဆောင်ရမည်။ ဥပမာအားဖြင့် ဧဝံဂေလိအလုပ် သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေး အလုပ်၊ စာနှင့်ပတ်သက်သော အလုပ် စသည်တို့ဖြစ်သည်။ ဤအရာအားလုံးသည် အသီးအပွင့်များ ရှိရမည်။ ပုံမှန်အခြေအနေများအောက်တွင် အလုပ်အများစုသည် သုံးလမှ ငါးလအကြာတွင် အသီးအပွင့်အချို့နှင့် အောင်မြင်မှုအချို့ကို ဖြစ်ထွန်းသင့်သည်။ တစ်နှစ်အကြာတွင် အောင်မြင်မှုများ မရှိပါက ဤသည်မှာ ပြင်းထန်သော ပြဿနာတစ်ခု ဖြစ်သည်။ သင်၏ တာဝန်ယူမှု ဘောင်အတွင်း၌ မည်သည့်အလုပ်က အသီးအပွင့်အရှိဆုံး ဖြစ်ခဲ့သနည်း။ တစ်နှစ်ပတ်လုံး သင် အကြီးမားဆုံးသော အဖိုးအခကို ပေးဆပ်ခဲ့ပြီး ဆင်းရဲဒုက္ခအများဆုံး ခံစားခဲ့ရသည့်အလုပ်မှာ မည်သည့်အလုပ် ဖြစ်သနည်း။ ဤအောင်မြင်မှုကို တင်ပြလော့၊ ပြီးလျှင် သင်၏ တစ်နှစ်တာ ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းမှ တန်ဖိုးရှိသော အောင်မြင်မှုတစ်စုံတစ်ရာ ရရှိခဲ့ခြင်း ရှိမရှိကို ဆင်ခြင်သုံးသပ်လော့။ သင်၏ စိတ်နှလုံးထဲ၌ ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းသော အသိစိတ် ရှိသင့်သည်။ ဤတစ်ချိန်လုံးတွင် ဘုရားသခင့်အိမ်တော်၏ အစားအစာများကို သင်စားပြီး ဘုရားသခင်၏ကျေးဇူးတော်ကို ပျော်မွေ့ခံစားနေစဉ်တွင် သင်သည် အဘယ်အရာကို ပြုနေခဲ့သနည်း။ သင်သည် တစ်ခုတလေ စွမ်းဆောင် ရရှိပြီးဖြစ်သလော။ သင်သည် မည်သည့်အရာမျှ စွမ်းဆောင်ရခဲ့ရှိခြင်း မရှိပါက သင်သည် ဝတ်ကျေတမ်းကျေသာနေနေသည်၊ အယောင်ဆောင် ခေါင်းဆောင်သဖွယ်ဖြစ်သော သူတစ်ဦးပင် ဖြစ်ပေသည်။ ထိုသို့သော ခေါင်းဆောင်များကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းသင့်သလော။ (လုပ်သင့်ပါသည်။) သင်တို့သည် ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များကို ကြုံတွေ့သည့်အခါ ပိုင်းခြားသိမြင်နိုင်သလော။ ၎င်းတို့သည် အခမဲ့စားသောက်ရန်အတွက်သာ ကြုံရာကျပန်းနေသော အယောင်ဆောင်ခေါင်းဆောင်များဖြစ်သည်ကို သင်တို့ မြင်နိုင်သလော။ ၎င်းတို့သည် ပါးစပ်များ ဆီဝေ့နေအောင် စားကြသော်လည်း အလုပ်အတွက် စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း မရှိသည့်ပုံပေါ်ကာ မည်သည့်သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်တွင်မျှ ပါဝင်ခြင်း သို့မဟုတ် မေးမြန်းခြင်း မရှိပေ။ ၎င်းတို့ မေးမြန်းလျှင်ပင် ယင်းမှာ အကြောင်းရင်းတစ်ခုကြောင့် ဖြစ်သည်။ အထက်က ရလဒ်များနှင့်ပတ်သက်၍ ၎င်းတို့ကို ဖိအားပေးသည့်အခါမှသာ ၎င်းတို့သည် ထိုသို့လုပ်ဆောင်ပြီး သို့မဟုတ်ပါက အလုပ်ရှုပ်ခံမည် မဟုတ်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားနေကြပြီး ရုပ်ရှင်များကို သို့မဟုတ် တီဗီအစီအစဉ်များကို မကြာခဏ ကြည့်ရှုကြသည်။ ၎င်းတို့သည် အလုပ်ကို တာဝန်လွှဲအပ်ပြီး အခြားလူတိုင်းက မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း အလုပ်များနေချိန်တွင် ၎င်းတို့သည် အနားယူပြီး မိမိတို့ကိုယ်ကို ပျော်ရွှင်စေနေကြသည်။ ပြဿနာတစ်ခုရှိ၍ ယင်းကို ကိုင်တွယ်ရန် သင်က ၎င်းတို့ကို ရှာဖွေဖို့ ကြိုးစားပါက ၎င်းတို့ကို မည်သည့်နေရာတွင်မျှ မတွေ့ရသော်လည်း အစားအသောက်အတွက်မူ မည်သည့်အခါမျှ နောက်ကျခြင်း မရှိပေ။ ပြီးလျှင် စားသောက်ပြီးနောက် အခြားလူတိုင်း အလုပ်ပြန်ဝင်သည့်အခါ ၎င်းတို့သည် ထပ်၍ အနားယူရန် ထွက်သွားကြပြန်သည်။ သင်က ၎င်းတို့ကို “သင်သည် အလုပ်ကို အဘယ်ကြောင့် ထွက်၍ မစစ်ဆေးသနည်း။ လူတိုင်းက သင်၏ လမ်းညွှန်မှုကို၊ သင်၏ စီစဉ်မှုများကို စောင့်မျှော်နေကြသည်” ဟု မေးမြန်းပါက ၎င်းတို့က “အဘယ်ကြောင့် ကျွန်ုပ်ကို စောင့်နေရသနည်း။ သင်တို့အားလုံး လုပ်ဆောင်နိုငသည်၊ သင်တို့အားလုံး မည်သို့လုပ်ဆောင်ရမည်ကို သိကြသည်။ ကျွန်ုပ် မရှိသည့်အခါတွင်လည်း အတူတူပင် မဟုတ်လော။ ကျွန်ုပ် ခဏတစ်ဖြုတ် အနားယူ၍ မရနိုင်သလော” ဟု ပြောဆိုကြသည်။ “ယင်းမှာ အနားယူခြင်းလော။ သင်သည် ရုပ်ရှင်များ ကြည့်နေခြင်းသာ ဖြစ်သည်” “ကျွန်ုပ်သည် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူနေခြင်းဖြစ်သည်၊ ရုပ်ရှင်များကို မည်သို့ရိုက်ကူးသည်ကို ကျွန်ုပ် လေ့လာနေခြင်းဖြစ်သည်” ဟု ဆိုကြသည်။ ၎င်းတို့သည် ဆင်ခြေများကိုပင် အကြံထုတ်ကြသည်။ ရုပ်ရှင်တစ်ခုပြီးတစ်ခု ၎င်းတို့ ကြည့်ကြပြီး ညဘက် လူတိုင်း အနားယူသည့်အခါ ၎င်းတို့လည်း အနားယူကြသည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့သည် ဤသို့ လှည့်ပတ်နေကြသော်လည်း မည်သည့်အတိုင်းအတာအထိ ဖြစ်သနည်း။ လူတိုင်းက ၎င်းတို့ကို မနှစ်မြို့ဖွယ်ဖြစ်သည်ဟု မြင်ကြသည်၊ ၎င်းတို့သည် လူတိုင်းကို ကသိကအောက်ဖြစ်စေပြီး နောက်ဆုံးတွင် မည်သူကမျှ ၎င်းတို့ကို အာရုံမစိုက်ကြတော့ပေ။ ငါ့ကို ပြောလော့၊ ဤသို့သော ခေါင်းဆောင်တစ်ဦးက မကြီးကြပ်ပါက အလုပ်သည် ဆက်လက်တိုးတက်နိုင်ဦးမည်လော။ ၎င်းတို့မရှိဘဲ ကမ္ဘာကြီးသည် လည်ပတ်သည်မှာ ရပ်တန့်သွားသလော။ (ဆက်၍ လည်ပတ်နေပါသည်။) သို့ဆိုလျှင် ၎င်းတို့ကို ဖော်ထုတ်သင့်သည်၊ သို့မှသာ လူတိုင်းက ၎င်းတို့သည် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်ဆောင်ကြောင်းနှင့် မည်သူကမျှ ၎င်းတို့၏ ဘောင်ခတ်မှုကို မခံသင့်ကြောင်း မြင်နိုင်မည်ဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်ဆောင်သော ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များကို လူတိုင်း ပိုင်းခြားသိမြင်နိုင်ရန် ဖော်ထုတ်ပြီး ခွဲခြမ်းစိတ်ဖြာရမည်ဖြစ်ကာ ထို့နောက် ၎င်းတို့ကို ဘေးဖယ်ထားဖို့ ထုတ်ပယ်သင့်သည်။ သင်တို့သည် ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များကို ကြုံတွေ့သည့်အခါ ပိုင်းခြားသိမြင်နိုင်သလော။ အယောင်ဆောင်ခေါင်းဆောင်များမရှိဘဲ သင်တို့အားလုံးသည် ကပ္ပတိန်မရှိသော သင်္ဘောသားများကဲ့သို့ ခံစားရမည်လော။ သင်တို့သည် အလုပ်ကို သီးခြားလွတ်လပ်စွာ ပြီးမြောက်အောင် လုပ်ဆောင်ပြီး တာဝန်များကို ပြီးမြောက်အောင်မြင်နိုင်မည်လော။ သင်တို့ မလုပ်ဆောင်နိုင်ပါက သင်တို့သည် အန္တရာယ်၌ ရှိနေသည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်မျိုးကို ရင်ဆိုင်ရသည့်အခါ မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်၊ စံနမူနာမပြဘဲ အွန်လိုင်းတွင် စကားစမြည်ပြောရင်း အချိန်ဖြုန်းနေသည့်အခါ ဤသို့သောအခြေအနေတွင် သင်တို့၌ ပိုင်းခြားသိမြင်မှု ရှိမည်လော။ သင်တို့သည် ၎င်းတို့၏ လွှမ်းမိုးခြင်းကို ခံရသဖြင့် အရည်မရမဖတ်မရ စကားစမြည်ပြောဆိုကာ သင်တို့၏ တာဝန်များကို နှောင့်နှေးစေမည်လော။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များနောက်သို့ သင်တို့ လိုက်နိုင်သေးသလော။ (မလိုက်နိုင်ပါ။)

အယောင်ဆောင်ခေါင်းဆောင်အချို့သည် အစားကြီးပြီး ပျင်းရိကြကာ ပင်ပန်းစွာ အလုပ်လုပ်ခြင်းထက် သက်သောင့်သက်သာနေခြင်းကို ပိုနှစ်သက်ကြသည်။ ၎င်းတို့သည် အလုပ်လုပ်ရန်လည်း မလိုလား၊ စိုးရိမ်ရန်လည်း မလိုလားဘဲ ကြိုးစားအားထုတ်မှုနှင့် တာဝန်ကို ခေါင်းရှောင်ကာ သက်သောင့်သက်သာနေခြင်း၌သာ မွေ့လျော်ခံစားလိုကြသည်။ ၎င်းတို့သည် စားသောက်ခြင်းနှင့် ကစားခြင်းကို နှစ်သက်ပြီး အထူးတလည် ပျင်းရိကြသည်။ လူတိုင်း စားသောက်ပြီးမှ နံနက်တွင် အိပ်ရာထတတ်ပြီး ညဘက် လူတိုင်း အနားယူနေချိန်တွင် တီဗီဇာတ်လမ်းတွဲများ ကြည့်နေဦးမည်ဖြစ်သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ ထမင်းချက်ရန် တာဝန်ယူထားသော ညီအစ်ကိုတစ်ဦးသည် သည်းမခံနိုင်တော့ဘဲ ၎င်းကို ဝေဖန်ခဲ့သည်။ သင်တို့ ပြောကြည့်လော့၊ ၎င်းသည် ထမင်းချက်တစ်ဦး၏ စကားကို နားထောင်မည်လော။ (မထောင်ပါ။) ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ၎င်းကို “သင်သည် ပို၍ လုံ့လဝီရိယရှိရန် လိုအပ်သည်။ လုပ်ဆောင်ရန် လိုအပ်သော အလုပ်ကို လုပ်ဆောင်ရမည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်အလုပ်ဖြစ်စေ သင်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်။ အလုပ်၌ ပြဿနာများ မရှိစေရန် သင် အာမခံရမည်။ ယခု ပြဿနာတစ်ခု တွေ့ရှိနေပြီဖြစ်ပြီး ၎င်းကို ဖြေရှင်းရန် သင် ရှိမနေခြင်းက အလုပ်ကို ထိခိုက်စေသည်။ သင်သည် ဤနည်းလမ်းဖြင့် အစဉ်တစိုက် အလုပ်လုပ်ပါက ဤသည်မှာ အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေခြင်း မဟုတ်လော။ သင်သည် ဤတာဝန်ကို ယူနိုင်သလော” ဟု ပြောဆိုကာ ပြစ်တင်ဆုံးမခဲ့သည် ဆိုပါစို့။ ၎င်းသည် ဤစကားကို နားထောင်မည်လော။ နားထောင်ချင်မှ နားထောင်ပေမည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များအတွက် ဆုံးဖြတ်ချက်ချသည့်အဖွဲ့သည် ၎င်းတို့ကို ချက်ချင်း ဖြုတ်ချပြီး ၎င်းတို့အတွက် အခြားအလုပ်အစီအစဉ်များ ပြုလုပ်ပေးသင့်ကာ ၎င်းတို့ လုပ်ဆောင်နိုင်သမျှကို လုပ်ဆောင်စေသင့်သည်။ ၎င်းတို့သည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မှီခိုကပ်ရပ်ရန် လိုလားပြီး မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သော အသုံးမကျသူများဖြစ်ပါက ၎င်းတို့ကို မည်သည့်တာဝန်မျှ မထမ်းဆောင်စေဘဲ စေလွှတ်လိုက်လော့။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် မထိုက်တန်ပေ။ ၎င်းတို့သည် လူမဟုတ်ကြပေ၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့သည် အရှက်မရှိကြပေ။ လူပျင်းများဖြစ်သော ဤသို့သော အယောင်ဆောင်ခေါင်းဆောင်များအတွက်မူ ထိုးထွင်းသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်သည်။ ၎င်းတို့ကို တိုက်တွန်းအားပေးရန် ကြိုးစားဖို့ မလိုအပ်သည့်အပြင် ၎င်းတို့အား စောင့်ကြည့်လေ့လာမှု ကြုံတွေ့ရန် မည်သည့်အခွင့်အရေးမျှ မပေးသင့်သကဲ့သို့ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်လည်း မလိုအပ်ပေ။ ၎င်းတို့ သမ္မာတရားများကို ကြားဖူးသည်မှာ မလုံလောက်သေးသလော။ ၎င်းတို့ကို ပြုပြင်ပါက ၎င်းတို့ ပြောင်းလဲနိုင်မည်လော။ မပြောင်းလဲနိုင်ပေ။ တစ်စုံတစ်ဦးသည် အစွမ်းအစ ညံ့ဖျင်းပြီး တစ်ခါတစ်ရံ အဓိပ္ပာယ်မဲ့သော အမြင်များကို စွဲကိုင်ထားသော်လည်း၊ သို့မဟုတ် မသိနားမလည်မှုကြောင့် အလုံးစုံကို မမြင်နိုင်သော်လည်း ၎င်းတို့သည် လုံ့လဝီရိယရှိပြီး၊ ဝန်တာစိတ်ထားရှိကာ မပျင်းရိပါက ထိုသို့သောသူသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် လွဲချော်မှုများ ရှိသော်လည်း ပြုပြင်ခြင်းကို ခံရသည့်အခါ နောင်တရနိုင်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို သိရှိပြီး မိမိတို့ မည်သည့်အရာလုပ်သင့်သည်ကို သိကြသည်၊ ၎င်းတို့၌ အသိစိတ်နှင့် တာဝန်သိစိတ် ရှိကြပြီး အသိတရားရှိလာကြသည်။ သို့သော် ပျင်းရိပြီး ပင်ပန်းစွာ အလုပ်လုပ်ခြင်းထက် သက်သောင့်သက်သာနေခြင်းကို ပိုနှစ်သက်ကာ ဝန်တာထားစိတ် မရှိသူတို့သည် မပြောင်းလဲနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဝန်တာထားစိတ်မရှိပေ။ မည်သူက ၎င်းတို့ကို ပြုပြင်သည်ဖြစ်စေ အသုံးမဝင်ပေ။ အချို့လူများက “သို့ဆိုလျှင် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ ၎င်းတို့အပေါ် ကျရောက်လာပါက ၎င်းတို့၏ ဝန်တာမရှိခြင်း ပြဿနာကို ပြောင်းလဲပေးမည်လော” ဟု ပြောဆိုကြသည်။ ဤအရာကို မပြောင်းလဲနိုင်ပေ။ ယင်းကို လူတစ်ဦး၏ သဘာဝက ဆုံးဖြတ်ပြီးဖြစ်သည်၊ ခွေးသည် အညစ်အကြေး စားသည့်အကျင့်ကို မဖျောက်နိုင်သကဲ့သို့ ဖြစ်သည်။ သင်သည် ပျင်းရိပြီး ဝန်တာထားစိတ် မရှိသည့်အပြင် ခေါင်းဆောင်အဖြစ်လည်း အစေခံသော တစ်စုံတစ်ဦးကို မြင်သည့်အခါတိုင်း ၎င်းသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သင် သေချာနိုင်သည်။ အချို့က “သင်က ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်ဟု အဘယ်သို့ ခေါ်နိုင်သနည်း။ ၎င်းတို့တွင် ကောင်းမွန်သော အစွမ်းအစရှိသည်၊ လိမ္မာပါးနပ်သည်၊ အမှုအရာများကို ထိုးထွင်းသိမြင်နိုင်ပြီး အကြံအစည်များ ကြံဆနိုင်သည်။ လောကတွင် ၎င်းတို့သည် စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲခဲ့ပြီး အမှုဆောင်ဥက္ကဌများအဖြစ် လုပ်ကိုင်ခဲ့ကြသည်၊ ၎င်းတို့သည် အသိပညာကြွယ်ဝသည်၊ အတွေ့အကြုံရှိပြီး လောကအကြောင်း နားလည်ကြသည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤအရည်အသွေးများသည် ၎င်းတို့၏ ပျင်းရိပြီး ဝန်တာကင်းမဲ့ခြင်း ပြဿနာကို ဖြေရှင်းပေးနိုင်သလော။ (မဖြေရှင်းနိုင်ပါ။)

အလွန်အမင်း ပျင်းရိသူများက မည်သို့သော သရုပ်သကန်များနှင့် လက္ခဏာများကို ပြသကြသနည်း။ ပထမအနေဖြင့် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည်၊ အီးရောအီးရောလုပ်သည်၊ အေးအေးဆေးဆေး သွားလာပြီး ဖြစ်နိုင်သည့်အခါတိုင်း အနားယူကာ အချိန်ဆွဲကြသည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အရေးမစိုက်ကြပေ။ ၎င်းတို့အတွက်မူ ထိုသို့သောအရာများကို စိုးရိမ်လိုသူ မည်သူမဆို စိုးရိမ်နိုင်သည်။ ၎င်းတို့မူ စိုးရိမ်မည်မဟုတ်ပေ။ ၎င်းတို့သည် တစ်စုံတစ်ခုအတွက် စိုးရိမ်သည့်အခါ ယင်းမှာ မိမိတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရာထူးတို့အတွက်သာ ဖြစ်သည်။ ၎င်းတို့အတွက် အရေးကြီးသည်မှာ ရာထူး၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားနိုင်ခြင်းသာ ဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့သည် မိမိတို့၏ အလုပ်၌ ဆင်းရဲဒုက္ခကို ရှောင်ကြဉ်ကြသည်။ ၎င်းတို့၏ အလုပ်သည် အနည်းငယ်မျှ ပင်ပန်းသည်ကိုပင် ၎င်းတို့ လက်မခံနိုင်ဘဲ ပင်ပန်းပါက အလွန်မကျေမနပ် ဖြစ်လာကာ၊ ဆင်းရဲဒုက္ခခံရန် သို့မဟုတ် အဖိုးအခပေးရန် မတတ်နိုင်ကြပေ။ စတုတ္ထအနေဖြင့် ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ဇွဲမရှိကြဘဲ အစဉ်သဖြင့် တစ်ဝက်တစ်ပျက်နှင့် လက်လျှော့ကာ အဆုံးတိုင် ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ယာယီအားဖြင့် စိတ်ကောင်းဝင်နေပါက အပျော်သဘောဖြင့် အလုပ်အချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း တစ်စုံတစ်ခုက ရေရှည်ကတိကဝတ် လိုအပ်ပြီး ၎င်းတို့ကို အလုပ်များစေကာ အတွေးအခေါ်များစွာ လိုအပ်သည့်အပြင် ၎င်းတို့၏ ဇာတိပကတိကို ပင်ပန်းနွမ်းနယ်စေပါက အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် စတင်ညည်းညူလာကြလိမ့်မည်။ ဥပမာအားဖြင့် ခေါင်းဆောင်အချို့သည် အသင်းတော်အလုပ်ကို တာဝန်ယူကြပြီး အစပိုင်းတွင် ၎င်းကို အသစ်အဆန်းအဖြစ် မြင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင် အလွန်စိတ်အားထက်သန်ကြပြီး ညီအစ်ကိုမောင်နှမများ၌ ပြဿနာများရှိသည်ကို တွေ့သည့်အခါ ၎င်းတို့ကို ကူညီပြီး ဖြေရှင်းပေးနိုင်သည်။ သို့သော် ခဏတာ ဇွဲရှိပြီးနောက် ၎င်းတို့သည် ခေါင်းဆောင်ပိုင်းအလုပ်ကို အလွန်ပင်ပန်းသည်ဟု မြင်စပြုလာကြပြီး အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့သည် ပိုမိုလွယ်ကူသောအလုပ်သို့ ပြောင်းလိုပြီး ဆင်းရဲဒုက္ခခံရန် မလိုလားကြပေ။ ထိုသို့သောလူများသည် ဇွဲနပဲမရှိကြပေ။ ပဉ္စမအနေဖြင့် ပျင်းရိသောလူများကို ခွဲခြားသိမြင်စေသည့် နောက်ထပ်လက္ခဏာတစ်ခုမှာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် လိုလားစိတ်မရှိခြင်း ဖြစ်သည်။ ၎င်းတို့၏ ဇာတိပကတိက ဆင်းရဲဒုက္ခခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ရှောင်တိမ်းရန်နှင့် ခေါင်းရှောင်ရန် ဆင်ခြေများ အကြံထုတ်ကြသည်၊ သို့မဟုတ် အခြားတစ်ဦးဦးထံ လွှဲချကြသည်။ ပြီးလျှင် ထိုသူက အလုပ်ကို ပြီးစီးသည့်အခါ ၎င်းတို့သည် အရှက်မဲ့စွာဖြင့် အသီးအပွင့်များကို ကိုယ်တိုင် ရိတ်သိမ်းကြသည်။ ဤသည်တို့မှာ ပျင်းရိသောလူများ၏ အဓိက လက္ခဏာကြီး ငါးရပ် ဖြစ်သည်။ သင်တို့သည် အသင်းတော်များရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များအကြားတွင် ထိုသို့သော ပျင်းရိသည့်လူများ ရှိမရှိကို စစ်ဆေးသင့်သည်။ သင်တို့ တစ်ဦးကို တွေ့ရှိပါက ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်သည်။ ပျင်းရိသောလူများသည် ခေါင်းဆောင်များအဖြစ် အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်သလော။ ၎င်းတို့တွင် မည်သို့သော အစွမ်းအစရှိသည်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝ အရည်အသွေး မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့ ပျင်းရိပါက မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ အလုပ်နှင့် အရေးကြီးသော ကိစ္စရပ်များကို နှောင့်နှေးစေလိမ့်မည်။ အသင်းတော်၏ အလုပ်သည် ကဏ္ဍစုံဖြစ်သည်၊ ယင်း၏ ကဏ္ဍတစ်ခုချင်းစီသည် အသေးစိတ်ကျသော အလုပ်များစွာ ပါဝင်ပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း လိုအပ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လုံ့လဝီရိယရှိရမည်။ အလုပ်၏ ထိရောက်မှုကို အာမခံရန် ၎င်းတို့သည် နေ့စဉ် စကားများစွာ ပြောဆိုပြီး အလုပ်များစွာ လုပ်ဆောင်ရသည်။ ၎င်းတို့သည် အပြောနည်းလွန်းလျှင် သို့မဟုတ် အလုပ်နည်းလွန်းလျှင် ရလဒ်များ ရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ပျင်းရိသောသူဖြစ်ပါက ၎င်းသည် ဧကန်အမှန်ပင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ပျင်းရိသောလူများသည် အလုပ်နေရာများသို့ ကိုယ်တိုင်သွားရန် မဆိုထားနှင့်၊ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသည့်အပြင် ပြဿနာများကို ဖြေရှင်းရန် သို့မဟုတ် မည်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တွင်မဆို မိမိတို့ကိုယ်တိုင် ပါဝင်ပတ်သက်ရန်လည်း မလိုလားကြပေ။ ၎င်းတို့သည် မည်သည့်အလုပ်၌ မဆိုရှိသော ပြဿနာများကို အနည်းငယ်မျှ နားလည်သဘောပေါက်ခြင်း သို့မဟုတ် သိရှိခြင်း မရှိကြပေ။ ၎င်းတို့သည် အခြားသူများ ပြောဆိုသည်ကို နားထောင်ခြင်းမှ ၎င်းတို့၏ ခေါင်းထဲတွင် အပေါ်ယံဆန်ပြီး မရေရာသော စိတ်ကူးတစ်ခုသာ ရှိကြကာ အယူဝါဒအနည်းငယ်ကို တရားဟောရုံမျှဖြင့် ကြုံရာကျပန်း နေကြသည်။ သင်တို့သည် ဤသို့သော ခေါင်းဆောင်မျိုးကို ပိုင်းခြားသိမြင်နိုင်သလော။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်သည်ဟု သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ (အတိုင်းအတာတစ်ခုအထိ ပိုင်းခြားသိမြင်နိုင်ပါသည်။) ပျင်းရိသောလူများသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ မည်သည့်တာဝန်ဖြစ်စေ ၎င်းတို့သည် ဇွဲနပဲမရှိ၊ အလုပ်ကို လုပ်တစ်ချက် မလုပ်တစ်ချက်နှင့် ဆင်းရဲဒုက္ခအချို့ ခံစားရသည့်အခါတိုင်း ညည်းညူကာ မဆုံးနိုင်သော မကျေနပ်ချက်များကို ဖွင့်ထုတ်ကြသည်။ ၎င်းတို့သည် မိမိတို့ကို ဝေဖန်သုံးသပ်သူ သို့မဟုတ် ပြုပြင်သူ မည်သူကိုမဆို လမ်းပေါ်တွင် လူများအား ဆဲရေးတိုင်းထွာနေသည့် နှုတ်သီးကောင်းလျှာပါး မိန်းမတစ်ဦးကဲ့သို့ ဆဲဆိုကြိမ်းမောင်းကြပြီး မိမိတို့၏ ဒေါသကို အခြားသူများအပေါ် အစဉ်သဖြင့် ပုံချလိုကာ မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုကြောင်းက မည်သည့်အရာကို ပြသသနည်း။ ၎င်းတို့သည် ဝန်တာထားစိတ် မရှိကြောင်း၊ တာဝန်ယူရန် မလိုလားကြောင်းနှင့် ပျင်းရိသောလူများဖြစ်ကြောင်း ပြသသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံရန် သို့မဟုတ် အဖိုးအခပေးရန် မလိုလားကြပေ။ ဤသည်မှာ အထူးသဖြင့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဝန်တာထားသည့်စိတ် မရှိပါက ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည်လော။ လုံးဝ မဖြည့်ဆည်းနိုင်ပေ။

အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်ကို လိုက်လံစစ်ဆေးခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်း မရှိပေ

ငါတို့သည် “အလုပ်ကိစ္စတစ်ခုချင်းစီ၏ အခြေအနေကို သဘောပေါက်ပြီး နားလည်အောင် လုပ်ထားခြင်း” ဟူသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပဉ္စမမြောက် တာဝန်ဝတ္တရား၏ ဤကဏ္ဍကို ယခုတင် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ ဤကဏ္ဍကို ဆွေးနွေးခြင်းအားဖြင့် ငါတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ တိကျသော သရုပ်သကန်အချို့အပြင် ၎င်းတို့၏ လူ့သဘာဝနှင့် ကိုယ်ကျင့်စရိုက်တို့ကို ဖော်ထုတ်ခဲ့ကြသည်။ ယခု “အလုပ်ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုကို သဘောပေါက်ပြီး နားလည်အောင် လုပ်ထားခြင်း” ကို ကြည့်ကြစို့။ အလုပ်၏ တိုးတက်မှုသည် အလုပ်၏ အခြေအနေနှင့် အနည်းငယ် သက်ဆိုင်သည်မှာ ပြောစရာမလိုပေ၊ ထိုဆက်နွှယ်မှုသည် အတော်အတန် နီးစပ်သည်။ လူတစ်ဦးသည် အလုပ်ကိစ္စတစ်ခု၏ အခြေအနေကို နားလည်ပြီး သဘောပေါက်အောင် လုပ်ထားနိုင်ခြင်း မရှိပါက ၎င်းတို့သည် အလားတူပင် ထိုအလုပ်၏ တိုးတက်မှုကိုလည်း နားလည်ပြီး သဘောပေါက်အောင် လုပ်ထားနိုင်မည် မဟုတ်ပေ။ ဥပမာအားဖြင့် အလုပ်၏ တိုးတက်မှုသည် မည်သို့ရှိသည်၊ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်၊ ပါဝင်သောလူတို့၏ အခြေအနေများမှာ အဘယ်နည်း၊ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍများနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိမရှိ၊ ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် မကိုက်ညီသော အလုပ်၏ နယ်ပယ်များ တစ်စုံတစ်ရာ ရှိမရှိ၊ စွမ်းဆောင်ရရှိပြီးဖြစ်သည့် ရလဒ်များမှာ မည်သည့်အရာများဖြစ်သည်၊ အလုပ်၏ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍများတွင် ထိုမျှ ကျွမ်းကျင်ခြင်းမရှိသည့် အလုပ်လုပ်နေသော လူတစ်ဦးတစ်ယောက်မျှ သင်ယူနေခြင်း ရှိမရှိ၊ သင်ယူမှုကို မည်သူက စီစဉ်ပေးသည်၊ ၎င်းတို့ မည်သည့်အရာကို သင်ယူနေကြသည်၊ မည်သို့ သင်ယူနေကြသည် အစရှိသည်တို့ဖြစ်သည်၊ ဤတိကျသော ကိစ္စရပ်များအားလုံးသည် တိုးတက်မှုနှင့် သက်ဆိုင်လေသည်။ ဥပမာအားဖြင့် ဓမ္မတေးများ ရေးစပ်ခြင်းအလုပ်သည် အတော်အတန် အရေးကြီးသည် မဟုတ်လော။ ဓမ္မတေးတစ်ပုဒ်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ပဓာနကျသော ကျမ်းပိုဒ်များကို ကနဦး ရွေးချယ်ခြင်းမှစ၍ ရေးစပ်မှု ပြီးစီးသည်အထိ ဤဖြစ်စဉ်တွင် မည်သည့် တိကျသော တာဝန်များကို ဆောင်ရွက်ရန် လိုအပ်သနည်း။ ပထမဦးစွာ ဓမ္မတေးများ ဖြစ်လာရန် သင့်တော်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ပဓာနကျသော ကျမ်းပိုဒ်များကို ရွေးချယ်ရန် လိုအပ်ပြီး ယင်းတို့သည် သင့်တော်သော အရှည်လည်း ဖြစ်ရမည်။ ဒုတိယအဆင့်တွင် သီဆိုရန် နှစ်သက်ဖွယ်ဖြစ်ပြီး ပျော်ရွှင်ဖွယ်ဖြစ်စေရန် မည်သည့် တေးသွားပုံစံက ထိုကျမ်းပိုဒ်နှင့် ကိုက်ညီသည်ကို စဉ်းစားဆင်ခြင်ခြင်း ပါဝင်သည်။ ထို့နောက် ဓမ္မတေးကို သီဆိုရန် သင့်တော်သောလူများကို ရှာဖွေရမည်ဖြစ်သည်။ ဤသည်တို့မှာ တိကျသော တာဝန်များ မဟုတ်လော။ (ဟုတ်ပါသည်။) ဓမ္မတေးတစ်ပုဒ် ရေးစပ်ပြီးနောက်တွင် အယောင်ဆောင်ခေါင်းဆောင်သည် ထိုရေးစပ်မှုက အရည်အချင်းပြည့်မီခြင်း ရှိမရှိ သို့မဟုတ် ပုံစံက သင့်တော်ခြင်း ရှိမရှိနှင့်ပတ်သက်၍ လုံးဝမေးမြန်းခြင်း မရှိပေ။ ရေးစပ်သူသည် ကြီးကြပ်မှုမရှိခြင်းကို သတိပြုမိသဖြင့် မိမိဘာသာ အဆင်ပြေလောက်ပြီဟု ယူဆပြီး ယင်းကို အသံသွင်းရန် ဆက်လက်လုပ်ဆောင်သည်။ လူတိုင်းက ဓမ္မတေးတစ်ပုဒ် အဖြစ် ပြောင်းလဲရန် မျှော်လင့်စောင့်စားနေခဲ့ကြသည့် ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်သည် နောက်ဆုံးတွင် တေးသွားထည့်သွင်းပြီး ဓမ္မတေးတစ်ပုဒ်အဖြစ် ပြုလုပ်ပြီးဖြစ်သော်လည်း လူအများစုက သီဆိုသည့်အခါ ယင်း၌ ချို့ယွင်းချက်များ ရှိနေသေးသည်ကို တွေ့ရှိကြသည်။ မည်သည့်ပြဿနာ ပေါ်ပေါက်လာသနည်း။ ရေးစပ်ထားသော ဓမ္မတေးသည် စံမမီပေ၊ တေးသွားနှင့် ဆွဲဆောင်မှု ကင်းမဲ့နေသော်လည်း ယင်းကို အသံသွင်းလိုက်သည်။ အယောင်ဆောင်ခေါင်းဆောင်သည် ယင်းကို ကြားပြီးနောက် “ဤဓမ္မတေးကို မည်သူ ရေးစပ်ခဲ့သနည်း။ အဘယ်ကြောင့် အသံသွင်းခဲ့သနည်း” ဟု မေးမြန်းလေသည်။ ဤမေးခွန်းကို ၎င်းတို့ မေးမြန်းသည့်အချိန်တွင် အနည်းဆုံး တစ်လ ကျော်လွန်သွားခဲ့ပြီးဖြစ်သည်။ ဤတစ်လအတွင်းတွင် ခေါင်းဆောင်သည် ဤအလုပ်၏ တိုးတက်မှုကို လိုက်လံစစ်ဆေးပြီး ချက်ချင်း သဘောပေါက်ခဲ့သင့်သည် မဟုတ်လော။ ဥပမာအားဖြင့် ရေးစပ်မှုသည် မည်သို့ရှိနေခဲ့သနည်း။ အခြေခံတေးသွားကို ဆုံးဖြတ်ပြီးပြီလော။ ယင်း၌ တေးသွား ရှိသလော။ ဤဓမ္မတေး၏ တေးသွားနှင့် ပုံစံသည် ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော။ သက်ဆိုင်ရာ အတွေ့အကြုံရှိသော လူပုဂ္ဂိုလ်များက လမ်းညွှန်မှုဖြင့် ကူညီပေးခဲ့သလော။ ယင်းကို ရေးစပ်ပြီးနောက် ဤဓမ္မတေးကို ကျယ်ကျယ်ပြန့်ပြန့် သီဆိုနိုင်မည်လော။ ယင်းက မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်နည်း။ ထိုတေးသွားကို ကောင်းသည်ဟု သတ်မှတ်ခဲ့သလော။ အယောင်ဆောင်ခေါင်းဆောင်သည် ဤသို့သော ကိစ္စရပ်များကို လိုက်လံစစ်ဆေးခြင်း လုံးဝမရှိပေ။ ပြီးလျှင် ၎င်းတို့တွင် လိုက်လံမစစ်ဆေးခြင်းအတွက် အကြောင်းပြချက်တစ်ခု ရှိသည်၊ “ကျွန်ုပ်သည် ဓမ္မတေးရေးစပ်ခြင်းကို နားမလည်ပါ။ ကျွန်ုပ်နားမလည်သည့်အရာတစ်ခုကို မည်သို့ လိုက်လံစစ်ဆေးနိုင်မည်နည်း။ မဖြစ်နိုင်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်တစ်ခုလော။ (မဟုတ်ပါ။) ယင်းမှာ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်တစ်ခု မဟုတ်ပေ၊ သို့ဆိုလျှင် ဓမ္မတေးများ ရေးစပ်ခြင်းနှင့် အကျွမ်းတဝင်မရှိသော တစ်စုံတစ်ဦးသည် လိုက်လံစစ်ဆေးနိုင်သေးသလော။ (စစ်ဆေးနိုင်ပါသည်။) ၎င်းတို့သည် မည်သို့ လိုက်လံစစ်ဆေးသင့်သနည်း။ (၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ထိုတေးသွားသည် သင့်တော်ခြင်း ရှိမရှိကို ကြည့်ရှုရန် စည်းမျဉ်းများကို အခြေခံ၍ စစ်ဆေးနိုင်ပါသည်၊ ၎င်းတို့သည် ထိုအလုပ်ကို ၎င်းနှင့်မဆိုင်သကဲ့သို့ လက်ရှောင်လိုက်မည့်အစား လက်တွေ့ကျကျ လိုက်လံစစ်ဆေးနိုင်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်နှင့်ဆိုင်သည့် အဓိက စရိုက်လက္ခဏာမှာ အယူဝါဒအကြောင်း ပေါက်တတ်ကရပြောဆိုပြီး ဆောင်ပုဒ်များကို သံယောင်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏ အမိန့်များကို ထုတ်ပြန်ပြီးနောက်တွင် ထိုအမှုကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့တာဝန်မယူကြတော့ပေ။ အလုပ်၏ နောက်ပိုင်း တိုးတက်ဖြစ်ပေါ်မှုအကြောင်း မေးခွန်းများ မမေးမြန်းကြပေ။ ပြဿနာတစ်စုံတစ်ရာ၊ လွဲချော်မှုတစ်စုံတစ်ရာ သို့မဟုတ် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းရှိမရှိ မမေးမြန်းကြပေ။ ၎င်းတို့သည် အလုပ်တာဝန်ချပေးပြီးသည်နှင့် ၎င်းတို့၏ အလုပ် ပြီးဆုံးပြီဟု မှတ်ယူကြသည်။ အမှန်တကယ်တွင် ခေါင်းဆောင်တစ်ယောက်အနေဖြင့် အလုပ်များကို စီစဉ်ပေး၍ ပြီးသွားပြီးနောက်တွင် အလုပ်၏ တိုးတက်မှုကို နောက်ဆက်တွဲ ဆက်လုပ်ရမည် ဖြစ်သည်။ သင်သည် ဤအလုပ်နယ်ပယ်ကို မရင်းနှီးလျှင်ပင်၊ ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သိမြင်မှုမျှ မရှိလျှင်ပင် ထိုအလုပ်ကို လုပ်ဆောင်ရန် နည်းလမ်းရှာနိုင်သည်။ စိစစ်မှုကို ဆောင်ရွက်ပြီး အကြံပြုချက်များပေးရန် ယင်းကို အမှန်တကယ် နားလည်သဘောပေါက်သော၊ အဆိုပါ အတတ်ပညာကို နားလည်သောသူတစ်ဦးကို သင်ရှာဖွေနိုင်သည်။ သူတို့၏ အကြံပြုချက်များမှ သင့်တင့်လျောက်ပတ်သော စည်းမျဉ်းများကို သင် ရှာဖွေဖော်ထုတ်နိုင်သည်။ ဤသို့ဖြင့် သင်သည် အလုပ်ကို နောက်ဆက်တွဲ ဆက်လုပ်နိုင်လိမ့်မည်။ အဆိုပါ အတတ်ပညာနှင့် သင် ရင်းနှီးခြင်း ရှိသည်ဖြစ်စေ၊ ယင်းကို နားလည်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သင်သည် ထိုအလုပ်ကို ဦးစီးဆောင်ရွက်ရမည်၊ နောက်ဆက်တွဲ လုပ်ရမည်ဖြစ်ပြီး ယင်း၏ တိုးတက်မှုနှင့်ပတ်သက်၍ အဆက်မပြတ် စုံစမ်းခြင်းနှင့် မေးခွန်းများ မေးခြင်းတို့ကို ပြုလုပ်ရမည်။ ထိုသို့သော ကိစ္စများကို နားလည်သဘောပေါက်မှုအား သင်ထိန်းသိမ်းထားရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ယင်းသည် သင့်အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အလုပ်ကို နောက်ဆက်တွဲမလုပ်ခြင်း၊ တာဝန်ချပေးပြီးသည်နှင့် မည်သည့်အရာမျှ ဆက်မလုပ်တော့ခြင်း၊ ယင်းနှင့် လုံးဝ မပတ်သက်တော့ခြင်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များက ကိစ္စများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ အလုပ်နှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ မလုပ်ခြင်းဖြစ်စေ၊ လမ်းညွှန်ချက်မပေးခြင်းဖြစ်စေ၊ စုံစမ်းမှု မပြုခြင်းဖြစ်စေ၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို မဖြေရှင်းခြင်းဖြစ်စေ၊ အလုပ်၏ တိုးတက်မှုကို သို့မဟုတ် ထိရောက်မှုကို သဘောမပေါက်ခြင်းဖြစ်စေ ဤသည်တို့မှာလည်း အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များဖြစ်၏။

အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ဘဲ အလုပ်တိုးတက်မှုကို နှောင့်နှေးစေသည်

အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်၏ တိုးတက်မှုနှင့်ပတ်သက်၍ မသိရှိသောကြောင့်၊ ၎င်းတို့သည် အလုပ်တွင် ပေါ်ပေါက်လာသည့် ပြဿနာများကိုဖြေရှင်းနိုင်စွမ်း ရှိဖို့ မဆိုထားနှင့်၊ အချိန်မီ ဖော်ထုတ်နိုင်စွမ်းမရှိကြသောကြောင့် ယင်းက ထပ်ခါထပ်ခါ နှောင့်နှေးမှုများ မကြာခဏဖြစ်စေသည်။ အချို့အလုပ်တွင် လူတို့သည် စည်းမျဉ်းများကို နားလည်သဘောပေါက်ခြင်း မရှိသောကြောင့်၊ တာဝန်ခံရန်၊ သို့မဟုတ် ဦးဆောင်ရန် သင့်တော်သောသူ မည်သူမျှမရှိသောကြောင့် အလုပ်ကို ဆောင်ရွက်နေသောသူတို့သည် အပျက်သဘောဆောင်ခြင်း၊ မတက်မကြွဖြစ်ခြင်း၊ စောင့်ဆိုင်းခြင်းအခြေအနေတွင် မကြာခဏရှိကြသည်။ ယင်းသည် အလုပ်တိုးတက်မှုကို အလွန်အမင်းထိခိုက်သည်။ ခေါင်းဆောင်က သူ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီးဖြစ်လျှင်၊ သူသည် အလုပ်ကို ဦးဆောင်ခဲ့လျှင်၊ ရှေ့ဆက်စေခဲ့လျှင်၊ ကြီးကြပ်ခဲ့လျှင်၊ အလုပ်ကို လမ်းညွှန်ပြသရန် ထိုနယ်ပယ်ကို နားလည်သောသူတစ်ယောက်အား တွေ့ခဲ့လျှင် အလုပ်သည် ထပ်ခါထပ်ခါ နှောင့်နှေးမှုများ ကြုံရခြင်းထက် ပို၍ မြန်ဆန်စွာ တိုးတက်လိမ့်မည်။ ဤသို့ဆိုလျှင် ခေါင်းဆောင်များအတွက် အလုပ်၏ အခြေအနေကို နားလည်သဘောပေါက်ရန် မရှိမဖြစ်လိုအပ်သည်။ တိုးတက်မှုသည် အလုပ်၏ ထိရောက်မှုနှင့်လည်းကောင်း၊ ဤအလုပ်က ရရှိသင့်သည့် ရလဒ်တို့နှင့်လည်းကောင်း ဆက်နွှယ်နေသည့်အတွက်၊ အလုပ်သည် မည်သို့တိုးတက်နေသည်ကို နားလည်သဘောပေါက်ရန် ခေါင်းဆောင်များအတွက် အလွန်ပင် လိုအပ်သည်မှာလည်း မှန်ပေသည်။ အသင်းတော်အလုပ်က မည်သို့ရှေ့ဆက်နေသည်ကို ခေါင်းဆောင်များ၊ အမှုဆောင်များက သဘောမပေါက်လျှင်၊ ၎င်းတို့သည် အမှုအရာများအား နောက်ဆက်တွဲ မလုပ်ဆောင်လျှင်၊ သို့မဟုတ် မကြီးကြပ်လျှင် အသင်းတော်အလုပ်တိုးတက်မှုသည် နှေးကွေးမည်မှာ အသေအချာပင်ဖြစ်သည်။ ဤသည်မှာ တာဝန်များကို ထမ်းနေသောလူအများစုသည် ဆိုးရွားစွာ သိမ်ဖျင်းသော သူများဖြစ်သည့်၊ ဝန်တာထားစိတ်မရှိဘဲ မကြာခဏ အပျက်သဘောဆောင်၍ မတက်မကြွဖြစ်ကာ ဝတ်ကျေတမ်းကျေလုပ်သည့်အချက်ကြောင့် ဖြစ်သည်။ အလုပ်အတွက် တာဝန်ယူလျက် လက်တွေ့ကျသောပုံစံဖြင့် ဝန်တာထားစိတ်နှင့် အလုပ်လုပ်နိုင်စွမ်းရှိသည့်၊ အလုပ်၏ တိုးတက်မှုကို အချိန်မီသိရှိအောင်ပြုလုပ်သည့်၊ တာဝန်များကို ထမ်းဆောင်သည့် အလုပ်လုပ်သူများကို လမ်းညွှန်သည့်၊ ကြီးကြပ်သည့်၊ ပဲ့ပြင်ဆုံးမပြီး ပြုပြင်သည့် သူတစ်ဦးမျှမရှိလျှင် အလုပ်ထိရောက်မှုအဆင့်သည် သဘာဝအလျောက် အလွန်နိမ့်ကျမည်ဖြစ်ပြီး အလုပ်၏ ရလဒ်များသည် အလွန်ပင် ညံ့ဖျင်းလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကိုပင် ရှင်းလင်းစွာ မမြင်နိုင်လျှင် ၎င်းတို့သည် မိုက်မဲပြီး မမြင်မကန်းဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်တိုးတက်မှုကို ချက်ချင်း စူးစမ်းရမည်။ နောက်ဆက်တွဲလုပ်ဆောင်ပြီး သဘောပေါက်ရမည်။ တာဝန်ထမ်းဆောင်နေသော လူများတွင်ရှိသည့် မည်သည့်ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်ကို စူးစမ်းရမည်။ ပြီးလျှင် ပိုမိုကောင်းမွန်သော ရလဒ်များရရှိရန်အတွက် မည်သည့်ပြဿနာများအား ဖြေရှင်းသင့်သည်ကို နားလည်ရမည်။ ဤအရာများအားလုံးသည် အလွန်အရေးပါသည်။ ခေါင်းဆောင်အဖြစ် လုပ်ဆောင်နေသောသူသည် ဤအရာများကို ရှင်းလင်းစွာ သိရမည်။ သင့်တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်အတွက် သင်သည် အပေါ်ယံအလုပ်တစ်ခုခုကို လုပ်ဆောင်ပြီး ထို့နောက်တွင် မိမိ၏တာဝန်ကို ကောင်းစွာလုပ်ဆောင်ခဲ့သည်ဟု ထင်သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကဲ့သို့ မဖြစ်ရပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့အလုပ်တွင် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်း လုပ်ဆောင်သည်။ တာဝန်သိစိတ်မရှိ။ ပြဿနာများ ဖြစ်ပေါ်သောအခါ မဖြေရှင်းပေ။ ပြီးလျှင် ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်နေပါစေ အပေါ်ယံသာ လုပ်ဆောင်ပြီး ယင်းကို ဝတ်ကျေတမ်းကျေဆန်စွာ ကိုင်တွယ်သည်။ ၎င်းတို့သည် စကားကြီးစကားကျယ်များသာ ပြောသည်၊ အယူဝါဒများနှင့် အနှစ်မဲ့သောစကားများကို ကရားရေလွှတ်ပြောဆိုသည်။ ပြီးလျှင် ၎င်းတို့အလုပ်၌ ဖြစ်သလိုသာလုပ်ဆောင်သည်။ အကြမ်းဖျဉ်းအားဖြင့် ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်နည်းလမ်းနှင့်ဆိုင်သော အခြေအနေ ဖြစ်သည်။ အန္တိခရစ်များနှင့် ယှဉ်ကြည့်လျှင် အယောင်ဆောင်ခေါင်းဆောင်များသည် လူသိရှင်ကြား ဆိုးယုတ်သော အရာတစ်ခုကိုမျှ မလုပ်ဆောင်သကဲ့သို့ မကောင်းမှုကို တမင်သက်သက် မလုပ်ဆောင်သော်လည်း ၎င်းတို့အလုပ်၏ ထိရောက်မှုကို ကြည့်သောအခါတွင် ၎င်းတို့အား ဝတ်ကျေတမ်းကျေဆန်သူများအဖြစ်၊ ဝန်တာစိတ်မရှိသူများအဖြစ်၊ တာဝန်မဲ့ပြီး မိမိတို့၏ တာဝန်အပေါ် သစ္စာစောင့်သိမှု မရှိသူများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းသည် တရားနည်းလမ်းကျပေသည်။

အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းနှင့် အလုပ်ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုကို နားမလည်၊ သဘောမပေါက်ခြင်းတို့အကြောင်းကို ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အသင်းတော်အလုပ်တွင် ပေါ်ပေါက်လာသည့် ပြဿနာများနှင့် အခက်အခဲများနှင့်ပတ်သက်၍လည်း အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းတို့ကို လုံးဝဂရုမစိုက်ခြင်း သို့မဟုတ် အယူဝါဒအနည်းငယ်ကို ကရားရေလွှတ်ပြောဆိုပြီး ဆောင်ပုဒ်အချို့ကို သံယောင်လိုက်ခြင်းဖြင့် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြသည်။ အလုပ်ကိစ္စအားလုံးအတွက် အလုပ်ကို နားလည်ပြီး နောက်ဆက်တွဲ လုပ်ဆောင်ဖို့ ကြိုးစားရန် အလုပ်ခွင်သို့ ၎င်းတို့ကိုယ်တိုင် လာရောက်သည်ကို မည်သူမျှ မည်သည့်အခါမျှ တွေ့ရမည်မဟုတ်ပေ။ ထိုနေရာတွင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သည်ကို မည်သူမျှ တွေ့ရမည်မဟုတ်သကဲ့သို့ အလုပ်တွင် ချို့ယွင်းချက်များနှင့် လွဲချော်မှုများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်လျက် အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားပြီး ကြီးကြပ်သည်ကိုမူ သာ၍ပင် တွေ့ရမည်မဟုတ်ချေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ ဝတ်ကျေတမ်းကျေ အလုပ်လုပ်သည့်နည်းလမ်း၏ အထင်ရှားဆုံးသော သရုပ်သကန်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များနှင့်မတူဘဲ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန် ရည်ရွယ်ခြင်းမရှိသကဲ့သို့ မကောင်းမှုအမျိုးမျိုးကို လုပ်ဆောင်ပြီး ၎င်းတို့၏ ကိုယ်ပိုင် သီးခြားနိုင်ငံတော်များကို တည်ထောင်ခြင်းလည်း မရှိသော်လည်း ၎င်းတို့၏ အမျိုးမျိုးသော ဝတ်ကျေတမ်းကျေ အပြုအမူများသည် အသင်းတော်၏အလုပ်ကို ကြီးမားစွာ အဟန့်အတားဖြစ်စေရာ ထိုသို့ဖြင့် အမျိုးမျိုးသော ပြဿနာများ အဆုံးမရှိ ပေါ်ပေါက်လာပြီး မဖြေရှင်းရသေးဘဲ ရှိနေလေသည်။ ဤသည်မှာ အသင်းတော်အလုပ်၏ ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုကို ကြီးစွာထိခိုက်စေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း သက်ရောက်မှုရှိစေသည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များကို ဖယ်ရှားရှင်းလင်းသင့်သည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ပေ၊ ၎င်းတို့လုပ်ဆောင်သမျှသည် အစတွင် အရှိန်အဟုန် ကောင်းသော်လည်း အဆုံးတွင် ပျောက်ပျက်သွားသည်။ ၎င်းတို့ ပါဝင်သရုပ်ဆောင်သည့် အခန်းကဏ္ဍမှာ အခမ်းအနားမှူး၏ အခန်းကဏ္ဍဖြစ်သည်၊ ၎င်းတို့သည် ဆောင်ပုဒ်များကို ရွတ်ဆိုပြီး အယူဝါဒများကို တရားဟောကာ အလုပ်ကို အခြားသူများထံ တာဝန်ချပေးပြီး မည်သူက တာဝန်ယူမည်ကို စီစဉ်ပြီးသည့်အခါ ၎င်းတို့အတွက် ပြီးဆုံးသွားလေသည်။ ၎င်းတို့သည် တရုတ်ကျေးလက်ဒေသများတွင် တွေ့ရသည့် ကျယ်လောင်ဆူညံစွာမြည်သည့် အသံချဲ့စက်များနှင့် တူသည်၊ ဤသည်မှာ ၎င်းတို့ ပါဝင်သရုပ်ဆောင်သည့် အခန်းကဏ္ဍ၏ အတိုင်းအတာမျှသာ ဖြစ်သည်။ ၎င်းတို့သည် ကနဦးအလုပ် အနည်းငယ်ကိုသာ လုပ်ဆောင်သည်၊ ကျန်ရှိသည့်အလုပ်အတွက်မူ ၎င်းတို့ကို မည်သည့်နေရာတွင်မျှ မမြင်ရတော့ပေ။ အလုပ်ကိစ္စတစ်ခုချင်းစီသည် မည်သို့ရှိနေသည်၊ စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ထိရောက်မှု ရှိမရှိ စသည့် တိကျသော မေးခွန်းများအတွက်မူ ၎င်းတို့သည် အဖြေများကို မသိကြပေ။ ၎င်းတို့သည် အောက်ခြေအဆင့်နှင့် နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံခြင်း၊ အလုပ်ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုနှင့် အသေးစိတ်အချက်အလက်များကို နားလည်ပြီး သဘောပေါက်ရန် အလုပ်ခွင်သို့ သွားရောက်ခြင်းတို့ကို မည်သည့်အခါမျှ မပြုကြပေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များသည် ခေါင်းဆောင်များအဖြစ် ၎င်းတို့၏ တာဝန်ထမ်းဆောင်စဉ်အတွင်း အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများကို ဖြစ်စေရန် သို့မဟုတ် မကောင်းမှုအမျိုးမျိုးကို လုပ်ဆောင်ရန် ရည်ရွယ်ခြင်း မရှိနိုင်သော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် အလုပ်ကို တုံ့ဆိုင်းသွားစေသည်၊ အသင်းတော်အလုပ်၏ ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုကို နှောင့်နှေးစေသည်၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့၏ တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်နှင့် အသက်ဝင်ရောက်မှု ရရှိရန် မဖြစ်နိုင်အောင် ပြုလုပ်သည်။ ဤသို့ အလုပ်လုပ်ခြင်းဖြင့် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းမှန်ပေါ်သို့ မည်သို့ ဦးဆောင်နိုင်မည်နည်း။ ဤသည်က အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ကြောင်း ပြသသည်။ ၎င်းတို့သည် အသင်းတော်အလုပ် ပုံမှန်တိုးတက်ရန် သေချာစေဖို့အလို့ငှာ ၎င်းတို့ တာဝန်ယူသင့်သည့် အလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ရန်ဖြစ်စေ၊ ယင်းအတွက် လမ်းညွှန်မှုနှင့် ကြီးကြပ်မှုကို ပေးရန်ဖြစ်စေ ပျက်ကွက်သည်၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ရည်ရွယ်ထားသော လုပ်ငန်းဆောင်တာများကို ထမ်းဆောင်ရန် ပျက်ကွက်ပြီး ၎င်းတို့၏ သစ္စာစောင့်သိမှု သို့မဟုတ် တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်သည်။ ဤသည်က အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိကြောင်း၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေသာဖြစ်ကြောင်း အတည်ပြုသည်၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကိုရော ဘုရားသခင်ကိုယ်တော်တိုင်ကိုပါ လှည့်ဖြားပြီး ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ခြင်းအပေါ် ထိခိုက်စေကာ အဟန့်အတားဖြစ်စေသည်။ ဤအဖြစ်မှန်ကို အားလုံး မြင်နိုင်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် အလုပ်ကို အမှန်တကယ် မတတ်ကျွမ်းခြင်း ဖြစ်နိုင်သည်၊ ၎င်းတို့သည် မိမိတို့၏အလုပ်ကို ခေါင်းရှောင်ပြီး တမင်တကာ ဝတ်ကျေတမ်းကျေဖြစ်နေခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် အသင်းတော်အလုပ်ကို ကမောက်ကမဖြစ်စေသည်ဟူသည့်အချက်က ရှိနေဆဲဖြစ်သည်။ အသင်းတော်အလုပ်၏ ကိစ္စတစ်ခုချင်းစီတွင် တိုးတက်မှု တစ်စက်မျှ မရှိဘဲ စုပုံနေသော ပြဿနာများစွာသည် အချိန်ကြာမြင့်စွာ မဖြေရှင်းရသေးဘဲ ရှိနေသည်။ ဤသည်မှာ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေခြင်းအပေါ် သက်ရောက်မှု ရှိစေသည်သာမက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ကြီးစွာ အဟန့်အတားဖြစ်စေသည်။ ဤအချက်များက အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည်သာမက ဧဝံဂေလိကို ဖြန့်ဝေခြင်းအလုပ်အတွက် အဟန့်အတားများ ဖြစ်လာကြောင်းနှင့် အသင်းတော်တွင် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ခြင်းအတွက် ခလုတ်တံသင်းများ ဖြစ်လာကြောင်းကို ပြသရန် လုံလောက်ပေသည်။

အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ဘဲ လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ကြပေ။ ဤသည်မှာ အလုပ်တိုးတက်မှုကို နှောင့်နှေးစေပြီး ယင်း၏ရလဒ်များကို ထိခိုက်သည်သာမက လူအင်အား၊ ပစ္စည်းဥစ္စာ အရင်းအမြစ်များနှင့် ဘဏ္ဍာရေး အရင်းအမြစ်များစွာကို ဖြုန်းတီးလျက် အသင်းတော်၏အလုပ်ကို ကြီးမားသော ဆုံးရှုံးမှုများလည်း ဖြစ်စေသည်။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များသည် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးသင့်သည်။ အချို့လူများက “ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏အလုပ်ကို ကောင်းစွာမလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရမည်ဆိုလျှင် မည်သူမျှ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လိုကြမည် မဟုတ်ပါ” ဟု ဆိုကြသည်။ ထိုသို့သော တာဝန်မဲ့သောလူများသည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ရန် အရည်အချင်း မပြည့်မီပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသူများသည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ ဆိုးယုတ်သောလူများက ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လိုလျှင် ယင်းမှာ ဒုက္ခတစ်ခု မဟုတ်လော။ ဘုရားအိမ်တော်၏ အလုပ်များစွာသည် စီးပွားရေးဆိုင်ရာ အသုံးစရိတ်များ ပါဝင်သောကြောင့် ယင်းတို့ကို စာရင်းပြုစုရန် မလိုအပ်သလော။ ဘုရားသခင်၏ ပူဇော်သက္ကာများသည် လူတို့က မိမိတို့အလိုအတိုင်း ဖြုန်းတီးပြီး အလဟဿပြုနိုင်သည့် အရာတစ်ခုလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို အလဟဿပြုရန် မည်သည့်အခွင့်အရေး ရှိသနည်း။ စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခြင်းအတွက် လျော်ကြေးပေးရမည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်၊ ပြီးလျှင် ဤအရာကို မည်သူမျှ မငြင်းပယ်နိုင်ပေ။ ဥပမာအားဖြင့် လူတစ်ဦးက တစ်လအတွင်း ပြီးစီးအောင် လုပ်ဆောင်နိုင်သည့် အလုပ်တစ်ခုရှိသည်ဟု ဆိုကြပါစို့။ ဤအလုပ်ကို လုပ်ဆောင်ရန် ခြောက်လကြာမြင့်ပါက ကျန်ရှိသော ငါးလ၏ အသုံးစရိတ်များသည် ဆုံးရှုံးမှုတစ်ခု မဖြစ်ပေလော။ ဧဝံဂေလိတရားဟောခြင်းနှင့်ပတ်သက်၍ ငါသည် ဥပမာတစ်ခု ပေးမည်။ လူတစ်ဦးသည် မှန်သော လမ်းခရီးကို စူးစမ်းလေ့လာလိုပြီး တစ်လအတွင်းမှာပင် စည်းရုံး၍ရနိုင်သည်၊ ထို့နောက် ၎င်းသည် အသင်းတော်သို့ ဝင်ရောက်ပြီး ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ခြင်းကို ဆက်လက်ခံယူမည်ဖြစ်ကာ ခြောက်လအတွင်း ၎င်းသည် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်နိုင်သည်ဟု ဆိုကြပါစို့။ သို့သော် ဧဝံဂေလိတရားဟောသူက ဤကိစ္စရပ်အပေါ် ထားရှိသည့် သဘောထားသည် လျစ်လျူရှုခြင်းနှင့် ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များကလည်း ၎င်းတို့၏ တာဝန်ဝတ္တရားများကို လျစ်လျူရှုကာ ထိုလူကို ယုံကြည်လက်ခံလာအောင် လုပ်ရန် နှစ်ဝက်ကြာမြင့်သွားပါက ဤနှစ်ဝက်သည် သူ၏အသက်အတွက် ဆုံးရှုံးမှုတစ်ခု မဖြစ်ပေလော။ သူသည် ကြီးမားသော ကပ်ဘေးများကို ကြုံတွေ့ရပြီး မှန်သော လမ်းခရီးပေါ်တွင် အခြေခံအုတ်မြစ်တစ်ခုကို မချရသေးပါက သူသည် အန္တရာယ်ကျရောက်မည်ဖြစ်ပြီး ဤသည်မှာ ထိုလူတို့အပေါ် တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ ထိုသို့သော ဆုံးရှုံးမှုမျိုးကို ငွေကြေး သို့မဟုတ် ပစ္စည်းဥစ္စာများဖြင့် တိုင်းတာ၍မရနိုင်ပေ။ ထိုလူ၏ သမ္မာတရားကို နားလည်မှုသည် နှစ်ဝက်ကြာအောင် နှောင့်နှေးနေခဲ့ပြီး အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ရာတွင်လည်းကောင်း၊ သူ၏တာဝန်ကို စတင်ထမ်းဆောင်ရာတွင်လည်းကောင်း နှစ်ဝက်ကြာအောင် ကြည့်ကြာစေပါက ဤအတွက် မည်သူက တာဝန်ယူမည်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအတွက် တာဝန်ယူနိုင်သလော။ မည်သူမျှ တစ်စုံတစ်ဦး၏အသက်ကို ဟန့်တားထားခြင်းအတွက် တာဝန်ယူနိုင်စွမ်း မရှိပေ။ ဤတာဝန်ကို မည်သူကမျှ ယူရန် မတတ်နိုင်သည့်အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လုပ်ဆောင်ရန် သင့်တော်သည့်အရာမှာ အဘယ်နည်း။ စကားလုံးလေးလုံး ဖြစ်သည်။ အားကုန်ကြိုးစား။ မည်သည်ကို လုပ်ဖို့ အားကုန်ကြိုးစားရမည်နည်း။ သင်၏ကိုယ်ပိုင်တာဝန်များကို ကျေပွန်ရန် သင်၏မျက်လုံးများဖြင့် တပ်အပ်မြင်နိုင်သမျှကို လုပ်ဆောင်ရင်း သင်၏ကိုယ်ပိုင်စိတ်ဖြင့် တွေးခေါ်ပြီး သင်၏ကိုယ်ပိုင်အစွမ်းအစဖြင့် အောင်မြင်မှုကို ရယူလော့။ ဤသည်မှာ အားကုန်ကြိုးစားခြင်းဖြစ်သည်။ ဤသည်မှာ သစ္စာရှိခြင်းနှင့် တာဝန်သိခြင်းဖြစ်သည်။ ထို့ပြင် ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ကျေပွန်သင့်သည့်တာဝန် ဖြစ်သည်။ အချို့သောခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧဝံဂေလိတရားဟောခြင်းကို လေးနက်သောကိစ္စအဖြစ် မသဘောထားကြပေ။ ၎င်းတို့က “ဘုရားသခင်၏ သိုးတို့သည် ဘုရားသခင်၏ အသံကို ကြားလိမ့်မည်။ စူးစမ်းလေ့လာပြီး လက်ခံသော မည်သူမဆို ကောင်းချီးခံစားရလိမ့်မည်၊ စူးစမ်းလေ့လာခြင်းမပြုဘဲ လက်မခံသော မည်သူမဆို ကောင်းချီးခံစားရမည်မဟုတ်ဘဲ ကပ်ဘေးတစ်ခုတွင် သေထိုက်သည်” ဟု တွေးထင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားဘဲ ဧဝံဂေလိအလုပ်အတွက် ဝန်တာထားစိတ် မရှိကြပေ၊ ၎င်းတို့သည် အသင်းတော်သို့ ယခုတင် ဝင်ရောက်လာသော လူသစ်များအတွက်လည်း တာဝန်မယူကြသကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း အလေးအနက်မထားကြဘဲ မိမိတို့၏ အဆင့်အတန်း၏ အကျိုးကျေးဇူးများတွင် မွေ့လျော်ခံစားနေခြင်းကို အစဉ်သဖြင့် အာရုံစိုက်ကြသည်။ မည်မျှများသောလူတို့က မှန်သော လမ်းခရီးကို စူးစမ်းလေ့လာပါစေ ၎င်းတို့သည် နောက်ကွယ်မှကြိုးကိုင်သူ သို့မဟုတ် အရာရှိတစ်ဦးကဲ့သို့ ပြုမူလျက် ကြုံရာကျပန်းနေသည့် စိတ်ဓာတ်ကို အစဉ်သဖြင့် ထားရှိကာ လုံးဝစိုးရိမ်ပူပန်ခြင်း မရှိကြပေ။ အလုပ်သည် မည်မျှပင် အရေးကြီးပါစေ၊ အလျင်လိုပါစေ ၎င်းတို့သည် အခင်းဖြစ်ပွားရာနေရာသို့ မည်သည့်အခါမျှ မလာကြသကဲ့သို့ အလုပ်အခြေအနေကို စုံစမ်းမေးမြန်းပြီး နားလည်ခြင်း သို့မဟုတ် အလုပ်ကို လိုက်လံစစ်ဆေးပြီး ပြဿနာများကို ဖြေရှင်းခြင်းတို့ကိုလည်း မပြုကြပေ။ ၎င်းတို့သည် တာဝန်များကို စီစဉ်ပေးရုံသာပြုပြီး မိမိတို့၏အလုပ် ပြီးပြတ်သွားပြီဟု ထင်မှတ်ကြကာ ဤသည်မှာ အလုပ်လုပ်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဝတ်ကျေတမ်းကျေဖြစ်ခြင်း မဟုတ်လော။ ဤသည်မှာ အထက်လူကိုရော အောက်လူကိုပါ နှစ်ဦးစလုံးကို လှည့်ဖြားခြင်း မဟုတ်လော။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဘုရားသခင် အသုံးပြုရန် သင့်တော်ပါသလော။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ အရာရှိများနှင့် တူနေကြသည် မဟုတ်လော။ ၎င်းတို့က “ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းသည် ရာထူးတစ်ခုကို ထမ်းဆောင်ခြင်းနှင့် တူပြီး လူတစ်ဦးသည် ဤအဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားသင့်သည်။ ရာထူးထမ်းဆောင်ခြင်းက ကျွန်ုပ်ကို ကိစ္စရပ်အားလုံးတွင် ရှိနေခြင်းမှ ကင်းလွတ်ခွင့်ပေးသည့် ဤအခွင့်ထူးကို ပေးအပ်သည်။ ကျွန်ုပ်သည် အလုပ်နေရာတွင် အမြဲရှိနေပြီး အလုပ်ကို လိုက်လံစစ်ဆေးကာ အခြေအနေကို နားလည်နေမည်ဆိုလျှင် မည်မျှ ပင်ပန်းလိုက်မည်ဖြစ်ခြင်း၊ မည်မျှ သိက္ခာကျလိုက်မည်ဖြစ်ခြင်း။ ထိုသို့သော ပင်ပန်းနွမ်းနယ်မှုကို ကျွန်ုပ် လက်မခံနိုင်ပါ” ဟု စဉ်းစားကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များ အလုပ်လုပ်သည့် ပုံစံအတိအကျဖြစ်သည်၊ ၎င်းတို့သည် မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ ကိုယ်စိတ်ချမ်းသာမှုကို ငမ်းငမ်းတက် လိုချင်ခြင်းနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားခြင်းကိုသာ အရေးစိုက်ကြပြီး မည်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျှ လုံးဝကင်းမဲ့နေကြသည်။ ထိုသို့သော ကပ်ပါးကောင်များကို အမှန်တကယ် ဖယ်ရှားရှင်းလင်းသင့်ပြီး ၎င်းတို့ အပြစ်ပေးခံရလျှင်ပင် ယင်းမှာ ၎င်းတို့နှင့်တန်ပေသည်။ အချို့သောခေါင်းဆောင်များနှင့် အမှုဆောင်များသည် နှစ်ပေါင်းများစွာ အသင်းတော်အလုပ်ကို လုပ်ဆောင်ခဲ့သော်လည်း သက်သေခံရန် မဆိုထားနှင့်၊ ဧဝံဂေလိတရားကို မည်သို့ဟောပြောရမည်ကိုပင် မသိကြပေ။ သင်သည် ၎င်းတို့ကို ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများထံ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော ရူပါရုံများနှင့်ပတ်သက်သည့် သမ္မာတရားအားလုံးကို မိတ်သဟာယဖွဲ့ရန် တောင်းဆိုပါက ၎င်းတို့သည် မတတ်နိုင်ကြပေ။ “သင်သည် ရူပါရုံ၏ သမ္မာတရားနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရန် ကြိုးစားအားထုတ်ခဲ့ဖူးပါသလော” ဟု မေးမြန်းသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များက “အဘယ်ကြောင့် ကျွန်ုပ်သည် ထိုသို့သော ကြိုးစားအားထုတ်မှုကို ပြုရမည်နည်း။ ကျွန်ုပ်၏ မြင့်မားသော အဆင့်အတန်းနှင့်ဆိုလျှင် ထိုတာဝန်သည် ကျွန်ုပ်အတွက် မဟုတ်ပါ၊ ယင်းကို လုပ်ဆောင်ရန် အခြားသူများစွာ ရှိပါသည်” ဟု စိတ်ထဲတွင် တွေးတောကြသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ ၎င်းတို့သည် နှစ်ပေါင်းများစွာ အသင်းတော်အလုပ်ကို လုပ်ဆောင်ခဲ့ကြသည့်တိုင် ဧဝံဂေလိအား မည်သို့တရားဟောရမည်ကို မသိကြပေ။ ပြီးလျှင် သက်သေခံခြင်းနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် ယင်းကို ၎င်းတို့အတွက် လုပ်ဆောင်ပေးရန် ဧဝံဂေလိဟောပြောသူတစ်ဦးကို ရှာဖွေရသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် ဧဝံဂေလိတရားကို မဟောပြောနိုင်၊ သက်သေမခံနိုင်၊ သို့မဟုတ် ရူပါရုံများနှင့်ပတ်သက်သည့် သမ္မာတရားများအကြောင်းကို လူတို့နှင့် မိတ်သဟာယမဖွဲ့နိုင်ပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သင်၏ တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ သင်သည် ယင်းတို့ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးပြီလော။ သင်သည် မိမိတွင် ရှိပြီးသားအရာကို အားကိုး၍ နေနေခြင်းမျှသာလော။ သင်၌ ရှိသည့်အရာမှာ အဘယ်နည်း။ သင့်တွင် ရှိပြီးသားအရာကို အားကိုး၍ နေရန် မည်သူက သင့်ကို အခွင့်အာဏာပေးခဲ့သနည်း။ အချို့သော ဧဝံဂေလိအဖွဲ့ ကြီးကြပ်ရေးမှူးများသည် အခြားသူများ ဧဝံဂေလိတရားဟောနေသည်ကို စောင့်ကြည့်လေ့လာခြင်းနှင့် နားထောင်ခြင်းပင် မည်သည့်အခါမျှ မပြုဖူးကြပေ။ ၎င်းတို့သည် နားထောင်ရန် ဂရုမစိုက်၊ စိတ်မဝင်စား၊ အလွန်ဒုက္ခများလှသည်ဟု ထင်မြင်ပြီး စိတ်ရှည်သည်းခံမှု ကင်းမဲ့ကြသည်။ သင်တို့ မသိကြသလော၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ခေါင်းဆောင်များ၊ အရာရှိများဖြစ်ကြသည်ဟု ထင်ကြသောကြောင့် ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သော ဤတာဝန်များကို မလုပ်ဆောင်ဘဲ ညီအစ်ကိုမောင်နှမများကို လုပ်ဆောင်စေသည်။ အချို့သော ဧဝံဂေလိအမှုဆောင်များသည် အစွမ်းအစမြင့်မားပြီး အရာခပ်သိမ်းကို အလေးအနက်ထား၍ ချဉ်းကပ်ကာ ရူပါရုံများနှင့်ပတ်သက်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော သမ္မာတရားအချို့ကို နားလည်လိုသော လူတစ်ဦးနှင့် ကြုံတွေ့ရသည်ဟု ဆိုကြပါစို့။ ဧဝံဂေလိအမှုဆောင်များသည် လုံးဝရှင်းလင်းစွာ မိတ်သဟာယမဖွဲ့နိုင်သောကြောင့် ၎င်းတို့၏ ခေါင်းဆောင်များကို လုပ်ဆောင်ခိုင်းသည်။ ခေါင်းဆောင်များသည် ပြောစရာစကားမရှိဖြစ်သွားကြပြီး “ဤအလုပ်ကို ကျွန်ုပ်ကိုယ်တိုင် မည်သည့်အခါမျှ မလုပ်ဆောင်ဖူးပါ။ သင်တို့ သွားလုပ်ကြပါ၊ ကျွန်ုပ်သည် သင်တို့ကို နောက်မှ အားကိုးရာအဖြစ်မည်။ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကျွန်ုပ်သည် ယင်းတို့ကို ပြုပြင်ရာတွင် သင်တို့အား ကူညီပေးပါမည်၊ ကျွန်ုပ် သင်တို့ကို ထောက်ခံပါသည်။ စိတ်မပူပါနှင့်။ ကျွန်ုပ်တို့တွင် ဘုရားသခင်ရှိနေလျှင် အဘယ်အရာကို ကြောက်ရမည်နည်း။ တစ်စုံတစ်ဦးက မှန်သော လမ်းခရီးကို ရှာဖွေသည့်အခါ သင်တို့သည် ရူပါရုံများ၏ သမ္မာတရားများအကြောင်း သက်သေခံခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ကျွန်ုပ်သည် အသက်ဝင်ရောက်မှု၏ သမ္မာတရားများအကြောင်း မိတ်သဟာယဖွဲ့ရန်သာ တာဝန်ရှိပါသည်။ သက်သေခံခြင်းအလုပ်သည် သင်တို့ ထမ်းရမည့် ဝန်ထုပ်ဝန်ပိုးဖြစ်သည်၊ ကျွန်ုပ်ကို အားမကိုးပါနှင့်” ဟု ပြောဆိုလျက် ဆင်ခြေများပင် ပေးကြသည်။ ဧဝံဂေလိတရားဟောရာတွင် သက်သေခံခြင်း၏ အရေးကြီးသော အခိုက်အတန့်သို့ ရောက်သည့်အခါတိုင်း ၎င်းတို့သည် ပုန်းရှောင်နေကြသည်။ ၎င်းတို့တွင် သမ္မာတရားကင်းမဲ့ကြောင်းကို အပြည့်အဝ သိရှိကြသည်၊ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့်များ မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ရန် ကြိုးစားအားထုတ်ခြင်း မပြုကြသနည်း။ ၎င်းတို့တွင် သမ္မာတရားကင်းမဲ့ကြောင်းကို ကောင်းစွာသိလျက်နှင့် ၎င်းတို့သည် အဘယ်ကြောင့်များ ခေါင်းဆောင်များဖြစ်လာရန် အမြဲတမ်း အသည်းအသန် ကြိုးစားကြသနည်း။ ၎င်းတို့တွင် ပင်ကိုစွမ်းရည်ဟူ၍ တစ်စက်မျှ မရှိသည့်တိုင် မည်သည့်အရာရှိရာထူးကိုမဆို လက်ခံရန် သတ္တိရှိကြသည်၊ သင်သာ ခွင့်ပြုပါက ဧကရာဇ်ရာထူးကိုပင် ယူကြလိမ့်မည်၊ ၎င်းတို့သည် အလွန်အရှက်မဲ့လှသည်။ ၎င်းတို့ မည်သည့်ခေါင်းဆောင်မှုအဆင့်ကို ထမ်းဆောင်ပါစေ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်တိုင် လိပ်ပြာမသန့်ခြင်း စိုးစဉ်းမျှ မရှိဘဲ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့ခံစားဝံ့ကြသည်။ ၎င်းတို့သည် လုံးဝ အရှက်မရှိသောလူများ မဟုတ်လော။ သင့်ကို နိုင်ငံခြားဘာသာစကားဖြင့် ပြောဆိုရန် တောင်းဆိုခံရပြီး သင်မ​ေပြောနိုင်ပါက ယင်းကို လူတိုင်း နားလည်နိုင်မည်ဖြစ်သည်။ သို့သော် သင်၏မိခင်ဘာသာစကားဖြင့် ရူပါရုံများ၏ သမ္မာတရားများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိတ်သဟာယဖွဲ့ခြင်းသည် ဖြစ်နိုင်သင့်သည် မဟုတ်လော။ သုံးနှစ်မှ ငါးနှစ်အထိသာ ယုံကြည်ခဲ့သောလူများကို သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ခြင်းအတွက် ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်သည်။ သို့သော် အချို့သည် ဘုရားသခင်ကို နှစ်ပေါင်း ၂၀ နီးပါး ယုံကြည်ခဲ့ကြပြီး ရူပါရုံများနှင့်ပတ်သက်သည့် သမ္မာတရားများကို မည်သို့မျှ မိတ်သဟာယမဖွဲ့နိုင်ကြသေးပေ၊ ထိုသို့သောလူများသည် အသုံးမကျသူများ၊ ဆန်ကုန်မြေလေးများ မဟုတ်လော။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခသည့်တိုင် ရူပါရုံများအကြောင်း သမ္မာတရားများကို မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိကြောင်း ကြားရသည်မှာ ငါ့ကို အံ့အားသင့်စေသည်။ ဤအရာကို ကြားပြီးနောက် သင်တို့အားလုံး မည်သို့ ခံစားရသနည်း။ ယင်းမှာ စိတ်ကူး၍ပင်မရနိုင်သောအရာ မဟုတ်လော။ ဤနှစ်များတစ်လျှောက်လုံး ၎င်းတို့သည် မိမိတို့၏အလုပ်ကို မည်သို့ လုပ်ဆောင်နေခဲ့ကြသနည်း။ တေးဂီတရေးစပ်ခြင်းအတွက် လမ်းညွှန်မှုပေးရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့သည် မည်သို့လုပ်ဆောင်ရမည်ကို မသိကြဘဲ ဤအထူးပြုနယ်ပယ်သည် အလွန်ခက်ခဲပြီး သာမန်လူ နားလည်နိုင်သည့်အရာတစ်ခု မဟုတ်ဟု ဆိုကြသည်။ အနုပညာထုတ်လုပ်ခြင်းအလုပ်တွင် သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်တွင် လမ်းညွှန်မှုပေးရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့က ဤအလုပ်များသည် ၎င်းတို့ကိုင်တွယ်ရန်အတွက် အလွန်မြင့်မားသော နည်းပညာကျွမ်းကျင်မှုအဆင့် လိုအပ်သည်ဟု အခိုင်အမာဆိုကြသည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့သည် မိမိတို့၏ ပညာရေးအဆင့်သည် အလွန်နိမ့်ကျပြီး မည်သို့ရေးသားရမည်ကို မသိကြောင်းနှင့် ယင်း၌ မည်သည့်အခါမျှ လေ့ကျင့်မှုမရှိခဲ့ကြောင်း ဆိုကြသည်။ ၎င်းတို့သည် ဤသို့သောအလုပ်မျိုးများကို မထမ်းဆောင်နိုင်ပါက ယင်းမှာ ခွင့်လွှတ်နိုင်ဖွယ်ဖြစ်သော်လည်း ဧဝံဂေလိအလုပ်သည် ပင်ကိုအားဖြင့် ၎င်းတို့၏ တာဝန်တွင် ပါဝင်၏။ ၎င်းတို့သည် ဤအလုပ်နှင့် အလွန်ပင် ရင်းနှီးပြီးသားဖြစ်သည်၊ ယင်းမှာ ၎င်းတို့အတွက် လွယ်ကူသင့်သည် မဟုတ်လော။ ရူပါရုံများအကြောင်း သမ္မာတရားများကို မိတ်သဟာယဖွဲ့ခြင်း၏ အရေးကြီးဆုံးသော ကဏ္ဍမှာ အလုပ်၏ အဆင့်သုံးဆင့်၏ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရန်ဖြစ်သည်။ ကနဦးတွင် လူတို့သည် ယင်းကို လုပ်ဆောင်ရာတွင် အတွေ့အကြုံများစွာ မရှိဘဲ ကောင်းစွာ မိတ်သဟာယမဖွဲ့နိုင်သော်လည်း ယင်းကို လေ့ကျင့်သည်မှာ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ပို၍မိတ်သဟာယဖွဲ့လေ ပို၍ကောင်းမွန်စွာ မိတ်သဟာယဖွဲ့နိုင်လေဖြစ်လာသည်မှာ စနစ်ကျသောနည်းလမ်းဖြင့် တိကျရှင်းလင်းသော ဘာသာစကားနှင့် ကောင်းမွန်သော စကားအသုံးအနှုန်းဖြင့် ပြောဆိုနိုင်လာသည်။ ဤသည်မှာ ခေါင်းဆောင်များ ကျွမ်းကျင်သင့်သည့် အထူးပြုအလုပ်၏ သတ်သတ်မှတ်မှတ်ဖြစ်သော နယ်ပယ်တစ်ခု မဟုတ်လော။ ဤသည်မှာ ငါးကို ကုန်းပေါ်တွင် အသက်ရှင်နေထိုင်ခိုင်းသကဲ့သို့ မဟုတ်ပေ၊ ဟုတ်သလော။ (မဟုတ်ပါ။) သို့သော် ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်အနည်းငယ်ကိုပင် လုပ်ဆောင်ရန် အရည်အချင်း မရှိကြပေ။ သို့တိုင် ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေကြသေးသလော။ ၎င်းတို့သည် အဘယ်ကြောင့်များ ထိုရာထူးကို ဆက်လက်ယူထားကြသနည်း။ အချို့လူများက “ကျွန်ုပ်သည် အတွေးအခေါ် နားဝေတိမ်တောင်ဖြစ်ပြီး မရှင်းလင်းသူ၊ ယုတ္တိမရှိသူဖြစ်ပြီး ရူပါရုံများနှင့်ပတ်သက်သည့် သမ္မာတရားများအကြောင်း ပြောဆိုရာတွင် ထိုမျှမတော်ပါ” ဟု ဆိုကြသည်။ ထိုသို့ဖြစ်ပါက သင်သည် ဧဝံဂေလိအလုပ်တွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော ချို့ယွင်းချက်များနှင့် လွဲချော်မှုများကို ဖော်ထုတ်ပြီး ဖြေရှင်းနိုင်သလော။ သင်သည် ယင်းတို့ကို မဖော်ထုတ်နိုင်ပါက သင်သည် ယင်းတို့ကို ဖြေရှင်းနိုင်မည်လည်း မဟုတ်ပေ။ အယောင်ဆောင်ခေါင်းဆောင်များက ဧဝံဂေလိအလုပ်ကို တာဝန်ယူနေစဉ်အတွင်း စိစစ်ခြင်း သို့မဟုတ် ကြီးကြပ်ခြင်း အခန်းကဏ္ဍတွင် မည်သို့မျှ ပါဝင်ခြင်းမရှိပေ၊ ၎င်းတို့သည် မိမိတို့အောက်ရှိသူများကို ၎င်းတို့အလိုရှိသလို ပြုလုပ်ခွင့်ပေးရုံသာ ပြုကြရာ ထိုသို့ဖြင့် မည်သူမဆို မိမိတို့အလိုရှိသလို အမှုအရာများကို လုပ်ဆောင်နိုင်ပြီး မိမိတို့အလိုရှိသော မည်သူ့ကိုမဆို တရားဟောနိုင်သည်၊ ကျင့်သုံးသော စည်းမျဉ်းများ သို့မဟုတ် စံနှုန်းများ လုံးဝ မရှိပေ။ အချို့လူများသည် မိမိတို့အမှုအရာများကို လုပ်ဆောင်သည့်အခါ စိတ်ကူးပေါက်သလို ပြုမူကြပြီး ဆင်ခြင်တုံတရားနှင့် အထူးသဖြင့် စည်းမျဉ်းများ ကင်းမဲ့ကာ မကောင်းမှုများကို မဆင်မခြင် ကျူးလွန်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤကိစ္စရပ်များကို လုံးဝ ရှာဖွေတွေ့ရှိရန် သို့မဟုတ် ဖော်ထုတ်ရန် ပျက်ကွက်ကြသည်။

တောင်အမေရိကနှင့် အာဖရိကတွင် အချို့သောဆင်းရဲသားများသည် ဧဝံဂေလိအလုပ်မှတစ်ဆင့် အသင်းတော်ထဲသို့ ဆောင်သွင်းခြင်းခံခဲ့ရသည်ဟု ဆိုကြသည်။ ဤလူများတွင် ပုံမှန်ဝင်ငွေမရှိဘဲ အစားအစာ လုံလောက်စွာရရှိရေးနှင့် ရှင်သန်ရေးသည်ပင် ပြဿနာများဖြစ်စေသည်။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ “ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်ပြီး ကယ်တင်ခြင်းခံရရန်အတွက် လူတစ်ဦးသည် ဦးစွာ အစားအစာ လုံလောက်စွာ စားသုံးရမည်၊ ဟုတ်သည် မဟုတ်လော။ သို့ဆိုလျှင် ဘုရားအိမ်တော်က ကယ်ဆယ်ရေးကို ထောက်ပံ့ပေးသင့်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပါက ကျွန်ုပ်တို့သည် ၎င်းတို့ထံ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်အနည်းငယ်ကို ဖြန့်ဝေပေးနိုင်ပါသည်။ ၎င်းတို့တွင် ကွန်ပျူတာ သို့မဟုတ် ဖုန်းများ မရှိပါ၊ ထို့ကြောင့် ၎င်းတို့က တာဝန်များထမ်းဆောင်ရန် တောင်းဆိုပါက ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် တာဝန်များကို စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်လိုခြင်း ရှိမရှိကို ကြည့်ရန် စုံစမ်းမေးမြန်းမှုအချို့ ပြုလုပ်ပါ” ဟု ပြောဆိုခဲ့သော ခေါင်းဆောင်များ ရှိခဲ့သည်။ စုံစမ်းမေးမြန်းခြင်းမှတစ်ဆင့် ဤလူများသည် လက်ရှိတွင် ငွေမရှိကြောင်း၊ သို့သော် ၎င်းတို့တွင် ငွေရှိပြီး ဗိုက်ဝအောင် စားနိုင်ပါက ဧဝံဂေလိတရားဟောရန်နှင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် အပြင်ထွက်လိုကြမည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဤအခြေအနေများကို နားလည်ပြီးနောက် ခေါင်းဆောင်များသည် ကယ်ဆယ်ရေး ရန်ပုံငွေများကို လစဉ်ထုတ်ပေးလျက် စတင် ဖြန့်ဝေခဲ့သည်။ ဤလူများအတွက် အစားအစာနှင့် ယာယီနေရာထိုင်ခင်း၊ အင်တာနက်ဖိုးပင်လျှင်၊ ဖုန်းများ၊ ကွန်ပျူတာများနှင့် အခြားစက်ပစ္စည်းများအား ဘုရားအိမ်တော်၏ ငွေဖြင့် ပေးချေခဲ့သည်။ ဤလူများထံ ငွေဖြန့်ဝေခြင်းသည် ဧဝံဂေလိအလုပ်ကို ဖြန့်ဝေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ ရှင်သန်မှုအတွက် ကယ်ဆယ်ရေးကို ထောက်ပံ့ပေးရန်သာ ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီခဲ့သလော။ (မကိုက်ညီပါ။) ဧဝံဂေလိတရားဟောသည့်အခါနှင့် အသက်မွေးဝမ်းကျောင်းနည်းလမ်းမရှိသော ဆင်းရဲသားများကို ကြုံတွေ့သည့်အခါ ၎င်းတို့သည် ဤအလုပ်၏အဆင့်ကို လက်ခံနိုင်သမျှကာလပတ်လုံး ၎င်းတို့ကို အကူအညီ ပေးသင့်သည်ဟူသော စည်းမျဉ်းတစ်ခု ဘုရားအိမ်တော်၌ ရှိပါသလော။ ထိုသို့သော စည်းမျဉ်းတစ်ခု ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် ဤခေါင်းဆောင်များသည် မည်သည့်စည်းမျဉ်းအပေါ်တွင် ၎င်းတို့ထံ ကယ်ဆယ်ရေး ရန်ပုံငွေများကို ဖြန့်ဝေခဲ့ကြသနည်း။ ၎င်းတို့က ဘုရားအိမ်တော်တွင် ငွေရှိသော်လည်း သုံးစွဲရန်နေရာမရှိဟု ထင်သောကြောင့်လော၊ သို့မဟုတ် ဤလူများကို အလွန်သနားစရာကောင်းသည်ဟု ယူဆသောကြောင့်လော၊ သို့မဟုတ် ဤလူတို့သည် ဧဝံဂေလိတရားကို ဖြန့်ဝေရာတွင် ကူညီကြလိမ့်မည်ဟု မျှော်လင့်သောကြောင့်လော။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အတိအကျ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်အရာကို စွမ်းဆောင်ရရှိရန် ကြိုးစားနေခဲ့ကြသနည်း။ ဖုန်းများ၊ ကွန်ပျူတာများနှင့် နေထိုင်စရိတ်များကို ဖြန့်ဝေခြင်းနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် ကြီးစွာသော စိတ်အားထက်သန်မှုကို ပြသခဲ့ကြသည်၊ ၎င်းတို့သည် အခြားသူများအား အကျိုးပြုသည့် ထိုသို့သောအလုပ်တွင် ပါဝင်ခြင်းကို နှစ်သက်ခဲ့ကြသည်၊ အကြောင်းမှာ ယင်းက ၎င်းတို့အား ဤလူတိုအား မျက်နှာလုပ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို စည်းရုံးသိမ်းသွင်းခွင့်ရသောကြောင့်ဖြစ်ကာ ၎င်းတို့သည် ဤသို့သော တာဝန်မျိုးတွင် အထူးသဖြင့် စိတ်အားထက်သန်ကြသဖြင့် ပို၍ပို၍ လုပ်ဆောင်ကြပြီး အရှက်တရား စိုးစဉ်းမျှ မရှိခဲ့ကြပေ။ ဤသည်မှာ လူတို့ထံ မျက်နှာလုပ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို စည်းရုံးသိမ်းသွင်းရန် ဘုရားသခင်၏ငွေကို အသုံးပြုနေခြင်းဖြစ်သည်။ အမှန်တကယ်တွင် ဤဆင်းရဲသော လူပုဂ္ဂိုလ်များသည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ခဲ့ကြပေ၊ ၎င်းတို့သည် မိမိတို့၏ဗိုက်ကို ဖြည့်တင်းရန်နှင့် အသက်မွေးဝမ်းကျောင်းပြုရန် နည်းလမ်းတစ်ခုကို ရှာဖွေရန်သာ ကြိုးစားနေခဲ့ကြခြင်းဖြစ်သည်။ ထိုသို့သောလူများသည် သမ္မာတရား သို့မဟုတ် ကယ်တင်ခြင်းကို ရရှိရန် ရှာဖွေနေခဲ့ကြခြင်း မဟုတ်ပေ။ ဘုရားသခင်သည် ဤလူများကို ကယ်တင်မည်လော။ အချို့သည် တာဝန်တစ်ခုကို ထမ်းဆောင်လိုလျှင်ပင် စိတ်ရင်းမှန်ဖြင့် မဟုတ်ဘဲ ဖုန်းများနှင့် ကွန်ပျူတာများ၊ ဘဝ၏ သက်သောင့်သက်သာရှိမှုများအတွက် လိုအင်ဆန္ဒ၏ စေ့ဆော်မှုကြောင့်သာ ဖြစ်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို ဂရုမစိုက်ခဲ့ပေ၊ တစ်စုံတစ်ဦးက တာဝန်တစ်ခုကို ထမ်းဆောင်လိုသမျှ ကာလပတ်လုံး ၎င်းတို့သည် ထိုသူတို့ကို ဂရုစိုက်ခဲ့ကြပြီး အိမ်ရာနှင့် အစားအစာအတွက် ငွေထောက်ပံ့ပေးရုံသာမက ကွန်ပျူတာများ၊ ဖုန်းများနှင့် အမျိုးမျိုးသော စက်ပစ္စည်းများကိုလည်း ဝယ်ယူပေးခဲ့ကြသည်။ သို့သော် ဤလူများသည် မိမိတို့၏တာဝန်များကို အကျိုးတစ်စက်မျှ စွမ်းဆောင်ရရှိခြင်း မရှိဘဲ ထမ်းဆောင်ခဲ့ကြသည်မှာ ထင်ရှားပေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ငွေကို လွှင့်ပစ်နေခဲ့ကြသည်သာ မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ ရက်ရောမှုကို ပြသရန် ဘုရားအိမ်တော်၏ငွေကို အသုံးပြုနေခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်လော။ (မဟုတ်ပါ။) ဤသူတို့သည် အယောင်ဆောင်ခေါင်းဆောင်များ မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များသည် ကောင်းမြတ်ဟန်ဆောင်ခြင်း၊ စေတနာကောင်းဟန်ဆောင်ခြင်းနှင့် ကြင်နာဟန်ဆောင်ခြင်းတို့ကို နှစ်သက်ကြသည်။ သင်သည် ကြင်နာမှုကို ပြသလိုပါက ကောင်းပါသည်၊ သင်၏ကိုယ်ပိုင်ငွေကိုသာ အသုံးပြုလော့။ ၎င်းတို့တွင် အဝတ်အစားမရှိပါက သင်၏ကိုယ်ပိုင်အဝတ်ကို ချွတ်ပြီး ၎င်းတို့အား ပေးလော့၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို မသုံးစွဲနှင့်။ ဘုရားသခင်၏ ပူဇော်သက္ကာများသည် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်အတွက် ရည်ရွယ်သည်၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ဖြန့်ဝေရန်အတွက် မဟုတ်သကဲ့သို့ ဆင်းရဲသားများကို အကူအညီ ပေးရန်အတွက်လည်း သေချာပေါက် မဟုတ်ပေ။ ဘုရားအိမ်တော်သည် လူမှုဖူလုံရေး အဖွဲ့အစည်းတစ်ခု မဟုတ်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြသကဲ့သို့ သမ္မာတရား သို့မဟုတ် အသက်ကို ထောက်ပံ့ပေးရန်မှာ သာ၍ပင် မတတ်နိုင်ကြပေ။ ၎င်းတို့သည် လူတို့ထံ မျက်နှာလုပ်ပြီး မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် ဘုရားသခင်၏ ပူဇော်သက္ကာများကို အသုံးပြု၍ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ဖြန့်ဝေရန်ကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အရှက်မရှိသော အမွေဖြုန်းသူများ မဟုတ်လော။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များကို တွေ့ရှိပါက မည်သူမဆို ၎င်းတို့ကို အချိန်မီ ဖော်ထုတ်ပြီး တားဆီးနိုင်သလော။ မည်သူမျှ ၎င်းတို့ကို တားဆီးရန် မရပ်တည်ခဲ့ပေ။ အထက်က တွေ့ရှိပြီး ယင်းကို မတားဆီးခဲ့ပါက လူတို့အား အကျိုးကျေးဇူးများ ပေးဆောင်ရန် ဘုရားသခင်၏ငွေကို အသုံးပြုသည့် အလေ့အကျင့်သည် မည်သည့်အခါမျှ အဆုံးသတ်မည်မဟုတ်ပေ။ ထိုဆင်းရဲသားများသည် ပို၍ပို၍ လက်ဖြန့်တောင်းပြီး အစဉ်သဖြင့် ပို၍တောင်းဆိုကြသည်။ ၎င်းတို့သည် မတင်းတိမ်နိုင်ကြချေ။ သင် မည်မျှပင် ပေးပါစေ၊ မည်သည့်အခါမျှ မလုံလောက်ပေ။ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူများသည် ကယ်တင်ခြင်းခံရရန်အလို့ငှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် မိမိတို့၏မိသားစုများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စွန့်လွှတ်နိုင်ကြပြီး ဘဝတွင် အခက်အခဲများ ကြုံတွေ့ရလျှင်ပင် ဘုရားအိမ်တော်ထံမှ အရာများကို အဆက်မပြတ် တောင်းဆိုခြင်းမရှိဘဲ မိမိတို့ဘာသာ ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့ဘာသာ ဖြေရှင်းနိုင်သည့်အရာကို ဖြေရှင်းကြပြီး ဖြေရှင်းနိုင်စွမ်း မရှိသည့်အရာအတွက်မူ ဘုရားသခင်ထံ ဆုတောင်းပြီး တွေ့ကြုံခံစားရန် မိမိတို့၏ယုံကြည်ခြင်းကို အားကိုးကြသည်။ ဘုရားအိမ်တော်က မိမိတို့၏ နေထိုင်စရိတ်များကို ထောက်ပံ့ပေးပြီး မိမိတို့ကို ထောက်ပံ့ပေးရန် မျှော်လင့်လျက် ဘုရားသခင်ထံ အမြဲတမ်း တောင်းရမ်းနေသောသူများသည် လုံးဝ ဆင်ခြင်တုံတရား ကင်းမဲ့နေကြသည်။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်လိုခြင်းမရှိဘဲ ဘဝကို ခံစားလိုကြကာ ဘုရားအိမ်တော်ထံမှ အရာများကို တောင်းဆိုရန် မိမိတို့၏ လက်များကို ဆန့်တန်းရန်သာ သိကြပြီး ထိုသို့ပြုလုပ်လျှင်ပင် မည်သည့်အခါမျှ မလုံလောက်ပေ။ ၎င်းတို့သည် သူတောင်းစားဂိုဏ်း မဟုတ်လော။ ပြီးလျှင် အယောင်ဆောင်ခေါင်းဆောင်များဖြစ်သည့် ဤလူ့ငတုံးများသည် အကျိုးကျေးဇူးများကို ဆက်လက်ပေးကမ်းနေခဲ့ကြပြီး မရပ်တန့်ဘဲ လူတို့၏ ကျေးဇူးတင်မှုကို ရရှိရန် အဆက်မပြတ် နှစ်သက်စေကာ ထိုသို့သောလုပ်ရပ်များသည် ဘုရားသခင်ကို ဘုန်းထင်ရှားစေသည်ဟုပင် တွေးထင်နေကြသည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ အနှစ်သက်ဆုံး လုပ်ဆောင်သည့်အရာများ ဖြစ်သည်။ သို့ဆိုလျှင် ဤကိစ္စရပ်များကို ဖော်ထုတ်နိုင်သူ၊ ဤပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းမြင်နိုင်သူ တစ်စုံတစ်ဦး ရှိသလော။ ခေါင်းဆောင်အများစုသည် “မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်သည် ဧဝံဂေလိအလုပ်ကို တာဝန်ခံမဟုတ်ပါ၊ အဘယ်ကြောင့် ဤအရာများကို ဂရုစိုက်သင့်သနည်း။ သုံးစွဲနေသည့်ငွေမှာ ကျွန်ုပ်၏ငွေ မဟုတ်ပါ။ ကျွန်ုပ်၏ကိုယ်ပိုင်အိတ်ကပ်ထဲမှ ငွေသား မထိခိုက်သမျှကာလပတ်လုံး အဆင်ပြေပါသည်။ သင်တို့သည် သင်တို့အလိုရှိသော မည်သူ့ကိုမဆို ပေးနိုင်သည်၊ ယင်းက ကျွန်ုပ်နှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ထိုငွေသည် ကျွန်ုပ်၏ ပိုက်ဆံအိတ်ထဲသို့ ရောက်လာခြင်း မဟုတ်” ဟု တွေးထင်လျက် မျက်စိမှိတ် လျစ်လျူရှုကြသည်။ ထိုသို့သော တာဝန်မဲ့သောလူများစွာ ရှိနေသော်လည်း ဘုရားအိမ်တော်၏ အလုပ်ကို မည်မျှသောသူတို့က စောင့်ထိန်းနိုင်မည်နည်း။

ယခုအခါတွင် နိုင်ငံရပ်ခြား ဧဝံဂေလိအလုပ်ကို ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့စွာ ဆောင်ရွက်လျက်ရှိသည်။ အချို့နိုင်ငံများတွင် သမ္မာတရားကို လက်ခံနိုင်သောသူ ပို၍များသော်လည်း အခြားနိုင်ငံများတွင်မူ လူတို့၏ အစွမ်းအစက ပို၍နိမ့်ကျရာ ရလဒ်အနေဖြင့် သမ္မာတရားကို လက်ခံနိုင်သောသူ ပို၍နည်းပါးသည်။ အချို့နိုင်ငံများတွင် ယုံကြည်မှု လွတ်လပ်ခွင့် ကင်းမဲ့ပြီး မှန်သောလမ်းခရီးနှင့် ဘုရားသခင်၏ အလုပ်ကို ပြင်းထန်စွာ အတိုက်အခံလုပ်ကြောင်း ပြသကြရာ လူများစွာတို့သည် သမ္မာတရားကို လက်မခံနိုင်ကြပေ။ ထို့အပြင် အချို့နိုင်ငံများ၏ လူတို့သည် အလွန်ခေတ်နောက်ကျပြီး အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြရာ မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ သမ္မာတရားကို နားမလည်နိုင်ကြဘဲ ထိုနေရာရှိ လူတို့သည် သမ္မာတရားကို မမီနိုင်ကြဟု ထင်ရသည်။ ထိုသို့သော နေရာများတွင် ဧဝံဂေလိတရားမဟောသင့်ပေ။ သို့သော်လည်း ဧဝံဂေလိတရားဟောသူတို့သည် ပြဿနာ၏ အနှစ်သာရကို မြင်ရန် အရေးနိမ့်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သောသူတို့အား တရားမဟောဘဲ ပိုမိုလွယ်ကူသည့်အရာများကို လျစ်လျူရှုပြီး ကိုင်တွယ်ရခက်သည့်အရာများကိုသာ မရမက ရှာဖွေကြသည်။ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေပြီး ဖြစ်သည့်အပြင် တရားဟောရန် လွယ်ကူသော နေရာများတွင် ၎င်းတို့ တရားမဟောကြပေ။ ထိုအစား ၎င်းတို့သည် ထိုဆင်းရဲပြီး ခေတ်နောက်ကျသော နေရာများတွင် မရမက ဧဝံဂေလိတရားဟောကြကာ အဆိုးရွားဆုံးသော အစွမ်းအစရှိပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း မရှိသော လူအုပ်စုများအား မရမက တရားဟောပြီး ဘုရားသခင်ကို အပြင်းထန်ဆုံးသော ဘာသာရေး အယူအဆများနှင့် အပြင်းထန်ဆုံးသော အတိုက်အခံလုပ်ခြင်းတို့ရှိသည့် လူမျိုးစုများအား မရမက တရားဟောကြသည်။ ဤသည်မှာ လမ်းလွဲခြင်းတစ်ခု မဟုတ်လော။ ဥပမာအားဖြင့် ခရစ်ယာန်ဘာသာကို ရန်သူအဖြစ် မှတ်ယူပြီး ယင်းကို ညှဉ်းပန်း၍ပင်နှိပ်စက်သည့် ဂျူးဘာသာနှင့် အမြစ်တွယ်နေသော လူမျိုးရေးဘာသာတရားအချို့ကို ကြည့်လော့။ ဤသို့သော နိုင်ငံများနှင့် လူမျိုးစုများ၏ အခြေအနေတွင် လုံးဝ ဧဝံဂေလိ တရားမဟောသင့်ပေ။ အဘယ်ကြောင့် တရားမဟောသင့်သနည်း။ အကြောင်းမှာ တရားဟောခြင်းသည် အချည်းနှီးဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် လူအင်အား၊ ဘဏ္ဍာရေး အရင်းအမြစ်များနှင့် ရုပ်ဝတ္ထု အရင်းအမြစ်များအားလုံးကို အသုံးပြုလျှင်ပင် သိသာထင်ရှားသော ရလဒ်တစ်ခုတလေကိုမျှ မမြင်ရဘဲ သုံးနှစ်၊ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ပင် ကြာသွားနိုင်သည်။ ဤအခြေအနေကို ထောက်ရှု၍ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ အစပိုင်းတွင် ပို၍ကောင်းသည့်အရာကို မသိသဖြင့် ကြိုးစားကြည့်ကောင်း ကြိုးစားကြည့်နိုင်သည်။ သို့သော် ၎င်းတို့အား ကြီးမားသော အဖိုးအခဖြင့် ဧဝံဂေလိတရားဟောခြင်းသည် အဆုံးတွင် ကောင်းသောရလဒ်များကို မလွဲမသွေ ဖြစ်ထွန်းစေမည်မဟုတ်ဟူသည့် အခြေအနေများကို ရှင်းလင်းစွာ မြင်တွေ့ပြီးသည့်အခါတွင်မူ အခြားလမ်းကြောင်းတစ်ခု၊ ရလဒ်များကို စွမ်းဆောင်ရရှိနိုင်သည့် လမ်းကြောင်းတစ်ခုကို ရွေးချယ်ရမည်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ထွင်းဖောက်သိမြင်သင့်သည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို နားမလည်ကြပေ။ နိုင်ငံရပ်ခြားတွင် ဧဝံဂေလိတရားကို မည်သည့်နေရာမှ စတင်ဖြန့်ဝေရမည်နှင့် ပတ်သက်လာလျှင် အချို့က “အစ္စရေးနိုင်ငံမှ စတင်လော့။ အစ္စရေးသည် ဘုရားသခင်၏ အမှုတော် အဆင့်နှစ်ဆင့်အတွက် အခြေစိုက်ရာဖြစ်ခဲ့သဖြင့် ထိုနေရာတွင် တရားဟောရမည်ဖြစ်သည်။ မည်မျှပင် ခက်ခဲပါစေ ကျွန်ုပ်တို့သည် ၎င်းတို့အား တရားဟောခြင်းကို ဇွဲရှိရှိဖြင့် လုပ်ဆောင်ရမည်”ဟု ပြောဆိုကြသည်။ သို့သော်လည်း အချိန်ကြာမြင့်စွာ တရားဟောပြီးနောက်တွင် သိသာထင်ရှားသော ရလဒ်များ မရှိဘဲ စိတ်ပျက်ခြင်းသို့သာ ဆိုက်ရောက်စေသည်။ ဤအချိန်တွင် ခေါင်းဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းသည် အစွမ်းအစနှင့် ဝန်တာထားစိတ် ရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါက ၎င်းက ဤသို့ပြောဆိုမည်ဖြစ်သည်။ “ကျွန်ုပ်တို့၏ ဧဝံဂေလိ တရားဟောခြင်းတွင် စည်းမျဉ်းမရှိပါ၊ ကျွန်ုပ်တို့သည် အခြေအနေအရ လိုက်လျောညီထွေ ပြုမူတတ်ခြင်း မရှိဘဲ ကျွန်ုပ်တို့၏ စိတ်ကူးများကို အခြေခံ၍သာ အမှုအရာများကို ရှုမြင်ကြသည်၊ ယင်းမှာ ကျွန်ုပ်တို့ အလွန်ပင် ရိုးစင်းခြင်း ဖြစ်သည်တကား။ ဤလူတို့၏ မိုက်မဲခြင်း၊ ခေါင်းမာခြင်းနှင့် အဓိပ္ပာယ်မရှိခြင်းတို့သည် ကျွန်ုပ်တို့ မျှော်လင့်ထားသည့်အရာများ မဟုတ်ခဲ့ပါ။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ထောင်ပေါင်းများစွာ ယုံကြည်ခဲ့ကြသောကြောင့် ဘုရားသခင်၏ ဧဝံဂေလိတရားကို ပထမဆုံး ကြားနာသင့်သည်ဟု ကျွန်ုပ်တို့ ထင်မှတ်ခဲ့ကြသော်လည်း ကျွန်ုပ်တို့ မှားယွင်းစွာ ထင်မှတ်ခဲ့ကြသည်၊ ၎င်းတို့သည် အလွန်ပင် အဓိပ္ပာယ်မရှိပါတကား။ အမှန်တကယ်တွင် ဘုရားသခင်သည် ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်နေစဉ်ကပင် ၎င်းတို့ကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ ယခုအခါတွင် ကျွန်ုပ်တို့ ပြန်သွားပြီး ၎င်းတို့အား တရားဟောခြင်းသည် အချည်းနှီး ကြိုးပမ်းမှုတစ်ခုတွင် ပါဝင်ခြင်းသာ ဖြစ်ပေမည်၊ ယင်းမှာ အချည်းနှီး အလုပ်လုပ်ခြင်းနှင့် မိုက်မဲစွာ ပြုမူခြင်းသာ ဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်မှု လွဲမှားခဲ့ကြသည်။ ဘုရားသခင်သည် ဤကိစ္စရပ်အပေါ် အမှုမပြုပါ၊ သို့ဖြစ်၍ ကျွန်ုပ်တို့ လူသားများသည် မည်သည့်နည်းလမ်းများဖြင့် ယင်းကို လုပ်ဆောင်နိုင်မည်နည်း။ ကျွန်ုပ်တို့ ကြိုးစားကြည့်ပြီး ဖြစ်သော်လည်း မည်သို့ပင် တရားဟောပါစေ ၎င်းတို့သည် မှန်သောလမ်းခရီးကို လက်မခံကြပေ။ ကျွန်ုပ်တို့သည် ယခုလောလောဆယ် လက်လျှော့ထားသင့်သည်၊ ၎င်းတို့ကို ဘေးဖယ်ထားသင့်ပြီး လောလောဆယ် ၎င်းတို့ကို အာရုံမစိုက်သင့်ပေ။ ရှာဖွေလိုစိတ်ရှိသောသူများ ရှိပါက ကျွန်ုပ်တို့သည် ၎င်းတို့ကို ကြိုဆိုပြီး ဘုရားသခင်၏ အလုပ်ကို ၎င်းတို့အား သက်သေခံကြမည်။ ရှာဖွေသူ တစ်ဦးတစ်ယောက်မျှ မရှိပါက ကျွန်ုပ်တို့သည် ၎င်းတို့ကို တက်ကြွစွာ ရှာဖွေရန် မလိုအပ်ပေ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိ တရားဟောခြင်း၏ စည်းမျဉ်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် စည်းမျဉ်းများကို လိုက်နာနိုင်သလော။ (မလိုက်နာနိုင်ပါ။) အယောင်ဆောင်ခေါင်းဆောင်များသည် ညံ့ဖျင်းသော အစွမ်းအစရှိကြပြီး ကိစ္စရပ်၏ အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်ကြပေ၊ ၎င်းတို့က “ဣသရေလလူတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ ဖြစ်သည်ဟု ဘုရားသခင် မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် မည်သည့်အချိန်တွင်မျှ ၎င်းတို့ကို လက်မလျှော့နိုင်ပေ။ ၎င်းတို့သည် ပထမနေရာတွင် ရှိသင့်သည်၊ ကျွန်ုပ်တို့သည် အခြားနိုင်ငံများရှိ လူတို့အား တရားမဟောမီ ၎င်းတို့အား ဦးစွာ တရားဟောရန် လိုအပ်သည်။ ဘုရားသခင်၏ အလုပ်သည် အစ္စရေးနိုင်ငံတွင် ဖြန့်ဝေခြင်းခံရမည်ဆိုလျှင် ယင်းမှာ ဘုန်းအသရေ ကြီးမြတ်လိုက်မည် ဖြစ်ခြင်းပါတကား။ ဘုရားသခင်သည် အစ္စရေးနိုင်ငံမှ အရှေ့အရပ်သို့ ဘုန်းအသရေကို ဆောင်ကြဉ်းခဲ့ပြီး ကျွန်ုပ်တို့သည် ထိုဘုန်းအသရေကို အရှေ့အရပ်မှ အစ္စရေးနိုင်ငံသို့ ပြန်လည်ဆောင်ကြဉ်းသင့်ကာ ဘုရားသခင် ပြန်ကြွလာပြီဖြစ်ကြောင်း ၎င်းတို့အား မြင်တွေ့စေသင့်သည်”ဟု ပြောဆိုကြလိမ့်မည်။ ဤသည်မှာ ဆောင်ပုဒ်တစ်ခုမျှသာ မဟုတ်လော။ ဤသည်မှာ အချက်အလက်များနှင့် ကိုက်ညီသလော။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောသူများ ပြောဆိုမည့်အရာ ဖြစ်သည်။ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့် ထိုအယောင်ဆောင်ခေါင်းဆောင်များမူကား ၎င်းတို့သည် ဤအရာများကို အရေးမစိုက်ကြပေ။ ဧဝံဂေလိတရားဟောနေသည့် လူတို့သည် ဤကိစ္စရပ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြသည်မှာ ကြာပြီဖြစ်ပြီး လက်လျှော့ရကောင်းနိုး၊ ဆက်လက်တရားဟောရကောင်းနိုးဖြင့် ဗျာများလျက် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသေမချာ ဖြစ်နေကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤသည်မှာ ပြဿနာတစ်ခုဖြစ်ကြောင်း လုံးဝ သတိမထားမိကြပေ။ ဤလူတို့ လမ်းကြောင်းမရှိသဖြင့် စိုးရိမ်ပူပန်နေကြသည်ကို မြင်သောအခါ ၎င်းတို့က “စိုးရိမ်ပူပန်စရာ အဘယ်အရာ ရှိသနည်း။ ကျွန်ုပ်တို့တွင် သမ္မာတရားနှင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရှိသည်၊ ၎င်းတို့ကို တရားဟောလိုက်ရုံသာ ဖြစ်သည်”ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “သင် နားမလည်ပါ၊ ဤလူတို့ကို တရားဟောရန် အမှန်တကယ် ခက်ခဲပါသည်”ဟု ပြောဆိုသည်။ ခေါင်းဆောင်များက ဖြေရှင်းပေးရန် လိုအပ်သည့် သိသာထင်ရှားသော ကိစ္စရပ်များ အလုပ်တွင် ပေါ်ပေါက်လာသည့်အခါတွင် ထိုခေါင်းဆောင်များသည် ဆောင်ပုဒ်များကို ဟစ်ကြွေးပြီး အနှစ်သာရမရှိသော စကားများကို ပြောဆိုနေဆဲ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များထံမှ မျှော်လင့်ထားသည့် အပြုအမူ ဟုတ်သလော။ ထိုသို့သော ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများကို တရားဟောသင့်သည်၊ မသင့်သည်ကို မေးမြန်းသည့်အခါ ၎င်းတို့က “လူတိုင်းကို တရားဟောသင့်သည်၊ အထူးသဖြင့် ဣသရေလလူတို့ကိုမူ သေချာပေါက် တရားဟောသင့်သည်”ဟု ပြောဆိုကြသည်။ ဤစကားများတွင် ပြဿနာတစ်ခုတလေကို သင်တို့ ကြားသလော။ ဤသည်မှာ ၎င်းတို့ ကိုင်တွယ်ရန် လိုအပ်သည့် ဧဝံဂေလိအလုပ်တွင် လမ်းလွဲခြင်းတစ်ခု၊ ချို့ယွင်းချက်တစ်ခုဖြစ်ကြောင်း ၎င်းတို့ သိကြသလော။ ဤဆန်ကုန်မြေလေးများသည် မသိကြဘဲ ထိုနေရာတွင် စကားကြီးစကားကျယ်များကို ပြောဆိုကာ ဆောင်ပုဒ်များကို ဟစ်ကြွေးနေဆဲဖြစ်သည်၊ ၎င်းတို့သည် အမှန်တကယ်ပင် အသုံးမကျသည့် အမှိုက်သရိုက်များ ဖြစ်ကြပါတကား။ သို့တိုင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပါးနပ်သည်ဟုလည်းကောင်း၊ အစွမ်းအစရှိပြီး ထက်မြက်သည်ဟုလည်းကောင်း ထင်မှတ်ကြသည်။ ဤမျှကြီးမားသော ချို့ယွင်းချက်နှင့် လမ်းလွဲခြင်းတစ်ခု အလုပ်တွင် ပေါ်ပေါက်ခဲ့သည်ကို ၎င်းတို့ သတိပင်မထားမိကြပေ၊ ၎င်းတို့သည် ယင်းကို စတင်ဖြေရှင်းနိုင်မည်လော။ ယင်းမှာ သာ၍ပင် ဖြစ်နိုင်ချေ နည်းပါးသည်။ ဧဝံဂေလိတရားဟောသူတို့အားလုံးသည် အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်၊ ဧဝံဂေလိအလုပ်သည် ထိခိုက်နစ်နာကာ အဟန့်အတားဖြစ်ပြီး ချောမွေ့စွာ ရှေ့မဆက်နိုင်တော့သော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်တွင် ဖြစ်ပေါ်နေသည့် လမ်းလွဲခြင်းအကြောင်းကို အံ့ဩဖွယ်ရာပင် အရိပ်အမြွက်မျှ မသိကြပေ။ လူအများစုသည် အလုပ်တွင် ပြဿနာများ သို့မဟုတ် လမ်းလွဲခြင်းများကို ကြုံတွေ့ရသည့်အခါ မကြာခဏဆိုသလို ဂရုမစိုက်ကြ၊ သတိမပြုမိကြဘဲ မှားယွင်းသော ချဉ်းကပ်နည်းကို မဆင်မခြင်ဘဲ ခေါင်းမာစွာ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည်လည်း အခြေအနေကို ချက်ချင်းနားလည်ပြီး သဘောမပေါက်ပါက ပြဿနာသည် ပြင်းထန်လာပြီး အလုပ်၏ တိုးတက်မှုကို ထိခိုက်သည့်အချိန်၊ လူအများစုက ပြဿနာကို ရှာဖွေတွေ့ရှိနိုင်သည့်အချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အကြံအိုက်သွားကြသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ပျက်ကွက်ခြင်းကြောင့် ဖြစ်ရသည်။ သို့ဆိုလျှင် ၎င်းတို့သည် ထိုသို့သော ပြင်းထန်သည့် အကျိုးဆက်များကို မည်သို့ ရှောင်ရှားနိုင်မည်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ကို ပုံမှန်စစ်ဆေးရမည်ဖြစ်ပြီး အလုပ်၏ လက်ရှိအခြေအနေနှင့် တိုးတက်မှုကို ချက်ချင်းနားလည်ရမည်ဖြစ်သည်။ အလုပ်၏ ထိရောက်မှု မမြင့်မားကြောင်း တွေ့ရှိပါက ၎င်းတို့သည် မည်သည့်အပိုင်းတွင် ချို့ယွင်းချက်များနှင့် ပြဿနာများ ရှိသည်ကို ကြည့်ရှုရမည်ဖြစ်ပြီး ဤသို့တွေးတောဆင်ခြင်ရမည်ဖြစ်သည်။ “ယခုလောလောဆယ် ဤလူတို့သည် အလုပ်များနေပုံရသော်လည်း အဘယ်ကြောင့် သိသာထင်ရှားသော ထိရောက်မှုတစ်စုံတစ်ရာ မရှိရသနည်း။ ဧဝံဂေလိအဖွဲ့၏ အလုပ်ကဲ့သို့ပင် လူများစွာတို့သည် နေ့စဉ် ဧဝံဂေလိတရားဟောပြီး သက်သေခံကြသည့်အပြင် ဤအလုပ်တွင် ပူးပေါင်းဆောင်ရွက်သည့် လူအချို့လည်း ရှိနေသဖြင့် အဘယ်ကြောင့် လစဉ် လူအများအပြားကို မရရှိရသနည်း။ မည်သည့်အပိုင်းတွင် ပြဿနာရှိသနည်း။ ပြဿနာကို မည်သူက ဖြစ်စေနေသနည်း။ ဤလမ်းလွဲခြင်းကို မည်သို့ ဖန်တီးခဲ့သနည်း။ မည်သည့်အချိန်တွင် စတင်ခဲ့သနည်း။ လူတိုင်း ယခုအခါတွင် မည်သည့်အရာကို လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ လက်ရှိ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများသည် မည့်သည့်အခြေအနေ ရှိနေသည်ကိုလည်းကောင်း၊ ဧဝံဂေလိ တရားဟောခြင်း၏ ဦးတည်ရာသည် တိကျမှန်ကန်ခြင်း ရှိမရှိကိုလည်းကောင်း သိရှိရန် ကျွန်ုပ်သည် အဖွဲ့တစ်ခုစီတိုင်းထံ သွားရန် လိုအပ်သည်၊ ဤအရာအားလုံးကို ကျွန်ုပ် စုံစမ်းသိရှိရန် လိုအပ်သည်” ဟူ၍ဖြစ်သည်။ တိုင်ပင်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆွေးနွေးခြင်းတို့မှတစ်ဆင့် အလုပ်ထဲရှိ လမ်းလွဲခြင်းများနှင့် ချို့ယွင်းချက်များသည် တဖြည်းဖြည်း ထင်ရှားလာသည်။ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိပြီးသည်နှင့် ယင်းကို လျစ်လျူရှု၍မရပေ၊ ယင်းကို ဖြေရှင်းရမည်ဖြစ်သည်။ သို့ဆိုလျှင် အလုပ်တွင် ပေါ်ပေါက်သည့် အချို့သော ပြဿနာများ၊ လမ်းလွဲခြင်းများနှင့် ချို့ယွင်းချက်များကို မည်သို့သော ခေါင်းဆောင်မျိုးက ရှာဖွေတွေ့ရှိနိုင်သနည်း။ ဤခေါင်းဆောင်များသည် ဝန်တစ်ခုကို ထမ်းရန်၊ လုံ့လဝီရိယရှိရန်နှင့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်၏ အသေးစိတ်တိုင်းတွင် ပါဝင်ရန် လိုအပ်သည်၊ အပိုင်းတိုင်းကို နောက်လိုက်စစ်ဆေးခြင်း၊ နားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်၊ လူတိုင်း မည်သည့်အရာကို လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ မည်သည့်အလုပ်ကို လုပ်ဆောင်ရန် လူအရေအတွက် မည်မျှက သင့်တော်သည်ကိုလည်းကောင်း၊ ကြီးကြပ်ရေးမှူးများမှာ မည်သူဖြစ်သည်ကိုလည်းကောင်း၊ ဤလူတို့၏ အစွမ်းအစမှာ မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့၏ ထိရောက်မှုမှာ မည်သို့ဖြစ်သည်ကိုလည်းကောင်း၊ အလုပ်သည် မည်သို့ တိုးတက်နေသည်ကိုလည်းကောင်း စသည်တို့ကို သေချာစွာ သိရှိရမည်ဖြစ်သည်။ ဤအရာအားလုံးကို သေချာအောင် လေ့လာစိစစ်ရမည်။ ထို့အပြင် ဧဝံဂေလိအလုပ်၏ အရေးအကြီးဆုံးသော အပိုင်းမှာ ဧဝံဂေလိ တရားဟောသူများတွင် သမ္မာတရား ရှိမရှိ၊ လူတို့၏ အယူအဆများနှင့် ပြဿနာများကို ဖြေရှင်းရန် ရူပါရုံများနှင့်ဆိုင်သော သမ္မာတရားများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်ခြင်း ရှိမရှိ၊ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူတို့ကို လုံးလုံးလျားလျား ယုံကြည်စေရန်အလို့ငှာ ၎င်းတို့၌ လိုအပ်သည့်အရာကို ထောက်ပံ့ပေးနိုင်ခြင်း ရှိမရှိနှင့် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူတို့က ဘုရားသခင်၏ အသံတော်ကို ပို၍ကြားနာနိုင်ရန်အလို့ငှာ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင် စကားစမြည်ပြောဆိုသည့် နည်းလမ်းကို ကျင့်သုံးနိုင်ခြင်း ရှိမရှိ ဖြစ်သည်။ ဥပမာအားဖြင့် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူတစ်ဦးသည် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အရေးပါမှုနှင့်စပ်ဆိုင်သော သမ္မာတရားများအကြောင်းကို လေ့လာလိုသော်လည်း ဧဝံဂေလိ တရားဟောသူတစ်ဦးက ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော အရေးပါမှုအကြောင်းနှင့် ဘာသာရေး အယူအဆများမှာ အဘယ်အရာဖြစ်သည်ကို အမြဲတမ်း ပြောဆိုနေပါက ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ လူတစ်ဦးသည် ၎င်းတို့ မည်သို့ ကယ်တင်ခြင်း ခံရနိုင်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြောင်းအရာမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း လေ့လာလိုရုံသာ ဖြစ်ပါက ဤသည်မှာ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်နှင့်စပ်ဆိုင်သော ရူပါရုံ သမ္မာတရားများအကြောင်း မိတ်သဟာယဖွဲ့ရမည့်အချိန် မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် ဤဧဝံဂေလိ တရားဟောသူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ပါဝင်ကြောင်း သူ၏ ထုတ်ဖော်ချက်နှင့် အခြားထိုသို့သော အကြောင်းအရာများကိုလည်းကောင်း ဆက်လက်ပြောဆိုနေသည်။ တစ်ဖက်လူက ဘုရားသခင်၏ အလုပ်ကို လက်မခံမီတွင် ဧဝံဂေလိ တရားဟောသူသည် ၎င်းတို့အား ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်းကို စတင်ပြောဆိုပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်လေသည်။ ရလဒ်အနေဖြင့် ထိုလူသည် စိတ်ပျက်သွားပြီး ၎င်းတို့ လိုချင်သည့်အရာကို မရရှိဘဲ ဖြေရှင်းရန် လိုအပ်သည့် ၎င်းတို့၏ ပြဿနာများသည် မဖြေရှင်းရသေးဘဲ ကျန်ရှိနေသည်၊ ၎င်းတို့သည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ဆက်လက်စုံစမ်းစစ်ဆေးရန် လိုလားခြင်း မရှိတော့ပေ။ ဤသည်မှာ ဧဝံဂေလိ တရားဟောသူနှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်လော။ ဧဝံဂေလိ တရားဟောသူသည် သမ္မာတရားကို နားမလည်ပေ၊ သို့မဟုတ် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပေသည်၊ သို့ဖြစ်၍ အခြားလူ လိုအပ်သည့်အရာကို လုံးဝ သတိမထားမိ၊ ၎င်းတို့ စကားပြောသည့်အခါ အချက်ကျကျ မပြောနိုင်ဘဲ ရှည်လျားစွာ တောင်စဉ်ရေမရ ပြောဆိုကာ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူ၏ ကိစ္စရပ်များကို လုံးဝ မဖြေရှင်းပေးပေ၊ ဤနည်းဖြင့် ဧဝံဂေလိတရားဟောခြင်းအားဖြင့် ၎င်းတို့သည် လူတို့ကို မည်သို့များ ရရှိနိုင်မည်နည်း။

အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့အလုပ်တွင် ကြုံတွေ့ရသည့် မည်သည့်ကိစ္စရပ်များကိုမဆို လျစ်လျူရှုကြသည်။ ဧဝံဂေလိအလုပ်တွင် မည်သို့သော ပြဿနာများ ပေါ်ပေါက်ပါစေ၊ ဆိုးယုတ်သောလူများက ဤအလုပ်ကို မည်သို့ပင် နှောင့်ယှက်ပြီး ထိခိုက်စေပါစေ ယင်းမှာ ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ဘိသည့်အလား ၎င်းတို့သည် ယင်းတို့ထဲမှ တစ်ခုကိုမျှ အရေးမစိုက်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့အလုပ်တွင် နားဝေတိမ်တောင်ဖြစ်ကြသည်၊ လူတစ်ဦးတစ်ယောက်တွင် တာဝန်ထမ်းဆောင်ရာ၌ ရလဒ်တစ်စုံတစ်ရာ ရှိသည်ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မည်သည့်အကျိုးဆက်များရှိပါစေ လူတို့ကို လွတ်လပ်စွာ ပြုမူခွင့်ပေးလျက် ကြီးကြပ်ခြင်း သို့မဟုတ် စိစစ်ခြင်းလည်းမပြုပေ။ ဤသည်က ဧဝံဂေလိအလုပ်တွင် ပေါ်ပေါက်သည့် လမ်းလွဲခြင်းများနှင့် ချို့ယွင်းချက်များကို မည်သည့်အခါမျှ မဖြေရှင်းရဘဲ ဖြစ်စေကာ မှန်သောလမ်းခရီးကို ရှာဖွေသော ပြောမပြနိုင်လောက်အောင် များပြားသောလူတို့သည် အမြန်ဆုံး ဘုရားသခင်ရှေ့မှောက်သို့ ဆောင်ကြဉ်းခြင်း ခံရရန် မဖြစ်နိုင်ဘဲ အဆုံး၌ ထွက်ခွာသွားကြရသည်။ အချို့သောလူတို့သည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အလုပ်ကို လက်ခံပြီးနောက် ဤသို့ပြောဆိုကြသည်။ “အမှန်တကယ်တွင် လွန်ခဲ့သော သုံးနှစ်က တစ်စုံတစ်ဦးသည် ကျွန်ုပ်အား ဧဝံဂေလိတရားဟောခဲ့ပါသည်။ ကျွန်ုပ် လက်မခံချင်၍သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ဝါဒဖြန့်မှုကို ယုံကြည်၍သော်လည်းကောင်း မဟုတ်ပါ၊ ကျွန်ုပ်အား တရားဟောခဲ့သည့်သူသည် အလွန်ပင် တာဝန်မဲ့လှပါသည်။ ကျွန်ုပ်မေးခဲ့သည့် မေးခွန်းများကို ၎င်းတို့ မဖြေနိုင်ခဲ့သကဲ့သို့ ကျွန်ုပ် သမ္မာတရားကို ရှာဖွေသည့်အခါတွင်လည်း ၎င်းတို့သည် မိတ်သဟာယဖွဲ့ရာ၌ မရှင်းလင်းခဲ့ဘဲ အသုံးမဝင်သော စကားအချို့ကိုသာ ပြောဆိုခဲ့သည်။ ရလဒ်အနေဖြင့် ကျွန်ုပ်လုပ်နိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ စိတ်ပျက်စွာဖြင့် ထွက်ခွာသွားရန်သာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ သုံးနှစ်ကြာ၍ အွန်လိုင်းတွင် စုံစမ်းစစ်ဆေးပြီးနောက် ညီအစ်ကိုမောင်နှမများကို ရှာဖွေကာ မိတ်သဟာယဖွဲ့ပြီးနောက် ဤလူတို့သည် မိမိတို့၏ စိတ်နှလုံးထဲရှိ အယူအဆများနှင့် ရှုပ်ထွေးမှုများအားလုံးကို တစ်ခုပြီးတစ်ခု ဖြေရှင်းခဲ့ကြပြီး ယင်းမှာ ပေါ်ထွန်း၍ အမှုပြုနေသည့် ဘုရားသခင်ဖြစ်ကြောင်း အပြည့်အဝ အတည်ပြုကာ လက်ခံခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့မှတစ်ဆင့် ဘုရားသခင်၏ အလုပ်ကို လက်ခံခြင်း ဖြစ်သည်။ ဧဝံဂေလိတရားဟောခဲ့သည့်သူသည် လွန်ခဲ့သော သုံးနှစ်က သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်ခဲ့ပြီး ၎င်းတို့၏ အယူအဆများနှင့် မေးခွန်းများကို ဖြေရှင်းပေးနိုင်ခဲ့လျှင် ၎င်းတို့သည် သုံးနှစ်စော၍ လက်ခံခဲ့ပေမည်။ ဤသုံးနှစ်တာကာလအတွင်း အသက်တာ ကြီးထွားမှုမှာ အလွန်ပင် နှောင့်နှေးသွားလေခြင်း။ ဤသည်မှာ ဧဝံဂေလိတရားဟောသူတို့ဘက်မှ တာဝန်များကို ပျက်ကွက်ခြင်းဟု မှတ်ယူရမည်ဖြစ်ပြီး ၎င်းတို့ သမ္မာတရားကို နားမလည်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ အချို့သော ဧဝံဂေလိ အမှုဆောင်များသည် သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရန် အာရုံမစိုက်ကြဘဲ လူတို့၏ အယူအဆများ သို့မဟုတ် အမှန်တကယ်ဖြစ်သော ကိစ္စရပ်များကို မဖြေရှင်းနိုင်ဘဲ အယူဝါဒအချို့ကိုသာ ကရားရေလွှတ် ပြောဆိုနိုင်ကြသည်။ ရလဒ်အနေဖြင့် လူများစွာတို့သည် ဧဝံဂေလိတရားကို ကြားနာသည့်အခါ အချိန်မီ လက်မခံကြဘဲ ၎င်းတို့၏ အသက်တာ ကြီးထွားမှုကို နှစ်ပေါင်းများစွာ နှောင့်နှေးစေသည်။ ဧဝံဂေလိအလုပ်ကို တာဝန်ယူသည့် ခေါင်းဆောင်များသည် ၎င်းတို့၏ မလုံလောက်သော လမ်းညွှန်မှုနှင့် မလုံလောက်သော ကြီးကြပ်မှုတို့ကြောင့် ဤအတွက် တာဝန်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမှန်တကယ် ဝန်တာထားစိတ်ရှိပြီး အနည်းငယ်ပို၍ ဒုက္ခခံနိုင်ကာ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းကို ပို၍ လက်တွေ့လုပ်ဆောင်နိုင်ပြီး အနည်းငယ်ပို၍ သစ္စာစောင့်သိမှုပြနိုင်လျက် ထိုဧဝံဂေလိ အမှုဆောင်များသည် လူတို့၏ အယူအဆများနှင့် သံသယများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်စေရန်အလို့ငှာ သမ္မာတရား၏ ကဏ္ဍအားလုံးကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့မည်ဆိုလျှင် ဧဝံဂေလိ တရားဟောခြင်း၏ ရလဒ်များသည် တစ်နေ့တခြား ပို၍ကောင်းမွန်လာမည် ဖြစ်သည်။ ဤသည်က မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးနေသည့် လူများစွာတို့ကို ဘုရားသခင်၏ အလုပ်ကို စောစီးစွာ လက်ခံစေမည်ဖြစ်ပြီး သူ၏ ကယ်တင်ခြင်းကို စောစီးစွာ လက်ခံရရှိရန် ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာစေမည်ဖြစ်သည်။ အသင်းတော်၏ အလုပ်သည် အယောင်ဆောင်ခေါင်းဆောင်များက မိမိတို့၏ တာဝန်ဝတ္တရားများကို ပြင်းထန်စွာ ပျက်ကွက်ခြင်း၊ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း သို့မဟုတ် အလုပ်ကို နောကဆက်တွဲစစ်ဆေးပြီး ကြီးကြပ်မှု မပြုခြင်းနှင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ခြင်းတို့ကြောင့်သာ ရပ်တန့်နေရခြင်း ဖြစ်သည်။ အမှန်ပင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် ရာထူး၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားခြင်း၊ သမ္မာတရားကို လုံးဝမလိုက်စားခြင်းနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို နောက်ဆက်တွဲ စစ်ဆေးရန်၊ ကြီးကြပ်ရန် သို့မဟုတ် ညွှန်ကြားရန် လိုလားခြင်းမရှိခြင်းတို့ကြောင့်လည်း ဖြစ်သည်၊ ရလဒ်မှာ အလုပ်သည် နှေးကွေးစွာ တိုးတက်ပြီး လူလုပ်သော လမ်းလွဲခြင်းများ၊ အဓိပ္ပာယ်မရှိခြင်းများနှင့် မဆင်မခြင် မှားယွင်းစွာပြုမူခြင်းများစွာတို့သည် ချက်ချင်း ပြုပြင်ခြင်း သို့မဟုတ် ဖြေရှင်းခြင်း မခံရဘဲ ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ ထိရောက်မှုကို ကြီးမားစွာ ထိခိုက်စေသည်။ ဤပြဿနာများကို အထက်က ရှာဖွေတွေ့ရှိပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များအား ၎င်းတို့ ဖြေရှင်းရမည်ဟု ပြောဆိုသည့်အခါမှသာ ဤပြဿနာများသည် ပြုပြင်ခြင်းခံရသည်။ မျက်စိကန်းသောသူများကဲ့သို့ ဤအယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်ပြဿနာကိုမျှ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိဘဲ ၎င်းတို့ အမှုအရာများကို လုပ်ဆောင်သည့်နည်းလမ်းတွင် စည်းမျဉ်းများ လုံးဝမရှိသည့်တိုင် မိမိတို့၏ ကိုယ်ပိုင်အမှားများကို သိရှိနိုင်စွမ်းလည်း မရှိကြဘဲ အထက်၏ ပြုပြင်ခြင်းကို ခံရသည့်အခါမှသာ မိမိတို့၏ အမှားများကို ဝန်ခံကြသည်။ သို့ဆိုလျှင် ဤအယောင်ဆောင်ခေါင်းဆောင်များကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် မည်သူက တာဝန်ခံနိုင်မည်နည်း။ ၎င်းတို့ကို ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားလျှင်ပင် ၎င်းတို့ ဖြစ်ပေါ်စေခဲ့သည့် ဆုံးရှုံးမှုများကို မည်သို့ ပြုပြင်နိုင်မည်နည်း။ ထို့ကြောင့် လက်တွေ့ကျသော အလုပ်တစ်စုံတစ်ရာကိုမျှ မလုပ်ဆောင်နိုင်သည့် အယောင်ဆောင်ခေါင်းဆောင်များ ရှိကြောင်း တွေ့ရှိသည့်အခါ ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်သည်။ အချို့သောအသင်းတော်များတွင် ဧဝံဂေလိအလုပ်သည် အထူးသဖြင့် နှေးကွေးစွာ တိုးတက်နေပြီး ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းအပြင် ၎င်းတို့ဘက်မှ တာဝန်များကို ပျက်ကွက်ခြင်းနှင့် အမှားများပြုလုပ်ခြင်း ဖြစ်ရပ်များ အလွန်များပြားခြင်းတို့ကြောင့်သာ ဖြစ်သည်။

အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့် မတူညီသော အလုပ်ကိစ္စရပ်အားလုံးတွင် စင်စစ်အားဖြင့် ၎င်းတို့ ဖြေရှင်းရန်၊ ပြင်ဆင်ရန်နှင့် ကုစားရန် လိုအပ်သည့် ပြဿနာများ၊ လမ်းလွဲခြင်းများနှင့် ချို့ယွင်းချက်များ များစွာရှိသည်။ သို့သော်လည်း ဤအယောင်ဆောင်ခေါင်းဆောင်များသည် ဝန်တာထားစိတ် တစ်စုံတစ်ရာ မရှိခြင်း၊ လက်တွေ့ကျသော အလုပ်တစ်စုံတစ်ရာကိုမျှ မလုပ်ဆောင်ဘဲ မိမိတို့၏ ရာထူး၏ အကျိုးကျေးဇူးများကိုသာ မွေ့လျော်ခံစားခြင်းတို့ကြောင့် အဆုံးတွင် အလုပ်ကို ကမောက်ကမဖြစ်သွားစေသည်။ အချို့သောအသင်းတော်များတွင် လူတို့သည် စိတ်ဝမ်းမညီညွတ်ကြဘဲ လူတိုင်းသည် တစ်ဦးကိုတစ်ဦး သံသယဝင်ခြင်း၊ သတိထားရှောင်ခြင်းနှင့် ထိခိုက်နစ်နာအောင်လုပ်ခြင်းတို့ ပြုကြသည့်အပြင် ထိုတစ်ချိန်လုံးတွင် ဘုရားအိမ်တော်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်ကိုလည်း စိုးရိမ်နေကြသည်။ ဤအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းတို့ကို ဖြေရှင်းရန် မလှုပ်ရှားကြဘဲ လက်တွေ့ကျပြီး တိကျသော အလုပ်တစ်ခုကိုမျှပင် လုပ်ဆောင်ရန် ပျက်ကွက်ကြသည်။ အသင်းတော်အလုပ်သည် ရပ်တန့်သွားသည့်တိုင် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအတွက် လုံးဝ စိတ်မကောင်းမဖြစ်ကြဘဲ မိမိတို့ကိုယ်တိုင် အလုပ်များစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေခြင်း မရှိခဲ့ကြောင်း ယုံကြည်နေဆဲ ဖြစ်သည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် အခြေခံအားဖြင့် အသက်ကို ထောက်ပံ့ပေးခြင်းအလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိသကဲ့သို့ သမ္မာတရားနှင့်အညီ လက်တွေ့ကျသော ပြဿနာများကိုလည်း မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို အထက်အတွက်သာ သီးသန့်လုပ်ဆောင်နေဘိသကဲ့သို့ အထက်က အထူးတာဝန်ပေးပြီး သတ်မှတ်ထားသည့် အထွေထွေကိစ္စရပ်ဆိုင်ရာ အလုပ်အနည်းငယ်ကိုသာ လုပ်ဆောင်ကြသည်။ အထက်က အစဉ်သဖြင့် သတ်မှတ်ချက် ထားရှိသည့် အသင်းတော်၏ အခြေခံကျသော အလုပ်ဖြစ်သော အသက်ကို ထောက်ပံ့ပေးခြင်းအလုပ်နှင့် လူတို့ကို ပျိုးထောင်ခြင်းအလုပ်ကဲ့သို့သော အလုပ်များနှင့်ပတ်သက်လာလျှင်ဖြစ်စေ၊ အထက်က ညွှန်ကြားသည့် အချို့သော အထူးတာဝန်များနှင့် ပတ်သက်လာလျှင်ဖြစ်စေ ၎င်းတို့သည် မည်သို့လုပ်ဆောင်ရမည်ကို မသိကြသကဲ့သို့ လုပ်ဆောင်နိုင်ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် ဤတာဝန်များကို အခြားသူများထံ လွှဲအပ်ပြီးနောက် မိမိတို့၏ အလုပ်ပြီးဆုံးပြီဟု မှတ်ယူကြသည်။ ၎င်းတို့သည် အထက်က ညွှန်ကြားသလောက်ကိုသာ အတိအကျ လုပ်ဆောင်ကြပြီး တွန်းအားပေးမှသာလျှင် အနည်းငယ် လှုပ်ရှားသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် မလှုပ်မရှားဘဲ ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြသည်၊ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင် တစ်ဦးဆိုသည်မှာ အဘယ်နည်း။ အတိုချုပ်အားဖြင့် ၎င်းသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သောသူ၊ ခေါင်းဆောင်တစ်ဦးအဖြစ် မိမိ၏အလုပ်ကို မလုပ်ဆောင်သောသူ၊ အရေးကြီးပြီး အခြေခံကျသော အလုပ်တွင် တာဝန်များကို ဆိုးရွားစွာ ပျက်ကွက်ကြောင်း ပြသပြီး မည်သည့်ဆောင်ရွက်မှုမျှ မပြုသောသူတစ်ဦး ဖြစ်သည်၊ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အပေါ်ယံ အထွေထွေကိစ္စရပ်များဖြင့်သာ မိမိတို့ကိုယ်ကို အလုပ်များစေပြီး ဤသည်ကို လက်တွေ့ကျသော အလုပ်လုပ်ဆောင်ခြင်းဟု မှားယွင်းစွာ မှတ်ယူကြသည်၊ အမှန်တကယ်တွင်မူ ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်းတို့၏ အလုပ်နှင့် ဘုရားအိမ်တော်က ၎င်းတို့အား တာဝန်ပေးထားသည့် အရေးကြီးသော အလုပ်နှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ယင်းတို့ထဲမှ တစ်ခုကိုမျှ ကောင်းစွာ မလုပ်ဆောင်ကြပေ။ ထို့အပြင် အသင်းတော်၏ အမျိုးမျိုးသော အလုပ်ကိစ္စရပ်များအတွင်းတွင် ခေါင်းဆောင်၏ ဖြေရှင်းမှုကို လိုအပ်သည့် ကိစ္စရပ်များ မကြာခဏ ပေါ်ပေါက်တတ်သည့်တိုင် ၎င်းတို့သည် ယင်းတို့ကို မဖြေရှင်းနိုင်ကြဘဲ ရှောင်ရှားသည့် သဘောထားကို မကြာခဏ ကျင့်သုံးကြရာ ညီအစ်ကိုမောင်နှမများသည် ကိစ္စရပ်တစ်ခုကို ဖြေရှင်းလိုသည့်အခါ ၎င်းတို့ကို ရှာမတွေ့နိုင်ကြပေ။ ညီအစ်ကိုမောင်နှမများသည် ခေါင်းဆောင်ကို ရှာတွေ့နိုင်ခဲ့လျှင်ပင် ထိုခေါင်းဆောင်သည် အလုပ်များလွန်းသည်ဟူသော ဆင်ခြေဖြင့် ရှောင်တိမ်းပြီး ညီအစ်ကိုမောင်နှမများအား မိမိတို့ဘာသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်နှင့် မိမိတို့၏ ပြဿနာများကို အမှီအခိုကင်းစွာ ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခိုင်းလျက် တာဝန်မယူဘဲ ခေါင်းရှောင်သည့် ချဉ်းကပ်နည်းကို ကျင့်သုံးသည်။ ဤသည်မှာ အဆုံးစွန်၌ မဖြေရှင်းရသေးသော ပြဿနာများ အလွန်များပြားစွာ စုပုံလာခြင်းသို့ ဆိုက်ရောက်စေပြီး အလုပ်ကိစ္စရပ်အားလုံးတွင် တိုးတက်မှုကို ရပ်တန့်စေကာ အသင်းတော်၏ အလုပ်ကို ရပ်ဆိုင်းသွားစေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း၏ အကျိုးဆက်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ အဓိက တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ မည်သည့်အခါမျှ စိတ်ထက်သန်ခြင်း သို့မဟုတ် လုံ့လဝီရိယရှိခြင်း မရှိကြသကဲ့သို့ အမျိုးမျိုးသော ကိစ္စရပ်များကို ဖြေရှင်းရန် သမ္မာတရားကိုလည်း မရှာဖွေကြပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိဘဲ မည်သည့်ကိစ္စရပ်များကိုမျှ ဖြေရှင်းနိုင်စွမ်းမရှိရန် သေချာနေသည်ကို ဆိုလိုသည်။ အယောင်ဆောင်ခေါင်းဆောင်များ ကျွမ်းကျင်သည့်အရာမှာ စကားလုံးများနှင့် အယူဝါဒများကို ဟောပြောခြင်း၊ ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းနှင့် အခြားသူများကို တိုက်တွန်းနှိုးဆော်ခြင်းတို့ဖြစ်ပြီး အထွေထွေကိစ္စရပ်ဆိုင်ရာ အလုပ်ဖြင့် မိမိတို့ကိုယ်ကို အလုပ်များစေရန်သာ အာရုံစိုက်ကြသည်။ အသက်ကို ထောက်ပံ့ပေးခြင်းနှင့် ကိစ္စရပ်များကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းကဲ့သို့သော ဘုရားအိမ်တော်က ၎င်းတို့အား အပ်နှံထားသည့် အသင်းတော်၏ အခြေခံကျသော အလုပ်နှင့်ပတ်သက်၍ ၎င်းတို့သည် မည်သို့လုပ်ဆောင်ရမည်ကို မသိကြ၊ မည်သို့လုပ်ဆောင်ရမည်ကို လေ့လာရန် မလေ့ကျင့်ကြဘဲ မည်သည့်လက်တွေ့ကျသော ပြဿနာများကိုမျှ မဖြေရှင်းနိုင်ကြပေ၊ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။

အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ဇာတ်ညွှန်းများရေးခြင်း၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများရေးခြင်းနှင့် အခြားသော တိကျသည့် တာဝန်များကဲ့သို့သော စာနှင့်ပတ်သက်သည့်အလုပ်ကို လမ်းညွှန်ရန် တောင်းဆိုခံရသည့်အခါ ယင်းမှာ လမ်းညွှန်မှုမျှသာဖြစ်သဖြင့် လက်တွေ့ကျသော အလုပ်တစ်စုံတစ်ရာကိုမျှ လုပ်ဆောင်ရန် မလိုအပ်ဟု တွေးထင်ကြရာ ထိုအစား ၎င်းတို့သည် လျှောက်သွားနေရုံသာ နေကြသည်။ ၎င်းတို့က “ကျန်း၊ သင်၏ ဆောင်းပါး မည်သို့ရှိပြီနည်း”ဟု ပြောဆိုကြသည်။ “ပြီးသလောက်ရှိပါပြီ” “လီ၊ ထိုဇာတ်ညွှန်းကို ရေးရာတွင် သင့်မှာ အခက်အခဲတစ်စုံတစ်ရာ ရှိသလော” “ရှိပါသည်၊ ကျွန်ုပ်ကို ဖြေရှင်းပေးနိုင်မလား” “သင်တို့အချင်းချင်း ဆွေးနွေးကြလော့။ ပို၍ ဆုတောင်းကြလော့” ဤအယောင်ဆောင်ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများကို လမ်းညွှန်ရန်နှင့် ကူညီရန် ပျက်ကွက်သည်သာမက မိမိတို့၏ ကိုယ်ပိုင်အလုပ်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်လည်း အာရုံမစိုက်ဘဲ အမြဲတမ်း လျှောက်သွားနေကာ သက်သောင့်သက်သာရှိပြီး အေးချမ်းသော ဘဝဖြင့် နေထိုင်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် အလုပ်ကို စစ်ဆေးနေပုံရသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းကြပေ၊ ၎င်းတို့သည် ဗျူရိုကရက်များသာ အမှန်စင်စစ် ဖြစ်ကြသည်။ ဘာသာတရားမရှိသူများ၏ လောကရှိ အချို့သောနိုင်ငံများမှ ထိုအရည်အချင်းရှိသော အရာရှိများသည် တန်းတူ ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်ကြသော်လည်း ဤအရာရှိများ၌ရှိသော တာဝန်ယူလိုစိတ်မျိုး မရှိသည့် ဤအယောင်ဆောင်ခေါင်းဆောင်များထက် များစွာ သာလွန်ကြသည်။ ဥပမာအားဖြင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ကာကွယ်ရေး အစီအမံများကို စတင်အကောင်အထည်ဖော်ခဲ့ကြသည်။ နောက်ဆုံးတွင် ဤနိုင်ငံများ၏ အများစုသည် ထိုင်ဝမ်၏ ကာကွယ်ရေး ကြိုးပမ်းမှုများ ထိရောက်ခဲ့ကြောင်း သဘောတူခဲ့ကြရာ ထိုင်ဝမ်အစိုးရ အရာရှိများသည် ၎င်းတို့၏ ကပ်ရောဂါ တုံ့ပြန်ရေး တာဝန်များကို အမြင့်ဆုံးသော စံနှုန်းများဖြင်် အသေးစိတ်အကျဆုံး လုပ်ဆောင်ခဲ့ကြောင်း ညွှန်ပြနေသည်။ လောကီနိုင်ငံတစ်နိုင်ငံအတွက်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားမှ အရာရှိများနှင့် နိုင်ငံရေးသမားများအတွက် တာဝန်တစ်ခုကို အမြင့်ဆုံးသော စံနှုန်းများဖြင့်လည်းကောင်း၊ ထိုသို့သော အသေးစိတ်ကျမှုဖြင့်လည်းကောင်း ဆောင်ရွက်ခြင်းသည် အမှန်တကယ်ပင် လေးစားဖွယ်ကောင်းသည်။ ဥရောပ အရာရှိများစွာတို့သည် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ပြီး သင်ယူလိုစိတ်ရှိခဲ့ကြသည်၊ ဤရှုထောင့်မှကြည့်လျှင် ထိုင်ဝမ်အစိုးရ အရာရှိများသည် အခြားနိုင်ငံများမှ အရာရှိများထက် များစွာ သာလွန်ခဲ့သည်။ ၎င်းတို့၏ အရာရှိအများစုသည် ခိုင်မာသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိပြီး မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရာတွင် စိတ်နှလုံးကို ထည့်သွင်းနိုင်သောကြောင့်သာ ဤအရာရှိများသည် စံနှုန်းပြည့်မီကြောင်း သက်သေပြနေသည်။ အသင်းတော်ရှိ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ အမြဲတမ်း ဝတ်ကျေတမ်းကျေသာဖြစ်ပြီး ၎င်းတို့ မည်သို့ပင် ပြုပြင်ခြင်းခံရပါစေ အကျိုးသက်ရောက်မှု မရှိပေ။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ကိုယ်ကျင့်စရိုက်သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်သည့် ဘာသာတရားမရှိသူများ၏ လောကမှ အရာရှိများ၏ ကိုယ်ကျင့်စရိုက်နှင့်ပင် မကိုက်ညီကြောင်း ငါတွေ့ရှိသည်။ ၎င်းတို့အများစုသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသည်ဟု အခိုင်အမာဆိုကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်းမရှိကြပေ။ ၎င်းတို့အား ထောက်ပံ့ပေးနေသည့် သမ္မာတရားများ အလွန်များပြားသော်လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ထိုသို့သော သဘောထားမျိုး ရှိကြသည်။ ရလဒ်မှာ ၎င်းတို့အားလုံးသည် သာလွန်ကောင်းမွန်သော အစိုးရအရာရှိများနှင့် နှိုင်းယှဉ်လျှင် များစွာ နိမ့်ကျသည့် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်လာကြခြင်းပင်တည်း။ ငါ၏ လူတို့အပေါ် တောင်းဆိုချက်များသည် အမှန်တကယ်တွင် မမြင့်မားပေ၊ လူတို့အား သမ္မာတရားများစွာ နားလည်ရန် ငါမတောင်းဆိုသကဲ့သို့ အလွန်မြင့်မားသော အစွမ်းအစရှိရန်လည်း ငါမတောင်းဆိုပေ။ အနိမ့်ဆုံးသော စံနှုန်းမှာ အသိစိတ်ဖြင့် ပြုမူပြီး မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ နေ့စဉ်စားသုံးမှုကျေးဇူးကိုလည်းကောင်း၊ ဘုရားသခင်က သင့်အား ပေးအပ်ထားသည့် တာဝန်ပေးစေခိုင်းချက်ကိုလည်းကောင်း မစော်ကားမိစေသင့်၊ ယင်းမှာ လုံလောက်ပြီဖြစ်သည်။ သို့သော် ဘုရားသခင်၏ အလုပ်သည် ယခုအချိန်အထိ လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ လူများစွာတို့သည် အသိစိတ်ဖြင့် ပြုမူနိုင်ကြသလော။ ဒီမိုကရေစီနိုင်ငံများရှိ အချို့သော အရာရှိများသည် ရိုးသားဖြောင့်မတ်စွာ ပြောဆိုပြုမူကြသည်ကို ငါမြင်သည်။ ၎င်းတို့သည် ချဲ့ကားပြောဆိုခြင်းများ မပြုလုပ်သကဲ့သို့ မြင့်မားသော သဘောတရားများကိုလည်း မပြောဆိုကြပေ၊ ၎င်းတို့၏ ပြောဆိုမှုသည် အထူးသဖြင့် တင်းကျပ်ပြီး စစ်မှန်ကာ လက်တွေ့ကျသော ကိစ္စရပ်များစွာကို ၎င်းတို့ ဆောင်ရွက်နိုင်ကြသည်။ ၎င်းတို့၏ အလုပ်သည် အမှန်တကယ်ပင် အတော်အတန် ကောင်းမွန်ပြီး ၎င်းတို့၏ တည်ကြည်မှုနှင့် လူ့သဘာဝကို အမှန်တကယ် ထင်ဟပ်စေသည်။ ယခုအခါ အသင်းတော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်အများစုကို ကြည့်လျှင် ၎င်းတို့၏ အလုပ်တွင် ၎င်းတို့သည် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြပြီး အလွန်ကောင်းမွန်သော ရလဒ်များကို မစွမ်းဆောင်နိုင်ခဲ့ကြသကဲ့သို့ မိမိတို့၏ တာဝန်ဝတ္တရားများကိုလည်း အပြည့်အဝ ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့ကြပေ။ ခေါင်းဆောင်များ ဖြစ်လာပြီးနောက် ၎င်းတို့သည် ဘာသာရေး အရာရှိများအဖြစ်သို့ ပြောင်းလဲသွားကြပြီး မာနထောင်လွှားစွာဖြင့် အမိန့်များပေးကာ အရာရှိစုတ်များ ဖြစ်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ ရာထူး၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားရန်သာ အာရုံစိုက်ကြပြီး လူတိုင်း ၎င်းတို့နောက်သို့ လိုက်၍ ၎င်းတို့ပတ်လည်တွင် ဝန်းရံနေသည်ကို နှစ်သက်ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် အသင်းတော်၏ အောက်ခြေအဆင့်နှင့် နက်ရှိုင်းစွာ ထိတွေ့ဆက်ဆံခြင်း ရှားပါးသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဘုရားသခင်နှင့် တဖြည်းဖြည်း ပို၍ပို၍ ဝေးကွာသွားကြသည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များသည် လုံးဝ ကယ်တင်၍မရနိုင်ပါတကား။ ငါသည် သမ္မာတရားကို ဤမျှလောက် အပင်ပန်းခံကာ မိတ်သဟာယ ဖွဲ့ခဲ့သော်လည်း ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို လက်မခံကြဘဲ မိမိတို့၏ မှားယွင်းသော စိတ်ကူးများကို ခေါင်းမာစွာ ဆုပ်ကိုင်ထားကာ မလှုပ်မယှက် နေကြသည်။ မိမိတို့၏ တာဝန်များအပေါ် ၎င်းတို့၏ သဘောထားသည် အမြဲတမ်း ဝတ်ကျေတမ်းကျေသာဖြစ်ပြီး နောင်တရရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိကြပေ။ ဤလူတို့သည် အသိစိတ်မရှိ၊ ဆင်ခြင်တုံတရားမရှိ၊ လုံးဝ လူမဆန်ကြကြောင်း ငါမြင်သည်။ ထို့နောက် ငါဤသို့ တွေးတောဆင်ခြင်သည်။ ဤသို့သော လူစားမျိုးတို့အား ဤသမ္မာတရားများကို ထပ်ခါတလဲလဲ မိတ်သဟာယဖွဲ့ရန် လိုအပ်သေးသလော။ ငါသည် မိတ်သဟာယကို ဤမျှလောက် တိကျအောင် ပြုလုပ်ရန် လိုအပ်သလော။ ငါသည် ဤဒုက္ခကို ခံရန် လိုအပ်သလော။ ဤစကားများသည် မလိုအပ်ဘဲ ပိုနေသလော။ အတန်ငယ် တွေးတောပြီးနောက် ငါသည် ဆက်လက်ပြောဆိုရမည်ဟု ဆုံးဖြတ်သည်၊ အကြောင်းမှာ ဤစကားများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား အနည်းငယ်မျှ ကင်းမဲ့သောသူတို့အပေါ် အကျိုးသက်ရောက်မှု မရှိသော်လည်း အနည်းငယ်နိမ့်သော အစွမ်းအစရှိသည့်တိုင် သမ္မာတရားကို လက်ခံနိုင်ပြီး မိမိတို့၏ တာဝန်များကို ရိုးသားစွာ ထမ်းဆောင်နိုင်သောသူတို့အတွက်မူ အသုံးဝင်သောကြောင့် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြဘဲ မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းကြသော်လည်း သမ္မာတရားကို လိုက်စားသောသူတို့သည် ဤစကားများနှင့် ကိစ္စရပ်များမှ သင်ခန်းစာများ ရရှိကာ ဉာဏ်ပွင့်လာပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိကြလိမ့်မည်။ အသက်ဝင်ရောက်မှုသည် ထိုမျှလောက် မလွယ်ကူပေ၊ ထောက်ပံ့ပေးပြီး ကူညီမည့်သူတစ်ဦးတစ်ယောက်မျှ မရှိဘဲ သမ္မာတရား၏ ကဏ္ဍတစ်ခုစီတိုင်းကို အသေးစိတ် စိတ်ဖြာပိုင်းခြားပြီး ရှင်းလင်းစွာ မပြောပြဘဲနေလျှင် လူတို့သည် အလွန်အားနည်းကြပြီး မကြာခဏဆိုသလို အကူအညီမဲ့ခြင်းနှင့် ဗျာများခြင်း အခြေအနေတွင်၊ အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိသော အခြေအနေတွင် မိမိတို့ကိုယ်ကို တွေ့ရှိကြရသည်။ ထို့ကြောင့် အကြိမ်များစွာတွင် ဤအယောင်ဆောင်ခေါင်းဆောင်များကို ငါမြင်သည့်အခါ ၎င်းတို့အား မိတ်သဟာယဖွဲ့ရန် စိတ်မရှိတော့ပေ။ သို့သော်လည်း ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သောသူတို့ ခံခဲ့ရသည့် ဒုက္ခနှင့် ပေးဆပ်ခဲ့သည့် အဖိုးအခများကို ငါတွေးမိသည့်အခါ ငါ၏စိတ်ကို ငါပြောင်းလဲလိုက်သည်။ အခြားမည်သည့်အကြောင်းကြောင့်မျှ မဟုတ်ပေ။ လူ ၃၀ မှ ၅၀ အထိ၊ သို့မဟုတ် အနည်းဆုံး ၈ ယောက် သို့မဟုတ် ၁၀ ယောက်သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ရိုးသားစွာ အသုံးခံနိုင်ပြီး သစ္စာရှိနိုင်ကာ နားထောင်ပြီး ကျိုးနွံနာခံလိုစိတ်ရှိလျှင်ပင် ဤစကားများကို ပြောဆိုရကျိုးနပ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသောသူတို့အား စကားပြောဆိုပြီး မိတ်သဟာယဖွဲ့ရာတွင် ငါ့၌ မည်သည့် စေ့ဆော်မှုမျှ မရှိပေ၊ ဤလူတို့နှင့် စကားပြောဆိုခြင်းသည် ပင်ပန်းသည်ဟု ခံစားရပြီး အကျိုးမရှိပေ။ သင်တို့အများစုသည် သမ္မာတရားကို မလိုက်စားကြဘဲ သင်တို့၏ တာဝန်များတွင် အဖိုးအခမပေးကြပေ၊ သင်တို့တွင် ဝန်တာ သို့မဟုတ် သစ္စာစောင့်သိမှု မရှိဘဲ သင်တို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြပြီး ကောင်းချီးများကို ရရှိရန် မျှော်လင့်ချက်ဖြင့် မလိုမတောင့်တဘဲ အမှုအရာများကို လုပ်ဆောင်ကြသည်။ ဤစကားများကို နားထောင်ခြင်းသည် သင်တို့အတွက် အမှန်တကယ်တွင် မထိုက်တန်သော မျက်နှာသာပေးခြင်းတစ်ခု ဖြစ်သည်။ သင်တို့သည် မိမိတို့၏ တာဝန်များကို ရိုးသားစွာ ထမ်းဆောင်သောသူများ၊ အမှန်တကယ် အဖိုးအခပေးသောသူများ၊ သစ္စာစောင့်သိမှုနှင့် ဝန်တာစိတ်ကို ပိုင်ဆိုင်သောသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိသောသူတို့၏ အရိပ်ကို ခိုနေရခြင်း ဖြစ်သည်။ ဤစကားများသည် ထိုလူတို့အတွက် ရည်ရွယ်ပြီး သင်တို့သည် ယင်းတို့ကို ကြားနာခြင်းဖြင့် မထိုက်တန်ဘဲ ကြားနာခွင့် ရရှိနေခြင်း ဖြစ်သည်။ ဤရှုထောင့်မှကြည့်လျှင် ဆိုလိုသည်မှာ သင်တို့အများစုသည် မိမိတို့၏ တာဝန်များတွင် မည်သည့် စိတ်ထက်သန်မှုမျှမရှိဘဲ ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့် သဘောထားမျိုး ရှိသည်ဟု ကြည့်လျှင် သင်တို့သည် ဤစကားများကို ကြားနာရန် မထိုက်တန်ပေ။ အဘယ်ကြောင့် သင်တို့ မထိုက်တန်သနည်း။ အကြောင်းမှာ သင်တို့ နားထောင်လျှင်ပင် အချည်းနှီးသာဖြစ်သောကြောင့် ဖြစ်သည်၊ မည်မျှပင် ပြောဆိုပါစေ၊ မည်မျှပင် အသေးစိတ်ကျပါစေ၊ သင်တို့သည် နားထောင်ပြီးနောက် မည်မျှပင် နားလည်ပါစေ ဤစကားများကို လက်တွေ့မလုပ်ဆောင်ဘဲ နားထောင်ခြင်းကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြသည်။ ဤစကားများကို မည်သည့်လူတို့အား ပြောဆိုသင့်သနည်း။ မည်သူတို့က ကြားနာရန် ထိုက်တန်သနည်း။ အဖိုးအခပေးလိုစိတ်ရှိသောသူများ၊ ရိုးသားစွာ အသုံးခံနိုင်သောသူများနှင့် မိမိတို့၏ တာဝန်များနှင့် မိမိတို့၏ တာဝန်ပေးစေခိုင်းချက်အပေါ် သစ္စာရှိသောသူတို့သာလျှင် နားထောင်ရန် ထိုက်တန်သည်။ အဘယ်ကြောင့် ၎င်းတို့ နားထောင်ရန် ထိုက်တန်သည်ဟု ငါဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် နားထောင်ပြီးနောက် သမ္မာတရားအနည်းငယ်ကို နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်သောကြောင့် ဖြစ်ပြီး ၎င်းတို့ နားလည်သည့်အရာကို လက်တွေ့လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် ကလိမ်ကကျစ်မကျသကဲ့သို့ ပျင်းရိခြင်းလည်း မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို ချစ်ခင်ပြီး လက်ခံနိုင်လျက် သမ္မာတရားနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ရိုးသားမှုနှင့် တောင့်တခြင်း သဘောထားဖြင့် ဆက်ဆံကြသည်။ ထို့ကြောင့် ၎င်းတို့ နားထောင်ပြီးနောက် ဤစကားများသည် ၎င်းတို့အပေါ် အကျိုးသက်ရောက်မှုရှိပြီး ရလဒ်တစ်ခုကို စွမ်းဆောင်ရရှိသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်

အရှေ့သို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃)

နောက်တစ်ခုသို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger